က။ စာတန်က လူသားမျိုးနွယ်ကို အထင်အမြင်မှားစေပြီး ဖျက်ဆီးခြင်းသည် ကမ္ဘာပေါ်ရှိ အမှောင်နှင့် ဆိုးယုတ်မှုတို့၏ အရင်းအမြစ်ဖြစ်သည်
နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ
အစအဦး၌ ဘုရားသခင် ဖန်ဆင်းခဲ့သော အာဒံနှင့် ဧဝတို့သည် သန့်ရှင်းသောလူများ ဖြစ်ခဲ့သည်၊ ဆိုလိုသည်မှာ ဧဒင်ဥယျာဉ်အထဲ၌ ရှိနေစဉ်တွင် ၎င်းတို့သည် အညစ်အကြေးနှင့် မစွန်းထင်းဘဲ သန့်ရှင်းခဲ့ကြသည်။ ၎င်းတို့သည် ယေဟောဝါကိုလည်း သစ္စာရှိခဲ့ကြပြီး ယေဟောဝါကို သစ္စာဖောက်ခြင်းနှင့်သက်ဆိုင်၍ မည်သည့်အရာကိုမျှ မသိခဲ့ကြပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် စာတန်၏ စွမ်းအား နှောင့်ယှက်မှုမရှိခဲ့ကြသောကြောင့်၊ စာတန်၏ အဆိပ်မရှိခဲ့သကဲ့သို့၊ လူသားမျိုးနွယ် အားလုံးတွင် အသန့်ရှင်းဆုံး ဖြစ်ခဲ့သောကြောင့်ဖြစ်သည်။ ၎င်းတို့သည် ဧဒင်ဥယျာဉ်ထဲတွင် မည်သည့်အညစ်အကြေးမျှဖြင့် ညစ်ညမ်းစေခြင်း မခံရဘဲ၊ ဇာတိပကတိ၏ လွှမ်းမိုးမှုမရှိသကဲ့သို့ ယေဟောဝါကို ကြောက်ရွံ့ခြင်းဖြင့်အသက်ရှင်ကြသည်။ နောက်ပိုင်းတွင် စာတန်၏ သွေးဆောင်မှုကို ၎င်းတို့ခံရသည့်အခါ၊ ၎င်းတို့သည် မြွေ၏ အဆိပ်နှင့် ယေဟောဝါအား သစ္စာဖောက်ရန် စိတ်ဆန္ဒရှိခဲ့ကြပြီး စာတန်၏ စွမ်းအားအောက်တွင် အသက်ရှင်ခဲ့ကြသည်။ အစအဦး၌ ၎င်းတို့သည် သန့်ရှင်းပြီး ယေဟောဝါအား ကြောက်ရွံ့ခဲ့ကြသည်။ ဤအခြေအနေတွင်သာ ၎င်းတို့ လူသားဖြစ်ခဲ့ကြသည်။ နောက်ပိုင်း၌ စာတန်၏ သွေးဆောင်မှုကို ခံရပြီးနောက်၊ ၎င်းတို့သည် ကောင်းမကောင်းကို သိကျွမ်းရာအပင်မှ အသီးကို စားခဲ့ကြပြီး စာတန်၏ စွမ်းအားအောက်တွင် အသက်ရှင်ခဲ့ကြသည်။ ၎င်းတို့သည် တဖြည်းဖြည်း စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံခဲ့ရပြီး လူသား၏ မူလပုံသဏ္ဌာန် ပျောက်ဆုံးခဲ့လေသည်။ အစအဦး၌ လူသားသည် ယေဟောဝါ၏ ဇီဝအသက် ရှိခဲ့သည်၊ အနည်းငယ်မျှ ပုန်ကန်ခြင်း မရှိခဲ့သကဲ့သို့ သူ၏ စိတ်နှလုံးထဲတွင် မကောင်းမှု မရှိခဲ့ပေ။ ထိုအချိန်တွင် လူသည် စစ်မှန်သော လူသားဖြစ်ခဲ့၏။ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးနောက်၊ လူသည် သားရဲတိရစ္ဆာန် တစ်ကောင် ဖြစ်လာခဲ့သည်။ သူ၏အတွေးတို့သည် ကောင်းမြတ်ခြင်း သို့မဟုတ် သန့်ရှင်းခြင်းမရှိဘဲ၊ မကောင်းမှုနှင့် အညစ်အကြေးတို့ဖြင့် ပြည့်နှက်ခဲ့သည်။ ဤသည်မှာ စာတန် ဖြစ်သည် မဟုတ်လော။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ
လူမှုရေးသိပ္ပံပညာများနှင့်ဆိုင်သည့် လူသားမျိုးနွယ်၏ ဖန်တီးနိုင်မှု စွမ်းရည်နောက်တွင် လူသား၏ စိတ်ကို သိပ္ပံပညာနှင့် အသိပညာများက နေရာယူလာကြပြီးဖြစ်သည်။ သိပ္ပံနှင့် အသိပညာသည် လူသားမျိုးနွယ်ကို အုပ်စိုးခြင်းအတွက် တန်ဆာပလာများဖြစ်လာပြီး ဖြစ်ကာ လူသားအတွက် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန် အခွင့်အလမ်း လုံလုံလောက်လောက် မရှိတော့သကဲ့သို့ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်းအတွက် သင့်လျော်သော အခြေအနေများ မရှိတော့ပေ။ ဘုရားသခင်၏ နေရာသည် လူ၏ နှလုံးသားထဲတွင် ယခင်ထက် သာ၍နိမ့်ဆင်းပြီးဖြစ်သည်။ သူ၏ စိတ်နှလုံးတွင် ဘုရားသခင် မရှိဘဲ လူသား၏ အတွင်းကမ္ဘာသည် မှောင်မိုက်၏၊ မျှော်လင့်ချက်ကင်းမဲ့ကာ အနှစ်မဲ့သွားလေသည်။ နောက်ပိုင်းတွင် လူသားမျိုးနွယ်၏ စိတ်နှင့် နှလုံးသားကို ဖြည့်ဆည်းရန် လူသားကို ဘုရားသခင် ဖန်ဆင်းခဲ့သည်ဆိုသည့် သမ္မာတရားနှင့် ဆန့်ကျင်သည့် လူမှုသိပ္ပံ သဘောတရားများ၊ လူသားဆင့်ကဲဖြစ်စဉ် သဘောတရားနှင့် အခြားသော သဘောတရားများကို ဖော်ပြရန် လူမှုရေးသိပ္ပံပညာရှင်များ၊ သမိုင်းပညာရှင်များနှင့် နိုင်ငံရေးသမားများ များစွာ ရှေ့တန်းရောက်လာခဲ့ကြသည်။ ဤနည်းဖြင့် ဘုရားသခင်က အရာရာကို ဖန်ဆင်းခဲ့ကြောင်းကို ယုံကြည်သူများ နည်းသည်ထက် နည်းပါးလာခဲ့ပြီး ဆင့်ကဲဖြစ်စဉ် သဘောတရားကို ယုံကြည်သူများက အရေအတွက်အားဖြင့် ယခင်ထက် ပိုမိုများပြားလာခဲ့လေသည်။ ဓမ္မဟောင်း ခေတ်ကာလအတွင်း ဘုရားသခင်၏ အမှုနှင့် သူ၏နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် မှတ်တမ်းများကို ဒဏ္ဍာရီများနှင့် ရိုးရာပုံပြင်များအဖြစ် သဘောထားသော လူများ ပို၍ ပို၍ များလာလေသည်။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင်၊ လူတို့သည် ဘုရားသခင်၏ ဂုဏ်သိက္ခာနှင့် ကြီးမြတ်မှု၊ ဘုရားသခင်၏ တည်ရှိမှုနှင့် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်ဆိုသည့် သက်ဝင်ယုံကြည်မှုများကို ဂရုမစိုက်ကြတော့ပေ။ လူသားမျိုးနွယ်၏ ရှင်သန်မှုနှင့် နိုင်ငံ၊ လူမျိုးများ၏ ကံကြမ္မာတို့သည် ၎င်းတို့အဖို့ အရေးမပါတော့သကဲ့သို့ လူသည် စားခြင်း၊ သောက်ခြင်းနှင့် အပျော်အပါး လိုက်စားခြင်းတို့ကိုသာ အလေးထားသည့် အနှစ်သာရ ကင်းမဲ့သည့် လောကကြီးတွင် အသက်ရှင်လေသည်။...ဘုရားသခင်က ယနေ့ သူ၏ အမှုကို မည်သည့်နေရာတွင် လုပ်ဆောင်သည်ကို ရှာဖွေရန် သို့မဟုတ် လူသား၏ ခရီးပန်းတိုင်ကို ဘုရားသခင်က မည်သို့ တာဝန်ယူပြီး စီစဉ်ပေးသည်ကို ရှာဖွေရန် မိမိတွင် တာဝန်ရှိသည်ဟု လူအနည်းငယ်ကသာ ခံယူထားကြသည်။ ဤနည်းဖြင့် လူသားက မသိလိုက်ဘဲ၊ လူမှုအဖွဲ့အစည်းတိုးတက်မှုသည် လူသား၏ လိုအင်ဆန္ဒများကို လိုက်နာနိုင်မှု နည်းသည်ထက် နည်းလာခဲ့ပြီး၊ ထိုသို့သောလောကတွင် အသက်ရှင်ရလျက် ကွယ်လွန်ပြီးနှင့် သူများထက် ၎င်းတို့က ပျော်ရွှင်မှု သာ၍ လျော့နည်းသည်ဟု ခံစားရသည့် လူများစွာပင် ရှိလေသည်။ ယဉ်ကျေးမှု အဆင့်အတန်းတိုးတက်မှု မြင့်မားသော နိုင်ငံများမှ လူများသည်ပင် ထိုသို့သော မကျေနပ်ချက်များကို ဖွင့်ဟပြောဆို ကြလေသည်။ အကြောင်းမှာ ဘုရားသခင်၏လမ်းပြမှုမရှိဘဲနှင့် အုပ်ချုပ်သူများနှင့် လူမှုဗေဒပညာရှင်များအနေဖြင့် လူမှုအဖွဲ့အစည်းတိုးတက်မှုကို ထိန်းသိမ်းရန် မည်မျှပင် ဦးနှောက်ခြောက်အောင် စဉ်းစားစေကာမူ၊ အချည်းနှီး ဖြစ်ပေသည်။ မည်သူမျှ လူသား၏အသက် မဖြစ်နိုင်သကဲ့သို့၊ လူသားကို မည်သည့် လူမှုသဘောတရားကမျှ အနှစ်မဲ့ခြင်း ပြဿနာများမှ လွတ်မြောက်အောင် မလုပ်ပေးနိုင်သည့်အတွက် လူသား၏ နှလုံးသားထဲရှိ အနှစ်မဲ့မှုကို မည်သူမျှ မဖြည့်ဆည်းပေးနိုင်ပေ။ သိပ္ပံပညာ၊ အသိပညာ၊ လွတ်လပ်မှု၊ ဒီမိုကရေစီ၊ ပျော်ရွှင်မှု၊ ကိုယ်စိတ်ချမ်းသာမှုတို့သည် လူသားထံ ယာယီ နှစ်သိမ့်မှုတစ်ခုသာ ဆောင်ကြဉ်းပေးသည်။ ဤအရာများဖြင့်ပင်လျှင် လူသားသည် မလွဲမသွေ အပြစ်ကျူးလွန်ဆဲ ဖြစ်ပြီး လူမှုအဖွဲ့အစည်း၏ မတရားမှုများကို ညည်းညူကြဆဲဖြစ်သည်။ ဤအရာများကို ပိုင်ဆိုင်ခြင်းက လူသား၏ စူးစမ်းလေ့လာရန် တောင့်တမှုနှင့် လိုအင်ဆန္ဒတို့ကို မချုပ်ထိန်းနိုင်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူသားကို ဘုရားသခင်က ဖန်ဆင်းခဲ့ခြင်း ဖြစ်ပြီး လူသား၏ အသိတရားမဲ့သော စွန့်လွှတ်အနစ်နာခံမှုများနှင့် စူးစမ်းလေ့လာမှုများသည် ပို၍သာ စိတ်သောက ရောက်စေနိုင်ကာ လူကို စဉ်ဆက်မပြတ် ကြောင့်ကြနေရသည့် အခြေအနေတစ်ခုတွင် ရောက်စေလိမ့်မည်ဖြစ်သောကြောင့်တည်း။ လူသားမျိုးနွယ်၏ အနာဂတ်ကို မည်သို့ရင်ဆိုင်ရမည်ကိုဖြစ်စေ၊ ရှေ့တွင်ရှိသော လမ်းကြောင်းကို မည်သို့ရင်ဆိုင်ရမည်ကိုဖြစ်စေ မသိသည်မှာ လူသားသည် သိပ္ပံနှင့် အသိပညာတို့ကိုပင် ကြောက်ရွံ့လာပြီး အနှစ်မဲ့ခြင်း ခံစားချက်ကို ပို၍ပင် ကြောက်ရွံ့လာသည်အထိပင် ဖြစ်လေတော့သည်။ ဤကမ္ဘာလောကတွင် သင်သည် လွတ်လပ်သော နိုင်ငံတစ်ခု သို့မဟုတ် လူ့အခွင့်အရေးများမရှိသည့် နိုင်ငံတစ်ခုတွင် နေထိုင်သည် ဖြစ်စေ၊ မနေထိုင်သည်ဖြစ်စေ သင်သည် လူသားမျိုးနွယ်၏ ကံကြမ္မာမှ ရုန်းထွက်လွတ်မြောက်နိုင်စွမ်း လုံးဝမရှိပေ။ သင်သည် အုပ်စိုးသူဖြစ်စေ၊ အုပ်စိုးခံသူဖြစ်စေ သင်သည် စိတ်ရှုပ်ထွေးစေသော အနှစ်မဲ့မှု ခံစားချက်မှ ရုန်းထွက်လွတ်မြောက်နိုင်စွမ်းရှိဖို့ မဆိုထားနှင့်၊ လူသားမျိုးနွယ်၏ ကံကြမ္မာ၊ လျှို့ဝှက်ဆန်းကြယ်မှုများနှင့် ခရီးပန်းတိုင်တို့ကို လေ့လာစူးစမ်းလိုသည့် လိုအင်ဆန္ဒမှ ရုန်းထွက်လွတ်မြောက်နိုင်စွမ်း လုံးဝမရှိပေ။ လူသားမျိုးနွယ် အားလုံးအဖို့ ဖြစ်တတ်သော အဆိုပါဖြစ်စဉ်ကို လူမှုသိပ္ပံပညာရှင်များက လူမှုဖြစ်စဉ်ဟု ခေါ်ကြသော်လည်း၊ ထိုသို့သော ပြဿနာများကို ဖြေရှင်းရန် မည်သည့် မဟာလူသားမျှ ထွက်မလာနိုင်ပေ။ အဆုံးတွင်တော့ လူသားသည် လူသားသာ ဖြစ်ပြီး ဘုရားသခင်၏ အဆင့်အတန်းနှင့် အသက်ကို မည်သည့်လူသားကမျှ အစားမထိုးနိုင်ပေ။ လူသားမျိုးနွယ် လိုအပ်သည့်အရာမှာ အယောက်တိုင်း ကောင်းကောင်းမွန်မွန် ကျွေးမွေးခံရပြီး သာတူညီမျှဖြစ်ကာ လွတ်လပ်သည့် တရားမျှတသော လူမှုအဖွဲ့အစည်းကိုသာ မဟုတ်ပေ။ လူသားမျိုးနွယ် လိုအပ်သည်မှာ ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ၎င်းတို့အဖို့ သူ၏ အသက်အထောက်အပံ့ ဖြစ်သည်။ လူသားအနေဖြင့် ဘုရားသခင်၏ အသက်ထောက်ပံ့မှုနှင့် သူ၏ ကယ်တင်ခြင်းကို ရရှိသောအခါမှသာ လူသား၏ လိုအပ်ချက်များ၊ စူးစမ်းလေ့လာရန် လိုအင်ဆန္ဒနှင့် ၎င်းတို့စိတ်နှလုံး၏ အနှစ်မဲ့မှုတို့သည် ပြေလည်သွားနိုင်ပေသည်။ နိုင်ငံတစ်နိုင်ငံ သို့မဟုတ် လူမျိုးတစ်မျိုး၏ လူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် စောင့်ရှောက်မှုကို မခံယူနိုင်ပါက ထိုနိုင်ငံ သို့မဟုတ် လူမျိုးသည် ကျရှုံးခြင်းဆီသို့၊ အမှောင်ထုဆီသို့ ရွှေ့သွားမည် ဖြစ်ပြီး ရလဒ်အနေဖြင့် ဘုရားသခင်၏ အမြစ်ဖြတ်ချေမှုန်းခြင်းကို ခံရလိမ့်မည် ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်
ထိပ်ဖျားမှ အောက်ခြေအထိနှင့် အစအဦးမှ အဆုံးအထိ စာတန်သည် ဘုရားသခင်၏ အမှုကို နှောင့်ယှက်နေခဲ့ပြီးဖြစ်ကာ သူ့ကို ဆန့်ကျင်လျက် ပြုမူနေခဲ့ပြီး ဖြစ်သည်။ “ရှေးဟောင်း ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်” နှင့် ပတ်သက်သည့် ဤပြောဆိုဆွေးနွေးခြင်း၊ အဖိုးထိုက်တန်သော “ရှေးဟောင်း ယဉ်ကျေးမှု၏ အသိပညာ”၊ “တာအိုဝါဒနှင့် ကွန်ဖြူးရှပ်ဝါဒတို့၏ သွန်သင်မှုများ”နှင့် “ကွန်ဖြူးရှပ်ဝါဒ၏ ဂန္တဝင် ကျမ်းများနှင့် ကံကျွေးချစနစ်ဆန်သော ထုံးတမ်းများ” အားလုံးသည် လူသားကို ငရဲထဲသို့ ခေါ်ဆောင်သွားပြီးဖြစ်သည်။ မျက်မှောက်ခေတ် အဆင့်မြင့် သိပ္ပံပညာနှင့် နည်းပညာတို့အပြင် အလွန်တိုးတက်သော စက်မှုလုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေးနှင့် စီးပွားရေးတို့ကို မည်သည့် နေရာမှာတွင်မျှ မတွေ့မြင်ရပေ။ ယင်းထက်၊ ၎င်း လုပ်ဆောင်သမျှမှာ ဘုရားသခင်၏အမှုကို တမင်တကာ နှောင့်ယှက်ရန်၊ ဆန့်ကျင်ရန်နှင့် ဖြိုဖျက်ရန်အလို့ငှာ ရှေးကာလ၏ “မျောက်ဝံများ” အားဖြင့် ဖြန့်ခဲ့သည့် ကံကျွေးချစနစ်ဆိုင်ရာ ထုံးတမ်းများကို အလေးပေးရန် ဖြစ်သည်။ ၎င်းသည် လူသားကို ယနေ့ထိတိုင် ဆက်လက် ဒုက္ခပေးသည်သာမက၊ လူသားကို အကောင်လိုက်ဝါးမျို၁ ရန်ပင် ဆန္ဒရှိလေသည်။ ကံကျွေးချစနစ်နှင့်ဆိုင်သည့် ကိုယ်ကျင့်တရားနှင့် လူ့ကျင့်ဝတ်ဆိုင်ရာ သွန်သင်မှုများကို တစ်ဆင့်ပေးခြင်းနှင့် ရှေးဟောင်း ယဉ်ကျေးမှု၏ အသိပညာကို လက်ဆင့်ကမ်းခြင်းတို့သည် လူသားကို နတ်ဆိုး အကြီး အသေးများအဖြစ်သို့ ပြောင်းလဲစေလျက်၊ လူသားမျိုးနွယ်ကို ကူးစက်ခဲ့သည်မှာ ကြာပြီဖြစ်သည်။ ဘုရားသခင်ကို ဝမ်းမြောက်ဝမ်းသာ လက်ခံသောသူ နည်းပါးပေသည်၊ ဘုရားသခင်၏ ကြွလာခြင်းကို အထူးအားရ ရွှင်လန်းစွာ ကြိုဆိုကြမည့်သူ နည်းပါးပေသည်။ လူသားမျိုးနွယ်၏ မျက်နှာသည် လူသတ်မည့်အကြံနှင့် ပြည့်နေပြီး နေရာတိုင်းတွင်၊ သတ်ဖြတ်လိုသည့် အငွေ့အသက်က လေထုထဲတွင် ပျံ့နှံ့နေသည်။ ၎င်းတို့သည် ဘုရားသခင်ကို ဤနယ်မြေမှ နှင်ထုတ်ရန် ကြိုးစားကြသည်၊ လက်ထဲတွင် ဓားများ၊ ဓါးရှည်များဖြင့်၊ ၎င်းတို့သည် ဘုရားသခင်ကို “အမြစ်ဖြတ်ချေမှုန်း” ရန် စစ်ပွဲအခင်းအကျင်းဖြင့် မိမိတို့ကိုယ်ကိုယ် စီမံကြလေသည်။ ဘုရားသခင်မရှိဟု လူသားသည် စဉ်ဆက်မပြတ် သွန်သင်ခြင်းခံရသည့်နေရာ၊ ရုပ်တုဆင်းတုများ ပျံ့နှံ့သည့်နေရာဖြစ်သည့် ဤနတ်ဆိုးများ၏ နယ်မြေအနှံ့ရှိ အားလုံးနှင့် အပေါ်လေထုသည် မီးလောင်နေသော စာရွက်များနှင့် အမွှေးနံ့သာတို့၏ ညှီစို့စို့အနံ့ဖြင့် စိမ့်ဝင်ပျံ့နှံ့နေပြီး ထိုအနံ့မှာ အသက်ရှူရကျပ်စေသည်အထိ အလွန်ပင်ထူထပ်ပေသည်။ ယင်းမှာ အဆိပ်ရှိသော မြွေ၏ ထွန့်ထွန့်လူးခြင်းဖြင့် လေနှင့်ပါလာသည့် အနည်အနှစ်တို့၏ အနံ့ဆိုးကဲ့သို့ဖြစ်သည်မှာ မပျို့အန်ဘဲ မနေနိုင်သည်အထိ ဖြစ်သည်။ ဤအရာအပြင်၊ ဝေးကွာလှသော ငရဲမှ လာသည်ဟု ထင်ရသော အသံတစ်ခုဖြစ်သည့်၊ ကျမ်းစာများကို သံပြိုင်ရွတ်ဆိုနေကြသည့် ဆိုးယုတ်သော မကောင်းဆိုးဝါးများ၏ အသံကို ယဲ့ယဲ့ကြားရသည်မှာ ကျောမချမ်းဘဲမနေနိုင်သည်အထိ ဖြစ်သည်။ နယ်မြေကို ကာမဂုဏ်အာရုံ သာယာကြည်နူးမှု လောကကြီးတစ်ခုအဖြစ် ပြောင်းလဲသွားစေလျက်၊ ဤနယ်မြေထဲက နေရာတိုင်းတွင် သက်တံရောင်စုံရှိသည့် ရုပ်တုဆင်းတုများ ထားရှိသော်လည်း၊ နတ်ဆိုးများ၏ ရှင်ဘုရင်သည် ၎င်း၏ ယုတ်မာသော အကြံအစည် အောင်မြင်သွားသည့်အလား ကောက်ကျစ်စဉ်းလဲစွာ ရယ်မောပြီးရင်း ရယ်မောနေပေသည်။ ထိုအချိန်အတောအတွင်းတွင်၊ လူသားသည် လုံးဝ သတိမမူမိသကဲ့သို့၊ အသိမဲ့လာပြီး ရှုံးနှိမ့်မှုဖြင့် သူ၏ဦးခေါင်း ငိုက်စိုက်ကျသည့် အခြေအနေအထိ နတ်ဆိုးက သူ့ကို ဖျက်ဆီးနှင့်ပြီးဖြစ်သည်ကို သူသည် မည်သည့် အရိပ်အမြွက်မျှ မသိပေ။ ၎င်းသည် ဘုရားသခင်နှင့်ပတ်သက်သည့် အရာတိုင်းကို တစ်ချက်တည်းနှင့် ရှင်းလင်းဖယ်ရှားရန်နှင့် ဘုရားသခင်ကို နောက်တစ်ဖန် ဖျက်ဆီးရမ်းကားပြီး လုပ်ကြံသတ်ဖြတ်ရန် ဆန္ဒရှိလေသည်။ ၎င်းသည် ဘုရားသခင်၏အမှုကို ဖြိုဖျက်ရန်နှင့် နှောင့်ယှက်ရန် ကြံစည်လေသည်။ ၎င်းသည် ဘုရားသခင်ကို တန်းတူအဆင့်အတန်း ဖြစ်ရန် အဘယ်သို့အခွင့်ပြုနိုင်မည်နည်း။ ကမ္ဘာမြေပေါ်တွင် လူတို့အကြား ၎င်း၏အလုပ်ကို ဘုရားသခင် “ဝင်ရောက်စွက်ဖက်ခြင်း” ကို ၎င်းသည် အဘယ်သို့ သည်းခံနိုင်မည်နည်း။ ၎င်း၏ အကျည်းတန်သော မျက်နှာကို ဖော်ထုတ်ရန် ဘုရားသခင်အား အဘယ်သို့နှင့် ခွင့်ပြုနိုင်မည်နည်း။ ၎င်း၏ အလုပ်ကို ဘုရားသခင်က ကစဉ့်ကလျားဖြစ်စေရန် ၎င်းသည် အဘယ်သို့ ခွင့်ပြုနိုင်မည်နည်း။ ဒေါသဖြင့် ယမ်းပုံမီးကျဖြစ်နေသော ဤနတ်ဆိုးသည် ကမ္ဘာမြေပေါ်ရှိ ၎င်း၏ အင်ပါယာနန်းတော်အပေါ် ဘုရားသခင်အား ထိန်းချုပ်ခွင့် အဘယ်သို့ ပေးနိုင်မည်နည်း။ ၎င်းထက် သာလွန်သော ကိုယ်တော်၏အင်အားကို ၎င်းသည် ဘယ်သို့ လိုလိုလားလား ဦးညွှတ်နိုင်မည်နည်း။ ၎င်း၏ အကျည်းတန်းသော မျက်နှာသည် အဖြစ်ကိုအဖြစ်အတိုင်း ဖော်ထုတ်ခံရပြီးဖြစ်သည်၊ သို့ဖြစ်၍ လူတစ်ဦးအနေဖြင့် ရယ်ရမည်၊ ငိုရမည်ဆိုသည်ကို မသိသကဲ့သို့ ယင်းသည် ပြောဆိုဖို့ရန် အမှန်တကယ် ခက်ခဲလေသည်။ ဤသည်မှာ ၎င်း၏ အနှစ်သာရဖြစ်သည် မဟုတ်လော။ အကျည်းတန်သော ဝိညာဉ်ဖြင့်၊ ၎င်းသည် မယုံနိုင်လောက်အောင်ပင် လှပသည်ဟု ၎င်းက ယုံကြည်ဆဲဖြစ်သည်။ ပြစ်မှုထဲက ဤကြံရာပါ၂ အုပ်စု။ ကမ္ဘာလောကသည် ပြောင်းလဲလွယ်ပြီး မတည်တံ့သော နေရာဖြစ်လာကာ၊ လူသား၏ နှလုံးသားသည် ကြောက်လန့်မှုနှင့် စိုးရိမ်ပူပန်မှုတို့ဖြင့် ပြည့်သည်အထိ ၎င်းတို့သည် အမှုအရာများကို အလွန် မွှေနှောက်ကြလျက်၊ ၎င်းတို့သည် အပျော်အပါး၌ မွေ့လျော်ရန်နှင့် ရုတ်ရုတ်သဲသဲဖြစ်စေဖို့၊ သေမျိုးဖြစ်သော နယ်ပယ်ထဲသို့ ဆင်းသက်လာကာ၊ ၎င်းတို့သည် လူသားကို အလွန်ကစားခဲ့ကြသည်မှာ လူသား၏ သွင်ပြင်သည် အလွန့်အလွန် အကျည်းတန်လျက် စိုက်ကွင်း၏ လူမဆန်သော သားရဲတစ်ကောင်၏ သွင်ပြင်ဖြစ်လာပြီးဖြစ်ကာ၊ ယင်းမှ မူလက သန့်ရှင်းသောလူ၏ နောက်ဆုံး အရိပ်အယောင်သည် ပျောက်ဆုံးသွားပြီးဖြစ်သည်။ ထို့အပြင်၊ ၎င်းတို့သည် ကမ္ဘာမြေပေါ်တွင် အချုပ်အခြာအာဏာကို သိမ်းပိုက်ရန်ပင် ဆန္ဒရှိကြ၏။ ၎င်းတို့သည် ဘုရားသခင်၏ အမှုကို အလွန် ပိတ်ဆို့ကြသည်မှာ အရှေ့သို့ နည်းနည်းမျှ တိုးရန် အနိုင်နိုင်ဖြစ်ပြီး၊ ၎င်းတို့သည် လူသားကို ကြေးနီနှင့် သံမဏိတံတိုင်းများတမျှ တင်းကျပ်စွာ ပိတ်ထား၏။ များစွာသော ဆိုးရွားသည့် အပြစ်များကို ကျူးလွန်ပြီး များစွာသော ကပ်ဘေးဒုက္ခများ ဖြစ်စေပြီးနောက်၊ ၎င်းတို့သည် ပြစ်တင်ဆုံးမခြင်းမှလွဲ၍ အခြားတစ်စုံတစ်ရာကို မျှော်လင့်နေကြသေး သလော။ မကောင်းဆိုးဝါးများနှင့် ဆိုးယုတ်သော ဝိညာဉ်များသည် ကမ္ဘာမြေပေါ်၌ အချိန်ကာလတစ်ခုကြာအောင် ဒေါသတကြီး လျှောက်ရမ်းနေခဲ့ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အပင်ပန်းခံ အားထုတ်မှုတို့ကို ပိတ်ပင်ထားခဲ့သည်မှာ ၎င်းတို့သည် ထွင်းဖောက် မရနိုင်ပေ။ အမှန်ပင်၊ ဤသည်မှာ သေထိုက်သော အပြစ်ပါတကား။ ဘုရားသခင်သည် အဘယ်သို့ မစိုးရိမ်ဘဲနှင့် နေနိုင်မည်နည်း။ ဘုရားသခင်သည် အဘယ်သို့ အမျက်ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။ ၎င်းတို့သည် ဘုရားသခင်၏အမှုကို ဆိုးရွားစွာ တားဆီးပြီး ဆန့်ကျင်ခဲ့ကြသည်။ ပုန်ကန်လိုက်လေတကား။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၇)
အောက်ခြေမှတ်စု(များ)-
၁။ “ဝါးမျို” ဆိုသည်မှာ လူတို့ကို အလုံးစုံ အဓမ္မပြုသော နတ်ဆိုးတို့ ရှင်ဘုရင်၏ ကြမ်းကြုတ်သည့် အပြုအမူကို ရည်ညွှန်းသည်။
၂။ “ပြစ်မှုထဲက ဤကြံရာပါ” ဆိုသည်မှာ “လူရမ်းကားတစ်သိုက်” နှင့် အမျိုးအစားတူသည်။
စာတန်သည် နိုင်ငံတော်အစိုးရများ၊ ကျော်ကြားသူများနှင့် ကြီးမြတ်သူများ၏ ပညာရေးနှင့် လွှမ်းမိုးမှုမှတစ်ဆင့် လူတို့ကို ဖျက်ဆီးသည်။ သူတို့၏ ဆိုးယုတ်သော စကားများသည် လူသား၏ ဘဝနှင့် သဘာဝဗီဇ ဖြစ်လာပြီးဖြစ်သည်။ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” ဆိုသည်မှာ လူတိုင်းအထဲသို့ သွတ်သွင်းပေးထားသည့် လူသိများသော ဆိုးယုတ်သော ဆိုရိုးတစ်ခုဖြစ်သည်။ ဤဆိုရိုးက လူ့အသက် ဖြစ်လာသည်။ ဤကဲ့သို့သော လောကီဆိုင်ရာ ဆက်ဆံရေးများအတွက် အခြားသော ဒဿနများနှင့်ဆိုင်သည့် စကားများလည်း ရှိသည်။ စာတန်သည် လူတို့ကို ပညာပေးဖို့၊ အထင်အမြင်မှားစေဖို့နှင့် ဖောက်ပြန်ပျက်စီးစေဖို့ နိုင်ငံတစ်နိုင်ငံစီ၏ ရိုးရာယဉ်ကျေးမှုကို အသုံးပြုလျက် လူသားမျိုးနွယ်ကို အတိုင်းမသိ ပျက်စီးခြင်း၏ ချောက်နက်ထဲသို့ ကျဆင်းကာ ဝါးမျိုခံရစေပြီး အဆုံးတွင် လူတို့သည် စာတန်ကိုအစေခံ၍ ဘုရားသခင်ကို ခုခံသောကြောင့် ဘုရားသခင်၏ ဖျက်ဆီးခြင်းကို ခံကြရသည်။ လူအချို့သည် လူမှုအဖွဲ့အစည်းတွင် အစိုးရဝန်ထမ်းများအဖြစ် ဆယ်စုနှစ်ချီ အမှုထမ်းပြီးဖြစ်သည်။ အောက်ပါမေးခွန်းကို ၎င်းတို့အား မေးသည်ဟု စိတ်ကူးကြည့်လော့။ “ဤစွမ်းဆောင်ရည်ဖြင့် အလွန်ကောင်းစွာ သင် လုပ်ဆောင်ပြီးဖြစ်သည်၊ သင်လက်ခံထားသည့် အဓိကထင်ရှားသော ဆိုရိုးများမှာ အဘယ်နည်း။” “ကျွန်ုပ် နားလည်သည့် တစ်ခုတည်းသော အရာမှာ ‘အရာရှိများသည် တံစိုးလက်ဆောင် ပေးသူများအတွက် အမှုအရာများကို ခက်ခဲအောင် မလုပ်၊ ထို့ပြင် ခယဝယ မလုပ်သောသူတို့သည် မည်သည့်အရာမျှ မပြီးမြောက်နိုင်။’ ဟူ၍ ဖြစ်သည်” ဟု ၎င်းတို့ ပြောကောင်း ပြောလိမ့်မည်။ ဤသည်မှာ ၎င်းတို့ အလုပ်အကိုင်က အခြေပြုထားသည့် ဆိုးယုတ်သော အတွေးအခေါ်ဖြစ်သည်။ ဤစကားများသည် ထိုသို့သောလူ၏ သဘာဝဗီဇကို ကိုယ်စားပြုသည် မဟုတ်လော။ ရာထူးရရန် မည်သည့်နည်းလမ်းကိုမဆို မရိုးမဖြောင့် အသုံးပြုခြင်းသည် သူ၏သဘာဝ ဖြစ်လာပြီး၊ အရာရှိတစ်ဦးဖြစ်ရေးနှင့် အလုပ်အကိုင် အောင်မြင်ရေးတို့သည် ၎င်းတို့၏ ပန်းတိုင်များ ဖြစ်နေသည်။ လူတို့၏ အသက်တာ၌၊ သူတို့၏ အမူအကျင့်နှင့် အပြုအမူထဲတွင် စာတန်၏ အဆိပ်များစွာ ရှိနေသေးသည်။ ဥပမာအားဖြင့် လောကီဆိုင်ရာ ဆက်ဆံရေးများအတွက် သူတို့၏ ဒဿနများ၊ သူတို့၏ အမှုအရာများကို ဆောင်ရွက်သည့် နည်းလမ်းများနှင့် သူတို့၏နီတိများ၊ အားလုံးတို့သည် အဆင်းနီသော နဂါးကြီး၏ အဆိပ်များနှင့် ပြည့်နှက်နေပြီး၊ ဤအရာအားလုံးသည် စာတန်ထံမှ လာကြသည်။ ထို့ကြောင့် လူတို့၏ အရိုးများနှင့် အသွေးတို့၌ စီးဆင်းကြသော အရာအားလုံးသည် စာတန်နှင့် သက်ဆိုင်ပေသည်။ ထိုအရာရှိများ၊ သြဇာအာဏာရှိသူများနှင့် ပြောင်မြောက်သော သူများ အားလုံးတို့တွင် မိမိ၏ကိုယ်ပိုင် လမ်းကြောင်းများနှင့် အောင်မြင်မှုအတွက် လျှို့ဝှက်ချက်များ ရှိပေသည်။ ထိုကဲ့သို့သော လျှို့ဝှက်ချက်များသည် သူတို့သဘာဝဗီဇကို ပြည့်စုံစွာ ကိုယ်စားပြုသည် မဟုတ်လော။ သူတို့သည် လောကထဲ၌ ထိုသို့သော ကြီးမားသည့်အရာများကို လုပ်ဆောင်ထားကြပြီး၊ ၎င်းတို့၏ နောက်ကွယ်တွင်ရှိသည့် အကြံအစည်များနှင့် ခြေပုန်းခုတ်ခြင်းများကို မည်သူကမျှ မရိပ်စားမိနိုင်ကြပေ။ ဤအရာက ထိုသူတို့၏သဘာဝဗီဇမှာ အဘယ်မျှပင် စဉ်းလဲဉာဏ်များပြီး အငြိုးထားတတ်ကြောင်းကို ပြသသည်။ လူသားသည် စာတန်၏ နက်ရှိုင်းစွာ ဖျက်ဆီးခြင်း ခံခဲ့ရသည်။ စာတန်၏ အဆိပ်သည် ခပ်သိမ်းသော လူပုဂ္ဂိုလ်တိုင်း၏ အသွေးထဲ၌ စီးဆင်းနေပြီး လူ၏ သဘာဝက ဖောက်ပြန်ပျက်စီးသည်၊ ကောက်ကျစ်ဆိုးယုတ်သည်၊ ရန်လိုတတ်ပြီး၊ ဘုရားသခင်ကို ဆန့်ကျင်ရာတွင်ရှိကာ စာတန်၏ အတွေးအခေါ်များနှင့် အဆိပ်များဖြင့် ပြည့်ကာ နှစ်မြှုပ်သည်ဟု ဆိုနိုင်ပေသည်။ ယင်းသည် လုံးလုံးလျားလျား စာတန်၏ သဘာဝ အနှစ်သာရ ဖြစ်လာပြီး ဖြစ်သည်။ ထို့ကြောင့်ပင် လူတို့သည် ဘုရားသခင်ကို ခုခံကြပြီး ဆန့်ကျင်ကြခြင်း ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း
လူသား၏ အသိပညာ သင်ယူခြင်း ဖြစ်စဉ်အတွင်း၊ စာတန်သည် ဇာတ်လမ်းများကို ပြောပြခြင်းဖြစ်စေ၊ အသိပညာ တစ်စိတ်တစ်ပိုင်း ပေးလိုက်ခြင်း သက်သက် ဖြစ်စေ၊ သို့မဟုတ် လူတို့၏ ဆန္ဒများ သို့မဟုတ် ၎င်းတို့၏ ရည်မှန်းချက်များကို ဖြည့်ဆည်းခွင့် ပေးသည်ဖြစ်စေ နည်းလမ်းမျိုးစုံကို အသုံးပြု လေသည်။ စာတန်သည် သင့်ကို မည်သည့်လမ်းဖြင့် ခေါ်ဆောင်ချင်ပါသနည်း။ အသိပညာကို သင်ယူလေ့လာခြင်း နှင့် ပတ်သက်၍ မည်သည့်အရာမျှ မှားယွင်းခြင်း မရှိ၊ လုံးဝ သဘာဝကျသည်ဟု လူတို့က ထင်ကြ၏။ နှစ်သက်ဖွယ်ကောင်းသည့် နည်းလမ်းဖြင့် ပြောရမည် ဆိုလျှင်၊ မြင့်မားသော စံအယူအဆများ ရှိခြင်း သို့မဟုတ် ရည်မှန်းချက်များ ရှိခြင်းသည် ပြင်းပြသောဆန္ဒများ ရှိခြင်းဖြစ်ပြီး၊ ဤသည်မှာ အသက်တာတွင် မှန်ကန်သောလမ်း ဖြစ်သင့်သည်ဟု လူတို့က ထင်ကြသည်။ လူတို့သည် ၎င်းတို့၏ကိုယ်ပိုင် စံအယူအဆများအား ဖြစ်မြောက်စေနိုင်သည် သို့မဟုတ် ၎င်းတို့၏အသက်တာတွင် အသက်မွေးဝမ်းကျောင်းတစ်ခု အောင်မြင်စွာ ပြုနိုင်သည် ဆိုလျှင်၊ ထိုနည်းလမ်းသည် လူတို့အသက်ရှင်နေထိုင်ရန် အတွက် ပို၍ ဂုဏ်ဝင့်ဖွယ်ကောင်းသောနည်းလမ်း မဟုတ်လော။ ဤအရာများကို လုပ်ဆောင်ခြင်းအားဖြင့် လူတစ်ဦးသည် မိမိ၏ဘိုးဘေးများကို ဂုဏ်ပြုရုံသာမက၊ သမိုင်းတွင် မိမိ၏အမှတ်အသားတစ်ခု ကျန်ရစ်စေဖို့ အခွင့်အရေးတစ်ခုလည်း ရှိနိုင်ပေသည်။ ဤသည်မှာ ကောင်းသော အရာတစ်ခု မဟုတ်သလော။ ဤသည်မှာ လောကီလူတို့၏အမြင်တွင် ကောင်းသောအရာတစ်ခု ဖြစ်နေပြီး၊ ၎င်းတို့အတွက်ကား သင့်လျော်ကာ အပြုသဘောဆောင်နေသင့်၏။ သို့ရာတွင် အန္တရာယ် ပြုမည့် လက္ခဏာရှိသော စေ့ဆော်မှုများရှိသည့် စာတန်သည် လူတို့ကို ဤလမ်းမျိုးဆီ ခေါ်ဆောင်ပြီးနောက်တွင်၊ ဤမျှသာလော။ လုံးဝ မဟုတ်ပေ။ အမှန်တွင် လူသား၏ စံအယူအဆများသည် မည်မျှမြင့်မားပါစေ၊ လူသား၏ ဆန္ဒများသည် မည်မျှ လက်တွေ့ကျပါစေ သို့မဟုတ် ၎င်းတို့သည် မည်မျှသင့်လျော်ပါစေ၊ လူသားက ရယူချင်သည့် အရာအားလုံး၊ လူသားက ရှာဖွေသည့်အရာ အားလုံးသည် စကားလုံးနှစ်လုံးနှင့် ခွဲခြား၍မရအောင် ချိတ်ဆက် နေ၏။ ဤစကားလုံးနှစ်လုံးသည် လူတိုင်း၏ အသက်တာအတွက် မရှိမဖြစ် အရေးပါလှပြီး ၎င်းတို့သည် စာတန်က လူသား၏အထဲသို့ သွတ်သွင်းရန် ရည်ရွယ်သော အရာများ ဖြစ်သည်။ ဤစကားလုံး နှစ်လုံးသည် မည်သည့်အရာများ ဖြစ်သနည်း။ ၎င်းတို့သည် “ကျော်ကြားမှု” နှင့် “အကျိုးအမြတ်” တို့ ဖြစ်၏။ စာတန်သည် လူတို့အနေဖြင့် ၎င်း၏ ရှင်သန်မှု နည်းလမ်းများနှင့် ဥပဒေသများကို အမှုမဲ့အမှတ်မဲ့ လက်ခံစေဖို့၊ ဘဝရည်မှန်းချက်များနှင့် ဘဝဦးတည်ချက်များ ဖြစ်စေဖို့နှင့် ဘဝရည်သန်မျှော်မှန်းချက်များ ပိုင်ဆိုင်လာစေဖို့ ထိုမျှမကြမ်းတမ်းသော၊ လူတို့၏ အယူအဆများနှင့် အလွန်ပင် ကိုက်ညီသော နည်းစနစ်တစ်ခုဖြစ်သည့် အလွန် သိမ်မွေ့သော နည်းစနစ်ကို အသုံးပြုလေသည်။ လူတို့က မိမိတို့၏ ဘဝ ရည်သန်မျှော်မှန်းချက်များအကြောင်း ပြောရန် အသုံးပြုသည့် စကားများသည် မည်မျှကြီးကျယ်နေပါစေ ဤရည်သန်မျှော်မှန်းချက်များသည် “ကျော်ကြားမှု”နှင့် “အကျိုးအမြတ်” တို့နှင့် ခွဲခြားမရနိုင်အောင် ချိန်ဆက်နေသည်။ မည်သည့်ကြီးမြတ်သောသူဖြစ်စေ၊ ထင်ရှားသောလူတစ်ဦးဖြစ်စေ၊ မည်သည့်သူတစ်ဦးတလေဖြစ်စေ ၎င်းတို့၏ ဘဝတစ်လျှောက်တွင် လိုက်ရှာဖွေသည့်အရာမှန်သမျှမှာ “ကျော်ကြားမှု” နှင့် “အကျိုးအမြတ်” ဟူသည့် ဤစကားနှစ်လုံးနှင့်သာ ဆက်စပ်နေ၏။ လူတို့သည် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို ၎င်းတို့ ရကြသည်နှင့် တစ်ပြိုင်နက် မြင့်မားသော အဆင့်အတန်းနှင့် များစွာသော ဥစ္စာပစ္စည်းတို့ကို ပျော်မွေ့ခံစားရန်နှင့် ဘဝကို ပျော်မွေ့ခံစားရန် အသုံးပြုနိုင်သည့် အရင်းအနှီး ၎င်းတို့၌ ရှိသည်ဟု ထင်မြင်ကြသည်။ ၎င်းတို့တွင် ကျော်ကြားမှုနှင့် အကျိုးအမြတ်ရှိသည်နှင့်တစ်ပြိုင်နက် ပျော်ရွှင်ကြည်နူးမှုကို လိုက်စားရန်နှင့် ဇာတိပကတိ၏ ပျော်ရွှင်မှုကို ထင်ရာမြင်ရာ ပါဝင်ရန် အရင်းအနှီးရှိသည်ဟု တွေးထင်ကြသည်။ ၎င်းတို့ လိုအင်ဆန္ဒရှိသည့် ဤကျော်ကြားမှုနှင့် အကျိုးအမြတ်တို့အတွက် လူတို့သည် လိုလားစွာ၊ သို့သော်လည်း အမှုမဲ့အမှတ်မဲဖြင့် ၎င်းတို့၏ ခန္ဓာကိုယ်၊ စိတ်နှလုံးနှင့် ၎င်းတို့တွင် ရှိသမျှအရာအားလုံးအပြင် ၎င်းတို့၏ ရှေ့ရေးနှင့် ကံကြမ္မာတို့ကို စာတန်ထံသို့ လွှဲပြောင်းပေးအပ်ကြသည်။ ၎င်းတို့သည် လုံးဝအကြွင်းမဲ့ သံသယမရှိဘဲ၊ သင်္ကာမကင်းဖြစ်ခြင်း စိုးစဉ်းမျှပင် မရှိဘဲ၊ ပြီးလျှင် ၎င်းတို့၏ တစ်ချိန်က ပိုင်ဆိုင်ခဲ့ကြသည့် အရာအားလုံးကို ပြန်လည်ရယူရန် အစဉ်သဖြင့် သိမြင်ခြင်း မရှိဘဲ ထိုသို့ လုပ်ဆောင်ကြခြင်းဖြစ်သည်။ လူများသည် စာတန်ထံတွင် မိမိတို့ကိုယ်ကို ပေးအပ်ကြပြီးဖြစ်ကာ ၎င်းကို ဤနည်းဖြင့် သစ္စာစောင့်သိလာသည်နှင့်တစ်ပြိုင်နက် မိမိတို့ကိုယ်ကို ထိန်းချုပ်မှုတစ်ခုတလေ ပြန်လည်ရရှိနိုင်သလော။ သေချာပေါက် မဖြစ်နိုင်ပေ။ စာတန်က ၎င်းတို့ကို လုံးဝအကြွင်းမဲ့ ထိန်းချုပ်ထားသည်။ ၎င်းတို့သည် ထိုနွံအိုင်ထဲသို့ လုံးဝအကြွင်းမဲ့ နစ်မြုပ်သွားကြပြီး ဖြစ်ကာ၊ မိမိကိုယ်ကို ပြန်ရုန်းထွက်ရန် မတတ်နိုင်ကြပေ။ လူတစ်ယောက်သည် ကျော်ကြားမှုနှင့် အကျိုးအမြတ်တွင် နစ်မြုပ်သွားသည်နှင့်၊ တောက်ပသောအရာ၊ တရားမျှတသောအရာ သို့မဟုတ် လှပ၍ ကောင်းမွန်သော အရာများကို ရှာဖွေခြင်း မရှိတော့ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် လူများအတွက်မူ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့၏ သွေးဆောင်မှုသည် အလွန်ပင် ကြီးမားလွန်းသောကြောင့် ဖြစ်သည်။ ဤအရာများသည် လူတို့အနေဖြင့် ၎င်းတို့၏ ဘဝတစ်လျှောက်လုံးတွင်လည်းကောင်း၊ ထာဝရကာလအတွက်ပင် အဆုံးမရှိ လိုက်စားနိုင်သောအရာများဖြစ်သည်။ ဤသည်မှာ အမှန်တကယ်ဖြစ်သော အခြေအနေ မဟုတ်လော။ လူအချို့က အသိပညာ သင်ယူခြင်း ဟူသည်မှာ ခေတ်နောက်ကျမကျန်ခဲ့စေရန် သို့မဟုတ် ကမ္ဘာကြီးတွင် နောက်ကျမကျန်စေရန်အတွက်၊ စာအုပ်များ ဖတ်ခြင်း သို့မဟုတ် ၎င်းတို့ မသိသေးသောအရာအချို့ကို လေ့လာသင်ယူခြင်းထက် မပိုဟု ဆိုကြသည်။ ၎င်းတို့ကိုယ်တိုင်၏ အနာဂတ်အတွက် သို့မဟုတ် အခြေခံ လိုအပ်မှုများကို ထောက်ပံ့ရန် ၎င်းတို့ ထမင်းစားပွဲတွင် စားစရာရှိနေရန်အတွက်သာ အသိပညာကို သင်ယူခြင်း ဖြစ်သည်ဟု ပြောကြလိမ့်မည်။ အခြေခံ လိုအပ်ချက်များ သက်သက်အတွက်၊ အစားအစာကိစ္စကို ဖြေရှင်းရန် သက်သက်အတွက်ဖြင့် ဆယ်စုနှစ်တစ်ခုစာ ပင်ပင်ပန်းပန်း လေ့လာ သင်ယူသည့် လူတစ်ဦးတလေ ရှိပါသလော။ ဤကဲ့သို့သောလူမျိုး တစ်ဦးမျှမရှိပေ။ သို့ဆိုလျှင် လူတစ်ဦးသည် ဤနှစ်များအားလုံးအတွက် အဘယ်ကြောင့် ဤဆင်းရဲဒုက္ခခံပါသနည်း။ ဤသည်မှာ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက်ဖြစ်သည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့သည် သူ့ကို လက်ယပ်ခေါ်လျက်၊ အဝေးတွင် စောင့်ကြို နေကြ၏။ ၎င်းတို့အနေဖြင့် မိမိတို့၏ကိုယ်ပိုင် လုံ့လဝီရိယ၊ အခက်အခဲများနှင့် ရုန်းကန်မှုများအားဖြင့်သာ ၎င်းတို့ကို ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့ကို ရရှိဖို့ ဦးဆောင်မည့် လမ်းကို လိုက်နိုင်သည်ဟု ယုံကြည်ကြလေသည်။ ထိုသို့သော လူသည် သူကိုယ်တိုင်၏ အနာဂတ် လမ်းကြောင်းအတွက်၊ အနာဂတ် ပျော်ရွှင်မှုအတွက်နှင့် ပို၍ကောင်းမွန်သော ဘဝတစ်ခုကို ရရှိဖို့ ဤသို့သော အခက်အခဲများကို ဒုက္ခခံရပေမည်။ ဤသည်မှာ မည်သို့သော အသိပညာနည်း၊ သင်တို့ ငါ့အား ပြောပြနိုင်သလော။ ထိုအရာသည် လူ့အထဲသို့ စာတန်သွတ်သွင်းထားသည့် “ပါတီကို ချစ်ပါ၊ နိုင်ငံကို ချစ်ပါ၊ မိမိဘာသာတရားကို ချစ်ပါ” နှင့် “ဉာဏ်အမြော်အမြင်ရှိသူတစ်ဦးသည် အခြေအနေကို နာခံ၏” ကဲ့သို့သော ရှင်သန်နေထိုင်ရန်အတွက် စည်းမျဉ်းများနှင့် အတွေးအမြင်များဖြစ်သည် မဟုတ်လော။ ယင်းမှာ ကြီးမြတ်သော လူတို့၏စိတ်ကူးများ၊ နာမည်ကျော်ကြားသူတို့၏ တည်ကြည်မှု သို့မဟုတ် လူစွမ်းကောင်းတို့၏ ရဲရင့်သောစိတ်ဓာတ် သို့တည်းမဟုတ် သိုင်းဝတ္ထုများထဲမှ ဇာတ်လိုက်များ၊ ဓါးသမားများ၏ သူရဲကောင်းစိတ်ဓာတ်နှင့် ကြင်နာတတ်မှုတို့ကဲ့သို့ စာတန်က လူ့အထဲတွင် သွတ်သွင်းပေးလိုက်သည့် ဘဝ၏ “မြင့်မားသော စံများ” ဖြစ်သည်မဟုတ်လော။ ဤအယူအဆတို့သည် မျိုးဆက်များ တစ်ခုပြီးတစ်ခုအပေါ် လွှမ်းမိုးလျက်ရှိနေသကဲ့သို့၊ မျိုးဆက်တစ်ခုစီ၏ လူတို့သည် ဤအယူအဆတို့ကို လက်ခံလာကြရ၏။ ၎င်းတို့သည် ၎င်းတို့၏ ဘဝများကိုပင် စွန့်လွှတ်အနစ်နာခံမည်ဖြစ်သော “မြင့်မားသော စံများ” နောက်သို့ လိုက်ရာတွင် အစဉ်သဖြင့် ရုန်းကန်ကြိုးစားကြသည်။ ဤသည်မှာ လူတို့ကို ဖောက်ပြန်ပျက်စီးစေရန်အတွက် အသိပညာကို စာတန်အသုံးပြုသော နည်းလမ်းနှင့် ချဉ်းကပ်မှုများဖြစ်သည်။ ဤသို့ဆိုလျှင် စာတန်သည် လူတို့ကို ဤလမ်းကြောင်းသို့ ဦးဆောင်ခေါ်ယူပြီးသည့်နောက်တွင် ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံပြီး ကိုးကွယ်နိုင်ကြသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံပြီး သမ္မာတရားကို လိုက်စားနိုင်ကြသလော။ လုံးဝ မလုပ်ဆောင်နိုင်ကြပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် စာတန်၏ လမ်းလွဲစေခြင်းကို ခံရပြီးဖြစ်သောကြောင့်ဖြစ်သည်။ စာတန်က လူတို့ထဲတွင် သွတ်သွင်းထားသော အသိပညာ၊ အတွေးများနှင့် ထင်မြင်ချက်များကို နောက်တစ်ဖန် ကြည့်ကြစို့။ ဤအရာတို့တွင် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် ဘုရားသခင်ကို ကိုးကွယ်ခြင်းဆိုင်ရာ သမ္မာတရားများ ပါဝင်သလော။ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းမှုကို ရှောင်ခြင်းဆိုင်ရာ သမ္မာတရားများ ရှိသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်တစ်ခုတလေ ရှိသလော။ ယင်းတို့အထဲတွင် သမ္မာတရားနှင့် သက်ဆိုင်သည့်အရာ တစ်ခုခုရှိသလော။ လုံးဝ မရှိပေ။ ဤအရာများ လုံးဝကင်းမဲ့နေ၏။ လူတို့အထဲသို့ စာတန်သွတ်သွင်းထားသောအရာများတွင် မည်သည့်သမ္မာတရားမျှ မပါဝင်သည်ကို သင်သေချာသိနိုင်သလော။ သင်မပြောရဲပေ။ သို့သော် ကိစ္စမရှိ။ “ကျော်ကြားမှု” နှင့် “အကျိုးအမြတ်” ဆိုသည်မှာ လူတို့ကို ကောက်ကျစ်ဆိုးယုတ်သည့် လမ်းကြောင်းသို့ ဖြားယောင်းဖို့ စာတန်က အသုံးပြုသည့် အဓိက စကားလုံးနှစ်ခုဖြစ်ကြောင်းကို သင် သိမြင်သရွေ့၊ လုံလောက်ပြီဖြစ်သည်။
...လူတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက်သာ စဉ်းစားတတ်တော့သည် အထိဖြစ်အောင်၊ ၎င်းတို့၏ အတွေးများကို ထိန်းချုပ်ရန်အတွက် စာတန်သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းကို အသုံးပြု၏။ ၎င်းတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် ရုန်းကန်လှုပ်ရှား ကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် အခက်အခဲများကို ခံကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် အရှက်ရခြင်းများကို ကြံ့ကြံ့ခံကြ၏၊ ကျော်ကြားမှု နှင့် အမြတ်အစွန်း အတွက် ၎င်းတို့တွင် ရှိသမျှအရာတိုင်းကို စွန့်လွှတ်ကြသကဲ့သို့၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းတို့အတွက် မည်သို့သော အကဲဖြတ်မှု၊ ဆုံးဖြတ်မှုကိုမဆို ၎င်းတို့က ပြုလုပ်ကြလိမ့်မည်။ ဤနည်းလမ်းဖြင့် စာတန်သည် လူတို့အား မမြင်နိုင်သော အချုပ်အနှောင်တို့နှင့် ချည်နှောင်ပြီး လူတို့သည် ၎င်းတို့ကို တွန်းလှန်ရန် အင်အားမရှိသလို သတ္တိလည်းမရှိကြပေ။ ၎င်းတို့သည် ဤအချုပ်အနှောင်တို့အား အမှုမဲ့အမှတ်မဲ့ သယ်ဆောင်ကြပြီး ကြီးစွာသော အခက်အခဲဖြင့် ရှေ့သို့ဆက်ကာသာ ရုန်းကြရ၏။ ဤကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် အလို့ငှာ၊ လူသားမျိုးနွယ်သည် ဘုရားသခင်ကို ရှောင်ကြဉ်၍၊ ကိုယ်တော်အား သစ္စာဖောက်ပြီး၊ တိုး၍ ဆိုးယုတ် လာကြသည်။ ထို့ကြောင့် ဤနည်းဖြင့် မျိုးဆက်တစ်ခုပြီး တစ်ခုသည် စာတန်၏ ကျော်ကြားခြင်းနှင့် အမြတ်အစွန်း အကြားတွင် ဖျက်ဆီးခံကြရ၏။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)
လူသားကို ဖောက်ပြန်ပျက်စီးစေရန် စာတန်က သိပ္ပံပညာကို မည်သို့ အသုံးပြုသနည်း။...သိပ္ပံပညာက လုပ်ဆောင်ပေးသည်မှာ ရုပ်ဝတ္ထုကမ္ဘာရှိ အရာဝတ္ထုများကို လူတို့အား မြင်ခွင့်ပေးခြင်းမျှသာဖြစ်ပြီး၊ လူတို့၏ စူးစမ်းလိုစိတ်ကို ကျေနပ်စေရုံမျှသာ ဖြစ်သည်၊ သို့သော် ထိုအရာက အရာခပ်သိမ်းကို ဘုရားသခင် အုပ်စိုးသည့် ဥပဒေသများကို လူတို့အားမသိစေနိုင်ပေ။ လူသည် သိပ္ပံပညာ ထဲတွင် အဖြေများကို ရှာတွေ့ပုံရသော်လည်း၊ ထိုအဖြေများသည် ပဟေဠိဆန်ပြီး လူသား၏စိတ်နှလုံးကို ရုပ်ဝတ္ထုကမ္ဘာတွင် အကျဉ်းကျစေရန်သာ ပြုသည့် ကျေနပ်မှုဖြစ်သော ယာယီ စိတ်ကျေနပ်မှုကိုသာ ယူဆောင်ပေးသည်။ သိပ္ပံပညာမှ အဖြေများ ရရှိပြီဟု လူက ခံစားရသည်၊ ထို့ကြောင့် မည်သည့် ပြဿနာ ပေါ်ပေါက်ပါစေ၊ ထိုပြဿနာကို သက်သေပြဖို့နှင့် လက်ခံဖို့ ၎င်းတို့၏ သိပ္ပံပညာအမြင်များကို အခြေပြု အကြောင်းအရင်း အဖြစ် အသုံးပြုကြလေသည်။ လူ၏ နှလုံးသားသည် သိပ္ပံပညာ၏ ဖြားယောင်းခြင်းကို ခံလာရပြီး ဘုရားသခင်ကို သိရှိဖို့၊ ဘုရားသခင်ကို ကိုးကွယ်ဖို့နှင့် ခပ်သိမ်းသောအရာတို့သည် ဘုရားသခင်ထံမှ လာပြီး အဖြေများ အတွက် ဘုရားသခင်ကို ရှာဖွေသင့်သည်ဆိုသောစိတ် မရှိတော့သည့် အဆင့်အထိ ပိုင်ဆိုင်ခြင်းကို ခံရလေသည်။ ဤသည်မှာ မှန်သည်မဟုတ်လော။ လူတစ်ဦးသည် သိပ္ပံပညာကို ပိုယုံကြည်လေ၊ အရာရာတိုင်းတွင် သိပ္ပံပညာဆိုင်ရာ ဖြေရှင်းမှု တစ်ခုရှိကာ သုတေသန ပြုခြင်းက မည်သည့်အရာကိုမဆို ဖြေရှင်းနိုင်သည်ဟု ယုံကြည်လျက်၊ ပို၍ အဓိပ္ပါယ်မဲ့လေ ဖြစ်လာကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို မရှာဖွေကြသကဲ့သို့ သူတည်ရှိသည်ကို မယုံကြည်ကြပေ။ ပြဿနာတစ်ခုခုနှင့် ရင်ဆိုင်ရသည့်အခါတွင် အကြောင်းအရာများကို ရှာဖွေပြီး အဖြေရှာရန်အတွက် ကွန်ပြူတာကို အသုံးပြုမည့် ရေရှည်ယုံကြည်သူများစွာ ရှိကြသည်။ ၎င်းတို့သည် သိပ္ပံပညာဆိုင်ရာ အသိပညာကိုသာ ယုံကြည်ကြလေသည်။ ဘုရားနှုတ်ကပတ်တော်တို့သည် သမ္မာတရားများဖြစ်သည်ကို ၎င်းတို့မယုံကြည်ကြပေ။ ဘုရားနှုတ်ကပတ်တော်များသည် လူသားမျိုးနွယ်၏ ပြဿနာများအားလုံးကို ဖြေရှင်းနိုင်သည်ဟု ၎င်းတို့မယုံကြည်ကြပေ။ လူသားမျိုးနွယ်၏ အသင်္ချေများသော ပြဿနာများကို သမ္မာတရားရှုထောင့်မှ မကြည့်ရှုကြပေ။ မည်သည့်ပြဿနာကို ကြုံရသည်ဖြစ်စေ ၎င်းတို့သည် ဘုရားသခင်ကို မည်သည့်အခါမျှ ဆုတောင်းမကြ၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်ထဲတွင် သမ္မာတရားကို ရှာဖွေခြင်းအားဖြင့် ဖြေရှင်းချက်ကို မရှာကြပေ။ ကိစ္စများစွာတွင် ၎င်းတို့သည် အသိပညာက ပြဿနာကို ဖြေရှင်းနိုင်သည်ဟု ယုံကြည်ရန် ပိုမိုနှစ်သက်ကြသည်။ ၎င်းတို့အတွက် သိပ္ပံပညာက အဆုံးစွန်အဖြေဖြစ်သည်။ ထိုကဲ့သို့သောလူတို့၏ စိတ်နှလုံးတွင် ဘုရားသခင်က လုံးဝ မတည်ရှိပေ။ ၎င်းတို့သည် မယုံကြည်သူများဖြစ်ကြ၏၊ ဘုရားသခင်ကို ယုံကြည်မှုအပေါ် ၎င်းတို့၏ အမြင်များသည် သိပ္ပံနည်းလမ်းများ အသုံးပြုပြီး ဘုရားသခင်ကို စစ်ဆေးရန် အစဉ်ကြိုးစားကြသော အောင်မြင်ကျော်ကြားသည့် ပညာရှင်များ၊ သိပ္ပံပညာရှင်များ အများအပြားနှင့် မည်သို့မျှ မခြားနားပေ။ ဥပမာအားဖြင့်၊ သင်္ဘောရပ်နားသည့် တောင်ကို သွားရောက်သည့် ဘာသာရေး ပညာရှင်များစွာ ရှိသည်၊ ထိုသို့ဖြင့် သင်္ဘောရှိခဲ့ကြောင်းကို ၎င်းတို့ သက်သေပြခဲ့ကြသည်။ သို့သော် သင်္ဘော၏ ပေါ်ထွန်းခြင်းတွင် ဘုရားသခင်၏ တည်ရှိခြင်းကို ၎င်းတို့မမြင်ကြပေ။ ၎င်းတို့သည် ဇာတ်လမ်းများ နှင့် သမိုင်းကိုသာ ယုံကြည်ကြ၏။ ဤသည်မှာ ၎င်းတို့၏ သိပ္ပံပညာ သုတေသနပြုခြင်းနှင့် ရုပ်ဝတ္ထုကမ္ဘာကို လေ့လာခြင်း၏ ရလဒ်ဖြစ်သည်။ သင်သည် ရုပ်ဝတ္ထုအရာများကို သုတေသန ပြုပါက၊ ယင်းသည် အဏုဇီဝဗေဒဖြစ်စေ၊ နက္ခဗေဒ ဖြစ်စေ၊ သို့မဟုတ် ဘူမိဗေဒဖြစ်စေ၊ ဘုရားသခင် တည်ရှိသည် သို့မဟုတ် သူသည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ရှိသည် ဆိုသည်ကို ဆုံးဖြတ်ပေးသည့် ရလဒ်တစ်ခုကို ဘယ်သောအခါမျှ ရှာတွေ့လိမ့်မည် မဟုတ်ပေ။ သို့ဖြစ်လျှင် သိပ္ပံပညာသည် လူသားအတွက် မည်သည့်အရာ လုပ်ဆောင် သနည်း။ ယင်းသည် လူကို ဘုရားသခင်ထံမှ ဝေးကွာစေသည် မဟုတ်လော။ ယင်းက လူကို ဘုရားသခင်အား လေ့လာသင်ယူ စေသည် မဟုတ်လော။ ယင်းသည် လူတို့အား ဘုရားသခင်၏ တည်ရှိခြင်းနှင့် အချုပ်အခြာအာဏာကို ပိုမိုသံသယဝင်စေပြီး ထိုသို့ဖြင့် ဘုရားသခင်ကို ငြင်းပယ်ကာ သစ္စာဖောက်စေသည် မဟုတ်လော။ ဤသည်မှာ အကျိုးဆက်ဖြစ်၏။ ဤသို့လျှင် စာတန်က လူသားကို ဖောက်ပြန်ပျက်စီးစေရန် သိပ္ပံပညာကို အသုံးပြုသည့်အခါ စာတန်သည် မည်သည့်ရည်ရွယ်ချက်ကို ရရှိရန် ကြိုးစားနေခြင်း ဖြစ်သနည်း။ လူတို့ကို အထင်အမြင်မှားစေ၍ ထုံအစေရန် ၎င်းသည် သိပ္ပံပညာဆိုင်ရာ ကောက်ချက်များကို အသုံးပြုလိုပြီး လူတို့အနေဖြင့် ဘုရားသခင်၏ တည်ရှိခြင်းကို မရှာဖွေဖို့ သို့မဟုတ် မယုံကြည်ဖို့ရန်အလို့ငှာ လူတို့၏ စိတ်နှလုံးမျာကို စွဲကိုင်ထားရန် ဒွိဟဖြစ်စေသော အဖြေများကို အသုံးပြုချင်သည် မဟုတ်လော။ ထို့အတွက်ကြောင့် ဤသည်မှာ သိပ္ပံပညာသည် လူတို့ကို ဖောက်ပြန်ပျက်စီးစေရန် စာတန်အသုံးပြုသည့် နည်းလမ်းများ ထဲမှ တစ်ခုဖြစ်သည်ဟု ငါပြောရသည့်အကြောင်းရင်း ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၅)
စာတန်သည် လူကို ဖောက်ပြန်ပျက်စီးစေပြီး ထိန်းချုပ်သည်မှာ နောက်ဆုံးနည်းလမ်းမှာ လူမှုရေး ရေပန်းစားမှုများမှတစ်ဆင့် ဖြစ်သည်။ နာမည်ကျော်ကြားပြီး ထူးကဲသော ပုဂ္ဂိုလ်များကို မြတ်နိုးကိုးကွယ်မှု၊ ရုပ်ရှင်နှင့် ဂီတအသည်းကျော်များအပြင် နာမည်ကြီးသူကို တမ်းတမ်းစွဲဖြစ်မှု၊ အွန်လိုင်းဂိမ်းများကဲ့သို့သော အစရှိသည့် နယ်ပယ်အမျိုးမျိုးအပါအဝင် ကဏ္ဍများစွာကို လူမှုရေး ရေပန်းစားမှုများက ခြုံငုံထားသည်။ ဤအရာအားလုံးမှာ လူမှုရေး ရေပန်းစားမှုများဖြစ်သည်။ ဤတွင် အသေးစိတ် ရှင်းလင်းရန် မလိုပေ။ လှုမှုရေး ရေပန်းစားမှုများက လူတို့အထဲသို့ ယူဆောင်လာသော အယူအဆများ၊ ကမ္ဘာကြီးထဲတွင် ၎င်းတို့က လူတို့ကို မိမိတို့ကိုယ်ကိုယ် ပြုမူနေထိုင်စေသည့် နည်းလမ်းနှင့် လူတို့အထဲတွင် ၎င်းတို့ ယူဆောင်သည့် ဘဝပန်းတိုင်များနှင့် အမြင်တို့အကြောင်းကိုသာ ငါတို့ ဆွေးနွေးချင်သည်။ ဤအရာများသည် လွန်စွာအရေးကြီး၏၊ ၎င်းတို့သည် လူတို့၏ အတွေးများနှင့် ထင်မြင်ချက်များကို ထိန်းချုပ်ကာ လွှမ်းမိုးနိုင်၏။ ဤရေပန်းစားမှုများသည် တစ်ခုပြီးတစ်ခု ထွက်ပေါ် လာပြီး လူတို့ကို အသိစိတ်၊ လူ့သဘာဝနှင့် ဆင်ခြင်တုံတရားတို့ကို ဆုံးရှုံးဖို့ ဖြစ်စေရင်း၊ ၎င်းတို့၏ ကိုယ်ကျင့်တရားများနှင့် တည်ကြည်မှုတို့ကို သာ၍ပင် အားနည်းစေလျက်၊ လူသားမျိုးနွယ်ကို အဆက်မပြတ် ဆုတ်ယုတ်စေသည့် ဆိုးယုတ်သော လွှမ်းမိုးမှု သယ်ဆောင်သည်မှာ ယခုတွင် လူအများစုသည် ဂုဏ်သိက္ခာ၊ လူ့သဘာဝ မရှိသလို၊ ဆင်ခြင်တုံတရားရှိဖို့ မဆိုထားနှင့်၊ အသိစိတ် တစ်ခုတစ်လေပင် မရှိဟု ငါတို့ ပြောနိုင်သည့်အတိုင်းအတာထိ ဖြစ်လေသည်။ ထိုသို့ဆိုလျှင် ဤလူမှုရေး ရေပန်းစားမှုများသည် မည်သည့်အရာများဖြစ်သနည်း။ ၎င်းတို့သည် သင်တို့ ပကတိမျက်စိဖြင့် မမြင်နိုင်သည့် ရေပန်းစားမှုများဖြစ်သည်။ ရေပန်းစားမှု အသစ်တစ်ခုသည် ကမ္ဘာလောက တစ်လျှောက် ရိုက်ခတ်သည့်အခါ၊ အရေအတွက် အနည်းငယ်သော လူတို့သာ ဖက်ရှင်ရှေ့ဆောင်များ အဖြစ် ပြုမူရင်း ခေတ်အမီဆုံးဖြစ်ကောင်း ဖြစ်ကြလိမ့်မည်။ ၎င်းတို့သည် အသစ်သော အရာတစ်ချို့ကို စတင်လုပ်ဆောင်ပြီးနောက် အယူအဆ အမျိုးအစားတစ်ချို့ သို့မဟုတ် ရှုထောင့်အမျိုးအစား တစ်ချို့ကို လက်ခံကြခြင်းဖြစ်သည်။ သို့ရာတွင် လူအများစုမှာကား အမှုမဲ့အမှတ်မဲ့နှင့် ဆန္ဒအလျောက် မဟုတ်ဘဲ ထိုအရာကို လက်ခံကာ၊ ထိုအထဲတွင် နစ်မြုပ်ပြီး ထိန်းချုပ်ခံရသည်အထိတိုင်၊ ဤရေပန်းစားမှု၏ ကူးစက်ခြင်း၊ ဆွဲငင်ခြင်းနှင့် သိမ်းသွင်းခြင်းတို့ကို အဆက်မပြတ် ခံကြရလိမ့်မည် ဖြစ်သည်။ တစ်ခုပြီး နောက်တစ်ခုပင် ထိုသို့သော ရေပန်းစားမှုများက ကိုယ်နှင့် စိတ်မကျန်းမာသူ၊ သမ္မာတရားဆိုသည်မှာ မည်သည့်အရာဖြစ်သည်ကို မသိသူများနှင့် အပြုသဘောဆောင်သောအရာနှင့် အပျက်သဘောဆောင်သော အရာတို့ကြား မခွဲခြားတတ်သူတို့အား ယင်းတို့ကိုယ်၌ကိုအပြင် စာတန်ထံမှလာသော ဘဝအမြင်များနှင့် တန်ဖိုးတို့ကိုပါ ပျော်ရွှင်စွာ လက်ခံအောင် ပြုလေသည်။ ၎င်းတို့သည် ဘဝကို မည်သို့ ချဉ်းကပ်ရမည့်အကြောင်း စာတန် ပြောသည့်အရာနှင့် ၎င်းတို့အပေါ် စာတန် “နှင်းအပ်” သည့် အသက်ရှင်ဖို့နည်းလမ်းကို လက်ခံကြသကဲ့သို့၊ ၎င်းတို့အနေဖြင့် ခုခံဖို့ သတိမူမိခြင်းရှိဖို့ မဆိုထားနှင့်၊ ခွန်အား မရှိသကဲ့သို့ အစွမ်းအစလည်း မရှိကြချေ။...
ဤလူမှုရေး ရေပန်းစားမှုများကို ကြည့်သည့်အခါ၊ ၎င်းတို့သည် လူတို့အပေါ် ကြီးမားသောလွှမ်းမိုးမှုတစ်ခု ရှိသည်ဟု သင်ဆိုမည်လော။ ၎င်းတို့သည် လူတို့အပေါ် အလွန်အမင်း ထိခိုက်နစ်နာစေသော သက်ရောက်မှု ရှိပါသလော။ ၎င်းတို့သည် လူတို့အပေါ် အလွန်အမင်း ထိခိုက်စေသော သက်ရောက်မှု ဧကန်ရှိပါသည်။ လူသား၏ မည်သည့်လက္ခဏာသွင်ပြင်များကို ဖောက်ပြန်ပျက်စီးစေရန် စာတန်က ဤခေတ်ရေစီးကြောင်းတစ်ခုစီကို အသုံးပြုသနည်း။ စာတန်သည် အဓိကအားဖြင့် လူသား၏ အသိစိတ်၊ ခံစားချက်၊ လူ့သဘာဝ၊ ကိုယ်ကျင့်တရားများနှင့် ဘဝအမြင်ရှုထောင့်များကို ဖောက်ပြန်ပျက်စီးစေသည်။ ပြီးလျှင် ဤလူမှုရေး ခေတ်ရေစီးကြောင်းများသည် လူတို့ကို တဖြည်းဖြည်းချင်း အဆင့်နိမ့်စေပြီး ဖောက်ပြန်ပျက်စီးစေသည် မဟုတ်လော။ လူများက လူမှုရေးခေတ်ရေစီးကြောင်းထဲရှိ ငွေကြေး၊ ရုပ်ဝတ္တုဆိုင်ရာ လိုအင်ဆန္ဒများ၊ မကောင်းမှုနှင့် အကြမ်းဖက်မှုတို့ကို အမှုမဲ့အမှတ်မဲ့ဖြင့် ရိုသေလေးမြတ်ရန်အလို့ငှာ လူများကို နတ်ဆိုးများ၏ အသိုက်ထဲသို့ တစ်လှမ်းချင်း သွေးဆောင်ရန် ဤလူမှု ခေတ်ရေစီးကြောင်းများကို စာတန် အသုံးပြုလေသည်။ ဤအရာတို့သည် လူသား၏ စိတ်နှလုံးထဲသို့ ဝင်ရောက်သွားသည်နှင့်၊ လူသားသည် မည်သည့်အရာ ဖြစ်လာသနည်း။ လူသားသည် နတ်ဆိုးနှင့် စာတန်ဖြစ်လာသည် တကား။ အဘယ်ကြောင့်နည်း။ လူသား၏စိတ်နှလုံးထဲတွင် မည်သည့် စိတ်ပိုင်းဆိုင်ရာ ယိမ်းယိုင်မှုကြောင့် ဖြစ်သနည်း။ လူသားက မည်သည့်အရာကို မြတ်နိုးသနည်း။ လူသားသည် ငြိမ်သက်ခြင်း မဆိုထားနှင့်၊ အလှတရား သို့မဟုတ် ကောင်းမြတ်ခြင်းကို ချစ်ခင်နှစ်သက်ခြင်းမရှိဘဲလျက်၊ ဆိုးယုတ်မှုနှင့် အကြမ်းဖက်မှုတို့တွင် စတင် ပျော်မွေ့ကြသည်။ လူတို့သည် ပုံမှန် လူ့သဘာဝတွင် ရိုးရှင်းသောဘဝတစ်ခုကို နေထိုင်ရန် လိုလားခြင်းမရှိဘဲ၊ ယင်းအစား ၎င်းတို့ကို ကန့်သတ်ချုပ်ချယ်မှုများဖြစ်စေ၊ နှောင်ကြိုးများဖြစ်စေ ကင်းမဲ့လျက် မိမိတို့၏ ဇာတိပကတကို ဖြည့်ဆည်းဖို့ အစွမ်းကုန် ကြိုးစားရင်း၊ တစ်နည်းအားဖြင့် မိမိတို့ ဆန္ဒရှိသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ရင်း၊ မြင့်မားသောအဆင့်အတန်းနှင့် ကြီးမားသော ကြွယ်ဝမှုကို ခံစားပျော်မွေ့ရန်၊ ဇာတိပကတိ သာယာမှုများထဲတွင် ပျော်မြူးရန် ဆန္ဒရှိကြလေသည်။ ထို့ကြောင့် လူသားသည် ဤသို့သော ရေပန်းစားမှုများထဲ၌ နစ်မြုပ် လာပြီးသည့်အခါ၊ သင် သင်ယူထားသော အသိပညာသည် သင့်ကိုယ်သင် လွတ်မြောက်ဖို့ ကူညီပေးနိုင်ပါသလော။ ရိုးရာယဉ်ကျေးမှုနှင့် အယူသီးမှုတို့နှင့်ဆိုင်သည့် သင်၏ သိနားလည်မှုသည် ဤကြောက်မက်ဖွယ် အကျပ်အတည်းမှ လွတ်မြောက်ဖို့ သင့်ကို ကူညီပေးနိုင်ပါသလော။ လူသား သိသည့် ရိုးရာကိုယ်ကျင့်တရားနှင့် ထုံးတမ်းစဉ်လာတို့သည် လူတို့ကို သည်းခံခြင်းကို ကျင့်ကြံဖို့ ကူညီ ပေးနိုင်သလော။ ဥပမာအားဖြင့် ကွန်ဖြူးရှပ်၏ ဒဿနကောက်နုတ်ချက်များနှင့် တောက်တယ်ကျင်းကို ကြည့်လော့။ ယင်းတို့သည် လူတို့အား ဤဆိုးယုတ်သော ရေပန်းစားမှုတို့၏ နွံအိုင်ထဲမှ ၎င်းတို့၏ ခြေများကို ကူညီဆွဲထုတ်ပေးနိုင်သလော။ လုံးဝမကူညီပေးနိုင်ချေ။ ဤသို့ဖြင့် လူသားသည် ပို၍ ပို၍ ကောက်ကျစ်ဆိုးယုတ်လာ၏၊ မာနထောင်လွှားလာ၏၊ တင်စီးလာ၏၊ တစ်ကိုယ်ကောင်းဆန်ကာ မလိုမုန်းထားလာလေသည်။ လူတို့ကြားတွင် မည်သည့်ချစ်ခင်မှုမျှ မရှိတော့၊ မိသားစုဝင်တို့ကြားတွင် မည်သည့် ချစ်ခြင်းမေတ္တာမျှ မရှိတော့၊ ဆွေမျိုးများနှင့် မိတ်ဆွေများကြားတွင် မည်သည့်နားလည်မှုမျှ မရှိတော့ပေ။ လူသားချင်း ဆက်ဆံရေးတို့သည် အကြမ်းဖက်မှုအသွင် ဆောင်လာလေပြီ။ လူအယောက်ချင်း စီတိုင်းသည် ၎င်းတို့၏ ရောင်းရင်းလူသားတို့ကြား ရှင်သန်နေထိုင်ဖို့ရန် အကြမ်းဖက်သော နည်းလမ်းတို့ကို အသုံးပြုဖို့ ကြိုးစားကြ၏။ မိမိတို့၏ နေ့စဉ်အစာကို အကြမ်းဖက်မှုသုံးလျက် အရယူကြသည်။ အကြမ်းဖက်မှုကို သုံးလျက် ၎င်းတို့၏ ရာထူးနေရာများကို ရယူပြီး၊ ၎င်းတို့၏ အကျိုးအမြတ်များကို ရရှိကြသကဲ့သို့၊ ၎င်းတို့ လုပ်ချင်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ဖို့ အကြမ်းဖက်ပြီး ကောက်ကျစ်ဆိုးယုတ်သော နည်းလမ်းများကို သုံးကြလေသည်။ ဤလူ့သဘာဝသည် ထိတ်လန့်စရာ မကောင်းပါသလော။ အမှန်တကယ်ပင် ဤသို့ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို ကားစင်တင်ခဲ့ရုံသာမက ဘုရားသခင်နောက်သို့ လိုက်သောသူအားလုံးကိုလည်း သတ်ဖြတ်ကြသည်။ အဘယ်ကြောင့်ဆိုသော် လူသားသည် အလွန်ပင် ကောက်ကျစ်ဆိုးယုတ်သောကြောင့်ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)
စာတန်သည် လူတို့ကို လှည့်စားခြင်းဖြင့် သူ၏ဂုဏ်သတင်းကို တည်ဆောက်ပြီး သူ့ကိုယ်သူ တရားမျှတခြင်း၏ ဦးစီးခေါင်းဆောင်တစ်ဦးနှင့် စံနမူနာထားရမည့်သူတစ်ဦးအဖြစ် မကြာခဏ သက်သေထူသည်။ တရားမျှတခြင်းကို ကာကွယ်ခြင်းဟူသော ဟန်ဆောင်မှုအောက်၌ စာတန်သည် လူတို့ကို အန္တရာယ်ပြုပြီး သူတို့၏ဝိညာဉ်များကို ဝါးမျိုကာ လူသားကို တွေဝေထိုင်းမှိုင်းစေရန်၊ အထင်အမြင်မှားစေရန်နှင့် လှုံ့ဆော်ရန် နည်းလမ်းမျိုးစုံကို အသုံးပြုသည်။ သူ၏ကောက်ကျစ်ဆိုးယုတ်သည့် အပြုအမူကို လူသားက ထောက်ခံပြီး လိုက်လျောစေရန်၊ ဘုရားသခင်၏သြဇာအာဏာနှင့် အချုပ်အခြာအာဏာကို ဆန့်ကျင်ရာ၌ လူသားကို သူနှင့်ပူးပေါင်းအောင်လုပ်ရန်မှာ သူ၏ပန်းတိုင်ဖြစ်သည်။ သို့သော်လည်း လူတစ်ယောက်က စာတန်၏လျှို့ဝှက်အကြံအစည်များနှင့် အကွက်ချခြင်းများကို ရိပ်စားမိပြီး သူ၏ဆိုးညစ်သည့် အင်္ဂါရပ်များကို ရိပ်စားမိသောအခါ၊ သူ၏နင်းချေခြင်းနှင့် အရူးလုပ်ခြင်းတို့ကို ဆက်မခံချင်တော့သည့်အခါ၊ သို့မဟုတ် သူ့အတွက် ပင်ပန်းကြီးစွာ ဆက်မလုပ်ပေးချင်တော့သည့်အခါ၊ သို့မဟုတ် သူနှင့်အတူ အပြစ်ဒဏ်ခတ်ခြင်းနှင့် ဖျက်ဆီးခြင်းကို မခံချင်သည့်အခါ စာတန်သည် သူ၏ သူတော်စင်နှင့်တူသည့် ယခင်က အင်္ဂါရပ်များကို ပြောင်းပစ်လိုက်သည့်အပြင် ကောက်ကျစ်ဆိုးယုတ်ပြီး ရက်စက်ကာ အကျည်းတန်၍ ရိုင်းစိုင်းကြမ်းကြုတ်သည့် သူ၏သရုပ်မှန်ကို ထုတ်ဖော်ပြရန်အတွက် သူ၏မျက်နှာဖုံးအတုကို ဆွဲဖြဲလိုက်တော့သည်။ သူ၏ကောက်ကျစ်ဆိုးယုတ်သည့် စွမ်းအားများကို ဆန့်ကျင်သည့်သူများနှင့် သူ့နောက်လိုက်ဖို့ ငြင်းဆန်သူများအားလုံးကို စာတန်သည် အလွန်ပင် အပြတ်ရှင်းပစ်ချင်သည်။ ဤအချိန်၌ စာတန်သည် ယုံကြည်စိတ်ချရသော၊ လူကြီးလူကောင်းဆန်သော အသွင်အပြင်ကို ပုံဖမ်း၍ မရတော့ပေ။ ထိုအစား သိုးရေခြုံအောက်မှ သူ၏ကြောက်စရာကောင်းပြီး မာရ်နတ်ဆန်သည့် အင်္ဂါရပ်အမှန်များသည် ထုတ်ဖော်ခံရတော့သည်။ စာတန်၏ လျှို့ဝှက်အကြံအစည်များသည် သိသာထင်ရှားလာပြီး သူ၏ အင်္ဂါရပ်အမှန်များသည် ဖော်ထုတ်ခံရပြီးသည်နှင့် သူသည် ယမ်းပုံမီးကျ ဒေါသထွက်ပြီး သူ၏ရက်စက်ကြမ်းတမ်းမှုကို ဖော်ပြပေလိမ့်မည်။ ဤနောက်တွင် လူများကို အန္တရာယ်ပြုရန်နှင့် ဝါးမျိုရန်ဖြစ်သည့် သူ၏ဆန္ဒသည် ပို၍သာ ပြင်းထန်လာသည်။ ယင်းသည် သမ္မာတရားအပေါ် လူသား၏ သတိပြုမိခြင်းအားဖြင့် ဒေါသထွက်လာ၏။ လွတ်လပ်မှုနှင့် အလင်းကို တောင့်တရန်နှင့် စာတန်၏ အကျဉ်းထောင်မှ လွတ်မြောက်ရန်ဖြစ်သည့် လူတို့၏ရည်မှန်းချက်ကြောင့် စာတန်၌ လူသားအပေါ် ပြင်းထန်သည့် အမုန်းတရားနှင့် အငြိုးတို့ဖြစ်ပေါ်လာသည်။ သူ၏ဒေါသသည် သူ၏ကောက်ကျစ်ဆိုးယုတ်မှုကို ကာကွယ်ရန်နှင့် ထိန်းသိမ်းရန် ရည်ရွယ်ပြီး သူ၏ ရက်စက်ကြမ်းကြုတ်သည့် သဘာဝ၏ ထုတ်ဖော်ခြင်းအမှန်လည်းဖြစ်သည်။
အကြောင်းအရာတိုင်း၌ စာတန်၏အပြုအမူက သူ၏ကောက်ကျစ်ဆိုးယုတ်သည့် သဘာဝကို ဖော်ပြသည်။ သူ့နောက်လိုက်အောင် လူသားကို အထင်အမြင်မှားစေခြင်းငှာ သူ၏အစောပိုင်း အားထုတ်မှုမှစ၍ သူ၏ကောက်ကျစ်ဆိုးယုတ်သော လုပ်ဆောင်ချက်များထဲသို့ လူသားကို ဆွဲသွင်းခြင်းဖြစ်သည့် လူသားကို သူအသုံးချခြင်းအထိ သူ၏အင်္ဂါရပ်အမှန်များ ဖော်ထုတ်ခံရသဖြင့် လူသားက သူ့ကို သိမြင်လာပြီး စွန့်ပစ်လိုက်သည့်နောက် လူသားအပေါ် သူအငြိုးထားခြင်းအထိ လူသားအပေါ် စာတန်လုပ်ဆောင်ခဲ့သော ကောက်ကျစ်ဆိုးယုတ်သည့် လုပ်ရပ်အားလုံးထဲ၌ စာတန်၏ ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရကို ဖော်ထုတ်ရန် ပျက်ကွက်သည့် လုပ်ရပ်တစ်ခုမျှ မရှိသကဲ့သို့ စာတန်သည် အပြုသဘောဆောင်သည့် အရာများနှင့် ဆက်စပ်မှုမရှိကြောင်းနှင့် စာတန်သည် ကောက်ကျစ်ဆိုးယုတ်သည့် အရာအားလုံး၏ အရင်းအမြစ်ဖြစ်ကြောင်းကို သက်သေပြရန် ပျက်ကွက်သည့် လုပ်ရပ်တစ်ခုမျှ မရှိပေ။ သူ့လုပ်ရပ်တစ်ခုချင်းစီတိုင်းက သူ၏ကောက်ကျစ်ဆိုးယုတ်မှုကို ကာကွယ်ပေးပြီး သူ၏ကောက်ကျစ်ဆိုးယုတ်သည့်လုပ်ရပ်များ ဆက်တည်ရှိနေရန်အတွက် ထိန်းသိမ်းပေးကာ တရားမျှတပြီး အပြုသဘောဆောင်သည့်အရာများနှင့် ဆန့်ကျင်သည့်အပြင် လူသားမျိုးနွယ်၏ ပုံမှန်ဖြစ်တည်မှုဆိုင်ရာ နိယာမများနှင့် အစီအစဉ်ကျမှုတို့ကို ဖျက်ဆီးလေသည်။ စာတန်၏ ဤလုပ်ရပ်တို့သည် ဘုရားသခင်ကို အပြင်းအထန်ဆန့်ကျင်ကြသည်။ ထို့ပြင် ၎င်းတို့သည် ဘုရားသခင့်အမျက်ဒေါသ၏ ဖျက်ဆီးခြင်းကို ခံကြရလိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)
ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ
ဘုရား၏ဦးဆောင်လမ်းပြမှုကို လူသားမျိုးနွယ်ဆုံးရှုံးခြင်း၏ အကျိုးဆက်
လူများ၏အတွေးအခေါ်များကို ကျော်ကြားမှုနှင့် ကြွယ်ဝမှုတို့ဖြင့် စာတန် ထိန်းချုပ်ပေ