၈၀။ ထုတ်ပယ်ခံရပြီးသည့်နောက် ပြန်လည်သုံးသပ်ခြင်းများ
၂၀၂၁ ခုနှစ်၊ ဧပြီလတုန်းက အသင်းတော်မှာ ယုံကြည်သူအသစ်တွေကို ကျွန်မ ရေလောင်းနေခဲ့တယ်။ ဒီတာဝန်ကို ကျွန်မ ထမ်းဆောင်ခါစအချိန်က ကျွန်မမှာ ဝန်တာထားတဲ့စိတ် ရှိခဲ့ပြီး စည်းမျဉ်းတွေကို ကြိုးစားပြီးလိုက်နာဖို့ အာရုံစိုက်ခဲ့တယ်။ ကိုယ်နားမလည်တဲ့ ပြဿနာတွေ ကြုံရတိုင်း ညီအစ်ကိုမောင်နှမတွေနဲ့ ခဏခဏ မိတ်သဟာယပြုရင်း ဆုတောင်းပြီး ရှာဖွေခဲ့တယ်။ တဖြည်းဖြည်းနဲ့ ကျွန်မဟာ စည်းမျဉ်းတချို့ကို နားလည်သွားပြီး ကျွန်မရဲ့အလုပ်ကလဲ ရလဒ်တွေ ထွက်လာတာပေါ့။ နှစ်လသုံးလကြာပြီးနောက်မှာ ပိုပိုများတဲ့ လူတွေဟာ မှန်တဲ့ လမ်းခရီးကို ရှာဖွေပြီး စုံစမ်းနေတော့ လူအတော်များများက ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခဲ့ကြတယ်။ ဒီယုံကြည်သူအသစ်တွေ စောနိုင်သမျှ စောစောစီးစီး ရေလောင်းခံရဖို့အတွက် ခေါင်းဆောင်က ကျွန်မကို ယုံကြည်သူအသစ် နောက်ထပ်သုံးဖွဲ့ ကြီးကြပ်ခိုင်းတယ်။ ယုံကြည်သူအသစ်တွေ နောက်ထပ်အများကြီး ရှိနေတာကို ကျွန်မတွေ့တော့ အဲဒီအကြံအစည်ကို အင်တင်တင်ဖြစ်သွားတာပေါ့၊ တွေးမိတယ်။ “ငါ အခုလက်ရှိ ရေလောင်းနေတဲ့ ယုံကြည်သူအသစ်အုပ်စုတွေမှာ ဖြေရှင်းဖို့လိုတဲ့ အယူဆတွေ၊ ပြဿနာတွေနဲ့ အခက်အခဲတွေ အတော်များများရှိတာ။ ဒီလူအုပ်တွေနဲ့တင် ငါ့မှာ စိုးရိမ်ပူပန်စရာတွေက အများကြီးရှိပြီးသား၊ တစ်ခါတလေဆို သူတို့နဲ့ပတ်သက်ပြီး ရလဒ်တွေရဖို့ ထပ်ခါတလဲလဲ မိတ်သဟာယပြုရတာ။ အခု ယုံကြည်သူတွေ အများကြီးပိုတိုးလာတဲ့အတွက် သူတို့တွေ မှန်တဲ့လမ်းခရီးမှာ ခိုင်မာတဲ့ အခြေခံအုတ်မြစ်ကို တည်ထောင်နိုင်အောင်လို့ သူတို့အားလုံးကို ကောင်းကောင်းမွန်မွန် ရေလောင်းပေးဖို့အတွက် အချိန်တွေ၊ အားထုတ်မှုတွေ အများကြီးလိုမှာ။ ဒါက ဒုက္ခများလွန်းတယ်။ ကိစ္စတွေ ဒီလိုသာ ဆက်ဖြစ်နေရင် ငါ့ခန္ဓာကိုယ်က ဘယ်လိုများ နိုင်နိုင်နင်းနင်း ဖြေရှင်းနိုင်မှာလဲ။ လက်ရှိအခြေအနေမှာတောင် လူရော၊ စိတ်ပါ သိပ်ဟန်တာမဟုတ်ဘူး။ ခြေကုန်လက်ပန်းကျလို့ ငါ နေမကောင်းဖြစ်တဲ့အခါ ငါ တကယ်ကို ပြဿနာတက်မှာ” လို့ပေါ့။ ကြီးကြပ်ရေးမှူးက ယုံကြည်သူအသစ်တွေကို ရေလောင်းတာ တော်တော် ကြာနေပြီးတော့ ဒီအလုပ်တာဝန်ရဲ့ စည်းမျဉ်းတွေအပေါ် ခိုင်မာတဲ့ သဘောပေါက်မှုရှိတာကို ကျွန်မသိထားတယ်။ ဒါနဲ့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ပြောလိုက်တယ်။ “နောင်မှာ ပိုခက်တဲ့ပြဿနာတွေဆို ကြီးကြပ်ရေးမှူးကိုပဲ ငါ ဖြေရှင်းခိုင်းလိုက်သင့်တယ်။ အဲဒါဆိုရင် ဘုရားနှုတ်ကပတ်တော်တွေကို ရှာဖို့၊ ယုံကြည်သူအသစ်တွေကို နှုတ်ကပတ်တော်တွေနဲ့ မိတ်သဟာယပြုပေးဖို့ ငါ အားထုတ်စရာ လိုမှာမဟုတ်ဘူး။ သူတို့ပြဿနာတွေ မြန်မြန်ပြေလည်ရုံတင်မကဘူး ငါလဲ နည်းနည်းအနားရတဲ့အပြင် အချိန်ကုန် လူပန်းဖြစ်မှာ မဟုတ်ဘူး။ အဲဒါက ပျားလဲစွဲသာ၊ ရှဉ့်လဲလျှောက်သာ မဖြစ်ဘူးလား” ပေါ့။ အဲဒီအချိန်ကစလို့ ယုံကြည်သူအသစ်တွေကို ရေလောင်းပြီး ကိုယ် ရှင်းရှင်းလင်းလင်း မသိမြင်နိုင်တဲ့ အခက်အခဲတွေ၊ ပြဿနာတွေကို ကြံရတဲ့အခါတိုင်း သမ္မာတရားစည်းမျဉ်းတွေကို ကျွန်မ ရှာရမဲ့အစား ပြဿနာတွေကို ကြီးကြပ်ရေးမှူးဆီ တိုက်ရိုက်ပုံပေးပြီး မိတ်သဟာယပြုဖို့နဲ့ အဲဒီပြဿနာတွေကို ဖြေရှင်းဖို့ သူ့ကိုပဲ မေတ္တာရပ်ခံလိုက်တယ်။
စုဝေးပွဲတစ်ခုမှာ ကြီးကြပ်ရေးမှူးက ကျွန်မကို ဖော်ထုတ်ပါလေရော။ “အစ်မ အခုတလော ဘာတွေဖြစ်နေတာလဲ။ အစ်မတာဝန်မှာလဲ လုံ့လဝီရိယ မရှိဘူး။ ယုံကြည်သူအသစ်တစ်ယောက် ပြဿနာတစ်ခု၊ အခက်အခဲတစ်ခု ကြုံရတိုင်း အစ်မက အဲဒါကိုဖြေရှင်းဖို့ သမ္မာတရားကို မရှာဘဲ အဲဒါနဲ့ပတ်သက်ပြီး ကျွန်မကိုပဲ မိတ်သဟာယပြုခိုင်းတယ်။ ဒီပုံအတိုင်းဆိုရင် အစ်မဟာ ခန္ဓာကိုယ်က သိပ်ဒုက္ခခံရတာမျိုးမရှိဘဲ နေရင်နေမယ်၊ ဒါပေမဲ့ သမ္မာတရား ရနိုင်ပါ့မလား။ ဝန်တာထားတဲ့စိတ် တစ်စက်မှ မရှိဘဲ အစ်မတာဝန်ကို ထမ်းဆောင်ပြီး ဇာတိပကတိ သက်သာတာကိုပဲ ဆက်ပြီး မက်မောနေရင် သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကို ဆုံးရှုံးဖို့ လွယ်တယ်။ ပြီးတော့ အစ်မဟာ အနှေးနဲ့အမြန်ဆိုသလို ဖော်ထုတ်ပြီး ဖယ်ရှားရှင်းလင်းတာ ခံရတော့မယ်။ အစ်မ ကိုယ့်ကိုယ်ကိုယ် သေချာ ပြန်သုံးသပ်မှဖြစ်မယ်” တဲ့။ ကြီးကြပ်ရေးမှူးရဲ့ စကားတွေကို ကြားတော့ ကျွန်မ စိတ်မကောင်းဖြစ်ပြီး နောင်တရသွားတယ်။ ကျွန်မ လုပ်နေခဲ့သလိုမျိုး ဆက်လုပ်ဖို့ဆိုတာ တကယ်ကို အန္တရာယ်များမှန်း သဘောပေါက်သွားခဲ့တယ်။ ဒါနဲ့ ကျွန်မ ဘုရားသခင်ဆီကို ဆုတောင်းလိုက်တယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ပြီး ကိုယ့်ကိုယ်ကိုယ် ပိုနားလည်အောင် လမ်းပြပေးဖို့ တောင်းလျှောက်လိုက်တယ်လေ။
တစ်နေ့မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူအချို့သည် မည်သည့်အလုပ်ကို လုပ်သည်ဖြစ်စေ၊ မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ စွမ်းရည်သတ္တိ မရှိပေ။ ယင်းကို မထမ်းရွက်နိုင်ပေ။ ပြီးလျှင် ၎င်းတို့သည် လူတစ်ယောက် ဖြည့်ဆည်းသင့်သည့် မည်သည့်တာဝန်ကိုမဆို၊ မည်သည့်ဝတ္တရားကိုမဆို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်စွမ်းရှိပေ။ ၎င်းတို့သည် အမှိုက်သရိုက် မဟုတ်လော။ ၎င်းတို့ကို လူသားဟု ခေါ်ထိုက်သေးသလော။ ခြွင်းချက်အနေဖြင့် ငနုံ၊ ငအ၊ စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းသူများနှင့် ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းသူများမှလွဲ၍ မိမိတို့၏ တာဝန်များကို မထမ်းဆောင်သင့်သော၊ မိမိတို့၏ ဝတ္တရားများကို ကောင်းမွန်စွာ မဖြည့်ဆည်းသင့်သော အသက်ရှင်သူ တစ်ဦးတလေရှိသလော။ သို့သော် ဤသို့သောသူမျိုးသည် အစဉ်စိတ်မချရဘဲ အချောင်ခိုသည်။ ပြီးလျှင် မိမိတာဝန်တို့ကို ကောင်းမွန်စွာ မဖြည့်ဆည်းလိုပေ။ သွယ်ဝိုက်ညွှန်းဆိုသည်မှာ ၎င်းတို့သည် သင့်လျော်သောလူသားတစ်ဦး မဖြစ်လိုပေ။ ဘုရားသခင်က ၎င်းတို့ကို လူသားတစ်ဦးဖြစ်ရန် အခွင့်အလမ်းပေးခဲ့သည်။ အစွမ်းအစနှင့် ဆုကျေးဇူးများပေးခဲ့သည်။ သို့တိုင်အောင် ဤအရာတို့ကို မိမိတို့၏တာဝန် ထမ်းဆောင်ခြင်း၌ ၎င်းတို့ အသုံးမပြုနိုင်ပေ။ ၎င်းတို့သည် မည်သည့်အရာကိုမျှ မလုပ်ဆောင်ဘဲ အချိန်တိုင်း ပျော်ရွှင်မှုကို အလွန်ခံစားလိုသည်။ ဤသို့သောသူတစ်ဦးသည် လူသားဟု ခေါ်ခံရရန် သင့်တော်သလော။ မည်သည့်အလုပ်ကို ၎င်းတို့အား ပေးသည်ဖြစ်စေ၊ အရေးကြီးသည်ဖြစ်စေ၊ သာမန်ဖြစ်သည်ဖြစ်စေ၊ ခက်ခဲသည်ဖြစ်စေ၊ ရိုးရှင်းသည်ဖြစ်စေ ၎င်းတို့သည် အစဉ် ဝတ်ကျေတမ်းကျေဆန်ပြီး စိတ်မချရကာ အချောင်ခိုကြသည်။ ပြဿနာများဖြစ်ပေါ်သောအခါ ၎င်းတို့၏တာဝန်ကို အခြားလူများဆီသို့ တွန်းပို့ဖို့ ကြိုးစားပြီး တာဝန်ယူခြင်းမရှိပေ။ ပြီးလျှင် ၎င်းတို့၏ ကပ်ပါးရပ်ပါးဘဝများကို ဆက်လက်အသက်ရှင်လိုသည်။ ၎င်းတို့သည် အသုံးမဝင်သော အမှိုက်များ မဟုတ်လော။ လူ့အဖွဲ့အစည်းတွင် ငွေရှာရန် မည်သူက မိမိကိုယ်ကို မမှီခိုရသနည်း။ လူတစ်ဦးသည် အရွယ်ရောက်သည်နှင့် ကိုယ့်ဝမ်းစာကိုယ် ရှာရမည်။ သူ၏ မိဘများက ၎င်းတို့၏တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းပြီး ဖြစ်သည်။ သူ၏မိဘများက သူ့အား ထောက်ပံ့လိုစိတ်ရှိလျှင်ပင် သူသည် ယင်းနှင့်ပတ်သက်ပြီး စိတ်အေးလိမ့်မည်မဟုတ်။ သူ၏မိဘများသည် သူ့ကို ပျိုးထောင်သည့်တာဝန်ကို ပြီးဆုံးသွားပြီဖြစ်သည်ကိုလည်းကောင်း၊ သူသည် ကျန်းမာသန်စွမ်းသော အရွယ်ရောက်သူတစ်ဦးဖြစ်ပြီး အမှီအခိုကင်းစွာ အသက်ရှင်နိုင်သင့်သည်ကိုလည်းကောင်း သဘောပေါက်နိုင်အပ်သည်။ ဤသည်မှာ အရွယ်ရောက်သူတစ်ဦးတွင် အနည်းဆုံးရှိသင့်သည့် ဆင်ခြင်တုံတရားမဟုတ်လော။ တစ်စုံတစ်ယောက်က အမှန်ပင် ဆင်ခြင်တုံတရားရှိလျှင် သူ၏မိဘများထံ ဆက်လက်၍ ကပ်စားနေဖို့ မဖြစ်နိုင်ပေ။ သူသည် အခြားလူများက လှောင်ပြောင်မည်ကိုဖြစ်စေ၊ သူ သိက္ခာကျမည်ကိုဖြစ်စေ ကြောက်ရွံ့လိမ့်မည်။ ထို့ကြောင့် သက်သာခြင်းကို ခုံမင်နှစ်သက်ပြီး အလုပ်ကိုမုန်းတီးသောသူသည် ဆင်ခြင်တုံတရားရှိသလော။ (မရှိပါ။) ၎င်းတို့သည် အစဉ်သဖြင့် တစ်စုံတစ်ခုကို အလကား လိုချင်သည်။ မည်သည့်တာဝန်ကိုမျှ ကောင်းမွန်စွာ ဖြည့်ဆည်းလိုခြင်း လုံးဝ မရှိဘဲ ချိုချဉ်များက ကောင်းကင်မှ ကြွေကျပြီး ၎င်းတို့၏ ပါးစပ်ထဲသို့ ကျရောက်စေလိုသည်။ ၎င်းတို့သည် အစဉ်သဖြင့် တစ်ရက်တွင် သုံးနပ်ကောင်းကောင်း စားလိုသည်။ တစ်စုံတစ်ယောက်အား ၎င်းတို့ကို အစဉ် လိုလေသေးမရှိ ပြုစုပေးစေလိုသည်။ ပြီးလျှင် အလုပ် တစ်စက်မျှ မလုပ်ဘဲ အစားအသောက်ကောင်းတို့ကို မွေ့လျော်လိုသည်။ ဤသည်မှာ ကပ်ပါးကောင်တစ်ကောင်၏ စိတ်နေစိတ်ထားမဟုတ်လော။ ကပ်ပါးကောင်ဖြစ်သော လူတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသလော။ သမာဓိနှင့် ဂုဏ်သိက္ခာရှိသလော။ လုံးဝမရှိ။ ၎င်းတို့အားလုံးသည် ကပ်စားသည့် အသုံးမကျသောလူများ ဖြစ်ကြသည်။ အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရားမရှိသော သားရဲတိရစ္ဆာန်များဖြစ်ကြသည်။ ၎င်းတို့ထဲမှ မည်သူမျှ ဘုရားအိမ်တော်တွင် ကျန်ရှိနေဖို့ မသင့်တော်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၈)) ဘုရားနှုတ်ကပတ်တော်တွေနဲ့ဆက်စပ်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်တော့ ကိုယ့်တာဝန်အပေါ် ကျွန်မရဲ့ သဘောထားက မထီမဲ့မြင်ဖြစ်လွန်းပြီး ဝတ်ကျေတမ်းကျေဆန်လွန်းတာကို ကျွန်မ သတိပြုမိသွားတယ်။ ကျွန်မ ဖြည့်ဆည်းသင့်တဲ့ တာဝန်တွေနဲ့ ဝတ္တရားတွေကိုတောင် ကျွန်မ မဖြည့်ဆည်းနိုင်ခဲ့ဘူး။ ကျွန်မက တကယ်ကို အမှိုက်နဲ့ တစ်ပုံစံတည်းပဲ။ ကျွန်မရဲ့ အလုပ်ပမာဏ တိုးလာပြီး ဒုက္ခခံဖို့နဲ့ အဖိုးအခပေးဖို့ လိုလာတိုင်း ကျွန်မ ပထမဆုံးအလေးထားတာက ကိုယ့်ဇာတိပကတိပဲ။ ရေလောင်းဖို့ နောက်ထပ် ယုံကြည်သူအသစ်တွေရှိနေတော့ ကိုင်တွယ်ဖို့နဲ့ ဖြေရှင်းဖို့ ပြဿနာတွေ ပိုများမှာပဲလို့ ကျွန်မတွေးခဲ့တယ်။ ယုံကြည်သူအသစ်တစ်ယောက်ချင်းစီကို စိတ်ရှည်လက်ရှည် မိတ်သဟာယပြုပြီး ထောက်ပံ့ပေးရရင် စိတ်ပူစရာတွေ အရမ်းများပြီး လူပင်ပန်းသွားမှာပဲပေါ့လေ။ ဒုက္ခခံရမှာနဲ့ ခြေကုန်လက်ပန်းကျပြီး နေမကောင်းဖြစ်သွားမှာကို ကျွန်မ စိုးရိမ်ခဲ့လို့ ကျွန်မ ခိုကပ်ပြီး ဝတ်ကျေတမ်းကျေဖြစ်စပြုလာတာပေါ့။ နည်းနည်းလေးပဲ ရှုပ်ထွေးတဲ့ ပြဿနာတစ်ခုကို ကျွန်မ ကြုံရတဲ့အခါတိုင်း သမ္မာတရားရှာဖွေဖို့နဲ့ အဲဒါကို ဖြေရှင်းဖို့ တစ်စက်မှ အားမထုတ်ဘဲ ကိုယ့်ကြီးကြပ်ရေးမှူးဆီကို ချက်ချင်းပုံပေးလိုက်တယ်။ ကျွန်မဟာ တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး လှည့်စားလိုက်တာ။ ပျင်းဖို့နဲ့ ခန္ဓာကိုယ် မပင်ပန်းဖို့ပဲ ကျွန်မ ဂရုစိုက်ခဲ့တယ်။ တခြားလူတွေရဲ့ အလုပ်နဲ့ အခက်အခဲတွေကို ကျွန်မ လုံးဝ မတွေးခဲ့ဘူး၊ ကိုယ့်အပြုအမူကြောင့် သူများတွေ သူတို့ရဲ့ တာဝန်တွေ ထမ်းဆောင်ရာမှာ နှောင့်နှေးကုန်မှာလား ဆိုတာကိုလဲ မတွေးခဲ့ဘူး။ ဒီနည်းနဲ့ဆို ကျွန်မရဲ့ ဇာတိပကတိက ပျင်းပြီး သိပ်ဒုက္ခမခံခဲ့ရပေမဲ့ ကျွန်မဟာ သမ္မာတရားကို မရှာဖွေနေခဲ့လို့ ကျွန်မရဲ့ အသက်တာက လုံးဝကို မတိုးတက်ခဲ့ပါဘူး။ ဒီတော့ အဆုံးမှာ ကျွန်မက တကယ်ကို ဘာများ ရနိုင်မှာလဲ။ ကျွန်မက ကိုယ့်ဒုက္ခကိုယ်ရှာနေတာ မဟုတ်ဘူးလား။ ပျင်းပြီး စိတ်မချရတဲ့ လူတွေဟာ အသုံးမကျတဲ့ အမှိုက်တွေပဲလို့ ဘုရားသခင်က ပြောတယ်။ အမှိုက်ဟာ ဘုရားသခင်ရဲ့ ပစ်ပစ်ခါခါငြင်းပြီး ဖယ်ရှားရှင်းလင်းတာကို ခံရတာ မဟုတ်လား။ ဒီအတွေးနဲ့ ကျွန်မ တော်တော် နောင်တရပြီး ကြောက်သွားတယ်။ ဒါနဲ့ ဘုရားသခင်ဆီကို ကျွန်မ ဆုတောင်းခဲ့တယ်။ ကိုယ့်တာဝန်တွေအပေါ်ထားတဲ့ ကျွန်မရဲ့ သဘောထားကို ပြောင်းလဲပြီး အဲဒီတာဝန်တွေကို လုံ့လရှိရှိ ထမ်းဆောင်ချင်ပါတယ်လို့ ပြောရင်းနဲ့ပေါ့။
အဲဒီနောက်မှာတော့ ယုံကြည်သူအသစ်တွေကို ရေလောင်းနေတုန်း ဘာအခက်အခဲတွေကိုပဲ တွေ့ပါစေ ကျွန်မ ဘုရားသခင်ကို သတိရှိရှိ ဆုတောင်းပြီး ကိုးစားတယ်၊ သမ္မာတရားကို ရှာခဲ့တယ်။ ပြီးတော့ အဲဒီအခက်အခဲတွေကို သူများတွေဆီ ပုံပေးလိုက်မဲ့အစား သူတို့ရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့ စိတ်ရှည်လက်ရှည်နဲ့ မိတ်သဟာယပြုပေးတယ်။ ဒါပေမဲ့လည်း ယုံကြည်သူအသစ်တချို့က စွဲမြဲနေတဲ့ ဘာသာရေး အယူအဆတွေ ရှိပုံများ တချို့အခြေအနေတွေမှာဆို သူတို့က သဲကြီးမဲကြီး ဖက်တွယ်ထားတော့ သူတို့ အဲဒါတွေ လက်လွှတ်အောင်လို့ ကျွန်မမှာ သူတို့နဲ့ သုံးလေးခေါက်လောက် မိတ်သဟာယပြုပေးဖို့ လိုအပ်တာပေါ့။ ဒါကြောင့် နည်းနည်းကြာလာတော့ ကျွန်မ စိတ်ပူစပြုလာပြီး ကိုယ့်အင်အားကို အများကြီး သုံးလာခဲ့တယ်။ အဲဒီအချိန်မှာတော့ ကျွန်မဟာ တော်တော်ကို ထိတ်ထိတ်ပျာပျာ ဖြစ်လာပြီးတော့ ကိုယ့်ဘာသာတွေးမိတယ်၊ “ကိစ္စတွေ ဒီလိုသာ ဆက်ဖြစ်နေရင် ယုံကြည်သူအသစ်တွေကို ကောင်းကောင်း ရေလောင်းပေးဖို့အတွက် ငါ ဘယ်လောက်များ အားစိုက်ထုတ်ရမှာလဲ။ ပင်ပန်းစရာကြီး။ ယုံကြည်သူအသစ်တွေရဲ့ အယူအဆတွေအရ ဆီလျော်တဲ့ ဘုရားနှုတ်ကပတ်တော်အပိုဒ်တချို့ကို ငါ ရှာလိုက်ပြီးတော့ သူတို့ဆီကို ပို့ပြီး ဖတ်ခိုင်းလိုက်လို့ ရနိုင်တာပဲ။ အဲဒီနောက်မှာ သူတို့နားမလည်တာတစ်ခုခု ရှိရင် သူတို့နဲ့ မိတ်သဟာယပြုပေးလို့ ရနိုင်တာပဲ။ အဲဒါဆို ငါ့စိုးရိမ်ပူပန်မှုတွေ နည်းနည်း ပျောက်သွားမယ်” လို့ပေါ့။ ဒါပေမဲ့ ဒါကို ကျွန်မလုပ်တိုင်း နည်းနည်းလေး စနိုးစနောင့်ဖြစ်ရတယ်။ ကျွန်မ ကိုယ့်ဘာသာ ပြောမိတယ်။ “လူချင်းတေ့တေ့ဆိုင်ဆိုင်တွေ့ပြီး အသေးစိတ် မိတ်သဟာယဖွဲ့ပေးတဲ့အခါမှာတောင် သူတို့ရဲ့ အယူအဆတွေကို စွန့်ပစ်အောင်လုပ်ဖို့ အတော်ခက်တာ။” “အကုန်လုံးကို သူတို့ဘာသာဖတ်ဖို့ လွှတ်ထားလိုက်ရင် သူတို့ ဘယ်လိုများ နားလည်နိုင်မှာလဲ။ အေးလေ၊ ဘာပဲဖြစ်ဖြစ်ပေါ့။ ပြဿနာတွေ မပေါ်လာသေးမချင်း မိတ်သဟာယပြုတာကို ခဏ ထားထားလိုက်မယ်” လို့ပေါ့။ ဒီလိုနဲ့ပဲ အဲဒါကို သိပ်တွေးမနေဘဲ ကျွန်မ မေ့ထားလိုက်တယ်။ နည်းနည်းကြာတော့ ယုံကြည်သူအသစ်တချို့က သူတို့ရဲ့ ဘာသာရေးအယူအဆတွေက ချက်ချင်း မပြေလည်သွားလို့ မစုဝေးချင်ကြတော့ဘူး။ ပြီးတော့ တချို့ကဆို သင်းအုပ်တွေနဲ့ အကြီးအကဲတွေရဲ့ အထင်အမြင်မှားအောင် လုပ်တာ၊ အဖျက်အမှောင့်လုပ်တာတွေ ခံရပြီးနောက်မှာ ယုံကြည်တာတောင် ရပ်ပြီး ထွက်သွားကြတယ်။ ဒါမျိုးတွေ ဖြစ်နေတာကို ကျွန်မမြင်တော့ နည်းနည်း အပြစ်ရှိတဲ့စိတ် ခံစားရတယ်။ ဒါပေမဲ့လဲ ကျွန်မ တွေးမိတယ်၊ “အဲဒါ ငါ့တာဝန်ချည်းပဲ မဟုတ်ပါဘူး။ သူတို့ဖတ်ဖို့ ဆီလျော်တဲ့ ဘုရားနှုတ်ကပတ်တော်အပိုဒ်တွေ ငါ ပို့ပေးခဲ့တာပဲ။ ဒီယုံကြည်သူအသစ်တွေကိုက မာနထောင်လွှားလွန်းပြီး ကိုယ့်ကိုယ်ကိုယ် မှန်တယ်လို့ ယူမှတ်လွန်းတာ။ သူတို့က ကိုယ့်အယူအဆတွေကိုပဲ အမြဲ ခေါင်းမာမာနဲ့ လိုက်နာစောင့်ထိန်းပြီး သမ္မာတရားကိုလဲ လက်မခံကြဘူး။ ဒီတော့ သူတို့ကို ကူညီဖို့ ငါလဲ ဘာမှမတတ်နိုင်ဘူးလေ” လို့ပေါ့။ ကျွန်မက ဆက်တိုက် ပျင်းနေခဲ့ပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်ရာမှာ ဝတ်ကျေတမ်းကျေဖြစ်ခဲ့လို့ ဘုရားက သူ့မျက်နှာတော်ကို ကျွန်မ မမြင်အောင် ကွယ်ဝှက်လိုက်တယ်လို့ ခံစားရပြီး ကျွန်မအတွေးတွေက ပိုပိုပြီး မကြည်မလင်ဖြစ်လာတယ်။ ပြဿနာတော်တော်များများအတွက် ဖြေရှင်းချက်ကို မတွေ့နိုင်ခဲ့ဘူး။ ပြီးတော့ ယုံကြည်သူအသစ်တွေနဲ့ ကျွန်မရဲ့ မိတ်သဟာယက စိတ်ဝင်စားစရာ မကောင်းဘဲ ပျင်းစရာကောင်းနေခဲ့တယ်။ ကိုယ့်တာဝန်ကို ထမ်းဆောင်ရတာဟာ အချိန်ကုန်လူပန်းဖြစ်ရပြီး ရလဒ်တွေက ပိုပိုပြီး ဆိုးလာတယ်။ နောက်ပိုင်းမှာ ကျွန်မရဲ့ အခြေအနေက မပြောင်းလဲသေးဘဲ ကျွန်မရဲ့တာဝန်ကို ဆိုးဆိုးရွားရွား ထိခိုက်နေတယ်ဆိုတာကို ကြီးကြပ်ရေးမှူးက မြင်သွားတယ်။ ဒါနဲ့ သူက ကျွန်မကို တာဝန်ထမ်းဆောင်တာကို ရပ်ခိုင်းလိုက်တယ်။ အဲဒီအစား ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ဖို့ ဝတ်ပြုခြင်းကို လက်တွေ့လုပ်ဆောင်ခိုင်းခဲ့တယ်။ ဒါကိုကြားတော့ ကျွန်မ အရုပ်ကြိုးပြတ်လဲသွားပြီးတော့ ကျွန်မရဲ့ မျက်နှာပေါ်မှာ မျက်ရည်တွေက ထိန်းမနိုင်သိမ်းမရ ကျလာတာပေါ့။ ဒါဟာ ဇာတိပကတိကို ကျွန်မ အလေးထားလွန်းပြီး ကိုယ့်တာဝန်မှာ ဆက်တိုက် ဝတ်ကျေတမ်းကျေလုပ်ခဲ့တာတွေရဲ့ အကျိုးဆက်ဖြစ်မှန်း ကျွန်မ ကောင်းကောင်း သိလိုက်ပါတယ်။ ကျွန်မထင်တာတော့ ကျွန်မ ဇာတ်သိမ်းသွားပြီပေါ့။ ဘုရားသခင်ရဲ့ အလုပ်က အဆုံးသတ်တော့မဲ့အချိန်မှာပဲ ကျွန်မက ကိုယ့်တာဝန်ကနေ ရပ်ဆိုင်းခံရတယ်။ ကျွန်မ ဖယ်ရှားရှင်းလင်းခံခဲ့ရတာ မဟုတ်ဘူးလား။ အဲဒီသုံးလေးရက်က တုန်လှုပ်ချောက်ချားစရာ အတွေ့အကြုံတစ်ခုပဲ။ ကျွန်မမှာ ကောင်းကောင်း စားမဝင်၊ အိပ်မပျော်ခဲ့ဘူး။ ကျွန်မရဲ့ သောကတွေကြားကနေ ဒူးထောက်ပြီး ဘုရားသခင်ကို အလေးအနက် ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ သမီးလုပ်ခဲ့တာတွေကြောင့် ကိုယ်တော် သမီးကို စက်ဆုပ်ရွံရှာပြီး မုန်းတီးမှန်း သမီးသိပါတယ်။ ဒါပေမဲ့ သမီးနောင်တရချင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပိုနားလည်အောင် သမီးကို ဉာဏ်အလင်းပေးတော်မူပါ၊ လမ်းပြတော်မူပါ” လို့ပေါ့။ ဆုတောင်းပြီးနောက်မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ “မိမိတို့၏တာဝန်များ၌ လုံးဝ ဒုက္ခမခံလိုသော၊ ပြဿနာတစ်ခုကြုံသည့်အခါတိုင်း အစဉ်သဖြင့် ညည်းညူပြီး အဖိုးအခပေးဖို့ ငြင်းဆန်သော လူအချို့ရှိသည်။ ယင်းမှာ အဘယ် သဘောထားမျိုးဖြစ်သနည်း။ ယင်းသည် ဝတ်ကျေတမ်းကျေဖြစ်သော သဘောထားမျိုးဖြစ်သည်။ သင်သည် မိမိ၏တာဝန်ကို ဝတ်ကျေတမ်းကျေဖြစ်စွာ ထမ်းဆောင်ပြီး မထီမဲ့မြင် သဘောထားဖြင့် ချဉ်းကပ်လျှင် ရလဒ်မှာ မည်သည့်အရာ ဖြစ်မည်နည်း။ သင်သည် မိမိ၏ တာဝန်ကို ကောင်းကောင်းမွန်မွန် ဆောင်ရွက်နိုင်စွမ်းရှိသော်လည်း ညံ့ဖျင်းစွာ ထမ်းဆောင်လိမ့်မည်။ သင်၏ တာဝန်သည် စံမီလိမ့်မည်မဟုတ်သကဲ့သို့ မိမိတာဝန်အပေါ် ထားရှိသည့် သင်၏ သဘောထားကို ဘုရားသခင် အလွန်ပင် ကျေနပ်အားရမှု မရှိဖြစ်လိမ့်မည်။ သင်သည် ဘုရားသခင်ထံ ဆုတောင်းနိုင်ပြီး သမ္မာတရားကို ရှာဖွေနိုင်ခဲ့လျှင်၊ စိတ်နှလုံးအကြွင်းမဲ့ဖြင့် လုပ်ဆောင်နိုင်ခဲ့လျှင်၊ ဤနည်းအားဖြင့် သင် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်လျှင် ဘုရားသခင်က သင့်အတွက် အရာအားလုံးကို ကြိုတင်ပြင်ဆင်ပြီး ဖြစ်လိမ့်မည်။ ဤသို့ဖြင့် အမှုကိစ္စများကို သင် ကိုင်တွယ်သောအခါတွင် အရာရာတိုင်းက အဆင်ပြေချောမွေ့လိမ့်မည်ဖြစ်ပြီး ရလဒ်ကောင်းများ ရရှိလိမ့်မည်။ သင့်အနေဖြင့် ခွန်အားပမာဏများစွာ စိုက်ထုတ်ဖို့ လိုအပ်မည် မဟုတ်ပေ။ သင်သည် ပူးပေါင်းဆောင်ရွက်ဖို့ အစွမ်းကုန် ကြိုးစားသည့်အခါတွင် ဘုရားသခင်သည် သင့်အတွက် အရာရာ စီစဉ်နှင့်ပြီး ဖြစ်လိမ့်မည်။ သင်သည် စိတ်မချရဘဲ အချောင်ခိုပါက၊ သင်၏ တာဝန်ကို သင့်တင့်လျောက်ပတ်စွာ အာရုံစိုက် ထမ်းဆောင်ခြင်း မရှိဘဲ အစဉ်သဖြင့် လမ်းလွဲပါက ဘုရားသခင်သည် သင့်အပေါ် အရေးတယူရှိလိမ့်မည် မဟုတ်ချေ။ သင်သည် ဤအခွင့်အရေးကို ဆုံးရှုံးရလိမ့်မည်ဖြစ်ပြီး ဘုရားသခင်က ‘သင်သည် ညံ့ဖျင်းပေသည်။ သင့်ကို ငါအသုံးမပြုနိုင်။ ဘေးထွက်ရပ်လော့။ သင်သည် ဉာဏ်များပြီး အချောင်ခိုရသည်ကို နှစ်သက်သည် မဟုတ်လော။ ပျင်းရိခြင်းနှင့် အေးဆေးသက်သာ နေရခြင်းကို သင် နှစ်သက်သည် မဟုတ်လော။ ကဲ ထိုသို့ဆိုလျှင် အစဉ်ထာဝရ အေးဆေးသက်သာ နေလော့’ ဟု ဆိုလိမ့်မည်။ ဘုရားသခင်သည် ဤကျေးဇူးတော်နှင့် အခွင့်အရေးကို အခြားသူတစ်ဦးအား ပေးလိမ့်မည်။ သင်တို့ မည်သို့သဘောရသနည်း။ ဤသည်မှာ ဆုံးရှုံးမှုတစ်ခုလော၊ သို့မဟုတ် အကျိုးအမြတ်တစ်ခုလော။ (ဆုံးရှုံးမှုတစ်ခု ဖြစ်ပါသည်။) ယင်းမှာ ဧရာမ ဆုံးရှုံးမှုတစ်ခု ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးနောက်မှာ ကျွန်မ နားလည်သွားတယ်။ ဘုရားသခင်က လူတွေအပေါ် မြင့်မားတဲ့ သတ်မှတ်ချက်တွေ မရှိဘူး။ သူတို့တွေ ကိုယ့်တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့နဲ့ အစွမ်းကုန် ထမ်းဆောင်တာကိုပဲ သူလိုချင်တာပါ။ သူတို့တာဝန်တွေကို သူတို့ အစွမ်းကုန် ထမ်းဆောင်နေသရွေ့ သူတို့ကို ဘုရားသခင်က အသိအမှတ်ပြုမှာပဲ။ ကိုယ့်တာဝန်ကို ထမ်းဆောင်တဲ့အချိန်မှာ အမြဲတမ်း ဖြစ်သလိုလုပ်နေတဲ့ လူတွေ၊ ဉာဏ်များပြီး အခွင့်ရေးသမားဖြစ်တဲ့လူတွေ၊ ကိုယ်လုပ်သင့်ပြီး လုပ်နိုင်တဲ့အရာကို လုပ်မဲ့အစား ပျင်းဖို့နဲ့ သက်သောင့်သက်သာဖြစ်ဖို့ပဲ ကြိုးစားနေတဲ့သူတွေ ဒီလိုလူမျိုးတွေဟာ ဘုရားသခင်ရဲ့ ပစ်ပစ်ခါခါငြင်းတာကို ခံရပြီး သူကယ်တင်တာကို မခံရဘူး။ ဘုရားနှုတ်ကပတ်တော်တွေကို ချင့်ချိန်စဉ်းစားပြီး ကျွန်မရဲ့ လုပ်ရပ်တွေကို ပြန်ကြည့်လိုက်တော့ ကျွန်မဟာ ဘုရားသခင် ပစ်ပစ်ခါခါငြင်းတာကို ခံရတဲ့ လူစားမျိုး မဖြစ်ခဲ့ဘူးလား။ ယုံကြည်သူအသစ်တွေကို ရေလောင်းရာမှာ အသင်းတော်က ကျွန်မကို ကြီးကြပ်ခိုင်းတာဟာ ကျွန်မအတွက်တော့ ဂုဏ်ယူစရာပါပဲ။ ဘုရားသခင်ရဲ့ နိုင်ငံတော် ဧဝံဂေလိတရား ဖြန့်ဝေနေတဲ့ ဒီလို အရေးကြီးလှတဲ့အချိန်မှာ ဒီလောက် အရေးကြီးတဲ့ တာဝန်ကို ထမ်းဆောင်နိုင်တာဟာ အဓိပ္ပာယ်ရှိလွန်းတယ်လေ။ ဒါပေမဲ့ ကျွန်မကတော့ ကျေးဇူးမတင်ခဲ့ဘဲ ကိုယ့်တာဝန်တွေမှာ ဝတ်ကျေတမ်းကျေလုပ်ပြီး သက်သာမှုကိုပဲ အမြဲ မက်မောတောင့်တနေခဲ့တယ်။ နည်းနည်းကြိုးစားပြီး အနစ်နာခံလိုက်ရင် ယုံကြည်သူအသစ်တွေကို ရေလောင်းတဲ့အလုပ်ကို ကျွန်မ ကောင်းအောင် လုပ်နိုင်ခဲ့မှာ၊ ဒါပေမဲ့ ကျွန်မက နည်းနည်းလေး ပိုများတဲ့ ဆင်းရဲဒုက္ခကို မခံချင်ခဲ့ဘူး။ ယုံကြည်သူအသစ်တွေက ဘုရားနှုတ်ကပတ်တော်ကို သူတို့ဘာသာဖတ်ရင် နားလည်မှု နည်းသွားလိမ့်မယ်ဆိုတာကို ကျွန်မ ကောင်းကောင်း သိပေမဲ့လဲ သူတို့ကို မိတ်သဟာယပြုပေးချင်စိတ် မရှိသေးဘူး။ ရလဒ်အနေနဲ့ ယုံကြည်သူအသစ်တချို့ဟာ သူတို့ရဲ့ ဘာသာရေး အယူအဆတွေ မပြေလည်သွားလို့ စုဝေးပွဲတွေကို မတက်ချင်ကြဘူး။ တချို့က သင်းအုပ်ဆရာတွေ၊ အကြီးအကဲတွေရဲ့ အထင်အမြင်မှားစေတာ၊ အဖျက်အမှောင့်လုပ်တာတွေ ခံရလို့ ယုံကြည်ခြင်း လျော့ပါးပျောက်ကွယ်သွားတယ်။ အခု အဖြစ်မှန်တွေ ဖော်ထုတ်ခံရတော့မှ ကျွန်မက ကိုယ့်တာဝန်ကို လုံးဝ ထမ်းဆောင်နေတာ မဟုတ်ဘဲ အသင်းတော်အလုပ်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်နေခဲ့မှန်း သတိပြုမိလိုက်တယ်။ အဲဒီတုန်းက ကျွန်မက ကိုယ့်ကိုယ်ကိုယ် လုံးဝ သတိမပြုမိခဲ့ဘူး။ အဲဒီအစား ကျွန်မက တာဝန်ကို ခေါင်းရှောင်တဲ့အပြင် ယုံကြည်သူအသစ်တွေကိုယ်တိုင်ရဲ့ ပြဿနာတွေဆိုပြီး အပြစ်တင်ခဲ့တယ်။ ကျွန်မ တာဝန်မဲ့လိုက်တာ။ ဒါကြောင့် ဘုရားသခင်က ကျွန်မကို မစက်ဆုပ်ဘဲ၊ မမုန်းဘဲ ဘယ်လိုများ နေနိုင်မှာလဲ။ ကျွန်မက ကိုယ့်တာဝန်တွေကို ကောင်းကောင်း ဖြည့်ဆည်းနိုင်မယ်၊ ယုံကြည်သူအသစ်တွေက မှန်တဲ့ လမ်းခရီးပေါ်မှာ ခိုင်မာတဲ့ အခြေခံအုတ်မြစ်တစ်ခုကို အမြန်ဆုံး တည်ထောင်နိုင်ပြီး ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို လက်ခံနိုင်အောင်လို့ သူတို့ကို ကျွန်မ ကောင်းကောင်း ရေလောင်းနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အသင်းတော်က ကျွန်မကို ဒီလောက်အရေးကြီးတဲ့ တာဝန်တစ်ခု ချပေးခဲ့မှန်း ကျွန်မ သဘောပေါက်ခဲ့တာပဲ။ ဒါတောင်မှ ကျွန်မက ပျင်းပြီး ရှောင်လွှဲနေတဲ့အပြင် ပုန်းကွယ်နေဖို့ပဲ ရည်ရွယ်တယ်၊ နားနားနေနေ နေရတဲ့ ဘဝကို ပျော်မွေ့ပြီး ကိုယ်လုပ်နိုင်ချိန်တိုင်းမှာ တတ်နိုင်သမျှ အနည်းဆုံးပဲလုပ်ခဲ့တယ်။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို တစ်စက်မှ အလေးမထားခဲ့ဘဲ ကိုယ်တာဝန်ကိုတောင် မဖြည့်ဆည်းနိုင်ခဲ့ဘူး။ ကျွန်မဟာ ဘယ်လိုဖြစ်ပြီး အသိစိတ်နဲ့ ဆင်ခြင်တုံတရား လုံးဝကို ကင်းမဲ့နိုင်ရတာလဲ။ ခွေးတွေတောင်မှ သူတို့ရဲ့ သခင်ကို ဘယ်လိုသစ္စာစောင့်သိပြီး အိမ်ကို စောင့်ရှောက်ရမယ်ဆိုတာ သိကြတယ်။ ကျွန်မကတော့ ဘုရားသခင်ရဲ့ အလျှံပယ် ထောက်ပံ့မှုကို ပျော်မွေ့ခံစားနေပေမဲ့ ကိုယ့်တာဝန်တွေကိုတောင် မဖြည့်ဆည်းနိုင်ခဲ့ဘူး။ ကျွန်မဟာ လူသားလို့တောင် ခေါ်ထိုက်ရဲ့လား။ ဘုရားသခင်ရဲ့ စိတ်သဘောထားက ဖြောင့်မတ်ပြီး ပုန်ကန်ပြစ်မှားလို့မရဘူး။ ကျွန်မ အထုတ်ခံခဲ့ရတာ၊ ကိုယ့်တာဝန် ထမ်းဆောင်တာကနေ ရပ်ဆိုင်းခံရတာတွေ အားလုံးဟာ ကျွန်မကိုယ်တိုင်ရဲ့ အပြစ်တွေချည်းပါပဲ။ ကိုယ့်တာဝန်ထမ်းဆောင်ဖို့နဲ့ သမ္မာတရားကို ရရှိဖို့ အခွင့်အရေးကို ကျွန်မ ဖျက်ဆီးခဲ့တယ်။
နောက်ပိုင်းမှာ ဒီလိုပြောထားတဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့ရတယ်။ “သဘာဝဗီဇများကို နားလည်ခြင်းတစ်ခုရဖို့၊ လူများ၏ သဘာဝဗီဇများထဲရှိ ၎င်းတို့မြတ်နိုးသော အရာများကို ဖော်ထုတ်ခြင်းအပြင် သူတို့၏ သဘာဝဗီဇများနှင့် သက်ဆိုင်သည့် အခြား ပိုအရေးကြီးသည့် သွင်ပြင်လက္ခဏာအချို့ကိုလည်း ဖော်ထုတ်ရန် လိုအပ်သည်။ ဥပမာအားဖြင့် အမှုအရာများအပေါ် လူတို့၏ သဘောထားများ၊ အသက်တာထဲရှိ လူတို့၏ နည်းစနစ်များနှင့် ပန်းတိုင်များ၊ လူတို့၏ ဘဝတန်ဖိုးများနှင့် အသက်တာအပေါ် ရှုမြင်ပုံတို့အပြင် သမ္မာတရားနှင့်စပ်လျဉ်းသည့် အရာခပ်သိမ်းအပေါ် ထားသော အမြင်များနှင့် စိတ်ကူးများပင် ဖြစ်ကြသည်။ ဤအရာများမှာ လူတို့၏ စိတ်ဝိညာဉ်များထဲတွင် နက်ရှိုင်းစွာ ရှိသောအရာများ အားလုံးဖြစ်ပြီး ၎င်းတို့သည် စိတ်သဘောထားပြောင်းလဲခြင်းနှင့် တိုက်ရိုက်ဆက်နွှယ်မှု ရှိနေသည်။ ထိုသို့ဖြစ်လျှင် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဘဝအပေါ် ရှုမြင်ပုံမှာ အဘယ်နည်း။ ယင်းကို ဤသို့ ပြော၍ရနိုင်သည်။ ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော’ ဟူ၍ ဖြစ်သည်။ လူများအားလုံးသည် မိမိတို့ကိုယ်ကိုအတွက်သာ အသက်ရှင်ကြသည်၊ သာ၍ ရှင်းရှင်းလင်းလင်း ပြောရလျှင် ၎င်းတို့သည် ဇာတိပကတိအတွက် အသက်ရှင်ကြပေသည်။ ၎င်းတို့သည် မိမိတို့၏ ပါးစပ်များထဲ အစားအစာများ ထည့်ဖို့သာ အသက်ရှင်နေကြ၏။ ဤတည်ရှိမှုသည် တိရစ္ဆာန်များ၏ တည်ရှိမှုနှင့် မည်သို့ ကွာခြားပါသနည်း။ ဤသို့ အသက်ရှင်ခြင်းတွင် အဓိပ္ပာယ်တစ်ခုတလေ ရှိဖို့မဆိုထားနှင့်၊ တန်ဖိုး မည်သို့မျှ မရှိချေ။ မိမိ၏ ဘဝအပေါ် ရှုမြင်ပုံသည် လောကတွင် သင်ရှင်သန်နေထိုင်ဖို့ရန် အမှီပြုသည့်အရာ၊ သင် မည်သည့်အရာအတွက် အသက်ရှင်သည် နှင့် သင် အသက်ရှင်သည့်ပုံတို့အကြောင်း ဖြစ်ပြီး ဤအရာများအားလုံးသည် လူသား သဘာဝ၏ အနှစ်သာရနှင့် သက်ဆိုင်ပေသည်။ လူတို့၏ သဘာဝများကို စိတ်ဖြာလေ့လာခြင်းမှတစ်ဆင့် လူများအားလုံးသည် ဘုရားသခင်ကို ခုခံနေကြကြောင်း သင် တွေ့ရလိမ့်မည်။ ၎င်းတို့အားလုံးသည် မကောင်းဆိုးဝါးများသာ ဖြစ်ကြပြီး အမှန်တကယ် ကောင်းသောလူဟူ၍ မရှိပေ။ လူတို့၏ သဘာဝများကို စိတ်ဖြာလေ့လာခြင်း အားဖြင့်သာလျှင် သင်သည် လူ၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် အနှစ်သာရတို့ကို အမှန်တကယ် သိရှိနိုင်ပြီး လူတို့ အမှန်တကယ် သက်ဆိုင်သည့်အရာ၊ လူတို့ အမှန်တကယ် ချို့တဲ့သည့်အရာ၊ ၎င်းတို့ ပြင်ဆင်ထားသင့်သည့်အရာနှင့် လူသားပုံသဏ္ဌာန်တစ်ခု၌ မည်သို့ အသက်ရှင်သင့်သည်တို့ကို နားလည်နိုင်ပေသည်။ လူတစ်ဦး၏ သဘာဝကို အမှန်တကယ် စိတ်ဖြာလေ့လာခြင်းသည် မလွယ်ကူသကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်း သို့မဟုတ် စစ်မှန်သော အတွေ့အကြုံများ ရှိခြင်း မရှိဘဲနှင့် လုပ်ဆောင်၍မရနိုင်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏စိတ်သဘောထား ပြောင်းလဲခြင်းအကြောင်း သိထားသင့်သည့်အရာ) ဘုရားနှုတ်ကပတ်တော်တွေ ဖတ်လိုက်တော့ ကျွန်မ သဘောပေါက်သွားတယ်။ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” “ယနေ့ လုပ်စရာရှိတာ လုပ်၊ မနက်ဖြန်ကို မနက်ဖြန်ရောက်မှ တွေးပူပါ” နဲ့ “ဘဝကို မစဉ်းစားဘဲ ရှင်သန်ပါ” တို့လိုမျိုး စာတန်ဆန်တဲ့ အတွေးအခေါ်တွေနဲ့ ဥပဒေသတွေက ကျွန်မကို အရမ်းကို ပြင်းပြင်းထန်ထန် အဆိပ်ခတ်ထားခဲ့တယ် ဆိုတာကိုပေါ့။ ဒီစည်းမျဉ်းတွေအတိုင်း အသက်ရှင်နေထိုင်နေလို့ ကျွန်မဟာ အလွန်အကျွံကို တစ်ကိုယ်ကောင်းဆန်၊ စက်ဆုပ်စရာကောင်း၊ သစ္စာဖောက်ပြီး လှည့်ဖြားတတ်တာပေါ့။ ကျွန်မ ဘာကိုပဲ လုပ်လုပ် ကိုယ့်ရုပ်ပိုင်းဆိုင်ရာ အကျိုးစီးပွားတွေကိုပဲ အလေးထားတယ်၊ သက်သာရာကို မက်မောပြီး အလုပ်လုပ်ပေးရတာကို စက်ဆုပ်တယ်။ ပြီးတော့ ကိုယ့်တာဝန်မှာ ဝန်တာထားစိတ်၊ တာဝန်ယူစိတ် မထားခဲ့ဘူး။ ဘာပန်းတိုင်၊ ဘာဦးတည်ချက်မှ မရှိဘဲ ကျွန်မဟာ တစ်ရက်ပြီးတစ်ရက် အသက်ရှင်နေထိုင်ခဲ့တယ်။ ကျွန်မရဲ့ ဘဝက တန်ဖိုးနဲ့ အဓိပ္ပာယ် တစ်စက်မှ မရှိဘူး။ ဘုရားသခင်ကို ကျွန်မ မယုံကြည်ခင်ကအချိန်ကို ပြန်တွေးကြည့်လိုက်တော့ ဇာတိပကတိကို ကျွန်မ အရမ်းအလေးထားခဲ့ပြီး သက်သာမှုကို မက်မောခဲ့တယ်။ ကျွန်မ ဘာပဲလုပ်လုပ် ဖြစ်နိုင်သမျှအချိန်တိုင်းမှာ ဝတ်ကျေတမ်းကျေ အမြဲတမ်း လုပ်ခဲ့တယ်၊ ကိုယ့်ကိုယ်ပိုင်ဇာတိပကတိ အကျိုးစီးပွားကို ဖြည့်ဆည်းဖို့ ဘာမဆိုလုပ်ရင်း၊ ပြီးတော့ စက်ဆုပ်စရာ၊ စုတ်ချာချာ ဘဝကို အသက်ရှင်နေထိုင်ရင်းနဲ့ပေါ့။ ဘုရားသခင်ကို စယုံကြည်ပြီးတဲ့နောက်မှာတောင် မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ ဒီအမြင်တွေနဲ့ ကျွန်မ အသက်ရှင်ခဲ့တုန်းပဲ။ တာဝန်တွေနဲ့ မနိုင်ဝန်ထမ်းရတိုင်း၊ ဒုက္ခခံပြီး အဖိုးအခပေးဆပ်ဖို့ လိုလာတိုင်း ခန္ဓာကိုယ် ပင်ပန်းမှာ စိုးပြီး လက်ဝင်တဲ့၊ စိတ်ပိုင်းဆိုင်ရာ ခက်ခဲပင်ပန်းတဲ့ အလုပ်တွေကို သူများအပေါ် ပုံပေးဖို့ အမြဲ ကြိုးစားခဲ့တယ်။ ကျွန်မဟာ လိုတာထက်ပိုပြီး တစ်စက်မှ စိတ်မပူချင်ခဲ့ဘူး၊ ဒုက္ခမခံချင်ခဲ့ဘူး။ ကိုယ့်တာဝန်မှာ ကျွန်မ ဖြစ်ကတတ်ဆန်း လုပ်ခဲ့လို့ ယုံကြည်သူအသစ်တွေရဲ့ ပြဿနာတွေက ချက်ချင်း ပြေလည်မသွားဘူး။ အဲဒါကြောင့် သူတို့ထဲက တချို့က မစုဝေးချင်တော့ဘူး၊ အကျိုးဆက်အနေနဲ့ ရေလောင်းတဲ့အလုပ်က အနှောင့်အယှက် ပေးခံရပြီး ဟန့်တားခံရတာပေါ့။ ကျွန်မက အသိစိတ်နဲ့ ဆင်ခြင်တုံတရား လုံးဝ ကင်းမဲ့ရင်း စာတန်ဆန်တဲ့ အတွေးအခေါ်တွေ၊ ဥပဒေသတွေနဲ့ အသက်ရှင်သန်နေတာကို ကျွန်မ သဘောပေါက်သွားခဲ့တယ်။ ကျွန်မဟာ တစ်ကိုယ်ကောင်းဆန်တယ်၊ စက်ဆုပ်စရာကောင်းတယ်၊ ပြီးတော့ ကိုယ့်အတွက်ပဲ ဂရုစိုက်တယ်။ ယုံကြည်သူအသစ်တွေရဲ့ အခက်အခဲတွေဟာ ဖြေရှင်းလို့ ရမရဆိုတာပဲဖြစ်ဖြစ်၊ သူတို့ရဲ့ အသက်ဝင်ရောက်မှုမှာ ဆုံးရှုံးမှုတွေခံရတာ ရှိမရှိ ဆိုတာတွေကိုတောင် ကျွန်မ မဆင်ခြင်ခဲ့ဘူး။ ကျွန်မက သာယာမှုကို ပျော်မွေ့နေတဲ့၊ ဘုရားသခင်ကို ပုန်ကန်ပြီး အတိုက်အခံလုပ်တဲ့ အခြေအနေတစ်ခုမှာ အမှတ်တမဲ့ အသက်ရှင်နေထိုင်နေခဲ့တယ်။ အဲဒါဟာ အန္တရာယ်ကြီးလိုက်တာ။ ဒီအချိန်မှာ ဘုရားနှုတ်ကပတ်တော် ဒီအပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ “ဘုရားသခင်က လူတို့အတွက် ခံယူရန် လေးလံလွန်းသော ဝန်ထုပ်ဝန်ပိုးကို ၎င်းတို့အား မပေးပေ။ သင်သည် ပေါင်တစ်ရာကို သယ်နိုင်လျှင် ဘုရားသခင်က သင့်အား ပေါင်တစ်ရာထက်ပို၍ လေးသော ဝန်ကို သေချာပေါက် ပေးမည်မဟုတ်ပေ။ သူသည် သင့်အပေါ်တွင် ဖိအားပေးမည် မဟုတ်ပေ။ ဤသည်မှာ လူတိုင်းအပေါ် ဘုရားသခင်၏ ပုံစံဖြစ်သည်။ ပြီးလျှင် သင်သည် မည်သည့်အရာ၏ ဘောင်ခတ်ခြင်းကိုမျှ ခံရမည်မဟုတ်ပေ။ မည်သည့်လူ၊ သို့မဟုတ် မည်သည့်အတွေးအခေါ်နှင့် အမြင်၏ ထိန်းချုပ်ခြင်းကိုမျှ ခံရမည်မဟုတ်ပေ။ သင်သည် လွတ်လပ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁၅)) ဘုရားသခင်က လူတွေကို ပေးတဲ့ ဝန်ထုပ်တွေဟာ သူတို့ ခံနိုင်တဲ့ အရာတွေချည်းပါပဲ၊ ပြီးတော့ နည်းနည်းလောက် အားထုတ်ရုံနဲ့ စွမ်းဆောင်ရရှိနိုင်ပါတယ်။ တစ်ခါတလေ ပုံမှန်ထက် ပိုများတဲ့ ယုံကြည်သူအသစ်တွေကို ရေလောင်းရတာမျိုး ရှိချင်ရှိနိုင်တယ်၊ အဲဒီလိုပဲ ပိုများတဲ့ အခက်အခဲတွေ၊ ပြဿနာတွေ ရှိလာလို့ အဲဒါတွေကို ဖြေရှင်းဖို့ သမ္မာတရားရှာရာမှာ၊ မိတ်သဟာယပြုရာမှာ အချိန်နဲ့ အင်အား ပိုလိုတာတွေလဲ ရှိချင်ရှိနိုင်တယ်၊ ဒါပေမဲ့ နည်းနည်းလေး ပိုအားထုတ်ပြီး အနစ်နာခံလိုက်ရင် ကျွန်မ အမီလိုက်ပြီး ဆောင်ရွက်နိုင်ပါတယ်။ အဲဒါကြောင့်တော့ ကျွန်မက ခြေကုန်လက်ပန်းကျလို့ တုံးလုံးလဲတာ၊ ဒါမှမဟုတ် နေမကောင်းဖြစ်တာ လုံးဝ ဖြစ်မှာ မဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ တာဝန်တွေကို ထမ်းဆောင်တာက ကျွန်မတို့ သမ္မာတရားကို နားလည်ဖို့ အခွင့်အရေးကောင်းတစ်ခုပဲဆိုတဲ့အချက်ကို ညီအစ်ကိုမောင်နှမတွေက စုဝေးပွဲတွေမှာ ခဏခဏ မိတ်သဟာယပြုကြတယ်။ ကျွန်မတို့က ကိုယ့်တာဝန်တွေကို ထမ်းဆောင်ရာမှာ အခက်အခဲတွေနဲ့ ပြဿနာတွေ မျိုးစုံကို ကြုံတွေ့ရပေမဲ့ သမ္မာတရားကို ရှာဖွေရင်းနဲ့ အဲဒါတွေကနေ ကျွန်မတို့ သင်ခန်းစာယူနိုင်တယ်၊ ပြီးတော့ သမ္မာတရားတချို့ကို ဖြည်းဖြည်းချင်း နားလည်ပြီး သမ္မာတရား စစ်မှန်မှုထဲကို ဝင်ရောက်နိုင်တယ်။ ဒါပေမဲ့ ဒီလိုနည်းနဲ့ ကိုယ့်တာဝန်ကို ထမ်းဆောင်တာက အရမ်းပင်ပန်းတယ်လို့ အမြဲခံစားခဲ့ရပြီး ခြေကုန်လက်ပန်းကျရာက နေမကောင်းဖြစ်မှာကိုတောင် စိုးရိမ်ခဲ့တယ်၊ ဒါတွေအားလုံးဟာ ကျွန်မက သက်သာမှုကို အရမ်း မက်မောပြီး ဒုက္ခခံချင်စိတ် မရှိခဲ့လို့ပါ။ ဒါကြောင့် ကျွန်မက ကိုယ့်တာဝန်ကို လုပ်ဆောင်တဲ့အချိန်မှာ စောဒကတက်ပြီး ညည်းညူတာ၊ ကိုယ့်အလုပ်ကို ပစ်ထားပြီး ကိုယ့်ကိုယ်ပိုင်ဝတ္တရားတွေကို ဖြည့်ဆည်းဖို့တောင် ပျက်ကွက်တာပေါ့။ စာတန်ဆန်တဲ့ အတွေးအခေါ်တွေနဲ့ အသက်ရှင်တာဟာ ကျွန်မဘဝကို အလဟဿဖြုန်းတီးတာပဲဖြစ်မယ်၊ ကျွန်မကို နောက်ဆုံးမှာ ထိခိုက်ပြီး ဖျက်ဆီးရုံပဲရှိမယ်ဆိုတာကို အဆုံးမှာ ကျွန်မ သတိပြုမိသွားတယ်။ ဒီသဘောပေါက်မှုကြောင့် ကျွန်မ တော်တော်ကို ကြောက်သွားလို့ ဘုရားသခင်ဆီကို ကျွန်မ ဆုတောင်းလိုက်တယ်။ “အို ဘုရားသခင်၊ ကိုယ့်ကိုယ်ကိုယ် နည်းနည်းပိုသိလာအောင်၊ စာတန်ဆန်တဲ့ အတွေးအခေါ်တွေနဲ့ အသက်ရှင်ခြင်းရဲ့ ထိခိုက်မှုနဲ့ အကျိုးဆက်တွေကို ရှင်းရှင်းလင်းလင်း မြင်အောင် လုပ်ပေးခဲ့တဲ့ ကိုယ်တော်ရဲ့ ဉာဏ်အလင်းပေးခြင်းနဲ့ လမ်းပြခြင်းတို့အတွက် ကိုယ်တော့်ကို ကျေးဇူးတင်ပါတယ်။ ကိုယ်တော့်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားလို့ မရဘူးဆိုတာကိုလဲ သမီးသဘောပေါက်ပါပြီ။ အိုဘုရားသခင်၊ သမီးနောင်တရချင်ပါတယ်။ အခုအချိန်ကစပြီး ကိုယ့်တာဝန်ကို အသိတရားရှိရှိ၊ လက်တွေ့ကျတဲ့ စိတ်ထားနဲ့ သမီးထမ်းဆောင်ပါမယ်။ ကိုယ့်တာဝန်မှာ သမီးဝတ်ကျေတမ်းကျေ မလုပ်တော့ပါဘူး၊ ပြီးတော့ ကိုယ်တော့်ကို နာကျင်အောင် မလုပ်တော့ပါဘူး” လို့ပေါ့။
နောက်ပိုင်းမှာ ကျွန်မကို ပြင်းပြင်းထန်ထန် နှိုးဆော်လိုက်တဲ့ ဘုရားနှုတ်ကပတ်တော် နောက်ထပ်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်က ပြောတယ်။ “ဘုရားသခင် မိန့်မြွက်ပြီးသော စကားလုံးတိုင်းနှင့် စကားစုတိုင်းကို ကျောက်ပြားပေါ်တွင် ထွင်းထုထားသော စာလုံးများကဲ့သို့ နောဧ၏ နှလုံးသားထက်တွင် ရေးထိုးထားခဲ့လေသည်။ သူသည် ပြင်ပလောကရှိ အပြောင်းအလဲများ၊ သူ၏ပတ်ဝန်းကျင်၌ ရှိသောသူတို့၏ လှောင်ပြောင်သရော်မှု၊ ပါဝင်သည့် ခက်ခဲမှု၊ သို့မဟုတ် သူကြုံတွေ့ရသော အခက်အခဲများကို မမှုဘဲ သူ့အား ဘုရားသခင်တာဝန်ပေးစေခိုင်းထားခဲ့သော အရာ၌ မည်သည့်အခါမျှ စိတ်ပျက်ခြင်းမရှိ သို့မဟုတ် လက်လျှော့ဖို့ စိတ်ကူးမရှိဘဲ တစ်ချိန်လုံး အပတ်တကုတ်ကြိုးစားခဲ့သည်။ ဘုရားသခင်၏ စကားများကို နောဧ၏နှလုံးသားပေါ်၌ ရေးထိုးထားခဲ့ပြီး ယင်းတို့က သူ၏ နေ့စဉ် လက်တွေ့အရှိတရား ဖြစ်လာခဲ့ပြီးဖြစ်သည်။ နောဧသည် သင်္ဘောဆောက်လုပ်ဖို့ လိုအပ်သည့်ပစ္စည်းများ တစ်ခုချင်းစီကို ပြင်ဆင်ခဲ့သည်၊ ဘုရားသခင်အမိန့်ပေးထားသည့် သင်္ဘော၏ပုံစံနှင့် အသေးစိတ်သတ်မှတ်ချက်များက နောဧ၏ တူနှင့်ဆောက်တို့၏ ဂရုတစိုက် ထုရိုက်ချက်အသီးသီးတို့နှင့်အတူ တဖြည်းဖြည်း ပုံပေါ်လာခဲ့၏။ လူတို့က သူ့ကို ရယ်သွမ်းသွေးပြီး အသရေပျက်အောင် မည်သို့ ပြောဆိုကြသည်ဖြစ်စေ တစ်နှစ်ပြီးတစ်နှစ် လေနှင့်မိုးတစ်လျှောက်လုံး နောဧ၏အသက်တာမှာ ဤပုံစံအတိုင်း ရှေ့ဆက်ခဲ့သည်။ ဘုရားသခင်သည် သူ့ကို နောက်ထပ် စကားမိန့်မြွက်ခြင်း မရှိဘဲ နောဧ၏ လုပ်ဆောင်ချက်တိုင်းကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့ပြီး သူ၏စိတ်နှလုံးကို နောဧက တို့ထိခဲ့လေသည်။ သို့သော်လည်း နောဧသည် ဤအရာကို သိလည်းမသိ၊ ခံလည်းမခံစားခဲ့ပေ။ သူသည် အစမှအဆုံးတိုင် သင်္ဘောကိုသာ ဆောက်လုပ်ခဲ့ပြီး ဘုရားသခင်၏စကားကို မမှိတ်မသုန် သစ္စာစောင့်သိခြင်းဖြင့် သက်ရှိသတ္တဝါမျိုးစုံကို စုဝေးစေခဲ့သည်။ နောဧ၏ စိတ်နှလုံးထဲတွင် ဘုရားနှုတ်ကပတ်တော်များသည် သူလိုက်နာသင့်ပြီး လုပ်ဆောင်သင့်သော ညွှန်ကြားချက်ဖြစ်ပြီး ယင်းတို့သည် သူ၏ ရာသက်ပန်ဦးတည်ချက်နှင့် ရည်မှန်းချက်ပန်းတိုင် ဖြစ်ခဲ့သည်။ ထို့ကြောင့် ဘုရားသခင်က သူ့အား မည်သည့်အရာကို ပြောခဲ့သည်ဖြစ်စေ၊ ဘုရားသခင်က သူ လုပ်ဆောင်ရန် မည်သည့်အရာကို ခိုင်းစေခဲ့သည်ဖြစ်စေ၊ အမိန့်ပေးခဲ့သည်ဖြစ်စေ နောဧက အပြည့်အဝလက်ခံသည်။ ပြီးလျှင် အလေးအနက်ထားကာ သူ့ဘဝ၏ အရေးအကြီးဆုံးအရာအဖြစ် သဘောထား၍ ထိုအတိုင်း ကိုင်တွယ်လေသည်။ သူသည် မမေ့လျော့ရုံသာမက၊ ယင်းကို သူ၏စိတ်ထဲတွင် အလေးအနက်ထားရုံမျှမက ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံရန်နှင့် ဆောင်ရွက်ရန်အတွက် သူ၏အသက်တာကို အသုံးပြုလျက် ယင်းကို သူ၏ နေ့စဉ်အသက်တာ၌ အကောင်အထည် ဖော်ခဲ့လေသည်။ ဤသို့ဖြင့် ပျဉ်ပြားတစ်ချပ်ပြီးတစ်ချပ်ဖြင့် သင်္ဘောကို ဆောက်လုပ်ခဲ့သည်။ နောဧ၏ လှုပ်ရှားမှုတိုင်း၊ သူ၏ နေ့ရက်စဉ်တိုင်းကို ဘုရားသခင်၏ ပညတ်ချက်များနှင့် စကားများအတွက် ရည်စူးထားခဲ့သည်။ နောဧသည် အလွန်အရေးပါသော တာဝန်တစ်ရပ်ကို ထမ်းဆောင်နေသည့်ပုံ ပေါက်ကောင်းပေါက်မည် မဟုတ်သော်လည်း ဘုရားသခင်၏ အမြင်တွင်ကား နောဧပြုလုပ်ခဲ့သမျှ၊ တစ်စုံတစ်ရာ ဖြစ်မြောက်အောင်လုပ်ဖို့ သူလှမ်းခဲ့သော ခြေလှမ်းတိုင်း၊ သူ့လက်အားဖြင့် လုပ်ဆောင်သည့် အားထုတ်မှုတိုင်း၊ ၎င်းတို့အားလုံးမှာ အဖိုးတန်ပြီး အမှတ်ရထိုက်ကာ ဤလူသားမျိုးနွယ်က အတုယူထိုက်လေသည်။ နောဧသည် သူ့အား ဘုရားသခင် တာဝန်ပေး စေခိုင်းထားခဲ့သည့်အရာကို လိုက်နာစောင့်ထိန်းခဲ့သည်၊ သူသည် ဘုရားသခင်မိန့်မြွက်ခဲ့သည့် စကားတိုင်း မှန်ကန်သည်ဟူသည့် မဆုတ်မနစ်သော ယုံကြည်မှုရှိခဲ့ကာ၊ ယင်းနှင့်ပတ်သက်၍ ၎င်း၌ သံသယလုံးဝ မရှိခဲ့ပေ။ ရလဒ်အနေဖြင့် သင်္ဘောသည် ပြီးစီးခြင်းသို့ရောက်ခဲ့ပြီး သက်ရှိသတ္တဝါမျိုးစုံက ယင်းအပေါ်၌ အသက်ရှင်နိုင်ခဲ့သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ နောက်ဆက်တွဲ ၂- နောဧနှင့် အာဗြဟံတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ခဲ့ပြီး သူ့ကို လိုက်နာခဲ့ပုံ (အပိုင်း ၁)) ဘုရားသခင်ရဲ့တာဝန်ပေးစေခိုင်းချက်အပေါ် နောဧရဲ့ သဘောထားကြောင့် ကျွန်မ အင်မတန် တို့ထိခံရတယ်။ ဘုရားသခင်က နောဧကို သင်္ဘောဆောက်ခိုင်းခဲ့တယ်လေ။ ပြီးတော့ သူက ဘုရားသခင်ရဲ့ တာဝန်ပေးစေခိုင်းချက်ကို ဖြည့်ဆည်းဖို့ ဇာတိပကတိရဲ့ သာယာမှုတွေအားလုံးကို စွန့်ပစ်ခဲ့ရင်း လုံးဝကို နာခံပြီး ကျိုးကျိုးနွံနွံရှိခဲ့တယ်။ သင်္ဘောဆောက်ရတာက ခက်ခဲပေမဲ့ နောဧက ဘုရားသခင်ကို ယုံကြည်ခြင်းရှိပြီး ဆင်းရဲဒုက္ခကို မကြောက်ခဲ့ဘူး။ အခက်အခဲနဲ့ ဒုက္ခတိုင်းကို ရင်ဆိုင်ရာမှာ ဇွဲမလျှော့ခဲ့ဘဲ နောက်ဆုံးမှာ ဘုရားသခင်ရဲ့ တာဝန်ပေးစေခိုင်းချက်ကို ဖြည့်ဆည်းပြီး သူ့ရဲ့ အသိအမှတ်ပြုခြင်းကို လက်ခံရရှိခဲ့တာပေါ့။ နောဧနဲ့ ယှဉ်လိုက်ရင် ကျွန်မဟာ လူ့သဘာဝ ကင်းမဲ့နေတယ်၊ ကိုယ့်တာဝန်ကို သစ္စာမရှိဘူး၊ မနာခံဘူး၊ ပျင်းပြီး လှည့်စားတယ်ဆိုတာကို ကျွန်မ သဘောပေါက်သွားတယ်။ ကျွန်မ လုပ်သမျှက ကိုယ့်တာဝန်ကို ထမ်းဆောင်သင့်တဲ့ ဝတ္တရားတစ်ခုလို့ ခံယူပြီး တာဝန်ကိုကောင်းကောင်း ထမ်းဆောင်ဖို့ အစွမ်းကုန် ကြိုးစားရမဲ့အစား ဇာတိပကတိရဲ့ သက်သာမှုတွေကို မက်မောခဲ့တာပါပဲ။ ကိစ္စတွေက ဒါမျိုးဆက်ဖြစ်နေရင် ကျွန်မရဲ့ ဇာတိပကတိကတော့ ဆင်းရဲဒုက္ခတွေ၊ ပင်ပန်းနွမ်းနယ်မှုတွေက ကင်းလွတ်ပြီး အေးဆေးသက်သာ ဖြစ်မှာပဲ။ ဒါပေမဲ့ ကျွန်မဟာ သမ္မာတရားကို ရမှာမဟုတ်ဘူး။ သမ္မာတရား မရှိရင် ကျွန်မက လမ်းလျှောက်နေတဲ့ အလောင်းကောင်လို ဖြစ်မှာ မဟုတ်ဘူးလား။ ဒီလိုမျိုး အသက်ရှင်တဲ့ အကျိုးက ဘာလဲ။ ကိုယ့်တာဝန်အပေါ်မှာ အရမ်းအထင်သေးတဲ့ သဘောထား ထားခဲ့တာ၊ ကျွန်မကြောင့် အသင်းတော်ရဲ့ အလုပ်အပေါ် ဖြစ်သွားတဲ့ ဆုံးရှုံးမှုတွေအတွက် ပြေရာပြေကြောင်း လုပ်ပေးဖို့ မဖြစ်နိုင်တာကို သတိပြုမိသွားတော့ ကျွန်မမှာ ဝမ်းနည်းမှု၊ နောင်တပူပန်မှုတွေနဲ့ ပြည့်သွားတယ်။ ဇာတိပကတိကို လိုက်လျောလို့ မရတော့ဘူးလို့ ကျွန်မ တိတ်တဆိတ် စိတ်ပိုင်းဖြတ်ခဲ့တယ်။ ဘယ်လို အခက်အခဲတွေကိုပဲ ကျွန်မ ကြုံရပါစေ နောဧရဲ့ နမူနာကို ကျွန်မ လိုက်ပြီး ကိုယ့်တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ ထမ်းဆောင်ရမယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ စိတ်နှလုံး နှစ်သိမ့်ရာရအောင် လုပ်ရေးကို တစ်ကိုယ်ရေ တာဝန်အဖြစ် ထားရမယ်လို့ပေါ့။
တစ်လကြာပြီးနောက်မှာ ခေါင်းဆောင်က ကျွန်မကို ယုံကြည်သူအသစ်တွေကို ဆက်ရေလောင်းခိုင်းဖို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်မက ကျေးဇူးတင်ပြီး ဒီတစ်ခါတော့ ကိုယ့်တာဝန်ကို လုံးဝကို ကျကျနန ထမ်းဆောင်မယ်၊ ပြီးတော့ ကိစ္စတွေကိုလဲ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေအပေါ် အခြေခံပြီး လုပ်တာကို ရပ်မယ်လို့ စိတ်ပိုင်းဖြတ်လိုက်တာပေါ့။ ကိုယ့်အရင်နည်းလမ်းဟောင်းတွေအတိုင်း ပြန်လုပ်မိမှာကို စိုးရိမ်တာနဲ့ ဘုရားသခင်ဆီကို ကျွန်မ ခဏခဏ ဆုတောင်းခဲ့တယ်။ ကျွန်မကို လမ်းပြဖို့၊ စိစစ်ဖို့ သူ့ကို တောင်းလျှောက်ရင်းနဲ့ပေါ့၊ ပြီးတော့ ကိုယ့်တာဝန်ကို ဇွဲရှိရှိ ထမ်းဆောင်ဖို့ ကိုယ့်ကိုယ်ကိုယ် ခဏခဏ သတိပေးတယ်လေ။ အဲဒီနောက်မှာ ယုံကြည်သူအသစ်တွေနဲ့ စုဝေးပွဲတွေ လုပ်တိုင်း ကျွန်မက သူတို့ရဲ့ ပြဿနာတွေ၊ အခက်အခဲတွေကို အခြေခံပြီးတော့ သူတို့နဲ့ စိတ်ရှည်ရှည် မိတ်သဟာယ ပြုပေးခဲ့တယ်။ သူတို့ သမ္မာတရား နားလည်အောင် ကူညီပေးရင်း၊ သူတို့ရဲ့ ဘာသာရေး အယူအဆတွေကို ဖြေရှင်းပေးရင်းနဲ့ပေါ့။ အကြိမ်ကြိမ် မိတ်သဟာယပြုပေးလဲ ရလဒ်တွေ ထွက်မလာတဲ့ ကြိုးကြားကြိုးကြား အခြေအနေမျိုးမှာတော့ သူတို့ နားလည်အောင် ကျွန်မ ဘာပြောနိုင်လဲဆိုတာကို ဆင်ခြင်စဉ်းစားခဲ့တယ်။ တဖြည်းဖြည်းနဲ့ ကျွန်မရဲ့ အလုပ်က ရလဒ်တွေ စပြီး ထွက်ပေါ်လာတယ်။ အဲဒါကြောင့် ကျွန်မက အင်မတန် စိတ်အေးလက်အေးဖြစ်ပြီး ငြိမ်သက်တယ်လို့ ခံစားရတယ်။
ထုတ်ပယ်ခံရတာက ကျွန်မရဲ့ ကိုယ်ပိုင် စာတန်ဆန်တဲ့ သဘာဝကို ပိုနားလည်အောင်၊ ကိုယ့်တာဝန် ထမ်းဆောင်ရာမှာ ကျွန်မရဲ့ သဘောထား ပြောင်းအောင် ထောက်ကူပေးခဲ့တယ်။ ကိုယ့်တာဝန်အပေါ် ဝတ်ကျေတမ်းကျေလုပ်တာတွေ၊ သမ္မာတရား မလိုက်စားတာတွေရဲ့ အကျိုးဆက်တွေဟာ ထာဝရ ပြစ်ဒဏ်ခံရခြင်းနဲ့ ပျက်စီးခြင်းပဲဆိုတာကို ကျွန်မ ရှင်းရှင်းလင်းလင်း မြင်ခဲ့ပြီး ကျွန်မရဲ့ စိတ်နှလုံးထဲမှာ ဘုရားကို ကြောက်စိတ်တချို့ ရှိသွားတယ်။ ဒါတွေအားလုံးဟာ ဘုရားသခင်ရဲ့ ဉာဏ်အလင်းပေးခြင်းနဲ့ လမ်းပြမှုတို့ကြောင့်ပါပဲ။ ဘုရားသခင် ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။