အခန်း ၁၆

လူသားကို ငါပြောချင်သည့် အရာများစွာရှိပြီး၊ သူ့ကို ငါပြောရမည့် အရာများ များစွာရှိသည်။ သို့သော်လည်း လူသား၏ လက်ခံနိုင်သော စွမ်းရည်သည် အလွန်ပင် နည်းပါးလွန်းလှသည်။ လူသားသည် ငါ၏ နှုတ်ကပတ်တော်ကို ငါသတ်မှတ်ထားသော အရာအတိုင်း ပြည့်ပြည့်ဝဝ သဘောမပေါက်နိုင်သကဲ့သို့၊ ရှုထောင့် တစ်ခုတည်းကိုသာ နားလည်ပြီး ကျန်အရာများကိုမူ မသိနားမလည်ကြ။ သို့သော် လူသား၏ အစွမ်းအစမဲ့ခြင်းကြောင့် သူ့ကိုမသတ်သကဲ့သို့၊ လူသား၏ အားနည်းမှုကြောင့် ငါ စိတ်မထိခိုက်ပေ။ ငါ၏အလိုကို လူသားသည် နားမလည်သော်လည်း၊ ငါသည် ငါ၏အလုပ်ကိုသာ လုပ်ပြီး၊ ငါအမြဲ ပြောခဲ့သည့်အတိုင်းပင် ငါ ပြောဆိုသည်။ အချိန်တန်သည့်အခါ လူသားတို့သည် ၎င်းတို့၏ နက်ရှိုင်းသော နှလုံးသားထဲ၌ ငါ့ကို သိရှိကြလိမ့်မည်ဖြစ်ပြီး၊ သူတို့၏ အတွေးများထဲ၌လည်း ငါ့ကို သတိရကြလိမ့်မည်။ ဤကမ္ဘာမြေကြီးမှ ငါထွက်ခွာသွားသည့် အချိန်သည် လူသား၏ နှလုံးသားပလ္လင်၌ ငါနန်းတက်သောအချိန် ဖြစ်လိမ့်မည်။ ဆိုလိုသည်မှာ ယင်းမှာ လူသားအားလုံး ငါ့ကို သိကျွမ်းသော အချိန်၌ ဖြစ်လိမ့်မည်။ ထိုနည်းတူစွာပင် ငါ၏သားများနှင့် ငါ့လူများသည် ကမ္ဘာမြေကြီးကို အုပ်ချုပ်သောအချိန်၌ ဖြစ်လိမ့်မည်။ ငါ့ကိုသိသော သူတို့သည် ငါ့နိုင်ငံတော်၌ အမှီတကဲ အသေအချာ ဖြစ်လာကြပြီး၊ ငါ့နိုင်ငံတော်ထဲ၌ သူတို့သာ အုပ်ချုပ်ရန်နှင့် တန်ခိုးအာဏာကို စွဲကိုင်ဖို့ရန် အရည်အချင်း ရှိကြလိမ့်မည်။ ငါ့ကိုသိသော သူအားလုံးတို့သည် ငါ၏ ဖြစ်ခြင်းကို ပိုင်ဆိုင်ကြပြီး၊ လူသားအားလုံးတို့ကြား၌ ငါ့အတိုင်း အသက်ရှင် နေထိုင်နိုင်ကြသည်။ ငါ့ကို လူသားတို့ မည်သည့် အတိုင်းအတာထိ သိရှိသည်ဆိုခြင်းနှင့် ပတ်သက်၍ ငါဂရုမပြုပေ- ငါ၏အမှုကို မည်သူ တစ်ဦးတစ်ယောက်မျှ မည်သည့်နည်းနှင့်မျှ ဟန့်တား မထားနိုင်ပေ။ ထို့အပြင် လူသားသည် ငါ့အတွက် အထောက်အကူ ပြုနိုင်ခြင်း၊ လုပ်ဆောင်ပေးနိုင်ခြင်း မရှိချေ။ လူသားသည် ငါ၏အလင်းထဲ၌ ငါ၏လမ်းပြမှုနောက်သာ လိုက်နိုင်ပြီး၊ အလင်းထဲ၌ ငါ၏အလိုကို ရှာဖွေနိုင်သည်။ ယနေ့ လူတို့သည် အရည်အချင်းများ ရှိကြပြီး သူတို့သည် ငါ၏ ရှေ့မှောက်၌ ဝင့်ဝင့်ကြွားကြွား လျှောက်လှမ်းနိုင်သော သူများဖြစ်ကြောင်း၊ သူတို့သည် ရှက်ကြောက်ခြင်း မရှိဘဲ ငါနှင့်အတူ ရယ်မော၊ ပြက်လုံးများကိုပြောပြီး၊ ငါ့အား တန်းတူဆက်ဆံ နိုင်ကြကြောင်းကို ယုံကြည်ကြသည်။ လူသားသည် ငါ့ကို မသိရှိသေးပေ။ ငါနှင့်သူတို့သည် သဘာဝအားဖြင့် ဆင်တူပြီး၊ နှစ်ဦးစလုံး အသွေး၊ အသားနှင့်ဖြစ်ကြပြီး၊ နှစ်ဦးစလုံး လူ့လောကထဲ၌ နေထိုင်ကြသည်ဟု ယုံကြည်နေသေးသည်။ ငါ့အပေါ်၌ထားသော သူ၏ရိုသေလေးမြတ်မှုသည် အလွန်အမင်း နည်းပါးလှသည်၊ သူသည် ငါ့ရှေ့မှောက်၌ ရှိသောအခါ၊ ငါ့ကို ရိုသေလေးမြတ်သော်လည်း၊ ဝိညာဉ်တော်၏ ရှေ့မှောက်၌ ငါ့ကိုအစေခံခြင်းငှာ မတတ်စွမ်းနိုင်ပေ။ လူသားအတွက် ဝိညာဉ်တော်သည် ရှိမနေသကဲ့သို့ပင် ဖြစ်သည်။ ရလဒ်အနေဖြင့် လူသားတစ်ဦးတစ်ယောက်မျှ ဝိညာဉ်တော်ကို သိရှိခဲ့ကြခြင်း မရှိပေ၊ ငါ၏ လူ့ဇာတိခံယူခြင်းတွင် လူများသည် အသွေးအသားနှင့် ကိုယ်ခန္ဓာကိုသာ မြင်တွေ့ကြပြီး ဘုရားသခင်၏ ဝိညာဉ်တော်ကို သတိပြုမိခြင်း မရှိကြချေ။ ထိုသို့သော နည်းလမ်းအားဖြင့် ငါ၏အလိုသည် အမှန်တကယ် ပြည့်စုံနိုင်မည်လော။ လူတို့သည် ငါ့ကို လှည့်စားရာ၌ ကျွမ်းကျင်ကြ၏။ ငါ့ကို လှည့်စားဖို့ရန်အတွက် စာတန်၏ အထူးသင်ကြားခြင်းကို ခံခဲ့ရသော သူများသဖွယ် ထင်ရသည်။ သို့သော် ငါသည် စာတန်ကြောင့် စိတ်ညစ်ရခြင်း မရှိ။ မြေကြီးပေါ်၌ ငါ၏ နိုင်ငံတော် တည်ထောင်နိုင်ရန်အလို့ငှာ၊ ငါသည် လူသားမျိုးနွယ် တစ်ရပ်လုံးကို သိမ်းပိုက်ဖို့ရန်နှင့် လူသားမျိုးနွယ် အားလုံးအား ဖောက်ပြန်ပျက်စီးစေသူကို အနိုင်ယူဖို့ရန်အတွက် ငါ့ဉာဏ်ပညာကို အသုံးပြုဦးမည် ဖြစ်သည်။

လူသားများကြား ကြယ်များ၏ အရွယ်အစား သို့မဟုတ် အာကာသ၏ အရွယ်အစားကို သေချာအောင် လေ့လာစိစစ်ရန် ကြိုးစားခဲ့သောသူများ ရှိကြသည်။ သို့သော်လည်း သူတို့၏ သုတေသနသည် အောင်မြင်ဖြစ်ထွန်းကြောင်း သက်သေ မပြခဲ့ကြချေ၊ ထို့အပြင် တုန်လှုပ်ချောက်ချားလျက် ဦးခေါင်းငုံ့ပြီး ကြိတ်မှိတ် အရှုံးပေးရုံသာ တတ်နိုင်ကြသည်။ လူသားများ အားလုံးအလယ်တွင် ကြည့်ရှုပြီး လူသား၏ အင်အားကို သူ၏ကျရှုံးမှုများထဲတွင် လေ့လာရာ၌၊ ငါ့ကို လုံးလုံးလျားလျား ယုံကြည်သောသူ တစ်ယောက်မျှ မတွေ့ပေ။ ငါ့စကားကိုနာခံပြီး ငါ့ထံသို့ ကျိုးနွံအပ်နှံသောသူ တစ်ယောက်မျှ မတွေ့ပေ။ လူသား၏ ရည်မှန်းချက်များသည် အထိန်းအကွပ် မဲ့လိုက်လေခြင်းပါတကား။ နက်နဲရာအရပ် တစ်ခုလုံးသည် မှုန်ဝါးနေသောအခါ လူသားများကြားထဲ၌ ငါသည် လောကကြီး၏ ခါးသီးမှုကို စတင်မြည်းစမ်းမိသည်။ ငါ့ဝိညာဉ်သည် ကမ္ဘာတစ်ခွင် လှည့်လည်ပြီး လူသားများအားလုံး၏ နှလုံးသားများကို ကြည့်ရှုသည်။ သို့တိုင် ငါသည် ငါ၏ခံယူထားသော လူ့ဇာတိထဲ၌ လူသားမျိုးနွယ်ကိုလည်း သိမ်းပိုက်အောင်နိုင်၏။ လူသားသည် မျက်စိကန်းနေသောကြောင့် ငါ့ကိုမမြင်တွေ့ပေ။ လူသားသည် ထုံထိုင်းလာသောကြောင့် ငါ့ကိုမသိရှိပေ။ လူသားသည် မနာခံသောကြောင့် ငါ့ကိုဆန့်ကျင်၏။ လူသားသည် ငါ၏သိမ်းပိုက်ခြင်းကို ခံခဲ့ရသောကြောင့်၊ ငါ၏ရှေ့မှောက်တွင် ဦးညွှတ်ရန် လာ၏။ ငါသည် လူသား၏ချစ်ခြင်းမေတ္တာနှင့် ပင်ကိုအားဖြင့် ထိုက်တန်သောကြောင့်၊ လူသားသည် ငါ့ကိုချစ်လာသည်။ လူသားသည် ငါ့အတွက် အသက်ရှင်နေထိုင်ပြီး ငါ့ကို သိသာထင်ရှားစေသည်၊ အဘယ်ကြောင့်ဆိုသော် ငါ၏တန်ခိုးနှင့် ဉာဏ်ပညာသည် လူသားကို ငါ့စိတ်နှင့် ကိုက်ညီစေသောကြောင့် ဖြစ်သည်။ လူသား၏ နှလုံးထဲ၌ ငါ့အတွက် နေရာရှိသော်လည်း၊ သူ၏ စိတ်ဝိညာဉ်ထဲ၌ နေထိုင်သော လူသားထံမှ ချစ်ခြင်းမေတ္တာကို တစ်ခါမျှပင် ငါမရရှိခဲ့ဖူးပေ။ အရာအားလုံးထက် လူသား ချစ်မြတ်နိုးသော အရာများ လူသား၏ စိတ်ဝိညာဉ်ထဲ၌ အကယ်ပင် ရှိနေသည်။ သို့သော် ငါသည် ထိုအရာများထဲတွင်မပါပေ။ ထို့ကြောင့် လူသား၏ ချစ်ခြင်းမေတ္တာသည် ဆပ်ပြာပူဖောင်း ကဲ့သို့ပင် ဖြစ်သည်။ ထိုပူဖောင်းများသည် လေတိုက်သောအခါ၊ ပေါက်၍သွားပြီး နောက်တစ်ဖန် တွေ့မြင်ရခြင်း မရှိတော့ပေ။ ငါသည် လူသားအပေါ်၌ ထားသော ငါ၏ သဘောထားကို တစ်သမတ်တည်း မပြောင်းမလဲ ထားခဲ့သည်။ လူသားမျိုးနွယ်ထဲက တစ်စုံတစ်ဦးသည် ထိုကဲ့သို့ လုပ်ဆောင် နိုင်ခဲ့သလော။ လူသား၏ မျက်စိထဲ၌ ငါသည် အကောင်အထည်မရှိ၍ လေကဲ့သို့ မြင်မရပေ၊ ထိုအကြောင်းကြောင့် လူသားအများစုသည် အဆုံးအစမဲ့သော ကောင်းကင်၊ သို့မဟုတ် တလိပ်လိပ် လှိမ့်နေသော ပင်လယ်၊ သို့မဟုတ် တည်ငြိမ်သော ရေကန်၊ သို့မဟုတ် အဓိပ္ပာယ်ကင်းမဲ့သော ကျမ်းဟောင်းတရားများနှင့် သြဝါဒများ အပေါ်တွင်သာ အာရုံစိုက်လျက် ရှိကြသည်။ လူသားမျိုးနွယ်၏ အနှစ်သာရကို သိသောသူ တစ်စုံတစ်ယောက်မျှမရှိ၊ ငါ့အထဲ၌ရှိသော နက်နဲရာများကို ပြောနိုင်သည့်သူ သာ၍ပင် မရှိပေ၊ ထို့ကြောင့် လူသားကို ငါတောင်းဆိုသည်ဟု သူစိတ်ကူးသည့် အမြင့်မားဆုံးသောအဆင့်အတန်း ရရှိဖို့ရန် ငါမတောင်းဆိုပေ။

ငါ၏နှုတ်ကပတ်တော်များအလယ်၌ တောင်များ ပြိုလဲ၏၊ မြစ်ရေများ နောက်ပြန်စီးဆင်း၏၊ လူသားသည် ကျိုးနွံနှိမ့်ချသူ ဖြစ်လာပြီး၊ ကန်ရေများသည် ရပ်တန့်ခြင်း မရှိဘဲ စတင်စီးဆင်းလာသည်။ လှိုင်းထနေသော ပင်လယ်များသည် ဒေါသတကြီးဖြင့် မိုးကောင်းကင်ဆီသို့ တလိပ်လိပ် တက်နေသော်လည်း၊ ငါ၏ နှုတ်ကပတ်တော်များအကြား ထိုပင်လယ်များသည် ရေကန်၏ မျက်နှာပြင်ကဲ့သို့ ငြိမ်သက်သွားကြသည်။ ငါ့လက်ကို အနည်းငယ်မျှ ဝှေ့ယမ်းလိုက်သည်နှင့် ပြင်းထန်သည့် လေပြင်းသည် ချက်ချင်း ကွယ်ပျောက်သွားပြီး ငါ့ထံမှ ထွက်ခွာသွားကြသည်၊ လူ့လောကသည်လည်း ချက်ချင်းပင် ပြန်လည်၍ တည်ငြိမ်အေးချမ်း သွားခဲ့သည်။ သို့သော် ငါသည် ငါ၏အမျက်ကို ထုတ်လွှတ်သောအခါ၊ တောင်တို့သည် ချက်ချင်း အစိတ်စိတ် အမြွှာမြွှာကွဲကြ၏၊ မြေကြီးတို့သည် အပြင်းအထန် လှုပ်ရှား၏၊ ရေတို့သည် ချက်ချင်း ခန်းခြောက်ပြီး လူသားသည် ဘေးဒုက္ခကို ချက်ချင်း ခံစားရသည်။ ငါ၏ဒေါသအမျက်ကြောင့် လူသား၏ ဟစ်ကြွေးသံကို ငါဂရုမစိုက်၊ သူ၏ ဟစ်ကြွေးနေမကို တုံ့ပြန်၍ အကူအညီ မပေးပေ။ အဘယ်ကြောင့်ဆိုသော် ငါ၏ဒေါသအမျက်ထွက်နေ၍ဖြစ်သည်။ ငါသည် ကောင်းကင်ဘဝဂ် အလယ်၌ရှိစဉ်အခါ၊ ငါ့မျက်မှောက်၌ ကြယ်တို့သည် တုန်လှုပ် ချောက်ချားခြင်း ဘယ်သောအခါမျှ မရှိခဲ့ကြ။ ထိုအစား ကြယ်တို့သည် ငါ့အတွက် သူတို့၏ အလုပ်ကို အစွမ်းကုန် လုပ်ဆောင်ကြသည်၊ ထို့ကြောင့် သူတို့သည် ငါ့အတွက် ကြီးမားသော ဘုန်းတော်ကို ဖြစ်ပေါ်စေကြရန်၊ ငါသည် သူတို့၏ အပေါ်သို့ အလင်းကို သာ၍အပ်နှင်းကာ ပိုမို တောက်ပစွာဖြင့် ထွန်းလင်းစေသည်။ ကောင်းကင် ထွန်းလင်းလေလေ၊ မြေကြီးသည် မှောင်မိုက်အတိ ဖြစ်လေလေ ဖြစ်သည်။ ငါ၏အစီအစဉ်များသည် သင့်မြတ်လျော်ကန်ခြင်း မရှိသော အရာများအဖြစ် လူများစွာ စောဒကတက်ခဲ့ကြပြီး၊ ငါ့ကိုသစ္စာဖောက်ရန်နှင့် မှောင်မိုက်သည့်အခြေအနေကို ပြောင်းလဲရန်အတွက် မိမိတို့၏နိုင်ငံကို တည်ထောင်ရန် စွန့်ခွာသွားခဲ့ကြသည်။ သို့သော် မိမိတို့၏ ဆုံးဖြတ်ချက်အားဖြင့် ထိုအရာကို မည်သူအထမြောက်ခဲ့သနည်း။ မိမိတို့၏ ဖြေရှင်းချက်များ၌ မည်သူ အောင်မြင်ခဲ့သနည်း။ ငါ၏လက်အားဖြင့် စီရင်ပြုပြင်ထားသော အရာကို မည်သူပြောင်းလဲနိုင်သနည်း။ မြေကြီးပေါ်တွင် လူသားသည် လေထဲ၌ လန်းဆန်းသော ရုတ်ခြည်းခံစားမှုကို ရရန် မြေတစ်ပြင်လုံးသို့ နွေဦးရာသီ ပျံ့နှံ့လာသည့်အခါ၊ ငါသည် ကမ္ဘာကြီးထဲသို့ အလင်းကို လျှို့ဝှက်စွာနှင့် တိုးညှင်းစွာ စေလွှတ်ခဲ့သည်။ သို့သော် လူသားသည် မြေပြင်တစ်ခုလုံး မြူမှိုင်းနေသည်ကိုသာ မြင်တွေ့ရရန်နှင့် လူအားလုံးနှင့် အရာခပ်သိမ်းတို့သည် မရေရာ၊ မပီပြင်ဝိုးတဝါး ဖြစ်လျက်ရှိရန် ထိုအချိန် အတိအကျ၌ လူသား၏ မျက်စိကို ငါကာဆီးထားသည်။ လူတို့သည် မိမိတို့ဘာသာ သက်ပြင်းချ၍ “အလင်းသည် အဘယ့်ကြောင့် ခဏတာလေးသာ တည်ရပါသနည်း။ ဘုရားသခင်သည် လူသားအား အဘယ့်ကြောင့် မြူမှိုင်းနှင့် ဝိုးတိုးဝါးတားဖြစ်မှုကိုသာ ပေးပါသနည်း။” ဟု တွေးရုံသာ ရှိသည်။ လူသားတို့၏ စိတ်ပျက်ခြင်း အလယ်၌ မြူမှိုင်းသည် ချက်ချင်းလွင့်ပြယ်သွားသော်လည်း၊ မှုန်ဝါးဝါးအလင်းကို လူသားတို့ စူးစမ်းမိကြသောအခါ၌၊ ငါသည် လူသားတို့အပေါ်သို့ မိုးများဒလဟော ကျဆင်းလာစေပြီး လူသားတို့ အိပ်ပျော်နေစဉ်တွင်၊ သူတို့၏ နားစည်များသည် မိုးသက်မုန်တိုင်းကြောင့် ကွဲပျက်သွားကြသည်။ တုန်လှုပ်ချောက်ချားခြင်း၏ ဖမ်းစားခံရပြီး လူသားတို့သည် ခိုနားရန် အချိန်မရကြတော့ဘဲ၊ ရုတ်တရက် သည်းထန်စွာရွာသော မိုး၏ ဝါးမျိုခြင်း ခံရကြတော့သည်။ တစ်ခဏအတွင်း ကောင်းကင် အောက်တွင်ရှိသော အရာအားလုံးသည် ငါ၏ အမျက်ဒေါသများ အလယ်၌ သန့်စင်အောင် ဆေးကြောခံရကြသည်။ လူတို့သည် မိုးသည်းထန်စွာရွာသော ဘေးဒုက္ခဆိုက်ရောက်ခြင်းနှင့် ပတ်သက်၍ ညည်းညူခြင်း မရှိတော့ဘဲ လူသားတို့အထဲ၌ ရိုသေ လေးမြတ်ခြင်းများ ဖြစ်ပေါ်လာသည်။ ရုတ်တရက် ပြင်းထန်စွာ ရွာသွန်းသော မိုးကြောင့် အလွန်များပြားသော လူအများစုသည် ကောင်းကင်မှ ကျဆင်းလာသော မိုးရေအားဖြင့် ရေနစ် သေဆုံးကြကာ ရေထဲတွင် လူသေအလောင်းများ ဖြစ်သွားကြသည်။ ငါသည် မြေကြီးတစ်ပြင်လုံးကို ကြည့်၍ လူများစွာသည် နိုးထနေခြင်း၊ နောင်တရနေခြင်း၊ လှေငယ်များထဲ၌ ရေအရင်းအမြစ်များကို ရှာဖွေနေခြင်း၊ ငါ၏ခွင့်လွတ်မှုကို တောင်းခံရန် ငါ့အား ပျပ်ဝပ်နေကြခြင်း၊ အလင်းကို မြင်တွေ့ရခြင်း၊ ငါ၏ မျက်နှာကို မြင်တွေ့ရခြင်း၊ အသက်ရှင်ဖို့ရန် ရဲစွမ်းသတ္တိ ရှိကြခြင်းအပြင် ကမ္ဘာကြီးတစ်ခုလုံး ပြောင်းလဲသည်ကို ငါတွေ့ရ၏။ ဤပြင်းထန်သော မိုးရွာခြင်း၏ နောက်၌ အရာအားလုံးသည် ငါ့စိတ်ထဲ၌ ၎င်းတို့ ဖြစ်ခဲ့သည့်အတိုင်း ပြန်ဖြစ်လာခဲ့ပြီး မနာခံခြင်း မရှိကြတော့ပေ။ များမကြာမီတွင် မြေကြီးတစ်ပြင်လုံးသည် ရယ်မောသံများနှင့် ပြည့်နေပြီး မြေကြီး၏ နေရာအရပ်ရပ်တို့၌ ချီးမွမ်းခြင်း သွင်ပြင်အခြေအနေတစ်ခု ရှိနေပြီး ငါ၏ ဘုန်းတော်မရှိသော နေရာတစ်ခုမျှမရှိပေ။ ငါ၏ဉာဏ်ပညာသည် မြေတစ်ပြင်လုံးနှင့် စကြဝဠာ တစ်ဝှမ်းလုံးတွင် တည်ရှိနေသည်။ အရာအားလုံးအကြားတွင် ငါ၏ဉာဏ်ပညာ အသီးအပွင့်တို့ တည်ရှိနေပြီး လူအားလုံးတို့၏ အကြားတွင် ငါ့ဉာဏ်ပညာ၏ အပြောင်မြောက်ဆုံးသော အရာများ ပေါက်ပွားကြသည်။ အရာခပ်သိမ်းသည် ငါ၏ နိုင်ငံတော်ထဲ၌ ရှိနေသော အရာအားလုံးကဲ့သို့ ဖြစ်ကြပြီး၊ လူအားလုံးသည် ငါ၏စားကျက်၌ရှိသော သိုးများကဲ့သို့ ငါ၏ ကောင်းကင်အောက်၌ ငြိမ်းချမ်းစွာ နေထိုင်ကြသည်။ ငါသည် လူသားအားလုံး အပေါ်၌ ရွေ့လျားပြီး နေရာအားလုံးကို စောင့်ကြည့်နေသည်။ မည်သည့်အရာမှ ဟောင်းနွမ်းသော ပုံမပေါက်၊ မည်သူတစ်ဦးတစ်ယောက်မျှ အရင်လို မဟုတ်ကြတော့ပေ။ ငါသည် ပလ္လင်ထက်၌ အနားယူပြီး စကြဝဠာတစ်ဝှမ်းလုံးကို ကျောခင်းလျက် ရှိပြီး ငါသည် လုံးလုံးလျားလျား စိတ်ကျေနပ်နေသည်၊ အကြောင်းမှာ အရာအားလုံးသည် မိမိတို့၏ သန့်ရှင်းခြင်းကို ပြန်လည်ရရှိခဲ့ကြကာ ငါသည် ဇိအုန်အထဲတွင် တဖန် ငြိမ်သက်စွာ နေထိုင်နိုင်ပြီး မြေကြီးပေါ်၌ရှိသော လူတို့သည် ငါ၏ လမ်းပြမှုအောက်၌ ငြိမ်းချမ်းစွာ နေထိုင်နိုင်၍ ကျေနပ်ရောင့်ရဲမှုနှင့် အသက်ရှင်နိုင် ကြသောကြောင့်ပင် ဖြစ်သည်။ လူသားအားလုံးသည် ငါ၏လက်ထဲရှိ အရာအားလုံးကို စီမံနေကြသည်၊ လူသားအားလုံးသည် သူတို့၌ အရင်ကရှိခဲ့သော အသိဉာဏ်နှင့် မူလပုံပန်း သဏ္ဌာန်ကို ပြန်လည်ရရှိခဲ့ကြသည်။ သူတို့သည် မြေမှုန့်အားဖြင့် ဖုံးအုပ်ခြင်း မခံရတော့ဘဲ၊ ငါ၏ နိုင်ငံတော်ထဲ၌ သူတို့သည် ကျောက်စိမ်းကဲ့သို့ သန့်ရှင်းကြပေသည်၊ တစ်ယောက်စီတို့၏ မျက်နှာသည် လူသား၏နှလုံးသားထဲ၌ ရှိနေသော သန့်ရှင်းသောသူ၏ မျက်နှာ ရှိကြသည်။ အကြောင်းမှာ ငါ၏ နိုင်ငံတော်သည် လူသားတို့၏အကြား၌ တည်ထောင်ခဲ့ပြီး ဖြစ်သောကြောင့် ဖြစ်သည်။

၁၉၉၂ ခုနှစ်၊ မတ်လ ၁၄ ရက်

အရှေ့သို့- အခန်း ၁၅

နောက်တစ်ခုသို့- အခန်း ၁၇

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။