မိမိ၏တာဝန်ကို မည်သို့သဘောထားသင့်ပုံ

လူ၏တာဝန်နှင့် သူကောင်းချီးမင်္ဂလာခံစားရခြင်း သို့မဟုတ် ကျိန်ခြင်းအမင်္ဂလာခံရခြင်း အကြားတွင် အပြန်အလှန်ဆက်စပ်မှု မရှိ။ တာဝန်မှာ လူအနေဖြင့် ကျေပွန်အောင် ထမ်းဆောင်ရမည့် အရာဖြစ်သည်၊ ၎င်းသည် မလွှဲမရှောင်သာ သူထမ်းဆောင်ရမည့်တာဝန်ဖြစ်ပြီး ဆုလာဘ်ကို မျှော်ကိုးခြင်း၊ အခြေအနေများ သို့မဟုတ် အကြောင်းပြချက်များပေါ်တွင် မမူတည်သင့်ပါ။ ထိုအခါမှသာ သူ၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ကောင်းချီးမင်္ဂလာခံစားရသော လူတစ်ဦးသည် တရားစီရင်ခြင်းပြီးနောက် ပြီးပြည့်စုံခြင်းသို့ ရောက်သည့်အခါ ကောင်းမြတ်ခြင်းကို ခံစားရသည်။ ကျိန်ခြင်းအမင်္ဂလာခံရသော လူတစ်ဦးသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို ခံရပြီးနောက် စိတ်သဘောထား မပြောင်းလဲသည့်အခါ ပြစ်ဒဏ်ပေးခြင်းကို ခံရသည်၊ တစ်နည်းအားဖြင့် ၎င်းသည် စုံလင်ခြင်းသို့ရောက်ခြင်း မရှိသေး။ ဖန်ဆင်းခံသတ္တဝါဖြစ်သည့် လူသားသည် ကောင်းချီးမင်္ဂလာ ခံစားရသည်ဖြစ်စေ ကျိန်ခြင်းအမင်္ဂလာ ခံရသည်ဖြစ်စေ မိမိ၏တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်သင့်သည်၊ မိမိလုပ်သင့်သော အရာတို့ကို လုပ်ဆောင်သင့်ပြီး မိမိလုပ်နိုင်စွမ်းရှိသောအရာတို့ကို လုပ်သင့်သည်။ ဤအရာသည် ဘုရားသခင်ကို ရှာဖွေသော လူသားတစ်ဦးအတွက် အလွန်အခြေခံကျသောအရာ ဖြစ်သည်။ သင်သည် ကောင်းချီးမင်္ဂလာ ခံစားရရန်အတွက်သာ သင်၏တာဝန်ကို မထမ်းဆောင်သင့်၊ ထိုနည်းတူ ကျိန်ခြင်းအမင်္ဂလာခံရမည်ကို စိုးရိမ်ခြင်းကြောင့် လုပ်ဆောင်ရန် ငြင်းပယ်ခြင်း သင်မပြုသင့်။ ဤအရာတစ်ခုကို သင်တို့အား ငါပြောမည်၊ အကယ်၍ လူသည် သူ၏တာဝန်ကို ထမ်းဆောင်နိုင်ပါက ၎င်းသည် သူလုပ်ဆောင်သင့်သောအရာကို သူစွမ်းဆောင်သည်ဟု အဓိပ္ပာယ်ရသည်။ အကယ်၍ လူသည် သူ၏တာဝန်ကို မထမ်းဆောင်နိုင်ပါက ၎င်းသည် လူ၏ဆန့်ကျင်ပုန်ကန်မှုကို ပြသည်ဟု အဓိပ္ပာယ်ရသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူသော ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန် ကွဲပြားခြားနားမှု”) ဘုရားနှုတ်ကပတ်တော်တွေနဲ့ပတ်သက်တဲ့ ကျွန်တော့်အတွေ့အကြုံကို ပြောပြချင်ပါတယ်။

ယုံကြည်သူတစ်ယောက် ဖြစ်လာပြီး သိပ်မကြာခင်မှာ၊ ခေါင်းဆောင်တွေဖြစ်တဲ့ ညီအစ်ကိုမောင်နှမတွေက စည်းဝေးပွဲတွေကို မကြာမကြာ လုပ်တာတွေ၊ သမ္မာတရားကို မိတ်သဟာယပြုတာတွေကို ကျွန်တော် မြင်မိတယ်။ တချို့ဆို ဗီဒီယိုတွေ ဖန်တီးတာမျိုး၊ ဆိုကြကကြတာမျိုး၊ ကျွမ်းကျင်မှုလိုတဲ့ တာဝန်တွေ ရှိကြတယ်။ ကျွန်တော် သူတို့ကို တကယ် အားကျခဲ့တယ်။ အထင်ကြီးစရာမျိုးလို့ပဲ ထင်ခဲ့တယ်။ ဧည့်ခံရေးအလုပ်တွေ၊ အသင်းတော်ကိစ္စတွေ လုပ်နေတဲ့သူတွေကျတော့၊ သူတို့တာဝန်တွေက သိပ်အများကြီး ပြောစရာမရှိဘူး။ ကျွမ်းကျင်ဖို့လည်း မလိုဘူးလေ။ ဒီတော့ သူတို့က ဘယ်တော့မှ နာမည်ကောင်း ရကြမှာမဟုတ်ဘူး။ နောက်ပိုင်းမှာ ကျွန်တော်လည်း ကိုယ့်အတွက် ဂုဏ်ရှိနိုင်မဲ့တာဝန်တစ်ခု လိုချင်တယ်လို့ စဉ်းစားတာပေါ့။ နှစ်နှစ်လောက်ကြာတော့၊ ကျွန်တော့်ကို စာရေးရတဲ့တာဝန် ပေးတယ်။ ကျွန်တော် သိပ်ပျော်သွားတယ်။ အထူးသဖြင့် စာအရေးအသားကိစ္စမှာ လမ်းညွှန်ပေးဖို့၊ အသင်းတော်ကို သွားတဲ့အချိန်တိုင်း၊ ညီအစ်ကိုမောင်နှမတွေအားလုံးက ကျွန်တော့်အပေါ် တကယ် နွေးထွေးကြတယ်။ လေးလေးစားစား ရှိကြတယ်။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် တကယ်ကို ကျေနပ်ခဲ့မိတယ်။ ကျွန်တော့်တာဝန်က သူများတွေလုပ်တဲ့ တာဝန်ထက် ပိုပြီး လေးစားခံရတယ်လို့ပဲ ထင်မိတယ်။ ၂၀၁၈ ခုနှစ် မှာ၊ ကျွန်တော့်ကို တခြားဒေသကို တာဝန်နဲ့ ပို့လိုက်တယ်။ အဲဒီမှာ ရောက်နေတုန်း၊ တစ်ခါတော့ ညီအစ်ကိုတစ်ယောက်က ကျွန်တော် လုပ်ရတဲ့တာဝန်အကြောင်း သိသွားတယ်။ သူက ကျွန်တော့်ကို အလုပ်အကြောင်းတွေ စပြောလာရော။ သူ ကျွန်တော့်ကို ဘယ်လောက်အားကျတယ်ဆိုတာ မြင်တော့၊ ကျွန်တော် တော်တော် ပျော်သွားတယ်။ အဲဒီတာဝန်ကို လုပ်ရတာ တကယ် ဂုဏ်ယူစရာလို့လည်း ထင်ခဲ့မိတယ်။

အဲဒီအချိန်တွေတစ်လျှောက်လုံး အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီထင်ပြီး၊ ဘဝင်မြင့်ခဲ့ပါတယ်။ ကိုယ့်အလုပ်တာဝန်မှာ နာမည်နဲ့ အကျိုးအမြတ်အတွက်ပဲ ပြိုင်နေခဲ့တယ်။ လေးလေးနက်နက် သဘောမထားခဲ့ဘူး။ တစ်လနှစ်လလောက်ကြာတော့၊ ကျွန်တော်က ဘာမှ ဖြစ်ဖြစ်မြောက်မြောက် မရှိဘူးဆိုပြီး၊ တာဝန်ကနေ ထုတ်ပယ်ခံရတယ်။ ကျွန်တော်လည်း တော်တော် ဝမ်းနည်းသွားတယ်။ နည်းနည်းလည်း အပျက်သဘောဆောင်လာတယ်။ ဒါနဲ့ ခေါင်းဆောင်က ကျွန်တော့်ကို ဘုရားအလိုတော်အကြောင်း မိတ်သဟာယပြုပြီး၊ ပြောပြတယ်၊ “ငါတို့ရုပ်ရှင်တွေမှာ ဇာတ်စင်အကူအနေနဲ့ လုပ်ပေးမဲ့ လူတွေကို၊ ဘုရားအိမ်တော်က လိုအပ်တယ်။ မင်း လုပ်နိုင်ပါတယ်။ မင်းရဲ့တာဝန်က ဘာပဲဖြစ်ဖြစ်၊ မင်းအနေနဲ့ သမ္မာတရားကို အားထုတ်ရမယ်၊ ကိုယ့်တာဝန်ကို အကောင်းဆုံးလုပ်နိုင်အောင် ကြိုးစားရမယ်” တဲ့။ အဲဒီတာဝန်က ဘာတွေလိုအပ်လဲဆိုတာ ကျွန်တော် တကယ် မသိခဲ့ဘူး။ ဒါပေမဲ့ ခေါင်းဆောင်က စီစဉ်ပေးတာဆိုတော့၊ နာခံလိုက်သင့်တယ်လို့ပဲ စဉ်းစားတယ်။ ဇာတ်စင်အကူအဖြစ်နဲ့ ခဏလောက် ကြာလာတော့၊ ကျွန်တော် သဘောပေါက်လာတယ်။ အများအားဖြင့် ခွန်အားသုံးပြီး ပင်ပင်ပန်းပန်း လုပ်ရတာပါ။ ဇာတ်ဝင်ခန်းပစ္စည်းတွေ မျိုးစုံကို ရွှေ့ရတာ။ ဘာကျွမ်းကျင်မှုမှ မပါဘူး။ ဟိုဟိုဒီဒီ သွားရတာတွေ၊ တောက်တိုမည်ရအလုပ်တွေချည်းပဲ။ ကျွန်တော်လည်း စဉ်းစားတာပေါ့၊ “ဟိုအရင် စာရေးရတဲ့တာဝန်က ငါ့ဦးနှောက်ကိုပဲ သုံးရတယ်။ ဂုဏ်ရှိတယ်၊ အများက လေးစားတယ်။ ဒီ ဆက်တင်ပစ္စည်းတွေကို ရွှေ့ရတာကျတော့ ခန္ဓာကိုယ်အားစိုက်ရတယ်။ ညစ်ညစ်ပတ်ပတ်နဲ့ ပင်ပန်းတယ်။ ညီအစ်ကိုမောင်နှမတွေက ငါ့ကို အထင်သေးလာကြမှာလား” ပေါ့။ ကျွန်တော်လည်း ဒီအတွေးနဲ့ တော်တော် စိတ်ပျက်သွားတယ်။ ဒီတာဝန်ကို လုပ်နေရတာကိုလည်း နည်းနည်း အတိုက်အခံလုပ်ချင်စိတ် ဖြစ်မိတယ်။ အဲဒီအချိန်ကစပြီး ကျွန်တော်က စိတ်မပါတပါနဲ့ပဲ အလုပ်လုပ်တယ်။ ရတဲ့အချိန်တိုင်း အချောင်ခိုတယ်။ တစ်ခါတလေ ကျွန်တော်တို့မှာ ဇာတ်ဝင်ခန်းပစ္စည်းတစ်ခု မရှိလို့၊ ညီအစ်ကိုမောင်နှမတစ်ယောက်ယောက်စီက ငှားရမယ်ဆိုရင်၊ ကျွန်တော်က တခြားတစ်ယောက်ကိုပဲ သွားတောင်းခိုင်းလိုက်တယ်။ ကျွန်တော် သွားတောင်းမယ်ဆိုရင်၊ ကျွန်တော့်ကို သိတဲ့ ညီအစ်ကိုမောင်နှမတွေက ကျွန်တော်တော့ အရင်အလုပ်တာဝန်မှာ မရှိတော့ဘူး၊ အခုဆို အရေးမပါတဲ့ ဆက်တင်အလုပ်ကို လုပ်နေရတယ်ဆိုတာတွေ သိသွားကြမှာကို ကျွန်တော် စိုးရိမ်တယ်။ အဲဒီလိုသိသွားရင် ကျွန်တော့်ကို ဘယ်လိုထင်ကြမလဲ။ လက်ရှိအလုပ်နဲ့ပတ်သက်တဲ့ ကျွမ်းကျင်မှုတွေ ရအောင်လည်း ကျွန်တော် မလုပ်ချင်ခဲ့ဘူး။ ပိုပြီး လုပ်တတ်လာရင်၊ အဲဒီအလုပ်ကိုပဲ အမြဲတမ်း လုပ်သွားရလိမ့်မယ်၊ ဘယ်တော့မှလည်း ထင်ထင်ပေါ်ပေါ် ဖြစ်တော့မှာမဟုတ်ဘူးဆိုပြီး စိုးရိမ်တယ်။ တစ်ခါတလေ ရိုက်ကွင်းပေါ်မှာ ဒါရိုက်တာက ဆက်တင်တွေကို ကျွန်တော့်ကိုပဲ အသေးစိတ်လုပ်ခိုင်းတတ်တယ်။ ဒီလိုဖြစ်တိုင်း ကျွန်တော် တကယ် အနေရခက်တယ်။ ကျွန်တော့်အတွက် ရှက်စရာလိုလိုပေါ့။ ဟိုအရင်ကဆို စာရေးရတဲ့တာဝန်မှာ တခြားသူတွေက ကျွန်တော့်ကို ဘယ်လို လေးစားပြီး၊ ကျွန်တော် လမ်းညွှန်တဲ့အတိုင်း လုပ်ကြတာတွေကို ပြန်တွေးမိတယ်။ ဒါပေမဲ့ အခုတော့ ကျွန်တော်က သူများခိုင်းတဲ့အတိုင်း လုပ်နေရတယ်။ တကယ်ကို ရာထူးကျသွားတာပါ။ တစ်ခါတော့၊ အစ်ကိုတစ်ယောက်က ကျွန်တော့်ကို ဆက်တင်အတွက်၊ အပြင်မှာ ကောက်ရိုးနည်းနည်း သွားယူခိုင်းတယ်။ ကျွန်တော် တကယ်ကို မလုပ်ချင်ခဲ့ဘူး။ စိတ်ထဲမှာလည်း “အပြင်မှာ အဲဒီလိုသွားယူရတာ တော်တော် ရှက်ဖို့ကောင်းတာပဲ။ ညီအစ်ကိုမောင်နှမတွေ မြင်သွားရင်၊ ငါက ငယ်ငယ်ရွယ်ရွယ်နဲ့ အဲဒီလိုလုပ်နေတယ်ဆိုတာ အရှုံးသမားသက်သက်ပဲလို့ ထင်ကုန်မှာသေချာတယ်” ဆိုတာမျိုး တွေးတယ်။ ဒါပေမဲ့ ကိုယ့်တာဝန်အတွက် မဖြစ်မနေလုပ်ရမှာဆိုတော့၊ ကျွန်တော်လည်း အနားမှာ ဘယ်သူမှမရှိတဲ့အထိ စောင့်ပြီးတော့မှ၊ အားတင်းပြီး လုပ်တယ်။ ကောက်ရိုးတွေ ယူနေတုန်း၊ ညီအစ်ကိုတစ်ယောက် လာနေတာကို မြင်တယ်။ သူက ရှူးဖိနပ်တွေ၊ ခြေအိတ်အဖြူတွေနဲ့ တော်တော် သန့်သန့်ပြန့်ပြန့်ပဲ။ ကျွန်တော်ကျတော့ တစ်ကိုယ်လုံး ညစ်ပတ်နေတယ်။ ကျွန်တော်လည်း ရုတ်တရက် စိတ်ပျက်ပြီး ဝမ်းနည်းသွားတာပေါ့။ စိတ်ထဲမှာလည်း၊ “ငါတို့တွေ အသက်အတူတူလောက်ပဲ။ ဒါပေမဲ့ သူက ကောင်းကောင်းမွန်မွန် သန့်သန့်ပြန့်ပြန့် တာဝန်ကို လုပ်နေတယ်။ ငါကျတော့ ကောက်ရိုးယူပေးရတဲ့ ညစ်ပတ်တဲ့အလုပ်မျိုးပဲ လုပ်ခွင့်ရတယ်။ ကွာလှချည်လား။ ရှက်ဖို့ကောင်းလိုက်တာ။ ငါ ဒီတာဝန်ကို မလုပ်ချင်တော့ဘူးလို့၊ ခေါင်းဆောင်ကို သွားပြောတော့မယ်။ တခြားတာဝန်တစ်ခု တောင်းမယ်” ပေါ့။

ပြန်လာပြီးတော့ စိတ်ထဲမှာ တော်တော် ပဋိပက္ခဖြစ်တယ်၊ ကျွန်တော့်အနေနဲ့ ခေါင်းဆောင်ကို ပြောသင့်ရဲ့လားပေါ့။ မပြောဘူးဆိုရင်၊ အဲဒီတာဝန်ကိုပဲ ဆက်လုပ်ရလိမ့်မယ်။ အခုတာဝန်ကို မလုပ်ချင်ဘူးလို့ ပြောလိုက်ရင်လည်း၊ ကိုယ့်တာဝန်ကနေ ရှောင်ထွက်သလို ဖြစ်သွားမယ်။ ဒီလို တွေးမိတာနဲ့၊ ကျွန်တော်လည်း ကိုယ့်ခံစားချက်တွေကို အောင့်အည်းပြီး၊ ဘာမှ မပြောဖြစ်ခဲ့ဘူး။ အဲဒီနောက် သိပ်မကြာခင်ပဲ၊ ခေါင်းဆောင်က ဇာတ်စင်အကူတွေနဲ့ သရုပ်ဆောင်တွေကို စည်းဝေးပွဲတွေ အတူတူတက်ကြဖို့ စီစဉ်တယ်။ ကျွန်တော်ကတော့ အဲဒါကို လုံးဝ ဝမ်းမသာမိဘူး။ သူတို့က နာမည်တွေရပြီး၊ အားလုံးရဲ့အာရုံစိုက်မှု ရနိုင်ပေမဲ့၊ ကျွန်တော်က အခိုင်းအစေအလုပ်မျိုး လုပ်နေရတာလေ။ အဆင့်အတန်းကို မတူကြတာပါ။ အတူတူစည်းဝေးမယ်ဆိုတာက ကျွန်တော့်သိမ်ငယ်စိတ်ကို မီးထိုးပြသလို ဖြစ်မသွားဘူးလား။ လူတိုင်းက စည်းဝေးပွဲတွေမှာ တက်တက်ကြွကြွနဲ့ မိတ်သဟာယပြုကြတယ်။ ကျွန်တော်ကတော့ ဘာမှကို မဝေမျှချင်ခဲ့ဘူး။ သရုပ်ဆောင်တွေနဲ့ စည်းဝေးပွဲတွေမှာ သူတို့တွေ ပိုပြီး လူမြင်ကောင်းအောင်၊ ကျွန်တော်က ဖြည့်ဆည်းပေးရတာလို့ပဲ ထင်မိတယ်။ တော်တော် စိတ်ဓာတ်ကျခဲ့တယ်။ အချိန်တွေ ကြာလာတော့၊ ကျွန်တော့်စိတ်ဝိညာဉ်ထဲက အမှောင်ထုက ပိုကြီးလာတယ်။ စည်းဝေးပွဲတွေကို သွားတောင် မသွားချင်တော့ဘူး။ စာရေးရတဲ့တာဝန်နဲ့တုန်းက အချိန်တွေကိုပဲ ခဏခဏ ပြန်တွေးမိတယ်။ ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်ကို ဝမ်းသာအားရ ကြိုဆိုတာတွေ၊ ခေါင်းဆောင်ကလည်း ကျွန်တော့်ကို တန်ဖိုးထားတဲ့အချိန်တွေပေါ့။ အဲဒီတာဝန်ကနေ ပြုတ်ကတည်းက ကျွန်တော်လည်း တောက်တိုမည်ရအလုပ်တွေပဲ လုပ်နေခဲ့ရတာ။ ဘယ်သူမှလည်း ကျွန်တော့်ကို အားမကျတော့ဘူး။ ကျွန်တော်လည်း စိတ်ဓာတ်ကျပြီး ဝမ်းနည်းတာပေါ့။ ပိုပိုပြီးတော့ သိမ်ငယ်လာတယ်၊ ဖော်ဖော်ရွေရွေ မရှိသလို ဖြစ်လာတယ်။ အမြဲတမ်း မှိုင်တွေပြီးတော့၊ ကိုယ့်ကိုယ်ကိုယ် ခံစားလို့မရသလို ဖြစ်လာတယ်။ တော်တော် မြန်မြန်ဆန်ဆန်ကြီး ပိန်ကျသွားတယ်။ တစ်ညနေကျတော့၊ တစ်ယောက်တည်း လမ်းလျှောက်နေရင်းနဲ့၊ ဒီဝေဒနာကို ရင်ထဲမှာ မသိမ်းထားနိုင်တော့သလို ဖြစ်လာတယ်။ ငိုယိုပြီးတော့၊ ဘုရားသခင်ဆီ ဆုတောင်းမိတယ်၊ “ဘုရားသခင်၊ ဟိုအရင်ကဆို ကျွန်တော်က သမ္မာတရားကို အားထုတ်ဖို့၊ ကိုယ်တော် ကျေနပ်အောင် ကိုယ့်တာဝန်ကို လုပ်ဆောင်ဖို့ ဆုံးဖြတ်ထားတာပါ။ ဒါပေမဲ့ အခုတော့ ကျွန်တော့်အလုပ်တာဝန်မှာ ဘာမှထုတ်ပြခွင့် မရှိပါဘူး။ အမြဲတမ်း သူများတွေထက် နိမ့်ကျသလို ခံစားရပါတယ်။ ကျွန်တော် တကယ်ကို အနုတ်လက္ခဏာဆောင်နေပြီ၊ အားလျော့နေပါပြီ။ ကိုယ်တော့်ကို အချိန်မရွေး သစ္စာဖောက်မိတော့မယ်လို့ ခံစားရပါတယ်။ ဘုရားသခင်၊ ကျွန်တော် အပျက်သဘောဆောင်လွန်းတာမျိုး ဆက်မဖြစ်ချင်ပါဘူး။ ဒါပေမဲ့ ဘာလုပ်ရမှန်းလည်း မသိပါဘူး။ ကျွန်တော့်ကို ဒီအခြေအနေက လွတ်အောင် လမ်းပြပေးတော်မူပါ” ပေါ့။

အဲဒီနောက်မှာပဲ ဘုရားနှုတ်ကပတ်တော်တွေထဲကနေ ဒါကို ကျွန်တော် ဖတ်မိတယ်၊ “တာဝန် မည်သို့မည်ပုံ ပေါ်ပေါက်လာသနည်း။ ကျယ်ကျယ်ပြန့်ပြန့်ဆိုရလျှင် လူသားတို့ထံ ကယ်တင်ခြင်းကို ယူဆောင်လာခြင်းတည်းဟူသော ဘုရားသခင့် စီမံခန့်ခွဲမှုအလုပ်၏ ရလဒ်တစ်ခုအဖြစ် ပေါ်ပေါက်လာသည်။ အတိအကျ ဆိုရလျှင် ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ်သည် လူသားတို့ကြားတွင် သိသာထင်ရှားလာသည်နှင့်အမျှ ဆောင်ရွက်ရန်လိုအပ်သော အလုပ်တာဝန်ပေါင်းစုံ ပေါ်ပေါက်လာကာ၊ ယင်းအလုပ်များသည် လူတို့ပူးပေါင်းဆောင်ရွက်ရန်နှင့် ပြီးစီးအောင်လုပ်ရန် လိုအပ်လာသည်။ ယင်းမှ လူတို့ဖြည့်ဆည်းရန် တာဝန်များနှင့် အထူးတာ၀န်များ ပေါ်ပေါက်လာရာ ယင်းတာဝန်များနှင့် အထူးတာ၀န်များသည် ဘုရားသခင်က လူသားမျိုးနွယ်အပေါ် ပေးသနားသည့် တာဝန်များပေတည်း။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ) “သင်၏တာဝန် မည်သို့ပင်ဖြစ်ပါစေ၊ အထက်အောက် မခွဲခြားနှင့်။ သင်သည် ‘ဤအလုပ်သည် ဘုရားသခင်မှ အပ်နှံသည့်အလုပ်နှင့် ဘုရားသခင်အိမ်တော်၏ အလုပ်ဖြစ်သော်လည်း၊ အကယ်၍ ငါလုပ်ပါက လူအများက ငါ့ကိုအထင်သေးနိုင်သည်။ တစ်ပါးသူများက သူတို့အား ထင်ရှားစေသောအလုပ်ကို လုပ်ကြသည်။ ငါ့ကိုမထင်ရှားစေဘဲ နောက်ကွယ်တွင် ကြိုးပမ်းအားထုတ်ရစေသည့် ငါရထားသောအလုပ်ကို တာဝန်ဟု အဘယ်သို့ ခေါ်နိုင်မည်နည်း။ ဤအလုပ်သည် ငါလက်မခံနိုင်သောအလုပ်ဖြစ်သည်။ ဤအလုပ်သည် ငါ့တာဝန်မဟုတ်။ ငါ၏တာဝန်သည် သူတစ်ပါးတို့ရှေ့တွင် ငါ့အားထင်ရှားစေသောအလုပ် ဖြစ်ပြီး၊ ငါ့ကိုကျော်ကြားစေသောအလုပ် ဖြစ်ရမည်။ ထို့အပြင် အကယ်၍ငါ မကျော်ကြားပါက သို့မဟုတ် မထင်ရှားပါက၊ ထိုအလုပ်မှ ငါအကျိုးအမြတ်ရဖို့နှင့် ရုပ်ပိုင်းဆိုင်ရာ အပူအပင်ကင်းဖို့ လိုသည်။’ ဟု သင်ကပြောသည် ဆိုပါစို့။ ယင်းသည် လက်ခံနိုင်ဖွယ် သဘောထားလော။ ဇီဇာကြောင်ခြင်းဟူသည် ဘုရားသခင်ထံမှ လာသည့်အရာကို မလက်ခံခြင်း ဖြစ်သည်။ သင့်အကြိုက်များအတိုင်း ရွေးချယ်ခြင်းဖြစ်သည်။ ဤသည်မှာ သင်၏တာဝန်ကို လက်ခံခြင်းမဟုတ်၊ သင်၏တာ၀န်ကို ငြင်းပယ်ခြင်းဖြစ်သည်။ စံရွေးရန်အားထုတ်သည်နှင့်၊ အမှန်တကယ် လက်ခံမှုကို သင်မတတ်နိုင်တော့ပေ။ ထိုကဲ့သို့သော ဇီဇာကြောင်မှုဟူသည် သင်၏ပုဂ္ဂိုလ်ရေးအကြိုက်များ၊ အလိုဆန္ဒများဖြင့် ရောနေသည်။ သင်သည် သင့်ကိုယ်ကျိုး၊ သင့်ဂုဏ်သတင်း၊ စသည်တို့ကို ထည့်သွင်းစဉ်းစားသောအခါ၊ တာဝန်အပေါ်ထားရှိသော သင်၏သဘောထားသည် နာခံမှု မဟုတ်ပေ။ တာဝန်အပေါ်ထားရှိရမည့် သဘောထားမှာ- ပထမအနေဖြင့် ယင်းကို သင်မဆန်းစစ်ရသကဲ့သို့ သင့်ကိုမည်သူက အလုပ်ပေးသည်ကို မစဉ်းစားရ။ ယင်းအစား ဘုရားသခင်ထံမှလာသော သင့်တာဝန်နှင့် သင်လုပ်သင့်သည့်အလုပ်အနေဖြင့် လက်ခံသင့်သည်။ ဒုတိယအနေဖြင့် တာဝန်ကို အမြင့်နှင့်အနိမ့် ခွဲခြားခြင်း မပြုလေနှင့်။ ထို့အပြင်ယင်းကိုလူရှေ့တွင် လုပ်ရသလော၊ ၎င်းတို့ ကွယ်ရာတွင် လုပ်ရသလော၊ သင့်ကိုထင်ရှားစေသလော၊ မထင်ရှားစေသလော၊ စသည်ဖြင့် ယင်း၏ သဘောသဘာဝအပေါ် မစိုးရိမ်နှင့်။ယင်းအရာများကို မစဉ်းစားလေနှင့်။ ၎င်းတို့မှာ လူများ သူတို့၏တာဝန်ဆီ ချဉ်းကပ်ရာတွင် ရှိရမည့်အင်္ဂါနှစ်ရပ်ပေတည်း။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ) ဒါကို ဖတ်ရင်း ကျွန်တော် မြင်မိတာက၊ ကျွန်တော်က ကိုယ့်အလုပ်အပေါ်မှာ လွဲမှားတဲ့ ရှုထောင့်နဲ့ သဘောထားကို ဆုပ်ကိုင်ခဲ့မိတယ်ဆိုတာပဲ။ ဘုရားက ကျွန်တော်တို့ကို ကိုယ့်အလုပ်တာဝန်ကို လုပ်ကြဖို့ သတ်မှတ်ပေးတယ်။ ကျွန်တော်တို့က လုပ်တယ်ဆိုရင်၊ မှန်ကန်တယ် နည်းလမ်းတကျရှိတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ကို ရွေးချယ်ခွင့်မပြုပါဘူး။ ဒါပေမဲ့ ကျွန်တော်ကျတော့ ကိုယ်နှစ်သက်တာတွေကိုပဲ ဦးစားပေးပြီး၊ အထင်ကြီးလေးစားခံရတဲ့ တာဝန်မျိုးကိုပဲ လိုချင်ခဲ့တယ်။ နောက်ကွယ်ကအလုပ်မျိုး၊ သာမန်အလုပ်မျိုးတွေကို ဆန့်ကျင်မိတယ်၊ ငြင်းခဲ့မိတယ်။ ဘုရားရဲ့အုပ်စိုးခြင်းနဲ့ အစီအစဉ်တွေကို မနာခံခဲ့ဘူး။ ကိုယ့်အလုပ်အပေါ် ပေါ့ပေါ့တန်တန်နဲ့ အပျက်သဘောလုပ်တာမျိုး၊ ငြင်းဆန်တာမျိုးတောင် ရှိခဲ့တယ်။ ကျွန်တော်က ဘုရားကို ဆန့်ကျင်ခဲ့တာပါ။ ကျွန်တော် ယုံကြည်ခြင်းမှာ သက်ဝင်လာစကအချိန်ကို ပြန်တွေးကြည့်တယ်။ ကိုယ့်အလုပ်တာဝန်တွေကို စွမ်းဆောင်နေကြတဲ့ ခေါင်းဆောင်တွေ၊ ညီအစ်ကိုမောင်နှမတွေကို အားကျမိခဲ့တယ်။ အဲဒီတာဝန်တွေက တော်တော် ဂုဏ်ရှိတာပဲ၊ တခြားသူတွေကလည်း အထင်ကြီးကြတယ်ပေါ့၊ သိပ်မသိသာတဲ့ ကာယအလုပ်တွေ လုပ်နေတဲ့လူတွေကျတော့ ဘာအတတ်ပညာမှ ပြောပလောက်အောင် မရှိဘူးဆိုတာမျိုး၊ တွေးခဲ့မိတယ်။ အဲဒီလိုတာဝန်မျိုးက နိမ့်ကျတယ်၊ လူတွေက အထင်သေးတယ်ဆိုပြီး ကျွန်တော် ထင်ခဲ့တယ်။ ကျွန်တော်က ကိုယ့်အတွေးထဲမှာ လမ်းမှားခဲ့တာဆိုတော့၊ အလုပ်တာဝန်တွေကို အဆင့်အမျိုးမျိုး ခွဲထားခဲ့တာဗျ။ ဒါကြောင့် ဇာတ်စင်အကူအနေနဲ့ စလုပ်ရတော့၊ ငါက အခိုင်းအစေအလုပ်တွေ လုပ်နေရတာပဲ၊ ငါ့ဂုဏ်သိက္ခာနဲ့ ပုံရိပ်ကို ထိခိုက်တော့မှာပဲဆိုပြီး တွေးခဲ့တာပါ။ ကျွန်တော်က အဲဒါကို တကယ် အတိုက်အခံလုပ်ခဲ့တယ်။ မနာခံချင်ခဲ့ဘူး။ ကျွန်တော့်အလုပ်အတွက် တာဝန်မယူခဲ့ဘူး။ သင်ယူသင့်တဲ့ ကျွမ်းကျင်မှုတွေကိုလည်း မသင်ယူချင်ခဲ့ဘူး။ လက်လျှော့အရှုံးပေးပြီး၊ ဘုရားကို သစ္စာဖောက်ဖို့တောင် စဉ်းစားခဲ့တာပါ။ ကျွန်တော်က ကိုယ့်အလုပ်မှာ ကိုယ့်တစ်ကိုယ်ရေ နှစ်သက်တာတွေကိုပဲ ဦးစားပေးလိုချင်ခဲ့တယ်၊ ကိုယ့်ဂုဏ်သိက္ခာနဲ့ ကိုယ့်အကျိုးအတွက်ပဲ စဉ်းစားခဲ့တယ် ဆိုတာတွေကို မြင်မိပါတယ်။ ကျွန်တော့်မှာ စစ်မှန်တဲ့ နာခံမှုဆိုတာ လုံးဝမရှိခဲ့ဘူး။ ဘုရားအလိုတော်ကို အလေးထားတယ်၊ ကိုယ့်တာဝန်ကို ကောင်းအောင်လုပ်တယ်ဆိုတာကတော့ ရှိကိုမရှိခဲ့တာပါ။ ကျွန်တော့်စိတ်ထားက ဘုရားသခင်အတွက်တော့၊ တော်တော် ရွံစရာ စက်ဆုပ်စရာကောင်းခဲ့တာပါ။ ဒါကို နားလည်မိတော့ စိတ်ဆင်းရဲတာပေါ့။ ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်တင်မိတယ်။

နောက်တော့ ဘုရားရဲ့ ဒီနှုတ်ကပတ်တော်တွေကို ကျွန်တော် ဖတ်မိပါတယ်၊ “လူသားများသည် ဖန်ဆင်းခံသတ္တဝါများဖြစ်သည်။ ဖန်ဆင်းခံသတ္တဝါများ၏ လုပ်ငန်းဆောင်တာများမှာ အဘယ်နည်း။ ဤအချက်သည် လူတို့၏ လက်တွေ့လုပ်ဆောင်မှုနှင့် တာဝန်များကို ထည့်သွင်းစဉ်းစားသည်။ သင်သည် ဖန်ဆင်းခံသတ္တဝါဖြစ်သည်။ ဘုရားသခင်က သင့်အား သီချင်းဆိုခြင်းဆုကျေးဇူးကို ပေးသနားခဲ့သည်။ ဘုရားသခင်က သင့်အားသီဆိုရန် အသုံးပြုသောအခါ သင်ဘာလုပ်သင့်သနည်း။ ဘုရားသခင်က သင့်အား ယုံကြည်စိတ်ချစွာ ပေးလာသော တာဝန်ကို သင်လက်ခံပြီး ကောင်းမွန်စွာ သီဆိုသင့်သည်။ ဧဝံဂေလိတရားတော် ဖြန့်ဝေရန် ဘုရားသခင်က သင့်အား အသုံးပြုသောအခါ ဖန်ဆင်းခံသတ္တဝါတစ်ဦး အနေဖြင့် သင်ဘာဖြစ်သွားသနည်း။ သင်သည် ခရစ်ယာန်တရားဟောဆရာ ဖြစ်သွားသည်။ သင့်ကိုဦးဆောင်စေရန် ကိုယ်တော်က အလိုရှိပါက သင်သည် အပ်နှံသော ထိုတာဝန်ကိုယူသင့်သည်။ သမ္မာတရား၏ အခြေခံသဘောတရားများနှင့်အညီ ထိုတာဝန်ကို သင်ဖြည့်ဆည်းနိုင်ပါက ယင်းသည် သင်ထမ်းဆောင်သော နောက်ထပ်တာဝန်တစ်ရပ် ဖြစ်ပေမည်။ လူအချို့သည် သမ္မာတရားကို နားမလည်သလို လိုက်စားခြင်းလည်း မရှိပေ။ သူတို့သည် အားထုတ်မှုသက်သက်ကိုသာ လုပ်နိုင်သည်။ ထိုသို့ဆိုလျှင် ထိုဖန်ဆင်းခံသတ္တဝါများ၏ တာဝန်သည် အဘယ်နည်း။ အားထုတ်ရန်နှင့် အစေခံရန်ဖြစ်သည်။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို ရှာဖွေခြင်းအားဖြင့်သာ ဘုရားသခင်၏အမှုများကို သင်သိနိုင်သည်”) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်တော် သိလိုက်ရတာက၊ လူတစ်ယောက်ဟာ ဘုရားရဲ့အိမ်တော်မှာ ဘယ်လိုတာဝန်ကိုပဲ လုပ်လုပ်၊ အဲဒီတာဝန်ကလည်း ပေါ်လွင်တဲ့ဟာမျိုးဖြစ်ဖြစ်၊ မပေါ်လွင်တာပဲဖြစ်ဖြစ်၊ တာဝန်ဆိုတာ အခေါ်အဝေါ်နဲ့ လုပ်ရတဲ့အလုပ်ပုံစံတွေပဲ ကွဲပြားကြတာပါ။ ကိုယ်တိုင်ကိုယ်ကျ တာဝန်ယူရတာကတော့ အတူတူပါပဲ။ လူတစ်ယောက်ရဲ့ ပင်ကိုလက္ခဏာနဲ့ အနှစ်သာရက မပြောင်းလဲပါဘူး။ အမြဲတမ်း ဖန်ဆင်းခံတစ်ယောက်ပါပဲ။ ကျွန်တော်က စာရေးရတဲ့တာဝန်မှာ လုပ်နေရလည်း ဖန်ဆင်းခံတစ်ယောက်ပဲ။ ဇာတ်စင်အကူတာဝန်မှာ လုပ်ရလည်း ဖန်ဆင်းခံတစ်ယောက်ပါပဲ။ ဘုရားရဲ့အိမ်တော်ထဲက တာဝန်တွေမှာ ရာထူးကြီးငယ်ဆိုတာ မရှိပါဘူး။ လိုအပ်ချက်အပေါ် အခြေခံပြီးတော့၊ တစ်ဦးတစ်ယောက်ရဲ့ ဝိညာဉ်အသက်တာ၊ အရည်အချင်း၊ အားသာချက်တွေနဲ့ ကိုက်ညီအောင် စီစဉ်ထားတာတွေပါ။ ဘယ်လိုတာဝန်ပဲ ဖြစ်ဖြစ်၊ ဘုရားရဲ့အလိုတော်ကတော့၊ ကျွန်တော်တို့တွေ ကိုယ့်တာဝန်တွေကို အမှန်တကယ် အစွမ်းကုန် ကြိုးစားလုပ်ကြဖို့၊ သမ္မာတရားကို အားထုတ်ရာမှာ မယိုင်မလဲရှိကြပြီးတော့၊ ကျွန်တော်တို့ရဲ့ အကျင့်ပျက် စိတ်သဘောထားတွေကို ဖြေရှင်းဖို့၊ ကိုယ့်တာဝန်တွေကို ကောင်းအောင် လုပ်ကြဖို့ပါပဲ။ ဘုရားနှုတ်ကပတ်တော်တွေမှာ ပြောသလိုပေါ့၊ “လုပ်ငန်းဆောင်တာများ မတူညီနိုင်ပါ။ ခန္ဓာကိုယ်တစ်ခုတည်းရှိလျက် အစိတ်အပိုင်း တစ်ခုစီသည် ကိုယ်ပိုင်နေရာ၌ ကိုယ်ပိုင်တာဝန်၊ အကောင်းဆုံး လုပ်ဆောင်ကြပြီး (မီးပွားတစ်စစ တွင် မီးတောက်အလင်း ရောင်တစ်ခုပါ ဝင်၏။) အသက်တာတာ၌ရင့်ကျက်မှုကို ရှာဖွေကြသည်။ ဤသို့သောအားဖြင့် ငါသည် ကျေနပ်လိမ့် မည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၁” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ) အသင်းတော်ခေါင်းဆောင်က ကျွန်တော့်အတွက် ဇာတ်စင်အကူတာဝန်ကို စီစဉ်ပေးတယ်ဆိုတာ၊ အလုပ်တာဝန်အတွက် လိုအပ်လို့ပါပဲ။ ကျွန်တော်က ကိုယ် နှစ်သက်တာတွေအပေါ် အခြေခံပြီး၊ ကြေးမများသင့်ဘူး။ ဇီဇာမကြောင်သင့်ဘူး။ ဘုရားရဲ့အုပ်စိုးခြင်းနဲ့ အစီအစဉ်တွေကိုပဲ နာခံသင့်တယ်။ ပရိုဂရမ်တွေအတွက် ဇာတ်ဝင်ခန်းပစ္စည်းတွေကို ကျွန်တော်က လိုအပ်သလို လုပ်ပေးရမယ်။ ဘုရားကို သက်သေခံတဲ့ ရိုက်ကူးထုတ်လုပ်မှုတိုင်းမှာ ကိုယ့်တာဝန် ကိုယ်ကျေသင့်တယ်။ ဒါက ကျွန်တော့်တာဝန်ပဲလေ။ ဘုရားအလိုတော်ကို နားလည်သွားတော့၊ ကျွန်တော့်ရှုထောင့်ပုံစံက နည်းနည်းလေး ပြောင်းလဲသွားတယ်။ ကျွန်တော့်ကို အချိန်အကြာကြီး ဖိစီးနေခဲ့တဲ့အရာတွေကို စွန့်ပစ်လိုက်တယ်။ ကျွန်တော့်တာဝန်ကိုလည်း မှန်မှန်ကန်ကန် လုပ်ကိုင်လာနိုင်တယ်။ အဲဒီအချိန်ကစပြီး၊ ကျွမ်းကျင်မှုတွေ ရလာအောင်၊ အလုပ်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ အချက်အလက်တွေကို ကြိုးစားပြီး ရှာဖွေတယ်။ သရုပ်ဆောင်တွေနဲ့ စည်းဝေးပွဲတွေမှာလည်း၊ သူတို့တာဝန်နဲ့ ကိုယ့်တာဝန်ကြား နှိုင်းယှဉ်တာတွေ မလုပ်တော့ဘူး။ အဲဒီအစား ကျွန်တော့်ရဲ့ ပုန်ကန်မှုနဲ့ ယိုယွင်းမှုအကြောင်းကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောတယ်။ ကျွန်တော့်မှာ ရှိတဲ့ နားလည်မှုတွေအားလုံးကို မိတ်သဟာယပြုပေးတယ်။ အဲဒီနောက်ပိုင်း ကျွန်တော့်အလုပ်တာဝန်မှာ၊ အထင်သေးခံရမှာကို ကြောက်တဲ့စိတ်က တစ်ခါတလေ ပေါ်လာပါသေးတယ်။ ငါတော့ တာဝန်တွေကို အနိမ့်အမြင့် သတ်မှတ်နေပြန်ပြီဆိုပြီး အသိဝင်တယ်။ အဲဒီလိုဖြစ်ရင် ဘုရားဆီ အမြန်ဆုံး ဆုတောင်းပြီးတော့၊ မမှန်ကန်တဲ့ ကျွန်တော့်အတွေးကို စွန့်ပစ်တယ်၊ ကိုယ့်တာဝန်ကို အာရုံစိုက်တယ်၊ ဘုရား ကျေနပ်စေဖို့ကိုပဲ ဦးစားပေးလိုက်တယ်။ ဒီနည်းအတိုင်း အချိန်တစ်ခုလောက် လက်တွေ့လုပ်ဆောင်လိုက်တော့၊ တော်တော်ကို အေးချမ်းပြီး၊ စိတ်သက်သာရာရခဲ့ပါတယ်။ ဆက်တင်တွေ လုပ်ရတာ၊ ပစ္စည်းတွေ ရွှေ့ရတာကို နိမ့်ကျတဲ့တာဝန်လို့ ကျွန်တော် မခံစားမိတော့ဘူး။ အဲဒီအစား ဘုရားက ကျွန်တော့်ကို တာဝန်ယူစရာတစ်ခု အပ်နှံထားတယ်လို့ပဲ ခံစားမိခဲ့တယ်။ ကျွန်တော့်အနေနဲ့ ဒီတာဝန်ကို လုပ်နိုင်တာ၊ ဘုရားအိမ်တော်ရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးတွေမှာ ပါဝင်ခွင့်ရတာတွေကို ဂုဏ်ယူမိခဲ့တယ်။ မြတ်နိုးမိတယ်။

အဲဒီလို ဖော်ထုတ်ခံရပြီးတော့၊ ကျွန်တော့်အနေနဲ့ ဝိညာဉ်အသက်တာ နည်းနည်းလောက် ရလိုက်ပြီလို့ပဲ ထင်မိတယ်။ ကိုယ့်အလုပ်တာဝန်မှာ ဘုရားရဲ့အစီအစဉ်တွေကို နာခံနိုင်ပြီ၊ ကိုယ့်တာဝန်က အထူးတလည်မဟုတ်ဘူးဆိုပြီး၊ အပျက်သဘောဆောင်တာတွေ ပုန်ကန်တာတွေလည်း မဖြစ်တော့ဘူးပေါ့။ ဒါပေမဲ့ ကျွန်တော် မကြိုက်တဲ့ အခြေအနေတစ်ခုကို နောက်တစ်ခါ ထပ်ကြုံရတော့၊ အဲဒီပြဿနာဟောင်းက ပြန်ပေါ်လာတယ်။

တစ်လနှစ်လလောက်ကြာပြီးတဲ့နောက် အဲဒီအချိန်က လယ်သမားတွေ တကယ် အလုပ်များတဲ့အချိန်ပေါ့။ ဧဝံဂေလိ လိုက်ဖြန့်နေကြတဲ့ ညီအစ်ကိုမောင်နှမတချို့က ရိတ်သိမ်းချိန်အမီ ပြန်မလာနိုင်ကြဘူး။ ခေါင်းဆောင်က ကျွန်တော့်ကို သူတို့ရဲ့လယ်အလုပ်တွေမှာ ကူညီနိုင်မလားလို့ မေးတယ်။ ကျွန်တော် စဉ်းစားတယ်၊ “ဒါက အဲဒီညီအစ်ကိုမောင်နှမတွေ စိတ်အေးနိုင်အောင် ကူညီရမှာဆိုတော့၊ ဧဝံဂေလိအလုပ်ကို သူတို့တွေ အာရုံစိုက်နိုင်မယ်။ ဘုရားအိမ်တော်ရဲ့အလုပ်အတွက်လည်း အကျိုးရှိမယ်။ ငါ ဒါကို လက်ခံသင့်တယ်” ပေါ့။ ဒါပေမဲ့ ကျွန်တော် လယ်ထဲကိုရောက်သွားတော့၊ တခြားညီအစ်ကိုတွေက အသက် ၄ဝ တန်း ၅ဝ တန်းတွေ ဖြစ်နေတယ်။ ကျွန်တော့်လို နှစ်ဆယ်ဝန်းကျင်တွေ တစ်ယောက်မှမရှိဘူး။ ကျွန်တော် တော်တော် မကျေနပ်မိဘူး။ နောက်တော့ အစ်ကိုတစ်ယောက် ရောက်လာပြီး၊ တအံ့တဩ မေးတယ်။ “ညီလေး၊ လယ်ထဲမှာ အလုပ်လုပ်ဖို့ မင်းမှာ အချိန်ရှိလို့လား။ မင်းက စာရေးရတဲ့တာဝန် လုပ်နေတာ မဟုတ်ဘူးလား တဲ့။ ကျွန်တော့်မျက်နှာလည်း ချက်ချင်း ထူပူလာတယ်။ “ကျွန်တော်က ခဏလောက် လာကူညီတာပါ” ဆိုပြီး မြန်မြန်ပဲ ပြန်ဖြေမိတယ်။ သူ ထွက်သွားတော့မှ၊ ကျွန်တော် စဉ်းစားတယ်၊ “သူ ငါ့ကို ဘယ်လိုထင်မှာလဲ။ ငါ့အရွယ်နဲ့ ဒီလိုအလုပ်မျိုး လာလုပ်တယ်ဆိုတာ ငါ့မှာ အရည်အချင်း မရှိလို့၊ စွမ်းဆောင်ရည်မရှိလို့ ဖြစ်မယ် ပြီးတော့ ငါက အရေးပါတဲ့တာဝန်မျိုးကို မလုပ်နိုင်လို့ ဒီကို လာရတယ် လို့ ထင်သွားမှာလား အဲဒါဆိုရင်တော့ တော်တော် နိမ့်ကျသွားပြီ” ပေါ့လေ။ ကျွန်တော် ပိုပိုပြီးတော့ စိတ်ပျက်လာတယ်။ ခန္ဓာကိုယ်က အလုပ်လုပ်နေပေမဲ့၊ စိတ်ထဲမှာတော့ အဲဒီက ညီအစ်ကိုတွေက ငါ့ကို ဘယ်လိုထင်ကြမလဲ၊ သူတို့တွေ ငါ့ကိုများ အထင်သေးကြမှာလားဆိုတဲ့ အတွေးတွေချည်းပဲ။ အလုပ်ကိုလည်း အိုးနင်းခွက်နင်းနဲ့ပဲ ပြီးသွားတယ်။ အသင်းတော်ကို ပြန်ရောက်တော့၊ တခြားညီအစ်ကိုတွေက ကွန်ပျူတာတွေရှေ့မှာ အလုပ်လုပ်နေကြတာကို မြင်တယ်။ ကျွန်တော့်အဆင့်က ပိုပြီးနိမ့်ကျတယ်လို့ပဲ ရုတ်တရက် ခံစားမိတယ်။ စိတ်ထဲမှာလည်း “တခြားလူတွေရဲ့တာဝန်တွေက ငါ့ထက် သာကြတယ်။ ငါကျတော့ ဘာလို့ လယ်ထဲမှာ ပင်ပင်ပန်းပန်း လုပ်ရတာလဲ။ ဘာပဲဖြစ်ဖြစ် ငါက အနည်းဆုံးတော့ တက္ကသိုလ်နယ်မြေထဲ ခြေချဖူးတယ်။ စာတွေလည်း ကြိုးစားခဲ့တယ်။ အဲဒါတွေက လယ်ထဲမှာ တစ်နေကုန် လုပ်ရတဲ့ လယ်သမားဘဝမျိုး မရောက်အောင် ကြိုးစားခဲ့တာတွေ မဟုတ်ဘူးလား။ မနက်ဖြန် ငါ မသွားတော့ဘူး” ဆိုပြီး စဉ်းစားလိုက်တယ်။ အဲဒီလို မတွေးသင့်မှန်း ကျွန်တော် သိပါတယ်။ ဒါပေမဲ့ လယ်ထဲမှာ အလုပ်လုပ်ခိုင်းတယ်ဆိုတာ ကျွန်တော့်စွမ်းရည်ကို အလဟဿ ဖြစ်စေတာ၊ အရှက်ခွဲတာဆိုပြီး တွေးရင်းနဲ့၊ တော်တော် မတရားလုပ်ခံရတယ်လို့ပဲ ထင်မိတယ်။ အဲဒါကို စဉ်းစားရင်း၊ စိတ်က ပိုပြီးနောက်ကျိလာတယ်။ ဒါနဲ့ ကျွန်တော် ဘုရားသခင်ဆီ ဆုတောင်းတယ်၊ “ဘုရားသခင်၊ လယ်အလုပ်ကို အဲဒီလို ပင်ပင်ပန်းပန်း ချွေးတလုံးလုံးနဲ့ လုပ်ရတယ်ဆိုတာ သူများတွေ အထင်သေးကြမဲ့ နိမ့်ကျတဲ့တာဝန်တစ်ခုလို့ပဲ ထင်ပါတယ်။ ကျွန်တော် ဆက်မလုပ်ချင်တော့ပါဘူး။ ဒီကိစ္စကို ကျွန်တော် စဉ်းစားပုံက မှားတယ်ဆိုတာ သိပေမဲ့၊ အဲဒီလို မတွေးဘဲမနေနိုင်ပါဘူး။ ကျွန်တော် တော်တော် စိတ်ဆင်းရဲနေပါပြီ။ ကိုယ်တော့်အလိုကို နားလည်ပြီး နာခံနိုင်အောင်၊ ကျွန်တော့်ကို ဉာဏ်အလင်းပေးပြီး လမ်းပြတော်မူပါ” ကျွန်တော် ဆုတောင်းလိုက်ပြီးတော့၊ ဘုရားနှုတ်ကပတ်တော်တွေထဲမှာ ဒါကို ဖတ်မိပါတယ်၊ “စစ်မှန်သော နာခံခြင်းဆိုသည်မှာ အဘယ်နည်း။ ဘုရားသခင်က သင်ဖြစ်စေချင်သည်အတိုင်း ဖြစ်သော တစ်စုံတစ်ရာကို ပြုလုပ်ပြီး အရာရာတိုင်းက ကျေနပ်စရာကောင်းပြီး သင့်တင့်လျောက်ပတ်သည်ဟု သင်ခံစားရကာ သင့်ကို ပေါ်လွင်ထင်ရှားခွင့် ပေးထားသောအခါတိုင်းတွင် သင်သည် ဤအရာက အတော်ပင် ဘုန်းအသရေရှိသည်ဟု သင်ခံစားလျက် သင်သည် ‘ဘုရားသခင်ကို ကျေးဇူးတင်သည်’ ဟုပြောသည့်အပြင် သူ၏ စီစဉ်ညွှန်ကြားချက်နှင့် စီမံမှုများကို နာခံနိုင်လေသည်။ သို့သော်လည်း သင် မည်သည့်အခါမျှ မထင်ပေါ်နိုင်မည့် အရေးမပါသောနေရာ၊ မည်သူမျှ သင့်ကို လုံးဝအသိအမှတ်မပြုသည့် နေရာ၌ တာဝန်ပေးသည့်အခါအတိုင်း၊ သင်သည် မပျော်ရွှင်တော့ဘဲ နာခံရန် ခက်ခဲသည်ဟု ခံစားရလေသည်။...အခြေအနေများ အခွင့်သာနေစဉ်တွင် ကျိုးနွံနာခံခြင်းက သာမန်အားဖြင့် လွယ်ကူပါသည်။ အမှုအရာများက သင်ဖြစ်ချင်သည့်အတိုင်း မဖြစ်ဘဲ သင်၏ ခံစားချက်များ နာကျင်ရသည့်၊ သင့်ကို အားနည်းစေပြီး၊ သင့်ကို ရုပ်ပိုင်းဆိုင်ရာ ဝေဒနာခံစားစေကာ သင်၏ နာမည်ဂုဏ်သတင်းအပေါ် ထိုးနှက်ချက်တစ်ခုဖြစ်စေသည့်၊ သင်၏ အတ္တနှင့် မာနကို ဖြည့်ဆည်းမပေးနိုင်သလို စိတ်ပိုင်းဆိုင်ရာ ဝေဒနာခံစားစေသည့် ခက်ခဲသော အခြေအနေများတွင်လည်း သင် ကျိုးနွံနာခံနိုင်လျှင်၊ သင်သည် အမှန်တကယ် ဝိညာဥ်အသက်တာ ရှိပြီဖြစ်သည်။ ဤသည်မှာ သင်ရှာဖွေလိုက်စားသင့်သည့် ရည်မှန်းချက်ပန်းတိုင် မဟုတ်လော။ သင်၌ ထိုသို့သော စိတ်ဆုံးဖြတ်ချက်၊ ထိုသို့သော ရည်မှန်းချက်ပန်းတိုင်ရှိလျှင် မျှော်လင့်ချက် ရှိ၏။” (ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း)

ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်ကြည့်တော့၊ ကျွန်တော် ရှက်မိသွားတယ်။ ကျွန်တော့်အခြေအနေကို အတိအကျ ထုတ်ဖော်ပြထားတာပါ။ စာရေးရတဲ့တာဝန်ကို လုပ်ရင်း၊ ကျွန်တော် ကိုယ်ရည်သွေးပြလို့ရမှန်း စဉ်းစားမိတော့၊ အဲဒီတာဝန်ကို ပျော်ပျော်ကြီး လက်ခံပြီး နာခံခဲ့တယ်။ ကိုယ့်တာဝန်ကို အားတက်သရော လုပ်ခဲ့တယ်။ ဒါပေမဲ့ လယ်ထဲမှာ ကူညီပေးရင်း၊ ကိုယ့်မာနနဲ့ ပုံရိပ်ကို ထိခိုက်လာတဲ့အခါ၊ စိတ်ပျက်လာပြီး၊ အဲဒီတာဝန်ကို မလုပ်ချင်တော့ဘူး။ အထူးသဖြင့် တခြားညီအစ်ကိုတွေက ကွန်ပျူတာတွေနဲ့ လုပ်ကိုင်နေတာကို မြင်ရတဲ့အခါ၊ ကျွန်တော်က သူတို့လောက် မတော်သလို ခံစားခဲ့ရတယ်။ ကျွန်တော်လည်း ပညာတတ်ဆိုတော့၊ ကျွမ်းကျင်မှုလိုတဲ့ ဂုဏ်ရှိရှိတာဝန်တစ်ခုကို လုပ်နေရသင့်တယ်ဆိုပြီး စဉ်းစားရင်းနဲ့၊ ကိုယ့်စိတ်ကို ငြိမ်အောင်ထိန်းတာလည်း ပျက်သွားတယ်။ ကျွန်တော်က အတိုက်အခံလုပ်ပြီး၊ ညည်းညူခဲ့တယ်။ လယ်အလုပ်ကို ဆက်မလုပ်ချင်ခဲ့ဘူး။ ကိုယ့်အလုပ်တာဝန်မှာ၊ ဘုရားအိမ်တော်ကို အကျိုးရှိစေဖို့၊ ကိုယ်တော့်အလိုကို အလေးထားဖို့ဆိုတာတွေ ထည့်မတွက်ခဲ့ဘူး။ အဲဒီအစား ကိုယ့်ဂုဏ်ပကာသနအတွက်ပဲ အချိန်တိုင်း စဉ်းစားခဲ့တယ်။ ကျွန်တော်က တစ်ကိုယ်ကောင်းဆန်လွန်းပြီး ရွံစရာကောင်းခဲ့တာပါ။ ကိုယ့်ကိုယ်ကိုယ် ဘုရားရဲ့အိမ်တော်ဝင်တစ်ယောက်အဖြစ် လုံးဝ မမြင်ခဲ့ပါဘူး။ ဘုရားအလိုတော်ကို အလေးထားတဲ့ စစ်မှန်တဲ့ ယုံကြည်သူဆိုတာ၊ ကိုယ့်အလုပ်တာဝန်က ခက်ခဲပင်ပန်းတာမျိုး၊ ကိုယ့်နာမည်နဲ့ အကျိုးစီးပွားကို ထိခိုက်စေတာမျိုး ဖြစ်နေဦးတော့၊ ကိုယ့်တာဝန်ကို ကိုယ်တိုင်တာဝန်ယူစရာအဖြစ် မှတ်ယူပြီး၊ လိုအပ်တဲ့နေရာမှာ ဝင်ရောက်လုပ်ကိုင်ပါတယ်။ ကိုယ့်တာဝန်က အသင်းတော်ရဲ့အလုပ်အတွက် အကျိုးရှိနေသရွေ့၊ ကိုယ့်အသိစိတ်နဲ့ကိုယ် ကောင်းအောင် လုပ်ကြပါတယ်။ အဲဒီလိုလူတွေကသာ လူ့သဘာဝကို ပိုင်ဆိုင်ပြီးတော့၊ ဘုရားအိမ်တော်နဲ့အတူ ရပ်တည်ကြတာ ဖြစ်ပါတယ်။ လယ်အလုပ်နဲ့ပတ်သက်ပြီး ကျွန်တော့်လက်ရှိ လုပ်ဆောင်ချက်ကို စဉ်းစားကြည့်တယ်။ ညီအစ်ကိုမောင်နှမတချို့က အကူအညီလိုနေတယ်၊ တခြားလူတွေ နည်းနည်းပါးပါးက ကူညီလိုက်ရင်လည်း ဖြစ်တာပဲ။ ဒါဆို ဘာလို့ ဘုရားသခင်က ဒီတာဝန်ကို ကျွန်တော့်ဆီ ထိုးပေးခဲ့တာလဲ။ အဲဒီအလုပ်က ကျွန်တော့်ကြောင့် ထူးထူးခြားခြား တန်ဖိုးတက်သွားတာလည်း မဟုတ်ဘူး။ ဒါပေမဲ့ ဘုရားက အလုပ်တာဝန်အပေါ် ထားတဲ့ ကျွန်တော့်စိတ်ထားကို ဖော်ထုတ်ပြဖို့၊ ကျွန်တော့်ကို ညစ်ပတ်ပင်ပန်းတဲ့အလုပ်တွေ လုပ်ခိုင်းနေတာပဲ။ ဒါမှ ကျွန်တော်က အဲဒီတာဝန်ကို လုပ်ဆောင်ရင်း၊ ကိုယ့်ရဲ့ဖောက်ပြန်ပျက်စီးမှုနဲ့ မသန့်စင်မှုတွေကို လက်ခံနိုင်မယ်၊ ပြီးတော့ ကိုယ့်ရဲ့ အကျင့်ပျက်တဲ့စိတ်သဘောထားကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေနိုင်မယ်။ ဒါပေမဲ့ ဘုရားရဲ့ ကြင်နာတဲ့ ရည်ရွယ်ချက်တွေကို ကျွန်တော်က နားမလည်ခဲ့ဘူး။ ကိုယ့်တာဝန်ကို ဆက်ပြီး ဇီဇာကြောင်တဲ့အပြင်၊ ကိုယ့်ကိုယ်ပိုင် နှစ်သက်တာတွေ တောင်းဆိုချက်တွေပဲ အမြဲတမ်း ရှိနေတယ်။ ဘုရားရဲ့စီစဉ်ညွှန်ကြားမှုတွေ၊ အစီအစဉ်တွေကို ကျွန်တော် မနာခံနိုင်ခဲ့ဘူး။ ဘုရားကိုပဲ ပုန်ကန်ပြီး ခုခံခဲ့တယ်။ ကျွန်တော်က ကိုယ်တော့်ကို တကယ်နာကျင်စေခဲ့တာပါ။ ဘုရားရဲ့အလိုတော်က ကျွန်တော့် အကျင့်ပျက်စိတ်သဘောထားကို အဲဒီအခြေအနေကတစ်ဆင့် ဖော်ထုတ်ပြပြီး သန့်စင်စေဖို့၊ ပြီးတော့ ကိုယ့်တာဝန်အပေါ် ထားတဲ့ ကျွန်တော့်စိတ်ထားကို ပြုပြင်ပေးဖို့ ဖြစ်မှန်း၊ ကျွန်တော် နားလည်ခဲ့ပါတယ်။ ဒါက ဘုရားရဲ့ချစ်ခြင်းပါပဲ။ ကျွန်တော့်အနေနဲ့ ညစ်ပတ်တဲ့ ပင်ပန်းတဲ့ အထင်ကြီးစရာမရှိတဲ့ တာဝန်မျိုးကို လုပ်ရလည်း၊ မရေးမကြီးပါဘူး။ အသင်းတော်ရဲ့အလုပ်ကို အကျိုးရှိစေသရွေ့၊ ကျွန်တော်က အဲဒီတာဝန်ကို ခြွင်းချက်မရှိ လက်ခံပြီး နာခံသင့်တယ်။ ပြီးရင် အစွမ်းကုန် လုပ်ဆောင်သင့်တယ်။ အဲဒါမှပဲ အသိစိတ်နဲ့ ဆင်ခြင်တုံတရား ရှိတဲ့ လူတစ်ယောက် ဖြစ်တာပါ။ ဒီလို နားလည်လာရင်းနဲ့၊ ကျွန်တော့်မှာ တည်ငြိမ်တဲ့ အသိတစ်ခု တဖြည်းဖြည်း ရခဲ့တယ်။

ကိုယ့်ကိုယ်ကိုယ် မဆင်ခြင်ဘဲလည်း မနေနိုင်ခဲ့ဘူး။ သိပ်မထူးခြားတဲ့ တာဝန်တစ်ခု လုပ်ရတော့မယ်ဆိုရင်၊ ငါက ဘာလို့ အဲဒီလို အတိုက်အခံဖြစ်ပြီး၊ စိတ်ပျက်လာတာလဲ။ ဘာဖြစ်လို့ အဲဒါကို အမှန်တကယ် လက်ခံပြီး မနာခံနိုင်ခဲ့တာလဲ။ အဲဒီလို ရှာဖွေရင်း၊ ဘုရားသခင်ဆီက ဒီနှုတ်ကပတ်တော်တွေကို ကျွန်တော် ဖတ်မိတယ်၊ “စာတန်သည် နိုင်ငံတော်အစိုးရများ၏ ပညာရေးနှင့် လွှမ်းမိုးမှု၊ ကျော်ကြားသူများနှင့် ကြီးမြတ်သူများမှတစ်ဆင့် လူတို့ကို ဖောက်ပြန်ဖျက်ဆီးသည်။ သူတို့၏ ပေါက်ကရစကားတို့သည် လူတို့၏ ဘဝနှင့် သဘာဝဗီဇဖြစ်လာသည်။ ‘မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏’ ဆိုသည်မှာ ခပ်သိမ်းသောလူတို့အထဲသို့ သွတ်သွင်းပေးထားသည့် လူသိများသော စာတန်နှင့်ဆိုင်သည့် ဆိုရိုးတစ်ခုဖြစ်ပြီး လူတို့၏ဘဝများ ဖြစ်လာလေပြီ။ ဤကဲ့သို့သော အသက်ရှင်သန်ခြင်းအတွက် သဘောတရားခံယူချက်ဆိုင်ရာ အခြားစကားလုံးများလည်း ရှိသည်။ စာတန်သည် လူတို့ကို ပညာပေးဖို့ နိုင်ငံတစ်နိုင်ငံစီ၏ နှစ်လိုဖွယ်ကောင်းသော ရိုးရာယဉ်ကျေးမှုကို အသုံးပြုလျက် လူသားမျိုးနွယ်ကို အတိုင်းမသိ ပျက်စီးခြင်း၏ ချောက်နက်ထဲသို့ ကျဆင်းနစ်မြှုပ်သွားစေပြီး အဆုံးတွင် လူတို့သည် စာတန်ကိုအစေခံ၍ ဘုရားသခင်ကို ခုခံသောကြောင့် ဘုရားသခင်၏ ဖျက်ဆီးခြင်းကို ခံကြရသည်။... လူတို့၏ အသက်တာ၌၊ သူတို့၏ အပြုအမူ၊ အခြားသူများနှင့် သူတို့၏ ဆက်ဆံမှုများထဲ၌ စာတန်၏ အဆိပ်များစွာ ရှိနေသေးသည်။ ၎င်းတို့သည် သမ္မာတရားတစ်စက်မျှပင် မရှိလုနီးပါးဖြစ်သည်။ ဥပမာအားဖြင့် သူတို့၏ အသက်ရှင်သန်ခြင်း အတွက် သဘောတရားခံယူချက်များ၊ သူတို့၏ အမှုအရာများကို ဆောင်ရွက်သည့် နည်းလမ်းများနှင့် သူတို့၏ နီတိများတို့သည် အဆင်းနီသော နဂါးကြီး၏ အဆိပ်များနှင့် ပြည့်နှက်နေပြီး၊ သူတို့အားလုံးသည် စာတန်ထံမှ လာကြသည်။ ထို့ကြောင့် လူတို့၏ အရိုးများနှင့် အသွေးတို့၌ စီးဆင်းကြသော အရာအားလုံးသည် စာတန်၏ အရာများ အားလုံး ဖြစ်ပေသည်။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း”) ဘုရားရဲ့နှုတ်ကပတ်တော်တွေက ကျွန်တော် နားလည်သွားအောင် လုပ်ပေးတယ်။ ကျွန်တော့်အလုပ်နဲ့ပတ်သက်ပြီး မနာခံတာ၊ ဇီဇာကြောင်နေတယ်ဆိုတာ ကျွန်တော်က သူများတွေထက် သာဖို့၊ ထင်ပေါ်ဖို့ကိုပဲ ကြိုးပမ်းနေခဲ့တဲ့အပြင်၊ စာတန်ရဲ့အဆိပ်တွေနဲ့ အယူဝါဒသွတ်သွင်းခံရပြီး၊ ဖောက်ပြန်ပျက်စီးနေတာကြောင့်ပဲ။ ဥပမာ “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏”၊ ပြီးတော့ “ဦးနှောက်ရှိသူတို့သည် ခွန်အားရှိသူတို့အပေါ် အုပ်စိုးသည်”၊ “မည်သည့်အခါမျှ မပြောင်းလဲသောသူသည် ဉာဏ်ပညာအရှိဆုံး၊ အမိုက်မဲဆုံးသူတို့သာ ဖြစ်၏” ဆိုတာမျိုးတွေပေါ့။ ကျွန်တော် ကျောင်းတက်ခဲ့တဲ့အချိန်ကိုလည်း ပြန်စဉ်းစားကြည့်တယ်။ ကျွန်တော့်မိဘတွေနဲ့ ဆရာတွေက စာကြိုးစားဖို့ပဲ အမြဲပြောခဲ့တယ်။ ဒါမှ ကျွန်တော် တက္ကသိုလ်ကောင်းကောင်းကို ရောက်နိုင်မယ်၊ လယ်သမားဘဝကနေ လွတ်နိုင်မယ်။ အဲဒါကပဲ အောင်မြင်ဖို့အတွက် တစ်ခုတည်းသောနည်းလမ်းပဲပေါ့။ အဲဒါတွေကြောင့် ကျွန်တော်လည်း ဘွဲ့ကောင်းကောင်းတစ်ခု ရပြီး၊ ကြီးကြပ်ရေးမှူးဖြစ်ဖြစ် မန်နေဂျာဖြစ်ဖြစ်၊ ဂုဏ်သိက္ခာရှိတဲ့ အလုပ်တစ်ခု ရလာဖို့၊ သူများတွေ အားကျမယ့် အထင်ကြီးစရာ အလုပ်တစ်ခု ရလာဖို့ဆိုပြီး၊ ငယ်ငယ်လေးကတည်းက စာကြိုးစားခဲ့တယ်။ ယုံကြည်သူတစ်ယောက် ဖြစ်လာတော့လည်း၊ ကျွန်တော်က အလုပ်တာဝန်တွေကို နိမ့်တယ်မြင့်တယ် သတ်မှတ်ရင်းနဲ့၊ ဘုရားအိမ်တော်ထဲက အလုပ်တွေကို မယုံကြည်သူတစ်ယောက်ရဲ့အမြင်တွေနဲ့ အကဲဖြတ်နေခဲ့တာပါ။ ခေါင်းဆောင်တစ်ယောက် ဖြစ်ရတာမျိုး၊ ကျွမ်းကျင်မှုအခြေခံတာ တစ်ခုခုကို လုပ်ရတာမျိုးက ဂုဏ်သိက္ခာရှိတယ်၊ ညီအစ်ကိုမောင်နှမတွေကလည်း အဲဒီလိုတာဝန်တွေကို အထင်ကြီးလိမ့်မယ်၊ နောက်ကွယ်ကနေ ခွန်အားစိုက်ရတဲ့ ပင်ပင်ပန်းပန်းတာဝန်တွေကျတော့ နိမ့်ကျတဲ့အပြင်၊ အထင်သေးခံရမှာပဲဆိုပြီး ထင်ခဲ့မိတယ်။ ဒီဆိုးယုတ်တဲ့ အဆိပ်တွေက ကျွန်တော့်ကိုယ်ပိုင် သဘာဝ ဖြစ်လာပြီးတော့၊ ကျွန်တော့်အတွေးတွေကို ချုပ်ကိုင်နေတယ်၊ ဂုဏ်အဆင့်အတန်းကိုပဲ မရမက ရှာဖွေလာစေတယ်၊ အမြဲလိုလို ထူးခြားသူတစ်ယောက် ဖြစ်ချင်လာတယ်ဆိုတာတွေကို ကျွန်တော် မြင်ခဲ့တယ်။ တစ်ခုခုက ကိုယ့်ဂုဏ်အဆင့်အတန်းကို ခြိမ်းခြောက်လာပြီဆိုရင်၊ ကျွန်တော်က အပျက်သဘောဆောင်ပြီး အတိုက်အခံလုပ်တယ်။ ဖန်ဆင်းခံတစ်ယောက်ဖြစ်တဲ့ ကိုယ့်နေရာကို လက်မခံနိုင်သလို၊ ကိုယ့်တာဝန်ကိုလည်း မလုပ်နိုင်ခဲ့တာပါ။ ကျွန်တော့်မှာ အသိစိတ် အသိတရား ဘာမှမရှိခဲ့ဘူး။ ကျွန်တော့်အနေနဲ့ သမ္မာတရားကို မရှာဖွေဘဲ၊ ကိုယ့်တာဝန်ကိုလည်း ဘုရား သတ်မှတ်တဲ့အတိုင်း မလုပ်ဘဲ၊ ဒီ ဆိုးယုတ်တဲ့အဆိပ်တွေနဲ့ပဲ ဆက်ပြီး ရှင်သန်တယ်ဆိုရင်၊ ကျွန်တော်က သမ္မာတရားနဲ့ အသက်ကို မရနိုင်ရုံတင်မကဘူး၊ ဘုရားကပါ ကျွန်တော့်ကို မနှစ်သက်ဘဲ ဖယ်ရှားပစ်လိမ့်မယ်ဆိုတာ ကျွန်တော် သိလိုက်တယ်။ ဒါကို နားလည်မိတော့၊ ကျွန်တော်လည်း ကိုယ့်ဇာတိပကတိကို စွန့်လွှတ်ဖို့၊ ဘုရားသခင် ကျေနပ်အောင်လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ စာတန်ရဲ့အဆိပ်တွေနဲ့ ကျွန်တော် ဆက်ပြီး မနေထိုင်ချင်တော့ဘူးလေ။ နောက်နေ့ကျတော့ လယ်ထဲမှာ အလုပ်လုပ်ဖို့ ကျွန်တော် ထပ်သွားဖြစ်ခဲ့ပါတယ်။

နောက်တော့ ဘုရားရဲ့ နှုတ်ကပတ်တော်တချို့ကို ကျွန်တော် ဖတ်မိသေးတယ်။ “ငါသည် လူတစ်ဦးစီ၏ ခရီး လမ်းဆုံးကို အသက်၊ အဆင့်မြင့်မှု၊ ဒုက္ခခံရသည့်ပမာဏနှင့် အနည်းဆုံးအဖြစ် သူတစ်ပါးမှ ၎င်းအပေါ် သနားစိတ်ပေါ်စေသည့် အတိုင်းအတာ တို့ကို အခြေပြု၍ ဆုံးဖြတ်ခြင်း မဟုတ်။ ၎င်းတို့တွင် သမ္မာတရား ရှိမရှိအပေါ်တွင် မူတည်၍ ဆုံးဖြတ်ခြင်းဖြစ်၏။ ဤအရာမှတပါး တခြားရွေးချယ်စရာ မရှိ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်တို့၏ လမ်းဆုံးပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့”) “နောက်ဆုံးတွင် လူတို့အနေဖြင့် ကယ်တင်ခြင်းကို ရနိုင်မရနိုင်ခြင်းက သူတို့ မည်သည့်တာဝန်ကို ဖြည့်ဆည်းသည် ဟူသည့်အပေါ် မူတည်ခြင်း မရှိဘဲ၊ သူတို့သည် သမ္မာတရားကို နားလည်ပြီး ရရှိထားခြင်း ရှိမရှိနှင့် သူတို့သည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများကို နာခံနိုင်ပြီး စစ်မှန်သော ဖန်ဆင်းခံတစ်ဦး ဖြစ်နိုင်ခြင်း ရှိမရှိ ဟူသည့်အပေါ် မူတည်လေသည်။ ဘုရားသခင်သည် ဖြောင့်မတ်ပြီးလျှင် ဤသည်မှာ လူသားမျိုးနွယ်ခပ်သိမ်းကို သူတိုင်းတာသည့် အခြေခံသဘောတရား ဖြစ်သည်။ ဤ အခြေခံသဘောတရားမှာ ပြောင်းလဲ၍ မရသည့်အပြင်၊ ဤသည်ကို သင်မှတ်ထားရမည်။ ထို့ကြောင့် အခြားလမ်းကြောင်းတစ်ခုခု ရှာဖွေဖို့ရန် မစဥ်းစားနှင့်၊ ထို့ပြင် ဤအခြေခံသဘောတရားကို အခြေအနေနှင့်အညီ လိုက်ဖက်အောင် ပြင်ဆင်ဖို့ရန် မစဥ်းစားလေနှင့်။ စဥ်းစားလိုက်သည့် တစ်ခဏတွင် သင်သည် မိုက်မဲပြီး ပညာမဲ့သော လုပ်ရပ်တစ်ခုကို ကျူးလွန်ပြီးသား ဖြစ်လိမ့်မည်။ ဘုရားသခင်သည် ဤကိစ္စနှင့်ပတ်သက်လာလျှင် ပြောင်းသာလဲသာ မဖြစ်သည့်အပြင် ကယ်တင်ခြင်းရရှိမည့်သူ အားလုံးအပေါ် သူသတ်မှတ်သည့် စံနှုန်းများမှာ ပြောင်းလဲခြင်း မရှိပေ။ သင် မည်သူမည်ဝါ ဖြစ်စေကာမူ ယင်းတို့က အမြဲတမ်း ဤအတိုင်းဖြစ်သည်။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ) ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို သူ့နှုတ်ကပတ်တော်တွေထဲမှာ ကျွန်တော် မြင်နိုင်ခဲ့တယ်။ လူတစ်ယောက်က ဘယ်လိုတာဝန်ကို လုပ်သလဲ၊ အလုပ်တွေ ဘယ်လောက်များများ လုပ်ထားသလဲ၊ ဒါမှမဟုတ်၊ ဘယ်လောက်များများ ထည့်ဝင်ထားလဲဆိုတာတွေကို အခြေခံပြီး၊ လူတစ်ယောက်ရဲ့ အဆုံးသတ်နဲ့ ပန်းတိုင်ကို ဘုရားက မဆုံးဖြတ်ပါဘူး။ လူတွေအနေနဲ့ သူ့ရဲ့အုပ်စိုးမှုနဲ့ အစီအစဉ်တွေကို နာခံနိုင်ရဲ့လား၊ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို လုပ်ဆောင်နိုင်ရဲ့လား၊ ပြီးတော့ သူတို့တွေက အဆုံးမှာ သမ္မာတရားကို ရပြီး၊ သူတို့ရဲ့ အသက်တာစိတ်သဘောထားကို ပြောင်းလဲနိုင်ရဲ့လား ဆိုတာတွေကို ကိုယ်တော်က ကြည့်တာပါ။ ကျွန်တော့်ယုံကြည်ခြင်းမှာ သမ္မာတရားကို အားထုတ်မှုမရှိရင်တော့၊ ကျွန်တော့်တာဝန်က သူများတွေအမြင်မှာ ဘယ်လောက်ပဲ အံ့ဩစရာကောင်းပြီး အထင်ကြီးစရာဖြစ်ဖြစ်၊ ကျွန်တော့်အနေနဲ့ သမ္မာတရားကို ဘယ်တော့မှ ရနိုင်မှာမဟုတ်ဘူး။ ဘုရားရဲ့ သဘောကျမှုနဲ့ အပြည့်အဝ ကယ်တင်ခြင်းကို ရဖို့ဆိုတာ ပိုတောင်မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့အသင်းတော်က ထုတ်ပယ်ဖူးတဲ့ အန္တိခရစ်တစ်ယောက်ကိုလည်း ကျွန်တော် သွားတွေးမိတယ်။ သူက တချို့အရေးကြီးတဲ့တာဝန်တွေ လုပ်ခဲ့တဲ့အပြင်၊ ခေါင်းဆောင်တစ်ယောက်လည်း ဖြစ်ခဲ့တယ်။ အသင်းတော်အဖွဲ့ဝင်သစ် တချို့က သူ့ကို အထင်ကြီးခဲ့ကြတာပေါ့။ ဒါပေမဲ့ သူက သူ့အလုပ်တာဝန်မှာ သမ္မာတရားကို အားမထုတ်ခဲ့ဘူး၊ စိတ်သဘောထားအပြောင်းအလဲကိုလည်း မရှာဖွေခဲ့ဘူး။ အဲဒီအစား သူက ဂုဏ်အဆင့်အတန်းအတွက်ပဲ ပြိုင်ဆိုင်တယ်၊ အန္တိခရစ်ရဲ့လမ်းကြောင်းကိုပဲ ဖက်တွယ်တယ်။ မကောင်းမှုမျိုးစုံ လုပ်ပြီး၊ ဘုရားအိမ်တော်ရဲ့အလုပ်ကို နှောင့်ယှက်ခဲ့တယ်။ အဲဒါကြောင့် နောက်ဆုံး သူ ထုတ်ပယ်ခံခဲ့ရတာပါ။ ဘာမှ ထူးထူးခြားခြားရှိပုံမရတဲ့ သာမန်အလုပ်တွေ လုပ်နေရပေမဲ့၊ သူတို့တာဝန်တွေကို လုံးဝ မညည်းမညူနဲ့၊ အေးအေးဆေးဆေးပဲ လုပ်ကြတဲ့ ညီအစ်ကိုမောင်နှမတချို့ ရှိတာကိုလည်း ကျွန်တော် မြင်ခဲ့တယ်။ ပြဿနာတွေ ကြုံပြီဆိုလည်း၊ သူတို့က ဘုရားရဲ့အလိုတော်နဲ့ သမ္မာတရားကို ရှာဖွေကြတယ်။ သူတို့ရဲ့အလုပ်တာဝန်တွေမှာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းပေးမှုနဲ့ လမ်းပြမှု ရှိကြတယ်။ သူတို့အလုပ်မှာ ကောင်းသထက် ကောင်းအောင်ပဲ လုပ်ကြတယ်။ သူတို့က လူသားပုံသဏ္ဌာန်တစ်ခုကို တိုးတိုးပြီးတော့ အသက်ရှင်နေထိုင်ကြတာပါ။ ဒါက ဘာကိုပြသလဲဆိုတော့၊ ယုံကြည်ခြင်းမှာ၊ သမ္မာတရား ရရှိခြင်းဆိုတာ လူတစ်ယောက်ရဲ့တာဝန်က ဘယ်လိုဟာဖြစ်တယ်ဆိုတာနဲ့ မဆိုင်ပါဘူး။ လူတစ်ယောက်က ဘယ်လိုတာဝန်ကိုပဲ လုပ်လုပ်၊ သမ္မာတရားကို အားထုတ်ခြင်းနဲ့ စိတ်သဘောထားအပြောင်းအလဲကသာ အဓိကပါပဲ။ အဲဒါက လျှောက်ကြရမယ့် တစ်ခုတည်းသော မှန်ကန်တဲ့လမ်းပါပဲ။ အခုဆို၊ ခေါင်းဆောင်က ကျွန်တော့်ကို ဇာတ်စင်အကူ လုပ်ခိုင်းတာဖြစ်ဖြစ်၊ လယ်ထဲမှာ လုပ်ခိုင်းတာပဲဖြစ်ဖြစ်၊ အဲဒါတွေအားလုံးက ဘုရားရဲ့အုပ်စိုးမှုနဲ့ အစီအစဉ်တွေပါပဲ။ ကျွန်တော့်ရဲ့ အသက်တာဝင်ရောက်မှုအတွက် လိုအပ်တာတွေပါပဲ။ ကျွန်တော်က အဲဒါကို အမြဲလက်ခံပြီး နာခံသင့်ပါတယ်။ ကိုယ့်အလုပ်တာဝန်မှာ ကျွန်တော့်အနေနဲ့ သမ္မာတရားကို ရှာဖွေသင့်တယ်၊ ဘုရားနှုတ်ကပတ်တော်တွေကို လက်တွေ့လုပ်ဆောင်သင့်တယ်၊ သမ္မာတရားရဲ့ အခြေခံသဘောတွေနဲ့အညီ ပြုမူသင့်ပါတယ်။ အဲဒါတွေကသာ ဘုရားရဲ့အလိုနဲ့ ကိုက်ညီတာပါ။ ဒါတွေအားလုံးကို နားလည်သွားတော့၊ ကျွန်တော့်မှာ လွတ်မြောက်တဲ့ ခံစားချက်တစ်ခု ရသွားတယ်။ နောက်ပိုင်းမှာ ခေါင်းဆောင်က ကျွန်တော့်ကို ပိုပြီးအဆင့်နိမ့်တဲ့ တာဝန်တွေ ပေးတော့လည်း၊ ကျွန်တော် အေးအေးဆေးဆေးပဲ လက်ခံခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေရဲ့ အိမ်အလုပ်တွေကို ကျွန်တော် အားတဲ့အချိန်မှာ ကူညီမယ်လို့တောင် ပြောမိပါတယ်။ အဲဒီအတိုင်း လက်တွေ့လုပ်ဆောင်တဲ့အခါမှာ၊ ကျွန်တော့်အနေနဲ့ သန့်ရှင်းရေးလုပ်တာ၊ အပင် စိုက်တာ၊ မြောင်းတူးတာ၊ ဘာကိုပဲ အကူအညီပေးပေး၊ သင်ယူစရာ သင်ခန်းစာတစ်ခု အမြဲရှိတယ်ဆိုတာ ကျွန်တော် တွေ့ခဲ့တယ်။ ကျွန်တော်က ကာယအလုပ်ကို လုပ်နေလို့၊ ဘုရားက ကျွန်တော့်ဘက် မပါတာမျိုး မရှိပါဘူး။ ကိုယ့်တာဝန်မှာ စိတ်ကိုမြှုပ်နှံပြီး၊ သမ္မာတရားကို ရှာဖွေနေသရွေ့၊ ဘုရားနှုတ်ကပတ်တော်တွေကို လက်တွေ့လုပ်ဆောင်နေသရွေ့၊ ကျွန်တော့်အနေနဲ့ ဘယ်အရာမှာမဆို ရိတ်သိမ်းနိုင်ပါတယ်။

ဒါကို တွေ့ကြုံလိုက်ရတဲ့နောက်မှာ ကျွန်တော် တကယ် နားလည်သွားတာက၊ ကိုယ့်တာဝန်ဟာ ဘာပဲဖြစ်နေဖြစ်နေ၊ အဲဒါက ဘုရား စီစဉ်ထားတဲ့အရာပဲ၊ ပြီးတော့ ကိုယ့်ရဲ့အသက်တာဝင်ရောက်မှုအတွက် လိုအပ်တဲ့အရာပါပဲ။ ကျွန်တော်က အဲဒါကို အမြဲတမ်း လက်ခံနာခံသင့်တယ်။ ကိုယ့်တာဝန်နဲ့ ဝတ္တရားတွေကို ဖြည့်ဆည်းသင့်တယ်။ ပြီးတော့ ဒီလုပ်ငန်းစဉ်တစ်လျှောက်လုံးမှာ သမ္မာတရားနဲ့ စိတ်သဘောထားအပြောင်းအလဲကို ရှာဖွေသင့်ပါတယ်။ ကျွန်တော်က တာဝန်တွေအမျိုးမျိုးကို အမြဲတမ်း အဆင့်အတန်းတွေ ခွဲခဲ့တယ်၊ ကျွန်တော် မနှစ်သက်တဲ့တာဝန်တစ်ခုနဲ့ ကြုံရပြီဆိုရင် အတိုက်အခံလုပ်ပြီး၊ ဘုရားကို ပုန်ကန်တာတွေ ဆန့်ကျင်တာတွေနဲ့ ပြည့်လာခဲ့ဖူးတယ်ဆိုတာတောင်၊ ကိုယ်တော်က ကျွန်တော့်ပြစ်မှားခြင်းတွေကို အခြေခံပြီး မဆက်ဆံသေးပါဘူး။ အဲဒီအစား၊ ကျွန်တော့်အနေနဲ့ သမ္မာတရားကို နားလည်လာအောင်၊ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်နဲ့ ဝတ္တရားတွေကို သိလာအောင် လုပ်ပေးရင်း၊ ကျွန်တော့်ကို သူ့ရဲ့နှုတ်ကပတ်တော်တွေနဲ့ တစ်ဆင့်ချင်း လမ်းပြခဲ့တာပါ။ ကျွန်တော့်အနေနဲ့ ကိုယ့်တာဝန်ကို မှန်မှန်ကန်ကန် ကိုင်တွယ်ဖြေရှင်းနိုင်ပြီး၊ ကိုယ်တော့်ကို နာခံနိုင်လာအောင်၊ ကျွန်တော့်ရဲ့ လွဲမှားတဲ့ရှုထောင့်တွေကို ပြောင်းလဲပေးခဲ့တာပါ။ ဒါက ဘုရားရဲ့ချစ်ခြင်းမေတ္တာပါပဲ။ ဘုရားသခင် ကျေးဇူးတော်ပါပဲ။

အရှေ့သို့- ဝတ်ကျေတမ်းကျေလုပ်ဆောင်ခြင်းကို ကုစားပြီးနောက်မှသာ တာဝန်ကို မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်သည်

နောက်တစ်ခုသို့- မိမိတာဝန်အပေါ် မည်သို့သဘောထားသင့်ပုံ

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

လူတွေကို ဘယ်လို မှန်ကန်စွာ ဆက်ဆံရမယ်ဆိုတာ ကျွန်မ သိခဲ့ရပြီ

လွန်ခဲ့တဲ့နှစ်နှစ်လောက်တုန်းက ကျွန်မ အသင်းတော်မှာ ခေါင်းဆောင်လုပ်နေတာ။ အဲဒီအသင်းတော်မှာ အစွမ်းအစကောင်းတဲ့ ချန်မျိုးရိုး...

ကျွန်မ ကြုံခဲ့ရသော စမ်းသပ်မှု

အနန္တတန်ခိုးရှိသော ဘုရားသခင် ပြောသည်မှာ- “ငါ၏လုပ်ဆောင်ချက်များသည် ကမ်းခြေများရှိ သဲလုံးများထက် အရေအတွက်သာ၍ များပြားပြီး ငါ၏ဉာဏ်ပညာ သည်လည်း...

သခင် ပြန်ကြွလာခြင်းကို ကျွန်တော် ကြိုဆိုပြီးပြီ

ချွမ်းယန်၊ အမေရိကန် ပြည်ထောင်စု အမေရိကန် ပြည်ထောင်စုတွင် ၂၀၁၀ ခုနှစ်၏ ဆောင်းရာသီက ကျွန်တော့်ကို အလွန် ချမ်းအေးစေခဲ့သည်။ လေနှင့် နှင်းတို့၏...

ကောင်းကင်နိုင်ငံတော်သို့ သွားရာလမ်းပေါ်က အတားအဆီးမှာ အဘယ်သူနည်း

မင်းအန်း၊ မလေးရှား ကျွန်မ ယောက်ျား ဆုံးပါးသည့်နှစ်တွင် ကျွန်မ အလွန်စိတ်ပျက်ဝမ်းနည်းခဲ့သည့်အပြင် ကျွန်မ၏ ကလေးများကို...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေများ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်