ခ။ သခင်ယေရှုသည် ဖာရိရှဲများကို အဘယ်ကြောင့် ကျိန်ဆဲခဲ့သနည်း။ ဖာရိရှဲများ၏ အနှစ်သာရမှာ အဘယ်နည်း
ကျမ်းစာထဲမှ စကားများ
“ထိုအခါ ယေရုရှလင်မြို့သားဖာရိရှဲတို့နှင့် ကျမ်းပြုဆရာတို့သည် ချဉ်းကပ်ပြီးလျှင်၊ ရှေးဟောင်းတို့မှဆက်ခံသော နည်းဥပဒေကို ကိုယ်တော်၏တပည့်တို့သည် အဘယ်ကြောင့်လွန်ကျူး ကြပါသနည်း။ သူတို့သည် လက်မဆေးဘဲ အစာစားကြပါသည်တကားဟု လျှောက်ကြလျှင်၊ ကိုယ်တော်က၊ သင်တို့သည်အဆက်ဆက်ခံသော် နည်းဥပဒေကိုအမှီပြု၍ ဘုရားသခင်၏ပညတ်တော် ကို အဘယ်ကြောင့်လွန်ကျူးကြသနည်း။ ဘုရားသခင်၏ပညတ်တော်ကား၊ မိဘကိုရိုသေစွာပြုလော့။ အကြင်သူသည် မိဘကိုနှုတ်ဖြင့်ပြစ်မှား ၏၊ ထိုသူသည် အသေသတ်ခြင်းကို ခံစေဟုလာသတည်း။ သင်တို့မူကား၊ အကြင်သူသည် ကိုယ့်မိဘကို၊ သင်တို့အသုံးရနိုင်သမျှသော ငါ၏ဥစ္စာသည် အလှူဝတ္ထု ဖြစ်စေဟုဆို၏၊ ထိုသူသည် ကိုယ်မိဘကိုပင် ရိုသေစွာမပြုရဟုဆို၏။ ထိုသို့သင်တို့သည် အဆက်ဆက်ခံသော နည်း ဥပဒေအားဖြင့် ဘုရားသခင်၏ပညတ်တော်ကို ပယ်ကြ၏။ လျှို့ဝှက်သောသူတို့၊ ဟေရှာယသည် သင်တို့ကိုရည်မှတ်လျက် ဤလူမျိုးသည်နှုတ်နှင့်ငါ့ထံသို့ ချဉ်း ကပ်၍ နှုတ်ခမ်းနှင့်ငါ့ကို ရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။ လူတို့စီရင်သောပညတ်တို့ကိုသွန်သင်၍ နည်းဥပဒေသပေးလျက်ပင်ငါ့ကို အချည်းနှီးကိုးကွယ်ကြ၏ဟု နောက်ဖြစ်လတံ့သောအရာကို လျောက်ပတ်စွာ ဟောခဲ့ပြီဟုပြန်၍မိန့်တော်မူ၏။” (ရှင်မဿဲခရစ်ဝင် ၁၅:၁-၉)
“လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်၏ တံခါးကို လူတို့ရှေ့မှာပိတ်ထား၍ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတားကြ၏။ လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ မုဆိုးမအိမ်ကို လုယူသိမ်းစား၍၊ အပြစ်မပေါ်စေခြင်းငှါ ရှည်စွာသော ပဌနာစကားကို ရွတ်တတ်ကြ၏။ ထို့ကြောင့် သာ၍ ကြီးစွာသော ဒဏ်ကိုခံရကြလတံ့။
“လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ လူတယောက်ကိုပင် ဘာသာသွင်းခြင်းငှါ ကုန်းကြောင်းရေကြောင်းပတ်ပတ်လှည့်လည်၍ ဘာသာသွင်းပြီးသောသူကိုလည်း၊ မိမိတို့ထက် နှစ်ဆသောငရဲသားဖြစ်စေကြ၏။
“လမ်းပြသောလူကန်းတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ ဗိမာန်တော်ကိုတိုင်တည်၍ ကျိန်ဆိုခြင်းကို ပြုလျှင်မတည်။ ဗိမာန်တော်၏ ရွှေကိုတိုင်တည်၍ ကျိန်ဆိုခြင်းကိုပြုလျှင် တည်သည်ဟုသင်တို့ဆိုကြ၏။ လူမိုက်လူကန်းတို့၊ အဘယ်အရာသည်သာ၍ မြတ်သနည်း။ ထိုရွှေကားမြတ်သလော။ ထိုရွှေကို သန့် ရှင်းစေသော ဗိမာန်တော်ကားမြတ်သလော။ တနည်းကား၊ ယဇ်ပလ္လင်ကို တိုင်တည်၍ ကျိန်ဆိုခြင်းကိုပြုလျှင် မတည်။ ယဇ်ပလ္လင်ပေါ်မှာရှိသော ပူဇော်သက္ကာကို တိုင်တည်၍ကျိန်ဆိုခြင်းကိုပြုလျှင် တည်သည်ဟု သင်တို့ဆိုကြ၏။ လူမိုက်လူကန်းတို့၊ အဘယ်အရာသည်သာ၍ မြတ်သနည်း။ ထိုပူဇော်သက္ကာကား မြတ်သလော။ ထို ပူဇော်သက္ကာကို သန့်ရှင်းစေသော ယဇ်ပလ္လင်ကားမြတ်သလော။ ထို့ကြောင့် ယဇ်ပလ္လင်ကိုတိုင်တည်၍ ကျိန်ဆိုလျှင်၊ ယဇ်ပလ္လင်မှစ၍ ယဇ်ပလ္လင်ပေါ်မှာ ရှိသမျှကို တိုင် တည်၍ ကျိန်ဆိုသတည်း။ ဗိမာန်တော်ကိုတိုင်တည်၍ ကျိန်ဆိုလျှင်၊ ဗိမာန်တော်မှစ၍ ဗိမာန်တော်၌ ကျိန်းဝပ်တော်မူသောသူ ကို တိုင်တည်၍ ကျိန်ဆိုသတည်း။ ကောင်းကင်ဘုံကိုတိုင်တည်၍ ကျိန်ဆိုလျှင်၊ ပလ္လင်တော်ကို၎င်း၊ ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသော သူကို၎င်း တိုင်တည်၍ကျိန်ဆိုသတည်း။
“လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပင်စိမ်း၊ စမွှတ်၊ ဇိယာ၊ အသီးအရွက်တို့ကို ဆယ်ဘို့တဘို့ လှူကြသည်တွင် တရားသဖြင့်စီရင်ခြင်း၊ သူတပါးကို သနား ခြင်း၊ သစ္စာစောင့်ခြင်းတည်းဟူသော ပညတ်တရားတွင် လေးသောအရာတို့ကိုကား လှပ်၍ထားကြ၏။ အရင် ဆိုသောအရာတို့ကို မလှပ်မထား၊ နောက်ဆိုသောအရာတို့ကို ကျင့်ရမည်။ လမ်းပြသောလူကန်းတို့၊ သင်တို့သည် ခြင်တကောင်ကိုမျှ မပါစေခြင်းငှါ ရေကိုစစ်လျက်နှင့် ကုလား အုပ်ကို မျိုကြ၏။
“လျှို့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ဖလား၊ လင်ပန်းကို အပြင်၌ဆေးကြောကြ၏။ အတွင်း၌ကား လုယူခြင်း၊ မတရားသဖြင့် ကျင့်ခြင်းနှင့် ပြည့်လျက်ရှိ၏။ မျက်စိကန်းသော ဖာရိရှဲ၊ ဖလား၊ လင်ပန်းကို အတွင်း၌ရှေ့ဦးစွာ ဆေးကြောလော့။ သို့ပြုလျှင် အပြင် ကား သန့်ရှင်းလိမ့်မည်။
“လျှို့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ အဖြူ သုတ်သောသင်္ချိုင်းတွင်းနှင့်တူကြ၏။ ထိုတွင်းသည် အပြင်၌တင့်တယ်စွာတကား။ အတွင်း၌ကား လူသေအရိုး၊ အညစ်အကြေးအမျိုးမျိုးနှင့် ပြည့်လျက်ရှိ၏။ ထိုအတူ သင်တို့သည်အပြင်၌ လူတို့ရှေ့မှာဖြောင့်မတ်ဟန်ရှိ၏။ အတွင်း၌ကား လျှို့ဝှက်ခြင်း၊ မတရား သဖြင့် ကျင့်ခြင်းနှင့် ပြည့်လျက်ရှိကြ၏။
“လျှို့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပရောဖက်မှစ၍ ဖြောင့်မတ်သောသူတို့၏ သင်္ချိုင်းတွင်းနှင့် အရိုးအိုးတို့ကို တည်လုပ်၍ တန်ဆာဆင်သဖြင့်၊ ငါတို့သည် ဘိုးဘေးတို့လက်ထက်၌ရှိလျှင်၊ ပရောဖက်တို့ကို သက်သည်အမှုကိုလက်မခံပြီဟု ဆိုကြ၏။ ထိုသို့ဆိုသော်၊ သင်တို့သည် ပရောဖက်တို့ကိုသတ်သောသူတို့၏ အမျိုးအနွယ်ဖြစ်သည်ကို ကိုယ်အဘို့ ကိုယ်သက်သေခံကြ၏။ သို့ဖြစ်၍ ဘိုးဘေးတို့၏ အကျင့်ပမာဏကိုမှီအောင် ကျင့်ကြလော့။ မြွေဆိုးအမျိုးတို့၊ သင်တို့သည် အပြစ်ငရဲမှ အဘယ်သို့လွတ်နိုင်ကြမည်နည်း။ ထို့ကြောင့် ဗျာဒိတ်တော်အချက်ဟူမူကား ပရောဖက်ပညာရှိကျမ်းပြုဆရာတို့ကို သင်တို့ရှိရာသို့ ငါ စေလွှတ်၏။ ထိုသူအချို့တို့ကိုကွပ်မျက်၍ လက်ဝါးကပ်တိုင်၌ သတ်ကြလိမ့်မည်။ အချို့တို့ကို တရားစရပ်၌ ရိုက်၍ တမြို့မှတမြို့သို့ ညှဉ်းဆဲနှင်ထုတ်ကြလိမ့်မည်။ ထို့ကြောင့် ဖြောင့်မတ်သော အာဗေလ၏အသွေးမှစ၍၊ အတွင်းဗိမာန်တော်နှင့် ယဇ်ပလ္လင်၏ အကြား ၌ သင်တို့သတ်ကြသော ဗာရခိသားဇာခရိ၏အသွေးတိုင်အောင် မြေကြီးအပေါ်၌ သွန်းပြီးသမျှသော သူတော် ကောင်းတို့၏အသွေးသည် သင်တို့ ခေါင်းပေါ်သို့ ရောက်လိမ့်မည်။ ငါအမှန်ဆိုသည်ကား၊ ဤအရာများတို့သည် ယခုဖြစ်သောလူများအပေါ်သို့ ရောက်ကြလိမ့်မည်။” (ရှင်မဿဲခရစ်ဝင် ၂၃:၁၃-၃၆)
နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ
ဖာရိရှဲတို့က ယေရှုကို ဆန့်ကျင်ခဲ့သည့် အကြောင်းရင်း၏ အရင်းအမြစ်ကို သင်တို့ သိလိုပါသလော။ ဖာရိရှဲတို့၏ အနှစ်သာရကို သင်တို့သိရှိရန် ဆန္ဒရှိသလော။ ၎င်းတို့သည် မေရှိယနှင့် ပတ်သက်သည့် စိတ်ကူးယဉ်မှုများနှင့် ပြည့်နှက်ခဲ့ကြသည်။ ထို့အပြင်၊ မေရှိယလာမည်ဟုသာ ၎င်းတို့ယုံကြည်ခဲ့ကြသော်လည်း၊ အသက် သမ္မာတရားကို မလိုက်စားခဲ့ကြချေ။ ထို့ကြောင့် ၎င်းတို့သည် အသက်၏လမ်းခရီးနှင့် သက်ဆိုင်သည့် အသိမရှိသကဲ့သို့၊ သမ္မာတရား၏လမ်းခရီးက မည်သည့်အရာဖြစ်သည်ကို မသိကြသည့်အတွက်၊ ယနေ့တွင်ပင် ၎င်းတို့သည် မေရှိယကို စောင့်ဆိုင်းဆဲဖြစ်၏။ ထိုသို့ မိုက်မဲသည့်၊ ခေါင်းမာပြီး မသိနားမလည်သော သူတို့သည် ဘုရားသခင်၏ ကောင်းချီး မင်္ဂလာကို ရရှိနိုင်မည်ဟု သင်တို့ မည်သို့ဆိုနိုင်မည်နည်း။ မေရှိယကို ၎င်းတို့ မည်သို့ ရှုမြင်နိုင်မည်နည်း။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှု ဦးတည်ရာကို မသိကြသောကြောင့်၊ ယေရှုပြောသည့် သမ္မာတရား၏လမ်းခရီးကို မသိကြသောကြောင့်၊ မေရှိယကို ၎င်းတို့ ပို၍ပင် နားမလည်ခဲ့ကြသောကြောင့် ယေရှုကို ဆန့်ကျင်ခဲ့ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် မေရှိယကို လုံးဝ မမြင်ဖူးကြသကဲ့သို့ မေရှိယနှင့် ပေါင်းသင်းဆက်ဆံဖူးခြင်း လုံးဝမရှိကြသည့်အတွက်၊ မေရှိယ၏ အနှစ်သာရကို ဖြစ်နိုင်သမျှ မည်သည့်နည်းနှင့်မဆို ဆန့်ကျင်သော်လည်း မေရှိယ၏ နာမကိုသာ ဖက်တွယ်နေခြင်းတည်းဟူသော အမှားကို ပြုမိခဲ့ကြ၏။ ဤဖာရိရှဲတို့သည် အနှစ်သာရအားဖြင့် ခေါင်းမာကြသည်၊ မာနထောင်လွှားပြီး၊ သမ္မာတရားကို မနာခံခဲ့ကြချေ။ ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်း စည်းမျဉ်းမှာ သင်၏ဟောပြောမှု မည်မျှ နက်နဲသည်ဖြစ်စေ၊ သင်၏ သြဇာအာဏာ မည်မျှ မြင့်မားသည်ဖြစ်စေ၊ မေရှိယဟု အခေါ်မခံရပါက သင်သည် ခရစ်တော်မဟုတ်ဟူ၍ ဖြစ်သည်။ ဤကဲ့သို့ယုံကြည်မှုသည် မိုက်မဲသကဲ့သို့ ရယ်ဖွယ်ကောင်းသည် မဟုတ်လော။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်
ဖာရိရှဲများ၏ ကောက်ကျစ်ဆိုးယုတ်သော ကဏ္ဍများက မည်သို့ ထင်ရှားသနည်း။ ပထမဦးစွာ ဖာရိရှဲတို့က လူ့ဇာတိခံ ဘုရားသခင်ကို မည်သို့ ဆက်ဆံခဲ့သည်ဟူသည့်အချက်ဖြင့် ငါတို့၏ ဆွေးနွေးမှုကို အစပြုကြစို့။ ထို့နောက်တွင် သင်တို့သည် အနည်းငယ် ပို၍ နားလည်ကောင်း နားလည်နိုင်မည်ဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်အကြောင်း ပြောရမည်ဆိုလျှင်၊ လွန်ခဲ့သော အနှစ်နှစ်ထောင်က လူ့ဇာတိခံ ဘုရားသခင်သည် မည်သည့် မိသားစုနှင့် နောက်ခံအခြေအနေမျိုးတွင် မွေးဖွားခဲ့သည်ကို ငါတို့ ဦးစွာ ပြောဆိုရပေမည်။ ပထမဦးစွာ သခင်ယေရှုသည် ကြွယ်ဝချမ်းသာသော မိသားစုတွင် လုံးဝ မွေးဖွားခဲ့သည် မဟုတ်ပေ။ သူ၏ မျိုးရိုးသည် အလွန်ထင်ရှားကျော်ကြားခြင်း မရှိခဲ့။ သူ၏ မွေးစားဖခင် ယောသပ်သည် လက်သမားတစ်ဦးဖြစ်ပြီး သူ၏ မယ်တော် မာရိသည် သာမန် ယုံကြည်သူတစ်ဦး ဖြစ်ခဲ့သည်။ သူ့ မိဘများ၏ ပင်ကိုလက္ခဏာနှင့် လူမှုအဆင့်အတန်းသည် သခင်ယေရှု မွေးဖွားခဲ့သော မိသားစုနောက်ခံကို ကိုယ်စားပြုပြီး သူသည် သာမန်မိသားစုတစ်ခုတွင် မွေးဖွားခဲ့သည်မှာ သိသာထင်ရှားပေသည်။...ဤအရာက နောင်လာနောက်သားများအတွက် အဘယ်သတင်းစကားကို ပေးသနည်း။ လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော ဤသာမန်နှင့် ပုံမှန်လူပုဂ္ဂိုလ်သည် အဆင့်မြင့်ပညာရေးကို သင်ယူရန် အခွင့်အရေးဖြစ်စေအခြေအနေဖြစ်စေ မရှိခဲ့ပေ။ သူသည် သာမန်လူများကဲ့သို့ပင် ဖြစ်ခဲ့သည်။ သူသည် သာမန်လူမှုပတ်ဝန်းကျင်တစ်ခု၊ သာမန်မိသားစုတစ်ခု၌ အသက်ရှင်နေထိုင်ခဲ့ပြီး သူနှင့်ပတ်သက်၍ ထူခြားသည့်အရာ မည်သည့်အရာမျှ မရှိခဲ့ပေ။ ဤအကြောင်းကြောင့်ပင် ထိုကျမ်းတတ်များနှင့် ဖာရိရှဲများသည် သခင်ယေရှု၏ တရားဒေသနာများနှင့် လုပ်ဆောင်ချက်များအကြောင်းကို ကြားသိပြီးနောက် ထရပ်ကာ သူ့ကို ပွင့်လင်းစွာ တရားစီရင်ခြင်း၊ ပြစ်မှားစော်ကားခြင်းနှင့် ရှုတ်ချခြင်းတို့ကို ပြုဝံ့ခဲ့ကြခြင်း ဖြစ်သည်။ ၎င်းတို့၏ ရှုတ်ချမှုအတွက် အဘယ်အခြေခံအကြောင်းရင်း ၎င်းတို့၌ ရှိခဲ့သနည်း။ ယင်းမှာ ဓမ္မဟောင်းကျမ်း၏ ပညတ်တရားများနှင့် စည်းမျဉ်းစည်းကမ်းများအပေါ် အခြေခံခဲ့သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ ပထမဦးစွာ သခင်ယေရှုသည် သူ၏ တပည့်တော်များကို ဥပုသ်နေ့အား မစောင့်ထိန်းရန် ဦးဆောင်ခဲ့သည်။ သူသည် ဥပုသ်နေ့၌ပင် အလုပ်လုပ်ခဲ့သည်။ ထို့အပြင် သူသည် ပညတ်များနှင့် စည်းမျဉ်းစည်းကမ်းများကို မစောင့်ထိန်းခဲ့သကဲ့သို့ ဗိမာန်တော်သို့လည်း မသွားခဲ့ပေ။ အပြစ်သားများနှင့် သူ ကြုံရသောအခါ၊ အချို့လူများက ထိုသူတို့ကို မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ကို သူ့အား မေးမြန်းခဲ့ကြသော်လည်း သူသည် ပညတ်တရားအတိုင်း ထိုသူတို့ကို မကိုင်တွယ်ခဲ့ဘဲ ထိုအစား သနားကြင်နာမှု ပြသခဲ့သည်။ သခင်ယေရှုလုပ်ဆောင်ချက်များ၏ ဤသွင်ပြင်လက္ခဏာတစ်ခုမျှ ဖာရိရှဲများ၏ ဘာသာရေးဆိုင်ရာ အယူအဆများနှင့် မကိုက်ညီခဲ့ပေ။ ၎င်းတို့သည် သမ္မာတရားကို မချစ်မြတ်နိုးသောကြောင့် သခင်ယေရှုကို မုန်းတီးခဲ့ကြသည်။ ၎င်းတို့သည် သခင်ယေရှုက ပညတ်တရားအား ချိုးဖောက်သည်ဟူသော အကြောင်းပြချက်ကို အမိအရအသုံးချပြီး သူ့ကို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချခဲ့ကြကာ သူ့ကို အသေသတ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ အကယ်၍ သခင်ယေရှုသည် ထင်ရှားကျော်ကြားပြီး အောင်မြင်သော မိသားစုတစ်ခုတွင် မွေးဖွားခဲ့ပါက၊ အကယ်၍ သူသည် အဆင့်မြင့်ပညာတတ်တစ်ဦး ဖြစ်ခဲ့ပါက၊ အကယ်၍ သူသည် ဤကျမ်းတတ်များ၊ ဖာရိရှဲများနှင့် ရင်းနှီးသော ဆက်ဆံရေးရှိခဲ့ပါက ထိုအချိန်က အမှုအရာများသည် နောက်ပိုင်းတွင် ဖြစ်ပျက်ခဲ့သကဲ့သို့ သူ၏အပေါ်၌ ဖြစ်ပျက်ခဲ့မည် မဟုတ်ပေ။ ထိုအရာများပြောင်းလဲသွားကောင်း ပြောင်းလဲသွားနိုင်ပါသည်။ သူ၏ သာမန်ဖြစ်မှု၊ သူ၏ ပုံမှန်ဖြစ်မှုနှင့် သူ၏ မွေးဖွားရာနောက်ခံတို့ကြောင့်ပင် သူသည် ဖာရိရှဲများ၏ ပြစ်တင်ရှုတ်ချခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။ သခင်ယေရှုကို ပြစ်တင်ရှုတ်ချခြင်းအတွက် ၎င်းတို့၏ အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ ယင်းမှာ ထာဝရကာလပတ်လုံး မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ဟု သူတို့ ယုံကြည်ခဲ့ကြသည့် ၎င်းတို့ စွဲကိုင်ထားသော ထိုစည်းမျဉ်းစည်းကမ်းများနှင့် ပညတ်များပင် ဖြစ်သည်။ ဖာရိရှဲတို့သည် ၎င်းတို့ သဘောပေါက်နားလည်သော ဓမ္မပညာဆိုင်ရာ သဘောတရားများကို အသိပညာအဖြစ်လည်းကောင်း၊ လူတို့ကို အကဲဖြတ်ရန်နှင့် ပြစ်တင်ရှုတ်ချရန်အတွက် တန်ဆာပလာတစ်ခုအဖြစ်လည်းကောင်း စွဲကိုင်ထားခဲ့ကြပြီး သခင်ယေရှုအပေါ်၌ပင် ထိုအရာကို အသုံးပြုခဲ့ကြသည်။ ဤသည်မှာ သခင်ယေရှု ပြစ်တင်ရှုတ်ချခြင်း ခံခဲ့ရပုံ ဖြစ်သည်။ လူတစ်ဦးကို ၎င်းတို့ အကဲဖြတ်သည့် သို့မဟုတ် ဆက်ဆံသည့်ပုံစံသည် ထိုလူ၏ အနှစ်သာရအပေါ်၌ဖြစ်စေ၊ ထိုသူ ဟောပြောသည့်အရာက သမ္မာတရား ဟုတ်မဟုတ်ဟူသည့်အပေါ်၌ဖြစ်စေ လုံးဝ မမူတည်ခဲ့သကဲ့သို့ထိုသူ ပြောဆိုသော စကားများ၏ ရင်းမြစ်အပေါ်တွင် သာ၍ပင် မမူတည်ပေ။ဖာရိရှဲတို့က လူတစ်ဦးကို အကဲဖြတ်သည့် သို့မဟုတ် ပြစ်တင်ရှုတ်ချသည့်ပုံစံသည် ၎င်းတို့ သဘောပေါက်နားလည်သော ဓမ္မဟောင်းကျမ်းထဲက စည်းမျဉ်းစည်းကမ်းများ၊ စကားလုံးများနှင့် အယူဝါဒများအပေါ်၌သာ မူတည်ခဲ့သည်။ သခင်ယေရှု ပြောဆိုပြီး လုပ်ဆောင်ခဲ့သည့်အရာသည် အပြစ်တစ်ခု သို့မဟုတ် ပညတ်တရားကို ချိုးဖောက်ခြင်းမဟုတ်ကြောင်းကို ဖာရိရှဲတို့က မိမိတို့စိတ်နှလုံးထဲ၌ သိရှိခဲ့ကြသော်လည်း သူ့ကို ပြစ်တင်ရှုတ်ချခဲ့ကြဆဲဖြစ်သည်။ အကြောင်းမှာ သူ ဖော်ပြခဲ့သော သမ္မာတရားများ၊ သူ ပြုခဲ့သော နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်သောအမှုများက လူများစွာတို့ကို သူ့နောက်သို့လိုက်စေခဲ့ပြီး သူ့ကို ချီးမွမ်းစေခဲ့သောကြောင့် ဖြစ်သည်။ ဖာရိရှဲတို့သည် သူ့အပေါ် ပို၍ပို၍ မုန်းတီးလာခဲ့ကြပြီး သူ့ကို ရှင်းပစ်ရန်ပင် အလိုရှိခဲ့ကြသည်။ သခင်ယေရှုက ကြွလာမည့် မေရှိယဖြစ်သည်ကို ၎င်းတို့ အသိအမှတ်မပြုခဲ့ကြသကဲ့သို့ သူ၏ နှုတ်ကပတ်တော်များ၌ သမ္မာတရားရှိကြောင်းကိုလည်း အသိအမှတ်မပြုခဲ့ကြပေ။ သူ၏ အမှုတော်သည် သမ္မာတရားနှင့် ကိုက်ညီကြောင်းကို သာ၍ပင် အသိအမှတ်မပြုခဲ့ကြပေ။ ၎င်းတို့သည် သခင်ယေရှုကို ရဲတင်းလွန်းသော စကားများ ပြောဆိုကာ နတ်ဆိုးတို့၏ မင်းဖြစ်သော ဗေလဇေဗုလကို အမှီပြု၍ နတ်ဆိုးများကို နှင်ထုတ်သည်ဟူ၍ တရားစီရင်ခဲ့ကြသည်။ ဤအပြစ်များကို သခင်ယေရှုအပေါ် ၎င်းတို့ ပုံချနိုင်ခဲ့ခြင်းက ၎င်းတို့အနေဖြင့် သူ့အပေါ် မည်မျှ မုန်းတီးကြောင်း ပြသနေသည်။ ထို့ကြောင့် သခင်ယေရှုကို ဘုရားသခင် စေလွှတ်ခဲ့ကြောင်း၊ သူသည် ဘုရားသခင်၏ သားတော်ဖြစ်ကြောင်း၊ သူသည် မေရှိယဖြစ်ကြောင်းကို ပြင်းထန်စွာ ငြင်းပယ်ရန် ၎င်းတို့ လုပ်ဆောင်ခဲ့ကြသည်။ ၎င်းတို့ ဆိုလိုသည့်အရာမှာ၊ “ဘုရားသည် ဤသို့သောနည်းလမ်းဖြင့် အမှုအရာများကို လုပ်ဆောင်မည်လော။ အကယ်၍ ဘုရားက လူ့ဇာတိခံယူခဲ့ပါက သူသည် အလွန်ရှိန်လောက်သော အဆင့်အတန်းရှိသည့် မိသားစုတစ်ခုတွင် မွေးဖွားခဲ့ရပေမည်။ ပြီးလျှင် သူသည် ကျမ်းတတ်များနှင့် ဖာရိရှဲများထံမှ သင်ကြားမှုကို လက်ခံရပေမည်။ သူသည် သမ္မာကျမ်းစာကို စနစ်တကျ လေ့လာရပေမည်၊ ကျမ်းစာဆိုင်ရာ အသိပညာကို သဘောပေါက်နားလည်ရမည်၊ ‘လူ့ဇာတိခံ ဘုရား’ ဟူသောအမည်ကို ခံယူနိုင်ခြင်းမပြုမီ သမ္မာကျမ်းစာပါ အသိပညာအားလုံးနှင့် ပြည့်စုံရပေမည်” ဟူ၍ ဖြစ်သည်။ သို့သော် သခင်ယေရှုသည် ဤအသိပညာနှင့် ပြင်ဆင်ထားခြင်း မရှိခဲ့ပေ။ သို့ဖြစ်၍ ၎င်းတို့က “ပထမဦးစွာ သင်သည် ထိုသို့ အရည်အချင်းမပြည့်မီပါ။ သို့ဖြစ်၍ သင်သည် ဘုရားမဖြစ်နိုင်ပါ၊ ဒုတိယအနေဖြင့် ဤကျမ်းစာဆိုင်ရာ အသိပညာမရှိဘဲ သင်သည် ဘုရားဖြစ်နိုင်ဖို့ မဆိုထားနှင့်၊ ဘုရား၏ အမှုတော်ကို မဆောင်ရွက်နိုင်ပါ။ တတိယအနေဖြင့် သင်သည် ဗိမာန်တော်အပြင်ဘက်၌ အမှုမပြုရပါ။ သင်သည် ယခု ဗိမာန်တော်၌ အမှုမပြုဘဲ အပြစ်သားများအကြား၌ အစဉ် ရှိနေပါသည်။ သို့ဖြစ်၍ သင် လုပ်ဆောင်သော အမှုသည် သမ္မာကျမ်းစာ၏ နယ်ပယ်ထက် ကျော်လွန်နေပါသည်။ ယင်းက သင်ဘုရားဖြစ်ဖို့ သာ၍ပင် မဖြစ်နိုင်အောင် ဖြစ်စေသည်” ဟု ဆိုလျက် သူ့ကို ပြစ်တင်ရှုတ်ချခဲ့ကြသည်။ ၎င်းတို့ရှုတ်ချခြင်း၏ အခြေခံအကြောင်းရင်းသည် မည်သည့်နေရာမှ လာသနည်း။ သမ္မာကျမ်းစာမှ၊ လူသား၏စိတ်မှ၊ ပြီးလျှင် ၎င်းတို့ လက်ခံရရှိထားသည့် ဓမ္မပညာဆိုင်ရာ ပညာရေးမှ ဖြစ်သည်။ ၎င်းတို့သည် အယူအဆများ၊ စိတ်ကူးထင်မြင်မှုများနှင့် အသိပညာများဖြင့် ပြည့်လျှမ်းနေကြသောကြောင့်၊ ဤအသိပညာသည် မှန်ကန်ရမည်၊ သမ္မာတရားဖြစ်ရမည်၊ အခြေခံအကြောင်းရင်း ဖြစ်ရမည်ဖြစ်ပြီး မည်သည့်အချိန်တွင်မျှ ဤအရာများကို ဘုရားသခင် ဆန့်ကျင်မည်မဟုတ်ဟု ယုံကြည်ခဲ့ကြသည်။ သမ္မာတရားကို ၎င်းတို့ ရှာဖွေခဲ့ကြသလော။ မရှာဖွေခဲ့ကြပေ။ အဘယ်အရာကို ၎င်းတို့ ရှာဖွေခဲ့ကြသနည်း။ ဝိညာဉ်ခန္ဓာပုံစံဖြင့် ပေါ်ထွန်းသော သဘာဝလွန် ဘုရားတစ်ဆူကို ရှာဖွေခဲ့ကြခြင်း ဖြစ်သည်။ ထို့ကြောင့် တို့သည် ဘုရားသခင်၏ အမှုတော်အတွက် ကန့်သတ်ချက်ဘောင်များကို သတ်မှတ်ခဲ့ကြသည်။ သူ၏ အမှုတော်ကို ငြင်းပယ်ခဲ့ကြပြီး လူ၏ အယူအဆများ၊ စိတ်ကူးစိတ်သန်းများနှင့် အသိပညာတို့နှင့်အညီ ဘုရားသခင်က မှန်သည်၊ မှားသည်ကို တရားစီရင်ခဲ့ကြသည်။ ပြီးလျှင် ဤအရာ၏ နောက်ဆုံးရလဒ်မှာ အဘယ်နည်း။ ဘုရားသခင်၏ အမှုတော်ကို ၎င်းတို့ ပြစ်တင်ရှုတ်ချခဲ့ကြရုံသာမက လူ့ဇာတိခံ ဘုရားသခင်ကိုလည်း လက်ဝါးကပ်တိုင်၌ သံမှိုစွဲရိုက်နှက်ခဲ့ကြသည်။ ဤသည်မှာ ဘုရားသခင်ကို အကဲဖြတ်ရန် ၎င်းတို့၏ အယူအဆများ၊ စိတ်ကူးစိတ်သန်းများနှင့် အသိပညာတို့ကို အသုံးပြုခြင်းမှ ဖြစ်လာသည့်အရာဖြစ်ပြီး ဤသည်မှာ ၎င်းတို့နှင့်ပတ်သက်၍ ကောက်ကျစ်ဆိုးယုတ်သည့်အရာ ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၇- ၎င်းတို့သည် ဆိုးယုတ်ကာ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်စားတတ်သည် (အပိုင်း ၃)
ဖာရိရှဲများသည် တရားသေအယူဝါဒကို ဟောပြောရာတွင်နှင့် ဆောင်ပုဒ်များကို ဝင့်ကြွားစွာ ကြွေးကြော်ရာတွင် အတော်ဆုံးဖြစ်ကြသည်။ လမ်းထောင့်များတွင် သူတို့ မကြာခဏ ရပ်၍ “အိုး၊ အင်အားကြီးမားတော်မူသော ဘုရားသခင်” သို့မဟုတ် “ကိုးကွယ်ထိုက်တော်မူသော ဘုရားသခင်” ဟူ၍ အော်ဟစ်ပြောဆိုခဲ့ကြသည်။ အခြားလူများအတွက်မူ သူတို့သည် အထူးသဖြင့် ဘာသာတရားကိုင်းရှိုင်းပြီး ဥပဒေနှင့်ဆန့်ကျင်သော မည်သည့်အရာကိုမှ မလုပ်ထားခဲ့ပုံပေါ်သည်၊ သို့သော် ဘုရားသခင်သည် သူတို့ကို အသိအမှတ်ပြုခဲ့ပါသလား။ သူ မချီးမွမ်းခဲ့ပါ။ သူတို့ကို ဘုရားသခင်က မည်သို့ အပြစ်တင်ရှုတ်ချခဲ့သနည်း။ ကြောင်သူတော် ဖာရိရှဲများဟု သူတို့အား ဘွဲ့တစ်ခု ပေးပြီး ရှုတ်ချခဲ့သည်။ လွန်လေပြီးသောအချိန်က ဖာရိရှဲများသည် ဣသရေလတွင် အများလေးစားခံရသော လူတန်းစားတစ်ရပ်ဖြစ်ခဲ့သည်၊ ထို့ကြောင့် ဤနာမည်သည် ယခု အဘယ်ကြောင့် တံဆိပ်သတ်မှတ်ချက်တစ်ခု ဖြစ်လာရသနည်း။ ဤသည်မှာ ဖာရိရှဲတို့သည် လူအမျိုးအစားတစ်ခုကို ကိုယ်စားပြုသူ ဖြစ်လာသောကြောင့် ဖြစ်သည်။ ဤလူအမျိုးအစား၏ စရိုက်လက္ခဏာများမှာ အဘယ်နည်း။ သူတို့သည် အစစ်အမှန် မဟုတ်ခြင်းတွင်၊ တန်ဆာဆင်ရာတွင်၊ ဟန်ဆောင်ရာတွင် ကျွမ်းကျင်ကြသည်၊ သူတို့သည် ကြီးကျယ်မြင့်မြတ်မှု၊ သန့်ရှင်းစင်ကြယ်မှု၊ ဖြောင့်မတ်မှုနှင့် ထင်သာမြင်သာရှိသော သင့်တင့်လျောက်ပတ် ယဉ်ကျေးဖွယ်ရာရှိမှုတို့ကို ဟန်ဆောင်သည်၊ သည့်ပြင် သူတို့ အော်ဟစ်ကြွေးကြော်သော ဆောင်ပုဒ်များသည် ကောင်းသယောင်ရှိသော်လည်း အမှန်တကယ်တွင် သူတို့သည် သမ္မာတရားကို နည်းနည်းမှ လက်တွေ့မလုပ်ဆောင်ကြပေ။ သူတို့တွင် မည်သည့်ကောင်းသော အပြုအမူရှိသနည်း။ သူတို့သည် စာပေကျမ်းဂန်ကို ဖတ်ပြီး တရားဟောကြသည်၊ တရားဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို ကာကွယ်ထိန်းသိမ်းပြီး ဘုရားသခင်ကို မခုခံရန် အခြားလူများကို သူတို့ သင်ကြားပေးကြသည်။ ဤအရာအားလုံးသည် ကောင်းသော အပြုအမူများဖြစ်သည်။ သူတို့ပြောသမျှအရာအားလုံးသည် ကောင်းသယောင်ရှိသည်၊ သို့သော် အခြားသူတို့က ကျောခိုင်းလိုက်ချိန်တွင် သူတို့သည် လှူဖွယ်ပစ္စည်းများကို တိတ်တဆိတ်လျှို့ဝှက်စွာ ခိုးယူကြသည်။ သခင်ယေရှုက သူတို့သည် “ခြင်တစ်ကောင်ကိုမျှ မပါစေခြင်းငှာ ရေကို စစ်လျက်နှင့် ကုလားအုတ်ကိုမျိုကြ၏” (ရှင်မဿဲခရစ်ဝင် ၂၃:၂၄) ဟူ၍ ပြောခဲ့သည်။ ဤသည်မှာ ၎င်းတို့၏ အပြုအမူအားလုံးသည် အပေါ်ယံတွင် ကောင်းသည်ဟု ထင်မြင်ရသည်။ ၎င်းတို့သည် ဆောင်ပုဒ်များကို ဝင့်ကြွားစွာ ကြွေးကြော်ကြသည်။ မြင့်မြတ်သော သဘောတရားများကို ပြောဆိုကြပြီး ၎င်းတို့၏ စကားများသည် နားဝင်ချိုသည်။ သို့သော်လည်း ၎င်းတို့၏ လုပ်ဆောင်ချက်တို့သည် ပရမ်းပတာ အရှုပ်အထွေးတစ်ခုဖြစ်ပြီး ဘုရားသခင်အား လုံးဝ အာခံလေသည်။ ၎င်းတို့၏ အပြင်ပန်း အပြုအမူများသည် အားလုံး အယောင်ဆောင်၊ အားလုံး အလိမ်အညာများသာ ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးတွင် သမ္မာတရားကို သို့မဟုတ် အပြုသဘောဆောင်သော အရာများကို ချစ်မြတ်နိုးခြင်း နည်းနည်းမျှ မရှိပေ။ ၎င်းတို့သည် သမ္မာတရားကို၊ အပြုသဘောဆောင်သောအရာများကို၊ ဘုရားသခင်ဆီမှ လာသော အရာအားလုံးကို အလွန်အမင်းမနှစ်မြို့ပေ။ ၎င်းတို့သည် မည်သည့်အရာကို ချစ်ကြသနည်း။ တရားမျှတမှုနှင့် ဖြောင့်မတ်ခြင်းတို့ကို ချစ်ကြသလော။ (မချစ်ပါ။) ဤအရာများကို သူတို့မချစ်ဟု မည်သို့ပြောနိုင်သနည်း။ (သခင်ယေရှုသည် ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားကို ဖြန့်သော်လည်း ယင်းကို လက်ခံဖို့ သူတို့ ငြင်းပယ်ရုံသာမက ရှုတ်လည်း ရှုတ်ချကြသည်။) အကယ်၍ သူတို့ ထိုအရာကို မရှုတ်ချခဲ့ပါက ပြောဖို့ ဖြစ်နိုင်မည်လား။ မဖြစ်နိုင်ပါ။ သခင်ယေရှု၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်သည် ဖာရိရှဲများအားလုံးကို ထုတ်ဖော်ခဲ့ပြီး၊ သခင်ယေရှုအား သူတို့ အပြစ်တင်ရှုတ်ချခြင်းနှင့် ခုခံခြင်းတို့ကြောင့်သာ အခြားလူများသည် သူတို့၏ ကြောင်သူတော်ဖြစ်ခြင်းကို မြင်နိုင်ခဲ့ကြခြင်းဖြစ်သည်။ သခင်ယေရှု၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်ကြောင့်သာ မဟုတ်လျှင် ဖာရိရှဲများကို မည်သူမျှ ခွဲခြားသိမြင်နားလည်နိုင်မည်မဟုတ်ချေ၊ ဖာရိရှဲများ၏ အပြင်ပန်း အပြုအမူကိုသာ လူတို့က ကြည့်လျှင် အားကျခြင်းပင် ဖြစ်နိုင်သည်။ လူတို့၏ ယုံကြည်မှုကို ရယူရန် အယောင်ဆောင် ကောင်းပြသည့် အပြုအမူကို သုံးခြင်းသည် ဖာရိရှဲတို့၏ မရိုးသားခြင်းနှင့် လိမ်လည်လှည့်ဖြားခြင်း မဟုတ်ပေလော။ ထိုကဲ့သို့ လိမ်လည်လှည့်ဖြားတတ်သော လူတို့သည် သမ္မာတရားကို ချစ်နိုင်ပါမည်လော။ လုံးဝ မချစ်နိုင်ပါ။ အပြုအမူကောင်းကို သူတို့ ပြသခြင်း၏ နောက်ကွယ်မှ ရည်ရွယ်ချက်သည် အဘယ်နည်း။ တစ်အချက်အနေဖြင့် လူတို့ကို ကလိမ်ကျရန်ဖြစ်သည်။ နောက်အချက်အနေဖြင့် လူတို့ကို အထင်အမြင်မှားစေပြီး စည်းရုံးရန်ဖြစ်သည်၊ သို့မှသာ လူတို့က သူတို့ကို အထင်ကြီးပြီး ကြည်ညိုလေးစားလာရန် ဖြစ်သည်။ နောက်ဆုံးအချက်အနေဖြင့် သူတို့သည် ဆုကျေးဇူးများကို လိုချင်ကြသည်။ အလွန်ပင် လိမ်ညာလှည့်စားမှုတစ်ခုပင် ဖြစ်တော့သည်။ ဤအရာများသည် ကျွမ်းကျင်သော လှည့်ကွက်များလော။ ထိုကဲ့သို့သော လူတို့သည် တရားမျှတမှုနှင့် ဖြောင့်မတ်မှုတို့ကို ချစ်ခဲ့သလော။ သူတို့ လုံးဝ မချစ်ခဲ့ပေ။ သူတို့ ချစ်ခဲ့သည့်အရာမှာ အဆင့်အတန်း၊ ထင်ပေါ်ကျော်ကြားမှုနှင့် အကျိုးအမြတ်ဖြစ်ပြီး သူတို့ လိုချင်သည့်အရာမှာ ဆုကျေးဇူးတစ်ခုနှင့် သရဖူတစ်ခုတို့ဖြစ်သည်။ သူတို့သည် ဘုရားသခင်က လူတို့ကို သင်ကြားပေးခဲ့သည့် နှုတ်ကပတ်တော်များကို မည်သည့်အခါကမျှ လက်တွေ့မကျင့်သုံးခဲ့ကြပေ၊ ထို့ပြင် သူတို့သည် သမ္မာတရား စစ်မှန်မှုအတိုင်း နည်းနည်းလေးမှပင် အသက်ရှင်နေထိုင်ခြင်းမရှိခဲ့ပေ။ သူတို့သည် သူတို့၏ ကိုယ်ပိုင် အဆင့်အတန်းနှင့် ဂုဏ်သတင်းတို့ကို လုံခြုံခိုင်မြဲအောင်လုပ်ရန်၊ အပြုအမူကောင်းဖြင့် သူတို့ကိုယ်သူတို့ ရုပ်ဖျက်ဖုံးကွယ်ကာ ကလိမ်ကျပြီး လူတို့ကို သူတို့၏ ကြောင်သူတော်နည်းလမ်းများနှင့် အနိုင်ယူဖို့အတွက်သာ လုပ်ဆောင်ကြသည်။ ထို့နောက်တွင် သူတို့သည် အရင်းအနှီးကို မျှားခေါ်ရန်နှင့် ငွေရှာရန်အတွက် ယင်းကို အသုံးပြုကြသည်။ ထိုအရာသည် စက်ဆုပ်ရွံရှာဖွယ် မကောင်းသလော။ သူတို့၏ ဤအပြုအမူအားလုံးမှ သူတို့သည် မည်သည့်အခါကမျှ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခဲ့သောကြောင့် သူတို့၏ ပင်ကိုယ်အသိစိတ်အတွင်းတွင် သမ္မာတရားကို သူတို့ မချစ်ခဲ့ကြသည်ကို သင်မြင်နိုင်သည်။ သူတို့ မည်သည့်အခါကမျှ သမ္မာတရားကို လက်တွေ့မကျင့်သုံးခဲ့သည်ကို ပြသည့် တစ်စုံတစ်ရာသည် အဘယ်နည်း။ အားလုံးထဲကမှ အကြီးကျယ်အမြင့်မြတ်ဆုံးအရာမှာ သခင်ယေရှုသည် ရွေးနုတ်ခြင်းအမှုတော်ကို လုပ်ဆောင်ရန် ကြွလာခဲ့ပြီး၊ သခင်ယေရှု ပြောခဲ့သည့် နှုတ်ကပတ်တော်များအားလုံးသည် သမ္မာတရားဖြစ်ကာဩဇာအာဏာရှိခြင်းဖြစ်သည်။ ဖာရိရှဲများသည် ဤသည်ကို မည်သို့ တုံ့ပြန်ခဲ့ကြသနည်း။ သခင်ယေရှု၏ နှုတ်ကပတ်တော်များသည် ဩဇာအာဏာနှင့် တန်ခိုးရှိကြောင်းကို သူတို့ အသိအမှတ်ပြုခဲ့ကြသော်လည်း ထိုနှုတ်ကပတ်တော်များကို သူတို့ လက်မခံခဲ့ကြရုံသာမက အပြစ်တင်ရှုတ်ချကာ ပုတ်ခတ်စော်ကားခဲ့ကြသည်။ ဤသည်မှာ အဘယ်သို့ဖြစ်သနည်း။ အကြောင်းမှာ သူတို့သည် သမ္မာတရားကို မချစ်ခဲ့ကြသောကြောင့် ဖြစ်သည်၊ သူတို့၏စိတ်နှလုံးတွင် သူတို့သည် သမ္မာတရားကို အလွန်အမင်းမနှစ်မြို့ပြီး မုန်းနေခဲ့ကြသည်။ သခင်ယေရှုသည် သူပြောခဲ့သမျှအရာအားလုံးတွင် မှန်ကန်ကြောင်း၊ သူ၏နှုတ်ကပတ်တော်များတွင် ဩဇာအာဏာနှင့် တန်ခိုးရှိကြောင်း၊ မည်သည့်နည်းနှင့်မှ သူမမှားခဲ့ကြောင်းနှင့် သူတို့သည် သခင်ယေရှုကို ကျော်လွန်၍ ဩဇာလွှမ်းမိုးနိုင်စွမ်း မရှိခဲ့ကြောင်းတို့ကို သူတို့ အသိအမှတ်ပြုခဲ့ကြသည်။ သို့သော် သူတို့သည် သခင်ယေရှုကို အပြစ်တင်ရှုတ်ချလိုခဲ့ကြသည်၊ ထို့ကြောင့် သူတို့သည် ဆွေးနွေးပြီး မကောင်းကြံခဲ့ကြသည်၊ “သူ့ကို လက်ဝါးကပ်တိုင်မှာ ကွပ်မျက်လော့။ သူ ကွပ်မျက်မခံရလျှင် ငါတို့ကို ကွပ်မျက်လော့” ဟု ပြောခဲ့ကြသည်၊ ဤသည်က ဖာရိရှဲများ သခင်ယေရှုကို အံတုခဲ့ပုံဖြစ်သည်။ ထိုအချိန်တုန်းက မည်သူမျှ သမ္မာတရားကို နားမလည်ခဲ့ကြပါ၊ ထို့အပြင် သခင်ယေရှုကို လူ့ဇာတိခံယူထားသော ဘုရားသခင်အဖြစ် မည်သူမျှ မမှတ်မိနိုင်ခဲ့ကြပါ။ သို့သော် လူသားတစ်ယောက်၏ အမြင်အရ သခင်ယေရှုသည် သမ္မာတရားများစွာကို ဖော်ပြခဲ့ပြီး နတ်ဆိုးများကို မောင်းထုတ်ပေးခဲ့ကာ ဖျားနာသူများကို ကုသပေးခဲ့သည်။ သူသည် အံ့ဩဖွယ်ရာများစွာကို လုပ်ဆောင်ပေးခဲ့သည်၊ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ဖြင့် လူပေါင်း ၅၀၀၀ ကို ကျွေးမွေးခဲ့သည်၊ မရေမတွက်နိုင်သော ကောင်းမှုများစွာကို ပြုခဲ့ပြီး လူတို့အပေါ် ကျေးဇူးတော်များစွာကို ပေးသနားတော်မူခဲ့သည်။ ဤကဲ့သို့ ကောင်းပြီး ဖြောင့်မတ်သော လူများမှာ အလွန်တရာ နည်းပါးလှသောကြောင့် ဖာရိရှဲများသည် သခင်ယေရှုကို အဘယ်ကြောင့် ပြစ်တင်ရှုတ်ချချင်ခဲ့ကြသနည်း။ သူ့ကို လက်ဝါးကပ်တိုင်မှာ ကွပ်မျက်ရန် အဘယ်ကြောင့် သူတို့ အလွန် စိတ်အားထက်သန်ခဲ့ကြသနည်း။ သခင်ယေရှုထက် ရာဇဝတ်သားတစ်ဦးကို လွှတ်ပေးရန် သူတို့ ပိုဆန္ဒရှိသည် ဆိုသည်မှာ ဘာသာရေးလောကရှိ ဖာရိရှဲများသည် မည်မျှ ဆိုးသွမ်းပြီး မလိုမုန်းထားကြောင်းကို ပြသည်။ သူတို့သည် အလွန် ဆိုးညစ်ယုတ်မာခဲ့ကြပေသည်။ ဖာရိရှဲများ၌ ပေါ်လွင်သော ဆိုးညစ်ယုတ်မာသော မျက်နှာထားများနှင့် သူတို့၏ ဟန်ဆောင်ထားသော အပြင်ပန်း စေတနာတို့အကြားက ကွာခြားချက်သည် အလွန်ကြီးမားသောကြောင့် လူအများသည် မည်သည်က မှန်၍ မည်သည်က မှားသည်ကို ခွဲခြားသိမြင်နားမလည်နိုင်ခဲ့ကြပါ၊ သို့သော် သခင်ယေရှု၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်သည် ဖာရိရှဲများအားလုံးကို ထုတ်ဖော်ခဲ့သည်။ ဖာရိရှဲများသည် များသောအားဖြင့် သူတို့ကိုယ်သူတို့ ကောင်းစွာ ရုပ်ဖျက်ဖုံးကွယ်နေနိုင်ခဲ့ကြပြီး အပြင်ပန်းတွင် ဘာသာတရား အလွန် ကိုင်းရှိုင်းပုံပေါ်ခဲ့သောကြောင့် သခင်ယေရှုကို သူတို့ ရက်ရက်စက်စက် ခုခံ၍ ညှဉ်းပန်းနှိပ်စက်ခဲ့ကြမည်ဟု မည်သူမျှ မထင်ခဲ့ကြပေ။ အကယ်၍ အဖြစ်မှန်များကိုသာ မထုတ်ဖော်နိုင်ခဲ့ပါက မည်သူမျှ သူတို့၏ စစ်မှန်သော သဘောသဘာဝကို ရှာတွေ့နိုင်မည်မဟုတ်ပါ။ လူ့ဇာတိခံယူသော ဘုရားသခင်၏ သမ္မာတရား ဖော်ပြချက်သည် လူသားတို့အကြောင်းကို အလွန် ထုတ်ဖော်ပြသသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး
သမ္မာကျမ်းစာတွင်၊ ယေရှုကိုယ်တိုင်နှင့် သူ လုပ်ဆောင်ခဲ့သည့် အရာများနှင့်ဆိုင်သည့် ဖာရိရှဲတို့၏ သုံးသပ်ချက်မှာ “...သူသည် အရူးဖြစ်၏ဟုဆို၍...သူသည် ဗေလဇေဗုလ စွဲသောသူဖြစ်၏။ နတ်ဆိုးမင်းကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု ဆိုကြ၏။” (ရှင်မာကုခရစ်ဝင် ၃:၂၁-၂၂) ဟူ၍ ဖြစ်သည်။ သခင်ယေရှုကို ကျမ်းပြုဆရာတို့နှင့် ဖာရိရှဲတို့၏ ဝေဖန်မှုက အခြားလူတို့၏ စကားများကို အတုခိုးနေခြင်းမျှသာ မဟုတ်သကဲ့သို့၊ အခြေအမြစ် မရှိသော ထင်မြင်ချက် မဟုတ်ခဲ့ပေ။ ယင်းသည် သူ၏လုပ်ဆောင်ချက်များနှင့် သက်ဆိုင်၍ ၎င်းတို့ မြင်ခဲ့ရပြီး ကြားခဲ့ရသည့်အရာမှလာသော သခင်ယေရှုနှင့်ပတ်သက်သည့် ၎င်းတို့ ကောက်ချက်ချခြင်း ဖြစ်သည်။ ၎င်းတို့၏ ကောက်ချက်သည် အပြင်ပန်းအားဖြင့် တရားမျှတမှုအရ ချမှတ်ထားပြီး လူတို့အဖို့ အခြေအမြစ် ရှိသည့်အလား ထင်ရသော်လည်း၊ သခင်ယေရှုကို ၎င်းတို့ အကဲဖြတ်ဝေဖန်သော မာနထောင်လွှားမှုသည် သူတို့အတွက်ပင် ချုပ်တည်းရန် ခက်ခဲခဲ့ပေသည်။ သခင်ယေရှုအတွက် ၎င်းတို့၏ ထိန်းမနိုင်သိမ်းမရသော အမုန်းစွမ်းအားသည် ၎င်းတို့၏ ကိုယ်ပိုင် ရိုင်းစိုင်းသောရည်မှန်းချက်များနှင့် ၎င်းတို့၏ ဆိုးယုတ်သော စာတန်သဘောပါဝင်သော မျက်နှာရိပ် မျက်နှာကဲများအပြင် ဘုရားသခင်ကို ဆန့်ကျင်သည့် ၎င်းတို့၏ မလိုမုန်းထားသော သဘာဝကို မြင်သာအောင်ပြလေသည်။ သခင်ယေရှုအပေါ် ၎င်းတို့၏ အကဲဖြတ်ဝေဖန်ခြင်းတွင် ၎င်းတို့ပြောသည့် ဤအရာများသည် ၎င်းတို့၏ ရိုင်းစိုင်းသော ရည်မှန်းချက်များ၊ မနာလိုမှုနှင့် ဘုရားသခင်နှင့် သမ္မာတရား အပေါ် ၎င်းတို့၏ ရန်လိုမှုနှင့်ဆိုင်သည့် အကျည်းတန်ပြီး မလိုမုန်းထားသော သဘာဝဖြင့် လှုံ့ဆော်ခံရခြင်း ဖြစ်ပေသည်။ သခင်ယေရှု၏ လုပ်ဆောင်ချက်များ၏ အရင်းအမြစ်ကို ၎င်းတို့ မစုံစမ်းမစစ်ဆေးခဲ့သကဲ့သို့၊ သူပြောဆိုပြီး လုပ်ဆောင်ခဲ့သည့် အရာ၏ အနှစ်သာရကိုလည်း ၎င်းတို့ မစုံစမ်းမစစ်ဆေးခဲ့ကြချေ။ ယင်းထက် ၎င်းတို့သည် သူလုပ်ဆောင်ခဲ့သောအရာတို့ကို ထိန်းမနိုင်ချုပ်မရသော စိတ်လှုပ်ရှားသည့် အခြေအနေတစ်ခုတွင် ၎င်းတို့သည် ကျိုးကြောင်းမမြင်စွာနှင့် တမင်အငြိုးဖြင့် သူ လုပ်ဆောင်ခဲ့ပြီးသည့်အရာကို တိုက်ခိုက်ခဲ့ကြကာ သိက္ခာ ချခဲ့ကြသည်။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော် တစ်ဖြစ်လဲ ဘုရားသခင်၏ ဝိညာဉ်တော်ဖြစ်သည့် သူ၏ ဝိညာဉ်ကို စိတ်လိုလက်ရ သိက္ခာချသည်အထိ လုပ်ဆောင် ခဲ့ကြသည်။ ဤသည်မှာ ၎င်းတို့က၊ “သူသည် အရူးဖြစ်၏”၊ “ဗေလဇေဗုလ” နှင့် “နတ်ဆိုးမင်း” ဟု ပြောခဲ့ကြချိန်တွင် ၎င်းတို့ ဆိုလိုသည့်အရာ ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဗေလဇေဗုလဖြစ်ပြီး နတ်ဆိုးမင်းဖြစ်သည်ဟု ၎င်းတို့ ပြောခဲ့ကြခြင်း ဖြစ်သည်။ မိမိကိုယ်ကို လူ့ဇာတိဖြင့် ယူတင်ဝတ်ဆင်ခဲ့သူဖြစ်သည့် ဘုရားသခင်၏ လူ့ဇာတိခံ ဝိညာဉ်တော်၏ အမှုကို ရူးသွပ်ခြင်းဟု ၎င်းတို့က ဖော်ပြကြလေသည်။ ၎င်းတို့သည် ဘုရားသခင်၏ ဝိညာဉ်တော်ကို ဗေလဇေဗုလနှင့် နတ်ဆိုးမင်းအဖြစ် ပြစ်မှားစော်ကားခဲ့ရုံသာမက၊ ဘုရားသခင်၏ အမှုတော်ကိုလည်း ရှုတ်ချခဲ့ကြပြီး သခင်ယေရှုခရစ်တော်ကိုလည်း ရှုတ်ချကာ ပြစ်မှားစော်ကားခဲ့ကြသည်။ ဘုရားသခင်အပေါ် ၎င်းတို့၏ ဆန့်ကျင်ခြင်းနှင့် ပြစ်မှားစော်ကားခြင်း၏ အနှစ်သာရမှာ စာတန်နှင့် နတ်ဆိုးများ၏ ဘုရားသခင်ပေါ် ဆန့်ကျင်ခြင်းနှင့် ပြစ်မှားစော်ကားခြင်းတို့၏ အနှစ်သာရနှင့် လုံးဝ တူညီလေသည်။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော လူသားများကို ကိုယ်စားပြုရုံသာမက စာတန်၏ ပြယုဂ်ပင် သာ၍ ဖြစ်ကြသည်။ သူတို့သည် လူသားမျိုးနွယ်အလယ် စာတန်အတွက် လမ်းကြောင်း တစ်ခုဖြစ်သကဲ့သို့၊ စာတန်၏ ကြံရာပါများနှင့် လက်ပါးစေများ ဖြစ်ကြသည်။ သခင်ယေရှုခရစ်တော်အပေါ် ၎င်းတို့၏ ပြစ်မှားစော်ကားခြင်းနှင့် ဂုဏ်သရေဖျက်ခြင်းတို့၏ အနှစ်သာရသည် အဆင့်အတန်းအတွက် ၎င်းတို့၏ ရုန်းကန်မှု၊ ဘုရားသခင်နှင့် ပြိုင်ဆိုင်မှုနှင့် ဘုရားသခင်ကို ၎င်းတို့၏ အဆက်မပြတ် စမ်းသပ်ခြင်းတို့ ဖြစ်ကြသည်။ ဘုရားသခင်အပေါ် ၎င်းတို့ဆန့်ကျင်ခြင်း၏ အနှစ်သာရနှင့် သူ့အပေါ် ရန်လိုမှုနှင့် သက်ဆိုင်သည့် ၎င်းတို့၏ သဘောထားအပြင်၊ ၎င်းတို့၏ စကားလုံးများနှင့် သူတို့၏ အတွေးများသည် ဘုရားသခင်၏ ဝိညာဉ်တော်ကို တိုက်ရိုက် ပြစ်မှားစော်ကားပြီး အမျက်ထွက်စေသည်။ ထို့ကြောင့် ဘုရားသခင်သည် သူတို့ ပြောခဲ့ပြီး လုပ်ဆောင်ခဲ့သည့်အရာအပေါ် အခြေခံ၍ ယုတ္တိတန်သော တရားစီရင်မှုကို သတ်မှတ်ခဲ့ပြီး၊ ၎င်းတို့၏ လုပ်ဆောင်ချက်တို့ကို သန့်ရှင်းသောဝိညာဉ်တော်ကို ဆန့်ကျင် ပြစ်မှားစော်ကားခြင်း အပြစ်အဖြစ် သတ်မှတ်ခဲ့သည်။ ဤအပြစ်သည် ဤဘဝနှင့် နောင်ဘဝ နှစ်ခုလုံး၌ ခွင့်လွှတ်၍ မရနိုင်ပေ၊ အောက်ပါကျမ်းပိုဒ်၌ သက်သေပြထားသကဲ့သို့ပင် ဖြစ်သည်၊ “ဝိညာဉ်တော်ကို ကဲ့ရဲ့သောအပြစ်နှင့်လွတ်စေခြင်းအခွင့်ကို လူတို့သည် မရနိုင်ကြ” နှင့် “သန့်ရှင်းသောဝိညာဉ်တော်ကို နှုတ်ဖြင့် ပြစ်မှားသောသူ၏အပြစ်ကို ယခုဘဝနောင်ဘဝ၌ မလွှတ်နိုင်။”
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)
ယုဒ ဖာရိရှဲတို့သည် ယေရှုကို ပြစ်တင်ရှုတ်ချရန် မောရှေ၏ပညတ်ကို အသုံးပြုခဲ့ကြ၏။ ၎င်းတို့သည် ထိုကာလကယေရှုနှင့် သဟဇာတဖြစ်ရန် ကြိုးပမ်းခြင်း မပြုခဲ့ကြသော်လည်း အပြစ်မဲ့သောယေရှုကို ဓမ္မဟောင်းကျမ်း၏ ပညတ်တော်ကို မလိုက်နာခြင်း၊ မေရှိယ မဟုတ်ခြင်းတို့ဖြင့် တရားစွဲဆိုပြီးနောက်၊ အဆုံးတွင် ကားစင်တင်သည်အထိ ပညတ်တော်၏ အချက်တစ်ခုချင်းစီးကို ထိုမျှ လေးနက်မှုဖြင့် သဘောထားခဲ့၏။ ၎င်းတို့၏ပင်ကိုသဘာဝကား အဘယ်နည်း။ ယင်းမှာ ၎င်းတို့သည် သမ္မာတရားနှင့် သဟဇာတဖြစ်သည့်လမ်းကို မရှာဖွေခဲ့ခြင်း မဟုတ်သလော။ ၎င်းတို့သည် သမ္မာကျမ်းစာ၏စကားလုံး တစ်လုံးချင်းစီအပေါ် စွဲလမ်းခဲ့ကြသော်လည်း ငါ၏ရည်ရွယ်ချက်များသော်လည်းကောင်း ငါ့အမှု၏အဆင့်များနှင့် နည်းလမ်းများကိုသော်လည်းကောင်း လုံးဝဂရုပြုခြင်း မရှိပေ။ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေခဲ့ကြသူများ မဟုတ်ဘဲ စကားလုံးများကို တင်းတင်းကျပ်ကျပ် ဖက်တွယ်ခဲ့ကြသူများဖြစ်ခဲ့၏။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခဲ့ကြသူများ မဟုတ်ဘဲ သမ္မာကျမ်းစာကို ယုံကြည်ခဲ့ကြသူများ ဖြစ်၏။ အဓိကအားဖြင့် ၎င်းတို့သည် ကျမ်းစာကို စောင့်ကြပ်သူများ ဖြစ်ခဲ့ကြ၏။ သမ္မာကျမ်းစာ၏အကျိုးစီးပွားတို့ကို ကာကွယ်ရန်၊ သမ္မာကျမ်းစာ၏ဂုဏ်ကို ထိန်းသိမ်းထားရန်နှင့် သမ္မာကျမ်းစာ၏ ဂုဏ်သတင်းကို ကာကွယ်ရန်၊ ၎င်းတို့သည် ကရုဏာရှင်ယေရှုကို ကားစင်တင်သည်အထိ ပြုခဲ့ကြ၏။ ၎င်းတို့သည် သမ္မာကျမ်းစာကို ကာကွယ်ရုံအတွက်နှင့် လူတို့၏နှလုံးသားတွင် သမ္မာကျမ်းစာ၏ စကားလုံးတိုင်း၏ အနေအထားကို ထိန်းသိမ်းထားရန်အတွက်သာ ဤသို့ပြုခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် သမ္မာကျမ်းစာ၏ အယူဝါဒနှင့် ကိုက်ညီခြင်းမရှိခဲ့သော ယေရှုအား သေဒဏ်ချမှတ်ရေးအတွက် ၎င်းတို့၏အနာဂတ်နှင့် အပြစ် ဖြေရာယဇ်တို့ကို စွန့်ပယ်ရန် ပိုမိုလိုလားခဲ့ကြ၏။ ထိုသူတို့သည် သမ္မာကျမ်းစာ၏ စကားလုံးတိုင်း၏ လက်ပါးစေများ ဖြစ်ခဲ့သည် မဟုတ်လော။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရာလမ်းကို ရှာဖွေသင့်သည်
ဆက်စပ်မှုရှိသော ဇာတ်ကားကောက်နုတ်ချက်များ
သူတော်ကြောင်ဖာရိရှဲတို့သည် အဘယ်ကြောင့် အမင်္ဂလာ ရှိကြသနည်း
ဖာရိရှဲတို့ ဘုရားသခင်အပေါ်ဆန်ကျင်ခြင်း၏ အခြေအမြစ်မှာ အဘယ်နည်း
ဘာသာရေးဖာရိရှဲတို့၏ အနှစ်သာရကို မည်သို့ ချင့်ချိန်ရမည့် နည်းလမ်း
ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ
ဖာရိရှဲတို့ ယေရှုကို ဆန့်ကျင်ရခြင်းအကြောင်းရင်း
ဘုရားကိုရှုတ်ချရန် သမ္မာကျမ်းစာကို အသုံးပြုသူတိုင်း ဖာရိရှဲများဖြစ်ကြ၏