၁၀။ စမ်းသပ်ခြင်းများနှင့် စစ်ဆေးခြင်းကို တွေ့ကြုံနည်း
နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ
လူသား၏ အခြေအနေနှင့် ဘုရားသခင်အပေါ် လူသား၏ သဘောထားတို့နှင့် ရင်ဆိုင်ရလျက်၊ ဘုရားသခင်သည် သူနှင့် သက်ဆိုင်သည့် အသိပညာနှင့် သူ့အပေါ် ကျိုးနွံနာခံခြင်း၊ ချစ်ခြင်းမေတ္တာနှင့် သက်သေခံခြင်း နှစ်ခုစလုံးတို့ကို လူသားအား ပိုင်ဆိုင်ခွင့်ပေးရင်း၊ အမှုသစ်ကို လုပ်ဆောင်ပြီးဖြစ်သည်။ ထို့ကြောင့်၊ လူသားသည် သူ့အပေါ် ဘုရားသခင်၏ စစ်ဆေးခြင်းအပြင်၊ သူ၏ တရားစီရင်ခြင်း၊ သူ့ကို ပြုပြင်ခြင်းတို့ကို ကြုံတွေ့ရမည်ဖြစ်သည်၊ ထိုအရာများမရှိဘဲ လူသားသည် ဘုရားသခင်ကို ဘယ်သောအခါမျှ သိမည်မဟုတ်သကဲ့သို့၊ ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်းနှင့် သက်သေခံခြင်းတို့ ဘယ်သောအခါမျှ တတ်စွမ်းနိုင်လိမ့်မည် မဟုတ်ပေ။ လူသားအပေါ် ဘုရားသခင်၏ စစ်ဆေးခြင်းသည် တစ်ဖက်သတ် အကျိုးသက်ရောက်မှုအတွက်သာ မဟုတ်ဘဲ ရှုထောင့်များစွာ အကျိုးသက်ရောက်မှုအတွက် ဖြစ်သည်။ ထို့ကြောင့် သမ္မာတရားကို ရှာဖွေရန် ဆန္ဒရှိသူများတွင် ဘုရားသခင်သည် ၎င်းတို့၏ သန္နိဋ္ဌာန်နှင့် ချစ်ခြင်းကို သူ့အားဖြင့် စုံလင်စေဖို့အလို့ငှာ စစ်ဆေးခြင်းအမှုကို လုပ်ဆောင်လေသည်။ သမ္မာတရားကို ရှာဖွေရန် လိုလားနေသူများနှင့် ဘုရားသခင်ကို တမ်းတသူများအဖို့ ဤသို့သော စစ်ဆေးခြင်းထက် မည်သည့်အရာမျှ ပို၍အဓိပ္ပာယ်မရှိ၊ သို့မဟုတ် ပို၍ကြီးမားသော အထောက်အပံ့မဖြစ်ပေ။ အဆုံးတွင် ဘုရားသခင်သည် ဘုရားသခင် ဖြစ်သည့်အတွက်၊ ဘုရားသခင်၏ စိတ်သဘောထားကို လူသားက အလွန်လွယ်လင့်တကူ နားမလည်ပေ သို့မဟုတ် သဘောပေါက်နားလည်ခြင်း မရှိပေ။ အခြေခံအားဖြင့်၊ ဘုရားသခင်အတွက် လူသားကဲ့သို့ အလားတူ စိတ်သဘောထားရှိရန် မဖြစ်နိုင်သောကြောင့် လူသားအတွက် ဘုရားသခင်၏ စိတ်သဘောထားကို နားလည်ရန် မလွယ်ကူပေ။ သမ္မာတရားကို လူသားက ပင်ကိုအားဖြင့် မပိုင်ဆိုင်သကဲ့သို့၊ စာတန်၏ ဖျက်ဆီးခြင်းခံရသော လူများက အလွယ်တကူ သဘောပေါက်နားလည်ခြင်း မရှိပေ။ လူသားသည် သမ္မာတရား လုံးဝမရှိသကဲ့သို့၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် သန္နိဋ္ဌာန် လုံးဝမရှိပေ။ ပြီးလျှင် သူသည် ဆင်းရဲဒုက္ခမခံစားရဘဲ အစစ်ဆေးမခံရသကဲ့သို့ တရားစီရင်ခြင်း မခံရပါက၊ သူ၏သန္နိဋ္ဌာန်သည် မည်သည့်အခါတွင်မျှ စုံလင်စေခြင်း ခံရမည်မဟုတ်ပေ။ လူများအားလုံးအတွက်၊ စစ်ဆေးခြင်းသည် ဝေဒနာပြင်းထန်ပြီး၊ လက်ခံရန် အင်မတန် ခက်ခဲသည်။ သို့သော်လည်း ဘုရားသခင်သည် လူသားထံ သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားကို ပေါ်လွင်စေပြီး၊ လူသားအတွက် သူ၏သတ်မှတ်ချက်များကို လူသိရှင်ကြား ဖြစ်စေကာ၊ သာ၍ ဉာဏ်အလင်းပွင့်ခြင်းကို ပေးပြီး၊ သာ၍ လက်တွေ့ကျသော ပြုပြင်ခြင်းကို ပေးသည်မှာ စစ်ဆေးခြင်း အတောအတွင်းတွင် ဖြစ်သည်။ အမှန်တရားများနှင့် သမ္မာတရားကြား နှိုင်းယှဉ်ခြင်းမှတစ်ဆင့်၊ လူသည် သူကိုယ်တိုင်နှင့်နှင့်ပတ်သက်၍လည်းကောင်း၊ သမ္မာတရားနှင့်ပတ်သက်၍လည်းကောင်း ပိုကြီးမားသော အသိကိုရရှိပြီး ဘုရား၏ ရည်ရွယ်ချက်များနှင့်သက်ဆိုင်သော ပိုကြီးမားသော နားလည်ခြင်းကို ရရှိ၏။ ထိုသို့ဖြင့် ဘုရားသခင်အပေါ် သာ၍စစ်မှန်ပြီး သာ၍ဖြူစင်သော ချစ်ခြင်းမေတ္တာရှိစေရန် လူသားကို အခွင့်ပေးလေသည်။ ယင်းမှာ စစ်ဆေးခြင်းအလုပ်ကို ဆောင်ရွက်ရာတွင် ဘုရားသခင်၏ ရည်မှန်းချက်များ ဖြစ်သည်။ လူသား၌ ဘုရားသခင် လုပ်ဆောင်သည့် အမှုအားလုံးသည် ကိုယ်ပိုင်ရည်ရွယ်ချက်များနှင့် အရေးပါမှုတို့ရှိသည်။ ဘုရားသခင်သည် အဓိပ္ပာယ်မရှိသောအမှုကို မလုပ်ဆောင်သကဲ့သို့၊ လူသားအဖို့ အကျိုးမရှိသည့် အမှုကိုလည်း မလုပ်ဆောင်ပေ။ စစ်ဆေးခြင်းဟူသည်မှာ ဘုရားသခင် ရှေ့မှောက်မှ လူတို့အား ဖယ်ရှားခြင်းကို မဆိုလိုသကဲ့သို့၊ ၎င်းတို့ကို ငရဲတွင် ဖျက်ဆီးခြင်းကိုလည်း မဆိုလိုပေ။ ယင်းထက်၊ စစ်ဆေးခြင်း အတောအတွင်းတွင် လူသား၏ စိတ်သဘောထားကို ပြောင်းလဲခြင်း၊ သူ၏ ရည်ရွယ်ချက်များ၊ သူ၏ အမြင်ဟောင်းများကို ပြောင်းလဲခြင်း၊ ဘုရားသခင် အတွက် သူ၏ချစ်ခြင်းကို ပြောင်းလဲပေးခြင်းနှင့် သူ၏ဘဝတစ်ခုလုံး ပြောင်းလဲပေးခြင်းတို့ကို ဆိုလိုသည်။ စစ်ဆေးခြင်းသည် လူသားအား လက်တွေ့ကျသော စစ်ဆေးမှုတစ်ခု ဖြစ်ပြီး၊ လက်တွေ့ကျသော လေ့ကျင့်မှုပုံစံတစ်ခု ဖြစ်ကာ၊ စစ်ဆေးခြင်း အတောအတွင်းတွင်သာ သူ၏ချစ်ခြင်းမေတ္တာသည် ၎င်း၏ ပင်ကိုလုပ်ငန်းတာဝန်ကို ထမ်းဆောင်နိုင်ပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စစ်ဆေးခြင်းကိုကြုံတွေ့ခြင်းအားဖြင့်သာ လူသားသည် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်နိုင်သည်
လူသားကိုစစ်ဆေးရန် ဘုရားသခင်အမှုပြုသည့်အခါ၊ လူသားက ဒုက္ခခံရသည်။ လူတစ်ဦး၏ စစ်ဆေးခံရခြင်း ကြီးမားလေလေ၊ ဘုရားသခင်ကို ချစ်သော စိတ်နှလုံးကို ပို၍ ပိုင်ဆိုင်လေဖြစ်မည်ဖြစ်ပြီး သူ့အထဲတွင် ဘုရားသခင်၏ခွန်အား ထုတ်ဖော် ခံရလေလေ ဖြစ်မည်။ ဆန့်ကျင်ဘက်အနေဖြင့် လူတစ်ဦးက စစ်ဆေးခံရမှု ရရှိခြင်း နည်းလေလေ ဘုရားသခင်ကို ချစ်သော စိတ်နှလုံး ပိုင်ဆိုင်ခြင်း ပို၍နည်းလေလေဖြစ်ပြီး သူ့အထဲတွင် ဘုရားသခင်၏ခွန်အား ထုတ်ဖော်ခံရမှု နည်းလေလေ ဖြစ်မည်။ ထိုကဲ့သို့သောသူတစ်ဦး၏ စစ်ဆေးခံရခြင်းနှင့် ဝေဒနာ ကြီးမားပြီး ညှဉ်းဆဲခြင်းကို သူတို့တွေ့ကြုံရလေလေ၊ ဘုရားသခင်အပေါ် သူ၏ချစ်ခြင်း နက်ရှိုင်းလေလေဖြစ်ကာ၊ ဘုရားသခင်အပေါ် သူ၏ ယုံကြည်ခြင်းက စစ်မှန်လေလေ ဖြစ်လာပြီး ဘုရားသခင်အပေါ် သူ၏ သိကျွမ်းခြင်းက နက်ရှိုင်းလေလေ ဖြစ်မည်။ သင်၏အတွေ့အကြုံများတွင် သူတို့ စစ်ဆေးခြင်းခံရစဉ် ကြီးမားစွာ ဒုက္ခခံရသူများ၊ ပြုပြင်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းကို များစွာခံရသောလူတို့ ဘုရားသခင်အပေါ် နက်နဲသော ချစ်ခြင်းမေတ္တာရှိကာ ဘုရားသခင်အပေါ် ပို၍လေးနက်ပြီး ထိုးထွင်းသိမြင်နိုင်သည့် သိကျွမ်းခြင်းရှိသောသူများကို သင်တွေ့ရလိမ့်မည်။ ပြုပြင်ခြင်း မခံရသေးသော သူများ၌ အပေါ်ယံအသိသာ ရှိကြပြီး၊ ၎င်းတို့က “ဘုရားသခင်သည် အလွန်ကောင်းမြတ်၏၊ လူတို့က သူ့ကို မွေ့လျော်နိုင်ဖို့အတွက် သူတို့အပေါ် ကျေးဇူးတော်ကို နှင်းအပ်ပေး၏” ဟူ၍သာ ပြောနိုင်ကြသည်။ အကယ်၍ လူတို့သည် ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းကို တွေ့ကြုံဖူးပါက၊ ၎င်းတို့သည် ဘုရားသခင်အပေါ် စစ်မှန်သော သိကျွမ်းခြင်းအကြောင်းကို ပြောနိုင်ကြသည်။ ထို့ကြောင့် လူသား၏အထဲ၌ ဘုရားသခင်၏အမှုက အံ့သြဖွယ်ကောင်းလေလေ၊ ယင်းက တန်ဖိုးရှိလေလေနှင့် အဓိပ္ပာယ်ရှိလေလေ ဖြစ်သည်။ ဘုရားသခင်၏အမှုက သင့်အတွက် ပို၍ခဲကတ်ပြီး ယင်းက သင်၏အယူအဆများနှင့် သဟဇာတမဖြစ်လေလေ၊ ယင်းက သင့်ကို သိမ်းပိုက်ရန်၊ သင့်ကိုရယူရန်နှင့် သင့်ကိုစုံလင်စေရန် တတ်နိုင်လေလေ ဖြစ်သည်။ ဘုရားသခင့်အမှု၏ အဓိပ္ပာယ်မှာ အဘယ်မျှလောက် ကြီးမားလေ သနည်း။ အကယ်၍ ဘုရားသခင်သည် လူသားကို ဤနည်းဖြင့် မစစ်ဆေးခဲ့ပါက၊ အကယ်၍ သူသည် ဤနည်းလမ်းအတိုင်း အမှုမပြုခဲ့ပါက၊ သူ၏အမှုသည် မထိရောက်ဘဲ အဓိပ္ပာယ်ကင်းမဲ့နေခဲ့မည် ဖြစ်သည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် ဤလူစုကို ရွေးချယ်ရယူပြီး ၎င်းတို့ကို စုံလင်စေမည်ဟု အတိတ်က ပြောခဲ့၏။ ဤအရာ၌ သာမန်ထက်ထူးခြားသော အဓိပ္ပာယ် ရှိသည်။ သင်တို့အထဲတွင် သူလုပ်ဆောင်သောအမှုသည် ကြီးမားလေလေ၊ ဘုရားသခင်အပေါ် သင်တို့၏ချစ်ခြင်းမေတ္တာသည် နက်ရှိုင်းလေလေနှင့် စင်ကြယ်လေလေ ဖြစ်သည်။ ဘုရားသခင်၏အမှု ကြီးမားလေလေ၊ လူသားသည် သူ၏ဉာဏ်ပညာကို အတော်ပင် သဘောပေါက်နိုင်လေလေဖြစ်ပြီး သူ့အပေါ် လူသား၏ သိကျွမ်းခြင်းသည်လည်း နက်ရှိုင်းလေလေ ဖြစ်သည်။ နောက်ဆုံးသောကာလအတောအတွင်း ဘုရားသခင်၏ နှစ် ၆၀၀၀ စီမံခန့်ခွဲမှုအစီအစဉ်သည် အဆုံးသတ်လိမ့်မည်။ ယင်းသည် အမှန်တကယ် လွယ်ကူစွာ အဆုံးသတ်နိုင်မည်လော။ သူသည် လူသားမျိုးနွယ်ကို သိမ်းပိုက်ပြီးသည်နှင့်တစ်ပြိုင်နက် သူ၏အမှုက ပြီးဆုံးသွားမည်လော။ ယင်းက အလွန်ရိုးရှင်းနိုင်မည်လော။ လူတို့က ယင်းမှာ ဤမျှရိုးရှင်းသည်ဟု အမှန်ပင် ထင်မှတ်ကြသော်လည်း၊ ဘုရားသခင် ပြုသောအရာမှာ အလွန်ရိုးရှင်းသည် မဟုတ်ပေ။ ဘုရားသခင့်အမှု၏ မည်သည့်အပိုင်းကို သင်ပြောလိုသည်ဖြစ်စေ၊ ထိုအရာအလုံးစုံမှာ လူသားအတွက် ဉာဏ်မီနိုင်ဖွယ် မဟုတ်ပေ။ သင်သည် ယင်းကို နားလည်သဘောပေါက်နိုင်ခဲ့ပါက၊ ဘုရားသခင်၏အမှုမှာ အဓိပ္ပာယ် သို့မဟုတ် တန်ဖိုး ကင်းမဲ့နေပေမည်။ ဘုရားသခင်ပြုခဲ့သော အမှုမှာ ဉာဏ်မီနိုင်ဖွယ် မဟုတ်ပေ။ ယင်းက သင်၏အယူအဆများနှင့် လုံးလုံးဆန့်ကျင်လျက်ရှိပြီး၊ သင်၏အယူအဆများနှင့် ညှိ၍မရလေလေ၊ ယင်းက ဘုရားသခင်၏အမှုမှာ အဓိပ္ပာယ်ရှိကြောင်း ပြလေလေ ဖြစ်သည်။ သင်၏အယူအဆများနှင့် သဟဇာတဖြစ်ခဲ့ပါက၊ ယင်းမှာ အဓိပ္ပာယ်ရှိမည် မဟုတ်တော့ပေ။ ဘုရားသခင်၏အမှုမှာ အလွန်အံ့သြဖွယ်ဖြစ်ကြောင်း သင်ယနေ့ခံစားရကာ၊ ယင်းက အံ့သြဖွယ်ကောင်းသည်ဟု သင်ခံစားရလေလေ၊ ဘုရားသခင်သည် ဉာဏ်မီနိုင်ဖွယ်ရာ မဟုတ်ကြောင်း သင်ခံစားရလေလေ ဖြစ်ပြီး၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များမှာ အဘယ်မျှကြီးမြတ်ကြောင်း သင်မြင်ရလေလေ ဖြစ်သည်။ အကယ်၍ သူသည် လူသားကို သိမ်းပိုက်ရန် အပေါ်ယံ၊ ဝတ်ကျေတမ်းကျေ အမှုအနည်းငယ်ကိုသာ ပြုပြီးနောက် အခြားမည်သည့်အရာကိုမျှ မပြုခဲ့ပါက၊ လူသားသည် ဘုရားသခင့်အမှု၏ အဓိပ္ပာယ်ကို ရှုမြင်နိုင်စွမ်း ရှိမည်မဟုတ်ပေ။ သင်သည် ယခု အနည်းငယ်သော စစ်ဆေးခြင်းကို ခံယူနေရသော်လည်း၊ ယင်းမှာ အသက်တာ၌ သင်၏ ကြီးထွားမှုအတွက် ကြီးမားသော အကျိုးကျေးဇူး ရှိပေသည်။ ထို့ကြောင့် သင်တို့အနေဖြင့် ထိုကဲ့သို့သော ဆင်းရဲဒုက္ခကို ခံရရန်မှာ အဆုံးစွန်လိုအပ်ချက်ပင် ဖြစ်သည်။ ယနေ့ သင်သည် အနည်းငယ်သော စစ်ဆေးခြင်းကို ခံယူနေရသော်လည်း၊ နောင်တွင် သင်သည် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို အမှန်တကယ် ရှုမြင်နိုင်လိမ့်မည်ဖြစ်ပြီး နောက်ဆုံးတွင် “ဘုရားသခင်၏ လုပ်ဆောင်ချက်များက အံ့သြဖွယ်ကောင်းလှပါတကား” ဟု သင်ဆိုလိမ့်မည်။ ဤသည်တို့မှာ သင်၏ စိတ်နှလုံးထဲမှ စကားလုံးများ ဖြစ်လိမ့်မည်။ ဘုရားသခင်၏ စစ်ဆေးခြင်း (အစေခံသူတို့၏ စစ်ဆေးခံရခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကာလ) ကို အတန်ကြာ တွေ့ကြုံရပြီးသည့်အခါ လူအချို့က နောက်ဆုံးတွင် “ဘုရားသခင်အား ယုံကြည်ခြင်းသည် အမှန်တကယ် ခက်ခဲပါတကား” ဟု ဆိုကြလိမ့်မည်။ သူတို့အနေဖြင့် “အမှန်တကယ် ခက်ခဲသည်” ဟူသော စကားလုံးများ သုံးစွဲခဲ့သည့်အချက်က ဘုရားသခင်၏ လုပ်ဆောင်ချက်များမှာ ဉာဏ်မီနိုင်ဖွယ် မဟုတ်ကြောင်း၊ ဘုရားသခင်၏ အမှုတွင် ကြီးမားသော အဓိပ္ပာယ်နှင့် တန်ဖိုးဟူသော စရိုက်လက္ခဏာ ရှိကြောင်းနှင့်၊ သူ၏အမှုမှာ လူသား၏ တန်ဖိုးထားခြင်းခံရရန် လွန်စွာ ထိုက်တန်ကြောင်းကို ပြသသည်။ အကယ်၍ ငါသည် များလှစွာသော အမှုကို ပြုခဲ့ပြီးနောက်တွင် သင်၌ သိကျွမ်းခြင်း စိုးစဉ်းမျှမရှိခဲ့ပါက၊ ငါ၏အမှုသည် တန်ဖိုးရှိနိုင်ဦးမည်လော။ ၎င်းက သင့်အား “ဘုရားသခင်ထံ အစေခံခြင်းက အမှန်တကယ် ခက်ခဲသည်၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များမှာ အံ့သြဖွယ်ကောင်းလှပြီး ဘုရားသခင်သည် အမှန်ပင် ဉာဏ်ပညာရှိ၏။ ဘုရားသခင်သည် ချစ်ဖွယ်ကောင်းလှ၏” ဟု ဆိုစေလိမ့်မည်။ အကယ်၍ အတွေ့အကြုံကာလတစ်ခုကို ခံစားရပြီးနောက်တွင် သင်သည် ထိုကဲ့သို့သော စကားလုံးများကို ပြောနိုင်ပါက၊ ဤအရာက သင်သည် သင့်အထဲ၌ ဘုရားသခင်၏အမှုကို ရရှိထားကြောင်း သက်သေပြပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်
ဤစမ်းသပ်မှုများသည် လူတို့၏ မည်သည့်အတွင်းပိုင်းအခြေအနေကို ရည်ရွယ်ထားသနည်း။ ဘုရားသခင်ကို စိတ်ကျေနပ်အောင်ပြုရန် မတတ်စွမ်းနိုင်သည့် လူတို့အထဲရှိ ပုန်ကန်တတ်သော စိတ်သဘောထားကို ရည်ရွယ်ထားသည်။ လူတို့၏အတွင်း၌ မစင်ကြယ်သည့်အရာများ များစွာရှိသည်၊ အပေါ်ယံ ဟန်ဆောင်သည့်အရာများ များစွာရှိသည်၊ ထို့ကြောင့် ဘုရားသခင်သည် သူတို့ကို သန့်စင်ရန်အတွက် သူတို့အား စမ်းသပ်မှုများကို ခံစားစေသည်။ သို့သော်လည်း ယနေ့ သင်သည် ဘုရားသခင်ကို ကျေနပ်စေနိုင်လျှင်၊ အနာဂတ်မှာ စမ်းသပ်မှုများသည် သင့်အတွက် ပြည့်စုံခြင်းများ ဖြစ်ပါလိမ့်မည်။ ယနေ့ သင်သည် ဘုရားသခင်ကို မကျေနပ်စေနိုင်ပါက၊ အနာဂတ်မှာ စမ်းသပ်မှုများသည် သင့်ကို လှုံ့ဆော်ပါလိမ့်မည်။ သင်သည် မသိလိုက်ဘဲ ကျရှုံးပါလိမ့်မည်။ ဤအချိန်မှာ သင်သည် ဘုရားသခင်၏ အလုပ်ကို မလိုက်မီနိုင်သည့်အတွက်၊ စစ်မှန်သည့် အသုံးဝင်မှုကို မပိုင်ဆိုင်သည့်အတွက် ကိုယ့်ကိုယ်ကိုယ် ကယ်တင်နိုင်မည် မဟုတ်တော့။ သင်သည် အနာဂတ်တွင် ခိုင်မာစွာ ရပ်တည်နိုင်ဖို့ ဆန္ဒရှိလျှင်၊ ဘုရားသခင်ကို ပို၍ကောင်းမွန်စွာ စိတ်ကျေနပ်စေပြီး အဆုံးအထိ သူ့နောက်လိုက်ရန် ဆန္ဒရှိလျှင် ယနေ့အချိန်တွင် ခိုင်မာသော အခြေခံအုတ်မြစ်ကို သင်တည်ဆောက်ရမည်။ အရာအားလုံးမှာ သမ္မာတရားကို လက်တွေ့ ကျင့်သုံးခြင်းအားဖြင့်၊ သူ့ရည်ရွယ်ချက်များကို အလေးထားခြင်းအားဖြင့် ဘုရားသခင်ကို ကျေနပ်စေရပါမည်။ သင်သည် ဤနည်းလမ်းနှင့်ပင် အမြဲတမ်းကျင့်ကြံလျှင် သင့်အထဲ၌ အုတ်မြစ်တစ်ခု ရှိလာပါလိမ့်မည်၊ ဘုရားသခင်သည် သင့်အထဲ၌ရှိသည့် သူ့ကိုချစ်သော နှလုံးသားတစ်ခုကို တွန်းအားပေးပြီး သူသည် သင့်ကို ယုံကြည်မှု ပေးပါလိမ့်မည်။ တစ်နေ့မှာ စမ်းသပ်မှုတစ်ခုသည် သင့်အပေါ်မှာ အမှန်တကယ် ကျရောက်လာသည့်အခါ သင်သည် နာကျင်မှုတစ်ချို့ကို ခံစားရနိုင်ပြီး အတိုင်းအတာ တစ်ခုအထိ ပရိဒေဝဖိစီးမှုကို ခံစားရမည်။ သင်သေသွားသကဲ့သို့ ကြေကွဲ ဝမ်းနည်းမှုကို ခံစားရမည်။ သို့သော်လည်း ဘုရားသခင်အတွက် သင်၏ ချစ်ခြင်းသည် ပြောင်းလဲမည် မဟုတ်ဘဲ သာ၍ပင် နက်ရှိုင်းလာပါလိမ့်မည်။ ဤကဲ့သို့အရာများကား ဘုရားသခင်၏ ကောင်းချီးများပင်။ သင်သည် ယနေ့ ကျိုးနွံနာခံခြင်း နှလုံးသားနှင့် ဘုရားသခင် ပြောဆို၊ လုပ်ဆောင်သည့် အရာများကို လက်ခံနိုင်လျှင် သင့်ကို ဘုရားသခင်က သေချာပေါက် ကောင်းချီးပေးမည် ဖြစ်သည်။ ထို့ကြောင့် သင်သည် ဘုရားသခင် ကောင်းချီးပေးသည့် သူတစ်ယောက်ဖြစ်ပြီး သူ၏ကတိတော်ကို ရရှိမည်ပင်။ ယနေ့ သင်သည် လက်တွေ့မလုပ်ဆောင်လျှင် စမ်းသပ်မှုများသည် တစ်နေ့မှာ သင့်အပေါ်ကို ကျရောက်လာသည့်အခါ သင်သည် ယုံကြည်ခြင်း သို့မဟုတ် ချစ်ခြင်းနှလုံးသား မရှိသည့် သူတစ်ယောက် ဖြစ်လာပါလိမ့်မည်။ ဤအချိန်မှာ စမ်းသပ်မှုသည် သွေးဆောင်မှု ဖြစ်လာပါလိမ့်မည်။ သင်သည် စာတန်၏ သွေးဆောင်မှုထဲကို ထိုးဆင်းသွားမည်ဖြစ်ပြီး လွတ်မြောက်ရာလမ်း ရှိမည်မဟုတ်ပေ။ ယနေ့ သင်သည် သေးငယ်သည့် စမ်းသပ်မှုတစ်ခု သင့်ထံ ကျရောက်လာသောအခါ ခိုင်မြဲစွာ ရပ်တည်ကောင်း ရပ်တည်နိုင်ပါလိမ့်မည်။ သို့သော်လည်း တစ်နေ့၌ ကြီးမားသော စမ်းသပ်မှုတစ်ခု သင့်အပေါ် ကျရောက်လာသောအခါ သင်သည် မလွဲမသွေ ခိုင်မာစွာ ရပ်တည်နိုင်ခြင်းမျိုး ရှိမည်မဟုတ်။ လူအချို့သည် ဘဝင်မြင့်သည်။ သူတို့သည် ပြည့်စုံလုနီးပါး ရှိနေပြီဟု ထင်တတ်ကြသည်။ ဤကဲ့သို့အချိန်များမှာ သင်သည် ပိုပြီးလေးနက်စွာ မလုပ်ဆောင်ဘဲ အားရကျေနပ်လျက် ရှိနေလျှင် သင်သည် အန္တရာယ်ကို ကြုံရပါလိမ့်မည်။ ယနေ့ ဘုရားသခင်သည် ကြီးမားသည့် စမ်းသပ်မှုများကို မလုပ်ဘဲ အားလုံးက အဆင်ပြေသည့်ပုံ ပေါ်နေ၏။ သို့သော်လည်း ဘုရားသခင်က သင့်ကို စမ်းသပ်သည့်အခါ သင်၏အသုံးဝင်မှုသည် အလွန်သေးငယ်ပြီး ကြီးမားသည့် စမ်းသပ်မှုများကို ခံနိုင်ရည် မရှိသည့်အတွက် သင်သည် အလွန် အားနည်းနေသည်ကို တွေ့ရှိရပါလိမ့်မည်။ သင်သည် ဖြစ်သည့်အတိုင်း ဆက်ရှိကာ လေးကန်ထိုင်းမှိုင်းသည့် အခြေအနေတစ်ခုတွင် ရှိနေပါက၊ စမ်းသပ်မှုများ လာသည့်အခါတွင် သင် လဲပြိုလိမ့်မည်။ သင်တို့၏ အရေးပါမှုသည် အဘယ်မျှ သေးငယ်သည် ဆိုသည်ကို သင်တို့ မကြာခဏ ကြည့်သင့်သည်။ ဤကဲ့သို့နည်းလမ်းနှင့်သာ သင်တို့သည် တိုးတက်မှု ရှိနိုင်သည်။ စမ်းသပ်နေချိန် အတွင်းမှာသာ သင်က သင်၏အရေးပါမှုသည် အလွန်သေးငယ်နေသည်ကို တွေ့မြင်လျှင်၊ သင်၏ စိတ်ဓာတ်ခွန်အားက အလွန်အားနည်းနေလျှင်၊ သင့်အတွင်းမှာ စစ်မှန်မှုက အလွန်သေးငယ်နေလျှင်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များမှာ လုံလောက်မှုမရှိလျှင်၊ ဤအချိန်မှ သင်သည် ဤအရာများကို သိမြင်မည်ဆိုလျှင် သိပ်နောက်ကျနေမည် ဖြစ်သည်။
အကယ်၍ ဘုရားသခင်၏ စိတ်သဘောထားကို သင်မသိလျှင် သင်သည် စမ်းသပ်မှုများအတွင်း၌ မလွဲဧကန်ပင် ကျဆုံးလိမ့်မည်။ ဘုရားသခင်က လူတို့ကို စုံလင်အောင် မည်သို့ပြုပေးသည်နှင့် သူတို့ကို မည်သည့်နည်းလမ်းနှင့် စုံလင်အောင် ပြုပေးသည်တို့ကို သင်မသိသည့်အတွက်ကြောင့် ဘုရားသခင်၏ စမ်းသပ်မှုများက သင့်အပေါ်ကို ကျရောက်ပြီး သင်၏အယူအဆများနှင့် ကိုက်ညီမှု မရှိသည့်အခါ သင်သည် ခိုင်မြဲစွာ ရပ်တည်နိုင်မည်မဟုတ်။ ဘုရားသခင်၏ စစ်မှန်သည့် ချစ်ခြင်းမေတ္တာသည် သူ၏စိတ်နေသဘောထား တစ်ခုလုံးပင် ဖြစ်သည်။ ဘုရားသခင်၏ စိတ်နေသဘောထားတစ်ခုလုံးကို လူတို့ထံ ပြသသည့်အခါ ဤအရာက သင်၏ဇာတိပကတိကို အဘယ်အရာယူလာပေးသနည်း။ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်နေသဘောထားကို လူတို့ထံ ပြသသည့်အခါ ၎င်းတို့၏ဇာတိပကတိသည် ဝေဒနာများစွာကို မလွဲဧကန် ခံစားရပါလိမ့်မည်။ သင်သည် ဤဝေဒနာကို မခံစားရလျှင် ဘုရားသခင်၏ စုံလင်အောင်ပြုလုပ်ပေးခြင်းကို သင်မခံယူနိုင်သကဲ့သို့၊ စစ်မှန်သည့် ချစ်ခြင်းကို ဘုရားသခင်ထံ သင်အပ်နှံနိုင်မည်လည်း မဟုတ်ပေ။ အကယ်၍ ဘုရားသခင်က သင့်ကို စုံလင်အောင် ပြုလုပ်လျှင် သူ၏စိတ်နေသဘောထား တစ်ခုလုံးအား သင့်ကို သေချာပေါက် ပြသမည်ဖြစ်သည်။ ဖန်ဆင်းခြင်းကာလမှ ယနေ့အထိ ဘုရားသခင်သည် လူသားအား သူ၏စိတ်နေသဘောထား တစ်ခုလုံးကို တစ်ခါမျှ မပြဖူးပါ။ သို့သော်လည်း နောက်ဆုံးသောကာလအတောအတွင်း သူရှေးမဆွက ခွဲခန့်မှတ်သားပြီး ရွေးချယ်ထားသည့် ဤလူအုပ်စုကို ဖွင့်ပြသည်။ ထို့ပြင် လူများကို စုံလင်အောင်ပြုလုပ်ပေးခြင်းအားဖြင့် သူ၏စိတ်နေသဘောထားများကို ရှင်းလင်းစွာ ဖော်ထုတ်ပြသပြီး ထိုအရာမှတစ်ဆင့် လူတစ်စုကို စုံလင်အောင် သူပြုလုပ်သည်။ ဤအရာသည် လူများအတွက် ထားရှိသည့် ဘုရားသခင်၏ စစ်မှန်သော ချစ်ခြင်းမေတ္တာပင်ဖြစ်သည်။ လူတို့အပေါ်ထားရှိသည့် ဘုရားသခင်၏ စစ်မှန်သည့်ချစ်ခြင်းမေတ္တာကို တွေ့ကြုံဖို့ရန်အတွက် လူတို့အနေဖြင့် ပြင်းထန်လှသည့် ဝေဒနာကို သည်းညည်းခံရရန် လိုအပ်ပြီး မြင့်မားသည့် အဖိုးအခတစ်ခုကို ပေးဆပ်ဖို့ လိုအပ်သည်။ ဤအရာပြီးနောက်မှသာ ဘုရားသခင်၏ရယူခြင်းကို သူတို့ခံရမည်ဖြစ်ပြီး သူတို့၏ စစ်မှန်သည့် ချစ်ခြင်းမေတ္တာကို ဘုရားသခင်ထံ ပြန်လည်ပေးအပ်နိုင်မည် ဖြစ်သည်။ ထိုအခါမှသာလျှင် ဘုရားသခင်၏ စိတ်နှလုံးသည် ကျေနပ်ပါလိမ့်မည်။ အကယ်၍ လူများက ဘုရားသခင်၏ စုံလင်အောင်ပြုလုပ်ပေးခြင်းကို ခံရန်ဆန္ဒရှိသည်ဆိုလျှင်၊ သူ၏အလိုတော်ကို လိုက်လျှောက်ပြီး သူတို့၏ စစ်မှန်သည့် ချစ်ခြင်းမေတ္တာကို ဘုရားသခင်ထံ ပေးအပ်လိုလျှင် သေခြင်းထက် ပိုဆိုးသည့် ဝေဒနာကို ခံစားဖို့ရန်အတွက် အခြေအနေများအရ ဖြစ်ပေါ်လာသည့် များပြားလှသော ဆင်းရဲဒုက္ခနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကို ကြုံတွေ့ရမည်ဖြစ်ပြီး အဆုံးမှာ သူတို့၏ စစ်မှန်သည့် နှလုံးသားကို ဘုရားသခင်ထံ ပြန်လည်ပေးအပ်ဖို့ တွန်းအားပေးခြင်း ခံရမည်ဖြစ်သည်။ လူတစ်ယောက်က ဘုရားသခင်ကို အမှန်တကယ် ချစ်သလော၊ မချစ်သလောဆိုသည်ကို အခက်အခဲနှင့် စစ်ဆေးခြင်းကာလ၌ ထုတ်ဖော်ခြင်းခံရသည်။ ဘုရားသခင်သည် လူများ၏ ချစ်ခြင်းကို သန့်စင်ပေးသည်၊ ထို့ပြင် ဤအရာကိုလည်း အခက်အခဲနှင့် စစ်ဆေးခြင်းအလယ်၌သာ ရရှိသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်
ဘုရားသခင်၌ သူတို့၏ ယုံကြည်ခြင်းတွင် လူတို့ ရှာဖွေကြသည့်အရာမှာ အနာဂတ်အတွက် ကောင်းချီးမင်္ဂလာများကို ရရှိရန်ဖြစ်သည်၊ ဤသည်မှာ သူတို့၏ ယုံကြည်ခြင်းထဲက သူတို့၏ ရည်ရွယ်ချက်ဖြစ်သည်။ လူအပေါင်း၌ ဤရည်ရွယ်ချက်နှင့် မျှော်လင့်ချက် ရှိကြသည်။ သို့သော်လည်း သူတို့၏သဘာဝဗီဇအတွင်းမှ ဖောက်ပြန်ပျက်စီးခြင်းကို စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့အားဖြင့် ဖြေရှင်းရမည်ဖြစ်သည်။ သင်တို့အနေဖြင့် သန့်စင်စေခြင်း မခံရသေးသော၊ ဖောက်ပြန်ပျက်စီးခြင်းကို ဖွင့်ပြသော မည်သည့်ကဏ္ဍများတွင်မဆို ယင်းကဏ္ဍများ၌ စစ်ဆေးခြင်းကို သင်ခံရမည်၊ ဤသည်မှာ ဘုရားသခင်၏ အစီအစဉ်ဖြစ်သည်။ ဘုရားသခင်သည် သင့်အတွက် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးသည်၊ သင်၏ဖောက်ပြန်ပျက်စီးခြင်းကို သင်သိနိုင်ရန် ထိုနေရာတွင် သင့်ကို မဖြစ်မနေ အစစ်ဆေးခံစေသည်။ အဆုံးတွင် သင်သည် သင်၏အကြံအစည်များနှင့် အလိုဆန္ဒများကို စွန့်လွှတ်ရန်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်ကို ကျိုးနွံနာခံရန် သေသာသေလိုသည့် အနေအထားသို့ ရောက်သည်။ ထို့ကြောင့် အကယ်၍ လူတို့သည် နှစ်အနည်းငယ် စစ်ဆေးခံရခြင်း မရှိပါက၊ အကယ်၍ ၎င်းတို့သည် အတိုင်းအတာတစ်ခုအထိ ဒုက္ခဆင်းရဲခြင်းကို မခံရပါက ၎င်းတို့သည် ၎င်းတို့၏အတွေးများနှင့် စိတ်နှလုံးများထဲမှ ဇာတိပကတိဖောက်ပြန်ပျက်စီးခြင်း၏ ဘောင်ခတ်မှုများကို ဖယ်ရှားနိုင်မည် မဟုတ်ပေ။ လူတို့သည် မိမိတို့၏ ဆိုးယုတ်သော သဘာဝ၏ ဘောင်ခတ်မှုများကို ခံနေရသေးသော မည်သည့်ကဏ္ဍများတွင်မဆို၊ ၎င်းတို့၏ ကိုယ်ပိုင် အလိုဆန္ဒများ၊ ၎င်းတို့၏လိုအင်များ ရှိနေသေးသော မည်သည့်ကဏ္ဍများတွင်မဆို ၎င်းတို့သည် ယင်းကဏ္ဍများတွင် ဒုက္ခဆင်းရဲခံသင့်သည်။ ဒုက္ခဆင်းရဲထဲ၌သာ သင်ခန်းစာများကို သင်ယူနိုင်ပြီး၊ ယင်းမှာ သမ္မာတရားကို ရနိုင်စွမ်းနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်နိုင်စွမ်းရှိခြင်းကို ဆိုလိုသည်။ အမှန်အားဖြင့် သမ္မာတရားများစွာကို နာကျင်သော စမ်းသပ်မှုများအား တွေ့ကြုံခြင်းဖြင့် နားလည်ကြခြင်း ဖြစ်သည်။ သက်သောင့်သက်သာရှိပြီး လွယ်ကူသော ပတ်ဝန်းကျင်တစ်ခု၌ ရှိသောအခါ၊ သို့မဟုတ် အခြေအနေများ ကောင်းမွန်နေသောအခါ၌ မည်သူမျှ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်နိုင်ခြင်း၊ ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာကို အသိအမှတ်ပြုနိုင်ခြင်း၊ သို့မဟုတ် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို နားလည်သဘောပေါက်ခြင်း ရှိနိုင်မည် မဟုတ်ပေ။ ထိုအရာမှာ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး
စမ်းသပ်မှုများကို ကြုံရစဉ်တွင် လူတို့အနေဖြင့် အားနည်းခြင်း သို့မဟုတ် ယင်းတို့အထဲတွင် အပျက်သဘောရှိတတ်ခြင်း၊ သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များ သို့မဟုတ် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းအပေါ် ရှင်းလင်းမှုကင်းမဲ့ခြင်းမှာ ပုံမှန်ဖြစ်ပါသည်။ သို့သော် ခြုံငုံကြည့်လျှင် သင်သည် ဘုရားသခင်၏ အမှုတော်၌ ယုံကြည်ခြင်းရှိရမည်ဖြစ်ပြီး ယောဘကဲ့သို့ပင် ဘုရားသခင်ကို မငြင်းဆန်ရပေ။ ယောဘသည် ခွန်အားနည်းပြီး သူ၏မွေးဖွားသည့်နေ့ရက်ကို ကျိန်ဆဲခဲ့သော်လည်း လူတို့မွေးဖွားပြီးနောက်တွင် လူတို့ပိုင်ဆိုင်သည့် အရာခပ်သိမ်းကို ယေဟောဝါ အပ်နှင်းထားကြောင်းနှင့် ယေဟောဝါသည် ယင်းတို့ကို နုတ်ယူသည့် အရှင်လည်းဖြစ်ကြောင်း သူမငြင်းခဲ့ပါ။ မည်သည့်စမ်းသပ်မှုများကို သူကြုံတွေ့ရသည်ဖြစ်စေ ဤယုံကြည်ချက်ကို သူဆုပ်ကိုင်ခဲ့သည်။ လူတို့၏ အတွေ့အကြုံများထဲ၌ ဘုရားနှုတ်ကပတ်တော်များမှ ၎င်းတို့ ကြုံတွေ့ရသော စစ်ဆေးခြင်းက မည်သည့်အရာဖြစ်ပါစေ ခြုံငုံကြည့်လျှင် ဘုရားသခင် လိုချင်သည့်အရာမှာ ၎င်းတို့၏ ယုံကြည်ခြင်းနှင့် ဘုရားသခင်ကို ချစ်သော စိတ်နှလုံးဖြစ်၏။ ဤနည်းအတိုင်း အမှုပြုခြင်းအားဖြင့် သူစုံလင်စေသောအရာမှာ လူတို့၏ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် စိတ်ဓာတ်ကြံ့ခိုင်မှုတို့ ဖြစ်သည်။ ဘုရားသခင်သည် လူတို့အပေါ် စုံလင်စေခြင်းအမှုကို ပြုပြီး၊ ယင်းကို ၎င်းတို့ မမြင်တွေ့နိုင်၊ မထိနိုင်ပေ။ ထိုကဲ့သို့သော အခြေအနေများအောက်တွင် ယုံကြည်ခြင်း လိုအပ်သည်။ တစ်စုံတစ်ရာကို ပကတိမျက်စိဖြင့် မမြင်နိုင်သည့်အခါ ယုံကြည်ခြင်း လိုအပ်သည်။ သင်၏ ကိုယ်ပိုင် အယူအဆများကို သင်လက်မလွှတ်နိုင်သည့်အခါတွင် ယုံကြည်ခြင်းကို လိုအပ်သည်။ သင်သည် ဘုရားသခင်၏အမှုနှင့်ပတ်သက်၍ ရှင်းလင်းမှုမရှိသည့်အခါ တောင်းဆိုသောအရာမှာ သင့်အနေဖြင့် ယုံကြည်ခြင်း ရှိရန်နှင့် ခိုင်မာသော ရပ်တည်ချက်ရှိပြီး သင်၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ရန် ဖြစ်သည်။ ယောဘ ဤအဆင့်သို့ ရောက်သည့်အခါ ဘုရားသခင်သည် သူ့ထံ၌ ပေါ်လာခဲ့ပြီး သူ့ကို စကားပြောခဲ့သည်။ တစ်နည်းအားဖြင့် သင် ယုံကြည်ခြင်း ရှိသည့်အချိန်တွင်သာ ဘုရားသခင်ကို သင်မြင်တွေ့နိုင်မည် ဖြစ်သည်။ သင်၌ ယုံကြည်ခြင်းရှိသည့်အခါ ဘုရားသခင်သည် သင့်ကို စုံလင်စေမည်ဖြစ်ပြီး သင်၌ ယုံကြည်ခြင်းမရှိလျှင် သူက ဤအရာကို လုပ်မပေးနိုင်ချေ။ ဘုရားသခင်သည် သင်ရယူရန်မျှော်လင့်သည့် မည်သည့်အရာကိုမဆို သင့်အပေါ် အပ်နှင်းလိမ့်မည်။ အကယ်၍ သင်၌ ယုံကြည်ခြင်းမရှိပါက သင်သည် စုံလင်အောင်ပြုခြင်း မခံရနိုင်သည့်အပြင် ဘုရားသခင်၏အနန္တတန်ခိုးကို မဆိုထားနှင့်၊ သူ၏လုပ်ရပ်များကို သင်မြင်နိုင်စွမ်း ရှိမည်မဟုတ်ပါ။ သင်၏ စစ်မှန်သော အတွေ့အကြုံများတွင် သူ၏ လုပ်ဆောင်ချက်များကို မြင်တွေ့ရန် သင်၌ ယုံကြည်ခြင်းရှိသည့်အခါ၌ ဘုရားသခင်သည် သင့်ထံပေါ်လာကာ သင့်ကို အသိဉာဏ်ပွင့်လင်းစေပြီး အတွင်းမှနေ၍ လမ်းပြပေးမည်။ ထိုယုံကြည်ခြင်းမရှိဘဲ ဘုရားသခင်သည် ထိုအရာကို ပြုနိုင်မည်မဟုတ်ပါ။ အကယ်၍ သင်သည် ဘုရားသခင်၌ မျှော်လင့်ချက်ပျောက်ဆုံးသွားပါက သူ၏အမှုကို သင် မည်ကဲ့သို့ တွေ့ကြုံနိုင်မည်နည်း။ ထို့ကြောင့် သင်၌ ယုံကြည်ခြင်းရှိပြီး ဘုရားသခင်အပေါ် သံသယများ မသိုထားသည့်အခါမှသာ၊ သူမည်သည့်အရာပြုသည်ဖြစ်စေ သူ့အပေါ် သင် စစ်မှန်သော ယုံကြည်ခြင်း ရှိသည့်အခါမှသာ သူသည် သင်၏ အတွေ့အကြုံများမှတစ်ဆင့် သင့်ကို ဉာဏ်အလင်းပေးပြီး ဖွင့်ပြမည်ဖြစ်ပြီး၊ ထိုမှသာ သင်သည် သူ၏လုပ်ရပ်များကို မြင်နိုင်မည်ဖြစ်သည်။ ထိုအရာများ အားလုံးကို ယုံကြည်ခြင်းအားဖြင့်သာ ရရှိတတ်သည်။ ယုံကြည်ခြင်းသည် စစ်ဆေးခြင်းအားဖြင့်သာ လာပြီး၊ စစ်ဆေးခြင်းမရှိဘဲနှင့် ယုံကြည်ခြင်း မတိုးပွားနိုင်ပေ။ “ယုံကြည်ခြင်း” ဟူသည့် ဤစကားလုံးက မည်သည်ကို ရည်ညွှန်းသနည်း။ ယုံကြည်ခြင်းဆိုသည်မှာ တစ်စုံတစ်ရာကို လူသားတို့ မမြင်နိုင် သို့မဟုတ် မထိတွေ့နိုင်သည့် အခါတွင်လည်းကောင်း၊ ဘုရားသခင်၏ အမှုက လူသား၏ အယူအဆများနှင့် မကိုက်ညီသည့် အခါတွင်လည်းကောင်း၊ ၎င်းကို လူသားတို့ လက်လှမ်းမမီသည့် အခါတွင်လည်းကောင်း သူတို့၌ရှိသင့်သော စစ်မှန်သည့် ယုံကြည်ချက်နှင့် ရိုးသားမှန်ကန်သည့် စိတ်နှလုံးပင်ဖြစ်သည်။ ဤသည်မှာ ငါပြောပြသော ယုံကြည်ခြင်းဖြစ်သည်။ လူတို့သည် ဆင်းရဲဒုက္ခနှင့် စစ်ဆေးခံရသည့် အချိန်များအတွင်းတွင် ယုံကြည်ခြင်းလိုအပ်လျက်ရှိပြီး၊ ယုံကြည်ခြင်းဟူသည် စစ်ဆေးခြင်းနှင့် ယှဉ်တွဲ၍လာသည့် အရာဖြစ်သည်။ စစ်ဆေးခြင်းနှင့် ယုံကြည်ခြင်းတို့မှာ ခွဲခြား၍မရပေ။ ဘုရားသခင် မည်သို့ပင် အမှုပြုသည်ဖြစ်စေ၊ သင်၏ပတ်ဝန်းကျင်မှာ မည်သည့်ပတ်ဝန်းကျင်ဖြစ်စေ သင်သည် အသက်ကို ရရှိအောင် လိုက်စားပြီး သမ္မာတရားကို ရှာဖွေနိုင်ကာ ဘုရားသခင်၏အမှုအား သိကျွမ်းခြင်းကို လိုက်စားနိုင်ပြီး၊ သူ၏လုပ်ရပ်များအား သိရှိဖို့ ကြိုးစားနိုင်သည့်အပြင် သင်သည် သမ္မာတရားနှင့်အညီ ပြုမူကျင့်ကြံနိုင်လျှင် ဤသည်မှာ စစ်မှန်သော ယုံကြည်မှု ရှိခြင်း ဖြစ်ပြီး ယင်းက သင်သည် ဘုရားသခင်အပေါ် ယုံကြည်ခြင်း မပျောက်ဆုံးသေးကြောင်းကို ပြသသည်။ သင်သည် စစ်ဆေးခြင်းအတွင်းတွင် သမ္မာတရားလိုက်စားခြင်းကို စွဲစွဲမြဲမြဲ လုပ်ဆောင်နိုင်ကာ ဘုရားသခင်ကို အမှန်တကယ် ချစ်နိုင်ပြီး သူနှင့်ပတ်သက်၍ သံသယမထားမှသာလျှင်၊ သူမည်သည့်အရာကို လုပ်ဆောင်ပါစေ သူ့ကို စိတ်ကျေနပ်စေဖို့ သင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဆဲဖြစ်ပြီး စိတ်ထဲတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေနိုင်ကာ သူ့၏ ရည်ရွယ်ချက်များကို အလေးထားနိုင်မှသာလျှင် သင်သည် ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်းရှိလေသည်။ အတိတ်က သင်သည် ရှင်ဘုရင်တစ်ပါးအဖြစ် အုပ်စိုးရမည်ဟု ဘုရားသခင် ပြောခဲ့စဉ်အခါက သင်သည် သူ့ကို ချစ်ခဲ့ပြီး သူသည် သူ့ကိုယ်သူ သင့်ထံ ထင်ထင်ရှားရှား ပြသသည့်အခါ သူ့ကို သင် လိုက်စားခဲ့သည်။ သို့သော် ယခုအခါ ဘုရားသခင်သည် ပုန်းကွယ်နေပြီး သူ့ကို သင်မမြင်နိုင်ဘဲ ဆင်းရဲဒုက္ခများက သင့်အပေါ် ကျရောက်လေပြီ၊ ဤအချိန်တွင် ဘုရားသခင်အပေါ် သင် မျှော်လင့်ခြင်း ပျောက်ဆုံးပြီလော။ ထို့ကြောင့် သင်သည် အချိန်တိုင်းတွင် အသက်ကို ရရှိအောင် လိုက်စား၍ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းရန် လိုက်စားရမည်ဖြစ်သည်။ ဤအရာကို စစ်မှန်သောယုံကြည်ခြင်းဟု ခေါ်ပြီး ဤသည်မှာ အစစ်မှန်ဆုံးနှင့် အလှပဆုံးသော ချစ်ခြင်းမေတ္တာမျိုး ဖြစ်သည်။
...ဒုက္ခကို သင်ရင်ဆိုင်ရသည့်အခါ၊ သင်သည် သွေးသားဇာတိအတွက် ပူပန်မှုကို ဘေးဖယ်သည့်အပြင် ဘုရားသခင်အပေါ် ညည်းတွားချက်များ မပြုဘဲ နေနိုင်ရမည်။ ဘုရားသခင်သည် သင့်ထံမှ သူ့ကိုယ်သူ ပုန်းကွယ်နေသည့်အခါ၊ သူ့နောက်သို့လိုက်ရန်၊ သင်၏ရှိရင်းစွဲမေတ္တာကို တုံ့ဆိုင်းခွင့်မပြုဘဲ သို့မဟုတ် ပျောက်ကွယ်ခွင့်မပြုဘဲ ထိန်းသိမ်းထားရန်အတွက် သင်၌ ယုံကြည်ခြင်း ရှိနိုင်ရမည်။ ဘုရားသခင် မည်သည့်အရာကို ပြုသည်ဖြစ်စေ သင်သည် ဘုရားသခင်အား သူဆန္ဒရှိသလို စီစဉ်ညွှန်ကြားခွင့်ပြုပြီး သူ၏ စီစဉ်ပုံကို ကျိုးနွံနာခံကာ သူ့အပေါ် ညည်းတွားချက်များ ပြုမည့်အစား သင်ကိုယ်တိုင်၏ ဇာတိပကတိကို ကျိန်ဆဲလိုစိတ်ရှိရမည်ဖြစ်သည်။ စမ်းသပ်မှုများကို သင်ရင်ဆိုင်ရသည့်အခါ သင်သည် ဘုရားသခင်ကို ကျေနပ်စေရန် သင်ချစ်သည့်အရာကို စွန့်လွှတ်ရခြင်း၏ ဝေဒနာကို သည်းခံလိုစိတ်ရှိရမည်ဖြစ်ပြီး ခါးသီးစွာ ငိုကြွေးလိုစိတ်ရှိရမည်။ ဤသည်သာလျှင် စစ်မှန်သောချစ်ခြင်း နှင့် ယုံကြည်ခြင်းဖြစ်သည်။ သင်၏ တကယ့်ဝိညာဉ်ရင့်ကျက်မှုမှာ မည်သို့ဖြစ်ပါစေ၊ သင်၌ ဒုက္ခခံလိုစိတ်နှင့် စစ်မှန်သောယုံကြည်ခြင်း နှစ်ခုလုံးကို ဦးစွာပိုင်ဆိုင်ရမည်ဖြစ်ပြီး သင်၌ ဇာတိပကတိကို ပုန်ကန်လိုစိတ်လည်း ရှိရမည်။ သင်သည် ဘုရားသခင်၏ရည်ရွယ်ချက်များကို ဖြည့်ဆည်းရန်အတွက် ဆင်းရဲဒုက္ခများကို ကိုယ်တိုင်ကိုယ်ကျကြံ့ကြံ့ခံရန်နှင့် သင်၏ တစ်ကိုယ်ရေ အကျိုးအမြတ်များအား လက်လွှတ်ဆုံးရှုံးမှုခံရရန် လိုလိုလားလားဖြစ်သင့်သည်။ သင်သည် သင့်စိတ်နှလုံးထဲတွင် သင့်ကိုယ်သင်နှင့်ပတ်သက်၍ နောင်တရနိုင်စွမ်းလည်း ရှိရမည်။ အတိတ်တွင် သင်သည် ဘုရားသခင်ကို မကျေနပ်စေနိုင်ခဲ့သဖြင့် ယခုတွင် သင့်ကိုယ်သင် နောင်တရတတ်ခြင်းဖြစ်သည်။ သင်သည် ဤအရာများထဲမှ မည်သည့်အရာကိုမျှ ကင်းမဲ့ခြင်း မရှိရပေ၊ ဘုရားသခင် သင့်ကို စုံလင်စေမည်မှာ ဤအရာများအားဖြင့် ဖြစ်သည်။ သင်သည် ဤစံနှုန်းများနှင့် မပြည့်မီနိုင်ပါက စုံလင်အောင်ပြုခြင်း မခံရနိုင်ချေ။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်
ဘုရားသခင်သည် လက်ရှိတွင် လူတို့ကို စစ်ဆေးလျက်ရှိသည်။ သူသည် စကားတစ်ခွန်းမျှ မိန့်မြွက်ခြင်းမရှိသော်လည်း၊ သူသည် မိမိကိုယ်ကိုယ် ဖုံးကွယ်ပြီး လူတို့နှင့် တိုက်ရိုက်ဆက်သွယ်ခြင်း မပြုပေ။ အပြင်ပန်းမှ၊ သူသည် မည်သည့်အမှုမျှ မလုပ်ဆောင်သကဲ့သို့ ထင်ရသော်လည်း၊ အမှန်မှာ သူသည် လူသားထဲတွင် အမှုပြုနေဆဲ ဖြစ်သည်။ အသက်ဝင်ရောက်မှုကို အားထုတ်သူ မည်သူမဆို ၎င်းတို့၏ အသက်ကို လိုက်စားရှာဖွေခြင်းအတွက် ရူပါရုံရှိပြီး ဘုရားသခင်၏ အမှုကို ၎င်းတို့ အပြည့်အဝ နားမလည်ကြလျှင်ပင် သံသယများ မရှိကြချေ။ စမ်းသပ်မှုများကို ကြုံရစဉ်တွင်၊ ဘုရားသခင် မည်သည့်အရာကို လုပ်ဆောင်လိုပြီး မည်သည့်အလုပ် ပြီးမြောက်လိုသည်ကို သင် မသိသည့်အခါတွင်ပင်၊ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ အကြံအစည်များသည် အမြဲကောင်းမြတ်သည်ကို သင် သိသင့်၏။ စစ်မှန်သော စိတ်နှလုံးဖြင့် သူ့ကို သင် လိုက်စားရှာဖွေပါက၊ သူသည် သင့်ကို မည်သည့်အခါမှ စွန့်ခွာသွားမည် မဟုတ်သကဲ့သို့၊ အဆုံးတွင် သူသည် သင့်ကို ဧကန်မုချ စုံလင်စေမည်ဖြစ်ကာ လူတို့ကို သင့်လျော်သော ခရီးပန်းတိုင်သို့ ပို့ဆောင်ပေးမည် ဖြစ်သည်။ ဘုရားသခင်သည် လက်ရှိတွင် လူတို့ကို မည်သို့စမ်းသပ်နေသည်ကို ပဓာနမထားဘဲ၊ သူသည် လူတို့ကို သင့်လျော်သော ရလဒ်တစ်ခုဖြင့် ထောက်ပံ့ကာ၊ ၎င်းတို့ လုပ်ဆောင်ခဲ့သည့် အရာပေါ်တွင်အခြေခံ၍ သင့်လျော်သော ဒဏ်ခတ်မှုပေးသည့် နေ့ရက်တစ်ရက် ရောက်လာလိမ့်မည်။ ဘုရားသခင်သည် လူတို့ကို အဆင့်တစ်ခုထိ ဦးဆောင်ပြီးနောက် ၎င်းတို့ကို ဘေးဖယ်ကာ လျစ်လျူရှုမည် မဟုတ်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည် ယုံကြည်စိတ်ချရသောကြောင့် ဖြစ်သည်။ ဤအဆင့်တွင်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် စစ်ဆေးခြင်းအမှုကို လုပ်ဆောင်လျက်ရှိသည်။ သူသည် လူသားတစ်ဦးစီတိုင်းကို စစ်ဆေးနေ၏။ သေခြင်းတရား၏ စမ်းသပ်မှုနှင့် ပြစ်တင်ဆုံးမခြင်းနှင့်ဆိုင်သော စမ်းသပ်မှုတို့ဖြင့် ဖွဲ့စည်းသည့် အမှု၏အဆင့်များတွင်၊ စစ်ဆေးခြင်းကို နှုတ်ကပတ်တော်များမှတစ်ဆင့် ဆောင်ရွက်လေသည်။ လူတို့အတွက် ဘုရားသခင်၏အမှုတော်ကို ကြုံတွေ့ခံစားရန်၊ ဘုရားသခင်၏ လက်ရှိအမှုတော်နှင့် လူသားမျိုးနွယ် မည်သို့ ပူးပေါင်းလုပ်ဆောင်ရမည် ဆိုသည်ကို ဦးစွာပထမ ၎င်းတို့ နားလည်ရမည်။ အမှန်တွင်၊ ဤသည်မှာ အယောက်တိုင်း နားလည်သင့်သောအရာတစ်ခု ဖြစ်သည်။ ဘုရားသခင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ ယင်းက စစ်ဆေးခြင်းဖြစ်စေ သို့မဟုတ် သူသည် စကားမပြောဘဲနေလျှင်ပင်၊ ဘုရားသခင်၏ အမှုတော် အဆင့်တစ်ခုမျှ လူသားမျိုးနွယ်၏ အယူအဆများနှင့် မကိုက်ညီပေ။ သူ့အမှုတော်၏ အဆင့်အသီးသီးသည် လူတို့၏ အယူအဆများကို အစိတ်စိတ်အမြွှာမြွှာကွဲစေပြီး ထိုးဖောက်ထွက်လေသည်။ ဤသည်မှာ သူ၏အမှုတော်ဖြစ်သည်။ သို့ရာတွင် ဘုရားသခင်၏အမှုတော်သည် အဆင့်တစ်ဆင့်သို့ ရောက်ရှိပြီးဖြစ်သည့်အတွက်၊ မည်သို့ပင်ဖြစ်စေ သူသည် လူသားမျိုးနွယ်ကို သေခြင်းသို့ ပို့မည်မဟုတ်သည်ကို သင် ယုံကြည်ရမည်။ သူသည် လူသားမျိုးနွယ်ထံ ကတိတော်များနှင့် ကောင်းချီး မင်္ဂလာများ နှစ်ခုလုံး ပေးပြီး၊ သူ့ကို ရှာဖွေသော သူအားလုံးသည် သူ၏ကောင်းချီးမင်္ဂလာများကို ရနိုင်ကြမည်ဖြစ်သော်လည်း၊ သူ့ကို မရှာဖွေသောသူများသည် ဘုရားသခင်၏ ဖယ်ရှားရှင်းလင်းခြင်း ခံရကြလိမ့်မည်။ ဤအရာသည် သင်၏ရှာဖွေမှုအပေါ်တွင် မူတည်၏။ အခြား မည်သည့်အရာကိုမျှ ပဓာနမထားဘဲ၊ ဘုရားသခင်၏အမှုပြီးဆုံးချိန်တွင် လူသားတစ်ဦးစီတိုင်းသည် သင့်တော်သော ခရီးပန်းတိုင်တစ်ခု ရှိကြလိမ့်မည်ကို သင် ယုံကြည်ရမည်။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို နှစ်သက်ဖွယ်သော ရည်မှန်းချက်များ ပေးထားပြီးဖြစ်သော်လည်း၊ လိုက်စားရှာဖွေခြင်းမရှိဘဲ ထိုအရာတို့ကို မရရှိနိုင်ပေ။ ဤအရာကို သင်တို့ ယခု မြင်နိုင်သင့်သည်။ လူတို့နှင့်ဆိုင်သော ဘုရားသခင်၏စစ်ဆေးမှုနှင့် သူ၏ ပြစ်တင်ဆုံးမခြင်းတို့သည် သူ၏အမှုဖြစ်သော်လည်း၊ မိမိတို့၏ အပိုင်းအတွက် လူတို့အနေဖြင့် အချိန်တိုင်း စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို အားထုတ်ရမည်ဖြစ်သည်။ သင်၏ လက်တွေ့ကျသော အတွေ့အကြုံတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ စားသောက်ရမည်ကို သင် ပထမဦးစွာ သိရမည်။ သင် ဝင်ရောက်သင့်သည့်အရာနှင့် သင်၏ အားနည်းချက်များကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်းတွင် ရှာတွေ့ရမည်၊ သင်၏ လက်တွေ့ကျသော အတွေ့အကြုံထဲ ဝင်ရောက်ခြင်းကို သင် အားထုတ်သင့်ပြီး၊ လက်တွေ့လုပ်ဆောင်သင့်သည့် ဘုရား နှုတ်ကပတ်တော်များ၏ တစ်စိတ်တစ်ပိုင်းကို ယူကာ လက်တွေ့လုပ်ဆောင်ရန် ကြိုစားသင့်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းသည် ရှုထောင့်တစ်ခု ဖြစ်၏။ ထို့အပြင် အသင်းတော် အသက်တာကို ထိန်းသိမ်းထားရမည်၊ သင်သည် ပုံမှန်ဝိညာဉ်ရေးရာ အသက်တာတစ်ခုရှိရမည်ဖြစ်ပြီး၊ သင်၏ လက်ရှိအခြေအနေ အားလုံးကို ဘုရားသခင်ထံ လွှဲပြောင်းပေးအပ်နိုင်ရမည်။ သူ၏ အမှု မည်သို့ပြောင်းလဲသည်ဖြစ်စေ၊ သင်၏ဝိညာဉ်ရေးရာအသက်တာ ပုံမှန် ဖြစ်မြဲဖြစ်သင့်၏။ ဝိညာဉ်ရေးရာအသက်တာတစ်ခုသည် သင်၏ ပုံမှန် ဝင်ရောက်ခြင်းကို ထိန်းသိမ်းနိုင်၏။ ဘုရားသခင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ သင်၏ ဝိညာဉ်ရေးရာအသက်တာကို အနှောင့်အယှက် မဖြစ်စေဘဲ သင် ဆက်လက်လုပ်ဆောင်သင့်ပြီး သင်၏တာဝန်ကို ထမ်းဆောင်သင့်သည်။ ဤသည်မှာ လူတို့ လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ ယင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်သာ ဖြစ်သော်လည်း၊ ပုံမှန်အခြေအနေတစ်ခု ရှိသူများအတွက်မူ ဤသည်မှာ စုံလင်ခြင်း ဖြစ်သည်၊ ပုံမှန်မဟုတ်သည့် အခြေအနေတစ်ခု ရှိသူများအတွက် ယင်းသည် စမ်းသပ်မှုတစ်ခု ဖြစ်ပေသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ စစ်ဆေးခြင်းအမှု၏ လက်ရှိအဆင့်တွင်၊ ဘုရားသခင်၏အမှုတော်သည် အလွန်ကြီးမြတ်ပြီး၊ လူတို့သည် စစ်ဆေးခြင်းကို လုံးဝ လိုအပ်သည်၊ သို့မဟုတ်ပါက ၎င်းတို့၏ ဝိညာဉ်ရေးရာရင့်ကျက်မှုမှာ အလွန်သေးငယ်ပြီး ဘုရားသခင်၏ရည်ရွယ်ချက်များကို ရရှိမည့်နည်းလမ်း ရှိကြလိမ့်မည်မဟုတ်ဟု အချို့က ဆိုကြသည်။ သို့ရာတွင် အခြေအနေ မကောင်းသူများအတွက် ယင်းသည် ဘုရားသခင်ကို လိုက်စားရှာဖွေခြင်း မပြုရန် နှင့် တွေ့ဆုံပွဲများကို မတက်ရောက်ရန် သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းမပြုရန် အကြောင်းရင်းတစ်ခု ဖြစ်လာလေသည်။ ဘုရားသခင်၏အမှုတွင်၊ မည်သည့်အရာ သူလုပ်ဆောင်သည်ဖြစ်စေ သို့မဟုတ် မည်သည့် အပြောင်းအလဲများကို သူ သက်ရောက်စေသည်ဖြစ်စေ၊ လူတို့သည် ပုံမှန်ဝိညာဉ်ရေးရာအသက်တာကို အနည်းဆုံးအနေဖြင့် ထိန်းသိမ်းရမည်ဖြစ်သည်။ သင်သည် သင်၏ ဝိညာဉ်ရေးရာအသက်တာနှင့်ဆိုင်သည့် ဤလက်ရှိအဆင့်တွင် လျော့ရဲကောင်း လျော့ရဲခဲ့လိမ့်မည် မဟုတ်သော်လည်း၊ သင်သည် များစွာရယူနိုင်ခြင်း မရှိသေးသကဲ့သို့၊ ကြီးစွာသော အကျိုးကို မရိတ်သိမ်း ရသေးပေ။ ဤအခြေအနေမျိုးများအောက်တွင် သင်သည် စည်းမျဉ်းစည်းကမ်းများကို စောင့်ထိန်းလိုက်နာသည့်အလား သင်၏ ဝိညာဉ်ရေးရာ အသက်တာကို စောင့်ထိန်းလျှင်ပင် သင်သည် ယင်းကို စောင့်ထိန်းလိုက်နာရဦးမည်ဖြစ်သည်။ သင်သည် သင်၏ အသက်တွင် ဆုံးရှုံးမှုများ မခံစားဖို့အလို့ငှာနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်အောင် လုပ်ဆောင်ဖို့အလို့ငှာ ဤစည်းမျဉ်းစည်းကမ်းကို ထိန်းသိမ်းရမည်။ သင်၏ဝိညာဉ်ရေးရာ အသက်တာသည် ပုံမှန်မဟုတ်ပါက၊ ဘုရားသခင်၏ လက်ရှိအမှုတော်ကို သင်နားမလည်နိုင် သကဲ့သို့၊ ထိုအစား ယင်းသည် သင့်ကိုယ်ပိုင်အယူအဆများနှင့် သဟဇာတ လုံးဝမဖြစ်ဟု သင်အမြဲတမ်းခံစားရကာ၊ သင်သည် သူ၏နောက်သို့လိုက်ရန် ဆန္ဒရှိသော်လည်း အတွင်းပိုင်း တက်ကြွမှု ကင်းမဲ့လေသည်။ ထို့ကြောင့်၊ လက်ရှိတွင် ဘုရားသခင် မည်သည့်အရာကို လုပ်ဆောင်နေသည်ဖြစ်စေ၊ လူတို့သည် ပူပေါင်းဆောင်ရွက်သင့်သည်။ အကယ်၍ လူတို့ ပူးပေါင်းဆောင်ရွက်ခြင်း မရှိပါက၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ၏အမှုကို မပြုနိုင်ပေ၊ ပြီးလျှင် လူတို့သည် ပူးပေါင်းလုပ်ဆောင်လိုသော စိတ်နှလုံးမရှိပါက သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို ၎င်းတို့ အနည်းငယ်သာ ရနိုင်ပေသည်။ သင်၏အတွင်းတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် ရှိလိုပါက၊ ပြီးလျှင် ဘုရားသခင်၏ လက်ခံမှုကို ရယူလိုပါက၊ သင်သည် ဘုရားသခင်၏ ရှေ့မှောက်တွင် သင်၏ မူလ သစ္စာစောင့်သိခြင်းကို ထိန်းသိမ်းရမည်။ ယခုတွင် သင့်အတွက် သာ၍ နက်ရှိုင်းသော သိနားလည်မှု၊ သာ၍မြင့်မားသော သဘောတရားတစ်ခု သို့မဟုတ် အခြားထိုသို့သောအရာများ ရှိရန်မလိုအပ်ပေ။ လိုအပ်သည်မှာ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မူလ အခြေခံအုတ်မြစ်ပေါ်တွင် ထိန်းသိမ်းထားရန်သာ ဖြစ်သည်။ လူတို့သည် ဘုရားသခင်နှင့် ပူးပေါင်းလုပ်ဆောင်မှု မရှိသကဲ့သို့ သာ၍နက်ရှိုင်းသော ဝင်ရောက်မှုကို အားထုတ်ခြင်း မရှိပါက၊ ဘုရားသခင်သည် နဂိုမူလက သူတို့ ပိုင်ဆိုင်ခဲ့သည့် အရာများအားလုံးကို ယူဆောင်သွားမည်ဖြစ်သည်။ အတွင်းတွင်၊ လူတို့သည် သက်သောင့်သက်သာရှိမှုအတွက် အမြဲအလိုကြီးကြပြီး၊ ရနှင့်ပြီးသောအရာကို ပို၍ မွေ့လျော်လိုကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ကတိတော်များကို မည်သည့် အဖိုးအခမျှ လုံးဝမပေးဘဲ ရလိုကြသည်။ ဤသည်တို့မှာ လူသားမျိုးနွယ်က စဉ်းစားသည့် လွန်ကဲသော အတွေးများဖြစ်သည်။ အဖိုးအခမပေးဘဲ အသက်ကိုယ်တိုင်ကို ရယူခြင်းဖြစ်သည်။ သို့သော် ဤမျှ လွယ်ကူသည့်အရာ ရှိဖူးသလော။ လူတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်ကာ အသက်ဝင်ရောက်မှုကို ကြိုးစားပြီး ၎င်းတို့၏ စိတ်သဘောထား၌ ပြောင်းလဲမှုတစ်ခုကို ရှာဖွေချိန်တွင်၊ ဘုရားသခင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ ၎င်းတို့အနေဖြင့် အဖိုးအခတစ်ခု ပေးပြီး သူ့နောက်သို့ အမြဲလိုက်မည့် အခြေအနေတစ်ခုကို ရရှိရမည်ဖြစ်သည်။ ဤသည်ကား လူတို့ လုပ်ဆောင်ရမည့်အရာတစ်ခု ဖြစ်သည်။ သင်သည် ဤအရာအားလုံးကို စည်းမျဉ်းစည်းကမ်းတစ်ခုကဲ့သို့ လိုက်လျှောက်လျှင်ပင်၊ ထိုစည်းမျဉ်းကို သင် အမြဲ ထိန်းသိမ်းရမည်ဖြစ်ပြီး၊ စမ်းသပ်မှုများ မည်မျှကြီးမားသည်ဖြစ်စေ၊ ဘုရားသခင်နှင့်သင်၏ပုံမှန်ဆက်ဆံရေးကို လက်လွှတ်၍ မဖြစ်နိုင်ပေ။ သင် ဆုတောင်းနိုင်သင့်သည်၊ သင်၏ အသင်းတော် အသက်တာကို ထိန်းသိမ်းနိုင်သင့်ပြီး၊ ညီအစ်ကိုမောင်နှမများကို ဘယ်သောအခါမျှ မစွန့်ခွာဘဲ နေနိုင်သင့်ပေသည်။ ဘုရားသခင် သင့်ကို စမ်းသပ်သည့်အခါ၊ သမ္မာတရားကို သင် ရှာဖွေဆဲ ဖြစ်သင့်သည်။ ဤအရာသည် ဝိညာဉ်ရေးရာ အသက်တာအတွက် အနိမ့်ဆုံး သတ်မှတ်ချက်ဖြစ်သည်။ ရှာဖွေရန် စိတ်ဆန္ဒအမြဲရှိခြင်းနှင့် ပူးပေါင်းလုပ်ဆောင်ရန် အမြဲကြိုးပမ်းခြင်း၊ သင်၏ အားအင်အားလုံးကို အသုံးချခြင်းဟူသည့် ဤအရာကို လုပ်ဆောင်နိုင်သလော။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ဘုရားသခင်ထံ သင်၏ကိုးကွယ်ဆည်းကပ်ခြင်းကို ထိန်းသိမ်းသင့်သည်
လူသားသည် စာတန်၏ လွှမ်းမိုးမူအောက်သို့ အလွယ်ဆုံး ကျရောက်နိုင်သည်မှာ ခါးသီးသော စစ်ဆေးမှု အတောအတွင်းတွင် ဖြစ်သည်၊ ထို့ကြောင့် ထိုသို့စစ်ဆေးခြင်း အတောအတွင်းတွင် သင်သည် ဘုရားသခင်ကို မည်သို့ ချစ်သင့်သနည်း။ သင်သည် သင်၏ စိတ်နှလုံးကို ဘုရားသခင်၏ ရှေ့မှောက်တွင် ချထားရင်းနှင့် သင်၏ နောက်ဆုံးအချိန်ကို သူ့ထံ ဆက်ကပ်ရင်း၊ သင်၏ စိတ်စွမ်းအားကို လှုံ့ဆော်သင့်ပေသည်။ ဘုရားသခင်က သင့်ကို မည်သို့ စစ်ဆေးသည်ဖြစ်စေ၊ သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များ အထမြောက်အောင် လုပ်ဆောင်ရန် သမ္မာတရားကို လက်တွေ့ လုပ်ဆောင်နိုင်သင့်ပြီး ဘုရားသခင်ကို ရှာဖွေရန်နှင့် မိတ်သဟာယဖွဲ့ခြင်းကို ရှာဖွေရန် သင်ကိုယ်တိုင် လုပ်ဆောင်သင့်သည်။ ဤသို့သောအချိန်များတွင် သင်သည် မတုန်မလှုပ် ဖြစ်လေလေ အပျက်သဘောဆောင်လာလေ ဖြစ်လိမ့်မည်ဖြစ်ပြီး သင့်အတွက် ဆုတ်ယုတ်ဖို့ ပိုလွယ်ကူလေလေ ဖြစ်လိမ့်မည်။ သင်၏ လုပ်ငန်းတာဝန်ကို သင်ထမ်းဆောင်ဖို့ လိုအပ်သည့်အခါ၊ သင်သည် ကောင်းစွာ မထမ်းဆောင်သော်လည်း၊ သင် တတ်နိုင်သမျှ လုပ်ဆောင်ပြီး ဘုရားသခင်ကို ချစ်သော သင်၏ စိတ်နှလုံးကိုသာ သုံး၍ ထိုသို့ လုပ်ဆောင်၏။ အခြားလူများ မည်သည့်အရာ ပြောသည်ဖြစ်စေ၊ သင်သည် ကောင်းစွာ လုပ်ဆောင်ခဲ့သည် သို့မဟုတ် သင်သည် ဆိုးရွားစွာ လုပ်ဆောင်ခဲ့သည်ဟု ၎င်းတို့ ပြောကြသည်ဖြစ်စေ သင်၏ ရည်ရွယ်ချက်များသည် မှန်ကန်ပြီး သင်သည် ဘုရားသခင်အတွက် ပြုမူနေသည့်အတွက် မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု မှတ်ယူခြင်းမရှိပေ။ အခြားသူများက သင့်ကို နားလည်မှုလွဲသောအခါ သင်သည် ဘုရားသခင်ထံ ဆုတောင်းပြီး၊ “အိုး ဘုရားသခင်။ အခြားသူများက အကျွန်ုပ်ကို သည်းခံဖို့၊ သို့မဟုတ် ကျွန်ုပ်ကို ကောင်းကောင်း ဆက်ဆံဖို့ ကျွန်ုပ် မတောင်းဆိုသကဲ့သို့၊ ၎င်းတို့ ကျွန်ုပ်ကို နားလည်ဖို့ သို့မဟုတ် လက်ခံဖို့ ကျွန်ုပ် မတောင်းဆိုပါ။ ကျွန်ုပ်၏ နှလုံးသားထဲတွင် ကိုယ်တော့်ကို ချစ်နိုင်ဖို့၊ ကျွန်ုပ်၏ နှလုံးသားထဲတွင် ငြိမ်းငြိမ်းချမ်းချမ်းရှိဖို့နှင့် ကျွန်ုပ်၏ လိပ်ပြာသန့်နိုင်ဖို့သာ ကျွန်ုပ်တောင်းဆိုပါ၏။ အခြားသူများက ကျွန်ုပ်ကို ချီးကျူးဖို့၊ သို့မဟုတ် ကျွန်ုပ်ကို အထင်ကြီးလေးစားဖို့ ကျွန်ုပ် မတောင်းဆိုပါ။ ကျွန်ုပ်နှလုံးသားမှ ကိုယ်တော့်ကို စိတ်ကျေနပ်စေဖို့သာ အကျွန်ုပ် ကြိုးစားပါသည်။ ကျွန်ုပ် တတ်နိုင်သမျှ လုပ်ဆောင်ခြင်းအားဖြင့် ကျွန်ုပ်၏အခန်းကဏ္ဍကို ကျွန်ုပ်ထမ်းဆောင်ပြီး၊ အကျွန်ုပ်သည် မိုက်မဲသောသူ၊ စဉ်းစားဉာဏ်မရှိသောသူ၊ အရည်အချင်း ညံ့ဖျင်းသောသူနှင့် မျက်စိကန်းသောသူ ဖြစ်သော်လည်း၊ ကိုယ်တော်သည် ချစ်ခင်နှစ်လိုဖွယ်ကောင်းသည်ကို ကျွန်ုပ်သိပြီး၊ ကျွန်ုပ်၌ ရှိသမျှအားလုံးကို ကိုယ်တော်ထံ ဆက်ကပ်ဖို့ ဆန္ဒရှိပါသည်” ဟု ဆိုနိုင်စွမ်း ရှိပေသည်။ ဤနည်းဖြင့် သင်ဆုတောင်းသည်နှင့် တစ်ပြိုင်နက်၊ ဘုရားသခင်ကို ချစ်သော သင်၏ စိတ်နှလုံးသည် ထွက်ပေါ်လာပြီး သင်၏စိတ်နှလုံးထဲတွင် သာ၍များစွာ စိတ်သက်သာရာ ရလေသည်။ ဤသည်မှာ ဘုရားသခင်ကို ချစ်ခြင်းအား လက်တွေ့လုပ်ဆောင်ခြင်းကို ဆိုလိုသည့်အရာ ဖြစ်သည်။ သင်ကြုံတွေ့သည်နှင့်အညီ၊ သင်သည် နှစ်ကြိမ်ကျရှုံးပြီး တစ်ကြိမ် အောင်မြင်လိမ့်မည်၊ သို့မဟုတ်ပါက ငါးကြိမ် ကျရှုံးပြီး နှစ်ကြိမ် အောင်မြင်လိမ့်မည် ဖြစ်ကာ ဤနည်းလမ်းဖြင့် သင်ကြုံတွေ့သည်နှင့်အမျှ၊ ကျရှုံးခြင်းအလယ်၌သာ သင်သည် ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုကို တွေ့မြင်နိုင်လိမ့်မည် ဖြစ်ပြီး သင့်အတွင်းတွင် မည်သည့်အရာချို့တဲ့နေသည်ကို ရှာဖွေတွေ့ရှိနိုင်ပေမည်။ ထိုသို့ အခြေအနေများနှင့် နောက်တစ်ကြိမ် သင်ကြုံသောအခါတွင်၊ သင်သည် မိမိကိုယ်ကိုယ် သသင်ခံစားနိုင်လိမ့်မည်၊ ဘုရားသခင်၏ နူတ်ကပတ်တော်များကိုတိပေးသင့်သည်၊ သင်၏ ခြေလှမ်းများကို ချုပ်တည်းသင့်ပြီး၊ မကြာခဏ ပို၍ ဆုတောင်းသင့်သည်။ သင်သည် ထိုသို့သော အခြေအနေများတွင် အောင်မြင်နိုင်စွမ်း တဖြည်းဖြည်း တိုးတက်လာလိမ့်မည်။ ထိုအရာ ဖြစ်ပျက်သောအခါ သင်၏ဆုတောင်းခြင်းများသည် ထိရောက်လေပြီ ဖြစ်သည်။ ဤအကြိမ်တွင် သင်အောင်မြင်ပြီး ဖြစ်သည်ကို သင်မြင်သောအခါ၊ အတွင်းတွင် သင် အားရကျေနပ်မည် ဖြစ်ပြီး၊ သင် ဆုတောင်းသောအခါ ဘုရားသခင်ကို သင်ခံစားနိုင်မည် ဖြစ်ကာ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်က သင့်ကို မစွန့်ခွာသည်ကို သင်ခံစားရမည်။ ထိုအခါမှသာ သင့်အတွင်းတွင် ဘုရားသခင် မည်သို့ အမှုပြုသည်ကို သင်သိလိမ့်မည်။ ဤနည်းလမ်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းသည် သင့်ကို ကြုံတွေ့ခြင်းဆီသို့ လမ်းကြောင်းတစ်ခု သင့်အား ပေးလိမ့်မည်။ သင်သည် သမ္မာတရားကို လက်တွေ့ မလုပ်ဆောင်ပါက၊ သင့်အတွင်းတွင် သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက်မရှိဘဲ ဖြစ်လိမ့်မည်။ သို့ရာတွင် သင်သည် အမှုအရာများကို အဖြစ်ကို အဖြစ်အတိုင်း ကြုံတွေ့ရသည့် အချိန်တွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပါက၊ သင်သည် အတွင်း၌ နာကျင်သော်လည်း၊ နောက်ပိုင်းတွင် သန့်ရှင်းသောဝိညာဉ်တော်သည် သင်နှင့်အတူ ရှိမည်ဖြစ်သည်၊ သင်ဆုတောင်းသောအခါ ဘုရားသခင်၏ မျက်မှောက်ကို သင်ခံစားနိုင်လိမ့်မည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန် သင် ခွန်အားရှိမည် ဖြစ်ပြီး၊ သင်၏ ညီအစ်ကို မောင်နှမများနှင့် မိတ်သဟာယဖွဲ့စဉ် သင်၏ အသိစိတ်အပေါ် ဖိစီးသည့် မည်သည့်အရာမျှ မရှိဘဲ သင်သည် ငြိမ်သက်ခြင်း ခံစားရမည်ဖြစ်ပြီး၊ ဤနည်းဖြင့် သင်သည် ပြီးမြောက်ခဲ့သည့် အရာကို ဖော်ထုတ်နိုင်လိမ့်မည်ဖြစ်သည်။ အခြားသူများ မည်သည့်အရာ ပြောကြသည်ဖြစ်စေ၊ သင်သည် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးတစ်ခု ရှိနိုင်လိမ့်မည်၊ အခြားသူများအားဖြင့် ဘောင်ခတ်ခြင်း ခံရလိမ့်မည်မဟုတ်၊ သင်သည် အရာရာကို ကျော်လွှားနိုင်လိမ့်မည်ဖြစ်ပြီး ဤအရာတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် လက်တွေ့လုပ်ဆောင်ခြင်းသည် ထိရောက်မှုရှိသည်ကို သင်သည် ထင်ရှားစေလိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စစ်ဆေးခြင်းကိုကြုံတွေ့ခြင်းအားဖြင့်သာ လူသားသည် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်နိုင်သည်
ဘုရားသခင်အမှု၏အဆင့်တိုင်းအတွက်၊ လူတို့ ပူးပေါင်း လုပ်ဆောင်သင့်သည့် နည်းလမ်းတစ်ခု ရှိ၏။ လူတို့အနေဖြင့် စစ်ဆေးမှုများကို ကြုံရသည်နှင့်အမျှ မိမိကိုယ်ကိုယ် ယုံကြည်စိတ်ချမှုရှိကြဖို့အလို့ငှာ ဘုရားသခင်သည် လူတို့ကို စစ်ဆေး၏။ လူတို့အနေဖြင့် ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရဖို့ ယုံကြည်စိတ်ချမှု ရှိကြပြီး၊ သူ၏ စစ်ဆေးမှုများကို လက်ခံရန်နှင့် ဘုရားသခင်၏ ပြုပြင်ခြင်းတို့ကို ခံရန် လိုလားလျက်ရှိကြဖို့အလို့ငှာ ဘုရားသခင်သည် လူတို့ကို စုံလင်စေသည်။ ဘုရားသခင်၏ဝိညာဉ်တော်သည် ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့ကို ၎င်းတို့ထံ ယူဆောင်လာရန်နှင့် သူနှင့်အတူ ၎င်းတို့ကို ပူးပေါင်းဆောင်ရွက်စေကာ လက်တွေ့လုပ်ဆောင်စေဖို့အလို့ငှာ လူတို့အတွင်းတွင် အမှုပြုလေသည်။ ဘုရားသခင်သည် စစ်ဆေးခြင်း အတောအတွင်းတွင် စကားမပြောပေ။ သူသည် သူ၏အသံကို မိန့်မြွက်ခြင်း မပြုသော်လည်း၊ လူတို့လုပ်ဆောင်သင့်သည့် အလုပ်ရှိဆဲဖြစ်၏။ သင်၌ ရှိနှင့်ပြီးသောအရာကို သင် ထိန်းသိမ်းသင့်သည်၊ ဘုရားသခင်ထံ သင်ဆုတောင်းနိုင်ဆဲ ဖြစ်သင့်သည်၊ ဘုရားသခင်နှင့် ရင်းနှီးကာ ဘုရားသခင် ရှေ့မှောက်တွင် သက်သေရပ်တည်နိုင်ဆဲ ဖြစ်သင့်သည်။ ဤနည်းဖြင့် သင်သည် သင်ကိုယ်တိုင်၏တာဝန်ကို ဖြည့်ဆည်းလိမ့်မည် ဖြစ်သည်။ လူတို့၏ ယုံကြည်စိတ်ချမှုနှင့် ချစ်ခြင်းတို့နှင့်ဆိုင်သော ဘုရားသခင်၏ စမ်းသပ်မှုများမှာ ၎င်းတို့အနေဖြင့် ဘုရားသခင်ထံ သာ၍ ဆုတောင်းဖို့နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သူ၏ ရှေ့မှောက်တွင် သာ၍မကြာခဏ အရသာခံရန် လိုအပ်သည်ကို ဘုရားသခင်၏ အမှုတော်မှ သင်တို့အားလုံး ရှင်းလင်းစွာ မြင်တွေ့သင့်ကြပေသည်။ ဘုရားသခင်သည် သင့်ကို ဉာဏ်အလင်းပေးပြီး သူ၏ ရည်ရွယ်ချက်များကို နားလည်စေသော်လည်း၊ သင်သည် လုံးဝ လက်တွေ့လုပ်ဆောင်ခြင်း မရှိပါက၊ သင်သည် မည်သည့်အရာမျှ ရရှိမည်မဟုတ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် လက်တွေ့ လုပ်ဆောင်သည့်အခါ၊ သူ့ထံ သင် ဆုတောင်းနိုင်ဆဲဖြစ်သင့်ပြီး၊ သူ၏ နှုတ်ကပတ်တော်များကို သင် အရသာခံသည့်အခါ စိတ်ပျက်အားလျော့ခြင်း သို့မဟုတ် အေးစက်သွားသည့် ခံစားမှုအရိပ်အယောင် လုံးဝမရှိဘဲ၊ သူ့ရှေ့မှောက်သို့ သင်လာပြီး၊ ရှာဖွေသင့်ကာ သူ၌ ယုံကြည်စိတ်ချမှုအပြည့် ဖြစ်သင့်ပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်း မရှိသူများသည် ဝတ်ပြုစည်းဝေးပွဲများအတွင်းတွင် အားအင်အပြည့် ဖြစ်ကြသော်လည်း၊ အိမ်ပြန်သွားကြသည့်အခါ အမှောင်ထဲသို့ ကျရောက်ကြလေသည်။ အတူတကွ မစုဝေးချင်ကြသော သူအချို့ပင် ရှိလေသည်။ ထို့ကြောင့် လူတို့ ထမ်းဆောင်သင့်သည်မှာ မည်သည့်တာဝန်ဖြစ်သည်ကို သင် ရှင်းလင်းစွာ တွေ့မြင်ရမည်။ ဘုရားသခင်၏ရည်ရွယ်ချက်များသည် မည်သည့်အရာ အမှန်တကယ် ဖြစ်သည်ကို မသိကောင်းမသိနိုင်သော်လည်း၊ သင်၏ တာဝန်ကို သင် ထမ်းဆောင်နိုင်သည်၊ သင်ဆုတောင်းသင့်သည့်အချိန်တွင် ဆုတောင်းနိုင်ပြီး၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သင့်သည့် အချိန်တွင် လက်တွေ့လုပ်ဆောင်နိုင်ကာ၊ လူတို့ လုပ်သင့်သည့်အရာကို သင် လုပ်နိုင်ပေသည်။ သင်၏ မူလရူပါရုံကို သင်ထိန်းသိမ်းထားနိုင်သည်။ ဤနည်းဖြင့် သင်သည် ဘုရားသခင်၏အမှု နောက်တစ်ဆင့်ကို သာ၍ လက်ခံလာနိုင်လိမ့်မည်။ ဘုရားသခင်သည် ကွယ်ဝှက်သည့်နည်းလမ်းဖြင့် အမှုပြုသည့်အခါ၊ သင်သည် မရှာဖွေပါက ပြဿနာဖြစ်ပေသည်။ အစည်းအဝေးများအတွင်း ဘုရားသခင်စကားပြောကာ ဟောပြောသည့် အချိန်တွင်၊ သင်သည် စိတ်အားထက်သန်မှုဖြင့် နားထောင်သော်လည်း၊ သူစကားမပြောသည့်အခါ သင်သည် အားအင်မဲ့ကာ နောက်ဆုတ်လေသည်။ မည်သည့်လူစားမျိုးသည် ဤသို့ လုပ်ဆောင်သနည်း။ ဤသည်မှာ လူအုပ်သွားရာနောက် မည်သည့်နေရာမဆို လိုက်သည့်သူတစ်ဦးသာ ဖြစ်ပေသည်။ ၎င်းတို့သည် ရပ်တည်ချက်မရှိ၊ သက်သေခံချက် မရှိသကဲ့သို့၊ ရူပါရုံ မရှိကြချေ။ လူအများစုသည် ဤသို့ဖြစ်၏။ သင်သည် ဤနည်းအတိုင်း ဆက်သွားပါက၊ ကြီးမားသော စမ်းသပ်မှုကို သင် ကြုံရချိန်တစ်နေ့တွင် ပြစ်ဒဏ်ပေးခြင်းထဲသို့ သင်ကျရောက်လိမ့်မည်။ ရပ်တည်ချက်ရှိခြင်းသည် လူတို့ကို ဘုရားသခင်၏ စုံလင်စေခြင်း လုပ်ငန်းစဉ်တွင် အလွန်အရေးကြီး၏။ သင်သည် ဘုရားသခင်၏အမှု အဆင့်တစ်ဆင့်ကိုမျှ သံသယမရှိပါက၊ သင်သည် လူသား၏တာဝန်ကို ဖြည့်ဆည်းပါက၊ ဘုရားသခင် သင့်ကို လက်တွေ့လုပ်ဆောင်စေသော အရာကို သင် ရိုးသားစစ်မှန်စွာ ထိန်းသိမ်းပါက၊ ဆိုလိုသည်မှာ သင်သည် ဘုရားသခင်၏ တိုက်တွန်းအားပေးခြင်းများကို သတိရပြီး၊ ယနေ့တွင် မည်သည့်အရာကို ဘုရားသခင် လုပ်ဆောင်သည်ဖြစ်စေ သူ၏ တိုက်တွန်းအားပေးမှုများကို သင်မမေ့လျော့ခြင်း ဖြစ်သည်၊ သူ၏အမှုနှင့်ပတ်သက်၍ သင်သည် သံသယမရှိသကဲ့သို့၊ သင်၏ရပ်တည်မှုကို ထိန်းသိမ်းပြီး၊ သင်၏ သက်သေခံချက်ကို ထိန်းသိမ်းကာ၊ လမ်းခရီး၏ အဆင့်တိုင်းတွင် အောင်မြင်မှုရရှိပါက၊ နောက်ဆုံးတွင် သင်သည် ဘုရားသခင်၏ စုံလင်စေခြင်း ခံရမည်ဖြစ်ပြီး အောင်မြင်သောသူတစ်ဦးအဖြစ် ဖန်တီးခြင်းခံရမည် ဖြစ်သည်။ သင်သည် ဘုရားသခင်၏စမ်းသပ်ခြင်း အဆင့်တိုင်းတွင် ခိုင်မြဲစွာ ရပ်တည်နိုင်ပြီး၊ တကယ့်အဆုံးတွင် ခိုင်မြဲစွာ ရပ်တည်နိုင်ဆဲဖြစ်ပါက၊ သင်သည် အောင်မြင်သောသူ တစ်ဦးဖြစ်ကာ၊ ဘုရားသခင်၏ စုံလင်စေခြင်း ခံရသောသူတစ်ဦး ဖြစ်ပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ဘုရားသခင်ထံ သင်၏ကိုးကွယ်ဆည်းကပ်ခြင်းကို ထိန်းသိမ်းသင့်သည်
ဖန်ဆင်းခံများအနေဖြင့်၊ လူတို့သည် မိမိတို့ဖြည့်ဆည်းသင့်သည့် တာဝန်များကို ဖြည့်ဆည်းပြီး၊ စစ်ဆေးခြင်း အလယ်တွင် ဘုရားသခင်အတွက် သက်သေရပ်တည်သင့်ပေသည်။ စမ်းသပ်မှုတိုင်းတွင် ၎င်းတို့သည် မိမိတို့ သက်သေခံသင့်သည့်အရာကို ထိန်းသိမ်းသင့်ပြီး၊ ဘုရားသခင်အတွက် ထူးကဲစွာ ထိုသို့ လုပ်ဆောင်သင့်ကြသည်။ ဤအရာကို လုပ်ဆောင်သောလူတစ်ဦးသည် အောင်မြင်သောသူတစ်ဦးဖြစ်သည်။ ဘုရားသခင်က သင့်ကို မည်မျှ စစ်ဆေးသည်ဖြစ်စေ၊ သင်သည် ယုံကြည်မှုအပြည့်ဖြင့် ရှိနေဆဲဖြစ်ကာ၊ ဘုရားသခင်၌ ယုံကြည်စိတ်ချမှုကို မည်သည့်အခါမျှ ဆုံးရှုံးမသွားပေ။ သင်သည် လူသား လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်သည်။ ဤသည်မှာ လူသားကို ဘုရားသခင် တောင်းဆိုသောအရာဖြစ်ပြီး၊ လူသား၏စိတ်နှလုံးသည် ဘုရားသခင်ထံသို့ အပြည့်အဝ ပြန်သွားနိုင်သင့်ကာ၊ ကုန်ဆုံးသွားသည့် အချိန်တိုင်းတွင် သူ့ထံသို့ လှည့်နိုင်သင့်ပေသည်။ ဤသည်မှာ အောင်မြင်သောသူတစ်ဦးဖြစ်သည်။ “အောင်မြင်သောသူများ” အဖြစ် ဘုရားသခင် ရည်ညွှန်းသောသူများမှာ စာတန်၏ စွမ်းအားအောက်၊ စာတန်၏ ဝိုင်းထားခြင်းခံရချိန်၊ ဆိုလိုသည်မှာ အမှောင်အင်အားများ အလယ်တွင် မိမိတို့ကိုယ်ကို တွေ့ရချိန်တွင် ၎င်းတို့၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်နိုင်ကြဆဲ ဖြစ်ပြီး ဘုရားသခင်၌ မိမိတို့၏ ပင်ကို ယုံကြည်စိတ်ချမှုနှင့် မိမိတို့၏ ကိုးကွယ် ဆက်ကပ်မှုတို့ကို ထိန်းသိမ်းနိုင်ကြဆဲ ဖြစ်သောသူများ ဖြစ်သည်။ သင်သည် မည်သို့ပင်ဖြစ်စေ ဘုရားသခင်၏ ရှေ့မှောက်တွင် ဖြူစင်သော စိတ်နှလုံးကို ထိန်းသိမ်းနိုင်ဆဲဖြစ်ပြီး ဘုရားသခင်အတွက် သင်၏ ရိုးသားစစ်မှန်သော ချစ်ခြင်းမေတ္တာကို ထိန်းသိမ်းနိုင်ဆဲဖြစ်ပါက၊ သင်သည် ဘုရားသခင်၏ ရှေ့တွင် သင်၏သက်သေခံချက်၌ ခိုင်မာစွာ ရပ်တည်နေခြင်း ဖြစ်ပြီး ဤသည်မှာ ဘုရားသခင်က “အောင်မြင်သောသူ” တစ်ဦး ဖြစ်ခြင်းအဖြစ် ရည်ညွှန်းသော အရာဖြစ်သည်။ သင့်ကို ဘုရားသခင် ကောင်းချီးပေးသည့်အချိန်တွင် သင်၏ လိုက်စားရှာဖွေမှုသည် ထူးကဲသာလွန်သော်လည်း၊ သင်သည် သူ၏ ကောင်းချီးမင်္ဂလာများမရှိဘဲ နောက်ဆုတ်လိုက်ပါက၊ ဤသည်မှာ သန့်ရှင်းစင်ကြယ်မှုဖြစ်သလော။ ဤလမ်း မှန်ကန်သည်ဟု သင်သေချာသည့်အတွက်၊ အဆုံးထိတိုင် သင် လိုက်လျှောက်ရမည်။ ဘုရားသခင်ထံ သင်၏ကိုးကွယ်ဆည်းကပ်ခြင်းကို သင် ထိန်းသိမ်းရမည်။ သင့်ကို စုံလင်စေဖို့ ဘုရားသခင် ကိုယ်တော်တိုင် ကမ္ဘာမြေပေါ်သို့ ကြွလာပြီးဖြစ်သည်ကို သင် မြင်ရပြီးဖြစ်သည့်အတွက်၊ သင်၏ စိတ်နှလုံးကို သူ့အား လုံးလုံးလျားလျား ပေးအပ်သင့်ပေသည်။ သူမည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ တကယ့်အဆုံးတွင် သင့်အတွက် မလိုလားအပ်သော ရလဒ်ကို သူဆုံးဖြတ်ပေးလျှင်ပင်၊ သင်သည် သူ့နောက်လိုက်နိုင်ဆဲဖြစ်ပါက၊ ဤသည်မှာ ဘုရားသခင်ရှေ့တွင် သင်၏ သန့်ရှင်းစင်ကြယ်မှုကို ထိန်းသိမ်းခြင်း ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်ခန္ဓာနှင့် အပျိုစင်ကို ဘုရားသခင်ထံ ဆက်ကပ်ခြင်းသည် ဘုရားသခင်ရှေ့တွင် ရိုးသားစစ်မှန်သော စိတ်နှလုံးကို ထိန်းသိမ်းခြင်းဟု ဆိုလိုသည်။ လူသားမျိုးနွယ်အတွက်၊ ရိုးသားစစ်မှန်ခြင်းသည် သန့်စင်ဖြူစင်ခြင်းဖြစ်ပြီး၊ ဘုရားသခင်အပေါ် စစ်မှန်ရိုးသားနိုင်စွမ်းသည် သန့်စင်ဖြူစင်ခြင်းကို ထိန်းသိမ်းခြင်း ဖြစ်သည်။ ဤသည်မှာ သင်လက်တွေ့လုပ်ဆောင်သင့်သောအရာဖြစ်သည်။ ဆုတောင်း သင့်သည့်အခါ၊ သင်ဆုတောင်းသည်။ မိတ်သဟာယဖြင့် အတူတကွ စုရုံးသင့်သည့်အခါ၊ သင် ထိုသို့ပြုသည်။ ဓမ္မသီချင်းများကို ဆိုသင့်သည့်အခါ၊ သင် သီဆိုပြီး၊ ဇာတိပကတိကို ပုန်ကန်သင့်သည့်အခါ၊ ဇာတိပကတိကို သင် ပုန်ကန်သည်။ သင်၏တာဝန်ကို သင်ထမ်းဆောင်ချိန်တွင်၊ သင်သည် အိုးနင်းခွက်နင်းဖြင့် ပြီးမြောက်သွားခြင်းမရှိ။ စမ်းသပ်မှုများနှင့် သင် ရင်ဆိုင်ရသည့်အခါ၊ ခိုင်မာစွာ သင် ရပ်တည်သည်။ ဤသည်မှာ ဘုရားသခင်ထံ ဆည်းကပ်ခြင်းဖြစ်သည်။ လူတို့ပြုလုပ်သင့်သောအရာကို သင်မထိန်းသိမ်းပါက၊ သင်၏ ယခင် ဆင်းရဲဒုက္ခခံစားခြင်းနှင့် စိတ်ဆုံးဖြတ်ချက်တို့သည် အချည်းနှီးဖြစ်ခဲ့ပေလိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ဘုရားသခင်ထံ သင်၏ကိုးကွယ်ဆည်းကပ်ခြင်းကို ထိန်းသိမ်းသင့်သည်
နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ အမှုသည် အလွန်ကြီးမားလှသော ယုံကြည်စိတ်ချမှု၊ ယောဘ၏ ယုံကြည်စိတ်ချမှုထက်ပင် သာ၍ကြီးမားသော ယုံကြည်စိတ်ချမှု လိုအပ်ပေသည်။ ယုံကြည်စိတ်ချမှုမရှိဘဲနှင့်၊ လူတို့သည် အတွေ့အကြုံ ဆက်လက်ရရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့ ဘုရားသခင်၏ စုံလင်စေခြင်းကိုလည်း ခံရနိုင်မည် မဟုတ်ပေ။ ကြီးမားသော စမ်းသပ်မှုများနှင့်ဆိုင်သည့် နေ့ရက်များ ရောက်လာချိန်တွင်၊ အသင်းတော်ကို စွန့်ခွာသော လူများသည် ဟိုနေရာအချို့၊ သည်နေရာအချို့ ရှိလိမ့်မည်။ ယခင်နေ့ရက်များတွင် မိမိတို့၏ လိုက်စားရှာဖွေမှုများ၌ အတော်အတန် ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့ကြသော သူအချို့ ရှိလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့ မယုံကြည်ကြတော့သည့် အကြောင်းရင်းမှာ မရှင်းမလင်း ဖြစ်လိမ့်မည်။ သင် နားမလည်သည့်အရာများစွာ ဖြစ်ပျက်လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် မည်သည့်နိမိတ်လက္ခဏာများ သို့မဟုတ် အံ့ဖွယ်ရာများကိုမျှ ထုတ်ဖော်ပြလိမ့်မည် မဟုတ်သကဲ့သို့၊ သဘာဝလွန်သည့် မည်သည့်အရာကိုမျှ လုပ်ဆောင်လိမ့်မည် မဟုတ်ပေ။ ဤသည်မှာ သင့်အနေဖြင့် ခိုင်မြဲစွာ ရပ်တည်နိုင်ခြင်း ရှိမရှိဆိုသည်ကို ကြည့်ရန်ဖြစ်သည်။ ဘုရားသခင်သည် လူတို့ကို စစ်ဆေးဖို့ အမှန်တရားများကို အသုံးပြု၏။ သင်သည် များစွာ ဆင်းရဲဒုက္ခမခံရသေးပေ။ အနာဂတ်တွင် ကြီးမားသော စမ်းသပ်မှုများ ရောက်လာသည့်အခါ၊ အချို့သောနေရာများ၌ အသင်းတော်ကို လူတစ်ဦးစီတိုင်းက စွန့်ခွာလိမ့်မည်ဖြစ်ပြီး၊ သင်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိခဲ့ကြသူများသည် ၎င်းတို့၏ယုံကြည်ခြင်းကို ချန်ရစ်ကာ စွန့်လွှတ်ကြလိမ့်မည်။ သင်သည် ထိုအခါ ခိုင်မြဲစွာ ရပ်တည်နိုင်မည်လော။ ယခုအချိန်အထိ၊ သင် ရင်ဆိုင်ပြီးဖြစ်သည့် စမ်းသပ်မှုများသည် အသေးအဖွဲဖြစ်ပြီး၊ ၎င်းတို့ကို သင့်အနေဖြင့် သည်းခံနိုင်ရုံမျှ ဖြစ်ခဲ့သည်မှာ သေချာသလောက်ဖြစ်သည်။ ဤအဆင့်တွင် နှုတ်ကပတ်တော်များ မှတစ်ဆင့်သာ စစ်ဆေးခြင်းနှင့် စုံလင်စေခြင်းတို့ ပါဝင်သည်။ နောက်တစ်ဆင့်တွင် သင့်ကို စစ်ဆေးဖို့ အမှန်တရားများ သင့်အပေါ် ရောက်လာလိမ့်မည်ဖြစ်ပြီး၊ ထိုအခါ သင်သည် ကြီးမားသော ဘေးအန္တရာယ်ကြားတွင် ရှိလိမ့်မည် ဖြစ်သည်။ ထိုအရာ အလွန် ဆိုးရွားလွန်းလာသည်နှင့် တစ်ပြိုင်နက်၊ ဘုရားသခင်က သင့်ကို မြန်မြန်လုပ်ကာ ထွက်ခွာရန် အကြံပေးလိမ့်မည်ဖြစ်ပြီး၊ ဘာသာရေး သမားများသည် သင့်ကို ၎င်းတို့နှင့်အတူ သွားစေဖို့ သွေးဆောင်ရန် ကြိုးစားကြလိမ့်မည်။ ဤသည်မှာ သင့်အနေဖြင့် လမ်းကြောင်းပေါ်တွင် ဆက်လက်သွားနိုင်ခြင်း ရှိမရှိဆိုသည်ကို ကြည့်ရန် ဖြစ်ပြီး၊ ဤအရာ အားလုံးသည် စမ်းသပ်ခြင်းများ ဖြစ်သည်။ လက်ရှိစမ်းသပ်မှုများသည် အသေးအဖွဲဖြစ်သော်လည်း၊ မိဘများက မယုံကြည်တော့သည့် အိမ်အချို့နှင့် သားသမီးများက မယုံကြည်ကြတော့သည့် အိမ်အချို့ ရှိမည့်နေ့ ရောက်လာလိမ့်မည်။ သင်သည် ဆက်လက် လုပ်ဆောင်နိုင်မည်လော။ သင်သည် ရှေ့သို့ ဝေးဝေးသွားလေလေ၊ သင်၏ စမ်းသပ်မှုများသည် ကြီးမားလာလေလေ ဖြစ်လိမ့်မည်။ ဘုရားသခင်သည် လူတို့၏ လိုအပ်ချက်များနှင့် ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုများနှင့်အညီ ၎င်းတို့ကို စစ်ဆေးခြင်းအမှု ဆောင်ရွက်လေသည်။ လူသားမျိုးနွယ်ကို ဘုရားသခင် စုံလင်စေခြင်း အဆင့်အတွင်းတွင်၊ လူအရေအတွက် ဆက်လက်တိုးပွားဖို့မှာ မဖြစ်နိုင်ပေ။ နည်းသာနည်းသွားလိမ့်မည်။ လူတို့ စုံလင်ခြင်းခံရနိုင်သည်မှာ ဤစမ်းသပ်မှုများမှတစ်ဆင့်သာ ဖြစ်သည်။ ပြုပြင်ခံရခြင်း၊ ပဲ့ပြင်ဆုံးမခံရခြင်း၊ စစ်ဆေးခံရခြင်း၊ ပြစ်တင်ဆုံးမခံရခြင်း၊ ကျိန်ခြင်းခံရခြင်းဟူသည့် ဤအရာအားလုံးကို သင် ကြံ့ကြံ့ခံနိုင်သလော။ ညီအစ်ကို မောင်နှမအားလုံးက ကြီးမားသော အားအင်ဖြင့် ကြိုးစားနေကြကာ အထူးကောင်းမွန်သော အခြေအနေရှိသည့် အသင်းတော်တစ်ခုကို သင် မြင်ရသည့်အခါ၊ သင် ကိုယ်တိုင် ခွန်အားရရှိသည်။ ၎င်းတို့အားလုံး စွန့်ခွာသွားသည့်တစ်နေ့၊ ၎င်းတို့ထဲမှ အချို့သောသူတို့ မယုံကြည်ကြတော့သည့်တစ်နေ့၊ အချို့တို့သည် စီးပွားရေးလုပ်ရန် သို့မဟုတ် အိမ်ထောင်ပြုရန် စွန့်ခွာသွားကြသည့်တစ်နေ့၊ ပြီးလျှင် အချို့သည် ဘာသာတရားသို့ ဝင်ရောက်ခဲ့သည့်တစ်နေ့ ရောက်လာသည့်အခါတွင်၊ သင့်အနေဖြင့် မြဲမြံစွာ ရပ်တည်နိုင်လိမ့်ဦးမည်လော။ စိတ်ထဲတွင် အနှောင့်အယှက်ကင်းကင်းဖြင့် သင် ရှိမြဲရှိနိုင်မည်လော။ လူသားမျိုးနွယ်ကို ဘုရားသခင်၏ စုံလင်စေခြင်းသည် အင်မတန်ရိုးရှင်းသော အရာတစ်ခု မဟုတ်ပေ။ သူသည် လူတို့ကို စစ်ဆေးဖို့ အမှုအရာများစွာကို အသုံးပြု၏။ လူတို့သည် ဤအရာတို့ကို နည်းလမ်းများ အဖြစ် မြင်ကြသော်လည်း၊ ဘုရားသခင်၏ မူလရည်ရွယ်ချက်တွင် ၎င်းတို့သည် နည်းလမ်းများ လုံးဝမဟုတ်ဘဲ၊ အမှန်တရားများ ဖြစ်သည်။ နောက်ဆုံးတွင်၊ လူတို့ကို ဘုရားသခင်က အတိုင်းအတာတစ်ခုထိ စစ်ဆေးပြီးဖြစ်ကာ ၎င်းတို့အနေဖြင့် မည်သည့်ညည်းညူခြင်းမျှ မရှိတော့သည့်အခါ၊ သူ၏ ဤအမှုအဆင့်သည် ပြီးစီးလိမ့်မည်ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်၏ ကြီးမြတ်သောအမှုမှာ သင့်ကို စုံလင်စေရန်ဖြစ်ပြီး၊ သူသည် အမှုမပြုဘဲ မိမိကိုယ်ကိုယ် ဖုံးကွယ်သည့်အခါ၊ ယင်းသည် သင့်ကို စုံလင်စေဖို့ ရည်ရွယ်ချက် သာ၍ပင် ဖြစ်ကာ၊ အထူးသဖြင့် လူတို့သည် ဘုရားသခင် အတွက် ချစ်ခြင်းမေတ္တာ ရှိမရှိ၊ ၎င်းတို့အနေဖြင့် သူ့အထဲတွင် စစ်မှန်သော ယုံကြည်စိတ်ချမှု ရှိမရှိဆိုသည်ကို ဤနည်းလမ်းဖြင့် တွေ့မြင်နိုင်ပေသည်။ ဘုရားသခင်သည် ပြတ်ပြတ်သားသား စကားပြောဆိုချိန်တွင် သင့်အနေဖြင့် ရှာဖွေဖို့ မလိုအပ်ပေ။ သင် ရှာဖွေပြီး သတိဖြင့် ရှေ့ဆက်ဖို့လိုသည်မှာ သူ ဖုံးကွယ်သည့်အခါတွင်သာ ဖြစ်သည်။ သင့်အနေဖြင့် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ဖြည့်ဆည်းနိုင်သင့်ပြီး၊ သင်၏ အနာဂတ်ရလဒ်နှင့် သင်၏ ခရီးပန်းတိုင် မည်သည့်အရာ ဖြစ်စေကာမူ၊ သင် အသက်ရှင်နေသည့် နှစ်ကာလများအတွင်းတွင် ဘုရားသခင်အပေါ် သိမြင်မှုနှင့် ဘုရားသခင်ကို ချစ်ခြင်းအား လိုက်စားရှာဖွေနိုင်သင့်ပြီး၊ သင့်ကို ဘုရားသခင် မည်သို့ဆက်ဆံစေကာမူ၊ သင့်အနေဖြင့် ညည်းညူခြင်းကို ရှောင်ရှားနိုင်သင့်ပေသည်။ လူတို့အတွင်း၌ သန့်ရှင်းသောဝိညာဉ်တော် အမှုပြုဖို့ သတ်မှတ်ချက်တစ်ခု ရှိသည်။ ၎င်းတို့အနေဖြင့် ဆာငတ်ကာ ရှာဖွေရမည်ဖြစ်ပြီး ဘုရားသခင်၏ လုပ်ဆောင်ချက်များကို စိတ်မပါ့တပါနှင့် သံသယမဖြစ်ရ၊ ပြီးလျှင် ၎င်းတို့၏တာဝန်များကို တစ်ချိန်လုံး ထိန်းသိမ်းနိုင်ရမည် ဖြစ်သည်။ ဤနည်းအားဖြင့်သာ သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို ၎င်းတို့ ရရှိနိုင်ပေသည်။ ဘုရားသခင်၏အမှု အဆင့်အသီးသီးတွင် လူသားမျိုးနွယ်ကို တောင်းဆိုထားသောအရာမှာ အလွန်ကြီးမားသော ယုံကြည်စိတ်ချမှုနှင့် ဘုရားသခင်၏ရှေ့မှောက်သို့ ရှာဖွေဖို့လာခြင်း ဖြစ်သည်။ အတွေ့အကြုံမှတစ်ဆင့်သာ ဘုရားသခင် မည်မျှနှစ်လိုဖွယ်ကောင်းသည် ဆိုသည်နှင့် လူတို့ထဲတွင် သန့်ရှင်းသော ဝိညာဉ်တော်သည် မည်သို့ အမှုပြုသည်တို့ကို လူတို့ ရှာတွေ့နိုင်ပေသည်။ သင်သည် တွေ့ကြုံခံစားရခြင်း မရှိပါက၊ ယင်းမှတစ်ဆင့် သတိဖြင့် ရှေ့မဆက်ပါက၊ သင်ရှာဖွေခြင်း မပြုပါက၊ မည်သည့်အရာကိုမျှ သင် ရရှိလိမ့်မည်မဟုတ်ပေ။ သင်၏ အတွေ့အကြုံများမှတစ်ဆင့် သတိဖြင့် ရှေ့ဆက်ရမည်ဖြစ်ပြီး၊ သင်၏ အတွေ့အကြုံများမှတစ်ဆင့်သာ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သင်တွေ့နိုင်ကာ၊ သူ၏ အံဖွယ်ကောင်းခြင်းနှင့် ဉာဏ်မမီနိုင်သောနက်နဲမှုကို သတိပြုနိုင်ပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ဘုရားသခင်ထံ သင်၏ကိုးကွယ်ဆည်းကပ်ခြင်းကို ထိန်းသိမ်းသင့်သည်
သင်တို့အားလုံးသည် စမ်းသပ်ခြင်းနှင့် စစ်ဆေးခြင်းတို့အလယ်တွင် ရှိကြ၏။ စစ်ဆေးခြင်းအတွင်းတွင် သင်သည် ဘုရားသခင်ကို အဘယ်သို့ ချစ်သင့်သနည်း။ စစ်ဆေးခြင်းကို ကြုံတွေ့ပြီးနောက်၊ လူတို့သည် ဘုရားသခင်ထံ စစ်မှန်သော ချီးမွမ်းခြင်းကို ဆက်ကပ်နိုင်ပြီး၊ စစ်ဆေးခြင်း အလယ်တွင် ၎င်းတို့ အလွန်ပင် ချို့တဲ့ကြသည်ကို မြင်နိုင်ကြသည်။ သင်၏ စစ်ဆေးခြင်း ကြီးမားလေလေ၊ သင်သည် ဇာတိပကတိကို ပုန်ကန်ရန် တတ်စွမ်းနိုင်လေလေ ဖြစ်သည်။ လူတို့၏ စစ်ဆေးခြင်း ကြီးမားလေလေ၊ ဘုရားသခင်အတွက် ၎င်းတို့၏ ချစ်ခြင်းမေတ္တာ ကြီးမားလေလေ ဖြစ်သည်။ ဤသည်မှာ သင် နားလည်သင့်သည့်အရာ ဖြစ်သည်။ လူတို့ အဘယ်ကြောင့် စစ်ဆေးခြင်းခံရမည်နည်း။ မည်သည့်အကျိုးသက်ရောက်မှုကို ရရှိရန် ထိုစစ်ဆေးခြင်းက ရည်ရွယ်သနည်း။ လူသား၌ ဘုရားသခင်၏ စစ်ဆေးခြင်းအမှု၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ သင်သည် ဘုရားသခင်ကို အမှန်တကယ် ရှာဖွေလျှင်၊ အတိုင်းအတာတစ်ခုအထိ သူ၏ စစ်ဆေးခြင်းကို ကြုံတွေ့ခံစားပြီးနောက် ယင်းသည် အလွန့်အလွန် ကောင်းမွန်ပြီး အဆုံးစွန် လိုအပ်မှုဖြစ်သည်ကို သင် ခံစားရလိမ့်မည်။ စစ်ဆေးခြင်း အတောအတွင်းတွင် လူသားသည် ဘုရားသခင်ကို မည်သို့ ချစ်သင့်သနည်း။ ဘုရားသခင်၏ စစ်ဆေးခြင်းကို လက်ခံဖို့ ကိုယ်တော်ကို ချစ်ရန်သန္နိဌာန်ကို အသုံးပြုခြင်းဖြင့် စစ်ဆေးခြင်းအတောအတွင်းတွင် သင်သည် ဓားတစ်လက်က သင်၏ နှလုံးသားကို မွှေနှောက်လျက်ရှိသကဲ့သို့ အတွင်းပိုင်း၌ ညှဉ်းဆဲ ခံရသော်လည်း၊ သင်သည် ဘုရားသခင်ကို ချစ်သော သင်၏စိတ်နှလုံးကို အသုံးပြုလျက် ဘုရားသခင်ကို စိတ်ကျေနပ်စေရန် လိုလိုလားလားရှိနေပြီး၊ ဇာတိပကတိကို ဂရုစိုက်ရန် လိုလိုလားလား ရှိမနေပေ။ ဤသည်မှာ ဘုရားသခင်ကို ချစ်ခြင်းအား လက်တွေ့လုပ်ဆောင်ခြင်းကို ဆိုလိုသည့်အရာ ဖြစ်သည်။ သင်သည် အတွင်းပိုင်းကို နာကျင်နေပြီး သင်၏ ဆင်းရဲဒုက္ခခံစားမှုသည် အတိုင်းအတာတစ်ခုထိ ရောက်ရှိပြီးဖြစ်သော်လည်း၊ သင်သည် ဘုရားသခင်၏ ရှေ့မှောက်သို့ လာရန် ဆန္ဒရှိဆဲဖြစ်ကာ၊ “အိုး ဘုရားသခင်။ ကျွန်ုပ်သည် ကိုယ်တော်ကို မစွန့်ခွာနိုင်ပါ။ ကျွန်ုပ်အတွင်းတွင် မှောင်မိုက်သော်လည်း ကိုယ်တော်ကို ကျေနပ်စေရန် ဆန္ဒရှိပါသည်။ ကိုယ်တော်သည် ကျွန်ုပ်၏ နှလုံးသားကို သိပြီး၊ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာကို ကျွန်ုပ်အထဲတွင် ပို၍မြှုပ်နှံစေလိုပါ၏” ဟု ဆိုလျက်၊ ဆုတောင်းသည်။ ဤအရာကို စစ်ဆေးခြင်း အတောအတွင်းတွင် လက်တွေ့လုပ်ဆောင်မှု ဖြစ်လေသည်။ သင်သည် ဘုရားသခင်ကို ချစ်သော သင်၏စိတ်နှလုံးအား အခြေခံအုတ်မြစ်အဖြစ် အသုံးပြုလျှင် စစ်ဆေးခြင်းသည် သင့်ကို ဘုရားသခင်နှင့် ပိုနီးစပ်အောင် ဆောင်ကြဉ်း သွားနိုင်ပြီး ဘုရားသခင်နှင့် သာ၍ ရင်းနှီးစေနိုင်၏။ ဘုရားသခင်ကို သင် ယုံကြည်သည့်အတွက်၊ သင်၏နှလုံးသားကို ဘုရားသခင်ထံ သင် လွှဲပြောင်းပေးအပ်ရမည်။ အကယ်၍ သင်သည် သင်၏နှလုံးသားကို ဘုရားသခင် ရှေ့မှောက်တွင် ဆက်ကပ်ပြီး ချခင်းထားပါက၊ စစ်ဆေးခြင်း အတောအတွင်းတွင် ဘုရားသခင်ကို ငြင်းပယ်ရန် သို့မဟုတ် ဘုရားသခင်ကို စွန့်ခွာရန်မှာ သင့်အတွက် မဖြစ်နိုင်ပေ။ ဤနည်းဖြင့်၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် သာ၍ သာ၍ နီးကပ်လာမည် ဖြစ်ပြီး၊ သာ၍ သာ၍ ပုံမှန်ဖြစ်လာလိမ့်မည် ဖြစ်ကာ၊ ဘုရားသခင်နှင့် သင်၏ မိတ်သဟာယဖွဲ့ခြင်းသည် သာ၍ သာ၍ ကြိမ်ဖန် များလာလိမ့်မည် ဖြစ်သည်။ သင်သည် ဤနည်းလမ်းဖြင့် အမြဲ လက်တွေ့လုပ်ဆောင်ပါက၊ ဘုရားသခင်၏အလင်း၌ ပို၍ အချိန်ကုန်ဆုံးလိမ့်မည် ဖြစ်ပြီး၊ သူ၏နှုတ်ကပတ်တော်၏ လမ်းပြမူအောက်တွင် ပို၍ အချိန်ကုန်ဆုံး လိမ့်မည် ဖြစ်သည်။ သင်၏ စိတ်သဘောထားတွင်လည်း ပို၍ ပို၍ အပြောင်းအလဲများ ရှိလိမ့်မည်ဖြစ်ပြီး၊ သင်၏ အသိပညာသည် တစ်နေ့ထက် တစ်နေ့ တိုးပွားလိမ့်မည်။ ဘုရားသခင်၏ စမ်းသပ်မှုများ သင့်အပေါ် ရုတ်တရက် ကျရောက်သည့် ရက် ရောက်လာသည့်အခါတွင်၊ သင်သည် ဘုရားသခင် ဘက်တွင် ရပ်တည်ပေးနိုင်လိမ့်မည် ဖြစ်ရုံသာမက၊ ဘုရားသခင်ကိုလည်း သက်သေခံနိုင်လိမ့်မည် ဖြစ်သည်။ ထိုအချိန်တွင်၊ သင်သည် ယောဘနှင့် ပေတရုကဲ့သို့ ဖြစ်မည်။ ဘုရားသခင်ကို သက်သေခံရင်း၊ သင်သည် သူ့ကို အမှန်တကယ် ချစ်လိမ့်မည်ဖြစ်ပြီး သူ့အတွက် သင့်အသက်ကို ဝမ်းမြောက်စွာ စွန့်လွှတ်လိမ့်မည် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ သက်သေဖြစ်ကာ ဘုရားသခင် ချစ်သောသူတစ်ဦး ဖြစ်လိမ့်မည်။ စစ်ဆေးခြင်းကို ကြုံတွေ့ခံစားရပြီးဖြစ်သည့် ချစ်ခြင်းမေတ္တာသည် နုနယ်ခြင်းမရှိဘဲ သန်မာလေသည်။ ဘုရားသခင်က သင့်ကို သူ၏ စမ်းသပ်မှုများအား မည်သည့်အချိန် သို့မဟုတ် မည်သို့ ခံစားစေသည်ကို ပဓာနမထားဘဲ၊ သင် ရှင်မည်လား သေမည်လားဆိုသည်နှင့်ပတ်သက်၍ သင်၏စိုးရိမ်ပူပန်မှုများကို စွန့်လွှတ်နိုင်သည်၊ ဘုရားသခင်အတွက် အရာရာကို ဝမ်းမြောက်စွာ ဘေးဖယ်ထားနိုင်၍ ဘုရားသခင်အတွက် မည်သည့်အရာကိုမဆို ပျော်ရွှင်စွာ သည်းခံနိုင်လေသည်။ ထိုသို့ဖြင့် သင်၏ချစ်ခြင်းမေတ္တာသည် ဖြူစင်ပြီး သင်၏ ယုံကြည်ခြင်းသည် လက်တွေ့ကျမှုမှု ရှိလိမ့်မည်။ ထိုအခါမှသာ သင်သည် ဘုရားသခင်၏ အမှန်တကယ် ချစ်ခြင်းခံရသောသူနှင့် ဘုရားသခင်၏ စုံလင်စေခြင်းကို အမှန်တကယ် ခံရသောသူတစ်ဦး ဖြစ်လိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စစ်ဆေးခြင်းကိုကြုံတွေ့ခြင်းအားဖြင့်သာ လူသားသည် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်နိုင်သည်
ယောဘသည် သူ၏ စမ်းသပ်မှုများကို ပထမဦးဆုံး ကြုံရချိန်တွင်၊ သူ၏ ဥစ္စာပစ္စည်းအားလုံးနှင့် သားသမီး အားလုံး ယူဆောင်သွားခြင်း ခံခဲ့ရသော်လည်း၊ အကျိုးဆက်အနေဖြင့် သူသည် လဲမကျခဲ့ပေ သို့မဟုတ် ဘုရားသခင်ကို ဆန့်ကျင်ပြစ်မှားမှုတစ်ခုဖြစ်သည့် မည့်သည့်အရာကိုမျှ မဆိုခဲ့ပေ။ သူသည် စာတန်၏ စုံစမ်းနှောင့်ယှက်မှုများကို အောင်မြင်ခဲ့ပြီး သူ၏ ရုပ်ဝတ္ထု ပစ္စည်းများ၊ သူ၏သားသမီးများနှင့် သူ၏လောကီပိုင်ဆိုင်မှု အားလုံး ဆုံးရှုံးခြင်းနှင့်သက်ဆိုင်သည့် စမ်းသပ်မှုကို အောင်မြင်ခဲ့သည်၊ ယင်းမှာ သူသည် ဘုရားသခင်က သူ့ထံမှ အမှုအရာများကို ယူဆောင် သွားသည်နှင့်အမျှ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ခဲ့ပြီး၊ ဘုရားသခင် လုပ်ဆောင်ခဲ့သည့်အရာကြောင့် ဘုရားသခင်ထံ ကျေးဇူးတင်ရှိခြင်းနှင့် ချီးမွမ်းခြင်းတို့ကိုလည်း ပူဇော်ဆက်ကပ်နိုင်ခဲ့သည်။ ယင်းမှာ စာတန်၏ ပထမအကြိမ် စုံစမ်းနှောင့်ယှက်မှုအတောအတွင်း ယောဘ၏ အပြုအမူဖြစ်ခဲ့ပြီး ယင်းမှာ ဘုရားသခင်၏ ပထမအကြိမ် စမ်းသပ်မှု အတောအတွင်း ယောဘ၏ သက်သေခံချက်လည်း ဖြစ်ခဲ့သည်။ ဒုတိယအကြိမ် စမ်းသပ်မှုတွင်၊ စာတန်သည် ယောဘကို တိုက်ခိုက်ဖို့ ၎င်း၏လက်ကိုဆန့်ခဲ့ပြီး၊ ယောဘသည် သူယခင်က ခံစားခဲ့ရသည်ထက် သာ၍ ကြီးမားသော နာကျင်မှုကို ခံစားခဲ့ရသော်လည်း၊ သူ၏သက်သေခံချက်သည် လူတို့ကို အံ့အားသင့်ရစ်စေရလောက်သည်အထိ ဖြစ်ဆဲရှိခဲ့သည်။ သူသည် သူ၏ခံနိုင်ရည်၊ ခံယူချက်နှင့် ဘုရားသခင်ကို ကျိုးနွံနာခံမှုအပြင်၊ ဘုရားသခင်ကို သူ၏ ကြောက်ရွံ့ခြင်းတို့အား စာတန်ကို နောက်ထပ်တစ်ကြိမ် အနိုင်ယူရန် အသုံးပြုခဲ့ပြီး၊ သူ၏ အပြုအမူနှင့် သူ၏သက်သေခံချက်တို့သည် ဘုရားသခင်၏ နောက်တစ်ကြိမ် ထောက်ခံခြင်းနှင့် မျက်နှာသာပေးခြင်းကို ခံခဲ့ရသည်။ ဤစုံစမ်းနှောင့်ယှက်မှုအတောအတွင်းတွင်၊ ယောဘသည် ခန္ဓာကိုယ် နာကျင်မှုသည် ဘုရားသခင်အပေါ် သူ၏ယုံကြည်ခြင်းနှင့် နာခံခြင်းတို့ကို မပြောင်းလဲစေနိုင်ကြောင်း သို့မဟုတ် ဘုရားသခင်အပေါ် သူ၏ ဆက်ကပ်မှုနှင့် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးအား ယူဆောင်မသွားနိုင်ကြောင်း၊ သို့မဟုတ် သေခြင်းကို သူရင်ဆိုင်ခဲ့ရသောကြောင့် ဘုရားသခင်ကို စွန့်လွှတ်မည်မဟုတ် သို့မဟုတ် သူ၏စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို စွန့်လွှတ်မည်မဟုတ်သည်ကို စာတန်အား ကြေညာရန် သူ၏တကယ့်အပြုအမူကို အသုံးပြုခဲ့သည်။ ယောဘ၏ စိတ်ပိုင်းဖြတ်ချက်သည် စာတန်အား သူရဲဘောကြောင်စေခဲ့သည်၊ သူ၏ယုံကြည်ခြင်းသည် စာတန်အား အသည်းငယ်စေကာ တုန်လှုပ်စေရစ်ခဲ့သည်၊ ၎င်းတို့၏ သေရေး ရှင်ရေးတိုက်ပွဲအတွင်းတွင် စာတန်ကို သူ တိုက်ခိုက်ခဲ့သည့် ပြင်းပြခြင်းသည် စာတန်ထဲတွင် နက်ရှိုင်းသော မုန်းတီးမှုနှင့် မကျေမချမ်းမှုတို့ကို ပေါက်ဖွားစေခဲ့သည်။ သူ၏စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့က စာတန်သည် သူ့ကို နောက်ထပ်မည်သည့်အရာမျှ မလုပ်ဆောင်နိုင်စေခဲ့သည်မှာ စာတန်သည် ယောဘအပေါ် ၎င်း၏ တိုက်ခိုက်မှုများကို စွန့်ပစ်ပြီး ယေဟောဝါဘုရားသခင်ရှေ့တွင် ချခင်းထားသည့် ယောဘအား စွပ်စွဲချက်များကိုလည်း စွန့်လွှတ်ခဲ့လေသည်။ ဤသည်မှာ ယောဘသည် လောကကြီးကို အောင်မြင်ခဲ့ပြီးဖြစ်သည်၊ ဇာတိပကတိကို အောင်မြင်ခဲ့ပြီးဖြစ်သည်၊ သူသည် စာတန်ကို အောင်မြင်ခဲ့ပြီးဖြစ်ကာ သေခြင်းကို အောင်မြင်ခဲ့ပြီးဖြစ်သည်ဟု ဆိုလိုခဲ့ပေသည်။ သူသည် အကြွင်းမဲ့နှင့် လုံးလုံးလျားလျား ဘုရားသခင်နှင့် သက်ဆိုင်သော လူတစ်ဦး ဖြစ်ခဲ့သည်။ ဤစမ်းသပ်မှုနှစ်ခုအတောအတွင်းတွင်၊ ယောဘသည် သူ၏ သက်သေခံချက်၌ မြဲမြံစွာ ရပ်တည်ခဲ့ပြီး သူ၏ စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို အမှန်တကယ် အသက်ရှင်နေထိုင်ခဲ့သည်၊ ပြီးလျှင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်းနှင့်သက်ဆိုင်သော သူ၏ အသက်ရှင်မှု နိယာမများ၏ နယ်ပယ်ကို ကျယ်ပြန့်လာစေခဲ့သည်။ ဤစမ်းသပ်မှုနှစ်ခုကို ကြုံရလျက်ဖြင့်၊ ယောဘထဲ၌ သာ၍ကြွယ်ဝသော အတွေ့အကြုံတစ်ခု ပေါက်ဖွားလာခဲ့ပြီး ဤအတွေ့အကြုံသည် သူ့ကို သာ၍ ရင့်ကျက်စေကာ ဝါရင့်စေခဲ့သည်၊ ယင်းသည် သူ့ကို သာ၍ သန်မာစေခဲ့ပြီး သာ၍ ကြီးမားသော ခံယူချက် ရှိစေခဲ့ကာ၊ သူစွဲမြဲစွာ ထိန်းထားခဲ့သော တည်ကြည်ခြင်း၏ မှန်ကန်မှုနှင့် အဖိုးထိုက်တန်ခြင်းတို့နှင့် သက်ဆိုင်၍ သူ့အား သာ၍ စိတ်ချယုံကြည်မှု ရှိစေခဲ့သည်။ ယောဘနှင့်သက်ဆိုင်သည့် ယေဟောဝါ ဘုရားသခင်၏ စမ်းသပ်မှုများသည် သူ့အား လူသားအတွက် ဘုရားသခင်၏ ပူပန်မှုနှင့်သက်ဆိုင်သော နက်ရှိုင်းသည့် သိနားလည်ခြင်းနှင့် အသိစိတ်ကို ပေးခဲ့ပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ အဖိုးထိုက်ခြင်းကို သူ့အား သတိပြုမိခွင့်ပေးခဲ့ကာ၊ ယင်းအခြေအနေမှ ဘုရားသခင်အပေါ် အရေးထားခြင်းနှင့် ချစ်ခြင်းတို့ကို သူ၏ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းထဲသို့ ပေါင်းထည့်ခဲ့လေသည်။ ယေဟောဝါဘုရားသခင်၏ စမ်းသပ်မှုများသည် ယောဘအား ဘုရားထံမှ မကင်းကွာစေခဲ့သည် သာမက သူ၏ စိတ်နှလုံးကို ဘုရားသခင်နှင့် သာ၍ နီးကပ်စေခဲ့သည်။ ယောဘသည်းခံခဲ့သော ခန္ဓာနာကျင်မှုသည် ယင်း၏ အထွတ်အထိပ်သို့ ရောက်ခဲ့ချိန်တွင်၊ ယေဟောဝါဘုရားသခင်ထံမှ သူခံစားခဲ့ရသော စိုးရိမ်ပူပန်မှုသည် သူ့အား သူ၏ မွေးဖွားရာနေ့ရက်ကို ကျိန်ဆဲဖို့မှလွဲ၍ ရွေးချယ်စရာ မပေးခဲ့ပေ။ ထိုသို့သော အပြုအမူသည် အချိန်ကြာမြင့်စွာ စီစဉ်ထားသည့်အရာမဟုတ်ခဲ့ဘဲ၊ သူ၏ စိတ်နှလုံးအတွင်းမှ ဘုရားသခင်အတွက် အရေးထားခြင်းနှင့် ချစ်ခြင်း၏ အလိုအလျောက် ထုတ်ဖော်ပြခြင်းတစ်ခု ဖြစ်ခဲ့သည်။ ယင်းမှာ ဘုရားသခင်အတွက် သူ၏ အရေးထားခြင်းနှင့် ချစ်ခြင်းတို့မှ လာခဲ့သည့် အလိုအလျောက် ထုတ်ဖော်ပြခြင်းတစ်ခုဖြစ်သည်။ ဆိုလိုသည်မှာ သူသည် မိမိကိုယ်ကိုယ် စက်ဆုပ်ရွံရှာခဲ့ပြီး ဘုရားသခင်အား ညှဉ်းဆဲရန် လိုလားခြင်း မရှိသကဲ့သို့ ခံနိုင်ခြင်းလည်း မရှိသောကြောင့်၊ သူ၏ အရေးထားခြင်းနှင့် ချစ်ခြင်းသည် ကိုယ်ကျိုးမငဲ့သည့် အဆင့်အထိ ရောက်ရှိခဲ့ပေသည်။ ဤအချိန်တွင် ယောဘသည် ဘုရားသခင်အတွက် အချိန်ကြာမြင့်စွာ တည်ရှိနေခဲ့သော ကြည်ညိုခြင်းနှင့် တမ်းတခြင်း၊ ပြီးလျှင် ဘုရားသခင်အား ဆက်ကပ်ခြင်းတို့ကို အရေးထားခြင်းနှင့် မြတ်နိုးခြင်း အဆင့်အထိ မြှင့်တင်ခဲ့သည်။ တစ်ချိန်တည်းတွင် သူသည် ဘုရားသခင်ကို သူ၏ ယုံကြည်ခြင်းနှင့် ကျိုးနွံနာခံခြင်း၊ ပြီးလျှင် ဘုရားသခင်အား ကြောက်ရွံ့ခြင်းတို့ကိုလည်း အရေးထားခြင်းနှင့် မြတ်နိုးခြင်း အဆင့်အထိ မြှင့်တင်ခဲ့သည်။ သူသည် ဘုရားသခင်ကို ထိခိုက်နစ်နာစေမည့် မည်သည့်အရာကိုမျှ လုပ်ဆောင်ရန် မိမိကိုယ်ကိုယ် အခွင့်မပေးခဲ့ပေ၊ ဘုရားသခင်ကို နာကျင်စေမည့် မည်သည့်အပြုအမူကိုမျှ မိမိကိုယ်ကိုယ် လုပ်ဆောင်ခွင့်မပေးခဲ့သကဲ့သို့၊ သူ၏ ကိုယ်ပိုင် အကြောင်းရင်းများအတွက် ဘုရားသခင်အပေါ် မည်သည့် ဝမ်းနည်းခြင်း၊ ပူဆွေးခြင်း သို့မဟုတ် မပျော်ရွှင်ခြင်းကိုမျှပင် ယူဆောင်လာဖို့ မိမိကိုယ်ကိုယ် အခွင့်မပေးခဲ့ချေ။ ဘုရားသခင်၏ အမြင်တွင် ယောဘသည် ယခင်က ယောဘပင် ဖြစ်နေဆဲ ဖြစ်သော်လည်း၊ ဘုရားသခင်နှင့်သက်ဆိုင်သည့် ယောဘ၏ ယုံကြည်ခြင်း၊ ကျိုးနွံနာခံခြင်းနှင့် ကြောက်ရွံ့ခြင်းသည် ဘုရားသခင်အား ပြီးပြည့်စုံသော ကျေနပ်အားရမှုနှင့် သာယာကြည်နူးမှုကို ဆောင်ကြဉ်းခဲ့ပြီး ဖြစ်သည်။ ဤအချိန်တွင် ယောဘသည် သူရရှိဖို့ ဘုရားသခင် မျှော်လင့်ထားခဲ့သော စုံလင်ခြင်းကို ရရှိခဲ့ပြီးဖြစ်သည်။ သူသည် ဘုရားသခင်၏ အမြင်တွင် “စုံလင်ဖြောင့်မတ်သည်” ဟုခေါ်ဝေါ်ခြင်းငှာ အမှန်တကယ် ခံထိုက်သောသူတစ်ဦး ဖြစ်လာခဲ့ပြီ ဖြစ်သည်။ သူ၏ ဖြောင့်မတ်သော လုပ်ဆောင်ချက်များသည် စာတန်အား အောင်နိုင်ခွင့်ပေးခဲ့ပြီး၊ ဘုရားသခင်အဖို့ သူ၏ သက်သေခံချက်၌ ခိုင်ခံ့စွာ ရပ်တည်အခွင့်ပေးခဲ့သည်။ ထိုကြောင့် သူ၏ဖြောင့်မတ်သော လုပ်ဆောင်ချက်များသည်လည်း သူ့အား စုံလင်စေပြီး သူ၏ အသက်တန်ဖိုးကို ယခင်ထက် သာ၍ မြှင့်တင်ခံရစေကာ ကျော်လွန်စေခဲ့ပြီး၊ စာတန်၏ တိုက်ခိုက်ခြင်းနှင့် စုံစမ်းနှောင့်ယှက်ခြင်းကို မခံရတော့မည့် ပထမဦးဆုံးသော လူတစ်ဦးလည်း ဖြစ်စေခဲ့သည်။ ယောဘသည် ဖြောင့်မတ်ခဲ့သောကြောင့်၊ သူသည် စာတန်၏ စွပ်စွဲခြင်းခံခဲ့ရကာ စုံစမ်းနှောင့်ယှက်ခြင်းကို ခံခဲ့ရသည်။ ယောဘသည် ဖြောင့်မတ်ခဲ့သောကြောင့်၊ သူသည် စာတန်ထံသို့ လွှဲအပ်ခြင်းကို ခံခဲ့ရပြီး၊ ယောဘသည် ဖြောင့်မတ်ခဲ့သောကြောင့်၊ သူသည် စာတန်ကို အောင်နိုင်ကာ ရှုံးနိမ့်စေခဲ့ပြီး၊ သူ၏ သက်သေခံချက်၌ ခိုင်မြဲစွာ ရပ်တည်ခဲ့သည်။ ထိုအချိန်မှစ၍ ယောဘသည် စာတန်ထံသို့ မည်သည့်အခါတွင်မျှ တစ်ဖန် အပ်နှံမခံရတော့မည့် ပထမဦးဆုံး လူသားတစ်ဦး ဖြစ်လာခဲ့သည်၊ သူသည် ဘုရားသခင်၏ ပလ္လင်ရှေ့သို့ အမှန်တကယ် လာရောက်ခဲ့ပြီး စာတန်၏ စောင့်ကြည့်ခြင်း သို့မဟုတ် ဖျက်ဆီးခြင်း မရှိဘဲ၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာအောက်၊ အလင်းထဲတွင် အသက်ရှင်ခဲ့ရသည်...။ သူသည် ဘုရားသခင်၏ အမြင်၌ စစ်မှန်သော လူသားတစ်ဦး ဖြစ်လာခဲ့ပြီးဖြစ်သည်။ သူသည် လွတ်မြောက်ခဲ့ပြီး ဖြစ်သည်...။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)
စစ်ဆေးခြင်းအမှု၏ ရည်ရွယ်ချက်မှာ အဓိကအားဖြင့် လူတို့၏ယုံကြည်ခြင်းကို စုံလင်စေရန်ဖြစ်သည်။ အဆုံးတွင်၊ ရရှိသည့်အရာမှာ သင်စွန့်ခွာလိုသော်လည်း၊ တစ်ချိန်တည်းတွင် စွန့်ခွာ၍မရပေ။ အချို့လူတို့သည် အသေးငယ်ဆုံးသော မျှော်လင့်ချက် တစ်စက်ကလေးမျှ မရှိသည့်အချိန်တွင်ပင် ယုံကြည်ခြင်း ရှိနိုင်ဆဲဖြစ်ပြီး၊ လူတို့သည် ၎င်းတို့၏ကိုယ်ပိုင် အနာဂတ်တက်လမ်းများနှင့် စပ်လျဉ်း၍ မျှော်လင့်ချက် လုံးဝ မရှိကြတော့ချေ။ ဤအချိန်မှသာ ဘုရားသခင်၏စစ်ဆေးခြင်းမှာ ပြီးဆုံးမည်ဖြစ်သည်။ လူသားသည် သေခြင်းနှင့် ရှင်ခြင်းအကြားတွင် တဝဲလည်လည်ဖြစ်နေသည့် အဆင့်ကို မရောက်ကြသေးပေ၊ ထို့ပြင် ၎င်းတို့သည် သေခြင်းကို မမြည်းစမ်းရသေးသောကြောင့် စစ်ဆေးခြင်း၏ လုပ်ငန်းစဉ်မှာ မပြီးဆုံးသေးပါ။ အစေခံသူများ၏အဆင့်၌ ရှိခဲ့သောသူတို့ပင်လျှင် အဆုံးစွန် စစ်ဆေးခြင်းကို မခံခဲ့ကြရပေ။ ယောဘသည် ပြင်းထန်သော စစ်ဆေးခြင်းကို ကြုံခဲ့ရပြီး သူ၌ အားထားစရာ မည်သည့်အရာမျှ မရှိခဲ့ပေ။ လူတို့သည် ၎င်းတို့၌ မျှော်လင့်ချက် မရှိသည့်အပြင် အားထားစရာ မည်သည့်အရာမျှမရှိသည့် အတိုင်းအတာအထိ စစ်ဆေးခြင်းများကို ခံကြရမည်၊ ဤသည်သာလျှင် စစ်မှန်သောစစ်ဆေးခြင်း ဖြစ်သည်။ အစေခံသူများ၏ ခေတ်ကာလအတွင်း၌ အကယ်၍ သင်၏ စိတ်နှလုံးသည် ဘုရားသခင်၏ရှေ့မှောက်၌ အမြဲဆိတ်ငြိမ်နေခဲ့ပြီး မည်သည့်အရာကို သူပြုခဲ့ပါစေ၊ သင့်အတွက် သူ၏ရည်ရွယ်ချက်များမှာ မည်သည့်အရာ ဖြစ်ခဲ့ပါစေ သင်သည် သူ၏ကြိုတင်ပြင်ဆင်ချက်များကို အမြဲတမ်းကျိုးနွံနာခံခဲ့ပါက၊ လမ်းဆုံးရောက်သည့်အခါ ဘုရားသခင်ပြုခဲ့ပြီးသော အရာတိုင်းကို သင်နားလည်ပေမည်။ သင်သည် ယောဘ၏ စမ်းသပ်မှုများကို ခံရပြီး တစ်ချိန်တည်းမှာပင် ပေတရု၏ စမ်းသပ်မှုများကိုလည်း ခံရခြင်းဖြစ်သည်။ ယောဘ အစမ်းသပ်ခံခဲ့ရသောအခါ သူသည် သက်သေရပ်တည်ခဲ့ပြီး အဆုံးတွင် ယေဟောဝါမှာ သူ့အား ကိုယ်ထင်ပြခဲ့သည်။ သူသက်သေရပ်တည်ခဲ့သည့် နောက်မှသာ သူသည် ဘုရားသခင်၏ မျက်နှာကိုမြင်ဖို့ ထိုက်တန်ခဲ့သည်။ “ငါသည် ညစ်ညမ်းသောပြည်မှ ပုန်းရှောင်သော်လည်း၊ သန့်ရှင်းသောနိုင်ငံတော်အား ငါ့ကိုယ်ငါ ကိုယ်ထင်ပြမည်။” ဟု အဘယ်ကြောင့် ပြောထားသနည်း။ ယင်းမှာ သင်သည် သန့်ရှင်းပြီး သက်သေရပ်တည်သည့်အခါမှသာ ဘုရားသခင်၏မျက်နှာကို မြင်ရဖို့အတွက် ဂုဏ်အသရေကို သင်ရနိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်အတွက် သက်သေမရပ်တည်နိုင်ပါက သူ၏မျက်နှာကိုမြင်ရဖို့ သင်၌ ဂုဏ်အသရေမရှိပေ။ အကယ်၍ သင်သည် စစ်ဆေးခြင်းများကို ကြုံနေရစဉ် နောက်ကြောင်းပြန်လှည့်သောကြောင့်ဖြစ်စေ၊ သို့မဟုတ် ဘုရားသခင်အပေါ် ညည်းတွားချက်များ ပြုလုပ်သောကြောင့်ဖြစ်စေ သူ့အတွက် သက်သေရပ်တည်ရန် ပျက်ကွက်ပြီး စာတန်၏ လှောင်ပြောင်စရာ ဖြစ်လာပါက၊ သင်သည် ဘုရားသခင်၏ပေါ်ထွန်းခြင်းကို ရရှိလိမ့်မည်မဟုတ်ပေ။ အကယ်၍ သင်သည် စမ်းသပ်မှုများကြား၌ မိမိ၏ကိုယ်ပိုင် ဇာတိခန္ဓာကို ကျိန်ဆဲခဲ့ပြီး ဘုရားသခင်အား မညည်းတွားခဲ့သည့်အပြင်၊ စကားလုံးများ အားဖြင့် ညည်းညူခြင်း သို့မဟုတ် အပြစ်ကျူးလွန်ခြင်းမရှိဘဲ မိမိ၏ ဇာတိပကတိကို စက်ဆုပ်နိုင်ခဲ့သည့် ယောဘကဲ့သို့သောသူ ဖြစ်ပါက၊ သင်သည် သက်သေရပ်တည်နေလိမ့်မည်။ သင်သည် စစ်ဆေးခြင်းများကို တစ်စုံတစ်ခုသော အတိုင်းအတာအထိ ခံရပြီး ယောဘကဲ့သို့ ဖြစ်နိုင်သေးကာ၊ ဘုရားသခင်၏ရှေ့တွင် လုံးလုံးလျားလျား ကျိုးနွံနာခံမှုရှိပြီး သူ့အပေါ် အခြားတောင်းဆိုချက်များ၊ သို့မဟုတ် သင်၏ကိုယ်ပိုင်အယူအဆများ မရှိပါက ဘုရားသခင်သည် သင့်ထံ ပေါ်ထွန်းလိမ့်မည်။ ယခုမူ သင့်ထံ ဘုရားသခင်မပေါ်လာရသည်မှာ အဘယ်ကြောင့်ဆိုသော် သင်၌ သင်၏ကိုယ်ပိုင် များစွာသော အယူအဆများ၊ အခြေအမြစ်မရှိသော တစ်ကိုယ်ရေ အစွဲအလမ်းများ၊ တစ်ကိုယ်ကောင်းဆန်သော အတွေးအခေါ်များ၊ ပုဂ္ဂိုလ်ရေး လိုအပ်ချက်များနှင့် ဇာတိဆန်သော စိတ်ဝင်စားမှုများ ရှိသောကြောင့် ဖြစ်ပြီး သင်သည် သူ၏မျက်နှာကိုမြင်ရဖို့ မထိုက်တန်ပေ။ အကယ်၍ ဘုရားသခင်ကို သင်မြင်ခဲ့ရသည်ဆိုပါက သင်သည် သူ့ကို သင်၏ကိုယ်ပိုင် အယူအဆများ အားဖြင့် တိုင်းထွာလိမ့်မည်ဖြစ်ပြီး၊ ဤသို့ပြုခြင်းဖြင့် သူသည် သင့်အားဖြင့် လက်ဝါးကပ်တိုင်ပေါ်တွင် သံနှင့် အရိုက်ခံရခြင်းပင် ဖြစ်မည်။ အကယ်၍ သင်၏ အယူအဆများနှင့် တစ်ပြေးညီမဟုတ်သော အရာများစွာ သင့်အပေါ် ကျရောက်လာသည့်တိုင် သင်သည် ၎င်းတို့ကို ဘေးဖယ်ထားနိုင်ပြီး ဤအရာများမှ ဘုရားသခင်၏ လုပ်ရပ်များအား သိကျွမ်းခြင်းကို ရရှိနိုင်ပါက၊ ထို့ပြင် သင်သည် စစ်ဆေးခြင်းများအလယ်တွင် ဘုရားသခင်ကို ချစ်သော သင်၏စိတ်နှလုံးကို ဖော်ထုတ်ပြသပါက၊ ဤသည်မှာ ခိုင်မာစွာ သက်သေရပ်တည်ခြင်းပင် ဖြစ်သည်။ အကယ်၍ သင်၏ နေအိမ်သည် ငြိမ်းချမ်းနေပြီး၊ သင်သည် ဇာတိပကတိဆိုင်ရာ ဇိမ်ခံစရာများကို မွေ့လျော်ကာ၊ သင့်ကို မည်သူမျှ ညှဉ်းပန်းနှိပ်စက်ခြင်း မပြုဘဲ၊ အသင်းတော်ထဲရှိ သင်၏ ညီအစ်ကိုမောင်နှမများက သင့်ကိုနာခံပါက၊ ဘုရားသခင်ကိုချစ်သော သင်၏စိတ်နှလုံးကို ပြသနိုင်မည်လော။ ဤအခြေအနေက သင့်ကို စစ်ဆေးနိုင်သလော။ ဘုရားသခင်ကို ချစ်သော သင်၏စိတ်နှလုံးကို ပြသနိုင်သည်မှာ စစ်ဆေးခြင်းအားဖြင့်သာလျှင် ဖြစ်ပြီး သင် စုံလင်စေခြင်းခံရနိုင်သည်မှာ သင်၏အယူအဆများနှင့် မကိုက်ညီသောအမှုအရာများ ဖြစ်ပျက်ခြင်းအားဖြင့်သာလျှင် ဖြစ်သည်။ ဆန့်ကျင်ဘက်ပြုပြီး အပျက်သဘောဆောင်သော အရာများစွာ၏ အကူအညီနှင့်၊ စာတန်၏ အမျိုးမျိုးသော သရုပ်သကန်ဖော်ပြချက်များ တည်းဟူသော ၎င်း၏လုပ်ရပ်များ၊ ၎င်း၏စွပ်စွဲချက်များ၊ ၎င်း၏ အနှောင့်အယှက်များနှင့် အထင်အမြင်မှားစေခြင်းများကို အသုံးချခြင်းအားဖြင့် ဘုရားသခင်သည် သင့်အား စာတန်၏ အကျည်းတန်သော မျက်နှာကို ရှင်းရှင်းလင်းလင်း ပြသကာ၊ ထိုသို့ဖြင့် သင်သည် စာတန်ကို မုန်းတီးပြီး ပုန်ကန်နိုင်ဖို့အလို့ငှာ သင်၏ စာတန်အား ခွဲခြားသိမြင်နိုင်စွမ်းကို စုံလင်စေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်
ဘုရားသခင်၏ စစ်ဆေးခြင်း ကြီးမားလေလေ၊ လူတို့၏ နှလုံးသားများသည် ဘုရားသခင်ကို ချစ်နိုင်လေလေ ဖြစ်၏။ ၎င်းတို့ စိတ်နှလုံးထဲရှိ ညှဉ်းပန်းနှိပ်စက်မှုသည် ၎င်းတို့၏အသက်များ အတွက် အကျိုးရှိသည်၊ ၎င်းတို့သည် ဘုရားသခင်၏ ရှေ့မှောက်တွင် သာ၍ ငြိမ်သက်ခြင်း ရှိနိုင်ကြသည်၊ ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးသည် သာ၍နီးစပ်ပြီး၊ ၎င်းတို့သည် ဘုရားသခင်၏ အထွတ်အထိပ် ချစ်ခြင်းမေတ္တာနှင့် သူ၏ အမြင့်မားဆုံးသော ကယ်တင်ခြင်းကို သာ၍ကောင်းစွာ မြင်နိုင်ကြလေသည်။ ပေတရုသည် စစ်ဆေးခြင်းကို အကြိမ်ရာချီ ကြုံတွေ့ခဲ့သကဲ့သို့၊ ယောဘသည်လည်း စမ်းသပ်ခြင်းအချို့ကို ဖြတ်သန်း ခဲ့ရသည်။ သင်တို့သည် ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရရန် ဆန္ဒရှိပါက၊ သင်တို့သည်လည်း စစ်ဆေးခြင်းကို အကြိမ်ရာချီ ကြုံရမည်ဖြစ်သည်။ ဤဖြစ်စဉ်ကို သင်တို့ ဖြတ်သန်းပြီး ဤအဆင့်ပေါ်တွင် အားထားရမည်။ ထိုအခါမှသာ သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များ အထမြောက်အောင် လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်၏ စုံလင်စေခြင်း ခံရလိမ့်မည် ဖြစ်သည်။ စစ်ဆေးခြင်းသည် လူတို့ကို ဘုရားသခင် စုံလင်စေသည့် အကောင်းဆုံး နည်းလမ်းဖြစ်၏။ စစ်ဆေးခြင်းနှင့် ခါးသီးသော စမ်းသပ်ခြင်းများသည်သာ လူတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ဖော်ထုတ်ပေးနိုင်သည်။ အခက်အခဲမရှိဘဲ၊ လူတို့သည် ဘုရားသခင်အတွက် စစ်မှန်သောချစ်ခြင်း ကင်းမဲ့သည်။ အတွင်း၌ ၎င်းတို့ စမ်းသပ်မခံရပါက၊ စစ်ဆေးခြင်းကို အမှန်တကယ် ခံရခြင်းမရှိပါက၊ ၎င်းတို့၏စိတ်နှလုံးများသည် ပြင်ပဝန်းကျင်တွင် ရောက်ရာပေါက်ရာသွားလိမ့်မည်။ အတိုင်းအတာ တစ်ခုအထိ စစ်ဆေးခြင်းခံရပြီးနောက်၊ သင်သည် သင်ကိုယ်တိုင်၏ အားနည်းချက်များနှင့် အခက်အခဲများကို မြင်ရလိမ့်မည်၊ သင်မည်မျှ ချို့တဲ့နေပြီး၊ သင်ကြုံရသည့် ပြဿနာများစွာကို သင်မနိုင်သည်ကို မြင်ရလိမ့်မည်ဖြစ်ကာ၊ သင်မည်မျှ ပုန်ကန်ခဲ့သည်ကို သင်မြင်ရလိမ့်မည်။ လူတို့သည် စမ်းသပ်မှုများအတွင်း၌သာ မိမိတို့၏ စစ်မှန်သော အခြေအနေများကို အမှန်တကယ် သိနိုင်ကြသည်။ စမ်းသပ်မှုများက လူတို့ကို ပိုမိုကောင်းမွန်စွာ စုံလင်ခြင်းခံရနိုင်စေသည်။
သူ၏ တစ်သက်တာအတွင်းတွင်၊ ပေတရုသည် စစ်ဆေးခြင်းကို အကြိမ်ရာချီ ကြုံတွေ့ခဲ့ပြီး နာကျင်သော ဖွံ့ဖြိုးအောင် မွမ်းမံခြင်းများစွာကို ကြုံခဲ့ရသည်။ ဤစစ်ဆေးခြင်းသည် ဘုရားသခင်ကို သူ၏ အထွတ်အထိပ် ချစ်ခြင်းအတွက် အခြေခံအုတ်မြစ်ဖြစ်လာခဲ့သကဲ့သို့ သူ၏ အသက်တာတစ်ခုလုံး၏ အရေးပါဆုံးသော အတွေ့အကြုံလည်း ဖြစ်လာခဲ့သည်။ ဘုရားသခင်ကို အထွတ်အထိပ် ချစ်ခြင်းမေတ္တာ သူပိုင်ဆိုင်နိုင်ခဲ့သည်မှာ တစ်နည်းအားဖြင့် ဘုရားသခင်ကို ချစ်ဖို့ သူ၏သန္နိဋ္ဌာန်ကြောင့်ဖြစ်သည်။ သို့သော်၊ ပို၍အရေးကြီးသည်မှာ သူကြုံခဲ့ရသည့် စစ်ဆေးခြင်းနှင့် ဆင်းရဲဒုက္ခကြောင့် ဖြစ်သည်။ ဤဆင်းရဲဒုက္ခသည် ဘုရားသခင်ကို ချစ်ခြင်းလမ်းကြောင်းပေါ် သူ၏လမ်းပြဖြစ်လာခဲ့ပြီး၊ သူ့အဖို့ အမှတ်ရဆုံးအရာ ဖြစ်လာခဲ့သည်။ လူတို့သည် ဘုရားသခင်ကို ချစ်သောအခါ၌ စစ်ဆေးခြင်း၏ နာကျင်မှုကို မကြုံရပါက၊ ၎င်းတို့၏ ချစ်ခြင်းမေတ္တာသည် မစင်ကြယ်မှုများနှင့် ၎င်းတို့၏ ဦးစားပေးမှုများဖြင့် ပြည့်နေသည်၊ ဤသို့သောချစ်ခြင်းတွင် စာတန်၏ စိတ်ကူးများ ပြည့်နေပြီး၊ အခြေခံအားဖြင့် ဘုရားသခင်၏ ရည်ရွယ်ချက်များ အထမြောက်အောင် မလုပ်ဆောင်နိုင်ပေ။ ဘုရားသခင်ကိုချစ်ရန် သန္နိဋ္ဌာန်ရှိခြင်းသည် ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်းနှင့် မတူပေ။ ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့ စဉ်းစားသည့် အရာများအားလုံးသည် ဘုရားသခင်ကို ချစ်ခြင်းနှင့် ကျေနပ်စေခြင်းအတွက် ဖြစ်သော်လည်း၊ ၎င်းတို့၏ အတွေးများက ဘုရားသခင်ကို လုံးဝ ဆက်ကပ်အပ်နှံပြီး မည်သည့်လူသားစိတ်ကူးမျှ လုံးဝမရှိသည့်ပုံရသော်လည်း၊ ၎င်းတို့၏ အတွေးများ ဘုရားသခင်ရှေ့မှောက်သို့ ယူဆောင်ခံရသောအခါတွင်၊ ဘုရားသခင်သည် ထိုသို့သောအတွေးများကို မချီးကျူးပေ သို့မဟုတ် ကောင်းချီးမပေးပေ။ လူများသည် သမ္မာတရားများ အားလုံးကို အပြည့်အဝ နားလည်သောအခါ၌ပင်၊ ထိုအရာအားလုံးကို ၎င်းတို့သိလာသောအခါ၌ပင် ဤသည်မှာ ဘုရားသခင်ကို ချစ်ခြင်း လက္ခဏာဖြစ်သည်ဟု ပြော၍မရသကဲ့သို့၊ ဤလူတို့သည် ဘုရားသခင်ကို ချစ်ခြင်းနှင့်ဆိုင်သော စစ်မှန်မှုရှိသည်ဟု ပြော၍မရပေ။ စစ်ဆေးခြင်းမကြုံရဘဲ သမ္မာတရားများစွာကို နားလည်ခြင်းရှိသော်လည်း၊ လူတို့သည် ဤသမ္မာတရားများကို လက်တွေ့လုပ်ဆောင်ရန် တတ်စွမ်းနိုင်ခြင်းမရှိကြချေ။ စစ်ဆေးခြင်းအတောအတွင်း၌သာ လူများသည် ဤသမ္မာတရားများ၏ စစ်မှန်သော အဓိပ္ပာယ်ကို နားလည်နိုင်သည်၊ ထိုအခါမှသာ လူတို့သည် ထိုသမ္မာတရားများ၏ အတွင်းပိုင်းအဓိပ္ပာယ်ကို စစ်မှန်စွာ သဘောပေါက်နိုင်သည်။ ထိုအချိန်တွင် ၎င်းတို့ တစ်ဖန် ကြိုးစားကြသောအခါ၊ သမ္မာတရားများကို မှန်ကန်စွာနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ ၎င်းတို့ လက်တွေ့ လုပ်ဆောင်နိုင်ကြလေသည်။ ထိုအချိန်တွင်၊ ၎င်းတို့၏ လူ့စိတ်ကူးများ နည်းပါးလာသည်၊ ၎င်းတို့၏ လူ့ဖောက်ပြန်ပျက်စီးခြင်း လျော့နည်းသွားပြီး၊ ၎င်းတို့၏ လူ့ခံစားချက်များသည်လည်း လျော့သွားလေသည်။ ထိုအချိန်မှသာလျှင် ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုသည် ဘုရားသခင်ကို ချစ်ခြင်း၏ စစ်မှန်သော သရုပ်သကန် ဖြစ်လေသည်။ ဘုရားသခင်ကို ချစ်ခြင်းနှင့်ဆိုင်သည့် သမ္မာတရား၏ အကျိုးသက်ရောက်မှုကို နှုတ်ပြောအသိပညာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ လိုလားမှုတို့မှတစ်ဆင့် မရရှိသကဲ့သို့၊ ထိုသမ္မာတရားကို သိနားလည်ခြင်း သက်သက်အားဖြင့် မရရှိနိုင်ပေ။ ယင်းသည် လူတို့က အဖိုးအခပေးဖို့ လိုအပ်သည်၊ ၎င်းတို့အနေဖြင့် စစ်ဆေးခြင်းအတောအတွင်းတွင် များစွာသော ခါးသီးမှုကို ကြုံရန် လိုအပ်ပြီး၊ ထိုအခါမှသာ ၎င်းတို့၏ ချစ်ခြင်းမေတ္တာသည် ဖြူစင်လာလိမ့်မည် ဖြစ်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အညီဖြစ်နိုင်လိမ့်မည် ဖြစ်သည်။ လူသားက သူ့ကို ချစ်ရန်ဖြစ်သည့် သူ၏သတ်မှတ်ချက်တွင်၊ ဘုရားသခင်သည် လူသားကို သူ့အား ချစ်ဇောဟုန် သို့မဟုတ် မိမိ၏ ကိုယ်ပိုင်လိုအင်ဆန္ဒကို အသုံးပြုခြင်းဖြင့် ချစ်ရန် မတောင်းဆိုပေ။ သူ့ကို အစေခံရန် သစ္စာရှိခြင်းနှင့် သမ္မာတရားကို အသုံးပြုခြင်းမှတစ်ဆင့်သာ၊ လူသားသည် သူ့ကို စစ်မှန်စွာ ချစ်နိုင်ပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စစ်ဆေးခြင်းကိုကြုံတွေ့ခြင်းအားဖြင့်သာ လူသားသည် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်နိုင်သည်
ယနေ့ ဘုရားသခင်ကို သင်မည်မျှချစ်သနည်း။ ထို့ပြင် သင့်အထဲ၌ ဘုရားသခင်လုပ်ဆောင်ထားသော အရာအားလုံးကို သင်မည်မျှသိသနည်း။ ဤအရာများမှာ သင့်အနေဖြင့် သင်ယူသင့်သည့် အရာများဖြစ်သည်။ ကမ္ဘာမြေကြီးပေါ်သို့ ဘုရားသခင် ရောက်ရှိလာသည့်အချိန်တွင် လူသားအထဲ၌ သူလုပ်ဆောင်ထားပြီး လူသားကို တွေ့မြင် ခွင့်ပေးထားသော အရာအားလုံးမှာ လူသားအနေဖြင့် သူ့ကိုချစ်လာပြီး အမှန်တကယ်သိကျွမ်းရန်အလို့ငှာ ဖြစ်သည်။ လူသားသည် ဘုရားသခင်အတွက် ဝေဒနာခံစားနိုင်ပြီး ဤအချိန်အထိ ရောက်ရှိ လာနိုင်သည်မှာ တစ်ဖက်တွင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကြောင့် ဖြစ်ပြီး၊ အခြားတစ်ဖက်တွင် ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့် ဖြစ်သည်၊ ထိုမျှမက လူသားအထဲ၌ ဘုရားသခင်လုပ်ဆောင်ထားသော တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုကြောင့်ဖြစ်သည်။ အကယ်၍ သင်တို့တွင် တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ဘုရားသခင်၏ စမ်းသပ်ခြင်းတို့ မရှိပါက၊ ထို့ပြင် ဘုရားသခင်သည် သင်တို့ကို ဝေဒနာမခံစားစေပါက ပွင့်ပွင့်လင်းလင်းပြောရသော် သင်တို့သည် ဘုရားသခင်ကို အမှန်တကယ်မချစ်ပေ။ လူသားအထဲ၌ ဘုရားသခင်၏ အမှုက ပိုကြီးပြီး လူသား၏ ဒုက္ခဝေဒနာက ပိုကြီးမားလေ၊ ဘုရားသခင်၏အမှုမှာ မည်မျှအဓိပ္ပာယ်ပြည့်ဝကြောင်း ပိုထင်ရှားလေ ဖြစ်ပြီး လူသား၏စိတ်နှလုံးမှာ ဘုရားသခင်ကို အမှန်တကယ် ပိုချစ်နိုင်လေဖြစ်သည်။ ဘုရားသခင်ကို မည်သို့ချစ်ရမည့်အကြောင်းကို သင်မည်ကဲ့သို့သင်ယူမည်နည်း။ ညှဉ်းဆဲခြင်းနှင့် စစ်ဆေးခြင်းတို့ မရှိပါက၊ နာကျင်သည့် စမ်းသပ်မှုများ မရှိပါက၊ ထို့ပြင် လူသားကို ဘုရားသခင်ပေးခဲ့သည်တို့မှာ ကျေးဇူးတော်၊ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာတို့သာဖြစ်ပါက၊ ဘုရားသခင်အပေါ် စစ်မှန်စွာ ချစ်ခြင်း အဆင့်တစ်ခုအထိ သင်ရောက်နိုင်မည်လော။ တစ်ဖက်တွင် လူသားသည် ဘုရားသခင်၏ စမ်းသပ်မှုကာလများအတွင်း သူ၏အားနည်းချက်များကို သိလာပြီး သူသည် အရေးမပါကြောင်း၊ စက်ဆုပ်ဖွယ်ဖြစ်ကြောင်း၊ နိမ့်ကျကြောင်း၊ သူ၌ မည်သည့်အရာမျှ မရှိကြောင်းနှင့် သူသည် အနတ္တဖြစ်ကြောင်း မြင်လေ၏။ အခြားတစ်ဖက်တွင် ဘုရားသခင်သည် သူ၏စမ်းသပ်မှု ကာလများအတွင်း သူ၏နှစ်လိုဖွယ်ကောင်းခြင်းကို လူသားအား ပိုမိုတွေ့ကြုံခံစားနိုင်စေသည့် မတူညီသော ပတ်ဝန်းကျင်များကို လူသား အတွက် ဖန်တီးပေး၏။ နာကျင်မှုသည် ကြီးမားပြီး တစ်ခါတစ်ရံ ပြင်းထန်သော ပူဆွေးမှုအဆင့်ကို ရောက်သည်အထိပင် မကျော်လွှားနိုင် ဖြစ်ရသော်လည်း၊ ၎င်းကို တွေ့ကြုံခံစားပြီးနောက် လူသားသည် သူ့အထဲ၌ ဘုရားသခင်၏အမှုမှာ မည်မျှနှစ်လိုဖွယ်ကောင်းကြောင်း မြင်လေ၏၊ ထို့ပြင် ဤအုတ်မြစ် အပေါ်၌သာ လူသားအတွင်းတွင် ဘုရားသခင်အတွက် စစ်မှန်သည့် ချစ်ခြင်းမေတ္တာ မွေးဖွားလာခြင်းဖြစ်သည်။ ယနေ့ကာလတွင် လူသားသည် ဘုရားသခင်၏ ကျေးဇူးတော်၊ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာ သက်သက်ဖြင့်သာဆိုလျှင် လူ့အနှစ်သာရကို သိရန် မဆိုထားနှင့်၊ သူ့ကိုယ်သူပင် အမှန်တကယ် မသိနိုင်ကြောင်း မြင်လေ၏။ ဘုရားသခင်၏ စစ်ဆေးခြင်းနှင့် တရားစီရင်ခြင်းနှစ်ခုလုံးဖြင့်သာ၊ ထိုကဲ့သို့သော စစ်ဆေးခြင်းကာလအတွင်း၌သာ လူသားသည် သူ၏ အားနည်းချက်များကို သိနိုင်ပြီး သူ၌ဘာမျှမရှိကြောင်းကို သိနိုင်သည်။ ထို့ကြောင့် ဘုရားသခင်အပေါ် လူသား၏ချစ်ခြင်းမေတ္တာသည် ဘုရားသခင်၏စစ်ဆေးခြင်းနှင့် တရားစီရင်ခြင်းအုတ်မြစ်ပေါ်၌ တည်ဆောက်ထားခြင်းဖြစ်သည်။ အေးချမ်းသည့် မိသားစုဘဝ၊ သို့မဟုတ် ရုပ်ဝတ္တုကောင်းချီးမင်္ဂလာများရှိကာ၊ ဘုရားသခင်၏ ကျေးဇူးတော်ကိုသာ သင်ခံစားမွေ့လျော်ပါက၊ သင်သည် ဘုရားသခင်ကို မရရှိသေးသည့်အပြင်၊ ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းကို အောင်မြင်သည်ဟု မယူဆနိုင်ပေ။ ဘုရားသခင်သည် လူ့ဇာတိ၌ ကျေးဇူးတော်အမှု၏ အဆင့်တစ်ဆင့်ကို လုပ်ဆောင်ခဲ့နှင့်ပြီးဖြစ်၍ လူသားကိုလည်း ရုပ်ဝတ္တုကောင်းချီးမင်္ဂလာများ ပေးအပ်ခဲ့နှင့်ပြီးဖြစ်သည်။ သို့သော် လူသားကို ကျေးဇူးတော်၊ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာသက်သက်ဖြင့် စုံလင်အောင် မပြုလုပ်နိုင်ပေ။ လူသားသည် သူ၏အတွေ့အကြုံများထဲတွင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအချို့ကို ကြုံတွေ့ရပြီး၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာကို မြင်တွေ့ရသော်လည်း၊ သူသည် ထိုအရာများကို အချိန်ကာလ တစ်ခုကြာအောင် တွေ့ကြုံခံစား သွားပြီးချိန်တွင် ဘုရားသခင်၏ ကျေးဇူးတော်၊ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာတို့သည် လူသားကို စုံလင်အောင် မပြုလုပ်နိုင်ကြောင်း၊ လူသားအတွင်း၌ ဖောက်ပြန်ပျက်စီးနေသည့် အရာများကို မထုတ်ဖော်နိုင်ကြောင်းနှင့် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မဖယ်ရှားနိုင်ကြောင်း၊ သို့မဟုတ် သူ၏ ချစ်ခြင်းမေတ္တာနှင့် ယုံကြည်မှုကို စုံလင်အောင် မပြုလုပ်နိုင်ကြောင်း တွေ့မြင်လေ၏။ ဘုရားသခင်၏ ကျေးဇူးတော်အမှုသည် ကာလတစ်ခု၏ အမှုဖြစ်ပြီး၊ လူသားသည် ဘုရားသခင်ကို သိရှိရန်အတွက် ဘုရားသခင်၏ကျေးဇူးတော်ကို မွေ့လျော်ခံစားခြင်းအပေါ်၌ အမှီပြု၍ မရပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်
ယနေ့တွင် လူအများစု၌ ထိုအသိပညာ မရှိကြပေ။ ဒုက္ခဝေဒနာခံစားရခြင်းမှာ တန်ဖိုးမရှိဟု ၎င်းတို့ယုံကြည်ကြသည်၊ ၎င်းတို့သည် လောကကြီး၏ စွန့်ပစ်ခြင်းကိုခံကြရသည်၊ ၎င်းတို့၏ နေအိမ်အသက်တာ၌ သောကရောက်ကြရသည်၊ ဘုရားသခင်က ၎င်းတို့အား ကျေနပ်ဖွယ်ရာအဖြစ် မမြင်သကဲ့သို့ ၎င်းတို့၏ ရှေ့ရေးများမှာ စိတ်ဓာတ်ကျဖွယ်ရာဖြစ်၏။ လူအချို့သည် အတိုင်းအတာတစ်ခုအထိ ဒုက္ခခံစားရပြီး သေလိုခြင်းပင် ဖြစ်ကြသည်။ ဤသည်မှာ ဘုရားသခင်အတွက် စစ်မှန်သော ချစ်ခြင်းမဟုတ်ပေ။ ထိုသို့သော လူများသည် သူရဲဘောကြောင်သူများ ဖြစ်ကြပြီး ၎င်းတို့၌ ဇွဲလုံ့လဝီရိယ မရှိကြပေ၊ ၎င်းတို့သည် အားနည်းပြီး အရည်အချင်းမရှိသူများပင် ဖြစ်ကြတော့သည်။ ဘုရားသခင်သည် သူ့ကို လူသားတို့ ချစ်ကြရန် စိတ်ထက်သန်သော်လည်း၊ လူသားက သူ့ကိုချစ်လေ၊ လူသား၏ ဒုက္ခဝေဒနာက ပိုကြီးလေဖြစ်ပြီး၊ လူသားက သူ့ကိုချစ်လေ၊ လူသား၏ စမ်းသပ်မှုများက ပိုကြီးလေဖြစ်သည်။ သူ့ကို သင်ချစ်လျှင် သင့်အပေါ်သို့ ဒုက္ခဝေဒနာမျိုးစုံ ကျရောက်လိမ့်မည်ဖြစ်ပြီး သူ့ကို သင်မချစ်လျှင် သင့်အတွက် အရာရာ အဆင်ပြေချောမွေ့နေ၍ သင့်ပတ်ပတ်လည်၌ အရာခပ်သိမ်း ငြိမ်းချမ်းကောင်း ငြိမ်းချမ်း နေလိမ့်မည်။ ဘုရားသခင်ကို သင်ချစ်သည့်အခါ၊ သင့်ပတ်ပတ်လည်၌ ရှိနေသည့်အရာများစွာကို ကျော်လွှားနိုင်မည် မဟုတ်ဟု သင် အစဉ်ခံစားရလိမ့်မည်၊ သင်၏ဝိညာဉ်ရင့်ကျက်မှုသည် အလွန် နုနယ်သည့်အတွက် သင်သည် စစ်ဆေးခြင်းကို ခံရလိမ့်မည်။ ထိုမျှမက သင်သည် ဘုရားသခင်ကို ကျေနပ်အားရစေနိုင်ခြင်း မရှိဘဲ ဘုရားသခင်၏ ရည်ရွယ်ချက်များမှာ အလွန်မြင့်မားပြီး ယင်းတို့ကို လူသားအနေဖြင့် လက်လှမ်းမမီနိုင်ဟု သင်အမြဲ ထင်မြင်ယူဆလိမ့်မည်။ ဤအရာအားလုံးကြောင့် သင်သည် စစ်ဆေးခြင်းခံရမည်၊ သင့်အတွင်း၌ အားနည်းချက် များစွာရှိပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသောအရာများစွာ ရှိသည့်အတွက်၊ သင်သည် အတွင်း၌ စစ်ဆေးခြင်းကို ခံရလိမ့်မည်။ သို့သော် စစ်ဆေးခြင်းဖြင့်သာ သန့်စင်ခြင်းသို့ ရောက်နိုင်ကြောင်းကို သင်တို့ ရှင်းလင်းစွာ တွေ့မြင်ကြရမည်။ ထို့ကြောင့် ဤနောက်ဆုံးသောကာလအတောအတွင်း သင်တို့သည် ဘုရားသခင်ကို သက်သေခံကြရမည်။ သင်တို့၏ ဒုက္ခဝေဒနာက မည်မျှပင်ကြီးမားပါစေ သင်တို့သည် ဆုံးခန်းတိုင်အောင် လျှောက်သွားသင့်သည်၊ ထို့အပြင် သင်တို့၏နောက်ဆုံး ထွက်သက်၌ပင်လျှင် သင်တို့သည် ဘုရားသခင်ကို သစ္စာစောင့်သိပြီး ဘုရားသခင်၏စီစဉ်ညွှန်ကြားမအောက်တွင် အပြည့်အဝရှိနေရမည်။ ဤအရာသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်းဖြစ်ပြီး၊ ဤအရာသည်သာလျှင် ခိုင်မာ၍ ထူးကဲသည့် သက်သေခံချက်ဖြစ်သည်။ သင်သည် စာတန်၏စုံစမ်းနှောင့်ယှက်ခြင်း ခံရသည့်အချိန်တွင် “ကျွန်ုပ်၏ စိတ်နှလုံးသည် ဘုရားသခင်နှင့်သက်ဆိုင်ပြီး၊ ဘုရားသခင်သည် ကျွန်ုပ်ကို ရရှိပြီးဖြစ်သည်။ သင်ကျေနပ်အောင် ကျွန်ုပ်မလုပ်ပေးနိုင်၊ ကျွန်ုပ်၏ အရာအားလုံးကို ဘုရားသခင် ကျေနပ်အားရစေရန် ဆက်ကပ်ရမည်” ဟု သင်ပြောသင့်သည်။ သင်သည် ဘုရားသခင်ကို ကျေနပ်မှုပေးလေ၊ ဘုရားသခင်သည် သင့်ကို ပို၍ကောင်းချီး ပေးလေဖြစ်ပြီး၊ ဘုရားသခင်ကို ချစ်သည့် သင်၏ပြင်းအားလည်း ပိုကြီးမားလာလေဖြစ်သည်။ ထို့နည်းတူ သင်၌ ယုံကြည်ခြင်းနှင့် စိတ်ဆုံးဖြတ်ချက်တို့ ရှိလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်ကို ချစ်ခြင်းဖြင့် အသက်တာကို ကုန်ဆုံးစေခြင်းထက် မည်သည့်အရာကမျှ ပို၍မထိုက်တန်၊ သို့မဟုတ် ပို၍အရေးမပါဟု သင်ခံစားလာရလိမ့်မည်။ လူသားသည် ဘုရားသခင်ကို ချစ်နေလျှင် သောကကင်းမည်ဟု ဆိုနိုင်သည်။ သင်၏ဇာတိပကတိက အားနည်းပြီး သင်သည် များစွာသော ဒုက္ခပြဿနာစစ်စစ်တို့၏ ဝန်းရံခြင်းကို ခံရသည့်အချိန်များ ရှိသော်လည်း အကယ်၍ ယင်းအချိန်ကာလများတွင် သင်သည် ဘုရားသခင်ကို အမှန်တကယ် အားကိုးပါက သင့်ဝိညာဉ် အတွင်း၌ သင်သည် နှစ်သိမ့်ခြင်းကို ခံရလိမ့်မည်၊ သင်သည် တည်ငြိမ်လိမ့်မည်၊ ပြီးလျှင် သင်၌ အားကိုးမှီခိုစရာ ရှိသည်ဟုလည်း ခံစားရလိမ့်မည်။ ဤနည်းလမ်းဖြင့် သင်သည် ပတ်ဝန်းကျင်အခြေအနေများစွာကို အောင်မြင်ကျော်လွှားနိုင်လိမ့်မည် ဖြစ်သောကြောင့် သင်ခံစားရသည့် ပြင်းထန်သောဝေဒနာအတွက် ဘုရားသခင်ကို သင် ညည်းညူတော့မည် မဟုတ်ပေ။ ထိုအစား သင်သည် သီဆိုကခုန်ပြီး ဆုတောင်းပတ္ထနာပြုရန်၊ စုဝေးပြီး ပြောဆိုဆွေးနွေးရန်၊ ဘုရားသခင်အကြောင်း ဆင်ခြင်ရန် ဆန္ဒရှိလာ၍ သင့်ပတ်လည်၌ ဘုရားသခင် စီစဉ်ပေးထားသည့် လူများ၊ ကိစ္စများနှင့် အမှုအရာများ အားလုံးသည် အံကိုက်ဖြစ်နေကြောင်းကို သင်ခံစားရလိမ့်မည်။ ဘုရားသခင်ကို သင်မချစ်လျှင်၊ သင်ကြည့်သမျှ အရာအားလုံးမှာ သင့်အတွက် ဒေါသထွက်စရာ ဖြစ်နေမည်ဖြစ်ပြီး သင့်အမြင်တွင် မည်သည့်အရာကမျှ နှစ်လိုဖွယ်ရာမရှိ ဖြစ်နေလိမ့်မည်။ သင့်ဝိညာဉ်အတွင်း၌ သင်သည် လွတ်လပ်မှုမရှိဘဲ ဖိနှိပ်ခံနေရလိမ့်မည်၊ သင့်စိတ်နှလုံးသည် ဘုရားသခင်နှင့်ပတ်သက်၍ အမြဲ ညည်းညူလိမ့်မည်ဖြစ်ကာ သင်သည် ညှဉ်းပန်းနှိပ်စက်မှုများစွာကို ခံနေရပြီး ၎င်းမှာ အလွန်တရားမမျှတဟု သင်အမြဲခံစားရလိမ့်မည်။ သင်သည် ပျော်ရွှင်မှုအတွက် မလိုက်စားဘဲ၊ ဘုရားသခင်ကို ကျေနပ်မှုပေးရန်နှင့် စာတန်၏ စွပ်စွဲမှုကို မခံရရန် လိုက်စားသည်ဆိုပါက ထိုကဲ့သို့သော လိုက်စားမှုသည် သင့်ကို ဘုရားသခင်အား ချစ်ရန်အတွက် ကြီးမားသည့်ခွန်အားပေးလိမ့်မည်။ လူသားသည် ဘုရားသခင် မြွက်ကြားခဲ့သမျှကို လုပ်ဆောင်နိုင်စွမ်းရှိပြီး သူလုပ်ဆောင်သမျှသည် ဘုရားသခင်ကို ကျေနပ်မှုပေးနိုင်သည်။ စစ်မှန်မှုကို ပိုင်ဆိုင်ခြင်းဟူသည်မှာ ဤအရာကို ဆိုလိုသည်။ ဘုရားသခင်၏ ကျေနပ်မှုကို လိုက်စားခြင်းသည် သူ၏နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန် ဘုရားသခင်ကို ချစ်သော သင်၏ စိတ်နှလုံးကို အသုံးပြုခြင်းဖြစ်သည်။ မည်သည့် အချိန်၌ပင်ဖြစ်စေ၊ အခြားသူများ အင်အားမရှိသည့် အချိန်တွင်ပင် သင့်အတွင်း၌ ဘုရားသခင်ကို ချစ်သော စိတ်နှလုံးရှိကာ ဘုရားသခင်ကို သင်သည် စိတ်အတွင်းကျကျထဲမှ တောင့်တနေပြီး ဘုရားသခင်ကို လွမ်းဆွတ်သေးသည်။ ဤသည်ကား စစ်မှန်သည့် ဝိညာဉ်ရင့်ကျက်မှုဖြစ်၏။ သင်၏ဝိညာဉ်ရင့်ကျက်မှု မည်မျှကြီးမားခြင်းက ဘုရားသခင်ကို ချစ်သော စိတ်နှလုံး မည်မျှ ပိုင်ဆိုင်သည်အပေါ် မူတည်သည်၊ ထို့ပြင် စစ်ဆေးခြင်း ခံရသည့်အချိန်တွင် သင်သည် မြဲမြံစွာရပ်တည်နိုင်ခြင်း ရှိမရှိ၊ အခြေအနေတစ်ခု သင့်ထံရောက်လာသည့်အချိန်တွင် သင်အားနည်းခြင်း ရှိမရှိ၊ သင်၏ညီအစ်ကိုမောင်နှမများက သင့်ကို ငြင်းပယ်သည့်အချိန်တွင် သင်သည် မားမားရပ်နေနိုင်ခြင်း ရှိမရှိ စသည်တို့အပေါ် မူတည်သည်။ ဤဖြစ်ရပ်များ ရောက်ရှိလာခြင်းဖြင့် ဘုရားသခင်ကို ချစ်သော သင်၏ စိတ်နှလုံးသည် မည်သည့် ပုံစံရှိကြောင်း ထင်ရှားလာလိမ့်မည်။ ဘုရားသခင်သည် လူသားကို အမှန်တကယ်ချစ်ကြောင်း ဘုရားသခင်၏အမှုများစွာထဲ၌ မြင်တွေ့နိုင်လင့်ကစား လူသား၏ ဝိညာဉ်မျက်လုံးများသည် လုံးလုံးလျားလျား မပွင့်သေး၍ သူသည် ဘုရားသခင်၏အမှုများစွာနှင့် ရည်ရွယ်ချက်များစွာတို့ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သကဲ့သို့၊ ဘုရားသခင်နှင့်ပတ်သက်၍ နှစ်လိုဖွယ်ကောင်းသောအရာ များစွာကိုလည်း ရှင်းရှင်းလင်းလင်း မမြင်နိုင်ချေ။ လူသား၌ ဘုရားသခင်ကို အမှန်တကယ် ချစ်သည့်မေတ္တာ အလွန်နည်းပါးသည်။ သင်သည် ဘုရားသခင်ကို ဤကာလတစ်လျှောက်လုံး ယုံကြည်လာခဲ့၏၊ ထို့ပြင် ယနေ့ ဘုရားသခင်သည် လွတ်မြောက်မှု နည်းလမ်းများအားလုံးကို ဖြတ်တောက်ခဲ့ပြီဖြစ်သည်။ မှန်မှန်ကန်ကန်ပြောရလျှင် သင်သည် လမ်းမှန်ကို လျှောက်ရန်မှလွဲ၍ ရွေးချယ်စရာမရှိပေ။ ပြီးလျှင် ယင်းသည် သင့်အား ဤလမ်းမှန်ပေါ်သို့ ခေါ်ဆောင်သည့် ဘုရားသခင်၏ ပြင်းထန်သည့် တရားစီရင်ခြင်းနှင့် အမြင့်မြတ်ဆုံးသော ကယ်တင်ခြင်းဖြစ်သည်။ လူသားသည် အခက်အခဲနှင့် စစ်ဆေးခြင်းတို့ကို ကြုံတွေ့ပြီးမှသာလျှင် ဘုရားသခင်သည် ချစ်ခင်နှစ်လိုဖွယ် ကောင်းကြောင်းကို သိရှိလာသည်။ ယနေ့ထိတိုင် ကြုံတွေ့ခဲ့ပြီးမှ လူသားသည် ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်း တစ်စိတ်တစ်ပိုင်းကို သိရှိလာသည်ဟု ပြောနိုင်သည်၊ သို့သော် လူသားသည် ချို့တဲ့လွန်းသောကြောင့် ဤအရာမှာ မလုံလောက်သေးပေ။ လူသားသည် ဘုရားသခင်၏ နောက်ထပ်အံ့သြဖွယ်အမှုကို တွေ့ကြုံရဦးမည်ဖြစ်ပြီး ဘုရားသခင်ပြင်ဆင်ပေးသည့် ဆင်းရဲဒုက္ခခံစားခြင်းနှင့်ဆိုင်သော နောက်ထပ်စစ်ဆေးခြင်း အားလုံးကို တွေ့ကြုံရပေဦးမည်။ သို့မှသာလျှင် လူသား၏ အသက်စိတ်သဘောထားက ပြောင်းလဲနိုင်မည် ဖြစ်ပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်
ဆက်စပ်မှုရှိသော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ
အနာရောဂါကို တွေ့ကြုံခြင်းမှ အလွန်တရာ အကျိုးရရှိခဲ့သည်
ကပ်ရောဂါအတွင်း နာမကျန်းဖြစ်သွားပြီးနောက် သုံးသပ်ဆင်ခြင်မှုများ
ကျွန်တော့်လက်တွဲဖော် ဆုံးပါးသွားသည့်နောက်
ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ
စုံစမ်းခြင်းများ၌ ယုံကြည်ခြင်း လိုအပ်
လူတို့ကို ဘုရား၏စမ်းသပ်မှုများသည် ၎င်းတို့ကို သန့်စင်စေရန်ဖြစ်၏ကျူး
ဘုရားသခင်သည် လူသားကို စုံလင်အောင်ပြုရန် စမ်းသပ်ခြင်းနှင့် စစ်ဆေးခြင်းတို့ကို ပြုတော်မူ၏
လူသားများအတွက် ဘုရားသခင်၏ သန့်ရှင်းစင်ကြယ် မှုသည် အဓိပ္ပာယ်အရှိဆုံးဖြစ်သည်
အခက်အခဲများနှင့် စမ်းသပ်မှုများအားဖြင့်သာ ဘုရားကို သင်ဧကန်ချစ်နိုင်၏ကျူး