ဂ။ ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများသည် ဖာရိရှဲများ၏လမ်းကြောင်းကို လျှောက်နေကြသည်ဟု ပြောရသည့်အကြောင်းအရင်းနှင့် သူတို့၏ အနှစ်သာရ
နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ
ဖျက်ဆီးခြင်းကို ကြုံတွေ့ရပြီး စာတန်၏ ထောင်ချောက်တွင် အသက်ရှင်နေသောလူတို့ အားလုံးသည် ဇာတိပကတိ၌ အသက်ရှင်နေကြ၏၊ အတ္တဆန်သော လိုအင်ဆန္ဒများဖြင့် အသက်ရှင်နေကြကာ ၎င်းတို့ထဲတွင် ငါနှင့်သဟဇာတဖြစ်သူ တစ်ဦးတစ်ယောက်မျှမရှိပေ။ ငါနှင့် သဟဇာတဖြစ်သည်ဟု ဆိုသူများရှိကြသော်လည်း ထိုကဲ့သို့သောသူတို့သည် ဝိုးတဝါးဖြစ်သောရုပ်တုဆင်းတုများကို ကိုးကွယ်ကြ၏။ ၎င်းတို့သည် ငါ၏နာမအား သန့်ရှင်းသည်ဟု အသိအမှတ်ပြုကြသော်လည်း ငါနှင့်ဆန့်ကျင်သောလမ်းတွင် လျှောက်လှမ်းကြသည့်အပြင် ၎င်းတို့၏စကားများသည် မောက်မာမှု၊ မိမိကိုယ်ကိုယုံကြည်မှုများနှင့် ပြည့်နှက်လျက်ရှိ၏။ ဤသည်မှာ ၎င်းတို့အားလုံးသည် ပင်ကိုအားဖြင့် ငါ့ကိုဆန့်ကျင်ကြလျက် ငါနှင့်သဟဇာတမဖြစ်ကြသောကြောင့် ဖြစ်၏။ ၎င်းတို့သည် သမ္မာကျမ်းစာထဲတွင် ငါ၏တစ်စွန်းတစ်စလက္ခဏာများကို နေ့စဉ်ရှာဖွေကာ၊ အလျဉ်းသင့်ရာ “သင့်တော်သည့်” ကျမ်းပိုဒ်များကို တွေ့ရှိကြလျက် အတောမသတ်ဖတ်ကြကာ သမ္မာကျမ်းပိုဒ်များအဖြစ် ရွတ်ဆိုကြ၏။ ထိုသူတို့သည် ငါနှင့်သဟဇာတဖြစ်ရန်နည်းလမ်းကို မသိကြပေ။ ငါ့ကို ဆန့်ကျင်ခြင်း၏ အနက်အဓိပ္ပာယ်ကိုလည်း မသိကြပေ။ ထို့အပြင် သမ္မာကျမ်းပိုဒ်များကို အကျိုးအကြောင်းမမြင်ဘဲသာ ဖတ်ကြ၏။ ကျမ်းစာထဲတွင် ၎င်းတို့ မမြင်ဖူးသော၊ ၎င်းတို့ မမြင်နိုင်သော မရေရာသည့် ဘုရားတစ်ပါးကို ၎င်းတို့သည် ဘောင်ခတ်ထား၍ ၎င်းတို့အားလပ်သည့်အချိန်၌ ထုတ်ကြည့်ကြ၏။ ၎င်းတို့သည် သမ္မာကျမ်းစာ၏ အကန့်အသတ်ဘောင်အတွင်း၌သာ ငါ၏တည်ရှိမှုကို ယုံကြည်ကြပြီး ငါ့ကို သမ္မာကျမ်းစာနှင့် တန်းတူထား၏၊ သမ္မာကျမ်းစာမရှိဘဲ ငါသည်မရှိ၊ ငါမရှိဘဲ သမ္မာကျမ်းစာမရှိ။ ၎င်းတို့သည် ငါ၏တည်ရှိခြင်း သို့မဟုတ် ငါ၏လုပ်ဆောင်ချက်များကို လုံးဝဂရုမစိုက်ကြဘဲ၊ ၎င်းအစား သမ္မာကျမ်းစာ၏စကားလုံးတိုင်းကို အလွန်အကျွံ အထူးဂရုပြုကြ၏။ ထို့အပြင် သမ္မာကျမ်းစာမှ ကြိုတင်ဟောကြားခြင်း မရှိပါက ငါလုပ်ဆောင်လိုသည့် မည်သည့်အရာကိုမျှ မလုပ်သင့်ဟု သာ၍များပြားသောသူတို့က ယုံကြည်ကြသည်။ ၎င်းတို့သည် သမ္မာကျမ်းစာကို အလွန်အကျွံ အရေးပေးကြ၏။ ၎င်းတို့သည် ငါပြောသည့် နှုတ်ကပတ်တော်တိုင်းကို အကဲဖြတ်ရန်နှင့် ငါ့ကို ပြစ်တင်ရှုတ်ချရန် သမ္မာကျမ်းစာမှ ကျမ်းပိုဒ်များကို အသုံးပြုသည်အထိ ကျမ်းစာထဲရှိ တိုက်ရိုက်စကားလုံးများကို အရေးကြီးလွန်းသည်ဟု မြင်ကြသည်ဟု ဆိုနိုင်၏။ ၎င်းတို့ရှာဖွေသည်မှာ ငါနှင့်သဟဇာတဖြစ်ရန် လမ်းမဟုတ်၊ သမ္မာတရားနှင့် သဟဇာတဖြစ်ရန် လမ်းလည်း မဟုတ်ဘဲ သမ္မာကျမ်းစာရှိစကားလုံးများနှင့် သဟဇာတဖြစ်ရန် လမ်းသာဖြစ်၍၊ သမ္မာကျမ်းစာနှင့် ကိုက်ညီခြင်းမရှိသည့် မည်သည့်အရာမဆိုသည် ခြွင်းချက်မရှိ ငါ၏အမှုမဟုတ်ဟု ၎င်းတို့ ယုံကြည်သည်။ ထိုကဲ့သို့သောလူတို့သည် ဖာရိရှဲများ၏ တာဝန်ကျေသော သားစဉ်မြေးဆက်များ မဟုတ်ပေဘူးလော။ ယုဒ ဖာရိရှဲတို့သည် ယေရှုကို ပြစ်တင်ရှုတ်ချရန် မောရှေ၏ပညတ်ကို အသုံးပြုခဲ့ကြ၏။ ၎င်းတို့သည် ထိုကာလကယေရှုနှင့် သဟဇာတဖြစ်ရန် ကြိုးပမ်းခြင်း မပြုခဲ့ကြသော်လည်း အပြစ်မဲ့သောယေရှုကို ဓမ္မဟောင်းကျမ်း၏ ပညတ်တော်ကို မလိုက်နာခြင်း၊ မေရှိယ မဟုတ်ခြင်းတို့ဖြင့် တရားစွဲဆိုပြီးနောက်၊ အဆုံးတွင် ကားစင်တင်သည်အထိ ပညတ်တော်၏ အချက်တစ်ခုချင်းစီးကို ထိုမျှ လေးနက်မှုဖြင့် သဘောထားခဲ့၏။ ၎င်းတို့၏ပင်ကိုသဘာဝကား အဘယ်နည်း။ ယင်းမှာ ၎င်းတို့သည် သမ္မာတရားနှင့် သဟဇာတဖြစ်သည့်လမ်းကို မရှာဖွေခဲ့ခြင်း မဟုတ်သလော။ ၎င်းတို့သည် သမ္မာကျမ်းစာ၏စကားလုံး တစ်လုံးချင်းစီအပေါ် စွဲလမ်းခဲ့ကြသော်လည်း ငါ၏ရည်ရွယ်ချက်များသော်လည်းကောင်း ငါ့အမှု၏အဆင့်များနှင့် နည်းလမ်းများကိုသော်လည်းကောင်း လုံးဝဂရုပြုခြင်း မရှိပေ။ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေခဲ့ကြသူများ မဟုတ်ဘဲ စကားလုံးများကို တင်းတင်းကျပ်ကျပ် ဖက်တွယ်ခဲ့ကြသူများဖြစ်ခဲ့၏။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခဲ့ကြသူများ မဟုတ်ဘဲ သမ္မာကျမ်းစာကို ယုံကြည်ခဲ့ကြသူများ ဖြစ်၏။ အဓိကအားဖြင့် ၎င်းတို့သည် ကျမ်းစာကို စောင့်ကြပ်သူများ ဖြစ်ခဲ့ကြ၏။ သမ္မာကျမ်းစာ၏အကျိုးစီးပွားတို့ကို ကာကွယ်ရန်၊ သမ္မာကျမ်းစာ၏ဂုဏ်ကို ထိန်းသိမ်းထားရန်နှင့် သမ္မာကျမ်းစာ၏ ဂုဏ်သတင်းကို ကာကွယ်ရန်၊ ၎င်းတို့သည် ကရုဏာရှင်ယေရှုကို ကားစင်တင်သည်အထိ ပြုခဲ့ကြ၏။ ၎င်းတို့သည် သမ္မာကျမ်းစာကို ကာကွယ်ရုံအတွက်နှင့် လူတို့၏နှလုံးသားတွင် သမ္မာကျမ်းစာ၏ စကားလုံးတိုင်း၏ အနေအထားကို ထိန်းသိမ်းထားရန်အတွက်သာ ဤသို့ပြုခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် သမ္မာကျမ်းစာ၏ အယူဝါဒနှင့် ကိုက်ညီခြင်းမရှိခဲ့သော ယေရှုအား သေဒဏ်ချမှတ်ရေးအတွက် ၎င်းတို့၏အနာဂတ်နှင့် အပြစ် ဖြေရာယဇ်တို့ကို စွန့်ပယ်ရန် ပိုမိုလိုလားခဲ့ကြ၏။ ထိုသူတို့သည် သမ္မာကျမ်းစာ၏ စကားလုံးတိုင်း၏ လက်ပါးစေများ ဖြစ်ခဲ့သည် မဟုတ်လော။
ယနေ့လူတို့ရော မည်သို့ရှိသနည်း။ ခရစ်တော်သည် သမ္မာတရားကို ထုတ်ပြန်ရန် ကြွလာခဲ့သော်လည်း ၎င်းတို့သည် ကောင်းကင်ဘုံသို့ ဝင်ရောက်နိုင်ရန်နှင့် ကျေးဇူးတော် လက်ခံရရှိရန်အတွက် သူ့အား ဤလောကမှ နှင်ထုတ်ရန်ကို သာ၍လိုလားခဲ့ကြ၏။ သမ္မာကျမ်းစာ၏ အကျိုးစီးပွားတို့ကို ကာကွယ်ရန် ၎င်းတို့သည် သမ္မာတရားကြွလာခြင်းကို လုံးဝငြင်းဆိုရန်ကို သာ၍လိုလားခဲ့ကြကာ၊ သမ္မာကျမ်းစာ ထာဝရတည်ရှိအောင် ပြုလုပ်ရန်အတွက် လူ့ဇာတိခံ၍ တစ်ဖန်ပြန်ကြွလာသော ခရစ်တော်ကို တစ်ဖန်ကားစင်တင်ရန်ကို သာ၍လိုလားခဲ့ကြ၏။ လူသား၏နှလုံးသားတွင် မလိုမုန်းထားမှုများ များလွန်းပြီး၊ သူ၏သဘာဝသည် ငါ့ကိုဆန့်ကျင်လွန်းသောအခါ၊ သူသည် ငါ၏ကယ်တင်ခြင်းကို မည်သို့လက်ခံရရှိနိုင်မည်နည်း။ ငါသည် လူတို့ထဲတွင်နေသော်လည်း လူသည် ငါရှိကြောင်းကို မသိပေ။ ငါသည် ငါ၏အလင်းကို လူသားအပေါ် ထွန်းလင်းသည့်အခါ သူသည် ငါရှိကြောင်းကို မသိဘဲရှိနေသေး၏။ ငါ၏အမျက်ဒေါသကို လူသားအပေါ် လွှတ်လိုက်သည့်အခါ သူသည် ငါရှိနေကြောင်းကို ပို၍ကြီးမားသောအားမာန်ဖြင့် ငြင်းဆို၏။ လူသားသည် စကားလုံးများ၊ သမ္မာကျမ်းစာများတို့နှင့် သဟဇာတဖြစ်ရေးကို ရှာ၏။ သို့ရာတွင် သမ္မာတရားနှင့် သဟဇာတဖြစ်ရေးအတွက် လမ်းကိုရှာဖွေရန် ငါ့ရှေ့မှောက်လာရောက်သူ တစ်ဦးတစ်ယောက်မျှ မရှိပေ။ လူသားသည် ကောင်းကင်၌ရှိသော ငါ့ကို မျှော်ကြည့်၍ ကောင်းကင်၌ ငါရှိနေခြင်းကို အထူးအလေးထားသော်လည်း၊ လူ့ဇာတိခန္ဓာ၌ရှိနေသော ငါ့အကြောင်းကို မည်သူကမျှ အရေးမပေးပေ။ အဘယ်ကြောင့်ဆိုသော် လူသားအကြားတွင်နေလျက်ရှိသော ငါသည် အရေးမပါလွန်းသောကြောင့်သာ ဖြစ်သည်။ သမ္မာကျမ်းစာ၏ စကားလုံးများနှင့် သဟဇာတဖြစ်ရန်သာ ကြိုးစားသူများနှင့် မရေရာသော ဘုရားနှင့် သဟဇာတဖြစ်ရန်သာ ကြိုးစားသူများသည် ငါ့အတွက် နိမ့်ကျသော မြင်ကွင်းတစ်ခုသာ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ကိုးကွယ်သည့်အရာမှာ သက်မဲ့စကားလုံးများနှင့် ၎င်းတို့အား ပြောမပြနိုင်လောက်အောင် မြောက်မြားစွာသောရတနာများကို ပေးနိုင်စွမ်းရှိသော ဘုရားတစ်ပါးသာဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့ကိုးကွယ်သည့်အရာမှာ လူသား၏တန်ခိုးလက်အောက်တွင် သူ့ကိုယ်သူ ထားရှိမည့်ဘုရား၊ မတည်ရှိသောဘုရား ဖြစ်၏။ ထိုအခါ ထိုသို့သောလူတို့သည် ငါ့ထံမှ မည်သည့်အရာကို ရရှိနိုင်မည်နည်း။ လူသားသည် နိမ့်ကျလွန်းသဖြင့် ဖော်ပြ၍ပင် မရချေ။ ငါ့ကိုဆန့်ကျင်သူများ၊ ငါ့ထံမှ အကန့်အသတ်မရှိ တောင်းဆိုသူများ၊ သမ္မာတရားကိုမမြတ်နိုးသူများ၊ ငါ့ကိုပုန်ကန်သူများဖြစ်သည့် ထိုသူတို့သည် ငါနှင့် မည်သို့ သဟဇာတ ဖြစ်နိုင်ကြမည်နည်း။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရာလမ်းကို ရှာဖွေသင့်သည်
ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုပြီး တစ်နေ့လုံး အာဂုံဆောင်သောသူများ ရှိသော်လည်း၊ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို နားမလည်ပေ။ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်ကို မသိနိုင်ကြပေ။ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီနိုင်ခြင်းမရှိပေ။ ၎င်းတို့အားလုံးသည် အသီးသီး “ဘုရားသခင်”ကို ဩဝါဒပေးရန် အမြင့်တွင် ရပ်တည်ကြရင်း၊ အသုံးမကျသောသူ၊ ဆိုးယုတ်သော လူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အောင်လံကို သယ်သော်လည်း ဘုရားသခင်ကို တမင်တကာ အတိုက်အခံလုပ်သော၊ လူ၏ အသားကိုစားပြီး အသွေးကိုသောက်စဉ်တွင် ဘုရားသခင်ကို ယုံကြည်သည့် အမှတ်တံဆိပ်ကို သယ်ဆောင်သောလူတို့ ဖြစ်သည်။ ထိုသို့သောလူအားလုံးသည် လူသား၏ ဝိညာဉ်ကို ဝါးမျိုသည့် နတ်ဆိုးများ၊ မှန်ကန်သောလမ်းကြောင်းပေါ်သို့ ခြေလှမ်းရန် ကြိုးစားနေသူတို့၏ လမ်းတွင် တမင်သက်သက် နှောင့်ယှက်သော မကောင်းဆိုးဝါးများ၏ ဦးသျှောင်နှင့် ဘုရားသခင်ကို ရှာဖွေသောသူတို့ကို ပိတ်ဆို့သော ခလုတ်တံသင်းများဖြစ်ကြ၏။ ၎င်းတို့သည် “ခိုင်မာသည့် ဖွဲ့စည်းမှု” ရှိပုံရကြသော်လည်း၊ ၎င်းတို့သည် လူတို့အား ဘုရားသခင်ကို အတိုက်အခံလုပ်ရန် လမ်းပြသည့် အန္တိခရစ်များသာဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်သို့ သိကြမည်နည်း။ ၎င်းတို့သည် လူ့ဝိညာဉ်များကို ဝါးမျိုရန် ရည်မှန်းချက်တွင် မြှုပ်နှံထားသော ရှင်သန်နေသည့် နတ်ဆိုးများဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်ကဲ့သို့သိမည်နည်း။ ဘုရားသခင်၏ မျက်မှောက်တွင် မိမိကိုယ်ကိုယ် အထင်ကြီးတတ်ကြသူများသည် လူများထဲမှ အဆိုးရွားဆုံးသောသူများ ဖြစ်သော်လည်း၊ မိမိတို့ကိုယ်ကိုယ် နိမ့်ကျသည်ဟုထင်သောသူတို့မှာ ဂုဏ်ပြုအခံရဆုံးသောသူများ ဖြစ်ကြ၏။ ပြီးလျှင် ဘုရားသခင်၏ အမှုကို ၎င်းတို့ သိသည်ဟု ထင်သည့်အပြင်၊ ဘုရားသခင်ကို တိုက်ရိုက်ကြည့်ကာပင် ကြီးမားသော ခမ်းနားကြီးကျယ်မှုဖြင့် အခြားသူများထံ ဘုရားသခင်၏အမှုကို ကြွေးကြော်နိုင်စွမ်းရှိသူများဖြစ်သည့် ဤသူတို့သည် လူများထဲမှ မသိနားမလည်ဆုံးသော သူများ ဖြစ်သည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ သက်သေခံချက်မရှိ၊ မာနထောင်လွှားကြကာ စိတ်ကြီးဝင်ခြင်းဖြင့် ပြည့်လေသည်။ ဘုရားသခင်နှင့်သက်ဆိုင်သော တကယ့် အတွေ့အကြုံနှင့် လက်တွေ့ကျသည့် အသိပညာရှိလင့်ကစား၊ ၎င်းတို့သည် ဘုရားသခင်နှင့် သက်ဆိုင်သော အသိပညာ အလွန်နည်းပါးသည်ဟု ယုံကြည်ကြသူများသည် ဘုရားသခင်၏ အချစ်ခင်ရဆုံးသောသူများ ဖြစ်သည်။ ထိုသို့သောလူတို့သာ သက်သေခံချက် အမှန်တကယ်ရှိကြပြီး၊ ဘုရားသခင်၏ စုံလင်စေခြင်း ခံရနိုင်စွမ်း အမှန်တကယ် ရှိကြပေသည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားမလည်သောသူတို့သည် ဘုရားသခင်၏ အတိုက်အခံလုပ်သူများ ဖြစ်ကြ၏။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်သော်လည်း၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူတို့သည် ဘုရားသခင်၏ အတိုက်အခံလုပ်သူများ ဖြစ်ကြ၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်သော်လည်း၊ ဘုရားနှုတ်ကပတ်တော်၏ အနှစ်သာရကို ဆန့်ကျင်ကြသူတို့သည် ဘုရားသခင်၏ အတိုက်အခံလုပ်သူများဖြစ်ကြ၏။ လူ့ဇာတိခံ ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများရှိသည့်အပြင်၊ ပုန်ကန်မှုတွင် ပါဝင်ပတ်သက်ရန် စိတ်ဆန္ဒရှိသူတို့သည် ဘုရားသခင်၏ အတိုက်အခံလုပ်သူများ ဖြစ်ကြ၏။ ဘုရားသခင်အပေါ် ဝေဖန်သောသူတို့သည် ဘုရားသခင်၏ အတိုက်အခံလုပ်သူများ ဖြစ်ကြ၏။ ပြီးလျှင် ဘုရားသခင်ကို မသိနိုင်သူ သို့မဟုတ် သူ့ကို သက်သေမခံနိုင်သူ မည်သူမဆိုသည် ဘုရားသခင်၏ အတိုက်အခံလုပ်သူ ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို အတိုက်အခံလုပ်သောသူများ ဖြစ်ကြသည်
ဘာသာတရားနှင့် ဂိုဏ်းဂဏတစ်ခုချင်းစီ၏ ခေါင်းဆောင်များကို ကြည့်လော့။ သူတို့အားလုံးသည် မာနထောင်လွှား၍ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကြပြီး သမ္မာကျမ်းစာနှင့်သက်ဆိုင်သည့် ၎င်းတို့၏ အနက်ဖွင့်ဆိုမှုများသည် ဆက်စပ်အကြောင်းအရာ ကင်းမဲ့ကာ ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများ၏ လမ်းညွှန်ခံရသည်။ သူတို့ အားလုံးသည် မိမိတို့၏အလုပ်ကို လုပ်ဆောင်ရန် ဆုကျေးဇူးများနှင့် အသိပညာကို အားထားကြသည်။ အကယ်၍ သူတို့သည် လုံးဝ တရားမဟောနိုင်ပါက လူများက သူတို့နောက်သို့ လိုက်ခဲ့ကြလိမ့်မည်လော။ စင်စစ်မူကား သူတို့၌လည်း အသိပညာအချို့ ရှိထားကြပြီး အယူဝါဒတစ်ခုခုကို ဟောပြောနိုင်ကြသည်၊ သို့မဟုတ် သူတို့သည် အခြားသူများကို မည်ကဲ့သို့ သိမ်းသွင်းရမည်ကိုလည်းကောင်း၊ လှည့်ကွက်အချို့ကို မည်ကဲ့သို့ အသုံးချရမည်ကိုလည်းကောင်း သိကြသည်။ သူတို့သည် လူများကို လှည့်ဖြားကာ မိမိတို့၏ရှေ့မှောက်သို့ ခေါ်ဆောင်ရန် ဤအရာများကို အသုံးပြုကြသည်။ ထိုလူများသည် ဘုရားသခင်ကို အမည်ခံသဘောအရ ယုံကြည်ကြသော်လည်း လက်တွေ့တွင်မူ သူတို့သည် ဤခေါင်းဆောင်များ နောက်သို့ လိုက်ကြသည်။ သူတို့သည် မှန်သော လမ်းခရီးကို ဟောပြောသောသူများနှင့် တွေ့ကြုံရသည့်အခါ သူတို့ထဲမှ အချို့တို့က “ယုံကြည်မှုနှင့် ပတ်သက်သည့်ကိစ္စများအကြောင်း ကျွန်ုပ်တို့၏ခေါင်းဆောင်နှင့် တိုင်ပင်ဆွေးနွေးရမည်” ဟု ဆိုကြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်း၊ မှန်သောလမ်းခရီးကို လက်ခံခြင်းတို့နှင့်ပတ်သက်သည့်အခါ လူတို့သည် အခြားသူများ၏ သဘောတူညီချက်နှင့် လက်ခံမှု လိုအပ်ပုံကို ကြည့်လော့။ ဤသည်မှာ ပြဿနာတစ်ခုပင် မဟုတ်လော။ ဤသို့ဆိုလျှင် ထိုခေါင်းဆောင်များသည် အဘယ်အရာများ ဖြစ်လာကြပြီနည်း။ သူတို့သည် ဖာရိရှဲများ၊ သိုးထိန်း၏အယောင်ကို ဆောင်သောသူများ၊ အန္တိခရစ်များနှင့် မှန်သော လမ်းခရီးကို လူတို့လက်ခံရာ၌ အတားအဆီးများ ဖြစ်လာကြသည် မဟုတ်လော။ ထိုကဲ့သို့သောသူတို့သည် ပေါလုနှင့် တစ်မျိုးတစ်စားတည်း ဖြစ်ကြ၏။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး
ငါတို့သည် ဘာသာရေးအသိုင်းအဝိုင်းများအတွင်းရှိ ခေါင်းဆောင်များစွာအား ဧဝံဂေလိတရားတော်ကို ကြိမ်ဖန်တလဲလဲ ဟောကြားခဲ့ပြီးသော်လည်း သမ္မာတရားအပေါ် ၎င်းတို့နှင့် မည်သို့ပင် မိတ်သဟာယဖွဲ့သည်ဖြစ်စေ ၎င်းတို့လက်မခံကြပေ။ အဘယ်ကြောင့် ဤသို့ဖြစ်သနည်း။ ယင်းမှာ ၎င်းတို့၏ မာနထောင်လွှားမှုသည် ပင်ကိုစရိုက်သဖွယ် ဖြစ်နေကာ ဘုရားသခင်သည် ၎င်းတို့၏စိတ်နှလုံးထဲတွင် နေရာမရှိတော့သည့်အတွက်ကြောင့် ဖြစ်သည်။ လူအချို့က “ဘာသာရေးလောကရှိ သင်းအုပ်ဆရာအချို့၏ ဦးဆောင်မှုအောက်တွင် လူတို့သည် အလွန်ပင် စိတ်ဓာတ်ခွန်အား တက်ကြွကြ၏။ ၎င်းတို့အကြားတွင် ဘုရားသခင် ရှိနေသကဲ့သို့ဖြစ်၏” ဟု ဆိုကောင်းဆိုနိုင်သည်။ သင်သည် စိတ်ထက်သန်မှုရှိခြင်းကို စိတ်ဓာတ်ခွန်အား တက်ကြွခြင်းအဖြစ် မှတ်ယူသလော။ ထိုသင်းအုပ်ဆရာတို့၏ သီအိုရီများသည် မည်မျှပင် မြင့်မြတ်သည့် ပုံစံရှိနိုင်ပါစေ ဘုရားသခင်ကို ၎င်းတို့သိကြသလော။ ၎င်းတို့သည် ၎င်းတို့၏ စိတ်အတွင်းတွင် ဘုရားသခင်ကို အမှန်တကယ်ကြောက်ရွံ့ပါက လူတို့အား ၎င်းတို့နောက်သို့ လိုက်စေ၍ ၎င်းတို့အား ချီးမြှောက်စေကြလိမ့်မည်လော။ ၎င်းတို့သည် အခြားသူများအား ထိန်းချုပ်နိုင်မည်လော။ သမ္မာတရားကို ရှာဖွေ၍ စစ်မှန်သောလမ်းခရီးကို စုံစမ်းနေသော အခြားသူများကို တားဆီးရဲမည်လော။ ဘုရားသခင်၏သိုးတို့သည် အကယ်စင်စစ်အားဖြင့် ၎င်းတို့၏သိုးများဖြစ်၍ ထိုသိုးများအားလုံးက ၎င်းတို့ကို နားထောင်သင့်သည်ဟု ၎င်းတို့ကယုံကြည်လျှင် ၎င်းတို့သည် မိမိတို့ကိုယ်ကို ဘုရားအဖြစ် မှတ်ယူနေခြင်းဖြစ်သည် မဟုတ်ပေလော။ ထိုသို့သောလူတို့သည် ဖာရိရှဲများထက်ပင် သာ၍ ဆိုးရွား၏၊ ၎င်းတို့သည် အန္တိခရစ်စစ်စစ်များပင် မဟုတ်ကြသလော။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မာနထောင်လွှားသော သဘာဝတစ်ခုသည် ဘုရားသခင်အပေါ် လူသား၏ခုခံခြင်း၏ အရင်းအမြစ်၌ ရှိသည်
ဖာရိရှဲတို့က ယေရှုကို ဆန့်ကျင်ခဲ့သည့် အကြောင်းရင်း၏ အရင်းအမြစ်ကို သင်တို့ သိလိုပါသလော။ ဖာရိရှဲတို့၏ အနှစ်သာရကို သင်တို့သိရှိရန် ဆန္ဒရှိသလော။ ၎င်းတို့သည် မေရှိယနှင့် ပတ်သက်သည့် စိတ်ကူးယဉ်မှုများနှင့် ပြည့်နှက်ခဲ့ကြသည်။ ထို့အပြင်၊ မေရှိယလာမည်ဟုသာ ၎င်းတို့ယုံကြည်ခဲ့ကြသော်လည်း၊ အသက် သမ္မာတရားကို မလိုက်စားခဲ့ကြချေ။ ထို့ကြောင့် ၎င်းတို့သည် အသက်၏လမ်းခရီးနှင့် သက်ဆိုင်သည့် အသိမရှိသကဲ့သို့၊ သမ္မာတရား၏လမ်းခရီးက မည်သည့်အရာဖြစ်သည်ကို မသိကြသည့်အတွက်၊ ယနေ့တွင်ပင် ၎င်းတို့သည် မေရှိယကို စောင့်ဆိုင်းဆဲဖြစ်၏။ ထိုသို့ မိုက်မဲသည့်၊ ခေါင်းမာပြီး မသိနားမလည်သော သူတို့သည် ဘုရားသခင်၏ ကောင်းချီး မင်္ဂလာကို ရရှိနိုင်မည်ဟု သင်တို့ မည်သို့ဆိုနိုင်မည်နည်း။ မေရှိယကို ၎င်းတို့ မည်သို့ ရှုမြင်နိုင်မည်နည်း။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှု ဦးတည်ရာကို မသိကြသောကြောင့်၊ ယေရှုပြောသည့် သမ္မာတရား၏လမ်းခရီးကို မသိကြသောကြောင့်၊ မေရှိယကို ၎င်းတို့ ပို၍ပင် နားမလည်ခဲ့ကြသောကြောင့် ယေရှုကို ဆန့်ကျင်ခဲ့ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် မေရှိယကို လုံးဝ မမြင်ဖူးကြသကဲ့သို့ မေရှိယနှင့် ပေါင်းသင်းဆက်ဆံဖူးခြင်း လုံးဝမရှိကြသည့်အတွက်၊ မေရှိယ၏ အနှစ်သာရကို ဖြစ်နိုင်သမျှ မည်သည့်နည်းနှင့်မဆို ဆန့်ကျင်သော်လည်း မေရှိယ၏ နာမကိုသာ ဖက်တွယ်နေခြင်းတည်းဟူသော အမှားကို ပြုမိခဲ့ကြ၏။ ဤဖာရိရှဲတို့သည် အနှစ်သာရအားဖြင့် ခေါင်းမာကြသည်၊ မာနထောင်လွှားပြီး၊ သမ္မာတရားကို မနာခံခဲ့ကြချေ။ ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်း စည်းမျဉ်းမှာ သင်၏ဟောပြောမှု မည်မျှ နက်နဲသည်ဖြစ်စေ၊ သင်၏ သြဇာအာဏာ မည်မျှ မြင့်မားသည်ဖြစ်စေ၊ မေရှိယဟု အခေါ်မခံရပါက သင်သည် ခရစ်တော်မဟုတ်ဟူ၍ ဖြစ်သည်။ ဤကဲ့သို့ယုံကြည်မှုသည် မိုက်မဲသကဲ့သို့ ရယ်ဖွယ်ကောင်းသည် မဟုတ်လော။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်
မကောင်းဆိုးဝါးများနှင့် ဆိုးယုတ်သော ဝိညာဉ်များသည် ကမ္ဘာမြေပေါ်၌ အချိန်ကာလတစ်ခုကြာအောင် ဒေါသတကြီး လျှောက်ရမ်းနေခဲ့ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အပင်ပန်းခံ အားထုတ်မှုတို့ကို ပိတ်ပင်ထားခဲ့သည်မှာ ၎င်းတို့သည် ထွင်းဖောက် မရနိုင်ပေ။ အမှန်ပင်၊ ဤသည်မှာ သေထိုက်သော အပြစ်ပါတကား။ ဘုရားသခင်သည် အဘယ်သို့ မစိုးရိမ်ဘဲနှင့် နေနိုင်မည်နည်း။ ဘုရားသခင်သည် အဘယ်သို့ အမျက်ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။ ၎င်းတို့သည် ဘုရားသခင်၏အမှုကို ဆိုးရွားစွာ တားဆီးပြီး ဆန့်ကျင်ခဲ့ကြသည်။ ပုန်ကန်လိုက်လေတကား။ မကောင်းဆိုးဝါး ကြီးငယ်တို့သည်ပင် ခြင်္သေ့နောက် ထပ်ကျပ်မခွာလိုက်သည့် ခွေးအများကဲ့သို့ ပြုမူကြပြီး ၎င်းတို့ သွားကြသည်နှင့်အမျှ အတားအဆီးများကို ဖန်တီးရင်း ဆိုးယုတ်သော ရေစီးကြောင်းနောက် လိုက်ကြလေသည်။ သမ္မာတရားကို သိလျက်၊ ၎င်းတို့သည် သမ္မာတရားကို တမင်သက်သက် ဆန့်ကျင်ကြသည်၊ အဓမ္မလူများပါတကား။ ဤသည်မှာ ယခုတွင် ၎င်းတို့၏ ငရဲဘုရင်သည် မင်းမြောက်ပလ္လင်သို့ တက်ကြွခဲ့ပြီး ၎င်းတို့သည် အခြားသူများ အားလုံးကို အထင်အမြင်သေးခြင်းဖြင့် ဆက်ဆံရင်း ဘဝင်ခိုက် လာကြပြီး မိမိဘာသာ အားရကျေနပ်လာကြသည့်အလား ဖြစ်သည်။ ၎င်းတို့ထဲတွင် မည်မျှသည် သမ္မာတရားကို ရှာဖွေပြီး တရားမျှတမှုကို လိုက်လျှောက်ကြသနည်း။ ၎င်းတို့ အားလုံးသည် ဘဝင်ခိုက်ကာ ကိုယ်ကျောကိုယ်သပ်ခြင်းဖြင့် ၎င်းတို့၏ ဦးခေါင်းများကို လှုပ်ယမ်းရင်းနှင့် ဒုက္ခပြဿနာမျိုးစုံကို လှုံ့ဆော်ရင်း၁ ဝက်များနှင့် ခွေးများထက် သာ၍မကောင်းသည့် နောက်ချေးပုံအလယ်တွင် နံဟောင်သော ယင်ကောင်တစ်အုပ်ကို ဦးဆောင်သော သားရဲများ ဖြစ်ကြသည်။ ၎င်းတို့သည် မိမိတို့ ကိုယ်တိုင်က နံဟောင်သော ယင်ကောင်များထက် မပိုသည်ကို မသိသလောက်ဖြစ်လျက်၊ ၎င်းတို့၏ ငရဲဘုရင်သည် အားလုံးထဲမှ အကြီးမြတ်ဆုံးသော ရှင်ဘုရင်ဖြစ်သည်ဟု ယုံကြည်ကြလေသည်။ သို့သော်လည်း ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိခြင်းကို အပုပ်ချဖို့ မိမိတို့၏မိဘများအဖြစ် ရှိနေကြသည့် ဝက်များနှင့် ခွေးများ၏ တန်ခိုးအာဏာကို အသုံးချကြသေးသည်။ အလွန်သေးငယ်သော ယင်ကောင်များအနေဖြင့်၊ ၎င်းတို့သည် ၎င်းတို့၏မိဘများကို ဝေလငါးပြာများ၂ တမျှ ကြီးမားသည်ဟု ထင်မြင်ကြသည်။ ၎င်းတို့ကိုယ်တိုင်က သေးငယ်လှသော်လည်း၊ ၎င်းတို့၏မိဘများမှာ ၎င်းတို့ထက် အဆသန်းရာပေါင်းများစွာ သာ၍ကြီးမားသော မသန့်ရှင်းသည့် ဝက်များနှင့်ခွေးများ ဖြစ်သည်ကို မသိသလောက် ဖြစ်သည်။ မိမိတို့ကိုယ်တိုင်၏ နိမ့်ကျခြင်းကို သတိမမူဘဲလျက်၊ ၎င်းတို့သည် အနာဂတ်မျိုးဆက်များကို ပေါက်ပွားစေရန် အချည်းနှီး စဉ်းစားရင်း၊ အရှက်ရခြင်းကို သတိမမူဘဲ ဒေါသတကြီး လျှောက်ရမ်းဖို့ ထိုဝက်များနှင့် ခွေးများမှ ထွက်သော ပုပ်ပွသည့် အနံ့ဆိုးအပေါ် အားထားလေသည်။ ၎င်းတို့၏ ကျောပေါ်တွင် တောင်ပံစိမ်းများဖြင့်၊ (ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သည်ဟု ၎င်းတို့ အခိုင်အမာဆိုခြင်းကို ရည်ညွှန်း၏)၊ ၎င်းတို့သည် သွေးနားထင်ရောက်ကြပြီး၊ နေရာတကာတွင် မိမိတို့၏ အလှတရားနှင့် ဆွဲဆောင်မှုတို့ကို ကြွားဝါကြသော်လည်း၊ မိမိတို့ ကိုယ်တိုင်၏ ခန္ဓာကိုယ်များပေါ်က မစင်ကြယ်မှုများကို လူသားအပေါ်သို့ လျှို့ဝှက်စွာ ပစ်ကြလေသည်။ ထို့အပြင်၊ ၎င်းတို့ကိုယ်တိုင်၏ မစင်ကြယ်မှုများကို ဖုံးကွယ်ရန် သက်တံရောင် တောင်ပံတစ်စုံကို ၎င်းတို့ အသုံးပြုနိုင်ကြသည့်အလား၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ်နှင့်ပတ်သက်၍ အလွန့်အလွန် ကျေနပ်နေကြပြီး၊ ဤနည်းများဖြင့် ၎င်းတို့သည် စစ်မှန်သော ဘုရားသခင်၏ တည်ရှိခြင်းအပေါ် သူတို့၏ ဖိနှိပ်ခြင်းကို ယူဆောင်လာကြလေသည် (ဤသည်မှာ ဘာသာရေးလောကထဲက ဖြစ်အင်များနောက်ကွယ်တွင် ဖြစ်နေသည့်အရာကို ရည်ညွှန်းသည်)။ ယင်ကောင်တစ်ကောင်၏ တောင်ပံများသည် နှစ်သက်ကြည်နူးဖွယ် လှပသလောက်၊ ယင်ကောင်ကိုယ်၌ကမူ နောက်ဆုံးတွင် အညစ်အကြေးများ နှင့်ပြည့်သော ဝမ်းဗိုက်နှင့် ရောဂါပိုးများနှင့် ဖုံးလွှမ်းနေသည့် ခန္ဓာကိုယ်ဖြင့် သေးငယ်သည့် သတ္တဝါတစ်ကောင်ထက် ဘာမျှ မပိုသည်ကို လူသားသည် မည်သို့သိမည်နည်း။ မိဘများအနေဖြင့် ၎င်းတို့၌ရှိကြသည့် ဝက်များနှင့်ခွေးများ၏ ခွန်အားကိုမှီ၍၊ ၎င်းတို့သည် နယ်မြေတစ်လျှောက် ၎င်းတို့၏ ကြမ်းကြုတ်ရက်စက်မှုတွင် အထိန်းအကွပ်မဲ့လျက် ဒေါသတကြီး ပတ်ရမ်းကြလေသည် (ဤသည်မှာ စစ်မှန်သောဘုရားသခင်နှင့် သမ္မာတရားကို သစ္စာဖောက်ဖို့ ဘုရားသခင်ကို နှိပ်စက်ညှဉ်းပန်းသည့် ဘာသာရေး အရာရှိများက တိုင်းနိုင်ငံအစိုးရ၏ အားကောင်းသော အထောက်အပံ့ကို အမှီပြုသည့် နည်းလမ်းကို ရည်ညွှန်း၏)။ ယင်းမှာ ယုဒလူမျိုး ဖာရိရှဲတို့၏ တစ္ဆေများသည် ဘုရားသခင်နှင့်အတူ အဆင်းနီသော နဂါးကြီး၏ တိုင်းနိုင်ငံ၊ ၎င်းတို့၏ အသိုက်ဟောင်းဆီသို့ ပြန်လာကြခဲ့သည့်အလား ဖြစ်သည်။ ၎င်းတို့သည် လွန်ခဲ့သော နှစ်ထောင်ပေါင်း အချို့က ၎င်းတို့၏ အလုပ်ကို ပြန်လည်လုပ်ကိုင်ရင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း နောက်တစ်လှည့်ကို စတင်ကြပြီ ဖြစ်သည်။ ဤအကျင့်ပျက်အုပ်စုသည် အဆုံးတွင် ကမ္ဘာမြေပေါ်၌ ပျက်စီးကြဖို့ သေချာ၏။ နှစ်ထောင်ပေါင်းအချို့ကြာပြီးနောက်၊ မသန့်ရှင်းသော ဝိညာဉ်များသည် သာ၍ပင် ကောက်ကျစ်လာပြီး လှည့်ဖြားတတ်လာပုံ ရလေသည်။ ၎င်းတို့သည် ဘုရားသခင်၏ အမှုကို တိတ်တဆိတ် လျော့ပါးစေဖို့ နည်းလမ်းများကို စဉ်ဆက်မပြတ် တွေးတော နေကြသည်။ လှည့်စားမှုများနှင့် မာယာပေါများစွာဖြင့်၊ ၎င်းတို့သည် ဘုရားသခင်ကို အော်ဟစ်လုနီးပါးဖြစ်သည်အထိ ဆွပေးရင်း၊ လွန်ခဲ့သော နှစ်ထောင်ပေါင်းအချို့က အဖြစ်ဆိုးကို ၎င်းတို့၏ မွေးရပ်ဌာနေတွင် ပြန်လည်လုပ်ဆောင်ရန် ဆန္ဒရှိကြလေသည်။ ၎င်းတို့ကို အမြစ်ဖြတ်သုတ်သင်ခြင်းငှာ ဘုရားသခင်သည် တတိယကောင်းကင်ဘုံသို့ ပြန်ကြွမသွားဖို့ရန် မိမိကိုယ်ကိုယ် မနည်းထိန်းနေရ၏။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၇)
အောက်ခြေမှတ်စု(များ)-
၁။ “ဒုက္ခပြဿနာမျိုးစုံကို လှုံ့ဆော်ရင်း” ဆိုသည်မှာ မာရ်နတ်နှင့်ဆိုင်သော လူတို့သည် ဘုရားသခင်၏ အမှုကို ဟန့်တားကာ ဆန့်ကျင်ရင်း မည်သို့ သောင်းကျန်းကြမ်းတမ်းပုံကို ရည်ညွှန်းသည်။
၂။ “ဝေလငါးပြာများ” ဆိုသည်မှာ သရော်သည့်အနေဖြင့် သုံးထားခြင်း ဖြစ်သည်။ ယင်ကောင်များသည် သေးငယ်လွန်းလှသည်မှာ ဝက်များနှင့် ခွေးများသည် ၎င်းတို့အတွက် ဝေလငါးများတမျှ ကြီးမားပုံကို တင်စားခြင်း ဖြစ်သည်။
ဆက်စပ်မှုရှိသော ဇာတ်ကားကောက်နုတ်ချက်များ
သင်းအုပ်ဆရာများနှင့် အကြီးအကဲများသည် အဘယ်ကြောင့် သခင်ယေရှု ပြန်ကြွလာခြင်းကို အရူးအမူး ခုခံကာ ရှုတ်ချကြသနည်း
ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ
ခရစ်တော်နှင့် သဟဇာတဖြစ်ရာ လမ်းခရီးကို ရှာဖွေလော့
ဘုရားကို မသိသူတို့သည် ဘုရားကို ဆန့်ကျင်ကြ၏ကျူး