မိမိတာဝန်ကို ကျေပွန်ခြင်း၏ ဆုလာဘ်များ
ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “ဘုရားသခင်၏အမှုကို ကျိုးနွံနာခံခြင်းသည် စစ်မှန်ပြီး အမှန်တကယ် ဖြစ်ရမည်ဖြစ်ပြီး၊ ယင်းကို အသက်ရှင်နေထိုင်ရမည်။ အပေါ်ယံ ကျိုးနွံနာခံခြင်းမျှသာဖြင့် ဘုရားသခင်၏ ချီးမွမ်းခြင်းကို မရရှိနိုင်သည့်အပြင်၊ မိမိ၏စိတ်သဘောထား၌ ပြောင်းလဲခြင်းကို မရှာဖွေဘဲ၊ ဘုရားသခင့် နှုတ်ကပတ်တော်၏ အပေါ်ယံကဏ္ဍများကို နာခံရုံမျှသည် ဘုရားသခင်၏ စိတ်နှလုံးနှင့် မညီညွတ်ပါပေ။ ဘုရားသခင်ကို နာခံခြင်းနှင့် ဘုရားသခင်၏ အမှုကို ကျိုးနွံနာခံခြင်းဟူသည် တစ်ခုတည်းဖြစ်ပြီး အတူတူပင်ဖြစ်သည်။ အမှန်တကယ် ကျိုးနွံနာခံခြင်းမရှိဘဲ၊ အပေါ်ယံ၌ ခယဝယလုပ်တတ်သော သူများကို မဆိုထားနှင့်၊ ဘုရားသခင်ကိုသာ ကျိုးနွံနာခံပြီး သူ၏အမှုကို ကျိုးနွံနာခံခြင်း မရှိသောသူများကို နာခံတတ်သည်ဟု မမှတ်ယူနိုင်ပေ။ ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံသောသူ အားလုံးတို့သည် ထိုအမှုမှ အကျိုးရရှိနိုင်ကြပြီး ဘုရားသခင်၏ စိတ်သဘောထားနှင့် အမှုအား နားလည်ခြင်းကို ရရှိနိုင်ကြသည်။ ထိုကဲ့သို့သော လူတို့သာလျှင် ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံကြသည်။ ထိုကဲ့သို့သော လူတို့သည် အမှုသစ်မှနေ၍ အသစ်သော သိကျွမ်းခြင်းကို ရယူနိုင်ပြီး အသစ်သော ပြောင်းလဲမှုများကို ကြုံတွေ့နိုင်သည်။ ဤလူတို့သာလျှင် ဘုရားသခင်၏ ချီးမွမ်းခြင်းကို ခံရသည်၊ ဤလူတို့သာလျှင် စုံလင်အောင်ပြုလုပ်ပေးခြင်း ခံရပြီး၊ ဤလူတို့သာလျှင် မိမိ၏ စိတ်သဘောထား ပြောင်းလဲပြီးသောသူများ ဖြစ်ကြသည်။ ဘုရားသခင်၏ ချီးမွမ်းခြင်းကိုခံရသူများသည် ဘုရားသခင်ကို သာမက သူ၏ နှုတ်ကပတ်တော်နှင့် အမှုကို ဝမ်းမြောက်စွာ ကျိုးနွံနာခံသောသူများ ဖြစ်ကြသည်။ ထိုကဲ့သို့သော လူတို့သာလျှင် တရားနည်းလမ်းကျသည်၊ ထိုကဲ့သို့သော လူတို့သာလျှင် ဘုရားသခင်ကို စိတ်ရင်းဖြင့် လိုလားတောင့်တပြီး၊ ဘုရားသခင်ကို စိတ်ရင်းဖြင့် ရှာဖွေကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကို ဧကန်အမှန် ခံကြရလိမ့်မည်) ဤနှုတ်ကပတ်တော်များကို ဖတ်ရှုရခြင်းက ဘုရားသခင်ကို နာခံခြင်းနှင့်သက်ဆိုင်သည့် ကျွန်မ၏ အတွေ့အကြုံကို သတိရစေခဲ့သည်။
၂၀၁၆ မတ်လမှာ စပြီး ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီ၏ ဖမ်းဆီးနှိပ်စက်ခြင်းမှ လွတ်အောင်၊ တရုတ်ပြည်မှ ထွက်ပြေးခဲ့သည့်အချိန် ဖြစ်သည်။ သို့မှသာ ကျွန်မလည်း လွတ်လွတ်လပ်လပ် ယုံကြည်နိုင်မည် ဖြစ်သည်။ ထို့နောက် အချိန်အနည်းငယ် ကြာတော့၊ အသင်းတော် ခေါင်းဆောင် အစ်မကျန်းက ကျွန်မထံ ရောက်လာပြီး၊ “ရေလောင်းတဲ့တာဝန်တွေ မယူချင်ဘူးလား။” ဟု မေးသည်။ ကျွန်မလည်း ဝမ်းသာအားရနှင့်၊ “သိပ်ကောင်းတာပေါ့ အစ်မရယ်၊ ညီအစ်ကိုမောင်နှမတွေ သမ္မာတရားကို နားလည်အောင်၊ စစ်မှန်တဲ့လမ်းမှာ အုတ်မြစ် ချနိုင်အောင်၊ ကူညီနိုင်မယ်လေ။ အဲဒါက ကောင်းတဲ့ အလုပ်တွေပဲ။” ဟု ပြန်ပြောလိုက်သည်။ ကျွန်မက ရေလောင်းသည့်တာဝန် လုပ်နေမှန်း ကျွန်မကို သိသည့် ညီအစ်ကိုမောင်နှမများ သိသွားကြပါက၊ ကျွန်မကို တော်တော် အထင်ကြီးလေးစားကြမည် ဖြစ်သည်ဟု မိမိဘာသာ တွေးမိသည်။ လူများအမြင်မှာလည်း များစွာ တင့်တယ်သွားမည်။ သို့ရာတွင် ကျွန်မက မျှော်လင့်ချက်များ ကြီးနေစဉ်၊ ခေါင်းဆောင်က ကျွန်မနှင့် စကားပြောဖို့ ထပ်ရောက်လာသည်။ ညီအစ်မအချို့က အရေးပေါ် အခြေအနေများကြောင့်၊ နေရာများ ရွှေ့နေရသည်ဟု သူမက ပြောသည်။ သို့ရာတွင် သင့်တော်သည့်နေရာတစ်ခု မတွေ့ကြသေးပါ။ ကျွန်မ၏အိမ်ဆိုရင်တော့ အဆင်ပြေလောက်သည်ဟု ပြောရင်း၊ ကျွန်မအနေနှင့် အိမ်ရှင်အဖြစ် တာဝန်ယူနိုင်ခြင်း ရှိမရှိဟု မေးသည်။ သူမက ထိုကဲ့သို့ပြောလိုက်သည့်အခါ ကျွန်မရင်ထဲမှာ တော်တော် ယောက်ယက်ခတ်သွားသည်။ ကျွန်မက ရေလောင်းသည့် တာဝန်များ လုပ်ရတော့မည်ဟု ထင်ထားသည်။ သို့ရာတွင် ယခု ဧည့်ခံသည့်တာဝန်ကို ထမ်းဆောင်ရမလား။ မီးဖိုခန်းထဲတွင် အချိန်များ ကုန်ရတော့မည် မဟုတ်ပါလား။ ပင်လည်း ပင်ပန်းဦးမည်၊ သို့ရာတွင် ထို့ထက် ပိုဆိုးသည်မှာ ရှက်စရာကောင်းခြင်း ဖြစ်သည်။ အပြင်လောကတွင် ကျွန်မက လုပ်ငန်းကြီးများ လုပ်ခဲ့သည်။ ကိုယ်ပိုင် စက်ရုံလည်း ရှိခဲ့သည်။ သူငယ်ချင်းများ၊ အမျိုးများ အားလုံးက ကျွန်မကို အာဂမိန်းမဟု ခေါ်ခဲ့ကြသည်။ အိမ်မှာဆိုလည်း၊ လျှော်ဖွတ်ဖို့ ချက်ပြုတ်ဖို့ သန့်ရှင်းရေး လုပ်ဖို့ အိမ်ဖော် ရှိသည်။ ယခု ကျွန်မက ထိုနေရာကို ဝင်ပြီး၊ အခြားသူများအတွက် ချက်ပြုတ်ရမည်ဖြစ်သည်။ ကျွန်မ တကယ်ကို မလုပ်ချင်ခဲ့ပါ။ သို့ရာတွင် ညီအစ်မများခမျာ သွားစရာနေရာ မရှိသည့်အပြင်၊ သူတို့ တာဝန်များကိုလည်း အေးအေးချမ်းချမ်း မလုပ်နိုင်သည်ကို တွေးမိသည်။ ပြီးလျှင် ကျွန်မအိမ်ကလည်း ဧည့်ခံဖို့ သင့်တော်သောကြောင့်၊ ကျွန်မလည်း အင်တင်တင်နှင့် သဘောတူလိုက်သည်။
ထို့ကြောင့် နောက်ပိုင်းရက်များမှာ၊ ကျွန်မက အပြင်ပန်းအရ အိမ်ရှင်တာဝန်ကို ယူနေသော်လည်း၊ စိတ်ထဲမှာ ယောက်ယက်ခတ်နေသည်။ သံသယများလည်း ဖြစ်လာသည်။ ညီအစ်ကိုမောင်နှမများက ကျွန်မကို ရေလောင်းသည့်တာဝန်များနှင့် မသင့်တော်ပါဟု ထင်ခဲ့ကြခြင်း ဖြစ်ပါသလား။ ကျွန်မကို အိမ်ရှင်အဖြစ် တာဝန်ယူဖို့ အဘယ့်ကြောင့် ထပ်တောင်းဆိုကြသနည်း။ ကျွန်မကိုသိသည့် ညီအစ်ကိုမောင်နှမများသာ သိသွားကြပါက၊ ကျွန်မမှာ သမ္မာတရား၏စစ်မှန်မှု မရှိဟု ပြောကြမလား။ ကျွန်မက အခြားတာဝန်များကို မလုပ်နိုင်ဘဲ၊ အိမ်ရှင်အလုပ်သာ လုပ်တတ်သည်ဟု ပြောကြမလား။ ဤအတွေးနှင့်ပင် ကျွန်မ ပို၍ပင် စိတ်ပျက်သွားသည်။ နောက်တော့မှ ဘုရားသခင်၏ရှေ့မှာ အသင်းတော်၏ အလုပ်ကို အကျိုးပြုနေသရွေ့၊ ကျွန်မကို မည်သို့တာဝန် ပေးပါစေ၊ ကျွန်မက ကောင်းစွာ အစွမ်းကုန်လုပ်မည်ဖြစ်ပြီး၊ ကျွန်မ မကြိုက်သည့်တာဝန်မျိုး ဖြစ်နေလျှင်ပင်၊ ဘုရားသခင် ကျေနပ်စေဖို့ နာခံပါ့မည်ဟု ကျွန်မ ပေးထားဖူးသည့် ကတိကို ပြန်တွေးမိသည်။ သို့ဆိုလျှင် ကျွန်မကို ယခု အိမ်ရှင်အဖြစ် တာဝန်ယူခိုင်းနေခြင်း ဖြစ်သည်၊ ကျွန်မက အဘယ့်ကြောင့် မနာခံနိုင်သနည်း။ ကျွန်မလည်း ဘုရားသခင်ထံ “ဘုရားသခင်၊ ကိုယ်တော်က ကျွန်မကို အိမ်ရှင်တာဝန်တွေ ယူဖို့ အမိန့်ချမှတ်ပြီး စီစဉ်ပေးတယ်။ ဒါပေမဲ့ ကျွန်မက အမြဲတမ်း ပုန်ကန်ချင်သလိုဖြစ်ပြီး၊ လုံးဝ မနာခံနိုင်ပါဘူး။ ကိုယ်တော့်အလိုကို နားလည်နိုင်အောင် ကျွန်မကို အသိဉာဏ်ဖွင့်ပေးပါ။ လမ်းပြတော်မူပါ။” ဟု တိတ်တိတ်လေး ဆုတောင်းမိသည်။
ထိုနောက်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲက ကျမ်းပိုဒ်နှစ်ခုကို ကျွန်မ ဖတ်မိပါသည်၊ “ဘုရားသခင်ကို လူတို့ နာခံနိုင်သည် မနာခံနိုင်သည်ကို တိုင်းတာရာတွင်၊ ကြည့်ရှုရမည့် အဓိကအရာမှာ ဘုရားသခင်ထံမှ တစ်ခုခုကို ၎င်းတို့ အလွန်အကျွံ လိုချင်၊ မလိုချင် ဆိုသည်နှင့် ၎င်းတို့တွင် ဖုံးကွယ်ထားသော ရည်ရွယ်ချက်များ ရှိ၊ မရှိဆိုသည့်အရာ ဖြစ်သည်။ ဘုရားသခင်ကို လူတို့ အမြဲ တောင်းဆိုမှုများ ပြုလျှင်၊ ယင်းက သူ့ကို ၎င်းတို့ မနာခံသည်ကို သက်သေပြ၏။ သင့်အပေါ် မည်သည့်အရာ ဖြစ်ပျက်သည်မဆို၊ သင်သည် ထိုအရာကို ဘုရားသခင်ထံမှ လက်မခံနိုင်လျှင်၊ သမ္မာတရားကို သင် မရှာဖွေနိုင်လျှင်၊ သင်၏ ကိုယ်ပိုင် ဓမ္မဓိဋ္ဌာန် မကျသော တွေးခေါ်မြော်မြင်ချက်မှ အမြဲပြောဆိုပြီး သင်သာ မှန်ကန်သည်ဟု အမြဲခံစားနေလျှင်၊ ဘုရားသခင်ကို သံသယပင် ထားနိုင်စွမ်းရှိနိုင်သေးလျှင်၊ သင်သည် ဒုက္ခရောက်လိမ့်မည် ဖြစ်သည်။ ထိုသို့သော လူတို့သည် မာနအထောင်လွှားဆုံးနှင့် ဘုရားသခင်ကို အပုန်ကန်ဆုံးသော သူများ ဖြစ်ကြ၏။ ဘုရားသခင် အပေါ် အမြဲတောင်းဆိုမှုများ ပြုကြသည့် လူများသည် ဘုရားသခင်ကို မည်သည့်အခါမျှ အမှန်တကယ် မနာခံနိုင်ကြပေ။ သင်သည် ဘုရားသခင်အပေါ် တောင်းဆိုမှုများပြုလျှင်၊ ဤအရာက သင်သည် ဘုရားသခင်နှင့် အပေးအယူလုပ်သည်၊ သင်၏ ကိုယ်ပိုင် အတွေးများကို သင်ရွေးချယ်နေပြီး သင်၏ ကိုယ်ပိုင် အတွေးအများအတိုင်း သင် ပြုမူသည်ကို သက်သေပြ၏။ ဤတွင်၊ ဘုရားသခင်ကို သင် သစ္စာဖောက်ပြီး နာခံမှုမရှိပေ။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူတို့သည် ဘုရားသခင်ကို အလွန်မြောက်မြားစွာ တောင်းဆိုကြသည်”) “စစ်မှန်သော နာခံခြင်းဆိုသည်မှာ အဘယ်နည်း။ ဘုရားသခင်က သင်ဖြစ်စေချင်သည်အတိုင်း ဖြစ်သော တစ်စုံတစ်ရာကို ပြုလုပ်ပြီး အရာရာတိုင်းက ကျေနပ်စရာကောင်းပြီး သင့်တင့်လျောက်ပတ်သည်ဟု သင်ခံစားရကာ သင့်ကို ပေါ်လွင်ထင်ရှားခွင့် ပေးထားသောအခါတိုင်းတွင် သင်သည် ဤအရာက အတော်ပင် ဂုဏ်ဝင့်ဖွယ်ဖြစ်သည်ဟု သင်ခံစားလျက် သင်သည် ‘ဘုရားသခင်ကို ကျေးဇူးတင်သည်’ ဟုပြောသည့်အပြင် သူ၏ စီစဉ်ညွှန်ကြားချက်နှင့် စီမံမှုများကို နာခံနိုင်လေသည်။ သို့သော်လည်း သင် မည်သည့်အခါမျှ မထင်ပေါ်နိုင်မည့် အရေးမပါသောနေရာ၊ မည်သူမျှ သင့်ကို လုံးဝအသိအမှတ်မပြုသည့် နေရာ၌ တာဝန်ပေးသည့်အခါအတိုင်း၊ သင်သည် မပျော်ရွှင်တော့ဘဲ နာခံရန် ခက်ခဲသည်ဟု ခံစားရလေသည်။...နေများ အခွင့်သာနေစဉ်တွင် ကျိုးနွံနာခံခြင်းက သာမန်အားဖြင့် လွယ်ကူပါသည်။ အမှုအရာများက သင်ဖြစ်ချင်သည့်အတိုင်း မဖြစ်ဘဲ သင်၏ ခံစားချက်များ နာကျင်ရသည့်၊ သင့်ကို အားနည်းစေပြီး၊ သင့်ကို ရုပ်ပိုင်းဆိုင်ရာ ဝေဒနာခံစားစေကာ သင်၏ နာမည်ဂုဏ်သတင်းအပေါ် ထိုးနှက်ချက်တစ်ခုဖြစ်စေသည့်၊ သင်၏ ဝင့်ဝါမှုနှင့် မာနကို ဖြည့်ဆည်းမပေးနိုင်သလို စိတ်ပိုင်းဆိုင်ရာ ဝေဒနာ ခံစားစေသည့် ခက်ခဲသော အခြေအနေများတွင်လည်း သင် ကျိုးနွံနာခံနိုင်လျှင်၊ သင်သည် အမှန်တကယ် ဝိညာဥ်အသက်တာ ရှိပြီဖြစ်သည်။ ဤသည်မှာ သင်ရှာဖွေလိုက်စားသင့်သည့် ရည်မှန်းချက်ပန်းတိုင် မဟုတ်လော။ သင်၌ ထိုသို့သော စေ့ဆော်မှုတစ်ခု၊ ထိုသို့သော ရည်မှန်းချက်ပန်းတိုင်ရှိလျှင် မျှော်လင့်ချက် ရှိ၏။” (ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း) စစ်မှန်သည့် နာခံခြင်းက အရောင်းအဝယ်ကိစ္စမျိုး မဟုတ်ပါ၊ ယင်းနှင့်ပတ်သက်ပါက ကိုယ်ပိုင်ရွေးချယ်ခွင့် မရှိသည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြဆိုခြင်း ဖြစ်သည်။ ကျွန်မက ကြိုက်ကြိုက် မကြိုက်ကြိုက်၊ ကျွန်မအတွက် အကျိုးရှိရှိ မရှိရှိ၊ တာဝန်တစ်ခုက ဘုရားသခင်ထံမှ လာပြီး၊ အသင်းတော်၏ အလုပ်ကိုလည်း အထောက်အကူ ပြုနေသရွေ့၊ ကျွန်မက အကြွင်းမဲ့ နာခံသင့်ပါသည်။ သို့ရာတွင် ထိုအစား ကျွန်မက မည်သည့်အရာများ လုပ်ဆောင်နေသနည်း။ ကျွန်မကို အိမ်ရှင်တာဝန်များ ယူခိုင်းသည့်အချိန်မှာ၊ ဘုရားသခင်၏ အလိုတော်ကို အလေးထားခြင်း၊ အသင်းတော်အလုပ်ကို ထိန်းသိမ်းခြင်းများ ကျွန်မခေါင်းထဲမှာ မရှိခဲ့ပါ။ ယင်းတို့အစား၊ ကျွန်မအနေနှင့် ကိုယ်ရည်သွေးပြနိုင်ခြင်း ရှိမရှိ၊ အခြားသူများ အထင်ကြီးအောင် လုပ်နိုင်ခြင်း ရှိမရှိ၊ ကျွန်မ၏ ပကာသနစိတ်က ကျေနပ်ခြင်း ရှိမရှိတို့ကိုသာ စဉ်းစားခဲ့သည်။ ယင်းတို့က ဘုရားသခင်ကို နာခံနေခြင်း ဟုတ်ပါသလား။ ကျွန်မ အဖွဲ့ခေါင်းဆောင် ဖြစ်ခဲ့ဖူးသည့် အချိန်ကို ပြန်စဉ်းစားကြည့်သည်။ အသင်းတော် ခေါင်းဆောင်က အသင်းတော်အလုပ်နှင့်ပတ်သက်ပါက၊ အမြဲတမ်း ကျွန်မနှင့်သာ ဦးစွာ ဆွေးနွေးတတ်သည်။ ခေါင်းဆောင်က ကျွန်မကို အလွန် အထင်ကြီးကြသည်၊ ညီအစ်ကိုမောင်နှမများကလည်း ကျွန်မကို လေးစားကြသည်ဟုသာ ထင်ခဲ့ဖူးသည်။ မိမိတာဝန်မှာ မည်မျှပင် အားထုတ်ရပါစေ၊ မည်မျှပင် ခက်ခဲပြီး ပင်ပန်းပါစေ၊ ပျော်ပျော်ကြီး လုပ်ခဲ့သည်။ သို့ရာတွင် အိမ်ရှင်တာဝန်များ လုပ်ရသည့်အခါတွင်၊ နိမ့်ကျသည်ဟု ထင်ပြီး၊ အပျက်သဘောဆောင်လာသည်။ ပိုဆိုးသည်မှာ ကျွန်မက မည်မျှပင်ပင်ပန်းပန်း ကြိုးစားပါစေ၊ ထိုအားထုတ်မှုကို အခြားသူများ မြင်ကြမည် မဟုတ်ပါ။ ထို့ကြောင့် ကျွန်မက မိမိတာဝန်ကို သဘောမကျဖြစ်ပြီး၊ မလုပ်လိုခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်ကျမှသာ ကျွန်မလည်း မြင်မိသည်၊ ကျွန်မက တာဝန်ဟောင်းမှာ အများကြီး ကြိုးစားခဲ့သည်မှာ၊ ကျွန်မကိုယ်ကျွန်မ ကိုယ်ရည်သွေး ပြနိုင်မည်ဖြစ်ပြီး အခြားသူများ အထင်ကြီးကြမည် ဖြစ်သောကြောင့် ဖြစ်သည်။ သို့ရာတွင် အိမ်ရှင်တာဝန်များမှာမူ၊ ကျွန်မ ဖြစ်ချင်သည့်ဆန္ဒကို မည်သို့မျှ ပြည့်စေနိုင်မည် မဟုတ်ပါ။ ထို့ကြောင့် ကျွန်မ မနာခံနိုင်ခဲ့ပါ။ ကျွန်မက တာဝန်နှင့်ပတ်သက်ပါက၊ မိမိအကြိုက်များ၊ ရွေးချယ်မှုများ အမြဲရှိခဲ့သည်ကို၊ ထိုအချိန်မှာ နားလည်သွားသည်။ ပြီးလျှင် ကျွန်မ စဉ်းစားခဲ့သမျှက မိမိအတွက် ဂုဏ်အဆင့်အတန်းနှင့် မိမိကို မည်သို့ အကျိုးရှိစေခြင်း ရှိမရှိသာ ဖြစ်သည်။ ကျွန်မက သမ္မာတရားကို အားထုတ်ခဲ့ခြင်း၊ ဘုရားသခင်ကို နာခံခဲ့ခြင်း လုံးဝ မဟုတ်ပါ။
နောက်တော့ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ဖတ်မိသည်၊ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သော သူများသည် အမှုအရာများကို လုပ်ဆောင်နေချိန်တွင် ဘုရားသခင်၏ စိစစ်ခြင်းကို လက်ခံနိုင်ကြသည်။ သင်သည် ဘုရားသခင်၏ စိစစ်ခြင်းကို လက်ခံသောအခါ၊ သင်၏စိတ်နှလုံးသည် အမြင်မှန်ရစေခြင်း ခံရသည်။ အကယ်၍ သင်သည် အခြားသူများ မြင်စေရန်အတွက်သာ လုပ်ဆောင်ပြီး ဘုရားသခင်၏စိစစ်ခြင်းကို လက်မခံပါက၊ သင်၏ စိတ်နှလုံးထဲ၌ ဘုရားသခင် ရှိသေးသလော။ ဤကဲ့သို့သော လူများမှာ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း မရှိကြချေ။ သင်၏အကျိုးအတွက်သာ အစဉ်မလုပ်ဆောင်နှင့်၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားကို စဉ်ဆက်မပြတ် ထည့်သွင်းမစဉ်းစားနှင့်။ သင်၏ ကိုယ်ပိုင်အဆင့်အတန်း၊ သိက္ခာ၊ သို့မဟုတ် ဂုဏ်သတင်းကို မစဉ်းစားနှင့်။ လူ၏ အကျိုးစီးပွားများကိုလည်း ထည့်သွင်းမစဉ်းစားနှင့်။ သင်သည် ပထမဦးစွာ ဘုရားသခင်၏ အိမ်တော်၏ အကျိုးများကို စဉ်းစားရမည်ဖြစ်ပြီး ယင်းတို့ကို သင်၏ ဦးစားပေးချက် ဖြစ်စေရမည်၊ သင်သည် ဘုရားသခင်၏ အလိုတော်ကို အရေးထားသင့်ပြီး၊ သင်၏ တာဝန်ကို ဖြည့်ဆည်းရာတွင် သင်သည် မစင်ကြယ်မှု ရှိခဲ့သည် မရှိခဲ့သည်၊ သစ္စာရှိဖို့ သင် အစွမ်းကုန် လုပ်ဆောင်ပြီးခြင်း ရှိမရှိ၊ သင်၏ တာဝန်များကို ဖြည့်ဆည်းရန် အကောင်းဆုံး သင် လုပ်ဆောင်ပြီး သင်၏အရာအားလုံး ပေးပြီးခြင်း ရှိမရှိဆိုသည်အပြင်၊ သင်၏ တာဝန်နှင့် ဘုရားအိမ်တော်၏ အမှုကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် ဆင်ခြင်ခဲ့ခြင်း ရှိမရှိ ဆိုသည်တို့ကို ချင့်ချိန်စဉ်းစားခြင်းဖြင့် အစပြုသင့်သည်။ ဤအရာများကို သင် ထည့်သွင်းစဉ်းစားရမည်။ ယင်းတို့ကို မကြာခဏ တွေးလော့၊ ပြီးလျှင် သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် သင့်အတွက် သာ၍ လွယ်ကူလိမ့်မည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) လက်တွေ့လုပ်ဆောင်ဖို့ လမ်းတစ်ခုကို ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲမှာ ကျွန်မ တွေ့လိုက်ရသည်။ ကျွန်မက မိမိအလုပ်မှာ ဘုရားသခင်၏စိစစ်မှုကို လက်ခံရမည်၊ ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံး ရှိရမည်။ မိမိအကျိုးအမြတ်ကို စွန့်နိုင်ရမည့်အပြင်၊ အသင်းတော်ကို အကျိုးပြုသည့် အလုပ်မှန်သမျှကို လုပ်နိုင်ရမည်။ ဘုရားသခင်၏ အလိုတော်ကို နားလည်သွားသည့်အခါ၊ ကျွန်မလည်း “ဘုရားသခင်၊ ကိုယ်တော့်စိစစ်မှုကို ကျွန်မ လက်ခံချင်စိတ် ရှိပါတယ်။ တခြားသူတွေ ကျွန်မကို ဘယ်လို ထင်တယ်ဆိုတဲ့အပေါ်မှာ အာရုံမစိုက်တော့ပါဘူး။ ကိုယ်တော့်အစီအစဉ်တွေကိုပဲ နာခံနိုင်စွမ်း ရှိချင်ပါတယ်။ ကျွန်မရဲ့ အိမ်ရှင်တာဝန်ကိုပဲ ကောင်းအောင် လုပ်ချင်ပါတော့တယ်။” ဟု ဆုတောင်းခဲ့သည်။ ထိုနောက်ပိုင်းနေ့များ ရောက်တော့၊ ကျွန်မက ဤသူစိမ်းနိုင်ငံကို ရောက်စလည်း ဖြစ်သည်၊ ပစ္စည်းများ ဝယ်ခြမ်းရသည်မှာလည်း ကျွန်မအတွက် ခက်ခဲသည်ကို အသင်းတော်က ညီအစ်မများက သိသွားသည်။ ထို့ကြောင့် ကျွန်မနှင့်အတူ လိုအပ်သည့်အရာများ လိုက်ဝယ်ပေးဖို့ အချိန်ပေးကြသည်။ သူတို့က သူတို့တာဝန်များနှင့် တကယ်ကို မအားကြပါ။ သို့ရာတွင် သူတို့ တတ်နိုင်သည့်အခါ၊ ကျွန်မကို အိမ်အလုပ်များ ဝိုင်းလုပ် ပေးကြသည်။ ကျွန်မမှာ ပြဿနာတစ်ခုခု ရှိသည့်အခါတိုင်းမှာလည်း၊ သူတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် မိတ်သဟာယပြုပေးကြသည်။ ကျွန်မကို ကူညီထောက်ပံ့ဖို့၊ သူတို့ကိုယ်ပိုင် အတွေ့အကြုံများနှင့် မိတ်သဟာယ ပြုပေးသည်။ ကျွန်မက ဧည့်ခံပေးရသူ ဖြစ်နေ၍၊ ကျွန်မကို အထင်သေးခြင်း၊ ရှောင်ဖယ်ခြင်း မလုပ်ခဲ့ကြပါ။ အလုပ်တာဝန်များနှင့် ပတ်သက်လာပါက၊ ညီအစ်ကိုမောင်နှမများကြားမှာ အဆင့်အတန်း အနိမ့်အမြင့် လုံးဝ မရှိသည်ကို ကျွန်မ သဘောပေါက်လာခဲ့သည်။ ကျွန်မတို့က မိမိတာဝန်များ ဝတ္တရားများကို ဘုရားသခင်၏ရှေ့မှောက်မှာ ဆောင်ရွက်နေကြခြင်း ဖြစ်သည်။ ဤအတွေ့အကြုံကို ရလိုက်ပြီး၊ ကျွန်မလည်း မိမိတာဝန်မှာ အနည်းငယ် နာခံနိုင်စွမ်း ရှိပြီဟု ထင်မိခဲ့သည်။ သို့ရာတွင် ကျွန်မက မိမိသဘာဝနှင့် အနှစ်သာရကို အမှန်တကယ် နားလည်မှု မရှိခဲ့သောကြောင့်၊ ဂုဏ်အဆင့်အတန်းနောက် လိုက်ခြင်းကို လုံးလုံး မစွန့်လွှတ်နိုင်ခဲ့သေးပါ။ ကျွန်မ မကြိုက်သည့် အခြေအနေတစ်ခု ရုတ်တရက် ပေါ်လာသည်နှင့်၊ ကျွန်မအကြောင်းက ထပ်ပေါ်လာတော့သည်။
သိပ်မကြာလိုက်ပါ၊ အသင်းတော်ခေါင်းဆောင်က ကျွန်မဆီ ဖုန်းဆက်သည်။ အစ်မကျိုးက ဧဝံဂေလိ ဟောပြောရင်း အလုပ်များလွန်းနေသောကြောင့်၊ အစ်မကျိုး၏သမီးလေးကို ထိန်းပေးဖို့၊ စနေနေ့တိုင်း နေ့ဝက်ခန့် ကျွန်မ အချိန်ပေးနိုင်ခြင်း ရှိမရှိ မေးသည်။ ကလေးထိန်းပေးဖို့ကိုမူ ကျွန်မစိတ်ထဲမှာ ချက်ချင်း ဆန့်ကျင်မိသည်။ မိမိစီးပွားရေး လုပ်ခဲ့စဉ်က အလုပ်များလွန်းသောကြောင့်၊ မိမိကလေးများကိုပင် ဂရုမစိုက်ခဲ့ပါ။ အခြားသူများ၏ကလေးများကို ထိန်းပေးပါက၊ ကျွန်မက တကယ်ကို ကလေးထိန်းလို ဖြစ်သွားလိမ့်မည်။ ကျွန်မကိုသိသည့် ညီအစ်ကိုမောင်နှမများက ဤသည်ကို သိသွားပါက၊ ကျွန်မကို မည်သို့ ထင်ကြမည်နည်း။ ကျွန်မမျက်နှာကို မည်သို့ ပြရမည်နည်း။ သို့ရာတွင် အစ်မကျိုး၏ တကယ့် အခက်အခဲများကို ကျွန်မ စဉ်းစားကြည့်သည်။ မကူညီလိုက်ပါကလည်း ကျွန်မ စိတ်မကောင်း ဖြစ်မိလိမ့်မည်ကို သိသည်။ ကျွန်မလည်း ထိုကိစ္စကို အချိန်အနည်းငယ်ယူ စဉ်းစားပြီး၊ သဘောတူလိုက်သည်။ ထိုစနေနေ့ နေ့လယ်မှာ အစ်မကျိုး၏အိမ်ကို သွားသည်။ ညနေစောင်းလောက်အထိ အဆင်ပြေသလိုရှိနေစဉ်၊ ကလေးက ရုတ်တရက်ကြီး ထငိုပြီး၊ သူ့အမေကို ခေါ်ခိုင်းလာသည်၊ ကျွန်မ ချော့၍ကိုမရပါ။ ကလေး ပျော်အောင် ကျွေးဖို့ဆိုပြီး၊ စားစရာလေးများ ကမန်းကတန်း လိုက်ရှာရသည်။ ပုံပြင်များ ပြောပြ၊ ရယ်စရာများ လုပ်ပြရသည်။ နောက်ဆုံးတော့ အငိုတိတ်သွားသည်။ အိမ်အပြန်လမ်းမှာ ကျွန်မလည်း “ကလေးတွေကို ထိန်းရတာ တော်တော် မလွယ်တာပဲ။ ပင်လည်း ပင်ပန်းတဲ့အပြင်၊ အောက်ကျပြီး အရေးမပါတဲ့အလုပ်မျိုးပဲ။” ဟု စဉ်းစားကြည့်သည်။ စဉ်းစားမိလေလေ ပိုပြီး စိတ်ထိခိုက်လေ ဖြစ်လာသည်။ အိမ်ကို ပြန်ရောက်သည့်အခါ၊ ညီအစ်မများက သူတို့တာဝန်များမှ ရခဲ့သည့် ဆုလာဘ်များ၊ အတွေ့အကြုံများကို ပျော်ပျော်ကြီး ဆွေးနွေးနေကြသည်ကို တွေ့သည်။ ကျွန်မလည်း မနာလိုဖြစ်ပြီး၊ မချင့်မရဲဖြစ်မိလေသည်။ စိတ်ထဲမှာလည်း “ငါလည်း ရေလောင်းတဲ့တာဝန်တွေကို ငါ့ညီအစ်မတွေလို ဘယ်တော့မှ လုပ်နိုင်မှာလဲ။ ငါ အခုလုပ်နေတဲ့ ဒီတာဝန်မှာ၊ အိုးတွေခွက်တွေ တိုက်ရင်တိုက်၊ မဟုတ်ရင်လည်း ကလေးတွေပဲ ထိန်းရတယ်။ ဒါတွေလုပ်ရင်းနဲ့ ဘယ်လို သမ္မာတရားတွေ ငါ ရနိုင်လို့လဲ။ ငါ့မှာ သမ္မာတရားရဲ့စစ်မှန်မှု မရှိဘူး။ ဒါကြောင့် ဒီလို ဘာမဟုတ်တဲ့အလုပ်မျိုးပဲ လုပ်နိုင်တာဆိုပြီး၊ လူတွေက ပြောလာကြမှာလား။” ဟု တွေးမိသည်။ ဤအတွေးနှင့် ကျွန်မ ပို၍ စိတ်ပျက်သွားသည်။ ညရောက်တော့ အိပ်ရာထဲ လူးလှိမ့်ပြီး၊ တစ်စက်မျှ အိပ်၍မရခဲ့ပါ။ ထို့ကြောင့် ဘုရားသခင်ရှေ့မှောက်တွင် “ဘုရားသခင်၊ အခုအချိန်မှာ ကျွန်မ တော်တော် ဝမ်းနည်းမိပါတယ်။ ကျွန်မက ကိုယ့်ကို ထင်ပေါ်စေတဲ့၊ တခြားသူတွေ အထင်ကြီးတဲ့ အလုပ်တာဝန်တွေကိုပဲ အမြဲတမ်း လိုချင်တာပါ။ ဘုရားသခင်၊ ဒီလိုရှာဖွေတာက ကိုယ်တော့်အလိုတော်နဲ့ ကွဲလွဲမှန်း ကျွန်မ သိပါတယ်။ ဒါပေမဲ့ နာခံဖို့က ခက်ခဲလွန်းပါတယ်။ ကျွန်မကို ဦးဆောင်လမ်းပြပေးပါ ဘုရားသခင်။ ဒီလွဲမှားတဲ့ အခြေအနေကို စွန့်ပစ်နိုင်ဖို့၊ ကျွန်မကိုယ်ကျွန်မ သိအောင် ကူညီပေးတော်မူပါ။” ဟု ဆုတောင်းမိသည်။
နောက်တော့ ဘုရားသခင်၏ နှုတ်ကပတ်တော်အချို့ကို ကျွန်မ ဖတ်မိပါသည်၊ “လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ၎င်းတို့၏ အတွေးတိုင်းနှင့် စိတ်ကူးအတွင်းတွင်၊ ၎င်းတို့ လုပ်ရပ်တိုင်း၏ နောက်ကွယ်က ရည်ရွယ်ချက်များအတွင်းတွင် ကွယ်ဝှက်နေ၏၊ ယင်းသည် အရာရာတိုင်းအပေါ် လူသား၌ရှိသော ရှုထောင့်အမြင် အားလုံးထဲနှင့် ဘုရားသခင် လုပ်ဆောင်သမျှကို ချဉ်းကပ်ရာတွင် ၎င်းတို့ရှိကြသည့် ထင်မြင်ချက်တိုင်း၊ နားလည်မှုတိုင်း၊ ရှုထောင့်အမြင်တိုင်းနှင့် စိတ်ဆန္ဒတိုင်း အတွင်း ကွယ်ဝှက်နေ၏။ ယင်းမှာ အတွင်းထဲ၌ ကွယ်ဝှက်ထားသည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “စစ်မှန်စွာနာခံခြင်းသာလျှင် လက်တွေ့ကျသောယုံကြည်မှုတစ်ခုဖြစ်၏”) “ဖောက်ပြန်ကာ စာတန်ဆန်သော စိတ်နေသဘောထားသည် လူတို့ထဲ၌ အလွန် နက်ရှိုင်းစွာအမြစ်တွယ်နေ၏၊ ၎င်းသည် သူတို့၏ ဘဝဖြစ်လာသည်။ လူတို့သည် မည်သည့်အရာ အတိအကျကို ရှာဖွေပြီး ရယူလိုကြသနည်း။ ဖောက်ပြန်၍ စာတန်ဆန်သော စိတ်နေသဘောထား၏ တွန်းအားအောက်တွင် လူတို့၏ စံနှုန်းများ၊ မျှော်လင့်ချက်များ၊ ရည်မှန်းချက်များနှင့် ဘဝ၏ ပန်းတိုင်များနှင့် ဦးတည်ရာများသည် အဘယ်နည်း။ ၎င်းတို့သည် အပြုသဘောဆောင်သော အရာများနှင့် ဆန့်ကျင်ဘက် မဖြစ်ပေဘူးလော။ ဦးစွာအနေဖြင့် လူတို့သည် အမြဲတစေ နာမည်ကြီးလိုကြသည် သို့မဟုတ် ကျော်ကြားသူများ ဖြစ်လိုကြသည်။ သူတို့သည် ကြီးမားသောကျော်ကြားမှုနှင့် ဂုဏ်သိက္ခာကို ရယူ၍ ဘိုးဘေးများကို ဂုဏ်ပြုလိုကြသည်။ ယင်းတို့သည် အပြုသဘောဆောင်သော အရာများ ဖြစ်သလော။ ယင်းတို့သည် အပြုသဘောဆောင်သော အရာများနှင့် လုံးဝ မကိုက်ညီရုံမျှမက လူသားမျိုးနွယ်၏ ကံတရားကို အုပ်စိုးသော ဘုရားသခင်၏ဥပဒေသနှင့် ဆန့်ကျင်ဘက် ဖြစ်သည်။ ၎င်းကို ငါအဘယ်ကြောင့်ပြောသနည်း။ မည်ကဲ့သို့သော လူစားကို ဘုရားသခင် အလိုရှိသနည်း။ နာမည်ဂုဏ်သတင်းကြီးသောသူ၊ ထင်ပေါ်ကျော်ကြားသူ၊ မြင့်မြတ်သောသူ၊ သို့မဟုတ် ကမ္ဘာကိုတုန်လှုပ်စေသောသူကို ကိုယ်တော် အလိုရှိသလော။ (မဟုတ်ပါ။) ဤသို့ဆိုလျှင် မည်သို့သောလူစားကို ဘုရားသခင် အလိုရှိသနည်း။ လုံးဝ အောက်ခြေမလွတ်ဘဲ ဘုရားသခင်၏ အရည်အချင်းမီ ဖန်ဆင်းခံဖြစ်ရန်၊ ဖန်ဆင်းခံ၏တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်သူ ဖြစ်ရန်နှင့် လူသားနေရာတွင် နေနိုင်ရန် ကြိုးစားသူကို ကိုယ်တော်အလိုရှိသည်။...သို့ဆိုလျှင် ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားက လူတို့အား မည်သည့်အရာကို ဆောင်ကြဉ်းပေးသနည်း။ (ဘုရားသခင်ကို ဆန့်ကျင်ခြင်းဖြစ်ပါသည်။) လူတို့ ဘုရားသခင်ကို ဆန့်ကျင်ရာမှ မည်သည့်အရာလာသနည်း။ (နာကျင်မှုလာပါသည်။) နာကျင်မှုလော။ ယင်းမှာ ပျက်စီးခြင်းပင်တည်း။ နာကျင်မှုမှာ ယင်း၏ထက်ဝက်ပင် မဟုတ်ချေ။ သင့်မျက်စိရှေ့တည့်တည့်တွင် တွေ့ရသည်မှာ နာကျင်မှု၊ အပျက်သဘောဆောင်ခြင်းနှင့် ပျော့ညံ့ခြင်းတို့ဖြစ်ပြီး ယင်းမှာ အာခံခြင်းနှင့် မကျေနပ်ချက်များ ဖြစ်သည်- ဤအရာများက မည်သည့်အဆုံးသတ်ကို ဆောင်ကြဉ်းလိမ့်မည်နည်း။ ပျက်သုဉ်းခြင်းပင်တည်း။ ဤသည်မှာ သေးငယ်သောကိစ္စ မဟုတ်သည့်အပြင် ကစားစရာမဟုတ်ပေ။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို ရှာဖွေခြင်းနှင့် ဘုရားသခင်အပေါ် မှီခိုခြင်းအားဖြင့်သာ ဖောက်ပြန်သော စိတ်သဘောထားကို ဖြေရှင်းနိုင်၏”) ဘုရားသခင့်နှုတ်ကပတ်တော်များ၏ တရားစီရင်မှုနှင့် ထုတ်ဖော်မှုကို ဖတ်လိုက်ရတော့၊ ကျွန်မ တော်တော် ရှက်သွားမိသည်။ “ဘုရားသခင် စီစဉ်တဲ့ အခြေအနေတွေကို ငါက ဘာလို့ လုံးဝ လက်မခံနိုင်တာလဲ။ အရေးမပါဘူးလို့ထင်ရတဲ့ ဒီတာဝန်တွေကို ငါက ဘာလို့ မလုပ်ချင်သလို ဖြစ်နေတာလဲ။ အဲဒါတွေကို လုပ်နေရင်၊ လူတွေကပဲ ငါ့ကို အထင်သေးသလိုလို၊ ငါကပဲ နိမ့်ကျသလိုလို ထင်မိတယ်။ ငါ့ကိုယ်ငါ ဂုဏ်မယူနိုင်ဘူး။ တန်ဖိုးမရှိသလို ခံစားရတယ်။ တခြားသူတွေ အထင်ကြီး လေးစားနိုင်တဲ့၊ ငါလည်း ထင်ပေါ်နိုင်တဲ့ တာဝန် အကြီးကြီးတွေကိုပဲ လုပ်ဖို့တန်တယ်ဆိုပြီး ငါက ထင်မိတာပဲ။” ဟု မိမိကိုယ်ကိုယ် စပြီး ဆင်ခြင်ကြည့်သည်။ ဤအတွေးများကို ဆင်ခြင်ကြည့်ရင်းနှင့်၊ ကျွန်မက ကျော်ကြားမှုနှင့် အဆင့်အတန်းကို လိုချင်သည့်ဆန္ဒနှင့် ထိန်းချုပ်ခံနေရဆဲ ဖြစ်သည်ကို သိလိုက်ရသည်။ ကျွန်မက မကောင်းသည့် အဆိပ်အတောက်များနှင့် ရှင်သန်နေခဲ့ခြင်း ဖြစ်သည်။ ဥပမာ “သစ်တစ်ပင်သည် အခေါက်အတွက် အသက်ရှင်သကဲ့သို့ လူတစ်ဦးသည် သူ၏မျက်နှာအတွက် အသက်ရှင်၏၊” “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏၊” နှင့် “လူသားသည် အထက်သို့ ရုန်းကန်ဆန်တက်သည်၊ ရေသည်နိမ့်ရာသို့ စီးဆင်း၏။” တိုကဲ့သို့ ဤအဆိပ်အတောက်များက ကျွန်မထံတွင် အမြစ်တွယ်ခဲ့သည်မှာ ကြာပြီဖြစ်သောကြောင့်၊ ကျွန်မ၏ သဘာဝ ဖြစ်လာခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ကျွန်မက မာနထောင်လွှားလွန်းပြီး၊ စိတ်ကြီးဝင်သွားခဲ့ခြင်း ဖြစ်သည်။ ကျွန်မကို အခြားသူများ အထင်ကြီးသည်ကို သဘောကျ ခဲ့သည်။ အဆင့်အတန်းနှင့် နာမည်ကောင်းတစ်ခု ရှိနေသည်ကို သဘောကျခဲ့သည်။ ပြီးလျှင် ဤသည်တို့ကို ကြိုးစားရမည့် အသက်တာ ရည်မှန်းချက်များလို သဘောထားခဲ့သည်။ ဤအရာများက အပြင်လောကကြီးမှာ လူများ ကြိုးစားကြသည့် ရည်မှန်းချက်များနှင့် တူသည်ကို ကျွန်မ နားလည်ခဲ့မိသည်။ ဘုရားသခင်ကို မယုံကြည်မိသေးသည့်အချိန်က၊ ကျွန်မက တော်တော် နိုင်လိုစိတ် ပြင်းထန်ခဲ့ဖူးသည်။ မိုးလင်းမှ မိုးချုပ်ထိ အလုပ်လုပ်သည်။ ကျွန်မစက်ရုံ အောင်အောင်မြင်မြင် လည်ပတ်နေဖို့၊ မိမိကိုယ်ကိုယ် အပင်ပန်းအဆင်းရဲခံသည်။ မိမိဇာတိမြို့ကို အလည်ပြန်ရောက်၍၊ ကျွန်မကို သူငယ်ချင်းများ၊ အမျိုးများက ဝမ်းသာအားရ ကြိုပြီး၊ အာဂမိန်းမဟု ခေါ်ကြသည့်အခါတွင်၊ ကျွန်မ၏ ဝင့်ဝါချင်စိတ်က တအားကျေနပ်သွားခဲ့သည်။ မည်သည့်အရာဖြစ်စေ ပေးဆပ်ချင်လာသည်။ ယုံကြည်ခြင်း ရှိလာပြီး ကျွန်မက ဤအမြင်များနှင့် ဆက်ပြီး နေထိုင်ခဲ့ခြင်း ဖြစ်သည်။ မိမိတာဝန်ကို ဂုဏ်အဆင့်အတန်းအတွက် လုပ်နေခြင်း ဖြစ်သောကြောင့်၊ အရှုံးအမြတ်အတွက်ကို ပူပန်မိသည်။ အခြားသူများ အထင်ကြီးသည့် နေရာမျိုးတွင် ကျွန်မက ပျော်သည်။ ထိုကဲ့သို့နေရာမျိုး မရဘဲ၊ ကိုယ်လည်း မထင်ပေါ်နိုင်ပါက၊ ကျွန်မက အပျက်သဘောနှင့် မပျော်မရွှင် ဖြစ်လာသည်။ ဘုရားသခင်ကို ခုခံသည်။ ဘုရားသခင်က စီစဉ်ပေးထားသည့် အခြေအနေကိုလည်း ခုခံမိသည်။ ယင်းကို စဉ်းစားကြည့်လေလေ ပိုပြီး နားလည်မိလေ ဖြစ်သည်။ ဤမကောင်းသည့် အဆိပ်များကြောင့်၊ ကျွန်မမှာ ရခဲ့သည့်အရာမှာ စိတ်ဆင်းရဲခြင်းသာ ရှိသည်။ ထို့ကြောင့် ကျွန်မက ဘုရားသခင်ကို မရည်ရွယ်ဘဲ ပုန်ကန်မိသည်၊ အာခံခဲ့မိသည်။ ထိုကဲ့သို့ အားထုတ်မှုမျိုးကို ဆက်လုပ်ပါက၊ ကျွန်မက ဘုရားသခင်၏မလိုလားမှုကို သေချာပေါက် ကြုံရတော့မည် ဖြစ်သည်။ ကိုယ်တော်က ကျွန်မကို ဖယ်ရှားပစ်လိမ့်မည်။ ယင်းကို တွေးကြည့်လေလေ၊ ကိုယ် လျှောက်နေသည့်လမ်းကို ပို၍ ကြောက်မိလေလေ ဖြစ်လာသည်။ ကျွန်မလည်း ဘုရားသခင်ထံတွင် ကမန်းကတန်း ဆုတောင်းပြီး၊ နောင်တရမိသည်။ ကျွန်မအနေနှင့် ဂုဏ်အဆင့်အတန်းနောက် မလိုက်ချင်တော့ပါ၊ အခြားလူများ အထင်ကြီးသည်ကိုလည်း မလိုချင်တော့ပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် လိုက်လျောညီထွေရှိသည့် ဖန်ဆင်းခံစစ်စစ်တစ်ယောက် ဖြစ်အောင်သာ ကြိုးစားချင်ပါတော့သည်။ ဆုတောင်းပြီးသည့်နောက်မှာ၊ ကျွန်မ၏စိတ်နှလုံးက ပို၍ တည်ငြိမ်သွားသည်။
နောက်တစ်နေ့ရောက်တော့ ဝတ်ပြုဆုတောင်းခြင်းများ လုပ်နေရင်းနှင့်၊ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ဖတ်မိသည်၊ “သင်သည် ဘုရားသခင်အား ယုံကြည်ပြီး ဘုရားသခင်နောက် လိုက်သည်၊ ထို့ကြောင့် သင်၏ စိတ်နှလုံးသားထဲတွင် သင်သည် ဘုရားသခင်အား ချစ်ရပေမည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင် ဘေးဖယ်ထားရမည်၊ ဘုရားသခင်၏ စိတ်ဆန္ဒကို ဖြည့်ဆည်းရန် သင် ကြိုးစားရမည် ဖြစ်ပြီး၊ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါ တစ်ဦး၏ တာဝန်ကို သင် ထမ်းဆောင်ရပေမည်။ သင်သည် ဘုရားသခင်အား ယုံကြည်ကာ ဘုရားသခင် နောက်ကို လိုက်သည့်အတွက်၊ သင်သည် အရာရာကို သူ့ထံ ဆက်သသင့်ပြီး၊ ကိုယ်ပိုင် ရွေးချယ်မှုများ သို့မဟုတ် တောင်းဆိုမှုများ မပြုလုပ်သင့်သကဲ့သို့၊ ဘုရားသခင်၏ စိတ်ဆန္ဒအား ဖြည့်ဆည်းခြင်းကို သင် စွမ်းဆောင် ရရှိသင့်ပေသည်။ သင်သည် ဖန်ဆင်းခြင်း ခံခဲ့ရသည့်အတွက်၊ ပင်ကိုအားဖြင့် မိမိကိုယ်ကိုယ်အပေါ် အုပ်စိုးခြင်း မရှိသကဲ့သို့၊ မိမိ၏ ကိုယ်ပိုင် ကံကြမ္မာကို ထိန်းချုပ်နိုင်စွမ်း မရှိသည့်အတွက်၊ သင့်ကို ဖန်ဆင်းသည့် သခင်ကို သင်သည် နာခံသင့်ပေသည်။ သင်သည် ဘုရားသခင်အား ယုံကြည်သော လူတစ်ဦး ဖြစ်သည့်အတွက်၊ သန့်ရှင်းခြင်းနှင့် ပြောင်းလဲခြင်းကို ဖွေရှာသင့်သည်။ သင်သည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်သည့်အတွက်၊ သင်၏ တာဝန်ကို လိုက်နာစောင့်ထိန်းသင့်ပြီး၊ သင်၏ နေရာကို ထိန်းသိမ်းသင့်ကာ၊ သင်၏ တာဝန်ကို ဘောင်မကျော်သင့်ပေ။ ဤသည်မှာ သင့်အား ဘောင်ခတ်ရန်၊ သို့မဟုတ် သင့်ကို အယူဝါဒမှတစ်ဆင့် ချိုးနှိမ်ရန် မဟုတ်ဘဲ၊ ထိုအစား ဤသည်မှာ သင်၏ တာဝန်ကို သင် ထမ်းဆောင်နိုင်သည့် လမ်းကြောင်း ဖြစ်ပြီး၊ ယင်းကို ဖြောင့်မတ်ခြင်း ပြုသော သူအားလုံးက စွမ်းဆောင်ရရှိနိုင်သည် စွမ်းဆောင် ရရှိသင့်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရင်း ကျွန်မ နားလည်သွားသည်မှာ၊ ဖန်ဆင်းခံတစ်ယောက် ဖြစ်သည့် ကျွန်မသည် ဘုရားသခင်၏အုပ်ချုပ်မှုနှင့် အစီအစဉ်များကို နာခံသင့်သည်။ ကျွန်မအနေနှင့် သမ္မာတရားကို အားထုတ်သင့်သည်။ မိမိစိတ်သဘောထားမှာ အပြောင်းအလဲ ဖြစ်အောင် ကြိုးစားသင့်သည်။ ဤသည်ကမှ ကျွန်မ၏တာဝန်ဖြစ်သည်။ ကျွန်မအနေနှင့် အားထုတ်သင့်သည့်အရာ ဖြစ်ပေသည်။ ဘုရားသခင် စီစဉ်ပေးသည့် အခြေအနေကို ကျွန်မက မကြိုက်ခဲ့သော်လည်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်ကောင်းများက ထိုနောက်ကွယ်မှာ ရှိနေသည်။ ကိုယ်တော်က ကျွန်မကို သန့်စင် ပြောင်းလဲစေဖို့၊ ယင်းတို့ အားလုံးကို သေသေချာချာ စီစဉ်ပေးခဲ့ခြင်း ဖြစ်သည်။ ကျွန်မအနေနှင့် ဂုဏ်အဆင့်အတန်းနောက် မလိုက်နိုင်တော့ပါ။ မိမိတာဝန်နှင့်ပတ်သက်ပြီး ဇီဇာကြောင်၍ မရတော့ပါ။ ကျွန်မအနေနှင့် သမ္မာတရားကို အားထုတ်ခြင်းကိုသာ အာရုံစိုက်သင့်သည်၊ ကျွန်မ၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို ဖြေရှင်းဖို့အတွက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို လက်ခံသင့်သည်။ မိမိတာဝန်ကို ကောင်းအောင် လုပ်ဆောင်ဖို့သာ အစွမ်းကုန် ကြိုးစားသင့်သည်။
ထိုနောက်ပိုင်းနေ့များမှာ ကျွန်မလည်း၊ အခြားသူများ မိမိကို မည်သို့ထင်သည်ကို အာရုံမရောက်တော့ပါ။ မိမိတာဝန်ကိုသာ ဘုရားသခင်၏ရှေ့မှောက်မှာ လုပ်သည်။ တစ်ခါတစ်ရံ ညီအစ်ကိုမောင်နှမများက သူတို့တာဝန်များနှင့် အလုပ်ရှုပ်ပြီး၊ သူတို့ကလေးများကို ထိန်းဖို့ အချိန်မရပါက၊ ကျွန်မက ကူညီပေးပါသည်။ ညီအစ်ကိုမောင်နှမများက ဧဝံဂေလိ ဟောပြောပြီး၊ လူများကို ဘုရားသခင်၏ ရှေ့မှောက် များသထက်များအောင် ခေါ်ဆောင်ခြင်းကို မြင်မိပါက၊ ကျွန်မ၏စိတ်နှလုံးမှာ ဝမ်းသာမိပါသည်။ မိမိအလုပ်မှာ မထင်ပေါ်နိုင်လျှင်ပင်၊ ညီအစ်ကိုမောင်နှမများ စိတ်အေးရအောင် လုပ်ပေးနိုင်ခဲ့သည်။ နိုင်ငံတော် ဧဝံဂေလိတရား ပျံ့နှံ့ဖို့အတွက် မိမိကျရာတာဝန်ကို တည်တည်ငြိမ်ငြိမ်နှင့် လုပ်နိုင်ခဲ့ပါသည်။ ဤအရာကလည်း အဓိပ္ပာယ်ရှိပါသည်။ အိမ်ရှင်တာဝန် ယူရခြင်း၊ ကလေးထိန်းပေးခြင်း လုပ်နေစဉ်၊ ကျွန်မ၏ဝင့်ဝါချင်စိတ်နှင့် ဂုဏ်ကို လိုချင်သည့်ဆန္ဒက မပြည့်တော့သော်လည်း၊ တော်တော် အကျိုးရှိသည်ကို တွေ့ခဲ့ရသည်။ ဂုဏ်အဆင့်အတန်းနောက် လိုက်သည်မှာ လမ်းမှားဖြစ်မှန်း ကျွန်မ သိလိုက်သည်။ ဘုရားသခင်၏အုပ်ချုပ်မှုနှင့် အစီအစဉ်များကို နာခံခြင်း၊ မိမိတာဝန်ကို အကောင်းဆုံး လုပ်ဆောင်ခြင်းတို့ကသာ ကျွန်မ အားထုတ်သင့်သည့် အရာများ ဖြစ်ပါသည်။ ဘုရားသခင်၏အိမ်တော်မှာ အလုပ်တာဝန်များနှင့်ပတ်သက်ပါက၊ နိမ့်သည်မြင့်သည် အမှန်တကယ် မရှိသည်ကို ကျွန်မ နားလည်သွားသည်။ မည်သည့်တာဝန်ကို လုပ်သည်ဖြစ်စေ၊ မိမိအနေနှင့် သင်ယူရမည့် သင်ခန်းစာများ၊ လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်ရမည့် သမ္မာတရားများ အမြဲတမ်း ရှိပါသည်။ ကျွန်မအနေနှင့် သမ္မာတရားကို အားထုတ်ပြီး နာခံနေသရွေ့၊ ယင်းမှ အကျိုးကျေးဇူး ခံစားရမည် ဖြစ်သည်။ ဘုရားသခင်က ဖြောင့်မတ်လွန်းသည်၊ မည်သူ့ကိုမျှ မျက်နှာသာမပေးသည်ကို ဤအဖြစ်မှ ကျွန်မ မြင်ခဲ့ပါသည်။ ဤကဲ့သို့ မဆိုသလောက် အပြောင်းအလဲနှင့် နားလည်မှုလေး ရခြင်းက၊ ဘုရားသခင်က ကျွန်မ၏ အသက်တာအပေါ် ပေးအပ်သည့် ဆုလာဘ်တစ်ခု ဖြစ်ပါသည်။ ဘုရားသခင်၏ ကျေးဇူးတော် ဖြစ်ပါသည်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။