မိမိတာဝန်အပေါ် မည်သို့သဘောထားသင့်ပုံ

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်ကို လူ့ယုံကြည်ခြင်း၏ အခြေခံအကျဆုံးသော လိုအပ်ချက်မှာ သူ့တွင် ရိုးဖြောင့်သော နှလုံးသားရှိခြင်း၊ သူ့ကိုယ်သူ အပြည့်အဝ ဆက်ကပ်အပ်နှံခြင်းနှင့် စစ်မှန်စွာ နာခံခြင်းတို့ ဖြစ်သည်။ လူအတွက် အခက်ခဲဆုံးသောအရာမှာ စစ်မှန်သော ယုံကြည်ခြင်းနှင့် အလဲအလှယ်ပြုရာတွင် သူ၏အသက်တာ တစ်ခုလုံးကို ပေးရန်ပင် ဖြစ်သည်၊ ယင်းမှတစ်ဆင့် သူသည် အလုံးစုံသော သမ္မာတရားကို ရရှိနိုင်ပြီး၊ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် သူ၏တာဝန်ကို ဖြည့်ဆည်းနိုင်မည် ဖြစ်သည်။ ဤအရာသည် ရှုံးနိမ့်သော ထိုသူတို့မှ မရရှိနိုင်သည့် အရာပင် ဖြစ်ပြီး၊ ခရစ်တော်အား ရှာမတွေ့သော ထိုသူများအတွက်မူ သာ၍ပင် မရနိုင်စရာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူသည် မိမိကိုယ်မိမိ ဘုရားသခင်ထံ လုံးလုံးလျားလျား ဆည်းကပ်ခြင်း၌ မတော်သောကြောင့်ပင် ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် လူသည် ဖန်ဆင်းရှင်ထံ သူ၏ တာဝန်ကို ထမ်းဆောင်ရန် ဆန္ဒမရှိသောကြောင့် ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် လူသည် သမ္မာတရားကို တွေ့ပြီးသော်လည်း ၎င်းကို ရှောင်ဖယ်လျက် မိမိ၏ ကိုယ်ပိုင် လမ်းကြောင်းကို လျှောက်ခြင်းကြောင့်ပင် ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် လူသည် ရှုံးနိမ့်ခဲ့သော ထိုသူတို့၏ လမ်းကြောင်းနောက် လိုက်ခြင်းဖြင့် အမြဲပင် ဖွေရှာသောကြောင့် ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် လူသည် အမြဲပင် ကောင်းကင်ဘုံအား ဖီဆန် အန်တုသောကြောင့်ပင် ဖြစ်သည်၊ သို့အတွက်ကြောင့်၊ လူသည် အမြဲပင် ရှုံးနိမ့်ပြီး၊ စာတန်၏ လှည့်ကွက်၌ အမြဲပင် ကျရှုံးရကာ၊ မိမိ၏ ကိုယ်ပိုင် ကွန်တွင်ပင် ကျော့မိခဲ့ကြသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်”) “တာဝန်များဟူသည်မှာ ဘုရားသခင်မှ လူတို့အား အပ်ထားသော အလုပ်များဖြစ်သည်။ ယင်းတို့မှာ လူတို့ပြီးမြောက်ရမည့် အထူးတာဝန်များဖြစ်သည်။ သို့သော်လည်း တာဝန်တစ်ခုဟူသည်မှာ သင်ကိုယ်တိုင် ကိုယ်တိုင်ကိုယ်ကျ စီမံရသည့် လုပ်ငန်းမဟုတ်သည်မှာ အသေအချာပင်ဖြစ်သကဲ့သို့ အများသူငါထဲမှ သင် ပိုမိုပေါ်လွင်ဖို့အတွက် အသာစီးရခြင်းတစ်ခုလည်း မဟုတ်ပေ။ လူအချို့က ၎င်းတို့၏တာဝန်များကို ၎င်းတို့၏ကိုယ်ပိုင် စီမံအုပ်ချုပ်မှုထဲ ပါဝင်ပတ်သက်ဖို့ အခွင့်အရေးများအဖြစ် အသုံးချတတ်သည်၊ သူတို့အနေဖြင့် သူတို့၏တာဝန်များကို ဆောင်ရွက်နေသရွေ့ သူတို့သည် ဘုရားသခင်၏အိမ်တော်နှင့် လူသားအတွက် ဘုရားသခင်စီမံပေးသည့် အံ့သြဖွယ်ကောင်းသော ခရီးဆုံးပန်းတိုင်ကို မျှဝေခံစားကြရလိမ့်မည်ဟု တွေးထင်လျက်၊ အချို့က မိမိတို့၏အလိုဆန္ဒများကို ဖြည့်ဆည်းရန်၊ အချို့က မိမိတို့အထဲတွင် ခံစားရသော လစ်ဟာမှုများကို ပြည့်စေရန်နှင့် အချို့က မိမိတို့၏ ကံကို ယုံ၍ဆူးပုံနင်းသော စိတ်ထားကို ကျေနပ်စေရန် မိမိတို့၏ တာဝန်များကို အခွင့်အရေးများအဖြစ် အသုံးချတတ်ကြလေသည်။ တာဝန်နှင့်ပတ်သက်၍ ထိုသို့သော သဘောထားများမှာ မမှန်ကန်ပေ။ ယင်းတို့က ဘုရားသခင်ကို စက်ဆုပ်ရွံရှာစေသဖြင့် အဆောတလျင် ဖြေရှင်းရမည်ဖြစ်သည်။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ) ဒါကို ဖတ်လိုက်ရတော့၊ ကျွန်တော်လည်း ကိုယ့်အတွေ့အကြုံကို မိတ်သဟာယပြုချင်ပါတယ်။

၂၀၁၇ ခုနှစ်တုန်းက အသင်းတော်မှာ ကျွန်တော့်တာဝန်က စာအရေးအသားဘက်ကပါ။ နောက်တော့ အသင်းတော်ခေါင်းဆောင်က ညီအစ်ကိုလင်းကို ကျွန်တော်နဲ့အတူတူ လုပ်ဖို့ စီစဉ်ပေးတယ်။ သူ့ကို သေချာကူညီပေးဖို့လည်း ကျွန်တော့်ကို ပြောတယ်။ ကျွန်တော်လည်း ဒါကို ဝမ်းသာအားရနဲ့ လက်ခံတယ်။ တွေးလည်း တွေးမိတယ်လေ၊ “ညီအစ်ကိုလင်းက ဆောင်းပါးတွေ ရေးရတာကို သိပ်သဘောကျတာ။ အဲဒီဘက်မှာ တော်တယ်လို့လည်း ကြားတယ်။ သူကသာ အခြေခံသဘောတွေကို မြန်မြန် နားလည်နိုင်တယ်ဆိုရင်၊ ငါတို့အဖွဲ့ရဲ့အလုပ်က အများကြီးပိုပြီး အောင်မြင်လာမှာ သေချာတယ်။ ခေါင်းဆောင်ကလည်း ငါ့ကို လုပ်နိုင်စွမ်းရှိတယ်လို့ ထင်လာမယ်။ ငါ့ကို တကယ် တန်ဖိုးထားလာမယ်။ ဒီတော့ ညီအစ်ကိုလင်းကို ငါ အစွမ်းကုန် ကူညီရမယ်” ပေါ့။ ကျွန်တော်က သူ လေ့လာလို့ရအောင်၊ ကျွန်တော် စုထားတဲ့ သက်ဆိုင်ရာ အခြေခံသဘောတရားတွေ၊ အချက်အလက်ကုန်ကြမ်းတွေအားလုံး ပေးတယ်။ ဒါမှ သူ သိဖို့လိုတာတွေ အားလုံးကို အမြန်ဆုံး သဘောပေါက်လာမယ်ပေါ့။ သူ့အလုပ်မှာ အခက်အခဲတွေ့ပြီဆိုလည်း၊ ကျွန်တော်က တသီတတန်းဖြစ်နေတဲ့ သူ့အတွေးတွေကို ကူပြီး သရုပ်ခွဲပေးတယ်။ ဥပမာတွေ၊ ကိုးကားချက်တွေ ပေးတယ်။ အချိန်နည်းနည်းကြာတော့၊ တချို့အခြေခံသဘောတွေကို သူ နားလည်သွားတယ်။ သူ တင်ပြတာတွေက ရှင်းရှင်းလင်းလင်းနဲ့ လက်တွေ့ကျတယ်။ သူ အဲဒီလို မြန်မြန်ဆန်ဆန် တိုးတက်လာတာ မြင်ရတော့ ကျွန်တော် တကယ် ပျော်မိတယ်။ သူက အကြောင်းအရာတွေကို တော်တော်မြန်မြန်ကြီး နားလည်သွားတာပါ။ သူ တကယ်ကို အလားအလာရှိတယ်ပဲ ထင်မိတယ်။ ကျွန်တော်တို့အဖွဲ့လည်း ပိုပြီးတော့ အကျိုးများလာတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အများကြီး လုပ်စရာမလိုတော့ဘူး။ ညီအစ်ကိုလင်းကို အသားကျအောင် အချိန်နည်းနည်း ပိုပေးလိုက်ရင်၊ ကျွန်တော်တို့အလုပ်မှာ ပိုကောင်းတဲ့ရလဒ်တွေတောင် ထွက်လာမယ်လို့ တွက်မိတယ်။

တစ်ရက်ကျတော့ ခေါင်းဆောင်က အသင်းတော်တစ်ခုမှာ မှတ်တမ်းမှတ်ရာတွေ စုစည်းပေးဖို့ လူတစ်ယောက် အမြန်လိုနေတယ်လို့ ပြောလာတယ်။ ညီအစ်ကိုလင်းက အဲဒီဘက်မှာ တော်လည်းတော်တယ်၊ သူ့အလုပ်အရလည်း တာဝန်ရှိတယ်ဆိုတော့၊ စာအရေးအသားပိုင်းကို တာဝန်ယူဖို့ အဲဒီအသင်းတော်ကို ပြောင်းရမယ်ပေါ့။ ဒါကို ကြားလိုက်တော့ ကျွန်တော် ရင်ထိတ်သွားတယ်။ စိတ်ထဲမှာလည်း တွေးလိုက်တယ်၊ “ဒုက္ခပဲ။ သူ့ကို နေရာပြောင်းမလို့တဲ့လား။ အဲဒီလိုတော့ မလုပ်ပါနဲ့။ ဒီအလုပ်နဲ့ အခြေခံသဘောတရားတွေကို သူ ကျွမ်းကျင်လာအောင်၊ ကျွန်တော်က အများကြီး ကြိုးစားထားရတာ။ သူက အဖွဲ့ထဲမှာ အလားအလာလေး စပြီးပြလာရုံပဲရှိသေးတယ်။ အခု သူက နေရာပြောင်းခံရတယ်ဆိုရင်၊ ကျွန်တော်တို့အလုပ်ကို ထိခိုက်မှာ သေချာတယ်။ ဒါဆို လူတွေက ကျွန်တော့်ကို ဘယ်လိုထင်မလဲ။ ကျွန်တော့်ကို ညံ့ဖျင်းတယ်လို့ ပြောကြမှာပေါ့” အဲဒါကို တွေးမိတော့ ကျွန်တော် ပိုပြီး စိတ်ပျက်သွားတယ်။ ညီအစ်ကိုလင်း ပြောင်းသွားရင်လည်း၊ ကျွန်တော့်အနေနဲ့ နောက်တစ်ယောက် ထပ်လေ့ကျင့်ပေးလို့ရပါတယ်ဆိုပြီး ခေါင်းဆောင်က ပြောတယ်။ ကျွန်တော်လည်း ဘာမှတော့ မပြောပေမဲ့၊ အဲဒီစိတ်ကူးကို ဆန့်ကျင်မိတယ်။ စိတ်ထဲမှာလည်း၊ “ခင်ဗျားကတော့ ပေါ့ပေါ့လေးပြောတာပေါ့။ လူတစ်ယောက်ကို လေ့ကျင့်ပေးရတာ အဲဒီလောက်လွယ်တယ် ထင်လား။ အချိန်တွေ အားထုတ်ရတာတွေ အများကြီးလိုတယ်။ အဲဒါအပြင် ညီအစ်ကိုလင်း ပြောင်းသွားရင်၊ တာဝန်ယူစရာအားလုံးက ကျွန်တော့်ပေါ် ပြန်ကျလာမှာ။ လက်ရှိအခြေအနေမှာကို ကိစ္စတွေက ဒီလောက်များနေတာ။ လုပ်နိုင်ကိုင်နိုင်သူတစ်ယောက် လျော့သွားရင်၊ ကျွန်တော်တို့အလုပ်ပဲ သေချာပေါက် ထိခိုက်လိမ့်မယ်” ပေါ့။ ကျွန်တော်လည်း အဲဒါကို တွေးကြည့်လေလေ၊ ပိုပြီး ဆန့်ကျင်မိလေလေပဲ။ နောက်နှစ်ရက်ကြာတော့၊ ခေါင်းဆောင်က ကျွန်တော့်ကို ညီအစ်ကိုလင်းနဲ့ပတ်သက်တဲ့ အကဲဖြတ်ချက် ရေးခိုင်းတယ်။ ကျွန်တော်က၊ “သူ့ဆီက ကောင်းတဲ့အရည်အချင်းတွေအစား၊ သူ့မှာ ပေါ်တဲ့ယိုယွင်းမှုနဲ့ အားနည်းချက်တွေကိုပဲ အလေးပေးပြီး ရေးလိုက်မယ်။ ဒါဆို ခေါင်းဆောင်က သူ့ကို ပြောင်းပေးချင်မှပြောင်းပေးမှာ” ဆိုပြီး စဉ်းစားလိုက်တယ်။ အကဲဖြတ်ချက် ရေးပြီးတော့၊ ကျွန်တော် နည်းနည်း အပြစ်ရှိသလို ခံစားရတယ်။ မရိုးမသားဖြစ်နေလားဆိုပြီး စဉ်းစားကြည့်တယ်။ ဒါပေမဲ့ နောက်တော့ ငါက အဖွဲ့ရဲ့အလုပ်အတွက် စဉ်းစားတာပဲလေဆိုပြီး ထားလိုက်တယ်။ ဒါနဲ့ ကျွန်တော့်အကဲဖြတ်ချက်ကို ခေါင်းဆောင်ကို ပေးလိုက်ရော။ ခေါင်းဆောင်ဆီက ဘာတုံ့ပြန်မှုမှ မလာဘဲ၊ တစ်ရက်နှစ်ရက်လောက် ကုန်သွားတော့၊ ကျွန်တော်လည်း စပြီး ပူပန်လာတယ်။ “သူ မဖတ်ကြည့်ရသေးလို့၊ ညီအစ်ကိုလင်းကို ဆက်ပြီး ပြောင်းပေးဖို့ လုပ်နေတာများလား။ ငါ ငြိမ်နေလွန်းလို့မဖြစ်ဘူး။ သူ့ကို တားဖို့နည်းလမ်းတစ်ခုတော့ ရှာရမယ်” ဆိုပြီး စဉ်းစားတယ်။ ညီအစ်ကိုလင်းရဲ့ သဘောကို သိရအောင်၊ မေးမြန်းကြည့်တယ်၊ “ခင်ဗျားကို တခြားအသင်းတော်မှာ စာရေးဖို့တာဝန် ယူခိုင်းမယ်ဆိုရင်၊ ခင်ဗျား ဘယ်လိုလုပ်မလဲ” ပေါ့။ သူက ဘာမှမအံ့ဩသလိုဘဲ ပြန်ဖြေတယ်၊ “အသင်းတော်ရဲ့ အစီအစဉ်တွေကို နာခံမှာပေါ့။ ကျွန်တော် သွားချင်ပါတယ်” တဲ့။ ကျွန်တော်လည်း ခပ်မြန်မြန်ပဲ ထပ်ပြောတယ်၊ “စာရေးတဲ့အလုပ်အတွက် တာဝန်ယူရပြီဆိုရင်၊ အခြေခံသဘောတွေ နားလည်ဖို့ လုပ်နိုင်စွမ်းရှိဖို့ အရေးကြီးတယ်။ အဲဒါတွေ မရှိရင်၊ အလုပ်တိုးတက်မှုက အနှောင့်အယှက်ဖြစ်သွားမှာ သေချာတယ်။ ဒီက ကိုယ့်တာဝန်ကိုပဲ ဆက်လုပ်နေတာ ပိုကောင်းတယ်လို့ထင်တယ်” ပေါ့။ ညီအစ်ကိုလင်းက ဘာမှကိုဖြစ်မနေဘူး။။ ကျွန်တော်လည်း အံ့ဩတယ်။ သူက တော်တော် ယုံကြည်မှုရှိရှိနဲ့ ပြန်ပြောတာ၊ “အခွင့်အရေးက သူ့ဘာသာ ပေါ်လာရင်တော့၊ ကျွန်တော်လည်း သွားဖို့အသင့်ပဲ။ ဘုရားကိုပဲ အားကိုးချင်တယ်” တဲ့။ ကိုယ့်ရည်ရွယ်ချက် မအောင်မြင်ဘူးဆိုတော့၊ ကျွန်တော် စိတ်ပျက်သွားတယ်။ သူ့ကိုလည်း နည်းနည်း ခံပြင်းမိတယ်။ တစ်ခါတော့ သူ လုပ်ထားတဲ့ မှတ်တမ်းတစ်ခုက ပြဿနာနည်းနည်း ရှိနေတာကို ကျွန်တော် တွေ့တယ်။ ကျွန်တော်လည်း ဒေါသမဖြစ်အောင်၊ သူ့ကို အပြစ်မတင်မိအောင်၊ ကိုယ့်ကိုယ်ကိုယ် ထိန်းမရခဲ့ဘူး။ အဲဒီအချိန်တွေတစ်လျှောက်လုံး၊ ညီအစ်ကိုလင်း ပြောင်းရမယ့်အကြောင်းကို စဉ်းစားမိတိုင်း၊ ကျွန်တော် တကယ် ပျာယာခတ်တော့တာပဲ။ ကိုယ့်အလုပ်မှာ တည်ငြိမ်တဲ့စိတ်မျိုး ရှာလို့မရခဲ့ဘူး။ အတွေးစဉ်တစ်ခု ရရင် ဆက်ထိန်းထားလို့မရတော့ဘူး။ အလုပ်ထဲက ကိစ္စတိုင်းမှာလည်း ထိုးထိုးဖောက်ဖောက် မမြင်တတ်တော့ဘူး။ အမြဲတမ်း တွေဝေနေရော။ တကယ်ကို စိတ်ဆင်းရဲခဲ့တာပါ။ ဘုရားသခင်ဆီလည်း ဆုတောင်းပြီး၊ ကိုယ့်ကိုယ်ကိုယ် သိအောင် လမ်းပြပေးဖို့ တောင်းလျှောက်တယ်။

အဲဒီအချိန်မှာပဲ ဘုရားရဲ့ ဒီနှုတ်ကပတ်တော်တွေကို ဖတ်မိတယ်၊ “လူတို့သည် အများအားဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မရှိကြ၊ သမ္မာတရားကို မကြာခဏ ၎င်းတို့ လျစ်လျူရှုတတ်ကြပြီး၊ မိမိတို့၏ မာန်မာန၊ မိမိတို့၏ ဂုဏ်သတင်း၊ မိမိတို့၏ အဆင့်အတန်းနှင့် မိမိတို့၏ ကိုယ်ကျိုးများကို ကာကွယ်လျက်၊ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့သော၊ ဖောက်ပြန်ပျက်စီးပြီး ဆိုးယုတ်သော စိတ်သဘောထားအတွင်းတွင် မကြာခဏ အသက်ရှင်တတ်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို ရရှိထားခြင်း မရှိပေ။ ဤအကြောင်းကြောင့် သင်သည် အလွန်အမင်း စိတ်သောကရောက်ရသည်၊ အလွန်အမင်း စိတ်အနှောင့်အယှက် ဖြစ်ရပြီးလျှင် အလွန်အမင်း ချုပ်ချယ်ခံရလေသည်။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အသက်တာထဲဝင်ရောက်ခြင်းသည် သင်၏တာဝန်များကို ဖြည့်ဆည်းခြင်းမှ စတင်ရမည်”) “လူတစ်ဦး၏အကျင့်များကို ကောင်းသည် ဆိုးသည်ဟူ၍ အကဲဖြတ်ပေးသော စံနှုန်းမှာအဘယ်နည်း။ ၎င်းမှာ သင်သည် သင်၏အတွေးများ၊ ဖော်ပြချက်များနှင့် အပြုအမူများ၌ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သမ္မာတရား၏စစ်မှန်မှုအတိုင်း အသက်ရှင်နေထိုင်ခြင်းအကြောင်း သက်သေခံချက် ရှိမရှိအပေါ် မူတည်၏။ အကယ်၍ သင်၌ ဤစစ်မှန်မှု မရှိပါက၊ သို့မဟုတ် ဤအရာအတိုင်း အသက်ရှင်နေထိုင်ခြင်းမရှိပါက၊ သင်သည် အဓမ္မပြုသူတစ်ဦးဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ ဘုရားသခင်က ဒုစရိုက်ပြုသူများကို အဘယ်သို့ မြင်သနည်း။ သင့်အတွေးများနှင့် အပြင်ပန်းအပြုအမူများက ဘုရားသခင်အတွက် သက်သေမခံသကဲ့သို့ ယင်းတို့က စာတန်အား အရှက်ကွဲစေခြင်း သို့မဟုတ် စာတန်အား အနိုင်ယူခြင်းလည်း မပြုချေ၊ ထို့အစား ဘုရားသခင်ကို သူတို့ အရှက်ရစေပြီး၊ ဘုရားသခင်ကို အရှက်ရစေသည့် လက္ခဏာများနှင့် ပွထနေသည်။ သင်သည် ဘုရားသခင်ကို သက်သေခံနေခြင်း မရှိ၊ ဘုရားသခင်အဘို့ မိမိကိုယ်ကို အသုံးခံနေခြင်း မရှိသကဲ့သို့ ဘုရားသခင်အတွက် သင်၏ တာဝန်နှင့် ဝတ္တရားတို့ကို ဖြည့်ဆည်းနေခြင်းလည်း မရှိပါပေ၊ ထို့အစား သင့်ကိုယ်ပိုင်အကျိုးအတွက် သင်ပြုမူနေသည်။ ‘သင့်ကိုယ်ပိုင်အကျိုးအတွက်’ ဟူသည့် ညွှန်းဆိုချက်မှာ အဘယ်နည်း။ စာတန်အတွက်ကို ဆိုလိုသည်။ ထို့ကြောင့် နောက်ဆုံးတွင် ဘုရားသခင်က ‘အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြ’ ဟု ဆိုလိမ့်မည်။ ဘုရားသခင်၏ အမြင်တွင် ကောင်းမှုများကို သင် မပြုလုပ်သေး၊ ထို့ထက် သင့်အမူအကျင့်မှာ ဆိုးယုတ်သွားပြီဖြစ်သည်။ သင် ဆုချီးမြှင့်ခြင်း ခံရလိမ့်မည်မဟုတ်၊ ဘုရားသခင်သည် သင့်ကို သတိရလိမ့်မည်မဟုတ်ပေ။ ဤသည်မှာ လုံးလုံးလျားလျား အချည်းနှီးဖြစ်သည် မဟုတ်လော။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) ဘုရားနှုတ်ကပတ်တော်တွေကို သေချာဆင်ခြင်ကြည့်တော့၊ ကျွန်တော် နားလည်သွားတယ်။ ဘုရားက လူတွေ ကောင်းမှုလုပ်နေလား၊ မကောင်းမှုလုပ်နေလားဆိုတာကို ဆုံးဖြတ်တာက၊ အဲဒီလူတွေဟာ ကိုယ့်ကိုယ်ကိုယ် အပေါ်ယံအားဖြင့် အသုံးခံတာလား၊ သူတို့ ဘယ်လောက်ဆင်းရဲဒုက္ခခံလဲ၊ ဒါမှမဟုတ် ဘယ်လောက်များများ အဖိုးအခ ပေးလဲဆိုတာတွေနဲ့ မဆိုင်ဘူး။ အဓိကကတော့ လူတွေရဲ့ရည်ရွယ်ချက်တွေ၊ ပြီးတော့ သူတို့လုပ်ရပ်တွေက ဘုရားအတွက်လား၊ သူတို့ကိုယ်သူတို့အတွက်လား၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကြရဲ့လားဆိုတာတွေကို ကြည့်ပြီး ဆုံးဖြတ်တာပါ။ အဲဒီအချိန်တစ်လျှောက်လုံးမှာ ဖြစ်ခဲ့တဲ့ ကျွန်တော့်အခြေအနေကို ဆင်ခြင်ကြည့်တယ်။ ညီအစ်ကိုလင်းကို အခြေခံသဘောတရားတွေ မြန်မြန်ဆန်ဆန် နားလည်အောင် ကျွန်တော် ကြိုးစားကူညီခဲ့တာတွေက အသင်းတော်ရဲ့အလုပ်အတွက် မဟုတ်ဘူးဆိုတာကို မြင်မိတယ်။ ကျွန်တော်က သူကတစ်ဆင့် အဖွဲ့ရဲ့လုပ်နိုင်စွမ်းကို တိုးစေချင်တာသက်သက်ပဲ။ ဒါမှ ကျွန်တော် မျက်နှာပန်းလှလာမယ်လေ။ သူ့ကို တခြားနေရာ ပြောင်းတော့မယ်ဆိုတာ မြင်တော့လည်း၊ အဖွဲ့ရဲ့အလုပ်မှာ ထိခိုက်မှာတွေ၊ ကိုယ့်နာမည်အဆင့်အတန်း ထိခိုက်လာမှာတွေကို စိုးရိမ်ခဲ့တာပါ။ ဒါကြောင့် အကဲဖြတ်ချက် ရေးတဲ့အချိန်မှာ၊ သူ့ဆီက အပြစ်အနာအဆာတွေကို တမင် အသားပေးရေးပြီး၊ ခေါင်းဆောင်ကို လှည့်စားဖို့ ကြိုးစားခဲ့တာပါ။ တာဝန်အတွက် သူ ထက်သန်တာတွေ လျော့အောင်ဆိုပြီး၊ ကျွန်တော်က အပျက်သဘောစကားမျိုးတွေတောင် ပြောခဲ့တာ။ အဲဒါတွေက သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေတာ၊ ကိုယ့်တာဝန်ကို လုပ်နေတာ ဟုတ်ပါ့မလား။ ကျွန်တော်က ကိုယ့်တာဝန်ကို တစ်ကိုယ်ကောင်းဆန်ဆန် လုပ်နေတာပါ။ အသင်းတော်ရဲ့အဘက်ဘက်က အလုပ်တွေကို ထည့်မတွက်ဘဲနဲ့၊ ကိုယ် တာဝန်ယူရတဲ့ အလုပ်ရဲ့ရလဒ်တွေရယ်၊ ကိုယ့်နာမည်နဲ့ အဆင့်အတန်း ထိခိုက်လာမလားဆိုတာရယ်ကိုပဲ ကြည့်ခဲ့တာ။ ကျွန်တော်က လှည့်စားတတ်လွန်းတာပါ။ ခေါင်းဆောင် စီစဉ်ပေးတဲ့ အသင်းတော်အလုပ်ကိုလည်း နှောင့်ယှက်ခဲ့တာပဲ။ အဲဒါက ဘုရားအိမ်တော်ရဲ့အလုပ်ကို ဖျက်လိုဖျက်ဆီးလုပ်ခဲ့တာ။ မကောင်းမှုလုပ်ပြီး၊ ဘုရားကို ဆန့်ကျင်နေခဲ့တာပါ။ ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ကြီးတဲ့ အခြေအနေထဲ ရောက်နေမှန်း မြင်လိုက်တော့၊ ဒီဆုတောင်းချက်ကို ဘုရားဆီမှာ ပြုမိတယ်၊ “ဘုရားသခင်၊ ကျွန်တော်က တစ်ကိုယ်ကောင်းဆန်လွန်းပြီး၊ ရွံစရာကောင်းပါတယ်။ ဘုရားအိမ်တော်ရဲ့အလုပ်ကို ကိုယ်ကျိုးအတွက်နဲ့ ဖျက်လိုဖျက်ဆီးလုပ်မိပါတယ်။ ဘုရားသခင်၊ ကိုယ်တော့်ဆီမှာ ကျွန်တော် နောင်တရချင်ပါတယ်။”

နောက်တော့ ဘုရားနှုတ်ကပတ်တော်တွေထဲကနေ ဒါကို ဖတ်မိတယ်၊ “သင်၏အကျိုးအတွက်သာ အစဉ်မလုပ်ဆောင်နှင့်၊ သင်၏ ကိုယ်ပိုင် အကျိုးစီးပွားကိုသာ အမြဲ ထည့်သွင်းမစဉ်းစားနှင့်၊ သင်၏အဆင့်အတန်း၊ မျက်နှာ သို့မဟုတ် ဂုဏ်သတင်းကို ထည့်သွင်းစဉ်းစားခြင်းမပြုနှင့်။ လူတို့၏ အကျိုးများကို ထည့်သွင်းစဉ်းစားခြင်း မပြုနှင့်။ သင်သည် ဘုရားသခင်၏အိမ်တော်၏အကျိုးများကို ပထမဦးစွာ စဉ်းစားပြီး ၎င်းကို သင်၏ဦးစားပေးချက် ဖြစ်စေရမည်၊ သင်သည် ဘုရားသခင်၏အလိုတော်ကို အရေးထားသင့်သည်၊ သင်၏ တာဝန်ကို ဖြည့်ဆည်းရာတွင် သင် စင်ကြယ်မှု ရှိခဲ့သည် မရှိခဲ့သည်၊ သစ္စာရှိဖို့၊ သင်၏ တာဝန်များကို ပြည့်စုံစေဖို့ အစွမ်းကို သင် လုပ်ဆောင်ခဲ့ပြီး သင်၏အရာအားလုံး ပေးခဲ့ခြင်း ရှိ၊မရှိ ဆိုသည်နှင့် သင်၏ တာဝန်နှင့် ဘုရားအိမ်တော်၏ အမှုကို စိတ်နှလုံးအကြွင်းမဲ့ ဆင်ခြင်ခဲ့ခြင်း ရှိမရှိ ဆိုသည်တို့ကို ချင့်ချိန်စဉ်းစားခြင်းဖြင့် အစပြုလော့။ ဤအရာများကို သင် စဉ်းစားဖို့လိုသည်။ ဤအရာများကို မကြာခဏ သုံးသပ်ဆင်ခြင်လော့၊ ပြီးလျှင် သင်၏တာဝန်ကို သင်ကောင်းစွာ ထမ်းဆောင်လျက် အေးဆေးသော အချိန်တစ်ခု သင် ရှိပေလိမ့်မည်။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) လက်တွေ့လုပ်ဆောင်ဖို့ လမ်းတစ်ခုကို ဘုရားနှုတ်ကပတ်တော်တွေထဲကနေ ကျွန်တော် တွေ့လိုက်တာပဲ။ ကျွန်တော်က ကိုယ့်အလုပ်တာဝန်ထဲက ကိုယ့်ရည်ရွယ်ချက်တွေကို ပြုပြင်ရမယ်၊ ဘုရားရဲ့စိစစ်မှုကို လက်ခံရမယ်၊ ကိုယ်ပိုင်အကျိုးအမြတ်တွေကို စွန့်လွှတ်ရမယ်၊ ဘုရားအိမ်တော်ရဲ့ အလုပ်ကို ထိန်းသိမ်းရမယ်။ ညီအစ်ကိုလင်းဆိုရင် အရည်အချင်းကောင်းရှိတယ်။ သူက ပြဿနာတွေနဲ့ ရင်ဆိုင်ရပြီဆို သမ္မာတရားကို ရှာဖွေတယ်။ ဒါကြောင့် သူက တခြားအသင်းတော်ကအလုပ်ကို လုပ်ပေးနိုင်တယ်ဆိုရင်၊ အဲဒါလည်း ဘုရားအိမ်တော်ရဲ့အလုပ်ကို အကျိုးပြုမှာပဲ။ သူလည်း ပိုပြီးတော့ လက်တွေ့လုပ်ခွင့်ရမယ်။ ဒါကြောင့် သူ့ကို ကျွန်တော် ပံ့ပိုးပေးသင့်တယ်။ အဲဒီနောက်မှာ ကျွန်တော်လည်း ခေါင်းဆောင်ကို သွားတွေ့ပြီးတော့၊ တစ်ကိုယ်ကောင်းဆန်တဲ့ ဉာဏ်များတဲ့ ကိုယ့်ရည်ရွယ်ချက်တွေကို ဖွင့်ပြောလိုက်တယ်။ ပြီးတော့ ညီအစ်ကိုလင်းအပေါ်လည်း မျှမျှတတ အကဲဖြတ်ချက် ပေးလိုက်တယ်။ သူလည်း တခြားအသင်းတော်ကို တကယ် ပြောင်းသွားရတယ်။ ကျွန်တော်လည်း နောက်ဆုံးမှာ စိတ်ငြိမ်းချမ်းမှုနည်းနည်း ရခဲ့ပါတယ်။

အဲဒီတုန်းက ကျွန်တော်လည်း နည်းနည်း ပြောင်းလဲသွားပြီလို့ပဲ ထင်မိတယ်။ အလားတူအခြေအနေမျိုး ကြုံရပြီဆိုရင်၊ တစ်ကိုယ်ကောင်းဆန်တဲ့ ရွံစရာကောင်းတဲ့ ကျွန်တော့်သဘာဝဆိုးက ထပ်ပေါ်လာဦးမယ်ဆိုတာကို လုံးဝ မထင်ခဲ့မိဘူး။

၂၀၁၈ ဆောင်းတွင်းပေါ့။ အစ်ကိုချန်းနဲ့ ကျွန်တော်က အဖွဲ့ခေါင်းဆောင်တွေအဖြစ် အတူတူ လုပ်ကိုင်နေကြတယ်။ တစ်ယောက်ရဲ့ အားနည်းချက်တွေကို တစ်ယောက်က ဖာထေးပေးတယ်။ ဘုရားရဲ့လမ်းညွှန်မှုနဲ့ဆိုတော့ ကျွန်တော်တို့အလုပ်မှာ ပိုကောင်းတဲ့ ရလဒ်တွေချည်းပဲ မြင်နေရတာပေါ့။ အစ်ကိုချန်းနဲ့ အလုပ်အတူလုပ်ရတာကို တကယ် ကျေနပ်မိတယ်။ တစ်ခါတော့ စည်းဝေးပွဲတစ်ခုအပြီးမှာ၊ ခေါင်းဆောင်က ကျွန်တော်နဲ့ စကားပြောတယ်။ တခြားအဖွဲ့က အကူအညီလိုနေတယ်၊ အစ်ကိုချန်းကို ပြောင်းပေးချင် ပေးရလိမ့်မယ်လို့ ပြောလာတယ်။ အစ်ကိုချန်းက အရည်အချင်းကောင်းရှိတယ်၊ သမ္မာတရားကို မြန်မြန် နားလည်တယ်၊ သူ့အလုပ်မှာလည်း တာဝန်ယူတတ်တယ်။ ဒါကြောင့် ကျွန်တော်တို့အဖွဲ့ရဲ့အလုပ်တွေ တိုးတက်မှုမှာ သူက တကယ်ကို အသုံးဝင်တယ်လို့၊ ကျွန်တော်က ယူဆတယ်။ သူ ထွက်သွားလို့ ကျွန်တော်တို့အလုပ်ကို ထိခိုက်သွားရင်၊ ခေါင်းဆောင်က ကျွန်တော့်ကို ဘယ်လိုထင်လာမှာလဲ။ ကျွန်တော့်ကို ကိုယ့်အလုပ်မှာ အရည်အချင်းမရှိဘူးလို့ ထင်လာမှာလား။ အစ်ကိုချန်း သွားရတာကို ကျွန်တော် တကယ် မမြင်ချင်ဘူး။ ဒါပေမဲ့ အသင်းတော်ရဲ့အလုပ်ကို ထည့်တွက်ပြီး၊ သဘောတူလိုက်ရတယ်။ နောက်တော့ ခေါင်းဆောင်က ဆက်ပြောတာတွေကို ကျွန်တော် အံ့ဩရပြန်ရော။ အသင်းတော်မှာ နောက်ထပ် အရေးပေါ်လိုအပ်နေတာ ရှိတယ်၊ အဲဒီအတွက် နောက်အဖွဲ့သားတစ်ယောက်ဖြစ်တဲ့ ညီမလုကို တာဝန်ပေးချင်တယ်တဲ့။ ဒါကို ကြားလိုက်တော့ ကျွန်တော့်နှလုံး ခုန်နေတာတောင် ရပ်သွားတယ်။ စိတ်ထဲမှာလည်း၊ “ခင်ဗျားက ညီမလုကိုပါ ယူသွားတော့မှာလား။ အစ်ကိုချန်းကိုလည်း နေရာပြောင်းနေပြီ၊ အခု ညီမလုပါ သွားရတော့မယ်။ ကျွန်တော့်အဖွဲ့ရဲ့ အဓိကလူတွေထဲမှာ နှစ်ယောက် ထွက်သွားတော့မယ်။ ဒါဆို ကျွန်တော်တို့အလုပ်က သေချာပေါက် ထိခိုက်တော့မှာပေါ့။ မဖြစ်ဘူး။ ညီမလုကိုတော့ ခေါ်ခွင့်မပေးနိုင်ဘူး” ပေါ့။ ဒါပေမဲ့ နောက်တော့၊ “ငါက အပြတ်ငြင်းမယ်ဆိုရင်၊ ငါ့ကို ခေါင်းဆောင်က တစ်ကိုယ်ကောင်းဆန်တယ်လို့ ပြောမှာပေါ့” ဆိုပြီး တွေးမိတယ်။ အဲဒါနဲ့ အရည်အချင်းသိပ်မရှိတဲ့ တခြားညီမတစ်ယောက်ကို အဆိုပြုကြည့်တယ်။ အားလုံး သုံးသပ်ကြည့်ပြီးတော့လည်း၊ ခေါင်းဆောင်က ညီမလုကိုပဲ အသင့်တော်ဆုံးလို့ ထင်နေတုန်းပဲ။ ဒီတာဝန်အပြောင်းအလဲကို ညီမလုနဲ့ မိတ်သဟာယပြုဖို့လည်း ကျွန်တော့်ကို ခိုင်းတယ်။ ကျွန်တော်လည်း လုပ်ပါ့မယ်ပေါ့။ ဒါပေမဲ့ ရင်ထဲမှာတော့ အဲဒီအစီအစဉ်ကို လုံးဝ မလိုလားမိဘူး။ အဲဒီနောက်မှာ ကျွန်တော်က တခြားညီအစ်ကိုတစ်ယောက်ကို ထုတ်ပြောမိတယ်။ ခေါင်းဆောင်က ကျွန်တော့်အခက်အခဲတွေကို မစာနာတာတွေ၊ အရေးပါတဲ့လူနှစ်ယောက်ကို ရုတ်တရက် ပြောင်းပစ်တာတွေကို မကျေမနပ်ပြောမိတယ်။ အဖွဲ့ခေါင်းဆောင်အနေနဲ့ ကျွန်တော့်အလုပ်ကို ဘယ်လိုလုပ်ရမလဲပေါ့။ ပြောရင်းပြောရင်းနဲ့၊ နောက်တော့ ကျွန်တော် ပြောနေတာတွေက မှားနေမှန်း ရုတ်တရက် နားလည်မိတယ်။ ကျွန်တော်က ဒီညီအစ်ကိုကို ကိုယ့်ဘက်ပါအောင် ကြိုးစားနေတာ၊ ကိုယ့်မကျေနပ်ချက်တွေကို ရင်ဖွင့်နေတာ မဟုတ်ဘူးလား။ အဲဒါက ဘုရားကို ပြစ်မှားတာပဲလေ။ အဲဒါကို တွေးမိလေလေ ပိုပြီး ခံစားရလေပဲ။ ကျွန်တော်လည်း ဘုရားရှေ့မှောက် မြန်မြန် ဆုတောင်းချက်ပြုပြီး၊ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်တယ်။ ဆုတောင်းပြီးတော့၊ သေချာစဉ်းစားကြည့်တယ်။ ကျွန်တော့်လက်အောက်က လူတစ်ယောက်ယောက် သိပ်မကြာခင် တခြားကိုပြောင်းရမယ်ဆိုတဲ့အခါတိုင်း၊ ဘာဖြစ်လို့ ကျွန်တော်က ငြင်းဆန်ပြီး၊ မဖြစ်အောင်တားဖို့ ကြိုးစားတာလဲ။ ကျွန်တော် အဲဒီလိုပြုမူပုံရဲ့ နောက်ကွယ်က သဘောသဘာဝ အစစ်အမှန်က ဘာလဲ။

ဘုရားရဲ့ ဒီနှုတ်ကပတ်တော်တွေကို ကျွန်တော် ဖတ်မိပြန်တယ်၊ “တာဝန်များဟူသည်မှာ ဘုရားသခင်မှ လူတို့အား အပ်ထားသော အလုပ်များဖြစ်သည်။ ယင်းတို့မှာ လူတို့ပြီးမြောက်ရမည့် အထူးတာဝန်များဖြစ်သည်။ သို့သော်လည်း တာဝန်တစ်ခုဟူသည်မှာ သင်ကိုယ်တိုင် ကိုယ်တိုင်ကိုယ်ကျ စီမံရသည့် လုပ်ငန်းမဟုတ်သည်မှာ အသေအချာပင်ဖြစ်သကဲ့သို့ အများသူငါထဲမှ သင် ပိုမိုပေါ်လွင်ဖို့အတွက် အသာစီးရခြင်းတစ်ခုလည်း မဟုတ်ပေ။ လူအချို့က ၎င်းတို့၏တာဝန်များကို ၎င်းတို့၏ကိုယ်ပိုင် စီမံအုပ်ချုပ်မှုထဲ ပါဝင်ပတ်သက်ဖို့ အခွင့်အရေးများအဖြစ် အသုံးချတတ်သည်၊ အချို့က မိမိတို့၏အလိုဆန္ဒများကို ဖြည့်ဆည်းရန်၊...တာဝန်နှင့်ပတ်သက်၍ ထိုသို့သော သဘောထားများမှာ မမှန်ကန်ပေ။ ယင်းတို့က ဘုရားသခင်ကို စက်ဆုပ်ရွံရှာစေသဖြင့် အဆောတလျင် ဖြေရှင်းရမည်ဖြစ်သည်။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ) “ယနေ့ အလုပ်၏ အကြောင်းအရာမှာ လူတို့က ‘ဗိမာန်တော်သည် ဘုရားသခင်ထက် ကြီးမြတ်သည်’ ဟူသည့်အဖြစ်မျိုး အတူတူပင် လုပ်နေကြဦးမည်ဖြစ်သည်။ ဥပမာ လူတို့ သူတို့၏တာဝန်ကို ထမ်းဆောင်ခြင်းကို သူတို့၏အလုပ်ဟု မြင်ကြသည်။ သူတို့သည် ဘုရားသခင်ကို သက်သေခံခြင်းနှင့် အဆင်းနီသောနဂါးကြီးကို တိုက်ခိုက်ခြင်းကို ဒီမိုကရေစီနှင့် လွတ်လပ်မှုအတွက် လူ့အခွင့်အရေးကို ခုခံကာကွယ်သော နိုင်ငံရေးဆိုင်ရာ လှုပ်ရှားမှုအနေနှင့် မြင်ကြသည်။ ၎င်းတို့၏ နည်းပညာဆိုင်ရာတာဝန်ကို ၎င်းတို့၏ သက်မွေးမှုလုပ်ငန်းအဖြစ် ရှုမြင်ကြသည်။ သို့သော်ငြားလည်း ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းကို စောင့်ထိန်းရမည့်ဘာသာရေးအယူဝါဒ တစ်ခုသာသာ စသဖြင့် ဆက်ဆံကြသည်။ လူသားတို့၏ ဤအပြုအမူများသည် အခြေခံအားဖြင့် ‘ဗိမာန်တော်က ဘုရားသခင်ထက် ကြီးမြတ်သည်’ ဆိုသည်နှင့် အတူတူပင် ဖြစ်သည်မဟုတ်လော။ ထိုလွန်ခဲ့သော နှစ်နှစ်ထောင်ကာလတွင် လူတို့သည် ရုပ်ပိုင်းဆိုင်ရာ ဗိမာန်တော်တွင် သူတို့၏ကိုယ်ပိုင် လုပ်ငန်းတို့ကို လုပ်ဆောင်နေကြသည်။ သို့သော်လည်း ယနေ့ လူတို့သည် သူတို့၏ ကိုယ်ပိုင်လုပ်ငန်းတို့ကို အကောင်အထည်ပြ၍မရသော ဗိမာန်တော်တို့တွင် လုပ်ဆောင်ကြသည်။ စည်းမျဉ်းများကို တန်ဖိုးထားသော ဤလူတို့သည် စည်းမျဉ်းများကို ဘုရားသခင်ထက် ပိုကြီးမြတ်သည်ဟု မြင်ကြသည်။ အဆင့်အတန်းကို ချစ်ကြသော လူတို့သည် အဆင့်အတန်းကို ဘုရားသခင်ထက် ကြီးမြတ်သည်ဟု မြင်ကြသည်။ အလုပ်ကို ချစ်ကြသောလူတို့သည် အလုပ်ကို ဘုရားသခင်ထက် ပိုကြီးမြတ်သည်ဟု မြင်ကြသည် စသဖြင့်ဖြစ်သည်။ သူတို့၏ ဖော်ပြချက်အားလုံးက ငါ့ကို ဤကဲ့သို့ပြောစေသည်။ ‘လူတို့က သူတို့၏စကားလုံးတို့မှတစ်ဆင့် ဘုရားသခင်ကို အကြီးမြတ်ဆုံးအဖြစ် ချီးမွမ်းကြသည်။ သို့သော်လည်း သူတို့၏မျက်လုံး၌ဆိုလျှင် အရာရာတိုင်းက ဘုရားသခင်ထက် ပိုပြီး ကြီးမြတ်နေသည်။’ ဤအရာသည် လူတို့က သူတို့၏ ကိုယ်ပိုင် အရည်အချင်းတို့ကို ပြသရန်၊ သို့မဟုတ် သူတို့၏ကိုယ်ပိုင်လုပ်ငန်း၊ သို့မဟုတ် သူတို့၏ အသက်မွေးဝမ်းကျောင်းအလုပ်တို့ကို လုပ်ဆောင်ရန်၊ ဘုရားသခင်နောက်ကိုလိုက်သော သူတို့၏လမ်းကြောင်းတစ်လျှောက်မှာ အခွင့်အရေးကို တွေ့သည်နှင့် တစ်ပြိုင်နက် သူတို့ကိုယ်သူတို့ ဘုရားသခင်ထံမှ ဝေးကွာစေပြီး သူတို့ချစ်သော အသက်မွေးဝမ်းကျောင်းအလုပ်တို့ထဲတွင် နှစ်မြှုပ်လိုက်ကြသောကြောင့်ဖြစ်သည်။ ဘုရားသခင်က သူတို့အပေါ် တာဝန်ပေးစေခိုင်းထားသောအရာနှင့် သူ့အလိုတော်အတွက်မှာမူ ဤအရာတို့က စွန့်ပစ်ခံထားရသည်မှာ ကြာပါပြီ။ ဤနေရာမှာ ဤလူတို့နှင့် လွန်ခဲ့သော နှစ်နှစ်ထောင်တုန်းက ဗိမာန်တော်၌ သူတို့၏ ကိုယ်ပိုင်လုပ်ငန်းတို့ကို လုပ်ဆောင်ကြသောသူတို့နှင့် ဘာကွာသနည်း။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)”)

ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်ကြည့်ရင်းနဲ့၊ ကိုယ့်လုပ်ရပ်တွေရဲ့ အနှစ်သာရကို ပိုပြီး ရှင်းရှင်းလင်းလင်း နားလည်သွားတယ်။ ခေါင်းဆောင်က ကျွန်တော့်အဖွဲ့က လူတစ်ယောက်ကို ပြောင်းမယ်လုပ်တိုင်း၊ ကျွန်တော်က ဆန့်ကျင် နှောင့်ယှက်မိတယ်ဆိုတာ၊ အဓိကကတော့ ကျွန်တော့်တာဝန်ကို ကိုယ့်အပိုင်လုပ်ငန်းလို သဘောထားတာကြောင့်ပဲ။ အဲဒီညီအစ်ကိုမောင်နှမတွေကို ကျွန်တော် လေ့ကျင့်ပေးထားတဲ့ လူတွေလို့ပဲ အမြဲတမ်း ထင်ခဲ့တယ်။ ဒါကြောင့် ကျွန်တော့်လက်အောက်မှာပဲ သူတို့တာဝန်ကို လုပ်သင့်တယ်၊ ကျွန်တော့်အဖွဲ့ရဲ့အလုပ်ကိုပဲ တိုးတက်အောင် လုပ်ကြရမယ်။ သူတို့ကို တခြားနေရာတွေ မပြောင်းသင့်ဘူးပေါ့။ ကျွန်တော့်တွေးခေါ်ပုံက ယုတ္တိမတန်လွန်းတာပါ။ တော်တော် အဓိပ္ပာယ်မရှိခဲ့တာ။ အဲဒီညီအစ်ကိုမောင်နှမတွေက ဘယ်လိုအရည်အချင်းတွေ၊ အားသာချက်တွေပဲရှိရှိ၊ အဲဒါတွေအားလုံးကို ဘုရားက သူ့အမှုအတွက် ကြိုပြီးပြဋ္ဌာန်းထားတာပါ။ သူတို့ကို ဘုရားအိမ်တော်ထဲမှာ လိုအပ်တဲ့ဘယ်နေရာဖြစ်ဖြစ် ထားရမှာပဲ။ အဲဒါက အမှန်တရားပဲလေ။ ဒါပေမဲ့ ကျွန်တော်က သူတို့ကို ကိုယ့်ထိန်းချုပ်မှုအောက်မှာပဲ ရှိနေအောင် ကြိုးစားခဲ့တယ်။ ကိုယ့်ကို အစေခံဖို့၊ ကိုယ့်အတွက် အလုပ်လုပ်ပေးဖို့ ကိရိယာတွေအဖြစ် သဘောထားခဲ့တယ်။ ကိုယ့်လူတစ်ယောက်ကို တခြားနေရာ ပြောင်းပေးချင်တဲ့ ဘယ်သူကိုပဲဖြစ်ဖြစ် ဆန့်ကျင်မိတယ်။ ဝေဖန်တာတွေတောင် လုပ်ခဲ့မိတယ်။ နောက်ကွယ်မှာ အုပ်စုတွေဖွဲ့ဖို့လည်း ကြိုးစားခဲ့တယ်။ ကျွန်တော်က သခင်ယေရှုကို ဆန့်ကျင်ခဲ့ကြတဲ့ ဖာရိရှဲတွေနဲ့ ဘာများ ခြားနားတော့လို့လဲ။ ဖာရိရှဲတွေက ဗိမာန်တော်ကို သူတို့ကိုယ်ပိုင် ဩဇာလွှမ်းမိုးတဲ့ နယ်မြေလို့ မြင်ပြီး၊ ယုံကြည်သူတွေ သခင်ယေရှုနောက် လိုက်ဖို့ ထွက်သွားကြမှာကို ခွင့်မပြုဘူးလေ။ သူတို့ကိုယ်ပိုင် ဂုဏ်ဒြပ်နဲ့ ဝင်ငွေတွေကို ဆက်ထိန်းနိုင်အောင်၊ ယုံကြည်သူတွေကို ထိန်းချုပ်ဖို့ ဘာမဆိုလုပ်ခဲ့ကြတယ်။ ယုံကြည်သူတွေကို သူတို့က ပိုင်တယ်ဆိုပြီး အရှက်မရှိ ပြောဆိုခဲ့ကြတယ်။ ကျွန်တော်ဆိုလည်း၊ ညီအစ်ကိုမောင်နှမတွေကို ကိုယ့်ထိန်းချုပ်မှုအောက်မှာပဲ ထားချင်ခဲ့တာလေ။ သူတို့ကို ဘုရားအိမ်တော်ဆီ လွှဲမပေးချင်ခဲ့ဘူး။ ကျွန်တော်က ဘုရားကို ဆန့်ကျင်ဖို့ ကိုယ့်ဩဇာနယ်ပယ်ကို အသုံးချနေတာမဟုတ်ဘူးလား။ အန္တိခရစ်တစ်ယောက်ရဲ့လမ်းကို လျှောက်ပြီး၊ ဘုရားကို ခုခံနေခဲ့တာပါ။ ကျွန်တော်က ကိုယ်တော့်စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိပြီလေ။ ဒီအတွေးနဲ့ ကျွန်တော် ကြောက်လန့်သွားတယ်။ တစ်ကိုယ်ကောင်းဆန်ပြီး ရွံစရာကောင်းတဲ့၊ ဆိုးယုတ်တဲ့ ကိုယ့်စိတ်သဘောထားကို စပြီး မုန်းတီးလာမိတယ်။ ဘုရားသခင်ဆီမှာ နောင်တတွေနဲ့ အပြေးအလွှား ဆုတောင်းတယ်။ အဲဒီနောက် ကျွန်တော်လည်း ညီမလုကို သူ့အပြောင်းအရွှေ့ကိစ္စ သွားပြောပြတယ်။ နောက်တော့ ကျွန်တော် လှည့်စားခဲ့ဖူးတဲ့ ညီအစ်ကိုနဲ့လည်း စကားပြောတယ်။ ကျွန်တော် ပြောခဲ့တာတွေရဲ့ သဘောသဘာဝနဲ့ အကျိုးဆက်တွေကို မိတ်သဟာယပြုပြီး စိစစ်ပြလိုက်တယ်။ သူလည်း ချင့်ချိန်မှုနည်းနည်း ရသွားတာပေါ့။ ကျွန်တော်လည်း နောက်ဆုံးတော့ ငြိမ်းချမ်းမှုနည်းနည်း ရသွားတယ်။

အစ်ကိုချန်းနဲ့ ညီမလု ပြောင်းသွားပြီးနောက်မှာ၊ ညီမလီက အဖွဲ့ထဲကို ရောက်လာတယ်။ သူက အရည်အချင်းကောင်းရှိတဲ့အပြင်၊ အကြောင်းအရာတွေကိုလည်း နားလည်တာ မြန်တယ်။ အဖွဲ့ရဲ့အလုပ်မှာ နှောင့်နှေးတာ မရှိခဲ့ဘူး။ ကိုယ့်ရည်ရွယ်ချက်တွေအတွက် မဟုတ်ဘဲ၊ ဘုရားအိမ်တော်ရဲ့ အကျိုးအတွက် ကိုယ့်တာဝန်ကို လုပ်ဆောင်တာက ဘုရားရဲ့ကောင်းချီးတွေကို မြင်ရဖို့ အစစ်အမှန်လမ်းပဲဆိုတာကို ကျွန်တော် တကယ် တွေ့ကြုံလိုက်ရတယ်။ ဘုရားက အလုပ်တာဝန်အတွက် သင့်တော်တဲ့လူတွေကို စီစဉ်ပေးပါလိမ့်မယ်။ သူ့အမှုတော်ကို သူကိုယ်တိုင် ထိန်းသိမ်းပါလိမ့်မယ်။ အဲဒီလိုနဲ့ သုံးလလောက်ကြာတော့၊ တစ်ရက်မှာ ညီမလင်းက စည်းဝေးပွဲတစ်ခုကနေ ပြန်လာတယ်။ အနားမှာရှိတဲ့ အသင်းတော်တစ်ခုက ဧဝံဂေလိအလုပ်နဲ့ အောင်မြင်နေတယ်၊ သူတို့မှာ လူသစ်တွေကို ရေလောင်းပေးမယ့် လူတွေ တော်တော် လိုနေတယ်လို့ သူက ပြောပြတယ်။ ခေါင်းဆောင်ကလည်း ညီမလီကို ရေလောင်းပေးတဲ့အလုပ် သွားလုပ်ဖို့ အကြံပေးလာတယ်။ ကျွန်တော်လည်း နည်းနည်း မကျေမနပ်ဖြစ်မိပြန်တယ်။ ဒါပေမဲ့ ကိုယ့်အခြေအနေက မှားနေမှန်း ချက်ချင်း အသိတရားရတယ်။ ကိုယ့်နာမည်နဲ့ အဆင့်အတန်းအတွက် ဘုရားအိမ်တော်ရဲ့အကျိုးကို အမြဲလိုလို အလေးမထားခဲ့တာတွေကို စဉ်းစားမိတယ်။ ကျွန်တော် တော်တော် ရှက်မိတဲ့အပြင်၊ အပြစ်ရှိလွန်းသလိုလည်း ခံစားရတယ်။ အဲဒီအချိန်မှာပဲ ဘုရားရဲ့ ဒီနှုတ်ကပတ်တော်တွေက စိတ်ထဲ ရောက်လာတယ်၊ “တာဝန်တစ်ရပ်ဟူသည် သင်၏ကိုယ်ပိုင် သီးသန့်အရေးကိစ္စ မဟုတ်သည့်အပြင်၊ ယင်းကို ဖြည့်ဆည်းခြင်းအားဖြင့် သင်သည် မိမိကိုယ်တိုင်အတွက် တစ်စုံတစ်ခု ပြုလုပ်နေခြင်း သို့မဟုတ် သင်၏ကိုယ်ပိုင် တစ်ကိုယ်ရေလုပ်ငန်းကို စီမံလုပ်ဆောင်နေခြင်း မဟုတ်ပါပေ။ သင်သည် ဘုရားသခင်၏ အိမ်တော်ထဲတွင် မည်သည့်အရာကို လုပ်ဆောင်စေကာမူ သင်၏ကိုယ်ပိုင်လုပ်ငန်းကို လုပ်ဆောင်နေခြင်း မဟုတ်ပါ။ ယင်းမှာ ဘုရားအိမ်တော်၏အလုပ်၊ ဘုရားသခင်၏အလုပ် ဖြစ်သည်။ သင်သည် ဤအသိကို စိတ်ထဲအမြဲတမ်း မွေးထားရမည်ဖြစ်ပြီး ‘ဤအရာသည် ကျွန်ုပ်၏ ကိုယ်ပိုင်အရေးကိစ္စ မဟုတ်ပါ။ ကျွန်ုပ်သည် ကျွန်ုပ်၏တာဝန်ကို လုပ်ဆောင်နေပြီး ကျွန်ုပ်၏ဝတ္တရားကို ဆောင်ရွက်နေခြင်း ဖြစ်သည်။ ကျွန်ုပ်သည် ဘုရားအိမ်တော်၏အလုပ်ကို လုပ်ဆောင်နေခြင်း ဖြစ်သည်။ ဤအရာသည် ကျွန်ုပ်အား ဘုရားသခင် အပ်နှံထားသော အလုပ်တစ်ခုဖြစ်ပြီး ယင်းကို သူ့အတွက် လုပ်ဆောင်နေခြင်းဖြစ်သည်။ ဤအရာသည် ကျွန်ုပ်၏ကိုယ်ပိုင် သီးသန့်အရေးကိစ္စ မဟုတ်ပါ။’ ဟု ပြောရမည်ဖြစ်သည်။ အကယ်၍ ထိုအရာကို သင်၏ကိုယ်ပိုင် သီးသန့်အရေးကိစ္စဖြစ်သည်ဟု သင်ထင်မြင်ပြီး ယင်းကို သင့်ကိုယ်ပိုင် ရည်ရွယ်ချက်များအတိုင်း လုပ်ဆောင်ပါက သင် ဒုက္ခရောက်တော့မည်ဖြစ်သည်။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ) ဘုရားနှုတ်ကပတ်တော်တွေကြောင့် ပိုပြီးတော့ ရှင်းရှင်းလင်းလင်း ဖြစ်သွားတယ်။ ကိုယ့်အလုပ်တာဝန်ဆိုတာ ကိုယ့်ကို ဘုရားရဲ့တာဝန်ပေးစေခိုင်းချက်ပဲ၊ ကျွန်တော့်ကိုယ်ပိုင်လုပ်ငန်း မဟုတ်ဘူး။ ကိုယ့်အကျိုး ပြည့်အောင် ကိုယ် ကြိုက်သလို လုပ်လို့မရဘူး။ ကျွန်တော့်အနေနဲ့ ဘုရားအိမ်တော်ရဲ့အကျိုးကို ထည့်တွက်သင့်တယ်၊ သမ္မာတရားကို ရှာဖွေသင့်တယ်၊ ဘုရား သတ်မှတ်တာကို လုပ်ဆောင်သင့်တယ်။ အဲဒါက ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကိုယ့်အလုပ်တာဝန်မှာ ရှိသင့်တဲ့ တစ်ခုတည်းသော သဘောထားနဲ့ အသိစိတ်ပဲ။ ကျွန်တော်က ကိုယ့်အကျိုးအတွက်ပဲ အမြဲ စဉ်းစားလေ့ရှိခဲ့တာပါ။ ဘုရားအိမ်တော်ရဲ့အကျိုးကို ထိခိုက်စေတဲ့၊ ဘုရားကို ခုခံတဲ့ ကိစ္စတွေအများကြီး ကျွန်တော် လုပ်ခဲ့မိတယ်။ အဲဒီပုံစံအတိုင်း ဆက်ပြီး နေထိုင်လို့မရတော့ဘူးဆိုတာ ကျွန်တော် သိလိုက်တယ်။ ကျွန်တော့်အနေနဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ ကိုယ့်ဆန္ဒတွေကို စွန့်လွှတ်ရမယ်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရမယ်။ ဒီအတွေးနဲ့တင် ကျွန်တော် တကယ် စိတ်အေးသွားရတယ်။ ညီမလင်းကိုလည်း ပြောလိုက်တယ်၊ “ခေါင်းဆောင်က ဘုရားအိမ်တော်ရဲ့အလုပ်ကို အကျိုးပြုအောင် ဒါကို စီစဉ်တာပါ။ ညီမလီကို သူ့တာဝန်အပြောင်းအလဲအကြောင်း၊ ငါတို့ ချက်ချင်း ပြောသင့်တယ်။ ဘုရားအိမ်တော်ရဲ့အလုပ်ကို ထိခိုက်မိလို့မဖြစ်ဘူး” ပေါ့။

ကျွန်တော့်အလုပ်တာဝန်မှာ ကိုယ်ကျိုးကို စွန့်လွှတ်တတ်လာတယ်၊ ဘုရားအိမ်တော်ရဲ့အလုပ်ကို စဉ်းစားပေးလာတယ်၊ ကိုယ့်နေရာကို သိလာတယ်၊ အသိစိတ်နဲ့ ဆင်ခြင်တုံတရား နည်းနည်း ရှိလာတယ်ဆိုတာတွေက ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်မှုနဲ့ ပြစ်တင်ဆုံးမမှုကို တွေ့ကြုံရင်းနဲ့ ဖြစ်လာခဲ့တာပါ။ ဘုရားသခင်ကို ကျေးဇူးတင်လိုက်တာ။

အရှေ့သို့- မိမိ၏တာဝန်ကို မည်သို့သဘောထားသင့်ပုံ

နောက်တစ်ခုသို့- ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် မိမိကိုယ်ကိုယ် သိရှိခြင်း

သင်သည် သခင် ပြန်ကြွလာခြင်းကို ကြိုဆိုသည့်နည်းလမ်း၊ ဘုရားသခင်နှင့် သာ၍ နီးစပ်သော ပေါင်းသင်းဆက်ဆံရေးတစ်ခုကို တည်ထောင်သည့်နည်းလမ်း၊ ဘုရားသခင်ထံ ဆုတောင်းသည့်နည်းလမ်း စသည်တို့ကို သင်ယူလေ့လာ လိုပါသလား။ ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ဖို့ အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

သခင် ပြန်ကြွလာခြင်းကို ကျွန်တော် ကြိုဆိုပြီးပြီ

ချွမ်းယန်၊ အမေရိကန် ပြည်ထောင်စု အမေရိကန် ပြည်ထောင်စုတွင် ၂၀၁၀ ခုနှစ်၏ ဆောင်းရာသီက ကျွန်တော့်ကို အလွန် ချမ်းအေးစေခဲ့သည်။ လေနှင့် နှင်းတို့၏...

တိုက်ပွဲတစ်ခု

ဇန်ဟွေ တရုတ်ပြည် ကျွန်တော် နာမည် ဇန်ဟွေ ဖြစ်ပြီး၊ ကျွန်တော်တို့ မိသားစု တစ်စုလုံးသည် သခင်ယေရှု၌ ၁၉၉၃ ခုနှစ်တွင် စတင် ယုံကြည် လာခဲ့ကြပါသည်။...

အခက်အခဲတစ်လျှောက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ကျွန်မနှင့်အတူရှိသည်

လီလင်း၊ ဟေနန်းစီရင်စုကျွန်မနာမည် လီလင်းဖြစ်ပြီး ယခုနှစ်တွင် ၇၆ နှစ်ပြည့်ပြီဖြစ်သည်။ ၁၉၇၈ ခုနှစ်တွင် နာမကျန်းဖြစ်ပြီးနောက် ကျွန်မသည်...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်