သမ္မာတရားကို နားလည်သဘောပေါက်ခြင်းသည် မိမိ၏ တာဝန်ကို ကောင်းစွာ ဖြည့်ဆည်းခြင်းအဖို့ အရေးကြီးသည်
မိမိတာဝန်ကို ကျေနပ်ဖွယ်ရာ ထမ်းဆောင်ရန်အလို့ငှာ အရေးအကြီးဆုံးမှာ သမ္မာတရားအတွက် ကြီးမားသည့် အားထုတ်မှုတစ်ခု ပြုလုပ်ရန် ဖြစ်သည်။ သမ္မာတရား စည်းမျဉ်းများကို သဘောပေါက်ခြင်းအားဖြင့်သာ လူတို့သည် ဤစည်းမျဉ်းများနှင့်အညီ ပြုမူဆောင်ရွက်နိုင်ကြ၏။ ထို့အပြင် လူတို့သည် ၎င်းတို့၏ တာဝန်များနှင့် ဆက်စပ်သည့် ကျွမ်းကျင်မှု နယ်ပယ်အမျိုးမျိုးနှင့် အထူးပြု ကျွမ်းကျင်မှုများအကြောင်းကို သင်ယူရန် လိုအပ်ပြီး ရိုးရှင်းပြီး လက်တွေ့ကျသည့် နည်းပညာများကို သင်ယူရန် မုချလိုအပ်လေသည်။ လူအချို့က နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုအနည်းငယ် ရှိကြသော်လည်း ဤအရာကို ၎င်းတို့တာဝန်များတွင် မည်သို့ ကျင့်သုံးရမည်ကို ၎င်းတို့ မသိကြချေ။ အမှုအရာများကို ၎င်းတို့ လုပ်ဆောင်သည့်အခါ ၎င်းတို့ စိတ်နှလုံးများသည် ထိုကိစ္စရပ်များနှင့် ပတ်သက်၍ လုံးဝ မရှင်းကြပေ။ အမှုအရာများကို လုပ်ဆောင်သည့် မည်သည့်နည်းလမ်းက မှန်ကန်သည်၊ သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီပြီး အခြားသူများအား အကျိုးပြုနိုင်သည် သို့မဟုတ် မည်သည့်နည်းလမ်းသည် မမှန်ကန်သကဲ့သို့ စည်းမျဉ်းများအား ချိုးဖောက်သည်ဆိုသည်ကို ၎င်းတို့ မသိကြချေ။ ၎င်းတို့၏ စိတ်များနှင့် ရှုပ်ထွေးသည့် အခြေအနေတွင်ရှိကြ၏။ ၎င်းတို့အတွက် ဤနည်းလမ်းသည် မှန်ကန်ပုံရသော်လည်း အခြားနည်းလမ်းများသည်လည်း ဖြစ်နိုင်ပုံရလေသည်။ ၎င်းတို့အနေဖြင့် မည်သို့ သင့်တင့်လျောက်ပတ်စွာ ပြုမူဆောင်ရွက်ရမည်ကို လုံးဝ မသေချာကြသကဲ့သို့ မှန်ကန်သည့် လမ်းကြောင်းကို လိုက်လျှောက်ရန်မှာ မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို မသိကြချေ။ ဤအရာက မည်သည့်အရာကို သက်သေပြသနည်း။ (သမ္မာတရားကို ၎င်းတို့ နားမလည်ကြပါ။) ဤလူများသည် သမ္မာတရားကို နားမလည်ကြသကဲ့သို့ ၎င်းတို့၏ အတွင်းပိုင်း အခြေအနေအပြင် အမှုအရာများစွာအတွက် ၎င်းတို့၏ သိနားလည်မှုနှင့် အကဲဖြတ်ခြင်းတို့နှင့်စပ်လျဉ်း၍ မရေရာသည့် အခြေအနေတွင် ရှိကြလေသည်။ ၎င်းတို့အနေဖြင့် တစ်စုံတစ်ရာတွင် မပါဝင်သည့်အခါ အရာရာကို ၎င်းတို့ နားလည်ကာ အရာရာက ၎င်းတို့အတွက် လွယ်ကူသည်ဟု ခံစားကြလေသည်။ သို့သော် လက်တွေ့ဘဝ အခြေအနေတစ်ခုကို အမှန်တကယ် ကြုံရသည့်အခါ မည်သို့နားလည်ရမည်၊ မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ကိုဖြစ်စေ၊ ရှေ့ဆက်ရမည့် မှန်ကန်သည့်နည်းလမ်းကိုဖြစ်စေ မသိကြချေ။ ထိုအခါမှ ၎င်းတို့အနေဖြင့် ဘာမျှ မရှိကြောင်းနှင့် သမ္မာတရားတစ်ခုမျှ နားမလည်ကြကြောင်း ခံစားမိကြသည်။ ယခင်က ၎င်းတို့ ဟောပြောခဲ့သည့် အယူဝါဒများသည် အချည်းနှီးဖြစ်၏။ ၎င်းတို့အနေဖြင့် အခြားလူများထံမှ ရှာဖွေပြီး အခြေအနေကို ထိုသူတို့နှင့်အတူ ဆွေးနွေးရန်မှလွဲ၍ ရွေးချယ်စရာ မရှိပေ။ ဤသည်မှာ သမ္မာတရားကို နားမလည်သည့်လူများက အခြေအနေတစ်ခုကို ကြုံရသည့်အခါ ဖြစ်ပျက်သည့်အရာ ဖြစ်သည်။ ၎င်းတို့သည် ဘာလုပ်ရမှန်းမသိ၊ ပူပန်သောကနှင့် ပြည့်ကြသည်။ ဤအရာကို လုပ်ဆောင်ခြင်းသည် မှားယွင်းပြီး ထိုအရာကို လုပ်ဆောင်ခြင်းသည် မှန်ကန်ခြင်းမရှိဟု ခံစားရပြီး မှန်ကန်သည့် လမ်းကြောင်းကို ရှာမတွေ့နိုင်ကြပေ။ ထိုအခါမှသာ သမ္မာတရားမရှိဘဲ ခြေလှမ်းတစ်ချက်ကို လျှောက်လှမ်းရန် အမှန်တကယ် ခက်ခဲသည်ကို ၎င်းတို့ မြင်ကြလေသည်။ ထိုသို့သော လူများသည် ဤအချိန်တွင် မည်သည့်အရာကို အလိုအပ်ဆုံး ဖြစ်သနည်း။ ဆိုးယုတ်သော အတွေးအခေါ်နှင့် အသိပညာ ဖြစ်သလော၊ သို့မဟုတ် သမ္မာတရားကို သိနားလည်ခြင်း ဖြစ်သလော။ ပဓာနအကျဆုံးသောအရာမှာ သမ္မာတရားကို နားလည်ရန် ဖြစ်သည်။ သမ္မာတရားကို သင် နားမလည်လျှင် အလုပ်တစ်ခုကို သင် ပြီးစီးလျှင်ပင် ထိုအလုပ်နှင့်ပတ်သက်၍ သင် မသေချာမရေရာ ဖြစ်လိမ့်မည်။ သင့်အနေဖြင့် ကောင်းမွန်စွာ လုပ်ခဲ့ခြင်း ရှိမရှိ သို့မဟုတ် အလုပ်ပြီးသည့်နောက်တွင် မည်သည့်ရလဒ် ရှိလိမ့်မည်ဟူသည်ကို သင် မသိချေ။ ဤအရာများကို သင် အကဲမဖြတ်နိုင်ချေ။ အဘယ်ကြောင့် အကဲမဖြတ်နိုင်သနည်း။ သင်၏ စိတ်နှလုံးသည် အဘယ်ကြောင့် မသေချာမရေရာမှုနှင့် အမြဲ ပြည့်နေသနည်း။ အဘယ့်ကြောင့်ဆိုသော် အမှုအရာများကို သင် လုပ်ဆောင်သည့်အခါ စည်းမျဉ်းများနှင့် အမှန်တကယ်၊ အစစ်အမှန် ကိုက်ညီသော နည်းလမ်းတစ်ခုဖြင့် ထိုအရာများကို သင် လုပ်ဆောင်သလော၊ သင် လက်တွေ့လုပ်ဆောင်နေသည့် အရာများက စည်းမျဉ်းများ ဖြစ်သလောဆိုသည်နှင့် သင်၏ လက်တွေ့လုပ်ဆောင်မှုသည် သမ္မာတရားနှင့် ကိုက်ညီခြင်း ရှိမရှိဟူသည်တို့ကို သင် မသေချာသောကြောင့် ဖြစ်သည်။ ဤအရာကို မှန်ကန်ကြောင်း သင် အတည်မပြုနိုင်ပေ။ သင်၏ တာဝန်ထမ်းဆောင်မှုတွင် သေးငယ်သည့် ရလဒ်အချို့ သင် စွမ်းဆောင်ရရှိလျှင် မိမိဘာသာ အားရကျေနပ်လာရင်း သင်သည် အလွန်တတ်စွမ်းနိုင်ပြီး အရင်းအနှီးအချို့ ရရှိပြီးဖြစ်သည်ဟု ခံစားရလိမ့်မည်။ သို့ရာတွင် သိသာသည့် ရလဒ်မရှိလျှင်၊ သို့မဟုတ် စည်းမျဉ်း၏ စံနှုန်းများကို မပြည့်မီလျှင် သင်သည် ချက်ချင်း အပျက်သဘောဆောင်လာလိမ့်မည်ဖြစ်ကာ “ဘုရားသခင်က မည်သည့်အချိန်တွင် ငါ့ကို ဉာဏ်အလင်းပေးလိမ့်မည်နည်း။ ငါက မည်သည့် လှုံ့ဆော်မှုမျှ၊ ဉာဏ်အလင်းပေးမှုနှင့် အလင်းပေးမှုမျှ မရရှိဘဲရှိနေသော်လည်း ဘုရားသခင်သည် အဘယ်ကြောင့် အခြားသူများကို အမြဲ ဉာဏ်အလင်းပေးသနည်း”ဟု တွေးလိမ့်မည်။ တစ်ခါတစ်ရံ အမှုအရာများကို မှန်ကန်သည့် ရည်ရွယ်ချက်များဖြင့် လုပ်ဆောင်ပြီးဖြစ်ကာ အားထုတ်မှုများစွာ ပြုလုပ်ပြီးဖြစ်သည်ဟု သင်ခံစားရနိုင်သောကြောင့် ဘုရားသခင်က သင်၏ အားထုတ်မှုကို ဝမ်းမြောက်ဝမ်းသာ လက်ခံ၊ အသိအမှတ်ပြုကာ အတည်ပြုလိမ့်မည်ဟု သင် မျှော်လင့်သည်။ သို့သော် တစ်ချိန်တည်းတွင် သင့်အနေဖြင့် မမှန်မကန် ပြုမူခဲ့သည်ဟု ဘုရားသခင်က ပြောဆိုပြီး ထိုအပြုအမူအား အသိအမှတ်မပြုမည်ကိုလည်း သင် ကြောက်သည်။ ဤအရာက အကျိုးအမြတ်နှင့် ဆုံးရှုံးမှုအတွက် ပူပန်မှုကို ပြသည် မဟုတ်လော။ သင့်အနေဖြင့် ဝိညာဉ်ရင့်ကျက်မှုအရ သေးငယ်ကြောင်း၊ အလွန်ပင် ပုန်ကန်ပြီး မာနထောင်လွှားကြောင်းနှင့် အနည်းဆုံးသော အရာကို သင် ရရှိသည့်အခါတိုင်းတွင် သင်သည် မိမိဘာသာ အားရကျေနပ်လာကြောင်း သင် မြင်သည့်အခါ သင်သည် အလွန် ဖောက်ပြန်ပျက်စီးကြောင်း၊ သင်သည် နတ်ဆိုးတစ်ကောင်နှင့် စာတန်ဖြစ်ပြီး ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် မထိုက်တန်ကြောင်းတို့ကို သင် ခံစားမိလိမ့်မည်။ ထို့နောက် နောက်ထပ် သေးငယ်သည့် အောင်မြင်မှုအချို့ကို သင် ပြုလုပ်ပြီးနောက်တွင် တကယ်တွင်တော့ သင် သိပ်မဆိုးကြောင်း၊ သင့်တွင် အစွမ်းအစအချို့ရှိကာ ရလဒ်အချို့ စွမ်းဆောင်ရရှိနိုင်ကြောင်းနှင့် ထို့ကြောင့် သင် ဆုချီးမြှင့်ခံရသင့်ကြောင်းတို့ကို သင် စဉ်းစားမိလိမ့်မည်။ ဤအရာက အကျိုးအမြတ်နှင့် ဆုံးရှုံးမှုအတွက် ပူပန်မှုကို ပြသည် မဟုတ်လော။ အကျိုးအမြတ်နှင့် ဆုံးရှုံးမှုတို့အတွက် ပူပန်သည့် ဤအခြေအနေကို မည်သည့်အရာက ဖြစ်ပေါ်စေသနည်း။ ယင်းမှာ သမ္မာတရားကို သိနားလည်မှု ကင်းမဲ့ခြင်းနှင့် တိုက်ရိုက် ဆက်စပ်ပေသည်။ လူတို့သည် သမ္မာတရားကို နားမလည်သည့်အခါ ထိုအရာက အခြေအနေများစွာနှင့် သရုပ်သကန်များစွာကို ဖြစ်ပေါ်စေသည်။ အဓိကအချက်မှာ လူတို့သည် အကျိုးအမြတ်နှင့် ဆုံးရှုံးမှုများကို ပူပန်သည့် အခြေအနေတစ်ခုတွင် မကြာခဏ အသက်ရှင်ကြခြင်း ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ ပုံမှန်အခြေအနေဖြစ်သည်။ သမ္မာတရားကို သင် နားမလည်သောကြောင့် သင်၏ ကိုယ်ပိုင် လုပ်နိုင်စွမ်းများကို သင် အကဲမဖြတ်နိုင်ပေ။ သင် မည်သည့်အရာ လုပ်ဆောင်နိုင်ပြီး မည်သည့်အရာ မလုပ်ဆောင်နိုင်သည်ကို သင် မသိပေ။ သမ္မာတရားကို သင် နားမလည်သောကြောင့် သင်၏ တာဝန်ကို ထမ်းဆောင်သည့်အခါ မည်သည့် စည်းမျဉ်းများနှင့် စံနှုန်းများအား လိုက်လျှောက်ရမည်ကို သင် မသိ သို့မဟုတ် ရည်မှန်းရမည့် ရလဒ်ကို သင် မသိပေ။ ဘဝ၏ ရည်မှန်းချက်နှင့် ဦးတည်ချက်က မည်သည့်အရာဖြစ်သည်ကိုလည်း သင် မသိပေ။ ဘုရားသခင်က သင်နှင့်ပတ်သက်၍ အဘယ်ကြောင့် ဒေါသထွက်သည်၊ သင့်ကို အဘယ်ကြောင့် ဘုရားသခင်က အသိအမှတ်ပြုသည် သို့မဟုတ် ဘုရားသခင်က သင်နှင့်ပတ်သက်၍ အဘယ်ကြောင့် သက်ညှာသည်ဆိုသည်တို့ကို သင်မသိပေ။ ဤအရာများထဲမှ တစ်ခုတလေကိုမျှ သင် မသိချေ။ မည်သည့်နေရာတွင် သင် ရပ်တည်သင့်သည်ကို သင် မသိသကဲ့သို့ သင် လုပ်ဆောင်ပြီးသည့်အရာသည် ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်၏တာဝန်ကို ဖြည့်ဆည်းပြီးခြင်း ရှိမရှိဆိုသည်နှင့် သင့်အနေဖြင့် စိတ်ကျေနပ်ဖွယ် ထမ်းဆောင်ပြီးခြင်း ရှိမရှိဟူသည်တို့ကို သင် အကဲမဖြတ်နိုင်ပေ။ တစ်ခါတစ်ရံ သင်သည် အမှုအရာများကို မဝံ့မရဲ လုပ်ဆောင်ပြီး အခြားအချိန်များတွင် သင်သည် ရဲရင့်ကာ ထိန်းမနိုင်သိမ်းမရ ဖြစ်သည်။ သင်၏ အခြေအနေသည် အမြဲ တည်ငြိမ်မှုမရှိပေ။ လူတစ်ဦး၏ အခြေအနေသည် အဘယ်သို့ မတည်မငြိမ် ဖြစ်လာသနည်း။ နောက်ဆုံးတွင် ဤအရာသည် သမ္မာတရားကို သိနားလည်မှု ကင်းမဲ့ခြင်းနှင့် ဆက်စပ်ပေသည်။ လူတို့သည် သမ္မာတရားကို နားမလည်သည့်အခါ အမှုအရာများကို စည်းမျဉ်းမရှိဘဲ ကိုင်တွယ်ကြသည်။ အမှုအရာများကို လုပ်ဆောင်သည့်အခါ အလွန် အပြောင်းအလဲမြန်ကြပြီး မပျက်မကွက် တစ်နည်းမဟုတ်၊ နောက်တစ်နည်းဖြင့် သွေဖည်ကြသည်။ မည်သည့်အရာကိုမျှ မလုပ်ဆောင်သည့်အခါ အရာရာကို ၎င်းတို့ နားလည်သည်ဟု ထင်ရပြီး အယူဝါဒနှင့်ပတ်သက်၍ ကောင်းစွာ ပြောဆိုကြသည်။ သို့ရာတွင် တစ်စုံတစ်ရာ ဖြစ်ပျက်ပြီး ထိုအရာကို အဖြေရှာဖို့၊ ၎င်းတို့နားလည်သည့် သမ္မာတရားအားလုံးကို တကယ့်ဘဝတွင် ကျင့်သုံးရန် စေခိုင်းခြင်းခံရသည့်အခါ လမ်းကြောင်းမရှိကြ၊ မည်သည့် စည်းမျဉ်း အသုံးပြုရမည်ကို မသိကြသကဲ့သို့ “ငါ၏ တာဝန်ကို သစ္စာစောင့်သိစွာ ထမ်းဆောင်ရမည်ကို၊ ငါ ရိုးသားရမည်ကို၊ ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများနှင့် အထင်လွဲမှုများ မရှိရမည်ကို၊ ဘုရားကို ငါ ကျိုးနွံနာခံရမည်ကို နားလည်ပါသည်။ သို့သော် ဤအရာကို အမှန်တကယ် ငါ မည်သို့ ကိုင်တွယ်သင့်သနည်း”ဟု မိမိတို့ကိုယ်ကို ပြောဆိုကြသည်။ ထိုအရာကို ၎င်းတို့ ဆက်လက်၍ အချိန်ယူ စဉ်းစားကာ စည်းမျဉ်းစည်းကမ်းများ အသုံးပြုရန် ကြိုးစားကြပြီး မည်သည့် စည်းမျဉ်းစည်းကမ်းများ အသုံးပြုရမည်ကို မသိဘဲ ဖြစ်သွားကြသည်။ ၎င်းတို့ထံ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ ဘုရားနှုတ်ကပတ်တော် စာအုပ်အနှံ့ရှာဖွေသော လူတစ်ဦးသည် သမ္မာတရားကို နားလည်သောသူတစ်ဦးဖြစ်သည်ဟု သင် တွေးထင်သလော။ ဤသည်မှာ သမ္မာတရားကို အမှန်တကယ် သိနားလည်ခြင်း မဟုတ်ပေ။ ထိုသို့သော လူများသည် အယူဝါဒအနည်းငယ်ကို နားလည်ရုံမျှနားလည်သော်လည်း ဤသမ္မာတရားများ၏ စစ်မှန်မှုကို သဘောမပေါက်ကြသေးချေ။ ဤအရာက ၎င်းတို့ ပုံမှန်ပြောဆိုသည့်အရာနှင့် ၎င်းတို့ နားလည်သည်ဟု ယုံကြည်သည့်အရာတို့သည် ဘာမျှမဟုတ်ဘဲ အယူဝါဒများသာဖြစ်သည်ကို ပြပေသည်။ သင်သည် သမ္မာတရားကို နားလည်လျှင်၊ သမ္မာတရား စစ်မှန်မှုကို သင် ပိုင်ဆိုင်လျှင် သင့်ထံ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ မည်သို့ ပြုမူရမည်ဆိုသည်နှင့်၊ စည်းမျဉ်း၏ အကန့်အသတ် အတိုင်းအတာအတွင်းတွင် မည်သို့ ပြုမူရမည်ကို သင် သိလိမ့်မည်။ သင် နားလည်သမျှက အယူဝါဒဖြစ်ပြီး သမ္မာတရားမဟုတ်လျှင် သင့်ထံ တစ်စုံတစ်ရာ အမှန်တကယ် ဖြစ်ပျက်သည့်အခါတွင် အယူဝါဒအပေါ် သင် မှီခိုကာ စည်းမျဉ်းစည်းကမ်းများကို လိုက်လျှောက်လျှင် သင်သည် ဖြတ်သန်းရမည့် လမ်းရှိလိမ့်မည် မဟုတ်။ စည်းမျဉ်းကို သင် ရှာတွေ့နိုင်မည်မဟုတ်သကဲ့သို့ လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းကို ရှာတွေ့နိုင်မည် မဟုတ်ပေ။ ဆိုလိုသည်မှာ သင့်အနေဖြင့် သမ္မာတရား၏ သွင်ပြင်လက္ခဏာတစ်ခုကို နားလည်သည့်အလား၊ သမ္မာတရားနှင့်ဆိုင်သည့် ဤစကားများ၏ အဓိပ္ပာယ်ကို သင် နားလည်သည့်အလား၊ ပြီးလျှင် ဘုရားသခင်၏ ရည်ရွယ်ချက် အနည်းငယ်နှင့် ဘုရားသခင် တောင်းဆိုသည့်အရာကို သင် နားလည်သည့်အလား၊ ဤအရာအားလုံးကို သင် သိရှိသည့်အလား ထင်ကောင်းထင်ရမည်။ သို့သော် သင့်ထံ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ သမ္မာတရားကို သင် လက်တွေ့မလုပ်ဆောင်နိုင်ပေ။ စည်းမျဉ်းစည်းကမ်းများကို ကြောင်းကျိုးမမြင်စွာ သင် အသုံးပြုပြီး အမှုအရာများကို ကမောက်ကမဖြစ်စေသည်။ ဤသည်မှာ ရှက်ဖွယ်ဖြစ်သည် မဟုတ်လော။ သမ္မာတရားကို သိနားလည်သည့်လူများအပေါ် တစ်စုံတစ်ရာဖြစ်ပျက်သည့်အခါ လက်တွေ့လုပ်ဆောင်ရန် စည်းမျဉ်းများကို ရှာတွေ့နိုင်ကြသည်။ ၎င်းတို့တွင် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု ရှိကြပြီး သမ္မာတရား စည်းမျဉ်းများကို လက်တွေ့လုပ်ဆောင်နိုင်ကြသည်။ စကားများနှင့် အယူဝါဒများကိုသာ ရေရွတ်သည့်လူများမှာမူ ၎င်းတို့သည် သမ္မာတရားကို နားလည်ပုံရသော်လည်း ပြုမူဆောင်ရွက်ရမည့်အချိန် ရောက်လာသည့်အခါ ကမောက်ကမ ဖြစ်ကုန်ကြသည်။ ဤအရာက စကားများနှင့် အယူဝါဒများကို ရေရွတ်သည့် လူများသည် သမ္မာတရားကို လုံးဝ နားမလည်ကြောင်း သက်သေပြပေသည်။ စကားများနှင့် အယူဝါဒများကို ရေရွတ်သည့် လူများသည် အခြားသူများကို အထင်အမြင်မှားစေရန် ကြိုးစားနေကြသည်။ ၎င်းတို့သည် လှည့်စားသူများဖြစ်ကြ၏။ မိမိတို့ကိုယ်တိုင်ကိုရော၊ အခြားသူများကိုပါ လှည့်စားနေကြသည်။ ယင်းမှာ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်အပြင် အခြားသူများကိုပါ ထိခိုက်နစ်နာနေစေသည်ဟု ဆိုလိုပေသည်။
ယခုတွင် သင်တို့ နားလည်သည့်အရာသည် ပိုများသည့် သမ္မာတရားလော သို့မဟုတ် ပိုများသည့် အယူဝါဒများလော။ (ပိုများသည့် အယူဝါဒများဖြစ်ပါသည်။) ဤအရာ၏ ဖြစ်ကြောင်းတရားမှာ အဘယ်နည်း။ (ထိုအရာသည် သမ္မာတရားကို မလိုက်စားခြင်း၏ ရလဒ်ဖြစ်သည်။) (သမ္မာတရားကို စိတ်နှစ်၍ တွေးဆရန် အားထုတ်မှု ကင်းမဲ့ခြင်းဖြစ်သည်။) ဤအရာများအားလုံးနှင့် တစ်စုံတစ်ရာ ပတ်သက်မှုရှိသော်လည်း သင်တို့ ပေးကြသည့် အကြောင်းပြချက်များအားလုံးမှာ ခံစားချက်အရဖြစ်သည်။ လူတို့၏ အစွမ်းအစနှင့် ဆက်စပ်သည့် အရှိအတိုင်းဖြစ်သော အကြောင်းပြချက်တစ်ခုလည်း ရှိပေသည်။ လူအချို့သည် တရားဒေသနာများကို ဆယ်စုနှစ်တစ်ခုထက်ပို၍ နားထောင်ကြပြီးဖြစ်သော်လည်း သမ္မာတရားနှင့် အယူဝါဒကို မခွဲခြားနိုင်ကြသကဲ့သို့ စည်းမျဉ်းစည်းကမ်းများကို လိုက်လျှောက်ခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတို့ကြား ခြားနားမှုကိုလည်း မသိမြင်နိုင်ကြချေ။ ၎င်းတို့သည် တရားဒေသနာများကို လေးနက်စွာ နားထောင်ပြီး ထိုးထွင်းသိမြင်မှုများပြုလုပ်ရန် သေချာစွာ အလုပ်လုပ်ကြသော်လည်း ခြားနားမှုကို ၎င်းတို့ ပြောကို မပြောဆိုနိုင်ကြချေ။ လူတိုင်း လုပ်သည့် မိတ်သဟာယများသည် တူညီသည့်အရာအကြောင်းသာဖြစ်ကြောင်း၊ ဆိုလိုသည်မှာ ထိုအရာများအားလုံး အတော် ကောင်းမွန်ပြီး အားလုံးက အတော်လေး လက်တွေ့ကျကြောင်း ၎င်းတို့ ခံစားကြရသည်။ ယင်းတို့ကို နားထောင်ပြီးနောက်တွင် မည်သည့်အရာက အယူဝါဒဖြစ်ပြီး မည်သည့်အရာက သမ္မာတရားဖြစ်သည်ကို ၎င်းတို့ မပြောနိုင်ကြချေ။ ဤသည်မှာ အစွမ်းအစနှင့်ဆိုင်သည့် ပြဿနာတစ်ခုလော။ (ဟုတ်ပါသည်။) သင်တို့၏ အစွမ်းအစသည် သမ္မာတရား စစ်မှန်မှုအဆင့်ထိ တိုးတက်နိုင်သလော။ စုဝေးပွဲများတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များက မိတ်သဟာယပြုသည့်အခါတိုင်းတွင် သို့မဟုတ် အခြားအချိန်များတွင် သင်နှင့်အတူ ပေါင်းဖော်ပြီး ဆက်ဆံသည့်အခါတိုင်းတွင် ၎င်းတို့ ပြောသည့်အရာ မည်မျှက သမ္မာတရား စစ်မှန်မှုဖြစ်ပြီး မည်မျှက အယူဝါဒဖြစ်သည်ကို သင်တို့ ပြောနိုင်သလော။ (ပြောနိုင်ပါသည်။) သင် ပြောနိုင်လျှင် ထိုအရာက သင်တို့တွင် ချင့်ချိန်နိုင်စွမ်းအချို့ရှိသကဲ့သို့ ချင့်ချိန်နိုင်စွမ်း လုံးဝ ကင်းမဲ့ခြင်းမဟုတ်ကြောင်းကို သက်သေပြပေသည်။ ခြားနားမှုကို သင် ခွဲခြားနိုင်လျှင် ထိုအရာက သင်၏ အစွမ်းအစ မဆိုးသည်ကို သက်သေပြပေသည်။ လူတို့၏ အစွမ်းအစများကို အဆင့်အချို့အဖြစ် ခွဲခြားထားသည်။ ညံ့ဖျင်းသော အစွမ်းအစ၊ သာမန် အစွမ်းအစ၊ ကောင်းမွန်သော အစွမ်းအစနှင့် အထူးကောင်းမွန်သော အစွမ်းအစဟူ၍ ဖြစ်သည်။ ဤသည်တို့မှာ အခြေခံအားဖြင့် အဆင့်လေးခုဖြစ်သည်။ ညံ့ဖျင်းသည့် အစွမ်းအစထက် သာ၍ပင် ဆိုးရွားသည့်သူများသည် သမ္မာတရားကို သဘောမပေါက်နိုင်ကြပေ။ ၎င်းတို့တွင် အစွမ်းအစ လုံးဝ မရှိ။ ၎င်းတို့ ကြားသည့်အရာ မည်သည့်အရာကိုမျှ ၎င်းတို့ နားမလည်ကြသကဲ့သို့ ၎င်းတို့ လုပ်ဆောင်သည့်အရာတိုင်းတွင် အတွေး၊ ဆင်ခြင်တွေးခေါ်မှုစနစ် သို့မဟုတ် စည်းမျဉ်းများဖြင့် မပြုမူကြပေ။ ၎င်းတို့၏ ခေါင်းများထဲတွင် အားလုံးက ရှုပ်ထွေးနေသော ကမောက်ကမအခြေအနေတစ်ခု ဖြစ်သည်။ ၎င်းတို့သည် နားဝေတိမ်တောင်ဖြစ်သည့်လူများ၊ အရပ်သုံးစကားအရ အရိုင်းအစိုင်းများဟု ငါတို့ ခေါ်ကြမည့်အရာ ဖြစ်သည်။ ၎င်းတို့၏ အစွမ်းအစက အလွန့်အလွန် ညံ့ဖျင်းလျှင် ၎င်းတို့သည် ဉာဏ်ပညာအားဖြင့် မသန်မစွမ်းဖြစ်ကြသည်။ ၎င်းတို့သည် ပုံမှန်လူတို့၏ အသိစိတ်ကင်းမဲ့ကြသည်။ ဤလူများသည် နုံအသူများ၊ မရူးတရူးဖြစ်သူများ သို့မဟုတ် စဉ်းစားဉာဏ်မရှိသည့်သူများဟု ငါတို့ ခေါ်ဆိုမည့်လူများ ဖြစ်သည်။
အလွန့်အလွန် အစွမ်းအစ ညံ့ဖျင်းသည့်လူများသည် ဉာဏ်ပညာအရ မသန်မစွမ်းဖြစ်ကြသည်။ ၎င်းတို့အကြောင်းကို ငါတို့ နောက်ထပ် ဆွေးနွေးရန်မလိုပေ။ ညံ့ဖျင်းသည့် အစွမ်းအစက သူ့ဘာသာ မည်သို့ ပေါ်လွင်ထင်ရှားသည့်အကြောင်းကို ပြောဆိုကြစို့။ လူအချို့သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ကြသော်လည်း သမ္မာတရားကို နားမလည်ကြသေးပေ။ ဧဝံဂေလိ ဖြန့်ဝေခြင်းနှင့်သက်ဆိုင်သည့် အခြေခံ တာဝန်ကိုပင် ၎င်းတို့ မထမ်းဆောင်နိုင်ကြပေ။ သမ္မာတရားနှင့်ပတ်သက်၍ ၎င်းတို့ မိတ်သဟာယမပြုနိုင်ကြသကဲ့သို့ သက်သေခံချက် မပေးနိုင်ကြပေ။ ဤသည်တို့မှာ ညံ့ဖျင်းသည့် အစွမ်းအစ၏ သရုပ်သကန်များ ဖြစ်သည်။ ညံ့ဖျင်းသည့် အစွမ်းအစ၏ အခြားသော သရုပ်သကန်များမှာ အဘယ်နည်း။ တရားဒေသနာများကို နှစ်များစွာ နားထောင်ပြီးနောက်တွင် ညံ့ဖျင်းသည့် အစွမ်းအစရှိသည့် လူတို့သည် ထိုအရာများအားလုံး တူညီသည်၊ ထိုအရာများက တူညီသည့်အရာများအကြောင်းသာ ဖြစ်သည်ဟု ခံစားကြသည်။ သမ္မာတရားနှင့် အယူဝါဒကြား ခြားနားချက်ကို ခွဲခြားနိုင်ရန်မဆိုထားနှင့်၊ အမျိုးမျိုးသော သမ္မာတရားများ၏ အသေးစိတ်အချက်များကြား ရှင်းလင်းစွာ မခွဲခြားနိုင်ကြချေ။ သမ္မာတရားကို နားလည်ရန် မဆိုထားနှင့်၊ အရိုးရှင်းဆုံးသော စကားများနှင့် အယူဝါဒများကိုပင် မပြောဆိုနိုင်ကြပေ။ ထိုသို့သော လူများသည် အားလုံးထဲတွင် အဆိုးရွားဆုံးသော အစွမ်းအစရှိကြသလော။ ထိုသို့သော လူများအတွက် တရားဒေသနာများကို ၎င်းတို့ မည်မျှ နားထောင်ကြသည်ဖြစ်စေ၊ တရားဒေသနာများကို နှစ်ပေါင်းမည်မျှ နားထောင်ကြပြီးဖြစ်သည်ဖြစ်စေ၊ ထိုတရားဒေသနာများကို နားမလည်နိုင်ကြသကဲ့သို့ သမ္မာတရားက မည်သည့်အရာဖြစ်သည် သို့မဟုတ် မိမိကိုယ်ကို သိရှိခြင်းက မည်သည့်အရာ ဆိုလိုသည်ကို မသိကြချေ။ ဘုရားသခင်ကို အချိန်မည်မျှကြာ ယုံကြည်ပြီးသည်ဖြစ်စေ၊ တရားဒေသနာမည်မျှ နားထောင်ပြီးကြသည်ဖြစ်စေ အဆုံးတွင် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ဘဲ ရှိနေကြသေး၏။ အနည်းငယ်သော စည်းမျဉ်းစည်းကမ်းများကိုသာ လိုက်လျှောက်နိုင်ကြပြီး အရေးကြီးသည်ဟု ၎င်းတို့ စဉ်းစားသည့် အရာအနည်းငယ်ကိုသာ မှတ်မိနိုင်ကြသည်။ ထိုထက်ပိုသောအရာတစ်ခုတလေအတွက်ကိုမူ ၎င်းတို့ မမှတ်မိနိုင်ကြပေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ ၎င်းတို့၏ အစွမ်းအစက ညံ့ဖျင်းသောကြောင့်၊ သမ္မာတရားကို ကြိုးပမ်းရရှိဖို့ရာ မတတ်နိုင်သကဲ့သို့ အလွန်များသည့် အမှုအရာများကို သဘောပေါက်နားလည်နိုင်ခြင်း မရှိကြပေ။ အလွန်ဆုံးအနေဖြင့် အချို့သော အပေါ်ယံ အယူဝါဒအချို့ကို ၎င်းတို့ နားလည်နိုင်ကြသည်။ ဤသည်မှာ ၎င်းတို့ နားအလည်နိုင်ဆုံး အတိုင်းအတာ ဖြစ်သည်။ ထိုသို့သော လူများသည် မကြာခဏ အတော်လေး မာနထောင်လွှားကြပြီး မိမိတို့ကိုယ်ကို ဂုဏ်တင်ကြသည်။ လူအချို့က “ကျွန်ုပ် မိခင်၏ ဝမ်းထဲတွင်ရှိနေဆဲအချိန်က သခင်ဘုရားကို ကျွန်ုပ် ယုံကြည်ခဲ့သည်။ အချိန်ကြာမြင့်စွာက ကျွန်ုပ် သန့်ရှင်းလာခဲ့ပြီး နှစ်ခြင်းခံယူကာ သန့်စင်ခဲ့သည်မှာ ကြာပြီဖြစ်သည်”ဟု ပြောကြလိမ့်မည်။ ၎င်းတို့ထဲမှ အချို့သည် ဘုရားသခင်၏ အသစ်သော အမှုတော်ကို လက်ခံပြီးဖြစ်သည်မှာ သုံးနှစ်၊ ငါးနှစ် သို့မဟုတ် ဆယ်နှစ်ကြာပင် ရှိသည့်တိုင် မပြောင်းလဲသည့်အရာကိုသာ ထပ်ခါတလဲလဲပြောဆိုကြဆဲ ဖြစ်သည်။ ဤသည်မှာ ညံ့ဖျင်းသော အစွမ်းအစ၏ အမှတ်လက္ခဏာတစ်ခု မဟုတ်လော။ လူအချို့က “ကျွန်ုပ် ကိုယ့်ကိုယ်ကိုယ် မသိဟု သင် ပြောသည်။ မိမိတို့ကိုယ်ကို မသိရှိကြသူများက သင်တို့ ဖြစ်သည်။ ကျွန်ုပ် သန့်ရှင်းလာခဲ့သည်မှာ အချိန်ကြာမြင့်ပြီဖြစ်သည်”ဟု ပြောကြသည်။ ဤအရာကို ပြောဆိုသည့်လူများသည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုတွင် အချို့တဲ့ဆုံးသောသူများ၊ အဆိုးရွားဆုံး အစွမ်းအစရှိသည့်သူများ ဖြစ်သည်။ ထိုသို့သော လူများနှင့်အတူ သမ္မာတရားကို သင် မိတ်သဟာယပြုနိုင်သေးသလော။ မပြုနိုင်ပေ။ သင် မည်မျှ ပြောဆိုသည်ဖြစ်စေ သမ္မာတရားက မည်သည့်အရာဖြစ်သည်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းက မည်သည့်အရာဖြစ်သည်၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းက မည်သည့်အရာဖြစ်သည်၊ အသက်ဝင်ရောက်မှုက မည်သည့်အရာ ဖြစ်ပြီး၊ မိမိ၏ စိတ်သဘောထား ပြောင်းလဲခြင်းက မည်သည့်အရာ ဖြစ်သည်ဆိုသည်တို့ကို ၎င်းတို့ နားလည်ကြလိမ့်မည် မဟုတ်။ ဤအရာများကို ၎င်းတို့ နားမလည်နိုင်၊ သို့မဟုတ် ဤအဆင့်ကို မရောက်ရှိနိုင်ကြပေ။ ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်မှုတွင် လောကီ အမှုအရေးများမှ ခပ်ခွာခွာနေခြင်း၊ လောကီကို စွန့်လွှတ်ခြင်း၊ နတ်ဆိုးများနှင့် အဆက်အဆံမရှိခြင်း၊ မကောင်းမှုကို မလုပ်ဆောင်ခြင်း၊ အပြစ်ကျူးလွန်မှု သာ၍ နည်းပါးခြင်း၊ ဘုရားသခင်၏ အမည်နာမကို ခိုင်ခိုင်မာမာ စွဲကိုင်ခြင်း၊ ဘုရားသခင်ကို သစ္စာမဖောက်ခြင်းနှင့် ဘုရားသခင်အပေါ် ဆုတောင်းခြင်းအပြင် အရာခပ်သိမ်း၌ မှီခိုခြင်းတို့ကဲ့သို့သော စည်းမျဉ်းစည်းကမ်းအချို့ကို လိုက်လျှောက်ခြင်းအား အာရုံစိုက်ကြသည်။ ဤအရာများသာ အရေးကြီးပေသည်။ ၎င်းတို့သည် အခြေခံအားဖြင့် ဘာသာရေး ယုံကြည်မှု၏ လုပ်ရိုးလုပ်စဉ်များတွင် ဘောင်ခတ်ခံရလျက် ရှိနေကြရသည်။ သမ္မာတရားနှင့်ပတ်သက်၍ အလွန်များသည့် ဘုရားနှုတ်ကပတ်တော်များနှင့် တရားဒေသနာများကို ကြားပြီးသည့်နောက်တွင် မိမိတို့ ကြားသည့်အရာကို နားမလည်ကြပေ။ ၎င်းတို့ နားထောင်လေ၊ ရှုပ်ထွေးလေ ဖြစ်သောကြောင့် ထိုအရာတစ်ခုကိုမျှ မသိမှတ်ကြပေ။ ဤအမှုတော်အဆင့်တွင် လူတို့ကို ဘုရားသခင် မည်သည့်အရာ တောင်းဆိုသည်ကို ၎င်းတို့အား သင် မေးပါက သင့်ကို ၎င်းတို့ မပြောပြနိုင်ပေ။ အယူဝါဒနှင့်ပတ်သက်သည့် ရိုးရှင်းသောအရာ အနည်းငယ်ကိုသာ ၎င်းတို့ ပြောဆိုနိုင်သည်။ ဤအရာက ၎င်းတို့၏ အစွမ်းအစသည် အလွန့်အလွန် ညံ့ဖျင်းပြီး ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ နားမလည်နိုင်ဟု ဆိုလိုပေသည်။
သာမန် အစွမ်းအစရှိသည့်လူများ၏ သရုပ်သကန်များမှာ အဘယ်နည်း။ အဓိက သရုပ်သကန်မှာ ၎င်းတို့တွင် ဘုရားနှုတ်ကပတ်တော်များကို သဘောပေါက်နားလည်နိုင်စွမ်း မရှိကြခြင်း ဖြစ်သည်။ တရားဒေသနာများကို နားထောင်ပြီးနောက်တွင် အချို့သော စကားများနှင့် အယူဝါဒများကိုသာ နားလည်ကြသော်လည်း မည်သည့် သိနားလည်မှုအသစ်မျှ မရှာမတွေ့နိုင်ကြချေ။ ၎င်းတို့အပေါ် အမှုအရာများ ကျရောက်သည့်အခါ ယင်းတို့ကို မကိုင်တွယ်နိုင်ကြသေးသကဲ့သို့ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ကြပေ။ အချို့သော အနှစ်မဲ့သည့် အယူဝါဒများကိုသာ ရေရွတ်နိုင်ကြပြီး စည်းမျဉ်းစည်းကမ်းများကို လိုက်လျှောက်နိုင်ကြသည်။ တရားဒေသနာများကို နားထောင်ကြသည့်အခါ နားလည်ပုံရကြသော်လည်း အမှုအရာများ ၎င်းတို့အပေါ် ကျရောက်သည့်အခါ ၎င်းတို့သည် စည်းမျဉ်းစည်းကမ်းများကို လိုက်လျှောက်ကြဆဲဖြစ်ကာ မိမိတို့ကိုယ်ပိုင် အလိုဆန္ဒအတိုင်း ပြုမူဆောင်ရွက်ကြဆဲ ဖြစ်သည်။ ၎င်းတို့သည် အခြားသူများကို စကားများနှင့် အယူဝါဒများကို ရေရွတ်ခြင်းအားဖြင့် အမြဲ ကြိမ်းမောင်းကြသည်။ ဘုရားသခင်ကို နှစ်များစွာ ယုံကြည်သည့်နောက်တွင် အယူဝါဒများစွာကို နားလည်ပြီး အခြားသူများနှင့် မိတ်သဟာယပြုကြသည့်အခါ မိမိတို့၏ အသိပညာအကြောင်း အနည်းငယ် ပိုမို ပြောဆိုနိုင်ကြသည်။ ၎င်းတို့သည် ယင်းတို့၏ အဓိပ္ပာယ်ကို ပြီးပြည့်စုံပြီး ခိုင်မာသည့် နည်းလမ်းဖြင့် ဖော်ပြနိုင်ကြပြီး လူတို့နှင့် ပုံမှန် စကားစမြည်ပြောဆိုမှုများ ရှိနိုင်ကြသည်။ သို့ရာတွင် သမ္မာတရားက မည်သည့်အရာဖြစ်သည် သို့မဟုတ် စစ်မှန်မှုက မည်သည့်အရာဖြစ်သည်ကို နားမလည်နိုင်ကြသေးချေ။ ၎င်းတို့ ပြောသည့် အယူဝါဒများက သမ္မာတရား စစ်မှန်မှုဖြစ်သည်ဟု ၎င်းတို့ တွေးထင်ကြပြီး အခြားသူများက သမ္မာတရား စစ်မှန်မှု၊ ၎င်းတို့ ကိုယ်ပိုင် သိနားလည်မှု သို့မဟုတ် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတို့ ပါဝင်ပတ်သက်သည့် ၎င်းတို့၏ အတွေ့အကြုံများအကြောင်း ပြောသည့်အရာကို သဘောမပေါက်နိုင်ကြချေ။ ဤသာမန်အစွမ်းအစ ရှိသည့်လူများသည် သမ္မာတရားနှင့် အယူဝါဒကြား ခြားနားမှုမရှိဟု ခံစားကြသည်။ တရားဒေသနာ မည်မျှ ၎င်းတို့ နားထောင်သည်ဖြစ်စေ၊ ကယ်တင်ခြင်းခံရရန်အလို့ငှာ ၎င်းတို့ လက်တွေ့လုပ်ဆောင်သင့်သည့် သမ္မာတရားများနှင့် ပိုင်ဆိုင်ရမည့် သမ္မာတရားများကို သဘောမပေါက်နိုင်ကြချေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကို နားလည်ရန်လည်း မသိရှိကြသကဲ့သို့ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားရန် မည်သည့် သမ္မာတရားများ လက်တွေ့လုပ်ဆောင်သင့်သည်ကို မသိကြချေ။ ၎င်းတို့၏ လက်တွေ့ဘဝများတွင် စည်းမျဉ်းစည်းကမ်းများကိုသာ လိုက်လျှောက်နိုင်ကြသည်၊ ဘာသာရေး ထုံးတမ်းဓလေ့များကိုသာ လိုက်လျှောက်နိုင်ကြသည်၊ စုဝေးပွဲများကို စွဲစွဲမြဲမြဲ တက်ရောက်နိုင်ကြသည်၊ အခြားသူများထံ အယူဝါဒများကို မဆုတ်မနစ် ဟောပြောနိုင်ကြပြီး မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရန် အားထုတ်မှုအချို့ကို စွဲစွဲမြဲမြဲ အားထုတ်နိုင်ကြလေသည်။ သို့ရာတွင် စိတ်သဘောထားတွင် ပြောင်းလဲမှုများ၊ မိမိတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်ဆိုင်သည့် အသိ သို့မဟုတ် အသက်ဝင်ရောက်မှုတို့ ပါဝင်ပတ်သက်သည့် သမ္မာတရားများအတွက်မူ ထိုသမ္မာတရားထဲသို့ ၎င်းတို့ မဝင်ရောက်ကြချေ၊ သို့မဟုတ် သာ၍ နက်နက်ရှိုင်းရှိုင်း မလေ့လာကြချေ။ ဤသည်မှာ သာမန် အစွမ်းအစ ပိုင်ဆိုင်ခြင်းကို ဆိုလိုသည့်အရာ ဖြစ်သည်။ သာမန်အစွမ်းအစရှိသည့် လူတို့သည်သာ ဤအဆင့်ကို ရောက်ရှိနိုင်ကြသည်။ ဘုရားသခင်ကို အနှစ် ၂၀ သို့မဟုတ် ၃၀ ယုံကြည်ပြီးဖြစ်ကာ အယူဝါဒများအကြောင်းသာ ပြောဆိုနိုင်ကြသူများ ရှိသည်။ ဆယ်စုနှစ်တစ်စုကျော်ကြာ ဘုရားသခင်ကို ယုံကြည်ပြီးဖြစ်သည့်တိုင် ၎င်းတို့ လုပ်သမျှက အယူဝါဒများကို ရေရွတ်ခြင်းသာဖြစ်သည့် လူများနှင့် သင်တို့ ထိတွေ့ဆက်ဆံဖူးကြသလော။ (ဆက်ဆံဖူးပါသည်။) ဤလူစားမျိုးများတွင် သာမန် အစွမ်းအစရှိကြ၏။
ကောင်းမွန်သည့် အစွမ်းအစရှိသော လူတို့၏ သရုပ်သကန်များမှာ အဘယ်နည်း။ ဘုရားသခင်ကို အချိန်မည်မျှကြာ ယုံကြည်ပြီးသည်ဖြစ်စေ တရားဒေသနာတစ်ခုကို နားထောင်ပြီးသည့်နောက်တွင် ထိုအရာသည် သမ္မာကျမ်းစာ ပြောသည့်အရာနှင့် ကွဲပြားခြားနားကြောင်းနှင့် ဘာသာတရားထဲတွင် သွန်သင်သည့်အရာနှင့် လုံးဝ ကွဲပြားကြောင်းကို ၎င်းတို့ ပြောနိုင်ကြလိမ့်မည်။ ထိုအရာက သာ၍ နက်ရှိုင်းကြောင်း၊ သာ၍ အသေးစိတ်ကျပြီး လုံးဝ လက်တွေ့ကျကြောင်း ၎င်းတို့ ပြောပြနိုင်သည်။ ထို့ကြောင့် ဘုရားသခင်၏ အမှုတော်သစ်ကို လက်ခံသည့်နောက်တွင် ၎င်းတို့သည် သမ္မာတရား လက်တွေ့လုပ်ဆောင်ခြင်းနှင့် စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းတို့ကို စတင်အာရုံစိုက်ကြသည်။ ၎င်းတို့၏ တကယ့်ဘဝများတွင် ဘုရားနှုတ်ကပတ်တော်များကို မည်သို့ လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံရမည်ကို မိမိတို့ကိုယ်ကို လေ့ကျင့်ကြသည်။ ဥပမာအားဖြင့် ဘုရားသခင်က “သင်တို့သည် ရိုးသားသောလူများ ဖြစ်ရမည်”ဟု ပြောသည်။ အစအဦးတွင် ဤလူများသည် ဤအရာကို စည်းမျဉ်းစည်းကမ်း တစ်ခုအနေဖြင့်သာ လိုက်နာစောင့်ထိန်းကြပြီး မိမိတို့စိတ်တွင် ရှိသည့် မည်သည့်အရာကိုမဆို ပြောဆိုကြသည်။ တဖြည်းဖြည်းနှင့် တရားဒေသနာများကို နားထောင်သည့်ဖြစ်စဉ်နှင့် ၎င်းတို့၏ တကယ့် အတွေ့အကြုံတွင် ၎င်းတို့သည် မိမိတို့ သင်ယူပြီးဖြစ်သည့်အရာကို အဆက်မပြတ် အကျဉ်းချုပ်ကြပြီး အဆုံးတွင် ရိုးသားသည့်လူတစ်ဦး ဖြစ်ခြင်းနှင့်ဆိုင်သည့် သမ္မာတရားက မည်သည့်အရာ အမှန်တကယ်ဖြစ်ပြီး ဘဝက မည်သည့်အရာ အမှန်တကယ်ဖြစ်သည်တို့ကို ၎င်းတို့ တွေ့ကြုံကာ နားလည်ကြလေသည်။ ဘုရားသခင် ပြောဆိုသည့် စကားများနှင့် တရားဒေသနာများကို နားထောင်ခြင်းမှ နားလည်သည့် သမ္မာတရားများကို ၎င်းတို့၏ တကယ့် ဘဝများအတွက် ၎င်းတို့ ကျင့်သုံးကာ ယင်းတို့ကို မိမိတို့၏ စစ်မှန်မှု ဖြစ်စေနိုင်စွမ်း ရှိကြသည်။ စစ်မှန်သည့် အတွေ့အကြုံနှင့်အတူ ၎င်းတို့၏ အသက်အတွေ့အကြုံသည် တဖြည်းဖြည်း နက်သည်ထက် နက်သွားသည်။ ဤလူများက တရားဒေသနာများကို နားထောင်သည့်အခါ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါ ထိုအရာများတွင် ပါရှိသည့် သမ္မာတရားကို နားလည်သဘောပေါက်နိုင်ကြသည်။ ဤနေရာတွင် သမ္မာတရားအားဖြင့် မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းသည် အနှစ်မဲ့သည့် အယူဝါဒမဟုတ်၊ စကားလုံးသုံးနှုန်း ဖော်ပြချက်တစ်ခုမဟုတ်၊ အမှုအရာတစ်ခုခုအကြောင်း သီအိုရီတစ်ခု မဟုတ်။ ထို့ထက် ယင်းသည် တကယ့်ဘဝတွင် ကြုံရသည့် အခက်အခဲများနှင့် အကြင်သူ ထုတ်ဖော်သည့် အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် အခြေအနေများ ပါဝင်သည်။ ကောင်းမွန်သည့် အစွမ်းအစရှိသောလူများသည် ဤအခြေအနေများကို ခွဲခြားရွေးထုတ်နိုင်ကြပြီး ဘုရားသခင် ပြောသည့်အရာများနှင့် ဖော်ထုတ်သည့်အရာများဖြင့် နှိုင်းယှဉ်ချိန်ဆကြည့်နိုင်ကြသည်။ ထို့နောက်တွင် ဘုရားနှုတ်ကပတ်တော်များအတိုင်း မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို ၎င်းတို့ သိကြလိမ့်မည်။ ဤသည်မှာ ကောင်းမွန်သော အစွမ်းအစအားဖြင့် ဆိုလိုသည့်အရာ ဖြစ်သည်။ ကောင်းမွန်သည့် အစွမ်းအစက အဓိကအားဖြင့် မည်သည့်အရာကို ထင်ဟပ်စေသနည်း။ တရားဒေသနာတွင် ပြောဆိုထားသည့်အရာကို နားလည်နိုင်စွမ်း၊ ဤစကားများနှင့် မိမိ၏ တကယ့် အခြေအနေကြား ဆက်စပ်မှုကို သဘောပေါက်နားလည်နိုင်စွမ်း၊ ဤစကားများက မိမိအပေါ် မည်သည့် သက်ရောက်မှုရှိလိမ့်မည်ဟူသည်ကို သဘောပေါက်နားလည်ပြီး ဤစကားများနှင့် မိမိကိုယ်ကိုနှင့် ချိတ်ဆက်နိုင်စွမ်းဖြစ်သည်။ ဤသည်မှာ ကောင်းမွန်သည့် အစွမ်းအစဖြစ်၏။ ဤစကားများကို နားလည်ကာ မိမိတို့ကိုယ်ကိုနှင့် ချိတ်ဆက်နိုင်ခြင်းအပြင် ကောင်းမွန်သည့် အစွမ်းအစရှိသော လူများသည် တကယ့်ဘဝတွင် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများကိုလည်း သဘောပေါက်နိုင်ကြပြီး မိမိတို့၏ တကယ့်ဘဝများတွင် ကြုံရသည့် ခက်ခဲမှု သို့မဟုတ် အခြေအနေတိုင်းအတွက် ဤစည်းမျဉ်းများကို ကျင့်သုံးနိုင်ကြလေသည်။ ဤသည်မှာ ထိုးထွင်းသိမြင်မှုရှိခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။ ထိုသို့သော ထိုးထွင်းသိမြင်မှုရှိသည့်သူများသာ ကောင်းမွန်သည့် အစွမ်းအစကို အမှန်တကယ် ပိုင်ဆိုင်ကြသည်။
သာမန်အစွမ်းအစရှိသည့်လူများက ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအချို့ကို ထုတ်ဖော်သည့်အခါ မိမိတို့ကိုယ်ပိုင် အခြေအနေ သို့မဟုတ် ပြဿနာ၏ အနှစ်သာရကို ရှင်းလင်းစွာ မသိမြင်နိုင်ကြချေ။ ၎င်းတို့သည် ထိုအရာများကို ၎င်းတို့၏ အယူဝါဒများဖြင့် နှိုင်းယှဉ်ချိန်ဆကြည့်ခြင်းအားဖြင့်သာ ဝေဖန်အကဲဖြတ်နိုင်ကြသည်။ ပြဿနာ၏ အနှစ်သာရကို ၎င်းတို့ မရိပ်စားမိနိုင်ကြ သို့မဟုတ် သမ္မာတရားပါဝင်သည့် ဤအနှစ်သာရနှင့် သွင်ပြင်လက္ခဏာ၏ ရင်းမြစ်ကို သတိမပြုမိနိုင်ကြချေ။ အခြေအနေတစ်ခုခုနှင့် ရင်ဆိုင်ရသည့်အခါ ပြုပြင်ခံရသည့်နောက်တွင်၊ ထိုအရာကို စိတ်ဖြာလေ့လာဆွေးနွေးကာ ဆန်းစစ်ပြီးသည့်နောက်တွင် ထိုအခြေအနေသက်သက်အပေါ် နက်ရှိုင်းသည့် ထင်မြင်ချက်တစ်ခုနှင့် သိနားလည်မှုအချို့ ရရှိကြလေသည်။ သို့ရာတွင် မတူကွဲပြားသော အနေအထား သို့မဟုတ် အခြေအနေတစ်ခုနှင့် ရင်ဆိုင်ရသည့်အခါ ထိုအရာကို တစ်ဖန် နားလည်ကြလိမ့်မည် မဟုတ်။ မည်သည့်အရာ လုပ်ဆောင်ရမည်ကို သိရှိကြလိမ့်မည်မဟုတ်သကဲ့သို့ လိုက်လျှောက်ရမည့် စည်းမျဉ်းများကို ရှာတွေ့ကြလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ သာမန် အစွမ်းအစရှိခြင်းကို ဆိုလိုသည့်အရာ ဖြစ်သည်။ ကောင်းမွန်သည့် အစွမ်းအစရှိသူတို့မှာမူ ၎င်းတို့တွင် ကောင်းမွန်သည့် အစွမ်းအစရှိသည်ဟု အဘယ်ကြောင့် ငါ ပြောသနည်း။ အခြေအနေတစ်ခုနှင့် ရင်ဆိုင်ရသည့်အခါ ကောင်းမွန်သည့် အစွမ်းအစရှိသူများသည် လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းကို ချက်ချင်း မရကောင်းမရနိုင်သော်လည်း တရားဒေသနာများကို နားထောင်ခြင်း သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များကို ရှာဖွေခြင်းအားဖြင့် လမ်းကြောင်းတစ်ခုကို ရှာတွေ့နိုင်ကြလေသည်။ ထို့နောက် အခြေအနေကို မည်သို့ ချဉ်းကပ်ရမည်ကို ၎င်းတို့ သိကြလိမ့်မည်။ အလားတူ အခြေအနေတစ်ခုကို နောက်တစ်ကြိမ် ကြုံရသည့်အခါ မည်သည့်အခါ လုပ်ဆောင်ရမည်ကို ၎င်းတို့ သိကြလိမ့်မည်လော။ (သိကြပါလိမ့်မည်။) ယင်းမှာ အဘယ်ကြောင့်နည်း။ (သူတို့သည် စည်းမျဉ်းစည်းကမ်းများကို လိုက်လျှောက်ရုံ လိုက်မလျှောက်ပါ။ လမ်းကြောင်းတစ်ခု ရှာတွေ့ရန် အခြေအနေကို သူတို့ တွေးဆနိုင်ပြီးနောက် ၎င်းတို့ သင်ယူခဲ့သည့် အရာကို အလားတူ အခြေအနေတွင် ကျင့်သုံးနိုင်ကြသည်။) မှန်ပေသည်၊ ၎င်းတို့သည် စည်းမျဉ်းကို ရှာတွေ့ပြီးဖြစ်ကာ သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာကို နားလည်ကြလေသည်။ သမ္မာတရားကို ၎င်းတို့ နားလည်သည်နှင့် သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာက ရည်ညွှန်းသည့် လူတို့၏ အခြေအနေများ၊ ထုတ်ဖော်ခြင်းများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအပြင် သမ္မာတရား ပါဝင်ပတ်သက်သည့် ၎င်းတို့ဘဝများတွင် ကြုံရသော ကိစ္စရပ်များ၊ အခြေအနေများ စသည်တို့ သိရှိကြလေသည်။ ထိုသို့သော အရာများကို လုပ်ဆောင်ခြင်းနှင့်ဆိုင်သည့် စည်းမျဉ်းများကို ၎င်းတို့ ရှင်းလင်းကြပြီး အနာဂတ်တွင် အလားတူ အရာများ ကြုံရသည့်အခါ သမ္မာတရား စည်းမျဉ်းများအတိုင်း မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သိရှိကြသည်။ ဤသည်မှာ သမ္မာတရားကို စစ်မှန်စွာ နားလည်ရန်ဟူသည့်အရာ ဖြစ်သည်။ ထို့ကြောင့် လူအချို့က သမ္မာတရားကို နားလည်နိုင်သောကြောင့်၊ သမ္မာတရားကို နားလည်ရန် အစွမ်းအစရှိကြသောကြောင့် ၎င်းတို့သည် အဖွဲ့ခေါင်းဆောင်များ သို့မဟုတ် အသင်းတော် ခေါင်းဆောင်များ ဖြစ်လာနိုင်ကြလေသည်။ သို့ရာတွင် အခြားသူအချို့သည် အယူဝါဒအဆင့်တွင်သာ နားလည်နိုင်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် စည်းမျဉ်းများကို သဘောမပေါက်နိုင်ကြသောကြောင့် ကြီးကြပ်ရေးတာဝန်ကို မကိုင်တွယ်နိုင်ကြသောကြောင့် အဖွဲ့ခေါင်းဆောင်များ မဖြစ်နိုင်ကြချေ။ သင့်ကို အဖွဲ့ခေါင်းဆောင်တစ်ဦးအဖြစ် အစေခံရန် တောင်းဆိုခြင်းသည် ခေါင်းဆောင်မှုကို ခံယူရန်နှင့် ကြီးကြပ်ရေးတာဝန်ကို ကိုင်တွယ်ရန် တောင်းဆိုခြင်း ဖြစ်သည်။ ကြီးကြပ်ရေးတာဝန်ကို ကိုင်တွယ်ရန် မည်သည့်အရာကို သင် အသုံးပြုရမည်နည်း။ အယူဝါဒ၊ ဆောင်ပုဒ်များ၊ အသိပညာ သို့မဟုတ် အယူအဆများ မဟုတ်။ ကြီးကြပ်ရေးတာဝန်ကို ကိုင်တွယ်ရန် သမ္မာတရား စည်းမျဉ်းများကို အသုံးပြုဖို့ သင့်ကို တောင်းဆိုခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားအိမ်တော်တွင် မည်သည့်အရာမဆို လုပ်ဆောင်ရာတွင် အသုံးပြုသည့် အခြေခံအကျဆုံးနှင့် အမြင့်မားဆုံးသော စည်းမျဉ်းဖြစ်သည်။ သင်၏ အစွမ်းအစက သာမန်ဖြစ်ပြီး သို့မဟုတ် ညံ့ဖျင်းပြီး၊ သမ္မာတရားကို သင် နားမလည်နိုင်လျှင် ကြီးကြပ်ရေးတာဝန်ကို သင် မည်သို့ ကိုင်တွယ်နိုင်မည်နည်း။ ဤတာဝန်ကို သင် မည်သို့ ယူနိုင်မည်နည်း။ သင်သည် ဤအလုပ်၊ ဤတာဝန်နှင့် မကိုက်ပေ။ လူအချို့သည် အဖွဲ့ခေါင်းဆောင်များအဖြစ် အရွေးခံခဲ့ရသော်လည်း သမ္မာတရားကို နားမလည်ကြသကဲ့သို့ မည်သည့်အရာကိုမျှ လုံးဝ မပြီးမြောက်နိုင်ကြပေ။ ၎င်းတို့သည် အဖွဲ့ခေါင်းဆောင်များအဖြစ် အခေါ်မခံထိုက်သကဲ့သို့ အစားထိုးခံရသင့်ပေသည်။ လူအချို့သည် အဖွဲ့ခေါင်းဆောင်များအဖြစ် အရွေးခံခဲ့ရပြီး သမ္မာတရား စည်းမျဉ်းများနှင့်သက်ဆိုင်သည့် တစ်စုံတစ်ရာကို နားလည်နိုင်ကြသည်၊ အလုပ်ကို ကြီးကြပ်နိုင်ပြီး လက်တွေ့ကျသည့် ပြဿနာအချို့ကို ဖြေရှင်းနိုင်ကြလေသည်။ ဤသည်မှာ တစ်စုံတစ်ဦးအား အလုပ်အတွက် အရည်အချင်း ပြည့်မီစေပြီး အဖွဲ့ခေါင်းဆောင်တစ်ဦးအဖြစ် သင့်လျော်စေသည့်အရာ ဖြစ်သည်။ လူအချို့သည် အလုပ်ကို မထမ်းရွက်နိုင် သို့မဟုတ် မိမိတို့တာဝန်များကို ကောင်းစွာ မထမ်းဆောင်နိုင်ကြပေ။ ဤအတွက် အဓိကအကြောင်းရင်းမှာ အဘယ်နည်း။ ထိုသို့သော လူများထဲမှ လူနည်းစုအတွက် ထိုအရာမှာ ၎င်းတို့တွင် ညံ့ဖျင်းသည့် လူ့သဘာဝရှိသောကြောင့် ဖြစ်သည်။ သို့သော် လူများစုအတွက်မူ အကြောင်းရင်းမှာ ၎င်းတို့၏ နိမ့်ကျသည့် အစွမ်းအစ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ အလုပ်များကို မလုပ်ဆောင်နိုင်ခြင်း သို့မဟုတ် ၎င်းတို့၏ တာဝန်များကို ကောင်းစွာ မထမ်းဆောင်နိုင်ခြင်း၏ အကြောင်းတရား ဖြစ်သည်။ သမ္မာတရားကို သဘောပေါက်နားလည်ခြင်းဖြစ်စေ၊ အလုပ်အကိုင်တစ်ခု သို့မဟုတ် အထူးပြု ကျွမ်းကျင်မှုတစ်ခုကို သင်ယူခြင်းဖြစ်စေ အစွမ်းအစကောင်းရှိသည့်လူများသည် ထိုအရာများတွင် ပါဝင်သည့် စည်းမျဉ်းများကို သဘောပေါက်နိုင်ကြသည်၊ အမှုအရာများ၏ ရင်းမြစ်ကို နားလည်နိုင်ကြပြီး ယင်းတို့၏ စစ်မှန်မှုနှင့် အနှစ်သာရကို ပိုင်ခြားသိမြင်နိုင်ကြလေသည်။ ဤသို့ဖြင့် ၎င်းတို့ လုပ်ဆောင်သမျှအရာတိုင်းတွင်၊ ၎င်းတို့ ပါဝင်သည့် အလုပ်တိုင်းတွင် ၎င်းတို့သည် မှန်ကန်သည့် အကဲဖြတ်မှုများကို ပြုလုပ်ကြပြီး မှန်ကန်သည့် စံနှုန်းများနှင့် စည်းမျဉ်းများကို သတ်မှတ်ကြလေသည်။ ဤသည်မှာ အစွမ်းအစကောင်း ဟူသည့်အရာ ဖြစ်သည်။ အစွမ်းအစကောင်း ရှိသည့်လူများသည် ဘုရားအိမ်တော်၏ အမျိုးမျိုးသော အလုပ်အပေါ် ကြီးကြပ်ရေးတာဝန်ကို ကိုင်တွယ်နိုင်ကြသည်။ သာမန် သို့မဟုတ် ညံ့ဖျင်းသည့် အစွမ်းအစရှိသူများသည် ထိုသို့သော အလုပ်ကို မတတ်စွမ်းနိုင်ကြပေ။ ဤသည်မှာ ဘုရားအိမ်တော်က လူအချို့အပေါ် မျက်နှာသာပေးခြင်းဖြစ်စေ၊ အထင်သေးခြင်းဖြစ်စေ၊ လူတို့ကို မတူကွဲပြားစွာ ဆက်ဆံခြင်းဖြစ်စေ လုံးဝ မဟုတ်ပေ။ ထိုအရာမှာ များစွာသော လူတို့က ၎င်းတို့၏အစွမ်းအစကြောင့် ကြီးကြပ်ရေးတာဝန်ကို မကိုင်တွယ်နိုင်ခြင်းသာ ဖြစ်သည်။ အဘယ်ကြောင့် ကြီးကြပ်ရေးတာဝန်ကို ၎င်းတို့ မကိုင်တွယ်နိုင်သနည်း။ ဖြစ်ကြောင်းရင်းမြစ်မှာ အဘယ်နည်း။ သမ္မာတရားကို ၎င်းတို့ နားမလည်ကြခြင်း ဖြစ်သည်။ ပြီးလျှင် ၎င်းတို့သည် အဘယ်ကြောင့် သမ္မာတရားကို နားမလည်ကြသနည်း။ ယင်းမှာ ၎င်းတို့၏ အစွမ်းအစသည် သာမန်ဖြစ်သောကြောင့်၊ သို့မဟုတ် အလွန်ပင် ညံ့ဖျင်းနေသောကြောင့် ဖြစ်သည်။ ထိုအကြောင်းကြောင့် သမ္မာတရားကို ၎င်းတို့ ဉာဏ်မမီနိုင်ကြ၊ ၎င်းတို့သည် သမ္မာတရားကို ကြားသည့်အခါ နားမလည်နိုင်ကြပေ။ လူအချို့က အလေးဂရုပြု၍ နားမထောင်သောကြောင့် သမ္မာတရားကို နားမလည်နိုင်ကြခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်၊ သို့မဟုတ် ၎င်းတို့သည် ငယ်ရွယ်ပြီး ဘုရားသခင်ကို ၎င်းတို့၏ယုံကြည်မှု၌ မည်သည့်စိတ်ကူးစိတ်သန်းမျှ မရှိသေးသည့်အပြင် ၎င်းတို့အတွက် ယင်းက အထူးစိတ်ဝင်စားဖွယ် မကောင်းသောကြောင့် ဖြစ်နိုင်သည်။ သို့ရာတွင် ဤအရာများက အဓိက အကြောင်းအရင်း မဟုတ်ပေ။ အဓိကအကြောင်းရင်းမှာ ၎င်းတို့၏အစွမ်းအစသည် မလုံလောက်သောကြောင့် ဖြစ်သည်။ နိမ့်ကျသော အစွမ်းအစရှိသည့် လူများသည် ၎င်းတို့၏တာဝန်က မည်သည့်အရာ ဖြစ်ပါစေ၊ သို့မဟုတ် ၎င်းတို့သည် မည်မျှကြာအောင် အလုပ်လုပ်နေခဲ့ပါစေ၊ ဒေသနာမည်မျှကို ၎င်းတို့ကြားနာရသည်ဖြစ်စေ၊ ၎င်းတို့ကို သမ္မာတရားမည်မျှကို သင်မိတ်သဟာယပြုပေးသည်ဖြစ်စေ ၎င်းတို့သည် နားမလည်နိုင်ကြသေး။ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းတွင် အချိန်ဆွဲကာ အမှုအရာများကို လုံးလုံး ရှုပ်ထွေးစေပြီး မည်သည့်အရာမျှ မဖြစ်မြောက်ပေ။ အဖွဲ့ခေါင်းဆောင်များအဖြစ် အစေခံကြပြီး အလုပ်အချို့ကို ကြီးကြပ်ရေးတာဝန် ကိုင်တွယ်သည့် လူအချို့အတွက် အလုပ်အတွက် တာဝန်ကို ၎င်းတို့ စတင်ခံယူသည့်အချိန်တွင် ၎င်းတို့သည် စည်းမျဉ်းများကို သဘောမပေါက်ကြချေ။ ကျရှုံးမှုအချို့ကြုံရသည့်နောက်တွင် ၎င်းတို့သည် သမ္မာတရားကို နားလည်လာကြပြီး မေးခွန်းများကို ရှာဖွေကာ မေးမြန်းခြင်းအားဖြင့် စည်းမျဉ်းများကို သဘောပေါက်လာကြလေသည်။ ထို့နောက် ဤစည်းမျဉ်းများကို အခြေခံ၍ ၎င်းတို့သည် ကြီးကြပ်ရေးတာဝန်ကို ကိုင်တွယ်နိုင်ကြပြီး မိမိတို့ဘာသာ အလုပ်ကို ထမ်းရွက်နိုင်ကြသည်။ ဤသည်မှာ အစွမ်းအစရှိခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။ အခြားလူတို့အတွက် သင်သည် ၎င်းတို့ကို စည်းမျဉ်းအားလုံး ပြောပြနိုင်ပြီး ယင်းတို့ကို မည်သို့ အကောင်အထည်ဖော်ရမည်ကို အသေးစိတ်ပင် ဖော်ပြနိုင်ပြီး သင် ပြောသည့်အရာကို ၎င်းတို့ နားလည်ပုံရသော်လည်း အမှုအရာများကို လုပ်ဆောင်သည့်အခါ စည်းမျဉ်းများကို သဘောမပေါက်နိုင်ရှိကြဆဲ ဖြစ်သည်။ ထိုအစား မိမိတို့ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများကို မှီခိုကြပြီး ဤအရာ မှန်သည်ဟုပင် ယုံကြည်နေကြသည်။ သို့ရာတွင် စည်းမျဉ်းများနှင့်အညီ အမှုအရာများကို ၎င်းတို့ လုပ်ဆောင်ခြင်း ရှိမရှိဟူသည်ကို ၎င်းတို့ ရှင်းလင်းစွာ မပြောနိုင်ကြသကဲ့သို့ အမှန်တကယ် မသိကြပေ။ အထက်က ၎င်းတို့ကို မေးခွန်းများမေးလျှင် ၎င်းတို့သည် ပျာယာခတ်လာကြပြီး မည်သည့်အရာ ပြောဆိုရမည်ကို မသိကြချေ။ အထက်က ကြီးကြပ်ရေးတာဝန်ကို ကိုင်တွယ်ကာ လမ်းညွှန်မှု ပေးသည့်အခါတွင်သာ ၎င်းတို့ ယုံကြည်စိတ်ချကြသည်။ ဤအရာက ၎င်းတို့၏ အစွမ်းအစ အလွန်ညံ့ဖျင်းသည်ကို ညွှန်ပြသည်။ ထိုသို့သော ညံ့ဖျင်းသည့် အစွမ်းအစနှင့်အတူ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို စိတ်ကျေနပ်ဖွယ်ပုံစံဖြင့် ထမ်းဆောင်ရန်မဆိုထားနှင့်၊ ဘုရားသခင်၏ သတ်မှတ်ချက်များကို ၎င်းတို့ ဖြည့်ဆည်းနိုင်ခြင်းမရှိ၊ သို့မဟုတ် သမ္မာတရား စည်းမျဉ်းများနှင့် လျော်ညီအောင် အသက်မရှင်နိုင်ကြပေ။
ခုနလေးတင်ကပင် ကောင်းမွန်သည့် အစွမ်းအစအထက်၌ နောက်ထပ်အဆင့်တစ်ခု ရှိသည်ဟု ငါ ဖော်ပြခဲ့သည်။ ယင်းမှာ အလွန်ကောင်းသော အစွမ်းအစဖြစ်၏။ အလွန်ကောင်းသည့် အစွမ်းအစရှိသော လူတို့သည် ဘုရားသခင်ကို စတင်ယုံကြည်လာသည့်နောက်တွင် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုကြပြီး ၎င်းတို့၏ အတွေ့အကြုံတွင် ဘုရားနှုတ်ကပတ်တော်များ၌ ဖော်ပြထားသည့် အမျိုးမျိုးသော အခြေအနေများက ရည်ညွှန်းသည့်အရာကို တဖြည်းဖြည်း ဖြတ်သန်း၊ ခံစားပြီး နားလည်ကြသည်။ အလွန်နည်းပါးသည့် အထောက်အပံ့ သို့မဟုတ် အကူအညီရရှိသည့်အချိန်တွင်ပင် ဘုရားနှုတ်ကပတ်တော်များ၌ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းကို ရှာတွေ့နိုင်ကြသည်၊ ဘုရားနှုတ်ကပတ်တော်များက ပြောသည့် စည်းမျဉ်းများ၊ လမ်းညွှန်ချက်များနှင့် စံနှုန်းများအတိုင်း မိမိတို့ကိုယ်ကိုအတွက် သတ်မှတ်ချက်များ ချမှတ်နိုင်ကြပြီး သွေဖည်မှုများနှင့် လွဲချော်ခြင်းများကို ရှောင်ရှားနိုင်ကြသည်။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို မိမိတို့ဘာသာ စားသောက်ခြင်းအားဖြင့် သမ္မာတရားကို နားလည်နိုင်ကြပြီး မိမိတို့ကိုယ်ကို သိရှိလာနိုင်ကာ ဘုရားသခင်ကို သိရှိလာနိုင်ကြသည်။ ဤသည်မှာ အမြင့်ဆုံးသော အစွမ်းအစဖြစ်ပြီး ထိုသို့သော လူများသည် အကြီးမားဆုံးသော ထိုးထွင်းသိမြင်မှုရှိကြသည်။ ငါ့ကို ပြောလော့၊ လူသားများကြားတွင် ဤကဲ့သို့သော လူများ ရှိကြသလော။ ယနေ့ခေတ် လူသားများကြားတွင် ဤသို့သော လူများကို သင် ရှာမတွေ့နိုင်ဟု ထင်ရသော်လည်း ကျမ်းစာထဲတွင် ဤကဲ့သို့သော တစ်ဦးတစ်ယောက်အကြောင်းကို သင် စဉ်းစားနိုင်သလော။ (စဉ်းစားနိုင်ပါသည်၊ ယောဘနှင့် ပေတရုဖြစ်သည်။) ယောဘနှင့်ပေတရုတို့နှစ်ဦးလုံးက ဤလူစားမျိုး ဖြစ်ကြ၏။ ၎င်းတို့သည် လူသားများထဲတွင် မြင့်မားဆုံးသော အစွမ်းအစရှိကြသည်။ ၎င်းတို့၏ လူ့သဘာဝ၊ အကျင့်စရိုက်နှင့် ဘုရားသခင်ကို ယုံကြည်ခြင်းတို့အား ဘေးဖယ်ထားလျှင် အစွမ်းအစအရ ၎င်းတို့သည် အမြင့်မားဆုံးသော အစွမ်းအစရှိသည့် လူနှစ်ဦးဖြစ်ကြသည်။ ဤအရာကို ပြောဆိုခြင်းအတွက် အခြေပြုချက်မှာ အဘယ်နည်း။ (ယောဘသည် ဘုရားနှုတ်ကပတ်တော်များကို လုံးဝ ဖတ်ရှုခြင်းမရှိသော်လည်း ဘုရားသခင်ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်ရင်း ဘုရားသခင်ကို သိကျွမ်းလာသည်။) ဘုရားသခင်သည် ယောဘကို မည်သည့်အခါတွင်မျှ စကားမပြောခဲ့ပေ၊ ထို့ကြောင့် သူ၏ အတွေ့အကြုံနှင့် အသိပညာတို့သည် မည်သည့်နေရာမှ လာခဲ့သနည်း။ ယောဘသည် သူ၏ ဘဝတွင် လေ့လာမှုများနှင့် ရှာဖွေတွေ့ရှိမှုများ ပြုလုပ်ခဲ့သည့်နောက် ယင်းတို့ကို သေချာစွာ ပျော်မွေ့ခံစားခဲ့သည်။ ယင်းက သူ၏ စိတ်နှလုံးတွင် အချို့သော ထင်မြင်ချက်များ ဖန်တီးခဲ့ပြီး သူ့ကို အချို့သော ဉာဏ်အလင်းပေးမှုနှင့် အလင်းပေးမှုတို့ကို ရရှိစေခဲ့သည်။ သူသည် သမ္မာတရားကို နည်းနည်းချင်း သဘောပေါက်ခဲ့ပြီး ယင်းတို့ကို သဘောပေါက်သည့်နောက်တွင် သူ၏ သဘောပေါက်နားလည်နိုင်ခြင်း၊ သမ္မာတရားအပေါ် သူ၏ သိနားလည်ခြင်းတို့နှင့်အညီ သူ လက်တွေ့လုပ်ဆောင်ခဲ့ပြီး တဖြည်းဖြည်းချင်း ဘုရားသခင်ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်လာခဲ့သည်။ “ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ခြင်း”သည် လူတို့ လေ့လာကာ လက်တွေ့လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ လူတို့ လိုက်လျှောက်သင့်သည့် အမြင့်ဆုံးသော လမ်းခရီးဖြစ်သည်။ နောက်ပိုင်းမျိုးဆက်များ၏ အမြင်တွင် ယောဘက ဤအဆိုအမိန့်ကို အတော်လေး လွယ်လင့်တကူ လက်တွေ့လုပ်ဆောင်သည်ဟု ထင်ရသည်။ သင်သည် ဤစကားလုံးများ၏ လက်တွေ့ကျသော ဘက်ခြမ်းကို မသိရှိသောကြောင့် သို့မဟုတ် မတွေ့ကြုံရသေးသောကြောင့် ရိုးရှင်းပြီး လွယ်ကူသည်ဟု သင် တွေးထင်သည်။ ယောဘအနေဖြင့် ဤအဆိုအမိန့်ကို မည်သို့ ရရှိခဲ့သနည်း။ သူ၏ ကိုယ်ပိုင် လက်တွေ့ကျသော အတွေ့အကြုံမှတစ်ဆင့် ရရှိခဲ့ပေသည်။ လူတို့၏ အမြင်တွင် “ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ပါ”ဟူသည့် စကားများသည် ဆောင်ပုဒ်တစ်ခုအဖြစ် အသုံးတည့်သင့်ပေသည်။ ထိုဆောင်ပုဒ်ကို သမ္မာတရား စည်းမျဉ်းအဖြစ် ၎င်းတို့ လိုက်လျှောက်ကာ လက်တွေ့လုပ်ဆောင်သင့်သည်။ ဤသည်မှာ မှန်ကန်၏။ သို့ရာတွင် ထိုအရာကို မည်သို့ ပြောဆိုရမည်ကို ယောဘက အာရုံမစိုက်ခဲ့ပေ။ မည်သို့ ဆောင်ရွက်ရမည်ကိုသာ သူ အာရုံစိုက်ခဲ့သည်။ ထို့ကြောင့် သူ အကောင်အထည်ဖော်သည့် စည်းမျဉ်းကို သူ မည်သို့ ရရှိခဲ့သနည်း။ (သူ၏ နေ့စဉ်ဘဝ အတွေ့အကြုံမှတစ်ဆင့် ဖြစ်သည်။) သူ၏ လုပ်ရပ်များတွင် ဤစည်းမျဉ်းကို သူ မည်သို့လိုက်လျှောက်နိုင်ခဲ့သနည်း။ (ဘဝတွင် သူ၏ အတွေ့အကြုံများမှတစ်ဆင့် ဘုရားသခင်ကို သူ သိကျွမ်းလာခဲ့ခြင်း ဖြစ်သည်။) သူသည် သူ၏ ပုံမှန်ဘဝတွင် ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့် လူတို့အပေါ် ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အမှုတော်ကို မြင်ခဲ့သည်။ ဤအတွေ့အကြုံများမှတစ်ဆင့် သူသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း၊ ဘုရားသခင်ကို စစ်မှန်သည့် ယုံကြည်ခြင်း၊ မှန်သော ကြည်ညိုလေးစားခြင်းနှင့် စစ်မှန်သော ကျိုးနွံနာခံမှု၊ ကိုးစားမှုတို့ ဖြစ်ပေါ်ခဲ့သည်။ ဤသည်မှာ ဘုရားသခင်အပေါ် သူ၏ ကြောက်ရွံ့ခြင်း ဖြစ်ပေါ်ခဲ့ပုံဖြစ်သည်။ သူသည် မွေးရာပါကတည်းက ဘုရားသခင်ကို ကြောက်ရွံ့ရကောင်းမှန်း သိရှိခဲ့ခြင်း မဟုတ်ပေ။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းသည် နှစ်ပေါင်းများစွာ ဘုရားသခင်ကို သူယုံကြည်ပြီး ဘုရားသခင်နောက် လိုက်ခဲ့သည့်နောက်ပိုင်း သူ၏ ကျင့်ကြံမှုများနှင့် အပြုအမူတို့၏ အကျဉ်းချုပ်ဖြစ်သည်။ ထိုအရာသည် သူ၏ အပြုအမူ၊ အသိပညာနှင့် လုပ်ဆောင်ချက် စည်းမျဉ်းများ၏ အနှစ်သာရဖြစ်သည်ဟု ငါတို့ ပြောနိုင်သည်။ သူ၏ ပြောဆိုပြုမူပုံ၊ သူ ထုတ်ဖော်ပြသည့်အရာနှင့် ဘုရားသခင်ရှေ့မှောက်တွင် သူ ပြုမူပုံအပြင် သူ၏ အနက်ရှိုင်းဆုံးသော ရည်ရွယ်ချက်များနှင့် လုပ်ဆောင်ချက် စည်းမျဉ်းများ၊ ဤသရုပ်သကန်များအားလုံး၏ အနှစ်သာရမှာ သူသည် ဘုရားသခင်ကို ကြောက်ရွံ့ခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က သူ့ကို သတ်မှတ်ပုံဖြစ်သည်။ ယောဘသည် ဤအရာများကို လုပ်ဆောင်နိုင်ခဲ့သော်လည်း ဘုရားသခင်က သူ့ကို နှုတ်ကပတ်တော်များစွာ ပြောဆိုခဲ့သောကြောင့် သို့မဟုတ် သူ့ကို သမ္မာတရား များစွာဖြင့် ထောက်ပံ့ပေးသောကြောင့်မဟုတ်ပေ။ ယင်းနောက်တွင် သူ၏ ကိုယ်ပိုင် သဘောပေါက်နားလည်မှုမှတစ်ဆင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းအား သူတဖြည်းဖြည်း ရရှိခဲ့ခြင်း ဖြစ်သည်။ ထိုခေတ်တွင် ဘုရားသခင်သည် သူ့ကို ရှင်းလင်းသည့် စကားတစ်ခွန်းတလေမျှ မပြောဆိုခဲ့ပေ။ အလွန်ဆုံးအနေဖြင့် ယောဘမြင်နိုင်ခဲ့သည့်အရာမှာ ဘုရားသခင်၏ စေတမန်များဖြစ်ပြီး အလွန်ဆုံးအနေဖြင့် သူ ကြားနိုင်ခဲ့သည့်အရာမှာ သူ၏ ဘိုးဘေးများမှ လက်ဆင့်ကမ်းလာခဲ့သည့် ဘုရားသခင်အကြောင်း ဒဏ္ဍာရီများ သို့မဟုတ် ဇာတ်လမ်းများဖြစ်သည်။ ဤသည်မှာ သူ သိရှိနိုင်ခဲ့သမျှဖြစ်သည်။ သို့ရာတွင် ဤသတင်းအချက်အလက်ပေါ်တွင်သာ မှီခိုရင်း ယောဘသည် သူ၏ ဘဝကို အသက်ရှင်ခြင်းမှ သာ၍များသော အရာများနှင့် သာ၍လက်တွေ့ကျသော အရာများကို တဖြည်းဖြည်း သင်ယူခဲ့သည်။ တဖြည်းဖြည်းနှင့် ဘုရားသခင်၌ သူ၏ ယုံကြည်ခြင်းသည် ပိုကောင်းသည်ထက် အားကောင်းလာခဲ့ပြီး စစ်မှန်သည့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းသည်လည်း သူ့အထဲတွင် ဖြစ်ပေါ်ခဲ့သည်။ ဤအရာနှစ်ခု သူ့အထဲတွင် ဖြစ်ပေါ်ပြီးသည့်နောက် ယောဘ၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုနှင့် သူ၏ စစ်မှန်သော အစွမ်းအစတို့ ပေါ်လွင်လာခဲ့သည်။ ယောဘထံမှ မည်သည့်အရာကို ငါတို့ မြင်နိုင်သနည်း။ သမ္မာတရားများစွာ ရှိသည်ကို ငါတို့ မြင်နိုင်သည်။ လူများက ပုံမှန် လူသား အတွေးအခေါ်နှင့် အစွမ်းအစတို့ ပိုင်ဆိုင်သရွေ့ မိမိတို့၏ နေ့စဉ်ဘဝများတွင် နည်းနည်းချင်း အမှန်တကယ် သဘောပေါက်နားလည်လာနိုင်သည့်အရာများဖြစ်သော ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ ဘုရားသခင်ကို သိကျွမ်းခြင်း၊ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် လူသားမျိုးနွယ်အတွက် ကယ်တင်ခြင်းတို့နှင့် ဆက်စပ်သော သမ္မာတရားများဖြစ်သည်။ ယောဘသည် ဤအရာ၏ ပုံသက်သေဖြစ်သည်။ သူသည် လက်တွေ့ကျသည့်အရာအချို့ကို သဘောပေါက်နားလည်နိုင်ခဲ့သည်။ မည်သည့်အရာကို သူ သဘောပေါက်နားလည်ခဲ့သနည်း။ သူ၏ စမ်းသပ်စစ်ဆေးမှုများ ကြုံရချိန်တွင် အတည်ပြုခြင်းခံရသည့် သူ၏ အမြင့်မားဆုံးသော ဆောင်ပုဒ်ဖြစ်သည်။ ဤသည်မှာ သူ၏ အမြင့်မားဆုံးသော သိနားလည်မှုလည်း ဖြစ်၏။ ဤဆောင်ပုဒ်၊ ဤအမြင့်မားဆုံးသော သိနားလည်မှုမှာ အဘယ်နည်း။ (“ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။” (ယောဘ ဝတ္ထု ၁:၂၁)) လက်ရှိ လူသားမျိုးနွယ်အတွင်းတွင် ဤကိစ္စရပ်အရ ယောဘကဲ့သို့ အလားတူ စစ်မှန်သည့် သိနားလည်မှုရှိသောသူ တစ်ဦးတလေ ရှိသလော။ ယောဘ၏ သိနားလည်မှုကို ရရှိနိုင်သည့် တစ်ဦးတစ်လေ ရှိသလော။ (မရှိပါ။) လူတို့ ယခု သိနားလည်သည်မှာ အယူဝါဒသာ ဖြစ်သည်။ ဤစကားများသည် ယောဘ၏ အတွေ့အကြုံမှ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းမျိုးဆက်များက ဤစကားများကို ပြောနိုင်ကြသော်လည်း ၎င်းတို့၏ စိတ်နှလုံးများတွင် ထိုစကားများကို သိနားလည်မှု မရှိပေ။ ယောဘသည်လည်း အစတွင် ဤသိနားလည်မှု မရှိခဲ့သော်လည်း ဤစကားများသည် သူ့ထံမှ လာခဲ့ခြင်းဖြစ်ကာ သူ၏ ကိုယ်တွေ့ အတွေ့အကြုံမှ ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။ ယောဘတွင် ဤစစ်မှန်မှုရှိခဲ့သည်။ နောင်မျိုးဆက်များက ယောဘကို မည်မျှ သံယောင်လိုက်ကာ အတုခိုးခဲ့သည်ဖြစ်စေ အယူဝါဒတစ်ခုကိုသာ ၎င်းတို့ နားလည်ကြသည်။ အယူဝါဒသာဖြစ်သည်ဟု ငါ အဘယ်ကြောင့် ပြောသနည်း။ ဦးစွာပထမ လူတို့က လက်တွေ့မလုပ်ဆောင်နိုင်ကြသောကြောင့် ဖြစ်သည်။ ဒုတိယအနေဖြင့် လူတို့သည် ယောဘကဲ့သို့ အတွေ့အကြုံများ မရှိခဲ့ကြသကဲ့သို့ ဤအတွေ့အကြုံများမှ ရရှိသည့် အသိပညာ မရှိကြသဖြင့် ၎င်းတို့၏ အသိပညာက အနှစ်မဲ့သောကြောင့် ဖြစ်သည်။ ထိုအရာကို သင် မည်မျှ ပြောဆိုသည်ဖြစ်စေ၊ “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များအားလုံးကို လိုလိုလားလား ကျွန်ုပ် ကျိုးနွံနာခံပါမည်”ဟု မည်မျှ ကျယ်လောင်စွာ ဟစ်ကြွေးသည်ဖြစ်စေ ဘဝတွင် အမှုအရာများ သင့်အပေါ် ကျရောက်သည့်အခါ ထိုအရာသည် ဘုရားသခင်၏ လုပ်ဆောင်ချက်ဖြစ်ကြောင်း သင်၏ စိတ်နှလုံးတွင် အသိအမှတ်ပြုနိုင်သလော။ ဘုရားသခင်က ပိတ်ပင်ကာ ဖျက်ဆီးလျှင် သင်၏ စိတ်နှလုံး၌ ဘုရားသခင်၏ နာမကို သင် ကောင်းချီးပေးနိုင်သေးသလော။ ဤသည်မှာ သင့်အတွက် ခက်ခဲပေသည်။ ဤအရာကို လုပ်ဆောင်ရန် သင့်အတွက် အဘယ်ကြောင့် အလွန် ခက်ခဲသနည်း။ အဘယ်ကြောင့်ဆိုသော် ဤအရာကို လုပ်ဆောင်ရာတွင် ဘုရားသခင်၏ မူလ ရည်ရွယ်ချက်ကို သင် မသိသကဲ့သို့ သူ၏ အချုပ်အခြာအာဏာကိုလည်း သင် အသိအမှတ်မပြုသောကြောင့် ဖြစ်သည်။ ဤအရာနှစ်ခုကို သင် နားမလည်နိုင်ပေ။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင် သိမြင်နားလည်နိုင်ခြင်း မရှိသကဲ့သို့ ဖန်ဆင်းခံတစ်ဦး ထိန်းသိမ်းသင့်သည့် နေရာ၊ ဖန်ဆင်းခံတစ်ဦး ရှိသင့်သည့် ကျိုးနွံနာခံမှု သို့မဟုတ် ဖန်ဆင်းခံတစ်ဦး ခံယူသင့်သည့် လုပ်ရပ်များကိုလည်း သင် နားမလည်ပေ။ သင်သည် ဤအရာတစ်ခုကိုမျှ မလုပ်နိုင်ပေ။ ထို့ကြောင့် ယောဘ၏ စကားများကို သင် အာဂုံဆောင်သည့်အခါ ထိုစကားများသည် မသိမသာ အနှစ်မဲ့လာကြသည်၊ အလှတန်ဆာဖြစ်ကာ ဟန်ရှိသော စကားများထက် ဘာမျှ မပိုပေ။ ထို့ကြောင့် သင်နှင့် ယောဘတို့နှစ်ဦးလုံးက စကားများကို တစ်ပုံစံတည်း ပြောဆိုကြသော်လည်း သူ၏ စိတ်နှလုံးတွင် ဤစကားများအပေါ် ယောဘ၏ သိနားလည်မှုနှင့် သဘောပေါက်ခြင်းတို့သည် သင်၏ နားလည်မှု၊ သဘောပေါက်နားလည်မှုတို့နှင့် ကွာခြားပြီး သူသည် သင့်ထက် ကွာခြားသည့် စိတ်ခံစားချက်ဆိုင်ရာ အခြေအနေအတွင်းတွင် ဤစကားများကို ပြောဆိုခဲ့ခြင်းဖြစ်ပေသည်။ ဤသည်တို့မှာ လုံးဝ ကွဲပြားခြားနားသည့် စိတ်အခြေအနေနှစ်ခု ဖြစ်သည်။ ယောဘသည် မူလက ဤစကားများကို မပြောဆိုခဲ့ပေ။ ထို့ထက် ဘုရားသခင်က သူ့ကို အရာရာ ခံစားခွင့်မပေးဘဲ ပိတ်ပင်သည့်အခါ သူသည် မြေပေါ် သူ့ကိုယ်သူ ပျပ်ဝပ်ပြီး ဘုရားသခင်၏ လုပ်ဆောင်ချက်များကို ချီးမွမ်းခဲ့သည်။ သို့သော် သင်သည် ဤစကားများကို မကြာခဏ ဟောပြောသော်လည်း ဘုရားသခင်၏ ပိတ်ပင်မှုကို ရင်ဆိုင်ရာတွင် မည်သို့ သင် ပြုမူမည်နည်း။ ဒူးထောက်ကာ ဆုတောင်းနိုင်မည်လော။ ကျိုးနွံနာခံနိုင်မည်လော။ သင်သည် ကျိုးနွံနာခံနိုင်မည် မဟုတ်ချေ။ အပြင်ပန်းအားဖြင့် သင်က “ကျွန်ုပ် ကျိုးနွံနာခံသင့်သည်။ ဤအရာကို ဘုရားသခင် လုပ်ဆောင်ခြင်းဖြစ်ပြီး ကျွန်ုပ်တို့ လူသားများသည် အစွမ်းအစ မရှိသကဲ့သို့ မခုခံနိုင်ပါ။ ထို့ကြောင့် အမှုအရာများကို ဤအတိုင်းသာ ကျွန်ုပ် ဖြစ်ခွင့်ပေးလိုက်မည်”ဟု ပြောလျှင်ပင် ဤသည်မှာ စစ်မှန်သည့် ကျိုးနွံနာခံမှုဖြစ်သလော။ သင်၏ အပျက်သဘောဆောင်သည့်၊ ပုန်ကန်တတ်ပြီး အတိုက်အခံလုပ်တတ်သော စိတ်ခံစားမှုများနှင့်ဆိုင်သည့် သဘာဝကို ဘေးဖယ်ထားသည့်အခါ သင်၏ သဘောထားနှင့် ယောဘ၏ သဘောထားတို့ကြား ခြားနားချက်တစ်ခုတလေ ရှိသလော။ (ရှိပါသည်။) အလွန့်အလွန် ကြီးမားသော ခြားနားချက်တစ်ခု ရှိပေသည်။ ဤသည်မှာ သမ္မာတရား စစ်မှန်မှု ရှိခြင်းနှင့် မရှိခြင်းတို့ကြား ခြားနားချက်ဖြစ်သည်။ ဤသည်မှာ အကြင်သူက တွေ့ကြုံကာ နားလည်သဘောပေါက်ပြီးသည့် အရာများက မိမိ ဘဝ၏ ပင်ကိုထုတ်ဖော်ပြမှုဖြစ်လာခြင်းနှင့် စစ်မှန်မှုမရှိဘဲနှင့် အယူဝါဒများကို နားလည်ရုံမျှ နားလည်ခြင်းတို့ကြား ခြားနားမှု ဖြစ်သည်။ မည်သည့်အရာကိုမျှ ထိပ်တိုက်မတွေ့ရသည့်အခါ လူတို့က ယောဘ၏ စကားများကို ဟောပြောကြလိမ့်မည် ဖြစ်သော်လည်း ၎င်းတို့ထံ အမှုအရာများ ဖြစ်ပျက်သည့်အခါ လူများစွာက ယောဘ၏ စကားများကို မပြောနိုင်ကြပေ။ ဤအရာက အယူဝါဒများကိုသာ ၎င်းတို့ နားလည်ကြကြောင်း ပြပေသည်။ ဤစကားများသည် ၎င်းတို့၏ အသက်ဖြစ်မလာသေးသကဲ့သို့ ၎င်းတို့အပေါ် အမှုအရာများ ဖြစ်ပျက်သည့်အခါ ၎င်းတို့၏ အတွေးများနှင့် သဘောထားများကို လမ်းမညွှန်ပေးချေ။ သို့ရာတွင် ဤစကားများကို မိမိတို့အသက်အဖြစ် ထားရှိသည့်လူများအပေါ် အမှုအရာများ ဖြစ်ပျက်သည့်အခါ ဤစကားများသည် နေ့စဉ်ဘဝတွင် ၎င်းတို့ ဟောပြောသည့် ဆောင်ပုဒ်တစ်ခု ဖြစ်သည်သာမက လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအပေါ် ၎င်းတို့၏ စစ်မှန်သော သဘောထားလည်း ဖြစ်ပေသည်။ ထို့အပြင် ဘုရားသခင်အပေါ် ၎င်းတို့စစ်မှန်သော သဘောထားဖြစ်သည်။ ဤစကားများသည် ၎င်းတို့ ဟစ်ကြွေးသော ဆောင်ပုဒ်မျှသာ မဟုတ်ဘဲ ၎င်းတို့ဘဝ၏ ပြယုဂ် ဖြစ်သည်။ ဤအရာက သမ္မာတရားကို နားလည်ခြင်းနှင့် သမ္မာတရားကို နားမလည်ခြင်းတို့ကြား ခြားနားချက်ကို မီးမောင်းထိုးပြပေသည်။
ယခုတွင် ပေတရုအကြောင်းကို စဉ်းစားကြည့်ကြစို့။ ပေတရုတွင် ကောင်းမွန်သည့် အစွမ်းအစရှိသည်ဟု ငါတို့ အဘယ်ကြောင့် ပြောဆိုကြသနည်း။ အဘယ်ကြောင့်ဆိုသော် ပေတရုသည် သခင်ယေရှု ဖော်ပြခဲ့သည့် သမ္မာတရားကို သဘောပေါက်နားလည်နိုင်ခဲ့ပြီး သခင်ယေရှု၏ စကားများကို နားလည်နိုင်ခဲ့သောကြောင့် ဖြစ်သည်။ ပေတရု အသက်ရှင်ခဲ့သည့် ခေတ်သည် ကျေးဇူးတော်ခေတ်ဖြစ်၏။ ကျေးဇူးတော်ခေတ်တွင် သခင်ယေရှု သွန်သင်ခဲ့သည့် ရွေးနုတ်ခြင်းနည်းလမ်းမှာ ပညတ်တော်ခေတ်တွင်ရှိခဲ့သော နည်းလမ်းထက် သာ၍ မြင့်မားခဲ့သည်။ ထိုအရာတွင် လူ၏ အသက်ဝင်ရောက်မှုနှင့်ပတ်သက်သော အခြေခံ သမ္မာတရားအချို့ ပါဝင်ခဲ့ပြီး လူသား စိတ်သဘောထား ပြောင်းလဲခြင်းနှင့်ပတ်သက်သည့် ကနဦး သမ္မာတရားအချို့လည်း ပါဝင်ခဲ့သည်။ ဥပမာအားဖြင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်း၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်ညွှန်ကြားမှုများကို ကျိုးနွံနာခံခြင်းအပြင် လူတို့အနေဖြင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအချို့ကို ထုတ်ဖော်သည့်အခါ တုံ့ပြန်သင့်ပုံတို့ ပါဝင်သည်။ ဤကိစ္စရပ်များကို ကျယ်ပြန့်ပြီး စနစ်ကျသော ပုံစံဖြင့် မဆွေးနွေးခဲ့သော်လည်း ယင်းတို့ကို ဖော်ပြထားခဲ့သည်။ ထိုအရာများကို ယောဘအချိန်ကာလတွင်ထက် များစွာပို၍ ဆွေးနွေးခဲ့သော်လည်း ယနေ့ထက် သိသိသာသာ လျော့နည်းသည်မှာ အမှန်ဖြစ်၏။ လူသား စိတ်သဘောထား ပြောင်းလဲခြင်း၊ ဘုရားသခင်အပေါ် လူသားများ၏ သဘောထား၊ လူတို့ စိတ်နှလုံးအတွင်းနက်နက်ရှိ ဖောက်ပြန်ပျက်စီးခြင်း အနှစ်သာရ သို့မဟုတ် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ထုတ်ဖော်ချက်တို့ကဲ့သို့သော သမ္မာတရား၏ သွင်ပြင်လက္ခဏာများအကြောင်းကို သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင်ထားသည့် စကားများ မရှိသော်လည်း သခင်ယေရှုသည် ဤအရာများနှင့်ပတ်သက်၍ အတိုင်းအတာ တစ်ခုခုအထိ မုချပြောဆိုခဲ့ပေသည်။ လူတို့အနေဖြင့် ဤအဆင့်ထိ မတိုးတက်နိုင်ခြင်းသာဖြစ်ပြီး ထို့ကြောင့် ဤစကားများကို မှတ်တမ်းမတင်ခဲ့ခြင်း ဖြစ်သည်။ ဥပမာအနေဖြင့် သခင်ယေရှုက ပေတရုကို “ငါအမှန်ဆိုသည်ကား၊ ယနေ့ညဉ့်တွင်ကြက်မတွန်မှီ သင်သည်သုံးကြိမ်မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်” (မဿဲ ၂၆:၃၄) ဟု ပြောခဲ့သည်။ ဤအရာကို ပေတရုက “ကိုယ်တော်နှင့်တကွသေရသော်လည်း အကျွန်ုပ်သည်ကိုယ်တော်ကို မငြင်းမပယ်ပါဟု လျှောက်ပြန်၏။” (ရှင်မဿဲ ၂၆:၃၅) ဟု ပြန်တုံ့ပြန်ခဲ့သည်။ ဤအရာများသည် မည်သည့်စကားမျိုးများ ဖြစ်သနည်း။ (မိမိကိုယ်ကို သိသည့်အသိ ကင်းမဲ့မှုကို ညွှန်ပြသော မာနထောင်လွှားသည့် စကားများဖြစ်သည်။) ထိုအရာများသည် မိမိကိုယ်ကို မသိသည့် တစ်စုံတစ်ဦးက ပြောဆိုထားသော မာနထောင်လွှားသည့် စကားများဖြစ်သည်။ ထို့ကြောင့် ဤသည်မှာ မိမိကိုယ်ကို သိရှိခြင်းနှင့် ပတ်သက်ပေသည်။ ကြက်တွန်ပြီးသည့်နောက်တွင် ပေတရုက မည်သည့်အရာကို သဘောပေါက်ခဲ့သနည်း။ (မိမိကိုယ်ကို ဝါကြွားမှုအပြည့်ဖြင့် သူစကားပြောခဲ့ခြင်းကို ဖြစ်သည်။) ဤအရာကို သူ သဘောပေါက်သည့်အခါ သူ၏ စိတ်နှလုံးတွင် တစ်စုံတစ်ရာကို သူ ခံစားခဲ့ရသလော။ (ခံစားခဲ့ရပါသည်။) ဤအရာ ဖြစ်ပျက်သည့်နောက်တွင် သူ၏ ပထမဆုံး တုံ့ပြန်ချက်မှာ အဘယ်အရာဖြစ်ခဲ့သနည်း။ (နောင်တဖြစ်သည်၊ သူ၏ စိတ်နှလုံးက အပြစ်ရှိသည့်စိတ်ဖြင့် ပြည့်သွားခဲ့သည်။) သူ၏ ပထမဆုံး တုံ့ပြန်မှုမှာ အပြစ်ရှိသည့်စိတ်နှင့် နောင်တဖြစ်သည်။ သူက “သခင်ပြောခဲ့သည့်အရာ မှန်သည်။ သခင့်ကို ချစ်ခြင်းနှင့်ပတ်သက်၍ ငါပြောခဲ့သည့်အရာသည် ဆန္ဒတစ်ခု၊ စံတစ်ခုနှင့် ဆောင်ပုဒ်တစ်မျိုးသာ ဖြစ်သည်။ ထိုသို့သော ဝိညာဉ်ရင့်ကျက်မှုမျိုးကို ကျွန်ုပ် မပိုင်ဆိုင်ပါ”ဟု ပြောခဲ့သည်။ သခင်ယေရှု အဖမ်းခံရခြင်း အခြေအနေနှင့် ရင်ဆိုင်ရသည့်အခါ ပေတရုသည် သူရဲဘောကြောင်ပြီး ကြောက်ရွံ့ခဲ့သည်။ တစ်စုံတစ်ဦးက သူ့ကို “သင်တို့၏ သခင် ဟုတ်သလော။ သူ့ကို သင် မသိသလော”ဟု မေးခဲ့သည်။ ပြီးလျှင် ထိုအခါ ပေတရုက မိမိဘာသာ မည်သည့်အရာ စဉ်းစားနေခဲ့သနည်း။ “သူ့ကို ငါ သိသည်၊ သို့သော် ငါ ဝန်ခံလိုက်လျှင် ငါ့ကိုလည်း သူတို့ ဖမ်းကြလိမ့်မည်”ဟူ၍ ဖြစ်သည်။ သူ၏ သူရဲဘောနည်းခြင်းနှင့် ဆင်းရဲဒုက္ခခံရမည်ကို ကြောက်ရွံ့ခြင်းတို့ကြောင့်၊ ပြီးလျှင် သခင်ယေရှုနှင့်အတူ အဖမ်းခံရမည်ကို ကြောက်ရွံ့သောကြောင့် သူ့ကို သိကျွမ်းခြင်းအား သူ ဝန်မခံခဲ့ပေ။ သူ၏ ကြောက်တတ်ခြင်းက သူ၏ ယုံကြည်ခြင်းကို အနိုင်ရသွားခဲ့သည်။ သို့ဆိုလျှင် သူ၏ ယုံကြည်ခြင်းသည် စစ်မှန်သလော၊ အယောင်ဆောင်ဖြစ်သလော။ (အယောင်ဆောင်ဖြစ်ပါသည်။) ထိုအချိန်တွင် အစောပိုင်းက “သခင်၊ ကိုယ်တော်နှင့်အတူ ထောင်ထဲရော၊ သေခြင်းသို့ပါ သွားရန် ကျွန်ုပ် အသင့်ရှိပါသည်”ဟု သူ ပြောခဲ့သည့်အချိန် ဤစကားများက ဖြစ်လိုသည့် အတွေးဖြစ်ခဲ့သည်ကို သူ သဘောပေါက်ခဲ့သည်။ ယင်းတို့သည် သူ၏ စစ်မှန်သော ယုံကြည်ခြင်း မဟုတ်ဘဲ အနှစ်မဲ့သည့် စကားများ၊ ဆောင်ပုဒ်တစ်ခုနှင့် အယူဝါဒသာ ဖြစ်ခဲ့သည်။ သူသည် စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှု မပိုင်ဆိုင်ခဲ့ပေ။ သူ့ထံတွင် စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှု မရှိကြောင်းကို မည်သည့်အချိန်တွင် သူ သဘောပေါက်ခဲ့သနည်း။ (အမှန်တရားများ ထုတ်ဖော်ပြခံရသည့်အခါတွင် ဖြစ်သည်။) အမှန်တရားများနှင့် ထိပ်တိုက်တွေ့ရသည့်အချိန်နှင့် သူ အပြစ်ရှိသည့်စိတ်ခံစားကာ နောင်တရသည့်အချိန်တွင်သာ သူက “လက်စသတ်တော့၊ ငါ၏ ယုံကြည်ခြင်းနှင့် ဝိညာဉ်ရင့်ကျက်မှုတို့က သခင်ပြောခဲ့သည့်အတိုင်းပင် အလွန် သေးငယ်ပါတကား။ သခင်ပြောခဲ့သည့်အရာ မှန်ကန်သည်။ သခင့်ကို ငါ ပြောခဲ့သည့်အရာမှာ လေလုံးထွားခြင်းသာ ဖြစ်သည်။ ယင်းသည် စစ်မှန်သည့် ယုံကြည်ခြင်းမဟုတ်ဘဲ ခဏတာဖြစ်သော စေ့ဆော်မှုတစ်ခုဖြစ်သည်။ တစ်စုံတစ်ရာနှင့် ထိပ်တိုက်တွေ့ရသည့်အခါ ငါသည် သူရဲဘောနည်းသည်၊ ဆင်းရဲဒုက္ခခံရန် မလိုလားပါ၊ မိမိကိုယ်ပိုင် တစ်ကိုယ်ကောင်းဆန်သော စိတ်ကူးများ ရှိခဲ့သည်၊ မိမိကိုယ်ပိုင် ရွေးချယ်မှုများ ပြုလုပ်ခဲ့သည်၊ ကျိုးနွံနာခံခြင်း မရှိခဲ့သကဲ့သို့ သခင့်ကို အမှန်တကယ် ချစ်သည့် စိတ်နှလုံး မရှိခဲ့ပါ။ ယင်းမှာ ငါ၏ ယုံကြည်ခြင်း နည်းပါးမှုဖြစ်သည်၊ ယင်းမှာ ငါ၏ ဝိညာဉ်ရင့်ကျက်မှု အရွယ်အစားဖြစ်သည်”ဟူ၍ သဘောပေါက်လေသည်။ သူ၏ နောင်တက သူ့အထဲတွင် ဤအတွေးများကို ဖြစ်ပေါ်စေခဲ့သည်၊ မဟုတ်လော။ သူ၏ နောင်တက သူသည် မိမိကိုယ်ကို သိမှတ်နှင့်ပြီးဖြစ်ကာ သူ၏ ဝိညာဉ်ရင့်ကျက်မှု၊ အခြေအနေနှင့် ယုံကြည်ခြင်းတို့၏ တိကျမှန်ကန်သော အတိုင်းအတာတစ်ခု ရှိနှင့်ပြီးဖြစ်သည်ကို ပြပေသည်။ ပေတရုက သခင့်ကို သုံးကြိမ်ငြင်းပယ်ခဲ့သည်ကိုသာ ဓမ္မသစ်ကျမ်းက မှတ်တမ်းတင်ခဲ့သော်လည်း သူနောင်တရခဲ့ပုံ၊ မိမိကိုယ်ကို လှည့်ပြီး ပြောင်းလဲခဲ့ပုံတို့နှင့်ဆိုင်သော ပေတရု၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို မှတ်တမ်းမတင်ပေ။ အမှန်တွင် ပေတရုသည် ဤအရာနှင့်ပတ်သက်၍ စာစောင်များ ရေးသားခဲ့သော်လည်း သမ္မာကျမ်း စာတည်းဖြတ်သူများက ယင်းတို့ကို ထည့်သွင်းရန် မရွေးချယ်ခဲ့ကြပေ။ ဤသည်မှာ ထိုအချိန်က အသင်းတော် ခေါင်းဆောင်များအားလုံးအနေဖြင့် မည်သို့ တရားဟောကာ သက်သေခံရမည်ကို အာရုံစိုက်ခဲ့ကြသော်လည်း ၎င်းတို့ထဲမှ တစ်ဦးကမျှ ဘဝ အတွေ့အကြုံကို နားမလည်ခဲ့ကြကြောင်းကို ပြသသည့် သိသာထင်ရှားသော ပြဿနာတစ်ခု ဖြစ်သည်။ ၎င်းတို့အားလုံးက အရေးအပါဆုံးသောအရာမှာ လူတို့၏ အသက်ဝင်ရောက်မှုဖြစ်သည့်အပြင် သမ္မာတရားကို လူတို့၏ နားလည်ခြင်းနှင့် ဘုရားသခင်နှင့်ဆိုင်သော အသိတို့ ဖြစ်သည်ကို မသိဘဲလျက် ထိုတမန်တော်များက မည်သို့ ဟောပြောကာ အလုပ်လုပ်ခဲ့ပြီး မည်သို့ ဆင်းရဲဒုက္ခခံခဲ့သည်ကိုသာ အာရုံစိုက်ခဲ့ကြသည်။ သမ္မာကျမ်းကို တည်းဖြတ်ခဲ့ကြသည့်သူများက ပေတရုထံ ဖြစ်ပျက်ခဲ့သည့်အရာကို လွန်ကဲစွာ ရိုးရှင်းလွယ်ကူပြီး အကြမ်းဖျင်းဝေါဟာရများဖြင့် မှတ်တမ်းတင်ခဲ့သော်လည်း ပေါလုဘဝ၏ အဖြစ်အပျက်များကို သီးသန့် အနုစိတ်ကာ အတွဲလိုက်ဖြင့် မှတ်တမ်းတင်ခဲ့ကြသည်။ ဤအရာက ဤလူများအနေဖြင့် ဘက်လိုက်ခဲ့ကြကြောင်း ပြပေသည်။ သမ္မာတရားက ဖြစ်သည့်အရာဖြစ်သည်ကို ၎င်းတို့ နားမလည်ခဲ့ကြသကဲ့သို့ ဘုရားသခင်အတွက် သက်သေခံခြင်းက မည်သည့်အရာ ဆိုလိုသည်ကိုလည်း နားမလည်ခဲ့ကြပေ။ ပေါလုကို ၎င်းတို့ ကိုးကွယ်ခဲ့ကြသောကြာင့် ပေါလု၏ စာစောင်များကို ပိုမိုရွေးချယ်ခဲ့ကြသော်လည်း ပေတရု၏ စာစောင်အနည်းငယ်ကိုသာ ရွေးချယ်ခဲ့ကြသည်။ သမ္မာကျမ်းစာကို ဤသို့ တည်းဖြတ်ခြင်းအားဖြင့် စည်းမျဉ်းနှင့်ဆိုင်သော အမှားတစ်ခုကို ၎င်းတို့ ကျူးလွန်ခဲ့ကြသည်။ ယင်းက သခင့်ကို ယုံကြည်သူများအား အနှစ်နှစ်ထောင်ကြာ ပေါလုကို ကိုးကွယ်ကာ အတုယူစေခဲ့သည်။ ဤအရာက ဘာသာရေးလောကတစ်ခုလုံးကို အန္တိခရစ်များ၏ ထိန်းချုပ်မှုအောက်တွင်ရှိသော ဘာသာရေး လောကတစ်ခု ဖြစ်လာစေရင်း ဘုရားသခင်အား အတိုက်အခံလုပ်သည့် လမ်းကြောင်းဆီသို့ ထိုးဆင်းသွားစေခဲ့သည်။ ၎င်းတို့သည် ပေတရုပေးစာများထဲမှ ပထမစာစောင်နှင့် ဒုတိယစာစောင် ဖြစ်သည့် ပေတရု၏ စာစောင်နှစ်ခုကိုသာ မှတ်တမ်းတင်ထားလျက် သူ၏ ထူးကဲသော သက်သေခံချက်ကို လျစ်လျူရှုခဲ့ကြသည်။ သို့ရာတွင် ပေတရုက သူ့ထံ ဖြစ်ပျက်ခဲ့သည့်အရာကို မည်သို့ အမှန်တကယ် တွေ့ကြုံခဲ့သည်၊ ဘုရားသခင်က သူ့ကို မည်သို့ ဉာဏ်အလင်းပေးခဲ့သည်၊ သူ့ထံ ယေရှုပေါ်ထွန်းလာချိန်တွင် မည်သည့်အရာ ပြောခဲ့သည်၊ ဘုရားသခင်၏ တရားစီရင်ခြင်း ပြစ်တင်ဆုံးမခြင်း၊ ပြုပြင်ခြင်း၊ စမ်းသပ်မှုများနှင့် စစ်ဆေးမှုများကို ပေတရု မည်သို့လက်ခံခဲ့သည်၊ နောက်ဆုံးတွင် လိုလိုလားလား သူ ဇောက်ထိုး ကားစင်တင်ခံခဲ့ရပုံ၊ ပေတရုက ဤအဆင့်သို့ မည်သို့ ရောက်ရှိခဲ့သည်၊ သူ၏ အသက်စိတ်သဘောထားတွင် ထိုသို့သော အပြောင်းအလဲတစ်ခု သူ စွမ်းဆောင်ရရှိခဲ့ပုံအပြင် ထိုသို့သော ယုံကြည်ခြင်းနှင့် ကျိုးနွံနာခံမှုတို့ သူ ရရှိခဲ့ပုံတို့အတွက်မူ ဤအတွေ့အကြုံ ဖြစ်စဉ်နှင့်ဆိုင်သော မှတ်တမ်း မရှိခဲ့ပေ။ ဤသည်မှာ လုံးဝ မဖြစ်သင့်ပုံဖြစ်သည်။ ဤတန်ဖိုးအရှိဆုံးသော အရာများကို မှတ်တမ်းမတင်ထားသည်မှာ အင်မတန် စိတ်မကောင်းစရာ ဖြစ်ပေသည်။
ခရစ်ဝင်ကျမ်းလေးကျမ်းတွင် မှတ်တမ်းတင် ထားသည့်အတိုင်း သခင့်အပေါ် ပေတရု၏ သုံးကြိမ်ငြင်းပယ်ခြင်းမှသည် ဘုရားသခင်အတွက် ပေတရု၏ နောက်ဆုံး ဇောက်ထိုး ကားစင်တင်သတ်ခံရခြင်းအထိ ဤအဖြစ်အပျက်နှစ်ခုကို စုစည်းလိုက်သည့်အခါ မည်သည့်အရာကို လူတို့ မြင်ရသနည်း။ ပေတရုက သခင့်ကို သုံးကြိမ် ငြင်းပယ်ခြင်းမှ နောက်ဆုံးတွင် ဘုရားသခင်အတွက် ဇောက်ထိုး ကားစင်တင်သတ်ခံရခြင်းအထိ ဖြစ်ခဲ့ပေသည်။ ဤတွင် ခက်ခဲသော ဖြစ်စဉ်တစ်ခု၊ လေ့လာဖော်ထုတ်ထိုက်သည့် ဖြစ်စဉ်တစ်ခု ရှိသည် မဟုတ်လော။ ဤဖြစ်စဉ်သည် အဘယ်အရာနည်း။ (လူ၏ အသက်ဝင်ရောက်မှုနှင့် စိတ်သဘောထား၌ ပြောင်းလဲခြင်းဖြစ်စဉ် ဖြစ်သည်။) မှန်ပေ၏၊ လူသား စိတ်သဘောထားတွင်ရှိသော ပြောင်းလဲခြင်းသည် မိမိကိုယ်ကို ဘုရားသခင်အတွက် စွန့်လွှတ်ကာ အသုံးခံနိုင်ပြီး ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုအားလုံးကို လိုလိုလားလား ကျိုးနွံနာခံနိုင်ခြင်းနှင့်ဆိုင်သော ဘဝခရီးတစ်ခု ဖြစ်သည်။ ဘဝအတွေ့အကြုံသည် ဤဖြစ်စဉ် အတိအကျ ဖြစ်၏။ ဇာတ်လမ်းဆန်ဆန် ချဲ့ကားဖန်တီးခြင်းတစ်ခု လုံးဝ မဟုတ်ပေ။ ပေတရုက သူ့အနေဖြင့် သခင်ယေရှု၏ နောက်လိုက်တစ်ဦး ဖြစ်သည်ကို ဝန်မခံဝံ့ခဲ့သည့်အချိန် တကယ့် အစအဦးမှသည် ဘုရားသခင်အတွက် ဇောက်ထိုး ကားစင်တင်သတ်ခံရရန် လိုလားလျက် သူ့တွင် ရဲရင့်ခြင်းနှင့် ယုံကြည်ခြင်းရှိခဲ့သည့်အချိန် ဤနောက်ဆုံးအထိ ဤအဆင့်သို့ တိုးတက်ခဲ့သည်။ သူ၏ ယုံကြည်ခြင်း၊ သူ၏ စိတ်သဘောထားနှင့် သူ၏ ကျိုးနွံနာခံမှုတို့တွင် သူ ကြုံခဲ့ရသည်မှာ ကောင်းလိုက်သည့် ပြောင်းလဲခြင်းဖြစ်စဉ်တစ်ခုပါတကား။ ကြီးထွားမှုဖြစ်စဉ်တစ်ခု သေချာပေါက် ရှိခဲ့ပေသည်။ ယနေ့ခေတ်တွင် ပြောဆိုသည့် စကားများသည် ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံသူများက နားလည်ရမည့် သမ္မာတရားများ ဖြစ်သောကြောင့် ဤသည်မှာ မည်သည့် ကြီးထွားမှု ဖြစ်စဉ်မျိုးဖြစ်သည်ကို ခေတ်သစ်လူများစွာက အတိအကျ သိရှိရန် မလိုအပ်ပေ။ ယနေ့ခေတ်တွင် ဘုရားသခင်သည် ဤအရာများကို လူတို့အား နားလည်အောင် လုပ်ဆောင်ပြီးဖြစ်ကာ ၎င်းတို့ကို ဤသမ္မာတရားများဖြင့် ထောက်ပံ့ပေးပြီးသားဖြစ်သည်။ ထို့ကြောင့် ပေတရု၏ အတွေ့အကြုံသည် မည်သည့်အရာနှင့် တူသနည်း။ သခင်ယေရှု ထွက်ခွာသွားသည့်နောက်တွင် ဘုရားသခင်ကို ကျိုးနွံနာခံမှု စွမ်းဆောင်ရရှိရန်အလို့ငှာ မည်သည့်အရာ တွေ့ကြုံသင့်သည်ကို မည်သူကမျှ သူ့အား ရှင်းလင်းသည့် ဝေါဟာရများဖြင့် မပြောပြခဲ့ပေ။ ၎င်းအတွက် ဘုရားသခင်ထံမှ ရှင်းလင်းသည့် နှုတ်ကပတ်တော်များ မရနိုင်ခဲ့သည့် ထိုခေတ်တွင် သူသည် မည်သည့် စောဒကတက်မှုမျှ သို့မဟုတ် မည်သည့်ကိုယ်ရေးကိုယ်တာ ရွေးချယ်မှုမျှမရှိဘဲ လိုလားသော ကျိုးနွံနာခံမှုနှင့်ဆိုင်သည့် ဝိညာဉ်ရင့်ကျက်မှုနှင့် ယုံကြည်ခြင်းတို့ကို နောက်ဆုံးတွင် ရရှိခဲ့သည်။ ငါ့ကို ပြောလော့၊ အဆုံးတွင် မည်သည့် သမ္မာတရားများကို သူ ရရှိခဲ့သနည်း။ ပြီးလျှင် ယင်းတို့ကို သူ မည်သို့ ရရှိခဲ့သနည်း။ ထိုအရာမှာ ဆုတောင်းခြင်း၊ ရှာဖွေခြင်းနှင့် ထို့နောက် တဖြည်းဖြည်း တွေ့ကြုံခြင်းနှင့် စမ်းတဝါးဝါး စူးစမ်းခြင်းတို့မှတစ်ဆင့် ဖြစ်သည်။ ဤအချိန်ကာလအတောအတွင်းတွင် ပေတရုသည် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းအပြင် ဘုရားသခင်၏ အထူး ကျေးဇူးတော်နှင့် လမ်းပြမှုတို့ကို ရရှိခဲ့သည်။ ထိုသို့သော အရာများအပြင် သူ၏ ကိုယ်ပိုင် အားထုတ်မှုများမှတစ်ဆင့် ထိုးထွင်းသိမြင်မှုကိုသာ သူ ရရှိနိုင်ခဲ့သည်။ ဤဖြစ်စဉ်အတောအတွင်းတွင် မိမိနှင့်ဆိုင်သည့် ပေတရု၏ သိမြင်မှု၊ ဘုရားသခင်၏ ရည်ရွယ်ချက်များအပြင် လူတို့ ဝင်ရောက်သင့်သည့် သမ္မာတရား သွင်ပြင်လက္ခဏာအားလုံးနှင့်ဆိုင်သည့် ပေတရု၏ သိမြင်မှုသည် မှုန်ဝါးနေခြင်းမှ ရှင်းလင်းပြတ်သားခြင်းသို့ တဖြည်းဖြည်း ကူးပြောင်းသွားပြီးနောက် တိကျမှန်ကန်ခြင်းနှင့် ထို့နောက်တွင် လက်တွေ့ကျပြီး ပြတ်သားသော လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းအဖြစ်သို့ ကူးပြောင်းသွားခဲ့သည်။ ဤဖြစ်စဉ်သည် သွေဖည်မှုတစ်ခုမျှ မရှိဘဲ သူ လုံးဝ ကျိုးနွံနာခံနိုင်ခဲ့သည့်အချိန် အဆုံးထိတိုင် တစ်လျှောက်လုံး ရှည်ကြာသည်။ သူ၏ စိတ်နှလုံးတွင် အတည်ပြုချက်ရရှိခဲ့သည့်နောက်တွင်သာ သူသည် ဤသို့ လက်တွေ့လုပ်ဆောင်ဝံ့ခဲ့ခြင်း ဖြစ်သည်။ ဤအတည်ပြုချက်သည် မည်သည့်နေရာမှ လာခဲ့သနည်း။ စမ်းတဝါးဝါး စူးစမ်းခြင်းအပြင် ဆုတောင်းခြင်းနှင့် ရှာဖွေခြင်းတို့မှတစ်ဆင့် ဖြစ်သည်။ သူသည် သန့်ရှင်းသော ဝိညာဉ်တော်ကို ဆောင်ရွက်ခွင့်ပေးခဲ့ပြီး ဘုရားသခင်ကို ဆောင်ရွက်ခွင့်ပေးခဲ့သည်။ အဟန့်အတား သို့မဟုတ် ထိန်းသိမ်းကြပ်မတ်ခြင်း မရှိခဲ့ပေ။ သူ့ထံတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း၊ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့အပြင် တစ်ချိန်တည်း၌ ဘုရားသခင်၏ ထောက်ပံ့မှု၊ ကောင်းချီးနှင့် လမ်းပြမှုတို့ ရှိခဲ့သည်။ ဤသည်မှာ အတည်ပြုချက်ကို သူ ရရှိခဲ့ပုံဖြစ်သည်။ အတည်ပြုချက်ကို ရရှိပြီးသည့်နောက်တွင် သူသည် ရဲရင့်စွာ ဆက်လက်ရှာဖွေသည်၊ စမ်းတဝါးဝါး စူးစမ်းကာ လက်တွေ့လုပ်ဆောင်လေသည်။ ထိုသို့သော ခက်ခဲရှုပ်ထွေးသည့် ဖြစ်စဉ်တစ်ခုကို ဖြတ်သန်းပြီးနောက်တွင် ပေတရုသည် လူသား သဘာဝ၊ မိမိကိုယ်ကို သိသည့်အသိနှင့် စိတ်သဘောထားတို့၏ သွင်ပြင်လက္ခဏာများအပြင် အမျိုးမျိုးသော ပတ်ဝန်းကျင်များတွင် လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ဖြစ်ပေါ်စေသည့် အမျိုးမျိုးသော အခြေအနေများအပေါ် တိကျသည့် သိနားလည်မှုတစ်ခု တဖြည်းဖြည်း ရှိလာလေသည်။ ဤအရာကို သဘောပေါက်ပြီးသည့်နောက်တွင် လိုက်လျောညီထွေသည့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းများကို ရှာဖွေရန် ဤအရာများကို ဖြစ်မြောက်စေရန် သူ စီစဉ်လေသည်။ အဆုံးတွင် သူသည် မတူကွဲပြားသော ပတ်ဝန်းကျင်များရှိ အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများမှ အကျိုးဆက်ဖြစ်ပေါ်သော အခြေအနေတစ်ခုစီကို ဖြေရှင်းခဲ့လေသည်။ ယင်းတို့ကို သူ မည်သို့ ဖြေရှင်းသနည်း။ ဘုရားသခင်၏ ဉာဏ်အလင်းပေးသည့် သမ္မာတရားများနှင့် စည်းမျဉ်းများကို အသုံးပြုခြင်းအားဖြင့် ယင်းတို့ကို သူ ဖြည်းဖြည်းချင်း ဖြေရှင်းခဲ့သည်။ သူသည် ဤအချိန်ကာလအတောအတွင်းတွင် များစွာသော စမ်းသပ်မှုများနှင့် စစ်ဆေးမှုတို့ကို တွေ့ကြုံခဲ့သည်မှာ အမှန်ဖြစ်၏။ ဘုရားသခင်သည် သူ့ကို မည်သည့်အတိုင်းအတာအထိ စမ်းသပ်ကာ စစ်ဆေးခဲ့သနည်း။ အဆုံးတွင် ဘုရားသခင်၏ ရည်ရွယ်ချက်ကို သဘောပေါက်ခဲ့ပြီး ဘုရားသခင်က လူတို့အား ကျိုးနွံနာခံခြင်း သင်ခန်းစာကို သင်ယူစေချင်ကြောင်း သိနားလည်ခဲ့သည်။ သို့ဆိုလျှင် လူတို့အနေဖြင့် ကျိုးနွံနာခံမှုကို ကျင့်ကြံသင့်ကြောင်း ပေတရုအား နားလည်စေရန် ဘုရားသခင်သည် သူ့အပေါ် မည်သည့်အတိုင်းအတာအထိ အလုပ်လုပ်ခဲ့သနည်း။ ပေတရုပြောခဲ့သည့် တစ်စုံတစ်ရာကို ယခင်က ငါတို့ ဖော်ပြခဲ့ကြသည်။ မည်သည့်အရာဖြစ်သည်ကို သင်တို့ သတိရကြသလော။ (ဘုရားသခင်က ငါ့အား ဆော့ကစားစရာအရုပ်တစ်ခုအဖြစ် ဆက်ဆံလျှင် ငါသည် အဘယ်သို့ အဆင်သင့်မဖြစ်ဘဲ၊ မလိုလားဘဲ ရှိနိုင်မည်နည်း။) မှန်ပေ၏၊ ထိုတစ်ခု ဖြစ်သည်။ ဘုရားသခင်၏ အမှုတော် သို့မဟုတ် လမ်းပြမှုကို တွေ့ကြုံခံစားခြင်းနှင့် ကြုံရခြင်း ဖြစ်စဉ်တွင် ပေတရုသည် မရည်ရွယ်ဘဲ ဤခံစားချက်ဖြစ်ပေါ်သည်။ “ဘုရားသခင်သည် လူတို့ကို ဆော့ကစားစရာအရုပ်များကဲ့သို့ ဆက်ဆံသည် မဟုတ်လော”ဟူ၍ ဖြစ်သည်။ သို့ရာတွင် ဤသည်မှာ ဘုရားသခင်၏ လုပ်ရပ်များကို လှုံ့ဆော်ပေးသည့်အရာ မုချမဟုတ်ပေ။ လူတို့သည် ဤကိစ္စရပ်ကို အကဲဖြတ်ရန် မိမိတို့၏ လူသား ရှုထောင့်အမြင်၊ အတွေးအခေါ်နှင့် အသိပညာတို့အပေါ် မှီခိုကြပြီး ဘုရားသခင်သည် လူတို့အား ဆော့ကစားစရာအရုပ်များဖြစ်သည့်အလား သာမန်ကာလျှံကာ ကစားသည်ဟု ခံစားကြရသည်။ တစ်ရက်တွင် ဤအရာကို လုပ်ဆောင်ရန် ၎င်းတို့ကို သူ ပြောပြီး မနက်ဖြန်တွင်မူ ထိုအရာကို လုပ်ဆောင်ရန် ပြောသည်။ မရည်ရွယ်ဘဲနှင့် သင်က “အို၊ ဘုရားသခင်သည် အလွန်များသည့်အရာများကို ပြောဆိုလေပြီ။ မည်သည့်အရာကို လုပ်ဆောင်ရန်ပင် သူ ကြိုးစားနေခြင်း ဖြစ်သနည်း”ဟု စတင်ခံစားလာရသည်။ လူတို့သည် စိတ်ရှုပ်ထွေးကာ အနည်းငယ် စိတ်ထိခိုက်ခံစားရသည်။ မည်သည့် ရွေးချယ်မှုများ ပြုလုပ်ရမည်ကို ၎င်းတို့ မသိကြချေ။ ဘုရားသခင်က ပေတရုကို စစ်ဆေးရန် ဤနည်းလမ်းအသုံးပြုခဲ့သည်။ ဤစစ်ဆေးချက်၏ နောက်ဆုံးရလဒ်မှာ အဘယ်နည်း။ (သေသည်အထိ ကျိုးနွံနာခံမှုကို ပေတရု ရရှိခဲ့သည်။) ကျိုးနွံနာခံမှုကို သူ ရရှိခဲ့ပေသည်။ ဤသည်မှာ ဘုရားသခင် အလိုရှိသည့် ရလဒ်ဖြစ်ပြီး ထိုအရာကို ဘုရားသခင်က မြင်ခဲ့၏။ ပေတရု ပြောခဲ့သည့် မည်သည့်စကားများက သူသည် ကျိုးနွံနာခံမှုရှိလာကာ ဝိညာဉ်ရင့်ကျက်မှုတွင် ကြီးထွားလာပြီးဖြစ်သည်ကို ငါတို့အား ပြသခဲ့သနည်း။ မည်သည့်အရာကို ပေတရု ပြောဆိုခဲ့သနည်း။ ဘုရားသခင် လုပ်ဆောင်ခဲ့သမျှနှင့် လူကို ဆော့ကစားစရာအရုပ်အဖြစ် ဆက်ဆံသည့် ဘုရားသခင်၏ သဘောထားကို ပေတရုက မည်သို့ လက်ခံကာ ရှုမြင်ခဲ့သနည်း။ ပေတရု၏ သဘောထားမှာ အဘယ်နည်း။ (သူက၊ ငါသည် အဘယ်သို့ အဆင်သင့်မဖြစ်ဘဲ၊ မလိုလားဘဲ ရှိနိုင်မည်နည်းဟု ပြောဆိုခဲ့သည်။) ဟုတ်ပေ၏၊ ယင်းမှာ ပေတရု၏ သဘောထားဖြစ်သည်။ ထိုစကားများသည် သူ၏ စကားများ အတိအကျဖြစ်ပေသည်။ ဘုရားသခင်၏ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့ကို တွေ့ကြုံခြင်းမရှိသည့် လူများသည် ဤနေရာတွင် အဖြစ်အပျက်၏ ဇာတ်လမ်းကို နားမလည်သကဲ့သို့ မတွေ့ကြုံဖူးကြသောကြောင့် ဤစကားများကို လုံးဝ ပြောကြမည် မဟုတ်ပေ။ ထိုအရာကို ၎င်းတို့ မတွေ့ကြုံကြသေးသည်နှင့်အမျှ ဤကိစ္စရပ်နှင့်ပတ်သက်၍ ၎င်းတို့ တကယ်ကို မရှင်းမလင်း ဖြစ်ကြပေသည်။ ဤကိစ္စရပ်နှင့်ပတ်သက်၍ ၎င်းတို့ မရှင်းမလင်း ဖြစ်လျှင် ဤအရာကို ၎င်းတို့ အဘယ်ကြောင့် အလွန် ပေါ့ပေါ့တန်တန် ပြောနိုင်ခဲ့ကြသနည်း။ ဤစကားများသည် လူသားများ လုံးဝ အကြံမထုတ်နိုင်သည့်အရာတစ်ခု ဖြစ်သည်။ ပေတရုသည် အလွန်များသော စမ်းသပ်မှုများနှင့် စစ်ဆေးမှုများကို တွေ့ကြုံခဲ့ရပြီးဖြစ်သောကြောင့် ဤအရာကို ပြောနိုင်ခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်သည် သူ့အား အမှုအရာများစွာကို ခံစားခွင့်မပေးဘဲ ပိတ်ပင်ခဲ့သော်လည်း တစ်ချိန်တည်းမှာပင် သူ့ကို များစွာလည်း ပေးခဲ့၏။ ထိုသို့ပေးပြီးနောက်တွင် ဘုရားသခင်က တစ်ဖန် ရုပ်သိမ်းခဲ့သည်။ သူ့ထံမှ အမှုအရာများကို ယူဆောင်ပြီးသည့်နောက်တွင် ဘုရားသခင်သည် ပေတရုအား ကျိုးနွံနာခံရန် သင်ယူစေပြီးနောက် သူ့ကို နောက်တစ်ကြိမ် ထပ်ပေးခဲ့သည်။ လူ၏ ရှုထောင့်မှကြည့်လျှင် ဘုရားသခင် လုပ်ဆောင်သည့် အရာများထဲမှ များစွာတို့သည် ပြောင်းလဲလွယ်ပုံရသည်။ ယင်းက လူတို့အား ဘုရားသခင်အနေဖြင့် လူတို့ကို ဆော့ကစားစရာအရုပ်များကဲ့သို့ ဆက်ဆံကြောင်း၊ လူတို့ကို မလေးစားသကဲ့သို့ လူသားများအဖြစ် မဆက်ဆံကြောင်း အထင်မှားစေသည်။ လူတို့က ၎င်းတို့အနေဖြင့် သိက္ခာမရှိဘဲ ဆော့ကစားစရာအရုပ်များကဲ့သို့ အသက်ရှင်ကြသည်ဟု တွေးထင်မိကြသည်။ ဘုရားသခင်က ၎င်းတို့အား လွပ်လပ်သည့် ရွေးချယ်မှုများ ပြုလုပ်ရန် လုပ်ပိုင်ခွင့်မပေးကြောင်းနှင့် ဘုရားသခင်က သူ အလိုရှိသည့် မည်သည့်အရာကိုမဆို ပြောနိုင်ကြောင်း ၎င်းတို့က တွေးထင်မိကြသည်။ သူက သင့်ကို တစ်စုံတစ်ရာပေးသည့်အခါ “သင် လုပ်ဆောင်ပြီးသည့်အရာအတွက် ဤဆုလာဘ်နှင့် သင် ထိုက်တန်သည်။ ဤသည်မှာ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာ ဖြစ်သည်”ဟု သူ ပြောသည်။ အမှုအရာများကို သူ ရုပ်သိမ်းသည့်အခါ သူ့ထံတွင် အခြားပြောစရာ တစ်ခုခုသာ ရှိ၏။ ဤဖြစ်စဉ်တွင် လူတို့သည် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ဘုရားသခင်ကို မှန်သည်၊ မှားသည်ဟု ဝေဖန်ရန်မှာ သင့်အလုပ်မဟုတ်။ ဘုရားသခင် လုပ်ရပ်များ၏ သဘောသဘာဝကို ပိုင်းခြားသိမြင်ရန်မှာ သင့်အလုပ် မဟုတ်သကဲ့သို့ ဤဖြစ်စဉ်တွင် သင်၏ ဘဝကို သာ၍ ကြီးမားသော ဂုဏ်သိက္ခာပေးရန်မှာ သင့်အလုပ် မုချမဟုတ်ပေ။ ဤသည်မှာ သင် ပြုလုပ်သင့်သည့် ရွေးချယ်မှုမဟုတ်။ ဤအခန်းကဏ္ဍသည် သင်၏ အခန်းကဏ္ဍ မဟုတ်ပေ။ သို့ဆိုလျှင် သင်၏ အခန်းကဏ္ဍသည် မည်သည့်အရာ ဖြစ်သနည်း။ အတွေ့အကြုံမှတစ်ဆင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ရန် သင် သင်ယူသင့်သည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင် နားမလည်နိုင်သကဲ့သို့ ဘုရားသခင်၏ သတ်မှတ်ချက်များကို မပြည့်မီနိုင်လျှင် သင်၏ တစ်ခုတည်းသော ရွေးချယ်စရာမှာ ကျိုးနွံနာခံရန် ဖြစ်သည်။ ထိုသို့သော အခြေအနေများအောက်တွင် သင့်အတွက် ကျိုးနွံနာခံရန်မှာ လွယ်ကူမည်လော။ (လွယ်ကူမည်မဟုတ်ပါ။) ကျိုးနွံနာခံရန် မလွယ်ကူပေ။ ဤသည်မှာ သင် သင်ယူသင့်သည့် သင်ခန်းစာတစ်ခု ဖြစ်သည်။ သင့်အတွက် ကျိုးနွံနာခံရန် လွယ်ကူလျှင် သင်ခန်းစာများ သင်ယူရန် လိုအပ်မည်မဟုတ်၊ ပြုပြင်ခံရကာ စမ်းသပ်မှုများနှင့် စစ်ဆေးမှုများကို ကြုံရန် သင် လိုအပ်မည် မဟုတ်ပေ။ သင်က ဆော့ကစားစရာ အရုပ်တစ်ခုဖြစ်သည့်အလား တမင်သက်သက် သင့်ကို ကစားရင်း ဘုရားသခင်က သင့်ကို စဉ်ဆက်မပြတ် စစ်ဆေးသည်မှာ ဘုရားသခင်ကို ကျိုးနွံနာခံရန် သင့်အတွက် ခက်ခဲသောကြောင့် ဖြစ်သည်။ ဘုရားသခင်ကို ကျိုးနွံနာခံရန် သင့်အတွက် လွယ်ကူလာသည့်နေ့၊ ဘုရားသခင်ကို သင်၏ ကျိုးနွံနာခံခြင်းက အခက်အခဲ သို့မဟုတ် အဟန့်အတားမရှိဘဲ ဖြစ်လာသည့်အခါ၊ သင်၏ ကိုယ်ပိုင် ရွေးချယ်မှုများ၊ ရည်ရွယ်ချက်များ၊ သို့မဟုတ် နှစ်သက်မှုများမရှိဘဲ လိုလိုလားလားနှင့် ဝမ်းမြောက်စွာ သင် ကျိုးနွံနာခံနိုင်သည့်အခါ ဘုရားသခင်က သင့်ကို ဆော့ကစားစရာအရုပ်ကဲ့သို့ ဆက်ဆံလိမ့်မည် မဟုတ်သကဲ့သို့ သင့်အနေဖြင့် လုပ်ဆောင်သင့်သည့်အရာကို အတိအကျ လုပ်ဆောင်လိမ့်မည် ဖြစ်သည်။ တစ်နေ့တွင် သင်က “ဘုရားသခင်က ကျွန်ုပ်ကို ဆော့ကစားစရာအရုပ်တစ်ခုကဲ့သို့ ဆက်ဆံပြီး ဂုဏ်သိက္ခာမရှိဘဲ ကျွန်ုပ် အသက်ရှင်ရသည်။ ဤအရာကို ကျွန်ုပ် သဘောမတူသလို ကျိုးနွံနာခံမည် မဟုတ်ပါ”ဟု ပြောလျှင် ထိုနေ့သည် ဘုရားသခင်က သင့်ကို စွန့်ပစ်သော နေ့ဖြစ်လိမ့်မည်။ သင်၏ ဝိညာဉ်ရင့်ကျက်မှုသည် သင်က “ဘုရားသခင်၏ ရည်ရွယ်ချက်များသည် သဘောပေါက်ရန် မလွယ်သလို ဘုရားသခင်က ကျွန်ုပ်ထံမှ အမြဲ ပုန်းကွယ်သော်လည်း ဘုရားသခင် လုပ်ဆောင်သမျှတိုင်းက မှန်ကန်သည်။ မည်သည့်အရာကို ဘုရားသခင် လုပ်ဆောင်သည်ဖြစ်စေ၊ ကျွန်ုပ် လိုလိုလားလား ကျိုးနွံနာခံမည်။ ကျွန်ုပ် ကျိုးနွံနာခံနိုင်ခြင်း မရှိလျှင်ပင် ဤသဘောထားကို ခံယူရဦးမည်ဖြစ်ပြီး မကျေနပ်ချက်များ သို့မဟုတ် ကိုယ်ပိုင် ရွေးချယ်မှုများ မပြုလုပ်ရ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်သောကြောင့် ဖြစ်သည်။ ကျွန်ုပ်၏ တာဝန်သည် ကျိုးနွံနာခံရန်ဖြစ်ပြီး ဤသည်မှာ ကျွန်ုပ်ရှောင်လွှဲမရနိုင်သည့် သိသာရှင်းလင်းသော ဝတ္တရားတစ်ခု ဖြစ်သည်။ ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်ပြီး ဘုရားသခင် လုပ်ဆောင်သည့် မည်သည့်အရာမဆို မှန်ကန်သည်။ ဘုရားသခင် လုပ်ဆောင်သည့်အရာနှင့်ပတ်သက်၍ အယူအဆ သို့မဟုတ် စိတ်ကူး တစ်ခုတလေကို ကျွန်ုပ် လက်သင့်မခံသင့်ပါ။ ဤသည်မှာ ဖန်ဆင်းခံတစ်ဦးအတွက် သင့်တင့်လျောက်ပတ်ခြင်း မရှိပါ။ ကျွန်ုပ်ကို ဘုရားသခင် ပေးပြီးသည့်အရာအတွက် ဘုရားသခင်ကို ကျွန်ုပ် ကျေးဇူးတင်သည်။ ကျွန်ုပ်ကို ဘုရားသခင် မပေးသည့်အရာ သို့မဟုတ် ပေးခဲ့ပြီးနောက် ရုပ်သိမ်းသွားသည့် အရာအတွက်လည်း ဘုရားသခင်ကို ကျွန်ုပ် ကျေးဇူးတင်ပါသည်။ ဘုရားသခင်၏ လုပ်ရပ်များအားလုံး ကျွန်ုပ်အတွက် အကျိုးရှိသည်။ အကျိုးကျေးဇူးကို ကျွန်ုပ် မမြင်နိုင်လျှင်ပင် ကျွန်ုပ် လုပ်ဆောင်သင့်သည့်အရာမှာ ကျိုးနွံနာခံဆဲဖြစ်ရန် ဖြစ်သည်”ဟု သင် ပြောသည့် အဆင့်ထိသို့ ရောက်ရှိလျှင်ကော အဘယ်သို့နည်း။ ဤစကားများသည် ပေတရုက “ငါသည် အဘယ်သို့ အဆင်သင့်မဖြစ်ဘဲ၊ မလိုလားဘဲ ရှိနိုင်မည်နည်း”ဟု ပြောသည့်အချိန် သူ့စကားများကဲ့သို့ တူညီသည့် အကျိုးသက်ရောက်ရှိသည် မဟုတ်လော။ ထိုသို့သော ဝိညာဉ်ရင့်ကျက်မှုကို ပိုင်ဆိုင်သူတို့သာ သမ္မာတရားကို အမှန်တကယ် နားလည်ပေသည်။
ဆက်လက်၍ လူတို့၏ အစွမ်းအစနှင့်ပတ်သက်ပြီး မိတ်သဟာယပြုကြစို့။ လူတစ်ဦးက အစွမ်းအစ ပိုင်ဆိုင်ခြင်း ရှိမရှိကို တိုင်းတာသည့်အခါ နေ့စဉ်ဘဝတွင် အမှုအရာများ ၎င်းတို့ထံ ဖြစ်ပျက်သည့်အခါ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သဘောထားများအပြင် ၎င်းတို့ ခံယူသင့်သည့် နေရာနှင့် လိုက်လျှောက်သင့်သည့် စည်းမျဉ်းများ၊ ပြီးလျှင် ၎င်းတို့ ရှိသင့်သည့် သဘောထားကို သဘောပေါက်နိုင်ခြင်း ရှိမရှိဟူသည်ကို ကြည့်လော့။ သင်သည် ဤအရာအားလုံးကို နားလည်နိုင်ပါက သင်၌ အစွမ်းအစရှိသည်။ သင်နားလည်သည့်အရာသည် သင်၏ တကယ့်အသက်တာတွင် သင့်အတွက် ဘုရားသခင် စီစဉ်ညွှန်ကြားသည့် အရာအားလုံးနှင့် လားလားမျှ မသက်ဆိုင်ပါက သင်၌ အစွမ်းအစ မရှိ၊ သို့မဟုတ် သင့်အစွမ်းအစက ညံ့ဖျင်း၏။ ပေတရုနှင့် ယောဘတို့၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုသည် မည်သို့ဖြစ်လာသနည်း၊ ပြီးလျှင် ၎င်းတို့သည် နောက်ဆုံးတွင် ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်မှုမှ ၎င်းတို့ရရှိသည့်အရာကို မည်သို့ရရှိခဲ့ပြီး ၎င်းတို့ရိတ်သိမ်းခဲ့သည့်အရာကို မည်သို့ရိတ်သိမ်းခဲ့သနည်း။ ယနေ့ခေတ် သင်တို့အကျိုးခံစားရသည့် အရာကို ၎င်းတို့ လုံးဝ မခံစားခဲ့ရပေ။ သင်တို့၌ သမ္မာတရားကို မိတ်သဟာယ ပြုပေးမည့်သူတစ်ဦး၊ သင်တို့အတွက် ထောက်ပံ့ဖို့၊ ထောက်ခံအားပေးဖို့နှင့် သင်တို့ကို ကူညီဖို့ လူတစ်ဦး အစဉ်ရှိသည်။ သင်တို့ အမှုကိစ္စများကို စစ်ဆေးရာတွင် ကူညီဖို့လူတစ်ဦး အစဉ်သဖြင့် ရှိသည်။ ၎င်းတို့တွင် ဤအရာတစ်ခုမျှ မရှိချေ။ ၎င်းတို့နားလည်ခဲ့သည့် သမ္မာတရား အများစုသည် ၎င်းတို့၏နေ့စဉ်အသက်တာများတွင် ၎င်းတို့ နားလည်သဘောပေါက်ခဲ့သည့်အရာ၊ တွေ့ကြုံခဲ့သည့်အရာ၊ ဖြည်းဖြည်းချင်း သဘောပေါက်ခဲ့ပြီး ဖြတ်ကျော်ခဲ့ရသည့်အရာများမှ ရရှိခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ မြင့်မားသည့် အစွမ်းအစရှိခြင်းကို ဆိုလိုသည့် အရာပင် ဖြစ်လေသည်။ လူများက ထိုသို့သော အစွမ်းအစကို မပိုင်ဆိုင်ဘဲ သမ္မာတရားနှင့် ကယ်တင်ခြင်းအပေါ် ဤသဘောထားမျိုး မရှိသည့်အခါ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေမည် မဟုတ်သကဲ့သို့ အရာရာတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ အာရုံစိုက်မည် မဟုတ်ချေ။ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် သမ္မာတရားကို ရရှိနိုင်ခြင်း မရှိကြပေ။ ယောဘနှင့် ပေတရုတို့၏ ဇာတ်လမ်းများကို ကြားပြီးနောက်တွင် လူအများစုက ၎င်းတို့ကို အားကျကြသည်။ သို့ရာတွင် အချိန်တစ်ခုကြာ အားကျပြီးနောက် ထိုကိစ္စကို အလေးအနက် မထားကြတော့ပေ။ ၎င်းတို့ထံ အမှုအရာများ ဖြစ်ပျက်သည့်အခါ ၎င်းတို့သည်လည်း ယောဘနှင့် ပေတရုကဲ့သို့ အထင်ကရ စကားများကို ပြောနိုင်ကြသည်ဟု ခံစားကြသောကြောင့် ဤအရာများကို ရိုးရှင်းသည်ဟု တွေးထင်ကြလေသည်။ ယခု ငါတို့ ဤအရာများကို စဉ်းစားသည့်အခါ ယင်းတို့မှာ မရိုးရှင်းပေ။
ဓမ္မသစ်ကျမ်းတွင် ခရစ်ဝင်ကျမ်းလေးကျမ်းမှလွဲ၍ ပေါလု၏ ဩဝါဒစာများက နေရာအများဆုံး ယူထားသည်။ အချိန်ကာလတစ်ခုတည်းအတွင်းတွင်ပင် ပေါလုနှင့် ပေတရုတို့သည် တူညီသည့်အလုပ်ကို လုပ်ခဲ့ကြသည်မှာ သေချာသလောက် ဖြစ်သော်လည်း ပေါလု၏ နာမည်ဂုဏ်သတင်းသည် ပေတရုထက် များစွာ သာ၍ ကြီးမားခဲ့သည်။ ဤအခြေအနေနှစ်ခုမှ မည်သည့်အရာကို ငါတို့ မြင်နိုင်သနည်း။ ဤလူနှစ်ဦးလျှောက်လှမ်းခဲ့သည့် လမ်းကြောင်းနှစ်ခုကို ငါတို့ မြင်နိုင်သည်။ ပေါလု၏ ဩဝါဒစာများမှ စာကြောင်းများစွာကို နောင်မျိုးဆက်များက ဆောင်ပုဒ်များအဖြစ် ခံယူခဲ့ကြပြီး လူတိုင်းက မိမိတို့ကိုယ်ကို လှုံ့ဆော်ရန် ပေါလု၏ ကျော်ကြားသော ဆိုရိုးများကို အသုံးပြုခဲ့ကြသည်။ အကျိုးဆက်အနေဖြင့် ၎င်းတို့အားလုံးသည် မှားယွင်းသည့် လမ်းကြောင်းပေါ်တွင် အဆုံးသတ်သွားခဲ့ကြပြီး များစွာသောသူတို့သည် အန္တိခရစ်များ၏ လမ်းကြောင်းထဲသို့ပင် ထိုးဆင်းသွားကြသည်။ နှိုင်းယှဉ်ကြည့်ရာတွင် ပေတရုသည် မိမိကိုယ်ကို လူသိရှင်ကြား ပြသည်မှာ ရှားပါးလှသည်။ အခြေခံအားဖြင့် မည်သည့် စာအုပ်ကိုမျှ သူ မရေးခဲ့၊ နက်နဲပြီး နားလည်ရခက်သော အယူဝါဒများကို ဖော်ထုတ်တင်ပြခဲ့ခြင်းမရှိသည့်အပြင် ထိုအချိန်က ညီအစ်ကို မောင်နှမများကို သွန်သင်ကာ ကူညီရန် အဆင့်မြင့်ပုံရသော ဆောင်ပုဒ်များ၊ သို့မဟုတ် သီအိုရီများကို မပေးခဲ့သကဲ့သို့ အနာဂတ်မျိုးဆက်များကို လွှမ်းမိုးရန် မြင့်မားသည့် သီအိုရီများကိုလည်း မပေးခဲ့ပေ။ သူသည် ဘုရားသခင်ကို လက်တွေ့ကျပြီး တည်ငြိမ်သော ပုံစံဖြင့် ချစ်ကာ စိတ်ကျေနပ်စေရန်သာ ကြိုးစားခဲ့သည်။ ဤသည်မှာ ၎င်းတို့နှစ်ဦး လျှောက်လှမ်းသည့် လမ်းကြောင်းများကြား ခြားနားချက်ဖြစ်သည်။ အဆုံးတွင် ပေါလုသည် အန္တိခရစ်တို့၏ လမ်းကြောင်းကို လျှောက်ခဲ့ပြီး ပျက်စီးဆုံးရှုံးခဲ့သော်လည်း ပေတရုကမူ သမ္မာတရားကို လိုက်စားကာ ဘုရားသခင်ကို ချစ်ခင်သည့် လမ်းကြောင်းအား လျှောက်ခဲ့ပြီး စုံလင်အောင်ပြုခြင်းခံခဲ့ရသည်။ ၎င်းတို့ လျှောက်သည့် လမ်းကြောင်းများကို စဉ်းစားခြင်းအားဖြင့် ဘုရားသခင်က မည်သည့်လူစားမျိုးများကို အလိုရှိကြောင်း၊ မည်သည့် လူစားမျိုးများကို နှစ်သက်ခြင်း မရှိကြောင်း၊ ဘုရားသခင် မနှစ်သက်သော လူတို့၏ ထုတ်ဖော်ခြင်းများနှင့် သရုပ်သကန်များ၊ ဤလူများက မည်သည့် လမ်းကြောင်းမျိုး လျှောက်လှမ်းကြသည်၊ ဘုရားသခင်နှင့် မည်သည့် ဆက်ဆံရေးမျိုး ရှိကြပြီး မည်သည့်အရာများကို ၎င်းတို့ အာရုံစိုက်ကြသည်ဆိုသည်တို့ကို သင် မြင်နိုင်ပေသည်။ ပေါလုတွင် အစွမ်းအစရှိသည်ဟု သင်တို့ပြောမည်လော။ ပေါလု၏ အစွမ်းအစသည် မည်သည့်အတန်းအစားနှင့် သက်ဆိုင်သနည်း။ (ယင်းမှာ အလွန်ကောင်းမွန်ပါသည်။) သင်တို့သည် အလွန်များစွာသော ဒေသနာများကို ကြားနာပြီးဖြစ်သော်လည်း နားမလည်ကြပေ။ ပေါလု၏ အစွမ်းအစကို အလွန် ကောင်းမွန်သည်ဟု ယူဆနိုင်သလော။ (မဟုတ်ပါ၊ ညံ့ဖျင်းပါသည်။) ပေါလု၏ အစွမ်းအစသည် အဘယ့်ကြောင့် ညံ့ဖျင်းရသနည်း။ (သူက သူ့ကိုယ်သူ မသိသကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သဘောပေါက်နားလည်နိုင်ခြင်း မရှိခဲ့သောကြောင့် ဖြစ်ပါသည်။) ယင်းမှာ သူသည် သမ္မာတရားကို သဘောပေါက်နားလည်ခြင်း မရှိသောကြောင့် ဖြစ်သည်။ သူသည်လည်း သခင်ယေရှုဟောကြားသည့် ဒေသနာများကို ကြားခဲ့ပြီးဖြစ်သည်၊ ထို့အပြင် သူ အလုပ်လုပ်ခဲ့သည့် ကာလအတွင်းတွင် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်လည်း ရှိခဲ့သည်မှာ မှန်ပေသည်။ သို့ဆိုလျှင် သူသည် ထိုအလုပ်များ အားလုံးကို လုပ်ခဲ့ပြီး ထိုဩဝါဒစာများ အားလုံးကို ရေးသားခဲ့ကာ ထိုအသင်းတော်များ အားလုံးတွင် ခရီးသွားလာခဲ့သည့်အချိန်တွင် မည်သို့လျှင် သမ္မာတရားအကြောင်း တစ်ခုမျှ နားမလည်ဘဲ အယူဝါဒမျှလွဲ၍ မည်သည့်အရာကိုမျှ မဟောကြားဆဲ ဖြစ်ခဲ့သနည်း။ ယင်းမှာ မည်သည့် အစွမ်းအစမျိုးဖြစ်သနည်း။ ညံ့ဖျင်းသည့် အစွမ်းအစတစ်ခု ဖြစ်သည်။ ထို့အပြင် ပေါလုသည် သခင်ယေရှုကို နှိပ်စက်ညှဉ်းပန်းခဲ့ပြီး သူ၏ တပည့်တော်များကို ဖမ်းဆီးခဲ့သည်။ ထို့နောက်တွင် သခင်ယေရှုက သူ့ကို ကောင်းကင်မှ ကြီးမားသော အလင်းဖြင့် ရိုက်ချခဲ့သည်။ ပေါလုသည် သူ့အပေါ် ကျရောက်ခဲ့သည့် ဤကြီးမားသော အဖြစ်အပျက်ကို မည်သို့ ချဉ်းကပ်ကာ နားလည်ခဲ့သနည်း။ သူ၏ သိနားလည်မှုပုံစံသည် ပေတရုနှင့် ကွာခြား၏။ သူက၊ “သခင်ယေရှုက ငါ့ကို ရိုက်ချခဲ့သည်၊ ငါ အပြစ်ပြုမိပြီဖြစ်သောကြောင့် ဤအတွက် ထေမိစေရန် ငါ အလုပ်ပိုကြိုးစားရမည်ဖြစ်ပြီး ငါ၏ ကောင်းမှုများက အပြစ်များနှင့် ဟန်ချက်ညီသွားသည်နှင့် ငါ ဆုလာဘ်ချီးမြှင့်ခြင်း ခံရမည်ဖြစ်သည်”ဟု စဉ်းစားခဲ့သည်။ သူသည် မိမိကိုယ်ကို သိရှိခဲ့သလော။ မသိရှိခဲ့ပေ။ သူက “ငါ၏ မလိုမုန်းထားသော သဘာဝ၊ ငါ၏ အန္တိခရစ် သဘာဝကြောင့် သခင်ယေရှုကို ငါ ဆန့်ကျင်ခဲ့သည်။ သခင်ယေရှုကို ငါ ဆန့်ကျင်မိခဲ့သည်။ ငါနှင့်ပတ်သက်၍ ကောင်းသောအရာ တစ်ခုမျှ မရှိပါ”ဟု မပြောခဲ့ပေ။ သူသည် ထိုသို့သော မိမိကိုယ်ကို သိသည့်အသိ ပိုင်ဆိုင်ခဲ့သလော။ (မပိုင်ဆိုင်ခဲ့ပါ။) သူသည် ဤအဖြစ်အပျက်ကို သူ၏ ဩဝါဒစာများတွင် မည်သို့ မှတ်တမ်းတင်ခဲ့သနည်း။ ထိုအရာအပေါ် သူ၏ အမြင်သည် အဘယ်နည်း။ (အလုပ်လုပ်ရန် ဘုရားသခင်၏ ခေါ်ခြင်းခံခဲ့ရသည်ဟု သူ ခံစားခဲ့ပါသည်။) ဘုရားသခင်က သူ့အပေါ် ကြီးမားသည့် အလင်းထွန်းလင်းစေခြင်းအားဖြင့် သူ့ကို ခေါ်ခဲ့ပြီးဖြစ်ကြောင်းနှင့် သူ့ကို ဘုရားသခင် ကြီးမားစွာ စတင်အသုံးပြုမည်ဖြစ်ကြောင်း သူ ယုံကြည်ခဲ့သည်။ မိမိကိုယ်ကို သိသောအသိ အနည်းငယ်မျှမရှိဘဲ ဤသည်မှာ သူ ဆုလာဘ်ချီးမြှင့်ခံရကာ သရဖူဆောင်ခြင်းခံရမည့် အားအကောင်းဆုံးသော သက်သေဖြစ်သည့်အပြင် ဆုလာဘ်များနှင့် သရဖူကို ရရှိရန် သူ အသုံးပြုနိုင်မည့် အကြီးမားဆုံးသော အရင်းအနှီးဖြစ်သည်ဟု သူ ယုံကြည်ခဲ့သည်။ ထို့အပြင် သူ၏ စိတ်နှလုံး အတွင်းနက်နက်တွင် ဆူးတစ်ခု စူးသည့်ဒဏ်ကို ခံစားခဲ့ရသည်။ ဤဆူးသည် မည်သည့်အရာ ဖြစ်သနည်း။ ဤသည်မှာ သခင်ယေရှုကို သူ၏ အရူးအမူး အတိုက်အခံ လုပ်ခြင်းအတွက် အပြစ်ဒဏ်ပေးခြင်းတစ်ခုအနေဖြင့် သူ့ကို ဘုရားသခင်ပေးသည့် ရောဂါတစ်ခုဖြစ်သည်။ ဤကိစ္စရပ်ကို သူ မည်သို့ ကိုင်တွယ်ဖြေရှင်းခဲ့သနည်း။ သူ၏ စိတ်နှလုံးတွင် အမြဲ နာမကျန်းမှုတစ်ခု ရှိခဲ့ပြီး “ဤသည်မှာ ငါ့ဘဝ၏ အကြီးမားဆုံး အမှားဖြစ်သည်။ ဘုရားက ခွင့်လွှတ်နိုင်ခြင်းရှိမရှိ ငါ မသိပါ။ ကံကောင်းထောက်မ၍ သခင်ယေရှုက ငါ့ဘဝကို ချမ်းသာပေးခဲ့ပြီး ဧဝံဂေလိ ဖြန့်ဝေဖို့ တာဝန်ပေးခဲ့သည်။ ဤသည်မှာ ငါ့ကိုယ်ငါ အဖတ်ဆယ်ဖို့ အခွင့်ကောင်းတစ်ခု ဖြစ်သည်။ ဧဝံဂေလိကို အစွမ်းသတ္တိရှိသမျှဖြင့် ငါ ဖြန့်ဝေသင့်ပြီး ငါ၏ အပြစ်များ ခွင့်လွှတ်ခြင်းခံရနိုင်ရုံမက သရဖူနှင့် ဆုလာဘ်များကိုလည်း ငါ ရရှိကောင်း ရရှိနိုင်သည်။ ယင်းမှာ အလွန်ကောင်းပေမည်”ဟု တွေးခဲ့သည်။ သို့ရာတွင် ဤဆူးကို သူ မည်သည့်အခါတွင်မျှ မဖယ်ရှားနိုင်ခဲ့ပေ။ ယင်းက သူ၏ စိတ်နှလုံးတွင် အံ့ဩတုန်လှုပ်ခြင်း ဖြစ်စေခဲ့သည်။ ထိုအရာနှင့်ပတ်သက်၍ သူ အမြဲ စိတ်မအေးခဲ့ရပေ။ “ဤကမ်းကုန်သော အမှားအတွက် ငါ မည်သို့ ပြုပြင်နိုင်မည်နည်း။ ငါ၏ ရှေ့ရေး သို့မဟုတ် ငါ ရရှိရန် မျှော်လင့်သည့် သရဖူကို မထိခိုက်စေရန် ထိုအမှားကို ငါ မည်သို့ ပယ်ဖျက်နိုင်မည်နည်း။ သခင့်အတွက် ငါ အလုပ်ပိုမို လုပ်ဆောင်ရမည်၊ သာ၍ကြီးမားသည့် အဖိုးအခတစ်ခု ပေးရမည်၊ ပိုများသည့် ဩဝါဒစာများကို ရေးပြီး ပြေးလွှားအလုပ်လုပ်ရင်း စာတန်နှင့် တိုက်ခိုက်ရင်းနှင့် ကောင်းမွန်သည့် သက်သေခံချက်ကို ခံရင်း အချိန်ပို ကုန်ဆုံးရမည်”ဟူ၍ ဖြစ်သည်။ ဤသည်မှာ ထိုအရာကို သူ ချဉ်းကပ်ပုံဖြစ်သည်။ သူသည် နောင်တတစ်ခုတလေ ရှိခဲ့သလော။ (မရှိခဲ့ပါ။) သူ့ကိုယ်သူ သိသည့်အသိ တစ်ခုတလေရှိရန် မဆိုထားနှင့်၊ နောင်တ အနည်းငယ်မျှပင် မရှိခဲ့ပေ။ သူသည် ဤအရာများထဲမှ မည်သည့်အရာမျှ မရှိခဲ့ပေ။ ဤအရာက ပေါလု၏ အစွမ်းအစနှင့်ပတ်သက်၍ ပြဿနာတစ်ခု ရှိကြောင်းနှင့် သူသည် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း မရှိကြောင်း ပြသည်။ တစ်စိတ်တစ်ပိုင်းအနေဖြင့် သူ၏ လူ့သဘာဝနှင့် သူ လိုက်စားသည့်အရာကြောင့်၊ ပြီးလျှင် တစ်စိတ်တစ်ပိုင်းအနေဖြင့် သူ၏ အစွမ်းအစကြောင့် ဤအရာများကို သူ သဘောမပေါက်နိုင်ခဲ့သကဲ့သို့ “လူသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို အလွန်အမင်း ခံရပြီးဖြစ်သည်။ လူ၏ သဘာဝသည် အလွန် ဆိုးရွားသည်၊ အလွန် ကောက်ကျစ်ဆိုးယုတ်သည်။ လူ၏ သဘာဝသည် စာတန်နှင့် အန္တိခရစ်တို့၏ သဘာဝဖြစ်သည်။ ဤသည်မှာ လူသားမျိုးနွယ်နှင့်ဆိုင်သည့် ဘုရားသခင်၏ ရွေးနုတ်ခြင်း ရင်းမြစ်တွင်ရှိသည်။ လူသည် ဘုရားသခင်၏ ရွေးနုတ်ခြင်း လိုအပ်နေသည်။ ထို့ကြောင့် လူသည် ဘုရားသခင်၏ ရွေးနုတ်ခြင်းကို လက်ခံရန် သူ၏ ရှေ့မှောက်သို့ မည်သို့ လာသင့်သနည်း”ဟု သူ သဘောပေါက်ခြင်း မရှိပေ။ ထိုသို့သော အရာများကို သူ လုံးဝ မပြောခဲ့ပေ။ ယေရှုကို သူ အဘယ်ကြောင့် အတိုက်အခံလုပ်ပြီး ရှုတ်ချခဲ့သည်ကို သူ လုံးဝ နားမလည်ခဲ့ပေ။ သူသည် အဓိက တရားခံဖြစ်ကြောင်းကို ဝန်ခံခဲ့သော်လည်း ထိုကိစ္စရပ်ကို လုံးဝ မသုံးသပ်ခဲ့ပေ။ ထိုသို့သော ဆိုးရွားသည့် အပြစ်များအား မည်သို့ ထေမိနိုင်မည်၊ သူ၏ အပြစ်များအတွက် မည်သို့ သူ ပြေရာပြေကြောင်း ပြုလုပ်နိုင်မည်၊ ချီးမွမ်းထိုက်သော လုပ်ဆောင်ချက်များဖြင့် သူ၏ အပြစ်များအတွက် ပေးချေနိုင်ကာ နောက်ဆုံးတွင် သူ မျှော်လင့်ခဲ့သည့် သရဖူနှင့် ဆုလာဘ်များအား မည်သို့ ရရှိနိုင်ဦးမည်ဆိုသည်တို့ကိုသာ သူ ပြန်ပြောင်း ပြောဆိုနေခဲ့သည်။ သူ့ထံ မည်သည့်အရာ ဖြစ်ပျက်ခဲ့သည်ဖြစ်စေ၊ သူ့ထံ ဖြစ်ပွားခဲ့သည့်အရာများမှနေ၍ သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကိုဖြစ်စေ သူ နားမလည်နိုင်ခဲ့ပေ။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သူ လုံးဝ နားမလည်ခဲ့။ သမ္မာတရားကို သဘောပေါက်နားလည်ခြင်းအတွက်မူ ပေါလုသည် အဆိုးရွားဆုံးသော လူဖြစ်သောကြောင့် ပေါလု၏ အစွမ်းအစက အဆိုးဆုံးဖြစ်သည်ဟု ငါတို့ ပြောနိုင်သည်။
အလွန် ညံ့ဖျင်းသည့် အစွမ်းအစရှိသော လူတို့သည် သမ္မာတရားကို နားလည်နိုင်သလော။ (နားမလည်နိုင်ပါ။) သမ္မာတရားကို နားမလည်နိုင်သည့်လူတို့သည် ကယ်တင်ခံရနိုင်သလော။ (ကယ်တင်မခံရနိုင်ပါ။) ကယ်တင်ခံရလိုသည့် လူတို့သည် ကျေနပ်ဖွယ်ရာ အစွမ်းအစ ရှိရမည်။ ၎င်းတို့အနေဖြင့် အနည်းဆုံး သာမန် အစွမ်းအစ ရှိရမည်ဖြစ်ပြီး အစွမ်းအစတွင် အလွန် ညံ့ဖျင်း၍မရပေ။ ၎င်းတို့အနေဖြင့် သမ္မာတရား သိနားလည်မှုတစ်ခု ရရှိရမည်ဖြစ်သည်။ သမ္မာတရားကို ၎င်းတို့ သဘောပေါက်နိုင်သည့် အတိုင်းအတာ မည်မျှရှိသည်ဖြစ်စေ သမ္မာတရားကို ၎င်းတို့ သိနားလည်မှုအရ၊ ၎င်းတို့သည် အနည်းဆုံးအနေဖြင့် မိမိတို့ကိုယ်ကို သိရှိလာရမည်ဖြစ်ကာ သမ္မာတရားအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သိရှိရမည်ဖြစ်သည်။ ဤနည်းဖြင့် ၎င်းတို့ ကယ်တင်ခံရနိုင်ပေသည်။ ဤနည်းဖြင့် ၎င်းတို့ ကယ်တင်ခံရနိုင်သည်ဟု ငါ အဘယ်ကြောင့် ပြောသနည်း။ သင်၏ နေ့စဉ်ဘဝတွင် အတားအဆီးဖြစ်သည့် အရာများကို သမ္မာတရားနှင့် သင် ချိတ်ဆက်နိုင်ပြီး ဘုရားနှုတ်ကပတ်တော်များကို အခြေခံ၍ အမှုအရာများကို ရှုမြင်နိုင်ပြီး သဘောထားနိုင်သည့်အခါ ဘုရားနှုတ်ကပတ်တော်များကို သင်၏ လက်တွေ့ဘဝထဲသို့ သင် ဆောင်ကြဉ်းနိုင်လိမ့်မည်ဖြစ်ကာ ဤအခြေခံအုတ်မြစ်ပေါ်တွင် သင်သည် ဘုရားနူတ်ကပတ်တော်များ၏ ပြုပြင်ခြင်းကို ခံရလျက် ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းများအပြင် သူ့နှုတ်ကပတ်တော်များရှိ စမ်းသပ်မှုများနှင့် စစ်ဆေးမှုများကို လက်ခံနိုင်လိမ့်မည်။ သို့မဟုတ်လျှင် သမ္မာတရားကို သင် နားမလည်ပါက သူ့နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းများ၊ စမ်းသပ်မှုများနှင့် စစ်ဆေးမှုများကို လက်ခံရန် အရည်အချင်းပင်ပြည့်မီမည် မဟုတ်ပေ။ ဘုရားနှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်မခံမီတွင် သင်သည် သမ္မာတရားအချို့ကို အနည်းဆုံး နားလည်ရမည်၊ ဘုရားသခင်ကို ကျိုးနွံနာခံသည့် သဘောထားတစ်ခု ရှိရမည်ဖြစ်ပြီး တစ်နည်းနည်းဖြင့် ပြောင်းလဲပြီးဖြစ်ရမည်။ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို မည်သည့် သဘောထား၊ စိတ်နေစိတ်ထားနှင့် ရှုထောင့်အမြင်တို့ဖြင့် သင် ကိုင်တွယ်သင့်သည်ကိုလည်း သင် သိရမည်။ ဤအရာများအားလုံးတွင် သမ္မာတရား ပါဝင်သည်။ ဤအရာများကို သာမန်ကာလျှံကာ သဘောထားရန် ရိုးရှင်းသည့် ဘာသာတရားဆောင်ပုဒ်များ၊ ဘာသာရေး ဟိတ်ဟန်များနှင့် စည်းမျဉ်းစည်းကမ်းများကို အသုံးပြုခြင်းသည် သမ္မာတရားနှင့် တစ်စုံတစ်ရာ ဆက်စပ်မှုရှိခြင်း မဟုတ်သကဲ့သို့ ကောင်းမှုအချို့ကို လုပ်ဆောင်ခြင်းသက်သက်တွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်မှု ပါဝင်ခြင်းလည်း မဟုတ်ပေ။ ထိုမျှ မရိုးရှင်းပေ။ သင် သိသည့်အရာ၊ သင် တွေ့ကြုံသည့်အရာနှင့် သင့်အနီးနားတွင် ဖြစ်ပျက်သည့်အရာတို့နှင့် စပ်လျဉ်း၍ သင် လိုက်နာစောင့်ထိန်းသင့်သည့် စည်းမျဉ်းများကို သင်၏ စိတ်နှလုံးတွင် သိရှိရမည်။ ဤနည်းဖြင့်သာ သင်သည် သမ္မာတရားနှင့် ပတ်သက်ပေသည်။ ထို့အပြင် ဘုရားသခင်က သင့်ကို လုပ်ဆောင်စေသည့်အရာများကို သင် သဘောထားပုံ၊ သင့်ကို ဘုရားသခင် ဆက်ဆံသည့် ပုံစံနှင့် သဘောထားတို့ကို သင် သဘောထားပုံအပြင် သင် ခံယူသည့် သဘောထားနှင့် ရှုထောင့်အမြင်တို့သည် သမ္မာတရား ပါဝင်ရမည်။ ဤနည်းဖြင့်သာ သင်သည် အသက်ဝင်ရောက်မှုရှိနိုင်ပေသည်။ သို့မဟုတ်လျှင် ဘုရားသခင်သည် သင့်အပေါ် မည်သည့်အမှုမျှ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်။ သင် နားလည်သလော။ (နားလည်ပါသည်။) စည်းမျဉ်းစည်းကမ်းများကို လိုက်နာစောင့်ထိန်းသည့်၊ အယူဝါဒများအကြောင်း ပြောဆိုပြီး သဘောကောင်းပုံ ဟန်ဆောင်သည့် ဘာသာတရားများထဲမှ လူများကို ကြည့်လော့။ ၎င်းတို့၏ လုပ်ရပ်များသည် အပြင်ပန်းတွင် ကောင်းသည့်ပုံရသော်လည်း ဘုရားသခင်သည် ၎င်းတို့အပေါ် မည်သည့်အခါတွင်မျှ အမှုမပြုသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ လုပ်ဆောင်သည့်အရာများနှင့် ၎င်းတို့၏ ကောင်းမွန်သည့် လုပ်ဆောင်ချက်များအားလုံး သမ္မာတရား မပါဝင်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ အပြုအမူကိုသာ ပြောင်းလဲပြီးဖြစ်သော်လည်း ဤအရာတွင် ၎င်းတို့ စိတ်သဘောထားထဲက ပြောင်းလဲခြင်း မပါဝင်ပေ။ အဘယ်ကြောင့်ဆိုသော် ယင်းတို့သည် ဘုရားသခင်၏ သတ်မှတ်ချက်များ၊ စံနှုန်းများနှင့် ကိုက်ညီခြင်း မရှိသောကြောင့် ဖြစ်သည်။ ထိုအရာမှာ အခြေခံမူလတန်းကျောင်းမှ ယခုတင် ကျောင်းပြီးထားသည့် ကလေးတစ်ဦးက တက္ကသိုလ်သို့ တန်းသွားချင်သည့်အလား ဖြစ်သည်။ ထိုအရာ ဖြစ်နိုင်သလော။ ၎င်းတို့ အရည်အချင်း မပြည့်မီသောကြောင့် လုံးဝ မဖြစ်နိုင်ပေ။ ထို့ကြောင့် လူတို့ လျှောက်လှမ်းသည့် လမ်းကြောင်းအကြောင်းကို ငါတို့ ပြောဆိုနေသည်ဖြစ်စေ၊ ၎င်းတို့၏ လူ့သဘာဝနှင့် အစွမ်းအစအကြောင်းကို ပြောဆိုနေသည်ဖြစ်စေ လူတို့သည် အနည်းဆုံးအနေဖြင့် ကယ်တင်ခြင်းအတွက် လိုအပ်သည့် သတ်မှတ်ချက်များကို ပြည့်မီသင့်ကြပေသည်။ ဂဃနဏဆိုရလျှင် သမ္မာတရားကို ၎င်းတို့ နားလည်ရမည်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားရမည်ဖြစ်ပြီး ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံနိုင်ရမည်ဖြစ်သည်။
လူတို့၏ အစွမ်းအစများကို ငါတို့ မည်သို့ တိုင်းတာကြသနည်း။ ဤအရာကို လုပ်ဆောင်ရန် သင့်လျော်သည့် နည်းလမ်းမှာ သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားနှင့် သမ္မာတရားကို ၎င်းတို့ သဘောပေါက်နားလည်နိုင်ခြင်း ရှိမရှိ ဟူသည်တို့ကို ကြည့်ခြင်းအားဖြင့် ဖြစ်သည်။ လူအချို့သည် အထူးပြုပညာအချို့ကို အလွန်မြန်ဆန်စွာ သင်ယူနိုင်ကြသော်လည်း သမ္မာတရားကို ကြားသည့်အခါ ၎င်းတို့ မရှင်းမလင်း ဖြစ်လာကာ ငိုက်မြည်းသွားကြသည်။ ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့သည် နားဝေတိမ်တောင် ဖြစ်လာကြသည်၊ ၎င်းတို့ ကြားသည့်မည်သည့်အရာကိုမျှ နားမဝင်သကဲ့သို့ ကြားနေသည့်အရာကို နားလည်းမလည်ကြပေ။ ယင်းမှာ ညံ့ဖျင်းသည့် အစွမ်းအစ ဟူသည့်အရာဖြစ်သည်။ လူအချို့နှင့်ပတ်သက်၍ ၎င်းတို့တွင် ညံ့ဖျင်းသည့် အစွမ်းအစ ရှိကြောင်းကို ၎င်းတို့အား သင် ပြောပြသည့်အခါ လက်မခံကြပေ။ အလွန် ပညာတတ်ပြီး နှံ့စပ်ခြင်းက ၎င်းတို့အနေဖြင့် အစွမ်းအစကောင်း ရှိသည့်သဘော ဖြစ်သည်ဟု ၎င်းတို့ တွေးထင်ကြသည်။ ကောင်းမွန်သည့် ပညာရေးက မြင့်မားသည့် အစွမ်းအစကို ပြသသလော။ မပြသပေ။ လူတို့၏ အစွမ်းအစကို မည်သို့ တိုင်းတာသင့်သနည်း။ ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားကို ၎င်းတို့ သဘောပေါက်နားလည်သည့် ပမာဏပေါ် အခြေခံ၍ တိုင်းတာသင့်ပေသည်။ ဤသည်မှာ ထိုအရာကို လုပ်ဆောင်ခြင်းနှင့်ဆိုင်၍ အတိကျအမှန်ကန်ဆုံးသော နည်းလမ်းဖြစ်သည်။ လူအချို့သည် ကျလောက်အောင် အပြောကောင်းကြသည်၊ ဉာဏ်ထက်ကြပြီး အခြားလူတို့ကို ကိုင်တွယ်ရာတွင် အထူးသဖြင့် ကျွမ်းကျင်ကြသည်။ သို့သော် တရားဒေသနာများကို နားထောင်ကြသည့်အခါ မည်သည့်အရာကိုမျှ ၎င်းတို့ လုံးဝ နားမလည်နိုင်ကြသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါ ယင်းတို့ကို သဘောပေါက်နားလည်ခြင်း မရှိကြချေ။ ၎င်းတို့၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်အကြောင်းကို ၎င်းတို့ ပြောဆိုသည့်အခါ အတွေ့အကြုံနုသူများသာ ဖြစ်သည်ကို မိမိတို့ကိုယ်ကို ထုတ်ဖော်ကာ ၎င်းတို့တွင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုမရှိကြောင်း အခြားသူတို့အား သိစေလျက် စကားများနှင့် အယူဝါဒများကို အမြဲ ပြောဆိုကြလေသည်။ ဤလူများသည် ညံ့ဖျင်းသည့် အစွမ်းအစရှိသည့် လူများ ဖြစ်သည်။ ထို့ကြောင့် ထိုသို့သောလူများသည် ဘုရားအိမ်တော်အတွက် အလုပ်လုပ်ရန် အရည်အချင်းရှိကြသလော။ (မရှိကြပါ။) အဘယ်ကြောင့်နည်း။ (၎င်းတို့တွင် သမ္မာတရား စည်းမျဉ်းများ ကင်းမဲ့သည်။) မှန်ပေ၏၊ ဤသည်မှာ ယခု သင်တို့ နားလည်သင့်သည့်အရာတစ်ခု ဖြစ်သည်။ ဘုရားအိမ်တော်အတွက် အလုပ်လုပ်နေကြောင်း ပြောဆိုရန် အခြားသော နည်းလမ်းမှာ မိမိတာဝန်ကို ထမ်းဆောင်ခြင်း ဖြစ်သည်။ မိမိတာဝန်ကို ထမ်းဆောင်ခြင်းနှင့် ပတ်သက်လာသည့်အခါ ဤအရာတွင် သမ္မာတရား၊ ဘုရားသခင်၏ အမှုတော်၊ ပြုမူနေထိုင်မှု စည်းမျဉ်းများနှင့် လူမျိုးစုံကို ဆက်ဆံခြင်းအတွက် နည်းလမ်းများနှင့် စည်းစနစ်များ ပါဝင်၏။ ဤကိစ္စများအားလုံးသည် လူတို့အနေဖြင့် မိမိတို့တာဝန်များကို ထိရောက်ပြီး ကျေနပ်ဖွယ်သော ပုံစံဖြင့် ထမ်းဆောင်နိုင်ခြင်း ရှိမရှိနှင့် ဆက်စပ်မှုရှိပေသည်။ မိမိတာဝန်ကို ထမ်းဆောင်ခြင်းနှင့် ဆက်စပ်သည့် ဤကိစ္စရပ်များတွင် သမ္မာတရား ပါဝင်သလော။ သမ္မာတရား ပါဝင်သည့်တိုင် သမ္မာတရားကို သင် နားမလည်သကဲ့သို့ သင်၏ သေးနုပ်သော ပါးနပ်မှုအပေါ်သာ သင် မှီခိုလျှင် သင်သည် ပြဿနာများကို ဖြေရှင်းနိုင်မည်လော၊ ပြီးလျှင် သင်၏တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်လိမ့်မည်လော။ (မဟုတ်ပါ။) မဟုတ်ပေ။ အချို့သော ကိစ္စရပ်များတွင် မည်သည့်အရာမျှ မလွဲချော်လျှင်ပင် ထိုအရာများသည် သမ္မာတရားနှင့် မည်သည့်ပတ်သက်မှုမျှ မရှိသကဲ့သို့ အပြင်ပန်း အမှုအရာများ သက်သက် ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့ရာတွင် အပြင်ပန်းအရာများကို လုပ်ဆောင်နေချိန်တွင် စည်းမျဉ်းများကို သင် ပိုင်ဆိုင်ရဦးမည်ဖြစ်ပြီး ယင်းတို့ကို လူတိုင်းက သင့်လျော်သည့်အရာအဖြစ် မှတ်ယူသည့် နည်းလမ်းတစ်ခုဖြင့် ကိုင်တွယ်ရမည်ဖြစ်သည်။ တစ်စုံတစ်ရာကို စည်းမျဉ်းများနှင့်အညီ သင့်ဘာသာ ကိုင်တွယ်ရန် သင် စေခိုင်းခံရပြီး ဤအရာကို သင် လုပ်ဆောင်နေစဉ် မျှော်လင့်မထားသည့် အခြေအနေတစ်ခု ဖြစ်ပေါ်ကာ မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ကို သင်မသိဟု ဆိုပါစို့။ သင်၏ အတွေ့အကြုံအတိုင်း သင် ရှေ့ဆက် လုပ်ဆောင်သင့်သည်ဟု သင် တွေးထင်သော်လည်း အတွေ့အကြုံက သင့်ကို သွန်သင်ခဲ့သည့်အတိုင်း အတိအကျ ဆောင်ရွက်ခြင်းက သင် လုပ်ဆောင်နေသည့်အရာကို ကမောက်ကမသာ ဖြစ်စေလျက် နှောင့်ယှက်ကာ အဖျက်အမှောင့် လုပ်ရုံသာဖြစ်စေသည်။ ဤသည်မှာ အမှားတစ်ခု မဟုတ်လော။ ထိုအရာကိုဖြစ်စေသော အကြောင်းတရားမှာ အဘယ်နည်း။ အဘယ်ကြောင့်ဆိုသော် သင့်ထံတွင် ရှင်းလင်းသည့် သဘောပေါက်နားလည်မှု မရှိသောကြောင့်၊ သမ္မာတရားကို သင် နားမလည်သကဲ့သို့ စည်းမျဉ်းများကို သဘောပေါက်ခြင်း မရှိသောကြောင့် ဖြစ်သည်။ သမ္မာတရားနှင့် စည်းမျဉ်းများ ပါဝင်သည့် ကိစ္စရပ်များကို သင် ကြုံရသည့်အခါတိုင်းတွင် ယင်းတို့ကို သင် ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိသကဲ့သို့ သင်၏ကိုယ်ပိုင် အလိုဆန္ဒက ပွင့်ထွက်လာလိမ့်မည်။ အကျိုးဆက်အနေဖြင့် အသင်းတော်အလုပ်နှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို သင် ထိခိုက်နစ်နာစေကာ မိမိကိုယ်ကို အရှက်ရစေသည်။ လူသား အတွေ့အကြုံနှင့် စည်းစနစ်များကို အခြေခံ၍ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းခြင်းသည် ထိရောက်သလော။ (မထိရောက်ပါ။) အဘယ်ကြောင့် မထိရောက်သနည်း။ အဘယ်ကြောင့်ဆိုသော် လူသား အတွေ့အကြုံနှင့် စည်းစနစ်များသည် သမ္မာတရား မဟုတ်သကဲ့သို့ ဘုရားသခင် ရွေးချယ်ထားသော လူတို့သည် ယင်းတို့ကို လက်ခံလိမ့်မည် မဟုတ်သောကြောင့် ဖြစ်သည်။ သင်သည် ပြဿနာများကို လူသား အတွေ့အကြုံနှင့် စည်းစနစ်များကို အသုံးပြုလျက် အမြဲ ကိုင်တွယ်လျှင် ယင်းမှာ သင့်ကိုယ်သင် အမှန်တကယ် ဖြစ်နေသည်ထက် တော်သည်ဟု တွေးထင်သည့်သဘောသာဖြစ်သည် မဟုတ်လော။ ယင်းသည် မာနထောင်လွှားကာ မိမိကိုယ်ကို မှန်သည်ဟု မှတ်ယူခြင်း မဟုတ်လော။ လူအချို့က “ဤကိစ္စရပ်နှင့်စပ်လျဉ်း၍ သမ္မာတရားကို ကျွန်ုပ် နားမလည်ခြင်း မဟုတ်ပါ။ ကျွန်ုပ်၏ စိတ်နှလုံးတွင် ထိုအရာကိုနားလည်ပါသည်။ ထိုအရာနှင့်ပတ်သက်၍ လုံလောက်အောင် ကျွန်ုပ် မစဉ်းစားခြင်းသာ ဖြစ်သည်။ ကျွန်ုပ်သည် ပိုမိုအားထုတ်ကာ ထိုကိစ္စရပ်ကို ပို၍ သေချာစွာ ဆင်ခြင်စဉ်းစားလျှင် ကောင်းစွာ ကျွန်ုပ် ကိုင်တွယ်နိုင်ပါသည်။ ယခင်က ဘာသာတရားမရှိသူများနှင့်အတူ ကိစ္စရပ်များကို တုံ့ပြန်ကာ ကိုင်တွယ်ခဲ့ချိန်တွင် အချို့သော စည်းစနစ်များနှင့် နည်းလမ်းများကို ကျွန်ုပ် အသုံးပြုခဲ့ရသည်။ သို့ရာတွင် ဘုရားအိမ်တော်က ဤလုပ်နည်းကိုင်နည်းများကို ခွင့်မပြုသောကြောင့် မည်သည့်အရာကို လုပ်ဆောင်ရမှန်း ကျွန်ုပ် မသိပါ။ ကိစ္စရပ်ကို ကျွန်ုပ်သဘောဖြင့်သာ ကိုင်တွယ်ဖြေရှင်းခဲ့သောကြောင့် အမှားအနည်းငယ် ပြုလုပ်မိခဲ့သည်မှာ အံ့ဩစရာမရှိပါ”ဟု စောဒကတက်ကြသည်။ ဤလူများသည် မိမိတို့ကိုယ်ကို သိရှိကြသလော။ (မသိရှိကြပါ။) အဘယ်ကြောင့် မိမိတို့ကိုယ်ကို မသိရှိကြသနည်း။ ဤအရာသည် သမ္မာတရားနှင့် တစ်စုံတစ်ရာ ပတ်သက်သည် မဟုတ်လော။ ၎င်းတို့သည် ဤကိစ္စရပ်တွင် သမ္မာတရားကို မရှာဖွေကြဘဲ မိမိတို့၏ အမှားကို ဖုံးဖိရန် နည်းလမ်းများကို အကြံထုတ်ကြသည်။ ၎င်းတို့အနေဖြင့် အမှားတစ်ခုသာ ပြုလုပ်မိခဲ့ကာ မိမိတို့၏ အပြုအမူအရ ပေါ့ဆမိခဲ့သည်ဟု တွေးထင်ကြသည်။ ၎င်းတို့၏ အမှားက သမ္မာတရားနှင့် ပတ်သက်သည် သို့မဟုတ် ၎င်းတို့၏ သမ္မာတရား သိနားလည်မှု ကင်းမဲ့ခြင်းနှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အခြေခံ၍ ၎င်းတို့ ပြုမူသည့် အချက်ကြောင့် ထိုအရာ ဖြစ်ပေါ်သည်ဟု မထင်ကြပေ။ ဤသည်မှာ ညံ့ဖျင်းသည့် အစွမ်းအစရှိခြင်းကို ဆိုလိုသည့်အရာ ဖြစ်သည်။ အမှုအရာများ ဖြစ်ပျက်သည့်အခါ ဤလူများသည် အကြောင်းပြချက်များနှင့် ဆင်ခြေများကို အမြဲ ရှာဖွေကြသည်။ အမှားတစ်ခုကိုသာ ၎င်းတို့ ပြုလုပ်မိခဲ့သည်ဟု တွေးထင်ကြသည်။ ၎င်းတို့၏ ပထမဆုံး တုံ့ပြန်ချက်၌ သမ္မာတရားအား ရှာဖွေရမည်ကို ၎င်းတို့ မသိကြချေ။ ၎င်းတို့၏ ဒုတိယတုံ့ပြန်ချက်၌ သမ္မာတရားအား ရှာဖွေရမည်ကို ၎င်းတို့ မသိကြသေးချေ။ ပြီးလျှင် ၎င်းတို့၏ တတိယတုံ့ပြန်ချက်၌ သမ္မာတရားကို ရှာဖွေပြီး မိမိတို့ကိုယ်ကို သိရှိရန် လိုအပ်ကြောင်း ၎င်းတို့ မသိကြသေးချေ။ ဤသည်မှာ အလွန်ညံ့ဖျင်းသည့် အစွမ်းအစရှိခြင်းကို ဆိုလိုသည့်အရာ ဖြစ်သည်။ ၎င်းတို့ကို သင် မည်မျှ လမ်းညွှန်သည်ဖြစ်စေ၊ ၎င်းတို့ကို ဖော်ထုတ်ကာ ၎င်းတို့နှင့်အတူ မိတ်သဟာပြုပေးသည်ဖြစ်စေ မည်သည့် သမ္မာတရား စည်းမျဉ်းများအား ၎င်းတို့ ချိုးဖောက်မိပြီးဖြစ်သည်ဆိုသည်နှင့် မည်သည့် သမ္မာတရားများအား လက်တွေ့လုပ်ဆောင်သင့်သည်ဆိုသည်တို့ကို ၎င်းတို့ သဘောပေါက်ကြဦးမည် မဟုတ်။ ၎င်းတို့ကို သင် မည်မျှ လမ်းညွှန်သည်ဖြစ်စေ ဤအရာများကို ၎င်းတို့ လုံးဝ သတိပြုမိကြလိမ့်မည် မဟုတ်။ ၎င်းတို့အနေဖြင့် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း အနည်းငယ်မျှပင် မရှိပေ။ ဤသည်မှာ ညံ့ဖျင်းသည့် အစွမ်းအစရှိခြင်းကို ဆိုလိုသည့်အရာ ဖြစ်သည်။ သမ္မာတရားနှင့်ပတ်သက်၍ သင် မည်မျှရှင်းလင်းစွာ မိတ်သဟာယပြုသည်ဖြစ်စေ ယင်းမှာ သမ္မာတရားဖြစ်သည်ကို ၎င်းတို့ သဘောပေါက်လိမ့်မည် မဟုတ်။ ၎င်းတို့သည် အမှန်တရားများကို ဖုံးဖိရန်အလို့ငှာ မိမိတို့ကိုယ်ပိုင် အကြောင်းပြချက်များနှင့် ဆင်ခြေများကို အသုံးပြုကြလိမ့်မည်၊ သို့မဟုတ် ထိုအရာက အမှားတစ်ခု သို့မဟုတ် အပြုမှားတစ်ခုသာ ဖြစ်သည်ဟု ပြောကြလိမ့်မည်။ ၎င်းတို့အနေဖြင့် သမ္မာတရားကို ချိုးဖောက်မိပြီဖြစ်ကြောင်း သို့မဟုတ် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်မိပြီဖြစ်ကြောင်း စိုးစဉ်းမျှ ဝန်ခံကြလိမ့်မည် မဟုတ်။ ၎င်းတို့ မည်သည့်အမှားများကို ပြုလုပ်မိပြီးသည်ဖြစ်စေ၊ မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်မိပြီးသည်ဖြစ်စေ၊ သို့မဟုတ် ဖောက်ပြန်ပျက်စီးသော အခြေအနေမည်မျှကို ၎င်းတို့ ဖြစ်ပေါ်စေပြီးဖြစ်သည်ဖြစ်စေ၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရက မည်သည့်အရာ ဖြစ်သည်ကို မဆိုထားနှင့်၊ မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ၎င်းတို့ အမှန်တကယ် ထုတ်ဖော်မိပြီးဖြစ်သည်ကို မည်သည့်အခါတွင်မျှ သဘောပေါက်ကြလိမ့်မည် မဟုတ်ပေ။ သို့တည်းမဟုတ် ဤကိစ္စရပ်တွင် သမ္မာတရားအား မည်သို့ ရှာဖွေရမည်ကိုဖြစ်စေ၊ မိမိတို့ကိုယ်ကို မည်သို့ သိရှိရမည်ဆိုသည်ကိုဖြစ်စေ ၎င်းတို့ မသိကြ။ ဤအရာများထဲမှ မည်သည့်အရာကိုမျှ မသိကြချေ။ ၎င်းတို့သည် ဝိညာဉ်ရေးရာအရ ထုံထိုင်းပြီး ဤအရာများနှင့်ပတ်သက်၍ ခံစားချက် တစ်စက်မျှ မရှိကြပေ။ ဤသည်မှာ ညံ့ဖျင်းသော အစွမ်းအစ၏ သရုပ်သကန်တစ်ခု ဖြစ်သည်။
လူတစ်ဦး၏ အစွမ်းအစကို တိုင်းတာပုံအကြောင်း အနည်းငယ် မိတ်သဟာယပြုရန် ဥပမာအချို့ကို ထည့်ပြောကြစို့။ ဥပမာအနေဖြင့် လူအချို့သည် အမှုအရာများကို လုပ်ဆောင်ရာတွင် အချိန်ဆွဲကာ ဝတ်ကျေတမ်းကျေဖြစ်ကြသည်ဟု ငါ ပြောခဲ့သည်။ ဤအရာကိုကြားပြီးသည့်နောက်တွင် အစွမ်းအစကောင်းရှိသည့် လူတို့သည် ဤအခြေအနေမှာ ၎င်းတို့လည်း တွေ့ကြုံသည့်အရာတစ်ခု ဖြစ်ကြောင်းနှင့် ၎င်းတို့အနေဖြင့် ရုပ်ပိုင်းအရ နေမကောင်းဖြစ်သည့်အခါ သို့မဟုတ် အပျက်သဘောဆောင်သည့်အခါ၊ ပျင်းရိသည့်အခါ ထိုသို့သော အခြေအနေနှင့် သဘောထားကို မကြာခဏ တွေ့ကြုံကြောင်းတို့ကို ချက်ချင်း သဘောပေါက်လိမ့်မည်ဖြစ်သည်။ ထို့အပြင် အချို့သော အလုပ်တာဝန်များကို ၎င်းတို့ အချိန်ဆွဲခဲ့သည့် အချိန်များ သို့မဟုတ် ဝတ်ကျေတမ်းကျေ ဆောင်ရွက်ခဲ့သည့် အချိန်များနှင့်ပတ်သက်၍ ပုံရိပ်အချို့က ၎င်းတို့စိတ်တွင် ပေါ်လာလိမ့်မည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဘုရားနှုတ်ကပတ်တော်များနှင့် နှိုင်းယှဉ်ကြည့်ကြလိမ့်မည်ဖြစ်ပြီး ဘုရားသခင် ဖော်ထုတ်ပြသည့်အရာမှာ လူ၏ ဖောက်ပြန်ပျက်စီးခြင်းနှင့်ဆိုင်သော စစ်မှန်မှုဖြစ်ကြောင်းနှင့် ထိုအရာသည် လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ဆက်စပ်ကြောင်း ဝန်ခံကြလိမ့်မည်။ ထိုနည်းတူ ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ကြောင်း ဝန်ခံကြလိမ့်မည်ဖြစ်ပြီး အထင်လွဲခြင်း သို့မဟုတ် မိမိတို့ကိုယ်ပိုင် အယူအဆများမရှိဘဲ ရှင်းလင်းသော ပုံစံဖြင့် ထိုနှုတ်ကပတ်တော်များကို သဘောပေါက်နားလည်ကြလိမ့်မည်။ ဤသည်မှာ အစွမ်းအစကောင်းရှိခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။ ဤစကားများကို ကြားသည့်အခါ ၎င်းတို့၏ ပထမဆုံး တုံ့ပြန်ချက်မှာ မိမိတို့ကိုယ်ကို ထိုနှုတ်ကပတ်တော်များနှင့် နှိုင်းယှဉ်ချိန်ဆခြင်း ဖြစ်လိမ့်မည်။ ဤသည်မှာ ၎င်းတို့လည်း တွေ့ကြုံကြရသည့် အခြေအနေတစ်ခုဖြစ်ကြောင်း သဘောပေါက်ကြလိမ့်မည်ဖြစ်ပြီး ဤဘုရားနှုတ်ကပတ်တော်များကို မိမိတို့ကိုယ်ပိုင် အခြေအနေများနှင့် နေ့စဉ်ဘဝများဖြင့် ဆက်စပ်ကြည့်ကြလိမ့်မည်။ ထို့နောက်တွင် ၎င်းတို့သည် မိမိကိုယ်ကို ပြန်လည်သုံးသပ်ကြလိမ့်မည်၊ ၎င်းတို့၏ ဤအခြေအနေကို ရှင်းရှင်းလင်းလင်း မြင်ကြလိမ့်မည်ဖြစ်ပြီး၊ ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ကြောင်း လက်ခံကြလိမ့်မည်။ ဤသည်မှာ ဘုရားနှုတ်ကပတ်တော်များကို ကြားသည့်အခါ အစွမ်းအစကောင်း ရှိသည့်လူများ တုံ့ပြန်ကြသည့်ပုံစံ ဖြစ်သည်။ သာမန်အစွမ်းအစရှိသည့် လူတစ်ဦးအတွက်မူ သင့်အနေဖြင့် “အချိန်ဆွဲသည်”နှင့် “ဝတ်ကျေတမ်းကျေဖြစ်သည်”ဟုသာ ပြော၍မရပေ။ ၎င်းတို့၏ သရုပ်သကန်များကို ဖော်ထုတ်ခြင်းအားဖြင့်လည်းကောင်း၊ “သင်သည် မကြာခဏ နားဝေတိမ်တောင်ဖြစ်ပြီး အမှုအရာများကို အလေးအနက် မထားပါ။ သင်၏ တာဝန်ကို ဤသို့ ထမ်းဆောင်ခြင်းအားဖြင့် သင်သည် ဝတ်ကျေတမ်းကျေ ဖြစ်နေခြင်းသာ ဖြစ်သည်။ ဤအရာကို သင် အဘယ်သို့ဖြစ်ပြီး နားမလည်နိုင်သနည်း။ ဤအရာကို သင့်အား အကြိမ်ပေါင်းမည်မျှ ငါ ပြောပြီးဖြစ်သနည်း။ ဤအရာကို ဝတ်ကျေတမ်းကျေဖြစ်ခြင်းနှင့် အချိန်ဆွဲခြင်းဟု ခေါ်သည်”ဟု ဆိုလျက် ၎င်းတို့ လုပ်ဆောင်သည့် အရာများနှင့် ပေါင်းစပ်ခြင်းအားဖြင့်လည်းကောင်း ၎င်းတို့၏ ပြဿနာများကို သင် တိုက်ရိုက် ထောက်ပြရမည်။ ၎င်းတို့၏ ပြဿနာများကို ဤကဲ့သို့ ထောက်ပြလော့။ ဤအရာကို ကြားပြီးသည့်နောက်တွင် ၎င်းတို့ မည်သို့ အချိန်ဆွဲပြီး ဝတ်ကျေတမ်းကျေပုံစံဖြင့် ပြုမူခဲ့သည်ကို ပြန်လည်သုံးသပ်ကြလိမ့်မည်။ ဤအရာအပေါ် ၎င်းတို့ အမှန်တကယ် ပြန်လည်သုံးသပ်ကာ သိရှိလာသည့်နောက်တွင် ၎င်းတို့၏ အမှားများကို ဝန်ခံကြလိမ့်မည်ဖြစ်ပြီး ယင်းတို့ကို အမှန်ပြင်နိုင်ကြလိမ့်မည်။ သို့ရာတွင် ၎င်းတို့ သတိပြုမိသည့်အရာမှာ ပုံသေဖြစ်သည့်အရာ၊ ပုံသေဖြစ်သည့် အခြေအနေတစ်ခု ဖြစ်သည်။ ၎င်းတို့၏ ကိုယ်ပိုင် စိတ်ကူးများနှင့် ကိုက်ညီလျှင်သာ သင် ပြောသည့်အရာကို ၎င်းတို့ လက်ခံပြီး ဝန်ခံနိုင်သည်။ ဤသည်မှာ သာမန်အစွမ်းအစဟု ငါတို့ ခေါ်သည့်အရာ ဖြစ်သည်။ သာမန်အစွမ်းအစရှိသည့် လူတို့ကို ကိုင်တွယ်ဆက်ဆံခြင်းသည် အားထုတ်မှုလိုအပ်ပြီး အချက်အလက်များကို အခြေခံ၍ စကားပြောခြင်းအားဖြင့်သာ ၎င်းတို့ကို သင် အပြည့်အဝ သိမ်းသွင်းစည်းရုံးနိုင်ပေသည်။ ညံ့ဖျင်းသော အစွမ်းအစ ပိုင်ဆိုင်သည့် လူတို့၏ အခြေအနေမှာ အဘယ်နည်း။ ၎င်းတို့ကို မည်သို့ ချဉ်းကပ်သင့်သနည်း။ ညံ့ဖျင်းသည့် အစွမ်းအစရှိသော လူတို့သည် ရိုးအကြပြီး ထုံသောသူများ ဖြစ်သည်။ ၎င်းတို့ ကြုံရသည့် မည်သည့်အခြေအနေကိုမျှ ၎င်းတို့ မရိပ်စားမိနိုင်ကြသကဲ့သို့ သမ္မာတရားကို မရှာဖွေကြပေ။ လူတို့က ၎င်းတို့အား အမှုအရာများကို ရှင်းလင်းပြီး တိုက်ရိုက်ကျသော ပုံစံဖြင့် မပြောပြလျှင် ထိုအရာများကို မိမိတို့ဘာသာ နားမလည်နိုင်ကြပေ။ ထို့ကြောင့် ညံ့ဖျင်းသည့် အစွမ်းအစရှိသော လူတို့ကို စကားပြောသည့်အခါ သင်သည် သာ၍ ရှင်းလင်းစွာနှင့် တိုက်ရိုက် ပြောဆိုရမည်ဖြစ်ပြီး ဥပမာများကိုလည်း ပေးရမည်ဖြစ်သည်။ အချက်အလက်များကို အခြေခံကာ ထပ်ခါထပ်ခါ ပြောရမည်ဖြစ်သည်။ ဤသည်မှာ သင်၏ စကားများ သက်ရောက်မှုတစ်ခုခုရှိရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ သင့်အနေဖြင့် ဤသို့ စကားပြောရမည်။ “သင်သည် သင်၏ တာဝန်ကို ဤကဲ့သို့ ထမ်းဆောင်ခြင်းအားဖြင့် အချိန်ဆွဲကာ ဝတ်ကျေတမ်းကျေဖြစ်နေသည်”ဟူ၍ ဖြစ်သည်။ ၎င်းတို့၏ ပထမဆုံး တုံ့ပြန်ချက်က မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ “ကျွန်ုပ် ထိုသို့ပြုမူခဲ့သလော။ အချိန်ဆွဲခဲ့သလော။ မနက်တွင် ကျွန်ုပ် နိုးနိုးချင်း ကျွန်ုပ်၏ တာဝန်နှင့် ဆက်စပ်သည့် အရာများအကြောင်းကို ကျွန်ုပ် စဉ်းစားပြီး ထိုအရာများကို ဦးစွာ ပြီးစီးအောင်လုပ်သည်။ အပြင်ထွက်သည့်အခါ ထိုအရာများကို မည်သို့ကောင်းစွာ လုပ်ဆောင်ရမည့်အကြောင်းကိုလည်း ကျွန်ုပ် စဉ်းစားသည်။ ကျွန်ုပ် အချိန်မဆွဲပါ၊ သို့မဟုတ် ဝတ်ကျေတမ်းကျေပုံစံဖြင့် မပြုမူပါ။ ဤအရာများကို ကျွန်ုပ် အလွန်အားထုတ်ပါသည်”ဟူ၍ ဖြစ်သည်။ ၎င်းတို့၏ ပထမဆုံး တုံ့ပြန်ချက်မှာ သင် ပြောခဲ့သည့်အရာကို ငြင်းပယ်ခြင်း ဖြစ်သည်။ ၎င်းတို့တွင် အသိမရှိသကဲ့သို့ အခြေခံအားဖြင့် ၎င်းတို့က မိမိတို့၏တာဝန်များကို ဝတ်ကျေတမ်းကျေဖြစ်သည့် ပုံစံတစ်ခုဖြင့် အချိန်ဆွဲ၍ ထမ်းဆောင်နေသည်ကို သဘောမပေါက်ကြပေ။ ထို့နောက် သင်သည် အချိန်ဆွဲခြင်းနှင့် ဝတ်ကျေတမ်းကျေ ဖြစ်ခြင်းတို့၏ သရုပ်သကန်များက မည်သည့်အရာများဖြစ်သည်ကို ၎င်းတို့အား ရှင်းပြရလိမ့်မည်ဖြစ်ပြီး ၎င်းတို့က သင်၏ စကားများကို လက်မခံမီ ၎င်းတို့ကို အမှန်တကယ် ယုံကြည်လက်ခံစေသည့် နည်းလမ်းတစ်ခုဖြင့် ပြောဆိုရမည် ဖြစ်သည်။ ၎င်းတို့အနေဖြင့် ကောင်းစွာ မလုပ်ဆောင်ခဲ့ကြောင်း၊ အပြင်ပန်း ကိစ္စရပ်များတွင် အမှားများ ပြုလုပ်မိခဲ့ကြကြောင်း ဝန်ခံရန် ၎င်းတို့အတွက် မလွယ်ကူပေ။ တစ်စုံတစ်ခုက သမ္မာတရား၊ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများ သို့မဟုတ် ဘုရားသခင်၏ စိတ်သဘောထားများနှင့် ပတ်သက်လျှင် ညံ့ဖျင်းသည့် အစွမ်းအစရှိသော လူတို့အတွက် သာ၍ပင် ခက်ခဲလေသည်။ သင် ပြောသည့် မည်သည့်အရာကိုမျှ ၎င်းတို့ နားလည်ကြမည်မဟုတ်သကဲ့သို့ သင် ပြောဆိုလေ၊ ၎င်းတို့ မရှင်းမလင်းဖြစ်ကာ ဘာမျှမသိဟု ခံစားရလေဖြစ်ပြီး နောက်ထပ် နားထောင်လိုကြမည်မဟုတ်ပေ။ ဤသည်မှာ အလွန့်အလွန် နိမ့်ကျသည့် အစွမ်းအစရှိသော လူများဖြစ်သည်။ ဤသည်မှာ သမ္မာတရားကို ၎င်းတို့၏ လက်လှမ်းမီနိုင်စွမ်းမရှိခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ ညံ့ဖျင်းသည့် အစွမ်းအစရှိသော လူတို့အတွက် သမ္မာတရားနှင့်ပတ်သက်၍ သင် မည်မျှ မိတ်သဟာယ ပြုသည်ဖြစ်စေ အသုံးမဝင်ပေ။ ၎င်းတို့ကို စကားပြောရန် သင် မည်မျှ ကြိုးစားသည်ဖြစ်စေ ၎င်းတို့ နားမလည်နိုင်ကြ။ အလွန်ဆုံးအနေဖြင့် အချို့သော အယူဝါဒများနှင့် စည်းမျဉ်းစည်းကမ်းများကို ၎င်းတို့ နားလည်နိုင်ကြသည်။ ထို့ကြောင့် အလွန်အမင်း ညံ့ဖျင်းသော အစွမ်းအစရှိသည့် လူများနှင့်အတူ သမ္မာတရားကို အလွန် အသေးစိတ် မိတ်သဟာယပြုရန် မလိုအပ်ပေ။ ၎င်းတို့အား မည်သည့်အရာ လုပ်ဆောင်ရမည်ကို ရိုးရှင်းသော ပုံစံဖြင့်သာ ပြောပြလော့၊ ပြီးလျှင် ယင်းကို ၎င်းတို့ စွဲစွဲမြဲမြဲ လုပ်ဆောင်နိုင်လျှင် အတော်လေး ကောင်းပေသည်။ အလွန့်အလွန် ညံ့ဖျင်းသည့် အစွမ်းအစရှိသော လူတို့သည် သမ္မာတရားကို မည်သည့်အခါမျှ နားလည်နိုင်ကြလိမ့်မည် မဟုတ်သည့် အတိုင်းအတာအထိ သဘောပေါက်နားလည်နိုင်စွမ်း တစ်ခုတလေ ကင်းမဲ့ကြပြီး စည်းမျဉ်းများအတိုင်း ပြုမူဆောင်ရွက်သည့် အဆင့်ထိ ရောက်ရှိရန် ၎င်းတို့ကို သေချာပေါက် တောင်းဆို၍မရပေ။ ဤလူများ၏ ရှေ့တည့်တည့်တွင် တစ်စုံတစ်ရာ ဖြစ်ပျက်ပြီး ထိုအရာကို ၎င်းတို့အတွက် သင် ရှင်းလင်းဖော်ပြလျှင် ၎င်းတို့က ထိုအရာကို မိမိတို့ကိုယ်တိုင်နှင့် ချိတ်ဆက်မိနိုင်ကြဦးမည် မဟုတ်ပေ။ ဤသည်မှာ ညံ့ဖျင်းသော အစွမ်းအစဟု ငါတို့ ခေါ်သည့်အရာ ဖြစ်သည်။ ဥပမာအားဖြင့် လိမ်ညာခြင်းနှင့် ပတ်သက်လာသည့်အခါ အစွမ်းအစကောင်း ရှိသူများ တုံ့ပြန်ပုံကို ကြည့်လော့။ အခြားသူတို့က ၎င်းတို့၏ လိမ်ညာသည့် အခြေအနေများအကြောင်း ပြောဆိုပြီး ဥပမာများပေးလျက် လိမ်ညာကာ လှည့်ဖြားသည့် အခြေအနေများအား ၎င်းတို့ ကိုင်တွယ်ပုံနှင့် ဖြေရှင်းပုံအကြောင်း ပြောဆိုသည်ကို အစွမ်းအစကောင်းရှိသည့် လူတို့က ကြားသည့်အခါ မိမိတို့ကိုယ်ကို ပြန်လည်သုံးသပ်ကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့ ကြားခဲ့သည့်အရာကို ၎င်းတို့၏ ကိုယ်ပိုင် အခြေအနေများနှင့် နှိုင်းယှဉ်ချိန်ဆ ကြည့်ကြလိမ့်မည်။ ဤသို့ပြုပြီးနောက်တွင် အလိမ်အညာများ ၎င်းတို့ ပြောဆိုခဲ့ကြသည့် အခြေအနေများနှင့် ထိုသို့ ပြုမူနေစဉ် မည်သည့် ရည်ရွယ်ချက်များ ရှိခဲ့ကြသည်ဆိုသည်တို့ကို ၎င်းတို့ သတိပြုမိနိုင်ကြလိမ့်မည်။ ၎င်းတို့၏ နေ့စဉ်ဘဝများနှင့်ပတ်သက်သည့် ထုတ်ဖော်ပြချက်များအရ ၎င်းတို့၏ ရည်ရွယ်ချက်များ၊ စေ့ဆော်မှုများနှင့် အတွေးများကို ဆန်းစစ်ခြင်းမှတစ်ဆင့် အစွမ်းအစကောင်းရှိသည့် လူတို့သည် ၎င်းတို့၏ စကားများထဲမှ မည်သည်တို့က အလိမ်အညာများဖြစ်ပြီး မည်သည်တို့က လှည့်ဖြားမှုပါရှိသည်ဆိုသည်ကို သိရှိနိုင်ကြလိမ့်မည်။ အခြားလူတို့၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို နားထောင်သည့်အခါ ၎င်းတို့ အကျိုးရှိကာ တစ်စုံတစ်ရာကို ရရှိနိုင်ကြသည်။ အနည်းငယ်သော စည်းမျဉ်းများကိုသာ သင် ပြောဆိုလျှင်ပင် ၎င်းတို့ နားလည်ကာ ယင်းတို့ကို ကျင့်သုံးရန် သင်ယူကြလိမ့်မည်။ ထို့နောက်တွင် ၎င်းတို့သည် ဤစကားများကို မိမိတို့ကိုယ်ပိုင် စစ်မှန်မှု ဖြစ်စေလျက် သမ္မာတရား စည်းမျဉ်းများအဖြစ် သဘောထားကြလိမ့်မည်ဖြစ်ပြီး မိမိတို့ကိုယ်ကို ဖြည်းဖြည်းချင်း ပြောင်းလဲကြလိမ့်မည်။ သာမန်အစွမ်းအစရှိသည့် လူတစ်ဦးက အခြားလူတို့၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို ကြားပြီးသည့်နောက်တွင် သိသာထင်ရှားသော ကိစ္စများသည် မိမိကိုယ်တိုင်နှင့် မည်သို့ဆက်နွယ်မှုရှိကြောင်းကို မြင်နိုင်မည်ဖြစ်သော်လည်း သိသာထင်ရှားမှုနည်းပါးသော အရာများကိုဖြစ်စေ၊ ထိုလူတို့၏ စိတ်နှလုံးနက်ရှိုင်းရာရှိ ၎င်းတို့၏ စကားများဖြင့် ဖော်ပြရခြင်းမရှိသေးသည့် အရာများကိုဖြစ်စေ မိမိတို့ကိုယ်တိုင်နှင့် ချိတ်ဆက်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့အပြင် သမ္မာတရား စည်းမျဉ်းများအပေါ် ၎င်းတို့၏ သဘောပေါက်နားလည်ခြင်းသည်လည်း အယူဝါဒများကဲ့သို့ အနည်းငယ် သာ၍ ပေါ့တန်လေသည်။ ၎င်းတို့၏ သဘောပေါက်နားလည်နိုင်စွမ်း အဆင့်သည် အစွမ်းအစ ကောင်းရှိသည့် လူတို့ထက် များစွာ ဆိုးရွား၏။ ညံ့ဖျင်းသည့် အစွမ်းအစရှိသော လူတို့မှာမူ အခြားသူတို့၏ သက်သေခံချက်များကို နားထောင်သည့်အခါ မည်သည့်အရာများသည် အလိမ်အညာများနှင့် အနှစ်မဲ့သော စကားများဖြစ်ပြီး မည်သည့်အရာများက လှည့်ဖြားတတ်သော အခြေအနေများဖြစ်ကြောင်းကို ထိုအခြားသောသူတို့က မည်မျှ သေချာစွာ စိတ်ဖြာလေ့လာဆွေးနွေးသည်ဖြစ်စေ ဤအရာကို မိမိတို့ကိုယ်တိုင်နှင့် ဆက်စပ်ကြည့်နိုင်ကြလိမ့်မည် မဟုတ်သကဲ့သို့ မိမိတို့ကိုယ်ကို ပြန်လည်သုံးသပ်နိုင်ကြလိမ့်မည် မဟုတ်၊ သိရှိလာနိုင်ကြလိမ့်မည် မဟုတ်ပေ။ ဤလူများသည် မိမိတို့ကိုယ်ပိုင် လိမ်ညာခြင်းနှင့် လှည့်ဖြားတတ်သော အခြေအနေများကို အသိအမှတ်မပြုနိုင်ကြသည်သာမက မိမိတို့ကိုယ်ကို အလိမ်အညာများ မပြောနိုင်သည့် အလွန်ရိုးသားသော လူများအဖြစ်ပင် တွေးထင်ကြသည်။ အခြားသူတို့က ၎င်းတို့ကို လိမ်ညာပြီး လှည့်ဖြားလျှင်ပင် ဤအရာကို ၎င်းတို့ ပိုင်းခြားသိမြင်နိုင်ခြင်း မရှိကြသကဲ့သို့ အလွယ်တကူ လှည့်စားခြင်းခံရကြသည်။ ၎င်းတို့သည် အခြားသူတို့ မိတ်သဟာယပြုသည့် သမ္မာတရား စည်းမျဉ်းများကို သာ၍ပင် နားမလည်နိုင်ကြပေ။ သဘောပေါက်နားလည်နိုင်စွမ်း စိုးစဉ်းမျှ မရှိကြချေ။ ဤသည်မှာ ညံ့ဖျင်းသော အစွမ်းအစ၏ သရုပ်သကန်တစ်ခု ဖြစ်သည်။
ငါတို့ ယခုတင် ဖော်ပြခဲ့သည့် အစွမ်းအစသုံးမျိုးရှိသည့် လူများထဲတွင် မည်သည့်အမျိုးအစားက စိတ်သဘောထား၌ ပြောင်းလဲမှုတစ်ခု ရရှိနိုင်သနည်း။ မည်သည့် လူစားမျိုးက သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်သနည်း။ (အစွမ်းအစကောင်း ရှိသော လူများဖြစ်သည်။) အစွမ်းအစကောင်း ရှိသော လူတို့သည် သမ္မာတရား စစ်မှန်မှုထဲသို့ အနည်းငယ် သာ၍ မြန်ဆန်စွာနှင့် နက်ရှိုင်းစွာ ဝင်ရောက်နိုင်ကြသည်။ သာမန် အစွမ်းအစရှိသည့် လူတို့သည် သာ၍ နှေးကွေးစွာနှင့် အပေါ်ယံအားဖြင့် ဝင်ရောက်နိုင်ကြသည်။ ညံ့ဖျင်းသည့် အစွမ်းအစရှိသော လူတို့မှာမူ လုံးဝ မဝင်ရောက်နိုင်ကြပေ။ ဤသည်မှာ ခြားနားချက်ဖြစ်သည်။ လူတို့အနေဖြင့် တစ်ဦးနှင့်တစ်ဦး မည်သို့ ကွဲပြားခြားနားသည်ကို သင် မြင်နိုင်သလော။ (မြင်နိုင်ပါသည်။) ၎င်းတို့၏ ခြားနားချက်များက အဘယ်မှာနည်း။ ၎င်းတို့၏ ခြားနားချက်များက ၎င်းတို့၏ အစွမ်းအစနှင့် သမ္မာတရားအပေါ် သဘောထားတို့တွင် တည်ရှိ၏။ သမ္မာတရားကို ချစ်ပြီး အစွမ်းအစကောင်းရှိသော လူတို့သည် သမ္မာတရား စစ်မှန်မှုထဲသို့ မြန်ဆန်စွာ ဝင်ရောက်ကြပြီး အသက်ကို ရရှိနိုင်ကြသည်။ သာမန် အစွမ်းအစရှိသော လူတို့သည် ခေါင်းမာကာ ထုံထိုင်းကြသည်။ သမ္မာတရားထဲသို့ ၎င်းတို့၏ ဝင်ရောက်မှုသည် နှေးကွေးပြီး ၎င်းတို့၏ ဘဝတိုးတက်မှုကလည်း နှေးကွေးသည်။ ညံ့ဖျင်းသည့် အစွမ်းအစရှိသော လူတို့သည် မိုက်မဲပြီး မသိနားမလည်ဖြစ်ရုံမက ငေးငိုင်ပြီး မကြည်လင်သော မျက်နှာများဖြင့် နုံလည်းနုံအကြသည်။ ၎င်းတို့သည် စိတ်ဓာတ်အားဖြင့် ထုံထိုင်းကြသည်၊ တုံ့ပြန်မှု နှေးကွေးကြပြီး သမ္မာတရားကို သဘောပေါက်နားလည်ရန် နှေးကွေးကြသည်။ ထိုသို့သော လူများသည် သမ္မာတရားကို နားမလည်ကြသည့်အတွက် အသက်ကင်းမဲ့ကြပြီး အယူဝါဒများကိုသာ ပြောဆိုကြသည်၊ ဆောင်ပုဒ်များကိုသာ ဟစ်ကြွေးကြပြီး စည်းမျဉ်းစည်းကမ်းများကိုသာ လိုက်လျှောက်ကြသည်။ သမ္မာတရားကို ၎င်းတို့ နားမလည်ကြသည့်အတွက် သမ္မာတရား စစ်မှန်မှုထဲသို့ မဝင်ရောက်နိုင်ကြချေ။ သမ္မာတရား စစ်မှန်မှုထဲသို့ မဝင်ရောက်နိုင်သည့်သူများအတွင်းတွင် အသက်ရှိသလော။ ၎င်းတို့သည် အသက် ကင်းမဲ့ကြ၏။ အသက်ကင်းမဲ့သည့် လူများထံ အမှုအရာများ ဖြစ်ပျက်သည့်အခါ တစ်ခါတစ်ရံ ဦးတည်ချက်တစ်ခုသို့ လမ်းလွဲသွားကြကာ အခြားအချိန်များတွင် နောက်ထပ် ဦးတည်ချက်ဖြင့် လမ်းလွဲသွားလျက် တိကျသည့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်း ကင်းမဲ့ကာ အမြဲ ချီတုံချတုံဖြစ်ပြီး အကူအညီမဲ့ ခံစားရင်း မိမိတို့ကိုယ်ပိုင် အလိုဆန္ဒနောက်ကို ၎င်းတို့ လိုက်ကြပြီး ကျိုးကြောင်းမမြင် ပြုမူကြသည်။ သနားစဖွယ် မြင်ကွင်းကို ၎င်းတို့ ဖန်တီးကြသည်။ နှစ်ကာလများအတွင်းတွင် လူအချို့က ၎င်းတို့ထံ အမှုအရာများ ဖြစ်ပျက်သည့်အခါ မည်သည့်အရာ လုပ်ဆောင်ရမည်ကို မသိကြောင်း ပြောကြသည်ကို စဉ်ဆက်မပြတ် ငါ ကြားရပြီးဖြစ်သည်။ အလွန်များသည့် တရားဒေသနာများကို နားထောင်ပြီးသည့်နောက်တွင်ပင် အဘယ်သို့များ ထိုသို့ ဖြစ်နိုင်သေးသနည်း။ ၎င်းတို့ ဘာလုပ်ရမှန်းမသိဖြစ်ကြကြောင်းကို ၎င်းတို့၏ အမူအရာများက ပြသည်။ ၎င်းတို့၏ မျက်နှာများ ငေးငိုင်ကာ မကြည်မလင်ဖြစ်နေသည်။ လူအချို့က “အဘယ်သို့ ထုံထိုင်းသည်ဟု ငါ အခေါ်ခံရနိုင်သနည်း။ ကမ္ဘာလောကထဲက ရေပန်းစားသောအရာကို ကျွန်ုပ် အလွန် ခံစားနားလည်လွယ်သည်။ ကွန်ပြူတာ၊ ဟမ်းဖုန်းများနှင့် ဂိမ်းစက်မျိုးစုံကို အသုံးပြုရမည့်ပုံ ကျွန်ုပ် သိသည်။ သင်တို့သည် ထုံထိုင်းပြီး ယင်းတို့ကို အသုံးပြုရမည့်ပုံ မသိကြပါ။ သင်တို့၏ အစွမ်းအစသည် အဘယ်သို့ဖြစ်ပြီး အလွန် ညံ့ဖျင်းနိုင်ရသနည်း”ဟု ပြောကြသည်။ သို့ရာတွင် ၎င်းတို့၏ အနည်းငယ်သော လိမ္မာပါးနပ်မှုမှာ ကျွမ်းကျင်မှုတစ်ခု၊ ချက်ချာပါးနပ်မှု အနည်းငယ်သာ ဖြစ်သည်။ ထိုအရာကို အစွမ်းအစအဖြစ် ယူဆခြင်းမရှိပေ။ ၎င်းတို့အား တရားဒေသနာတစ်ခု နားထောင်ရန် သို့မဟုတ် သမ္မာတရားနှင့်ပတ်သက်၍ မိတ်သဟာယပြုရန် သင် စေခိုင်းလျှင် ဤလူများ ထုတ်ဖော်ခြင်းခံရသည်။ ၎င်းတို့၏ ဝိညာဉ်အားဖြင့် ၎င်းတို့သည် အလွန် ထုံထိုင်းကြသည်။ ၎င်းတို့ မည်မျှ ထုံထိုင်းကြသနည်း။ ဘုရားသခင်ကို နှစ်ချီ ယုံကြည်ကြပြီးဖြစ်သော်လည်း ၎င်းတို့ ကယ်တင်ခံရလိမ့်မည်လော ဟူသည်ကို မသေချာသေးဘဲ ဤအရာကို ၎င်းတို့ အကဲမဖြတ်နိုင်ကြသကဲ့သို့ ၎င်းတို့က မည်သည့်လူစားမျိုး ဖြစ်သည်ကို မရှင်းလင်းကြချေ။ ၎င်းတို့၏ အစွမ်းအစနှင့် ပတ်သက်၍ အဘယ်အရာ တွေးထင်သည်ကို သင် မေးလျှင် ၎င်းတို့က “ကျွန်ုပ်၏ အစွမ်းအစသည် ကောင်းမွန်သည့် အစွမ်းအစထက် အနည်းငယ် ညံ့သော်လည်း သာမန်အစွမ်းအစထက် များစွာ သာ၍ ကောင်းပါသည်”ဟု ပြောကြလိမ့်မည်။ ယင်းက ၎င်းတို့၏ အစွမ်းအစ မည်မျှ ညံ့ဖျင်းသည်ကို ပြပေသည်။ ဤသည်မှာ အနည်းငယ် မိုက်မဲသည် မဟုတ်လော။ အမှန်တကယ် ညံ့ဖျင်းသည့် အစွမ်းအစဖြင့် လူများသည် ဤမိုက်မဲမှုမျိုးကို ထုတ်ဖော်ကြသည်။ မည်သည့်အရာဖြစ်စေ တစ်စုံတစ်ရာသည် သမ္မာတရား သို့မဟုတ် စည်းမျဉ်းများနှင့် ပတ်သက်လျှင် ထိုအရာနှင့်သက်ဆိုင်၍ ဘာကိုမျှ ၎င်းတို့ နားလည်ကြလိမ့်မည် မဟုတ်သကဲ့သို့ ထိုအဆင့်သို့ တိုးတက်နိုင်ကြလိမ့်မည် မဟုတ်။ ဤသည်မှာ ညံ့ဖျင်းသော အစွမ်းအစ ရှိခြင်းဟူသည့်အရာ ဖြစ်သည်။
ယခုတွင် ဤအရာများနှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယပြုပြီးဖြစ်သဖြင့် မည်သည့်အရာက ကောင်းမွန်သည့် အစွမ်းအစ ဖြစ်ပြီး မည်သည့်အရာက ညံ့ဖျင်းသည့် အစွမ်းအစ ဖြစ်သည်ကို သင်တို့ အကဲဖြတ်နိုင်ကြလိမ့်မည်လော။ ကောင်းမွန်သည့် အစွမ်းအစက မည်သည့်အရာဖြစ်ပြီး ညံ့ဖျင်းသည့် အစွမ်းအစ မည်သည့်အရာဖြစ်သည်ကို သင် နားလည်နိုင်ကာ သင်၏ ကိုယ်ပိုင် အစွမ်းအစနှင့် သင်၏ သဘာဝ အနှစ်သာရတို့ကို ရှင်းလင်းစွာ မြင်နိုင်လျှင် ထိုအရာက သင့်ကိုယ်သင် သိရှိရန် ကူညီလိမ့်မည်။ သင်၏ ကိုယ်ပိုင် နေရာနှင့်သက်ဆိုင်သည့် ရှင်းလင်းသော အယူအဆတစ်ခု သင်၌ ရှိသည်နှင့် သင်သည် အသိစိတ် အနည်းငယ် ရှိလိမ့်မည်ဖြစ်ကာ သင်၏ ကိုယ်ပိုင် အတိုင်းအတာကို သိရှိလိမ့်မည်။ သင်သည် မာနထောင်လွှားလာဖွယ် ရှိလိမ့်မည် မဟုတ်သကဲ့သို့ သင်၏ တာဝန်ကို ထမ်းဆောင်နေချိန်တွင် သာ၍ တည်ကြည်ခိုင်မာကာ စိတ်အေးလက်အေးဖြစ်လိမ့်မည်။ သင်သည် မြင့်မားလွန်းသည့် ရည်မှန်းချက်များ ထားရှိလိမ့်မည် မဟုတ်သကဲ့သို့ သင်၏ သင့်တင့်လျောက်ပတ်သော အလုပ်ကို အာရုံစိုက်နိုင်လိမ့်မည်။ လူတို့အနေဖြင့် မိမိတို့ကိုယ်ကို မသိရှိသည့်အခါ ထိုအရာက ဒုက္ခပြဿနာများစွာ ဖြစ်စေသည်။ မည်သည့် ဒုက္ခပြဿနာမျိုးနည်း။ ၎င်းတို့၏ အစွမ်းအစက သာမန်ဖြစ်သည်မှာ သိသာသော်လည်း ၎င်းတို့တွင် အစွမ်းအစကောင်း ရှိကြောင်း၊ အခြားသူတို့ထက် ပိုတော်ကြောင်း ၎င်းတို့ အမြဲ တွေးထင်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးများတွင် စေ့ဆော်မှုများ အမြဲရှိပြီး အမြဲ ခေါင်းဆောင်များအဖြစ် အစေခံလိုကာ အခြားသူများကို ဦးဆောင်လိုကြသည်။ ၎င်းတို့၏ စိတ်နှလုံးများတွင် ထိုသို့သောအရာများ အမြဲ ရှိသောကြောင့် ဤအရာက ၎င်းတို့ တာဝန်များကို ထမ်းဆောင်မှုအား ထိခိုက်လိမ့်မည်လော။ ၎င်းတို့သည် ဤအရာများ၏ နှောင့်ယှက်မှုကို စဉ်ဆက်မပြတ် ခံကြရသည်။ ၎င်းတို့၏ စိတ်နှလုံးများ မအေးချမ်းသကဲ့သို့ ၎င်းတို့ စိတ်တည်ငြိမ်အောင် မလုပ်နိုင်ကြပေ။ ၎င်းတို့၏ တာဝန်များကို ကောင်းစွာ မထမ်းဆောင်နိုင်ကြသည်သာမက မိုက်မဲသည့်၊ ကသိကအောက် ဖြစ်သောအရာများနှင့် ဘုရားသခင် အလွန်မုန်းတီးသည့် အသိစိတ်မရှိသော အရာအချို့ကိုလည်း ၎င်းတို့ လုပ်ဆောင်ကြသည်။ ၎င်းတို့တွင် ထိုသို့သော ဆိုးရွားသည့် ပြဿနာများ ရှိကြလေသည်။ ထိုပြဿနာများ မပြေမလည်ရှိနေလျှင် အဆင်ပြေသလော။ မုချ အဆင်မပြေပေ။ ဤလူများအနေဖြင့် ယင်းတို့ကို ဖြေရှင်းရန် သမ္မာတရား ရှာဖွေရမည်ဖြစ်သည်။ ဦးစွာပထမ ဘုရားသခင်ထံ ၎င်းတို့ ဆုတောင်းရမည်ဖြစ်ပြီး ထိုသို့သော အတွေးများ ၎င်းတို့ အဘယ်ကြောင့် ရှိကြသည်ဆိုသည်ကိုလည်းကောင်း၊ ၎င်းတို့သည် အဘယ်ကြောင့် အလွန်ရည်မှန်းချက် ကြီးကြသည်ကိုလည်းကောင်း၊ ဤအရာများက မည်သည့်နေရာမှ လာသည်ကိုလည်းကောင်း ပြန်လည်သုံးသပ်ရမည်။ ၎င်းတို့အနေဖြင့် ဤအရာများနှင့်ပတ်သက်၍ ရိုးရှင်းသည့် ပုံစံဖြင့်သာ စဉ်းစားလျှင် ပြဿနာများ၏ အနှစ်သာရကို ၎င်းတို့ ထိုးထွင်းမြင်နိုင်ကြလိမ့်မည်လော။ လုံးဝ မြင်နိုင်ကြလိမ့်မည် မဟုတ်။ ပြဿနာများ၏ ရင်းမြစ်ကို ရှာတွေ့ရန် ၎င်းတို့အနေဖြင့် ဘုရားသခင်ထံ ဆုတောင်းပြီး ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုရမည်။ ထိုအခါမှသာ ၎င်းတို့အတွက် ဖြေရှင်းရန် လွယ်ကူလိမ့်မည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ၎င်းတို့ ဖြေရှင်းပြီးသည့်အခါတွင်သာ ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို အမြစ်ဖြတ်နိုင်ပေသည်။ ဤသို့ဖြင့် ၎င်းတို့သည် မိမိတို့ တာဝန်များကို လက်တွေ့ကျသော ပုံစံဖြင့် ထမ်းဆောင်နိုင်ကြလိမ့်မည်ဖြစ်ပြီး များစွာ သာ၍ တာဝန်သိနိုင်လိမ့်မည်။ ၎င်းတို့အနေဖြင့် ဟိုသည် ဟိတ်ဟန်ထုတ်၍ ပြုမူပြောဆိုကြလိမ့်မည် မဟုတ်တော့၊ အခြားလူတိုင်းထက် ၎င်းတို့ ပိုတော်သည်ဟု ယုံကြည်ကြလိမ့်မည် မဟုတ်တော့၊ သို့မဟုတ် အထက်စီးဆန်စွာ ပြုမူကြလိမ့်မည် မဟုတ်တော့သကဲ့သို့ အခြားသူများနှင့် ကွဲပြားခြားနားသည်ဟု မိမိတို့ကိုယ်ကို ခံစားကြလိမ့်မည် မဟုတ်ပေ။ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက ၎င်းတို့ကို စိတ်အနှောင့်အယှက် ပေးကြတော့မည် မဟုတ်သကဲ့သို့ ၎င်းတို့သည် များစွာ သာ၍ ရင့်ကျက်လာကြလိမ့်မည်။ အနည်းဆုံးအနေဖြင့် သိက္ခာရှိကာ တည်ကြည် မွန်မြတ်သော လူမှုကျင့်ဝတ်ကို ပိုင်ဆိုင်ကြလိမ့်မည်ဖြစ်သည်။ ဤနည်းဖြင့်သာ ဘုရားသခင် ရှေ့မှောက်တွင် အသက်ရှင်ရန် ၎င်းတို့ သေချာနိုင်ပေသည်။ လူတို့သည် ဘုရားသခင်ကို ယုံကြည်ကာ ဘုရားအိမ်တော်သို့ ရောက်လာကြသည့်အခါ ၎င်းတို့အနေဖြင့် သမ္မာတရားကို လက်ခံရန်အလို့ငှာ အသိတရားနှင့် အသိစိတ်တို့ကို အနည်းဆုံး ပိုင်ဆိုင်သင့်ကြပေသည်။ ၎င်းတို့က ဘာသာတရားမရှိသူများကဲ့သို့ဖြစ်လျှင်၊ ယဉ်ပါးအောင် လုပ်မရနိုင်သည့် တောရိုင်း တိရစ္ဆာန်များကဲ့သို့ဖြစ်လျှင် ဘုရားသခင် ရှေ့သို့ လာနိုင်ကြလိမ့်မည် မဟုတ်ပေ။ လူအချို့က “ဘုရားသခင်ရှေ့သို့ လာခြင်းနှင့်ပတ်သက်၍ အဘယ်အရာက အလွန် ခက်ခဲသနည်း။ ဘုရားသခင် ရှေ့မှောက်သို့ ကျွန်ုပ် မကြာခဏ လာပါသည်”ဟု ပြောကြသည်။ ဘုရားသခင်ရှေ့မှောက်သို့ လာရန်မှာ ရိုးရှင်းသည့် ကိစ္စတစ်ခု မဟုတ်ပေ။ သင့်အနေဖြင့် ဘုရားသခင်၏ လက်ခံခြင်းကို ရရှိရန်အလို့ငှာ မှန်ကန်သည့် သဘောထားတစ်ခုနှင့် ဘုရားသခင်ကို ကျိုးနွံနာခံသော စိတ်နှလုံးတစ်ခု ရှိရမည်။ သားရဲတိရစ္ဆာန်များကဲ့သို့ဖြစ်သော လူများသည် ဘုရားသခင် ရှေ့မှောက်သို့ လာကြလျှင် ဘုရားသခင်က ၎င်းတို့ကို သေချာပေါက် မုန်းလိမ့်မည်ဖြစ်ကာ ရွံရှာစက်ဆုပ်လိမ့်မည် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ရှေ့မှောက်သို့ လာခြင်းသည် လူတို့၏ ဖြစ်လိုသည့်အတွေးဖြင့် စွမ်းဆောင်ရရှိနိုင်သည့် အရာတစ်ခု မဟုတ်၊ ထိုအရာမှာ သင့်အနေဖြင့် ထိုသို့ လုပ်ဆောင်ရန် ဆန္ဒရှိရုံဖြင့် ဘုရားသခင်က သင့်ကို သူ့ရှေ့မှောက်သို့ လာပြီးဖြစ်ကြောင်း အသိအမှတ်ပြုမည့်အလား မဟုတ်ပေ။ ဤကိစ္စရပ်တွင် ဆုံးဖြတ်ချက်ချပိုင်ခွင့်မှာ ဘုရားလက်ထဲတွင်ရှိ၏။ ဘုရားသခင်က သင့်ကို အသိအမှတ်ပြုသည့်အခါတွင်သာ သင်သည် ဘုရားသခင်ရှေ့မှောက်သို့ လာပြီးဖြစ်လိမ့်မည်ဖြစ်သည်။ သင့်ထံတွင် မှန်ကန်သည့် ရည်ရွယ်ချက်များရှိသည့်အခါတွင်သာ သမ္မာတရားကို သင် ရှာဖွေပြီး ဘုရားသခင်ထံ မကြာခဏ ဆုတောင်းသည့်အခါတွင်သာ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းကို သင် ရရှိနိုင်ပေသည်။ ထိုအခါမှသာ သင်သည် ဘုရားသခင် ရှေ့မှောက်သို့ အမှန်တကယ် ရောက်လာပြီးဖြစ်ပေသည်။ သင်သည် မသိနားမလည်သော အရပ်သူအရပ်သား၊ ယဉ်ပါးအောင်လုပ်မရနိုင်သည့် တောရိုင်းတိရစ္ဆာန်တစ်ကောင်ဖြစ်သည်ဟု ဘုရားသခင်က ပြောလျှင် သူက သင့်ကို အလေးထားလိမ့်မည်လော။ (အလေးထားလိမ့်မည် မဟုတ်ပါ။) ဘုရားသခင်က သင့်ကို အလေးထားလိမ့်မည် မဟုတ်၊ သူသည် သင့်ကို ကျေးဇူးတော် အနည်းအကျဉ်းနှင့် ကောင်းချီး အနည်းငယ်ကဲ့သို့သော အပေါ်ယံအဆင့်ဖြစ်သော အရာများကိုသာ ပေးလိမ့်မည်။ လက်တွေ့သဘောအရ သင်သည် ဘုရားသခင်နှင့် အမှန်တကယ် ရင်းနှီးနိုင်လိမ့်မည် မဟုတ်၊ သို့မဟုတ် သူ့ရှေ့မှောက်သို့ လုံးဝ လာနိုင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်က သင့်ကို သူ၏ နောက်လိုက်တစ်ဦးအဖြစ် အသိအမှတ်မပြုမီတွင် သူ့အိမ်တော်သားတစ်ဦးအဖြစ် သင့်ကို ဘုရားသခင် အသိအမှတ်ပြုသည့် အဆင့်သို့ ရောက်ရှိရန် သင်သည် အပြောင်းအလဲအချို့ကို ပြုလုပ်ရမည်။ ထိုအခါမှသာ ဘုရားသခင်က သင်၏ တာဝန်ကို စတင် စစ်ဆေးလိမ့်မည်ဖြစ်ကာ သင်၏ စကားနှင့် လုပ်ဆောင်ချက်တိုင်း၊ သင်၏ အတွေးနှင့် စိတ်ကူးတိုင်းကို စစ်ဆေးလိမ့်မည်ဖြစ်သည်။ ထို့နောက်တွင်မှ ဘုရားသခင်က သင့်အပေါ် စတင်အမှုပြုလိမ့်မည်ဖြစ်သည်။ ဘုရားအိမ်တော်တံခါးထဲသို့ မဝင်သွားမီတွင် အချို့သော လူတို့၏ အပြုအမူများနှင့် သရုပ်သကန်များ၊ ၎င်းတို့ လူ့သဘာဝ၏ ထုတ်ဖော်ပြမှုများ၊ ၎င်းတို့၏ ကျင့်ကြံမှုများ၊ ၎င်းတို့၏ အတွေးများနှင့် စိတ်ကူးများအပြင် ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားများသည် ဘုရားသခင်အတွက် မုန်းတီးစက်ဆုပ်ဖွယ်ဖြစ်ပြီး ရွံရှာဖွယ်ဖြစ်သည်။ မုန်းတီးစက်ဆုပ်ဖွယ်ဖြစ်ပြီး ရွံရှာဖွယ်ဖြစ်သည်ဟု သူ မြင်သည့် လူတို့၏ လက်များကို ဘုရားသခင်က ကိုင်ပြီး သူ့အိမ်တော်တံခါးကို ဖြတ်၍ ဦးဆောင်သွားလိမ့်မည်လော။ (ဦးဆောင်လိမ့်မည် မဟုတ်ပါ။) သို့ဆိုလျှင် ဤကဲ့သို့သော လူအချို့သည် အဘယ်ကြောင့် အလွန် ကျေနပ်အားရကာ အလွန် ပျော်ရွှင်နေကြသနည်း။ ဤခံစားချက်သည် မည်သည့်နေရာမှ လာသနည်း။ ဟန်ဆောင်မှုမှ လာပေသည်။ ဤသည်မှာ အသိစိတ် အနည်းငယ် ကင်းမဲ့ခြင်း ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဖန်ဆင်းရှင်ဖြစ်သည့် ဘုရားသခင်သည် သူ၏ နောက်လိုက်များကို ရွေးချယ်ခြင်းအတွက် စံနှုန်းများ လုံးဝ ရှိပေသည်။ ယုံကြည်ရန်မျှသည် လူတို့အတွက် မလုံလောက်ပေ။ ဘုရားသခင်က ရိုးသားသော လူတို့ကို နှစ်သက်ပြီး သူ့အတွက် မိမိတို့ကိုယ်ကို စစ်မှန်ရိုးသားစွာ အသုံးတော်ခံကြသည့်လူများကို ကောင်းချီးပေး၏။ သူ့ကို ချီးမြှောက်ပြီး သက်သေခံနိုင်သည့်သူများကို ဘုရားသခင် အသုံးပြုသည်။ လူတို့အတွက် ဘုရားသခင်၏ စံနှုန်းများသည် လူ၏ စံနှုန်းများနှင့် မတူပေ။ ပေါင်းသင်းရန် မိတ်ဆွေတစ်ဦးကို သင် ရွေးချယ်သည့်အခါ ၎င်းတို့၏ အကျင့်စရိုက်၊ သင်၏ အကြိုက်နှင့် ၎င်းတို့ ကိုက်ညီခြင်း ရှိမရှိ၊ ၎င်းတို့တွင် မည်သည့် ပင်ကိုစရိုက်မျိုး ရှိသည်၊ ၎င်းတို့က သင်နှင့် ဝါသနာများ တူညီခြင်း ရှိမရှိဆိုသည်နှင့် ၎င်းတို့၏ သွင်ပြင်တို့ကို သင် စဉ်းစားရမည်ဖြစ်သည်။ သင်ပင်လျှင် လူတို့ကို ရွေးချယ်သည့်အခါ စံနှုန်းများရှိသောကြောင့် ဘုရားသခင်ကရော အဘယ်သို့နည်း။ လူအချို့က “လူတို့ကို ရွေးချယ်ရန် မည်သည့် စံနှုန်းကို ဘုရားသခင် အသုံးပြုသနည်း။ ဘုရားသခင်ကို ချဉ်းကပ်ရန် ထိုမျှ ခက်ခဲသလော။ ဘုရားသခင်ရှေ့မှောက်သို့လာပြီး ဘုရားအိမ်တော် တံခါးထဲသို့ ဝင်ရန် လူတို့အတွက် အလွန် ခက်ခဲသလော”ဟု ပြောကြသည်။ အမှန်တွင် မခက်ခဲပေ၊ သတ်မှတ်ချက်က မမြင့်မားသော်လည်း စံနှုန်းများ ရှိပေသည်။ ပထမဦးစွာ လူတို့သည် အနည်းဆုံးအနေဖြင့် ဘုရားတရားကိုင်းရှိုင်းသည့် သဘောထား ရှိရမည်ဖြစ်ပြီး မိမိတို့ နေရာကို သိရမည်ဖြစ်သည်။ ထို့အပြင် ဘုရားသခင်ကို ရိုးသားပြီး ဖြူစင်သည့် စိတ်နှလုံးဖြင့် ချဉ်းကပ်ရမည်။ ပြီးလျှင် ၎င်းတို့ လုပ်ဆောင်ပြီး ပြောဆိုသည့် အရာအားလုံးတွင် မွန်မြတ်သော လူမှုကျင့်ဝတ်ရှိခြင်းဖြင့် ပြုမူကျင့်ကြံရမည်ဖြစ်ပြီး အနည်းဆုံးအနေဖြင့် ကောင်းမွန်သည့် စကားအချို့နှင့် လုပ်ဆောင်ချက်အချို့၊ ပြောပုံဆိုပုံအချို့နှင့် ကြီးပြင်းခြင်းတို့ကို ပိုင်ဆိုင်ရမည်။ ဤအခြေခံ သတ်မှတ်ချက်များကိုပင် သင် မပြည့်မီပါက သင့်ကို ရိုးရိုးသားသားပြောရလျှင် ဘုရားသခင်က သင့်ကို လုံးဝ အလေးထားလိမ့်မည် မဟုတ်။ ဤတွင် အဘယ်အရာဖြစ်နေသည်ကို သင် သိသလော။ ဘုရားသခင်ကို ယုံကြည်သည့် လူအချို့နှင့် ပတ်သက်လာသည့်အခါ ၎င်းတို့ လုပ်ဆောင်သည့်အရာ၊ ၎င်းတို့ ထင်ရှားစေသည့်အရာနှင့် ၎င်းတို့ ထုတ်ဖော်သည့်အရာကို ကြည့်လော့။ ၎င်းတို့သည် အဘယ်ကြောင့် ဘုရားသခင်အတွက် အလွန် ရွံရှာဖွယ်ရာနှင့် မုန်းတီးစက်ဆုပ်ဖွယ်ရာ ဖြစ်ရသနည်း။ အဘယ်ကြောင့်ဆိုသော် ဤလူများတွင် လူ့သဘာဝမရှိ၊ အသိတရားနှင့် အသိစိတ်တို့ မရှိကြသောကြောင့်ဖြစ်ပြီး အခြေခံကျကာ အဓိကအကျဆုံးသော မွန်မြတ်သော လူမှုကျင့်ဝတ်ပင် မရှိကြသောကြောင့် ဖြစ်သည်။ ဤကဲ့သို့သော လူတို့အနေဖြင့် ၎င်းတို့ကို လက်မှကိုင်စွဲကာ သူ၏ အိမ်တော်တံခါးမှ ဝင်ဖို့ ဘုရားသခင်ကဦးဆောင်သည်ကို အလိုရှိကြသော်လည်း ယင်းမှာ မဖြစ်နိုင်ပေ။ လူ့သဘာဝ ကင်းမဲ့သည့် ဤကဲ့သို့သော လူများထံ မိုက်မဲသူများသာ ဧဝံဂေလိ ဖြန့်ကြမည်ဖြစ်သည်။ လူအချို့သည် ၎င်းတို့၏ နေ့စဉ်ဘဝများတွင် မိတ်ကပ်ထူထူ လိမ်းကြပြီး မလုံမခြုံ အဝတ်အစားများကို ဝတ်ဆင်ကြသည်။ ၎င်းတို့သည် ဘာသာတရားမရှိသူများကြားမှ ကချေသည်လေးများထက် သာ၍ပင် ဆွဲဆောင်မှုရှိသော ပုံစံဖြင့် ဝတ်စားဆင်ယင်ကြသည်။ ၎င်းတို့၏ သီးသန့် ဘဝများနှင့် ၎င်းတို့၏ ပြုမူနေထိုင်မှုတွင် ဘာသာတရားမရှိသူများနှင့် ၎င်းတို့ ကွဲပြားခြားနားပုံကို သင် မမြင်ရပေ။ ညီအစ်ကို မောင်နှမများကြားတွင် ၎င်းတို့ ရှိသည့်အခါ ဘာသာတရားမရှိသူများနှင့်လည်းကောင်း၊ မယုံကြည်သူများနှင့်လည်းကောင်း သိသိသာသာ တူကြလေသည်။ ထိုသို့သော လူများသည် အပြင်ပန်းတွင် စစ်မှန်သော ယုံကြည်သူများကဲ့သို့ ဖြစ်ပုံရနိုင်သည်။ အမှုအရာများကို ၎င်းတို့ စွန့်လွှတ်ပြီး ဖြစ်နိုင်သည်။ မိမိတို့တာဝန်များကို ထမ်းဆောင်ကောင်း ထမ်းဆောင်နိုင်ကာ ၎င်းတို့ထဲမှ အချို့သည် နှိပ်စက်ညှဉ်းပန်းမှုနှင့် အတိဒုက္ခတို့နှင့် ရင်ဆိုင်ရသည့်အခါ နောက်ဆုတ်ကောင်းနောက်ဆုတ်မည် မဟုတ်သော်လည်း ထိုသို့သော လူများသည် သမ္မာတရားကို လက်ခံနိုင်ကြသလော။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ၎င်းတို့ လက်ခံနိုင်ကြသလော။ ၎င်းတို့ အသက်ရှင်နေထိုင်သည့် အရာများအရ ၎င်းတို့သည် သိက္ခာရှိပြီး တည်ကြည်သော လူများဖြစ်သလော။ ရိုးသားသော လူများ ဖြစ်သလော။ သမ္မာတရားကို ချစ်သော လူများဖြစ်သလော။ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို ရိုးသားစစ်မှန်စွာ အသုံးတော်ခံသော လူများဖြစ်ကြသလော။ ဤကဲ့သို့သော လူများကို ဘုရားသခင် အလိုရှိသလော။ လုံးဝ အလိုမရှိပေ။ ဤသည်တို့မှာ ဘုရားအိမ်တော်ထဲသို့ ခိုးကြောင်ခိုးဝှက် ဝင်ရောက်ကြသည့် ဘာသာတရားမရှိသူများဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော် တံခါးပြင်ဘက်တွင်ရှိကြပြီး မဖြတ်ကျော်ရသေးပေ။ ဘုရားအိမ်တော်အတွက် ၎င်းတို့ လုပ်ဆောင်သည့်အရာများမှာ အကူအညီပေးခြင်းနှင့် အားသွန်ခွန်စိုက်လုပ်ခြင်းဖြစ်သည်။ ဤလူများသည် အသင်းတော်၏ မိတ်ဆွေများဖြစ်သော်လည်း ဘုရားအိမ်တော်နှင့် မသက်ဆိုင်ပေ။ ဘုရားသခင်သည် ဘာသာတရားမရှိသူများသို့မဟုတ် တောရိုင်း တိရစ္ဆာန်များကို အလိုမရှိပေ။ ဘုရားသခင်ကို ၎င်းတို့ ယုံကြည်ခဲ့သည့် နှစ်များစွာ၊ ၎င်းတို့ ပိုင်ဆိုင်သည့် အရင်းအနှီး အနည်းငယ်နှင့် အတိတ်တွင် ၎င်းတို့ ထမ်းဆောင်ခဲ့သည့် အရေးကြီးသော တာဝန်များကို အခြေခံ၍ အသင်းတော်ကို ထိန်းချုပ်ကာ ဩဇာအာဏာအားလုံး ရှိလိုလျက် ဘုရားအိမ်တော်တွင် ဩဇာသုံးသည့် လူအချို့လည်း ရှိပေသည်။ ဘုရားသခင်နှင့် သမ္မာတရားအပေါ် ဤလူတို့၏ သဘောထားများသည် ဘုရားသခင်အတွက် မုန်းတီးစက်ဆုပ်ဖွယ်ဖြစ်သည်။ ၎င်းတို့၏ အနှစ်သာရနှင့် ၎င်းတို့ စိတ်နှလုံးများ၏ အတွင်းနက်နက်နေရာများတွင် ပါရှိသည့် အရာများအရ ထိုသို့သော လူများကို သူ့အိမ်တော်သားများအဖြစ် ဘုရားသခင် အသိအမှတ်မပြုပေ။ ထိုသို့သော လူများကို သူ၏ အိမ်တော်သားများအဖြစ် ဘုရားသခင် အသိအမှတ် မပြုသည့်အတွက် အဘယ်ကြောင့် ၎င်းတို့ကို သူ၏ အိမ်တော်ထဲတွင် အလုပ်လုပ်ခွင့်ပေးသနည်း။ ဘုရားသခင်က ၎င်းတို့ကို ကူညီခွင့်ပေးခြင်း၊ သို့မဟုတ် ယာယီအလုပ်ကို လုပ်ခွင့်ပေးခြင်း ဖြစ်သည်။ အကူအညီပေးကာ ယာယီအလုပ်ကို လုပ်သည့် ဖြစ်စဉ်တွင် ၎င်းတို့အနေဖြင့် အသိတရားနှင့် အသိစိတ် အမှန်တကယ် ရှိကြလျှင်၊ သမ္မာတရားကို နားထောင်၊ ကျိုးနွံနာခံကာ လက်ခံနိုင်ကြလျှင် မွန်မြတ်သော လူမှုကျင့်ဝတ်၊ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးနှင့်ဆိုင်သည့်အရာတစ်ခုခု ရှိကာ အမှုအရာများကို ရိုးသားစစ်မှန်သည့် စိတ်နှလုံးဖြင့် လုပ်ဆောင်လျှင်၊ ဤစစ်ဆေးချက်များကို ၎င်းတို့ အောင်လျှင် ဘုရားသခင်က ၎င်းတို့ကို သူ၏ အိမ်တော်ထဲသို့ ဦးဆောင်လိမ့်မည်ဖြစ်ပြီး ၎င်းတို့သည် ဘုရားသခင်၏ အိမ်တော်သားများ ဖြစ်လာကြလိမ့်မည် ဖြစ်သည်။ ဤအချိန်တွင် ၎င်းတို့ လုပ်ဆောင်သည့်အလုပ်နှင့် ၎င်းတို့ကို ဘုရားသခင် တာဝန်ပေးအပ်သည့်အရာတို့သည် ၎င်းတို့၏ တာဝန်များ ဖြစ်လာလိမ့်မည်။ ဘုရားအိမ်တော် တံခါးပြင်ဘက်တွင် လူတို့ လုပ်ဆောင်သည့်အရာသည် တာဝန်တစ်ခုကို ထမ်းဆောင်ခြင်း မဟုတ်၊ ဘုရားအိမ်တော်အတွက် အလုပ်လုပ်ခြင်းနှင့် အကူအညီပေးခြင်းဖြစ်ပြီး ဤလူများသည် အလုပ်လုပ်ပေးသူများ ဖြစ်သည်။
ယခုတွင် သင်တို့သည် ဘုရားသခင်၏ အိမ်တော်သားတစ်ဦး ဟုတ်မဟုတ်ဆိုသည်ကို တိုင်းတာနိုင်ကြသလော။ ဘုရားသခင်ကို သင် ယုံကြည်ခဲ့သည့် အချိန်ကာလ ရှည်ကြာမှုနှင့် သင် အကဲဖြတ်လျှင် သင်သည် အိမ်တော်သားတစ်ဦး ဖြစ်သင့်သော်လည်း ဤသည်မှာ မှန်ကန်တိကျသည့် တိုင်းတာနည်းတစ်ခုလော။ (မဟုတ်ပါ။) တိုင်းတာခြင်းအတွက် သင် အသုံးပြုသင့်သည့် အခြေခံမှာ အဘယ်နည်း။ ထိုအရာမှာ သင်သည် သမ္မာတရားကို ကြားသည့်အခါ အတွင်းပိုင်း တုံ့ပြန်ချက်တစ်ခုခု ရှိမရှိ၊ သမ္မာတရားကို သင် ချိုးဖောက်မိသည့်အခါ သို့မဟုတ် ဘုရားသခင်ကို အတိုက်အခံလုပ်ကာ ပုန်ကန်မိသည့်အခါ သင်၏ စိတ်နှလုံးထဲတွင် အပြစ်ရှိသည့်စိတ်ခံစားရခြင်း၊ အပြစ်ဖော်ဆုံးမခံရခြင်းနှင့် ပဲ့ပြင်ဆုံးမခံရခြင်းတို့ ရှိမရှိဟူသည်တို့ကို အခြေခံပေသည်။ အချို့သောသူတို့သည် ဝေဖန်သုံးသပ်သော စကားများကို ပြောပြီးမှ ပါးစပ်အနာများ ဖြစ်ပေါ်သည့်အသွင်ဖြင့် ပဲ့ပြင်ဆုံးမခြင်းခံရသည်။ အခြားသူတို့မှာ အမှုအရာများကို အလေးအနက် မထားဘဲ ဝတ်ကျေတမ်းကျေပုံစံဖြင့် ပြုမူကြသောကြောင့် ဘုရားသခင်က ၎င်းတို့ကို နာမကျန်းဖြစ်စေသည်။ ဤအရာများကို ဖော်ပြသည့်အခါ ဤလူများအနေဖြင့် စိတ်ထဲတွင် ဝမ်းနည်းပြီး နောင်တရနိုင်ပါက၊ ဤသရုပ်သကန်များကို ၎င်းတို့ ပြသပါက ၎င်းတို့အနေဖြင့် ဘုရားသခင်၏ အိမ်တော်သားများ ဖြစ်ကြပေသည်။ ဘုရားသခင်က ဤလူများကို ဘုရားသခင်၏ အိမ်တော်သားများ၊ ဘုရားသခင် ကိုယ်တော်တိုင်၏ မိသားစုဝင်များအဖြစ် သဘောထားသည်။ သူသည် ၎င်းတို့ကို ရိုက်နှက်သည်၊ ပဲ့ပြင်ဆုံးမသည်၊ အပြစ်ဖော်ဆုံးမပြီး ပြုပြင်လေသည်။ ဤသည်မှာ ဘုရားအိမ်တော်သားတစ်ဦး ဖြစ်သည့်အရာ ဖြစ်သည်။ ဘုရားသခင်အပေါ် သင်၏ သဘောထား ပြောင်းလဲပြီး သင် နောင်တရနိုင်သည့်အခါ ဘုရားသခင်လည်း သင့်အပေါ် သူ၏ သဘောထားကို ပြောင်းလဲလိမ့်မည်။ သင်သည် အသက်ထဲသို့ ဝင်ရောက်ပြီးဖြစ်ကာ အမှုအရာများအပေါ် သင်၏ အမြင်များနှင့် သင့်ဘဝ၏ ဦးတည်ချက်တို့သည် ပြောင်းလဲမှုအချို့ကို ကြုံရပြီး သင်၏ စိတ်နှလုံး အတွင်းနက်နက်နေရာများတွင် သင် စွဲကိုင်ထားသည့် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့သည် တဖြည်းဖြည်း ကြီးထွားကာ ပြောင်းလဲပြီးဖြစ်လိမ့်မည်၊ သင်သည် ဘုရားအိမ်တော်၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာပြီးဖြစ်လိမ့်မည်။ လူအချို့သည် ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ပြီးဖြစ်သော်လည်း ဘုရားအိမ်တော်ကို အကျိုးပြုရန် များစွာ မလုပ်ဆောင်ကြသေးပေ။ အမှန်တွင် ၎င်းတို့သည် မကောင်းသည့်အရာ အတော်များများ လုပ်ဆောင်မိပြီးဖြစ်သည်။ ၎င်းတို့က လိမ်ညာကာ လှည့်စားပြီးဖြစ်သည်၊ ဝတ်ကျေတမ်းကျေပုံစံဖြင့် အမှုအရာများကို လုပ်ဆောင်ပြီးဖြစ်သည်၊ ထင်ရာမြင်ရာနှင့် တစ်ဖက်သတ် ပြုမူပြီးဖြစ်သည်၊ လှူဖွယ်ပစ္စည်းများကို ခိုးယူပြီးဖြစ်သည်၊ အပေါင်းအဖော်ချင်း ရန်တွေ့စေခြင်းငှာ ပြုပြီးဖြစ်သည်၊ အနှောင့်အယှက်များနှင့် အဖျက်အမှောင့်လုပ်ခြင်းများ ဖြစ်စေပြီးဖြစ်ကာ အသင်းတော်၏ အလုပ်ကို ဖျက်ဆီးပြီးဖြစ်သည်။ ၎င်းတို့သည် အမှားများစွာကို ကျူးလွန်ပြီးဖြစ်သော်လည်း အပြစ်တင်ခြင်းကို လုံးဝ မခံစားကြရလေပြီ။ ၎င်းတို့၏ စိတ်နှလုံးများက မည်သည့် နောင်တမျှ မခံစားရသကဲ့သို့ အပြစ်ရှိသည့်စိတ် စိုးစဉ်းမျှ မရှိကြပေ။ ဤသည်တို့မှာ ဘုရားအိမ်တော်တံခါးပြင်ဘက်တွင် ရပ်ကြသည့်လူများဖြစ်သည်။ ဤလူစားမျိုးများသည် ဘုရားအိမ်တော်၏ တံခါးပြင်ဘက်တွင် အမြဲ အသက်ရှင်ကြ၏။ ၎င်းတို့ လုပ်ဆောင်သည့်အရာတွင် မည်သည့် စည်းမျဉ်းကိုမျှ လိုက်မလျှောက်ကြသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များ သို့မဟုတ် သမ္မာတရားကို စိတ်မဝင်စားကြပေ။ အလုပ်တာဝန်များကို ထမ်းဆောင်ခြင်း၊ ပြေးလွှားနေရခြင်း၊ အားထုတ်ကြိုးပမ်းခြင်း၊ မိမိတို့ကိုယ်ကို အလွန်ပင် ကိုယ်ရည်သွေးခြင်းနှင့် ကိုယ်ရေးကိုယ်တာ အရင်းအနှီးကို စုဆောင်းခြင်းတို့ကိုသာ အဓိက အာရုံစိုက်ကြသည်။ အသင်းတော်အလုပ်၊ မိမိတို့၏ တာဝန်များနှင့် ပတ်သက်လာသည့်အခါ ၎င်းတို့ ဝတ်ကျေတမ်းကျေ ပြုမူဆောင်ရွက်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို လိမ်ညာကာ လှည့်ဖြားကြပြီး ညီအစ်ကို မောင်နှမများကိုပင် အထင်အမြင်မှားစေကာ ထိန်းချုပ်ကြသည်။ ၎င်းတို့သည် အပြစ်ဖော်ဆုံးမခြင်းနှင့် နောင်တ စိုးစဉ်းမျှ မခံစားရသကဲ့သို့ ဘုရားသခင်၏ ပဲ့ပြင်ဆုံးမခြင်းကိုလည်း မခံစားကြပေ။ ဤလူများသည် ဘုရားအိမ်တော်သားများ မဟုတ်ပေ။ အပြင်ပန်းတွင် ဤလူစားမျိုးသည် ပြေးလွှားနေရခြင်းနှင့် မိမိတို့ကိုယ်ကို အသုံးခံခြင်းတို့အတွက် စိတ်ထက်သန်မှုများစွာ ပြကြသည်။ ၎င်းတို့တွင် ယုံကြည်ခြင်းများစွာရှိပြီး မိမိတို့ကိုယ်ကို အသုံးခံရန် လိုလားနေကြသည်။ သမ္မာတရားကို ၎င်းတို့ အမှန်တကယ် ချစ်သည့်ပုံပေါ်သည်၊ ဘုရားသခင်ကို ချစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားနေပုံပေါ်ကြသည်။ သို့သော် တရားဒေသနာများကို ၎င်းတို့ နားထောင်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့ ငိုက်မြည်းကြသည်။ မတ်မတ် မထိုင်နိုင်ကြသကဲ့သို့ မနှစ်မြို့ခြင်းကို ခံစားကြရသည်။ ၎င်းတို့ စိတ်နှလုံးများတွင် “ဤအရာများနှင့် ပတ်သက်၍ မိတ်သဟာယပြုခြင်းသည် လူတို့၏ အခြေအနေများကို ထောက်ပြခြင်း၊ လူတို့အား မိမိတို့ကိုယ်ကို သိရှိရန် ပြောပြပြီးသည့်နောက် သမ္မာတရား အနည်းငယ်ကို နားလည်စေကာ နောက်ဆုံးတွင် ကျိုးနွံနာခံမှုကို စွမ်းဆောင်ရရှိစေခြင်းသာ ဖြစ်သည် မဟုတ်လော။ ဤအရာအားလုံးကို ငါ နားလည်သည်။ ထို့ကြောင့် အဘယ်ကြောင့် တစ်ဖန် မိတ်သဟာယပြုရမည်နည်း”ဟု တွေးကြသည်။ ဤလူများသည် သမ္မာတရားကို လုံးဝ မနှစ်သက်ကြသကဲ့သို့ ဤကဲ့သို့ဖြစ်နေသည့်တိုင် ၎င်းတို့သည် စိတ်ခံစားချက် လုံးဝ မရှိသည့်အလား အပြစ်တင်မှုမခံစားရဘဲ မည်သည့် ဆုံးမပဲ့ပြင်ခြင်းကိုမျှ မရရှိကြချေ။ ဤလူများအားလုံးသည် ဘုရားအိမ်တော် ပြင်ပတွင် ရှိကြ၏။ ၎င်းတို့သည် ဘာသာတရားမရှိသူများ ဖြစ်ကြသည်။ ဘုရားသခင်၏ အမှုတော်ကို ၎င်းတို့ ကနဦး လက်ခံသည့်အချိန်မှသည် ယနေ့ထိတိုင် ၎င်းတို့သည် ဖန်ဆင်းခံများဖြစ်ပြီး ဘုရားသခင်က ၎င်းတို့၏ ဖန်ဆင်းရှင်ဖြစ်ကြောင်းကို ၎င်းတို့ လုံးဝ အမှန်တကယ် အသိအမှတ်မပြုကြသေးပေ။ ၎င်းတို့သည် သမ္မာတရားကို အနည်းငယ်မျှ လက်မခံကြသကဲ့သို့ မိမိတို့တာဝန်များကို လိုလိုလားလား ထမ်းဆောင်ခြင်း မရှိကြချေ။ သို့ရာတွင် ၎င်းတို့၌ ၎င်းတို့၏ ရည်မှန်းချက်နှင့်အတူပူးတွဲလျက် လိမ္မာပါးနပ်သော အသိဉာဏ်နှင့် စိတ်ထက်သန်မှုအနည်းငယ် ရှိကြသောကြောင့် လူတို့၏ လေးစားမှုကို ရရှိရန် နေရာအနှံ့ ပျာယာခတ် ပြေးလွှားသွားလာခြင်းနှင့် အလုပ်လုပ်ခြင်းကို အာရုံစိုက်ကြလေသည်။ အားလုံးမှာ မိမိတို့အတွက် ဘုရားအိမ်တော်တွင် နေရာတစ်ခုကို ဖန်တီးရယူရန်အလို့ငှာ ဖြစ်သည်။ ၎င်းတို့က “ဤအလုပ်တာဝန်များကို လုပ်ဆောင်ကာ ဤသို့ ပြေးလွှားသွားလာခြင်းအားဖြင့် ဂုဏ်သိက္ခာကို ငါ ရရှိပြီးဖြစ်ကာ အမျိုးမျိုးသော နေရာများတွင် အများယုံကြည်လက်ခံနိုင်မှုကို ရရှိပြီးဖြစ်သည်။ အသင်းတော်တွင် ငါ၏ နေရာကို အရယူပြီးဖြစ်ကာ ငါ သွားသည့်နေရာတိုင်းတွင် ညီအစ်ကို မောင်နှမများက ငါ့ကို အထင်ကြီးကြသည်။ ညီအစ်ကို မောင်နှမများကြားတွင် ထိုသို့သော ဂုဏ်သတင်းရှိခြင်းသည် လုံလောက်၏။ ဤသည်မှာ ငါ အသက်ရှိကြောင်းကို ဆိုလိုပေသည်။ ထိုအရာကို ဘုရားသခင် မည်သို့သတ်မှတ်မည်ကိုမူ စိုးရိမ်ကြောင့်ကြနေရန် မလိုအပ်ပါ”ဟု တွေးကြသည်။ ဤလူများသည် မည်သည့်လူစားမျိုးများ ဖြစ်ကြသနည်း။ အတိအကျ ပြောရလျှင်၊ ၎င်းတို့သည် မယုံကြည်သူများဖြစ်သည်။ ဤအရာကို ပြောဆိုခြင်းအတွက် အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ အခြေခံအကြောင်းရင်းမှာ သမ္မာတရားနှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားဖြစ်သည်။ ၎င်းတို့သည် လုံးဝ နောင်တရခြင်းမရှိ၊ မိမိတို့ကိုယ်ကို လုံးဝ သိရှိလာကြခြင်း မရှိသကဲ့သို့ ဘုရားသခင်ကို ကျိုးနွံနာခံရန်မှာ မည်သည့်အရာဖြစ်သည်ကို လုံးဝ မသိခဲ့ကြပေ။ ထိုအစား မိမိတို့တာဝန်များကို ထမ်းဆောင်နေသည်ဟု အကြောင်းပြ၍ ကိုယ်ရေးကိုယ်တာ စီမံခန့်ခွဲမှုတွင် ပါဝင်ပတ်သက်ကာ မိမိတို့ကိုယ်ပိုင် ဆန္ဒများနှင့် နှစ်ခြိုက်မှုများကို ဖြည့်ဆည်းရင်း မိမိတို့ အလိုရှိသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ကြလေသည်။ ၎င်းတို့သည် ဘုရားသခင်ကို နှစ်များစွာကြာ ယုံကြည်ပြီးဖြစ်ကာ အလွန်များသည့် တရားဒေသနာများကို နားထောင်ပြီးဖြစ်သော်လည်း သမ္မာတရားနှင့်ဆိုင်သည့် အယူအဆမရှိကြသကဲ့သို့ ဘုရားသခင်ကို ယုံကြည်ခြင်းက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုအပ်သည်ဟူသော အယူအဆလည်း မရှိကြချေ။ အလွန်များသည့် တရားဒေသနာများကို နားထောင်ပြီးနောက်တွင် လမ်းခရီးက အမှန်တကယ် မည်သည့်အရာ ဖြစ်ကြောင်းကို ၎င်းတို့ နားမလည်ကြသေးပေ။ ၎င်းတို့၏ စိတ်ရင်းအမှန်တွင် လူသည် အလွန့်အလွန် ဖောက်ပြန်ပျက်စီးပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို လိုအပ်ကြောင်း မခံစားကြရပေ။ သမ္မာတရားနှင့် ဘုရားသခင်အတွက် လှိုက်လှိုက်လှဲလှဲဖြစ်သည့် စစ်မှန်သော ဆန္ဒများနှင့် တမ်းတမှုတို့ မရှိကြချေ။ ဤသည်မှာ ခက်ခဲသည် မဟုတ်လော။ (ခက်ခဲပါသည်။) အလွန်ခက်ခဲပေသည်။ ၎င်းတို့အတွက် ဘုရားသခင်၊ သမ္မာတရားနှင့် ကယ်တင်ခြင်းတို့သည် လေလုံးတစ်ခု၊ အကြောင်းပြချက်တစ်မျိုး သို့မဟုတ် ဆောင်ပုဒ်တစ်မျိုးမျှသာ ဖြစ်သည်။ ယင်းမှာ အလွန် ခက်ခဲပေသည်။
ပေါလုနှင့် ပေတရုကြား အသိသာဆုံးသော ခြားနားချက်အဖြစ် မည်သည့်အရာကို သင်တို့ မြင်သနည်း။ ပေါလုသည် နှစ်များစွာ ခရီးသွားရင်း၊ မိမိကိုယ်ကို အသုံးခံရင်း၊ ပံ့ပိုးမှုများ ပြုလုပ်ရင်းနှင့် ဆင်းရဲဒုက္ခများစွာ ခါးစီးခံရင်း အလုပ်လုပ်ခဲ့သော်လည်း သူ လျှောက်လှမ်းခဲ့သည့် လမ်းကြောင်းသည် သမ္မာတရားပါဝင်ခြင်းမရှိ၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်း မပါဝင်၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်း မပါဝင်ခဲ့သကဲ့သို့ ကယ်တင်ခံရခြင်းက မုချ မပါဝင်ခဲ့ပေ။ ထို့ကြောင့် ပေါလု၏ ဂုဏ်သတင်း မည်မျှမြင့်မားသည်ဖြစ်စေ၊ သူ၏ အရေးအသားများက အနာဂတ် မျိုးဆက်များကို မည်မျှ လွှမ်းမိုးပြီးဖြစ်စေ သူသည် သခင်ယေရှုကို အမှန်တကယ် ချစ်ခဲ့သူတစ်ဦး မဟုတ်ပေ။ သူ့ထံတွင် သခင်ယေရှုအပေါ် စစ်မှန်သည့် သိနားလည်မှု မရှိ၊ သခင်ယေရှုကို တစ်ပါးတည်းသော စစ်မှန်သည့် ဘုရားသခင်အဖြစ် အသိအမှတ်မပြုခဲ့ဘဲ သခင်ယေရှုကို ဘုရားသခင်၏ သားတော်အဖြစ်၊ သာမန်လူတစ်ဦးအဖြစ်သာ အသိအမှတ်ပြုခဲ့သည်။ အကျိုးဆက်အနေဖြင့် သူ့ထံတွင် သခင်ယေရှုကို စစ်မှန်သည့် ကျိုးနွံနာခံမှု မရှိခဲ့ပေ။ သူသည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိဖို့ မျှော်လင့်ချက်ဖြင့်သာ ဧဝံဂေလိ ဖြန့်ဝေပြီး လူတို့ကို စည်းရုံးသိမ်းသွင်းရန်၊ အသင်းတော်များကို တည်ထောင်ပြီး ထိုအသင်းတော်များကို ကိုယ်တိုင်ကိုယ်ကျ ထိန်းကျောင်းရန် တတ်နိုင်သမျှ အရာရာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သော်လည်း ဘုရားသခင်သည် ပေါလု၏ စိတ်နှလုံးကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခဲ့ကာ သူ့ကို အသိအမှတ်မပြုခဲ့ပေ။ နှိုင်းယှဉ်ကြည့်လျှင် ပေတရုသည် အမှုအရာများကို တိတ်ဆိတ်စွာ လုပ်ဆောင်ခဲ့ပြီး သူ၏ စိတ်နှလုံးသည် သူ့ကို သခင်ယေရှု ပြောခဲ့သည့်အရာနှင့် အမြဲ ပြည့်နေခဲ့သည်။ သူသည် သခင်ယေရှု၏ သတ်မှတ်ချက်များအတိုင်း ဘုရားသခင်ကို ချစ်ခြင်းနှင့် နားလည်ခြင်းတို့ကို လိုက်စားခဲ့သည်။ ဤအချိန်အတောအတွင်းတွင် သူသည် ဘုရားသခင်၏ အပြစ်ဖော်ဆုံးမခြင်း၊ ပြုပြင်ခြင်းနှင့် ပြစ်တင်မောင်းမဲခြင်းကိုပင် လက်ခံခဲ့ပြီးဖြစ်သည်။ ပေတရုကို ပြစ်တင်မောင်းမဲရန် ဘုရားသခင် အသုံးပြုခဲ့သည့် စကားများမှာ အဘယ်နည်း။ (“အချင်းစာတန်၊ ငါ့နောက်သို့ဆုတ်လော့။” (ရှင်မဿဲခရစ်ဝင် ၁၆:၂၃)ဟူ၍ ဖြစ်သည်။) မှန်၏၊ “အချင်းစာတန်၊ ငါ့နောက်သို့ ဆုတ်လော့”ဟူ၍ ဖြစ်သည်။ ဘုရားသခင်သည် ထိုသို့သော စကားများကို ပြောဆိုခဲ့သော်လည်း ဤစကားများက ပေတရု၏အဆုံးသတ်ကို မသတ်မှတ်ခဲ့ပေ၊ ယင်းတို့က ပြစ်တင်မောင်းမဲခြင်းမျှသာ ဖြစ်သည်။ ဘုရားသခင်သည် ပေါလုအား သူ၏ အလုပ်အတောအတွင်းတွင် ပြစ်တင်မောင်းမဲခဲ့သလော။ (ပြစ်တင်မောင်းမဲခြင်း မရှိခဲ့ပါ။) တစ်နည်းအားဖြင့် စိတ်ခံစားချက်အရဖြစ်သော အချက်များကို ကြည့်သည့်အခါ ဘုရားသခင်က သူ့ကို ပြစ်တင်မောင်းမဲခြင်း မရှိခဲ့ပေ။ နောက်တစ်နည်းအားဖြင့် အမှန်တကယ်ဖြစ်သော အချက်များနှင့် ဆိုင်သော ရှုထောင့်အမြင်မှကြည့်လျှင် ပေါလုသည် သမ္မာတရားကို လက်မခံခဲ့ပေ၊ သမ္မာတရားကို မရှာဖွေခဲ့သကဲ့သို့ ကယ်တင်ခြင်းကို ရရှိမည့် နည်းလမ်းကို လုံးဝ မရှာဖွေခဲ့သောကြောင့် ဤအရာများကို သူ မရရှိနိုင်ခဲ့ သို့မဟုတ် မတွေ့ကြုံနိုင်ခဲ့ပေ။ သူ့အပေါ် ဘုရားသခင် ပြုခဲ့သည့်အမှုမှာ သူ၏ အစေခံမှုကို အသုံးပြုခြင်း ဖြစ်သည်။ သူသည် ကြီးမားသည့် မကောင်းမှု တစ်ခုမျှ ကျူးလွန်ခြင်းမရှိဘဲ အဆုံးထိတိုင် အလုပ်လုပ်ပေးနိုင်ခဲ့မည်ဆိုလျှင် အလုပ်လုပ်ပေးသူတစ်ဦးအဖြစ် သူ ကျန်ရှိနေနိုင်မည်ဖြစ်သည်။ သို့ရာတွင် ကြီးမားသည့် မကောင်းမှုတစ်ခုတလေကို သူ ကျူးလွန်မိခဲ့လျှင်မူ ရလဒ်က ကွဲပြားခြားနားမည်ဖြစ်သည်။ ယင်းမှာ ကွာခြားချက်ဖြစ်၏။ တစ်ဖက်တွင် ပေတရုသည် ဘုရားသခင်ထံမှ ပဲ့ပြင်ဆုံးမမှု၊ ရိုက်နှက်ခြင်းနှင့် ပြစ်တင်မောင်းမဲခြင်းများစွာ ရရှိခဲ့သည်။ အပြင်ပန်းအားဖြင့် ပေတရုသည် ဘုရားသခင်ကို မကျေမနပ်ဖြစ်စေရင်း ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီခဲ့ခြင်း မရှိဟု ထင်ရမည်ဖြစ်သော်လည်း ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်ဆိုင်သော ရှုထောင့်အမြင်မှကြည့်လျှင် ထိုသို့သော လူတစ်ဦးသည် သူ အလိုရှိကာ သူ့ကို ကျေနပ်အားရစေခဲ့သည့် သူတစ်ဦး အတိအကျ ဖြစ်ခဲ့ပေသည်။ ယင်းကြောင့် သူ့အနေဖြင့် ဖြည်းဖြည်းချင်း ကြီးထွားရင့်ကျက်ရန်အလို့ငှာ၊ သမ္မာတရားထဲသို့ ဝင်ရောက်ကာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်လာပြီး နောက်ဆုံးတွင် စစ်မှန်သော ကျိုးနွံနာခံမှုနှင့် စစ်မှန်သော ပြောင်းလဲမှုကို ရရှိရန်အလို့ငှာ ဘုရားသခင်က သူ့ကို အဆက်မပြတ် ရိုက်နှက်ဆုံးမကာ ပြုပြင်ခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်း ဖြစ်သည်။
ယခုအခါတွင် သင်တို့သည် ဘုရားအိမ်တော်သားတစ်ဦး ဟုတ်မဟုတ်ဆိုသည်မှာ သင်တို့၏ စိတ်နှလုံးတွင် ရှင်းပြီလော။ ဘုရားအိမ်တော်ထဲသို့ သင်တို့ အမှန်တကယ် ဝင်ရောက်ပြီးပြီလော။ ငါ ယခုတင် မိတ်သဟာယပြုခဲ့သည့်အရာကို အခြေခံ၍ ဤအရာကို သင်တို့ တိုင်းတာနိုင်ကြသလော။ သင့်အနေဖြင့် ဘုရားအိမ်တော် တံခါးထဲသို့ ဝင်ရောက်ပြီးဖြစ်ကာ ဘုရားအိမ်တော်သားတစ်ဦး ဖြစ်ကြောင်း သေချာနိုင်သလော။ (သေချာပါသည်။) သင် သေချာနိုင်သည်မှာ ကောင်းသည့်အရာ ဖြစ်ပေသည်။ ဤသည်မှာ သင်၏ ဘုရားသခင်ကို ယုံကြည်မှုက အခြေခံအုတ်မြစ်တစ်ခု ရှိနှင့်ပြီးဖြစ်ကြောင်းနှင့် သင်သည် ဘုရားအိမ်တော်တွင် ခိုင်မြဲပြီးဖြစ်ကြောင်း သက်သေဖြစ်သည်။ အခြေခံအုတ်မြစ် မရှိသောသူတို့သည် ဘုရားအိမ်တော် အပြင်ဘက်တွင်ရှိကြပြီး ဘုရားသခင်က ၎င်းတို့ကို အသိအမှတ်မပြုပေ။ သင့်အနေဖြင့် ဘုရားသခင်အတွက် သက်သေခံပြီး သင်သည် ဘုရားသခင်၏ နောက်လိုက်တစ်ဦးနှင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်၏ အသင်းသားတစ်ဦးဖြစ်ကြောင်း အခြားသူတို့အား ပြောပြသော်လည်း ဘုရားသခင်က သင့်ကို မသိဟု ပြောလျှင် အဘယ်သို့နည်း။ ယင်းမှာ ပြဿနာတစ်ခုဖြစ်ပေမည်၊ မှန်သလော။ ဤသည်မှာ လူတို့အတွက် ကောင်းချီးတစ်ခုဖြစ်မည်လော၊ ကျိန်ခြင်းအမင်္ဂလာတစ်ခု ဖြစ်မည်လော။ ထိုအရာသည် ကောင်းသည့် လက္ခဏာတစ်ခု မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိရန် သင် အလိုရှိပြီး သင်သည် ဘုရားသခင်ကို ယုံကြည်သူ အစစ်အမှန်တစ်ဦးဖြစ်ကြောင်း ပြောလျှင် ဘုရားအိမ်တော်၏ အလုပ်ကို အကျိုးပြုသည့် တစ်စုံတစ်ရာကို သင် လုပ်ဆောင်ရမည်၊ ကောင်းမှုအချို့ကို ပြင်ဆင်ရမည်၊ သင်၏ စိတ်နှလုံးကို ဘုရားသခင်ဆီသို့ ဦးတည်ရမည်ဖြစ်ပြီး ဘုရားသခင်ကို ကြီးမြတ်သူအဖြစ် ဂုဏ်ပြုသည့် စိတ်နှလုံးတစ်ခု ရှိရမည်။ ထိုအခါမှသာ ဘုရားသခင်က သင့်ကို အသိအမှတ်ပြုလိမ့်မည် ဖြစ်သည်။ ဦးစွာပထမ ဘုရားသခင်နှင့် သမ္မာတရားအပြင် သင် လျှောက်ခဲ့သည့် မှားယွင်းသော လမ်းကြောင်းနှင့် စပ်လျဉ်း၍ သင်၏ အမြင်များ၊ သဘောထားများနှင့် ကျင့်ကြံမှုများရှိ အမှားများကို သင် ပြောင်းလဲရမည်။ ဤအရာများ ပြောင်းလဲရမည်ဖြစ်သည်။ ဤသည်မှာ အခြေခံအုတ်မြစ်ဖြစ်၏။ ထို့နောက် ဘုရားသခင် ဖော်ပြသည့် သမ္မာတရားအားလုံးကို သင် လက်ခံရမည်ဖြစ်ပြီး ဘုရားသခင် တောင်းဆိုသည့်အတိုင်း သင်၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းရမည်။ ဤအရာများကို စွမ်းဆောင်ရရှိပြီးသည့်အခါ ဘုရားသခင်သည် စိတ်ကျေနပ်လိမ့်မည်ဖြစ်ပြီး သင့်ကို သူ၏ နောက်လိုက်အဖြစ် အသိအမှတ်ပြုလိမ့်မည်။ ဒုတိယအနေဖြင့် သင်သည် ဘုရားသခင်အား သင့်ကို စစ်မှန်သည့် ဖန်ဆင်းခံတစ်ဦး၊ စံနှုန်းပြည့်မီသည့် သူတစ်ဦးအဖြစ် တဖြည်းဖြည်း အသိအမှတ်ပြုခွင့်ပေးရမည်။ သင်သည် ဘုရားအိမ်တော်ပြင်ပတွင် ရှိနေဆဲဖြစ်ပြီး ဘုရားသခင်က သင့်ကို သူ့အိမ်တော်သားတစ်ဦးအဖြစ် အသိအမှတ် မပြုသေးဘဲ သင် ကယ်တင်ခံလိုသည်ဟု သင် ပြောလျှင် ယင်းမှာ လူမိုက်တစ်ဦး၏ အိမ်မက်တစ်ခုသာ ဖြစ်သည် မဟုတ်လော။ ယခုတွင် သင်တို့သည် ရိုက်နှက်ဆုံးမခြင်းနှင့် ပဲ့ပြင်ဆုံးမခြင်းအချို့ကို တွေ့ကြုံပြီးဖြစ်သည်၊ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးများ ရှိပြီးဖြစ်ကာ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းသည် အခြေခံအုတ်မြစ်တစ်ခု ရှိပြီးဖြစ်သည်။ ဤသည်မှာ ကောင်းသည့်အရာတစ်ခု ဖြစ်၏။ နောက်ထပ်ခြေလှမ်းတစ်ခုမှာ သမ္မာတရားကို သိနားလည်ခြင်းပေါ် အခြေခံ၍ အသက်ဝင်ရောက်မှုကို ရရှိနိုင်ရန်၊ ဤသမ္မာတရားများကို သင်၏ ကိုယ်ပိုင် အသက်အဖြစ် ပြောင်းလဲကာ ယင်းတို့ကို အသက်ရှင်နေထိုင်နိုင်ရန်၊ သင်၏ တာဝန် ထမ်းဆောင်မှုနှင့် သင့်ကို ဘုရားသခင် ပေးအပ်သည့် အရာများအားလုံးကို ကျင့်သုံးနိုင်ရန် ဖြစ်သည်။ ထို့နောက်တွင် သင့်ထံ၌ ကယ်တင်ခြင်းအတွက် မျှော်လင့်ချက် ရှိလိမ့်မည်။ သင်တို့ အများစုသည် ညံ့ဖျင်းသည့် အစွမ်းအစ မရှိကြ၊ သင်တို့အားလုံးကို အစွမ်းအစတွင် သာမန်အဖြစ် ယူဆ၍ ရနိုင်သည်။ ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်ရှိသော်လည်း သင်တို့အားလုံးတွင် သင်တို့၏ လူ့သဘာဝ၌ အားနည်းချက်နှင့် အပြစ်အနာအဆာအချို့ ရှိကြ၏။ သင်တို့ထဲမှ အချို့သည် ပျင်းရိသည်၊ အချို့သည် စကားကြီးစကားကျယ် ပြောဆိုကြသည်၊ အချို့မှာ မာနထောင်လွှားပြီး အချို့မှာ အနည်းငယ် ထုံထိုင်းသည်၊ နုံအပြီး စိတ်နှလုံးခိုင်မာကြသည်။ ဤသည်တို့မှာ စိတ်သဘောထားနှင့် သက်ဆိုင်ပေသည်။ လူ့သဘာဝ၊ စိတ်သဘောထားနှင့်ဆိုင်သည့် အချို့သော ပြဿနာများအတွက်၊ သင်သည် အတွေ့အကြုံမှတစ်ဆင့် သမ္မာတရားကို ရှာဖွေရမည်၊ မိမိကိုယ်ကို ပြန်လည်သုံးသပ်ကာ တိုးတက်သော ပြောင်းလဲမှုကို အကောင်အထည်ဖော်၍ သမ္မာတရားအပေါ် သင်၏ သဘောပေါက်နားလည်မှု၊ သိနားလည်မှုတို့နှင့် စပ်လျဉ်း၍ အတွေ့အကြုံနှင့် နက်နက်နဲနဲ သိနားလည်နိုင်စွမ်းတို့ကို ရရှိရန်အလို့ငှာ ပြုပြင်ခြင်းကို လက်ခံရမည်။ ဤသို့ဖြင့် ဘဝတွင် သင် တဖြည်းဖြည်း ကြီးထွားရင့်ကျက်လိမ့်မည်။ အသက်နှင့်အတူ အကြင်သူတွင် မျှော်လင့်ချက်ရှိ၏။ အသက်မရှိလျှင် မျှော်လင့်ချက်မရှိ။ ယခုတွင် သင်တို့ အသက် ပိုင်ဆိုင်ကြသလော။ သင်၏ စိတ်နှလုံးတွင် သမ္မာတရားနှင့်ဆိုင်သည့် သိနားလည်မှုနှင့် အတွေ့အကြုံတို့ ရှိကြသလော။ ဘုရားသခင်ကို သင် မည်မျှနှင့် မည်သည့်အတိုင်းအတာထိ ကျိုးနွံနာခံသနည်း။ သင်တို့၏ စိတ်နှလုံးတွင် ဤအရာများနှင့် ပတ်သက်၍ ရှင်းနေရမည်ဖြစ်သည်။ သင်တို့သည် မရှင်းလင်းဘဲ နားဝေတိမ်တောင်ဖြစ်လျှင် အသက်တာ ကြီးထွားရင့်ကျက်မှုရှိရန် ခက်ခဲလိမ့်မည်။
များစွာ ကြိုးစားအားထုတ်ခြင်း သို့မဟုတ် စွန့်စားရသည့်အရာ အနည်းငယ်ကို လုပ်ဆောင်ခြင်းက ကောင်းမှုတိုးပွားလာအောင် လုပ်ထားခြင်းကို ဆိုလိုခြင်းဖြစ်သည်ဟု တွေးထင်နေသူများ အသင်းတော်ထဲတွင် ရှိသည်။ အမှန်တွင် ၎င်းတို့၏လုပ်ဆောင်ချက်များအရ ၎င်းတို့သည် စင်စစ် ချီးကျူးခံထိုက်သည့်သူများ ဖြစ်သော်လည်း သမ္မာတရားအပေါ် ၎င်းတို့၏ စိတ်သဘောထားနှင့် သဘောထားတို့သည် အလွန်မနှစ်မြို့စရာကောင်းသကဲ့သို့ စက်ဆုပ်ဖွယ်ဖြစ်၏။ ၎င်းတို့သည် သမ္မာတရားကို ချစ်ခြင်း မရှိကြဘဲ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ဖြစ်ကြ၏။ ယင်းတစ်ခုတည်းကပင် ၎င်းတို့ကို စက်ဆုပ်စရာ ဖြစ်စေသည်။ ထိုသို့သော လူများသည် အသုံးမကျကြပေ။ လူများသည် အစွမ်းအစ ညံ့ဖျင်းကြောင်း၊ ၎င်းတို့တွင် အချို့သော အားနည်းချက်များရှိပြီး ဘုရားသခင်ကို ဆန့်ကျင်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ၊ သို့မဟုတ် အဖြစ်အနေတစ်ခု ရှိကြောင်းတို့ကို မြင်သည့်အခါ ဘုရားသခင်သည် ၎င်းတို့ကို အော့နှလုံးမနာသကဲ့သို့ သူနှင့်ဝေးရာတွင် မထားပေ။ ယင်းမှာ ဘုရားသခင်၏ ရည်ရွယ်ချက် မဟုတ်သကဲ့သို့ လူသားအပေါ် သူ၏သဘောထားလည်း မဟုတ်ပေ။ ဘုရားသခင်သည် လူများ၏ညံ့ဖျင်းသော အစွမ်းအစကို ရွံရှာစက်ဆုပ်ခြင်း မရှိ၊ ၎င်းတို့၏ မိုက်မဲမှုကို ရွံရှာစက်ဆုပ်ခြင်း မရှိသကဲ့သို့ ၎င်းတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည်ကိုလည်း သူ ရွံရှာစက်ဆုပ်ခြင်းမရှိချေ။ ဘုရားသခင်သည် လူတို့ထဲ၌ အရွံရှာအစက်ဆုပ်ဆုံးဖြစ်သော အရာမှာ အဘယ်နည်း။ ယင်းမှာ လူများက သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့်အချိန် ဖြစ်သည်။ သင်သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ပါက ထိုတစ်ချက်တည်းကြောင့်ပင် ဘုရားသခင်သည် သင့်ကြောင့် မည်သည့်အခါမျှ ဝမ်းမြောက်မည် မဟုတ်။ ဤသည်မှာ ပြောင်းလဲ၍မရနိုင်ပေ။ သင်သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့လျှင်၊ သမ္မာတရားကို မချစ်လျှင်၊ သမ္မာတရားအပေါ် သင်သည် ဂရုမစိုက်သော သဘောထားရှိပြီး အထင်သေးကာ မာနထောင်လွှားသည့်အပြင် တွန်းပင်တွန်းလှန်ကာ အတိုက်အခံလုပ်ပြီး ငြင်းပယ်လျှင်၊ ဤသည်မှာ သင်ပြုမူသည့်ပုံစံ ဖြစ်လျှင် ဘုရားသခင်က သင့်အား လုံးလုံး ရွံရှာပြီး သင်သည် ကယ်တင်၍မရတော့အောင် ကျရှုံးပြီးဖြစ်သည်။ သင်၏ စိတ်နှလုံးတွင် သမ္မာတရားကို အမှန်တကယ် ချစ်ကာ သင်သည် အတော်အတန် အစွမ်းအစနည်းပြီး အသိအမြင် မရှိလျှင်၊ အနည်းငယ် မိုက်မဲပြီး မကြာခဏ အမှားများပြုလုပ်သော်လည်း မကောင်းမှုလုပ်ဖို့ သင် မရည်ရွယ်ခြင်းသာ ဖြစ်လျှင်၊ မိုက်မဲသောအရာ အနည်းငယ်ကိုသာ လုပ်ဆောင်ခဲ့လျှင်၊ သမ္မာတရားနှင့်ပတ်သက်သည့် ဘုရားသခင်၏ မိတ်သဟာယကို ကြားနာရန် သင်၏ စိတ်နှလုံး၌ လိုလားပြီး သမ္မာတရားကို သင်၏ စိတ်နှလုံးက တောင့်တလျှင်၊ သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်များကို သင်ဆက်ဆံရာတွင် ထားရှိသည့် သဘောထားသည် ရိုးသားစစ်မှန်ပြီး တောင့်တခြင်းရှိလျှင်၊ ဘုရားနှုတ်ကပတ်တော်များကို တန်ဖိုးထားပြီး မြတ်နိုးနိုင်လျှင် ဤသည်မှာ လုံလောက်သည်။ ဘုရားသခင်သည် ဤသို့သောသူများကို နှစ်သက်သည်။ သင်က တစ်ခါတစ်ရံတွင် အနည်းငယ် မိုက်မဲနိုင်သော်လည်း ဘုရားသခင်က သင့်ကိုနှစ်သက်ဆဲဖြစ်သည်။ ဘုရားသခင်သည် သမ္မာတရားကို တောင့်တသော သင်၏ စိတ်နှလုံးကို ချစ်သည်။ သမ္မာတရားအပေါ် သင်၏ ရိုးသားစစ်မှန်သောသဘောထားကို ချစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် သင့်အပေါ် သက်ညှာမှုရှိပြီး သင့်အား အစဉ်သဖြင့် ကျေးဇူးတော်ပေးသည်။ သူသည် သင်၏ မကောင်းသော အစွမ်းအစ၊ သို့မဟုတ် မိုက်မဲမှုကို ထည့်မတွက်သကဲ့သို့ သင်၏ ပြစ်မှားမှုများကိုလည်း ထည့်မတွက်ပေ။ သမ္မာတရားအပေါ် သင်၏ သဘောထားသည် ရိုးသားစစ်မှန်ပြီး ထက်သန်သောကြောင့် သင်၏စိတ်နှလုံးသည် စစ်မှန်သဖြင့် သင်၏စိတ်နှလုံး၏ စစ်မှန်မှုနှင့် သင်၏ ဤသဘောထားတို့ကို ထောက်လျက် သူသည် သင့်အပေါ် အစဉ် သနားကရုဏာ ထားရှိလိမ့်မည်ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အပေါ် အလုပ်လုပ်လိမ့်မည်။ ပြီးလျှင် သင်၌ ကယ်တင်ခြင်း မျှော်လင့်ချက်ရှိပေမည်။ တစ်ဖက်တွင် သင်၏စိတ်နှလုံးခိုင်မာပြီး သင်သည် စိတ်အလိုလိုက်လွန်းပါက၊ သင်သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ပါက၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် သမ္မာတရားပါဝင်သည့် အရာအားလုံးကို အလေးမထားဘဲ သင်၏စိတ်နှလုံးနက်ရှိုင်းရာမှ ရန်မူလိုပြီး အထင်အမြင်သေးပါက သင့်အပေါ် ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ စက်ဆုပ်ရွံရှာခြင်း၊ ရွံရှာခြင်းနှင့် မစဲသော အမျက်တို့ဖြစ်လေသည်။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားတွင် မည်သည့်ထူးခြားသော လက္ခဏာနှစ်ခုက သိသာထင်ရှားသနည်း။ ကြွယ်ဝသော သနားကရုဏာနှင့် နက်နဲသော အမျက်တို့ဖြစ်သည်။ “ကြွယ်ဝသော သနားကရုဏာ” ၌ “ကြွယ်ဝသော” က ဘုရားသခင်၏ သနားကရုဏာသည် သည်းခံကာ စိတ်ရှည်ပြီး သိမ်မွေ့ကြောင်းနှင့် ယင်းသည် အကြီးမားဆုံးသော ချစ်ခြင်းမေတ္တာဖြစ်ကြောင်း ဆိုလိုသည်။ “ကြွယ်ဝသော” ဟူသည်မှာ ယင်းကို ဆိုလို၏။ လူတို့သည် မိုက်မဲပြီး အစွမ်းအစ ညံ့ဖျင်းသောကြောင့် ဘုရားသခင်က ဤသို့ပြုမူရခြင်း ဖြစ်သည်။ သင်သည် သမ္မာတရားကို ချစ်သော်လည်း မိုက်မဲပြီး အစွမ်းအစ ညံ့ဖျင်း၏၊ သင့်အပေါ် ဘုရားသခင်၏ သဘောထားသည် ကြွယ်ဝသည့် သနားကရုဏာရှိခြင်း သဘောထား ဖြစ်သည်။ သနားကရုဏာတွင် မည်သည့်အရာ ပါဝင်သနည်း။ စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းတို့ ပါဝင်သည်။ သင်သည် သမ္မာတရားကို နည်းနည်းချင်း နားလည်ပြီး ဖြည်းဖြည်းချင်း ရင့်ကျက်လာဖို့အလို့ငှာ ဘုရားသခင်သည် သင်၏ မသိနားမလည်မှုအပေါ် သည်းခံပြီး စိတ်ရှည်၏၊ သင့်ကို ထောက်ကူဖို့၊ ထောက်ပံ့ဖို့နှင့် ကူညီဖို့ လုံလောက်သော ယုံကြည်မှုနှင့် သည်းခံခြင်းတို့ကို သင့်အား သူပေးသည်။ မည်သည့်အခြေခံအုတ်မြစ်ပေါ်တွင် ဤအရာကို တည်ဆောက်ထားသနည်း။ မိမိ၏ ချစ်ခြင်းမေတ္တာနှင့် သမ္မာတရားအတွက် တမ်းတမှုအပြင် ဘုရားသခင်၊ သူ၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့အပေါ် ၎င်းတို့၏ စစ်မှန်ရိုးသားသော သဘောထားနှင့်ဆိုင်သည့် အခြေခံအုတ်မြစ်အပေါ်တွင် တည်ဆောက်ထားပေသည်။ ဤသည်တို့မှာ လူတို့၌ ထင်ရှားသင့်သည့် အခြေခံကျသော အပြုအမူများ ဖြစ်သည်။ သို့ရာတွင် တစ်စုံတစ်ဦးသည် မိမိ၏ စိတ်နှလုံးတွင် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့လျှင်၊ ထိုသမ္မာတရားကို ပစ်ပစ်ခါခါငြင်းလျှင်၊ သို့မဟုတ် သမ္မာတရားကို မုန်းပင်မုန်းလျှင် သမ္မာတရားကို ၎င်းတို့ အလေးအနက် မထားဘဲ မိမိတို့၏ အောင်မြင်မှုများ၊ ၎င်းတို့ အလုပ်လုပ်ခဲ့ပုံ၊ အတွေ့အကြုံမည်မျှရှိသည်၊ မည်သည့်အရာကို ၎င်းတို့ ဖြတ်သန်းရပြီးဖြစ်သည်၊ ဘုရားသခင်က ၎င်းတို့ကို လေးစားသမှုရှိပြီး ကြီးမားသည့် အလုပ်တာဝန်များ ပေးအပ်ခဲ့ပုံ ဟူသည်တို့အကြောင်းကို အမြဲ ပြောဆိုလျှင်၊ အမြဲ ကြွားလျက် ၎င်းတို့၏ အရည်အချင်းများ၊ အောင်မြင်မှုများနှင့် ၎င်းတို့၏ ပါရမီများဖြစ်သည့် ဤအရာများအကြောင်းကိုသာ ၎င်းတို့ ပြောဆိုပြီး သမ္မာတရားကို လုံးဝ မိတ်သဟာယမပြု၊ ဘုရားသခင်ကို သက်သေခံခြင်းမရှိ၊ သို့မဟုတ် ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခြင်းမှ ရရှိခဲ့သည့် သိနားလည်မှု သို့မဟုတ် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့်ပတ်သက်၍ မိတ်သဟာယမပြုလျှင် ၎င်းတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြသည် မဟုတ်လော။ ဤသည်မှာ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကာ သမ္မာတရားကို မချစ်ခြင်းက ပေါ်လွင်ထင်ရှားသည့်ပုံစံ ဖြစ်သည်။ လူအချို့က “၎င်းတို့သည် သမ္မာတရားကို မချစ်လျှင် အဘယ်သို့ တရားဒေသနာများကို နားထောင်နိုင်ကြသနည်း”ဟု ပြောကြသည်။ တရားဒေသနာများကို နားထောင်သောသူ မည်သူမဆိုသည် သမ္မာတရားကို ချစ်သလော။ လူအချို့က ဟန်ဆောင် လုပ်ပြရုံလုပ်ပြနေခြင်း ဖြစ်သည်။ ၎င်းတို့သည် အသင်းတော်အသက်တာတွင် ပါဝင်ခြင်းမရှိလျှင် ဘုရားအိမ်တော်က ၎င်းတို့၏ ယုံကြည်ခြင်းအား အသိအမှတ်မပြုမည်ကို ကြောက်လျက် အခြားသူတို့ရှေ့မှောက်တွင် အတင်းဟန်ဆောင်ကြရခြင်း ဖြစ်သည်။ ဘုရားသခင်က သမ္မာတရားအပေါ် ဤသဘောထားကို မည်သို့ သတ်မှတ်သနည်း။ သမ္မာတရားကို ၎င်းတို့ မချစ်ကြကြောင်း၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြကြောင်း ဘုရားသခင် ပြော၏။ ၎င်းတို့၏ စိတ်သဘောထားအတွင်းတွင် အန္တရာယ်အရှိဆုံးသောအရာ၊ မာနထောင်လွှားခြင်းနှင့် လှည့်ဖြားခြင်းတို့ထက် သာ၍ပင် အန္တရာယ်ရှိသည့်အရာတစ်ခု ရှိပြီး ယင်းမှာ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း ဖြစ်သည်။ ဤအရာကို ဘုရားသခင်က မြင်သည်။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ထောက်ရှုသော် ထိုသို့သော လူတို့ကို သူ မည်သို့ သဘောထားသနည်း။ သူသည် ၎င်းတို့အပေါ် အမျက်ဒေါသအပြည့်ရှိပေသည်။ တစ်စုံတစ်ဦးအပေါ် ဘုရားသခင်က အမျက်ဒေါသအပြည့်ရှိလျှင် တစ်ခါတစ်ရံ ထိုသူကို သူက အပြစ်ဖော်ဆုံးမသည်၊ သို့မဟုတ် ပဲ့ပြင်ဆုံးမကာ အပြစ်ဒဏ်ပေးသည်။ ၎င်းတို့က ဘုရားသခင်ကို တမင် မဆန့်ကျင်လျှင် သူသည် သည်းခံလိမ့်မည်၊ စောင့်ဆိုင်းကာ စောင့်ကြည့်လိမ့်မည်။ အခြေအနေ သို့မဟုတ် အခြား အမှန်တကယ်ဖြစ်သော အကြောင်းပြချက်များကြောင့် ဘုရားသခင်သည် ဤမယုံကြည်သူကို သူ့အတွက် အစေခံမှုပေးရန် အသုံးပြုနိုင်သည်။ သို့ရာတွင် အခါအခွင့်သာပြီး အချိန်ကျသည်နှင့်တစ်ပြိုင်နက် ထိုသို့သောလူများသည် အစေခံမှုပေးရန်ပင် မသင့်တော်သည့်အတွက် ဘုရားအိမ်တော်မှ မောင်းထုတ်ခြင်း ခံရကြလိမ့်မည်။ ယင်းမှာ ဘုရားသခင်၏ အမျက်ဒေါသဖြစ်သည်။ ဘုရားသခင်သည် အဘယ့်ကြောင့် အလွန် အကြီးအကျယ် အမျက်ဒေါသထွက်ရသနည်း။ ဤအရာက သမ္မာတရားကို အလွန်အမင်းမနှစ်မြို့သူများအတွက် ဘုရားသခင်၏ ထူးကဲပြင်းထန်သော မုန်းတီးမှုကို ဖော်ပြပေသည်။ ဘုရားသခင်၏ နက်နဲသော အမျက်က သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် ထိုသို့သော လူများ၏ အဆုံးသတ်နှင့် ခရီးပန်းတိုင်ကို သူ သတ်မှတ်ပြီးဖြစ်ကြောင်း ညွှန်ပြသည်။ ဘုရားသခင်သည် ဤလူများကို မည်သည့်အတန်းအစားတွင် ထားသနည်း။ ဘုရားသခင်က ၎င်းတို့ကို စာတန်၏ အုပ်စုတွင် အတန်းအစားခွဲထားပေသည်။ ၎င်းတို့အပေါ် သူ အမျက်ဒေါသထွက်ကာ အော်ဂလီဆန်သောကြောင့် ဘုရားသခင်က ၎င်းတို့ကို တံခါးပိတ်ထားကာ အဝင်မခံပေ၊ ဘုရားအိမ်တော်ထဲသို့ ခြေချခွင့်မပေးသကဲ့သို့ ကယ်တင်ခံရမည့် အခွင့်အရေး မပေးပေ။ ဤသည်မှာ ဘုရားသခင်၏ အမျက်ဒေါသ သရုပ်သကန်တစ်ခု ဖြစ်သည်။ ဘုရားသခင်သည် ၎င်းတို့အား ညစ်ညူးသည့် မကောင်းဆိုးဝါးများနှင့် ဝိညာဉ်ဆိုးများအဖြစ်၊ မယုံကြည်သူများအဖြစ် စာတန်နှင့် အဆင့်တစ်ခုတည်းတွင်လည်း ထားရှိပြီး အချိန်ကျသည့်အခါ ၎င်းတို့ကို သူ ဖယ်ရှားရှင်းလင်းလိမ့်မည်။ ဤသည်မှာ ၎င်းတို့ကို ကိုင်တွယ်သည့် နည်းလမ်းတစ်ခု ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းမှာ ဘုရားသခင်၏ အမျက်ဒေါသဖြစ်သည်။ ပြီးလျှင် ၎င်းတို့ ဖယ်ရှားရှင်းလင်းခံရသည်နှင့်တစ်ပြိုင်နက် အသင့်စောင့်နေသည့်အရာမှာ အဘယ်အရာနည်း။ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးများအပြင် ဘုရားသခင်၏ ကယ်တင်ခြင်းတို့ကို ၎င်းတို့ တစ်ဖန် မွေ့လျော်ခံစားနိုင်သလော။ (မခံစားနိုင်ပါ။) ကျေးဇူးတော်ခေတ်ထဲမှ လူတို့သည် ဤကဲ့သို့သော အရာတစ်ခုကို မကြာခဏ ပြောဆိုကြသည်။ “ဘုရားသခင်သည် လူအယောက်တိုင်းကို ကယ်တင်ခံရစေလိုပြီး မည်သူ့ကိုမျှ ထာဝရပြစ်ဒဏ်ကို မခံစားစေလိုပေ။” ဟူ၍ဖြစ်သည်။ ဤစကားများ၏ အဓိပ္ပာယ်ကို လူအများစုက နားလည်နိုင်ကြသည်။ ထိုအရာမှာ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကို ကယ်တင်ရာတွင် ဘုရားသခင်၏ စိတ်ခံစားချက်နှင့် သဘောထား ဖြစ်သည်။ သို့ရာတွင် ဘုရားသခင်က လူသားမျိုးနွယ်ကို မည်သို့ ကယ်တင်သနည်း။ သူသည် လူသားမျိုးနွယ်အားလုံးကို ကယ်တင်သလော သို့မဟုတ် တစ်စိတ်တစ်ပိုင်းကိုသာ ကယ်တင်သလော။ မည်သည့် အစိတ်အပိုင်းကို ဘုရားသခင် ကယ်တင်ပြီး မည်သည့် လူတို့ကို သူ စွန့်ပစ်သနည်း။ လူအများစုက ဤကိစ္စရပ်၏ အချက်အခြာကို ထိုးထွင်းမသိနိုင်ကြပေ။ အယူဝါဒများ အကြောင်းကိုသာ လူတို့အား ၎င်းတို့ ပြောဆိုနိုင်ကြသည်။ “ဘုရားသခင်သည် လူအယောက်တိုင်းကို ကယ်တင်ခံရစေလိုပြီး မည်သူ့ကိုမျှ ထာဝရပြစ်ဒဏ်ကို မခံစားစေလိုပေ။” ဟူ၍ဖြစ်သည်။ ဤအရာကို ပြောသည့် လူအလွန်များသော်လည်း ဘုရားသခင်၏ ရည်ရွယ်ချက်ကို ၎င်းတို့ လုံးဝ နားမလည်ကြပေ။ အမှန်တွင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ သမ္မာတရားကို ချစ်ပြီး သူ၏ ကယ်တင်ခြင်းကို လက်ခံနိုင်သူတို့ကိုသာ ကယ်တင်ရန်ဖြစ်သည်။ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သကဲ့သို့ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရန် ငြင်းပယ်သောသူတို့မှာ ဘုရားသခင်ကို ငြင်းပယ်ပြီး အတိုက်အခံလုပ်သူများ ဖြစ်သည်။ ဘုရားသခင်က ၎င်းတို့ကို ကယ်တင်လိမ့်မည် မဟုတ်သည်သာမက နောက်ဆုံးတွင် ဤလူများကို သူ ဖျက်ဆီးလိမ့်မည် ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သူများက သူ၏ ချစ်ခြင်းမေတ္တာသည် အနန္တဖြစ်ကြောင်း၊ နှိုင်းမရအောင် ကြီးမားကျယ်ပြန့်ကာ အစွမ်းတန်ခိုးကြီးကြောင်း သိကြသော်လည်း ဘုရားသခင်သည် ဤကျေးဇူးတော်နှင့် ချစ်ခြင်းမေတ္တာကို သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သောသူတို့အား ပေးရန် လိုလားနေခြင်း မရှိပေ။ ဘုရားသခင်သည် သူ၏ ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်းကို ဤလူတို့အား အချည်းနှီး ပေးလိမ့်မည် မဟုတ်။ ဤသည်မှာ ဘုရားသခင်၏ သဘောထားဖြစ်သည်။ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်မခံသောသူတို့သည် အစားအစာကို ရှာသည့် သူတောင်းစားတစ်ဦးကဲ့သို့ ဖြစ်သည်။ အစားအစာအတွက် မည်သူကို ၎င်းတို့ တောင်းကြသည်ဖြစ်စေ ၎င်းတို့ စိတ်နှလုံးများတွင် ၎င်းတို့၏ ကျေးဇူးရှင်များအတွက် လေးစားမှု ကင်းမဲ့ရုံမက ၎င်းတို့ကို လှောင်ပြောင်ကာ မုန်းတီးကြသည်။ ၎င်းတို့သည် မိမိတို့အတွက် မိမိတို့ ကျေးဇူးရှင်များ၏ ပိုင်ဆိုင်မှုပစ္စည်းများကိုပင် လုယူချင်ကြမည်ဖြစ်သည်။ ထိုသို့သော သူတောင်းစားတစ်ဦးကို ကျေးဇူးရှင်များက အစာပေးရန် လိုလားနေကြမည်လော။ မုချ လိုလားကြမည်မဟုတ်၊ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် အမှန်တကယ် သနားစဖွယ်မဟုတ်ဘဲ ထို့ထက် အလွန် စက်ဆုပ်ဖွယ်ဖြစ်ကြသောကြောင့် ဖြစ်သည်။ ထိုသို့သော လူတစ်ဦးအပေါ် ကျေးဇူးရှင်၏ သဘောထားမှာ အဘယ်နည်း။ ၎င်းတို့အနေဖြင့် အစားအစာကို ဤကဲ့သို့သော သူတောင်းစားတစ်ဦးအား ပေးဖို့ထက် ခွေးတစ်ကောင်ကို ပေးချင်ကြမည် ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ အမှန်တကယ် ခံစားရပုံဖြစ်သည်။ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သောသူတို့သည် မည်သည့် လူစားမျိုးများဖြစ်သည်ဟု သင် ထင်သနည်း။ ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး ဆန့်ကျင်သောသူများ ဖြစ်သလော။ ၎င်းတို့အနေဖြင့် ဘုရားသခင်ကို ပွင့်ပွင့်လင်းလင်း အတိုက်အခံ လုပ်ကြမည်မဟုတ်သော်လည်း ၎င်းတို့၏ သဘာဝ အနှစ်သာရသည် ဘုရားသခင်ကို ငြင်းပယ်ကာ အတိုက်အခံလုပ်ရန်ဖြစ်သည်။ ယင်းမှာ ဘုရားသခင်ကို “သင်ပြောသည့်အရာကို ကျွန်ုပ် မကြားလိုပါ၊ ကျွန်ုပ် လက်မခံပါ၊ ပြီးလျှင် သင်၏စကားများက သမ္မာတရားဖြစ်သည်ကို ကျွန်ုပ် လက်မခံသောကြောင့် သင့်ကို ကျွန်ုပ် မယုံကြည်ပါ။ ကျွန်ုပ်အတွက် အကျိုးပြုပြီး အကျိုးရှိသည့် မည်သူကိုမဆို ကျွန်ုပ် ယုံကြည်သည်”ဟု ပွင့်ပွင့်လင်းလင်း ပြောခြင်းနှင့် တူညီပေသည်။ ဤသည်မှာ ဘာသာတရားမရှိသူများ၏ သဘောထား ဖြစ်သလော။ ဤသည်မှာ သမ္မာတရားအပေါ် သင်၏ သဘောထားဖြစ်လျှင် သင်သည် ဘုရားသခင်ကို ပွင့်ပွင့်လင်းလင်း ရန်လိုနေခြင်း မဟုတ်လော။ သင်သည် ဘုရားသခင်ကို ပွင့်ပွင့်လင်းလင်း ရန်လိုနေလျှင် ဘုရားသခင်က သင့်ကို ကယ်တင်လိမ့်မည်လော။ ကယ်တင်မည် မဟုတ်။ ယင်းမှာ ဘုရားသခင်ကို ငြင်းပယ်ပြီး အတိုက်အခံလုပ်သူအားလုံးအပေါ် ဘုရားသခင်၏ အမျက်ဒေါသအတွက် အကြောင်းရင်း ဖြစ်သည်။ ဤကဲ့သို့သော လူများ၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် လူများ၏ အနှစ်သာရသည် ဘုရားသခင်ကို ရန်လိုခြင်း အနှစ်သာရဖြစ်သည်။ ဘုရားသခင်သည် ထိုသို့သော အနှစ်သာရရှိသည့်လူများကို လူအဖြစ် သဘောမထားပေ။ သူ၏ အမြင်တွင် ၎င်းတို့သည် ရန်သူများနှင့် နတ်ဆိုးများဖြစ်သည်။ ၎င်းတို့ကို သူ မည်သည့်အခါတွင်မျှ ကယ်တင်မည် မဟုတ်။ အဆုံးတွင် ၎င်းတို့သည် ကပ်ဘေးထဲသို့ ကျဆင်းကာ ပျက်စီးသွားကြပေမည်။ သင်တို့ အဘယ်သို့ထင်သနည်း။ သူတောင်းစားတစ်ဦးက မိမိ ကျေးဇူးရှင်၏ အစားအစာကို စားပြီး မိမိ၏ ကျေးဇူးရှင်ကို ကြိမ်းမောင်း၊ လှောင်ပြောင်၊ သရော်ကာ တိုက်ပင်တိုက်ခိုက်လျှင် ၎င်းတို့ကို ကျေးဇူးရှင်က မုန်းလိမ့်မည်လော။ သေချာပေါက် မုန်းပေမည်။ ဤအမုန်းတရားအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ (သူတောင်းစားသည် မိမိ၏ ကျေးဇူးရှင်ကို အစာပေးခြင်းအတွက် ကျေးဇူးကန်းရုံသာမက ထိုအစား ကျေးဇူးရှင်ကို သရော်၊ လှောင်ပြောင်ကာ တိုက်ခိုက်သည်။ ထိုသို့သော လူတစ်ဦးတွင် အသိတရား သို့မဟုတ် အသိစိတ် လုံးဝ မရှိသကဲ့သို့ လူ့သဘာဝလည်း မရှိပေ။) ဤသူတောင်းစားအပေါ် ကျေးဇူးရှင်က မည်သည့်သဘောထား ထားရှိသင့်သနည်း။ သူတောင်းစားကို မူလက ပေးခဲ့သည့်အရာများကို ကျေးဇူးရှင်က ပြန်ယူသင့်ပြီးနောက် ၎င်းကို မောင်းထုတ်သင့်ပေသည်။ ဤအရာများကို ထိုသူတောင်းစားအား ပေးခြင်းထက် ခွေးများ သို့မဟုတ် တောရိုင်း တိရစ္ဆာန်များအား ပေးသင့်ပေသည်။ ဤသည်မှာ သူတောင်းစားက မိမိကိုယ်ကို ဖြစ်စေသည့် အကျိုးဆက်ဖြစ်သည်။ ဘုရားသခင်က လူတစ်ဦး၊ သို့မဟုတ် လူတစ်မျိုးတစ်စားအပေါ် အလွန် အကြီးအကျယ် အမျက်ဒေါသထွက်ရသည့် အကြောင်းရင်းတစ်ခု ရှိ၏။ ဤအကြောင်းရင်းကို ဘုရားသခင်၏ နှစ်သက်မှုဖြင့် သတ်မှတ်ထားခြင်းမဟုတ်ဘဲ၊ သမ္မာတရားအပေါ် ထိုလူ၏ သဘောထားအားဖြင့် သတ်မှတ်ခြင်း ဖြစ်သည်။ လူတစ်ဦးသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့်အခါ ဤသည်မှာ ၎င်းတို့၏ ကယ်တင်ခြင်း ရရှိခြင်းကို သေချာပေါက် ဆိုးရွားစေနိုင်သည်။ ဤသည်မှာ ခွင့်လွှတ်နိုင်သည့်အရာ၊ သို့မဟုတ် ခွင့်မလွှတ်နိုင်သည့်အရာတစ်ခု မဟုတ်၊ အပြုအမူပုံစံတစ်ခု သို့မဟုတ် ၎င်းတို့တွင် လျှပ်တစ်ပြက် ထုတ်ဖော်ပြသည့် အရာတစ်ခု မဟုတ်။ လူတစ်ဦး၏ သဘာဝ အနှစ်သာရဖြစ်ပြီး ဘုရားသခင်က ထိုသို့သော လူများကို အော်ဂလီအဆန်ဆုံး ဖြစ်သည်။ သင်သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် ဖောက်ပြန်ပျက်စီးခြင်းကို ရံဖန်ရံခါ ထုတ်ဖော်လျှင် သင်သည် ဤထုတ်ဖော်ခြင်းများက သမ္မာတရားကို ရွံမုန်းခြင်းကြောင့်လော သို့မဟုတ် သမ္မာတရားကို သိနားလည်မှု ကင်းမဲ့ခြင်းမှ ဖြစ်သလောဟူသည်ကို ဘုရားနှုတ်ကပတ်တော်များအား အခြေခံ၍ ဆန်းစစ်ရမည်။ ဤအရာက ရှာဖွေမှုလိုအပ်ပြီး ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် အကူအညီ လိုအပ်သည်။ သင်၏ သဘာဝ အနှစ်သာရသည် သမ္မာတရားကို သင် အလွန်အမင်း မနှစ်မြို့ကာ သမ္မာတရားကို သင် လုံးဝ လက်မခံဘဲ အထူးသဖြင့် ထိုသမ္မာတရားကို စက်ဆုပ်ရွံရှာသကဲ့သို့ ရန်လိုသည့်အရာဖြစ်လျှင် ပြဿနာရှိပေသည်။ သင်သည် မုချ ဆိုးယုတ်သော သူတစ်ဦးဖြစ်ပြီး ဘုရားသခင်က သင့်ကို ကယ်တင်လိမ့်မည် မဟုတ်။
ဘာသာတရားမရှိသူများနှင့် ဘုရားသခင်ကို ယုံကြည်သူတို့ကြား ခြားနားချက်မှာ အဘယ်နည်း။ ဘာသာရေး ခံယူချက်တွင် ခြားနားခြင်းတစ်ခုသာ ဖြစ်သလော။ မဟုတ်ပေ။ ဘာသာတရားမရှိသူများသည် ဘုရားသခင်ကို အသိအမှတ် မပြုကြသကဲ့သို့ အထူးသဖြင့် ဘုရားသခင် ဖော်ပြသည့် သမ္မာတရားကို ၎င်းတို့ လက်မခံနိုင်ကြပေ။ ဤအရာက ဘာသာတရားမရှိသူများအားလုံးသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သကဲ့သို့ မုန်းတီးကြောင်းကို သက်သေပြပေသည်။ ဥပမာအားဖြင့် လူကို ဘုရားသခင် ဖန်ဆင်းခဲ့သည်မှာ အမှန်တရားတစ်ခု ဖြစ်သည်။ ထိုအရာသည် သမ္မာတရား ဖြစ်သလော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ဤအရာကို ကြားသည့်အခါ ဘုရားသခင်ကို ယုံကြည်သောလူတို့၏ သဘောထားမှာ အဘယ်နည်း။ ၎င်းတို့က ဤအရာကို လုံးဝ အသိအမှတ်ပြုပြီး ယုံကြည်ကြသည်။ ဤအမှန်တရား၊ ဤသမ္မာတရားကို ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်ခြင်း အခြေခံအုတ်မြစ်အဖြစ် ၎င်းတို့ လက်ခံယုံကြည်ကြသည်။ ဤသည်မှာ သမ္မာတရားကို လက်ခံခြင်းဆိုသည့်အရာ ဖြစ်သည်။ ထိုအရာမှာ သင်က ဝမ်းမြောက်ဝမ်းသာစွာ ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦး ဖြစ်လျက် ဘုရားသခင်၏ လမ်းပြခြင်းနှင့် အချုပ်အခြာအာဏာကို လိုလိုလားလား လက်ခံရင်းနှင့် ဘုရားသခင်က ငါတို့၏ ဘုရားသခင်ဖြစ်ကြောင်း အသိအမှတ်ပြုရင်း လူကို ဘုရားသခင် ဖန်ဆင်းသည့် အမှန်တရားအား သင်၏ စိတ်နှလုံး အတွင်းနက်နက်နေရာများမှ လက်ခံခြင်းကို ဆိုလိုပေသည်။ ပြီးလျှင် “လူကို ဘုရားသခင် ဖန်ဆင်းခဲ့သည်”ဟူသည်ကို ကြားသည့်အခါ ဘုရားသခင်ကို မယုံကြည်သောသူတို့၏ သဘောထားမှာ အဘယ်နည်း။ (ထိုအရာကို ၎င်းတို့က လက်မခံကြပါ၊ သို့မဟုတ် အသိအမှတ်မပြုကြပါ။) ထိုအရာကို အသိအမှတ်မပြုခြင်းအပြင် ၎င်းတို့၏ တုံ့ပြန်မှုမှာ အဘယ်နည်း။ ၎င်းတို့က သင့်ကို ဆန့်ကျင်ရာတွင် ဤအရာကို အသုံးပြုဖို့ ကြိုးစားရန် တတ်နိုင်သမျှ လုပ်ဆောင်ရင်း သင့်ကို လှောင်ပင်လှောင်လိမ့်မည်၊ သင့်ကို သရော်ကာ ပြောင်ကြလိမ့်မည်၊ သင့်ကို အထင်သေးခြင်းဖြင့် ကြည့်ကာ ဤစကားများနှင့် ဤအမှန်တရားများအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချကြလိမ့်မည်။ ဤစကားများအား အသိအမှတ်ပြုကြသူအားလုံးပေါ် သရော်၊ ထေ့ငေါ့၊ အထင်သေးပြီး ရန်လိုသည့် သဘောထားတစ်ခုကိုပင် ထားရှိနိုင်သည်။ ဤသည်မှာ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ထိုသို့သော လူများကို သင် မြင်သည့်အခါ မုန်းသလော။ သင် အဘယ်သို့ ထင်သနည်း။ သင်က “လူကို ဘုရားသခင် ဖန်ဆင်းခဲ့သည်။ ယင်းမှာ အမှန်တရားတစ်ခုဖြစ်သည်။ မငြင်းနိုင်အောင် မှန်သည်။ ဤအရာကို သင် လက်မခံပါ၊ သင်၏ ဇာစ်မြစ်များကို သင် အသိအမှတ်မပြုပါ၊ သင်သည် အမှန်တကယ်ကို ကျေးဇူးကန်းပေသည်။ သင်သည် အကျင့်ပျက်ပြီး ဖောက်ပြန်နေသည်။ သင်သည် အမှန်တကယ် စာတန်အမျိုး ဖြစ်သည်”ဟု စဉ်းစားသည်။ ယင်းမှာ သင် စဉ်းစားသည့်အရာ ဖြစ်သလော။ (ဟုတ်ပါသည်။) ဤကဲ့သို့ သင် အဘယ်ကြောင့် စဉ်းစားသနည်း။ ၎င်းတို့က ဤအဆိုကို မနှစ်သက်သောကြောင့်သက်သက် သင်က ဤသို့ တွေးထင်သလော။ (မဟုတ်ပါ။) ထိုသို့သော မကြိုက်သည့် စိတ်နေစိတ်ထားတစ်ခု သင့်အထဲတွင် ထွက်ပေါ်ရန် မည်သည့်အရာက ဖြစ်စေသနည်း။ (ထိုအရာက သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားကြောင့် ဖြစ်သည်။) ၎င်းတို့အနေဖြင့် ဤစကားများကို သာမန်စကားများအဖြစ်၊ သီအိုရီတစ်ခု သို့မဟုတ် ဘာသာရေး ခံယူချက်တစ်ခုအဖြစ် လေးစားလျှင် သင်၏ ဒေါသက သိပ်ကြီးမားမည် မဟုတ်ပေ။ သို့ရာတွင် ၎င်းတို့ထဲ၌ ထွက်ပေါ်နေသည့် စက်ဆုပ်မှု၊ မုန်းတီးမှုနှင့် အထင်အမြင်သေးမှုတို့ကို သင် မြင်သည့်အခါ၊ ထိုအရာများက ဤသမ္မာတရားနှင့်ဆိုင်သော အဆိုကို ရှုတ်ချဝေဖန်သည့် စကားလုံးများ၊ သဘောထားများနှင့် စိတ်သဘောထားတို့ဖြင့် ထွက်လာသည်ကို သင် မြင်သည့်အခါ သင် ဒေါသထွက်ပေသည်။ ထိုသို့ဖြစ်သလော။ လူအချို့သည် ဘုရားသခင်ကို မယုံကြည်သော်လည်း အခြားလူတို့၏ ယုံကြည်ခြင်းကို လေးစားကြပြီး အခြားသူများက ပြောဆိုသည့် ယုံကြည်ခြင်းနှင့်ဆိုင်သော ကိစ္စရပ်များကို ဖြိုဖျက်ဖို့ မကြိုးစားကြပေ။ ၎င်းတို့အပေါ် မနှစ်သက်ခြင်း သို့မဟုတ် စက်ဆုပ်ခြင်းတစ်ခုမျှ သင် မရှိ။ ၎င်းတို့နှင့် သင် မိတ်ဆွေဖွဲ့နိုင်ပြီး ၎င်းတို့နှင့်အတူ အေးအေးချမ်းချမ်း အသက်ရှင်နိုင်ဆဲဖြစ်သည်။ သင်တို့သည် ရန်သူများ ဖြစ်လာကြလိမ့်မည် မဟုတ်။ အမှန်တွင် သင် ပလဲပနံသင့်၍ရနိုင်သည့် ဘာသာတရားမရှိသူအရေအတွက် အနည်းအကျဉ်းသာ ရှိ၏။ ၎င်းတို့အနေဖြင့် မှန်သော လမ်းခရီးကို လက်မခံသကဲ့သို့ ဘုရားအိမ်တော်သားများ ဖြစ်မလာနိုင်ကြသော်လည်း သင်သည် ၎င်းတို့နှင့် အဆင်ပြေကာ အဆက်အဆံများ ရှိနိုင်ဆဲဖြစ်သည်။ ၎င်းတို့တွင် အနည်းဆုံးအနေဖြင့် အသိတရားနှင့် အသိစိတ် ရှိကြသည်။ ၎င်းတို့သည် သင့်ကို ကျိတ်ကြံခြင်းမရှိသကဲ့သို့ နောက်ကျောကို ဓားနှင့် ထိုးလိမ့်မည်မဟုတ်သောကြောင့် ၎င်းတို့နှင့် သင် ပေါင်းဖော်နိုင်သည်။ သမ္မာတရားကို အမနာပပြောဖို့ ကြိုးစားသူများအပေါ်၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သူများအပေါ် သင်၏စိတ်နှလုံးထဲ၌ သင်ဒေါသထွက်သည်။ သင်သည် ၎င်းတို့နှင့် မိတ်ဆွေဖွဲ့နိုင်သလော။ (မဖွဲ့နိုင်ပါ။) ၎င်းတို့နှင့် မိတ်ဆွေ မဖွဲ့ခြင်းအပြင် ၎င်းတို့နှင့် ပတ်သက်၍ သင်သည် မည်သို့ သဘောရသေးသနည်း။ ၎င်းတို့အား သင်မည်သို့ဆက်ဆံမည်ကို သင့်အား ရွေးချယ်ခိုင်းပါက သင်သည် ၎င်းတို့အား မည်သို့ ဆက်ဆံမည်နည်း။ သင်က “လူကို ဘုရားသခင် ဖန်ဆင်းခဲ့သည်။ ယင်းမှာ အမှန်တရားဖြစ်သည်။ ယင်းမှာ သမ္မာတရားဖြစ်သည်။ ယင်းမှာ ကြီးမြတ်ပြီး မြင့်မြတ်လှပါတကား။ ဤအရာကို သင်သည် လက်မခံရုံသာမက ယင်းကို အမနာပပြောဖို့လည်း သင်ကြိုးစား၏။ သင်၌ အသိစိတ် တကယ်ကို မရှိပေ။ ဘုရားသခင်က ကျွန်ုပ်ကို တန်ခိုးအာဏာပေးပါက ကျွန်ုပ်သင့်ကို ကျိန်ဆဲပစ်မည်၊ ကျွန်ုပ်သင့်ကို ဖျက်ဆီးပစ်မည်၊ ကျွန်ုပ်သင့်ကို ပြာဖြစ်စေမည်” ဟု သင်ပြောလိမ့်မည်။ ယင်းမှာ သင်၏ ခံစားချက်လော။ (ဟုတ်ပါသည်။) ဤသည်မှာ တရားမျှတစိတ်ဖြစ်သည်။ သို့သော် ၎င်းတို့သည် နတ်ဆိုးများ ဖြစ်သည်ကို သင်တွေ့မြင်သည့်အခါ သင့်တင့်လျောက်ပတ်မည့် အရာမှာ ၎င်းတို့ကို လျစ်လျူရှုဖို့၊ ၎င်းတို့နှင့် ဝေးရာတွင်နေဖို့ ဖြစ်သည်။ ၎င်းတို့က သင့်ကို စကားပြောသည့်အခါတွင် စကားနည်း ရန်စဲနေခြင်းက အဆင်ပြေသည်။ ဤသည်မှာ အမြော်အမြင်ရှိသည့် လုပ်ရပ် ဖြစ်သည်။ သို့သော် စိတ်ထဲတွင် သင်သည် ထိုသို့သော လူတို့နှင့် မတူကွဲပြားသော လမ်းကြောင်းတစ်ခုပေါ်ရှိသည်ကို သိသည်။ ၎င်းတို့သည် မည်သည့်အခါတွင်မျှ ဘုရားသခင်ကို ယုံကြည်ခြင်း ရှိနိုင်ကြမည်မဟုတ်။ သမ္မာတရားကို ၎င်းတို့ လုံးဝ လက်ခံကြလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်ကို ၎င်းတို့ ယုံကြည်လျှင်ပင် ဘုရားသခင်က ၎င်းတို့ကို အလိုရှိမည် မဟုတ်ပေ။ ၎င်းတို့က ဘုရားသခင်ကို ငြင်းပယ်ကာ အတိုက်အခံလုပ်ကြသည်။ ၎င်းတို့သည် သားရဲတိရစ္ဆာန်များ ဖြစ်ကြသည်၊ နတ်ဆိုးများဖြစ်ကြသည်၊ ငါတို့ကဲ့သို့ တစ်လမ်းတည်းကို ၎င်းတို့ မလိုက်လျှောက်ကြပေ။ ဘုရားသခင်၌ စစ်မှန်သည့် ယုံကြည်ခြင်းရှိသူတို့သည် နတ်ဆိုးများနှင့် ထိတွေ့ဆက်ဆံရန် လိုလားခြင်း မရှိကြပေ။ မည်သည့် နတ်ဆိုးကိုမျှ မမြင်သည့်အခါ ၎င်းတို့ အဆင်ပြေကြသော်လည်း မြင်သည့်အခါ ချက်ချင်း ထိုနတ်ဆိုးများကို အတိုက်အခံလုပ်ကြသည်။ မည်သည့် နတ်ဆိုးကိုမျှ မမြင်မှသာ ၎င်းတို့၏ စိတ်နှလုံးများက အေးချမ်းလိမ့်မည် ဖြစ်သည်။ အချို့သော လူတို့သည် ဘာသာတရားမရှိသည့် နတ်ဆိုးများထံ ဘုရားအိမ်တော် အရေးကိစ္စများအကြောင်းကို အမြဲ ပြောဆိုကြသည်။ ဤသည်တို့မှာ အမိုက်မဲဆုံးသော လူများဖြစ်သည်။ ၎င်းတို့သည် အတွင်းလူနှင့် အပြင်လူတို့ကြား မခွဲခြားတတ်ကြ၊ မည်သည့်အရာကိုမျှ လုံးဝ နားမလည်သည့် ယောင်တိယောင်ချာ မိုက်မဲသူများ ဖြစ်သည်။ ထိုသို့သော ရယ်ဖွယ်ရာများ လုပ်နိုင်စွမ်းရှိသည့်လူများကို ဘုရားသခင် ကယ်တင်နိုင်သလော။ လုံးဝ မကယ်တင်နိုင်ပေ။ နတ်ဆိုးများနှင့် အဆက်အဆံများ အမြဲရှိသည့်လူများသည် မယုံကြည်သူများ ဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်နှင့် မုချ မသက်ဆိုင်ကြသကဲ့သို့ အနှေးနှင့်အမြန်ဆိုသလို စာတန်ထံ ပြန်သွားကြရလိမ့်မည်။ လူအချို့သည် မည်သူက ညီအစ်ကိုနှင့် ညီအစ်မတစ်ဦးဖြစ်ပြီး မည်သူက ဘာသာတရားမရှိသူတစ်ဦး ဖြစ်သည်ကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိကြချေ။ ၎င်းတို့သည် နားဝေတိမ်တောင်အဖြစ်ဆုံးသော လူများဖြစ်သည်။ ၎င်းတို့က ဘုရားအိမ်တော်၏ အရေးကိစ္စများအကြောင်းကို မယုံကြည်သူများနှင့် နတ်ဆိုးများထံ ပြောပြကြသည်။ ဤသည်မှာ ဝက်များထံ ပုလဲများ ပစ်ပေးခြင်းနှင့် အလေးအမြတ်ထားအပ်သည့်အရာကို ခွေးများအား ပေးခြင်းကဲ့သို့ ဖြစ်သည်။ ထိုမယုံကြည်သူများနှင့် နတ်ဆိုးများသည် ဝက်များနှင့် ခွေးများကဲ့သို့ ဖြစ်ကြသည်။ ၎င်းတို့သည် ပြိတ္တာများထဲသို့ အတန်းအစားခွဲခြင်းခံရကြသည်။ သင်သည် ၎င်းတို့နှင့်အတူ ဘုရားအိမ်တော်၏ အရေးကိစ္စများ ဆွေးနွေးလျှင် မိုက်မဲသည့်ပုံ ပေါ်လိမ့်မည်။ ထိုအရာကို ၎င်းတို့ ကြားပြီးသည့်နောက်တွင် ဘုရားအိမ်တော်နှင့် သမ္မာတရားကို ပေါ့ပေါ့တန်တန် အသရေဖျက်ကြလိမ့်မည်။ ဤအရာကို သင် လုပ်ဆောင်လျှင် သင်သည် ဘုရားသခင်ကို တာဝန်မကျေ ဖြစ်လိမ့်မည်ဖြစ်ပြီး အကြွေးတစ်ခု တင်ရှိလိမ့်မည်။ ဘုရားအိမ်တော်၏ အရေးကိစ္စများကို မယုံကြည်သူများ၊ နတ်ဆိုးများနှင့်အတူ လုံးဝ မဆွေးနွေးရပေ။ လူတို့သည် သမ္မာတရားကို မနှစ်သက်သူ၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သူ၊ သို့မဟုတ် သမ္မာတရားကို အသရေဖျက်သူတို့နှင့် ထိတွေ့ဆက်ဆံရန် စိတ်အနှောင့်အယှက်ဖြစ်ကြသည်၊ အတိုက်အခံလုပ်ကာ လိုလားခြင်းမရှိကြပေ။ ထို့ကြောင့် ဘုရားသခင် မည်သို့ ခံစားရသည်ဟု သင် ထင်သနည်း။ ဘုရားသခင် ထုတ်ဖော်သည့်အတိုင်း ဘုရားသခင်၏ စိတ်သဘောထား၊ ဘုရားသခင်၏ အနှစ်သာရ၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်း၊ ဘုရားသခင်၏ အသက်နှင့် အနှစ်သာရတို့သည် သမ္မာတရားများသာ ဖြစ်၏။ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သောလူတစ်ဦးသည် ဘုရားသခင်ကို ဆန့်ကျင်သည့် လူတစ်ဦးဖြစ်ပြီး ဘုရားသခင်၏ ရန်သူတစ်ဦးဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ ဤသည်မှာ ဘုရားသခင်နှင့် သဟဇာတမဖြစ်ခြင်း ကိစ္စရပ်ထက်ပိုသည်။ ဤကဲ့သို့သော လူတို့အတွက် ဘုရားသခင်၏ အမျက်သည် အလွန်ကြီးမား၏။
ယခုအခါတွင် သင်တို့အားလုံး၌ အခြေခံအုတ်မြစ်နှင့်ဆိုင်သည့်အရာ တစ်ခုခု ရှိကြပြီဖြစ်ပြီး ဘုရားသခင်၏ အိမ်တော်သားများအဖြစ် သင်တို့ကို ယူဆ၍ရနိုင်ပေသည်။ သင်သည် သမ္မာတရားကို ဝီရိယရှိရှိ လိုက်စားရမည်ဖြစ်ပြီး သင်၏ တာဝန်များကို ထမ်းဆောင်သည့် ဖြစ်စဉ်တွင် သင်၏ ကိုယ်ပိုင် စကားများနှင့် လုပ်ဆောင်ချက်များကို စဉ်ဆက်မပြတ် ဆန်းစစ်ရမည်၊ သင်၏ အခြေအနေ အမျိုးမျိုးကို ဆန်းစစ်ကာ သင်၏ စိတ်သဘောထားတွင် အပြောင်းအလဲအချို့ ရရှိရန် ကြိုးပမ်းရမည်။ ဤသည်မှာ တန်ဖိုးရှိသော အရာတစ်ခု ဖြစ်သည်။ ထို့နောက်တွင် သင်သည် ဘုရားသခင် ရှေ့မှောက်သို့ အမှန်တကယ် လာနိုင်လိမ့်မည်။ အနည်းဆုံးအနေဖြင့် သင့်ကို ဘုရားသခင် လက်ခံအောင် သင် လုပ်ရမည်။ ယောဘ၏ အဆင့်သို့ သင် မရောက်ရှိနိုင်ဘဲ သင့်ကို စစ်ဆေးဖို့ ဘုရားသခင်ကို စာတန်နှင့် ကိုယ်တိုင်ကိုယ်ကျ လောင်းကြေးထပ်စေမည့် အရည်အချင်းများ ကင်းမဲ့လျှင် အနည်းဆုံးအနေဖြင့် သင်၏ လုပ်ရပ်များနှင့် အပြုအမူတို့ဖြင့် ဘုရားသခင်၏ အလင်းတွင် သင် အသက်ရှင်နိုင်ပြီး သင့်ကို ဘုရားသခင် စောင့်ရှောက်ကာ ကွယ်ကာလိမ့်မည်ဖြစ်ကာ သူ၏ နောက်လိုက်များထဲမှ တစ်ဦးနှင့် သူ၏ အိမ်တော်သားတစ်ဦးအဖြစ် အသိအမှတ်ပြုလိမ့်မည်ဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကို သင် အသိအမှတ်ပြုပြီး ယုံကြည်ခဲ့ကတည်းက သင်သည် ဘုရားသခင်၏ လမ်းခရီးအား လိုက်လျှောက်ရမည့်ပုံကို စဉ်ဆက်မပြတ် ရှာဖွေနေခဲ့သောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် သင်၏ အပြုအမူနှင့် စစ်မှန်ရိုးသားမှုတို့ကို ကျေနပ်သောကြောင့် သူသည် သင့်ကို လေ့ကျင့်မှု ခံယူရရှိရန်၊ ပြုပြင်ခံရရန်နှင့် သူ၏ ကယ်တင်ခြင်းကို လက်ခံရန် သူ၏ အိမ်တော်ထဲသို့ ဦးဆောင်လမ်းပြပြီးဖြစ်သည်။ ကြီးမားလိုက်သည့် ကောင်းချီးပါတကား။ ဘုရားသခင် သို့မဟုတ် သမ္မာတရားအကြောင်း ဘာမျှ မသိရှိခဲ့သည့် ဘုရားအိမ်တော် ပြင်ပရှိ လူတစ်ဦးအဖြစ် အစပြုရင်း သင်သည် ဘုရားသခင်၏ ပထမဆုံး စစ်ဆေးချက်ကို လက်ခံခဲ့ပြီး ထိုစစ်ဆေးချက်ကို အောင်ပြီးနောက်တွင် ဘုရားသခင်က သင့်ကို သူ၏ အိမ်တော်ထဲသို့ ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်လမ်းပြခဲ့သည်၊ သူ့ရှေ့သို့ သင့်ကို ခေါ်ဆောင်ခဲ့သည်၊ တာဝန်ပေးစေခိုင်းချက်တစ်ခု သင့်ကို ပေးအပ်ခဲ့သည်၊ သင့်အနေဖြင့် ထမ်းဆောင်ရန် တာဝန်များ စီစဉ်ပေးခဲ့ပြီး ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်အတွင်းတွင် လူသား တာဝန်အချို့ကို သင့်အား ထမ်းဆောင်ခွင့် ပေးခဲ့သည်။ အမှန်တွင် ထိုအရာသည် မထင်ပေါ်သော အလုပ်တစ်ခုခု ဖြစ်သော်လည်း နောက်ဆုံး၌ သင်သည် ဘုရားသခင်၏ ဂရုစိုက်ခြင်းနှင့် ကွယ်ကာမှုတို့ ရှိပြီး ဘုရားသခင်ထံမှ ကတိတစ်ခုကို သင် ရရှိပြီးဖြစ်သည်။ ဤကောင်းချီးမင်္ဂလာသည် လုံလုံလောက်လောက် ကြီးမားပေသည်။ နောင်ဘဝတွင် သရဖူဆောင်းပြီး ဆုချီးမြှင့်ခံရခြင်းတို့ကို ငါတို့ ဘေးဖယ်ထားပြီး ဤဘဝတွင် လူတို့ မွေ့လျော်ခံစားနိုင်သည့်အရာကိုသာ ငါတို့ ပြောမည်။ သင် ကြားသည့် သမ္မာတရား၊ သင် မွေ့လျော်ခံစားသည့် ဘုရားသခင်၏ ကျေးဇူးတော်၊ ကရုဏာတော်၊ ဂရုစိုက်ခြင်းနှင့် ကွယ်ကာမှု၊ ဘုရားသခင် သင့်ကို ပေးသည့် အမျိုးမျိုးသော ပဲ့ပြင်ဆုံးမမှုနှင့် ရိုက်နှက်မှု အမျိုးအစားများအပြင် လူကို ဘုရားသခင် ပေးသည့် ဤသမ္မာတရားအားလုံး ထောက်ပံ့မှုတို့သည်ပင်လျှင် ငါ့ကိုပြောလော့၊ သင် မည်မျှ ရရှိနေသနည်း။ အဆုံးတွင် ဤသမ္မာတရားများကို သိနားလည်ခြင်းအပြင် သင့်အနေဖြင့် ဘုရားသခင်ကို သိရှိသည့်လူတစ်ဦးအဖြစ်သို့ ပြောင်းလဲရန်၊ သမ္မာတရားကို သင်၏ အသက်အဖြစ် ပိုင်ဆိုင်ရန်နှင့် ဘုရားအိမ်တော်တွင် အသုံးဝင်ရန်အလို့ငှာ ဘုရားသခင်က သင့်ကို စာတန်၏ အုပ်စုမှ လုံးဝ ကယ်တင်လိမ့်မည် ဖြစ်သည်။ ဤကောင်းချီးမင်္ဂလာသည် ကြီးမားသည့် ကောင်းချီးမင်္ဂလာတစ်ခု မဟုတ်လော။ (ကြီးမားပါသည်။) ဤသည်မှာ ဘုရားသခင်၏ ကတိတစ်ခု ဖြစ်သည်။ ဘုရားသခင်က သင့်ကို သူ၏ အိမ်တော်ထဲသို့ ခေါ်ဆောင်သည့်နောက်တွင် “သင်သည် ကောင်းချီးခံစားရ၏။ အသင်းတော်ထဲသို့ ဝင်ရောက်ခြင်းအားဖြင့် သင်၌ ကယ်တင်ခံရမည့် မျှော်လင့်ချက်ရှိသည်”ဟု သင့်ကို သူ ပြောသည်။ မည်သည့်အရာ ဖြစ်နေသည်ကို သင် မသိခြင်း ဖြစ်နိုင်သော်လည်း အမှန်တွင် ဘုရားသခင်၏ ကတိကို သင့်အား ပေးထားနှင့်ပြီး ဖြစ်သည်။ တစ်ချိန်တည်းတွင် သင်၏ ဘဝက တဖြည်းဖြည်း ကြီးထွားရင့်ကျက်ကာ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံကာ ကိုးကွယ်သည့် လူတစ်ဦးဖြစ်လာရန်အလို့ငှာ ဘုရားသခင်သည် သမ္မာတရား ထောက်ပံ့ပေးခြင်း၊ သင့်ကို ပြုပြင်ခြင်း၊ သင့်ကို တာဝန်များပေးခြင်းနှင့် တာဝန်ပေးစေခိုင်းချက်တစ်ခု ပေးအပ်ခြင်းတည်းဟူသော ဤကတိတော်ကို ပြည့်စုံစေရန် ဤအရာများအားလုံးကို လုပ်ဆောင်နေခြင်း ဖြစ်သည်။ ယခုတွင် လူတို့သည် ဤကတိတော်ကို ရရှိပြီးပြီလော။ ထိုကတိတော် ဖြစ်ထွန်းခြင်နှင့် ပြီးပြည့်စုံခြင်းရှိသည့် နေ့ရက်မတိုင်မီတွင် လုပ်ဆောင်စရာများစွာ ရှိသေး၏။ အမှန်တွင် သင်တို့ထဲမှ အချို့သည် ထိုကတိကို ရရှိနှင့်ပြီးဖြစ်ကာ အချို့မှာမူ စိတ်ဆုံးဖြတ်ချက် ရှိသော်လည်း မရရှိသေးပေ။ ထိုအရာက သင်တို့အနေဖြင့် ဤကတိတော်ကို ဖမ်းဆုပ်ရန် စိတ်ဆုံးဖြတ်ချက်ရှိပြီး ပြည့်စုံစေနိုင်ခြင်း ရှိမရှိဆိုသည့်အပေါ် မူတည်ပေသည်။ ဘုရားသခင် လုပ်ဆောင်သမျှတိုင်းကို သင့်တင့်လျောက်ပတ်သည့် အချိန်နှင့် သင့်တင့်လျောက်ပတ်သည့် အတိုင်းအတာဖြင့် လူတို့အား တစ်ဆင့်ပြီးတစ်ဆင့် ပေးထားသည်။ မည်သည့် အမှားမျှ လုံးဝ မရှိသောကြောင့် မိုက်မဲမည်၊ ညံ့ဖျင်းသော အစွမ်းအစရှိမည်၊ ငယ်ရွယ်မည်၊ သို့မဟုတ် ဘုရားသခင်ကို တိုတောင်းသည့်အချိန်တစ်ခုသာ ယုံကြည်မိမည်ကို သင် စိုးရိမ်ရန် မလိုအပ်ပေ။ ဤအပြင်ပန်း အကြောင်းပြချက်များအား သင်၏ အသက်ဝင်ရောက်မှုကို ထိခိုက်ခွင့်မပေးနှင့်။ ဘုရားသခင် မည်သည့်အရာကို ပြောသည်ဖြစ်စေ ပထမဆုံးအနေဖြင့် ထိုအရာက လူတို့အား ၎င်းတို့၏ တကယ့် ဝိညာဉ်ရင့်ကျက်မှုနှင့် အစွမ်းအစတို့ကို မှန်ကန်တိကျစွာ သိရှိကာ တိုင်းတာခွင့်ပေးပြီး ၎င်းတို့၏ ကိုယ်ပိုင် အတိုင်းအတာကို သိလာခွင့်ပေးသည်။ ဒုတိယအနေဖြင့် အပြုသဘောဆောင်သော သွင်ပြင်လက္ခဏာဖြင့်ဆိုလျှင် ထိုအရာက လူတို့အား သမ္မာတရားအပေါ် သာ၍ နက်ရှိုင်းသော သိနားလည်မှု ပေးပြီး ၎င်းတို့အား သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ခွင့်ပေးကာ ၎င်းတို့၏ တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ခွင့် ပေးသည့်အပြင် ဘုရားသခင်၏ ရည်ရွယ်ချက်များကိုလည်း အထမြောက်အောင် ဆောင်ရွက်ခွင့်ပေးသည်။ ဤသည်တို့မှာ ဘုရားနှုတ်ကပတ်တော်များ၏ ရည်ရွယ်ချက်များ ဖြစ်သည်။ ဤအရာများကို စွမ်းဆောင်ရရှိရန်မှာ အမှန်တကယ် အလွန်ရိုးရှင်း၏။ သင့်အနေဖြင့် သမ္မာတရားကို ချစ်သော စိတ်နှလုံးတစ်ခု ရှိသရွေ့ အခက်အခဲမရှိပေ။ လူသားများအတွက် အကြီးမားဆုံးသော အခက်အခဲမှာ အဘယ်နည်း။ ထိုအရာမှာ သင်က သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သကဲ့သို့ သမ္မာတရားကို လုံးဝ မချစ်ခြင်းဖြစ်သည်။ ဤသည်မှာ အကြီးမားဆုံး အခက်အခဲဖြစ်သည်။ သဘာဝနှင့်ဆိုင်သော ပြဿနာတစ်ခု ပါဝင်သည်။ သင်သည် အမှန်တကယ် နောင်တမရလျှင် ထိုအရာက ပြဿနာကို လက်ယပ်ခေါ်နိုင်သည်။ သမ္မာတရားကို သင် အလွန်အမင်း မနှစ်မြို့သကဲ့သို့အမြဲ အသရေဖျက်ကာ မထီမဲ့မြင်ပြုလျှင် ဤသဘာဝမျိုး သင်၌ ရှိလျှင် သင် အလွယ်တကူ ပြောင်းလဲလိမ့်မည် မဟုတ်။ သင် ပြောင်းလဲလျှင်ပင် ဘုရားသခင်၏ သဘောထား ပြောင်းလဲခြင်း ရှိမရှိဟူသည်ကို ကြည့်ရဦးမည် ဖြစ်သည်။ သင် လုပ်ဆောင်သည့်အရာက ဘုရားသခင်၏ သဘောထားကို ပြောင်းလဲစေနိုင်လျှင် သင်သည် ကယ်တင်ခံရမည့် မျှော်လင့်ချက်ရှိဆဲဖြစ်သည်။ ဘုရားသခင်၏ သဘောထားကို သင် မပြောင်းလဲနိုင်သကဲ့သို့ ဘုရားသခင်၏ စိတ်နှလုံးထဲတွင် သင်၏ အနှစ်သာရကို သူ အလွန်အမင်း မနှစ်မြို့သည်မှာ ကြာပြီဖြစ်လျှင် ကယ်တင်ခြင်းနှင့်ဆိုင်သည့် မျှော်လင့်ချက် သင်၌ မရှိပေ။ ထို့ကြောင့် သင်တို့သည် မိမိတို့ကိုယ်ကို ဆန်းစစ်ရမည်။ သင်သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သကဲ့သို့ သမ္မာတရားကို အတိုက်အခံ လုပ်သည့် အခြေအနေတစ်ခုတွင် ရှိလျှင် ဤသည်မှာ အလွန် အန္တရာယ်များပေသည်။ ထိုသို့သော အခြေအနေတစ်ခုကို သင် မကြာခဏ ဖြစ်စေလျှင်၊ ထိုသို့သော အခြေအနေတစ်ခုထဲသို့ မကြာခဏ ကျဆင်းလျှင် သို့မဟုတ် သင်သည် အခြေခံအားဖြင့် ဤလူစားမျိုးဖြစ်လျှင် ဤသည်မှာ သာ၍ပင် ပြဿနာရှိပေသည်။ သင်သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် အခြေအနေတွင် ရံဖန်ရံခါရှိလျှင် ဦးစွာပထမ ထိုအရာမှာ သင်၏ သေးငယ်သော ဝိညာဉ်ရင့်ကျက်မှုကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ ဒုတိယအနေဖြင့် လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကိုယ်၌က ဤအခြေအနေကို မလွဲမသွေ ထွက်ပေါ်စေသည့် အနှစ်သာရမျိုး ပါရှိပေသည်။ သို့ရာတွင် ဤအခြေအနေက သင်၏ အနှစ်သာရကို ကိုယ်စားမပြုပေ။ တစ်ခါတစ်ရံ လျှပ်တစ်ပြက်ဖြစ်သော စိတ်ခံစားမှုတစ်ခုက သင့်ကို သမ္မာတရားအား အလွန်အမင်း မနှစ်မြို့စေသည့် အခြေအနေတစ်ခု ဖြစ်ပေါ်ကောင်း ဖြစ်ပေါ်စေနိုင်သည်။ ဤသည်မှာ ယာယီမျှသာ ဖြစ်သည်။ ယင်းမှာ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် သင်၏ စိတ်သဘောထား အနှစ်သာရအားဖြင့် ဖြစ်ခြင်း မဟုတ်ပေ။ ထိုအရာက ယာယီအခြေအနေတစ်ခုဖြစ်လျှင် ပြောင်းပြန်ဖြစ်စေ၍ ရနိုင်သော်လည်း သင် မည်သို့ ပြောင်းပြန်ဖြစ်စေမည်နည်း။ သင်သည် ဤသွင်ပြင်လက္ခဏာဖြင့် သမ္မာတရားကို ရှာဖွေရန် ဘုရားသခင် ရှေ့သို့ ချက်ချင်း လာရမည်ဖြစ်ပြီး သမ္မာတရားကို အသိအမှတ်ပြုလာနိုင်ရမည်၊ သမ္မာတရားနှင့် ဘုရားသခင်ကို ကျိုးနွံနာခံလာနိုင်ရမည်ဖြစ်သည်။ ထိုအခါ ဤအခြေအနေ ပြေလည်သွားသည်။ ထိုအရာကို သင် မဖြေရှင်းဘဲ ဆက်ကာဆက်ကာ ဖြစ်ခွင့်ပေးလျှင် သင် အန္တရာယ်ရှိ၏။ ဥပမာအားဖြင့် လူအချို့က “မည်သို့ဆိုစေ၊ ကျွန်ုပ်သည် ညံ့ဖျင်းသော အစွမ်းအစရှိပြီး သမ္မာတရားကို နားမလည်နိုင်ပါ။ ထို့ကြောင့် ထိုအရာကို ကျွန်ုပ် လိုက်စားတော့မည် မဟုတ်သကဲ့သို့ ဘုရားသခင်ကိုလည်း ကျွန်ုပ် ကျိုးနွံနာခံရန် မလိုပါ။ အဘယ်သို့ဖြစ်ပြီး ဘုရားသခင်က ဤအစွမ်းအစကို ကျွန်ုပ်အား ပေးရက်နိုင်ခဲ့သနည်း။ ဘုရားသခင် မဖြောင့်မတ်ပါ”ဟု ပြောကြသည်။ သင်သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ငြင်းပယ်သည်။ ယင်းမှာ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း မဟုတ်လော။ ထိုအရာမှာ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် သဘောထားဖြစ်ပြီး သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းနှင့်ဆိုင်သည့် သရုပ်သကန်တစ်ခု ဖြစ်သည်။ ဤသရုပ်သကန် ဖြစ်ပွားခြင်းအတွက် ဆက်စပ်အကြောင်းအရာတစ်ခု ရှိသည်။ ထို့ကြောင့် ဤအခြေအနေ၏ ဆက်စပ်အကြောင်းအရာနှင့် ဖြစ်ကြောင်းရင်းမြစ်တို့ကို ဖြေရှင်းရန် လိုအပ်သည်။ ဖြစ်ကြောင်းရင်းမြစ်က ပြေလည်သွားသည်နှင့်တစ်ပြိုင်နက် သင်၏ အခြေအနေသည် ထိုအရာနှင့်အတူ ပျောက်ကွယ်သွားလိမ့်မည်။ အချို့သော အခြေအနေများသည် အအေးမိခြင်း သို့မဟုတ် အဆုပ်ရောင်ရောဂါအားဖြင့် ဖြစ်နိုင်သည့် ချောင်းဆိုးခြင်းကဲ့သို့သော ရောဂါလက္ခဏာတစ်ခုနှင့် တူသည်။ အအေးမိခြင်း သို့မဟုတ် အဆုတ်ရောင်ရောဂါကို သင် ကုသလျှင် ချောင်းဆိုးခြင်းလည်း သက်သာသွားလိမ့်မည်။ ဖြစ်ကြောင်းရင်းမြစ် ပြေလည်သွားသည့်အခါ ရောဂါလက္ခဏာများ ပျောက်ကွယ်သွားသည်။ သို့ရာတွင် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် အခြေအနေအချို့သည် ရောဂါလက္ခဏာ မဟုတ်ဘဲ အကျိတ်တစ်ခု ဖြစ်သည်။ ဤရောဂါ၏ ဖြစ်ကြောင်းရင်းမြစ်က အတွင်းတွင်ရှိသည်။ အပြင်ပန်းကို ကြည့်ခြင်းအားဖြင့် ရောဂါလက္ခဏာတစ်ခုမျှ သင် တွေ့ကောင်းမတွေ့နိုင်သော်လည်း ရောဂါ ဖြစ်ပွားသည်နှင့် သေစေနိုင်ပေသည်။ ဤသည်မှာ အလွန်ဆိုးရွားသော ပြဿနာတစ်ခု ဖြစ်သည်။ ထိုသို့သော လူများသည် သမ္မာတရားကို လုံးဝ လက်ခံခြင်းမရှိ၊ အသိအမှတ်ပြုခြင်း မရှိ၊ သို့မဟုတ် ဘာသာတရားမရှိသူများကဲ့သို့ပင် သမ္မာတရားကို စဉ်ဆက်မပြတ် အသရေဖျက်ကြလေသည်။ စကားများက ၎င်းတို့၏ နှုတ်မှ မထွက်လျှင်ပင် ၎င်းတို့၏ စိတ်နှလုံးများထဲတွင် သမ္မာတရားကို ဆက်လက် အသရေဖျက်၊ ငြင်းပယ်ကာ ချေပနေကြသည်။ မည်သည့် သမ္မာတရားဖြစ်စေ၊ မိမိကိုယ်ကို သိရှိခြင်းဖြစ်စေ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အသိအမှတ်ပြုခြင်းဖြစ်စေ၊ သမ္မာတရားကို လက်ခံခြင်း၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်း၊ အမှုအရာများကို ဝတ်ကျေတမ်းကျေပုံစံဖြင့် မလုပ်ခြင်းဖြစ်စေ၊ ရိုးသားသော လူတစ်ဦးဖြစ်ခြင်းဖြစ်စေ၊ သမ္မာတရား၏ မည်သည့် သွင်ပြင်လက္ခဏာကိုမျှ ၎င်းတို့ လက်မခံ၊ ဝန်မခံ သို့မဟုတ် အာရုံမစိုက်ကြပေ။ သို့မဟုတ် သမ္မာတရား၏ သွင်ပြင်လက္ခဏာအားလုံးကို ချေပကာ အသရေပျက်အောင် ပြောဆိုကြလေသည်။ ဤသည်မှာ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းနှင့်ဆိုင်သည့် စိတ်သဘောထား ဖြစ်သည်၊ ယင်းသည် အနှစ်သာရတစ်မျိုး ဖြစ်သည်။ ဤအနှစ်သာရက မည်သည့်အဆုံးသတ်မျိုးဆီသို့ ဦးတည်စေသနည်း။ ဘုရားသခင်၏ ပစ်ပစ်ခါခါငြင်းခြင်းနှင့် ဖယ်ရှားရှင်းလင်းခံရခြင်းဖြစ်ပြီး ထို့နောက်တွင် ပျက်စီးဆုံးရှုံးခြင်း ဖြစ်သည်။ အကျိုးဆက်များက အလွန်ဆိုးရွားပေသည်။
ဤအရာများနှင့် ပတ်သက်၍ ယနေ့၏ မိတ်သဟာယက သင်တို့ကို ကူညီခဲ့သလော။ (ကူညီခဲ့ပါသည်။ ကောင်းမွန်သည့် အစွမ်းအစနှင့် ညံ့ဖျင်းသည့် အစွမ်းအစက မည်သည့်အရာ ဖြစ်သည်ကို ကျွန်ုပ် သိသည်။ ကျွန်ုပ်၏ ကိုယ်ပိုင် အစွမ်းအစအပေါ် စစ်မှန်သည့် သိနားလည်မှုအချို့ ကျွန်ုပ်တွင်ရှိပြီး အမှုအရာများ ကျွန်ုပ်ထံ ဖြစ်ပျက်သည့်အခါ မိမိကိုယ်ကို မှန်ကန်တိကျစွာ အကဲဖြတ်နိုင်သည်။ ကျွန်ုပ်သည် မာနထောင်လွှားကာ မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်မည် မဟုတ်ဘဲ ကျွန်ုပ်၏ တာဝန်ကို လက်တွေ့ကျသောပုံစံဖြင့် ထမ်းဆောင်ပါမည်။) သမ္မာတရား၏ မည်သည့် သွင်ပြင်လက္ခဏာကို ငါတို့ မိတ်သဟာယပြုသည်ဖြစ်စေ သင်တို့၏ အသက်ဝင်ရောက်မှုအတွက် အထောက်အကူ ဖြစ်လိမ့်မည်။ သင်တို့သည် ဤစကားများကို ခံယူပြီး သင်တို့၏ နေ့စဉ်ဘဝများတွင် ထည့်သွင်းနိုင်လျှင် ငါပြောခဲ့သည့်အရာသည် အချည်းနှီးဖြစ်လေပြီ။ သမ္မာတရား အနည်းငယ်ကို သင်တို့ သိနားလည်လာသည့် အချိန်တိုင်းတွင်၊ သင်တို့သည် အမှုအရာများကို လုပ်ဆောင်ရာ၌ သာ၍ တိကျမှန်ကန်လိမ့်မည်ဖြစ်ပြီး သင်တို့၏ လမ်းကြောင်း ပွင့်သည်မှာ အနည်းငယ် သာ၍ ကျယ်လာလိမ့်မည်။ သမ္မာတရားအနည်းငယ်ကို သင်တို့ သိရှိပြီး သင်၏ တကယ့် ဝိညာဉ်ရင့်ကျက်မှုနှင့် အစွမ်းအစအပေါ် ရှင်းလင်းသည့် သိနားလည်မှု မရှိလျှင် သင်သည် အမှုအရာများကို လုပ်ဆောင်ရာ၌ အမြဲ မမှန်မကန်ဖြစ်လိမ့်မည်၊ သင့်ကိုယ်သင် အမြဲ အထင်ကြီးလိမ့်မည့်ဖြစ်ပြီး သင့်ကိုယ်သင် အလွန် မြင့်မားစွာ ဆန်းစစ်နေမိလိမ့်မည်ဖြစ်ကာ အယူအဆများနှင့် စိတ်ကူးများကို အခြေခံ၍ အမှုအရာများကို သင် လုပ်ဆောင်မိလိမ့်မည် ဖြစ်သော်လည်း သင်သည် သမ္မာတရားကို အခြေခံ၍ ပြုမူနေခြင်းဖြစ်သည်ဟု စင်စစ်အားဖြင့် တွေးထင်နေသည်ကိုမူ သင်သိရှိလိမ့်မည် မဟုတ်ချေ။ သင်သည် ဤအယူအဆများနှင့် စိတ်ကူးများကို သမ္မာတရား စည်းမျဉ်းများအဖြစ် မှတ်ယူလိမ့်မည်။ သင် လုပ်ဆောင်သည့် အရာများတွင် သွေဖည်မှုက အလွန့်အလွန် ကြီးမားလိမ့်မည်။ ဤလူသား အယူအဆများ၊ စိတ်ကူးများ၊ အသိပညာနှင့် သင်ယူမှုတို့က လူတို့၏ စိတ်နှလုံးများတွင် စိုးမိုးထားသည့်အခါ သမ္မာတရားကို ၎င်းတို့ ရှာဖွေကြလိမ့်မည် မဟုတ်။ သမ္မာတရားက သင်၏ စိတ်နှလုံးတွင် ဒုတိယ၊ တတိယ သို့မဟုတ် နောက်ဆုံးသောအရာပင် ဖြစ်လာသည့်အခါ သင့်အပေါ် မည်သည့်အရာက အာဏာစွဲကိုင်ထားသနည်း။ သင်၏ ဆိုးယုတ်သော စိတ်သဘောထားနှင့် လူသား အယူအဆများ၊ အတွေးအခေါ်များ၊ အသိပညာနှင့် သင်ယူမှုများ ဖြစ်သည်။ ဤအရာများသည် သင့်အပေါ် အချုပ်အခြာအာဏာ ရှိသောကြောင့် သင့်အပေါ် ဘုရားသခင် ပြုသည့် အမှုသည် ထိရောက်လိမ့်မည် မဟုတ်။ ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားက သင့်အတွင်းတွင် သင်၏ အသက်ဖြစ်မလာသေးလျှင် သင်သည် ကယ်တင်ခံရမည့်အဖြစ်မှ အလှမ်းဝေးနေဆဲ ဖြစ်သည်။ ကယ်တင်ခြင်း လမ်းကြောင်းပေါ်သို့ သင် မလှမ်းရသေးပေ။ ဘုရားသခင်၏ စိတ်နှလုံး သောကရောက်ခြင်းမရှိဟု သင် တွေးထင်သလော။ သင့်ကို ကယ်တင်ခြင်း လမ်းကြောင်းပေါ် ထားရှိရန် ဘုရားသခင်က သင့်ကို သနားကရုဏာ မည်မျှပြရမည်နည်း။ သင်သည် ရိုးရာယဉ်ကျေးမှု၊ အသိပညာနှင့် ဆိုးယုတ်သော အတွေးအခေါ်မှ လွတ်မြောက်နိုင်လျှင်၊ ဘုရားနှုတ်ကပတ်တော်များကို အခြေခံ၍ ဤအရာအားလုံးကို သမ္မာတရားနှင့် တိုင်းတာရန် သင်ယူနိုင်လျှင်၊ အမှုအရာများကို စောင့်ကြည့်ခြင်းအတွက် သမ္မာတရား စည်းမျဉ်းများကို စံနှုန်းများအဖြစ် သင် အသုံးပြုနိုင်ကာ သင်၏ တာဝန်များကို ကောင်းစွာ ထမ်းဆောင်နိုင်လျှင် သင်သည် သမ္မာတရား စစ်မှန်မှုရှိသည့် လူတစ်ဦး၊ အမှီအခိုကင်းစွာ အသက်ရှင်နိုင်စွမ်းရှိသည့် လူတစ်ဦး အမှန်တကယ် ဖြစ်လာလိမ့်မည်။ လက်ရှိအချိန်တွင် သင်သည် ဤအဆင့်တွင် မရှိပေ၊ သင့်မှာ လုပ်ဆောင်စရာများစွာ ရှိသေး၏။ သင့်ထံတွင် အသက်အနည်းငယ်သာ ရှိပြီး ဘုရားသခင်၏ သနားကရုဏာ၊ ချစ်ခြင်းမေတ္တာနှင့် စိတ်ရှည်ခြင်းတို့ဖြင့် အသက်ရှင်ရန် ရှိသေး၏။ ဤသည်မှာ သင်၏ ဝိညာဉ်ရင့်ကျက်မှု အလွန်သေးငယ်သည်ဟု ဆိုလိုပေသည်။ သင့်ကို အလုပ်တာဝန်တစ်ခု ပေးမည်ဆိုလျှင် အမှီအခိုကင်းစွာ ထိုအရာကို ပြီးစီးအောင် လုပ်နိုင်လိမ့်မည်လော။ အလုပ်ကို ကောင်းစွာ သင် လုပ်ဆောင်နိုင်မည်လော။ သင်သည် အမှုအရာများကို ကမောက်ကမ ဖြစ်စေလျှင် ဤသည်မှာ ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းနှင့် ဂုဏ်သရေညှိုးစေခြင်းဖြစ်သည်။ သင်၏ အလုပ်ကို တစ်ဝက်တစ်ပျက်လုပ်ပြီးနောက် အပျော်တစ်ခုခု သွားရှာလျှင် ယင်းက သင်သည် အနည်းငယ် မတည်ကြည်ကြောင်း ပြသည်မဟုတ်လော။ ထိုအရာက သင်သည် အားကိုး၍ရနိုင်သည့် အမှုဆောင်တစ်ဦး မဟုတ်ကြောင်းနှင့် သင်၏ အလုပ်ကို သင့်တင့်လျောက်ပတ်စွာ သင် မလုပ်ဆောင်ကြောင်း ပြပေသည်။ သင်၏တာဝန်ကို သင် လုပ်ဆောင်ရမည်ဆိုလျှင် သင့်ကို စောင့်ရှောက်ကာ ကြီးကြပ်မည့်လူများ သင် အမြဲ လိုအပ်လိမ့်မည်။ လူအချို့သည် မိမိတို့၏ အသက် ၃၀နှင့် ၄၀အရွယ်ခန့်တွင် ဤအကျင့်စရိုက် ရှိကြဆဲဖြစ်သည်။ ၎င်းတို့အတွက် အားလုံး ဇာတ်သိမ်းပြီဖြစ်သည်။ ၎င်းတို့၏ ဘဝများတွင် မည်သည့်အရာကိုမျှ ၎င်းတို့ ပြီးမြောက်ကြလိမ့်မည်မဟုတ်။ သင်သည် အသက် ၂၀ အရွယ်ခန့်တွင်ရှိပြီး ဘုရားသခင်ကို နှစ်နှစ် သို့မဟုတ် သုံးနှစ်သာ ယုံကြည်ရသေးလျှင် သေးငယ်သည့် ဝိညာဉ်ရင့်ကျက်မှုရှိသော လူတစ်ဦးဖြစ်ခြင်းအတွက် သင့်ကို ခွင့်လွှတ်၍ရသည်။ မတည်ကြည်ခြင်း၊ အားကိုးမရခြင်း၊ ဘုရားသခင်က အမြဲ စောင့်ရှောက်၊ ကာကွယ်၊ အသိပေး၊ တိုက်တွန်းပြီး လမ်းပြပေးရခြင်း၊ ဘုရားသခင်၏ ဤကျေးဇူးတော်များကို ပျော်မွေ့ခံစားရန် အစဉ်လိုအပ်ခြင်း၊ ဤကျေးဇူးတော်များအပေါ် မှီခိုခြင်းအားဖြင့် အသက်ရှင်ခြင်းနှင့် ဤအရာတစ်ခုမျှမရှိဘဲ မလုပ်ဆောင်နိုင်ခြင်း၊ ဤသည်မှာ ဝိညာဉ်ရင့်ကျက်မှုတွင် အလွန်သေးငယ်ခြင်း ဖြစ်သည်။ သင်တို့သည် ယခုအချိန်တွင် ဤအခြေအနေတွင် ရှိနေသည်။ အမှုအရာများကို သင်တို့အတွက် အပြည့်အဝ ရှင်းလင်းဖော်ပြခြင်းမရှိလျှင် သင်တို့သည် တစ်ခါတစ်ရံ အမှားတစ်ခု ပြုလုပ်မိလိမ့်မည်ဖြစ်ပြီး သင်တို့၏ အလုပ်တွင် ကမောက်ကမဖြစ်စေလိမ့်မည်။ သေးငယ်သည့်အရာ တစ်ခုတလေကိုမျှ သင်တို့ကို ရှင်းပြထားခြင်းမရှိလျှင် သင်တို့ လမ်းလွဲသွားလိမ့်မည်၊ ယင်းက အခြားသူတို့အတွက် အမြဲ စိုးရိမ်စရာတစ်ခု ဖြစ်သည်။ အပြင်ပန်းတွင် သင်တို့အားလုံး အရွယ်ရောက်သူများ ဖြစ်ကြသော်လည်း အမှန်တွင် သင်တို့၏ စိတ်ဝိညာဉ်များ၌ အသက် များစွာ မရှိပေ။ သင်၏ တာဝန်များကို ထမ်းဆောင်ရန် အလိုဆန္ဒနှင့် ရိုးသားစစ်မှန်မှုတို့ သင် ရှိကာ စစ်မှန်သည့် ယုံကြည်ခြင်းတစ်ခုခု ရှိသော်လည်း သမ္မာတရားအကြောင်း သင် နားလည်သည်မှာ အလွန် နည်းပါး၏။ သင်၏ တာဝန်ကို လုပ်ဆောင်ရာတွင် သင်သည် ရှေ့ဆက်ရန် ဘုရားသခင်၏ ကျေးဇူးတော်၊ ကောင်းချီးမင်္ဂလာများ၊ လမ်းပြမှုနှင့် သတိပေးချက်များအပေါ် လုံးဝ မှီခိုအားထားပြုနေသည်။ တစ်ခုခု လျော့နည်းသည်နှင့် မှန်မည်မဟုတ်တော့ပေ။ ထို့ကြောင့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား၏ မည်သည့် သွင်ပြင်လက္ခဏာသည် သင်တို့တွင် ထင်ရှားသနည်း။ သူ၏ အလျှံပယ်သော သနားကရုဏာဖြစ်ပြီး ဤသည်မှာ ဘုရားသခင်၏ အမှုတော် စည်းမျဉ်းဖြစ်သည်မှာ အမှန်ဖြစ်၏။ သင်တို့သည် အဘယ်ကြောင့် ဘုရားသခင်၏ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့ကို မွေ့လျော်ခံစားခြင်း မရှိကြသေးသနည်း။ ထိုအရာမှာ အဘယ့်ကြောင့်ဆိုသော် ထိုသို့သော ဝိညာဉ်ရင့်ကျက်မှုကို သင်တို့ မပိုင်ဆိုင်သောကြောင့် ဖြစ်သည်။ သင်တို့သည် ဝိညာဉ်ရင့်ကျက်မှုတွင် အလွန် သေးငယ်သည်၊ အလွန်နည်းပါးသော သမ္မာတရားကို သင်တို့ နားလည်ကြသည်။ မည်သည့်အရာ၏ အခရာကိုမျှ သင်တို့ ထိုးထွင်းမသိမြင်နိုင်။ အခက်အခဲများကြုံရသည့်အခါ သင်တို့ မရှင်းမလင်းဖြစ်သည်။ မည်သည့်နေရာတွင် အစပြုရမည်ကို သင်တို့ မသိ။ လူတို့အား သင်တို့ အမြဲ စိုးရိမ်အောင်လုပ်ပြီး မည်သည့်တာဝန်ကို သင်တို့ ထမ်းဆောင်ရသည်ဖြစ်စေ အခြားသူများဘက်မှ အလွန်များသော အားထုတ်မှု လိုအပ်လျက် ထိုတာဝန်ကို တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်ရန် အခြားသူများက သင်တို့ကို သွန်သင်ပေးဖို့လိုအပ်လေသည်။ သင်တို့အတွက် အရာရာကို ရှင်းလင်းဖော်ပြရမည်ဖြစ်ပြီး တစ်ကြိမ်ထက်ပို၍ ထပ်ပြောရမည်ဖြစ်သည်။ သို့မဟုတ်လျှင် အဆင်ပြေမည်မဟုတ်။ သာမန်အမှုအရာများကို နှစ်ကြိမ် သုံးကြိမ် ပြောရမည်ဖြစ်သော်လည်း အတန်ငယ်ကြာပြီးနောက် သင် မေ့လျော့သွားကာ နောက်ထပ် အကြိမ်အတော်များများ ထပ်ပြောရမည်ဖြစ်သည်။ ဤသည်မှာ မည်သည့်လူစားမျိုး ဖြစ်သနည်း။ ဤသည်မှာ မိမိ လုပ်ဆောင်သည့်အရာကို နှလုံးမသွင်း၊ အားမထုတ်သကဲ့သို့ အလုပ်လုပ်ပေးရန် အရည်အချင်းမပြည့်မီသည့် နားဝေတိမ်တောင်ဖြစ်သော လူတစ်ဦး ဖြစ်သည်။ ထိုသို့သော လူများသည် သမ္မာတရားကို နားလည်နိုင်သလော။ ၎င်းတို့၏ အစွမ်းအစက အလွန်ညံ့ဖျင်းကာ သမ္မာတရားအဆင့်သို့ ၎င်းတို့ မတိုးတက်နိုင်သောကြောင့် ၎င်းတို့အတွက် သမ္မာတရားကို နားလည်ရန် မုချ မလွယ်ကူပေ။ လူအချို့သည် ဝိညာဉ်ရင့်ကျက်မှုတွင် သေးငယ်သော်လည်း တစ်စုံတစ်ရာကို တစ်ကြိမ်၊ နှစ်ကြိမ် သို့မဟုတ် သုံးကြိမ် ဖြတ်သန်းရပြီးနောက် သင်ယူနိုင်ကြသည်။ ၎င်းတို့အနေဖြင့် သမ္မာတရားနှင့်ပတ်သက်သည့် မိတ်သဟာယကို ကြားပြီးနောက်တွင် သမ္မာတရားကို သဘောပေါက်နားလည်ကာ သိမြင်နိုင်ပြီး သဘောပေါက်နိုင်လျှင် ၎င်းတို့သည် အစွမ်းအစရှိသော လူများဖြစ်သည်။ အစွမ်းအစရှိခြင်းက ကြီးမားသည့် ပြဿနာမဟုတ်ဘဲ သေးငယ်သည့် ဝိညာဉ်ရင့်ကျက်မှုရှိခြင်းက ကြီးမားသည့် ပြဿနာဖြစ်သည်။ ဤအရာသည် ထိုသို့သော လူတို့၏ အတွေ့ကြုံ အတိမ်အနက်နှင့်သာ ဆက်စပ်ပြီး ၎င်းတို့၏ သမ္မာတရား သိနားလည်ခြင်း အတိမ်အနက်နှင့်လည်း တိုက်ရိုက် ဆက်စပ်လေသည်။ သာ၍ များသော အတွေ့အကြုံနှင့် သာ၍ နက်ရှိုင်းသော သမ္မာတရား သိနားလည်မှုရှိပြီးနောက်တွင် ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုက အလိုအလျောက် ကြီးထွားလိမ့်မည်။
၂၀၁၉ ခုနှစ်၊ မတ်လ ၂ ရက်