သန့်စင်ခြင်းသို့ ဦးတည်ရာလမ်း

27.04.2019

၁၉၉၀ခုနစ်မှာ ကျွန်မ သခင်ယေရှုနာမ၌ ဗတ္တိဇံ ခံယူခဲ့ပြီး ၁၉၉၈ မှာ အသင်းတော်မှာ တွဲဖက် အမှုဆောင်ဖြစ်ခဲ့ပါတယ်။ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လမ်းပြမှုနဲ့ လုပ်ဆောင်မှုကြောင့် ကျွန်မမှာ သခင့်အတွက် အမှုတော်ဆောင်ဖို့ မကုန်မခန်းနိုင်တဲ့ အင်အားတွေ ရှိခဲ့ပြီး တရားဒေသနာတွေလည်း ကုန်သွားတယ်လို့ ဘယ်တော့မှ မရှိခဲ့ပါဘူး။ အားနည်းတဲ့၊ အပျက်သဘောဆောင်တဲ့ ညီအစ်ကို မောင်နှမတွေကိုလည်း ခဏခဏ ပံ့ပိုးခဲ့တယ်။ သူတို့ရဲ့ မယုံကြည်သူ မိသားစုဝင်တွေက ကျွန်မ အပေါ် ကြမ်းတမ်းတဲ့အခါမှာ ကျွန်မ စိတ်ရှည်၊ သည်းခံခဲ့တယ်။ ခရစ်ယာန်ဖြစ်ပြီးကတည်းက ကျွန်မ တော်တော်ပြောင်းလဲသွားခဲ့တယ်လို့ ခံစားရတယ်။ ဒါပေမဲ့ ၂၀၁၀ခုနစ်ကနေစပြီးတော့ သခင့်ရဲ့လမ်းပြမှုကို ကျွန်မ မခံစားရတော့ဘဲ ကျွန်မရဲ့ အလုပ်အတွက် အားအင်တွေ သိပ်မရှိခဲ့ဘူး။ ဉာဏ်အလင်းသစ်တွေမရှိတော့ဘဲ အဟောင်းတွေကိုပဲ ကျွန်မ တရားဟောခဲ့တယ်။ ကျွန်မ ယောက်ျား ဒါမှမဟုတ် သမီးက ကျွန်မ မကြိုက်တာ တစ်ခုခုလုပ်တဲ့အခါ စိတ်မထိန်းနိုင်ဘဲ ဒေါသထွက်ပြီး သူတို့ကို ဆူပူမိတယ်။ ဒါ သခင့်အလိုတော် မဟုတ်တာကို ကျွန်မ သိပြီးတော့ ကျွန်မ ဆုတောင်းတယ်၊ ဝန်ချတယ်၊ နောင်တရခဲ့တယ်။ ဒါပေမဲ့ စိတ်မထိန်းနိုင်ဘဲ အပြစ်ထပ်လုပ်မိပြီး စိတ်မရှည်၊ သည်းမခံခဲ့ဘူး။ ဒါတွေကြောင့် ကျွန်မ စိတ်ဆင်းရဲခဲ့ရတယ်။ အဲဒီ အပြစ်ပြုလိုက်၊ ဝန်ခံလိုက် ဘဝကနေ လွတ်အောင် သမ္မာကျမ်းစာကို ဝီရိယရှိရှိနဲ့ ဖတ်တယ်။ အစာရှောင်တယ်။ ဆုတောင်းတယ်။ ဒါတွေကို စူးစမ်းလေ့လာဖို့ ကူညီပေးဖို့ သင်းအုပ်ဆရာတွေကို ကျွန်မ ရှာခဲ့တယ်။ ဒါပေမဲ့ သူတို့က လုံးဝ မကူညီနိုင်ခဲ့ဘူး။

၂၀၁၇ ရောက်တော့ ကျွန်မက နေရာတကာမှာ အမှုတော်ဆောင်နေတုန်း၊ တရားဟောနေတုန်းပါပဲ။ ဒါပေမဲ့ ကျွန်မက အမြဲတမ်း အပြစ်ထဲမှာ နေနေတော့ စိတ်ထဲမှာ ဗလာဖြစ်နေပြီး စိတ်မသက်သာသလို ခံစားရတယ်။ အဲဒီ ခံစားချက်က ပိုပြီးတော့ ဆိုးလာတယ်။ တစ်ရက်မှာတော့ ကျွန်မ ယောက်ျားက မေးတယ်။ “မင်းကို ကြည့်ရတာ အခုတလော တော်တော်စိတ်ညစ်နေပုံပဲ။ ဘာပြဿနာရှိလို့လဲ။” တဲ့။ သူမေးတာကို ဖြေရင်းနဲ့ ကျွန်မ စိတ်ညစ်နေတာကို “ကျွန်မ စဉ်းစားနေတာ။ ဒီနှစ်တွေ တစ်လျှောက်လုံးမှာ ကျွန်မ ယုံကြည်သူဖြစ်ခဲ့ပြီး တရားဟောဆရာမတစ်ယောက်ဖြစ်ခဲ့တယ်။ ဒါဆိုရင် ကျွန်မက ဘာလို့ အပြစ်ထဲမှာ ဆက်ရှင်သန်နေရတာလဲ။ သခင် ရှိနေတယ်လို့ ကျွန်မ မခံစားရဘူး။ သူ ထွက်သွားသလိုမျိုးပဲ။ သခင့်ကို ကျွန်မ နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီးတော့ ကျမ်းစာတွေ အများကြီးဖတ်တယ်။ သခင့်ရဲ့လမ်းခရီးကို အများကြီး နားထောင်တယ်။ ကျွန်မရဲ့ ကားတိုင်ကို ထမ်းပြီး ကိုယ့်ကိုယ်ကိုယ် ချိုးနှိမ်နိုင်ဖို့ မကြာခဏ စိတ်ပိုင်းဖြတ်တယ်။ ဒါပေမဲ့ ကျွန်မက အမြဲတမ်း အပြစ်နဲ့ ချည်နှောင်ခံနေရတုန်းပဲ။ ကိုယ့်အကျိုးအတွက်၊ သိက္ခာအတွက် ကျွန်မ လိမ်ညာမိတယ်။ ‘သူတို့နှုတ်၌ မုသားမရှိ။’ (ဗျာဒိတ်ကျမ်း ၁၄:၅) ဆိုတာကို မလုပ်နိုင်ဘူး။ ကျွန်မ ရင်ဆိုင်ရတဲ့ အခက်အခဲတွေနဲ့ စစ်ဆေးမှုတွေကို သခင်က ခွင့်ပြုတာဆိုတာကို ကျွန်မ သိပေမဲ့ သူ့ကို အပြစ်တင်ပြီး အထင်မလွဲဘဲ မနေနိုင်ခဲ့ဘူး။ ပျော်ပျော်ရွှင်ရွှင်နဲ့ မနာခံနိုင်ခဲ့ဘူး။ ဒီပုံစံနဲ့ အပြစ်ထဲမှာပဲ ဆက်နေရင် သခင်ကြွလာတဲ့အခါ သခင့်ရဲ့နိုင်ငံတော်ထဲကို ကျွန်မ မဝင်ရမှာ စိုးတယ်။” ဆိုပြီး ပြောလိုက်တယ်။

သူက ပြန်ပြောတယ်။ “ဘာလို့ အဲဒီလို ထင်ရတာလဲ။ ယုံကြည်ခြင်းရှိစမ်းပါ။ မင်းက တရားဟောဆရာမတစ်ယောက်ပဲ။ မင်းက ဒီလို အမြဲတမ်းမပြောဘူးလား။ ငါတို့က အပြစ်ထဲမှာ နေထိုင်ပြီး မလွတ်မြောက်ပေမဲ့ သမ္မာကျမ်းစာထဲမှာ ပြောထားတယ်။ ‘သင်သည် သခင် ယေရှုကိုနှုတ်ဖြင့် ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကို သေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင်၊ ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။ ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှာ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။ ကယ်တင်ခြင်းသို့ ရောက်ခြင်းငှာ နှုတ်ဖြင့် ဝန်ခံရ၏။’ (ရောမသြဝါဒစာ ၁၀:၉-၁၁) ပြီးတော့ အကြောင်းမူကား၊ ထာဝရဘုရားကို ပဌနာပြုသောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတံ့။ တဲ့။ (ရောမသြဝါဒစာ ၁၀:၁၃) ငါတို့က အပြစ်ထဲမှာ အသက်ရှင်ပြီး မလွတ်မြောက်ကြဘူး။ ဒါပေမဲ့ ငါတို့ အပြစ်တွေကို ခွင့်လွှတ်ပြီးသွားပြီ။ ငါတို့က ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်ရာရောက်ပြီး ကယ်တင်ခံရပြီလေ။ ငါတို့က ဝတ်ပြုဆုတောင်းပွဲတွေ တက်သရွေ့၊ ကျမ်းစာဖတ်၊ ကားတိုင်ထမ်းပြီး သခင့်နောက်လိုက်သရွေ့ ကောင်းကင်နိုင်ငံတော်ကို ငါတို့ရောက်ပြီး ကောင်းချီးခံစားရမှာပါ” ဆိုပြီး ပြန်ပြောတယ်။ ကျွန်မက ပြောလိုက်တယ်။ “ကျွန်မလည်း အဲဒီလို ထင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုရက်ပိုင်းမှာ ကျွန်မ ရှင်ပေတရု သြဝါဒစာ ပဌမစောင် အခန်းကြီး ၁ အငယ် ၁၆ ကို ဖတ်တယ်။ ‘ငါသည်သန့်ရှင်းတော်မူသောကြောင့်၊ သင်တို့ သည်လည်း သန့်ရှင်းခြင်းရှိကြလော့။ တဲ့။’ ပြီးတော့ ဟေဗြဲသြဝါဒစာ အခန်းကြီး ၁၂ အငယ် ၁၄ မှာ ‘သန့်ရှင်းခြင်းပါရမီမရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။ တဲ့။’ ကျွန်မတို့က ကယ်တင်ခံရပြီးပေမဲ့ အပြစ်လုပ်နေတုန်း၊ ဝန်ခံနေတုန်းပဲ။ သန့်ရှင်းမှုကို ကျွန်မတို့ မရသေးဘူး။ ကျွန်မ စိုးရိမ်တယ်။ အခုရှိနေတဲ့ အခြေအနေနဲ့ ကျွန်မတို့ ကောင်းကင်နိုင်ငံတော်ကို ရောက်နိုင်ပါ့မလား။” ပေါ့။

ကျွန်မပြောတာ နားထောင်ပြီးတော့ သူက သဘောတူတယ်။ ပြီးတော့ အသင်းတော်က ဟောင်ကောင်က သင်းအုပ်ဆရာချန်းကို ဖိတ်ထားတယ်။ သူ့ကို ဒီအကြောင်းမေးကြည့်ပါလားဆိုပြီး အကြံပေးတယ်။ ကျွန်မက ငါ ဒါနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း သိမှဖြစ်မယ်။ ငါ့ ယုံကြည်ခြင်းမှာ ပေါ့နေလို့မရဘူးဆိုပြီး စဉ်းစားမိတယ်။ ဒီလိုမဟုတ်ရင် ငါ့ကိုယ်ငါရော ညီအစ်ကိုမောင်နှမတွေကိုပါ ထိခိုက်လိမ့်မယ် ပေါ့။ နောက်ပိုင်းမှာ အွန်လိုင်းမှာ သင်းအုပ်ဆရာချန်းကို ရှာကြည့်တော့ ပေါ်လာတဲ့ ပေ့ချ်မှာ နိုင်ငံတော် ဆင်းသက်ခြင်း ဧဝံဂေလိတရားဆိုတဲ့ ဝဘ်ဆိုဒ်ကို တွေ့တယ်။ အဲဒီ ဆိုဒ်ကို ကျွန်မ သွားကြည့်ပြီး ကျွန်မ စိတ်ဝင်စားတဲ့ စကားလုံးတချို့ကို သွားတွေ့တယ်။ “လူသည် ဇာတိပကတိ၏ ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်မှု၊ မိသားစုဝင်တစ်ဦး၏ ယုံကြည်ခြင်းက မိသားစုတစ်ခုလုံးအပေါ် ကောင်းချီးမင်္ဂလာဆောင်ကြဉ်းခြင်း၊ နာမကျန်းမှုကို ပျောက်ကင်းစေခြင်း စသည်တို့ကဲ့သို့သော ကျေးဇူးတော်များစွာကို ရရှိခဲ့သည်။ ကျန်သည့်အရာများမှာ လူ၏ကောင်းသော လုပ်ဆောင်ချက်များနှင့် သူ၏ ဘုရားတရား ကိုင်းရှိုင်းသော အသွင်အပြင်ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဦးသည် ဤအရာများကို အခြေခံ၍ အသက်ရှင်နိုင်ပါက၊ ၎င်းတို့ကို လက်သင့်ခံ၍ရနိုင်သော ယုံကြည်သူအဖြစ် သတ်မှတ်ခဲ့ကြသည်။ ဤယုံကြည်သူမျိုးများသာ သေဆုံးပြီးနောက် ကောင်းကင်ဘုံသို့ ဝင်ရောက်နိုင်ပေသည်၊ ယင်းမှာ ၎င်းတို့ ကယ်တင်ခြင်းခံခဲ့ရသည်ဟု ဆိုလိုခဲ့ပေသည်။ သို့ရာတွင် ဤလူများက ၎င်းတို့၏ တစ်သက်တာတွင် အသက်၏လမ်းခရီးကို လုံးဝ နားမလည်ခဲ့ကြပေ။ ၎င်းတို့ လုပ်ဆောင်ခဲ့သမျှအားလုံးမှာ အပြစ်များကို ကျူးလွန်ပြီးနောက် ၎င်းတို့၏ စိတ်သဘောထား ပြောင်းလဲရန် မည်သည့်လမ်းကြောင်းမျှ မရှိဘဲ၊ အတောမသတ်သော သံသရာစက်ဝိုင်းတစ်ခုထဲတွင် ၎င်းတို့၏ အပြစ်များကို ဝန်ချရန် ဖြစ်ခဲ့သည်။ ယင်းမှာ ကျေးဇူးတော်ခေတ်တွင် ရှိသော လူ၏အခြေအနေဖြစ်ခဲ့သည်။ လူသည် ပြည့်စုံသော ကယ်တင်ခြင်းကို ရရှိပြီးဖြစ်ပါသလော။ မရရှိပေ။ ထို့ကြောင့် အမှု၏ ထိုအဆင့် ပြီးဆုံးခဲ့သည့်နောက်တွင်၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အမှု ကျန်ရှိခဲ့သေးသည်။ ဤအဆင့်သည် လူကို နှုတ်ကပတ်တော်အားဖြင့် ဖြူစင်စေရန်ဖြစ်ပြီး ထိုသို့ဖြင့် လိုက်လျှောက်ရမည့် လမ်းကြောင်းကို သူ့အား ပေးရန် ဖြစ်သည်။ လူသား၏ အပြစ်နှင့်ပြည့်သော သဘာဝကို ပပျောက်စေနိုင်ခဲ့မည် မဟုတ်သကဲ့သို့၊ လူသားသည် သူ့အပြစ်များ ခွင့်လွှတ်ခံရခြင်းတွင်သာ လုံးဝဥဿုံရပ်တန့်လာမည် ဖြစ်သည့်အတွက်၊ အကယ်၍ နတ်ဆိုးများကို နှင်ထုတ်ခြင်းကိုဆက်လက် လုပ်ဆောင်ခဲ့ပါက၊ ဤအဆင့်သည် အကျိုးဖြစ်ထွန်းမည် မဟုတ်သကဲ့သို့ အဓိပ္ပာယ်လည်းရှိမည် မဟုတ်ပေ။ ကားစင်တင်ခံရခြင်း အမှုသည် အဆုံးသို့ ရောက်ရှိလာပြီးဖြစ်သကဲ့သို့၊ ဘုရားသခင်သည် စာတန်အပေါ် အောင်နိုင်ပြီးဖြစ်သည့်အတွက်၊ အပြစ်ဖြေရာယဇ်မှတစ်ဆင့် လူသည် သူ၏အပြစ်များ ခွင့်လွှတ်ခြင်း ခံခဲ့ရသည်။ သို့ရာတွင် လူ၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် သူ့အတွင်းတွင် ကျန်ရှိနေဆဲဖြစ်သည်၊ လူသည် အပြစ်ပြုနိုင်ဆဲဖြစ်ပြီး ဘုရားသခင်ကို ဆန့်ကျင်နိုင်ဆဲဖြစ်ကာ၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို မရယူသေးပေ။ ယင်းမှာ အမှု၏ ဤအဆင့်တွင် ဘုရားသခင်သည် လူသားကို မှန်ကန်သော လမ်းကြောင်းနှင့်အညီ လက်တွေ့လုပ်ဆောင်စေလျက်၊ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖော်ထုတ်ရန် နှုတ်ကပတ်တော်ကို အသုံးပြုရသည့် အကြောင်းရင်း ဖြစ်သည်။ ယခုတွင် လူ၏အသက်တာကို တိုက်ရိုက်ပံ့ပိုးပြီး လူ၏ စိတ်သဘောထားကို လုံးဝ အသစ်ပြုပြင်စေနိုင်သည်မှာ နှုတ်ကပတ်တော် ဖြစ်သည့်အတွက်၊ ဤအဆင့်သည် ယခင်အဆင့်ထက် ပိုမို အဓိပ္ပာယ်ရှိသည့်အပြင် အကျိုးလည်း ပိုမို ဖြစ်ထွန်းလေသည်။ ယင်းသည် များစွာ သာ၍ စေ့စပ်သေချာသော အမှု၏ အဆင့်တစ်ခု ဖြစ်သည်။ သို့ဖြစ်ရာ နောက်ဆုံးသောကာလတွင် လူ့ဇာတိကို ခံယူခြင်းသည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း၏ အရေးပါမှုကို ပြည့်စုံစေပြီးဖြစ်သကဲ့သို့၊ လူသား၏ ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ကို လုံးဝ ပြီးဆုံးစေပြီး ဖြစ်သည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ကျွန်မ ဒါကို ဖတ်ရတာ တော်တော် စိတ်လှုပ်ရှားခဲ့တယ်။ ယုံကြည်သူတွေအနေနဲ့ ကျွန်မတို့ အခြေအနေကို ပြည့်ပြည့်စုံစုံ ဖော်ပြသွားတယ်။ ပြီးတော့ ကျွန်မ သေချာ နားမလည်ပေမဲ့ အဲဒီထဲမှာ မျှော်လင့်ချက် တွေ့ရတယ်။ သန့်စင်ပြီး ပြောင်းလဲခြင်းခံရဖို့ လမ်းကို တွေ့နိုင်တယ်လို့ ကျွန်မ ခံစားခဲ့ရတယ်။ ကျွန်မ ဆုတောင်းချက်တွေကို ကြားတဲ့အတွက် ဘုရားသခင်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိတယ်။ ဆက်ဖတ်ကြည့်တော့ ရေးထားတာတွေအားလုံးက တော်တော်ကောင်းတယ်၊ ကျွန်မရဲ့ ခြောက်ကပ်နေတဲ့ ဝိညာဉ်က ရေလောင်း၊ ထိန်းကျောင်းခံနေရတယ်လို့ ခံစားမိခဲ့တယ်။ ဒီလူတွေက ကျွန်မ ရှုပ်ထွေးနေတာကို ဖြေရှင်းပေးနိုင်မလားဆိုပြီး တွေးမိတယ်။ အဲဒီ ဝဘ်ဆိုဒ်မှာ ပြောထားတယ်။ “မေးမြန်းစရာရှိလျှင် ဤနေရာတွင် စာရေးထားခဲ့ပါ” တဲ့။ အဲဒါနဲ့ ကျွန်မ နည်းနည်းလေးမှ နှောင့်နှေးမနေတော့ဘဲ စာတစ်စောင်ပို့လိုက်ပြီး ကျွန်မရဲ့ ဖုန်းနံပါတ်နဲ့ အီးမေးကို ပေးလိုက်တယ်။

ကျွန်မ အမျိုးသားကို ဒီအကြောင်းပြောပြတော့ သူလည်း စမ်းကြည့်ဖို့ စိတ်ဝင်စားတယ်လို့ပြောတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်က အသင်းသားတွေက နောက်တစ်နေ့မှာ ကျွန်မကို ဆက်သွယ်တယ်။ အဲဒီနေ့လည်မှာ ကျွန်မတို့ အွန်လိုင်းမှာ စကားပြောခဲ့ပြီး ကျွန်မ ရှုပ်ထွေးနေတာကို ပြောပြလိုက်တယ်။ ‘သင်သည် သခင် ယေရှုကိုနှုတ်ဖြင့် ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကို သေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင်၊ ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။’ (ရောမသြဝါဒစာ ၁၀:၉) ဆိုတဲ့ ဆိုတဲ့ အပိုဒ်အတိုင်း ကျွန်မတို့ အမြဲတမ်း ခံယူခဲ့တယ်။ ကျွန်မတို့ အပြစ်တွေကို သခင်ယေရှုက ခွင့်လွှတ်ပြီးဖြစ်လို့ ကျွန်မတို့တွေဟာ ကယ်တင်ခံရပြီးပြီ။ ကိုယ်တော်ပြန်ကြွလာရင် ကောင်းကင်နိုင်ငံတော်ကို ကျွန်မတို့ ဝင်ရမယ်လို့ မြင်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့က အပြစ်ထဲမှာ အသက်ရှင်နေတုန်းပဲ။ သခင့်ရဲ့ သွန်သင်မှုတွေကို ကျွန်မတို့ မထိန်းသိမ်းနိုင်ဘူး အပြစ်ကနေ မလွတ်မြောက်နိုင်ဘူး။ ကျမ်းစာထဲမှာ သန့်ရှင်းခြင်းမရှိရင် သခင့်ကို ကျွန်မတို့ မမြင်နိုင်ဘူးလို့ ပြောထားတယ်။ ကျွန်မ ရှုပ်နေတယ်။ အမြဲတမ်း အပြစ်လုပ်နေတဲ့ ကျွန်မလို လူတစ်ယောက်က နိုင်ငံတော်ကို ဝင်ရောက်နိုင်သလား။ ဘုရားသခင်က နောက်ဆုံးသောကာလမှာ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းအမှုကို ပြုနေတယ်ဆိုပြီး အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော် ဝဘ်ဆိုဒ်မှာ ပြောထားတယ်။ ဒါက အပြစ်ပြုတဲ့သဘာဝကနေ လွတ်မြောက်ပြီး နိုင်ငံတော်ကို ဝင်ရောက်ခြင်းနဲ့ သက်ဆိုင်လား” ဆိုပြီး မေးလိုက်တယ်။

အစ်ကိုချန်းက ဒီ မိတ်သဟာယကို ကျွန်မတို့ကို ဝေမျှပါတယ်။ “ဒါကို နားလည်ဖို့က ကယ်တင်ခြင်းခံရတယ် ဆိုတာ ဘာလဲဆိုတာကို ကျွန်တော်တို့ အရင်နားလည်ရမယ်။ ပညတ်တော်ခေတ်နောက်ပိုင်းမှာ လူတွေက ဘုရားနဲ့ ဝေးကွာပြီး ဘုရားကို မကြောက်ကြတော့ဘူး။ ဘယ်သူကမှ ပညတ်ကို မထိန်းသိမ်းနိုင်ဘဲ အပြစ်တွေ ပိုပိုပြီး ပြုကြတာကြောင့် သူတို့အားလုံးက စီရင်ခံရပြီး သေခြင်းကိုရောက်မယ့် အန္တရာယ်မှာရှိနေတယ်။ ပညတ်တော်အောက်မှာ လူတွေ သေခြင်းကနေ ကယ်တင်ဖို့ ဘုရားသခင်က ကိုယ်တိုင် လူ့ဇာတိခံယူပြီး အပြစ်ဖြေရာယဇ်အဖြစ် ကားစင်တင်ခံခဲ့တယ်။ လူသားမျိုးနွယ်အားလုံးကို အပြစ်ကနေ ရွေးနုတ်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့လုပ်ဖို့လိုတာက သခင်ယေရှု နာမ၌ ဆုတောင်း၊ ဝန်ချပြီး ကိုယ်တော့်ဆီမှာ နောင်တရဖို့ပဲ။ ဒါဆို ကျွန်တော်တို့အပြစ်တွေ ခွင့်လွှတ်ခြင်းခံရတယ်။ ပြီးရင် ပညတ်တော်ရဲ့ စီရင်ခြင်းကို မခံရဘဲ ဘုရားသခင်ရဲ့ ကျေးဇူးတော်နဲ့ ကောင်းချီးတွေကို ကျွန်တော်တို့ ခံစားနိုင်တယ်။ ဒါက ကျေးဇူးတော်ခေတ်မှာ ကယ်တင်ခံရခြင်း ရဲ့ မှန်ကန်တဲ့ အဓိပ္ပာယ်ပဲ။ ကျွန်တော်တို့ အပြစ်တွေ ခွင့်လွှတ်ခြင်းခံရပြီးဖြစ်လို့ ပညတ်တော်အောက်မှာ ကျွန်တော်တို့ စီရင်ခံရပြီး သေခြင်းကို မရောက်တော့ဘူး၊ ဘုရားသခင်က အဲဒီ အပြစ်တွေကို မမြင်တော့ဘူးလို့ ဆိုလိုတာပါ။ ဒါပေမဲ့ ဒါက ကျွန်တော်တို့က အပြစ်မရှိတော့ဘူး၊ အပြစ်မလုပ်တော့ဘူး၊ ဘုရားကို အာမခံတော့ဘူးလို့ မဆိုလိုပါဘူး။ ကယ်တင်ခံရတယ်ဆိုတာ ကျွန်တော်တို့က အကျင့်ပျက်ခြင်း မရှိတော့ဘူး၊ သန့်စင်သွားပြီလို့ မဆိုလိုပါဘူး။ အထူးသဖြင့် ကျွန်တော်တို့က ဘုရားသခင်ရဲ့ နိုင်ငံတော်ထဲကို ဝင်ရောက်ဖို့ သင့်တော်တယ်လို့ မဆိုလိုပါဘူး။ သန့်စင်ခံရဖို့ဆိုတာ ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို လက်ခံရပါမယ်။” ဆိုပြီး မိတ်သဟာယဖွဲ့တယ်။

ရောမသြဝါဒစာမှာ “ကယ်တင်ခြင်းခံရ” တယ်ဆိုတာ သခင်ယေရှုရဲ့ ကယ်တင်ခြင်းကို လက်ခံခြင်းဖြစ်ပြီး ပညတ်တော်အောက်မှာ စီရင်ခံရပြီး သေခြင်းကို မရောက်တော့တာဖြစ်တယ်။ ဒါပေမဲ့ သန့်စင်ခံရခြင်းမဟုတ်ဘူးဆိုတာကို အစ်ကိုချန်းရဲ့ မိတ်သဟာယကနေ ကျွန်မ နားလည်သွားခဲ့တယ်။ ဒီထဲမှာ သမ္မာတရားရှိတယ်လို့ ခံစားရတယ်။

အစ်ကိုချန်းက ဆက်ပြီးတော့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ ကျမ်းပိုဒ်တွေကို ဖတ်ပြတယ်။ “ထိုအချိန်က ယေရှု၏ အမှုမှာ လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနှုတ်ရန် ဖြစ်သည်။ သူ့ကို ယုံကြည်သူအားလုံးတို့၏ အပြစ်များသည် ခွင့်လွှတ်ခြင်း ခံခဲ့ရသည်၊ သူ့ကို ယုံကြည်နေသရွေ့ သူက သင့်ကို ရွေးနှုတ်မည်၊ သင်သည် သူ့ကို ယုံကြည်ပါက သင်သည် အပြစ်သားတစ်ယောက် မဟုတ်တော့ဘဲ၊ သင်၏အပြစ်များ အားလုံး ဖြေလွှတ်ခြင်းခံရသည်။ ဤသည်မှာ ကယ်တင်ခံရခြင်းနှင့် ယုံကြည်ခြင်းအားဖြင့် လျော်ကန်စေခြင်းဟူသည့် အဓိပ္ပာယ်ဖြစ်သည်။ သို့သော် ယုံကြည်ခဲ့ကြသည့် သူများအတွင်း၌ ဘုရားသခင်ကို ပုန်ကန်၍ ဆန့်ကျင်သည့်အရာ ကျန်နေသေးပြီး၊ ၎င်းကို တဖြည်းဖြည်းချင်း ဖယ်ရှားပစ်ရန် လိုခဲ့ပါသေးသည်။ ကယ်တင်ခြင်းဟူသည်မှာ လူသားသည် ယေရှု၏ ရယူခြင်းကို အပြည့်အဝ ခံခဲ့ပြီးပြီဟု ဆိုလိုခြင်းမဟုတ်ဘဲ၊ လူသားသည် သူသည်အပြစ်တရားနှင့် မသက်ဆိုင်တော့ဘဲ၊ သူ၏ အပြစ်များခွင့်လွှတ်ခံရခြင်းကို ဆိုလိုသည်။ သင်ယုံကြည်ပြီဆိုပါက အပြစ်တရားနှင့် နောက်တစ်ဖန် မည်သည့်အခါမျှ သက်ဆိုင်တော့မည် မဟုတ်ချေ။” “လူသည် သူ၏အနာရောဂါမှ ကုသပျောက်ကင်းခဲ့ပြီး သူ၏အပြစ်များ ခွင့်လွှတ်ခြင်း ခံခဲ့ရသော်လည်း၊ ၎င်းအတွင်းရှိ ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သော စိတ်သဘောထားများကို မည်သို့ ဖယ်ရှားရမည်ဆိုသည်အတွက်မူ၊ ဤအမှုကို လုပ်ဆောင်ဖို့ ရှိသေး၏။ လူသည် သူ၏ယုံကြည်ခြင်းအတွက် ကယ်တင်ခံရပြီး သူ့အပြစ်များ ခွင့်လွှတ်ခြင်းခံခဲ့ရသော်လည်း၊ လူ၏အပြစ်နှင့်ပြည့်သော သဘာဝသည် ပပျောက်စေခြင်း မရှိခဲ့သကဲ့သို့၊ ၎င်းအတွင်းရှိ ကျန်ရှိနေဆဲ ဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်၏ ဆောင်ကြဉ်းပေးမှုအားဖြင့် လူ၏အပြစ်များသည် ခွင့်လွှတ်ခြင်း ခံခဲ့ရသော်လည်း၊ ဤအရာက လူသည် သူ၏အတွင်း၌ အပြစ်မရှိတော့ဟု မဆိုလိုပေ။ လူ၏အပြစ်များကို အပြစ်ဖြေရာယဇ်မှတစ်ဆင့် ခွင့်လွှတ်ခံရနိုင်သော်လည်း၊ လူသားကို နောက်ထပ် အပြစ်မပြုနိုင်တော့ရန် မည်သို့ ပြုလုပ်ရမည်ဆိုသည်နှင့် သူ၏ အပြစ်နှင့်ပြည့်သော သဘာဝကို မည်သို့ လုံးဝ ပပျောက်စေပြီး ပြောင်းလဲစေရမည်ဆိုသည်တို့အတွက်မူ၊ သူသည် ဤပြဿနာကို ဖြေရှင်းရန် မဖြစ်နိုင်ပေ။ လူသား၏ အပြစ်များ ခွင့်လွှတ်ခံခဲ့ရပြီး ဤသည်မှာ ဘုရားသခင်၏ ကားစင်တင်ခံရခြင်း အမှုကြောင့် ဖြစ်သော်လည်း၊ လူသည် သူ၏ အိုဟောင်းသည့် ဖောက်ပြန် ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထား အတွင်းတွင် ဆက်လက် အသက်ရှင်ခဲ့သည်။ ဤသို့ဖြစ်ရာ၊ လူ၏အပြစ်နှင့်ပြည့်သော သဘာဝကို တစ်ဖန် လုံးဝ ထွက်ပေါ်မလာဖို့ လုံးဝ ပပျောက်စေရန်၊ ထိုသို့ဖြင့် လူသား၏ စိတ်သဘောထားကို ပြောင်းလဲနိုင်စေရန်အလို့ငှာ၊ လူကို သူ၏ ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သော စိတ်သဘောထားမှ လုံးဝ ကယ်တင်ရမည် ဖြစ်သည်။ ဤအရာက လူသည် အသက်တာတွင် ကြီးထွားမှု လမ်းကြောင်းကို သဘောပေါက်ရန်၊ အသက်၏ လမ်းခရီးကို သဘောပေါက်ရန်နှင့် သူ၏ စိတ်သဘောထားကို ပြောင်းလဲဖို့ နည်းလမ်းကို သဘောပေါက်ရန် လိုအပ်ပေသည်။ ထို့အပြင် လူ၏စိတ်သဘောထားကို တဖြည်းဖြည်း ပြောင်းလဲနိုင်စေရန်နှင့် သူသည် အလင်း၏ ထွန်းလင်းမှုအောက်တွင် အသက်ရှင်နိုင်ရန်အလို့ငှာ၊ သူ လုပ်ဆောင်သမျှအားလုံး ဘုရားသခင်၏ အလိုနှင့် ကိုက်ညီနိုင်ဖို့အလို့ငှာ၊ သူ၏ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားကို ဖယ်ရှားပစ်နိုင်ရန်နှင့် စာတန်၏ အမှောင်စွမ်းအားမှ ချိုးဖောက်လွန်မြောက်နိုင်ရန်၊ ထိုသို့ဖြင့် အပြစ်မှ အပြည့်အဝ လွတ်လာနိုင်ရန်အလို့ငှာ၊ လူသည် ဤလမ်းကြောင်းနှင့်အညီ ဆောင်ရွက်ဖို့ လိုအပ်ပေသည်။ ထိုအခါမှသာ လူသည် ပြီးပြည့်စုံသည့် ကယ်တင်ခြင်း ရရှိလိမ့်မည်။” “ယေရှုသည် လူသားအလယ်တွင် အမှုများစွာ လုပ်ဆောင်ခဲ့သော်လည်း၊ သူသည် လူသားမျိုးနွယ် အားလုံး၏ ရွေးနုတ်ခြင်းကိုသာ ပြီးစီးစေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်လာခဲ့သည်။ သူသည် လူသားထံမှ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားလုံး ဖယ်ရှားမပေးခဲ့ပေ။ စာတန်၏စွမ်းအားမှ လူသားကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုအနေဖြင့် အပြစ်ဖြေရာယဇ် ဖြစ်လာပြီး လူသား၏ အပြစ်များကို သယ်ဆောင်ရန် လိုအပ်သည်သာမက၊ ဘုရားသခင်အနေဖြင့် လူသားထံမှ သူ၏ ဆိုးယုတ်စွာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား လုံးဝဖယ်ရှားပေးရန် သာ၍ပင် ကြီးမားသော အမှုကို လုပ်ဆောင်ရန်လည်း လိုအပ်ပေသည်။ ထို့ကြောင့် လူသားသည် သူ၏အပြစ်များမှ ခွင့်လွှတ်ခံရပြီး ဖြစ်သဖြင့်၊ ဘုရားသခင်သည် လူသားကို ခေတ်သစ်ထဲသို့ ဦးဆောင်ရန် လူ့ဇာတိ ပြန်လည်ခံယူပြီဖြစ်ပြီး၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုကို စတင်ပြီဖြစ်သည်။ ဤအမှုသည် လူသားကို သာ၍မြင့်မားသည့် လောကတစ်ခုထဲသို့ ဆောင်ကြဉ်းပြီးဖြစ်သည်။ သူ၏အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံသူအားလုံးသည် သာ၍မြင့်မားသော သမ္မာတရားကို မွေ့လျော်ပြီး သာ၍ကြီးမြတ်သော ကောင်းချီးမင်္ဂလာများကို ရရှိရပေမည်။ ၎င်းတို့သည် အလင်းတွင် အမှန်တကယ် အသက်ရှင်ကြရမည် ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ရရှိကြရလိမ့်မည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏)

ပြီးတော့ အစ်ကိုချန်းက ဒီ မိတ်သဟာယကို ကျွန်မတို့ကို ဝေမျှပါတယ်။ “ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုအတွက် အကြောင်းပြချက်နဲ့ပတ်သက်ပြီး ဘုရားနှုတ်ကပတ်တော်တွေက ရှင်းလင်းပါတယ်။ သခင်ယေရှုက ကျေးဇူးတော်ခေတ်မှာ ရွေးနုတ်ခြင်းအမှုကိုပဲ လုပ်ဆောင်ခဲ့တယ်။ သူက ကျွန်တော်တို့အပြစ်တွေကို ခွင့်လွှတ်ခဲ့ပေမဲ့ ကျွန်တော်တို့ရဲ့ အပြစ်ပြုတဲ့သဘာဝက တော်တော်ကို အမြစ်တွယ်နေပြီး ဆိုးယုတ်တဲ့ စိတ်သဘောထားက ရှိနေတုန်းပဲ။ ကျွန်တော်တို့ဟာ ကိုယ့်အကျိုးအတွက် လိမ်တယ်။ ညာတယ်။ မနာလိုဖြစ်ပြီး မုန်းတီးတတ်ကြတယ်။ လောကီရေးရာတွေနောက်ကို လိုက်တယ်။ လောဘကြီးကြတယ်။ မတရားမှုမှာ ပျော်မွေ့ကြတယ်။ ကျွန်တော်တို့ရဲ့ ဆိုးယုတ်တဲ့ သဘာဝကို မဖြေရှင်းဘူးဆိုရင် ကျွန်တော်တို့က အချိန်မရွေး အပြစ်ပြုပြီး ဘုရားကို အာခံနိုင်ပါတယ်။ သခင်ယေရှု ပြောခဲ့သည်မှာ- ‘ငါအမှန်အကန်ဆို သည်ကား၊ ဒုစရိုက်ကို ပြုသမျှသောသူတို့သည် ဒုစရိုက်ကျွန်ဖြစ်၏။ ကျွန်သည်ကား အိမ်၌ အစဉ်အမြဲနေသည်မဟုတ်။ သားမူကား အစဉ်အမြဲနေ၏။ တဲ့ (ရှင်ယောဟန်ခရစ်ဝင် ၈:၃၃-၃၅) ဘုရားသခင်က သန့်ရှင်းပြီး သူ့ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားက ဘယ် ပုန်ကန်ပြစ်မှားမှုကိုမှ သည်းမခံပါဘူး။ အမြဲတမ်း အပြစ်လုပ်ပြီး သူ့ကို ဆန့်ကျင်တဲ့သူတွေကို သူ့ရဲ့နိုင်ငံတော်ထဲကို ဘယ်လိုလုပ် ဝင်ခွင့်ပြုမှာလဲ။ ဒါကြောင့် လူသားမျိုးနွယ်ကို အပြည့်အဝ ကယ်တင်ဖို့အတွက် ဘုရားသခင်ဟာ နောက်ဆုံးသောကာလမှာ နောက်တစ်ခါ လူ့ဇာတိခံယူခဲ့တယ်။ ကျွန်တော်တို့လူသားတွေ အပြစ်ကနေ အပြည့်အဝ လွတ်မြောက်နိုင်အောင်၊ သန့်စင်အောင်၊ ဘုရားသခင်ရဲ့ နိုင်ငံတော်ထဲကို ဝင်နိုင်အောင် ရွေးနုတ်ခြင်းအမှုကို အခြေခံပြီး လူကို တရားစီရင်ပြီး သန့်စင်ဖို့အတွက် သမ္မာတရားတွေကို ဘုရားက ဖော်ပြပါတယ်။ ဒါက သခင်ယေရှုရဲ့ ပရောဖက်ပြုချက်တွေကို ပြည့်စုံစေတယ်။ ‘သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)ငါ့ကိုပယ်၍ငါ့စကားကို နာမခံသောသူအားအပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၈) ပြီးတော့ ရှင်ပေတရု သြဝါဒစာ ပဌမစောင်မှာ ပြောထားတယ်။ ‘ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြော စီရင်ရသော အချိန်ရှိပြီ။(ရှင်ပေတရုသြဝါဒစာပဌမစောင် ၄:၁၇) ကျွန်တော်တို့က ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းကို လက်မခံဘဲ ကျေးဇူးတော်ခေတ်ရဲ့ ရွေးနုတ်ခြင်းအမှုကိုပဲ ဖက်တွယ်နေရင် ကျွန်တော်တို့ရဲ့ အပြစ်ပြုတတ်တဲ့ အရင်းအမြစ်ကို ဘယ်တော့မှ ဖြေရှင်းနိုင်မှာမဟုတ်ဘူး။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို လက်ခံခြင်းက ကျွန်တော်တို့တွေ ဖောက်ပြန်ပျက်စီးခြင်းကနေ သန့်စင်ပြီး ဘုရားရဲ့နိုင်ငံတော်ထဲကို ဝင်ရောက်နိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းပါ။”

အစ်ကိုချန်းရဲ့ မိတ်သဟာယကို ကြားရတာ ကျွန်မ စိတ်နှလုံးကို ပျော်ရွှင်စေပါတယ်။ ကျွန်မ ဘယ်လောက်ပဲ ဆုတောင်းပါစေ၊ ကျမ်းစာဖတ်ပါစေ၊ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ဖို့ ကြိုးစားပါစေ အပြစ်မလုပ်ဘဲ မနေနိုင်တာ ဒါကြောင့်ကိုး။ ကျွန်မရဲ့ အပြစ်ပြုခြင်းက အမြစ်မပြတ်သေးတာကြောင့်ပဲ။ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုတော်ကို ကျွန်မ မတွေ့ကြုံရသေးဘူး။ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းအမှုက လူတွေကို ဘယ်လိုမျိုး သန့်စင်၊ ပြောင်းလဲပြီး အပြည့်အဝကယ်တင်တာလဲ။ ကျွန်မ သူ့ကို အားတက်သရော မေးလိုက်တယ်။

သူက ကျွန်မတို့ကို အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ထပ် ကျမ်းပိုဒ်တစ်ခုကို ဖတ်ပြတယ်။ “နောက်ဆုံးသောကာလတွင် ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထား ပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်ရန်သူအင်အား တစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းလမ်းများကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ထိန်းချုပ်ခံရနိုင်ပြီး၊ ဘုရားသခင်ထံ ကျိုးနွံနာခံခြင်းအဖြစ်သို့ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံးခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းက ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏မျက်နှာအစစ်အမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ပြီးတော့ အစ်ကိုချန်းက သူ့ရဲ့မိတ်သဟာယကို ဆက်တယ်။ “နောက်ဆုံးသောကာလမှာ ဘုရားသခင်က အဓိကအားဖြင့် လူတွေကို တရားစီရင်ပြီး သန့်စင်ဖို့အတွက် သမ္မာတရားတွေကို ဖော်ပြတယ်။ လူသားမျိုးနွယ်ကို သန့်စင်ပြီး အပြည့်အဝ ကယ်တင်ဖို့ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သမ္မာတရားအားလုံးကို ဖော်ပြပြီးပြီ။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့အတွက် သူ့အစီအစဉ်ရဲ့ နက်နဲမှုကို ဖွင့်ဟခဲ့တယ်။ ကမ္ဘာမှာရှိတဲ့ မကောင်းမှုနဲ့ မှောင်မိုက်မှုရဲ့ အရင်းအမြစ်၊ စာတန်က လူကိုဘယ်လို ဖျက်ဆီးပြီး ဘုရားသခင်က လူကို ဘယ်လိုကယ်တင်တယ်ဆိုတာ၊ လူကို စာတန် ဖျက်ဆီးခြင်းရဲ့ အမှန်တရား၊ လူတွေရဲ့ အပြစ်ပြုပြီး ဘုရားကို အာခံတဲ့ ဆိုးယုတ်တဲ့ သဘာဝနဲ့ သူတို့ရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားအမျိုးမျိုး၊ လူတွေကို ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်ခြင်း နဲ့ စစ်ဆေးခြင်းကနေ တစ်ဆင့် ဘယ်လို သန့်စင်တယ်ဆိုတာတွေနဲ့ နောက်ထပ်အကြောင်းအရာတွေကို ထုတ်ဖော်ပြခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကို နှစ်အနည်းငယ် ကြုံပြီးတဲ့နောက်မှာ လူသားမျိုးနွယ်ကို တရားစီရင်ပြီး ဖော်ထုတ်တဲ့ ဘုရားနှုတ်ကပတ်တော်တွေက ဘလိတ်ဓါးလို ထက်တဲ့ ဓါးတစ်ချောင်းလို ကျွန်တော်တို့ ခံစားရတယ်။ ကျွန်တော်တို့ရဲ့ ပုန်ကန်မှု၊ အကျင့်ပျက်မှု၊ မကောင်းတဲ့ ရည်ရွယ်ချက်တွေကို ထုတ်ဖော်ပြတယ်။ စာတန်ကြောင့် ကျွန်တော်တို့ တော်တော် ပျက်စီးနေပုံတွေကိုလဲ ပြတယ်။ ကျွန်တော်တို့ဟာ လူမပီသဘဲ မာနထောင်လွှားမှု၊ လှည့်ဖြားမှု၊ တစ်ကိုယ်ကောင်းဆန်မှု၊ အသုံးမဝင်မှု စတဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေနဲ့ ပြည့်နေတယ်။ ကျွန်တော်တို့ ယုံကြည်ခြင်းမှာ ကျွန်တော်တို့က အနစ်နာခံတာတွေ လုပ်ရင်တောင် ကောင်းချီးရပြီး ကောင်းကင်နိုင်ငံတော်ကို ဝင်ရဖို့အတွက် လုပ်ကြတာပါ။ ဘုရားသခင်ရဲ့ ကျေးဇူးတော်နဲ့ ကောင်းချီးတွေကို ရဖို့ ဘုရားနဲ့ အပေးအယူလုပ်တာပါ။ ဘုရားကို နာခံပြီး ကျေနပ်စေဖို့ လုပ်ကြတာမဟုတ်ဘူး။ ကျွန်တော်တို့အပေါ်ကို ဘေးဒုက္ခတွေ ကျရောက်တဲ့အခါ၊ တခြားအခက်အခဲတွေ တွေ့တဲ့အခါမှာ ဘုရားကို ကျွန်တော်တို့ အပြစ်တင်ပြီး အမှန်တကယ် နာခံခြင်း မရှိကြဘူး။ ကျွန်တော်တို့က ကိုယ့်တာဝန်မှာ အရည်အချင်း၊ ဆုကျေးဇူး၊ အောင်မြင်မှုနည်းနည်းရှိရင် တခြားလူတွေ ကျွန်တော်တို့ကို အထင်ကြီးအောင် ကြွားဝါကြပြီး လူတွေကိုတောင် အထက်စီးကနေ ဆူပူကြတယ်။ ဘုရားသခင်ရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်တွေက ကျွန်တော်တို့ အယူအဆတွေနဲ့ မကိုက်ရင် ဘုရားကို ကျွန်တော်တို့ ဝေဖန်ပြီး အာခံကြတယ်။ ဘုရားကို ကျွန်တော်တို့ မကြောက်ကြဘူး။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ အမှန်တရားတွေက ကျွန်တော်တို့ကို ဖော်ထုတ်တဲ့အခါမှာ ကျွန်တော်တို့ ပုန်းစရာနေစရာမရှိသလိုမျိုး ရှက်ကြတယ်။ ကျွန်တော်တို့ အမှန်တကယ် နောင်တရပြီး ကိုယ့်ကိုယ်ကိုယ် မုန်းတီးကြတယ်။ ကျွန်တော်တို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့၊ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေနဲ့ အသက်မရှင်ချင်တော့ဘူး။ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကိုလည်း ကျွန်တော်တို့ နားလည်မှုရှိလာပြီး ဘုရားအပေါ် ကြောက်ရွံ့စိတ်လည်း တိုးလာတယ်။ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကို ကျွန်တော်တို့လက်ခံပြီး နာခံဖို့၊ ဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ရှားဖို့အတွက် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ကျွန်တော်တို့ ဆန္ဒရှိနေတယ်။ ကျွန်တော်တို့ရဲ့ အသက် စိတ်သဘောထားက တဖြည်းဖြည်းချင်း စပြီး ပြောင်းလဲလာတယ်။ ဒါတွေအားလုံးက ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းကို တွေ့ကြုံခြင်းကနေ ရရှိခဲ့တာပါ” ဆိုပြီးတော့ မိတ်သဟာယဖွဲ့တယ်။

သူ့ရဲ့ မိတ်သဟာယကိုကြားရတာ ကျွန်မ တကယ် စိတ်လှုပ်ရှားတယ်။ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုက ဘယ်လောက် အဓိပ္ပာယ်ရှိတယ်ဆိုတာ၊ လူကို တရားစီရင်ပြီး ဖော်ထုတ်ဖို့အတွက် သမ္မာတရားကို တကယ် လက်တွေ့ကျတဲ့နည်းနဲ့ ဘယ်လိုဖော်ပြသလဲဆိုတာတွေကို ကျွန်မ မြင်ခဲ့ရတယ်။ ဒါတွေအားလုံးက ကျွန်မတို့ကို သန့်စင်ပြီး ကယ်တင်ဖို့အတွက်ပါ။ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေဟာ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို မကြုံတွေ့ရဘဲ ဘယ်တော့မှ သန့်စင်မှာမဟုတ်ဘူး။ ဘုရားသခင်ရဲ့ နိုင်ငံတော်အတွက် ကျွန်မတို့ လုံးဝ သင့်တော်မှာမဟုတ်ဘူး။ သုံးလေးရက် မိတ်သဟာယပြုပြီးတဲ့နောက်မှာ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ ပြန်ကြွလာတဲ့ သခင်ယေရှု ဖြစ်တယ်၊ ပြီးတော့ သူ့ရဲ့နှုတ်ကပတ်တော်တွေကလည်း သန့်ရှင်းသောဝိညာဉ်တော်က အသင်းတော်တွေကိုပြောတဲ့အရာတွေပဲဆိုတာ ကျွန်မ သေချာသွားခဲ့တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလအမှုတော်ကို ကျွန်မ တုံ့ဆိုင်းမနေတော့ဘဲ လက်ခံခဲ့တယ်။ ယုံကြည်သူတစ်ယောက်အဖြစ် အဲဒီနှစ်တွေ တစ်လျှောက်မှာ အပြစ်ထဲမှာ နေရင်းနဲ့ ကျွန်မ ပိတ်မိနေခဲ့တာပါ။ ဒါပေမဲ့ နောက်ဆုံးတော့ ကျွန်မ သန့်စင်ခြင်းနဲ့ ပြည့်ဝတဲ့ ကယ်တင်ခြင်းဆီ ဦးတည်ရာလမ်းကို အခု တွေ့ခဲ့ပြီ။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ပညာရှိသတို့သမီးတို့သာ သခင့်ကို ကြိုဆိုနိုင်ကြ၏

မင်ဂျီ တရုတ်နိုင်ငံ သခင်ယေရှုက သူ ပြန်ကြွလာမယ့်အချိန်မှာ လူနှစ်မျိုးရှိလိမ့်မယ်လို့ ပရောဖက်ပြုခဲ့တယ်၊ ပညာရှိတဲ့သတို့သမီးတွေနဲ့...

ကျွန်မ စိတ်နှလုံးတံခါးကိုဖွင့်ခြင်းနှင့်၊ သခင့်ပြန်ကြွလာခြင်းကို ကြိုဆိုခြင်း

ရောင်ရွမ်၊ အမေရိက ၁၉၈၂ ခုနှစ် နိုဝင်ဘာလတွင် ကျွန်မတို့ တစ်မိသားစုလုံးက အမေရိကနိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်ခဲ့သည်။ ကျွန်မ အဖိုးမျိုးဆက်...

ဘုရားသခင်ရှေ့မှောက် ကျွန်တော် ချီဆောင်ခံလိုက်ရပြီ

ကျွန်တော်က အသက် ၂၀ မှာ နှစ်ခြင်းခံပြီး၊ သခင်ယေရှုကို ယုံကြည်လာခဲ့တာပါ။ သင်းအုပ်က သခင်ယေရှုရဲ့ ချစ်ခြင်းမေတ္တာနဲ့ အဆုံးအမတွေအကြောင်း...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။