သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁၅)

လက်ရှိတွင် ကပ်ဘေးများသည် ပိုပို၍ ဆိုးလာသည်။ ရောဂါများက ဆက်လက်ပျံ့နှံ့နေရုံမကဘဲ အစာငတ်မွတ်ခေါင်းပါးခြင်းသည်လည်း လူတို့အပေါ်သို့ ကျရောက်နေသည်။ အချို့နေရာများတွင် စစ်ပွဲဖြစ်ပွားနေပြီး ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများစွာတွင် ဖရိုဖရဲဖြစ်နေကြသည်။ စည်းလုံးညီညွတ်ခြင်းမရှိမှုက ပျံ့နေပြီဖြစ်သည်။ ယခင်က “စစ်၏မီးလျှံများ ဝေ့လည်သည်၊ လေထုသည် စက်အမြောက်မီးခိုးများဖြင့် ပြည့်နေ၏၊ မိုးလေဝသအခြေအနေ ပူနွေးသွားသည်၊ ရာသီဥတု ပြောင်းလဲသည်၊ ကပ်ဆိုးတစ်ခု ပျံ့နှံ့လိမ့်မည်ဖြစ်ကာ” ဟူ၍ ဆိုခဲ့ကြသည်မှာ ဤခန့်မှန်းချက်က မှန်ကန်လာနေပြီဖြစ်သည်။ ကပ်ရောဂါတစ်ခုက ပျံ့နေပြီး လျော့ကျမသွားပေ။ မယုံကြည်သူများက သေရေးရှင်ရေးဖြစ်သော အကျပ်အတည်းတွင် နေထိုင်နေကြသည်။ တစ်ရက်ချင်းဆိုသလို၊ တစ်နှစ်ချင်းဆိုသလို ယခင်ကထက် ပို၍ ဆိုးလာသည်။ ၎င်းတို့သည် ကပ်ဘေးထဲသို့ ကျရောက်ပြီးဖြစ်သည်။ ၎င်းတို့အားလုံးသည် ဤဒုက္ခမှ လွတ်မြောက်လိုပြီး ကပ်ဘေးများ၏ နေ့ရက်မှ လွတ်မြောက်လိုကြသည်။ အစိုးရက ၎င်းတို့ကို ကယ်တင်ပြီး ကပ်ဘေးမှနေ၍ ကယ်ဆယ်ဖို့ ၎င်းတို့အားလုံး မျှော်လင့်ကြသည်။ သို့သော် အစိုးရသည် လှိုင်းများ၏ ပုတ်ခတ်ခြင်းကို ခံရသည့် သဲပုံရဲတိုက်တစ်ခုကဲ့သို့ ဖြစ်သည်။ အစွမ်းမရှိသဖြင့် အခြားတစ်စုံတစ်ယောက်ကို ကယ်တင်ရန် မဆိုထားနှင့် သူ့ကိုယ်သူကိုပင် မကယ်တင်နိုင်ပေ။ မကြာမီတွင် အစိုးရသည် ပြိုလဲပြီး ပျက်စီးနိုင်သည်။ ရှောင်လွှဲ၍ မရပေ။ မယုံကြည်သူများ ဖြတ်သန်းနေရသည့်အရာကို သင်တို့အားလုံး မြင်တွေ့ပြီးဖြစ်သည်။ ၎င်းတို့သည် အမှန်ပင် ဒုက္ခခံနေရသည်။ လက်ရှိအချိန်တွင် သင်တို့၏ ဘဝမှာ အဘယ်သို့နည်း။ ၎င်းတို့ထက် များစွာပို၍ အဆင်ပြေသည်မဟုတ်လော။ (ဟုတ်သည်။) မည်သို့ ပို၍ အဆင်ပြေသနည်း။ (ကျွန်ုပ်တို့သည် ဘုရားနှုတ်ကပတ်တော်ကို အတူတကွ ဖတ်နိုင်ပြီး သမ္မာတရားကို မိတ်သဟာယပြုနိုင်ဆဲဖြစ်သည်။ ဘုရားအိမ်တော်တွင် ကျွန်ုပ်တို့၏ တာဝန်ကို ထမ်းဆောင်ပြီး အသက်သို့ ဝင်ရောက်မှုကို ရှာဖွေနိုင်ဆဲဖြစ်သည်။ ကျွန်ုပ်တို့၏ စိတ်နှလုံးသည် ငြိမ်သက်ပြီး စိတ်သောကကင်းဝေးသည်။ ကျွန်ုပ်တို့သည် မယုံကြည်သူများထက် အလွန်ပို၍ အဆင်ပြေသည်။) အနည်းဆုံးအနေဖြင့် ဘုရားသခင်ကို ယုံကြည်သူများသည် အမှီပြုစရာ တစ်စုံတစ်ခုရှိသောကြောင့် မယုံကြည်သူများထက်ပို၍ အဆင်ပြေသည်။ ၎င်းတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ယုံကြည်သည်။ အရာရာသည် ဘုရားသခင်၏ လက်ထဲတွင်ရှိသည်ကို ယုံကြည်သည်။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များကို ယုံကြည်သည်။ ၎င်းတို့သည် ယုံကြည်ခြင်းရှိပြီး ဘုရားသခင်အပေါ် အမှန်တကယ် ယုံကြည်မှုရှိသောကြောင့် ၎င်းတို့သည် အမှီပြုရန်အတွက် စစ်မှန်သော အရာတစ်ခုရှိပြီး လုံခြုံစိတ်ချမှုရှိသည်။ ဘုရားသခင်အား အမှန်တကယ် ယုံကြည်သောသူတို့သည် အပြင်တွင် ပို၍ကျယ်ပြန့်သော ပတ်ဝန်းကျင်၌ မည်မျှ အန္တရာယ်ရှိပါစေ၊ ဖရိုဖရဲဖြစ်ပါစေ ၎င်းတို့၏ စိတ်နှလုံးတွင် စစ်မှန်သော ပံ့ပိုးမှုကို ခံစားရသည့်အပြင် လုံခြုံစိတ်ချမှု၊ ငြိမ်သက်မှု၊ ဝမ်းမြောက်မှုတို့ကိုလည်း ခံစားရသည်။ ထို့ကြောင့် ၎င်းတို့သည် မည်သည့်အခြေအနေကို ကြုံတွေ့ရသည်ဖြစ်စေ၊ အပြင်တွင် ပတ်ဝန်းကျင်က မည်သို့ ပြောင်းလဲပါစေ၊ မည်သည့်အရာ ဖြစ်ပျက်ပါစေ၊ ကပ်ဘေး၊ စစ်ပွဲ၊ သို့မဟုတ် ကပ်ရောဂါရှိပါစေ၊ အကြီးစားဖြစ်ရပ်ဖြစ်စေ၊ အသေးစား ဖြစ်ရပ်ဖြစ်စေ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူသည် ဘုရားအိမ်တော်တွင် တာဝန်ထမ်းဆောင်ရာတွင် မိမိတို့ကိုယ်ကို ဆက်ကပ်အပ်နှံနိုင်သည်။ ၎င်းတို့သည် ဘုရားသခင်နောက်သို့လိုက်ပြီး လောကီခေတ်ရေစီးကြောင်းများကို ရှောင်ကြဉ်သောကြောင့် ဘုရားနှုတ်ကပတ်တော်ကို စားသောက်နိုင်ကြသည်။ ဘုရားအမှုတော်ကို တွေ့ကြုံနိုင်ကြသည်။ သမ္မာတရားကို ရရှိဖို့ အားထုတ်နိုင်ကြသည်။ ဤအချက်က မပြောင်းမလဲဘဲ ကျန်ရှိနေသည်။ ဘုရားသခင်အပေါ် သင်၏ ယုံကြည်မှုတွင် သင်ရှာဖွေရမည့် အရေကြီးဆုံးသောအရာ၊ အရေးကြီးဆုံးသောပန်းတိုင်သည် မပြောင်းလဲနိုင်ပေ။ ယင်းသည် သမ္မာတရားအားလိုက်စားခြင်း၊ မိမိတာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်း၊ ဘုရားသခင်အပေါ် လှပသော သက်သေကိုခံခြင်းတို့ ဖြစ်သည်။ ဤအရာကို လုံးဝ မပြောင်းလဲနိုင်ပေ။

ကမ္ဘာလောကသည် မည်သို့ပြောင်းလဲပါစေ၊ စာတန်၏ အင်အားစုများက မည်သို့ တိုက်ခိုက်ပြီး ရန်ပွဲတွင် ပါဝင်ပါစေ၊ ဤလူ့အဖွဲ့အစည်းနှင့် ကမ္ဘာလောကသည် မည်သို့ ဖရိုဖရဲဖြစ်ပါစေ လူသားမျိုးနွယ်အပေါ် စာတန်၏ လှည့်စားမှု၊ ဖောက်ပြန်ပျက်စီးမှု၊ ချည်နှောင်မှု၊ ထိန်းချုပ်မှုကဲ့သို့သော အခြေခံပြဿနာများက မပြောင်းမလဲဘဲ ကျန်ရှိနေသည်။ ဆိုလိုသည်မှာ လူတို့တွင် စာတန် သွတ်သွင်းသော အမျိုးမျိုးသော မိစ္ဆာဒိဋ္ဌိအယူများနှင့် အတွေးမှားများသည်၊ ဘုရားသခင်ကို အာခံပြီး လူသားများနှင့် အရာအားလုံးကို ဘုရားသခင် ဖန်ဆင်းခြင်း၏ ဥပဒေသများနှင့် စည်းမျဉ်းများကို ဆန့်ကျင်သည့် အတွေးများ၊ စကားများအားလုံးသည် မပြောင်းမလဲဘဲ ကျန်ရှိနေသည်ဟူ၍ ဖြစ်သည်။ တစ်ချက်မှာ ဤဆိုးယုတ်သောအရာများသည် မပြောင်းလဲပေ။ အခြားအချက်မှာ ဤကမ္ဘာလောက၏ အခြေအနေနှင့် ဖွဲ့စည်းပုံက မည်သို့ ပြောင်းလဲပါစေ လူတို့၏ စိတ်နှလုံးအတွင်းထဲတွင် စာတန်က စိုက်ပျိုးခဲ့သော မိစ္ဆာဒိဋ္ဌိအယူများ၊ အတွေးမှားများကို မဖယ်ရှားရသေးပေ။ ဤသည်မှာ ကမ္ဘာလောက၏ အခြေအနေက ဖရိုဖရဲဖြစ်နေသောကြောင့် မဟုတ်ပေ၊ သို့မဟုတ် စာတန်က အခြေအနေမကောင်းဘဲ ကမ္ဘာလောကကို ထိန်းချုပ်ရန် အစွမ်းမဲ့သည်မှာ စာတန်က လူတို့အား လှည့်စားပြီး ဖျက်ဆီးသော မိစ္ဆာဒိဋ္ဌိအယူများ၊ အတွေးမှားများသည် လူတို့၏ စိတ်နှလုံးတွင် မှေးမှိန်သွားသောကြောင့်မဟုတ်ပေ။ ဤသို့ မဟုတ်ပေ။ စာတန်၏ မိစ္ဆာဒိဋ္ဌိအယူများ၊ အတွေးမှားများသည် လူတို့၏ စိတ်နှလုံးထဲတွင် တည်ရှိနေဆဲဖြစ်ပြီး မည်သူကမျှ ထိုအရာများကို မပျောက်ပျက်စေနိုင်ပေ။ လူသားမျိုးနွယ်အား စာတန် ဖျက်ဆီးသည့် အစပိုင်းကတည်းက စာတန်၏ မိစ္ဆာဒိဋ္ဌိအယူများနှင့် အတွေးမှားများသည် ဖန်ဆင်းခံလူသားတိုင်း၏ နှလုံးသားနှင့် စိတ်အတွင်းထဲတွင် တဖြည်းဖြည်းချင်း ထည့်သွင်းထားပြီးဖြစ်သည်။ ဤအရာများသည် ယနေ့အထိ လူတို့၏ နှလုံးသားနှင့် စိတ်ထဲတွင် လုံးဝ မပြောင်းမလဲဘဲ ကျန်ရှိနေသည်။ ဘုရားသခင်သည် နှစ်များစွာ အလုပ်လုပ်ပြီး လူတို့အား သမ္မာတရားများစွာကို ပေးပြီးသည့်နောက်တွင်ပင် လူတို့သည် စာတန်က ၎င်းတို့အတွင်းသို့ သွတ်သွင်းခဲ့သော အမျိုးမျိုးသော အတွေးများ၊ ထင်မြင်ချက်များ၊ ဆိုရိုးစကားများကို ပတ်ဝန်းကျင်ဆိုင်ရာ အခြေခံအကြောင်းများမှ လွှမ်းမိုးမှု မရှိဘဲ ကြိုးစားပြီး တက်တက်ကြွကြွ ခွဲခြားဖော်ထုတ်ရန်၊ သို့မဟုတ် ၎င်းတို့၏ စိတ်နှလုံးထဲမှ ရှင်းလင်းပစ်ရန်မဆိုထားနှင့် ယင်းတို့ကို ခွဲခြားဖော်ထုတ်နိုင်စွမ်းပင် မရှိသေးပေ။ စာတန်က ၎င်းတို့အတွင်းသို့ သွတ်သွင်းခဲ့သော အမျိုးမျိုးသော အတွေးများ၊ အဆိုအမိန့်များကိုလည်း ဘုရားနှုတ်ကပတ်တော်၏ ပံ့ပိုးမှု၊ လမ်းပြမှုဖြင့်ပင် တက်ကြွစွာ မငြင်းပယ်နိုင်ပေ။ အစပိုင်းတွင် လူတို့သည် စာတန်က ဖျက်ဆီးခြင်းကို ငြိမ်သက်စွာခံရသော်လည်း လူသားမျိုးနွယ်ကို စာတန် ဖျက်ဆီးသည့် ဖြစ်စဉ်တစ်လျှောက်တွင် လူတို့သည် စာတန်၏ စိတ်သဘောထားဖြင့် စတင်အသက်ရှင်လာသည်။ စာတန်၏ စဉ်းစားပုံ၊ အမြင်ရှုထောင့်များအရ အမှုအရာများကို ရှုမြင်လာသည်။ တဖြည်းဖြည်းချင်းဖြင့် လူတို့သည် စာတန်နှင့် ပိုပို၍ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လာသည်။ ပြီးလျှင် ဘုရားသခင်ကို ပုန်ကန်ရာတွင် ပိုပို၍ တက်ကြွလာပြီး ဘုရားသခင်၏ အဝေးသို့ ထွက်ခွာကြသည်။ ဘုရားသခင်ကို စွန့်ပစ်ကြသည်။ အဆုံးတွင် စာတန်က ၎င်းတို့ကို အပြည့်အဝ ထိန်းချုပ်သွားသည်။ စာတန်၏ ဆိုးယုတ်ပြီး အဓိပ္ပာယ်မရှိသော အယူအဆများ၊ အမြင်များသည် လူတို့တွင် အပြည့်အဝ သွတ်သွင်းပြီးသောအခါ လူတို့သည် စာတန်၏ အကျဉ်းချခြင်းကို အပြည့်အဝခံရပြီး စာတန်၏ ကျေးကျွန်များ ဖြစ်လာကြသည်၊ သို့မဟုတ် ပို၍ အတိအကျဆိုရလျှင် ၎င်းတို့သည် စာတန်၏ ပြယုဂ်တစ်ခု ဖြစ်လာသည်။ ဤသို့ ဖြစ်ပျက်သောအခါတွင် လူတို့သည် အပြည့်အဝပင် စာတန်၏ စိတ်သဘောထားအတိုင်း အသက်ရှင်နေထိုင်ကြသည်။ ၎င်းတို့သည် စာတန်၏ အတွေးအခေါ်နှင့် သဘောတရားအတိုင်း အသက်ရှင်ရုံသာမကဘဲ ၎င်းတို့အတွင်းတွင် စာတန်က သွတ်သွင်းခဲ့သော အမျိုးမျိုးသော အယူအဆများ၊ အမြင်များသည် ၎င်းတို့၏ သဘာဝဖြင့် ပေါင်းစပ်သွားသည်။ ပို၍ အတိအကျဆိုရလျှင် လူတို့သည် စာတန်၏ ပုံစံအတိုင်း အသက်ရှင်နေထိုင်ခြင်းသာ မဟုတ်ဘဲ စာတန်အဖြစ်၊ နတ်ဆိုးအဖြစ် နေထိုင်နေခြင်းဖြစ်သည်။ ဤသို့ ဖြစ်ပျက်သောအခါ လူတို့သည် စာတန်၏ ဖျက်ဆီးခြင်း၊ လွှမ်းမိုးခြင်း၊ လှည့်စားခြင်း၊ သို့မဟုတ် ထိန်းချုပ်ခြင်းတို့ကို ပြုသမျှနုရခြင်းမဟုတ်တော့ဘဲ ဘုရားသခင်ကို ဆန့်ကျင်ရာ၌ စာတန်ဘက်မှ အပြည့်အဝ ရပ်တည်နေခြင်းဖြစ်သည်။ လူတို့သည် ဤအတိုင်းအတာအထိ ပျက်စီးသောအခါတွင် ၎င်းတို့သည် စာတန်အတွက် ထွက်ပေါက်တစ်ခု၊ ပြယုဂ်တစ်ခုဖြစ်လာသည်ဟု ဆိုနိုင်သည်။ စာတန်၏ ထွက်ပေါက်၊ ပြယုဂ်တစ်ခုဖြစ်သည့် ဖန်ဆင်းခံတစ်ဦးကို ဘုရားသခင် ကယ်တင်ဖို့အတွက် သမ္မာတရားကို ပံ့ပိုးပေးခြင်းနှင့် ဘုရားသခင်အား ပုန်ကန်သော လူတို့၏ အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများနှင့် လုပ်ရပ်များကို ဖွင့်ပြခြင်းအပြင် လူတို့၏ စိတ်နှလုံးအတွင်းထဲတွင် ကိုင်စွဲထားသော စာတန်နှင့်တူသော အတွေးများ၊ ရှုထောင့်များ၊ အဆိုအမိန့်များကို ဖော်ထုတ်ပြီး ပိုင်းခြားစိစစ်ရန် ပို၍ အရေးကြီးသည်။ လူတို့နှင့် စာတန်သည် တူညီသောအတွေးများ၊ ရှုထောင့်များ၊ အဆိုအမိန့်များရှိကြသည်။ စာတန်သည် ဤအရာများနှင့်အညီ နေထိုင်သည်။ အလားတူပင် လူတို့သည် စာတန်၏ ဖျက်ဆီးခြင်းကို အလွန်ခံထားရသောကြောင့် ၎င်းတို့သည်လည်း ဤအရာများအတိုင်း အလိုအလျောက် နေထိုင်ကြသည်။ လူတို့သည် ဤအရာများအတိုင်း အသက်ရှင်ပြီး ဤအမြင်ရှုထောင့်များ၏ လွှမ်းမိုးခြင်း၊ လမ်းလွဲစေခြင်း၊ ထိန်းချုပ်ခြင်းကို ခံရသောကြောင့်သာ သမ္မာတရား၏ တစ်စိတ်တစ်ပိုင်းကို နားလည်ပြီး ဘုရားသခင်က ဖန်ဆင်းရှင်ဖြစ်သည်ကို သိပြီးသည့်နောက်တွင်ပင် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုကို အခြေခံပြီး ဘုရားသခင်ကို ဦးမညွှတ်နိုင်သေးခြင်း၊ သို့မဟုတ် ဘုရားသခင်အား အပြည့်အဝ မနာခံနိုင်သကဲ့သို့ ဘုရားသခင်အား ရိုးသားသော စိတ်နှလုံးဖြင့်လည်း မကိုးကွယ်နိုင်ခြင်း ဖြစ်သည်။ လူတို့သည် ဘုရားသခင်အား ရိုးသားသော စိတ်နှလုံးဖြင့် မကိုးကွယ်နိုင်သည့် အကြောင်းရင်းမှာ ၎င်းတို့၏ နှလုံးသားနှင့် စိတ်အတွင်းထဲတွင် စာတန်၏ အမျိုးမျိုးသော အယူအဆများ၊ အမြင်ရှုထောင့်များ၏ ပူးကပ်ခြင်း၊ ထိန်းချုပ်ခြင်းကို ခံရဆဲဖြစ်သောကြောင့်ဖြစ်သည်။ ဤသည်မှာ လူတို့သည် ဘုရားသခင်၏ အမှုတော်ကို လက်ခံပြီး စိုးမိုးခြင်းခံပြီးသည်နှင့် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အသက်အဖြစ် လက်ခံနိုင်သော်လည်း စာတန်၏ အမျိုးမျိုးသော မိစ္ဆာဒိဋ္ဌိအယူများနှင့် အတွေးမှားများကို အပြည့်အဝ မစွန့်လွှတ်နိုင်သေးသည့် အကြောင်းရင်းဖြစ်သည်။ ၎င်းတို့သည် မှောင်မိုက်ခြင်း၏ လွှမ်းမိုးမှုကို အပြည့်အဝ ချိုးဖျက်ပြီး ဘုရားသခင်အား အမှန်တကယ် နာခံနိုင်ခြင်း၊ သို့မဟုတ် ကိုးကွယ်နိုင်ခြင်း မရှိသေးပေ။ ထို့ကြောင့် ဘုရားသခင်သည် လူသားမျိုးနွယ်ကို ကယ်တင်ရမည်ဆိုလျှင် တစ်ချက်မှာ သူသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို တရားစီရင်ပြီး သန့်စင်ဖို့အတွက် သမ္မာတရားကို ဖော်ပြရမည်။ လူတို့အား သမ္မာတရားကို နားလည်အောင်၊ ဘုရားသခင်ကို သိပြီး နာခံလာအောင် လုပ်ဆောင်ရမည်။ လူတို့အား မည်သို့ ပြုမူဆောင်ရွက်သင့်သည်၊ လမ်းမှန်ကို မည်သို့ လျှောက်နိုင်သည်ဆိုသည်ကို သွန်သင်ပေးရမည်။ သမ္မာတရားကို ၎င်းတို့ မည်သို့ လက်တွေ့လုပ်ဆောင်သင့်သည်၊ ၎င်းတို့တာဝန်ကို မည်သို့ကောင်းစွာ ထမ်းဆောင်နိုင်ပြီး သမ္မာတရား၏ စစ်မှန်မှုအတွင်းသို့ မည်သို့ ဝင်ရောက်နိုင်သည်ဆိုသည်တို့ကို ပြောပြရမည်။ အခြားတစ်ချက်မှာ ဘုရားသခင်သည် စာတန်၏ အယူအဆများနှင့် အမြင်များကို ဖော်ထုတ်ရမည်။ စာတန်က လူတို့အား ဖျက်ဆီးသည့် အမျိုးမျိုးသော မိစ္ဆာဒိဋ္ဌိအယူများ၊ အတွေးမှားများကို လူတို့ ခွဲခြားဖော်ထုတ်နိုင်ရန်အတွက် ထိုအရာများကို သူဖော်ထုတ်ပြီး ပိုင်းခြားစိစစ်ရမည်။ ဤသို့ဆိုလျှင် လူတို့သည် ၎င်းတို့၏ စိတ်နှလုံးတွင်ရှိသော ဆိုးယုတ်သောအရာများကို ရှင်းလင်းနိုင်သည်။ သန့်စင်လာပြီး ကယ်တင်ခြင်းကို လက်လှမ်းမီနိုင်သည်။ ဤနည်းအားဖြင့် သမ္မာတရားသည် မည်သည့်အရာဖြစ်သည်ကို လူတို့ နားလည်လိမ့်မည်။ စာတန်၏ စိတ်သဘောထား၊ စာတန်၏ သဘောသဘာဝ၊ စာတန်၏ မိစ္ဆာဒိဋ္ဌိအယူများ၊ အတွေးမှားများကိုလည်း ခွဲခြားဖော်ထုတ်နိုင်လိမ့်မည်။ ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်သည်ဟု လူတို့က အသိအမှတ်ပြုပြီး ဘုရားသခင်နောက်လိုက်ရန် ယုံကြည်ခြင်းရှိသောအခါ ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် စာတန်၏ အကျည်းတန်မှုကို မြင်နိုင်ပြီး စာတန်အား အမှန်တကယ် ငြင်းပယ်နိုင်လိမ့်မည်။ ဤသို့ဆိုလျှင် ဤလူတို့၏ စိတ်နှလုံးသည် ဘုရားသခင်ထံသို့ အပြည့်အဝ ပြန်လာနိုင်သည်။ အနည်းဆုံးအနေဖြင့် လူတစ်ယောက်၏ စိတ်နှလုံးက ဘုရားသခင်ထံသို့ စတင်၍ ပြန်လာနေသော်လည်း အပြည့်အဝ ပြန်မလာရသေးလျှင် ဆိုလိုသည်မှာ သူ၏ စိတ်နှလုံးသည် သမ္မာတရား၏ ဖမ်းစားခြင်းကို မခံရသေးသောအခါ၊ ဘုရားသခင်က ရယူခြင်းကို မခံရသေးသောအခါတွင် ထိုသူသည် သူ၏ အသက်တာလမ်းကြောင်းတွင် လူတို့အတွင်းသို့ စာတန်သွတ်သွင်းသော အဆိုအမိန့်အားလုံးကို ခွဲခြားဖော်ထုတ်ရန်၊ ပိုင်းခြားသိမြင်ရန်၊ ရိပ်စားမိရန်အတွက် ဘုရားနှုတ်ကပတ်တော်ကို အသုံးပြုပြီး အဆုံး၌ စာတန်ကို စွန့်ပစ်လိမ့်မည်။ ဤနည်းအားဖြင့် လူတို့၏ စိတ်နှလုံးတွင်ရှိသော စာတန်၏ နေရာသည် ပိုပို၍ သေးငယ်လာပြီး အလုံးစုံ အမြစ်ပြတ်သွားလိမ့်မည်။ ဘုရားနှုတ်ကပတ်တော်ဖြင့် အစားထိုးလိမ့်မည်။ လူတို့ကို ဘုရားသခင်ပေးသော သွန်သင်မှုများ၊ ဘုရားသခင်ပေးသော သမ္မာတရားစည်းမျဉ်းများ စသည်တို့က ဝင်ရောက်အစားထိုးလိမ့်မည်။ ဤအပြုသဘောဆောင်သော အသက်တာနှင့် သမ္မာတရားက လူတို့အတွင်းတွင် တဖြည်းဖြည်းချင်းဖြင့် အမြစ်တွယ်ပြီး လူတို့၏ စိတ်နှလုံး၌ ရှေ့ဆုံးက နေရာယူလိမ့်မည်။ ရလဒ်အနေဖြင့် ဘုရားသခင်သည် လူတို့၏ စိတ်နှလုံးအပေါ် အုပ်စိုးလိမ့်မည်။ ဆိုလိုသည်မှာ စာတန်က လူတို့ကို ဖျက်ဆီးသည့် အမျိုးမျိုးသောအယူအဆ၊ အမြင်များ၊ မိစ္ဆာဒိဋ္ဌိအယူများ၊ အတွေးမှားများသည် ခွဲခြားဖော်ထုတ်ခံရပြီး ရိပ်စားမိခြင်းခံရသောအခါ၊ လူတို့အား ထိုအရာများကို စက်ဆုပ်ရွံရှာစေပြီး စွန့်ပစ်စေသောအခါတွင် သမ္မာတရားသည် လူတို့၏ စိတ်နှလုံးတွင် တဖြည်းဖြည်းချင်း နေရာယူလိမ့်မည်။ သမ္မာတရားသည် တဖြည်းဖြည်းချင်းဖြင့် လူတို့၏ အသက်တာဖြစ်လာပြီး လူတို့သည် တက်ကြွစွာဖြင့် ဘုရားသခင်အား နာခံပြီး လိုက်လျှောက်လိမ့်မည်။ ဘုရားသခင်က မည်သို့ အလုပ်လုပ်ပြီး ဦးဆောင်သည်ဖြစ်စေ လူတို့သည် သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်ကို တက်ကြွစွာလက်ခံနိုင်ပြီး ဘုရားအမှုတော်ကို နာခံနိုင်လိမ့်မည်။ ထို့အပြင် ဤအတွေ့အကြုံမှတစ်ဆင့် ၎င်းတို့သည် သမ္မာတရားအတွက် တက်ကြွစွာဖြင့် ကြိုးပမ်းပြီး သမ္မာတရားကို နားလည်မှုရှိလိမ့်မည်။ ဤသည်မှာ လူတို့က ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်းဖြစ်ပေါ်သည့် ပုံစံဖြစ်သည်။ သမ္မာတရားက ၎င်းတို့အတွက် ပိုပို၍ ရှင်းလင်းလာသည်နှင့်အမျှ ၎င်းတို့၏ ယုံကြည်ခြင်းက ပိုပို၍ ကြီးထွားလာလိမ့်မည်။ လူတို့သည် ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်းရှိသောအခါ ၎င်းတို့၌ ဘုရားသခင်အား ကြောက်ရွံ့ခြင်းလည်း ဖြစ်စေသည်။ လူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သောအခါ ၎င်းတို့၏ စိတ်နှလုံးအတွင်းတွင် ဘုရားသခင်ကို ရရှိလိုသည့် စိတ်ဆန္ဒရှိပြီး ဘုရားသခင်၏ အုပ်စိုးမှုကို လိုလိုလားလား နာခံသည်။ ၎င်းတို့သည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များကို နာခံသည်။ ၎င်းတို့၏ ကံကြမ္မာအတွက် ဘုရားသခင်၌ရှိသော အစီအစဉ်များကို နာခံသည်။ ၎င်းတို့အတွက် ဘုရားသခင် ပြင်ဆင်သော နေ့ရက်တစ်ခုစီတိုင်းနှင့် အထူးအခြေအနေအားလုံးကို နာခံကြသည်။ လူတို့တွင် ဤလိုလားမှုနှင့် ဆာငတ်မှုမျိုးရှိသောအခါ ၎င်းတို့သည် ဘုရားသခင်က ၎င်းတို့အား တောင်းဆိုသော တောင်းဆိုချက်များကိုလည်း တက်ကြွစွာ လက်ခံပြီး နာခံလိမ့်မည်။ ဤအရာ၏ ရလဒ်များသည် လူတို့တွင် ပိုပို၍ ရှင်းလင်းလာသောအခါ၊ ပိုပို၍ စစ်မှန်လာသောအခါ စာတန်၏ အဆိုအမိန့်များ၊ သဘောတရားနှင့် အမြင်ရှုထောင့်များသည် လူတို့၏ စိတ်နှလုံးအပေါ် သက်ရောက်မှုရှိတော့မည်မဟုတ်ပေ။ တစ်နည်းအားဖြင့် စာတန်၏ အဆိုအမိန့်များ၊ သဘောတရားနှင့် အမြင်ရှုထောင့်များသည် လူတို့အပေါ် ထိန်းချုပ်မှုနှင့် လွှမ်းမိုးမှု ပိုပို၍ လျော့နည်းလာမည်။ ရုန်းကန်ကြိုးစားသည့် အချိန်ကာလတစ်ခု ပြီးနောက်တွင်၊ ဘုရားသခင်အား နာခံရန် လူတို့၏ တက်ကြွသော ပူးပေါင်းဆောင်ရွက်မှုနှင့် စိတ်ခိုင်မာမှုအချိန်ကာလတစ်ခုပြီးနောက်တွင် လူတို့သည် စာတန်၏ ချည်နှောင်မှုနှင့် ထိန်းချုပ်မှုမှ လွတ်မြောက်နိုင်လိမ့်မည်။ လူတို့သည် ဤအဆင့်သို့ ရောက်သောအခါတွင် စာတန်၏ အုပ်စိုးမှုမှ လွတ်မြောက်ပြီး ဖြစ်လိမ့်မည်။ စာတန်က ၎င်းတို့ကို လှည့်စားလေ့ရှိခဲ့သည့် အဆိုအမိန့်များ၊ စဉ်းစားပုံနှင့် အမြင်ရှုထောင့်များကို အပြည့်အဝ စွန့်လွှတ်လိမ့်မည်။ ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုသည် ပိုပို၍ ကြီးမားလာလိမ့်မည်။ ဤသက်ရောက်မှုမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် အမှုတော်အပေါ် မူတည်သည်မှာ ပြောစရာမလိုပေ။ ပို၍ပင် အရေးကြီးသည်မှာ လူတို့၏ လိုက်စားမှုနှင့် ပူးပေါင်းဆောင်ရွက်မှုအပေါ် မူတည်သည်။ လူတစ်ယောက်သည် သမ္မာတရားနှင့် တရားဒေသနာများကို များစွာ နားထောင်သော်လည်း စာတန်၏ အယူအဆနှင့် အမြင်ရှုထောင့်များကို သတိမပြုမိသေးဘဲ ဤအရာများကို စက်ဆုပ်ရွံရှာခြင်း မရှိလျှင်လည်းကောင်း၊ ထိုသူက ဤဆိုးယုတ်သောအရာများကို တက်ကြွစွာဖြင့် ခွဲခြားဖော်ထုတ်ခြင်း၊ ရိပ်စားမိခြင်း၊ စွန့်ပစ်ခြင်း မပြုလုပ်လိုလျှင်လည်းကောင်း၊ ထိုအစား ထိုအရာများကို တက်ကြွမှုမရှိဘဲ ချဉ်းကပ်လျှင်၊ သို့မဟုတ် လျစ်လျူရှုလျှင်လည်းကောင်း စာတန်၏ အမျိုးမျိုးသောအယူအဆနှင့် အမြင်များသည် ထိုသူအတွင်းတွင် အလွန်ပင် အရိုးစွဲနေဆဲဖြစ်လိမ့်မည်။ သူ၏ နေ့စဉ်အသက်တာနှင့် သူ၏ ဘဝတစ်ခုလုံး၏ လမ်းကြောင်းအတွင်းတွင် သူသည် စာတန်၏ အမျိုးမျိုးသော အတွေးများ၊ အမြင်ရှုထောင့်များ၏ လွှမ်းမိုးခြင်း၊ ထိန်းချုပ်ခြင်းကို အမှုမဲ့အမှတ်မဲ့ ခံရဆဲဖြစ်လိမ့်မည်။ လူများနှင့် အမှုအရာများအပေါ် သူ၏ အမြင်ရှုထောင့်များ၊ သူ၏ ကျင့်ကြံနေထိုင်မှုနှင့် ပြုမူဆောင်ရွက်မှုများသည် စာတန်ထံမှ စတင်ဖြစ်ပေါ်လာဆဲဖြစ်လိမ့်မည်။ ဤအရာအားလုံးက စာတန်ထံမှ ဖြစ်ပေါ်လျှင် ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းသည် စစ်မှန်သော ယုံကြည်မှုဖြစ်ခြင်းထက် ဘုရားသခင်၏ ဖြစ်တည်မှုကို အသိအမှတ်ပြုခြင်းသာဖြစ်သည်။ ပြီးလျှင် သင်သည် ဘုရားသခင်၏ ကိုယ်ပိုင်လက္ခဏာနှင့် အနှစ်သာရကို မည်သည့်အခါမျှ အမှန်တကယ် အသိအမှတ်ပြုမည်မဟုတ်ပေ။ သင်၏ စိတ်နှလုံးမှာ ဘုရားသခင်ထံသို့ သူ့ဘာသာ ခြေဦးလှည့်မည် မဟုတ်သည်မှာ ပြောစရာမလိုပေ။ ပြီးလျှင် သင်၏ စိတ်နှလုံးသည် ဘုရားသခင်ဆီသို့ ပြန်လာနိုင်မည်မဟုတ်ပေ။ သင်သည် ဘုရားသခင်က သင့်အားပေးခဲ့သည့် တာဝန်နှင့် ဝတ္တရားများအပေါ် စစ်မှန်သော ဆက်ကပ်အပ်နှံမှုကို အနည်းငယ်မျှပင် လုပ်ဆောင်နိုင်စွမ်းမရှိ၊ ဘုရားသခင်အား အမှန်တကယ် နာခံရန် မဆိုထားနှင့် ဘုရားသခင်အား အမှန်တကယ် ကြောက်ရွံ့ခြင်းပင် မရှိနိုင်ပေဟူ၍ ဆိုနိုင်သည်။ သင်သည် ဤအရာများကို ပြီးမြောက်ရန် ပျက်ကွက်လျှင် သိသာသော ရလဒ်က မည်သည့်အရာဖြစ်မည်နည်း။ သင်သည် ကယ်တင်ခြင်းခံရမည်မဟုတ်ပေ။ ဤသို့ ဖြစ်ပျက်မည် ဖြစ်သလော။ (ဟုတ်သည်။) ဤသို့ ဖြစ်ပျက်မည်ဖြစ်သည်။ စာတန်က လူတို့ကို ဖျက်ဆီးပြီး လူတို့၏ စိတ်နှလုံးအတွင်းတွင် ထည့်သွင်းသော အတွေးအမြင်များ၊ အယူအဆများသည် လူတို့အား ဘုရားသခင်၏ အသံကို နားထောင်ခြင်း၊ ဘုရားနှုတ်ကပတ်တော်ကို ယုံကြည်ခြင်း၊ အပြုသဘောဆောင်သောအရာများကို လက်ခံခြင်းတို့အား ပိတ်ပင်တားဆီးသောအရာများဖြစ်ပြီး သမ္မာတရားကို လက်ခံခြင်း၊ သမ္မာတရားအတွင်းသို့ ဝင်ရောက်ခြင်းတို့အား အသေအချာပင် ပိတ်ပင်ထားဆီးသောအရာများ ဖြစ်သည်မှာ သိသာထင်ရှား၏။ ဤအရာများသည် လူသားများ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် အပေါ်ယံတွင် ကွာခြားသည်။ သို့ရာတွင် ဤအရာများ၏ အနှစ်သာရသည် စာတန်၏ သဘာဝ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ယင်းတို့သည် စာတန်က လူသားများကို ဖျက်ဆီးသည့်အရာများဖြစ်သည်။ အပြင်ပန်းမှ ကြည့်လျှင် လူသားမျိုးနွယ်ကို ဖျက်ဆီးသည့် စာတန်၏ ဆိုးယုတ်သော လုပ်ရပ်များနှင့် စာတန်၏ ကောင်းမှုလုပ်ဆောင်သည့် ဟန်ဆောင်မှုတို့ကြားတွင် ရှင်းလင်းသော ခြားနားမှုတစ်ခုရှိသည်။ သာမန်လူတို့ ပိုင်းခြားသိမြင်နိုင်ရန် ခက်ခဲသည့် ခြားနားမှုတစ်ခုဖြစ်သည်။ သို့ရာတွင် စာတန်က လူတို့ကို လှည့်စားပြီး ဖျက်ဆီးခြင်း၏ အကျိုးဆက်များသည် အလွန်အမင်း သိသာထင်ရှားသည်။ ဤအရာသည် ခေတ်ရေစီးကြောင်း လူ့အဖွဲ့အစည်းအားလုံးကို ဘုရားသခင်အား ငြင်းဆန်ခြင်း၊ အာခံခြင်းနှင့် ဆန့်ကျင်ခြင်းပင် ဖြစ်ပေါ်စေသည်ဆိုသည်မှာ ရှင်းလင်းသော အချက်တစ်ခုဖြစ်သည်။

လူတို့အတွင်းတွင်ရှိသော ဆိုးယုတ်သော စိတ်သဘောထားသည် လူတို့အပေါ် စာတန်၏ လှည့်စားမှုနှင့် ဖျက်ဆီးမှုသက်သက်ကြောင့်ဖြစ်သော ရလဒ်ဖြစ်သည်။ ထို့အပြင် လူတို့ ကိုင်စွဲသည့် အမျိုးမျိုးသော ဆိုးယုတ်သော မိစ္ဆာဒိဋ္ဌိအယူများ၊ အတွေးမှားများ၊ အတွေးအခေါ်များ၊ နိယာမများ၊ ထို့အပြင် ဘဝနှင့် စံနှုန်းများအပေါ် ၎င်းတို့၏ အမြင်တို့အားလုံးသည် စာတန်က လှည့်စားပြီး ဖျက်ဆီးခြင်းခံရခြင်းကို ခိုင်လုံစွာ ပြသခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် စာတန်က လူတို့ကို လှည့်စားပြီးနောက်တွင်၊ ၎င်းတို့အား ဘုရားသခင်ကို စွန့်ခွာပြီး ငြင်းဆန်စေပြီးနောက်တွင် စာတန်သည် လူတို့အတွင်းသို့ ဆိုးယုတ်သော အတွေးများ၊ ထင်မြင်ချက်များ၊ မိစ္ဆာဒိဋ္ဌိအယူများ၊ အတွေးမှားများ မျိုးစုံတို့ကို အပြည့်အဝ သွတ်သွင်းသည်။ ထို့အပြင် စာတန်သည် ပွင့်လင်းစွာဖြင့် ဝါဒများစွာ ဖြန့်သည်မှာ အယူအဆ၊ ထင်မြင်ချက်၊ အဆိုအမိန့် မျိုးစုံတို့ပါဝင်သည်။ ယင်းတို့သည် လူတို့အား အရာရာတိုင်းကို မည်သို့ကိုင်တွယ်ရမည်နှင့်ပတ်သက်၍ ညွှန်ကြားပြီး သွေးထိုးလှုံ့ဆော်ပေးသည်။ ဤအရာအားလုံးကို ၎င်းတို့၏ စိတ်နှလုံးအတွင်းတွင် လက်ခံစေသည်။ ရလဒ်အနေဖြင့် အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သော စိတ်သဘောထားများသည် ၎င်းတို့အတွင်းတွင် ပျိုးထောင်ပေးခြင်းခံရသည်။ ဤသည်မှာ လူတို့ကို ဖျက်ဆီးရန် စာတန်အသုံးပြုသည့် နည်းလမ်းဖြစ်သည်။ ဆိုလိုသည်မှာ လူတို့၏ စိတ်ဝိညာဉ်အတွင်းတွင် ဟာလာဟင်းလင်း ဖြစ်နေသောအခါတွင်၊ ၎င်းတို့သည် စဉ်းစားပုံ မမှန်မကန်ဖြစ်နေသောအခါတွင်၊ အနှစ်မရှိသော တန်ဆာ ဖြစ်နေသောအခါတွင် စာတန်၏ အမျိုးမျိုးသော အဆိုအမိန့်များသည် ၎င်းတို့၏ စိတ်နှလုံးသို့ ဝင်ရောက်ပြီး နေရာယူသည်။ ဥပမာ “ကယ်တင်ရှင် မည်သည့်အခါကမျှ မရှိခဲ့ပေ”၊ “ကောင်းကင်၊ မြေကြီးနှင့် အရာအားလုံးကို သဘာဝက ဖန်တီးသည်”၊ “မိတ်ဆွေအတွက် အသက်စွန့်မည်”၊ “အမျိုးသမီးတစ်ယောက်သည် အကျင့်သီလကောင်းရမည်။ ကြင်နာရမည်၊ အနွံအနာခံရမည်”၊ “ယောက်ျားများသည် ယောက်ျားပီသသင့်သည်” ဆိုသကဲ့သို့သော အဆိုအမိန့်များ ဖြစ်ပေါ်လာသောအခါတွင် လူတို့သည် မရည်ရွယ်ဘဲ ယင်းတို့၏ လွှမ်းမိုးခြင်းကို ခံရသည်။ လူတို့သည် ဤဆိုးယုတ်သော အင်အားစုများ၊ မိစ္ဆာဒိဋ္ဌိအယူများ၊ အတွေးမှားများကို လုံးဝ သတိမပြုမိဘဲ၊ ယင်းတို့ကို ခွဲခြားဖော်ထုတ်ရန် အရည်အချင်းလုံးဝ မရှိဘဲ၊ သို့မဟုတ် ယင်းတို့အား အတိုက်အခံပြုရန် မည်သည့်အစွမ်းမျှမရှိဘဲ စာတန်ဆီမှ အယူအဆနှင့် ထင်မြင်ချက်မျိုးစုံကို လက်ခံကြသည်။ ဤဆိုးယုတ်သော အယူအဆများ၊ အမြင်များကို လူတို့ လက်ခံသည့် ဖြစ်စဉ်သည် လူတို့ လှည့်စားခံရသည့်၊ သွေးထိုးလှုံ့ဆော်ခံရသည့်၊ ဖျက်ဆီးခံရသည့် ဖြစ်စဉ် အတိအကျပင် ဖြစ်သည်။ ဥပမာ သင်သည် မိန်းမတစ်ယောက် အသက်ရှင်သင့်သည့် မှန်ကန်သောနည်းလမ်းနှင့် သူမ လုပ်ဆောင်သင့်သည့်အရာများကို မသိသော မိန်းမတစ်ယောက်ဖြစ်လျှင် စာတန်သည် “အမျိုးသမီးတစ်ယောက်သည် အကျင့်သီလကောင်းရမည်။ ကြင်နာရမည်၊ အနွံအနာခံရမည်”၊ “အိမ်ထဲတွင် နေ၍ အပြင်သို့ မထွက်နှင့်”၊ “ကျွမ်းကျင်မှုမရှိသော အမျိုးသမီးတစ်ယောက်သည် အကျင့်သီလရှိသော အမျိုးသမီးတစ်ယောက်ဖြစ်သည်” စသည်တို့ကဲ့သို့သော မိစ္ဆာဒိဋ္ဌိအယူများ၊ အတွေးမှားများကို အဆိုပြုလိမ့်မည်။ ဤဆိုရိုးစကားများသည် ဉာဏ်၊ အမြော်အမြင်ကြီးပြီး ကောင်းသည်ဟု သင်ထင်သောကြောင့် ယင်းတို့ကို သင်လက်ခံသည်။ ဤမိစ္ဆာဒိဋ္ဌိအယူများနှင့် အတွေးမှားများသည် လူ့အဖွဲ့အစည်းတွင်၊ ကမ္ဘာပေါ်တွင် ပျံ့နှံ့နေသောအခါ သင်သည် မိန်းမတစ်ယောက်အနေဖြင့် ယင်းတို့ကို မရည်ရွယ်ဘဲ လက်ခံကျင့်သုံးပြီး သင်ကိုယ်တိုင် ဤဆိုရိုးစကားများအတိုင်း တစ်သဝေမတိမ်း လိုက်နာလုပ်ဆောင်လေသည်။ ရှေးဦးစွာ သင်သည် ထိုအရာများနှင့် သင့်ကိုယ်သင် ယှဉ်ကြည့်မည်။ သင်သည် မိန်းမတစ်ယောက်ဖြစ်သောကြောင့် အကျင့်သီလကောင်းရမည်၊ ကြင်နာရမည်၊ အနွံအနာခံရမည်၊ အိမ်တွင် နေရမည်၊ အရည်အချင်းမရှိသည့် အကျင့်သီလကောင်းသော မိန်းမဖြစ်ရမည် စသည်တို့ကို ယုံကြည်သည်။ ဤဖြစ်စဉ်တစ်လျှောက်တွင် သင်သည် လူ့အဖွဲ့အစည်းတွင် ပျံ့နှံ့နေသော အဆိုအမိန့်၊ အယူအဆ၊ အမြင်များ၏ လှုံ့ဆော်ခြင်း၊ အယူဝါဒသွတ်သွင်းခြင်း၊ လွှမ်းမိုးခြင်းကို တဖြည်းဖြည်းချင်း ခံရမည်။ နောက်ဆုံးတွင် ယင်းတို့အား စိတ်တွင်စွဲမှတ်သည်အထိ ဖြစ်သွားသည်။ ပို၍ အသေးစိတ်ဆိုရလျှင် စာတန်၏ အယူအဆများ၊ အမြင်များ၏ လှည့်စားခြင်းကို ခံရပြီးနောက်တွင် သင်သည် ယင်းတို့၏ ချည်နှောင်ခြင်း၊ ထိန်းချုပ်ခြင်းကို ခံရမည်။ ထို့နောက်တွင် သင်သည် မရည်ရွယ်ဘဲ စိတ်နှလုံး၌ သင့်ကိုယ်သင် တောင်းဆိုမှုများပြုလုပ်ပြီး သူတစ်ပါးတို့ကို ထိုအရာများနှင့်အညီ ကြည့်ရှုလိမ့်မည်။ ထို့ကြောင့် သင်၏ နေ့စဉ်အသက်တာတွင် ဤအယူအဆများ၊ အဆိုအမိန့်များသည် သင်၏ စိတ်နှလုံး၌ အတွေးအမြင်များ ဖြစ်ပေါ်စေမည်။ ထို့နောက် သင်သည် ယင်းတို့ကို သင်၏ နေထိုင်၊ ပြုမူခြင်းအတွက် စံသတ်မှတ်ချက်နှင့် အခြေပြုချက်အဖြစ် ခံယူလိမ့်မည်။ ဤသည်မှာ လူ့အဖွဲ့အစည်းနှင့် အသိုင်းအဝိုင်းတွင် စာတန်၏ အမျိုးမျိုးသော အယူအဆနှင့် ထင်မြင်ချက်များက တဖြည်းဖြည်းချင်းဖြင့် ကျင့်သုံးလေ့ရှိသောအရာ ဖြစ်လာသည့်ပုံစံဖြစ်သည်။ ဤကျင့်သုံးမှုသည် လူ့အဖွဲ့အစည်းတွင် ပိုပို၍ ပျံ့နှံ့လာသည်နှင့်အမျှ၊ ယင်းက လှုံ့ဆော်ပြီး လက်သင့်ခံစေသောလူအရေအတွက်က ပိုပို၍ များလာသည်နှင့်အမျှ အင်အားစုတစ်မျိုးဖြစ်လာသည်။ ဤအင်အားစု ဖြစ်ပေါ်လာသောအခါ လူသားမျိုးနွယ်သည် ဤအယူအဆများ၊ အမြင်များ၏ အကျဉ်းချခြင်း၊ ထိန်းချုပ်ခြင်းကို အပြည့်အဝခံရသည်၊ သို့မဟုတ် တစ်နည်းအားဖြင့် လူသားမျိုးနွယ်သည် ယင်းတို့၏ ဖမ်းစားခြင်းကို ခံရသည်။ ပို၍ အတိအကျဆိုရလျှင် လူတို့သည် စာတန်၏ ဖမ်းဆီးခြင်းကို ခံရသည်။ ဥပမာ စာတန်၏ လောကတွင် “ယောက်ျားများသည် ယောက်ျားပီသသင့်သည်၊ စိတ်ဓာတ်ကြံ့ခိုင်ပြီး ရည်မှန်းချက် ရှိသင့်သည်”၊ “ယောက်ျားများသည် အလှမ်းဝေးသော ရည်မှန်းချက်များ၊ အိပ်မက်များနှင့် အနိုင်မခံ အရှုံးမပေးသော စိတ်ဓာတ်ရှိသင့်သည်”၊ “ယောက်ျားများသည် မိမိတို့ကိုယ်ကို တိုးတက်စေသင့်သည်၊ မိသားစုကို တည်ဆောက်သင့်သည်၊ နိုင်ငံကို အုပ်စိုးပြီး ကမ္ဘာကို ငြိမ်းချမ်းစေသင့်သည်”၊ “ယောက်ျားများသည် အာဏာကိုင်စွဲရန်၊ အခြေအနေကို ထိန်းချုပ်ရန်၊ ကမ္ဘာကို အုပ်စိုးရန် သင်ယူသင့်သည်”၊ “ယောက်ျားမျက်ရည် လွယ်လွယ်နှင့် မကျပေ” စသည်တို့ ဖြစ်သည်။ ယောက်ျားတိုင်းသည် ငယ်ရွယ်စဉ်ကတည်းက ဤသတ်မှတ်ချက်များ၊ အယူအဆများ၊ အမြင်များ၏ ချည်နှောင်ခြင်းကို ခံရသည်။ ယောက်ျားနှင့် မိန်းမနှစ်ဦးလုံးသည် ရိုးရာယဉ်ကျေးမှု၏ အဆိုအမိန့်အမျိုးမျိုး၏ ကန့်သတ်ခြင်း၊ ချည်နှောင်ခြင်းကို ခံရသည်။ ယောက်ျားများသည် ယောက်ျားတစ်ယောက်က မည်သို့ ပြုမူဆောင်ရွက်သင့်သည်ကို၊ သို့မဟုတ် ၎င်းတို့၏ အသိုင်းအဝိုင်းတွင်၊ လူ့အဖွဲ့အစည်း၊ သို့မဟုတ် နိုင်ငံတွင် မိမိတို့ကိုယ်ကို မည်သို့တည်ဆောက်ရမည်ကို မသိလျှင် ၎င်းတို့သည် ဤအယူအဆများ၊ အမြင်များကို ကြားသောအခါတွင် မသိစိတ်မှနေ၍ လက်ခံလိမ့်မည်။ ၎င်းတို့သည် တဖြည်းဖြည်းချင်းဖြင့် ယင်းတို့နှင့် အသားကျလာမည် ဖြစ်သည်မှာ ယင်းတို့ကို မိမိတို့ကိုယ်တိုင် တစ်သဝေမတိမ်း လိုက်နာရန်အတွက် စံသတ်မှတ်ချက်နှင့် အခြေပြုချက်အဖြစ် မှတ်ယူကြသည်အထိပင် ဖြစ်လေသည်။ ထို့အပြင် ၎င်းတို့သည် ဤအယူအဆများ၊ အမြင်များကို လက်တွေ့လုပ်ဆောင်လိမ့်မည်။ လက်တွေ့တွင် ဤသို့သောသူဖြစ်ခြင်းကို တွေ့ကြုံခံစားလိမ့်မည်။ ထို့နောက်တွင် ထိုပန်းတိုင်များသို့ ဦးတည်ပြီး အလုပ်လုပ်ခြင်းအားဖြင့် စံနမူနာဖြစ်အောင် လုပ်ဆောင်လိမ့်မည်။ ဥပမာ ယောက်ျားများသည် အလှမ်းဝေးသော ရည်မှန်းချက်များရှိရမည်။ ကြီးမားသောအရာများကို လုပ်ဆောင်ပြီး ကြီးမားသော အသက်မွေးအလုပ်ရှိရမည်။ ၎င်းတို့သည် ချစ်ခင်သော ဆက်ဆံရေးများ မရှိသင့်သကဲ့သို့ ၎င်းတို့မိဘများကို ထောက်ပံ့ခြင်း၊ သို့မဟုတ် သားသမီးများကို ပျိုးထောင်ခြင်းအား ၎င်းတို့၏ တစ်သက်တာ တာဝန်၊ သို့မဟုတ် ပန်းတိုင်အဖြစ် မထားလုပ်သင့်ပေ။ ထိုထက် ၎င်းတို့သည် ၎င်းတို့၏ သိမြင်မှုနယ်ပယ်ကို ချဲ့ထွင်ရမည်။ ၎င်းတို့၏ ပြင်းပြသောဆန္ဒများနောက်လိုက်ရမည်။ အခြေအနေကို ထိန်းချုပ်ရန် သင်ယူရမည်။ လူသားမျိုးနွယ်နှင့် မိန်းမများကို ချုပ်ကိုင်ရန်ပင် အာဏာကို အရယူရမည်။ လူတို့သည် ဤအတွေးအမြင်များကို လက်ခံခဲ့ကြသည်။ ၎င်းတို့သည် ၎င်းတို့၏ဘဝတွင် ဤအရာများအတိုင်း ကျင့်သုံးပြီး နေထိုင်ကြသည်။ ဤအရာများက ဖြစ်ပေါ်စေသည့် ပန်းတိုင်များနောက်သို့ လိုက်ကြသည်။ ထို့အပြင် ဤအတွေးအမြင်များသည် လူတို့၏ စိတ်နှလုံးအတွင်းထဲတွင် ဖြစ်ပေါ်ပြီး အမြစ်တွယ်သောအခါ လူတို့သည် လူသားမျိုးနွယ်၊ လူ့အဖွဲ့အစည်းနှင့် တစ်လောကလုံးကို ဤအရာများမှတစ်ဆင့် ရှုမြင်လိမ့်မည်။ ယင်းတို့သည် ယောက်ျားတစ်ယောက်၏ စိတ်နှလုံးတွင် ဖြတ်ပစ်၍ မရနိုင်အောင်ပင် နက်ရှိုင်းစွာ အမြစ်တွယ်သောအခါတွင် သူသည် “ယောက်ျားများသည် ယောက်ျားပီသပြီး စိတ်ဓာတ်ကြံ့ခိုင်သင့်သည်” စသည်ကဲ့သို့သော အတွေးအမြင်များနှင့်အညီ လူများ၊ အမှုအရာများကို ရှုမြင်လိမ့်မည်၊ ယင်းတို့နှင့်အညီ ကျင့်ကြံနေထိုင်ပြီး ပြုမူဆောင်ရွက်လိမ့်မည်။ ဤသည်မှာ ယောက်ျားများ၏ လောကအမြင်နှင့် ဘဝအပေါ် အမြင်တို့ စတင်ဖြစ်ပေါ်ပြီး အရင်းခံသည့်အကြောင်းရင်းဖြစ်သည်။ ယောက်ျားများသည် စာတန်က ၎င်းတို့အတွင်းသို့ သွတ်သွင်းခဲ့သော အတွေးအမြင်များနှင့်အညီ လူများ၊ အမှုအရာများကို ရှုမြင်သောအခါ၊ ကျင့်ကြံနေထိုင်ပြီး ပြုမူဆောင်ရွက်သောအခါ ဤအတွေးအမြင်များသည် လူများနှင့် လူ့အဖွဲ့အစည်းထဲသို့ မသိမသာ ပျံ့နှံ့သွားပြီး လူတိုင်း၏ စိတ်နှလုံးအတွင်းထဲသို့ ဖြည်းဖြည်းချင်း ထိုးဖောက်ဝင်ရောက်သည်။ ယောက်ျားများသာမဟုတ်ဘဲ မိန်းမများလည်းပါဝင်သည်။ ဤအရာများသည် လူတိုင်း၏ စိတ်နှလုံးအတွင်းထဲသို့ ထိုးဖောက်ဝင်ရောက်သောအခါ၊ စကားပြောတတ်ခါစဖြစ်သော ကလေးငယ်များ၏ စိတ်နှလုံးထဲသို့ပင် သွတ်သွင်းခံရသောအခါတွင် ဤအတွေးအမြင်များသည် လူ့အသိုင်းအဝိုင်းနှင့် လူ့အဖွဲ့အစည်းတွင် ကျင့်သုံးလေ့ရှိသောအရာဖြစ်လာသည်။ ဤကျင့်သုံးမှုသည် ပိုပို၍ မြန်ဆန်စွာ ပျံ့နှံ့လိမ့်မည်။ လူတိုင်းက ကောင်းစွာသိသွားပြီး လူတိုင်းက ရာနှုန်းပြည့် အသိအမှတ်ပြုကာ လက်ခံကြသည်အထိ ပိုပို၍ ကျယ်ပြန့်စွာ ပျံ့နှံ့လိမ့်မည်။ ဤအဆင့်သို့ ရောက်ရှိလာသောအခါတွင် လူမှုဗေဒပညာရှင်များ၊ နိုင်ငံရေးသမားများနှင့် နိုင်ငံတော် အကြီးအကဲများ၊ သို့မဟုတ် ပို၍ အတိအကျဆိုရလျှင် စာတန်နောက်လိုက်သော နတ်ဆိုးဘုရင်များသည် လူသားမျိုးနွယ်ကြားတွင် ဤအတွေးအမြင်များ ကိုင်စွဲသော အဆင့်အတန်းကို ခိုင်မာစေရန် ဆက်လက်၍ လုပ်ဆောင်လိမ့်မည်။ ၎င်းတို့သည် ဤအရာများကို ချရေးလိမ့်မည်။ အသေးစိတ်ဖော်ပြသော အထောက်အထား၊ အားသာသော အခြေအနေများ၊ လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများ မျိုးစုံကို အသုံးပြုပြီး ဤအဆိုအမိန့်များကို စနစ်တကျ ဖြန့်၍ ကျယ်ပြန့်စွာ အားပေးမြှင့်တင်လိမ့်မည်။ ဤသို့ဖြင့် ဤအဆိုအမိန့်များသည် လူသားမျိုးနွယ်ကြားတွင် တိုးတက်ပွားများလာပြီး လူ့အဖွဲ့အစည်းတွင် လူမှုဆိုင်ရာ အခြေအနေတစ်ခုနှင့် သတ်မှတ်ထားသော ကိုယ်ကျင့်တရား စည်းမျဉ်းတစ်ခု ဖြစ်လာသည်။ ၎င်းတို့သည် ဤကိုယ်ကျင့်တရားစည်းမျဉ်းဖြင့် လူတို့အား ထိန်းချုပ်ပြီး ချည်နှောင်လိမ့်မည်။ ဤအဆင့်တွင် စာတန်၏ ပန်းတိုင်ကို ရောက်ရှိလိမ့်မည်။ စာတန်က ဤပန်းတိုင်ကို ဖြစ်မြောက်အောင်မြင်သောအခါ ယောက်ျားများ၊ မိန်းမများအပါအဝင် လူသားမျိုးနွယ်အားလုံးသည် ဤအယူအဆများ၊ အမြင်များ၏ လှည့်စားခြင်း၊ ဖျက်ဆီးခြင်း၊ ဝင်ရောက်ခြင်းကို ခံရမည်။ လူသားမျိုးနွယ်သည် စာတန်၏ အတွေးအမြင်များ၏ လှည့်စားခြင်း၊ ဖျက်ဆီးခြင်း၊ ဖမ်းစားခြင်းကို ခံရသောအခါ အကျိုးဆက်များက မည်သို့ဖြစ်မည်ကို သင်တို့ သိသလော။ စာတန်က ဤအယူအဆများ၊ အဆိုအမိန့်များ၊ မိစ္ဆာဒိဋ္ဌိအယူများနှင့် အတွေးမှားများကို အဆိုပြုနေသည်မှာ အဘယ်ကြောင့်ဖြစ်သည်ဟု သင်တို့ ထင်သနည်း။ လူသားမျိုးနွယ်ကို ဖျက်ဆီးရန်သာ ဖြစ်သလော။ လူတို့အား လုယူရန်သာဖြစ်သလော။ ဤအရာအားလုံး၏ ပစ်မှတ်မှာ မည်သူဖြစ်သနည်း။ (ဘုရားသခင်ဖြစ်သည်။) မှန်သည်။ သင်တို့သည် ဤအရာကို ရှင်းလင်းရမည်။ စာတန်လုပ်ဆောင်သည့် ဆိုးယုတ်သောအရာများအားလုံးတွင်၊ အတိအကျဆိုရလျှင် စာတန်က လူသားမျိုးနွယ်ကို လှည့်စားရန်၊ နှောင့်ယှက်ရန်၊ ထိန်းချုပ်ရန်၊ ဖျက်ဆီးရန် လုပ်ဆောင်သောအရာအားလုံးတွင် လူတို့သည် အသုံးချခံပစ္စည်းများ၊ ကိရိယာများသာဖြစ်သည်။ လူတို့သည် စာတန်က သူ၏ အရည်အချင်းနှင့် ကျွမ်းကျင်မှုအားလုံးကို အသုံးချရန် အသုံးပြုသည့် တန်ဆာများသာဖြစ်သည်။ စာတန်လုပ်ဆောင်သမျှအရာအားလုံးသည် လူတို့ထက် ဘုရားသခင်ကို ဦးတည်သည်။ စာတန်သည် ဘုရားကို ဆန့်ကျင်လိုပြီး လူတို့သည် စာတန်က ဤအရာကို လုပ်ဆောင်ရန် အသုံးပြုသည့် တန်ဆာများ၊ သို့မဟုတ် အသုံးချခံပစ္စည်းများသာဖြစ်သည်။ ဤသို့ဆိုလျှင် စာတန်က ဘုရားသခင်ကို အဘယ်ကြောင့် တိုက်ခိုက်လိုသနည်း။ စာတန်သည် အဘယ်ကြောင့် လူသားမျိုးနွယ်အား ဤသို့ ဖျက်ဆီးလိုသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်က လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ပြီး ကယ်တင်လိုသောကြောင့်ဖြစ်သည်။ စာတန်သည် အဘယ်ကြောင့် တိရစ္ဆာန်များ၊ အပင်များ၊ သို့မဟုတ် ဂြိုဟ်သားများကို မဖျက်ဆီးသနည်း။ ဘုရားသခင်သည် လူသားများမှလွဲ၍ တိရစ္ဆာန်များ၊ အပင်များ၊ သို့မဟုတ် ဂြိုဟ်သားများ၊ သို့မဟုတ် အခြားမည်သည့်သတ္တဝါကိုမျှ ကယ်တင်ရန် မကြိုးစားသောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် ဤကမ္ဘာပေါ်တွင် သူဖန်ဆင်းခဲ့သော လူသားများကို ကယ်တင်ရန် ကြိုးစားလျက်ရှိသည်။ သူသည် ကမ္ဘာပေါ်တွင် ဤလူသားအုပ်စုကို ရယူဖို့ ကြိုးစားလျက်ရှိသည်။ မည်သည့် လူသားမျိုးဖြစ်သနည်း။ ဘုရားနောက်သို့လိုက်ပြီး သေသည်အထိ သစ္စာရှိသော၊ ဘုရားသခင်နှင့် စိတ်နှလုံး တစ်လုံးတစ်ဝတည်းရှိသော၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သော လူသားအုပ်စုဖြစ်သည်။ ဤလူတို့သည် ဘုရားသခင် ရယူလိုသောလူများဖြစ်သည်။ ဘုရားသခင်သည် ဤလူတို့ကို ကယ်တင်ပြီး ရယူရန် သူ၏ အမှုတော်ကို မလုပ်ဆောင်မီတွင် စာတန်သည် ဦးစွာဝင်ရောက်ပြီး ၎င်းတို့ကို ဖျက်ဆီးရန် ကြိုးစားသည်။ စာတန်က “ဘုရားသခင် ကိုယ်တော်သည် လူသားမျိုးနွယ်ကို ကယ်တင်လိုသလော။ ဤသို့ဆိုလျှင် ကျွန်ုပ်သည် ၎င်းတို့ကို ဦးစွာ ဖျက်ဆီးမည်။ လူတို့သည် လူသားဆန်ခြင်းထက် လုံးဝမကောင်းဆိုးဝါးဆန်သည်အထိ ဖျက်ဆီးခြင်း ခံရသောအခါတွင် ကိုယ်တော်သည် ၎င်းတို့ကို ကယ်တင်နိုင်မည်မဟုတ်။ ကိုယ်တော်သည် အောင်မြင်မည်မဟုတ်ဘဲ အဆုံး၌ ကျရှုံးလိမ့်မည်” ဟူ၍ ဆိုသည်။ ဤသည်မှာ စာတန်၏ ပန်းတိုင်ဖြစ်သည်။ အစောပိုင်းက ငါမေးခဲ့သော မေးခွန်းကို ပြန်ဆွေးနွေးကြစို့။ စာတန်က လူသား၏ စိတ်သဘောထားကို ဖျက်ဆီးသလို လူသား၏ စိတ်နှင့် နှလုံးသားကို လှည့်စားရန်၊ တုံ့ဆိုင်းစေရန်၊ ထိန်းချုပ်ရန် အမျိုးမျိုးသော မိစ္ဆာဒိဋ္ဌိအယူများ၊ အတွေးမှားများနှင့် အယူအဆနှင့် အမြင်မျိုးစုံကိုလည်း အဆိုပြုသောအခါတွင် စာတန်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ သင်တို့သည် ဤမေးခွန်းကို မဖြေနိုင်ပေ။ သင်တို့ နားမလည်ပေ။ စာတန်က ဖျက်ဆီးပြီး ထိန်းချုပ်သည်မှာ လူတို့ဖြစ်သော်လည်း စာတန်က ဤအရာအားလုံးကို လုပ်ဆောင်သောအခါ၌ လူတို့ကို ပစ်မှတ်ထားခြင်းမဟုတ်ပေ။ ထိုထက် ဤအရာအားလုံးသည် ဘုရားသခင်ဆီသို့ ဦးတည်သည်။ စာတန်က လူတို့အား ဖျက်ဆီးခြင်း၏ အဆုံးစွန်ပန်းတိုင်နှင့် ရလဒ်မှာ အဘယ်နည်း။ လူတို့အား ဘုရားသခင်ကို ဆန့်ကျင်စေရန်ဖြစ်သည်။ လူတို့သည် ဘုရားသခင်နှင့် လုံးဝ ပကတိဆန့်ကျင်ဘက်ဖြစ်သောအခါ၊ သူ၏ ရန်သူဖြစ်သောအခါတွင် စာတန်သည် သူ၏ ကြံစည်မှုနှင့် မိမိ၏ ကိုယ်ကျိုးအတွက်သာကြည့်သော တွက်ချက်မှုများ အောင်မြင်ပြီးဖြစ်လိမ့်မည်၊ ကမ္ဘာပေါ်တွင် လူတို့၏ ကိုးကွယ်ခြင်း၊ လိုက်လျှောက်ခြင်းကို သူ ခံရမည်ဟု ယုံကြည်သည်။ ထို့ကြောင့် စာတန်၏ အမျိုးမျိုးသော အတွေးများ၊ အဆိုအမိန့်များ၊ မိစ္ဆာဒိဋ္ဌိအယူများ၊ အတွေးမှားများသည် လူတို့၏ စိတ်နှလုံးတွင် နက်နဲစွာ အမြစ်တွယ်နေသောအခါ လူတို့သည် ဘုရားသခင်တည်ရှိသည်ကို ယုံကြည်တော့မည်မဟုတ်ပေ၊ သို့မဟုတ် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များ၊ သို့မဟုတ် သူ၏ အချုပ်အခြာအာဏာကို လက်ခံမည်မဟုတ်တော့ပေ။ လူတို့သည် ဘုရားသခင်ကို အပြည့်အဝ ငြင်းဆန်ပြီး သစ္စာဖောက်လိမ့်မည်။ စာတန်က ဘုရားသခင်အား လူတို့ ငြင်းဆန်သည်အထိ လူတို့အား ဖျက်ဆီးလျှင် လုံလောက်သည်ဟု ထင်သည်။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ဤအဆင့်တွင် ဘုရားသခင် ကယ်တင်လိုသည့် လူများသည် စာတန်က ဖမ်းဆီးခြင်း၊ ဖမ်းစားခြင်းကို လုံးလုံး ခံရပြီးဖြစ်လိမ့်မည်။ ဘုရားသခင်နှင့် လုံးဝ ပကတိဆန့်ကျင်ဘက်ဖြစ်ပြီး ဖြစ်လိမ့်မည်။ ဤသည်မှာ စာတန်၏ ရည်ရွယ်ချက်ဖြစ်သည်။ သင်တို့သည် ဤအရာကို ယခင်က လုံးဝ မတွေးခဲ့ဖူးသည်မှာ မှန်ကန်သလော။ (မှန်သည်။) သင်တို့ နားမလည်ပေ။ လူတို့က “စာတန်က ငါတို့ကို ဖမ်းဆီးရန်၊ ထောင်ချောက်ဆင်ရန်၊ ထိခိုက်ရန်၊ သေစေရန်၊ ငရဲသို့ပို့ပြီး ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ဘဝတွင် မှန်ကန်သော လမ်းကြောင်းကို မရရှိစေရန် လူတို့ကို ဖျက်ဆီးသည်။ စာတန်က ငါတို့ကို ဒုက္ခရောက်စေသည်” ဟူ၍ ထင်ကြသည်။ ဤသည်မှာ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ သို့သော် ယင်းသည် စာတန်လုပ်ဆောင်သည့် အရာရာတိုင်းကြောင့် ပို၍ ဆိုးရွားပြင်းထန်လာသည့် ဘေးထွက်ရလဒ်တစ်ခုသာ ဖြစ်သည်။ အမှန်တကယ်တွင် ဖုံးကွယ်နေ‌သော ပန်းတိုင်မဟုတ်ပေ။ ယခုတွင် ဖုံးကွယ်နေသောပန်းတိုင်က မည်သည့်အရာဖြစ်သည်ကို သင်တို့ နားလည်သလော။ ပြောလော့။ စာတန်သည် လူတို့၏ စိတ်ကို အဘယ်ကြောင့် လှည့်စား၊ ထိန်းချုပ်ပြီး အကျဉ်းချသနည်း။ (စာတန်လုပ်ဆောင်သမျှတိုင်းသည် ဘုရားသခင်ကို ဦးတည်သည်။ ဖုံးကွယ်နေသော ပန်းတိုင်မှာ လူတို့အားလုံးကို ဘုရားသခင်အား ဆန့်ကျင်စေရန်ဖြစ်သည်။) အခြားမည်သည့်အရာရှိသေးသနည်း။ (ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်လိုသောကြောင့် စာတန်သည် ၎င်းတို့ကို ဖျက်ဆီးလိုသည်။ ဘုရားသခင်အား ဆန့်ကျင်စေလိုသည်။ ဤသို့အားဖြင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို ၎င်းတို့ မရရှိစေဖို့ ဖြစ်သည်။ စာတန်သည် လူသားမျိုးနွယ်ကို ကယ်တင်ဖို့ဖြစ်သည့် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ကို ဖျက်ဆီးလိုသည်။) စာတန်သည် လူတို့အထဲတွင် မိစ္ဆာဒိဋ္ဌိအယူနှင့် အတွေးမှားမျိုးစုံကို ထည့်သွင်းသည်။ ဤလမ်းလွဲသောအယူအဆများ၊ အမြင်များ၊ မိစ္ဆာဒိဋ္ဌိများ၊ အတွေးမှားများသည် လူတို့၏ စိတ်နှလုံးထဲ၌ နက်နဲစွာ အမြစ်တွယ်နေသောအခါ ယင်းတို့သည် လူတို့၏ စိတ်ကို ထိန်းချုပ်ပြီး အကျဉ်းကျစေသည်။ ဤသည်မှာ သီးသန့်အခြေအနေတစ်ခုကို ဖြစ်ပေါ်စေသည်။ မည်သည့် အခြေအနေမျိုးဖြစ်သနည်း။ ဘုရားသခင်အား ပကတိဆန့်ကျင်မှု အပြည့်အဝ ဖြစ်ပေါ်သော၊ လူသားမျိုးနွယ်သည် ဘုရားသခင်ကို ဆန့်ကျင်သည့် လုံးလုံးလျားလျား ရန်လိုသော အင်အားစုဖြစ်လာပြီး စာတန်က ပျော်ရွှင်သော အခြေအနေဖြစ်သည်။ ဤသည်မှာ စာတန်က ရရှိရန် ကြိုးစားနေသည့် ပန်းတိုင်ဖြစ်သည်။ ဤအရာအားလုံးကို လုပ်ဆောင်ရာတွင် စာတန်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ စာကြောင်းတစ်ကြောင်းဖြင့် အနှစ်ချုပ်လော့။ (စာတန်သည် မိစ္ဆာဒိဋ္ဌိအယူနှင့် အတွေးမှားမျိုးစုံကို လူတို့အတွင်းသို့ သွတ်သွင်းပြီး ဤလမ်းလွဲသော အယူအဆများ၊ အမြင်များ၊ မိစ္ဆာဒိဋ္ဌိအယူနှင့် အတွေးမှားများသည် လူတို့၏ စိတ်နှလုံး၌ နက်နဲစွာ အမြစ်တွယ်သောအခါ ဘုရားသခင်အား ပကတိဆန့်ကျင်မှု အပြည့်အဝ ဖြစ်ပေါ်သော၊ လူသားများသည် ဘုရားသခင်အား အာခံသည့်သူများဖြစ်လာသော အခြေအနေတစ်ခု ဖြစ်ပေါ်လာသည်။ လူတို့သည် ဘုရားသခင်၏ ရန်သူများဖြစ်လာပြီး စာတန်က သူ၏ ပန်းတိုင်ကို ရရှိသည်။) ဤသည်မှာ အဖြေဖြစ်သည်။ မရိုးရှင်းသလော။ (ရိုးရှင်းသည်။) ဤသည်မှာ လူသားမျိုးနွယ်ကို ဖျက်ဆီးခြင်းအားဖြင့် စာတန်ရရှိလိုသည့် ပန်းတိုင်နှင့် ရလဒ်ဖြစ်သည်။

လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေရန် စာတန်လုပ်ဆောင်သော ဤအရာများကို ဘုရားသခင်သိသည်ဟု သင်တို့ ထင်သလော။ (ထင်သည်။) ဤသို့ဆိုလျှင် ဘုရားသခင်က စာတန်ကို အဘယ်ကြောင့် ဤသို့လုပ်ဆောင်ခွင့်ပြုသနည်း။ ဤအရာကို ရှင်းပြရန်အတွက် သမ္မာတရားနှင့်ပတ်သက်ပြီး သင်နားလည်သည့်အရာကို အသုံးပြုလော့။ ဤအရာနှင့်ပတ်သက်ပြီး ဆိုရိုးစကားတစ်ခုမရှိသလော။ “ဘုရားသခင်၏ ဉာဏ်ပညာကို စာတန်၏ လှည့်စားမှုအပေါ် အခြေခံပြီး အသုံးချသည်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ဤဆိုရိုးစကားမှန်ကန်ခြင်း၏ ဥပမာ ဖြစ်သည်မဟုတ်လော။ (ဟုတ်သည်။) ပြီးလျှင် “စာတန်သည် ဘုရားသခင်၏ အမှုတွင် အဖြည့်ခံနှင့် အသုံးတော်ခံ ဖြစ်သည်” ဆိုသည့် စကားသည်လည်း ဤအရာနှင့် သက်ဆိုင်သလော။ (သက်ဆိုင်သည်။) အဆိုအမိန့်နှစ်ခုလုံးသည် သက်ဆိုင်မှုရှိပြီး အထက်တွင်ရှိသော မေးခွန်းကို ရှင်းပြရန် အသုံးပြုနိုင်သည်။ ဤသည်မှာ မမှန်သလော။ (မှန်သည်။) ဤပုံစံအတိုင်းဖြစ်သည်။ တစ်စုံတစ်ယောက်က ဤမေးခွန်းကို မေးလျှင် ထိုသူအား သင်တို့ မည်သို့ ရှင်းပြမည်နည်း။ သင်က “ဘုရားသခင်၏ ဉာဏ်ပညာကို စာတန်၏ လှည့်စားမှုအပေါ် အခြေခံပြီး အသုံးချသည်” ဟူ၍သာ မရေမရာဖြင့် ဆိုလျှင် သူသည် ရှုပ်ထွေးပြီး နားလည်မည်မဟုတ်ပေ။ ပို၍ အသေးစိတ်ကျစွာ မည်သို့ရှင်းပြရမည်ကို သင်တို့ သိသလော။ ယင်းသည် ရှင်းပြရန် လွယ်ကူသည် မဟုတ်လော။ ဘုရားသခင်က စာတန်အား လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေသည့် ဤအရာများကို လုပ်ဆောင်ခွင့်ပြုသည်မှာ ဘုရားသခင်က ထိုအရာများကို ရပ်တန့်ရန်၊ သို့မဟုတ် အရေးစိုက်ရန် မစွမ်းဆောင်နိုင်သောကြောင့် မဟုတ်ဘဲ အကြောင်းပြချက်တစ်ခုကြောင့် ဖြစ်သည်။ ထိုအကြောင်းပြချက်မှာ ငါ အစောပိုင်းက ပြောခဲ့သကဲ့သို့ “ဘုရားသခင်၏ ဉာဏ်ပညာကို စာတန်၏ လှည့်စားမှုအပေါ် အခြေခံပြီး အသုံးချသည်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ အဆိုအမိန့်တစ်ခု၊ သို့မဟုတ် သဘောတရားတစ်ခုသာ မဟုတ်ဘဲ မငြင်းနိုင်သော သမ္မာတရားတစ်ခုဖြစ်သည်။ ယင်းသည် စာတန်က လူကို ဖောက်ပြန်ပျက်စီးစေပြီးနောက်တွင် ဘုရားသခင်က လူကို ကယ်တင်နိုင်သည်ဆိုသည့် အချက်အားဖြင့် မှန်ကန်ကြောင်း အတည်ပြုနိုင်သည်။ လူတို့၏ စိတ်ကို ထိန်းချုပ်ပြီး အကျဉ်းချရန်အတွက် လူသား၏ စိတ်သဘောထားများကို ဖောက်ပြန်ပျက်စီးစေခြင်း၊ မိစ္ဆာဒိဋ္ဌိအယူနှင့် အတွေးမှားမျိုးစုံကို လူတို့အတွင်းသို့ သွတ်သွင်းခြင်းတွင် စာတန်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ အဆုံးစွန်သော ပန်းတိုင်မှာ ဘုရားသခင်၏ အမှုတော်ကို ဖိနှိပ်ရန်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို ပျောက်ကွယ်သွားစေရန် ဖြစ်သလော။ ဤသည်မှာ စာတန်၏ လှည့်ကွက်ဖြစ်သလော။ (ဟုတ်ပါသည်။) ဤသည်မှာ စာတန်၏ လှည့်ကွက်ဖြစ်သည်။ စာတန်က ဤသို့သော လှည့်ကွက်များကို လုပ်ဆောင်နေစဉ်တွင် ဘုရားသခင်က မည်သည့်အရာကို စဉ်းစားနေသနည်း။ ဘုရားသခင်က မည်သည့်အရာကို လုပ်ဆောင်သနည်း။ သူ၏ စိတ်တွင် အဘယ်သို့ရှိသနည်း။ ဤအရာအားလုံးတွင် သူ၏ ဉာဏ်ပညာက မည်သို့ ထင်ရှားသနည်း။ ဘုရားသခင်သည် စာတန်၏ လှည့်ကွက်ကို အသုံးပြုနေခြင်းဖြစ်သည်။ စာတန်တွင် လှည့်ကွက်တစ်ခုရှိသည်။ “ငါသည် လူတို့အား ငါကဲ့သို့ ဖြစ်သည်အထိ လှုံ့ဆော်ပြီး ဖျက်ဆီးသည်၊ ၎င်းတို့သည် ငါ၏ အတွေးအမြင်များ ရှိကြသော၊ ငါ၏ ဆိုးယုတ်သော ရပ်တည်ချက်နှင့်အညီ လူများ၊ အမှုအရာများကို ရှုမြင်ကာ ကျင့်ကြံနေထိုင်ပြီး ပြုမူဆောင်ရွက်သော၊ ဘုရားသခင်ကို ဆန့်ကျင်သော စာတန်ငယ်များ ဖြစ်လာကြသည်၊ ဘုရားသခင် ဖန်ဆင်းခဲ့သည့်သူအားလုံးကို ငါ ယူဆောင်ပြီး ၎င်းတို့ကို ငါ၊ စာတန်ပိုင်ဆိုင်ရန် လုပ်ဆောင်လိုသည်၊ ဤသို့အားဖြင့် လူတို့အပေါ် ဘုရားသခင်၏ လုပ်ဆောင်မှုသည် အလဟဿဖြစ်ပြီး အချည်းနှီးဖြစ်လိမ့်မည်၊ အသေအချာပင် ဤသည်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို ပျောက်ကွယ်စေလိမ့်မည်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ စာတန်၏ လှည့်ကွက်ဖြစ်သလော။ (ဟုတ်သည်။) ဤသို့ဆိုလျှင် ဘုရားသခင်က မည်သည့်အရာကို စဉ်းစားသနည်း။ မည်သည့်အရာကို လုပ်ဆောင်သနည်း။ ဘုရားသခင်က “စာတန်၊ သင်သည် လူတို့ကို နှောင့်ယှက်ပြီး လှည့်စားရန် မိစ္ဆာဒိဋ္ဌိအယူများ၊ အတွေးမှားများကို ဖြန့်သည်။ ဘုရားသခင်၏ အမှုတော်ကို နှောင့်ယှက်ဖျက်ဆီးရန် အမှုအရာများစွာ လုပ်ဆောင်သည်။ ဤသည်မှာ လူတို့အတွင်းသို့ မိစ္ဆာဒိဋ္ဌိအယူနှင့် အတွေးအမှားအချို့ကိုသာ သွတ်သွင်းလိမ့်မည်။ ဤသို့ဖြင့် ၎င်းတို့သည် ယင်းတို့အတိုင်း အသက်ရှင်ပြီး ဘုရားသခင်ကို ဆန့်ကျင်လိမ့်မည်။ ထို့နောက်တွင် ငါသည် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်းအပေါ်တွင် ငါ၏ စကားနှင့် အလုပ်တို့ကို အခြေခံမည်။ လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေရန် သင်အသုံးပြုသည့် မိစ္ဆာဒိဋ္ဌိအယူများ၊ အတွေးမှားများကို ဖော်ထုတ်မည်။ လူတို့၏ အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို တရားစီရင်ပြီး ၎င်းတို့အတွင်းသို့ သင် သွတ်သွင်းခဲ့သော အမျိုးမျိုးသော အတွေးများ၊ အဆိုအမိန့်များကို ခွဲခြားဖော်ထုတ်စေမည်။ ဤသို့ဖြင့် လူတို့သည် သမ္မာတရားကို နားလည်ပြီး ဘုရားသခင်ကို နားလည်ရုံသာမကဘဲ စာတန်၏ အမျိုးမျိုးသော အဆိုအမိန့်များ၊ အတွေးအမြင်များကိုလည်း ရှာဖွေတွေ့ရှိနိုင်ပြီး စာတန်၏ စိတ်သဘောထား၊ အနှစ်သာရနှင့် အမျိုးမျိုးသော ဆိုးယုတ်မှုများကိုလည်း ထိုးထွင်းမြင်နိုင်လိမ့်မည်။ လူတို့သည် ၎င်းတို့၏ အခြေခံအုတ်မြစ်အဖြစ် သမ္မာတရားအား နားလည်ခြင်းကို အသုံးပြုကာ စာတန်ကို ပို၍ တိကျစွာဖြင့်၊ ပို၍ကြီးမားသော ခွန်အားဖြင့် ခွဲခြားဖော်ထုတ်ပြီး ငြင်းပယ်နိုင်လိမ့်မည်။ အပျက်သဘောဆောင်သည့်ဘက်တွင် လူတို့သည် စာတန်၏ လှည့်စားခြင်းကို ခံရမည်မဟုတ်တော့ဘဲ ဒုတိယအကြိမ် စာတန်၏ ဖမ်းဆီးခြင်း ဝါးမြိုခြင်းကို ခံရမည်မဟုတ်တော့ပေ၊ အပြုသဘောဆောင်သည့်ဘက်တွင် လူတို့သည် ဘုရားသခင် တည်ရှိခြင်းနှင့် သူ၏ ကိုယ်ပိုင်လက္ခဏာကိုလည်းကောင်း၊ သတ္တဝါနှင့် အရာရာအားလုံးအပေါ် သူ အချုပ်အခြာအာဏာ ရှိသည်ဆိုသည့်အချက်ကိုလည်းကောင်း ပို၍ ယုံကြည်ပြီး အတည်ပြုနိုင်လိမ့်မည်။ ဤနှစ်ခုကို ရရှိပြီးနောက်တွင် လူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး အမှန်တကယ် နာခံလိမ့်မည်။ ဘုရားသခင်သည် ၎င်းတို့၏ စိတ်နှလုံးကို အနိုင်ရလိမ့်မည်၊ သို့မဟုတ် ပို၍တိကျစွာ ဆိုလျှင် ဘုရားသခင်သည် ၎င်းတို့ကို ရရှိလိမ့်မည်။ လူတို့သည် ဤအဆင့်သို့ ရောက်သောအခါ စာတန်က လှည့်စားခြင်း၊ အသုံးပြုခြင်းကို ခံရမည်မဟုတ်တော့ပေ။ ထိုထက် ၎င်းတို့သည် စာတန်ကို လုံးလုံးလျားလျား ရှာဖွေတွေ့ရှိနိုင်မည်၊ ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲမှနေ၍ စာတန်ကို ရိပ်စားမိပြီး ငြင်းပယ်နိုင်လိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်၏ ဖန်ဆင်းခံများဖြစ်သည်ဟု ဝန်ခံပြီး ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်ညွှန်ကြားမှုများကို လိုလားစွာ လက်ခံလိမ့်မည်။ ဤသို့အားဖြင့် ဘုရားသခင်ထံသို့ အပြည့်အဝ ပြန်လာပြီးဖြစ်လိမ့်မည်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အသေးစိတ် စီမံမှုနှင့် အစီအစဉ်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ စိတ်နှလုံးအတွင်းတွင်ရှိသော အတွေးနှင့် အယူအဆ ဖြစ်သည်ဟုလည်း ဆိုနိုင်သည်မှာ ပြောစရာမလိုပေ။ ဤသည်မှာ ဘုရားသခင် စဉ်းစားသည့်ပုံစံ၊ သူ၏ အယူအဆများက အလုပ်လုပ်သည့်ပုံစံ၊ သူက စီစဉ်ညွှန်ကြားသည့်ပုံစံဖြစ်သည်။ စာတန်က လူတို့ကို လှည့်စားပြီး ဖျက်ဆီးနေစဉ်တွင် ဘုရားသခင်က သတ္တဝါများ၊ အမှုအရာများအားလုံးကို နည်းစနစ်ကျစွာ စီစဉ်နေသည်။ သူ၏ အစီအစဉ်နှင့် စီမံခန့်ခွဲမှုကို စနစ်ကျသော ပုံစံဖြင့် ယခုအထိ ဆက်လက် လုပ်ဆောင်ရင်း တစ်ဆင့်ချင်း ရှေ့သို့သွားနေသည်။ လူသားမျိုးနွယ်သည် စာတန်၏ ဖျက်ဆီးခြင်းနှင့် ချုပ်ကိုင်ခြင်းကို အပြည့်အဝခံရသည်။ သို့ရာတွင် စာတန်၏ အဆိပ်မျိုးစုံဖြင့် စိမ့်ဝင်ပြီး ပြည့်ဝနေသော ဤလူသားမျိုးနွယ်သည် ဘုရားသခင်က ခေါ်ဆောင်ခြင်းခံရပြီး သူ၏ အသံကို ကြားသောအခါတွင် ၎င်းတို့သည် ဘုရားသခင်ရှေ့သို့ လာနိုင်ဆဲဖြစ်သည်၊ သူ၏ ခေါ်ဆောင်ခြင်းကို လက်ခံဆဲဖြစ်သည်၊ သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံရန် လိုလားဆဲ ဖြစ်သည်ဆိုသည်မှာ မငြင်းနိုင်သော အချက်တစ်ခုဖြစ်သည်။ ဘုရားသခင်က ဤသို့သော လူသားမျိုးနွယ်အား စာတန်၏ အမျိုးအစားဖြစ်ပြီး သူ၏ ရန်သူဖြစ်ခြင်းကြောင့် ရှုတ်ချပြီး ကျိန်ဆဲလျှင်ပင် ၎င်းတို့က သူ့ကို မည်သည့်အခါမျှ စွန့်ခွာမည်မဟုတ်ပေ။ လူတို့၏ စိတ်နှင့် အမြင်များသည် စာတန်က ၎င်းတို့အတွင်းသို့ သွတ်သွင်းခဲ့သောအရာများ ပြည့်နေခြင်းကြောင့် စာတန်၏ အတွေးအမြင်များ၏ လွှမ်းမိုးခြင်း၊ ထိန်းချုပ်ခြင်းကို အလွန်ပင် ခံထားရဆဲဖြစ်သည့် ပုံစံဖြင့် လူများ၊ အမှုအရာများကို ရှုမြင်ခြင်း၊ ကျင့်ကြံနေထိုင်ခြင်း၊ ပြုမူဆောင်ရွက်ခြင်းတို့ ဖြစ်စေသော်လည်း ၎င်းတို့၏ စိတ်နှလုံးသည် ဘုရားသခင်ဘက်သို့ ပိုပို၍ စစ်မှန်စွာ၊ အရေးတကြီးဖြစ်စွာ ခြေဦးလှည့်နေကြသည်။ ဤသည်မှာ မငြင်းနိုင်သော အချက်တစ်ခုမဟုတ်လော။ (ဟုတ်ပါသည်။) ထို့အပြင် မဝေးသော အနာဂတ်ကာလတွင် ဘုရားသခင်က စာတန်၏ ဆိုးယုတ်မှုအားလုံးကို ဖော်ထုတ်ပြီးနောက်တွင် စာတန်၏ အလွန်အမင်း ဖျက်ဆီးခြင်းကို ခံထားရသော ဤလူသားမျိုးနွယ်သည် စာတန်ကို အပြည့်အဝ စွန့်လွှတ်နိုင်လိမ့်မည်။ စာတန်ကို ငြင်းပယ်နိုင်ပြီး ၎င်းတို့၏ စိတ်နှလုံးကို ဘုရားသခင်ဆီသို့ ပြန်လာစေနိုင်လိမ့်မည်။ ၎င်းတို့အားလုံးသည် ဘုရားသခင်၏ အချုပ်အခြာအာဏာ၊ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များအတိုင်း ဘုရားသခင်နောက်သို့ တည်ကြည်ခိုင်မာစွာ လိုက်ဖို့ လိုလားကြလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ ကြီးမြတ်သောအမှုတော်၏ အောင်မြင်သော ပြီးမြောက်ခြင်းတွင်ရှိသော ဦးတည်ချက်ဖြစ်သည်မဟုတ်လော။ (ဟုတ်သည်။) အထူးသဖြင့် သမ္မာတရားအား လိုက်စားခြင်း ဆိုသည်မှာ အဘယ်ဖြစ်ကြောင်းကို မိတ်သဟာယဖွဲ့ပြီးနောက်တွင် ပို၍များသောလူတို့သည် သမ္မာတရားအား ၎င်းတို့၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး ဘုရားနှုတ်ကပတ်တော်နှင့်အညီ လူများ၊ အမှုအရာများကို ရှုမြင်ရန်၊ ကျင့်ကြံနေထိုင်ပြီး ပြုမူဆောင်ရွက်ရန် စိတ်ခိုင်မာမှုရှိလိမ့်မည်။ လူတို့၏ စိတ်ခိုင်မာမှုက အားကြီးသည်ဖြစ်စေ၊ အားနည်းသည်ဖြစ်စေ၊ ဤလက်တွေ့အရှိတရားသို့ ၎င်းတို့ ဝင်ရောက်ပြီးဖြစ်စေ၊ မဝင်ရောက်ရသေးသည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ စာတန်၏ ဖျက်ဆီးခြင်းကို အလွန်ခံထားရသော ဤသို့သော လူသားမျိုးနွယ်သည် စာတန်အား စွန့်လွှတ်ရန်အတွက် စိတ်ဆန္ဒနှင့် စိတ်ပိုင်းဖြတ်ချက်ရှိပြီး စာတန်က ၎င်းတို့အတွင်းတွင် သွတ်သွင်းခဲ့သော အယူအဆနှင့် အမြင်အမျိုးမျိုးအစား သမ္မာတရားကို ၎င်းတို့၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး ဘုရားနှုတ်ကပတ်တော်နှင့်အညီ လူများ၊ အမှုအရာများကို ရှုမြင်ခြင်း၊ ကျင့်ကြံနေထိုင်ပြီး ပြုမူဆောင်ရွက်ခြင်းရှိသည်ဆိုသည့် အချက်ကိုယ်၌က ဘုရားသခင်က အနိုင်ရရှိပြီးဖြစ်သည်ဆိုသည့် လက္ခဏာပင်ဖြစ်သည်။ ထို့ကြောင့် စာတန်သည် အရှက်ရပြီး ဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် “ဘုရားသခင်၏ ဉာဏ်ပညာကို စာတန်၏ လှည့်စားမှုအပေါ် အခြေခံပြီး အသုံးချသည်” ဆိုသည့် အဆိုအမိန့်သည် အနှစ်မရှိသော စကားသက်သက် မဟုတ်ဘဲ လက်တွေ့ကျသော၊ အရှိအတိုင်းဖြစ်သော၊ မငြင်းနိုင်သော အချက်တစ်ခုဖြစ်သည်။ စာတန်လုပ်ဆောင်နေသည့် ဆိုးယုတ်မှုအားလုံးသည် လူသားမျိုးနွယ်ကို လှည့်စားပြီး ထိန်းချုပ်သည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ စာတန်က သူသည် ဘုရားသခင်၏ အမှုတော်ကို နှောင့်ယှက်ဖျက်ဆီးပြီးဖြစ်ကာ ဘုရားသခင်အတွက် သူ၏ စီမံခန့်ခွဲမှုအစီအစဉ်ကို ရှေ့ဆက်ရန် မဖြစ်နိုင်ဟု ယုံကြည်သည်။ ထို့ကြောင့် စာတန်က သူ အနိုင်ရရှိပြီးဖြစ်သည်ဟု ထင်မြင်သည်။ သို့ရာတွင် စာတန်သည် မည်သို့ မဆင်မခြင်ဖြစ်လာပါစေ လူသားမျိုးနွယ်ကို ကယ်တင်ရန် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်၏ အရှိန်ကို နှေးကွေးအောင် မလုပ်နိုင်သကဲ့သို့ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်၏ ကြီးမားသော အောင်မြင်မှုနှင့် စာတန်အပေါ် အောင်နိုင်မှုကိုလည်း မတားဆီးနိုင်ပေ။ ယခုတွင် ဘုရားသခင်၏ အမှုတော်သည် စကြဝဠာတစ်ခွင်သို့ ချဲ့ထွင်ပြီးဖြစ်ကာ ဘုရားနှုတ်ကပတ်တော်သည် သန်းချီသော အိမ်များထံသို့ ပျံ့နှံ့ပြီးဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ကြီးမားသော အောင်မြင်မှု၏ အထောက်အထားဖြစ်သည်။

လူတစ်ယောက်က သင်တို့အား “စာတန်သည် လူတို့၏ စိတ်ကို အဘယ်ကြောင့် လှည့်စားခြင်း၊ ထိန်းချုပ်ခြင်း၊ အကျဉ်းချခြင်း ပြုလုပ်သနည်း၊ ဘုရားသခင်က စာတန်အား အဘယ်ကြောင့် ဤသို့လုပ်ဆောင်ခွင့်ပြုသနည်း” ဟု နောက်တစ်ဖန်မေးလျှင် ဤမေးခွန်းများကို သင်တို့ ဖြေနိုင်မည်လော။ အပြည့်အဝ ရှင်းမပြနိုင်လျှင်ပင် အနည်းဆုံးအနေဖြင့် သင်၏ နားလည်မှုအချို့ကို မျှဝေနိုင်သည်။ စာတန်က ဤအရာအားလုံးကို အဘယ်ကြောင့် လုပ်ဆောင်သနည်း။ ဘုရားသခင်က ဤအရာအားလုံးကို လုပ်ဆောင်ခွင့်ပြုခြင်း၏ အရေးပါမှုက အဘယ်နည်း။ ဤအရာများကို သင် စဉ်းစားသင့်ပြီး သင်၏ စိတ်နှလုံး၌ တိကျသော အဖြေတစ်ခုရှိသင့်သည်။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ကယ်တင်ရန်အတွက် နှစ်ခြောက်ထောင်ကြာ အလုပ်လုပ်လျက်ရှိသည်။ လူအချို့မှာ ဤအရာကို နားမလည်ဘဲ “ဘုရားသခင်က နှစ်ခြောက်ထောင်ကြာ အလုပ်လုပ်နေသလော။ ဤသည်မှာ အလွန်ရှည်လျားလွန်းခြင်း မရှိသလော” ဟူ၍ ဆိုကြသည်။ ဘုရားသခင်၏ အမှုတော်က မည်မျှကြာပါစေ သူ၏ လုပ်ဆောင်မှုများက အရေးပါဆုံးသောအရာများ အားလုံးဖြစ်သည်။ အရေးပါသည်မှာ သူ၏ အမှုတော်အချိန်ကာလသာ မဟုတ်ဘဲ သူ၏ အမှုတော်မှ ရရှိသော နောက်ဆုံးရလဒ်များမှာ ပို၍ပင် အရေးပါသည်။ ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်ရန်အတွက် နှစ်ခြောက်ထောင် အလုပ်လုပ်ခြင်းကြောင့်သာမဟုတ်လျှင် ထုံထိုင်းခြင်း၊ တုံးအခြင်းသည် လူသားမျိုးနွယ်အား ဘုရားသခင်ကို သိခြင်း၊ သို့မဟုတ် ဘုရားသခင်၏ ကယ်တင်ခြင်းကို အပြည့်အဝ ခံရခြင်းတို့ မဖြစ်စေရန် တားဆီးလိမ့်မည်။ လူတို့သည် အန္တိခရစ်များကြောင့်ဖြစ်သော လှည့်စားခြင်း၊ နှောင့်ယှက်ခြင်းကို တစ်ကြိမ်၊ သို့မဟုတ် နှစ်ကြိမ်သာ ကြုံတွေ့ခဲ့လျှင် အန္တိခရစ်များကို ခွဲခြားဖော်ထုတ်ပြီး ၎င်းတို့၏ သဘာဝနှင့် အနှစ်သာရကို သိမြင်ခြင်းရှိနိုင်မည်လော။ သုံးကြိမ်၊ သို့မဟုတ် ငါးကြိမ်က လုံလောက်မည်လော။ လုံလောက်မည်မဟုတ်ပေ။ လူတို့သည် အန္တိခရစ်များ၏ သဘာဝနှင့် အနှစ်သာရကို လုံးလုံးလျားလျား မမြင်မီတွင် ယင်းကို ကြိမ်ဖန်များစွာ ကြုံတွေ့ရမည်။ ထိုအခါမှသာ ၎င်းတို့သည် အန္တိခရစ်များကို အမှန်တကယ် ခွဲခြားဖော်ထုတ်ပြီး အပြည့်အဝ စွန့်လွှတ်နိုင်သည်။ အထူးသဖြင့် လူတို့သည် အဆင်းနီသောနဂါးကြီး၏ ရူးသွပ်သော ဖိနှိပ်မှုနှင့် ရက်စက်သော နှိပ်ကွပ်မှုကို အချိန်အလွန်တိုတောင်းစွာ ထိတွေ့ခံရလျှင် ၎င်းတို့သည် ယင်းကို နှံ့စပ်စွာ တွေ့ကြုံခံစားရမည်မဟုတ်ဘဲ မကြာမီတွင် မေ့ပျောက်သွားလိမ့်မည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် အဆင်းနီသော နဂါးကြီးကို အမှန်တကယ် မုန်းတီးပြီး ငြင်းပယ်မည်မဟုတ်ပေ။ စာတန်၏ ရက်စက်သော ဖိနှိပ်မှုသည် လူတို့၏ စိတ်နှလုံးတွင် တံဆိပ်တစ်ခုကဲ့သို့ ဖိနှိပ်ထားရမည်။ သို့မှသာ ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲမှ ယင်းကို မုန်းတီးနိုင်ပြီး ယင်း၏ သရုပ်မှန်ကို ရှင်းလင်းစွာ မြင်နိုင်သည်။ လူတစ်ယောက်သည် တစ်ကြိမ်၊ သို့မဟုတ် နှစ်ကြိမ်သာ ဖိနှိပ်ခြင်းခံရပါက စာတန်ကို မုန်းတီးပြီး စွန့်ပစ်ရန် ၎င်းတို့အတွက် ခက်ခဲလိမ့်မည်။ အခွင့်အရေးရလျှင် ၎င်းတို့သည် စာတန်အကြောင်း အကောင်းပြောဆိုပြီး စာတန်ကို ချီးမွမ်းဆဲဖြစ်လိမ့်မည်။ လူတစ်ယောက်သည် စာတန်၏ ဆိုးယုတ်မှု၊ အကျည်းတန်မှု၊ ရက်စက်မှု၊ မျက်နှာပြောင်တိုက်မှုတို့ကို ရှင်းလင်းစွာ မြင်ပြီး အပြည့်အဝ မစွန့်လွှတ်နိုင်မီတွင် စာတန်၏ နှိပ်စက်မှုနှင့် ရက်စက်မှုကို ခံရရန်အတွက် စာတန်ထံသို့ အကြိမ်များစွာ လွှဲပြောင်းပေးခြင်း ခံရမည်။ ဤအရာများကို အချိန်ကြာသည်အထိ လုံးဝ တွေ့ကြုံခံစားရမည်။ ဥပမာ သံမဏိများကို ပြုလုပ်ရာတွင် ကောင်းသောသံမဏိများကို မီးထဲတွင် အချိန်တိုတောင်းစွာ ထားခြင်းဖြင့် မထုတ်လုပ်နိုင်ပေ။ အကောင်းဆုံးရလဒ်ကို ရရန်အတွက် သံမဏိကို နှံ့စပ်စွာ မီးပေးရမည်။ ဆိုလိုသည်မှာ ဘုရားအမှုတော်၏ အဆင့်တိုင်းသည် ကြာရှည်သောအချိန်ကို လိုအပ်သည်။ အဆင့်တိုင်းသည် ရှည်လျားသောအချိန်ကို လိုအပ်သည်။ ယင်းကို ဤသို့လုပ်ဆောင်ရမည်ဖြစ်သည်။ မဟုတ်လျှင် ရလဒ်ကောင်းတစ်ခုကို မရရှိနိုင်ပေ။ ခေတ်ကာလတစ်ခုစီ၏ ပို၍ ကြီးမားသော အခြေအနေများ၏ လွှမ်းမိုးမှုကြောင့် လူသား၏ စိတ်နှလုံးအတွင်းထဲတွင်၊ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတွင် မတူညီသော ပြောင်းလဲမှုအတိုင်းအတာများ ရှိလိမ့်မည်။ ဤပြောင်းလဲမှုတစ်ခုစီသည် အဆင့်တစ်ခုစီတိုင်းတွင် လူတို့၌ ဘုရားသခင် လုပ်ဆောင်လိုသော အလုပ်နှင့် ဆက်စပ်နေလိမ့်မည်။ ဘုရားသခင်သည် အလွန်ကြီးမားသော အတိုင်းအတာဖြင့် အလုပ်လုပ်ရန်၊ များစွာ စကားပြောဆိုရန် နောက်ဆုံးသောကာလတွင် တစ်ဖန် လူ့ဇာတိခံခြင်း၏ အကြောင်းပြချက်သည် ဤနောက်ဆုံးအဆင့်တွင် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၊ အတွေးအမြင်များ၊ လူ့အဖွဲ့အစည်း၏ ပိုမိုကျယ်ပြန့်သော ပတ်ဝန်းကျင်နှင့် နောက်ခံတို့အားလုံးသည် နောက်ဆုံးသောကာလတွင် ဘုရားသခင် လုပ်ဆောင်လိုသော အမှု၏ နောက်ခံနှင့် ကိုက်ညီသောကြောင့် ဖြစ်သည်။ လူ့အဖွဲ့အစည်းတွင်ရှိသော ခေတ်ရေစီးကြောင်းများ၊ ထုံးတမ်းဓလေ့များ၊ ပုံစံများ၊ သို့မဟုတ် အခြေအနေများ၊ နိုင်ငံရေးအခြေအနေ၊ သို့မဟုတ် ဆိုးယုတ်သော နိုင်ငံများ၏ နိုင်ငံရေးအင်အားသည်ပင် ပို၍ ကြီးမားသော ပတ်ဝန်းကျင်အတွက် အခြေခံအကြောင်းအားလုံးဖြစ်သည်။ ဤအခြေခံအကြောင်းများက နောက်ကွယ်၌ ရှိသောအချိန်တွင် လူတို့၏ စိတ်အတွင်းပိုင်း အသွင်သဏ္ဌာန်နှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၊ ဆိုလိုသည်မှာ လူသားမျိုးနွယ်တစ်ရပ်လုံး၏ စိတ်အတွင်းပိုင်း အခြေအနေသည် ဘုရားသခင်၏ အမှုတော်အတွက် ဘုရားသခင် လိုအပ်သောအရာ အတိအကျပင် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အတွက် သူ၏ ဘုန်းအာနုဘော်၊ ဖြောင့်မတ်ခြင်း၊ သနားကရုဏာ၊ ချစ်ခင်ကြင်နာခြင်းတို့ကို ဖွင့်ပြရန် သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို အစပျိုးဖို့ အသင့်လျော်ဆုံး အချိန်ဖြစ်သည်။ ဤအခြေခံအကြောင်းအားလုံးသည် အချိန်ကျပြီး အပြည့်အဝ အဆင်သင့်ဖြစ်သောအခါတွင် ဘုရားသခင်က သူ၏ အမှုတော်ကို စတင်သည်။ ဤသည်မှာ ပိုမိုကြီးမားသော နောက်ခံအခြေအနေ၏ လွှမ်းမိုးမှုအောက်တွင် ဘုရားသခင် ဆောင်ရွက်လိုသော အမှုဖြစ်သည်။ ဤအရာကို နားလည်ရန် သင်တို့အတွက် လုံလောက်သည်။ အစွမ်းအစကောင်း ရှိသူအချို့က နားလည်မည်ဖြစ်ပြီး အတွေ့အကြုံမရှိသော အခြားလူများမှာ နားမလည်ခြင်း ရှိနိုင်သည်။ အထူးသဖြင့် လူ့အဖွဲ့အစည်းတွင်ရှိသော နို်ငငံရေးအခြေအနေနှင့် ခေတ်ရေစီးကြောင်း၏ အနှစ်သာရကို နားမလည်နိုင်သော၊ မိမိ၏ စဉ်းစားပုံသည် ကောင်းစွာ မရင့်ကျက်သောသူတို့သည် သေးငယ်သော ဝိညာဉ်ရေးအတွေ့အကြုံများ၊ အသေးစား သက်သေခံချက်များဖြင့်သာ ကျေနပ်ကြသည်။ ဘုရားသခင်၏ အမှုတော်၌ ပါဝင်သော ပိုမိုကျယ်ပြန့်သော နိုင်ငံရေး၊ လူမှုရေးနောက်ခံနှင့်ပတ်သက်ပြီး များစွာ နားမလည်ခြင်း ရှိနိုင်သည်။ ဤအရာများကို သင်တို့ မည်မျှနားလည်နိုင်သည်က အရေးမကြီးပေ။ ဤအရာများသည် ကြီးမားသော ရူပါရုံဖြစ်သည့် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်နှင့် ဘုရားသခင်၏ အမှုတော်ပါဝင်သောကြောင့် သင်သည် ဤအရာများကို ပို၍ တွေ့ကြုံရသောအခါတွင် ရှင်းလင်းလာလိမ့်မည်။ သင်တို့သည် ပို၍ နက်နဲသည့်အပိုင်းကို ဆွေးနွေးရန် အဆင့်သင့် မဖြစ်သေးသောကြောင့် ဤအကြောင်းအရာကို ငါတို့ ဆက်လက်၍ မိတ်သဟာယဖွဲ့မည်မဟုတ်။

ယခင်တစ်ခေါက်က “လူတို့ သင့်ကို အပ်သည့်အရာတိုင်းကို ကောင်းစွာ ကိုင်တွယ်ရန် အကောင်းဆုံး လုပ်ပါ” ဆိုသည့် အကျင့်စာရိတ္တဆိုင်ရာ အဆိုအမိန့်ကို ငါတို့ မိတ်သဟာယဖွဲ့၍ ပြီးဆုံးသွားသည်။ ဆက်လက်၍ “လူကြီးလူကောင်းတစ်ဦး၏ စကားက သူ၏ ကတိဝန်ခံချက်ဖြစ်သည်” ဟူသည့် အဆိုအမိန့်ကို ငါတို့ မိတ်သဟာယဖွဲ့မည်။ ရှေးဦးစွာ ဤအကျင့်စာရိတ္တဆိုင်ရာ အဆိုအမိန့်တွင်ရှိသော မမှန်ကန်သော စဉ်းစားပုံနှင့် အမြင်များနှင့် ဤအဆိုအမိန့်ကို ဖန်တီးပြုလုပ်ရာတွင် စာတန်၏ ရည်ရွယ်ချက်က မည်သည့်အရာ ဖြစ်ကြောင်း မည်သို့ ပိုင်းခြားစိစစ်ရမည်ကို အဖြေရှာဖို့ ကြိုးစားသင့်သည်။ “လူတစ်ယောက်၏ တကယ့်ရည်ရွယ်ချက်များကို သိရန် ခက်ခဲသည်” ဟူသော တရုတ်ဓလေ့သုံးစကားတစ်ခုရှိသည်။ ထို့ကြောင့် စာတန်၏ တကယ့် ရည်ရွယ်ချက်များက မည်သည့်နေရာတွင်ရှိသနည်း။ ဤသည်မှာ ငါတို့ ဖော်ထုတ်ပြီး ပိုင်းခြားစိစစ်ရန် လိုအပ်သည့်အရာဖြစ်သည်။ “လူကြီးလူကောင်းတစ်ဦး၏ စကားက သူ၏ ကတိဝန်ခံချက်ဖြစ်သည်” ဆိုသည်မှာ လူတို့ကြားတွင် စာတန်ဖန်တီးပြုလုပ်သော အခြားအယူအဆနှင့် အဆိုအမိန့်တစ်ခုဖြစ်သည်။ အပြင်ပန်းတွင် အလွန်မြင့်မြတ်သည့် ပုံစံရှိသည်။ စိတ်ကို နိုးကြွစေပြီး အစွမ်းထက်သည်။ ဤသို့ဆိုလျှင် ဤအဆိုအမိန့်နှင့်ပတ်သက်ပြီး မည်သည့်အရာက အလွန်အထင်ကြီးစရာ ဖြစ်သနည်း။ ယင်းသည် တန်ဖိုးထားပြီး အလေးအနက်ထားရန် ထိုက်တန်သလော။ ဤသဘောတရားဆိုင်ရာ အမြင်ရှုထောင့်နှင့်အညီ လူများ၊ အမှုအရာများကို ရှုမြင်ခြင်း၊ ကျင့်ကြံနေထိုင်ခြင်းနှင့် ပြုမူဆောင်ရွက်ခြင်းသည် ထိုက်တန်သလော။ ယင်းသည် ကောင်းကျိုးတစ်ခုခုရှိသလော။ အပြုသဘောဆောင်သော အဆိုအမိန့်တစ်ခု ဖြစ်သလော။ အပြုသဘောဆောင်သောအရာ၊ သို့မဟုတ် မှန်ကန်သော အမြင်မဟုတ်လျှင် လူတို့အပေါ် ယင်း၏ အပျက်သဘောဆောင်သော သက်ရောက်မှုမှာ အဘယ်နည်း။ စာတန်သည် ဤသို့သော အဆိုအမိန့်ကို ဖန်တီးပြုလုပ်ပြီး လူတို့တွင် ဤအယူအဆကို သွတ်သွင်းသောအခါ၌ သူ၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ဤအရာကို ငါတို့ မည်သို့ ပိုင်းခြားသိမြင်သင့်သနည်း။ သင်သည် ယင်းကို ပိုင်းခြားသိမြင်နိုင်လျှင် သင်၏ စိတ်နှလုံးအတွင်းထဲမှနေ၍ ဤစကားကို ငြင်းဆန်ပြီး ပယ်ရှားလိမ့်မည်။ ဤစကား၏ လွှမ်းမိုးခြင်းကို သင်ခံရမည်မဟုတ်တော့ပေ။ ဤစကားသည် သင်၏ စိတ်တွင် ရံဖန်ရံခါ လျှပ်တစ်ပြက်ပေါ်လာပြီး သင်၏ စိတ်အတွင်းထဲသို့ နှောင့်ယှက်မည် ဖြစ်သော်လည်း သင်သည် ယင်းကို ပိုင်းခြားသိမြင်နိုင်လျှင် ယင်း၏ ထိန်းချုပ်ခြင်း၊ ချည်နှောင်ခြင်းကို ခံရမည်မဟုတ်ပေ။ “လူကြီးလူကောင်းတစ်ဦး၏ စကားက သူ၏ ကတိဝန်ခံချက်ဖြစ်သည်” ဆိုသည့် အဆိုအမိန့်တွင် ကောင်းကျိုးတစ်ခုခု ရှိသည်ဟု သင်တို့ ထင်သလော။ ဤအဆိုအမိန့်သည် လူတို့အပေါ် အပြုသဘောဆောင်သော သက်ရောက်မှုရှိသည့် အဆိုအမိန့်ဖြစ်သလော။ (မဟုတ်ပါ။) သင်တို့သည် လူကြီးလူကောင်းတစ်ယောက် ဖြစ်လိုသလော။ လူကြီးလူကောင်းတစ်ယောက် ဖြစ်ခြင်းသည် ကောင်းသောအရာလော။ မကောင်းသောအရာလော။ လူကြီးလူကောင်းတစ်ယောက်ဖြစ်ခြင်းက ပိုကောင်းသလော။ လူကြီးလူကောင်း အတုအယောင်ဖြစ်ခြင်းက ပို၍ကောင်းသလော။ လူကြီးလူကောင်းတစ်ယောက် ဖြစ်ခြင်းက ပိုကောင်းသလော။ လူဆိုးဖြစ်ခြင်းက ပိုကောင်းသလော။ ဤအရေးကိစ္စများကို သင်တို့ မတွေးဖူးသလော။ (မတွေးဖူးပါ။) သင်တို့သည် ဤအရာများကို မတွေးဖူးသော်လည်း တစ်ခုမှာ သေချာသည်။ သင်တို့သည် “လူကြီးလူကောင်း” ဆိုသည့် စကားကို မကြာခဏအသုံးပြုပြီး “လူကြီးလူကောင်း အယောင်ဆောင်တစ်ယောက် ဖြစ်ခြင်းထက် ဗီလိန်အစစ်ဖြစ်ခြင်းက ပို၍ကောင်းသည်”၊ “လူကြီးလူကောင်းစစ်စစ်သည် အလွန် စိတ်သဘောထားကြီးပြီး တစ်ယောက်ယောက်က သူ့အား စော်ကားလျှင် သူက မှတ်မထားဘဲ ထိုသူကို ခွင့်လွှတ်နိုင်သည်၊ ဤသည်မှာ လူကြီးလူကောင်းဟု ခေါ်သည်” ဟူသောအရာများကို ပြောဆိုသည်။ သင်သည် ဤအရာများကို ပြောဆိုနိုင်သည်ဆိုသည့်အချက်က မည်သည့်အရာကို သက်သေပြသနည်း။ လူကြီးလူကောင်းသည် သင်၏ အတွေးအမြင်များတွင် အဆင့်အတန်းတစ်ခုခု ရှိသည်၊ သင်၏ စိတ်တွင် လူကြီးလူကောင်းနှင့် ပတ်သက်သော သဘောတရားဆိုင်ရာ ဆိုရိုးစကားများရှိသည်ဆိုသည်ကို သက်သေပြသလော။ ဤသို့ ဆိုနိုင်သလော။ (ဆိုနိုင်ပါသည်။) သင်သည် လူကြီးလူကောင်းကဲ့သို့ ပြုမူသော၊ သို့မဟုတ် လူကြီးလူကောင်းဟု ခေါ်ဆိုသော လူ့အဖွဲ့အစည်းတွင် ရှိသော ဤလူများကို သဘောကျပြီး လေးစားသည်။ သင်သည် လူဆိုးတစ်ယောက် ဖြစ်မည့်အစား လူကြီးလူကောင်းတစ်ယောက်ဖြစ်လာပြီး လူကြီးလူကောင်းအဖြစ် အမြင်ခံရရန် ကြိုးစားသည်။ တစ်စုံတစ်ယောက်က “သင်သည် အမှန်တကယ်ပင် လူဆိုးတစ်ယောက်ဖြစ်သည်” ဟု ဆိုလျှင် သင်သည် အလွန်ဝမ်းနည်းလိမ့်မည်။ သို့ရာတွင် တစ်စုံတစ်ယောက်က “သင်သည် လူကြီးလူကောင်းစစ်စစ်ဖြစ်သည်” ဆိုလျှင် သင်သည် ပီတိဖြစ်လိမ့်မည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် လူတစ်ယောက်က သင့်အား လူကြီးလူကောင်းတစ်ယောက်ဟု ခေါ်ဆို၍ ချီးမွမ်းလိုက်လျှင် သင်၏ စရိုက်လက္ခဏာက မြှင့်တက်သွားသည်၊ သင်၏ ပြုမူဆောင်ရွက်ပြီး အမှုအရာများကို ကိုင်တွယ်သည့် သင်၏ နည်းလမ်း၊ စည်းစနစ်များက အတည်ပြုခြင်းခံရသည်ဟု သင်ခံစားရသောကြောင့်ဖြစ်သည်။ သင်သည် လူ့အဖွဲ့အစည်းတွင် ဤသို့သော အတည်ပြုခြင်းမျိုးကို ရရှိပြီးနောက်တွင် သင့်၌ မြင့်မြတ်သော အဆင့်အတန်းရှိပြီး သင်သည် အတန်းအစား နိမ့်ကျသော၊ အောက်ကျသောသူတစ်ယောက်မဟုတ်ဟု ခံစားရသည်မှာ ပြောစရာမလိုပေ။ ဖြောင့်မတ်သော လူကြီးလူကောင်းသည် စိတ်ကူးယဉ်မှုဖြစ်စေ၊ အမှန်တကယ် တည်ရှိသည်ဖြစ်စေ လူတို့၏ စိတ်နှလုံးအတွင်းထဲတွင် နေရာတစ်ခု အသေအချာရယူထားသည်။ ထို့ကြောင့် လူကြီးလူကောင်းတစ်ယောက်က ပိုကောင်းသလော၊ လူဆိုးတစ်ယောက်က ပိုကောင်းသလောဆိုသည်ကို ငါ သင်တို့အား မေးသောအခါ သင်တို့ထဲမှ မည်သူမျှ မဖြေရဲခြင်းဖြစ်သည်။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် သင်တို့က “ကိုယ်တော်သည် ဤအရာကို အဘယ်သို့ မေးနိုင်ရသနည်း။ လူဆိုးတစ်ယောက်ဖြစ်ခြင်းထက် လူကြီးလူကောင်းတစ်ယောက်ဖြစ်ခြင်းက ပိုကောင်းသည်မှာ ပြောစရာမလိုပေ။ လူကြီးလူကောင်းတစ်ယောက်သည် ကောင်းသည်၊ ဖြောင့်မတ်သည်၊ ကိုယ်ကျင့်စရိုက်မြင့်မားသည် မဟုတ်လော။ လူကြီးလူကောင်းတစ်ယောက် ဖြစ်ခြင်းက မကောင်းဟု ဆိုခြင်းသည် ပုံမှန်အသိတရားနှင့် ဆန့်ကျင်နေသည်မဟုတ်လော။ သာမန်လူ့သဘာဝနှင့် ဆန့်ကျင်လိမ့်မည် မဟုတ်လော။ လူကြီးလူကောင်းတစ်ယောက်က မကောင်းလျှင် မည်သို့သောသူမျိုးက ကောင်းသနည်း” ဟူ၍ တွေးသောကြောင့်ဖြစ်သည်။ ထို့ကြောင့် သင်တို့ မဖြေရဲခြင်းဖြစ်သည်။ မမှန်သလော။ (မှန်ပါသည်။) ဤအရာက သင်တို့၏ စိတ်နှလုံးတွင် လူကြီးလူကောင်းနှင့် လူဆိုးကြား၌ ရှင်းလင်းသော ရွေးချယ်မှုတစ်ခုရှိသည်ကို အတည်ပြုသလော။ မည်သည့်အရာကို သင်တို့ ပို၍ နှစ်သက်သနည်း။ (လူကြီးလူကောင်းဖြစ်ပါသည်။) ဤသို့ဆိုလျှင် ငါတို့၏ ရည်ရွယ်ချက်က ရှင်းလင်းသည်။ လူကြီးလူကောင်းတစ်ယောက်ကို ခွဲခြားဖော်ထုတ်ခြင်း၊ စိစစ်ခြင်းကို အာရုံစိုက်ကြစို့။ လူဆိုးတစ်ယောက်ကို မည်သူမျှ မနှစ်သက်ပေ။ ဤသည်မှာ ပြောစရာမလိုပေ။ ဤသို့ဆိုလျှင် လူကြီးလူကောင်းဆိုသည်မှာ အတိအကျဆိုရလျှင် မည်သည့်အရာဖြစ်သနည်း။ သင်က “လူကြီးလူကောင်းဖြစ်ခြင်းက ပိုကောင်းသလော၊ လူဆိုးဖြစ်ခြင်းက ပိုကောင်းသလော” ဟု မေးလျှင် ငါ့အတွက် အဖြေက ရှင်းသည်။ နှစ်ခုလုံးက မကောင်းပေ။ လူကြီးလူကောင်းနှင့် လူဆိုးနှစ်ခုလုံးက အပြုသဘောဆောင်သော စရိုက်လက္ခဏာ မဟုတ်သောကြောင့်ဖြစ်သည်။ လူတို့က လူဆိုး၏ အပြုအမူ၊ လုပ်ရပ်၊ စရိုက်လက္ခဏာနှင့် ကိုယ်ကျင့်တရားကို နှိုင်းယှဉ်ကြည့်လျှင် နိမ့်ကျသည်ဟု အကဲဖြတ်သောကြောင့် လူဆိုးကို မနှစ်သက်ခြင်းသာဖြစ်သည်။ လူဆိုး၏ အခြေခံကိုယ်ကျင့်တရားနှင့် အကျင့်စရိုက်ကို ပွင့်လင်းစွာ ပြသသောအခါ လူတို့က သူ့ကို ပို၍ပင် ယုတ်မာသည်ဟု မြင်ကြသည်။ သို့ရာတွင် လူကြီးလူကောင်းတစ်ယောက်သည် သူ၏ ရည်မွန်သော ပြောဆိုပြုမူပုံ၊ သူ၏ ကောင်းသော ကိုယ်ကျင့်တရားနှင့် ယဉ်ကျေးသိမ်မွေ့သော စရိုက်လက္ခဏာကို ပို၍ မကြာခဏပြသပြီး လူတို့က သူ့ကို လေးစားကာ သူ့ကြောင့် တန်ဖိုးတက်သလို ခံစားရသည်။ ရလဒ်အနေဖြင့် လူတို့က သူ့ကို လူကြီးလူကောင်းတစ်ယောက်ဟု ခေါ်ဆိုသည်။ လူကြီးလူကောင်းတစ်ယောက်က ဤသို့ သူ့ကိုယ်သူ ပြသသောအခါ သူသည် ချီးမွမ်းခံရသည်။ လေးစားခံရပြီး အထင်ကြီးခြင်းခံရသည်။ ထို့ကြောင့် လူတို့သည် လူကြီးလူကောင်းကို နှစ်သက်ပြီး လူဆိုးကို မနှစ်သက်ပေ။ သို့ရာတွင် လူတို့က တစ်စုံတစ်ယောက်အား လူကြီးလူကောင်းဖြစ်သည်၊ လူဆိုးဖြစ်သည်ဟု သတ်မှတ်သည်မှာ မည်သည့်အရာအပေါ်တွင် အခြေခံသနည်း။ (သူ၏ အပြင်ပန်း အပြုအမူအပေါ်တွင် အခြေခံပါသည်။) လူတို့သည် လူတစ်ယောက်အား ထိုသူ၏ အပြုအမူကို အခြေခံပြီး မြင့်မြတ်သည်၊ နိမ့်ကျသည်ဟု အကဲဖြတ်ကြသည်။ သို့သော် လူတို့သည် အဘယ်ကြောင့် သူတစ်ပါးတို့အား ၎င်းတို့၏ အပြုအမူကို အခြေခံပြီး အကဲဖြတ်ကြသနည်း။ အဖြေမှာ လူအများစု ပိုင်ဆိုင်သော အစွမ်းအစသည် ဤအဆင့်ကိုသာ ရောက်နိုင်စွမ်းရှိသောကြောင့်ဖြစ်သည်။ ၎င်းတို့သည် လူတစ်ယောက်၏ အပြုအမူက ကောင်းသည်၊ ဆိုးသည်ကိုသာ မြင်နိုင်သည်။ ထိုသူ၏ အနှစ်သာရကို ရှင်းလင်းစွာ မမြင်နိုင်ပေ။ ရလဒ်အနေဖြင့် ထိုသူက လူကြီးလူကောင်းတစ်ယောက်ဖြစ်သည်၊ လူဆိုးဖြစ်သည်ဆိုသည်ကို သူ၏ အပြုအမူကိုသာ အခြေခံပြီး ဆုံးဖြတ်နိုင်ကြသည်။ ဤသို့ဆိုလျှင် ဤသို့ ပိုင်းခြားသိမြင်သည့် နည်းလမ်းသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) ယင်းသည် လုံးဝ မမှန်ပေ။ ဤသို့ဆိုလျှင် လူကြီးလူကောင်းတစ်ယောက်က ယဉ်ကျေးသိမ်မွေ့သော စရိုက်လက္ခဏာနှင့် ကောင်းသော ကိုယ်ကျင့်တရား ရှိသည်ဟု မြင်ခြင်းသည် တိကျသလော။ (မတိကျပါ။) မှန်သည်။ ယင်းသည် မတိကျပေ။ လူကြီးလူကောင်းများအား စရိုက်လက္ခဏာ ယဉ်ကျေးသိမ်မွေ့သည်၊ ကိုယ်ကျင့်တရားရှိသည်၊ ဂုဏ်ရှိပြီး အကျင့်သီလနှင့်ပြည့်စုံသည်ဟု အဓိပ္ပာယ်ဖွင့်လျှင် မတိကျပေ။ ထို့ကြောင့် ယခု ဤအရာကို ကြည့်လျှင် “လူကြီးလူကောင်း”ဟူသော ဝေါဟာရသည် အပြုသဘောဆောင်သလော။ (မဆောင်ပါ။) အပြုသဘောမဆောင်ပေ။ လူကြီးလူကောင်းသည် လူဆိုးတစ်ယောက်ထက် ပို၍ မမြင့်မြတ်ပေ။ ထို့ကြောင့် တစ်စုံတစ်ယောက်က “လူကြီးလူကောင်းဖြစ်ခြင်းက ပို၍ ကောင်းသလော၊ လူဆိုးဖြစ်ခြင်းက ပို၍ ကောင်းသလော” ဟု မေးလျှင် အဖြေက အဘယ်သို့နည်း။ (နှစ်ခုလုံး မကောင်းပါ။) ဤသည်မှာ တိကျမှန်ကန်သည်။ အဘယ်ကြောင့် ၎င်းတို့နှစ်ဦးလုံး မကောင်းသနည်းဟု မေးလျှင် အဖြေက ရိုးရှင်းသည်။ လူကြီးလူကောင်းနှင့် လူဆိုးနှစ်ဦးလုံးသည် အပြုသဘောဆောင်သော စရိုက်လက္ခဏာများမဟုတ်။ မည်သူကမျှ အမှန်တကယ် လူကောင်းတစ်ယောက်မဟုတ်ပေ။ ၎င်းတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် အဆိပ်များဖြင့် ပြည့်နေသည်။ စာတန်၏ ထိန်းချုပ်ခြင်း၊ အဆိပ်ခတ်ခြင်းကို ခံရသည်။ စာတန်၏ တွေးခေါ်ပုံနှင့် နိယာမများအတိုင်း နေထိုင်သည်။ ထို့ကြောင့် လူဆိုးတစ်ယောက်က ကောင်းသောသူမဟုတ်သကဲ့သို့ လူကြီးလူကောင်းတစ်ယောက်သည်လည်း အပြုသဘောဆောင်သောသူ မဖြစ်နိုင်ဟူ၍ အသေအချာဆိုနိုင်သည်။ လူကြီးလူကောင်းတစ်ယောက်ကို သူတစ်ပါးတို့က လူကောင်းတစ်ယောက်အဖြစ် မြင်လျှင်ပင် သူသည် ကောင်းသည့်ဟန်ဆောင်နေခြင်းသာဖြစ်သည်။ သူသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သည့်သူ ဖြစ်ဖို့ မဆိုထားနှင့် ဘုရားသခင်က လက်ခံသည့် ရိုးသားသောသူတစ်ယောက်ပင်မဟုတ်ပေ။ လူကြီးလူကောင်းက အနည်းငယ်ပို၍ ကောင်းစွာပြုမူဆောင်ရွက်ပြီး မကောင်းစွာ ပြုမူဆောင်ရွက်ခြင်းက အနည်းငယ်ပို၍ နည်းပါးသော်လည်း လူဆိုးက အနည်းငယ်ပို၍ မကောင်းစွာ ပြုမူဆောင်ရွက်ပြီး ကောင်းစွာ ပြုမူဆောင်ရွက်ခြင်းက အနည်းငယ်ပို၍ နည်းပါးခြင်းသာဖြစ်သည်။ လူကြီးလူကောင်းက အနည်းငယ်ပို၍ လေးစားခြင်းခံရပြီး လူဆိုးက အနည်းငယ်ပို၍ စက်ဆုပ်ရွံရှာခြင်းခံရသည်။ ဤသည်မှာ လူကြီးလူကောင်းနှင့် လူဆိုးတို့ကြား တစ်ခုတည်းသော ကွာခြားချက်ဖြစ်သည်။ လူတို့သည် ၎င်းတို့အား ၎င်းတို့၏ အပြုအမူအရ အကဲဖြတ်လျှင် ဤသည်မှာ ၎င်းတို့ ရရှိမည့် တစ်ခုတည်းသော ရလဒ်သာဖြစ်သည်။

လူတို့သည် တစ်စုံတစ်ယောက်က လူကြီးလူကောင်းဖြစ်သလော၊ လူဆိုးဖြစ်သလောဆိုသည်ကို သူ၏ အပြုအမူအပေါ် အခြေခံပြီး ဆုံးဖြတ်ကြသည်။ ၎င်းတို့က “ဤသူသည် လူတိုင်း၏ အကျိုးအတွက် များစွာ လုပ်ဆောင်ခဲ့သောကြောင့် လူကြီးလူကောင်းတစ်ယောက်ဖြစ်သည်၊ လူတိုင်းက ဤသို့ ထင်မြင်သည်၊ ထို့ကြောင့် သူသည် လူကြီးလူကောင်းဖြစ်ပြီး ကိုယ်ကျင့်စရိုက် မြင့်မားသူဖြစ်သည်” ဟု ဆိုနိုင်သည်။ လူတစ်ယောက်သည် လူကြီးလူကောင်း ဖြစ်သည်ဟု လူတိုင်းက ဆိုလျှင် ထိုသူက လူကောင်းတစ်ယောက်၊ အပြုသဘောဆောင်သောသူတစ်ယောက် ဖြစ်သွားသလော။ (မဖြစ်ပါ။) အဘယ်ကြောင့် မဖြစ်သနည်း။ အဘယ်ကြောင့်ဆိုသော် လူအားလုံးက ဖောက်ပြန်ပျက်စီးသောကြောင့်၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိပြီး သမ္မာတရားစည်းမျဉ်းများ မရှိသောကြောင့်ဖြစ်သည်။ ထို့ကြောင့် လူတစ်ယောက်က လူကြီးလူကောင်းဖြစ်သည်ဟု မည်သူက ပြောသည်ဖြစ်စေ ထိုဖော်ပြချက်သည် စာတန်ဆီမှလာသည်။ ဖောက်ပြန်ပျက်စီးသောသူတစ်ယောက်ထံမှ လာသည်။ လူတို့ အကဲဖြတ်သည့် စံနှုန်းသည် မမှန်ကန်ပေ။ ထို့ကြောင့် ရလာသော ရလဒ်သည်လည်း မမှန်ကန်ပေ။ ဘုရားသခင်က လူကြီးလူကောင်း၊ သို့မဟုတ် လူဆိုးများနှင့်ပတ်သက်ပြီး လုံးဝ မပြောဆိုပေ။ သူသည် လူတို့အား လူကြီးလူကောင်းအတုအယောင်ဖြစ်ခြင်းထက် လူကြီးလူကောင်း စစ်စစ်တစ်ယောက်ဖြစ်ဖို့ မတောင်းဆိုသကဲ့သို့ “သင်တို့အားလုံးသည် လူဆိုးများဖြစ်သည်၊ လူဆိုးကို ငါအလိုမရှိပေ၊ လူကြီးလူကောင်းကို ငါ အလိုရှိသည်” ဟု လုံးဝ မပြောပေ။ ဘုရားသခင်က ဤသို့ ပြောဆိုသလော။ (မပြောပါ။) ဤသို့ မပြောဆိုပေ။ ဘုရားသခင်သည် လူတစ်ယောက်က ကောင်းသည်၊ ဆိုးသည်ကို သူ၏ပြောဆိုပြုမူခြင်းအပေါ်တွင် မည်သည့်အခါမျှ အကဲမဖြတ်ပေ၊ သို့မဟုတ် မဆုံးဖြတ်ပေ။ ဤအစား သူသည် ထိုသူ၏ အနှစ်သာရအလိုက် အကဲဖြတ်ပြီး ဆုံးဖြတ်သည်။ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ပထမအနေဖြင့် ဤသည်မှာ လူတို့ကို ၎င်းတို့လူ့သဘာဝ၏ အရည်အသွေးနှင့် ၎င်းတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိမရှိတို့အပေါ်တွင် မူတည်ပြီး တရားစီရင်သည်ဟု ဆိုလိုသည်။ ဒုတိယအနေဖြင့် သမ္မာတရားအပေါ်၊ ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားကိုမူတည်ပြီး တရားစီရင်သည်။ ဤသည်မှာ လူတစ်ယောက်က သာလွန်သည်၊ နိမ့်ကျသည်ဆိုသည်ကို ဘုရားသခင်က အကဲဖြတ်ပြီး ဆုံးဖြတ်သည့် ပုံစံဖြစ်သည်။ ထို့ကြောင့် ဘုရားနှုတ်ကပတ်တော်တွင် လူကြီးလူကောင်း၊ သို့မဟုတ် လူဆိုးဟူ၍ မရှိပေ။ အသင်းတော်တွင်၊ ဘုရားသခင် ကယ်တင်သော လူတို့ကြားတွင် ဘုရားသခင်သည် ၎င်းတို့အား လူကြီးလူကောင်းများဖြစ်ရန် မသတ်မှတ်ပေ၊ သို့မဟုတ် လူကြီးလူကောင်းတစ်ယောက်ဖြစ်ခြင်း အယူအဆကို အားမပေးပေ။ ပြီးလျှင် သူသည် လူတို့အား လူဆိုးများကို ဝေဖန်ရန် မခိုင်းစေပေ။ ဘုရားအိမ်တော်သည် မည်သူက ကိုယ်ကျင့်စရိုက်မြင့်မားသည်ဆိုသည်ကို အကျင့်စာရိတ္တဆိုင်ရာ ရိုးရာယဉ်ကျေးမှုအမြင်များအရ သေချာပေါက် အကဲမဖြတ်ပေ။ လူကြီးလူကောင်းဖြစ်သူ မည်သူကိုမဆို အားပေးခြင်း၊ မြှင့်တင်ခြင်းမရှိပေ။ လူဆိုးဖြစ်သူ မည်သူမဆိုကို ရှင်းလင်းခြင်း၊ ဖယ်ရှားခြင်းမရှိပေ။ ဘုရားအိမ်တော်သည် သူ၏ ကိုယ်ပိုင်စည်းမျဉ်းနှင့်အညီ လူများကို အားပေးသည်၊ မြှင့်တင်သည်၊ ရှင်းလင်းသည်၊ သို့မဟုတ် ဖယ်ရှားသည်။ အကျင့်စာရိတ္တဆိုင်ရာ စံနှုန်းများ၊ ဆိုရိုးစကားများနှင့်အညီ လူတို့ကို ရှုမြင်ပြီး လူကြီးလူကောင်းဖြစ်သူ မည်သူကိုမဆို အားပေးခြင်း၊ လူဆိုးဖြစ်သူ မည်သူကိုမဆို ငြင်းပယ်ခြင်းတို့ မပြုလုပ်ပေ။ ထိုထက် လူအားလုံးကို ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားနှင့်အညီ ကိုင်တွယ်သည်။ အသင်းတော်ထဲတွင် လူကြီးလူကောင်းများဖြစ်ရန် အစဉ်ကြိုးစားနေသောသူအချို့ကို သင်တို့ မည်သို့ ထင်သနည်း။ (၎င်းတို့သည် မကောင်းပါ။) ယုံကြည်သူအသစ်အချို့မှာ လူကြီးလူကောင်း၊ သို့မဟုတ် လူဆိုး၏ စံနှုန်းနှင့်အညီ လူတို့အား အစဉ် အကဲဖြတ်သည်။ အနှောင့်အယှက်၊ အဖျက်အဆီးများ ဖြစ်ပေါ်စေသောသူများကို အသင်းတော်ခေါင်းဆောင်များက ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းနေသည်ကို ၎င်းတို့ မြင်သောအခါ ၎င်းတို့က “ဤခေါင်းဆောင်သည် လူကြီးလူကောင်းမဟုတ်၊ ညီအစ်ကိုမောင်နှမတစ်ယောက်က သေးငယ်သော အမှားတစ်ခု ပြုလုပ်လျှင် သူသည် ထိုအမှားကို စွဲကိုင်ထားပြီး လက်မလွှတ်ပေ၊ လူကြီးလူကောင်းတစ်ယောက်က ဤအရာကို ဂရုစိုက်မည်မဟုတ်၊ လူကြီးလူကောင်းတစ်ယောက်သည် သည်းခံလိမ့်မည်၊ ခွင့်လွှတ်လိမ့်မည်၊ နှစ်သိမ့်ခြင်းပင် ရှိလိမ့်မည်၊ သူသည် အလွန်ပင် ပို၍ လက်ခံပေးလိမ့်မည်၊ ဤခေါင်းဆောင်သည် လူတို့အပေါ် အလွန် တင်းကျပ်လွန်းသည်၊ သူသည် သိသာစွာပင် လူဆိုးတစ်ယောက်ဖြစ်သည်” ဟု ဆိုသည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ခုခံကာကွယ်သောသူများက လူကြီးလူကောင်းများမဟုတ်ဟု ဤလူတို့က ဆိုကြသည်။ လေးနက်စွာ၊ စေ့စပ်စွာ၊ တာဝန်သိစွာ အလုပ်လုပ်သူများက လူဆိုးများဖြစ်သည်ဟု ၎င်းတို့က ဆိုကြသည်။ သူတစ်ပါးတို့အား ဤသို့ ရှုမြင်သည့်သူများကို သင်တို့ မည်သို့ ထင်သနည်း။ ၎င်းတို့သည် သမ္မာတရား၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်နှင့်အညီ လူတို့ကို ရှုမြင်ခြင်းဖြစ်သလော။ (မဟုတ်ပါ။) ၎င်းတို့သည် သမ္မာတရားနှင့်အညီ၊ ဘုရားနှုတ်ကပတ်တော်နှင့်အညီ လူတို့ကို မကြည့်ပေ။ ထို့အပြင် ၎င်းတို့သည် စာတန်က လူတို့ကို အကဲဖြတ်သည့် အယူအဆ၊ အမြင်၊ နည်းစနစ်၊ နည်းလမ်းများကို ယူကာ အသင်းတော်တွင် ဖြန့်ဝေထုတ်လွှတ်သည်။ ဤအရာများသည် ဘာသာရေးယုံကြည်မှုမရှိသူများ၊ မယုံကြည်သူများ၏ အတွေးအမြင်များဖြစ်သည်မှာ သိသာထင်ရှားသည်။ သင်သည် ပိုင်းခြားသိမြင်ခြင်းမရှိဘဲ လူကြီးလူကောင်းတစ်ယောက်သည် ကိုယ်ကျင့်စရိုက်မြင့်မားသော လူကောင်းတစ်ယောက်ဖြစ်သည်၊ အသင်းတော်တွင် ထောက်တိုင်တစ်ခုဖြစ်သည်ဟု ထင်မြင်လျှင် သူက ထင်ယောင်ထင်မှားဖြစ်အောင် ပြုလုပ်ထားခြင်းကို သင်ခံရခြင်း ဖြစ်နိုင်သည်။ သင်သည် သူနှင့်တူညီသော အတွေးအမြင်များရှိသောကြောင့် တစ်စုံတစ်ယောက်က လူကြီးလူကောင်းများနှင့်ပတ်သက်ပြီး မှတ်ချက်၊ သို့မဟုတ် ဖော်ပြချက်တစ်ခုပြုလုပ်လျှင် သင်သည် အသေအချာပင် ကိုယ်တိုင် သတိမထားမိဘဲ ဆွဲဆောင်ခြင်းခံရပြီး လှည့်စားခြင်းခံရမည်။ သို့ရာတွင် သင်သည် ဤသို့သောအရာများကို ပိုင်းခြားသိမြင်နေလျှင် ဤသို့သော အဆိုအမိန့်များကို ငြင်းပယ်ပြီး ယင်းတို့၏ လှည့်စားခြင်းကို ခံရမည်မဟုတ်ပေ။ ထိုအစား သင်သည် ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားစည်းမျဉ်းများနှင့်အညီ လူများ၊ အမှုအရာများကို တန်ဖိုးဖြတ်ခြင်း၊ မှန်ခြင်း၊ မှားခြင်းကို ဝေဖန်အကဲဖြတ်ခြင်းတို့ကို ဆက်လက်လုပ်ဆောင်လိမ့်မည်။ ဤသို့ဆိုလျှင် သင်သည် လူများ၊ အမှုအရာများကို တိကျမှန်ကန်စွာ မြင်တွေ့လိမ့်မည်။ ဘုရားအလိုတော်နှင့်အညီ ပြုမူဆောင်ရွက်လိမ့်မည်။ သမ္မာတရားကို မလိုက်စားသော မယုံကြည်သူများ၊ ပိုင်းခြားသိမြင်ခြင်းမရှိဘဲ ဘုရားအိမ်တော်၏ စည်းကမ်းများအတိုင်း မလိုက်နာလိုသူများသည် ညီအစ်ကိုမောင်နှမများအား လှည့်စားပြီး သမ္မာတရားအပေါ် ၎င်းတို့၏ နားလည်မှုကို နှောင့်ယှက်ရန်အတွက် စာတန်ဆီကလာပြီး မယုံကြည်သူများကြားတွင် အသစ်အဆန်းမဟုတ်သော အတွေးအမြင်များကို မကြာခဏ ထုတ်ပြောကြသည်။ လူတို့က ပိုင်းခြားသိမြင်နေခြင်းမရှိလျှင် ထိုလူများ၏ လှည့်စားခြင်း၊ နှောင့်ယှက်ခြင်းကို မခံရနိုင်သော်လည်း ၎င်းတို့အဆိုအမိန့်များ၏ ထိန်းချုပ်ခြင်းကို မကြာခဏ ခံရမည်ဖြစ်ပြီး ပြုမူဆောင်ရွက်ရန်၊ ထုတ်ဖော်ပြောဆိုရန် တွန့်ဆုတ်လိမ့်မည်။ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများကို ထိန်းသိမ်းရဲမည်မဟုတ်သကဲ့သို့ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ခုခံကာကွယ်ရဲဖို့ မဆိုထားနှင့် ဘုရားနှုတ်ကပတ်တော်၏ သတ်မှတ်ချက်များနှင့်အညီ ပြုမူဆောင်ရွက်ရန်ပင် ဆက်လက်၍ လုပ်ဆောင်ရဲမည်မဟုတ်ပေ။ ဤသည်မှာ စာတန်၏ အတွေးများ၊ အဆိုအမိန့်များကို ပိုင်းခြားသိမြင်မှု ကင်းမဲ့ခြင်းကြောင့် ဖြစ်သလော။ (ဟုတ်သည်။) ဤအကြောင်းပြချက်ဖြစ်သည်မှာ သိသာသည်။ “လူကြီးလူကောင်း” နှင့် “လူဆိုး” ဟူသော ဝေါဟာရများသည် အသင်းတော်တွင် ခိုင်လုံမှုမရှိပေ။ မယုံကြည်သူများသည် ဟန်ဆောင်ခြင်း၊ မျက်နှာဖုံးနောက်ကွယ်၌ နေထိုင်ခြင်းတွင် ကျွမ်းကျင်သည်။ ၎င်းတို့သည် လူဆိုးတစ်ယောက်ထက် လူကြီးလူကောင်း ဖြစ်ခြင်းကို ထောက်ခံအားပေးသည်။ ၎င်းတို့၏ ဘဝတွင် ဤဟန်ဆောင်မှုများကို ခံယူကြသည်။ ၎င်းတို့သည် လူတို့ကြားတွင် မိမိကိုယ်မိမိ တည်ဆောက်ဖို့အတွက် ဤအရာများကို အသုံးပြုသည်။ ၎င်းတို့အား ဂုဏ်သိက္ခာနှင့် ဂုဏ်သတင်းကောင်းပေးရန် အခြားလူများကို လှည့်စားသည်။ ကျော်ကြားမှုနှင့် စည်းစိမ်ကို ရယူကြသည်။ ဘုရားအိမ်တော်တွင် ဤအရာများအားလုံးကို ဖယ်ရှားပြီး တရားမဝင်ကြောင်း သတ်မှတ်ရမည်။ ၎င်းတို့ကို ဘုရားအိမ်တော်တွင်၊ သို့မဟုတ် ဘုရားသခင်ရွေးချယ်ထားသောလူများကြားတွင် ဖြန့်ဝေခွင့်မပြုရပေ။ ဤအရာများအား ဘုရားသခင်ရွေးချယ်ထားသောလူများကို နှောင့်ယှက်ပြီး လှည့်စားရန် အခွင့်အရေးလည်း မပေးသင့်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဤအရာအားလုံးသည် စာတန်ဆီမှ လာသောကြောင့်၊ ဘုရားနှုတ်ကပတ်တော်တွင် အခြေပြုချက်မရှိသောကြောင့်၊ လူများ၊ အမှုအရာများကို ရှုမြင်သော၊ မိမိတို့ ကျင့်ကြံနေထိုင်ပြီး ပြုမူဆောင်ရွက်သောပုံစံနှင့် ပတ်သက်ပြီး လူတို့ လိုက်နာစောင့်ထိန်းသင့်သည့် သမ္မာတရား စည်းမျဉ်းများ အသေအချာပင် မဟုတ်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် “လူကြီးလူကောင်း”၊ “လူကြီးလူကောင်း အတုအယောင်”၊ “လူဆိုး” တို့သည် လူတစ်ယောက်၏ အနှစ်သာရကို အဓိပ္ပာယ်သတ်မှတ်ရန် မှန်ကန်သော ဝေါဟာရများမဟုတ်ပေ။ “လူကြီးလူကောင်း”ဆိုသည့် ဝေါဟာရကို ငါ ရှင်းလင်းစွာ ရှင်းပြပြီးဖြစ်သလော။ (ရှင်းပြပြီးဖြစ်ပါသည်။)

“လူကြီးလူကောင်းတစ်ဦး၏ စကားက သူ၏ ကတိဝန်ခံချက်ဖြစ်သည်” ဆိုသည်မှာ အမှန်တကယ်တွင် မည်သည့်အရာကို ဆိုလိုသည်ကို ကြည့်ရန်အတွက် ထိုဆိုရိုးစကားကို နောက်တစ်ခေါက် ကြည့်ကြစို့။ ဤစကား၏ တိုက်ရိုက်အဓိပ္ပာယ်မှာ လူကြီးလူကောင်းတစ်ယောက်သည် သူ၏ စကားများကို အလေးအနက် ထားရမည်ဟူ၍ ဖြစ်သည်။ ဤဆိုရိုးစကားအရဆိုလျှင် လူတစ်ယောက်သည် သူ၏ စကားအပေါ်တွင် မူတည်သည်။ လူကြီးလူကောင်းတစ်ယောက်သည် ပြောသည့်အတိုင်း လုပ်ဆောင်ရမည်ဖြစ်ပြီး သူ၏ ကတိများကို တည်အောင် လုပ်ဆောင်ရမည်။ ထို့ကြောင့် လူကြိုက်များပြီး အထင်ကြီးခြင်း ခံရသော၊ ကိုယ်ကျင့်စရိုက်မြင့်မားသော လူကြီးလူကောင်းတစ်ယောက် ဖြစ်ရန်အတွက် လူတစ်ယောက်သည် “လူကြီးလူကောင်းတစ်ဦး၏ စကားက သူ၏ ကတိဝန်ခံချက်ဖြစ်သည်” ဆိုသည့် ဆိုရိုးစကားနှင့်အညီ ပြုမူဆောင်ရွက်ရမည်။ ဆိုလိုသည်မှာ လူကြီးလူကောင်း တစ်ယောက်သည် ယုံကြည်စိတ်ချရမှု ရှိရမည်။ သူပြောသည့်၊ ကတိပေးသည့်အရာအတွက် တာဝန်ယူရမည်။ အသေအချာ ဆက်လက်လုပ်ဆောင်ရမည်။ သူ၏ စကားကို မတည်၍မရပေ၊ သို့မဟုတ် သူတစ်ပါးတို့အပေါ်တွင်ရှိသော သူ၏ ကတိကို ဖြစ်မြောက်ရန် ပျက်ကွက်၍ မရပေ။ သူတစ်ပါးတို့အပေါ်တွင်ရှိသော သူ၏ ကတိကို တည်ရန် မကြာခဏ ပျက်ကွက်သောသူသည် လူကြီးလူကောင်း၊ သို့မဟုတ် ကောင်းသောသူ တစ်ယောက်မဟုတ်ဘဲ ထိုအစား လူဆိုးတစ်ယောက် ဖြစ်သည်။ ဤသည်မှာ “လူကြီးလူကောင်းတစ်ဦး၏ စကားက သူ၏ ကတိဝန်ခံချက် ဖြစ်သည်” ဆိုသည့်စကားကို အနက်အဓိပ္ပာယ် ဖွင့်ဆိုနိုင်သည့် ပုံစံဖြစ်သည်။ ယင်းသည် ကိုယ်ကျင့်တရားနှင့် ယုံကြည်စိတ်ချရခြင်းနှင့် ပတ်သက်ပြီး လူကြီးလူကောင်း၏ စကားများ၊ လုပ်ရပ်များအပေါ် အဓိကအားဖြင့် အလေးပေးသည်။ ပထမအနေဖြင့် ငါမေးမည်။ “လူကြီးလူကောင်း၏ စကား” တွင် “စကား” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ နှစ်ခုကို ဆိုလိုသည်။ သူ ပေးသည့် ကတိ၊ သို့မဟုတ် တစ်စုံတစ်ခုကို လုပ်ဆောင်ရန် ကတိပြုချက်တစ်ခုဖြစ်သည်။ ငါ အစောပိုင်းက ပြောခဲ့သကဲ့သို့ပင် လူကြီးလူကောင်းများသည် ကောင်းသောသူများ မဟုတ်ဘဲ စာတန်၏ ဖျက်ဆီးခြင်းကို အလွန်ခံထားရသော သာမန်လူများဖြစ်သည်။ ထို့ကြောင့် လူတို့၏ အနှစ်သာရနှင့် ပတ်သက်လျှင် ၎င်းတို့ကတိပေးသည့်အရာများ၌ မိမိတို့ကိုယ်ကို ဖော်ပြသော အဓိကနည်းများမှာ အဘယ်နည်း။ မာနထောင်လွှားစွာ စကားပြောဆိုခြင်း၊ ချဲ့ကားပြောဆိုခြင်း၊ မိမိကိုယ်ကို အကောင်းပြောခြင်း၊ မိမိတို့ကိုယ်ကိုနှင့်ပတ်သက်ပြီး မမှန်သောအရာများကို ပြောဆိုခြင်း၊ အချက်အလက်များနှင့် မကိုက်သော အရာများကို ပြောဆိုခြင်း၊ လိမ်ညာခြင်း၊ ခက်ထန်စွာ ပြောဆိုခြင်း၊ ထွက်ပေါက်ရှာခြင်းတို့ဖြစ်သည်။ ဤအရာများအားလုံးကို လူတို့ ပြောဆိုသည့်၊ ကတိပေးသည့်အရာများတွင် တွေ့ရှိနိုင်သည်။ ထို့ကြောင့် လူတစ်ယောက်က ဤအရာများကို ပြောပြီးနောက်တွင် သင်က ထိုသူကို ကတိတည်ရန်၊ သူပြောသည့်အရာကို လေးစားရန်၊ စကားမတည်ခြင်းမဖြစ်ရန် တောင်းဆိုသည်။ သူက ကတိတည်လျှင် သူသည် လူကြီးလူကောင်းဖြစ်သည်၊ ကောင်းသောသူဖြစ်သည်ဟု သင် ထင်မြင်သည်။ ဤသည်မှာ အဓိပ္ပာယ်မမဲ့သလော။ ဖောက်ပြန်ပျက်စီးသောလူများက နေ့စဉ် ပြောသောအရာများကို ဂရုတစိုက် စုံစမ်းစစ်ဆေးလျှင် ထိုအရာများသည် ရာနှုန်းပြည့် မုသားများ၊ အနှစ်မရှိသော စကားများ၊ သို့မဟုတ် တစ်ဝက်တစ်ပျက်သာ မှန်သောအရာများဖြစ်သည်ကို တွေ့ရလိမ့်မည်။ စကားတစ်လုံးမျှ တိကျခြင်း၊ မှန်ကန်ခြင်း၊ အဖြစ်မှန်ဖြစ်ခြင်း မရှိပေ။ ထိုအစား ၎င်းတို့၏ ဖော်ပြမှုများသည် အမှန်တရားကို ပုံဖျက်သည်။ အဖြူနှင့် အမဲကို ရှုပ်ထွေးစေသည်။ အချို့မှာ မကောင်းသော ရည်ရွယ်ချက်များ၊ သို့မဟုတ် ဆိုးယုတ်သော လှည့်ကွက်များပင် ထားရှိကြသည်။ ဤစကားများကိုသာ တလေးတစား လိုက်နာစောင့်ထိန်းမိလျှင် အလွန်ပင် ဖရိုဖရဲ ဖြစ်လိမ့်မည်။ ကြီးမားသော လူအုပ်စုတွင် မည်သို့ဖြစ်လိမ့်မည်ကို မပြောဘဲနေကြစို့။ မိသားစုတစ်စုတွင် မဆင်မခြင်ဖြစ်သော မှတ်ချက်များကို အစဉ်ပေးသော၊ အဓိပ္ပာယ်မရှိသော သဘောတရားများနှင့် မာနထောင်လွှားသော၊ မှားယွင်းသော၊ အန္တရာယ်ရှိသော၊ ကြမ်းတမ်းသောစကားများစွာကို ကြာရှည်စွာ ပြောဆိုသော လူကြီးလူကောင်းဆိုသူတစ်ယောက် ရှိမရှိဆိုသည်ကို ပြောကြစို့။ သူ၏ စကားများကို အလေးအနက်ထားပြီး သူ၏ စကားက သူ၏ ကတိဝန်ခံချက်ဖြစ်သည်ဆိုလျှင် အကျိုးဆက်က အဘယ်သို့ ဖြစ်မည်နည်း။ ဤမိသားစုက မည်သို့ ပရမ်းပတာ ဖြစ်မည်နည်း။ ဤသည်မှာ အဆင်းနီသောနဂါးကြီး၏ နိုင်ငံ၏ နတ်ဆိုးဘုရင်ကဲ့သို့ ဖြစ်သည်။ ယင်း၏ မူဝါဒများက မည်မျှ အဓိပ္ပာယ်မရှိပါစေ၊ ဆိုးယုတ်ပါစေ ယင်းတို့ကို အဆိုပြုဆဲဖြစ်သည်။ ယင်း၏ လက်အောက်တွင်ရှိသောသူများက မူဝါဒများကို အတိအကျ ဆောင်ရွက်ပြီး အကောင်အထည်ဖော်ရသည်။ မည်သူကမျှ ၎င်းတို့ကို မဆန့်ကျင်ရဲပေ၊ သို့မဟုတ် မတားဆီးရဲပေ။ ဤသို့ဖြင့် တစ်နိုင်ငံလုံး ပရမ်းပတာဖြစ်စေသည်။ ထို့အပြင် ကပ်ဘေးအမျိုးမျိုးက ချဉ်းကပ်လာနေပြီး စစ်ပွဲအတွက် ပြင်ဆင်မှုများ စတင်နေပြီဖြစ်သည်။ တစ်နိုင်ငံလုံးက လုံးလုံး ရှုပ်ထွေးမှုအတွင်းသို့ ကျရောက်သွားသည်။ နတ်ဆိုးခေါင်းဆောင်တစ်ယောက်က နိုင်ငံ၊ သို့မဟုတ် လူမျိုးတစ်ခုကို ကြာရှည်စွာ အုပ်ချုပ်လျှင် ထိုနိုင်ငံရှိလူများသည် အလွန်ပင် ဒုက္ခရောက်လိမ့်မည်။ မည်မျှအထိ ဖရိုဖရဲ ဖြစ်မည်နည်း။ လူတို့သည် ကျိုးကြောင်းမသင့်သော အဓိပ္ပာယ်မရှိသောအရာများ၊ နတ်ဆိုးဘုရင်များက ထုတ်ပြန်သော အတွေးမှားများ၊ မုသားများအားလုံးကို ဆောင်ရွက်ပြီး အကောင်အထည်ဖော်လျှင် ယင်းမှနေ၍ လူသားမျိုးနွယ်အတွက် ကောင်းသောအရာ တစ်စုံတစ်ခု ဖြစ်လာမည်လော။ လူသားမျိုးနွယ်သည် ပိုပို၍သာ ဖရိုဖရဲဖြစ်လာပြီး မှောင်မိုက်ဆိုးယုတ်လာမည်။ ကံကောင်းစွာပင် “လူကြီးလူကောင်းတစ်ဦး၏ စကားက သူ၏ ကတိဝန်ခံချက် ဖြစ်သည်” ဆိုသည်မှာ အနှစ်မရှိသောစကားများထက် မပိုပေ။ လေလုံးတစ်ခုသာဖြစ်သည်။ စာတန်က ဤအရာကို လက်တွေ့အကောင်အထည်မဖော်နိုင်ပေ။ ယင်းက ဆိုသည့်အရာကို မရရှိနိုင်ပေ။ ထို့ကြောင့် ဤလောကတွင် အနည်းငယ် အစီအစဉ်တကျ ရှိနေဆဲဖြစ်ပြီး လူတို့သည် အတော်အတန် တည်ငြိမ်ဆဲဖြစ်သည်။ ဤသို့မဟုတ်လျှင် လူသားကမ္ဘာ၏ နေရာအနှံ့ရှိ “လူကြီးလူကောင်းများ” ရှိသော နေရာတိုင်းတွင် ဖရိုဖရဲဖြစ်နေလိမ့်မည်။ ဤသည်မှာ “လူကြီးလူကောင်းတစ်ဦး၏ စကားက သူ၏ ကတိဝန်ခံချက်ဖြစ်သည်” ဆိုသည့် ဆိုရိုးစကားတွင် လွဲမှားနေသော အရာများထဲမှ တစ်ခုဖြစ်သည်။ လူတို့၏ အနှစ်သာရ၏ ရှုထောင့်မှ ကြည့်လျှင် ၎င်းတို့၏ အမြင်များ၊ ၎င်းတို့ပြောသောအရာများ၊ ၎င်းတို့၏ ကတိများသည် စိတ်မချရသည်ကို ငါတို့ မြင်နိုင်သည်။ မှားယွင်းသော အခြားအရာတစ်ခုမှာ လူသားမျိုးနွယ်သည် “လူကြီးလူကောင်းတစ်ဦး၏ စကားက သူ၏ ကတိဝန်ခံချက် ဖြစ်သည်” ဆိုသည့် သဘောတရားဆိုင်ရာ အမြင်၏ ထိန်းချုပ်ခြင်းကို ခံရခြင်းဖြစ်သည်။ ၎င်းတို့က “မိမိတို့စကားကို တလေးတစား လိုက်နာစောင့်ထိန်းပြီး မိမိတို့လုပ်ဆောင်မည်ဟု ပြောသောအရာကို လုပ်ဆောင်ရခြင်းမှာ လူကြီးလူကောင်း ဖြစ်ခြင်း နည်းလမ်း ဖြစ်သောကြောင့် ငါတို့သည် ဤသို့ လုပ်ဆောင်ရမည်” ဟူ၍ စဉ်းစားကြသည်။ ဤသဘောတရားဆိုင်ရာ အမြင်သည် လူတို့၏ စဉ်းစားပုံကို ကြီးစိုးပြီး လူတို့က လူတစ်ယောက်ကို ရှုမြင်သည့်၊ အကဲဖြတ်သည့်၊ အမျိုးအစားခွဲသည့် စံနှုန်းဖြစ်လာသည်။ ဤသည်မှာ သင့်လျော်ပြီး တိကျမှန်ကန်သလော။ (တိကျမှန်ကန်ခြင်း မရှိပါ။) အဘယ်ကြောင့် တိကျမှန်ကန်ခြင်း မရှိသနည်း။ ပထမအနေဖြင့် လူတို့ပြောသည့်အရာသည် တန်ဖိုးနည်းပါးပြီး အနှစ်မရှိသော စကားများသာ ဖြစ်သောကြောင့်၊ မုသားများ၊ ချဲ့ကားပြောဆိုခြင်းများ ဖြစ်သောကြောင့်ဖြစ်သည်။ ဒုတိယအနေဖြင့် လူတို့အား ထိန်းချုပ်ရန်နှင့် ၎င်းတို့၏ စကားကို တလေးတစား လိုက်နာစောင့်ထိန်းဖို့ တောင်းဆိုရန်အတွက် ဤသဘောတရားဆိုင်ရာ အမြင်ကို အသုံးပြုခြင်းသည် တရားမျှတခြင်း မရှိပေ။ လူတို့သည် လူတစ်ယောက်၏ သာလွန်မှု၊ သို့မဟုတ် နိမ့်ကျမှုကို တိုင်းတာရန်အတွက် “လူကြီးလူကောင်းတစ်ဦး၏ စကားက သူ၏ ကတိဝန်ခံချက် ဖြစ်သည်” ဆိုသည်ကို မကြာခဏ အသုံးပြုသည်။ လူတို့သည် မိမိကိုယ်ကို သတိမထားမိဘဲ ၎င်းတို့၏ ကတိများကို မည်သို့ တလေးတစား လိုက်နာစောင့်ထိန်းရမည်ဆိုသည်ကို မကြာခဏ စိတ်ပူပြီး ယင်း၏ ထိန်းချုပ်ခြင်းကို ခံရသည်။ ၎င်းတို့သည် ၎င်းတို့၏ ကတိများကို တလေးတစား လိုက်နာစောင့်ထိန်းနိုင်ခြင်း မရှိလျှင် သူတစ်ပါးတို့က ခွဲခြားဆက်ဆံခြင်း၊ ပြစ်တင်ကြိမ်းမောင်းခြင်းကို ခံရသည်။ အသေးအဖွဲကိစ္စတစ်ခုကို ၎င်းတို့ စကားမတည်နိုင်လျှင် မလုပ်ဆောင်နိုင်လျှင် လူ့အသိုင်းအဝိုင်းအတွင်း၌ မိမိတို့ကိုယ်ကို အခြေချဖို့ ခက်ခဲသည်။ ဤသည်မှာ ဤလူတို့အတွက် မျှတမှု မရှိသကဲ့သို့ လူသားလည်းမဆန်ပေ။ လူတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကြောင့် ၎င်းတို့၏ နှစ်သက်မှုများနှင့်အညီ ပြောဆိုကြသည်။ ၎င်းတို့ ပြောလိုသည့်အရာတိုင်းကို ပြောကြသည်။ ၎င်းတို့၏ ဖော်ပြချက်များသည် မည်မျှ အဓိပ္ပာယ်မရှိသည်၊ သို့မဟုတ် အမှန်တရားနှင့် ဆန့်ကျင်နေသည်ဆိုသည်ကို ဂရုမစိုက်ပေ။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော လူတို့၏ ပုံစံဖြစ်သည်။ အရာရာတိုင်းက သူ၏ ကိုယ်ပိုင်စိတ်သဘောထားအတိုင်း ပြုမူဆောင်ရွက်ခြင်းမှာ သဘာဝဖြစ်သည်။ ကြက်တစ်ကောင်သည် မည်သို့ တွန်ရမည်ကို သင်ယူရမည်။ ခွေးတစ်ကောင်သည် မည်သို့ ဟောင်ရမည်ကို သင်ယူရမည်ဖြစ်ပြီး ဝံပုလွေတစ်ကောင်က မည်သို့အူရမည်ကို သင်ယူရမည်။ တစ်စုံတစ်ခုက လူသားမဟုတ်သော်လည်း လူသားနှင့်ဆိုင်သော အရာများကို ပြောဆို၊ လုပ်ဆောင်ရန် တင်းကျပ်စွာ သတ်မှတ်လျှင် အလွန်ခက်ခဲလိမ့်မည်။ လူတို့တွင် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသည်။ မာနထောင်လွှားပြီး လှည့်စားသော စိတ်သဘောထားဖြစ်သည်။ ထို့ကြောင့် ၎င်းတို့အနေဖြင့် လိမ်ညာခြင်း၊ ချဲ့ကားပြောဆိုခြင်း၊ အနှစ်မရှိသောစကားများကို ပြောဆိုခြင်းသည် သဘာဝဖြစ်သည်။ သင်သည် သမ္မာတရားကို နားလည်ပြီး လူတို့ကို ထိုးထွင်းမြင်နိုင်လျှင် ဤအရာအားလုံးသည် သင့်အတွက် သာမန်၊ ပုံမှန်အဖြစ် မြင်သင့်သည်။ သင်သည် လူများ၊ အမှုအရာများကို ရှုမြင်ရန်၊ လူတို့သည် ကောင်းမွန်ခြင်း၊ စိတ်ချယုံကြည်ထိုက်ခြင်းရှိမရှိကို အကဲဖြတ်ပြီး အမျိုးအစား သတ်မှတ်ရန်အတွက် “လူကြီးလူကောင်းတစ်ဦး၏ စကားက သူ၏ ကတိဝန်ခံချက် ဖြစ်သည်” ဆိုသည့် လမ်းလွဲနေသော အယူအဆကို အသုံးမပြုသင့်ပေ။ ဤ အကဲဖြတ်ခြင်း နည်းလမ်းသည် မမှန်ပေ။ မခံယူသင့်ပေ။ မှန်ကန်သော နည်းလမ်းမှာ အဘယ်နည်း။ လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသည်။ ထို့ကြောင့် ၎င်းတို့အနေဖြင့် ချဲ့ကားပြောဆိုပြီး ၎င်းတို့၏ တကယ့်အခြေအနေကို ထင်ဟပ်ခြင်းမရှိသည့် အရာများကို ပြောဆိုခြင်းသည် သာမန်သာဖြစ်သည်။ သင်သည် ဤအရာကို မှန်ကန်စွာ ကိုင်တွယ်ရမည်။ သင်သည် လူတစ်ယောက်အား လူကြီးလူကောင်းတစ်ယောက်၏ စံနှုန်းနှင့်အညီ သူ၏ ကတိကို တလေးတစား လိုက်နာစောင့်ထိန်းဖို့ မတောင်းဆိုသင့်ပေ။ “လူကြီးလူကောင်းတစ်ဦး၏ စကားက သူ၏ ကတိဝန်ခံချက် ဖြစ်သည်” ဆိုသည့် အယူအဆဖြင့် သူတစ်ပါးတို့ကိုဖြစ်စေ၊ သင့်ကိုယ်သင်ဖြစ်စေ ဧကန်မုချ မချည်နှောင်သင့်ပေ။ ဤသည်မှာ မမှန်ကန်ပေ။ ထို့အပြင် လူတစ်ယောက်သည် လူကြီးလူကောင်းတစ်ယောက် ဟုတ်မဟုတ်ဆိုသည်ဖြင့် သူ၏ လူ့သဘာဝနှင့် ကိုယ်ကျင့်တရားကို အကဲဖြတ်ခြင်းသည် အဓိကအမှားတစ်ခုဖြစ်ပြီး မှန်ကန်သော ချဉ်းကပ်မှုမဟုတ်ပေ။ ယင်း၏ အခြေပြုချက်သည် မှားယွင်းပြီး ဘုရားနှုတ်ကပတ်တော်နှင့်၊ သို့မဟုတ် သမ္မာတရားနှင့် မညီပေ။ ထို့ကြောင့် လူတစ်ယောက်ကို အကဲဖြတ်ရန်အတွက် လောကီကမ္ဘာဘက မည်သည့် သဘောတရားဆိုင်ရာ အမြင်အမျိုးအစားကို အသုံးပြုသည်ဖြစ်စေ၊ လောကီကမ္ဘာက လူကြီးလူကောင်းဖြစ်ခြင်းကို ထောက်ခံသည်ဖြစ်စေ၊ လူဆိုးဖြစ်ခြင်းကို ထောက်ခံသည်ဖြစ်စေ ဘုရားအိမ်တော်တွင် “လူကြီးလူကောင်းတစ်ဦး၏ စကားက သူ၏ ကတိဝန်ခံချက်ဖြစ်သည်” ဆိုသည့် ဆိုရိုးစကားကို အားမပေးပေ။ မည်သူမဆိုကို လူကြီးလူကောင်းဖြစ်ရန် အကြံမပြုသကဲ့သို့ “လူကြီးလူကောင်းတစ်ဦး၏ စကားက သူ၏ ကတိဝန်ခံချက် ဖြစ်သည်” ဆိုသည့် ဆိုရိုးစကားအတိုင်း ပြုမူဆောင်ရွက်ရန် သေချာပေါက် မလိုအပ်ပေ။ သင်သည် သင့်ကိုယ်သင် လူကြီးလူကောင်းတစ်ယောက်ဖြစ်ရန် တင်းကျပ်စွာ သတ်မှတ်ပြီး “လူကြီးလူကောင်းတစ်ဦး၏ စကားက သူ၏ ကတိဝန်ခံချက် ဖြစ်သည်” ဆိုသည့် ဆိုရိုးစကားကို သရုပ်ထင်စေလျှင်ပင် အဘယ်သို့နည်း။ သင်သည် ဤအရာကို အလွန်ကောင်းစွာ လုပ်ဆောင်နိုင်ပြီး ကတိတည်ပြီး သူ၏ စကားအတိုင်း ဖြစ်မြောက်ရန် လုံးဝ မပျက်ကွက်သည့် နှိမ့်ချသော လူကြီးလူကောင်းတစ်ယောက် ဖြစ်လာနိုင်သည်။ သို့ရာတွင် သင်သည် ဘုရားနှုတ်ကပတ်တော်နှင့်အညီ လူများ၊ အမှုအရာများကို လုံးဝ မရှုမြင်လျှင်၊ ကျင့်ကြံနေထိုင်ပြီး ပြုမူဆောင်ရွက်ခြင်း မရှိလျှင်၊ သို့မဟုတ် သမ္မာတရား စည်းမျဉ်းများကို မလိုက်နာလျှင် သင်သည် လုံးဝ မယုံကြည်သူတစ်ယောက်ဖြစ်သည်။ လူများစွာက သင်နှင့် သဘောတူပြီး သင့်အား ပံ့ပိုးလျှင်ပင်၊ သင်သည် လူကြီးလူကောင်းတစ်ယောက်ဖြစ်ကြောင်း၊ သင်သည် သင့်စကားအတိုင်း ဖြစ်မြောက်စေရန် မည်သည့်အခါမျှ မပျက်ကွက်ကြောင်း၊ သင်၏ ကတိများကို အလေးအနက် ထားကြောင်း ဆိုလျှင်ပင် အဘယ်သို့နည်း။ ဤသည်မှာ သင်က သမ္မာတရားကို နားလည်သည်ဟု ဆိုလိုသလော။ သင်သည် ဘုရားသခင်၏ လမ်းခရီးနောက်ကို လိုက်သည်ဟု ဆိုလိုသလော။ “လူကြီးလူကောင်းတစ်ဦး၏ စကားက သူ၏ ကတိဝန်ခံချက် ဖြစ်သည်” ဆိုသည့် ကိုယ်ကျင့်တရား အဆိုအမိန့်ကို သင် မည်မျှ ကောင်းမွန်စွာ၊ သင့်လျော်စွာ လိုက်လျှောက်သည်ဖြစ်စေ ဘုရားနှုတ်ကပတ်တော်ကို သင် နားမလည်လျှင်၊ သမ္မာတရား စည်းမျဉ်းများအတိုင်း လိုက်နာစောင့်ထိန်းပြီး ပြုမူဆောင်ရွက်ခြင်း မရှိလျှင် ဘုရားသခင်၏ လက်ခံမှုကို ရရှိမည်မဟုတ်ပေ။

“လူကြီးလူကောင်းတစ်ဦး၏ စကားက သူ၏ ကတိဝန်ခံချက် ဖြစ်သည်” ဆိုသည့် အယူအဆတွင်ရှိသော အမှားများကို ခွဲခြားဖော်ထုတ်ပြီး ပိုင်းခြားစိစစ်ပြီးနောက်တွင် လူတို့၏ စကားများ၊ လုပ်ရပ်များနှင့်ပတ်သက်ပြီး လူတို့အပေါ် ဘုရားသခင် တောင်းဆိုသည့်အရာကို ကြည့်ကြစို့။ ဘုရားသခင်က လူတို့အား မည်သို့သောသူမျိုးဖြစ်စေရန် တောင်းဆိုသနည်း။ (ရိုးသားသောသူ) မှန်သည်။ ရိုးသားလော့။ မလိမ်နှင့်။ မညာနှင့်။ မလှည့်စားနှင့်။ လှည့်ကွက်များ မပြုလုပ်နှင့်။ ပြုမူဆောင်ရွက်သောအခါတွင် ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရား စည်းမျဉ်းများကို ရှာဖွေလော့။ ဤအရာ အနည်းငယ်သာဖြစ်သည်။ အလွန် ရိုးရှင်းသည်။ သင်သည် မရိုးမသား ပြောဆိုလျှင် သင့်ကိုယ်သင် ပြုပြင်လော့။ သင်သည် ချဲ့ကားပြောဆိုလျှင်၊ လိမ်ညာလျှင်၊ သို့မဟုတ် သင့်နေရာကို ကျော်လွန်၍ ပြောဆိုလျှင် ဆင်ခြင်သုံးသပ်ပြီး ဤအရာကို သတိပြုမိစေလော့။ ဤအရာကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေလော့။ သင်၏ တကယ့်အခြေအနေကို ထင်ဟပ်သည့်အရာများကို ပြောရမည်။ သင်၏ စိတ်နှလုံးထဲမှ နားလည်မှုနှင့် အမှန်တရားများကို ပြောရမည်။ ထို့အပြင် သူတစ်ပါးတို့အား သင်ကတိပေးခဲ့သော အရာများကို သင်လုပ်ဆောင်နိုင်လျှင် ထိုအရာများကို လုပ်ဆောင်လော့။ မလုပ်ဆောင်နိုင်လျှင် ၎င်းတို့ကို ချက်ချင်းပြောလော့။ “ဝမ်းနည်းပါသည်၊ ကျွန်ုပ် မလုပ်ဆောင်နိုင်ပါ၊ ကျွန်ုပ် လုပ်ဆောင်နိုင်စွမ်းမရှိပါ၊ ကောင်းစွာ လုပ်ဆောင်နိုင်မည်မဟုတ်ပါ၊ ကျွန်ုပ် သင့်ကို မနှောင့်နှေးစေလိုပါ၊ ထို့ကြောင့် အခြားလူတစ်ယောက်ကို အကူအညီတောင်းခြင်းသည် ပို၍ကောင်းသည်” ဟု ပြောလော့။ သင်သည် အစဉ်သဖြင့် စကားတည်ရန် မလိုပေ။ သင်၏ ကတိများကို ဖျက်နိုင်သည်။ ရိုးသားသူတစ်ယောက်သာ ဖြစ်စေလော့။ လိမ်လည်ရန်၊ သို့မဟုတ် လှည့်စားရန် ကြိုးစားမည့်အစား သင်ပြောသည့်၊ လုပ်ဆောင်သည့်အရာတွင် ရိုးသားလော့။ အခြေအနေအားလုံးတွင် သမ္မာတရား စည်းမျဉ်းများကို ရှာဖွေလော့။ ယင်းသည် ဤမျှ ရိုးရှင်းသည်။ အလွန် လွယ်ကူသည်။ ဘုရားသခင်က လူတို့အား ဟန်ဆောင်ရန် ခိုင်းစေသည့် အစိတ်အပိုင်းတစ်ခုခု ရှိသလော။ သူသည် လူတို့အား အလွန်အကျွံ တောင်းဆိုဖူးသလော။ ၎င်းတို့ ခံနိုင်သည်ထက်ပိုပြီး၊ သို့မဟုတ် စွမ်းဆောင်နိုင်သည်ထက် ပိုပြီး လုပ်ဆောင်ရန် တောင်းဆိုဖူးသလော။ (မတောင်းဆိုဖူးပါ။) လူတို့သည် အစွမ်းအစ၊ နားလည်နိုင်ရန် အရည်အချင်း၊ ကိုယ်ကာယ အားအင်၊ သို့မဟုတ် ခွန်အားတို့နှင့်ပတ်သက်ပြီး လိုအပ်သည့် ပမာဏအတိုင်း မရှိလျှင် ၎င်းတို့ လုပ်ဆောင်နိုင်သည့်အရာကို လုပ်ဆောင်ခြင်း၊ အကောင်းဆုံး ကြိုးစားပြီး အစွမ်းကုန် လုပ်ဆောင်ခြင်းက လုံလောက်သည်ဟု ဘုရားသခင်က ၎င်းတို့ကို ပြောသည်။ သင်က “ကျွန်ုပ်သည် ကျွန်ုပ်တွင်ရှိသော အရာရာတိုင်းကို ပေးဆပ်ပြီးဖြစ်သည်၊ သို့သော် ဘုရားသခင်၏ သတ်မှတ်ချက်များကို မပြည့်မီနိုင်သေးပါ၊ ဤသည်မှာ ကျွန်ုပ်လုပ်နိုင်သမျှအားလုံးဖြစ်သည်၊ သို့သော် ဘုရားသခင် ကျေနပ်ခြင်းရှိမရှိကို ကျွန်ုပ်မသိပါ” ဟု ဆိုသည်။ အမှန်တကယ်တွင် သင်သည် ဤသို့ လုပ်ဆောင်ခြင်းအားဖြင့် ဘုရားသခင်၏ တောင်းဆိုချက်များကို ဖြည့်ဆည်းပြီးဖြစ်သည်။ ဘုရားသခင်က လူတို့အတွက် ခံယူရန် လေးလံလွန်းသော ဝန်ထုပ်ဝန်ပိုးကို ၎င်းတို့အား မပေးပေ။ သင်သည် ပေါင်တစ်ရာကို သယ်နိုင်လျှင် ဘုရားသခင်က သင့်အား ပေါင်တစ်ရာထက်ပို၍ လေးသော ဝန်ကို သေချာပေါက် ပေးမည်မဟုတ်ပေ။ သူသည် သင့်အပေါ်တွင် ဖိအားပေးမည် မဟုတ်ပေ။ ဤသည်မှာ လူတိုင်းအပေါ် ဘုရားသခင်၏ ပုံစံဖြစ်သည်။ ပြီးလျှင် သင်သည် မည်သည့်အရာ၏ ထိန်းချုပ်ခြင်းကိုမျှ ခံရမည်မဟုတ်ပေ။ မည်သည့်လူ၊ သို့မဟုတ် သဘောတရားဆိုင်ရာ အမြင်၏ ထိန်းချုပ်ခြင်းကိုမျှ ခံရမည်မဟုတ်ပေ။ သင်သည် လွတ်လပ်သည်။ တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ သင့်တွင် ရွေးချယ်ပိုင်ခွင့်ရှိသည်။ ဘုရားနှုတ်ကပတ်တော်အတိုင်း လက်တွေ့လုပ်ဆောင်ရန် ရွေးချယ်နိုင်သည်။ သင်ကိုယ်တိုင်၏ ဆန္ဒများအတိုင်း လက်တွေ့လုပ်ဆောင်ရန် ရွေးချယ်နိုင်သည်၊ သို့မဟုတ် စာတန်က သင့်အတွင်းသို့ သွတ်သွင်းသော သဘောတရားဆိုင်ရာ အမြင်များကို ဖက်တွယ်ရန် ရွေးချယ်နိုင်သည်မှာလည်း မှန်သည်။ ဤရွေးချယ်စရာများထဲမှ တစ်ခုခုကို သင် လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိသည်။ သို့သော် သင်ပြုလုပ်သည့် မည်သည့်ရွေးချယ်မှုမဆိုအတွက် တာဝန်ယူရမည်။ ဘုရားသခင်က သင့်အား လမ်းကိုသာ ပြသည်။ တစ်စုံတစ်ခုကို လုပ်ဆောင်ရန်၊ သို့မဟုတ် မလုပ်ဆောင်ရန် အတင်းမခိုင်းစေပေ။ ဘုရားသခင်က သင့်အား လမ်းကို ပြပြီးနောက်တွင် ရွေးချယ်ရန်မှာ သင့်အလုပ်ဖြစ်သည်။ သင့်တွင် လူ့အခွင့်အရေး အပြည့်အဝရှိသည်။ အကြွင်းမဲ့ ရွေးချယ်ပိုင်ခွင့်ပါ ပါဝင်သည်။ သင်သည် သမ္မာတရား၊ သင်၏ လူသားဆန္ဒများကို ရွေးချယ်နိုင်သည်၊ သို့မဟုတ် စာတန်၏ သဘောတရားဆိုင်ရာ အမြင်များကိုလည်း ရွေးချယ်နိုင်သည်မှာ မှန်သည်။ မည်သည့်အရာကို သင် ရွေးချယ်သည်ဖြစ်စေ နောက်ဆုံးရလဒ်ကို သင် ခံယူရမည်။ မည်သူကမျှ သင့်အတွက် ထမ်းရွက်ပေးမည်မဟုတ်။ သင်က ရွေးချယ်မှုတစ်ခု ပြုလုပ်သောအခါ ဘုရားသခင်က မည်သည့်ပုံစံနှင့်မျှ ဝင်ရောက်စွက်ဖက်မည် မဟုတ်သကဲ့သို့ သင့်အား အတင်းစေခိုင်းရန် မည်သည့်အရာကိုမျှ လုပ်ဆောင်မည်လည်းမဟုတ်ပေ။ မည်သည့်ရွေးချယ်မှုဖြစ်စေ သင်ဆန္ဒရှိသည့်အတိုင်း ရွေးချယ်နိုင်သည်။ အဆုံးတွင် သင်က လမ်းမှန်နှင့် သမ္မာတရားကို ရွေးချယ်ရုံဖြင့် ဘုရားသခင်က သင့်အား အလွန်အမင်း ချီးမွမ်းမည်မဟုတ်။ ကြီးမားသော အကျိုးကျေးဇူး ပေးမည်မဟုတ်။ သင်၏ စိတ်နှလုံးတွင် သာယာသော ခံစားချက်ကို ထည့်သွင်းပေးမည်မဟုတ်၊ သို့မဟုတ် အလွန်အမင်း မြင့်မြတ်သည်ဟု သင်ခံစားရအောင် ပြုလုပ်မည်မဟုတ်ပေ။ သူသည် ဤသို့ လုပ်ဆောင်မည်မဟုတ်ပေ။ သင်က သင်၏လူသားဆန္ဒများကို ရွေးချယ်လျှင်လည်း ဘုရားသခင်က သင့်အား ချက်ချင်း ပဲ့ပြင်ဆုံးမမည်မဟုတ်၊ သို့မဟုတ် ကျိန်ဆဲမည်မဟုတ်ပေ၊ သို့မဟုတ် သင်က စာတန်က သင့်အတွင်းသို့ သွတ်သွင်းခဲ့သော အယူအဆများအတိုင်း မဆင်မခြင် လုပ်ဆောင်လျှင်ပင် အပြစ်ဒဏ်အဖြစ် သင့်အပေါ်သို့ ကပ်ဘေးများကို ရုတ်တရက် ကျရောက်စေမည်မဟုတ်ပေ။ သင် ရွေးချယ်နေစဉ်တွင် အရာရာတိုင်းက သဘာဝအလျောက် ဆက်လက်ဖြစ်ပေါ်သည်။ သင်ရွေးချယ်ပြီးနောက်တွင် အရာရာတိုင်းက ဆက်လက်၍ သဘာဝအလျောက် ရှေ့ဆက်သည်။ ဘုရားသခင်က လေ့လာကြည့်ရှုခြင်းသာ လုပ်ဆောင်သည်။ အရာအားလုံး ဖြစ်ပျက်လာခြင်းကို ကြည့်ရှုသည်။ အကြောင်းရင်း၊ ဖြစ်စဉ်နှင့် ရလဒ်ကို ကြည့်သည်။ အဆုံးတွင် လူတို့သည် တရားစီရင်ခံရပြီး ၎င်းတို့၏ အဆုံးသတ်ကို ဆုံးဖြတ်သောအခါတွင် ဘုရားသခင်သည် သင်၏ တစ်ကိုယ်ရေ ရွေးချယ်မှုများအားလုံးကို အခြေခံပြီး သင်လျှောက်ခဲ့သည့်လမ်းကြောင်းကို အမျိုးအစားသတ်မှတ်မည်။ သင်သည် အမှန်တကယ်တွင် မည်သို့သောသူမျိုးဖြစ်သည်ကို ကြည့်ရန်အတွက် ဤလမ်းကြောင်းတစ်ခုလုံးကို ကြည့်ရှုမည်။ ဤမှတစ်ဆင့် မည်သည်အဆုံးသတ်မျိုးအား သင်ရရှိသင့်သည်ကို ဆုံးဖြတ်မည်။ ဤသည်မှာ ဘုရားသခင်၏ နည်းလမ်းဖြစ်သည်။ သင်နားလည်သလော။ (နားလည်သည်။) ဘုရားသခင်သည် သူ၏ အမှုတော်ကို လုပ်ဆောင်နေသောအခါ ဘုရားသခင်က လူတို့ကို လုပ်ဆောင်စေလိုသည့်အရာကို လူတို့က မရည်ရွယ်ဘဲ လုပ်ဆောင်စေရန်အတွက် ၎င်းတို့၏ အတွေးများကို ဘောင်ခတ်ပြီး ထိန်းချုပ်သည့် အဆိုအမိန့်၊ ဆိုရိုးစကား၊ သို့မဟုတ် သဘောတရားဆိုင်ရာ အမြင်တစ်ခုကို လူတို့ကြားတွင် ရေပန်းစားသောအရာတစ်ခု မည်သည့်အခါမျှ ဖြစ်လာခွင့်မပြုပေ။ ဤသည်မှာ ဘုရားသခင် အလုပ်လုပ်သည့် ပုံစံမဟုတ်ပေ။ ဘုရားသခင်က လူတို့အား အပြည့်အဝ လွတ်လပ်ခွင့်နှင့် ရွေးချယ်ပိုင်ခွင့်ကို ပေးသည်။ လူတို့က လူ့အခွင့်အရေး အပြည့်အဝနှင့် အကြွင်းမဲ့ ရွေးချယ်ပိုင်ခွင့်ကို ခံစားရသည်။ လူတို့ ကြုံတွေ့သည့် အခြေအနေတိုင်းတွင် လူတို့သည် တစ်စုံတစ်ခု၏ အနေအထားကို ပိုင်းခြားသိမြင်ပြီး အကဲဖြတ်ရန်အတွက် စာတန်၏ သဘောတရားဆိုင်ရာ အမြင်များကို လက်ခံပြီး အသုံးပြုဖို့ ရွေးချယ်နိုင်သည်၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားစည်းမျဉ်းများနှင့်အညီ လုပ်ဆောင်ရန် ရွေးချယ်နိုင်သည်။ ဤသည်မှာ အမှန်တရားတစ်ခု ဟုတ်သလော။ (ဟုတ်သည်။) ဘုရားသခင်က လူတို့အား အတင်းမစေခိုင်းပေ။ ဘုရားသခင် လုပ်ဆောင်သည့်အရာသည် လူတိုင်းအတွက် မျှတသည်။ သမ္မာတရားနှင့် အပြုသဘောဆောင်သောအရာများကို ချစ်သောသူတို့သည် အဆုံးတွင် သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းကို လျှောက်သည်။ သမ္မာတရားကို ရရှိသည်။ ဘုရားသခင်အား ကြောက်ရွံ့သော စိတ်နှလုံးရှိသည်။ သမ္မာတရားနှင့် အပြုသဘောဆောင်သောအရာများကို ချစ်သောကြောင့် ဘုရားသခင်အား အမှန်တကယ် နာခံနိုင်ပြီး ကယ်တင်ခြင်းခံရမည် ဖြစ်သည်။ သမ္မာတရားအား မချစ်သောသူများ၊ အစဉ်သဖြင့် မိမိ၏ စိတ်ဆန္ဒအတိုင်း မဆင်မခြင် လုပ်ဆောင်သူများကမူ သမ္မာတရားကို စိတ်ကုန်ပြီး မည်သည့်ပုံစံနှင့်မျှ လက်မခံပေ။ ၎င်းတို့သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို ကြောက်ရွံ့ခြင်းသာဖြစ်ပြီး အပြစ်ဒဏ်ခံရမည်ကို ကြောက်ရွံ့ကြသည်။ ထို့ကြောင့် ၎င်းတို့သည် ဟန်ပြသက်သက်အတွက် ဘုရားအိမ်တော်တွင် အလုပ်အနည်းငယ်ကို တွန့်ဆုတ်စွာ လုပ်ဆောင်သည်။ အနည်းငယ် အစေခံပြီး အပြုအမူကောင်းအချို့ကို ပြသသည်။ သို့ရာတွင် သမ္မာတရားကို လုံးဝ လက်မခံပေ၊ သို့မဟုတ် ဘုရားသခင်၏ လမ်းခရီးနောက် မလိုက်ပေ။ သမ္မာတရားအား လိုက်စားခြင်း၊ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းပေါ်တွင်လည်း မရှိပေ။ ရလဒ်အနေဖြင့် ၎င်းတို့သည် သမ္မာတရားကို လုံးဝ နားလည်မည်မဟုတ်၊ သို့မဟုတ် သမ္မာတရား၏ စစ်မှန်မှုအတွင်းသို့ ဝင်ရောက်မည်မဟုတ်ပေ။ ထို့ကြောင့် ကယ်တင်ခံရရန် အခွင့်အရေးနှင့် လွဲချော်ရလိမ့်မည်။ ဤလူအများစုသည် အစေခံသူများဖြစ်သည်။ ၎င်းတို့သည် မကောင်းမှုကို မလုပ်ဆောင်လျှင်ပင်၊ အနှောင့်အယှက်၊ အဖျက်အဆီးများ မဖြစ်စေလျှင်ပင်၊ အန္တိခရစ်များ၊ ဆိုးယုတ်သူများကဲ့သို့ ဘုရားအိမ်တော်မှ ဖယ်ရှားခြင်း၊ ရှင်းလင်းပစ်ခြင်း မခံရလျှင်ပင် အဆုံးတွင် ၎င်းတို့သည် “အစေခံသူ” ဆိုသည့် ရာထူးကို ရရှိနိုင်ရုံမျှသာ ဖြစ်လိမ့်မည်။ ၎င်းတို့သည် ချမ်းသာရာရခြင်း ရှိမည် မရှိမည်ဆိုသည်ကို ရှင်းလင်းစွာ မသိရပေ။ စာတန်နှင့်သက်ဆိုင်ပြီး စာတန်၏ အယူအဆများ၊ အမြင်များအားလုံးကို ခေါင်းမာစွာဖြင့် စွဲကိုင်ထားသော အခြားလူအုပ်စုတစ်စုရှိသည်။ ဤလူတို့သည် သမ္မာတရားအား လက်ခံရမည့်အစား၊ သို့မဟုတ် သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်အတိုင်း လုပ်ဆောင်ရမည့်အစား အသေသာခံမည် ဖြစ်သည်။ ၎င်းတို့သည် အပြုသဘောဆောင်သော အရာများအားလုံးနှင့်လည်းကောင်း၊ ဘုရားသခင်နှင့်ပင်လည်းကောင်း ကွဲလွဲ ဆန့်ကျင်နေကြသည်။ ၎င်းတို့သည် အသင်းတော်အလုပ်ကို နှောင့်ယှက်၊ ဖျက်ဆီးသောကြောင့်၊ မကောင်းမှုများစွာကို အပြည့်အဝ လုပ်ဆောင်ပြီး စာတန်၏နေရာတွင် နေသောကြောင့် ဤလူများထဲမှ အချို့မှာ အဆုံးတွင် အသင်းတော်မှ ရှင်းလင်းပစ်ခြင်းခံရသည်။ အချို့မှာ နှင်ထုတ်ခံရသည်၊ သို့မဟုတ် စာရင်းထဲမှ ၎င်းတို့၏ နာမည်များ ဖယ်ရှားခံရသည်။ မိမိ၏ နာမည်များ ဖယ်ရှားခံရခြင်း၊ သို့မဟုတ် နှင်ထုတ်ခံရခြင်းကို ရှောင်ကြဉ်သောသူအချို့ ရှိလျှင်ပင် အဆုံးတွင် ဘုရားသခင်က ၎င်းတို့ကို ဖယ်ရှားရမည်။ ၎င်းတို့သည် သမ္မာတရားနှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်မခံသောကြောင့် ကယ်တင်ခြင်းခံရရန် အခွင့်အရေးကို ဆုံးရှုံးကြရသည်။ ၎င်းတို့သည် နောက်ဆုံးတွင် ကမ္ဘာကြီး ပျက်စီးသောအခါ စာတန်နှင့်အတူ ဖျက်ဆီးခြင်းခံရမည်ဖြစ်သည်။ ကြည့်လော့။ ဘုရားသခင်က ဤသို့ လွတ်လပ်ပြီး လွတ်မြောက်သည့်နည်းဖြင့် အလုပ်လုပ်သောကြောင့် အရာရာတိုင်းက သူ၏လမ်းကြောင်းအတိုင်း အလိုအလျောက် သွားသည်။ ဘုရားသခင်က လူတို့အား လမ်းပြရန်၊ ဉာဏ်အလင်းပေးရန်၊ ကူညီရန် လူတို့တွင် အလုပ်လုပ်သည်။ တစ်ခါတစ်ရံတွင် ၎င်းတို့အား သတိပေးရန်၊ နှစ်သိမ့်ရန်၊ တွန်းအားပေးရန် အလုပ်လုပ်သည်။ ဤသည်မှာ သနားကရုဏာ အများအပြားကို ပြသော ဘုရားသခင်၏ စိတ်သဘောထားအပိုင်း ဖြစ်သည်။ ဘုရားသခင်က သူ၏ သနားကရုဏာကို ပြသောအခါ လူတို့သည် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီး အများအပြားကို ခံစားရသည်။ ထိန်းချုပ်ခံရသော၊ ချည်နှောင်ခံရသော ခံစားချက်တစ်ခုခုမရှိဘဲ၊ အဆိုအမိန့်၊ သို့မဟုတ် သဘောတရားဆိုင်ရာ အမြင်တစ်ခုခု၏ ဘောင်ခတ်ခြင်းကို ခံရသော ခံစားချက်တစ်ခုခု သေချာပေါက် မရှိဘဲ လွတ်လပ်ခြင်း၊ လွတ်မြောက်ခြင်း အပြည့်အဝကို ခံစားရသည်။ ဘုရားသခင်က ဤအမှုကို လုပ်ဆောင်သည့် တစ်ချိန်တည်းတွင် သူသည် လူတို့အား အသင်းတော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ စည်းမျဉ်းများ၊ အမျိုးမျိုးသော စနစ်များဖြင့်လည်း ကန့်သတ်သည်။ ပြီးလျှင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးမှုနှင့် မနာခံမှုကို ပြုပြင်သည်။ ကိုင်တွယ်ဖြေရှင်းသည်။ တရားစီရင်ပြီး ပြစ်တင်ဆုံးမသည်။ သူသည် လူအချို့ကိုပင် ပဲ့ပြင်ဆုံးမပြီး ရိုက်နှက်ဆုံးမသည်၊ သို့မဟုတ် သူ၏ နှုတ်ကပတ်တော်ဖြင့် ဖော်ထုတ်ပြီး ပြစ်တင်ကြိမ်းမောင်းသည်။ ထို့အပြင် အခြားအလုပ်များကိုလည်း လုပ်ဆောင်သည်။ သို့ရာတွင် လူတို့သည် ဤအရာအားလုံးကို ခံစားရစဉ်တွင် ဘုရားသခင်၏ ကြွယ်ဝသော သနားကရုဏာနှင့် ပြင်းထန်သော အမျက်ဒေါသကိုလည်း ခံစားရသည်။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား၏ အခြားဘက်ခြမ်းဖြစ်သော ပြင်းထန်သော အမျက်ဒေါသကို လူတို့ထံ ဖွင့်ပြသောအခါ လူတို့သည် လွတ်လပ်ခြင်း၊ လွတ်မြောက်ခြင်းကို ခံစားရဆဲဖြစ်ပြီး ထိန်းချုပ်ခြင်း၊ ချည်နှောင်ခြင်း၊ သို့မဟုတ် ကန့်သတ်ခြင်းကို မခံစားရပေ။ လူတို့သည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား၏ လက္ခဏာသွင်ပြင်တစ်ခုခုကို တွေ့ကြုံရပြီး ၎င်းတို့တွင် အလုပ်လုပ်သောအခါ ၎င်းတို့သည် ဘုရားသခင်၏ ချစ်ခြင်းကို အမှန်တကယ် ခံစားရမည်။ ၎င်းတို့၌ ရရှိသော ရလဒ်များသည် အပြုသဘောဆောင်လိမ့်မည်။ ယင်းထံမှ ၎င်းတို့ ရရှိလိမ့်မည်။ အကြီးမားဆုံး အကျိုးခံစားရသူများ ဖြစ်မည်မှာ မှန်သည်။ ဘုရားသခင်သည် ဤပုံစံဖြင့် အလုပ်လုပ်သည်။ မည်သည့်အခါမျှ လူတို့ကို အတင်းခိုင်းစေခြင်း၊ အကျပ်ကိုင်ခြင်း၊ ဖိနှိပ်ခြင်း၊ သို့မဟုတ် ချည်နှောင်ခြင်းမရှိဘဲ လူတို့အား လွတ်မြောက်ခြင်း၊ လွတ်လပ်ခြင်း၊ သက်သောင့်သက်သာဖြစ်ခြင်း၊ ပျော်ရွှင်ခြင်းတို့ကို ခံစားရစေသည်။ လူတို့က ဘုရားသခင်၏ သနားကရုဏာနှင့် ချစ်ခင်ကြင်နာမှု၊ သို့မဟုတ် ဖြောင့်မတ်ခြင်းနှင့် ဘုန်းအာနုဘော်တို့ကို မွေ့လျော်သည်ဖြစ်စေ၊ မမွေ့လျော်သည်ဖြစ်စေ အဆုံးတွင် ဘုရားသခင်ထံမှ သမ္မာတရားကို ၎င်းတို့ ရရှိသည်။ ဘဝ၏ အဓိပ္ပာယ်နှင့်တန်ဖိုးကို နားလည်သည်။ ၎င်းတို့ လျှောက်လှမ်းသင့်သည့် လမ်းကြောင်းနှင့် လူသားဖြစ်ခြင်း၏ ဦးတည်ချက်၊ ပန်းတိုင်ကို နားလည်သည်။ ၎င်းတို့သည် များစွာ ရရှိကြသည်။ လူတို့သည် စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်ပြီး ၎င်းတို့အတွင်းသို့ ထည့်သွင်းသော မှားယွင်းသော အယူအဆနှင့် အမြင်အမျိုးမျိုးတို့အားဖြင့် ချည်နှောင်ခြင်း၊ ကန့်သတ်ခြင်း၊ မသန်မစွမ်းဖြစ်စေခြင်းတို့ကို ခံရသည်။ ဤသည်မှာ မခံမရပ်နိုင်အောင်ဖြစ်သည်။ သို့သော် ၎င်းတို့သည် လွတ်မြောက်ရန် အစွမ်းမရှိပေ။ လူတို့သည် ဘုရားသခင်ထံသို့ လာသောအခါ ၎င်းတို့သည် ဘုရားသခင်အပေါ်သို့ မည်သည့် သဘောထားမျိုးရှိပါစေ ၎င်းတို့အပေါ် ဘုရားသခင်၏ သဘောထားက အစဉ်သဖြင့် မပြောင်းမလဲဘဲ ရှိနေလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရက မပြောင်းလဲသောကြောင့် ဖြစ်သည်။ သူသည် သမ္မာတရားကို ဖော်ပြသည်။ ဤသို့ လုပ်ဆောင်ရာ၌ သူ၏ စိတ်သဘောထားနှင့် အနှစ်သာရကို ဖွင့်ပြသည်။ ဤသည်မှာ လူတို့တွင် သူ အလုပ်လုပ်သည့် ပုံစံဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ ချစ်ခင်ကြင်နာမှုနှင့် သနားကရုဏာတို့အပြင် သူ၏ ဖြောင့်မတ်ခြင်းနှင့် ဘုန်းအာနုဘော်ကိုပါ အပြည့်အဝ ခံစားရသည်။ ဤပတ်ဝန်းကျင်တွင် နေသောသူတို့သည် ကောင်းချီးခံစားရသည်။ ဤသို့သော ပတ်ဝန်းကျင်မျိုးတွင် လူတို့သည် သမ္မာတရားအား မလိုက်စားနိုင်လျှင်၊ မချစ်နိုင်လျှင်၊ အဆုံးတွင် သမ္မာတရားကို မရရှိနိုင်လျှင်၊ ကယ်တင်ခြင်းခံရရန် အခွင့်အရေးနှင့် လွဲချော်ရလျှင်၊ အချို့မှာ စာတန်ကဲ့သို့ပင် အပြစ်ဒဏ်ခံရပြီး ဖျက်ဆီးခြင်းခံရလျှင် ဤအတွက် အကြောင်းပြချက်တစ်ခုသာရှိပြီး ယင်းမှာ အမှန်တရားဖြစ်သည်။ ယင်းသည် မည်သည့်အရာဖြစ်သည်ဟု သင်တို့ ထင်သနည်း။ လူတို့သည် ၎င်းတို့၏ သဘာဝအလျောက် လမ်းကြောင်းတစ်ခုကို လျှောက်ပြီး အဆုံးသတ်တစ်ခုခုရှိလိမ့်မည်။ လူတစ်ယောက်ချင်းစီ၏ အဆုံးသတ်ကို အဆုံးအထိ ဆုံးဖြတ်ပြီးသည့်အချိန်သည် ၎င်းတို့၏ အမျိုးအစားအလိုက် အုပ်စုဖွဲ့ခြင်း ခံရမည့်အချိန်ဖြစ်လိမ့်မည်။ လူတစ်ယောက်သည် သမ္မာတရားနှင့် အပြုသဘောဆောင်သောအရာများကို ချစ်လျှင် ဘုရားသခင်က အဆုံး၌ စကားပြောပြီး အလုပ်လုပ်သောအခါ စာတန်က ၎င်းတို့အတွင်းသို့ အပျက်သဘောဆောင်သောအရာများကို မည်မျှ သွတ်သွင်းခဲ့သည်ဖြစ်စေ ၎င်းတို့သည် ဘုရားသခင်ဆီသို့ ပြန်လာပြီး သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းကို လျှောက်လိမ့်မည်။ သို့ရာတွင် လူတစ်ယောက်က သမ္မာတရားကို မချစ်ဘဲ စိတ်ကုန်နေလျှင် ဘုရားသခင်က မည်မျှ စကားပြောပါစေ၊ သူ၏ နှုတ်ကပတ်တော်များက မည်မျှ စစ်မှန်ပါစေ၊ မည်မျှ အလုပ်လုပ်ပါစေ၊ သူ၏ နိမိတ်လက္ခဏာများက မည်မျှ အံ့ဖွယ်ဖြစ်ပါစေ ထိုလူ၏ ဤစိတ်သဘောထားသည် မပြောင်းမလဲဘဲ ရှိနေပြီး သူ့ကို ညွှန်ကြားလိမ့်မည်။ ဆိုးယုတ်သောလူများက ပို၍ပင် အစွန်းရောက်သည်။ ၎င်းတို့သည် သမ္မာတရားကို စိတ်ကုန်ရုံသာမကဘဲ ဆိုးယုတ်ပြီး သမ္မာတရားကို မုန်းတီးသည့် အနှစ်သာရတစ်ခုရှိသည်။ ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်ပြီး စာတန်၏ စခန်းတွင် ပါဝင်သောသူများဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်လျှင်ပင် အဆုံး၌ စာတန်ဆီသို့ ပြန်သွားလိမ့်မည်။ ဤလူသုံးမျိုးစလုံးက စာတန်၏ ဖျက်ဆီးခြင်းကို တွေ့ကြုံခံစားရပြီးဖြစ်သည်။ စာတန်၏ အဆိုအမိန့်နှင့် သဘောတရားဆိုင်ရာ အမြင်အမျိုးမျိုးတို့၏ လှည့်စားခြင်း၊ ဘောင်ခတ်ခြင်းကို ခံရပြီးဖြစ်သည်။ ဤသို့ဆိုလျှင် အဘယ်ကြောင့် လူအချို့က အဆုံးတွင် ကယ်တင်ခြင်းခံရနိုင်ပြီး အခြားလူများက ကယ်တင်ခြင်း မခံရနိုင်သနည်း။ အဓိကအားဖြင့် လူတို့လျှောက်သည့် လမ်းကြောင်းနှင့် သမ္မာတရားအား ၎င်းတို့ ချစ်ခြင်းရှိမရှိအပေါ်တွင် မူတည်သည်။ ဤအရာနှစ်ခုနှင့် ဆက်စပ်နေသည်။ ဤသို့ဆိုလျှင် အဘယ်ကြောင့် လူအချို့က သမ္မာတရားကို ချစ်နိုင်စွမ်းရှိပြီး အခြားလူများက ချစ်နိုင်စွမ်းမရှိသနည်း။ အဘယ်ကြောင့် လူအချို့က သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းကို လျှောက်နိုင်ပြီး အခြားလူများက မလျှောက်နိုင်သနည်း၊ အဘယ်ကြောင့် လူအချို့မှာ ဘုရားသခင်နှင့် ပွင့်ပွင့်လင်းလင်း စကားများပြီး အများရှေ့တွင် သမ္မာတရားအား မတရားသဖြင့် ရှုတ်ချဝေဖန်သနည်း။ ဤတွင် မည်သို့ ဖြစ်ပျက်နေသနည်း။ ဤသည်မှာ ၎င်းတို့၏ သဘာဝ၊ အနှစ်သာရဖြင့် ဆုံးဖြတ်သလော။ (ဟုတ်သည်။) ၎င်းတို့အားလုံးသည် စာတန်၏ ဖျက်ဆီးခြင်းကို တွေ့ကြုံခံစားရပြီးဖြစ်သော်လည်း လူတိုင်း၏ အနှစ်သာရက မတူညီပေ။ ပြောလော့။ ဘုရားသခင်က သူ၏ အမှုတော်ကို ဉာဏ်ပညာဖြင့် လုပ်ဆောင်သလော။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ထိုးထွင်းမြင်နိုင်သလော။ (မြင်နိုင်သည်။) ဤသို့ဆိုလျှင် ဘုရားသခင်က အဘယ်ကြောင့် လူတို့အား လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးသနည်း။ ဘုရားသခင်က အဘယ်ကြောင့် လူတိုင်းအား အတင်းအဓမ္မ အယူဝါဒသွတ်သွင်းခြင်း မရှိသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် လူတစ်ဦးချင်းစီအား ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားပြီး ၎င်းတို့အားလုံးကို ဖော်ထုတ်လိုသောကြောင့်ဖြစ်သည်။ ဘုရားသခင်က အသုံးမဝင်သော အလုပ်ကို မလုပ်ပေ။ ဘုရားသခင် လုပ်ဆောင်သည့် အလုပ်အားလုံး၏ နောက်တွင် စည်းမျဉ်းများ ရှိသည်။ လူတစ်ယောက်တွင် သူလုပ်ဆောင်သော အမှုသည် ထိုသူက မည်သည့်လူစားမျိုးဖြစ်သည်ဆိုသည့်အပေါ်တွင် အခြေခံသည်။ လူတစ်ယောက်၏ အမျိုးအစားသည် မည်သို့ ဖွင့်ပြသနည်း။ မည်သည့်အရာအပေါ် အခြေခံပြီး မတူညီသော အမျိုးအစားများအဖြစ် ခွဲခြားသနည်း။ ဤသည်မှာ လူတို့ နှစ်သက်သောအရာများနှင့် လူတို့ လိုက်လျှောက်သော လမ်းကြောင်းအပေါ်တွင် အခြေခံသည်။ ဤသည်မှာ မမှန်ကန်သလော။ (မှန်ပါသည်။) ဘုရားသခင်သည် လူတို့ နှစ်သက်သည့်အရာနှင့် လျှောက်သည့်လမ်းကြောင်းအရ လူတို့ကို အမျိုးအစားခွဲသည်။ ၎င်းတို့၏ အမျိုးအစားကို အခြေခံပြီး ၎င်းတို့ ကယ်တင်ခံရနိုင်ခြင်းရှိမရှိကို ဆုံးဖြတ်သည်။ ၎င်းတို့ ကယ်တင်ခံရနိုင်ခြင်း ရှိမရှိအပေါ်တွင် မူတည်ပြီး ၎င်းတို့တွင် အလုပ်လုပ်သည်။ ဤသည်မှာ လူအချို့က ချိုသောအစားအစာ၊ အချို့က စပ်သော၊ အချို့က ငန်သော၊ အချို့က ချဉ်သောအစားအစာကို စားလိုသကဲ့သို့ဖြစ်သည်။ ဤ မတူညီသော အစားအစာ အမျိုးအစားများကို စားပွဲပေါ်တွင် ချထားလျှင် လူတို့အား မည်သည့်အရာကို စားရမည်၊ မည်သည့်အရာကို မစားရဆိုသည်ကို ပြောဖို့ မလိုပေ။ စပ်သော အစားအစာများကို နှစ်သက်သူများက စပ်သောအရာတစ်ခုခုကို စားမည်။ အချိုများကို စားလိုသောသူတို့က ချိုသောအရာတစ်ခုခုကို စားမည်ဖြစ်ပြီး ငန်သောအစားအစာများကို စားလိုသူများက ငန်သောအရာတစ်ခုခုကို စားလိမ့်မည်။ ၎င်းတို့အား လွတ်လပ်စွာ ရွေးချယ်ခွင့်ပြုနိုင်သည်။ ဘုရားသခင်ကို ယုံကြည်သူများသည် သမ္မာတရားအား ၎င်းတို့ ချစ်မချစ်နှင့် မည်သည့်လမ်းကြောင်းအား ၎င်းတို့ လျှောက်မည်ကို ရွေးချယ်ခွင့်ရှိသည်။ သို့သော် ၎င်းတို့သည် ကယ်တင်ခြင်းခံရမည်၊ မခံရမည်နှင့် နောက်ဆုံး၌ ၎င်းတို့၏ အဆုံးသတ်က မည်သို့ဖြစ်မည်ဆိုသည်တို့ကို ဆုံးဖြတ်ဖို့မှာ ၎င်းတို့အပေါ်တွင် မူတည်ခြင်းမရှိပေ။ ဘုရားသခင်၏ အမှုတော်နောက်ကွယ်တွင် စည်းမျဉ်းများ ရှိသည်ကို သင်မြင်သလော။ (မြင်ပါသည်။) သူ၏ အမှုနောက်ကွယ်တွင် စည်းမျဉ်းများရှိပြီး အကြီးမြတ်ဆုံးသော စည်းမျဉ်းတစ်ခုမှာ လူတို့အား ၎င်းတို့၏ လိုက်စားမှုများနှင့် လမ်းကြောင်းအတိုင်း အမျိုးအစား ခွဲခွင့်ပြုခြင်း၊ အရာရာတိုင်းအား ပင်ကိုအားဖြင့် ဖြစ်ပျက်ခွင့်ပြုခြင်းဖြစ်သည်။ လူတို့သည် ဤအရာကို အစဉ်သဖြင့် နားမလည်နိုင်ကြဘဲ “ဘုရားသခင်က ဩဇာအာဏာ ရှိသည်ဟု အစဉ်ဆိုသည်၊ သို့သော် အဘယ်မှာနည်း၊ ဘုရားသခင်က သူ၏ ဩဇာအာဏာကို ပြရန်အတွက် အတင်းအဓမ္မ အယူဝါဒ သွတ်သွင်းခြင်း အနည်းငယ်ကို အဘယ်ကြောင့် မလုပ်ဆောင်သနည်း” ဟူ၍ မေးကြသည်။ ဤသည်မှာ ဘုရားသခင်၏ ဩဇာအာဏာ ထင်ရှားသည့် ပုံစံမဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်က သူ၏ ဩဇာအာဏာကို လူတို့အား မြင်စေသည့် နည်းလမ်းမဟုတ်ပေ။

သင်တို့သည် ယခုတွင် “လူကြီးလူကောင်းတစ်ဦး၏ စကားက သူ၏ ကတိဝန်ခံချက်ဖြစ်သည်” ဆိုသည့် ကိုယ်ကျင့်တရား အဆိုအမိန့်ကို ပိုင်းခြားသိမြင်နိုင်ကြသလော။ ဘုရားသခင်က လူတို့အပေါ် မည်သည့်အရာကို တောင်းဆိုသည်ကိုလည်း သင်တို့ နားလည်သလော။ (နားလည်ပါသည်။) သင်တို့၏ နားလည်မှုသည် အဘယ်သို့နည်း။ (ဘုရားသခင်က လူတို့အား ရိုးသားဖို့ တောင်းဆိုသည်။) လူတို့အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များမှာ အလွန် ရိုးရှင်းသည်။ သူသည် လူတို့အား ရိုးသားရန်၊ ဖြစ်ပေါ်လာသော အမှုကိစ္စများကို သမ္မာတရားစည်းမျဉ်းများနှင့်အညီ ကိုင်တွယ်ရန်၊ ဟန်မဆောင်ရန်၊ အပေါ်ယံ အပြုအမူကိုသာ အာရုံမစိုက်ဘဲ အမှုအရာများအား စည်းမျဉ်းနှင့်အညီလုပ်ဆောင်ခြင်းကို အာရုံစိုက်ရန် တောင်းဆိုသည်။ သင်လျှောက်သောလမ်းကြောင်းက မှန်လျှင်၊ သင် ကျင့်ကြံနေထိုင်သည့်ပုံစံတွင် သင်လိုက်စားသော စည်းမျဉ်းများက မှန်ကန်ပြီး ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားနှင့် ကိုက်ညီလျှင် ဤသည်မှာ လုံလောက်သည်။ ယင်းသည် မရိုးရှင်းသလော။ (ရိုးရှင်းပါသည်။) စာတန်က သမ္မာတရားကို မပိုင်ဆိုင်ပေ၊ သို့မဟုတ် လက်မခံပေ။ ထို့ကြောင့် စာတန်သည် လူတို့က ကောင်းမွန် မှန်ကန်သည်ဟု ထင်သော အဆိုအမိန့်များဖြင့် လူတို့အား လှည့်စားပြီး မကောင်းသောအရာများကို လုပ်ဆောင်သော လူဆိုးဖြစ်မည့်အစား ကောင်းစွာ ပြုမူဆောင်ရွက်သော လူကြီးလူကောင်းများဖြစ်ရန် ကြိုးစားစေသည်။ ဤအရာများသည် လူတို့၏ အယူအဆများ၊ နှစ်သက်မှုများဖြင့် ကိုက်ညီသောကြောင့်၊ လူတို့သည် ဤအရာများကို လွယ်ကူစွာ လက်ခံနိုင်သောကြောင့် စာတန်၏ လှည့်စားခြင်းကို လျင်မြန်စွာ ခံရသည်။ စာတန်သည် လူတို့အား ကောင်းသည့်ပုံစံသာပေါ်သော အရာများကို လုပ်ဆောင်စေသည်။ နောက်ကွယ်တွင် သင်လုပ်ဆောင်ခဲ့သည့်အရာက မည်မျှဆိုးသည်၊ သင်၏ စိတ်သဘောထားက မည်မျှ ဖောက်ပြန်ပျက်စီးသည်၊ သို့မဟုတ် သင်က ဆိုးယုတ်ခြင်း ရှိမရှိဆိုသည်တို့က အရေးမပါပေ။ စာတန်က သတ်မှတ်ထားသည့် အဆိုအမိန့်နှင့် သတ်မှတ်ချက်များနှင့်အညီ သင်၏ အပြင်ပန်း အသွင်အပြင်ကို ဟန်ဆောင်ပြီး ဖြစ်သရွေ့၊ သူတစ်ပါးတို့က သင့်အား လူကောင်းတစ်ယောက်ဟု ခေါ်ဆိုသရွေ့ သင်က လူကောင်းတစ်ယောက် ဖြစ်သည်။ ဤသတ်မှတ်ချက်များနှင့် စံနှုန်းများသည် လူတို့အား လှည့်စားရန်၊ ဆိုးဝါးရန်၊ မျက်နှာဖုံးတပ်ရန် အားပေးပြီး လမ်းမှန်အား လျှောက်ခြင်းကို တားဆီးသည်မှာ သိသာထင်ရှား၏။ ထို့ကြောင့် စာတန်က လူတို့အတွင်းသို့ သွတ်သွင်းသည့် အယူအဆနှင့် အမြင်တိုင်းသည် ၎င်းတို့အား မှားယွင်းသော လမ်းကြောင်းတစ်ခုပြီးတစ်ခုဆီသို့ ခေါ်ဆောင်နေသည်ဟု ဆိုနိုင်သလော။ (ဆိုနိုင်ပါသည်။) ယနေ့ ဘုရားသခင်လုပ်ဆောင်လိုသော အလုပ်သည် လူတို့အား စာတန်၏ မိစ္ဆာဒိဋ္ဌိအယူနှင့် အတွေးမှားအမျိုးမျိုးကို ပိုင်းခြားသိမြင်စေရန်၊ ယင်းတို့ကို ရိပ်စားမိပြီး ငြင်းပယ်ရန်၊ ပြီးလျှင် လူတို့၏ ထိန်းကျောင်းရခက်သော လမ်းကြောင်းများမှ လမ်းမှန်ပေါ်သို့ ဆွဲခေါ်ရန်ဖြစ်သည်။ ဤသို့ဖြင့် ၎င်းတို့သည် စည်းမျဉ်းနှင့်အညီ လူများ၊ အမှုအရာများကို ရှုမြင်ကောင်းရှုမြင်နိုင်ပြီး ကျင့်ကြံနေထိုင်ကာ ပြုမူဆောင်ရွက်ကောင်း ဆောင်ရွက်နိုင်သည်။ ဤစည်းမျဉ်းများထဲမှ မည်သည့်စည်းမျဉ်းကမျှ လူတို့ထံမှ လာခြင်းမဟုတ်ဘဲ သမ္မာတရား၏ စည်းမျဉ်းများဖြစ်သည်။ လူတို့သည် သမ္မာတရား စည်းမျဉ်းများကို နားလည်သောအခါ၊ လက်တွေ့လုပ်ဆောင်နိုင်ပြီး ယင်းတို့၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်နိုင်သောအခါ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ဘဝသည် ယေဘုယျအားဖြင့် ဤလူတို့တွင် ဖြစ်ပေါ်လိမ့်မည်။ လူတို့သည် ဘုရားနှုတ်ကပတ်တော်ကို ၎င်းတို့၏ အသက်အဖြစ် မှတ်ယူလျှင် ၎င်းတို့သည် စာတန်၏ လှည့်စားခြင်းကို ခံရမည်မဟုတ်သကဲ့သို့ မှားယွင်းသောလမ်းကြောင်း၊ စာတန်၏ လမ်းကြောင်းနှင့် ပြန်လမ်းမရှိသော လမ်းကြောင်းကို လျှောက်မည် မဟုတ်တော့ပေ။ ဤလူတို့သည် စာတန်က ၎င်းတို့ကို မည်မျှ လှည့်စားပြီး ဖျက်ဆီးပါစေ ဘုရားသခင်ကို သစ္စာဖောက်မည်မဟုတ်ပေ။ ကမ္ဘာလောကကြီးက မည်သို့ ပြောင်းလဲပါစေ၊ မည်သည့်အချိန်သို့ ရောက်ရှိလာပါစေ ဤလူတို့သည် ၎င်းတို့၏ အသက်အဖြစ် ဘုရားနှုတ်ကပတ်တော် ရှိသောကြောင့် ၎င်းတို့၏ အသက်က ယိုယွင်းမည်၊ သို့မဟုတ် ပျက်စီးမည်မဟုတ်ပေ။ ၎င်းတို့၏ အသက်က ယိုယွင်းမည်၊ သို့မဟုတ် ပျက်စီးမည်မဟုတ်သောကြောင့် ၎င်းတို့သည် ဤသို့သောအသက်မျိုးနှင့် ယှဉ်တွဲတည်ရှိပြီး ထာဝရ ဆက်လက်၍ အသက်ရှင်လိမ့်မည်။ ဤသည်မှာ ကောင်းသောအရာတစ်ခုဖြစ်သလော။ (ဖြစ်သည်။) လူတို့သည် ကယ်တင်ခြင်း ခံရသောအခါ ၎င်းတို့သည် ကြွယ်ဝစွာ ကောင်းချီးခံစားရသည်။

သင်တို့အတွက် ယခုအချိန်တွင် အရေးကြီးဆုံးသောအရာတစ်ခုမှာ အဘယ်နည်း။ ပို၍များသော သမ္မာတရားဖြင့် ပြင်ဆင်ထားရန်ဖြစ်သည်။ ပို၍များသော သမ္မာတရားဖြင့် ပြင်ဆင်ထားသောအခါ၊ ကြားနာပြီးသောအခါ၊ ပို၍ တွေ့ကြုံပြီး နားလည်ပြီးသောအခါမှသာ သင်သည် ဘုရားနှုတ်ကပတ်တော်နှင့်အညီ လူများ၊ အမှုအရာများကို ရှုမြင်နိုင်ပြီး ကျင့်ကြံနေထိုင်ကာ ပြုမူဆောင်ရွက်နိုင်မည်။ ပြီးလျှင် သမ္မာတရားစည်းမျဉ်းများက မည်သည့်အရာများဖြစ်သည်ကို သိနိုင်မည်။ ထိုအခါမှသာ သင်သည် လမ်းလွဲမည်မဟုတ်ပေ။ ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရား စည်းမျဉ်းများကို လူသား၏ အလိုဆန္ဒနှင့် စာတန်က သင့်အတွင်းတွင် သွတ်သွင်းခဲ့သော အယူအဆနှင့် အမြင်များဖြင့် အစားထိုးမည်မဟုတ်ပေ။ ဤသို့မဟုတ်သလော။ (ဟုတ်ပါသည်။) ထို့ကြောင့် ယခုတွင် သင်တို့ လုပ်ဆောင်သင့်သော အရေးကြီးဆုံး၊ အလျင်လိုဆုံးသော အရာသည် သမ္မာတရားဖြင့် ပြင်ဆင်ထားရန်ဖြစ်ပြီး ဘုရားနှုတ်ကပတ်တော်ကို ပို၍ နားလည်ရန်ဖြစ်သည်။ သင်သည် မိမိအတွက် ဘုရားနှုတ်ကပတ်တော်ကို အသုံးချရမည်။ ဘုရားနှုတ်ကပတ်တော်တွင် အမှုအရာများစွာပါဝင်သည်။ သမ္မာတရားနှင့် သက်ဆိုင်သောအချက်များစွာ ပါဝင်သည်။ သင်သည် နှောင့်နှေးခြင်းမရှိဘဲ ဤသမ္မာတရားအားလုံးဖြင့် သင့်ကိုယ်သင် ပြင်ဆင်ထားရမည်။ သင့်ကိုယ်သင် မပြင်ဆင်ထားလျှင် တစ်စုံတစ်ခု ဖြစ်သောအခါ အခြေခံအုတ်မြစ်အဖြစ် ဘုရားနှုတ်ကပတ်တော်ကို သင်အသုံးပြုနိုင်မည်မဟုတ်ဘဲ သင်၏ ကိုယ်ပိုင်စိတ်ဆန္ဒအတိုင်း ကိုင်တွယ်လိမ့်မည်။ ရလဒ်အနေဖြင့် သင်သည် စည်းမျဉ်းများကို ချိုးဖောက်လိမ့်မည်။ သင်၏ ပြစ်မှားမှုများက အစွန်းအထင်းတစ်ခုအဖြစ် သင်နှင့်အတူ ကျန်ရှိနေလိမ့်မည်။ တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ သမ္မာတရားအား မည်သို့ ရှာဖွေရမည်ကို သင်မသိလျှင်၊ သင်၏ ကိုယ်ပိုင်စိတ်ဆန္ဒအတိုင်းသာ ကိုင်တွယ်ပြီး သင်၏ ကိုယ်ပိုင်ပန်းတိုင်များကို ရရှိရန်သာ ကိုင်တွယ်လျှင်၊ သင်၏ ကိုယ်ပိုင်စိတ်ဆန္ဒအပေါ် အမှီပြုပြီး မသန့်စင်မှုများရှိသော်လည်း သင့်ကိုယ်သင် မည်သို့ ဆင်ခြင်သုံးသပ်ပြီး မိမိကိုယ်ကို သတိထားမိရမည်ကို မသိသကဲ့သို့ ဘုရားနှုတ်ကပတ်တော်နှင့် သင့်ကိုယ်သင် မည်သို့ နှိုင်းယှဉ်ရမည်ကို မသိလျှင် သင်သည် သင့်ကိုယ်သင် သိမည်မဟုတ်ပေ။ အမှန်တကယ် နောင်တရနိုင်မည်မဟုတ်ပေ။ သင်က အမှန်တကယ် နောင်တမရလျှင် ဘုရားသခင်က သင့်အား မည်သို့ မြင်မည်နည်း။ ဤသည်မှာ သင်က ခေါင်းမာသော စိတ်သဘောထားရှိပြီး သမ္မာတရားအား စိတ်ကုန်သည်ဆိုသည့် သဘောဖြစ်သည်။ ဤသည်မှာ အခြား အစွန်းအထင်းတစ်ခုဖြစ်စေပြီး အခြား ဆိုးရွားသော ပြစ်မှားမှုတစ်ခုဖြစ်သည်။ အစွန်းအထင်းများ၊ ပြစ်မှားမှုများစွာ စုဝေးလာခြင်းသည် သင့်အတွက် အကျိုးရှိသလော။ (မရှိပါ။) သင့်အတွက် အကျိုးမရှိပေ။ ဤသို့ဆိုလျှင် ပြစ်မှားခြင်းများကို မည်သို့ ဖြေရှင်းနိုင်သနည်း။ ယခင်က “လွန်ကျူးခြင်း အပြစ်များက လူသားကို ငရဲသို့ ဦးဆောင်လမ်းပြလိမ့်မည်” ဟူသော အခန်းကဏ္ဍတစ်ခုကို ငါ ဖော်ပြခဲ့သည်။ ဤသည်မှာ ပြစ်မှားမှုများသည် လူတစ်ယောက်၏ အဆုံးသတ်နှင့် တိုက်ရိုက် ဆက်နွှယ်နေသည်ဟု ဆိုလိုသည်။ ပြစ်မှားမှုများကို အစဉ်ကျူးလွန်သော လူများတွင် မည်သို့ ဖြစ်နေသနည်း။ အချို့က “ယင်းသည် တမင်ရည်ရွယ်၍ လုပ်ဆောင်ခြင်းမဟုတ်၊ ထိုအချိန်က ဆိုးယုတ်သောအရာ တစ်စုံတစ်ခုကို ငါ လုပ်ဆောင်ဖို့ မရည်ရွယ်ပေ” ဟူ၍ ဆိုကြသည်။ ဤသည်မှာ ကောင်းသော ဆင်ခြေတစ်ခုဖြစ်သလော။ သင်က မရည်ရွယ်လျှင် ပြစ်မှားမှုတစ်ခုမဟုတ်သလော။ သင်သည် ဆင်ခြင်သုံးသပ်ပြီး နောင်တရဖို့ မလိုအပ်လော။ ယင်းသည် တမင်ရည်ရွယ်လုပ်ဆောင်ခြင်း မဟုတ်သော်လည်း ပြစ်မှားမှုတစ်ခု ဖြစ်ဆဲမဟုတ်သလော။ သင်သည် ရည်ရွယ်၍ မလုပ်ဆောင်ခဲ့သော်လည်း ဘုရားသခင်၏ စိတ်သဘောထားနှင့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို စော်ကားခဲ့သည်။ ဤသည်မှာ မမှန်သလော။ (မှန်ပါသည်။) ဤသည်မှာ အမှန်တရားဖြစ်သောကြောင့် ယင်းသည် ပြစ်မှားမှုတစ်ခုဖြစ်သည်။ ဆင်ခြေပေး၍ အကျိုးမရှိပေ။ သင်က “ကျွန်ုပ်သည် ငယ်ရွယ်သည်၊ သိပ်ပညာမတတ်ပါ၊ လူ့အဖွဲ့အစည်းတွင် အတွေ့အကြုံများစွာမရှိပါ၊ ယင်းက မှားယွင်းသည်ကို ကျွန်ုပ်မသိခဲ့ပါ၊ မည်သူကမျှ ကျွန်ုပ်ကို မပြောပြပါ” ဟူ၍ ဆိုသည်။ သို့မဟုတ် သင်က “အခြေအနေက အလွန် အန္တရာယ်များလွန်းသည်၊ ကျွန်ုပ်သည် ခေါင်းပူနေချိန် မဆင်မခြင် လုပ်ဆောင်မိခြင်းဖြစ်သည်” ဟုဆိုသည်။ ဤသည်တို့မှာ ကောင်းသော အကြောင်းပြချက်များဖြစ်သလော။ ဤအရာများထဲမှ မည်သည့်အရာကမျှ ကောင်းသော အကြောင်းပြချက်များ မဟုတ်ပေ။ သင်သည် သင်၏ ကိုယ်ပိုင်အလိုဆန္ဒအတိုင်း ပြုမူဆောင်ရွက်ရန် အခွင့်အရေးရှိလျှင် သမ္မာတရားအား ရှာဖွေရန်အတွက်လည်း သင် အခွင့်အရေးရှိသည်။ သင်၏ လုပ်ဆောင်မှုများအတွက် စည်းမျဉ်းအဖြစ် သမ္မာတရားကို အသုံးပြုသင့်သည်။ ထို့ကြောင့် သင်သည် သမ္မာတရားကို ရှာဖွေရန် အခွင့်အရေးရှိသောအချိန်တွင် အဘယ်ကြောင့် သင်၏ အလိုဆန္ဒအတိုင်း လုပ်ဆောင်ဖို့ ရွေးချယ်သနည်း။ အကြောင်းပြချက်တစ်ခုမှာ သမ္မာတရားကို သင် နားလည်မှုသည် အလွန်နည်းပါးသောကြောင့်ဖြစ်သည်။ သင်သည် သမ္မာတရားအား လိုက်စားခြင်း၊ ဘုရားနှုတ်ကပတ်တော်ဖြင့် သင့်ကိုယ်သင် ပြင်ဆင်ခြင်းကို အလေးထားလေ့မရှိပေ။ မှန်ကန်သော အခြားအကြောင်းပြချက်နှင့် အခြေအနေတစ်ခုလည်းရှိသည်။ သင်သည် သင်၏ စိတ်နှလုံးတွင် ဘုရားသခင်၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်မရှိဘဲ အမှုအရာများကို လုပ်ဆောင်လေ့ ရှိသည်။ ဘုရားနှုတ်ကပတ်တော်က သင်၏ စိတ်နှလုံးကို လုံးဝ မစိုးမိုးပေ။ သင်သည် တစ်ဇွတ်ထိုးလုပ်ဆောင်ခြင်းကို ကျင့်သားရနေသည်။ သင်သည် မှန်ကန်သည်ဟု ထင်မြင်နေကျဖြစ်သည်။ အမှုကိစ္စတိုင်းကို ချုပ်ကိုင်နေကျ ဖြစ်သည်။ သင်ကိုယ်တိုင်၏ နှစ်သက်မှုများအတိုင်း လုပ်ဆောင်နေကျဖြစ်သည်။ သင်သည် ဘုရားသခင်ကို ဆုတောင်းရာတွင် ဝတ်ကျေတမ်းကျေဖြင့် လုပ်ရိုးလုပ်စဉ်များကိုသာ လုပ်ဆောင်သည်။ ဘုရားနှုတ်ကပတ်တော်များသည် သင့်စိတ်နှလုံးတွင် နေရာမရှိဘဲ သင့်စိတ်နှလုံးကို မအုပ်စိုးနိုင်ပေ။ ဘုရားသခင်သည် သင့်စိတ်နှလုံးတွင် နေရာမရှိဘဲ သင့်စိတ်နှလုံးကို မအုပ်စိုးနိုင်ပေ။ သင်လုပ်ဆောင်သမျှတိုင်းတွင် သင်က ဦးဆောင်ခြင်းသည် သင့်အတွက် ဖြစ်ရိုးဖြစ်စဉ်သာဖြစ်သည်။ ရလဒ်အနေဖြင့် သင်သည် သမ္မာတရား စည်းမျဉ်းများကို ချိုးဖောက်သည်။ ဤသည်မှာ ပြစ်မှားမှုတစ်ခုဖြစ်သလော။ သေချာသည်။ ယင်းသည် ပြစ်မှားမှုတစ်ခုဖြစ်သည်။ ဤသို့ဆိုလျှင် သင်သည် အဘယ်ကြောင့် ဆင်ခြေများပေးသနည်း။ ခိုင်လုံသော ဆင်ခြေမရှိပေ။ ပြစ်မှားမှုသည် ပြစ်မှားမှုသာဖြစ်သည်။ သင်သည် ပြစ်မှားမှုများစွာကို ကျူးလွန်လျှင်၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများနှင့် အသင်းတော်အလုပ်ကို ထိခိုက်လျှင်၊ နောက်ဆုံး၌ ဘုရားသခင်၏ စိတ်သဘောထားကို ဒေါသထွက်စေလျှင် သင်၏ ကယ်တင်ခြင်းခံရရန် အခွင့်အရေးသည် ဖြတ်တောက်ခြင်းခံရမည်။ ဤသည်မှာ “လွန်ကျူးခြင်းအပြစ်များက လူသားကိုငရဲသို့ ဦးဆောင်လမ်းပြလိမ့်မည်” ဆိုသည်ကို တိကျစွာ အနက်ဖွင့်ခြင်းဖြစ်သည်။ ယင်းသည် အမှန်တရားဖြစ်သည်။ ယင်းသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကြောင့် ဖြစ်ပေါ်သည်။ အပြုအမူမျိုးစုံကို ဖြစ်ပေါ်စေသည်။ ရလဒ်အနေဖြင့် လူတို့လျှောက်သည့် လမ်းကြောင်းကို ဖြစ်ပေါ်စေသည်။ ဤမမှန်ကန်သော လမ်းကြောင်းသည် လူတို့အား ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်နေစဉ်တွင် အရေးကြီးသော၊ အရေးပါသော အခိုက်အတန့်များ၌ ပြစ်မှားမှုမျိုးစုံကို ကျူးလွန်စေသည်။ သင်သည် ပြစ်မှားမှုများကို အလွန်အကျွံ ကျူးလွန်ပြီး ထိုပြစ်မှားမှုများက စုပုံလာလျှင် သင်၏ ကယ်တင်ခြင်းခံရရန် အခွင့်အရေး မရှိတော့ပေ။ လူတို့သည် အဘယ်ကြောင့် ပြစ်မှားမှုများကို အစဉ် ကျူးလွန်သနည်း။ အဓိကအကြောင်းပြချက်မှာ ၎င်းတို့သည် မည်သည့်အခါမျှ ဘုရားနှုတ်ကပတ်တော်နှင့် မပြင်ဆင်ကြပေ၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်နှင့် ပြင်ဆင်ခြင်း ရှားပါးသည်။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်၊ သို့မဟုတ် သမ္မာတရားကို အခြေခံပြီး မည်သည့်အရာကိုမဆို လုပ်ဆောင်ခဲသည်။ အဆုံးတွင် အစဉ်သဖြင့် ပြစ်မှားမှုတစ်ခုကို ကျူးလွန်သည်။ လူတို့သည် ပြစ်မှားသောအခါ အစဉ်သဖြင့် မိမိကိုယ်ကို ခွင့်လွှတ်ပြီး “ကျွန်ုပ် ယင်းကို လုပ်ဆောင်ရန် မရည်ရွယ်ပါ၊ ကျွန်ုပ်တွင် ကောင်းသော ရည်ရွယ်ချက်များရှိသည်၊ အခြေအနေက အလျင်လိုနေသော ဖြစ်သောကြောင့် ဖြစ်သည်၊ ဤလူကြောင့်ဖြစ်သည်၊ အရှိအတိုင်းဖြစ်သော အကြောင်းပြချက် မျိုးစုံကြောင့်ဖြစ်သည်...” ဆိုသကဲ့သို့ အကြောင်းပြချက်များ၊ ဆင်ခြေများပေးသည်။ အကြောင်းပြချက်က မည်သည့်အရာဖြစ်စေ သမ္မာတရားကို သင်မလိုက်စားလျှင်၊ သမ္မာတရားကို သင်၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး ဘုရားနှုတ်ကပတ်တော်နှင့်အညီ မလုပ်ဆောင်လျှင် သင်သည် ပြစ်မှားပြီး ဘုရားသခင်ကို အာခံနိုင်ခြေရှိသည်။ ဤသည်မှာ မငြင်းဆန်နိုင်သော အမှန်တရားဖြစ်သည်။ ဤအချက်အရ သင်၏ အဆုံးသတ်သည် ယခင်က ငါပြောသကဲ့သို့ “လွန်ကျူးခြင်းအပြစ်များက လူသားကိုငရဲသို့ ဦးဆောင်လမ်းပြလိမ့်မည်” ဟူ၍ ဖြစ်လာလိမ့်မည်။ ဤသည်မှာ သင်၏ အဆုံးသတ်ဖြစ်လိမ့်မည်။ နားလည်သလော။ (နားလည်ပါသည်။)

လူအချို့၏ စိတ်သဘောထားမှာ အလွန်ခေါင်းမာသည်။ ၎င်းတို့သည် အလွန်ပင် မရိုးဖြောင့်ပေ။ အစဉ်သဖြင့် လိုရာဆွဲ၍ စဉ်းစားကြသည်။ “ပြစ်မှားမှုအနည်းငယ်က ဘာမှမဖြစ်ပေ၊ ဘုရားသခင်က လူတို့ကို အပြစ်ဒဏ်မပေး၊ သူသည် သနားကရုဏာထားပြီး ချစ်ခင်သည်၊ လူတို့အား ခွင့်လွှတ်ပြီး စိတ်ရှည်သည်၊ ဘုရားသခင်၏ နေ့ရက်သည် ဝေးကွာနေဆဲဖြစ်သည်၊ အခွင့်အရေးရှိသောအခါတွင် သူထုတ်ပြန်ခဲ့သော ဤသမ္မာတရားများကို နောက်ပိုင်း၌ ငါ လိုက်စားမည်၊ ဘုရားသခင်က ဤစကားများကို စစ်မှန်သော၊ အရေးတကြီးဖြစ်သော လေသံဖြင့် ပြောခဲ့သော်လည်း ဘုရားသခင်အား ငါတို့ ယုံကြည်ပြီး ကယ်တင်ခြင်းခံရဖို့ အခွင့်အရေးများစွာ ရှိသေးသည်” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် အစဉ်သဖြင့် အထင်အမြင်သေးသည်။ မည်သည့်အခါမျှ အရေးတကြီးဖြစ်သည့်စိတ်မရှိပေ။ ဘုရားသခင်အတွက် ကြီးမားသောစိတ်ဆန္ဒမရှိပေ၊ သို့မဟုတ် သမ္မာတရားကို ဆာငတ်ခြင်းမရှိပေ။ ၎င်းတို့တွင် အစဉ်သဖြင့် ခေါင်းမာသော စိတ်နှလုံးရှိသည်။ သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်၏ တောင်းဆိုမှုများကို အစဉ် အပြည့်အဝ လျစ်လျူရှုသည်။ ၎င်းတို့သည် ဤသဘောထားမျိုးဖြင့်လည်းကောင်း၊ ဤအခြေအနေတွင်လည်းကောင်း ၎င်းတို့တာဝန်ကို ထမ်းဆောင်လျှင် အဆုံး၌ မည်သို့ ဖြစ်ပျက်မည်နည်း။ ၎င်းတို့သည် ပြစ်မှားမှုများကို စဉ်ဆက်မပြတ် ကျူးလွန်ပြီး အစွန်းအထင်းများကို ရရှိလိမ့်မည်။ လူတစ်ယောက်အနေဖြင့် စဉ်ဆက်မပြတ် အစွန်းအထင်းများ ရရှိပြီး ပြစ်မှားမှုများကို ကျူးလွန်သည့်တိုင်အောင် အလေးအနက်မထားခြင်း၊ အလွန်ပင် အရေးမစိုက်ခြင်းသည် အန္တရာယ်ရှိသည်။ ဘုရားသခင်က သင့်အား ယခုအချိန်တွင် မရှုတ်ချခြင်းက သူသည် သင့်အား နောင်တွင် ရှုတ်ချမည်မဟုတ်ဟု မဆိုလိုပေ။ အချုပ်အားဖြင့်ဆိုလျှင် ဤသို့သော အခြေအနေ၌ အသက်ရှင်သောသူတွင် အန္တရာယ်ရှိသည်။ ၎င်းတို့သည် ဘုရားသခင်က ၎င်းတို့အတွက် စီစဉ်ညွှန်ကြားသော အခြေအနေတိုင်းကို မဆိုထားနှင့် ဘုရားနှုတ်ကပတ်တော်ကို၊ ကယ်တင်ခြင်းခံရရန် အခွင့်အလမ်းကို၊ သို့မဟုတ် ၎င်းတို့တာဝန်အား ထမ်းဆောင်ရန် အခွင့်အလမ်းကို တန်ဖိုးမထားပေ။ ၎င်းတို့သည် အစဉ်သဖြင့် လျော့ရဲပြီး အရေးမစိုက်ပေ။ အရာရာတိုင်းအား ပေါ့ဆသော၊ လျော့ရဲသော၊ အမှတ်တမဲ့ဖြစ်သော ပုံစံဖြင့် လုပ်ဆောင်ကြသည်။ ဤသို့သောသူမျိုးတွင် အန္တရာယ်ရှိသည်။ လူအချို့မှာ မိမိတို့ကိုယ်ကို ကျေနပ်ဆဲဖြစ်ပြီး “အမှုအရာများကို ငါလုပ်ဆောင်သောအခါ ဘုရားသခင်က ငါနှင့်အတူရှိသည်၊ ငါ့တွင် ဘုရားသခင်၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် လမ်းပြမှုရှိသည်၊ တစ်ခါတစ်ရံတွင် ငါ့၌ ဘုရားသခင်၏ ပဲ့ပြင်ဆုံးမမှုရှိသည်၊ ငါဆုတောင်းသည့်အခါတွင် သူသည် ငါနှင့်အတူရှိသည်” ဟူ၍ ထင်ကြသည်။ ဘုရားသခင်၏ ကျေးဇူးတော်သည် ကြွယ်ဝများပြားသည်။ သင် မွေ့လျော်ရန် သေချာပေါက် လုံလောက်သည်။ သင်အလိုရှိသမျှ ယူဆောင်ပြီး မည်သည့်အခါမျှ ကုန်ဆုံးမည်မဟုတ်။ သို့သော် ဤသို့ဆိုလျှင် အဘယ်သို့ ဖြစ်သနည်း။ ဘုရားသခင်၏ ကျေးဇူးတော်သည် သမ္မာတရားကို ကိုယ်စားမပြုပေ။ ဘုရားသခင်၏ ကျေးဇူးတော်ကို သင်မွေ့လျော်ခြင်းက သင့်တွင် သမ္မာတရားရှိသည်ဟု မဆိုလိုပေ။ ဘုရားသခင်သည် လူတိုင်းအတွက် သနားကရုဏာရှိသည်။ သို့သော် ဘုရားသခင်၏ သနားကရုဏာက အလွန်အကျွံ သက်ညှာခြင်းမဟုတ်ပေ။ ဘုရားသခင်သည် လူသား၏ ဘဝနှင့် ဖန်ဆင်းခံတိုင်းအပေါ် သနားကရုဏာရှိသည်။ သို့ရာတွင် ဤသည်မှာ သူသည် သူ၏အလုပ်တွင် စည်းမျဉ်းမရှိဟုလည်းကောင်း၊ သူ့တွင် ဖြောင့်မတ်သော စိတ်သဘောထားမရှိဟုလည်းကောင်း၊ လူတို့အပေါ် သူသတ်မှတ်သည့်၊ လူတို့အား သူ အကဲဖြတ်သည့် စံနှုန်းများက ပြောင်းလဲမည်ဟုလည်းကောင်း မဆိုလိုပေ။ သင် နားလည်သလော။ (နားလည်ပါသည်။) ဘုရားသခင်က သင့်အား မည်သည့်အခါမျှ စိတ်မဆိုးခဲ့ဟူ၍လည်းကောင်း၊ ဘုရားသခင်က သင့်အပေါ် အစဉ် နူးညံ့ပြီး ထောက်ထားသည်ဟူ၍လည်းကောင်း၊ သင့်အား အလွန့်အလွန် ဂရုစိုက်သည်၊ ချစ်သည်၊ မြတ်နိုးသည်ဟူ၍လည်းကောင်း သင်ခံစားရသည်။ ဘုရားသခင်၏ နွေးထွေးမှု၊ ဘုရားသခင်၏ ပံ့ပိုးမှု၊ ဘုရားသခင်၏ ကူညီမှုနှင့် ဘုရားသခင်၏ မျက်နှာသာပေးမှုနှင့် ကျေးဇူးပြုမှုကိုပင် သင် ခံစားရသည်။ ဘုရားသခင်က သင့်ကို အချစ်ဆုံးဖြစ်သည်၊ အခြားလူများကို သူ စွန့်လွှတ်လျှင်ပင် သင့်အား လုံးဝ စွန့်လွှတ်မည်မဟုတ်ဟု သင် ခံစားရသည်။ ထို့ကြောင့် သင်သည် မိမိကိုယ်ကို ယုံကြည်မှုနှင့် ပြည့်နေသည်။ သင်သည် သမ္မာတရားအား မလိုက်စားရာတွင်လည်းကောင်း၊ တာဝန်ထမ်းဆောင်စဉ်တွင် ဒုက္ခမခံခြင်း၊ အဖိုးအခမပေးဆပ်ခြင်းတွင်လည်းကောင်း၊ စိတ်သဘောထားပြောင်းလဲမှုကို မရှာဖွေခြင်းတွင်လည်းကောင်း ကျိုးကြောင်းခိုင်လုံသကဲ့သို့ သင် ခံစားရသည်။ ဘုရားသခင်က သင့်အား သေချာပေါက် စွန့်ပစ်မည်မဟုတ်ပေ။ သင်၏ ဤခိုင်မာသော မိမိကိုယ်ကို ယုံကြည်မှုသည် ဘုရားနှုတ်ကပတ်တော်အပေါ်တွင် အခြေခံသလော။ တစ်နေ့တွင် သင်သည် ဘုရားသခင်၏ မျက်မှောက်တော်ကို အမှန်ပင် မခံစားမိလျှင် သင်၏ စိတ်နှလုံးတွင် ထိတ်ထိတ်ပျာပျာဖြစ်ပြီး “ဘုရားသခင်က ငါ့ကို စွန့်ပစ်သွားခြင်းများ ဖြစ်နိုင်သလော” ဟု စဉ်းစားလိမ့်မည်။ သင်၏ အဆုံးသတ်က မည်သို့ဖြစ်မည်ဆိုသည်မှာ သင့်အတွက် ရှင်းလင်းသင့်သည်။ သမ္မာတရားကို မလိုက်စားသော၊ အလွန်ပင် မိမိကိုယ်ကို အမှန်ထင်သောသူများသည် လုံးဝ အဆုံးသတ်ကောင်းမည် မဟုတ်ပေ။ လူတို့ကို ချစ်ခြင်း၊ မြတ်နိုးခြင်း၊ လူတို့အပေါ် သနားကရုဏာရှိခြင်း၊ လူတို့အား ကျေးဇူးတော် ချပေးခြင်း၊ သို့မဟုတ် အချို့သောလူများကို မျက်နှာသာပေးလျက်၊ သို့မဟုတ် ကျေးဇူးပြုလျက်ပင် ဆက်ဆံခြင်းတို့၌ ဘုရားသခင်၏ ပန်းတိုင်အပြင် ဤလုပ်ရပ်များ၏ အနှစ်သာရမှာ သင့်အား တယုတယထားရန်ဖြစ်စေ၊ အလိုလိုက်ရန်ဖြစ်စေ၊ သင့်အား လမ်းမှားသို့ ပိုဆောင်ရန်ဖြစ်စေ၊ သင့်အား လမ်းလွဲစေရန်ဖြစ်စေ၊ သင့်အား သမ္မာတရားကို၊ သို့မဟုတ် မှန်သောလမ်းခရီးကို ကျောခိုင်းစေရန်ဖြစ်စေ လုံးဝ မဟုတ်ပေ။ ဤအရာအားလုံးကို လုပ်ဆောင်ခြင်းတွင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ လမ်းမှန်ကို သင်လျှောက်လှမ်းရာတွင် သင့်အား ပံ့ပိုးရန်၊ သင့်၌ သူ့အတွက် ကြီးမားသောစိတ်ဆန္ဒရှိသည့် စိတ်နှလုံးရှိစေရန်၊ သူ့အပေါ် သင်၏ ယုံကြည်မှုကို တိုးပွားစေရန်၊ ထို့နောက်တွင် သူ့အား အမှန်တကယ် ကြောက်ရွံ့သော စိတ်နှလုံး ဖြစ်ပေါ်စေရန် ဖြစ်သည်။ သင်က အစဉ်သဖြင့် ဘုရားသခင်၏ တယုတယထားခြင်းကို မွေ့လျော်လိုပြီး သူ၏ အိမ်မွေးတိရစ္ဆာန်ဖြစ်လိုလျှင် သင်က မှားသည်ဟု ငါပြောသည်။ သင်သည် ဘုရားသခင်၏ အိမ်မွေးတိရစ္ဆာန် မဟုတ်ပေ။ သင့်အတွက် သူ၏ ကျေးဇူးတော် ပေးသနားခြင်း၊ သို့မဟုတ် မျက်နှာသာပေးခြင်းသည် အသေအချာပင် တယုတယထားခြင်း၊ သို့မဟုတ် အလိုလိုက်ခြင်းမဟုတ်ပေ။ ဤအရာအားလုံးကို လုပ်ဆောင်ရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်သည် ဘုရားနှုတ်ကပတ်တော်အား သင်တန်ဖိုးထားရန်၊ သမ္မာတရားကို လက်ခံရန်၊ သူ၏ ကျေးဇူးတော် ပေးသနားခြင်းနှင့် ကောင်းချီးများအားဖြင့် အားကောင်းစေရန် ထောက်ကူပေးဖို့ ဖြစ်သည်။ ဤသို့အားဖြင့် သင်သည် သမ္မာတရားအားလိုက်စားခြင်း လမ်းကြောင်းကို လျှောက်ရန်၊ ဘဝတွင် လမ်းမှန်ကို လျှောက်ရန် စိတ်ဆန္ဒနှင့် ဇွဲလုံ့လရှိမည်ဖြစ်သည်။ ဘုရားသခင်က ဤသမ္မာတရားများကို ထုတ်ပြန်သောအခါတွင် သင်သည် ပံ့ပိုးခြင်းခံရပြီးဖြစ်သည်၊ အသက်ကို ရရှိပြီးဖြစ်သည်၊ သူ၏ ချစ်ခြင်းကို ခံစားရပြီးဖြစ်သည်ကို သေချာပေါက် ဆိုနိုင်သည်မှာ ပြောစရာမလိုပေ။ သင်သည် သူ၏ ကျေးဇူးပြုခြင်းအတွက် ဘုရားသခင်ကို ကျေးဇူးတင်နိုင်လျှင်လည်းကောင်း၊ သင်၏ သင့်လျော်သော နေရာ၌ မြဲမြံစွာ ရပ်တည်နိုင်လျှင်လည်းကောင်း၊ ဘုရားနှုတ်ကပတ်တော်များနှင့် ပို၍ ပြင်ဆင်နိုင်လျှင်လည်းကောင်း၊ ဘုရားနှုတ်ကပတ်တော်များကိုပို၍ တန်ဖိုးထားနိုင်လျှင်လည်းကောင်း၊ တာဝန်ထမ်းဆောင်သောအခါတွင် သမ္မာတရားစည်းမျဉ်းများကို ရှာဖွေနိုင်လျှင်လည်းကောင်း၊ ဘုရားနှုတ်ကပတ်တော်နှင့်အညီ လူများ၊ အမှုအရာများကို ရှုမြင်ရန်၊ ကျင့်ကြံနေထိုင်ပြီး ပြုမူဆောင်ရွက်ရန် ကြိုးပမ်းနိုင်လျှင်လည်းကောင်း သင်သည် သူ့အပေါ် တာဝန်မပျက်ကွက်ပေ။ သို့ရာတွင် သင့်အပေါ် ဘုရားသခင်၏ ကျေးဇူးပြုခြင်းနှင့် မျက်နှာသာပေးခြင်းကို သင်က အခွင့်ကောင်းယူလျှင်လည်းကောင်း၊ သင့်အပေါ် သူ၏ သနားကရုဏာကို လျစ်လျူရှုလျှင်လည်းကောင်း၊ အမှုအရာများကို သင်၏ ကိုယ်ပိုင်နည်းလမ်းအတိုင်း ဆက်လက်လုပ်ဆောင်လျှင်လည်းကောင်း၊ တစ်ဇွတ်ထိုးဆန်စွာ၊ မဆင်မခြင်ဖြစ်စွာဖြင့် ပြုမူဆောင်ရွက်လျှင်လည်းကောင်း၊ ဘုရားနှုတ်ကပတ်တော်နှင့် သင့်ကိုယ်သင် လုံးဝ မပြင်ဆင်လျှင်လည်းကောင်း၊ သမ္မာတရားအတွက် ကြိုးပမ်းဖို့ စိတ်ဆန္ဒမရှိလျှင်လည်းကောင်း၊ သို့မဟုတ် ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားပြီး သင့်ကိုယ်သင် ကျေနပ်ခြင်းမှလွဲ၍ သမ္မာတရားအား သင်၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး ဘုရားနှုတ်ကပတ်တော်နှင့်အညီ လူများ၊ အမှုအရာများကို ရှုမြင်ခြင်း၊ ကျင့်ကြံနေထိုင်ပြီး ပြုမူဆောင်ရွက်ခြင်းမရှိလျှင်လည်းကောင်း ဘုရားသခင်၏ မျှော်မှန်းချက်များကို သင် မပြည့်မီသောအခါ၊ ဆိုလိုသည်မှာ သင်သည် ဘုရားသခင်ကို ထပ်ခါထပ်ခါ စိတ်ပျက်စေသောအခါတွင် သင့်အပေါ် ဘုရားသခင်၏ ကျေးဇူးတော်၊ သနားကရုဏာ၊ ချစ်ခင်ကြင်နာခြင်းတို့သည် အနှေးနှင့်အမြန် ကုန်ခန်းသွားလိမ့်မည်။ ထိုအရာများ ကုန်ခန်းသွားသည့်နေ့သည် ဘုရားသခင်က သူ၏ ကျေးဇူးတော်အားလုံးကို ပြန်လည်ယူဆောင်သည့် နေ့ဖြစ်သည်။ သင်သည် ဘုရားသခင်၏ မျက်မှောက်တော်ကိုပင် မခံစားရသောအခါ သင်၏ စိတ်အတွင်းတွင် အဘယ်သို့ အမှန်တကယ် ခံစားရသည်ကို သိလိမ့်မည်။ သင့်အတွင်းတွင် မှောင်မိုက်ခြင်း ရှိလိမ့်မည်။ သင်သည် စိတ်ဓာတ်ကျပြီး စိတ်မသက်မသာဖြစ်မည်။ စိတ်ပူပန်ပြီး အနှစ်မဲ့နေလိမ့်မည်။ အနာဂတ်က မသေချာဟု သင်ခံစားရမည်။ သင်သည် ကြောက်ရွံ့ပြီး အစဉ်သဖြင့် စိတ်သောကရောက်သည့် အခြေအနေ၌ ရှိနေလိမ့်မည်။ ဤသည်မှာ အလွန်ဆိုးဝါးသောအရာဖြစ်သည်။ ထို့ကြောင့် လူတို့သည် ၎င်းတို့ကို ဘုရားသခင် ပေးထားသောအရာများအားလုံးကို မြတ်နိုးတတ်ရန်၊ ၎င်းတို့ထမ်းဆောင်သင့်သည့် တာဝန်ကို မြတ်နိုးတတ်ရန်၊ တစ်ချိန်တည်းတွင် မည်သို့ ပြန်လည်တုံ့ပြန်ရမည်ကို သိရန် သင်ယူရမည်။ အမှန်တကယ်တွင် သင် ပြန်လည်တုံ့ပြန်ရန် ဘုရားသခင်၏ တောင်းဆိုချက်မှာ သူ၏ ကိုယ်စား သင် မည်မျှ ကူညီပံ့ပိုးသည်၊ သို့မဟုတ် သူ့အပေါ် သင်၏ သက်သေခံချက်က မည်မျှထူးကဲသည်ဆိုသည်နှင့် မသက်ဆိုင်ပေ။ ဘုရားသခင် အလိုရှိသည့်အရာမှာ သင့်အနေဖြင့် လမ်းမှန်ကို လျှောက်လှမ်းရန်၊ သူက သင့်အား လျှောက်လှမ်းရန် တောင်းဆိုသည့် လမ်းကြောင်းကို လျှောက်ရန်ဖြစ်သည်။ ဘုရားသခင်၏ ကျေးဇူးတော်သည် လူတို့ ခံစားရန် လုံလောက်သည်။ သူသည် လူတို့အပေါ် ဤကျေးဇူးတော်ကို ချပေးခြင်းနှင့်ပတ်သက်ပြီး နှမြောတွန့်တိုခြင်းမရှိသကဲ့သို့ လူတို့အပေါ် ဤကျေးဇူးတော်ကို ချပေးခြင်းအား နောင်တရမည်မဟုတ်ပေ။ ဘုရားသခင်က လူတစ်ယောက်ကို ကောင်းချီးပေးပြီး ကျေးဇူးပြုလျှင် အစဉ်သဖြင့် လိုလိုလားလား လုပ်ဆောင်ခြင်းဖြစ်သည်။ သူသည် ဤသို့လုပ်ဆောင်သည်မှာ သူ၏ အနှစ်သာရ၊ စိတ်သဘောထား၊ ပင်ကိုလက္ခဏာ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ သူသည် လူတို့အား ဤအရာများကို ပေးခြင်းအတွက် မည်သည့်အခါမျှ နောင်တရခြင်း၊ နောင်တကြီးစွာ ရရှိခြင်းမရှိပေ။ သို့ရာတွင် ဆိုကြပါစို့။ လူတို့သည် ကောင်းခြင်း၊ မကောင်းခြင်းကို မသိ၊ သို့မဟုတ် အကူအညီများအား မည်သို့ တန်ဖိုးထားရမည်ကို မသိ။ ဘုရားသခင်ကို အစဉ်သဖြင့် ထပ်ခါထပ်ခါ အားလျော့စိတ်ပျက်စေသည်။ ဘုရားသခင် ပေးခဲ့သည့် အဖိုးအခက မည်မျှကြီးမားသည်ဖြစ်စေ၊ ဘုရားသခင်က မည်မျှ စောင့်ဆိုင်းခဲ့သည်ဖြစ်စေ လူတို့သည် သူ့အား လျစ်လျူရှုဆဲဖြစ်ပြီး သူ၏ ကောင်းသော ရည်ရွယ်ချက်များကို နားမလည်ပေ။ လူတို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားဖို့အတွက်သာ အားထုတ်ကြသည်။ ပို၍ ခံစားရလေလေ ကောင်းလေလေဖြစ်သည်။ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးမည်မျှကို ၎င်းတို့ ခံစားရပါစေ ဘုရားသခင်၏ ချစ်ခြင်းကို ပြန်လည်ပေးဆပ်ဖို့၊ သို့မဟုတ် ဘုရားသခင်ထံသို့ ၎င်းတို့၏ စိတ်နှလုံးကို ပြန်လည်ပေးအပ်ပြီး ဘုရားသခင်၏ နောက်သို့လိုက်ဖို့ကို မသိကြပေ။ လူတို့က ဘုရားသခင်ကို ဤသို့ ဆက်ဆံလျှင် ဘုရားသခင်က ကျေနပ်မည်ဟု သင်တို့ ထင်သလော။ (မထင်ပါ။) လူတစ်ယောက်သည် ဘုရားသခင်ကို ကျေနပ်စေရန်အတွက် မည်သည့် စစ်မှန်သော သဘောထားမျိုးကို ထားရှိသင့်သနည်း။ လူတို့သည် နောင်တရရမည်။ လက်တွေ့ပြသမှုများရှိရမည်။ ၎င်းတို့တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရမည်။ ကျိုးကြောင်းပြဆိုခြင်းနှင့် ဆင်ခြေအမျိုးမျိုးကို ဆုပ်ကိုင်မထားရပေ။ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ကျေးဇူးတော်၊ ခွင့်လွှတ်ခြင်းနှင့် သနားကရုဏာသည် သင့်ကိုယ်သင် အလိုလိုက်ရန် အရင်းအနှီး၊ သို့မဟုတ် သင့်ကိုယ်သင် အလိုလိုက်ရန် ဆင်ခြေများမဟုတ်ပေ။ ဘုရားသခင်က မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ လူတို့တွင် မည်သို့သော အားထုတ်မှု၊ အဖိုးအခ၊ သို့မဟုတ် အတွေးတို့ကို သူ ရင်းနှီးမြုပ်နှံပါစေ သူ့တွင် အဆုံးစွန် ရည်ရွယ်ချက်တစ်ခုသာ ရှိသည်။ ယင်းမှာ လူတို့အနေဖြင့် လမ်းမှန်ဘက်သို့ လှည့်ပြီး လျှောက်လှမ်းရန် သူမျှော်လင့်ခြင်းဖြစ်သည်။ လမ်းမှန်ဆိုသည်မှာ အဘယ်နည်း။ သမ္မာတရားအား လိုက်စားပြီး သမ္မာတရားနှင့် ပို၍ ပြင်ဆင်ထားရန်ဖြစ်သည်။ လူတို့လျှောက်သည့်လမ်းကြောင်းသည် သမ္မာတရားအား စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး ဘုရားနှုတ်ကပတ်တော်နှင့် အညီဖြစ်လျှင် လူတို့၌ ဘုရားသခင် ရင်းနှီးမြုပ်နှံသော အဖိုးအခနှင့် လူတို့အတွက် ဘုရားသခင်၌ ရှိသော မျှော်မှန်းချက်များသည် တုံ့ပြန်မှုရရှိလိမ့်မည်။ လူတို့အပေါ် ဘုရားသခင်၏ တောင်းဆိုမှုများက များပြားသည်ဟု သင်တို့ ထင်သလော။ (မထင်ပါ။) ဘုရားသခင်က လူတို့အား များပြားစွာ မတောင်းဆိုပေ။ လူတို့ ပြန်လာခြင်းကို စောင့်ဆိုင်းရန်အတွက် သူ့တွင် လုံလောက်သော စိတ်ရှည်ခြင်းနှင့် ချစ်ခြင်းရှိသည်။ သင်သည် ဘုရားဘက်သို့ လှည့်လျှင် သူက သင့်အပေါ်၌ ကျေးဇူးတော်နှင့် ကောင်းချီးအချို့ကို ချပေးခြင်းသာ လုပ်ဆောင်မည်မဟုတ်ဘဲ သင့်အတွက် ပံ့ပိုးပေးလိမ့်မည်။ သမ္မာတရား၌၊ ဘဝ၌၊ သင်လျှောက်သော လမ်းကြောင်း၌ သင့်ကို ပံ့ပိုးလမ်းပြလိမ့်မည်။ ဘုရားသခင်သည် သင့်၌ ပို၍ပင်ကြီးမြတ်သောအမှုကို ပြုလုပ်လိမ့်မည်။ ဤသည်မှာ သူမျှော်လင့်သည့်အရာဖြစ်သည်။ ဘုရားသခင်သည် ဤအမှုကို မလုပ်ဆောင်မီတွင် လူတို့အား မမောနိုင်မပမ်းနိုင်ဖြင့် လမ်းပြပေးသည်။ ပံ့ပိုးပေးသည်။ ကျေးဇူးတော်နှင့် ကောင်းချီးများကို ချပေးသည်။ ဤအရာအားလုံးသည် ဘုရားသခင်၏ နဂိုမူလက ရည်ရွယ်ချက် မဟုတ်သကဲ့သို့ သူ သီးသန့်လုပ်ဆောင်လိုသောအရာတစ်ခုလည်းမဟုတ်ပေ။ သို့ရာတွင် သူသည် လူတို့အတွက် မည်သည့် အဖိုးအခကိုမဆို ပေးဆပ်ရန်၊ မည်သို့ပင်ဖြစ်စေ ဤအမှုကို လုပ်ဆောင်ရန် သူ့ကိုယ်သူ တာဝန်သက်ရောက်စေရုံကလွဲပြီး ရွေးချယ်စရာမရှိပေ။ ဘုရားသခင်သည် ဤအမှုအားလုံးကို လုပ်ဆောင်ပြီးနောက်တွင် အဆုံး၌ အလိုရှိသောအရာမှာ လူတို့ နောက်ပြန်လှည့်နိုင်သည်ကို မြင်တွေ့ဖို့ဖြစ်သည်။ လူတို့သည် သူ၏ ရည်ရွယ်ချက်များနှင့် စဉ်းစားပုံကိုလည်းကောင်း၊ ဤအရာကို သူအဘယ်ကြောင့် အလွန်လုပ်ဆောင်လိုသည်ကိုလည်းကောင်း နားလည်လျှင် လူတို့သည် သူ၏ ချစ်ခင်ဖွယ်ဖြစ်ခြင်းကို သိမြင်လိမ့်မည်။ ဝိညာဉ်ရင့်ကျက်မှု အချို့ရှိပြီး ကြီးထွားတိုးတက်လိမ့်မည်။ လူတို့သည် တိကျစေ့စပ်မှုရှိလာပြီး ဘုရားသခင်က ၎င်းတို့အတွက် ပေးသော သမ္မာတရားတစ်ခုဆီကို ကြိုးစားလုပ်ဆောင်သောအခါတွင်လည်းကောင်း၊ သမ္မာတရားတစ်ခုစီ၏ စစ်မှန်မှုအတွင်းသို့ စတင် ဝင်ရောက်သောအခါတွင်လည်းကောင်း ဘုရားသခင်က ကျေနပ်သည်။ ဤသို့ဆိုလျှင် ဘုရားသခင်သည် လူတို့နှင့်အတူ ရှိခြင်း၊ လူတို့အား နှစ်သိမ့်ခြင်း၊ လှုံ့ဆော်ခြင်း၊ တွန်းအားပေးခြင်းတို့ဖြစ်သော ရိုးရှင်းသောအလုပ်ကို လုပ်ဆောင်ဖို့ မလိုတော့ပေ။ ထိုထက် သူသည် သမ္မာတရားနှင့်၊ ဘဝနှင့်၊ ၎င်းတို့လျှောက်သည့် လမ်းကြောင်းနှင့်ပတ်သက်ပြီး ၎င်းတို့ကို ပို၍ ပံ့ပိုးပေးနိုင်သည်။ သူသည် လူတို့အပေါ်တွင် ပို၍ ကြီးမြတ်သော၊ ခိုင်မာသောအမှုကို လုပ်ဆောင်နိုင်သည်။ ဘုရားသခင်သည် အဘယ်ကြောင့် ဤအမှုမျိုးကို လုပ်ဆောင်ရန် ပို၍ နှစ်သက်သနည်း။ အဘယ်ကြောင့်ဆိုသော် သူသည် ဤသို့သော အလုပ်ကို လုပ်ဆောင်စဉ်တွင် လူတို့၌ မျှော်လင့်ချက်ကို မြင်တွေ့သောကြောင့်လည်းကောင်း၊ ၎င်းတို့၏ အနာဂတ်ကို မြင်ပြီး လူတို့သည် သူနှင့်အတူ စိတ်နှလုံးတစ်လုံးတစ်ဝတည်း ပေါင်းစည်းသည်ကိုလည်းကောင်း မြင်တွေ့သောကြောင့်ဖြစ်သည်။ ဤသည်မှာ လူနှင့် ဘုရားနှစ်ဦးစလုံးအတွက် တိုင်းတာ၍မရနိုင်အောင် ကြီးမြတ်သောအရာဖြစ်ပြီး ဘုရားသခင်က ကြာရှည်စွာ မျှော်လင့်နေသောအရာတစ်ခုဖြစ်သည်။ လူတစ်ယောက်သည် သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းကို လျှောက်သောအခါ သူသည် တဖြည်းဖြည်းချင်းဖြင့် စာတန်ကို တိုက်ခိုက်ရန် ခွန်အားပိုရှိပြီး စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုရှိလိမ့်မည်။ ဘုရားသခင်အပေါ် ၎င်းတို့၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်လိမ့်မည်။ ဘုရားသခင်သည်နောက်ထပ် ဖန်ဆင်းခံလူသားတစ်ယောက်က သူ့အတွက် စာတန်ကို ဆန့်ကျင်ကာ တိုက်ခိုက်သည်ကို မြင်ရရန် ပို၍ မျှော်လင့်ချက်ရှိလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ ဂုဏ်ကျက်သရေဖြစ်သည်။ လူတို့သည် ဝိညာဉ်ရင့်ကျက်မှု ကြီးထွားလာသောအခါတွင်လည်းကောင်း၊ ပိုပို၍ အားကြီးလာသောအခါတွင်လည်းကောင်း၊ ဘုရားသခင်ကို ပိုပို၍ သက်သေခံပြီး ပို၍ ကြောက်ရွံ့လာကာ နာခံလာသောအခါတွင်လည်းကောင်း ဘုရားသခင်သည် အောင်မြင်သူလူတစ်စုကို ရရှိပြီး လူတို့ကြားတွင် ဂုဏ်ကျက်သရေရှိလိမ့်မည်ဟူသော မျှော်လင့်ချက်ရှိသည်ဟု အဓိပ္ပာယ်ရသည်။ ဤသည်မှာ ကောင်းသောအရာဖြစ်သလော။ (ဖြစ်ပါသည်။) ဤသည်မှာ ဘုရားသခင် မျှော်လင့်နေသောအရာဖြစ်သည်။ သင်တို့အတွက် သူ၏ မျှော်လင့်ချက်၊ မျှော်မှန်းချက်ဖြစ်သည်။ သူသည် ဤအရာကို စောင့်စားနေသည်မှာ ကြာပြီဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ စိတ်နှလုံးကို နားလည်ပြီး ထောက်ထားနိုင်လျှင် ဘုရားသခင်က ၎င်းတို့အား စေခိုင်းသည့်အရာကို ၎င်းတို့ လုပ်ဆောင်လိမ့်မည်။ ဘုရားသခင်က ၎င်းတို့အား တောင်းဆိုသည့် အဖိုးအခကို ပေးဆပ်လိမ့်မည်။ ၎င်းတို့သည် ဘုရားသခင် လုပ်ဆောင်လိုသည့်အရာကို ပူးပေါင်းဆောင်ရွက်ရန် ရှိသမျှအားအင်တို့ကို စိုက်ထုတ်လိမ့်မည်။ သူ၏ ဆန္ဒများကို ဖြည့်ဆည်းလိမ့်မည်။ သူ၏ စိတ်နှလုံးကို သက်သာစေလိမ့်မည်။ သို့ရာတွင် သင်က ဤအရာကို မလုပ်ဆောင်လိုလျှင် ဘုရားသခင်က သင့်အား အတင်းစေခိုင်းမည်မဟုတ်ပေ။ သင်က “ကျွန်ုပ်သည် ဤအရာကို အဘယ်ကြောင့် အလိုမရှိသနည်း၊ ဘုရားသခင်က တောင်းဆိုသည့်အရာကို ကျွန်ုပ် အဘယ်ကြောင့် မလုပ်ဆောင်လိုသနည်း၊ ဘုရားသခင်၏ တောင်းဆိုချက်များကို ဖြည့်ဆည်းဖို့ ကျွန်ုပ် စဉ်းစားသောအခါ အဘယ်ကြောင့် စိတ်မအေးခြင်း၊ သက်သောင့်သက်သာမရှိခြင်း၊ နာခံလိုစိတ်မရှိခြင်းတို့ကို ခံစားရသနည်း” ဟု ဆိုသည်။ သင်သည် ဘုရားသခင်၏ တောင်းဆိုချက်များကို ဖြည့်ဆည်းဖို့မလိုပေ။ ယင်းသည် မိမိဆန္ဒအလျောက် လုပ်ဆောင်ရန်ဖြစ်သည်။ သင့်တွင် ရွေးချယ်ပိုင်ခွင့်ရှိသည်။ သင်သည် လွတ်လပ်သည်။ ဘုရားသခင်က လူတို့အား အတင်းမစေခိုင်းပေ။ ဘုရားသခင်က မည်သည့်အရာကို ဖြစ်မြောက်လိုသည်ဆိုသည့် လက်တွေ့အရှိတရားကိုလည်းကောင်း၊ သင်တို့ ခံယူသည့် တာဝန်နှင့် သင့်တို့အား ဘုရားသခင်က မည်သို့ မျှော်လင့်သည်ကိုလည်းကောင်း သင်တို့ အပြည့်အဝ နားလည်နိုင်ရန်အတွက်သာ သင်တို့အား ဤအရာကို ငါပြောခြင်းဖြစ်သည်။ ရှင်းလင်းသလော။ (ရှင်းပါသည်။) ရှင်းလင်းသည်ဆိုလျှင် ကောင်းသည်။ ရှင်းလင်းသည်ဆိုလျှင် လူတို့၏ စိတ်နှလုံးသည် သတိပြုမိလိမ့်မည်။ မည်သည့်အရာကို ဆက်၍ လုပ်ဆောင်ရမည်၊ မည်သည့်အရာကို လုပ်ဆောင်ရမည်၊ မည်သည့်အဖိုးအခကို ပေးဆပ်ရမည်ကို ၎င်းတို့ သိလိမ့်မည်။ ၎င်းတို့တွင် ဦးတည်ချက်ရှိလိမ့်မည်။

ယနေ့တွင် “လူကြီးလူကောင်းတစ်ဦး၏ စကားက သူ၏ ကတိဝန်ခံချက်ဖြစ်သည်” ဆိုသည့် အကျင့်စာရိတ္တဆိုင်ရာ အဆိုအမိန့်ကို ငါမိတ်သဟာပြုခဲ့သည်။ စာတန်က အားပေးမြှင့်တင်သည့် အခြားသော အကျင့်စာရိတ္တဆိုင်ရာ အဆိုအမိန့်အချို့ကို ယခင်က မိတ်သဟာယ ဖွဲ့ပြီးဖြစ်သဖြင့် ဤအဆိုအမိန့်ကို ပိုင်းခြားသိမြင်ရန် အနည်းငယ်ပို၍ လွယ်ကူသွားသည်။ မည်သည့် ကိုယ်ကျင့်တရား အဆိုအမိန့်ဖြစ်စေ စာတန်သည် လူသား၏ အပြုအမူကို ချည်နှောင်ပြီး ကန့်သတ်ပြီးနောက်တွင် လူ့အဖွဲ့အစည်း၌ ခေတ်ရေစီးကြောင်းတစ်ခု ဖြစ်ပေါ်စေရန် ထင်မြင်ချက် အမျိုးအစားတစ်ခုကို အခြေခံအားဖြင့် အသုံးပြုလိုသည်။ ဤခေတ်ရေစီးကြောင်းကို ဖန်တီးခြင်းအားဖြင့် စာတန်သည် လူသားမျိုးနွယ်တစ်ရပ်လုံး၏ စိတ်ကို လှည့်စား၊ ထိန်းချုပ်ပြီး ဘောင်ခတ်ကာ ဤသို့အားဖြင့် လူသားမျိုးနွယ်တစ်ရပ်လုံးကို ဘုရားသခင်အား ဆန့်ကျင်စေလိုသည်။ လူတို့က ဘုရားသခင်ကို ဆန့်ကျင်ပြီးနောက်တွင် ဘုရားသခင်က လူတို့အပေါ် ပြုမူဆောင်ရွက်ရန်၊ သို့မဟုတ် အမှုပြုရန် နည်းလမ်းမရှိသည်ကို စာတန်က မြင်တွေ့လိုသည်။ ဤသည်မှာ စာတန်ရရှိလိုသော ပန်းတိုင်ဖြစ်သည်။ ဤသည်မှာ စာတန်လုပ်ဆောင်သည့် ဤအရာများအားလုံး၏ အနှစ်သာရဖြစ်သည်။ ဤအရာတို့သည် မည်သည့် အပြုအမူ ကဏ္ဍကို၊ သို့မဟုတ် မည်သည့်အယူအဆနှင့် အမြင်များကို ကိုယ်စားပြုသည်ဖြစ်စေ၊ စာတန် အားပေးမြှင့်တင်သည့် ဤ အကျင့်စာရိတ္တဆိုင်ရာ အဆိုအမိန့်များသည် မည်သို့ပင်ဖြစ်စေ သမ္မာတရားနှင့် မသက်ဆိုင်ပေ။ ၎င်းတို့သည် သမ္မာတရားနှင့် ဆန့်ကျင်ကွဲလွဲခြင်းလည်းရှိသည်။ လူတို့သည် စာတန်အားပေးမြှင့်တင်သည့် ဤအကျင့်စာရိတ္တဆိုင်ရာ အဆိုအမိန့်များကို မည်သို့ ကိုင်တွယ်သင့်သနည်း။ အလွန်ရိုးရှင်းပြီး အခြေခံကျသော စည်းမျဉ်းမှာ စာတန်ဆီမှလာသော မည်သည့်အဆိုအမိန့်မဆိုသည် ငါတို့ ဖော်ထုတ်သင့်သော၊ ပိုင်းခြားစိစစ်သင့်သော၊ ထိုးထွင်းမြင်ပြီး ငြင်းပယ်သင့်သော အရာတစ်ခုဖြစ်သည်။ ၎င်းတို့သည် စာတန်ဆီမှ လာသောကြောင့် ငါတို့၏ စိတ်နှလုံးက ၎င်းတို့ကို ထိုးထွင်းမြင်လျှင် ၎င်းတို့ကို ရှုတ်ချပြီး ငြင်းပယ်နိုင်သည်။ စာတန်၏ အရာများကို အသင်းတော်တွင် တည်ရှိခွင့်၊ ဘုရားသခင်ရွေးချယ်ထားသော လူများအား လှည့်စား၊ ဖျက်ဆီးပြီး နှောင့်ယှက်ခွင့်ပေး၍ မရပေ။ ဘုရားသခင်ရွေးချယ်ထားသောသူများက စာတန်ကို ငြင်းပယ်သည့် ပန်းတိုင်ကို ဖြစ်မြောက်အောင်မြင်ရမည်။ ၎င်းတို့တွင် စာတန်၏ မိစ္ဆာဒိဋ္ဌိအယူများနှင့် အတွေးမှားများကို အရိပ်အမြွက်မျှပင် မြင်တွေ့၍ မရပေ။ ဤမိစ္ဆာဒိဋ္ဌိအယူများနှင့် အတွေးမှားများအစား ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားက ဘုရားသခင် ရွေးချယ်ထားသောလူတို့၏ စိတ်နှလုံးတွင် စိုးမိုးသင့်ပြီး ၎င်းတို့၏ အသက်ဖြစ်သင့်သည်။ ဤလူသားမျိုးနွယ်မျိုးသည် ဘုရားသခင်ရရှိလိုသည့် လူသားမျိုးနွယ်မျိုးဖြစ်သည်။ ယနေ့ မိတ်သဟာယကို ဤတွင် အဆုံးသတ်ကြစို့။

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ 9 ရက်

အရှေ့သို့- သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁၄)

နောက်တစ်ခုသို့- သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁၆)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။