ဂုဏ်အဆင့်အတန်းကို လိုချင်သည့် ဆန္ဒ ဗွေဖောက်လာသောအခါ

16.12.2022

ရှင်းရိ တရုတ်နိုင်ငံ

၂၀၂၀ခုနှစ် ဇူလိုင်လမှာ ကျွန်မက အစ်ကိုကျောက်နဲ့ အစ်မလီတို့နဲ့အတူ ရေလောင်းအလုပ်ကို ကိုင်တွယ်နေတာပါ။ သူတို့တွေက အခုမှစပြီး လေ့ကျင့်နေကြတာဆိုတော့ ဖြစ်နိုင်သမျှ အမြန်ဆုံး စည်းမျဉ်းတွေကို နားလည်ပြီး အလုပ်နဲ့ ရင်းနှီးအောင် ကျွန်မက သူတို့ကို ကူညီပေးတယ်။ ပြီးတော့ သူတို့နားမလည်တာတစ်ခုခုရှိတဲ့အခါမှာ သူတို့က ကျွန်မကို မေးတယ်။ နည်းနည်းကြာလာတော့ သူတို့နှစ်ယောက်လုံးမှာ အားသာချက်တချို့ရှိတာကို ကျွန်မ သတိထားမိတယ်။ အစ်ကိုကျောက်က အစွမ်းအစကောင်းရှိပြီး စည်းမျဉ်းတွေကို အမြန် သင်ယူနိုင်တယ်။ အစ်မလီက တော်တော် လုပ်ရည်ကိုင်ရည်ရှိတယ်။ တကယ်ကို အစီအစဉ်တကျလုပ်ပြီး ထိရောက်တယ်။ အလုပ်ပေးလိုက်တဲ့အချိန်တိုင်းမှာ ယုံကြည်သူအသစ်တွေရဲ့ အခက်အခဲတွေကို ဖြေရှင်းဖို့ ဘုရားနှုတ်ကပတ်တော်တွေကို အမြန်ရှာနိုင်ကြတယ်။ ကျွန်မက သူတို့နဲ့ ယှဉ်လိုက်ရင် မှေးမှိန်သွားသလို ခံစားရတယ်။ ကျွန်မလုပ်တာက သိပ်မထိရောက်ဘူး။ သူတို့လောက်လည်း အကင်းမပါးဘူး။ ကျွန်မက ယုံကြည်သူအသစ်တွေရဲ့ ပြဿနာတွေကို တော်တော်ကြာစဉ်းစားရတယ်။ သူတို့ထက်စာရင် ကျွန်မမှာ အရာရာတိုင်း ပိုနှေးပြီး ပိုပင်ပန်းသလိုပဲ။ နောက်ပိုင်းမှာ သူတို့က အလုပ်နဲ့ ပိုရင်းနှီးလာတော့ သူတို့က အဓိကကျတဲ့နေရာကို စပြီး ယူလာတယ်။ တစ်ခါတလေ ရေလောင်းသူတွေရဲ့ မေးခွန်းတွေကို ကျွန်မတို့ အတူပြန်ဖြေဖို့ လိုတယ်။ ကျွန်မက ကိုယ့်မှာရှိတဲ့ တာဝန်တွေအားလုံးကို မပြီးသေးတော့ အစ်မလီက ပြောတယ်။ “စိတ်မပူနဲ့။ ကျွန်မတို့ တိုက်ရိုက် ပြန်ဖြေလိုက်လို့ရတဲ့ ရိုးရှင်းတဲ့ မေးခွန်းတချို့ရှိပါတယ်။” တဲ့။ ဒီလိုကြားရတော့ ကျွန်မက အနေရခက်တယ်။ ကျွန်မလုပ်တာက နှေးတော့ ကျွန်မနဲ့ ဆွေးနွေးရင် အကုန်လုံး နှောင့်နှေးကုန်မှာစိုးလို့မဟုတ်လား ပေါ့။ အရင်က တစ်ခါမှ မကြုံတွေ့ဖူးတဲ့ပုံစံနဲ့ ကျွန်မ ချန်ထားခံရသလိုမျိုး ခံစားရတယ်။ ကျွန်မက မကျေမနပ်တောင် ဖြစ်တယ်။ ငါ့အစွမ်းအစက ဘာလို့ အရမ်းနည်းနေတာလဲ။ ငါက အလိုက်သင့်စဉ်းစားတတ်သူမဟုတ်ဘူး။ အမြန် မတုံ့ပြန်ဘူး။ သူတို့လောက် မငယ်ဘူး။ မတော်ဘူး။ သူတို့က အရာရာတိုင်းမှာ ထိရောက်မှုရှိတယ်။ အခုကစပြီး ငါက လုပ်ရည်ကိုင်ရည်အနည်းဆုံးဖြစ်မှာ မဟုတ်ဘူးလား။ သူတို့က ငါ့ကို ဘယ်လိုထင်မလဲ။ ရေလောင်းတဲ့အလုပ်ကို ငါဒီလောက်လုပ်လာပြီးတာတောင် သူတို့ထက် နိမ့်နေသေးတယ်၊ ဒါပေမဲ့ သူတို့က လေ့ကျင့်ပြီးတာမကြာသေးဘူးလို့ ပြောနိုင်တယ်။ ဒါဆို တော်တော်ရှက်စရာကောင်းမှာပဲ။ ကျွန်မက မတော်ဘူးဆိုတာကို သူတို့ကို မသိစေချင်တော့ ကျွန်မက လျှို့ဝှက်ပြီး အလုပ်စလုပ်တယ်။ နေ့တိုင်း လူသစ်တွေနဲ့တွေ့တာ၊ ဘုရားနှုတ်ကပတ်တော်တွေကို ရှာပြီး ယုံကြည်သူအသစ်တွေရဲ့ ပြဿနာတွေကို စဉ်းစားဖို့ ကြိုးစားတာတွေကို အချိန်ပိုပေးတယ်။ အဝတ်လျှော်တာ၊ အစာစားတာတောင်မှ အချိန်ဖြုန်းနေသလို ကျွန်မ ခံစားရတယ်။ ကျွန်မတာဝန်မှာ ပိုပြီး ထိရောက်မှုရှိအောင်လို့ ဘုရားကို ခဏခဏ ဆုတောင်းပြီး အကူအညီတောင်းတယ်။ ဒါပေမဲ့ ကိစ္စတွေက ဆန့်ကျင်ဘက်ဖြစ်တယ်။ ကျွန်မ ဘယ်လောက်ကြိုးစားပြီး လုပ်လုပ်၊ ထိရောက်မှုက မရှိဘူး။ သတိမထားမိခင်မှာပဲ တာဝန်အတွက် ကြိုးစားချင်စိတ်တစ်ခုမှ မရှိတော့ဘူး။ ကျွန်မ တွဲဖက်တွေကို ပြဿနာတွေအများကြီးကို ကိုင်တွယ်ခိုင်းခဲ့တယ်။ ကျွန်မက အစွမ်းအစမရှိတော့ ကျွန်မလုပ်နိုင်တဲ့ဘာကိုမဆို တာဝန်ယူလုပ်ဖို့ စဉ်းစားလိုက်တယ်။ ကျွန်မက ပိုပိုပြီး ဆိုးတဲ့ အခြေအနေကို ရောက်လာတယ်။ တာဝန်မှာ တော်တော် မတက်မကြွဖြစ်လာတယ်။ ကျွန်မအလုပ်မှာ ပြဿနာတွေကို သတိမထားမိတော့ဘူး။ ကျွန်မက ကောင်းတဲ့ အခြေအနေမှာမရှိတာကို ကျွန်မတွဲဖက်နှစ်ယောက်က မြင်တော့ ကျွန်မကို မိတ်သဟာယဖွဲ့တယ်။ ဒါပေမဲ့ ကျွန်မက လက်မခံဘူး။ ကျွန်မအခြေအနေကို လုံးဝ မပြောင်းလဲနိုင်ဘူး။ တချို့ပြဿနာတွေက အချိန်မီ မဖြေရှင်းနိုင်ဘူး။ ဒါကြောင့် ကျွန်မရဲ့ ရေလောင်းအလုပ် စွမ်းဆောင်မှုကို ထိခိုက်လာတယ်။

ခေါင်းဆောင်က ကျွန်မအခြေအနေကို သိသွားတော့ ကျွန်မနဲ့ မိတ်သဟာယဖွဲ့တယ်။ ဒါက အစွမ်းအစနဲ့ ဘာမှမဆိုင်ဘူး၊ ကျွန်မက နာမည်နဲ့ ဂုဏ်အဆင့်အတန်းကို အရမ်းလိုချင်နေတာ၊ ကျွန်မတို့အလုပ် မနှောင့်နှေးအောင် ကိုယ့်အခြေအနေကို အမြန်ဆုံးပြောင်းရမယ်တဲ့။ ကျွန်မက ကောင်းတဲ့ အခြေအနေမှာမရှိဘူး၊ ကျွန်မတာဝန်မှာ အသိစိတ်ကင်းမဲ့နေတယ် အရင်က ကျွန်မ ဖြေရှင်းနိုင်တဲ့ ပြဿနာတွေကို မဖြေရှင်းနိုင်ဘူးဆိုတာ ကျွန်မ သတိထားမိတယ်။ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းဖွင့်ပြမှုကို ကျွန်မ မခံစားရဘူး။ ထုံထိုင်းနေတာပေါ့။ သခင်ယေရှုပြောတဲ့ဟာတစ်ခုကို ကျွန်မ တွေးမိတယ်။ “အကြင်သူသည် ရတတ်၏။ ထိုသူ၌ ကြွယ်ဝပြည့်စုံစေခြင်းငှါ ပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏။ ထိုသူ၌ရှိသမျှကိုပင် နှုတ်လိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၁၃:၁၂) ဘုရားအလိုတော်နဲ့မညီတာတစ်ခုခုကို လုပ်နေမိလို့ သူက ကျွန်မဆီကနေ သူ့မျက်နှာကို ပုန်းနေတာ။ ကျွန်မ ကြောက်သလိုဖြစ်လာပြီး ဆုတောင်းတယ်။ “ဘုရားသခင် သမီးတာဝန်က တကယ်ကို ပင်ပန်းပြီး ကိုယ်တော့်လမ်းပြမှုကို သမီး မခံစားရပါဘူး။ သမီးကို ဉာဏ်အလင်းဖွင့်ပြပြီး လမ်းပြတော်မူပါ။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ပြီး သမီးပြဿနာတွေကို နားလည်ဖို့၊ သမီးရဲ့ မမှန်ကန်တဲ့ အခြေအနေကို ပြောင်းခွင့်ပေးပါ” ပေါ့။ အဲဒီနောက်တော့ ကျွန်မအခြေအနေကို ကိုင်တွယ်ဖို့ ဘုရားနှုတ်ကပတ်တော်တွေကို ရှာတွေ့ခဲ့တယ်။ ဘုရားသခင်က ပြောသည်- “သခင်ယေရှုသည် တစ်ချိန်က၊ ‘အကြင်သူသည် ရတတ်၏။ ထိုသူ၌ ကြွယ်ဝပြည့်စုံစေခြင်းငှါ ပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏။ ထိုသူ၌ရှိသမျှကိုပင် နှုတ်လိမ့်မည်။’ (ရှင်မဿဲခရစ်ဝင် ၁၃:၁၂) ဟုဆိုခဲ့သည်။ ဤနှုတ်ကပတ်တော်များ၏အဓိပ္ပာယ်မှာ အဘယ်နည်း။ ဆိုလိုသည်မှာ သင်သည် သင်၏ကိုယ်ပိုင် တာဝန်၊ သို့မဟုတ် အလုပ်ကို လုပ်ဆောင်ခြင်း၊ သို့မဟုတ် ဆက်ကပ်အပ်နှံခြင်းပင် မရှိပါက၊ ဘုရားသခင်သည် တစ်ချိန်က သင်ပိုင်ဆိုင်ခဲ့သည့်အရာကို ဖယ်ရှားလိုက်လိမ့်မည်ဟူ၍ ဖြစ်သည်။ ‘ဖယ်ရှားသည်’ ဆိုသည်မှာ အဘယ်အဓိပ္ပာယ်နည်း။ လူသားအနေဖြင့်၊ ယင်းကို အဘယ်သို့ ခံစားရသနည်း။ ယင်းမှာ သင်၏အစွမ်းအစနှင့် ဆုကျေးဇူးများက သင့်အား ရရှိခွင့်ပြုနိုင်ပြီးဖြစ်မည့်အရာကို သင်မရနိုင်ဖြစ်ပြီး၊ သင် မည်သည့်အရာမျှ မခံစားရဘဲရှိကာ၊ မယုံကြည်သူကဲ့သို့ ဖြစ်သွားခြင်း ဖြစ်နိုင်သည်။ ယင်းမှာ ဘုရားသခင်က အရာရာကို ဖယ်ရှားသည်ဆိုသည့်အရာ ဖြစ်သည်။ သင်၏တာဝန်၌ သင်သည် ပေါ့လျော့ပြီး အဖိုးအခ မပေးဆပ်သကဲ့သို့ မရိုးသားပါက၊ ဘုရားသခင်သည် တစ်ချိန်က သင်ပိုင်ဆိုင်ခဲ့သည့်အရာကို ဖယ်ရှားလိမ့်မည်၊ သင်၏တာဝန် ထမ်းဆောင်ခွင့်ကို သူ ပြန်သိမ်းယူမည် ဖြစ်သည်၊ သင့်အား ဤလုပ်ပိုင်ခွင့်ကို သူပေးမည် မဟုတ်ချေ။...သင်၏တာဝန်ကို လုပ်ဆောင်ခြင်းသည် သင့်အတွက် အစဉ် အဓိပ္ပာယ်မဲ့သည်ဟု ခံစားရပါက၊ မည်သည့်အရာမျှ လုပ်ဆောင်ဖို့မရှိဟု ခံစားရပြီး သင့်ကိုယ်သင် ဖြည့်ဆည်းဖို့ လုပ်ဆောင်စေနိုင်ခြင်း မရှိပါက၊ သင်သည် မည်သည့်အခါမျှ ဉာဏ်အလင်းပေးခံရခြင်း မရှိသကဲ့သို့ ထုတ်ယူစရာ ကျွမ်းကျင်မှု၊ သို့မဟုတ် ဉာဏ်ပညာတစ်ခုတစ်လေမျှ မရှိဟု မိမိကိုယ်ကိုယ် ခံစားရပါက၊ ဤသည်မှာ ပြဿနာဖြစ်သည်။ ဤသည်မှာ သင်သည် သင်၏တာဝန်ကို ထမ်းဆောင်ခြင်းအတွက် မှန်ကန်သော ရည်ရွယ်ချက်၊ သို့မဟုတ် မှန်ကန်သော လမ်းကြောင်းမရှိသည်ကိုလည်းကောင်း၊ ဘုရားသခင်က လက်မခံသည်ကို လည်းကောင်း၊ သင်၏ အခြေအနေက ပုံမှန်မဟုတ်သည်ကိုလည်းကောင်း ပြသည်။ သင်သည် ဆင်ခြင်သုံးသပ်ရမည်။ ‘ငါ့တာဝန်ကို ထမ်းဆောင်တဲ့နေရာမှာ ဘာလို့ လမ်းကြောင်းမရှိတာလဲ။ ဒါကို ငါလေ့လာပြီးပြီ။ ငါ့ရဲ့ အတတ်ပညာနယ်ပယ်ထဲမှာရှိတယ်။ ဒါကို ငါကျွမ်းတောင် ကျွမ်းကျင်တယ်။ ငါ့အသိပညာကို အသုံးချဖို့ ကြိုးစားတဲ့အခါမှာ လုပ်လို့မရတာက ဘာကြောင့်လဲ။ ဘာလို့ အသုံးမချနိုင်တာလဲ။ ဘာဖြစ်နေတာလဲ။’ ဤသည်မှာ ကံကောင်းခြင်းဖြစ်သလော။ ဤနေရာတွင် ပြဿနာတစ်ခုရှိသည်။ ဘုရားသခင်က တစ်စုံတစ်ဦးကို ကောင်းချီးပေးသောအခါ ထိုသူသည် ဉာဏ်ပညာရှိလာသည်။ ကိစ္စရပ်များအားလုံးကို ရှင်းရှင်းလင်းလင်း မြင်လာသည့်အပြင် စိတ်ဝင်စားခြင်း၊ နိုးကြားခြင်း၊ အထူးသဖြင့် ကျွမ်းကျင်မှုရှိခြင်းတို့လည်း ဖြစ်လာသည်။ လုပ်ကိုင်တတ်လာပြီး လုပ်သမျှတွင် နိုးကြွမှုရှိလိမ့်မည်။ သူလုပ်သမျှသည် အလွန်လွယ်ကူပြီး မည်သည့်အခက်အခဲကမျှ သူ့ကို မတားဆီးနိုင်ဟု ထင်မြင်လိမ့်မည်။ သူသည် ဘုရားသခင်၏ ကောင်းချီးပေးခြင်းကို ခံရသည်။ တစ်စုံတစ်ယောက်က အရာရာ အလွန်ခက်ခဲသည်ဟု မြင်လျှင်၊ ထိုသူသည် ပြာယာခတ်လျှင်၊ ရယ်ဖွယ်ရာဖြစ်လျှင်၊ မည်သည့်အရာကို သူလုပ်ဆောင်နေသည်ကို လုံးဝ မသိလျှင်၊ မိမိကို မည်သည့်အရာ ပြောသည်ဖြစ်စေ ထိုသူက နားမလည်လျှင် ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သူသည် ဘုရားသခင်၏ လမ်းပြမှုမရှိ၊ ဘုရားသခင်၏ ကောင်းချီးမရှိဟု ဆိုလိုသည်။ လူအချို့က ‘ငါ ကြိုးစားအားထုတ်ပြီးပြီ။ ဒါဆို ငါက ဘယ်လိုဖြစ်ပြီး ဘုရားကောင်းချီးတွေကို မမြင်ရတာလဲ’ ဟု ပြောကြသည်။ သင်သည် သင့်ကိုယ်သင် အသုံးချပြီး အားထုတ်ကြိုးပမ်းသော်လည်း စည်းမျဉ်းနှင့်အညီ လုပ်ဆောင်ရန် မကြိုးစားလျှင် သင်သည် သင်၏တာဝန်၌ အပေါ်ယံ လုပ်ဆောင်နေခြင်းဖြစ်သည်။ ဘုရားသခင်၏ ကောင်းချီးများကို မည်သို့ မြင်နိုင်ခြေရှိမည်နည်း။ သင်သည် သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် အစဉ်ပေါ့ဆပြီး မည်သည့်အခါမျှ တာဝန်မကျေပွန်လျှင် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြခြင်း၊ သို့မဟုတ် အလင်းပေးခြင်းကို ခံရမည်မဟုတ်ပေ။ သင့်တွင် ဘုရားသခင်၏ လမ်းပြမှု၊ သို့မဟုတ် လုပ်ဆောင်မှုရှိမည်မဟုတ်ပေ။ သင်၏ လုပ်ရပ်များက အသီးအပွင့်ဖြစ်ထွန်းမည်မဟုတ်ပေ။ လူသား၏ အားအင်နှင့် သင်ယူမှုကို အားကိုးခြင်းအားဖြင့် တာဝန်ကို ကောင်းစွာထမ်းဆောင်ရန်၊ သို့မဟုတ် အမှုအရာတစ်ခုကို ကောင်းစွာ ကိုင်တွယ်ရန် အလွန်ခက်ခဲသည်။ လူတိုင်းက ၎င်းတို့သည် အနည်းငယ် သိမြင်သည်၊ ကျွမ်းကျင်မှု အနည်းငယ်ရှိသည်ဟု ထင်ကြသည်။ သို့သော် ၎င်းတို့သည် ကိစ္စများကို ညံ့ဖျင်းစွာ လုပ်ဆောင်သည်။ အမှုကိစ္စများက အစဉ်လွဲချော်သည်။ မှတ်ချက်နှင့် ရီမောမှုများကို ပျံ့နှံ့စေသည်။ ဤသည်မှာ ပြဿနာဖြစ်သည်။ လူတစ်ယောက်က ရှင်းရှင်းလင်းလင်းပင် မည်သည့်အရာမျှမဟုတ်သည့်တိုင် နားလည်ကျွမ်းကျင်မှုရှိသည်ဟု ထင်သည်။ မည်သူ့ကိုမျှ အလျှော့မပေးပေ။ ဤသည်မှာ လူ့သဘာဝတွင်ရှိသော ပြဿနာတစ်ခုနှင့် သက်ဆိုင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ရိုးသားခြင်းအားဖြင့်သာ စစ်မှန်သော လူသားအဖြစ် အသက်ရှင်နိုင်သည်) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ နည်းနည်းလန့်သွားတယ်။ အခုနောက်ပိုင်းမှာ အရာရာတိုင်းက ကျွန်မအတွက် ခက်ခဲပင်ပန်းနေတယ်။ ကျွန်မအလုပ်မှာ ပြဿနာတွေကို သတိမထားမိဘူး။ အရင်က ကျွန်မ ကိုင်တွယ်နိုင်ခဲ့တဲ့ပြဿနာတွေကို ရင်ဆိုင်ရတဲ့အခါမှာ အကူအညီမဲ့သလို ခံစားရတယ်။ ဒါဟာ ကျွန်မက ပုန်ကန်တဲ့ အခြေအနေမှာ ပိတ်မိနေပြီး ဘုရားက သူ့မျက်နှာကို ကျွန်မဆီကနေ ကွယ်ဝှက်ထားလို့ပါ။ ကျွန်မက ခံစားချက်မဲ့ပြီး နုံအလာတယ်။ မိုက်မဲပြီး ထုံထိုင်းလာတယ်။ ကျွန်မက ယုံကြည်သူအသစ်တွေကို ရေလောင်းနေတာ တော်တော်ကြာပြီ။ ရူပါရုံ သမ္မာတရားတချို့ကို ကျွန်မ နားလည်တယ်။ စည်းမျဉ်းတချို့ကို နားလည်တယ်။ ကြာရင် ကျွန်မက ကိုယ့်တာဝန်မှာ ပိုတော်လာသင့်တာသိသာပါတယ်။ ဒါပေမဲ့ ကျွန်မက ပိုပိုဆိုးလာတယ်။ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လမ်းပြမှုကို ကျွန်မ လုံးဝ မခံစားရဘူး။ ကျွန်မတာဝန်အပေါ် ကျွန်မရဲ့ သဘောထားက ဘုရားအတွက် စက်ဆုပ်စရာဖြစ်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်ကနေ ဘုရားရဲ့ ဖြောင့်မတ်ခြင်းနဲ့ သန့်ရှင်းခြင်းကို ကျွန်မ မြင်နိုင်တယ်။ သူက လူတွေကို ကောင်းချီးပေးရင်၊ အရာဝတ္ထုတွေယူဆောင်သွားရင် ဒါက စည်းမျဉ်းတွေအပေါ် အခြေခံတယ်။ လူတွေက သူတို့တာဝန်အပေါ် စိတ်နှစ်လုပ်ရင်၊ အစွမ်းကုန်လုပ်ရင်၊ သူတို့ ရည်ရွယ်ချက်က ဘုရားကို ကျေနပ်စေဖို့ဖြစ်ရင် သူတို့အတွက် သန့်ရှင်းသောဝိညာဉ်တော်ရဲ့လုပ်ဆောင်မှုကို ရဖို့ လွယ်တယ်။ သူတို့မှာ ထိုးထွင်းသိမြင်မှုရှိပြီး ကိုယ့်တာဝန်မှာ ပြဿနာတွေကို ရှာတွေ့နိုင်တယ်။ ပြဿနာတို ဖြေရှင်းနည်းကို သိတယ်။ သူတို့တာဝန်မှာ ပိုပိုပြီး တော်လာတယ်။ လူတွေက သူတို့တာဝန်မှာ စစ်မှန်မှုမရှိရင်၊ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကိုပဲ အမြဲ စဉ်းစားနေရင် သန့်ရှင်းသောဝိညာဉ်တော်ရဲ့အလုပ်ကို ရဖို့ ခက်ခဲလိမ့်မယ်။ နောက်တော့ ထုံထိုင်းပြီး နုံအလာမယ်။ အရင်က ပြနိုင်တဲ့ အားသာချက်တွေကို မပြနိုင်တော့ဘူး။ ဒီနည်းနဲ့ တာဝန်ကို ကောင်းကောင်းလုပ်ဖို့ မဖြစ်နိုင်ဘူး။ အဲဒီအချိန်ကာလမှာ ကျွန်မ အခြေအနေကို ပြန်သုံးသပ်ကြည့်တယ်။ ကျွန်မ တွဲဖက်နှစ်ယောက်နဲ့စလုပ်တဲ့နောက်မှာ အစတော့ ကျွန်မက တာဝန်ခံယူစိတ်ရှိပြီး သူတို့ကို အလုပ်ကို အမြန်ဆုံးသင်ယူဖို့ ကူညီပေးနိုင်တယ်။ ဒါပေမဲ့ သူတို့တွေက အမြန်တိုးတက်လာနေပြီး နေရာတိုင်းမှာ ကျွန်မထက်ပိုကျွမ်းကျင်တာကို တွေ့ရတော့ ကျွန်မက ခြိမ်းခြောက်ခံရသလို ခံစားရတယ်။ ကျွန်မရဲ့ ခေါင်းဆောင်ရာထူးကို ဆုံရှုံးရမှာကြောက်လာတယ်။ အဲဒါနဲ့ ကျွန်မက လမ်းလွဲလာတယ်။ ကျွန်မက လိုအပ်မှုရှိနေတာကို သူတို့ကို မမြင်စေချင်တော့ အလုပ်ကြိုးစားတယ်။ ညနက်တဲ့အထိနေတယ်။ ရေလောင်းတာ ပိုပြီး ထိရောက်ဖို့ ယုံကြည်သူအသစ်တွေနဲ့ စုဝေးတဲ့နေရာမှာ အချိန်ပိုပေးတယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ အလုပ်ကြိုးစားပါစေ၊ ဘယ်လိုအဖိုးအခမျိုး ပေးဆပ်ပါစေ၊ ကျွန်မက သူတို့လောက် မအောင်မြင် ဖြစ်နေတုန်းပဲ။ ကျွန်မ တွဲဖက်တွေနဲ့ ယှဉ်ပြိုင်တဲ့နေရာမှာ ကျွန်မ အားကုန်သုံးတယ်။ ကျွန်မအလုပ်မှာ ပိုအောင်မြင်ပြီး သိက္ခာဆည်ဖို့ ဘုရားရဲ့ အကူအညီကိုတောင် တောင်းခဲ့တယ်။ ကျွန်မက အရမ်းကို ကျိုးကြောင်းမသင့်ခဲ့တာပဲ။ ကျွန်မက ဘုရားကို အသုံးချနေတာ၊ ဘုရားကို လိမ်ညာနေတာပါ။ ဒါက ဘယ်လိုလုပ်ပြီး တာဝန်ထမ်းဆောင်တာ ဖြစ်မှာလဲ။ နောင်တတွေ အရမ်းရပြီး ဘုရားကို ဆုတောင်းတယ်။ “ဘုရားသခင်၊ သမီးက နာမည်နဲ့ အဆင့်အတန်းနောက်ကိုလိုက်နေပြီး သမီးတာဝန်ကို ကောင်းကောင်းမလုပ်ပါဘူး။ ရေလောင်းအလုပ်အတွက် အဟန့်အတားတစ်ခု ဖြစ်ခဲ့ပါတယ်။ ကိုယ်တော့်ဆီမှာ နောင်တရချင်ပါတယ်” ပေါ့။

အဲဒီနောက်တော့ ကျွန်မအတွက် တော်တော်အထောက်အကူဖြစ်တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သင်၏တာဝန်ကို သင် ကောင်းစွာ ထမ်းဆောင်နိုင်ခြင်း ရှိမရှိသည် သင်၏ ပင်ကိုစွမ်းရည်များ၊ သင်၏အစွမ်းအစ ကြီးမားခြင်း၊ သင်၏ လူ့သဘာဝ၊ သင်၏ စွမ်းရည်များ၊ သို့မဟုတ် သင်၏ ကျွမ်းကျင်မှုများနှင့် သက်ဆိုင်သော ကိစ္စတစ်ခုမဟုတ်ပေ။ ယင်းမှာ သင်သည် သမ္မာတရားကို လက်ခံသူတစ်ဦး ဟုတ်မဟုတ်နှင့် သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိတို့အပေါ်တွင် မူတည်လေသည်။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး အခြားလူများကို မျှတစွာ ဆက်ဆံနိုင်လျှင် အခြားလူများနှင့် သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်မှုကို ရရှိနိုင်သည်။ လူတစ်ယောက်သည် သူ၏ တာဝန်ကို ကောင်းစွာထမ်းဆောင်နိုင်ပြီး အခြားလူများနှင့် သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်မှုကို ရရှိနိုင်ခြင်းရှိမရှိတွင် အဓိကအချက်သည် ထိုသူက သမ္မာတရားကို လက်ခံပြီး နာခံနိုင်ခြင်းရှိမရှိပေါ်တွင် မူတည်သည်။ လူတို့၏ အစွမ်းအစ၊ ဆုကျေးဇူး၊ ပင်ကိုစွမ်းရည်၊ အသက် စသဖြင့်တို့သည် အဓိကအရာမဟုတ်ပေ။ ထိုအရာများအားလုံးသည် အရံများဖြစ်သည်။ အရေးကြီးဆုံးအရာမှာ လူတစ်ယောက်က သမ္မာတရားကို ချစ်မချစ်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်းရှိမရှိကို ကြည့်ရန်ဖြစ်သည်။ တရားဒေသနာတစ်ခုကို နားထောင်ပြီးနောက်တွင် သမ္မာတရားကို ချစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သောသူများက ဤသည်မှာ မှန်ကန်သည်ကို ဝန်ခံလိမ့်မည်။ လက်တွေ့ဘဝတွင် ၎င်းတို့သည် လူများ၊ ဖြစ်ရပ်များ၊ ရည်မှန်းချက်များကို ကြုံရသောအခါ ဤသမ္မာတရားများကို အကောင်အထည်ဖော်လိမ့်မည်။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိမ့်မည်။ သမ္မာတရားသည် ၎င်းတို့၏ ကိုယ်ပိုင်စစ်မှန်မှု၊ ၎င်းတို့ကိုယ်တိုင်၏ ဘဝ၏ တစ်စိတ်တစ်ပိုင်းဖြစ်လာလိမ့်မည်။ ၎င်းတို့ပြုမူနေထိုင်ပြီး အမှုအရာများကို လုပ်ဆောင်သည့် လမ်းညွှန်ချက်နှင့် စည်းမျဉ်းများဖြစ်လာလိမ့်မည်။ ၎င်းတို့ အသက်ရှင်နေထိုင်ပြီး ပြသသည့် အရာဖြစ်လာလိမ့်မည်။ တရားဒေသနာတစ်ခုကို နားထောင်သောအခါ သမ္မာတရားကို မချစ်သောသူများသည်လည်း ယင်းသည် မှန်ကန်သည်ဟု ဝန်ခံလိမ့်မည်။ ၎င်းတို့က အားလုံးနားလည်သည်ဟု ထင်လိမ့်မည်။ ၎င်းတို့သည် အယူဝါဒများကို ၎င်းတို့စိတ်နှလုံးတွင် မှတ်သားပြီးဖြစ်သည်။ သို့သော် တစ်စုံတစ်ခုကို လုပ်ဆောင်သောအခါတွင် ၎င်းတို့စဉ်းစားရန် အသုံးပြုသောစည်းမျဉ်းများနှင့် လမ်းညွှန်ချက်များက အဘယ်နည်း။ ၎င်းတို့သည် အမှုအရာများကို ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများအရ အစဉ် စဉ်းစားသည်။ သမ္မာတရားကို အသုံးပြု၍ အမှုအရာများကို မစဉ်းစားပေ။ သမ္မာတရားကို လက်တွေ့လုပ်ခြင်းဖြင့် ၎င်းတို့က ဆုံးရှုံးမှုရှိလိမ့်မည်ကို ကြောက်ရွံ့ပြီး အခြားလူများက ဝေဖန်အပြစ်တင်ပြီး အထင်သေးခံရမည်ကို၊ သိက္ခာကျမည်ကို ကြောက်ရွံ့ကြသည်။ ၎င်းတို့က အပြန်အလှန်စဉ်းစားပြီး နောက်ဆုံးတွင် ‘ငါ့ရဲ့ အဆင့်အတန်း၊ ဂုဏ်သတင်းနဲ့ အကျိုးစီးပွားတွေကိုပဲ ကာကွယ်မယ်။ ဒါက အဓိကပဲ။ ဒါတွေ ပြည့်စုံသွားရင် ငါကျေနပ်မယ်။ ဒါတွေ မပြည့်စုံရင် သမ္မာတရားကို လက်တွေ့လုပ်ဖို့ပျော်မှာမဟုတ်ဘူး။ ပျော်စရာကောင်းတယ်လို့လည်း မြင်မှာမဟုတ်ဘူး။’ ဟူ၍ တွေးကြသည်။ ဤသည်မှာ သမ္မာတရားကို ချစ်သောသူဟုတ်သလော။ လုံးဝ မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လျော်ကန်သော တာဝန်ဖြည့်ဆည်းခြင်းသည် လိုက်ဖက်ညီသော ပူးပေါင်းလုပ်ဆောင်ခြင်း လိုအပ်သည်) တာဝန်တစ်ခုကို ကျေပွန်အောင် ထမ်းဆောင်တာက လူတစ်ယောက်ရဲ့ အစွမ်းအစ၊ ဆုကျေးဇူး၊ အသက်အရွယ်နဲ့ မဆိုင်ဘူးဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ သိလိုက်ရတယ်။ အဓိကက သမ္မာတရားကို ချစ်ပြီး လက်တွေ့လုပ်ဆောင်ခြင်း ရှိမရှိပါပဲ။ သမ္မာတရားကို မချစ်ရင်၊ လက်တွေ့မလုပ်ရင် အပြောနဲ့အလုပ်တွေမှာ သိက္ခာနဲ့ အဆင့်အတန်းကိုပဲ စဉ်းစားပြီး အသင်းတော်အလုပ်ကို မထိန်းသိမ်းရင် သူတို့အစွမ်းအစ၊ ဆုကျေးဇူးတွေက ဘယ်လောက်မြင့်ပါစေ သူတို့တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ ခက်ခဲမှာပဲ။ ဒါပေမဲ့ အစွမ်းအစကောင်းပြီး အလိုက်သင့်စဉ်းစားတတ်တဲ့သူက သူ့တာဝန်မှာ ကျွမ်းကျင်မှာပဲ၊ အသက်ပိုကြီးပြီး အစွမ်းအစမရှိတဲ့သူတွေက ဘယ်လောက်ပဲ ကြိုးစားလုပ်လုပ် အောင်မြင်မှာမဟုတ်ဘူးလို့ ကျွန်မ အမြဲတမ်း ထင်ခဲ့တယ်။ သမ္မာတရားကို နားမလည်ဘဲ လူတွေနဲ့ အမှုကိစ္စတွေကို ကျွန်မအယူအဆတွေနဲ့ အမြဲတမ်း ကြည့်ခဲ့တယ်။ ကျွန်မက အရမ်းမိုက်မဲပြီး မသိနားမလည်ခဲ့တာပဲ။ ဘုရားသခင်က လူတိုင်းကို မတူညီတဲ့ အစွမ်းအစ၊ မတူညီတဲ့ ဆုကျေးဇူးတွေ ချပေးတယ်။ ကျွန်မတို့ဆီကနေ မတူညီတဲ့အရာတွေကို သူလိုအပ်တယ်။ အသင်းတော်က ကျွန်မတို့ကို အတူတူလုပ်နိုင်အောင် စီစဉ်ပေးတယ်။ ကျွန်မတို့ တစ်ယောက်ချင်းစီက ကိုယ့်အားသာချက်တွေကို သုံးပြီး အချင်းချင်းရဲ့ အားနည်းချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ပေါ့။ ဒါဆို ကိုယ့်တာဝန်တွေကို အတူကောင်းကောင်းလုပ်နိုင်တယ်။ အစွမ်းအစကောင်းရှိတဲ့ တွဲဖက်နှစ်ယောက်ရှိတော့ ကျွန်မတို့အလုပ် ထိရောက်မှုကို မြှင့်တင်နိုင်တယ်။ ပြဿနာတွေကို ပိုပြီး အမြန် ဖြေရှင်းနိုင်တယ်။ ကျွန်မတို့အလုပ်က နှောင့်နှေးမှာမဟုတ်ဘူး။ ကျွန်မက ကိုယ့်အတ္တကို လက်လွှတ်ပြီး သူများတွေရဲ့ အားသာချက်တွေကနေ သင်ယူနိုင်ရင် ပိုပြီးတော့ အမြန်တိုးတက်မှာမဟုတ်ဘူးလား။ ကျွန်မက ကိုယ့်တွဲဖက်တွေရဲ့ အစွမ်းအစမျိုး မရှိဘူး။ ဒါပေမဲ့ အလုပ်ကို ပြီးအောင်မလုပ်နိုင်လောက်အောင် အရမ်းအားမနည်းပါဘူး။ ကျွန်မက မှန်ကန်တဲ့ သဘောထားရှိတဲ့အခါ၊ ကိုယ့်တာဝန်မှာ အားစိုက်ပြီး အလေးအနက် ကိုင်တွယ်ဖို့ အသင့်ဖြစ်တဲ့အခါ ပြသနာတွေကို ပိုရှင်းရှင်းလင်းလင်း မြင်နိုင်ပြီး ပိုမြန်မြန် ဖြေရှင်းနိုင်တယ်။ ကိုယ်ပိုင်နာမည်နဲ့ အဆင့်အတန်းမှာ တစ်ကိုယ်ရေ အရှုံးအမြတ်တွေကို စဉ်းစားတာကို ရပ်ရမယ်။ အဲဒီနောက်တော့ ဘုရားရဲ့ သတ်မှတ်ချက်တွေကို ဆောင်ရွက်ဖို့ ကျွန်မ လုပ်တယ်။ ကျွန်မ တွဲဖက်တွေနဲ့ မယှဉ်ပြိုင်တော့ဘဲ ကိုယ့်တာဝန်မှာ စိတ်နှစ်ထားလိုက်တယ်။ ကျွန်မ အခြေအနေက အချိန်နဲ့အမျှ တဖြည်းဖြည်း ပြောင်းလဲလာပြီး ကျွန်မအလုပ်မှာ အခြေအနေကောင်းလာတယ်။

မကြာခင်မှာပဲ ကျွန်မအတွက် အရင်လိုပြဿနာ ပေါ်လာတော့ ကျွန်မ အံ့အားသင့်သွားတယ်။ ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံပြီးခါစ ယုံကြည်သူအသစ်တချို့က ကျွန်မတို့ အသင်းတော်ကို ပြောင်းလာတယ်။ အစ်ကိုကျောက်နဲ့ ကျွန်မက သူတို့ကို ရေလောင်းဖို့ ဦးဆောင်ရတယ်။ သူက ရေလောင်းအလုပ်ကို လုပ်တာ သိပ်မကြာသေးပေမဲ့ သူတို့ပြဿနာတွေကို ဖြေရှင်းပေးဖို့ တော်တော်သင့်တော်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ရှာနိုင်တယ်။ သူ့မိတ်သဟာယက တော်တော်ရှင်းတယ်။ ကျွန်မက သူတို့ပြဿနာတချို့ကို ဖြေရှင်းနိုင်ပေမဲ့ သူ့လောက် ရှင်းရှင်းလင်းလင်း မပြောဆိုနိုင်ဘူး။ လူသစ်တွေက ကျွန်မထက် အစ်ကိုကျောက်ရဲ့ မိတ်သဟာယကို ပိုကြိုက်ကြတယ်။ ကျွန်မက တော်တော် အားကျမိတာပေါ့။ အစ်ကိုကျောက်က အလုပ်မှာ အချိန်ခဏလေးပဲ ကြာပြီးတော့ အမြန်တိုးတက်လာတယ်။ ဒါပေမဲ့ ကျွန်မက ဒီအဆင့်ကိုရောက်ဖို့ ဒီနှစ်တွေအကုန်လုံး အချိန်ယူခဲ့ရတယ်။ ကျွန်မက တကယ်ကို သူ့ထက်နိမ့်ကျသလို ခံစားရတယ်။ လူတွေက သူတို့နားမလည်တဲ့ ပြဿနာတွေ ရှိပြီး ဒါတွေကို ဖြေရှင်းဖို့ အစ်ကိုကျောက်ဆီကို သွားတာကို ကျွန်မ မြင်တော့ အရမ်း အားကျမိတယ်။ အစွမ်းအစကောင်းရှိတာက ဒီလို ကွာခြားတယ် ပေါ့။ သူများတွေရဲ့ လေးစားမှုကို ရရုံမကဘူး။ သူ့တာဝန်မှာ သိပ်အားမစိုက်ထုတ်ရဘဲ ပိုကောင်းတဲ့ ရလဒ်တွေရတဲ့ သဘောပဲ။ ကျွန်မက အစ်ကိုကျောက်လိုမျိုး အစွမ်းအစရှိရင် လူတိုင်းလည်း ကျွန်မကို လေးစားလောက်တယ်။ ဒါပေမဲ့ ကျွန်မက အသက် ၅၀ ကျော်နေပြီ။ ကျွန်မ အစွမ်းအစက နည်းနေပြီ။ ဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ ဒီအဆင့်မှာပဲ ကျွန်မ ပိတ်မိနေမှာပဲ။ ကျွန်မ မသိလိုက်ခင်မှာပဲ ကိုယ့်တာဝန်မှာ စိတ်ပါဝင်စားမှုမရှိတော့ဘူး။ စုဝေးပွဲမှာ ယုံကြည်သူအသစ်တစ်ယောက်က မေးခွန်းမေးလိုက်တိုင်း ကျွန်မက အစ်ကိုကျောက်ကိုပဲ ဖြေခိုင်းပြီး ရိုးရိုး မှတ်ချက်နည်းနည်းပဲ ထပ်ဖြည့်ပြောလိုက်တယ်။ ကျွန်မတာဝန်မှာ ပိုပြီးတော့ မတက်မကြွဖြစ်လာပြီး ဘုရားနဲ့ ပိုပြီး ဝေးကွာလာတာပေါ့။ ဆုတောင်းတဲ့အခါ ဘာပြောရမှန်းမသိဘူး။ တစ်ခါတလေဆိုညမှာ ဆုတောင်းရင်းနဲ့တောင် အိပ်ပျော်သွားတယ်။ ကျွန်မက အန္တရာယ်ရှိတဲ့ အခြေအနေမှာကို ရောက်နေတယ်ဆိုတာ သတိထားမိပြီး ရှာဖွေပြီး တွေးတောတာပေါ့။ ကျွန်မက အစွမ်းအစမရှိတာကို မြင်တော့ ကျွန်မတာဝန်မှာ အပျက်သဘောဆောင်ပြီး မတက်မကြွဖြစ်လာတယ်။ ဒီနောက်ကွယ်မှာ ဘယ်လို ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားရှိနေတာလဲ။

နောက်ပိုင်းမှာ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပါတယ်။ “မည်သူတစ်ယောက်ကိုမျှ မိမိတို့ကိုယ်ကိုယ် စုံလင်သည် သို့မဟုတ် ဂုဏ်ရှိပြီး မြင့်မြတ်သည် သို့မဟုတ် အခြားသူများနှင့် ကွဲပြားခြားနားသည်ဟု မတွေးထင်စေနှင့်။ ဤအရာအားလုံးသည် လူသား၏ မာနထောင်လွှားသော စိတ်သဘောထားနှင့် မသိနားမလည်ခြင်းတို့အားဖြင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ မိမိကိုယ်ကို ကွဲပြားခြားနားသည်ဟု အမြဲတမ်း တွေးထင်ခြင်း— ဤသည်မှာ မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခုက ဖြစ်စေသည်။ မိမိတို့၏ အားနည်းချက်များကို မည်သည့် အခါမျှ လက်ခံနိုင်ခြင်းမရှိဘဲ၊ မိမိတို့၏ အမှားများနှင့် ရှုံးနိမ့်မှုများကို မည်သည့်အခါမျှ ထိပ်တိုက် ရင်ဆိုင်နိုင်ခြင်း မရှိခြင်း— ဤအရာကို မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခု အားဖြင့် ဖြစ်စေသည်။ အခြားသူများကို မိမိထက် မည်သည့်အခါမျှ ပို၍မြင့်မားခွင့်မပြု၊ သို့မဟုတ် မိမိထက် ပို၍သာခွင့်မပြု— ဤအရာကို မာန ထောင်လွှားသည့် စိတ်သဘောထားတစ်ခု အားဖြင့် ဖြစ်စေသည်။ အခြားသူများကို မိမိတို့ထက်ပို၍ သာလွန်သွားဖို့ဖြစ်စေ၊ အင်အားကောင်းသွားဖို့ဖြစ်စေ မည်သည့်အခါမျှ ခွင့်မပြုပေ— ဤအရာကို မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခုက ဖြစ်စေသည်။ အခြားသူများကို မိမိထက် ပို၍ကောင်းသော အတွေးအခေါ်များ၊ အကြံပြုချက်များနှင့် အမြင်ရှုထောင့်များ မည်သည့်အခါမျှ ရှိခွင့်မပြု၊ ပြီးလျှင် ၎င်းတို့က ခွင့်ပြုသည့်အခါတွင်လည်း အပျက်သဘောဆောင်လာကာ၊ စကားပြောဖို့ ဆန္ဒမရှိဘဲ၊ စိတ်သောကရောက်ပြီး၊ စိတ်ပျက် အားလျော့ကာ စိတ်ညစ်လာကြသည်— ဤအရာများ အားလုံးသည် မာနထောင်လွှားသည့် စိတ်သဘောထားကြောင့် ဖြစ်ပေါ်ခြင်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိကိုယ်ကိုယ် ပြုမူနေထိုင်ခြင်းတွင် ရှိထားသင့်သည့် အခြေခံသဘောတရားများ) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မရဲ့ အခြေအနေ အတိအကျကို ဖွင့်ပြတယ်။ ကျွန်မက ကိုယ့်အစွမ်းအစကို ကျွန်မတွဲဖက်တွေရဲ့ အစွမ်းအစနဲ့ ယှဉ်ပြီး မတူညီတဲ့အခါမှာ အပျက်သဘောဆောင်ပြီး နောက်ဆုတ်ခဲ့တယ်။ ဒါက မာနထောင်လွှားတဲ့ စိတ်သဘောထားရဲ့ အုပ်စိုးခြင်းခံရတာပဲ။ ကျွန်မရဲ့ မာနထောင်လွှားမှုကြောင့် ကိုယ့်အားနည်းချက်နဲ့ ချို့ယွင်းချက်တွေကို ကောင်းကောင်းမွန်မွန် ရင်မဆိုင်နိုင်ဘူး။ အထူးသဖြင့် သူများတွေက ကိုယ့်ထက်သာတဲ့အခါ၊ ပိုလုပ်နိုင်တဲ့အခါမှာ ကျွန်မ လက်မခံနိုင်ခဲ့ဘူး။ ကျွန်မတွဲဖက်တွေက ကဏ္ဍတိုင်းမှာ ကျွန်မထက်သာနေတာ၊ အဖွဲ့မှာ အဓိကနေရာရနေတာ၊ လူတိုင်းက လေးစားတာ၊ လက်ခံကြတာကို ခံရတာတွေကို မြင်တော့ ကျွန်မက အနေရခက်တယ်။ မတည်ငြိမ်ဘူး။ ဒီလက်တွေ့အရှိတရားကို လက်မခံနိုင်ဘူး။ ကျွန်မ အစွမ်းအစက သူများတွေအောက်မှာရှိနေတာကို ကျွန်မ အသိအမှတ်ပြုပေမဲ့ ကျွန်မ စိတ်နှလုံးထဲမှာ ဝန်မခံဘူး။ သူတို့ကို ကျိတ်ပြိုင်နေတယ်။ သူတို့နဲ့ ပြိုင်ဖို့၊ ခြေရာတိုင်းဖို့ ကျွန်မက စိတ်ခိုင်မာနေတယ်။ သူတို့ကို မကျော်နိုင်တဲ့အခါမှာ ကျွန်မက အပျက်သဘောဆောင်ပြီး တာဝန်မှာ အားနည်းလာတယ်။ ဒါ ကျွန်မမာနထောင်လွှားတဲ့ စိတ်သဘောထား ဗွေဖောက်နေတာမဟုတ်ဘူးလား။ ကျွန်မက အရမ်း မာနထောင်လွှားပြီး မသိနားမလည်ခဲ့ပါဘူး။

အန္တိခရစ်တွေရဲ့ စိတ်သဘောထားတွေကို ဘုရား ဖော်ထုတ်ပြတဲ့ ဘုရားနှုတ်ကပတ်တော်ကိုလည်း တွေးမိတယ်။ ဘုရားသခင်က ပြောသည်- “အန္တိခရစ်တစ်ဦးအတွက် အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့က ၎င်းတို့၏ အသက်ဖြစ်သကဲ့သို့ ၎င်းတို့၏ တစ်သက်တာ ပန်းတိုင်လည်း ဖြစ်သည်။ ၎င်းတို့လုပ်သမျှ အရာအားလုံး၌ ၎င်းတို့၏ ပထမဆုံး ထည့်တွက် စဉ်းစားသည့်အချက်က ‘ငါ၏အဆင့်အတန်းက ဘာဖြစ်သွားမည်နည်း။ ငါ၏ဂုဏ်ဒြပ်ကရော ဘာဖြစ်သွားမည်နည်း။ ဤအရာကို လုပ်ဆောင်ခြင်းက ငါ့ကို ဂုဏ်ဒြပ်ရစေမည်လော။ ယင်းက လူများ၏စိတ်များထဲရှိ ငါ၏အဆင့်အတန်းကို မြှင့်တင်ပေးမည်လော’ ဖြစ်၏။ ယင်းမှာ ၎င်းတို့ ပထမဆုံးတွေးသည့် အရာဖြစ်သည်၊ ယင်းက ၎င်းတို့၌ အန္တိခရစ်များ၏ စိတ်သဘောထားနှင့် အနှစ်သာရတို့ ရှိခြင်း၏ လုံလောက်သော သက်သေဖြစ်သည်။ သို့မဟုတ်ပါက ၎င်းတို့သည် ဤပြဿနာများကို စဉ်းစားမည် မဟုတ်ချေ။ အန္တိခရစ်တစ်ဦးအတွက် အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့က ၎င်းတို့အတွက် မရှိလည်း နေနိုင်သည့် အပယိကတစ်ခုဖြစ်ဖို့ မဆိုထားနှင့်၊ အပိုဆောင်း လိုအပ်ချက်တစ်ခု မဟုတ်ချေ။ ယင်းတို့သည် အန္တိခရစ်တို့ သဘာဝ၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်၊ ယင်းတို့က ၎င်းတို့၏အရိုးများ၊ ၎င်းတို့၏ သွေးများထဲတွင် ရှိနေသည်၊ ယင်းတို့က ၎င်းတို့အတွက် မွေးရာပါ ဖြစ်သည်။ အန္တိခရစ်များက အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကို ၎င်းတို့ပိုင်ဆိုင်ခြင်းရှိမရှိနှင့်ပတ်သက်၍ ဂရုမစိုက်ခြင်း မဟုတ်ပေ။ ဤသည်မှာ ၎င်းတို့၏ သဘောထား မဟုတ်ပေ။ သို့ဆိုလျှင် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့သည် ၎င်းတို့၏ နေ့စဉ် အသက်တာများ၊ ၎င်းတို့၏ နေ့စဉ် အခြေအနေ၊ ၎င်းတို့စွမ်းဆောင်ရရှိဖို့ နေ့စဉ် ကြိုးစားအားထုတ်သည့် အရာတို့နှင့် အတွင်းကျကျ ဆက်နွှယ်နေသည်။ ထို့ကြောင့် အန္တိခရစ်များအတွက် အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့သည် ၎င်းတို့၏ အသက် ဖြစ်သည်။ ၎င်းတို့ မည်သို့အသက်ရှင်နေထိုင်ပါစေ၊ ၎င်းတို့သည် မည်သည့်ပတ်ဝန်းကျင်တွင် အသက်ရှင်နေထိုင်ပါစေ၊ မည်သည့်အလုပ်ကို ၎င်းတို့လုပ်ပါစေ၊ မည်သည့်အရာကို စွမ်းဆောင်ရရှိဖို့ ၎င်းတို့ကြိုးစားအားထုတ်ပါစေ၊ ၎င်းတို့၏ ပန်းတိုင်များက မည်သည့်အရာ ဖြစ်ပါစေ၊ ၎င်းတို့အသက်တာ၏ ဦးတည်ချက်က မည်သည့်အရာဖြစ်ပါစေ ထိုအရာအားလုံးသည် ကောင်းမွန်သော ဂုဏ်သတင်းနှင့် မြင့်မားသည့် ရာထူးအဆင့်အတန်းရှိခြင်းကို ဗဟိုပြုလည်ပတ်သည်။ ပြီးလျှင် ဤရည်ရွယ်ချက်သည် မပြောင်းလဲပေ။ ၎င်းတို့သည် ထိုသို့သောအရာများကို မည်သည့်အခါမျှ ဘေးဖယ်မထားနိုင်ပေ။ ဤသည်မှာ အန္တိခရစ်များ၏ စစ်မှန်သော သဘောသဘာဝနှင့် အနှစ်သာရတို့ ဖြစ်သည်။ ၎င်းတို့ကို တောင်များ၏အတွင်းပိုင်း အလွန်ရှေးကျသော တောထဲ၌ သွားထားလျှင်ပင် ၎င်းတို့သည် အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့အားလိုက်စားခြင်းကို ဘေးဖယ်ထားမည်မဟုတ်သေးပေ။ ၎င်းတို့ကို မည်သည့်လူအုပ်စုတွင်မဆိုထည့်ထားလျှင် ၎င်းတို့တွေးနိုင်သမျှသည် အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့သာ ဖြစ်သည်။ အန္တိခရစ်များသည်လည်း ဘုရားသခင်ကို ယုံကြည်ကြသော်လည်း ၎င်းတို့သည် အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့အား လိုက်စားမှုကို ဘုရားသခင်အပေါ် ယုံကြည်မှုနှင့် ညီတူညီမျှဖြစ်သည်ဟု မြင်ပြီး တူညီစွာ အလေးထားသည်။ ဤသည်မှာ ဘုရားသခင်အား ယုံကြည်ခြင်း လမ်းကြောင်းကို ၎င်းတို့လျှောက်စဉ်တွင် ၎င်းတို့၏ အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကိုလည်း လိုက်စားသည်ဟု ဆိုလိုသည်။ အန္တိခရစ်တို့၏စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်းတို့သည် အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကို လိုက်စားခြင်းဖြစ်ကြောင်း ၎င်းတို့က ယုံကြည်ကြသည်ဟု ဆိုနိုင်သည်။ အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကို လိုက်စားခြင်းက သမ္မာတရားကို လိုက်စားခြင်းလည်းဖြစ်ပြီး အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကို ရရှိခြင်းက သမ္မာတရားနှင့် အသက်ကို ရရှိခြင်းဖြစ်သည်ဟု ယုံကြည်ကြကြောင်း ဆိုနိုင်သည်။ ၎င်းတို့ အလွန်စိတ်ပျက်ကြသည်၊ ၎င်းတို့သည် ဂုဏ်သိက္ခာ၊ သို့မဟုတ် ဂုဏ်အဆင့်အတန်းမရှိ၊ မည်သူကမျှ ၎င်းတို့ကို မလေးစား၊ သို့မဟုတ် မကြည်ညို၊ သို့မဟုတ် မနာခံဟု ၎င်းတို့က ခံစားရလျှင် ၎င်းတို့အလွန် မချင့်မရဲဖြစ်ကြသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းသည် အဓိပ္ပာယ်မရှိ၊ ယင်းတွင် တန်ဖိုးမရှိဟု ၎င်းတို့ ယုံကြည်ကြသည်၊ ‘ဘုရားသခင်၌ ထိုသို့သော ယုံကြည်ခြင်းသည် ကျရှုံးမှုတစ်ခု ဖြစ်သလော။ မျှော်လင့်ချက်မရှိဖြစ်သလော။’ ဟု မိမိတို့ကိုယ်ကိုယ် ဆိုကြသည်။ ၎င်းတို့သည် ဤအရာများကို ၎င်းတို့စိတ်နှလုံးထဲတွင် စဉ်းစားနှိုင်းချိန်ပြီးလုပ်ဆောင်ကြသည်။ ဘုရားအိမ်တော်တွင် ၎င်းတို့ကိုယ်တိုင်အတွက် နေရာတစ်နေရာကို မည်သို့ ရရှိအောင် ကြိုးစားနိုင်မည်၊ အသင်းတော်တွင် မြင့်မြတ်သည့် ဂုဏ်သတင်းကို မည်သို့ရရှိနိုင်သည်ကို စဉ်းစားနှိုင်းချိန်ပြီးလုပ်ဆောင်ကြသည်။ ဤသို့ဖြင့် ၎င်းတို့ စကားပြောသည့်အခါ လူတို့က နားထောင်ရန်၊ ၎င်းတို့လုပ်ဆောင်သည့်အခါ ပံ့ပိုးကြရန်၊ ၎င်းတို့သွားသည့်နေရာတိုင်းသို့ လိုက်ရန်ဖြစ်ပြီး ဤသို့ဖြင့် အသင်းတော်တွင် ပြောဆိုခွင့်ရှိရန်၊ ဂုဏ်သတင်းတစ်ခုရှိရန်၊ ဤသို့ဖြင့် အကျိုးအမြတ်များကို ခံစားရရန်၊ ဂုဏ်အဆင့်အတန်းရှိရန်ဖြစ်သည်။ ဤအရာများကို ၎င်းတို့ မကြာခဏ တွေးဆကြသည်။ ဤအရာများသည် ထိုသို့သောသူများ လိုက်စားသည့်အရာများဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃)) အန္တိခရစ်ရဲ့ စိတ်သဘောထားတွေကို ဖော်ထုတ်တဲ့ ဘုရားနှုတ်ကပတ်တော်တွက ကျွန်မအတွက် တကယ်ကို စိတ်ထိခိုက်စရာဖြစ်ပြီး ခက်ခဲပါတယ်။ နာမည်နဲ့ အဆင့်အတန်းကို သူတို့ လိုက်စားတာက ယာယီပဲမဟုတ်ဘူး။ သူတို့ အရိုးစွဲနေတာ။ တစ်သက်တာ လိုက်စားမှုပဲ။ သူတို့အတွက်က ဂုဏ်အဆင့်အတန်းက အားလုံး အထက်မှာရှိတယ်။ သူတို့ရဲ့ တကယ့်အသက်တွေလောက်တောင် အရေးကြီးတယ်။ အန္တိခရစ်တွေက အမြဲတမ်း နေရာရချင်ပြီး သူများတွေအောက်မှာ နေချင်စိတ်မရှိဘူး။ သူတို့တာဝန်မှာ တွန်းအားတစ်ခုခုရှိဖို့ လူတိုင်းရဲ့ အထင်ကြီး၊ လေးစားမှုကို သူတို့ လိုအပ်တယ်။ ဒါတွေမရှိရင် သူတို့က အပျက်သဘောဆောင်ပြီး အားလျော့လာတယ်။ ယုံကြည်ခြင်းမှာတောင် လုံးဝ စိတ်မဝင်စားတော့ဘူး။ ကျွန်မအပြုအမူက အန္တိခရစ်ရဲ့ အပြုအမူနဲ့ ဘာကွာဦးမှာလဲ။ သူများတွေက ကျွန်မကို အထင်ကြီးပြီး တန်ဖိုးထားတော့ ကျွန်မက တာဝန်မှာ စိတ်ပါတယ်။ ဒါပေမဲ့ ကျွန်မတွဲဖက်တွေက နေရာတိုင်းမှာ ကျွန်မထက်တော်ပြီး သာနေတော့ အဆင့်အတန်းအတွက် ကျွန်မ ဆန္ဒက မပြည့်ဘူး။ ကိုယ့်တာဝန်အတွက် တာဝန်ခံလိုစိတ်မဖြစ်တော့ဘူး။ ရေလောင်းတဲ့အလုပ်က အခုဆို အရမ်းအရေးကြီးပါတယ်။ ရေလောင်းဖို့ အရေးတကြီးလိုအပ်နေတဲ့ လူသစ်တွေ အများကြီးရှိနေတော့ သူတို့ကို သမ္မာတရားကို သိပြီး ဘုရားရဲ့အမှုတော်ကို နားလည်ဖို့၊ လမ်းမှန်ပေါ်မှာ အမြန်ဆုံး အမြစ်တွယ်ဖို့ ကူညီပေးခဲ့သင့်တယ်။ ဒါပေမဲ့ ကျွန်မက ဒီထဲ စိတ်မနှစ်ထားဘူး။ ကျွန်မစိတ်နှလုံးထဲမှာရှိတာက ကိုယ်ပိုင်နာမည်နဲ့ အဆင့်အတန်းပဲ။ ပြီးတော့ အကုန်လုံးကို အစ်ကိုကျောက်အပေါ် လွှဲပေးတယ်။ ကျွန်မလုပ်သင့်တဲ့အလုပ်ကို မလုပ်နေခဲ့ဘူး။ ကျွန်မက လုံးဝ လူ့သဘာဝမရှိခဲ့ဘူး။ ကိုယ့်တာဝန်ကို ကောင်းကောင်းမလုပ်ချိန်မှာ အပြစ်ခံစားရတာ၊ နောင်တရတာ မရှိဘူး။ ကိုယ့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းထိခိုက်တာကိုမြင်ရတာက ကိုယ့်အသက်တောင်ဆုံးရှုံးရသလိုပဲ နာကျင်ခဲ့တယ်။ ကျွန်မက အရှုံးအမြတ်တွေကို တွက်ချက်နေပြီး ဒီအကြောင်းကြောင့် အပျက်သဘောဆောင်ပြီး အားနည်းလာတယ်။ အစွမ်းအစပိုကောင်းတဲ့ ကိုယ့်တွဲဖက်တွေလို ဖြစ်လာဖို့၊ လူတိုင်းက ကျွန်မကို သူတို့နားမလည်တာတွေမေးပြီး ဆွေးနွေးဖို့အတွက် ကျွန်မကို ရှာကြဖို့၊ ဒီလိုနဲ့ ကျွန်မက အဖွဲ့မှာ အဓိကနေရာရဖို့ အမြဲတမ်း မျှော်လင့်ခဲ့တယ်။ ဒါ ကျွန်မ အမြဲ လိုက်စားနေတဲ့အရာပဲ။ ကျွန်မရချင်တဲ့အရာပဲ။ သူများတွေ ကျွန်မကို အထင်ကြီးအောင်၊ လေးစားအောင်လုပ်ဖို့ အာရုံစိုက်နေခဲ့တယ်။ ဒီလိုလိုက်စားမှုနဲ့ အမြင်ရှုထောင့်မျိုးက အန္တိခရစ်နဲ့ အတူတူပဲ မဟုတ်လား။ ကျွန်မက လမ်းမှားပေါ်မှာရှိနေပြီး သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လမ်းပြမှုကို ဆုံးရှုံးရတာကြောင့် ကျွန်မ ပြီးအောင်လုပ်သင့်တဲ့ တာဝန်ကို မပြီးဘူး။ ဒီတော့ ကျွန်မက ပိုမြင့်တဲ့ရာထူးရပြီး လူတိုင်းက လေးစားတာကို ရရင်တောင် နောက်ဆုံးမှာ ဘုရားက ထုတ်ပယ်တာကို ခံရမှာမဟုတ်ဘူးလား။ ဒါကို သဘောပေါက်သွားတော့ ကျွန်မ ကြောက်သလိုဖြစ်သွားတယ်။ အဆင့်အတန်းကို လိုက်စားတာဟာ ကျွန်မက ဘုရားကို ဆန့်ကျင်တဲ့လမ်းကြောင်းပေါ်ရှိနေတယ်ဆိုတာ မြင်သွားတယ်။ ကျွန်မရဲ့ မှားယွင်းနေတဲ့ လိုက်စားမှုကို ပြောင်းပြီး သူများတွေနဲ့ ယှဉ်ပြိုင်တာကို ရပ်ပစ်ချင်ခဲ့တယ်။ ကျွန်မလုပ်သင့်တဲ့ တာဝန်ကို လုပ်ချင်ခဲ့တယ်။

အဲဒီနောက်တော့ လက်တွေ့လုပ်ဖို့ လမ်းကြောင်းတစ်ခုရှာတယ်။ ဒီ ဘုရားနှုတ်ကပတ်တော်တွေကို တွေးမိတယ်။ “မိမိတို့၏ တာဝန်ကို ကောင်းစွာထမ်းဆောင်ရန် မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ မိမိတို့၏ စိတ်နှလုံး၊ အားအင်ရှိသမျှဖြင့် ထမ်းဆောင်ရမည်။ စိတ်နှလုံး၊ အားအင်ရှိသမျှကို အသုံးပြုခြင်းဆိုသည်မှာ တာဝန်ထမ်းဆောင်သည့်အပေါ်တွင် မိမိ၏ အတွေးများအားလုံးကို ထားရှိခြင်း၊ အခြားသောအရာများကို လွှမ်းမိုးခွင်မပေးခြင်း၊ ထို့နောက်တွင် မိမိတွင်ရှိသော အားအင်ကို အသုံးချခြင်း၊ မိမိ၏ အစွမ်းအလုံးစုံကို အသုံးပြုခြင်း၊ မိမိ၏ အစွမ်းအစ၊ ဆုကျေးဇူး၊ အားသာချက်များနှင့် တာဝန်ကို ခံယူရန် မိမိတို့နားလည်သည့်အရာများကို ယူဆောင်လာခြင်းအား ဆိုလိုသည်။ သင်သည် နားလည်သဘောပေါက်ကာ လက်ခံတတ်ပြီး ကောင်းသောစိတ်ကူးတစ်ခုရှိလျှင် ယင်းကို အခြားလူတို့နှင့် ဆက်သွယ်ပြောဆိုရမည်။ ဤသည်မှာ သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်သည့် အဓိပ္ပာယ်ဖြစ်သည်။ ဤသည်မှာ သင်၏ တာဝန်ကို ကောင်းစွာထမ်းဆောင်ပုံ၊ သင့်တာဝန်တွင် ကျေနပ်ဖွယ်စွမ်းဆောင်မှုကို ရရှိမည့်ပုံ ဖြစ်သည်။ အရာရာတိုင်းကို သင့်ဘာသာ တာဝန်ယူလုပ်ဆောင်ဖို့ ဆန္ဒရှိလျှင်၊ ကြီးမားသောအရာများကို သင်တစ်ဦးတည်းသာ အစဉ်သဖြင့် လုပ်ဆောင်လိုလျှင်၊ သင့်ကိုသာ အစဉ် အာရုံစိုက်ပြီး အခြားသူများကို အာရုံမစိုက်စေလိုလျှင် သင့်တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သလော။ သင်လုပ်ဆောင်သည့်အရာသည် အာဏာရှင်စနစ်ဟုခေါ်သည်။ ကြွားဝါနေခြင်းဖြစ်သည်။ ယင်းသည် ဆိုးယုတ်သော အပြုအမူဖြစ်ပြီး တာဝန်ထမ်းဆောင်ခြင်းမဟုတ်ပေ။ မိမိတို့၏ အားသာချက်များ၊ ဆုကျေးဇူးများ၊ သို့မဟုတ် အထူးပါရမီများက မည်သို့ဖြစ်စေ မည်သူကမျှ အလုပ်အားလုံးကို မိမိတို့ဘာသာ တာဝန်မယူနိုင်ပေ။ အသင်းတော်အလုပ်ကို ကောင်းစွာလုပ်ဖို့ဆိုလျှင် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ရန် သင်ယူရမည်။ ထိုအတွက်ကြောင့် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းသည် မိမိတာဝန်ထမ်းဆောင်ခြင်း၏ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းတစ်ခုဖြစ်သည်။ သင်သည် သင်၏ စိတ်နှလုံး၊ အားအင်ရှိသမျှကို၊ သင်၏ သစ္စာစောင့်သိမှုရှိသမျှကို အသုံးချပြီး သင်လုပ်နိုင်သည့်အရာရာတိုင်းအား ပေးဆပ်လျှင် သင်သည် သင်၏တာဝန်ကို ကောင်းစွာထမ်းဆောင်နေခြင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လျော်ကန်သော တာဝန်ဖြည့်ဆည်းခြင်းသည် လိုက်ဖက်ညီသော ပူးပေါင်းလုပ်ဆောင်ခြင်း လိုအပ်သည်) ဘုရားနှုတ်ကပတ်တော်က ကျွန်မကို လက်တွေ့လုပ်ဖို့ လမ်းကြောင်းတစ်ခုပေးတယ်။ ကျွန်မ အစွမ်းအစက အရေးမပါပါဘူး။ ကျွန်မက ရိုးသားတဲ့ စိတ်နှလုံးတစ်ခုရှိပြီး သူများတွေနဲ့ ကောင်းကောင်းလုပ်နိုင်သရွေ့ လုံးဝ အကောင်းဆုံး လုပ်နိုင်သရွေ့၊ လှည့်ကွက်တွေမလုပ်ဘဲ ကျွန်မ ကောင်းကောင်းလုပ်သင့်တဲ့ အရာတိုင်းကို လုပ်သရွေ့ ဘုရားအလိုတော်နဲ့ ညီနေမှာပဲ။ တကယ်တော့ ကျွန်မတို့ အချင်းချင်း ဖြည့်ဆည်းပေးနိုင်အောင်လို့ ဘုရားက ကျွန်မတို့ကို မတူတဲ့ အစွမ်းအစတွေ၊ အားသာချက်တွေ ပေးခဲ့ပါတယ်။ ကျွန်မတွဲဖက်နှစ်ယောက်က အစွမ်းအစကောင်းရှိပြီး အလုပ်မှာ ထိရောက်တယ်။ ပြဿနာတွေရဲ့ အဓိကအပိုင်းတွေကို မြင်တယ်။ ကျွန်မမှာ မရှိတဲ့ဟာအတွက် သူတို့က ဖြည့်ဆည်းပေးတယ်။ ကျွန်မအစွမ်းအစက နည်းနည်းလေးကင်းမဲ့နေပေမဲ့ သူတို့ထက် နည်းနည်းအသက်ပိုကြီးတယ်။ ဒီတော့ ကျွန်မက ကိစ္စတွေကို ပိုဂရုစိုက်ပြီး ပြည့်စုံတဲ့နည်းလမ်းနဲ့ စဉ်းစားနိုင်တယ်။ ကျွန်မတို့အားလုံးက အားသာချက်တွေရှိကြတယ်။ အတူတူအလုပ်လုပ်နိုင်တယ်။ ဒါ ကျွန်မတို့အလုပ်အတွက် အကျိုးဖြစ်မှာပဲ။ ဒါပေမဲ့ သမ္မာတရားကို ရှာဖွေရမယ့်အစား ကျွန်မက တွဲဖက်တွေရဲ့ အားသာချက်တွေကို ကိုယ့်ဟာနဲ့ ယှဉ်ကြည့်နေခဲ့တယ်။ ဒါ ကျွန်မက အပျက်သဘောဆောင်ပြီး မတက်ကြွဘူး။ ကျွန်မတာဝန်ကို မလုပ်နိုင်ဘူး ဆိုတဲ့ သဘောပဲ။ အခု စဉ်းစားကြည့်တော့ ကျွန်မက တကယ်ကို မိုက်မဲလွန်းတယ်။ ဒီလိုနားလည်သွားပြီးတဲ့နောက်မှာ တာဝန်ထမ်းဆောင်တဲ့အခါ ကျွန်မ ပိုပြီး တက်ကြွလာနိုင်တယ်။ ကျွန်မမှာ ဘာအခက်အခဲတွေ၊ ပြဿနာတွေရှိရှိ ကျွန်မတွဲဖက်တွေနဲ့ ဆွေးနွေးတယ်။ ကျွန်မရဲ့ အစွမ်းအစ၊ ကျွန်မရဲ့အသက်ကြောင့် တွန့်ဆုတ်မနေတဲ့အခါမှာ ကျွန်မတာဝန်မှာ တော်တော်ပိုပြီး စိတ်သက်သာတယ်။ လူတစ်ဦးချင်းစီရဲ့ အားသာချက်တွေကို ထုတ်ဖို့ ပူးပေါင်းလုပ်တဲ့အခါမှာ လိုက်ဖက်ညီညီနဲ့ အတူတူလုပ်နိုင်တယ်။ နောက်တော့ လူတိုင်းက အတူတူ ကောင်းကောင်းလုပ်ကြပြီး ကျွန်မတို့ ရေလောင်းအလုပ်က ပိုအောင်မြင်တယ်။

ဘုရားသခင်ပြောတာတစ်ခုကို ကျွန်တော် သတိရမိတယ်။ “သင်တို့၏တာဝန်ကို အတူတကွထမ်းဆောင်နေသောသူ များသည်ဖြစ်စေ၊ နည်းသည်ဖြစ်စေ၊ အခြေအနေများက မည်သို့ရှိသည်ဖြစ်စေ၊ မည်သည့်အချိန်တွင် ဖြစ်စေ ဤအရာတစ်ခုကို မမေ့နှင့်။ သဘောတူညီညွတ်ရန်ဖြစ်သည်။ ဤအခြေအနေအတွင်းတွင် အသက်ရှင်ခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုကို သင်ရရှိနိုင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) နာမည်နဲ့ အဆင့်အတန်းကို လက်လွှတ်ပြီး သူများတွေနဲ့ ကောင်းကောင်းလုပ်တဲ့အခါမှာ ကျွန်တော်တို့ တာဝန်တွေမှာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လမ်းပြမှုကို ရပြီး ရလဒ်ကောင်းတွေ ရပါလိမ့်မယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

လူ့အကြိုက်လိုက်သူတစ်ဦးဖြစ်ခြင်း ၏ အကျိုးဆက်များ

ပိုင်ဟွား တရုတ်နိုင်ငံ ၂၀၁၈ တုန်းက၊ အသင်းတော်ခေါင်းဆောင် တစ်ယောက်အနေနဲ့ ကျွန်တော် တာဝန်ယူခဲ့ တယ်။ ခေါင်းဆောင်တစ်ယောက်ရဲ့ အရေးကြီးဆုံး...

အန္တိခရစ်တစ်ယောက်ကြောင့် လမ်းလွှဲခြင်းခံရမှုအပေါ် ဆင်ခြင်ခြင်း

ဆူးဆန်း ဂျပန်နိုင်ငံ တစ်ခါတော့ လျူပိန်းလို့ခေါ်တဲ့ အထက်ပိုင်းခေါင်းဆောင်တစ်ယောက်က ကျွန်မတို့အသင်းတော်က ကိစ္စတွေကို စစ်ဆေးဖို့လာတယ်။...

ပုဂ္ဂိုလ်ရေး ကလဲ့စားချေခြင်းအတွက် အာဏာကို အလွဲသုံးစားလုပ်ခြင်း၏ အနှစ်သာရ

ဇိုလီ၊ စင်တိုင်မြို့၊ ရှန်ဒုံစီရင်စု လွန်ခဲ့သည့် အချိန်အနည်းငယ်ခန့်က ကျွန်မတို့၏ ဧရိယာအတွင်း ဒေသများကို သတ်မှတ်ရန်လိုအပ်ခဲ့ပြီး...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။