မနာလိုခြင်းက သင့်ကို လွှမ်းမိုးမသွားစေနှင့်
လီဖန်း တရုတ်နိုင်ငံ ကျွန်မက ၂၀၁၇ နွေရာသီမှာ အသင်းတော်ခေါင်းဆောင်အဖြစ် ထမ်းဆောင်ခဲ့ပါတယ်။ အလုပ်လိုအပ်ချက်တွေကြောင့် အထက်ခေါင်းဆောင်က...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ကျွန်မ ဘုရားသခင်ကို ယုံကြည်ခါစတုန်းက ခေါင်းဆောင်ဖြစ်တဲ့ ညီအစ်ကိုမောင်နှမတွေဟာ လူတွေရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ သူတို့ကို မကြာခဏ မိတ်သဟာယပြုတာကို ကျွန်မ သတိထားမိခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေကလည်း ကိုယ့်ကိစ္စတွေကို ဆွေးနွေးဖို့ ခေါင်းဆောင်တွေကို ရှာဖွေတွေ့ဆုံဖို့ ဆန္ဒရှိခဲ့ကြတယ်။ ဒါကြောင့် ကျွန်မက သူတို့ကို အရမ်းအားကျခဲ့ရတာပေါ့။ နောက်ပြီး အဲဒီလို တာဝန်မျိုးကို ထမ်းဆောင်တာက ဘယ်နေရာသွားသွား သူတို့ဟာ လေးစားခံရပြီး အားကျခံရဖို့ အခွင့်ရမှာပဲလို့ ကျွန်မ တွေးခဲ့တယ်။ ဧည့်ခံရေးနဲ့ အထွေထွေကိစ္စတာဝန်တွေအတွက်ကတော့ ဒီတာဝန်တွေကို လုပ်နေတဲ့ ညီအစ်ကိုမောင်နှမတွေဟာ နောက်ကွယ်မှာပဲ အားသွန်ခွန်စိုက်လုပ်နေရတာ၊ သူတို့ကိုယ်သူတို့ ထင်ပေါ်အောင် မလုပ်နိုင်၊ သူများ အမြင်ခံရအောင်မလုပ်နိုင်ဘဲ ဘယ်သူမှ သူတို့ကို အားမကျကြဘူးလို့ ကျွန်မ ယုံကြည်ခဲ့တယ်။ နောင်တစ်ချိန်မှာ ကျွန်မကိုယ်ကျွန်မ ထင်ပေါ်အောင် လုပ်ခွင့်ပေးပြီး အထင်ကြီးခံရခွင့်ပေးမဲ့ တာဝန်တစ်ခုကို ထမ်းဆောင်နိုင်ရင် အရမ်းကောင်းမယ်လို့ ကျွန်မ တွေးခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်မ အသင်းတော်ခေါင်းဆောင်အဖြစ် ရွေးချယ်ခံခဲ့ရပြီး ကျွန်မ ဦးဆောင်တဲ့ စုဝေးပွဲတွေက ညီအစ်ကိုမောင်နှမတွေ အားလုံးက ကျွန်မကို အရမ်းနွေးထွေးခဲ့ကြတယ်။ သူတို့ ကျွန်မကို အားကျတဲ့ပုံစံနဲ့ ကြည့်နေတာကို မြင်ရတာ အရမ်းကြည်နူးခဲ့ရတဲ့အပြင် ကျွန်မ ကိုယ့်ကိုယ်ကိုယ် အခြားသူတွေထက် သိသိသာသာပိုသာတယ်လို့ ခံစားခဲ့ရတယ်။ ခေါင်းဆောင်တာဝန်ကို ထမ်းဆောင်ရတာက ဖိအားပိုများပြီး အလုပ်အများကြီးပိုပေမဲ့လို့ ကျွန်မ ဘယ်လောက်ပဲ ဒုက္ခခံရခံရ၊ ဘယ်လောက်ပဲ ပင်ပန်းပင်ပန်း ဘယ်တော့မှ ကျွန်မ နောက်မဆုတ်ခဲ့ဘူး၊ မညည်းညူခဲ့ဘူး။ အဲဒီနောက်ပိုင်း အချိန်နည်းနည်းကြာပြီးနောက်မှာ ကျွန်မရဲ့ အစွမ်းအစနိမ့်ပါးတာ၊ စည်းမျဉ်းနဲ့အညီ ကိစ္စတွေကို မကိုင်တွယ်ခဲ့တာ၊ ကျွန်မရဲ့ကိုယ်ပိုင် ထင်မြင်ယူဆချက်တွေအတိုင်း ခဏခဏ လုပ်ဆောင်ပြီး စည်းမျဉ်းစည်းကမ်းတွေကို ပုံသေစောင့်ထိန်းတာနဲ့ အသင်းတော်အလုပ်ကို ဆုံးရှုံးမှုတွေ ဖြစ်စေခဲ့တာကြောင့် ကျွန်မ ထုတ်ပယ်ခံခဲ့ရတယ်။ ကျွန်မ ထုတ်ပယ်ခံရပြီးနောက်မှာ ကျွန်မရဲ့ ခေါင်းဆောင်က ကျွန်မဆီလာပြီး မေးခဲ့ပါတယ်။ အထွေထွေကိစ္စတွေမှာ တာဝန်တစ်ခု ထမ်းဆောင်ဖို့ ဆန္ဒရှိလားတဲ့။ ကျွန်မ နည်းနည်းအတိုက်အခံဖြစ်ပြီး တွေးလိုက်တယ်။ “အထွေထွေကိစ္စ အလုပ်ဆိုတာ အသင်းတော်မှာ ပုံစံမျိုးစုံတဲ့ အသေးအဖွဲ ကိစ္စတွေကို ကိုင်တွယ်ရတာပဲ၊ ဒါက အခြေခံကျတဲ့၊ ကာယလုပ်အားပဲ။ တခြား ညီအစ်ကိုမောင်နှမတွေ ငါ ဒီလိုတာဝန်မျိုးကို လုပ်နေတာ သိသွားရင် ငါ့ကို ဘာများ ထင်ကြမလဲ။ သမ္မာတရား လက်တွေ့ကျမှု မရှိလို့ ငါ ဒီလိုတာဝန်မျိုး လုပ်နေတယ်လို့ သူတို့ ထင်ကြမလား”ပေါ့။ ဒါပေမဲ့ တာဝန်ပေးအပ်တာဟာ ဘုရားသခင်ရဲ့ တာဝန်ပေးစေခိုင်းချက်ဖြစ်ပြီး လက်ခံသင့်၊ ကျိုးနွံနာခံသင့်တယ်ဆိုတာ သိတာမို့ အင်တင်တင်နဲ့ ကျွန်မသဘောတူခဲ့တယ်။
နောက်ပိုင်းမှာ ကျွန်မတာဝန်ထမ်းဆောင်ဖို့ အပြင်ထွက်တဲ့အခါ အရင်က သိခဲ့တဲ့ ညီအစ်ကိုမောင်နှမတွေနဲ့ ခဏခဏ ဆုံခဲ့တယ်။ သူတို့က ကျွန်မ ဘာတာဝန်ထမ်းဆောင်နေလဲ မေးတဲ့အခါ သူတို့ကို ပြောပြဖို့ ရှက်နေခဲ့မိတယ်။ အထွေထွေကိစ္စတွေမှာ ကျွန်မတာဝန်ထမ်းဆောင်နေတယ်ဆိုတာ သူတို့သိသွားခဲ့ရင် ကျွန်မကို အထင်သေးမှာ စိုးရိမ်တာလေ။ ဒါပေမဲ့ ကျွန်မ အကြောက်ဆုံးအရာက တကယ်ဖြစ်ခဲ့ပါတယ်။ တစ်ခါတုန်းက ညီအစ်မတစ်ယောက်ဆီက အီးဘိုက်ငှားဖို့ သူ့အိမ်ကို ကျွန်မသွားခဲ့တယ်။ နောက်ပြီး စကားပြောကြရင်း ကျွန်မ အထွေထွေကိစ္စတွေမှာ တာဝန်တစ်ခု ထမ်းဆောင်နေတယ်လို့ သူ့ကို ပြောမိတယ်။ သူက အံ့အားသင့်ပြီး မေးခဲ့တာပေါ့။ “ဘာဖြစ်လို့ အစ်မက အခု အထွေထွေကိစ္စတွေ လုပ်နေတာလဲ။ အစ်မကို စာနဲ့ပတ်သက်တဲ့ တာဝန်လုပ်နေတယ်လို့ ထင်ခဲ့တာ”တဲ့။ ကျွန်မ အင်မတန် အနေခက်သွားပြီး တမင်တကာ စကားလမ်းကြောင်းပြောင်းလိုက်ပါတယ်။ သူ့နဲ့ ထွေရာလေးပါးနည်းနည်း ဆက်ပြောပြီး အမြန်ဆုံး ထွက်လာခဲ့တယ်။ ကျွန်မ အိမ်အပြန်လမ်းမှာ၊ ကျွန်မစိတ်ထဲမှာ ပြန်ပြီးတွေးနေမိတာက ကျွန်မ အထွေထွေကိစ္စတွေ လုပ်နေတယ်ဆိုတာ ကြားတဲ့အခါ ညီအစ်မရဲ့ အံ့ဩသွားတဲ့ အမူအရာပါပဲ။ ကျွန်မ စိတ်မသက်မသာဖြစ်သွားပြီး အဲဒီညီအစ်မက ကျွန်မကို ဘာများထင်မလဲလို့ တွေးခဲ့တယ်။ ကျွန်မမှာ သမ္မာတရား လက်တွေ့ကျမှု မရှိလို့၊ အစွမ်းအစနိမ့်ပါးလို့ ကျွန်မ အဲဒီတာဝန် ပေးအပ်ခံရတာလို့ သူ ထင်လေမလား။ သူ ကျွန်မကို အထင်သေးမလား။ ဒါက ကျွန်မကို အဲဒီတာဝန်အပေါ် ပိုပြီးတောင် အတိုက်အခံ ဖြစ်စေခဲ့ပါတယ်။ တစ်ခါတလေ ကျွန်မဟာ အရေးပေါ်စာတွေ ပို့ဖို့ အချိန်ဆွဲပြီး ကျွန်မရဲ့ညီအစ်ကိုမောင်နှမတွေဆီကို အချိန်မီ စာတွေမပို့နိုင်ခဲ့ဘူး။ တစ်ခါတလေ ကျွန်မ မေ့သွားပြီး ညီအစ်ကိုမောင်နှမတွေက ကျွန်မကို ဝတ်ကျေတမ်းကျေလုပ်ပြီး တာဝန်မဲ့တဲ့အတွက် ပြုပြင်ပေးခဲ့တယ်။ ပြီးတော့ ကျွန်မတာဝန်မှာ ပိုပြီးကြိုးကြိုးစားစားနဲ့ စဉ်းစဉ်းစားစားလုပ်ဖို့ သတိပေးခဲ့တယ်။ ဒီအခြေအနေနဲ့ ကြုံရတော့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် မဆင်ခြင်မသုံးသပ်ခဲ့တဲ့အပြင်၊ တာဝန်အပေါ် ပိုပြီးတောင် အတိုက်အခံဖြစ်လာခဲ့တယ်။ ကျွန်မ ခေါင်းဆောင်ဖြစ်ခဲ့တုန်းက အထွေထွေကိစ္စ အလုပ်သမားတွေက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် စာအုပ်တွေနဲ့ စာတွေကို ကျွန်မဆီ ပို့ပေးခဲ့တာကို ကျွန်မ သတိရခဲ့တယ်။ ဒါပေမဲ့ အခုတော့ အခြေအနေ ပြောင်းပြန်ဖြစ်ပြီး တောက်တိုမည်ရလုပ်ပေးရတာ၊ တခြား ညီအစ်ကိုမောင်နှမတွေဆီကို ပစ္စည်းတွေ ပို့ပေးရတာက ကျွန်မဖြစ်နေခဲ့တယ်။ ကျွန်မရဲ့ အဆင့်အတန်းက ရုတ်တရက် ထိုးကျသွားသလို ခံစားခဲ့ရပြီး ပိုပိုပြီး မပျော်မရွှင်နဲ့ ဖိစီးမှုဖြစ်လာခဲ့တယ်။
တစ်မနက်မှာ၊ ကျွန်မရဲ့ အီးဘိုက် မောင်းလာရင်း ဘက်ထရီကုန်သွားပြီး အီးဘိုက်ကို ကိုယ့်ဘာသာ တွန်းလာရတဲ့ဆီ ရောက်သွားတယ်။ အီးဘိုက်ကို တွန်းနေတုန်း လီဗာကို မတော်တမ ဆွဲလိုက်မိတာ အီးဘိုက်က မောင်းထွက်သွားပြီး ကျွန်မမှာ ဘာမှမလုပ်နိုင်ဘဲ အီးဘိုက်အပေါ်ကို ဘုန်းခနဲပြုတ်ကျတာပေါ့။ ကျွန်မပါးစပ်က အီးဘိုက်ရဲ့ စောင်းနဲ့ ဆောင့်မိပြီး သွားတချို့ နဲ့သွားတယ်။ မျက်နှာမှာလည်း ပွန်းပဲ့ဒဏ်ရာတွေကျန်ခဲ့ပြီး ခြေထောက်မှာလည်း ဒဏ်ရာရခဲ့ပါတာပေါ့။ ကျွန်မ အိမ်ပြန်ရောက်တော့ ဘုရားသခင်ကို ဆုတောင်းလိုက်တယ်။ “အို ဘုရားသခင်။ သမီးဟာ အခုရက်ပိုင်း အထွေထွေကိစ္စတွေမှာ သမီးရဲ့ တာဝန်အပေါ် အရမ်းအတိုက်အခံလုပ်ခဲ့ပြီး ဒီကိစ္စကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာ မသိပါဘူး။ ကိုယ့်ကိုယ်ကိုယ် သိနားလည်အောင် သမီးကို ကျေးဇူးပြုပြီး လမ်းပြပေးပါ၊ အဲဒီလိုနဲ့ သမီး ကျိုးနွံနာခံနိုင်မှာပါ”လို့ပေါ့။ ဆုတောင်းပြီးနောက်မှာ ဒီလိုဆိုထားတဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် နှစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ “ဘုရားသခင်၏ အိမ်တော်တွင် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အား လက်ခံခြင်းနှင့် မိမိတာဝန်ကို ကောင်းစွာထမ်းဆောင်ခြင်းတို့နှင့် ပတ်သက်၍ အစဉ်ပြောဆိုကြသည်။ တာဝန် မည်သို့မည်ပုံ ပေါ်ပေါက်လာသနည်း။ ကျယ်ကျယ်ပြန့်ပြန့်ဆိုရလျှင် လူသားတို့ထံ ကယ်တင်ခြင်းကို ယူဆောင်လာခြင်းတည်းဟူသော ဘုရားသခင့် စီမံခန့်ခွဲမှုအလုပ်၏ ရလဒ်တစ်ခုအဖြစ် ပေါ်ပေါက်လာသည်။ အတိအကျ ဆိုရလျှင် ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ်သည် လူသားတို့ကြားတွင် သိသာထင်ရှားလာသည်နှင့်အမျှ လူတို့ ပူးပေါင်းဆောင်ရွက်ရန်နှင့် ပြီးစီးအောင် လုပ်ဆောင်ရန် လိုအပ်သည့် အလုပ်မျိုးစုံ ပေါ်ပေါက်လာသည်။ ယင်းမှ လူတို့ဖြည့်ဆည်းရန် တာဝန်များနှင့် အထူးတာဝန်များ ပေါ်ပေါက်လာရာ ယင်းတာဝန်များနှင့် အထူးတာဝန်များသည် ဘုရားသခင်က လူသားမျိုးနွယ်အပေါ် ပေးသနားသည့် တာဝန်များပေတည်း။ ဘုရားသခင်၏ အိမ်တော်တွင် လူတို့၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်သည့် အလုပ်အမျိုးမျိုးမှာ ၎င်းတို့ထမ်းဆောင်သင့်သည့် တာဝန်များဖြစ်သည်။ ထို့ကြောင့် တာဝန်များကြားတွင် သာ၍ကောင်းမွန်ခြင်းနှင့် သာ၍ဆိုးခြင်း၊ မြင့်မားခြင်းနှင့် နိမ့်ကျခြင်း၊ သို့မဟုတ် ကြီးမြတ်ခြင်းနှင့် သေးငယ်ခြင်းတို့အရ ခြားနားချက်များရှိသလော။ ထိုသို့သော ခြားနားချက်များ မတည်ရှိပေ။ တစ်စုံတစ်ရာသည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအမှုနှင့် ပတ်သက်သရွေ့၊ တစ်စုံတစ်ရာသည် သူ့အိမ်တော်အမှု၏ သတ်မှတ်ချက်တစ်ခု ဖြစ်သရွေ့၊ ဘုရားသခင်၏ ဧဝံဂေလိဖြန့်ဝေခြင်း၌ လိုအပ်သရွေ့ ယင်းသည် လူတစ်ဦး၏ တာဝန်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ပြည့်မီသော တာဝန်ထမ်းဆောင်မှုဆိုသည်မှာ အဘယ်နည်း။) “သင်၏တာဝန် မည်သို့ပင်ဖြစ်ပါစေ၊ အထက်အောက် မခွဲခြားနှင့်။ ‘ဤအလုပ်သည် ဘုရားသခင်ထံမှ အပ်နှံသည့်အလုပ်နှင့် ဘုရားသခင်အိမ်တော်၏ အလုပ်ဖြစ်သော်လည်း၊ အကယ်၍ ငါလုပ်ပါက လူအများက ငါ့ကိုအထင်သေးနိုင်သည်။ တစ်ပါးသူများက သူတို့အား ထင်ရှားစေသောအလုပ်ကို လုပ်ကြသည်။ ငါ့ကို မထင်ရှားစေဘဲ နောက်ကွယ်တွင် ကြိုးပမ်းအားထုတ်ရမည့် ဤအလုပ်ကို ငါ့အား ပေး၏၊ ဤသည်မှာ မျှတခြင်း မရှိ။ ဤတာဝန်ကို ငါလုပ်ဆောင်မည်မဟုတ်။ ငါ၏တာဝန်သည် သူတစ်ပါးတို့ရှေ့တွင် ငါ့အားထင်ရှားစေသောအလုပ် ဖြစ်ပြီး၊ ငါ့ကိုကျော်ကြားစေသောအလုပ် ဖြစ်ရမည်။ ထို့အပြင် အကယ်၍ ငါ မကျော်ကြားပါက သို့မဟုတ် မထင်ရှားပါက၊ ထိုအလုပ်မှ ငါအကျိုးအမြတ်ရဖို့နှင့် ရုပ်ပိုင်းဆိုင်ရာ အပူအပင်ကင်းဖို့ လိုသည်။’ ဟု သင်ကပြောသည် ဆိုပါစို့။ ယင်းသည် လက်ခံနိုင်ဖွယ် သဘောထားလော။ ဇီဇာကြောင်ခြင်းဟူသည် ဘုရားသခင်ထံမှ အမှုအရာများကို လက်မခံခြင်း ဖြစ်သည်။ သင့်အကြိုက်များအတိုင်း ရွေးချယ်ခြင်းဖြစ်သည်။ ဤသည်မှာ သင်၏တာဝန်ကို လက်ခံခြင်းမဟုတ်၊ သင်၏တာဝန်ကို ငြင်းပယ်ခြင်းဖြစ်သည်။ ဘုရားသခင်အပေါ် သင့်ပုန်ကန်မှု၏ သရုပ်သကန်ဖြစ်၏။ ထိုကဲ့သို့သော ဇီဇာကြောင်မှုဟူသည် သင်၏ပုဂ္ဂိုလ်ရေးအကြိုက်များ၊ အလိုဆန္ဒများဖြင့် ရောနေသည်။ သင်သည် သင့်ကိုယ်ကျိုး၊ သင့်ဂုဏ်သတင်း၊ စသည်တို့ကို ထည့်သွင်းစဉ်းစားသောအခါ၊ တာဝန်အပေါ်ထားရှိသော သင်၏သဘောထားသည် နာခံမှု မဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ပြည့်မီသော တာဝန်ထမ်းဆောင်မှုဆိုသည်မှာ အဘယ်နည်း။) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မရဲ့ လက်ရှိအခြေအနေကို ရှင်းရှင်းလင်းလင်း ဖော်ထုတ်ပြသတာ ဖြစ်ခဲ့ပါတယ်။ ကျွန်မတာဝန်အပေါ် ကျွန်မရဲ့သဘောထားနဲ့ အမြင်တွေ မှားနေမှန်း တွေ့ခဲ့ရတယ်။ ကျွန်မဟာ တာဝန်တွေကို မြင့်တာနိမ့်တာ ခွဲခြားပြီး အဆင့်တွေ၊ ရာထူးတွေနဲ့ ခွဲခြားထားခဲ့တယ်။ ခေါင်းဆောင်ဖြစ်တာ ဒါမှမဟုတ် စာနဲ့ပတ်သက်တဲ့ တာဝန်လုပ်တာက သူများတွေထက် သိသိသာသာပိုတော်ပြီး သူများတွေရဲ့ ချီးမွမ်းမှုနဲ့ လေးစားမှုကို ရဖို့အခွင့်ပေးတာပဲလို့ ကျွန်မ တွေးခဲ့တယ်။ ဒီလိုတာဝန်မျိုးမှာ ဘယ်လောက်ပဲ ကျွန်မ ဆင်းရဲဒုက္ခခံရခံရ၊ ပင်ပန်းခံရခံရ အဲဒီတာဝန်ကို ထမ်းဆောင်ဖို့ ကျွန်မ အရမ်းကို လိုလားနေခဲ့တယ်။ ကာယလုပ်အား လိုအပ်ပြီး ကျွန်မကိုယ်ကျွန်မ ထင်ပေါ်အောင် မလုပ်နိုင်တဲ့၊ သူများတွေ မမြင်နိုင်တဲ့ တာဝန်တွေအတွက်ကတော့၊ အဲဒီလိုတာဝန်တွေက တကယ်ကို အတော်လေးနိမ့်ကျပြီး အဲဒါတွေ လုပ်တဲ့အတွက် လူတွေက ကျွန်မကို အထင်သေးလိမ့်မယ်လို့ ကျွန်မတွေးပြီး မလုပ်ချင်ခဲ့ဘူး။ ဒီလို မှားယွင်းတဲ့ အမြင်တွေရဲ့ လွှမ်းမိုးမှုအောက်မှာ ကျွန်မခေါင်းဆောင်က အထွေထွေကိစ္စ တာဝန်တစ်ခုပေးအပ်တဲ့အခါမှာ ဒါက နိမ့်ကျတဲ့ တာဝန်ဖြစ်ပြီး ကျွန်မရဲ့ နာမည်ဂုဏ်သတင်းကို ထိခိုက်မှာပဲလို့ ကျွန်မ ခံစားရခဲ့တယ်။ ဒါကြောင့် ကျွန်မ အတိုက်အခံလုပ်ခဲ့ပြီး ကျိုးနွံနာခံဖို့ ဆန္ဒမရှိခဲ့ဘူးလေ။ ပြီးတော့ တာဝန်မှာ ဝတ်ကျေတမ်းကျေနဲ့ လက်လွတ်စပယ် ပြုမူဆောင်ရွက်ခဲ့ပါတယ်။ ကျွန်မရဲ့ အမြင်တွေက အဓိပ္ပာယ်မဲ့လိုက်တာ။ ကျွန်မ ဒီလောက်ဖောက်ပြန်ပျက်စီးခဲ့ပြီး အစွမ်းအစ နိမ့်ပါးနေခဲ့တာတောင် ဘုရားသခင်ရဲ့ ချီးမြှောက်မှုနဲ့ ကျေးဇူးတော်ကြောင့်သာ ကျွန်မ ဘုရားသခင်ရဲ့ အိမ်တော်မှာ တာဝန်တစ်ခု ထမ်းဆောင်နိုင်ခဲ့တာ။ ဒါပေမဲ့ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို ကျွန်မ လုံးဝမစဉ်းစားခဲ့ဘူး၊ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို ပြန်ဆပ်ရမယ်ဆိုတာ မသိခဲ့ဘူး။ ကိုယ့်ရဲ့ အကျိုးစီးပွားနဲ့ ဂုဏ်သတင်းကိုပဲ အလေးထားပြီး ကိုယ့်တာဝန်မှာ ကိုယ့်ဆန္ဒအတိုင်းပဲ ပြုမူခဲ့တယ်၊ ကိုယ့်ရဲ့ အကျိုးစီးပွားတွေအတွက် အဲဒါကို အသုံးချခဲ့တယ်။ ကျွန်မရဲ့ လူ့သဘာဝ ဘယ်ရောက်သွားခဲ့လဲ။ ဘုရားသခင်ဟာ ဒီလို အပြုအမူမျိုးကို သေချာပေါက် ရွံရှာမှာပဲ။
တစ်နေ့မှာ ကျွန်မ ဘုရားသခင်နှုတ်ကပတ်တော် ဒီအပိုဒ်ကို တွေ့ခဲ့တယ်။ “သင့်တာဝန်အပေါ်တွင် မည်သည့်သဘောထား ထားရှိသင့်သနည်း။ ပထမအနေဖြင့် သင့်ကို တာဝန်ပေးခဲ့သည်မှာ မည်သူဖြစ်ကြောင်း သေချာအောင်လေ့လာဖို့ ကြိုးစားလျက် ယင်းကို သင်မဆန်းစစ်ရပေ။ ယင်းအစား ထိုအရာကို သင့်အား ဘုရားသခင်အပ်နှင်းသည့် တာဝန်တစ်ခုအဖြစ်၊ ဘုရားထံမှ သင်လက်ခံသင့်သည်။ ပြီးလျှင် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို နာခံသင့်ပြီး ဘုရားသခင်ထံမှ သင်၏ တာဝန်ကို လက်ခံသင့်သည်။ ဒုတိယအနေဖြင့် တာဝန်ကို အမြင့်နှင့်အနိမ့် ခွဲခြားခြင်း မပြုလေနှင့်။ ပြီးလျှင် ထိုတာဝန်သည် သင့်ကို ထင်ပေါ်စေခြင်းရှိမရှိ၊ လူအများရှေ့တွင် လုပ်ဆောင်သလော၊ နောက်ကွယ်တွင် လုပ်ဆောင်ရသလောဆိုသည့် ထိုတာဝန်၏ သဘောသဘာဝကို အရေးမစိုက်နှင့်။ ဤအရာများကို ထည့်မစဉ်းစားနှင့်။ အခြားသဘောထားတစ်ခုလည်းရှိသည်။ ကျိုးနွံနာခံခြင်းနှင့် တက်ကြွသော ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ပြည့်မီသော တာဝန်ထမ်းဆောင်မှုဆိုသည်မှာ အဘယ်နည်း။) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ရင်း ကျွန်မ သင်ယူခဲ့ရတာက ကျွန်မတို့ရဲ့ တာဝန်တွေဟာ ဘုရားသခင်ရဲ့ တာဝန်ပေးစေခိုင်းချက်ဖြစ်ပြီး ကောင်းကောင်း ဖြည့်ဆည်းရမဲ့ ကျွန်မတို့ရဲ့ တာဝန်နဲ့ဝတ္တရားဖြစ်တယ်ဆိုတာပါပဲ။ တာဝန်က ကျွန်မတို့ကို ထင်ပေါ်စေတာမျိုး၊ မြင်သာစေတာမျိုး၊ သူများတွေရဲ့ လေးစားမှုနဲ့ အားကျမှုကို ရရှိစေတာမျိုး ရှိရှိ၊ မရှိရှိ ဖန်ဆင်းခံတွေအနေနဲ့ ကျွန်မတို့ဟာ ဒီလိုတာဝန်တွေကို လက်ခံပြီး ကျိုးနွံနာခံသင့်တယ်၊ ကျွန်မတို့ရဲ့ အဆုံးစွန် သစ္စာစောင့်သိမှုကို ပြသသင့်ပါတယ်။ ဒါက ကျွန်မတို့ တာဝန်တွေမှာ ထားရှိသင့်တဲ့ သဘောထားမျိုးနဲ့ ကျွန်မတို့ အားလုံး ပိုင်ဆိုင်သင့်တဲ့ ဆင်ခြင်တုံတရားပါပဲ။ အထွေထွေကိစ္စတွေက အထင်ကြီးလောက်စရာ တာဝန် မဟုတ်ရင်တောင် ဘုရားသခင်အိမ်တော်ရဲ့ အလုပ်မှာ မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုပဲလို့ ကျွန်မ တွေးခဲ့တယ်။ ကျွန်မတို့မှာ စာအုပ်တွေနဲ့ စာတွေကို ပို့ပေးမယ့် လူတွေ မရှိခဲ့ရင် ညီအစ်ကိုမောင်နှမတွေက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို အချိန်မီ ဖတ်နိုင်မှာ မဟုတ်ပါဘူး။ စီမံကိန်းတချို့ဆိုရင်လည်း အချိန်မီ ပြီးစီးမှာ မဟုတ်ဘဲ အသင်းတော်အလုပ်ကို ထိခိုက်မှာပါ။ ကျွန်မဟာ အထွေထွေကိစ္စ တာဝန်တစ်ခု ပေးအပ်ခံထားရတဲ့အတွက် ကျွန်မကို ပေးအပ်ထားတဲ့ အလုပ်တာဝန်တွေကို ပြီးစီးအောင်လုပ်ဆောင်ဖို့ ဒါကို ကျွန်မရဲ့တာဝန်အဖြစ် ခံယူသင့်တယ်လေ။ ဒါကို သိနားလည်ပြီးနောက်မှာ ကျွန်မ နောက်ဆုံးတော့ လက်ခံဖို့နဲ့ ကျိုးနွံနာခံဖို့ ဆန္ဒရှိခဲ့တယ်။ တခြားသူတွေက ကျွန်မကို လေးစားတာပဲဖြစ်ဖြစ်၊ မလေးစားတာပဲဖြစ်ဖြစ် ကျွန်မရဲ့ တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းဖို့ အစွမ်းကုန်လုပ်ဦးမှာပဲ။ အဲဒီနောက်မှာ ကျွန်မရဲ့ တာဝန်အပေါ် စိတ်ရောလူရော နှစ်ထားလိုက်တယ်။ နေ့တိုင်း စာတွေ ပို့ဖို့နဲ့ လက်ခံဖို့ အချိန်ရောက်တဲ့အခါ ကျွန်မ တာဝန်ကျေကျေနဲ့ စစ်ဆေးပြီး ကျွန်မအလုပ်ကို စိတ်နှစ်ပြီး လုပ်တယ်။ ကျွန်မနဲ့ လက်တွဲအလုပ်လုပ်တဲ့ ညီအစ်မက တခြားအလုပ်ကိုင်တွယ်ဖို့ အပြင်ထွက်ရတဲ့အခါမှာ တက်တက်ကြွကြွနဲ့ သူ့အတွက် ကျွန်မကူညီလုပ်ပေးသလို ကျွန်မအလုပ်ကို ကောင်းကောင်း လုပ်ဆောင်နိုင်ဖို့ ကြိုးစားအားထုတ်ပါတယ်။ ဒီလို ကြိုးစားပြီး အသေးစိတ်လုပ်ဆောင်ရတာက ကျွန်မကို အရမ်းစိတ်အေးလက်အေးဖြစ်စေခဲ့တယ်။ တခြားညီအစ်ကိုမောင်နှမတွေက ကျွန်မ ဘာတာဝန်လုပ်နေလဲ မေးတဲ့အခါ ကျွန်မ အထွေထွေကိစ္စတွေမှာ လုပ်နေတယ်လို့ ပွင့်ပွင့်လင်းလင်းပြောပြီး ရှက်ရွံ့မှု မခံစားရတော့ပါဘူး။
၂၀၁၉ ခုနှစ်၊ ဇွန်လမှာ ကျွန်မရဲ့ ခေါင်းဆောင်က ညီအစ်မတချို့ကို ဧည့်ခံဖို့ ဆန္ဒရှိလားလို့ ကျွန်မကို မေးဖို့ ရှာခဲ့ပါတယ်။ ကျွန်မ ကိုယ့်ဘာသာကိုယ်တွေးမိတယ်။ “တာဝန်တစ်ခုကို လက်ခံဖို့ ငါဆန္ဒရှိပါတယ်။ ဒါပေမဲ့ ငါ့ရဲ့ ရင်းနှီးတဲ့ ညီအစ်ကိုမောင်နှမတွေက ငါ နေ့တိုင်း ပန်းကန်တွေ တိုက်လိုက်၊ ဧည့်ခံသူအနေနဲ့ အစားအသောက်တွေ ချက်ပြုတ်လိုက်လုပ်နေတာ သိသွားရင် ငါ့ကို ဘာများ ထင်ကြမလဲ။ သူတို့ ငါ့ကို အထင်သေးမလား”ပေါ့။ ဒီတာဝန်အတွက် ညီအစ်မဝမ်ယွင်က ပိုသင့်တော်မယ်လို့ ကျွန်မထင်တယ်ဆိုပြီး သူ့ကို ခပ်သွက်သွက် အကြံပြုပေးခဲ့တယ်။ ဒါပေမဲ့ ညီအစ်မဝမ်ယွင်က မကြာသေးခင်က နေမကောင်းဖြစ်ထားလို့ မသင့်တော်ဘူးလို့ ခေါင်းဆောင်က ပြန်ဖြေခဲ့ပါတယ်။ ဒီတာဝန်က ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီမံမှုတွေကတစ်ဆင့် ကျွန်မဆီ ရောက်လာမှန်း ကျွန်မ သိနားလည်ခဲ့တယ်။ ဒါကြောင့် ဒါကိုရှောင်ဖို့ကြိုးစားတာကို ကျွန်မရပ်တန့်ခဲ့တယ်။ ကျွန်မ ဧည့်ခံနေတဲ့ကာလအတွင်းမှာ ကျွန်မ သတိထားမိခဲ့တာက ညီအစ်မတွေက သူတို့ရဲ့ တာဝန်တွေနဲ့ သက်ဆိုင်တဲ့ စွမ်းရည်တွေနဲ့ အသိပညာတွေ၊ သူတို့ရဲ့ အတွေ့အကြုံတွေကနေ ဘာတွေ ရရှိခဲ့လဲဆိုတာနဲ့ ပတ်သက်ပြီး မကြာခဏ မိတ်သဟာယပြုတယ်ဆိုတာကိုပါ။ သူတို့ရဲ့ ကြီးကြပ်ရေးမှူး ရောက်လာတဲ့အခါ သူကလည်း ညီအစ်မတွေနဲ့ သူတို့ရဲ့ အလုပ်အကြောင်း မိတ်သဟာယပြုပါတယ်။ ကျွန်မက အဲဒီလို တာဝန်မျိုးကို လုပ်ဆောင်နိုင်တဲ့အတွက် သူတို့ကို အားကျနေခဲ့တာပေါ့။ ကျွန်မကတော့ အိမ်ရဲ့ ပတ်ဝန်းကျင် ဘေးအန္တရာယ်ကင်းရှင်းရေးကို ထိန်းသိမ်းရတာ ဒါမှမဟုတ် မီးဖိုချောင်မှာ အစားအသောက်တွေ ပြင်ဆင်ရတာပဲ လုပ်နေခဲ့ရတယ်။ အဲဒီ နိမ့်ကျတဲ့ ခံစားချက်က ကျွန်မကို အရမ်းစိတ်မပျော်မရွှင် ဖြစ်စေခဲ့တာပေါ့။ တစ်ခါတလေ အစားအသောက် ပြင်ဆင်နေတုန်း ကျွန်မ စိတ်က တခြားနေရာ ရောက်နေပြီး ဆားအရမ်းထည့်မိသွားတယ် ဒါမှမဟုတ် ဆားထည့်ဖို့ လုံးဝမေ့သွားတယ်။ ညီအစ်မတချို့က အစပ် မစားနိုင်တာမို့ ညီအစ်မတစ်ယောက်က ကျွန်မကို ငရုတ်သီးမထည့်ခင်မှာ အစားအသောက်တချို့ကို သပ်သပ် ဖယ်ထားပေးလို့ ရမလားလို့ ယဉ်ယဉ်ကျေးကျေး မေးခဲ့ပါတယ်။ ကျွန်မ သူ့ရဲ့ တောင်းဆိုချက်ကို သဘောတူခဲ့ပေမဲ့ ကျွန်မ စိတ်ထဲမှာ တွေးမိတာက “ငါ ခေါင်းဆောင်ဖြစ်တုန်းက စီမံဦးစီးတဲ့သူက ငါပဲ။ အခု ငါ ဒီဧည့်ခံရေးတာဝန်ကို လုပ်နေတော့ သူများဆီက လေးစားမှု မရနိုင်တဲ့အပြင် တခြားသူတွေရဲ့ အမိန့်တွေကိုပါ နာခံရဦးမယ်” ဆိုပြီးတော့ပေါ့။ ဒါက ကျွန်မကို သုန်မှုန်ပြီး ဖိစီးမှု ခံစားရစေခဲ့တယ်။ တစ်ခါတလေ ညီအစ်မတွေက သူတို့တာဝန်တွေနဲ့ အလုပ်ရှုပ်နေတဲ့အခါ ကျွန်မကို သူတို့အတွက် နေ့စဉ်သုံးပစ္စည်း မျိုးစုံကို ကူပြီးဝယ်ခိုင်းပါတယ်။ ဒါက ကျွန်မဟာ အမိန့်ပေးခံရပြီး လက်တိုလက်တောင်းလုပ်ပေးရဖို့ပဲ အဲဒီမှာရှိနေသလို ခံစားရစေခဲ့ပါတယ်။ နောက်ပိုင်းမှာ ကျွန်မ အခြေအနေမကောင်းမှန်း သိနားလည်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မဟာ အဲဒီအခြေအနေမှာပဲ ခဏခဏ နေထိုင်နေခဲ့တုန်းပဲ။ ကျွန်မ စိတ်မသက်မသာဖြစ်ပြီး ကျွန်မရဲ့နှလုံးသားက ဘုရားသခင်နဲ့ ဝေးကွာသွားခဲ့သလို ဖြစ်နေခဲ့တယ်။
တစ်နေ့မှာ ဒီလိုဆိုထားတဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် နှစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ “ဤမျှညစ်ညမ်းသောမြေတွင် မွေးဖွားလာသည့် လူသားသည် လူ့အဖွဲ့အစည်း၏ ကူးစက်စေခြင်းကို ပြင်းထန်သော အတိုင်းအတာအထိ ခံခဲ့ရပြီးဖြစ်သည်၊ သူသည် ပဒေသရာဇ်ဆန်သော လူ့ကျင့်ဝတ်များ၏ ပုံသွင်းခြင်းခံရပြီးဖြစ်ကာ ‘အဆင့်မြင့် ပညာသင်ကျောင်းများ’ ၏ သွန်သင်လေ့ကျင့်ပေးမှုကို လက်ခံရရှိခဲ့ပြီးဖြစ်၏။ ခေတ်နောက်ကျသော စဉ်းစားတွေးတောခြင်း၊ ဖောက်ပြန်ပျက်စီးသော ကိုယ်ကျင့်တရား၊ ယုတ်ညံ့သော ဘဝ အမြင်ရှုထောင့်၊ လောကီဆိုင်ရာ ဆက်ဆံရေးများအတွက် စက်ဆုပ်ဖွယ်အတွေးအခေါ်၊ လုံးဝဥဿုံ တန်ဖိုးမရှိသော တည်ရှိမှုနှင့် ယုတ်ညံ့သော ထုံးတမ်းအစဉ်အလာများနှင့် တစ်ရက်ပြီးတစ်ရက် ဘဝ ဟူသည့် ဤအရာများအားလုံးသည် လူ့စိတ်နှလုံး အတွင်းသို့ ပြင်းပြင်းထန်ထန် ကျူးကျော်ဝင်ရောက်နေခဲ့ပြီးဖြစ်ကာ လူသား၏ အသိစိတ်ကို ပြင်းထန်စွာ ထိခိုက်ပျက်စီးနေစေခဲ့သည့်အပြင် တိုက်ခိုက်နေခဲ့သည်။ ရလဒ်အနေဖြင့် လူသားသည် ဘုရားသခင်နှင့် တိုး၍ ဝေးသည်ထက် ဝေးသွားသည့်အပြင် သူ့ကို ယခင်ကထက် ပိုမို ဆန့်ကျင်လာသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်) “စာတန်သည် နိုင်ငံတော်အစိုးရများ၊ ကျော်ကြားသူများနှင့် ကြီးမြတ်သူများ၏ ပညာရေးနှင့် လွှမ်းမိုးမှုမှတစ်ဆင့် လူတို့ကို ဖျက်ဆီးသည်။ သူတို့၏ ဆိုးယုတ်သော စကားများသည် လူသား၏ ဘဝနှင့် သဘာဝဗီဇ ဖြစ်လာပြီးဖြစ်သည်။ ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော’ ဆိုသည်မှာ လူတိုင်းအထဲသို့ သွတ်သွင်းပေးထားသည့် လူသိများသော ဆိုးယုတ်သော ဆိုရိုးတစ်ခုဖြစ်သည်။ ဤဆိုရိုးက လူ့အသက် ဖြစ်လာသည်။ ဤကဲ့သို့သော လောကီဆိုင်ရာ ဆက်ဆံရေးများအတွက် အခြားသော ဒဿနများနှင့်ဆိုင်သည့် စကားများလည်း ရှိသည်။ စာတန်သည် လူတို့ကို ပညာပေးဖို့၊ အထင်အမြင်မှားစေဖို့နှင့် ဖောက်ပြန်ပျက်စီးစေဖို့ နိုင်ငံတစ်နိုင်ငံစီ၏ ရိုးရာယဉ်ကျေးမှုကို အသုံးပြုလျက် လူသားမျိုးနွယ်ကို အတိုင်းမသိ ပျက်စီးခြင်း၏ ချောက်နက်ထဲသို့ ကျဆင်းကာ ဝါးမျိုခံရစေပြီး အဆုံးတွင် လူတို့သည် စာတန်ကိုအစေခံ၍ ဘုရားသခင်ကို ခုခံသောကြောင့် ဘုရားသခင်၏ ဖျက်ဆီးခြင်းကို ခံကြရသည်။...လူတို့၏ အသက်တာ၌၊ သူတို့၏ အမူအကျင့်နှင့် အပြုအမူထဲတွင် စာတန်၏ အဆိပ်များစွာ ရှိနေသေးသည်။ ဥပမာအားဖြင့် လောကီဆိုင်ရာ ဆက်ဆံရေးများအတွက် သူတို့၏ ဒဿနများ၊ သူတို့၏ အမှုအရာများကို ဆောင်ရွက်သည့် နည်းလမ်းများနှင့် သူတို့၏နီတိများ၊ အားလုံးတို့သည် အဆင်းနီသော နဂါးကြီး၏ အဆိပ်များနှင့် ပြည့်နှက်နေပြီး၊ ဤအရာအားလုံးသည် စာတန်ထံမှ လာကြသည်။ ထို့ကြောင့် လူတို့၏ အရိုးများနှင့် အသွေးတို့၌ စီးဆင်းကြသော အရာအားလုံးသည် စာတန်နှင့် သက်ဆိုင်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ရင်း ကျွန်မရဲ့ တာဝန်တွေကို မြင့်တာနိမ့်တာ ခွဲခြားပြီး အဆင့်တွေ၊ ရာထူးတွေ ခွဲခြားနေရတဲ့ အရင်းခံအကြောင်းရင်းကဘာမှန်းကျွန်မ သိနားလည်ခဲ့ရတယ်။ ကျွန်မဟာ စာတန်ရဲ့ အဆိပ်အတောက်တွေနဲ့ နက်နက်ရှိုင်းရှိုင်း သွန်သင်ခံခဲ့ရပြီး ဖောက်ပြန်ပျက်စီးနေခဲ့တာပါ။ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော”၊ “အသိဉာဏ်ကို သုံးသူတို့သည် တစ်ပါးသူကို အုပ်စိုးရ၍ ကာယခွန်အားကို သုံးသူတို့သည် တစ်ပါးသူ၏ အုပ်စိုးခြင်းကို ခံရ၏”နဲ့ “လူသားသည် အထက်သို့ ရုန်းကန်ဆန်တက်သည်၊ ရေသည်နိမ့်ရာသို့ စီးဆင်း၏” လိုဟာတွေပေါ့။ ကျွန်မဟာ ဒီစာတန်ဆန်တဲ့ အဆိပ်အတောက်တွေအတိုင်း အသက်ရှင်နေထိုင်ခဲ့တယ်။ နာမည်ဂုဏ်သတင်း၊ အကျိုးအမြတ်၊ အဆင့်အတန်းနဲ့ လေးစားမှုကို ရှာဖွေရင်းပေါ့။ အဲဒီလို အသက်ရှင်မှသာ ဂုဏ်သိက္ခာရှိပြီး မြင့်မြတ်တယ်လို့ ကျွန်မ ထင်ခဲ့တယ်။ ဘုရားသခင်အိမ်တော်ရဲ့ တာဝန်တွေကိုလည်း စာတန်ဆန်တဲ့ အတွေးအခေါ်၊ အမြင်တွေနဲ့ တွေးခဲ့တယ်၊ ခေါင်းဆောင်ဖြစ်တာ၊ စာတွေနဲ့ အလုပ်လုပ်တာ၊ ဗီဒီယိုတွေ ထုတ်လုပ်တာတို့လို ကျွမ်းကျင်မှုနဲ့ အရည်အချင်း လိုအပ်တဲ့ တာဝန်တွေကို လူတွေက လေးစားကြတယ်။ ဧည့်ခံရေးတာဝန်နဲ့ အထွေထွေကိစ္စတွေလို ကာယလုပ်အား တာဝန်တွေကတော့ နိမ့်ကျတယ်လို့ ယုံကြည်ခဲ့တယ်။ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ အမြင်တွေရဲ့ လွှမ်းမိုးမှုကြောင့် ကျွန်မ တာဝန်မှာ ဝတ်ကျေတမ်းကျေ ဖြစ်လာခဲ့တယ်၊ အာရုံစိုက်မှု မရှိတော့ဘူး။ စာတွေ ပို့ဖို့ ခဏခဏ မေ့ခဲ့ပြီး အလုပ်ကို နှောင့်နှေးစေခဲ့တယ်။ တာဝန်ဟာ လေးစားခံရမှုမရှိဘူးလို့ ကျွန်မထင်ခဲ့လို့ ဒါတွေအားလုံးဖြစ်ရတာပါပဲ။ ကျွန်မ ပြင်ဆင်တဲ့ အစားအသောက်တွေက အရသာဖွယ်တာ ဒါမှမဟုတ် အရမ်းငံတာမျိုး ဖြစ်နေခဲ့ပြီး ညီအစ်မတွေ ဒါကိုစားနိုင်ပါ့မလား မစဉ်းစားခဲ့ဘဲ ကိုယ်လိုချင်တဲ့အတိုင်းပဲ အစားအသောက်တွေကိုပြင်ဖို့ ပိုပြီးနှစ်သက်ခဲ့တယ်။ ညီအစ်မတွေက ပစ္စည်းတွေ ဝယ်ဖို့ကျွန်မကို တောင်းဆိုတဲ့အခါ သူတို့က ကျွန်မကို လက်တိုလက်တောင်းခိုင်းတဲ့သူတစ်ယောက်လိုပဲ သဘောထားတယ်လို့ ကျွန်မ ထင်ပြီး တမင်တကာ အချိန်ဆွဲခဲ့တယ်။ စာတန်ဆန်တဲ့ အဆိပ်အတောက်တွေက ကျွန်မရဲ့ စိတ်နှလုံးထဲမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ပြီး ကျွန်မရဲ့ သဘာဝစင်စစ် ဖြစ်လာခဲ့မှန်း ကျွန်မ တွေ့ခဲ့ရတယ်။ ဒါက ကျွန်မကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတဲ့၊ လူ့သဘာဝ ကင်းမဲ့တဲ့သူ ဖြစ်လာစေခဲ့ပါတယ်။ ကျွန်မရဲ့ တာဝန်ကို အဆင့်အတန်းနဲ့ နာမည်ဂုဏ်သတင်း ရရှိဖို့ နည်းလမ်းတစ်ခုအနေနဲ့ သဘောထားခဲ့ပြီး ကျွန်မရဲ့ တာဝန်ကို ညီအစ်ကိုမောင်နှမတွေဆီက လေးစားမှုနဲ့ ချီးမွမ်းမှုတွေ ရရှိဖို့ အခွင့်အရေးအဖြစ် အသုံးချချင်ခဲ့တယ်။ ကျွန်မ ဘုရားသခင်ကို လှည့်စားပြီး အတိုက်အခံလုပ်နေခဲ့တာပဲ။ ကျွန်မ အရမ်းအန္တရာယ်များတဲ့ အခြေအနေမှာ ရောက်နေမှန်း သိနားလည်ခဲ့တာမို့ နောင်တနဲ့ ဘုရားသခင်ကို ဆုတောင်းခဲ့တယ်။ “အို ဘုရားသခင်၊ သမီး နာမည်ဂုဏ်သတင်း၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းတွေကို ဆက်လက် မရှာဖွေချင်တော့ပါဘူး။ ကိုယ်တော့်ဆီမှာ နောင်တရဖို့ သမီး အဆင်သင့်ဖြစ်နေပါပြီ။ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းကို ရှာဖွေတွေ့ရှိအောင် ကျေးဇူးပြုပြီး သမီးကို လမ်းပြတော်မူပါ” လို့ပေါ့။
အဲဒီနောက်မှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် နှစ်ပိုဒ်ကို ကျွန်မ တွေ့ခဲ့ရတယ်။ “လူတိုင်းသည် သမ္မာတရားရှေ့မှောက်တွင် တန်းတူညီမျှဖြစ်ပြီး ဘုရားအိမ်တော်၌ မိမိတို့တာဝန်များကို ထမ်းဆောင်သောသူတို့အတွက် အသက်အရွယ်တွင်ဖြစ်စေ၊ နိမ့်ကျမှုနှင့် မြင့်မြတ်မှုတွင်ဖြစ်စေ ခြားနားချက်များ မရှိပေ။ လူတိုင်းသည် မိမိတို့တာဝန်ရှေ့မှောက်တွင် တန်းတူဖြစ်သည်။ မတူကွဲပြားသည့် အလုပ်များကို ၎င်းတို့ လုပ်ဆောင်ကြခြင်းသာ ဖြစ်သည်။ မည်သူက ဝါရင့်မှုရှိသည်ဟူသည်အရမူ ၎င်းတို့ကြားတွင် ခြားနားချက်များ မရှိပေ။ သမ္မာတရားရှေ့မှောက်တွင် လူတိုင်း နှိမ့်ချမြဲနှိမ့်ချနေသင့်သည်၊ ကျိုးနွံနာခံပြီး လက်ခံတတ်သော စိတ်နှလုံး ရှိမြဲရှိနေသင့်သည်။ လူတို့အနေဖြင့် ဤဆင်ခြင်တုံတရားနှင့် ဤသဘောထား ပိုင်ဆိုင်သင့်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၈)) “လူတို့သည် ၎င်းတို့၏တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် ဘုရားသခင် တောင်းဆိုသောအခါ လုပ်ငန်းတစ်ချို့တလေကို ပြီးမြောက်ရန် သို့မဟုတ် ကြီးကျယ်သော ကြိုးပမ်းမှုများကို ဆောင်ရွက်အောင်မြင်ရန်၊ သို့တည်းမဟုတ် ကြီးကြီးမားမား ဆောင်ရွက်ချက်တစ်ခုခုကို ပြုလုပ်ရန် တောင်းဆိုခြင်းမရှိပေ။ ဘုရားသခင် အလိုရှိသောအရာမှာ လူတို့အနေဖြင့် လက်တွေ့ကျသော နည်းလမ်းဖြင့် သူတို့တတ်နိုင်သမျှကို လုပ်ဆောင်နိုင်ပြီး သူ၏ နှုတ်ကပတ်တော်များနှင့်အညီ အသက်ရှင်နိုင်ရန် ဖြစ်သည်။ ဘုရားသခင်သည် သင့်အား ကြီးမြတ်ရန် သို့မဟုတ် မွန်မြတ်ရန်၊ သို့မဟုတ် ထူးဆန်းသောတန်ခိုးများ ပြုစေရန် မလိုအပ်သကဲ့သို့ သင့်တွင် ကျေနပ်စရာကောင်းသော အံ့သြဖွယ်ရာများကို မြင်လိုခြင်းမရှိပေ။ သူသည် ထိုသို့သောအရာများကို မလိုအပ်ချေ။ ဘုရားသခင်လိုအပ်သမျှမှာ သင့်အနေဖြင့် သူ၏နှုတ်ကပတ်တော်များအတိုင်း စွဲစွဲမြဲမြဲ လက်တွေ့လုပ်ဆောင်ရန် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်သောအခါ သင်နားလည်ထားသည့်အရာကို ပြုလုပ်လော့၊ သင်သဘောပေါက်နားလည်ထားသည့်အရာကို ဆောင်ရွက်လော့၊ သင်ကြားခဲ့သည့်အရာကို ကောင်းစွာ မှတ်သားလော့၊ ပြီးနောက် လက်တွေ့လုပ်ဆောင်ချိန် ရောက်သည့်အခါ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လုပ်ဆောင်လော့။ ယင်းတို့ကို သင်၏ဘဝ၊ သင်၏ စစ်မှန်မှုများနှင့် သင်အသက်ရှင်နေထိုင်နေသော အရာများ ဖြစ်စေလော့။ သို့ဖြစ်၍ ဘုရားသခင် ကျေနပ်လိမ့်မည်။...တာဝန်ထမ်းဆောင်ခြင်းက အမှန်တွင် မခက်သည်သာမက သစ္စာစောင့်သိစွာနှင့် လက်ခံနိုင်လောက်သော စံနှုန်းတစ်ခုအဖြစ် ထိုသို့လုပ်ဖို့လည်း မခက်ပါချေ။ သင့်သည် အသက်စတေးရန်ဖြစ်စေ၊ အထူးဖြစ်သည့်အရာတစ်ခုတလေကိုဖြစ်စေ၊ ခက်ခဲသည့်အရာ တစ်ခုတလေကိုဖြစ်စေ ပြုလုပ်ရန် မလိုအပ်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် လမ်းညွှန်ချက်များကို ရိုးသားစွာနှင့် စွဲစွဲမြဲမြဲ လိုက်နာရုံသာဖြစ်ကာ သင့်ကိုယ်ပိုင် အကြံဉာဏ်များကို ထည့်သွင်းခြင်း သို့မဟုတ် သင့်ကိုယ်ပိုင်လုပ်ငန်းကို မစီမံဘဲ သမ္မာတရားလိုက်စားသော လမ်းကြောင်းကို လျှောက်လှမ်းခြင်းသာ လိုအပ်သည်။ လူတို့သည် ဤအရာကို ပြုလုပ်နိုင်လျှင် သူတို့တွင် အခြေခံအားဖြင့် လူသားအသွင်သဏ္ဌာန် ရှိမည်ဖြစ်သည်။ သူတို့သည် ဘုရားသခင်ကို စစ်မှန်သော ကျိုးနွံနာခံမှုရှိပြီး ရိုးသားသောလူတစ်ဦး ဖြစ်လာသောအခါ စစ်မှန်သောလူသား၏ ပုံသဏ္ဌာန်ကို ပိုင်ဆိုင်ကြလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လျော်ကန်သော တာဝန်ဖြည့်ဆည်းခြင်းသည် လိုက်ဖက်ညီသော ပူးပေါင်းလုပ်ဆောင်ခြင်း လိုအပ်သည်) အမှန်တော့ ဘုရားသခင်အိမ်တော်မှာ ဘယ်လိုတာဝန်ပဲ လုပ်လုပ်၊ ခေါင်းဆောင်တာဝန်ပဲဖြစ်ဖြစ်၊ စာနဲ့ပတ်သက်တဲ့ တာဝန်ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ဧည့်ခံသူအဖြစ်နဲ့ အလုပ်လုပ်တာ ဒါမှမဟုတ် အထွေထွေကိစ္စတွေ လုပ်တာပဲဖြစ်ဖြစ်၊ ဒါတွေအားလုံးက မတူညီတဲ့ အလုပ်တွေပဲဖြစ်ပြီး တစ်ခုက တစ်ခုထက် မြင့်တာနိမ့်တာ မရှိပါဘူး။ ဘယ်လိုတာဝန်ပဲ ကျွန်မတို့လုပ်လုပ် ကျွန်မတို့ အားလုံးက ဘုရားသခင်ရဲ့ တာဝန်ပေးစေခိုင်းချက်ကို လက်ခံပြီး ဖန်ဆင်းခံတွေအနေနဲ့ ကိုယ့်လုပ်ဆောင်မှုကိုယ် ထမ်းဆောင်နေတာပါပဲ။ ဘုရားသခင်က လူတစ်ယောက်ကို အရည်အချင်း၊ ကျွမ်းကျင်မှုရှိလို့ ဒါမှမဟုတ် သီးခြားတာဝန်တစ်ခုခု လုပ်လို့ဆိုပြီး ထွေထွေထူးထူးအထင်ကြီးမှာ မဟုတ်ပါဘူး။ အလားတူပဲ သူက လူတစ်ယောက်ကို သိပ်အထင်ကြီးလောက်စရာ မဟုတ်တဲ့ တာဝန်တစ်ခုလုပ်လို့ဆိုပြီး အထင်သေးမှာမဟုတ်ဘူး။ ဘုရားသခင် အရေးစိုက်တာက လူတွေဟာ သူတို့ရဲ့ တာဝန်ထမ်းဆောင်ရာမှာ သမ္မာတရားကို လိုက်စားလား၊ သူတို့ရဲ့ တာဝန်တွေမှာ ကျိုးနွံနာခံပြီး သစ္စာရှိရဲ့လားဆိုတာကိုပါပဲ။ အသင်းတော်က ကျွန်မကို ဧည့်ခံသူအဖြစ် ခန့်အပ်တာဝန်ပေးခဲ့တဲ့အတွက် ဒါက ကျွန်မ ကောင်းကောင်း ဖြည့်ဆည်းသင့်တဲ့ တာဝန်နဲ့ ဝတ္တရားတစ်ခုပါပဲ။ လူတွေက ကျွန်မကို အထင်ကြီးတာမျိုး ရှိရှိ မရှိရှိ ကျွန်မ ဒါကို လက်ခံပြီး ကျိုးနွံနာခံသင့်တယ်။ ဒါက ကျွန်မမှာရှိသင့်တဲ့ ဆင်ခြင်တုံတရားပါပဲ။ ဘုရားသခင် ဖန်ဆင်းထားတဲ့ အရာတွေ အားလုံးကို ကျွန်မ တွေးကြည့်မိတယ်။ သူတို့ဟာ ကြီးမားတာပဲဖြစ်ဖြစ်၊ သေးငယ်တာပဲဖြစ်ဖြစ်၊ သူတို့အားလုံးဟာ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီမံမှုတွေအတိုင်း တည်ရှိနေကြပြီး ဘုရားသခင် ပေးအပ်ထားတဲ့ ဘယ်လိုလုပ်ဆောင်မှုကိုမဆို လုပ်ဆောင်နေကြတာပါ။ မြက်ပင်လေးတစ်ပင်က သစ်ပင်ကြီးတစ်ပင်နဲ့ သူ့ရဲ့ အမြင့်ကို ယှဉ်မကြည့်သလို ပန်းတွေနဲ့လည်း ဘယ်ဟာက ပိုလှလဲဆိုပြီး မယှဉ်ပြိုင်ပါဘူး။ သူဟာ သူ့ရဲ့လုပ်ဆောင်မှုကိုပဲ ကျိုးကျိုးနွံနွံ ထမ်းဆောင်တယ်။ ကျွန်မသာ အဲဒီမြက်ပင်လို ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီမံမှုတွေကို ကျိုးနွံနာခံနိုင်မယ်၊ လက်တွေ့ကျတဲ့ ပုံစံနဲ့ ကျင့်ကြံပြုမူပြီး ဖန်ဆင်းခံတစ်ဦးအနေနဲ့ ကိုယ့်ရဲ့ အခန်းကဏ္ဍကို ဖြည့်ဆည်းဖို့ ကြိုးစားနိုင်မယ်ဆိုရင် အဆင့်အတန်း မရရှိလို့ ကျွန်မ ဒီလောက်ဒုက္ခခံရမှာ မဟုတ်ပါဘူး။ ပြီးတော့ ဘုရားသခင်အိမ်တော်မှာ ခေါင်းဆောင်ဖြစ်တာက ကျွန်မ ယုံကြည်ခဲ့သလို လူတွေကို အမိန့်ပေးရတာချည်း မဟုတ်ဘူး၊ လူတိုင်းရဲ့ အစေခံဖြစ်ဖို့ လိုအပ်သလို ညီအစ်ကိုမောင်နှမတွေကို ကူညီဖို့ သမ္မာတရားနဲ့ မိတ်သဟာယပြုရတာ၊ အသက်ဝင်ရောက်မှုနဲ့ သူတို့ရဲ့ တကယ့်ပြဿနာတွေကို ဖြေရှင်းပေးရတာ၊ ပြီးတော့ ဘုရားသခင်နှုတ်ကပတ်တော်ရဲ့ လက်တွေ့ကျမှုကို သူတို့ကို လမ်းပြပေးရတာတွေ လိုအပ်ပါတယ်။ ဧည့်ခံရေးတာဝန်ကလည်း နိမ့်ကျတဲ့ တာဝန်တစ်ခု မဟုတ်ပါဘူး။ ဧည့်ခံရေးပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ တစ်ဦးတစ်ယောက်ဟာ သူ့တာဝန်သူ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ ညီအစ်ကိုမောင်နှမတွေက သူတို့ရဲ့ တာဝန်ကို ငြိမ်းငြိမ်းချမ်းချမ်း လုပ်ဆောင်နိုင်မှာပါ။ ကျွန်မတို့ တစ်ဦးစီဟာ နိုင်ငံတော်ဧဝံဂေလိကို ချဲ့ထွင်ဖို့ ကိုယ့်ရဲ့ အခန်းကဏ္ဍမှာ ကိုယ့်အပိုင်းကိုယ် လုပ်ဆောင်နေကြတာပါ။ ဒါတွေအားလုံးကို သိနားလည်ပြီးနောက်မှာ ကျွန်မ လွတ်လပ်တဲ့စိတ်ကို ခံစားခဲ့ရတယ်။ ဘုရားသခင်အိမ်တော်က လူတွေကို သူတို့ရဲ့ ကျွမ်းကျင်မှု၊ အစွမ်းအစနဲ့ ဝိညာဉ်ရင့်ကျက်မှုအပေါ် မူတည်ပြီး တာဝန်တွေ ပေးအပ်ပါတယ်။ ကျွန်မ အရင်က ခေါင်းဆောင်မှုနဲ့ စာနဲ့ပတ်သက်တဲ့ တာဝန်တွေ ထမ်းဆောင်ခဲ့ဖူးတယ်။ ဒါပေမဲ့ ကျွန်မရဲ့ အစွမ်းအစ မလုံလောက်ခဲ့ဘူး။ အလုပ်တွေအတွက် မသင့်တော်ခဲ့တဲ့အပြင် အဲဒီကဏ္ဍတွေနဲ့လည်း မကိုက်ညီခဲ့ဘူး။ ဒါတောင်မှ ကျွန်မ ကိုယ့်ကိုယ်ကိုယ် တကယ် နားမလည်ခဲ့ဘူး။ အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် အရမ်း အထင်ကြီးခဲ့ပြီး သူများတွေရဲ့ လေးစားမှုကို ရှာဖွေခဲ့တယ်။ ကျွန်မ ပြုမူပုံဟာ ဆင်ခြင်တုံတရားမဲ့လိုက်တာ။ အသင်းတော်က ကျွန်မကို ဧည့်ခံရေးတာဝန်တစ်ခု ပေးအပ်ခဲ့တာက ကျွန်မရဲ့ အစွမ်းအစနဲ့ ကျွန်မရဲ့ အိမ်ပတ်ဝန်းကျင်ပေါ် မူတည်ပြီးတော့ ပေးအပ်ခဲ့တာပါ။ ဒီတာဝန်က ကျွန်မအတွက် အရမ်းသင့်တော်ခဲ့တာပါ။ ဧည့်ခံသူအဖြစ် ကျွန်မရဲ့ အခန်းကဏ္ဍအတွက် အရမ်းကြီး အထင်ကြီးလေးစားတာ မခံခဲ့ရပေမဲ့ ဒီတာဝန်က ကျွန်မရဲ့ မှားယွင်းတဲ့ လိုက်စားမှု အမြင်တွေနဲ့ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ထုတ်ဖော်ပြခဲ့တယ်။ ပြီးတော့ သမ္မာတရားကို ရှာဖွေပြီး ကိုယ့်ကိုယ်ကိုယ် နားလည်မှုတချို့ ရရှိအောင် ကျွန်မကို စေ့ဆော်ပေးခဲ့တယ်။ ဒါဟာ ဒီတာဝန်ကနေ ကျွန်မ ရရှိနိုင်တဲ့ အဖိုးအထိုက်တန်ဆုံး အရာပါပဲ။ ကျွန်မကို သန့်စင်စေဖို့နဲ့ ပြောင်းလဲပေးဖို့ ဒီပတ်ဝန်းကျင်ကို စီစဉ်ညွှန်ကြားပေးတဲ့အတွက် ဘုရားသခင်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ခဲ့တယ်။ ပြီးတော့ သူ့ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ စီမံမှုတွေကို ကျိုးနွံနာခံဖို့ ဆန္ဒရှိလာပြီး သူ့ရဲ့ ချစ်ခြင်းမေတ္တာကို ပြန်ဆပ်ဖို့ ကျွန်မရဲ့ ဧည့်ခံရေးတာဝန်ကို ကောင်းကောင်းမွန်မွန် ဖြည့်ဆည်းခဲ့တယ်။
နောက်ပိုင်းမှာ ညီအစ်မတွေအတွက် ကျွန်မ အစားအသောက် ပြင်ဆင်တဲ့နေရာမှာ စည်းမျဉ်းတွေအတိုင်း လုပ်ဖို့ ကျွန်မ စတင်လိုက်စားခဲ့တယ်။ ဘယ်လို အစားအစာတွေက သူတို့ရဲ့ ကျန်းမာရေးအတွက် အကျိုးအများဆုံး ဖြစ်မလဲဆိုတာ စဉ်းစားတာပေါ့။ သူတို့က အလုပ်မရှုပ်တဲ့အခါမှာ ကျွန်မကို အိမ်အလုပ်တွေ ကူလုပ်ပေးခဲ့ကြပြီး နိမ့်ကျတဲ့သူတစ်ယောက်လို ကျွန်မကို လုံးဝ အမိန့်မပေးခဲ့ပါဘူး။ ကျွန်မ တာဝန်မှာ အခက်အခဲတွေ ကြုံတဲ့အခါ သူတို့က စိတ်ရှည်လက်ရှည် ကျွန်မနဲ့ မိတ်သဟာယပြုပြီး ကျွန်မကို အားပေးကြတယ်။ ကျွန်မတို့အားလုံး ကိုယ့်ရဲ့ အခန်းကဏ္ဍတွေမှာ ကိုယ့်အပိုင်းကိုယ် လုပ်ဆောင်ခဲ့ကြတယ်။ ဒီလိုနည်းနဲ့ ညီအစ်မတွေနဲ့ ပိုသဟဇာတဖြစ်တဲ့ ဆက်ဆံရေးမျိုး ကျွန်မ စပြီးရရှိလာခဲ့တယ်။ ပြီးတော့ ကျွန်မရဲ့ တာဝန်ကို ပျော်ပျော်ရွှင်ရွှင် ထမ်းဆောင်ဖို့ ဆန္ဒရှိခဲ့တယ်။ ဒီရရှိမှုတွေနဲ့ ပြောင်းလဲမှုတွေဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေရဲ့ စီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းတွေရဲ့ ရလဒ်တွေပါပဲ။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
လီဖန်း တရုတ်နိုင်ငံ ကျွန်မက ၂၀၁၇ နွေရာသီမှာ အသင်းတော်ခေါင်းဆောင်အဖြစ် ထမ်းဆောင်ခဲ့ပါတယ်။ အလုပ်လိုအပ်ချက်တွေကြောင့် အထက်ခေါင်းဆောင်က...
ဟောင်လီ တရုတ်နိုင်ငံ၂၀၁၉ ခုနှစ် ဩဂုတ်လမှာ ခေါင်ဆောင်ရာထူးတစ်ခု ကျွန်မယူခဲ့တယ်။ တစ်ကြိမ် စုဝေးပွဲတစ်ခုမှ ကျွန်မရဲ့ မိတ်သဟာယကို...
၂၀၂၀ခုနှစ်၊ စက်တင်ဘာလမှာ ကျွန်မက ဓမ္မတေးအသံပိုင်းဆိုင်ရာ ထုတ်လုပ်ရေးနောက်ပိုင်း အလုပ်တွေကို ညှိနှိုင်းဆောင်ရွက်ဖို့ တာဝန်ယူရတယ်။...
ရှင်းရိ တရုတ်နိုင်ငံ ၂၀၂၀ခုနှစ် ဇူလိုင်လမှာ ကျွန်မက အစ်ကိုကျောက်နဲ့ အစ်မလီတို့နဲ့အတူ ရေလောင်းအလုပ်ကို ကိုင်တွယ်နေတာပါ။ သူတို့တွေက...