၉၉။ ကျေးဇူးတော်အတွက်သက်သက် ဘုရားသခင်ကို ယုံကြည်ခြင်းသည် သင့်တော်မှန်ကန်သလော
၂၀၁၆ ခုနှစ်အကုန်မှာ၊ ကျွန်မရဲ့ကလေးက ဝမ်းဆက်တိုက်သွားနေပြီး ဘယ်ဆေးမှ အရာမရောက်ခဲ့ဘူး။ မမျှော်လင့်ဘဲ၊ ကျွန်မ ဘုရားသခင်ကို စပြီးယုံကြည်ပြီး ရက်အနည်းငယ်အကြာမှာပဲ ကျွန်မကလေးရဲ့ရောဂါက ပျောက်ကင်းသွားခဲ့တယ်။ အချိန်တချို့ကြာပြီးနောက်မှာ ကျွန်မ သတိတောင်မထားမိလိုက်ဘဲ ကျွန်မရဲ့ နာတာရှည်ခေါင်းကိုက်ရောဂါလည်း သက်သာသွားခဲ့တယ်။ ကျွန်မ ဘုရားသခင်ကို သိပ်ကျေးဇူးတင်ခဲ့တယ်။ အဲဒီနောက်မှာ အသင်းတော်က စီစဉ်ပေးတဲ့ ဘယ်တာဝန်ကိုမဆို ထမ်းဆောင်ဖို့ ကျွန်မ အစွမ်းကုန် ကြိုးစားခဲ့တယ်။ အဲဒီအချိန်တုန်းက ကျွန်မယောက်ျားက ကျွန်မ ဘုရားသခင်ကို ယုံကြည်ခြင်းကို တားဆီးခဲ့ပေမဲ့၊ ကျွန်မ ဘောင်ခတ်ခံရတာမျိုး မရှိခဲ့ဘဲ၊ ကျွန်မသာ ဘုရားသခင်ကို ရိုးရိုးသားသား ယုံကြည်ပြီး ကိုယ့်တာဝန်တွေကို ထမ်းဆောင်နေသရွေ့ ဘုရားသခင်ရဲ့ကောင်းချီးတွေကို ရရှိမှာဖြစ်ပြီး၊ ကယ်တင်ခြင်းခံရဖို့ အခွင့်အရေးလည်း ရှိလိမ့်မယ်လို့ ယုံကြည်ခဲ့တယ်။
၂၀၂၀ ခုနှစ်၊ ဧပြီလမှာ ကျွန်မ အသင်းတော်ခေါင်းဆောင်အဖြစ် ရွေးချယ်ခံခဲ့ရပြီး ဒီတာဝန်ကို ကျွန်မ ပိုလို့တောင် တက်တက်ကြွကြွ ထမ်းဆောင်ခဲ့တယ်။ လအနည်းငယ်ကြာပြီးတဲ့နောက် တစ်နေ့မှာ၊ အစာစားပြီးတော့ ကျွန်မ အရမ်းပင်ပန်းပြီး ခေါင်းမူးသလို ခံစားရလို့ သွေးပေါင်ချိန် တိုင်းကြည့်လိုက်တော့၊ အပေါ်သွေး ၁၆၀ နဲ့ အောက်သွေး ၉၀ ကြားမှာ ရှိနေတာကို တွေ့ခဲ့ရတယ်။ ကျွန်မ မယုံနိုင်ခဲ့ဘူး၊ “အရင်က ငါ့မှာ သွေးတိုးလုံးဝမရှိခဲ့ဘူး၊ ဘာလို့ ရုတ်တရက် ဒီလောက်တက်လာရတာလဲ” လို့ တွေးမိတယ်။ ကျွန်မက အသက်ငယ်သေးတော့၊ ကိုယ့်တာဝန်တွေကို ရိုးရိုးသားသား ထမ်းဆောင်နေသရွေ့ ဘုရားသခင်က ကာကွယ်ပေးမှာပဲ၊ ငါ့သွေးပေါင်ချိန်က သေချာပေါက် ကျသွားမှာပဲလို့ ကျွန်မ ထင်ခဲ့တယ်၊ ဒါကြောင့် ကျွန်မ သိပ်ပြီး ဘောင်ခတ်ခံရတယ်လို့ မခံစားခဲ့ရဘဲ၊ အိမ်တွင်းကုထုံးတချို့ကိုပဲ သုံးခဲ့တယ်။ ၂၀၂၁ ခုနှစ်၊ မတ်လမှာ ဆေးဆိုင်တစ်ဆိုင်မှာ ကျွန်မ သွေးပေါင်ချိန် တိုင်းကြည့်တော့၊ အပေါ်သွေး ၁၈၅ နဲ့ အောက်သွေး ၁၂၈ ကြားမှာ ရှိနေခဲ့တယ်။ ဆရာဝန်က အရမ်းအံ့ဩသွားပြီး၊ ပြောတယ်၊ “မင်းသွေးပေါင်က အရမ်းမြင့်နေတယ်၊ စက်ဘီးစီးရင် သတိထား၊ လုံးဝမလဲကျစေနဲ့” တဲ့။ ဆရာဝန် ဒီလိုပြောတာကို ကြားလိုက်ရတော့၊ ကျွန်မ တော်တော်လေး စိုးရိမ်သွားပြီး တွေးမိတယ်၊ “သွေးတိုးက ထပ်တိုးရောဂါတွေ အများကြီး ဖြစ်စေနိုင်တယ်၊ တချို့လူတွေဆို သွေးတိုးကြောင့် ဦးနှောက်သွေးကြောပိတ်ပြီး ရုတ်တရက် သေဆုံးသွားကြတယ်၊ တချို့ဆို လေဖြတ်ပြီး လမ်းလျှောက်ရင် ထော့နဲ့ထော့နဲ့ ဖြစ်သွားကြတယ်၊ တချို့ဆို အကြောသေပြီး ကိုယ့်ကိုယ်ကိုယ် မစောင့်ရှောက်နိုင်တော့ဘူး။ ငါသာ လဲကျပြီး အကြောသေသွားရင် ဘယ်လိုလုပ်မလဲ” လို့ပေါ့။ ဒီအချိန်မှာ ကျွန်မ စပြီး ညည်းတွားလာတယ်၊ “ငါ အမြဲတမ်း ကိုယ့်တာဝန်တွေကို ထမ်းဆောင်ခဲ့တာပဲ၊ ဘာလို့ ငါ့သွေးပေါင်က ဒီလောက်မြင့်နေရတုန်းလဲ။ ဘုရားသခင်က ဘာလို့ ငါ့ကို မကာကွယ်ပေးခဲ့တာလဲ” လို့ တွေးမိတယ်။ တစ်နေ့မနက် အိပ်ရာထတဲ့အချိန်မှာ၊ ကျွန်မ ရုတ်တရက် အရမ်းခေါင်းမူးသွားတယ်၊ ပခုံးနှစ်ဖက်လုံးက ဆိုးဆိုးရွားရွား နာကျင်ပြီး ခေါင်းထဲမှာ အကြောတချို့ ဆွဲထားသလို ခံစားရတယ်၊ ခေါင်းလှုပ်ဖို့ကို ပြတ်ထွက်သွားတော့မလို ခံစားရပြီး၊ မချိတင်ကဲ ဝေဒနာခံစားခဲ့ရတယ်။ သွေးကြောပေါက်ပြီး အချိန်မရွေး သေဆုံးသွားနိုင်သလို ကျွန်မ ခံစားခဲ့ရတယ်။ ဆေးရုံသွားပြီး စစ်ဆေးကြည့်တော့၊ ဆရာဝန်က လည်ပင်းကြီးရိုးကျီးပေါင်းရောဂါ ဆိုးရွားလို့ ခေါင်းကိုက်တာလို့ ပြောတယ်။ ကုသမှုခံယူပြီးတဲ့နောက်မှာ ရောဂါလက္ခဏာတွေ နည်းနည်း သက်သာသွားပေမဲ့၊ ကျွန်မ အရမ်းခေါင်းမူးနေတုန်းပဲ၊ တစ်ခါတလေလည်း ခေါင်းကိုက်တတ်တယ်။ ကျွန်မ နည်းနည်း အပျက်သဘောဆောင်လာပြီး တွေးမိတယ်၊ “ငါ ဒီလောက် အားထုတ်ပြီး အသုံးခံခဲ့ပေမဲ့ ဘာလို့ ငါ့ကျန်းမာရေးအခြေအနေက မကောင်းလာရုံတင်မကဘဲ ပိုဆိုးလာရတာလဲ။ ဒီအတိုင်းဆက်သွားရင် ငါ အချိန်မရွေး သေသွားနိုင်တယ်။ အလုပ်တစ်မျိုးတည်း လုပ်တာ ပိုကောင်းမယ်ထင်တယ်။ ခေါင်းဆောင်လုပ်ရတာလောက် ပင်ပန်းမှာ မဟုတ်တော့ဘူး၊ အဲဒါဆိုရင် ငါ့ကျန်းမာရေးအခြေအနေက ကောင်းလာနိုင်လောက်တယ်” လို့ပေါ့။ ကျွန်မ ကိုယ့်တာဝန်တွေကို ဆက်ပြီး ထမ်းဆောင်ခဲ့ပေမဲ့၊ စိုးရိမ်ပူပန်မှုနဲ့ စိတ်ဆင်းရဲမှုအခြေအနေမှာ အသက်ရှင်နေခဲ့ပြီး ကိုယ့်တာဝန်တွေအပေါ် ဝန်တာထားတဲ့စိတ် မရှိခဲ့ဘူး။ ဧဝံဂေလိအလုပ်က ထိရောက်မှုမရှိတာကို တွေ့တဲ့အခါ အကြောင်းရင်းတွေကို ဆန်းစစ်ဖို့ ဒါမှမဟုတ် ပြဿနာတွေကို ဖြေရှင်းဖို့ ကျွန်မမှာ ဆန္ဒမရှိခဲ့ဘူး။
နောက်ပိုင်းမှာ ကျွန်မ အိမ်တွင်းကုထုံးတချို့သုံးပြီး၊ သွေးပေါင်ကျဆေးလည်း သောက်ခဲ့တော့၊ သွေးပေါင်ချိန် နည်းနည်းကျသွားခဲ့တယ်။ ဒါပေမဲ့ ကျွန်မရဲ့အခြေအနေ ပြန်ထလာမှာကို စိုးရိမ်နေတုန်းပဲ၊ ကျွန်မရဲ့ အားထုတ်မှုနဲ့ အသုံးခံမှုတွေ ကြားထဲကကောင်းချီးတစ်ခုမှ မရခဲ့ရုံတင်မကဘူး၊ ကျွန်မရဲ့ ကျန်းမာရေးက ပိုဆိုးလာတယ်လို့ တွေးလို့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကိုယ့်တာဝန်ကို မထမ်းဆောင်ချင်တော့ဘူး၊ အလုပ်တစ်မျိုးတည်းလုပ်တာက ဝန်ထုပ်ဝန်ပိုးနည်းပြီး ကိုယ့်ကျန်းမာရေးကို ပိုဂရုစိုက်ဖို့ အခွင့်ရမယ်လို့ ထင်ခဲ့တယ်။ အဲဒီအချိန်အတောအတွင်းမှာ ကျွန်မ အခြေအနေမကောင်းလို့ အစည်းအဝေးတွေမှာ ကျွန်မရဲ့မိတ်သဟာယအများစုက အပျက်သဘောဆောင်ပြီး တက်ကြွမှုမရှိခဲ့ဘူး၊ ကိုယ့်တာဝန်တွေအပေါ်လည်း အာရုံမစိုက်ခဲ့ဘူး၊ အဲဒါကြောင့် ဧဝံဂေလိအလုပ်ရဲ့ ထိရောက်မှုက ဆက်တိုက် ကျဆင်းလာခဲ့တယ်။ အထက်ခေါင်းဆောင်တွေက ကျွန်မကို၊ ကိုယ့်တာဝန်တွေမှာ အရမ်း ဝတ်ကျေတမ်းကျေဆန်တယ်ဆိုပြီး ပြုပြင်ဆုံးမခဲ့တဲ့အပြင် နောင်တမရရင် ဖြုတ်ချခံရမယ်လို့ သတိပေးခဲ့တဲ့အထိပဲ အဲဒီအခါမှ ကျွန်မက အလုပ်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်နေမှန်း သဘောပေါက်ခဲ့တယ်၊ နည်းနည်းကြောက်စိတ်ဝင်လာခဲ့ပြီး၊ နောက်ဆုံးမှာ ဆုတောင်းပြီး ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ဖို့ ဘုရားသခင်ရှေ့ကို ရောက်လာခဲ့တယ်။ တစ်နေ့မှာ၊ ကျွန်မ ဘုရားနှုတ်ကပတ်တော်ဓမ္မသီချင်းတစ်ပုဒ်ကို ကြားခဲ့တယ်၊ “နာမကျန်းမှုက ထိုးနက်သည့်အခါ ဘုရားသခင်၏ အလိုတော်ကို သင်ရှာဖွေရမည်” တဲ့။ အဲဒီထဲမှာ ဒီလိုဆိုထားတယ် “ဖျားနာခြင်း ရောက်ရှိလာသောအခါ ယင်းကို သင်မည်သို့ တွေ့ကြုံသင့်သနည်း။ ဘုရားသခင်ရှေ့သို့လာပြီး ဆုတောင်းသင့်သည်။ ဘုရားသခင်၏ ရည်ရွယ်ချက်ကို ရှာဖွေပြီး စူးစမ်းကြည့်သင့်သည်။ သမ္မာတရားကို ဆန့်ကျင်သည့် မည်သည့်အရာကို သင်ပြုလုပ်ခဲ့သည်၊ သင်၌ရှိသော မည်သည့်ဖောက်ပြန်ပျက်စီးမှုကို မဖြေရှင်းရသေးသည်ဆိုသည်တို့ကို ရှာတွေ့ရန် သင့်ကိုယ်သင် ဆန်းစစ်သင့်သည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ဒုက္ခဝေဒနာကို မခံစားရဘဲနှင့် မပြေလည်သွားနိုင်ပေ။ ဒုက္ခဝေဒနာနှင့် ထိန်းညှိခြင်းခံရမှသာ လူတို့သည် အပျော်အပါး၌ မွေ့လျော်ခြင်းမရှိနိုင်ဘဲ ဘုရားသခင်ရှေ့တွင် အချိန်ပြည့် အသက်ရှင်နိုင်သည်။ တစ်စုံတစ်ယောက်သည် ဒုက္ခခံရသောအခါ အစဉ်သဖြင့် ဆုတောင်းသည်။ မှားသည့်အရာ တစ်စုံတစ်ခုကို ၎င်းတို့ ပြုလုပ်ခဲ့ခြင်းရှိမရှိ ကြည့်ရန်၊ သို့မဟုတ် မည်သည့်နေရာတွင် သမ္မာတရားအား ဆန့်ကျင်မိသည်ကို မြင်တွေ့ရန် မိမိတို့ကိုယ်ကို ဆန်းစစ်ကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်အား ယုံကြည်ခြင်းတွင် သမ္မာတရားကို ရရှိခြင်းသည် အရေးပါဆုံးဖြစ်၏) ဘုရားနှုတ်ကပတ်တော်တွေကို ကြားပြီးတဲ့နောက်မှာ ကျွန်မ နားလည်ခဲ့တာက၊ ဘုရားသခင်က ကျွန်မ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ဖို့နဲ့ ကိုယ့်ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို သိမြင်ဖို့ ဒီရောဂါကို အသုံးပြုနေခဲ့တာ၊ အဲဒါက ကျွန်မကို ကယ်တင်ဖို့ ရည်ရွယ်ချက်အတွက်ဖြစ်ပြီး၊ အဲဒီထဲမှာ ဘုရားသခင်ရဲ့ အပင်ပန်းခံကြိုးစားတဲ့ ရည်ရွယ်ချက် ပါဝင်တယ်ဆိုတာပါပဲ။ ကျွန်မ ဘုရားသခင်ကို ယုံကြည်ခဲ့တာ နှစ်အတော်ကြာပြီ၊ ဒါပေမဲ့ နာမကျန်းမှုနဲ့ ရင်ဆိုင်ရတဲ့အခါ၊ ဆုတောင်းရင်းနဲ့ ဘုရားသခင်ရဲ့ရည်ရွယ်ချက်ကို ရှာဖွေရကောင်းမှန်း ကျွန်မ မသိခဲ့ဘူး၊ ဒါမှမဟုတ် ဘုရားသခင်က ကိုယ့်ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားရဲ့ ဘယ်သွင်ပြင်လက္ခဏာတွေကို သန့်စင်ပြီး ပြောင်းလဲချင်တယ်၊ ဒါမှမဟုတ် ကိုယ့်ယုံကြည်လက်ခံမှုမှာ ဘယ်လိုမသန့်ရှင်းမှုတွေ ရှိနေတယ်ဆိုတာကိုလည်း ကျွန်မ ပြန်မသုံးသပ်ခဲ့ဘူး။ အဲဒီအစား ရောဂါကြောင့် အပျက်သဘောဆောင်ပြီး အတိုက်အခံလုပ်တဲ့ အခြေအနေမှာပဲ ဆက်နေနေခဲ့တယ်၊ ဧဝံဂေလိအလုပ်မှာ ပြဿနာတွေအများကြီးရှိနေတဲ့အခါ၊ အဲဒါတွေကို ဖြေရှင်းဖို့ ကျွန်မ မစဉ်းစားခဲ့ဘူး၊ အဲဒီအစား ကိုယ့်တာဝန်တွေကို ခေါင်းရှောင်ချင်ခဲ့တယ်။ ကျွန်မရဲ့စိတ်သဘောထားက အရမ်းကို စိတ်နှလုံးမာကျောခဲ့ပြီး ကျွန်မမှာ တကယ်ကို အသိစိတ်နဲ့ ဆင်ခြင်တုံတရား ကင်းမဲ့ခဲ့တယ်။ အဲဒီနောက်မှာ ကျွန်မ ဘုရားသခင်ရှေ့မှာ ဆုတောင်းပြီး ပြောခဲ့တယ်၊ “ဘုရားသခင်၊ ကျွန်မ ဒီလောက် စိတ်နှလုံးမာကျောတာမျိုး ဆက်မဖြစ်ချင်တော့ပါဘူး၊ ဒီရောဂါကနေ သင်ခန်းစာယူနိုင်အောင် ကျွန်မကို လမ်းပြတော်မူပါ” လို့ပေါ့။
နောက်ပိုင်းမှာတော့ ကျွန်မရဲ့ပြဿနာတွေအတွက် ဖြေရှင်းချက်တွေကို ရှာဖွေခဲ့ပြီး၊ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ဗီဒီယိုတစ်ခုကို ကြည့်ခဲ့တယ်၊ အဲဒီထဲမှာ ကျွန်မရဲ့အခြေအနေနဲ့ အရမ်းသက်ဆိုင်တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ပါဝင်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဘုရားသခင်နောက်လိုက်သူများစွာက ကောင်းချီးမင်္ဂလာများ မည်သို့ရရှိမည် သို့မဟုတ် ကပ်ဘေးကို မည်သို့ တွန်းလှန်ပယ်ရှားရမည်ဆိုသည်ကိုသာ စိတ်ဝင်စားကြသည်။ ဘုရားသခင်၏ အမှုနှင့် စီမံခန့်ခွဲမှုတို့ကို ဖော်ပြလိုက်သည်နှင့်၊ ၎င်းတို့သည် နှုတ်ဆိတ် သွားကြပြီး စိတ်ဝင်စားမှုအားလုံး ပျောက်ဆုံးသွားကြသည်။ ထိုသို့သော ငြီးငွေ့ဖွယ်မေးခွန်းများကို နားလည်ခြင်းသည် ၎င်းတို့၏အသက်တာများကို ကြီးထွားဖို့ သို့မဟုတ် အကျိုးကျေးဇူး တစ်ခုတစ်လေ ပေးဖို့ ကူညီလိမ့်မည် မဟုတ်ဟု ထင်ကြလေသည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့သည် ဘုရားသခင်၏စီမံခန့်ခွဲမှုအကြောင်း သတင်းအချက်အလက်ကို ကြားပြီးကြသော်လည်း၊ အလေးအနက်မထားသော ဟန်ပန်ဖြင့် ယင်းကို ချဉ်းကပ်ကြလေသည်။ ၎င်းတို့က ယင်းကို ၎င်းတို့ အသက်တာ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ခံယူခြင်းအားဖြင့် သဘောပေါက်နားလည်ဖို့ မဆိုထားနှင့်၊ လက်ခံရမည့် တန်ဖိုးရှိသော အရာတစ်ခုအဖြစ်ပင် မမြင်ကြချေ။ ထိုသို့သော လူတို့သည် ဘုရားသခင် နောက်လိုက်ရာတွင် ရိုးရှင်းသည့် ရည်မှန်းချက်တစ်ခုသာရှိပြီး၊ ယင်းရည်မှန်းချက်မှာ ကောင်းချီးမင်္ဂလာများ ရရှိရန်ဖြစ်သည်။ ထိုသို့သော လူတို့သည် ဤရည်မှန်းချက် တိုက်ရိုက် မပါဝင်သည့် အခြား မည်သည့်အရာကိုမျှ အလေးဂရုပြုဖို့ အပင်ပန်းမခံနိုင်ကြပေ။ ၎င်းတို့အဖို့ ကောင်းချီးမင်္ဂလာများရရှိရန် ဘုရားသခင်ကို ယုံကြည်ခြင်းထက် သာ၍ သဘာဝကျသည့် ရည်မှန်းချက် မရှိချေ။ ယင်းမှာ ၎င်းတို့ယုံကြည်ခြင်း၏ တကယ့်တန်ဖိုး ဖြစ်သည်။ တစ်စုံတစ်ရာသည် ဤရည်မှန်းချက်ကို မပံ့ပိုးပေးပါက၊ ၎င်းတို့သည် ထိုအရာအားဖြင့် လုံးဝ တို့ထိမခံရဘဲရှိမြဲ ရှိကြလေသည်။ ဤသည်မှာ ယနေ့ ဘုရားသခင်၌ ယုံကြည်သူအများစုနှင့် ပတ်သက်သည့် ကိစ္စရပ် ဖြစ်သည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်၌ ယုံကြည်သည်နှင့်အမျှ၊ ဘုရားသခင်အတွက်လည်း ၎င်းတို့ အသုံးခံကြသောကြောင့်၊ ဘုရားသခင်ထံ မိမိတို့ကိုယ်ကိုယ် ဆက်ကပ် အပ်နှံကြပြီး ၎င်းတို့တာဝန်ကို ထမ်းဆောင်ကြသောကြောင့်၊ ၎င်းတို့၏ ရည်မှန်းချက်နှင့် ရည်ရွယ်ချက်တို့သည် သဘာဝကျပုံပေါ်လေသည်။ ၎င်းတို့သည် ၎င်းတို့၏ငယ်ရွယ်မှုကို စွန့်လွှတ်ကြသည်၊ မိသားစုနှင့် အသက်မွေးအလုပ်တို့ကို စွန့်ပစ်ပြီး၊ မိမိတို့ကိုယ်ကိုယ် အလုပ်များစေလျက် အိမ်နှင့်ဝေးရာတွင် နှစ်ပေါင်းများစွာပင် ကုန်ဆုံးကြလေသည်။ ၎င်းတို့၏ နောက်ဆုံးရည်မှန်းချက်ပန်းတိုင်အတွက်၊ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်စိတ်ဝင်စားမှုများကို ပြောင်းလဲကြသည်၊ ဘဝအပေါ် ၎င်းတို့၏ အမြင်နှင့် ၎င်းတို့ ရှာဖွေသည့် ဦးတည်ချက်ကိုပင် ပြောင်းလဲကြသည်။ သို့ရာတွင် ဘုရားသခင်၌ ၎င်းတို့ယုံကြည်မှု၏ ရည်မှန်းချက်ကို မပြောင်းလဲနိုင်ကြပေ။ ၎င်းတို့၏ ကိုယ်ပိုင် စံများနှင့်ဆိုင်သည့် စီမံခန့်ခွဲမှုအတွက် ၎င်းတို့ အလုပ်ရှုပ်နေကြသည်။ လမ်းမည်မျှ ဝေးသည်ဖြစ်စေ၊ လမ်းတစ်လျှောက် အခက်အခဲများနှင့် အတားအဆီးများ မည်မျှရှိသည်ဖြစ်စေ၊ ၎င်းတို့သည် မဆုတ်မနစ်ကြိုးပမ်းကြပြီး သေခြင်းကိုမကြောက်ကြချေ။ မည်သည့်တန်ခိုးက ၎င်းတို့ကို ဤနည်းဖြင့် မဖြစ်မနေ ဆက်လက်ဆက်ကပ်စေသနည်း။ ယင်းမှာ ၎င်းတို့၏ အသိစိတ်လော။ ၎င်းတို့၏ ကြီးမြတ်ပြီး မွန်မြတ်သည့် အကျင့်စရိုက်လော။ မကောင်းမှု အင်အားများကို တကယ့်အဆုံးထိ တိုက်ခိုက်ရန်ဖြစ်သည့် ၎င်းတို့၏ စိတ်ပိုင်းဖြတ်ချက်လော။ ယင်းမှာ ဆုလာဘ်ကို မရှာဖွေဘဲ၊ ဘုရားသခင်ကို သက်သေခံရန်ဖြစ်သည့် ၎င်းတို့၏ ယုံကြည်ခြင်းလော။ ယင်းမှာ ဘုရားသခင်၏အလိုကို ဖြည့်ဆည်းရန် အရာရာတိုင်းကို စွန့်လွတ်ဖို့ လိုလားရာတွင် ၎င်းတို့၏ သစ္စာစောင့်သိမှုလော။ သို့မဟုတ် ယင်းသည် လွန်ကဲသည့် ကိုယ်ရေးကိုယ်တာ တောင်းဆိုချက်များကို အမြဲ လက်လွှတ်ဖို့ဖြစ်သည့် ၎င်းတို့၏ ဆက်ကပ်မှု စိတ်ဓာတ်လော။ အတော်အတန် ရိုးရှင်စွာပြောရပါက၊ ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအမှုကို မည်သည့်အခါတွင်မျှ နားမလည်ဖူးသူအတွက် ဤမျှပေးဆပ်ဆဲဖြစ်ဖို့မှာ အံ့ဩဖွယ်ရာတစ်ခု ဖြစ်ပေသည်။ အချိန်တစ်ခဏကြာ၊ ဤလူတို့ မည်မျှပေးဆပ်ပြီးဖြစ်သည်ကို မဆွေးနွေးကြပါစို့နှင့်။ သို့ရာတွင် ၎င်းတို့၏အပြုအမူကို ငါတို့ အလွန် စိစစ်ထိုက်ပေသည်။ ၎င်းတို့နှင့် အလွန်အနီးကပ် ဆက်စပ်သည့် အကျိုးကျေးဇူးများမှလွဲ၍၊ ဘုရားသခင်ကို မည်သည့်အခါကမျှ နားမလည်ဖူးသော သူတို့က ဘုရားအတွက် အလွန်များလှစွာ ပေးဆပ်ရမည့် အခြားအကြောင်းရင်းတစ်ခုတစ်လေ ရှိနိုင်မည်လော။ ဤတွင် ယခင်က အမည်မဖော်နိုင်ခဲ့သည့် ပြဿနာတစ်ရပ်ကို ငါတို့ ရှာဖွေ တွေ့ရှိပေသည်။ လူသား၏ ဘုရားသခင်နှင့် ဆက်ဆံရေးမှာ ပကတိ မိမိ၏ကိုယ်ကျိုးစီးပွားတစ်ခုမျှသာ ဖြစ်ပေသည်။ ယင်းသည် ကောင်းချီးမင်္ဂလာများ လက်ခံရရှိသူနှင့် ပေးသူတို့အကြား ဆက်ဆံရေးတစ်ခု ဖြစ်သည်။ ရှင်းရှင်းပြောပါက၊ အလုပ်သမားတစ်ဦးနှင့် အလုပ်ရှင်တစ်ဦးတို့အကြား ဆက်ဆံရေးဖြစ်၏။ အလုပ်သမားသည် အလုပ်ရှင် ချပေးသော ဆုလာဘ်များကို လက်ခံရရှိရန်သာ အလုပ်ကြိုးစားလုပ်သည်။ ထိုသို့သော ဆက်ဆံရေးတစ်ရပ်တွင် ချစ်ခင်ခြင်းမရှိပေ၊ အကျိုးစီးပွားကို အရင်းခံသော ဆက်ဆံရေးတစ်ခု၊ အပေးအယူသာ ရှိသည်။ ချစ်ခြင်း သို့မဟုတ် အချစ်ခံရခြင်းမရှိ၊ ပေးကမ်းစွန့်ကြဲခြင်းနှင့် သနားကရုဏာသာ ရှိသည်။ နားလည်မှုမရှိ၊ ခိုးကိုးရာမဲ့သော၊ မျိုသိပ်ထားသော နာကြည်းမှုနှင့် လှည့်ဖြားခြင်းသာ ရှိသည်။ ရင်းနှီးမှုမရှိ၊ ဖြတ်သန်းမရနိုင်သည့် ကွာဟချက်သာ ရှိသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၃)- ဘုရားသခင်၏ စီမံခန့်ခွဲမှုအလယ်၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်) ဘုရားသခင်က ဖော်ထုတ်ထားတာက လူအများကြီးဟာ သူတို့တာဝန်တွေကို ထမ်းဆောင်တယ်၊ အနစ်နာခံတယ်၊ ကိုယ့်ကိုယ်ကိုယ် အသုံးခံတယ်၊ အလုပ်တွေနဲ့ အလုပ်များနေကြပေမဲ့၊ အပေါ်ယံမှာတော့ ဘုရားသခင်ကို ကျိုးနွံနာခံပြီး ကျေနပ်စေပုံပေါ်ပေမဲ့၊ အနှစ်သာရအားဖြင့် သူတို့မှာ ကိုယ်ပိုင်ရည်ရွယ်ချက်တွေရှိပြီး၊ ကောင်းချီးတွေရရှိဖို့ဆိုတဲ့ သူတို့ရဲ့ပန်းတိုင် ဖြစ်မြောက်အောင် ဘုရားသခင်ကို အသုံးပြုဖို့နဲ့ အပေးအယူလုပ်ဖို့ ကြိုးစားကြတယ်ဆိုတာပါပဲ။ ကျွန်မ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခဲ့ကတည်းက ကျွန်မကလေးရဲ့ရောဂါ ပျောက်ကင်းခဲ့ပုံ၊ ကျွန်မရဲ့နာတာရှည်ခေါင်းကိုက်ရောဂါလည်း သက်သာသွားခဲ့ပုံတွေကို ကျွန်မ ပြန်သုံးသပ်မိတယ်၊ ဒါကြောင့် ကျွန်မတာဝန်တွေမှာ တက်ကြွလာခဲ့တယ်၊ ကျွန်မမိသားစုက ကျွန်မကို တားဆီးဖို့ကြိုးစားတဲ့အခါမှာတောင် ကျွန်မ နောက်မဆုတ်ခဲ့ဘဲ၊ ကိုယ့်တာဝန်တွေကို ကြိုးစားထမ်းဆောင်နေသရွေ့၊ အနာဂတ်မှာ ဘုရားသခင်ရဲ့ကျေးဇူးတော်နဲ့ ကောင်းချီးတွေကို ရရှိမှာဖြစ်ပြီး နောက်ဆုံးမှာ ကယ်တင်ခြင်းခံရလိမ့်မယ်လို့ ယုံကြည်ခဲ့တယ်။ ကျွန်မမှာ သွေးတိုးရှိမှန်း သိခဲ့ပြီးတဲ့နောက်မှာတောင် ကိုယ့်တာဝန်တွေကို ကျွန်မ မစွန့်လွှတ်ခဲ့ဘဲ၊ ဘယ်လောက်ပဲခက်ခဲပင်ပန်းပါစေ ညအိပ်ချိန်ကိုလျှော့ပြီး အလုပ်လုပ်ဖို့ ဆန္ဒရှိခဲ့တယ်၊ ကိုယ့်တာဝန်တွေမှာ သစ္စာစောင့်သိရင် ဘုရားသခင်က ကျွန်မရဲ့ရောဂါကို ဖယ်ရှားပေးနိုင်လောက်တယ်လို့ ယုံကြည်ခဲ့လို့ပဲ။ ကျွန်မရဲ့အခြေအနေက မကောင်းလာဘဲ ပိုပိုပြီး ဆိုးရွားလာတဲ့အခါ၊ ကျွန်မ နားလည်မှုလွဲပြီး ညည်းတွားခဲ့တယ်၊ ဧဝံဂေလိအလုပ်မှာရှိတဲ့ ပြဿနာတွေကိုလည်း လျစ်လျူရှုခဲ့တယ်၊ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကိုယ့်တာဝန်တွေကို စွန့်လွှတ်ဖို့တောင် စဉ်းစားခဲ့တယ်။ ကျွန်မရဲ့နှစ်ပေါင်းများစွာ အနစ်နာခံမှုနဲ့ အသုံးခံမှုတွေဟာ ဖန်ဆင်းခံတစ်ယောက်ရဲ့တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းဖို့မဟုတ်ဘဲ အဲဒီအစား အနာဂတ်ကောင်းချီးတွေနဲ့ ကောင်းမွန်တဲ့ပန်းတိုင်၊ အဆုံးသတ်တစ်ခုအတွက် အပေးအယူလုပ်ရအောင် ဘုရားသခင်ကို အသုံးချဖို့ ကြိုးစားနေခဲ့တာပဲဆိုတာကို ကျွန်မ တွေ့ခဲ့ရတယ်။ ဘုရားသခင်နဲ့ ကျွန်မရဲ့ဆက်ဆံရေးက အလုပ်ရှင်နဲ့အလုပ်သမားကြားက ဆက်ဆံရေးသက်သက်၊ လုံးဝ အပေးအယူလုပ်တဲ့ဆက်ဆံရေးသက်သက်ပဲ ဖြစ်နေခဲ့တယ်။
နောက်ပိုင်းမှာ ကျွန်မ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ဖတ်ခဲ့တယ “၎င်းတို့မည်မျှ စစ်ကြောခံရစေကာမူ စိတ်နှလုံးထဲတွင် ဘုရားသခင်ရှိထားသူများ၏ သစ္စာခံခြင်းသည် မပြောင်းမလဲ ရှိနေသည်။ သို့သော် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်မရှိသော သူများအတွက်၊ ဘုရားသခင်၏ အမှုသည် ၎င်းတို့ဇာတိပကတိအတွက် အကျိုးမပြုသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်နှင့်ဆိုင်သည့် ၎င်းတို့၏အမြင်ကို ၎င်းတို့ ပြောင်းလဲကြပြီး၊ ဘုရားသခင်ထံမှပင် စွန့်ခွာကြလေသည်။ ထိုသို့သောသူများသည် အဆုံးတွင် မြဲမြံစွာ မရပ်တည်မည့်သူများ၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကိုသာ ရှာဖွေပြီး မိမိတို့ကိုယ်ကိုယ် ဘုရားသခင်အတွက် အသုံးခံရန်နှင့် မိမိတို့ကိုယ်ကိုယ် သူ့အဖို့ ဆက်ကပ်ရန် ဆန္ဒမရှိကြသူများ ဖြစ်သည်။ ထိုသို့သော ယုတ်ညံ့သည့်လူများအားလုံးသည် ဘုရားသခင်၏အမှု အဆုံးသတ်သို့ ရောက်လာသည့်အချိန်တွင် နှင်ထုတ်ခံရလိမ့်မည်ဖြစ်ပြီး၊ မည်သည့် စာနာထောက်ထားခြင်းနှင့်မျှ မထိုက်တန်ကြချေ။ လူ့သဘာဝ မရှိသူများသည် ဘုရားသခင်ကို အမှန်တကယ် ချစ်နိုင်စွမ်း မရှိကြချေ။ ပတ်ဝန်းကျင်က လုံခြုံပြီး စိတ်ချရသောအခါ၊ သို့မဟုတ် အကျိုးအမြတ်များ ရှိသည့်အခါတွင်၊ ၎င်းတို့သည် ဘုရားသခင်ကို လုံးဝ နာခံကြသော်လည်း၊ ၎င်းတို့ ဆန္ဒရှိသည့်အရာသည် အထိခိုက် ခံရသည့်အခါ သို့မဟုတ် နောက်ဆုံးတွင် ငြင်းဆန်ခြင်းခံရသည့်အခါတွင်၊ ချက်ချင်း ပုန်ကန်ကြလေသည်။ တစ်ညတာ အချိန်လေးတွင်ပင်၊ ၎င်းတို့သည် ယုတ္တိယုတ္တာ သို့မဟုတ် အကြောင်းပြချက် မရှိဘဲ၊ ယမန်နေ့က ၎င်းတို့၏ ကျေးဇူးရှင်ကို ၎င်းတို့ အသေအကြေတိုက်မည့် ရန်သူအဖြစ် ရုတ်တရက် ဆက်ဆံရင်း၊ ပြုံးရွှင်နေသည့်၊ ‘စိတ်နှလုံးကောင်း’ ရှိသည့် ပုဂ္ဂိုလ်အဖြစ်မှ ကြည့်ရဆိုးပြီး ရက်စက်ကြမ်းကြုတ်သည့် လူသတ်သမားအဖြစ်သို့ ပြောင်းလဲ သွားနိုင်လေသည်။ မျက်တောင်ပင်မခတ်ဘဲ သတ်ဖြတ်မည့် ဤမကောင်းဆိုးဝါးများကို မနှင်ထုတ်လျှင်၊ ၎င်းတို့သည် ကွယ်ဝှက်သော အန္တရာယ်ဖြစ်လာမည် မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မတွေ့ခဲ့ရတာက၊ စိတ်နှလုံးထဲမှာ ဘုရားသခင်ရှိတဲ့လူတစ်ယောက်က အရာအားလုံးဟာ ဘုရားသခင်ဆီကလာတယ်ဆိုတာကို သိတယ်၊ ကောင်းချီးတွေပဲရရှိသည်ဖြစ်စေ၊ ကံဆိုးမှုပဲခံစားရသည်ဖြစ်စေ၊ ဘုရားသခင်ရဲ့စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို သူတို့ ကျိုးနွံနာခံနိုင်ကြတယ်ဆိုတာကိုပေါ့။ ယောဘ စမ်းသပ်ခံရချိန်မှာ လိုပေါ့၊ သူ့ရဲ့ခြံမွေးတိရစ္ဆာန်တွေ အသိမ်းခံရတယ်၊ သူ့သားသမီးတွေ သေဆုံးသွားတယ်၊ သူကိုယ်တိုင်လည်း အနာစိမ်းတွေနဲ့ ဖုံးလွှမ်းနေခဲ့ပေမဲ့ သူက ဘုရားသခင်ကို မညည်းညူခဲ့ဘူး၊ မစွန့်ပစ်ခဲ့ဘူး၊ အဲဒီအစား ဘုရားသခင်ကို ချီးမွမ်းခဲ့တယ် “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။” (ယောဘ ဝတ္ထု ၁:၂၁) ယောဘမှာ ဘုရားသခင်အပေါ် စစ်မှန်တဲ့ယုံကြည်ခြင်းနဲ့ ဘုရားသခင်ကိုကြောက်ရွံ့တဲ့စိတ်နှလုံး ရှိခဲ့တယ်။ ဒါကို ကျွန်မရဲ့ကိုယ်ပိုင်အပြုအမူနဲ့ နှိုင်းယှဉ်ကြည့်ခဲ့တယ်။ ဘုရားသခင်ရဲ့အလုပ်ကို လက်ခံပြီးတဲ့နောက်မှာ ကျွန်မကလေးရဲ့ရောဂါ ပျောက်ကင်းခဲ့တယ်၊ ကျွန်မရဲ့နာတာရှည်ခေါင်းကိုက်ရောဂါလည်း သက်သာသွားခဲ့တယ်။ ဘုရားသခင်ဆီကနေ ကျေးဇူးတော်ကို ကျွန်မ ရရှိခဲ့ပြီး ကိုယ့်ရဲ့အသုံးခံမှုတွေမှာ စိတ်အားထက်သန်လာခဲ့တယ်၊ ဒါပေမဲ့ ကျွန်မရဲ့ရောဂါက ပိုပိုပြီး ဆိုးရွားလာတဲ့အခါ၊ ကျွန်မလိုချင်တဲ့ကောင်းချီးတွေကို မရရှိခဲ့တဲ့အခါ၊ ကျွန်မ ချက်ချင်း ဘုရားသခင်ကို ဆန့်ကျင်ပြီး ကိုယ်တော့်အကြောင်း ညည်းတွားစပြုခဲ့တယ်၊ ကိုယ့်တာဝန်တွေအပေါ် ဝန်တာထားတဲ့စိတ် မရှိတော့သလို အသင်းတော်ရဲ့အကျိုးစီးပွားတွေကိုလည်း လုံးဝ မထိန်းသိမ်းခဲ့ဘူး။ ကျွန်မက ကိုယ်ပိုင်အကျိုးစီးပွားတွေကိုပဲ ထည့်စဉ်းစားခဲ့တယ်၊ ဘုရားသခင်ဆီကနေ ကောင်းချီးတွေနဲ့ အကျိုးအမြတ်တွေကိုပဲ ရရှိချင်ခဲ့ပြီး၊ အဲဒါတွေကို မရရှိခဲ့တဲ့အခါ အပျက်သဘောဆောင်ပြီး ပေါ့ဆလာတယ်၊ ဘုရားသခင်ကို ဆန့်ကျင်ခဲ့တယ်။ ကျွန်မ ဘယ်လောက်တောင် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းခဲ့သလဲဆိုတာရယ်၊ လူ့သဘာဝနဲ့ ဆင်ခြင်တုံတရား ကင်းမဲ့တယ်ဆိုတာရယ်ကို ကျွန်မ သဘောပေါက်သွားတယ်။ ကျွန်မသာ အရမ်း စိတ်နှလုံးမာကျောနေဦးမယ်ဆိုရင်၊ နောက်ဆုံးမှာ ဘုရားသခင်က ကျွန်မကို ပစ်ပယ်ပြီး ဖယ်ရှားရှင်းလင်းတာ ခံရမှာပဲ။
နောက်ပိုင်းမှာ ကျွန်မ ဘုရားနှုတ်ကပတ်တော်တွေကို ထပ်ပြီး ဖတ်ခဲ့တယ် “ကောင်းချီးခံစားရခြင်းသည် လူတို့လိုက်စားရန်အတွက် သင့်တင့်လျောက်ပတ်သည့် ရည်မှန်းချက်တစ်ခု မဟုတ်သောကြောင့် အဘယ်အရာက သင့်တင့်လျောက်ပတ်သည့် ရည်မှန်းချက်တစ်ခု ဖြစ်သနည်း။ သမ္မာတရားကို လိုက်စားခြင်း၊ စိတ်သဘောထားပြောင်းလဲမှုများကို လိုက်စားခြင်း၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများဖြင့် အစီအစဉ်များအားလုံးကို ကျိုးနွံနာခံနိုင်ခြင်း၊ ဤအရာတို့သည် လူတို့ လိုက်စားသင့်သည့် ရည်မှန်းချက်များဖြစ်သည်။ ဥပမာအားဖြင့် ပြုပြင်ခံရခြင်းက သင့်ကို အယူအဆများ၊ နားလည်မှုလွဲခြင်းများဖြစ်စေပြီး သင်သည် ကျိုးနွံနာခံခြင်းကို မလုပ်ဆောင်နိုင် ဖြစ်လာသည်ဆိုပါစို့။ အဘယ့်ကြောင့် မကျိုးနွံမနာခံနိုင်သနည်း။ အဘယ်ကြောင့်ဆိုသော် ကောင်းချီးခံစားရဖို့ဖြစ်သည့် သင်၏ ခရီးပန်းတိုင်၊ သို့မဟုတ် အိပ်မက်ကို ခက်ခဲသွားစေသည်ဟု သင် ခံစားရခြင်းကြောင့်ဖြစ်သည်။ သင်သည် အပျက်သဘောဆောင်လာပြီး စိတ်မကောင်းဖြစ်လာသည်။ ပြီးလျှင် သင်၏တာဝန်ကို စွန့်လွှတ်လိုသည်။ ဤအရာအတွက် အကြောင်းပြချက်မှာ အဘယ်နည်း။ သင်၏ အားထုတ်လိုက်စားမှုတွင် ပြဿနာတစ်ခုရှိသည်။ ဤသို့ဆိုလျှင် ဤအရာကို မည်သို့ ဖြေရှင်းသင့်သနည်း။ ဤမှားယွင်းသော စိတ်ကူးများကို သင် ချက်ချင်းစွန့်ပစ်ရန်၊ သင်၏ ဖောက်ပြန်ပျက်စီးသောစိတ်သဘောထား၏ ပြဿနာကို ဖြေရှင်းရန်အတွက် သမ္မာတရားကို ချက်ချင်းရှာဖွေရန် အလွန်အရေးကြီးသည်။ သင်သည် မိမိကိုယ်ကို ‘ငါ နုတ်ထွက်၍မဖြစ်။ ဖန်ဆင်းခံတစ်ဦး ထမ်းဆောင်သင့်သည့် တာဝန်ကို ငါ ကောင်းစွာထမ်းဆောင်ရဦးမည်ဖြစ်ပြီး ကောင်းချီးခံစားရဖို့ ငါ၏ ဆန္ဒကို ဘေးချထားရမည်’ ဟူ၍ ပြောသင့်သည်။ သင်သည် ကောင်းချီးခံစားရဖို့ ဆန္ဒကို စွန့်လွှတ်ပြီး သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းကို လျှောက်သောအခါတွင် သင်၏ ပခုံး၌ ဝန်တစ်ခုပေါ့သွားသည်။ သင်သည် အပျက်သဘောဆောင်နိုင်စွမ်း ရှိဦးမည်လော။ သင် အပျက်သဘောဆောင်သည့် အချိန်များရှိဆဲဖြစ်သော်လည်း သင်က ဤအရာကို သင့်အား ဘောင်ခတ်ခွင့်မပြုဘဲ သင်၏ စိတ်နှလုံးတွင် ဆက်လက်၍ ဆုတောင်းကာ ကြိုးစားသည်။ သင်၏ လိုက်စားမှု ရည်မှန်းချက်ကို ကောင်းချီးခံရခြင်းနှင့် ခရီးပန်းတိုင်တစ်ခုထားရှိခြင်းမှ သမ္မာတရား လိုက်စားခြင်းအဖြစ်သို့ ပြောင်းလဲပြီး ‘သမ္မာတရားကို လိုက်စားခြင်းသည် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ဖြစ်သည်။ ယနေ့တွင် သမ္မာတရားအချို့ကို နားလည်ရန်အတွက် ပိုကောင်းသော အကျိုးတရားမရှိ။ ဤသည်မှာ အားလုံးထဲတွင် အကြီးမြတ်ဆုံးကောင်းချီးဖြစ်သည်။ ဘုရားသခင်က ငါ့အား အလိုမရှိလျှင်ပင်၊ ငါသည် ကောင်းမွန်သော ခရီးပန်းတိုင်မရှိဘဲ ငါ၏ ကောင်းချီးခံစားရဖို့ မျှော်လင့်ချက်များ ကြေမွသွားခဲ့လျှင်ပင် ငါ၏တာဝန်ကို မှန်မှန်ကန်ကန် ထမ်းဆောင်ဦးမည်။ ငါ ထိုသို့လုပ်ဆောင်ရန် ဝတ္တရားရှိသည်။ ငါ၏ တာဝန်ကို သင့်တင့်လျောက်ပတ်စွာ ထမ်းဆောင်ရာတွင် မည်သည့်အကြောင်းပြချက်ကိုမျှ ထိခိုက်ခွင့်ပေးမည် မဟုတ်။ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ငါ ဖြစ်မြောက်အောင်မြင်အောင် လုပ်ဆောင်ရာတွင် ထိခိုက်ခွင့်ပေးမည် မဟုတ်။ ဤသည်မှာ ငါပြုမူနေထိုင်သည့် စည်းမျဉ်းဖြစ်သည်’ ဟူ၍ သင် စဉ်းစားသည်။ ဤတွင် သင်သည် ဇာတိပကတိ၏ ဘောင်ခတ်မှုများကို ကျော်လွန်ပြီးဖြစ်သည်မဟုတ်လော။ အချို့က ‘ကောင်းပြီ၊ ငါ အပျက်သဘောဆောင်နေသေးလျှင် အဘယ်သို့ လုပ်ရမည်နည်း’ဟု ဆိုကောင်းဆိုနိုင်သည်။ သို့ဆိုလျှင် ယင်းကို ဖြေရှင်းရန် သမ္မာတရားကို တစ်ဖန်ရှာဖွေလော့။ အပျက်သဘောဆောင်ခြင်းထဲသို့ အကြိမ်မည်မျှ သင် ကျရောက်ပါစေ ယင်းကို ဖြေရှင်းရန် သမ္မာတရားကိုသာ သင် ရှာဖွေမြဲ ရှာဖွေပြီး သမ္မာတရားအတွက် ကြိုးပမ်းမြဲ ကြိုးပမ်းပါက သင်၏ အပျက်သဘောဆောင်ခြင်းမှ တဖြည်းဖြည်း သင် လွတ်လာလိမ့်မည် ဖြစ်သည်။ တစ်နေ့တွင် သင်သည် ကောင်းချီးများရရှိရန် စိတ်ဆန္ဒမရှိဟု ခံစားရလိမ့်မည်ဖြစ်ပြီး သင်၏ ခရီးပန်းတိုင်နှင့် ရလဒ်များ၏ ဘောင်ခတ်ခြင်းကို မခံရတော့သကဲ့သို့ ဤအရာများဖြင့် အသက်မရှင်ဘဲ သင်သည် ပိုမို အေးဆေးကာ ပိုမိုလွတ်လပ်သည်ကို သင် ခံစားရလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၌သာလျှင် အသက် ဝင်ရောက်မှု ရှိလေသည်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ နားလည်ခဲ့တာက၊ ကောင်းချီးတွေရရှိတာဟာ ဘုရားသခင်အပေါ် ကျွန်မတို့ရဲ့ယုံကြည်ခြင်းမှာ လိုက်စားသင့်တဲ့ပန်းတိုင်မဟုတ်တဲ့အပြင် ဘုရားသခင်အပေါ် ကျွန်မတို့ရဲ့ယုံကြည်ခြင်းမှာ လျှောက်လှမ်းသင့်တဲ့လမ်းကြောင်းလည်း မဟုတ်ဘူး။ ဘုရားသခင်အပေါ် ကျွန်မတို့ရဲ့ယုံကြည်ခြင်းမှာ လျှောက်လှမ်းသင့်တဲ့လမ်းကြောင်းက သမ္မာတရားကို လိုက်စားပြီး စိတ်သဘောထားမှာ ပြောင်းလဲမှုကို ရရှိတာ၊ ဘုရားသခင်ရဲ့စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံနိုင်ပြီး စစ်မှန်တဲ့ဖန်ဆင်းခံတစ်ယောက် ဖြစ်လာတာပဲ ဆိုတာကိုပေါ့။ ကျွန်မက ဘုရားသခင်ရဲ့ကျေးဇူးတော်နဲ့ ကောင်းချီးတွေကို ရရှိဖို့ ကိုယ့်တာဝန်တွေကို ထမ်းဆောင်နေခဲ့တာ၊ ဒါပေမဲ့ ကျွန်မရဲ့ရောဂါက ပိုဆိုးလာပြီး ကောင်းချီးတွေအတွက် ကျွန်မရဲ့မျှော်လင့်ချက်တွေ ပျက်စီးသွားတယ်လို့ ခံစားရတဲ့အခါ၊ ကျွန်မ အပျက်သဘောဆောင်ပြီး အတိုက်အခံဖြစ်ခဲ့တယ်။ အပေါ်ယံမှာတော့ ကိုယ့်တာဝန်တွေကို ကျွန်မ မစွန့်လွှတ်ခဲ့ပေမဲ့၊ ကျွန်မစိတ်နှလုံးက ဘုရားသခင်ကို သစ္စာဖောက်ပြီးသား ဖြစ်နေခဲ့ပြီ။ ကျွန်မက ကိုယ့်တာဝန်တွေကို ဝတ်ကျေတမ်းကျေလုပ်ဆောင်နေခဲ့ပြီး ပြဿနာတွေကို မဖြေရှင်းခဲ့ဘူး၊ ရလဒ်အနေနဲ့ ဧဝံဂေလိအလုပ်က ထိရောက်မှုမရှိဘဲ ညီအစ်ကိုမောင်နှမတွေက အပျက်သဘောဆောင်တဲ့ အခြေအနေတွေမှာ အသက်ရှင်နေခဲ့ကြရတယ်၊ အဲဒါက အသင်းတော်အလုပ်ကို ထိခိုက်စေခဲ့တယ်။ ကျွန်မက ဘုရားသခင်ရဲ့ရည်ရွယ်ချက်နဲ့ ဆန့်ကျင်တဲ့လမ်းကြောင်းကို လျှောက်လှမ်းနေခဲ့တာ။ အခုတော့ ကျွန်မ နားလည်လာခဲ့ပြီ၊ ကျွန်မတို့ရဲ့ယုံကြည်ခြင်းမှာ ကောင်းချီးတွေကို မရှာဖွေသင့်ဘဲ သမ္မာတရားကို လိုက်စားပြီး ကိုယ့်ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖယ်ရှားသင့်တယ်၊ ဘုရားသခင်ရဲ့စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံနိုင်ပြီး ဆင်ခြင်တုံတရားရှိတဲ့လူတစ်ယောက် ဖြစ်လာသင့်တယ်။ ယောဘလိုပေါ့၊ သူက ကောင်းချီးတွေပဲရရှိသည်ဖြစ်စေ၊ ကံဆိုးမှုပဲခံစားရသည်ဖြစ်စေ ဘုရားသခင်ရဲ့ဖြောင့်မတ်ခြင်းကို ချီးမွမ်းခဲ့တယ်၊ သူက ဘုရားသခင်အပေါ် စစ်မှန်တဲ့ကျိုးနွံနာခံမှုရှိပြီး တော်တော့်ကို ဆင်ခြင်တုံတရားရှိတဲ့လူတစ်ယောက် ဖြစ်ခဲ့တယ်။ ရှေ့ဆက်ပြီးတော့၊ လိုက်စားမှုအပေါ်ထားတဲ့ ကျွန်မရဲ့မှားယွင်းတဲ့အမြင်တွေကို ပြုပြင်ဖို့၊ ဘုရားသခင်ရဲ့စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံပြီး ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကိုယ့်တာဝန်တွေကို ကောင်းကောင်း ဖြည့်ဆည်းဖို့ ကျွန်မ ဆန္ဒရှိလာခဲ့တယ်။ ကျွန်မရဲ့ရောဂါအတွက်ကတော့၊ ပုံမှန်ဆေးဝါးကုသမှုကို ဆက်ခံယူမယ်၊ ကိုယ့်အစားအသောက်ကို ဂရုစိုက်မယ်၊ သင့်တော်သလို လေ့ကျင့်ခန်းလုပ်မယ်။ ကောင်းချီးတွေအတွက် ကျွန်မရဲ့လိုအင်ဆန္ဒကို လက်လွှတ်လိုက်တဲ့အခါ၊ ကျွန်မစိတ်ထဲမှာ အများကြီး ပိုပြီးစိတ်အေးလက်အေးဖြစ်လာပြီး ကိုယ့်တာဝန်တွေမှာ ပိုပြီးစိတ်အားထက်သန်လာခဲ့တယ်။ နောက်ပိုင်းမှာ၊ ဧဝံဂေလိအမှုဆောင်တွေနဲ့အတူ လမ်းလွဲမှုတွေနဲ့ ပြဿနာတွေကို ပြန်သုံးသပ်ခဲ့တယ်၊ သူတို့အလုပ်ကို နောက်ဆက်တွဲလိုက်လုပ်ပြီး ကြီးကြပ်ခဲ့တယ်၊ မသင့်တော်တဲ့ဝန်ထမ်းတွေကိုလည်း သူတို့တာဝန်တွေကို ပြောင်းလဲခဲ့တယ်။ အချိန်အတန်ကြာတော့၊ ဧဝံဂေလိအလုပ်ရဲ့ထိရောက်မှုက အရင်ကနဲ့ယှဉ်ရင် တိုးတက်လာခဲ့တယ်။
နောက်ပိုင်းမှာ ကျွန်မ သွေးပေါင်ချိန်ကို သုံးလေးကြိမ်လောက် တိုင်းကြည့်တော့ အံ့ဩစရာပဲ၊ ကျွန်မသွေးပေါင်ချိန်က ပုံမှန်ဖြစ်နေခဲ့တယ်။ ကျွန်မ အရမ်းပျော်သွားတယ်၊ ဒါပေမဲ့ နည်းနည်းတော့ အပြစ်ရှိသလိုလည်း ခံစားခဲ့ရတယ်။ ကျွန်မ နာမကျန်းမှုထဲမှာ အသက်ရှင်နေခဲ့တုန်းက၊ ကိုယ့်တာဝန်တွေအပေါ် ဝန်တာထားတဲ့စိတ်မရှိခဲ့ဘဲ အလုပ်ကို ဆုံးရှုံးမှုတွေဖြစ်စေခဲ့ပုံကို ကျွန်မ ပြန်သုံးသပ်မိတယ်၊ ဒါပေမဲ့ ဘုရားသခင်က ကျွန်မရဲ့ပြစ်မှားမှုတွေကို မအောက်မေ့ဘဲ နောင်တရဖို့ အခွင့်အရေးပေးခဲ့တယ်၊ ကျွန်မ ဘုရားသခင်အပေါ် အရမ်းကို အကြွေးတင်သလို ခံစားခဲ့ရတယ်။ နောက်ပိုင်းမှာ ကျွန်မ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ဖတ်ခဲ့တယ် “ဘုရားသခင်၌ သူတို့၏ ယုံကြည်ခြင်းတွင် လူတို့ ရှာဖွေကြသည့်အရာမှာ အနာဂတ်အတွက် ကောင်းချီးမင်္ဂလာများကို ရရှိရန်ဖြစ်သည်၊ ဤသည်မှာ သူတို့၏ ယုံကြည်ခြင်းထဲက သူတို့၏ ရည်ရွယ်ချက်ဖြစ်သည်။ လူအပေါင်း၌ ဤရည်ရွယ်ချက်နှင့် မျှော်လင့်ချက် ရှိကြသည်။ သို့သော်လည်း သူတို့၏သဘာဝဗီဇအတွင်းမှ ဖောက်ပြန်ပျက်စီးခြင်းကို စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့အားဖြင့် ဖြေရှင်းရမည်ဖြစ်သည်။ သင်တို့အနေဖြင့် သန့်စင်စေခြင်း မခံရသေးသော၊ ဖောက်ပြန်ပျက်စီးခြင်းကို ဖွင့်ပြသော မည်သည့်ကဏ္ဍများတွင်မဆို ယင်းကဏ္ဍများ၌ စစ်ဆေးခြင်းကို သင်ခံရမည်၊ ဤသည်မှာ ဘုရားသခင်၏ အစီအစဉ်ဖြစ်သည်။ ဘုရားသခင်သည် သင့်အတွက် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးသည်၊ သင်၏ဖောက်ပြန်ပျက်စီးခြင်းကို သင်သိနိုင်ရန် ထိုနေရာတွင် သင့်ကို မဖြစ်မနေ အစစ်ဆေးခံစေသည်။ အဆုံးတွင် သင်သည် သင်၏အကြံအစည်များနှင့် အလိုဆန္ဒများကို စွန့်လွှတ်ရန်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်ကို ကျိုးနွံနာခံရန် သေသာသေလိုသည့် အနေအထားသို့ ရောက်သည်။ ထို့ကြောင့် အကယ်၍ လူတို့သည် နှစ်အနည်းငယ် စစ်ဆေးခံရခြင်း မရှိပါက၊ အကယ်၍ ၎င်းတို့သည် အတိုင်းအတာတစ်ခုအထိ ဒုက္ခဆင်းရဲခြင်းကို မခံရပါက ၎င်းတို့သည် ၎င်းတို့၏အတွေးများနှင့် စိတ်နှလုံးများထဲမှ ဇာတိပကတိဖောက်ပြန်ပျက်စီးခြင်း၏ ဘောင်ခတ်မှုများကို ဖယ်ရှားနိုင်မည် မဟုတ်ပေ။ လူတို့သည် မိမိတို့၏ ဆိုးယုတ်သော သဘာဝ၏ ဘောင်ခတ်မှုများကို ခံနေရသေးသော မည်သည့်ကဏ္ဍများတွင်မဆို၊ ၎င်းတို့၏ ကိုယ်ပိုင် အလိုဆန္ဒများ၊ ၎င်းတို့၏လိုအင်များ ရှိနေသေးသော မည်သည့်ကဏ္ဍများတွင်မဆို ၎င်းတို့သည် ယင်းကဏ္ဍများတွင် ဒုက္ခဆင်းရဲခံသင့်သည်။ ဒုက္ခဆင်းရဲထဲ၌သာ သင်ခန်းစာများကို သင်ယူနိုင်ပြီး၊ ယင်းမှာ သမ္မာတရားကို ရနိုင်စွမ်းနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်နိုင်စွမ်းရှိခြင်းကို ဆိုလိုသည်။ အမှန်အားဖြင့် သမ္မာတရားများစွာကို နာကျင်သော စမ်းသပ်မှုများအား တွေ့ကြုံခြင်းဖြင့် နားလည်ကြခြင်း ဖြစ်သည်။ သက်သောင့်သက်သာရှိပြီး လွယ်ကူသော ပတ်ဝန်းကျင်တစ်ခု၌ ရှိသောအခါ၊ သို့မဟုတ် အခြေအနေများ ကောင်းမွန်နေသောအခါ၌ မည်သူမျှ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်နိုင်ခြင်း၊ ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာကို အသိအမှတ်ပြုနိုင်ခြင်း၊ သို့မဟုတ် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို နားလည်သဘောပေါက်ခြင်း ရှိနိုင်မည် မဟုတ်ပေ။ ထိုအရာမှာ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဒီဘုရားနှုတ်ကပတ်တော်တွေကနေ၊ ဘုရားသခင်က သူ့အလုပ်မှာ အရမ်းကို ဉာဏ်ပညာကြီးတယ်ဆိုတာကို ကျွန်မ တွေ့ခဲ့ရတယ်။ ကြီးမားတဲ့နာမကျန်းမှုက လူ့ရှုထောင့်ကနေကြည့်ရင် နာကျင်စရာကောင်းပုံရပေမဲ့၊ ဘုရားသခင်က လူတွေကို စစ်ဆေးဖို့၊ သန့်စင်စေဖို့ ဒီနာကျင်မှုတွေကို အသုံးပြုတယ်။ ကျွန်မရဲ့ရောဂါနဲ့အတူလိုပဲပေါ့၊ အပေါ်ယံမှာတော့ ကျွန်မ နာကျင်မှုတချို့ ခံစားခဲ့ရပုံပေါ်ပေမဲ့၊ ဘုရားသခင်အပေါ် ကျွန်မရဲ့ယုံကြည်ခြင်းမှာရှိတဲ့ မသန့်ရှင်းမှုတွေကို သန့်စင်ပေးဖို့ ဘုရားသခင်က ဒီရောဂါကို အသုံးပြုခဲ့တယ်၊ ဒီရောဂါရဲ့ထုတ်ဖော်မှုသာမရှိခဲ့ရင်၊ ကောင်းချီးတွေရရှိဖို့ ကျွန်မရဲ့ယုံကြည်ခြင်းမှာ ရောနှောနေတဲ့ရည်ရွယ်ချက်ကို ကျွန်မ နားလည်ခဲ့မှာမဟုတ်ဘူး၊ ကိုယ့်တာဝန်တွေမှာ ဘုရားသခင်နဲ့ လှည့်စားဖို့၊ အပေးအယူလုပ်ဖို့ ကြိုးစားနေဦးမှာဖြစ်ပြီး နောက်ဆုံးမှာ ဘုရားသခင်က ကျွန်မကို ဖော်ထုတ်ပြီး ဖယ်ရှားရှင်းလင်းတာကို ခံရမှာပဲ။ ဒီအတွေ့အကြုံက လူတွေကို ကယ်တင်ဖို့ ဘုရားသခင်ရဲ့ အပင်ပန်းခံကြိုးစားတဲ့ရည်ရွယ်ချက်ကို ကျွန်မကို ပြသခဲ့တယ်။ ကျွန်မ ဘုရားသခင်ကို စပြီးယုံကြည်ခဲ့တုန်းက၊ ကိုယ်တော်ရဲ့ကျေးဇူးတော်တွေ အများကြီး ခံစားခဲ့ရတယ်၊ အဲဒီအချိန်တုန်းက ကျွန်မ ဘာမှသိပ်နားမလည်ခဲ့ဘဲ ဘုရားသခင်က ကျေးဇူးတော်ပဲပေးတဲ့ ဘုရားတစ်ပါးလို့ ထင်ခဲ့တယ်။ ဒါပေမဲ့ အမှန်တရားကတော့၊ ဘုရားသခင်က လူတွေကို ပေးတဲ့ကျေးဇူးတော်ဟာ သူတို့ ကိုယ်တော်ရဲ့ကယ်တင်ခြင်းကို လက်ခံဖို့အတွက် ကိုယ်တော်ရှေ့ကို ခေါ်ဆောင်ဖို့ ပေးခဲ့တာဖြစ်တယ်။ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အလုပ်က သမ္မာတရားကို ဖော်ပြပြီး တရားစီရင်ခြင်းကို ပြုဖို့ဖြစ်တယ်၊ တစ်ချိန်တည်းမှာပဲ၊ ကိုယ်တော်က လူတွေကို စစ်ဆေးဖို့၊ သန့်စင်စေဖို့ ပတ်ဝန်းကျင်အမျိုးမျိုးကို စီစဉ်ပေးတယ်၊ ဒီလိုနဲ့ သူတို့က ကိုယ်တော့်ကို ကျိုးနွံနာခံပြီး ဝတ်ပြုနိုင်မှာဖြစ်သလို ကိုယ်တော်ရဲ့ကယ်တင်ခြင်းကိုလည်း ရရှိနိုင်မှာဖြစ်တယ်။ ဘုရားသခင်ကို ယုံကြည်ရာမှာ၊ ကိုယ်တော်ရဲ့ကျေးဇူးတော်ကိုပဲ ကျွန်မ ခံစားလို့မရဘူး၊ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်မှုတွေနဲ့ စစ်ဆေးခြင်းတွေကိုလည်း ကျွန်မ ကြုံတွေ့ရမယ်၊ ကိုယ့်ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားမှာ ပြောင်းလဲမှုကို လိုက်စားပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်ရမယ်။ ဒီရောဂါကနေ နာကျင်မှုတချို့ ကျွန်မ ခံစားခဲ့ရပေမဲ့၊ ကျွန်မ ကြုံတွေ့ခဲ့ရတာက ဘုရားသခင်က ကျွန်မအပေါ် လုပ်ဆောင်ခဲ့တာဟာ ကိုယ်တော်ရဲ့ချစ်ခြင်းမေတ္တာနဲ့ ကယ်တင်ခြင်းဖြစ်တယ်ဆိုတာပါပဲ၊ ဘုရားသခင်ရဲ့အလုပ်မှာရှိတဲ့ ဉာဏ်ပညာကိုလည်း ကျွန်မ သိမြင်လာခဲ့တယ်။ ဘုရားသခင်ကို ကျွန်မ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်ပဲ။