မနာလိုခြင်းက သင့်ကို လွှမ်းမိုးမသွားစေနှင့်

13.12.2022

လီဖန်း တရုတ်နိုင်ငံ

ကျွန်မက ၂၀၁၇ နွေရာသီမှာ အသင်းတော်ခေါင်းဆောင်အဖြစ် ထမ်းဆောင်ခဲ့ပါတယ်။ အလုပ်လိုအပ်ချက်တွေကြောင့် အထက်ခေါင်းဆောင်က အစ်မယန်နဲ့ အစ်မဝမ်ကို ကျွန်မနဲ့အတူတူလုပ်ဖို့ စီစဉ်တယ်။ သူတို့ကို ကူညီပေးဖို့ သူက ကျွန်မကိုပြောတယ်။ အချိန်တစ်ခုလောက်ကြာပြီးတော့ ဒီအစ်မနှစ်ယောက်က တာဝန်ခံယူတတ်ပြီး တိုးတက်တာမြန်တာကို ကျွန်မ တွေ့ရတယ်။ တချို့ကိစ္စတွေကို ကျွန်မ စိတ်ပူစရာမလိုဘူး။ ဒီနှစ်ယောက်က အဲဒီကိစ္စတွေကို ဆွေးနွေးပြီး ကိုင်တွယ်နိုင်တယ်။ အစတော့ ဒါနဲ့ပတ်သက်ပြီး ကျွန်မ တော်တော်ပျော်တယ်။ ဒါပေမဲ့ နည်းနည်းကြာလာတော့ ကျွန်မ မကြိုက်လာတော့ဘူး။ ကျွန်မက ခေါင်းဆောင်ပဲ။ ဒီတော့ အသင်းတော်ကိစ္စ အကြီးအငယ်တွေကို အရင်ဆုံး ကျွန်မနဲ့ တကယ်ဆွေးနွေးသင့်တယ်။ ဒါပေမဲ့ အခု သူတို့က ကျွန်မကို စကားမပြောဘဲ အစီအစဉ်တချို့လုပ်တယ်။ သူတို့က ကျွန်မကို အလေးအနက်မထားတော့ဘူး။ ဒီလိုဆက်ဖြစ်နေရင် ကျွန်မက ခေါင်းဆောင်အမည်ခံပဲဖြစ်နေမှာ။

စုဝေးပွဲတစ်ခုမှာ ကြီးကြပ်သူတစ်ယောက်က ကျွန်မနဲ့အတူလုပ်တဲ့ အစ်မနှစ်ယောက်အကြောင်းပြောတယ်။ သူကပြောတယ်။ “သူတို့က တကယ်ကို တာဝန်ခံယူတတ်ကြတယ်။ အရင်က ကျွန်မတို့က ရေလောင်းသူတွေ အမြဲတမ်း နည်းနေတာ။ ဒါပေမဲ့ သူတို့လာကတည်းက ချိန်ညှိုတာတွေကို အမြန်လုပ်ပြီးသွားပြီး အဖွဲ့က တော်တော်ထိရောက်လာတယ်” တဲ့။ ကျွန်မက နှုတ်ကတော့ ဘုရားကျေးဇူးတော်ချီးမွမ်းလိုက်တယ်။ ဒါပေမဲ့ စိတ်ထဲမှာ သိပ်မကျေနပ်ဘူး။ ကျွန်မ မျက်နှာက ထူပူနေတာကို ခံစားရတယ်။ တကယ်တမ်းမှာ တခြားလူတွေက ကျွန်မထက် သူတို့အကြောင်းကိုပိုပြီး တွေးကြပုံရတယ်။ ကျွန်မက ခေါင်းဆောင်ဖြစ်တာ သုံးလေးနှစ်ရှိပြီ။ ဒါပေမဲ့ သူတို့က သုံးလေးရက်ပဲရှိသေးတယ်။ သူတို့က ကျွန်မထက် တော်နေတာလား။ ကျွန်မ လက်မခံချင်ခဲ့ဘူး။ အဲဒီနောက်မှာ ကြီးကြပ်သူကပြောတာကို ကျွန်မ ဘာမှ မကြားတော့ဘူး။ စုဝေးပွဲပြီးတဲ့နောက်မှာ ကျွန်မ အိမ်ကို ဖြည်းဖြည်းချင်းပြန်လာခဲ့တယ်။ အဲဒီညမှာ အိပ်ရာပေါ်မှာလှဲပြီး လူးလှိမ့်နေရင်းနဲ့ အိပ်မပျော်နိုင်ဘူး။ ကြီးကြပ်သူကပြောခဲ့တာကို စဉ်းစားမိတိုင်း ကျွန်မ တော်တော်စိတ်ညစ်တယ်။ ကျွန်မက နှစ်တွေအကြာကြီးခေါင်းဆောင်ဖြစ်ပြီးတဲ့နောက်မှာ အခုမှစပြီး လေ့ကျင့်တဲ့ အဲဒီအစ်မတွေနဲ့ မယှဉ်နိုင်နေသေးဘူး။ အထက်ခေါင်းဆောင်သိသွားရင် ကျွန်မကို ဘယ်လိုထင်မလဲ။ ကျွန်မက အရည်အချင်းမရှိဘူး၊ ခေါင်းဆောင်အဖြစ် ကောင်းကောင်းမသင့်တော်ဘူးလို့ ပြောမှာလား။ သူများတွေက ကျွန်မကို အထင်ကြီးလေးစားလေ့ရှိတယ်။ ဒါပေမဲ့ အခု အဲဒီအစ်မတွေက ပိုတော်တယ်လို့ လူတိုင်းက ထင်ကြတယ်။ နောက်ပိုင်းမှာ သူတို့က ကျွန်မအစား အဲဒီအစ်မတွေကို ပံ့ပိုးကြမှာလား။ အစ်မယန်နဲ့ အစ်မဝမ်က ကျွန်မရဲ့ ထင်ပေါ်မှုကို ခိုးယူသွားလို့ ခံစားမိတယ်။ သူတို့အပေါ် ကျွန်မ မနာလိုမှုတွေ၊ မကျေနပ်ချက်တွေ ပြည့်နေခဲ့တယ်။ ကျွန်မစိတ်တွေက အဲဒီအချိန်အတွင်းမှာ အရမ်းလှုပ်ရှားနေတာ။ ကျွန်မရာထူးက စိတ်မချရမှာကို ကြောက်နေမိတယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် တိတ်တိတ်လေး အားပေးတယ်။ ကျွန်မ ကောင်းကောင်းလုပ်ရမယ်၊ ကျွန်မတို့ ပရောဂျက်တွေအားလုံး ကောင်းကောင်းပြီးဖို့ ကြိုးပမ်းရမယ်၊ ဒါမှ ကျွန်မက သူတို့အတွက် လုံးဝ ဒုတိယမဟုတ်ဘူးဆိုတာ လူတိုင်းက မြင်မယ်ပေါ့။ အဲဒီနောက်မှာ ကျွန်မက နေ့တိုင်း စောစောထပြီး ညဉ့်နက်တဲ့အထိနေတယ်။ ဘယ်အရေးကြီးတဲ့အလုပ်မဆို ကျွန်မက ရှေ့ထွက်ပြီး ပေါ်လာတဲ့ ဘယ်ပြဿနာကိုမဆို အမြန်ဖြေရှင်းတယ်။ အဲဒီအစ်မတွေက ရှေ့ဆုံးရောက်နေမှာ စိုးပြီးတော့ပေါ့။ တစ်ခါတလေမှာ သူတို့တွေက အမှားတွေလုပ်ပြီး သိက္ခာကျဖို့တောင် ကျွန်မ မျှော်လင့်မိတယ်။ တစ်နေ့တော့ အသင်းတော်စာအုပ်တွေကို စစ်နေတုန်းမှာ ပို့လိုက်တာနဲ့ လက်ခံရရှိတဲ့အရေအတွက်က မကိုက်တာကို တွေ့ရတယ်။ သူတို့က စာအုပ်တွေ ဖြန့်တာ၊ လက်ခံတာတွေကို ကိုင်တွယ်နေတာ။ အကြောင်းရင်းကို သူတို့ အလောတကြီးနဲ့ လိုက်ရှာနေတာကိုမြင်ရတော့ ကျွန်မက သူတို့ကို မကူညီရုံမကဘဲ သူတို့ကံမကောင်းတဲ့အပေါ်မှာ ပျော်မွေ့နေပြီး “ရှင်တို့က အရမ်း လုပ်ကိုင်နိုင်တယ်လို့ ကျွန်မထင်ထားတာ။ အခု ဘာလုပ်ကြမလဲ” ဆိုပြီး စဉ်းစားနေတယ်။ ကျွန်မက အပြစ်ဖော်ဆုံးမတဲ့လေသံနဲ့ပြောလိုက်တယ်။ “အသင်းတော်စာအုပ်တွေမှာ ပြဿနာဖြစ်တာက အရေးကြီးတယ်” ပေါ့။ သူတို့အတွက် ဒါကို ကြားရတာ အရမ်းစိတ်ဖိစီးစရာဖြစ်ပြီး သူတို့အခြေအနေအပေါ် သက်ရောက်သွားတယ်။ ကျွန်မက တိတ်တိတ်လေး ပျော်နေတာပေါ့။ “ဒီလို အမှားကြီးလုပ်ပြီးတဲ့နောက်မှာ သူတို့တွေက ပိုတော်တယ်လို့ ခေါင်းဆောင်က ထင်မှာလား ကြည့်ကြတာပေါ့။ သူတို့က အပျက်သဘောဆောင်တဲ့အခြေအနေမှာ နေနေရင် ငါ့ရာထူးအပေါ် ဘယ်ခြိမ်းခြောက်မှုကိုမှ စိုးရိမ်စရာမလိုဘူး” ပေါ့။ အဲဒီအချိန်တုန်းက ကျွန်မ နည်းနည်းအပြစ်ရှိသလိုခံစားရပြီး ဒါက စည်းကျော်နေတာပဲဆိုတာ သဘောပေါက်တယ်။ ဒါပေမဲ့ ဒါကို တကယ် ဆင်ခြင်သုံးသပ်မကြည့်ခဲ့ဘူး။

နောက်ပိုင်းမှာ အစ်မဝမ်ရဲ့တာဝန်က အကြောင်းကြောင်းကြောင့် ပြောင်းသွားပြီး ကျွန်မနဲ့ အစ်မယန်က အတူတူလုပ်ဖို့ ဖြစ်သွားတယ်။ တစ်နေ့တော့ အလုပ်ဆွေးနွေးမှုတစ်ခုမှာ အထက်ခေါင်းဆောင်က အစ်မယန်ရဲ့ ထင်မြင်ချက်ကို အမြဲတမ်းမေးနေပြီး ကျွန်မကတော့ တစ်ဖက်မှာ ထိုင်နေရင်း ပစ်ပယ်ခံထားရသလို ခံစားနေရတာကို ကျွန်မ သတိပြုမိတယ်။ သူက ပိုငယ်ပြီးတော့ အစွမ်းအစပိုရှိတယ်လို့ ခေါင်းဆောင်က ထင်နိုင်တယ်၊ ဒီတော့ သူ့ကို လေ့ကျင့်ပေးချင်တယ်လို့ ကျွန်မ မှန်းဆမကြည့်ဘဲ မနေနိုင်ခဲ့ဘူး။ အဲဒီလိုတွေးမိပြီး ကျွန်မ ဝမ်းနည်းသွားတယ်။ အရင်က ခေါင်းဆောင်က ကိစ္စတွေကို ကျွန်မနဲ့ အမြဲတမ်းဆွေးနွေးတယ်။ ဒါပေမဲ့ အခု သူက အစ်မယန်ကို တန်ဖိုးထားတယ်။ ဒါဆို သူက ကျွန်မထက်ပိုတော်တဲ့ပုံစံဖြစ်မသွားဘူးလား။ ကျွန်မရဲ့ မနာလိုမှုက ထပ်ပြီး ပေါ်လာပြန်တယ်။ အဲဒီအချိန်အတွင်းမှာ သူ့အလုပ်မှာ အမှားတွေကို ကျွန်မ သတိထားမိတဲ့အချိန်တိုင်းမှာ ကျွန်မက သူ့ကို ဆူတယ်။ တစ်ခါတလေဆိုရင် သူ့အပေါ် အေးတိအေးစက် ဆက်ဆံတယ်။ စုဝေးပွဲတိုင်းမှာ ကျွန်မက လူတိုင်းရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်အောင်လို့ ကျွန်မက ဦးဆောင်တဲ့သူဖြစ်အောင် သေချာလုပ်တယ်။ သူ့ကို မိတ်သဟာယဖွဲ့ဖို့ အခွင့်အရေးမပေးဘူး။ သူ့အခြေအနေက ပိုပိုဆိုးလာပြီး သူက အသင်းတော်အလုပ်အတွက် တာဝန်မခံတော့ဘူး။ တချို့ကိစ္စတွေက အချိန်မှန်မကိုင်တွယ်တော့ အသင်းတော်အလုပ်ကို ထိခိုက်တယ်။ အဲဒီအချိန်တုန်းက ကျွန်မ အပြစ်ရှိသလိုတော့ ခံစားရပါတယ်။ ကျွန်မက သူ့ရဲ့ အပျက်သဘောဆောင်တဲ့ အခြေအနေနဲ့ အများကြီးဆိုင်တယ်လို့ ခံစားရတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် သုံးသပ်မကြည့်ခဲ့ဘူး။ ဘုရားရဲ့ ပဲ့ပြင်ဆုံးမမှုက ကျွန်မအပေါ် ရောက်မလာခင်အထိ ကိုယ့်အခြေအနေအပေါ် ဘာနားလည်မှုမှမရှိခဲ့ဘူး။

တစ်နေ့တော့ ကျွန်မ ရုတ်တရက် နေမကောင်းဖြစ်ပြီး အဖျားတက်လာတယ်။ နောက်တော့ ချောင်းဆိုးလာတယ်။ ကျွန်မရဲ့ ပန်းနာရောဂါက ပြန်ထလာတယ်လို့ ထင်မိတယ်။ ဒါပေမဲ့ အစ်မတစ်ယောက်က ကျွန်မကို သတိပေးတယ်။ “အခုရက်ပိုင်းမှာ စုဝေးပွဲတွေမှာ မိတ်သဟာယဖွဲ့တာ အစ်မတစ်ယောက်ပဲဖြစ်နေတာကို ကျွန်မ သတိထားမိတယ်။ အစ်မယန်က စကားတစ်ခွန်းမှ မပြောနိုင်ဘူး။ အစ်မ ကိုယ့်ကိုယ်ကိုယ် တကယ်သုံးသပ်ကြည့်သင့်တယ်။ ဒီလိုဆက်လုပ်နေတာက အန္တရာယ်ရှိတယ်” တဲ့။ ကျွန်မက ဒါကို လက်မခံရုံမကဘဲ ကျွန်မကိစ္စကို ငြင်းဖို့ အကုန်လုပ်ခဲ့တယ်။ “အစ်မက သူ့အကြောင်းကိုမသိဘူး။ သူက စကားပြောတာ သိပ်မကောင်းဘူး။ ကျွန်မ မိတ်သဟာယမဖွဲ့ရင် စုဝေးပွဲတွေမှာ တစ်ခါတလေ တိတ်ဆိတ်နေတာပဲ” ပေါ့။ သူက ဘာမှထပ်မပြောတော့ဘူး။ နောက်ပိုင်းမှာ ကျွန်မ ချောင်းဆိုးတာက ပိုပိုဆိုးလာပြီး ဘယ်ဆေးသောက်သောက် မပျောက်ဘူး။ ကျွန်မ ဘယ်လောက်ပဲ လုပ်ချင်လုပ်ချင်၊ စုဝေးပွဲတွေမှာ မိတ်သဟာယမဖွဲ့နိုင်ဘူး။ ကျွန်မ စစ်ဆေးကြည့်ဖို့ ဆရာဝန်ဆီသွားတယ်။ ကျွန်မက ပြင်းထန်တဲ့ အသက်ရှုလမ်းကြောင်းရောဂါနဲ့ တီဘီရောဂါရှိတယ်လို့ ဆရာဝန်ကပြောတယ်။ ဒါတွေက တော်တော်ပြင်းတဲ့ရောဂါတွေဖြစ်ပြီး ထိန်းချုပ်ဖို့အတွက် တစ်နှစ် ဆေးသောက်ရတယ်လို့ ပြောတယ်။ ကျွန်မက ဒါကိုကြားတော့ အံ့အားသင့်နေရင်းနဲ့ အဲဒီမှာ ထိုင်နေပြီး တော်တော်စိတ်ဒုက္ခရောက်နေမိတယ်။ ကျွန်မက အရင်က တီဘီရောဂါရှိခဲ့ပြီး ကုရ တော်တော်ခက်တယ်။ ဘယ်လိုပြန်ဖြစ်လာတာလဲ၊ ဘယ်လို ဒီလောက်ဆိုးသွားတာလဲဆိုတာ ကျွန်မ မသိခဲ့ဘူး။ တီဘီက ကူးဆက်တတ်တယ်ဆိုတော့ ကျွန်မက ညီအစ်ကိုမောင်နှမတွေနဲ့ ဆက်သွယ်လို့မရဘူး။ ဒီတော့ ကျွန်မတာဝန်ကို ထမ်းဆောင်လို့မရနိုင်တဲ့သဘောပေါ့။ ကျွန်မယုံကြည်တဲ့နှစ်တွေအားလုံးမှာ တာဝန်ထမ်းဆောင်ခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် အသုံးခံဖို့အတွက် မိသားစုနဲ့အလုပ်ကိုတောင် ထားခဲ့တယ်။ အထူးသဖြင့် အဲဒီအချိန်မှာ အလုပ်က တော်တော်ရှုပ်ပြီး ကျွန်မက အားလုံးအရှေ့မှာ ရောက်နေတာ။ ကျွန်မက ဘာလို့ ပြင်းထန်တဲ့ရောဂါကို ရတာလဲ။ ဘုရားအလိုတော်က ဘာလဲ။ ကျွန်မ စဉ်းစားလေလေ ပိုဆိုးလေလေပဲ။ ကျွန်မရဲ့ ဂွမ်းကပ်စောင်အောက်မှာ ပုန်းပြီး ငိုနေမိတယ်။ တစ်ခါတော့ ကျွန်မ မျက်ရည်တွေကျပြီး ဘုရားကို ဆုတောင်းတယ်။ “ဘုရားသခင် သမီး အရမ်းနာကျင်ရပါတယ်။ ဒါကို ဘယ်လိုဖြတ်သန်းရမယ်ဆိုတာ မသိပါဘူး။ ဒီဖျားနာခြင်းကနေ သင်ခန်းစာယူနိုင်ဖို့အတွက် ကိုယ်တော့် အလိုတော်ကို နားလည်ဖို့ သမီးကို ဉာဏ်အလင်းဖွင့်ပြတော်မူပါ” ဆိုပြီးတော့။

တစ်နေ့တော့ ကျွန်မ ဝတ်ပြုနေရင်းနဲ့ ဒီ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်တယ်။ ဘုရားသခင်က ပြောသည်- “များသောအားဖြင့် သင်သည် ပြင်းထန်သော အဖျားရောဂါ သို့မဟုတ် တစ်မူထူးခြားသော ရောဂါတစ်ခုခုဖြင့် ဖိစီးနှိပ်စက်ခံရပြီး သင့်ကို ဝေဒနာကြီးစွာ ဖြစ်စေသောအခါ ဤအရာများက မတော်တဆဖြစ်ပျက်ခြင်း မဟုတ်ပေ။ သင်သည် ဖျားနာသည်ဖြစ်စေ ကျန်းမာသည်ဖြစ်စေ၊ ထိုအရာအားလုံး၏ နောက်ကွယ်၌ ဘုရားသခင်၏အလိုတော်ရှိသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားသခင်အား ယုံကြည်ခြင်းတွင် သမ္မာတရားကို ရရှိခြင်းသည် အရေးပါဆုံးဖြစ်၏) ဒါကို ဆင်ခြင်စဉ်းစားရင်းနဲ့ ဘုရားသခင်က ကျွန်မကို အရမ်းနေမကောင်းဖြစ်စေတာက ထင်ရာမြင်ရာလုပ်တာ လုံးဝမဟုတ်ဘဲ သေချာပေါက် ဘုရားအလိုတော်ပါနေတာကို ကျွန်မ သဘောပေါက်ခဲ့တယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် သေချာဆင်ခြင်သုံးသပ်ကြည့်ခဲ့တယ်။ ထပ်ခါထပ်ခါ ဆုတောင်းရှာဖွေတယ်။ ကျွန်မ ဆင်ခြင်သုံးသပ်ရင်းနဲ့ အစ်မယန်ကို ကျွန်မ အမြဲတမ်း မနာလိုဖြစ်နေတာ၊ မပြောင်းလဲဘဲနဲ့ နာမည်နဲ့ အကျိုးအမြတ်အတွက် ယှဉ်ပြိုင်တဲ့ အခြေအနေမှာ အသက်ရှင်နေတာက သူ့ကို စိတ်ကျဉ်းကျပ်စေပြီး ဒါကြောင့် အသင်းတော်အလုပ်ကို ထိခိုက်ခဲ့တယ်ဆိုတာ ကျွန်မ ရုတ်တရက် သဘောပေါက်သွားတယ်။ ကျွန်မ အပြစ်ရှိသလိုခံစားရပြီး နောင်တတွေအများကြီးရမိတယ်။ ဘုရားနှုတ်ကပတ်တော်ထဲက ဒါကို ကျွန်မ ဖတ်တယ်။ “ရက်စက်သော လူသားမျိုးနွယ်ပါတကား။ မသိကျိုးကျွန်ပြုခြင်းနှင့် လျှို့ဝှက်ကြံစည်ခြင်း၊ တစ်ဦးကိုတစ်ဦးမှ အလစ်သုတ်ခြင်းနှင့် လုယူခြင်း၊ ကျော်စောမှုနှင့် အခွင့်အလမ်းအတွက် အလုအယက်ကြိုးပမ်းခြင်း၊ အပြန်အလှန် သတ်ဖြတ်နေခြင်း၊ ဤအရာများက မည်သည့်အချိန်မှ ပြီးဆုံးမည်နည်း။ ဘုရားသခင်သည် နှုတ်ကပတ်တော်များ သိန်းသန်းချီ မြွက်ဆိုထားစေကာမူ မည်သူကမျှ အသိတရား မရကြပါ။ လူတို့သည် သူတို့၏မိသားစု၊ သူတို့၏ သားသမီးများ၊ သူတို့၏အလုပ်အကိုင်၊ အနာဂတ်တက်လမ်း၊ ရာထူးနေရာ၊ အပေါ်ယံ ဂုဏ်ပကာသနနှင့် ငွေကြေးတို့အလို့ငှာ၊ အစားအစာ၊ အဝတ်အစားနှင့် အသွေးအသားအလို့ငှာသာ လုပ်ဆောင်ကြလေသည်။ သို့သော် မိမိ၏လုပ်ဆောင်ချက်များက အမှန်တကယ် ဘုရားသခင်အတွက် ဖြစ်သောသူ တစ်စုံတစ်ယောက် ရှိသလော။ ဘုရားသခင်အတွက် လုပ်ဆောင်သောသူများကြားမှာပင် ဘုရားသခင်ကို သိကျွမ်းသောသူ အနည်းငယ်သာရှိ၏။ မိမိကိုယ်ပိုင် အကျိုးစီးပွားအတွက် မလုပ်ဆောင်သောသူ မည်မျှရှိသနည်း။ မိမိကိုယ်ပိုင်ရာထူးနေရာအား ကာကွယ်ရန်အလို့ငှာ အခြားသူများကို မဖိနှိပ်သူ၊ ခွဲခြားမဆက်ဆံသူ မည်မျှရှိသနည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လွန်ကျူးခြင်းအပြစ်များက လူသားကိုငရဲသို့ ဦးဆောင်လမ်းပြလိမ့်မည်)အခြားသူများသည် မိမိတို့ထက် ပို၍ သာလွန်ပြီး ပို၍ မြင့်မားမည်ကိုလည်းကောင်း၊ မိမိတို့က ပစ်ပယ်ခြင်းခံရစဉ်တွင် အခြားသူများက ရိုသေကြည်ညိုခြင်း ခံရမည်ကိုလည်းကောင်း အစဉ် စိုးရွံနေသည့်သူအချို့ ရှိကြသည်။ ဤအရာက သူတို့ကို အခြားသူများအား တိုက်ခိုက်ပြီး ဖယ်ကြဉ်စေသည်။ ဤသည်မှာ မိမိတို့ကိုယ်တိုင်ထက် တတ်စွမ်းနိုင်သူတို့ကို မနာလိုဝန်တိုခြင်း ကိစ္စရပ်တစ်ခု မဟုတ်လော။ ထိုသို့သော အပြုအမူက တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ် ဖြစ်သည် မဟုတ်လော။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်ပါသနည်း။ ယင်းမှာ မလိုတမာစိတ် ဖြစ်၏။ မိမိအတွက်ကိုသာ စဉ်းစားခြင်း၊ မိမိ၏ကိုယ်ပိုင် စိတ်ဆန္ဒများကိုသာ ဖြည့်ဆည်းခြင်း၊ အခြားသူများအတွက် စာနာထောက်ထားမှု လုံးဝမပြခြင်း၊ သို့မဟုတ် ဘုရားအိမ်တော်၏ အကျိုးများကို မစဉ်းစားခြင်း- ဤသို့သော လူတို့သည် ဆိုးသော စိတ်သဘောထားတစ်ခု ပိုင်ဆိုင်ပြီး သူတို့အတွက် ဘုရားသခင်တွင် ချစ်ခြင်းမေတ္တာမရှိပါ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ စိတ်နှလုံးကို ဘုရားသခင်အား ပေးအပ်ရာတွင် မိမိသည် သမ္မာတရားကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ရတာ ကျွန်မအတွက် တကယ်ကို စိတ်ထိခိုက်စရာပဲ။ သူက ကျွန်မအခြေအနေကို အတိအကျ ဖွင့်ပြနေတာ။ အဲဒီအစ်မနှစ်ယောက်က သူတို့တာဝန်ကို ကျွမ်းကျွမ်းကျင်ကျင်လုပ်နေပြီး အသင်မြန်တာကို ကျွန်မ မြင်ရတာကြောင့် ပြီးတော့ ကိစ္စတွေကို ကျွန်မနဲ့ မဆွေးနွေးဘဲ ကိုင်တွယ်တာကြောင့် ကျွန်မက အနေရခက်ပြီး သူတို့က ကျွန်မကို လျစ်လျူရှုတယ်လို့ ထင်ခဲ့တယ်။ အဲဒီကြီးကြပ်သူက သူတို့ကို တာဝန်မှာ ထိရောက်မှုရှိလို့ဆိုပြီး ချီးမွမ်းတော့ သူတို့က ကျွန်မရာထူးအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး ကျွန်မရဲ့ ထင်ပေါ်မှုကို ခိုးယူချင်တယ်လို့ ပိုပြီးတော့တောင် ခံစားမိခဲ့တယ်။ ကျွန်မက သူတို့ထက်သာတယ်လို့ သက်သေပြပြီး ကျွန်မရာထူးကို စိတ်ချရစေဖို့အတွက် စုဝေးပွဲတွေမှာ မိတ်သဟာယဖွဲ့ပြီး သူများတွေရဲ့ ပြဿနာတွေကို ဖြေရှင်းတဲ့အခါမှာ ကျွန်မက ထင်ပေါ်မှုကို အမိအရဖမ်းဆုပ်ခဲ့တယ်။ သူတို့ကို မိတ်သဟာယဖွဲ့ဖို့ အခွင့်အရေးမပေးခဲ့ဘူး။ စာအုပ်တွေကို ညီတူညီမျှဖြစ်အောင်လုပ်နေတုန်းမှာ တစ်ခုခုက မရှင်းလင်းတဲ့အခါ အကြောင်းရင်းကို တွေ့ဖို့ သူတို့ကို ကူမယ့်အစား သူတို့စိတ်ဒုက္ခရောက်တာကို ပျော်ပြီးတော့ မထိတထိရှုတ်ချတဲ့ မှတ်ချက်တွေပေးခဲ့တယ်။ ဒါကြောင့် သူတို့က ဖိအားဖြစ်ပြီး အပျက်သဘောထဲမှာ ရှင်သန်ကြတယ်။ ကျွန်မက တော်တော် အငြိုးထားတာပဲ။ ဒီလိုစဉ်းစားမိပြီး ကျွန်မ အပြစ်ရှိသလိုခံစားရပြီး နောင်တရမိတယ်။ မျက်ရည်ကျရင်းနဲ့ ဘုရားကို ဆုတောင်းတယ်။ “အို ဘုရားသခင်။ သမီးက ဒါကို ကောင်းကောင်းလုပ်ပြီး ကိုယ်တော့် ချစ်ခြင်းကို ပြန်ပေးဆပ်ဖို့ ပျက်ကွက်ရုံမကဘဲ အရည်အချင်းရှိသူတွေကို မနာလိုဖြစ်ပြီး နာမည်နဲ့ အကျိုးအမြတ်အတွက် ယှဉ်ပြိုင်ခဲ့တယ်။ သမီးရဲ့ အပြုအမူက ကိုယ်တော့် အတွက် အော်ဂလီဆန်စရာ၊ ရွံရှာစရာဖြစ်ခဲ့ပါတယ်။ ဘုရားသခင် သမီးနောင်တရပြီး ပြောင်းလဲချင်ပါတယ်” ဆိုပြီးတော့။ ဒီ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မဖတ်တယ်။ “ပြဿနာတစ်ခုကို ထိပ်တိုက်ရင်ဆိုင်ရသောအခါ၊ လူအချို့သည် အခြားသူများထံမှ အဖြေကို အမှန်တကယ် ရှာဖွေသော်လည်း၊ အခြားလူတစ်ဦးသည် သမ္မာတရားနှင့်အညီ စကားပြောဆိုသည့်အခါ၊ ၎င်းတို့သည် လက်မခံကြချေ၊ ၎င်းတို့ မနာခံနိုင်ကြသကဲ့သို့၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ‘သူ့ထက် ငါ ပုံမန်အားဖြင့် ပိုကောင်းပါတယ်။ သူ့ရဲ့ အကြံပြုချက်ကို ငါနားထောင်ရင်၊ ဒီတစ်ခါ သူက ငါ့ထက် ပိုသာသလို ထင်ရလိမ့်မယ် မဟုတ်လား။ မဖြစ်ဘူး၊ ဒီကိစ္စနဲ့ပတ်သက်ပြီး သူပြောတာကို ငါ နားမထောင်နိုင်ဘူး။ ငါ ကြိုက်သလို ငါလုပ်မယ်’ ဟု တွေးကြသည်။ ထို့နောက် အခြားလူ၏ အမြင်ရှုထောင့်ကို ငြင်းပယ်ရန် အကြောင်းပြချက်နှင့် ဆင်ခြေတစ်ခုကို သူတို့ ရှာကြသည်။ လူတစ်ယောက်သည် လူတို့၏ စိတ်ထဲရှိ သူ၏ ကိုယ်ပိုင်နေရာကို ကာကွယ်ရန်အတွက် သူ့ထက်ပိုသာလွန်သောသူကို မြင်ပြီး ထိုသူအကြောင်း ကောလာဟလများဖြန့်လျက်၊ သို့မဟုတ် ထိုသူကို အပုပ်ချပြီး ထိုသူ၏ ဂုဏ်သတင်းကို လျော့ပါးစေရန် စက်ဆုပ်ဖွယ်ကောင်းသော နည်းလမ်းများကို အသုံးချလျက်၊ ထိုသူကို အထင်အမြင်သေးစွာဖြင့်ပင် ဆက်ဆံလျက် ထိုသူကို ပြိုလဲစေရန် ကြိုးစားသောအခါတွင် ဤသည်မှာ မည်သို့သော စိတ်သဘောထားအမျိုးအစားဖြစ်သနည်း။ ဤသည်မှာ မာနထောင်လွှားခြင်းနှင့် စိတ်ကြီးဝင်ခြင်း သက်သက်မဟုတ်ပေ။ စာတန်၏ စိတ်သဘောထားဖြစ်သည်။ ဤသည်မှာ မလိုမုန်းထားသော စိတ်သဘောထားဖြစ်သည်။ ဤလူက သူ့ထက်ပိုသာလွန်ပြီး ထက်မြက်သောသူတို့ကို တိုက်ခိုက်ပြီး ဖယ်ကြဉ်နိုင်ခြင်းသည် အန္တရာယ်ရှိပြီး ဆိုးယုတ်သည်။ လူတို့ကို ပြိုလဲအောင်ပြုလုပ်ရန် ၎င်းတို့သည် မည်သို့မျှ ရပ်တန့်မည်မဟုတ်ကြောင်းက ၎င်းတို့ထဲတွင် အလွန်ပင် နတ်ဆိုးရှိနေသည်ကို ပြသည်။ စာတန်၏ စိတ်သဘောထားဖြင့် အသက်ရှင်လျက် ၎င်းတို့သည် လူတို့ကို သေးသိမ်စေရန်၊ ချောက်ချရန်၊ လူတို့အတွက် အခက်အခဲဖြစ်စေရန် လုပ်ဆောင်တတ်ကြသည်။ ဤသည်မှာ မကောင်းမှုလုပ်ဆောင်ခြင်း မဟုတ်လော။ ဤသို့အသက်ရှင်လျက်ဖြင့် ၎င်းတို့ အဆင်ပြေသည်၊ လူကောင်းဖြစ်သည်ဟု ထင်ကြဆဲဖြစ်သည်။ သို့တိုင်အောင် ၎င်းတို့ထက် ပိုမိုသာလွန်သောသူကို မြင်သောအခါ ၎င်းတို့သည် ထိုသူတို့ကို အခက်အခဲဖြစ်စေရန်၊ ထိုသူတို့ကို အားလုံး နင်းချေပစ်ရန် လုပ်ဆောင်တတ်ကြသည်။ ဤတွင် ပြဿနာက အဘယ်နည်း။ ထိုသို့ ဆိုးယုတ်သော လုပ်ရပ်များကို ကျူးလွန်နိုင်စွမ်းရှိသည့်လူများသည် မသမာသကဲ့သို့၊ ဇွတ်တရွတ်နိုင်သည် မဟုတ်လော။ ထိုသို့သော လူများသည် မိမိတို့၏ ကိုယ်ကျိုးစီးပွားများကိုသာ တွေးတောသည်၊ မိမိတို့၏ ကိုယ်ပိုင်ခံစားချက်များကို ဆင်ခြင်စဉ်းစားသည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်လိုအင်များ၊ ရည်မှန်းချက်များနှင့် ပန်းတိုင်များကို စွမ်း‌ဆောင်ရရှိဖို့ကိုသာ အလိုရှိကြသည်။ အသင်းတော်၏အလုပ်အပေါ် ၎င်းတို့က မည်မျှ ထိခိုက်နစ်နာစေသည်ကို ဂရုမစိုက်ပေ။ ၎င်းတို့သည် လူတို့စိတ်ထဲရှိ ၎င်းတို့၏ အဆင့်အတန်းနှင့် ၎င်းတို့၏ ကိုယ်ပိုင် ဂုဏ်သတင်းကို ကာကွယ်ရန် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို စွန့်လွှတ်ဖို့ ပို၍ နှစ်သက်ကြသည်။ ဤသို့သောလူတို့သည် မာနထောင်လွှားခြင်း၊ မိမိကိုယ်ကို အမှန်ဟုထင်မြင်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာခြင်းမရှိသလော။ ဤသို့သာသူတို့သည် မာနထောင်လွှားပြီး မိမိကိုယ်ကို အမှန်ဟု ထင်မြင်ရုံသာမက အလွန့်အလွန် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည်။ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်ကို လုံးဝ သတိမထားပေ။ ဤသို့သောသူတို့သည် ဘုရားသခင်အပေါ် ကြောက်ရွံ့ခြင်း တစ်ခုတလေရှိသလော။ ဘုရားသခင်အပေါ် စိုးစဉ်းမျှပင် ကြောက်ရွံ့ခြင်း မရှိပေ။ ဤအတွက်ကြောင့် ၎င်းတို့က အပြစ်ကို သိမြင်စိတ် လုံးဝမရှိဘဲ၊ စိုးရိမ်ပူပန်ခြင်း လုံးဝမရှိဘဲ၊ ထိတ်လန့်ခြင်း၊ သို့မဟုတ် စိတ်ပူခြင်းလုံးဝ မရှိဘဲ လက်လွတ်စပယ် လုပ်ဆောင်ကာ အလိုရှိသလို ဆောင်ရွက်ကြခြင်းဖြစ်သည်။ ဤသည်မှာ ၎င်းတို့ မကြာခဏ လုပ်ဆောင်သည့်အရာနှင့် အမြဲ ပြုမူကြပုံ ဖြစ်သည်။ ထိုသို့သော အပြုအမူ၏ သဘာဝမှာ အဘယ်နည်း။ သက်သက်သာသာ ပြောရမည်ဆိုလျှင်၊ ထိုသို့သော လူများသည် အလွန့်အလွန် မနာလိုတတ်ကြပြီး ပုဂ္ဂိုလ်ရေး ကျော်ကြားမှုနှင့် အဆင့်အတန်းအတွက် အလွန် အားကောင်းသည့် လိုအင်ဆန္ဒတစ်ခု ရှိကြလေသည်။ ၎င်းတို့သည် အလွန် လှည့်ဖြားတတ်ကြပြီး သစ္စာဖောက်ဖျက် တတ်ကြသည်။ သာ၍ ပြင်းထန်စွာ ပြောရလျှင်၊ ပြဿနာ၏ အနှစ်သာရမှာ ထိုသို့သော လူများ၏ စိတ်နှလုံးများသည် ဘုရားသခင်ကို စိုးစဉ်းမျှပင် မကြောက်ရွံ့ကြချေ။ ဘုရားသခင်ကို သူတို့ မကြောက်ပါ၊ မိမိတို့ကိုယ်ကိုယ် အရေးပါဆုံးအဖြစ် ယုံကြည်ကြပြီး၊ မိမိတို့ကိုယ်ကိုယ်၏ လက္ခဏာသွင်ပြင်တိုင်းကို ဘုရားသခင်ထက် ပိုမြင့်ပြီး သမ္မာတရားထက် ပိုမြင့်သည်ဟု သူတို့မှတ်ယူကြသည်။ သူတို့၏ စိတ်နှလုံးများထဲတွင်၊ ဘုရားသခင်သည် ဖော်ပြဖို့ မထိုက်တန်ဘဲ အရေးမပါဖြစ်ကာ၊ သူတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်သည် လုံးဝ အဆင့်အတန်း တစ်ခုတစ်လေမျှ မရှိပါ။ ၎င်းတို့၏နှလုံးသားများထဲတွင် ဘုရားသခင်အတွက် နေရာမရှိသောသူများနှင့် ဘုရားသခင်ကို မကြောက်ရွံ့သောသူများက သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကြသလော။ လုံးဝ မလုပ်ဆောင်နိုင်ပေ။ ထို့ကြောင့် သူတို့သည် ထုံးစံအတိုင်း အလုပ်ရှုပ်ပြီး အားအင်အတော်များများ အသုံးပြုကြကာ ပျော်ရွှင်မြူးထူးစွာ သွားလာကြသောအခါ သူတို့ မည်သည့်အရာ ပြုလုပ်နေကြသနည်း။ ထိုကဲ့သို့သောလူတို့က ဘုရားသခင်အတွက် အသုံးတော်ခံရန် အရာရာတိုင်းကို စွန့်လွှတ်ပြီး များစွာဒုက္ခခံခဲ့ကြပြီဟုပင် ကြွေးကြော်ကြ၏၊ သို့သော်လည်း အမှန်မှာမူ သူတို့လုပ်ဆောင်ချက်များအားလုံး၏ စေ့ဆော်မှု၊ အခြေခံသဘောတရားနှင့် ရည်ရွယ်ချက်တို့မှာ ၎င်းတို့၏ ကိုယ်ပိုင်အဆင့်အတန်းနှင့် ဂုဏ်သိက္ခာအတွက်၊ ၎င်းတို့၏ အကျိုးစီးပွားအားလုံးကို ကာကွယ်ရန်အတွက် ဖြစ်သည်။ ဤသို့သောလူမျိုးကို ဆိုးဝါးသည်ဟု သင်တို့ ဆိုမည်လော၊ မဆိုမည်လော။ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ပြီးဖြစ်သော်လည်း၊ ဘုရားသခင်ကို မကြောက်ရွံ့သောသူသည် မည်သည့် လူစားမျိုး ဖြစ်သနည်း။ ၎င်းတို့သည် မာနထောင်လွှားခြင်း မရှိသလော။ ၎င်းတို့သည် စာတန်မဟုတ်သလော။ မည်ကဲ့သို့သော အရာများက ဘုရားသခင်ကို ကြောက်ရွံ့ခြင်းမရှိသနည်း။ တိရစ္ဆာန်များမှလွဲ၍၊ ဆိုးညစ်သူများနှင့်၊ အန္တိခရစ်များ၊ နတ်ဆိုးများ၏အမျိုးများနှင့် စာတန်တို့ ဖြစ်ပေသည်။ ၎င်းတို့သည် သမ္မာတရားကို လုံးဝ လက်မခံကြပေ။ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း ကင်းမဲ့နေကြသည်။ ၎င်းတို့သည် မည်သည့်မကောင်းမှုကိုမဆို လုပ်ဆောင်နိုင်စွမ်းရှိသည်။ ၎င်းတို့သည် ဘုရားသခင်နှင့် ဘုရားသခင်ရွေးချယ်ထားသောသူများ၏ ရန်သူများဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် မှန်ကန်သော လမ်းကြောင်းပေါ် စတင်ရန် ပြည့်စုံရမည့် သတ်မှတ်ချက် ငါးချက်) ဘုရားနှုတ်ကပတ်တော်ကိုဖတ်ရတာက ဘုရားက ကျွန်မနဲ့ မျက်နှာချင်းဆိုင်ပြီး ကျွန်မကို တရားစီရင်နေသလို ခံစားရတယ်။ နှစ်ချီပြီးကြာနေတဲ့ ခေါင်းဆောင်အနေနဲ့ ကျွန်မက သူများတွေထက်သာသင့်တယ်၊ ပိုပြီးအဆင့်မြင့်သင့်တယ်လို့ ထင်ခဲ့တယ်။ ဒီတော့ ကျွန်မက ကျွန်မထက်ပိုလုပ်နိုင်တဲ့ ဘယ်သူကိုမဆို မနာလိုဖြစ်ပြီး ဖယ်ကြဉ်တယ်။ အဲဒီအစ်မနှစ်ယောက်က အစွမ်းအစရှိပြီး တာဝန်ခံယူတယ်၊ ရလဒ်တွေရတယ်ဆိုတာ ကျွန်မသိတယ်။ ဒါက အသင်းတော်အလုပ်အတွက်၊ ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုအတွက် ကောင်းတယ်။ ဒါပေမဲ့ ကျွန်မက ဒါတွေကို လုံးဝ ထည့်မစဉ်းစားဘူး။ ကိုယ့်နာမည်နဲ့ အဆင့်အတန်းကိုပဲ ဂရုစိုက်တယ်။ ကျွန်မက သူတို့နဲ့ တိတ်တဆိတ် တိုက်ပွဲဝင်တယ်။ သူတို့အလုပ်မှာ အမှားတွေ၊ သတိမထားမိတာတွေကို ရှာပြီး သူတို့ကို စိတ်ညစ်အောင်၊ အမြင်မကောင်းအောင် လုပ်တယ်။ သူတို့ကို မကောင်းတဲ့အခြေအနေရောက်စေပြီး တာဝန်ခံယူမှုမရှိဖြစ်သွားစေတယ်။ အသင်းတော်အလုပ်လည်း ထိခိုက်တယ်။ ကိုယ့်အဆင့်အတန်းကို ထိန်းသိမ်းဖို့အတွက် ကျွန်မက အဲဒီပိုပြီးပါရမီရှိတဲ့သူတွေကို မနာလိုဖြစ်ပြီး တကယ့်အလုပ်ကို လုပ်နိုင်တဲ့အစ်မတွေကို စိတ်ဓာတ်ကျအောင်လုပ်ခဲ့တယ်။ ဒါက အသင်းတော်အလုပ်ကို နှောင့်ယှက်ပြီး ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ထိခိုက်နေတာပဲ။ ကျွန်မက ဘာလူ့သဘာဝမှမရှိဘဲ ဆိုးယုတ်တဲ့ စိတ်သဘောထားတစ်ခုကို ဖွင့်ပြနေခဲ့တာပါ။ စာတန်က လူတွေ ကောင်းကောင်းလုပ်နေတာကို မကြည့်နိုင်ဘူး။ ဒါပေမဲ့ လူတွေ စိတ်ဓာတ်ကျပြီး ဘုရားကို သစ္စာဖောက်တာကို အရမ်းမြင်ချင်တယ်။ ကျွန်မက မကောင်းမှုလုပ်ပြီး ဘုရားကို ဆန့်ကျင်နေရင်းနဲ့ လုံးဝ စာတန်ရဲ့ လက်ပါးစေအဖြစ် လုပ်နေတာပါ။ အသင်းတော်ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဘုရားအလိုတော်ကို ကျွန်မ ထည့်စဉ်းစားသင့်ပြီး အသင်းတော်အတွက် ပိုပြီးပါရမီရှိတဲ့သူတွေကို ပျိုးထောင်ပေးသင့်တယ်။ ဒါပေမဲ့ အဲဒီအစား ပါရမီရှိသူတွေကို ပျိုးထောင်ပေးဖို့ ပျက်ကွက်ရုံတင်မကဘဲ ကျွန်မက မနာလိုဖြစ်ပြီး ဖိနှိပ်တယ်။ ဒါက ဘယ်လိုလုပ်ပြီး တာဝန်ထမ်းဆောင်တာဖြစ်မှာလဲ။ ကျွန်မက မကောင်းမှုလုပ်ပြီး ဘုရားကို ဆန့်ကျင်နေတာပါ။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် တကယ်ကို မုန်းတီးခဲ့တယ်။ ကျွန်မက လူသားတောင်မဟုတ်ဘဲ အသက်ရှင်ဖို့ မထိုက်တန်ဘူးလို့ ခံစားမိတယ်။

တစ်နေ့မှာ ကျွန်မက အစ်မတစ်ယောက်ကို ဖွင့်ပြောပြပြီး ကျွန်မရဲ့ မနာလိုမှုကို မိတ်သဟာယပြုခဲ့တယ်။ သူက ကျွန်မပြောတာကို သေချာနားထောင်ပြီးတော့ ဒါဝိဒ်အပေါ် ရှောလုရဲ့ မနာလိုခြင်းဥပမာကို ကျွန်မနဲ့ မျှဝေတယ်။ သူက ပြောတယ်။ “ဘုရားသခင်က စစ်ပွဲတွေအောင်နိုင်ဖို့ ဒါဝိဒ်ကို အသုံးပြုပြီး ဣသရေလတွေအားလုံးက သူ့ကို ပံ့ပိုးကြတာကို ရှောလုကမြင်တော့ သူက ဒါဝိဒ်ကို မနာလိုဖြစ်ပြီး သူ့ကိုသတ်ဖို့ သူ့နောက်ကိုလိုက်တယ်။ နောက်ဆုံးကျ သူက ဘုရားရဲ့ဒေါသကို ဆွမိပြီး ဘုရားဖျက်ဆီးတာခံရတယ်” တဲ့။ ဒါကို ကြားတော့ ကျွန်မ တုန်လှုပ်သွားတယ်။ ကျွန်မရဲ့ လတ်တလောအပြုအမူတွေအားလုံးကို တွေးကြည့်တယ်။ အဲဒီအစ်မနှစ်ယောက်က သူတို့တာဝန်မှာ ရလဒ်တွေရတာကို မြင်ပြီး ကျွန်မက သူတို့ကို မနာလိုဖြစ်ပြီး အချိန်တိုင်းမှာ သူတို့ကို ပိတ်ပင်တယ်။ ဒါက လူတွေနဲ့ အဆင်မပြေတာမဟုတ်ဘဲ ဘုရားကို ဆန့်ကျင်နေတာပါ။ ဒါက ရှောလုလိုပဲမဟုတ်ဘူးလား။ ဒီလိုမြင်ရတော့ တော်တော်ကြောက်ဖို့ကောင်းတယ်။ ကျွန်မရဲ့ မကောင်းတဲ့လမ်းကြောင်းကို ရပ်လိုက်တာက ဘုရားရဲ့ အချိန်မီ ပဲ့ပြင်ဆုံးမမှုပဲဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ ကျွန်မက ဒီလိုဆက်သွားနေရင် အကျိုးဆက်တွေက မတွေးရဲစရာပဲ။ နောက်ပိုင်းမှာ ကျွန်မ ဒါကို ထပ်ခါထပ်ခါစဉ်းစားတယ်။ ဘုရားသခင်က မနာလိုတာကို မကြိုက်ဘူးဆိုတာ ကောင်းကောင်းသိပြီးတော့ ကျွန်မက ဘာလို့သူများတွေကို ဘေးထွက်ခိုင်းနေတာကို မရပ်နိုင်တာလဲ။ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်တယ်။ “အန္တိခရစ်တစ်ဦး၏ အနှစ်သာရနှင့်သက်ဆိုင်သည့် အသိသာဆုံးသော ဝိသေသလက္ခဏာများထဲမှ တစ်ခုမှာ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ အာဏာရှင်စနစ်ကို အုပ်ချုပ်မင်းလုပ်နေသည့် အာဏာရှင်များကဲ့သို့ဖြစ်သည်- ၎င်းတို့သည် မည်သူ့ကိုမျှ နားမထောင်ပေ၊ ၎င်းတို့သည် လူတိုင်းကို အထင်သေးပြီး၊ လူတို့၏ အားသာချက်များ၊ သို့မဟုတ် လူတို့ပြောဆိုလုပ်ဆောင်သည့်အရာ၊ သို့မဟုတ် ၎င်းတို့ ရှိသည့် အသိအမြင်၊ ထင်မြင်ချက်များက မည်သို့ရှိသည်ဖြစ်စေ ၎င်းတို့က အရေးမစိုက်ပေ။ မည်သူကမျှ ၎င်းတို့နှင့်အတူ အလုပ်လုပ်ရန်၊ သို့မဟုတ် ၎င်းတို့လုပ်ဆောင်သည့်အရာမှန်သမျှတွင် ပါဝင်ရန် အရည်အချင်း မပြည့်မီသည့်အလား ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားမျိုးဖြစ်သည်။ ဤသည်မှာ ညံ့ဖျင်းသော လူ့သဘာဝရှိခြင်းဖြစ်သည်ဟု လူအချို့က ပြောကြသည်— ဤသည်မှာ ထူးမခြားနားသော ညံ့ဖျင်းသည့်လူ့သဘာဝမျှသာ မည်သို့လျှင် ဖြစ်နိုင်မည်နည်း။ ဤသည်မှာ လုံးလုံး ဆိုးယုတ်သည့် စိတ်သဘောထားတစ်ခု ဖြစ်ပေသည်။ ဤစိတ်သဘောထားမျိုးသည် အလွန့်အလွန် ခက်ထန်သည်။ ၎င်းတို့၏ စိတ်သဘောထားသည် အလွန့်အလွန် ခက်ထန်သည်ဟု ငါ အဘယ့်ကြောင့် ပြောသနည်း။ အန္တိခရစ်တို့သည် အသင်းတော်နှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို လုံးလုံး ၎င်းတို့၏ကိုယ်ပိုင်အဖြစ်၊ အခြားမည်သူမျှ ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ ၎င်းတို့သာ လုံးလုံး စီမံခန့်ခွဲသင့်သည့် ကိုယ်ရေးကိုယ်တာ ပိုင်ဆိုင်မှုအဖြစ် ယူဆကြသည်။ အသင်းတော်အလုပ်ကို လုပ်ဆောင်သောအခါတွင် ၎င်းတို့စဉ်းစားသည့် တစ်ခုတည်းသောအရာမှာ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွား၊ ဂုဏ်အဆင့်အတန်းနှင့် ၎င်းတို့၏ ကိုယ်ပိုင် ပုံရိပ်တို့ဖြစ်သည်။ ၎င်းတို့သည် အစွမ်းအစရှိသော၊ မိမိတို့၏ အတွေ့အကြုံနှင့် သက်သေခံချက်ကို ပြောဆိုနိုင်သောသူတစ်ဦးတစ်လေကို ၎င်းတို့၏ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာအား ခြိမ်းခြောက်ခွင့်ပြုဖို့ မဆိုထားနှင့်။ မည်သူ့ကိုမျှ ၎င်းတို့၏ အကျိုးစီးပွားကို ထိခိုက်ခွင့်မပြုပေ။...လူတစ်ယောက်က အလုပ်အနည်းငယ်ဖြင့် အသိအမှတ်ပြုခံရအောင် လုပ်သည့်အခါ၊ သို့မဟုတ် ဘုရားသခင် ရွေးချယ်ထားသောသူများကို အကျိုးဖြစ်စေရန်၊ စိတ်ဓာတ်မြှင့်တင်ပေးရန်၊ ပံ့ပိုးရန်အတွက် စစ်မှန်သည့်အတွေ့အကြုံနှင့်သက်သေခံချက်များကို ပြောဆိုနိုင်ပြီး လူတိုင်းထံမှ အလွန်ချီးကျူးမှုကို ရရှိသောအခါ အန္တိခရစ်များ၏ စိတ်နှလုံးတွင် မနာလိုခြင်းနှင့် မုန်းတီးခြင်းကြီးထွားလာသည်။ ထိုသူတို့ကို ဖယ်ကြဉ်ပြီး အားနည်းအောင်ပြုလုပ်ဖို့ ကြိုးစားကြသည်။ ထို့အပြင် အန္တိခရစ်များသည် ထိုသူများက ၎င်းတို့၏ ဂုဏ်အဆင့်အတန်းကို ခြိမ်းခြောက်ခြင်းမှ ကာကွယ်ရန် ထိုသို့သောလူများကို မည်သည့်အခြေအနေတွင်ဖြစ်စေ မည်သည့်အလုပ်ကိုမျှ တာဝန်ယူလုပ်ဆောင်ခွင့်မပြုပေ။...အန္တိခရစ်များက ‘ကျွန်ုပ်သည် ဤအရာကို သည်းညည်းခံမည် မဟုတ်။ သင်သည် ကျွန်ုပ်နှင့်ယှဉ်ပြိုင်ဖို့ ကျွန်ုပ်၏ အဖွဲ့ထဲတွင် အခန်းကဏ္ဍတစ်ခု လိုချင်သည်။ ယင်းမှာ မဖြစ်နိုင်ပေ၊ စဉ်းတောင်မစဉ်းစားလေနှင့်။ သင်သည် ကျွန်ုပ်ထက် သာ၍ တတ်နိုင်စွမ်းသည်၊ ကျွန်ုပ်ထက် သာ၍ ရှင်းလင်းစွာ ပြောဆိုနိုင်သည်၊ ကျွန်ုပ်ထက် သာ၍ ပညာတတ်ပြီး ကျွန်ုပ်ထက် လူကြိုက်များသည်။ သင်က ကျွန်ုပ်ကို သင်နှင့်အတူ အလုပ်လုပ်စေလိုပါသလား။ ကျွန်ုပ်၏ ထင်ရှားကျော်ကြားမှုနှင့် ဩဇာအာဏာကို သင် လုယူသွားပါက ကျွန်ုပ် မည်သို့လုပ်ရမည်နည်း။’ ဟု မိမိတို့ဘာသာ တွေးကြသည်။ ၎င်းတို့သည် ဘုရားသခင် အိမ်တော်၏ အကျိုးစီးပွားများကို ဆင်ခြင်ထောက်ထားနေခြင်းလော။ မဟုတ်ပေ။ ၎င်းတို့သည် မည်သည့်အရာကို စဉ်းစားနေကြသနည်း။ ၎င်းတို့၏ ကိုယ်ပိုင်ဂုဏ်အဆင့်အတန်းအား မည်သို့ ထိန်းသိမ်းထားရမည်ကိုသာ စဉ်းစားကြသည်။ ၎င်းတို့သည် တကယ့်အလုပ်ကို လုပ်ဆောင်နိုင်စွမ်း မရှိသည်ကို မိမိတို့ကိုယ်ကိုယ် သိကြသော်လည်း သမ္မာတရားကို လိုက်စားသော အစွမ်းအစကောင်းရှိသည့်လူများကို ပျိုးထောင်ခြင်း၊ သို့မဟုတ် ရာထူးတိုးပေးခြင်း မပြုကြပေ။ ၎င်းတို့ ရာထူးတိုးပေးသည့်သူများမှာ ၎င်းတို့ကို မြှောက်ပင့်ပြောဆိုသူများ၊ သူတစ်ပါးတို့ကို ကိုးကွယ်တတ်သူများ၊ စိတ်နှလုံးထဲတွင် ၎င်းတို့ကို ချီးမွမ်းပြီး လေးစားသောသူများ၊ လူလည်ဖြစ်သူများ၊ သမ္မာတရားကို နားလည်ခြင်းမရှိဘဲ ခွဲခြားသိမြင်နိုင်စွမ်းမရှိသော သူများသာ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရာသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၁)) အန္တိခရစ်တွေကို ဘုရားသခင်က ဘုရားအိမ်တော်ကို နည်းနည်းလေးမှ ထည့်မစဉ်းစားဘဲ သြဇာအာဏာအားလုံးကို ရချင်တယ်လို့ ဖော်ထုတ်တယ်။ သူတို့က အသင်းတော်ကို သူတို့ထိန်းချုပ်မှုအောက်ရအောင်လုပ်ပြီး ဘယ်သူ့ကိုမှ ပါဝင်ခွင့်မပေးဘူး။ သူတို့ဂုဏ်အဆင့်အတန်းကို ခြိမ်းခြောက်တဲ့ ဘယ်သူကိုမဆို သူတို့က ဖယ်ကြဉ်ပြီး ဖိနှိပ်တယ်။ သူများတွေရဲ့ အားသာချက်တွေ၊ အကျိုးကျေးဇူးတွေကို ဖုံးကွယ်ဖို့ အရမ်းလုပ်တယ်။ ကျွန်မက အန္တိခရစ်တစ်ယောက်လို ပြုမူနေတာပါ။ ကျွန်မရဲ့ အဆင့်အတန်းကို ခိုင်မာစေဖို့ ကျွန်မက အာဏာကို တစ်ဦးတည်းမောင်ပိုင်စီးချင်ပြီး အသင်းတော်မှာ အဆုံးအဖြတ်ပေးခွင့်ရှိသူတစ်ဦးတည်းဖြစ်ချင်တယ်။ “ဂူတစ်ဂူထဲ၌ ခြင်္သေ့နှစ်ကောင်မအောင်း”၊ “ကောင်းကင်နှင့်မြေကြီးတစ်လျှောက်လုံးတွင် ငါသည်သာ အရှင်သခင်ဖြစ်၏” ဆိုတာတွေကို ကိုင်စွဲထားပြီးတော့ပေါ့။ ဘယ်သူ့ကိုမှ ကျွန်မကို ကျော်တက်ခွင့်မပြုဘူး။ ကျွန်မက အဲဒီအစ်မတွေကို ပြိုင်ဘက်တွေအဖြစ် ဆက်ဆံခဲ့တယ်။ သူတို့ကို ပုတ်ခပ်ပြောဖို့အတွက် အခွင့်အရေးတွေ အမိအရဖမ်းဆုပ်ပြီး သူတို့အမှားတွေမှာ ပျော်နေတယ်။ ကျွန်မမှာ ဒီလို ကြမ်းတမ်းတဲ့ စိတ်သဘောထားရှိပြီး အန္တိခရစ်ရဲ့လမ်းကြောင်းပေါ် ရောက်နေခဲ့တာပါ။ ကျွန်မက နောင်တရပြီး မပြောင်းလဲရင် သူတို့လို အဆုံးသတ်မှာမဟုတ်ဘူးလား။ ဒီအချိန်မှာ ဘုရားရဲ့ ပဲ့ပြင်ဆုံးမမှု၊ ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်မှုနဲ့ ဖွင့်ပြမှုတွေမပါဘဲ ကျွန်မလုပ်ရပ်တွေရဲ့ သဘာဝက ဘယ်လောက်ဆိုးတယ်ဆိုတာ လုံးဝ မြင်မှာမဟုတ်ဘူးဆိုတာကို ကျွန်မ မြင်ခဲ့တယ်။ အချိန်ခဏလောက်အထိ ကျွန်မနောင်တတွေ၊ အပြစ်ရှိသလိုတွေ အများကြီးခံစားရပြီး ကိုယ့်ကိုယ်ကိုယ် တော်တော်မုန်းခဲ့တယ်။ အရင်က ကျွန်မတာဝန်ကိုထမ်းဆောင်ဖို့ အခွင့်အရေးကို တန်ဖိုးမထားခဲ့တာကို နောင်တရပြီး ဘုရားအပေါ် တော်တော်အကြွေးတင်သလို ခံစားမိတယ်။

အဲဒီနောက်တော့ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မဖတ်တယ်။ “အသင်းတော်ခေါင်းဆောင်တစ်ဦးဖြစ်ခြင်းသည် ပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားကို အသုံးပြုရန် သင်ယူရုံမျှသာမကဘဲ၊ ပါရမီရှိသောသူများကို ရှာဖွေပြီး ပျိုးထောင်ပေးခြင်းလည်းဖြစ်သည်။ ၎င်းတို့ကို သင်သည် လုံးဝ မနာလိုခြင်း၊ သို့မဟုတ် ဖိနှိပ်ခြင်းမရှိရပေ။ ဤနည်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းသည် အသင်းတော်အလုပ်အတွက် အကျိုးရှိစေသည်။ သင်သည် သင်လုပ်သမျှအလုပ်အားလုံးတွင် သင်နှင့် ကောင်းစွာပူးပေါင်းဆောင်ရွက်ရန်အတွက် သမ္မာတရားကို လိုက်စားသူအချို့အား ပျိုးထောင်နိုင်လျှင်၊ အဆုံး၌ သင်တို့အားလုံးသည် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များရှိလျှင် သင်သည် အရည်အချင်းပြည့်မီသည့် ခေါင်းဆောင်တစ်ယောက်ဖြစ်လိမ့်မည်။ သင်သည် အရာအားလုံးကို အခြေခံသဘောတရားများအတိုင်း တိုး၍ ပြုမူဆောင်ရွက်နိုင်ပါက၊ သင်သည် သင်၏သစ္စာစောင့်သိခြင်းနှင့် လျော်ညီအောင်နေလိမ့်မည်။...ဘုရားသခင်၏ အလိုတော်ကို သင် အမှန်တကယ် အရေးထားနိုင်စွမ်းရှိပါက၊ အခြားလူတို့ကို မျှမျှတတ သင် ဆက်ဆံနိုင်လိမ့်မည်။ သင်သည် လူကောင်းတစ်ယောက်ကို အကြံပြုထောက်ခံပေးပြီး သင်တန်းတက်စေကာ တာဝန်တစ်ခုကို ထမ်းဆောင်စေပြီး ဤနည်းအားဖြင့် ဘုရားအိမ်တော်တွင် ပါရမီရှိသူတစ်ယောက်ကို ဖြည့်သွင်းပါက သင်၏အလုပ်သည် လုပ်ဆောင်ဖို့ သာ၍ လွယ်ကူလိမ့်မည် မဟုတ်လော။ သို့ဆိုလျှင် သင်သည် ဤတာဝန်၌ သင်၏ သစ္စာစောင့်သိခြင်းနှင့် လျော်ညီအောင်နေလိမ့်မည် မဟုတ်လော။ ဤသည်မှာ ဘုရားသခင် ရှေ့မှောက်၌ ကောင်းမှုတစ်ခုဖြစ်သည်။ ယင်းသည် ခေါင်းဆောင်ဖြစ်သည့်သူတစ်ဦး ပိုင်ဆိုင်သင့်သည့် အနည်းဆုံး အသိစိတ်နှင့် ဆင်ခြင်တုံတရား ဖြစ်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ စိတ်နှလုံးကို ဘုရားသခင်အား ပေးအပ်ရာတွင် မိမိသည် သမ္မာတရားကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေကနေ ခေါင်းဆောင်တွေ၊ အမှုဆောင်တွေက ပါရမီရှိတဲ့သူတွေကို ရှာတွေ့ပြီး လေ့ကျင့်ပေးဖို့ အာရုံစိုက်ရမယ်ဆိုတာ ကျွန်မ သိခဲ့ရတယ်။ ကိုယ်ပိုင်အကျိုးစီးပွားတွေအတွက် သူတို့ကို ဖိနှိပ်ပြီး မနာလိုဖြစ်တာက ဘုရားကို ရွံရှာစေတယ်။ စိတ်ထဲမှာ အဲဒီအစ်မတွေနဲ့ ကျွန်မရဲ့ အရင်က ပူးပေါင်းဆောင်ရွက်တုန်းက နောင်တတွေနဲ့အတူ နောင်ကျရင် ကျွန်မက ဘယ်သူနဲ့လုပ်သည်ဖြစ်စေ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ဦးစားပေးပြီး ကျွန်မရှာတွေ့တဲ့ ပါရမီရှိသူတိုင်းကို ချက်ချင်း ထောက်ခံပေးမယ်၊ ဘုရားက ကျွန်မကိုပေးတဲ့ စေခိုင်းချက်အပေါ် ကျွန်မတာဝန်ကို ဖြည့်ဆည်းမယ်လို့ စိတ်ပိုင်းဖြတ်ခဲ့ပါတယ်။ နောက်ပိုင်း စုဝေးပွဲတစ်ခုမှာ ကျွန်မက သူများတွေကို ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးမှုကို ဖွင့်ပြပြီး စိစစ်ခဲ့တယ်။ သူများတွေနဲ့ အလုပ်လုပ်တဲ့အခါမှာ အသင်းတော်အလုပ်ကို ကြားဝင်နှောင့်ယှက်ဖို့ ဘာကိုမှမလုပ်ဖို့ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း သတိပေးတယ်။ အချိန်နည်းနည်းကြာတော့ ကျွန်မ ကျန်းမာရေးက တိုးတက်လာပြီး အသင်းတော်မှာ ဗီဒီယိုထုတ်လုပ်ရေးကို ကျွန်မ စလုပ်လာတယ်။

မကြာခင်မှာ တခြားအစ်မတစ်ယောက်ကို ကျွမ်းကျင်မှုသင်တန်းနည်းနည်းပေးဖို့ အသင်းတော်က ကျွန်မကို စီစဉ်တယ်။ သူက အစွမ်းအစကောင်းရှိပြီး သင်ယူတာ မြန်တယ်။ ကျွန်မစဉ်းစားတယ်။ “သူက တော်တယ်ဆိုရင် ငါ့နေရာကို သူယူမှာလား။ ငါက အဲဒီအစ်မထက် သင်ယူတာနှေးတယ်လို့ ခေါင်းဆောင်ကမြင်ရင် ငါ့ကို အထင်သေးမှာလား” ပေါ့။ ဒီလိုတွေတွေးမိပြီး သူ့ကို လေ့ကျင့်တဲ့နေရာမှာ ကျွန်မ စိတ်နှစ်မထားချင်ဘူး။ နောက်တော့ ကျွန်မက မှန်ကန်တဲ့ အခြေအနေမှာရှိမနေတာကို သဘောပေါက်လိုက်တယ်။ အဲဒါနဲ့ ကျွန်မ အမြန်ဆုတောင်းပြီး ကျွန်မစိတ်နှလုံးကို စောင့်ရှောက်ဖို့ ဘုရားကို ဆုတောင်းတယ်။ ဘုရားသခင်ပြောတာတစ်ခုကို ကျွန်မ သတိရတယ်။ “ဘုရားအိမ်တော်၏ အကျိုးများကို သင် ပထမဦးဆုံး စဉ်းစားသင့်သည်၊ ဘုရားသခင်၏ အလိုတော်နှင့် အသင်းတော အလုပ်တို့ကို စဉ်းစားသင့်ပြီး၊ ဤအရာများကို ဦးစားပေးသင့်၏။ ထို့နောက်တွင်မှ၊ သင့်အဆင့်အတန်း၏ တည်ငြိမ်မှု သို့မဟုတ် အခြားသူများက သင့်ကို မည်သို့ မြင်သည်တို့နှင့်ပတ်သက်၍ သင် စဉ်းစားနိုင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ စိတ်နှလုံးကို ဘုရားသခင်အား ပေးအပ်ရာတွင် မိမိသည် သမ္မာတရားကို ရရှိနိုင်သည်) ဒီလိုစဉ်းစားရင်းနဲ့ ကျွန်မရဲ့ မမှန်ကန်တဲ့စဉ်းစားပုံကို စွန့်လွှတ်ပြီး သူ့ကိုလေ့ကျင့်ပေးဖို့ အကောင်းဆုံးလုပ်ခဲ့တယ်။ သူက သုံးလေးရက်ပဲကြာပြီးတဲ့နောက်မှာ သူ့တာဝန်ကို သူ့ဘာသာ လုပ်နိုင်တယ်။ အတူတူအလုပ်လုပ်ရင်းနဲ့ ကျွန်မတို့တာဝန်က ထိရောက်မှုကလည်း နည်းနည်းတိုးတက်လာတယ်။ လိုက်ဖက်ညီညီနဲ့ ပူးပေါင်းဆောင်ရွက်တာက တကယ့်လွတ်လပ်မှုနဲ့ ငြိမ်းချမ်းမှုကို သယ်ဆောင်ပေးတယ်ဆိုတာ ကျွန်မ ကိုယ်တိုင် ကြုံတွေ့ခဲ့ရတယ်။ ဘုရားရဲ့ ကောင်းချီးတွေကို ယူဆောင်ပေးတယ်။ ကျွန်မရဲ့ ဒီပြောင်းလဲမှုက လုံးဝ ဘုရားရဲ့လုပ်ဆောင်မှုကြောင့် ရရှိခဲ့တာပါ။ ကျေးဇူးတော်ပဲ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်ရန် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပါ

မြောင်ရှောင် တရုတ်နိုင်ငံကျွန်မက မိမိတာဝန်ကို ထမ်းဆောင်ခြင်း၊ ညီအစ်ကို မောင်နှမများနှင့် အဆင်ပြေခြင်း၊ သိသာသည့် အပြစ်များကို...

ဂုဏ်အဆင့်အတန်းနောက်သို့လိုက်ခြင်း၏ ဆင်းရဲဒုက္ခ

ကျိန်းယွမ် တရုတ်နိုင်ငံ ၂၀၁၇မှာ ကျွန်မ အသင်းတော်ခေါင်းဆောင်တစ်ယောက်အနေနဲ့ ရွေးချယ်ခံခဲ့ရတယ်။ အသင်းတော်တချို့ရဲ့အလုပ်ကို ကြီးကြပ်ဖို့အတွက်...

မာနထောင်လွှားမှုမှ ကျွန်ုပ် လွတ်မြောက်ခဲ့ပုံ

ချိချိန် မြန်မာနိုင်ငံ ၂၀၁၉ ဇွန်လမှာ၊ နောက်ဆုံးသော ကာလ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ တစ်နှစ်ကြာပြီးတော့၊...

ခေါင်းဆောင် အတုအယောင်အား ဖော်ထုတ်ခြင်း- တစ်ကိုယ်ရေ ရုန်းကန်ကြိုးစားခြင်း

ကျန်းရီ တောင်ကိုးရီးယားနိုင်ငံမနှစ်က မြို့ပြင်က အသင်းတော်တစ်ခုမှာ ကျွန်မ၏ တာဝန်ကို ထမ်းဆောင်နေသော်လည်း၊ လက်တွေ့ကျသည့်အလုပ်ကို...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။