ကိုယ့်တာဝန်ရှိ အခက်အခဲများကို ကျွန်ုပ် ရဲရဲဝံ့ဝံ့ ရင်မဆိုင်နိုင်ခဲ့သည့် အကြောင်းအရင်း
၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ အသင်းတော်ခေါင်းဆောင်တစ်ယောက်အဖြစ် ကျွန်မ ရွေးချယ်ခံခဲ့ရတယ်။ အစပိုင်းမှာတော့ ဒီတာဝန်ကို ထမ်းဆောင်တာဟာ ကျွန်မကို ပြဿနာတွေ ဖြေရှင်းဖို့ သမ္မာတရားကိုအသုံးပြုပြီး လက်တွေ့လုပ်ဆောင်ခွင့်ပြုလိမ့်မယ်လို့ ထင်ခဲ့တယ်။ အဲဒါက ကျွန်မရဲ့ ဘဝကြီးထွားတိုးတက်မှုကို အရှိန်မြှင့်ပေးမှာပါ။ ကျွန်မမှာ ချို့တဲ့တာ အများကြီး ရှိခဲ့ပေမဲ့လည်း ကျွန်မ လက်ခံနာခံချင်စိတ် ရှိခဲ့ပါတယ်။ အမှန်တကယ် လေ့ကျင့်ရေးကာလတစ်ခု ပြီးတဲ့နောက်မှာ ကျွန်မ နားလည်လိုက်တာက အသင်းတော်ခေါင်းဆောင်တွေဆိုတာ တော်တော်လေးကိုများတဲ့ အလုပ်တာဝန်တွေကို ကြီးကြပ်တာဝန်ယူရတာပါလားဆိုတာပါပဲ။ ရေလောင်းတာနဲ့ ဧဝံဂေလိအလုပ်အပြင် အသင်းတော်အသက်တာကို ခေါင်းဆောင်တွေက ဂရုစိုက်စောင့်ကြည့်ရရုံသာမက စာနဲ့ပတ်သက်တဲ့အလုပ်နဲ့ အသင်းတော်မှာ လူတွေကို ဖယ်ရှားတဲ့ အလုပ်လိုမျိုး တာဝန်တွေမှာလည်း ခေါင်းဆောင်တွေ ပါဝင်နေတယ်။ ပထမဆုံး အပတ်အတွင်းမှာ နေ့တိုင်းဆိုသလို စုဝေးပွဲနေရာအမျိုးမျိုးမှာ ညီအစ်ကိုမောင်နှမတွေရဲ့ အခြေအနေတွေအတွက် မိတ်သဟာယပြုပြီး ဖြေရှင်းပေးနေခဲ့တယ်။ တစ်ချိန်တည်းမှာပဲ အလုပ်တာဝန်တွေအားလုံးကိုလည်း စီစဉ်ပြီး အကောင်အထည်ဖော်နေခဲ့ပါတယ်။ ကျွန်မ အရမ်းကို အလုပ်များခဲ့တယ်။ ညဘက် အိမ်ပြန်ရောက်တဲ့အခါမှာလည်း ဖြေရှင်းစရာ စာတချို့ ရှိနေခဲ့သေးတော့ ဒီတာဝန်ကို ထမ်းဆောင်တာဟာ အရမ်းကို ပင်ပန်းတယ်လို့ ကျွန်မ ထင်ခဲ့တယ်။ ဘယ်အချိန်ကျမှများ ကျွန်မ အနားရပါ့မလဲ။ ခန္ဓာကိုယ်ကခြေကုန်လက်ပန်းကျရုံသာမက အလုပ်မှာ အခက်အခဲ ပြဿနာအမျိုးမျိုးလည်း ရှိသေးတော့ အလုပ်နဲ့ပတ်သတ်တဲ့ စိတ်ဖိစီးမှုကို ကျွန်မ ကြံ့ကြံ့ခံခဲ့ရတယ်။ ဒီအချိန်မှာ ကျွန်မနဲ့တွဲဖက်ကျတဲ့ ညီအစ်မက မိသားစုကိစ္စတွေနဲ့ အလုပ်များတော့ သူ ကျွန်မကို ကူပြီး မဖြေရှင်းပေးနိုင်တဲ့ အလုပ်တွေက အများကြီးရှိလာတယ်။ အကုန်လုံးကို ကိုယ်တစ်ယောက်တည်း မဖြေရှင်းနိုင်တာက ခဏခဏပါပဲ။ တဖြည်းဖြည်းနဲ့ ဧဝံဂေလိဖြန့်ဝေသူတွေ၊ ရေလောင်းသူတွေ နဲ့ စာနဲ့ပတ်သက်တဲ့ အလုပ်တွေကို ကြီးကြပ်တာဝန်ယူတဲ့ ညီအစ်ကိုမောင်နှမတွေ အားလုံးက ခေါင်းဆောင်တွေကို သူတို့ တွေ့ရခဲလိုက်တာ၊ အလုပ်နဲ့ပတ်သတ်ပြီး ဆက်သွယ်ပြောဆိုလို့ မရဘူးလို့ ပြောလာခဲ့တယ်။ သူတို့ အားလုံးက ကျွန်မကို အားမရကြပါဘူး။ ကျွန်မအာရုံစိုက်လုပ်ဆောင်ရတဲ့ တာဝန်အမျိုးမျိုးနဲ့ပတ်သက်ပြီး အကုန်လုံးတွေးလိုက်တော့ အဲဒါတွေအားလုံးက အချိန်အားလူအား အများကြီး လိုအပ်တယ်။ ဒီတော့ ကိစ္စတစ်ခုတည်း တာဝန်ယူ ထမ်းဆောင်နေတဲ့ ညီအစ်ကိုမောင်နှမတွေကို ကျွန်မ အရမ်းကို အားကျမိတယ်။ သူတို့ကိုယ်သူတို့ ပင်ပန်းနွမ်းနယ်အောင် လုပ်ဖို့မလိုဘဲ ကျွန်မလို အရမ်းကြီး မပူပန်ရလို့ပေါ့။ ဒါကိုတွေးမိတော့ အစပိုင်းကထက် ကျွန်မရဲ့ တာဝန်တွေမှာ တက်ကြွမှု လျော့နည်းလာတယ်။ တစ်ခါတလေ အလုပ်ကိုအကောင်အထည်ဖော်ဆောင်ရွက်တာ ဘယ်လိုဖြစ်နေလဲဆိုတာကို အထက်ခေါင်းဆောင်တွေက ကျွန်မကို သတင်းပို့ခိုင်းတဲ့အခါ ကျွန်မ တက်တက်ကြွကြွ အကြောင်းမပြန်ခဲ့ဘူး။
တစ်နေ့တော့ တာဝန်တချို့အတွက် ကွန်ပျူတာအခြေခံကျွမ်းကျင်မှုရှိပြီး ရသဆိုင်ရာအကဲဖြတ်မှုအမြင်ရှိတဲ့ ကျွမ်းကျင်သူတစ်ယောက် လိုတဲ့အကြောင်း အထက်ခေါင်းဆောင်က ကျွန်မဆီ စာတစ်စောင်ပို့ခဲ့တယ်။ စိတ်ထဲမှာတော့ ကျွန်မ လုပ်လိုက်ဖို့ စိတ်အားထက်သန်နေခဲ့တယ်။ ဒါပေမဲ့ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးတယ်။ “ငါ အရင်က ဗီဒီယိုတွေ လုပ်ဖူးပြီးပါပြီ၊ ပြီးတော့ ငါ့မှာ ကွန်ပျူတာကျွမ်းကျင်မှု နည်းနည်း ရှိတယ်။ ဒါ့အပြင် ကိစ္စတစ်ခုတည်းလုပ်ရတဲ့ တာဝန်ကို ထမ်းဆောင်လိုက်ရင် ပညာရပ်တစ်ခုတည်းပဲ အာရုံစိုက်ခွင့်ရမှာပဲ။ ငါ အကြောင်းအရာအသစ်တွေကို သင်ယူနိုင်မှာ၊ ပြီးတော့ ခေါင်းဆောင်တစ်ယောက်ဖြစ်ရသလိုမျိုးလောက် ပင်ပန်းစရာ၊ ပူပန်သောကများစရာ မဖြစ်တော့ဘူး။” ပေါ့။ ဒီတော့ ကျွန်မရဲ့ အစွမ်းအစနဲ့ အလုပ်လုပ်တဲ့ အရည်အချင်းက ညံ့ဖျင်းပြီး ခေါင်းဆောင်တာဝန်တွေ ထမ်းဆောင်ဖို့ ကျွန်မက မသင့်တော်ပါဘူးဆိုတာကို အထက်ခေါင်းဆောင်တွေဆီကို စာရေးပြီး ပြောဖို့ ကျွန်မ စီစဉ်ခဲ့တယ်။ အဲဒီအချိန်တုန်းက ကျွန်မရဲ့အခြေအနေက မမှန်ကန်ဘူးဆိုတာ ကျွန်မ သတိပြုမိခဲ့တယ်။ ဗီဒီယိုတွေ လုပ်တုန်းမှာ ကျွန်မ အခက်အခဲတွေနဲ့ ကြုံတွေ့ရတဲ့အခါ ကျွန်မ ကျကျနန အဖိုးအခမပေးဆပ်ခဲ့ပုံ အတတ်ပညာပိုင်းဆိုင်ရာကျွမ်းကျင်မှုတွေ မလေ့လာခဲ့ပုံကို ကျွန်မ တွေးမိတယ်။ အတတ်ပညာပိုင်းဆိုင်ရာ လိုအပ်ချက်တွေ အများကြီးမရှိတဲ့ တခြားတာဝန်ရှိတယ်ဆိုတာ ကျွန်မ သိတော့ ကျွန်မရဲ့တာဝန်ကို ပြောင်းလဲပေးဖို့ ခေါင်းဆောင်ဆီမှာ လျှောက်ထားခဲ့တယ်။ ကျွန်မကို တာဝန်ပြောင်းပေးပြီးနောက်မှာ တာဝန်အသစ်က အစပိုင်းတော့ အခက်အခဲအရမ်းကြီးကြီးမားမားတွေ မရှိပါဘူး။ ပြီးတော့ အကျိုးရလဒ်တွေ ကျွန်မ တွေ့ရတော့ ကိုယ့်အလုပ်မှာ တက်ကြွခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ အဲဒီတာဝန်က အားထုတ်ကြိုးပမ်းမှုပိုပြီး လိုအပ်လာခဲ့ပြီး ကျွန်မ အခက်အခဲတွေ ပိုပြီး တွေ့ကြုံလာခဲ့တယ်။ အဖိုးအခပေးဆပ်ပြီး ဒီအခက်အခဲတွေကို ကျော်လွှားချင်စိတ် မရှိခဲ့ဘဲ တခြားတာဝန်တစ်ခုကို ကျွန်မ ထပ် ပြောင်းချင်ခဲ့တယ်။ နောက်ဆုံးတော့ ကိုယ့်တာဝန်မှာ ညံ့ဖျင်းတဲ့ရလဒ်တွေကြောင့် ကျွန်မ တာဝန်ပြောင်းခံခဲ့ရတယ်။ အခုဆို ခေါင်းဆောင်တာဝန်တွေကို ကျွန်မ ထမ်းဆောင်နေရတာဖြစ်ပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ဘယ်လိုလုပ်ပြီးတော့များ ကိုယ့်တာဝန်ကို ပြောင်းလဲချင်ခဲ့သေးတာပါလိမ့်။ ဒီလိုအခြေအနေမျိုးက ကျွန်မရဲ့ တာဝန်ထမ်းဆောင်မှုကို ထိခိုက်ခဲ့ပြီးပါပြီ။ ဒါကို အမြန်ဆုံး ဖြေရှင်းဖို့ ကျွန်မ သမ္မာတရားကို ရှာဖွေဖို့ လိုအပ်ခဲ့တယ်။
နောက်နေ့မနက် ကျွန်မရဲ့ ဝိညာဉ်ရေးရာ ဆပ်ကပ်ချိန်အတွင်းမှာ ဖြစ်ချင်တော့ ကျွန်မရဲ့ အခြေအနေနဲ့ လာကိုက်ညီနေတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်လိုက်ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “များစွာသောလူတို့သည် သမ္မာတရားကို နားမလည်ကြ သို့မဟုတ် သမ္မာတရားကို မလိုက်စားကြပေ။ တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းအား ၎င်းတို့က မည်သည့်အရာကဲ့သို့ သဘောထားကြသနည်း။ အလုပ်တစ်မျိုး၊ ဝါသနာတစ်မျိုး သို့မဟုတ် မိမိတို့၏ အကျိုးစီးပွားနှင့် သက်ဆိုင်သည့် ရင်းနှီးမြှုပ်နှံမှုတစ်ခုကဲ့သို့ သဘောထားကြသည်။ ဘုရားသခင် ပေးထားသည့် အထူးတာဝန် သို့မဟုတ် အလုပ်တာဝန်တစ်ခု သို့မဟုတ် ၎င်းတို့ ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သည့် တာဝန်တစ်ခုကဲ့သို့ သဘောမထားကြပေ။ ၎င်းတို့၏ တာဝန်များကို ကောင်းစွာ ထမ်းဆောင်နိုင်ရန်နှင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးစီးနိုင်ရန်အလို့ငှာ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်သည့် လမ်းကြောင်းတွင် သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ရန် ၎င်းတို့ သာ၍ပင် မကြိုးစားကြပေ။ ထို့ကြောင့် လူအချို့သည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်သည့် ဖြစ်စဉ်တွင် အခက်အခဲအနည်းငယ်ကို ခါးစီးခံရသည်နှင့်တစ်ပြိုင်နက် မလိုမလား ဖြစ်လာကြပြီး ရှောင်ရှားချင်ကြလေသည်။ အခက်အခဲအချို့ကို ၎င်းတို့ ကြုံရသည့်အခါ သို့မဟုတ် ဆုတ်ဆိုင်းမှုအချို့ကို ခံစားရသည့်အခါ ၎င်းတို့ တပ်ခေါက်ကာ တစ်ဖန် ရှောင်ရှားချင်ကြသည်။ သမ္မာတရားကို ၎င်းတို့ မရှာဖွေကြပေ။ ရှောင်ရှားဖို့အကြောင်းကိုသာ တွေးကြသည်။ လိပ်များကဲ့သို့ပင် တစ်စုံတစ်ရာ မှားယွင်းသွားသည့်အခါ မိမိတို့ အခွံများထဲတွင်သာ ၎င်းတို့ ပုန်းကွယ်ကြပြီးနောက် ၎င်းတို့ တစ်ဖန် ထွက်မလာမီ ပြဿနာ လွန်သွားသည်အထိတိုင် စောင့်ဆိုင်းကြလေသည်။ ဤကဲ့သို့သော လူများစွာ ရှိသည်။ အထူးသဖြင့် အလုပ်တစ်ခုခုအတွက် တာဝန်ယူရန် စေခိုင်းခံရသည့်အခါ မိမိတို့၏ သစ္စာစောင့်သိမှုများ မည်သို့ပေးနိုင်မည်ကိုဖြစ်စေ၊ ဤတာဝန်အား မည်သို့ ကောင်းစွာ ထမ်းဆောင်ကာ ဤအလုပ်အား လုပ်ဆောင်ရမည်ဆိုသည်ကိုဖြစ်စေ မစဉ်းစားကြသည့် လူအချို့ ရှိကြ၏။ ထို့ထက် တာဝန်ကို မည်သို့ ခေါင်းရှောင်ရမည်၊ ပြုပြင်ခံရခြင်းအား မည်သို့ ရှောင်ရှားရမည်၊ တာဝန်တစ်ခုခုကို ထမ်းပိုးခြင်းအား မည်သို့ ရှောင်းရှားရမည်ဆိုသည်နှင့် ပြဿနာများ သို့မဟုတ် အမှားများ ဖြစ်ပေါ်သည့်အခါ မထိမခိုက်ဘဲ မည်သို့ ထွက်လာရမည်ဆိုသည်တို့ကို စဉ်းစားကြသည်။ ၎င်းတို့သည် ဦးစွာပထမ မိမိတို့ကိုယ်ပိုင် လွတ်လမ်းကိုလည်းကောင်း၊ မိမိတို့ကိုယ်ပိုင် နှစ်သက်မှုများနှင့် အကျိုးစီးပွားများအား မည်သို့ ဖြည့်ဆည်းရမည်ကိုလည်းကောင်း စဉ်းစားကြသည်။ မိမိတို့၏တာဝန်များအား မည်သို့ ကောင်းစွာထမ်းဆောင်ပြီး မိမိတို့၏ သစ္စာစောင့်သိမှုအား ပေးရမည်ကို မစဉ်းစားကြပေ။ ဤကဲ့သို့သောလူများသည် သမ္မာတရားကို ရရှိနိုင်ကြသလော။ သမ္မာတရားနှင့် စပ်လျဉ်း၍ ၎င်းတို့ အားမထုတ်ကြသကဲ့သို့ မိမိတို့တာဝန်များကို ထမ်းဆောင်ခြင်းနှင့် ပတ်သက်လာသည့်အခါ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြပေ။ ၎င်းတို့အတွက်မူ အမေကျော် ထွေးတော်လွမ်းဆိုသကဲ့သို့ အသစ်အဆန်းကို မျက်စိကျကြသည်။ ယနေ့တွင် ဤအရာကို လုပ်ဆောင်လိုသည်၊ မနက်ဖြန်တွင် ထိုအရာကို ၎င်းတို့ လုပ်ဆောင်လိုကြပြီး အခြားလူတိုင်း၏ တာဝန်များက ၎င်းတို့၏ကိုယ်ပိုင်တာဝန်များထက် ပိုကောင်းမွန်ပြီး လွယ်ကူသည်ဟု တွေးထင်ကြလေသည်။ သို့တိုင် သမ္မာတရားနှင့် စပ်လျဉ်း၍ ၎င်းတို့ အားမထုတ်ကြချေ။ ၎င်းတို့၏ ဤစိတ်ကူးများနှင့်ပတ်သက်၍ မည်သည့် ပြဿနာများရှိသည်ကို ၎င်းတို့ မစဉ်းစားကြသကဲ့သို့ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို မရှာဖွေကြချေ။ ၎င်းတို့၏ စိတ်များက ၎င်းတို့၏ အိမ်မက်များ မည်သည့်အချိန်တွင် အကောင်အထည်ပေါ်လိမ့်မည်၊ မည်သူက ကျော်ကြားသည်၊ မည်သူက အထက်မှ အသိအမှတ်ပြုခြင်းကို ရရှိနေသည်၊ မည်သူက ပြုပြင်ခံရခြင်းမရှိဘဲ အလုပ်လုပ်ကာ ရာထူးတိုးနေသည်ဟူသည်တို့ကို အမြဲ အာရုံစိုက်နေသည်။ ၎င်းတို့၏ စိတ်များက ဤအရာများနှင့် ပြည့်နေသည်။ ဤအရာများအကြောင်းကို အမြဲ စဉ်းစားနေသည့် လူတို့သည် မိမိတို့တာဝန်များကို ပြည့်စုံလုံလောက်စွာ ထမ်းဆောင်နိုင်ကြသလော။ ဤအရာကို ၎င်းတို့ မည်သည့်အခါတွင်မျှ မဖြစ်မြောက်နိုင်ကြပေ။ သို့ဆိုလျှင် မည်သည့်လူစားမျိုးက မိမိတို့တာဝန်များကို ဤသို့ ထမ်းဆောင်ကြသနည်း။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသော လူများဖြစ်ကြသလော။ ဦးစွာပထမ အမှုအရာတစ်ခုက သေချာ၏။ ဤကဲ့သို့သောလူများသည် သမ္မာတရားကို မလိုက်စားကြပေ။ ၎င်းတို့သည် လူမှုအဖွဲ့အစည်းတွင် ၎င်းတို့ ပြည့်စုံလုံလောက်ခဲ့သည့်အချိန်ကကဲ့သို့ပင် ကောင်းချီးအနည်းငယ် မွေ့လျော်ခံစားရန်၊ ကျော်ကြားလာရန်နှင့် ဘုရားအိမ်တော်တွင် အာရုံစိုက်ခြင်း ခံရသည့်အဖြစ်သို့ရောက်ရှိရန် ကြိုးစားကြလေသည်။ အနှစ်သာရအရ ၎င်းတို့သည် မည်သည့် လူစားမျိုးများ ဖြစ်ကြသနည်း။ မယုံကြည်သူများ ဖြစ်ကြ၏။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရားသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၁)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီး ကျွန်မ စိတ်လှုပ်ရှားခဲ့တယ်။ ဘုရားသခင်ဖော်ထုတ်ခဲ့တာက ကျွန်မရဲ့ ပကတိအခြေအနေပါပဲ။ ကိုယ့်တာဝန်တွေကို ထမ်းဆောင်နေတုန်း အခက်အခဲတွေ ကျွန်မ ကြုံတွေ့လိုက်တာနဲ့ ပိုလွယ်တဲ့ တာဝန်တစ်ခုကို ပြောင်းလို့ရနိုင်မလားလို့ အမြဲတမ်း မျှော်လင့်ရင်းနဲ့ ကျွန်မ တွန့်ဆုတ်ပြီး အခက်အခဲတွေကို ရှောင်ချင်ခဲ့တယ်။ အရင်တုန်းကဆို ကျွန်မ ဗီဒီယိုတွေ ထုတ်လုပ်နေတုန်း အခက်အခဲတွေ ကြုံတွေ့ရင် နည်းပညာကျွမ်းကျင်မှုတွေ လေ့လာဖို့နဲ့ အဲဒီအခက်အခဲတွေကို ကျော်လွှားဖို့ ဘုရားကို ကျွန်မ အားမကိုးခဲ့ဘူး။ အဲ့ဒီအစား အခက်အခဲတွေနဲ့ ရင်ဆိုင်ရရင် ဒီတာဝန်က အားထုတ်ကြိုးပမ်းမှုအရမ်းလိုအပ်လွန်းပြီး အတတ်ပညာဆိုင်ရာကျွမ်းကျင်မှုတွေလေ့လာတဲ့နေရာမှာ အချိန်အား လူအား အများကြီးပေးဖို့ လိုအပ်တယ်၊ အတတ်ပညာဆိုင်ရာ ဒါမှမဟုတ် နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်တွေသိပ်အများကြီးမရှိတဲ့ တာဝန်ကို ထမ်းဆောင်တာက ကျွန်မအတွက် ပိုအဆင်ပြေတယ်၊ အဲဒါက အများကြီး ဒုက္ခခံရမှာ၊ ခြေကုန်လက်ပန်းကျမှာ မဟုတ်ဘူးလို့ တွေးပြီး ကျွန်မ နောက်တွန့်သွားခဲ့တယ်။ ဇာတိပကတိသက်သောင့်သက်သာရှိဖို့အတွက် ကျွန်မ တာဝန်ပြောင်းလျှောက်ခဲ့တယ်။ ဒါပေမဲ့လည်း ကျွန်မရဲ့ တာဝန်အသစ်မှာ အခက်အခဲတွေနဲ့ ကြုံတွေ့ရတဲ့အခါ ကျွန်မ ဒုက္ခမခံချင်၊ အဖိုးအခမပေးချင် ဖြစ်နေခဲ့တုန်းပါပဲ။ ပြီးတော့ တာဝန်ပြောင်းဖို့ ကျွန်မ ထပ်ပြီး စဉ်းစားခဲ့တယ်။ ဒီအခြေအနေကို ဖြေရှင်းဖို့ ကျွန်မ ဘယ်တုန်းကမှ သမ္မာတရားကို မရှာဖွေခဲ့တဲ့အတွက် အခက်အခဲတွေကို ဒီလိုပုံစံအတိုင်းပဲ တုံ့ပြန်နေခဲ့တုန်းပါ။ ဒီတာဝန်က ခက်လွန်းတယ်လို့ တွေးပြီး ပိုလွယ်တဲ့ တာဝန်ကို ရွေးချင်နေခဲ့တယ်။ ဒီလိုမျိုးလူတွေက သမ္မာတရားကို မလိုက်စားတာ၊ ကြိုးပမ်းအားထုတ်မှုတို့ ဘုရားသခင်ဆီမှာ ဆုတောင်းတာတို့၊ ဒါမှမဟုတ် အခက်အခဲတွေကို ဖြေရှင်းဖို့ သမ္မာတရားကိုရှာဖွေတာတို့ ဘယ်တော့မှ မလုပ်တာကို ဘုရားသခင် ဖော်ထုတ်ခဲ့ပုံကို ကျွန်မ မြင်ခဲ့တယ်။ သူတို့က သူတို့တာဝန်တွေကို သေခြင်းတရားအဆုံးသတ်ကို ရှောင်ရှားဖို့ နည်းလမ်းတစ်ခုအနေနဲ့ပဲ အသုံးချပြီး သူတို့ရဲ့ တာဝန်တွေနဲ့ပတ်သက်ပြီး တစ်ခုကိုမှ လုံးဝ အလေးအနက် မထားခဲ့ဘူး။ ဒီလို လူတွေဟာ မယုံကြည်သူတွေ လို့ ဘုရားသခင်က ပြောခဲ့တယ်။ “မယုံကြည်သူတွေ” ဆိုတဲ့ စကားလုံးကို မြင်တော့ ကျွန်မ စိတ်သောကရောက်ပြီး အရှက်ရခဲ့တယ်။ “အသင်းတော်က ငါ့ကို အချိန်အကြာကြီး ပျိုးထောင်ခဲ့တယ်။ ဒါပေမဲ့ ငါက ငါ့တာဝန်မှာ ဒုက္ခဆင်းရဲခံရမှာကို ကြောက်နေပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်တဲ့အခါ တွန့်ဆုတ်နေတယ်။ ငါ့ရဲ့ ဘယ်တာဝန်ကိုမှ အဆုံးထိပြီးတာ ငါမမြင်ခဲ့ဘူး၊ ဘာစစ်မှန်တဲ့ အကျိုးရလဒ်တွေမှ ငါ မဖန်တီးနိုင်ခဲ့ဘူး။ ငါ ဘုရားအပေါ်မှာ တကယ့်ကို တော်တော်လေး အကြွေးတင်နေပြီ။ ကိုယ့်တာဝန်ကို လက်တွေ့ကျတဲ့ပုံစံနဲ့ မထမ်းဆောင်တာ၊ သမ္မာတရားနဲ့ပတ်သက်ပြီး အလေးအနက်မထားတာ၊ ဒါမှမဟုတ် သမ္မာတရားအတွက် ဘာမှ အားမထုတ်တာတွေကို ငါ ဆက်လုပ်နေရင် နောက်ဆုံးမှာ ငါ ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းတာ ခံရမှာပဲ” လို့ တွေးပြီးတော့ပေါ့။ အမှန်မှာတော့ အသင်းတော်က ကျွန်မကို ခေါင်းဆောင်တစ်ယောက်အဖြစ် ပျိုးထောင်ပြီးတော့ လေ့ကျင့်သင်ကြားမှုခံယူဖို့ အခွင့်အရေးတစ်ခုပေးနေခဲ့တာ။ အခက်အခဲတွေ ပြဿနာတွေအများကြီး ကျွန်မ တွေ့ကြုံရတဲ့အပြင် အလုပ်ကများပြီး ပင်ပန်းပေမဲ့ အခက်အခဲတွေ ပြဿနာတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ဘုရားသခင်ဆီဆုတောင်းပြီး သူ့ဆီက ရှာဖွေနိုင်ရင် တစ်စုံတစ်ရာ ကျွန်မ အကျိုးအမြတ်ရမှာဖြစ်ပြီး အသက်တာကြီးထွားတိုးတက်မှု ရရှိမှာပါ။ ဒါဟာ ဘုရားရဲ့ ချီးမြှောက်မှုပါ။ ဒါကို နားလည်တော့ ကျွန်မ ကိုယ့်ရဲ့ဇာတိပကတိကို ပုန်ကန်ချင်ခဲ့ပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ သမ္မာတရားကို ပိုပြီး ရှာဖွေချင်စိတ် ရှိခဲ့တယ်။ ပြီးတော့ တာဝန်တွေကို ထမ်းဆောင်ရာမှာ အရင်ကထက် ကျွန်မ ပိုပြီး တာဝန်သိလာခဲ့ပါတယ်။
နောက်သုံးလကြာတဲ့အခါမှာ ခရိုင်ခေါင်းဆောင်တစ်ယောက်အဖြစ် ကျွန်မ မဲပေးရွေးချယ်ခံခဲ့ရတယ်။ ဒီတာဝန်ကို စပြီး ယူခါစပဲရှိခဲ့သေးတာကြောင့် ကျွန်မ ဘယ်လိုဖြေရှင်းရမှန်းမသိတဲ့ ပြဿနာတွေ အများကြီး ရှိခဲ့တယ်။ ဒါပေမဲ့ လေ့ကျင့်သင်ကြားမှုကို ကျွန်မ စလုပ်ခါစပဲရှိသေးတာမို့ ဘာလုပ်ရမှန်းမသိတာဟာ ပုံမှန်ပါပဲလို့ ကျွန်မ တွေးခဲ့ပြီး မှန်းချက်နဲ့နှမ်းထွက်ကိုက်ဖို့ ကျွန်မ ကြိုးပမ်းချင်ခဲ့တယ်။ ဒါပေမဲ့လည်း နှစ်လကုန်သွားပြီးတဲ့နောက်မှာ ကျွန်မ ကြီးကြပ်နေခဲ့တဲ့ ရေလောင်းတဲ့အလုပ်က ရလဒ်တွေဟာ ကျဆင်းနေတယ်ဆိုတာ သိခဲ့ရတယ်။ ကျွန်မရဲ့ စိတ်နှလုံး အားနည်းလာခဲ့ပြီး ဒီတာဝန်က တကယ့်ကို ခက်ခဲတယ်လို့ ခံစားခဲ့ရပါတယ်။ “ရေလောင်းသူတွေနဲ့ စုဝေးပွဲဆို တစ်ခုလေးမှ ငါ မလွတ်သလောက်နီးပါးပဲ၊ အကြိမ်တိုင်းမှာ လူသစ်တစ်ယောက်ချင်းစီရဲ့ ရေလောင်းတာဟာ ဘယ်လို ဖြစ်သွားခဲ့လဲဆိုတဲ့အကြောင်းကို အသေးစိတ် ငါ မေးတယ်၊ အားနည်းတဲ့လူသစ်တွေကို အကူအညီ ကမ်းလှမ်းဖို့ လူတွေအတွက်လည်း စီစဉ်ခဲ့တယ်။ ရလဒ်တွေက ဘာလို့ မတိုးတက်လာရတာလဲ” လို့ တွေးရင်းပေါ့။ ကျွန်မ အရမ်း အပျက်သဘောဆောင်ပြီး “ငါ ဒီ တကယ့်ပြဿနာတွေကို မဖြေရှင်းနိုင်ဘူး၊ ကိစ္စတစ်ခုတည်းလုပ်ရတဲ့ တာဝန်ကို ပြောင်းရင် ငါ ပိုအဆင်ပြေသွားမှာ။ ကိစ္စတစ်ခုတည်းလုပ်ရတဲ့ တာဝန်ဆို ကိုယ့်အလုပ်ခွဲတမ်းကိုပဲ အာရုံစိုက်ရမှာ၊ ပြီးတော့ လုပ်ငန်းကြီးတစ်ခုလုံးအတွက် စိုးရိမ်ပူပန်စရာမလိုတော့ဘူး။ အဲဒီလိုဆို အရမ်းပင်ပန်းပြီး ခက်ခဲမှာ မဟုတ်ဘူး” လို့လည်း ကျွန်မ တွေးခဲ့တယ်။ ဒီအတွေးတွေ ပေါ်လာတော့ တာဝန်ထမ်းဆောင်ချိန်ဆို ကျွန်မ စိတ်ကသိကအောက်ဖြစ်လာတယ်။ နေ့တိုင်း ကျွန်မ ပြန်ရမဲ့ စာတွေအကုန်လုံးကို ကြည့်ပြီး စပြီး မညည်းညူဘဲကို မနေနိုင်ခဲ့ဘဲ “ဒီစာတွေအများကြီးကို စာပြန်ဖို့ဆိုတာ ဖြစ်တောင်ဖြစ်နိုင်ပါ့မလား” လို့ ကျွန်မ တွေးမိခဲ့တယ်။ လုံ့လစိုက်ထုတ်ပြီး ဒီစာတွေအကြောင်းကို ကျွန်မ အသေးစိတ်တွေးချင်စိတ် မရှိခဲ့ဘူး။ ပြီးတော့ တချို့စာတွေကို ကျွန်မ အပေါ်ယံလောက်ပဲ အတိုချုံးဖတ်ပြီး ရှုပ်ထွေးလွန်းတယ်လို့ ပယ်ချပြီး ဘာဂရုမှမစိုက်ဘဲ ဘေးချိတ်ထားခဲ့တယ်။ အဲဒီအချိန်က ရေလောင်းတဲ့အလုပ်မှာ ပြဿနာတွေနဲ့ သွေဖည်မှုတွေကို အချိန်နဲ့တစ်ပြေးညီ ကျွန်မ မရှာဖွေ မဆန်းစစ်ခဲ့ဘူး။ အဲဒါက အလုပ်ကို နှောင့်နှေးစေခဲ့ပါတယ်။ တစ်နေ့မှာ အထက်ခေါင်းဆောင်တွေက ကျွန်မဆီကို စာတစ်စောင် ပို့ခဲ့တယ်။ ကျွန်မတို့ ကြီးကြပ်နေတဲ့ အလုပ်မှာ ပြဿနာတွေအများကြီး ရှိနေပြီး အလုပ်က အကျိုးရလဒ်တွေ ရှိမနေခဲ့ဘူးလို့ပေါ့။ ကျွန်မ စိတ်နှလုံးထဲမှာ ဒါကို အတိုက်အခံလုပ်ခဲ့တယ်။ “ဘာလို့ အလုပ်မှာ ပြဿနာပေါင်းသောင်းခြောက်ထောင်ရှိနေရတာလဲ။ အဲဒါတွေ ငါ ဘာလို့ ဖြေရှင်းလို့ကို မပြီးတော့တာလဲ။ ပြီးတော့ အမှားတွေလုပ်မိရင် ငါ အပြုပြင်ခံရဦးမယ်၊ ငါ ဒီ အလုပ်ကို မလုပ်နိုင်ဘူး” လို့ တွေးပြီးတော့ပေါ့။ ကျွန်မရဲ့အခြေအနေက မမှန်ကန်ဘူးဆိုတာ နားလည်ခဲ့တော့ ဘုရားသခင်ဆီမှာ ကျွန်မ ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ အခက်အခဲတွေနဲ့ တွေ့ကြုံတာနဲ့ ကျွန်မ စိတ်ဖိစီးမှုတွေ ခံစားလာရပါတယ်၊ ကျွန်မရဲ့အတွင်းစိတ်ထဲက အတိုက်အခံလုပ်ချင်တဲ့စိတ် ပေါ်လာပြီး တာဝန်ကို ဆက်မထမ်းဆောင်ချင်တော့ဘူး။ ဘုရားသခင်၊ ကျေးဇူးပြုပြီး သမ္မာတရားကို ရှာဖွေဖို့နဲ့ ဒီပြဿနာကို ဖြေရှင်းဖို့ ကျွန်မကို လမ်းပြပေးပါ” ပေါ့။
ကျွန်မရှာဖွေနေတဲ့အချိန်အတွင်းမှာ ဘုရားနှုတ်ကပတ်တော် အပိုဒ်တစ်ပိုဒ်ကို သတိရမိတယ်။ ဒီတော့ အဲဒီအပိုဒ်ကို ဖတ်ဖို့ ကျွန်မ ရှာခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူတို့သည် ခရစ်တော်က မိတ်သဟာယပြုပြီးဖြစ်သည့် သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်ကို အကောင်အထည်ဖော်ပြီး သတ်သတ်မှတ်မှတ်ဖြစ်သော စီမံကိန်းများအား ကြီးကြပ်ရန် လိုအပ်သည့်အခါ အခက်အခဲများ ကြုံကောင်းကြုံရနိုင်သည်။ ဆောင်ပုဒ်များကို ဟစ်ကြွေးခြင်းနှင့် အယူဝါဒများကို ဟောခြင်းတို့သည် လွယ်ကူသော်လည်း အမှန်တကယ်ဖြစ်သော လက်တွေ့အကောင်အထည်ဖော်ခြင်းက သိပ်မရိုးရှင်းပေ။ အနည်းဆုံးအနေဖြင့် လူတို့သည် အမှန်တကယ် သွားကာ ဤအလုပ်တာဝန်များကို ဆောင်ရွက်ရန်အတွက် အားထုတ်မှု အသုံးပြုရန် အဖိုးအခပေးပြီး အချိန်သုံးရန် လိုအပ်သည်။ တစ်နည်းအားဖြင့် ဤအရာတွင် သင့်တော်သည့်လူတစ်ဦးချင်းစီကို ရှာခြင်းပါဝင်ပြီး နောက်တစ်နည်းအားဖြင့် ပါဝင်ပတ်သက်သည့် အလုပ်အကိုင်အကြောင်းကို သင်ယူခြင်း၊ အမျိုးမျိုးသော အတတ်ပညာဆိုင်ရာ ကဏ္ဍများနှင့် ဆက်စပ်သည့် သာမန် အသိပညာနှင့် သဘောတရားများကိုလည်းကောင်း၊ လုပ်ငန်း၏ တိကျသော နည်းစနစ်များနှင့် လုပ်နည်းကိုင်နည်းများကိုလည်းကောင်း ရှာဖွေလေ့လာခြင်းတို့ ပါဝင်သည်။ ထို့အပြင် အချို့သော စိန်ခေါ်မှုရှိသည့် ပြဿနာများကိုလည်း ၎င်းတို့ ကြုံကောင်းကြုံရမည်။ ယေဘုယျအားဖြင့် ပုံမှန်လူတို့သည် ဤအခက်အခဲများအကြောင်းကို ကြားရသည့်အခါ ဖိအားတစ်ခုခုကို ခံစားရလျက် အနည်းငယ် တုန်လှုပ်ကြသော်လည်း ဘုရားသခင်ကို သစ္စာစောင့်သိပြီး ကျိုးနွံနာခံသော သူတို့မှာမူ အခက်အခဲများနှင့် ရင်ဆိုင်ရပြီး ဖိအားခံစားရသည့်အခါ မိမိတို့၏ ယုံကြည်ခြင်းများ တိုးပွားရန်အတွက် ဘုရားသခင်ထံ လမ်းပြမှုတောင်းလျှောက်ရင်း ဉာဏ်အလင်းပြမှုနှင့် အကူအညီတို့ကို တောင်းလျှောက်ကာ ရှင်းလင်းသည့် အသိစိတ်တစ်ခု ရရှိရန် ၎င်းတို့၏ သစ္စာစောင့်သိမှုကို ဖြည့်ဆည်းကာ အစွမ်းကုန် အားထုတ်နိုင်ရန်အလို့ငှာ အမှားများ မပြုမိစေဖို့ ကွယ်ကာခြင်းကိုလည်း တောင်းလျှောက်ရင်း မိမိတို့ စိတ်နှလုံးများတွင် တိတ်ဆိတ်စွာ ဆုတောင်းကြလိမ့်မည် ဖြစ်သည်။ သို့သော် အန္တိခရစ်များကဲ့သို့သော လူများမှာမူ ဤကဲ့သို့ မဟုတ်ကြပေ။ ခရစ်တော်ထံမှလာသော အလုပ်တွင် ၎င်းတို့ အကောင်အထည်ဖော်ရန် လိုအပ်သည့် တိကျသော အစီအစဉ်များအကြောင်းကိုလည်းကောင်း၊ အလုပ်က အခက်အခဲအချို့ရှိသည်ဟုလည်းကောင်း ၎င်းတို့ ကြားရသည့်အခါ စိတ်ထဲတွင် စတင်အတိုက်အခံဖြစ်ပြီး ရှေ့ဆက်လုပ်ဆောင်ရန် မလိုမလားဖြစ်ကြလေသည်။ ဤမလိုလားသောစိတ်က မည်သည့်အရာနှင့် တူသနည်း။ ၎င်းတို့က ‘အဘယ်ကြောင့် ကျွန်ုပ်၏ ဘဝတွင် ကောင်းမွန်သည့်အရာများ လုံးဝ ဖြစ်မလာသနည်း။ အဘယ်ကြောင့် ပြဿနာများနှင့် တောင်းဆိုချက်များ ကျွန်ုပ် အမြဲ ရရှိသနည်း။ ကျွန်ုပ်သည် ဖြစ်ဖြစ်မြောက်မြောက် မရှိသောသူအဖြစ် သို့မဟုတ် အမိန့်ပေးရမည့် ကျွန်တစ်ဦးအဖြစ် ယူဆခြင်းခံရသလော။ ကျွန်ုပ်ကို ကြိုးကိုင်ညွှန်ကြားရန် ထိုမျှ မလွယ်ပါ။ ထိုအရာကို သင် ပေါ့ပေါ့တန်တန် ပြောသည်၊ အဘယ်ကြောင့် သင့်ဘာသာ ကြိုးစားမလုပ်ကြည့်သနည်း’ဟု ပြောကြသည်။ ဤသည်မှာ ကျိုးနွံနာခံမှု ဖြစ်သလော။ ဤသည်မှာ လက်ခံသည့် သဘောထား ဖြစ်သလော။ မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်နေကြသနည်း။ (အတိုက်အခံလုပ်ခြင်း၊ ဆန့်ကျင်ခြင်း ဖြစ်ပါသည်။)...အခက်အခဲများကို ၎င်းတို့ ရင်ဆိုင်ရသည့်အခါ၊ ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခခံစားရန် လိုအပ်ကာ သက်သာမှုဖြင့် အသက်မရှင်နိုင်တော့သည့်အခါ ၎င်းတို့ အတိုက်အခံဖြစ်လာကြခြင်း ဖြစ်သလော။ ဤသည်မှာ အကြွင်းမဲ့ဖြစ်သော၊ ညည်းညူမှုကင်းသည့် ကျိုးနွံနာခံခြင်း ဖြစ်သလော။ အခက်အခဲအနည်းငယ်မျှဖြင့် ၎င်းတို့ မလိုမလား ဖြစ်လာကြသည်။ ၎င်းတို့ မလုပ်လိုသည့် မည်သည့်အရာမဆို၊ ခက်ခဲသည်၊ မလိုလားအပ်ဘဲ ဂုဏ်ငယ်စေသည် သို့မဟုတ် အခြားသူများ၏ အထင်သေးခြင်းခံရစေသည်ဟု ၎င်းတို့ ထင်မြင်သည့် မည်သည့်အလုပ်ကိုမဆို ၎င်းတို့သည် ကျိုးနွံနာခံမှု စိုးစဉ်းမျှ မပြဘဲ အပြင်းအထန် အတိုက်အခံလုပ်ကြသည်၊ ကန့်ကွက်ကာ ငြင်းပယ်ကြလေသည်။ ခရစ်တော်၏ စကားများ၊ အမိန့်များ သို့မဟုတ် သူ မိတ်သဟာယပြုသည့် စည်းမျဉ်းများနှင့် ရင်ဆိုင်ရသည့်အခါ ယင်းက ၎င်းတို့အား အခက်အခဲများကို ဖြစ်စေသည်နှင့်တစ်ပြိုင်နက်၊ သို့မဟုတ် ၎င်းတို့ကို ဆင်းရဲဒုက္ခခံစားရစေဖို့ဖြစ်စေ၊ အဖိုးအခပေးဖို့ဖြစ်စေ လိုအပ်သည်နှင့်တစ်ပြိုင်နက် အန္တိခရစ်တို့၏ ပထမဆုံးတုံ့ပြန်မှုမှာ ၎င်းတို့၏ စိတ်နှလုံးများတွင် စက်ဆုပ်မှုကို ခံစားလျက် အတိုက်အခံလုပ်ခြင်းနှင့် ငြင်းပယ်ခြင်း ဖြစ်သည်။ သို့သော် ၎င်းတို့ လုပ်ဆောင်လိုသည့်အရာများ သို့မဟုတ် ၎င်းတို့ကို အကျိုးပြုသည့်အရာများနှင့် ပတ်သက်လာသည့်အခါ ၎င်းတို့၏ သဘောထားက မတူပေ။ အန္တိခရစ်တို့သည် ဇိမ်ခံစရာကို ပျော်မွေ့ရန်နှင့် ထင်ပေါ်ရန် လိုအင်ဆန္ဒရှိကြသော်လည်း ဇာတိခန္ဓာ၏ ဆင်းရဲဒုက္ခ၊ အဖိုးအခပေးရန် လိုအပ်ချက် သို့မဟုတ် အခြားသူများကို စိတ်အနှောင့်အယှက်ပေးမိမည့် အန္တရာယ်ကိုပင် ရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် ဝမ်းသာပြီး ပျော်ရွှင်စွာ လက်ခံရန် လိုလားနေကြသလော။ ထိုအခါ အကြွင်းမဲ့ ကျိုးနွံနာခံခြင်းကို ၎င်းတို့ စွမ်းဆောင်ရရှိနိုင်ကြသလော။ စိုးစဉ်းမျှ မရှိပေ။ ၎င်းတို့၏ သဘောထားမှာ လုံးလုံးလျားလျား မနာခံမှုနှင့် ပေခံနေခြင်း သဘောထားတစ်ခု ဖြစ်လေသည်။ အန္တိခရစ်များကဲ့သို့ လူတို့သည် ၎င်းတို့ မလုပ်ဆောင်လိုသည့်အရာများ၊ ၎င်းတို့၏ နှစ်သက်မှုများ၊ အကြိုက်များ သို့မဟုတ် ကိုယ်ကျိုးများနှင့်မကိုက်သည့် အရာများကို ရင်ဆိုင်ရသည့်အခါ ခရစ်တော်၏ စကားများအပေါ် ၎င်းတို့၏ သဘောထားမှာ ကျိုးနွံနာခံမှု စိုးစဉ်းမျှမရှိဘဲ အကြွင်းမဲ့ ငြင်းပယ်ခြင်းနှင့် အတိုက်အခံလုပ်ခြင်း သဘောထားတစ်ခု ဖြစ်လာသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၀ (အပိုင်း ၄)) လူတိုင်း သူတို့ရဲ့ တာဝန်တွေကို ထမ်းဆောင်တဲ့အခါ အခက်အခဲတွေ၊ စိတ်ဖိစီးမှုတွေ ရှိကြပြီး သမ္မာတရားကို လိုက်စားတဲ့သူတွေဟာ ဒါကို ဘုရားဆီကနေ ခံယူနိုင်စွမ်းရှိတယ် ဆိုတာနဲ့ အခက်အခဲတွေရဲ့အလယ်မှာ ဘုရားဆီကို ဆုတောင်းနိုင်၊ ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေနိုင်၊ ပြီးတော့ သူတို့ရဲ့ တာဝန်ကို ကောင်းကောင်းထမ်းဆောင်နိုင်တယ်ဆိုတာတွေကို ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဖော်ထုတ်မှုကနေ ကျွန်မ နားလည်သဘောပေါက်ခဲ့တယ်။ ဒါပေမဲ့ အန္တိခရစ်တွေကတော့ ဇာတိပကတိသက်သောင့်သက်သာရှိတာတွေကို တပ်မက်ပြီး သူတို့ကို လူတွေအာရုံဝိုင်းစိုက်စေတဲ့ တာဝန်အလွယ်လေးတွေကို ထမ်းဆောင်ရတာ ပျော်ကြပါတယ်။ အခက်အခဲရှိပြီး ဇာတိပကတိဆင်းရဲဒုက္ခနဲ့ လုံ့လစိုက်ထုတ်တာတွေ လိုတဲ့ တာဝန်တွေကို ရင်ဆိုင်ရတဲ့အခါ သူတို့ဟာ အခက်အခဲတွေကို မဖြေရှင်းရုံသာမက အတိုက်အခံလုပ်ပြီး ဆန့်ကျင်ခဲ့ကြတယ်။ ကျွန်မရဲ့ အပြုအမူက အန္တိခရစ်တွေရဲ့ အပြုအမူနဲ့ အတူတူပဲဖြစ်နေတာကို ကျွန်မ သိလိုက်တယ်။ ဇာတိပကတိသက်သောင့်သက်သာရှိတာတွေကို တပ်မက်ဖို့ပဲ ကျွန်မဂရုစိုက်ခဲ့ပြီး ကိုယ့်တာဝန်မှာ အဖိုးအခပေးချင်စိတ် မရှိခဲ့ဘူး။ ကျွန်မ ကြီးကြပ်တဲ့ ရေလောင်းအလုပ်က အကျိုးရလဒ်တွေ ထွက်မလာဘဲ အခက်အခဲတွေနဲ့ တွေ့ကြုံရတော့ ဒီတာဝန်ကို ထမ်းဆောင်ရတာ ခက်ခဲတယ်လို့ ကျွန်မ ထင်ခဲ့ပြီး ကျွန်မရဲ့ ဇာတိပကတိ နည်းနည်းလောက် သက်သာရှိဖို့ တခြားတာဝန်ကို ပြောင်းချင်ခဲ့တယ်။ နေ့တိုင်း စာတွေတစ်ပုံတစ်ခေါင်းကို ကျွန်မ စာပြန်ဖို့လိုမှန်း မြင်ရတော့ ကျွန်မ အတိုက်အခံလုပ်ပြီး ညည်းညူခဲ့တယ်။ စာတွေကို အလွယ်တကူပဲ ဘေးချိတ်ပြီး ဥပေက္ခာပြုခဲ့တယ်။ အကျိုးဆက်အနေနဲ့ကတော့ အလုပ်က သွေဖည်မှုတွေကို ချက်ချင်း နောက်ကြောင်းပြန်လှည့်ပြီး မဖြေရှင်းခဲ့ရတော့ ရေလောင်းအလုပ်ရဲ့ အကျိုးရလဒ်တွေကို ထိခိုက်ခဲ့ပါတယ်။ ခေါင်းဆောင်တာဝန်တွေကို ထမ်းဆောင်ရာမှာ ကျွန်မရဲ့ အဓိကအလုပ်က ရေလောင်းတဲ့အလုပ်ကို ကြီးကြပ်ရတာဖြစ်ပြီး နောက်ထပ်လူသစ်တွေကို စစ်မှန်တဲ့လမ်းပေါ်မှာ အခြေချအမြစ်တွယ်အောင်လုပ်ရတာပါ။ ဒါပေမဲ့ ဒီအလုပ်ကို ကျွန်မ လျစ်လျူရှုပြီး ပေါ့ပေါ့တန်တန်ပဲ သဘောထားခဲ့တယ်။ လက်ရှိ ပြဿနာတွေကို ဖြေရှင်းရာမှာ ကြိုးပမ်းအားထုတ်မှုမရှိခဲ့တော့ အလုပ်ကို လုံးဝဥဿုံရပ်သွားစေခဲ့တယ်။ ကိုယ့်တာဝန်ကို ဒီလိုမျိုးထမ်းဆောင်နေတော့ ကျွန်မက တကယ့်ကို ဘယ်သူ့ရဲ့ ယုံကြည်မှုနဲ့မှ မထိုက်တန်ခဲ့ပါဘူး။ ကျွန်မမှာ လူ့သဘာဝ လုံးဝမရှိခဲ့ပါဘူး။
နောက်တော့ ကျွန်မ ဆင်ခြင်တွေးဆခဲ့တယ်။ “ငါဟာ ကိုယ့်တာဝန်မှာ အခက်အခဲတွေကို ရင်ဆိုင်ဖို့ တွန့်ဆုတ်တဲ့အပြင် ဒုက္ခတွေ့တော့ လက်လျှော့ပြီး ဘာဖြစ်လို့များ အမြဲတမ်း လွယ်တဲ့အလုပ်ပဲ ရွေးပြီး ခက်တဲ့အလုပ်ကျတော့ ခေါင်းရှောင်တာလဲ” ပေါ့။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “တာဝန်တစ်ခုထမ်းဆောင်သောအခါတွင် လူတို့သည် ပေါ့ပါးသောအလုပ်၊ ပင်ပန်းခြင်း မရှိသောအလုပ်နှင့် အပြင်တွင် ရာသီဥတုဒဏ်ခံရခြင်း မပါဝင်သောအလုပ်ကို အစဉ် ရွေးချယ်ကြသည်။ ဤသည်မှာ လွယ်ကူသောအလုပ်များကို ရွေးခြင်းနှင့် ခက်ခဲသော အလုပ်များကို ခေါင်းရှောင်ခြင်းဖြစ်ပြီး ဇာတိပကတိ သက်သာမှုများကို တပ်မက်ခြင်း၏ သရုပ်သကန် ဖြစ်သည်။ အခြားမည်သည့်အရာ ရှိသေးသနည်း။ (သူတို့၏ တာဝန်က အနည်းငယ်ခက်ခဲသောအခါ၊ အနည်းငယ် ပင်ပန်းသောအခါ၊ အဖိုးအခပေးဆပ်ခြင်း ပါဝင်သောအခါ အစဉ်သဖြင့် ညည်းညူခြင်း ဖြစ်ပါသည်။) (အစားအစာနှင့် အဝတ်အစားအပြင် ဇာတိပကတိ၏ သာယာမှုများကို စိတ်ရောက်နေခြင်း ဖြစ်ပါသည်။) ဤအရာအားလုံးသည် ဇာတိပကတိ သက်သာမှုကို တပ်မက်ခြင်း၏ သရုပ်သကန်များ ဖြစ်သည်။ ထိုသို့သော လူတစ်ဦးသည် အလုပ်တာဝန်တစ်ခုက ပင်ပန်းခက်ခဲလွန်းသည်၊ သို့မဟုတ် အန္တရာယ်များသည်ဟု မြင်သည့်အခါ အခြားလူတစ်ဦးအပေါ် လွှဲပေးလိုက်သည်။ ၎င်းတို့ကိုယ်တိုင်ကမူ အေးအေးဆေးဆေး အလုပ်ကိုသာ လုပ်ပြီး ၎င်းတို့သည် အစွမ်းအစ ညံ့ဖျင်းကြောင်း၊ လုပ်ရည်ကိုင်ရည် ကင်းမဲ့ကြောင်းနှင့် ဤအလုပ်တာဝန်ကို တာဝန်မယူနိုင်ကြောင်း ပြောဆိုလျက် ဆင်ခြင်များပေးကြသည်။ အမှန်မှာမူ ၎င်းတို့သည် ဇာတိပကတိ၏ သက်သာမှုများကို မက်မောသောကြောင့် ဖြစ်သည်။...မိမိတို့၏တာဝန်ကို ထမ်းဆောင်စဉ်တွင် လူတို့သည် အခက်အခဲများအကြောင်း အစဉ် ညည်းညူသောအချိန်၊ ၎င်းတို့ မည်သည့်ကြိုးစားအားထုတ်မှုမျှ မပြုလိုသည့်အချိန်၊ ၎င်းတို့၌ အလုပ်အားလပ်သည့်အချိန် အနည်းငယ် ရှိသည်နှင့်တစ်ပြိုင်နက် အနားယူကာ အလဟဿ ရောက်တတ်ရာရာပြောခြင်း၊ သို့မဟုတ် အေးဆေးစွာ အနားယူခြင်း၊ ဖြေဖျော်မှုများ ခံစားခြင်းတို့ကို လုပ်ဆောင်သည့်အချိန်များလည်း ရှိသည်။ ပြီးလျှင် အလုပ်များလာပြီး ၎င်းတို့ဘဝများ၏ ပုံမှန်လှုပ်ရှားမှုနှင့် လုပ်ရိုးလုပ်စဉ်တို့ ပျက်သည့်အခါ ၎င်းတို့က ယင်းနှင့်ပတ်သက်၍ မပျော်မရွှင်ဖြစ်ပြီး ကျေနပ်မှုမရှိကြပေ။ ၎င်းတို့က ညည်းညူပြီး စောဒကတက်ကြကာ မိမိတို့၏တာဝန် ထမ်းဆောင်ခြင်းတွင် ဝတ်ကျေတမ်းကျေ ဖြစ်လာသည်။ ဤသည်မှာ ဇာတိပကတိ၏ သက်သောင့်သက်သာဖြစ်ခြင်းကို အငမ်းမရဖြစ်ခြင်း မဟုတ်သလော။...ဇာတိပကတိ သက်သာမှုကို ပျော်မွေ့ခံစားသော လူများသည် တာဝန်တစ်ခု ထမ်းဆောင်ဖို့အတွက် သင့်တော်သည့် လူများ ဖြစ်သလော။ လူတစ်ဦးက မိမိ၏တာဝန် ထမ်းဆောင်ခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာကို ထုတ်ပြောလျှင်ပြောချင်း သို့မဟုတ် အဖိုးအခပေးခြင်းနှင့် ဒုက္ခခံခြင်းအကြောင်း ပြောလျှင်ပြောချင်း ၎င်းတို့သည် မိမိတို့၏ခေါင်းများကို မပြတ်ခါကြပေသည်။ ၎င်းတို့၌ ပြဿနာများစွာ ရှိသည်၊ ၎င်းတို့သည် စောဒကအပြည့်ရှိကြပြီး အပျက်သဘောဆောင်ခြင်းနှင့် ပြည့်နေကြသည်။ ထိုသို့သော လူများသည် အသုံးမကျပေ၊ ၎င်းတို့သည် မိမိတို့၏တာဝန်ကို ထမ်းဆောင်ဖို့ အရည်အချင်းမပြည့်မီသဖြင့် ဖယ်ရှားရှင်းလင်းခြင်း ခံရသင့်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂)) “ယနေ့တွင် သင်သည် ငါပြောသောစကားများကို မယုံကြည်သကဲ့သို့၊ ယင်းတို့ကို သင် အာရုံမစိုက်ပေ။ ဤအမှုကို ဖြန့်ဝေရန်နှင့် ယင်း၏ အလုံးစုံကို သင် မြင်ရသည့် နေ့ရက် ရောက်လာသည့်အခါ၊ သင်နောင်တရလိမ့်မည် ဖြစ်ပြီး၊ ထိုအချိန်တွင် သင်သည် မှင်တက်နေမိလိမ့်မည်။ ကောင်းချီးမင်္ဂလာများ ရှိသော်လည်း၊ ယင်းတို့ကို ပျော်မွေ့ရကောင်းမှန်း သင်မသိသကဲ့သို့၊ သမ္မာတရား ရှိသော်လည်း၊ သင်မလိုက်စားပေ။ သင်သည် အထင်သေးခံရအောင် မိမိဘာသာပြုခြင်း မဟုတ်လော။ ယနေ့တွင် ဘုရားသခင်၏အမှု နောက်တစ်ဆင့် မစတင်ရသေးသော်လည်း၊ သင်နှင့်သက်ဆိုင်၍ ပြုလုပ်ထားသည့် တောင်းဆိုချက်များနှင့် အသက်ရှင်နေထိုင်ရန် သင့်အား တောင်းဆိုထားသော အရာများနှင့် ပတ်သက်၍ အပိုဆောင်းခြင်း မရှိပေ။ အလွန်များလှစွာသော အမှုရှိသကဲ့သို့၊ အလွန်များလှစွာသော သမ္မာတရားများရှိ၏။ ယင်းတို့ကို သင် သိထိုက်သည် မဟုတ်လော။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် သင့်ဝိညာဉ်ကို နိုးထစေနိုင်စွမ်း မရှိသလော။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် သင့်ကိုယ်သင် မုန်းတီးစေနိုင်စွမ်း မရှိသလော။ သင်သည် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း၊ ပြီးလျှင် အနည်းငယ်သော အသွေးအသား နှစ်သိမ့်မှုဖြင့် စာတန်၏ စွမ်းအားအောက်တွင် အသက်ရှင်ဖို့ တင်းတိမ်ရောင့်ရဲနေသလော။ သင်သည် လူအားလုံးတွင် အနိမ့်ကျဆုံးဖြစ်သည် မဟုတ်လော။ ကယ်တင်ခြင်းကို ရှုမြင်ပြီးသော်လည်း၊ ယင်းကို ရရှိရန် မလိုက်စားသောသူတို့ထက် မည်သူမျှ သာ၍ မမိုက်မဲပေ။ ဤသည်တို့မှာ ဇာတိပကတိနှင့်ပတ်သက်၍ အာသာငမ်းငမ်း ပျော်ပါးပြီး၊ စာတန်ကို မွေ့လျော်သူများ ဖြစ်သည်။ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းသည် မည်သည့်စိန်ခေါ်မှုများ သို့မဟုတ် အတိဒုက္ခများ သို့မဟုတ် ဆင်းရဲဒုက္ခ အနည်းငယ်ကိုမျှ ဖြစ်ပေါ်စေမည်မဟုတ်ဟု သင်မျှော်လင့်သည်။ သင်သည် တန်ဖိုးမရှိသော ထိုအရာများကို အမြဲလိုက်စားပြီး၊ ဘဝကို တန်ဖိုးမထားပေ၊ ထိုအစား သင်၏ ကိုယ်ပိုင် လွန်ကဲသော အတွေးများကို သမ္မာတရားရှေ့မှောက်သို့ ထားရှိလေသည်။ သင်သည် အလွန်တန်ဖိုးမရှိပါတကား။ သင်သည် ဝက်တစ်ကောင်ကဲ့သို့ အသက်ရှင်၏။ သင်နှင့် ဝက်များ၊ ခွေးများကြားတွင် မည်သည့် ကွာခြားချက် ရှိပါသနည်း။ သမ္မာတရားကို မလိုက်စားဘဲ ယင်းအစား ဇာတိပကတိကို နှစ်သက်သူများ အားလုံးသည် သားရဲများ ဖြစ်ကြသည်မဟုတ်လော။ ဝိညာဉ်မရှိသော ဤအသေကောင်များ အားလုံးသည် လမ်းလျှောက် နေသည့် အလောင်းကောင်များ မဟုတ်ပေလော။ သင်တို့အလယ်တွင် နှုတ်ကပတ်တော်ပေါင်းမည်မျှ ပြောပြီးပြီနည်း။ သင်တို့အလယ်တွင် အနည်းငယ်သော အမှုကိုသာ လုပ်ဆောင်ပြီးလေပြီလော။ သင်တို့အလယ်တွင် ငါမည်မျှ ထောက်ပံ့ပေးပြီးပြီနည်း။ သို့ဆိုလျှင် သင်သည် အဘယ်ကြောင့် ယင်းကို မရရှိသေးသနည်း။ သင်သည် စောဒကတက်စရာ မည်သည့်အရာ ရှိသနည်း။ သင်သည် ဇာတိပကတိကို အလွန်နှစ်သက်သောကြောင့်၊ မည်သည့်အရာမျှ မရလေပြီမှာ ဟုတ်သည် မဟုတ်လော။...သင်ကဲ့သို့သော ဇာတိပကတိကို အမြဲလိုက်စားသည့် သတ္တိကြောင်သူ တစ်ဦးဖြစ်သည့် သင်သည် စိတ်နှလုံးတစ်ခု ရှိပါသလော၊ သင်သည် စိတ်ဝိညာဉ် ရှိပါသလော။ သင်သည် သားရဲတစ်ကောင် မဟုတ်လော။ အပြန်အလှန်အနေဖြင့် မည်သည့်အရာကိုမျှ မတောင်းဆိုဘဲ၊ စစ်မှန်သော လမ်းခရီးကို သင့်အား ငါပေးခဲ့သည်၊ သို့သော် သင်သည် မလိုက်စားပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်သော သူများထဲမှ တစ်ဦးလော။ ငါသည် သင့်အပေါ် စစ်မှန်သော လူ့အသက်ကို အပ်နှင်းသော်လည်း၊ သင်သည် မလိုက်စားပေ။ သင်သည် ဝက်များ၊ ခွေးများနှင့် မည်သည့် ကွာခြားမှုမျှမရှိသလော။ ဝက်များသည် လူ့အသက်ကို မလိုက်စားကြပေ၊ ၎င်းတို့သည် သန့်ရှင်းစေခြင်းကို မလိုက်စားသကဲ့သို့၊ အသက်က မည်သည့်အရာဖြစ်သည်ကို ၎င်းတို့နားမလည်ကြပေ။ နေ့စဉ်တွင် ၎င်းတို့ ဝသည်ထိစားပြီးနောက်၊ ၎င်းတို့ အိပ်ရုံသာပြုကြသည်။ ငါသည် သင့်အား မှန်သော လမ်းခရီးကို ပေးပြီးဖြစ်သော်လည်း၊ သင်သည် ယင်းကို မရယူသေးပေ။ သင်သည် လက်ချည်းသက်သက် ဖြစ်ပေသည်။ သင်သည် ဤဘဝ၊ ဝက်တစ်ကောင်၏ဘဝတွင် ဆက်လက် အသက်ရှင်ရန် လိုလားနေပါသလော။ ထိုသို့သောလူများ အသက်ရှင်ခြင်း၏ အရေးပါမှုမှာ အဘယ်နည်း။ သင်၏ အသက်တာသည် အထင်သေးဖွယ် ဖြစ်သကဲ့သို့ ရှက်ဖွယ်ဖြစ်သည်၊ သင်သည် ညစ်ညမ်းမှုနှင့် ကိုယ်ကျင့်သိက္ခာ ကင်းမဲ့မှုအလယ်တွင် အသက်ရှင်ပြီး၊ သင်သည် မည်သည့် ရည်မှန်းချက်များကိုမျှ မလိုက်စားပေ။ သင့်ဘဝသည် အားလုံးထဲတွင် ရှက်ဖွယ်အကောင်းဆုံး ဖြစ်သည်မဟုတ်လော။ ဘုရားသခင်ကို သင်ကြည့်ရှုဝံ့သလော။ ဤနည်းဖြင့် သင် ဆက်လက် တွေ့ကြုံပါက၊ သင်သည် မည်သည့်အရာကိုမျှ မရရှိဘဲ ဖြစ်လိမ့်မည် မဟုတ်လော။ သင့်ထံ မှန်ကန်သောလမ်းခရီးကို ပေးထားပြီး ဖြစ်သော်လည်း၊ နောက်ဆုံးတွင် သင်သည် ယင်းကို ရရှိနိုင်ခြင်း ရှိမရှိဆိုသည်မှာ သင်၏ ကိုယ်ရေးကိုယ်တာ လိုက်စားမှုအပေါ် မူတည်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ) ကိုယ့်တာဝန်ကို ထမ်းဆောင်တဲ့အခါမှာ အခက်အခဲတွေကိုရင်ဆိုင်ဖို့ နောက်တွန့်ခဲ့ပြီး ဒုက္ခတွေ့တော့ ကျွန်မ လက်လျှော့ခဲ့တယ်။ ဒီဟာရဲ့ အကြောင်းရင်းမြစ်တွေက ကျွန်မ ဆင်းရဲဒုက္ခခံချင်စိတ် မရှိခဲ့တာ၊ ဇာတိပကတိ သက်သောင့်သက်သာရှိမှုတွေကို တပ်မက်ခဲ့တာနဲ့ သမ္မာတရားရရှိအောင် လိုက်စားဖို့အတွက် ဒုက္ခဆင်းရဲခံပြီး အဖိုးအခပေးဆပ်ချင်စိတ်မရှိခဲ့တာတွေပဲလို့ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီး ကျွန်မ နားလည်ခဲ့တယ်။ မမှန်ကန်တဲ့ သဘောထားအမြင်နဲ့ ကျွန်မက လိုက်စားနေခဲ့တာကြောင့် ကိုယ့်တာဝန်မှာ အခက်အခဲတွေ ကြုံတွေ့ပြီး ကိုယ့်ဇာတိပကတိ ဆင်းရဲဒုက္ခခံရမယ်ဆိုတာနဲ့ တစ်ပြိုင်နက် ကျွန်မ အရမ်းကို စိတ်ကျဉ်းကျပ်ခဲ့ရပြီး မကျေနပ်ချက်တွေ အပြည့်နဲ့ဖြစ်ခဲ့တယ်။ ကိုယ့်တာဝန်ကို ခေါင်းတောင်ရှောင်လိုက်ချင်ခဲ့တယ်။ အရင်က ကျွန်မ ကျောင်းသားဘဝတုန်းက ကျွန်မရဲ့အတန်းဖော်တွေ စာကြိုးစားပြီး တက္ကသိုလ်ကောင်းတွေမှာ ဝင်ခွင့်ရဖို့နဲ့ အနာဂတ်မှာ ထူးချွန်ဖို့ ကြိုးပမ်းနေတာကို ကျွှန်မ မြင်တဲ့အခါ အားသွန်ခွန်စိုက် စာကြိုးစားရင် ကြုံရမဲ့ ဆင်းရဲဒုက္ခကို ကျွန်မ တွေးမိလိုက်တာနဲ့ တစ်ပြိုင်နက် ကျွန်မ တပ်ခေါက်သွားခဲ့ပုံကို ပြန်သတိရမိတယ်။ ဒါကြောင့်ပဲ သူတို့လို ကျွန်မ အရမ်းပညာတတ်ကြီး ဖြစ်မလာခဲ့ဘူး။ အရင်တုန်းကတော့ ကျွန်မရဲ့ ဘဝစံနှုန်းတွေဟာ သူများတွေရဲ့ စံနှုန်းတွေနဲ့ မတူတာပဲလို့ ကျွန်မ ထင်ခဲ့တယ်။ နာမည်ကောင်းတို့ ဂုဏ်တို့ကို ကျွန်မ ဘယ်တုန်းကမှ အရမ်းကြီး လိုချင်တောင့်တမရှိခဲ့ဘူး။ အခု နောက်ဆုံးမှာ ကျွန်မ သိလိုက်တာက ကျော်ကြားမှုတို့၊ အကျိုးအမြတ်တို့၊ ဂုဏ်တို့ကို ကျွန်မက မကြိုက်ခဲ့တာ မဟုတ်ပဲ “ဘဝက တိုတောင်းလွန်းတယ် ကိုယ့်အပေါ်ကိုယ် ကောင်းပါ” ဆိုတဲ့ စာတန်ရဲ့ ရှင်သန်ရေးဥပဒေသအတိုင်း ကျွန်မ ရှင်သန်နေထိုင်နေခဲ့တယ် ဆိုတာပါ။ ကိုယ့်ရဲ့ ဇာတိပကတိကို ကျွန်မ အရမ်းအရေးစိုက်လွန်းခဲ့တယ်။ အခု ကျွန်မ ဘုရားသခင်ကို ယုံကြည်တာတောင်မှ ဒီ စာတန်ရဲ့ ဆက်လက်ရှင်သန်ရေးဥပဒေသက ကျွန်မအထဲမှာ နက်နက်ရှိုင်းရှိုင်းကို အရိုးစွဲနေခဲ့တယ်။ ကျွန်မရဲ့ အလုပ်မှာ အခက်အခဲတွေနဲ့ ကြုံတွေ့လိုက်တာနဲ့တစ်ပြိုင်နက် ကျွန်မ အပြင်းအထန်ကန့်ကွက်ပြီး ပိုလွယ်တဲ့တာဝန်ကို ထမ်းဆောင်ချင်ခဲ့တယ်။ လူသစ်တွေရဲ့ အသက်ဝင်ရောက်မှုနဲ့သက်ဆိုင်တဲ့ ရေလောင်းတဲ့အလုပ်ကို ကျွန်မ ကြီးကြပ်ခဲ့တယ်။ လူသစ်တွေဟာ ကောင်းကောင်း ရေလောင်းမခံရဘူး၊ သူတို့ ဟာ မှန်တဲ့လမ်းခရီးပေါ်မှာ အုတ်မြစ်မချနိုင်ခဲ့ဘူးဆိုရင် သူတို့အတွက် နုတ်ထွက်ဖို့ လွယ်ကူပါတယ်။ ဒါပေမဲ့ ကိုယ့်တာဝန်ရဲ့ အခက်အခဲတွေအမျိုးမျိုးကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေချင်စိတ် ဒါမှမဟုတ် အဖိုးအခပေးဆပ်ချင်စိတ် ကျွန်မ မရှိခဲ့ဘူး။ အဲဒီအစား အခက်အခဲဒုက္ခကို ရင်ဆိုင်ဖို့ ကျွန်မ နောက်တွန့်ခဲ့တယ်။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို အလေးထားမှုမရှိခဲ့ပဲ အသင်းတော်အလုပ်ကိုလည်း ထည့်မစဉ်းစားခဲ့ဘူး။ ကျွန်မ အရမ်းကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းခဲ့တယ်။ တကယ်တမ်းဆို ဘုရားအိမ်တော်က ဘယ်တာဝန်မဆို ကောင်းကောင်းထမ်းဆောင်နိုင်ဖို့ဆိုရင် ကိုယ့်ကိုယ်ကိုယ် နည်းနည်းတော့ အသုံးတော်ခံဖို့ လိုပါတယ်။ ဥပမာ ဧဝံဂေလိဖြန့်ဝေတဲ့ ညီအစ်ကိုမောင်နှမတွေဟာ ဧဝံဂေလိ လက်ခံဖို့ အလားအလာရှိသူတွေရဲ့ လှောင်ပြောင်သရော်မှုနဲ့စော်ကားမှုတွေကိုလည်း ကြံ့ကြံ့ခံပြီးတော့ အချိန်မရွေး အဖမ်းခံရဖို့နဲ့ သူတို့ရဲ့အသက်တွေဆုံးရှုံးမဲ့ အန္တရာယ်တွေတောင် ရင်ဆိုင်ရင်း ဧဝံဂေလိဖြန့်ဝေတာနဲ့ပတ်သတ်တဲ့ သမ္မာတရားတွေနဲ့ သူတို့ကိုယ်သူတို့ ပြင်ဆင်ရာမှာ အားထုတ်ကြိုးပမ်းရမှာပါ။ ပြီးတော့လည်း နည်းပညာဆိုင်ရာတာဝန်တွေဆိုရင် အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေ လေ့လာတာကို အချိန်အားလူအားပေးနိုင်မှသာ ဒီတာဝန်တွေကို ကောင်းကောင်းထမ်းဆောင်နိုင်မှာဖြစ်တယ်။ သမ္မာတရားကို လိုက်စားတဲ့ ညီအစ်ကိုမောင်နှမတွေက ဒီလိုမျိုး အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ သူတို့ သမ္မာတရားကို ရှာဖွေပြီး သင်ခန်းစာတွေယူနိုင်စွမ်းရှိပါတယ်။ သူတို့တာဝန်တွေကို ထမ်းဆောင်တာကြာလေလေ တာဝန်တွေကို ပိုပြီးကောင်းအောင် လုပ်နိုင်လာလေလေပါ။ ပြီးတော့ သူတို့ရဲ့ ဆင်းရဲဒုက္ခခံခြင်းအားလုံးဟာ လုပ်ထိုက်တယ်လို့ သူတို့ ယူဆခဲ့တယ်။ အရင်တုန်းက ကျွန်မမှာ အဲဒီလို လိုက်စားမှုမျိုး စိတ်ပိုင်းဖြတ်မှုမျိုး မရှိခဲ့ပါဘူး။ ကိုယ့်တာဝန်အပေါ် ကျွန်မရဲ့သဘောထားက တာဝန်ကို ခေါင်းရှောင်တတ်တဲ့သူ တစ်ယောက်ရဲ့ သဘောထားလိုပါပဲ။ ကျွန်မ လုပ်ခဲ့တဲ့အရာအားလုံးမှာ ဘာကိုမှ အဆုံးထိပြီးအောင်မလုပ်ခဲ့ပဲ ဘယ်တာဝန်ကိုမှ အပြီးမသတ်ခဲ့ပဲနဲ့ ဖြစ်ကတတ်ဆန်းပဲ လုပ်ချင်ခဲ့တယ်။ ဇာတိပကတိသက်သောင့်သက်သာရှိမှုတွေကို ကျွန်မ ဆက်ပြီးလိုက်စားနေပြီး သမ္မာတရားကို ကျကျနန မလိုက်စားဘူးဆိုရင် ပြီးတော့ ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ ကျွန်မ ဆင်းရဲဒုက္ခမခံဘူး အဖိုးအခမပေးဘူးဆိုရင် ဘယ်လိုတာဝန်မှာမဆို ကျွန်မ ကျကျနန ထမ်းဆောင်နိုင်မှာ မဟုတ်ပါဘူး။ ကျွန်မက တကယ်ကို ဖယ်ရှားရှင်းလင်းပစ်ရမဲ့ အသုံးမကျတဲ့ အမှိုက်ဖြစ်သွားမှာပါ။
နောက်တော့ ကျွန်မ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ခဲ့တယ်။ “လူသည် အဓိပ္ပာယ်ရှိသော အသက်တာကို နေထိုင်ရန် ရှာဖွေလိုက်လျှောက်ရမည်ဖြစ်ပြီး သူ၏ လက်ရှိအခြေအနေများဖြင့် ရောင့်ရဲမနေသင့်ပါ။ ပေတရု၏ ပုံရိပ်အတိုင်း ရှင်သန်ရန် လူသည် ပေတရုအကြောင်း အသိပညာနှင့် သူ၏ အတွေ့အကြုံများကို ပိုင်ဆိုင်ရမည်။ လူသည် ပိုမိုမြင့်မားပြီး ပိုမိုနက်နဲသိမ်မွေ့သော အရာများကို လေ့လာလိုက်စားရမည်။ သူသည် ဘုရားသခင်အား ပိုမိုလေးနက်၍ ပိုမိုဖြူစင်သော ချစ်ခြင်းအပြင် တန်ဖိုးနှင့် အဓိပ္ပာယ်ပြည့်ဝသော အသက်တာကို ရှာဖွေလိုက်လျှောက်ရမည် ဖြစ်သည်။ ဤသည်သာ အသက်ရှင်ခြင်းအကြောင်း ဖြစ်၏၊ သို့မှသာ လူသည် ပေတရုနှင့် တူမည်ဖြစ်သည်။ အကောင်းဘက်တွင် သင်၏ ဝင်ရောက်မှုအတွက် တက်ကြွထက်သန်ခြင်းကို သင်အာရုံစိုက်ရမည်၊ ပိုမိုလေးနက်ပြီး ပိုမိုတိကျကာ ပိုမိုလက်တွေ့ကျသည့် သမ္မာတရားများကို လျစ်လျူရှုရင်း တဒင်္ဂသာယာမှုအလို့ငှာ ဒုံရင်းသို့ပြန်ဆိုက်ရန် အပျက်သဘောဆောင်စွာ သင့်ကိုယ်သင် ခွင့်မပြုရ။ သင့်ချစ်ခြင်းသည် လက်တွေ့ကျရမည်ဖြစ်ပြီး တိရစ္ဆာန်၏ဘဝနှင့် မခြားသည့် အကျင့်စာရိတ္တပျက်ပြားကာ ပေါ့ပေါ့တန်တန်ဘဝမှ မိမိကိုယ်ကို လွတ်မြောက်စေရန် နည်းလမ်းများကို သင်ရှာရမည်။ သင်သည် အဓိပ္ပာယ်ရှိသောဘဝ၊ တန်ဖိုးရှိသောဘဝကို ရှင်သန်နေထိုင်ရမည်ဖြစ်ပြီး သင့်ကိုယ်သင် အရူးလုပ်ခြင်း သို့မဟုတ် သင့်ဘဝကို ဆော့ကစားစရာ အရုပ်ကဲ့သို့ သဘောထားခြင်းတို့ကို မပြုလုပ်ရ။ ဘုရားသခင်အား ချစ်ရန် ဆန္ဒပြင်းပြသော လူတိုင်းအတွက် မရရှိနိုင်သော သမ္မာတရားများ ဆိုသည်မှာ မရှိပါ၊ သူတို့ ကြံ့ကြံ့မခံနိုင်သောအရာအတွက် တရားစီရင်မှုလည်း မရှိပါ။ သင့်အသက်တာကို မည်သို့နေထိုင်သင့်သနည်း။ ဘုရားသခင်ကို သင်မည်သို့ ချစ်သင့်ပြီး သူ့ရည်ရွယ်ချက်များကို ဖြည့်ဆည်းရန် ထိုချစ်ခြင်းကို မည်သို့အသုံးပြုသင့်သနည်း။ သင့်အသက်တာတွင် ထို့ထက်ပို၍ ကြီးမြတ်သောအရာ မရှိပါ။ အထူးသဖြင့် သင့်တွင် ထိုကဲ့သို့သော ရည်မှန်းချက်များနှင့် ဇွဲလုံ့လတို့ ရှိရမည်ဖြစ်ပြီး ထိုကြောက်တတ်သော လူပျော့လူညံ့များကဲ့သို့ မဖြစ်သင့်ပါ။ အဓိပ္ပာယ်ပြည့်ဝသော အသက်တာကို တွေ့ကြုံရန်နှင့် အဓိပ္ပာယ်ပြည့်ဝသော သမ္မာတရားများကို တွေ့ကြုံရန် သင်လေ့လာရမည်ဖြစ်ပြီး ထိုကဲ့သို့ သင့်ကိုယ်သင် ဝတ်ကျေတမ်းကျေ သဘောမထားသင့်ပေ။ သင်သတိမထားမိဘဲ သင့်အသက်တာသည် သင့်ကို ဝကွက်ချန်ထားခဲ့လိမ့်မည်၊ ယင်းနောက်တွင် ဘုရားသခင်ကိုချစ်ရန် သင်၌ နောက်တစ်ကြိမ် အခွင့်အရေး ရှိပါဦးမည်လော။ လူသည် သေလွန်ပြီးနောက် ဘုရားသခင်အား ချစ်နိုင်ပါမည်လော။ သင့်တွင် ပေတရုကဲ့သို့ တူညီသည့် ရည်မှန်းချက်များနှင့် စိတ်ဓာတ်ရှိရမည်၊ သင့်အသက်တာသည် အဓိပ္ပာယ်ပြည့်ဝရမည်ဖြစ်ပြီး သင့်ကိုယ်သင် မကစားသင့်ပါ။ လူသားတစ်ဦးအနေဖြင့်သာမက ဘုရားသခင် နောက်သို့ လိုက်လျှောက်သောသူတစ်ဦးအနေဖြင့် သင့်အသက်တာကို မည်သို့သဘောထားသင့်သည်၊ ဘုရားသခင်ထံ သင့်ကိုယ်သင် မည်သို့ဆက်ကပ်အပ်နှံသင့်သည်၊ ဘုရားသခင်၌ ပိုမိုလေးနက်သော ယုံကြည်မှုကို မည်သို့ထားရှိသင့်သည်တို့အပြင် ဘုရားသခင်ကို သင်ချစ်သည့်အလျောက် ဘုရားသခင်အား ပိုမိုဖြူစင်စွာ၊ ပို၍လှပစွာ၊ ပိုမိုကောင်းမွန်စွာ မည်သို့ချစ်သင့်သည်တို့ကို အသေအချာ သင်စဉ်းစားနိုင်ရမည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ) သမ္မာတရားလိုက်စားတာကို သူတို့ဘဝရဲ့ အဓိကကဏ္ဍအဖြစ် လူတွေမှတ်ယူနိုင်ဖို့ ဘုရားသခင်က မျှော်လင့်တယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ သိခဲ့တယ်။ ခဏတာ ဇာတိပကတိသက်သောင့်သက်သာရှိမှုတွေအတွက်နဲ့ သမ္မာတရား ရရှိဖို့ အခွင့်အရေးကို ကျွန်မ ဆုံးရှုံးခဲ့မယ်ဆိုရင် အဲဒါက စဉ်းစားဉာဏ်မရှိသလိုဖြစ်မနေဘူးလား။ ဘုရားသခင်ရဲ့အမှုတော်ပြီးတဲ့အခါမှာ ကျွန်မတို့ သမ္မာတရားကို မရရှိသေးဘူးဆိုရင် ဒါမှမဟုတ် ကျွန်မတို့ရဲ့ စိတ်သဘောထား မပြောင်းလဲဘူးဆိုရင် ကျွန်မတို့ ဘဝတစ်လျှောက်လုံး အဲဒါကို နောင်တရသွားပါလိမ့်မယ်။ ကျွန်မ ခေါင်းဆောင်တာဝန်တွေ ထမ်းဆောင်တုန်းက ကျွန်မမှာ ချို့တဲ့တာ အများကြီးရှိခဲ့ပြီး အလုပ်ကလည်း အခက်အခဲတွေနဲ့ စိတ်ဖိစီးမှုတွေ အတော်အသင့် ရှိနေခဲ့ပေမဲ့ ကိစ္စတစ်ခုတည်းတာဝန်တွေကိုထမ်းဆောင်လို့ ရတာထက် ကျွန်မ အများကြီး ပိုရရှိခဲ့တယ်။ ကျွန်မရဲ့ အလုပ်လုပ်တဲ့စွမ်းရည်တွေကို မြှင့်တင်ပေးရုံသာမက သမ္မာတရားစည်းမျဉ်းတချို့ကိုလည်း ကျွန်မ နားလည်လာခဲ့တယ်။ အခက်အခဲတွေ၊ စိတ်ဖိစီးမှုတွေဆိုတာတွေအားလုံးက ဘုရားသခင်ရဲ့ ကောင်းချီးပေးခြင်းတစ်ခုပဲလို့ ကျွန်မ သဘောပေါက်ခဲ့တယ်။ ဇာတိပကတိအလေးထားမှုတွေအတွက်နဲ့ ကိုယ့်တာဝန်ကို ခေါင်းရှောင်တာ ရှောင်တိမ်းတာတွေဆက်မလုပ်ချင်တော့ပါဘူးလို့ ကျွန်မ သန္နိဋ္ဌာန်တစ်ခု ချခဲ့တယ်။ အခက်အခဲတွေနဲ့ ရင်ဆိုင်တဲ့အခါ ကျွန်မ ဘုရားသခင်ဆီမှာ ဆုတောင်းပြီး ဘုရားသခင်ကို ပိုအားထားပြီး အဲဒီအခက်အခဲတွေကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေပါမယ်။ နောက်ပိုင်း သိပ်မကြာခင်မှာပဲ ရေလောင်းတဲ့အလုပ်က အကျိုးရလဒ်တွေ မထွက်ရတဲ့ အကြောင်းရင်းကို ကျွန်မ စပြီး ရှာဖွေတွေးဆခဲ့တယ်။ အဲဒါဟာ အဓိကအားဖြင့် ကိုယ့်တာဝန်မှာ ကျွန်မက ဘာသိဘာသာနေလွန်းအားကြီးပြီး သွေဖည်မှုတွေကို ပြန်လည်ဆန်းစစ်တာမှာ အာရုံမစိုက်ခဲ့တာကြောင့်လို့ ဆင်ခြင်ခြင်းနဲ့ ပြန်လည်သုံးသပ်ခြင်းကနေကျွန်မ သဘောပေါက်ခဲ့တယ်။ လူသစ်တွေမှာ ပြဿနာတွေရှိတဲ့အခါ ဖြေရှင်းဖို့အတွက် ကျွန်မမှာ အရည်အချင်းမပြည့်ဝဘူးဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ကျွန်မ ပြဿနာတွေကို မဖြေရှင်းခဲ့ဘူး။ ပြဿနာတွေ တစ်ပုံတစ်ပင် ဖြစ်လာစေပြီး ဖြေရှင်းမှုရဖို့ လမ်းစမရှိဘဲဖြစ်ခဲ့တယ်။ နောက်ပိုင်းမှာ အလုပ်ထဲမှာ ကျွန်မ တကယ်ကို စပြီး အဖိုးအခပေးဆပ်တဲ့အခါ ရေလောင်းတဲ့အလုပ်ရဲ့ အကျိုးရလဒ်တွေက ဖြည်းဖြည်းချင်း စပြီး တိုးတက်လာတယ်။ အခက်အခဲတွေကြားမှာ မနေဘဲ ဘုရားနှုတ်ကပတ်တော်တွေအတိုင်း လက်တွေ့လုပ်ဆောင်တာရဲ့ ချိုမြိန်တဲ့ ခံစားချက်ကို ကျွန်မ ကိုယ်တွေ့ ကြုံခဲ့တယ်။ ပြီးတော့ ဒီအခြေအနေကို ရင်ဆိုင်ဖို့ ကျွန်မ ပိုပြီးတော့ ယုံကြည်မှုရှိလာခဲ့တယ်။
နောက်ပိုင်းကျတော့ ကျွန်မကို ပိုလို့တောင်များတဲ့ အလုပ်တွေရဲ့ ကြီးကြပ်တာဝန်ပေးတာခံခဲ့ရတယ်။ ပိုဆိုးတာက အဲဒီအလုပ်နဲ့ ကျွန်မက သိပ်အကျွမ်းတဝင်မရှိဘဲ သမ္မာတရားအကြောင်း မိတ်သဟာယပြုတာတို့ ပြဿနာတွေဖြေရှင်းတာတို့နဲ့ပတ်သတ်လို့ ကျွန်မက ချို့တဲ့နေခဲ့တယ်။ အဲဒါက တော်တော်လေးကို ပင်ပန်းမယ်လို့ ယူဆခဲ့ရတယ်။ ဒါပေမဲ့ ကျွန်မ ကိုယ့်ဇာတိပကတိကို ပုန်ကန်ချင်ခဲ့ပြီး ကိုယ့်တာဝန်မှာ ကြိုးပမ်းအားထုတ်မှု အစွမ်းကုန် စိုက်ထုတ်ခဲ့တယ်။ တာဝန်ထမ်းဆောင်တာ တစ်လနှစ်လလောက်ကြာပြီးတဲ့နောက်မှာ အကျိုးရလဒ်တွေက သိပ်မကောင်းခဲ့သေးဘူး။ ပြီးတော့ ဒီတာဝန်ကို ထမ်းဆောင်ရတာ အရမ်းခက်ခဲလွန်းတယ်၊ ကျွန်မ လုပ်ခဲ့တဲ့ အရင်တာဝန်တွေက ပိုပြီး သက်သောင့်သက်သာရှိတယ် လို့ တွေးပြီး ကျွန်မ နည်းနည်းတော့ စိတ်ဓာတ်ကျခဲ့တယ်။ ကျွန်မရဲ့ အခြေအနေက မမှန်ကန်ဘူးလို့ နားလည်ခဲ့တော့ ဘုရားဆီမှာ ဆုတောင်းပြီး အဲဒီအခြေအနေကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူများ အားလုံးသည် ၎င်းတို့၏ သင့်တင့်လျောက်ပတ်သော အလုပ်ကို အရေးစိုက်သောသူများ ဖြစ်သည်။ ၎င်းတို့အားလုံးသည် မိမိတို့၏တာဝန်များကို ထမ်းဆောင်လိုစိတ် ရှိကြသည်။ အလုပ်တစ်ခုကို တာဝန်ယူထမ်းရွက်နိုင်ပြီး ၎င်းတို့၏ အစွမ်းအစနှင့် ဘုရားအိမ်တော်၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကောင်းစွာ လုပ်ဆောင်နိုင်စွမ်း ရှိသည်။ အစပိုင်းတွင် ဤအသက်တာကို နေသားတကျဖြစ်အောင် ပြုလုပ်ရန် အခက်အခဲ ဖြစ်နိုင်သည်မှာ မှန်သည်။ သင်သည် ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်နိုင်သည်။ သို့ရာတွင် သင်သည် ပူးပေါင်းဆောင်ရွက်ရန် အမှန်တကယ် စိတ်ပြတ်သားမှုရှိပြီး သာမန်ဖြစ်ပြီး ကောင်းမွန်သော သူတစ်ယောက် ဖြစ်လာလိုစိတ်ရှိလျှင်၊ ကယ်တင်ခြင်းကို ရရှိလိုစိတ်ရှိလျှင် သင်သည် အဖိုးအခအနည်းငယ်ပေးဆပ်ပြီး ဘုရားသခင်က သင့်ကို ပဲ့ပြင်ဆုံးမသည်ကို ခွင့်ပေးရမည်။ သင်သည် တစ်ဇွတ်ထိုးလုပ်ဆောင်လိုစိတ် ပြင်းပြသောအခါ ယင်းကို ပုန်ကန်ပြီး လက်လွှတ်ရမည်။ တဖြည်းဖြည်းချင်းဖြင့် သင်၏ တစ်ဇွတ်ထိုးလုပ်ဆောင်မှုနှင့် တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများကို လျှော့ချရမည်။...သင်က ‘ဤသည်မှာ ဖိအားများလွန်းသောကြောင့် ငါ လုပ်မည်မဟုတ်။ ငါသည် တာဝန်ထမ်းဆောင်ခြင်းနှင့် ဘုရားအိမ်တော်၌ အလုပ်လုပ်ခြင်းတွင် နားနေခြင်း၊ အခက်အခဲမရှိခြင်း၊ ပျော်ရွှင်ခြင်းနှင့် သက်သာခြင်းကိုသာ ရှာနေခြင်းဖြစ်သည်’ ဟူ၍ မဆိုနိုင်ပေ။ ဤသည်မှာ အလုပ်ဖြစ်မည်မဟုတ်။ သာမန် အရွယ်ရောက်သူတစ်ယောက် ပိုင်ဆိုင်သင့်သည့် အတွေးမဟုတ်ပေ။ ပြီးလျှင် ဘုရားအိမ်တော်သည် သင့်အတွက် ဇိမ်ခံမှုဖြင့် ပျော်မွေ့ဖို့ နေရာတစ်ခုမဟုတ်ပေ။ လူတိုင်းက ၎င်းတို့၏ ဘဝနှင့် အလုပ်တွင် ဖိအားနှင့် စွန့်စားမှုတစ်ခုခုကို ယူသည်။ မည်သည့်အလုပ်တွင်မဆို၊ အထူးသဖြင့် ဘုရားအိမ်တော်၌ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းတွင် အကောင်းဆုံး ရလဒ်များအတွက် ကြိုးပမ်းသင့်သည်။ ကြီးမားသောအဆင့်တွင် ဤသည်မှာ ဘုရားသခင်၏ သွန်သင်မှု၊ တောင်းဆိုမှုဖြစ်သည်။ သေးငယ်သော အဆင့်တွင် ဤသည်မှာ လူတိုင်းက ၎င်းတို့၏ ကျင့်ကြံနေထိုင်မှုနှင့် ပြုမူဆောင်ရွက်မှုတွင် ခံယူသင့်သည့် သဘောထား၊ အမြင်ရှုထောင့်၊ စံနှုန်းနှင့် စည်းမျဉ်းတို့ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၅)) ပုံမှန် အသိဉာဏ်ရှိတဲ့ လူကြီးတစ်ယောက်အနေနဲ့ အလုပ်ကို ကျွန်မ တာဝန်ယူဆောင်ရွက်နိုင်စွမ်းရှိသင့်တယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်ခဲ့တယ်။ တစ်ခါတလေ အလုပ်မှာ အခက်အခဲတွေ ပေါ်လာတတ်ပြီး နည်းနည်းလောက် ဆင်းရဲဒုက္ခခံဖို့ လိုပေမဲ့လည်း ဒါဟာ ကယ်တင်ခြင်းရဖို့ လိုက်စားတဲ့တစ်လျှောက်မှာ ကျွန်မကြုံတွေ့ရမဲ့ အရာပါ။ ဘာသာတရားမရှိသူတွေတောင်မှ စားဝတ်နေရေးအတွက် တော်တော်လေး ဒုက္ခရောက်ကြရတာပါ။ ကျွန်မတို့ယုံကြည်သူတွေအတွက်က ကျွန်မတို့ရဲ့ တာဝန်တွေထမ်းဆောင်ချိန်မှာ ကြံ့ကြံ့ခံရတဲ့ ဒုက္ခဆင်းရဲဆိုတာ ကျွန်မတို့ရဲ့ ဘဝတွေအတွက် အဓိပ္ပါယ်ပြည့်ဝပြီး အကျိုးကျေးဇူးရှိပါတယ်။ ဒါကို ကျွန်မ နားလည်သွားတော့ ကျိုးနွံနာခံပြီး ရင်ဆိုင်ချင်စိတ်ရှိခဲ့တယ်။ အဲ့ဒီနောက်ပိုင်း ကိုယ့်တာဝန်တွေမှာ အခက်အခဲတွေ အများကြီး ရှိလာရင် တစ်ခါတလေ ကျွန်မ နည်းနည်းတော့ စိတ်မချမ်းမသာဖြစ်နေတုန်းပါပဲ။ ဒါပေမဲ့ အဲဒါတွေကြောင့်နဲ့တော့ ကျွန်မရဲ့တာဝန်ကနေ နုတ်ထွက်ချင်မှာ မဟုတ်ပါဘူး။ အဲ့ဒီအစား အခက်အခဲတွေကြားမှာ ဘုရားရဲ့ ရည်ရွယ်ချက်ကို ရှာဖွေနိုင်ပြီး မှန်းချက်နဲ့ နှမ်းထွက်ကိုက်ဖို့ အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့တယ်။ ပြီးတော့ ကျွန်မရဲ့တာဝန်မှာ အခက်အခဲတွေနဲ့ စိတ်ဖိစီးမှုကို မှန်မှန်ကန်ကန် သဘောထားနိုင်ခဲ့တယ်။ ကျွန်မရဲ့စိတ်နှလုံးကနေ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။