၈၃။ သူများတွေကို သင်ပေးတဲ့အခါ ဘာကြောင့် ကျွန်မက ဆရာစားချန်တာလဲ

ဆုတုန်း အီတလီနိုင်ငံ

၂၀၂၁ခုနှစ်၊ ဇူလိုင်လမှာ ကျွန်မက အသင်းတော်မှာ ဗီဒီယိုထုတ်လုပ်ရေးလုပ်တယ်။ ဒါ တကယ် အရေးကြီးတဲ့တာဝန်ဆိုတာ ကျွန်မသိတော့ နေ့တိုင်း သင်ပြပေးတာတွေကို ကြည့်ပြီး အချက်အလက်တွေရှာရင်း အချိန်တော်တော်ကုန်တယ်။ သူများတွေက နည်းပညာပိုင်းကျွမ်းကျင်မှုတွေကို ဆွေးနွေးတဲ့အခါတိုင်း ကျွန်မ ဂရုတစိုက်နားထောင်တယ်။ နောက်တော့ အသေးစိတ် စိစစ်ပြီး သုတေသနလုပ်တယ်။ ပြီးရင် လက်တွေ့အသုံးချတယ်။ အခက်အခဲတွေ ကြုံတဲ့အခါလည်း ဘုရားဆီက အကူအညီတောင်းတယ်။ အစကတော့ စမ်းတဝါးဝါးနဲ့ နောက်ပိုင်းမှာ ကျွန်မ နည်းပညာပိုင်း ကျွမ်းကျင်မှုတွေ တော်တော် တိုးတက်လာတယ်။ ကျွန်မက ဆန်းသစ်တဲ့ ထုတ်လုပ်ရေး စတိုင်တွေ ထုတ်ပြီး ပိုပြီးတော့ ထိထိရောက်ရောက်နဲ့ အလုပ်လုပ်တယ်။ လူတိုင်းက ကျွန်မကို တော်တော် အထင်ကြီးလေးစားပြီး နည်းပညာပိုင်း ပြဿနာတွေကို ကျွန်မဆီ လာမေးတယ်။ ကျွန်မ တကယ်အောင်မြင်နေသလို ခံစားမိတယ်။ ကျွန်မ ကြိုးစားခဲ့တာတွေအားလုံးက အလကားမဖြစ်ဘူး၊ နောက်ဆုံးတော့ အသီးအပွင့်ကို မြင်နေရပြီလို့ ခံစားမိတယ်။

ကျွန်မက ဗီဒီယိုထုတ်လုပ်ရေးမှာ ဘယ်လောက်တော်နေတယ်ဆိုတာကို ကြီးကြပ်ရေးမှူးကမြင်တော့ ကျွန်မရဲ့ နည်းပညာပိုင်း ကျွမ်းကျင်မှုတွေနဲ့ ထုတ်လုပ်ရေးအတွေ့အကြုံကို တခြားညီအစ်ကိုမောင်နှမတွေနဲ့ မျှဝေပေးဖို့ ပြောတယ်။ တချို့တွေကဆိုရင် ကျွန်မပြောတာကို နားထောင်ဖို့ အထူးတောင်းဆိုကြတယ်။ ကျွန်မက တော်တော်အောင်မြင်ဖြစ်ထွန်းလာပြီလို့ ခံစားမိတယ်။ ဒါပေမဲ့ ကျွန်မအောင်မြင်မှုရဲ့ အဓိကအချက်တွေကို မျှဝေဖို့ စဉ်းစားကြည့်တော့ ကျွန်မ စိုးရိမ်လာတယ်။ ဒီကျွမ်းကျင်မှုတွေနဲ့ ပတ်သက်တဲ့ အဓိကအချက်ကို ကျွန်မ ဖွင့်ပြလို့ လူတိုင်းက ဒါတွေကို တတ်သွားရင် သူတို့က တဖြည်းဖြည်းနဲ့ သူတို့အလုပ်မှာ ပိုပြီး ထိရောက်မှုရှိလာမှာပဲ။ ဒါဆို ဘယ်သူက ကျွန်မဆီကို အကူအညီလာတောင်းဦးမှာလဲ။ သူတို့က ကျွန်မကို အထင်ကြီးလေးစားပါဦးမလား။ ကျွန်မ သူတို့ကို အကုန်ပြောမပြသင့်ဘူး ပေါ့။ အဲဒါနဲ့ ကျွန်မက တချို့ဟာတွေကို ရှင်းပြပြီး တချို့ကိုတော့ ရေငုံနှုတ်ပိတ်နေလိုက်တယ်။ ဒီလိုလုပ်တာ မမှန်ဘူးဆိုတာ ကျွန်မ သိတယ်။ ဒါပေမဲ့ ကျွန်မက ကိုယ်ကျိုးကြည့်ပြီး ပါးစပ်ဖျားရောက်နေတဲ့စကားကို မျိုသိပ်ထားလိုက်တယ်။ နောက်ကျတော့ အစ်မတစ်ယောက်က ကျွန်မကို မေးတယ်။ “အစ်မ ညွှန်ကြားချက်တွေကို အခြေခံပြီးလုပ်တဲ့ ဗီဒီယိုတွေက အရင်ကထက် အများကြီးသာပါတယ်။ ဒါပေမဲ့ ထိရောက်မှုမရှိသေးဘူး။ ကျွန်မတို့ကို အစ်မ သင်မပေးရသေးတာ များရှိလား” တဲ့။ ကျွန်မက ခပ်တည်တည်နဲ့ ပြန်ပြောလိုက်တယ်။ “ဒါက ကျွန်မလုပ်တဲ့နည်းပဲ။ ပိုပြီးထိရောက်မှုရှိလာအောင် ပိုလေ့ကျင့်ဖို့ လိုနေတာ ဖြစ်နိုင်တယ်” ပေါ့။ သူက ဘာမှ ဆက်မပြောတော့ဘူး။ အဲဒီအချိန်တုန်းက ကျွန်မ စိတ်မကောင်းဖြစ်သလို ခံစားမိပြီး ဒါက လှည့်စားတာပဲဆိုတာ ကျွန်မ သဘောပေါက်လိုက်ပေမဲ့ ကျွန်မက ကိုယ့်အလုပ်မှာ သူများတွေထက ပိုထိရောက်နေတာကို စဉ်းစားမိတော့ အဲဒီ လိပ်ပြာမလုံတဲ့ စိတ်လေးကို မျိုသိပ်ထားလိုက်တယ်။

ကျွန်မတို့ လစဉ် အနှစ်ချုပ်တော့ ကျွန်မက အကောင်းဆုံး အရည်အသွေးနဲ့ ဗီဒီယိုတွေအများဆုံး ထုတ်လုပ်တဲ့သူပဲ။ ဒီရလဒ်တွေကို မြင်တော့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် တော်တော်ကျေနပ်တယ်။ ပြီးတော့ ကျွန်မ ကျွမ်းကျင်မှုကို သူများတွေကို ဆရာစားမချန် သင်ပေးဖို့ မဆုံးဖြတ်ခဲ့တာကို ကျေနပ်မိတယ်။ သင်ပေးခဲ့ရင် ကျွန်မက အကောင်းဆုံး ရလဒ်တွေ ရမှာမဟုတ်ဘူးပေါ့။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် တော်တော်ကျေနပ်နေတုန်းမှာပဲ ကျွန်မက ကိုယ်ကျွမ်းကျင်တာတွေအကုန်လုံးကို သူများတွေကို ပြောမပြတာကို ကြီးကြပ်ရေးမှူးက သိသွားပြီး ကျွန်မကို ကိုင်တွယ်ဖြေရှင်းတယ်။ “အစ်မက တော်တော် တစ်ကိုယ်ကောင်းဆန်တာပဲ။ အသင်းတော်အလုပ်အတွက် မစဉ်းစားဘူး။ ကိုယ့်ထုတ်လုပ်နိုင်စွမ်းကိုပဲ စဉ်းစားတယ်။ အစ်မက ကြွားဝါချင်တာ သက်သက်ပဲ တဲ့။ အစ်မက ကိုယ့်ဘာသာလုပ်ရင် ဘယ်လောက် ပြီးနိုင်မှာလဲ။ လူတိုင်းက ဒီကျွမ်းကျင်မှုတွေကို သိရင် အဘက်ဘက်က အလုပ်အခြေအနေတွေကို တိုးတက်အောင်လုပ်နိုင်တယ်” တဲ့။ ဒါက အသင်းတော်အလုပ်အတွက် အကျိုးရှိမယ်ဆိုတာ ကျွန်မ သိပါတယ်။ ဒါပေမဲ့ တခြားလူတိုင်းက အရည်အချင်းပိုရှိလာပြီး ကျွန်မကို မလေးစားတော့မှာကို တွေးမိတော့ တော်တော် စဉ်းစားရကျပ်တယ်။ ကျွန်မ ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ အခုတစ်လောမှာ သမီးရဲ့ တစ်ကိုယ်ရေအကျိုးအမြတ်အတွက် မလှည့်စားဘဲ မနေနိုင်ပါဘူး။ ဒီဖောက်ပြန်ပျက်စီးမှုမှာ ဆက်ပြီး မရှင်သန်ချင်တော့ပါဘူး။ သမီးရဲ့ ပြဿနာကို နားလည်ပြီး ဒီဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို စွန့်ပစ်ဖို့အတွက် လမ်းပြတော်မူပါ” ဆိုပြီးတော့။

ပြီးတော့ ကျွန်မ ဘုရားဝတ်ပြုရင်းနဲ့ ဘုရားနှုတ်ကပတ်တော်ထဲက ဒါကို ဖတ်ရတယ်။ “မယုံကြည်သူများ၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်မျိုး ရှိသည်။ ၎င်းတို့သည် အခြားလူတို့ကို အသက်မွေးဝမ်းကျောင်းဆိုင်ရာ အသိပညာ သို့မဟုတ် စွမ်းရည်တစ်ခုခုကို သင်ပေးသည့်အခါ ၎င်းတို့က ‘ကိုယ်မွေးတဲ့မျောက် ကိုယ့်ကိုပြန်ခြောက်လိမ့်မယ်။ သူများတွေကို ငါသိတာ အကုန်သင်ပေးရင် ဘယ်သူမှ ငါ့ကို အထင်ကြီးလေးစားမှာမဟုတ်တော့ဘူး။ ဆရာတစ်ယောက်အနေနဲ့ ဂုဏ်အဆင့်အတန်းတွေအကုန်လုံးကို ဆုံးရှုံးရမှာပဲ။ ဖြစ်မှာမဟုတ်ဘူး။ ငါ သိသမျှကို သင်ပေးလို့မဖြစ်ဘူး။ တစ်ခုခုကို ဆရာစားချန်ထားရမယ်။ ငါသိတာရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းကိုပဲ သင်ပေးပြီး ကျန်တာကို လျှိူထားရမယ်။ ဒါဟာ ငါ့ကျွမ်းကျင်မှုက သူများတွေထက် သာတယ်ဆိုတာကို ပြဖို့ တစ်ခုတည်းသောနည်းလမ်းပဲ’ ဟူ၍ စဉ်းစားကြသည်။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်သနည်း။ ဤသည်မှာ လှည့်စားခြင်းဖြစ်သည်။ အခြားလူများကို သင်ပေးသောအခါ၊ ကူညီပံ့ပိုးပေးသောအခါ၊ သို့မဟုတ် သင်လေ့လာခဲ့သည့်အရာတစ်ခုကို ၎င်းတို့ကို မျှဝေပေးသောအခါ မည်သည့်သဘောထားကို ခံယူသင့်သနည်း။ (အားကုန်စိုက်ထုတ်သင့်သည်။ မည်သည့်အရာကိုမျှ ထိမ်ချန်မထားသင့်ပါ။)...သင်သည် သင်၏ ဆုကျေးဇူးများနှင့် အထူးကျွမ်းကျင်မှုများဖြင့် အလုံးစုံ ထောက်ပံ့လျှင် ထိုအရာများသည် တာဝန်ထမ်းဆောင်နေသောသူတို့အားလုံးအတွက် အကျိုးဖြစ်လိမ့်မည်ဖြစ်သည့်အပြင် အသင်းတော်၏ အလုပ်အတွက်လည်း အကျိုးဖြစ်လိမ့်မည်။ ဤသည်မှာ ကိစ္စမရှိ၊ သို့မဟုတ် အခြေခံအကျဆုံးအရာများကို လူတိုင်းအား ပြောပြရန် အသိပညာကို သင် ထိမ်ချန်ခြင်းမရှိဟု မစဉ်းစားနှင့်။ ဤသည်မှာ အလုပ်ဖြစ်မည်မဟုတ်။ သင်သည် လူတို့က တိုက်ရိုက်နားလည်နိုင်သည့် သဘောတရား၊ သို့မဟုတ် အကြောင်းအရာအနည်းငယ်ကိုသာ သင်ပေးသည်။ သို့သော် အနှစ်သာရနှင့် အရေးကြီးသောအချက်များကို လူသစ်တစ်ယောက်က နားမလည်နိုင်ပေ။ သင်က၊ ‘ကောင်းပြီ။ မည်သို့ပင်ဆိုစေ၊ ကျွန်ုပ် သင့်ကို ပြောပြထားပြီဖြစ်ပြီး မည်သည့်အရာကိုမျှ တမင်တကာ ထိမ်ချန်မထားပါ။ သင်နားမလည်ပါက၊ သင့်အစွမ်းအစ ညံ့ဖျင်းလွန်း၍ဖြစ်သည်၊ ထို့ကြောင့် ကျွန်ုပ်ကို အပြစ်မတင်နှင့်။ ယခု ဘုရားသခင် သင့်အား မည်သို့လမ်းပြသည်ကိုသာ ကျွန်ုပ်တို့ စောင့်ကြည့်ကြမည်။’ ဟု သင့်ကိုယ်သင် တစ်ချိန်လုံး စဉ်းစားနေသေးလျက်၊ အသေးစိတ်ရှင်းပြခြင်း သို့မဟုတ် အပြည့်အစုံပြောပြခြင်း မရှိဘဲ ခြုံငုံသုံးသပ်ချက်တစ်ခုကိုသာ ပေးလေသည်။ ထိုကဲ့သို့သော ချိန်ဆပြောဆိုခြင်း၌ လှည့်ဖြားမှုပါသည် မဟုတ်သလော။ ယင်းမှာ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့သည်မဟုတ်လော။ လူတို့အား သင့်စိတ်နှလုံးထဲ၌ရှိသော အရာတိုင်းနှင့် သင်နားလည်ထားသော အရာတိုင်းကို သင် အဘယ့်ကြောင့် မသင်ပေးနိုင်ရသနည်း။ ထိုအစား သင်သည် အသိပညာကို အဘယ့်ကြောင့် ထိမ်ချန်ထားသနည်း။ ဤသည်မှာ သင်၏ ရည်ရွယ်ချက်များနှင့် သင်၏စိတ်သဘောထားနှင့်ဆိုင်သော ပြဿနာတစ်ခုဖြစ်သည်။...မယုံကြည်သူများကဲ့သို့ သမ္မာတရားကို မရှာဖွေဘဲ ဆိုးယုတ်သော စိတ်သဘောထားများဖြင့် အသက်ရှင်သောသူတို့အတွက် စိတ်ပျက်ငြီးငွေ့ဖွယ်ရာဖြစ်သည်။ မယုံကြည်သူများကြားတွင် ယှဉ်ပြိုင်မှုများစွာရှိသည်။ ကျွမ်းကျင်မှု၊ သို့မဟုတ် အတတ်ပညာတစ်ခု၏ အနှစ်သာရကို ကျွမ်းကျင်အောင် ပြုလုပ်ခြင်းသည် ရိုးရှင်းသော ကိစ္စမဟုတ်ပေ။ အခြားတစ်ယောက်ယောက်က ဤအကြောင်းကို သိသွားပြီး သူကိုယ်တိုင် ကျွမ်းကျင်အောင် ပြုလုပ်သည်နှင့် သူ၏အသက်မွေးမှုသည် အန္တရာယ်ရှိလာသည်။ ထိုအသက်မွေးမှုကို ကာကွယ်ရန်အတွက် လူတို့သည် ဤသို့ လုပ်ဆောင်ရန် တွန်းအားပေးခြင်းခံရသည်။ ၎င်းတို့သည် အချိန်ပြည့် သတိထားရသည်။ ၎င်းတို့ ကျွမ်းကျင်သောအရာသည် ၎င်းတို့၏ တန်ဖိုးအရှိဆုံး ငွေကြေးဖြစ်သည်။ ၎င်းတို့၏ အသက်မွေးမှု၊ ၎င်းတို့၏ အရင်းအနှီး၊ ၎င်းတို့၏ အသက်သွေးကြောဖြစ်ပြီး အခြားမည်သူ့ကိုမျှ အသိပေးပြောပြ၍မဖြစ်ပေ။ သို့သော် သင်သည် ဘုရားသခင်ကို ယုံကြည်သည်။ သင်သည် ဘုရားအိမ်တော်တွင် ဤသို့ တွေးပြီး ဤသို့ ပြုမူလုပ်ဆောင်လျှင် သင်သည် မယုံကြည်သူတစ်ယောက်နှင့် မတူကြောင်း ပြစရာ လုံးဝ မရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဒီကျမ်းပိုဒ်ကို ဖတ်ရတော့ ဘုရားသခင်က ကျွန်မကို တိုက်ရိုက်တရားစီရင်ပြီး ဖော်ထုတ်နေသလို ခံစားမိတယ်။ နှစ်ချီပြီး ယုံကြည်လာပြီးတဲ့နောက်မှာ ကျွန်မရဲ့ အသက်စိတ်သဘောထားက လုံးဝ မပြောင်းလဲသေးတာ ကျွန်မ သိလိုက်ရတယ်။ ကျွန်မက မယုံကြည်သူတစ်ယောက်လိုပါပဲ။ “ဘယ်သူသေသေ ငတေမာပြီးရော”၊ “ကိုယ်မွေးတဲ့မျောက်က ကိုယ့်ပြန်ခြောက်မှာ” ဆိုတာမျိုး ဆိုးယုတ်တဲ့ ရှင်သန်ရေးစည်းမျဉ်းတွေနဲ့ အသက်ရှင်နေခဲ့တယ်။ ကျွန်မမှာ ကျွမ်းကျင်မှု၊ ဒါမှမဟုတ် အထူး နည်းလမ်းတချို့ ရှိတော့ ကိုယ့်ဘာသာပဲ လျှိုထားချင်တယ်။ တခြားတစ်ယောက်ကို ဒီလောက် လွယ်လွယ်နဲ့ အကုန်လုံး သင်ပေးပြီး ကျွန်မရဲ့ ရာထူးနဲ့ အသက်မွေးမှုကို ဆုံးရှုံးနိုင်ခြေရှိတဲ့အထိ လုပ်ဖို့ သဘောမတူခဲ့ဘူး။ အဲဒီအချိန်ကာလမှာ ကျွန်မက နည်းပညာပိုင်းမှာ သူများထက် ပိုကျွမ်းကျင်ပြီး ကိုယ့်တာဝန်မှာ ပိုပြီး ဖြစ်ထွန်းတော့ ကျွန်မက ကိုယ့်ကိုယ်ကိုယ် တော်တော်ကျေနပ်နေပြီး အထင်ကြီးလေးစားခံရတာကို အရသာတွေ့နေတယ်။ ကြီးကြပ်ရေးမှူးက ကျွန်မကို သူများတွေကို သင်ပေးဖို့ ပြောတယ်။ ဒါပေမဲ့ ကျွန်မက ကျွန်မရာထူးကို ထိန်းထားနိုင်အောင်လို့ သူတို့ကို အကုန်ပြောမပြခဲ့ဘူး။ သူများတွေက အကုန်တတ်သွားရင် ကျွန်မကို ကျော်သွားမှာ ကြောက်ခဲ့တယ်။ ဒါဆိုရင် ဘယ်သူမှ ကျွန်မကို လေးစားမှာမဟုတ်ဘူးပေါ့။ တချို့လူတွေက ကျွန်မကို တစ်ယောက်ချင်းလာမေးရင်တောင် ကျွန်မက အမှန်ကို ဖုံးကွယ်ပြီး သူတို့ကို အကုန်ပြောမပြဘူး။ ကျွန်မက “ကိုယ်မွေးတဲ့မျောက်က ကိုယ့်ပြန်ခြောက်မှာ” ဆိုတဲ့ ဆိုးယုတ်တဲ့ အတွေးအခေါ်ကို ခံယူကျင့်သုံးနေခဲ့တယ်။ ဂုဏ်နဲ့ အဆင့်အတန်းအတွက် ကျွန်မက စဉ်းလဲပြီး လှည့်စားနေခဲ့တယ်။ ကျွန်မ ကျွမ်းကျင်တာတွေကို သူများတွေက အကုန်ကျွမ်းကျင်သွားရင် ကျွန်မက ကြွားဖို့ အခွင့်အရေးမရှိတော့မှာကို ကြောက်တယ်။ အသင်းတော်အလုပ်ကို လုံးဝ ထည့်မစဉ်းစားခဲ့ဘူး။ ဘုရားအလိုတော်ကိုလည်း အလေးမထားခဲ့ဘူး။ ကျွန်မက ဒီကျွမ်းကျင်မှုတွေကို ကိုယ့်ရဲ့ဂုဏ်နဲ့ အဆင့်အတန်းကို ထိန်းသိမ်းဖို့ ကိုယ်ပိုင်အသုံးချပစ္စည်းအဖြစ် မှတ်ယူခဲ့တယ်။ ကျွန်မက တော်တော်တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာတယ်။ လူ့သဘာဝမရှိခဲ့ပါဘူး။ ဘုရားဆီကို ကျွန်မ ဆုတောင်းတယ်။ သမ္မာတရားကို လက်တွေ့လုပ်ပြီး ဇာတိပကတိကို စွန့်လွှတ်ဖို့ အသင့်ဖြစ်နေခဲ့တယ်။ ဘုရားသခင်ပြောတာတစ်ခုကို ကျွန်မ တွေးမိတယ်။ “လူအများစုသည် အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အသိပညာ၏ တိကျသောကဏ္ဍအချို့ကို ပထမဦးဆုံး မိတ်ဆက်ပေးခံရသည့်အခါ၊ ယင်း၏ တိုက်ရိုက်အဓိပ္ပာယ်ကိုသာ ၎င်းတို့ သဘောပေါက်နိုင်သည်။ အဓိကအချက်များနှင့် အနှစ်သာရတို့ကို လူတို့ နားမလည်နိုင်မီ လေ့ကျင့်သည့်အချိန်ကာလတစ်ခုကို လိုအပ်သည်။ ဤအဓိကအချက်များနှင့် အနှစ်သာရတို့ကို သင် ကျွမ်းကျင်ပိုင်နိုင်ပြီးသား ဖြစ်လျှင် ၎င်းတို့ကို တိုက်ရိုက်ပြောပြသင့်သည်။ သူတို့အား ဝေ့ဝိုက်သောလမ်းကြောင်းကို လိုက်စေပြီး စမ်းတဝါးဝါးဖြင့် အချိန်များစွာ မကုန်စေနှင့်။ ဤသည်မှာ သင်၏ တာဝန်ဝတ္တရားဖြစ်သည်။ သင်လုပ်သင့်သောအရာ ဖြစ်သည်။ သင်သည် အဓိကအချက်များနှင့် အနှစ်သာရဖြစ်သည်ဟု သင်ယုံကြည်သောအရာကို ၎င်းတို့အား ပြောပြမှသာလျှင် သင့်အနေဖြင့် မည်သည့်အရာကိုမျှ ထိမ်ချန်ထားခြင်းရှိမည် မဟုတ်သကဲ့သို့၊ ထိုအခါမှသာ သင်သည် တစ်ကိုယ်ကောင်းဆန်ရာ ကျမည်မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ပတ်တော်က ကျွန်မကို လက်တွေ့လုပ်ဖို့ လမ်းကြောင်းတစ်ခုပေးခဲ့တယ်။ ကျွန်မတို့အလုပ်နဲ့ ဆက်စပ်တဲ့ ကျွန်မရဲ့ နည်းပညာတွေ၊ အသိပညာတွေအကုန်လုံးကို ညီအစ်ကိုမောင်နှမတွေနဲ့ မျှဝေသင့်တယ်။ ဒါဆိုရင် ဘယ်သူမှ သွယ်ဝိုက်ပြီး ချဉ်းကပ်ဖို့ အချိန်ဖြုန်းစရာ လိုမှာမဟုတ်တော့ဘူး။ ဒါဆို ဒီအခြေခံအုတ်မြစ်ကနေ သူတို့တွေက ပိုပြီးတော့ ခွန်အားရနိုင်ပြီး သူတို့တာဝန်မှာ ပိုကောင်းလာအောင် လုပ်နိုင်တယ်။ ဒါဆို အသင်းတော်အလုပ်က အကျိုးဖြစ်မှာပဲ။ ပြီးတော့ ကျွန်မက အတတ်ပညာပိုင်း ကျွမ်းကျင်မှုတချို့ရှိပြီး ကျွန်မတာဝန်မှာ သင့်တင့်သလောက် အောင်မြင်တာက ကျွန်မ သူများတွေထက်ပိုပြီး တော်လို့၊ ပိုစိတ်ထက်သန်လို့မဟုတ်ဘူး။ ဒီခွန်အားအနည်းငယ်ကို ပေးတဲ့ ဘုရားကျေးဇူးတော်ကြောင့်ပဲ။ ကိုယ့်အတွက်ပဲ စဉ်းစားလို့မဖြစ်ဘူး။ ကျွန်မရဲ့ တာဝန်တွေကို ဖြည့်ဆည်းရမယ်။ သူများတွေနဲ့ ကျွန်မရဲ့ အသိပညာကို မျှဝေရမယ်။ ဒါဆိုရင် ကျွန်မတို့ရဲ့ အလုပ်အားလုံး တိုးတက်လာမယ်။ အဲဒါနဲ့ ကျွန်မသိသမျှ အတတ်ပညာပိုင်း ကျွမ်းကျင်မှုတွေအကုန်လုံးကို ညီအစ်ကိုမောင်နှမတွေကို သင်ပေးတယ်။ တခြားနည်းပညာကောင်း ရှာတွေ့တဲ့အခါ ကျွန်မ သူတို့ကို လိုလိုလားလား ပြောပြတယ်။ အချိန်နည်းနည်းကြာတော့ ကျွန်မတို့ အဖွဲ့အထွက်နှုန်းက ထိုးတက်သွားတယ်။ တချို့က ကျွန်မ သင်ပေးတဲ့ ကျွမ်းကျင်မှုတွေကို အခြေခံပြီး ဆန်းသစ်တဲ့အကြံတွေ ထုတ်ကြတယ်။

တစ်လကြာပြီးတော့ ဝန်ထမ်းအပြောင်းအလဲတွေကြောင့် ကြီးကြပ်ရေးမှူးက အဖွဲ့ခေါင်းဆောင် ကိုလင်းကို အဖွဲ့သစ်တစ်ခုကို တာဝန်ယူခိုင်းပြီး သူ့နေရာကို ကျွန်မကို ယူခိုင်းတယ်။ ကျွန်မ ဘုရားကို တော်တော်ကျေးဇူးတင်ပြီး အလုပ်ကို ကောင်းကောင်းလုပ်ချင်ခဲ့တယ်။ ကိုလင်းရဲ့ အဖွဲ့က ညီအစ်ကိုမောင်နှမတချို့က ဗီဒီယိုတည်းဖြတ်ရာမှာ စိမ်းနေပြီး အတွေ့အကြုံမရှိတော့ ကိုလင်းက အစွမ်းအစကောင်းရှိတဲ့သူတချို့ကို ကျွန်မတို့ဆီလာပြီး သင်ခိုင်းတယ်။ သူတို့အားလုံးက အတတ်မြန်တဲ့သူတွေပါ။ သိပ်မကြာဘူး။ သူတို့က ကျွမ်းကျင်မှုတွေကို ကောင်းကောင်းပိုင်နိုင်လာပြီး သူတို့တာဝန်မှာ ပိုကျွမ်းကျင်လာတယ်။ ကျွန်မ စိတ်ထဲ တစ်မျိုးဖြစ်မိတယ်။ သူတို့က ကျွမ်းကျင်မှုတွေ လာသင်ပြီး ကျွန်မတို့က သူတို့ကို အကုန်ပြောပြတယ်။ ဒီလိုဆက်ဖြစ်နေပြီး သူတို့အဖွဲ့အထွက်နှုန်းက ဆက်ပြီး တိုးတက်လာရင် သူတို့အဖွဲ့က ကျွန်မတို့အဖွဲ့ထက်သာသွားနိုင်တယ်။ ကျွန်မတို့ အဖွဲ့ အထွက်နှုန်းမြင့်နေတာကို ထိန်းထားဖို့အတွက် အွန်လိုင်းဂရုကနေ လာသင်ရတဲ့သူတွေကို ထုတ်ပစ်လိုက်တယ်။ တခြားအသင်းတော်တွေရဲ့ ထုတ်လုပ်ရေးနည်းပညာတွေနဲ့ ကျွမ်းကျင်မှုတွေကိုလည်း ကျွန်မ လေ့လာတယ်။ ကျွန်မ စဉ်းစားတာက ကျွန်မတို့အရင်က သိခဲ့တဲ့ ကျွမ်းကျင်မှုတွေအားလုံးကို သူတို့ တတ်သွားပြီဆိုတော့ ကျွန်မတို့က အသစ်တချို့ကို သင်ပြီး သူတို့ကို ပြောမပြရင် သူတို့က ကျွန်မတို့ထက် သာနိုင်မှာမဟုတ်ဘူးပေါ့။ ဒါပေမဲ့ ကျွန်မ အံ့ဩသွားတာက သူတို့ကို ဂရုကနေ ထုတ်လိုက်ပြီးတော့ ကျွန်မတို့အဖွဲ့ အထွက်နှုန်းက တိုးမလာရုံတင်မကဘူး။ တကယ်ကို ကျသွားတယ်။ အဖွဲ့ဝင်တွေက အပျက်သဘောဆောင်တဲ့ အခြေအနေတွေ၊ ပြဿနာတွေကို ပိုတွေ့ကြုံရပြီး ကျွန်မ ကိုယ်တိုင်က ခေါင်းရှုပ်နေတယ်။ ဗီဒီယိုတွေလုပ်ဖို့အတွက် ဘာစိတ်ကူးမှမရှိဘူး။ အဖွဲ့ရဲ့ ပြဿနာတွေကိုလည်း မဖြေရှင်းနိုင်ဘူး။ ကျွန်မအခြေအနေကို မပြောင်းလဲရင် အဖွဲ့ရဲ့ စွမ်းဆောင်မှုကို ထိခိုက်ဖို့ သေချာတယ်ဆိုတာ ကျွန်မ သတိထားမိသွားတယ်။ ကျွန်မ ဘုရားကို ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ အခုနောက်ပိုင်း သမီးရဲ့တာဝန်မှာ ဘယ်လောက်ပဲ ကြိုးစားပါစေ ဦးတည်ရာမဲ့နေပါတယ်။ ကိုယ့်ကိုယ်ကိုယ်သိပြီး ဒီအရှုပ်အထွေးထဲကနေ ထွက်လာဖို့အတွက် သမီးကို ဉာဏ်အလင်းဖွင့်ပြပြီး လမ်းပြတော်မူပါ” ဆိုပြီးတော့။

တစ်နေ့မှာ ကျွန်မ ဘုရားဝတ်ပြုနေရင်းနဲ့ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ဖတ်တယ်။ “လူတို့သည် မမှန်ကန်သော အခြေအနေတွင် နေထိုင်သောအခါ၊ ဘုရားသခင်အား ဆုမတောင်းသောအခါ၊ သို့မဟုတ် သမ္မာတရားကို မရှာဖွေသောအခါ သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့ကို စွန့်ပစ်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်က အတူရှိနေလိမ့်မည်မဟုတ်ပေ။ သမ္မာတရားကို မရှာဖွေသောသူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုကို မည်သို့ ပိုင်ဆိုင်နိုင်မည်နည်း။ ဘုရားသခင်သည် ၎င်းတို့ကို စက်ဆုပ်ရွံရှာလိမ့်မည်။ ဘုရားသခင်၏ မျက်နှာသည် ၎င်းတို့ထံမှ ပုန်းကွယ်နေလိမ့်မည်။ ထို့အတူ သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့ထံမှ ကွယ်ဝှက်နေလိမ့်မည်။ ဘုရားသခင်က အလုပ်မလုပ်တော့သောအခါ သင်သည် သင်ကျေနပ်သလို လုပ်ဆောင်နိုင်သည်။ ဘုရားသခင်သည် သင့်အား ဘေးဖယ်ထားလိုက်သည်နှင့် သင်သည် ဇာတ်သိမ်းသွားပြီမဟုတ်လော။ သင်သည် မည်သည့်အရာကိုမျှ ဖြစ်မြောက်မည်မဟုတ်ပေ။ မယုံကြည်သူများသည် အမှုအရာများကို လုပ်ဆောင်သည့်အခါတွင် အဘယ်ကြောင့် အလွန် အခက်အခဲဖြစ်ကြသနည်း။ ၎င်းတို့တစ်ဦးချင်းစီက ကိုယ်ပိုင်အကြံပေးသူများကို ထားရှိသည်မဟုတ်လော။ ၎င်းတို့သည် ကိုယ်ပိုင်အကြံပေးသူများကို ထားရှိပြီး မည်သည့်အရာကိုမျှ ဖြစ်မြောက်အောင် မလုပ်ဆောင်နိုင်ပေ။ အရာရာတိုင်းတွင် အရိုးရှင်းဆုံးကိစ္စများကိုပင် အလွန်ပင် အားစိုက်လုပ်ဆောင်ရသည်။ ဤသည်မှာ စာတန်၏ အုပ်စိုးမှုအောက်တွင်ရှိသော အသက်တာဖြစ်သည်။ သင်တို့သည် မယုံကြည်သူများ လုပ်ဆောင်သကဲ့သို့ လုပ်ဆောင်လျှင် သင်တို့သည် ၎င်းတို့နှင့် မည်သို့ကွာခြားသနည်း။ သင်နှင့် မယုံကြည်သူတို့ကြားတွင် ကွာခြားမှု လုံးဝ မရှိပေ။ ဆိုးယုတ်သော စိတ်သဘောထားဖြင့် အသက်ရှင်သူများက တန်ခိုးအာဏာကို ကိုင်စွဲလျှင်၊ သမ္မာတရားကို မပိုင်ဆိုင်သောသူများက တန်ခိုးအာဏာကို ကိုင်စွဲလျှင် စင်စစ်အားဖြင့် တန်ခိုးအာဏာကို ကိုင်စွဲသည်မှာ စာတန်မဟုတ်လော။ လူတစ်ယောက်၏ လုပ်ရပ်များသည် အဓိကအားဖြင့် သမ္မာတရားနှင့် ဆန့်ကျင်ကွဲလွဲလျှင် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှု ရပ်တန့်သွားသည်။ ဘုရားသခင်သည် ၎င်းတို့ကို စာတန်ဆီသို့ လွှဲပြောင်းပေးလိုက်သည်။ စာတန်၏ လက်ထဲသို့ ရောက်သည်နှင့် အကျည်းတန်သည့် ပုံစံအားလုံးတို့ဖြစ်သည့် ဥပမာအားဖြင့် မနာလိုဖြစ်ခြင်း၊ အငြင်းပွားခြင်းတို့သည် လူတို့ကြားတွင် ထွက်ပေါ်လာသည်။ ဤဖြစ်ရပ်သည် မည်သည့်အရာကို ပုံဖော်ပြသသနည်း။ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှု ရပ်တန့်သွားကြောင်း၊ သူသည် ထွက်ခွာသွားပြီဖြစ်ကြောင်းနှင့် ဘုရားသခင်က အလုပ်လုပ်ခြင်း မရှိတော့ကြောင်းတို့ကို ပုံဖော်ပြသသည်။ ဘုရားသခင်၏ လုပ်ဆောင်ခြင်းမရှိလျှင် လူက နားလည်သည့် ကျမ်းဟောင်းတရားများ၊ အယူဝါဒများသက်သက်က မည်သို့ အသုံးဝင်သနည်း။ အသုံးမဝင်ပေ။ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ခြင်းမရှိလျှင် လူတို့သည် အထဲ၌ ဗလာဖြစ်နေသည်။ မည်သည့်အရာကိုမျှ ၎င်းတို့ နားလည်သဘောမပေါက်နိုင်ပေ။ ၎င်းတို့သည် လူသေကဲ့သို့ဖြစ်သည်။ အချိန်ကျလာသောအခါ ၎င်းတို့သည် အံ့ဩမှင်တက်နေကြလိမ့်မည်။ လူသားမျိုးနွယ်တွင်ရှိသော လှုံ့ဆော်မှု၊ ဉာဏ်ပညာ၊ အသိဉာဏ်၊ အသိအမြင်နှင့် ဉာဏ်အလင်းပွင့်လင်းမှုတို့အားလုံးသည် ဘုရားသခင်ထံမှလာသည်။ အားလုံးသည် ဘုရားသခင်၏ လုပ်ဆောင်မှုဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့စိတ်သဘောထားကို သူ့ရဲ့ နှုတ်ကပတ်တော်တွေကနေ ကျွန်မ ခံစားရနိုင်တယ်။ ဘုရားသခင်က လူတွေအပေါ်မှာ သူတို့ရဲ့ အပြုအမူအပေါ် မူတည်ပြီး မတူတဲ့ သဘောထားရှိတယ်။ လူတစ်ယောက်က သူ့တာဝန်မှာ မှန်ကန်တဲ့ ရည်ရွယ်ချက်ရှိတယ်၊ သမ္မာတရားကို ရှာဖွေတယ်၊ အသင်းတော်အလုပ်ကို ထိန်းသိမ်းဖို့ သူများတွေနဲ့ ပေါင်းရင် သူက သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အလုပ်ကို ရတယ်။ ဒါပေမဲ့ သူက သမ္မာတရားကို လက်တွေ့မလုပ်ဘဲ သူ့ရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေထဲမှာ အသက်ရှင်ရင် ဘုရားက သူ့ကို ရွံရှာပြီး စွန့်ပစ်တယ်။ ကျွန်မတို့ဆီကနေ သင်ဖို့ ကြိုးစားတဲ့ တခြားအဖွဲ့က ညီအစ်ကိုမောင်နှမတွေကို ကျွန်မ တွေးမိတယ်။ သူတို့ကတွေက အတတ်မြန်ပြီး ကျွန်မတို့ထက် ပိုထိရောက်မှုရှိတာကို ကျွန်မမြင်တော့ မနာလိုဖြစ်တယ်။ ကျွန်မတို့က သူတို့ထက် သာနိုင်ဖို့အတွက် သူတို့ကို ဂရုထဲကနေ ထုတ်လိုက်တယ်။ ကျွန်မတို့ သင်တန်းပေးတာတွေမှာ ဆက်ပြီး ဝင်ပါခွင့်မပေးတော့ဘူး။ ဒါဆိုရင် ကျွန်မတို့က သူတို့နောက်မှာ ကျန်ခဲ့မှာမဟုတ်တော့ဘူးပေါ့။ ကျွန်မက မယုံကြည်သူတစ်ယောက်လို ပြုမူနေခဲ့တာပါ။ ဒါတွေအားလုံးက ကျွန်မရဲ့ ကိုယ်ပိုင်အကျိုးအမြတ်အတွက်ပဲ။ သူများတွေက ကျွန်မထက်သာသွားမှာ၊ ဒီဟာကြောင့် ကျွန်မရဲ့ ဂုဏ်နဲ့ အဆင့်အတန်းကို ထိခိုက်မှာကို ကျွန်မ အမြဲတမ်း စိုးရိမ်တယ်။ အသင်းတော်အလုပ်ကို လုံးဝ မထိန်းသိမ်းခဲ့ဘူး။ ကျွန်မက အရမ်းကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းပါတယ်။ ဘုရားနှုတ်ကပတ်တော်ထဲမှာ ကျွန်မ ဖတ်ရတယ်။ “ဘုရားသခင်၏ လုပ်ဆောင်ခြင်းမရှိလျှင် လူက နားလည်သည့် ကျမ်းဟောင်းတရားများ၊ အယူဝါဒများသက်သက်က မည်သို့ အသုံးဝင်သနည်း။ အသုံးမဝင်ပေ။ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ခြင်းမရှိလျှင် လူတို့သည် အထဲ၌ ဗလာဖြစ်နေသည်။ မည်သည့်အရာကိုမျှ ၎င်းတို့ နားလည်သဘောမပေါက်နိုင်ပေ။ ၎င်းတို့သည် လူသေကဲ့သို့ဖြစ်သည်။ အချိန်ကျလာသောအခါ ၎င်းတို့သည် အံ့ဩမှင်တက်နေကြလိမ့်မည်။” ဒီအလုပ်ကို ကျွန်မ စလုပ်တော့ ကျွမ်းကျင်မှုတွေကို သင်ပြီး တာဝန်ကို ကောင်းကောင်းထမ်းဆောင်ချင်တယ်။ ပြဿနာတွေကို ကျွန်မ ကြုံရတဲ့အခါမှာ ဆုတောင်းပြီး အကူအညီရှာတယ်။ အတတ်မြန်ပြီး တစ်ခါမှ ပင်ပန်းတယ်လို့ မခံစားရဘူး။ ဒါပေမဲ့ ကျွန်မက ယှဉ်ပြိုင်တဲ့ အခြေအနေတစ်ခုမှာ စပြီး အသက်ရှင်တာကြောင့်၊ သမ္မာတရားကို မရှာဖွေဘဲ အချိန်တိုင်း ဖောက်ပြန်ပျက်စီးခြင်းနဲ့ ပြုမူနေတာကြောင့် ဘုရားက ကျွန်မကို စက်ဆုပ်ရွံရှာပြီး စွန့်ပစ်ခဲ့တယ်။ ကျွန်မက ကိုယ့်တာဝန်မှာ ဦးတည်ရာနဲ့ ရည်ရွယ်ချက်မဲ့ပြီး အရာရာတိုင်းမှာ အသုံးမကျသလို ခံစားမိတယ်။ ဘုရားသခင်က ကျွန်မအပေါ်မှာ အလုပ်မလုပ်တဲ့အခါ ကျွန်မမှာရှိတဲ့ အတတ်ပညာပိုင်းဗဟုသုတလေးက အသုံးမဝင်ဖြစ်လာတယ်။ ဒါက ကျွန်မတာဝန်မှာ မှန်ကန်တဲ့ ရည်ရွယ်ချက်မရှိဘဲ ကိုယ့်အကျိုးကိုပဲ အမြဲတမ်းကာကွယ်နေပြီး သမ္မာတရားကို လက်တွေ့မလုပ်တဲ့ အကျိုးဆက်ပဲ။

နောက်တော့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ တွေးမိတယ်။ ဘုရားက အန္တိခရစ်တွေကို သူတို့ရဲ့ ကိုယ်ပိုင်အကျိုးစီးပွားတွေကိုပဲ စဉ်းစားပြီး ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို မစဉ်းစားဘူးဆိုပြီး ဖော်ထုတ်တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “၎င်းတို့မည်သည့်အလုပ်ကို တာဝန်ယူဆောင်ရွက်ပါစေ၊ အန္တိခရစ်တစ်ဦးဖြစ်သည့် လူစားမျိုးသည် ဘုရားအိမ်တော်၏အကျိုးစီးပွားကို မည်သည့်အခါမျှ ထည့်တွက်စဉ်းစားခြင်း မရှိပေ။ ၎င်းတို့၏ကိုယ်ပိုင် အကျိုးစီးပွားများ ထိခိုက်ခြင်း ရှိမည် မရှိမည်ကိုသာ ၎င်းတို့ ဆင်ခြင်တွေးတောသည်၊ ၎င်းတို့ကို အကျိုးပြုသည့် ၎င်းတို့ရှေ့တွင်ရှိသော အလုပ်အနည်းငယ်ကိုသာ စဉ်းစားသည်။ ၎င်းတို့အတွက် အသင်းတော်၏ အဓိကအလုပ်သည် ၎င်းတို့အချိန်ပိုတွင် လုပ်သောအရာတစ်ခုဖြစ်သည်။ ၎င်းတို့သည် လုံးဝ အလေးအနက်မထားပေ။ ဝတ်ကျေတန်းကျေ အားစိုက်ထုတ်မှုတစ်ခုသာ လုပ်ကြသည်။ ၎င်းတို့ လုပ်လိုသည့်အရာကိုသာ လုပ်ဆောင်ကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်ရာထူးနှင့် အာဏာကို ထိန်းသိမ်းသည့်အလုပ်ကိုသာ လုပ်ကြသည်။ ၎င်းတို့၏ အမြင်တွင်၊ ဘုရားအိမ်တော်မှ စီစဉ်သည့် မည်သည့်အလုပ်မဆို၊ ဧဝံဂေလိဖြန့်ဝေသည့် အလုပ်နှင့် ဘုရားသခင်ရွေးချယ်သော လူတို့၏ အသက်ဝင်ရောက်မှုတို့သည် အရေးမကြီးပေ။ အခြားလူများသည် မိမိတို့၏အလုပ်၌ မည်သည့်အခက်အခဲများ ရှိပါစေ၊ ၎င်းတို့ မည်သည့်ပြဿနာများကို ဖော်ထုတ်ပြီးဖြစ်ကာ ယင်းတို့ကို တိုင်ကြားပြီးဖြစ်ပါစေ၊ ၎င်းတို့၏စကားများ မည်မျှ ရိုးသားစစ်မှန်ပါစေ၊ အန္တိခရစ်တို့သည် အရေးမထားကြပေ၊ ၎င်းတို့ ပါဝင်ပတ်သက်ခြင်း မရှိပေ၊ ဤအရာက ၎င်းတို့နှင့် မည်သို့မျှ မသက်ဆိုင်သည့်အလားပင် ဖြစ်သည်။ ၎င်းတို့သည် အသင်းတော်၏ကိစ္စများကို လုံးလုံး စိတ်မဝင်စားပေ၊ ဤအရေးကိစ္စများ မည်မျှအဓိကကျပါစေ စိတ်မဝင်စားပေ။ ပြဿနာက ၎င်းတို့၏ရှေ့တည့်တည့်တွင် ရှိလျှင်ပင်၊ ၎င်းတို့က ယင်းကို ဝတ်ကျေတမ်းကျေသာ ကိုင်တွယ်လေသည်။ အထက်က တိုက်ရိုက်ကိုင်တွယ်ဖြေရှင်းခြင်းကို ခံရပြီး ပြဿနာကို ဖြေရှင်းဖို့ အမိန့်ပေးခံရသည့်အခါမှသာလျှင် ၎င်းတို့က တကယ့်အလုပ်အနည်းငယ်ကို ဆောင့်ကြီးအောင့်ကြီးလုပ်မည် ဖြစ်ပြီး အထက်ကမြင်ဖို့အတွက် တစ်ခုခုကို ပေးလိမ့်မည်။ မကြာမီတွင် ၎င်းတို့က မိမိတို့၏ကိုယ်ပိုင် လုပ်ငန်းကို ဆက်လက် လုပ်ကိုင်ကြလိမ့်မည်။ အသင်းတော်၏အလုပ်အပေါ်၊ ပို၍ကျယ်ပြန့်သော အခြေအနေ၏ အရေးပါသော အရာများအပေါ် ၎င်းတို့ စိတ်မဝင်စားဘဲ သတိမမူမိကြပေ။ ၎င်းတို့ ရှာဖွေတွေ့ရှိသည့် ပြဿနာများကိုပင် လျစ်လျူရှုကြသည်။ ပြီးလျှင် ပြဿနာများအကြောင်းကို မေးသောအခါတွင် သင့်ကို ရှင်းထုတ်ပစ်ရန်အတွက် ဝတ်ကျေတန်းကျေ အဖြေများကိုပေးသည်၊ သို့မဟုတ် သူတို့၏ စကားများကို အသုံးပြုကြသည်။ အလွန်အမင်း တွန့်ဆုတ်စွာဖြင့်သာ ထိုပြဿနာများကို ကိုင်တွယ်ကြသည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်းတို့၏ သရုပ်သကန် ဖြစ်သည် မဟုတ်လော။ ထို့အပြင် အန္တိခရစ်တို့သည် မည်သည့်တာဝန်ကို ထမ်းဆောင်နေပါစေ၊ ၎င်းတို့တွေးနိုင်သည့်အရာမှာ ထိုတာဝန်က ၎င်းတို့အပေါ် အများအမြင်ကို မြှင့်ပေးမည် ဟုတ်မဟုတ်ကိုသာ ဖြစ်သည်။ ယင်းက ၎င်းတို့၏နာမည်ဂုဏ်သတင်းကို မြှင့်တင်ပေးနိုင်သရွေ့၊ ၎င်းတို့က ယင်းကို လုပ်ဆောင်သည့်နည်းအား သင်ယူဖို့၊ ယင်းကို ဆောင်ရွက်ဖို့ နည်းလမ်းကို အကြံထုတ်ရာတွင် ဦးနှောက်ခြောက်ခံ စဉ်းစားကြသည်။ ယင်းက ၎င်းတို့အား ထင်ပေါ်စေမည် ဟုတ်မဟုတ်ကိုသာ ၎င်းတို့ ဂရုစိုက်သည်။ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ သို့မဟုတ် တွေးတောပါစေ၊ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ကျော်ကြားမှုနှင့် အဆင့်အတန်းကိုသာ အရေးစိုက်ကြသည်။ ၎င်းတို့က မည်သည့်တာဝန်ကို လုပ်ဆောင်နေပါစေ၊ မည်သူက မြင့်မားသည်၊ သို့မဟုတ် နိမ့်ကျသည်၊ မည်သူကနိုင်ပြီး၊ မည်သူက ရှုံးသည်၊ မည်သူ၌ ပို၍ ကြီးမားသော နာမည်ဂုဏ်သတင်း ရှိသည်တို့နှင့်ပတ်သက်၍သာ ယှဉ်ပြိုင်ကြသည်။ လူမည်မျှက ၎င်းတို့ကို အထင်ကြီးသည်၊ လူမည်မျှက ၎င်းတို့ကို နာခံသည်၊ ပြီးလျှင် ၎င်းတို့၌ နောက်လိုက်မည်မျှရှိသည်တို့ကိုသာ ၎င်းတို့ ဂရုစိုက်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို မည်သည့်အခါမျှ မိတ်သဟာယမပြုပေ၊ သို့မဟုတ် တကယ့်ပြဿနာများကို မည်သည့်အခါမျှ မဖြေရှင်းပေ၊ မိမိ၏ တာဝန်ကို ထမ်းဆောင်သည့်အခါတွင် အခြေခံသဘောတရားအတိုင်း အမှုအရာများကို မည်သို့ လုပ်ဆောင်ရမည့်အကြောင်း၊ ၎င်းတို့ သစ္စာရှိခဲ့ခြင်း ရှိမရှိ၊ ၎င်းတို့၏တာဝန်များကို ဖြည့်ဆည်းပြီးခြင်း ရှိမရှိ၊ စံသွေခဲ့ခြင်းရှိမရှိ၊ ပြဿနာတစ်ခုတလေရှိမရှိ တို့ကို မည်သည့်အခါမျှ ထည့်မစဉ်းစားပေ။ သို့မဟုတ် ဘုရားသခင်တောင်းဆိုသည့်အရာနှင့် ဘုရားအလိုတော်တို့ကို ထည့်တွက်စဉ်းစားခြင်း မရှိပေ။ ဤအရာများအားလုံးကို ၎င်းတို့ တစ်စက်မျှ အာရုံမစိုက်ပေ။ ဂုဏ်အဆင့်အတန်းနှင့် ဩဇာတိက္ကမ၊ ၎င်းတို့၏ကိုယ်ပိုင် ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒတို့ကို ဖြည့်ဆည်းဖို့တို့အတွက်သာ ၎င်းတို့သည် ကြိုးစားအားထုတ်ပြီး အမှုကိစ္စများကို လုပ်ဆောင်သည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်းတို့၏ သရုပ်သကန် ဖြစ်သည် မဟုတ်လော။ ဤသည်မှာ ၎င်းတို့၏ စိတ်နှလုံးများသည် ၎င်းတို့၏ကိုယ်ပိုင် ရည်မှန်းချက်များ၊ အလိုများနှင့် အသိတရားကင်းမဲ့သော တောင်းဆိုမှုများဖြင့် ပြည့်လျှံနေပုံကို အပြည့်အဝ ဖော်ထုတ်လေသည်။ ၎င်းတို့ လုပ်ဆောင်သမျှကို ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများဖြင့် အုပ်စိုးထားသည်။ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ အရင်းခံအကြောင်းနှင့် အစပြုမှတ်တို့မှာ ၎င်းတို့၏ကိုယ်ပိုင် ရည်မှန်းချက်များ၊ အလိုများနှင့် အသိတရားကင်းမဲ့သော တောင်းဆိုမှုများသာ ဖြစ်သည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်းတို့၏ သမားရိုးကျ သရုပ်သကန်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ နောက်ဆက်တွဲ ၄ (အပိုင်း ၁)) အန္တိခရစ်တွေက အသင်းတော်အလုပ်အတွက် မစဉ်းစားဘဲ သူတို့ရဲ့ ကိုယ်ပိုင်ဂုဏ်နဲ့ အဆင့်အတန်းအတွက်ပဲ လုပ်တယ်ဆိုပြီး ဘုရားနှုတ်ကပတ်တော်က ဖွင့်ပြတယ်။ အသင်းတော်ရဲ့ အစီအစဉ်တွေနဲ့ တခြားလူတွေ သူတို့တာဝန်မှာရှိတဲ့ ပြဿနာတွေက အန္တိခရစ်တွေအတွက် လုံးဝ အရေးမပါဘူး။ ညီအစ်ကိုမောင်နှမတွေရင်ဆိုင်နေရတဲ့ ဘာအခက်အခဲမဆို မျက်ကွယ်ပြုကြတယ်။ သူတို့တွေက တော်တော် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာတယ်။ လူ့သဘာဝ အားလုံး ကင်းမဲ့တယ်။ အန္တိခရစ်တွေရဲ့ အပြုအမူကို ကျွန်မ ကြည့်ပြီး ကျွန်မက ဒုက္ခခံပြီး အနစ်နာခံတဲ့ ပုံစံရှိပြီးတော့ တာဝန်အတွက် ကျွမ်းကျင်မှုတွေကို သင်ဖို့ အကောင်းဆုံးလုပ်ခဲ့ပေမဲ့ ဘုရားအလိုတော်ကို ထည့်မစဉ်းစားခဲ့ပုံကို ဆင်ခြင်သုံးသပ်ကြည့်ခဲ့တယ်။ ကျွန်မက ကိုယ့်တာဝန်ကို အဆင့်အတန်းနဲ့ ဂုဏ်သတင်းကောင်းတစ်ခုကိုရနိုင်ဖို့ အသုံးချစရာတစ်ခုအနေနဲ့ မှတ်ယူနေခဲ့တယ်။ ကျွန်မ စဉ်းစားသမျှက ကျွန်မက လူတွေကြားထဲမှာ အဆင့်အတန်းရှိမရှိ၊ သူများတွေက ကျွန်မကို လေးစားပြီး တန်ဖိုးထားမထား ဆိုတာပဲ။ ဘုရားသခင်က ဘာကို တောင်းဆိုတယ်၊ ဘုရားကို ဘယ်လို ကျေနပ်စေသင့်တယ်ဆိုတာကို လုံးဝ မစဉ်းစားဘူး။ ကျွန်မတာဝန်မှာ အောင်မြင်မှုနည်းနည်းရှိပြီး လူတိုင်းက ကျွန်မဆီကို မေးခွန်းတွေ လာမေးတဲ့အချိန်မှာ ဂုဏ်နဲ့ အဆင့်အတန်းအတွက် ကျွန်မဆန္ဒက လုံးဝ ပြည့်သွားတယ်။ ကျွန်မရဲ့ အတတ်ပညာပိုင်း ဗဟုသုတကို သူများတွေနဲ့ မျှဝေတဲ့အခါမှာ ကျွန်မက မရိုးသားဘူး။ လှည့်ကွက်တွေလုပ်တယ်။ ကျွန်မသိတာ တချို့ကို ထုတ်မပြောဘူး။ ကျွန်မရဲ့ ကျွမ်းကျင်မှုပမာဏ အကုန်လုံးကို ပြောမပြဘူး။ ပြီးတော့ ကျွန်မတို့ ဂရုဆီကို လာသင်တဲ့သူတွေကို ကျွန်မတို့ဆီကနေ သင်လို့မရအောင်လို့ ထုတ်ပစ်တယ်။ သူတို့တွေက လုပ်ရည်ကိုင်ရည်ရှိလာပြီး ကျွန်မ ထင်ပေါ်မှုကို ခိုးယူမှာ ကြောက်ပြီးတော့ပေါ့။ ဒါပေမဲ့ ကျွန်မတို့က ဘုရားနှုတ်ကပတ်တော်ကို ဖြန့်ဖို့ ဗီဒီယိုတွေ လုပ်ကြတာ။ ဒါကြောင့် သူများတွေနဲ့ အတူပေါင်းပြီး ကိုယ့်တာဝန်တွေကို ကောင်းကောင်းလုပ်သင့်တယ်။ ဒါဆိုရင် ဘုရားသခင် ပေါ်ထွန်းခြင်းကို တောင့်တတဲ့သူတွေက ဘုရားရှေ့ကို စောစောပိုရောက်နိုင်တယ်၊ သမ္မာတရားကို လိုက်စားပြီး ကယ်တင်ခြင်းခံရနိုင်တယ်။ ဒါပေမဲ့ ကျွန်မရဲ့ ကိုယ်ပိုင်ဂုဏ်နဲ့ အဆင့်အတန်းကို ထိန်းသိမ်းဖို့အတွက် ကျွန်မရဲ့ ကျွမ်းကျင်မှုတွေကို ဘယ်သူနဲ့မှ မျှဝေချင်စိတ်မရှိဘူး။ ကျွန်မက ကိုယ့်ရဲ့ အတတ်ပညာပိုင်း ကျွမ်းကျင်မှုတွေနဲ့ သင်ကြားရေး အရင်းအမြစ်တွေကို ကိုယ်ပျော်မွေ့ခံစားစရာ ကိုယ့်အပိုင်လို့ မှတ်ယူခဲ့တယ်။ ကျွန်မက ကြွားဝါချင်ပြီး သူများတွေ လေးစားတာခံရဖို့ဖြစ်တဲ့ ကျွန်မရဲ့ အားကြီးတဲ့ ရည်မှန်းချက်ကို ဖြည့်ဆည်းချင်တယ်။ အသင်းတော်အလုပ်၊ ဒါမှမဟုတ် ဘုရားအလိုတော်ကို နည်းနည်းလေးမှ ထည့်မစဉ်းစားခဲ့ဘူး။ ကျွန်မ အပြုအမူက အန္တိခရစ်နဲ့ ဘယ်လိုကွာဦးမှာလဲ။ ဒါက တော်တော်အန္တရာယ်ရှိတဲ့ အခြေအနေဖြစ်တဲ့ ပုံစံရှိတယ်။ အဲဒါနဲ့ ကျွန်မ စိတ်နှလုံးထဲကနေ ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ သမီးရဲ့ အသိတရားကို လျစ်လျူရှုနေပြီး သမီးရဲ့အကျိုးအတွက်ပဲ စဉ်းစားမနေချင်ပါဘူး။ သမီး နောင်တရဖို့၊ ကိုယ့်ကျွမ်းကျင်မှုတွေကို လူတိုင်းကို သင်ပေးဖို့၊ တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ အသင့်ပါပဲ” ပေါ့။

နောက်တော့ ဘုရားနှုတ်ကပတ်တော်ထဲမှာ ဒါကို ကျွန်မ ဖတ်ရတယ်။ “လူတို့သည် သမ္မာတရားကို နားမလည်လျှင် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို စွန့်လွှတ်ခြင်းထက် ပို၍ ခက်သည့်အရာမရှိပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ ဘဝ အတွေးအခေါ်များသည် ‘ဘယ်သူသေသေ ငတေမာရင်ပြီးရော၊’ ‘သေမြေကြီး၊ ရှင်ရွှေထီး’ ဆိုသည်တို့ ဖြစ်သောကြောင့်တည်း။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများအတွက်သာ ရှင်သန်သည်မှာ ရှင်းသည်။ လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများမရှိဘဲ ၎င်းတို့၏ အကျိုးစီးပွားများကို ဆုံးရှုံးရလျှင် ရှင်သန်နိုင်မည်မဟုတ်ဟု ထင်ကြသည်။ ၎င်းတို့ ရှင်သန်ရေးသည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားနှင့် ခွဲခြား၍မရသကဲ့သို့ဖြစ်သည်။ ထို့ကြောင့် လူအများစုသည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများမှလွဲ၍ မည်သည့်အရာကိုမျှ မမြင်ပေ။ ထိုအရာများကို အရာအားလုံးထက် မြင့်သည်ဟု မြင်ကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများအတွက်သာ အသက်ရှင်ကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို စွန့်လွှတ်ခိုင်းခြင်းသည် ၎င်းတို့၏ ကိုယ်ပိုင်ဘဝများကို စွန့်လွှတ်ရန် တောင်းဆိုသကဲ့သို့ဖြစ်သည်။ ဤသို့ဆိုလျှင် ဤသို့သော အခြေအနေများတွင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ၎င်းတို့သည် သမ္မာတရားကို လက်ခံရမည်။ သမ္မာတရားကို လူတို့ နားလည်သောအခါမှသာ ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများ၏ အနှစ်သာရကို ရိပ်စားမိနိုင်သည်။ ထိုအခါမှသာ ၎င်းတို့သည် လက်လျှော့ရန်၊ စွန့်လွှတ်ရန်၊ ၎င်းတို့အလွန်ချစ်သည့် အရာကို လက်လွှတ်ခြင်း၏ နာကျင်မှုကို တောင့်ခံနိုင်ရန် သင်ယူနိုင်မည်။ ဤသို့ပြုလုပ်နိုင်ပြီး သင်ကိုယ်တိုင်၏ အကျိုးစီးပွားများကို စွန့်ပစ်နိုင်လျှင် သင်သည် စိတ်နှလုံးထဲတွင် ပို၍ စိတ်သက်သာပြီး ပို၍ ငြိမ်းချမ်းလိမ့်မည်။ ဤသို့လုပ်ဆောင်ခြင်းတွင် သင်သည် ဇာတိပကတိကို အောင်နိုင်လိမ့်မည်။ သင်၏ အကျိုးစီးပွားများကို ဖက်တွယ်ပြီး သမ္မာတရားကို အနည်းငယ်မျှ လက်မခံလျှင် သင်၏ စိတ်နှလုံးတွင် သင်က ‘ငါ၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ရှာဖွေပြီး မည်သည့်ဆုံးရှုံးမှုကိုမဆို ခံယူရန် ငြင်းဆန်ခြင်းက ဘာမှားသနည်း။ ဘုရားသခင်က ငါ့ကို အပြစ်ဒဏ်မခတ်သေးပေ။ လူတို့က ငါ့ကို ဘာလုပ်နိုင်မည်နည်း။’ ဟု ပြောလျှင် မည်သူကမျှ သင့်ကို ဘာမှပြုလုပ်မည်မဟုတ်ပေ။ သို့သော် ဤသည်မှာ ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းဖြစ်လျှင် အဆုံးတွင် သင်သည် သမ္မာတရားနှင့်အသက်ကို ရရှိရန် အရေးနိမ့်လိမ့်မည်။ ဤသည်မှာ သင့်အတွက် ကြီးမားသော ဆုံးရှုံးမှုပင်ဖြစ်သည်။ သင် ကယ်တင်ခြင်းမခံရနိုင်ပေ။ ပို၍ ကြီးမားသော နောင်တတစ်ခုတလေ ရှိသလော။ ဤသည်မှာ အဆုံးတွင် သင်၏ ကိုယ်ပိုင်အကျိုးစီးပွားကို လိုက်စားခြင်းမှ လာသောအရာ ဖြစ်သည်။ လူတို့သည် အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကိုသာ လိုက်စားလျှင် ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများကိုသာ လိုက်စားလျှင် သမ္မာတရားနှင့် အသက်ကို မည်သည့်အခါမျှ ရရှိလိမ့်မည်မဟုတ်ပေ။ အဆုံး၌ ဆုံးရှုံးမှုကို ခံစားရသည်မှာ ၎င်းတို့ပင် ဖြစ်လိမ့်မည်။ သမ္မာတရားကို လိုက်စားသူတို့ကို ဘုရားသခင်က ကယ်တင်သည်။ သမ္မာတရားကို သင်မလိုက်စားလျှင်၊ သင်သည် ဆင်ခြင်သုံးသပ်ပြီး မိမိ၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိခြင်းကို မစွမ်းဆောင်နိုင်လျှင် သင်သည် အမှန်တကယ် နောင်တရလိမ့်မည်မဟုတ်ဘဲ အသက်အတွင်းသို့ ဝင်ရောက်မှု ရှိမည်မဟုတ်ပေ။ သမ္မာတရားကို လက်ခံပြီး မိမိကိုယ်ကို သိခြင်းသည် သင့်အသက်တာ၏ ကြီးထွားမှုနှင့် ကယ်တင်ခြင်းဆီသို့ လမ်းကြောင်းဖြစ်သည်။ ဘုရားသခင်၏ စိစစ်မှုကို လက်ခံရန်၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံပြီး အသက်နှင့် သမ္မာတရားကို ရရှိရန်အတွက် ဘုရားသခင် ရှေ့မှောက်ကို လာဖို့ သင့်အတွက် အခွင့်အရေးဖြစ်သည်။ သင်သည် အဆင့်အတန်း၊ ဂုဏ်သိက္ခာနှင့် သင်ကိုယ်တိုင်၏ အကျိုးစီးပွားတို့အတွက် သမ္မာတရားကို လိုက်စားခြင်းအား စွန့်လွှတ်လျှင် ဤသည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံရရှိခြင်း၊ ကယ်တင်ခြင်းကို ရရှိခြင်း အခွင့်အလမ်းကို စွန့်လွှတ်သည့် သဘောသက်ရောက်သည်။ အဆင့်အတန်း၊ ဂုဏ်သိက္ခာနှင့် သင်၏ ကိုယ်ပိုင်အကျိုးစီးပွားများကို သင်ရွေးချယ်သည်။ သို့သော် သင် စွန့်လွှတ်သည့်အရာမှာ သမ္မာတရားဖြစ်သည်။ သင်ဆုံးရှုံးသည့်အရာမှာ အသက်နှင့် ကယ်တင်ခြင်းခံရရန် အခွင့်အရေးဖြစ်သည်။ မည်သည့်အရာက ပိုအရေးပါသနည်း။ သင်၏ ကိုယ်ပိုင် အကျိုးစီးပွားများကို ရွေးချယ်ပြီး သမ္မာတရားကို စွန့်လွှတ်လျှင် သင်သည် မမိုက်မဲသလော။ ရှင်းရှင်းပြောရလျှင် ဤသည်မှာ သေးငယ်သော အကျိုးကျေးဇူးအတွက် ကြီးမားစွာ ဆုံးရှုံးခြင်းဖြစ်သည်။ ဂုဏ်သိက္ခာ၊ အဆင့်အတန်း၊ ပိုက်ဆံနှင့် အကျိုးစီးပွားများအားလုံးတို့သည် ခဏတာပေါ်ပင်သာဖြစ်သည်။ သမ္မာတရားနှင့် အသက်မှာမူ ထာဝရဖြစ်ပြီး ပြောင်းလဲ၍ မရပေ။ လူတို့သည် အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို လိုက်စားဖို့ ဖြစ်လာစေသော ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းလျှင် ၎င်းတို့သည် ကယ်တင်ခြင်းရရန် မျှော်လင့်ချက်ရှိသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လူတစ်ယောက်၏စိတ်သဘောထားကိုသိခြင်းသည် ၎င်းပြောင်းလဲခြင်း၏ အခြေခံအုတ်မြစ်ဖြစ်၏) ကျွန်မက ကိုယ့်အကျိုးစီးပွားကိုပဲ အမြဲတမ်းဖက်တွယ်ထားပြီး သမ္မာတရားကို လက်တွေ့လုပ်ဖို့ကို လုံးဝ လျစ်လျူရှုရင် ဆုံးရှုံးမှုကို ခံရမှာက ကျွန်မဖြစ်ပြီး တခြားလူတွေမဟုတ်ဘူးဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ မြင်ခဲ့တယ်။ သမ္မာတရားကိုရဖို့ အခွင့်အရေးဆုံးရှုံးပြီး ကျွန်မက အရမ်းကို မိုက်မဲသွားမှာပဲ။ အရင်တုန်းက ကျွန်မက ဆိုးယုတ်တဲ့ အတွေးအခေါ်တွေကို လက်ခံခဲ့တယ်။ “ကိုယ်မွေးတဲ့မျောက်က ကိုယ့်ပြန်ခြောက်မှာ” ဆိုတာကို ယုံပြီး ကျွန်မ သိတာကို သူများတွေကို သင်ပေးရင် ကျွန်မက နစ်နာရမယ်လို့ ထင်ခဲ့တယ်။ သူတို့တွေက ကောင်းကောင်း သင်ယူတတ်ပြီး နောက်ဆုံးကျတော့ ကျွန်မထက်ပိုပြီး အောင်မြင်နေရင် ကျွန်မက လူတွေကြားထဲမှာ ထူးထူးခြားခြား အဆင့်အတန်း တစ်ခုမှ ရှိမှာမဟုတ်ဘူး ပေါ့။ အဲဒီအခါကျမှပဲ ဒါဟာ ဆိုးယုတ်တဲ့ အတွေးမှားဖြစ်ပြီး လှည့်စားတဲ့ နည်းပဲဆိုတာ ကျွန်မ မြင်သွားတယ်။ ဒီလို အသက်ရှင်ရင် ကျွန်မက ပိုပြီးတော့ပဲ တစ်ကိုယ်ကောင်းဆန်ပြီး လှည့်စားလာနိုင်တယ်။ လူ့သဘာဝ ကင်းမဲ့လာနိုင်တယ်။ နောက်ဆုံးကျရင် ဘုရားက ဖော်ထုတ်ပြီး ဖယ်ရှားတာကို ကျွန်မ ခံရမှာပဲ။ ကျွန်မရဲ့ အကျိုးစီးပွားကို ဘေးချထားပြီး ကျွန်မ သိတာကို သူများတွေကို သင်ပေးရမယ်။ ဒါကသာ ဘုရားအလိုတော်နဲ့ညီပြီး ကျွန်မရဲ့ တာဝန်တွေကို ဖြည့်ဆည်းတာဖြစ်မှာပဲ။ ဒါက ကျွန်မရဲ့ စိတ်နှလုံးထဲမှာ ငြိမ်သက်ခြင်းကို ခံစားရဖို့ နည်းလမ်းပဲ။ ပြီးတော့လည်း ညီအစ်ကိုမောင်နှမတွေက ကျွန်မ သူတို့ကို သင်ပေးတာတွေကနေ အခြေခံပြီး ဖြစ်လာတဲ့ စိတ်ကူးအသစ်တွေရှိရင် ဒါက ကျွန်မရဲ့ ကိုယ်ပိုင် ကျွမ်းကျင်မှုတွေကို အဆင့်မြှင့်ပေးနိုင်တယ်။ ဒါက ဆုံးရှုံးမှု လုံးဝ မဟုတ်ပါဘူး။ ကျွန်မ အရမ်း တစ်ကိုယ်ကောင်းဆန်ပြီး ဆက်မနေချင်တော့ဘူး။ ပြီးတော့ ကျွန်မမှာ နည်းလမ်းကောင်း၊ ဒါမှမဟုတ် ကျွမ်းကျင်မှုတစ်ခုရှိတဲ့အခါတိုင်း လူတိုင်းကို ကျွန်မ ကျေကျေနပ်နပ်နဲ့ ပြောပြမယ် ပေါ့။

တစ်နေ့တော့ အစ်မတစ်ယောက်က ကျွန်မကို အလုပ်ထိရောက်မှုကို တိုးတက်အောင်လုပ်ဖို့နည်းလမ်းကို မေးတယ်။ ကျွန်မ တွေးမိတယ်။ ကျွန်မတို့ အဖွဲ့ရဲ့ နည်းလမ်းတွေကို သူ့ကို ပြောပြလိုက်ပြီး သူ့အဖွဲ့လုပ်တာ ပိုကောင်းနေရင် ကျွန်မတို့က ပိုဆိုးနေသလို ဖြစ်မှာပဲ ပေါ့။ ဒါဆိုရင် လူတွေက ကျွန်မကို ဘယ်လိုထင်မလဲပေါ့။ အဲဒီအချိန်မှာပဲ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ သတိရတယ်။ “သင်၏ တာဝန်များကို သင်ဖြည့်ဆည်းနိုင်သင့်သည်၊ သင်၏ တာဝန်များနှင့် ဝတ္တရားများကို ဆောင်ရွက်နိုင်သင့်သည်၊ သင်၏ တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများကို ဘေးဖယ်ထားနိုင်သင့်သည်၊ သင်၏ ကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် ကြံရွယ်ချက်များကို ဘေးဖယ်ထားနိုင်သင့်သည်၊ ဘုရားသခင်၏ အလိုတော်ကို အရေးထားနိုင်ပြီး ဘုရားအိမ်တော်၏ အကျိုးများ၊ အသင်းတော်အလုပ်နှင့် သင်ထမ်းဆောင်သင့်သည့် တာဝန်တို့ကို ဦးစားပေးနိုင်သင့်သည်။ ဤအရာကို တစ်ခဏကြာ ကြုံတွေ့ပြီးနောက်တွင်၊ ဤသည်မှာ ပြုမူကျင့်ကြံရန် ကောင်းမွန်သော နည်းလမ်းတစ်ခု ဖြစ်သည်ဟု သင်ခံစားရလိမ့်မည်။ ယင်းမှာ ယုတ်ညံ့သောလူတစ်ဦး သို့မဟုတ် အသုံးမကျသောလူတစ်ဦး မဖြစ်ဘဲ ရိုးရိုးစင်းစင်းနှင့် ရိုးသားစွာ အသက်ရှင်ခြင်း ဖြစ်ပြီး၊ စက်ဆုပ်ဖွယ်‌ကောင်းခြင်းနှင့် ယုတ်မာခြင်းထက် မျှမျှတတ နှင့် သိက္ခာရှိရှိ အသက်ရှင်ခြင်း ဖြစ်သည်၊ ဤသည်မှာ လူတစ်ဦး အသက်ရှင်၊ ပြုမူသင့်သည့်ပုံဖြစ်သည်ဟု သင်ခံစားရလိမ့်မည်။ တဖြည်းဖြည်းနှင့်၊ သင်၏ ကိုယ်ပိုင်အကျိုးစီးပွားများကို အလိုဖြည့်ဖို့ သင်၏ စိတ်နှလုံးအတွင်းရှိ လိုအင်ဆန္ဒသည် သာ၍ လျော့ပါးသွားပေလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား စွန့်ပစ်ခြင်းအားဖြင့်သာလွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) အဲဒီအစ်မက အသင်းတော်အလုပ်အတွက် စဉ်းစားလို့ သူ့ထိရောက်မှုကို ဘယ်လို တိုးတက်အောင်လုပ်ရမလဲ လာမေးတာပဲ။ ကျွန်မရဲ့ ကိုယ်ပိုင်ဂုဏ်နဲ့ အဆင့်အတန်းကို စဉ်းစားနေတာကို ရပ်ရမယ်။ အသင်းတော်အကျိုးစီးပွားကို ထည့်စဉ်းစားရမယ်။ ကျွန်မရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ ဆန္ဒတွေ၊ ရည်ရွယ်ချက်တွေကို လွှတ်ချပြီး သူများတွေကို ကူညီရမယ် ပေါ့။ အဲဒါနဲ့ ကျွန်မသိသမျှကို အဲဒီအစ်မကို ပြောပြလိုက်တယ်။ အဲဒီလိုလုပ်လိုက်တော့ ကျွန်မ ငြိမ်သက်ခြင်းရှိသလို ခံစားရတယ်။ ကျွန်မ အံ့ဩရတာက သူကလည်း ကျွန်မကို သင်ကြားရေးနဲ့ဆိုင်တဲ့ ကောင်းတဲ့ အချက်အလက်တွေပေးတယ်။ အဲဒါတွေကြောင့် ကျွန်မ ကျွမ်းကျင်မှုက တိုးတက်သွားတယ်။ ကျွန်မ အရမ်း ခံစားမိပြီး ဘာပြောရမှန်းမသိဘူး။ ကျွန်မ စိတ်နှလုံးထဲမှာ ဘုရားကိုပဲ ထပ်ခါထပ်ခါ ကျေးဇူးတင်နေမိတယ်။ ကိုယ်ကျိုးစီးပွားကို လက်လွှတ်တတ်လာတော့ သမ္မာတရားကို လက်တွေ့ကျင့်ခြင်းရဲ့ ချိုမြိန်မှုကို မြည်းစမ်းခွင့်ရတယ်။ အဲဒီနောက်တော့ ကျွန်မ စုဆောင်းရခဲ့တဲ့ သင်ကြားရေးစာရွက်စာတမ်းတွေ၊ အသုံးဝင်တဲ့ ကျွမ်းကျင်မှုနဲ့ နည်းပညာတွေအကုန်လုံးကို သူများတွေ ကိုးကားလို့ရအောင် ပို့ပေးလိုက်တယ်။

ကျွန်မက စာတန်ဖျက်ဆီးတာကို ဘယ်လောက်ထိ ခံထားရတယ်ဆိုတာ ဒီအတွေ့အကြုံက ကျွန်မကို ပြခဲ့တယ်။ ကျွန်မရဲ့ တစ်ကိုယ်ရေအကျိုးစီးပွားက အရာရာမှာ အဓိကကျနေခဲ့ပြီး အသင်းတော်အလုပ်ကို မစဉ်းစားခဲ့ဘူး။ အန္တိခရစ်လို စိတ်သဘောထားကို ပြခဲ့တယ်။ ဒါပေမဲ့ ဘုရားသခင်က ကျွန်မရဲ့ ပြစ်မှားမှုတွေအတိုင်း ကျွန်မကို မဆက်ဆံခဲ့ပါဘူး။ ကျွန်မကို သန့်စင်ပြီး ပြောင်းလဲဖို့ အခြေအနေတွေ တစ်ခုပြီးတစ်ခု ပြင်ဆင်ပေးတယ်။ ဒါက ဘုရားရဲ့ ချစ်ခြင်းပဲ။ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကိုလည်း ကျွန်မ ကြုံတွေ့ခဲ့တယ်။ ကျွန်မက လမ်းမှားပေါ် ရောက်နေတုန်းမှာ ဘုရားသခင်က ကျွန်မဆီကနေ သူ့မျက်နှာကို ကွယ်ဝှက်ထားပြီး ကျွန်မ လုပ်သမျှမှာ တိုးတက်မှုမရှိဘူး။ ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့လုပ်တော့၊ ကျွန်မ ရည်ရွယ်ချက်တွေကို ပြင်ပြီး အသင်းတော်အလုပ်ကို ထိန်းသိမ်းတော့၊ ကျွန်မ ပိုင်ဆိုင်တဲ့ အသိပညာကို လူတိုင်းနဲ့ မျှဝေတော့ လူတိုင်းက ကျွမ်းကျင်မှုတွေနဲ့ နည်းပညာတွေကို စပြီး ဖလှယ်ကြတယ်။ ကျွန်မတို့ အဖွဲ့ရဲ့ ဗီဒီယိုအလုပ်က တိုးတက်သွားတယ်။ ဘုရားနှုတ်ကပတ်တော်အတိုင်း ပြုမူခြင်းကနေလာတဲ့ ဒီငြိမ်းချမ်းမှုကို ကျွန်မ တကယ် ကြုံတွေ့ခဲ့ရတယ်။ တစ်ခါတလေမှာ ပြဿနာတွေကို ရင်ဆိုင်ရတော့ ကိုယ်ကျိုးကို ထည့်စဉ်းစားနေတုန်းပဲ။ ဒါပေမဲ့ ဘုရားကို အမှီပြုပြီး ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်ရမယ်ဆိုတာ ကျွန်မ သိတယ်။ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းအတွက် ကျေးဇူးတော်ချီးမွမ်းပါတယ်။

အရှေ့သို့- ၈၂။ မုသားပြောခြင်း၏ ဒုက္ခ

နောက်တစ်ခုသို့- ၈၄။ ကြိုးစားအားထုတ်ခြင်းက ကောင်းကင်နိုင်ငံသို့ ဝင်ခွင့် ရနိုင်သလား

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၂၆။ ကျွန်မ စိတ်နှလုံးတံခါးကိုဖွင့်ခြင်းနှင့်၊ သခင့်ပြန်ကြွလာခြင်းကို ကြိုဆိုခြင်း

ရောင်ရွမ်၊ အမေရိက၁၉၈၂ ခုနှစ် နိုဝင်ဘာလတွင် ကျွန်မတို့ တစ်မိသားစုလုံးက အမေရိကနိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်ခဲ့သည်။ ကျွန်မ အဖိုးမျိုးဆက်...

၁၉။ လူများကို မည်သို့ မှန်ကန်စွာ ဆက်ဆံရမည်ကို ကျွန်မ သိခဲ့ရပြီ

ဆီယွမ် ပြင်သစ်နိုင်ငံလွန်ခဲ့သည့်နှစ်နှစ်သုံးနှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင် တာဝန်ကို ထမ်းဆောင်နေခဲ့သည်။ ထိုအသင်းတော်မှာ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။