၂၂။ ရှင်ခြင်းနှင့် သေခြင်းကို ရှုမြင်နည်း
ကျမ်းစာထဲမှ ဘုရားနှုတ်ကပတ်တော်များ
“ကိုယ်ခန္ဓာကိုသာ သတ်၍ စိတ်ဝိညာဉ်ကို မသတ်နိုင်သော သူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ်ကို ငရဲ၌ ဖျက်ဆီးနိုင်သောသူကို သာ၍ ကြောက်ကြလော့။” (ရှင်မဿဲခရစ်ဝင် ၁၀:၂၈)
“မိမိအသက်ကို တွေ့သောသူသည် အသက်ရှုံးလိမ့်မည်။ ငါ့ကြောင့် မိမိအသက်ရှုံးသောသူမူကား အသက်ကို တွေ့လိမ့်မည်။” (င်မဿဲခရစ်ဝင် ၁၀:၃၉)
“သူတို့သည် သိုးသငယ်၏ အသွေးအားဖြင့်၎င်း၊ မိမိတို့သက်သေခံချက် နှုတ်ကပတ်တရားအားဖြင့်၎င်း အောင်မြင်၍၊ အသေခံသည်တိုင်အောင် ကိုယ်အသက်ကို မနှမြောကြ။” (ဗျာဒိတ်ကျမ်း ၁၂:၁၁)
နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ
စကြဝဠာနှင့် အာကာသ၏ ကျယ်ပြောမှုထဲတွင်၊ မရေမတွက်နိုင်သော သတ္တဝါများ နေထိုင်ပြီး မျိုးပွားကြသည်၊ ဘဝနိယာမ၏ မဆုံးသော သံသရာကို လိုက်လျှောက်ကာ ပုံသေစည်းမျဉ်းတစ်ရပ်ကို လိုက်နာစောင့်ထိန်းကြသည်။ သေသူများသည် ရှင်သူများ၏ ဇာတ်လမ်းများကို ၎င်းတို့နှင့်အတူ ယူဆောင်သွားကြပြီး ရှင်နေသူများသည် သေဆုံးပြီးသောသူများ၏ အလားတူ ဝမ်းနည်းဖွယ်ရာ သမိုင်းကို တစ်ဖန်ပြန်လုပ်ကြသည်။ ထို့ကြောင့် လူသားမျိုးနွယ်သည် မိမိကိုယ်ကို- ငါတို့သည် အဘယ်ကြောင့် အသက်ရှင်ကြသနည်း။ အဘယ်ကြောင့် သေကြရသနည်း။ ဤကမ္ဘာလောကကို မည်သူ ကွပ်ကဲ အုပ်ချုပ်သနည်း။ ဤလူသားမျိုးနွယ်ကို မည်သူ ဖန်ဆင်းခဲ့သနည်း။ လူသားမျိုးနွယ်ကို သဘာဝတရားမိခင်က အမှန်တကယ် ဖန်ဆင်းခဲ့သလော။ လူသားမျိုးနွယ်သည် မိမိ၏ကံကြမ္မာကို အမှန်တကယ် ထိန်းချုပ်သလော...ဟု မမေးဘဲ မနေနိုင်ပေ။ နှစ်ပေါင်းထောင်ပေါင်းများစွာကြာ လူသားမျိုးနွယ်က မရပ်မနား မေးကြပြီးဖြစ်သည့် မေးခွန်းများ ရှိလေသည်။ အကြောင်းအပေါင်း မသင့်၍၊ လူသားမျိုးနွယ်သည် ဤမေးခွန်းများကို သာ၍ စွဲလမ်းလာလေလေ၊ သိပ္ပံပညာကို ဆာငတ်မှုတစ်ခု သာ၍ဖြစ်ပေါ်လေ ဖြစ်သည်။ သိပ္ပံပညာသည် ခဏတာ ကျေနပ်အားရခြင်းနှင့် အသွေးအသား၏ ယာယီပျော်ရွှင်မှုကို ပေးသော်လည်း၊ လူသားကို အဖော်မဲ့ခြင်း၊ အထီးကျန်ခြင်းနှင့် သူ၏ စိတ်ဝိညာဉ်အတွင်းနက်နက်ရှိ မလုံ့တလုံဖြစ်နေသော ကြောက်ရွံ့မှုနှင့် အကူအညီမဲ့နေခြင်းတို့မှ လွတ်မြောက်စေဖို့ လုံလောက်ရန် ဝေးပါသေးသည်။ လူသားမျိုးနွယ်သည် ပကတိမျက်လုံးဖြင့် မြင်နိုင်ပြီး သူ၏ ဦးနှောက်ဖြင့် နားလည်နိုင်သည့် သိပ္ပံပညာအသိကို မိမိ၏နှလုံးသားအား ထုံစေရန်အလို့ငှာ သုံးရုံမျှ အသုံးပြုလေသည်။ သို့ရာတွင် ထိုသို့သော သိပ္ပံပညာအသိသည် လူသားမျိုးနွယ်အား နက်နဲမှုများကို စူးစမ်းလေ့လာခြင်းမှ ရပ်တန့်စေဖို့ မလုံလောက်ပေ။ လူသားမျိုးနွယ်သည် လူသားမျိုးနွယ်၏အစနှင့် အနာဂတ်တို့ကို မဆိုထားနှင့်၊ စကြဝဠာနှင့် အရာခပ်သိမ်း၏ အချုပ်အခြာ အာဏာရှင် မည်သူဖြစ်သည်ကိုပင် တကယ်ကို မသိပေ။ လူသားမျိုးနွယ်သည် ဤနိယာမအလယ်တွင် မတတ်သာ၍သာ အသက်ရှင်ရုံမျှ ရှင်လေသည်။ အရာခပ်သိမ်းအလယ်နှင့် ကောင်းကင်တွင် ကမ္ဘာအဆက်ဆက် အရာရာတိုင်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသောသူ တစ်ဦးသာ ရှိသည့်အတွက်၊ မည်သူမျှ ယင်းကို မလွတ်မြောက်နိုင်သကဲ့သို့ မည်သူမျှ မပြောင်းလဲနိုင်ပေ။ သူသည် လူသားက မည်သည့်အခါမျှ မရှုမြင်ဖူးသောသူ၊ လူသားမျိုးနွယ်က မည်သည့်အခါမျှ မသိဖူးသူ၊ ၎င်းတည်ရှိခြင်းကို လူသားမျိုးနွယ်က မည်သည့်အခါမျှ မယုံကြည်ဖူးသူ ဖြစ်သည်။ သို့ရာတွင် သူသည် လူသားမျိုးနွယ်၏ ဘိုးဘေးများအထဲ ဇီဝအသက်ကို မှုတ်သွင်းခဲ့ပြီး လူသားမျိုးနွယ်ကို အသက်ပေးခဲ့သူဖြစ်သည်။ သူသည် လူသားမျိုးနွယ်ကို တည်ရှိခွင့်ပေးလျက်၊ ထောက်ပံ့ကာ အားဖြည့်ပေးသူ ဖြစ်ပြီး၊ သူသည် လူသားမျိုးနွယ်ကို မျက်မှောက်ခေတ်အထိ လမ်းပြပြီးသူ ဖြစ်သည်။ ထို့အပြင် သူတစ်ပါးတည်းသာ လူသားမျိုးနွယ်က ရှင်သန်နေခြင်းအတွက် အားထားသည့်သူ ဖြစ်သည်။ သူသည် အရာခပ်သိမ်းအပေါ် အချုပ်အခြာ အာဏာ စွဲကိုင်ပြီး၊ စကြဝဠာထဲရှိ သက်ရှိသတ္တဝါအားလုံးကို အုပ်စိုးလေသည်။ သူသည် ရာသီလေးပါးကို ကွပ်ကဲအုပ်ချုပ်ပြီး လေ၊ ဆီးနှင်းခဲ၊ နှင်းနှင့် မိုးတို့ကို ခေါ်သောသူမှာ သူဖြစ်သည်။ သူသည် လူသားမျိုးနွယ်ထံ နေရောင် ဆောင်ကြဉ်းပေးပြီး၊ ညကို ဖွင့်လှစ် ပေးလေသည်။ သူသည် လူတို့အတွက် တောင်များ၊ ရေကန်များ၊ မြစ်များနှင့် ၎င်းတို့အတွင်းရှိ သက်ရှိအားလုံးကို ထောက်ပံ့ပေးရင်း၊ ကောင်းကင်နှင့် မြေကြီးကို ခင်းကျင်းသူ ဖြစ်သည်။ သူ၏ လုပ်ဆောင်ချက်များသည် နေရာတိုင်းတွင်ရှိ၏၊ သူ၏တန်ခိုးသည် နေရာတိုင်းတွင် ရှိ၏၊ သူ၏ ဉာဏ်ပညာသည် နေရာတိုင်းတွင်ရှိပြီး၊ သူ၏ ဩဇာအာဏာသည် နေရာတိုင်းတွင်ရှိ၏။ ဤနိယာမနှင့် စည်းမျဉ်းအသီးသီးသည် သူ၏ လုပ်ဆောင်ချက်များ၏ ပြယုဂ်ဖြစ်ပြီး အသီးသီးသည် သူ၏ဉာဏ်ပညာနှင့် အာဏာတို့ကို ထုတ်ဖော်ပြသည်။ အဘယ်သူသည် သူ၏ အချုပ်အခြာအာဏာမှ ကင်းလွတ်နိုင်သနည်း။ ပြီးလျှင် အဘယ်သူသည် သူ၏ စီစဉ်မှုများမှ ကင်းလွတ်နိုင်သနည်း။ သူ၏အကြည့်အောက်တွင် အရာခပ်သိမ်းတည်ရှိပြီး၊ ထို့အပြင် အရာခပ်သိမ်းသည် သူ၏ အချုပ်အခြာအာဏာ အောက်တွင် အသက်ရှင်လေသည်။ သူ၏ လုပ်ဆောင်ချက်များနှင့် တန်ခိုးတို့က လူသားမျိုးနွယ်အား သူသည် အမှန်တကယ် တည်ရှိပြီး အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်သည်ကို အသိအမှတ်ပြုရုံကလွဲ၍ အခြား ရွေးချယ်စရာမရှိဘဲ ဖြစ်ရစ်စေလေသည်။ သူမှလွဲ၍ မည်သည့်အရာမျှ ဤလူသားမျိုးနွယ်ကို မပြီးနိုင်မဆုံးနိုင် ထောက်ပံ့ပေးဖို့ မဆိုထားနှင့်၊ စကြဝဠာကိုပင် မကွပ်ကဲမအုပ်ချုပ်နိုင်ပေ။ သင်သည် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သတိပြုနိုင်သည်ဖြစ်စေ၊ သတိမပြုနိုင်သည် ဖြစ်စေ၊ ပြီးလျှင် သင်သည် ဘုရားသခင်၏ တည်ရှိခြင်းကို ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ သင်၏ ကံကြမ္မာကို ဘုရားသခင် ပိုင်းဖြတ်သည်မှာ သေချာပြီး၊ ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ အမြဲ စွဲကိုင်ထားမည်မှာ သေချာပေသည်။ သူ၏ တည်ရှိခြင်းနှင့် ဩဇာအာဏာတို့သည် လူသား၏ သတိပြုခံရကာ နားလည်ခြင်း ရှိမရှိဆိုသည့်အပေါ် အခြေမခံပေ။ သူသာလျှင် လူသား၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တို့ကို သိပြီး၊ သူသာလျှင် လူသားမျိုးနွယ်၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်သည်။ ဤအချက်ကို သင်လက်ခံနိုင်သည်ဖြစ်စေ၊ လက်မခံနိုင်သည်ဖြစ်စေ ဤအရာအားလုံးကို လူသားမျိုးနွယ်က မိမိ၏မျက်စိဖြင့် မျက်မြင်ကြုံရမည့် အချိန်သည် ကြာမြင့်လိမ့်မည်မဟုတ်သကဲ့သို့၊ ဤသည်မှာ ဘုရားသခင်က မကြာမီ ကျရောက်စေမည့်အချက် ဖြစ်သည်။ ဘုရားသခင်၏ မျက်စိအောက်တွင် လူသားမျိုးနွယ်သည် အသက်ရှင်ကာ သေဆုံးကြရသည်။ လူသားသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွက် အသက်ရှင်ဖြစ်ပြီး နောက်ဆုံးအကြိမ် ၎င်းတို့မျက်စိမှိတ်သည့်အခါသည်လည်း ဤစီမံခန့်ခွဲမှု အတွက်ပင် ၎င်းတို့ မှိတ်ကြခြင်း ဖြစ်သည်။ လူသားသည် ထပ်ခါတလဲလဲ ခေါက်တုံ့ခေါက်ပြန် သွားလိုက်လာလိုက် ဖြစ်သည်။ ထိုအရာအားလုံးမှာ ခြွင်းချက်မရှိ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် သူ၏ အကြံအစည်တို့၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၃)- ဘုရားသခင်၏ စီမံခန့်ခွဲမှုအလယ်၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်
လူတစ်ယောက်၏ မွေးဖွားခြင်းက ထိုလူ၏ ယခင်ဘဝအားဖြင့် လျာထားပြီးဖြစ်သည်ဆိုပါက သူ့သေခြင်းက ထိုကံတရား၏ အဆုံးသတ်အတွက် အမှတ်သညာဖြစ်သည်။ လူတစ်ယောက်၏ မွေးဖွားခြင်းက ဤဘဝတွင် ထိုလူ၏ အထူးတာဝန်အစဖြစ်လျှင် သူ့သေခြင်းက ထိုတာဝန်၏ အဆုံးသတ်အတွက် အမှတ်သညာဖြစ်၏။ ဖန်ဆင်းရှင်သည် လူတစ်ယောက်ချင်းစီ၏ မွေးဖွားခြင်းအတွက် ပုံသေဖြစ်သည့် အခြေအနေများ သတ်မှတ်ပြီးဖြစ်သည့်အတွက် သူ့၏သေခြင်း အတွက်လည်း ပုံသေဖြစ်သည့် အခြေအနေများကို စီစဉ်ပြီးဖြစ်သည်မှာ သေချာပေသည်။ တစ်နည်းပြောရလျှင် မည်သူမျှ မတော်တဆ မွေးဖွားလာခြင်းမဟုတ်၊ မည်သူ၏ သေဆုံးခြင်းကမျှ ရုတ်တရက်ဖြစ်ခြင်း မဟုတ်သကဲ့သို့ မွေးဖွားခြင်းနှင့် သေဆုံးခြင်းနှစ်ခုလုံးက ယခင်ဘဝနှင့် လက်ရှိဘဝများနှင့် သေချာပေါက် ဆက်စပ်နေပေသည်။ လူတစ်ယောက်၏ မွေးဖွားခြင်းနှင့် သက်ဆိုင်သည့် အခြေအနေများသည် မည်သည့်အရာနှင့်တူသည်၊ ပြီးလျှင် သေဆုံးခြင်းနှင့်သက်ဆိုင်သည့် အခြေအနေများက မည်သည့်အရာဖြစ်သည်တို့သည် ဖန်ဆင်းရှင်၏ ကြိုတင်ပြဋ္ဌာန်းချက်များနှင့် ဆက်နွှယ်နေသည်။ ဤသည်မှာ လူတစ်ယောက်၏ ကံတရား၊ လူတစ်ယောက်၏ ကံကြမ္မာဖြစ်သည်။ လူတစ်ယောက်၏ မွေးဖွားမှုအတွက် ရှင်းပြချက်များစွာ ရှိသည့်အတွက် လူတစ်ယောက်၏ သေခြင်းအတွက် မျိုးစုံသော ထူးခြားသည့် အခြေအနေများလည်း သေချာပေါက် ရှိရမည် ဖြစ်သည်။ ဤသို့ဖြင့် လူသားမျိုးနွယ်ထဲတွင် ၎င်းတို့၏ သေခြင်းတရားနှင့်ဆိုင်သော ခြားနားသည့် သက်တမ်းများ၊ ကွဲပြားသည့် နည်းလမ်းများနှင့် အချိန်များ ဖြစ်ပေါ်လာသည်။ လူအချို့က ကျန်းမာသန်စွမ်းသည့်တိုင် ငယ်ငယ်ရွယ်ရွယ်ဖြင့် သေဆုံးကြသည်။ အချို့က အားနည်းပြီး ဖျားနာသည့်တိုင် အသက်ကြီးသည့်အထိ အသက်ရှင်ကြပြီး ငြိမ်းငြိမ်းချမ်းချမ်းနှင့် သေဆုံးကြသည်။ အချို့မှာ သဘာဝမဟုတ်သည့် အကြောင်းများကြောင့်သေဆုံးပြီး အခြားသူများက သဘာဝအလျောက် သေဆုံးကြသည်။ အချို့က မိမိအိမ်နှင့် အဝေးတွင် သေဆုံးကြသည်။ အခြားလူတို့က မိမိတို့၏ နံဘေးတွင် ချစ်ရသူများဖြင့်နေလျက် အပြီးအပိုင် မျက်လုံးမှိတ်သွားကြသည်။ တချို့လူတို့က လေထဲတွင် သေဆုံးကြသည်။ အခြားသူတို့က ကမ္ဘာမြေကြီးအောက်တွင် သေဆုံးကြသည်။ အချို့က ရေထဲတွင် နစ်မြုပ်သည်။ အချို့က ကပ်ဘေးများထဲတွင် သေဆုံးသွားကြသည်။ အချို့က မနက်တွင်သေသည်။ အချို့က ညတွင်သေသည်။...လူတိုင်းက ကျော်ကြားစွာ မွေးဖွားချင်ကြသည်။ ထူးချွန်ပြောင်မြောက်သော ဘဝနှင့် ကြီးကျယ်ခမ်းနားသည့် သေခြင်းမျိုးကို လိုချင်ကြသည်။ သို့သော်လည်း မည်သူမျှ ၎င်းတို့၏ ကိုယ်ပိုင်ကံတရားကို မကျော်လွန်နိုင်ပေ။ မည်သူကမျှ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာမှ မလွတ်မြောက်နိုင်ပေ။ ဤကား လူသား၏ ကံကြမ္မာပေတည်း။ လူတို့သည် သူ့အနာဂတ်အတွက် အစီအစဉ်အမျိုးစုံ ချမှတ်နိုင်သည်။ သို့သော်လည်း မည်သူကမျှ ၎င်းတို့ မွေးဖွားသည့် ပုံစံကိုဖြစ်စေ၊ လောကကြီးမှ ထွက်ခွာသွားသည့် ပုံစံနှင့်အချိန်တို့ကိုဖြစ်စေ အသေးစိတ် စီမံချက်ရေးဆွဲနိုင်ခြင်း မရှိပေ။ လူတို့က သေခြင်းရောက်လာခြင်းကို ရှောင်ရှားပြီး ခုခံဖို့ အစွမ်းကုန် လုပ်ဆောင်ကြသော်လည်း ၎င်းတို့မသိရဘဲ သေခြင်းသည် တိတ်တဆိတ်နှင့် နီးကပ်လာဆဲဖြစ်သည်။ ၎င်းတို့ မည်သည့်အချိန်သေမည်ကိုဖြစ်စေ၊ မည်သို့သေမည်ကိုဖြစ်စေ မည်သူမျှ မသိကြဘဲ ယင်းက မည်သည့်နေရာတွင် ဖြစ်ပျက်မည်ဆိုသည်ကို သာ၍ပင် မသိပေ။ သိသာထင်ရှားစွာပင် သေခြင်းနှင့်ရှင်ခြင်းအပေါ် အထွတ်အထိပ် အာဏာကိုင်စွဲထားသည်မှာ လူသားမဟုတ်သကဲ့သို့ သဘာဝလောကထဲမှ သတ္တဝါတစ်ကောင်ကောင်လည်းမဟုတ်ဘဲ အတုမရှိ သြဇာအာဏာ ပိုင်ဆိုင်သည့် ဖန်ဆင်းရှင် ဖြစ်ပေသည်။ လူသားမျိုးနွယ်၏ ရှင်ရေးနှင့် သေရေးတို့သည် သဘာဝလောက၏ နိယာမတစ်ခုခု၏ ရလဒ်မဟုတ်ဘဲ ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့်ဆိုင်သော အချုပ်အခြာအာဏာ၏ အကျိုးဆက်တစ်ရပ် ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)
သေခြင်းနှင့် နီးကပ်လာလေ၊ ဘဝက အမှန်တကယ် မည်သည့်အရာဖြစ်သည်ကို ပိုပြီး နားလည်ချင် လာလေဖြစ်၏၊ သေခြင်းနှင့် နီးကပ်လာလေ၊ နှလုံးသားက ဗလာနတ္တိ ထင်ရလေဖြစ်သည်၊ သေခြင်းနှင့် နီးကပ်လာလေ၊ အကူအညီမဲ့သကဲ့သို့ ပိုပြီး ခံစားရလေ ဖြစ်သည်။ ထို့ကြောင့် သေခြင်းကို ကြောက်ရွံ့မှုသည် တစ်နေ့ပြီးတစ်နေ့ ပိုမိုကြီးမား လာလေသည်။ လူတို့သည် သေခြင်းနှင့် နီးကပ်လာသည်နှင့်အမျှ ၎င်းတို့အထဲ ထိုသို့သော ခံစားချက်များ ထင်ရှားလာရခြင်း အကြောင်းရင်း နှစ်ခု ရှိပေသည်။ ပထမအချက်က ၎င်းတို့၏ ဘဝများ အမှီပြုခဲ့သည့် ကျော်ကြားခြင်းနှင့် ချမ်းသာခြင်းတို့ကို ၎င်းတို့ ဆုံးရှုံးရတော့မည်။ လောကမှာ မြင်နိုင်သည့် အရာများ အားလုံးကို ထားခဲ့ရတော့မည်ဖြစ်သည်။ ဒုတိယအချက်က သူတို့ ခြေချဖို့ ကြောက်ရွံ့သည့်နေရာ၊ ချစ်ခင်ရသည့်သူများနှင့် ကူညီ ထောက်ပံ့မှုများ မရှိသည့်နေရာဖြစ်သည့် သူတို့နှင့် မရင်းနှီးသည့်လောက၊ ဆန်းကြယ်ပြီး မသိမြင်နိုင်သည့် နယ်ပယ်တစ်ခုကို တစ်ယောက်တည်း ရင်ဆိုင်ရတော့မည် ဖြစ်ပေသည်။ ဤအကြောင်းရင်း နှစ်ချက်ကြောင့် သေခြင်းကို ရင်ဆိုင် ရသူတိုင်းသည် စိတ်မသက်သာမှုကို ခံစားရသည်။ ယခင်က တစ်ခါမှ မသိဖူးသည့် ထိတ်လန့်မှုနှင့် အကူအညီမဲ့သည့် ခံစားမှုကို ကြုံတွေ့ကြရသည်။ တစ်စုံတစ်ဦးသည် ဤအခြေအနေသို့ အမှန်တကယ် ရောက်လာသည့်အခါမှသာ လူတစ်ယောက် ဤကမ္ဘာထဲသို့ ဝင်ရောက်သည့်အခါတွင် လူသားများသည် မည်သည့်နေရာမှ လာသည်ကိုလည်းကောင်း၊ အဘယ်ကြောင့် လူများ အသက်ရှင်နေကြသည်ကိုလည်းကောင်း၊ လူသားကံကြမ္မာအပေါ် မည်သူက အချုပ်အခြာအာဏာ ကိုင်စွဲသည်ကိုလည်းကောင်း၊ လူသားတို့ တည်ရှိခြင်းအတွက် အဘယ်သူ ပံ့ပိုးပြီး ယင်းအပေါ် အဘယ်သူက အချုပ်အခြာအာဏာ ကိုင်စွဲသည်ဟူသည်ကိုလည်းကောင်း ဦးစွာ နားလည်ရမည်။ ဤနားလည်မှုသည် လူတစ်ဦး အသက်ရှင်သည့် အရင်းအနှီး ဖြစ်ပြီး လူတစ်ဦး၏ ရှင်သန်ရေးအတွက် မဖြစ်မနေ လိုအပ်သည့် အခြေခံဖြစ်လေသည်။ အခြားသူများထက်သာအောင် မည်သို့လုပ်ရမည် သို့မဟုတ် ပြိုင်ဆိုင်မှု အမျိုးစုံတွင် မည်သို့အေးအေးဆေးဆေး ပြိုင်ဆိုင်ရမည်ကို သင်ယူဖို့ မဆိုထားနှင့်၊ မိသားစုကို မည်သို့ထောက်ပံ့ရမည်ကိုဖြစ်စေ၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို မည်သို့ လိုက်စားရမည်ကိုဖြစ်စေ၊ အုပ်စုတစ်စုထဲတွင် အခြားသူများထက် မည်သို့သာအောင် လုပ်ရမည်ကိုဖြစ်စေ၊ ပို၍ ချမ်းသာကြွယ်ဝသောဘဝကို မည်သို့အသက်ရှင်နေထိုင်ရမည်ကိုဖြစ်စေ ဦးစွာ မသင်ယူသင့်ပေ။ လူတို့အနေဖြင့် ၎င်းတို့၏ ဘဝများကို အသုံးချပြီး ကျွမ်းကျင်ပိုင်နိုင်အောင် သင်ယူခဲ့သည့် ရှင်သန်ရေး ကျွမ်းကျင်မှု အမျိုးမျိုးတို့က အလျှံပယ်သော ရုပ်ဝတ္ထုဆိုင်ရာ စည်းစိမ်များ ပိုင်ဆိုင်ရန် ၎င်းတို့အား ထောက်ကူပေးသော်လည်း ထိုကျွမ်းကျင်မှုများသည် ၎င်းတို့၏ စိတ်နှလုံးများထဲသို့ စစ်မှန်သော နှစ်သိမ့်မှုနှင့် တည်ငြိမ်ခြင်းတို့ကို ဘယ်သောအခါမှ မဆောင်ကြဉ်းပေ။ ယင်းအစား လူတို့ကို စဉ်ဆက်မပြတ် ၎င်းတို့၏ ဦးတည်ချက်များ ပျောက်ဆုံးစေသည်။ ၎င်းတို့ကိုယ်၎င်းတို့ ထိန်းချုပ်ဖို့ ခက်ခဲစေသကဲ့သို့ ဘဝ၏အဓိပ္ပါယ်ကို သင်ယူဖို့ အခွင့်အလမ်းတို့ကို တစ်ခုပြီးတစ်ခု လွဲချော်စေလေသည်။ ပြီးလျှင် ယင်းတို့က သေခြင်းတရားကို မည်သို့ မှန်ကန်စွာ ရင်ဆိုင်ရမည်နှင့်ပတ်သက်၍ လူတို့ထံ အုံ့ပုန်းပူဆွေးသောကတစ်ခုကို ဖြစ်ပေါ်စေသည်။ ဤသို့ဖြင့် လူတို့၏ ဘဝများ ပျက်စီးရလေသည်။ ဖန်ဆင်းရှင်က သူ၏ အချုပ်အခြာအာဏာကို ကြုံတွေ့ပြီး သိရှိဖို့ လူတိုင်းကို တစ်ဘဝလုံးစာ ထိုက်တန်သည့် အခွင့်အလမ်းများပေးပြီး လူတိုင်းကို မျှတစွာ ပြုမူဆက်ဆံသည်။ သို့တိုင် တစ်ဦးတစ်ယောက်သည် အလင်းကို စမြင်လာသည်မှာ သေခြင်းက နီးကပ်လာသည့် အခါမှသာ၊ သေခြင်း၏ ခြောက်လှန့်မှုက ဘွားခနဲ ပေါ်လာသည့်အခါမှသာ ဖြစ်သည်။ ထိုအခါ အလွန်နောက်ကျသွားပြီဖြစ်သည်။
လူတို့သည် ငွေနှင့် ကျော်စောမှုနောက်လိုက်ရင်း မိမိတို့၏ ဘဝကို ကုန်ဆုံးကြသည်။ ၎င်းတို့သည် ထိုအရာများက ၎င်းတို့၏ တစ်ခုတည်းသော အထောက်အပံ့ နည်းလမ်းဟု တွေးထင်ရင်း၊ ထိုအရာများကို ရှိခြင်းအားဖြင့် ၎င်းတို့ အသက်ဆက်ရှင် နိုင်သည့်အလား၊ သေခြင်းမှ လွတ်ကင်းစေနိုင်မည့်အလား ဤကောက်ရိုးမျှင်များကို ဖမ်းဆုပ်ထားကြလေသည်။ သို့သော် သူတို့သည် သေရတော့မည်အချိန်မှသာ ဤအရာများသည် သူတို့ထံမှ မည်မျှဝေးကွာသည်၊ သေခြင်းနှင့် ရင်ဆိုင်ရာ၌ ၎င်းတို့မည်မျှ အားနည်းသည်၊ ၎င်းတို့ မည်မျှလွယ်လွယ် ကျိုးပဲ့ကြေမွသည်၊ ဘယ်ကိုမှ သွားစရာမရှိဘဲ ၎င်းတို့ မည်မျှ အထီးကျန်ပြီး အကူအညီမဲ့နေသည်ကို နားလည်သဘောပေါက် ကြသည်။ ဘဝသည် ငွေ သို့မဟုတ် ကျော်စောမှုတို့ဖြင့် ဝယ်၍မရနိုင်ကြောင်း၊ လူတစ်ယောက်သည် မည်မျှ ချမ်းသာ ကြွယ်ဝပါစေ၊ ၎င်းတို့၏ အဆင့်အတန်းက မည်မျှ မြင့်မားပါစေ လူအားလုံးသည် သေခြင်းနှင့် ရင်ဆိုင်ရာ၌ ညီတူညီမျှ သနားစရာကောင်းပြီး အရေးမပါကြောင်းတို့ကို သူတို့ နားလည်သဘောပေါက်ကြသည်။ ငွေက အသက်ကို မဝယ်ယူနိုင်ကြောင်း၊ ကျော်စောမှုက သေခြင်းကို မချေဖျက်နိုင်ကြောင်း၊ ငွေ သို့မဟုတ် ကျော်စောမှုက လူတစ်ယောက်၏ဘဝကို တစ်မိနစ်၊ တစ်စက္ကန့်မျှ ဆွဲဆန့်မပေးနိုင်ကြောင်းကို ၎င်းတို့ နားလည်သဘောပေါက်ကြသည်။ လူတို့သည် ဤကဲ့သို့ ခံစားရလေ၊ ဆက်လက်ရှင်သန်ရဖို့ တမ်းတလေဖြစ်သည်။ ဤကဲ့သို့ ပိုခံစားရလေ၊ သေခြင်းနီးကပ် လာခြင်းကို ပိုမို ထိတ်လန့်လေ ဖြစ်သည်။ ဤအချိန်မှသာ ၎င်းတို့၏ဘဝကို ၎င်းတို့မပိုင်ကြောင်း၊ ၎င်းတို့၏ ထိန်းချုပ်မှုတွင် မရှိကြောင်းနှင့် သေဖို့ဖြစ်စေ ရှင်ဖို့ဖြစ်စေ မိမိတို့ ဆုံးဖြတ်ပိုင်ခွင့် မရှိကြောင်း ဤအရာအားလုံးက မိမိ၏ ထိန်းချုပ်မှု ပြင်ပတွင် ရှိကြောင်းကို အမှန်တကယ် နားလည် လေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)
လူတစ်ယောက် မွေးဖွားသည့် အခိုက်အတန့်တွင် အထီးကျန်သည့် ဝိညာဉ်တစ်ခုသည် ကမ္ဘာမြေကြီးပေါ်က ဘဝအတွေ့အကြုံ၊ ဖန်ဆင်းရှင် ၎င်းအတွက် စီစဉ်ပေးထားသည့် ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့်ဆိုင်သည့် ၎င်း၏ အတွေ့အကြုံကို စတင်လေသည်။ ပြောစရာမလိုသည်မှာ ဤလူအတွက်၊ ဝိညာဉ်အတွက်၊ ဤသည်မှာ ဖန်ဆင်းရှင်၏ အချုပ်အခြာ အာဏာနှင့်ဆိုင်သည့် အသိပညာကို ရရှိဖို့၊ သူ၏ သြဇာအာဏာကို သိရှိလာပြီး ကိုယ်တိုင် တွေ့ကြုံရဖို့၊ အလွန်ကောင်းမွန်သော အခွင့်အရေးဖြစ်ပါသည်။ လူတို့သည် ဖန်ဆင်းရှင်က ၎င်းတို့အတွက် ချပေးခဲ့သည့် ကံကြမ္မာ၏ နိယာမများအတွင်း နေထိုင်ကြပြီး အသိစိတ်ရှိသည့် အကျိုးအကြောင်း ဆက်စပ်တွေးခေါ်တတ်သည့် မည်သူမဆိုအတွက် ၎င်းတို့ဘဝ၏ ဆယ်စုနှစ်များတစ်လျှောက် ဖန်ဆင်းရှင်၏ အခွင့်အာဏာကိုသိပြီး သူ၏ အချုပ်အခြာအာဏာကို နားလည်သိမြင်ဖို့က ခက်ခဲသည့်အရာ မဟုတ်ပေ။ ထို့ကြောင့် အချို့သောဆယ်စုနှစ်များတစ်လျှောက် လူတို့၏ ကိုယ်ပိုင် ဘဝအတွေ့အကြုံများမှတဆင့် လူတိုင်းအတွက် လူသား၏ ကံကြမ္မာအားလုံးသည် ကြိုတင်ပြဋ္ဌာန်းထားသည်ကို သတိပြုမိဖို့ အလွန်လွယ်ကူသင့်ပြီး အသက်ရှင်ဖို့ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုကြောင်း သဘောပေါက်ဖို့ သို့မဟုတ် ခြုံငုံဆန်းစစ်ဖို့ လွယ်ကူသင့်ပေသည်။ ဤဘဝသင်ခန်းစာများကို လက်ခံသည်နှင့် အမျှ၊ ဘဝက မည်သည့်နေရာမှလာသည်ကို တဖြည်းဖြည်း နားလည်လာလိမ့်မည်၊ နှလုံးသားက မည်သည့်အရာ အမှန်တကယ် လိုအပ်သည်၊ မည်သည့်အရာက မှန်ကန်သည့် ဘဝလမ်းကြောင်း ဆီသို့ ဦးဆောင်လိမ့်မည် ဆိုသည်နှင့်၊ လူသားဘဝ၏ တာဝန်နှင့် ပန်းတိုင်က မည်သည့်အရာ ဖြစ်သင့်သည်ဆိုသည်တို့ကို တဖြည်းဖြည်း သဘောပေါက်လာလိမ့်မည်။ ဖန်ဆင်းရှင်ကို မကိုးကွယ်လျှင်၊ သူ၏အုပ်စိုးမှုအောက်တွင် အရှုံးပေးအပ်နှံခြင်း မရှိလျှင် သေခြင်းနှင့် ရင်ဆိုင်ဖို့ အချိန်ကျလာသည့်အခါ၊ ဝိညာဉ်က ဖန်ဆင်းရှင်ကို နောက်တစ်ကြိမ် ရင်ဆိုင်ရတော့မည့်အခါ၊ ၎င်း၏နှလုံးသားသည် အကန့်အသတ်မရှိသည့် ထိတ်လန့်မှုနှင့် စိတ်မသက်မသာမှုများ ပြည့်နေမည်ကို တဖြည်းဖြည်း သတိပြုမိလာပါလိမ့်မည်။ လူတစ်ယောက်သည် ကမ္ဘာပေါ်တွင် ဆယ်စုနှစ်များစွာ ရှိခဲ့ပြီး လူသားဘဝက မည်သည့်အရပ်ကလာသည်ဆိုသည်ကို နားမလည် သကဲ့သို့ လူသားကံကြမ္မာက မည်သူ၏ လက်ထဲ၌ ရှိသည်ဆိုသည်ကို သတိမပြုမိသေးပါက၊ သေခြင်းကို တည်တည်ငြိမ်ငြိမ်နှင့် ရင်ဆိုင် နိုင်မည်မဟုတ်သည်မှာ အံ့သြစရာမရှိပေ။ ၎င်းတို့၏ လူ့ဘဝ ဆယ်စုနှစ် အတွေ့အကြုံများ၌ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာ ဆိုင်သည့် သိနားလည်မှု ရရှိပြီးသူသည် ဘဝ၏ အဓိပ္ပါယ်နှင့် တန်ဖိုးအတွက် မှန်ကန်သည့် အသိအမှတ်ပြု တန်ဖိုးထားမှု ရှိသည့်သူဖြစ်သည်။ ထိုသို့သော လူသည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့်ဆိုင်သော စစ်မှန်သည့် အတွေ့အကြုံနှင့် သိနားလည်မှုတို့နှင့်အတူ ဘဝရည်ရွယ်ချက်နှင့်ဆိုင်သည့် နက်ရှိုင်းသော အသိပညာတစ်ခု ရှိသကဲ့သို့၊ ထို့ထက်ပို၍ ဖန်ဆင်းရှင်၏ သြဇာအာဏာကို ကျိုးနွံနာခံနိုင်လေသည်။ ထိုသို့သော လူသည် ဖန်ဆင်းရှင်၏ လူသားမျိုးနွယ်ကို ဖန်ဆင်းခြင်း အဓိပ္ပါယ်ကို နားလည်သည်။ လူသားသည် ဖန်ဆင်းရှင်ကို ကိုးကွယ်သင့်သည်၊ လူသားပိုင်ဆိုင်သည့် အရာရာတိုင်းက ဖန်ဆင်းရှင်ဆီကလာပြီး သိပ်မဝေးလှသည့် အနာဂတ်တစ်နေ့တွင် သူ့ထံသို့ ပြန်သွားလိမ့်မည်ဆိုသည်ကို နားလည်သည်။ ဤလိုလူမျိုးသည် ဖန်ဆင်းရှင်က လူသား၏ မွေးဖွားမှုကို စီစဉ်ပြီး လူသား၏ သေဆုံးမှုအပေါ်မှာ အချုပ်အခြာ အာဏာ ရှိသည်၊ ရှင်ခြင်းနှင့် သေခြင်းနှစ်ခုလုံးသည် ဖန်ဆင်းရှင်၏ သြဇာအာဏာအားဖြင့် ကြိုတင်ပြဋ္ဌာန်းထားခြင်းဖြစ်သည်ကို နားလည်သည်။ ထို့ကြောင့် ဤအရာများကို အမှန်တကယ် သဘောပေါက်သည့်အခါ သေခြင်းကို ကျိုးကြောင်းမမြင်ဘဲ ထိတ်လန့်ခြင်းနှင့် ဆန့်ကျင်ရုန်းကန်ခြင်းထက် သေခြင်းကို တည်တည်ငြိမ်ငြိမ်နှင့် ရင်ဆိုင်နိုင်လာသည်၊ လောကီ ပိုင်ဆိုင်မှုများကို တည်တည်ငြိမ်ငြိမ်နှင့် ဘေးဖယ်ထားနိုင်သည်၊ ဖြစ်လာသည့်အရာ အားလုံးကို လက်ခံပြီး ပျော်ရွှင်စွာကျိုးနွံ နာခံလာနိုင်ကာ၊ ဖန်ဆင်းရှင်က စီစဉ်ထားသည့် နောက်ဆုံး ဘဝဆုံမှတ်ကို ကြိုဆိုနိုင်လေသည်။ ဘဝကို ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအား တွေ့ကြုံဖို့နှင့် သူ၏ သြဇာအာဏာကို သိလာရဖို့ အခွင့်အရေးတစ်ရပ်ဟု ရှုမြင်ပါက၊ ဘဝကို ဖန်ဆင်းခံ လူသားတစ်ယောက်အနေနှင့် မိမိတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပြီး မိမိ၏အလုပ်ကို ပြီးမြောက်စေဖို့ ရှားပါးသည့် အခွင့်အရေးအနေနှင့် မြင်ပါက၊ ဘဝအပေါ် ဧကန်မုချ မှန်ကန်သည့်အမြင် ရှိပေလိမ့်မည်၊ ဖန်ဆင်းရှင်အားဖြင့် ကောင်းကြီးခံစားရပြီး လမ်းပြခံရသည့် ဘဝတစ်ခုကို ဧကန်မုချ အသက်ရှင်ရလိမ့်မည်၊ ဖန်ဆင်းရှင်၏ အလင်းထဲ၌ ဧကန်မုချ လျှောက်လှမ်းလိမ့်မည်၊ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ဧကန်မုချ သိလိမ့်မည်၊ သူ့အုပ်စိုးမှုအောက်တွင် ဧကန်မုချ အရှုံးပေးအပ်နှံလိမ့်မည် ဖြစ်ပြီး သူ၏ အံ့သြဖွယ်ရာ လုပ်ဆောင်မှုများနှင့် သူ၏ သြဇာအာဏာအဖို့ ဧကန်မုချ မျက်မြင်သက်သေတစ်ဦး ဖြစ်ပေလိမ့်မည်။ ထိုသို့သော လူသည် ဖန်ဆင်းရှင်က ဧကန်မုချ ချစ်ကာ လက်ခံလိမ့်မည်ဖြစ်ပြီး ထိုသို့သော လူကသာ သေခြင်းအပေါ် တည်ငြိမ်သည့် စိတ်သဘောကို ထိန်းသိမ်းနိုင်ပြီး ဘဝ၏ နောက်ဆုံးဆုံမှတ်ကို ဝမ်းမြောက်ခြင်းဖြင့် ကြိုဆိုနိုင်သည်ကို ပြောဖို့မလိုအပ်ပေ။ သေခြင်းအပေါ် ဤကဲ့သို့သော သဘောထားမျိုးကို သိသိသာသာ ထိန်းသိမ်းနိုင်ခဲ့သည့် လူတစ်ဦးမှာ ယောဘ ဖြစ်ပေသည်။ ယောဘသည် ဘဝ၏ နောက်ဆုံး ဆုံမှတ်ကို ပျော်ရွှင်စွာ လက်ခံနိုင်သည့် အနေအထားတစ်ခုတွင် ရှိခဲ့ပြီး သူ့ဘဝခရီးကို ချောမွေ့သည့် နိဂုံးချုပ်ဆီသို့ ယူဆောင်ကာ ဘဝတွင် သူ့တာဝန်ကို ပြီးပြည့်စုံစေလျက် ဖန်ဆင်းရှင်ထံပါးသို့ သူပြန်သွားခဲ့လေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)
ကျမ်းစာထဲတွင် ယောဘအကြောင်း ရေးထား၏။ “အသက်ကြီးရင့်၍ နေ့ရက်ကာလနှင့် ကြွယ်ဝသော်၊ အနိစ္စ ရောက်လေ၏။” (ယောဘ ဝတ္ထု ၄၂:၁၇) ဤသည်မှာ ယောဘ သေဆုံးသွားသည့်အခါ နောင်တရခြင်းများ မရှိသကဲ့သို့ နာကျင်မှုမခံစားရဘဲ ဤလောကမှ သဘာဝအလျောက် ထွက်ခွာသွားခဲ့သည်ဟု ဆိုလိုသည်။ အယောက်တိုင်း သိကြသည့်အတိုင်း၊ ယောဘသည် သူအသက်ရှင်စဉ် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သည့် လူတစ်ဦး ဖြစ်သည်။ သူ၏လုပ်ဆောင်ချက်များသည် ဘုရားသခင်၏ ချီးကျူးခြင်းခံရပြီး အခြားသူများ၏ အောက်မေ့ခြင်းခံရလေသည်၊ လူအားလုံးထက် သူ့ဘဝသည် တန်ဖိုးရှိပြီး အရေးပါခဲ့သည်ဟု ဆိုနိုင်ပေသည်။ ယောဘသည် ဘုရားသခင်၏ ကောင်းကြီးများကို နှစ်သက် ခံစားခဲ့ရပြီး ကမ္ဘာမြေကြီးပေါ်တွင် ဖြောင့်မတ်သူအဖြစ် ဘုရားသခင်၏ ခေါ်ဆိုခြင်းကို ခံခဲ့ရကာ သူသည် ဘုရားသခင်၏ စစ်ဆေးခြင်းနှင့် စာတန်၏ စုံစမ်းသွေးဆောင်ခြင်းကိုလည်း ခံခဲ့ရသည်။ သူသည် ဘုရားသခင်အတွက် သက်သေအဖြစ် ရပ်တည်ခဲ့ပြီး ဘုရားသခင်အားဖြင့် ဖြောင့်မတ်သည့်သူအဖြစ် ခေါ်ခံရဖို့ ထိုက်တန်ပေသည်။ ဘုရားသခင်က သူ့ကို စစ်ဆေးပြီးနောက် ဆယ်စုနှစ်များတွင်၊ သူသည် ယခင်ထက် သာ၍ပင်တန်ဖိုးရှိသည့်၊ အဓိပ္ပါယ်ရှိသည့်၊ ခိုင်မာပြီး ငြိမ်းချမ်းသည့်ဘဝကို နေထိုင်ခဲ့သည်။ သူ၏ဖြောင့်မတ်သည့် လုပ်ဆောင်ချက်များကြောင့်၊ ဘုရားသခင်က သူ့ကို စစ်ဆေးခဲ့သည်။ သူ၏ဖြောင့်မတ်သည့် လုပ်ဆောင်ချက် များကြောင့် ဘုရားသခင်က သူ့ထံ ပေါ်လာခဲ့ပြီး သူ့ကို တိုက်ရိုက် စကားပြောခဲ့သည်။ ထို့ကြောင့် သူအစစ်ဆေးခံရပြီး နောက်ပိုင်းနှစ်များတွင် ယောဘသည် ဘဝတန်ဖိုးကို ပိုပြီး ခိုင်လုံသောနည်းလမ်းနှင့် နားလည်ပြီး အသိအမှတ်ပြုခဲ့သည်၊ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအပေါ် လေးနက်သည့် နားလည်မှုနှင့် ဖန်ဆင်းရှင်က သူ၏ကောင်းချီးများကို မည်သို့ပေးအပ်ပြီး မည်သို့ပြန်လည်ယူဆောင်သည် ဆိုသည့် အပေါ်မှာ ပိုပြီးတိကျ သေချာသည့် အသိပညာတို့ကို ရရှိခဲ့သည်။ ယေဟောဝါ ဘုရားသခင်သည် ယောဘကို ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို သိဖို့နှင့် သေခြင်းကို တည်တည်ငြိမ်ငြိမ်နှင့် ရင်ဆိုင်နိုင်ဖို့ ပို၍ပင် ကောင်းသည့် နေရာတစ်ခု၌ထားရင်း ယခင်ကထက် ပိုကြီးမားသည့် ကောင်းချီးများကို ယောဘအပေါ် ချပေးသနားခဲ့ကြောင်း ယောဘဝတ္ထုထဲတွင် မှတ်တမ်းတင် ထားသည်။ ထို့ကြောင့် ယောဘက သူအသက်အရွယ် ကြီးရင့်လာပြီး သေခြင်းနှင့် ရင်ဆိုင်ရသည့်အခါ သူပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာများနှင့် ပတ်သက်၍ မုချ စိတ်ပူပန်ခဲ့လိမ့်မည် မဟုတ်ပေ။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းလမ်းကို သူ့ဘဝတစ်ခုလုံး လျှောက်လှမ်းခဲ့သည့်အတွက်၊ သူ့မှာ စိုးရိမ် ပူပန်မှုများမရှိ၊ နောင်တရစရာ ဘာမျှမရှိခဲ့သကဲ့သို့၊ မှန်ပေ၏၊ သေခြင်းကိုလည်း မကြောက်ခဲ့ပေ။ သူသည် မိမိ၏ ကိုယ်ပိုင် အဆုံးသတ်နှင့် ပတ်သက်၍ စိုးရိမ်စရာအကြောင်း မရှိခဲ့ပေ။ ယောဘက သူ၏သေခြင်းကို ရင်ဆိုင်ရသည့်အခါ ပြုလုပ်ခဲ့သည့် နည်းလမ်းများအားလုံးဖြင့် ယနေ့ လူမည်မျှက ပြုလုပ်နိုင်ပါသနည်း။ ထိုသို့ ရိုးရှင်းသည့် အပြင်ပန်း အပြုအမူမျိုးကို အဘယ်ကြောင့် မည်သူမျှ ထိန်းသိမ်းနိုင်စွမ်းမရှိသနည်း။ အကြောင်းပြချက်က တစ်ခုသာရှိ၏။ ယောဘက ဘုရားသခင်၏ အချုပ်အခြာအာဏာကို ယုံကြည်မှု၊ အသိအမှတ်ပြုမှုနှင့် ကျိုးနွံနာခံခြင်းတို့ကို နှလုံးသွင်းလိုက်စားခြင်းဖြင့် သူ့ဘဝကို အသက်ရှင်ခဲ့ပြီး ဘဝတွင် အရေးကြီးသည့် ဆုံမှတ်များကို ဖြတ်သန်းခဲ့ပြီး၊ သူ၏ နောက်ဆုံးသော နှစ်ကာလများကို အသက်ရှင်နေထိုင်ခဲ့ကာ သူ့ဘဝ၏ နောက်ဆုံး ဆုံမှတ်ကို ကြိုဆိုခဲ့သည်မှာ ဤယုံကြည်မှု၊ အသိအမှတ်ပြုမှု၊ နာခံမှုတို့ဖြစ်ခဲ့ပေသည်။ ယောဘက မည်သည့် အရာကို တွေ့ကြုံခဲ့ရသည်ဖြစ်စေ၊ ဘဝတွင် သူ၏ ရှာဖွေ လိုက်စားမှုများနှင့် ပန်းတိုင်များက နာကျင်စရာမဟုတ်ဘဲ ပျော်ရွှင်စရာ ဖြစ်ခဲ့ပေသည်။ သူသည် ဖန်ဆင်းရှင်က သူ့အပေါ် ချပေးသနားခဲ့သည့် ကောင်းချီးများ သို့မဟုတ် အသိအမှတ်ပြုခြင်းတို့ကြောင့်သာ မဟုတ်ဘဲ၊ ပိုအရေးကြီးသည့် သူ၏ လေ့လာလိုက်စားမှုများနှင့် ဘဝပန်းတိုင်များကြောင့်၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းတို့မှတစ်ဆင့် သူရယူခဲ့သည့် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့်သက်ဆိုင်သော အသိပညာနှင့် စစ်မှန်သော သိနားလည်မှုတို့ သာ၍ တိုးခြင်းကြောင့်၊ ထို့အပြင် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ဝန်ခံရသူတစ်ဦးအဖြစ် ဘုရားသခင်၏ အံ့သြဖွယ် လုပ်ဆောင်ချက်များနှင့် လူသားနှင့် ဘုရားသခင်ကြားမှာရှိသည့် အပြန်အလှန်နားလည်မှု၊ အကျွမ်းဝင်မှု၊ အပြန်အလှန်ဆက်ဆံမှုတို့၏ နွေးထွေးပြီး မမေ့နိုင်သည့် အတွေ့အကြုံနှင့် အမှတ်ရစရာများနှင့်ဆိုင်သော သူ၏ ကိုယ်ပိုင်အတွေ့အကြုံကြောင့် သူပျော်ရွှင်ခဲ့ပေသည်။ ယောဘသည် ဖန်ဆင်းရှင်၏ ရည်ရွယ်ချက်များကိုသိခြင်းမှ လာသည့် နှစ်သိမ့်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကြောင့်၊ ဘုရားသခင်သည် ကြီးမြတ်သည်၊ အံ့သြစရာကောင်းသည်၊ ချစ်ခင်စရာကောင်းပြီး တည်ကြည် ဖြောင့်မတ်သည် ဆိုသည်တို့ကို တွေ့မြင်ပြီးနောက် ဖြစ်ပေါ်လာသည့် ကြောက်ရွံ့မှုများကြောင့် ပျော်ရွှင်ခဲ့လေသည်။ ယောဘက သေဆုံးရာတွင် ဖန်ဆင်းရှင်ထံပါးသို့ ပြန်သွားရမည်ကို သိခဲ့ သောကြောင့် မည်သည့်ဒုက္ခခံစားရခြင်းမှမရှိဘဲ သေခြင်းကို ရင်ဆိုင်နိုင်ခဲ့၏။ သေခြင်းကို တည်တည်ငြိမ်ငြိမ်နှင့် ရင်ဆိုင်နိုင်ဖို့၊ ဖန်ဆင်းရှင်က သူ့၏ အသက်ကို ပြန်ယူမည့် အလားအလာကို တည်တည်ငြိမ်ငြိမ်နှင့် ရင်ဆိုင်ဖို့၊ ထို့အပြင် ဖန်ဆင်းရှင်၏ရှေ့တွင် အပြစ်ကင်းစင်ကာ စိုးရိမ်စရာမရှိဘဲ ရပ်နိုင်ဖို့ သူ့ကို အခွင့်ပေးခဲ့သည်မှာ ဘဝတွင် လိုက်စားမှုများနှင့် ရရှိမှုများ ဖြစ်ပါသည်။ ယနေ့ခေတ် လူတို့သည် ယောဘပိုင်ဆိုင်ခဲ့သည့် ပျော်ရွှင်မှုမျိုးကို ရရှိနိုင်သလော။ ထိုသို့ လုပ်ဆောင်ရန် လိုအပ်သည့်အခြေအနေ သင်တို့ ရှိပါသလား။ ဤနေ့ခေတ် လူတို့သည် အခြေအနေများ အမှန်ရှိကြသည့်အတွက်၊ ယောဘကဲ့သို့ အဘယ်ကြောင့် ပျော်ရွှင်စွာ အသက်မရှင်နိုင်ကြပါသနည်း။ သေခြင်းကို ကြောက်ရွံ့ခြင်း၏ ဆင်းရဲဒုက္ခမှ အဘယ်ကြောင့် ၎င်းတို့ မလွတ်မြောက်နိုင်သနည်း။ သေခြင်းကို ရင်ဆိုင်ရသည့်အခါ လူအချို့တို့က မထိန်းနိုင်မသိမ်းနိုင် ကြောက်သေးများ ပါကုန် ကြသည်။ တစ်ချို့က တဆတ်ဆတ်တုန်ကြသည်။ မူးမေ့ ကြသည်။ ကောင်းကင်ဘုံနှင့် လူသားကိုလည်း ရိုက်ပုတ်ကန်ကျောက်ကြသည်၊ အချို့က ငိုကြွေးမြည်တမ်းခြင်းပင် ပြုလုပ်ကြသည်။ ဤသည်တို့မှာ သေခြင်းနီးကပ်လာသည့်အခါ ဖြစ်ပေါ်သည့် ရုတ်တရက် တုံ့ပြန်မှုများ လုံးဝမဟုတ်ပေ။ လူတို့က ၎င်းတို့၏ စိတ်နှလုံးအတွင်း နက်နက်ထဲတွင် သေခြင်းကို ကြောက်ရွံ့သောကြောင့်၊ ၎င်းတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်မှုတို့ကို အမှန်တကယ် ကျိုးနွံနာခံဖို့ နေနေသာသာ၊ ယင်းတို့နှင့်သက်ဆိုင်သည့် ရှင်းလင်းသော အသိပညာနှင့် အသိအမှတ်ပြုခြင်းတို့ မရှိသောကြောင့် ဤအရှက်ရစရာ ပုံစံများဖြင့် ပြုမူကြခြင်း ဖြစ်သည်။ လူတို့သည် အရာရာကို မိမိတို့ဘာသာ စီစဉ်ပြီး အုပ်စိုးချင်သောကြောင့်၊ မိမိတို့၏ ကိုယ်ပိုင်ကံကြမ္မာ၊ မိမိတို့၏ ကိုယ်ပိုင် အသက်ရှင်ခြင်းနှင့် သေခြင်းတို့ကို ထိန်းချုပ် ချင်သောကြောင့်သာ ဤသို့ တုံ့ပြန်ကြခြင်း ဖြစ်သည်။ ထို့ကြောင့် သေခြင်းကို ကြောက်ရွံ့မှုမှ လူတို့ ဘယ်သောအခါမှ မလွတ်မြောက်နိုင်ခြင်းသည် အံ့သြစရာမရှိပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)
ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် သူ့၏ စီစဉ်မှုများနှင့် ဆိုင်သော ရှင်းလင်းသည့် အသိပညာနှင့် အတွေ့အကြုံမရှိသည့်အခါ ကံကြမ္မာနှင့် သေခြင်းတို့နှင့်ဆိုင်သော တစ်ဦးတစ်ယောက်၏ အသိပညာက သေချာပေါက် ရောထွေးနေလိမ့်မည်။ အရာ အားလုံးက ဘုရားသခင်၏ လက်ထဲတွင်ရှိသည်ကို လူတို့ ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြ၊ အရာအားလုံးက ဘုရားသခင်၏ ထိန်းချုပ်မှုနှင့် အချုပ်အခြာအာဏာတို့ကို ဝန်ခံရသည်ကို လူတို့ နားမလည်ကြ၊ ထိုသို့သော အချုပ်အခြာ အာဏာကို စွန့်ပစ်ဖို့ သို့မဟုတ် လွတ်မြောက်ဖို့ လူသားသည် မတတ်နိုင်ဆိုသည်ကို သတိမပြုမိကြပေ။ ဤအကြောင်းကြောင့်၊ သေခြင်းနှင့် ရင်ဆိုင်ဖို့ ၎င်းတို့ အချိန်ကျလာသည့်အခါ၊ ၎င်းတို့၏ နောက်ဆုံးစကားများ၊ စိုးရိမ်မှုများနှင့် နောင်တများသည် အဆုံးမရှိပေ။ ၎င်းတို့သည် အလွန်များသည့် ဝန်ထုပ်ဝန်ပိုးများ၊ အလွန်များလှသော ဝန်လေးမှု၊ ရှုပ်ထွေးမှုများနှင့် လေးလံနေ၏။ ဤအရာက သူတို့အား သေခြင်းကို ကြောက်ရွံ့စေသည်။ ဤကမ္ဘာတွင် မွေးဖွားလာသည့် လူတိုင်း အတွက်၊ မွေးဖွားခြင်းက လိုအပ်ပြီး သေဆုံးခြင်းက ရှောင်လွှဲလို့မရနိုင်ပေ။ မည်သူမှ အမှုအရာများ၏ ဖြစ်စဉ်ကို မကျော်လွန်နိုင်ပါ။ လူတစ်ယောက်က ဤကမ္ဘာကမှ နာကျင်မှုမရှိဘဲ ထွက်ခွာဖို့ ဆန္ဒရှိလျှင်၊ ဘဝ၏ နောက်ဆုံးဆုံမှတ်ကို ဝန်လေးမှု သို့မဟုတ် စိုးရိမ်မှုမရှိဘဲ ရင်ဆိုင်နိုင်ဖို့ ဆန္ဒရှိပါက၊ တစ်ခုတည်းသော နည်းလမ်းမှာ နောင်တများကို မချန်ထားရစ်ဖို့ဖြစ်သည်။ နောင်တများမပါဘဲ စွန့်ခွာဖို့ တစ်ခုတည်းသောနည်းလမ်းမှာ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို သိဖို့၊ သူ၏ သြဇာအာဏာကို သိဖို့နှင့် ဤအရာများကို ကျိုးနွံနာခံဖို့ ဖြစ်ပေသည်။ ဤနည်းဖြင့်သာ လူသား၏ ခိုက်ရန်ဒေါသ၊ မကောင်းမှု၊ စာတန်၏ ကျေးကျွန်ဘဝမှ ဝေးရာတွင် နေနိုင်ပေသည်။ ဤနည်းဖြင့်သာ ဖန်ဆင်းရှင်၏ လမ်းပြခြင်းနှင့်ကောင်းကြီးပေးမှုခံရသည့် ယောဘ၏ဘဝကဲ့သို့သော ဘဝတစ်ခု၊ လွတ်လပ်ပြီး အချုပ်အနှောင်ကင်းသည့်ဘဝတစ်ခု၊ တန်ဖိုးရှိပြီး အဓိပ္ပါယ်ရှိသည့်ဘဝတစ်ခု၊ ရိုးသားပြီး ပွင့်လင်းသည့် ဘဝတစ်ခုကို အသက်ရှင်၏။ ဤနည်းဖြင့်သာ ယောဘကဲ့သို့ ဖန်ဆင်းရှင်၏ စမ်းသပ်မှုများနှင့် ပိတ်ပင်မှုများ၊ ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားမှုများနှင့် စီစဉ်မှုများကို ကျိုးနွံနာခံနိုင်ပေသည်။ ဤနည်းဖြင့်သာ ယောဘပြုသကဲ့သို့ မိမိ၏ဘဝတစ်ခုလုံး ဖန်ဆင်းရှင်ကို ကိုးကွယ်နိုင်ပြီး သူ၏ အသိအမှတ်ပြုခြင်းကို ရရှိနိုင်ကာ သူ၏ အသံကို ကြားပြီး၊ သူ ပေါ်ထွန်းသည်ကို မြင်နိုင်၏။ ဤနည်းဖြင့်သာ ယောဘကဲ့သို့ နာကျင်မှုမရှိ၊ စိုးရိမ်မှုမရှိ၊ နောင်တများမရှိဘဲ ပျော်ရွှင်စွာ အသက်ရှင်နေထိုင်ပြီး သေဆုံး နိုင်သည်။ ဤနည်းဖြင့်သာ ယောဘကဲ့သို့ အလင်းထဲတွင် အသက်ရှင်နေထိုင်ကာ ဘဝဆုံမှတ်တိုင်းကို အလင်းထဲတွင် ဖြတ်သန်းနိုင်သည်၊ မိမိ၏ခရီးကို ချောမွေ့စွာနှင့် အလင်းထဲတွင် ပြီးဆုံးနိုင်သည်၊ ဖန်ဆင်းခံတစ်ယောက်အနေဖြင့် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို တွေ့ကြုံဖို့၊ သင်ယူဖို့နှင့် သိမြင်လာဖို့ ဖြစ်သော မိမိ၏ တာဝန်ကို အောင်မြင်စွာ ပြီးဆုံးနိုင်ပြီး အလင်းထဲတွင် သေဆုံးနိုင်ပေသည်၊ ပြီးလျှင် ဖန်ဆင်းခံ လူသားအနေဖြင့် သူ၏ အသိအမှတ်ပြုခြင်းကို ခံရလျက် ဖန်ဆင်းရှင်၏ နံဘေးတွင် အမြဲထာဝရရပ်တည်နိုင်ပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)
လူတို့သည် မိမိတို့ဘာသာ ကိုင်တွယ်ဖြေရှင်းနေရသည်ဟု တွေ့ရှိရသည့် မည်သည့် ကိစ္စရပ်ကိုမဆို တက်ကြွသည့်၊ အပြုသဘောဆောင်သည့် သဘောထားတစ်ခုဖြင့် ၎င်းတို့ အမြဲ ချဉ်းကပ်သင့်ပြီး ဤသည်မှာ သေခြင်း ကိစ္စရပ်နှင့် ပတ်သက်လာသည့်အခါ သာ၍ပင် မှန်ကန်ပေသည်။ တက်ကြွသော၊ အပြုသဘောဆောင်သော သဘောထားတစ်ခု ရှိခြင်းသည် သေခြင်းကို ကြိတ်မှိတ်လက်ခံခြင်း၊ သို့မဟုတ် သေခြင်းကို စောင့်ဆိုင်းခြင်း၊ သို့မဟုတ် သေခြင်းကို အပြုသဘောဆောင်စွာနှင့် တက်ကြွစွာ လိုက်စားအားထုတ်ခြင်းကို မဆိုလိုပေ။ ထိုအရာသည် သေခြင်းကို လိုက်စားအားထုတ်ခြင်း၊ သေခြင်းကို ကြိတ်မှိတ်လက်ခံခြင်း၊ သို့မဟုတ် သေခြင်းကို စောင့်ဆိုင်းခြင်းဟု မဆိုလိုပါက မည်သည့်အရာကို ဆိုလိုသနည်း။ (ကျိုးနွံနာခံခြင်း ဖြစ်ပါသည်။) ကျိုးနွံနာခံခြင်းသည် သေခြင်းနှင့်ဆိုင်သည့် ကိစ္စရပ်အပေါ် သဘောထားတစ်မျိုးဖြစ်ပြီး သေခြင်းကို လက်လွှတ်ခြင်းနှင့် ထိုသေခြင်းအကြောင်း မစဉ်းစားခြင်းသည် ကိုင်တွယ်ရန် အကောင်းဆုံး နည်းလမ်းဖြစ်သည်။ လူအချို့က “ထိုအကြောင်းကို အဘယ်ကြောင့် မစဉ်းစားရမည်နည်း။ ထိုသေခြင်းကို ကျွန်ုပ် သေချာ မစဉ်းစားလျှင် ထိုသေခြင်းကို ကျွန်ုပ် အောင်မြင်ကျော်လွှားနိုင်ပါလိမ့်မည်လား။ သေချာ မစဉ်းစားလျှင် လက်လွှတ်နိုင်ပါလိမ့်မည်လား”ဟု ပြောကြသည်။ သင် လက်လွှတ်နိုင်လိမ့်မည်။ ယင်းမှာ အဘယ်ကြောင့်နည်း။ ငါ့ကို ပြောလော့၊ သင့်မိဘများကို သင့်ကို ကိုယ်ဝန်ရခဲ့ကြချိန်တွင် မွေးဖွားရန်မှာ သင်၏ စိတ်ကူးဖြစ်ခဲ့သလော။ သင်၏ သွင်ပြင်၊ သင်၏ အသက်အရွယ်၊ သင် အလုပ်လုပ်သည့် လုပ်ငန်း၊ ယခု ဤနေရာတွင် သင် ထိုင်နေသည့် အဖြစ်မှန်နှင့် ယခု သင်ခံစားနေရသည့်ပုံစံတို့အားလုံးကို ဖြစ်တည်လာရန် သင်စဉ်းစားခဲ့သလော။ ဤအရာအားလုံး ဖြစ်တည်လာရန် သင်မစဉ်းစားခဲ့ပေ၊ ရက်များနှင့် လများကုန်လွန်ခြင်းမှတစ်ဆင့် သင်ယခုရှိသည့်အခြေအနေ ရောက်သည်အထိတိုင် တစ်နေ့ပြီးတစ်နေ့ သင်၏ ပုံမှန်ဘဝကို သင် နေ့စဉ် အသက်ရှင်ခြင်းမှတစ်ဆင့် ဖြစ်လာခြင်း ဖြစ်ကာ ဤသည်မှာ အလွန် ဖြစ်ရိုးဖြစ်စဉ်ဖြစ်သည်။ သေခြင်းသည်လည်း အလားတူပင် ဖြစ်၏။ မသိလိုက်ဘဲနှင့် သင်သည် အရွယ်ရောက်သူတစ်ဦး အဖြစ် ကြီးပြင်းလာကာ သက်လတ်ပိုင်းဖြစ်လာပြီး သက်ကြီးရွယ်အို ဖြစ်လာ၍ သင်၏ နောက်ဆုံးသော နှစ်ကာလများထဲသို့ ရောက်ရှိလာပြီးနောက် သေခြင်းတရား ရောက်လာသည်။ ထိုအကြောင်းကို မတွေးနှင့်။ ထိုအရာများအကြောင်း မတွေးခြင်းအားဖြင့် သင်မတွေးသည့်အရာကို ရှောင်ရှား၍ မရနိုင်သကဲ့သို့ ထိုအရာများအကြောင်း တွေးခြင်းအားဖြင့်လည်း ထိုအရာများသည် စောစော ဖြစ်လာကြလိမ့်မည် မဟုတ်ပေ။ ထိုအရာများကို လူ၏ အလိုဆန္ဒအားဖြင့် ပြောင်းလဲမရနိုင်ပေ၊ မှန်ပါသလော။ ထိုအရာများအကြောင်းကို မတွေးလေနှင့်။ “ထိုအရာများအကြောင်းကို မတွေးလေနှင့်”ဟု ငါ ဆိုသည့်အခါ မည်သည့်အရာကို ငါ ဆိုလိုသနည်း။ အလှမ်းမဝေးသည့် အနာဂတ်တွင် ဤအရာ အမှန်တကယ် ဖြစ်တော့မည်ဆိုပါက ထိုအကြောင်းကို အမြဲ စဉ်းစားခြင်းသည် သင့်အပေါ် မမြင်နိုင်သည် ဖိအားတစ်ခုကဲ့သို့ ခံစားရလိမ့်မည်ဖြစ်သောကြောင့် ဖြစ်သည်။ ဤဖိအားက သင့်ကို ဘဝနှင့် ရှင်သန်ခြင်းအား စိုးရွံ့စေလိမ့်မည်၊ သင်သည် တက်ကြွပြီး အပြုသဘောဆောင်သော သဘောထား မရှိဘဲ ဖြစ်လိမ့်မည်ဖြစ်ပြီး ထိုအစား သာ၍ပင် စိတ်ဓာတ်ကျလာလိမ့်မည်။ သေခြင်းကို ရင်ဆိုင်နေရသည့် လူတစ်ဦးသည် မည်သည့်အရာကိုမျှ စိတ်ဝင်စားခြင်းမရှိ၊ သို့မဟုတ် မည်သည့်အရာအပေါ်မျှ အပြုသဘောဆောင်သည့် သဘောထား မရှိသောကြောင့် ၎င်းတို့ စိတ်ဓာတ်ကျခြင်းသာ ခံစားရသည်။ ၎င်းတို့ သေဆုံးတော့မည်၊ အားလုံး ဆုံးခန်းတိုင်ပြီဖြစ်သည်၊ တစ်စုံတစ်ရာကို လိုက်စားခြင်း၊ တစ်စုံတစ်ရာကို လုပ်ဆောင်ခြင်းတွင် မည်သည့် အဓိပ္ပာယ်မျှ မရှိတော့၊ ၎င်းတို့တွင် မည်သည့် မျှော်လင့်ချက်မျှ၊ သို့မဟုတ် စိတ်ပါဝင်စားမှုမျှ မရှိတော့သကဲ့သို့ ၎င်းတို့ လုပ်ဆောင်သမျှတိုင်းသည် သေခြင်းအတွက် ပြင်ဆင်ခြင်းနှင့် သေခြင်းလမ်းကြောင်းသို့ ဦးတည်နေခြင်းဖြစ်သောကြောင့် ၎င်းတို့ လုပ်ဆောင်သည့်အရာ မည်သည့်အရာမဆိုသည် အဘယ် အဓိပ္ပာယ် ရှိပါသနည်း။ ထို့ကြောင့် ၎င်းတို့ လုပ်ဆောင်သည့်အရာတိုင်းသည် အပျက်သဘောဆောင်ခြင်းနှင့် သေခြင်း၏ အရိပ်လက္ခဏာများနှင့် သဘောသဘာဝတစ်ခုကို သယ်ဆောင်၏။ သို့ဆိုလျှင် သေခြင်းနှင့်ပတ်သက်၍ သင် မစဉ်းစားဘဲနေနိုင်သလော။ ယင်းမှာ စွမ်းဆောင်ရရှိရန် လွယ်ကူသလော။ ဤကိစ္စသည် သင့်ကိုယ်ပိုင် စိတ်ပိုင်းဆိုင်ရာကျိုးကြောင်းဆင်ခြင်မှုနှင့် စိတ်ကူးယဉ်မှုတို့၏ ရလဒ်တစ်ခုသာဖြစ်မည်ဆိုလျှင် သင်သည် ကိုယ့်ကိုယ်ကိုယ် မှားယွင်းသောနှိုးဆော်ချက်တစ်ခု ပေးထားလေပြီ၊ ကိုယ့်ကိုယ်ကိုယ် ကြောက်လန့်စေပြီး အလှမ်းမဝေးသည့် အနာဂတ်တွင် ထိုအရာ ဖြစ်ပျက်မည်မဟုတ်သည်မှာ ရှင်းပေသည်၊ သို့ဖြစ်၍ သင်သည် ထိုအရာကို အဘယ်အတွက် စဉ်းစားနေပါသနည်း။ ဤအရာက သာ၍ပင် မလိုအပ်စေပေ။ ဖြစ်ပျက်ရမည့်အရာသည် အမြဲ ဖြစ်ပျက်လိမ့်မည်။ မဖြစ်ပျက်မည့်အရာများသည် သင် ထိုအကြောင်းကို မည်သို့ စဉ်းစားသည်ဖြစ်စေ၊ ဖြစ်ပျက်လိမ့်မည်မဟုတ်။ ထိုအရာကို စိုးရိမ်ခြင်းသည် အချည်းနှီး ဖြစ်သကဲ့သို့ ထိုအရာကို ကြောက်ရွံ့ခြင်းသည် အချည်းနှီးဖြစ်၏။ စိုးရိမ်ခြင်းအားဖြင့် သေခြင်းကို ရှောင်လွှဲမရနိုင်သကဲ့သို့ သင်ကြောက်ရွံ့နေရုံဖြင့် ထိုသေခြင်းက သင့်ကို ကျော်လွန်သွားလိမ့်မည် မဟုတ်။ ထို့ကြောင့် သွင်ပြင်လက္ခဏာ တစ်ခုမှာ သင်၏ စိတ်နှလုံးအတွင်းမှ သေခြင်းနှင့်ဆိုင်သည့် ကိစ္စရပ်ကို သင် လက်လွှတ်သင့်ပြီး ယင်းကို အရေးပါသည်ဟု မမှတ်ယူနှင့်။ သေခြင်းသည် သင်နှင့် မည်သို့မျှ မပတ်သက်သည့်အလား ဘုရားသခင်ထံ ထိုသေခြင်းကို သင်အပ်နှံသင့်၏။ ထိုအရာမှာ ဘုရားသခင် စီစဉ်သည့်အရာတစ်ခု ဖြစ်သောကြောင့် ဘုရားသခင်အား ထိုအရာကို စီစဉ်ခွင့်ပေးလော့။ ထိုအခါ ရိုးရှင်းလာသည် မဟုတ်လော။ အခြားသော သွင်ပြင်လက္ခဏာတစ်ခုမှာ သေခြင်းအပေါ် တက်ကြွပြီး အပြုသဘောဆောင်သော သဘောထားတစ်ခု သင် ရှိသင့်၏။ ငါ့ကို ပြောလော့၊ ကမ္ဘာအနှံ့ရှိ ဘီလီယံနှင့်ချီသော လူများထဲတွင် မည်သူသည် အလွန်များသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားရန်၊ အသက်၏ အလွန်များသည့် သမ္မာတရားများစွာကို သိနားလည်ပြီး အလွန်များသည့် နက်နဲမှုများစွာကို နားလည်ရန် အလွန် ကောင်းချီးခံစားရသနည်း။ ထိုသူတို့ထဲမှ မည်သူသည် ဘုရားသခင်၏ လမ်းပြမှု၊ ထောက်ပံ့မှု၊ သူ၏ စောင့်ရှောက်ခြင်းနှင့် ကွယ်ကာမှုတို့ကို ကိုယ်တိုင်ကိုယ်ကျ ရရှိပါသနည်း။ မည်သူသည် အလွန် ကောင်းချီးခံစားရသနည်း။ အလွန် နည်းပါး၏။ ထို့ကြောင့် ယနေ့တွင် ဘုရားအိမ်တော်၌ အသက်ရှင်နေနိုင်ကြသည့်၊ သူ၏ ကယ်တင်ခြင်းကို ရရှိပြီး သူ၏ ထောက်ပံ့မှုကို ရရှိနေနိုင်ကြသည့် သင်တို့ အနည်းငယ်သည် ထိုအရာအားလုံးကို ရရှိသောကြောင့် ယခု သေမည်ဆိုလျှင်ပင် တန်ပေသည်။ သင်တို့သည် အလွန် ကောင်းချီးခံစားကြရ၏၊ မှန်သည် မဟုတ်လော။ (မှန်ပါသည်။) ထိုအရာကို ဤရှုထောင့်အမြင်မှ ကြည့်သည့်အခါ သေခြင်းနှင့်ဆိုင်သည့် ကိစ္စအားဖြင့် သင်တို့ အလွန့်အလွန် မကြောက်လန့်သင့်သကဲ့သို့ ထိုအရာအားဖြင့် ဘောင်ခတ်မခံသင့်ကြပေ။ လောက၏ ဂုဏ်အသရေနှင့် ကြွယ်ဝချမ်းသာမှု တစ်ခုတလေကို သင်မမွေ့လျော်ရသေးသော်လည်း ဖန်ဆင်းရှင်၏ သနားခြင်း ကရုဏာကို ရရှိပြီးဖြစ်ကာ အလွန်များသည့် ဘုရားနှုတ်ကပတ်တော်များကို ကြားရပြီးဖြစ်သည်။ ဤသည်မှာ အလွန့်အလွန် ပျော်ရွှင်ဖွယ်ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤဘဝတွင် နှစ်ပေါင်းမည်မျှကြာ သင် အသက်ရှင်သည်ဖြစ်စေ၊ ဘုရားအမှုတော်ရှိ သင်၏ တာဝန်ကို သင် စဉ်ဆက်မပြတ် ထမ်းဆောင်နေပြီးဖြစ်သောကြောင့်၊ သမ္မာတရားကို သင်နားလည်ပြီးဖြစ်သောကြောင့်၊ အသက်၏ နက်နဲမှုများကို နားလည်ပြီးဖြစ်ကာ ဘဝတွင် သင် လိုက်စားသင့်သည့် လမ်းကြောင်းနှင့် ပန်းတိုင်များကို နားလည်ပြီးဖြစ်သောကြောင့် အားလုံး တန်နေကာ သင်သည် အလွန်များစွာ ရရှိပြီးဖြစ်သဖြင့် သင့်ထံတွင် နောင်တမရှိပေ။ သင်သည် အကျိုးရှိသော ဘဝတစ်ခုကို အသက်ရှင်ပြီးဖြစ်သည်။ ထိုအရာကို သင် အလွန် ရှင်းလင်းစွာ မရှင်းပြနိုင်လျှင်ပင် အချို့သော သမ္မာတရားများကို လက်တွေ့လုပ်ဆောင်နိုင်ပြီး အချို့သော စစ်မှန်မှုကို ပိုင်ဆိုင်နိုင်ကာ ယင်းက သင်သည် အချို့သော အသက် အထောက်အပံ့ကို ရရှိပြီးဖြစ်သကဲ့သို့ ဘုရားသခင်၏ အမှုတော်မှ အချို့သော သမ္မာတရားများကို နားလည်ပြီးဖြစ်ကြောင်း သက်သေပြပေသည်။ သင်သည် အလွန်များစွာ၊ စစ်မှန်သော ကြွယ်ဝချမ်းသာမှုတစ်ခုကို ရရှိပြီးဖြစ်ကာ ယင်းမှာ အင်မတန် ကြီးမားသည့် ကောင်းချီးမင်္ဂလာ တစ်ခုပါတကား။ လူသား သမိုင်းအစကတည်းက ခေတ်ကာလတစ်လျှောက်လုံးတွင် မည်သူကမျှ ဤကောင်းချီးမင်္ဂလာကို မွေ့လျော်ရခြင်း မရှိသေးသည့်တိုင် သင်သည် မွေ့လျော်နေရ၏။ ယခုတွင် သင် သေဆုံးရန် လိုလားနေသလော။ ထိုသို့သော လိုလားမှုဖြင့် သေခြင်းအပေါ် သင်၏ သဘောထားသည် အမှန်တကယ် ကျိုးနွံနာခံတတ်ပေမည်၊ ဟုတ်ပါသလော။ (ဟုတ်ပါသည်။) သွင်ပြင်လက္ခဏာတစ်ခုမှာ လူတို့သည် စစ်မှန်သည့် သိနားလည်မှု ရှိသင့်သည်၊ အပြုသဘောဆောင်စွာနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သင့်ပြီး အမှန်တကယ် ကျိုးနွံနာခံသင့်ကြကာ သေခြင်းအပေါ် မှန်ကန်သည့် သဘောထား ရှိသင့်ကြ၏။ ဤသို့ဖြင့် သေခြင်းနှင့်ပတ်သက်၍ လူတို့၏ စိတ်ဖိစီးခြင်း၊ ပူပန်သောကနှင့် စိုးရိမ်မှု ခံစားချက်များသည် များစွာ လျော့ပါးသွားသည် မဟုတ်လော။ (ဟုတ်ပါသည်။) ထိုအရာများသည် အလွန်လျော့ပါးသွားပေသည်။...
သေခြင်းသည် ဖြေရှင်းရန် လွယ်ကူသည့် ပြဿနာတစ်ခု မဟုတ်သကဲ့သို့ လူ၏ အကြီးမားဆုံးသော အခက်အခဲဖြစ်သည်။ တစ်စုံတစ်ဦးက သင့်အား “သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် အလွန် နက်ရှိုင်းပြီး သင်၏ လူ့သဘာဝသည်လည်း မကောင်းပါ။ သမ္မာတရားကို လေးနက်စွာ သင် လိုက်စားခြင်း မရှိသကဲ့သို့ အနာဂတ်တွင် မကောင်းသည့်အရာများစွာ လုပ်ဆောင်ပါက ငရဲသို့ ကျဆင်းသွားပြီး အပြစ်ပေးခံရလိမ့်မည်”ဟု ပြောပါက နောက်ပိုင်းတွင် အတန်ငယ် သင် စိတ်မချမ်းမသာဖြစ်ကောင်း ဖြစ်နိုင်သည်။ ထိုအရာကို သင်တွေးဆနေနိုင်ပြီး တစ်ညတာ အိပ်စက်ပြီးနောက်တွင် များစွာ စိတ်သက်သာရာရနိုင်ပြီးနောက် အလွန် စိတ်မချမ်းမသာ မခံစားရပေ။ သို့ရာတွင် သေစေနိုင်သည့် နာမကျန်းဖြစ်ခြင်းတစ်ခုဖြင့် သင် နာမကျန်းဖြစ်ပြီး ကြာကြာ အသက်ရှင်ဖို့မရှိပါက ယင်းမှာ တစ်ညတာ အိပ်စက်ခြင်းဖြင့် ဖြေရှင်း၍ရနိုင်သည့် အရာတစ်ခု မဟုတ်သကဲ့သို့ ထိုအရာကို အလွန် လွယ်ကူစွာ လက်လွှတ်၍ မရနိုင်ပေ။ ဤကိစ္စရပ်တွင် သင်သည် အချိန်တစ်ခုကြာ စိတ်ချုပ်တည်းထားရန် လိုအပ်သည်။ သမ္မာတရားကို စစ်မှန်စွာ လိုက်စားသောသူတို့သည် ထိုကိစ္စရပ်ကို နောက်ချန်ထားနိုင်ကြသည်၊ အရာရာတွင် သမ္မာတရားကို ရှာဖွေပြီး ထိုအရာကို ဖြေရှင်းရန် သမ္မာတရားကို အသုံးပြုနိုင်ကြသည်။ ၎င်းတို့ မဖြေရှင်းနိုင်သည့် ပြဿနာ မရှိပေ။ သို့ရာတွင် လူတို့သည် လူ၏ နည်းလမ်းများကို အသုံးပြုပါက နောက်ဆုံးတွင် ၎င်းတို့သည် သေခြင်းနှင့်ပတ်သက်၍ စဉ်ဆက်မပြတ် စိတ်ဖိစီး၊ ပူပန်သောကရောက်ပြီး စိုးရိမ်မှု ခံစားရုံသာ ရှိနိုင်ကြလိမ့်မည်။ အမှုအရာများကို ဖြေရှင်း၍မရနိုင်သည့်အခါ ယင်းတို့ကို ကြိုးစားဖြေရှင်းရန် အစွန်းရောက်သော ဆောင်ရွက်မှုများကို လုပ်ဆောင်ကြသည်။ လူအချို့သည် “သို့ဆိုလျှင် ကျွန်ုပ် သေသာသေလိုက်မည်။ မည်သူသည် သေခြင်းကို ကြောက်ရွံ့ပါသနည်း။ သေပြီးနောက် ကျွန်ုပ် လူပြန်ဝင်စားရုံ ဝင်စားမည်ဖြစ်ပြီး တစ်ဖန် အသက်ရှင်မည်”ဟု ဆိုလျက် စိတ်ဓာတ်ကျပြီး အပျက်သဘောဆောင်သော ချဉ်းကပ်နည်းတစ်ခုကို ခံယူကြသည်။ ဤအရာကို သင်မှန်ကြောင်း အတည်ပြုနိုင်ပါသလော။ သင်သည် နှစ်သိမ့်သည့် စကားအချို့ကိုသာ ရှာနေခြင်းဖြစ်ပြီး ယင်းက ပြဿနာကို မဖြေရှင်းပေးချေ။ မြင်နိုင်သည့်အရာဖြစ်စေ၊ မမြင်နိုင်သည့်အရာဖြစ်စေ၊ အထည်ကိုယ်ဒြပ်ရှိသောအရာဖြစ်စေ၊ မရှိသောအရာဖြစ်စေ အားလုံးနှင့် အရာရာတိုင်းကို ဖန်ဆင်းရှင်၏ လက်တော်တွင် ထိန်းချုပ်ထားပြီး အုပ်စိုးထားပေသည်။ မည်သူမျှက မိမိတို့ကိုယ်ပိုင် ကံကြမ္မာကို မထိန်းချုပ်နိုင်သကဲ့သို့ နာမကျန်းဖြစ်ခြင်းအပေါ်ဖြစ်စေ၊ သေခြင်းအပေါ် ဖြစ်စေ လူက ရှိသင့်သည့် တစ်ခုတည်းသော သဘောထားမှာ သိနားလည်ခြင်း၊ လက်ခံခြင်းနှင့် ကျိုးနွံနာခံခြင်းနှင့်ဆိုင်သော သဘောထားဖြစ်သည်။ လူတို့သည် မိမိတို့၏ စိတ်ကူးစိတ်သန်းများ၊ သို့မဟုတ် အယူအဆများအပေါ် မမှီခိုသင့်ကြပေ၊ ဤအရာများနှင့်ဆိုင်သည့် ထွက်ပေါက်တစ်ခုကို ၎င်းတို့ မရှာဖွေသင့်ကြသကဲ့သို့ ယင်းတို့ကို ငြင်းပယ်ခြင်း၊ သို့မဟုတ် အတိုက်အခံလုပ်ခြင်းတို့ကို သာ၍ပင် မလုပ်ဆောင်သင့်ကြပေ။ သင်သည် သင်၏ ကိုယ်ပိုင် နည်းစနစ်များကို အသုံးပြုလျက် နာမကျန်းဖြစ်ခြင်းနှင့် သေခြင်း ကိစ္စရပ်များကို ဖြေရှင်းရန် ကြောင်းကျိုးမမြင်စွာ ကြိုးစားပါက သင်ကြာရှည်အသက်ရှင်လေ၊ သာ၍ ဆင်းရဲဒုက္ခ ခံစားရလေဖြစ်လိမ့်မည်၊ သာ၍ စိတ်ဓာတ်ကျလေဖြစ်ကာ သာ၍ ရုန်းထွက်မရခံစားရလေ ဖြစ်လိမ့်မည်။ အဆုံးတွင် သင်သည် သေခြင်းလမ်းကြောင်းကို လျှောက်လှမ်းရဆဲဖြစ်လိမ့်မည်ဖြစ်ပြီး သင်၏ အဆုံးသတ်သည် အမှန်တကယ် သင်၏ သေခြင်းနှင့် အလားတူဖြစ်လိမ့်မည်။ သင် ဧကန်အမှန် သေရလိမ့်မည်။ သမ္မာတရားကို တက်ကြွစွာ သင် ရှာဖွေနိုင်ပြီး သင့်အတွက် ဘုရားသခင် စီစဉ်ပြီးဖြစ်သည့် နာမကျန်းဖြစ်ခြင်းကို သိနားလည်ခြင်းနှင့် စပ်လျဉ်း၍ဖြစ်စေ၊ သေခြင်းကို ရင်ဆိုင်ခြင်းနှင့် စပ်လျဉ်း၍ ဖြစ်စေ သမ္မာတရားကို သင် အပြုသဘောဆောင်စွာနှင့် တက်ကြွစွာ ရှာဖွေနိုင်ပါက ဤအဓိက အဖြစ်အပျက်မျိုးနှင့် စပ်လျဉ်း၍ ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားမှုများ၊ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ရှာဖွေနိုင်ပြီး စစ်မှန်သည့် ကျိုးနွံနာခံမှုကို စွမ်းဆောင်ရရှိနိုင်ပါက ဤသည်မှာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီပေသည်။ ဤအရာအားလုံးကို နိုင်နိုင်နင်းနင်း ဆောင်ရွက်နိုင်ရန် လူ၏ အစွမ်းအစနှင့် နည်းစနစ်များအပေါ် သင်မှီခိုအားကိုးပြီး ယင်းတို့ကို ဖြေရှင်းရန်၊ သို့မဟုတ် ရှောင်ရှားရန် ပြင်းပြင်းထန်ထန် ကြိုးစားပါက ဤကိစ္စရပ်တွင် သင့်ကို သက်သေခံခြင်း မရှိစေလျက် ဘုရားသခင်နှင့် သမ္မာတရားအပေါ် စစ်မှန်သည့် သိနားလည်မှု၊ လက်ခံမှုနှင့် ကျိုးနွံနာခံမှုတို့ကို သင်မထားရှိသောကြောင့် သင် သေဆုံးခြင်း မရှိသကဲ့သို့ သေခြင်းနှင့်ဆိုင်သည့် အခက်အခဲကို ရှောင်ရှားရန် သင် ယာယီ စီမံနိုင်လျှင်ပင် နောက်ဆုံးရလဒ်မှာ ဤအလားတူ ကိစ္စရပ်ကို တစ်ဖန် သင် ကြုံရသည့်အခါ သင့်အတွက် ကြီးမားသော စမ်းသပ်စစ်ဆေးမှုတစ်ခု ဖြစ်လိမ့်ဦးမည်ဖြစ်သည်။ သင်သည် ဘုရားသခင်ကို သစ္စာဖောက်ပြီး ပြိုလဲနိုင်သည့် အလားအလာ ရှိနေဆဲ ဖြစ်လိမ့်မည်ဖြစ်ပြီး ဤသည်မှာ သင့်အတွက် ဧကန် အန္တရာယ်ရှိသောအရာတစ်ခု ဖြစ်လိမ့်မည်။ ထို့ကြောင့် သင်သည် ယခု နာမကျန်းဖြစ်ခြင်း၊ သို့မဟုတ် သေခြင်းကို အမှန်တကယ် ရင်ဆိုင်နေရပါက သင့်ကို ငါ ပြောမည်၊ သေခြင်းတရား အမှန်တကယ် ရောက်လာရာတွင် သင့်ကို အံ့အားသင့်စေသလို ကြောင်သွားစေ၍ ဦးနှောက်ခြောက်ပြီး ကူကယ်ရာမဲ့စေကာ၊ ထိုသို့ဖြင့် သင်၏ အသက်တည်သရွေ့ နောင်တရမည့် အရာများကို သင့်အား လုပ်ဆောင်စေမည်ဖြစ်သဖြင့် ထိုသို့ သေခြင်းတရားကို စောင့်ဆိုင်းမည့်အစား သမ္မာတရားကို ရှာဖွေပြီး ဤပြဿနာကို အမြစ်မှဖြေရှင်းရန် ဤလက်တွေ့ကျသည့် အခြေအနေကို ယခု ကောင်းစွာ အသုံးပြုခြင်းက သာ၍ ကောင်းပေသည်။ သင် နောင်တရပြီး ဝမ်းနည်းရသည့် အရာများ လုပ်ဆောင်မိပါက ဤအရာက သင့်ကို ပျက်စီးဆုံးရှုံးခြင်းသို့ ဆိုက်ရောက်စေနိုင်သည်။ ထို့ကြောင့် ပြဿနာက မည်သည့်အရာဖြစ်စေ ထိုကိစ္စရပ်နှင့်ပတ်သက်၍ သင် ရှိသင့်သည့် သိနားလည်မှုနှင့် သင်နားလည်သင့်သည့် သမ္မာတရားများဖြင့် သင်၏ ဝင်ရောက်မှုကို အမြဲ အစပြုသင့်သည်။ နာမကျန်းဖြစ်ခြင်းကဲ့သို့သော အရာများနှင့်ပတ်သက်၍ သင်သည် စဉ်ဆက်မပြတ် စိတ်ဖိစီး၊ သောကရောက်ပြီး စိုးရိမ်ကာ ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုမျိုးများအတွင်း ဝန်းရံခံရလျက် အသက်ရှင်ရပါက ယခု သမ္မာတရားကို သင် စတင်ရှာဖွေသင့်ပြီး ဤပြဿနာများကို တတ်နိုင်သမျှမြန်မြန် ဖြေရှင်းသင့်ပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၄)
လူတို့သည် ၎င်းတို့၏ သေခြင်းကို မည်သို့ ကိုင်တွယ်ရမည်ကို မသိသကဲ့သို့ အဓိပ္ပာယ်ရှိသောနည်းဖြင့် မည်သို့အသက်ရှင်ရမည်ကိုလည်း မသိပေ။ ဤသို့ဆိုလျှင် လူတို့၏ သေခြင်းကို ကိုင်တွယ်ရာတွင် ဘုရားသခင်၏ သဘောထားကို ကြည့်ကြစို့။ ထမ်းဆောင်သည့်တာဝန်၏ ကဏ္ဍက မည်သည့်အရာဖြစ်စေ ဘုရားသခင်၏ ရည်ရွယ်ချက်မှာ လူတို့အနေဖြင့် မိမိတို့၏ တာဝန်ထမ်းဆောင်ခြင်း လုပ်ငန်းစဉ်တွင် သေခြင်းထံသို့ ဒရောသောပါး အပြေးအလွှားသွားခြင်းအစား သမ္မာတရားကို နားလည်ရန်၊ လက်တွေ့လုပ်ဆောင်ရန်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားရန်၊ ပုံမှန်လူတစ်ယောက်၏ ပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်ရန်နှင့် ကယ်တင်ခြင်းအား ရယူခြင်းအတွက် စံနှုန်းကို ရောက်ရှိရန်ဖြစ်သည်။ လူအချို့သည် ဆိုးရွားသော ရောဂါ၊ သို့မဟုတ် ကင်ဆာဖြစ်ပြီး “ဤသည်မှာ ဘုရားသခင်က ငါ့အား သေရန်၊ ငါ၏ အသက်ကို စွန့်လွှတ်ရန် ခိုင်းစေနေခြင်းဖြစ်သည်၊ ထို့ကြောင့် ငါ နာခံမည်” ဟူ၍ စဉ်းစားကြသည်။ အမှန်တွင် ဘုရားသခင်က ဤသို့ မပြောသကဲ့သို့ သူ့တွင် ဤသို့သော စိတ်ကူးလည်း မပေါ်ပေ။ ဤသည်မှာ လူတို့၏ နားလည်မှုလွဲခြင်းထက် မပိုပေ။ ဤသို့ဆိုလျှင် ဘုရားသခင်က မည်သည့်အရာကို ဆိုလိုသနည်း။ လူတိုင်းက နှစ်အရေအတွက်တစ်ခုခုအထိ အသက်ရှင်သော်လည်း ၎င်းတို့၏ ဘဝသက်တမ်းများက မတူညီကြပေ။ ဘုရားသခင်က ဆုံးဖြတ်သောအခါတွင် သင့်တော်သောအချိန်နှင့်နေရာ၌ လူတိုင်း သေဆုံးကြသည်။ ဤအရာအားလုံးကို ဘုရားသခင်က ချမှတ်ဆုံးဖြတ်သည်။ ဘုရားသခင်သည် မည်သူ့ကိုမဆို ထင်သလိုကိစ္စတစ်ခုခုဖြင့် သေဆုံးစေခြင်းထက် ထိုလူ၏ ဘဝသက်တမ်းအတွက် သူချမှတ်ခဲ့သောအချိန်၊ သူ၏ သေဆုံးသောနေရာနှင့် သေဆုံးသည့် ပုံစံတို့နှင့်အညီ ဖြစ်ပျက်စေရန် လုပ်ဆောင်သည်။ ဘုရားသခင်သည် လူတစ်ယောက်၏ ဘဝကို အလွန်အရေးကြီးသည်ဟု မှတ်ယူသည်။ လူတစ်ယောက်၏ သေခြင်းနှင့် သူ၏ ရုပ်ပိုင်းဆိုင်ရာ အသက်ကို အဆုံးသတ်ခြင်းကိုလည်း အလွန်အရေးကြီးသည်ဟု မှတ်ယူသည်။ ဤအရာအားလုံးကို ဘုရားသခင်က ချမှတ်ဆုံးဖြတ်သည်။ ဤအမြင်ရှုထောင့်မှ ကြည့်လျှင် ဘုရားသခင်က လူတို့အား တာဝန်ထမ်းဆောင်ရန် တောင်းဆိုသည်ဖြစ်စေ သို့မဟုတ် သူ့နောက်သို့လိုက်ရန် တောင်းဆိုသည်ဖြစ်စေ သူသည် လူတို့အား သေခြင်းထံသို့ ဒရောသောပါး အပြေးအလွှားသွားရန် မတောင်းဆိုပေ။ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဤသည်မှာ ဘုရားသခင်က သင့်အား သင်၏တာဝန်ကို ထမ်းဆောင်ခြင်းအတွက်၊ သို့မဟုတ် ဘုရားသခင်အတွက် အသုံးခံခြင်း၊ သို့မဟုတ် သူ၏ တာဝန်ပေးစေခိုင်းချက်အတွက် သင်၏ အသက်ကို အချိန်မရွေး စွန့်လွှတ်ရန် ပြင်ဆင်ဖို့ မတောင်းဆိုပေဟု အဓိပ္ပာယ်ရသည်။ သင်သည် ဤသို့သော ပြင်ဆင်မှုများ ပြုလုပ်ဖို့ မလိုအပ်ပေ။ ဤသို့သော စိတ်ဓာတ်ရှိဖို့ မလိုအပ်ပေ။ ပြီးလျှင် သင်သည် အသေအချာပင် ဤနည်းဖြင့် စီစဉ်ဖို့၊ သို့မဟုတ် စဉ်းစားဖို့ မလိုအပ်ပေ။ ဘုရားသခင်က သင်၏ အသက်ကို မလိုအပ်သောကြောင့်ဖြစ်သည်။ အဘယ်ကြောင့် ငါ ဤသို့ ဆိုသနည်း။ သင်၏ အသက်ကို ဘုရားသခင်က ပိုင်ဆိုင်သည်၊ ထိုအသက်ကို ပေးအပ်သူမှာ သူဖြစ်သည်ဆိုသည်မှာ ပြောစရာမလိုပေ။ ဤသို့ဆိုလျှင် သူသည် မည်သည့်အတွက် ထိုအသက်ကို ပြန်လည်ရယူလိုမည်နည်း။ သင်၏ အသက်သည် တန်ဖိုးရှိသလော။ ဘုရားသခင်၏ အမြင်ရှုထောင့်မှကြည့်လျှင် တန်ဖိုးရှိသည်၊ မရှိသည်ဆိုသည်နှင့် မသက်ဆိုင်ဘဲ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်၌ မည်သည့်ကဏ္ဍတွင် သင်ပါဝင်သည်ဆိုသည်နှင့်သာ သက်ဆိုင်သည်။ သင်၏ အသက်နှင့်ပတ်သက်လျှင် ဘုရားသခင်က ယူဆောင်လိုလျှင် သူသည် အချိန်မရွေး၊ နေရာမရွေး၊ မိနစ်မရွေး ယူဆောင်နိုင်သည်။ ထို့ကြောင့် မည်သူမဆို၏ အသက်သည် ၎င်းတို့ကိုယ်တိုင်အတွက် အရေးကြီးသည်။ ၎င်းတို့၏ တာဝန်များ၊ ဝတ္တရားများနှင့် တာဝန်ခံယူမှုများအတွက် အရေးကြီးပြီး ဘုရားသခင်၏ တာဝန်ပေးစေခိုင်းအချက်အတွက်လည်း အရေးကြီးသည်။ ဘုရားသခင်၏ အဘက်ဘက်မှ စီမံခန့်ခွဲမှုအစီအစဉ်တွင်ပါဝင်သော ၎င်းတို့၏ ကဏ္ဍအတွက်လည်း အရေးကြီးသည်မှာ ပြောစရာမလိုပေ။ သင်၏ အသက်သည် အရေးကြီးသော်လည်း ဘုရားသခင်က သင့်အသက်ကို ယူဆောင်ဖို့ မလိုအပ်ပေ။ အဘယ်ကြောင့်နည်း။ သင်၏ အသက်ကို ယူဆောင်သွားသောအခါ သင်သည် လူသေတစ်ယောက်ဖြစ်သွားပြီး ဆက်လက်၍ အသုံးပြု၍ မရပေ။ သင် အသက်ရှင်သောအခါမှသာ၊ ဘုရားသခင် အုပ်စိုးသည့် လူသားမျိုးနွယ်ကြားတွင် အသက်ရှင်သောအခါမှသာ ဤဘဝတွင် သင်ပါဝင်ရန် ရည်ရွယ်ထားသော ကဏ္ဍတွင် ပါဝင်နိုင်သည်။ ပြီးလျှင် သင် ကောင်းမွန်စွာ ဖြည့်ဆည်းရန် ရည်ရွယ်ထားသော တာဝန်များနှင့် ဝတ္တရားများကို ထမ်းဆောင်နိုင်ကာ ဘုရားသခင်က သင့်အား ဤဘဝတွင် ထမ်းဆောင်ရန် တောင်းဆိုသော တာဝန်များကို ထမ်းဆောင်နိုင်သည်။ ဤပုံစံဖြင့် သင်ဖြစ်တည်သောအခါမှသာ သင်၏ အသက်သည် တန်ဖိုးရှိပြီး ထိုတန်ဖိုးကို အမှန်တကယ် ဖြစ်ပေါ်စေနိုင်သည်။ ထို့ကြောင့် “ဘုရားသခင်အတွက် သေခြင်း”၊ သို့မဟုတ် “ဘုရားအမှုတော်အတွက် ငါ၏ ဘဝကို စွန့်လွှတ်ခြင်း” ကဲ့သို့သော စကားများကို ပေါ့ပေါ့တန်တန် မပြောဆိုနှင့်။ ထပ်ခါထပ်ခါ မပြောဆိုနှင့်။ သို့မဟုတ် သင်၏ စိတ်ထဲတွင်၊ သင်၏ စိတ်နှလုံးအတွင်းထဲတွင် မထားရှိနှင့်။ ယင်းသည် မလိုအပ်ပေ။ လူတစ်ယောက်သည် ဘုရားသခင်အတွက် အစဉ်မပြတ် သေလိုသောအခါ၊ သူ၏ တာဝန်အတွက် သူ့ကိုယ်သူ ပူဇော်ဆက်ကပ်ပြီး သူ၏ အသက်ကို စွန့်လွှတ်သောအခါတွင် ဤသည်မှာ စက်ဆုပ်ဖွယ်ရွာ၊ မထိုက်တန်သောအရာနှင့် ရွံရှာဖွယ်ရာ အဖြစ်ဆုံးဖြစ်သည်။ အဘယ်ကြောင့်နည်း။ သင်၏ ဘဝသည် ပြီးဆုံးသွားလျှင်၊ ဤအသွေးအသားခန္ဓာပုံစံဖြင့် အသက်မရှင်တော့လျှင် ဖန်ဆင်းခံတစ်ယောက်အဖြစ် သင်၏ တာဝန်ကို မည်သို့ ထမ်းဆောင်နိုင်မည်နည်း။ လူတိုင်းက သေဆုံးလျှင် ဘုရားသခင်အတွက် သူ၏ အမှုတော်မှတစ်ဆင့် ကယ်တင်ရန် မည်သူကျန်ရှိမည်နည်း။ ကယ်တင်ရန်လိုအပ်သော လူသားများမရှိလျှင် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို မည်သို့ဆောင်ရွက်မည်နည်း။ လူသားမျိုးနွယ်အား ကယ်တင်ခြင်းဖြစ်သည့် ဘုရားသခင်၏ အမှုတော်က တည်ရှိဦးမည်လော။ ဆက်လက်၍ လုပ်ဆောင်နိုင်ဦးမည်လော။ ဤရှုထောင့်မှကြည့်လျှင် လူတို့အနေဖြင့် ၎င်းတို့၏ ကိုယ်ခန္ဓာကို ကောင်းစွာ ကြည့်ရှုစောင့်ရှောက်ပြီး ကျန်းမာသော ဘဝကို နေထိုင်ခြင်းသည် အရေးကြီးသောကိစ္စတစ်ခု မဟုတ်သလော။ ယင်းသည် မထိုက်တန်သလော။ လုံးဝ အသေအချာပင် ထိုက်တန်သည်။ ပြီးလျှင် လူတို့သည် ဤသို့ လုပ်ဆောင်သင့်သည်။ “အဆိုးဆုံး အခြေအနေဖြစ်လာလျှင် ငါသည် ဘုရားသခင်အတွက် အသေခံမည်” ဟု ပေါ့ပေါ့တန်တန်ပြောဆိုသော၊ သေခြင်းကို ပေါ့ဆစွာဖြင့် ပေါ့ပေါ့တန်တန် မှတ်ယူပြီး မိမိတို့၏ အသက်ကို စွန့်လွှတ်သော၊ မိမိကိုယ်ခန္ဓာကို နှိပ်စက်သောသူတို့မှာမူ မည်သို့သောသူမျိုးဖြစ်သနည်း။ ၎င်းတို့သည် ပုန်ကန်သောသူများ ဖြစ်သလော။ (ဟုတ်ပါသည်။) ဤသူတို့မှာ အပုန်ကန်ဆုံးသောလူများ ဖြစ်သည်။ စက်ဆုပ်ရွံရှာပြီး အထင်အမြင်သေးသင့်သည်။ တစ်စုံတစ်ယောက်က သူသည် ဘုရားသခင်အတွက် အသေခံမည်ဟု ပေါ့ပေါ့တန်တန် ပြောဆိုနိုင်သောအခါတွင် သူသည် သူ၏ ကိုယ်ပိုင်အသက်ကို အဆုံးစီရင်ရန်၊ သူ၏ တာဝန်ကို စွန့်လွှတ်ရန်၊ ဘုရားသခင်က သူ့အား အပ်နှံခဲ့သော တာဝန်ပေးစေခိုင်းချက်ကို စွန့်လွှတ်ရန်၊ ၎င်းတို့တွင် ဘုရားနှုတ်ကပတ်တော်များ ပြည့်စုံခြင်းကို တားဆီးရန် ပေါ့ပေါ့တန်တန်ဖြင့် စဉ်းစားသည်ဟု ဆိုနိုင်သည်။ ဤသည်မှာ အမှုအရာများကို မိုက်မဲစွာ လုပ်ဆောင်သည့် ပုံစံမဟုတ်လော။ သင်သည် ပေါ့ပေါ့တန်တန်ဖြင့်၊ လိုလိုလားလားဖြင့် သင်၏အသက်ကို စွန့်လွှတ်ပြီး သင်၏ အသက်ကို ဘုရားသခင်အား ပေးအပ်လိုသည်ဟု ဆိုနိုင်သည်။ သို့သော်လည်း ဘုရားသခင်က သင့်အား သင်၏ အသက်ကို ပေးအပ်ရန် အလိုရှိသလော။ သင်၏ အသက်ကိုယ်၌က ဘုရားသခင်နှင့် သက်ဆိုင်သည်။ ဘုရားသခင်က အချိန်မရွေး ယူဆောင်နိုင်သည်။ ဤသို့ဆိုလျှင် သင်၏အသက်ကို သူ့အား ပေးအပ်ခြင်း၌ မည်သို့အသုံးဝင်သနည်း။ သင်က သင့်အသက်ကို မပေးအပ်သော်လည်း ဘုရားသခင်က လိုအပ်လျှင် သူသည် သင့်အား ကောင်းမွန်စွာ တောင်းဆိုမည်လော။ သူသည် သင်နှင့် ပြောဆိုဆွေးနွေးရန် လိုအပ်မည်လော။ လိုအပ်မည်မဟုတ်ပေ။ သို့သော် ဘုရားသခင်က သင်၏ အသက်ကို မည်သည့်အတွက် အလိုရှိမည်နည်း။ ဘုရားသခင်က သင့်အသက်ကို ပြန်လည်ယူဆောင်သည်နှင့် သင်သည် သင့်တာဝန်ကို ထမ်းဆောင်နိုင်မည် မဟုတ်တော့ပေ။ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်တွင် လူတစ်ယောက် ပျောက်သွားလိမ့်မည်။ သူသည် ဤအရာနှင့်ပတ်သက်ပြီး ပျော်ရွှင်ပြီး ကျေနပ်မည်လော။ မည်သူက အမှန်တကယ် ပျော်ရွှင်ပြီး ကျေနပ်မည်နည်း။ (စာတန်ဖြစ်ပါသည်။) သင်သည် သင်၏အသက်ကို စွန့်လွှတ်လျှင် ဤသို့ လုပ်ဆောင်ခြင်းမှတစ်ဆင့် မည်သည့်အရာကို ရရှိနိုင်သနည်း။ ဘုရားသခင်က သင်၏ အသက်ကို ယူဆောင်ခြင်းအားဖြင့် မည်သည့်အရာကို ရရှိနိုင်သနည်း။ သင်သည် ကယ်တင်ခြင်းခံရရန် အခွင့်အရေးကို လွဲချော်လျှင် ယင်းသည် ဘုရားသခင်အတွက် ရရှိခြင်းဖြစ်သလော၊ ဆုံးရှုံးခြင်းဖြစ်သလော။ (ဆုံးရှုံးခြင်းဖြစ်ပါသည်။) ဘုရားသခင်အတွက် ယင်းသည် ရရှိခြင်းမဟုတ်ဘဲ ဆုံးရှုံးခြင်းဖြစ်သည်။ ဘုရားသခင်သည် သင့်အား ဖန်ဆင်းခံတစ်ယောက်အနေဖြင့် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်ရန်အတွက် ဖန်ဆင်းခံတစ်ယောက်၏ ဘဝကိုရရှိပြီး ဖန်ဆင်းခံတစ်ယောက်၏ နေရာကို ခံယူရန် အခွင့်ပေးပြီး ဤသို့လုပ်ဆောင်ခြင်းအားဖြင့် သမ္မာတရား စစ်မှန်မှုအတွင်းသို့ သင် ဝင်ရောက်နိုင်ရန်၊ ဘုရားသခင်အား ကျိုးနွံနာခံနိုင်ရန်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ပြီး ဘုရားကို သိမြင်ရန်၊ သူ၏ အလိုတော်နောက်သို့ လိုက်လျှောက်ရန်၊ လူသားမျိုးနွယ်အား ကယ်တင်ခြင်းဖြစ်သည့် သူ၏ အမှုတော်ကို ဖြစ်မြောက်အောင် လုပ်ဆောင်ရာတွင် သူနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန်နှင့် အဆုံးထိ သူ၏ နောက်သို့လိုက်ရန် အခွင့်ကိုသင့်အား ပေးသည်။ ဤသည်မှာ ဖြောင့်မတ်ခြင်းဖြစ်ပြီး သင့်ဘဝဖြစ်တည်ခြင်း၏ တန်ဖိုးနှင့် အဓိပ္ပာယ်ဖြစ်သည်။ သင်၏ ဘဝသည် ဤအရာအတွက် ဖြစ်တည်လျှင်၊ သင်သည် ဤအရာအတွက် ကျန်းမာစွာ နေထိုင်လျှင် ဤသည်မှာ အဓိပ္ပာယ်အရှိဆုံးသောအရာဖြစ်သည်။ ပြီးလျှင် ဘုရားသခင်နှင့် ပတ်သက်လျှင် ဤသည်မှာ မှန်ကန်သော ရည်စူးဆက်ကပ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အတွက် ကျေနပ်ဖွယ် အဖြစ်ဆုံးသောအရာဖြစ်သည်။ ဘုရားသခင် မြင်တွေ့လိုသောအရာမှာ ဇာတိပကတိ၌ အသက်ရှင်သော ဖန်ဆင်းခံတစ်ဦးသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအလယ်တွင် သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို စွန့်ပစ်ခြင်း၊ သူ့အတွင်းသို့ စာတန်က သွတ်သွင်းခဲ့သော မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆ အများအပြားကို ငြင်းပယ်ခြင်း၊ ဘုရားသခင်ထံမှ သမ္မာတရားများနှင့် သတ်မှတ်ချက်များကို လက်ခံနိုင်ခြင်း၊ ဖန်ဆင်းရှင်၏ အုပ်စိုးမှုကို အပြည့်အဝ နာခံခြင်း၊ ဖန်ဆင်းခံတစ်ယောက် ထမ်းဆောင်သင့်သည့် တာဝန်ကို ထမ်းဆောင်ခြင်း၊ စစ်မှန်သော ဖန်ဆင်းခံတစ်ယောက် ဖြစ်လာနိုင်ခြင်းတို့ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် မြင်တွေ့လိုသောအရာ ဖြစ်သည်။ ဤသည်မှာ လူသားဘဝ၏ ဖြစ်တည်မှု၏ တန်ဖိုးနှင့် အဓိပ္ပာယ်ဖြစ်သည်။ ထို့ကြောင့် မည်သည့်ဖန်ဆင်းခံမဆိုအတွက် သေခြင်းသည် အဆုံးစွန် ခရီးပန်းတိုင်မဟုတ်ပေ။ လူသားဘဝ၏ ဖြစ်တည်မှု၏ တန်ဖိုးနှင့် အဓိပ္ပာယ်သည် သေရန်မဟုတ်ဘဲ ဘုရားအတွက် အသက်ရှင်ရန်၊ ဘုရားအတွက်၊ မိမိ၏ ကိုယ်ပိုင်တာဝန်အတွက် ဖြစ်တည်ရန်၊ ဖန်ဆင်းခံတစ်ယောက်၏ တာဝန်များနှင့် ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းဖို့အတွက် ဖြစ်တည်ရန်၊ ဘုရားအလိုတော်ကို လိုက်လျှောက်ရန်နှင့် စာတန်ကို အရှက်ခွဲရန်ဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းခံတစ်ယောက် ဖြစ်တည်မှု၏ တန်ဖိုးဖြစ်ပြီး ဖန်ဆင်းခံတစ်ယောက်၏ ဘဝအဓိပ္ပာယ်လည်း ဖြစ်သည်။
လူတို့အပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်ပတ်သက်လျှင် လူတို့၏ သေခြင်း၊ ရှင်ခြင်းကို ဘုရားသခင် သဘောထားသည့် ပုံစံသည် ရိုးရာယဉ်ကျေးမှုတွင် ရှိသော “အလုပ်တာဝန်အတွက် ရည်စူးဆက်ကပ်ထားပြီး သေသည့်နေ့ရက်အထိ အစွမ်းကုန် ကြိုးစားပါ” ဆိုသည့် ဆိုရိုးစကားတွင် ဖော်ပြထားသည်နှင့် လုံးဝ မတူပေ။ စာတန်သည် အစဉ်သဖြင့် လူတို့ကို သေစေလိုသည်။ စာတန်သည် လူတို့ အသက်ရှင်နေသည်ကို မြင်ရသည်ကို သက်သောင့်သက်သာ မဖြစ်ပေ။ ပြီးလျှင် လူတို့၏ အသက်များကို မည်သို့ ပျက်စီးဆုံးရှုံးအောင် လုပ်ရမည်ကို အစဉ် အဖြေရှာလျက်ရှိသည်။ လူတို့သည် စာတန်ထံမှ ရိုးရာယဉ်ကျေးမှု၏ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆများကို လက်ခံသည်နှင့် ၎င်းတို့ အလိုရှိသမျှမှာ ၎င်းတို့၏ နိုင်ငံနှင့် လူမျိုးအတွက်၊ သို့မဟုတ် ၎င်းတို့၏ အသက်မွေးအလုပ်အတွက်၊ ချစ်ခြင်းအတွက်၊ သို့မဟုတ် ၎င်းတို့၏ မိသားစုအတွက် ၎င်းတို့၏ အသက်ကို စွန့်လွှတ်ရန်ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ အသက်ကို အစဉ်သဖြင့် အမှုမထားကြပေ။ အချိန်မရွေး၊ နေရာမရွေး သေရန်၊ ၎င်းတို့၏ အသက်ကို လက်လွှတ်ရန် အသင့်ရှိကြသည်။ ပြီးလျှင် ဘုရားသခင်က ၎င်းတို့ကို ပေးအပ်သည့် အသက်ကို တန်ဖိုးအရှိဆုံးသောအရာအဖြစ်၊ မြတ်နိုးသင့်သောအရာတစ်ခုအဖြစ် မှတ်ယူခြင်းမရှိကြပေ။ ဘုရားသခင်က ၎င်းတို့ကို ပေးအပ်သည့် အသက်ကို ပိုင်ဆိုင်ဆဲရှိနေစဉ်တွင် ၎င်းတို့၏ ဘဝသက်တမ်းအတွင်းတွင် ၎င်းတို့၏ တာဝန်များနှင့် ဝတ္တရားများကို ကောင်းမွန်စွာ မဖြည့်ဆည်းနိုင်ကြပေ။ ထိုအစား စာတန်၏ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအရာများနှင့် နတ်ဆိုးဆန်သော စကားများကိုလက်ခံကြပြီး အလုပ်တာဝန်အတွက် ရည်စူးဆက်ကပ်ထားပြီး သေသည့်နေ့ရက်အထိ အစွမ်းကုန် ကြိုးစားရန် အစဉ် ရည်ရွယ်ကြသည်။ ပြီးလျှင် အချိန်မရွေး ဘုရားသခင်အတွက် အသေခံရန် အသင့်ရှိကြသည်။ အမှန်မှာ သင်သည် အမှန်တကယ် သေဆုံးလျှင် ဘုရားသခင်အတွက် လုပ်ဆောင်ခြင်းမဟုတ်ဘဲ စာတန်အတွက် ဖြစ်သည်။ ပြီးလျှင် ဘုရားသခင်က သင့်အား အမှတ်ရမည်လည်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အသက်ရှင်သူများသာ ဘုရားသခင်ကို ဘုန်းတော်ထင်ရှားစေနိုင်ပြီး သက်သေခံနိုင်သောကြောင့်ဖြစ်သည်။ အသက်ရှင်သူများသာ ဖန်ဆင်းခံများ၏ သင့်လျော်သောနေရာကို ခံယူပြီး ၎င်းတို့၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်ကာ ဤသို့ဖြင့် နောင်တများ မကျန်ရစ်စေဘဲ စာတန်ကို အရှက်ခွဲနိုင်သောကြောင့်၊ ဖန်ဆင်းရှင်၏ အံ့ဖွယ်အမှုများနှင့် အချုပ်အခြာအာဏာကို သက်သေခံနိုင်သောကြောင့်ဖြစ်သည်။ အသက်ရှင်သူများသာ ဤအရာများကို လုပ်ဆောင်နိုင်သည်။ သင်သည် အသက်ပင်မရှိလျှင် ဤအရာအားလုံး တည်ရှိမည်မဟုတ်ပေ။ ဤသို့ မဟုတ်သလော။ (ဟုတ်ပါသည်။) ထို့ကြောင့် “အလုပ်တာဝန်အတွက် ရည်စူးဆက်ကပ်ထားပြီး သေသည့်နေ့ရက်အထိ အစွမ်းကုန် ကြိုးစားပါ” ဆိုသည့် ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားကို အဆိုပြုခြင်းအားဖြင့် စာတန်သည် လူသားအသက်ကို ဆော့စကားပြီး နင်းခြေနေသည်မှာ သံသယရှိစရာမလိုပေ။ စာတန်သည် လူ့အသက်ကို မလေးစားဘဲ ထိုအစား လှည့်ကွက်များ လုပ်ဆောင်ပြီး လူတို့အား “အလုပ်တာဝန်အတွက် ရည်စူးဆက်ကပ်ထားပြီး သေသည့်နေ့ရက်အထိ အစွမ်းကုန် ကြိုးစားပါ” ဆိုသကဲ့သို့သော အယူအဆများကို လက်ခံစေရန် လုပ်ဆောင်သည်။ လူတို့သည် ဤသို့သော အယူအဆများနှင့် အသက်ရှင်ပြီး အသက်ကို မမြတ်နိုးပေ၊ သို့မဟုတ် ကိုယ့်အသက်ကိုယ် တန်ဖိုးရှိသည်ဟု မမှတ်ယူပေ။ ဤသို့ဖြင့် ဘုရားသခင်က လူတို့အား ပေးသည့်အရာများထဲမှ တန်ဖိုးအရှိဆုံးသောအရာဖြစ်သည့် ၎င်းတို့၏ အသက်ကို ပေါ့ပေါ့တန်တန် စွန့်လွှတ်ကြသည်။ ဤသည်မှာ ဖောက်ပြန်သော၊ ကိုယ်ကျင့်တရားမရှိသော အရာတစ်ခုဖြစ်သည်။ သင့်အတွက် ဘုရားသခင် ချမှတ်ဆုံးဖြတ်သည့် နောက်ဆုံးအချိန်ကို မရောက်သေးသရွေ့ သင်သည် မည်သည့်အချိန်တွင်ဖြစ်စေ သင်၏ အသက်အား စွန့်လွှတ်ခြင်းကို ပေါ့ပေါ့တန်တန် မပြောဆိုသင့်ပေ။ သင်အသက်ရှူနေသရွေ့ အားမလျှော့နှင့်။ သင်၏တာဝန်ကို မစွန့်လွှတ်နှင့်။ သင့်အပေါ် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်၊ သို့မဟုတ် သင်လုပ်ဆောင်ရန် ဘုရားသခင် အပ်နှံခဲ့သည့်အရာကို မစွန့်ပစ်နှင့်။ အဘယ်ကြောင့်ဆိုသော် မည်သည့်ဖန်ဆင်းခံမဆို၏ အသက်သည် ဖန်ဆင်းရှင်အတွက်၊ သူ၏ အချုပ်အခြာအာဏာ၊ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များအတွက်သာ ဖြစ်တည်သောကြောင့်ဖြစ်သည်။ ပြီးလျှင် ဖန်ဆင်းရှင်၏ သက်သေခံချက်နှင့် သူ၏ လူသားမျိုးနွယ်အား ကယ်တင်ခြင်းအမှုအတွက်သာ ဖြစ်တည်ပြီး ယင်း၏ တန်ဖိုးကို အမှန်တကယ် ဖြစ်ပေါ်စေသောကြောင့်လည်းဖြစ်သည်။ လူ့အသက်အပေါ် ဘုရားသခင်၏ အမြင်သည် စာတန်၏ အမြင်နှင့် လုံးဝ ခြားနားသည်ကို သင် မြင်နိုင်သည်။ ဤသို့ဆိုလျှင် လူ့အသက်ကို မည်သူက အမှန်တကယ် မြတ်နိုးသနည်း။ (ဘုရားသခင် ဖြစ်ပါသည်။) ဘုရားသခင်သာ ဖြစ်သည်။ လူတို့ကိုယ်တိုင်ကမူ ကိုယ့်အသက်ကိုယ် မြတ်နိုးရမှန်းမသိပေ။ ဘုရားသခင်သာ လူသား၏ အသက်ကို မြတ်နိုးသည်။ လူသားများသည် ချစ်ခင်ဖွယ် မရှိသော်လည်း၊ သို့မဟုတ် ချစ်ခြင်းနှင့် မထိုက်တန်သော်လည်း အညစ်အကြေးနှင့် ပုန်ကန်ခြင်းတို့ အပြည့်ရှိပြီး စာတန်က သွတ်သွင်းခဲ့သော အဓိပ္ပာယ်မရှိသော အယူအဆများနှင့် အမြင်မျိုးစုံတို့ဖြင့် ပြည့်လျက်ရှိသည်။ ပြီးလျှင် လူသားများသည် ဘုရားသခင်အား ဆန့်ကျင်သည်အထိပင် စာတန်ကို ကိုးကွယ်ပြီး စာတန်နောက်လိုက်သော်လည်း မည်သို့ပင်ဖြစ်စေ လူသားများကို ဘုရားသခင်က ဖန်ဆင်းခဲ့ခြင်း ဖြစ်သောကြောင့်၊ လူသားများကို ဝင်လေ၊ ထွက်လေနှင့် အသက်ကို ပေးအပ်ခဲ့သောကြောင့် သူသာလျှင် လူသား၏အသက်ကို မြတ်နိုးသည်။ သူသာလျှင် လူတို့ကို ချစ်သည်။ သူသာလျှင် လူသားမျိုးနွယ်ကို စဉ်ဆက်မပြတ် ဂရုစိုက်ပြီး မြတ်နိုးသည်။ ဘုရားသခင်က လူသားများကို မြတ်နိုးသည်။ လူသားများ၏ ရုပ်ခန္ဓာကိုမဟုတ်ဘဲ ၎င်းတို့၏ အသက်ကိုမြတ်နိုးခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်က အသက်ပေးခဲ့သော လူသားများသာ အဆုံးတွင် ဘုရားသခင်ကို အမှန်တကယ် ကိုးကွယ်သော ဖန်ဆင်းခံများဖြစ်လာပြီး ဘုရားသခင်အပေါ် သက်သေခံနိုင်သောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် လူတို့အတွက်၊ ဤဖန်ဆင်းခံများအတွက် အလုပ်၊ တာဝန်ပေးစေခိုင်းချက်များနှင့် မျှော်မှန်းချက်များရှိသည်။ ထို့ကြောင့် ဘုရားသခင်သည် ၎င်းတို့၏ အသက်ကို မြတ်နိုးပြီး တန်ဖိုးထားသည်။ ဤသည်မှာ သမ္မာတရားဖြစ်သည်။ သင်တို့ နားလည်သလော။ (နားလည်ပါသည်။) ထို့ကြောင့် လူတို့သည် ဖန်ဆင်းရှင်ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားလည်လာသည်နှင့် ၎င်းတို့၏ ရုပ်ခန္ဓာ၏ အသက်ကို မည်သို့ ကို်ငတွယ်သင့်သည်၊ ၎င်းတို့ရှင်သန်သည့် ဥပဒေသများနှင့် လိုအပ်ချက်များကို မည်သို့ ကိုင်တွယ်သင့်သည်ဆိုသည်တို့အတွက် စည်းမျဉ်းများ မရှိသင့်သလော။ ဤစည်းမျဉ်းများသည် မည်သည့်အရာအပေါ် အခြေခံသနည်း။ ဘုရားနှုတ်ကပတ်တော်အပေါ်တွင် အခြေခံသည်။ ၎င်းတို့အား လက်တွေ့လုပ်ဆောင်ခြင်းအတွက် စည်းမျဉ်းများမှာ အဘယ်နည်း။ ပြုသမျှနုနေသောဘက်တွင် လူတို့သည် စာတန်က ၎င်းတို့အတွင်းသို့ သွတ်သွင်းသော များစွာသော မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အမြင်မျိုးစုံကို စွန့်ပစ်ပြီး “အလုပ်တာဝန်အတွက် ရည်စူးဆက်ကပ်ထားပြီး သေသည့်နေ့ရက်အထိ အစွမ်းကုန် ကြိုးစားပါ” ဟူသည့် ဆိုရိုးစကားကဲ့သို့သော စာတန်၏ အမြင်များ၏ မှားယွင်းပြီး အဓိပ္ပာယ်မဲ့ခြင်းကို ဖော်ထုတ်ပြီး သိမြင်ရမည်။ ယင်းတို့သည် လူတို့ကို ထုံထိုင်းစေသည်။ ထိခိုက်စေသည်။ ပြီးလျှင် ဘောင်ခတ်သည်။ ဤအမြင်များကို စွန့်ပစ်ရမည်။ ထို့အပြင် လှုပ်ရှားတက်ကြွမှုရှိသောဘက်တွင်လူသားမျိုးနွယ်အတွက် ဖန်ဆင်းရှင်ဘုရားသခင်၏ သတ်မှတ်ချက်များမှာ အတိအကျ မည်သည့်အရာများဖြစ်သည်ဆိုသည်ကို ၎င်းတို့ နားလည်ရမည်။ ပြီးလျှင် ၎င်းတို့လုပ်ဆောင်သည့်အရာရာတိုင်း၏ အခြေခံအုတ်မြစ်သည် ဘုရားနှုတ်ကပတ်တော်ဖြစ်စေရမည်။ ဤသို့ဖြင့် လူတို့သည် လမ်းလွဲခြင်းမရှိဘဲ မှန်ကန်စွာ လက်တွေ့လုပ်ဆောင်နိုင်မည်ဖြစ်ပြီး သမ္မာတရားကို အမှန်တကယ် လိုက်စားနိုင်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁၂)
လူတစ်ယောက်သည် တန်ဖိုးရှိသော၊ အဓိပ္ပာယ်ရှိသော ဘဝကို နေထိုင်လိုလျှင် သမ္မာတရားကို လိုက်စားရမည်။ ရှေးဦးစွာ သူသည် ဘဝအပေါ်တွင် မှန်ကန်သော သဘောထားရှိရမည်ဖြစ်ပြီး ဘဝတွင်၊ သူ၏ ဘဝလမ်းကြောင်းတွင် သူရင်ဆိုင်ရသော ကိစ္စကြီးငယ်အမျိုးမျိုးအပေါ်တွင်လည်း မှန်ကန်သော အတွေးအမြင်များရှိရမည်။ သူ၏ ဘဝလမ်းကြောင်း တစ်လျှောက်တွင်၊ သို့မဟုတ် သူ၏ နေ့စဉ်အသက်တာတစ်လျှောက်တွင် သူကြုံတွေ့ရသော ပြဿနာအမျိုးမျိုးကို အစွန်းရောက်သော၊ သို့မဟုတ် တစ်ယူသန်သော အတွေးအမြင်များ အသုံးပြုလျက် ချဉ်းကပ်မည့်အစား ဤအမှုကိစ္စများအားလုံးကို မှန်ကန်သော ရှုထောင့်၊ ရပ်တည်ချက်မှနေ၍လည်း ကြည့်ရှုသင့်သည်။ ဤအမှုကိစ္စများကို လောကီနှင့်ဆိုင်သော အမြင်ရှုထောင့်မှနေ၍လည်း မရှုမြင်ရသည်မှာ ပြောစရာမလိုပေ။ ထိုအစား ဤသို့သော အပျက်သဘောဆောင်သည့်၊ မမှန်ကန်သည့် အတွေးအမြင်များကို လက်လွှတ်သင့်သည်။...ဥပမာပေးရလျှင် လူတစ်ယောက်သည် ကင်ဆာဖြစ်ပြီး သေဖို့ ကြောက်ရွံ့သည်ဆိုပါစို့။ သူသည် သေခြင်းကို လက်ခံဖို့ ငြင်းဆန်ပြီး သူ့အား သေခြင်းမှ ကာကွယ်ရန်၊ သူ၏ အသက်ကို နှစ်အနည်းငယ်ပို၍ တိုးစေရန်အတွက် ဘုရားသခင်ထံသို့ အစဉ်မပြတ်ဆုတောင်းသည်။ သူသည် နှစ်အနည်းငယ်ပို၍ အသက်ရှင်ဖို့ လုပ်ဆောင်နိုင်ပြီး သူ၏ ပန်းတိုင်ကို ရရှိကာ သေခြင်းကို ရှောင်ကြဉ်ခြင်းမှ ရရှိလာသည့် ပျော်ရွှင်မှုကို တွေ့ကြုံခံစားရသော်လည်း သူသည် တစ်ရက်ပြီး တစ်ရက် ဖြတ်သန်းရာတွင် စိတ်ဖိစီးမှု၊ ပူပင်မှု၊ စိတ်သောကတို့ဖြစ်သည့် အပျက်သဘောဆောင်သော စိတ်ခံစားချက်များ ရှိနေသည်။ သူသည် ကံကောင်းသည်ဟု ခံစားရသည်။ ဘုရားသခင်က အလွန်ကောင်းသည်၊ အမှန်ပင် ကြီးကျယ်ခမ်းနားသည်ဟူ၍ သူ ခံစားရသည်။ သူကိုယ်တိုင် ကြိုးစားအားထုတ်မှု၊ ထပ်ခါထပ်ခါ အသနားခံမှု၊ မိမိကိုယ်ကို ချစ်မှု၊ မိမိကိုယ်ကို ဂရုစိုက်မှုတို့မှတစ်ဆင့် သေခြင်းကို ရှောင်ကြဉ်ပြီး အဆုံးတွင် သူ ဆန္ဒရှိသည့်အတိုင်း ဆက်လက်၍ အသက်ရှင်သည်။ သူသည် ဘုရားသခင်၏ ထိန်းသိမ်းခြင်း၊ ကျေးဇူးတော်၊ ချစ်ခြင်း၊ ညှာတာခြင်းတို့အတွက် ကျေးဇူးတော် ချီးမွမ်းသည်။ နေ့စဉ် ဘုရားအား ကျေးဇူးတင်ပြီး ဤအရာအတွက် ကျေးဇူးတော်ချီးမွမ်းရန် ဘုရားရှေ့သို့ လာရောက်သည်။ သူသည် ဓမ္မသီချင်း သီဆိုစဉ်နှင့် ဘုရားနှုတ်ကပတ်တော်အား ဆင်ခြင်စဉ်တွင် မကြာခဏ မျက်ရည်ကျသည်။ ဘုရားသခင်က မည်မျှ အံ့ဩဖွယ်ဖြစ်သည်ကို စဉ်းစားသည်။ “ဘုရားသခင်က အမှန်ပင် သေခြင်းနှင့် ရှင်ခြင်းကို ထိန်းချုပ်သည်၊ သူသည် ငါ့အား အသက်ရှင်ခွင့်ပေးခဲ့သည်” ဟူ၍ ဖြစ်သည်။ သူသည် တာဝန်ကို နေ့စဉ် ထမ်းဆောင်နေစဉ်တွင် ဒုက္ခကို မည်သို့ ဦးစားပေးပြီး သာယာမှုကို နောက်တွင် ထားရမည်၊ အရာရာ၌ သူတစ်ပါးတို့ထက် မည်သို့ ပို၍ကောင်းအောင် လုပ်ဆောင်ရမည်ဆိုသည်တို့ကို မကြာခဏ စဉ်းစားကြသည်။ ဤသို့အားဖြင့် သူကိုယ်တိုင်၏ အသက်ကို ထိန်းသိမ်းပြီး သေခြင်းကို ရှောင်ကြဉ်နိုင်ရန်အတွက် ဖြစ်သည်။ သူသည် နောက်ဆုံးတွင် နှစ်အနည်းငယ်ပို၍ အသက်ရှင်ရပြီး အလွန်ပင် ကျေနပ်ပျော်ရွှင်သည်။ သို့သော် တစ်နေ့တွင် သူ၏ ရောဂါက အခြေအနေပိုဆိုးလာပြီး ဆရာဝန်က နောက်ဆုံးသတိပေးချက်ပြုကာ နောက်ဆုံးအချိန်အတွက် ပြင်ဆင်ရန် ပြောသည်။ ယခုတွင် သူသည် သေခြင်းကို ရင်ဆိုင်ရသည်။ သူသည် အမှန်ပင် သေလုဆဲဆဲဖြစ်သည်။ သူသည် မည်သို့ တုံ့ပြန်မည်နည်း။ သူ အကြောက်ရွံ့ဆုံးသောအရာက သူ့အပေါ်သို့ ကျရောက်လာပြီ၊ သူ အစိုးရိမ်ဆုံးသောအရာက နောက်ဆုံး၌ ရုပ်လုံးပေါ်လာပြီ ဖြစ်သည်။ ထိုသူက ရှုမြင်ပြီး တွေ့ကြုံခံစားဖို့အတွက် အတွန့်ဆုတ်ဆုံးသော နေ့ရက်သည် ရောက်ရှိလာပြီဖြစ်သည်။ ရုတ်ချည်းပင် သူ၏ စိတ်နှလုံးက ဆို့နင့်သွားပြီး သူ၏ စိတ်အခြေအနေက အောက်ဆုံးသို့ရောက်သွားသည်။ သူသည် တာဝန်ထမ်းဆောင်ရန် စိတ်မပါတော့ဘဲ ဘုရားကို ဆုတောင်းရန် စကားလုံးမရှိတော့ပေ။ ဘုရားသခင်အား မချီးမွမ်းလိုတော့ပေ၊ သို့မဟုတ် ဘုရားသခင်က မည်သည့်စကားကိုမဆို ပြောခြင်း၊ မည်သည့်သမ္မာတရားကိုမဆို ပံ့ပိုးပေးခြင်းတို့ကို မကြားလိုတော့ပေ။ ဘုရားသခင်က ချစ်ခြင်း၊ ဖြောင့်မတ်ခြင်း၊ ညှာတာခြင်း၊ ကြင်နာခြင်းဖြစ်သည်ဆိုသည်ကို မယုံကြည်တော့ပေ။ တစ်ချိန်တည်းတွင် သူသည် “ဤနှစ်များတစ်လျှောက်တွင် ငါသည် အစားကောင်းအသောက်ကောင်းများကို ပို၍စားရန်၊ အားလပ်သောအချိန်တွင် အပြင်သွား၍ ပျော်ပါးရန် မေ့လျော့နေခဲ့သည်၊ ယခုတွင် ဤအရာများကို လုပ်ဆောင်ရန် ငါ့၌ အခွင့်အရေးမရှိတော့” ဟူ၍ နောင်တရသည်။ သူ၏ စိတ်သည် နာကြည်းခြင်း၊ ကြေကွဲဝမ်းနည်းခြင်းများနှင့် ပြည့်နေသည်။ သူ၏ စိတ်နှလုံးသည် နာကျင်မှုနှင့် ဘုရားသခင်အပေါ် ညည်းညူမှု၊ မကျေနပ်မှု၊ ငြင်းဆန်မှုတို့နှင့်ပါ ပြည့်နေသည်။ ထို့နောက်တွင် သူသည် နောင်တရလျက် ဤကမ္ဘာမှ စွန့်ခွာသည်။ သူ မထွက်ခွာမီတွင် ဘုရားသခင်က သူ၏ စိတ်နှလုံး၌ ရှိဆဲဖြစ်သလော။ ဘုရားသခင် တည်ရှိခြင်းကို သူ ယုံကြည်ဆဲဖြစ်သလော။ (မယုံကြည်တော့ပါ။) ဤရလဒ်က အဘယ်သို့ ဖြစ်လာသနည်း။ ဤသည်မှာ အစကတည်းက သေခြင်း၊ ရှင်ခြင်းအပေါ် သူ ကိုင်စွဲသည့် မှားယွင်းသော အမြင်ရှုထောင့်များမှ စတင်သည်မဟုတ်လော။ (ဟုတ်သည်။) သူသည် အစကတည်းက မမှန်ကန်သော အတွေးအမြင်များကို ကိုင်စွဲရုံသာမကဘဲ ပို၍ပင် ဆိုးသည်မှာ ထို့နောက်တွင် သူသည် ရှေ့သို့ဆက်၍ လိုက်စားရာ၌ သူ၏ ကိုယ်ပိုင်အတွေးအမြင်များနောက်လိုက်ပြီး ယင်းတို့နှင့်အညီ လုပ်ဆောင်သည်။ မည်သည့်အခါမျှ လက်မလျှော့ပေ။ သူသည် နောက်ပြန်လှည့်မကြည့်ဘဲ ရှေ့သို့ ချီတက်ကာ လမ်းမှားသို့ အမြန်ပြေးသွားခဲ့သည်။ ရလဒ်အနေဖြင့် အဆုံး၌ သူသည် ဘုရားသခင်အပေါ် ယုံကြည်မှု ပျောက်ဆုံးသွားသည်။ သူ၏ ယုံကြည်ခြင်းခရီးသည် ဤသို့ဖြင့် အဆုံးသတ်သွားသည်။ ဤနည်းအားဖြင့် သူ၏ ဘဝက ပြီးဆုံးသည်။ သမ္မာတရားကို သူ ရရှိခဲ့သလော။ ဘုရားသခင်က သူ့အား ရရှိခဲ့သလော။ (မရရှိပါ။) နောက်ဆုံး၌ သူ သေသောအခါ သေခြင်းနှင့်ပတ်သက်၍ သူဖက်တွယ်ထားသည့် အမြင်နှင့် သဘောထားက ပြောင်းလဲခဲ့သလော။ (မပြောင်းလဲပါ။) သူသည် သက်သာခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်းတို့နှင့် သေသလော၊ သို့မဟုတ် နောင်တ၊ တွန့်ဆုတ်ခြင်း၊ ခါးသီးခြင်းတို့နှင့် သေသလော။ (သူသည် တွန့်ဆုတ်ခြင်း၊ ခါးသီးခြင်းနှင့် သေသည်။) သူသည် မည်သည့်အရာကိုမျှ လုံးဝ မရရှိခဲ့ပေ။ သမ္မာတရားကို မရရှိပေ။ ဘုရားသခင်ကလည်း သူ့ကို မရရှိခဲ့ပေ။ ဤသို့ဆိုလျှင် ဤသို့သောသူမျိုးသည် ကယ်တင်ခြင်းကို ရရှိခဲ့သည်ဟု သင်တို့ ဆိုမည်လော။ (မဆိုပါ။) သူသည် ကယ်တင်ခြင်းမခံရပေ။ သူ မသေမီတွင် သူသည် များစွာ ပြေးလွှားသွားလာခဲ့ပြီး ကြီးစွာ အသုံးခံခဲ့သည်မဟုတ်လော။ (ဟုတ်သည်။) အခြားလူများကဲ့သို့ပင် သူသည် ဘုရားသခင်ကို ယုံကြည်ပြီး သူ၏ တာဝန်ကို ထမ်းဆောင်သည်။ အပြင်ပန်းတွင် သူနှင့် အခြားလူတိုင်းကြားတွင် ကွာခြားမှု လုံးဝ မရှိသည့်ပုံစံရှိသည်။ ဖျားနာခြင်းနှင့် သေခြင်းကို သူ ကြုံတွေ့သောအခါ သူသည် ဘုရားကို ဆုတောင်းပြီး သူ၏ တာဝန်ကိုလည်း မစွန့်လွှတ်သေးပေ။ ဆက်လက်၍ အလုပ်လုပ်သည်။ သူ ယခင်ကလုပ်သည့် ပမာဏအတိုင်းပင် လုပ်ဆောင်သည်။ သို့ရာတွင် လူတို့နားလည်ပြီး သိမြင်သင့်သည့် အရာတစ်ခုရှိသည်။ ဤလူ၏ စိတ်တွင်ထားရှိသော အတွေးအမြင်များသည် အစဉ်သဖြင့် အပျက်သဘောဆောင်ပြီး မှားယွင်းမှုရှိသည်။ သူ၏ တာဝန်ကို ထမ်းဆောင်စဉ်တွင် သူဒုက္ခခံသည့် ပမာဏ၊ သို့မဟုတ် သူ ပေးဆပ်သည့် အဖိုးအခက မည်သို့ရှိသည်ဖြစ်စေ သူ၏ လိုက်စားမှုတွင် ဤမှားယွင်းသော အတွေးအမြင်များ ထားရှိသည်။ သူသည် ဤအတွေးအမြင်များ၏ ထိန်းချုပ်ခြင်းကို စဉ်ဆက်မပြတ် ခံရပြီး သူ၏ အပျက်သဘောဆောင်သော စိတ်ခံစားချက်များကို သူ့တာဝန်ဆီသို့ ယူဆောင်လာသည်။ သူ၏ ကိုယ်ပိုင်ရှင်သန်ရေးအတွက် အလဲအလှယ်လုပ်ရန် သူ၏ တာဝန်ထမ်းဆောင်ခြင်းကို ဘုရားသခင်အား ပူဇော်ဆက်ကပ်ဖို့၊ သူ၏ ရည်ရွယ်ချက်ကို ရရှိဖို့ ကြိုးပမ်းအားထုတ်သည်။ သူ၏ လိုက်စားမှု၏ ပန်းတိုင်မှာ သမ္မာတရားကို လိုက်စားရန်၊ သို့မဟုတ် ရရှိရန်၊ သို့မဟုတ် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များအားလုံးကို နာခံရန် မဟုတ်ပေ။ သူ၏ လိုက်စားမှု ပန်းတိုင်မှာ ဤအရာနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်သည်။ သူသည် သူ၏ ကိုယ်ပိုင်စိတ်ဆန္ဒနှင့် သတ်မှတ်ချက်များဖြင့် နေထိုင်လိုပြီး သူလိုက်စားလိုသည့်အရာကို ရရှိလိုသည်။ သူ၏ ကိုယ်ပိုင်ကံကြမ္မာကို စီစဉ်ညွှန်ကြားလိုပြီး သူကိုယ်တိုင်၏ ရှင်ခြင်း၊ သေခြင်းကိုပင် စီစဉ်ညွှန်ကြားလိုသည်။ ထို့ကြောင့် လမ်းဆုံးတွင် သူ၏ အဆုံးသတ်မှာ မည်သည့်အရာကိုမျှ လုံးဝ မရရှိခြင်းဖြစ်သည်။ သူသည် သမ္မာတရားကို မရရှိဘဲ အဆုံးတွင် ဘုရားသခင်ကို ငြင်းဆန်ပြီး ဘုရားသခင်အပေါ် ယုံကြည်ခြင်း မရှိတော့ပေ။ သေခြင်းက ချဉ်းကပ်လာသည့်အခါတွင်ပင် သူသည် လူတို့က မည်သို့ အသက်ရှင်သင့်သည်၊ ဖန်ဆင်းခံတစ်ယောက်က ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို မည်သို့ သဘောထားသင့်သည်ဆိုသည်တို့ကို နားလည်ရန် မတတ်နိုင်ဆဲဖြစ်သည်။ ဤသည်မှာ သူနှင့်ပတ်သက်ပြီး သနားစရာအကောင်းဆုံး၊ ဝမ်းနည်းစရာ အကောင်းဆုံးသောအရာဖြစ်သည်။ သေအံ့ဆဲဆဲတွင်ပင် လူတစ်ယောက်၏ ဘဝတစ်လျှောက်တွင် အရာရာသည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်အောက်၌ ရှိသည်ကို နားလည်ရန် မတတ်နိုင်ခဲ့ပေ။ ဖန်ဆင်းရှင်က သင့်အား အသက်ရှင်စေလိုလျှင် သင်သည် သေစေနိုင်သော ရောဂါ၏ ဒုက္ခပေးခြင်းကို ခံရလျှင်ပင် သေမည်မဟုတ်ပေ။ ဖန်ဆင်းရှင်က သင့်အား သေစေလိုလျှင် သင်က ငယ်ရွယ်သည်၊ ကျန်းမာသည်၊ သန်မာသည်ဆိုလျှင်ပင် အချိန်ကျသောအခါ သေရမည်ဖြစ်သည်။ အရာရာတိုင်းသည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်အောက်တွင်ရှိသည်။ ဤသည်မှာ ဘုရားသခင်၏ ဩဇာအာဏာဖြစ်သည်။ မည်သည်ကမျှ ယင်းကို မကျော်လွန်နိုင်ပေ။ ဤသို့သော ရိုးရှင်းသော အချက်တစ်ခုကို နားလည်သဘောပေါက်ရန် မတတ်နိုင်ခဲ့ပေ။ ဤသည်မှာ သနားစဖွယ် မဟုတ်သလော။ (ဟုတ်သည်။) သူသည် ဘုရားသခင်ကို ယုံကြည်သော်လည်း၊ စုဝေးပွဲများတက်ပြီး တရားဒေသနာများ နားထောင်သော်လည်း၊ သူ၏ တာဝန်ကို ထမ်းဆောင်သော်လည်း၊ ဘုရားသခင် တည်ရှိခြင်းကို သူ ယုံကြည်သော်လည်း သေခြင်း၊ ရှင်ခြင်းအပါအဝင် လူသား၏ ကံကြမ္မာသည် လူသား၏ အလိုဆန္ဒနှင့် မသက်ဆိုင်ဘဲ ဘုရားသခင်၏ လက်ထဲ၌ရှိသည်ကို အသိအမှတ်ပြုရန် ထပ်ခါထပ်ခါ ငြင်းဆန်သည်။ မည်သူကမျှ သူ ဆန္ဒရှိရုံဖြင့် မသေပေ။ မည်သူကမျှ အသက်ရှင်လိုပြီး သေခြင်းကို ကြောက်ရွံ့ရုံဖြင့် အသက်မရှင်ပေ။ ဤသို့ ရိုးရှင်းသည့်အချက်ကို သဘောမပေါက်နိုင်ပေ။ သေခြင်းနှင့် ရင်ဆိုင်ရတော့မည့်အချိန်တွင်ပင် ဤအရာကို သိမြင်ဖို့ မတတ်နိုင်ခဲ့ပေ။ လူတစ်ယောက်၏ ရှင်ခြင်း၊ သေခြင်းကို သူကိုယ်တိုင် ဆုံးဖြတ်ခြင်းမဟုတ်ဘဲ ဖန်ဆင်းရှင်၏ ကြိုတင်စီမံချက်အပေါ်တွင် မူတည်သည်ကို သူ မသိသေးပေ။ ဤသည်မှာ ဝမ်းနည်းဖွယ်ရာမဟုတ်သလော။ (ဟုတ်သည်။)
—နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၆)
သင်သည် ဖန်ဆင်းခံသတ္တဝါတစ်ဦး ဖြစ်သည်ကို အသိအမှတ်ပြုပါက၊ ဧဝံဂေလိဖြန့်ဝေရန်ဖြစ်သည့် သင်၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းအတွက်လည်းကောင်း၊ သင်၏ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ခြင်းအတွက်လည်းကောင်း သင်သည် ဆင်းရဲဒုက္ခခံစားပြီး အဖိုးအခပေးဖို့ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ထားရမည်။ အဖိုးအခသည် ကိုယ်ခန္ဓာ နာမကျန်းမှုတစ်ခုခု သို့မဟုတ် အခက်အခဲတစ်ခုခုကို ခံစားရခြင်း ဖြစ်နိုင်သည် သို့မဟုတ် အဆင်းနီသော နဂါးကြီး၏ ညှဉ်းပန်းနှိပ်စက်မှုများ သို့မဟုတ် လောကီလူများ၏ အထင်လွဲမှုများအပြင်၊ ဧဝံဂေလိဖြန့်ဝေနေချိန်တွင် ကြုံရသည့် ဒုက္ခများ၊ သစ္စာဖောက်ခံရခြင်း၊ အရိုက်ခံရကာ အဆူခံရခြင်း၊ ရှုတ်ချခံရခြင်း၊ လူအုပ်ဝိုင်းခံရခြင်းနှင့် သေစေနိုင်လောက်သော အန္တရာယ်ဖြစ်ခြင်းတို့ ဖြစ်နိုင်သည်။ ဧဝံဂေလိဖြန့်ဝေခြင်းကာလတစ်လျှောက်တွင်၊ ဘုရားသခင်၏ အမှုတော် မပြီးဆုံးမီ သင်သေဆုံးမည်ဖြစ်ခြင်းနှင့်၊ ဘုရားသခင်၏ ဘုန်းအသရေ နေ့ရက်ကိုတွေ့ဖို့ သင်အသက်ရှင်မည် မဟုတ်ခြင်းတို့က ဖြစ်နိုင်ပေသည်။ သင်သည် ဤအရာအတွက် ပြင်ဆင်ထားရမည်။ ဤသည်က သင်တို့ကို ကြောက်လန့်စေဖို့ ရည်ရွယ်ခြင်း မဟုတ်ပေ။ ယင်းမှာ အမှန်တရား ဖြစ်ပေသည်။ ယခုတွင် ကျွန်ုပ်သည် ဤသည်ကို ရှင်းလင်းစေပြီး သင်သည်လည်း နားလည်ပြီးဖြစ်သည့်အတွက်၊ ဤပြင်းပြသောဆန္ဒ သင်၌ရှိသေးပြီး ယင်းက ပြောင်းလဲမည်မဟုတ်သကဲ့သို့ သင်သည် သေသည်အထိ သစ္စာစောင့်သိနေမည်မှာ သေချာပါက၊ ဤသည်မှာ သင်တို့သည် ဝိညာဉ်ရင့်ကျက်မှု တစ်ခုခု ပိုင်ဆိုင်သည်ဟု သက်သေပြပေသည်။ ဘာသာရေး လွတ်လပ်ခွင့်များနှင့် လူ့အခွင့်အရေးတို့ရှိသော ဤပင်လယ်ရပ်ခြားနိုင်ငံများတွင် ဧဝံဂေလိတရား ဖြန့်ဝေခြင်းသည် အန္တရာယ်ကင်းဝေးပြီး၊ သင်လုပ်သမျှက ချောမွေ့လိမ့်မည်၊ ယင်း၌ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများနှင့် သူ၏ကြီးစွာသော တန်ခိုးနှင့် ဩဇာအာဏာတို့ချည်း ရှိလိမ့်မည်ဟု မယူဆနှင့်။ ဤသည်မှာ လူ့အယူအဆများနှင့် စိတ်ကူးစိတ်သန်းများကိစ္စသာ ဖြစ်သည်။ ဖာရိရှဲများကလည်း ဘုရားသခင်၌ ယုံကြည်ခဲ့ကြသော်လည်း၊ ၎င်းတို့သည် လူ့ဇာတိခံ ဘုရားသခင်ကို ခေါ်ဆောင်ပြီး ကားတိုင်ပေါ်တွင် ကားစင်တင်သတ်ခဲ့ကြသည်။ သို့ဆိုလျှင် လက်ရှိ ဘာသာရေးလောကသည် လူ့ဇာတိခံယူထားသော ဘုရားသခင်အပေါ် မည်သည့်ဆိုးဝါးသော အရာများကို ပြုလုပ်နိုင်စွမ်း ရှိသနည်း။ ၎င်းတို့သည် ဘုရားသခင်အား ပြစ်တင်ဝေဖန်ခြင်း၊ ဘုရားသခင်အား ရှုတ်ချခြင်း၊ ဘုရားသခင်အား မထီမဲ့မြင်ပြောဆိုခြင်း စသည့် ဆိုးဝါးသောအရာ မြောက်မြားစွာကို ပြုလုပ်ထားကြပြီးဖြစ်ကာ ၎င်းတို့ ပြုလုပ်နိုင်စွမ်း မရှိသည့် ဆိုးဝါးသောအရာ ဟူ၍မရှိပေ။ သခင်ယေရှုကို ခေါ်ပြီး ကားတိုင်ပေါ် ကားစင်တင်သတ်ခဲ့သူများသည် ယုံကြည်သူများ ဖြစ်သည်ကို သင်မမေ့နှင့်။ ဤသို့သော အမှုအရာမျိုးကို လုပ်ဆောင်ဖို့ ၎င်းတို့တွင်သာ အခွင့်အရေးရှိကြသည်။ ဘာသာတရားမရှိသူများသည် ထိုအရာများကို ဂရုမစိုက်ခဲ့ကြပေ။ သခင်ယေရှုကိုခေါ်ပြီး ကားတိုင်ပေါ်တွင် ကားစင်တင်သတ်ဖို့ အစိုးရနှင့် ပူးပေါင်းကြံစည်ခဲ့သူများမှာ ဤယုံကြည်သူများသာ ဖြစ်ကြသည်။ ထို့အပြင် သခင်ယေရှု၏ ထိုတပည့်တော်များသည် မည်သို့ သေဆုံးကြသနည်း။ တပည့်တော်များကြားတွင် မသေမချင်း ကျောက်တုံးဖြင့် ထုသတ်ခံခဲ့ရသူများ၊ မြင်းနောက်မှ ကြိုးဖြင့် ဆွဲခံရသူများ၊ ဇောက်ထိုးမိုးမျှော် ကားစင်တင်ခံရသူများ၊ မြင်းငါးကောင်ဖြင့် ကိုယ်လက်အင်္ဂါများကို တစ်စစီ ဆွဲဖျက်ခံရသူများ ရှိကြသည်။ သေခြင်းတရားမျိုးစုံသည် ၎င်းတို့ပေါ် ကျရောက်ခဲ့သည်။ ၎င်းတို့၏ သေခြင်းတရားများအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ ၎င်းတို့သည် ၎င်းတို့၏ ပြစ်မှုများအတွက် ဥပဒေနှင့်လျော်ညီစွာ ကွပ်မျက်ခံရခြင်းလော။ မဟုတ်ပေ၊ ၎င်းတို့သည် သခင်၏ ဧဝံဂေလိတရားကို ဖြန့်ဝေခဲ့သော်လည်း ကမ္ဘာသူကမ္ဘာသားများက ယင်းကို လက်ခံရမည့်အစား ၎င်းတို့ကို ပြစ်တင်ရှုတ်ချကာ ရိုက်နှက်ပြီး ဆူပူသည့်အပြင် ၎င်းတို့ကို သတ်ပင်သတ်ခဲ့ကြသည်။ ယင်းမှာ ၎င်းတို့ မာတုရဖြစ်ခဲ့သည့် ပုံစံဖြစ်သည်။ ထိုမာတုရများ၏ နောက်ဆုံး အဆုံးသတ်ကို မပြောကြစို့နှင့် သို့မဟုတ် ၎င်းတို့၏ အပြုအမူနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ အနက်ဖွင့်ဆိုခြင်းကို မပြောကြစို့နှင့်၊ သို့ရာတွင် ဤသည်ကို မေးလော့၊ ၎င်းတို့သည် အဆုံးသတ်ကို ရောက်သည့်အခါ၊ ၎င်းတို့၏ အသက်တာများတွင် အဆုံးသတ်ကို ၎င်းတို့ကြုံရသည့် ပုံစံများသည် လူသားတို့၏ အယူအဆများနှင့် ကိုက်ညီသလော။ (မကိုက်ညီပေ။) လူသားအယူအဆများ၏ အမြင်ရှုထောင့်မှ၊ ၎င်းတို့သည် ဘုရားသခင်၏အမှုတော်ကို ဖြန့်ဝေဖို့ ထိုမျှကြီးမားသော အဖိုးအခကို ပေးခဲ့ကြသော်လည်း နောက်ဆုံးတွင် စာတန်၏ အသေသတ်ခြင်းကို ခံခဲ့ကြရသည်။ ဤသည်မှာ လူသားများ၏ အယူအဆများနှင့် မကိုက်ညီသော်လည်း၊ ဤသည်မှာ ၎င်းတို့၌ ဖြစ်ပျက်ခဲ့သည့်အရာ အတိအကျပင် ဖြစ်သည်။ ယင်းမှာ ဘုရားသခင် ခွင့်ပြုခဲ့သည့် အရာပင်ဖြစ်သည်။ ဤအရာ၌ မည်သည့်သမ္မာတရားကို ရှာတွေ့နိုင်သနည်း။ ဘုရားသခင်က ၎င်းတို့အား ဤနည်းဖြင့် သေခွင့်ပြုခြင်းသည် သူ၏ကျိန်စာနှင့် ပြစ်တင်ရှုတ်ချခြင်းလော၊ သို့မဟုတ် သူ၏အစီအစဉ်နှင့် ကောင်းချီးမင်္ဂလာလော။ ယင်းမှာ တစ်ခုမျှမဟုတ်ပေ။ ယင်းမှာ အဘယ်နည်း။ ယခု လူများသည် ၎င်းတို့၏ သေခြင်းတရားများကို စိတ်နှလုံးပူဆွေးခြင်းများဖြင့် ဆင်ခြင်သုံးသပ်ကြသော်လည်း ယင်းမှာ အမှုအရာများ ဖြစ်ပျက်ခဲ့သည့် ပုံစံပင် ဖြစ်လေသည်။ ဘုရားသခင်ကို ယုံကြည်ခဲ့သည့်သူများသည် ထိုနည်းဖြင့် သေဆုံးခဲ့ကြသည့် ဤအရာကို မည်သို့ ရှင်းပြရမည်နည်း။ ဤအကြောင်းအရာကို ငါတို့ ဖော်ပြသည့်အခါ၊ သင်တို့က ၎င်းတို့၏ နေရာတွင် ကိုယ်ချင်းစာကြည့်သည်။ သို့ဆိုလျှင် သင်တို့၏စိတ်နှလုံးများသည် ဝမ်းနည်းပြီး ဖုံးကွယ်နေသည့် နာကျင်မှုတစ်ခုကို သင်တို့ခံစားရသလော။ သင်က “ဤလူများသည် ဘုရားသခင်၏ ဧဝံဂေလိတရားကို ဖြန့်ဝေဖို့ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ခဲ့ကြပြီး လူကောင်းများအဖြစ် မှတ်ယူသင့်သောကြောင့်၊ ၎င်းတို့သည် ထိုသို့သော အဆုံးသတ်တစ်ခုနှင့် ထိုသို့သော ရလဒ်တစ်ခုသို့ အဘယ့်ကြောင့် ရောက်နိုင်ကြသနည်း” ဟု တွေးသည်။ အမှန်တကယ်တွင် ဤသည်မှာ ၎င်းတို့၏ ခန္ဓာကိုယ်များ သေဆုံးပြီး ကွယ်လွန်သွားသည့်ပုံစံ ဖြစ်သည်။ ဤသည်မှာ လူ့လောကမှ ၎င်းတို့ ထွက်ခွာသွားသည့် ပုံစံဖြစ်သည်၊ သို့ရာတွင် ယင်းက ၎င်းတို့၏ အဆုံးသတ်နှင့် တူညီသည်ဟု မဆိုလိုပေ။ ၎င်းတို့၏ သေခြင်းတရားနှင့် ထွက်ခွာခြင်းတို့၏ နည်းလမ်းများမှာ မည်သို့ဖြစ်ပါစေ၊ ယင်းတို့က မည်သို့ဖြစ်ပျက်ခဲ့ပါစေ၊ ဘုရားသခင်က ထိုအသက်တာများ၏၊ ထိုဖန်ဆင်းခံသတ္တဝါများ၏ နောက်ဆုံး အဆုံးသတ်များကို သတ်မှတ်ခဲ့သည့်ပုံစံ မဟုတ်ပေ။ ဤသည်မှာ သင် မဖြစ်မနေ ရှင်းလင်းစွာ တွေ့ရမည့်အရာ တစ်စုံတစ်ခုဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့် ၎င်းတို့က ဤလောကကို ပြစ်တင်ရှုတ်ချဖို့နှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သက်သေခံဖို့ ဤနည်းလမ်းများကို အတိအကျအားဖြင့် အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ဤဖန်ဆင်းခံ သတ္တဝါများက ၎င်းတို့၏ အဖိုးအတန်ဆုံးသော အသက်တာများကို အသုံးပြုခဲ့သည်။ ၎င်းတို့က ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သက်သေခံဖို့၊ ဘုရားသခင်၏ကြီးမြတ်သော တန်ခိုးကို သက်သေခံဖို့နှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် မှန်ကန်ကြောင်း၊ သခင်ယေရှုသည် ဘုရားသခင်ဖြစ်ကြောင်း၊ သူသည် သခင်နှင့် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိဖြစ်ကြောင်းတို့ကို စာတန်နှင့် လောကတို့အား ကြေညာဖို့ နောက်ဆုံးအခိုက်အတန့်ကို အသုံးပြုခဲ့ကြသည်။ ၎င်းတို့ အသက်တာများ၏ နောက်ဆုံး အခိုက်အတန့်အထိတွင်ပင် ၎င်းတို့သည် သခင်ယေရှု၏ နာမတော်ကို မည်သည့်အခါမျှ မငြင်းပယ်ခဲ့ပေ၊ ဤသည်မှာ ဤလောကအပေါ် တရားစီရင်ခြင်းပုံစံတစ်မျိုး မဟုတ်သလော။ ၎င်းတို့က လောကကြီးကို ကြေညာဖို့၊ သခင်ယေရှုသည် သခင်ဖြစ်သည်၊ သခင်ယေရှုသည် ခရစ်တော် ဖြစ်သည်၊ သူသည် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိဖြစ်သည်၊ လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် သူပြုလုပ်ခဲ့သည့် ရွေးနုတ်ခြင်းအမှုတော်သည် ဤလူသားမျိုးနွယ် တစ်ရပ်လုံးကို ဆက်လက် ရှင်သန်ခွင့်ပြုကြောင်းကို လူသားတို့အား အတည်ပြုဖို့ ၎င်းတို့၏အသက်တာများကို အသုံးပြုခဲ့သည်။ ဤအဖြစ်မှန်သည် ထာဝရမပြောင်းလဲပေ။ သခင်ယေရှု၏ ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းအတွက် မာတုရဖြစ်ခဲ့သောသူတို့သည် ၎င်းတို့၏တာဝန်ကို မည်သည့်အတိုင်းအတာအထိ ထမ်းဆောင်ခဲ့သနည်း။ ယင်းက အဆုံးစွန်အတိုင်းအတာအထိ ဖြစ်ခဲ့သလော။ အဆုံးစွန်အတိုင်းအတာကို မည်သို့ထင်ရှားစေခဲ့သနည်း။ (၎င်းတို့က ၎င်းတို့၏ အသက်တာများကို ပေးအပ်ကြသည်။) မှန်ပေသည်၊ ၎င်းတို့သည် ၎င်းတို့၏အသက်တာများဖြင့် အဖိုးအခကို ပေးဆပ်ခဲ့သည်။ မိသားစု၊ ကြွယ်ဝခြင်းနှင့် ဤအသက်တာ၏ ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုများသည် အပြင်ပန်းအရာများသာ ဖြစ်သည်။ ကိုယ်နှင့်ဆက်စပ်သည့် တစ်ခုတည်းသော အရာမှာ အသက်ဖြစ်သည်။ အသက်ရှင်သည့် လူတိုင်းအတွက် အသက်သည် တန်ဖိုးအထားထိုက်ဆုံးသော အရာ၊ အဖိုးတန်ဆုံးသော အရာဖြစ်ပြီး၊ အမှန်တွင် ဤလူများသည် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ချစ်ခြင်းနှင့်ပတ်သက်၍ အတည်ပြုချက် အနေဖြင့်လည်းကောင်း၊ သက်သေခံချက် အနေဖြင့်လည်းကောင်း ၎င်းတို့၏ အဖိုးအတန်ဆုံး ပိုင်ဆိုင်မှုဖြစ်သည့် အသက်ကို ပူဇော်ဆက်ကပ်နိုင်ခဲ့ကြသည်။ ၎င်းတို့ သေဆုံးသည့် နေ့ရက်အထိ ၎င်းတို့သည် ဘုရားသခင်၏နာမတော်ကို မငြင်းပယ်ခဲ့ကြသကဲ့သို့၊ ဘုရားသခင်၏ အမှုတော်ကိုလည်း မငြင်းပယ်ခဲ့ကြဘဲ၊ ဤအဖြစ်မှန် တည်ရှိမှုအတွက် သက်သေခံဖို့ ၎င်းတို့ဘဝ၏ နောက်ဆုံးအခိုက်အတန့်များကို အသုံးပြုခဲ့ကြသည်။ ဤသည်မှာ အမြင့်မားဆုံး သက်သေခံသည့် ပုံစံမဟုတ်လော။ ဤသည်မှာ တစ်စုံတစ်ဦး၏တာဝန်ကို ထမ်းဆောင်ဖို့ အကောင်းဆုံး နည်းလမ်းဖြစ်သည်။ ဤသည်မှာ တစ်စုံတစ်ဦး၏တာဝန်ကို ဖြည့်ဆည်းခြင်း ဆိုသည့်အရာဖြစ်သည်။ စာတန်က ၎င်းတို့ကို ခြိမ်းခြောက်ပြီး အကြမ်းဖက်ကာ၊ အဆုံး၌ စာတန်သည် သူတို့၏ အသက်ကို အဖိုးအခ ပေးစေသည့်အခါတွင်ပင်၊ ၎င်းတို့သည် ၎င်းတို့၏ တာဝန်ကို မစွန့်ပစ်ခဲ့ပေ။ ဤသည်မှာ တစ်စုံတစ်ဦး၏ တာဝန်ကို အဆုံးစွန်သော အတိုင်းအတာအထိ ဖြည့်ဆည်းခြင်းဖြစ်ပေသည်။ ဤသည်နှင့်ပတ်သက်၍ ငါမည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားသခင်ကို သက်သေခံဖို့နှင့် သူ၏ဧဝံဂေလိတရားအား ဖြန့်ဝေဖို့ တစ်ထေရာတည်းသော နည်းစနစ်ကို သင်တို့အား အသုံးပြုစေဖို့ ငါရည်ရွယ်သလော။ ထိုသို့ ပြုလုပ်ရန် မလိုအပ်သော်လည်း၊ ဤသည်မှာ သင်၏တာဝန် ဖြစ်ကြောင်း၊ ဘုရားသခင်က သင့်အား လိုအပ်ပါက၊ ယင်းကို ကျင့်ဝတ်သိက္ခာအရ သင်တို့ မဖြစ်မနေ လုပ်ရမည့်အရာတစ်ခုအဖြစ် လက်ခံသင့်ကြောင်းတို့ကို သင်နားလည်ရမည်။ ယနေ့လူများသည် ၎င်းတို့ထဲ၌ ကြောက်စိတ်နှင့် စိုးရိမ်မှုတို့ ရှိကြသော်လည်း၊ ထိုခံစားချက်များသည် မည်သည့်အသုံးတည့်မှုရှိသနည်း။ ဘုရားသခင်က သင့်အား ဤသည်ကို လုပ်စေဖို့ လိုအပ်ခြင်းမရှိပါက၊ ယင်းနှင့်ပတ်သက်၍ စိုးရိမ်နေခြင်းမှာ မည်သည့် အသုံးတည့်မှုရှိသနည်း။ ဘုရားသခင်က သင့်အား ဤသည်ကို လုပ်ဖို့ လိုအပ်ပါက၊ သင်သည် သင်၏တာဝန်ကို ခေါင်းမရှောင်သင့်သကဲ့သို့ မငြင်းပယ်သင့်ပေ။ သင်သည် တက်ကြွစွာ ပူးပေါင်းသင့်ပြီး စိတ်ပူခြင်းမရှိဘဲ လက်ခံသင့်သည်။ တစ်စုံတစ်ဦးသည် မည်သို့သေဆုံးပါစေ၊ ၎င်းတို့သည် စာတန်ရှေ့မှောက်တွင် မသေဆုံးသင့်ပေ၊ ပြီးလျှင် စာတန်၏လက်ထဲတွင် မသေဆုံးသင့်ပေ။ တစ်စုံတစ်ဦးက သေဆုံးတော့မည်ဖြစ်ပါက၊ ၎င်းတို့သည် ဘုရားသခင်၏လက်ထဲတွင် သေဆုံးသင့်သည်။ လူများသည် ဘုရားသခင်ထံမှ လာကြသည်၊ ပြီးလျှင် ဘုရားသခင်ထံသို့ ၎င်းတို့ ပြန်ကြသည်။ ယင်းမှာ ဖန်ဆင်းခံသတ္တဝါတစ်ဦး ပိုင်ဆိုင်သင့်သည့် အသိစိတ်နှင့် သဘောထားတို့ ဖြစ်သည်။ ဤသည်မှာ ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းနှင့် မိမိတာဝန်ကို ထမ်းဆောင်ခြင်းတွင် နားလည်သင့်သည့် နောက်ဆုံးသမ္မာတရားဖြစ်သည်။ လူ့ဇာတိခံယူထားသော ဘုရားသခင်၏ သူ၏အမှုတော်အား ထမ်းဆောင်ခြင်းနှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းနှင့် သက်ဆိုင်သည့် ဧဝံဂေလိတရားကို ဖြန့်ဝေဖို့နှင့် သက်သေခံဖို့ တစ်စုံတစ်ဦးသည် မိမိ၏အသက်တာကို အဖိုးအခ ပေးဆပ်ရမည်။ သင်၌ ဤပြင်းပြသောဆန္ဒရှိပါက၊ သင်သည် ဤနည်းလမ်းဖြင့် သက်သေခံနိုင်ပါက၊ ယင်းမှာ အံ့ဩချီးကျူးလောက်စရာ ဖြစ်သည်။ ဤပြင်းပြသော ဆန္ဒမျိုး သင်မပိုင်ဆိုင်သေးပါက၊ အနည်းဆုံးအနေဖြင့် သင်သည် သင်၏ရှေ့မှောက်ရှိ ဝတ္တရားနှင့် တာဝန်ကို လျော်ကန်စွာ ဖြည့်ဆည်းသင့်ကာ၊ ကျန်သည့်အရာများကို ဘုရားသခင်အား ပေးအပ်သင့်သည်။ သို့ဆိုလျှင် လများနှင့်နှစ်များ ကုန်ဆုံးပြီး၊ သင်၏ အတွေ့အကြုံနှင့် အသက်အရွယ်တို့ တိုးပွားလာကာ၊ သမ္မာတရားနှင့် သက်ဆိုင်သည့် သင်၏နားလည်မှုက နက်ရှိုင်းလာသည်နှင့်အညီ၊ ဘုရားသခင်၏ ဧဝံဂေလိတရားနှင့် သက်ဆိုင်သည့် အမှုတော်အဖို့ သင့်ဘဝ၏ နောက်ဆုံးအခိုက်အတန့်အထိပင် သင်၏အသက်တာကို ဆက်ကပ်ဖို့ သင်၌ ဝတ္တရားတစ်ခုနှင့် တာဝန်တစ်ခုရှိသည်ကို သင်သဘောပေါက်လိမ့်မည် ဖြစ်သည်။
နိုင်ငံတော်၏ ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းသည် အစပြုနှင့်ပြီး ဖြစ်သောကြောင့် ယခုသည် ဤအကြောင်းအရာများနှင့် ပတ်သက်၍ စတင်ပြောဆိုရန် သင့်လျော်သောအချိန် ဖြစ်ပေပြီ။ ယခင်က ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ်တွင် ရှေးဦး ပရောဖက်များနှင့် သန့်ရှင်းသူများ တချို့သည် ဧဝံဂေလိဖြန့်ဝေရာ၌ ၎င်းတို့၏အသက်များကို ပေးခဲ့ကြသည်။ ထို့ကြောင့် နောက်ဆုံးသော ကာလ၌ မွေးဖွားသော သူတို့သည်လည်း ဤအရေးအတွက် ၎င်းတို့၏ အသက်များကို ပေးနိုင်သည်။ ယင်းသည် အလွန်အကျွံတောင်းဆိုမှု ဖြစ်ဖို့ဝေးစွ၊ အသစ်အဆန်း သို့မဟုတ် ရုတ်တရက်ဖြစ်ပေါ်လာသော အရာပင် မဟုတ်ပေ။ ဤသည်မှာ ဖန်ဆင်းခံများ လုပ်ဆောင်သင့်ပြီး ၎င်းတို့ ထမ်းဆောင်သင့်သည့် တာဝန်ဖြစ်သည်။ ဤသည်မှာ သမ္မာတရားဖြစ်၏၊ အမြင့်ဆုံးသော သမ္မာတရားဖြစ်၏။ အကယ်၍ သင်ပြုလုပ်သမျှသည် ဘုရားသခင်အတွက် သင်လုပ်ဆောင်လိုသော အရာ၊ သင်၏တာဝန်ကို မည်သို့ဖြည့်ဆည်းလိုပြီး ဘုရားသခင်အတွက် မည်မျှ အသုံးခံလိုပြီး ဘုရားသခင်အတွက် မည်မျှအားထုတ်ကြိုးပမ်းလိုသည်တို့နှင့် ပတ်သက်သည့် ဆောင်ပုဒ်များကို ကြွေးကြော်ခြင်းသာ ဖြစ်ပါက ယင်းမှာ အချည်းနှီးဖြစ်၏။ လက်တွေ့အရှိတရားသည် သင့်အပေါ်ကျရောက်သောအခါ၊ သင့်အား မိမိ၏အသက်ကို စွန့်လွှတ်ပူဇော်ရန် တောင်းဆိုသောအခါ သင်သည် နောက်ဆုံးအခိုက်အတန့်တွင်ကျမှ ညည်းညူခြင်းရှိမရှိ၊ လိုလားလက်ခံခြင်းရှိမရှိ၊ အမှန်တကယ် ကျိုးနွံနာခံခြင်းရှိမရှိဟူသည်မှာ သင်၏ ဝိညာဉ်ရင့်ကျက်မှုကို စမ်းသပ်ခြင်း ဖြစ်သည်။ အကယ်၍ သင်၏အသက်ကို သင့်ထံမှ နုတ်ယူတော့မည့်ဆဲဆဲ အခိုက်အတန့်တွင် သင်သည် အေးအေးသက်သာဖြစ်ကာ လိုလားလက်ခံပြီး ညည်းညူခြင်းမရှိ ကျိုးနွံနာခံပါက၊ မိမိ၏ တာဝန်များ၊ ဝတ္တရားများနှင့် အလုပ်တာဝန်များကို အဆုံးတိုင်အောင် ဖြည့်ဆည်းခဲ့ပြီးပြီဟု ခံစားရပါက၊ သင်၏စိတ်နှလုံးသည် ဝမ်းမြောက်ပြီး ငြိမ်းချမ်းနေပါက၊ အကယ်၍ သင်သည် ဤကဲ့သို့ ထွက်ခွာသွားပါက ဘုရားသခင်အတွက်မူ သင်သည် လုံးဝ မထွက်ခွာသွားသေးပေ။ ထို့ထက် အခြားလောက၌ အခြားပုံသဏ္ဌာန်ဖြင့် အသက်ရှင်နေခြင်း ဖြစ်၏။ သင်၏ အသက်ရှင်မှုပုံစံကို ပြောင်းလဲလိုက်ခြင်းသာ ဖြစ်သည်။ အမှန်တကယ် မည်သည့်နည်းနှင့်မျှ သင်မသေဆုံးသေးချေ။ လူမူကား ယင်းကို “ဤသူသည် အသက်ငယ်ငယ်ဖြင့် သေဆုံးရသည်။ သနားစရာ ကောင်းလိုက်လေခြင်း” ဟု မြင်သည်။ သို့သော် ဘုရားသခင်၏ အမြင်တွင်မူ သင်သည် သေဆုံးသွားခြင်းသော်လည်းကောင်း၊ ဒုက္ခခံစားရန် ထွက်ခွာသွားခြင်းသော်လည်းကောင်း မဟုတ်ပေ။ ထိုအစား ကောင်းချီးမင်္ဂလာများ ခံစားမွေ့လျော်ရန်၊ ဘုရားသခင်နှင့် ပို၍နီးကပ်လာရန် ထွက်ခွာသွားခြင်း ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်သည် ဘုရားသခင်၏ အမြင်တွင် သင်၏တာဝန် ထမ်းဆောင်ရာတွင် စံမီပြီးဖြစ်သည်။ သင်သည် ယခု သင်၏တာဝန်ကို အပြီးသတ် လုပ်ခဲ့ပြီ ဖြစ်သည်၊ ဖန်ဆင်းခံ လူတန်းစားများကြားတွင် ဤတာဝန်ကို သင်ဆက်လက်ထမ်းဆောင်ရန် ဘုရားသခင် အလိုမရှိတော့ပေ။ ဘုရားသခင်အတွက်မှာမူ သင်၏ “ထွက်ခွာသွားခြင်း” ကို “ထွက်ခွာသွားခြင်း” ဟု မခေါ်၊ သင်သည် “ခေါ်တော်မူခြင်း ခံရခြင်း”၊ “ယူဆောင်သွားခြင်း ခံရခြင်း”၊ သို့မဟုတ် “ခေါ်ဆောင်သွားခြင်း ခံရခြင်း” ဖြစ်ပြီး ယင်းက ကောင်းသောအရာ ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဧဝံဂေလိတရား ဖြန့်ဝေခြင်းသည် ကျင့်ဝတ်သိက္ခာအရ ယုံကြည်သူများအားလုံး မဖြစ်မနေလုပ်ရမည့် တာဝန်တစ်ခုဖြစ်သည်
လူသားအယူအဆများအရ ကောင်းသူသည် ဆုချီးမြှင့်ခံရပြီး ဆိုးသူသည် အပြစ်ပေးခံရသည်။ ကောင်းသောသူတို့သည် ကောင်းသည့်အရာကို ရရှိပြီး ဆိုးသောသူတို့သည် ဆိုးသောအရာကိုရရှိသည်။ မည်သည့်မကောင်းမှုကိုမျှ မလုပ်ဆောင်သောသူအားလုံးတို့သည် ကောင်းသောအရာကို ရရှိသင့်ပြီး ကောင်းချီးများကို လက်ခံရရှိသင့်သည်။ လူတို့ ဆိုးယုတ်ခြင်းမရှိသည့် အကြောင်းကိစ္စများ အားလုံးတွင် ကောင်းသည့်အရာကို ရရှိသင့်သည့်ပုံစံပေါ်ပေမည်။ ဤအရာသည်သာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းဖြစ်သည်။ ဤသည်မှာ လူတို့၏ အယူအဆ မဟုတ်သလော။ သို့သော် ၎င်းတို့သည် ကောင်းသည့်အရာဖြင့် ချီးမြှင့်ခြင်းမခံရလျှင် အဘယ်သို့ဖြစ်မည်နည်း။ ထိုအခါတွင် ဘုရားသခင်သည် မဖြောင့်မတ်ဟု သင်ဆိုမည်လော။ ဥပမာအနေဖြင့် နောဧအချိန်ကာလတွင် ဘုရားသခင်က နောဧကို ပြောခဲ့သည်မှာ “သတ္တဝါအပေါင်းတို့၏ အဆုံးသည် ငါ့မျက်မှောက်တွင် ပေါ်လာပြီ။ သူတို့ကြောင့် မြေကြီးသည် အဓမ္မအမှုနှင့် ပြည့်စုံလေ၏။ အကယ်စင်စစ် မြေကြီးနှင့်တကွ သူတို့ကို ငါဖျက်ဆီးမည်” (ကမ္ဘာဦးကျမ်း ၆:၁၃) ဟူ၍ဖြစ်သည်။ ထို့နောက်တွင် သူသည် နောဧကို သင်္ဘောတည်ဆောက်ရန် အမိန့်ပေးခဲ့သည်။ နောဧက ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံကာ သင်္ဘောကို တည်ဆောက်ပြီးသည့်နောက်တွင် ကမ္ဘာမြေကြီးပေါ် အရက်လေးဆယ်ပတ်လုံး အကြီးအကျယ် မိုးသည်းထန်စွာ ရွာသွန်းလေရာ တစ်ကမ္ဘာလုံးသည် ရေလွှမ်းမိုးမှုအောက်တွင် မြုပ်သွားခဲ့သည်။ ဘုရားသခင်သည် နောဧနှင့် သူ၏မိသားစုဝင် ခုနစ်ဦးမှလွဲ၍ ထိုခေတ်မှ လူသားတစ်ရပ်လုံးကို ဖျက်ဆီးခဲ့လေသည်။ ဤအရာကို သင်အဘယ်သို့ သဘောရသနည်း။ ဘုရားသခင်သည် မေတ္တာမရှိဟု သင်ပြောမည်လော။ လူတို့၏အမြင်တွင်မူ လူသားမျိုးနွယ်သည် မည်မျှပင် ဖောက်ပြန်ပျက်စီးပါစေ ဘုရားသခင်က လူသားမျိုးနွယ်ကို ဖျက်ဆီးသရွေ့ ဤသည်မှာ သူသည် မေတ္တာမရှိဟူသည့်သဘော ဖြစ်နေ၏။ ဤအရာကို ယုံကြည်ရာတွင် ၎င်းတို့သည် မှန်ကန်သလော။ ဤယုံကြည်မှုသည် အဓိပ္ပာယ်မမဲ့သလော။ ဘုရားသခင်သည် သူဖျက်ဆီးခဲ့သည့်သူများကို မချစ်ပေ။ သို့သော် ရှင်ကျန်ခဲ့ပြီး သူ၏ကယ်တင်ခြင်းကို ရရှိသည့်သူများအားလည်း သူမချစ်ဟု သင်အကယ်စင်စစ် ပြောနိုင်သလော။ ပေတရုသည် ဘုရားသခင်ကို အစွမ်းကုန် ချစ်ခဲ့ပြီး ဘုရားသခင်ကလည်း ပေတရုကို ချစ်ခဲ့သည်ဖြစ်ရာ ဘုရားသခင်သည် မေတ္တာမရှိဟု သင်အမှန်တကယ် ပြောနိုင်သလော။ ဘုရားသခင်သည် သူ့ကို အမှန်တကယ် ချစ်သူတို့အား ချစ်ပြီး သူ့ကို ခုခံကာ နောင်တရဖို့ ငြင်းဆန်သူတို့အား မုန်းတီး၍ ကျိန်ဆဲလေသည်။ ဘုရားသခင်သည် မေတ္တာရော အမုန်းတရားပါ ပိုင်ဆိုင်သည်။ ဤသည်မှာ အမှန်တရားဖြစ်၏။ လူများသည် မိမိတို့၏ အယူအဆများနှင့် စိတ်ကူးထင်မြင်မှုများအတိုင်း ဘုရားသခင်ကို ပုံသေကားကျ အမျိုးအစား မသတ်မှတ်သင့်ပေ သို့မဟုတ် မဝေဖန်သင့်ပေ။ အကြောင်းမှာ အမှုကိစ္စများကို လူသားမျိုးနွယ်ရှုမြင်သည့် နည်းလမ်းဖြစ်လေသော ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးထင်မြင်မှုများတွင် သမ္မာတရား လုံးဝ မရှိသောကြောင့်တည်း။ လူတို့အပေါ် ထားရှိသော ဘုရားသခင်၏ သဘောထားအရ၊ သူ၏စိတ်သဘောထားနှင့် အနှစ်သာရတို့အရ သူ့ကို သိရမည်ဖြစ်သည်။ ဘုရားသခင် ပြုလုပ်ပြီး ကိုင်တွယ်သည့်အရာများ၏ အပြင်ပန်း အခြေအနေများအပေါ် အခြေပြု၍ ဘုရားသခင်တွင် မည်သည့်အနှစ်သာရ ရှိသည်ကို အဓိပ္ပာယ်သတ်မှတ်ဖို့ လုံးဝ မကြိုးစားရ။ လူသားမျိုးနွယ်သည် စာတန်၏ အလွန် ပြင်းပြင်းထန်ထန် ဖျက်ဆီးခြင်းကို ခံထားရသည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် ဘုရားသခင်၏ ရှေ့မှောက်တွင် မည်သည့်အရာ ဖြစ်သည်ကိုသော်လည်းကောင်း၊ ဘုရား၏ ဖြောင့်မတ်သော စိတ်သဘောထားအတိုင်း ၎င်းတို့အနေဖြင့် မည်သို့ဆက်ဆံခံရသင့်သည်ကိုသော်လည်းကောင်း သိဖို့ မဆိုထားနှင့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ သဘောသဘာဝ အနှစ်သာရကိုပင် ၎င်းတို့မသိကြချေ။ ယောဘကို ဆင်ခြင်ကြည့်ရှုလော့။ သူသည် ဖြောင့်မတ်သူတစ်ဦးဖြစ်ပြီး ဘုရားသခင်၏ ကောင်းချီးပေးခံခဲ့ရသည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းဖြစ်သည်။ စာတန်က၊ “ယောဘသည် ဘုရားသခင်ကို အချည်းနှီး ကြောက်ရွံ့သလော။ ကိုယ်တော်သည် သူနှင့် သူ၏အိမ်၊ ပိုင်ဆိုင်သမျှတို့ကို အဘက်ဘက်မှ အကာအကွယ်ပြုထားသည် မဟုတ်လော။ သူ့လက်ဖြင့်လုပ်သော အမှုကို ကိုယ်တော်သည် ကောင်းကြီးပေးပြီး မြေတွင် သူ၏ပိုင်ဆိုင်မှု တိုးပွားပေပြီ။ သို့သော်၊ ယခု ကိုယ်တော်၏လက်ကို ဆန့်ကာ သူပိုင်ဆိုင်သမျှတို့ကို ထိပါလော့၊ သူသည် ကိုယ်တော်၏ မျက်နှာကို စေ့စေ့ကြည့်ကာ ကျိန်ဆဲလိမ့်မည်ဟု ယေဟောဝါကို ဖြေကြားလေသည်။” (ယောဘ ဝတ္ထု ၁:၉-၁၁) ဟူ၍ ယေဟောဝါနှင့် အလောင်းအစားတစ်ခု လုပ်ခဲ့သည်။ ယေဟောဝါဘုရားသခင်က “သူ၌ ရှိသမျှတို့သည် သင်၏အာဏာစက်ထဲ၌ ရှိ၏။ သူ့ကိုယ်ပေါ်သာ သင့်လက်မရောက်စေနှင့်၊”(ယောဘ ဝတ္ထု ၁:၁၂) ဟု ဆိုခဲ့သည်။ ထို့ကြောင့် စာတန်သည် ယောဘထံသို့သွားခဲ့ပြီး ယောဘကို တိုက်ခိုက်ကာ စုံစမ်းသွေးဆောင်ခဲ့သည်။ ပြီးလျှင် ယောဘသည် စမ်းသပ်မှုများကို ကြုံတွေ့ရခဲ့သည်။ သူ့တွင် ရှိသမျှအရာတိုင်းသည် ဖယ်ရှားခံရသည်။ သူ၏ သားသမီးများနှင့် သူ၏ စည်းစိမ်ဥစ္စာများကို ဆုံးရှုံးရသည်။ ပြီးလျှင် သူ၏တစ်ကိုယ်လုံးသည် အနာစိမ်းများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ ဤတွင် ယောဘ၏ စမ်းသပ်မှုများအတွင်း၌ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားရှိသလော။ သင် ရှင်းရှင်းလင်းလင်း မပြောနိုင်ဖြစ်သည်၊ မဟုတ်လော။ သင်သည် ဖြောင့်မတ်သောသူ တစ်ယောက်ဖြစ်လျှင်ပင် ဘုရားသခင်သည် သင့်အား စမ်းသပ်မှုများ ကျရောက်စေရန်၊ ဘုရားသခင်ထံ သင်သက်သေခံရသောအခွင့်ကို ပေးပိုင်ခွင့်ရှိသည်။ ဘုရားသခင်၏ စိတ်သဘောထားသည် ဖြောင့်မတ်သည်။ သူသည် လူတိုင်းအား ညီတူညီမျှ ဆက်ဆံသည်။ ထိုအချိန်က ဖြောင့်မတ်သောသူတို့သည် ခါးစည်းခံနိုင်လျှင် စမ်းသပ်မှုများအား ကြုံတွေ့ရန် မလိုဟုဖြစ်စေ၊ ထိုအချိန်က ၎င်းတို့ကို ကွယ်ကာခံရမည်ဟု ဖြစ်စေ မဆိုလိုပေ။ ယင်းမှာ မမှန်ပေ။ ဘုရားသခင်သည် သင့်အား စမ်းသပ်မှုများခံစေရန် ပြုလုပ်ပိုင်ခွင့်ရှိသည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားအား ထုတ်ဖော်ပြခြင်းဖြစ်သည်။ နောက်ဆုံးတွင် ယောဘသည် စမ်းသပ်မှုများကို ကြုံတွေ့ပြီး ယေဟောဝါအား သက်သေခံပြီးနောက်တွင် ယေဟောဝါသည် သူ့အား ယခင်ကထက် ပို၍ပင်များ၍ ယခင်ကထက် ပို၍ပင်ကောင်းသော ကောင်းချီးပေးတော်မူပြီး ကောင်းချီးနှစ်ဆ ပေးခဲ့သည်။ ထို့အပြင် ယေဟောဝါသည် ယောဘထံတွင် ပေါ်ထွန်းပြီး သူ့အား လေထဲမှ စကားပြောခဲ့ကာ ယောဘက ဘုရားသခင်အား မျက်နှာချင်းဆိုင်သကဲ့သို့ တွေ့မြင်ခဲ့ရသည်။ ဤသည်မှာ သူ့အား ဘုရားသခင် ပေးအပ်သည့် ကောင်းချီးတစ်ခုဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းဖြစ်သည်။ အကယ်၍များ ယောဘသည် စမ်းသပ်မှုများကို ကြုံတွေ့ရခြင်းပြီးဆုံးပြီး စာတန်၏မျက်မှောက်တွင် ယောဘက ယေဟောဝါအား သက်သေခံခဲ့ကာ စာတန်ကို အရှက်ရစေခဲ့သည်ကို ယေဟောဝါက တွေ့မြင်သည့်အခါ၌ ယေဟောဝါက ယောဘကို လျစ်လျူရှုလျက် လှည့်ပြန်သွားခဲ့ပြီး ပြီးနောက်တွင်ယောဘက ကောင်းချီးများကို မရရှိခဲ့လျှင် အဘယ်သို့ဖြစ်မည်နည်း။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းပါဝင်မည်လော။ စမ်းသပ်မှုများပြီးနောက်တွင် ယောဘသည် ကောင်းချီးများရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ၊ သို့မဟုတ် ယေဟောဝါက ယောဘထံသို့ ပေါ်ထွန်းသည်ဖြစ်စေ၊ မပေါ်ထွန်းသည်ဖြစ်စေ ဤအရာအားလုံးတွင် ဘုရားသခင်၏ ကောင်းမွန်သော အလိုတော်ပါဝင်သည်။ ယောဘထံပေါ်ထွန်းခြင်းသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းဖြစ်ပြီး ယောဘထံ မပေါ်ထွန်းခြင်းသည်လည်း ဘုရားသခင်၏ ဖြောင့်မတ်ခြင်းဖြစ်လိမ့်မည်။ မည်သည့်အကြောင်းရင်းအရ သင်သည် ဖန်ဆင်းခံတစ်ဦး ဘုရားသခင်ကို တောင်းဆိုမှုများပြုသနည်း။ လူများသည် ဘုရားသခင်ကို တောင်းဆိုမှုများ ပြုဖို့ အရည်အချင်းမပြည့်မီပေ။ ဘုရားသခင်ကို တောင်းဆိုမှုများပြုခြင်းထက် သာ၍မလျော်ကန်သည့်အရာ မည်သည့်အရာမျှမရှိပေ။ ဘုရားသခင်၏အလိုတော်သည် သူပြုသင့်သည့်အမှုကို ပြုမည်ဖြစ်ပြီး ကိုယ်တော်၏စိတ်သဘောထားသည် ဖြောင့်မတ်ပေသည်။ ဖြောင့်မတ်ခြင်းတရားသည် တရားမျှတခြင်း သို့မဟုတ် ကျိုးကြောင်းဆီလျော်ခြင်း မည်သို့မျှ မဟုတ်ပေ၊ ယင်းသည် သာတူညီမျှရေးဝါဒ မဟုတ်၊ သို့မဟုတ် သင်လုပ်ဆောင် ပြီးစီးသည့် အလုပ်နှင့်အညီ သင်ရသင့်ရထိုက်သောအရာကို ခွဲဝေသတ်မှတ်ပေးခြင်း မဟုတ်ပေ၊ သို့မဟုတ် သင် လုပ်ဆောင်ပြီးစီးသည့် မည်သည့်အလုပ်မဆိုအတွက် ပေးချေခြင်း သို့မဟုတ် သင်၏ အားစိုက်ထုတ်ခြင်းအရ ပေးထိုက်သောအရာကို ပေးခြင်း မဟုတ်ပေ။ ဤအရာသည် ဖြောင့်မတ်ခြင်း မဟုတ်ပေ။ သမာသမတ်ကျပြီး သင့်မြတ်လျော်ကန်ခြင်းမျှသာ ဖြစ်သည်။ လူနည်းစုကသာလျှင် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို သိကျွမ်းနိုင်စွမ်း ရှိသည်။ ယောဘက ဘုရားသခင် အကြောင်းသက်သေခံပြီးနောက်တွင် ကိုယ်တော်က သူ့ကို သုတ်သင်ရှင်းလင်းလိုက်သည် ဆိုပါစို့။ ဤသည်မှာ ဖြောင့်မတ်ပါမည်လော။ စင်စစ်အားဖြင့် ဖြောင့်မတ်ပေလိမ့်မည်။ ဤအရာကို ဖြောင့်မတ်ခြင်းဟု အဘယ်ကြောင့် ခေါ်သနည်း။ ဖြောင့်မတ်ခြင်းကို လူတို့က မည်သို့ရှုမြင်ကြသနည်း။ တစ်စုံတစ်ခုသည် လူတို့၏ အယူအဆများနှင့်ကိုက်ညီလျှင် ဘုရားသခင်သည် ဖြောင့်မတ်သည်ဟု ၎င်းတို့ပြောရန် အလွန်လွယ်ကူသည်။ သို့ရာတွင် ထိုအရာသည် ၎င်းတို့၏အယူအဆများနှင့် ကိုက်ညီသည်ဟု မမြင်ပါက၊ ယင်းသည် ၎င်းတို့ နားလည်နိုင်သည့် တစ်စုံတစ်ရာ မဟုတ်ပါက ၎င်းတို့အနေဖြင့် ဘုရားသခင်သည် ဖြောင့်မတ်သည်ဟု ပြောရန် ခက်ခဲပေလိမ့်မည်။ ဘုရားသခင်သည် ယောဘကို ထိုအချိန်က ဖျက်ဆီးခဲ့ပါက၊ လူများက သူသည် ဖြောင့်မတ်သည်ဟု ပြောပြီးဖြစ်လိမ့်မည် မဟုတ်ပေ။ အမှန်တွင် လူများသည် ဖောက်ပြန်ပျက်စီးပြီးဖြစ်စေ မပျက်စီးပြီးဖြစ်စေ၊ ၎င်းတို့သည် အလွန့်အလွန် ဖောက်ပြန်ပျက်စီးပြီးဖြစ်စေ၊ မပျက်စီးပြီးဖြစ်စေ ဘုရားသခင် ၎င်းတို့ကို ဖျက်ဆီးသည့် အချိန်တွင် သူ၏လုပ်ရပ်အတွက် အကျိုးသင့်အကြောင်းသင့် ရှင်းပြဖို့ လိုသလော။ သူသည် မည်သည့်အကြောင်းရင်းအရ ထိုသို့လုပ်ဆောင်သည်ကို လူများကို ရှင်းပြဖို့ လိုအပ်သင့်သလော။ ဘုရားသခင်က သူပြဋ္ဌာန်းထားသည့် စည်းကမ်းများကို လူတို့အား ပြောပြရမည်လော။ မလိုအပ်ပေ။ ဘုရားသခင်၏အမြင်တွင် တစ်စုံတစ်ဦးသည် ဖောက်ပြန်ပျက်စီးပြီး ဘုရားကို ဆန့်ကျင်နိုင်ခြေ ရှိသည့်အပြင် အဘယ်တန်ဖိုးမျှ မရှိလျှင် ထိုသူကို ဘုရားက မည်သို့ကိုင်တွယ်သည်ဖြစ်စေ သင့်တော်နေပေလိမ့်မည်၊ ပြီးလျှင် အားလုံးသည် ဘုရားသခင်၏ အစီအစဉ်များဖြစ်သည်။ သင်သည် ဘုရားသခင်၏အမြင်တွင် သဘောမကျဖြစ်စေပါက၊ ပြီးလျှင် သင်၏သက်သေခံချက်ပြီးသည့်နောက် သူ့အတွက် သင်သည် အသုံးမတည့်တော့သောကြောင့် သင့်ကို ဖျက်ဆီးခဲ့သည် ဟု သူပြောခဲ့ပါက၊ ဤသည်မှာရော သူ၏ဖြောင့်မတ်ခြင်း ဖြစ်မည်လော။ ဖြောင့်မတ်ခြင်း ဖြစ်ပေမည်။ ယခုအခါတွင် အချက်အလက်များမှ သင်သည် သတိပြုနိုင်စွမ်း မရှိနိုင်သော်လည်း၊ အယူအဆအရ သင်နားလည်ရမည်။ သင်တို့ မည်သည့်အရာကို ပြောမည်နည်း။ စာတန်ကို ဘုရားသခင်၏ ဖျက်ဆီးခြင်းက သူ့ဖြောင့်မတ်ခြင်း၏ ဖော်ပြချက် တစ်ခုလော။ (ဟုတ်ပါသည်။) စာတန်ကို သူဆက်လက် တည်ရှိခွင့်ပေးခဲ့ပါက၊ မည်သည့်အရာ ဖြစ်မည်နည်း။ သင် မပြောဝံ့သည် မဟုတ်လော။ ဘုရားသခင်၏ အနှစ်သာရမှာ ဖြောင့်မတ်ခြင်း ဖြစ်သည်။ ကိုယ်တော်ပြုသောအမှုကို နားလည်ရန် မလွယ်ကူသော်လည်း ကိုယ်တော်ပြုသော အမှုအားလုံးသည် ဖြောင့်မတ်ပေသည်။ လူတို့က နားမလည်ကြခြင်းသာ ဖြစ်သည်။ ဘုရားသခင်က ပေတရုကို စာတန်ထံပေးသောအခါ ပေတရုက မည်သို့ တုံ့ပြန်သနည်း။ “လူသားမျိုးနွယ်သည် ကိုယ်တော်ပြုသောအမှုကို နားလည်နိုင်စွမ်း မရှိပေ၊ သို့သော် ကိုယ်တော်ပြုသည့်အမှုအားလုံးတွင် ကိုယ်တော်၏ စိတ်စေတနာကောင်း ပါဝင်၏၊ ထိုအမှုတစ်ရပ်လုံးတွင် ဖြောင့်မတ်ခြင်းပါရှိသည်။ ကိုယ်တော်၏ ဉာဏ်ပညာနှင့် လုပ်ဆောင်မှုများအတွက် ကျွန်ုပ်သည် အဘယ်သို့ မချီးမွမ်းဘဲ နေနိုင်မည်နည်း။” ဘုရားသခင်သည် လူသားကို သူကယ်တင်သည့်အချိန်တွင် စာတန်ကို မဖျက်ဆီးရသည့်အကြောင်းအရင်းမှာ လူသားများကို စာတန်က မည်သို့ ဖျက်ဆီးခဲ့ကြောင်း၊ လူသားများကို ဖျက်ဆီးခဲ့သည့် အတိုင်းအတာနှင့် ဘုရားသခင်က လူသားတို့ကို မည်သို့ သန့်စင်ပြီး ကယ်တင်ကြောင်းတို့ကို လူသားများ ရှင်းလင်းစွာ မြင်နိုင်ဖို့ဖြစ်သည်ကို သင်သည် ယခုအခါ သိမြင်သင့်ပေသည်။ အဆုံးတွင် လူတို့သည် သမ္မာတရားကို နားလည်ပြီး စာတန်၏ စက်ဆုပ်ဖွယ် အမူအရာကို ရှင်းရှင်းလင်းလင်းမြင်ပြီး၊ ၎င်းတို့ကို စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းနှင့်သက်ဆိုင်သော ကြောက်စရာကောင်းသော အပြစ်တရားကို ရှုမြင်ပြီးသည့်အခါတွင် ဘုရားသခင်သည် စာတန်ကို ဖျက်ဆီးကာ လူတို့အား သူ၏ ဖြောင့်မတ်ခြင်းကို ပြလိမ့်မည်။ ဘုရားသခင်က စာတန်ကို ဖျက်ဆီးသည့်အချိန်သည် ဘုရားသခင်၏ စိတ်သဘောထားနှင့် ဉာဏ်ပညာတို့ဖြင့် ပြည့်နေသည်။ ဘုရားသခင် ပြုသောအမှုအားလုံးသည် ဖြောင့်မတ်သည်။ ယင်းသည် လူတို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကို သိမှတ်နားလည်ခြင်း မရှိနိုင်သော်လည်း ၎င်းတို့သည် မိမိတို့သဘောရှိ ဝေဖန်တိက မပြုသင့်ပေ။ ဘုရားပြုသော အမှုတစ်စုံတစ်ရာသည် လူတို့အတွက် ကျိုးကြောင်းမဆီလျော်သကဲ့သို့ ထင်ရလျှင်၊ သို့မဟုတ် ၎င်းတို့၌ ထိုအရာနှင့်ပတ်သက်၍ အယူအဆများရှိပြီး ယင်းကြောင့် ဘုရားသခင်သည် မဖြောင့်မတ်ဟု ၎င်းတို့ပြောလျှင် သင်သည် အကျိုးသင့် အကြောင်းသင့် မရှိဆုံးဖြစ်သည်။ ပေတရုသည် အချို့သော အမှုအရာများကို နားမလည်နိုင်ကြောင်း တွေ့ရှိသော်လည်း ထိုအမှုအရာများထဲတွင် ဘုရားသခင်၏ဉာဏ်ပညာ ပါရှိပြီး ကိုယ်တော်၏စိတ်စေတနာ ပါဝင်ကြောင်း သူသေချာသည်ကို သင်တွေ့ရမည်။ လူတို့သည် အရာခပ်သိမ်းကို နားလည်သဘောပေါက်နိုင်စွမ်း မရှိပေ။ ၎င်းတို့ နားလည်သဘောမပေါက်နိုင်သော အရာများစွာ ရှိသည်။ ထို့ကြောင့် ဘုရားသခင်၏စိတ်သဘောထားကို သိရန်မှာ လွယ်ကူသောအရာ မဟုတ်ပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး
ဆက်စပ်မှုရှိသော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ
ကျွန်မရဲ့ အတိတ်က အမည်းစက်တစ်ခု
ရောဂါကျွမ်းနေသော လူနာတစ်ဦး၏ ဆင်ခြင်သုံးသပ်ချက်များ
ရှေ့တန်းတွင် တရားဟောခဲ့သည့် ကျွန်ုပ်၏ နေ့ရက်များ
ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ
အရာအားလုံးအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူကျူး
ဘဝ၏သက်သေ
လူ၏ ဘဝသက်တမ်းကို ဘုရားသခင်က ကြိုတင်ဆုံးဖြတ်ခဲ့ပြီးဖြစ်ကျူး