နှစ်သက်မှုအပေါ် အခြေခံပြီး ကျွန်မတာဝန်တွေကို မရွေးချယ်တော့ပါ

26.07.2025

ချန်မြောင်း၊ တရုတ်ပြည်

၂၀၀၆ ခုနှစ်မှာ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ အသင်းတော်မှာ ခေါင်းဆောင်နဲ့ အမှုဆောင်အဖြစ် ကျွန်မ အစေခံခဲ့ပါတယ်။ နေ့တိုင်း အလုပ်များပြီး ပင်ပန်းခဲ့ပေမဲ့ ကျွန်မ ညည်းညူမှုမရှိခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ခေါင်းဆောင်တာနဲ့ ကြီးကြပ်တာက သမ္မာတရားကို ရှာဖွေသူတွေအတွက် အခန်းကဏ္ဍတွေဖြစ်ပြီး ဒီတာဝန်တွေကို ထမ်းဆောင်သူတွေကို ညီအစ်ကိုမောင်နှမတွေက အထင်ကြီးကြတယ်လို့ ကျွန်မ ယုံကြည်ခဲ့လို့ပါပဲ။ ၂၀၁၈ ခုနှစ်မှာ ကျွန်မ စာနဲ့ပတ်သက်တဲ့အလုပ်တစ်ခုကို ယူခဲ့ပါတယ်။ ကျွန်မ အရမ်းပျော်ခဲ့တာပေါ့။ ကျွန်မအလုပ်လုပ်တာကောင်းလို့ဖြစ်မှာ၊ မဟုတ်ရင် ဒီလို အရေးကြီးတဲ့ တာဝန်အတွက် ရွေးချယ်ခံရမှာမဟုတ်ဘူးလို့ ကျွန်မ ခံစားခဲ့ရတယ်။ ရက်နည်းနည်းကြာတော့ အထက်ခေါင်းဆောင်တစ်ဦးက ကျွန်မနဲ့ တွေ့ပြီး ပြောခဲ့တယ်။ “အသင်းတော်က စီစီပီရဲ့ ဖမ်းဆီးမှုတွေနဲ့ ရင်ဆိုင်နေရတယ်။ ပတ်ဝန်းကျင်က နေရာတိုင်းမှာ တင်းမာနေတယ်။ အထွေထွေကိစ္စတွေကို ကိုင်တွယ်တဲ့ တာဝန်ကို ယူမဲ့သူတွေ ကျွန်မတို့ အရေးတကြီး လိုအပ်နေတယ်။ ကျွန်မတို့ ဆွေးနွေးပြီးပါပြီ၊ အစ်မနဲ့ အစ်မအမျိုးသားကို ဒီတာဝန် ယူစေချင်ပါတယ်”ဆိုပြီးတော့ပါ။ ခေါင်းဆောင်ရဲ့ စကားကို ကြားတော့ ကျွန်မ ခေါင်းထဲမှာ တဝီဝီ မြည်သွားသလို ခံစားလိုက်ရတယ်။ ကိုယ့်နားကိုယ်တောင် မယုံနိုင်ဘူး၊ တွေးမိတယ်။ “သူတို့က ငါ့ကို ဘယ်လိုများ အထွေထွေကိစ္စတွေ ကိုင်တွယ်ဖို့ တာဝန်ပေးနိုင်ရတာလဲ။ ခေါင်းဆောင် အမှားလုပ်မိတာလား။ အထွေထွေကိစ္စတွေ ကိုင်တွယ်တာက အလုပ်ကြမ်းလုပ်ရတာချည်းပဲ မဟုတ်လား။ ဒီတာဝန်က နိမ့်ကျလိုက်တာ။ ညီအစ်ကိုမောင်နှမတွေသာ သိသွားရင် ငါ့ကို ဘယ်လိုများ ထင်ကြမလဲ”ပေါ့။ ဒါကို ပိုတွေးလေလေ၊ ပိုအတိုက်အခံ ဖြစ်လေလေပဲ။ နောက်ပြီး ဒီတာဝန်ကို မယူချင်ဘူးလို့ ခေါင်းဆောင်ကို ပြောချင်ခဲ့ပေမဲ့ အသင်းတော်ရဲ့ စီစဉ်မှုက အလုပ်လိုအပ်ချက်အပေါ် အခြေခံထားတာကို စဉ်းစားပြီး အင်တင်တင်နဲ့သဘောတူဖို့ကလွဲပြီး တခြားရွေးချယ်စရာမရှိခဲ့ပါဘူး။ အိမ်အပြန်လမ်းမှာ ကျွန်မ စိတ်ထဲမှာ ဗလောင်ဆူနေခဲ့တယ်။ “ငါက ဘုရားသခင်ကို ယုံကြည်ကတည်းက ခေါင်းဆောင် ဒါမှမဟုတ် အလုပ်သမားအဖြစ် အမြဲ ထမ်းဆောင်ခဲ့တယ်။ အဲဒါမဟုတ်ရင် စာနဲ့ပတ်သက်တဲ့အလုပ်ကို လုပ်ခဲ့တယ်။ အဲဒီတာဝန် နှစ်ခုလုံးက အထွေထွေကိစ္စတာဝန်ထက် ပိုဂုဏ်ရှိတယ်လို့ ထင်ရတယ်။ အဲဒီကြမ်းတမ်း၊ ညစ်ပတ်ပြီးပင်ပန်းတဲ့ အလုပ်ကို လုပ်ရတာက ငါ အခုလက်ရှိလုပ်နေတဲ့ စာနဲ့ပတ်သက်တဲ့အလုပ်လောက် နည်းနည်းမှဂုဏ်မရှိဘူး။ ပြီးတော့ အဖွဲ့ထဲက ညီအစ်မတွေသာ သိသွားရင် ငါ့ကို သေချာပေါက်အထင်သေးမှာ မဟုတ်ဘူးလား။ ဒီတာဝန်ရသွားတာက ငါ သမ္မာတရားကို မလိုက်စားနေလို့ဖြစ်ရမယ်လို့ သူတို့ ပြောကြမလား”ပေါ့။ ကျွန်မ အိမ်ရောက်တော့ အားအင်မရှိ၊ ချိနဲ့ပြီး အိပ်ရာပေါ် လဲလျောင်းနေမိပေမဲ့ ညီအစ်မတွေကို ရင်ဆိုင်ရတဲ့အခါ ဟန်လုပ်ပြီး ပြုံးနေခဲ့တယ်။ ကျွန်မအခြေအနေအကြောင်းကို ပွင့်ပွင့်လင်းလင်း မိတ်သဟာယပြုဖို့ ကြောက်တာလေ။ အထွေထွေကိစ္စတွေကို ကိုင်တွယ်တဲ့ တာဝန်ကို ကျွန်မလုပ်နေတယ်ဆိုတာ သူတို့ သိသွားရင် အထင်သေးမှာ စိုးရိမ်လို့ပေါ့။

ရက်နည်းနည်းကြာတော့ ကျွန်မနဲ့ ခင်ပွန်းသည်ဟာ အထွေထွေကိစ္စတွေကိုင်တွယ်တဲ့ တာဝန်ကို တရားဝင်ထမ်းဆောင်ခဲ့ကြတယ်။ ပထမ သုံးလေးရက်မှာ အန္တရာယ်ရှိတဲ့ ညီအစ်ကိုမောင်နှမတွေကို အိမ်အသစ်တွေဆီ ပြောင်းဖို့ ကျွန်မတို့ကူညီခဲ့ကြတယ်။ ကျွန်မနဲ့ ခင်ပွန်းသည် မနက်သုံးနာရီလောက်မှာ နိုးကြပြီး ပြောင်းရွှေ့တာတွေကို ကူညီခဲ့ကြတယ်။ လှေကားပေါ် ပြေးလွှားပြီး အတက်အဆင်းလုပ်ကြတယ်၊ နေ့တိုင်း ပင်ပန်းနွမ်းနယ်ခဲ့ကြတယ်။ ကျောတွေနာပြီး၊ ခါးတွေကိုက်ကြတယ်။ ကျွန်မတို့ အိမ်ရောက်တဲ့အခါ ကျွန်မ အစားတောင် မစားချင်ခဲ့ဘူး။ အိပ်ရာက ထဖို့တောင် အားမရှိဘူးလေ။ တစ်ပတ်လုံး မနက်မိုးလင်းကနေ ညမိုးချုပ်အထိ ဒီအလုပ်ကို လုပ်ပြီးနောက်မှာ ကျွန်မ စပြီးညည်းညူခဲ့ပါတယ်။ “ဒါက အလုပ်ကြမ်းသက်သက်လုပ်ရတာပဲ။ လောကမှာ ဒီအလုပ်တွေကို အသိပညာ၊ သင်ယူမှု၊ ဒါမှမဟုတ် ကျွမ်းကျင်မှု မရှိတဲ့သူတွေ လုပ်ကြတာ။ ဘုရားသခင်ကိုယုံကြည်လာတဲ့ ဒီနှစ်တွေအပြီးမှာ ငါ ဒီအဆင့်ကို ကျသွားလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး။ မထင်မပေါ်အဖြစ်ဆုံး၊ လုပ်အားအများဆုံး လိုအပ်တဲ့ အလုပ်တွေကိုပဲ လုပ်နိုင်တော့တာ။ အရင်က စာနဲ့ပတ်သက်တဲ့ အလုပ်ကို လုပ်ခဲ့ရပြီး ကွန်ပျူတာရှေ့မှာထိုင်ရတယ်။ အဝတ်အစား သန့်သန့်ရှင်းရှင်း ဝတ်၊ လေဒဏ်နဲ့မိုးဒဏ်ကနေ အကာအကွယ်ရခဲ့တယ်။ အခုတော့ နေ့တိုင်း ချွေးတွေ တရွှဲရွှဲနဲ့ ခြေကုန်လက်ပန်းကျနေရပြီ။ အကွာကြီး ကွာနေတာပဲ”ပေါ့။ ကျွန်မရဲ့ အခြေအနေ အရမ်းနိမ့်ကျသွားလို့ နေ့တိုင်း ကြိတ်မှိတ်သည်းခံပြီး ကျွန်မတာဝန်ကို လုပ်ခဲ့တယ်။ စိတ်ဒုက္ခအရမ်းဖြစ်ပြီး လမ်းလျှောက်နေတဲ့ အလောင်းကောင်လို တွေဝေခဲ့တယ်။

ကျွန်မ နာကျင်နေရင်းနဲ့ ဘုရားသခင်ရှေ့ကိုလာပြီး ဆုတောင်းခဲ့တယ်။ “အို ဘုရားသခင်၊ ခေါင်းဆောင်တွေက သမီးကို အထွေထွေကိစ္စတွေ ကိုင်တွယ်ဖို့ စီစဉ်ပေးခဲ့ပေမဲ့ သမီး မကျိုးနွံမနာခံနိုင်ပါဘူး။ ဒီတာဝန်က နိမ့်ကျပြီး လူတွေက သမီးကို အထင်သေးလိမ့်မယ်လို့ သမီး ခံစားရပါတယ်။ ကိုယ်တော်ရဲ့ ရည်ရွယ်ချက်ကို သမီး နားမလည်ပါဘူး။ ကျေးဇူးပြုပြီး ဒီကနေ သင်ခန်းစာတစ်ခု သင်ယူရအောင် သမီးကို ဉာဏ်အလင်းပေးပြီး လမ်းပြပေးပါ”လို့ပေါ့။ ဆုတောင်းပြီးနောက်မှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် နှစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ “လူအချို့သည် ဘုရားအိမ်တော်တွင် မကြာခဏပင် အခြားလူများထက် သာလွန်သည်ဟု ခံစားရသည်။ မည်သည့်ပုံစံများဖြင့် ဖြစ်သနည်း။ ဤပုံစံတို့ဖြင့် သာလွန်သည်ဟု မည်သည့်အရာက ၎င်းတို့အား ခံစားရစေသနည်း။ ဥပမာ လူအချို့သည် နိုင်ငံခြားဘာသာစကားတစ်ခုအား မည်သို့ပြောရမည်ကို သိသည်။ ပြီးလျှင် ဤသည်မှာ ၎င်းတို့၌ ဆုကျေးဇူးရှိပြီး ကျွမ်းကျင်မှုရှိခြင်း ဖြစ်သည်ဟုလည်းကောင်း၊ ဘုရားအိမ်တော်၌ ၎င်းတို့မရှိလျှင် ဘုရားအိမ်တော်၏ အလုပ်ကို ချဲ့ထွင်ရန် အလွန်ပင်ခက်ခဲဖို့ များလိမ့်မည်ဟုလည်းကောင်း အဓိပ္ပာယ်ရသည်ဟု ၎င်းတို့က ထင်ကြသည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် ၎င်းတို့သွားသည့်နေရာတိုင်း၌ လူတို့အား ၎င်းတို့ကို အထင်ကြီးလေးစားအောင် လုပ်ဆောင်လိုသည်။ ဤလူအမျိုးအစားတို့က အခြားလူများကို တွေ့သောအခါ မည်သည့်နည်းလမ်းကို အသုံးချသနည်း။ ၎င်းတို့၏ စိတ်နှလုံးတွင် ၎င်းတို့သည် ဘုရားအိမ်တော်၌ မတူညီသောတာဝန်များအား ထမ်းဆောင်သောလူတို့အပေါ်သို့ မတူညီသောအဆင့်မျိုးစုံကို သတ်မှတ်ပေးထားသည်။ ခေါင်းဆောင်များသည် ထိပ်ဆုံးတွင်ရှိပြီး ထူးခြားသည့် ပင်ကိုစွမ်းရည်များ ရှိသောသူတို့က ဒုတိယလိုက်သည်။ ပြီးလျှင် သာမန်ပင်ကိုစွမ်းရည် ရှိသောသူများရှိသည်။ ပြီးလျှင် အောက်ခြေ၌ ပံ့ပိုးပေးရသည့်တာဝန်မျိုးစုံကို ထမ်းဆောင်သောသူတို့ရှိသည်။ လူအချို့က အရေးကြီးသောတာဝန်များနှင့် အထူးတာဝန်များကို ထမ်းဆောင်ရန် အရည်အချင်းကို အရင်းအနှီးအဖြစ် သဘောထားပြီး ယင်းအား သမ္မာတရားစစ်မှန်မှုများရှိခြင်းအဖြစ် သဘောထားသည်။ ဤတွင် ပြဿနာက အဘယ်နည်း။ ဤသည်မှာ အဓိပ္ပာယ်မရှိ မဖြစ်သလော။ အထူးတာဝန်အချို့ကို ထမ်းဆောင်ရခြင်းက ၎င်းတို့အား မာနထောင်လွှားပြီး မာန်တက်စေသည်။ ပြီးလျှင် လူတိုင်းကို ၎င်းတို့က အထင်သေးသည်။ လူတစ်ယောက်ကို ၎င်းတို့ တွေ့ဆုံသောအခါ ၎င်းတို့အစဉ်လုပ်ဆောင်သည့် ပထမဆုံးအရာမှာ မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဆိုသည်ကို မေးခြင်း ဖြစ်သည်။ ထိုသူသည် သာမန်တာဝန်တစ်ခုကို ထမ်းဆောင်သည်ဆိုလျှင် ၎င်းတို့က ထိုသူကို အထင်သေးပြီး ဤလူကို ၎င်းတို့ အာရုံစိုက်ဖို့မထိုက်တန်ဟု ထင်ကြသည်။ ဤလူက ၎င်းတို့နှင့် မိတ်သဟာယဖွဲ့လိုလျှင် ၎င်းတို့သည် အပေါ်ယံ၌ သဘောတူလက်ခံကြသည်။ သို့သော် စိတ်ထဲတွင် ၎င်းတို့သည် ‘သင်သည် ငါနှင့် မိတ်သဟာယပြုလိုသလော။ သင်သည် သာမန်လူတစ်ဦးသာ ဖြစ်သည်။ သင်ထမ်းဆောင်သည့်တာဝန်ကို ကြည့်ပါ။ သင်သည် အဘယ်သို့ ငါနှင့်စကားပြောဖို့ ထိုက်တန်သနည်း’ ဟု တွေးကြသည်။ ထိုသူထမ်းဆောင်သည့် တာဝန်က ၎င်းတို့၏တာဝန်ထက်ပို၍ အရေးကြီးလျှင် ၎င်းတို့က ထိုသူကို မြှောက်ပင့်ပြီး အားကျကြသည်။ ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်များကို ၎င်းတို့ မြင်သောအခါ ၎င်းတို့သည် မျက်နှာလိုမျက်နှာရလုပ်ပြီး ခယကြသည်။ လူတို့ကို ၎င်းတို့ဆက်ဆံသည့်ပုံစံ၌ စည်းမျဉ်းနှင့်ညီကြသလော။ (မညီပါ။ ၎င်းတို့သည် လူတို့အား သူတို့ထမ်းဆောင်သည့်တာဝန်အရ၊ ၎င်းတို့သတ်မှတ်သည့် အမျိုးမျိုးသော မတူညီသည့် အဆင့်များအရ ဆက်ဆံကြသည်။) ၎င်းတို့သည် လူတို့အား သူတို့၏အတွေ့အကြုံနှင့် ဝါရင့်မှုအရ၊ သူတို့၏ ပင်ကိုစွမ်းရည်များ၊ ဆုကျေးဇူးများအရ အဆင့်ခွဲသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၌သာလျှင် အသက် ဝင်ရောက်မှု ရှိလေသည်)သင်၏တာဝန် မည်သို့ပင်ဖြစ်ပါစေ၊ အထက်အောက် မခွဲခြားနှင့်။ ‘ဤအလုပ်သည် ဘုရားသခင်ထံမှ အပ်နှံသည့်အလုပ်နှင့် ဘုရားသခင်အိမ်တော်၏ အလုပ်ဖြစ်သော်လည်း၊ အကယ်၍ ငါလုပ်ပါက လူအများက ငါ့ကိုအထင်သေးနိုင်သည်။ တစ်ပါးသူများက သူတို့အား ထင်ရှားစေသောအလုပ်ကို လုပ်ကြသည်။ ငါ့ကို မထင်ရှားစေဘဲ နောက်ကွယ်တွင် ကြိုးပမ်းအားထုတ်ရမည့် ဤအလုပ်ကို ငါ့အား ပေး၏၊ ဤသည်မှာ မျှတခြင်း မရှိ။ ဤတာဝန်ကို ငါလုပ်ဆောင်မည်မဟုတ်။ ငါ၏တာဝန်သည် သူတစ်ပါးတို့ရှေ့တွင် ငါ့အားထင်ရှားစေသောအလုပ် ဖြစ်ပြီး၊ ငါ့ကိုကျော်ကြားစေသောအလုပ် ဖြစ်ရမည်။ ထို့အပြင် အကယ်၍ ငါ မကျော်ကြားပါက သို့မဟုတ် မထင်ရှားပါက၊ ထိုအလုပ်မှ ငါအကျိုးအမြတ်ရဖို့နှင့် ရုပ်ပိုင်းဆိုင်ရာ အပူအပင်ကင်းဖို့ လိုသည်။’ ဟု သင်ကပြောသည် ဆိုပါစို့။ ယင်းသည် လက်ခံနိုင်ဖွယ် သဘောထားလော။ ဇီဇာကြောင်ခြင်းဟူသည် ဘုရားသခင်ထံမှ အမှုအရာများကို လက်မခံခြင်း ဖြစ်သည်။ သင့်အကြိုက်များအတိုင်း ရွေးချယ်ခြင်းဖြစ်သည်။ ဤသည်မှာ သင်၏တာဝန်ကို လက်ခံခြင်းမဟုတ်၊ သင်၏တာဝန်ကို ငြင်းပယ်ခြင်းဖြစ်သည်။ ဘုရားသခင်အပေါ် သင့်ပုန်ကန်မှု၏ သရုပ်သကန်ဖြစ်၏။ ထိုကဲ့သို့သော ဇီဇာကြောင်မှုဟူသည် သင်၏ပုဂ္ဂိုလ်ရေးအကြိုက်များ၊ အလိုဆန္ဒများဖြင့် ရောနေသည်။ သင်သည် သင့်ကိုယ်ကျိုး၊ သင့်ဂုဏ်သတင်း၊ စသည်တို့ကို ထည့်သွင်းစဉ်းစားသောအခါ၊ တာဝန်အပေါ်ထားရှိသော သင်၏သဘောထားသည် နာခံမှု မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ပြည့်မီသော တာဝန်ထမ်းဆောင်မှုဆိုသည်မှာ အဘယ်နည်း။) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးနောက်မှာ ကျွန်မ နားလည်ခဲ့တာက၊ ကျွန်မရဲ့ တာဝန်အပေါ် အမြင်က မှားယွင်းခဲ့ပြီး ကျွန်မဟာ ဘုရားသခင်အိမ်တော်မှာ တာဝန်တွေကို အဆင့်အမျိုးမျိုး ခွဲခြားထားခဲ့တယ်ဆိုတာကိုပါ။ ဘုရားသခင်အိမ်တော်မှာ ခေါင်းဆောင်နဲ့ အမှုဆောင် ဒါမှမဟုတ် အဖွဲ့ကြီးကြပ်ရေးမှူးဖြစ်တာက အစွမ်းအစကောင်းရှိပြီး သမ္မာတရားကို ခိုင်ခိုင်မာမာ လိုက်စားတဲ့သူတစ်ယောက်ဖြစ်တဲ့သူလို့ ကျွန်မထင်ခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေက ဒီလိုလူတွေကို အထင်ကြီးကြမယ်၊ အထွေထွေကိစ္စတွေကို ကိုင်တွယ်တဲ့ တာဝန်ရှိသူတွေကတော့ အစွမ်းအစနိမ့်ပါးပြီး သမ္မာတရားကို နားလည်မှု ကင်းမဲ့တယ်လို့ ထင်ခဲ့တယ်။ ဒီလိုတာဝန်မျိုး ထမ်းဆောင်တာကို နိမ့်ကျတယ်လို့ မြင်ကြပြီး ကိုယ့်ကိုယ်ကိုယ် ထုတ်ဖော်ပြသဖို့လည်း ခွင့်မပြုဘူးလို့ ကျွန်မထင်ခဲ့တယ်။ အဲဒါကြောင့် အရင်ကလုပ်ခဲ့တဲ့ တာဝန်တွေကို ကျွန်မ တမ်းတခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေ ကျွန်မကို အထင်ကြီးခဲ့တဲ့အချိန်ကပေါ့။ တခြားသူတွေထက် အမြဲ သာလွန်တယ်လို့ ခံစားခဲ့ရပြီး ဒါက ကျွန်မကို တာဝန်ထမ်းဆောင်ရာမှာ အရမ်း စိတ်အားထက်သန်စေခဲ့တယ်။ မိသားစုနဲ့ အလုပ်အကိုင်ကို စွန့်လွှတ်ဖို့နဲ့ ဆင်းရဲဒုက္ခခံပြီး ကိုယ့်ကိုယ်ကိုယ် အသုံးခံဖို့ ဆန္ဒရှိခဲ့တယ်။ အခု အထွေထွေကိစ္စတွေကို ကိုင်တွယ်တဲ့ တာဝန် ကျွန်မကို ပေးအပ်တဲ့အခါ အဆင့်လျှော့ချခံလိုက်ရသလို၊ ညီအစ်ကိုမောင်နှမတွေရှေ့မှာ နိမ့်ကျသွားသလို ခံစားခဲ့ရတယ်။ အထူးသဖြင့် တာဝန်က စိတ်ညစ်စရာကောင်းပြီး ပင်ပန်းနွမ်းနယ်တဲ့အခါ ကျွန်မ စိတ်ထဲမှာ ညည်းညူခဲ့တယ်။ ခေါင်းဆောင်တွေရဲ့ ဒီလိုစီစဉ်မှုက မမျှတဘူး၊ ကျွန်မရဲ့ ဂုဏ်သိက္ခာကို ထိခိုက်တယ်လို့ ခံစားခဲ့ရပြီး ဒီတာဝန်ကို ခေါင်းပဲ ရှောင်ချင်ခဲ့တယ်။ ဒီအချိန်မှာ ကျွန်မရဲ့ တာဝန်ရွေးချယ်မှုဟာ ကိုယ့်ကိုယ်ကိုယ် ထုတ်ဖော်ပြသနိုင်မလား၊ ကိုယ့်အတွက် အကျိုးရှိမလားဆိုတာအပေါ် အခြေခံထားပြီး အသင်းတော်အလုပ်ကို လုံးဝ မစဉ်းစားခဲ့မှန်း ကျွန်မ တွေ့ခဲ့ရတယ်။ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ပြီးနောက်မှာတောင် ကျွန်မဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေအပေါ် အခြေခံပြီး ကိစ္စတွေကို မကြည့်ခဲ့ဘဲ တာဝန်တွေကို အဆင့်အမျိုးမျိုး ခွဲခြားနေတုန်းပဲ။ ကျွန်မရဲ့ အမြင်က မယုံကြည်သူတစ်ယောက်ရဲ့အမြင်နဲ့ ဘာမှမခြားနားခဲ့ဘူးလေ။ ဒါကို သဘောပေါက်လိုက်တော့ ကျွန်မ စိတ်မကောင်းဖြစ်ပြီး အပြစ်ရှိတယ်လို့ ခံစားခဲ့ရတယ်။

နောက်ပိုင်းမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မထပ်ဖတ်ခဲ့တယ်။ “ဘုရားသခင်၏ အိမ်တော်တွင် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အား လက်ခံခြင်းနှင့် မိမိတာဝန်ကို ကောင်းစွာထမ်းဆောင်ခြင်းတို့နှင့် ပတ်သက်၍ အစဉ်ပြောဆိုကြသည်။ တာဝန် မည်သို့မည်ပုံ ပေါ်ပေါက်လာသနည်း။ ကျယ်ကျယ်ပြန့်ပြန့်ဆိုရလျှင် လူသားတို့ထံ ကယ်တင်ခြင်းကို ယူဆောင်လာခြင်းတည်းဟူသော ဘုရားသခင့် စီမံခန့်ခွဲမှုအလုပ်၏ ရလဒ်တစ်ခုအဖြစ် ပေါ်ပေါက်လာသည်။ အတိအကျ ဆိုရလျှင် ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ်သည် လူသားတို့ကြားတွင် သိသာထင်ရှားလာသည်နှင့်အမျှ လူတို့ ပူးပေါင်းဆောင်ရွက်ရန်နှင့် ပြီးစီးအောင် လုပ်ဆောင်ရန် လိုအပ်သည့် အလုပ်မျိုးစုံ ပေါ်ပေါက်လာသည်။ ယင်းမှ လူတို့ဖြည့်ဆည်းရန် တာဝန်များနှင့် အထူးတာဝန်များ ပေါ်ပေါက်လာရာ ယင်းတာဝန်များနှင့် အထူးတာဝန်များသည် ဘုရားသခင်က လူသားမျိုးနွယ်အပေါ် ပေးသနားသည့် တာဝန်များပေတည်း။ ဘုရားသခင်၏ အိမ်တော်တွင် လူတို့၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်သည့် အလုပ်အမျိုးမျိုးမှာ ၎င်းတို့ထမ်းဆောင်သင့်သည့် တာဝန်များဖြစ်သည်။ ထို့ကြောင့် တာဝန်များကြားတွင် သာ၍ကောင်းမွန်ခြင်းနှင့် သာ၍ဆိုးခြင်း၊ မြင့်မားခြင်းနှင့် နိမ့်ကျခြင်း၊ သို့မဟုတ် ကြီးမြတ်ခြင်းနှင့် သေးငယ်ခြင်းတို့အရ ခြားနားချက်များရှိသလော။ ထိုသို့သော ခြားနားချက်များ မတည်ရှိပေ။ တစ်စုံတစ်ရာသည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအမှုနှင့် ပတ်သက်သရွေ့၊ တစ်စုံတစ်ရာသည် သူ့အိမ်တော်အမှု၏ သတ်မှတ်ချက်တစ်ခု ဖြစ်သရွေ့၊ ဘုရားသခင်၏ ဧဝံဂေလိဖြန့်ဝေခြင်း၌ လိုအပ်သရွေ့ ယင်းသည် လူတစ်ဦး၏ တာဝန်ဖြစ်သည်။ ဤသည်မှာ တာဝန်၏ ဇာစ်မြစ်နှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ပြည့်မီသော တာဝန်ထမ်းဆောင်မှုဆိုသည်မှာ အဘယ်နည်း။)သင့်တာဝန်အပေါ်တွင် မည်သည့်သဘောထား ထားရှိသင့်သနည်း။ ပထမအနေဖြင့် သင့်ကို တာဝန်ပေးခဲ့သည်မှာ မည်သူဖြစ်ကြောင်း သေချာအောင်လေ့လာဖို့ ကြိုးစားလျက် ယင်းကို သင်မဆန်းစစ်ရပေ။ ယင်းအစား ထိုအရာကို သင့်အား ဘုရားသခင်အပ်နှင်းသည့် တာဝန်တစ်ခုအဖြစ်၊ ဘုရားထံမှ သင်လက်ခံသင့်သည်။ ပြီးလျှင် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို နာခံသင့်ပြီး ဘုရားသခင်ထံမှ သင်၏ တာဝန်ကို လက်ခံသင့်သည်။ ဒုတိယအနေဖြင့် တာဝန်ကို အမြင့်နှင့်အနိမ့် ခွဲခြားခြင်း မပြုလေနှင့်။ ပြီးလျှင် ထိုတာဝန်သည် သင့်ကို ထင်ပေါ်စေခြင်းရှိမရှိ၊ လူအများရှေ့တွင် လုပ်ဆောင်သလော၊ နောက်ကွယ်တွင် လုပ်ဆောင်ရသလောဆိုသည့် ထိုတာဝန်၏ သဘောသဘာဝကို အရေးမစိုက်နှင့်။ ဤအရာများကို ထည့်မစဉ်းစားနှင့်။ အခြားသဘောထားတစ်ခုလည်းရှိသည်။ ကျိုးနွံနာခံခြင်းနှင့် တက်ကြွသော ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ပြည့်မီသော တာဝန်ထမ်းဆောင်မှုဆိုသည်မှာ အဘယ်နည်း။) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးနောက်မှာ ရုတ်တရက် ကျွန်မစိတ်နှလုံးထဲမှာ အလင်းတချို့ရလာခဲ့တယ်။ ဘုရားသခင်အိမ်တော်မှာ မြင့်တဲ့နိမ့်တဲ့တာဝန်၊ မြင့်မြတ်တဲ့ နိမ့်ကျတဲ့တာဝန်ဆိုပြီး ကွဲပြားမှုမရှိဘူးဆိုတာ ကျွန်မ နားလည်သွားခဲ့ပါတယ်။ ဘယ်တာဝန်ကိုပဲ ထမ်းဆောင်ထမ်းဆောင်၊ ဒါဟာ ကိုယ့်အခန်းကဏ္ဍနဲ့ လုပ်ငန်းဆောင်တာကို ဖြည့်ဆည်းတာပဲဖြစ်ပြီး၊ ဖန်ဆင်းခံတစ်ဦးရဲ့ တာဝန်ကို ထမ်းဆောင်တာပဲဖြစ်ပါတယ်။ အသင်းတော်က လူတစ်ဦးစီရဲ့ ဝိညာဉ်ရင့်ကျက်မှုနဲ့ အစွမ်းအစပေါ် မူတည်ပြီး၊ အသင်းတော်အလုပ်ရဲ့ လိုအပ်ချက်တွေနဲ့အညီ ဘယ်သူက ဘယ်တာဝန်ကို ထမ်းဆောင်မယ်ဆိုတာ စီစဉ်ပါတယ်။ ဘယ်တာဝန်ပဲဖြစ်ဖြစ်၊ ဧဝံဂေလိကို ဖြန့်ဝေဖို့ ထမ်းဆောင်တာပါပဲ။ ခေါင်းဆောင်တွေက ကျွန်မကို အထွေထွေကိစ္စတွေ ကိုင်တွယ်တဲ့တာဝန်၊ ညီအစ်ကိုမောင်နှမတွေအတွက် နေရာထိုင်ခင်း စီစဉ်ပေးရပြီး သူတို့ရဲ့ ဘဝတွေကို စနစ်တကျ စီစဉ်ပေးရတဲ့ တာဝန်ပေးအပ်တာက သူတို့ စိတ်အေးအေးချမ်းချမ်းနဲ့ တာဝန်တွေကို ထမ်းဆောင်နိုင်ဖို့ ဖြစ်ပြီး ဒါတွေက အလုပ်အတွက် လိုအပ်တာပါပဲ။ စက်တစ်လုံးလိုပေါ့။ အစိတ်အပိုင်းတိုင်းမှာ သူ့အခန်းကဏ္ဍနဲ့သူရှိပါတယ်။ အစိတ်အပိုင်းတစ်ခုခု လိုနေရင် စက်က အလုပ်မလုပ်နိုင်ပါဘူး။ ဘုရားသခင်အိမ်တော်မှာလည်း အတူတူပါပဲ။ တာဝန်တိုင်းက မရှိမဖြစ်လိုအပ်ပြီး တာဝန်တွေနဲ့ပတ်သက်လာရင် အဆင့်အတန်းဆိုတာ မရှိပါဘူး။ နောက်ပြီး သမ္မာတရား လက်တွေ့ကျမှုကို ပိုင်ဆိုင်မှုရှိမရှိဆိုတာကို ထမ်းဆောင်တဲ့ တာဝန်အမျိုးအစားနဲ့ တိုင်းတာတာ မဟုတ်ပါဘူး။ အရင်က ကျွန်မ ခေါင်းဆောင်နဲ့ အမှုဆောင်တာဝန်လုပ်ခဲ့တုန်းက စုဝေးပွဲတွေမှာ ညီအစ်ကိုမောင်နှမတွေနဲ့ ခဏခဏ မိတ်သဟာယပြုခဲ့ပါတယ်။ ဒါပေမဲ့ တာဝန်အသစ်ကို အပြောင်းခံလိုက်ရတဲ့အခါ ကျွန်မ မကျိုးနွံမနာခံနိုင်ဘူး။ မယုံကြည်သူတစ်ယောက်ရဲ့ အမြင်နဲ့ ဒါကိုတိုင်းတာခဲ့ပြီး ကျွန်မရဲ့ သနားစရာကောင်းတဲ့ သမ္မာတရား ကင်းမဲ့မှုကို ထုတ်ဖော်ခဲ့တယ်။ ဘုရားသခင်က သူ့ရဲ့ စီမံခန့်ခွဲမှုအစီအစဉ်နဲ့ သက်ဆိုင်တဲ့ ဘယ်လိုတာဝန်မဆို တာဝန်ပဲဖြစ်ပြီး မြင့်တဲ့နိမ့်တဲ့တာဝန်တွေ၊ မြင့်မြတ်တဲ့နိမ့်ကျတဲ့ တာဝန်တွေဆိုပြီး ကွဲပြားမှု မရှိသလို အားလုံးဟာ ခေါင်းရှောင်လို့မရတဲ့ တာဝန်တွေပဲလို့ ဆိုပါတယ်။ ဒါပေမဲ့ ကျွန်မက ကိုယ့်ကိုယ်ကိုယ် အခွင့်ထူးခံလို့ မြင်ခဲ့တယ်။ အထွေထွေကိစ္စတွေကို ကိုင်တွယ်ဖို့ တာဝန်ပေးခံရတာက ကျွန်မရဲ့ ပင်ကိုစွမ်းရည်တွေကို ဖြုန်းတီးရာရောက်တယ်လို့ ထင်ခဲ့တယ်။ ကျွန်မက အပျက်သဘောဆောင်၊ ဖီဆန်ပြီး ဒါကို ရှောင်တောင်ရှောင်ချင်ခဲ့တယ်။ ကျွန်မ ဘယ်လိုများ တာဝန်ထမ်းဆောင်နေခဲ့တာလဲ။ ဘုရားသခင်ရဲ့ အနှစ်သာရက အရမ်းသန့်ရှင်းပြီး မြင့်မြတ်ပါတယ်။ ဒါတောင်မှ သူက လူ့ခန္ဓာကို ခံယူပြီး သမ္မာတရားကို ဖော်ပြဖို့ ဆင်းရဲဒုက္ခအားလုံးကိုသည်းခံခဲ့ပြီး လူသားမျိုးနွယ်ကို ကယ်တင်ဖို့အတွက် တိတ်တဆိတ် အလုပ်လုပ်ပေးခဲ့တယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ကြည့်တော့ ကျွန်မဟာ နည်းနည်းလေး ခန္ဓာကိုယ် ပင်ပန်းဆင်းရဲတာနဲ့ အတောမသတ် ညည်းညူပြီး နားလည်မှု လွဲခဲ့တယ်။ ကျွန်မတာဝန်အပေါ်ထားတဲ့ ကျွန်မရဲ့ ဒီသဘောထားက လူ့သဘာဝ ကင်းမဲ့တဲ့အပြင် ဘုရားသခင်ကို တကယ်နာကျင်စေခဲ့တာပါပဲ။ ဘုရားသခင်ကို တော်တော်လေးအကြွေးတင်သလိုခံစားရပြီး ကျွန်မရဲ့ ပုန်ကန်တဲ့ အပြုအမူအတွက် နောင်တရမိခဲ့တယ်။ ကျွန်မကိုယ်တိုင်ရဲ့ နှစ်သက်မှုနဲ့ ဆန္ဒတွေအပေါ် အခြေခံပြီး တာဝန်တွေကို ဆက်ပြီးမရွေးနိုင်တော့ပါဘူး။ ကျွန်မ ကျိုးနွံနာခံလိုက်တဲ့အခါ တာဝန်အပေါ် ကျွန်မရဲ့ စိတ်ထား ပြောင်းသွားခဲ့တယ်။ စိတ်နှလုံးထဲမှာ နာကျင်တာ၊ ပင်ပန်းတာတွေ နည်းသွားခဲ့တယ်။ ဘုရားသခင်ရဲ့ အခြေအနေတွေ စီစဉ်ပေးတာက ကျွန်မရဲ့ မှားယွင်းတဲ့ အမြင်တွေကို ထုတ်ဖော်ခဲ့ပါတယ်။ ဒါက ကျွန်မအပေါ်ထားတဲ့ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ကယ်တင်ခြင်းပဲ။

အထွေထွေကိစ္စတွေကို ကိုင်တွယ်တဲ့ တာဝန်ကို ခြောက်လကြာ လုပ်ပြီးတဲ့နောက်မှာ ကျွန်မရဲ့ အမြင်တွေ ပြောင်းလဲသွားပြီ၊ အဆင့်အတန်း ဒါမှမဟုတ် နာမည်ဂုဏ်သတင်းကို မလိုက်စားတော့ဘူးလို့ ကျွန်မ ထင်ခဲ့တာပေါ့။ ဒါပေမဲ့ အခြေအနေတစ်ခု ပေါ်လာတဲ့အခါ ဒါက ကျွန်မကို ထပ်ပြီးထုတ်ဖော်ခဲ့ပါတယ်။ တစ်နေ့မှာ ခေါင်းဆောင်က ကျွန်မခင်ပွန်းနဲ့ ကျွန်မကို ဧည့်ခံရေးတာဝန်တွေ ပေးအပ်တာနဲ့ ပတ်သက်ပြီး ကျွန်မနဲ့ ဆွေးနွေးဖို့ ရောက်လာတယ်။ အရင်က အထွေထွေကိစ္စတွေကို ကိုင်တွယ်တဲ့ တာဝန်မှာ မကျိုးနွံမနာခံခဲ့လို့ ကျွန်မမှာ အကြွေးတင်ကျန်နေတာကို စဉ်းစားပြီး ဒီတစ်ခါတော့ ပုန်ကန်လို့မဖြစ်ဘူးဆိုတာ သိခဲ့လို့ ကျွန်မ သဘောတူခဲ့တယ်။ မကြာခင်မှာ ကျွန်မတို့ အိမ်တစ်လုံး ငှားခဲ့တာပေါ့။ ဒါပေမဲ့ နေ့တိုင်း ညီအစ်ကိုမောင်နှမတွေနဲ့ အတူနေထိုင်ပြီး သူတို့အားလုံး စာနဲ့ပတ်သက်တဲ့ တာဝန်တွေ လုပ်နေတာကို မြင်ရတဲ့အခါမှာ ကျွန်မ နည်းနည်းခါးသီးပြီး စိတ်မပျော်မရွှင် ခံစားခဲ့ရတယ်။ “အရင်က ငါလည်း ကွန်ပျူတာရှေ့မှာ ငါ့တာဝန်ကို လုပ်ခဲ့တာပါ။ အခုတော့ ငါ နေ့တိုင်း မီးဖိုချောင်မှာကပ်ပြီး ဟင်းသီးဟင်းရွက်တွေ ကိုင်၊ အစားအသောက်တွေ ချက်ပြုတ်နေရပြီ” ဆိုပြီး တွေးမိတယ်။ သူတို့ထက် အရမ်းနိမ့်ကျနေသလို ကျွန်မ ခံစားခဲ့ရတယ်။ ဒီလိုတွေးလိုက်တာနဲ့ ကျွန်မမျက်လုံးထဲမှာ မျက်ရည်တွေ ဝဲတက်ခဲ့ပါတယ်။ တစ်နေ့မှာ ခေါင်းဆောင်က ကျွန်မအိမ်ကို လာပြီး ညီအစ်ကိုမောင်နှမတွေနဲ့ အလုပ်အကြောင်း ဆွေးနွေးပါတယ်။ ပြီးတော့ ကျွန်မရဲ့ အခြေအနေအကြောင်း မေးမြန်းတာမရှိဘဲ ထွက်သွားခဲ့ပါတယ်။ ဒါက ကျွန်မကို ပိုပြီးတောင် စိတ်ဓာတ်ကျအောင် လုပ်ခဲ့ပါတယ်။ ကျွန်မ စာနဲ့ပတ်သက်တဲ့ တာဝန်တွေ လုပ်တုန်းကအချိန်ကို ပြန်တွေးမိတယ်။ ကျွန်မကို ခေါင်းဆောင်တွေက တန်ဖိုးထားခဲ့တာပါ။ အခုတော့ တစ်နေ့လုံး အိုးခွက်ပန်းကန်တွေပဲ ကျွန်မ ကိုင်တွယ်နေခဲ့ရတယ်။ ဘယ်တော့မှ ထင်ပေါ်ဖို့ အခွင့်အရေး ရတော့မှာ မဟုတ်ဘူးလို့ ထင်ခဲ့ရတယ်။ ဒီအကြောင်း ပိုတွေးလေလေ၊ ပိုနာကျင်လေလေ ဖြစ်လာခဲ့တယ်။ ဘဝက အဓိပ္ပာယ်မရှိဘူးလို့ ကျွန်မ ခံစားခဲ့ရတယ်။ ကျွန်မရဲ့ အခြေအနေ မမှန်တော့ဘူးဆိုတာ သိနားလည်ခဲ့တာကြောင့် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို အမြန်ရှာဖွေပြီး ဖတ်ခဲ့ပါတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ “ဖောက်ပြန်၍ စာတန်ဆန်သော စိတ်သဘောထား၏ တွန်းအားအောက်တွင် လူတို့၏ စံနှုန်းများ၊ မျှော်လင့်ချက်များ၊ ရည်မှန်းချက်များနှင့် ဘဝ၏ပန်းတိုင်များနှင့် ဦးတည်ရာများသည် အဘယ်နည်း။ ၎င်းတို့သည် အပြုသဘောဆောင်သော အရာများနှင့် ဆန့်ကျင်ဘက် မဖြစ်ပေဘူးလော။ ဥပမာအနေဖြင့် လူတို့သည် အမြဲတစေ နာမည်ကြီးလိုကြသည် သို့မဟုတ် ကျော်ကြားသူများ ဖြစ်လိုကြသည်။ သူတို့သည် ကြီးမားသောကျော်ကြားမှုနှင့် ဂုဏ်သိက္ခာကို ရယူ၍ ဘိုးဘေးများကို ဂုဏ်ပြုလိုကြသည်။ ယင်းတို့သည် အပြုသဘောဆောင်သော အရာများ ဖြစ်သလော။ ယင်းတို့သည် အပြုသဘောဆောင်သော အရာများနှင့် လုံးဝ မကိုက်ညီရုံမျှမက လူသားမျိုးနွယ်၏ ကံတရားအပေါ် ဘုရားသခင်၏အချုပ်အခြာအာဏာဥပဒေသနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ၎င်းကို ငါအဘယ်ကြောင့်ပြောသနည်း။ မည်ကဲ့သို့သော လူစားကို ဘုရားသခင် အလိုရှိသနည်း။ နာမည်ဂုဏ်သတင်းကြီးသောသူ၊ ထင်ပေါ်ကျော်ကြားသူ၊ မြင့်မြတ်သောသူ၊ သို့မဟုတ် ကမ္ဘာကိုတုန်လှုပ်စေသောသူကို ကိုယ်တော် အလိုရှိသလော။ (မဟုတ်ပါ။) ဤသို့ဆိုလျှင် မည်သို့သောလူစားကို ဘုရားသခင် အလိုရှိသနည်း။ (ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ဖြည့်ဆည်းသည့် ခိုင်ခိုင်မာမာ ရပ်တည်သော တစ်စုံတစ်ဦး ဖြစ်သည်။) ဟုတ်ပေ၏၊ ပြီးလျှင် အခြားမည်သည့်အရာ ရှိသေးသနည်း။ (ဘုရားသခင်သည် သူ့ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်ကြဉ်သကဲ့သို့၊ သူ့ကို ကျိုးနွံနာခံသည့် ရိုးသားသော လူတစ်ဦးကို လိုချင်ပါသည်။) (အရေးကိစ္စအားလုံးတွင် ဘုရားသခင်နှင့်အတူ ရပ်တည်သောသူ၊ ဘုရားသခင်ကို ချစ်ရန် ကြိုးပမ်းသော တစ်စုံတစ်ဦးကို ဖြစ်သည်။) ထိုအဖြေများသည်လည်း မှန်ကန်၏။ ဘုရားသခင်နှင့် စိတ်နှလုံးတူညီသောသူ မည်သူမဆိုဖြစ်သည်။ လူတို့သည် လူသားများအဖြစ် မိမိတို့၏ နေရာကို ထိန်းသိမ်းရမည်ဟု ဘုရားနှုတ်ကပတ်တော်ထဲ၌ တစ်နေရာရာတွင် ပြောသလော။ (ပြောပါသည်။) ယင်းက မည်သည့်အရာကို ပြောသနည်း။ (‘ဖန်ဆင်းခံ လူသားမျိုးနွယ်အဖွဲ့ဝင်တစ်ဦးအနေဖြင့် လူတစ်ယောက်သည် သူ၏ကိုယ်ပိုင်နေရာကို ထိန်းသိမ်းပြီး တာဝန်သိသိ ပြုမူရမည်။ ဖန်ဆင်းရှင်က တာဝန်ပေးစေခိုင်းထားသည့်အရာကို တာဝန်သိတတ်စွာနှင့် စောင့်ရှောက်ရမည်။ စည်းကျော်၍ မလုပ်ရ၊ သို့မဟုတ် မိမိတတ်နိုင်သည့် နယ်ပယ်ထက် ကျော်၍မလုပ်ရ၊ သို့မဟုတ် ဘုရားသခင် စက်ဆုပ်သည့် အရာများကို မလုပ်ရ။ ကြီးမြတ်ရန်၊ သို့မဟုတ် အာဂလူသားဖြစ်ရန်၊ သို့မဟုတ် အခြားလူများထက်ကျော်လွန်ရန် မလုပ်ရသကဲ့သို့ ဘုရားဖြစ်အောင်လည်း မကြိုးစားရ။ ဤသည်မှာ လူတို့ဆန္ဒမပြုသင့်သည့် အရာဖြစ်သည်။ ကြီးမြတ်ရန်၊ သို့မဟုတ် အာဂလူသားဖြစ်ရန် ကြိုးစားလုပ်ဆောင်ခြင်းက အဓိပ္ပာယ်မရှိပေ။ ဘုရားဖြစ်ရန် ကြိုးစားလုပ်ဆောင်ခြင်းက ပို၍ပင် ဆိုးဝါးသည်။ ဤသည်မှာ ရွံ့ရှာစက်ဆုပ်ဖွယ်ဖြစ်ပြီး ယုတ်ညံ့၏။ ချီးကျူးထိုက်ပြီး အရာအားလုံးထက် ဖန်ဆင်းခံတို့ စွဲကိုင်ထားသင့်သည့် အရာမှာ စစ်မှန်သည့် ဖန်ဆင်းခံဖြစ်ရန်ဖြစ်၏။ ဤသည်မှာ လူအားလုံး လိုက်လျှောက်သင့်သည့် တစ်ခုတည်းသော ပန်းတိုင်ဖြစ်သည်။’ (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁))) လူတို့အပေါ် ဘုရားနှုတ်ကပတ်တော်များ တောင်းဆိုသည့်အရာကို သင်တို့ သိကြသည့်အတွက်၊ လူသား အပြုအမူကို သင်တို့လိုက်စားမှုတွင် ဘုရားသခင်၏ သတ်မှတ်ချက်များကို သင်တို့ စွဲမြဲနိုင်ကြသလော။ သင်တို့သည် မိမိတို့၏ အတောင်များကို အမြဲ ဖြန့်ကာ ပျံသန်းလိုကြသလော၊ အစဉ်သဖြင့် တစ်ဦးတည်းပျံသန်းလိုသလော။ ငှက်ငယ်လေးထက် လင်းယုန်တစ်ကောင်ဖြစ်လိုသလော။ ဤသည်မှာ မည်သည့်စိတ်သဘောထားနည်း။ ဤသည်မှာ လူသား၏ ပြုမူနေထိုင်မှု စည်းမျဉ်းဖြစ်သလော။ သင်၏ လူသား၏ ပြုမူနေထိုင်မှုအား လိုက်စားခြင်းသည် ဘုရားနှုတ်ကပတ်တော်အပေါ်တွင် အခြေခံသင့်သည်။ ဘုရားနှုတ်ကပတ်တော်များကသာ သမ္မာတရားဖြစ်သည်။...လူတို့ကို ဘုရားသခင်၏ အချုပ်အခြာအာဏာမှ အစဉ် လွတ်မြောက်လိုစိတ်ဖြစ်ရန်၊ ၎င်းတို့၏ ကိုယ်ပိုင်ကံကြမ္မာကို အစဉ်ထိန်းချုပ်ပြီး ၎င်းတို့၏ ကိုယ်ပိုင်အနာဂတ်ကို စီစဉ်လိုစိတ်ဖြစ်ရန်၊ ၎င်းတို့၏ မျှော်လင့်ချက်များ၊ ဦးတည်ချက်နှင့် ဘဝပန်းတိုင်များကို ထိန်းချုပ်လိုစိတ်ဖြစ်ရန် ဖြစ်စေသည့်အရာမှာ အဘယ်နည်း။ ဤစမှတ်သည် မည်သည့်နေရာမှ လာသနည်း။ (ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားမှ လာသည်။) သို့ဆိုလျှင် ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားက လူတို့အား မည်သည့်အရာကို ဆောင်ကြဉ်းပေးသနည်း။ (ဘုရားသခင်ကို ဆန့်ကျင်ခြင်းဖြစ်ပါသည်။) လူတို့ ဘုရားသခင်ကို ဆန့်ကျင်ရာမှ မည်သည့်အရာလာသနည်း။ (နာကျင်မှုလာပါသည်။) နာကျင်မှုလော။ ယင်းမှာ ပျက်စီးခြင်းပင်တည်း။ နာကျင်မှုမှာ ယင်း၏ထက်ဝက်ပင် မဟုတ်ချေ။ သင့်မျက်စိရှေ့တည့်တည့်တွင် တွေ့ရသည်မှာ နာကျင်မှု၊ အပျက်သဘောဆောင်ခြင်းနှင့် ပျော့ညံ့ခြင်းတို့ဖြစ်ပြီး ယင်းမှာ အာခံခြင်းနှင့် တိုင်တန်းခြင်းများ ဖြစ်သည်။ ဤအရာများက မည်သည့်အဆုံးသတ်ကို ဆောင်ကြဉ်းလိမ့်မည်နည်း။ ပျက်သုဉ်းခြင်းပင်တည်း။ ဤသည်မှာ သေးငယ်သောကိစ္စ မဟုတ်သည့်အပြင် ကစားစရာမဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို လက်ခံခြင်းအားဖြင့်သာ ဖောက်ပြန်သော စိတ်သဘောထားကို ဖြေရှင်းနိုင်၏) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို စဉ်းစားရင်း ကျွန်မဟာ ခေါင်းဆောင် ဒါမှမဟုတ် အမှုဆောင် တာဝန်ကို အမြဲလုပ်ချင်ခဲ့တာ၊ တခြားသူတွေရဲ့ ချီးမွမ်းမှုနဲ့ အထင်ကြီးမှုကို လိုက်စားခဲ့တာတွေရဲ့ အကြောင်းရင်းက ကျွန်မဟာ နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းအပေါ်ထားတဲ့ ဆန္ဒရဲ့ ထိန်းချုပ်မှုကိုခံထားရတာကြောင့်ဆိုတာ ကျွန်မ နားလည်ခဲ့တယ်။ “သစ်မှာ အခေါက်၊ လူမှာ ဂုဏ်သိက္ခာ”၊ “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏”၊ “လူသားသည် အထက်သို့ ရုန်းကန်ဆန်တက်သည်၊ ရေသည်နိမ့်ရာသို့ စီးဆင်း၏”၊ “ကြီးကျယ်မြင့်မြတ်သောလူဖြစ်ရန် အကြီးကျယ်ဆုံးသော ဆင်းရဲဒုက္ခများကို ခံနိုင်ရည်ရှိရမည်”နဲ့ တခြား စာတန်ဆန်တဲ့ အဆိပ်အတောက်တွေနဲ့ အသက်ရှင်နေထိုင်ရာကနေ နာမည်ဂုဏ်သတင်းနဲ့ ထင်ပေါ်ကျော်စောမှု၊ သာလွန်မှုကို လိုက်စားတာတွေကို ကောင်းတဲ့အရာတွေအဖြစ် ကျွန်မ အမြင်မှားလာခဲ့တယ်။ ဒီလို အသက်ရှင်တာက တန်ဖိုးရှိတယ်လို့ ယုံကြည်ခဲ့တယ်။ တခြားသူတွေရဲ့ အထင်သေးခံရတာက အောင်မြင်မှုမရှိဘဲ အသက်ရှင်တာ၊ နိမ့်ကျတာလို့ ထင်ခဲ့တယ်။ ကျွန်မ လက်ထပ်ပြီးတဲ့နောက်ပိုင်း အချိန်ကို ဆင်ခြင်သုံးသပ်ခဲ့ပါတယ်။ ကျွန်မနဲ့ ခင်ပွန်းသည်မှာ တည်ငြိမ်တဲ့ အလုပ်အကိုင်တွေ ရှိခဲ့ပြီး ဘဝက ထိန်းသိမ်းရလွယ်ခဲ့ပေမဲ့ ကျွန်မဟာ ရည်မှန်းချက်ကြီးခဲ့ပြီး သာမန်ဘဝကို နေလိုစိတ်မရှိခဲ့ဘူး။ ကျွန်မဘဝကို တိုးတက်အောင် လုပ်ချင်ခဲ့ပြီး ဆွေမျိုးသားချင်းတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေဆီက လေးစားအားကျမှု ရချင်ခဲ့တယ်။ ဒါကို ရဖို့ ကျွန်မခင်ပွန်းနဲ့ကျွန်မဟာ ပုံမှန်အလုပ်တွေနဲ့အတူ အရံအလုပ်တွေပါ လုပ်ခဲ့တယ်။ ကြက်တွေမွေး၊ ဟင်းသီးဟင်းရွက်တွေ စိုက်ပြီး နေ့တိုင်း မနက်မိုးလင်းကနေ ညမိုးချုပ်အထိ ကျွန်မတို့အလုပ်လုပ်ခဲ့တယ်။ အချိန်ကြာလာတော့ ကျွန်မတို့ရဲ့ ဘဝတွေ တိုးတက်လာခဲ့တယ်။ ဆွေမျိုးသားချင်းတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေက ကျွန်မရဲ့လုပ်နိုင်စွမ်းကို ချီးမွမ်းခဲ့ပြီး အဲဒါနဲ့ ကျွန်မ အရမ်းကျေနပ်အားရခဲ့ပြီး ကျွန်မဘဝက အလဟဿ မဟုတ်ဘူးလို့ ခံစားရခဲ့တယ်။ အသင်းတော်ကို ရောက်လာပြီးတဲ့နောက်မှာ နာမည်ဂုဏ်သတင်းနဲ့ သာလွန်မှုကို ကျွန်မ လိုက်စားနေတုန်းပဲ။ ခေါင်းဆောင်နဲ့ အမှုဆောင် ဒါမှမဟုတ် အဖွဲ့ကြီးကြပ်ရေးမှူးဖြစ်တာက ညီအစ်ကိုမောင်နှမတွေ ကျွန်မကို အားကျစေမှာပဲလို့ ယုံကြည်ခဲ့တယ်။ နာမည်ဂုဏ်သတင်း၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းအပေါ်ထားတဲ့ ကျွန်မရဲ့ ဆန္ဒတွေ ပြည့်ဝတဲ့အခါ ဘယ်ဒုက္ခကိုမဆို ကျွန်မ သည်းခံနိုင်တယ်။ ဒါပေမဲ့ အထွေထွေကိစ္စတွေကို ကိုင်တွယ်တာ ဒါမှမဟုတ် တခြားသူတွေကို ဧည့်ခံတဲ့ တာဝန်တွေ လုပ်ရတဲ့အခါ ကျွန်မအတွက် နိမ့်ကျတယ်လို့ ခံစားခဲ့ရပြီး စိတ်နှလုံးထဲမှာ အတိုက်အခံစိတ်နဲ့ ညည်းညူမှုတွေ အပြည့်ရှိခဲ့တယ်။ ကျွန်မမှာ ကျိုးနွံနာခံမှု ကင်းမဲ့ခဲ့တယ်။ အသင်းတော်အလုပ်ကို ဘယ်လို ထိန်းသိမ်းရမလဲဆိုတာ ကျွန်မ မစဉ်းစားခဲ့ဘူး။ ဘုရားသခင်ကို ဆန့်ကျင်တဲ့ စာတန်ဆန်တဲ့ စိတ်သဘောထားကို ထုတ်ဖော်ခဲ့တယ်။ ဒါကို သိနားလည်လိုက်တော့ ကျွန်မ အရမ်းကြောက်ရွံ့သွားပြီး ဘုရားသခင်ရှေ့မှာ ဆုတောင်းလိုက်တယ်။ “အို ဘုရားသခင်၊ သမီးရဲ့ လိုက်စားမှုအမြင်တွေ မှားယွင်းနေခဲ့ပါတယ်။ ကိုယ်တော့်ကို ယုံကြည်လာတဲ့ ဒီနှစ်တွေမှာ သမီးဟာ သမ္မာတရားကို လိုက်စားတဲ့ လမ်းခရီးကို မလိုက်ခဲ့ဘူး။ သမီးရဲ့တာဝန်တွေကို နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းအပေါ်ထားတဲ့ သမီးရဲ့ကိုယ်ပိုင်ဆန္ဒကို ဖြည့်ဆည်းဖို့အတွက် အသုံးချခဲ့ပြီး ဖန်ဆင်းခံတစ်ဦးအနေနဲ့ ကိုယ့်တာဝန်ကို စိတ်ရင်းအတိုင်း မထမ်းဆောင်ခဲ့ဘူး။ ဘုရားသခင်၊ သမီး နောင်တရချင်ပါတယ်။ သမီးကို သမ္မာတရား နားလည်ပြီး မှားယွင်းတဲ့ လိုက်စားမှုအမြင်တွေကို ပြင်ဆင်နိုင်အောင် လမ်းပြပေးပါလို့ တောင်းလျှောက်ပါတယ်”ဆိုပြီးတော့ပါ။ အဲဒီနောက်မှာ ကျွန်မ ဆင်ခြင်သုံးသပ်ခဲ့တယ်။ ဒီတာဝန်ကို လုပ်ဆောင်တာက ကျွန်မရဲ့ အသက်ဝင်ရောက်မှုအတွက် အကျိုးရှိမှန်း ကျွန်မ သိနားလည်ခဲ့တယ်။ နှစ်ပေါင်းများစွာ ခေါင်းဆောင်နဲ့ အမှုဆောင်အဖြစ် ကျွန်မ ထမ်းဆောင်ခဲ့ပေမဲ့ သမ္မာတရားကို ကျွန်မ မလိုက်စားခဲ့ပါဘူး။ ကျွန်မရဲ့ မှားယွင်းပြီးအဓိပ္ပါယ်မဲ့တဲ့ အမြင်အများစုက မပြောင်းလဲဘဲ ကျန်ရှိနေခဲ့တယ်။ တာဝန်အသစ်ကို အပြောင်းခံလိုက်ရတာက ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး သိနားလည်အောင် တွန်းအားပေးခဲ့တယ်။ အဲဒီမှာ ကျွန်မအပေါ်ထားတဲ့ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ကယ်တင်ခြင်း ပါဝင်ခဲ့ပါတယ်။ ဒါတွေကို နားလည်လိုက်တော့ ကျွန်မ နောင်တရပြီး အပြစ်ရှိတယ်လို့ ခံစားခဲ့ရတယ်။ ဘုရားသခင်ကို သူ့ဆန္ဒအတိုင်း ကျွန်မကို စီစဉ်ညွှန်ကြားပေးဖို့ပဲ ကျွန်မလိုလားခဲ့ပြီး ရှာဖွေလိုစိတ်၊ ကျိုးနွံနာခံလိုစိတ်နဲ့ ဘယ်တာဝန်ကိုမဆို စိတ်ရင်းအတိုင်း ထမ်းဆောင်ချင်ခဲ့ပါတယ်။

နောက်ပိုင်းမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မထပ်ဖတ်ခဲ့တယ်။ “လူတိုင်းသည် သမ္မာတရားရှေ့မှောက်တွင် တန်းတူညီမျှဖြစ်ပြီး ဘုရားအိမ်တော်၌ မိမိတို့တာဝန်များကို ထမ်းဆောင်သောသူတို့အတွက် အသက်အရွယ်တွင်ဖြစ်စေ၊ နိမ့်ကျမှုနှင့် မြင့်မြတ်မှုတွင်ဖြစ်စေ ခြားနားချက်များ မရှိပေ။ လူတိုင်းသည် မိမိတို့တာဝန်ရှေ့မှောက်တွင် တန်းတူဖြစ်သည်။ မတူကွဲပြားသည့် အလုပ်များကို ၎င်းတို့ လုပ်ဆောင်ကြခြင်းသာ ဖြစ်သည်။ မည်သူက ဝါရင့်မှုရှိသည်ဟူသည်အရမူ ၎င်းတို့ကြားတွင် ခြားနားချက်များ မရှိပေ။ သမ္မာတရားရှေ့မှောက်တွင် လူတိုင်း နှိမ့်ချမြဲနှိမ့်ချနေသင့်သည်၊ ကျိုးနွံနာခံပြီး လက်ခံတတ်သော စိတ်နှလုံး ရှိမြဲရှိနေသင့်သည်။ လူတို့အနေဖြင့် ဤဆင်ခြင်တုံတရားနှင့် ဤသဘောထား ပိုင်ဆိုင်သင့်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၈))နောက်ဆုံးတွင် လူတို့အနေဖြင့် ကယ်တင်ခြင်းကို ရနိုင်မရနိုင်ခြင်းက သူတို့ မည်သည့်တာဝန်ကို လုပ်ဆောင်သည် ဟူသည့်အပေါ် မူတည်ခြင်း မရှိဘဲ၊ သူတို့သည် သမ္မာတရားကို နားလည်ပြီး ရရှိနိုင်ခြင်း ရှိမရှိနှင့် အဆုံးတွင် ၎င်းတို့သည် ဘုရားသခင်အပေါ် အလုံးစုံ နာခံနိုင်ခြင်းရှိမရှိ၊ ဘုရားစီစဉ်ညွှန်ကြားခြင်း၏ ပြုသမျှကိုခံပြီး ၎င်းတို့၏ အနာဂတ်နှင့် ကံတရားကို ထည့်မစဉ်းစားဘဲအရည်အသွေးပြည့်မီသည့် ဖန်ဆင်းခံတစ်ယောက်ဖြစ်လာခြင်းရှိမရှိအပေါ်တွင် မူတည်သည်။ ဘုရားသခင်သည် ဖြောင့်မတ်ပြီး သန့်ရှင်းသည်။ ဤသည်မှာ လူသားမျိုးနွယ်ခပ်သိမ်းကို သူတိုင်းတာသည့် စံနှုန်းများ ဖြစ်သည်။ ဤစံနှုန်းများမှာ ပြောင်းလဲ၍မရ။ ဤသည်ကို သင်မှတ်ထားရမည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို ကျွန်မ မြင်ခဲ့ရတယ်။ ဘုရားသခင်ရဲ့ မျက်လုံးထဲမှာ ကျွန်မတို့ အားလုံးဟာ ဖန်ဆင်းခံတွေဖြစ်ပြီး တန်းတူပါပဲ။ ဘုရားသခင်က လူတစ်ယောက်ကို ခေါင်းဆောင်ဖြစ်တာသက်သက်ကြောင့် ဘက်လိုက်တာ မရှိသလို အထွေထွေကိစ္စတွေကို ကိုင်တွယ်လို့ အထင်သေးတာ မရှိပါဘူး။ ဘုရားသခင်က သမ္မာတရားကို ဖော်ပြတယ်၊ လူတိုင်းကို ထောက်ပံ့တယ်။ လူတွေဟာ သမ္မာတရားကို ငတ်မွတ်ပြီးလိုက်စားနေသရွေ့ လူတိုင်းမှာ ကယ်တင်ခြင်းအတွက် အခွင့်အရေး အတူတူပဲ ရှိပါတယ်။ ဘုရားသခင်က လူတစ်ယောက်ရဲ့အဆုံးသတ်ကို သူထမ်းဆောင်တဲ့ တာဝန်အမျိုးအစားနဲ့ မဆုံးဖြတ်ဘူး။ သူ့ရဲ့ အနှစ်သာရနဲ့ သူလျှောက်လှမ်းတဲ့ လမ်းကြောင်းပေါ် မူတည်ပြီး ဆုံးဖြတ်တာပါ။ လူတစ်ယောက်က သမ္မာတရားကို မလိုက်စားဘူး၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို လက်တွေ့မလုပ်ဆောင်ဘူး၊ သူတို့ရဲ့ စိတ်သဘောထား မပြောင်းလဲဘူးဆိုရင် ခေါင်းဆောင်နဲ့ အမှုဆောင်ဖြစ်နေရင်တောင်မှ သူတို့ဟာ နောက်ဆုံးမှာ ဖယ်ရှားရှင်းလင်းခံရမှာပါ။ ဒီအချိန်မှာ ကျွန်မ နောက်ထပ်နားလည်ခဲ့တာက ကျွန်မရဲ့ အဆင့်အတန်း ဘယ်လောက်ပဲ မြင့်မြင့်၊ လူတွေ ဘယ်လောက်ပဲ ကျွန်မကို ချီးကျူးချီးကျူး၊ ဒီအရာတွေက ကျွန်မကို မကယ်တင်နိုင်ဘူး။ သမ္မာတရားကို လိုက်စားပြီး ဘုရားသခင်ရဲ့ ရည်ရွယ်ချက်အတိုင်း စိတ်သဘောထား ပြောင်းလဲမှုကို ရှာဖွေမှသာ ကယ်တင်ခြင်းအတွက် အခွင့်အရေးရှိတယ်ဆိုတာကိုပါ။ ဒီအရာတွေကို နားလည်လိုက်တော့ ကျွန်မ စိတ်နှလုံးထဲမှာ လွတ်မြောက်မှုကို ခံစားခဲ့ရတယ်။ အဲဒီအချိန်ကစပြီး ကျွန်မရဲ့ တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ပြီး ဘုရားသခင်အပေါ်ရှိတဲ့ ကျွန်မရဲ့ အကြွေးအတွက် အစားလျော်ဖို့ပဲ ဆန္ဒရှိခဲ့တယ်။ ဒီနောက်ပိုင်း ကျွန်မရဲ့ တာဝန်ကို ထမ်းဆောင်တဲ့အခါ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို ဘယ်လို မြင်မလဲဆိုတာ ကျွန်မ အာရုံမစိုက်တော့ဘူး။ ညီအစ်ကိုမောင်နှမတွေ စိတ်အေးအေးချမ်းချမ်းနဲ့ တာဝန်တွေကို ထမ်းဆောင်နိုင်အောင် အိမ်ရဲ့ ဘေးကင်းလုံခြုံရေးကို ဘယ်လို သေချာအောင် လုပ်မလဲ၊ သူတို့ကို ဘယ်လို ကောင်းကောင်းဧည့်ခံမလဲဆိုတာကိုပဲ တွေးခဲ့တယ်။ နောက်ပြီး ဧည့်ခံရေးတာဝန်ကို ထမ်းဆောင်နေတုန်းမှာ၊ လူတွေ၊ အဖြစ်အပျက်တွေနဲ့ အရာဝတ္ထုတွေနဲ့ နေ့စဉ် ထိတွေ့မှုတွေမှာ ထုတ်ဖော်လာခဲ့တဲ့ ကျွန်မရဲ့ အတွေးတွေနဲ့ ဖောက်ပြန်ပျက်စီးမှုတွေကို ဆင်ခြင်သုံးသပ်ဖို့ အာရုံစိုက်ခဲ့တယ်။ ပြီးတော့ အဲဒါတွေကို ဖြေရှင်းဖို့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ရှာဖွေခဲ့တယ်။ ဝိညာဉ်ရေးရာမှတ်စုတွေ ရေးတာ၊ အတွေ့အကြုံ သက်သေခံချက် ဆောင်းပါးတွေ အရေးလေ့ကျင့်တာတွေကို အာရုံစိုက်ခဲ့ပြီး နေ့ရက်တိုင်းဟာ တော်တော်လေး ပြည့်စုံခဲ့ပါတယ်။ ကျွန်မရဲ့ မှားယွင်းပြီး အဓိပ္ပါယ်မဲ့တဲ့ အမြင်တွေကို ပြင်ဆင်ပေးခဲ့တာ ဘုရားသခင်နှုတ်ကပတ်တော်တွေရဲ့ ပြစ်တင်ဆုံးမခြင်းနဲ့တရားစီရင်ခြင်းပါပဲ။ ကျွန်မ ဒီနေ့ ရရှိတဲ့ ပြောင်းလဲမှုက ဘုရားသခင်အလုပ်ရဲ့ ရလဒ်ပဲဖြစ်ပါတယ်။ ဘုရားသခင် ကျေးဇူးတော်ပါပဲ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

သူ့ထက်ငါ အနိုင်လုသောလောကကို နှုတ်ဆက်ခြင်း

ရှီးဖန် တောင်ကိုရီးယားနိုင်ငံ လွန်ခဲ့တဲ့ နှစ်နှစ်က လူသစ်တွေကို ရေလောင်းပေးတဲ့ တာဝန် ကျွန်မ ယူခဲ့တယ်။ အဲဒါ ဘုရားဆီက ဂုဏ်ပြုခြင်းတစ်ခုလို့...

မနာလိုစိတ်အတွက် ကုထုံးတစ်ခု

ရွှင်းချုံ တရုတ်နိုင်ငံ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူ၏ဇာတိပကတိသည် စာတန်နှင့်သက်ဆိုင်ပြီး၊ ပုန်ကန်လိုသော စိတ်သဘောထားများနှင့်...

တာဝန် ပြောင်းပေးခြင်းက ကျွန်တော့်ကို ထုတ်ဖော်ခဲ့သည်

၂၀၁၈ ခုနှစ်မှာ ကျွန်တော် အသင်းတော်မှာ ဗီဒီယိုတွေ လုပ်နေခဲ့တယ်။ ကျွန်တော်က ကိုယ့်ရဲ့ အတတ်ပညာပိုင်း အရည်အချင်းတွေမှာ မြန်မြန် တိုးတက်ခဲ့ပြီး၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။