၂။ သခင်ယေရှု၌ ကျွန်ုပ်တို့၏ ယုံကြည်မှုမှတစ်ဆင့် ကျွန်ုပ်တို့၏ အပြစ်များ ခွင့်လွှတ်ခံရဖို့ဆိုသည်မှာ ကယ်တင်ခြင်း ကျေးဇူးတော်ကို ရရှိဖို့ဖြစ်သည်ဟု ကျွန်ုပ်တို့ အမြဲ ယုံကြည်ကြပြီးဖြစ်သည်၊ သို့သော် သင်က၊ “ကယ်တင်ခံခြင်း”သည် စစ်မှန်သော ကယ်တင်ခြင်းကို ဆိုလိုသည်မဟုတ်ဟု ပြောသည်။ သို့ဆိုလျှင် ကယ်တင်ခံရဖို့ဆိုသည်မှာ မည်သည့်အရာကိုသာ ဆိုလိုပြီး အပြည့်အဝ ကယ်တင်ခံရဖို့ဆိုသည်မှာ မည်သည့်အရာကိုဆိုလိုပါသနည်း။ ကယ်တင်ခံရခြင်းနှင့် အပြည့်အဝ ကယ်တင်ခံရခြင်းတို့ကြား ပဓာကျသည့် ခြားနားချက်မှာ အဘယ်နည်း။
ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-
“ယုံကြည်၍ ဗတ္တိဇံကိုခံသောသူသည် ကယ်တင်တော်မူခြင်းသို့ ရောက်လတံ့။ မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကို ခံရလတံ့။” (ရှင်မာကုခရစ်ဝင် ၁၆:၁၆)
“ဤခွက်ကား ပဋိညာဉ်တရားသစ်နှင့်ဆိုင်၍ လူများတို့၏အပြစ်ကိုလွတ်စေခြင်းငှါ သွန်းသော ငါ၏ အသွေးဖြစ်၏။” (ရှင်မဿဲခရစ်ဝင် ၂၆:၂၈)
“သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။” (ရှင်မဿဲခရစ်ဝင် ၇:၂၁)
“ထိုသူတို့သည် ကညာဖြစ်၍ မေထုန်အမှုနှင့် မညစ်ညူးသော သူဖြစ်ကြ၏။ သိုးသငယ် သွားလေ ရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူဖြစ်ကြ၏။ လူတို့ အထဲကရွေးနှုတ်၍ ဘုရားသခင်နှင့် သိုးသငယ်အဖို့ အဦးသီးသော အသီးဖြစ်ကြ၏။ အပြစ်နှင့် ကင်းလွတ်ကြသည်ဖြစ်၍ သူတို့နှုတ်၌ မုသားမရှိ။” (ဗျာဒိတ်ကျမ်း ၁၄:၄-၅)
ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-
ထိုအချိန်က ယေရှု၏ အမှုမှာ လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနှုတ်ရန် ဖြစ်သည်။ သူ့ကို ယုံကြည်သူအားလုံးတို့၏ အပြစ်များသည် ခွင့်လွှတ်ခြင်း ခံခဲ့ရသည်၊ သူ့ကို ယုံကြည်နေသရွေ့ သူက သင့်ကို ရွေးနှုတ်မည်၊ သင်သည် သူ့ကို ယုံကြည်ပါက သင်သည် အပြစ်နှင့်မသက်ဆိုင်တော့ဘဲ၊ သင်၏အပြစ်များ အားလုံး ဖြေလွှတ်ခြင်းခံရသည်။ ဤသည်မှာ ကယ်တင်ခံရခြင်းနှင့် ယုံကြည်ခြင်းအားဖြင့် လျော်ကန်စေခြင်းဟူသည့် အဓိပ္ပာယ်ဖြစ်သည်။ သို့သော် ယုံကြည်ခဲ့ကြသည့် သူများအတွင်း၌ ဘုရားသခင်ကို ပုန်ကန်၍ ဆန့်ကျင်သည့်အရာ ကျန်နေသေးပြီး၊ ၎င်းကို တဖြည်းဖြည်းချင်း ဖယ်ရှားပစ်ရန် လိုခဲ့ပါသေးသည်။ ကယ်တင်ခြင်းဟူသည်မှာ လူသားသည် ယေရှု၏ ရယူခြင်းကို အပြည့်အဝ ခံခဲ့ပြီးပြီဟု ဆိုလိုခြင်းမဟုတ်ဘဲ၊ လူသားသည် သူသည် အပြစ်တရားနှင့် မသက်ဆိုင်တော့ဘဲ၊ သူ၏ အပြစ်များခွင့်လွှတ်ခံရခြင်းကို ဆိုလိုသည်။ သင်ယုံကြည်ပြီဆိုပါက အပြစ်တရားနှင့် နောက်တစ်ဖန် မည်သည့်အခါမျှ သက်ဆိုင်တော့မည် မဟုတ်ချေ။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၂)
ဘုရားသခင်၏ အမှု ဒုတိယအဆင့် ပြည့်စုံခဲ့သည်နှင့်တစ်ပြိုင်နက်၊ ကားစင်တင်ခံရခြင်းနောက်တွင် လူသားကို အပြစ်မှ ပြန်ကယ်သည့် ဘုရားသခင်၏အမှု (ဆိုလိုသည်မှာ စာတန်၏ လက်မှ လူသားကို ကယ်ယူခြင်းဖြစ်သည်) ပြီးမြောက်သွားခဲ့သည်။ ထို့ကြောင့် ၎င်းအချိန်မှစ၍ လူသားမျိုးနွယ်သည် ၎င်း၏ အပြစ်များ ခွင့်လွှတ်ခံရရန် သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် လက်ခံရန်သာ ရှိခဲ့သည်။ သဘောပြောရလျှင်၊ လူသား၏ အပြစ်များသည် သူ၏ ကယ်တင်ခြင်းရရှိခြင်းနှင့် ဘုရားသခင်၏ ရှေ့မှောက်လာရာတွင် အတားအဆီးတစ်ခု မဟုတ်တော့သကဲ့သို့၊ စာတန်က လူသားကို စွပ်စွဲရန် အသုံးပြုသည့် ဩဇာလည်း မဟုတ်တော့ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်ကိုယ်တိုင်သည် လက်တွေ့ကျသည့် အမှုကို လုပ်ဆောင်ပြီးဖြစ်သောကြောင့်၊ အပြစ်နှင့်ပြည့်သည့် လူ့ဇာတိ သဏ္ဌာန်နှင့် နမူနာ ဖြစ်လာခဲ့ပြီးဖြစ်ကာ၊ ဘုရားသခင် ကိုယ်တိုင်သည် အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သောကြောင့် ဖြစ်သည်။ ဤနည်းဖြင့် လူသားသည် ကားတိုင်မှ သက်ဆင်းပြီး ဘုရားသခင် လူ့ဇာတိ၊ အပြစ်နှင့်ပြည့်သည့် ဤလူ့ဇာတိ ပုံသဏ္ဌာန် မှတစ်ဆင့် ရွေးနုတ်ခံခဲ့ရကာ ကယ်တင်ခံခဲ့ရပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၃)- ဘုရားသခင်၏ စီမံခန့်ခွဲမှုအလယ်၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်
နောက်ဆုံးသောကာလ၏ အမှုသည် နှုတ်ကပတ်တော်များကို ပြောဆိုရန် ဖြစ်သည်။ နှုတ်ကပတ်တော်များအားဖြင့် လူတွင် ကြီးမားသော အပြောင်းအလဲများ သက်ရောက်နိုင်သည်။ ဤနှုတ်ကပတ်တော်များကို လက်ခံခြင်းဖြင့် ဤလူများတွင် ယခု သက်ရောက်သော အပြောင်းအလဲများသည် ကျေးဇူးတော်ခေတ်၏ နိမိတ်လက္ခဏာများ နှင့် အံ့သြဖွယ်ရာများကို လက်ခံသောသူများပေါ် သက်ရောက်ခဲ့သော အပြောင်းအလဲများထက် များစွာ ပိုမို ကြီးမားလှသည်။ အကြောင်းမှာ ကျေးဇူးတော်ခေတ်တွင် မကောင်းဆိုးဝါးများသည် လက်တင်ခြင်းနှင့် ဆုတောင်းခြင်းများဖြင့် လူသားထံမှ နှင်ထုတ်ခြင်းခံခဲ့ရသော်လည်း၊ လူသားအတွင်းရှိ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှာ ကျန်ရှိနေဆဲ ဖြစ်ခဲ့သည်။ လူသည် သူ၏အနာရောဂါမှ ကုသပျောက်ကင်းခဲ့ပြီး သူ၏အပြစ်များ ခွင့်လွှတ်ခြင်း ခံခဲ့ရသော်လည်း၊ ၎င်းအတွင်းရှိ ဖောက်ပြန်ပျက်စီးသော စာတန်ဆန်သော စိတ်သဘောထားများကို မည်သို့ ဖယ်ရှားရမည်ဆိုသည်အတွက်မူ၊ ဤအမှုကို လုပ်ဆောင်ဖို့ ရှိသေး၏။ လူသည် သူ၏ယုံကြည်ခြင်းအတွက် ကယ်တင်ခံရပြီး သူ့အပြစ်များ ခွင့်လွှတ်ခြင်းခံခဲ့ရသော်လည်း၊ လူ၏အပြစ်နှင့်ပြည့်သော သဘာဝသည် ပပျောက်စေခြင်း မရှိခဲ့သကဲ့သို့၊ ၎င်းအတွင်းတွင် ကျန်ရှိနေဆဲ ဖြစ်သည်။ ဘုရားသခင်၏ လူ့ဇာတိခံခြင်းအားဖြင့် လူ၏အပြစ်များသည် ခွင့်လွှတ်ခြင်း ခံခဲ့ရသော်လည်း၊ ဤအရာက လူသည် သူ၏အတွင်း၌ အပြစ်မရှိတော့ဟု မဆိုလိုပေ။ လူ၏အပြစ်များကို အပြစ်ဖြေရာယဇ်မှတစ်ဆင့် ခွင့်လွှတ်ခံရနိုင်သော်လည်း၊ လူသားကို နောက်ထပ် အပြစ်မပြုနိုင်တော့ရန် မည်သို့ ပြုလုပ်ရမည်ဆိုသည်နှင့် သူ၏ အပြစ်နှင့်ပြည့်သော သဘာဝကို မည်သို့ လုံးဝ ပပျောက်စေပြီး ပြောင်းလဲစေရမည်ဆိုသည်တို့အတွက်မူ၊ သူသည် ဤပြဿနာကို ဖြေရှင်းရန် မဖြစ်နိုင်ပေ။ လူသား၏ အပြစ်များ ခွင့်လွှတ်ခံခဲ့ရပြီး ဤသည်မှာ ဘုရားသခင်၏ ကားစင်တင်ခံရခြင်း အမှုကြောင့် ဖြစ်သော်လည်း၊ လူသည် သူ၏ အိုဟောင်းသည့် ဖောက်ပြန် ပျက်စီးသော စာတန်ဆန်သော စိတ်သဘောထား အတွင်းတွင် ဆက်လက် အသက်ရှင်ခဲ့သည်။ ဤသို့ဖြစ်ရာ၊ လူ၏အပြစ်နှင့်ပြည့်သော သဘာဝကို တစ်ဖန် လုံးဝ ထွက်ပေါ်မလာဖို့ လုံးဝ ပပျောက်စေရန်၊ ထိုသို့ဖြင့် လူသား၏ စိတ်သဘောထားကို ပြောင်းလဲနိုင်စေရန်အလို့ငှာ၊ လူကို သူ၏ ဖောက်ပြန်ပျက်စီးသော စာတန်ဆန်သော စိတ်သဘောထားမှ လုံးဝ ကယ်တင်ရမည် ဖြစ်သည်။ ဤအရာက လူသည် အသက်တာတွင် ကြီးထွားမှု လမ်းကြောင်းကို နားလည်ရန်၊ အသက်၏ လမ်းခရီးကို နားလည်ရန်နှင့် သူ၏ စိတ်သဘောထားကို ပြောင်းလဲဖို့ နည်းလမ်းကို နားလည်ရန် လိုအပ်ပေသည်။ ထို့အပြင် လူ၏စိတ်သဘောထားကို တဖြည်းဖြည်း ပြောင်းလဲနိုင်စေရန်နှင့် သူသည် အလင်း၏ ထွန်းလင်းမှုအောက်တွင် အသက်ရှင်နိုင်ရန်အလို့ငှာ၊ သူ လုပ်ဆောင်သမျှအားလုံး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီနိုင်ဖို့အလို့ငှာ၊ သူ၏ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားကို ဖယ်ရှားပစ်နိုင်ရန်နှင့် စာတန်၏ အမှောင်စွမ်းအားမှ ချိုးဖောက်လွန်မြောက်နိုင်ရန်၊ ထိုသို့ဖြင့် အပြစ်မှ အပြည့်အဝ လွတ်လာနိုင်ရန်အလို့ငှာ၊ လူသည် ဤလမ်းကြောင်းနှင့်အညီ လက်တွေ့လုပ်ဆောင်ဖို့ လိုအပ်ပေသည်။ ထိုအခါမှသာ လူသည် ပြီးပြည့်စုံသည့် ကယ်တင်ခြင်း ရရှိလိမ့်မည်။ ယေရှုသည် သူ၏အမှုကို လုပ်ဆောင်နေခဲ့သည့်အချိန်တွင်၊ သူနှင့်ပတ်သက်သည့် လူ၏ အသိပညာသည် ဝေဝါးပြီး မရှင်းမလင်း ဖြစ်နေဆဲ ဖြစ်ခဲ့သည်။ လူသားက သူ့ကို ဒါဝိဒ်၏သားတော်အဖြစ် အမြဲ ယုံကြည်ခဲ့ပြီး၊ သူ့ကို ကြီးမြတ်သော ပရောဖက်အဖြစ်၊ လူသား၏ အပြစ်များကို ရွေးနုတ်ခဲ့သော စေတနာရှိသော အရှင်သခင်အဖြစ် ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ အချို့က ၎င်းတို့၏ ယုံကြည်ခြင်း ခွန်အားအပေါ် သူ့ဝတ်ရုံ၏ အစွန်းကို ထိတွေ့ခြင်းမှ အနာရောဂါငြိမ်းခဲ့ကြသည်။ မျက်စိကန်းသူ မြင်နိုင်ခဲ့ပြီး သေသူပင် အသက်ပြန်ရှင်နိုင်ခဲ့သည်။ သို့ရာတွင် လူသည် မိမိကိုယ်ကိုယ်အတွင်း နက်ရှိုင်းစွာ အမြစ်တွယ်သည့် ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားကို ရှာဖွေမတွေ့ရှိနိုင်ခဲ့သကဲ့သို့၊ ယင်းကို မည်သို့ စွန့်ပစ်ရမည်ကိုလည်း မသိခဲ့ပေ။ လူသည် ဇာတိပကတိ၏ ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်မှု၊ မိသားစုဝင်တစ်ဦး၏ ယုံကြည်ခြင်းက မိသားစုတစ်ခုလုံးအပေါ် ကောင်းချီးမင်္ဂလာဆောင်ကြဉ်းခြင်း၊ နာမကျန်းမှုကို ပျောက်ကင်းစေခြင်း စသည်တို့ကဲ့သို့သော ကျေးဇူးတော်များစွာကို ရရှိခဲ့သည်။ ကျန်သည့်အရာများမှာ လူ၏ကောင်းသော လုပ်ဆောင်ချက်များနှင့် သူ၏ ဘုရားတရား ကိုင်းရှိုင်းသော အသွင်အပြင်ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဦးသည် ဤအရာများကို အခြေခံ၍ အသက်ရှင်နိုင်ပါက၊ ၎င်းတို့ကို လက်သင့်ခံ၍ရနိုင်သော ယုံကြည်သူအဖြစ် သတ်မှတ်ခဲ့ကြသည်။ ဤယုံကြည်သူမျိုးများသာ သေဆုံးပြီးနောက် ကောင်းကင်ဘုံသို့ ဝင်ရောက်နိုင်ပေသည်၊ ယင်းမှာ ၎င်းတို့ ကယ်တင်ခြင်းခံခဲ့ရသည်ဟု ဆိုလိုခဲ့ပေသည်။ သို့ရာတွင် ဤလူများက ၎င်းတို့၏ တစ်သက်တာတွင် အသက်၏လမ်းခရီးကို လုံးဝ နားမလည်ခဲ့ကြပေ။ ၎င်းတို့ လုပ်ဆောင်ခဲ့သမျှအားလုံးမှာ အပြစ်များကို ကျူးလွန်ပြီးနောက် ၎င်းတို့၏ စိတ်သဘောထား ပြောင်းလဲရန် မည်သည့်လမ်းကြောင်းမျှ မရှိဘဲ၊ အတောမသတ်သော သံသရာစက်ဝိုင်းတစ်ခုထဲတွင် ၎င်းတို့၏ အပြစ်များကို ဝန်ချရန် ဖြစ်ခဲ့သည်။ ယင်းမှာ ကျေးဇူးတော်ခေတ်တွင် ရှိသော လူ၏အခြေအနေဖြစ်ခဲ့သည်။ လူသည် ပြည့်စုံသော ကယ်တင်ခြင်းကို ရရှိပြီးဖြစ်ပါသလော။ မရရှိပေ။ ထို့ကြောင့် အမှု၏ ထိုအဆင့် ပြီးဆုံးခဲ့သည့်နောက်တွင်၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အမှု ကျန်ရှိခဲ့သေးသည်။ ဤအဆင့်သည် လူကို နှုတ်ကပတ်တော်အားဖြင့် ဖြူစင်စေရန်ဖြစ်ပြီး ထိုသို့ဖြင့် လိုက်လျှောက်ရမည့် လမ်းကြောင်းကို သူ့အား ပေးရန် ဖြစ်သည်။ လူသား၏ အပြစ်နှင့်ပြည့်သော သဘာဝကို ပပျောက်စေနိုင်ခဲ့မည် မဟုတ်သကဲ့သို့၊ လူသားသည် သူ့အပြစ်များ ခွင့်လွှတ်ခံရခြင်းတွင်သာ လုံးဝဥဿုံရပ်တန့်လာမည် ဖြစ်သည့်အတွက်၊ အကယ်၍ နတ်ဆိုးများကို နှင်ထုတ်ခြင်းကိုဆက်လက် လုပ်ဆောင်ခဲ့ပါက၊ ဤအဆင့်သည် အကျိုးဖြစ်ထွန်းမည် မဟုတ်သကဲ့သို့ အဓိပ္ပာယ်လည်းရှိမည် မဟုတ်ပေ။ ကားစင်တင်ခံရခြင်း အမှုသည် အဆုံးသို့ ရောက်ရှိလာပြီးဖြစ်သကဲ့သို့၊ ဘုရားသခင်သည် စာတန်အပေါ် အောင်နိုင်ပြီးဖြစ်သည့်အတွက်၊ အပြစ်ဖြေရာယဇ်မှတစ်ဆင့် လူသည် သူ၏အပြစ်များ ခွင့်လွှတ်ခြင်း ခံခဲ့ရသည်။ သို့ရာတွင် လူ၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် သူ့အတွင်းတွင် ကျန်ရှိနေဆဲဖြစ်သည်၊ လူသည် အပြစ်ပြုနိုင်ဆဲဖြစ်ပြီး ဘုရားသခင်ကို ဆန့်ကျင်နိုင်ဆဲဖြစ်ကာ၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို မရယူသေးပေ။ ယင်းမှာ အမှု၏ ဤအဆင့်တွင် ဘုရားသခင်သည် လူသားကို သင့်တင့်လျောက်ပတ်သော လမ်းကြောင်းနှင့်အညီ လက်တွေ့လုပ်ဆောင်စေလျက်၊ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖော်ထုတ်ရန် နှုတ်ကပတ်တော်ကို အသုံးပြုရသည့် အကြောင်းရင်း ဖြစ်သည်။ ယခုတွင် လူ၏အသက်တာကို တိုက်ရိုက်ပံ့ပိုးပြီး လူ၏ စိတ်သဘောထားကို လုံးဝ အသစ်ပြုပြင်စေနိုင်သည်မှာ နှုတ်ကပတ်တော် ဖြစ်သည့်အတွက်၊ ဤအမှုသည် ယခင်အဆင့်ထက် ပိုမို အဓိပ္ပာယ်ရှိသည့်အပြင် အကျိုးလည်း ပိုမို ဖြစ်ထွန်းလေသည်။ ယင်းသည် များစွာ သာ၍ စေ့စပ်သေချာသော အမှု၏ အဆင့်တစ်ခု ဖြစ်သည်။ သို့ဖြစ်ရာ နောက်ဆုံးသောကာလတွင် လူ့ဇာတိကို ခံယူခြင်းသည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း၏ အရေးပါမှုကို ပြည့်စုံစေပြီးဖြစ်သကဲ့သို့၊ လူသား၏ ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ကို လုံးဝ ပြီးဆုံးစေပြီး ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)
လူ၏ဇာတိပကတိသည် စာတန်နှင့်သက်ဆိုင်ပြီး၊ ပုန်ကန်လိုသော စိတ်သဘောထားများနှင့် ပြည့်နှက်သည်၊ ယင်းသည် မနှစ်မြို့ဖွယ်ဖြစ်စွာ ညစ်ညမ်းပြီး၊ မသန့်ရှင်းသော အရာတစ်ခုဖြစ်သည်။ လူတို့သည် ဇာတိပကတိ၏ မွေ့လျော်မှုကို အလွန့်အလွန် တပ်မက်ကြပြီး ဇာတိပကတိ၏ သရုပ်သကန်များ အလွန့်အလွန် ရှိလေသည်။ ဤသည်မှာ ဘုရားသခင်သည် လူသား၏ ဇာတိပကတိကို အတိုင်းအတာတစ်ခုထိ စက်ဆုပ်ရွံရှာသည့် အကြောင်းရင်းဖြစ်သည်။ လူတို့သည် စာတန်၏ ညစ်ညမ်းသော၊ ဖောက်ပြန်ပျက်စီးသော အမှုအရာများကို စွန့်ပစ်သောအခါ ဘုရားသခင်၏ ကယ်တင်ခြင်းကို ၎င်းတို့ရရှိကြလေသည်။ သို့သော်လည်း ၎င်းတို့သည် ညစ်ညမ်းမှုနှင့် ဖောက်ပြန်ပျက်စီးခြင်းတို့ကို မထုတ်ပစ် သေးပါက၊ ၎င်းတို့သည် စာတန်၏ တန်ခိုးအောက်၌ အသက်ရှင် နေကြဆဲဖြစ်သည်။ လူတို့၏ သူတစ်ပါးကို ဒုက္ခပေးခြင်း၊ လှည့်ဖြားခြင်းနှင့် ကောက်ကျစ်ခြင်းအားလုံးသည် စာတန်နှင့်ဆိုင်သည့် အရာများဖြစ်သည်။ သင့်အား ဘုရားသခင်ကယ်တင်ခြင်းသည် သင့်ကို စာတန်၏ ဤအရာများမှ ကယ်ထုတ်ရန်ဖြစ်သည်။ ဘုရားသခင်၏ အမှုသည် မမှားနိုင်ပေ။ ယင်းသည် လူတို့ကို အမှောင်မှ ကယ်တင်ဖို့ရန်သာ လုပ်ဆောင်ပေသည်။ သင်သည် အတိုင်းအတာတစ်ခုအထိ ယုံကြည်ပြီး ဖြစ်ကာ၊ မိမိကိုယ်ကိုယ် ဇာတိပကတိ၏ ဖောက်ပြန်ပျက်စီးခြင်းမှ ထုတ်ပစ်နိုင်ပြီး၊ ဤဖောက်ပြန်ပျက်စီးခြင်း၏ ဘောင်ခတ်ခြင်း မခံရတော့သောအခါတွင်၊ သင်သည် ကယ်တင်ခံရပြီး ဖြစ်လိမ့်မည် မဟုတ်လော။ သင်သည် စာတန်၏ တန်ခိုးအောက်၌ အသက်ရှင်သောအခါ သင်သည် ဘုရားသခင်ကို ထင်ရှားစေခြင်းငှာ မတတ်စွမ်းနိုင်ပေ၊ သင်သည် ညစ်ညမ်းသော အရာတစ်ခုဖြစ်ပြီး ဘုရားသခင်၏ အမွေဥစ္စာကို မရရှိနိုင်ပေ။ သင်သည် သန့်စင်ခံရပြီး စုံလင်စေခြင်း ခံရသည်နှင့်တစ်ပြိုင်နက်၊ သင်သည် သန့်ရှင်းလိမ့်မည်၊ ပုံမှန်လူတစ်ဦး ဖြစ်လိမ့်မည် ဖြစ်ပြီး၊ သင်သည် ဘုရားသခင်၏ ကောင်းချီးပေးခြင်း ခံရမည်ဖြစ်ကာ ဘုရားသခင်အဖို့ နှစ်သက်ဖွယ်ဖြစ်လိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၂)
လူတို့ ယုံကြည်ခြင်း၏ အဆုံးစွန် အဓိပ္ပာယ်မှာ အဘယ်နည်း။ ရိုးရှင်းစွာ ပြောရလျှင် ကယ်တင်ခံရရန်အလို့ငှာဖြစ်သည်။ ပြီးလျှင် ကယ်တင်ခြင်း၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ ငါသည် သင်တို့အားလုံးအား ထိုအရာကို အချိန်ယူစဉ်းစားပြီး ကယ်တင်ခံရရန်ဆိုသည်မှာ မည်သည့်အရာကို အမှန်တကယ် ဆိုလိုကြောင်း ငါ့ကိုပြောစေလိုသည်။ (ထိုအရာမှာ စာတန်၏ အမှောင် စွမ်းအားမှ ကျွန်ုပ်တို့ ရုန်းထွက်လွတ်မြောက်နိုင်ကြောင်း၊ ဘုရားသခင်ထံ လုံးဝ လှည့်နိုင်ပြီး နောက်ဆုံးတွင် ရှင်သန်နိုင်ကြောင်းကို ဆိုလိုပါသည်။) (စာတန်၏ အာဏာအောက်တွင် အသက်ရှင်ကြသည့် လူများသည် သေခြင်းနှင့်ထိုက်တန်သော်လည်း ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခြင်းအားဖြင့် ကယ်တင်ခံရသည့်လူများမှာ သေဆုံးလိမ့်မည် မဟုတ်ပါ။) ဤအရာကို သင်တို့အားလုံး သိနားလည်ပြီး အယူဝါဒအဆင့်ထိ ရှင်းပြနိုင်သော်လည်း ကယ်တင်ခံရခြင်းသည် မည်သည့်အရာ အမှန်တကယ် ဖြစ်သည်ကို သင်တို့ တကယ်ကို မသိကြပေ။ ကယ်တင်ခံရခြင်းဟူသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားခြင်း ဖြစ်သလော။ ကယ်တင်ခံရခြင်းဟူသည်မှာ မလိမ်ညာခြင်း၊ ရိုးသားသော လူတစ်ဦးဖြစ်ခြင်းနှင့် ဘုရားသခင်ကို ပုန်ကန်ခြင်းကို ရပ်တန့်ခြင်းအား ဆိုလိုသလော။ လူများသည် ကယ်တင်ခြင်းခံရပြီးသည့်နောက်တွင် မည်သည့်အရာနှင့် တူကြသနည်း။ ရိုးရှင်းသည့် ဝေါဟာရအနေဖြင့် ကယ်တင်ခံရခြင်းဟူသည်မှာ သင် ဆက်လက် အသက်ရှင်နိုင်လိမ့်မည် ဖြစ်ကြောင်း၊ အသက်ရှင်ခြင်းသို့ ပြန်လည်ပို့ဆောင်ခြင်းခံရပြီးဖြစ်ကြောင်း ဆိုလိုပေသည်။ သင်သည် တစ်ချိန်က အပြစ်တွင် အသက်ရှင်နေခဲ့ပြီး သေခြင်းကို ဦးတည်နေခဲ့သည်။ ဘုရားသခင် မြင်သည့်အတိုင်းဆိုလျှင် သင်သည် သေလူတစ်ဦး ဖြစ်ခဲ့သည်။ ဤအရာကို ပြောရခြင်း၏ အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ လူတို့သည် ကယ်တင်ခြင်းမခံရမီ မည်သူ၏အာဏာအောက်တွင် ရှိကြသနည်း။ (စာတန်၏ အာဏာအောက်တွင် ရှိကြသည်။) ပြီးလျှင် လူတို့သည် စာတန်၏ အာဏာအောက်တွင် အသက်ရှင်ရန်အတွက် မည်သည့်အရာအပေါ် အမှီပြုကြသနည်း။ သူတို့သည် အသက်ရှင်ရန်အတွက် သူတို့၏ စာတန်ဆန်သော သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအပေါ် အမှီပြုကြသည်။ သို့ဆိုလျှင် သူတို့၏ ဖြစ်ခြင်းတစ်ခုလုံးဖြစ်သည့် သူတို့၏ ဇာတိပကတိ၊ သူတို့၏ စိတ်ဝိညာဉ်နှင့် သူတို့၏ အတွေးစိတ်ကူးကဲ့သို့သော သူတို့၏ အခြားကဏ္ဍများအားလုံးများသည် အရှင်လော၊ သို့မဟုတ် အသေလော။ ဘုရားသခင်၏ ရှုထောင့်တွင် ၎င်းတို့မှာ အသေဖြစ်ကြသည်။ ၎င်းတို့သည် လမ်းလျှောက်နေသော အလောင်းကောင်များဖြစ်ကြသည်။ အပေါ်ယံတွင် သင်သည် အသက်ရှူနေပုံနှင့် စဉ်းစားနေပုံရသော်လည်း သင် အဆက်မပြတ် တွေးနေသောအရာတိုင်းမှာ မကောင်းမှုအကြောင်းပင် ဖြစ်၏၊ ဘုရားသခင်ကို အာခံသောအရာများနှင့် ဘုရားသခင်ကို ပုန်ကန်သောအရာများဖြစ်ကာ သင်၏အတွေးများအားလုံးသည် ဘုရားသခင် စက်ဆုပ်သော၊ မုန်းတီးပြီးရှုတ်ချသော အရာများအကြောင်း ဖြစ်၏။ ဘုရားသခင်၏အမြင်တွင် ဤအရာအားလုံးသည် ဇာတိပကတိနှင့်မသက်ဆိုင်သည်သာမက စာတန်နှင့် နတ်ဆိုးများနှင့်လည်း လုံးလုံးလျားလျား သက်ဆိုင်၏။ ထို့ကြောင့် ဘုရားသခင်၏ အမြင်တွင် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် လူသားပင် ဟုတ်သလော။ မဟုတ်ပါ၊ သားရဲတိရစ္ဆာန်များ၊ နတ်ဆိုးများနှင့် စာတန်များဖြစ်သည်။ ၎င်းတို့သည် သက်ရှိ စာတန်များဖြစ်သည်။ လူအားလုံးသည် စာတန်၏ သဘာဝနှင့် ၎င်း၏ စိတ်သဘောထားဖြင့် အသက်ရှင်ကြပြီး ဘုရားသခင် မြင်သည့်အတိုင်းဆိုလျှင် ၎င်းတို့သည် အသက်ရှင်ပြီး လူသား ဇာတိပကတိ ဝတ်ဆင်ထားသည့်စာတန်များ၊ လူသား အရေခွံဖြင့် နတ်ဆိုးများ ဖြစ်ကြသည်။ ဘုရားသခင်သည် ထိုသို့သော လူများကို လမ်းလျှောက်နေသည့် အလောင်းကောင်များ၊ လူသေများအဖြစ် သရုပ်ဖော်သည်။ ဘုရားသခင်သည် ယခုတွင် ကယ်တင်ခြင်းအမှုကို ပြုနေသည်၊ ဆိုလိုသည်မှာ သူသည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် ၎င်း၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရအားဖြင့် အသက်ရှင်သည့် လမ်းလျှောက်နေသော အလောင်းကောင်များ၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရဖြစ်သည့် လူသေများကို ယူကာ အသက်ရှင်သော လူများအဖြစ်သို့ ပြောင်းလဲစေလိမ့်မည်ဟု ဆိုလိုသည်။ ယင်းမှာ ကယ်တင်ခံရခြင်း၏ အဓိပ္ပာယ်ဖြစ်၏။ အကြင်သူသည် ကယ်တင်ခံရရန်အလို့ငှာ ဘုရားသခင်ကို ယုံကြည်သည်။ ကယ်တင်ခြင်းခံရရန်ဟူသည်မှာ အဘယ်နည်း။ အကြင်သူသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိသည့်အခါ အသက်ရှင်ခြင်းသို့ ရောက်လာသည့် လူသေ ဖြစ်သည်။ တစ်ချိန်က ၎င်းတို့သည် စာတန်နှင့် သက်ဆိုင်ခဲ့ကြကာ သေဆုံးရန် သတ်မှတ်ခြင်းခံခဲ့ရသော်လည်း ယခုတွင် ဘုရားသခင်နှင့် သက်ဆိုင်သည့် လူများအဖြစ် အသက်ရှင်လာကြပြီဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ပါက သူ့ကို သိရှိနိုင်ပြီး ဘုရားသခင်ကို ယုံကြည်ကာ ဘုရားနောက်သို့လိုက်ကြသည့်အခါ ကိုးကွယ်ခြင်းဖြင့် သူ့ကို ဦးညွှတ်နိုင်ကြလျှင်၊ မိမိတို့ စိတ်နှလုံးများတွင် ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းနှင့် ပုန်ကန်ခြင်းတို့ နောက်ထပ်မရှိသကဲ့သို့ သူ့ကို အတိုက်အခံလုပ်ခြင်း၊ သို့မဟုတ် တိုက်ခိုက်ခြင်း မရှိတော့ဘဲ အမှန်တကယ် ကျိုးနွံနာခံနိုင်လျှင် ဘုရားသခင်၏ အမြင်တွင် ၎င်းတို့သည် စစ်မှန်သော အသက်ရှင်သည့်လူများ ဖြစ်သည်။ ဘုရားသခင်ကို စကားဖြင့် အသိအမှတ်ပြုရုံမျှ ပြုသောသူသည် အသက်ရှင်သော လူတစ်ဦး ဟုတ်ပါသလော။ (မဟုတ်ပါ။) သို့ဆိုလျှင် မည်သည့် လူစားမျိုးသည် အသက်ရှင်သော လူတစ်ဦး ဖြစ်သနည်း။ အသက်ရှင်သော လူတို့၏ လက်တွေ့အရှိတရားများမှာ အဘယ်နည်း။ အသက်ရှင်သော လူများသည် မည်သည့်အရာကို ပိုင်ဆိုင်ရမည်နည်း။ သင်တို့၏ အယူအဆများကို ငါ့ကို ပြောလော့။ (သမ္မာတရားကို လက်ခံသောလူတို့သည် အသက်ရှင်သော လူများဖြစ်သည်။ လူတို့၏ အတွေးအခေါ်ဆိုင်ရာ အမြင်များ၊ အမှုအရာများနှင့် စပ်လျဉ်းသော အမြင်များသည် ပြောင်းလဲပြီး ဘုရားနှုတ်ကပတ်တော်များနှင့် ကိုက်ညီသည့်အခါ သူတို့သည် အသက်ရှင်သော လူများဖြစ်ကြပါသည်။) (အသက်ရှင်သော လူများမှာ သမ္မာတရားကို နားလည်ပြီး လက်တွေ့လုပ်ဆောင်သောသူများ ဖြစ်ပါသည်။) (ယောဘကဲ့သို့ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သော လူတစ်ဦးသည် အသက်ရှင်သော လူတစ်ဦး ဖြစ်သည်။) (ဘုရားသခင်ကို သိသောလူများ၊ ဘုရားနှုတ်ကပတ်တော်များအတိုင်း အသက်ရှင်နိုင်ပြီး သမ္မာတရား စစ်မှန်မှုကို အသက်ရှင်နေထိုင်နိုင်သော လူများဖြစ်သည်။ ထိုသူများသည် အသက်ရှင်သောလူများဖြစ်သည်။) သင်တို့အားလုံးက သရုပ်သကန်တစ်မျိုးကို ပြောဆိုကြလေပြီ။ တစ်စုံတစ်ဦးအနေဖြင့် နောက်ဆုံးတွင် ကယ်တင်ခံရပြီး အသက်ရှင်သော လူတစ်ဦးဖြစ်လာရန်အတွက် ၎င်းသည် အနည်းဆုံးအနေဖြင့် ဘုရားနှုတ်ကပတ်တော်များကို အလေးဂရုပြုနိုင်ရမည်ဖြစ်ပြီး အသိတရားနှင့် အသိစိတ်ရှိသည့် စကားများကို ပြောနိုင်ရမည်ဖြစ်ကာ ၎င်းအနေဖြင့် စဉ်းစားဉာဏ်ရှိပြီး မြော်မြင်တတ်ရမည်၊ သမ္မာတရားကို နားလည်နိုင်ကာ လက်တွေ့လုပ်ဆောင်နိုင်ရမည်၊ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ကာ ကိုးကွယ်နိုင်ရမည်ဖြစ်သည်။ ယင်းမှာ စစ်မှန်သည့် အသက်ရှင်သော လူတစ်ဦးဖြစ်သည့်အရာ ဖြစ်သည်။ အသက်ရှင်သော လူများသည် မည်သည့်အရာကို မကြာခဏ စဉ်းစား လုပ်ဆောင်ကြသနည်း။ ပုံမှန်လူများ လုပ်ဆောင်သင့်သည့်အရာ အနည်းငယ်ကို ၎င်းတို့ လုပ်ဆောင်နိုင်ကြသည်။ အဓိကအားဖြင့် ၎င်းတို့သည် မိမိတို့တာဝန်များကို ကောင်းစွာ ထမ်းဆောင်ကြပြီး ၎င်းတို့ စဉ်းစားပြီး ထုတ်ဖော်သည့်အရာတွင်၊ ပုံမှန်အရ ၎င်းတို့ ပြောဆိုကာ လုပ်ဆောင်သည့်အရာတွင် ဘုရားသခင်ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်ကြသည်။ ယင်းမှာ ၎င်းတို့ မကြာခဏ စဉ်းစားပြီး လုပ်ဆောင်သည့်အရာ၏ သဘာဝ ဖြစ်သည်။ အနည်းငယ် သာ၍ တိကျစွာပြောဆိုရလျှင် ၎င်းတို့ ပြောဆိုလုပ်ဆောင်သည့်အရာအများစုသည် သမ္မာတရားနှင့် အနည်းဆုံးအနေဖြင့် ကိုက်ညီသည်။ ဘုရားသခင်၏ ရှုတ်ချခြင်း၊ သို့မဟုတ် ပစ်ပစ်ခါခါငြင်းခြင်းကို မခံရဘဲ သူ၏ လက်ခံခြင်းနှင့် အသိအမှတ်ပြုခြင်း ခံရသည်။ ဤသည်မှာ အသက်ရှင်သော လူများ လုပ်ဆောင်သည့်အရာဖြစ်ပြီး ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ စစ်မှန်စွာ ကျိုးနွံနာခံခြင်းဖြင့်သာလျှင် စစ်မှန်သော ယုံကြည်မှု ရှိနိုင်သည်
လူတို့သည် အသက်ရှင်သောသတ္တဝါများ ဖြစ်လာရန်နှင့် ဘုရားသခင်ကို သက်သေခံရန်၊ ပြီးလျှင် ဘုရားသခင်၏ လက်ခံခြင်းကို ရရှိရန် ဆန္ဒရှိပါက၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို ၎င်းတို့ လက်ခံရမည်။ သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ဝမ်းမြောက်ဝမ်းသာ ကျိုးနွံနာခံ ရမည်ဖြစ်ပြီး၊ ဘုရားသခင်၏ ပြုပြင်ခြင်းကို ဝမ်းမြောက်ဝမ်းသာ လက်ခံရမည်ဖြစ်သည်။ ထိုအခါမှသာ ၎င်းတို့သည် ဘုရားသခင်တောင်းဆိုသည့် သမ္မာတရားများအားလုံးကို လက်တွေ့လုပ်ဆောင်နိုင်ကြလိမ့်မည်ဖြစ်ပြီး၊ ထိုမှသာ ဘုရားသခင်၏ ကယ်တင်ခြင်းကို ၎င်းတို့ ရရှိမည်ဖြစ်ကာ အသက်ရှင်သောသတ္တဝါများ အမှန်တကယ် ဖြစ်လာကြလိမ့်မည်။ အသက်ရှင်သူများသည် ဘုရားသခင်၏ ကယ်တင်ခြင်း ခံရကြ၏။ ၎င်းတို့သည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို ခံကြရပြီးဖြစ်သည်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ဘုရားသခင်အတွက် ဆက်ကပ်ရန် လိုလားနေကြပြီး မိမိတို့၏ အသက်ကို စွန့်ရန် ပျော်ရွင်ကြကာ၊ ဘုရားသခင်အတွက် မိမိတို့၏အသက်တာတစ်ခုလုံးကို ဝမ်းမြောက်ဝမ်းသာ ဆက်ကပ်မြှုပ်နှံထားကြမည်ဖြစ်သည်။ အသက်ရှင် သူများသည် ဘုရားသခင်ကို သက်သေခံကြသောအခါမှသာလျှင် စာတန်သည် အရှက်ရနိုင်မည်။ အသက်ရှင်သူများကသာ ဘုရားသခင်၏ ဧဝံဂေလိအလုပ်ကို ဖြန့်ဝေနိုင်ကြသည်၊ အသက်ရှင်သူများသာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အညီဖြစ်ကြပြီး အသက်ရှင်သူများသာ စစ်မှန်သောလူများ ဖြစ်ကြပေသည်။ မူလက ဘုရားသခင် ဖန်ဆင်းခဲ့သောလူမှာ အသက်ရှင်ခဲ့သည်၊ သို့သော် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကြောင့် လူသည် သေခြင်းတရား၏ အလယ်တွင် အသက်ရှင်ရပြီး၊ စာတန်၏ စွမ်းအားအောက်တွင် အသက်ရှင်ရသည်၊ ထို့ကြောင့် ဤနည်းဖြင့်၊ လူတို့သည် ဝိညာဉ်ကင်းမဲ့သော လူသေများ ဖြစ်လာကြပြီးဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်သော ရန်သူများ ဖြစ်လာကြပြီးဖြစ်သည်၊ ၎င်းတို့သည် စာတန်၏ တန်ဆာပလာများ ဖြစ်လာကြပြီးဖြစ်ကာ၊ စာတန်၏အကျဉ်းသားများ ဖြစ်လာကြပြီးဖြစ်သည်။ ဘုရားသခင် ဖန်ဆင်းခဲ့သော အသက်ရှင်သည့် လူများအားလုံးသည် လူသေများဖြစ်လာကြပြီး၊ ထို့ကြောင့် ဘုရားသခင်သည် သူ၏ သက်သေခံချက်ကို ဆုံးရှုံးရပြီးဖြစ်ကာ၊ သူဖန်ဆင်းခဲ့ပြီး သူ၏ဇီဝအသက် ရှိထားသည့် တစ်ခုတည်းသော အရာဖြစ်သည့် လူသားမျိုးနွယ်ကို ဆုံးရှုံးရလေပြီဖြစ်သည်။ ဘုရားသခင်သည် သူ၏သက်သေခံချက်ကို ပြန်ရုပ်သိမ်းပြီး၊ သူကိုယ်တိုင်၏ လက်ဖြင့် ဖန်ဆင်းခဲ့သော်လည်း၊ စာတန်၏ ဖမ်းဆီးခြင်းခံရသောသူတို့ကို ပြန်ရုပ်သိမ်းပါက၊ ၎င်းတို့သည် အသက်ရှင်သော သတ္တဝါများဖြစ်လာရန်အလို့ငှာ ဘုရားသခင်သည် ၎င်းတို့ကို ပြန်လည် ထမြောက်စေရမည်ဖြစ်ပြီး၊ သူ၏အလင်းထဲ၌ ၎င်းတို့ အသက်ရှင်ကြဖို့အလို့ငှာ ၎င်းတို့ကို သူပြန်သိမ်းယူရမည် ဖြစ်သည်။ လူသေတို့သည် ဝိညာဉ်မရှိသော သူများဖြစ်ပြီး၊ အလွန့်အလွန် ထုံထိုင်းကြသူများနှင့် ဘုရားသခင်ကို ဆန့်ကျင်ကြသူများ ဖြစ်ကြသည်။ အဓိကအားဖြင့် ၎င်းတို့သည် ဘုရားသခင်ကို မသိသောသူများ ဖြစ်ကြသည်။ ဤလူတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံရန် ရည်ရွယ်ချက် စိုးစဉ်းမျှ မရှိကြချေ။ ၎င်းတို့သည် သူ့ကို ပုန်ကန်ကာ ဆန့်ကျင်ခြင်းသာ ပြုကြပြီး၊ သစ္စာစောင့်သိမှု စိုးစဉ်းမျှ မရှိကြချေ။ အသက်ရှင်သူများသည် ၎င်းတို့၏ဝိညာဉ်များ ပြန်လည်မွေးဖွားခြင်း ခံရသောသူများ၊ ဘုရားသခင်ကို ကျိုးနွံနာခံရန် သိရှိသူများနှင့် ဘုရားသခင်ကို သစ္စာစောင့်သိသူများ ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားနှင့် သက်သေခံချက်ကို ပိုင်ဆိုင်ကြပြီး၊ ဤလူတို့သာ ဘုရားသခင်ကို သူ၏ အိမ်တွင် ကျေနပ်စေလျက်ရှိကြပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် အသက်ရှင်ခြင်းသို့ ရောက်လာပြီးသူတစ်ဦးဖြစ်သလော