၇၃။ ကျွန်မ လေးစားအားကျခဲ့တဲ့ ခေါင်းဆောင်တစ်ယောက် ဖြုတ်ချခံရပြီးနောက်
လီချန်က အသင်းတော် ခေါင်းဆောင်တစ်ယောက်ပါ၊ သူက လူတွေကို ရှင်းလင်းပစ်တဲ့၊ နှင်ထုတ်တဲ့အလုပ်ကို အဓိကတာဝန်ယူရပြီး ကျွန်မရဲ့အလုပ်တွေကိုလည်း ကြီးကြပ်ရတယ်။ သူ့နဲ့ တစ်နှစ်ကျော်လောက် အတူဆက်ဆံပြီးတဲ့နောက်မှာ၊ ကျွန်မ သတိပြုမိခဲ့တာက သူက အစွမ်းအစကောင်းတယ်၊ သူ့တာဝန်မှာ ဝန်တာထားတဲ့စိတ်ရှိတယ်၊ အလုပ်မှာရှိတဲ့ပြဿနာတွေကို ဖော်ထုတ်နိုင်ပြီး လူတွေရဲ့အခြေအနေတွေကိုလည်း ပိုင်းခြားသိမြင်နိုင်တယ်။ အထူးသဖြင့် ရှင်းလင်းပစ်တဲ့၊ နှင်ထုတ်တဲ့ အချက်အလက်တွေကို စုစည်းတဲ့အခါမှာ သူက အဓိကကျတဲ့ဖြစ်စဉ်တွေကို နားလည်နိုင်ပြီး ရှင်းလင်းပစ်တာခံရတဲ့၊ နှင်ထုတ်ခံရတဲ့သူတွေရဲ့ အပြုအမူအပေါ်မူတည်ပြီး သူတို့ကို သတ်မှတ်ဖို့ သင့်တော်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ရှာဖွေနိုင်ခဲ့တယ်၊ ဒါတွေက ကျွန်မကိုယ်တိုင် မစီမံနိုင်ခဲ့တဲ့အရာတွေပေါ့။ လူအမျိုးမျိုးကို ပိုင်းခြားသိမြင်တာနဲ့ပတ်သက်ပြီး ကျွန်မတို့ စုဝေးပြီး မိတ်သဟာယဖွဲ့တဲ့အခါတိုင်းမှာ လီချန်ရောက်လာနိုင်ဖို့ ကျွန်မ အမြဲတမ်း မျှော်လင့်ခဲ့တယ်။ သူသာ မရောက်လာခဲ့ရင် ကျွန်မရဲ့အားကိုးရာတိုင်ကြီး ပြိုလဲသွားသလိုမျိုး စိတ်ပျက်မိတယ်။ လွန်ခဲ့တဲ့တစ်နှစ်ကျော်ကာလအတွင်းမှာ၊ လီချန်တာဝန်ယူထားတဲ့အသင်းတော်တွေအားလုံးက ဆိုးယုတ်တဲ့လူတချို့နဲ့ မယုံကြည်သူတချို့ကို ဖယ်ရှားခဲ့ပြီး အသင်းတော်တွေကို သိသိသာသာ သန့်စင်စေခဲ့တယ်။ လီချန်ဟာ သမ္မာတရားကို လိုက်စားပြီး နားလည်တဲ့သူတစ်ယောက်ဖြစ်တယ်လို့ ကျွန်မ ခိုင်ခိုင်မာမာယုံကြည်ခဲ့တယ်၊ သူ့လိုလူမျိုးမှသာ ခေါင်းဆောင်လုပ်နိုင်တယ်လို့တောင် ထင်ခဲ့မိတယ်။ ကျွန်မ သူ့ကို တော်တော်ကို အထင်ကြီးလေးစားခဲ့ပြီး ကျွန်မရဲ့ယုံကြည်ခြင်းခရီးလမ်းမှာ စံနမူနာယူစရာပုဂ္ဂိုလ်အဖြစ် ရှုမြင်ခဲ့တယ်။
၂၀၂၃ ခုနှစ်၊ မေလရဲ့တစ်နေ့မှာ အထက်ခေါင်းဆောင်ဆီကနေ လီချန်ဖြုတ်ချခံလိုက်ရတယ်ဆိုတဲ့ စာတစ်စောင် ကျွန်မ လက်ခံရရှိခဲ့တယ်။ ကျွန်မ မှင်တက်သွားပြီး ဒီသတင်းကို မယုံနိုင်ခဲ့ဘဲ တွေးမိတယ်၊ “လီချန်က အစွမ်းအစကောင်းတယ်၊ ဆုကျေးဇူးတွေလည်းရှိတယ်၊ သူ့တာဝန်မှာလည်း အကျိုးရလဒ်တွေ ထွက်ပေါ်နေတာပဲ။ သူ့လိုလူမျိုးကို ဘယ်လိုလုပ် ဖြုတ်ချနိုင်ရတာလဲ။ ခေါင်းဆောင်တွေက တောင်းဆိုချက်တွေ အရမ်းများနေတာလား။ သူတို့ကိုတွေ့ရင် လီချန်ကို ဘာလို့ဖြုတ်ချခဲ့လဲဆိုတာ ငါ မေးရမယ်” လို့ပေါ့။ အဲဒီနောက်မှာတော့ ကျွန်မမှာ ကိုယ့်ကိုယ်ကိုယ် လီချန်နဲ့ ယှဉ်မကြည့်ဘဲ မနေနိုင်ခဲ့ဘူး။ သူက လူတွေရဲ့အခြေအနေတွေကို ရှင်းရှင်းလင်းလင်းမြင်နိုင်ပြီး သူတို့အခက်အခဲတွေကို ဖြေရှင်းဖို့ သင့်တော်တဲ့ဘုရားနှုတ်ကပတ်တော်တွေကို ရှာဖွေနိုင်ရုံတင်မကဘူး၊ သူ့အလုပ်မှာလည်း အကျိုးရလဒ်တွေ ရှိခဲ့တယ်။ ကျွန်မကတော့ သူ့ဆုကျေးဇူးတွေမရှိဘူး၊ သူလောက်လည်း ဆင်းရဲဒုက္ခမခံနိုင်၊ အဖိုးအခမပေးဆပ်နိုင်ဘူး၊ လူတွေရဲ့အခြေအနေတွေကို ဖြေရှင်းဖို့ ကျွန်မ မကြာခဏ အခက်အခဲတွေ့ပြီး သူ့အကူအညီကို မကြာခဏ တောင်းခဲ့ရတယ်။ အခု လီချန်လိုလူမျိုးတောင် ဖြုတ်ချခံလိုက်ရပြီဆိုတော့၊ ကျွန်မကိုယ်တိုင်လည်း ဖြုတ်ချခံရဖို့ သိပ်မဝေးတော့ဘူးလို့ ခံစားမိတယ်။ ဒီအတွေးက ကျွန်မရဲ့စိတ်ဓာတ်ကို ချက်ချင်း ပြိုလဲသွားစေခဲ့ပြီး၊ နောက်သုံးလေးရက်မှာတော့ ကျွန်မတာဝန်မှာ ဘာအင်အားမှမရှိတော့ဘဲ ရှေ့မှာ အမှောင်အတိပဲ မြင်တော့တယ်။ ကျွန်မရဲ့အခြေအနေ မှားနေမှန်း ကျွန်မ သဘောပေါက်ခဲ့ပြီး၊ ကျွန်မပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေချင်ခဲ့တယ်။ အသင်းတော်က လူတွေကို ဖြုတ်ချတဲ့ဆုံးဖြတ်ချက်တွေက စည်းမျဉ်းတွေအပေါ် အခြေခံတယ်ဆိုတာ၊ လီချန်ဖြုတ်ချခံရတာက သူ့တာဝန်မှာ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့လို့ သေချာပေါက်ဖြစ်ရမယ်ဆိုတာကို ကျွန်မ သိခဲ့တယ်။ ကျွန်မ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို သတိရပြီး ရှာဖတ်ကြည့်လိုက်တယ်။ ဘုရားသခင်က ပြောသည် “အချိန်ကာလတိုင်းနှင့် အဆင့်တိုင်းတွင် အသင်းတော်၌ လူတို့၏ အယူအဆများနှင့် ကွဲလွဲသော အထူးကိစ္စအချို့ ဖြစ်ပျက်သည်။ ဥပမာ လူအချို့ နေမကောင်းဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များ လူစားလဲခံရသည်။ လူအချို့မှာ ဖော်ထုတ်ခံရပြီး ဖယ်ရှားရှင်းလင်းခံရသည်။ အချို့မှာ သေရေး၊ ရှင်ရေး စမ်းသပ်မှုကို ရင်ဆိုင်ရသည်။ အချို့အသင်းတော်များတွင် အနှောင့်အယှက်များ ဖြစ်စေသည့် ဆိုးယုတ်သော လူများ၊ အန္တိခရစ်များ၊ စသည်တို့ပင် ရှိသည်။ ဤအရာများသည် ရံဖန်ရံခါ ဖြစ်ပျက်၏။ သို့သော် ၎င်းတို့သည် မတော်တဆဖြစ်ခြင်း လုံးဝ မဟုတ်ပေ။ ဤအရာများအားလုံးသည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များ၏ ရလဒ်ဖြစ်သည်။ အလွန်ငြိမ်းချမ်းသော အချိန်ကာလသည် အချို့သော အကြောင်းထူးများ သို့မဟုတ် ပုံမှန်မဟုတ်သော ဖြစ်ရပ်များကြောင့် ရုတ်တရက် အလျဉ်ပြတ်သွားနိုင်သည်။ ဤအရာများသည် သင်တို့အနီးတွင် သို့မဟုတ် သင်ကိုယ်တိုင်အပေါ်တွင် လာဖြစ်ပျက်သည်။ ဤအရာများ ဖြစ်ပေါ်ခြင်းသည် လူတို့ဘဝ၏ ပုံမှန်အစီအစဉ်တကျရှိခြင်းနှင့် ပုံမှန်အခြေအနေကို ပျက်ပြားစေသည်။ အပြင်ပန်းတွင် ဤအရာများသည် လူတို့၏ အယူအဆများ၊ စိတ်ကူးများနှင့် မကိုက်ညီပေ။ ဤအရာများသည် လူတို့က ၎င်းတို့အပေါ်တွင် မဖြစ်ပျက်စေလိုသော သို့မဟုတ် ၎င်းတို့ မမြင်တွေ့လိုသော အရာများဖြစ်သည်။ သို့ဆိုလျှင် ဤအရာများ ဖြစ်ပျက်ခြင်းက လူတို့ကို အကျိုးပြုသလော။ လူတို့သည် ဤအရာများကို မည်သို့ ကိုင်တွယ်ဖြေရှင်းသင့်သနည်း၊ မည်သို့ တွေ့ကြုံသင့်သနည်း၊ မည်သို့ နားလည်သင့်သနည်း။ ဤသည်မှာ သင်တို့အားလုံး တွေးဖူးသည့်အရာတစ်ခု ဖြစ်သလော။ (ဤသည်မှာ ဘုရားသခင့်၏ အချုပ်အခြာအာဏာ၏ ရလဒ်ဖြစ်သည်ကို ကျွန်ုပ်တို့ နားလည်သင့်ပါသည်။) ဤသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာ၏ ရလဒ်ဖြစ်သည်ဟု နားလည်ရုံနှင့် ပြီးသွားသည့် ကိစ္စလော။ သင်တို့သည် ဤအရာမှ သင်ခန်းစာတစ်ခုခုကို သင်ယူရရှိခဲ့သလော။...လူတို့သည် အစကတည်းက ဘုရားသခင်ကို နားလည်ခြင်း မရှိပေ။ ၎င်းတို့၏ အယူအဆများနှင့် ကွဲလွဲသည့်အရာအချို့ကို ကြုံရသောအခါ၌ သမ္မာတရားကို မရှာဖွေကြ၊ သို့မဟုတ် မိတ်သဟာယဖွဲ့ရန် လူများကို မရှာကြဘဲ ၎င်းတို့၏ အယူအဆများ၊ စိတ်ကူးများကို အခြေခံ၍သာ ကိုင်တွယ်ကြသည်။ နောက်ဆုံးတွင် ‘ဤအရာများသည် ဘုရားသခင်ထံမှ ဟုတ်မဟုတ် မသေချာသေး’ ဆိုသည့် ကောက်ချက်ကို ချပြီး ဘုရားသခင်နှင့် ပတ်သက်၍ သံသယများ ရှိလာကြသည်။ ဘုရားနှုတ်ကပတ်တော်များကိုပင် သံသယဝင်ကြသည်။ ရလဒ်အနေဖြင့် ၎င်းတို့၏ သံသယများ၊ မှန်းဆချက်များ၊ ဘုရားသခင်ကို သတိထားခြင်းများသည် ပိုပို၍ ဆိုးလာသည်။ ပြီးလျှင် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရန် စိတ်ပါဝင်စားမှု ပျောက်ဆုံးသွားကြသည်။ ၎င်းတို့သည် ဒုက္ခခံလိုစိတ်နှင့် အနစ်နာခံလိုစိတ် မရှိကြပေ။ ကြုံလာသည့် နေ့ရက်တိုင်းကို ဖြစ်သလို ဖြတ်သန်းလျက် အချောင်လည်း ခိုကြသည်။ အထူးဖြစ်ရပ်အနည်းငယ်ကို ကြုံတွေ့ပြီးနောက်တွင်ကား ယခင်က ၎င်းတို့တွင် ရှိနေခဲ့သည့် အနည်းငယ်သော စိတ်ထက်သန်မှု၊ စိတ်ကြံ့ခိုင်မှု၊ စိတ်ဆန္ဒတို့သည် ၎င်းတို့ကို စွန့်ခွာသွားပြီး ပျောက်ကွယ်သွားတော့သည်။ ကျန်ရှိသောအရာမှာ အနာဂတ်အတွက် ကိုယ်ပိုင်အစီအစဉ်များကို မည်သို့ပြုလုပ်ပြီး မည်သို့ ထွက်ပေါက်ရှာရမည်ဆိုသည့် အတွေးများသာဖြစ်သည်။ ဤသို့သောသူများသည် လူနည်းစု မဟုတ်ပေ။ လူတို့သည် သမ္မာတရားကို မချစ်သကဲ့သို့ သမ္မာတရားကို ရှာလည်း မရှာဖွေသောကြောင့် ၎င်းတို့အပေါ် တစ်စုံတစ်ရာ ဖြစ်ပျက်လာသည့်အခါတိုင်းတွင် ဘုရားသခင်ထံမှ လက်ခံရယူရန် လုံးဝ မသင်ယူဘဲ ၎င်းတို့၏ ကိုယ်ပိုင်အမြင်ဖြင့် ကြည့်လေသည်။ ၎င်းတို့သည် အဖြေများ ရှာတွေ့ရန်အတွက် ဘုရားနှုတ်ကပတ်တော်များထဲတွင် သမ္မာတရားကို ရှာဖွေခြင်း မရှိ။ မိတ်သဟာယဖွဲ့ရန်အတွက် သမ္မာတရားကို နားလည်သောသူများအား ရှာဖွေပြီး ဤအရာများကို ဖြေရှင်းခြင်းလည်း မရှိ။ ထိုအစား ၎င်းတို့အပေါ် ဖြစ်ပျက်လာသော အရာများကို စိစစ်ပြီး အကဲဖြတ်ရန် လောကနှင့် ဆက်ဆံဖူးသည့် ၎င်းတို့၏ ကိုယ်ပိုင်အသိအမြင်နှင့် အတွေ့အကြုံကို အစဉ် အသုံးပြုကြသည်။ အဆုံးသတ်ရလဒ်မှာ အဘယ်နည်း။ သွားစရာ မည်သည့်နေရာမျှမရှိသည့် ခွကျသော အခြေအနေတွင် ပိတ်မိသွားအောင် မိမိတို့ကိုယ်ကို လုပ်ကြခြင်းပင် ဖြစ်သည်။ ဤသည်မှာ သမ္မာတရားကို မရှာဖွေသည့် အကျိုးဆက်ဖြစ်၏။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁၁)) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်ခဲ့တာက၊ အသင်းတော်မှာ လူတွေရဲ့အယူအဆတွေနဲ့ မကိုက်ညီတဲ့အရာတွေ ဖြစ်လာတဲ့အခါ၊ သမ္မာတရားကို မလိုက်စားတဲ့သူတွေက ဘုရားသခင်ဆီကအရာတွေကို ခံယူမှာမဟုတ်ဘူး။ အဲဒီအစား၊ သူတို့က ကိုယ်ပိုင်အယူအဆတွေ၊ စိတ်ကူးတွေအပေါ်မူတည်ပြီး ဘုရားသခင်ကို ညည်းညူပြီး နားလည်မှုလွဲမှားကြလိမ့်မယ်၊ သူတို့ရဲ့အခြေအနေတွေကလည်း ဆိုးရွားလာပြီး သူတို့တာဝန်တွေကို ထိခိုက်စေလိမ့်မယ်။ ကျွန်မလည်း အတိအကျ ဒီလိုပဲ ပြုမူခဲ့တာ။ ကျွန်မ လီချန်ကို အမြဲတမ်း အထင်ကြီးပြီး လေးစားခဲ့တယ်။ သူက အစွမ်းအစကောင်းတယ်၊ ဆုကျေးဇူးတွေရှိတယ်၊ နေ့တိုင်း သူ့တာဝန်နဲ့ အလုပ်ရှုပ်နေတယ်၊ ညီအစ်ကိုမောင်နှမတွေရဲ့အခြေအနေတွေကို ဖြေရှင်းဖို့ သင့်တော်တဲ့ဘုရားနှုတ်ကပတ်တော်တွေကို အမြဲရှာဖွေနိုင်တယ်ဆိုတာကို တွေ့ရတော့၊ သူက သမ္မာတရားကို လိုက်စားတဲ့သူတစ်ယောက်လို့ ကျွန်မ ထင်ခဲ့တယ်။ အခုတော့ သူ ဖြုတ်ချခံလိုက်ရပြီ၊ ဒါက ကျွန်မရဲ့အယူအဆတွေနဲ့ လုံးဝမကိုက်ညီဘူး။ ဒီကိစ္စမှာ ကျွန်မ သမ္မာတရားကို မရှာဖွေခဲ့ဘဲ၊ အဲဒီအစား လီချန်ကိုယ်စား မတရားခံရတယ်လို့ ခံစားခဲ့ရပြီး ခေါင်းဆောင်တွေက သူ့အပေါ် မမျှတဘူးလို့တောင် ထင်ခဲ့မိတယ်။ ကျွန်မ ဒီကိစ္စမှာ အပေါ်ယံပဲ ကြည့်နေခဲ့တာမဟုတ်ဘူးလား။ ကျွန်မအတွက် ဘုရားသခင်ရဲ့ရည်ရွယ်ချက်က လူ့အယူအဆတွေနဲ့ မကိုက်ညီတဲ့ ဒီလိုအခြေအနေတွေကနေ ကျွန်မသင်ခန်းစာယူပြီး သမ္မာတရားရဲ့ကဏ္ဍတွေကို နားလည်စေဖို့ဖြစ်တယ်။ ဒါပေမဲ့၊ လီချန်ဖြုတ်ချခံလိုက်ရတယ်လို့ ကြားတဲ့အခါ၊ ကျွန်မရဲ့ပထမဆုံးတုံ့ပြန်မှုက ခေါင်းဆောင်တွေက ဒီကိစ္စကို မမျှမတကိုင်တွယ်ခဲ့တယ်၊ သူတို့တောင်းဆိုချက်တွေက အရမ်းမြင့်မားတယ်လို့ စောဒကတက်ခဲ့ပြီး လီချန်ကို ဘာလို့ဒီလိုဆက်ဆံခဲ့လဲဆိုတာကို ခေါင်းဆောင်တွေကို ဖိစစ်ချင်စိတ်တောင် ပေါက်ခဲ့တယ်။ ကျွန်မက လီချန်ထက်ညံ့ပြီး ဖြုတ်ချခံရနိုင်တယ်လို့လည်း ထင်ခဲ့တယ်၊ အဲဒါကြောင့် အပျက်သဘောနဲ့ နားလည်မှုလွဲမှားခြင်းထဲမှာ အသက်ရှင်နေခဲ့ပြီး ကျွန်မတာဝန်ကို ထိခိုက်ခဲ့တယ်။ ကိစ္စတွေဖြစ်လာတဲ့အခါ သမ္မာတရားမရှာဖွေတာနဲ့ပတ်သက်တဲ့ အန္တရာယ်ကို ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ တွေ့ခဲ့ရတယ်။ ဒါကို သဘောပေါက်တော့ ကျွန်မရဲ့ အတိုက်အခံလုပ်တဲ့ ခံစားချက်တွေ လျော့နည်းသွားပြီး ဒီကိစ္စမှာ သမ္မာတရားကို ရှာဖွေဖို့ ကျွန်မ ဆန္ဒရှိခဲ့တယ်။
နောက်ပိုင်းမှာ ခေါင်းဆောင်က လီချန်ရဲ့အပြုအမူကို မိတ်သဟာယဖွဲ့ပြီး ဖော်ထုတ်တဲ့အခါ၊ လီချန်က တကယ်ကို မာနထောင်လွှားပြီး ကိုယ့်ကိုယ်ကိုယ် မှန်တယ်လို့ ယူမှတ်တဲ့အပြင် သူ့တာဝန်မှာ ထင်ရာမြင်ရာ ပြုမူခဲ့တယ်၊ အရာရာတိုင်းကို သူ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ မဆွေးနွေးဘဲ ကိုယ်တိုင်ပဲ ဆုံးဖြတ်ချက်ချခဲ့တယ်ဆိုတာကို ကျွန်မ သိခဲ့ရတယ်။ အကြိမ်ကြိမ်မိတ်သဟာယဖွဲ့ပေမဲ့လည်း သူက လမ်းကြောင်းကို ပြန်မလှည့်ခဲ့ဘဲ၊ အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်တာတွေ ဖြစ်စေခဲ့တယ်။ အဲဒီအခါမှပဲ သူဟာ ဖြုတ်ချခံရပြီး ပြန်သုံးသပ်ခဲ့တာ။ ခေါင်းဆောင်က လီချန်ရဲ့ အပြုအမူတချို့နဲ့ပတ်သက်တဲ့ ဥပမာတွေကိုလည်း ပေးခဲ့တယ်။ မကြာသေးခင်က အသင်းတော်ခေါင်းဆောင်တစ်ယောက်က မိသားစုအရှုပ်အထွေးတွေကြောင့် သူ့တာဝန်ကို နှောင့်နှေးစေခဲ့တယ်၊ လီချန်က စည်းမျဉ်းတွေကိုမရှာဖွေဘဲ၊ ဆက်စပ်အခြေအနေကိုမကြည့်ဘဲ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့လည်း မတိုင်ပင်ဘဲ၊ ဒီလူကို အသင်းတော်ကနေ ရှင်းလင်းပစ်ဖို့ အချက်အလက်တွေ စီစဉ်ခဲ့တယ်။ ကံကောင်းချင်တော့ အထက်ခေါင်းဆောင်က ဒါကို တားဆီးဖို့ ကြားဝင်ဖျန်ဖြေခဲ့တယ်။ နောက်တစ်ခါ၊ လီချန်က ဘယ်သူနဲ့မှမတိုင်ပင်ဘဲ ကြီးကြပ်ရေးမှူးတစ်ယောက်ကို သူ့သဘောနဲ့သူ ခန့်အပ်ခဲ့တယ်။ ဒီကြီးကြပ်ရေးမှူးက အစွမ်းအစညံ့ပြီး အလုပ်တွေကို မစီစဉ်နိုင်ခဲ့ဘူး၊ အဲဒါက အသင်းတော်အလုပ်ကို ထိခိုက်စေခဲ့တယ်။ ခေါင်းဆောင်က လီချန်ကို ထင်ရာမြင်ရာ ပြုမူတဲ့အတွက် ပြုပြင်တဲ့အခါ သူက လက်မခံခဲ့ဘူး။ နောက်ပိုင်းမှာ တခြားညီအစ်မတွေကလည်း လီချန် သူ့တာဝန်မှာ ထင်ရာမြင်ရာ ပြုမူခဲ့တဲ့ သရုပ်သကန်တချို့အကြောင်း ပြောပြခဲ့ကြတယ်။ ဒီအဖြစ်မှန်တွေကိုကြားတော့ ကျွန်မ တုန်လှုပ်သွားပြီး၊ လီချန်က ဒီလောက်မာနထောင်လွှားတဲ့ လူတစ်ယောက်ဖြစ်တယ်ဆိုတာကို မယုံချင်ခဲ့ဘူး။ အဲဒီနောက်မှာ ခေါင်းဆောင်က ကျွန်မကို ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ပြခဲ့တယ် “အန္တိခရစ်များသည် မည်သူနှင့်မျှ ပူးပေါင်းမလုပ်ဆောင်နိုင်ပေ။ ၎င်းတို့သည် အစဉ်သဖြင့် တစ်ဦးတည်း စည်းကမ်းချမှတ်လိုကြသည်။ ဤသရုပ်သကန်၏ စရိုက်လက္ခဏာမှာ ‘တစ်ကိုယ်တော်’ ဖြစ်သည်။ ယင်းကို ဖော်ပြရန်အတွက် အဘယ်ကြောင့် ‘တစ်ကိုယ်တော်’ဟူသည့် စကားကို အသုံးပြုသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် မလုပ်ဆောင်မီတွင် ဘုရားရှေ့သို့ လာရောက်ပြီး ဆုတောင်းခြင်း မရှိသကဲ့သို့ သမ္မာတရားစည်းမျဉ်းများကို မရှာဖွေပေ။ ၎င်းတို့ကို ‘ဤသည်မှာ သင့်လျော်သော လမ်းကြောင်းဖြစ်သလော။ အလုပ်အစီအစဉ်များက မည်သည့်အရာကို ပြဋ္ဌာန်းထားသနည်း။ ဤအရာမျိုးကို မည်သို့ ကိုင်တွယ်ရမည်နည်း’ဟူ၍ မိတ်သဟာယဖွဲ့ပြီး ပြောရန်အတွက် လူတစ်ယောက်ကို ရှာဖို့ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ပေ။ ၎င်းတို့သည် ၎င်းတို့၏ တွဲဖက်အမှုဆောင်များ၊ လက်တွဲဖက်များနှင့် မည်သည့်အရာမျှ မဆွေးနွေးပေ၊ သို့မဟုတ် အများသဘောတူညီချက် ရရှိအောင် မကြိုးစားပေ။ ၎င်းတို့သည် အမှုအရာများကို ကိုယ့်ဘာသာကိုယ်သာ စဉ်းစားပြီး ကျိတ်ကြံစည်ကာ မိမိတို့၏ ကိုယ်ပိုင်အစီအစဉ်များနှင့် ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်ကြသည်။ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို သာမန်ကာလျှံကာ တောက်လျှောက်ဖတ်ခြင်းမျှဖြင့် ယင်းတို့ကို နားလည်ပြီးဖြစ်သည်ဟု ထင်ကြသည်။ ထို့နောက်တွင် အလုပ်ကို ကျိုးကြောင်းမမြင်ဘဲ စီစဉ်သည်။ အခြားလူများက ဤအကြောင်းကို သိသည့်အချိန်တွင် အလုပ်က စီစဉ်ပြီးဖြစ်နေသည်။ ၎င်းတို့၏ အမြင်များကို၊ သို့မဟုတ် ၎င်းတို့ကိုယ်တိုင်၏ နှုတ်မှ ထင်မြင်ချက်များကို မည်သူမျှ ကြိုတင်၍ ကြားရရန် မဖြစ်နိုင်ပေ။ ၎င်းတို့စိတ်ထဲတွင်ထားသည့် အတွေးအခေါ်များနှင့် အမြင်များကို မည်သူ့ကိုမျှ လုံးဝ မသိစေသောကြောင့်ဖြစ်သည်။ တစ်စုံတစ်ယောက်က ‘ခေါင်းဆောင်များနှင့် အမှုဆောင်များအားလုံးတွင် တွဲဖက်များမရှိကြသလော’ ဟု မေးနိုင်သည်။ အမည်ခံအားဖြင့် တစ်စုံတစ်ယောက်အား တွဲဖက်အဖြစ် ရှိနိုင်သော်လည်း အလုပ်လုပ်ဖို့ အချိန်ကျသောအခါ၌ မရှိတော့ပေ။ ၎င်းတို့သည် တစ်ကိုယ်တော် အလုပ်လုပ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များတွင် အလုပ်ဖော်များရှိပြီး မည်သည့်တာဝန်ကိုမဆို ထမ်းဆောင်သောသူတိုင်းတွင် အလုပ်ဖော်များ ရှိသော်လည်း အန္တိခရစ်များသည် ၎င်းတို့သည် အစွမ်းအစကောင်းရှိပြီး သာမန်လူများထက်ပို၍တော်သည်၊ ထို့ကြောင့် သာမန်လူများသည် ၎င်းတို့၏ အလုပ်ဖော်များဖြစ်ရန် မထိုက်တန်ဘဲ အားလုံးက ၎င်းတို့ထက် နိမ့်ကျသည်ဟု ယုံကြည်ကြသည်။ ဤအတွက်ကြောင့် အန္တိခရစ်များသည် အဆုံးအဖြတ်ပေးလိုပြီး အမှုကိစ္စများကို အခြားမည်သူနှင့်မျှ မဆွေးနွေးလိုခြင်းဖြစ်သည်။ ဤသို့လုပ်ဆောင်ခြင်းအားဖြင့် ၎င်းတို့သည် မိုက်မဲပြီး အရည်အချင်း မရှိသည့်ပုံပေါ်သည်ဟု ၎င်းတို့ ထင်မြင်ကြသည်။ ဤသည်မှာ အဘယ်သို့သော အမြင်မျိုးဖြစ်သနည်း။ အဘယ်သို့သော စိတ်သဘောထားမျိုး ဖြစ်သနည်း။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထားတစ်ခုဖြစ်သလော။ အမှုကိစ္စများကို သူတစ်ပါးတို့နှင့် ပူးပေါင်းဆောင်ရွက်ပြီး ဆွေးနွေးခြင်း၊ ၎င်းတို့ကို မေးခွန်းများမေးမြန်းပြီး ၎င်းတို့ထံမှ အဖြေကို ရှာဖွေခြင်းသည် သိက္ခာမရှိဖြစ်ပြီး အောက်ကျသည်၊ ကိုယ့်ကိုယ်ကိုယ် လေးစားမှုအား ထိခိုက်စေခြင်းဖြစ်သည်ဟု ၎င်းတို့က ထင်ကြသည်။ ထို့ကြောင့် ၎င်းတို့၏ မိမိကိုယ်ကို လေးစားမှုအား ကာကွယ်ရန်အတွက် ထိုသူတို့နှင့် ဆွေးနွေးဖို့ မဆိုထားနှင့်၊ ၎င်းတို့လုပ်သမျှတွင် ပွင့်လင်းမြင်သာမှုကို ခွင့်မပြုသကဲ့သို့ အခြားလူများကိုလည်း မပြောပြပေ။ အခြားလူများနှင့် ဆွေးနွေးခြင်းသည် သူတို့ကိုယ်သူတို့ အရည်အချင်းမရှိဟု ပြခြင်းဖြစ်သည်၊ အခြားလူများ၏ ထင်မြင်ချက်ကို အစဉ်တောင်းခံခြင်းသည် တုံးအခြင်းဖြစ်ပြီး မိမိအတွက် စဉ်းစားနိုင်စွမ်း မရှိခြင်းဖြစ်သည်၊ တာဝန်တစ်ခုကို ပြီးမြောက်အောင် လုပ်ဆောင်ရာတွင်၊ သို့မဟုတ် ပြဿနာအချို့ကို ဖြေရှင်းရာတွင် အခြားလူတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် ၎င်းတို့အား အသုံးမဝင်သည့် ပုံစံပေါ်စေသည်ဟု ၎င်းတို့က ထင်မြင်ကြသည်။ ဤသည်မှာ ၎င်းတို့၏ မာနထောင်လွှားပြီး အဓိပ္ပာယ်မရှိသော စိတ်ထားမဟုတ်သလော။ ဤသည်မှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မဟုတ်သလော။ ၎င်းတို့အတွင်းရှိ မာနထောင်လွှားပြီး မိမိကိုယ်ကို အမှန်ထင်ခြင်းသည် သိသာလွန်းသည်။ ၎င်းတို့သည် သာမန်လူသား အကြောင်းပြချက်အားလုံး ဆုံးရှုံးခဲ့ပြီး စိတ်မတည်ငြိမ်ပေ။ ၎င်းတို့သည် အရည်အချင်းများရှိသည်၊ အမှုကိစ္စများကို မိမိတို့ဘာသာ ပြီးမြောက်စေနိုင်သည်၊ သူတစ်ပါးတို့နှင့် ညှိုနှိုင်းဆောင်ရွက်ရန်မလိုအပ်ဟု အစဉ်ထင်မြင်ကြသည်။ ၎င်းတို့တွင် ဤသို့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများရှိသောကြောင့် ၎င်းတို့သည် သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်မှုကို မရရှိနိုင်ကြပေ။ ၎င်းတို့က အခြားလူများနှင့် အလုပ်လုပ်ခြင်းသည် ၎င်းတို့၏ အာဏာကို လျော့စေပြီး ပြိုကွဲစေသည်၊ အလုပ်ကို အခြားလူတို့နှင့် ဝိုင်းလုပ်သည့်အခါ ၎င်းတို့၏ ကိုယ်ပိုင်အာဏာသည် လျော့နည်းသွားသည်၊ ၎င်းတို့ကိုယ်တိုင်အတွက် မည်သည့်အရာကိုမျှ မဆုံးနိုင်ပေ၊ ဤသည်မှာ တကယ့်အာဏာမရှိခြင်းဖြစ်သည်ဟု အဓိပ္ပာယ်ရသည်၊ ၎င်းတို့အတွက် ကြီးမားသော ဆုံးရှုံးမှုဖြစ်သည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် ၎င်းတို့တွင် မည်သည့်အရာဖြစ်ပျက်ပါစေ ၎င်းတို့သည် ယင်းကိုနားလည်ပြီး မည်သို့ကိုင်တွယ်ရမည်ကို သိသည်ဟု ၎င်းတို့က ယုံကြည်လျှင် အခြားမည်သူနှင့်မျှ မဆွေးနွေးပေ။ ၎င်းတို့သည် ယင်းကို ဆက်လက် ထိန်းချုပ်လိုလိမ့်မည်။ ၎င်းတို့သည် အခြားလူတို့ကို ပေးသိရမည့်အစား အမှားများကိုသာ ပြုလုပ်လိုကြသည်။ အခြားလူတစ်ယောက်နှင့် အာဏာကို မျှဝေရမည့်အစား မှားယွင်းခြင်းသာဖြစ်လိုကြသည်။ အခြားလူတို့ကို ၎င်းတို့အလုပ်အား ဝင်ရောက်စွက်ဖက်ခွင့်ပြုမည့်အစား အထုတ်ခံရခြင်းကိုသာ ပို၍နှစ်သက်ကြသည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရားသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၁)) ဘုရားနှုတ်ကပတ်တော်တွေက အန္တိခရစ်တွေဟာ ထင်ရာစိုင်းပြုမူကြတယ်၊ သူတို့အာဏာကို ထိန်းသိမ်းဖို့အတွက် ဆုံးဖြတ်ချက်အားလုံးကို သူတို့ကိုယ်တိုင်ပဲ ချမှတ်ကြတယ်။ ကိစ္စတွေကြုံလာတဲ့အခါ သူတို့က သမ္မာတရားစည်းမျဉ်းတွေကိုလည်း မရှာဖွေဘူး၊ တခြားသူတွေနဲ့လည်း မဆွေးနွေးဘူး၊ သူတို့ရဲ့သဘာဝတွေက မာနထောင်လွှားပြီး ကျိုးကြောင်းမဆီလျော်ဘူးလို့ ဖော်ထုတ်ထားတယ်။ လီချန်ရဲ့အပြုအမူနဲ့ ဒါကို နှိုင်းယှဉ်ကြည့်တဲ့အခါ၊ အသင်းတော်ခေါင်းဆောင်တစ်ယောက်အနေနဲ့ သူက သူ့တာဝန်မှာ ထင်ရာမြင်ရာ ပြုမူခဲ့ပြီး အာဏာကို တစ်ယောက်တည်း သိမ်းပိုက်ထားခဲ့တယ်၊ ညီအစ်ကိုမောင်နှမတွေက သူ့ပြဿနာတွေကို ထောက်ပြတဲ့အခါ၊ သူက ကိုယ့်ကိုယ်ကိုယ် ပြန်မသုံးသပ်ရုံတင်မကဘူး၊ သူက အခြေအနေကို နားလည်ပြီး ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ချက်ချနိုင်တယ်လို့လည်း ယုံကြည်ခဲ့တယ်။ သူက စည်းမျဉ်းတွေကို မရှာဖွေခဲ့ဘူး၊ သူ့လုပ်ဖော်ကိုင်ဖက်တွေကို ဘေးဖယ်ထားခဲ့ပြီး လူတွေကို ရှင်းလင်းပစ်ဖို့ အချက်အလက်တွေကို သူ့သဘောနဲ့သူ စီစဉ်ခဲ့တယ်၊ သင့်တော်မှုမရှိတဲ့ ကြီးကြပ်ရေးမှူးတစ်ယောက်ကိုလည်း ခန့်အပ်ခဲ့တယ်၊ အသင်းတော်အလုပ်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်ခဲ့တယ်၊ တခြားသူတွေပြောတာကိုလည်း လျစ်လျူရှုခဲ့တယ်။ လီချန်ရဲ့ ဒီအပြုအမူတွေက အန္တိခရစ်တွေဟာ အရာရာကို “တစ်ကိုယ်တော်” လုပ်ဆောင်ပုံနဲ့ပတ်သက်တဲ့ ဘုရားသခင်ရဲ့ဖော်ထုတ်မှုနဲ့ အတိအကျ မကိုက်ညီဘူးလား။ သူက အသင်းတော်ကို ထိန်းချုပ်ဖို့ အာဏာကို လက်ဝါးကြီးအုပ်ခဲ့ပြီး အသင်းတော်အလုပ်ကို အနှောင့်အယှက်ဖြစ်စေခဲ့တယ်၊ ဒါက ဘုရားသခင်ဖော်ထုတ်ခဲ့တဲ့ အန္တိခရစ်တွေရဲ့ အပြုအမူအတိအကျပဲ။ သူက အန္တိခရစ်ရဲ့လမ်းကြောင်းကို စတင်လျှောက်လှမ်းနေခဲ့ပြီ။ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေက သူ့ပြဿနာတွေကို သုံးလေးခေါက် ထောက်ပြခဲ့ပေမဲ့ သူက ဘယ်တော့မှ အလေးအနက်မထားခဲ့ဘူး။ အထက်ခေါင်းဆောင်က စည်းမျဉ်းတွေအပေါ်မူတည်ပြီး သူ့ကို ဖြုတ်ချခဲ့တာက လုံးဝသင့်တော်ပါတယ်။
ကျွန်မ ပြန်မသုံးသပ်ဘဲ မနေနိုင်ခဲ့ဘူး၊ “လီချန်နဲ့ ဒီလောက်အချိန်ကြာကြီး ဆက်ဆံခဲ့ပြီးမှ ဘယ်လိုဖြစ်လို့ ငါက သူ့ကို ပိုင်းခြားသိမြင်နိုင်တာမျိုး မရှိခဲ့ရတာလဲ၊ ဘယ်လိုဖြစ်ပြီး သူက သမ္မာတရားလက်တွေ့ကျမှုရှိတယ်လို့တောင် ထင်ပြီး သူ့ကို အထင်ကြီးလေးစားခဲ့မိတာလဲ” လို့ပေါ့။ ရှာဖွေနေတုန်းမှာပဲ ဒီဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ် “အပြင်ပန်းအားဖြင့် ဝိညာဉ်ရေးပြည့်ဝသယောင်၊ မြင့်မြတ်သယောင် ခံ့ညားပြီး ကြီးမြတ်သယောင် ထင်ရသောသူများ၏ အထင်အမြင်မှားစေခြင်းကို မကြာခဏခံရသော လူအချို့ရှိလေသည်။ စကားများ နှင့် အယူဝါဒများကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သောသူများနှင့် ၎င်းတို့၏ အဟောအပြောနှင့် လုပ်ရပ်များမှာ လေးစားထိုက်သယောင် ထင်ရသောသူများနှင့်ပတ်သက်၍၊ ၎င်းတို့၏ အထင်အမြင်မှားစေခြင်းကို ခံရသူများသည် ၎င်းတို့လုပ်ရပ်များ၏ အနှစ်သာရ၊ ၎င်းတို့လုပ်ဆောင်ချက်များ၏ နောက်ကွယ်မှ နိယာမများ၊ ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်များမှာ မည်သည်တို့ဖြစ်ကြောင်းကို မည်သည့်အခါမျှ ကြည့်ရှုစစ်ဆေးခြင်း မပြုလုပ်ဖူးကြပေ။ ထို့အပြင် သူတို့သည် ထိုလူတို့က ဘုရားသခင်ကို အမှန်တကယ် နာခံခြင်းရှိ မရှိကို မည်သည့်အခါမျှ စစ်ဆေးကြည့်ရှုခြင်း မရှိခဲ့ကြသည့်အပြင်၊ ထိုလူတို့သည် ဘုရားသခင်ကို စစ်မှန်စွာ ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သောသူ ဟုတ်မဟုတ်ကို မည်သည့်အခါမျှ မစိစစ်ခဲ့ကြဖူးပေ။ သူတို့သည် ထိုလူတို့၏ လူ့သဘာဝအနှစ်သာရကို မည်သည့်အခါမျှ သတိပြုမိခဲ့ခြင်း မရှိပေ။ ထို့ထက် ထိုသူတို့နှင့် သိကျွမ်းလာသည့် ပထမခြေလှမ်းမှစတင်ကာ သူတို့သည် တဖြည်းဖြည်းချင်း ထိုလူတို့ကို အားကျခြင်း၊ ကြည်ညိုလေးစားခြင်း ဖြစ်လာပြီး၊ အဆုံးတွင် ထိုလူတို့သည် သူတို့၏ ကိုးကွယ်ရာပုဂ္ဂိုလ်များ ဖြစ်လာတော့သည်။ ထိုမျှမက လူအချို့၏ စိတ်ထဲတွင်ကား သူတို့ဆည်းကပ်သော ကိုးကွယ်ရာ ပုဂ္ဂိုလ်များ၊ ၎င်းတို့၏ မိသားစုများနှင့် အလုပ်များကို စွန့်လွှတ်နိုင်ကြသည်ဟု သူတို့ ယုံကြည်သောသူများနှင့် အပေါ်ယံတွင် အဖိုးအခပေးနိုင်ဟန်ရှိသောသူများ၊ ထိုပုဂ္ဂိုလ်များမှာ ဘုရားသခင်ကို အမှန်တကယ် ကျေနပ်စေသောသူများနှင့် အဆုံးသတ်ကောင်းများနှင့် ခရီးဆုံး ပန်းတိုင်ကောင်းများကို အမှန်တကယ် ရရှိနိုင်သောသူများပင် ဖြစ်ကြသည်။ သူတို့၏ စိတ်ထဲတွင်မူ ဤကိုးကွယ်ရာ ပုဂ္ဂိုလ်များမှာ ဘုရားသခင် ချီးမွမ်းသောသူများ ဖြစ်ကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်ခဲ့တာက၊ လီချန်ကို ကျွန်မ ကိုးကွယ်ခဲ့တာဟာ အဓိကအားဖြင့် ရှင်းလင်းပစ်တဲ့အလုပ်ကို သူကြီးကြပ်နေတုန်းက သူရခဲ့တဲ့အကျိုးရလဒ်တွေနဲ့၊ သူ့ရဲ့အလုပ်လုပ်နိုင်စွမ်းအားကောင်းလို့ပဲ။ သူ့မှာ ဉာဏ်ရည်နဲ့ ဆုကျေးဇူးတချို့လည်းရှိခဲ့ပြီး၊ လူတွေရဲ့အခြေအနေတွေကို ပစ်မှတ်ထားတဲ့ ဆီလျော်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ရှာဖွေပြီး မိတ်သဟာယဖွဲ့နိုင်ခဲ့တယ်၊ ဒါကြောင့် သူက သမ္မာတရားကို နားလည်ပြီး လက်တွေ့ကျမှုရှိတယ်လို့ ကျွန်မ ထင်ခဲ့တယ်။ ဒါပေမဲ့ အဖြစ်မှန်တွေကပြသခဲ့တာက၊ လီချန်ဟာ သူထုတ်ဖော်ခဲ့တဲ့ ဆိုးရွားတဲ့အန္တိခရစ်စိတ်သဘောထားကို၊ လုံးဝသတိမထားမိခဲ့ဘူး။ သူက ခေါင်းဆောင်တွေရဲ့ပြုပြင်မှုကို လက်ခံဖို့ ဆန္ဒမရှိခဲ့ဘူး၊ သူက သမ္မာတရားကို လက်မခံဘဲ ပုံမှန်အားဖြင့် အယူဝါဒတွေနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ခဲ့တယ်ဆိုတာ ရှင်းနေခဲ့တယ်။ သူက ရလဒ်တွေရပြီး လူတွေ သူ့ကို အထင်ကြီးလေးစားအောင်လုပ်ဖို့ သူ့တာဝန်နဲ့ အလုပ်ရှုပ်နေခဲ့တယ်၊ ကိုယ့်ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းဖို့ သမ္မာတရားကို လုံးဝမလိုက်စားခဲ့ဘူး၊ ဒါတောင်မှ ကျွန်မက သူ့ကို ရုပ်တုတစ်ခုလို ကိုးကွယ်ခဲ့ပြီး သူ့စံနမူနာကိုတောင် လိုက်လျှောက်ခဲ့တယ်၊ ကျွန်မ ဘယ်လောက်တောင် အသိဉာဏ်မဲ့ခဲ့လိုက်သလဲ။ ဘုရားသခင်က ပေတရုကို အသိအမှတ်ပြုခဲ့ပုံကို ကျွန်မ စဉ်းစားမိတယ်၊ အကြောင်းကတော့ သူက သူ့ရဲ့နေ့စဉ်အသက်တာနဲ့ သူ့တာဝန်နှစ်ခုလုံးမှာ၊ သမ္မာတရားကို ရှာဖွေပြီး ဘုရားသခင်ရဲ့ရည်ရွယ်ချက်တွေကို အထမြောက်အောင် အာရုံစိုက်ခဲ့လို့ပဲ။ သေးငယ်တဲ့ကိစ္စတိုင်းမှာ သူက သူ့ရဲ့အရင်စိတ်သဘောထားကို ပြောင်းလဲဖို့ အာရုံစိုက်ခဲ့တယ်။ ဆန့်ကျင်ဘက်အနေနဲ့ ကျွန်မကတော့ လူတွေကို သူတို့ရဲ့ဉာဏ်ရည်နဲ့ ဆုကျေးဇူးတွေ၊ သူတို့လုပ်ခဲ့တဲ့အလုပ်နဲ့ အပေါ်ယံမှာ သူတို့ခံစားခဲ့ရတဲ့ဆင်းရဲဒုက္ခတွေအပေါ်မူတည်ပြီး အကဲဖြတ်ခဲ့တယ်။ လူတွေကို အကဲဖြတ်ရာမှာ ကျွန်မရဲ့အမြင်က ဘုရားသခင်ရဲ့တောင်းဆိုချက်တွေကို ချိုးဖောက်နေတယ်ဆိုတာကို ကျွန်မ တွေ့ခဲ့ရတယ်။ လီချန်ဖြုတ်ချမခံခဲ့ရရင်၊ ကျွန်မ ဒီကိစ္စတွေကို ပြန်သုံးသပ်ခဲ့မှာမဟုတ်သလို၊ သူ့စံနမူနာကိုလည်း ဆက်ပြီး လိုက်လျှောက်နေခဲ့ဦးမှာပဲ။ ဒီအချိန်မှာ ဘုရားသခင်က ဒီလိုလူတွေ၊ ဖြစ်ရပ်တွေ၊ အမှုအရာတွေကို စီစဉ်ညွှန်ကြားပေးခဲ့တဲ့အတွက် ကျွန်မ တကယ်ကို ကျေးဇူးတင်မိတယ်။ ဒါက ဘုရားသခင်က ကျွန်မကို ကယ်တင်နေတာပဲ။ အသင်းတော်ထဲက ညီအစ်ကိုမောင်နှမတချို့က လီချန်ကို ခုထိ ပိုင်းခြားသိမြင်နိုင်ခြင်းမရှိသေးတာကို တွေ့ရတော့၊ ထင်ရာမြင်ရာ ပြုမူတယ်ဆိုတာ ဘာကိုဆိုလိုတဲ့အကြောင်း သူတို့နဲ့ ကျွန်မ မိတ်သဟာယဖွဲ့ခဲ့တယ်၊ လူတွေကို သူတို့ရဲ့အပေါ်ယံအသွင်အပြင်ကိုပဲကြည့်ပြီး အကဲမဖြတ်သင့်ပုံ၊ သူတို့က ဘုရားနှုတ်ကပတ်တော်တွေအတိုင်း ပြုမူသလား၊ အသင်းတော်အလုပ်ကို ထိန်းသိမ်းဖို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သလားဆိုတာကို ကြည့်ပြီး အကဲဖြတ်သင့်တယ်ဆိုတာနဲ့ပတ်သက်ပြီးလည်း မိတ်သဟာယဖွဲ့ခဲ့တယ်။ နားထောင်ပြီးတဲ့နောက်မှာ ညီအစ်ကိုမောင်နှမတွေက လီချန်ကို တော်တော်လေး ပိုင်းခြားသိမြင်နိုင်ခဲ့ကြတယ်။
နောက်ပိုင်းမှာ ကျွန်မ ဆက်ပြီး ပြန်သုံးသပ်ခဲ့တယ်၊ လီချန်ဖြုတ်ချခံရတာကို ကျွန်မ ဘာလို့ ဒီလောက်ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ပြီး ချက်ချင်း စိတ်ဓာတ်ကျသွားခဲ့ရတာလဲ။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်တော့၊ လီချန်လိုမျိုး ကျွန်မထက် အရာရာမှာသာတဲ့လူတစ်ယောက်က ဖြုတ်ချခံရနိုင်ရင်၊ ကျွန်မလည်း ဖြုတ်ချခံရဖို့ နီးစပ်နေပြီဆိုတဲ့အမြင်ကို ကျွန်မ စွဲကိုင်ထားမှန်း တွေ့ခဲ့ရတယ်။ အဲဒီနောက်မှာတော့ ကျွန်မ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ခဲ့တယ် “၎င်းတို့၏ တာဝန်များကို ထမ်းဆောင်သည့် လမ်းကြောင်းတွင် အန္တိခရစ်များသည် ၎င်းတို့၏ ကိုယ်ပိုင် အလားအလာများနှင့် ကံကြမ္မာတို့ကို စဉ်ဆက်မပြတ် တွက်ချက်နေကြသည်။ ၎င်းတို့အနေဖြင့် မိမိတို့၏ တာဝန်များကို ယခု နှစ်ပေါင်းမည်မျှ ထမ်းဆောင်နေပြီး ဖြစ်သည်၊ ဆင်းရဲဒုက္ခမည်မျှ ၎င်းတို့ ခါးစည်းခံပြီးဖြစ်သည်၊ ဘုရားသခင်အတွက် မည်မျှ စွန့်လွှတ်ပြီးဖြစ်သည်၊ အဖိုးအခမည်မျှ ပေးပြီးဖြစ်သည်၊ ၎င်းတို့၏ ခွန်အား မည်မျှ သုံးစွဲပြီးဖြစ်သည်၊ ၎င်းတို့၏ ငယ်ရွယ်မှု နှစ်ကာလ မည်မျှကို ၎င်းတို့ စွန့်လွှတ်ပြီးဖြစ်သည်ဆိုသည်နှင့် ယခုတွင် ၎င်းတို့အနေဖြင့် ဆုလာဘ်များနှင့် သရဖူတစ်ခု ရရှိရန် ခံစားပိုင်ခွင့်ရှိမရှိ၊ ဤနှစ်ကာလ အနည်းငယ်တွင် မိမိတို့တာဝန်များကို ထမ်းဆောင်ရင်း လုံလောက်သည့် အရင်းအနှီးကို ၎င်းတို့ စုဆောင်းပြီးခြင်း ရှိမရှိ၊ ဘုရားသခင်၏ အမြင်တွင် ၎င်းတို့သည် သူ့ရှေ့၌ မျက်နှာသာရသောလူတစ်ဦး ဟုတ်မဟုတ်ဆိုသည်နှင့် ဘုရားသခင်၏ အမြင်တွင် ၎င်းတို့သည် ဆုလာဘ်များနှင့် သရဖူတစ်ခု ရရှိနိုင်သည့် လူတစ်ဦး ဟုတ်မဟုတ်ဟူသည်တို့ ဖြစ်သည်။...၎င်းတို့သည် မိမိတို့ကိုယ်ပိုင် ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို သမ္မာတရားအဖြစ်၊ အသက်တာတွင် တစ်ခုတည်းသော ရည်မှန်းချက်များအဖြစ်လည်းကောင်း၊ တရားအမျှတဆုံးသော တာဝန်တစ်ခုအဖြစ်လည်းကောင်း သဘောထားလျက် ခိုင်မာစွာ ဆုပ်ကိုင်ထားကြသည်။ လူတစ်ဦး၏ စိတ်သဘောထား မပြောင်းလဲလျှင် ထိုသူသည် အစဉ်ထာဝရ ဘုရားသခင်၏ ရန်သူ ဖြစ်လိမ့်မည်ဟူသည့် သမ္မာတရားကို ၎င်းတို့ မသိကြသကဲ့သို့ လူတစ်ဦးကို ဘုရားသခင်က မည်သည့် ကောင်းချီးများပေးပြီး လူတစ်ဦးကို ဘုရားသခင် ဆက်ဆံပုံမှာ ၎င်းတို့၏ အစွမ်းအစ၊ ဆုကျေးဇူးများ၊ ပါရမီများ သို့မဟုတ် အရင်းအနှီးတို့ကို အခြေမခံဘဲ သမ္မာတရားကို မည်မျှ ၎င်းတို့ လက်တွေ့လုပ်ဆောင်သည်ကိုလည်းကောင်း၊ သမ္မာတရား မည်မျှ ရရှိသည်ကိုလည်းကောင်း၊ ၎င်းတို့က ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သည့် လူတစ်ဦး ဟုတ်မဟုတ် ဟူသည်ကိုလည်းကောင်း အခြေခံသည်ကို မသိကြပေ။ ဤသည်တို့မှာ အန္တိခရစ်များ လုံးဝ နားလည်လိမ့်မည် မဟုတ်သည့် သမ္မာတရားများ ဖြစ်သည်။ အန္တိခရစ်များက ဤအရာကို လုံးဝ မြင်ကြလိမ့်မည် မဟုတ်သကဲ့သို့ ဤသည်မှာ ၎င်းတို့ အနုံအဆုံးသောနေရာ ဖြစ်သည်။ အစမှအဆုံးထိ ၎င်းတို့၏ တာဝန်အပေါ် အန္တိခရစ်များ၏သဘောထားမှာ အဘယ်နည်း။ ၎င်းတို့သည် မိမိ၏တာဝန်ကို လုပ်ဆောင်ခြင်းက အပေးအယူတစ်ခု ဖြစ်ကြောင်း၊ မိမိတို့၏တာဝန်တွင် အသုံးခံဆုံးသောသူ၊ ဘုရားအိမ်တော်အတွက် အကြီးမားဆုံးသော ပံ့ပိုးမှုပြုလုပ်ပြီး ဘုရားအိမ်တော်တွင် နှစ်အများဆုံး သည်းညည်းခံသောသူ မည်သူမဆိုသည် ကောင်းချီးခံစားရပြီး အဆုံးတွင် သရဖူတစ်ခု ရရှိမည့် သာ၍ မြင့်မားသော အခွင့်အရေးတစ်ခု ရှိကြလိမ့်မည်ဟု ယုံကြည်ကြသည်။ ဤသည်မှာ အန္တိခရစ်များ၏ တွေးခေါ်ဆင်ခြင်မှုစနစ်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၇)) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မတွေ့ခဲ့ရတာက အန္တိခရစ်တွေဟာ သူတို့တာဝန်တွေကို အပေးအယူတစ်ခုလို သဘောထားကြတယ်၊ အလုပ်ပိုလုပ်တာနဲ့ သူတို့တာဝန်မှာရတဲ့အကျိုးရလဒ်တွေကို ဘုရားသခင်ဆီက ကောင်းချီးတွေနဲ့လဲလှယ်ဖို့အတွက် အပေးအယူလုပ်တဲ့ပစ္စည်းတွေအဖြစ် အသုံးပြုကြတယ်။ ဒါက အန္တိခရစ်တွေရဲ့ ဆင်ခြင်တွေးခေါ်မှုစနစ်ပဲ။ ကျွန်မလည်း ဒီအမြင်ကို စွဲကိုင်ခဲ့တယ်။ ကျွန်မထက် အရာရာမှာထူးချွန်တဲ့လူတစ်ယောက် ဖြုတ်ချခံလိုက်ရတာကို တွေ့တဲ့အခါ၊ အနှေးနဲ့အမြန်ဆိုသလို ကျွန်မလည်း ဖြုတ်ချခံရတော့မယ်လို့ ထင်ခဲ့တယ်။ ကျွန်မရဲ့အနာဂတ်ရှေ့ရေးတွေက မသေချာဘူးလို့ ခံစားခဲ့ရတယ်၊ အဲဒါကြောင့် ကျွန်မ အပျက်သဘောဆောင်သွားတယ်။ တကယ်တော့ လူတွေကို အကဲဖြတ်တဲ့ ဘုရားသခင်ရဲ့စံနှုန်းတွေက သူတို့ ဘယ်လောက်ဆုကျေးဇူးရှိသလဲ၊ ဒါမှမဟုတ် သူတို့ ဘယ်လောက်ဆင်းရဲဒုက္ခခံ၊ အလုပ်လုပ်ပုံပေါ်သလဲဆိုတာကို အခြေမခံဘဲ၊ သူတို့တာဝန်တွေမှာ သမ္မာတရားကို ဘယ်လောက်လက်တွေ့လုပ်ဆောင်ပြီး ရရှိသလဲဆိုတာကိုပဲ အခြေခံတယ်။ ဒီကြားထဲမှာ ကျွန်မကတော့ လူတွေကို ဘုရားနှုတ်ကပတ်တော်တွေအတိုင်းမဟုတ်ဘဲ ကိုယ့်ရဲ့အယူအဆတွေ၊ စိတ်ကူးတွေအပေါ်အခြေခံပြီး အကဲဖြတ်ခဲ့တယ်၊ ဆုကျေးဇူးရှိပြီး အလုပ်ကြိုးစားတဲ့လူတွေက ဘုရားသခင်ရဲ့ရည်ရွယ်ချက်နဲ့ ကိုက်ညီပြီး ကိုယ်တော်ရဲ့အသိအမှတ်ပြုမှုကို ရရှိလိမ့်မယ်လို့ ထင်ခဲ့တယ်။ ဒါကြောင့် လီချန်ဖြုတ်ချခံလိုက်ရတယ်လို့ ကြားတဲ့အခါ ကျွန်မ လက်မခံနိုင်ခဲ့ဘဲ၊ သူ့ကို ဘာလို့ဖြုတ်ချခဲ့တာလဲဆိုတာကို ခေါင်းဆောင်တွေကို မေးခွန်းထုတ်ပြီး သူ့အတွက် တရားမျှတမှုကိုတောင် ရှာဖွေချင်ခဲ့တယ်။ တကယ်တော့ ကျွန်မက လီချန်ကို ကူညီခဲ့တာက ကျွန်မ ပြန်ငြင်းခုံဖို့အတွက် မူမမှန်တဲ့ အကြောင်းပြချက်တစ်ခုသက်သက်ပဲ ဖြစ်ခဲ့တယ်။ နောက်ထပ်ဖြုတ်ချခံရတဲ့သူက ကျွန်မဖြစ်မှာကို စိုးရိမ်ခဲ့ပြီး ကိုယ့်အတွက် အနာဂတ်ကောင်းမရှိမှာကိုလည်း ကြောက်ခဲ့တယ်။ ခေါင်းဆောင်တွေကို မေးခွန်းထုတ်ချင်တဲ့ ကျွန်မရဲ့ဆန္ဒနောက်ကွယ်မှာ အဓိကအားဖြင့် ဘုရားသခင်ကို မေးခွန်းထုတ်ချင်တဲ့ဆန္ဒ၊ ဘုရားသခင်က မမျှတဘူး၊ လူတွေအပေါ် အရမ်းတောင်းဆိုလွန်းတယ်လို့ စောဒကတက်ချင်တဲ့ဆန္ဒပဲ ရှိခဲ့တယ်။ ကျွန်မက ဖန်ဆင်းခံတစ်ယောက်ရဲ့နေရာမှာ မရပ်တည်ခဲ့ဘဲ ဘုရားသခင်ရဲ့အလုပ်ကို ကျိုးနွံနာခံခဲ့တာမျိုးမရှိဘူး၊ အဲဒီအစား ဘုရားသခင်ကို ငြင်းခုံပြီး ပွက်ပွက်ညံအောင် ကန့်ကွက်နေခဲ့တယ်။ အဲဒီအခါမှသာ ကျွန်မထုတ်ဖော်ခဲ့တဲ့အရာရဲ့သဘာဝ ဘယ်လောက်ဆိုးရွားတယ်ဆိုတာကို ကျွန်မ သဘောပေါက်ခဲ့တယ်။ ပေါလုက သူလုပ်ခဲ့တဲ့အလုပ်ကို အရင်းအနှီးအဖြစ်အသုံးပြုပြီး ဘုရားသခင်ကို ပွက်ပွက်ညံအောင် ကန့်ကွက်ခဲ့တယ်၊ ကိုယ်တော်ဆီကနေ ဖြောင့်မတ်ခြင်းသရဖူကို တောင်းဆိုခဲ့တယ်ဆိုတာကို ကျွန်မ စဉ်းစားမိတယ်။ နောက်ဆုံးမှာတော့ သူက ဘုရားသခင်ရဲ့အပြစ်ဒဏ်ပေးတာနဲ့ ကျိန်တာကို ခံခဲ့ရတယ်။ ကျွန်မသာ နောင်တမရသေးရင်၊ ကျွန်မတာဝန်မှာ ဘယ်လောက်ပဲ ဆင်းရဲဒုက္ခခံပါစေ ဘုရားသခင်က ကျွန်မကို အသိအမှတ်ပြုမှာမဟုတ်ဘူး၊ နောက်ဆုံးမှာတော့ ပေါလုလိုမျိုးပဲ အပြစ်ပေးခံရမှာပဲ။ လီချန်ဖြုတ်ချခံရတာက ကျွန်မအတွက် သတိပေးချက်တစ်ခုဖြစ်ခဲ့ပြီး၊ ကျွန်မ ဘုရားသခင်ကို ယုံကြည်ပေမဲ့ လူတွေကို ကိုးကွယ်နေခဲ့ပြီး လမ်းမှားကို လျှောက်လှမ်းနေခဲ့တယ်ဆိုတာကို ကျွန်မ သိမြင်စေခဲ့တယ်။ ဒါက ဘုရားသခင်က ကျွန်မကို ချစ်တာ၊ ကယ်တင်နေတာပဲလို့ လှိုက်လှိုက်လှဲလှဲ ခံစားခဲ့ရတယ်။
လီချန်ဖြုတ်ချခံရပြီးတဲ့နောက်မှာ သူ ခဏလောက် ပြန်သုံးသပ်ခဲ့တယ်၊ သူ့ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားအပေါ် နားလည်မှုတချို့ ရရှိခဲ့ပြီး၊ အသင်းတော်က သူ့ကို တာဝန်တစ်ခု ပြန်လည်ခန့်အပ်ခဲ့တယ်။ အခု ကျွန်မ လီချန်နဲ့အတူ ကိုယ့်တာဝန်ပြန်ထမ်းဆောင်နေပြီ၊ ဒါပေမဲ့ အရင်ကလို သူ့ကို ကျွန်မ မကိုးကွယ်တော့ဘူး။ အဲဒီအစား သူပြောတဲ့စကားက ဘုရားနှုတ်ကပတ်တော်တွေအပေါ် အခြေခံသလားဆိုတာကို ပိုင်းခြားသိမြင်ဖို့ အာရုံစိုက်ခဲ့တယ်။ ကျွန်မမှာ မတူညီတဲ့အမြင်တွေရှိရင်၊ အဲဒါတွေကို ကျွန်မ တင်ပြတယ်၊ နားမလည်တဲ့အရာတွေအတွက် သမ္မာတရားစည်းမျဉ်းတွေကို ကျွန်မ ရှာဖွေတယ်၊ ရှင်းရှင်းလင်းလင်းမမြင်နိုင်တဲ့ကိစ္စတွေကို ခေါင်းဆောင်တွေဆီ ကျွန်မ အစီရင်ခံတယ်။ ဒီလိုနည်းနဲ့ လက်တွေ့လုပ်ဆောင်တော့ ကျွန်မက စည်းမျဉ်းတချို့ကို နားလည်နိုင်ပြီး ရှေ့ဆက်ဖို့လမ်းကြောင်းတစ်ခုကို ရှာတွေ့နိုင်ခဲ့တယ်။ ဒီအတွေ့အကြုံကနေတစ်ဆင့်၊ သမ္မာတရားကို ရှာဖွေခြင်းရဲ့အရေးကြီးပုံကို ကျွန်မ နားလည်လာခဲ့ပြီး၊ ကိုယ့်တာဝန်ကို ထမ်းဆောင်တုန်းက ကျွန်မလုပ်ခဲ့တဲ့ စည်းမျဉ်းချိုးဖောက်တဲ့အရာတွေကို ပြန်သုံးသပ်တာမျိုးကို ကျွန်မ စပြီး အာရုံစိုက်ခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေကိုလည်း သူတို့တာဝန်တွေမှာ သမ္မာတရားစည်းမျဉ်းတွေကို ရှာဖွေဖို့ ကျွန်မ ဦးဆောင်ခဲ့တယ်၊ အဲဒီလိုနဲ့ လူတိုင်းက အပေါ်ယံလုပ်ဆောင်ချက်တွေကို အာရုံစိုက်တာရပ်ပြီး အဲဒီအစား သမ္မာတရားကို လိုက်စားပြီး စည်းမျဉ်းတွေအတိုင်း သူတို့တာဝန်တွေကို ထမ်းဆောင်ဖို့ အာရုံစိုက်လာကြမှာပေါ့။ ဒီအတွေ့အကြုံက အရာရာအပေါ်ထားတဲ့ ကျွန်မရဲ့မှားယွင်းတဲ့အမြင်ကို ပြုပြင်ပေးခဲ့ပြီး၊ ဘုရားသခင်ရဲ့ကယ်တင်ခြင်းအတွက် ကျွန်မ ကျေးဇူးတင်ပါတယ်။