အခန်း ၁၅
လူသားများအားလုံးသည် မိမိကိုယ်ကိုယ် သိသော အသိပညာမရှိသည့် သတ္တဝါများ ဖြစ်ကြပြီး ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် မသိရှိနိုင်ကြချေ။ သို့သော် အခြားသူများ လုပ်ဆောင်သမျှနှင့် ပြောဆိုပြီးသမျှတိုင်းသည် ၎င်းတို့ ရှေ့တည့်တည့်တွင် ၎င်းတို့၏ “စစ်ဆေးခြင်း” ကို ဦးစွာ ခံရပြီး မလုပ်ဆောင်မီ ၎င်းတို့၏ လက်ခံမှုကို ရရှိသည့်အလား၊ အခြားအယောက်တိုင်းကို ၎င်းတို့ ကောင်းစွာ သိကြလေသည်။ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် အခြား အယောက်တိုင်းကို ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေများထိ အပြည့်အဝ အကဲဖြတ်ပြီးသည့်အလားပင် ဖြစ်လေသည်။ လူသားများသည် ဤကဲ့သို့သာ ဖြစ်ကြသည်။ ၎င်းတို့သည် ယနေ့တွင် နိုင်ငံတော်ခေတ်ထဲသို့ ဝင်ရောက်ပြီး ဖြစ်သော်လည်း၊ ၎င်းတို့၏ သဘာဝသည် မပြောင်းမလဲ ရှိနေသည်။ ၎င်းတို့သည် ငါ၏ ရှေ့မှောက်တွင် ငါလုပ်ဆောင်သည့်အရာကို လုပ်ဆောင်ကြဆဲဖြစ်ပြီး၊ ငါ့နောက်ကွယ်တွင်မူ ၎င်းတို့သည် ၎င်းတို့၏တစ်မူထူးသော ကိုယ်ပိုင် “စီးပွားရေးလုပ်ငန်း” ကို စတင် ဆောင်ရွက်ကြလေသည်။ သို့သော် နောက်ပိုင်းတွင်၊ ငါ၏ရှေ့မှောက်သို့ ၎င်းတို့ လာကြချိန်တွင်၊ ၎င်းတို့သည် သိသိသာသာ တည်ငြိမ်အေးဆေးကာ အကြောက်အလန့် မရှိဘဲလျက်၊ စိတ်ချုပ်ထိန်းထားသာ မျက်နှာများနှင့် တည်ငြိမ်သော သွေးခုန်နှုန်းဖြင့်၊ လုံးဝ မတူကွဲပြားသော လူများကဲ့သို့ ဖြစ်ကြသည်။ ဤသည်မှာ လူသားများအား အလွန် စက်ဆုပ်ရွံရှာဖွယ် ဖြစ်စေသောအရာ အတိအကျ မဟုတ်လော။ များလှစွာသော လူတို့သည် လုံးဝ မတူကွဲပြားသော မျက်နှာနှစ်ခုကို ဆင်မြန်းထားကြသည်- တစ်ခုမှာ ငါ၏ရှေ့တွင် ရှိစဉ်ဖြစ်ပြီး၊ နောက်တစ်ခုမှာ ငါ၏နောက်ကွယ်တွင် ရှိသည့်အခါ ဖြစ်သည်။ ၎င်းတို့ထဲမှ များလှစွာသောသူတို့သည် ငါ၏ရှေ့တွင် ရှိသည့်အခါ၊ မွေးကင်းစ သိုးသငယ်များကဲ့သို့ ပြုမူကြသော်လည်း၊ ငါ၏နောက်ကွယ်တွင် ရှိသည့်အခါ၊ ၎င်းတို့သည် ကြမ်းကြုတ်သော ကျားများအဖြစ်သို့ ပြောင်းလဲသွားကြပြီး၊ ထို့နောက်တွင် တောင်ကုန်းများ တစ်ဝိုက်တွင် ပျော်ရွှင်မြူးထူးစွာ လူးလာပျံသန်းနေသော ငှက်ငယ်များကဲ့သို့ ပြုမူကြလေသည်။ လွန်စွာ များလှသောသူတို့သည် ငါ၏မျက်နှာစေ့စေ့ကြည့်ပြီး ရည်ရွယ်ချက်နှင့် သန္နိဌာန်တို့ကို ပြသကြသည်။ အလွန်များစွာသော သူတို့သည် ငါ၏နှုတ်ကပတ်တော်များကို ဆာငတ်မှုနှင့် တောင့်တခြင်းတို့ဖြင့် ရှာဖွေရင်း ငါ၏ ရှေ့မှောက်သို့ လာကြသော်လည်း၊ ငါ၏နောက်ကွယ်တွင် ငါ၏ မိန့်မြွက်ချက်များက ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်ခဲ့သည့်အလား၊ ယင်းတို့ကို တိုး၍ ငြီးငွေ့ကာ စွန့်ပယ်ကြလေသည်။ ကြိမ်ဖန်များစွာ၊ ငါ့ရန်သူအားဖြင့် လူသားမျိုးနွယ် ဖောက်ပြန်ပျက်စီးသည်ကို မြင်နေရသည့်အခါ၊ ငါသည် လူသား၌ ငါ၏မျှော်လင့်ချက်များ ထားရှိခြင်းကို လက်လျှော့လိုက်ပြီဖြစ်သည်။ ကြိမ်ဖန်များစွာ၊ ခွင့်လွှတ်ခြင်းကို မျက်ရည်စက်လက်ဖြင့် ရှာဖွေရင်း၊ ငါ၏ ရှေ့သို့ ၎င်းတို့လာကြသည့်ကို မြင်ရသည့်အခါ၊ မည်သို့ပင်ဆိုစေ ငါသည် ၎င်းတို့၏ မိမိကိုယ်ကိုယ် လေးစားမှု ကင်းမဲ့ခြင်းနှင့် ခေါင်းမာသည့် ပြုပြင်မရခြင်းတို့ကြောင့် ၎င်းတို့၏စိတ်နှလုံးများ စစ်မှန်ပြီး ၎င်းတို့၏ ရည်ရွယ်ချက်များ စစ်မှန်သောအခါတွင်ပင်၊ ၎င်းတို့၏ လုပ်ရပ်များကို ငါသည် အမျက်ဒေါသဖြင့် လျစ်လျူရှုပြီးဖြစ်သည်။ ကြိမ်ဖန်များစွာ၊ ငါ၏ ရှေ့မှောက်၌ ရှိချိန်တွင် ငါ၏ ထွေးပိုက်မှု၏ နွေးထွေးမှုကို မြည်းစမ်းရင်း၊ ငါ၏ ထွေးပိုက်မှုတွင် ရှိပုံရသည့် လူတို့သည် ငါနှင့်အတူ ပူးပေါင်းလုပ်ဆောင်ရလောက်အောင် စိတ်ချယုံကြည်မှုရှိသည်ကို ငါ မြင်ပြီးဖြစ်သည်။ ကြိမ်ဖန်များစွာ၊ ငါရွေးချယ်ထားသော လူများ၏ အပြစ်ကင်းခြင်း၊ ဖျတ်လတ်တက်ကြွခြင်းနှင့် ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းတို့ကို မျက်မြင် တွေ့ရလျက်၊ ဤအရာများကြောင့် ငါသည် ကြီးစွာ မပျော်ရွှင်နိုင်ရမည်နည်း။ လူသားများသည် “ကောင်းချီးမင်္ဂလာများ” နှင့် “ဆင်းရဲဒုက္ခ” နှစ်ခုလုံးက မည်သည့်အရာကို အတိအကျ ဆိုလိုသည်ကို နားမလည်ကြသည့်အတွက်၊ ၎င်းတို့သည် ငါ၏လက်များ၌ရှိ ၎င်းတို့၏ ရှေးမဆွက ခွဲခန့်မှတ်သားထားသည့် ကောင်းချီးမင်္ဂလာများအား မည်ကဲ့သို့ မွေ့လျော်ရမည်ကို မသိကြချေ။ ဤအကြောင်းရင်းကြောင့်၊ လူသားများသည် ငါ့ကို စိတ်ရင်းအတိုင်း ရှာဖွေခြင်းမှ အလှမ်းဝေးပေသည်။ အကယ်၍ မနက်ဖြန်သာ မရှိခဲ့ပါက၊ ငါ၏ရှေ့မှောက်တွင် ရပ်နေသော သင်တို့ထဲမှ မည်သူသည် လေသယ်ဆောင်သွားသော နှင်းပွင့်ကဲ့သို့ ဖြူစင်ကာ ကျောက်စိမ်းကဲ့သို့ ပြစ်မျိုးမှဲ့မထင်ဖြစ်မည်နည်း။ ငါ့အား သင်တို့၏ ချစ်ခြင်းသည် အရသာရှိသော အစာတစ်ခု၊ အထက်တန်းကျသော ဝတ်စုံတစ်စုံ၊ သို့မဟုတ် များပြားလှသော လစာများနှင့် မြင့်မားသော ရာထူးတို့ဖြင့် လဲလှယ်၍ရသည့် အရာတစ်ခုသာ ဖြစ်နိုင်မည်လော။ ယင်းကို အခြားသူများက သင့်အတွက် ထားရှိသော ချစ်ခြင်းမေတ္တာဖြင့် အလဲအလှယ်ပြု၍ ရနိုင်သလော။ စမ်းသပ်မှုများကို ကြုံရခြင်းသည် ငါ့အတွက် ၎င်းတို့၏ ချစ်ခြင်းမေတ္တာကို စွန့်လွတ်ခြင်း အဖြစ်သို့ လူတို့ကို အမှန်တကယ် လှုံ့ဆော်ပေးနိုင်မည်လော။ ဆင်းရဲဒုက္ခနှင့် အတိဒုက္ခများသည် ၎င်းတို့အား ငါ၏ အစီအစဉ်များနှင့် ပတ်သက်၍ စောဒကတက်စေလိမ့်မည်လော။ ငါ့နှုတ်ထဲရှိ ထက်မြသော ဓားကို မည်သူမျှ အမှန်တကယ် နားမလည်ဖူးကြချေ။ ၎င်းတို့သည် ထိုအရာ ဖြစ်ပေါ်စေသည့်အရာကို အမှန်တကယ် သဘောပေါက်ခြင်း မရှိဘဲ ယင်း၏ အပေါ်ယံအဓိပ္ပာယ်ကိုသာ သိကြလေသည်။ အကယ်၍ လူသားများသည် ငါ့ဓား၏ ထက်မြမှုကို စစ်မှန်စွာ မြင်တွေ့နိုင်ခဲ့ကြမည် ဆိုပါက၊ ၎င်းတို့သည် ကြွက်များကဲ့သို့ ၎င်းတို့၏ တွင်းများထဲသို့ သုတ်သုတ်ပျာပျာ ပြေးသွားကြမည် ဖြစ်သည်။ ၎င်းတို့၏ ထုံထိုင်းမှုကြောင့်၊ လူသားများသည် ငါ့နှုတ်ကပတ်တော်များ၏ စစ်မှန်သည့် အဓိပ္ပာယ်နှင့်ဆိုင်သည့် မည်သည့်အရာကိုမျှ နားလည်ခြင်း မရှိကြပေ၊ ထို့ကြောင့် ၎င်းတို့သည် ငါ၏နှုတ်ကပတ်တော်များက မည်မျှ ရှိန်လောက်စရာ ကောင်းသည် သို့မဟုတ် ယင်းတို့က လူသား သဘာဝအား မည်မျှ ထုတ်ဖော်ပြပြီး၊ ထိုနှုတ်ကပတ်တော်များအားဖြင့် ၎င်းတို့၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးမှု မည်မျှပင် တရားစီရင်ခံရပြီး ဖြစ်သည်ကို ၎င်းတို့ ဘာမျှမသိချေ။ ဤအကြောင်းရင်းကြောင့်၊ ငါပြောသည့်အရာနှင့်ပတ်သက်၍ ၎င်းတို့၏ မနူးမနပ် စိတ်ကူးများ၏ အကျိုးဆက်အနေဖြင့်၊ လူအများစုသည် ဟက်ဟက်ပက်ပက် မရှိသော သဘောထားတစ်ခုကို ခံယူကြပြီးဖြစ်သည်။
နိုင်ငံတော်အတွင်းတွင်၊ မိန့်မြွက်ချက်များကို ငါ၏ နှုတ်မှ ထုတ်ပြန်သည်သာမက၊ ငါ၏ခြေသည်လည်း မြေတစ်ပြင်လုံးအနှံ့ ဟိတ်ဟန်ရှိစွာ နင်းလျှောက်လေသည်။ ဤနည်းဖြင့် ကောင်းကင်ဘုံသာ ပြောင်းလဲနေဖို့မဟုတ်ဘဲ၊ ကမ္ဘာမြေကြီးသည်လည်း အသွင်အပြောင်းလဲမှု ဖြစ်စဉ်ထဲတွင် ရှိနေကာ နောက်ပိုင်းတွင် အသစ်ပြုပြင်ခံရရန်အလို့ငှာ၊ ငါသည် မသန့်ရှင်းသကဲ့သို့၊ ညစ်ညမ်းသော နေရာများ အားလုံးအပေါ် အောင်နိုင်ပြီးဖြစ်သည်။ အာကာသ အတွင်းတွင်၊ အရာရာသည် ကောင်းကင်ဘုံများထက် သာလွန်သော ကောင်းကင်ဘုံတစ်ခု၌ ယခုတည်ရှိသည့်အလား၊ စာတန်၏ ကိုယ်ထိလက်ရောက် စော်ကားခြင်း မခံရသကဲ့သို့၊ ပြင်ပရန်သူများ၏ တိုက်ခိုက်ခြင်းများနှင့် ကင်းရှင်းလျက်၊ လူသား၏ စိတ်ကူးစိတ်သန်း ထဲတွင် စိတ်ကူးထားသည့်အတိုင်း၊ စိတ်အာရုံများကို ဘဝင်ခိုက်စေပြီး လူတို့၏ စိတ်ဝိညာဉ်များကို တက်ကြွစေသည့် ကြည်နူးအားရဖွယ် သွင်ပြင်လက္ခဏာတစ်ခု ဆောင်လျက် ငါ့ဘုန်း၏ တောက်ပမှု၌ အသစ်ကဲ့သို့ ထွန်းလင်းကြလေသည်။ စကြဝဠာ၏ အမြင့်ဆုံး အပိုင်းအကန့်များတွင်၊ အသင်္ချေဖြစ်သော ကြယ်များသည် မှောင်မိုက်ချိန်များတွင် နက္ခတ်တာရာနှင့်ဆိုင်သော နယ်မြေများ တစ်လျှောက်တွင် ၎င်းတို့၏ အလင်းရောင်ကို ဖြာကျစေလျက်၊ ငါ၏အမိန့်ဖြင့် ၎င်းတို့၏ သတ်မှတ်ထားသော နေရာများကို ယူကြလေသည်။ မည်သည့်ဖြစ်တည်မှု တစ်ခုတစ်လေကမျှ ထိန်းကျောင်းရခက်သည့် အတွေးများ မသိုထားဝံ့ကြပေ၊ ထို့ကြောင့် ငါ၏စီမံအုပ်ချုပ်ခြင်းဆိုင်ရာ အမိန့်များ၏ အနှစ်သာရနှင့်အညီ၊ စကြဝဠာ တစ်ခုလုံးသည် ကောင်းမွန်စွာ ထိန်းညှိခံရပြီး၊ ပြည့်စုံသည့် စနစ်ကျမှုတွင် ရှိလေသည်။ မည်သည့်နှောင့်ယှက်မှုမျှ မပေါ်ပေါက်ဖူးသကဲ့သို့၊ အာကာသသည် ပြိုကွဲမခံရဖူးပေ။ ငါသည် ကြယ်များအထက်တွင် ခုန်ပျံကျော်လွှားမှုများကို ဆောင်ရွက်ပြီး၊ နေသည် ၎င်း၏ ရောင်ခြည်တန်းများကို ပစ်လွှတ်လေသောအခါတွင်၊ ငါ၏လက်များမှ လွင့်မျောကျလာသော ငန်း၏ အမွေးအတောင်များတမျှ ကြီးမားသော ဧရာမ ဆီးနှင်းပွင့်များ အပြိုက်ပြိုက်တို့ကို စေလွှတ်ရင်း၊ ငါသည် နေရောင်ခြည်တန်းများ၏ အနွေးဓာတ်ကို ပိတ်ကွယ်စေသည်။ သို့သော် ငါစိတ်ပြောင်းသွားသည့်အခါတွင်၊ ထိုနှင်းအားလုံးသည် မြစ်တစ်စင်းထဲသို့ အရည်ပျော်သွားပြီး တစ်ခဏချင်းအတွင်း မိုးကောင်းကင်အောက် နေရာအနှံ့အပြား၌ နွေဦးရာသီ ပေါ်ပေါက်လာပြီး မြစိမ်းရောင်သည် ကမ္ဘာမြေပေါ်ရှိ ရှုခင်းတစ်ခုလုံးကို အသွင်ပြောင်း လိုက်လေပြီ။ ငါသည် မိုးမျက်နှာကြက် အထက်၌ လှည့်လည် သွားလာလျက် ရှိပြီး၊ ချက်ချင်း ကမ္ဘာမြေကြီးသည် ငါ၏ ပုံသဏ္ဌာန်ကြောင့် ပိန်းပိတ်အောင် မည်းနက်သော အမှောင်ထုဖြင့် ပိတ်ဖုံးသွားသည်။ သတိပေးချက် မရှိဘဲနှင့်၊ “ည” သည် ရောက်ရှိပြီး ဖြစ်ကာ၊ ကမ္ဘာလောကတစ်လျှောက်တွင် တိုး၍ အလွန် မည်းမှောင်သည်မှာ မိမိမျက်နှာရှေ့က မိမိလက်ကို မြင်၍မရနိုင်ပေ။ အလင်း ကွယ်ပျောက်သည်နှင့်တစ်ပြိုင်နက်၊ လူသားများသည် အချင်းချင်း ဖျက်ဆီးသောင်းကျန်းခြင်း၊ တစ်ယောက်ထံမှ တစ်ယောက် အလစ်သုတ်ခြင်းနှင့် အဓမ္မလုယူခြင်းတို့ကို စတင်ရန် ဤခိုက်အတန့်ကို မလွတ်တမ်းအသုံးချလေသည်။ ကမ္ဘာမြေ၏ တိုင်းနိုင်ငံများသည် ပရမ်းပတာ မညီမညွတ်ဖြစ်မှုထဲသို့ ကျဆင်းသွားကာ ၎င်းတို့အားလုံး ရွေးနုတ်ခြင်းမခံရနိုင်တော့သည်အထိ၊ နောက်ကျိသော ဆူပူမှု အခြေအနေတစ်ခုထဲသို့ ဝင်ရောက်သွားသည်။ လူတို့သည် မချိတင်ကဲ ဒုက္ခဆင်းရဲထဲတွင် ရုန်းကန်ရသည်၊ လူ့လောကသို့ အလင်း နောက်တစ်ကြိမ် ရုတ်တရက် ကြွဆင်းပြီး ထိုသို့ဖြင့် အမှောင်ထု၏နေ့ရက်များ အဆုံးသတ်သွားကာ တစ်ချိန်က တည်ရှိခဲ့သော အသက်ပါခြင်းကို နဂိုအတိုင်း ပြန်ဖြစ်စေဖို့ကို တမ်းတရင်း၊ ၎င်းတို့၏ နာကျင်မှုအလယ်တွင် ညည်းတွားကာ မြည်တမ်းကြပြီး၊ ၎င်းတို့၏ ဒုက္ခဝေဒနာထဲတွင် သနားစဖွယ် ငိုကြွေးမြည်တမ်းခြင်းကို ပြုကြလေသည်။ သို့သော် ငါသည် ကမ္ဘာလောက၏ မှားယွင်းမှုများအတွက် ၎င်းတို့အပေါ် နောက်တစ်ဖန် သနားခြင်းမရှိဖို့၊ ငါ၏အင်္ကျီလက်စများကို ပုတ်ခါလျက် လူသားအား ငါစွန့်ပစ်ပြီးသည်မှာ ကြာလှပြီဖြစ်သည်။ ကမ္ဘာမြေတစ်ခုလုံး၏ လူများကို ငါသည် အချိန်ကြာမြင့်စွာက ရွံ့ရှာမုန်းတီးကာ ငြင်းပယ်ပြီး ဖြစ်သည်၊ ထိုနေရာက အခြေအနေများကို ငါ လျစ်လျူရှုပြီးဖြစ်သည်၊ လူသားမျိုးနွယ်၏ လှုပ်ရှားမှုနှင့် အမူအရာတိုင်းမှ ငါ၏မျက်နှာအား လွှဲဖယ်ကာ၊ ယင်း၏ မရင့်ကျက်မှုနှင့် အပြစ်ကင်းခြင်း၌ အားရကျေနပ်ခြင်း မရှိလေပြီ။ ဤအသစ်သော လောကကြီးသည် မည်သည့်အခါတွင်မျှ တစ်ဖန် မနှစ်မြှုပ်ဘဲ၊ အဆောတလျင် ပြန်လည် မွေးဖွားနိုင်ဖို့အလို့ငှာ၊ ငါသည် လောကကြီးအား အသစ်ပြုပြင်ရန် အခြားသော အစီအစဉ် တစ်ခုနှင့်ပတ်သက်၍ စတင်ပြီးဖြစ်သည်။ လူသားမျိုးနွယ်၏ အလယ်တွင်၊ အလွန်များသည့် မျက်စိနောက်ဖွယ် အခြေအနေများသည် ၎င်းတို့ကို တည့်မတ်ပေးရန် ငါ့အား စောင့်ဆိုင်းနေကြသည်၊ ဖြစ်ပျက်ခြင်းမှ ကိုယ်တိုင်ကိုယ်ကျ တားဆီးဖို့ အလွန်များသော အမှားများစွာ ငါ့အတွက် ရှိနေသည်၊ ငါ့အတွက် လှဲကျင်းရန် အလွန်များသော ဖုန်မှုန့်များစွာ ရှိပြီး၊ ငါ့အတွက် ဖွင့်ဟရန် အလွန်များသော နက်နဲမှုများစွာ ရှိလေသည်။ လူသားမျိုးနွယ် အပေါင်းတို့သည် ငါ့အား စောင့်ဆိုင်းနေကြပြီး ငါ၏ကြွလာခြင်းကို တောင့်တနေကြသည်။
ကမ္ဘာမြေကြီးပေါ်တွင်၊ ငါသည် လူသားများ၏ နှလုံးသားများထဲ၌ နေထိုင်သည့် လက်တွေ့ကျသော ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်။ ကောင်းကင်ဘုံတွင်၊ ငါသည် ဖန်ဆင်းခြင်းခပ်သိမ်း၏ အရှင်သခင် ဖြစ်သည်။ ငါသည် တောင်များကို တက်ပြီးဖြစ်ကာ မြစ်များကို ဖြတ်ကူးပြီးဖြစ်သည်၊ ပြီးလျှင် လူသားမျိုးနွယ်၏ အလယ်တွင် ငါသည် တရွေ့ရွေ့ ဝင်ထွက် သွားလာပြီးဖြစ်သည်။ မည်သူသည် လက်တွေ့ကျသော ဘုရားသခင် ကိုယ်တော်တိုင်ကို ပေါ်ပေါ်ထင်ထင် ဆန့်ကျင်ဝံ့သနည်း။ မည်သူသည် အနန္တတန်ခိုးရှင်၏ အချုပ်အခြာ အာဏာကို ချိုးဖောက်လွန်မြောက်ဝံ့သနည်း။ ငါသည် ကောင်းကင်ဘုံ၌ ရှိသည်ဟု မည်သူသည် သံသယ စိုးစဉ်းမျှမရှိဘဲ အခိုင်အမာ ဆိုဝံ့သနည်း။ ထို့အပြင် ငါသည် ကမ္ဘာမြေကြီးပေါ်၌ ရှိသည်ဟု မငြင်းနိုင်ဘဲ၊ မည်သူသည် အခိုင်အမာ ဆိုဝံ့သနည်း။ ငါကျိန်းဝပ်ရာ အရပ်များကို အသေးစိတ်အချက်အလက်တိုင်းဖြင့် ပြောဆိုနိုင်စွမ်းရှိသူ လူသားမျိုးနွယ် အားလုံးထဲတွင် တစ်ဦးမျှ မရှိ။ ယင်းမှာ ငါသည် ကောင်းကင်ဘုံ၌ ရှိသည့်အချိန်တိုင်းတွင် သဘာဝလွန် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်ပြီး၊ ကမ္ဘာမြေကြီးပေါ်၌ ရှိသည့်အချိန်တိုင်းတွင် လက်တွေ့ကျသော ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်၍များ ဖြစ်နိုင်မည်လော။ ငါသည် လက်တွေ့ကျသော ဘုရားသခင်ကိုယ်တော်တိုင် ဟုတ်မဟုတ်ဆိုသည်ကို ငါ၏ ဖန်ဆင်းခြင်းအားလုံး၏ အုပ်စိုးရှင် ဖြစ်ခြင်း သို့မဟုတ် လူ့လောက၏ ဆင်းရဲဒုက္ခများကို ငါသည် တွေ့ကြုံခံစားသည် ဆိုသည့် အချက်အားဖြင့် သေချာပေါက် သတ်မှတ်၍ မရနိုင်သည်မှာ ဖြစ်နိုင်သလော။ ယင်းမှာ မှန်ကန်ခဲ့ပါက၊ လူသားတို့သည် မျှော်လင့်စရာအားလုံး မရှိတော့သည်အထိ မသိနားမလည်ဖြစ်ကြမည် မဟုတ်လော။ ငါသည် ကောင်းကင်ဘုံ၌ ရှိသော်လည်း၊ ကမ္ဘာမြေကြီး ပေါ်၌လည်း ရှိသည်။ ငါသည် အသင်္ချေသော ဖန်ဆင်းခြင်းအရာများ အကြားတွင် ရှိသကဲ့သို့၊ လူစုလူဝေးများအလယ်တွင်လည်း ငါရှိသည်။ လူသားများသည် နေ့တိုင်း ငါ့ကို ထိတွေ့နိုင်သည်။ ထို့အပြင် ၎င်းတို့သည် နေ့တိုင်း ငါ့ကို မြင်တွေ့နိုင်သည်။ လူသားမျိုးနွယ်နှင့်ပတ်သက်သရွေ့ ငါသည် တစ်ခါတစ်ရံတွင် ပုန်းကွယ်ကာ တစ်ခါတစ်ရံတွင် မြင်သာသည်ဟု ထင်ရသည်။ ငါသည် အမှန်တကယ် တည်ရှိသည်ဟု ထင်ရသော်လည်း ငါသည် တည်လည်းမတည်ရှိဟု ထင်ရသည်။ ငါ့အထဲ၌ လူသားမျိုးနွယ်တို့အဖို့ ဉာဏ်မမီနိုင်သော နက်နဲမှုများ တည်ရှိသည်။ ယင်းမှာ လူသားအားလုံးသည် ငါ့အထဲ၌ သာ၍ပင် များသော နက်နဲမှုများကို ရှာဖွေတွေ့ရှိရန်အလို့ငှာ အဏုကြည့်မှန်ပြောင်းမှ တစ်ဆင့် ငါ့အား စေ့စေ့ကြည့်ရှုနေသည့်အလား ဖြစ်သည်၊ ထိုသို့အားဖြင့် ၎င်းတို့၏ နှလုံးသားများထဲ၌ ရှိသော အနေရခက်သော ခံစားချက်ကို ပပျောက်စေရန် မျှော်လင့်နေကြသည်။ သို့သော် ၎င်းတို့သည် ဓာတ်မှန်များကို အသုံးပြုမည်ဆိုလျှင်ပင်၊ လူသားမျိုးနွယ်သည် ငါ၏ထိန်းသိမ်းထားသော လျှို့ဝှက်ချက်များထဲမှ တစ်ခုတစ်လေကို မည်သို့ ထုတ်ဖော်နိုင်မည်နည်း။
ငါ့အမှုတော်၏ အကျိုးဆက်အနေဖြင့်၊ ငါ၏လူများသည် ငါနှင့်အတူ ဘုန်းအသရေ ရရှိသည့် တကယ့်အခိုက်အတန့်တွင်၊ အဆင်းနီသော နဂါးကြီး၏ သားရဲတွင်းသည် ဖော်ထုတ်ခံရလိမ့်မည်၊ ရွှံ့နွံများနှင့် အညစ်အကြေးများ အားလုံး သန့်စင်အောင် လှည်းကျင်းခံရလိမ့်မည် ဖြစ်ပြီး၊ မရေမတွက်နိုင်သည့် နှစ်များတစ်လျှောက် စုပုံလာခဲ့သော ညစ်ညမ်းသည့်ရေသည် နောက်ထပ် မတည်ရှိတော့ရန်၊ ငါ၏ လောင်ကျွမ်းနေသော မီးများထဲ၌ ခမ်းခြောက်သွားလိမ့်မည်။ ထို့နောက်ချက်ချင်း၊ အဆင်းနီသော နဂါးကြီးသည် ကန့်နှင့်ရောနှောသော မီးအိုင်ထဲတွင် ပျက်စီးဆုံးရှုံးလိမ့်မည်။ သင်တို့သည် နဂါး၏ လုယူသွားခြင်း မခံရစေခြင်းငှာ ငါ၏ချစ်ခင်သော စောင့်ရှောက်မှု အောက်တွင် ဆက်လက်ရှိနေရန် စစ်မှန်စွာ လိုလားနေကြပါသလော။ သင်တို့သည် ၎င်း၏ လှည့်ဖြားတတ်သော ပရိယာယ်များကို အမှန်တကယ် မုန်းတီးသလော။ မည်သူသည် ငါ့အတွက် မြဲမြံသော သက်သေကိုခံနိုင်သနည်း။ ငါ၏အမည်နာမအတွက်၊ ငါ၏ဝိညာဉ်အတွက်၊ ပြီးလျှင် ငါ၏စီမံခန့်ခွဲမှုအစီအစဉ် တစ်ရပ်လုံးအတွက် မည်သူသည် ၎င်းတို့၏ အစွမ်းအစအားလုံးကို ဆက်ကပ်မှု ပြုနိုင်သနည်း။ ယနေ့တွင် နိုင်ငံတော်သည် လူ့လောက၌ ရှိနေချိန်သည် လူသားမျိုးနွယ်အလယ် လူကိုယ်တိုင် ငါကြွလာသော အချိန်ဖြစ်သည်။ ထိုသို့ မဟုတ်ခဲ့ပါက၊ မည်သည့် စိုးရိမ်ပူပန်ခြင်းမျှမရှိဘဲ၊ ငါ့ကိုယ်စား စစ်မြေပြင်ထဲသို့ အရဲစွန့် သွားနိုင်မည့်သူ တစ်ဦးတစ်လေ ရှိသလော။ နိုင်ငံတော်သည် ရုပ်လုံးပေါ်နိုင်ဖို့အလို့ငှာ၊ ငါ၏စိတ်နှလုံးသည် ရောင့်ရဲနိုင်ရန်အလို့ငှာ၊ ထို့အပြင် ငါ၏နေ့ရက်သည် ရောက်လာနိုင်ရန်အလို့ငှာ၊ ဖန်ဆင်းခြင်း၏ အသင်္ချေသော အရာများသည် ပြန်လည်မွေးဖွားပြီး အလျှံပယ် တိုးပွားသည့်အချိန် ရောက်လာနိုင်ရန်အလို့ငှာ၊ လူသားများသည် ၎င်းတို့၏ ဒုက္ခပင်လယ်ပြင်မှ ကယ်ဆယ်ခြင်း ခံရနိုင်ရန်အလို့ငှာ၊ မနက်ဖြန် ရောက်လာနိုင်ရန်အလို့ငှာ၊ ယင်းသည် အံ့သြဖွယ်ဖြစ်ပြီး ဖွံ့ဖြိုးဝေဆာလာကာ ရှင်သန်နိုင်ရန် အလို့ငှာ၊ အနာဂတ်၏ ပျော်ရွှင်မှုသည် ပြည့်စုံလာနိုင်ရန်အလို့ငှာ၊ လူသားမျိုးနွယ် အားလုံးသည် ငါ့အတွက် မိမိတို့ကိုယ်ကိုယ် အနစ်နာခံခြင်း၌ မည်သည့်အရာကိုမျှ ချန်ထားခြင်း မရှိဘဲ၊ ၎င်းတို့၏ အစွမ်းရှိသမျှဖြင့် ကြိုးပမ်း နေကြလေသည်။ ဤသည်မှာ အောင်မြင်မှုသည် ငါ့ပိုင်ဆိုင်မှု ဖြစ်နှင့်သည်ဆိုသည့် လက္ခဏာတစ်ရပ် မဟုတ်လော။ ယင်းမှာ ငါ့အစီအစဉ် ပြီးပြည့်စုံခြင်း အမှတ်အသားတစ်ခုဖြစ်သည် မဟုတ်လော။
နောက်ဆုံးသောကာလ၌ လူတို့ သာ၍ တည်ရှိလေလေ၊ ကမ္ဘာလောက၏ အနှစ်မဲ့မှုကို ၎င်းတို့ သာ၍ ခံစားရလေလေ ဖြစ်ပြီး၊ ဘဝရှင်သန်ခြင်းအတွက် သတ္တိ သာ၍ နည်းလေလေ ဖြစ်လိမ့်မည်။ ဤအကြောင်းရင်းကြောင့်၊ မရေမတွက်နိုင်သော လူတို့သည် စိတ်ပျက်ခြင်း၌ သေဆုံးကြပြီး ဖြစ်သည်၊ မရေမတွက်နိုင်သော အခြားသူများသည် ၎င်းတို့၏ ရှာဖွေခြင်း၌ စိတ်ပျက်ကြပြီးဖြစ်ကာ၊ မရေမတွက်နိုင်သော အခြားသူများသည် စာတန်၏ လက်များဖြင့် ကြိုးကိုင်ခြယ်လှယ်ခြင်း ခံရရန် မိမိတို့ကိုယ်ကိုယ် ဒုက္ခခံစေကြလေသည်။ ငါသည် အလွန်များစွာသော လူတို့ကို ကယ်ဆယ်ပြီးဖြစ်ကာ၊ ၎င်းတို့ထဲမှ အလွန်များစွာသောသူတို့ကို ထောက်မပြီးဖြစ်သည်၊ ထို့ကြောင့် မကြာခဏ လူသားများသည် အလင်းကို ဆုံးရှုံးကြပြီးချိန်တွင်၊ ၎င်းတို့သည် အလင်းအတွင်းတွင် ငါ့ကို သိရှိပြီး ပျော်ရွှင်မှုအလယ် ငါ့ကို မွေ့လျော်ကြဖို့အလို့ငှာ ငါသည် ၎င်းတို့အား အလင်းနေရာတစ်ခုထဲသို့ ပြန်လည် ရွှေ့ထားပြီးဖြစ်သည်။ ငါ့အလင်း ကြွလာခြင်းကြောင့်၊ ငါသည် လူသားမျိုးနွယ်အတွက် ချစ်မြတ်နိုးရသည့် ဘုရားသခင်- လူသားမျိုးနွယ်က ချစ်ခင်သော တွယ်တာမှုဖြင့် ဖက်တွယ်သော ဘုရားသခင် ဖြစ်သည့်အတွက်၊ ငါ၏နိုင်ငံတော်အထဲတွင် နေထိုင်ကြသော လူတို့၏ နှလုံးသားများထဲတွင် ကြည်ညိုခြင်း ကြီးထွားလာပြီး၊ ငါ့ပုံသဏ္ဌာန်နှင့်ဆိုင်သည့် စွဲမြဲသော ထင်မြင်ချက် တစ်ခုဖြင့် ပြည့်သွားကြလေသည်။ သို့သော် အားလုံးကို ထည့်သွင်း စဉ်းစားပြီးသည့်အချိန်တွင်၊ ဤသည်မှာ ဝိညာဉ်တော်၏ လုပ်ဆောင်မှုလော သို့မဟုတ် ဇာတိပကတိ၏ ဆောင်ရွက်ချက်လော ဆိုသည်ကို နားလည်သည့်သူ တစ်ယောက်မျှ မရှိပေ။ ဤအရာတစ်ခုကို အသေးစိတ် တွေ့ကြုံရန်ပင် တစ်သက်တာလုံး လူတို့ အချိန်ယူရပေလိမ့်မည်။ လူသားများသည် ၎င်းတို့ နှလုံးသားများ၏ အတွင်းအကျကျတွင် ငါ့အား မည်သည့်အခါတွင်မျှ မစက်ဆုပ်ဖူးပေ။ ထို့ထက် ၎င်းတို့သည် ၎င်းတို့၏ စိတ်ဝိညာဉ်များ၏ နက်ရှိုင်းရာအရပ်များတွင် ငါ့ကို ဖက်တွယ်ထားကြသည်။ ငါ၏ ဉာဏ်ပညာသည် ၎င်းတို့၏ကြည်ညိုခြင်းကို တိုးမြင့်စေသည်၊ ငါလုပ်ဆောင်သော အံ့သြဖွယ်အရာများသည် ၎င်းတို့၏ မျက်စိများအတွက် ပသာဒဖြစ်ဖွယ်ရာ ဖြစ်ပြီး ငါ၏ နှုတ်ကပတ်တော်များသည် ၎င်းတို့၏စိတ်များကို တုန်လှုပ်အံ့ဩစေသည်၊ သို့သော် ၎င်းတို့သည် ယင်းအရာများကို အလွန်အမင်း မြတ်နိုးလေသည်။ ငါ၏လက်တွေ့အရှိတရားသည် လူသားကို ဘာပြောရမှန်းမသိ ဖြစ်စေသည်၊ ကြက်သေသေစေကာ ဦးနှောက်ခြောက်စေသည်၊ သို့သော် ၎င်းတို့သည် ယင်းကို လက်ခံရန် လိုလားမနေကြချေ။ ဤသည်မှာ ၎င်းတို့ အမှန်တကယ် ဖြစ်ကြသည့်အတိုင်း လူသားများနှင့်ဆိုင်သည့် အကဲဖြတ်မှုများ အတိအကျ ဖြစ်သည် မဟုတ်လော။
၁၉၉၂ ခုနှစ်၊ မတ်လ ၁၃ ရက်