ဘုရားသခင်ထံသို့ ကျွန်မ၏နှလုံးသား ပေးအပ်ခြင်း
ရှင်းချဲ့ တောင်ကိုးရီးယားနိုင်ငံ၂၀၁၈ခုနှစ် ဇွန်လတွင် ကောင်းကင်နိုင်ငံတော်သီချင်း ဂီတသရုပ်ပြပွဲအတွက် အစမ်းလေ့ကျင့်ခဲ့သည်။ စင်ပေါ်တွင်...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၁၉ ခုနှစ်မှာ ဖေဖော်ဝါရီလမှာ၊ ကျွန်မဟာ တကယ်အလုပ်လုပ်ရမယ့်အစား ဂုဏ်သတင်းနှင့် အဆင့်အတန်းကို လိုက်စားခဲ့လို့ ခေါင်းဆောင်မှုတာဝန်ကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။ ကျွန်မထုတ်ပယ်ခံရပြီး နောက်တစ်နေ့မှာ၊ ကျွန်မတည်းခိုတဲ့အိမ်က ညီအစ်မရဲ့ယောက်ျားက တစ်ခုခု မတော်တဆဖြစ်ပြီး ဒဏ်ရာရသွားလို့ အိမ်ပြန်ပြီး သူ့ကိုပြုစုဖို့ လိုလာတယ်။ ဒါနဲ့ ကြီးကြပ်ရေးမှူးက ကျွန်မကို သူ့ရဲ့ဧည့်ခံတာဝန်ကို ခဏလွှဲယူဖို့ စီစဉ်ပေးလိုက်တယ်။ ကျွန်မစိတ်ထဲမှာ တွေးမိတယ်။ “ကျွန်မကို တာဝန်ကနေ ဖြုတ်ချလိုက်ပြီးနောက်မှာ အခု ဧည့်ခံတာဝန်တွေ၊ ချက်ပြုတ်တာတွေ၊ ဝေယျာဝစ္စလုပ်တာတွေ၊ သတင်းစကားပါးတာတွေပဲ လုပ်နေရတယ်ဆိုတာကို ညီအစ်ကိုမောင်နှမတွေကသာ သိသွားကြရင် ကျွန်မကို သူတို့ဘယ်လိုထင်ကြမလဲ။ သေချာပေါက် ကျွန်မကို အထင်အမြင်သေးကြမှာပဲ။ ကျွန်မ ဘယ်လိုသိက္ခာဆည်ရပါ့မလဲ”ပေါ့။ ဒါပေမဲ့ ဒီတာဝန်က ခဏပဲဆိုပြီး လောလောဆယ်တော့ လက်ခံလုပ်ပေးလိုက်တယ်။ ဒါပေမဲ့လည်း သုံးလေးပတ် ကြာပြီးတဲ့နောက်မှာ ကျွန်မကိုအစားထိုးဖို့ သင့်တော်သူရှာမတွေ့တဲ့တော့ ကြီးကြပ်ရေးမှူးက ကျွန်မနဲ့မိတ်သဟာယဖွဲ့ပြီး ဧည့်ခံရေးတာဝန်တွေကို ဆက်လုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။ အဲဒီစကားကြားတဲ့အခါ ကျွန်မရင်ထဲ ပြင်းပြင်းထန်ထန်လှုပ်ခတ်သွားတယ်။ တွေးလည်းတွေးမိတာပေါ့။ “ဘာဖြစ်လို့ ဒီလိုမျိုးစီစဉ်ရတာလဲ။ ကျွန်မကိုသိတဲ့ ညီအစ်ကိုမောင်နှမတွေက ကျွန်မအနေနဲ့ ဧည့်ခံရေးတာဝန်တွေကို ရေရှည်လုပ်နေရတော့မယ်ဆိုတာ သိသွားကြရင် ကျွန်မကို သေချာပေါက်အထင်အမြင်သေးတော့မှာပဲ။ ကျွန်မကို သမ္မာတရားကို မလိုက်စားတဲ့သူ၊ ကိုယ်ကာယလုပ်အားနဲ့ဧည့်ခံရေးတာဝန်တွေကလွဲရင် အသုံးမကျတဲ့သူလို့ သူတို့ ပြောကြမှာမဟုတ်လား။ ကျွန်မ ဘယ်လိုသိက္ခာဆည်ရမလဲ။ အဲဒီအပြင် ကျွန်မ အထုတ်ပယ်မခံရခင်က၊ ကျွန်မတို့တာဝန်တွေကို ထမ်းဆောင်ဖို့ ညီအစ်မတချို့နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်။ အခုတော့ ကျွန်မက ဒီမှာ အချက်အပြုတ်ပဲလုပ်နေရပြီ။ ကွာသွားလိုက်တာ။ လုံးဝကို ရှက်စရာကောင်းလိုက်တာနော်”ပေါ့။ ဒီလိုစဉ်းစားပြီးတဲ့နောက်၊ ဧည့်ခံရေးတာဝန်တွေကို ကျွန်မလုပ်ချင်စိတ်မရှိ ဖြစ်သွားပါတယ်။ ကြီးကြပ်ရေးမှူးက ကျွန်မအခြေအနေမကောင်းတာကို မြင်တော့ သူကိုယ်တိုင် ဖြုတ်ချခံခဲ့ရတဲ့ သူ့အတွေ့အကြုံကို မိတ်သဟာယဖွဲ့ပေးတယ်။ တာဝန်တိုင်းဟာ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနှင့် စီစဉ်ညွှန်ကြားမှုတွေက ဖြစ်လာတယ်ဆိုတာကို ကျွန်မ နားလည်သဘောပေါက်လာတော့ ကျိုးနွံနာခံခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီညမှာ ကျွန်မ အိပ်လို့မရဘဲ အိပ်ရာပေါ်မှာလူးလှိမ့်နေခဲ့ပါတယ်။ ကျွန်မစိတ်ထဲမှာ တွေးမိတယ်။ “ဘုရားသခင်ကို ကျွန်မ တွေ့ရှိခဲ့ပြီးကတည်းက ကျွန်မရဲ့ တာဝန်အများစုက ခေါင်းဆောင် ဒါမှမဟုတ် အလုပ်သမားတစ်ယောက် ဖြစ်ခဲ့တာ။ ဝေယျာဝစ္စလုပ်၊ ထမင်းချက်တာလောက်နဲ့ပဲ အဆုံးသတ်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး။ ကျွန်မကို သိကြတဲ့ ညီအစ်ကိုမောင်နှမတွေက သိသွားရင် သူတို့က ကျွန်မကို ဘယ်လိုထင်ကြမလဲ။ အဲဒီလိုဆိုရင် လုံးဝကို အရှက်ရစရာကောင်းမဲ့ဖြစ်ခြင်း” လို့ပေါ့။ ညီအစ်မတွေ အလုပ်အကြောင်းဆွေးနွေးနေတာကို ကျွန်မမြင်ခဲ့တယ်။ ကျွန်မခေါင်းဆောင်ဖြစ်ခဲ့တုန်းက အဲဒီလိုဆွေးနွေးတာတွေမှာ သူတို့နဲ့ အတူတူလုပ်ကိုင်ဖူးတာကို အမှတ်ရမိပါတယ်။ အခုတော့ ကျွန်မမှာ၊ တစ်နေ့တစ်နေ့ ပန်းကန်တွေဆေးရင်း ချက်ပြုတ်ရင်းသာမက သန့်ရှင်းရေးပါလုပ်ရင်းနဲ့ အချိန်ကုန်နေပါတယ်။ ကွာခြားလိုက်တာ။ ကျွန်မဟာ မှားယွင်းတဲ့အခြေအနေတစ်ခုမှာ ရှင်သန်နေထိုင်ခဲ့ပြီး အဲဒီအကြောင်း တွေးလေလေ ပိုပြီး နာကျင်လာလေလေပဲ။ အဲဒီနောက်ပိုင်း ဒီညစ်ပတ်တဲ့အလုပ်တွေလုပ်ရတိုင်း၊ ညီအစ်မတွေ ကျွန်မကိုအထင်အမြင်သေးမှာ စိုးရိမ်ပြီး သူတို့မရှိတဲ့အချိန်မှာ ဒီအလုပ်တွေကို အလျင်အမြန်လုပ်ခဲ့ပါတယ်။ ဒီလိုညစ်ပတ်တဲ့အလုပ်တွေလုပ်ရတာက ရှက်စရာကောင်းတယ်လို့ ကျွန်မခံစားခဲ့ရတယ်။ ကျွန်မနှလုံးသားမှာ နာကျင်မှုနဲ့ဒုက္ခဆင်းရဲတွေ ပြည့်နှက်နေပြီး မျက်ရည်တွေက ကျွန်မမျက်နှာပေါ် အလိုလိုစီးကျလာခဲ့တယ်။
တစ်ရက်မှာ ကြီးကြပ်ရေးမှူးက ကျွန်မအပြင်ထွက်တဲ့အချိန် အမှိုက်ယူပစ်ဖို့ တောင်းဆိုခဲ့ပါတယ်။ အဲဒီစကားကို ကြားရတော့ ကျွန်မ အင်မတန်အတိုက်အခံလုပ်ပြီး တွေးမိခဲ့တယ်။ “ငါ့ကို ဘယ်လိုထင်နေလဲ။ အရင်က ငါတို့ အတူတူပူးပေါင်းလုပ်ခဲ့ကြပြီး အခုတော့ ဒီလိုမျိုး အမိန့်တွေပေးနေပြီလား”ပေါ့။ ဒီအကြောင်း များများတွေးမိလေလေ၊ ခံစားရတာဆိုးလာလေလေပါပဲ။ ရင်ထဲမှာ အတော်မကောင်းဖြစ်ခဲ့တာပေါ့။ ကျွန်မ ဘုရားသခင်ရှေ့ကို လာပြီး ဆုတောင်းတယ်၊ ကျွန်မ ကိုယ့်ကိုယ်ကိုယ် သိပြီး ကိုယ်တော်ရဲ့ ရည်ရွယ်ချက်တွေကို နားလည်ဖို့ ကျွန်မကို ဉာဏ်ပွင့်စေပြီး လမ်းပြပေးပါလို့ တောင်းလျှောက်ခဲ့တယ်။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေထဲက ဒီနှုတ်ကပတ်တော်တွေကို ဖတ်ရှုခဲ့ပါတယ်။ “သင်၏တာဝန်အပေါ်တွင် သင်ရှိသင့်သည့်၊ မှန်ကန်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်ညီသည်ဟုဆိုနိုင်သည့် သဘောထားသည် အဘယ်နည်း။ ပထမဦးစွာ ယင်းကို မည်သူက စီစဉ်သည်၊ မည်သည့်ခေါင်းဆောင်မှုအဆင့်က တာဝန်ပေးသည်တို့ကို သင်က စိစစ်၍မရချေ။ သင်သည် ယင်းကို ဘုရားသခင်ထံမှ လက်ခံသင့်သည်။ ဤအရာကို သင်ပိုင်းခြားစိစစ်ခြင်း ပြုလုပ်၍မရပေ။ ဘုရားသခင်ထံမှ ဤအရာကို လက်ခံသင့်သည်။ ဤသည်မှာ သတ်မှတ်ချက်တစ်ခုဖြစ်သည်။ ထို့အပြင် သင်၏တာဝန် မည်သို့ပင်ဖြစ်ပါစေ၊ အထက်အောက် မခွဲခြားနှင့်။ ‘ဤအလုပ်သည် ဘုရားသခင်ထံမှ အပ်နှံသည့်အလုပ်နှင့် ဘုရားသခင်အိမ်တော်၏ အလုပ်ဖြစ်သော်လည်း၊ အကယ်၍ ငါလုပ်ပါက လူအများက ငါ့ကိုအထင်သေးနိုင်သည်။ တစ်ပါးသူများက သူတို့အား ထင်ရှားစေသောအလုပ်ကို လုပ်ကြသည်။ ငါ့ကို မထင်ရှားစေဘဲ နောက်ကွယ်တွင် ကြိုးပမ်းအားထုတ်ရမည့် ဤအလုပ်ကို ငါ့အား ပေး၏၊ ဤသည်မှာ မျှတခြင်း မရှိ။ ဤတာဝန်ကို ငါလုပ်ဆောင်မည်မဟုတ်။ ငါ၏တာဝန်သည် သူတစ်ပါးတို့ရှေ့တွင် ငါ့အားထင်ရှားစေသောအလုပ် ဖြစ်ပြီး၊ ငါ့ကိုကျော်ကြားစေသောအလုပ် ဖြစ်ရမည်။ ထို့အပြင် အကယ်၍ ငါ မကျော်ကြားပါက သို့မဟုတ် မထင်ရှားပါက၊ ထိုအလုပ်မှ ငါအကျိုးအမြတ်ရဖို့နှင့် ရုပ်ပိုင်းဆိုင်ရာ အပူအပင်ကင်းဖို့ လိုသည်။’ ဟု သင်ကပြောသည် ဆိုပါစို့။ ယင်းသည် လက်ခံနိုင်ဖွယ် သဘောထားလော။ ဇီဇာကြောင်ခြင်းဟူသည် ဘုရားသခင်ထံမှ အမှုအရာများကို လက်မခံခြင်း ဖြစ်သည်။ သင့်အကြိုက်များအတိုင်း ရွေးချယ်ခြင်းဖြစ်သည်။ ဤသည်မှာ သင်၏တာဝန်ကို လက်ခံခြင်းမဟုတ်၊ သင်၏တာဝန်ကို ငြင်းပယ်ခြင်းဖြစ်သည်။ ဘုရားသခင်အပေါ် သင့်ပုန်ကန်မှု၏ သရုပ်သကန်ဖြစ်၏။ ထိုကဲ့သို့သော ဇီဇာကြောင်မှုဟူသည် သင်၏ပုဂ္ဂိုလ်ရေးအကြိုက်များ၊ အလိုဆန္ဒများဖြင့် ရောနေသည်။ သင်သည် သင့်ကိုယ်ကျိုး၊ သင့်ဂုဏ်သတင်း၊ စသည်တို့ကို ထည့်သွင်းစဉ်းစားသောအခါ၊ တာဝန်အပေါ်ထားရှိသော သင်၏သဘောထားသည် နာခံမှု မဟုတ်ပေ။ သင့်တာဝန်အပေါ်တွင် မည်သည့်သဘောထား ထားရှိသင့်သနည်း။ ပထမအနေဖြင့် သင့်ကို တာဝန်ပေးခဲ့သည်မှာ မည်သူဖြစ်ကြောင်း သေချာအောင်လေ့လာဖို့ ကြိုးစားလျက် ယင်းကို သင်မဆန်းစစ်ရပေ။ ယင်းအစား ထိုအရာကို သင့်အား ဘုရားသခင်အပ်နှင်းသည့် တာဝန်တစ်ခုအဖြစ်၊ ဘုရားထံမှ သင်လက်ခံသင့်သည်။ ပြီးလျှင် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို နာခံသင့်ပြီး ဘုရားသခင်ထံမှ သင်၏ တာဝန်ကို လက်ခံသင့်သည်။ ဒုတိယအနေဖြင့် တာဝန်ကို အမြင့်နှင့်အနိမ့် ခွဲခြားခြင်း မပြုလေနှင့်။ ပြီးလျှင် ထိုတာဝန်သည် သင့်ကို ထင်ပေါ်စေခြင်းရှိမရှိ၊ လူအများရှေ့တွင် လုပ်ဆောင်သလော၊ နောက်ကွယ်တွင် လုပ်ဆောင်ရသလောဆိုသည့် ထိုတာဝန်၏ သဘောသဘာဝကို အရေးမစိုက်နှင့်။ ဤအရာများကို ထည့်မစဉ်းစားနှင့်။ အခြားသဘောထားတစ်ခုလည်းရှိသည်။ ကျိုးနွံနာခံခြင်းနှင့် တက်ကြွသော ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ပြည့်မီသော တာဝန်ထမ်းဆောင်မှုဆိုသည်မှာ အဘယ်နည်း။) “မိမိတာဝန်ကို ထမ်းဆောင်ခြင်း၌ ဆင်းရဲဒုက္ခကို ခါးစီးခံနိုင်ခြင်းသည် လွယ်ကူသောအလုပ်မဟုတ်ပေ။ သီးသန့်အလုပ်တစ်မျိုးကို ကောင်းစွာထမ်းဆောင်ရန်လည်း မလွယ်ကူပေ။ ဤအရာများကို လုပ်ဆောင်နိုင်သောလူတို့အတွင်းတွင် ဘုရားနှုတ်ကပတ်တော်၏ သမ္မာတရားက အလုပ်လုပ်နေသည်မှာ သေချာသည်။ ၎င်းတို့က ဆင်းရဲဒုက္ခနှင့် မောပန်းနွမ်းနယ်ခြင်းကို မကြောက်ရွံ့ဘဲ မွေးဖွားလာခြင်းမဟုတ်။ ဤသို့သောသူကို မည်သည့်နေရာ၌ တွေ့နိုင်သနည်း။ ဤလူတို့အားလုံးတွင် တွန်းအားအချို့ရှိသည်။ ပြီးလျှင် ၎င်းတို့၏ အခြေခံအုတ်မြစ်အဖြစ် ဘုရားနှုတ်ကပတ်တော်၏ သမ္မာတရားအချို့ရှိသည်။ ၎င်းတို့၏ တာဝန်ကို စတင်ထမ်းဆောင်သောအခါတွင် ၎င်းတို့၏အမြင်များနှင့် ရပ်တည်ချက်များက ပြောင်းလဲသည်။ ၎င်းတို့၏တာဝန်များကို ထမ်းဆောင်ခြင်းက ပို၍လွယ်ကူလာပြီး ဇာတိပကတိနှင့်ဆိုင်သော ဆင်းရဲဒုက္ခနှင့် ပင်ပန်းနွမ်းနယ်မှုတစ်ခုခုအား တောင့်ခံခြင်းသည် ၎င်းတို့အတွက် အရေးမပါသကဲ့သို့ ခံစားရသည်။ သမ္မာတရားကို နားမလည်သောသူတို့နှင့် အမှုအရာများအပေါ် အမြင်မပြောင်းလဲသောသူတို့သည် လူသားစိတ်ကူးများ၊ အယူအဆများ၊ တစ်ကိုယ်ကောင်းဆန်သော အလိုဆန္ဒများနှင့် တစ်ကိုယ်ရေနှစ်သက်မှုများအတိုင်း အသက်ရှင်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ရန် တွန့်ဆုတ်ပြီး စိတ်မပါကြပေ။ ဥပမာအားဖြင့် ညစ်ပေပြီး ပင်ပန်းသောအလုပ်ကို လုပ်ရခြင်းနှင့်ပတ်သက်လျှင် လူအချို့က ‘ဘုရားအိမ်တော်၏ အစီအစဉ်များကို ကျွန်ုပ်နာခံမည်။ အသင်းတော်က ကျွန်ုပ်အတွက် မည်သည့်တာဝန်ကို စီစဉ်ပေးသည်ဖြစ်စေ၊ ယင်းတာဝန်က ညစ်ပေသည်ဖြစ်စေ၊ ပင်ပန်းသည်ဖြစ်စေ၊ အထင်မကြီးစရာဖြစ်စေ၊ မထူးခြားသည်ဖြစ်စေ ကျွန်ုပ်ထမ်းဆောင်မည်။ ကျွန်ုပ်တွင် တောင်းဆိုချက်များမရှိ။ ယင်းကို ကျွန်ုပ်၏တာဝန်အဖြစ် လက်ခံမည်။ ဤသည်မှာ ဘုရားသခင်က ကျွန်ုပ်အား အပ်နှံသော တာဝန်ပေးစေခိုင်းချက်ဖြစ်သည်။ ပြီးလျှင် အနည်းငယ်သော ညစ်ပေခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်းတို့သည် ကျွန်ုပ် ခါးစီးခံသင့်သော ဆင်းရဲဒုက္ခများဖြစ်သည်’ ဟု ဆိုကြသည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် ၎င်းတို့အလုပ်၌ ပါဝင်လုပ်ဆောင်သောအခါ ဆင်းရဲဒုက္ခတစ်ခုခုကို ခါးစီးခံနေရသည်ဟု လုံးဝ မခံစားရပေ။ အခြားလူများက ညစ်ပေပြီး မောပန်းသည်ဟု မြင်နိုင်သော်လည်း ၎င်းတို့ကမူ လွယ်ကူသည်ဟု မြင်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ စိတ်နှလုံးက တည်ငြိမ်ပြီး အနှောင့်အယှက်ကင်းသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်အတွက် လုပ်ဆောင်နေခြင်း ဖြစ်သောကြောင့် ယင်းသည် ခက်ခဲသည်ဟု မခံစားကြရပေ။ လူအချို့က ညစ်ပေသော၊ ပင်ပန်းသော၊ သို့မဟုတ် ထူးခြားမှုမရှိသောအလုပ်ကို လုပ်ဆောင်ခြင်းသည် ၎င်းတို့၏ အဆင့်အတန်းနှင့် ကိုယ်ကျင့်စရိုက်ကို စော်ကားခြင်းဖြစ်သည်ဟု သတ်မှတ်သည်။ အခြားလူများက ၎င်းတို့ကို မလေးစားခြင်း၊ အနိုင်ကျင့်ခြင်း၊ သို့မဟုတ် ၎င်းတို့ကို အထင်သေးခြင်းအဖြစ် မြင်သည်။ ရလဒ်အနေဖြင့် တစ်ပုံစံတည်းသော အလုပ်တာဝန်များနှင့် အလုပ်ပမာဏကို ရင်ဆိုင်ရသောအခါတွင်ပင် ၎င်းတို့က အားသွန်ခွန်စိုက်လုပ်ရသည်ဟု မြင်သည်။ မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့စိတ်နှလုံးတွင် မကျေမနပ်ဖြစ်သည့် ခံစားချက်ကို ထားရှိကြသည်။ အမှုအရာများက ၎င်းတို့ အလိုရှိသည့်ပုံစံအတိုင်းမဖြစ်၊ သို့မဟုတ် ယင်းတို့သည် ကျေနပ်ဖွယ်မရှိဟု ခံစားကြရသည်။ စိတ်အတွင်းတွင် ၎င်းတို့သည် အပျက်သဘောဆောင်ခြင်းနှင့် အတိုက်အခံများဖြင့် ပြည့်နေသည်။ အဘယ်ကြောင့် အပျက်သဘောဆောင်ပြီး အတိုက်အခံ ဖြစ်ကြသနည်း။ အကြောင်းရင်းမှာ အဘယ်နည်း။ အများအားဖြင့် ယင်းမှာ တာဝန်ထမ်းဆောင်ခြင်းဖြင့် ၎င်းတို့သည် လစာမရရှိသောကြောင့် ဖြစ်သည်။ ယင်းမှာ အခမဲ့အလုပ်လုပ်နေသကဲ့သို့ ခံစားရသည်။ ဆုလာဘ်များရှိလျှင် ၎င်းတို့အတွက် လက်ခံနိုင်ဖွယ်ဖြစ်ကောင်း ဖြစ်နိုင်သည်။ သို့သော် ဆုလာဘ်များအား ၎င်းတို့ ရမည်မရမည်ကို ၎င်းတို့မသိပေ။ ထို့ကြောင့် တာဝန်ထမ်းဆောင်ခြင်းသည် ထိုက်တန်ခြင်းမရှိဟု လူတို့ခံစားကြရပြီး အလဟဿအလုပ်လုပ်ခြင်းနှင့် တန်းတူထားကြသည်။ ထို့ကြောင့် ၎င်းတို့သည် တာဝန်ထမ်းဆောင်ခြင်းနှင့်ပတ်သက်လျှင် မကြာခဏဆိုသလို အပျက်သဘောဆောင်ပြီး အတိုက်အခံ ဖြစ်လာကြသည်။ ဤသည်မှာ မမှန်ကန်သလော။ ပွင့်လင်းစွာ ပြောဆိုရလျှင် ဤလူတို့သည် တာဝန်ထမ်းဆောင်လိုစိတ်မရှိကြပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) လူတချို့က တာဝန်တချို့ကို လက်ခံရရှိတဲ့အခါမှာ အဲဒါကို ဘုရားသခင်ဆီက ခံယူရမဲ့အစား သူတို့ရဲ့ နှစ်သက်မှုတွေအရ ရွေးချယ်ကြတယ်ဆိုတာကို ဘုရားသခင်က ဖော်ထုတ်တယ်။ သူတို့က သူတို့ထင်ပေါ်အောင်လုပ်ခွင့်ရမဲ့ တာဝန်တွေကို လက်ခံကြပေမဲ့ သူတို့ အသိအမှတ်ပြုတာခံရစေတာမျိုး မရှိတဲ့ တာဝန်တွေကိုတော့ အတိုက်အခံလုပ်ပြီး ငြင်းကြတယ်။ သူတို့ရဲ့ တာဝန်တွေမှာ ကျိုးနွံနာခံတဲ့ သဘောထား လုံးဝ မရှိဘူး။ ဘုရားသခင်ဖော်ထုတ်ခဲ့တာက ကျွန်မရဲ့အခြေအနေ အတိအကျပါပဲ။ ခေါင်းဆောင်တစ်ယောက်ဖြစ်တာဟာ စကားပြောခွင့်ပါ ရတာပဲ၊ ကျွန်မ ဘယ်ပဲသွားသွား ညီအစ်ကိုမောင်နှမတွေရဲ့ အထင်ကြီးတာကို ခံရမှာပဲလို့ ကျွန်မယုံကြည်ခဲ့တယ်။ အဲဒါကြောင့် အဲဒီတာဝန်ကို ထမ်းဆောင်ဖို့ ဆန္ဒရှိခဲ့တယ်။ ဒါပေမဲ့ ဧည့်ဝတ်ပြုရတဲ့တာဝန်က အနိမ့်ကျဆုံးတာဝန်တွေထဲက တစ်ခုဖြစ်ပြီးတော့ ကာယအားသုံးရတာပဲ ရှိတယ်လို့ ခံစားရလို့ အဲဒါကို ကျိုးနွံနာခံဖို့ ကျွန်မ အားမထုတ်နိုင်ခဲ့ဘူး။ ဒီတာဝန်က ကျွန်မကို အရှက်ရစေပြီး မတရားသဖြင့်ခံရတယ်လို့ ခံစားမိခဲ့တယ်။ ကြီးကြပ်ရေးမှူးက ခြံကိုသန့်ရှင်းရေးလုပ်ပြီး အမှိုက်တွေကို ပစ်ဖို့ပြောတော့ ကျွန်မ လက်ခံဖို့ခက်ခဲတာကို တွေ့ခဲ့ရတယ်။ ကျွန်မကို အမိန့်ပေးရင်းနဲ့ လူကို မလေးမစားဆက်ဆံနေတာပဲလို့ ခံစားရပြီး စိတ်မကောင်းဖြစ်ခဲ့တယ်။ လူတစ်ယောက်မှာ ဂုဏ်သိက္ခာရှိမရှိတိုင်းတာဖို့အတွက် အဆင့်အတန်းတွေကို ကျွန်မ အသုံးပြုခဲ့တယ်။ ခေါင်းဆောင်တစ်ယောက်ရဲ့ တာဝန်ကိုထမ်းဆောင်ရတာဟာ ကုမ္ပဏီတစ်ခုရဲ့ အကြီးအကဲ ဒါမှမဟုတ် မန်နေဂျာဖြစ်ရတာနဲ့ တူတယ်၊ အဆင့်အတန်းနဲ့ရာထူးလည်း ရှိတယ်၊ နောက်ပြီး ဒီလူတွေက ဘယ်ကိုပဲသွားသွား လေးစားအားကျမှုကိုခံရတယ်လို့ ထင်ခဲ့တာပေါ့။ အဲဒီလိုလူတွေကို ကျွန်မ အားကျခဲ့တယ်လေ။ ဧည့်ခံဝတ်ပြုတဲ့တာဝန်တွေအကြောင်း ကျွန်မကြားတော့ အိမ်မှုကိစ္စတွေနှင့် အချက်အပြုတ်တွေပဲလုပ်ရပြီး၊ အစေခံ အလုပ်နဲ့ တူတယ်သလို ခံစားရပြီး ဒီတာဝန်ထမ်းဆောင်တဲ့သူတွေဟာလည်း နိမ့်ကျပြီး ဘယ်နေရာပဲသွားသွား အထင်သေးခံရမှာပဲလို့ ခံစားခဲ့ရတယ်။ ဒီတာဝန်ကို ရှက်စရာကောင်းတယ်လို့ ကျွန်မမြင်ခဲ့တာပေါ့။ ကျွန်မဟာ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပါလျက်နဲ့ ဘာသာတရားမရှိသူတွေရဲ့အမြင်နဲ့ တူတဲ့အမြင်တွေကို စွဲကိုင်ထားတုန်းပဲ။ ကျွန်မရဲ့ ဒီအမြင်တွေက တကယ်ပဲအဓိပ္ပာယ်မဲ့လွန်းလှပါတယ်။ ဘုရားသခင်ရဲ့ အိမ်တော်မှာ တာဝန်တွေ ထမ်းဆောင်တဲ့နေရာမှာ လူတိုင်းက အတူတူပါပဲ။ တာဝန်တွေမှာ အမြင့်နဲ့အနိမ့်၊ မြင့်မြတ်တာနဲ့နိမ့်ကျတာ၊ ကြီးတာနဲ့သေးတာရယ်လို့ ကွဲပြားတာ မရှိပါဘူး။ ခေါင်းဆောင်မှုတာဝန်ပဲဖြစ်ဖြစ်၊ ဧည့်ခံကျွေးမွေးရတဲ့ တာဝန်ပဲဖြစ်ဖြစ်၊ အကုန်လုံး ဘုရားသခင်ဆီက လာတာပါပဲ။ လုပ်ဆောင်ကြတဲ့ လုပ်ငန်းတာဝန်ခြင်း မတူကြတာပဲရှိတာပါ။ နောက်ပြီး ဖန်ဆင်းခံတွေအနေနဲ့ ကျွန်မတို့ဟာ ဒီတာဝန်တွေကို လက်ခံပြီး ကျိုးနွံနာခံသင့်ပါတယ်။ ဒါပေမဲ့လည်း ကျွန်မရဲ့တာဝန်တွေမှာတော့ ကျွန်မရဲ့ကိုယ်ကျိုးစီးပွားနဲ့ သိက္ခာကိုပဲ စဉ်းစားခဲ့တယ်။ ကျွန်မရဲ့တာဝန်တွေကို ဘုရားသခင်ဆီကရတဲ့ တာဝန်ပေးစေခိုင်းချက်တွေလို့ မမှတ်ယူခဲ့ဘူး။ ဧည့်ခံကျွေးမွေးရတဲ့ တာဝန်က ကျွန်မကို မထင်ပေါ်စေတဲ့အတွက်၊ ဒီတာဝန်ကို ကျွန်မ အတိုက်အခံလုပ်ခဲ့တယ်။ ကျွန်မရဲ့တာဝန်တွေအပေါ် ဘာတာဝန်ယူလိုစိတ်မှ မရှိဘဲ၊ အမှုကိစ္စတွေကို ဝတ်ကျေတမ်းကျေသာ လုပ်ခဲ့တယ်။ ကျွန်မဟာ တကယ်ပဲ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းခဲ့တဲ့အပြင် အသိစိတ်ရော ဆင်ခြင်တုံတရားပါ မရှိခဲ့ပါလားဆိုတာကို ကျွန်မမြင်ခဲ့တယ်။
နောက်ပိုင်းမှာ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ရှုခဲ့တယ်။ “ဤမျှညစ်ညမ်းသောမြေတွင် မွေးဖွားလာသည့် လူသားသည် လူ့အဖွဲ့အစည်း၏ ကူးစက်စေခြင်းကို ပြင်းထန်သော အတိုင်းအတာအထိ ခံခဲ့ရပြီးဖြစ်သည်၊ သူသည် ပဒေသရာဇ်ဆန်သော လူ့ကျင့်ဝတ်များ၏ ပုံသွင်းခြင်းခံရပြီးဖြစ်ကာ ‘အဆင့်မြင့် ပညာသင်ကျောင်းများ’ ၏ သွန်သင်လေ့ကျင့်ပေးမှုကို လက်ခံရရှိခဲ့ပြီးဖြစ်၏။ ခေတ်နောက်ကျသော စဉ်းစားတွေးတောခြင်း၊ ဖောက်ပြန်ပျက်စီးသော ကိုယ်ကျင့်တရား၊ ယုတ်ညံ့သော ဘဝ အမြင်ရှုထောင့်၊ လောကီဆိုင်ရာ ဆက်ဆံရေးများအတွက် စက်ဆုပ်ဖွယ်အတွေးအခေါ်၊ လုံးဝဥဿုံ တန်ဖိုးမရှိသော တည်ရှိမှုနှင့် ယုတ်ညံ့သော ထုံးတမ်းအစဉ်အလာများနှင့် တစ်ရက်ပြီးတစ်ရက် ဘဝ ဟူသည့် ဤအရာများအားလုံးသည် လူ့စိတ်နှလုံး အတွင်းသို့ ပြင်းပြင်းထန်ထန် ကျူးကျော်ဝင်ရောက်နေခဲ့ပြီးဖြစ်ကာ လူသား၏ အသိစိတ်ကို ပြင်းထန်စွာ ထိခိုက်ပျက်စီးနေစေခဲ့သည့်အပြင် တိုက်ခိုက်နေခဲ့သည်။ ရလဒ်အနေဖြင့် လူသားသည် ဘုရားသခင်နှင့် တိုး၍ ဝေးသည်ထက် ဝေးသွားသည့်အပြင် သူ့ကို ယခင်ကထက် ပိုမို ဆန့်ကျင်လာသည်။ လူ့စိတ်သဘောထားသည် တစ်နေ့ပြီးတစ်နေ့ ပိုမို ရက်စက်လာကာ ဘုရားသခင်အတွက် မည်သည့်အရာကိုမဆို လိုလိုလားလား စွန့်လွှတ်လိုသည့်သူနှင့် ဘုရားသခင်ကို လိုလိုလားလား ကျိုးနွံနာခံလိုစိတ်ရှိသူ တစ်ဦးတလေမျှ မရှိဘဲ ဘုရားသခင်၏ ပေါ်ထွန်းမှုကို လိုလိုလားလား ရှာဖွေလိုသော ဆန္ဒရှိသူလည်း တစ်ဦးတလေမျှ ပို၍ပင် မရှိပေ။ ထိုအစား လူသည် စာတန်၏ အာဏာအောက်တွင် အပျော်အပါးကို အားရပါးရ လိုက်စားကာ နွံထဲတွင် ပေါက်လွှတ်ပဲစား နေခြင်းအားဖြင့် သူ၏ ဇာတိပကတိကို ဖောက်ပြန်ပျက်စီးစေသည်။ ၎င်းတို့သည် သမ္မာတရားကို ကြားသည့်အချိန်တွင်ပင် အမှောင်ထဲတွင် ရှင်သန်နေထိုင်သည့်လူများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုအင်ဆန္ဒတစ်စက်မျှ မရှိဘဲ ဘုရားသခင် ပေါ်ထွန်းပြီးဖြစ်သည်ကို ၎င်းတို့ မြင်သည့်အချိန်တွင်ပင် ၎င်းတို့သည် ရှာဖွေရန် ဆန္ဒမရှိကြချေ။ ဤကဲ့သို့ အကျင့်ပျက်သော လူသားမျိုးနွယ်သည် ကယ်တင်ခြင်းအတွက် ဖြစ်နိုင်ချေတစ်စက်တလေမျှ မည်သို့ရှိနိုင်မည်နည်း။ ဤကဲ့သို့ အကျင့်စာရိတ္တယိုယွင်းသော လူသားမျိုးနွယ်သည် အလင်းတွင် မည်သို့များ အသက်ရှင်နိုင်မည်နည်း။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်) ဘုရားသခင်ကို ကျွန်မ ကျိုးနွံနာခံနိုင်တာမျိုးမရှိရတဲ့ အကြောင်းရင်းကို ဘုရားနှုတ်ကပတ်တော်တွေက ဖော်ထုတ်ခဲ့တယ်။ ငယ်ငယ်ကတည်းက ကျွန်မဟာ စာတန်ရဲ့အဆိပ်တွေနဲ့ လွှမ်းမိုးခံခဲ့ရတယ်။ “သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်” “လူသားသည် အထက်သို့ ရုန်းကန်ဆန်တက်သည်၊ ရေသည်နိမ့်ရာသို့ စီးဆင်း၏” ဆိုတာမျိုးတွေပေါ့။ ဒါတွေက ကျွန်မ ကျင့်ကြံပြုမူတဲ့ စံနှုန်းတွေဖြစ်လာခဲ့တယ်။ လူတွေဟာ ကိုယ့်ဂုဏ်သိက္ခာအတွက် ရှင်သန်နေထိုင်ရမယ်၊ ဘယ်လိုနေရာကိုပဲရောက်ရောက် လေးစားခံရခြင်းဟာ လူတစ်ယောက်အနေနဲ့ ဂုဏ်သိက္ခာရှိစွာ နေထိုင်ခြင်းပဲလို့ ကျွန်မယုံကြည်ခဲ့တယ်။ ကျွန်မဟာ ထင်ပေါ်စေမဲ့၊ သူများတွေ အထင်ကြီးတာ ခံရစေမဲ့ အလုပ်ကိုလည်း လုပ်ချင်ခဲ့တယ်။ ဒါက ဂုဏ်သိက္ခာရှိရှိ၊ တန်ဖိုးရှိရှိ နေထိုင်တာပဲလို့ ကျွန်မ ထင်ခဲ့တယ်။ ဒါပေမဲ့လည်း ကျွန်မအတွက်တော့ ညစ်ပတ်တဲ့အလုပ်၊ အသိအမှတ်ပြုမခံရတဲ့အလုပ်ကို လုပ်တာဟာ နိမ့်ကျပြီး သေးသိမ်စေတယ်လို့ ခံစားရလို့ ဒီအလုပ်တွေကို လက်ခံဖို့ ကျွန်မ မလိုလားခဲ့ဘူး။ ဘုရားသခင်ကို မတွေ့ရှိခင်က ဒီအမြင်တွေနဲ့ ကျွန်မ အသက်ရှင်နေထိုင်ခဲ့တယ်၊ တခြားသူတွေထက် ပိုကောင်းတဲ့ ဘဝကို အသက်ရှင်နေထိုင်ဖို့ အမြဲ လိုလားခဲ့တယ်။ ပင်ပန်းကြီးစွာ အလုပ်လုပ်ပြီး ဝင်ငွေရှာတဲ့ လယ်သမားတွေနဲ့ အလုပ်ကြမ်းသမားတွေကို ကျွန်မ အထင်အမြင်သေးခဲ့တယ်။ နောက်ပြီး အဝတ်အထည် လုပ်ငန်းလုပ်ကိုင်တာက ခွန်အားစိုက်ရတဲ့ အလုပ်ထက် ပိုပြီး ဂုဏ်သိက္ခာရှိတယ်လို့ ထင်ခဲ့ပြီး၊ အဲဒါက သူများတွေရဲ့ ရှေ့မှာ ဂုဏ်ယူဝင့်ကြွားစေနိုင်မဲ့အပြင် ကိုယ့်မိတ်ဆွေတွေနဲ့ ဆွေမျိုးတွေကတောင် ကိုယ့်ကို အလင်းသစ်နဲ့ မြင်လာအောင် လုပ်ပေးမယ်လို့ ကျွန်မ ထင်ခဲ့တယ်။ ဘုရားသခင်ကို တွေ့ရှိပြီးတဲ့နောက် အသင်းတော်မှာ ကျွန်မတာဝန်တွေကို ထမ်းဆောင်တော့ ဒီစာတန်ဆန်တဲ့ အဆိပ်တွေနဲ့ အသက်ရှင်နေထိုင်ခဲ့တုန်းပဲ။ ခေါင်းဆောင်မှုတာဝန်ကို ထမ်းဆောင်တာက ကိုယ့်ဝင့်ဝါမှုနဲ့ မာနကို ဖြည့်ဆည်းပေးပြီး ညီအစ်ကိုမောင်နှမတွေရဲ့ အထင်ကြီးတာကိုလည်း ခံရခွင့်ပေးလို့ ကျွန်မ ပျော်ခဲ့ရတယ်။ အဲဒါအတွက် တချို့ အခက်အခဲနဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို ခါးစည်းခံဖို့တောင် လိုလားနေခဲ့တယ်။ ဒါပေမဲ့လည်း ခေါင်းဆောင်မှုတာဝန်ကို ထမ်းဆောင်ပြီးတဲ့နောက်မှာ အခြားသူတွေဆီက လေးစားအားကျမှုကို ကျွန်မ ဆက်ပြီးရှာဖွေနေခဲ့မိတယ်။ ကျွန်မရဲ့သိက္ခာနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့ အမြဲကြိုးစားခဲ့တာပေါ့။ တကယ့်အလုပ်တစ်ခုမှ မလုပ်ခဲ့လို့ ကျွန်မ ဖြုတ်ချခံခဲ့ရတယ်။ ကျွန်မဟာ တာဝန်တစ်ခု ထပ်ပေးခံရတဲ့အခါမှာလည်း ဒါကို တန်ဖိုးထားရကောင်းမှန်း မသိခဲ့ဘူး။ ကျွန်မဟာ ကျွန်မရဲ့ကျရှုံးရတဲ့ အကြောင်းအရင်းတွေအပေါ် ဆင်ခြင်သုံးသပ်တာမျိုး မလုပ်ခဲ့တဲ့အပြင် ကျွန်မရဲ့မာနနဲ့ အဆင့်အတန်းအကြောင်း ဆက်ပြီးတွေးနေခဲ့မိတယ်။ ဧည့်ခံရေးတာဝန်တွေ လုပ်ရတာက ရှက်စရာကောင်းတယ်လို့ ကျွန်မထင်ခဲ့ပြီး ဒါတွေကို အင်တင်တင်နဲ့လက်ခံခဲ့တဲ့အချိန်မှာတောင်မှအတိုက်အခံလုပ်တဲ့စိတ် ဖြစ်ရင်း ဝတ်ကျေတမ်းကျေလုပ်ခဲ့ပါတယ်။ ကျွန်မမှာ အသိစိတ်နဲ့ဆင်ခြင်တုံတရား လုံးဝမရှိခဲ့ဘူး။ ကျွန်မက ကိုယ့်မာနနဲ့ အဆင့်အတန်းကို အရာအားလုံးထက် ရှေ့တန်းတင်ခဲ့ပြီး ဧည့်ခံတာဝန်ကို တခြားဘယ်သူမှ မလုပ်နိုင်ဘူးဆိုတာ သိနေတဲ့အချိန်မှာတောင် ကျွန်မက ငြင်းပြီး ခေါင်းရှောင်ချင်နေတုန်းပဲ။ အသင်းတော်ရဲ့အကျိုးစီးပွားကို လုံးဝထည့်မတွက်ခဲ့ဘူး၊ ကျွန်မရဲ့တာဝန်တွေနဲ့ ဝတ္တရားတွေအကြောင်းကိုလည်း မစဉ်းစားခဲ့ပါဘူး။ ကျွန်မဟာ အင်မတန်တစ်ကိုယ်ကောင်းဆန်ခဲ့တာပါ။ ကျွန်မသာ နောင်တမရခဲ့ရင် ကျွန်မဟာ ဘုရားသခင်ရဲ့ ရွံရှာတာနဲ့ ဖယ်ရှားရှင်းလင်းတာကို ခံရမှာပါ။ မာနနဲ့ အဆင့်အတန်းကို လိုက်စားခြင်းရဲ့ ဆိုးကျိုးတွေကို ကျွန်မ သဘောပေါက်လာပြီး ဘုရားသခင်ဆီမှာ နောင်တရဖို့၊ ကိုယ့်မာနနဲ့ အဆင့်အတန်းကို လက်လွှတ်ဖို့၊ ပြီးတော့ ဒီဧည့်ခံတာဝန်တွေကို ကောင်းကောင်းထမ်းဆောင်ရင်းနဲ့ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်မှုတွေကို ကျိုးနွံနာခံဖို့ ဆန္ဒရှိလာတယ်။
အဲဒီနောက်မှာ ဧည့်ခံရေးတာဝန်တွေကို ထမ်းဆောင်တဲ့အခါ အရမ်းအတိုက်အခံလုပ်တာမျိုး မခံစားရတော့ပါဘူး။ တစ်ခါတလေဆိုရင် ညီအစ်မတွေကိုတောင် ဖွင့်ပြောနိုင်ပြီး မိတ်သဟာယဖွဲ့နိုင်ခဲ့တယ်။ အများကြီး လွတ်လပ်တဲ့အပြင် ပိုပြီးလွတ်မြောက်တာကို ခံစားခဲ့ရတယ်။ ကျွန်မရဲ့ညီအစ်မတွေက ကျွန်မ ဧည့်ခံရေးတာဝန်တွေလုပ်နေခဲ့လို့ ကျွန်မကို အထင်အမြင်မသေးတာကိုလည်း မြင်ခဲ့ရပြီး၊ ဘုရားသခင်ရဲ့ အိမ်တော်ထဲက တာဝန်တွေမှာ မြင့်မြတ်တာ နိမ့်ကျတာ ကွဲပြားမှုမရှိတာကို အမှန်တကယ်နားလည်သဘောပေါက်ခဲ့ပါတယ်။ လုပ်ငန်းတာဝန်တွေ မတူကြရုံပဲရှိတာပါ။ နောက်ပိုင်းမှာ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ရှုခဲ့တယ်။ “ဘုရားသခင်၏ အိမ်တော်တွင် သင် လုပ်ဆောင်ရန်အတွက် မည်သည့်အရာကို စီစဉ်ပေးသည်ဖြစ်စေ၊ ယင်းက ဆင်းရဲဒုက္ခ၊ သို့မဟုတ် ပင်ပန်းသောအလုပ်ဖြစ်စေ၊ သင် နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ ယင်းသည် သင်၏ တာဝန်ဖြစ်သည်။ သင်သည် ထိုအလုပ်အား ဘုရားသခင်က သင့်အားပေးထားသည့် စေခိုင်းချက်နှင့် တာဝန်တစ်ခုအဖြစ် မှတ်ယူနိုင်လျှင် သင်သည် လူကို ကယ်တင်သည့် သူ၏ အမှုနှင့် သက်ဆိုင်သည်။ သင်လုပ်ဆောင်သည့်အရာနှင့် သင်ထမ်းဆောင်သော တာဝန်သည် လူကို ကယ်တင်ခြင်းဖြစ်သည့် ဘုရားသခင်၏ အမှုနှင့် သက်ဆိုင်ပြီး သင်သည် ဘုရားသခင်က သင့်အားပေးထားသည့် စေခိုင်းချက်ကို လေးနက်စွာ၊ ရိုးသားစစ်မှန်စွာ လက်ခံနိုင်လျှင် ဘုရားသခင်သည် သင့်အား မည်သို့ မှတ်ယူမည်နည်း။ ဘုရားသခင်သည် သင့်အား သူ၏ မိသားစုဝင်အဖြစ် မှတ်ယူလိမ့်မည်။ ဤသည်မှာ ကောင်းချီးဖြစ်သလော၊ ကျိန်ဆဲခြင်းဖြစ်သလော။ (ကောင်းချီးဖြစ်သည်။) ဤသည်မှာ ကြီးမြတ်သော ကောင်းချီးဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ပြည့်မီသော တာဝန်ထမ်းဆောင်မှုဆိုသည်မှာ အဘယ်နည်း။) “အဖန်ဆင်းခံများအနေဖြင့် သင်တို့၏ လုပ်ငန်းဆောင်တာမှာ အဘယ်နည်း။ ဤသည်မှာ လူတစ်ဦး၏ လက်တွေ့လုပ်ဆောင်မှု၊ တာဝန်တို့နှင့် ဆက်နွှယ်ပေသည်။ သင်သည် အဖန်ဆင်းခံတစ်ဦးဖြစ်ပြီး ဘုရားသခင်က သင့်ကို တေးသီချင်းနှင့်ဆိုင်သည့် ဆုကျေးဇူးပေးကာ ဘုရားအိမ်တော်က သင် သီချင်းဆိုဖို့အတွက် စီစဉ်ပါက ကောင်းစွာ သီဆိုရမည်ဖြစ်သည်။ သင်သည် ဧဝံဂေလိ ဆုကျေးဇူးရှိပြီး ဘုရားအိမ်တော်က ဧဝံဂေလိ ဖြန့်ဝေရန် သင့်အတွက် စီစဉ်ပါက သင်သည် ဧဝံဂေလိကို ကောင်းစွာ ဖြန့်ဝေသင့်ပေသည်။ ဘုရားသခင်၏ ရွေးချယ်ထားသောလူတို့က သင့်ကို ခေါင်းဆောင်အဖြစ် ရွေးကောက်တင်မြောက်သည့်အခါ သင့်အနေဖြင့် ခေါင်းဆောင်မှုနှင့်ဆိုင်သည့် စေခိုင်းချက်တာဝန်ကို ယူသင့်ပြီး ဘုရားနှုတ်ကပတ်တော်များကို စားသောက်ရန်၊ သမ္မာတရားနှင့် ပတ်သက်၍ မိတ်သဟာယပြုရန်နှင့် စစ်မှန်မှုထဲသို့ ဝင်ရောက်ရန် ဘုရားသခင်၏ ရွေးချယ်ထားသောလူတို့ကို ဦးဆောင်သင့်သည်။ ထိုသို့လုပ်ဆောင်ရာတွင် သင်၏ တာဝန်ကို ကောင်းစွာ သင် ဆောင်ရွက်ပြီးဖြစ်လိမ့်မည်။ လူကို ဘုရားသခင် ပေးသည့် စေခိုင်းချက်တာဝန်သည် အလွန့်အလွန် အရေးကြီးပြီး အဓိပ္ပာယ်ရှိ၏။ ထို့ကြောင့် ဤစေခိုင်းချက်တာဝန်ကို သင် မည်သို့ ယူပြီး မိမိလုပ်ငန်းဆောင်တာကို ဖြည့်ဆည်းသင့်သနည်း။ ဤသည်မှာ သင် ရင်ဆိုင်သည့် အကြီးမားဆုံး ပြဿနာများထဲမှ တစ်ခုဖြစ်ပြီး ရွေးချယ်မှုတစ်ခု သင် ပြုလုပ်ရမည်။ ယင်းမှာ သမ္မာတရားကို သင် ရရှိနိုင်ပြီး ဘုရားသခင်၏ စုံလင်စေခြင်းခံရနိုင်ခြင်း ရှိမရှိဆိုသည်ကို ဆုံးဖြတ်သည့် အရေးပါသော အခိုက်အတန့်တစ်ခု ဖြစ်သည်ဟု ဆို၍ရနိုင်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို နားလည်ခြင်းအားဖြင့်သာ ဘုရားသခင်၏လုပ်ဆောင်ချက်များကို သိနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေကနေ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု ကျွန်မရှာတွေ့ခဲ့ပြီး ဖန်ဆင်းခံတွေက ဘုရားရှေ့မှာ ရှိသင့်တဲ့ အနေအထားနဲ့ ကျွန်မတို့မှာ ရှိသင့်တဲ့ မှန်ကန်တဲ့ ဆင်ခြင်တုံတရားကိုပါ နားလည်သွားတယ်။ အသင်းတော်က ဘယ်လိုတာဝန်ပဲ စီစဉ်ပေးပါစေ ဧည့်ခံတဲ့တာဝန်ဖြစ်ဖြစ်၊ တခြားဘယ်တာဝန်ပဲဖြစ်ဖြစ် ကျွန်မတို့အနေနဲ့ ဘုရားသခင်အပေါ် အကြင်းမဲ့ ကျိုးနွံနာခံသင့်တယ်။ ဒါဟာ ကျွန်မတို့မှာရှိသင့်တဲ့ သင့်လျော်တဲ့ဆင်ခြင်တုံတရားပါပဲ။ တာဝန်ပမာဏ ဘယ်လိုပဲရှိပါစေ ဘုရားသခင်ပေးအပ်တဲ့ ဝတ္တရားတစ်ခုအနေနဲ့ ကျိုးနွံနာခံနိုင်ပြီး သဘောထားပြုမူနိုင်ရင်၊ ဘုရားသခင်အပေါ် မှီခိုနိုင်ပြီး အကောင်းဆုံးလုပ်ဆောင်နိုင်ရင် ကျွန်မတို့ အကျိုးကျေးဇူးတွေ ရလာမှာပါပဲ။ ဥပမာအနေနဲ့ ညီအစ်ကိုမောင်နှမတချို့က သိပ်မထင်ရှားတဲ့ တာဝန်တွေကို လုပ်ရတာမျိုး ရှိနိုင်ပေမဲ့ သူတို့က ထင်ပေါ်ကျော်ကြားဖို့ မလိုက်စားကြဘူး။ သူတို့ဟာ သမ္မာတရားကို ရှာဖွေကြပြီး စည်းမျဉ်းတွေနဲ့အညီ သူတို့တာဝန်တွေကို ထမ်းဆောင်တာကို အာရုံစိုက်ကြတဲ့အပြင် တိုးတက်မှုတွေ ရကြတာပါပဲ။ လူတစ်ယောက်ဟာ သမ္မာတရားမရှာဖွေဘူး ဒါမှမဟုတ် သူတို့တာဝန်တွေလုပ်ဆောင်ရာမှာ ကျိုးနွံနာခံမှုမရှိဘူးဆိုပါတော့။ အဲဒါဆိုရင် သူတို့ရဲ့တာဝန်ဟာ ဘယ်လောက်ပဲအထင်ကြီးစရာကောင်းနေပါစေ၊ သူတို့ဟာ သမ္မာတရားမရရှိဘူး ဒါမှမဟုတ် သူတို့ရဲ့စိတ်သဘောထားမှာ အပြောင်းအလဲမတွေ့ကြုံဘူးဆိုရင် ဘုရားသခင်ကိုဆန့်ကျင်နေတုန်းပဲ၊ နောက်ဆုံးမှာ ဘုရားသခင်ရဲ့ဖယ်ရှားရှင်းလင်းခြင်းကို ခံရမှာပါပဲ။ ဘုရားသခင်ရဲ့အိမ်တော်မှာ တာဝန်တိုင်းက အရေးကြီးပြီးမရှိမဖြစ်လိုအပ်ပါတယ်။ စက်တစ်လုံးမှာ မူလီတစ်လုံးပျောက်နေရင်တောင် အလုပ်မလုပ်နိုင်သလိုပါပဲ။ ဧည့်ခံရေးတာဝန်တွေဟာ အရေးမပါသလို ထင်ရပေမဲ့ တစ်ယောက်ယောက်က အဲဒါကို မလုပ်ရင် ညီအစ်ကိုမောင်နှမတွေ အနေနဲ့ စုဝေးပြီး သူတို့ရဲ့တာဝန်တွေထမ်းဆောင်ဖို့ ဆိတ်ငြိမ်တဲ့ပတ်ဝန်းကျင်တစ်ခု ရမှာမဟုတ်ဘူးလေ။ ဒါကို နားလည်သွားတဲ့နောက် ကျွန်မရဲ့ ဧည့်ခံရေးတာဝန်ကို လှိုက်လှိုက်လှဲလှဲ တန်ဖိုးထားစပြုလာခဲ့ပြီး မှန်မှန်ကန်ကန် ပူးပေါင်းဆောင်ရွက်လိုစိတ် ဖြစ်လာခဲ့ပါတယ်။
အဲဒီအချိန်ကစလို့ ကျွန်မတာဝန်မှာ မှားယွင်းတဲ့ရည်ရွယ်ချက်တွေရှိခဲ့တဲ့အခါတိုင်း ကျွန်မကိုယ်ကျွန်မပုန်ကန်ဖို့ ဘုရားသခင်ကို သတိရှိရှိနဲ့ဆုတောင်းခဲ့ပါတယ်။ နေ့စဉ် ကျွန်မတာဝန်ပြီးမြောက်ပြီးတဲ့နောက်မှာ ဆိတ်ငြိမ်အောင်နေပြီး ဘုရားနှုတ်ကပတ်တော်တွေ ဖတ်တယ်၊ ဝတ်ပြုခြင်းမှတ်စုတွေ ရေးပါတယ်။ ဘုရားသခင်နဲ့ နီးစပ်ဖို့ ကျွန်မ အချိန်ပိုရလာခဲ့တယ်။ တဖြည်းဖြည်းနဲ့ ကျွန်မအခြေအနေတိုးတက်လာပြီး ဒီတာဝန်က တကယ့်ကိုကောင်းမွန်တယ်လို့ ခံစားရလာခဲ့ပါတယ်။ ဘုရားသခင်ရဲ့ အပင်ပန်းခံထားတဲ့ ရည်ရွယ်ချက်တွေကို ကျွန်မ တကယ်ပဲ တွေ့ကြုံခံစားခဲ့ရတယ်၊ ဘာလို့လဲဆိုတော့ ဘုရားသခင် သတ်မှတ်တဲ့ စီစဉ်ညွှန်ကြားမှုတွေ၊ စီစဉ်မှုတွေက ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့ကို သန့်စင်ပြီး ပြောင်းလဲစေဖို့ပဲ ဖြစ်လို့ပါ။ ဘုရားသခင်က ဘက်လိုက်တာမရှိသလို လူတစ်ယောက်က ဘယ်လိုတာဝန်ကိုပဲ လုပ်ဆောင်ပါစေ၊ ဘုရားသခင်ဆီက ခံယူပြီး ကျိုးနွံနာခံဖို့နဲ့ သမ္မာတရား လိုက်စားဖို့ လိုလားသရွေ့ အကျိုးကျေးဇူးရမှာပါပဲ။
ဒီတွေ့ကြုံမှုအပေါ် ဆင်ခြင်သုံးသပ်ပြီး ဘုရားသခင်ကို နှလုံးသားထဲကနေ ကျွန်မ တိတ်တဆိတ်ကျေးဇူးတင်မိပါတယ်။ ဘုရားသခင်က ကျွန်မ ဧည့်ခံတာဝန်တွေ ထမ်းဆောင်ဖို့ ဒီပတ်ဝန်းကျင်ကို စီစဉ်ပေးခဲ့တယ်၊ မာနနဲ့ အဆင့်အတန်းကို လိုအင်ဆန္ဒရှိတဲ့အတွက် ကျွန်မကို ပြုပြင်ခဲ့ပြီး တာဝန်အပေါ်ထားတဲ့ ကျွန်မရဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့အမြင်တွေကိုလည်း ပြုပြင်ပြောင်းလဲပေးခဲ့တယ်။ ဒါဟာ ကျွန်မရဲ့အသက်တာမှာလိုအပ်နေခဲ့တဲ့အရာတစ်ခုဖြစ်တဲ့အပြင် ဘုရားသခင်ရဲ့မေတ္တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် တာဝန်တွေမှာ အရေးကြီးတာ၊ တန်ဖိုးရှိတာဆိုပြီး အဆင့်အတန်းခွဲခြားထားတာ မရှိဘူးဆိုတာရယ်၊ ကျွန်မတို့ ဘယ်လိုတာဝန်ပဲထမ်းဆောင်ပါစေ အဲဒါတွေဟာ ဖန်ဆင်းခံတွေ ထမ်းဆောင်သင့်တဲ့ လုပ်ငန်းတာဝန်ဖြစ်တယ်ဆိုတာကိုလည်း ကျွန်မ နားလည်လာခဲ့တယ်။ ကျွန်တော်တို့ဟာ တာဝန်တွေကို ကိုယ့်စိတ်ကြိုက်လည်း မထမ်းဆောင်သင့်ဘူး၊ ရွေးချယ်ပြီးတော့လည်း မထမ်းဆောင်သင့်ဘူး။ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့စီစဉ်မှုတွေကို ကျွန်မတို့ ကျိုးနွံနာခံသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ လူ့သဘာဝနဲ့ဆင်ခြင်တုံတရားရှိတဲ့ အဓိပ္ပါယ်ပဲလေ။ ဒီမှာ ကျွန်မရရှိခဲ့တဲ့ နားလည်သဘောပေါက်မှုနဲ့ ပြောင်းလဲမှုဟာ ဘုရားသခင်နှုတ်ကပတ်တော်တွေရဲ့ လမ်းညွှန်မှုရလဒ်သာ ဖြစ်ပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ရှင်းချဲ့ တောင်ကိုးရီးယားနိုင်ငံ၂၀၁၈ခုနှစ် ဇွန်လတွင် ကောင်းကင်နိုင်ငံတော်သီချင်း ဂီတသရုပ်ပြပွဲအတွက် အစမ်းလေ့ကျင့်ခဲ့သည်။ စင်ပေါ်တွင်...
ကျန်းဝေ တရုတ်နိုင်ငံ အစ်မ အရင်က သွားနဲ့မေးရိုးဆိုင်ရာလက်ထောက် အကြီးအကဲအဖြစ် ဆေးရုံတစ်ခုမှာ အလုပ်လုပ်ဖူး တယ်။ ဒီအပေါ်မှာ ဆယ်စုနှစ်...
ဝူယမ် တရုတ်နိုင်ငံ ၂၀၂၁ခုနှစ်၊ ဇွန်လကုန်ခါနီးမှာ ကွန်မြူနစ်ပါတီက ခရစ်ယာန်တွေကို အရူးအမူးလိုက်ဖမ်းနေတာကြောင့် ကျွန်မရဲ့ ဧည့်ခံတဲ့အိမ်က...
ရှူချင်း တရုတ်နိုင်ငံ မနှစ်တုန်းက ဖေဖော်ဝါရီလမှာ ကျွန်တော်က အသင်းတော်တစ်ခုဆီကို ခေါင်းဆောင်အဖြစ် ရွှေ့ပြောင်းရတယ်။ အဲဒီအသင်းတော်မှာရှိတဲ့...