၂၁။ စာတန်၏ စုံစမ်းသွေးဆောင်ခြင်းအား အောင်မြင်ကျော်လွှားနည်း
နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ
နိုင်ငံတော် တည်ဆောက်ခြင်းသည် ဝိညာဉ်လောကကို တိုက်ရိုက် ရည်ရွယ်ပေသည်။ ဆိုလိုသည်မှာ၊ ဝိညာဉ်လောက၏တိုက်ပွဲ အခြေအနေသည် ငါ၏လူအားလုံးအလယ်တွင် တိုက်ရိုက် ပေါ်လွင်စေပြီး၊ ဤအရာက အသင်းတော်အတွင်းတွင် သာမက နိုင်ငံတော်ခေတ်တွင်လည်း လူတိုင်းသည် စဉ်ဆက်မပြတ် စစ်ပွဲတွင် သာ၍ ရှိကြသည်ဟု ပြသရန် လုံလောက်ပေသည်။ ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်များ ဖြစ်လင့်ကစား၊ ဝိညာဉ်လောကသည် တိုက်ရိုက် ထုတ်ဖော်ပြခံရပြီး၊ ၎င်းတို့သည် ဝိညာဉ်လောက၏ အသက်တာနှင့် ထိတွေ့လာကြရသည်။ ထို့ကြောင့် သင်တို့သည် စတင် သစ္စာရှိကြသောအခါတွင်၊ ငါ့အမှု၏ နောက်တစ်ပိုင်းအတွက် သင်တို့ ကောင်းမွန်စွာ ပြင်ဆင်ရမည်။ သင်တို့၏စိတ်နှလုံး တစ်ခုလုံးကို လွှဲအပ်သင့်၏။ ထိုအခါမှသာ သင်တို့သည် ငါ၏ စိတ်နှလုံးကို ကျေနပ်စေနိုင်ပေသည်။ ယခင်က အသင်းတော်ထဲတွင် မည်သည့် အရာ ဖြစ်ပျက်ခဲ့သည်ကို ငါ လုံးဝ အရေးမစိုက်ပေ။ ယနေ့ နိုင်ငံတော်၌ ဖြစ်၏။ ငါ၏အစီအစဉ်တွင်၊ စာတန်သည် တစ်လျှောက်လုံး ခြေလှမ်းအသီးသီး နောက်ကွယ်တွင် ချောင်းမြောင်းနေခဲ့ပြီး၊ ငါ့ဉာဏ်ပညာ၏ အဖြည့်ခံအဖြစ်၊ ငါ၏မူလအစီအစဉ်ကို နှောင့်ယှက်ရန် နည်းလမ်းများနှင့် နည်းစနစ်များ ရှာဖွေရန် အမြဲ ကြိုးစားနေပြီး ဖြစ်သည်။ သို့ရာတွင် ငါသည် ၎င်း၏ လှည့်ဖြားတတ်သော အစီအစဉ်များကို မလွန်ဆန်နိုင် ဖြစ်မည်လော။ ကောင်းကင်နှင့် မြေကြီးပေါ်ရှိ အရာခပ်သိမ်းသည် ငါ့အတွက် ဝန်ဆောင်မှုပေးသည့်အရာများအဖြစ် ဆောင်ရွက်၏။ စာတန်၏ လှည့်ဖြားတတ်သော အကြံအစည်များသည် တစ်ခုတစ်လေ ကွဲပြားခြားနားနိုင်မည်လော။ ဤသည်မှာ ငါ၏ ဉာဏ်ပညာ ဆုံသည့်နေရာ အတိအကျ ဖြစ်သည်။ ယင်းမှာ ငါ၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ အံ့ဖွယ်ဖြစ်သည့်အရာ အတိအကျ ဖြစ်ပြီး၊ ယင်းသည် ငါ၏စီမံခန့်ခွဲမှု အစီအစဉ် တစ်ရပ်လုံးအတွက် လည်ပတ်မှု၏ အခြေခံသဘောတရား ဖြစ်သည်။ နိုင်ငံတော် တည်ဆောက်ခြင်း ခေတ်အတွင်းတွင်၊ ငါသည် စာတန်၏ လှည့်ဖြားတတ်သည့် အကြံအစည်များကို မရှောင်ရှားသေးဘဲ၊ ငါ ပြုရမည့်အမှုကို ဆက်လက် လုပ်ဆောင်၏။ စကြဝဠာနှင့် အရာခပ်သိမ်း အလယ်တွင်၊ ငါသည် စာတန်၏ လုပ်ဆောင်ချက်များကို ငါ၏အဖြည့်ခံအဖြစ် ရွေးချယ်ပြီးဖြစ်သည်။ ဤသည်မှာ ငါ၏ဉာဏ်ပညာ၏ သရုပ်သကန် တစ်ခု ဖြစ်သည် မဟုတ်လော။ ဤသည်မှာ ငါ၏ အမှုနှင့် ပတ်သက်သည့် အံ့သြဖွယ်ဖြစ်သည့် အရာ အတိအကျ မဟုတ်လော။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၈)
လူသားအထဲ၌ ဘုရားသခင် ပြုသမျှသည် သူ၏စီမံခန့်ခွဲမှုနှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းနှင့် သက်ဆိုင်သည့်အတွက်၊ ဘုရားသခင် ပြုသော အရာရာတိုင်းသည် လိုအပ်ပြီး ထူးခြားသော အရေးပါမှု ပိုင်ဆိုင်ပေသည်။ ပင်ကိုအားဖြင့် ဘုရားသခင်၏အမြင်တွင် ယောဘသည် စုံလင်ကာ ဖြောင့်မတ်သော်လည်း၊ ယောဘ၌ ဘုရားသခင်ပြုခဲ့သော အမှုသည် ကွဲပြားခြင်း မရှိပေ။ တစ်နည်းအားဖြင့် ဘုရားသခင် မည်သည့်အရာ ပြုသည် သို့မဟုတ် သူ ပြုသည့် နည်းလမ်းကို ပဓာနမထားဘဲ၊ အဖိုးအခကို ပဓာနမထားဘဲ၊ သို့မဟုတ် သူ၏ ရည်မှန်းချက်ကို ပဓာနမထားဘဲ၊ သူ၏ လုပ်ဆောင်ချက်များ၏ ရည်ရွယ်ချက်မှာ မပြောင်းလဲပေ။ သူ၏ ရည်ရွယ်ချက်မှာ လူသားထဲသို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များ အပြင်၊ လူသားအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ဘုရားသခင်၏ရည်ရွယ်ချက်တို့ကို လုပ်ဆောင်ရန် ဖြစ်သည်။ တစ်နည်းအားဖြင့် ယင်းမှာ ဘုရားသခင်၏ စိတ်နှလုံးကို လူသားအား နားလည်စေရင်းနှင့် ဘုရားသခင်၏ အနှစ်သာရကို သဘောပေါက်စေရင်း၊ ပြီးလျှင် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို လူသားအား ကျိုးနွံနာခံစေရင်း၊ ထိုသို့ဖြင့် လူသားအား ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုရှောင်ကြဉ်ခြင်းအား ရရှိခွင့်ပေးရင်း၊ ဘုရားသခင်သည် အပြုသဘောဆောင်သည်ဟု သူယုံကြည်သော အရာခပ်သိမ်းကို သူ၏ခြေလှမ်းများနှင့်အညီ လူသားထဲ၌ အမှုပြုရန် ဖြစ်သည်။ ထိုအရာအားလုံးမှာ ဘုရားသခင်ပြုသမျှအားလုံးထဲက သူ၏ရည်ရွယ်ချက်၏ ကဏ္ဍတစ်ခုဖြစ်သည်။ အခြားသောကဏ္ဍမှာ စာတန်သည် ဘုရားသခင်၏ အမှုတွင် အဖြည့်ခံနှင့် အသုံးတော်ခံ ဖြစ်သောကြောင့်၊ လူသားသည် စာတန်ထံ မကြာခဏပေးအပ်ခံရခြင်း ဖြစ်သည်။ ဤသည်မှာ လူတို့အား စာတန်၏ စုံစမ်းနှောင့်ယှက်မှုများကို မြင်ခွင့်ပေးရန်နှင့် စာတန်၏ ဆိုးယုတ်မှု၊ အကျည်းတန်မှုနှင့် စက်ဆုပ်ဖွယ်ကောင်းမှုတို့ကို တိုက်ခိုက်ခွင့်ပေးရန် ဘုရားသခင် အသုံးပြုသော နည်းလမ်းဖြစ်သည်၊ ထိုသို့ဖြင့် လူတို့အား စာတန်ကို မုန်းတီးစေပြီး အပျက်သဘောဆောင်သောအရာကို သိရှိကာ အသိအမှတ်ပြုစေလေသည်။ ဤနည်းစနစ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်အပေါ် ၎င်းတို့၏ အသိ၊ ဘုရားသခင်အပေါ် ၎င်းတို့၏ကျိုးနွံနာခံမှု၊ ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်ခြင်းနှင့် သူ့ကို ကြောက်ရွံ့ခြင်းတို့ကြောင့် စာတန်၏ တိုက်ခိုက်မှုများနှင့် စွပ်စွဲမှုများအပေါ် အောင်မြင်သည်အထိ၎င်းတို့အား စာတန်၏ ထိန်းချုပ်မှုနှင့် စွပ်စွဲမှုများ၊ နှောင့်ယှက်မှုနှင့် တိုက်ခိုက်မှုတို့မှ မိမိကိုယ်ကိုယ် တဖြည်းဖြည်း လွတ်မြောက်စေခွင့်ပေးလေသည်။ ထိုအခါမှသာ ၎င်းတို့သည် စာတန်၏ တန်ခိုးအောက်မှ လုံးလုံးလျားလျား ကယ်တင်ခြင်းကို ခံရလိမ့်မည် ဖြစ်သည်။ လူတို့၏ ကယ်တင်ခံရခြင်း ဆိုသည်မှာ စာတန်သည် ရှုံးနိမ့်ပြီးဖြစ်သည်ဟု ဆိုလိုသည်၊ ယင်းမှာ ၎င်းတို့သည် စာတန်၏ ပါးစပ်ထဲက အစာ မဟုတ်တော့။ စာတန်သည် ၎င်းတို့အား မျိုချရမည့်အစား ၎င်းတို့ကို စွန့်လွှတ်ပြီးဖြစ်သည်ဟု ဆိုလိုပေသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ထိုသို့သော လူများမှာ ဖြောင့်မတ်ကြသောကြောင့်၊ ၎င်းတို့သည် ယုံကြည်ခြင်း၊ ကျိုးနွံနာခံခြင်းနှင့် ဘုရားသခင်အပေါ် ကြောက်ရွံ့ခြင်းရှိကြသောကြောင့်ဖြစ်ပြီး ၎င်းတို့သည် စာတန်နှင့် လုံးလုံးလျားလျား အဆက်ပြတ်ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် စာတန်ကို အရှက်ရစေသည်၊ စာတန်အား သူရဲဘောကြောင်စေပြီး စာတန်ကို လုံးဝ အနိုင်ယူကြလေသည်။ ဘုရားသခင်နောက်သို့လိုက်ရာတွင် ၎င်းတို့၏ခံယူချက်၊ ပြီးလျှင် ဘုရားသခင်အား ကျိုးနွံနာခံခြင်းနှင့် ကြောက်ရွံ့ခြင်းတို့သည် စာတန်ကို ရှုံးနိမ့်စေပြီး စာတန်အား ၎င်းတို့ကို လုံးလုံးလျားလျား လက်လျှော့စေသည်။ ဤသို့သော လူများသာ ဘုရားသခင်၏ရယူခြင်းကို အမှန်တကယ်ခံရကြပြီးဖြစ်ကာ လူသားကို ကယ်တင်ရာ၌ ဘုရားသခင်၏ အဆုံးစွန်သော ရည်မှန်းချက်မှာ ဤအရာ ဖြစ်ပေသည်။ အကယ်၍ ၎င်းတို့သည် အကယ်တင်ခံရရန် ဆန္ဒရှိကြပြီး ဘုရားသခင်၏ လုံးဝ ရယူခြင်းကို ခံလိုပါက၊ ဘုရားသခင် နောက်လိုက်သောသူ အားလုံးသည် စာတန်ထံမှ စုံစမ်းနှောင့်ယှက်ခြင်းများနှင့် တိုက်ခိုက်မှုများကို အကြီး အသေးနှစ်ခုလုံး ရင်ဆိုင်ကြရမည်ဖြစ်သည်။ ဤစုံစမ်းနှောင့်ယှက်ခြင်းများနှင့် တိုက်ခိုက်မှုများမှ လွတ်မြောက်လာသော သူများနှင့် စာတန်ကို အပြည့်အဝ ရှုံးနိမ့်စေနိုင်သောသူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရသောသူများ ဖြစ်ကြသည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ ကယ်တင်ခံရသော သူများသည် ဘုရားသခင်၏ စမ်းသပ်မှုများကို ကြုံရပြီးသောသူများနှင့် စာတန်၏ စုံစမ်းနှောင့်ယှက်မှုနှင့် တိုက်ခိုက်ခြင်းကို အကြိမ်အရေအတွက် ပြောမပြနိုင်အောင် များစွာခံခဲ့ပြီးသောသူများ ဖြစ်သည်။ ဘုရားသခင်၏ ကယ်တင်ခံရသောသူများသည် ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် သတ်မှတ်ချက်များကို နားလည်ပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံနိုင်သကဲ့သို့၊ ၎င်းတို့သည် စာတန်၏ စုံစမ်းနှောင့်ယှက်မှုများအလယ်တွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း လမ်းခရီးကို မစွန့်ပစ်ကြချေ။ ဘုရားသခင်၏ ကယ်တင်ခံရသော သူများသည် ရိုးသားမှုကို ပိုင်ဆိုင်ကြသည်၊ ၎င်းတို့သည် ကြင်နာစိတ်ရှိကြသည်၊ အချစ်နှင့် အမုန်းကြား ပိုင်းခြားသိမြင်ကြသည်၊ ၎င်းတို့သည် တရားသော အသိစိတ်တစ်ခုရှိပြီး ဆင်ခြင်တုံတရား ရှိကြကာ ၎င်းတို့သည် ဘုရားသခင်ကို အလိုရှိကြပြီး ဘုရားသခင်နှင့် သက်ဆိုင်သည့် အရာခပ်သိမ်းကို တန်ဖိုးထားတတ်ကြသည်။ ထိုသို့သော လူများသည် စာတန်အားဖြင့် ချုပ်နှောင်မခံရပေ၊ စောင့်ကြည့်မခံရပေ၊ စွပ်စွဲမခံရ သို့မဟုတ် နှိပ်စက်မခံရပေ။ ၎င်းတို့သည် လုံးဝ လွတ်လပ်ကြသည်၊ လုံးဝ ချုပ်ချယ်မှုကင်းပြီး လွတ်မြောက်ကြသည်။ ယောဘသည် ထိုသို့သော လွတ်မြောက်ခြင်း ရှိသည့် လူသားတစ်ဦးသာဖြစ်ပြီး ဤသည်မှာ ဘုရားသည် အဘယ်ကြောင့် သူ့အား စာတန်လက်သို့ လွှဲအပ်ခဲ့ပြီးဖြစ်သည့် အကြောင်းရင်း၏ အဓိပ္ပာယ်အတိအကျဖြစ်ပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)
လူတို့သည် ကယ်တင်ခြင်းကို မခံရသေးချိန်တွင်၊ ၎င်းတို့၏ အသက်တာများသည် စာတန်၏ နှောင့်ယှက်ခြင်းနှင့် ထိန်းချုပ်ခြင်းကိုပင် မကြာခဏ ခံရလေသည်။ တစ်နည်းအားဖြင့်၊ ကယ်တင်ခြင်း မခံရသေးသော လူများသည် စာတန်အဖို့ အကျဉ်းသားများ ဖြစ်ကြသည်၊ ၎င်းတို့သည် လွတ်လပ်မှု မရှိပေ၊ ၎င်းတို့သည် စာတန်၏ စွန့်လွှတ်ခြင်းကို မခံရကြသေးပေ၊ ၎င်းတို့သည် ဘုရားသခင်အား ကိုးကွယ်ရန် အရည်အချင်း မပြည့်မီကြပေ သို့မဟုတ် အခွင့်မရှိကြပေ၊ ပြီးလျှင် ၎င်းတို့သည် စာတန်၏ နီးကပ်စွာ လိုက်ခြင်းကို ခံရပြီး ပြင်းထန်စွာ တိုက်ခိုက်ခြင်းကို ခံရသည်။ ထိုသို့သော လူများသည် ပြောစရာ ပျော်ရွှင်မှု မရှိကြချေ၊ ၎င်းတို့သည် ပုံမှန် တည်ရှိခြင်းအဖို့ ပြောစရာ လုပ်ပိုင်ခွင့်မရှိကြသည့်အပြင်၊ ၎င်းတို့သည် ပြောစရာ ဂုဏ်သိက္ခာ မရှိကြပေ။ သင်သည် ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်း၊ ကျိုးနွံနာခံခြင်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းအား စာတန်နှင့် သေရေး ရှင်ရေး တိုက်ပွဲကို တိုက်ရန် လက်နက်များအဖြစ် အသုံးပြုရင်း၊ ၎င်းသည် သင့်အပေါ် တိုက်ခိုက်မှုများနှင့် စွပ်စွဲချက်များကို လုံးလုံးလျားလျား စွန့်ပစ်ဖို့အလို့ငှာ၊ ထရပ်ကာ စာတန်နှင့် တိုက်မှသာ ထိုသို့ဖြင့် သင်သည် စာတန်ကို လုံးလုံးလျားလျား ရှုံးနိမ့်စေပြီး ၎င်းသည် သင့်ကို မြင်သည့်အချိန်တိုင်း လှည့်၍ ပြေးစေကာ သူရဲဘောကြောင်လာစေပေသည်- ထိုအခါမှသာ သင်သည် ကယ်တင်ခံရလိမ့်မည် ဖြစ်ပြီး လွတ်မြောက်လာလိမ့်မည်။ အကယ်၍ သင်သည် စာတန်နှင့် အပြည့်အဝ အဆက်ဖြတ်ရန် စိတ်ဆုံးဖြတ်ပြီးသော်လည်း၊ စာတန်ကို အနိုင်ယူရန် ထိရောက်သော လက်နက်များဖြင့် အသင့်မပြင်ထားပါက၊ သင်သည် အန္တရာယ်ထဲ၌ ရှိလိမ့်ဦးမည်ဖြစ်သည်။ အချိန်ကုန်လွန်သည် နှင့်အမျှ၊ သင်သည် စာတန်၏ နှိပ်စက်ခြင်းကို ခံခဲ့ရသဖြင့် သင့်အထဲ၌ ခွန်အား တစ်စက်မျှ မကျန်ရှိသော်လည်း၊ သင်သည် သက်သေမခံနိုင်သေးသည့်အချိန်တွင်၊ သင့်အား စာတန်၏ စွပ်စွဲမှုများနှင့် တိုက်ခိုက်မှုများမှ သင့်ကိုယ်သင် လုံးလုံးလျားလျား မလွတ်မြောက်နိုင်သေးချိန်တွင်၊ သင်သည် ကယ်တင်ခြင်း မျှော်လင့်ချက် အနည်းငယ်သာ ရှိလိမ့်မည် ဖြစ်သည်။ နောက်ဆုံးတွင် ဘုရားသခင်၏ အမှုပြီးဆုံးခြင်း ကြေညာသည့်အခါတွင်၊ သင်သည် မိမိကိုယ်ကိုယ် မလွတ်မြောက်နိုင်ဘဲ စာတန်၏ လက်တွင်း၌သာ ရှိနေဦးမည်ဖြစ်ပြီး၊ ထိုသို့ဖြင့် သင်သည် မည်သည့်အခါမျှ အခွင့်အရေး သို့မဟုတ် မျှော်လင့်ချက် ရှိလိမ့်မည် မဟုတ်ပေ။ ထိုအခါ ဆိုလိုချက်မှာ ထိုသို့သော လူများသည် စာတန်၏ အကျဉ်းချခံရခြင်းတွင် လုံးလုံးလျားလျား ရှိကြလိမ့်မည်ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)
ယောဘသည် သူ၏ စမ်းသပ်မှုများကို ပထမဦးဆုံး ကြုံရချိန်တွင်၊ သူ၏ ဥစ္စာပစ္စည်းအားလုံးနှင့် သားသမီး အားလုံး ယူဆောင်သွားခြင်း ခံခဲ့ရသော်လည်း၊ အကျိုးဆက်အနေဖြင့် သူသည် လဲမကျခဲ့ပေ သို့မဟုတ် ဘုရားသခင်ကို ဆန့်ကျင်ပြစ်မှားမှုတစ်ခုဖြစ်သည့် မည့်သည့်အရာကိုမျှ မဆိုခဲ့ပေ။ သူသည် စာတန်၏ စုံစမ်းနှောင့်ယှက်မှုများကို အောင်မြင်ခဲ့ပြီး သူ၏ ရုပ်ဝတ္ထု ပစ္စည်းများ၊ သူ၏သားသမီးများနှင့် သူ၏လောကီပိုင်ဆိုင်မှု အားလုံး ဆုံးရှုံးခြင်းနှင့်သက်ဆိုင်သည့် စမ်းသပ်မှုကို အောင်မြင်ခဲ့သည်၊ ယင်းမှာ သူသည် ဘုရားသခင်က သူ့ထံမှ အမှုအရာများကို ယူဆောင် သွားသည်နှင့်အမျှ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ခဲ့ပြီး၊ ဘုရားသခင် လုပ်ဆောင်ခဲ့သည့်အရာကြောင့် ဘုရားသခင်ထံ ကျေးဇူးတင်ရှိခြင်းနှင့် ချီးမွမ်းခြင်းတို့ကိုလည်း ပူဇော်ဆက်ကပ်နိုင်ခဲ့သည်။ ယင်းမှာ စာတန်၏ ပထမအကြိမ် စုံစမ်းနှောင့်ယှက်မှုအတောအတွင်း ယောဘ၏ အပြုအမူဖြစ်ခဲ့ပြီး ယင်းမှာ ဘုရားသခင်၏ ပထမအကြိမ် စမ်းသပ်မှု အတောအတွင်း ယောဘ၏ သက်သေခံချက်လည်း ဖြစ်ခဲ့သည်။ ဒုတိယအကြိမ် စမ်းသပ်မှုတွင်၊ စာတန်သည် ယောဘကို တိုက်ခိုက်ဖို့ ၎င်း၏လက်ကိုဆန့်ခဲ့ပြီး၊ ယောဘသည် သူယခင်က ခံစားခဲ့ရသည်ထက် သာ၍ ကြီးမားသော နာကျင်မှုကို ခံစားခဲ့ရသော်လည်း၊ သူ၏သက်သေခံချက်သည် လူတို့ကို အံ့အားသင့်ရစ်စေရလောက်သည်အထိ ဖြစ်ဆဲရှိခဲ့သည်။ သူသည် သူ၏ခံနိုင်ရည်၊ ခံယူချက်နှင့် ဘုရားသခင်ကို ကျိုးနွံနာခံမှုအပြင်၊ ဘုရားသခင်ကို သူ၏ ကြောက်ရွံ့ခြင်းတို့အား စာတန်ကို နောက်ထပ်တစ်ကြိမ် အနိုင်ယူရန် အသုံးပြုခဲ့ပြီး၊ သူ၏ အပြုအမူနှင့် သူ၏သက်သေခံချက်တို့သည် ဘုရားသခင်၏ နောက်တစ်ကြိမ် ထောက်ခံခြင်းနှင့် မျက်နှာသာပေးခြင်းကို ခံခဲ့ရသည်။ ဤစုံစမ်းနှောင့်ယှက်မှုအတောအတွင်းတွင်၊ ယောဘသည် ခန္ဓာကိုယ် နာကျင်မှုသည် ဘုရားသခင်အပေါ် သူ၏ယုံကြည်ခြင်းနှင့် နာခံခြင်းတို့ကို မပြောင်းလဲစေနိုင်ကြောင်း သို့မဟုတ် ဘုရားသခင်အပေါ် သူ၏ ဆက်ကပ်မှုနှင့် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးအား ယူဆောင်မသွားနိုင်ကြောင်း၊ သို့မဟုတ် သေခြင်းကို သူရင်ဆိုင်ခဲ့ရသောကြောင့် ဘုရားသခင်ကို စွန့်လွှတ်မည်မဟုတ် သို့မဟုတ် သူ၏စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို စွန့်လွှတ်မည်မဟုတ်သည်ကို စာတန်အား ကြေညာရန် သူ၏တကယ့်အပြုအမူကို အသုံးပြုခဲ့သည်။ ယောဘ၏ စိတ်ပိုင်းဖြတ်ချက်သည် စာတန်အား သူရဲဘောကြောင်စေခဲ့သည်၊ သူ၏ယုံကြည်ခြင်းသည် စာတန်အား အသည်းငယ်စေကာ တုန်လှုပ်စေရစ်ခဲ့သည်၊ ၎င်းတို့၏ သေရေး ရှင်ရေးတိုက်ပွဲအတွင်းတွင် စာတန်ကို သူ တိုက်ခိုက်ခဲ့သည့် ပြင်းပြခြင်းသည် စာတန်ထဲတွင် နက်ရှိုင်းသော မုန်းတီးမှုနှင့် မကျေမချမ်းမှုတို့ကို ပေါက်ဖွားစေခဲ့သည်။ သူ၏စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့က စာတန်သည် သူ့ကို နောက်ထပ်မည်သည့်အရာမျှ မလုပ်ဆောင်နိုင်စေခဲ့သည်မှာ စာတန်သည် ယောဘအပေါ် ၎င်း၏ တိုက်ခိုက်မှုများကို စွန့်ပစ်ပြီး ယေဟောဝါဘုရားသခင်ရှေ့တွင် ချခင်းထားသည့် ယောဘအား စွပ်စွဲချက်များကိုလည်း စွန့်လွှတ်ခဲ့လေသည်။ ဤသည်မှာ ယောဘသည် လောကကြီးကို အောင်မြင်ခဲ့ပြီးဖြစ်သည်၊ ဇာတိပကတိကို အောင်မြင်ခဲ့ပြီးဖြစ်သည်၊ သူသည် စာတန်ကို အောင်မြင်ခဲ့ပြီးဖြစ်ကာ သေခြင်းကို အောင်မြင်ခဲ့ပြီးဖြစ်သည်ဟု ဆိုလိုခဲ့ပေသည်။ သူသည် အကြွင်းမဲ့နှင့် လုံးလုံးလျားလျား ဘုရားသခင်နှင့် သက်ဆိုင်သော လူတစ်ဦး ဖြစ်ခဲ့သည်။ ဤစမ်းသပ်မှုနှစ်ခုအတောအတွင်းတွင်၊ ယောဘသည် သူ၏ သက်သေခံချက်၌ မြဲမြံစွာ ရပ်တည်ခဲ့ပြီး သူ၏ စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို အမှန်တကယ် အသက်ရှင်နေထိုင်ခဲ့သည်၊ ပြီးလျှင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်းနှင့်သက်ဆိုင်သော သူ၏ အသက်ရှင်မှု နိယာမများ၏ နယ်ပယ်ကို ကျယ်ပြန့်လာစေခဲ့သည်။ ဤစမ်းသပ်မှုနှစ်ခုကို ကြုံရလျက်ဖြင့်၊ ယောဘထဲ၌ သာ၍ကြွယ်ဝသော အတွေ့အကြုံတစ်ခု ပေါက်ဖွားလာခဲ့ပြီး ဤအတွေ့အကြုံသည် သူ့ကို သာ၍ ရင့်ကျက်စေကာ ဝါရင့်စေခဲ့သည်၊ ယင်းသည် သူ့ကို သာ၍ သန်မာစေခဲ့ပြီး သာ၍ ကြီးမားသော ခံယူချက် ရှိစေခဲ့ကာ၊ သူစွဲမြဲစွာ ထိန်းထားခဲ့သော တည်ကြည်ခြင်း၏ မှန်ကန်မှုနှင့် အဖိုးထိုက်တန်ခြင်းတို့နှင့် သက်ဆိုင်၍ သူ့အား သာ၍ စိတ်ချယုံကြည်မှု ရှိစေခဲ့သည်။ ယောဘနှင့်သက်ဆိုင်သည့် ယေဟောဝါ ဘုရားသခင်၏ စမ်းသပ်မှုများသည် သူ့အား လူသားအတွက် ဘုရားသခင်၏ ပူပန်မှုနှင့်သက်ဆိုင်သော နက်ရှိုင်းသည့် သိနားလည်ခြင်းနှင့် အသိစိတ်ကို ပေးခဲ့ပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ အဖိုးထိုက်ခြင်းကို သူ့အား သတိပြုမိခွင့်ပေးခဲ့ကာ၊ ယင်းအခြေအနေမှ ဘုရားသခင်အပေါ် အရေးထားခြင်းနှင့် ချစ်ခြင်းတို့ကို သူ၏ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းထဲသို့ ပေါင်းထည့်ခဲ့လေသည်။ ယေဟောဝါဘုရားသခင်၏ စမ်းသပ်မှုများသည် ယောဘအား ဘုရားထံမှ မကင်းကွာစေခဲ့သည် သာမက သူ၏ စိတ်နှလုံးကို ဘုရားသခင်နှင့် သာ၍ နီးကပ်စေခဲ့သည်။ ယောဘသည်းခံခဲ့သော ခန္ဓာနာကျင်မှုသည် ယင်း၏ အထွတ်အထိပ်သို့ ရောက်ခဲ့ချိန်တွင်၊ ယေဟောဝါဘုရားသခင်ထံမှ သူခံစားခဲ့ရသော စိုးရိမ်ပူပန်မှုသည် သူ့အား သူ၏ မွေးဖွားရာနေ့ရက်ကို ကျိန်ဆဲဖို့မှလွဲ၍ ရွေးချယ်စရာ မပေးခဲ့ပေ။ ထိုသို့သော အပြုအမူသည် အချိန်ကြာမြင့်စွာ စီစဉ်ထားသည့်အရာမဟုတ်ခဲ့ဘဲ၊ သူ၏ စိတ်နှလုံးအတွင်းမှ ဘုရားသခင်အတွက် အရေးထားခြင်းနှင့် ချစ်ခြင်း၏ အလိုအလျောက် ထုတ်ဖော်ပြခြင်းတစ်ခု ဖြစ်ခဲ့သည်။ ယင်းမှာ ဘုရားသခင်အတွက် သူ၏ အရေးထားခြင်းနှင့် ချစ်ခြင်းတို့မှ လာခဲ့သည့် အလိုအလျောက် ထုတ်ဖော်ပြခြင်းတစ်ခုဖြစ်သည်။ ဆိုလိုသည်မှာ သူသည် မိမိကိုယ်ကိုယ် စက်ဆုပ်ရွံရှာခဲ့ပြီး ဘုရားသခင်အား ညှဉ်းဆဲရန် လိုလားခြင်း မရှိသကဲ့သို့ ခံနိုင်ခြင်းလည်း မရှိသောကြောင့်၊ သူ၏ အရေးထားခြင်းနှင့် ချစ်ခြင်းသည် ကိုယ်ကျိုးမငဲ့သည့် အဆင့်အထိ ရောက်ရှိခဲ့ပေသည်။ ဤအချိန်တွင် ယောဘသည် ဘုရားသခင်အတွက် အချိန်ကြာမြင့်စွာ တည်ရှိနေခဲ့သော ကြည်ညိုခြင်းနှင့် တမ်းတခြင်း၊ ပြီးလျှင် ဘုရားသခင်အား ဆက်ကပ်ခြင်းတို့ကို အရေးထားခြင်းနှင့် မြတ်နိုးခြင်း အဆင့်အထိ မြှင့်တင်ခဲ့သည်။ တစ်ချိန်တည်းတွင် သူသည် ဘုရားသခင်ကို သူ၏ ယုံကြည်ခြင်းနှင့် ကျိုးနွံနာခံခြင်း၊ ပြီးလျှင် ဘုရားသခင်အား ကြောက်ရွံ့ခြင်းတို့ကိုလည်း အရေးထားခြင်းနှင့် မြတ်နိုးခြင်း အဆင့်အထိ မြှင့်တင်ခဲ့သည်။ သူသည် ဘုရားသခင်ကို ထိခိုက်နစ်နာစေမည့် မည်သည့်အရာကိုမျှ လုပ်ဆောင်ရန် မိမိကိုယ်ကိုယ် အခွင့်မပေးခဲ့ပေ၊ ဘုရားသခင်ကို နာကျင်စေမည့် မည်သည့်အပြုအမူကိုမျှ မိမိကိုယ်ကိုယ် လုပ်ဆောင်ခွင့်မပေးခဲ့သကဲ့သို့၊ သူ၏ ကိုယ်ပိုင် အကြောင်းရင်းများအတွက် ဘုရားသခင်အပေါ် မည်သည့် ဝမ်းနည်းခြင်း၊ ပူဆွေးခြင်း သို့မဟုတ် မပျော်ရွှင်ခြင်းကိုမျှပင် ယူဆောင်လာဖို့ မိမိကိုယ်ကိုယ် အခွင့်မပေးခဲ့ချေ။ ဘုရားသခင်၏ အမြင်တွင် ယောဘသည် ယခင်က ယောဘပင် ဖြစ်နေဆဲ ဖြစ်သော်လည်း၊ ဘုရားသခင်နှင့်သက်ဆိုင်သည့် ယောဘ၏ ယုံကြည်ခြင်း၊ ကျိုးနွံနာခံခြင်းနှင့် ကြောက်ရွံ့ခြင်းသည် ဘုရားသခင်အား ပြီးပြည့်စုံသော ကျေနပ်အားရမှုနှင့် သာယာကြည်နူးမှုကို ဆောင်ကြဉ်းခဲ့ပြီး ဖြစ်သည်။ ဤအချိန်တွင် ယောဘသည် သူရရှိဖို့ ဘုရားသခင် မျှော်လင့်ထားခဲ့သော စုံလင်ခြင်းကို ရရှိခဲ့ပြီးဖြစ်သည်။ သူသည် ဘုရားသခင်၏ အမြင်တွင် “စုံလင်ဖြောင့်မတ်သည်” ဟုခေါ်ဝေါ်ခြင်းငှာ အမှန်တကယ် ခံထိုက်သောသူတစ်ဦး ဖြစ်လာခဲ့ပြီ ဖြစ်သည်။ သူ၏ ဖြောင့်မတ်သော လုပ်ဆောင်ချက်များသည် စာတန်အား အောင်နိုင်ခွင့်ပေးခဲ့ပြီး၊ ဘုရားသခင်အဖို့ သူ၏ သက်သေခံချက်၌ ခိုင်ခံ့စွာ ရပ်တည်အခွင့်ပေးခဲ့သည်။ ထိုကြောင့် သူ၏ဖြောင့်မတ်သော လုပ်ဆောင်ချက်များသည်လည်း သူ့အား စုံလင်စေပြီး သူ၏ အသက်တန်ဖိုးကို ယခင်ထက် သာ၍ မြှင့်တင်ခံရစေကာ ကျော်လွန်စေခဲ့ပြီး၊ စာတန်၏ တိုက်ခိုက်ခြင်းနှင့် စုံစမ်းနှောင့်ယှက်ခြင်းကို မခံရတော့မည့် ပထမဦးဆုံးသော လူတစ်ဦးလည်း ဖြစ်စေခဲ့သည်။ ယောဘသည် ဖြောင့်မတ်ခဲ့သောကြောင့်၊ သူသည် စာတန်၏ စွပ်စွဲခြင်းခံခဲ့ရကာ စုံစမ်းနှောင့်ယှက်ခြင်းကို ခံခဲ့ရသည်။ ယောဘသည် ဖြောင့်မတ်ခဲ့သောကြောင့်၊ သူသည် စာတန်ထံသို့ လွှဲအပ်ခြင်းကို ခံခဲ့ရပြီး၊ ယောဘသည် ဖြောင့်မတ်ခဲ့သောကြောင့်၊ သူသည် စာတန်ကို အောင်နိုင်ကာ ရှုံးနိမ့်စေခဲ့ပြီး၊ သူ၏ သက်သေခံချက်၌ ခိုင်မြဲစွာ ရပ်တည်ခဲ့သည်။ ထိုအချိန်မှစ၍ ယောဘသည် စာတန်ထံသို့ မည်သည့်အခါတွင်မျှ တစ်ဖန် အပ်နှံမခံရတော့မည့် ပထမဦးဆုံး လူသားတစ်ဦး ဖြစ်လာခဲ့သည်၊ သူသည် ဘုရားသခင်၏ ပလ္လင်ရှေ့သို့ အမှန်တကယ် လာရောက်ခဲ့ပြီး စာတန်၏ စောင့်ကြည့်ခြင်း သို့မဟုတ် ဖျက်ဆီးခြင်း မရှိဘဲ၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာအောက်၊ အလင်းထဲတွင် အသက်ရှင်ခဲ့ရသည်...။ သူသည် ဘုရားသခင်၏ အမြင်၌ စစ်မှန်သော လူသားတစ်ဦး ဖြစ်လာခဲ့ပြီးဖြစ်သည်။ သူသည် လွတ်မြောက်ခဲ့ပြီး ဖြစ်သည်...။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)
ယောဘသည် စာတန်၏ ရက်စက်ကြမ်းကြုတ်မှုများကို ခံစားခဲ့ရသော်လည်း၊ သူသည် ယေဟောဝါဘုရားသခင်၏ နာမကို မစွန့်ပစ်ခဲ့သေးပေ။ လူ၏ မျက်စိတွင် မြင်နိုင်သည့် ပုံစံဖြင့် စာတန်၏ အခန်းကဏ္ဍကို လုပ်ဆောင်ရင်း၊ ပထမဦးစွာ ထွက်လာပြီး တိုက်ခိုက်ခဲ့သူမှာ သူ၏ ဇနီး ဖြစ်ခဲ့သည်။ မူရင်းစာသားက ဤသို့ ဖော်ပြထားသည်- “ထိုအခါမယားက၊ သင်သည် ဖြောင့်မတ်သောတရားကို စွဲလမ်းသေးသလော။ ဘုရားသခင်ကို စွန့်ပယ်၍ သေလော့ဟုဆို၏။” (ယောဘ ၂:၉) ဤအရာများသည် စာတန်သည် လူသားယောင်ဆောင်၍ ပြောခဲ့သော စကားများ ဖြစ်သည်။ ၎င်းတို့မှာ တိုက်ခိုက်မှု၊ စွပ်စွဲမှုအပြင် သိမ်းသွင်းမှု၊ စုံစမ်းနှောင့်ယှက်ခြင်းနှင့် အသရေဖျက်မှုတို့ ဖြစ်သည်။ ယောဘ၏ ခန္ဓာကိုယ်အား တိုက်ခိုက်ရာ၌ ရှုံးနိမ့်ခဲ့ပြီးနောက်၊ စာတန်သည် ယောဘအား သူ၏ တည်ကြည်မှုကို လက်လွှတ်စေရန်၊ ဘုရားသခင်ကို စွန့်လွှတ်စေရန်နှင့် ဆက်လက် အသက်ရှင်မသွားတော့စေရန် ဤအရာကို အသုံးပြုဖို့ ဆန္ဒရှိလျက်၊ ယောဘ၏ တည်ကြည်မှုကို တိုက်ရိုက် တိုက်ခိုက်ခဲ့သည်။ ထိုနည်းတူ စာတန်သည် ယောဘကို သွေးဆောင်ဖြားယောင်းဖို့ ထိုသို့သော စကားများကို အသုံးပြုရန်လည်း ဆန္ဒရှိခဲ့သည်- အကယ်၍ ယောဘသည် ယေဟောဝါ၏ နာမကို စွန့်ပစ်ခဲ့ပါက၊ သူသည် ထိုသို့သော ညှဉ်းဆဲမှုကို တောင့်ခံရန် မလိုအပ်ပေ။ သူသည် ခန္ဓာကိုယ် ညှဉ်းဆဲမှုမှ မိမိကိုယ်ကိုယ် လွတ်မြောက်စေနိုင်ခဲ့မည် ဖြစ်သည်။ သူ့ဇနီး၏ အကြံဉာဏ်နှင့် ရင်ဆိုင်ခဲ့ရလျက်၊ ယောဘက၊ “မိန်းမမိုက် ပြောတတ်သကဲ့သို့ သင်သည် ပြော၏။ အဘယ်သို့နည်း။ ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည် ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော။” (ယောဘ ၂:၁၀) ဟုဆိုရင်း သူမအား အပြစ်ဖော်ပြ ဆုံးမခဲ့သည်။ ယောဘသည် ဤနှုတ်ကပတ်တော်များကို အချိန်ကြာမြင့်စွာကတည်းက သိခဲ့ပြီး ဖြစ်သော်လည်း၊ ဤအချိန်တွင် ထိုနှုတ်ကပတ်တော်များနှင့် သက်ဆိုင်သည့် ယောဘ၏ စစ်မှန်သော အသိသည် အတည်ပြုခြင်း ခံခဲ့ရလေသည်။
ဘုရားသခင်အား ကျိန်ဆဲပြီး သေရန် သူ၏ဇနီးက သူ့အား အကြံပေးခဲ့ချိန်တွင်၊ သူမ ဆိုလိုသည့် အဓိပ္ပာယ်မှာ- “သင်၏ ဘုရားသခင်သည် သင့်အား ထိုသို့ ဆက်ဆံသည်၊ ထို့ကြောင့် သူ့အား အဘယ်ကြောင့် မကျိန်ဆဲသနည်း။ သင် ဘာအတွက်ကြောင့် ဆက်၍ အသက်ရှင်နေသနည်း။ သင်၏ ဘုရားသခင်သည် သင့်အဖို့ မတရားလွန်းသော်လည်း၊ ‘ယေဟောဝါ၏နာမ မင်္ဂလာ ရှိစေသတည်း။’ ဟု သင် ဆိုသေးသည်။ သူ၏နာမကို သင်ကောင်းချီးပေးချိန်တွင် သူသည် သင့်အပေါ် ဘေးဒုက္ခကို အဘယ်ကြောင့် ဆောင်လာခဲ့ နိုင်သနည်း။ မြန်မြန်လုပ်ပြီး ဘုရားသခင်၏နာမကို စွန့်ပစ်ကာ သူ့နောက် ထပ်မလိုက်နှင့်။ သို့ဆိုလျှင် သင်၏ ဒုက္ခပြဿနာများ ပြီးဆုံးသွားလိမ့်မည်။” ဤအခိုက်အတန့်တွင် ယောဘ၌ ဘုရားသခင် မြင်လိုသော သက်သေခံချက် ထွက်ပေါ်ခဲ့သည်။ မည်သည့်သာမန်လူမျှ ထိုသို့သော သက်သေခံချက်ကို သက်သေခံနိုင်ခဲ့မည် မဟုတ်သကဲ့သို့ ယင်းနှင့်သက်ဆိုင်၍ သမ္မာကျမ်းစာ၏ မည်သည့်အဖြစ်အပျက်တွင်မျှ ငါတို့ မဖတ်ရှုရပေ- သို့သော် ဤစကားများကို ယောဘ မပြောဆိုမီ အချိန်ကြာမြင့်စွာကတည်းက ယင်းကို ဘုရားသခင် မြင်ခဲ့ပြီး ဖြစ်သည်။ ဘုရားသခင် မှန်ကန်ခဲ့သည်ကို အားလုံးထံ ယောဘကို သက်သေပြ ခွင့်ပေးဖို့ ဘုရားသခင်သည် ဤအခွင့်အရေးကို အသုံးပြုရန် ဆန္ဒရှိရုံမျှ ရှိခဲ့ပေသည်။ သူ့ဇနီး၏ အကြံဉာဏ်နှင့် ရင်ဆိုင်ရလျက်၊ ယောဘသည် သူ၏ တည်ကြည်မှုကို လက်မလွှတ်ခဲ့သကဲ့သို့ ဘုရားသခင်ကိုလည်း မစွန့်လွှတ်ခဲ့ရုံသာမက၊ သူ၏ ဇနီးအား၊ “ငါတို့သည် ဘုရားသခင်၏ လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော။” ဟူ၍လည်း ဆိုခဲ့သည်။ ဤစကားများသည် အလွန် ဩဇာသက်ရောက်မှု ရှိပါသလော။ ဤနေရာတွင် ဤစကားများ၏ ဩဇာသက်ရောက်မှုကို သက်သေပြနိုင်စွမ်းရှိသည့် အချက်တစ်ခုတည်းသာ ရှိသည်။ ဤစကားများ၏ ဩဇာသက်ရောက်မှုမှာ ဘုရားသခင်သည် ထိုစကားများကို သူ၏ စိတ်နှလုံးထဲတွင် လက်ခံသည်၊ ၎င်းတို့သည် ဘုရားသခင် တောင့်တခဲ့သော အရာ ဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင် ကြားလိုသော အရာဖြစ်ပြီး၊ ဘုရားသခင်မြင်ရန် တမ်းတခဲ့သော ရလဒ် ဖြစ်ပေသည်။ ဤစကားများသည် ယောဘသက်သေခံချက်၏ ခြင်ဆီအနှစ်လည်း ဖြစ်သည်။ ဤတွင် ယောဘ၏ စုံလင်ခြင်း၊ ဖြောင့်မတ်ခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းတို့ အတည်ပြုခံခဲ့ရသည်။ ယောဘ၏ အဖိုးတန်မှုသည် သူ စုံစမ်းနှောင့်ယှက်ခြင်း ခံခဲ့ရချိန်နှင့် သူ၏ တစ်ကိုယ်လုံးကို နာကျင်သောအနာစိမ်းများ ဖုံးလွှမ်းခဲ့သည့် အချိန်တွင်ပင်၊ ပြီးလျှင် အဆုံးစွန် ညှဉ်းဆဲမှုကို သူတောင့်ခံခဲ့သည့် အချိန်နှင့် သူ၏ဇနီးနှင့် ဆွေမျိုးရင်းချာတို့က သူ့ကို အကြံပေးခဲ့ချိန်တွင်၊ ထိုသို့သော စကားများကို သူ မြွက်ဆိုဆဲရှိခဲ့ပုံတွင် တည်ရှိပေသည်။ ၎င်းကို အခြားနည်းဖြင့်ဆိုပါက မည်သည့် စုံစမ်းနှောင့်ယှက်မှုများ ဖြစ်ပါစေ၊ သို့မဟုတ် ဆင်းရဲဒုက္ခများ သို့မဟုတ် ညှဉ်းဆဲမှု မည်သို့ပင် ဆိုးရွားပါစေ၊ အကယ်၍ သေခြင်းသည် သူ့အပေါ် ရောက်လာခဲ့လျှင်ပင် သူသည် ဘုရားသခင်ကို စွန့်လွှတ်မည် မဟုတ်၊ သို့မဟုတ် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း လမ်းခရီးကို ပစ်ပယ်မည် မဟုတ်မှန်း သူ၏ စိတ်နှလုံးထဲတွင် သူယုံကြည်ခဲ့သည်။ ထိုအခါ သူ၏ စိတ်နှလုံးထဲတွင် အရေးကြီးဆုံးသော နေရာကို ဘုရားသခင် ထိန်းထားခဲ့ပြီး၊ သူ၏ စိတ်နှလုံးထဲ၌ ဘုရားသခင်သာရှိသည်ကို သင်မြင်ရပေသည်။ ယောဘသည် ဤအမှုများနှင့် တွေ့ကြုံသော်လည်း၊ နှုတ်ဖြင့်မျှမမှားယွင်း ဟူ၍ ကျမ်းစာထဲတွင် သူနှင့် သက်ဆိုင်သည့် ထိုသို့သော ဖော်ပြချက်များကို ငါတို့ ဖတ်ရှုရသည်မှာ ဤအရာကြောင့် ဖြစ်သည်။ သူသည် သူ၏နှုတ်ဖြင့် မမှားယွင်းခဲ့သည်သာမက၊ သူ၏ စိတ်နှလုံးထဲ၌လည်း ဘုရားသခင်နှင့်ပတ်သက်၍ မကျေမနပ်ဖြစ်ခြင်း မရှိခဲ့ပေ။ ဘုရားသခင်နှင့် ပတ်သက်၍ ထိခိုက်စေသော စကားများကို သူမပြောခဲ့သကဲ့သို့၊ ဘုရားသခင်ကို ဆန့်ကျင်ပြစ်မှားခဲ့ခြင်းလည်း မရှိပေ။ သူ၏နှုတ်က ဘုရားသခင်၏ နာမကို ကောင်းချီး ပေးခဲ့သည်သာမက၊ သူ၏စိတ်နှလုံးတွင်လည်း သူသည် ဘုရားသခင်၏ နာမကို ကောင်းချီးပေးခဲ့သည်။ သူ၏နှုတ်နှင့် စိတ်နှလုံးတို့သည် တစ်ခုတည်းကဲ့သို့ ဖြစ်ခဲ့သည်။ ဤသည်မှာ ဘုရားသခင် မြင်ခဲ့သော စစ်မှန်သည့် ယောဘဖြစ်ပြီး၊ ဤသည်မှာ ယောဘကို ဘုရားသခင် တန်ဖိုးထားခဲ့သည့် တကယ့် အကြောင်းရင်း ဖြစ်ခဲ့သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)
စာတန်ကို အောင်မြင်ခြင်းအဖို့ ယောဘ၏ ယုံကြည်ခြင်း၊ ကျိုးနွံနာခံခြင်းနှင့် သူ၏သက်သေခံချက်တို့သည် လူတို့အဖို့ ကြီးမားသော အထောက်အကူနှင့် အားပေးတိုက်တွန်းမှု အရင်းအမြစ်တစ်ခု ဖြစ်ပြီးဖြစ်သည်။ ယောဘထဲ၌ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်ကိုမြင်ကြပြီး ယုံကြည်ခြင်း၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် ကြောက်ရွံ့ခြင်းမှတစ်ဆင့် စာတန်ကို အနိုင်ယူရန်၊ စာတန်ကို အောင်နိုင်ရန် လုံးဝ ဖြစ်နိုင်သည်ကို မြင်ကြရသည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ၎င်းတို့ ကျိုးနွံနာခံသရွေ့၊ ပြီးလျှင် အရာရာတိုင်းကို ဆုံးရှုံးခဲ့ပြီးသည့်နောက်တွင် ဘုရားသခင်ကို မစွန့်ပစ်ဖို့ စိတ်ပိုင်းဖြတ်ချက်နှင့် ယုံကြည်ခြင်းတို့ ၎င်းတို့ ပိုင်ဆိုင်သရွေ့၊ ၎င်းတို့သည် စာတန်အပေါ် အရှက်ရစေပြီး ရှုံးနိမ့်မှု ယူဆောင်နိုင်သည်ကို မြင်ကြပြီး ၎င်းတို့သည် စာတန်အနေဖြင့် ကြောက်လန့်ပြီး အလောတကြီးဆုတ်ခွာစေရန်အတွက်- ၎င်းတို့၏ အသက်များ ဆုံးရှုံးရမည်ဆိုလျှင်ပင်- ၎င်းတို့၏ သက်သေခံချက်ထဲတွင် မြဲမြံစွာ ရပ်တည်ရန် စိတ်ပိုင်းဖြတ်ချက်နှင့် လုံ့လဝီရိယရှိရန်သာ လိုအပ်သည်ကို မြင်ကြလေသည်။ ယောဘ၏ သက်သေခံချက်သည် နောင်မျိုးဆက်များအဖို့ သတိပေးချက်တစ်ခု ဖြစ်ပြီး ဤသတိပေးချက်က အကယ်၍ ၎င်းတို့သည် စာတန်ကို အနိုင်မယူပါက၊ စာတန်၏ စွပ်စွဲချက်များနှင့် နှောင့်ယှက်မှုများမှ မိမိတို့ကိုယ်ကိုယ် မည်သည့်အခါမျှ ဖယ်ရှားနိုင်မည် မဟုတ်သကဲ့သို့၊ စာတန်၏ နှိပ်စက်မှုနှင့် တိုက်ခိုက်ခြင်းများမှ မည်သည့်အခါမျှ လွတ်မြောက်နိုင်မည်မဟုတ်သည်ကို ၎င်းတို့အား ပြောပြလေသည်။ ယောဘ၏ သက်သေခံချက်သည် နောင်မျိုးဆက်များကို အသိဉာဏ်ပွင့်လင်းစေပြီးဖြစ်သည်။ ဤဉာဏ်အလင်းက လူတို့အား အကယ်၍ ၎င်းတို့သည် စုံလင်ကာ ဖြောင့်မတ်မှသာလျှင် ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်နိုင်မည် ဖြစ်သည်ကို သွန်သင်သည်။ ယင်းက ၎င်းတို့အနေဖြင့် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်မှသာလျှင် ဘုရားသခင်အား ခိုင်မာပြီး ထူးကဲသော သက်သေခံချက်အား ခံနိုင်မည်၊ ဘုရားသခင်ထံ ခိုင်မာပြီး ထူးကဲသော သက်သေခံချက်ကို ခံနိုင်မှသာလျှင်၊ ၎င်းတို့သည် စာတန်၏ ထိန်းချုပ်ခြင်းကို မည်သည့်အခါမျှ မခံရဘဲ၊ ဘုရားသခင်၏ လမ်းပြမှုနှင့် ကွယ်ကာမှုအောက်တွင် အသက်ရှင်နိုင်သည်- ထိုအခါမှသာ ၎င်းတို့သည် အမှန်တကယ် ကယ်တင်ခံရပြီး ဖြစ်လိမ့်မည်ကို သွန်သင်ပေးလေသည်။ ယောဘ၏ ပင်ကိုစရိုက်နှင့် သူ၏ အသက်တာ၏ လိုက်စားမှုတို့ကို ကယ်တင်ခြင်းကို လိုက်စားသောသူ အယောက်တိုင်းက အတုယူသင့်ပေသည်။ သူ၏ အသက်တာတစ်ခုလုံးတစ်လျှောက် အသက်ရှင်နေထိုင်ခဲ့သည့်အရာနှင့် သူ၏စမ်းသပ်မှုများအတောအတွင်း သူ၏ အပြုအမူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှု ရှောင်ကြဉ်ခြင်း လမ်းခရီးကို လိုက်စားသောသူ အားလုံးအဖို့ အဖိုးထိုက်သော ရတနာတစ်ပါး ဖြစ်ပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)
ပေတရုသည် ငါ့ကို နှစ်ပေါင်းများစွာ သစ္စာစောင့်သိခဲ့သော်လည်း သူသည် မည်သည့်အခါမျှ မညည်းညူခဲ့သကဲ့သို့၊ မည်သည့် မကျေမနပ် ဖြစ်ခြင်းမျှလည်း မရှိခဲ့ပေ။ ယောဘသည်ပင် သူနှင့်တန်းတူ မဟုတ်ခဲ့သကဲ့သို့၊ ခေတ်ကာလများတစ်လျှောက်တွင်၊ သန့်ရှင်းသူ အားလုံးသည် ပေတရုကို မမီကြလေပြီ။ သူသည် ငါ့ကိုသိရန် ကြိုးစားခဲ့သည်သာမက၊ စာတန်သည် ၎င်း၏လှည့်ဖြားတတ်သော အကြံအစည်များ ထုတ်ပြန်နေချိန်အတောအတွင်းတွင်လည်း ပေတရုက ငါ့ကို သိလာခဲ့၏။ ဤအရာက ပေတရုအား ငါ၏ရည်ရွယ်ချက်များနှင့် အမြဲ ကိုက်ညီလျက် နှစ်များစွာကြာ ငါ့ကို အစေခံဖို့ဖြစ်စေခဲ့ပြီး ဤအကြောင်းရင်းကြောင့်၊ သူသည် စာတန်၏ အသုံးချခြင်းကို မည်သည့်အခါမျှ မခံခဲ့ရပေ။ ပေတရုသည် ယောဘ၏ယုံကြည်ခြင်းမှ သင်ခန်းစားများ ယူခဲ့သည်၊ သို့ရာတွင် ယောဘ၏ အားနည်းချက်များကိုလည်း ရှင်းလင်းစွာ သိမြင်ခဲ့၏။ ယောဘသည် ကြီးမြတ်သော ယုံကြည်ခြင်း ရှိခဲ့ပြီးဖြစ်သော်လည်း၊ သူသည် ဝိညာဉ်လောကထဲက ကိစ္စရပ်များနှင့်သက်ဆိုင်သည့် အသိပညာ ကင်းမဲ့ခဲ့သည်၊ ထို့ကြောင့် သူသည် လက်တွေ့အရှိတရားနှင့် မကိုက်ညီသည့် စကားများစွာ ပြောဆိုခဲ့သည်။ ဤအရာက သူ၏အသိပညာသည် မလေးနက်သကဲ့သို့၊ စုံလင်နိုင်စွမ်း မရှိသည်ကို ပြပေသည်။ ထို့ကြောင့် ပေတရုသည် စိတ်ဝိညာဉ်နှင့်ဆိုင်သည့် အသိစိတ်တစ်ခု ရရှိခြင်းအပေါ် အမြဲ အာရုံစိုက်ခဲ့ပြီး ဝိညာဉ်လောက၏ လှုပ်ရှားမှုအင်အားကို လေ့လာခြင်းအား အမြဲ အာရုံစိုက်ခဲ့သည်။ အကျိုးဆက်အနေဖြင့်၊ သူသည် ငါ၏ရည်ရွယ်ချက်များထဲမှ တစ်စုံတစ်ရာကို သေချာအောင် လေ့လာစိစစ်နိုင်ခဲ့သည်သာမက၊ စာတန်၏ လှည့်ဖြားတတ်သည့် အကြံအစည်များနှင့်ဆိုင်သည့် အသိပညာ အနည်းငယ်ကိုလည်း ရှိခဲ့လေသည်။ ဤအရာကြောင့် ငါနှင့်သက်ဆိုင်သည့် သူ၏အသိပညာသည် ခေတ်ကာလများ တစ်လျှောက် အခြားမည်သူမဆိုထက် သာ၍ တိုး၍ကြီးမားခဲ့ပေသည်။
ပေတရု၏အတွေ့အကြုံမှ၊ လူသားများသည် ငါ့ကိုသိလိုပါက၊ ၎င်းတို့သည် ၎င်းတို့၏ စိတ်ဝိညာဉ်များအတွင်းတွင် ဂရုတစိုက် စဉ်းစားဆင်ခြင်ခြင်းအပေါ် အာရုံစိုက်ရမည်ဖြစ်သည်ကို မြင်ရန် မခက်ခဲပေ။ ငါ့ကို အပြင်ပန်းအားဖြင့် အတိုင်းအတာ တစ်ခုထိ သင် “ဆက်ကပ်” ဖို့ ငါမတောင်းဆိုပေ။ ဤသည်မှာ သာမညပူပန်ရခြင်းအကြောင်း ဖြစ်သည်။ သင်သည် ငါ့ကိုမသိလျှင်၊ သင်ပြောဆိုသည့် ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် သစ္စာစောင့်သိခြင်း အားလုံးသည် စိတ်၏လှည့်စားမှုများသာ ဖြစ်၏။ ၎င်းတို့သည် အရည်မရအဖတ်မရ ဖြစ်ပြီး၊ သင်သည် ငါ့ရှေ့မှောက်တွင် ကြီးမားသည့် ဝါကြွားမှုများ ပြုလုပ်သော်လည်း၊ မိမိကိုယ်မိမိ မသိသည့်သူ တစ်ဦးဖြစ်လာရန် သေချာ၏။ ထိုသို့ဖြင့်သင်သည် စာတန်၏ ဖမ်းမိခြင်းကို တစ်ဖန် ခံရလိမ့်မည် ဖြစ်ပြီး၊ သင့်ကိုယ်သင် လွတ်မြောက်စေနိုင်မည်မဟုတ်ပေ။ သင်သည် ပျက်စီးခြင်း၏သားတစ်ဦးနှင့် ဖျက်ဆီးခြင်းခံရမည့်အရာတစ်ခု ဖြစ်လာလိမ့်မည်။ သို့ရာတွင် သင်သည် ငါ၏နှုတ်ကပတ်တော်များ အပေါ် အေးစက်စက်နိုင်ကာ ဂရုမစိုက်ပါက၊ သင်သည် ငါ့ကို ဧကန် ဆန့်ကျင်ပေသည်။ ဤသည်မှာ အမှန်တရား ဖြစ်ပြီး၊ ငါ၏ပြစ်တင်ဆုံးမခြင်း ခံရပြီးဖြစ်သည့် များစွာသော ဝိညာဉ် အမျိုးမျိုးကို သင်သည် ဝိညာဉ်လောက ဂိတ်တံခါးမှတစ်ဆင့် ကြည့်လျှင် ကောင်းပေမည်။ ၎င်းတို့ထဲမှ မည်သူသည် ငါ၏နှုတ်ကပတ်တော်များနှင့် ရင်ဆိုင်ရလျက်၊ အပျက်သဘောမဆောင်ဘဲ ရှိခဲ့ကြသနည်း၊ ဂရုမစိုက်သကဲ့သို့ လက်မခံဘဲ ရှိခဲ့ကြသနည်း။ ၎င်းတို့အနက် မည်သူသည် ငါ၏နှုတ်ကပတ်တော်များနှင့် ပတ်သက်၍ အဆိုးမမြင်ဘဲ ရှိသနည်း။ ၎င်းတို့အနက် မည်သူသည် ငါ၏နှုတ်ကပတ်တော်များနှင့်ပတ်သက်၍ အပြစ်ရှာရန် မကြိုးစားခဲ့သနည်း။ ၎င်းတို့အနက် မည်သူသည် မိမိတို့ကိုယ်ကိုယ် “ကာကွယ်ရန်” ငါ၏နှုတ်ကပတ်တော်များကို “ခုခံသည့် လက်နက်များ” အဖြစ် အသုံးမပြုခဲ့သနည်း။ ၎င်းတို့သည် ငါ၏နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် အကြောင်းအရာများကို ငါ့အား သိရှိရန် နည်းလမ်း တစ်ခုအဖြစ် အသုံးမပြုခဲ့ကြဘဲ၊ ကစားစရာများအဖြစ်သာ သုံးခဲ့ကြသည်။ ဤတွင် ၎င်းတို့သည် ငါ့ကို တိုက်ရိုက် ဆန့်ကျင်နေကြသည် မဟုတ်လော။ ငါ၏နှုတ်ကပတ်တော်များသည် မည်သူများ ဖြစ်သနည်း။ ငါ၏ဝိညာဉ်သည် မည်သူ ဖြစ်သနည်း။ ငါသည် သင်တို့အား ထိုသို့သောမေးခွန်းများကို အကြိမ်များစွာ မေးပြီးဖြစ်သော်လည်း၊ ယင်းတို့နှင့် ပတ်သက်သည့် သာ၍ မြင့်မားပြီး ရှင်းလင်းသော ထိုးထွင်းသိမြင်မှု တစ်ခုတစ်လေ သင်တို့ ရရှိဖူးပါသလော။ ယင်းတို့ကို သင်တို့ အမှန်တကယ် တွေ့ကြုံဖူးပါသလော။ ငါသည် သင်တို့ကို တစ်ဖန် သတိပေး၏။ ငါ၏နှုတ်ကပတ်တော်များကို သင်တို့ မသိရှိပါက၊ ယင်းတို့ကို လက်မခံသကဲ့သို့၊ လက်တွေ့မလုပ်ဆောင်ကြပါက၊ သင်တို့သည် ငါ၏ပြစ်တင် ဆုံးမခြင်းကို ခံရမည့်အရာများ မလွဲမသွေ ဖြစ်လာကြလိမ့်မည်။ သင်သည် ဧကန်မုချ စာတန်၏ သားကောင် ဖြစ်လာလိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၈)
ဘုရားသခင်က “ဝိညာဉ်လောက၏တိုက်ပွဲ အခြေအနေသည် ငါ၏လူအားလုံးအလယ်တွင် တိုက်ရိုက် ပေါ်လွင်စေပြီး” ဟု ပြောသည့်အခါတွင်၊ လူတို့သည် လမ်းကြောင်းမှန်ပေါ် စတင်ပြီး ဘုရားသခင်ကို စတင်သိကျွမ်းသည့်အခါ၊ လူအသီးသီးသည် အတွင်းတွင် စာတန်၏သွေးဆောင်ခြင်း ခံရသည်သာမက၊ အသင်းတော်ကိုယ်၌တွင်လည်း စာတန်၏သွေးဆောင်မှု ခံရနိုင်သည်ကို ဘုရားသခင် ဆိုလိုပေသည်။ သို့ရာတွင်၊ ဤသည်မှာ အယောက်တိုင်း လျှောက်ရမည့် လမ်းကြောင်းတစ်ခု ဖြစ်သည်၊ ထို့ကြောင့် မည်သူမျှ အထိတ်တလန့်ဖြစ်ရန် မလိုပေ။ စာတန်၏သွေးဆောင်မှုသည် ပုံစံအမျိုးမျိုးဖြင့် လာကောင်းလာနိုင်၏။ တစ်စုံတစ်ဦးသည် ဘုရားသခင် ပြောဆိုသည့်အရာကို လျစ်လျူရှုကောင်း လျစ်လျူရှုနိုင်သည်၊ သို့မဟုတ် ပစ်ပယ်ကောင်း ပစ်ပယ်နိုင်သည်၊ ပြီးလျှင် အခြားသူများ၏ အပြုသဘောဆောင်ခြင်းကို လျော့သွားစေရန် အပျက်သဘောဆောင်သည့် အရာများ ပြောကောင်း ပြောနိုင်သည်။ သို့ရာတွင်၊ ထိုသို့သော လူတစ်ဦးသည် အခြားသူများအား ၎င်းတို့ဘက်သို့ စည်းရုံးနိုင်လေ့ရှိလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ ပိုင်းခြားသိမြင်ရန် ခက်ခဲ၏။ ဤအရာအတွက် အဓိကအကြောင်းရင်းမှာ- ထိုသို့သော လူတစ်ဦးသည် အစည်းအဝေးများ တက်ရာတွင် တက်ကြွကောင်း တက်ကြွနိုင်ဆဲဖြစ်သော်လည်း ရူပါရုံများနှင့်ပတ်သက်၍ ၎င်းတို့ မရှင်းမလင်း ဖြစ်ကြလေသည်။ အသင်းတော်သည် ၎င်းတို့ကို သတိမထားပါက၊ ၎င်းတို့၏ အပျက်သဘောဆောင်ခြင်းအားဖြင့် အသင်းတော်တစ်ခုလုံး တိမ်းယိုင်သွားပြီး ဘုရားသခင်အား စိတ်မပါ့တပါ တုန့်ပြန်စေကာ၊ ထိုသို့ဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အာရုံမစိုက်ခြင်းဖြစ်သွားနိုင်၏- ဤသည်မှာ စာတန်၏ သွေးဆောင်မှုထဲသို့ တည့်တည့် ကျဆင်းသွားခြင်းကို ဆိုလိုပေမည်။ ထိုသို့သော လူတစ်ဦးသည် ဘုရားသခင်ကို တိုက်ရိုက် ခုခံချင်မှ ခုခံမည် ဖြစ်သော်လည်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ နားလည်သဘောပေါက်နိုင်ခြင်း မရှိသကဲ့သို့ ဘုရားသခင်ကို မသိကြသောကြောင့်၊ ၎င်းတို့သည် ညည်းညူသည်အထိ သို့မဟုတ် မကျေမချမ်းမှုဖြင့်ပြည့်သည့် စိတ်နှလုံးတစ်ခု ရှိသည်အထိ ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ ၎င်းတို့က ဘုရားသခင်သည် ၎င်းတို့အား စွန့်ပစ်ပြီးဖြစ်သည်၊ ထို့ကြောင့် ၎င်းတို့သည် အသိဉာဏ်ပွင့်လင်းစေခြင်းနှင့် အလင်းပေးခြင်း ရရှိနိုင်စွမ်းမရှိကြဟု ပြောကောင်း ပြောမည်။ ၎င်းတို့သည် စွန့်ခွာရန် ဆန္ဒရှိကောင်း ရှိနိုင်သော်လည်း၊ အနည်းငယ် စိုးရွံ့ကြပြီး၊ ဘုရားသခင်၏အမှုသည် ဘုရားသခင်ထံမှ မလာဘဲ၊ ယင်းအစား နတ်ဆိုးများ၏အမှု ဖြစ်သည်ဟု ၎င်းတို့ ပြောကောင်း ပြောနိုင်ပေသည်။
ဘုရားသခင်သည် အဘယ်ကြောင့် ပေတရုကို မကြာခဏ ဖော်ပြသနည်း။ ပြီးလျှင် ယောဘသည်ပင်လျှင် ပေတရုနှင့် တန်းတူဖြစ်ခြင်းငှာ နီးစပ်မလာခဲ့ဟု သူအဘယ်ကြောင့်ပြောသနည်း။ ထိုသို့ပြောခြင်းသည် လူတို့အား ပေတရု၏ လုပ်ဆောင်ချက်များကို အာရုံစိုက်စေသည်သာမက၊ အကြီးမားဆုံးသော ယုံကြည်ခြင်း ရှိခဲ့သူ- ယောဘ၏ ပုံသက်သေသည်ပင် အဆင်ပြေမည် မဟုတ်ကဲ့သို့၊ ၎င်းတို့၏စိတ်နှလုံးများရှိ ပုံသက်သေအားလုံးကိုလည်း ဘေးဖယ်ထားစေပြီး ဖြစ်သည်။ ဤနည်းဖြင့်သာ လူတို့သည် ပေတရုအားအတုယူရန် အရာရာတိုင်းကို ဘေးဖယ်ထားနိုင်ပြီး၊ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် ဘုရားသခင်နှင့်သက်ဆိုင်သည့် ၎င်းတို့၏ အသိပညာတွင် အဆင့်တစ်ခု တိုးတက်သော သာ၍ကောင်းမွန်သည့် ရလဒ်တစ်ခုကို စွမ်းဆောင်ရရှိနိုင်ပေသည်။ ဘုရားသခင်အား သိရှိရန် ပေတရု လျှောက်ခဲ့သည့် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းကို ဘုရားသခင်က လူတို့အား ပြသပြီး၊ ထိုသို့ လုပ်ဆောင်ခြင်း၏ ရည်မှန်းချက်မှာ လူတို့အား ရည်ညွှန်းရန်အချက်တစ်ခု ပေးရန်ဖြစ်၏။ ထို့နောက် ဘုရားသခင်က “သင်သည် ငါ၏နှုတ်ကပတ်တော်များအပေါ် အေးစက်စက်နိုင်ကာ ဂရုမစိုက်ပါက၊ သင်သည် ငါ့ကို ဧကန် ဆန့်ကျင်ပေသည်။ ဤသည်မှာ အမှန်တရားဖြစ်၏” ဟု ပြောချိန်တွင်၊ ဘုရားသခင်သည် စာတန်က လူသားများကို သွေးဆောင်မည့် နည်းလမ်းများအနက် နည်းလမ်းတစ်ခုကို ဆက်လက် ကြိုတင်ပြောဆိုပေသည်။ ဤနှုတ်ကပတ်တော်များတွင်၊ စာတန်က အသုံးပြုရန် ကြိုးစားမည့် ပါးနပ်သော အကြံအစည်များကို ဘုရားသခင်က ကြိုတင်ပြောဆိုသည်။ ယင်းတို့သည် သတိပေးချက်တစ်ခုအဖြစ် ရပ်တည်ပေသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို အယောက်တိုင်းက ဂရုမစိုက်နိုင်မည်မှာ မဖြစ်နိုင်သော်လည်း၊ မည်သို့ပင်ဖြစ်စေကာမူ၊ လူအချို့သည် ဤသွေးဆောင်မှုအားဖြင့် အမိခံရကြလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် အဆုံးတွင် ဘုရားသခင်က “ငါ၏နှုတ်ကပတ်တော်များကို သင်တို့ မသိရှိပါက၊ ယင်းတို့ကို လက်မခံသကဲ့သို့၊ လက်တွေ့မလုပ်ဆောင်ကြပါက၊ သင်တို့သည် ငါ၏ပြစ်တင် ဆုံးမခြင်းကို ခံရမည့်အရာများ မလွဲမသွေ ဖြစ်လာကြလိမ့်မည်။ သင်သည် ဧကန်မုချ စာတန်၏ သားကောင် ဖြစ်လာလိမ့်မည်” ဟု အလေးထားမှုဖြင့် ထပ်လောင်းပြောဆိုပေသည်။ ဤသည်မှာ လူသားမျိုးနွယ်အား ဘုရားသခင်၏ အကြံပြုချက်ဖြစ်သည်- သို့သော် အဆုံးတွင် ဘုရားသခင် ကြိုတင်ပြောကြားခဲ့သည့်အတိုင်း၊ လူတစ်စုသည် စာတန်၏သားကောင် မလွဲမသွေ ဖြစ်ကြလိမ့်မည်ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ အခန်း (၈)
ရှင်မဿဲခရစ်ဝင် ၄:၈-၁၁ တဖန်မာရ်နတ်သည် ယေရှုကို အလွန်မြင့်လှစွာသော တောင်ပေါ်သို့ ဆောင်သွား၍၊ ဤလောက၌ ရှိသမျှသော တိုင်းနိုင်ငံတို့ကို၎င်း၊ ထိုတိုင်းနိုင်ငံတို့၏ ဘုန်းစည်းစိမ်ကို၎င်း ပြညွှန်၍၊ ကိုယ်တော်သည် ငါ့ကို ညွတ်ပြပ်ကိုးကွယ်လျှင် ယခုပြလေသမျှတို့ကို ငါပေးမည်ဟုဆိုလေ၏။ ယေရှုကလည်း အချင်းစာတန်၊ ငါ့နောက်သို့ဆုတ်လော့။ သင်၏ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်ရမည်၊ ထိုဘုရားသခင်ကိုသာ အစေခံရမည် ကျမ်းစာလာသည်ဟု မိန့်တော်မူ၏။ ထိုအခါ မာရ်နတ်သည် အထံတော်မှထွက်သွား၍ ကောင်းကင်တမန်တို့သည် ချဉ်းကပ်လျက် လုပ် ကျွေးကြ၏။
စာတန် မာရ်နတ်သည် ၎င်း၏ ယခင်နှစ်ကြိမ် လှည့်ဖြားခြင်းများ မအောင်မြင်သောကြောင့် နောက်တစ်ကြိမ် ထပ်ကြိုးစားခဲ့သေးသည်။ ၎င်းက ကမ္ဘာပေါ်ရှိ တိုင်းနိုင်ငံများ အားလုံးနှင့် ထိုတိုင်းနိုင်ငံတို့၏ ကြွယ်ဝချမ်းသာမှုကို သခင်ယေရှုအားပြပြီး ၎င်းကို ကိုးကွယ်ခိုင်းသည်။ ဤအခြေအနေမှ မာရ်နတ်၏ အင်္ဂါရပ်အစစ်အမှန်များ နှင့်ပတ်သက်၍ မည်သည့်အရာကို သင်မြင်ရသနည်း။ စာတန်မာရ်နတ်သည် လုံးဝ အရှက်မဲ့သည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းသည် အဘယ်သို့ အရှက်မဲ့သနည်း။ အရာခပ်သိမ်းကို ဘုရားသခင်က ဖန်ဆင်းခဲ့သည့်တိုင် စာတန်က ပြောင်းပြန်လှည့်ပြီး၊ “ဤတိုင်းနိုင်ငံ အားလုံးတို့၏ ဘုန်းစည်းစိမ်တို့ကို ကြည့်ပါ၊ ကိုယ်တော်သည် ငါ့ကိုညွတ်ပြပ် ကိုးကွယ်လျှင် ယခုပြလေသမျှတို့ကို ငါပေးမည်။” ဟု ပြောရင်း ဘုရားသခင်ကို အရာခပ်သိမ်း ပြသခဲ့သည်။ ဤသည်မှာ အခန်းကဏ္ဍ လုံးဝ ပြောင်းပြန်ဖြစ်နေခြင်း မဟုတ်လော။ စာတန်သည် အရှက်မဲ့သည် မဟုတ်လော။ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည်၊ သို့သော် သူ၏ ပျော်ရွှင်မှုအတွက် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သလော။ သူသည် အရာခပ်သိမ်းကို လူသားမျိုးနွယ်အား ပေးခဲ့သည်၊ သို့သော် စာတန်သည် ထိုအရာအားလုံးကို သိမ်းပိုက်လိုခဲ့ပြီး၊ ထိုအရာအားလုံးကို သိမ်းပိုက်ထားပြီးနောက်၊ ဘုရားသခင်ကို၊ “ငါ့ကို ကိုးကွယ်လော့။ ငါ့ကို ကိုးကွယ်ပါက ဤအရာအားလုံးကို သင့်အား ငါပေးမည်။” ဟု ပြောခဲ့လေသည်။ ဤသည်မှာ စာတန်၏ အကျည်းတန်သော သွင်ပြင်ဖြစ်သည်။ ၎င်းသည် လုံးဝ အရှက်ကင်းမဲ့သည် မဟုတ်လော။ စာတန်သည် “အရှက်” ဟူသော စကား၏ အဓိပ္ပာယ်ကိုပင် မသိပေ။ ဤသည်မှာ ၎င်း၏ ကောက်ကျစ်ဆိုးယုတ်ခြင်းနှင့်ဆိုင်သော နောက်ထပ် နမူနာဖြစ်သည်။ ၎င်းသည် အရှက်ဟူသည့်အရာကိုပင် မသိပေ။ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ပြီး အရာခပ်သိမ်းအပေါ် စီမံခန့်ခွဲကာ အုပ်စိုးသည်ကို စာတန်က ရှင်းရှင်းလင်းလင်း သိ၏။ အရာခပ်သိမ်းသည် လူသားနှင့် သက်ဆိုင်ခြင်းမရှိသကဲ့သို့ စာတန်နှင့် သာ၍မသက်ဆိုင်ဘဲ ဘုရားသခင်နှင့် သက်ဆိုင် ပေသည်၊ သို့သော် စာတန်မာရ်နတ်သည် အရာခပ်သိမ်းကို ဘုရားသခင်အား ပေးမည်ဟု အရှက်မရှိ ပြောခဲ့၏။ ဤသည်မှာ စာတန်က အဓိပ္ပာယ်ကင်းမဲ့ပြီး အရှက်မဲ့စွာ နောက်တစ်ဖန် လုပ်ဆောင်ခြင်းနှင့်ဆိုင်သော နောက်ထပ် ဥပမာတစ်ခု ဖြစ်သည် မဟုတ်လော။ ဤအရာက ဘုရားသခင်အား စာတန်ကို သာ၍ မုန်းတီးဖို့ ဖြစ်စေသည်၊ မဟုတ်လော။ သို့သော် စာတန်သည် မည်သည့်အရာကို ကြိုးစားသည်ဖြစ်စေ သခင်ယေရှုသည် လှည့်စားခံခဲ့ရသလော။ သခင်ယေရှုက မည်သည့်အရာ ပြောခဲ့သနည်း။ (“သင်၏ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်ရမည်၊ ထိုဘုရားသခင်ကိုသာ အစေခံရမည်။”) ဤနှုတ်ကပတ်တော်များတွင် လက်တွေ့ကျသော အဓိပ္ပာယ် ရှိသလော။ (ရှိပါသည်။) မည်သည့် လက်တွေ့ကျသော အဓိပ္ပာယ်မျိုးနည်း။ စာတန်၏ပြောဆိုချက်တွင် ၎င်း၏ ကောက်ကျစ်ဆိုးယုတ်မှုနှင့် အရှက်ကင်းမဲ့မှုကို ငါတို့တွေ့ရသည်။ ထို့ကြောင့် လူသားသည် စာတန်ကို ကိုးကွယ်လျှင် ရလဒ်မှာ အဘယ်အရာဖြစ်မည်နည်း။ သူတို့သည် တိုင်းနိုင်ငံများအားလုံး၏ ကြွယ်ဝချမ်းသာခြင်းနှင့် ဘုန်းစည်းစိမ်တို့ကို ရရှိမည်လော။ (ရရှိမည် မဟုတ်ပါ။) သူတို့ မည်သည့်အရာ ရကြမည်နည်း။ လူသားမျိုးနွယ်သည် စာတန်ကဲ့သို့ အရှက်မဲ့ကာ လှောင်ပြောင်ဖွယ်ဖြစ်လာလိမ့်မည် မဟုတ်လော။ (ဟုတ်ပါသည်။) ထိုအခါ ၎င်းတို့သည် စာတန်နှင့် မခြားနားဘဲ ဖြစ်လိမ့်မည်။ ထို့ကြောင့် သခင်ယေရှုသည် လူသားတစ်ဦးချင်းစီတိုင်းအတွက် အရေးကြီးသော ဤနှုတ်ကပတ်တော်များကို ပြောခဲ့ခြင်းဖြစ်သည်။ “သင်၏ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်ရမည်၊ ထိုဘုရားသခင်ကိုသာ အစေခံရမည်။” ဆိုလိုသည်မှာ သခင့်အတွက်မှ လွဲ၍၊ ဘုရားသခင်ကိုယ်တော်တိုင်အတွက်မှလွဲ၍ အခြားသူကို သင်အစေခံလျှင်၊ စာတန်မာရ်နတ်ကို သင်ကိုးကွယ်လျှင်၊ သင်သည် စာတန်နည်းတူ အညစ်အကြေးတွင် လူးလိမ့်ပျော်မြူးနေခြင်းဖြစ်မည်။ ထိုအခါ သင်သည် စာတန်၏ အရှက်မဲ့ခြင်းနှင့် ၎င်း၏ ကောက်ကျစ်ဆိုးယုတ်ခြင်းတို့ကို ဝေမျှခံစားလိမ့်မည် ဖြစ်ပြီး၊ စာတန်ကဲ့သို့ပင် သင်သည် ဘုရားသခင်ကို ဖြားယောင်း သွေးဆောင်ကာ တိုက်ခိုက်လိမ့်မည်။ ထိုအခါတွင် သင့်အတွက် နိဂုံးသည် မည်သည့်အရာ ဖြစ်မည်နည်း။ သင်သည် ဘုရားသခင်၏ စက်ဆုပ်ခြင်းကို ခံရမည်၊ ဘုရားသခင်၏ ရိုက်ချခြင်းကို ခံရမည်၊ ဘုရားသခင်၏ ဖျက်ဆီးခြင်းကို ခံရမည်။ စာတန်သည် သခင်ယေရှုကို အောင်မြင်ခြင်းမရှိဘဲ အကြိမ်ကြိမ် ဖြားယောင်း သွေးဆောင်ပြီးနောက်တွင် နောက်တစ်ကြိမ် ကြိုးစားခဲ့သလော။ စာတန်သည် နောက်တစ်ကြိမ် မကြိုးစားတော့ဘဲ ထွက်ခွာသွားခဲ့သည်။ ဤအရာက အဘယ်အရာကို သက်သေပြ သနည်း။ ယင်းမှာ စာတန်၏ ကောက်ကျစ်ဆိုးယုတ်သောသဘာဝ၊ ၎င်း၏ မလိုတမာစိတ်၊ ရယ်ဖွယ်ကောင်းမှုနှင့် ယုတ္တိမရှိခြင်းတို့သည် ဘုရားသခင်ရှေ့မှောက်တွင် ဖော်ပြရန် မထိုက်တန်သည်ကို သက်သေပြသည်။ သခင်ယေရှုက စာတန်ကို ဝါကျသုံးကြောင်း ဖြင့်သာ အနိုင်ယူခဲ့သည်။ ထို့နောက်တွင် ၎င်းသည် အမြီးကုတ်၍ ၎င်း၏မျက်နှာပြရန် အလွန်ရှက်လျက် သုတ်သုတ်ပျာပျာ ပြေးထွက်သွားခဲ့ပြီး၊ သခင်ယေရှုကို နောက်တစ်ကြိမ် လုံးဝ ဖြားယောင်းသွေးဆောင်ခြင်း မပြုတော့ပေ။ သခင်ယေရှုသည် စာတန်၏ ဤသွေးဆောင်ဖြားယောင်းခြင်းကို အနိုင်ယူခဲ့ပြီး ဖြစ်သည့်အတွက်၊ သူသည် သူ လုပ်ဆောင်ရမည့်အမှုနှင့် သူ၏ရှေ့မှောက်၌ ချခင်းထားသော အမှုကို ယခု အလွယ်တကူ ဆက်လုပ်ဆောင်နိုင်ခဲ့သည်။ ဤအခြေအနေတွင် သခင်ယေရှု ပြောဆို လုပ်ဆောင်ခဲ့သော အရာအားလုံးသည် မျက်မှောက်ခေတ် အဖို့ အသုံးပြုမည်ဆိုပါက လူတိုင်းအတွက် လက်တွေ့ကျသော အဓိပ္ပာယ် တစ်ခုတစ်လေ ရှိသလော။ (ရှိပါသည်။) မည်သို့သော လက်တွေ့အဓိပ္ပာယ် ဖြစ်သနည်း။ စာတန်ကို အနိုင်ယူခြင်းမှာ လုပ်ဆောင်ရန် လွယ်ကူသော အရာဖြစ်သလော။ စာတန်၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝနှင့်သက်ဆိုင်သည့် ရှင်းလင်းသော သိနားလည်မှုကို လူတို့ ရှိရမည်လော။ စာတန်၏ သွေးဆောင်မှုများနှင့်ဆိုင်သော တိကျမှန်ကန်သည့် သိနားလည်မှုကို လူတို့ ရှိရမည်လော။ (ရှိရပါမည်။) သင် ကိုယ်တိုင်၏ အသက်တာတွင် စာတန်၏ သွေးဆောင်မှုကို တွေ့ကြုံသည့်အခါ၊ သင်သည် စာတန်၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝကို ရိပ်စားမိနိုင်ပါက၊ ၎င်းကို အနိုင်ယူနိုင်မည် မဟုတ်လော။ အကယ်၍ စာတန်၏ ရယ်ဖွယ်ကောင်းမှုနှင့် ယုတ္တိမရှိမှုတို့ကို သင်သိရှိခဲ့ပါက သင်သည် စာတန်ဘက်တွင် ရပ်တည်ပြီး ဘုရားသခင်ကို တိုက်ခိုက်ဦးမည်လော။ အကယ်၍ စာတန်၏ မလိုမုန်းထားမှုနှင့် အရှက်မဲ့ခြင်းတို့သည် သင်မှတစ်ဆင့် မည်သို့ ဖော်ထုတ်ပြခံရသည်ကို သင်နားလည်ပါက ဤအရာများကို ရှင်းလင်းစွာ သင် သတိပြုမိပြီး နားလည်ပါက သင်သည် ဤနည်းဖြင့် ဘုရားသခင်ကို တိုက်ခိုက်၍ သွေးဆောင်ဦးမည်လော။ (သွေးဆောင်မည် မဟုတ်ပါ။) မည်သည့်အရာကို သင် လုပ်မည်နည်း။ (ကျွန်ုပ်တို့သည် စာတန်ကို ဆန့်ကျင်ပုန်ကန်ပြီး စွန့်ပစ်ပါမည်။) ယင်းမှာ လုပ်ဆောင်ရန် လွယ်ကူသော အရာတစ်ခုလော။ ယင်းသည် မလွယ်ကူပေ။ ဤအရာကို လုပ်ဆောင်ရန်၊ လူတို့အနေဖြင့် မကြာခဏ ဆုတောင်း ရမည်၊ ဘုရားသခင် ရှေ့မှောက်၌ မိမိတို့ကိုယ်ကိုယ် ထားရှိရမည် ဖြစ်ပြီး မိမိတို့ကိုယ်ကိုယ် ဆန်းစစ်ရမည်ဖြစ်သည်။ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်း၊ သူ၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုတို့အား သူတို့ပေါ် ကျရောက် ခွင့်ပေးရမည်။ ဤနည်းလမ်းဖြင့်သာ လူတို့သည် စာတန်၏ အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်မှုမှ မိမိကိုယ်ကိုယ် တဖြည်းဖြည်း လွတ်မြောက်စေလိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၅)
မျက်မှောက်ခေတ် ဤလူ့အဖွဲ့အစည်း၌ နေထိုင်သော လူအများအတွက် စုံစမ်းသွေးဆောင်မှု များစွာ ရှိနေသလော။ ဆိုးယုတ်သော ရေပန်းစားမှုမျိုးစုံ၊ ဆွေးနွေးဖော်ပြချက်မျိုးစုံ၊ အတွေးအခေါ်များနှင့် အမြင်ရှုထောင့်မျိုးစုံ၊ လူမျိုးစုံထံမှ အထင်အမြင်မှားစေခြင်းနှင့် သွေးဆောင်မှုမျိုးစုံ၊ လူမျိုးစုံတို့၏ မျက်နှာတွင် ဖြစ်ပေါ်သည့် ဆိုးယုတ်ရက်စက်သော မျက်နှာထားမျိုးစုံတို့ကဲ့သို့သော စုံစမ်းသွေးဆောင်မှုများသည် သင့်ကို အဘက်ဘက်မှ ဝိုင်းရံထားသည်။ ဤသည်တို့အားလုံးသည် သင်ရင်ဆိုင်ရသည့် စုံစမ်းသွေးဆောင်မှုများဖြစ်သည်။ ဥပမာအနေဖြင့် လူများသည် သင့်အတွက် အကူအညီများ ပေးကောင်းပေးနိုင်သည်။ သင့်ကို ချမ်းသာအောင် လုပ်ပေးကောင်း လုပ်ပေးနိုင်သည်။ သင်နှင့် မိတ်ဆွေများ ဖြစ်လာကောင်း ဖြစ်လာနိုင်သည်။ သင်နှင့် ချိန်းတွေ့ကောင်း ချိန်းတွေ့နိုင်သည်။ သင့်ကို ငွေသော်လည်းကောင်း၊ အလုပ်သော်လည်းကောင်း ပေးကောင်းပေးနိုင်သည်။ သင့်ကို ကခုန်ဖို့ ဖိတ်ခေါ်ကောင်း ဖိတ်ခေါ်နိုင်သည်။ သင့်ကို မျက်နှာလိုမျက်နှာရ လုပ်ကောင်းလုပ်နိုင်သည်၊ သို့မဟုတ် လက်ဆောင်များ ပေးကောင်းပေးနိုင်သည်။ ဤအရာများအားလုံးသည် စုံစမ်းသွေးဆောင်ခြင်းများ ဖြစ်နိုင်သည်။ ကိစ္စများ အဆင်မပြေလျှင် သင်သည် ထောင်ချောက်ထဲသို့ သက်ဆင်းသွားလိမ့်မည်။ သင်သည် စိတ်ထဲတွင် သမ္မာတရားအချို့ဖြင့် မပြင်ဆင်ထားဘဲ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှု ချို့တဲ့လျှင် ဤအရာများကို သင် အရှိအတိုင်း မြင်နိုင်လိမ့်မည် မဟုတ်သကဲ့သို့ ယင်းတို့အားလုံးသည် သင့်အတွက် ထောင်ချောက်များနှင့် စုံစမ်းသွေးဆောင်ခြင်းများ ဖြစ်လိမ့်မည်။ တစ်ဖက်တွင် သမ္မာတရားကို သင်မပိုင်ဆိုင်လျှင် စာတန်၏ လှည့်ကွက်များကို သင်ရိပ်စားမိနိုင်မည် မဟုတ်သကဲ့သို့ လူအမျိုးမျိုး၏ ဆိုးယုတ်သော မျက်နှာထားများကိုလည်း သင်မြင်နိုင်လိမ့်မည် မဟုတ်ချေ။ စာတန်ကို သင်အောင်မြင်ကျော်လွှားနိုင်မည် မဟုတ်ဘဲ ဇာတိပကတိကို ပုန်ကန်နိုင်မည် မဟုတ်သကဲ့သို့ ဘုရားသခင်ကို ကျိုးနွံနာခံမှုလည်း ရရှိနိုင်လိမ့်မည် မဟုတ်ချေ။ အခြားတစ်ဖက်တွင် သမ္မာတရား စစ်မှန်မှု မရှိသဖြင့် သင်သည် အမျိုးအမျိုးအစားစားသော ဆိုးယုတ်သည့် ရေပန်းစားမှုများ၊ ဆိုးယုတ်သော အမြင်ရှုထောင့်များ၊ အဓိပ္ပာယ်မဲ့သော အတွေးအခေါ်များနှင့် ဆိုးရိုးများအားလုံးတို့ကို ခုခံနိုင်စွမ်း ရှိမည် မဟုတ်ချေ။ ဤအရာများကို ရင်ဆိုင်ရသည့်အခါတွင် ယင်းသည် ရုတ်တရက် အအေးလှိုင်းဖြတ်သကဲ့သို့ဖြစ်လိမ့်မည်။ သင်သည် အအေးမိခြင်းလောက်သာ ဖြစ်ကောင်းဖြစ်နိုင်မည်။ သို့မဟုတ် ပို၍ ပြင်းထန်သောအရာတစ်ခုလည်း ဖြစ်နိုင်မည်။ သင်သည် အသက်အန္တရာယ်ပေးနိုင်ခြေရှိသော အအေးမိ၍ လေဖြတ်ခြင်းကကိုပင် ခံစားရနိုင်သည်။ သင်သည် သင်၏ယုံကြည်မှု လုံးလုံး ဆုံးရှုံးကောင်း ဆုံးရှုံးသွားမည်။ သင်သည် သမ္မာတရား ချို့တဲ့လျှင် ဘာသာတရားမရှိသူများ၏ လောကမှ စာတန်များနှင့် နတ်ဆိုးတို့၏ စကားအနည်းငယ်ကပင် သင့်အား မရှင်းမလင်းဖြစ်ပြီး ဦးနှောက်ခြောက်သွားစေလိမ့်မည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သင့်ခြင်း ရှိမရှိနှင့် ထိုသို့သော ယုံကြည်ခြင်းသည် မှန်ကန်ခြင်း ရှိမရှိတို့ကို မေးခွန်းထုတ်လိမ့်မည်။ ယနေ့ စုဝေးကာ သင်သည် အခြေအနေကောင်းတွင် ရှိနေသော်လည်း ထို့နောက် မနက်ဖြန်တွင် သင်အိမ်ပြန်၍ ရုပ်သံဇာတ်လမ်း အခန်းတွဲနှစ်ခု ကြည့်ခြင်းမျိုး ဖြစ်ကောင်း ဖြစ်နိုင်သည်။ သင်သည် သွေးဆောင်ဖြားယောင်းခြင်း ခံရလေပြီ။ ညဖက်တွင် သင်အိပ်ရာမဝင်မီ ဆုတောင်းဖို့ မေ့လျော့ကာ သင်၏ စိတ်သည် ရုပ်သံဇာတ်လမ်းတွဲ၏ ဇာတ်လမ်းဇာတ်ကွက်ကိုသာ လုံးလုံး အာရုံရောက်နေသည်။ ရုပ်မြင်သံကြားကို နှစ်ရက်ကြာအောင် သင်ဆက်လက် ကြည့်ရှုလျှင် သင်၏စိတ်နှလုံးသည် ဘုရားသခင်ထံမှ ဝေးကွာပြီးသား ဖြစ်၏။ ဘုရားနှုတ်ကပတ်တော်များကို သင်မဖတ်ရှုလိုတော့ပေ။ သို့မဟုတ် သမ္မာတရားအကြောင်း မိတ်သဟာယ မပြုလိုတော့ပေ။ သင်သည် ဘုရားသခင်ကို ဆုပင်မတောင်းလိုပေ။ သင်၏စိတ်နှလုံးထဲတွင် “ကျွန်ုပ် မည်သည့်အချိန်တွင် တစ်စုံတစ်ခုကို လုပ်နိုင်မည်နည်း။ အရေးကြီးသော အမှုကိစ္စအချို့ကို ကျွန်ုပ် မည်သည့်အချိန် စတင်နိုင်မည်နည်း။ ကျွန်ုပ်၏ ဘဝသည် အချည်းနှီးဖြစ်ဖို့ မလိုအပ်ပေ” ဟု သင် အမြဲပြောနေသည်။ ယင်းမှာ စိတ်နှလုံး ပြောင်းလဲခြင်းလော။ အစက သင်သည် ဘုရားသခင်အတွက် ဧဝံဂေလိဖြန့်ဝေပြီး သက်သေခံနိုင်ဖို့အတွက် သမ္မာတရားနှင့်ပတ်သက်၍ ပို၍နားလည်လိုခဲ့သည်။ ယခုအခါတွင် အဘယ်ကြောင့် ပြောင်းလဲသွားရသနည်း။ ရုပ်ရှင်များနှင့် ရုပ်သံဇာတ်လမ်းတွဲများ ကြည့်ရုံဖြင့် စာတန်ကို သင့်စိတ်နှလုံးအား လွှမ်းမိုးချုပ်ကိုင်ခွင့်ကို သင် ပေးလေသည်။ သင်၏ ဝိညာဉ်ရင့်ကျက်မှုသည် အမှန်ပင် နုနယ်ပေသည်။ ဤဆိုးယုတ်သော ခေတ်ရေစီးကြောင်းများကို ခုခံဖို့ ဝိညာဉ်ရင့်ကျက်မှု သင့်ထံတွင် ရှိသည်ဟု သင်ထင်သလော။ ယခုအခါတွင် ဘုရားသခင်သည် သင့်အား ကျေးဇူးတော်ပြပြီး သင်၏တာဝန်ကို ထမ်းဆောင်ဖို့ သူ့အိမ်တော်ထဲသို့ ခေါ်ဆောင်၏။ သင်၏ဝိညာဉ်ရင့်ကျက်မှုကို မမေ့နှင့်။ လက်ရှိတွင် သင်သည် ပြင်ပမှ လေဒဏ်မိုးဒဏ်ကို တောင့်ခံနိုင်စွမ်း မရှိသော ဖန်လုံအိမ်ထဲမှ ပန်းလေးတစ်ပွင့်ဖြစ်သည်။ လူများသည် ဤစုံစမ်းသွေးဆောင်မှုများကို သတိမပြုမိနိုင်သကဲ့သို့ တောင့်ခံနိုင်ခြင်း မရှိပါက စာတန်က ၎င်းတို့ကို အချိန်မရွေး၊ နေရာမရွေး ဖမ်းဆီးနိုင်သည်။ ယင်းမှာ လူ၏ နုနယ်သော ဝိညာဉ်ရင့်ကျက်မှုနှင့် သနားစဖွယ် အခြေအနေပင်တည်း။ သင်သည် သမ္မာတရား စစ်မှန်မှုကို မပိုင်ဆိုင်ဘဲ သမ္မာတရားကို နားလည်ခြင်း မရှိသည်နှင့်အညီ စာတန်၏ စကားများအားလုံးသည် သင့်အတွက် အဆိပ်ကဲ့သို့ပင် ဖြစ်လေသည်။ ယင်းတို့ကို သင်နားစိုက်ထောင်လျှင် ယင်းတို့သည် သင်၏စိတ်နှလုံးထဲတွင် ဖယ်ရှား၍မရနိုင်အောင် ပိတ်မိနေကြလိမ့်မည်။ သင်၏စိတ်နှလုံးထဲတွင် “ကျွန်ုပ်သည် မျက်စိပိတ်၊ နားပိတ်ထားမည်” ဟု သင်ပြောသော်လည်း စာတန်၏ စုံစမ်းသွေးဆောင်မှုမှ သင်ရုန်းထွက်လွတ်မြောက်နိုင်ခြင်း မရှိပေ။ သင်သည် လေဟာနယ်ထဲတွင် နေထိုင်ခြင်း မဟုတ်။ စာတန်၏စကားများကို ကြားရလျှင် သင်ခုခံနိုင်စွမ်း ရှိမည်မဟုတ်ချေ။ သင်သည် ထောင်ချောက်ထဲသို့ သက်ဆင်းလိမ့်မည်။ သင်၏ ဆုတောင်းခြင်းများနှင့် မိမိကိုယ်ကို ကျိန်ဆဲခြင်းများသည်လည်း အကျိုးရှိမည် မဟုတ်။ သင် မခုခံနိုင်ပေ။ ထိုသို့သောအရာများသည် သင်၏ အတွေးအခေါ်များနှင့် သင်၏လုပ်ရပ်များကို လွှမ်းမိုးနိုင်သည်။ သင်၏ သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းကို ယင်းတို့က ပိတ်ပင်တားဆီးနိုင်သည်။ သင့်ကို ထိန်းချုပ်ခြင်း၊ ဘုရားသခင်အတွက် သင့်ကိုယ်သင် အသုံးခံခြင်းမှ သင့်ကို ဟန့်တားခြင်း၊ သင့်ကို အပျက်သဘောဆောင်စေပြီး အားနည်းစေခြင်း၊ ဘုရားသခင်မှ ဝေးရာတွင် သင့်ကို ရှိနေစေခြင်းတို့ကိုပင် လုပ်ဆောင်နိုင်သည်။ အဆုံးတွင် သင်သည် အသုံးမကျဘဲ မျှော်လင့်ချက်အားလုံး ပျက်သုဉ်းသွားလိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို မကြာခဏ ဖတ်ရှုပြီး သမ္မာတရားကို အာရုံပြုဆင်ခြင်ခြင်း၌သာလျှင် ရှေ့ဆက်ရာ လမ်းကြောင်းရှိသည်
အောက်ခြေမှတ်စုများ-
က။ လေဖြန်းခြင်း၊ တရုတ်ဆေးပညာတွင် ပြင်းထန်ကာ၊ အသက်အန္တရာယ်စိုးရိမ်ရဖို့ အလားအလာရှိပြီး အပြင်ပန်းရာသီဥတု အခြေအနေကြောင့် ဖြစ်သည့် အတွင်းပိုင်း အအေးမိခြင်းကို ရည်ညွှန်းရာ၌ အသုံးပြုသည့် ဝေါဟာရတစ်ခု။
မည်သည့်နိုင်ငံတွင်မဆို ခရစ်တော်ကို လက်ခံခြင်းနှင့် နောက်လိုက်ခြင်းတို့နှင့်အတူ နှိပ်ကွပ်ညှဉ်းပန်းခြင်းနှင့် အတိဒုက္ခတို့သည် အတိုင်းအတာတစ်ခုအထိ အတူယှဉ်တွဲပါလာမည် ဖြစ်သည်။ သင်သည် အစဉ်အမြဲ သတိဖြင့် လုပ်ဆောင်ကာ ဘုရားသခင်ကို ဆုတောင်းကာ ကိုးစားရန် လိုအပ်သည်။ ထို့ပြင် သင့်တွင် ဉာဏ်ပညာနှင့် အသိဉာဏ်တို့လည်း ရှိရပေမည်။ မည်သည့် နိုင်ငံနှင့် လူမှုပတ်ဝန်းကျင်တွင် သင်ရှိနေသည်ဖြစ်စေ ယင်းတို့ အားလုံးတွင် ဘုရားသခင်က သင့်အတွက် ခင်းကျင်းစီစဉ်ထားသည့် သင့်လျော်သော ပတ်ဝန်းကျင်တစ်ခုရှိသည်။ ယင်းမှာ အကြင်လူသည် သမ္မာတရားကို လိုက်စားခြင်း ရှိမရှိဟူသည့်အပေါ်၌သာ မူတည်သည်။ သက်သောင့်သက်သာရှိသော ပတ်ဝန်းကျင်သည် လူတို့အတွက် စုံစမ်းသွေးဆောင်ခြင်းတို့ ဖြစ်စေသည်။ တစ်ချိန်တည်းမှာပင် နှိပ်စက်ခြင်းဖြင့် နှိပ်ကွပ်ညှဉ်းပန်းခြင်းသည်လည်း စုံစမ်းသွေးဆောင်ခြင်းနှင့် စမ်းသပ်မှုတို့ ဖြစ်စေသေးသည်။ သို့ဆိုလျှင် သက်သောင့်သက်သာ ရှိသော ပတ်ဝန်းကျင်တွင် စမ်းသပ်မှုများရှိသလော။ ဘုရားသခင်၏ စမ်းသပ်မှုများရှိသေးသည်။ ဘုရားသခင်သည် ဤသို့ သက်သောင့်သက်သာရှိသော ပတ်ဝန်းကျင်ကို သင့်အတွက် စီစဉ်ထားပြီးဖြစ်ကာ အရာအားလုံးသည် သင်က ယင်းကို မည်သို့ တွေ့ကြုံခံစားသည်ဆိုသည့်အပေါ်တွင် မူတည်သည်။ သင်သည် စာတန်၏ ထောင်ချောက်များနှင့် စာတန်၏ စုံစမ်းသွေးဆောင်မှုများအားဖြင့် လုံးလုံး ပိတ်မိလေမည်လော သို့မဟုတ် သင်သည် ၎င်းတို့ကို အဘက်ဘက်တွင် အောင်မြင်ကာ သင်၏ သစ္စာရှိမှုနှင့် တာဝန်တို့တွင် မဆုတ်မနစ်ဘဲ ဘုရားသခင်အပေါ် သက်သေခံမည်လောဟူသည့်အပေါ်တွင် မူတည်သည်။ ယင်းတို့အားလုံးသည် သင်မည်သို့ တွေ့ကြုံခံစားသည်နှင့် မည်သည့်ရွေးချယ်မှုကို သင်ပြုလုပ်သည်တို့ အပေါ်မူတည်သည်။ ပြည်မကြီးတရုတ် ညီအစ်ကို မောင်နှမများတွင် အနည်းငယ် ပိုကြမ်းတမ်းသည့် ပတ်ဝန်းကျင်တစ်ခု ရှိကြသည်။ ပြီးလျှင် ဘုရားသခင်သည် သူတို့ကို အနည်းငယ်ပိုမိုလေးလံသည့် ဝန်တစ်ခုကို ပေးထားကာ သူတို့အတွက် ခင်းကျင်းထားသည့် ပတ်ဝန်းကျင်သည် အနည်းငယ် ပိုမိုကြမ်းတမ်းသည်။ သို့သော် သူသည် ၎င်းတို့ကို ပိုပေးထားသည်လည်း ရှိသေးသည်။ ဘုရားသခင် ချမှတ်ပေးသည့် ပတ်ဝန်းကျင်သည် ပိုမို ကြမ်းတမ်းကာ စမ်းသပ်မှုများသည် ပိုမို ကြီးမားလေလေ လူတို့က ပိုမို ရရှိကြလေလေဖြစ်သည်။ သို့သော် သက်သောင့်သက်သာရှိသော ပတ်ဝန်းကျင်တွင်လည်း လူတို့သည် စုံစမ်းသွေးဆောင်ခြင်းနှင့် စမ်းသပ်မှုတို့ကို နေရာတိုင်းတွင် တွေ့ကြုံရကာ ဘုရားသခင်က သင့်ကိုလည်း များစွာပေးထားသေးသည်။ သင်စုံစမ်းသွေးဆောင်မှုကို ကြုံရလေတိုင်း အောင်မြင်နိုင်လေလျှင် သင်ရရှိသည်မှာ နှိပ်စက်ခြင်းဖြင့် နှိပ်ကွပ်ညှဉ်းပန်းမှုကို ခံရသော သင်၏ ညီအစ်ကို မောင်နှမများထက် နည်းနည်းမျှ လျော့လိမ့်မည်မဟုတ်။ ယင်းသည်လည်း အောင်မြင်ကျော်လွှားနိုင်ရန်အတွက် သမ္မာတရားလိုက်စားခြင်းနှင့် ဝိညာဉ်ရင့်သန်မှုရှိခြင်းတို့ကို လိုအပ်သေးသည်။ ဥပမာ သင့်မိသားစုနှင့် အတူရှိရခြင်း၊ ကောင်းမွန်စွာ စားသောက်ရခြင်း၊ ဖျော်ဖြေရေးနှင့် ပျော်ရွှင်မှု၊ ထို့ပြင် လူ့ဇာတိကို ဇိမ်ခံရစေကာ စာရိတ္တပျက်ပြားခြင်းကို ဖြစ်စေသော အချို့လူမှုရေး ရေပန်းစားမှုများကဲ့သို့ အရာများအားလုံးတို့သည် သင့်အတွက် စုံစမ်းသွေးဆောင်မှုများ ဖြစ်ကြသည်။ သင်သည် ဤစုံစမ်းသွေးဆောင်မှုများနှင့် ကြုံရသည့်အခါ ယင်းတို့သည် သင်၏အာရုံကိုသာ ဖမ်းစားမည်မဟုတ်ဘဲ သင့်ကို နှောင့်ယှက်ကာ မြှူဆွယ်လိမ့်ဦးမည် ဖြစ်သည်။ သင်သည် လောကီ အရာများနှင့် ရေပန်းစားမှုများနောက် လိုက်သောအခိုက်သည် စာတန်၏ စုံစမ်းသွေးဆောင်မှုများ ဖြစ်ပေါ်သည့်အချိန်ဖြစ်သည်။ သို့မဟုတ် ဘုရားသခင်၏ စမ်းသပ်မှုများ ပေါ်ပေါက်မည့်အချိန်ဟုလည်း ခေါ်နိုင်ပေသည်။ သင်သည် ဤစုံစမ်းသွေးဆောင်မှုများနှင့် စမ်းသပ်မှုများကို မည်သို့ တုံ့ပြန်ရမည်ကို ရွေးချယ်ဖို့ လိုအပ်လိမ့်မည်ဖြစ်ပြီး ယင်းသည် ဘုရားသခင်က လူတို့ကို စမ်းသပ်ကာ ၎င်းတို့သည် မည်သူများ ဖြစ်ကြသည်ကို ပြသသည့် အခိုက်ဖြစ်သည်။ ယင်းသည် ဘုရားသခင်က သင့်ကို ပြောထားသည့်အရာများနှင့် သင်နားလည်ထားသော သမ္မာတရားတို့ သက်ရောက်မှု ရှိလောက်သည့် အခိုက်ပင်ဖြစ်သည်။ သင်သည် သမ္မာတရားကို လိုက်စားသူတစ်ယောက်ဖြစ်ကာ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်အတွက် စစ်မှန်သော ယုံကြည်မှုရှိလေလျှင် သင်သည် ဤစုံစမ်းသွေးဆောင်မှုများကို အောင်မြင်ကျော်လွှားနိုင်မည် ဖြစ်ကာ ဘုရားသခင်က သင့်အတွက် ခင်းကျင်းထားသည့် စမ်းသပ်မှုများတွင် ခိုင်ခိုင်မာမာ ရပ်တည်ပြီး ဘုရားသခင်အတွက် သက်သေခံနိုင်မည် ဖြစ်သည်။ အကယ်၍ သမ္မာတရားကို ချစ်မြတ်နိုးရမည့်အစား သင်သည် လောကီကို ခုံမင်နှစ်သက်လေလျှင်လည်းကောင်း၊ ရေပန်းစားမှုများကို ခုံမင်နှစ်သက်လေလျှင်လည်းကောင်း၊ ဇိမ်ခံမှုကို အာသာပြင်းပြခြင်းနှင့် လူ့ဇာတိကို စိတ်ဖြည့်ဆည်းတို့အား ခုံမင်နှစ်သက်လျှင်လည်းကောင်း သင်သည် အနှစ်မဲ့သော အသက်တာကို ခုံမင်နှစ်သက်လေလျှင်လည်းကောင်း သင်သည် ဤလောကီအရာများ နောက်သို့ လိုက်ပေလိမ့်မည်။ သင်သည် ယင်းတို့အတွက် သဘောကျခြင်းခံစားရပြီး ယင်းတို့၏ ဆွဲဆောင်မှုကိုခံရကာ ယင်းတို့ကို စိတ်စွဲနေမည် ဖြစ်သည်။ သင်၏နှလုံးသားသည် ဘုရားသခင်ကို ယုံကြည်ခြင်းအပေါ် စိတ်ဝင်စားမှု နည်းနည်းချင်းစီ လျော့ကျလာကာ သင်သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း ဖြစ်လာလိမ့်မည်။ ထို့နောက်တွင် စုံစမ်းသွေးဆောင်မှုများအကြား၌ စာတန်သည် သင့်ကိုဖမ်းယူသွားလိမ့်မည်။ ဤသို့ စမ်းသပ်မှုတွင် သင်သည် သင်၏ သက်သေခံချက်ကို ဆုံးရှုံးပြီးဖြစ်လိမ့်မည်။ ဒေသနာများစွာ ကြားနာထားပြီး မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေသော်လည်း အတွင်းတွင် အနှစ်မဲ့သလို ခံစားနေကြရသူ များစွာရှိလေသည်။ သူတို့သည် ပေါ့ပ်အဆိုတော်များနှင့် ကျော်ကြားသူများ နောက်သို့လိုက်ခြင်း၊ ရေပန်းစားမှုများအတိုင်း ခေတ်မီအောင်နေခြင်း၊ ဖျော်ဖြေရေး အစီအစဉ်များကို တီဗွီပေါ်တွင် ကြည့်ရှုခြင်းနှင့် ညပျော်လူများ ဖြစ်လာလေသည်အထိ ရုပ်သံဇာတ်လမ်းတွဲများကို တစ်ဆက်တည်း ကြည့်ရှုခြင်းတို့ကို ခုံမင်နှစ်သက်နေသေးသည်။ အချို့ လူငယ်များသည် ဗီဒီယိုဂိမ်းများပင် ကစားကြသေးသည်။ အနှစ်ချုပ်ရလေလျှင် သူတို့သည် မည်သည့်အဖိုးအခကို မဆို ပေးဆပ်ရန် နောက်မတွန့်ဘဲ ယင်းရေပန်းစားသောအရာများကို အရူးအမူး လိုက်စားနေကြသည်။ ထို့ပြင် သူတို့ အဘယ်ကြောင့် ဤသည်တို့ကို လုပ်ဆောင်ကြသနည်း။ ယင်းမှာ သူတို့ သမ္မာတရားကို မရရှိသေးသောကြောင့်ပင်ဖြစ်သည်။ သမ္မာတရားကို မရရှိသေးသူတို့တွင် ခံစားချက်တစ်ခု ရှိသည်။ ယင်းမှာ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် သူ့ကို မယုံကြည်ခြင်းတို့တွင် များစွာသော ခြားနားချက် ရှိလေသည်ဟု မမြင်မှတ်ခြင်းပင်ဖြစ်သည်။ သူတို့၏ စိတ်နှလုံးများတွင် အနှစ်မဲ့ကာ သူတို့၏ အသက်တွင် အဓိပ္ပာယ်မရှိဟု ခံစားနေရသေးသည်။ အကယ်၍ သူတို့သည် ရေပန်းစားမှုများနောက်သို့ လိုက်လေလျှင် သူတို့၏ အသက်တာသည် ပို၍ ပြည့်စုံသည်ဟုလည်းကောင်း၊ ၎င်းတို့၏ ဘဝတွင် အနည်းငယ်ပို၍ ထူးကဲကြွယ်ဝမှု ရှိသည်ဟုလည်းကောင်း၊ နေ့စဉ်ဘဝတွင် အနည်းငယ် ပိုပျော်ရွှင်ရသည်ဟုလည်းကောင်း ခံစားရလေသည်။ သူတို့သည် ဘုရားသခင်ကို ယုံကြည်သော်လည်း ရေပန်းစားမှုများ နောက်သို့မလိုက်လေလျှင် သူတို့၏ အသက်တာသည် အဓိပ္ပာယ်မဲ့ပြီး အနှစ်မဲ့သည်ဟု ခံစားနေရသေးသည်။ ယင်းမှာ သူတို့ သမ္မာတရားကို မချစ်မြတ်နိုးသောကြောင့်ပင်။ ထိုသူတို့သည် သမ္မာတရားကို စိုးစဉ်းမျှပင် နားမလည်ဘဲ သမ္မာတရား စစ်မှန်မှုလည်း မရှိသဖြင့် သူတို့သည် ရေပန်းစားမှုများ နောက်သို့ မလိုက်ဘဲ မနေနိုင်ဟုပင် သင် ယုံကြည်စိတ်ချစွာ ဆိုနိုင်ပေသေးသည်။ အချို့လူများသည် သမ္မာတရားကို မည်သည့်အခါကမျှ မလိုက်စားဖူးဘဲ သူတို့၏ တာဝန်များကို ထမ်းဆောင်လျှင်ပင် အသားမကျဖြစ်နေသည်။ သူတို့သည် စုံစမ်းသွေးဆောင်မှုများကြုံရလေလျှင် ခိုင်ခိုင်မာမာ မရပ်တည်နိုင်ဘဲ နောက်ဆုံးတွင် အရှုံးပေးရလေတော့သည်။ အချို့လူများသည် သူတို့၏ တာဝန်များကို စတင်ထမ်းဆောင်စဉ်တွင် အတော်အတန် စိတ်အားတက်ကြွကာ စိတ်ပိုင်းဖြတ်ချက် ရှိကြသော်လည်း စုံစမ်းသွေးဆောင်မှုများ ကြုံရချိန်တွင်မူ ဆက်လက် မထမ်းဆောင်ချင်ကြတော့ဘဲ ဝတ်ကျေတမ်းကျေ ဖြစ်လာကာ ဆက်ကပ်အပ်နှံခြင်း ကင်းမဲ့လာတော့သည်။ ယင်းတွင် သက်သေခံချက်မရှိ။ အကယ်၍ သူတို့သည် စုံစမ်းသွေးဆောင်မှု ကြုံရသည်နှင့် သူတို့၏ တာဝန်များကို လက်လွှတ်နိုင်ကာ သူတို့ အလိုရှိသည်ကို ရွေးချယ်ကြလေလျှင် သူတို့တွင် သက်သေခံချက်မရှိ။ အကယ်၍ နောက်ထပ် စုံစမ်းသွေးဆောင်ခြင်း ရောက်လာလေလျှင် သူတို့သည် ဘုရားသခင်ကို ငြင်းပယ်ကာ လောကီရေပန်းစားမှုများနောက် လိုက်ပြီး အသင်းတော်မှ စွန့်ခွာနိုင်သည်။ သို့မဟုတ် နောက်ထပ် စုံစမ်းသွေးဆောင်ခြင်း ရောက်လာပါက သူတို့သည် ဘုရားသခင်ကို စတင်၍ သံသယဝင်လာကာ သူတည်ရှိသည်၊ မရှိသည်ကိုပင် မသေချာတော့ဘဲ သူတို့သည် လူဝံများမှ ဆင့်ကဲပြောင်းလဲ လာသည်ဟုပင် ယုံကြည်လာကြမည်။ ထိုလူများသည် စာတန်၏ ဖမ်းဆီးခြင်းကို အလုံးစုံ ခံလိုက်ရပြီဖြစ်သည်။ ဤစုံစမ်းသွေးဆောင်ခြင်းများတွင် ပိတ်မိသွားကာ ဘုရားသခင်ထံတွင် ဆုမတောင်းပေ၊ သို့မဟုတ် သမ္မာတရားကို မရှာဖွေတော့ပေ။ သူတို့သည် ၎င်းတို့ ဇာတိပကတိ၏ ကံကြမ္မာကိုသာ တွေးတောလျက် ရလဒ်အနေဖြင့် သူတို့၏ သက်သေခံချက်တွင် ခိုင်ခိုင်မာမာရပ်တည်ရန် ပျက်ကွက်လေသည်။ တစ်ဆင့်ပြီးတစ်ဆင့် သူတို့သည် ငရဲနှင့် သေခြင်း၏ ချောက်နက်ကြီးထဲသို့ စာတန်က ဆွဲခေါ်သွားခြင်း ခံရလေတော့သည်။ ဘုရားသခင်သည် ဤလူကို စာတန်သို့ ပေးအပ်လိုက်ပြီး သူ့အတွက် ကယ်တင်ခံရခြင်း အခွင့်အရေးမရှိတော့ပေ။ သမ္မာတရားလိုက်စားခြင်းသည် အရေးမကြီးသလော ငါ့ကို ပြောလော့။ (အရေးကြီးပါသည်။) သမ္မာတရားသည် အလွန်အရေးကြီးသည်။ သမ္မာတရားသည် မည်သည့် လုပ်ငန်းဆောင်တာကို ထမ်းဆောင်နိုင်သနည်း။ အနည်းဆုံးအနေဖြင့် စုံစမ်းသွေးဆောင်ခြင်း သင်ကြုံရသည့်အခါတွင် ၎င်းသည် စာတန်၏ အကြံအစည်များကို ထွင်းဖောက်မြင်နိုင်စေကာ သင်မည်သည်ကို လုပ်သင့်သည်၊ မည်သည်ကို မလုပ်သင့်ကြောင်းနှင့် သင်မည်သည်ကို ရွေးချယ်သင့်သည်ကို သိစေရန် အထောက်အကူပြုနိုင်သည်။ အနည်းဆုံးအနေဖြင့် ယင်းသည် သင့်ကို ဤသည်တို့အား သိအောင် လုပ်လိမ့်မည်။ အရေးအကြီးဆုံးမှာကား သမ္မာတရားသည် သင့်ကို စုံစမ်းသွေးဆောင်မှု၌ ခိုင်ခိုင်မာမာ ရပ်တည်စေနိုင်ဖို့ အထောက်အကူပြုမည် ဖြစ်သည်။ ဘုရားသခင်က သင့်ကို ပေးထားသည့် တာဝန်ကို ကိုင်စွဲထားကာ ထိုတာဝန်ကို သစ္စာရှိပြီး စာတန်ကို ငြင်းပယ်နိုင်ချိန်တွင် သင်သည် ခိုင်ခိုင်မာမာ၊ စွဲစွဲမြဲမြဲ၊ မယိမ်းမယိုင် ရပ်တည်နိုင်လိမ့်မည်။ သင်သည် စမ်းသပ်မှုများအကြား၌ ယောဘကဲ့သို့ပင် သင်၏ သက်သေခံချက်တွင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်လိမ့်မည်။ ဤကားလူတို့ အနည်းဆုံးအနေဖြင့် ရရှိသင့်သည့်အရာပင် ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး
ကမ္ဘာမြေကြီးပေါ်တွင် နတ်ဆိုး အမျိုးမျိုးတို့သည် နားခိုရန်နေရာကို အစဉ်ရှာဖွေ ချောင်းမြောင်းလျက် ရှိကြပြီး စားနိုင်သော လူသေအလောင်းများကို အတောမသတ် ရှာဖွေနေကြသည်။ ငါ၏လူများတို့၊ သင်တို့သည် ငါ၏ဂရုစိုက်မှုနှင့် ကာကွယ်မှုအောက်တွင် ရှိနေရပေမည်။ မည်သည့်အခါမျှ အသောက်အစား အပျော်အပါး၌ မွေ့လျော်သော အသက်တာ၌ အသက်မရှင်ကြနှင့်။ မည်သည့်အခါမျှ အဆင်အခြင်မဲ့စွာ မပြုမူကြနှင့်။ ယင်းအစား သင်၏သစ္စာစောင့်သိခြင်းကို ငါ၏အိမ်တော်တွင် ပေးလှူလော့၊ သင်၏သစ္စာစောင့်သိခြင်းနှင့်သာလျှင် သင်သည် နတ်ဆိုးများ၏ ကောက်ကျစ်မှုကို တန်ပြန်တွန်းလှန်နိုင်မည် ဖြစ်သည်။ မည်သည့် အခြေအနေမျိုးတွင်မျှ သင်သည် အတိတ်ကကဲ့သို့ ငါ၏မျက်မှောက်တွင်တစ်မျိုး ငါ၏နောက်ကွယ်တွင်တစ်မျိုး လုပ်ဆောင်ခြင်းမျိုး မပြုမူရ၊ ထိုသို့လုပ်ဆောင်ပါက သင့်ကို ရွေးနုတ်၍မရ ဖြစ်နေနှင့်ပြီးဖြစ်သည်။ ငါသည် ဤကဲ့သို့သော နှုတ်ကပတ်တော်များကို လုံလောက်သည်ထက် ပိုလျှံစွာပင် မိန့်မြွက်ဆိုခဲ့ပြီး မဟုတ်သလော။ တိတိကျကျ ဆိုပါက လူ၏သဘာဝအဟောင်းသည် ပြုပြင်၍ မရသောကြောင့် ငါသည် ကြိမ်ဖန်တလဲလဲ သူ့ကို သတိပေးနေခဲ့ရခြင်း ဖြစ်သည်။ ငြီးငွေ့မသွားလေနှင့်။ ငါပြောသမျှမှာ သင်တို့၏ကံကြမ္မာ သေချာရေရာမှု ရှိစေရန်အတွက် ဖြစ်သည်။ ဆိုးရွား၍ ညစ်ညူးသော အရပ်မှာ စာတန်လိုအပ်သည့်အရာ အတိအကျ ဖြစ်သည်။ သင်တို့သည် ကန့်သတ်ချက်ကို ကျိုးနွံနာခံရန် ငြင်းဆန်လျက်၊ မျှော်လင့်ချက်ကင်းမဲ့စွာနှင့် ရွေးနုတ်၍မရနိုင်အောင်ဖြစ်လေလေ ဖြစ်ပြီး၊ ဖောက်ပြန်ပျက်စီးလေလေ၊ မသန့်ရှင်းသော ထိုဝိညာဉ်များသည် ထိုးဖောက်ဝင်ရောက်ရန် ၎င်းတို့ရနိုင်သော မည်သည့်အခွင့်အရေးကိုမဆို အသုံးချလေလေပင် ဖြစ်မည်။ သင်တို့သည် ဤအခြေအနေအထိ ရောက်ပြီဆိုပါက သင်တို့၏သစ္စာစောင့်သိမှုသည် စစ်မှန်ခြင်း လုံးဝမရှိသည့် အကျိုးမရှိသော အမျှင်မပြတ်ပြောသော စကားသက်သက်မျှသာ ဖြစ်လိမ့်မည်ဖြစ်ပြီး၊ မသန့်ရှင်းသော ဝိညာဉ်များသည် သင်တို့၏ သန္နိဌာန်ကို ဝါးမျိုကာ ငါ၏အမှုကို နှောင့်ယှက်ရေးအတွက် အသုံးပြုရန် ၎င်းသန္နိဌာန်ကို ပုန်ကန်ခြင်းနှင့် စာတန်၏လှည့်ကွက်များ အသွင်သို့ ပြောင်းလဲပစ်လိမ့်မည်။ ထိုအခါ သင်သည် အချိန်မရွေး ငါ၏ရိုက်နှက်ခြင်းကို ခံရနိုင်သည်။ ဤအခြေအနေ၏ လေးနက်မှုကို မည်သူမျှ နားမလည်ကြ၊ လူအားလုံးသည် သူတို့ကြားသော အရာကို ဂရုမစိုက်ဘဲသာနေကြပြီး စိုးစဉ်းမျှပင် သတိမမူကြ။ အတိတ်တွင် ပြုခဲ့ပြီးသောအရာကို ငါသည် မှတ်မိသည်မဟုတ်။ ငါသည် နောက်ထပ်တစ်ဖန် “မေ့ပျောက်ခြင်း” ဖြင့် သင့်ကို သက်ညှာပေးရန် သင်စောင့်မျှော်နေဆဲလော။ လူသားမျိုးနွယ်သည် ငါ့ကို ဆန့်ကျင်ခဲ့သော်လည်း ငါသည် သူ့တို့အပေါ် အာဃာတထားမည် မဟုတ်၊ အကြောင်းမှာ လူတို့၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန်ပင် သေးနုပ်လွန်းလှသောကြောင့် ငါသည် သူတို့ထံမှ လွန်ကဲစွာ ကြီးမားသော တောင်းဆိုမှုများကို မပြုခဲ့ပေ။ ငါတောင်းဆိုသမျှမှာ ၎င်းတို့သည် အသောက်အစား အပျော်အပါး၌ မွေ့လျော်ခြင်း မပြုရန်နှင့် ကန့်သတ်ချက်ကို ကျိုးနွံနာခံရန်သာ ဖြစ်သည်။ ဤသတ်မှတ်ပြဋ္ဌာန်းချက်တစ်ခုကို ဖြည့်စွမ်းရန် သင်တို့၌ တတ်နိုင်စွမ်းရှိသည် မဟုတ်လော။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၀)
လူတို့အပေါ် ဘုရားသခင်လုပ်ဆောင်သည့် အလုပ်အဆင့်တိုင်းတွင် အပြင်ပန်းအားဖြင့် ထိုအမှုသည် လူအချင်းချင်းကြားရှိ အပြန်အလှန် ဆက်ဆံမှုများ ဖြစ်သည့်ပုံ ပေါ်၏။ လူ့စီစဉ်မှုများမှ၊ သို့မဟုတ် လူတို့၏ နှောင့်ယှက်ခြင်းများမှ ဖြစ်ပေါ်လာသည့်အလား ထင်ရ၏။ သို့သော်လည်း နောက်ကွယ်တွင်မူ လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်းသည် ဘုရားသခင်ရှေ့မှာ စာတန်ပြုလုပ်သည့် အလောင်းအစားများဖြစ်ပြီး လူတို့အနေဖြင့် ဘုရားသခင်အတွက် သက်သေခံရပ်တည်ဖို့ လိုအပ်သည်။ ယောဘ စစ်ကြောခံရသည့်အချိန်ကို ဥပမာ ကြည့်လော့။ နောက်ကွယ်တွင် စာတန်က ဘုရားသခင်နှင့် လောင်းကြေးတင်နေခြင်း ဖြစ်၏။ ယောဘအပေါ်မှာ ဖြစ်ပျက်ခဲ့သည့်အရာက လူသားတို့၏ လုပ်ဆောင်မှုဖြစ်ပြီး လူသားတို့၏ နှောင့်ယှက်မှု ဖြစ်သည်။ သင်တို့အတွင်းမှာ ဘုရားသခင် ပြုလုပ်သည့် အလုပ်အဆင့်တိုင်း၏ နောက်ကွယ်တွင် ဘုရားသခင်နှင့် ပြုလုပ်သည့် စာတန်၏ အလောင်းအစားရှိသည်။ ဤအရာ၏နောက်ကွယ်မှာ အားလုံးက တိုက်ပွဲပင်။ ဥပမာ သင်က သင့်ညီအစ်ကို မောင်နှမတွေအပေါ်ကို မကောင်းမြင်နေသည်။ သင်ပြောချင်နေသည့် စကားလုံးများ ရှိနေသည်။ ဘုရားသခင်ကို မကျေနပ်စေနိုင်ဟု သင်ခံစားရနိုင်သည့် စကားလုံးများရှိနေသည်။ သို့သော်လည်း သူတို့ကို သင်မပြောလျှင် စိတ်မသက်မသာ ခံစားရလိမ့်မည်။ ဤအချိန်မှာ သင့်အတွင်း၌ တိုက်ပွဲတစ်ခု စတင်ဖြစ်ပေါ်လိမ့်မည်။ “ငါ ပြောမလား၊ မပြောဘူးလား။” ဤသည်မှာ တိုက်ပွဲပင်။ ထို့ကြောင့် သင်ကြုံရသမျှ အရာအားလုံးတွင် တိုက်ပွဲတစ်ခုရှိသည်။ သင့်အတွင်းတွင် တိုက်ပွဲတစ်ခုရှိသည့်အခါ၊ သင်၏ စစ်မှန်သော ပူးပေါင်းလုပ်ဆောင်မှုနှင့် စစ်မှန်သော ဆင်းရဲဒုက္ခခံစားရခြင်းတို့ကြောင့် သင့်အတွင်းတွင် ဘုရားသခင် အမှုပြုပေသည်။ အဆုံး၌ သင့်အတွင်းတွင် သင်သည် ပြဿနာကို ဘေးဖယ်ထားလိုက်နိုင်ပြီး ဒေါသသည် သဘာဝအလျောက် ပျက်ပြယ်သွားသည်။ ဤကဲ့သို့အရာမျိုးသည် ဘုရားသခင်နှင့်အတူ သင်၏ လက်တွဲလုပ်ဆောင်မှု၏ အကျိုးသက်ရောက်မှု ဖြစ်သည်။ လူတို့လုပ်သမျှ အားလုံးမှာ သူတို့၏ အားထုတ်မှုထဲ ပေးဆပ်မှု တစ်ခုလုပ်ဖို့ လိုအပ်သည်။ အမှန်တကယ် ဒုက္ခခံစားရခြင်း မပါဝင်ဘဲ၊ သူတို့သည် ဘုရားသခင်ကို စိတ်မကျေနပ်စေနိုင်ပေ။ သူတို့သည် ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းနှင့် နီးတောင် မနီးစပ်ပေ။ သူတို့က အနှစ်သာရမပါသည့် ဆောင်ပုဒ်များကို စကားကြောရှည်နေခြင်းပင် ဖြစ်သည်။ ဤအနှစ်သာရမရှိသည့် ဆောင်ပုဒ်များက ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်ပါသလား။ ဘုရားသခင်နှင့် စာတန်တို့သည် ဝိညာဉ်ရေးရာ နယ်ပယ်ထဲ တိုက်ပွဲ ဆင်နွှဲနေစဉ်မှာ သင်က ဘုရားသခင်ကို မည်ကဲ့သို့ စိတ်ကျေနပ်မှု ပေးသင့်သနည်း။ သူ့အတွက် သင်၏ သက်သေခံခြင်းမှာ မည်ကဲ့သို့ ခိုင်မာစွာ ရပ်တည်သင့်သနည်း။ သင့်ထံ ဖြစ်ပျက်သည့် အရာတိုင်းက ကြီးမားသော စမ်းသပ်မှုဖြစ်ပြီး သက်သေခံဖို့အတွက် ဘုရားသခင်က သင့်ကို လိုအပ်သည့်အချိန် ဖြစ်သည်ဆိုသည်ကို သင်သိသင့်သည်။ အပြင်ပန်းမှဆိုလျှင် ယင်းတို့သည် အရေးမပါဟု ထင်စရာရှိနိုင်သော်လည်း ဤအရာများ ဖြစ်ပျက်သည့်အခါ သင်သည် ဘုရားသခင်ကို ချစ်သလား၊ မချစ်သလားဆိုသည်ကို ဤအရာများက ပြနေသည်။ သင်က ချစ်သည်ဆိုလျှင် သူ့အတွက် သင်၏သက်သေခံမှုမှာ ခိုင်မြဲစွာ ရပ်တည်နိုင်မှာဖြစ်ပြီး၊ သင်က သူ့အပေါ်ချစ်ခြင်းကို လက်တွေ့ မကျင့်သုံးဘူးဆိုလျှင် သင်သည် သမ္မာတရားကို လက်တွေ့ မကျင့်သုံးသည့်သူ၊ သင်သည် သမ္မာတရား မပါဝင်သည့်သူ၊ အသက် မပါဝင်သည့်သူ၊ တန်ဖိုးမရှိသူ တစ်ယောက် ဆိုသည်ကို ပြသည်။ လူတို့ထံ၌ ဖြစ်ပျက်သည့် အရာတိုင်းတွင် သူ့အတွက် သူတို့၏ သက်သေခံမှုမှာ ခိုင်မြဲစွာရပ်တည်ဖို့ ဘုရားသခင် အလိုရှိသည်။ လက်ရှိအချိန်တွင် သင်၌ ကြီးကြီးမားမား မည်သည့်အရာမျှ မဖြစ်ပျက်နေသည့်အပြင် သင်သည် ကြီးမားသည့် သက်သေကို မခံသော်လည်း သင့်နေ့စဉ်အသက်တာ၏ အသေးစိတ်အချက်များအားလုံးသည် ဘုရားသခင်ကို သက်သေခံခြင်းနှင့်ဆက်စပ်နေသည်။ သင်က သင့်ညီအစ်ကို မောင်နှမများ၊ သင့်မိသားစုအဖွဲ့ဝင်များနှင့် သင့်ဘေးမှာရှိတဲ့ လူတိုင်း၏ လေးစားမှုကို ရယူနိုင်လျှင်၊ တစ်နေ့မှာ ဘာသာတရားမရှိသူများ ရောက်လာပြီး သင်လုပ်ဆောင်သမျှအားလုံးကို လေးစားပြီး ဘုရားသခင် လုပ်ဆောင်သည့် အရာအားလုံးက အံ့သြဖွယ် ဖြစ်သည်ဆိုသည်ကို မြင်လျှင် သင်သည် သက်သေခံပြီး ဖြစ်သည်။ သင်သည် ထိုးထွင်းဉာဏ်မရှိ၊ အရည်အချင်းက နိမ့်ကျသော်လည်း၊ အညံ့ဖျင်းဆုံးသော အရည်အချင်းရှိသည့် လူတို့အထဲ၌ မည်သည့် ကြီးမြတ်သော အမှုကို ဘုရားသခင် လုပ်ဆောင်ပြီး ဖြစ်သည်ကို အခြားသူများအား ပြသရင်း၊ ဘုရားသခင်၏ သင့်ကို ပြည့်စုံစေခြင်းမှတစ်ဆင့် သင်သည် သူ့ကို ကျေနပ်စေနိုင်ပြီး သူ့ရည်ရွယ်ချက်များကို အလေးထားနိုင်မည် ဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို သိလာပြီး၊ စာတန်၏ရှေ့တွင် အောင်မြင်သောသူများ ဖြစ်လာချိန်တွင်၊ ဘုရားသခင်ကို ကြီးမားသည့် အတိုင်းအတာတစ်ခုအထိ သစ္စာရှိလာကြသည်၊ ထိုအခါတွင် ဤလူအုပ်စုများထက် အဘယ်သူမျှ သာ၍ အားမာန်မရှိကြသကဲ့သို့၊ ဤသည်မှာ အကြီးမားဆုံးသော သက်သေခံချက် ဖြစ်ပါလိမ့်မည်။ သင်က ကြီးမားသည့် အလုပ်များကို မလုပ်နိုင်သော်လည်း၊ ဘုရားသခင်ကို ကျေနပ်စေနိုင်သည်။ တစ်ခြားလူများက သူတို့၏ အယူအဆများကို ဘေးဖယ်မထားနိုင်သော်လည်း သင်က ဘေးဖယ်ထားနိုင်သည်။ တစ်ခြားလူများက သူတို့၏ အမှန်တကယ် အတွေ့အကြုံများမှာ ဘုရားသခင်ကို သက်သေမခံနိုင်သော်လည်း သင်က ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ပြီး သူ့အပေါ်မှာ ခိုင်မာသည့် သက်သေခံမှုကို ပြုလုပ်ဖို့အတွက် သင်၏ အမှန်တကယ် အရေးပါမှုနှင့် အပြုအမူတို့ကို အသုံးပြုနိုင်သည်။ ဤအချက်ကသာ ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်းအနေနှင့် အသိအမှတ်ပြုနိုင်သည်။ သင်က ဤအချက်ကို မတတ်နိုင်ဘူးဆိုလျှင် သင့်မိသားစုဝင်များကြား၌၊ သင့်ညီအစ်ကို မောင်နှမများကြား၌၊ သို့မဟုတ် လောက၏ လူများကြား၌ သက်သေမခံပေ။ စာတန်ရှေ့မှာ သင်က သက်သေမခံနိုင်လျှင် စာတန်က သင့်ကို ရယ်မောပါလိမ့်မည်။ စာတန်သည် သင့်ကို ရယ်စရာတစ်ခု၊ ကစားစရာတစ်ခုအနေနှင့် ဆက်ဆံပါလိမ့်မည်။ သင့်ကို မကြာခဏ အရူးလုပ်ပြီး ရူးနှမ်းသွားအောင် လုပ်ပါလိမ့်မည်။ အနာဂတ်မှာ သင့်ဆီကို ကြီးမားသည့် စမ်းသပ်မှုများ ကျရောက်လာပါမည်။ သို့သော်လည်း ယနေ့ သင်သည် ဘုရားသခင်ကို စစ်မှန်သည့် နှလုံးသားနှင့် ချစ်လျှင် ရှေ့လျှောက် စမ်းသပ်မှုသည် မည်မျှပင် ကြီးမားပါစေ၊ သင့်ထံ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ၊ သင်သည် သင်၏ သက်သေခံမှုမှာ ခိုင်မြဲစွာ ရပ်တည်နိုင်ပြီး ဘုရားသခင်ကို ကျေနပ်စေပါလိမ့်မည်။ နောက်မှာတော့ သင့်နှလုံးသားသည် စိတ်သက်သာရာ ရပါလိမ့်မည်။ အနာဂတ်၌ သင်ကြုံတွေ့ရမည့် စမ်းသပ်မှုက မည်မျှပင် ကြီးမားပါစေ၊ သင်သည် ကြောက်ရွံ့မည် မဟုတ်ချေ။ အနာဂတ်မှာ အဘယ်အရာဖြစ်မည်ဆိုသည်ကို သင်တို့ မမြင်နိုင်ပေ။ ယနေ့အခြေအနေများတွင် သင်သည် ဘုရားသခင်ကို ဖြည့်ဆည်းပေးခြင်းသာ ပြုနိုင်သည်။ သင်တို့က ကြီးမားသည့် လုပ်ဆောင်မှုများကို မလုပ်ဆောင်နိုင်ပေ။ လက်တွေ့ဘဝတွင် သူ၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခံစားခြင်းဖြင့် ဘုရားသခင်အား ကျေနပ်စေခြင်းကို အာရုံစိုက်သင့်သည်။ ပြီးလျှင် စာတန်ကို အရှက်ရစေသည့် အားကြီးပြီး ကျယ်လောင်သော သက်သေခံခြင်းတို့ကို အာရုံစိုက် ပြုလုပ်သင့်သည်။ သင့်ဇာတိပကတိက ကျေနပ်မှုမရှိဘဲ ဒုက္ခခံစားရမည် ဖြစ်သော်လည်း သင်က ဘုရားသခင်ကို ကျေနပ်စေမည်ဖြစ်ပြီး စာတန်ကို အရှက်ရစေမည်ပင်။ သင်သည် ဤပုံစံအတိုင်း အစဉ်သဖြင့် လက်တွေ့လုပ်ဆောင်လျှင် ဘုရားသခင်သည် သင့်ရှေ့မှာ လမ်းဖွင့်ပေးပါလိမ့်မည်။ တစ်နေ့ ကြီးမားသည့် စမ်းသပ်မှု ရောက်ရှိလာသောအခါ တစ်ခြားလူများက ကျရှုံးသွားကြပါလိမ့်မည်။ သို့သော်လည်း သင်က ခိုင်မြဲစွာ ရပ်တည် နေနိုင်ဦးမည် ဖြစ်သည်။ သင်ပြုလုပ်ခဲ့သည့် ပေးဆပ်မှုကြောင့် ဘုရားသခင်သည် သင့်ကို ကာကွယ်မည် ဖြစ်သည်။ ထို့ကြောင့် သင်သည် ခိုင်မြဲစွာ ရပ်တည်နိုင်ပြီး ကျရှုံးမည်မဟုတ်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်
သင်တို့သည် ယနေ့ မည်သည့်စမ်းသပ်မှုများကို ကြံ့ကြံ့ခံနိုင်သနည်း။ သင်တို့၌ အခြေခံအုတ်မြစ်တစ်ခုရှိသည်ဟု ဆိုဝံ့သလော၊ စုံစမ်းသွေးဆောင်ခြင်းများကိုရင်ဆိုင်ရသောအခါ ခိုင်မာစွာ ရပ်တည်နိုင်စွမ်းရှိသလော။ ဥပမာအားဖြင့် စာတန်၏ လိုက်လံဖမ်းဆီးခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းဟူသော စုံစမ်းသွေးဆောင်ခြင်းများ၊ သို့မဟုတ် အဆင့်အတန်းနှင့် ရာထူးဂုဏ်ဒြပ်ဆိုင်ရာ၊ အိမ်ထောင်ရေး သို့မဟုတ် စည်းစိမ်ချမ်းသာဆိုင်ရာစသည့် ဤစုံစမ်းသွေးဆောင်ခြင်းများကို သင်တို့ အောင်မြင်ကျော်လွှားနိုင်စွမ်း ရှိသလော။ (ကျွန်ုပ်တို့သည် ယင်းတို့ထဲမှအချို့ကို အနည်းနှင့်အများဆိုသလို အောင်မြင်ကျော်လွှားနိုင်ပါသည်။) စုံစမ်းသွေးဆောင်ခြင်းဆိုင်ရာအဆင့် မည်မျှရှိသနည်း။ ထို့အပြင် မည်သည့်အဆင့်ကို သင်တို့ ကျော်လွှားနိုင်သနည်း။ ဥပမာ ဘုရားသခင်ကို ယုံကြည်ခြင်းကြောင့် လူတစ်ဦးအဖမ်းခံရကြောင်း သင်ကြားရသောအခါ ကြောက်ချင်မှကြောက်မည်၊ ထို့အပြင် အခြားသူများ အဖမ်းခံရပြီး နှိပ်စက်ခြင်းခံရသည်ကို သင်တွေ့ရသောအခါ ကြောက်ကောင်းကြောက်မည် မဟုတ်၊ သို့သော် သင် အဖမ်းခံရသည့်အခါ၊ ဤသို့သောအခြေအနေမျိုးထဲ ကိုယ်တိုင် ရောက်သွားသည့်အခါ သင်ခိုင်မာစွာ ရပ်တည်နိုင်မည်လော။ ယင်းက ကြီးမားသော စုံစမ်းသွေးဆောင်ခြင်းတစ်ခုပင် မဟုတ်သလော။ ဥပမာ ဘုရားသခင်၌ ယုံကြည်ခြင်း အားကြီးသောသူ၊ မိမိ၏တာဝန်ကို ထမ်းဆောင်ရန်အတွက် မိသားစုနှင့် အလုပ်အကိုင်ကို စွန့်လွှတ်ပြီး အခက်အခဲများစွာ ခံစားခဲ့ရသောသူ၊ အတော်ပင်ကောင်းမွန်သော လူ့သဘာဝကို ပိုင်ဆိုင်သည့် လူတစ်ဦးကို သင်သိသည်။ ထိုသူသည် ဘုရားသခင်ကို ယုံကြည်ခြင်းကြောင့် အဖမ်းခံရကာ ထောင်ချခံရပြီးနောက်ပိုင်းတွင် အသေရိုက်ခြင်းခံရကြောင်း သင်ကြားသိရသည့် နေ့တစ်နေ့မျိုး ရုတ်တရက် ရောက်လာသည်ဆိုပါစို့။ ယင်းက သင့်အား စုံစမ်းသွေးဆောင်ခြင်းတစ်ခု ဟုတ်သလော။ ယင်းက သင့်အပေါ်ကျရောက်ခဲ့သည်ဆိုလျှင် သင် မည်သို့တုံ့ပြန်မည်နည်း။ ယင်းကို သင် မည်ကဲ့သို့ ရင်ဆိုင်တွေ့ကြုံရမည်နည်း။ သမ္မာတရားကို သင်ရှာဖွေမည်လော။ သင် မည်ကဲ့သို့ ရှာဖွေမည်နည်း။ ထိုသို့သော စုံစမ်းသွေးဆောင်ခြင်းကြုံရစဉ် သင့်ကိုယ်သင် မည်သို့ကြံ့ကြံ့ခံစေကာ၊ ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားလည်ပြီး ယင်းမှ သမ္မာတရားကို ရရှိစေမည်နည်း။ ထိုသို့သော အမှုအရာများကို သင်ဆင်ခြင်သုံးသပ်ဖူးသလော။ ထိုသို့သော စုံစမ်းသွေးဆောင်ခြင်းများကို ကျော်လွှားရန် လွယ်ကူသလော။ ယင်းတို့မှာ သာမန်ထက် ထူးကဲသော အရာမျိုးလော။ ထူးခြားပြီး လူ့အယူအဆများ၊ စိတ်ကူးများနှင့် ဆန့်ကျင်သော အမှုအရာများကို မည်သို့ရင်ဆိုင်တွေ့ကြုံသင့်သနည်း။ သင်၌ လမ်းကြောင်း မရှိလျှင် ညည်းညူနိုင်ခြေရှိသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် သမ္မာတရားကို ရှာဖွေပြီး ပြဿနာများ၏ အနှစ်သာရကို တွေ့မြင်နိုင်မည်လော။ လက်တွေ့ကျင့်သုံးရမည့် သင့်လျော်သော စည်းမျဉ်းများကို ချမှတ်ရန်အတွက် သမ္မာတရားကို သင် အသုံးချနိုင်မည်လော။ ဤသည်မှာ သမ္မာတရားကို လိုက်စားသောသူတို့၌ တွေ့ရသင့်သောအရာ မဟုတ်လော။ ဘုရားသခင်၏အလုပ်ကို သင် မည်သို့သိနိုင်မည်နည်း။ ဘုရားသခင်၏ တရားစီရင်ခြင်း၊ သန့်စင်ခြင်း၊ ကယ်တင်ခြင်းနှင့် စုံလင်စေခြင်းတို့၏ အသီးအပွင့်များကို ရရှိရန်အတွက် သင်သည် မည်သို့ တွေ့ကြုံသင့်သနည်း။ ဘုရားသခင်နှင့် ပတ်သက်၍ လူတို့၏ မရေမတွက်နိုင်သော အယူအဆများနှင့် မကျေနပ်ချက်များကို ဖြေရှင်းပေးရန်အတွက် မည်သည့်သမ္မာတရားများကို နားလည်သင့်သနည်း။ အမျိုးမျိုးသော စမ်းသပ်မှုများကြား သင့်ကို မြဲမြံစွာ ရပ်တည်ခွင့်ပေးမည့် သမ္မာတရားများ၊ သင့်ကိုယ်သင် ပြင်ဆင်ထားသင့်သည့် အသုံးဝင်ဆုံးသော သမ္မာတရားများမှာ အဘယ်နည်း။ ယခုအချိန်၌ သင်တို့၏ ဝိညာဉ်ရင့်ကျက်မှုက အဘယ်မျှ ကြီးမားသနည်း။ စုံစမ်းသွေးဆောင်ခြင်းများ၏ မည်သည့်အတိုင်းအတာကို သင်ကျော်လွှားနိုင်သနည်း။ ထင်မြင်ချက်တစ်စုံတစ်ရာ ရှိသလော။ မရှိလျှင် ယင်းက စဉ်းစားစရာဖြစ်သည်။ သင်တို့သည် “ယင်းတို့ထဲမှအချို့ကို အနည်းနှင့်အများဆိုသလို အောင်မြင်ကျော်လွှားနိုင်ပါသည်” ဟု ယခုတင် ဆိုခဲ့ကြသည်။ ဤသည်တို့သည် မရေရာသော စကားများဖြစ်သည်။ သင်တို့၌ရှိသည့် ဝိညာဉ်ရင့်ကျက်မှုအမျိုးအစား၊ မည်သည့် သမ္မာတရားများဖြင့် မိမိကိုယ်ကို ပြင်ဆင်ထားပြီးဖြစ်ကြောင်း၊ မည်သည့် စုံစမ်းသွေးဆောင်ခြင်းများကို ကျော်လွှားနိုင်ကြောင်း၊ မည်သည့် စမ်းသပ်မှုများကို လက်ခံနိုင်ကြောင်းနှင့် မည်သည့် စမ်းသပ်မှုများအတွင်း မည်သည့် သမ္မာတရားများ၊ ဘုရားသခင်အမှုနှင့်ပတ်သက်၍ မည်သည့် အသိပညာကို သင်တို့ ပိုင်ဆိုင်သင့်ကြောင်းနှင့် ဘုရားသခင်ကို ကျေနပ်စေရန် မည်သည့်လမ်းကြောင်းကို ရွေးချယ်သင့်ကြောင်းကို သင်တို့ ရှင်းလင်းရမည်။ ဤအရာအားလုံးနှင့် ပတ်သက်၍ ကောင်းမွန်သော ထင်မြင်ချက်တစ်ခု ရှိရမည်ဖြစ်သည်။ သင်၏ အယူအဆများ၊ စိတ်ကူးစိတ်သန်းများနှင့် မကိုက်ညီသည့် အရာတစ်ခုကို ကြုံတွေ့ရသောအခါ ယင်းကို သင် မည်သို့ ရင်ဆိုင်တွေ့ကြုံမည်နည်း။ ထိုသို့သော ကိစ္စများတွင် မိမိ၏ အယူအဆများကို ဖြေရှင်းရုံသာမကဘဲ ဘုရားသခင်နှင့်ပတ်သက်သည့် စစ်မှန်သော သိနားလည်မှုကိုပါ ရရှိစေရန်အတွက် မိမိကိုယ်ကို သမ္မာတရားနှင့်မည်သို့ ပြင်ဆင်သင့်ကြောင်းနှင့် သမ္မာတရား၏ မည်သည့်သွင်ပြင်လက္ခဏာများဖြင့် ပြင်ဆင်သင့်ကြောင်းတို့သည် သင်ရှာဖွေသင့်သည့်အရာ ဖြစ်သည်မဟုတ်လော။ မည်သည့် စုံစမ်းသွေးဆောင်ခြင်းကို သင်တို့ ပုံမှန်အားဖြင့် ရင်ဆိုင်တွေ့ကြုံကြသနည်း။ (အဆင့်အတန်း၊ ကျော်ကြားမှု၊ အကျိုးအမြတ်၊ ငွေကြေး၊ အမျိုးသားနှင့် အမျိုးသမီးအကြား ဆက်ဆံရေးတို့ ဖြစ်သည်။) အခြေခံအားဖြင့် ဤအရာများမှာ သာမန်ဖြစ်သည်။ ထို့ပြင် ယနေ့ သင်တို့၏ ဝိညာဉ်ရင့်ကျက်မှုနှင့် ပတ်သက်၍ သင်တို့သည် မည်သည့် စုံစမ်းသွေးဆောင်ခြင်းများထဲ၌ မိမိကိုယ်ကို ထိန်းသိမ်းပြီး ခိုင်မာစွာ ရပ်တည်နိုင်သနည်း။ ဤစုံစမ်းသွေးဆောင်ခြင်းများကို ကျော်လွှားနိုင်ခြင်းဟူသော စစ်မှန်သည့် ဝိညာဉ်ရင့်ကျက်မှု သင်တို့ ပိုင်ဆိုင်သလော။ သင်တို့သည် မိမိတာဝန်ကို ကောင်းမွန်စွာ ဆောင်ရွက်ပြီး သမ္မာတရားကို ဖောက်ဖျက်သော၊ သို့မဟုတ် နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်သော၊ သို့မဟုတ် ဖီဆန်ပြီး ပုန်ကန်တတ်သော၊ သို့မဟုတ် ဘုရားသခင်အား ဝမ်းနည်းစေသော မည်သည့်အရာကိုမျှ မလုပ်ဟူ၍ အမှန်တကယ် အာမခံနိုင်သလော။ (မခံနိုင်ပါ။) ထို့ကြောင့် သင်၏တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ရန် သင် ဘာလုပ်ရမည်နည်း။ တစ်ခုမှာ သင့်လုပ်ဆောင်ချက်များက သမ္မာတရားစည်းမျဉ်းများနှင့် ကိုက်ညီမှုရှိမရှိ ကြည့်ရန်၊ သင်၏ လုပ်ဆောင်ချက်များက ဝတ်ကျေတမ်းကျေ ဟုတ်မဟုတ် ကြည့်ရန်၊ ပုန်ကန်သော၊ သို့မဟုတ် ခုခံသော အရိပ်အယောင်များ ရှိမရှိ ကြည့်ရန်အတွက် အရာခပ်သိမ်း၌ သင့်ကိုယ်သင် ဆန်းစစ်ရမည်။ အကယ်၍ ရှိပါက ၎င်းတို့ကို ဖြေရှင်းရန်အတွက် သမ္မာတရားကို ရှာဖွေရမည်။ ထို့အပြင် အကယ်၍ သင့်အကြောင်းကို သင်ကိုယ်တိုင်မသိသော အရာများရှိလျှင် ၎င်းတို့ကို ဖြေရှင်းရန်အတွက် သမ္မာတရားကို ရှာဖွေရမည်။ သင်သည် ပြုပြင်ခြင်းခံရပါက ယင်းကို သင်လက်ခံပြီး ကျိုးနွံနာခံသင့်သည်။ လူတို့သည် အဖြစ်မှန်များနှင့်အညီ စကားပြောနေသရွေ့ သူတို့ကို ငြင်းခုံပြီး တစ်ပတ်ရိုက်ခြင်း လုံးဝလုပ်၍မရပေ။ ထိုအခါမှသာ သင့်ကိုယ်သင် သိမြင်လာပြီး အမှန်တကယ် နောင်တရနိုင်မည် ဖြစ်သည်။ လူတို့သည် အမှုအရာတို့၏ ဤရှုထောင့်နှစ်ခုနှင့် သက်ဆိုင်သော သတ်မှတ်ချက်များကို ရရှိပြီး စစ်မှန်သော ဝင်ရောက်ခြင်းရှိလိမ့်မည် ဖြစ်သည်။ ဤနည်းအားဖြင့် သူတို့သည် သမ္မာတရားအား သိနားလည်ခြင်းကို ရရှိပြီး စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်သည့်အပြင် သူတို့၏ တာဝန်ကို လက်ခံနိုင်လောက်သော စံနှုန်းတစ်ခုအထိ ထမ်းဆောင်နိုင်မည်ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ စိတ်နှလုံးကို ဘုရားသခင်အား ပေးအပ်ရာတွင် မိမိသည် သမ္မာတရားကို ရရှိနိုင်သည်
လူတို့သည် နေ့စဉ်ဘဝတွင် လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများ မျိုးစုံဖြင့် ထိတွေ့ကြသည်။ ၎င်းတို့တွင် သမ္မာတရားမရှိသကဲ့သို့ ဆုတောင်းခြင်းနှင့် သမ္မာတရားကို ရှာဖွေခြင်းလည်း မရှိလျှင် ၎င်းတို့သည် စုံစမ်းသွေးဆောင်မှုကို ဖယ်ရှားရန် ခက်ခဲသည်ကို တွေ့ရလိမ့်မည်။ ဥပမာ ယောက်ျားနှင့် မိန်းမကြားရှိ ဆက်ဆံမှုများကို ကြည့်လော့။ လူအချို့သည် ဤသို့သော စုံစမ်းသွေးဆောင်မှုများကို မခံနိုင်ပေ။ ဤအခြေအနေမျိုးကို ၎င်းတို့ ရင်ဆိုင်ရသည်နှင့်တစ်ပြိုင်နက် ကျရှုံးကြသည်။ ဤသည်မှာ ၎င်းတို့သည် ဝိညာဉ်ရင့်ကျက်မှု သေးငယ်လွန်းသည်ကို မပြသလော။ သမ္မာတရားမရှိသောသူတို့သည် ဤသို့ သနားစဖွယ်ဖြစ်ပြီး မည်သည့်သက်သေကိုမျှ လုံးဝ မခံပေ။ လူအချို့သည် ငွေကြေးနှင့် ဆက်နွှယ်သော အခြေအနေများကို ကြုံရသည့်အခါ စုံစမ်းသွေးဆောင်မှုအတွင်းသို့ သက်ဆင်းသွားကြသည်။ ငွေကြေးရှိသော အခြားလူတစ်ယောက်ကို မြင်သောအခါ ၎င်းတို့က “ထိုသူတို့မှာ အလွန်ငွေကြေးရှိပြီး ငါမူကား အလွန်ဆင်းရဲနေသည်မှာ အဘယ်သို့ ဖြစ်ရသနည်း။ မျှတမှုမရှိ” ဟု ညည်းညူကြသည်။ ၎င်းတို့တွင် ဤသို့ ဖြစ်ပျက်သောအခါ၌ ညည်းညူကြသည်။ ၎င်းတို့သည် ဘုရားသခင်ထံမှ လက်ခံနိုင်ခြင်း မရှိကြပေ သို့မဟုတ် သူ၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်ကို မနာခံနိုင်ကြပေ။ ဂုဏ်အဆင့်အတန်းကို အစဉ် အာရုံစိုက်သောသူတချို့လည်း ရှိသည်။ ၎င်းတို့သည် ဤစုံစမ်းသွေးဆောင်မှုမျိုးနှင့် ရင်ဆိုင်ရသောအခါ မကျော်လွှားနိုင်ကြပေ။ ဥပမာ ဘာသာတရားမရှိသူတစ်ယောက်သည် ၎င်းတို့ကို အရာရှိရာထူးတစ်ခုအတွက် အလုပ်ခန့်အပ်လိုပြီး အကျိုးကျေးဇူးများစွာ ပေးလိုသောအခါ ၎င်းတို့က ခိုင်မာစွာ မရပ်တည်နိုင်ပေ။ “ငါလုပ်သင့်သလော” ဟူ၍ ၎င်းတို့စဉ်းစားကြသည်။ ၎င်းတို့သည် ဆုတောင်း၏။ ချင့်ချိန်စဉ်းစား၏။ ထို့နောက် “ဟုတ်ပြီ၊ ငါလုပ်ရမည်” ဟူ၍ ဖြစ်သွားလေသည်။ ၎င်းတို့စိတ်ပိုင်းဖြတ်လိုက်ပြီဖြစ်ရာ ၎င်းတို့၏ အားထုတ်ကြိုးပမ်းမှုတွင် အဓိပ္ပာယ်မရှိတော့ပေ။ ၎င်းတို့သည် ဤအရာရှိရာထူးကို ယူပြီး ယင်း၏ အကျိုးအမြတ်များကို ယူရန် ရှင်းလင်းစွာ ဆုံးဖြတ်လိုက်ကြပြီ ဖြစ်သည်။ သို့သော်လည်း ၎င်းတို့သည် ဘုရားသခင်အား ယုံကြည်ခြင်းတွင်ရှိသော ကောင်းချီးများအား ဆုံးရှုံးရမည်ကို ကြောက်ရွံ့ပြီး ပြန်လာ၍ ဘုရားသခင်ကိုလည်း ယုံကြည်လိုကြသည်။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်အား “ဘုရားသခင်၊ ကျွန်ုပ်ကို စမ်းသပ်တော်မူပါ” ဟု ဆုတောင်းကြသည်။ သင့်အား စမ်းသပ်ရန် မည်သည့်အရာ ကျန်ရှိသနည်း။ သင်သည် သင်၏ အရာရှိရာထူးကို ယူရန် ဆုံးဖြတ်နှင့်ပြီးဖြစ်သည်။ သင်သည် ဤအမှုကိစ္စတွင် ခိုင်မာစွာ မရပ်တည်ခဲ့ဘဲ ကျရှုံးခဲ့ပြီးဖြစ်သည်။ သင်သည် စမ်းသပ်ခြင်းခံရဖို့ လိုအပ်သေးသလော။ သင်သည် ဘုရားသခင်၏ စမ်းသပ်ခြင်းနှင့် မထိုက်တန်ပေ။ သင်သည် သင်၏ သနားစဖွယ်ကောင်းလောက်အောင် သေးငယ်သော ဝိညာဉ်ရင့်ကျက်မှုနှင့် ယင်းကို ခံနိုင်မည်လော။ မိမိတို့မြင်သည့် မည်သည့်အကျိုးအမြတ်ကိုမဆို ယှဉ်ပြိုင်ရယူသော စက်ဆုပ်ဖွယ်လူအချို့ပင် ရှိကြသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့အပါးတွင် ရှိနေပြီး မည်သည့်အမြင်များကို ၎င်းတို့ ဖော်ပြသည်၊ ၎င်းတို့၏ သဘောထားက မည်သည့်အရာဖြစ်သည်ဆိုသည်တို့ကို ကြည့်ရန် ၎င်းတို့ကို စောင့်ကြည့်ပြီး ၎င်းတို့ကို စတင်စမ်းသပ်သည်။ လူတချို့က မိမိတို့ဘာသာ စဉ်းစားကြသည်မှာ “ဤအရာက ငါ့အပေါ် ဘုရားသခင်၏ ကြင်နာမှုဖြစ်လျှင်ပင် ငါအလိုမရှိ။ ငါ့တွင် အလုံအလောက် ရှိနေပြီ ဖြစ်သည်။ ဘုရားသခင်က ငါ့အပေါ် ကြင်နာမှု ပြသလွန်းသည်၊ ကောင်းစွာ စားသောက်ရခြင်း၊ ကောင်းစွာ ဝတ်စားဆင်ယင်ရခြင်းကို ငါ ဂရုမစိုက်၊ သမ္မာတရားအား လိုက်စားခြင်းနှင့် ဘုရားသခင်အား ရယူခြင်းကိုသာ ငါ ဂရုစိုက်သည်၊ ငါ ရရှိခဲ့သော သမ္မာတရားသည် ဘုရားသခင်က ငါ့အား အခမဲ့ပေးခဲ့ခြင်းဖြစ်သည်၊ ဤအရာများဖြင့် ငါ မထိုက်တန်” ဟု ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့၏ စိတ်နှလုံးကို စိစစ်ပြီး ၎င်းတို့ကို ပို၍ပင် ဉာဏ်အလင်းဖွင့်ပြကာ ပို၍ နားလည်စေသည်။ ပို၍ ခွန်အားရရှိစေသည်။ ပြီးလျှင် ၎င်းတို့အတွက် သမ္မာတရားကို ပို၍ ပွင့်လင်းမြင်သာစေသည်။ သို့ရာတွင် ထိုစက်ဆုပ်ဖွယ်လူများကမူ ထုတ်ပေးသော အကျိုးအမြတ်ကို မြင်ပြီး “မည်သူကမျှ ရယူရန် မကြိုးပမ်းနိုင်မီတွင် ငါသည် ယင်းကို ရယူရန် ကြိုးပမ်းမည်။ ၎င်းတို့က အခြားတစ်စုံတစ်ယောက်ကို ပေးပြီး ငါ့အား မပေးလျှင် ငါသည် သူတို့ကို ပယ်ပယ်နယ်နယ် ကြိမ်းမောင်းပြီး အခက်တွေ့အောင် လုပ်ပစ်မည်။ ၎င်းတို့ကို ငါ့အကြောင်းပြပစ်မည်။ ပြီးလျှင် နောက်တစ်ခါ၌ မည်သူအား ၎င်းတို့ပေးသည်ကို ကြည့်ကြစို့” ဟု စဉ်းစားကြသည်။ ၎င်းတို့သည် ဤသို့သော အမျိုးအစားဖြစ်သည်ကို သန့်ရှင်းသော ဝိညာဉ်တော်က မြင်ပြီး ၎င်းတို့ကို ထုတ်ဖော်သည်။ ၎င်းတို့၏ အကျည်းတန်မှုက ဖော်ထုတ်ခြင်းခံရသည်။ ဤလူစားမျိုးသည် အပြစ်ဒဏ်ပေးခြင်း ခံရမည်ဖြစ်သည်။ နှစ်ပေါင်းမည်မျှကြာ ၎င်းတို့ယုံကြည်သည်ဖြစ်စေ ၎င်းတို့အတွက် အကျိုးဖြစ်မည်မဟုတ်။ မည်သည့်အရာကိုမျှ ၎င်းတို့ရရှိနိုင်မည် မဟုတ်ပေ။ အကြိမ်များစွာတွင် သန့်ရှင်းသော ဝိညာဉ်တော်က လူတို့အား ကြင်နာမှုပြသောအခါ ၎င်းတို့သည် မမျှော်လင့်သော အချိန်၌ ရရှိကြသည်။ ဘုရားသခင်က သင့်အား ကြင်နာမှုမပြလျှင် သင့်အတွက် အပြစ်ဒဏ်သည်လည်း သင်မမျှော်လင့်သောအချိန်တွင် ဖြစ်လိမ့်မည်။ ဤသည်မှာ သမ္မာတရားကို မလိုက်စားသောသူတို့အတွက် မည်မျှအန္တရာယ်ရှိပုံ ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်အား ယုံကြည်ခြင်းတွင် သမ္မာတရားကို ရရှိခြင်းသည် အရေးပါဆုံးဖြစ်၏
သင်ကြုံတွေ့ရသော စုံစမ်းသွေးဆောင်မှုများကို သတိမပြုမိဘဲ ညံ့ဖျင်းစွာ ကိုင်တွယ်ဖြေရှင်းပြီး မှန်ကန်သောရွေးချယ်မှုများ မပြုလုပ်နိုင်ပါက ဤစုံစမ်းသွေးဆောင်မှုများသည် သင့်အား ပူဆွေးမှုနှင့် ဒုက္ခဆီသို့ ခေါ်ဆောင်သွားမည်ဖြစ်သည်။ ဥပမာအနေဖြင့် ညီအစ်ကိုမောင်နှမများ၏ အထူးအရေးတယူဆက်ဆံမှု၌ သင့်အားကျွေးမွေးခြင်း၊ ဝတ်စားဆင်ယင်ပေးခြင်း၊ နေရာထိုင်ခင်း ပြင်ဆင်ပေးခြင်းနှင့် သင်၏ နေ့စဉ်လိုအပ်ချက်များကို ထောက်ပံ့ပေးခြင်းစသည့် အရာဝတ္ထုဆိုင်ရာ အကျိုးခံစားခွင့်များ ပါဝင်သည်ဟု ဆိုပါစို့။ သင် ပျော်မွေ့ခံစားသောအရာသည် သင့်အား ၎င်းတို့ပေးသောအရာထက် ပိုကောင်းပါက သင်သည် ယင်းကို အထင်သေးလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏လက်ဆောင်များကို ငြင်းပယ်နိုင်သည်။ သို့သော် သင်သည် သူဌေးတစ်ဦးနှင့်တွေ့ပြီး သူမဝတ်ဆင်ဟုဆိုလျက် သင့်အား အကောင်းစားဝတ်စုံများ ပေးခဲ့ပါက ထိုသို့သော စုံစမ်းသွေးဆောင်မှုကို ရင်ဆိုင်ရာတွင် သင်သည် ခိုင်မြဲစွာ ရပ်တည်နိုင်မည်လော။ သင့်ကိုယ်သင် “သူသည် ချမ်းသာပြီး ဤအဝတ်အစားများက သူ့အတွက် ဘာမျှမဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ သူသည် ယင်းတို့ကို မဝတ်ပေ။ သူကျွန်ုပ်ကိုမပေးလျှင် တစ်နေရာရာတွင် သိမ်းထားလိုက်မည်။ ထို့ကြောင့် ကျွန်ုပ် ယင်းတို့ကို ယူထားလိုက်မည်” ဟုဆိုလျက် အခြေအနေအပေါ် သင် တွေးတောဆင်ခြင်မိလိမ့်မည်။ ထိုဆုံးဖြတ်ချက်ကို သင် မည်သို့ထင်မြင်သနည်း။ (၎င်းက အဆင့်အတန်း၏ အကျိုးကျေးဇူးများကို ခံစားနေပြီဖြစ်သည်။) ဤအရာသည် အဘယ်ကြောင့် အဆင့်အတန်း၏ အကျိုးကျေးဇူးများကို ပျော်မွေ့ခံစားခြင်း ဖြစ်ရသနည်း။ (အဘယ်ကြောင့်ဆိုသော် ၎င်းသည် ကောင်းမွန်သောအရာများကို လက်ခံခဲ့သောကြောင့်ဖြစ်သည်။) ယင်းမှာ သင့်အားပေးထားသည့် ကောင်းမွန်သောအရာများကို လက်ခံခြင်းသည် အဆင့်အတန်း၏ အကျိုးကျေးဇူးများကို ခံစားနေခြင်းသာ ဖြစ်သလော။ အကယ်၍ သင့်အား သာမန်အရာတစ်ခုကို ပေးထားသော်လည်း ယင်းသည် သင်လိုအပ်သည့် အရာသာဖြစ်သောကြောင့် ယင်းကို သင်လက်ခံပါက ဤအရာကိုလည်း အဆင့်အတန်း၏ အကျိုးကျေးဇူးများကို ခံစားခြင်းဟု မှတ်ယူ၍ရသလော။ (မှန်ပါသည်။ သူတို့၏ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများကို ဖြည့်ဆည်းပေးဖို့ အခြားသူတို့ထံမှ အရာများကို လက်ခံသည့်အခါတိုင်း ထိုသို့မှတ်ယူ၍ရပါသည်။) သင်တို့ ဤအရာနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း မသိပုံရသည်။ ဤအကြောင်းကို သင်စဉ်းစားဖူးသလော။ သင်သည် ခေါင်းဆောင်တစ်ဦး မဟုတ်သကဲ့သို့ အဆင့်အတန်းမရှိပါက သူသည် ဤလက်ဆောင်ကို ပေးဦးမည်လော။ (ပေးမည်မဟုတ်။) သူသေချာပေါက် ပေးမည်မဟုတ်ချေ။ သင်သည် ခေါင်းဆောင်တစ်ဦး ဖြစ်သောကြောင့်သာ သင့်အား ဤလက်ဆောင်ကို ပေးအပ်ခြင်းဖြစ်သည်။ ထိုအရာ၏ သဘာဝသည် ပြောင်းလဲသွားသည်။ ဤသည်မှာ ပုံမှန် ပေးကမ်းစွန့်ကြဲမှု မဟုတ်၊ ဤတွင် ပြဿနာရှိသည်။ အကယ်၍ သင်သည် သူ့ကို “ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦး မဟုတ်ခဲ့ဘဲ ရိုးရိုးသာမန် ညီအစ်ကိုမောင်နှမတစ်ဦး ဖြစ်ပါက သင်သည် ကျွန်ုပ်အား ထိုသို့ လက်ဆောင်ပေးမည်လော။ ဤပစ္စည်းကို ညီအစ်ကိုမောင်နှမတစ်ဦး လိုအပ်ခဲ့လျှင် သူတို့ကို သင် ပေးမည်လော” ဟုမေးလျှင် သူက “ကျွန်ုပ် မပေးနိုင်ပါ။ ကျွန်ုပ်သည် မည်သူ့ကိုမျှ လက်ဆောင်များ သာမန်ကာလျှံကာ မပေးနိုင်ပါ။ သင်သည် ကျွန်ုပ်၏ခေါင်းဆောင်ဖြစ်သောကြောင့် သင့်ကို ပေးခြင်းဖြစ်သည်။ အကယ်၍ သင့်ထံတွင် ဤအထူးတလည် အဆင့်အတန်း မရှိခဲ့လျှင် အဘယ်ကြောင့် ထိုသို့သော လက်ဆောင်မျိုးကို ကျွန်ုပ်ပေးရမည်နည်း” ဟု ပြောမည်ဖြစ်သည်။ အခြေအနေကို သင် မည်သို့ နားမလည်ခဲ့သည်ကို ယခုကြည့်လော့။ ထိုဝတ်စုံအကောင်းစားကို သူအသုံးမလိုဟု ပြောသည့်အခါ သင်က သူ့ကိုယုံခဲ့သော်လည်း သင့်ကို လှည့်စားနေခြင်းဖြစ်သည်။ သူ၏ ရည်ရွယ်ချက်မှာ လက်ဆောင်ကို သင့်အား လက်ခံစေရန်ဖြစ်ပြီး သို့ဖြစ်၍ နောင်တွင် သင်သည် သူ့အပေါ် ကောင်းပြီး အထူးအရေးတယူ ဆက်ဆံမှုကို ပေးစေရန် ဖြစ်သည်။ ဤသည်မှာ သူ့လက်ဆောင်၏ နောက်ကွယ်မှ ရည်ရွယ်ချက်ဖြစ်သည်။ အမှန်တွင် သင်သည် အဆင့်အတန်းမရှိလျှင် သူက ထိုသို့သောလက်ဆောင်မျိုးကို မည်သည့်အခါမျှ ပေးမည်မဟုတ်သည်ကို သင်၏စိတ်နှလုံးထဲ၌ သိသော်လည်း ယင်းကို သင် လက်ခံဆဲဖြစ်သည်။ သင့်နှုတ်ဖြင့် “ဘုရားသခင်ကို ကျေးဇူးတင်ပါ၏။ ဘုရားသခင်ထံမှ ဤလက်ဆောင်ကို ကျွန်ုပ် ခံယူခဲ့ပြီ၊ ၎င်းသည် ကျွန်ုပ်အတွက် ဘုရားသခင်၏ စေတနာ ဖြစ်သည်” ဟု သင်ပြောလေသည်။ သင်သည် အဆင့်အတန်း၏ အကျိုးကျေးဇူးများကို ခံစားရုံသာမက ယင်းတို့နှင့် သင် ထိုက်တန်သည့်အလား ဘုရားသခင် ရွေးချယ်ထားသော လူများ၏ ဥစ္စာပစ္စည်းများကိုလည်း မွေ့လျော်ပေသည်။ ဤသည်မှာ အရှက်မဲ့သည် မဟုတ်လော။ လူသည် အသိတရားမရှိ အရှက် လုံးလုံးကင်းမဲ့လျှင် ယင်းက ပြဿနာဖြစ်သည်။ ဤသည်မှာ အပြုအမူနှင့်ဆိုင်သော ကိစ္စသာ ဖြစ်သလော။ အခြားသူများထံမှ ပစ္စည်းများကို လက်ခံခြင်းသက်သက်က မှားပြီး ငြင်းဆိုခြင်းသက်သက်က မှန်ကန်သလော။ ထိုအခြေအနေမျိုး သင်တို့ကြုံသည့်အခါ ဘာလုပ်သင့်သနည်း။ ၎င်းတို့ပြုလုပ်သည့်အရာသည် စည်းမျဉ်းများနှင့် ကိုက်ညီခြင်း ရှိမရှိဆိုသည်ကို ဤလက်ဆောင်ပေးသူကို သင်မေးရပါမည်။ “ဘုရားနှုတ်ကပတ်တော် သို့မဟုတ် အသင်းတော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များမှ လမ်းညွှန်ချက်ကို ရှာဖွေပြီး သင်လုပ်ဆောင်နေသည့်အရာသည် စည်းမျဉ်းများနှင့် ကိုက်ညီခြင်းရှိမရှိ ကြည့်ရှုကြစို့။ မကိုက်ညီပါက ထိုလက်ဆောင်မျိုးကို ကျွန်ုပ်လက်မခံနိုင်” ဟု ၎င်းတို့အား ပြောလော့။ ထိုမှီငြမ်းစရာများက ၎င်းတို့၏ လုပ်ဆောင်ချက်မူများသည် စည်းမျဉ်းများကို ချိုးဖောက်ကြောင်း ပေးသောသူကို အသိပေးသော်လည်း သင့်အား လက်ဆောင်ကို ပေးလိုစိတ် ရှိသေးပါက သင်ဘာလုပ်သင့်သနည်း။ သင်သည် စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်ရမည်။ သာမန်လူတို့က ယင်းကို မကျော်လွှားနိုင်ကြပေ။ သူတို့သည် အခြားသူများက သူတို့ကို ပို၍ ပေးကမ်းစွန့်ကြဲရန် စိတ်အားထက်သန်စွာ တောင့်တကြပြီး အထူးအရေးတယူ ဆက်ဆံမှုကို ပို၍ခံစားလိုကြသည်။ သင်သည် မှန်ကန်သောလူစားမျိုးဖြစ်ပါက ထိုသို့သောအခြေအနေမျိုးနှင့် ကြုံတွေ့ရသောအခါတွင် ဘုရားသခင်ထံ ချက်ချင်း ဆုတောင်းသင့်ကာ “အို ဘုရားသခင်၊ ယနေ့ ကျွန်ုပ် ကြုံတွေ့နေရသောအရာသည် အမှန်ပင် ကိုယ်တော်၏ ကောင်းမွန်သော အလိုတော်၏ နိမိတ်လက္ခဏာတစ်ခုဖြစ်သည်။ ယင်းသည် ကိုယ်တော် ကျွန်ုပ်အတွက် ချမှတ်ထားသော သင်ခန်းစာတစ်ခုဖြစ်သည်။ သမ္မာတရားကို ရှာဖွေပြီး စည်းမျဉ်းများအတိုင်း လုပ်ဆောင်ရန် ဆန္ဒရှိပါ၏” ဟု ပြောလော့။ အဆင့်အတန်းရှိသူများ ရင်ဆိုင်ရသော စုံစမ်းသွေးဆောင်မှုများသည် ကြီးမားလွန်းပြီး စုံစမ်းသွေးဆောင်မှုတစ်ခု ရောက်လာသည်နှင့် ကျော်လွှားရန်မှာ အမှန်ပင် ခက်ခဲသည်။ သင်သည် ဘုရားသခင်၏ အကာအကွယ်နှင့် အကူအညီ လိုအပ်သည်။ သင်သည် ဘုရားသခင်ထံ ဆုတောင်းရမည်၊ ပြီးလျှင် သမ္မာတရားကိုလည်း ရှာဖွေပြီး သင့်ကိုယ်သင် မကြာခဏ ပြန်လည်သုံးသပ်ရမည်။ ဤနည်းအားဖြင့် သင်သည် တည်ငြိမ်ကာ ငြိမ်းချမ်းမှုကို ခံစားရလိမ့်မည်။ သို့သော် သင်သည် ဆုတောင်းဖို့အတွက်ကို ထိုကဲ့သို့သော လက်ဆောင်များ ရရှိသည့်တိုင်အောင် စောင့်မျှော်နေပါက ထိုကဲ့သို့ တည်ငြိမ်ကာ ငြိမ်းချမ်းခြင်းကို သင် ခံစားရဦးမည်လော။ (မခံစားရတော့ပေ။) သို့ဆိုလျှင် ဘုရားသခင်က သင့်ကို မည်သို့ထင်မည်နည်း။ သင်၏လုပ်ရပ်များအားဖြင့် ဘုရားသခင်က စိတ်ကျေနပ်စေမည်လော သို့မဟုတ် ယင်းတို့ကို အလွန်မုန်းတီးမည်လော။ သင်၏လုပ်ရပ်များကို သူ အလွန်မုန်းတီးလိမ့်မည်။ တစ်စုံတစ်ခုကို လက်ခံခြင်း ရှိမရှိဟူသည့်အရာက တကယ့်ပြဿနာလော။ (မဟုတ်ပါ။) သို့ဖြစ်လျှင် ပြဿနာက အဘယ်မှာနည်း။ ပြဿနာသည် ထိုသို့သောအခြေအနေမျိုးနှင့် ကြုံတွေ့ရသောအခါတွင် သင်လက်ခံကျင့်သုံးသော ခံယူချက်များနှင့် သဘောထားတွင် တည်ရှိသည်။ သင်ကိုယ်တိုင် ဆုံးဖြတ်သလော သို့မဟုတ် သမ္မာတရားကို ရှာဖွေသလော။ သင့်တွင် အသိတရားစံနှုန်းတစ်ခုခု ရှိသလော။ သင့်ထံတွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ရှိပါ၏လော။ ထိုအခြေအနေနှင့် ကြုံတွေ့ရတိုင်း ဘုရားသခင်ထံ သင်ဆုတောင်းသလော။ သင်သည် သင့်ကိုယ်ပိုင် လိုအင်ဆန္ဒများကို ဖြည့်ဆည်းရန် ဦးစွာရှာဖွေသလော သို့မဟုတ် သင်သည် ဦးစွာဆုတောင်းပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေသလော။ ဤကိစ္စ၌ သင်သည် ထုတ်ဖော်ခြင်းကို ခံရလေ၏။ ထိုအခြေအနေမျိုးကို မည်သို့ကိုင်တွယ်သင့်သနည်း။ သင်သည် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများ ရှိရမည်။ ပထမဦးစွာ အပြင်ပန်းတွင် သင်သည် ဤအထူးပစ္စည်းဥစ္စာ အဖိုးအခများကို၊ ဤသွေးဆောင်မှုများကို ငြင်းပယ်ရမည်။ သင် အထူးသဖြင့် လိုအင်ဆန္ဒရှိသောအရာ သို့မဟုတ် သင်လိုအပ်သောအရာကို အတိအကျ ကမ်းလှမ်းခံရသောအခါ၌ပင် သင်သည် ထိုသို့ပင် ငြင်းပယ်ရမည်။ ဥစ္စာပစ္စည်းများဟူသည်မှာ အဘယ်နည်း။ အစားအသောက်၊ အဝတ်အထည်၊ အမိုးအကာနှင့် နေ့စဉ်သုံးပစ္စည်းများ အားလုံးပါဝင်သည်။ ဤအထူးပစ္စည်းဥစ္စာ အဖိုးအခများကို ငြင်းဆိုရပါမည်။ အဘယ်ကြောင့် ယင်းတို့ကို သင် ငြင်းဆိုရမည်နည်း။ ထိုသို့ပြုခြင်းသည် သင့်ပြုမူပုံနှင့်ဆိုင်သော ကိစ္စသာလျှင် ဟုတ်သလော။ မဟုတ်ချေ၊ သင်၏ ပူးပေါင်းဆောင်ရွက်သော သဘောထားကိစ္စ ဖြစ်သည်။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဘုရားသခင်ကို ကျေနပ်စေကာ စုံစမ်းသွေးဆောင်မှုကို ရှောင်ကြဉ်လိုပါက ဤပူးပေါင်းဆောင်ရွက်သော သဘောထား ဦးစွာထားရပါမည်။ ဤသဘောထားဖြင့် သင်သည် စုံစမ်းသွေးဆောင်မှုကို ရှောင်ကြဉ်နိုင်မည်ဖြစ်ပြီး သင်၏ အသိစိတ်သည် ငြိမ်သက်နေမည်ဖြစ်သည်။ သင်အလိုရှိသောအရာကို ပေးကမ်းခြင်းခံရပြီး သင်လက်ခံပါက သင့်စိတ်နှလုံးသည် လိပ်ပြာမလုံခြင်းကို အတိုင်းအတာတစ်ခုအထိ ခံစားရလိမ့်မည်။ သို့ရာတွင် သင်၏ အကြောင်းပြချက်များနှင့် မိမိကိုယ်ကို မှန်ကန်ကြောင်းပြခြင်းတို့ကြောင့် သင့်ကို ဤအရာအား ပေးအပ်သင့်ကြောင်း၊ ၎င်းသည် သင်နှင့်ထိုက်တန်ကြောင်း သင်ပြောလိမ့်မည်။ ထို့နောက် သင်၏ အပြစ်ရှိသည်ဟုခံစားရမှုများသည် အလွန်တိကျခြင်း သို့မဟုတ် အလွန်ထင်ရှားခြင်း ရှိလိမ့်မည်မဟုတ်။ တစ်ခါတစ်ရံတွင် အကြောင်းပြချက်တစ်ခုခု သို့မဟုတ် အတွေးများနှင့်အမြင်များက သင်၏ အသိစိတ်ကို ယိမ်းယိုင်အောင် လုပ်ကောင်းလုပ်နိုင်သည်။ ဤသို့ဖြင့် အပြစ်ရှိသည်ဟုခံစားရမှုများသည် သိသာထင်ရှားခြင်း မရှိဖြစ်ပေသည်။ ထို့ကြောင့် သင်၏အသိစိတ်သည် ယုံကြည်စိတ်ချရသော စံနှုန်းတစ်ခုလော။ မဟုတ်ချေ။ ဤသည်မှာ လူတို့ကို သတိပေးတတ်သော အချက်ပေး ခေါင်းလောင်းဖြစ်သည်။ ယင်းက မည်သို့သော သတိပေးချက်မျိုး ပေးသနည်း။ အသိစိတ်တစ်ခုတည်း၏ ခံစားချက်များကိုသာ အားကိုးခြင်း၌ လုံခြုံမှုမရှိ၊ သမ္မာတရား စည်းမျဉ်းများကိုလည်း ရှာဖွေရမည်။ ယင်းက စိတ်ချရသောအရာဖြစ်သည်။ ယင်းတို့အား ချုပ်တည်းရန် သမ္မာတရား မရှိလျှင် လူတို့သည် အဆင့်အတန်း၏ အကျိုးကျေးဇူးများအတွက် သူတို့၏ လောဘကို ကျေနပ်စေမည့် အမျိုးစုံသော အကြောင်းပြချက်များနှင့် ဆင်ခြေများပေးလျက် စုံစမ်းသွေးဆောင်မှုသို့ ကျရောက်နိုင်သေးသည်။ ထို့ကြောင့် ခေါင်းဆောင်တစ်ဦးအနေဖြင့် သင်သည် ဤစည်းမျဉ်းတစ်ခုကို စိတ်နှလုံးထဲတွင် လိုက်နာသင့်သည်။ ကျွန်ုပ်သည် အမြဲတမ်းငြင်းဆို၊ အမြဲရှောင်ကြဉ်ပြီး မည်သည့်အထူးအရေးတယူ ဆက်ဆံမှုမျိုးကိုမဆို လုံးဝငြင်းပယ်မည် ဟူ၍ဖြစ်သည်။ အကြွင်းမဲ့ငြင်းဆိုခြင်းသည် မကောင်းမှုကို ရှောင်ကြဉ်ရန် မရှိမဖြစ် လိုအပ်ချက်ဖြစ်သည်။ အကယ်၍ သင်သည် မကောင်းမှုကို ရှောင်ကြဉ်ရန် မရှိမဖြစ် လိုအပ်ချက်ကို ပိုင်ဆိုင်ပါက သင်သည် ဘုရားသခင်၏ အကာအကွယ်အောက်တွင် အတိုင်းအတာတစ်ခုအထိ ရှိနေပြီဖြစ်သည်။ အကယ်၍ သင့်တွင် ထိုကဲ့သို့သော လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများရှိပြီး လိုက်နာပါက သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေပြီး ဘုရားသခင်ကို ကျေနပ်စေပြီးသားဖြစ်သည်။ သင်သည် မှန်ကန်သောလမ်းကြောင်းကို လျှောက်နေပြီဖြစ်သည်။ သင်သည် မှန်ကန်သောလမ်းကို လျှောက်လှမ်းနေပြီး ဘုရားသခင်ကို ကျေနပ်စေပြီးဖြစ်သောအခါ သင်၏အသိတရားအား စမ်းသပ်မှု လိုအပ်နေသေးသလော။ စည်းမျဉ်းများနှင့်အညီ ပြုမူနေထိုင်ခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် အသိတရားစံနှုန်းများထက် ပို၍မြင့်မားသည်။ အကယ်၍ တစ်စုံတစ်ယောက်သည် ပူးပေါင်းလုပ်ဆောင်ရန် စိတ်ပိုင်းဖြတ်ထားပြီး စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်နိုင်လျှင် ဘုရားသခင်အား ကျေနပ်စေပြီဖြစ်သည်။ ဤသည်မှာ လူသားများအား ဘုရားသခင် တောင်းဆိုသည့် စံနှုန်းဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဂုဏ်အဆင့်အတန်း၏ စုံစမ်းသွေးဆောင်ခြင်းနှင့် ချည်နှောင်မှုကို ဖြေရှင်းရန်နည်းလမ်း
ဘုရားသခင်ရှေ့မှောက်သို့ သင် မကြာခဏ လာရမည်၊ သူ၏ နှုတ်ကပတ်တော်များကို စားသောက်ကာ တွေးဆရမည်၊ သူ၏ ပဲ့ပြင်ဆုံးမခြင်းနှင့် လမ်းပြမှုကို လက်ခံပြီး ကျိုးနွံနာခံခြင်း သင်ခန်းစာကို သင်ယူရမည်။ ဤသည်မှာ အလွန် အရေးကြီး၏။ သင့်အတွက် ဘုရားသခင် စီစဉ်ပြီးဖြစ်သည့် ပတ်ဝန်းကျင်များ၊ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ အားလုံးကို ကျိုးနွံနာခံနိုင်ရမည်ဖြစ်ပြီး သင် အတော်လေး နားမလည်နိုင်သည့် ကိစ္စရပ်များနှင့် ပတ်သက်လာသည့်အခါ သမ္မာတရားကို ရှာဖွေရင်း မကြာခဏ သင် ဆုတောင်းရမည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ခြင်းအားဖြင့်သာ ရှေ့ဆက်ရမည့် လမ်းတစ်ခုကို သင် မြင်နိုင်သည်။ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ရှိရမည်။ သင် လုပ်သင့်သည့်အရာကို သေချာစွာနှင့် သတိရှိစွာ လုပ်ဆောင်ပြီး ဘုရားရှေ့မှောက်တွင် သူ့ကို ကျိုးနွံနာခံခြင်း စိတ်နှလုံးဖြင့် အသက်ရှင်လော့။ သူ့ရှေ့မှောက်တွင် မကြာခဏ မိမိကိုယ်ကို ငြိမ်သက်စေကာ အသောက်အစား အပျော်အပါး၌ မွေ့လျော်ခြင်း မရှိနှင့်။ အနည်းဆုံးအနေဖြင့် သင့်ထံ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ ပထမဦးစွာ မိမိကိုယ်ကို တည်ငြိမ်စေပြီးနောက် အမြန်ဆုတောင်းလော့။ ပြီးလျှင် ဆုတောင်းခြင်း၊ ရှာဖွေခြင်းနှင့် စောင့်ဆိုင်းခြင်းအားဖြင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို သိနားလည်လာလော့။ ဤသည်မှာ ဘုရားသခင်ကို ကြောက်ရွံ့သည့် သဘောထားတစ်ခု မဟုတ်လော။ သင်သည် စိတ်နှလုံးတွင် ဘုရားသခင်ကို ကြောက်ရွံ့ကာ ကျိုးနွံနာခံပြီး၊ သူ့ရှေ့မှောက်တွင် မိမိကိုယ်ကို ငြိမ်သက်စေနိုင်ကာ သူ၏ ရည်ရွယ်ချက်များကို သဘောပေါက်နိုင်ပါက ဤသို့ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းမျိုးဖြင့် သင်သည် ကွယ်ကာခံရလိမ့်မည်ဖြစ်ကာ စုံစမ်းသွေးဆောင်ခြင်း ခံရလိမ့်မည် မဟုတ်သကဲ့သို့ အသင်းတော် အလုပ်ကို နှောင့်ယှက်၊ သို့မဟုတ် အဖျက်အမှောင့်လုပ်သည့် မည်သည့်အရာကိုမျှ သင် လုပ်ဆောင်မိလိမ့်မည် မဟုတ်။ သင် ရှင်းလင်းစွာ မမြင်နိုင်သည့် ကိစ္စရပ်များတွင် သမ္မာတရားကို ရှာဖွေလော့။ ကြောင်းကျိုးမမြင်ဘဲ မဝေဖန်နှင့် သို့မဟုတ် မရှုတ်ချနှင့်။ ဤသို့ဖြင့် သင်သည် ဘုရားသခင်၏ ရွံရှာစက်ဆုပ်ခြင်းကို သို့မဟုတ် သူ၏ ပစ်ပစ်ခါခါ ငြင်းခြင်းကို ခံရလိမ့်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ရှိပါက သူ့ကို ပုန်ကန်ပြစ်မှားမိမည်ကို စိုးရွံ့လိမ့်မည်ဖြစ်ကာ စုံစမ်းသွေးဆောင်သည့် တစ်စုံတစ်ရာ သင့်ထံ ကျရောက်သည့်အခါ ဘုရားသခင် ရှေ့မှောက်တွင် ထိတ်လန့်ခြင်းနှင့် စိုးရိမ်ပူပင်ခြင်းဖြင့် အသက်ရှင်လိမ့်မည်ဖြစ်ကာ အရာခပ်သိမ်း၌ သူ့ကို ကျိုးနွံနာခံကာ သူ့ကို စိတ်ကျေနပ်အောင်လုပ်ဖို့ တမ်းတလိမ့်မည်။ သင်သည် ထိုသို့သော လက်တွေ့လုပ်ဆောင်မှုတစ်ခု ရှိပြီး သင့်ကိုယ်သင် ဘုရားသခင် ရှေ့မှောက်တွင် မကြာခဏ ငြိမ်သက်စေကာ သူ့ရှေ့မှောက်သို့ မကြာခဏ လာရင်း ထိုသို့သော အခြေအနေတစ်ခုတွင် မကြာခဏ အသက်ရှင်နိုင်သည့် အချိန်တွင်သာ စုံစမ်းသွေးဆောင်ခြင်းနှင့် ဆိုးယုတ်သော အရာများကို အမှုမဲ့အမှတ်မဲ့ သင် ရှောင်ရှားနိုင်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်အတွက် ကြောက်ရွံ့သော စိတ်နှလုံးမရှိဘဲဖြစ်စေ၊ သူ၏ ရှေ့မှောက်တွင် မရှိသည့် စိတ်နှလုံးဖြင့်ဖြစ်စေ သင် စွမ်းဆောင်နိုင်မည့် မကောင်းမှုအချို့ ရှိ၏။ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုရှိပြီး ထိုအရာကို သင် မချိုးနှိမ်နိုင်သောကြောင့် မကောင်းမှုကို သင် လုပ်နိုင်စွမ်းရှိ၏။ သင်သည် နှောင့်ယှက်ခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်းတစ်ခု ဖြစ်စေသည့်နှင့်အမျှ ထိုသို့သော မကောင်းမှုကို ကျူးလွန်မည်ဆိုပါက အကျိုးဆက်များက မပြင်းထန်ဘဲ ရှိလိမ့်မည်လော။ အနည်းဆုံးအနေဖြင့် သင်သည် ပြုပြင်ခံရလိမ့်မည်ဖြစ်ပြီး သင် လုပ်ဆောင်မိသည့်အရာသည် ဆိုးရွားပါက ဘုရားသခင်သည် သင့်ကို ပစ်ပစ်ခါခါငြင်းလိမ့်မည်။ ပြီးလျှင် သင်သည် အသင်းတော်မှ နှင်ထုတ်ခြင်း ခံရလိမ့်မည်။ သို့ရာတွင် သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံသော စိတ်နှလုံး ရှိပြီး သင်၏ စိတ်နှလုံးသည် မကြာခဏ ဘုရားသခင်၏ ရှေ့မှောက်၌ ငြိမ်သက်နိုင်ပါက၊ ပြီးလျှင် သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ကာ ကြောက်လန့်ပါက သင်သည် မကောင်းမှုများစွာမှ အလွန်ကင်းရှင်းစွာ နေထိုင်နိုင်လိမ့်မည် မဟုတ်လော။ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ကာ “ကျွန်ုပ်သည် ဘုရားသခင်ကို ကြောက်လန့်ပါသည်။ သူ့ကို ပုန်ကန်ပြစ်မှားမိမည်ကို၊ သူ၏ အမှုတော်ကို နှောင့်ယှက်မိပြီး သူ၏ ရွံရှာစက်ဆုပ်မှုအား ဖိတ်ခေါ်မိမည်ကို စိုးရွံ့ပါသည်”ဟု ဆိုပါက ဤသည်မှာ သင့်အတွက် ရှိရမည့် ပုံမှန် သဘောထားနှင့် ပုံမှန် အခြေအနေတစ်ခု မဟုတ်လော။ သင်၏ ကြောက်လန့်မှုကို မည်သည့် အရာက ဖြစ်ပေါ်စေလိမ့်မည်နည်း။ သင်၏ ကြောက်လန့်မှုသည် ဘုရားသခင်အတွက် ကြောက်ရွံ့သော စိတ်နှလုံးတစ်ခုမှ ဖြစ်ပေါ်လိမ့်မည် ဖြစ်သည်။ သင်သည် စိတ်နှလုံးထဲ၌ ဘုရားသခင်ကို ကြောက်လန့်မှု ရှိပါက ဆိုးယုတ်သော အရာများကို မြင်သည့်အခါ ရှောင်ရှားကာ ရှောင်ကြဉ်လိမ့်မည်ဖြစ်ပြီး ထိုသို့ဖြင့် သင် ကွယ်ကာခံရလိမ့်မည်။ ဘုရားသခင်ကို စိတ်နှလုံးတွင် ကြောက်လန့်မှုမရှိဘဲ တစ်စုံတစ်ဦးသည် သူ့ကို ကြောက်ရွံ့နိုင်သလော။ မကောင်းမှုကို ရှောင်ကြဉ်နိုင်သလော။ (မရှောင်ကြဉ်နိုင်ပါ။) ဘုရားသခင်ကို မကြောက်ရွံ့နိုင်သကဲ့သို့ သူ့ကို ကြောက်လန့်ခြင်းမရှိသည့်သူများသည် ရဲတင်းသောလူများ မဟုတ်လော။ ရဲတင်းသောလူများကို ချုပ်ထိန်း၍ ရနိုင်သလော။ (မရပါ။) ပြီးလျှင် မချုပ်တည်းနိုင်သောသူတို့သည် စိတ်ထဲတွင် ဖြစ်ပေါ်သည့် မည်သည့်အရာကိုမဆို တစ်ခဏအတွင်း လုပ်ဆောင်ကြသည် မဟုတ်လော။ မိမိတို့ကိုယ်ပိုင် အလိုဆန္ဒဖြင့်၊ မိမိတို့ စိတ်ထက်သန်မှုဖြင့်၊ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားဖြင့် ၎င်းတို့ ပြုမူဆောင်ရွက်သည့်အခါ လူတို့သည် မည်သည့်အရာများကို လုပ်ဆောင်ကြသနည်း။ ဘုရားသခင်က ထိုအရာများကို မြင်သည့်အတိုင်းဆိုပါက ထိုအရာများသည် ဆိုးယုတ်သော အရာများ ဖြစ်၏။ ထို့ကြောင့် လူသားအတွက် စိတ်နှလုံးတွင် ဘုရားသခင်ကို ကြောက်လန့်မှု ရှိခြင်းသည် ကောင်းမွန်သည့် အရာတစ်ခုဖြစ်သည်ကို သင် ရှင်းလင်းစွာ မြင်ရမည်။ ထိုသို့ဖြင့် အကြင်သူသည် ဘုရားသခင်ကို ကြောက်ရွံ့လာနိုင်သည်။ အကြင်သူသည် မိမိစိတ်နှလုံးတွင် ဘုရားသခင် ရှိပြီး ဘုရားသခင်ကို ကြောက်ရွံ့နိုင်သည့်အခါ ဆိုးယုတ်သည့် အရာများမှ အလွန် ကင်းရှင်းစွာ နေထိုင်နိုင်လိမ့်မည်။ ထိုသို့သောလူများသည် ကယ်တင်ခံရမည့် မျှော်လင့်ချက်တစ်ခုရှိသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းဖြင့်သာ ကယ်တင်ခြင်းလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်သည်
လူနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ စွဲမြဲသော ထောက်ပံ့ခြင်းနှင့် ချီးမြှောက်ခြင်း အမှုအတောအတွင်းတွင်၊ ဘုရားသခင်သည် သူ၏ရည်ရွယ်ချက်များနှင့် သတ်မှတ်ချက်များ အလုံးစုံကို လူသားထံ ပြောပြပြီး သူ၏ လုပ်ဆောင်ချက်များ၊ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့ကို လူသားထံ ပြသလေသည်။ ရည်မှန်းချက်မှာ လူသားကို ဝိညာဉ်ရင့်ကျက်မှုဖြင့် အသင့်ပြင်ဆင် ပေးရန်နှင့် လူသားသည် ဘုရားသခင်၏ နောက်လိုက်နေစဉ် သူ့ထံမှ အမျိုးမျိုးသော သမ္မာတရားများကို၊ စာတန်ကို တိုက်ခိုက်ရန် လူသားကို ဘုရားသခင်က ပေးထားသည့် လက်နက်များဖြစ်သည့် သမ္မာတရားများကို ရရှိစေရန်ဖြစ်သည်။ ထိုသို့ဖြင့် အသင့်ပြင်ဆင်လျက်၊ လူသားသည် ဘုရားသခင်၏ စစ်ဆေးမှုများကို ရင်ဆိုင်ရမည် ဖြစ်သည်။ လူသားကို စစ်ဆေးရန် ဘုရားသခင်၌ နည်းလမ်းများနှင့် လမ်းကြောင်းများစွာ ရှိသော်လည်း၊ ထိုအရာများ တစ်ခုစီတိုင်းသည် ဘုရားသခင်၏ ရန်သူဖြစ်သော စာတန်၏ “ပူးပေါင်းဆောင်ရွက်မှု” ကို လိုအပ်သည်။ ဆိုလိုသည်မှာ၊ စာတန်နှင့် တိုက်ရန် လက်နက်များကို လူသားအား ပေးပြီးလျက်၊ ဘုရားသခင်သည် လူသားကို စာတန်ထံ လွှဲအပ်လိုက်ပြီး စာတန်အား လူသား၏ ဝိညာဉ်ရင့်ကျက်မှုကို “စစ်ဆေး” ခွင့်ပေးလေသည်။ အကယ်၍ လူသားသည် စာတန်၏ တိုက်ပွဲဆင်သည့် ပုံစံများထဲမှ ထိုးဖောက်နိုင်ပါက၊ သူသည် စာတန်၏ ဝန်းရံခြင်းမှ လွတ်မြောက်ပြီး အသက်ရှင်နိုင်ဆဲဖြစ်ပါက၊ လူသားသည် စစ်ဆေးမှုကို အောင်မြင် လိမ့်မည် ဖြစ်သည်။ သို့သော်လည်း အကယ်၍ လူသားသည် စာတန်၏ တိုက်ပွဲဆင်သည့် ပုံစံများထဲကို မစွန့်နိုင်သကဲ့သို့၊ စာတန်ကို အလျှော့ပေးပါက၊ သူသည် စစ်ဆေးမှုကို အောင်မြင်မည် မဟုတ်ပေ။ လူသား၏ မည်သည့် ရှုထောင့်ကို ဘုရားသခင် စစ်ဆေးသည်ဖြစ်စေ သူ၏ စစ်ဆေးခြင်း စံသတ်မှတ်ချက်များမှာ လူသားသည် စာတန်၏ တိုက်ခိုက်ခြင်းကို ခံရသည့်အချိန်တွင် သူ၏ သက်သေခံချက်၌ မြဲမြံစွာ ရပ်တည်နိုင်ခြင်း ရှိ မရှိဆိုသည်နှင့် သူသည် စာတန်၏ ကျော့ကွင်း၌ မိနေစဉ် ဘုရားသခင်ကို စွန့်ပယ်ပြီး စာတန်ထံ အရှုံးပေးအညံ့ခံခြင်း ရှိ မရှိ ဆိုသည်တို့ ဖြစ်သည်။ လူသားသည် ကယ်တင်ခံရနိုင်ခြင်း ရှိမရှိဆိုသည်မှာ သူသည် စာတန်ကို အောင်နိုင်ကာ အနိုင်ယူနိုင်ခြင်း ရှိ မရှိဆိုသည့်အပေါ် မူတည်ပြီး သူသည် လွတ်လပ်မှုကို ရနိုင်ခြင်း ရှိ မရှိဆိုသည်မှာ သူသည် စာတန်အား မျှော်လင့်ချက် လုံးလုံးလျားလျား စွန့်လွှတ်စေပြီး သူ့ကို အသာထားစေလျက်၊ စာတန်၏ ချုပ်နှောင်မှုကို ကျော်လွှားရန် ဘုရားသခင် သူ့အား ပေးထားသော လက်နက်များကို သူကိုယ်တိုင် မနိုင်စွမ်း ရှိ မရှိဆိုသည့်အပေါ် မူတည်သည်ဟု ဆိုကောင်း ဆိုနိုင်ပေသည်။ အကယ်၍ စာတန်သည် မျှော်လင့်ချက်ကို စွန့်လွှတ်ပြီး တစ်စုံတစ်ဦးအား လက်လျှော့ပါက၊ ဤသည်မှာ စာတန်သည် ဤလူအား ဘုရားသခင်ထံမှယူရန် မည်သည့်အခါမျှ တစ်ဖန် ကြိုးစားမည် မဟုတ်၊ ဤလူနှင့်ပတ်သက်၍ မည်သည့်အခါမျှ တစ်ဖန်စွပ်စွဲမည်မဟုတ်သကဲ့သို့ နှောင့်ယှက်မည် မဟုတ်၊ ၎င်းတို့အား မည်သည့်အခါမျှ တစ်ဖန် အကြောင်းမဲ့ ညှဉ်းဆဲမည် မဟုတ်၊ သို့မဟုတ် တိုက်ခိုက်မည် မဟုတ်သည်ကို ဆိုလိုပေသည်။ ဤသို့သော လူတစ်စုံတစ်ဦးသည်သာ ဘုရားသခင်၏ ရယူခြင်းကို အမှန်တကယ် ခံရပြီးဖြစ်လိမ့်မည်။ ဤသည်မှာ ဘုရားသခင်သည် လူတို့အား ရယူသည့် ဖြစ်စဉ်တစ်ခုလုံး ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)
ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ
အရာရာ၌ ဘုရားကို သင်သက်သေခံရမည်ကျူး
စာတန်ကို လုံးလုံးအနိုင်ရသူတို့ကိုသာ ဘုရားရယူလိမ့်မည်ကျူး