၃။ ယုဒဘာသာနှင့် ခရစ်ယာန်ဘာသာထဲတွင် စစ်မှန်သော ဘုရားသခင်ကိုလည်း ယုံကြည်သည့်၊ ဘုရားသခင်ကို ဗိမာန်တော်များနှင့် ဘုရားကျောင်းများတွင် ကိုးကွယ်ပြီး ကြည့်ရသည်မှာ အလွန် ဘုရားတရားကိုင်းရှိုင်းပုံပေါ်သည့် လူများစွာ ရှိသည်။ အချို့က အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို လက်မခံကြသော်လည်း၊ ဘုရားသခင်ကို အတိအကျ ဆန့်ကျင်သည့် သို့မဟုတ် ရှုတ်ချသည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်ဖူးကြချေ။ ဘုရားသခင်သည် ၎င်းတို့ကဲ့သို့သော လူများကို ကယ်တင်လိမ့်မည်လား။
ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-
“ဘုရားသခင်၏ပညတ်တော်ကား၊ မိဘကိုရိုသေစွာပြုလော့။ အကြင်သူသည် မိဘကိုနှုတ်ဖြင့်ပြစ်မှား ၏၊ ထိုသူသည် အသေသတ်ခြင်းကို ခံစေဟုလာသတည်း။ သင်တို့မူကား၊ အကြင်သူသည် ကိုယ့်မိဘကို၊ သင်တို့အသုံးရနိုင်သမျှသော ငါ၏ဥစ္စာသည် အလှူဝတ္ထု ဖြစ်စေဟုဆို၏၊ ထိုသူသည် ကိုယ်မိဘကိုပင် ရိုသေစွာမပြုရဟုဆို၏။ ထိုသို့သင်တို့သည် အဆက်ဆက်ခံသော နည်း ဥပဒေအားဖြင့် ဘုရားသခင်၏ပညတ်တော်ကို ပယ်ကြ၏။ လျှို့ဝှက်သောသူတို့၊ ဟေရှာယသည် သင်တို့ကိုရည်မှတ်လျက် ဤလူမျိုးသည်နှုတ်နှင့်ငါ့ထံသို့ ချဉ်း ကပ်၍ နှုတ်ခမ်းနှင့်ငါ့ကို ရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။ လူတို့စီရင်သောပညတ်တို့ကိုသွန်သင်၍ နည်းဥပဒေသပေးလျက်ပင်ငါ့ကို အချည်းနှီးကိုးကွယ်ကြ၏ဟု နောက်ဖြစ်လတံ့သောအရာကို လျောက်ပတ်စွာ ဟောခဲ့ပြီဟုပြန်၍မိန့်တော်မူ၏။” (ရှင်မဿဲခရစ်ဝင် ၁၅:၄-၉)
“သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။ ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျှင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတိအလင်း ငါပြောမည်။” (ရှင်မဿဲခရစ်ဝင် ၇:၂၁-၂၃)
ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-
လူသားများက အခြားလူသားများကို ဝေဖန်အကဲဖြတ်သည့် စံနှုန်းမှာ ၎င်းတို့၏ အပြုအမူပေါ်တွင် အခြေခံသည်။ ၎င်းတို့၏ အပြုအမူ ကောင်းမွန်သောသူများသည် ဖြောင့်မတ်ကြသော်လည်း၊ ၎င်းတို့၏ အပြုအမူက စက်ဆုပ်ဖွယ်ကောင်းသူများသည် ဆိုးယုတ်ကြပေသည်။ လူသားများကို ဘုရားသခင် တရားစီရင်သော စံနှုန်းမှာ ၎င်းတို့၏ အနှစ်သာရက သူ့ကို ကျိုးနွံနာခံမှု ရှိမရှိဆိုသည့်အပေါ် အခြေခံသည်။ ဤလူ၏ အပြုအမူ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ပြီးလျှင် ၎င်းတို့၏ စကားက မှန်သည်ဖြစ်စေ၊ မမှန်ကန်သည်ဖြစ်စေ၊ ဘုရားသခင်ကို ကျိုးနွံနာခံသောသူသည် ဖြောင့်မတ်သူတစ်ဦး ဖြစ်သော်လည်း၊ ဘုရားသခင်ကို ကျိုးနွံမနာခံသောသူသည် ရန်သူတစ်ဦးနှင့် ဆိုးယုတ်သောသူတစ်ဦး ဖြစ်သည်။ လူအချို့သည် အနာဂတ်တွင် ကောင်းသော ခရီးပန်းတိုင်ကို ရရှိရန် ကောင်းသောလုပ်ရပ်များကို အသုံးပြုရန် ဆန္ဒ ရှိကြပြီး၊ လူအချို့သည် ကောင်းသော ခရီးပန်းတိုင်ကို ရယူရန် ကောင်းမွန်သော စကားများကို အသုံးပြုရန် ဆန္ဒရှိကြသည်။ ဘုရားသခင်သည် ၎င်းတို့၏ အပြုအမူကို စောင့်ကြည့်ပြီးနောက်တွင် သို့မဟုတ် ၎င်းတို့၏ စကားကို နားထောင်ပြီးနောက် လူတို့၏ ရလဒ်များကို ဆုံးဖြတ်သည်ဟု လူတို့သည် မှားယွင်းစွာ ယုံကြည်ကြသည်။ ထို့ကြောင့် များစွာသော လူတို့သည် ၎င်းတို့အား ယာယီ မျက်နှာသာတစ်ခု ပေးစေခြင်းအဖြစ်သို့ ဘုရားသခင်ကို လှည့်ဖြားဖို့ ဤအရာကို ကောင်းစွာ အသုံးပြုရန် ဆန္ဒ ရှိကြလေသည်။ အနာဂတ်တွင် အနားယူခြင်း အခြေအနေတစ်ခု၌ ရှင်သန်ကြမည့် လူအားလုံးသည် ဘေးဒုက္ခ နေ့ရက်ကို သည်းခံကြရပြီးဖြစ်လိမ့်မည် ဖြစ်သကဲ့သို့၊ ဘုရားသခင်အတွက် သက်သေလည်း ခံကြပြီး ဖြစ်လိမ့်မည်။ ၎င်းတို့အားလုံးသည် မိမိတို့၏တာဝန်များကို ဖြည့်ဆည်းပြီးသူများနှင့် ဘုရားသခင်ကို တမင်သက်သက် ကျိုးနွံနာခံပြီးသူများ ဖြစ်ကြလိမ့်မည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ရှောင်ရှားရန် ရည်ရွယ်ချက်ဖြင့် အစေခံခြင်း ပြုဖို့ အခွင့်အရေးကို အသုံးပြုရန် ဆန္ဒရှိရုံမျှ ရှိသူတို့သည် ကျန်ရှိခွင့် ရှိကြလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည် တစ်ဦးစီတိုင်း၏ ရလဒ်နှင့်ဆိုင်သည့် အစီအစဉ်အတွက် သင့်လျော်သော စံချိန်စံညွှန်းများ ရှိသည်။ သူသည် တစ်ဦးတစ်ယောက်၏ စကားလုံးများနှင့် အပြုအမူနှင့်အညီ ဤဆုံးဖြတ်ချက်များကို မပြုလုပ်သကဲ့သို့၊ အချိန်ကာလ တစ်ခုအတွင်း တစ်ဦးတစ်ယောက် မည်သို့ ပြုမူသည်ဆိုသည့်အပေါ် အခြေခံကာ ဤဆုံးဖြတ်ချက်များကို ပြုလုပ်သည်လည်း မဟုတ်ပေ။ သူ့အတွက် ၎င်းတို့၏ အတိတ်က အစေခံမှုကြောင့် တစ်ဦးတစ်ယောက်၏ ဆိုးယုတ်သော အပြုအမူနှင့် စပ်လျဉ်း၍ ဘုရားသခင်သည် လုံးဝ သက်ညှာလိမ့်မည် မဟုတ်သကဲ့သို့ သူ့အတွက် အချိန်ကာလတစ်ခုကြာ အသုံးခံခဲ့မှုကြောင့်လည်း၊ တစ်ဦးတစ်ယောက်ကို သေခြင်းမှ ချမ်းသာပေးလိမ့်မည် မဟုတ်ပေ။ ၎င်းတို့၏ ဆိုးယုတ်မှုအတွက် မည်သူမျှ ပြစ်ဒဏ်ပေးဆပ်ခြင်းကို မရှောင်လွှဲနိုင်သကဲ့သို့၊ မည်သူကမျှ ၎င်းတို့၏ ဆိုးယုတ်သော အပြုအမူကို ဖုံးကွယ်ကာ၊ ထိုသို့ဖြင့် ဖျက်ဆီးခံရခြင်း၏ ညှဉ်းဆဲမှုများကို မရှောင်တိမ်းနိုင်ပေ။ လူတို့သည် မိမိတို့၏ ကိုယ်ပိုင် တာဝန်ကို အမှန်တကယ် ဖြည့်ဆည်းနိုင်ကြပါက၊ ယင်းမှာ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ ရရှိသည်ဖြစ်စေ သို့မဟုတ် ကံဆိုးခြင်းကို ခံစားရသည်ဖြစ်စေ၊ ဘုရားသခင်ကို ထာဝရ သစ္စာစောင့်သိပြီး ဆုလာဘ်များကို ရှာဖွေခြင်း မရှိဟု ဆိုလိုပေသည်။ လူများသည် ကောင်းချီးမင်္ဂလာကို မြင်ရသောအခါ ဘုရားသခင်ကို သစ္စာစောင့်သိသော်လည်း မည်သည့် ကောင်းချီးမင်္ဂလာကိုမျှ မတွေ့မြင်ရသည့်အခါ ၎င်းတို့၏ သစ္စာစောင့်သိမှု ဆုံးရှုံးပါက၊ ပြီးလျှင် ဘုရားသခင်အတွက် တစ်ချိန်က သစ္စာစောင့်သိစွာ အလုပ်လုပ်ပေးခဲ့သည့် ဤလူများသည် နောက်ဆုံးတွင် ဘုရားသခင်အတွက် သက်သေကို မခံနိုင်ကြဆဲဖြစ်ပါက သို့မဟုတ် ၎င်းတို့ တာဝန်ရှိသည့် တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်ခြင်း မရှိဆဲ ဖြစ်ပါက၊ ထိုသို့သော လူများသည် ဖျက်ဆီးခြင်းခံရမည့် သူများ ဖြစ်ကြဆဲ ဖြစ်လိမ့်မည်။ အတိုချုပ်ပြောရလျှင် ဆိုးယုတ်သော လူတို့သည် ထာဝရကာလတစ်လျှောက် ရှင်သန်နိုင်မည် မဟုတ်သကဲ့သို့၊ ငြိမ်သက်ခြင်းချမ်းသာထဲသို့လည်း မဝင်ရောက်နိုင်ကြပေ။ ဖြောင့်မတ်သော သူတို့သည်သာ ငြိမ်သက်ခြင်းချမ်းသာ၏ အရှင်သခင်များ ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်
ဘုရားသခင်နောက်လိုက်ရာတွင် အဓိက အရေးကြီးသောအရာမှာ အရာရာတိုင်းသည် ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ ဖြစ်သင့်ခြင်း ဖြစ်သည်။ သင်သည် အသက်ဝင်ရောက်မှုကို အားထုတ်နေသည်ဖြစ်စေ၊ သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များအထမြောက်အောင် လုပ်ဆောင်ခြင်းကို အားထုတ်နေသည်ဖြစ်စေ၊ အရာရာတိုင်းသည် ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဗဟိုပြုသင့်ပေသည်။ အကယ်၍ သင်မိတ်သဟာယ ဖွဲ့သောအရာနှင့် ဝင်ရောက်ရန် အားထုတ်သော အရာတို့မှာ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဗဟိုမပြုပါက၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် စိမ်းသောသူတစ်ဦး ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏လုပ်ဆောင်ချက် လုံးဝ ကင်းမဲ့ပေသည်။ ဘုရားသခင် အလိုရှိသောအရာမှာ သူ၏ခြေလှမ်းများ နောက်လိုက်လျှောက်ကြသော လူများဖြစ်သည်။ ယခင်က သင်နားလည်ခဲ့သော အရာများသည် မည်သို့ နှစ်သက်ဖွယ်ဖြစ်ပြီး ဖြူစင်သည်ဖြစ်စေ၊ ဘုရားသခင်က ယင်းကို အလိုမရှိသကဲ့သို့၊ သင်သည် ထိုသို့သောအရာများကို ဘေးဖယ်မထားနိုင်ပါက၊ ယင်းတို့သည် သင်၏ အနာဂတ် ဝင်ရောက်မှုအတွက် ကြီးမားသော အဟန့်အတားတစ်ခု ဖြစ်လိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလင်းနောက်သို့ လိုက်လျှောက်နိုင်သူ အားလုံးသည် မင်္ဂလာရှိကြ၏။ အတိတ်ကာလများ၏ လူတို့သည်လည်း ဘုရားသခင်၏ ခြေလှမ်းများနောက် လိုက်လျှောက်ခဲ့ကြသည်၊ သို့သော် ယနေ့ထိတိုင် ၎င်းတို့ မလိုက်လျှောက်နိုင်ခဲ့ကြချေ။ ဤသည်မှာ နောက်ဆုံးသောကာလ လူများ၏ ကောင်းချီးမင်္ဂလာ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလုပ်နောက်သို့ လိုက်လျှောက်နိုင်သောသူများနှင့် ဘုရားသခင်က ၎င်းတို့ကို ဦးဆောင်သည့် မည်သည့်နေရာသို့မဆို ဘုရားသခင် နောက်လိုက်ကြသည့် ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ လိုက်လျှောက်နိုင်သော ထိုသို့သောသူများသည် ဘုရားသခင်၏ ကောင်းချီးပေးခြင်း ခံစားရသည့် လူများ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလုပ်နောက်သို့ မလိုက်လျှောက်သော သူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သော အမှုထဲသို့ မဝင်ရောက်ကြသေးသကဲ့သို့၊ ၎င်းတို့ မည်မျှ အလုပ်လုပ်သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့၏ ဒုက္ခဆင်းရဲများ မည်မျှ ကြီးမားသည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့ မည်မျှ ဟိုဟိုသည်သည် အလုပ်များသည်ဖြစ်စေ၊ ထိုအရာထဲမှတစ်ခုမျှ ဘုရားသခင်အဖို့ အဓိပ္ပာယ် တစ်ခုတစ်လေမျှ မရှိသကဲ့သို့၊ သူသည် ၎င်းတို့ကို အသိအမှတ်ပြုလိမ့်မည် မဟုတ်။ ယနေ့တွင် ဘုရားသခင်၏ လက်ရှိနှုတ်ကပတ်တော်များနောက်သို့ လိုက်လျှောက်သောသူ အားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းတွင် ရှိကြသည်။ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် စိမ်းသောသူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်း အပြင်တွင် ရှိကြပြီး၊ ထိုသို့သောလူတို့ကို ဘုရားသခင် အသိအမှတ်မပြုပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိမိန့်မြွက်ချက်များမှ ကင်းကွာသည့် အစေခံခြင်းသည် ဇာတိပကတိနှင့် အယူအဆများနှင့်ဆိုင်သော အစေခံခြင်းဖြစ်ပြီး၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီဖို့မှာ ယင်းအတွက် မဖြစ်နိုင်ပေ။ အကယ်၍ လူများသည် ဘာသာရေး အယူအဆများအလယ်တွင် အသက်ရှင်ကြပါက၊ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သင့်တော်သည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်ကြသကဲ့သို့၊ ဘုရားသခင်ကို ၎င်းတို့ အစေခံကြသော်လည်း၊ ၎င်းတို့၏ စိတ်ကူးစိတ်သန်းများနှင့် အယူအဆများအလယ်တွင် အစေခံကြပြီး၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ အစေခံနိုင်စွမ်း လုံးဝမရှိကြချေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်နောက်သို့ မလိုက်လျှောက်နိုင်သောသူများသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားမလည်ကြသကဲ့သို့၊ ဘုရားသခင်၏ရည်ရွယ်ချက်များုကို နားမလည်သောသူများသည် ဘုရားသခင်ကို အစေမခံနိုင်ကြပေ။ ဘုရားသခင်သည် သူ၏ ရည်ရွယ်ချက်များနှင့် အညီဖြစ်သော အစေခံခြင်းကို အလိုရှိသည်။ သူသည် အယူအဆများ၊ ဇာတိပကတိနှင့်ဆိုင်သော အစေခံခြင်းကို အလိုမရှိပေ။ အကယ်၍ လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် ခြေလှမ်းများနောက်သို့ လိုက်လျှောက်နိုင်စွမ်းမရှိပါက၊ ၎င်းတို့သည် အယူအဆများအလယ်တွင် အသက်ရှင်ကြ၏။ ထိုသို့သော လူတို့၏ အစေခံခြင်းသည် ကာဆီးကာ နှောင့်ယှက်ပြီး၊ ထိုသို့သော အစေခံခြင်းသည် ဘုရားသခင်ကို ဆန့်ကျင်ပေသည်။ ထို့ကြောင့် ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ မလိုက်လျှောက်နိုင်သောသူများသည် ဘုရားသခင်ကို အစေခံနိုင်စွမ်း မရှိပေ။ ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ မလိုက်လျှောက်နိုင်သောသူများသည် ဘုရားသခင်ကို အသေချာဆုံး ဆန့်ကျင်ကြပြီး၊ ဘုရားသခင်နှင့် သဟဇာတဖြစ်နိုင်စွမ်း မရှိကြချေ။ “သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် နောက်သို့ လိုက်လျှောက်ခြင်း” ဆိုသည်မှာ ယနေ့ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ခြင်း၊ ဘုရားသခင်၏ လက်ရှိ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ခြင်း၊ ယနေ့၏ ဘုရားသခင်ကို ကျိုးနွံနာခံကာ လိုက်လျှောက်နိုင်ခြင်းနှင့် ဘုရားသခင်၏ အသစ်လွင်ဆုံးသော မိန့်မြွက်ချက်များနှင့်အညီ ဝင်ရောက်ခြင်းတို့ကို ဆိုလိုသည်။ ဤသည်သာ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်နောက်သို့ လိုက်လျှောက်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းတွင် ရှိသောသူတစ်ဦး ဖြစ်သည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ ချီးမွမ်းမှုကို ရရှိနိုင်စွမ်းနှင့် ဘုရားသခင်ကို မြင်တွေ့နိုင်စွမ်း ရှိသည်သာမက၊ ဘုရားသခင်၏ နောက်ဆုံးအမှုမှတစ်ဆင့် ဘုရားသခင်၏ စိတ်သဘောထားကိုလည်း သိရှိနိုင်ပြီး၊ လူတို့၏ အယူအဆများနှင့် ပုန်ကန်ခြင်း၊ ပြီးလျှင် လူတို့၏ သဘာဝနှင့် အနှစ်သာရတို့ကို သူ၏ နောက်ဆုံးအမှုမှ သိရှိနိုင်ပေသည်။ ထို့အပြင် ၎င်းတို့၏ အစေခံမှုအတွင်းတွင်၊ ၎င်းတို့သည် ၎င်းတို့၏ စိတ်သဘောထားထဲက ပြောင်းလဲမှုများကို တဖြည်းဖြည်း ရရှိနိုင်ကြလေသည်။ ဤကဲ့သို့သော လူများသာ ဘုရားသခင်ကို ရရှိနိုင်သူများနှင့် မှန်သောလမ်းခရီးကို စစ်မှန်ရိုးသားစွာ တွေ့ရှိပြီးသောသူများ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်အားဖြင့် ဖယ်ရှားရှင်းလင်းခြင်းခံရသော သူများမှာ ဘုရားသခင်၏ နောက်ဆုံးအမှုနောက်သို့ လိုက်လျှောက်နိုင်စွမ်း မရှိသောသူများ ဖြစ်ကြပြီး၊ ဘုရားသခင်၏ နောက်ဆုံးအမှုကို ဆန့်ကျင်ပုန်ကန်သောသူများ ဖြစ်သည်။ ထိုသို့သောသူများက ဘုရားသခင်ကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ပုန်ကြသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည် အမှုသစ်ကို လုပ်ဆောင်ပြီးဖြစ်သောကြောင့်ဖြစ်ပြီး၊ ဘုရားသခင်၏သဏ္ဌာန်သည် ၎င်းတို့၏ အယူအဆများထဲရှိ သဏ္ဌာန်နှင့် မတူညီသောကြောင့်ဖြစ်သည်။ ဤအရာ၏ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် ဘုရားသခင်ကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ကြပြီး၊ ဘုရားသခင်အပေါ် အကဲဖြတ်ဝေဖန်ကြသည်၊ ယင်းက ၎င်းတို့ကို ဘုရားသခင်က ပစ်ပစ်ခါခါငြင်းခြင်းကို အကျိုးဆက် ဖြစ်ပေါ်စေလေသည်။ ဘုရားသခင်၏ နောက်ဆုံးသောအမှုနှင့်ဆိုင်သည့် အသိပညာကို ပိုင်ဆိုင်ခြင်းသည် လွယ်ကူသည့် ကိစ္စရပ် မဟုတ်ပေ၊ သို့သော် လူများသည် ဘုရားသခင်၏အမှုကို ကျိုးနွံနာခံလိုစိတ် ရှိပြီး၊ ဘုရားသခင်၏အမှုကို ရှာဖွေလိုစိတ် ရှိကြပါက၊ ၎င်းတို့သည် ဘုရားသခင်အား မြင်တွေ့ရန် အခွင့်အရေး ရှိကြလိမ့်မည် ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အသစ်လွင်ဆုံးသော လမ်းပြမှုကို ရရှိရန် အခွင့်အရေး ရှိကြလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏အမှုကို တမင်တကာ ဆန့်ကျင်သူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်း သို့မဟုတ် ဘုရားသခင်၏ လမ်းပြမှုကို မရရှိနိုင်ပေ။ ထို့ကြောင့် လူများသည် ဘုရားသခင်၏ နောက်ဆုံးအမှုကို ရရှိနိုင်ခြင်း ရှိမရှိဆိုသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်အပေါ် မူတည်သည်၊ ယင်းသည် ၎င်းတို့၏ အားထုတ်မှုအပေါ် မူတည်ပြီး ၎င်းတို့၏ ရည်ရွယ်ချက်များအပေါ် မူတည်ပေသည်။
သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိမိန့်မြွက်ချက်များကို ကျိုးနွံနာခံနိုင်သောသူအားလုံးသည် မင်္ဂလာရှိကြ၏။ ၎င်းတို့ မည်သို့ ဖြစ်လေ့ရှိခဲ့သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့အတွင်း၌ သန့်ရှင်းသော ဝိညာဉ်တော်သည် မည်သို့ အလုပ်လုပ်လေ့ရှိခဲ့သည် ဖြစ်စေ ဘုရားသခင်၏ အမှုအသစ်ကို ရရှိပြီးသောသူများသည် ကောင်းချီးမင်္ဂလာကို အခံစားရဆုံးဖြစ်ပြီး၊ ယနေ့ အမှုအသစ်ကို မလိုက်လျှောက်နိုင်သောသူများမှာ ဖယ်ရှားရှင်းလင်းခြင်း ခံကြရသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အသစ်ဆုံးသောအမှုကို သိပြီး သူ၏ ခြေလှမ်းများနောက် လိုက်လော့
ဘုရားသခင်၏ အမှု အဆင့်အသီးသီးတွင်၊ လူသားနှင့်ဆိုင်သော လိုက်လျောညီထွေသည့် သတ်မှတ်ချက်များလည်း ရှိပေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်း ရှိသူအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်နှင့် ဆုံးမပဲ့ပြင်ခြင်းတို့ကို ပိုင်ဆိုင်ကြပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်း မရှိသူများသည် စာတန်၏ ကွပ်ကဲမှုအောက်တွင်ရှိကာ သန့်ရှင်းသော ဝိညာဉ်တော်၏ မည်သည့် လုပ်ဆောင်မှုမျှမရှိပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်း၌ ရှိသူများသည် ဘုရားသခင်၏ အမှုသစ်ကို လက်ခံသူများ ဖြစ်ပြီး၊ ဘုရားသခင်၏ အမှုသစ်တွင် ပူးပေါင်းဆောင်ရွက်သူများ ဖြစ်သည်။ ဤရေစီးကြောင်းအတွင်း ရှိသူများသည် ပူးပေါင်းဆောင်ရွက်နိုင်စွမ်း မရှိကြသကဲ့သို့၊ ဤအချိန်အတောအတွင်း ဘုရားသခင် တောင်းဆိုသည့် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ကြပါက၊ ၎င်းတို့သည် ဆုံးမပဲ့ပြင်ခြင်းကို ခံရလိမ့်မည်ဖြစ်ပြီး၊ အဆိုးဆုံးအနေဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏ စွန့်ပစ်ခြင်းကို ခံရလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သစ်ကို လက်ခံသူများသည်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်းတွင် အသက်ရှင်ကြလိမ့်မည် ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ စောင့်ရှောက်ခြင်းနှင့် ကာကွယ်ခြင်းကို ရရှိကြလိမ့်မည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားနေသူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းခံကြရကာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားခြင်းမရှိသူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်ခြင်းကို ခံရပြီး၊ အပြစ်ပေးခြင်းကိုပင် ခံရကောင်းခံရနိုင်သည်။ ၎င်းတို့သည် မည်သည့် လူစားမျိုးဖြစ်ပါစေ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်း ၎င်းတို့ရှိမှသာ၊ ဘုရားသခင်သည် သူ၏အမှုသစ် လက်ခံသည့်သူအားလုံးကို သူ၏ နာမအတွက် တာဝန်ယူလိမ့်မည်။ သူ၏နာမကို ဘုန်းထင်ရှားစေပြီး၊ သူ၏နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန် လိုလားနေသူများသည် သူ၏ကောင်းချီးမင်္ဂလာများကို ရရှိကြလိမ့်မည်။ သူ့ကိုပုန်ကန်သကဲ့သို့ သူ၏နှုတ်ကပတ်တော်များကို လက်တွေ့ မလုပ်ဆောင်သူများသည် သူ၏အပြစ်ပေးခြင်းကို ခံရလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းတွင် ရှိသည့် လူများသည် အမှုသစ်ကို လက်ခံသူများဖြစ်ပြီး၊ အမှုသစ်ကို ၎င်းတို့ လက်ခဲ့ပြီးဖြစ်သည့်အတွက်၊ ၎င်းတို့သည် ဘုရားသခင်နှင့် သင့်တင့်လျောက်ပတ်စွာ ပူးပေါင်းဆောင်ရွက်သင့်သကဲ့သို့၊ မိမိတို့၏တာဝန်ကို မထမ်းဆောင်သည့် ပုန်ကန်သူများကဲ့သို့ မပြုမူသင့်ပေ။ ဤသည်မှာ လူသားနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ တစ်ခုတည်းသော သတ်မှတ်ချက်ဖြစ်သည်။ အမှုသစ်ကို လက်မခံသည့် လူများအတွက်မူ ထိုသို့မဟုတ်ပေ။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းပြင်ပတွင် ရှိကြပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်မှုနှင့် အပြစ်တင်မှုတို့သည် သူတို့နှင့် မသက်ဆိုင်ပေ။ ဤလူများသည် တစ်နေ့တာလုံး ဇာတိပကတိအတွင်း၌ အသက်ရှင်ကြသည်၊ ၎င်းတို့၏ စိတ်အတွင်း၌ အသက်ရှင်ကြပြီး၊ ၎င်းတို့လုပ်ဆောင်သမျှအားလုံးသည် ၎င်းတို့ကိုယ်ပိုင် ဦးနှောက်များ၏ စိစစ်မှုနှင့် သုတေသနပြုခြင်းမှ ထွက်ပေါ်သည့် အယူဝါဒများအတိုင်းသာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်မှု ဖြစ်ရန်မဆိုထားနှင့်၊ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုသစ်က တောင်းဆိုသည့်အရာပင် မဟုတ်ပေ။ ဘုရားသခင်၏ အမှုသစ်ကို လက်မခံသူများသည် ဘုရားသခင်၏ မျက်မှောက် ကင်းမဲ့သည့်အပြင်၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများနှင့် ကာကွယ်ခြင်းတို့ မရှိပေ။ ၎င်းတို့၏ စကားများနှင့် လုပ်ဆောင်မှု အများစုတို့သည် သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်ချက်၏ ယခင် သတ်မှတ်ချက်များကို ထိန်းသိမ်းထားလေသည်။ ယင်းတို့သည် အယူဝါဒ ဖြစ်ပြီး၊ သမ္မာတရား မဟုတ်ချေ။ ထိုသို့သော အယူဝါဒနှင့် စည်းမျဉ်းသည် ဤလူများ အတူတကွ စုစည်းခြင်းက ဘာသာတရားမျှသာ ဖြစ်သည်ကို သက်သေပြရန် လုံလောက်သည်။ ၎င်းတို့သည် ရွေးချယ်ခံရသူများ၊ သို့မဟုတ် ဘုရားသခင်၏ အမှု ရည်မှန်းချက်များ မဟုတ်ပေ။ ၎င်းတို့အားလုံးအလယ် စုစည်းမှုကို ဘာသာတရား၏ ကြီးကျယ်သော ညီလာခံတစ်ခုအဖြစ်သာ ခေါ်ဆိုနိုင်ပြီး၊ အသင်းတော်တစ်ခုအဖြစ် ခေါ်ဆို၍ မရနိုင်ပေ။ ဤသည်မှာ ပြောင်းလဲ၍မရသည့် အချက်တစ်ခုဖြစ်သည်။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သစ် မရှိကြပေ။ ၎င်းတို့လုပ်ဆောင်သည့်အရာသည် ဘာသာရေးရနံ့များ လှိုင်နေသည့်ပုံပေါ်သည်၊ ၎င်းတို့ အသက်ရှင်နေထိုင်သည့်အရာသည် ဘာသာတရားနှင့် ပြည့်နှက်ပုံ ပေါ်လေသည်။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်မှုနှင့် အသိဉာဏ်ပွင့်လင်းစေခြင်းကို ရရှိရန် သင့်လျော်ဖို့ မဆိုထားနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်နှင့် လုပ်ဆောင်ချက်ကိုပင် မပိုင်ဆိုင်ကြပေ။ ဤလူအားလုံးသည် အသက်မဲ့သည့် အလောင်းကောင်များနှင့် ဝိညာဉ်ရေးရာ လုံးဝမရှိသည့် လောက်ကောင်များ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အမှုအားလုံးနှင့် ဘုရားသခင်၏ လက်ရှိရည်ရွယ်ချက်များကို သိရန်မဆိုထားနှင့်၊ လူ၏ပုန်ကန်မှုနှင့် ဆန့်ကျင်မှုတို့နှင့်သက်ဆိုင်သည့် အသိပညာမရှိ၊ လူသား၏ မကောင်းမှုပြုခြင်း အားလုံးနှင့်ဆိုင်သည့် အသိပညာ မရှိကြချေ။ ၎င်းတို့အားလုံးသည် မသိနားမလည်ကြသည့် လူများ၊ ယုတ်ညံ့သော လူများ ဖြစ်ကြပြီး၊ ယုံကြည်သူများဟု ခေါ်ဆိုရန် မထိုက်တန်သော ဆန်ကုန်မြေလေးများ ဖြစ်သည်။ ၎င်းတို့ လုပ်ဆောင်သည့် မည်သည့်အရာကမျှ ဘုရားသခင်၏ အစီအစဉ်များကို ထိခိုက်နိုင်ရန် မဆိုထားနှင့်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုနှင့် မည်သို့မျှ မဆက်စပ်ပေ။ ၎င်းတို့၏စကားများနှင့် လုပ်ရပ်များက အလွန် စက်ဆုပ်ရွံရှာဖွယ်ကောင်းလှသည်၊ အလွန် သနားဖွယ်ကောင်းလှပြီး၊ ဖော်ပြပြောဆိုရန် တကယ်ကို မထိုက်တန်ချေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်း မရှိသူတို့ လုပ်ဆောင်သည့် အရာမှန်သမျှသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သစ်နှင့် မည်သို့မျှ သက်ဆိုင်မှုမရှိချေ။ ဤအရာကြောင့် ၎င်းတို့မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်မှု မရှိသည့်အပြင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်း မရှိကြပေ။ အကြောင်းမှာ ၎င်းတို့အားလုံးသည် သမ္မာတရားအတွက် ချစ်ခြင်းမေတ္တာ မရှိကြသူများနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ မုန်းတီးခြင်းနှင့် ပစ်ပယ်ခြင်းကို ခံရပြီးသည့်သူများ ဖြစ်သည့်အတွက်ဖြစ်သည်။ ၎င်းတို့သည် ဇာတိပကတိ၌ လျှောက်လှမ်းကြပြီး၊ ဘုရားသခင်၏ ဆိုင်းဘုတ်အောက်တွင် ၎င်းတို့စိတ်ကျေနပ်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ကြသောကြောင့်၊ ၎င်းတို့ကို မကောင်းမှုပြုသူများဟု ခေါ်သည်။ ဘုရားသခင် အမှုပြုစဉ်တွင်၊ ၎င်းတို့သည် တမင်တကာ သူ့ကိုရန်လိုပြီး သူနှင့်ဆန့်ကျင်ဘက်သို့ ပြေးကြလေသည်။ လူသားသည် ဘုရားသခင်နှင့် ပူးပေါင်းမဆောင်ရွက်နိုင်ခြင်းမှာ အဆုံးစွန် ပုန်ကန်ခြင်း သက်သက်ဖြစ်သည်၊ သို့ဆိုလျှင် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်သို့ တမင်တကာ ပြေးကြသောသူတို့သည် အထူးသဖြင့် ၎င်းတို့နှင့် ထိုက်တန်သော ဒဏ်ခတ်ခြင်းကို ရရှိကြလိမ့်မည် မဟုတ်လော။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု
ပညတ်တော်ခေတ်၏ ထိုဂျူးလူမျိုး ဖာရိရှဲများ၊ ယဇ်ပရောဟိတ် အကြီးအကဲများနှင့် ကျမ်းတတ်ပုဂ္ဂိုလ်များသည် အမည်နာမအရ ဘုရားသခင်ကို ယုံကြည်ခဲ့ကြသော်လည်း သူ၏ လမ်းခရီးကို ကျောခိုင်းကာ လူ့ဇာတိခံ ဘုရားသခင်ကိုပင် ကားစင်တင်သတ်ခဲ့ကြသည်။ သို့ဆိုလျှင် ၎င်းတို့၏ ယုံကြည်လက်ခံမှုသည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိနိုင်မည်လော။ (မရရှိနိုင်ပါ။) ဘုရားသခင်က ၎င်းတို့ကို ဂျူးလူမျိုးယုံကြည်သူများအဖြစ်၊ ဘာသာရေး အုပ်စုတစ်စု၏ အဖွဲ့ဝင်များအဖြစ် သတ်မှတ်နှင့်ခဲ့ပြီးသား ဖြစ်သည်။ ပြီးလျှင် ထိုနည်းတူ ယနေ့တွင် ယေရှုကို ယုံကြည်သောသူတို့အားလည်း ဘာသာရေး အုပ်စုတစ်စု၏ အဖွဲ့ဝင်များအဖြစ် ဘုရားသခင် မြင်လေသည်။ ယင်းတွင် သူသည် ၎င်းတို့ကို သူ့အသင်းတော်၏ အသင်းသားများ သို့မဟုတ် သူ့ကို ယုံကြည်သူများအဖြစ် အသိအမှတ်မပြုပေ။ ဘုရားသခင်သည် အဘယ်ကြောင့် ဘာသာရေးလောကကို ထိုသို့ ရှုတ်ချမည်နည်း။ အဘယ်ကြောင့်ဆိုသော် ဘာသာရေးအုပ်စုများ၏ အဖွဲ့ဝင်များအားလုံး၊ အထူးသဖြင့် အမျိုးမျိုးသော ဂိုဏ်ဂဏများ၏ အဆင့်မြင့်မားသည့် ခေါင်းဆောင်များသည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ကင်းမဲ့ကြသကဲ့သို့ ဘုရားအလိုတော်ကို လိုက်လျှောက်ကြသည့်သူများ မဟုတ်ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့အားလုံးသည် မယုံကြည်သူများ ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို လက်ခံကြဖို့မပြောနှင့်၊ လူ့ဇာတိခံယူခြင်းကို မယုံကြည်ကြချေ။ ၎င်းတို့သည် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော် သို့မဟုတ် သူ ဖော်ပြသည့် သမ္မာတရားများကို မည်သည့်အခါတွင်မျှ ရှာဖွေခြင်း၊ သတင်းမေးမြန်းခြင်း၊ ဆန်းစစ်ခြင်း သို့မဟုတ် လက်ခံခြင်း မရှိကြချေ၊ ထိုအစား ဘုရားသခင်၏ နောက်ဆုံးသောကာလ လူ့ဇာတိခံခြင်း၏ အမှုတော်ကို ရှုတ်ချခြင်းနှင့် ပြစ်မှားစော်ကားခြင်းကို တန်းလုပ်ကြသည်။ ဤတွင် ၎င်းတို့သည် ဘုရားသခင်ကို အမည်နာမအရ ယုံကြည်ကောင်းယုံကြည်နိုင်သော်လည်း ဘုရားသခင်က ၎င်းတို့အား သူ့ကို ယုံကြည်သူများအဖြစ် အသိအမှတ်မပြုသည်ကို ရှင်းလင်းစွာ မြင်နိုင်ပေသည်။ ၎င်းတို့သည် မကောင်းမှုပြုသူများ ဖြစ်ကြောင်း၊ ၎င်းတို့ လုပ်ဆောင်သည့် မည်သည့်အရာမျှသည် သူ၏ ကယ်တင်ခြင်း အမှုတော်နှင့် အနည်းငယ်မျှ ဆက်နွှယ်မှုမရှိကြောင်း၊ ၎င်းတို့သည် သူ့နှုတ်ကပတ်တော်များ ပြင်ပတွင်ရှိသည့် ဘာသာတရားမရှိသူများ ဖြစ်ကြောင်း သူ ဆိုသည်။ သင်သည် ယခု သင် ယုံကြည်သည့်အတိုင်း ဘုရားသခင်ကို ယုံကြည်လျှင် သင်သည်လည်း ဘာသာရေး နောက်လိုက်များအဖြစ်သို့ အဆင့်လျှော့ချခံရသည့် နေ့ရက် ရောက်လာလိမ့်မည် မဟုတ်လော။ ဘုရားသခင်ကို ဘာသာတရားအတွင်းမှ ယုံကြည်ခြင်းသည် ကယ်တင်ခြင်း မရရှိနိုင်။ ဤသည်မှာ အတိအကျ အဘယ်ကြောင့် ဖြစ်သနည်း။ ဤသည်မှာ အဘယ်ကြောင့်ဖြစ်သည်ကို သင်တို့ မပြောနိုင်ပါက သင်တို့သည် သမ္မာတရားဖြစ်စေ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကိုဖြစ်စေ တစ်စက်မျှ နားမလည်ကြောင်း ပြပေသည်။ ဘုရားသခင်ကို ယုံကြည်မှုအား ဖြစ်ပျက်နိုင်သည့် ဝမ်းနည်းစရာ အကောင်းဆုံးသော အရာမှာ ဘာသာတရားအဖြစ်သို့ အဆင့်လျှော့ချခံရခြင်းနှင့် ဘုရားသခင်၏ ဖယ်ရှားရှင်းလင်းခံရခြင်းတို့ ဖြစ်သည်။ ဤသည်မှာ လူအဖို့ မစဉ်းစားတတ်အောင် ဖြစ်သောအရာတစ်ခု ဖြစ်ပြီး သမ္မာတရားကို နားမလည်သော သူတို့သည် ဤကိစ္စရပ်ကို ရှင်းလင်းစွာ မမြင်နိုင်ပေ။ ငါ့ကို ပြောလော့၊ အသင်းတော်တစ်ပါးသည် ယင်း၏ ကနဦးကတည်းမှ ရှည်ကြာသည့် နှစ်များစွာတစ်လျှောက်တွင် ဘုရားသခင်၏ အမြင်၌ ဘာသာတရားတစ်ခုအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲကာ ဂိုဏ်းဂဏတစ်ခု ဖြစ်လာပြီးချိန်တွင် ထိုအသင်းတော်ရှိ လူတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရသူများ ဖြစ်သလော။ ၎င်းတို့သည် သူ၏ မိသားစုဝင်များ ဖြစ်ကြသလော။ (မဟုတ်ပါ။) မဟုတ်ကြချေ။ စစ်မှန်သော ဘုရားသခင်ကို အမည်နာမအရ ယုံကြည်သော်လည်း ဘာသာရေးသမားများအဖြစ် သူ တွေးသည့် ဤလူများ လျှောက်သည်မှာ မည်သည့် လမ်းဖြစ်သနည်း။ ၎င်းတို့ လျှောက်သည့် လမ်းမှာ ဘုရားသခင်ကို ယုံကြည်လက်ခံမှု အောင်လံသယ်ဆောင်သော်လည်း သူ၏ လမ်းခရီးကို လုံးဝ မလိုက်လျှောက်ကြသည့် လမ်းတစ်ခု ဖြစ်သည်။ ယင်းမှာ သူ့ကို ၎င်းတို့ ယုံကြည်သည့်တိုင် မကိုးကွယ်ကြသကဲ့သို့ စွန့်ပင်စွန့်လွှတ်ကြသည့် လမ်းတစ်ခု ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ နာမ၊ စစ်မှန်သည့် ဘုရားသခင်ကို အမည်ခံ ယုံကြည်သည့်တိုင် စာတန်နှင့် နတ်ဆိုးများကို ကိုးကွယ်လျက် လူသား စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်ကာ အမှီအခိုကင်းသည့်၊ လူသား နိုင်ငံတစ်ခု တည်ထောင်လျက် ဘုရားသခင်ကို ယုံကြည်ရန် ၎င်းတို့ အခိုင်အမာဆိုသည့်တိုင် သူ့ကို အတိုက်အခံ လုပ်ကြသည့် လမ်းတစ်ခု ဖြစ်သည်။ ယင်းမှာ ၎င်းတို့ လျှောက်ကြသည့် လမ်းဖြစ်သည်။ ၎င်းတို့ လျှောက်သည့်လမ်းကို ကြည့်သည့်အခါ ၎င်းတို့သည် ဘုရားသခင်ကို အတိအလင်း အတိုက်အခံလုပ်ပြီး သူ၏ အမှုတော်ကို နှောင့်ယှက်ရန် စတင်ကြသည့် မယုံကြည်သူများတစ်သိုက်၊ အန္တိခရစ်ဂိုဏ်းတစ်ဂိုဏ်၊ စာတန်များနှင့် နတ်ဆိုးများ အုပ်စုတစ်စု ဖြစ်သည်မှာ သိသာပေသည်။ ယင်းမှာ ဘာသာရေးလောက၏ အနှစ်သာရ ဖြစ်သည်။ ထိုသို့သော လူတစ်စုသည် လူ၏ ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်နှင့် ပတ်သက်စရာအကြောင်း တစ်ခုတလေ ရှိသလော။ (မရှိပါ။) ဘုရားသခင်အား ယုံကြည်သူတို့သည် မည်မျှပင် များပြားနိုင်စေကာမူ သူတို့၏ ယုံကြည်ခြင်းကို ဘုရားသခင်က ဘာသာရေးအုပ်စုတစ်ခု၏ ယုံကြည်ခြင်းအဖြစ် သတ်မှတ်တော်မူပါက ဤလူတို့သည် ဘုရားသခင်၏ အမှုတော်နှင့် ကယ်တင်ခြင်းကို ခံရမည့်သူများ မဟုတ်ကြဘဲ ဤကိစ္စနှင့်ပတ်သက်၍ ဘုရားသခင်သည် စိတ်တော်ပိုင်းဖြတ်ပြီးဖြစ်၏။ ဤလူတို့သည် ကယ်တင်ခြင်းခံရနိုင်မည် မဟုတ်ကြပေ။ ဤသည်ကို အဘယ့်ကြောင့် ငါ ပြောသနည်း။ ဘုရားသခင်ကို လုံးဝ ကျိုးနွံနာခံခြင်း သို့မဟုတ် ကိုးကွယ်ခြင်းမရှိသည့် ဘုရားသခင်၏ အမှုတော် သို့မဟုတ် လမ်းပြမှု မရှိသည့် အုပ်စုတစ်စုသည် ဘုရားသခင်ကို အမည်ခံ ယုံကြည်သော်လည်း ၎င်းတို့ လိုက်လျှောက်ပြီး နာခံသည်မှာ ဘာသာတရား၏ သင်းအုပ်ဆရာများနှင့် အကြီးအကဲများဖြစ်ပြီး ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများသည် စာတန်၏ အနှစ်သာရရှိပြီး သူတော်ကောင်းယောင်ဆောင်တတ်ကြပေသည်။ ထို့ကြောင့် ထိုလူများ လိုက်လျှောက်ပြီး နာခံသည့်အရာမှာ စာတန်များနှင့် နတ်ဆိုးများ ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်လက်ခံမှုအား လက်တွေ့လုပ်ဆောင်နေကြသော်လည်း အမှန်တွင် လူ၏ ကြိုးကိုင်ခြယ်လှယ်ခြင်း ခံနေရသည်၊ လူသား စီစဉ်ညွှန်ကြားမှုများနှင့် ချိုးနှိမ်ထိန်းချုပ်ခြင်းကို ခံနေရပေသည်။ ထို့ကြောင့် ပဓာနကျသော သတ်မှတ်ချက်အရ ၎င်းတို့ လိုက်လျှောက်ပြီး နာခံသည်မှာ စာတန်များနှင့် နတ်ဆိုးများ၊ ဘုရားသခင်ကို အတိုက်အခံလုပ်ကာ ဘုရားသခင်၏ ရန်သူများ ဖြစ်ကြသည့် ဆိုးယုတ်သော အင်အားစုများ ဖြစ်သည်။ ဤသို့သော လူများနှင့်ဆိုင်သည့် ဂိုဏ်းတစ်ဂိုဏ်းကို ဘုရားသခင် ကယ်တင်မည်လော။ (မကယ်တင်ပါ။) အဘယ်ကြောင့် မကယ်တင်သနည်း။ ကောင်းပြီ၊ ထိုသို့သော လူများသည် နောင်တရနိုင်စွမ်း ရှိကြသလော။ မရှိကြပေ၊ ၎င်းတို့ နောင်တရကြလိမ့်မည် မဟုတ်။ ၎င်းတို့သည် ဘုရားသခင်၏ ပစ်ပစ်ခါခါ ငြင်းခြင်းကို တွေ့ရမည့် နောက်ဆုံး အဆုံးသတ်ဖြင့် လူ၏ ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ကို ဆန့်ကျင်လျက် ဘုရားသခင်ကို ယုံကြည်ခြင်း အောင်လံအောက်တွင် လူသား လုပ်ငန်းများနှင့် လူသား စီမံကိန်းများ၌ ပါဝင်ကြ၏။ ဤလူများကို ဘုရားသခင် ကယ်တင်ရန်မှာ မဖြစ်နိုင်ပေ။ ၎င်းတို့သည် နောင်တရနိုင်စွမ်း မရှိကြသကဲ့သို့ စာတန်၏ အတင်းခေါ်ဆောင်ခြင်း ခံရသည်နှင့်အမျှ ဘုရားသခင်သည် ၎င်းတို့ကို စာတန်ထံ လက်လွှဲလိုက်လေသည်။ အကြင်သူ၏ ဘုရားသခင်ကို ယုံကြည်ခြင်းက သူ၏ အသိအမှတ်ပြုခြင်းအတွက် စံမီခြင်းရှိမရှိသည် ထိုယုံကြည်ခြင်း၏ နှစ်ကာလများ ရှည်ကြာမှုအပေါ် မူတည်သလော။ အကြင်သူ လိုက်နာသည့် ထုံးတမ်းဓလေ့မျိုး သို့မဟုတ် ထိန်းသိမ်းသည့် စည်းမျဉ်းစည်းကမ်းများအပေါ် မူတည်သလော။ လူသား လက်တွေ့လုပ်ဆောင်မှုများကို ဘုရားသခင် ကြည့်သလော။ ၎င်းတို့၏ ကိန်းကဏန်းများကို သူ ကြည့်သလော။ (မကြည့်ပါ။) သို့ဆိုလျှင် မည်သည့်အရာကို သူ ကြည့်သနည်း။ လူတစ်စုကို ဘုရားသခင် ရွေးချယ်ပြီးသည့်အခါ ၎င်းတို့ ကယ်တင်ခံရနိုင်ခြင်း ရှိမရှိ၊ ၎င်းတို့ကို သူ ကယ်တင်မည် ဟုတ်မဟုတ် ဆိုသည်ကို မည်သည့်အခြေခံအကြောင်းရင်းပေါ် သူ တိုင်းတာသနည်း။ ယင်းသည် သမ္မာတရားကို ၎င်းတို့ လက်ခံနိုင်ခြင်း ရှိမရှိဆိုသည့်အပေါ် အခြေခံ၏။ ၎င်းတို့ လျှောက်လှမ်းသည့် လမ်းအပေါ် အခြေခံ၏။ ဘုရားသခင်သည် ယခုတွင် ပြောသလောက် သမ္မာတရားများစွာကို ကျေးဇူးတော်ခေတ်တွင် လူကို ပြောကောင်းမပြောနိုင်သော်လည်း၊ ယင်းတို့သည် ထိုမျှတိကျမည် မဟုတ်သော်လည်း သူသည် လူကို စုံလင်အောင်ပြုနိုင်ဆဲဖြစ်ကာ ကယ်တင်ခံရနိုင်သည့် လူများ ရှိနေကြဆဲ ဖြစ်သည်။ ထို့ကြောင့် သမ္မာတရားများစွာ ကြားပြီးဖြစ်ကာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်သည့် လက်ရှိခေတ်၏ လူတို့သည် သူ၏ လမ်းခရီးကို မလိုက်လျှောက်နိုင် သို့မဟုတ် ကယ်တင်ခြင်း လမ်းကြောင်းပေါ် မစတင်နိုင်ပါက အဆုံးတွင် ၎င်းတို့၏ အဆုံးသတ်သည် မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ ၎င်းတို့၏ နောက်ဆုံး အဆုံးသတ်သည် ခရစ်ယာန်ဘာသာနှင့် ယုဒဘာသာထဲရှိ ယုံကြည်သူများ၏ အဆုံးသတ်နှင့် အတူတူပင် ဖြစ်လိမ့်မည်။ ၎င်းတို့ကဲ့သို့ပင် ကယ်တင်ခံရလိမ့်မည် မဟုတ်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား ဖြစ်သည်။ တရားဒေသနာ မည်မျှ သင် ကြားပြီးဖြစ်သည်၊ သို့မဟုတ် သမ္မာတရား မည်မျှ သင် နားလည်ပြီးဖြစ်သည်မှာ အရေးမကြီးပေ။ လူနောက် သင် လိုက်နေဆဲဖြစ်ပါက စာတန်နောက် သင် လိုက်နေဆဲဖြစ်ပြီး အဆုံးတွင် ဘုရားသခင်၏ လမ်းခရီးကို သင် မလိုက်လျှောက်နိုင်သကဲ့သို့ သူ့ကို ကြောက်ရွံ့ကာ မကောင်းမှုကို မရှောင်ကြဉ်နိုင်ပါက ထိုသို့သောလူများသည် ဘုရားသခင်က ပစ်ပစ်ခါခါ ငြင်းသူများ ဖြစ်သည်။ ဘာသာတရားရှိ သူတို့သည် သမ္မာကျမ်းဆိုင်ရာ အသိပညာကို များစွာ ဟောကောင်းဟောနိုင်ပြီး ဝိညာဉ်ရေးရာ အယူဝါဒအချို့ကို နားလည်ကောင်းနားလည်နိုင်သော်လည်း ဘုရားသခင်၏ အမှုတော်ကို ကျိုးနွံနာခံနိုင်ခြင်း မရှိ သို့မဟုတ် သူ၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်နိုင်ခြင်းနှင့် တွေ့ကြုံနိုင်ခြင်း မရှိ သို့မဟုတ် သူ့ကို အမှန်တကယ် ကိုးကွယ်နိုင်ခြင်း မရှိကြသကဲ့သို့ သူ့ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်နိုင်ခြင်း မရှိကြချေ။ ၎င်းတို့အားလုံးသည် သူတော်ကောင်းယောင်ဆောင်သူများ ဖြစ်ကြသည်၊ ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံသည့် လူများ မဟုတ်ပေ။ ဘုရားသခင်၏ အမြင်တွင် ထိုသို့သောလူများသည် ဂိုဏ်းဂဏတစ်ခု၊ လူသားအုပ်စုတစ်စု၊ လူသားဂိုဏ်းတစ်ဂိုဏ်းနှင့် စာတန်၏ နေထိုင်ရာအဖြစ် သတ်မှတ်ခံရပေသည်။ စုပေါင်း၍ ၎င်းတို့သည် စာတန်၏ ဂိုဏ်း၊ အန္တိခရစ်များ၏ နိုင်ငံဖြစ်ပြီး ၎င်းတို့ကို ဘုရားသခင်က လုံးဝ ပစ်ပစ်ခါခါ ငြင်းသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းဖြင့်သာ ကယ်တင်ခြင်းလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်သည်
ခရစ်တော်ပြောဆိုခဲ့သည့် သမ္မာတရားကို အားကိုးခြင်းမရှိဘဲ အသက်ရရှိလိုသူတို့သည် ကမ္ဘာမြေပေါ်တွင် အဓိပ္ပာယ်မရှိဆုံးသော လူများဖြစ်ပြီး၊ ခရစ်တော်ယူဆောင်လာသည့် အသက်၏လမ်းခရီးကို လက်မခံသောသူတို့သည် စိတ်ကူးယဉ်အိပ်မက်ထဲတွင် ပျောက်ဆုံးကြပေသည်။ ထို့ကြောင့် နောက်ဆုံးသောကာလ ခရစ်တော်ကို လက်မခံသူများသည် ဘုရားသခင်၏ စက်ဆုပ်ရွံရှာမှုကို ထာဝရခံရမည်ဟု ငါဆို၏။ ခရစ်တော်သည် နောက်ဆုံးသော ကာလတွင် နိုင်ငံတော်သို့ လူသားဝင်ရောက်ရန် တံခါးပေါက်ဖြစ်ပြီး၊ သူ့ကို ရှောင်ကွင်းသွားနိုင်သူ မည်သူမျှမရှိပေ။ ခရစ်တော်အားဖြင့် မဟုတ်လျှင် မည်သူမျှ ဘုရား၏စုံလင်စေခြင်းကို မခံရနိုင်။ သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့်၊ သူ၏နှုတ်ကပတ်တော်များကို လက်ခံရမည်ဖြစ်ပြီး သူ၏ နှုတ်ကပတ်တော်ကို ကျိုးနွံနာခံရမည်ဖြစ်သည်။ သမ္မာတရားနှင့် အသက်၏ ထောက်ပံ့မှုကို လက်မခံနိုင်ဘဲလျက် ကောင်းချီးမင်္ဂလာများ ရရှိရန်ကိုသာ မစဉ်းစားနှင့်။ ခရစ်တော်သည် ကိုယ်တော့်ကို စိတ်ရင်းမှန်ဖြင့် ယုံကြည်ကြသူ အပေါင်းတို့အား အသက်ကို ပေးသနားနိုင်ရန်အလို့ငှာ နောက်ဆုံးသောကာလတွင် ကြွလာခြင်း ဖြစ်သည်။ ဤအမှုသည် ခေတ်အဟောင်းကို အဆုံးသတ်ခြင်းနှင့် ခေတ်သစ်တစ်ခုထဲသို့ ဝင်ရောက်ခြင်းအတွက် တည်ရှိခြင်း ဖြစ်ပြီး၊ ဤအမှုသည် ခေတ်အသစ်ထဲသို့ ဝင်ရောက်မည့်သူအားလုံး လျှောက်ရမည့် လမ်းကြောင်းဖြစ်၏။ သင်သည် ခရစ်တော်ကို အသိအမှတ်မပြုသည့်အပြင် သူ့ကို ပြစ်တင်ရှုတ်ချကာ ပြစ်မှားစော်ကားပါက သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ပါကသင်သည် ထာဝရလောင်ကျွမ်းခံရဖို့ သေချာပြီး၊ ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ မည်သည့်အခါမျှ ဝင်ရောက်ရလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဤခရစ်တော်ကိုယ်တော်တိုင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဖော်ပြချက်၊ ဘုရားသခင်၏ ဖော်ပြချက်၊ ဘုရားသခင်က ကမ္ဘာမြေကြီးတွင် သူ၏အမှုကို ဆောင်ရွက်ရန် တာဝန်ပေး စေခိုင်းထားသူ ဖြစ်၍ဖြစ်သောကြောင့် နောက်ဆုံးသောကာလ ခရစ်တော် လုပ်ဆောင်ခဲ့သည့် အရာအားလုံးကို သင်လက်မခံနိုင်ပါက၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားစော်ကားသည်ဟု ငါပြောရပေသည်။ သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားစော်ကားသူတို့အတွက် ထိုက်တန်သည့် ပြစ်ဒဏ်ခတ်ခြင်းမှာ အားလုံးအဖို့ ပကတိအတိုင်း ရှင်းနေပြီးဖြစ်သည်။ ဤအရာကိုလည်း ငါပြောမည်။ သင်သည် နောက်ဆုံးသောကာလ ခရစ်တော်ကို ဆန့်ကျင်ပါက၊ နောက်ဆုံးသော ကာလ ခရစ်တော်ကို သင် ငြင်းပယ်ပါက ဤအရာအတွက် သင်၏ ကိုယ်စား အကျိုးဆက်များကို ခံစားပေးနိုင်မည့်သူ တစ်ဦးမျှရှိလိမ့်မည်မဟုတ်။ ထို့အပြင် ထိုအချိန်မှစ၍ သင်သည် ဘုရားသခင်၏ လက်ခံမှုကိုရရှိရန် နောက်ထပ်အခွင့်အရေး ရှိမည် မဟုတ်ပေ။ သင်သည် မိမိကိုယ်ကိုယ် ရွေးနုတ်ရန် ကြိုးစားလိုလျှင်ပင်၊ ဘုရားသခင်၏မျက်နှာကို တစ်ဖန် မြင်နိုင်လိမ့်မည် မဟုတ်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သင် အတိုက်အခံလုပ်နေသည်မှာ လူသားတစ်ဦးမဟုတ်၊ သင် ပစ်ပယ်နေသည်မှာ အရေးမပါသော လူသားတစ်ဦး မဟုတ်ဘဲ ခရစ်တော်ဖြစ်သောကြောင့် ဖြစ်၏။ ဤအရာ၏ အကျိုးဆက်များသည် မည်သည်တို့ ဖြစ်သည်ကို သင်သိပါသလော။ သင်သည် သေးငယ်သည့် အမှားတစ်ခု ပြုနေသည်သာ မဟုတ်ဘဲ အလွန်စက်ဆုပ်ရွံရှာ ဖွယ်ကောင်းသော အပြစ်တစ်ရပ် ကျူးလွန်နေခြင်း ဖြစ်သည်။ ထို့ကြောင့် သမ္မာတရားသည်သာ သင့်ကို အသက် ဆောင်ကြဉ်းပေးနိုင်ပြီး၊ သမ္မာတရားမှလွဲ၍ မည်သည့်အရာကမျှ သင့်ကို ပြန်လည်မွေးဖွားရန်နှင့် ဘုရားသခင်၏မျက်နှာကို တစ်ဖန် ရှုမြင်ရန် ထောက်ကူမပေးနိုင်သည့်အတွက် သမ္မာတရားရှေ့မှောက်တွင် ခြိမ်းခြောက်မှုမပြုရန် သို့မဟုတ် ထင်ရာမြင်ရာ ဝေဖန်သုံးသပ်ချက်များ မပြုရန် လူတိုင်းကို ငါအကြံပြုသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်