ခ။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အာဏာကျင့်သုံးခြင်းက လူများအပေါ် ဖြစ်စေသည့် ထိခိုက်နစ်နာမှုနှင့် အကျိုးဆက်များ
နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ
လူမှုရေးသိပ္ပံပညာများနှင့်ဆိုင်သည့် လူသားမျိုးနွယ်၏ ဖန်တီးနိုင်မှု စွမ်းရည်နောက်တွင် လူသား၏ စိတ်ကို သိပ္ပံပညာနှင့် အသိပညာများက နေရာယူလာကြပြီးဖြစ်သည်။ သိပ္ပံနှင့် အသိပညာသည် လူသားမျိုးနွယ်ကို အုပ်စိုးခြင်းအတွက် တန်ဆာပလာများဖြစ်လာပြီး ဖြစ်ကာ လူသားအတွက် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန် အခွင့်အလမ်း လုံလုံလောက်လောက် မရှိတော့သကဲ့သို့ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်းအတွက် သင့်လျော်သော အခြေအနေများ မရှိတော့ပေ။ ဘုရားသခင်၏ နေရာသည် လူ၏ နှလုံးသားထဲတွင် ယခင်ထက် သာ၍နိမ့်ဆင်းပြီးဖြစ်သည်။ သူ၏ စိတ်နှလုံးတွင် ဘုရားသခင် မရှိဘဲ လူသား၏ အတွင်းကမ္ဘာသည် မှောင်မိုက်၏၊ မျှော်လင့်ချက်ကင်းမဲ့ကာ အနှစ်မဲ့သွားလေသည်။ နောက်ပိုင်းတွင် လူသားမျိုးနွယ်၏ စိတ်နှင့် နှလုံးသားကို ဖြည့်ဆည်းရန် လူသားကို ဘုရားသခင် ဖန်ဆင်းခဲ့သည်ဆိုသည့် သမ္မာတရားနှင့် ဆန့်ကျင်သည့် လူမှုသိပ္ပံ သဘောတရားများ၊ လူသားဆင့်ကဲဖြစ်စဉ် သဘောတရားနှင့် အခြားသော သဘောတရားများကို ဖော်ပြရန် လူမှုရေးသိပ္ပံပညာရှင်များ၊ သမိုင်းပညာရှင်များနှင့် နိုင်ငံရေးသမားများ များစွာ ရှေ့တန်းရောက်လာခဲ့ကြသည်။ ဤနည်းဖြင့် ဘုရားသခင်က အရာရာကို ဖန်ဆင်းခဲ့ကြောင်းကို ယုံကြည်သူများ နည်းသည်ထက် နည်းပါးလာခဲ့ပြီး ဆင့်ကဲဖြစ်စဉ် သဘောတရားကို ယုံကြည်သူများက အရေအတွက်အားဖြင့် ယခင်ထက် ပိုမိုများပြားလာခဲ့လေသည်။ ဓမ္မဟောင်း ခေတ်ကာလအတွင်း ဘုရားသခင်၏ အမှုနှင့် သူ၏နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် မှတ်တမ်းများကို ဒဏ္ဍာရီများနှင့် ရိုးရာပုံပြင်များအဖြစ် သဘောထားသော လူများ ပို၍ ပို၍ များလာလေသည်။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင်၊ လူတို့သည် ဘုရားသခင်၏ ဂုဏ်သိက္ခာနှင့် ကြီးမြတ်မှု၊ ဘုရားသခင်၏ တည်ရှိမှုနှင့် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်ဆိုသည့် သက်ဝင်ယုံကြည်မှုများကို ဂရုမစိုက်ကြတော့ပေ။ လူသားမျိုးနွယ်၏ ရှင်သန်မှုနှင့် နိုင်ငံ၊ လူမျိုးများ၏ ကံကြမ္မာတို့သည် ၎င်းတို့အဖို့ အရေးမပါတော့သကဲ့သို့ လူသည် စားခြင်း၊ သောက်ခြင်းနှင့် အပျော်အပါး လိုက်စားခြင်းတို့ကိုသာ အလေးထားသည့် အနှစ်သာရ ကင်းမဲ့သည့် လောကကြီးတွင် အသက်ရှင်လေသည်။...ဘုရားသခင်က ယနေ့ သူ၏ အမှုကို မည်သည့်နေရာတွင် လုပ်ဆောင်သည်ကို ရှာဖွေရန် သို့မဟုတ် လူသား၏ ခရီးပန်းတိုင်ကို ဘုရားသခင်က မည်သို့ တာဝန်ယူပြီး စီစဉ်ပေးသည်ကို ရှာဖွေရန် မိမိတွင် တာဝန်ရှိသည်ဟု လူအနည်းငယ်ကသာ ခံယူထားကြသည်။ ဤနည်းဖြင့် လူသားက မသိလိုက်ဘဲ၊ လူမှုအဖွဲ့အစည်းတိုးတက်မှုသည် လူသား၏ လိုအင်ဆန္ဒများကို လိုက်နာနိုင်မှု နည်းသည်ထက် နည်းလာခဲ့ပြီး၊ ထိုသို့သောလောကတွင် အသက်ရှင်ရလျက် ကွယ်လွန်ပြီးနှင့် သူများထက် ၎င်းတို့က ပျော်ရွှင်မှု သာ၍ လျော့နည်းသည်ဟု ခံစားရသည့် လူများစွာပင် ရှိလေသည်။ ယဉ်ကျေးမှု အဆင့်အတန်းတိုးတက်မှု မြင့်မားသော နိုင်ငံများမှ လူများသည်ပင် ထိုသို့သော မကျေနပ်ချက်များကို ဖွင့်ဟပြောဆို ကြလေသည်။ အကြောင်းမှာ ဘုရားသခင်၏လမ်းပြမှုမရှိဘဲနှင့် အုပ်ချုပ်သူများနှင့် လူမှုဗေဒပညာရှင်များအနေဖြင့် လူမှုအဖွဲ့အစည်းတိုးတက်မှုကို ထိန်းသိမ်းရန် မည်မျှပင် ဦးနှောက်ခြောက်အောင် စဉ်းစားစေကာမူ၊ အချည်းနှီး ဖြစ်ပေသည်။ မည်သူမျှ လူသား၏အသက် မဖြစ်နိုင်သကဲ့သို့၊ လူသားကို မည်သည့် လူမှုသဘောတရားကမျှ အနှစ်မဲ့ခြင်း ပြဿနာများမှ လွတ်မြောက်အောင် မလုပ်ပေးနိုင်သည့်အတွက် လူသား၏ နှလုံးသားထဲရှိ အနှစ်မဲ့မှုကို မည်သူမျှ မဖြည့်ဆည်းပေးနိုင်ပေ။ သိပ္ပံပညာ၊ အသိပညာ၊ လွတ်လပ်မှု၊ ဒီမိုကရေစီ၊ ပျော်ရွှင်မှု၊ ကိုယ်စိတ်ချမ်းသာမှုတို့သည် လူသားထံ ယာယီ နှစ်သိမ့်မှုတစ်ခုသာ ဆောင်ကြဉ်းပေးသည်။ ဤအရာများဖြင့်ပင်လျှင် လူသားသည် မလွဲမသွေ အပြစ်ကျူးလွန်ဆဲ ဖြစ်ပြီး လူမှုအဖွဲ့အစည်း၏ မတရားမှုများကို ညည်းညူကြဆဲဖြစ်သည်။ ဤအရာများကို ပိုင်ဆိုင်ခြင်းက လူသား၏ စူးစမ်းလေ့လာရန် တောင့်တမှုနှင့် လိုအင်ဆန္ဒတို့ကို မချုပ်ထိန်းနိုင်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူသားကို ဘုရားသခင်က ဖန်ဆင်းခဲ့ခြင်း ဖြစ်ပြီး လူသား၏ အသိတရားမဲ့သော စွန့်လွှတ်အနစ်နာခံမှုများနှင့် စူးစမ်းလေ့လာမှုများသည် ပို၍သာ စိတ်သောက ရောက်စေနိုင်ကာ လူကို စဉ်ဆက်မပြတ် ကြောင့်ကြနေရသည့် အခြေအနေတစ်ခုတွင် ရောက်စေလိမ့်မည်ဖြစ်သောကြောင့်တည်း။ လူသားမျိုးနွယ်၏ အနာဂတ်ကို မည်သို့ရင်ဆိုင်ရမည်ကိုဖြစ်စေ၊ ရှေ့တွင်ရှိသော လမ်းကြောင်းကို မည်သို့ရင်ဆိုင်ရမည်ကိုဖြစ်စေ မသိသည်မှာ လူသားသည် သိပ္ပံနှင့် အသိပညာတို့ကိုပင် ကြောက်ရွံ့လာပြီး အနှစ်မဲ့ခြင်း ခံစားချက်ကို ပို၍ပင် ကြောက်ရွံ့လာသည်အထိပင် ဖြစ်လေတော့သည်။ ဤကမ္ဘာလောကတွင် သင်သည် လွတ်လပ်သော နိုင်ငံတစ်ခု သို့မဟုတ် လူ့အခွင့်အရေးများမရှိသည့် နိုင်ငံတစ်ခုတွင် နေထိုင်သည် ဖြစ်စေ၊ မနေထိုင်သည်ဖြစ်စေ သင်သည် လူသားမျိုးနွယ်၏ ကံကြမ္မာမှ ရုန်းထွက်လွတ်မြောက်နိုင်စွမ်း လုံးဝမရှိပေ။ သင်သည် အုပ်စိုးသူဖြစ်စေ၊ အုပ်စိုးခံသူဖြစ်စေ သင်သည် စိတ်ရှုပ်ထွေးစေသော အနှစ်မဲ့မှု ခံစားချက်မှ ရုန်းထွက်လွတ်မြောက်နိုင်စွမ်းရှိဖို့ မဆိုထားနှင့်၊ လူသားမျိုးနွယ်၏ ကံကြမ္မာ၊ လျှို့ဝှက်ဆန်းကြယ်မှုများနှင့် ခရီးပန်းတိုင်တို့ကို လေ့လာစူးစမ်းလိုသည့် လိုအင်ဆန္ဒမှ ရုန်းထွက်လွတ်မြောက်နိုင်စွမ်း လုံးဝမရှိပေ။ လူသားမျိုးနွယ် အားလုံးအဖို့ ဖြစ်တတ်သော အဆိုပါဖြစ်စဉ်ကို လူမှုသိပ္ပံပညာရှင်များက လူမှုဖြစ်စဉ်ဟု ခေါ်ကြသော်လည်း၊ ထိုသို့သော ပြဿနာများကို ဖြေရှင်းရန် မည်သည့် မဟာလူသားမျှ ထွက်မလာနိုင်ပေ။ အဆုံးတွင်တော့ လူသားသည် လူသားသာ ဖြစ်ပြီး ဘုရားသခင်၏ အဆင့်အတန်းနှင့် အသက်ကို မည်သည့်လူသားကမျှ အစားမထိုးနိုင်ပေ။ လူသားမျိုးနွယ် လိုအပ်သည့်အရာမှာ အယောက်တိုင်း ကောင်းကောင်းမွန်မွန် ကျွေးမွေးခံရပြီး သာတူညီမျှဖြစ်ကာ လွတ်လပ်သည့် တရားမျှတသော လူမှုအဖွဲ့အစည်းကိုသာ မဟုတ်ပေ။ လူသားမျိုးနွယ် လိုအပ်သည်မှာ ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ၎င်းတို့အဖို့ သူ၏ အသက်အထောက်အပံ့ ဖြစ်သည်။ လူသားအနေဖြင့် ဘုရားသခင်၏ အသက်ထောက်ပံ့မှုနှင့် သူ၏ ကယ်တင်ခြင်းကို ရရှိသောအခါမှသာ လူသား၏ လိုအပ်ချက်များ၊ စူးစမ်းလေ့လာရန် လိုအင်ဆန္ဒနှင့် ၎င်းတို့စိတ်နှလုံး၏ အနှစ်မဲ့မှုတို့သည် ပြေလည်သွားနိုင်ပေသည်။ နိုင်ငံတစ်နိုင်ငံ သို့မဟုတ် လူမျိုးတစ်မျိုး၏ လူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် စောင့်ရှောက်မှုကို မခံယူနိုင်ပါက ထိုနိုင်ငံ သို့မဟုတ် လူမျိုးသည် ကျရှုံးခြင်းဆီသို့၊ အမှောင်ထုဆီသို့ ရွှေ့သွားမည် ဖြစ်ပြီး ရလဒ်အနေဖြင့် ဘုရားသခင်၏ အမြစ်ဖြတ်ချေမှုန်းခြင်းကို ခံရလိမ့်မည် ဖြစ်သည်။
သင်၏နိုင်ငံသည် လတ်တလောတွင် ချမ်းသာကြွယ်ဝကောင်း ကြွယ်ဝနေနိုင်သည်၊ သို့သော် သင်၏ပြည်သူများကို ဘုရားသခင်ထံမှ လမ်းလွဲသွားရန် သင်ခွင့်ပြုပါက သင်၏နိုင်ငံသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို တိုး၍တိုး၍ ဆုံးရှုံးသည်ကို ယင်းဘာသာ တွေ့ရလိမ့်မည်။ သင့်နိုင်ငံ၏ လူ့ယဉ်ကျေးမှုအဖွဲ့အစည်းသည်လည်း လူ၏ ခြေဖဝါးအောက်တွင် တိုး၍တိုး၍ ချနင်းခံရလိမ့်မည်ဖြစ်ပြီး မကြာမီတွင် လူတို့သည် ဘုရားသခင်ကို ထကြွဆန့်ကျင်ပြီး ကောင်းကင်ဘုံကို ကျိန်ဆဲလာကြလိမ့်မည်။ ထိုသို့ဖြင့် နိုင်ငံတစ်ခု၏ ကံကြမ္မာသည် အမှုမဲ့အမှတ်မဲ့ ပျက်စီးဆုံးရှုံးသွားလိမ့်မည်။ ဘုရားသခင်သည် ဘုရားသခင်၏ ကျိန်ခြင်းခံထားရသော ထိုနိုင်ငံများကို ဆန့်ကျင်ရန် အင်အားကြီးနိုင်ငံများကို ပေါ်ထွန်းစေလိမ့်မည် ဖြစ်ပြီး ယင်းတို့ကို ကမ္ဘာမြေမျက်နှာပြင်ပေါ်မှ ဖယ်ရှားခြင်းပင် ပြုနိုင်သည်။ နိုင်ငံတစ်ခု သို့မဟုတ် လူမျိုးတစ်မျိုး၏ ချမ်းသာဝပြောခြင်းနှင့် ပျက်စီးခြင်းသည် ထိုနိုင်ငံ၏ အုပ်ချုပ်သူများက ဘုရားသခင်ကို ကိုးကွယ်ခြင်း ရှိမရှိဆိုသည်နှင့် ၎င်းတို့၏ ပြည်သူများကို ဘုရားသခင်ကို တိုးဝင်ချဉ်းကပ်စေခြင်းနှင့် သူ့ကို ကိုးကွယ်စေခြင်း ရှိမရှိ ဆိုသည့်အပေါ် အခြေခံသည်။ သို့တိုင် ဤနောက်ဆုံးသောခေတ်တွင် ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ရှာဖွေပြီး ကိုးကွယ်သော သူများသည် တိုး၍တိုး၍ ရှားပါးလာသောကြောင့် ခရစ်ယာန်ဘာသာကို နိုင်ငံတော် ဘာသာအဖြစ် သတ်မှတ်ထားသည့် နိုင်ငံများအပေါ် ဘုရားသခင်သည် အထူးမျက်နှာသာ အပ်နှင်းလေသည်။ ဘုရားသခင်သည် ထိုနိုင်ငံများကို အတော်အတန် တရားမျှတသော ကမ္ဘာ့စခန်းအဖြစ် ဖွဲ့စည်းရန် အတူတကွ စုစည်းသော်လည်း ဘုရားမဲ့နိုင်ငံများနှင့် စစ်မှန်သောဘုရားသခင်ကို မကိုးကွယ်သော နိုင်ငံများသည် တရားမျှတမှုရှိသော စခန်း၏ ရန်ဘက်များ ဖြစ်လာလေသည်။ ဤသို့ဖြင့် ဘုရားသခင်သည် လူသားတို့ အလယ်တွင် သူ၏ အမှုကို ထမ်းဆောင်နိုင်သည့် နေရာတစ်ခု ရှိသည်သာမက တစ်ချိန်တည်းတွင်ပင် သူ့ကို အတိုက်အခံလုပ်သည့် နိုင်ငံများအပေါ် အရေးယူမှုများနှင့် ကန့်သတ်ချက်များ ပြဋ္ဌာန်းခွင့်ပေးလျက် တရားမျှတသော ဩဇာအာဏာကို ကျင့်သုံးနိုင်သည့် နိုင်ငံများကိုလည်း ရရှိလေသည်။ ဤသို့ဖြစ်သော်လည်း လူသည် ဘုရားသခင်ထံမှ အလွန်ဝေးကွာစွာ လမ်းလွဲပြီးဖြစ်ကာ ဘုရားသခင်ကို အလွန်ပင် အချိန်ကြာမြင့်စွာ မေ့လျော့မိပြီး ဖြစ်သောကြောင့် သူ့ကို ကိုးကွယ်ရန် ပို၍များသော လူများကို ဘုရားသခင် မရရှိနိုင်ဆဲ ဖြစ်ကာ ဤကမ္ဘာမြေပေါ်တွင် တရားစီရင်မှုကို ကျင့်သုံးပြီး မတရားမှုကို အတိုက်အခံလုပ်သော နိုင်ငံများသာ တည်ရှိလေသည်။ သို့သော် ဤသည်မှာ ဘုရားသခင်၏ အလိုဆန္ဒများပြည့်ဖို့ ဝေးကွာပေသည်။ အကြောင်းမှာ မည်သည့်နိုင်ငံအုပ်ချုပ်သူကမျှ ဘုရားသခင်ကို ၎င်းတို့၏ ပြည်သူများအပေါ် ဦးဆောင်ခွင့်ပြုမည် မဟုတ်သကဲ့သို့ မည်သည့် နိုင်ငံရေးပါတီကမျှ ၎င်းတို့၏လူများကို ဘုရားသခင်အား ဂါရဝပြုပူဇော်ရန် စုရုံးပေးမည် မဟုတ်သောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် နိုင်ငံတိုင်း၊ လူမျိုးတိုင်း၊ အာဏာရ ပါတီတိုင်း၏ နှလုံးသားထဲတွင်လည်းကောင်း၊ လူတိုင်း၏ နှလုံးသားထဲတွင်ပင်လည်းကောင်း သူ၏နေရာမှန်ကို ဆုံးရှုံးပြီး ဖြစ်သည်။ ဤကမ္ဘာလောကတွင် တရားမျှတသောအင်အားစုအချို့ အမှန်ပင် တည်ရှိသော်လည်း လူ၏ နှလုံးသားထဲတွင် ဘုရားသခင် ကိုင်စွဲသည့် နေရာမရှိသည့် မည်သည့်အုပ်ချုပ်ရေးမျှ အလွန်ပင်မခိုင်ခံ့ပေ။ ပြီးလျှင် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာမရှိဘဲနှင့် နိုင်ငံရေးနယ်ပယ်သည် ဖရိုဖရဲဖြစ်လိမ့်မည် ဖြစ်ပြီး ထိုးနှက်တိုက်ခိုက်မှုတစ်ခုမျှကို တောင့်ခံနိုင်စွမ်းမရှိ ဖြစ်လာလိမ့်မည်။ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာ မရှိခြင်းသည် နေမင်းမရှိခြင်းနှင့် တူပေသည်။ အုပ်ချုပ်သူများအနေဖြင့် ၎င်းတို့၏ ပြည်သူများအတွက် မည်မျှ ဇွဲကောင်းကောင်းနှင့် ဖြည့်ဆည်းမှုများ ပြုစေကာမူ လူသားမျိုးနွယ်အနေဖြင့် တရားမျှတသော ညှိနှိုင်းဆွေးနွေးပွဲများ မည်မျှ အတူတကွ ကျင်းပစေကာမူ ဤအရာထဲမှ တစ်ခုမျှသည် ခေတ်ရေစီးကြောင်းကို ပြောင်းပြန်လှည့်နိုင်မည် မဟုတ်သကဲ့သို့ လူသားတို့၏ ကံကြမ္မာကို ပြောင်းလဲစေလိမ့်မည် မဟုတ်ပေ။ ပြည်သူများ စားရဝတ်ရသည့်၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်သည့် နိုင်ငံတစ်နိုင်ငံသည် ကောင်းမွန်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကောင်းမွန်သော ခေါင်းဆောင်မှုပိုင်းရှိသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်ဟု လူတို့ ယုံကြည်ကြသည်။ သို့သော် ဘုရားသခင်က ထိုသို့ မတွေးထင်ပေ။ မည်သူမျှ သူ့ကို မကိုးကွယ်သည့် နိုင်ငံသည် သူ သုတ်သင်ဖယ်ရှားမည့်နိုင်ငံဟု သူ ယုံကြည်သည်။ လူသား၏ တွေးခေါ်ပုံသည် အစဉ်သဖြင့် ဘုရားသခင်၏ တွေးခေါ်ပုံနှင့် အလွန် ဆန့်ကျင်လေသည်။ ထို့ကြောင့် နိုင်ငံတစ်နိုင်ငံ၏ ခေါင်းဆောင်သည် ဘုရားသခင်ကို မကိုးကွယ်ပါက ဤနိုင်ငံ၏ ကံကြမ္မာသည် ဝမ်းနည်းဖွယ်ရာ ကံကြမ္မာတစ်ခု ဖြစ်လိမ့်မည်ဖြစ်ပြီး ဤနိုင်ငံသည် ခရီးပန်းတိုင် ရှိလိမ့်မည်မဟုတ်ပေ။
ဘုရားသခင်သည် လူသား၏နိုင်ငံရေးတွင် မပါဝင်သည့်တိုင် နိုင်ငံနှင့် လူမျိုးတိုင်း၏ ကံကြမ္မာကို သူ ထိန်းချုပ်ထားလေသည်။ ဘုရားသခင်သည် ဤကမ္ဘာလောကနှင့် စကြဝဠာတစ်ခုလုံးကို ထိန်းချုပ်၏။ လူသား၏ ကံကြမ္မာနှင့် ဘုရားသခင်၏ အကြံအစည်သည် အတွင်းကျကျ ဆက်နွှယ်ပြီး မည်သည့်လူကမျှဖြစ်စေ၊ မည်သည့်နိုင်ငံကမျှဖြစ်စေ၊ မည်သည့်လူမျိုးကမျှဖြစ်စေ ဘုရားသခင်၏ အချုပ်အခြာအာဏာမှ ရုန်းထွက်လွတ်မြောက်နိုင်ခြင်း မရှိ။ အကယ်၍ လူသားသည် မိမိ၏ကံကြမ္မာကို သိလိုပါက ဘုရားသခင်၏ ရှေ့မှောက်သို့ လာရပေမည်။ ဘုရားသခင်သည် သူ၏ နောက်ကို လိုက်လျှောက်ပြီး သူ့အား ကိုးကွယ်သောသူများကို အောင်မြင်ကြီးပွားစေပြီး သူ့ကို အတိုက်အခံလုပ်ကာ ငြင်းပယ်သောသူများအပေါ် ကျဆုံးခန်းနှင့် မျိုးသုဉ်းပျောက်ကွယ်ခြင်းတို့ကို ဖြစ်စေလိမ့်မည် ဖြစ်သည်။
သောဒုံမြို့ကို ဘုရားသခင်က ဖျက်ဆီးခြင်း ဖြစ်ပေါ်ခဲ့ချိန် သမ္မာကျမ်းစာထဲက အဖြစ်အပျက်ကို ပြန်လည်သတိရလော့၊ ပြီးလျှင် လောတ၏မိန်းမသည် မည်ကဲ့သို့ဆားတိုင်ဖြစ်လာခဲ့သည်ကိုလည်း စဉ်းစားကြည့်လော့။ နိနေဝေမြို့သားများသည် လျှော်တေအဝတ်နှင့် ပြာများဖြင့် မိမိတို့၏အပြစ်များအား မည်သို့နောင်တရခဲ့သည်ကို ပြန်စဉ်းစားပြီး၊ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀၀ က ယေရှုကို ယုဒလူမျိုးများ ကားတိုင်ပေါ်တွင် သံမှိုရိုက်ထားပြီးနောက် မည်သည့်အရာဖြစ်ခဲ့သည်ကို ပြန်သတိရလော့။ ယုဒလူမျိုးများသည် ဣသရေလနိုင်ငံမှ နှင်ထုတ်ခံခဲ့ရပြီး ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများဆီသို့ ထွက်ပြေး သွားခဲ့ကြသည်။ များစွာတို့သည် အသတ်ခံခဲ့ရပြီး ယုဒလူမျိုး တစ်မျိုးလုံးသည် ၎င်းတို့နိုင်ငံ၏ ပျက်သုဉ်းခြင်းနှင့်ပတ်သက်သည့် မကြုံစဖူးသော နာကျင်မှုကို ခံခဲ့ရသည်။ ၎င်းတို့သည် ဘုရားသခင်ကို ကားတိုင်ပေါ်တွင် သံမှိုရိုက်ခဲ့ကြပြီး- စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အပြစ်တစ်ခုကို ကျူးလွန်ခဲ့ကြပြီး- ဘုရားသခင်၏ စိတ်သဘောထားကို ရန်စခဲ့ကြသည်။ ၎င်းတို့လုပ်ခဲ့သည့် အရာအတွက် ၎င်းတို့ပေးဆပ်ခဲ့ရပြီး ၎င်းတို့လုပ်ရပ်များ၏ အကျိုးဆက်များ အားလုံးကို ခံခဲ့ကြရသည်။ ၎င်းတို့သည် ဘုရားသခင်ကို ရှုတ်ချခဲ့ကြသည်၊ ငြင်းပယ်ခဲ့ကြသည်၊ ထို့ကြောင့် ၎င်းတို့သည် ကံကြမ္မာတစ်ခုသာ ရှိခဲ့သည်- ဘုရားသခင်၏ အပြစ်ပေးခံရခြင်းခံရဖို့ ဖြစ်ပေသည်။ ဤသည်မှာ ၎င်းတို့၏ အုပ်စိုးသူများက မိမိတို့၏ နိုင်ငံနှင့် လူမျိုးအပေါ် ယူဆောင်ခဲ့ကြသည့် ခါးသီးသော အကျိုးဆက်နှင့် ဘေးဒုက္ခ ဖြစ်ခဲ့ပေသည်။
ယနေ့တွင် ဘုရားသခင်သည် သူ၏ အမှုကို လုပ်ဆောင်ရန် လူများကြားသို့ ပြန်ကြွလာပြီးဖြစ်သည်။ ပြီးလျှင် သူ၏ အလုပ်၌ သူ၏ ပထမဆုံးအဆင့်မှာ အာဏာရှင်ဆန်သော အုပ်ချုပ်မှု၏ စံပြဖြစ်သည့် ဘာသာမဲ့ အယူဝါဒ၏ မြဲစွဲစွာ အားကိုးထိုက်သော ခံတပ်ဖြစ်သည့် တရုတ်နိုင်ငံ ဖြစ်သည်။ ဘုရားသခင်သည် သူ၏ဉာဏ်ပညာနှင့် တန်ခိုးတို့အားဖြင့် လူတစ်စုကို ရယူပြီးဖြစ်သည်။ ဤကာလအတွင်းတွင် ဘုရားသခင်သည် တရုတ်နိုင်ငံ အာဏာရပါတီ၏ နည်းအမျိုးမျိုးဖြင့် လိုက်လံဖမ်းဆီးခြင်းကို ခံရပြီးဖြစ်ကာ သူ၏ခေါင်းချစရာနေရာ မရှိသကဲ့သို့ ခိုနားရာ ရှာမတွေ့နိုင်ဘဲ ဆင်းရဲဒုက္ခမျိုးစုံကို ခံရပြီးဖြစ်သည်။ ဤသို့ဖြစ်စေကာမူ ဘုရားသခင်သည် သူ လုပ်ဆောင်ရန် ရည်ရွယ်ထားသည့် အမှုကို ဆက်လက်လုပ်ဆောင်ဆဲ ဖြစ်သည်။ သူသည် နှုတ်ကပတ်တော်များကို ပြောဆိုပြီး မိန့်မြွက်ကာ ဧဝံဂေလိတရားကို ဖြန့်သည်။ ဘုရားသခင်၏ အနန္တတန်ခိုးကို မည်သူမျှ နားလည် သဘောပေါက်နိုင်ခြင်း မရှိပေ။ ဘုရားသခင်ကို ရန်သူကဲ့သို့ မှတ်ယူသော နိုင်ငံတစ်ခုဖြစ်သည့် တရုတ်နိုင်ငံတွင် ဘုရားသခင်သည် သူ၏ အမှုကို လုံးဝ မရပ်တန့်ဖူးပေ။ ယင်းအစား ဘုရားသခင်သည် လူသားမျိုးနွယ်ဝင် အယောက်စီတိုင်းကို တတ်နိုင်သမျှ အစွမ်းကုန်ကယ်တင်သည့်အတွက် သာ၍ များသောလူတို့သည် သူ၏ အမှုနှင့် နှုတ်ကပတ်တော်ကို လက်ခံကြပြီး ဖြစ်သည်။ ဘုရားသခင် ဖြစ်မြောက်ရန် အလိုရှိသည့်အရာကို မည်သည့်နိုင်ငံ သို့မဟုတ် မည်သည့် အင်အားစုကမျှ မတားဆီးနိုင်သည်ကို ငါတို့အားလုံး ယုံကြည်သည်။ ပြီးလျှင် ဘုရားသခင်၏ အမှုကို နှောင့်ယှက်ရန် ကြိုးစားသူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အတိုက်အခံလုပ်ကာ ဘုရားသခင်၏ အကြံအစည်ကို အဖျက်အမှောင့်လုပ်ပြီး ထိခိုက်စေရန် ကြိုးစားသူများသည် နောက်ဆုံးတွင် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို ခံရကြလိမ့်မည်။ ဘုရားသခင်၏ အမှုကို အတိုက်အခံလုပ်သူ မည်သူမဆိုသည် ဘုရားသခင်က ငရဲသို့ ပို့ခြင်းကိုခံရလိမ့်မည်။ ဘုရားသခင်၏ အမှုကို အာခံဖီဆန်သော မည်သည့်နိုင်ငံမဆိုသည် ဖျက်ဆီးခြင်းကို ခံရလိမ့်မည်။ ဘုရားသခင်၏ အမှုကို ဆန့်ကျင်ရန် ထကြွသည့် မည်သည့် လူမျိုးမဆိုသည် ဘုရားသခင်က ဤကမ္ဘာမြေမှ ဖယ်ရှားခြင်းကို ခံရလိမ့်မည်ဖြစ်ပြီး အပြီးတိုင် ကွယ်ပျောက်သွားလိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်
နှစ်ထောင်ပေါင်း အချို့ လွှမ်းခြုံသည့် ရှေးဟောင်းယဉ်ကျေးမှုနှင့် သမိုင်းနှင့်ဆိုင်သော အသိပညာသည် လူသား၏အတွေးအခေါ်၊ အယူအဆများနှင့် သူ၏ စိတ်ပိုင်းဆိုင်ရာ အမြင်တို့ကို အလွန်တင်းကျပ်စွာ ပိတ်ထားခဲ့သည်မှာ သြဇာမသက်ရောက်နိုင်သော အရာနှင့် မပျက်စီးနိုင်သောအရာ၁ ဖြစ်စေဖို့ ဖြစ်သည်။ လူတို့သည် ဘယ်သောအခါမျှ အလင်း မမြင်နိုင်သည့် မြေအောက် အကျဉ်းတိုက်များထဲသို့ ဘုရားသခင်၏ နှင်ထုတ်ခြင်းကို ခံကြရပြီးဖြစ်သည့်အလားပင်၊ ငရဲ၏ ဆယ့်ရှစ်ခုမြောက် သံသရာထဲ၌ အသက်ရှင်ကြလေသည်။ ကံကျွေးချစနစ်ဆိုင်ရာ အတွေးအခေါ်သည် လူတို့ကို ဖိနှိပ်ထားလွန်းသည်မှာ ၎င်းတို့သည် အသက်ရှူနိုင်ရုံမျှဖြစ်ပြီး မွန်းကျပ်လျက် ရှိကြပေသည်။ ၎င်းတို့သည် ခုခံရန် ခွန်အား စိုးစဉ်းမျှပင် မရှိကြချေ။ ၎င်းတို့ လုပ်ဆောင်သမျှမှာ တိတ်ဆိတ်စွာ ခံရပ်ပြီးရင်း ခံရပ်ဖို့သာ ဖြစ်သည်။...မည်သူမျှ တရားမျှတမှုနှင့် ဘက်မလိုက်ခြင်းအတွက် ရုန်းကန်ရန် သို့မဟုတ် ရပ်တည်ရန် လုံးဝမဝံ့ရဲကြချေ။ လူတို့သည် ကံကျွေးချစနစ်ဆိုင်ရာ ကျင့်ဝတ်များ၏ ထိုးနှက်မှုများနှင့် မတရားဖိနှိပ်မှုအောက်၌ တိရစ္ဆာန်တစ်ကောင်ထက် ဆိုးရွားသော အသက်တာကို တစ်နေ့ပြီးတစ်နေ့၊ တစ်နှစ်ပြီးတစ်နှစ် ရှင်သန်ကာမျှ ရှင်သန်ကြလေသည်။ ၎င်းတို့သည် လူ့လောကထဲတွင် ပျော်ရွှင်မှုကို ခံစားရန် ဘုရားသခင်ကို ရှာဖွေဖို့ မည်သည့်အခါမှ မတွေးတောဖူးကြပေ။ ယင်းမှာ လူတို့သည် ညှိုးနွမ်းခြောက်သွေ့သော ဝါညိုညို ဆောင်းဦးရွက်ကြွေများကဲ့သို့ ဖြစ်သည်အထိ ရိုက်ချခံကြရပြီး ဖြစ်သည်။ လူတို့သည် အချိန်ကြာမြင့်စွာကတည်းက ၎င်းတို့၏ မှတ်ဉာဏ်ကို ဆုံးရှုံးခဲ့ကြပြီး ဖြစ်သည်။ ၎င်းတို့သည် လူ့လောကဟု ခေါ်ဆိုသော ငရဲနှင့်အတူ ပျက်စီးဆုံးရှုံးနိုင်ကြဖို့အလို့ငှာ နောက်ဆုံးသော နေ့ရက် ရောက်ရှိလာခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့ တောင့်တသည့် နောက်ဆုံးသော နေ့ရက်သည် အေးအေးလူလူရှိသော ငြိမ်သက်ခြင်းကို လူသား မွေ့လျော်မည့် နေ့ရက်ဖြစ်သည့်အလား ဤငရဲတွင် ခိုကိုးရာမဲ့စွာ အသက်ရှင်ကြလေသည်။ ကံကျွေးချ စနစ်ဆိုင်ရာ ကျင့်ဝတ်များသည် လူသား၏ ခုခံရန် အစွမ်းတန်ခိုးကို သာ၍အားနည်းစေရင်း လူသား၏အသက်တာကို “မရဏနိုင်ငံ” ထဲသို့ ယူဆောင်သွားပြီဖြစ်သည်။ ဖိနှိပ်မှု မျိုးစုံတို့သည် လူသားကို ဘုရားသခင်ထံမှ ဝေးသထက်ဝေးသွားစေလျက်၊ မရဏထဲသို့ သာ၍နက်ရှိုင်းစွာ တစ်ဆင့်ပြီးတစ်ဆင့် ကျဆင်းဖို့ တွန်းလေသည်၊ ယနေ့ထိတိုင် ၎င်းသည် ဘုရားသခင်အဖို့ သူစိမ်းလုံးလုံးပင် ဖြစ်သွားပြီးဖြစ်ကာ ၎င်းတို့ဆုံတွေ့ကြသောအခါ သူ့ကို အလျင်အမြန် ရှောင်ရှားလေသည်။ လူသားသည် ဘုရားသခင်ကို မည်သည့် အခါတွင်မျှ မသိဖူးသကဲ့သို့၊ သူ့ကို ယခင်က မမြင်ဖူးသည့်အလား သူ့ကို အရေးမစိုက်ဘဲ တစ်ဖက်တွင် တစ်ကိုယ်တည်း ရပ်နေစေရစ်လေသည်။...ရှေးဟောင်းယဉ်ကျေးမှုနှင့် သက်ဆိုင်သည့် အသိပညာသည် လူသားကို ဘုရားသခင်၏ မျက်မှောက်မှ ခိုးကြောင်ခိုးဝှက် ခိုးယူသွားပြီးဖြစ်ကာ သူ့ကို နတ်ဆိုးတို့၏ ရှင်ဘုရင်နှင့် ၎င်း၏ သားများထံ လွှဲအပ်လိုက်ပြီး ဖြစ်သည်။ စာအုပ်လေးအုပ်နှင့် ဂန္တဝင်ကျမ်းငါးကျမ်းက တို့သည် လူသား၏ အတွေးအခေါ်နှင့် အယူအဆတို့ကို အခြားသော ပုန်ကန်ခြင်းခေတ်ထဲသို့ ဆောင်ယူသွားပြီးဖြစ်ကာ၊ ထိုစာအုပ်၊ ဂန္တဝင်မှတ်တမ်းတို့ကို ပြုစုခဲ့ကြသူများကို ယခင်ထက် တိုး၍ လွန်လွန်ကဲကဲ မြှောက်စားမှု ပေးစေရင်းနှင့် အကျိုးဆက်အနေဖြင့် ဘုရားသခင်နှင့် ပတ်သက်သည့် လူသား၏ အယူအဆများကို တိုး၍ ပိုမိုဆိုးရွားစေလေသည်။ လူသားက မသိဘဲနှင့်၊ နတ်ဆိုးတို့၏ ရှင်ဘုရင်သည် ဘုရားသခင်ကို လူသား၏ စိတ်နှလုံးမှ သနားကြင်နာမဲ့စွာ မောင်းထုတ်ပြီး၊ ထို့နောက် ယင်းကို ၎င်းကိုယ်တိုင် အားရဝမ်းသာဖြင့် သိမ်းပိုက်လေသည်။ ထိုအချိန်ကတည်းက၊ လူသားသည် နတ်ဆိုးတို့ ရှင်ဘုရင်၏ အကျည်းတန်သော ဝိညာဉ်နှင့် မျက်နှာကို ပိုင်ဆိုင်လာခဲ့၏။ ဘုရားသခင်ကို မုန်းတီးခြင်းသည် ၎င်း၏ ရင်တွင်ပြည့်ကာ၊ လူသား လုံးဝ ဝါးမျိုခံခဲ့ရသည်အထိ နတ်ဆိုးများ၏ ရှင်ဘုရင်၏ မလိုတမာစိတ်သည် လူသားအတွင်းတွင် တစ်နေ့ပြီးတစ်နေ့ ပျံ့နှံ့လေသည်။ လူသားသည် လွတ်လပ်မှု အနည်းငယ်မျှ မရှိတော့သကဲ့သို့၊ နတ်ဆိုးတို့၏ ရှင်ဘုရင်၏ ထောင်ချောက်မှ လွတ်မြောက်ရန် နည်းလမ်း လုံးဝ မရှိခဲ့ပေ။ လူသားသည် ထိုနေရာတွင်ပင် အဖမ်းခံရပြီး၊ ၎င်း၏ မျက်မှောက်တွင် အညံ့ခံကာ ပြိုလဲကျရုံမှလွဲပြီး ရွေးချယ်စရာ မရှိခဲ့ပေ။ ကြာမြင့်စွာသောအချိန်က၊ လူသား၏ စိတ်နှလုံးနှင့် ဝိညာဉ်တို့သည် ကနဦးအဆင့်တွင် ရှိဆဲဖြစ်ခဲ့ချိန်တွင်၊ နတ်ဆိုးတို့၏ ရှင်ဘုရင်သည် လူသားကို “သိပ္ပံနှင့် နည်းပညာကို သင်ယူပါ။ ခေတ်နှင့်အမီလိုက်ခြင်း လေးချက်ကို နားလည်ပါ။ ပြီးလျှင် လောက၌ ဘုရားသခင်ဟူသည် မရှိ” ဟူသကဲ့သို့သော ယုတ္တိအမှားများကို သွန်သင်ရင်း၊ ယင်းအထဲ၌ ဘုရားမဲ့ဝါဒီနှင့်ဆိုင်သည့် အကျိတ်၏ အစေ့ကို စိုက်ပျိုးခဲ့သည်။ ထိုမျှသာမက၊ ၎င်းသည် မိမိတို့၏ နိုင်ငံအဖို့ သစ္စာရှိသည့် အမှုထမ်းခြင်းကို ပေးဖို့ရန် ကလေးဘဝမှ ပြင်ဆင်ထားဖို့ အယောက်စီတိုင်းကို တောင်းဆိုရင်း၊ “လှပသော ဇာတိမြေကို တည်ဆောက်ဖို့ ကျွန်ုပ်တို့၏ ဝီရိယရှိသော အားထုတ်မှုကို အမှီပြုကြစို့” ဟု အခွင့်အခါသင့်တိုင်း အော်ဟစ်လေသည်။ ဂုဏ်ပြုလေးစားမှုအားလုံးကို (ဆိုလိုသည်မှာ ဘုရားသခင်သည် လူသားမျိုးနွယ် အားလုံးကို သူ၏ လက်၌ ထိန်းသိမ်းထားခြင်းအတွက် ဘုရားသခင်နှင့်သက်ဆိုင်သော ဂုဏ်ပြုလေးစားမှုကို) မဆိုင်းမတွ ပိုင်စိုးပိုင်နင်း မိမိကိုယ်ကိုယ် ပေးသည့်နေရာဖြစ်သည့် ၎င်း၏ မျက်မှောက်သို့ လူသားသည် မရည်ရွယ်ပါဘဲနှင့် ခေါ်ဆောင်လာခြင်း ခံခဲ့ရလေသည်။ ၎င်းသည် မည်သည့်အခါတွင်မျှ ရှက်စိတ် တစ်ခုတစ်လေ မရှိခဲ့ပေ။ ထို့အပြင်၊ ၎င်းသည် ဘုရားသခင်၏လူတို့ကို အရှက်မရှိ ဖမ်းဆီးကာ၊ စားပွဲပေါ်သို့ ကြွက်တစ်ကောင်ကဲ့သို့ ခုန်တက်ကာ လူသားအား ၎င်းကို ဘုရားသခင်ကဲ့သို့ ကိုးကွယ်စေသည့် နေရာဖြစ်သော ၎င်း၏အိမ်ထဲသို့ ပြန်လည် တရွတ်တိုက် ဆွဲခေါ်လေသည်။ ထင်ရာစိုင်းသူတစ်ဦး ပါတကား။ ၎င်းသည် “လောကကြီး၌ ဘုရားသခင် ဟူသည် မရှိ။ လေသည် သဘာဝနိယာမများအရ အသွင်ပြောင်းလဲခြင်းများမှ လာသည်။ မိုးရေဆိုသည်မှာ ရေငွေ့က အေးသောအပူချိန်များနှင့် ဆုံတွေ့လျက်၊ ကမ္ဘာမြေပေါ်သို့ ကျသည့် မိုးစက်များအဖြစ်သို့ ငွေ့ရည်ဖွဲ့သည့်အခါ ဖြစ်လာသည်။ မြေငလျင်ဆိုသည်မှာ ဘူမိဗေဒဆိုင်ရာ ပြောင်းလဲခြင်းများကြောင့် ကမ္ဘာ့မျက်နှာပြင် တုန်ခါခြင်း ဖြစ်သည်၊ မိုးခေါင်ခြင်းဆိုသည်မှာ နေမင်း၏ မျက်နှာပြင်ပေါ်က အဏုမြူ ဒြပ်မှုန်များ ပြိုကွဲပျက်စီးမှုအားဖြင့် ဖြစ်ပေါ်လာသော လေထုထဲရှိ ခြောက်သွေ့မှုကြောင့် ဖြစ်သည်။ ဤအရာများသည် သဘာဝ ဖြစ်စဉ်များ ဖြစ်သည်။ ဤအရာအားလုံးတွင်၊ ဘုရားသခင်၏ လုပ်ဆောင်ချက် အဘယ်မှာ ရှိပါသနည်း” ဟူသကဲ့သို့သော မတော်တရော် တုန်လှုပ်ဖွယ် အရာများကို ဟစ်ကြော်လေသည်။ ၎င်းသည် အောက်ပါ ထွက်ဆိုချက်များကဲ့သို့သော မဖွင့်ဟသင့်သည့် ထွက်ဆိုချက်များကို ကြွေးကြော်သောသူများပင် ရှိလေသည်- “လူသားမှာ ရှေးအတိတ်ကာလက မျောက်ဝံများမှ ဆင်းသက်လာပြီး၊ ယနေ့ လောကကြီးသည် ခန့်မှန်းခြေအားဖြင့် လွန်ခဲ့သော ကပ်ကမ္ဘာမှ စတင်သည့် ရှေးကျသော လူ့အဖွဲ့အစည်းများ တစ်ခုပြီးတစ်ခုမှ လာသည်။ နိုင်ငံတစ်နိုင်ငံ တိုးတက်ကြီးပွားခြင်း သို့မဟုတ် ကျရှုံးခြင်းသည် ထိုနိုင်ငံ၏ ပြည်သူများ လက်ထဲတွင် လုံးဝ မူတည်သည်” ဟူ၍ ဖြစ်သည်။ နောက်ခံအကြောင်းအရာတွင်၊ ၎င်းသည် လူသားကို ၎င်းအား ဂါရဝပြုစေဖို့ ယင်းကို နံရံပေါ်၌ ချိတ်ဆွဲစေသည် သို့မဟုတ် စားပွဲပေါ် တင်စေလေသည်။ ၎င်းက “ဘုရားသခင် မရှိ” ဟု ဟစ်အော်သည့် တစ်ချိန်တည်းတွင်၊ ဘုရားသခင်၏နေရာတွင် ရပ်တည်ပြီး နတ်ဆိုးတို့၏ ရှင်ဘုရင် အခန်းကဏ္ဍကို ခံယူလျက် ဘုရားသခင်ကို ကမ္ဘာ၏ အကန့်အသတ် အတိုင်းအတာ ပြင်ပသို့ မပြောမဆို တွန်းထုတ်ခြင်းဖြင့်၊ ၎င်းသည် မိမိကိုယ်ကို ဘုရားသခင်အဖြစ် သတ်မှတ်လေသည်။ ကျိုးကြောင်း လုံးဝ ကင်းမဲ့လှပေတကား။ ၎င်းသည် လူတစ်ယောက်ကို မခံမရပ်နိုင်အောင် ၎င်းအား တကယ်ကို မုန်းတီးစေသည်။ ဘုရားသခင်နှင့် ၎င်းတို့သည် မပြေနိုင်သော ရန်သူများဖြစ်ပုံရပြီး နှစ်ဦး အတူတကွ မတည်ရှိနိုင်ပေ။ ၎င်းသည် ပညတ်တရား လက်လှမ်းမမီသည့်ပြင်ပတွင် လွတ်လွတ်လပ်လပ် သွားလာစဉ်တွင်၂ ၎င်းသည် ဘုရားသခင်ကို မောင်းထုတ်ရန် ကျိတ်ကြံလေသည်။ ၎င်းမှာ နတ်ဆိုးတို့၏ ရှင်ဘုရင် ဖြစ်လိုက်လေသည်တကား။ ၎င်း၏ တည်ရှိမှုကို အဘယ်သို့ သည်းခံ၍ရနိုင်မည်နည်း။ ၎င်းသည် ဘုရားသခင်၏ အမှုကို ကမောက်ကမဖြစ်စေပြီး လုံးလုံး ဖရိုဖရဲ၃ ဖြစ်ကျန်ရစ်စေသည်အထိ အနားယူမည်မဟုတ်သည်မှာ ၎င်းသည် ဘုရားသခင်ကို တမင်တကာ ဆန့်ကျင်ပြီး သာ၍ပင် အင်တိုက်အားတိုက် ချဉ်းကပ်လျက်၊ ငါးသေလျှင်သေ သို့မဟုတ် ကွန်ပျက်လျှင်ပျက်ဆိုသည်အထိ ဘုရားသခင်ကို အကြိတ်အနယ် နောက်ဆုံးပွဲသိမ်းသည်အထိ ဆန့်ကျင်လိုသည့်အလား ဖြစ်သည်။ ၎င်း၏ အကျည်းတန်သော မျက်နှာသည် ကြာမြင့်စွာကတည်းက လုံးလုံးလျားလျား ဖော်ထုတ်ခြင်းခံခဲ့ရပြီး ယခုတွင်မူ ပွန်းပဲ့ကာ ရိုက်ချိုးခံရပြီး၄ ဆိုးဆိုးရွားရွား အခြေအနေတွင် ရှိသော်လည်း၊ ၎င်းသည် ဘုရားသခင်ကို တစ်လုတ်စာ ဝါးမျိုခြင်းဖြင့်သာ မိမိ၏ စိတ်နှလုံးထဲတွင် လှောင်ထားသော အမုန်းကို သက်သာရာ ရစေနိုင်မည့်အလား၊ ဘုရားသခင်အပေါ် မိမိ၏ မုန်းတီးခြင်းကို လျှော့မည်မဟုတ်ပေ။ ဘုရားသခင်၏ ဤရန်သူကို ငါတို့သည် မည်သို့ သည်းခံနိုင်မည်နည်း။ ၎င်း၏ အမြစ်ဖြတ် ချေမှုန်းခံရခြင်းနှင့် လုံးလုံးလျားလျား သုတ်သင်ခံရခြင်းသည်သာ ငါတို့အသက်တာ၏ အလိုဆန္ဒကို အောင်မြင်ခြင်းသို့ ရောက်ရှိစေလိမ့်မည်ဖြစ်သည်။ ၎င်းကို ဆက်လက် ပြေးလွှားသောင်းကျန်းခွင့် အဘယ်သို့ ပေးနိုင်ရမည်နည်း။ ယင်းသည် လူသားကို ဖောက်ပြန်ပျက်စီးစေပြီးဖြစ်သည်မှာ လူသားသည် ကောင်းကင်နေမင်းကို မသိသည့်အတိုင်းအတာ အထိဖြစ်ပြီး၊ ထုံထိုင်းကာ ခံစားချက်ကင်းမဲ့လာပြီဖြစ်သည်။ လူသားသည် ပုံမှန် လူသား ဆင်ခြင်တုံတရား ဆုံးရှုံးပြီဖြစ်သည်။ အနာဂတ်အတွက် စိုးရိမ်ပူပန်မှုအားလုံးကို ဖယ်ထုတ်ဖို့နှင့် ဘုရားသခင်၏ အမှုကို မကြုံစဖူးသော ခံညားထည်ဝါမှုသို့ အဆောတလျင် ရောက်ရှိစေခွင့်ပြုရန်၊ ၎င်းကို ဖျက်ဆီးဖို့နှင့် ၎င်းကို မီးရှို့ပစ်လိုက်ဖို့ ငါတို့၏ ဖြစ်တည်ခြင်း တစ်ခုလုံးကို အဘယ်ကြောင့် ငါတို့ မဆက်ကပ်ကြသနည်း။ ဤလူယုတ်မာ အုပ်စုသည် လူ့လောကထဲသို့ လာကြပြီး ယင်းကို ဝရုန်းသုန်းကားအခြေအနေသို့ အခြေဆိုက်စေပြီဖြစ်သည်။ ၎င်းတို့သည် လူသားတို့၏ အလောင်းကောင်များကို ဝါးမျိုနိုင်ဖို့အလို့ငှာ လူသားတို့ကို အစိတ်စိတ် အမွှာမွှာ ရိုက်ခတ်ခံရစေဖို့ တွန်းချရန် တိတ်တဆိတ် စီစဉ်ရင်း၊ လူသားမျိုးနွယ်အားလုံးကို ချောက်ကမ်းပါး အစွန်းသို့ ခေါ်ဆောင်ခဲ့ကြသည်။ ၎င်းတို့သည် အန်စာတစ်ချက်ပစ်ကာ အရာရာကို လောင်းကြေးထပ်ရင်း၅ ဘုရားသခင်၏ အစီအစဉ်ကို ဖြိုခွဲရန်နှင့် ဘုရားသခင်နှင့် ယှဉ်ပြိုင်မှုထဲသို့ ဝင်ရောက်ရန် အချည်းနှီး မျှော်လင့်လေသည်။ ဤသည်မှာ လုံးဝလွယ်ကူသည် မဟုတ်ချေ။ အဆုံးတွင်တော့၊ အယုတ်မာဆုံးသော ပြစ်မှုများအဖို့ အပြစ်ရှိသော နတ်ဆိုးတို့၏ ရှင်ဘုရင်အတွက် ကားတိုင်သည် ပြင်ဆင်ထားပြီး ဖြစ်သည်။ ဘုရားသခင်သည် လက်ဝါးကပ်တိုင်နှင့် မသက်ဆိုင်ပေ။ သူသည် ထိုကားတိုင်ကို မာရ်နတ်အတွက် ဘေးသို့ ပစ်လိုက်နှင့်ပြီး ဖြစ်သည်။ ဘုရားသခင်သည် ယခုမတိုင်မီ ယခင်ကြာမြင့်စွာ ကတည်းက အောင်နိုင်လျက် ထွက်ပေါ်ပြီးဖြစ်ကာ လူသားမျိုးနွယ်၏ အပြစ်များအပေါ် ပူဆွေးခြင်းကို မခံစားရတော့ဘဲ၊ လူသားမျိုးနွယ် အားလုံးထံ ကယ်တင်ခြင်းကို ဆောင်ယူလာမည် ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၇)
အောက်ခြေမှတ်စု(များ)-
၁။ လူတို့အနေဖြင့် မိမိတို့၏ အသိပညာ၊ ယဉ်ကျေးမှုနှင့် ဝိညာဉ်ရေးရာ အမြင်များ တင်းကျပ်လွန်းသည်ကို ဆိုလိုရင်း၊ “မပျက်စီးနိုင်သောအရာ” ကို ဤနေရာတွင် သရော်သည့်စကားအဖြစ် ရည်ရွယ်သည်။
၂။ “ပညတ်တရား လက်လှမ်းမမီသည့်ပြင်ပတွင် လွတ်လွတ်လပ်လပ် သွားလာစဉ်တွင်” ဆိုသည်မှာ နတ်ဆိုးက ဒေါသပေါက်ကွဲပြီး လျှောက်ရမ်းသည်ကို ဖော်ညွှန်းပါသည်။
၃။ “လုံးလုံး ဖရိုဖရဲ” ဆိုသည်မှာ မာရ်နတ်၏ ကြမ်းကြုတ်သော အပြုအမူသည် မြင်ရန် မခံမရပ်နိုင်စရာ ဖြစ်ပုံကို ရည်ညွှန်းသည်။
၄။ “ပွန်းပဲ့ကာ ရိုက်ချိုးခံရပြီး” ဆိုသည်မှာ နတ်ဆိုးတို့၏ရှင်ဘုရင်၏ အကျည်းတန်သော မျက်နှာကို ရည်ညွှန်းသည်။
၅။ “အန်စာတစ်ချက်ပစ်ကာ အရာရာကို လောင်းကြေးထပ်ရင်း” ဆိုသည်မှာ နောက်ဆုံးတွင် အနိုင်ရခြင်းငှာ မျှော်လင့်ချက်များဖြင့် လောင်းကြေးတစ်ခုတွင် မိမိ၏ ရှိသမျှငွေကို ပုံအောခြင်းဟု ဆိုလိုသည်။ ဤသည်မှာ နတ်ဆိုး၏ မကောင်းသည့် ယုတ်မာသော အကြံအစည်များအတွက် တင်စားမှုတစ်ခု ဖြစ်သည်။ ဤစကားအသုံးအနှုန်းကို သရော်သည့်အနေဖြင့် သုံးထားပေသည်။
က။ စာအုပ်လေးအုပ်နှင့် ဂန္တဝင်ကျမ်းငါးကျမ်းတို့သည် တရုတ်နိုင်ငံတွင် အားထားရသော ကွန်ဖြူးရှပ်ဝါဒ စာအုပ်များဖြစ်သည်။
နှစ်ထောင်ပေါင်းများစွာ ဖောက်ပြန်ပျက်စီးခဲ့ပြီးနောက် လူသားသည် ထုံတေပြီး နုံအသည်၊ လူသား၏ ဘုရားသခင်ကို တော်လှန်ပုန်ကန်မှုသည် သမိုင်းစာအုပ်များတွင် မှတ်တမ်းတင်ရပြီး လူသားကိုယ်တိုင်ပင် မိမိ၏ပုန်ကန်သည့် အပြုအမူနှင့် ပတ်သက်သည့် ဖြစ်စဉ်ကို ကုန်စင်အောင် ဖော်ပြနိုင်စွမ်း မရှိသည့်အတိုင်းအတာအထိ ဘုရားသခင်ကို ဆန့်ကျင်သော နတ်ဆိုးဖြစ်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် လူသားသည် စာတန်၏ အကြီးအကျယ် ဖျက်ဆီးခြင်းကို ခံခဲ့ရပြီး စာတန်၏ လမ်းလွဲသွားစေခြင်းကို ခံရပြီးဖြစ်သည်မှာ သူသည် မည်သည့်အရာကို ရှေ့ဆက်လုပ်ရမည်ကို လုံးဝ မသိသောကြောင့် ဖြစ်သည်။ ယနေ့ပင်လျှင် လူသားသည် ဘုရားသခင်ကို သစ္စာဖောက်လျက်ရှိသည်။ လူသားသည် ဘုရားသခင်ကို တွေ့မြင်သောအခါ၊ သူ့ကို သစ္စာဖောက်သည်၊ ဘုရားသခင်ကို မမြင်မတွေ့နိုင်သောအခါတွင်လည်း၊ သူ့ကို သစ္စာဖောက်သည်။ ဘုရားသခင်၏ ကျိန်ဆဲခြင်းနှင့် အမျက်တော်ကို မျက်မြင်တွေ့ခဲ့ရပြီးနောက်၊ ဘုရားသခင်ကို သစ္စာဖောက်ဆဲဖြစ်သည့်သူများပင် ရှိသေးသည်။ ထို့ကြောင့် လူ့အသိစိတ်သည် ယင်း၏နဂိုအသုံးဝင်မှု ပျောက်ဆုံးကာ လူ့အသိတရားသည်လည်း နဂိုအသုံးဝင်မှု ပျောက်ဆုံးလေပြီဟု ငါဆိုသည်။ ငါကြည့်မျှော်သော လူသားသည် လူအရေခြုံထားသော သားရဲတစ်ကောင်၊ အဆိပ်ပြင်းသော မြွေတစ်ကောင်ဖြစ်သည်၊ ပြီးလျှင် ငါ့မျက်စိရှေ့တွင် သနားဖွယ်ဖြစ်ပုံပေါက်ဖို့ သူ မည်မျှကြိုးစားသော်လည်း၊ ငါသည် သူ့ကို မည်သည့်အခါမျှ သနားကရုဏာ ထားရှိမည်မဟုတ်၊ အဘယ်ကြောင့်ဆိုသော် လူသားသည် အဖြူနှင့်အမဲကြားရှိ ခြားနားချက်ကို နားလည်ခြင်းမရှိ၊ သမ္မာတရားနှင့် သမ္မာတရား မဟုတ်ခြင်းကြားရှိ ခြားနားချက်ကို နားလည်ခြင်း မရှိသောကြောင့် ဖြစ်သည်။ လူသား၏အသိစိတ်သည် ထုံထိုင်းလှသော်လည်း၊ ကောင်းချီးမင်္ဂလာများကို ရရှိရန် သူ တောင့်တဆဲဖြစ်သည်။ သူ၏ လူ့သဘာဝသည် အလွန်ဂုဏ်အသရေမဲ့သော်လည်း၊ သူသည် ရှင်ဘုရင်၏ အချုပ်အခြာအာဏာကို ပိုင်ဆိုင်ရန် ဆန္ဒရှိဆဲဖြစ်သည်။ ထိုကဲ့သို့သော အသိစိတ်ဖြင့် သူသည် မည်သူတို့၏ ရှင်ဘုရင် ဖြစ်နိုင်မည်နည်း။ ထိုသို့သော လူ့သဘာဝဖြင့် ရာဇပလ္လင်ပေါ်တွင် သူ မည်သို့တက်ထိုင်နိုင်မည်နည်း။ လူသားသည် အကယ်စင်စစ်ပင် အရှက်မရှိပေတကား။ သူသည် စိတ်ကြီးဝင်နေသော အကောင်ယုတ် ဖြစ်ပေသည်။ သင်တို့အထဲတွင် ကောင်းချီးမင်္ဂလာများကို ရယူလိုသူများအတွက် ကြည့်မှန်တစ်ခုကို အရင်ရှာပြီး အကျည်းတန်သော မိမိ၏ ပုံရိပ်ကို ရှုစားကြရန် ငါအကြံပြုသည်။ သင့်တွင် ရှင်ဘုရင်ဖြစ်ရန်အရည်အသွေး ရှိသလော။ ကောင်းချီးမင်္ဂလာများကို ခံစားနိုင်သူ၏မျက်နှာကို ပိုင်ဆိုင်ခြင်း ရှိသလော။ သင်၏ စိတ်သဘောထားထဲ၌ ပြောင်းလဲခြင်း စိုးစဉ်းမျှ မရှိဘဲ၊ သင်သည် မည်သည့် သမ္မာတရားကိုမျှလည်း လက်တွေ့လုပ်ဆောင်ခြင်း မရှိသော်လည်း၊ အံ့မခန်းဖွယ် မနက်ဖြန်ကို တောင့်တနေသေးသည်။ သင်သည် မိမိကိုယ်ကိုယ် လှည့်ဖြားနေ၏။ ဤမျှညစ်ညမ်းသောမြေတွင် မွေးဖွားလာသည့် လူသားသည် လူ့အဖွဲ့အစည်း၏ ကူးစက်စေခြင်းကို ပြင်းထန်သော အတိုင်းအတာအထိ ခံခဲ့ရပြီးဖြစ်သည်၊ သူသည် ပဒေသရာဇ်ဆန်သော လူ့ကျင့်ဝတ်များ၏ ပုံသွင်းခြင်းခံရပြီးဖြစ်ကာ “အဆင့်မြင့် ပညာသင်ကျောင်းများ” ၏ သွန်သင်လေ့ကျင့်ပေးမှုကို လက်ခံရရှိခဲ့ပြီးဖြစ်၏။ ခေတ်နောက်ကျသော စဉ်းစားတွေးတောခြင်း၊ ဖောက်ပြန်ပျက်စီးသော ကိုယ်ကျင့်တရား၊ ယုတ်ညံ့သော ဘဝ အမြင်ရှုထောင့်၊ လောကီဆိုင်ရာ ဆက်ဆံရေးများအတွက် အတွေးအခေါ်၊ လုံးဝဥဿုံ တန်ဖိုးမရှိသော တည်ရှိမှုနှင့် ယုတ်ညံ့သော ထုံးတမ်းအစဉ်အလာများနှင့် တစ်ရက်ပြီးတစ်ရက် ဘဝ ဟူသည့် ဤအရာများအားလုံးသည် လူ့စိတ်နှလုံး အတွင်းသို့ ပြင်းပြင်းထန်ထန် ကျူးကျော်ဝင်ရောက်နေခဲ့ပြီးဖြစ်ကာ လူသား၏ အသိစိတ်ကို ပြင်းထန်စွာ ထိခိုက်ပျက်စီးနေစေခဲ့သည့်အပြင် တိုက်ခိုက်နေခဲ့သည်။ ရလဒ်အနေဖြင့် လူသားသည် ဘုရားသခင်နှင့် တိုး၍ ဝေးသည်ထက် ဝေးသွားသည့်အပြင် သူ့ကို ယခင်ကထက် ပိုမို ဆန့်ကျင်လာသည်။ လူ့စိတ်သဘောထားသည် တစ်နေ့ပြီးတစ်နေ့ ပိုမို ရက်စက်လာကာ ဘုရားသခင်အတွက် မည်သည့်အရာကိုမဆို လိုလိုလားလား စွန့်လွှတ်လိုသည့်သူနှင့် ဘုရားသခင်ကို လိုလိုလားလား ကျိုးနွံနာခံလိုစိတ်ရှိသူ တစ်ဦးတလေမျှ မရှိဘဲ ဘုရားသခင်၏ ပေါ်ထွန်းမှုကို လိုလိုလားလား ရှာဖွေလိုသော ဆန္ဒရှိသူလည်း တစ်ဦးတလေမျှ ပို၍ပင် မရှိပေ။ ထိုအစား လူသည် စာတန်၏ အာဏာအောက်တွင် အပျော်အပါးကို အားရပါးရ လိုက်စားကာ သူ၏ ဇာတိပကတိကို နွံထဲတွင် ပေါက်လွှတ်ပဲစား နေနေသည်။ ၎င်းတို့သည် သမ္မာတရားကို ကြားသည့်အချိန်တွင်ပင် အမှောင်ထဲတွင် ရှင်သန်နေထိုင်သည့်လူများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုအင်ဆန္ဒတစ်စက်မျှ မရှိဘဲ ဘုရားသခင် ပေါ်ထွန်းပြီးဖြစ်သည်ကို ၎င်းတို့ မြင်သည့်အချိန်တွင်ပင် ၎င်းတို့သည် ရှာဖွေရန် ဆန္ဒမရှိကြချေ။ ဤကဲ့သို့ အကျင့်ပျက်သော လူသားမျိုးနွယ်သည် ကယ်တင်ခြင်းအတွက် ဖြစ်နိုင်ချေတစ်စက်တလေမျှ မည်သို့ရှိနိုင်မည်နည်း။ ဤကဲ့သို့ အကျင့်စာရိတ္တယိုယွင်းသော လူသားမျိုးနွယ်သည် အလင်းတွင် မည်သို့များ အသက်ရှင်နိုင်မည်နည်း။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်
လူသားများသည် ငါ၏ရန်သူများသာ ဖြစ်သည်မှာ တစ်ခဏ မှန်ပေသည်။ လူသာများသည် ငါ့ကို ဆန့်ကျင်ကာ ပုန်ကန်သည့် ဆိုးယုတ်သူများ ဖြစ်သည်။ လူသာများသည် ငါ၏ကျိန်ခြင်းခံထားရသော ဆိုးယုတ်သူ တစ်ဦး၏ သားသမီးသာ ဖြစ်သည်။ လူသားများသည် ငါ့ကို သစ္စာဖောက်ခဲ့သော ကောင်းကင်တမန်မင်း၏ သားစဉ်မြေးဆက်များသာ ဖြစ်သည်။ လူသာများသည် အချိန်ကြာမြင့်စွာက ငါ၏ ပစ်ပယ်ခြင်း ခံခဲ့ရပြီး၊ ထိုအချိန်ကတည်းက ငါနှင့် မကျေအေးနိုင်သော ရန်သူဖြစ်ပြီးလေသည့် နတ်ဆိုး၏ အမွေအနှစ်သာ ဖြစ်သည်။ လူသားမျိုးနွယ်တစ်ရပ်လုံးအထက်က ကောင်းကင်သည် ရှင်းလင်းပြတ်သားမှု အသွင် စိုးစဉ်းမျှမရှိဘဲ၊ နောက်ကျိကာ မှောင်မည်းပြီး၊ လူ့လောကထဲ အသက်ရှင်သောသူတစ်ဦးသည် မိမိမျက်နှာရှေ့ ဆန့်တန်းထားသော မိမိ၏လက်ကိုပင် မမြင်နိုင်ရန် သို့မဟုတ် သူ၏ ခေါင်းကို မော့သည့်အခါ နေကို မမြင်နိုင်ဖို့အလို့ငှာ၊ လူ့လောကသည် ပိန်းပိတ်အောင် မည်းမှောင်သည့် အမှောင်ထုထဲသို့ ထိုးဆင်းလေသည်။ ဗွက်ထူကာ ချိုင့်များထူပြောသည့် သူ၏ခြေအောက်က လမ်းသည် အကွေ့အကောက်ဖြင့် လှည့်ပတ်ကွေ့ကောက် သွားလေသည်။ မြေတစ်ပြင်လုံး အလောင်းကောင်များ ပြန့်ကျဲနေသည်။ မှောင်မည်းနေသော ထောင့်နေရာများသည် လူသေအလောင်းများဖြင့် ပြည့်နေပြီး၊ အေးစက်ပြီး မှောင်ရိပ်ကျနေသည့် ထောင့်နေရာများတွင် မကောင်းဆိုးဝါးတစ်သိုက် နေထိုင်ကြပြီး ဖြစ်သည်။ လူသားကမ္ဘာ၏ နေရာအနှံ့တွင် မကောင်းဆိုးဝါးများသည် အုံလိုက်ကျင်းလိုက် သွားလာနေကြသည်။ အညစ်အကြေးဖြင့် ဖုံးလွှမ်းလျက် သားရဲမျိုးစုံ၏ သားသမီးများသည် ပြင်းထန်သော အနီးကပ် တိုက်ပွဲ၌ ပိတ်မိနေကြသည်၊ ထိုတိုက်ပွဲ၏အသံသည် စိတ်နှလုံးကို တုန်လှုပ်ခြောက်ခြားသွားစေ၏။ ထိုသို့သော အချိန်ကာလများတွင်၊ ထိုသို့သောလောကတစ်ခု၊ ထိုသို့သော “လောက ပရဒိသုဘုံ” တစ်ခုတွင်၊ ဘဝ၏ ကြီးစွာသော ဝမ်းမြောက်ခြင်းကို အဘယ်မှာ သွားရှာရမည်နည်း။ မိမိဘဝ၏ ခရီးပန်းတိုင်ကို ရှာတွေ့ရန် အဘယ်သို့ သွားနိုင်မည်နည်း။ စာတန်၏ ခြေအောက်၌ အချိန်ကြာမြင့်စွာက နင်းခြေခြင်းခံခဲ့ရသော လူသားမျိုးနွယ်သည် အစကတည်းက စာတန်၏ သဏ္ဌာန်ကို ဆောင်ထားသော သရုပ်ဆောင် ဖြစ်သည်။ ထို့ထက်ပို၍ လူသားမျိုးနွယ်သည် စာတန်၏ ပြယုဂ်ဖြစ်ပြီး၊ စာတန်ကို သိသာထင်ရှားစွာ သက်သေခံသည့် သက်သေအထောက်အထားအဖြစ် အစေခံပေသည်။ ထိုသို့သော လူသားမျိုးနွယ်၊ ထိုသို့သော အကျင့်ပျက် လူဖျင်းတစ်သိုက်၊ ဤဖောက်ပြန်ပျက်စီးသည့် လူမိသားစု၏ ထိုသို့သော သားသမီးများသည် ဘုရားသခင်အဖို့ အဘယ်သို့ သက်သေခံနိုင်မည်နည်း။ ငါ၏ဘုန်းအသရေသည် အဘယ်ကလာသနည်း။ ငါ၏သက်သေကို မည်သည့်နေရာမှ စ၍ပြောဆိုနိုင်မည်နည်း။ အကြောင်းမှာ လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေလျက် ငါ့ကိုဆန့်ကျင်သည့် ရန်သူသည် လူသားမျိုးနွယ်ကို ကာလကြာမြင့်စွာက ငါဖန်ဆင်းခဲ့ပြီး ငါ၏ဘုန်းအသရေနှင့် ငါ၏အသက်ရှင်နေထိုင်ခြင်းတို့နှင့် ပြည့်နေခဲ့သည့် လူသားမျိုးနွယ်ကို ယူဆောင်သွားနှင့်ပြီးဖြစ်ကာ ညစ်ပေစေပြီး ဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းသည် ငါ၏ဘုန်းအသရေကို လုယူသွားပြီးဖြစ်ကာ ၎င်းက လူသားကို ပြည့်ဝစေပြီးဖြစ်သည့်အရာ အားလုံးမှာ စာတန်၏ အကျည်းတန်မှုဖြင့် အလွန်အကျွံ ဖွဲ့နှောင်ထားသည့် အဆိပ်နှင့် ကောင်းမကောင်း သိကျွမ်းရာ အပင်၏ အသီးမှ အရည်တို့ ဖြစ်သည်။ အစအဦး၌၊ ငါသည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့၏။ ဆိုလိုသည်မှာ လူသားမျိုးနွယ်၏ ဘိုးဘေးဖြစ်သော အာဒံကို ငါဖန်ဆင်းခဲ့သည်။ သူသည် အားမာန်ဖြင့် ပြည့်လျှမ်းသည့်၊ အသက်ပါမှုတို့ဖြင့် ပြည့်လျှမ်းသည့် သဏ္ဌာန်နှင့် ပုံရိပ်ကို အပ်နှင်းခံခဲ့ရပြီး၊ ထို့အပြင် ငါ၏ဘုန်းအသရေက အတူပါရှိခဲ့သည်။ ယင်းမှာ လူသားကို ငါဖန်ဆင်းခဲ့သည့် မွန်မြတ်သောနေ့ရက် ဖြစ်ခဲ့သည်။ ထို့နောက်တွင်၊ အာဒံ၏ ခန္ဓာကိုယ်မှ ဧဝကို ဖြစ်စေခဲ့ပြီး၊ သူမသည်လည်း လူသား၏ ဘိုးဘေးဖြစ်ခဲ့ကာ၊ ထို့ကြောင့် ငါ ဖန်ဆင်းခဲ့သော လူတို့သည် ငါ၏အသက်ဇီဝနှင့် ငါ၏ဘုန်းအသရေတို့ဖြင့် ပြည့်လျှမ်းခဲ့သည်။ အာဒံသည် မူလအားဖြင့် ငါ့လက်မှ ဖြစ်ပွားစေခဲ့သူ ဖြစ်ပြီး ငါ့ပုံသဏ္ဌာန်၏ ကိုယ်စားပြုခြင်း ဖြစ်သည်။ ထို့ကြောင့် “အာဒံ” ၏ မူရင်းအဓိပ္ပာယ်သည် သဏ္ဌာန်နှင့် ပုံရိပ်တို့ရှိလျက်၊ စိတ်ဝိညာဉ်နှင့် ဇီဝအသက်တို့ ရှိလျက်၊ ငါ၏အလွန်အရေးပါသော အားအင်၊ ငါ၏ ဘုန်းအသရေဖြင့် ပြည့်ဝခဲ့သည့် ငါဖန်ဆင်းသော သတ္တဝါတစ်ဦး ဖြစ်ခဲ့သည်။ အာဒံသည် ဝိညာဉ်ရှိသည့်၊ ငါ့ကို ကိုယ်စားပြုနိုင်စွမ်း ရှိသူ၊ ငါ့ပုံသဏ္ဌာန်ကို ဆောင်နိုင်စွမ်းရှိကာ ငါ၏ဇီဝအသက်ကို လက်ခံရရှိနိုင်စွမ်းရှိသည့် တစ်ဦးတည်းသော ဖန်ဆင်းခံသတ္တဝါ ဖြစ်သည်။ အစအဦး၌ ဧဝသည် ငါ စီမံခဲ့သည့် ဇီဝအသက် နှင်းအပ်ခံရသော ဖန်ဆင်းခြင်းဖြင့် ဒုတိယမြောက် လူသားဖြစ်ပြီး ထို့ကြောင့် “ဧဝ”၏ မူလအဓိပ္ပာယ်မှာ ငါ၏ အသက်ပါမှုဖြင့် ပြည့်သည့်အပြင် ငါ၏ဘုန်းအသရေ နှင်းအပ်ခံရလျက်၊ ငါ၏ ဘုန်းအသရေကို ဆက်လက်ဖြစ်စေမည့် ဖန်ဆင်းခံသတ္တဝါတစ်ဦးဟု ဆိုလိုသည်။ ဧဝသည် အာဒံထံမှ ဖြစ်လာခဲ့သည်၊ ထို့ကြောင့် သူသည် ငါ၏ သဏ္ဌာန်ဖြင့် ဖန်ဆင်းခံရသည့် ဒုတိယမြောက်လူသား ဖြစ်သည့်အတွက်၊ သူသည်လည်း ငါ၏ပုံသဏ္ဌာန်ကို ဆောင်ခဲ့ပေသည်။ “ဧဝ”၏ မူလအဓိပ္ပာယ်မှာ ဝိညာဉ်၊ အသွေးအသားနှင့် အရိုးရှိသည့် သက်ရှိလူသား ဖြစ်သည်၊ လူသားမျိုးနွယ်အလယ် ငါ၏ဒုတိယမြောက် သက်သေအပြင် ငါ၏ဒုတိယမြောက် ပုံသဏ္ဌာန် ဖြစ်သည်။ ၎င်းတို့သည် လူသားမျိုးနွယ်၏ ဘိုးဘေးများ၊ လူသား၏ စစ်မှန်ပြီး အဖိုးတန်သော ရတနာဖြစ်ပြီး၊ အစပထမကတည်းက ဝိညာဉ် အပ်နှင်းခံခဲ့ရသည့် သက်ရှိသတ္တဝါများ ဖြစ်သည်။ သို့သော်လည်း၊ ဆိုးယုတ်သူသည် လူ့လောကကို ပကတိ အမှောင်ထဲသို့ ကျဆင်းသွားစေလျက်၊ လူသားမျိုးနွယ် ဘိုးဘေးများ၏ သားသမီးများကို နင်းခြေကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး၊ သားသမီးများက ငါ၏တည်ရှိခြင်းကို မယုံကြတော့စေရန်အလို့ငှာ ထိုသို့ပြုခဲ့သည်။ ထို့ထက်ပို၍ပင် စက်ဆုပ်ဖွယ်ကောင်းသည်မှာ ဆိုးယုတ်သူသည် လူများကို ဖောက်ပြန်ပျက်စီးစေပြီး ၎င်းတို့အနှံ့ နင်းခြေသည်နှင့်အမျှ၊ ၎င်းသည် လူတို့အပေါ် ငါအပ်နှင်းထားခဲ့သော ငါ့ဘုန်းအရေ၊ ငါ့သက်သေနှင့် အသက်ပါမှု၊ ၎င်းတို့အထဲသို့ ငါမှုတ်သွင်းခဲ့သော ထွက်သက်ဝင်သက်နှင့် အသက်၊ လူ့လောကထဲရှိ ငါ၏ ဘုန်းအသရေအားလုံးနှင့် လူသားမျိုးနွယ်အပေါ် ငါအသုံးပြုခဲ့သော နှလုံးသွေးအားလုံးကို ရက်ရက်စက်စက် မရမကဆွဲလု ယူနေပေသည်။ လူသားမျိုးနွယ်သည် အလင်းထဲ၌ မရှိကြတော့ပေ၊ လူတို့သည် ၎င်းတို့အပေါ် ငါ အပ်နှင်းခဲ့သော အရာအားလုံးကို ဆုံးရှုံးကြပြီးဖြစ်သကဲ့သို့၊ ငါ ပေးခဲ့သော ဘုန်းအသရေကို စွန့်ပစ်ကြပြီး ဖြစ်သည်။ ငါသည် ဖန်ဆင်းခံ သတ္တဝါအားလုံး၏ သခင်ဖြစ်သည်ကို ၎င်းတို့ အဘယ်သို့ အသိအမှတ် ပြုနိုင်မည်နည်း။ ၎င်းတို့သည် ကောင်းကင်ဘုံက ငါ၏ တည်ရှိခြင်းကို အဘယ်သို့ ဆက်လက်ယုံကြည်နိုင်ကြမည်နည်း။ ကမ္ဘာမြေပေါ်က ငါ၏ ဘုန်းအသရေ သရုပ်သကန်များကို ၎င်းတို့ မည်သို့ ရှာဖွေတွေ့ရှိနိုင်မည်နည်း။ ဤမြေးယောက်ျားများနှင့် မြေးမိန်းကလေးများသည် ၎င်းတို့၏ ဘိုးဘေးဘီဘင်များက ကြောက်ရွံ့ခဲ့သော ဘုရားသခင်ကို မိမိတို့ကို ဖန်ဆင်းခဲ့သော သခင်အဖြစ် မည်သို့ မှတ်ယူနိုင်ကြမည်နည်း။ ဤသနားစဖွယ် မြေးယောက်ျားများနှင့် မြေးမိန်းကလေးများသည် အာဒံနှင့် ဧဝအပေါ် ငါအပ်နှင်းခဲ့သော ဘုန်းအသရေ၊ ပုံသဏ္ဌာန်နှင့် သက်သေတို့အပြင်၊ လူသားမျိုးနွယ်အပေါ် ငါ အပ်နှင်းခဲ့ပြီး ၎င်းတို့ တည်ရှိဖို့ မှီခိုခဲ့ကြသည့် အသက်ကို ဆိုးယုတ်သူထံ ရက်ရောစွာ “ပေးအပ်ကြပြီးဖြစ်သည်”၊ ပြီးလျှင် ၎င်းတို့သည် ဆိုးယုတ်သူ တည်ရှိခြင်းကို အလွန်အမင်း သတိမပြုမိသကဲ့သို့၊ ငါ၏ဘုန်းအသရေအားလုံးကို ၎င်းထံ ပေးကြလေသည်။ ဤသည်မှာ “လူဖျင်းလူသွမ်း” ဟူသော ဂုဏ်ပုဒ်၏ တကယ့် အရင်းအမြစ် ဖြစ်သည်မဟုတ်လော။ ထိုသို့သော လူသားမျိုးနွယ်၊ ထိုသို့သော ဆိုးယုတ်သည့် မကောင်းဆိုးဝါးများ၊ ထိုသို့သော လမ်းလျှောက်နေသည့် အလောင်းကောင်များ၊ ထိုသို့သော စာတန်၏ သဏ္ဌာန်များနှင့် ထိုသို့သော ငါ၏ရန်သူများသည် ငါ၏ဘုန်းအသရေကို မည်သို့ ပိုင်ဆိုင်နိုင်မည်နည်း။ ငါ၏ဘုန်းအသရေကို ငါပြန်သိမ်းမည်၊ လူသားများအလယ် တည်ရှိသည့် ငါ၏ သက်သေနှင့်၊ တစ်ချိန်က ငါနှင့်သက်ဆိုင်ခဲ့ပြီး လူသားမျိုးနွယ်ကို အချိန်ကြာမြင့်စွာက ငါပေးခဲ့သော အရာအားလုံးကို ငါပြန်သိမ်းမည်။ ငါသည် လူသားမျိုးနွယ်ကို လုံးဝ သိမ်းပိုက်မည်။ သို့သော် ငါဖန်ဆင်းခဲ့သော လူသားများသည် ငါ၏ပုံသဏ္ဌာန်နှင့် ငါ၏ ဘုန်းအသရေကို သယ်ဆောင်သည့် သန့်ရှင်းသော လူများ ဖြစ်ခဲ့သည်ကို သင်သိသင့်သည်။ ၎င်းတို့သည် စာတန်နှင့် မသက်ဆိုင်ခဲ့ကြသကဲ့သို့၊ ၎င်း၏ နင်းခြေခြင်းလည်း မခံခဲ့ကြရဘဲ၊ စာတန်၏ အဆိပ်နှင့်ဆိုင်သည့် အရိပ်လက္ခဏာ စိုးစဉ်းမျှ မပါသည့် ငါ၏သရုပ်သကန် သက်သက် ဖြစ်ခဲ့သည်။ ထို့ကြောင့် ငါ၏လက်ဖြင့် ဖန်ဆင်းခဲ့သော၊ ငါ ချစ်မြတ်နိုးပြီး အခြားအရာနှင့် မသက်ဆိုင်သည့် သန့်ရှင်းသူများကိုသာ ငါအလိုရှိသည်ကို လူသားမျိုးနွယ်အား ငါသိစေ၏။ ထို့အပြင်၊ ၎င်းတို့၌ ငါသည် ပျော်ရွှင်ဝမ်းမြောက်မည် ဖြစ်ပြီး၊ ၎င်းတို့ကို ငါ၏ဘုန်းအသရေအဖြစ် မှတ်ယူမည်။ သို့သော်၊ ငါအလိုရှိသော အရာသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်သည့်၊ ယနေ့တွင် စာတန်နှင့် သက်ဆိုင်ပြီး ငါ၏မူလဖန်ဆင်းခြင်း မဟုတ်တော့သည့် လူသားမျိုးနွယ် မဟုတ်ပေ။ ငါသည် လူ့လောက၌ တည်ရှိနေသော ငါ၏ဘုန်းအသရေကို ပြန်သိမ်းရန် ရည်ရွယ်သောကြောင့်၊ စာတန်ကို အနိုင်ယူရာတွင် ငါ၏ ဘုန်းအသရေနှင့်ဆိုင်သော သက်သေအဖြစ် လူသားမျိုးနွယ်ထဲမှ ရှင်ကျန်သူများကို ငါ လုံးဝ သိမ်းပိုက်မည်။ ငါသည် ငါ၏သက်သေကိုသာ ငါကိုယ်တိုင်၏ ပုံဆောင်မှုအဖြစ်၊ ငါ၏ပျော်ရွှင်မှု ရည်မှန်းချက်အဖြစ် ငါ သဘောထားမည်။ ဤသည်မှာ ငါ၏ရည်ရွယ်ချက် ဖြစ်သတည်း။
လူသားမျိုးနွယ်သည် ယနေ့ ၎င်းတို့ ရောက်ရှိနေသော နေရာသို့ ရောက်ဖို့ရန် သမိုင်းနှစ်ပေါင်း သောင်းချီကြာပြီးဖြစ်သည်၊ သို့သော် အစအဦး၌ ငါ ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်သည် အချိန်ကြာမြင့်စွာကတည်းက ဆုတ်ယုတ်ခြင်းထဲသို့ ကျဆင်းပြီးဖြစ်သည်။ လူသားမျိုးနွယ်သည် ငါ အလိုဆန္ဒရှိသည့် လူသားမျိုးနွယ် မဟုတ်တော့သကဲ့သို့၊ ထို့ကြောင့် ငါ၏ အမြင်တွင် လူတို့သည် လူသားမျိုးနွယ်၏ အမည်ဖြင့် မထိုက်တန်တော့ပေ။ ယင်းထက် ၎င်းတို့သည် စာတန်က ဖမ်းဆီးချုပ်နှောင်ပြီးဖြစ်သည့် လူသားမျိုးနွယ်၏ လူဖျင်းလူသွမ်းများနှင့် စာတန်က မှီတင်းအခြေချထားကာ မိမိကိုယ်ကိုယ် အရေခြုံထားသည့် လမ်းလျှောက်နေသည့် ပုပ်ပွသော အလောင်းကောင်များ ဖြစ်သည်။ လူများသည် ငါ၏တည်ရှိခြင်းကို မယုံကြည်ကြသကဲ့သို့၊ ငါ၏ကြွလာခြင်းကိုလည်း မကြိုဆိုကြချေ။ လူသားမျိုးနွယ်သည် ငါ၏ တောင်းဆိုချက်များကို ယာယီခဏ လိုက်လျောရင်း တွန့်တိုစွာ တုံ့ပြန်ရုံတုံ့ပြန်ကြပြီး၊ အသက်တာ၏ ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုတို့တွင် ငါနှင့်အတူ စိတ်ရင်းအမှန်ဖြင့် မျှဝေမခံစားကြချေ။ လူတို့သည် ငါ့ကို နားမလည်နိုင်စရာဟု မြင်ကြသည့်အတွက်၊ ၎င်းတို့သည် လက်ရှိ ငါ၏ ရည်ရွယ်ချက်များကို မဆိုထားနှင့်၊ ငါ၏ အမှုနှင့်ဆိုင်သည့် အသိပညာ မရှိကြသည့်အတွက်၊ တန်ခိုးအာဏာရှိသူကို မျက်နှာချိုသွေးသည့် သဘောထားဖြင့် ငါ့ကို တွန့်တိုသော အပြုံးများ ပြုံးပြကြလေသည်။ ငါသည် သင်တို့နှင့်ပတ်သက်၍ ရိုးသားမည်။ အချိန်ကျလာသည့်အခါ၊ ငါ့ကို ကိုးကွယ်ကြသော သူများ၏ ဆင်းရဲဒုက္ခသည် သင်တို့ထက် သာ၍ ခံသာလိမ့်မည်။ အမှန်တွင် ငါ၌ သင်တို့၏ ယုံကြည်ခြင်း အတိုင်းအတာသည် ယောဘ၏ ယုံကြည်ခြင်းကို မကျော်လွန်ချေ။ ယုဒလူမျိုး ဖာရိရှဲများ၏ ယုံကြည်ခြင်းပင်လျှင် သင်တို့ထက် သာလွန်၏၊ ထို့ကြောင့် မီးနေ့ရက်သည် ကျရောက်လာပါက၊ သင်တို့၏ ဆင်းရဲဒုက္ခသည် ယေရှု၏ ပြစ်တင်မောင်းမဲခြင်း ခံခဲ့ရချိန် ဖာရိရှဲများ၏ ဆင်းရဲဒုက္ခထက်၊ မောရှေကို ဆန့်ကျင်ခဲ့ကြသော ခေါင်းဆောင် ၂၅၀ ၏ ဆင်းရဲဒုက္ခထက်၊ ယင်း၏ ပျက်စီးခြင်းနှင့်ဆိုင်သည့် ချစ်ချစ်တောက် ပူပြင်းသော မီးလျှံများအောက် သောဒုံမြို့၏ ဆင်းရဲဒုက္ခထက် သာ၍ကြီးလေးလိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စစ်မှန်သောလူတစ်ယောက် ဖြစ်ခြင်းဆိုသည်မှာ
နတ်ဆိုးနှင့်သက်ဆိုင်သော သူအားလုံးသည် မိမိတို့ကိုယ်ကိုယ်အတွက် အသက်ရှင်ကြ၏။ ၎င်းတို့၏ ဘဝအမြင်များနှင့် ဆိုရိုးများက၊ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” “လူဆိုတာကြံရင်းသေကြသလို ငှက်ဆိုတာပျံရင်းသေကြတယ်” နှင့် အခြားသော ထိုအတွေးများကဲ့သို့ စာတန်၏ ဆိုရိုးစကားများမှ အဓိက လာလေသည်။ ထိုနတ်ဆိုးဘုရင်များ၊ ကြီးမြတ်သူများနှင့် အတွေးအခေါ်ပညာရှင်များက ပြောဆိုသည့် ဤစကားများအားလုံးသည် လူသား၏ တကယ့်ဘဝ ဖြစ်လာကြသည်။ အထူးသဖြင့် တရုတ်လူမျိုးများ၏ “ပညာရှိ” ဟု အမွှမ်းတင်ခြင်းကို ခံရသူ ကွန်ဖြူးရှပ်၏ စကားအများစုမှာ လူသား၏ ဘဝ ဖြစ်လာပြီးဖြစ်သည်။ ဗုဒ္ဓဘာသာနှင့် ဒေါင်အယူဝါဒတို့၏ နာမည်ကျော် စကားပုံများနှင့် နာမည်ကျော် ပုဂ္ဂိုလ်အမျိုးမျိုးတို့၏ မကြာခဏ ကိုးကားခံရသည့် ဂန္တဝင် ဆိုရိုးစကားများလည်း ရှိပေသည်။ ဤအရာအားလုံးသည် စာတန်၏ အတွေးအခေါ်များနှင့် စာတန်၏ သဘာဝတို့၏ အနှစ်ချုပ်များ ဖြစ်ကြသည်။ ၎င်းတို့သည် စာတန်၏ သဘာဝနှင့်ဆိုင်သော အကောင်းဆုံး သာဓကများနှင့် ရှင်းပြချက်များလည်း ဖြစ်ကြသည်။ လူသား၏ စိတ်နှလုံးထဲသို့ သွင်းပေးခံခဲ့ရသည့် ဤအဆိပ်များအားလုံး စာတန်ထံမှ လာပြီး ၎င်းတို့ထဲမှ နည်းနည်းမျှ ဘုရားသခင်ထံမှ မလာပေ။ ထိုသို့သော ဆိုးယုတ်သည့် စကားများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်လည်း တိုက်ရိုက် ဆန့်ကျင်လျက် ရှိ၏။ အပြုသဘောဆောင်သော အရာများအားလုံး၏ လက်တွေ့အရှိတရားများသည် ဘုရားသခင်ထံမှ လာပြီး၊ လူသားကို အဆိပ်ခတ်သည့် အပျက်သဘောဆောင်သော အရာများအားလုံးက စာတန်ထံမှ လာသည်မှာ လုံးဝ ရှင်းသည်။ ထို့ကြောင့်၊ သင်သည် လူပုဂ္ဂိုလ်တစ်ဦး၏ သဘာဝဗီဇနှင့် သူသည် မည်သူနှင့် သက်ဆိုင်ကြောင်းကို သူ၏ဘဝအမြင်များနှင့် တန်ဖိုးများကို ကြည့်ရှုခြင်းဖြင့် ထိုးထွင်းသိမြင်နိုင်သည်။ စာတန်သည် နိုင်ငံတော်အစိုးရများ၊ ကျော်ကြားသူများနှင့် ကြီးမြတ်သူများ၏ ပညာရေးနှင့် လွှမ်းမိုးမှုမှတစ်ဆင့် လူတို့ကို ဖျက်ဆီးသည်။ သူတို့၏ ဆိုးယုတ်သော စကားများသည် လူသား၏ ဘဝနှင့် သဘာဝဗီဇ ဖြစ်လာပြီးဖြစ်သည်။ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” ဆိုသည်မှာ လူတိုင်းအထဲသို့ သွတ်သွင်းပေးထားသည့် လူသိများသော ဆိုးယုတ်သော ဆိုရိုးတစ်ခုဖြစ်သည်။ ဤဆိုရိုးက လူ့အသက် ဖြစ်လာသည်။ ဤကဲ့သို့သော လောကီဆိုင်ရာ ဆက်ဆံရေးများအတွက် အခြားသော ဒဿနများနှင့်ဆိုင်သည့် စကားများလည်း ရှိသည်။ စာတန်သည် လူတို့ကို ပညာပေးဖို့၊ အထင်အမြင်မှားစေဖို့နှင့် ဖောက်ပြန်ပျက်စီးစေဖို့ နိုင်ငံတစ်နိုင်ငံစီ၏ ရိုးရာယဉ်ကျေးမှုကို အသုံးပြုလျက် လူသားမျိုးနွယ်ကို အတိုင်းမသိ ပျက်စီးခြင်း၏ ချောက်နက်ထဲသို့ ကျဆင်းကာ ဝါးမျိုခံရစေပြီး အဆုံးတွင် လူတို့သည် စာတန်ကိုအစေခံ၍ ဘုရားသခင်ကို ခုခံသောကြောင့် ဘုရားသခင်၏ ဖျက်ဆီးခြင်းကို ခံကြရသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း
လူသားကို အထင်အမြင်မှားစေရန်အတွက် အမျိုးမျိုးသော ရှာဖွေတွေ့ရှိချက်များနှင့် သိပ္ပံဆိုင်ရာ ကောက်ချက်များ အားလုံးကို အသုံးပြုခြင်းအပြင်၊ စာတန်သည် ဘုရားသခင်က လူသားတို့ကို ပေးထားခဲ့သည့် ရှင်သန်နေသော ပတ်ဝန်းကျင်အား အကြောင်းမဲ့ ဖျက်ဆီးခြင်းနှင့် အကျိုးအမြတ်ထုတ်ခြင်းတို့ ဆောင်ရွက်ရန် သိပ္ပံကိုလည်း နည်းလမ်းတစ်ခုအနေနှင့် အသုံးပြု၏။ လူသားသည် သိပ္ပံဆိုင်ရာ သုတေသနကို ဆောင်ရွက်ပါက၊ လူသား၏ ရှင်သန်နေသော ပတ်ဝန်းကျင်နှင့် ဘဝ အရည်အသွေးတို့သည် ဆက်လက်တိုးတက်လိမ့်မည်ဖြစ်သည့်အပြင်၊ သိပ္ပံပညာ တိုးတက်ခြင်း၏ ရည်ရွယ်ချက်မှာ လူသား၏ နေ့စဉ်တိုးလာနေသော ရုပ်ဝတ္ထုလိုအပ်ချက်များနှင့် ၎င်းတို့၏ ဘဝအရည်အသွေးကို အဆက်မပြတ် တိုးတက်စေရန် လိုအပ်မှုတို့ကို ဖြည့်တင်းပေးရန် ဖြစ်သည် ဆိုသည့် မူမမှန်သည့် အကြောင်းပြချက် အောက်တွင် စာတန်သည် ဤအရာကို လုပ်ဆောင် လေသည်။ ဤသည်မှာ စာတန်၏ သိပ္ပံတိုးတက်မှုနှင့်ဆိုင်သည့် အယူအဆရေးရာ အခြေခံ အကြောင်းရင်း ဖြစ်သည်။ သို့ရာတွင်၊ သိပ္ပံက လူသားမျိုးနွယ်ထံ မည်သည့်အရာကို ဆောင်ယူပြီး ဖြစ်သနည်း။ ငါတို့၏ အသက်ရှင်သော ပတ်ဝန်းကျင်နှင့် လူသားမျိုးနွယ်အားလုံး၏ အသက်ရှင်သော ပတ်ဝန်းကျင်သည် ညစ်ညမ်းနေပြီ မဟုတ်လော။ လူတို့ရှူရှိုက်သော လေသည် ညစ်ညမ်းနေပြီ မဟုတ်လော။ ငါတို့သောက်သော ရေသည် ညစ်ညမ်းနေပြီ မဟုတ်လော။ ငါတို့စားသော အစားအစာသည် ဓာတုပစ္စည်းများမပါဘဲ သဘာဝအတိုင်း ဖြစ်သေးသလော။ အစေ့အဆန်များနှင့် ဟင်းသီးဟင်းရွက်အများစုကို မျိုးဗီဇ ပြုပြင်မွမ်းမံထားကြသည်၊ ယင်းတို့ကို ဓာတ်မြေသြဇာဖြင့် စိုက်ပျိုးကြသည်၊ အချို့မှာ သိပ္ပံပညာကို အသုံးပြုပြီး ဖန်တီးထားသော မျိုးကွဲများဖြစ်သည်။ ငါတို့စားသုံးသည့် ဟင်းသီးဟင်းရွက်တို့နှင့် အသီးအနှံတို့သည် သဘာဝအတိုင်း မဟုတ်တော့ပေ။ သဘာဝအတိုင်းဖြစ်သော ကြက်ဥ တစ်လုံးကိုပင် ရှာတွေ့ဖို့ မလွယ်သလို၊ ကြက်ဥများသည် စာတန်၏ သိပ္ပံဟူသော အရာဖြင့် ပြုပြင်ခံထားရနှင့်ပြီးဖြစ်လျက်၊ ယခင်ရှိခဲ့ဖူးသော အရသာမျိုး မရှိတော့ပေ။ ခြုံ၍ကြည့်ပါက၊ လေထု တစ်ခုလုံးသည် ဖျက်ဆီးခံထားရပြီး၊ ညစ်ညမ်းပြီး ဖြစ်သည်။ တောင်တန်းများ၊ ရေကန်များ၊ သစ်တောများ၊ မြစ်များ၊ သမုဒ္ဒရာများနှင့် မြေပြင် အထက်အောက်ရှိ အရာအားလုံးတို့မှာ သိပ္ပံဆိုင်ရာ အောင်မြင်မှု ဟုဆိုသော အရာကြောင့် အားလုံး ပျက်စီးပြီးဖြစ်သည်။ အကျဉ်းချုပ်အားဖြင့်၊ ဘုရားသခင်က လူသားမျိုးနွယ်ကို ပေးအပ်ခဲ့သည့် သဘာဝ ပတ်ဝန်းကျင်တစ်ခုလုံး၊ ရှင်သန်နေသော ပတ်ဝန်းကျင်သည် သိပ္ပံဟူသောအရာကြောင့် ဖျက်စီးခံရကာ ပျက်စီးပြီးဖြစ်သည်။ လူအများအပြားတို့သည် ၎င်းတို့ ရှာဖွေသည့် ဘဝ၏ အရည်အသွေးအရ မိမိတို့၏ စိတ်ဆန္ဒများနှင့် ကိုယ်ခန္ဓာ နှစ်ခုလုံးကို ဖြည့်ဆည်းရင်း ၎င်းတို့ အမြဲမျှော်လင့်ခဲ့သည့်အရာကို ရရှိပြီးဖြစ်သည့် လူများစွာ ရှိသော်လည်း၊ လူသားနေထိုင်သည့် ပတ်ဝန်းကျင်မှာ သိပ္ပံက ယူဆောင်ခဲ့သည့် “အောင်မြင်မှု” အမျိုးမျိုးတို့ကြောင့် အခြေခံအားဖြင့် ဖျက်ဆီးခံရကာ ပျက်စီးပြီး ဖြစ်သည်။ ယခုအချိန်တွင်၊ သန့်ရှင်းသည့် လေတစ်ရှိုက်ကိုပင် ကျွန်ုပ်တို့ ရှူခွင့် မရှိကြတော့ပေ။ ဤသည်မှာ လူသားမျိုးနွယ်၏ သောကရောက်စရာ ဖြစ်သည်မဟုတ်လော။ ဤနေရာမျိုး၌ နေထိုင်ရမည့် အချိန်တွင်၊ လူသားအတွက် ပြောပြစရာ ပျော်ရွှင်မှု တစ်ခုတစ်လေ ရှိပါသလော။ လူသား အသက်ရှင် နေထိုင်သည့် ဤနေရာနှင့် ရှင်သန်သော ပတ်ဝန်းကျင်သည် အစအဦးကတည်းက လူသားအတွက် ဘုရားသခင် ဖန်ဆင်းခဲ့ခြင်းဖြစ်၏။ လူတို့ သောက်သုံးသော ရေ၊ လူတို့ရှူရှိုက်သော လေ၊ လူတို့စားသုံးသော အစားအစာအမျိုးမျိုးနှင့် အပင်များ၊ သက်ရှိသတ္တဝါများအပြင် တောင်များ၊ ရေကန်များနှင့် သမုဒ္ဒရာများသည်ပင်— ဤရှင်သန်နေသော ပတ်ဝန်းကျင်၏ အစိတ်အပိုင်းတိုင်းကို လူသားအား ဘုရားသခင်က ပေးခဲ့ခြင်းဖြစ်သည်။ ယင်းသည် ဘုရားသခင် ချမှတ်ပေးခဲ့သည့် သဘာဝနိယာမနှင့်အညီ လည်ပတ်လျက် သဘာဝအလျောက် ဖြစ်လေသည်။ သိပ္ပံပညာမရှိလျှင် လူတို့သည် ၎င်းတို့အပေါ် ဘုရားသခင်ပေးအပ်ခဲ့သည့် နည်းလမ်းများနောက်သို့ လိုက်ဆဲဖြစ်လိမ့်မည်၊ မူလအတိုင်းဖြစ်ပြီး သဘာဝအတိုင်းဖြစ်သော အရာအားလုံးကို ခံစားနိုင်မည်ဖြစ်ပြီး ပျော်ရွှင်ကြလိမ့်မည်။ သို့ရာတွင် ယခုအချိန်၌ ဤအရာအားလုံးကို စာတန်က ဖျက်ဆီးထား၍ ပျက်စီးခဲ့လေပြီ။ လူသား၏ အဓိက အသက်ရှင်နေထိုင်ရာနေရာသည် သန့်ရှင်းခြင်း မရှိတော့ပေ။ သို့သော် ဤအရာကို မည်သည့်အရာက ဖြစ်စေခဲ့သည် သို့မဟုတ် ဤအရာ မည်သို့ ဖြစ်လာသည်ကို အဘယ်သူကမျှ သတိမပြုမိနိုင် ကြသလို၊ ပို၍ပင် များပြားသောလူတို့သည် သိပ္ပံပညာကို ချဉ်းကပ်ကြပြီး ၎င်းတို့ထံတွင် စာတန် သွတ်သွင်းထားသော အယူအဆများမှတဆင့် သိပ္ပံကို သိနားလည်ကြလေသည်။ ဤသည်မှာ အလွန် စက်ဆုပ်ဖွယ်ကောင်းပြီး၊ သနားစဖွယ်ဖြစ်သည် မဟုတ်လော။ ယခုအချိန်တွင် စာတန်သည် လူတို့ တည်ရှိသည့်နေရာအပြင် ၎င်းတို့ ရှင်သန်သည့် ပတ်ဝန်းကျင်ကို နေရာယူထားပြီး ၎င်းတို့ကို ဤအခြေအနေထဲသို့ ပျက်စီးစေလျက်နှင့် ဤနည်းဖြင့် လူသားမျိုးနွယ်သည် ဆက်လက်တိုးတက်နေရင်းဖြင့်၊ ဘုရားသခင်အတွက် ဤလူတို့ကို ကိုယ်တိုင်ကိုယ်ကျ ဖျက်ဆီးရန် လိုအပ်မှုတစ်ခုတစ်လေ ရှိပါသလော။ လူသားမျိုးနွယ်သည် ဤအတိုင်း ဆက်၍ တိုးတက်ပါက၊ မည်သည့်လားရာသို့ ၎င်းတို့ ဦးတည်မည်နည်း။ (၎င်းတို့ မျိုးဖြုတ်ခံရကြပါလိမ့်မည်။) ၎င်းတို့ မည်သို့ မျိုးဖြုတ်ခံရကြမည်နည်း။ ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် လူသား၏ လောဘတကြီး ရှာဖွေမှုအပြင်၊ ၎င်းတို့သည် သိပ္ပံဆိုင်ရာ စူးစမ်းရှာဖွေခြင်းများနှင့် သုတေသနကို နက်နက်နဲနဲ ပြုလုပ်ပြီးနောက်၊ ၎င်းတို့၏ ကိုယ်ပိုင် ရုပ်ဝတ္ထုလိုအပ်ချက်များ၊ စိတ်ဆန္ဒများကို ဖြည့်ဆည်းဖို့ ထိုသို့သော နည်းလမ်းဖြင့် မရပ်မနား ဆောင်ရွက် ကြလေသည်။ ထိုသို့ဆိုလျှင် လူသားအတွက် အကျိုးဆက်များမှာ အဘယ်နည်း။ ဦးဆုံးအနေဖြင့်၊ ဂေဟစနစ်ဆိုင်ရာ ဟန်ချက်ညီမှုက ကျိုးပျက်သွားပြီဖြစ်ပြီး ဤအရာ ဖြစ်ပျက်သည့်အချိန်တွင် လူတို့၏ ကိုယ်ခန္ဓာများ၊ ၎င်းတို့၏ အတွင်းအင်္ဂါများသည် ဤဟန်ချက်မညီသည့် ပတ်ဝန်းကျင်အားဖြင့် စွန်းထင်းကာ ထိခိုက်ခဲ့ရကြပြီး၊ ကူးစက်တတ်သော ရောဂါအမျိုးမျိုးနှင့် ကပ်ရောဂါတို့ သည်လည်း ကမ္ဘာလောကအနှံ့ ပျံ့နှံ့ကြ၏။ ဤသည်မှာ လူသားအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေ တစ်ခုဖြစ်သည်မှာ မှန်သည်မဟုတ်လော။ ယခုအချိန်တွင် သင်တို့သည် ဤအရာကို နားလည်၏၊ လူသားမျိုးနွယ်သည် ၎င်းတို့ကိုယ်၎င်းတို့ အဆက်မပြတ် ကြွယ်ဝစေရန် အသိပညာကို အသုံးပြုရင်း၊ လူ့ဘဝ၏ အနာဂတ်ကို မရပ်မနား စူးစမ်းလေ့လာရန် သိပ္ပံပညာကို အသုံးပြုရင်း၊ ဆက်လက် ရှင်သန်ရန်အတွက် ဤသို့သော နည်းလမ်းကို အသုံးပြုရင်းဖြင့်၊ ဘုရားသခင်၏ နောက်ကို မလိုက်ဘဲ၊ စာတန်နောက်ကိုသာ ဤနည်းဖြင့် အမြဲလိုက်လျှောက်ပါက လူသားမျိုးနွယ် အတွက် ဤအရာ မည်သို့ အဆုံးသတ်မည်ကို သင် သတိပြုမိနိုင်သလော။ လူသားမျိုးနွယ်သည် သဘာဝအလျောက် မျိုးသုဉ်းသွားလိမ့်မည်။ တစ်ဆင့်ချင်းဖြင့် လူသားမျိုးနွယ်သည် ပျက်စီးခြင်းသို့၊ ၎င်းတို့ကိုယ်တိုင်၏ ပျက်စီးခြင်းသို့ ဦးတည်သွားနေသည်။ ဤသည်မှာ မိမိတို့ကိုယ်ကိုအပေါ်သို့ ပျက်စီးခြင်း ဆိုက်ရောက်အောင် လုပ်နေခြင်းဖြစ်သည် မဟုတ်လော။ ဤသည်မှာ သိပ္ပံတိုးတက်မှု၏ အကျိုးဆက်မဟုတ်သလော။ အမှုအရာများကို သင်တို့ ခွဲခြားသိမြင်ရန် ကြိုးစားသည့်အခါ ဇဝေဇဝါဖြင့်သာ လုပ်မိကြဖို့အလို့ငှာ သိပ္ပံဟူသည် ယခုအချိန်တွင် လူသားအတွက် စာတန်ပြင်ဆင်ထားသော မှော်ဆေးရည်တစ်မျိုးအလား ထင်ရ၏။ မည်မျှပင် ကြိုးစား၍ ကြည့်သည်ဖြစ်စေ၊ အမှုအရာများကို သင်တို့ ရှင်းလင်းစွာ မမြင်နိုင်သကဲ့သို့၊ မည်မျှပင် ကြိုးစားသည်ဖြစ်စေ ယင်းအရာတို့ကို အဖြေမရှာနိုင် ကြပေ။ သို့ရာတွင် စာတန်သည် သင်၏အာသီသကို ပြင်းပြလာစေရန်နှင့် သင့်အား နဖားကြိုးတပ်ကာ အသူရာချောက်နက် နှင့် သေမင်းဆီသို့ တစ်လှမ်းချင်း ဆက်လျှောက်စေရန် သိပ္ပံ၏နာမည်ကို အသုံးပြုလေသည်။ ဤသို့ဖြစ်သောကြောင့် အမှန်တကယ်တွင် လူသား၏ ပျက်စီးခြင်းသည် စာတန်၏လက်ကြောင့် ဖြစ်လာရပြီး စာတန်က ခေါင်းဆောင်ဖြစ်သည်ကို လူတို့သည် ရှင်းရှင်းလင်းလင်း မြင်ကြလိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)
ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ
နိုင်ငံတိုင်းနှင့် လူမျိုးတိုင်း၏ ကံကြမ္မာကို ဘုရားထိန်းချုပ်
ဘုရား၏စိတ်သဘောထားကို နှိုးဆွသူသည် အပြစ်ဒဏ်ပေးခြင်း ခံရမည်