အခန်း ၃၇
ခေတ်ကာလတစ်လျှောက် ငါလုပ်ဆောင်ခဲ့သည့် အမှုအားလုံးတွင် ထိုအမှု၏ အဆင့်တိုင်း၌ ငါ၏သင့်လျော်သည့် လုပ်ဆောင်မှုနည်းလမ်းတို့ပါဝင်သည်။ ဤအကြောင်းကြောင့် ငါချစ်မြတ်နိုးရသည့် လူတို့သည် ငါအသုံးပြုရန်အတွက် ပို၍ စင်ကြယ်လာကြပြီး၊ ပို၍သင့်တော်လာစေခြင်း ခံခဲ့ရသည်။ သို့ရာတွင် “မကောင်းသည့်အချက်” မှာ ဤအကြောင်းကြောင့်ပင် ငါ၏ လုပ်ဆောင်မှုနည်းလမ်းများ များပြားလာသည်နှင့်အမျှ၊ လူအရေအတွက် လျော့နည်းလာပြီး၊ ဤသည်က လူတို့အား နက်နက်ရှိုင်းရှိုင်း စဉ်းစားတွေးတောမှုတွင် နစ်မြုပ်သွားစေခဲ့သည်။ ယနေ့၏ ဤအမှုသည် ထိုကဲ့သို့ပင်ဖြစ်နေဆဲဖြစ်ပြီး လူအများစုသည် စဉ်းစားတွေးတောမှုတွင် တစ်ဖန် ပြန်လည်ပါဝင်နေခဲ့သည်မှာ မှန်ပေသည်။ ထိုသို့ဖြင့် ငါ၏နည်းလမ်းများ ပြောင်းလဲမှုကြောင့် နောက်ဆုတ်ရမည့် လူအချို့ရှိသေးသည်။ ၎င်းကို ဤနည်းဖြင့် ဖော်ပြနိုင်လိမ့်မည်- ဤအရာသည် ငါကြိုတင်ခွဲခန့် မှတ်သားခဲ့သောအရာ ဖြစ်သော်လည်း ငါ လုပ်ဆောင်ခဲ့သည့်အရာ မဟုတ်ပေ။ ဖန်ဆင်းခြင်းအချိန်ကာလမှစ၍ များစွာသောလူတို့သည် ကျရှုံးခဲ့ကြပြီး၊ ငါ၏လုပ်ဆောင်မှုနည်းလမ်းတို့ကြောင့် များစွာသောလူတို့သည် လမ်းပျောက်ခဲ့ကြသည်။ သို့သော် လူတို့ မည်သည့်အရာ လုပ်ဆောင်သည်ကို ငါဂရုမစိုက်ပေ- ငါသည် မကြင်နာတတ် သို့မဟုတ် ငါသည် အလွန်ရက်စက်သည်ဟု ၎င်းတို့ခံစားရခြင်းရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ၎င်းတို့၏ နားလည်မှု မှန်ကန်သည်ဖြစ်စေ မမှန်ကန်သည်ဖြစ်စေ၊ ရှင်းပြချက်ပေးခြင်းကို ငါရှောင်ကြဉ်သည်။ လူတိုင်းနှံ့စပ်စွာနားလည်မှုရှိစေရန်နှင့် ၎င်းတို့ အဘယ်ကြောင့် ဆင်းရဲဒုက္ခခံရသည်ကို နားမလည်ခြင်းကို ဆီးတားရန် ဤဆွေးနွေးမှု၏ အဓိကအချက်ကို ငါတို့ ဉီးစွာ ဝေမျှကြစို့။ ငါသည် လူတို့အား ဆွံ့အသူတစ်ဦးကဲ့သို့ တိတ်ဆိတ်စွာ ဒုက္ခခံစားရန် ပြုစေမည်မဟုတ်။ ထိုအစား လူတို့သည် ငါ့အား မကျေမနပ်ဖြင့် ညည်းညူခြင်းမရှိစေရန်အတွက် အရာအားလုံးအား ငါသည်ရှင်းလင်းစွာ ဖော်ပြမည်။ တစ်နေ့တွင် ငါသည် လူအားလုံးအား ၎င်းတို့၏ပြစ်တင်ဆုံးမခြင်းကြား၌ စစ်မှန်သည့်ချီးမွမ်းခြင်းတို့ကို မြွက်ဆိုစေမည်။ ဤနည်းလမ်းမှာ သင်တို့ လက်ခံနိုင်ဖွယ် ရှိသလော။ ယင်းသည် လူတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးသလော။
ပြစ်တင်ဆုံးမခြင်းကာလ၏ အစပျိုးချိန်တွင် လူတို့သည် ငါ့အား ထိခိုက်စော်ကားမှု မပြုလုပ်ကြစေရန်အတွက် ဤ“ကာလ”၏ နောက်ကွယ်ရှိ ယေဘုယျအဓိပ္ပာယ်အား လူတို့ကို ငါဦးစွာပထမ ပြောပြမည်။ အတိအကျပြောရသော် မည်သူမျှ မပြောင်းလဲရသည့် ငါ၏အမှုအတွက်စီစဉ်မှုများကို ငါပြုလုပ်မည်ဖြစ်ပြီး ၎င်းတို့အားပြောင်းလဲသည့် မည်သူ့ကိုမဆို ငါသည် လုံးဝ ပေါ့ပေါ့တန်တန် သက်ညှာမည်မဟုတ်ပေ- ငါသည် ၎င်းတို့အား ပြစ်ဒဏ်ချမှတ်မည်။ ဤအချက်ကို သင်မှတ်မိမည်လော။ ဤအရာအားလုံးသည် “ကာကွယ်ဆေးများ” ဖြစ်သည်။ နည်းလမ်းသစ်များတွင် လူအားလုံးသည် ပထမဦးဆုံးရရှိမည့် ရည်မှန်းချက် ပန်းတိုင်မှာ ၎င်းတို့ကိုယ်တိုင်၏ အခြေအနေမှန်တို့ကို သိနားလည်ခြင်းတစ်ရပ် ရရှိရန်ဖြစ်ကြောင်း နားလည်သဘောပေါက်ရမည်။ မိမိကိုယ်မိမိ နားလည်မှုအချို့ မရရှိမီတွင် အသင်းတော်၌ မည်သူ့ကိုမျှ မဆင်မခြင် စကားပြောဆိုခွင့်ပြုမည်မဟုတ်ဘဲ၊ ဤစည်းကမ်းကို ချိုးဖောက်သူအား ငါသည် ဧကန်အမှန် ပြစ်တင်ဆုံးမမည်။ ဤနေ့မှစ၍ အသင်းတော်တို့တွင် တမန်တော်အားလုံးကို စာရင်းပြုစုထားမည်ဖြစ်ပြီး အနည်းငယ်သာ အကျိုးဖြစ်ထွန်းမည့် ဟိုဟိုသည်သည် သွားလာခြင်းကို တားမြစ်မည်။ ၎င်းတို့အားလုံးသည် ၎င်းတို့၏တာဝန်တို့ကို ဖြည့်ဆည်းနေပုံပေါ်ခဲ့သော်လည်း အမှန်တကယ်တွင် ၎င်းတို့သည် ငါ့အား လှည့်စားနေခဲ့သည်။ မည်သို့ဖြစ်ခဲ့ပါစေ၊ ယနေ့တွင် ထိုအရာအားလုံးသည် အတိတ်ကာလတွင်ရှိပြီး၊ ၎င်းတို့ကို ပြန်လည်ပြောဆိုခြင်း မပြုရပေ။ လူအားလုံးတို့သည် ၎င်းတို့၏ “ရာထူးများ”မှ ဆင်းလာပြီး၊ ကိုယ့်ကိုယ်ကိုယ် သိနိုင်ရန်၊ ဤအချိန်မှစ၍ “တမန်တော်” ဟူသည့် ဝေါဟာရကို ဖျက်သိမ်းပြီး မည်သည့်အခါမျှ ပြန်လည်မသုံးနှုန်းရပေ။ ဤအချက်သည် အမှန်ပင် ၎င်းတို့၏ ကယ်တင်ခြင်းအတွက် ဖြစ်သည်။ “ရာထူး” တစ်ခုသည် သရဖူတစ်ခုမဟုတ်ပေ။ အမည်တပ်ခေါ်ခြင်းတစ်ခုသာ ဖြစ်သည်။ ငါဆိုလိုသည်ကို နားလည်သလော။ အသင်းတော်တို့ကို ဦးဆောင်သောသူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အသင်းတော်များအတွင်း အသင်းတော်အသက်တာ၌ အသက်ရှင်နေဆဲဖြစ်သော်လည်း သို့ရာတွင် ဤအရာသည် တင်းကျပ်သော စည်းမျဉ်းမဟုတ်သည်မှာ အမှန်ပင်ဖြစ်သည်။ လိုအပ်သည့်အခါတွင် ထိုသူတို့သည် အခြားတမန်တော်ဟောင်းများနှင့် ညှိနှိုင်း၍ အသင်းတော်များသို့ လာရောက်လည်ပတ်နိုင်သည်။ ၎င်းတို့၏အသင်းသားတစ်ဦးမျှ အသင်းတော်အသက်တာဖြင့် အမှန်တကယ် အသက်ရှင်နေထိုင်ခြင်းမရှိလျှင် အသင်းတော်တို့၏ မိတ်သဟာယဖွဲ့မှုကို တိုးမြှင့်ရန်မှာ အရေးပါဆုံးသောအရာမှာ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သင်တို့အားလုံး မိမိကိုယ်ကိုယ်သိခြင်းနှင့် အဆင်းနီသောနဂါးကြီးအား ဆန့်ကျင်ရာတွင် စည်းလုံးကြရမည်ဟု ငါအလေးအနက် ပြောရပေမည်။ ဤအရာသည် ငါ၏အလိုတော်ဖြစ်သည်။ လူတို့မည်မျှပြောဆိုသည်မှာ အရေးမကြီးပေ၊ ယင်းအစား ငါ၏လူအားလုံးတို့သည် တစ်လုံးတစ်ဝတည်း စုဝေးနိုင်ရန်မှာ အရေးကြီးဆုံးဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းအရာသည် စစ်မှန်စွာသက်သေခံရန်အတွက် တစ်ခုတည်းသော နည်းလမ်းဖြစ်သောကြောင့် ဖြစ်သည်။ အတိတ်ကာလတွင် လူတို့အားလုံးသည် မိမိတို့ကိုယ်မိမိတို့ သိနားလည်လာကြလိမ့်မည်ဟု ဆိုခဲ့ကြသည်၊ သို့သော် ငါသည် မရေမတွက်နိုင်သည့် စကားတို့ကို မိန့်မြွက်ခဲ့ပြီး၊ သင်တို့သည် သင်တို့ကိုယ်သင်တို့ မည်မျှနားလည်လာခဲ့သနည်း။ လူတစ်ဦး၏ရာထူး မြင့်လေလေ၊ ၎င်းကိုယ်၎င်း ဘေးဖယ်ထားရန် ခက်ခဲလေလေ ဖြစ်သည့်အပြင် ၎င်းတို့၏ မျှော်လင့်ချက်များ ကြီးလေလေဖြစ်ပြီး၊ ပြစ်တင်ဆုံးမခံနေရချိန်တွင် ဒုက္ခခံရလေလေ ဖြစ်သည်။ ဤသည်မှာ လူသားမျိုးနွယ်အတွက် ငါ၏ကယ်တင်ခြင်း ဖြစ်သည်။ သင်တို့နားလည်သလော။ ဤအရာကို အပေါ်ယံသက်သက် မခံယူလေနှင့်၊ ထိုသို့ခံယူခြင်းသည် အလွန်ပေါ့တန်ခြင်းဖြစ်ပြီး၊ ယင်း၌ တန်ဖိုးမရှိပေ။ ဤနောက်ကွယ်ရှိ ဂယက်အနက်အဓိပ္ပာယ်များကို သင် နားလည်သလော။ အသင်းတော်မှ လူတို့သည် ၎င်းတို့ကိုယ်ကိုယ် အမှန်တကယ်နားလည်နိုင်စွမ်းရှိလျှင် ဤလူအမျိုးအစားများသည် ငါ့အား အမှန်တကယ် ချစ်ကြောင်းကို ဖော်ပြသည်။ ဆိုလိုသည်မှာ သင်သည် ထိုလူများနှင့်အတူ မုန့်ကို မဖဲ့လျှင် ၎င်းတို့၏ ဒုက္ခဆင်းရဲများကို သင်နားလည်မည်မဟုတ် ဟူ၍ဖြစ်သည်။ ဤ ဆိုစကားတို့ကို သင်မည်သို့ အဓိပ္ပာယ်ကောက်သနည်း။ အဆုံးတွင် ငါသည် လူအားလုံးအား ၎င်းတို့ပြစ်တင်ဆုံးမ ခံနေရစဉ် မိမိကိုယ်ကိုယ် နားလည်စေမည် ဖြစ်ပြီး၊ ၎င်းတို့ ဆုံးမခံနေရချိန်တွင် ၎င်းတို့အား သီချင်းဆို၍ ရယ်မောစေမည်။ သင်တို့သည် ငါ့အားကျေနပ်စေရန်အတွက် အမှန်တကယ် ယုံကြည်ခြင်းရှိမည်လော။ ဤသို့ဆိုလျှင် သင်တို့ လက်တွေ့လုပ်ဆောင်ရာတွင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ယခုအချိန်မှစ၍ အသင်းတော်တစ်ခုစီ၏ အမှုကိစ္စများအား ထိုအသင်းတော်တွင်ရှိသော သင့်လျော်သည့်လူမှ ကိုင်တွယ်လိမ့်မည်ဖြစ်ပြီး၊ တမန်တော်များသည် အသင်းတော်၏ အသက်တာ၌သာ အသက်ရှင်နေထိုင်လိမ့်မည်။ ဤအရာအား “အသက်တာအား ကြုံတွေ့ခံစားခြင်း” ဟု ခေါ်ဆိုသည်။ သင်တို့ နားလည်ပါသလော။
ပြစ်တင်ဆုံးမခြင်းသည် လူသားမျိုးနွယ်အပေါ်သို့ တရားဝင် မကျရောက်မီတွင် လူတို့အားလုံးသည် အဆုံး၌ ငါ့အား ကျေနပ်မှုပေးစေရန်အတွက် ငါသည် လူတို့အပေါ်တွင် “ကြိုဆိုနှုတ်ဆက်ခြင်းအမှု” ကို ပထမဦးဆုံးပြုလုပ်မည်။ နောက်ဆုတ်မည့်သူများသည်ပင်လျှင် မထွက်ခွာမီတွင် ဒုက္ခခံစားရမည်ဖြစ်ပြီး ၎င်းတို့၏ သက်သေခံခြင်းကို ပြီးဆုံးအောင် ပြုလုပ်ရမည်။ ဤသို့မဟုတ်လျှင် ငါသည် ထိုသူတို့အား ပေါ့ပေါ့တန်တန် သက်ညှာမည်မဟုတ်။ ဤအချက်သည် လူတို့၏ ထိခိုက်စော်ကားမှုအပေါ် ငါ၏သည်းမခံသည့် စိတ်သဘောထားနှင့် ငါပြောသည့်အရာကို ပြီးမြောက်စေသည့် ငါ၏စိတ်သဘောထားကိုလည်းပဲ ပြသသည်။ ဤသို့ဖြစ်သဖြင့် “ငါပြောသည့်အရာကို ငါအမှန်တကယ် ဆိုလိုသည်၊ ငါ ပြောဆိုသည့်အရာကို ပြုလုပ်ရမည်ဖြစ်ပြီး၊ ငါပြုလုပ်သည့်အရာသည် ထာဝရတည်ရှိရမည်။” ဟူသည့် ငါ၏ ကတိတို့ကို ပြည့်စုံစေပြီး ဖြစ်လိမ့်မည်။ ဤနှုတ်ကပတ်တော်တို့သည် ငါ၏ နှုတ်မှ ထွက်သည့်အခါတွင် ငါ၏ဝိညာဉ်တော်သည်လည်း သူ၏အမှုကို စတင်လုပ်ဆောင်သည်။ မည်သူသည် မိမိတို့၏လက်များတွင်ကိုင်ထားသည့် “အရုပ်”နှင့် တမင်ကစားဝံ့သနည်း။ လူတိုင်းသည် ငါ၏ပြစ်တင်ဆုံးမခြင်းအား ရိုကျိုးစွာနှင့် နာခံခြင်းရှိစွာ လက်ခံရမည်ဖြစ်သည်။ မည်သူသည် ထိုအရာမှ လွတ်မြောက်နိုင်သနည်း။ ငါ့အပြင် အခြားလမ်းကြောင်း ရှိနိုင်သလော။ ယနေ့ငါသည် သင့်အား ကမ္ဘာပေါ်တွင် ရှိခွင့်ပေးထားပြီး သင်သည် ဝမ်းမြောက်သည်။ မနက်ဖြန်တွင် ငါသည် သင့်အား ကောင်းကင်ဘုံ အတွင်းသို့ ခွင့်ပြုမည်ဖြစ်ပြီး သင်သည် ချီးမွမ်းလိမ့်မည်။ နောက်တစ်နေ့တွင် ငါသည် သင့်အား သင်ပြစ်တင်ဆုံးမခြင်း ခံရမည်နေရာဖြစ်သည့် မြေကြီးအောက် ထည့်မည်ဖြစ်သည်။ ဤအရာတို့သည် ငါ့အမှု၏လိုအပ်ချက်များ မဟုတ်လော။ မည်သူသည် ငါ၏လိုအပ်ချက်များအတွက် ဆင်းရဲခြင်းကို မခံစားကာ ကောင်းချီးများ မရရှိသနည်း။ သင်တို့သည် ခြွင်းချက်များ ဖြစ်နိုင်သလော။ ကမ္ဘာမြေပေါ်တွင်ရှိသည့် ငါ၏လူများအဖြစ် သင်တို့သည် ငါ၏လိုအပ်ချက်များနှင့် ငါ၏အလိုတော်အတွက် ဘာလုပ်သင့်သနည်း။ သင့်နှလုံးသားတွင် ငါ့အား မုန်းတီးစက်ဆုပ်လျက်ရှိစဉ် သင်သည် ငါ၏ သန့်ရှင်းသောနာမကို နှုတ်ဖြင့် ချီးမွမ်းခြင်းများ ဖြစ်နေနိုင်သလော။ ငါ့အတွက် အလုပ်လုပ်ခြင်း၊ ငါ၏ နှလုံးသားကို ကျေနပ်စေခြင်းအပြင် သင်တို့ကိုယ်သင်တို့ နားလည်ခြင်းနှင့် အဆင်းနီသောနဂါးကြီးအား ဆန့်ကျင်ပုန်ကန်ခြင်းတို့သည် လွယ်ကူသည့်တာဝန်များ မဟုတ်ဘဲ ဤသို့ပြုလုပ်ရန် သင်သည် အဖိုးအခကို ပေးရမည်။ “အဖိုးအခ” ဟု ငါပြောသည့်အခါတွင် ငါမည်သည့်အရာကို ဆိုလိုသည်ဟု သင်တို့ နားလည်သနည်း။ ငါသည် ဤအရာကို ယခုဆွေးနွေးမည် မဟုတ်သကဲ့သို့ လူတို့အား အဖြေများ တိုက်ရိုက်ပေးမည် မဟုတ်ပေ။ ထိုအစား ငါသည် ၎င်းတို့အား ဤအချက်ကို ၎င်းတို့ကိုယ်တိုင် စဉ်းစားတွေးတောစေပြီးနောက် ငါ၏မေးခွန်းတို့ကို ထိုသူတို့၏ လုပ်ဆောင်မှုများနှင့် အပြုအမူများအားဖြင့် ဖြေဆိုစေသည်။ သင်တို့ ဤအရာကို ပြုနိုင်သလော။
၁၉၉၂ ခုနှစ်၊ ဧပြီလ ၂၇ ရက်