၂။ ယခင်က၊ ကျွန်ုပ်သည် ချင့်ချိန်နိုင်စွမ်း ကင်းမဲ့ခဲ့သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို ဆန့်ကျင်ခြင်းနှင့် ရှုတ်ချခြင်းတွင် သင်းအုပ်ဆရာများနှင့် အကြီးအကဲများနောက် ကျွန်ုပ် လိုက်ခဲ့ပြီး ပြစ်မှားစော်ကားမှုများကို ပြောဆိုရာတွင် ၎င်းတို့နှင့်အတူ လုပ်ဆောင်ခဲ့သည်။ ဘုရားသခင်သည် ကျွန်ုပ်ကို ကယ်တင်လိမ့်မည်လား။
ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-
“တရားသောသူသည် တရားသောအမှုကိုပယ်၍ အဓမ္မအမှုကို ပြုလျှင်၊ ထိုအမှုကြောင့် သေရမည်။ ပြုမိသော အဓမ္မအမှုကြောင့် အသေသတ်ခြင်းကို ခံရမည်။ ထိုအတူ၊ မတရားသောသူသည် မိမိပြုမိသော အဓမ္မအမှုကို ရှောင်၍၊ တရားသောအမှု၊ ဟုတ်မှန်သော အမှုကိုပြုလျှင်၊ မိမိအသက်ကို ကယ်နှုတ်ရလိမ့်မည်။ ပြုမိသမျှသော အဓမ္မအမှုတို့ကို ဆင်ခြင်၍ ရှောင်သောကြောင့်၊ သေခြင်းနှင့်လွတ်၍ စင်စစ်အသက် ရှင်ရလိမ့်မည်။” (ယေဇကျေလအနာဂတ္တိကျမ်း ၁၈:၂၆-၂၈)
“ထို့နောက် ယေဟောဝါ၏ နှုတ်ကပတ်တော်သည် ယောနထံသို့ ဒုတိယအကြိမ် ရောက်လာသည်မှာ၊ ထလော့၊ ထိုနိနေဝေမြို့ကြီးသို့ သွားလော့။ သင့်ကို ငါပြောထားသည့် ဟောကြားချက်ကို ဟောကြားလော့ဟု မိန့်တော်မူ၏။ ထိုအခါ ယေဟောဝါ၏ နှုတ်ကပတ်တော်အတိုင်း ယောနသည် ထ၍ နိနေဝေမြို့သို့ သွား၏။ နိနေဝေမြို့သည် သုံးရက်တာခရီး ကျယ်ဝန်းကာ အတိုင်းထက်အလွန်ကြီးသောမြို့ ဖြစ်၏။ ယောနသည် မြို့ထဲသို့ တစ်နေ့ခရီး စတင်ဝင်ရောက်ပြီး၊ အရက်လေးဆယ်ကျော်ပြီးနောက် နိနေဝေမြို့သည် ဖျက်ဆီးခြင်း ခံရလိမ့်မည်ဟု ကြွေးကြော်လေ၏။ ထို့ကြောင့် နိနေဝေ မြို့သားတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး ၎င်းတို့တွင် အကြီးဆုံးသောသူမှ အငယ်ဆုံးသောသူတိုင်အောင် အစာရှောင်ခြင်းကို ကြေညာပြီး လျှော်တေအဝတ်ကို ဝတ်ကြ၏။ နိနေဝေမင်းကြီးထံ သတင်းရောက်ရှိခဲ့သည့်အတွက် သူသည် ရာဇပလ္လင်မှဆင်းကာ သူ၏ ဝတ်လုံတော်ကို ချွတ်ပြီး လျှော်တေအဝတ်ကိုဝတ်ကာ ပြာထဲ၌ ထိုင်လေ၏။ လူဖြစ်စေ၊ သားရဲတိရစ္ဆာန်ဖြစ်စေ၊ တိရစ္ဆာန်အုပ် သို့မဟုတ် သိုးနွားအုပ်ဖြစ်စေ မည်သည့်အရာကိုမျှ မမြည်းစေနှင့်။ အစာကို မစား၊ ရေကို မသောက်စေနှင့်။ လူနှင့် သားရဲတိရစ္ဆာန်တို့သည် လျှော်တေအဝတ်ကို ခြုံကြစေ။ ပြင်းပြင်းထန်ထန် ဘုရားသခင်ကို ဟစ်အော်ကြစေ။ အယောက်တိုင်း မိမိတို့၏ ဆိုးယုတ်သောလမ်းမှလည်းကောင်း၊ မိမိတို့လက်များထဲက အဓမ္မအမှုများမှလည်းကောင်း လှည့်ပြန်ကြစေ။ ငါတို့သည် မပျက်စီးဘဲ၊ ဘုရားသခင်သည် ပြောင်းလဲ၍ နောင်တရကာ ပြင်းစွာသောအမျက်တော်မှ လွှဲတော်မူမည်ကို အဘယ်သူ ပြောနိုင်သနည်းဟု မင်းကြီးနှင့် မှူးမတ်အာဏာဖြင့် နိနေဝေမြို့လုံးတွင် ကြွေးကြော်ကာ ထုတ်ပြန်ကြေညာ စေတော်မူ၏။ သူတို့သည် မိမိတို့၏ ဆိုးညစ်သောလမ်းမှ လှည့်ပြန်ပြီး ကျင့်သောအကျင့်များကို ဘုရားသခင်သည် မြင်လျှင်၊ ယခင် ပြုမည်ဟု မိန့်ဆိုခဲ့သော မကောင်းသည့်အမှုကို နောင်တရတော်မူပြီး ထိုသို့ မပြုပဲ နေတော်မူ၏။” (ယောနဝတ္ထု ၃:၁-၁၀)
ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-
လူသားအပေါ် ဘုရားသခင့်အမှု၏ ရည်ရွယ်ချက်မှာ ဘုရားသခင်၏ရည်ရွယ်ချက်များကို ၎င်းတို့အား အထမြောက်နိုင်စေရန်ဖြစ်ပြီး ယင်းကို ၎င်းတို့ထံ ကယ်တင်ခြင်း ဆောင်ကြဉ်းဖို့ လုပ်ဆောင်ခြင်း ဖြစ်သည်။ ထို့ကြောင့် လူသားနှင့်ဆိုင်သည့် သူ၏ကယ်တင်ခြင်း အချိန်ကာလအတွင်းတွင်၊ သူသည် ၎င်းတို့အား အပြစ်ပေးခြင်းအမှုကို မလုပ်ဆောင်ပေ။ လူသားထံ ကယ်တင်ခြင်းကို ဆောင်ကြဉ်းနေစဉ်တွင်၊ ဘုရားသခင်သည် ဆိုးယုတ်သူများကိုလည်း အပြစ်မပေးသကဲ့သို့ ကောင်းသောသူများကို ဆုမချီးမြှင့်ဘဲ လူအမျိုးမျိုးတို့၏ ခရီးပန်းတိုင်များကိုလည်း ထုတ်ဖော်မပြပေ။ ထို့ထက်၊ သူ့အမှု၏ နောက်ဆုံးအဆင့် ပြီးစီးသည့်နောက်တွင်သာ ဆိုးယုတ်သူများကို အပြစ်ပေးခြင်းနှင့် ကောင်းသောသူများကို ဆုချီးမြှင့်ခြင်း အမှုကို သူလုပ်ဆောင်လိမ့်မည် ဖြစ်ပြီး၊ ထိုအခါမှသာ မတူကွဲပြားသော လူအမျိုးအစားအားလုံး၏ အဆုံးသတ်များကို သူထုတ်ဖော်ပြလိမ့်မည်။ အပြစ်ပေးခံရသူများသည် အမှန်တကယ် ကယ်တင်၍မရနိုင်သူများ ဖြစ်ကြလိမ့်မည် ဖြစ်သော်လည်း၊ ကယ်တင်ခြင်းခံရသူများသည် လူသားနှင့်ဆိုင်သည့် သူ၏ ကယ်တင်ခြင်း အချိန်ကာလအတွင်း ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိပြီးသူများ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်၏ ကယ်တင်ခြင်းအမှုကို ပြုနေစဉ်တွင် ကယ်တင်ခံရနိုင်သည့် လူတစ်ဦးစီတိုင်းသည် ဖြစ်နိုင်သမျှ ကယ်တင်ခံရလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင့်အမှု၏ ရည်ရွယ်ချက်မှာ လူကို ကယ်တင်ရန် ဖြစ်သည့်အတွက် ၎င်းတို့ထဲမှ မည်သူမျှ စွန့်ပစ်ခံရလိမ့်မည်မဟုတ်။ လူသားနှင့်ဆိုင်သည့် ဘုရားသခင်၏ ကယ်တင်ခြင်း အချိန်ကာလအတွင်း၊ ၎င်းတို့၏ စိတ်သဘောထား၌ ပြောင်းလဲမှုတစ်ခု မစွမ်းဆောင် မရရှိနိုင်ကြသူအားလုံး အပြင် ဘုရားသခင်ထံ လုံးဝ ကျိုးနွံနာခံခြင်း မရှိနိုင်သူအားလုံးတို့သည်။ အပြစ်ပေးခြင်း ခံရသူများ ဖြစ်လာကြလိမ့်မည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ၎င်းတို့နှင့်ဆိုင်သည့် ဘုရားသခင်၏ သတ်မှတ်ချက်များကို သိနားလည်နိုင်ဖို့အလို့ငှာ၊ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး ၎င်းတို့၏ စိတ်သဘောထားတွင် ပြောင်းလဲမှုများ စွမ်းဆောင်ရရှိဖို့ မရှိမဖြစ် ထားရှိရမည့် လိုအပ်ချက်များ ရှိနိုင်ကြဖို့အလို့ငှာ၊ အမှု၏ ဤအဆင့်ဖြစ်သည့် နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် အမှုသည် လူသားတို့ နားမလည်သည့် နည်းလမ်းများနှင့် နက်နဲမှုများအားလုံးကို ၎င်းတို့အတွက် ဖွင့်ပြလိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် သူ၏အမှုကို ပြုရန် နှုတ်ကပတ်တော်များကိုသာ အသုံးပြုပြီး၊ အနည်းငယ် ပုန်ကန်တတ်ခြင်းအတွက် လူတို့ကို အပြစ်မပေးပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ယခုအချိန်သည် ကယ်တင်ခြင်းအမှု၏ အချိန်ကာလ ဖြစ်သောကြောင့် ဖြစ်သည်။ အကယ်၍ ပုန်ကန်လျက် ပြုမူသောသူ မည်သူမဆိုကို အပြစ်ပေးမည်ဆိုပါက၊ မည်သူမျှ ကယ်တင်ခံ ရရန် အခွင့်အရေးရှိကြမည် မဟုတ်ပေ။ အယောက်တိုင်းသည် အပြစ်ပေးခံရမည် ဖြစ်ပြီး မရဏနိုင်ငံသို့ ကျဆင်းကြရမည် ဖြစ်သည်။ လူကို တရားစီရင်ရန် နှုတ်ကပတ်တော်များကို အသုံးပြုရခြင်း၏ ရည်ရွယ်ချက်မှာ ၎င်းတို့အား မိမိတို့ကိုယ်ကိုသိရှိခွင့်ပေးရန်နှင့် ဘုရားသခင်ကို ကျိုးနွံနာခံခွင့် ပေးရန် ဖြစ်သည်။ ယင်းမှာ ထိုသို့သော တရားစီရင်ခြင်းဖြင့် ၎င်းတို့ကို အပြစ်ပေးရန် မဟုတ်ပေ။ နှုတ်ကပတ်တော်များ၏ အမှုနှင့်ဆိုင်သည့် အချိန်ကာလအတွင်းတွင်၊ များစွာသောလူတို့သည် ၎င်းတို့၏ ပုန်ကန်မှုနှင့် အာခံမှုအပြင် လူ့ဇာတိခံ ဘုရားသခင်အပေါ် ၎င်းတို့၏ ကျိုးနွံနာခံခြင်းမရှိမှုကို ဖော်ထုတ်ကြလိမ့်မည် ဖြစ်သည်။ သို့သော်လည်း သူသည် ဤလူအားလုံးကို အကျိုးဆက်အနေဖြင့် အပြစ်ပေးလိမ့်မည် မဟုတ်ဘဲ၊ ယင်းအစား ရိုးတွင်းခြင်ဆီအထိ ဖောက်ပြန်ပျက်စီးသော သူများနှင့် ကယ်တင်မခံရနိုင်သူများကိုသာ ဘေးဖယ်ထားလိမ့်မည်။ သူသည် ၎င်းတို့၏ ဇာတိခန္ဓာများကို စာတန်အား ပေးပစ်လိမ့်မည်ဖြစ်ပြီး အချို့အခြေအနေများတွင် ၎င်းတို့၏ဇာတိခန္ဓာကို အဆုံးသတ်ပစ်လိမ့်မည်။ ကျန်ရှိသောသူများသည် ပြုပြင်ခြင်းကို ဆက်လက် လိုက်လျှောက်ကာ ကြုံတွေ့ကြရလိမ့်မည်။ အကယ်၍ လိုက်လျှောက်နေစဉ်တွင် ဤလူများသည် ပြုပြင်ခြင်းကို လက်မခံနိုင်သေးသကဲ့သို့၊ ပို၍ပို၍ ဆုတ်ယုတ်လာကြပါက၊ ၎င်းတို့သည် ၎င်းတို့၏ ကယ်တင်ခြင်း အခွင့်အရေးကို ဆုံးရှုံးကြလိမ့်မည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များအားဖြင့် သိမ်းပိုက်ခံရခြင်းကို လက်ခံပြီးဖြစ်သည့် လူအသီးသီးသည် ကယ်တင်ခြင်းအတွက် အခွင့်အရေးအချို့ကို ရရှိကြလိမ့်မည်။ ဤလူများထဲမှ အသီးသီးနှင့်ဆိုင်သည့် ဘုရားသခင်၏ကယ်တင်ခြင်းတွင် သူသည် တတ်နိုင်သမျှ အကြီးမားဆုံးအတိုင်းအတာအထိ သက်ညှာမှု ပေးလိမ့်မည်ဖြစ်သည်။ တစ်နည်းအားဖြင့်၊ ၎င်းတို့သည် အစွမ်းကုန် သက်ညှာမှု ပြသခံရကြလိမ့်မည်။ လူတို့သည် လမ်းမှားကို ကျောခိုင်းနေကြသရွေ့၊ ပြီးလျှင် ၎င်းတို့ နောင်တရနိုင်သရွေ့၊ ဘုရားသခင်သည် သူ၏ကယ်တင်ခြင်းကိုရရှိရန် အခွင့်အရေးများအား ၎င်းတို့ကို ပေးလိမ့်မည်။ လူသားများက ဘုရားသခင်ကို ပထမဦးဆုံး ပုန်ကန်ကြချိန်တွင်၊ ၎င်းတို့ကို ဒဏ်ခတ်ရန် ဘုရားသခင် ဆန္ဒမရှိပေ။ ထို့ထက်၊ ၎င်းတို့ကို ကယ်တင်ရန် သူတတ်နိုင်သမျှအားလုံး လုပ်ဆောင်ခဲ့သည်။ အကယ်၍ တစ်စုံတစ်ဦးသည် ကယ်တင်ခြင်းအတွက် အမှန်တကယ် အခွင့်အရေး မရှိပါက၊ ဘုရားသခင်သည် ၎င်းတို့ကို ဘေးဖယ်ထားလိမ့်မည် ဖြစ်သည်။ လူအချို့ကို ဘုရားသခင်က အပြစ်ပေးရန် နှေးရသည့် အကြောင်းရင်းမှာ သူသည် ကယ်တင်၍ ရနိုင်သူတိုင်းကို ကယ်တင်လိုသောကြောင့် ဖြစ်သည်။ သူသည် လူတို့ကို နှုတ်ကပတ်တော်များဖြင့်သာ တရားစီရင်သည်၊ အသိဉာဏ်ပွင့်လင်းစေပြီး၊ လမ်းပြကာ၊ ၎င်းတို့ကို ဒဏ်ခတ်ရန် လှံတံကို အသုံးမပြုပေ။ လူသားများထံ ကယ်တင်ခြင်း ဆောင်ကြဉ်းဖို့ နှုတ်ကပတ်တော်များကို အသုံးပြုခြင်းသည် အမှု၏ နောက်ဆုံးအဆင့်နှင့်ဆိုင်သော ရည်ရွယ်ချက်နှင့် အရေးပါမှု ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့သည် အဆင့်အတန်းနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများကို ဘေးဖယ်ပြီး လူသားထံ ကယ်တင်ခြင်းကို ဆောင်ကြဉ်းဖို့ ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားလည်သင့်၏
“ဘုရားသခင်ကို ပြစ်မှားစော်ကားခြင်းနှင့် အသရေဖျက်ခြင်းသည် ယခုဘဝဖြစ်စေ နောင်ဘဝဖြစ်စေ ခွင့်လွှတ်ခြင်းခံရမည်မဟုတ်သည့် အပြစ်တစ်ခုဖြစ်ပြီး ဤအပြစ်ကို ကျူးလွန်သူများသည် မည်သည့်အခါမျှ လူပြန်ဝင်စားမည် မဟုတ်ချေ” ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားသည် လူ၏ ပုန်ကန်ပြစ်မှားခံရခြင်းကို သည်းမခံဟု ဆိုလိုသည်။ ဘုရားသခင်ကို ပြစ်မှားစော်ကားခြင်းနှင့် အသရေဖျက်ခြင်းကို ဤဘဝတွင်ဖြစ်စေ၊ နောက်ဘဝတွင်ဖြစ်စေ ခွင့်လွှတ်မည်မဟုတ်သည်မှာ သေချာပေါက်ကို သံသယရှိစရာမလိုပေ။ တမင်ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ ဘုရားသခင်အပေါ် ပြစ်မှားစော်ကားခြင်းသည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားသည့် အရာတစ်ခုဖြစ်သည်။ ဘုရားသခင်အပေါ် ပြစ်မှားစော်ကားသည့်စကားများ ပြောဆိုခြင်းသည် မည်သည့်အကြောင်းပြချက်ပင်ဖြစ်စေ ဧကန်မုချ စီရင်ခြင်းခံရမည် ဖြစ်၏။ သို့သော်လည်း လူအချို့သည် ဤအရာကို နားမလည်သော အခြေအနေများတွင် ရောက်သောအခါ၊ သို့မဟုတ် အခြားသူများ၏ အထင်အမြင်မှားစေခြင်း၊ ထိန်းချုပ်ခြင်းနှင့် ဖိနှိပ်ခြင်းတို့ကို ခံရသော အခြေအနေများတွင် ရောက်သောအခါ စီရင်ခြင်းခံရထိုက်သော၊ ပြစ်မှားစော်ကားသော စကားများကို ပြောကြသည်။ ဤစကားများကို ၎င်းတို့ပြောပြီးသည့်နောက်တွင် ၎င်းတို့သည် စိတ်မသက်မသာဖြစ်ကာ စွပ်စွဲခံရပြီးဖြစ်သကဲ့သို့ ခံစားရပြီး အလွန်ပင် နောင်တရကြလေသည်။ ပြီးနောက်တွင် ဤအရာ၌ အသိပညာရရှိပြီး ပြောင်းလဲနေစဉ် ကောင်းမှုလုံလုံလောက်လောက်ကို ၎င်းတို့ ပြင်ဆင်ကြသည်။ ထို့ကြောင့် ဘုရားသခင်သည် ၎င်းတို့၏ ယခင်ပြစ်မှားမှုများကို အမှတ်မရတော့ချေ။ သင်တို့သည် ဘုရားနှုတ်ကပတ်တော်များကို ဂဃဏန သိရမည်ဖြစ်ပြီး သင်တို့၏ အယူအဆများ၊ စိတ်ကူးများနှင့်အညီ ယင်းတို့ကို ထင်ရာမြင်ရာ အသုံးချ၍မဖြစ်ပေ။ သူ၏နှုတ်ကပတ်တော်များသည် မည်သူ့ကို ပစ်မှတ်ထားကြောင်းနှင့် မည်သည့် ဆက်စပ်အခြေအနေတွင် သူစကားပြောနေကြောင်းကို သင်နားလည်ရမည်။ သင်သည် ဘုရားနှုတ်ကပတ်တော်ကို ထင်ရာမြင်ရာ အသုံးချ၍မရပေ၊ သို့မဟုတ် သာမန်ကာလျှံကာ အဓိပ္ပာယ်သတ်မှတ်၍ မရပေ။ မည်သို့ တွေ့ကြုံရမည်ကို မသိသည့်လူများသည် မည်သည့်အရာနှင့်ပတ်သက်၍မျှ မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်း မရှိသကဲ့သို့ မိမိတို့ကိုယ်ကို ဘုရားနှုတ်ကပတ်တော်နှင့် နှိုင်းယှဉ်၍ ချိန်ဆခြင်း မရှိစဉ်တွင် အချို့သော အတွေ့အကြုံများနှင့် ထိုးထွင်းသိမြင်မှု ရှိပြီးဖြစ်သူများကမူ အလွန်ပင် စိတ်ထိခိုက်လွယ်တတ်ကာ ဘုရားသခင်၏ ကျိန်ခြင်းအမင်္ဂလာများ၊ သို့မဟုတ် လူများကို သူ၏စက်ဆုပ်မှုများနှင့် ဖယ်ရှားရှင်းလင်းခြင်းများကို ဖတ်ရှုသည့်အခါတွင် ဘုရားနှုတ်ကပတ်တော်များဖြင့် မိမိတို့ကိုယ်ကို ထင်ရာမြင်ရာ နှိုင်းယှဉ်၍ ချိန်ဆကြလေသည်။ ဤလူများသည် ဘုရားနှုတ်ကပတ်တော်များကို နားမလည်ဘဲ အစဉ်သဖြင့် သူ့ကို အဓိပ္ပာယ်ကောက်လွဲကြ၏။ လူအချို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းကို ရဖို့မဆိုထားနှင့်၊ ဘုရားသခင်၏ လက်ရှိနှုတ်ကပတ်တော်များကိုပင် မဖတ်ကြပေ၊ သို့မဟုတ် သူ၏ လက်ရှိအမှုကိုပင် စုံစမ်းလေ့လာခြင်း မရှိကြပေ။ ၎င်းတို့သည် ဘုရားသခင်ကို ဝေဖန်သုံးသပ်ခြင်းဖြင့် ပြောဆိုကြပြီး ထို့နောက်တွင် တစ်စုံတစ်ဦးက ၎င်းတို့အား ဧဝံဂေလိဖြန့်ဝေသောအခါတွင် ၎င်းတို့က လက်ခံကြသည်။ ထို့နောက်တွင် ၎င်းတို့ လုပ်ခဲ့သည့်အရာကို နောင်တရပြီး ၎င်းတို့သည် နောင်တရဖို့ လိုလားလာကြသည်။ ထိုအခြေအနေတွင် ၎င်းတို့၏ အပြုအမူများနှင့် သရုပ်သကန်များသည် နောင်တွင် မည်သို့ရှိမည်ကို ငါတို့ မြင်ရလိမ့်မည်။ ၎င်းတို့ စတင်ယုံကြည်ပြီးသည့်နောက်တွင် ၎င်းတို့၏ အပြုအမူသည် အထူးသဖြင့် ညံ့ဖျင်းပြီး “ကောင်းပြီ။ ငါသည် ဘုရားသခင်အပေါ် ပြစ်မှားစော်ကားသော၊ အသရေဖျက်သော၊ ပြီးလျှင် ဝေဖန်ကဲ့ရဲ့သော စကားများကို ပြောပြီးနေပြီဖြစ်၍ ဘုရားသခင်က ဤလူစားမျိုးတို့ကို စီရင်လျှင် ငါ၏လိုက်စားမှုများသည် အချည်းနှီးဖြစ်လေသည်” ဟု တွေးလျက် အနာကို ဆားသိပ်သကဲ့သို့ လုပ်ဆောင်လျှင် ၎င်းတို့သည် လုံးလုံး ဇာတ်သိမ်းပြီဖြစ်သည်။ ၎င်းတို့သည် မျှော်လင့်ချက်ပျက်သုဉ်းခြင်း၌ မျောပါသွားကာ ကိုယ့်သေတွင်း ကိုယ်တူးပြီးဖြစ်၏။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး
လူအချို့သည် အနည်းငယ်ပြစ်မှားမိသောအခါ “ဘုရားသခင် ငါ့ကို ထုတ်ဖော်ပြပြီး ဖယ်ရှားရှင်းလင်းလိုက်ပြီလော။ သူ ငါ့ကို ရိုက်နှက်မည်လော” ဟု ထင်ကြေးပေးကြသည်။ ဘုရားသခင်သည် ဤတစ်ကြိမ်တွင် လူတို့ကို ရိုက်နှက်ရန် မဟုတ်ဘဲ လူတို့ကို တတ်နိုင်သမျှ အကြီးမားဆုံး အတိုင်းအတာအထိ ကယ်တင်ရန် ကြွလာခဲ့ပြီးဖြစ်သည်။ မည်သူမျှ အမှားနှင့် မကင်းပေ။ အကယ်၍ အယောက်တိုင်း ရိုက်နှက်ခြင်းကို ခံရပါက ယင်းသည် ကယ်တင်ခြင်း ဖြစ်မည်လော။ ပြစ်မှားခြင်းအချို့မှာ တမင်တကာပြုခြင်း ဖြစ်သော်ငြားလည်း အခြားသောပြစ်မှားခြင်းများမှာ တမင်တကာ မဟုတ်ပေ။ သင် တမင်တကာမလုပ်သော အရာများကို သင်သည် သတိပြုမိပြီးနောက် ပြောင်းလဲနိုင်ပါက ဘုရားသခင်သည် သင် ထိုသို့မပြုလုပ်မီ သင့်ကို ရိုက်နှက်မည်လော။ ဘုရားသခင်က လူတို့ကို ထိုပုံစံအတိုင်း ကယ်တင်မည်လော။ ယင်းမှာ သူအလုပ်လုပ်သည့်ပုံစံ မဟုတ်ပေ။ သင်၌ ပုန်ကန်သော စိတ်သဘောထား ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ မရည်ရွယ်ဘဲ လုပ်ဆောင်ခဲ့သည်ဖြစ်စေ၊ မလုပ်ဆောင်ခဲ့သည်ဖြစ်စေ ဤအရာကို သတိရလော့။ သင်သည် သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်ပြီး သိမြင်သင့်သည်။ သင့်ကိုယ်သင် ချက်ချင်း ပြောင်းလဲပြီး သမ္မာတရားအတွက် သင်၏ ခွန်အားရှိသမျှဖြင့် ကြိုးပမ်းလော့။ ပြီးလျှင် အခြေအနေများက မည်သို့ဖြစ်ပေါ်လာပါစေ သင့်ကိုယ်သင် စိတ်ပျက်အားငယ်ခြင်း၏ လွှမ်းမိုးမှုကို မခံနှင့်။ ဘုရားသခင် ပြုလုပ်နေသော အလုပ်သည် လူသားအား ကယ်တင်ခြင်း အလုပ်ဖြစ်ပြီး သူသည် သူကယ်တင်လိုသည့် လူတို့ကို ထင်ရာမြင်ရာ ဒဏ်ခတ်မည် မဟုတ်ပါ။ ဤသည်မှာ သေချာပေသည်။ အဆုံးတွင် ဘုရားသခင် ရိုက်နှက်ခဲ့သည့် ယုံကြည်သူတစ်ဦး အမှန်တကယ် ရှိခဲ့လျှင်ပင် ဘုရားသခင် လုပ်ဆောင်သည့်အရာသည် ဖြောင့်မတ်ကြောင်း အာမခံနိုင်ဆဲ ဖြစ်ပေမည်။ အချိန်ကြာလာသည်နှင့်အမျှ ထိုလူကို ရိုက်နှက်ခဲ့သည့်အကြောင်းအရင်းကို သင်လုံးလုံးလျားလျား ယုံကြည်လက်ခံစေဖို့အလို့ငှာ သင့်အား သူသိစေမည်ဖြစ်သည်။ ယခုတွင် သမ္မာတရားအတွက်သာ ကြိုးပမ်းလော့၊ အသက်ဝင်ရောက်ခြင်းကို အာရုံစိုက်လော့၊ ပြီးလျှင် သင်၏ တာဝန်အား ကောင်းသောထမ်းဆောင်ခြင်းကို လိုက်စားလော့။ ဤအရာတွင် အမှားအယွင်း မရှိပေ။ အဆုံးတွင် ဘုရားသခင်က သင့်ကို မည်သို့ကိုင်တွယ်ပါစေ ယင်းသည် ဖြောင့်မတ်ကြောင်း အာမခံသည်။ ဤအရာကို သင် သံသယမထားသင့်သကဲ့သို့ စိုးရိမ်စရာ မလိုပေ။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ယခု သင် နားမလည်သော်လည်း သင် ယုံကြည်လက်ခံမည့် နေ့တစ်နေ့ ရောက်လာလိမ့်မည်။ ဘုရားသခင်သည် တရားမျှတစွာနှင့် သိက္ခာရှိစွာ အလုပ်လုပ်သည်။ သူသည် အရာခပ်သိမ်းကို ပွင့်လင်းစွာ ထုတ်ဖော်သည်။ သင်တို့သည် ဤအကြောင်းအရာကို အသေအချာ အချိန်ယူစဉ်းစားကြည့်ပါက ဘုရားသခင်၏ အမှုသည် လူများကို ကယ်တင်ခြင်းနှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပြောင်းလဲခြင်းနှင့်ဆိုင်သော အလုပ်ဖြစ်ကြောင်း အားပါးတရ ကောက်ချက်ချမိမည်။ ဘုရားသခင်၏အမှုသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပြောင်းလဲခြင်း ဖြစ်သည်ကို ကြည့်လျှင် လူတို့သည် ဖောက်ပြန်ပျက်စီးမှု ထုတ်ဖော်ခြင်းများ မရှိသည်မှာ မဖြစ်နိုင်ပေ။ လူတို့သည်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်ဆိုင်သည့် ထိုထုတ်ဖော်ခြင်းများတွင်သာ မိမိတို့ကိုယ်ကို သိနိုင်သည်။ ပြီးလျှင် ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားရှိသည်ကို ဝန်ခံနိုင်ပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရရှိလိုစိတ် ရှိနိုင်သည်။ လူတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ထုတ်ဖော်ပြီးနောက်တွင် သမ္မာတရားကို လုံးဝ လက်မခံဘဲ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအတိုင်း ဆက်၍ အသက်ရှင်လျှင် ၎င်းတို့သည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားနိုင်ခြေ ရှိမည်ဖြစ်သည်။ ဘုရားသခင်သည် ၎င်းတို့အပေါ် ခြားနားသော ဒဏ်ခတ်ခြင်းအတိုင်းအတာများကို ဆိုက်ရောက်စေမည် ဖြစ်ပြီး ၎င်းတို့သည် မိမိတို့၏ပြစ်မှားခြင်းများအတွက် အဖိုးအခပေးရလိမ့်မည်။...
ယခင်က ဖော်ပြခဲ့သကဲ့သို့ အတိတ်မှ အဖြစ်အပျက်များကို တစ်ချက်တည်းဖြင့် လုံးလုံးဖယ်ရှား၍ ရနိုင်သည်။ အတိတ်ကို အစားထိုးဖို့ အနာဂတ်ကို ပြင်ဆင်ပြောင်းလဲနိုင်သည်။ ဘုရားသခင်၏ သည်းခံခြင်းသည် ပင်လယ်ကဲ့သို့ အကန့်အသတ်မဲ့၏။ သို့သော် ဤနှုတ်ကပတ်တော်များတွင် စည်းမျဉ်းများလည်း ရှိသည်။ ယင်းက ဘုရားသခင်သည် သင်ကျူးလွန်ထားသည့် မည်သည့်အပြစ်ကိုမဆို မည်မျှကြီးမားပါစေ လုံးလုံးလျားလျား ဖယ်ရှားပေးမည့်ကိစ္စမျိုး မဟုတ်ပေ။ ဘုရားသခင်သည် သူ၏အလုပ်အားလုံးကို စည်းမျဉ်းများဖြင့် ပြုလုပ်သည်။ အတိတ်တွင် ဤအရေးကိစ္စကို ကိုင်တွယ်သည့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်တစ်ခုကို ချမှတ်ခဲ့သည်။ ဘုရားသခင်သည် လူတစ်ဦးက သူ၏အမည်နာမကို လက်မခံမီ ကျူးလွန်သော အပြစ်များအားလုံးကို ခွင့်လွှတ်ပြီး ဖြေလွှတ်သည်။ သို့သော် သူ့အား ယုံကြည်လာပြီးနောက် ဆက်လက်၍ အပြစ်လုပ်သောသူတို့အတွက်မှာမူ ယင်းက မတူညီသောဖြစ်စဉ်ဖြစ်သည်။ အပြစ်တစ်ခုကို တစ်ကြိမ် ထပ်လုပ်သောသူကို နောင်တရဖို့အခွင့်အရေး ပေးသော်လည်း ယင်းကို နှစ်ကြိမ်ထပ်လုပ်သောသူ သို့မဟုတ် ထပ်ကာတလဲလဲ အပြစ်ဖော်ဆုံးမလင့်ကစား ပြောင်းလဲဖို့ ငြင်းဆန်သောသူတို့ကို နောင်တရဖို့ နောက်ထပ်အခွင့်အရေး မပေးဘဲ နှင်ထုတ်ပစ်သည်။ ဘုရားသခင်သည် သူ၏အလုပ်တွင် လူတို့ကို တတ်နိုင်သမျှ အကြီးဆုံးသော အတိုင်းအတာအထိ အမြဲသည်းခံသည်။ ဤအရာ၌ ဘုရားသခင်၏ အလုပ်သည် အမှန်တကယ် လူတို့အား ကယ်တင်ခြင်းနှင့် ဆိုင်သည့်အလုပ်ဖြစ်ကြောင်း တွေ့မြင်နိုင်သည်။ သို့ရာတွင် အကယ်၍ အလုပ်၏ ဤနောက်ဆုံးအဆင့်တွင် သင်သည် ခွင့်လွှတ်၍မရသော အပြစ်များကို ကျူးလွန်ဦးမည်ဆိုလျှင် သင့်ကို အမှန်ပင် ကယ်တင်၍ မရသည့်အပြင် ကယ်ဆယ်၍မဖြစ်နိုင်ပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး
များစွာသောသူတို့သည် ဘုရားသခင်ကို အတိုက်အခံလုပ်သူများဖြစ်ကြသော်လည်း၊ ၎င်းတို့ကြားတွင် ဘုရားသခင်ကို ၎င်းတို့ အတိုက်အခံလုပ်သည့် မတူကွဲပြားသော နည်းလမ်းများစွာ ရှိလေသည်။ ယုံကြည်သူမျိုးစုံ ရှိသည်နှင့်အမျှ၊ တစ်ဦးနှင့်တစ်ဦးမတူသည့် ဘုရားသခင်ကို အတိုက်အခံလုပ်သူ မျိုးစုံရှိလေသည်။ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း အသိအမှတ်ပြုရန် ပျက်ကွက်သူများထဲမှ တစ်ဦးတစ်ယောက်မျှ ကယ်တင်မခံရနိုင်ပေ။ အတိတ်ကာလတွင် လူသည် ဘုရားသခင်ကို မည်သို့ အတိုက်အခံလုပ်ကောင်းလုပ်နိုင်သည်ကို ပဓာနမထားဘဲ၊ လူသားသည် ဘုရားသခင်၏ အမှု၏ ရည်ရွယ်ချက်ကို နားလည်လာပြီး ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းငှာ သူ၏ အားထုတ်မှုများကို ဆက်ကပ်သည့်အခါ၊ သူ၏ ယခင်အပြစ်များအားလုံးကို ဘုရားသခင် သန့်စင်ဖယ်ရှားမည် ဖြစ်သည်။ လူသားသည် သမ္မာတရားကို ရှာဖွေကာ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သရွေ့၊ သူလုပ်ဆောင်ခဲ့သည့်အရာကို ဘုရားသခင် အမှတ်ထားမည်မဟုတ်ပေ။ ထို့အပြင်၊ လူသားကို ဘုရားသခင် ဖြောင့်မတ်စေသည်မှာ သမ္မာတရားကို လူသား၏ လက်တွေ့လုပ်ဆောင်ခြင်းအရ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်း ဖြစ်၏။ လူသားသည် ဘုရားသခင်ကို မမြင်ဖူးမီ သို့မဟုတ် သူ၏အမှုကို မတွေ့ကြုံဖူးမီတွင်၊ ဘုရားသခင်အပေါ် လူသားက မည်သို့ပြုမူစေကာမူ၊ ယင်းကို ဘုရားသခင် အမှတ်မထားပေ။ သို့သော်၊ လူသားသည် ဘုရားသခင်ကို တွေ့မြင်ပြီး သူ၏အမှုကို တွေ့ကြုံဖူးသည်နှင့် တစ်ပြိုင်နက်၊ လူသားသည် ဘုရားသခင်ကို မြင်ရပြီးဖြစ်ကာ သူ၏ အမှုအလယ်တွင် အသက်ရှင်ရပြီးဖြစ်သည့်အတွက်၊ လူသား၏ လုပ်ဆောင်ချက်များနှင့် အပြုအမူများအားလုံးကို ဘုရားသခင်သည် “နှစ်အလိုက်မှတ်တမ်း” ထဲတွင် ရေးသွင်းလိမ့်မည်ဖြစ်သည်။
လူသားသည် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို အမှန်တကယ် တွေ့မြင်ပြီးသည့်အခါ၊ ဘုရားသခင်၏ ကြီးစိုးမှုကို သူ တွေ့မြင်ပြီးသည့်အခါနှင့် ဘုရားသခင်၏အမှုကို အမှန်တကယ် သိရှိလာကြပြီးသည့်အခါ၊ ထို့အပြင် လူသား၏ ဟောင်းနွမ်းသော စိတ်သဘောထား ပြောင်းလဲသည့်အခါတွင်၊ လူသားသည် ဘုရားသခင်ကို အတိုက်အခံလုပ်သည့် သူ၏ ပုန်ကန်တတ်သော စိတ်သဘောထားကို လုံးဝ စွန့်ပစ်လိမ့်မည် ဖြစ်သည်။ အယောက်တိုင်းသည် တစ်ချိန်တစ်ခါက ဘုရားသခင်ကို အတိုက်အခံလုပ်ဖူးကြပြီး၊ အယောက်တိုင်းသည် တစ်ချိန်တစ်ခါက ဘုရားသခင်ကို ပုန်ကန်ဖူးကြသည်ဟု ဆိုနိုင်ပေသည်။ သို့သော်၊ သင်သည် လူ့ဇာတိခံ ဘုရားသခင်ကို လိုလိုလားလား ကျိုးနွံနာခံပြီး၊ ဤအခြေအနေမှ သင်၏ သစ္စာစောင့်သိမှုဖြင့် ဘုရားသခင်၏ စိတ်နှလုံးကို ကျေနပ်စေပါက၊ သင်လက်တွေ့လုပ်ဆောင်သင့်သည့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပါက၊ သင်ထမ်းဆောင်သင့်သည့် ဝတ္တရားကို ထမ်းဆောင်ပြီး၊ သင်လိုက်နာသင့်သည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာပါက၊ သင်သည် ဘုရားသခင် စိတ်ကျေနပ်စေရန် သင်၏ ပုန်ကန်မှုကို စွန့်ပစ်ရန် လိုလားနေသူ တစ်ဦးဖြစ်ပြီး၊ ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရနိုင်သူတစ်ဦး ဖြစ်ပေသည်။ သင်သည် သင်၏ အမှားများကို ကြည့်ဖို့ ခေါင်းမာစွာ ငြင်းဆန်ပြီး မိမိကိုယ်ကိုယ် နောင်တရခြင်းငှာ ရည်ရွယ်ချက်မရှိခဲ့ပါက၊ ဘုရားသခင်နှင့် ပူးပေါင်းလုပ်ဆောင်ခြင်းနှင့် သူ့ကို စိတ်ကျေနပ်စေခြင်းငှာ ရည်ရွယ်ချက် နည်းနည်းမျှမရှိဘဲ သင်၏ ပုန်ကန်တတ်သော အမူအကျင့်ဖြင့် သင် မရမက လုပ်ဆောင်ပါက၊ သင်ကဲ့သို့သော အင်မတန် ခေါင်းမာပြီး ပြုပြင်မရသော လူတစ်ဦးသည် သေချာပေါက် အပြစ်ပေးခံရမည်ဖြစ်ပြီး၊ ဘုရားသခင်၏ စုံလင်စေခြင်း ခံရသူတစ်ဦး ဘယ်သောအခါမျှ သေချာပေါက် ဖြစ်မည်မဟုတ်ပေ။ သို့ဖြစ်၍၊ သင်သည် ယနေ့တွင် ဘုရားသခင်၏ ရန်သူဖြစ်ပြီး မနက်ဖြန်တွင်လည်း ဘုရားသခင်၏ ရန်သူဖြစ်လိမ့်မည်ဖြစ်ကာ နောက်နေ့တွင်လည်း ဘုရားသခင်၏ရန်သူ ဖြစ်မြဲဖြစ်ပေလိမ့်မည်။ သင်သည် အစဉ်ထာဝရ ဘုရားသခင်၏ ရန်ဘက်နှင့် ဘုရားသခင်၏ အတိုက်အခံလုပ်တစ်ဦး ဖြစ်လိမ့်မည်။ ထိုအခြေအနေတွင်၊ ဘုရားသခင်သည် သင့်ကို မည်သို့ သက်ညှာနိုင်မည်နည်း။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို အတိုက်အခံလုပ်သောသူများ ဖြစ်ကြသည်
ယခု သင်တို့တွင် မျှော်လင့်ချက်ရေးရေးမျှ ရှိနေသေးသရွေ့ သင်၏အတိတ်မှပြစ်မှားခြင်းများကို ဘုရားသခင်က အောက်မေ့သည်ဖြစ်စေ၊ မအောက်မေ့သည်ဖြစ်စေ သင်သည် မည်သည့်စိတ်နေစိတ်ထားမျိုးကို ထိန်းသိမ်းသင့်သနည်း။ “ကျွန်ုပ်၏စိတ်သဘောထားထဲတွင် အပြောင်းအလဲတစ်ခုကို ကျွန်ုပ် လိုက်စားရမည်၊ ဘုရားသခင်ကို သိကျွမ်းခြင်းကို လိုက်စားရမည်၊ စာတန်က အရူးလုပ်ခြင်းကို မည်သည့်အခါမျှ မခံတော့ပေ၊ ပြီးလျှင် ဘုရားသခင်၏နာမတော်ကို အရှက်ရစေမည့်တစ်ခုခုကို မည်သည့်အခါမျှ မလုပ်တော့ပြီ” ဟူ၍ ဖြစ်သည်။ ယခုခေတ်လူများသည် အလွန်နက်နဲစွာ ဖောက်ပြန်ပျက်စီးပြီး မည်သည့်တန်ဖိုးမျှ မရှိချေ။ ၎င်းတို့ ကယ်တင်ခံရနိုင်ခြင်း ရှိမရှိနှင့် ၎င်းတို့တွင် မျှော်လင့်ချက်တစ်စုံတစ်ရာ ရှိမရှိတို့အပေါ် မည်သည့်အဓိကအပိုင်းများက ဆုံးဖြတ်ပေးသနည်း။ အဓိကသော့ချက်မှာ တရားဒေသနာတစ်ခုကို နားထောင်ပြီးသည့်နောက်တွင် သမ္မာတရားကို သင် သဘောပေါက်နားလည်နိုင်ခြင်း ရှိမရှိ၊ သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိ၊ သင်ပြောင်းလဲနိုင်ခြင်း ရှိမရှိ တို့ဖြစ်ကြသည်။ ဤအရာများမှာ အဓိကအပိုင်းများဖြစ်ကြသည်။ အကယ်၍ သင်သည် နောင်တကြီးစွာရခြင်းကိုသာ ခံစားရပါက၊ ထို့အပြင် ကိစ္စများကို လုပ်ဆောင်ခြင်းနှင့်ပတ်သက်သည့်အခါ ယခင်နည်းလမ်းဟောင်းများအတိုင်း သင်လုပ်ဆောင်လိုသည့်အရာ မှန်သမျှကိုသာ လုပ်ဆောင်ပါက၊ သမ္မာတရားကို မရှာဖွေရုံသာမက အမြင်ဟောင်းများ၊ နည်းစနစ်များနှင့် စည်းမျဉ်းစည်းကမ်းများကိုသာ တွယ်ဖက်ထားဆဲဖြစ်ပါက၊ ထို့အပြင် သင့်ကိုယ်သင် ပြန်လည်သုံးသပ်ခြင်းနှင့် သိရှိရန် ကြိုးစားခြင်း မရှိသည်သာမက ထိုအစား ပို၍ပို၍ဆိုးဝါးလာပြီး သင်၏ လမ်းဟောင်းကို မရမက လျှောက်နေဆဲဖြစ်ပါက သင်သည် မျှော်လင့်ချက်မရှိဘဲ ဖြစ်လိမ့်မည်ဖြစ်ပြီး မျှော်လင့်ချက်မဲ့သဖြင့် သင့်ကို ဆုံးရှုံးမှုအဖြစ် သတ်မှတ်သင့်သည်။ ဘုရားသခင်နှင့်ပတ်သက်၍ ပို၍ကြီးမားသော သိမြင်မှုကြောင့်လည်းကောင်း၊ သင့်ကိုယ်သင် ပို၍နက်နက်နဲနဲ သိမြင်မှုကြောင့်လည်းကောင်း သင်သည် မကောင်းမှုကျူးလွန်ခြင်းနှင့် အပြစ်ပြုခြင်းတို့မှ သင့်ကိုယ်သင် ပို၍ကောင်းစွာ တားဆီးနိုင်လာလိမ့်မည်။ သင်၏သဘာဝနှင့်ပတ်သက်သော ပိုမိုသိမြင်မှုမှတစ်ဆင့် သင့်ကိုယ်သင် ပို၍ကောင်းစွာ ကာကွယ်နိုင်လာလေဖြစ်ပြီး သင်၏အတွေ့အကြုံများနှင့် သင်ခန်းစာများကို ပေါင်းရုံးသုံးသပ်ပြီးသည့်နောက်တွင် နောက်ထပ် ကျရှုံးတော့မည်မဟုတ်ပေ။ အကယ်စင်စစ်တွင်မူ လူတိုင်းတွင် အမည်းစက်အချို့ရှိကြသည်။ ဘုရားသခင်က ၎င်းတို့အား ဤအရာများအတွက် ဗွေမယူခြင်းသာဖြစ်လေသည်။ လူတိုင်းတွင် ထိုအရာများရှိကြသည်မှာ အတိုင်းအတာ အနည်းနှင့်အများသာ ကွာခြားသည်။ အချို့ကို ပြော၍ရနိုင်ပြီး အခြားမှာ ပြော၍မရနိုင်ပေ။ လူအချို့သည် အခြားလူများသိသည့် ကိစ္စများကို လုပ်ကြသည်၊ အချို့လူများကမူ မည်သူမျှ မသိအောင် ကိစ္စများကို လုပ်ကြသည်။ လူတိုင်း၌ ၎င်းတို့အထဲတွင် ပြစ်မှားမှုများနှင့် အမည်းစက်များရှိကြသည်။ ပြီးလျှင် မာနထောင်လွှားခြင်း သို့မဟုတ် မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ခြင်းတို့ကဲ့သို့သော အချို့သောဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို ၎င်းတို့အားလုံး ထုတ်ဖော်ကြသည်။ ၎င်းတို့အားလုံးတွင် ၎င်းတို့၏ အလုပ်၌ လမ်းလွဲမှုအချို့ ရှိကြသည် သို့မဟုတ် ရံဖန်ရံခါ ပုန်ကန်ဖူးကြသည်။ ဤသည်တို့အားလုံးမှာ နားလည်၍ရနိုင်သည်။ ယင်းတို့မှာ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အတွက် ရှောင်လွှဲ၍မရချေ။ သို့သော် လူများ သမ္မာတရားကို နားလည်သည်နှင့်တစ်ပြိုင်နက် ဤအရာကို ၎င်းတို့ ရှောင်လွှဲနိုင်သင့်ပြီး နောက်ထပ်မပြစ်မှားသင့်တော့ချေ။ ပြီးလျှင် ယခင်က ကျူးလွန်ခဲ့မိသည့် ပြစ်မှားမှုများကြောင့် သောကရောက်နေဖို့ မလိုအပ်တော့ပေ။ အဓိကအချက်မှာ လူများ နောင်တရခြင်း ရှိမရှိ၊ ၎င်းတို့အမှန်တကယ် ပြောင်းလဲပြီးခြင်း ရှိမရှိ ဖြစ်သည်။ နောင်တရပြီး ပြောင်းလဲသူများသည် ကယ်တင်ခြင်း ခံရသူများဖြစ်သော်လည်း တစ်လျှောက်လုံး နောင်တ မရသေးသကဲ့သို့ မပြောင်းလဲသေးသည့်သူများသည် ဖယ်ရှားရှင်းလင်းခြင်းခံရမည် ဖြစ်သည်။ သမ္မာတရားကို နားလည်ပြီးသည့်နောက် လူများသည် သိလျက်နှင့် ပြစ်မှားဆဲဖြစ်ပါက ၎င်းတို့သည် စွဲစွဲမြဲမြဲ နောင်တမရဘဲရှိကာ မည်မျှပြုပြင်ခြင်းခံရပါစေ သို့မဟုတ် သတိပေးခံရပါစေ လုံးလုံး မပြောင်းလဲပါက ထိုသို့သော လူများသည် ကယ်တင်၍မရနိုင်ပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး
လက်တွေ့ကျသည့် ဘုရားသခင်နောက်လိုက်ရန် ငါတို့တွင် ဤစိတ်ပိုင်းဖြတ်ချက် ရှိရမည်။ မည်မျှ ကြီးမားသည့် ပတ်ဝန်းကျင်များကို ငါတို့ ကြုံရသည်ဖြစ်စေ၊ မည်သည့် အခက်အခဲမျိုးများကို ရင်ဆိုင်ရသည်ဖြစ်စေ၊ ငါတို့ မည်မျှ အားနည်း၊ အပျက်သဘောဆောင်ကြသည်ဖြစ်စေ၊ ငါတို့၏ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှု သို့မဟုတ် ဘုရားသခင် ပြောဆိုပြီးဖြစ်သည့် နှုတ်ကပတ်တော်များတွင် ငါတို့ ယုံကြည်ခြင်း ပျောက်ဆုံး၍မရပေ။ ဘုရားသခင်သည် လူသားမျိုးနွယ်ထံ ကတိတစ်ခုကို ပြုပြီးဖြစ်ကာ လူတို့အနေဖြင့် ထိုအရာကို သယ်ဆောင်ရန် စိတ်ပိုင်းဖြတ်ချက်၊ ယုံကြည်ခြင်းနှင့် ဇွဲလုံ့လတို့ လိုအပ်သည်။ ဘုရားသခင်သည် သူရဲဘောနည်းသူများကို မနှစ်သက်ပေ။ စိတ်ပိုင်းဖြတ်ချက်ရှိသည့်လူများကို သူ နှစ်သက်သည်။ သင်သည် ဖောက်ပြန်ပျက်စီးမှုများစွာ ထုတ်ဖော်ပြပြီးလျှင်ပင်၊ မှားယွင်းသည့် လမ်းကြောင်းကို ကြိမ်ဖန်များစွာ လျှောက်ပြီးဖြစ်လျှင်ပင်၊ သို့မဟုတ် ပြစ်မှားမှုများစွာ ကျူးလွန်ပြီးဖြစ်လျှင်ပင်၊ ဘုရားသခင်နှင့်ပတ်သက်၍ ညည်းညူပြီးဖြစ်လျှင်ပင်၊ သို့မဟုတ် ဘာသာတရားအတွင်းမှ ဘုရားသခင်ကို အတိုက်အခံလုပ်ပြီးဖြစ်လျှင်ပင် သို့မဟုတ် သင်၏ စိတ်နှလုံးတွင် သူ့အပေါ် ပြစ်မှားစော်ကားမှု စသည်ဖြင့် သိုထားပြီးဖြစ်လျှင်ပင်၊ ဘုရားသခင်က ထိုအရာအားလုံးတို့ကို လုံးဝ မကြည့်ပေ။ တစ်စုံတစ်ဦးက သမ္မာတရားကို လိုက်စားခြင်း ရှိမရှိဆိုသည်နှင့် တစ်နေ့တွင် ထိုသူသည် ပြောင်းလဲနိုင်ခြင်း ရှိမရှိဆိုသည်ကိုသာ ဘုရားသခင် ကြည့်သည်။ သမ္မာကျမ်းစာတွင် ပျောက်သောသား ပြန်လာခြင်း အကြောင်း ဇာတ်လမ်းတစ်ခု ပါရှိသည်။ သခင်ယေရှုက ဤပုံဥပမာကို အဘယ့်ကြောင့် အသုံးပြုခဲ့သနည်း။ ယင်းမှာ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်၏ ရည်ရွယ်ချက်သည် ရိုးသားသည်ကိုလည်းကောင်း၊ ဘုရားသခင်သည် လူများအား နောင်တရပြီးပြောင်းလဲဖို့ အခွင့်အရေး ပေးသည်ကိုလည်းကောင်း လူတို့နားလည်စေရန် ဖြစ်သည်။ ဤဖြစ်စဉ်တစ်လျှောက်တွင် ဘုရားသခင်သည် လူများကို နားလည်ပြီး၊ ၎င်းတို့၏ အားနည်းချက်များနှင့် ၎င်းတို့ ဖောက်ပြန်ပျက်စီးခြင်း၏ အတိုင်းအတာတို့ကို ကောင်းစွာသိသည်။ လူတို့သည် လဲကျပြီး ရှုံးနိမ့်မည်ကို သူသိထားသည်။ လမ်းလျှောက်သင်နေသည့် ကလေးကဲ့သို့ ဖြစ်သည်။ သူသည် ခန္ဓာကိုယ် မည်မျှသန်စွမ်းပါစေ၊ လဲကျပြီး ယိမ်းယိုင်သည့်အချိန်များ၊ အရာဝတ္ထုများကို တိုက်မိပြီး လဲသည့်အချိန်များ ရှိပေလိမ့်မည်။ မိခင်တစ်ဦးက သူ၏ ကလေးကို နားလည်သည့်ပုံစံအတိုင်း လူတိုင်းကို ဘုရားသခင် နားလည်သည်။ လူတစ်ဦးစီ၏ အခက်အခဲများ၊ ၎င်းတို့၏ အားနည်းချက်များနှင့် လိုအပ်ချက်များကို သူနားလည်သည်။ ထိုထက်သာ၍ပင်၊ လူတို့က ၎င်းတို့၏ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှု ဖြစ်စဉ်တွင် မည်သည့် အခက်အခဲများ၊ အားနည်းချက်များနှင့် ကျရှုံးမှုများ ရင်ဆိုင်ရလိမ့်မည်ကို ဘုရားသခင် နားလည်သည်။ ဤသည်တို့မှာ ဘုရားသခင်က အကောင်းဆုံး နားလည်သည့်အရာများ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က လူတို့ စိတ်နှလုံးများ၏ အတွင်းပိုင်းနေရာများကို စိစစ်သည်ဟု ဆိုလိုပေသည်။ သင် မည်မျှ အားနည်းသည်ဖြစ်စေ၊ ဘုရားသခင်၏ နာမကို သင် မစွန့်ပယ်သရွေ့၊ သို့မဟုတ် သူနှင့် ဤလမ်းခရီးတို့ကို မစွန့်ခွာသရွေ့၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို စွမ်းဆောင်ရရှိရန် သင့်တွင် အခွင့်အရေး အမြဲ ရှိလိမ့်မည်။ သင့်ထံတွင် ဤအခွင့်အရေးရှိလျှင်၊ ရှင်သန်ရဖို့ မျှော်လင့်ချက်ရှိပြီး၊ ထို့ကြောင့် ဘုရားသခင်၏ ကယ်တင်ခြင်းခံရဖို့ မျှော်လင့်ချက် ရှိပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏စိတ်သဘောထားပြောင်းလဲခြင်းအပေါ် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်း