၂၃။ စမ်းသပ်မှုများအတွင်းတွင် မိမိ၏ သက်သေခံချက်၌ ခိုင်မာစွာရပ်တည်နည်း
နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ
ဘုရားသခင်ကို ယုံကြည်မှုသည် သူ့ကိုကျိုးနွံနာခံခြင်းနှင့် သူ၏အမှုကို တွေ့ကြုံခံစားခြင်းတို့ လိုအပ်၏။ ဘုရားသခင်သည် မြောက်မြားလှစွာသော အမှုတို့ကို လုပ်ဆောင်ပြီးဖြစ်သည်။ လူတို့အတွက် ယင်းသည် အလုံးစုံ စုံလင်စေခြင်း၊ စစ်ဆေးခြင်းနှင့် ထိုထက်ပို၍ ပြစ်တင်ဆုံးမခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။ လူသား၏ အယူအဆများနှင့် ကိုက်ညီဖူးသည့် ဘုရားသခင်၏ အမှုနှင့်ဆိုင်သော အဆင့်တစ်ခုတလေမျှ မရှိသေးပေ။ လူတို့ ခံစားရပြီးသည့် အရာမှာ ဘုရားသခင်၏ပြင်းထန်သော နှုတ်ကပတ်တော်များ ဖြစ်သည်။ ဘုရားသခင် ကြွလာသည့်အခါ၊ လူတို့သည် သူ၏ဘုန်းအာနုဘော်နှင့် သူ၏အမျက်ကို ခံစားသင့်သည်။ သို့သော် သူ၏နှုတ်ကပတ်တော်များ မည်မျှပင်ပြင်းထန်စေကာမူ၊ သူသည် လူသားမျိုးနွယ်ကို ကယ်တင်ရန်နှင့် စုံလင်စေရန် ကြွလာခြင်းဖြစ်သည်။ ဖန်ဆင်းခံများအနေဖြင့်၊ လူတို့သည် မိမိတို့ဖြည့်ဆည်းသင့်သည့် တာဝန်များကို ဖြည့်ဆည်းပြီး၊ စစ်ဆေးခြင်း အလယ်တွင် ဘုရားသခင်အတွက် သက်သေရပ်တည်သင့်ပေသည်။ စမ်းသပ်မှုတိုင်းတွင် ၎င်းတို့သည် မိမိတို့ သက်သေခံသင့်သည့်အရာကို ထိန်းသိမ်းသင့်ပြီး၊ ဘုရားသခင်အတွက် ထူးကဲစွာ ထိုသို့ လုပ်ဆောင်သင့်ကြသည်။ ဤအရာကို လုပ်ဆောင်သောလူတစ်ဦးသည် အောင်မြင်သောသူတစ်ဦးဖြစ်သည်။ ဘုရားသခင်က သင့်ကို မည်မျှ စစ်ဆေးသည်ဖြစ်စေ၊ သင်သည် ယုံကြည်မှုအပြည့်ဖြင့် ရှိနေဆဲဖြစ်ကာ၊ ဘုရားသခင်၌ ယုံကြည်စိတ်ချမှုကို မည်သည့်အခါမျှ ဆုံးရှုံးမသွားပေ။ သင်သည် လူသား လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်သည်။ ဤသည်မှာ လူသားကို ဘုရားသခင် တောင်းဆိုသောအရာဖြစ်ပြီး၊ လူသား၏စိတ်နှလုံးသည် ဘုရားသခင်ထံသို့ အပြည့်အဝ ပြန်သွားနိုင်သင့်ကာ၊ ကုန်ဆုံးသွားသည့် အချိန်တိုင်းတွင် သူ့ထံသို့ လှည့်နိုင်သင့်ပေသည်။ ဤသည်မှာ အောင်မြင်သောသူတစ်ဦးဖြစ်သည်။ “အောင်မြင်သောသူများ” အဖြစ် ဘုရားသခင် ရည်ညွှန်းသောသူများမှာ စာတန်၏ စွမ်းအားအောက်၊ စာတန်၏ ဝိုင်းထားခြင်းခံရချိန်၊ ဆိုလိုသည်မှာ အမှောင်အင်အားများ အလယ်တွင် မိမိတို့ကိုယ်ကို တွေ့ရချိန်တွင် ၎င်းတို့၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်နိုင်ကြဆဲ ဖြစ်ပြီး ဘုရားသခင်၌ မိမိတို့၏ ပင်ကို ယုံကြည်စိတ်ချမှုနှင့် မိမိတို့၏ ကိုးကွယ် ဆက်ကပ်မှုတို့ကို ထိန်းသိမ်းနိုင်ကြဆဲ ဖြစ်သောသူများ ဖြစ်သည်။ သင်သည် မည်သို့ပင်ဖြစ်စေ ဘုရားသခင်၏ ရှေ့မှောက်တွင် ဖြူစင်သော စိတ်နှလုံးကို ထိန်းသိမ်းနိုင်ဆဲဖြစ်ပြီး ဘုရားသခင်အတွက် သင်၏ ရိုးသားစစ်မှန်သော ချစ်ခြင်းမေတ္တာကို ထိန်းသိမ်းနိုင်ဆဲဖြစ်ပါက၊ သင်သည် ဘုရားသခင်၏ ရှေ့တွင် သင်၏သက်သေခံချက်၌ ခိုင်မာစွာ ရပ်တည်နေခြင်း ဖြစ်ပြီး ဤသည်မှာ ဘုရားသခင်က “အောင်မြင်သောသူ” တစ်ဦး ဖြစ်ခြင်းအဖြစ် ရည်ညွှန်းသော အရာဖြစ်သည်။ သင့်ကို ဘုရားသခင် ကောင်းချီးပေးသည့်အချိန်တွင် သင်၏ လိုက်စားရှာဖွေမှုသည် ထူးကဲသာလွန်သော်လည်း၊ သင်သည် သူ၏ ကောင်းချီးမင်္ဂလာများမရှိဘဲ နောက်ဆုတ်လိုက်ပါက၊ ဤသည်မှာ သန့်ရှင်းစင်ကြယ်မှုဖြစ်သလော။ ဤလမ်း မှန်ကန်သည်ဟု သင်သေချာသည့်အတွက်၊ အဆုံးထိတိုင် သင် လိုက်လျှောက်ရမည်။ ဘုရားသခင်ထံ သင်၏ကိုးကွယ်ဆည်းကပ်ခြင်းကို သင် ထိန်းသိမ်းရမည်။ သင့်ကို စုံလင်စေဖို့ ဘုရားသခင် ကိုယ်တော်တိုင် ကမ္ဘာမြေပေါ်သို့ ကြွလာပြီးဖြစ်သည်ကို သင် မြင်ရပြီးဖြစ်သည့်အတွက်၊ သင်၏ စိတ်နှလုံးကို သူ့အား လုံးလုံးလျားလျား ပေးအပ်သင့်ပေသည်။ သူမည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ တကယ့်အဆုံးတွင် သင့်အတွက် မလိုလားအပ်သော ရလဒ်ကို သူဆုံးဖြတ်ပေးလျှင်ပင်၊ သင်သည် သူ့နောက်လိုက်နိုင်ဆဲဖြစ်ပါက၊ ဤသည်မှာ ဘုရားသခင်ရှေ့တွင် သင်၏ သန့်ရှင်းစင်ကြယ်မှုကို ထိန်းသိမ်းခြင်း ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်ခန္ဓာနှင့် အပျိုစင်ကို ဘုရားသခင်ထံ ဆက်ကပ်ခြင်းသည် ဘုရားသခင်ရှေ့တွင် ရိုးသားစစ်မှန်သော စိတ်နှလုံးကို ထိန်းသိမ်းခြင်းဟု ဆိုလိုသည်။ လူသားမျိုးနွယ်အတွက်၊ ရိုးသားစစ်မှန်ခြင်းသည် သန့်စင်ဖြူစင်ခြင်းဖြစ်ပြီး၊ ဘုရားသခင်အပေါ် စစ်မှန်ရိုးသားနိုင်စွမ်းသည် သန့်စင်ဖြူစင်ခြင်းကို ထိန်းသိမ်းခြင်း ဖြစ်သည်။ ဤသည်မှာ သင်လက်တွေ့လုပ်ဆောင်သင့်သောအရာဖြစ်သည်။ ဆုတောင်း သင့်သည့်အခါ၊ သင်ဆုတောင်းသည်။ မိတ်သဟာယဖြင့် အတူတကွ စုရုံးသင့်သည့်အခါ၊ သင် ထိုသို့ပြုသည်။ ဓမ္မသီချင်းများကို ဆိုသင့်သည့်အခါ၊ သင် သီဆိုပြီး၊ ဇာတိပကတိကို ပုန်ကန်သင့်သည့်အခါ၊ ဇာတိပကတိကို သင် ပုန်ကန်သည်။ သင်၏တာဝန်ကို သင်ထမ်းဆောင်ချိန်တွင်၊ သင်သည် အိုးနင်းခွက်နင်းဖြင့် ပြီးမြောက်သွားခြင်းမရှိ။ စမ်းသပ်မှုများနှင့် သင် ရင်ဆိုင်ရသည့်အခါ၊ ခိုင်မာစွာ သင် ရပ်တည်သည်။ ဤသည်မှာ ဘုရားသခင်ထံ ဆည်းကပ်ခြင်းဖြစ်သည်။ လူတို့ပြုလုပ်သင့်သောအရာကို သင်မထိန်းသိမ်းပါက၊ သင်၏ ယခင် ဆင်းရဲဒုက္ခခံစားခြင်းနှင့် စိတ်ဆုံးဖြတ်ချက်တို့သည် အချည်းနှီးဖြစ်ခဲ့ပေလိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ဘုရားသခင်ထံ သင်၏ကိုးကွယ်ဆည်းကပ်ခြင်းကို ထိန်းသိမ်းသင့်သည်
ဘုရားသခင်အတွက် ထူးကဲသည့် သက်သေတစ်ခုကိုသက်သေခံခြင်းသည်၊ သင်က လက်တွေ့ကျသော ဘုရားသခင်နှင့်ဆိုင်သည့် သိနားလည်မှု ရှိ မရှိဆိုသည်နှင့် သာမန်ဖြစ်သည် သာမက ပုံမှန်လည်းဖြစ်သည့် ဤလူ၏ ရှေ့တွင် သင် ကျိုးနွံနာခံနိုင်ပြီး သေသည်အထိ ကျိုးနွံနာခံနိုင်ခြင်း ရှိ မရှိ ဆိုသည်တို့နှင့် အဓိကအားဖြင့် ဆက်နွှယ်ပေသည်။ ဤကျိုးနွံနာခံခြင်းနည်းလမ်းအားဖြင့်၊ သင်သည် ဘုရားသခင်အတွက် အမှန်တကယ် သက်သေခံပါက၊ ယင်းမှာ သင့်ကို ဘုရားသခင်က ရရှိပြီဟု ဆိုလိုပေသည်။ သင်သည် သေသည့်တိုင်အောင် ကျိုးနွံနာခံနိုင်ပြီး သူ၏ ရှေ့မှောက်တွင် ညည်းညူမှုများ ကင်းနိုင်ပါက၊ အကဲဖြတ်ဝေဖန်မှုများ မပြု၊ အသရေပျက်အောင် လုပ်ကြံပြောဆိုခြင်းမရှိ၊ မည်သည့် အယူအဆမျှမရှိသကဲ့သို့၊ မည်သည့် ဖုံးကွယ်ထားသော ရည်ရွယ်ချက်များမျှ မရှိပါက၊ ဤနည်းလမ်းဖြင့် ဘုရားသခင်သည် ဘုန်းအသရေ ရရှိလိမ့်မည်။ လူက အထင်အမြင်သေးခံရသည့် သာမန်လူတစ်ဦးရှေ့တွင် ကျိုးနွံနာခံခြင်းနှင့် မည်သည့်အယူအဆမျှ မရှိဘဲ သေသည့်တိုင်အောင် ကျိုးနွံနာခံနိုင်ခြင်း ဟူသည်မှာ စစ်မှန်သော သက်သေခံချက် ဖြစ်သည်။ လူတို့ဝင်ရောက်ရန် ဘုရားသခင် တောင်းဆိုသည့် လက်တွေ့အရှိတရားဆိုသည်မှာ သင်သည် သူ၏ နှုတ်ကပတ်တော်များကို ကျိုးနွံနာခံနိုင်ခြင်း၊ ယင်းတို့ကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း၊ လက်တွေ့ကျသော ဘုရားသခင်၏ ရှေ့တွင် ပျပ်ဝပ်ဦးညွှတ်နိုင်ခြင်းနှင့် သင်၏ ဖောက်ပြန်ပျက်စီးခြင်းကို သိရှိခြင်း၊ သူ၏ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးကို ဖွင့်ဟနိုင်ကာ နောက်ဆုံးတွင် သူ၏ ဤနှုတ်ကပတ်တော်များမှတစ်ဆင့် သူ၏ရယူခြင်းကို ခံရခြင်းတို့ ဖြစ်သည်။ ဤမိန့်မြွက်ချက်များက သင့်ကို သိမ်းပိုက်ပြီး၊ သူ့ကို အပြည့်အဝ ကျိုးနွံနာခံစေသည့်အခါ၊ ဘုရားသခင်သည် ဘုန်းအသရေ ရရှိလေသည်။ ဤအရာမှတစ်ဆင့် သူသည် စာတန်ကို အရှက်ရစေပြီး သူ၏ အမှုကို ပြည့်စုံစေသည်။ သင်သည် လူ့ဇာတိခံ ဘုရားသခင်၏ လက်တွေ့ကျခြင်းနှင့်ပတ်သက်၍ မည်သည့်အယူအဆမျှ မရှိသည့်အခါတွင် ယင်းမှာ သင်သည် ဤစမ်းသပ်မှုတွင် ခိုင်မာစွာ ရပ်တည်ပြီးသည့်အခါ သင်သည် ဤသက်သေခံချက်ကို ကောင်းကောင်း သက်သေခံပြီးဖြစ်သည်။ သင်သည် လက်တွေ့ကျသော ဘုရားသခင်နှင့်ဆိုင်သည့် ပြည့်ဝသော သိနားလည်မှုရှိပြီး၊ ပေတရုကဲ့သို့ သေသည့်တိုင်အောင် ကျိုးနွံနာခံနိုင်သောနေ့တစ်နေ့ ရှိလာပါက၊ သင်သည် ဘုရားသခင်၏ ရယူခြင်းခံရပြီး စုံလင်စေခြင်း ခံရလိမ့်မည်။ သင်၏ အယူအဆများနှင့် မကိုက်ညီသော ဘုရားသခင် လုပ်ဆောင်သည့် မည်သည့်အရာမဆိုသည် သင့်အတွက် စမ်းသပ်မှုတစ်ခု ဖြစ်သည်။ ဘုရားသခင်၏ အမှုသည် သင်၏ အယူအဆများနှင့် ကိုက်ညီခဲ့မည်ဆိုပါက၊ ယင်းမှာ သင့်အနေဖြင့် ဆင်းရဲဒုက္ခခံဖို့ သို့မဟုတ် စစ်ဆေးခြင်းခံဖို့ လိုအပ်မည်မဟုတ်ပေ။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် သူ၏အမှုသည် အလွန်လက်တွေ့ကျပြီး သင်၏ အယူအဆများနှင့် ကိုက်ညီမှုမရှိသောကြောင့်၊ သင့်အနေဖြင့် ထိုသို့သော အယူအဆများကို လက်လွှတ်ရန် လိုအပ်ခြင်း ဖြစ်ပေသည်။ ဤသည်မှာ ယင်းသည် သင့်အတွက် စမ်းသပ်မှုတခု ဖြစ်ရသည့် အကြောင်းရင်း ဖြစ်သည်။ လူအားလုံး စမ်းသပ်မှုများအလယ်တွင် ရှိကြသည်မှာ ဘုရားသခင်၏ လက်တွေ့ကျခြင်းကြောင့် ဖြစ်သည်။ သူ၏အမှုသည် လက်တွေ့ကျ၏၊ သဘာဝလွန်ခြင်း မရှိပေ။ မည်သည့် အယူအဆမျှ မရှိဘဲ၊ သူ၏လက်တွေ့ကျသော နှုတ်ကပတ်တော်များနှင့် သူ၏လက်တွေ့ကျသော မိန့်မြွက်ချက်များကို အပြည့်အဝ နားလည်ခြင်းနှင့် သူ၏ အမှုက ယခင်ထက် တိုး၍ လက်တွေ့ကျသည်နှင့်အမျှ သူ့ကို သာ၍ စစ်မှန်စွာ ချစ်နိုင်ခြင်းအားဖြင့်၊ သင်သည် သူ၏ ရယူခြင်း ခံရလိမ့်မည်ဖြစ်သည်။ ဘုရားသခင် ရယူမည့် လူစုမှာ ဘုရားသခင်ကို သိကျွမ်းသောသူများဖြစ်သည်။ ယင်းမှာ သူ၏ လက်တွေ့ကျခြင်းကို သိသောသူများ ဖြစ်၏။ ထို့အပြင် ၎င်းတို့သည် ဘုရားသခင်၏လက်တွေ့ကျသောအမှုကို ကျိုးနွံနာခံနိုင်သောသူများ ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်အား အမှန်တကယ်ချစ်သောသူများသည် ဘုရားသခင်၏ လက်တွေ့ကျခြင်းကို အကြွင်းမဲ့ ကျိုးနွံနာခံနိုင်သောသူများ ဖြစ်သည်
စစ်မှန်သော သက်သေခံချက်သည် အတိအကျအားဖြင့် အဘယ်နည်း။ ဤနေရာတွင် ပြောသော သက်သေခံချက်တွင် နှစ်ပိုင်းရှိသည်- တစ်ပိုင်းမှာ သိမ်းပိုက်ခံရပြီးခြင်းကို သက်သေခံခြင်းဖြစ်ပြီး၊ အခြားတစ်ပိုင်းမှာ စုံလင်စေခြင်း ခံရပြီးသည်ကို သက်သေခံခြင်းဖြစ်သည် (ယင်းမှာ အနာဂတ်၏ သာ၍ကြီးမားသော စမ်းသပ်မှုများနှင့် ကြီးစွာသော ဆင်းရဲဒုက္ခများ နောက်လိုက်သည့် သက်သေခံချက်ပင် ဖြစ်လိမ့်မည်မှာ မှန်ပေသည်)။ တစ်နည်းဆိုရလျှင် သင်သည် ကြီးစွာသော ဆင်းရဲဒုက္ခများနှင့် စမ်းသပ်မှုများ အတောအတွင်း ခိုင်ခံ့စွာရပ်တည်ခြင်းငှာ တတ်စွမ်းနိုင်သည်ဆိုပါလျှင်၊ သင်သည် သက်သေခံချက်၏ ဒုတိယအဆင့်ကို ပေးခဲ့ပြီး ဖြစ်လိမ့်မည်။ ယနေ့တွင် အရေးပါလှသော အရာမှာ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၏ စမ်းသပ်မှုများ ဖြစ်စဉ်တိုင်းအတောအတွင်း၌ မြဲမြံ့စွာ ရပ်တည်ရန် တတ်စွမ်းနိုင်ခြင်းဟူသည့် သက်သေခံချက်၏ ပထမအဆင့် ဖြစ်သည်။ ဤသည်မှာ သိမ်းပိုက်ခံနေရခြင်း၏ သက်သေခံချက် ဖြစ်သည်။ ယင်းမှာ ယနေ့သည် သိမ်းပိုက်ခြင်း အချိန် ဖြစ်သောကြောင့် ဖြစ်သည်။ (မျက်မှောက်အချိန်သည် ဘုရားသခင်၏ ကမ္ဘာပေါ်၌အမှု၏ အချိန်ဖြစ်သည်ကို သင်သိသင့်သည်။ လူ့ဇာတိခံယူသောဘုရားသခင်၏ ကမ္ဘာပေါ်၌ အဓိကအမှုသည် သူ့နောက်လိုက်သော ကမ္ဘာပေါ်ရှိ ဤလူစုအား တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအားဖြင့် သိမ်းပိုက်ခြင်း ဖြစ်သည်)။ သင်သည် သိမ်းပိုက်ခံရပြီးခြင်းကို သက်သေခံခြင်းငှာ တတ်စွမ်းခြင်း ရှိ၊ မရှိ ဆိုသည်မှာ သင်သည် အဆုံးတိုင်အောင် လိုက်လျှောက် နိုင်ခြင်းရှိ၊ မရှိဟူသည့် အပေါ်တွင် မူတည်နေသည်သာမကဘဲ၊ သာ၍ အရေးကြီးသည်မှာ သင်သည် ဘုရားသခင်၏အမှု၏ အဆင့်အသီးသီးကို တွေ့ကြုံခံစားရာတွင် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို စစ်မှန်စွာ နားလည်နိုင်စွမ်း ရှိ၊ မရှိနှင့် သင်သည် ဤအမှုတစ်ခုလုံးကို စစ်မှန်စွာ သဘောပေါက်ခြင်း ရှိ၊ မရှိအပေါ်တွင်လည်း မူတည်နေပေသည်။ တကယ့်အဆုံးတိုင်အောင် လိုက်လျှောက်ရုံမျှနှင့် သင်သည် လွတ်ထွက်နိုင်လိမ့်မည် မဟုတ်ပေ။ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၏ ဖြစ်စဉ်တိုင်း၏ အတောအတွင်း၌ သင်သည် လိုလိုလားလားနှင့် အလျှော့ပေးရန် တတ်စွမ်းနိုင်ရမည် ဖြစ်ပြီး သင်တွေ့ကြုံခံစားရသည့် အမှု၏ အဆင့်အသီးသီးကို စစ်မှန်စွာ နားလည်နိုင်စွမ်းရှိရမည် ဖြစ်ကာ ဘုရားသခင်၏ စိတ်သဘောထားကို သိခြင်းနှင့် ကျိုးနွံနာခံခြင်းတို့ကို တတ်စွမ်းနိုင်ရမည် ဖြစ်သည်။ ဤသည်မှာ သင်သက်သေခံရန် လိုအပ်သည့် သိမ်းပိုက်ခံရပြီးခြင်း၏ အန္တိမသက်သေခံချက်ပင် ဖြစ်သည်။ သိမ်းပိုက်ခံရခြင်း၏ သက်သေခံချက် ဟူသည်မှာ အဓိကအားဖြင့် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းနှင့် ပတ်သက်သည့် သင်၏ အသိပညာကို ရည်ညွှန်းသည်။ ဤသက်သေခံခြင်း အဆင့်သည် ဘုရားသခင် လူ့ဇာတိခံယူခြင်းထံသို့ ဖြစ်သည်မှာ အထူးအရေးကြီး၏။ လောကရှိလူတို့ ရှေ့မှောက် သို့မဟုတ် အာဏာစွဲကိုင်သူတို့ ရှေ့မှောက်တွင် သင်မည်သည့်အရာ ပြုလုပ်သည် သို့မဟုတ် ပြောဆိုသည်မှာ အရေးမကြီးပေ၊ သင်သည် ဘုရားသခင်၏နှုတ်မှ နှုတ်ကပတ်တော်အားလုံးနှင့် သူ၏အမှုအားလုံးကို ကျိုးနွံနာခံနိုင်စွမ်းရှိ၊ မရှိက အရာခပ်သိမ်းထက် သာ၍အရေးကြီးသည်။ ထို့ကြောင့် သက်သေခံချက်၏ ဤအဆင့်သည် စာတန်နှင့် ဘုရားသခင်၏ ရန်သူများအားလုံး— ဘုရားသခင်သည် ဒုတိယအကြိမ် လူ့ဇာတိ ခံယူလိမ့်မည် ဆိုခြင်းနှင့် သာ၍ပင်ကြီးမြတ်သော အလုပ်ကို လုပ်ဆောင်ရန် ကြွလာလိမ့်မည် ဆိုခြင်းကို မယုံကြည်ကြသည့်အပြင် လူ့ဇာတိသို့ ဘုရားသခင် ပြန်လာခြင်း၏ အမှန်တရားကို မယုံကြည်သည့် နတ်ဆိုးများနှင့် ရန်လိုသူများကို ရည်ရွယ်သည်။ တစ်နည်းဆိုရလျှင် ယင်းသည် ဘုရားသခင်လူ့ဇာတိခံယူခြင်းကို မယုံကြည်ကြသော ရန်သူများ အားလုံး ဖြစ်ကြသည့် အန္တိခရစ်များ အားလုံးကို ရည်ရွယ်ခြင်း ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၄)
သက်သေခံချက်၏ နောက်ဆုံးအဆင့်မှာ သင်သည် စုံလင်စေခြင်း ခံရနိုင်၊ မခံရနိုင်ကို သက်သေခံခြင်းဖြစ်သည်၊ ဆိုလိုသည်မှာ လူ့ဇာတိခံယူသော ဘုရားသခင်၏ နှုတ်မှ ပြောကြားသည့် နှုတ်ကပတ်တော်များ အားလုံးကို သဘောပေါက်နားလည်ပြီးနောက် သင်သည် ဘုရားသခင် အကြောင်း အသိပညာကို ပိုင်ဆိုင်လာပြီး သူ့အကြောင်း ယုံမှားမရှိ ဖြစ်လာကာ သင်သည် ဘုရားသခင်၏နှုတ်မှ နှုတ်ကပတ်တော်များ အားလုံးကို အသက်ရှင်နေထိုင်ပြီး ဘုရားသခင်မှ သင့်အား တောင်းဆိုသော အခြေအနေများကို စွမ်းဆောင်ရရှိခြင်း ဖြစ်သည်၊ ပေတရု၏ အမူအရာနှင့် ယောဘ၏ ယုံကြည်ခြင်းကဲ့သို့ ဖြစ်သည်၊ ဤသို့ဖြစ်သည်မှာ သေသည်တိုင်အောင် ကျိုးနွံနာခံနိုင်ခြင်း၊ သူ့ထံသို့ မိမိကိုယ်မိမိ လုံးလုံးလျားလျားပင် ပေးဆပ်နိုင်ခြင်းနှင့် စံသတ်မှတ်ချက်နှင့်ညီသော လူသား၏ပုံရိပ်ကို အဆုံးတွင် စွမ်းဆောင်ရရှိခြင်း ဖြစ်၏၊ ဆိုလိုသည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ကြုံတွေ့ရပြီးနောက် သိမ်းပိုက်ခြင်း နှင့် စုံလင်စေခြင်းတို့ ခံရပြီးသော တစ်စုံတစ်ဦး၏ ပုံသဏ္ဌာန်ဖြစ်သည်။ ဤသည်မှာ ယင်းမှာ အန္တိမ သက်သေခံချက် ဖြစ်သည်၊ အဆုံးတွင် စုံလင်ခြင်း ခံရပြီးသော သူတစ်ယောက်မှ ခံသင့်သည့် သက်သေခံချက်ဖြစ်သည်။ ဤသည်တို့မှာ သင်မှ ပေးသင့်သည့် သက်သေခံချက်၏ အဆင့်နှစ်ဆင့် ဖြစ်ပြီး ၎င်းတို့သည် အပြန်အလှန် ဆက်နွှယ်နေကြကာ တစ်ဆင့်ချင်းသည် မရှိမဖြစ်ပင် ဖြစ်သည်။ သို့သော် သင်သိရမည့် အရာတစ်ခု ရှိသည်။ သင့်ထံမှ ယနေ့ငါလိုအပ်သည့် သက်သေခံချက်မှာ လောကကြီး၏ လူများကို ရှေးရှုထားခြင်း မဟုတ်သကဲ့သို့ မည်သည့်ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို ရှေးရှုထားခြင်းလည်း မဟုတ်ဘဲ သင့်အား ငါတောင်းဆိုသော အရာထံသို့သာ ရှေးရှုထားခြင်း ဖြစ်သည်။ သင်သည် ငါ့ကို ကျေနပ်စေခြင်းငှာ တတ်စွမ်းနိုင်ခြင်း ရှိ၊ မရှိနှင့် သင်တို့ တစ်ဦးချင်းစီတိုင်းအပေါ် ငါ၏သတ်မှတ်ချက် စံချိန်များနှင့် လုံးလုံးလျားလျား ပြည့်မီခြင်း ရှိ၊ မရှိတို့အားဖြင့် ယင်းကို တိုင်းတာသည်။ ဤသည်မှာ သင်တို့ နားလည်သင့်သည့် အရာဖြစ်၏။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၄)
သင်သည် ယောဘ၏ စမ်းသပ်မှုများကို ခံရပြီး တစ်ချိန်တည်းမှာပင် ပေတရု၏ စမ်းသပ်မှုများကိုလည်း ခံရခြင်းဖြစ်သည်။ ယောဘ အစမ်းသပ်ခံခဲ့ရသောအခါ သူသည် သက်သေရပ်တည်ခဲ့ပြီး အဆုံးတွင် ယေဟောဝါမှာ သူ့အား ကိုယ်ထင်ပြခဲ့သည်။ သူသက်သေရပ်တည်ခဲ့သည့် နောက်မှသာ သူသည် ဘုရားသခင်၏ မျက်နှာကိုမြင်ဖို့ ထိုက်တန်ခဲ့သည်။ “ငါသည် ညစ်ညမ်းသောပြည်မှ ပုန်းရှောင်သော်လည်း၊ သန့်ရှင်းသောနိုင်ငံတော်အား ငါ့ကိုယ်ငါ ကိုယ်ထင်ပြမည်။” ဟု အဘယ်ကြောင့် ပြောထားသနည်း။ ယင်းမှာ သင်သည် သန့်ရှင်းပြီး သက်သေရပ်တည်သည့်အခါမှသာ ဘုရားသခင်၏မျက်နှာကို မြင်ရဖို့အတွက် ဂုဏ်အသရေကို သင်ရနိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်အတွက် သက်သေမရပ်တည်နိုင်ပါက သူ၏မျက်နှာကိုမြင်ရဖို့ သင်၌ ဂုဏ်အသရေမရှိပေ။ အကယ်၍ သင်သည် စစ်ဆေးခြင်းများကို ကြုံနေရစဉ် နောက်ကြောင်းပြန်လှည့်သောကြောင့်ဖြစ်စေ၊ သို့မဟုတ် ဘုရားသခင်အပေါ် ညည်းတွားချက်များ ပြုလုပ်သောကြောင့်ဖြစ်စေ သူ့အတွက် သက်သေရပ်တည်ရန် ပျက်ကွက်ပြီး စာတန်၏ လှောင်ပြောင်စရာ ဖြစ်လာပါက၊ သင်သည် ဘုရားသခင်၏ပေါ်ထွန်းခြင်းကို ရရှိလိမ့်မည်မဟုတ်ပေ။ အကယ်၍ သင်သည် စမ်းသပ်မှုများကြား၌ မိမိ၏ကိုယ်ပိုင် ဇာတိခန္ဓာကို ကျိန်ဆဲခဲ့ပြီး ဘုရားသခင်အား မညည်းတွားခဲ့သည့်အပြင်၊ စကားလုံးများ အားဖြင့် ညည်းညူခြင်း သို့မဟုတ် အပြစ်ကျူးလွန်ခြင်းမရှိဘဲ မိမိ၏ ဇာတိပကတိကို စက်ဆုပ်နိုင်ခဲ့သည့် ယောဘကဲ့သို့သောသူ ဖြစ်ပါက၊ သင်သည် သက်သေရပ်တည်နေလိမ့်မည်။ သင်သည် စစ်ဆေးခြင်းများကို တစ်စုံတစ်ခုသော အတိုင်းအတာအထိ ခံရပြီး ယောဘကဲ့သို့ ဖြစ်နိုင်သေးကာ၊ ဘုရားသခင်၏ရှေ့တွင် လုံးလုံးလျားလျား ကျိုးနွံနာခံမှုရှိပြီး သူ့အပေါ် အခြားတောင်းဆိုချက်များ၊ သို့မဟုတ် သင်၏ကိုယ်ပိုင်အယူအဆများ မရှိပါက ဘုရားသခင်သည် သင့်ထံ ပေါ်ထွန်းလိမ့်မည်။ ယခုမူ သင့်ထံ ဘုရားသခင်မပေါ်လာရသည်မှာ အဘယ်ကြောင့်ဆိုသော် သင်၌ သင်၏ကိုယ်ပိုင် များစွာသော အယူအဆများ၊ အခြေအမြစ်မရှိသော တစ်ကိုယ်ရေ အစွဲအလမ်းများ၊ တစ်ကိုယ်ကောင်းဆန်သော အတွေးအခေါ်များ၊ ပုဂ္ဂိုလ်ရေး လိုအပ်ချက်များနှင့် ဇာတိဆန်သော စိတ်ဝင်စားမှုများ ရှိသောကြောင့် ဖြစ်ပြီး သင်သည် သူ၏မျက်နှာကိုမြင်ရဖို့ မထိုက်တန်ပေ။ အကယ်၍ ဘုရားသခင်ကို သင်မြင်ခဲ့ရသည်ဆိုပါက သင်သည် သူ့ကို သင်၏ကိုယ်ပိုင် အယူအဆများ အားဖြင့် တိုင်းထွာလိမ့်မည်ဖြစ်ပြီး၊ ဤသို့ပြုခြင်းဖြင့် သူသည် သင့်အားဖြင့် လက်ဝါးကပ်တိုင်ပေါ်တွင် သံနှင့် အရိုက်ခံရခြင်းပင် ဖြစ်မည်။ အကယ်၍ သင်၏ အယူအဆများနှင့် တစ်ပြေးညီမဟုတ်သော အရာများစွာ သင့်အပေါ် ကျရောက်လာသည့်တိုင် သင်သည် ၎င်းတို့ကို ဘေးဖယ်ထားနိုင်ပြီး ဤအရာများမှ ဘုရားသခင်၏ လုပ်ရပ်များအား သိကျွမ်းခြင်းကို ရရှိနိုင်ပါက၊ ထို့ပြင် သင်သည် စစ်ဆေးခြင်းများအလယ်တွင် ဘုရားသခင်ကို ချစ်သော သင်၏စိတ်နှလုံးကို ဖော်ထုတ်ပြသပါက၊ ဤသည်မှာ ခိုင်မာစွာ သက်သေရပ်တည်ခြင်းပင် ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်
စာတန်ကို အောင်မြင်ခြင်းအဖို့ ယောဘ၏ ယုံကြည်ခြင်း၊ ကျိုးနွံနာခံခြင်းနှင့် သူ၏သက်သေခံချက်တို့သည် လူတို့အဖို့ ကြီးမားသော အထောက်အကူနှင့် အားပေးတိုက်တွန်းမှု အရင်းအမြစ်တစ်ခု ဖြစ်ပြီးဖြစ်သည်။ ယောဘထဲ၌ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်ကိုမြင်ကြပြီး ယုံကြည်ခြင်း၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် ကြောက်ရွံ့ခြင်းမှတစ်ဆင့် စာတန်ကို အနိုင်ယူရန်၊ စာတန်ကို အောင်နိုင်ရန် လုံးဝ ဖြစ်နိုင်သည်ကို မြင်ကြရသည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ၎င်းတို့ ကျိုးနွံနာခံသရွေ့၊ ပြီးလျှင် အရာရာတိုင်းကို ဆုံးရှုံးခဲ့ပြီးသည့်နောက်တွင် ဘုရားသခင်ကို မစွန့်ပစ်ဖို့ စိတ်ပိုင်းဖြတ်ချက်နှင့် ယုံကြည်ခြင်းတို့ ၎င်းတို့ ပိုင်ဆိုင်သရွေ့၊ ၎င်းတို့သည် စာတန်အပေါ် အရှက်ရစေပြီး ရှုံးနိမ့်မှု ယူဆောင်နိုင်သည်ကို မြင်ကြပြီး ၎င်းတို့သည် စာတန်အနေဖြင့် ကြောက်လန့်ပြီး အလောတကြီးဆုတ်ခွာစေရန်အတွက်- ၎င်းတို့၏ အသက်များ ဆုံးရှုံးရမည်ဆိုလျှင်ပင်- ၎င်းတို့၏ သက်သေခံချက်ထဲတွင် မြဲမြံစွာ ရပ်တည်ရန် စိတ်ပိုင်းဖြတ်ချက်နှင့် လုံ့လဝီရိယရှိရန်သာ လိုအပ်သည်ကို မြင်ကြလေသည်။ ယောဘ၏ သက်သေခံချက်သည် နောင်မျိုးဆက်များအဖို့ သတိပေးချက်တစ်ခု ဖြစ်ပြီး ဤသတိပေးချက်က အကယ်၍ ၎င်းတို့သည် စာတန်ကို အနိုင်မယူပါက၊ စာတန်၏ စွပ်စွဲချက်များနှင့် နှောင့်ယှက်မှုများမှ မိမိတို့ကိုယ်ကိုယ် မည်သည့်အခါမျှ ဖယ်ရှားနိုင်မည် မဟုတ်သကဲ့သို့၊ စာတန်၏ နှိပ်စက်မှုနှင့် တိုက်ခိုက်ခြင်းများမှ မည်သည့်အခါမျှ လွတ်မြောက်နိုင်မည်မဟုတ်သည်ကို ၎င်းတို့အား ပြောပြလေသည်။ ယောဘ၏ သက်သေခံချက်သည် နောင်မျိုးဆက်များကို အသိဉာဏ်ပွင့်လင်းစေပြီးဖြစ်သည်။ ဤဉာဏ်အလင်းက လူတို့အား အကယ်၍ ၎င်းတို့သည် စုံလင်ကာ ဖြောင့်မတ်မှသာလျှင် ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်နိုင်မည် ဖြစ်သည်ကို သွန်သင်သည်။ ယင်းက ၎င်းတို့အနေဖြင့် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်မှသာလျှင် ဘုရားသခင်အား ခိုင်မာပြီး ထူးကဲသော သက်သေခံချက်အား ခံနိုင်မည်၊ ဘုရားသခင်ထံ ခိုင်မာပြီး ထူးကဲသော သက်သေခံချက်ကို ခံနိုင်မှသာလျှင်၊ ၎င်းတို့သည် စာတန်၏ ထိန်းချုပ်ခြင်းကို မည်သည့်အခါမျှ မခံရဘဲ၊ ဘုရားသခင်၏ လမ်းပြမှုနှင့် ကွယ်ကာမှုအောက်တွင် အသက်ရှင်နိုင်သည်- ထိုအခါမှသာ ၎င်းတို့သည် အမှန်တကယ် ကယ်တင်ခံရပြီး ဖြစ်လိမ့်မည်ကို သွန်သင်ပေးလေသည်။ ယောဘ၏ ပင်ကိုစရိုက်နှင့် သူ၏ အသက်တာ၏ လိုက်စားမှုတို့ကို ကယ်တင်ခြင်းကို လိုက်စားသောသူ အယောက်တိုင်းက အတုယူသင့်ပေသည်။ သူ၏ အသက်တာတစ်ခုလုံးတစ်လျှောက် အသက်ရှင်နေထိုင်ခဲ့သည့်အရာနှင့် သူ၏စမ်းသပ်မှုများအတောအတွင်း သူ၏ အပြုအမူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှု ရှောင်ကြဉ်ခြင်း လမ်းခရီးကို လိုက်စားသောသူ အားလုံးအဖို့ အဖိုးထိုက်သော ရတနာတစ်ပါး ဖြစ်ပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)
သင်သည် အနာဂတ်တွင် ခိုင်မာစွာ ရပ်တည်နိုင်ဖို့ ဆန္ဒရှိလျှင်၊ ဘုရားသခင်ကို ပို၍ကောင်းမွန်စွာ စိတ်ကျေနပ်စေပြီး အဆုံးအထိ သူ့နောက်လိုက်ရန် ဆန္ဒရှိလျှင် ယနေ့အချိန်တွင် ခိုင်မာသော အခြေခံအုတ်မြစ်ကို သင်တည်ဆောက်ရမည်။ အရာအားလုံးမှာ သမ္မာတရားကို လက်တွေ့ ကျင့်သုံးခြင်းအားဖြင့်၊ သူ့ရည်ရွယ်ချက်များကို အလေးထားခြင်းအားဖြင့် ဘုရားသခင်ကို ကျေနပ်စေရပါမည်။ သင်သည် ဤနည်းလမ်းနှင့်ပင် အမြဲတမ်းကျင့်ကြံလျှင် သင့်အထဲ၌ အုတ်မြစ်တစ်ခု ရှိလာပါလိမ့်မည်၊ ဘုရားသခင်သည် သင့်အထဲ၌ရှိသည့် သူ့ကိုချစ်သော နှလုံးသားတစ်ခုကို တွန်းအားပေးပြီး သူသည် သင့်ကို ယုံကြည်မှု ပေးပါလိမ့်မည်။ တစ်နေ့မှာ စမ်းသပ်မှုတစ်ခုသည် သင့်အပေါ်မှာ အမှန်တကယ် ကျရောက်လာသည့်အခါ သင်သည် နာကျင်မှုတစ်ချို့ကို ခံစားရနိုင်ပြီး အတိုင်းအတာ တစ်ခုအထိ ပရိဒေဝဖိစီးမှုကို ခံစားရမည်။ သင်သေသွားသကဲ့သို့ ကြေကွဲ ဝမ်းနည်းမှုကို ခံစားရမည်။ သို့သော်လည်း ဘုရားသခင်အတွက် သင်၏ ချစ်ခြင်းသည် ပြောင်းလဲမည် မဟုတ်ဘဲ သာ၍ပင် နက်ရှိုင်းလာပါလိမ့်မည်။ ဤကဲ့သို့အရာများကား ဘုရားသခင်၏ ကောင်းချီးများပင်။ သင်သည် ယနေ့ ကျိုးနွံနာခံခြင်း နှလုံးသားနှင့် ဘုရားသခင် ပြောဆို၊ လုပ်ဆောင်သည့် အရာများကို လက်ခံနိုင်လျှင် သင့်ကို ဘုရားသခင်က သေချာပေါက် ကောင်းချီးပေးမည် ဖြစ်သည်။ ထို့ကြောင့် သင်သည် ဘုရားသခင် ကောင်းချီးပေးသည့် သူတစ်ယောက်ဖြစ်ပြီး သူ၏ကတိတော်ကို ရရှိမည်ပင်။ ယနေ့ သင်သည် လက်တွေ့မလုပ်ဆောင်လျှင် စမ်းသပ်မှုများသည် တစ်နေ့မှာ သင့်အပေါ်ကို ကျရောက်လာသည့်အခါ သင်သည် ယုံကြည်ခြင်း သို့မဟုတ် ချစ်ခြင်းနှလုံးသား မရှိသည့် သူတစ်ယောက် ဖြစ်လာပါလိမ့်မည်။ ဤအချိန်မှာ စမ်းသပ်မှုသည် သွေးဆောင်မှု ဖြစ်လာပါလိမ့်မည်။ သင်သည် စာတန်၏ သွေးဆောင်မှုထဲကို ထိုးဆင်းသွားမည်ဖြစ်ပြီး လွတ်မြောက်ရာလမ်း ရှိမည်မဟုတ်ပေ။ ယနေ့ သင်သည် သေးငယ်သည့် စမ်းသပ်မှုတစ်ခု သင့်ထံ ကျရောက်လာသောအခါ ခိုင်မြဲစွာ ရပ်တည်ကောင်း ရပ်တည်နိုင်ပါလိမ့်မည်။ သို့သော်လည်း တစ်နေ့၌ ကြီးမားသော စမ်းသပ်မှုတစ်ခု သင့်အပေါ် ကျရောက်လာသောအခါ သင်သည် မလွဲမသွေ ခိုင်မာစွာ ရပ်တည်နိုင်ခြင်းမျိုး ရှိမည်မဟုတ်။ လူအချို့သည် ဘဝင်မြင့်သည်။ သူတို့သည် ပြည့်စုံလုနီးပါး ရှိနေပြီဟု ထင်တတ်ကြသည်။ ဤကဲ့သို့အချိန်များမှာ သင်သည် ပိုပြီးလေးနက်စွာ မလုပ်ဆောင်ဘဲ အားရကျေနပ်လျက် ရှိနေလျှင် သင်သည် အန္တရာယ်ကို ကြုံရပါလိမ့်မည်။ ယနေ့ ဘုရားသခင်သည် ကြီးမားသည့် စမ်းသပ်မှုများကို မလုပ်ဘဲ အားလုံးက အဆင်ပြေသည့်ပုံ ပေါ်နေ၏။ သို့သော်လည်း ဘုရားသခင်က သင့်ကို စမ်းသပ်သည့်အခါ သင်၏အသုံးဝင်မှုသည် အလွန်သေးငယ်ပြီး ကြီးမားသည့် စမ်းသပ်မှုများကို ခံနိုင်ရည် မရှိသည့်အတွက် သင်သည် အလွန် အားနည်းနေသည်ကို တွေ့ရှိရပါလိမ့်မည်။ သင်သည် ဖြစ်သည့်အတိုင်း ဆက်ရှိကာ လေးကန်ထိုင်းမှိုင်းသည့် အခြေအနေတစ်ခုတွင် ရှိနေပါက၊ စမ်းသပ်မှုများ လာသည့်အခါတွင် သင် လဲပြိုလိမ့်မည်။ သင်တို့၏ အရေးပါမှုသည် အဘယ်မျှ သေးငယ်သည် ဆိုသည်ကို သင်တို့ မကြာခဏ ကြည့်သင့်သည်။ ဤကဲ့သို့နည်းလမ်းနှင့်သာ သင်တို့သည် တိုးတက်မှု ရှိနိုင်သည်။ စမ်းသပ်နေချိန် အတွင်းမှာသာ သင်က သင်၏အရေးပါမှုသည် အလွန်သေးငယ်နေသည်ကို တွေ့မြင်လျှင်၊ သင်၏ စိတ်ဓာတ်ခွန်အားက အလွန်အားနည်းနေလျှင်၊ သင့်အတွင်းမှာ စစ်မှန်မှုက အလွန်သေးငယ်နေလျှင်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များမှာ လုံလောက်မှုမရှိလျှင်၊ ဤအချိန်မှ သင်သည် ဤအရာများကို သိမြင်မည်ဆိုလျှင် သိပ်နောက်ကျနေမည် ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်
ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ လက်တွေ့အရှိတရားအဖြစ် မရှိဘဲနှင့်၊ သင်သည် စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှု မရှိပေ။ စမ်းသပ်ခံရမည့် အချိန်ရောက်လာသောအခါတွင်၊ သင်သည် သေချာပေါက် လဲပြိုလိမ့်မည်ဖြစ်ပြီး၊ ထို့နောက်တွင် သင်၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှု ထုတ်ဖော်ပြခံရလိမ့်မည်။ သို့သော် လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ရန် ပုံမှန်ကြိုးစားသူများသည် စမ်းသပ်မှုများနှင့် ဝန်းရံဖိစီးခံရသည့်အခါ၊ ဘုရားသခင်၏ အမှု၏ ရည်ရွယ်ချက်ကို နားလည်လိမ့်မည်။ အသိတရား ပိုင်ဆိုင်သောသူနှင့် ဘုရားသခင်ကို ဆာငတ်သောသူသည် ဘုရားသခင်အား သူ၏မေတ္တာအတွက် ပြန်ပေးဆပ်ရန် လက်တွေ့ကျသော လုပ်ရပ်ကို လုပ်ဆောင်သင့်သည်။ လက်တွေ့အရှိတရား မပိုင်ဆိုင်သူများသည် အသေးအဖွဲ ကိစ္စလေးများကိုပင် ရင်ဆိုင်ရာတွင် ခိုင်ခိုင်မြဲမြဲ မရပ်တည်နိုင်ပေ။ ယင်းမှာ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှု ရှိသူများနှင့် မရှိသူများကြားက ခြားနားချက်ဖြစ်သည်။ ၎င်းတို့ နှစ်ဦးလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက် ကြသော်လည်း၊ စမ်းသပ်မှုများအလယ်တွင် အချို့သည် ခိုင်ခိုင်မာမာ ရပ်တည်နိုင်သော်လည်း၊ အချို့က အဘယ်ကြောင့် ထွက်ပြေးကြသနည်း။ သိသာထင်ရှားသော ခြားနားမှုမှာ အချို့သည် စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှု ကင်းမဲ့ကြလေသည်။ ၎င်းတို့သည် ၎င်းတို့၏ လက်တွေ့အရှိတရားအဖြစ် အသုံးတော်ခံဖို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များ မရှိကြသကဲ့သို့၊ ၎င်းတို့အတွင်းတွင် သူ၏ နှုတ်ကပတ်တော်များက အမြစ်မတွယ်သေးပေ။ ၎င်းတို့ မောပန်းသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့၏ လမ်းကြောင်း အဆုံးသို့ ရောက်ကြလေသည်။ သို့ဆိုလျှင် စမ်းသပ်မှုများအလယ်တွင် အချို့သည် ခိုင်ခိုင်မာမာ ရပ်နိုင်ကြသည်မှာ အဘယ်ကြောင့်နည်း။ ယင်းမှာ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သမ္မာတရားကို သိနားလည်ပြီး ရူပါရုံ ရှိကြကာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သူ၏ သတ်မှတ်ချက်များကို နားလည်သောကြောင့် ဖြစ်သည်၊ ထိုသို့ဖြင့် ၎င်းတို့သည် စမ်းသပ်မှုများ တစ်လျှောက် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ကြပေသည်။ ဤသည်မှာ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုဖြစ်ပြီး၊ အသက်လည်း ဖြစ်သည်။ အချို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ကောင်း ဖတ်နိုင်သော်လည်း၊ လက်တွေ့ မလုပ်ဆောင်ကြပေ၊ ယင်းတို့ကို လေးလေးနက်နက် သဘောမထားကြပေ။ ယင်းတို့ကို လေးလေးနက်နက် သဘောမထားသူတို့သည် လက်တွေ့လုပ်ဆောင်ဖို့ အလေးမထားကြချေ။ ၎င်းတို့၏ လက်တွေ့ အရှိတရားအဖြစ် အသုံးတော်ခံဖို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များ မရှိကြသူတို့သည် စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှု မရှိကြသကဲ့သို့၊ ထိုသို့သော လူများသည် စမ်းသပ်မှုများ တစ်လျှောက် ခိုင်ခိုင်မာမာ မရပ်တည်နိုင်ပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်
ဘုရားသခင်ကို သင် ယုံကြည်သည့်အတွက်၊ သင်၏နှလုံးသားကို ဘုရားသခင်ထံ သင် လွှဲပြောင်းပေးအပ်ရမည်။ အကယ်၍ သင်သည် သင်၏နှလုံးသားကို ဘုရားသခင် ရှေ့မှောက်တွင် ဆက်ကပ်ပြီး ချခင်းထားပါက၊ စစ်ဆေးခြင်း အတောအတွင်းတွင် ဘုရားသခင်ကို ငြင်းပယ်ရန် သို့မဟုတ် ဘုရားသခင်ကို စွန့်ခွာရန်မှာ သင့်အတွက် မဖြစ်နိုင်ပေ။ ဤနည်းဖြင့်၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် သာ၍ သာ၍ နီးကပ်လာမည် ဖြစ်ပြီး၊ သာ၍ သာ၍ ပုံမှန်ဖြစ်လာလိမ့်မည် ဖြစ်ကာ၊ ဘုရားသခင်နှင့် သင်၏ မိတ်သဟာယဖွဲ့ခြင်းသည် သာ၍ သာ၍ ကြိမ်ဖန် များလာလိမ့်မည် ဖြစ်သည်။ သင်သည် ဤနည်းလမ်းဖြင့် အမြဲ လက်တွေ့လုပ်ဆောင်ပါက၊ ဘုရားသခင်၏အလင်း၌ ပို၍ အချိန်ကုန်ဆုံးလိမ့်မည် ဖြစ်ပြီး၊ သူ၏နှုတ်ကပတ်တော်၏ လမ်းပြမူအောက်တွင် ပို၍ အချိန်ကုန်ဆုံး လိမ့်မည် ဖြစ်သည်။ သင်၏ စိတ်သဘောထားတွင်လည်း ပို၍ ပို၍ အပြောင်းအလဲများ ရှိလိမ့်မည်ဖြစ်ပြီး၊ သင်၏ အသိပညာသည် တစ်နေ့ထက် တစ်နေ့ တိုးပွားလိမ့်မည်။ ဘုရားသခင်၏ စမ်းသပ်မှုများ သင့်အပေါ် ရုတ်တရက် ကျရောက်သည့် ရက် ရောက်လာသည့်အခါတွင်၊ သင်သည် ဘုရားသခင် ဘက်တွင် ရပ်တည်ပေးနိုင်လိမ့်မည် ဖြစ်ရုံသာမက၊ ဘုရားသခင်ကိုလည်း သက်သေခံနိုင်လိမ့်မည် ဖြစ်သည်။ ထိုအချိန်တွင်၊ သင်သည် ယောဘနှင့် ပေတရုကဲ့သို့ ဖြစ်မည်။ ဘုရားသခင်ကို သက်သေခံရင်း၊ သင်သည် သူ့ကို အမှန်တကယ် ချစ်လိမ့်မည်ဖြစ်ပြီး သူ့အတွက် သင့်အသက်ကို ဝမ်းမြောက်စွာ စွန့်လွှတ်လိမ့်မည် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ သက်သေဖြစ်ကာ ဘုရားသခင် ချစ်သောသူတစ်ဦး ဖြစ်လိမ့်မည်။ စစ်ဆေးခြင်းကို ကြုံတွေ့ခံစားရပြီးဖြစ်သည့် ချစ်ခြင်းမေတ္တာသည် နုနယ်ခြင်းမရှိဘဲ သန်မာလေသည်။ ဘုရားသခင်က သင့်ကို သူ၏ စမ်းသပ်မှုများအား မည်သည့်အချိန် သို့မဟုတ် မည်သို့ ခံစားစေသည်ကို ပဓာနမထားဘဲ၊ သင် ရှင်မည်လား သေမည်လားဆိုသည်နှင့်ပတ်သက်၍ သင်၏စိုးရိမ်ပူပန်မှုများကို စွန့်လွှတ်နိုင်သည်၊ ဘုရားသခင်အတွက် အရာရာကို ဝမ်းမြောက်စွာ ဘေးဖယ်ထားနိုင်၍ ဘုရားသခင်အတွက် မည်သည့်အရာကိုမဆို ပျော်ရွှင်စွာ သည်းခံနိုင်လေသည်။ ထိုသို့ဖြင့် သင်၏ချစ်ခြင်းမေတ္တာသည် ဖြူစင်ပြီး သင်၏ ယုံကြည်ခြင်းသည် လက်တွေ့ကျမှုမှု ရှိလိမ့်မည်။ ထိုအခါမှသာ သင်သည် ဘုရားသခင်၏ အမှန်တကယ် ချစ်ခြင်းခံရသောသူနှင့် ဘုရားသခင်၏ စုံလင်စေခြင်းကို အမှန်တကယ် ခံရသောသူတစ်ဦး ဖြစ်လိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စစ်ဆေးခြင်းကိုကြုံတွေ့ခြင်းအားဖြင့်သာ လူသားသည် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်နိုင်သည်
စမ်းသပ်မှုများကို ကြုံရစဉ်တွင် လူတို့အနေဖြင့် အားနည်းခြင်း သို့မဟုတ် ယင်းတို့အထဲတွင် အပျက်သဘောရှိတတ်ခြင်း၊ သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များ သို့မဟုတ် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းအပေါ် ရှင်းလင်းမှုကင်းမဲ့ခြင်းမှာ ပုံမှန်ဖြစ်ပါသည်။ သို့သော် ခြုံငုံကြည့်လျှင် သင်သည် ဘုရားသခင်၏ အမှုတော်၌ ယုံကြည်ခြင်းရှိရမည်ဖြစ်ပြီး ယောဘကဲ့သို့ပင် ဘုရားသခင်ကို မငြင်းဆန်ရပေ။ ယောဘသည် ခွန်အားနည်းပြီး သူ၏မွေးဖွားသည့်နေ့ရက်ကို ကျိန်ဆဲခဲ့သော်လည်း လူတို့မွေးဖွားပြီးနောက်တွင် လူတို့ပိုင်ဆိုင်သည့် အရာခပ်သိမ်းကို ယေဟောဝါ အပ်နှင်းထားကြောင်းနှင့် ယေဟောဝါသည် ယင်းတို့ကို နုတ်ယူသည့် အရှင်လည်းဖြစ်ကြောင်း သူမငြင်းခဲ့ပါ။ မည်သည့်စမ်းသပ်မှုများကို သူကြုံတွေ့ရသည်ဖြစ်စေ ဤယုံကြည်ချက်ကို သူဆုပ်ကိုင်ခဲ့သည်။ လူတို့၏ အတွေ့အကြုံများထဲ၌ ဘုရားနှုတ်ကပတ်တော်များမှ ၎င်းတို့ ကြုံတွေ့ရသော စစ်ဆေးခြင်းက မည်သည့်အရာဖြစ်ပါစေ ခြုံငုံကြည့်လျှင် ဘုရားသခင် လိုချင်သည့်အရာမှာ ၎င်းတို့၏ ယုံကြည်ခြင်းနှင့် ဘုရားသခင်ကို ချစ်သော စိတ်နှလုံးဖြစ်၏။ ဤနည်းအတိုင်း အမှုပြုခြင်းအားဖြင့် သူစုံလင်စေသောအရာမှာ လူတို့၏ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် စိတ်ဓာတ်ကြံ့ခိုင်မှုတို့ ဖြစ်သည်။ ဘုရားသခင်သည် လူတို့အပေါ် စုံလင်စေခြင်းအမှုကို ပြုပြီး၊ ယင်းကို ၎င်းတို့ မမြင်တွေ့နိုင်၊ မထိနိုင်ပေ။ ထိုကဲ့သို့သော အခြေအနေများအောက်တွင် ယုံကြည်ခြင်း လိုအပ်သည်။ တစ်စုံတစ်ရာကို ပကတိမျက်စိဖြင့် မမြင်နိုင်သည့်အခါ ယုံကြည်ခြင်း လိုအပ်သည်။ သင်၏ ကိုယ်ပိုင် အယူအဆများကို သင်လက်မလွှတ်နိုင်သည့်အခါတွင် ယုံကြည်ခြင်းကို လိုအပ်သည်။ သင်သည် ဘုရားသခင်၏အမှုနှင့်ပတ်သက်၍ ရှင်းလင်းမှုမရှိသည့်အခါ တောင်းဆိုသောအရာမှာ သင့်အနေဖြင့် ယုံကြည်ခြင်း ရှိရန်နှင့် ခိုင်မာသော ရပ်တည်ချက်ရှိပြီး သင်၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ရန် ဖြစ်သည်။ ယောဘ ဤအဆင့်သို့ ရောက်သည့်အခါ ဘုရားသခင်သည် သူ့ထံ၌ ပေါ်လာခဲ့ပြီး သူ့ကို စကားပြောခဲ့သည်။ တစ်နည်းအားဖြင့် သင် ယုံကြည်ခြင်း ရှိသည့်အချိန်တွင်သာ ဘုရားသခင်ကို သင်မြင်တွေ့နိုင်မည် ဖြစ်သည်။ သင်၌ ယုံကြည်ခြင်းရှိသည့်အခါ ဘုရားသခင်သည် သင့်ကို စုံလင်စေမည်ဖြစ်ပြီး သင်၌ ယုံကြည်ခြင်းမရှိလျှင် သူက ဤအရာကို လုပ်မပေးနိုင်ချေ။ ဘုရားသခင်သည် သင်ရယူရန်မျှော်လင့်သည့် မည်သည့်အရာကိုမဆို သင့်အပေါ် အပ်နှင်းလိမ့်မည်။ အကယ်၍ သင်၌ ယုံကြည်ခြင်းမရှိပါက သင်သည် စုံလင်အောင်ပြုခြင်း မခံရနိုင်သည့်အပြင် ဘုရားသခင်၏အနန္တတန်ခိုးကို မဆိုထားနှင့်၊ သူ၏လုပ်ရပ်များကို သင်မြင်နိုင်စွမ်း ရှိမည်မဟုတ်ပါ။ သင်၏ စစ်မှန်သော အတွေ့အကြုံများတွင် သူ၏ လုပ်ဆောင်ချက်များကို မြင်တွေ့ရန် သင်၌ ယုံကြည်ခြင်းရှိသည့်အခါ၌ ဘုရားသခင်သည် သင့်ထံပေါ်လာကာ သင့်ကို အသိဉာဏ်ပွင့်လင်းစေပြီး အတွင်းမှနေ၍ လမ်းပြပေးမည်။ ထိုယုံကြည်ခြင်းမရှိဘဲ ဘုရားသခင်သည် ထိုအရာကို ပြုနိုင်မည်မဟုတ်ပါ။ အကယ်၍ သင်သည် ဘုရားသခင်၌ မျှော်လင့်ချက်ပျောက်ဆုံးသွားပါက သူ၏အမှုကို သင် မည်ကဲ့သို့ တွေ့ကြုံနိုင်မည်နည်း။ ထို့ကြောင့် သင်၌ ယုံကြည်ခြင်းရှိပြီး ဘုရားသခင်အပေါ် သံသယများ မသိုထားသည့်အခါမှသာ၊ သူမည်သည့်အရာပြုသည်ဖြစ်စေ သူ့အပေါ် သင် စစ်မှန်သော ယုံကြည်ခြင်း ရှိသည့်အခါမှသာ သူသည် သင်၏ အတွေ့အကြုံများမှတစ်ဆင့် သင့်ကို ဉာဏ်အလင်းပေးပြီး ဖွင့်ပြမည်ဖြစ်ပြီး၊ ထိုမှသာ သင်သည် သူ၏လုပ်ရပ်များကို မြင်နိုင်မည်ဖြစ်သည်။ ထိုအရာများ အားလုံးကို ယုံကြည်ခြင်းအားဖြင့်သာ ရရှိတတ်သည်။ ယုံကြည်ခြင်းသည် စစ်ဆေးခြင်းအားဖြင့်သာ လာပြီး၊ စစ်ဆေးခြင်းမရှိဘဲနှင့် ယုံကြည်ခြင်း မတိုးပွားနိုင်ပေ။ “ယုံကြည်ခြင်း” ဟူသည့် ဤစကားလုံးက မည်သည်ကို ရည်ညွှန်းသနည်း။ ယုံကြည်ခြင်းဆိုသည်မှာ တစ်စုံတစ်ရာကို လူသားတို့ မမြင်နိုင် သို့မဟုတ် မထိတွေ့နိုင်သည့် အခါတွင်လည်းကောင်း၊ ဘုရားသခင်၏ အမှုက လူသား၏ အယူအဆများနှင့် မကိုက်ညီသည့် အခါတွင်လည်းကောင်း၊ ၎င်းကို လူသားတို့ လက်လှမ်းမမီသည့် အခါတွင်လည်းကောင်း သူတို့၌ရှိသင့်သော စစ်မှန်သည့် ယုံကြည်ချက်နှင့် ရိုးသားမှန်ကန်သည့် စိတ်နှလုံးပင်ဖြစ်သည်။ ဤသည်မှာ ငါပြောပြသော ယုံကြည်ခြင်းဖြစ်သည်။ လူတို့သည် ဆင်းရဲဒုက္ခနှင့် စစ်ဆေးခံရသည့် အချိန်များအတွင်းတွင် ယုံကြည်ခြင်းလိုအပ်လျက်ရှိပြီး၊ ယုံကြည်ခြင်းဟူသည် စစ်ဆေးခြင်းနှင့် ယှဉ်တွဲ၍လာသည့် အရာဖြစ်သည်။ စစ်ဆေးခြင်းနှင့် ယုံကြည်ခြင်းတို့မှာ ခွဲခြား၍မရပေ။ ဘုရားသခင် မည်သို့ပင် အမှုပြုသည်ဖြစ်စေ၊ သင်၏ပတ်ဝန်းကျင်မှာ မည်သည့်ပတ်ဝန်းကျင်ဖြစ်စေ သင်သည် အသက်ကို ရရှိအောင် လိုက်စားပြီး သမ္မာတရားကို ရှာဖွေနိုင်ကာ ဘုရားသခင်၏အမှုအား သိကျွမ်းခြင်းကို လိုက်စားနိုင်ပြီး၊ သူ၏လုပ်ရပ်များအား သိရှိဖို့ ကြိုးစားနိုင်သည့်အပြင် သင်သည် သမ္မာတရားနှင့်အညီ ပြုမူကျင့်ကြံနိုင်လျှင် ဤသည်မှာ စစ်မှန်သော ယုံကြည်မှု ရှိခြင်း ဖြစ်ပြီး ယင်းက သင်သည် ဘုရားသခင်အပေါ် ယုံကြည်ခြင်း မပျောက်ဆုံးသေးကြောင်းကို ပြသသည်။ သင်သည် စစ်ဆေးခြင်းအတွင်းတွင် သမ္မာတရားလိုက်စားခြင်းကို စွဲစွဲမြဲမြဲ လုပ်ဆောင်နိုင်ကာ ဘုရားသခင်ကို အမှန်တကယ် ချစ်နိုင်ပြီး သူနှင့်ပတ်သက်၍ သံသယမထားမှသာလျှင်၊ သူမည်သည့်အရာကို လုပ်ဆောင်ပါစေ သူ့ကို စိတ်ကျေနပ်စေဖို့ သင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဆဲဖြစ်ပြီး စိတ်ထဲတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေနိုင်ကာ သူ့၏ ရည်ရွယ်ချက်များကို အလေးထားနိုင်မှသာလျှင် သင်သည် ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်းရှိလေသည်။ အတိတ်က သင်သည် ရှင်ဘုရင်တစ်ပါးအဖြစ် အုပ်စိုးရမည်ဟု ဘုရားသခင် ပြောခဲ့စဉ်အခါက သင်သည် သူ့ကို ချစ်ခဲ့ပြီး သူသည် သူ့ကိုယ်သူ သင့်ထံ ထင်ထင်ရှားရှား ပြသသည့်အခါ သူ့ကို သင် လိုက်စားခဲ့သည်။ သို့သော် ယခုအခါ ဘုရားသခင်သည် ပုန်းကွယ်နေပြီး သူ့ကို သင်မမြင်နိုင်ဘဲ ဆင်းရဲဒုက္ခများက သင့်အပေါ် ကျရောက်လေပြီ၊ ဤအချိန်တွင် ဘုရားသခင်အပေါ် သင် မျှော်လင့်ခြင်း ပျောက်ဆုံးပြီလော။ ထို့ကြောင့် သင်သည် အချိန်တိုင်းတွင် အသက်ကို ရရှိအောင် လိုက်စား၍ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းရန် လိုက်စားရမည်ဖြစ်သည်။ ဤအရာကို စစ်မှန်သောယုံကြည်ခြင်းဟု ခေါ်ပြီး ဤသည်မှာ အစစ်မှန်ဆုံးနှင့် အလှပဆုံးသော ချစ်ခြင်းမေတ္တာမျိုး ဖြစ်သည်။
ယခင်က လူတို့အားလုံးသည် ဘုရားသခင်၏ ရှေ့မှောက်၌ ၎င်းတို့၏ ဆုံးဖြတ်ချက်များကို ချမှတ်ရန်လာပြီး “ဘုရားသခင်ကို အခြားမည်သူမျှ မချစ်လျှင်ပင် သူ့ကို ကျွန်ုပ်ချစ်ရမည်။” ဟု ပြောကြမည်ဖြစ်သည်။ သို့သော် ယခုတွင် စစ်ဆေးခြင်းက သင့်အပေါ် ကျရောက်ပြီး ဤအရာက သင်၏အယူအဆများနှင့် တစ်ထပ်တည်းမကျသဖြင့် သင်သည် ဘုရားသခင်အပေါ် ယုံကြည်ခြင်း ပျောက်ဆုံးလေသည်။ ဤသည်မှာ စစ်မှန်သော ချစ်ခြင်းမေတ္တာဖြစ်သလော။ ယောဘ၏ လုပ်ဆောင်ချက်များ အကြောင်းကို သင် အကြိမ်ပေါင်းများစွာ ဖတ်ခဲ့ပြီးပြီ၊ ယင်းတို့ကို သင်မေ့သွားပြီလော။ စစ်မှန်သော ချစ်ခြင်းမေတ္တာသည် ယုံကြည်ခြင်းအထဲမှသာ ရုပ်လုံးပေါ်လာနိုင်သည်။ သင်ကြုံရသော စစ်ဆေးခြင်းများအားဖြင့် သင်သည် ဘုရားသခင် အပေါ် စစ်မှန်သော ချစ်ခြင်းမေတ္တာ ဖြစ်ပေါ်လာပြီး၊ သင်၏ လက်တွေ့ အတွေ့အကြုံများထဲတွင် ဘုရားသခင်၏ရည်ရွယ်ချက်များကို သင် အရေးထားနိုင်သည်မှာ သင်၏ယုံကြည်ခြင်းအားဖြင့် ဖြစ်သည်၊ ထို့ပြင် သင်ကိုယ်တိုင်၏ ဇာတိပကတိကို ပုန်ကန်ပြီး အသက်ကို ရရှိအောင် အားထုတ်သည်မှာလည်း သင်၏ယုံကြည်ခြင်းအားဖြင့် ဖြစ်သည်။ ဤသည်မှာ လူတို့ ပြုသင့်သောအရာဖြစ်သည်။ အကယ်၍ ဤအရာကိုပြုပါက သင်သည် ဘုရားသခင်၏ လုပ်ရပ်များကို မြင်နိုင်မည်ဖြစ်သော်လည်း၊ သင်၌ ယုံကြည်ခြင်းကင်းမဲ့ပါက သင်သည် ဘုရားသခင်၏ လုပ်ရပ်များကို မြင်နိုင်မည်မဟုတ် သို့မဟုတ် သူ၏အမှုကို တွေ့ကြုံနိုင်မည် မဟုတ်ပေ။ အကယ်၍ သင်သည် ဘုရားသခင်၏ အသုံးပြုခြင်းနှင့် စုံလင်အောင်ပြုပေးခြင်း ခံရလိုပါက သမ္မာတရား၏ ကဏ္ဍတိုင်းကို ပိုင်ဆိုင်ရမည်။ ဒုက္ခခံလိုစိတ်၊ ယုံကြည်ခြင်း၊ သည်းခံခြင်း၊ ကျိုးနွံနာခံခြင်းနှင့် သမ္မာတရားကို ရှာဖွေပြီး ဘုရားသခင်၏ရည်ရွယ်ချက်များကို နားလည်နိုင်စွမ်း၊ သူ၏ ဝမ်းနည်းမှုနှင့် အပင်ပန်းခံသော အားစိုက်ထုတ်မှုများကို အရေးထားနိုင်စွမ်းတို့ကို ပိုင်ဆိုင်ရမည်။ လူတစ်ဦးကို စုံလင်စေခြင်းမှာ မလွယ်ကူဘဲ သင်တွေ့ကြုံရသော စစ်ဆေးခြင်း တစ်ခုစီတိုင်းတွင် သင်၏ယုံကြည်ခြင်းနှင့် ချစ်ခြင်း လိုအပ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ စုံလင်အောင်ပြုခြင်းကို ခံရလိုပါက၊ လှည့်လည်သွားလာရုံမျှနှင့် မလုံလောက်သည် သာမက၊ ဘုရားသခင်အတွက် သင့်ကိုယ်သင် အသုံးခံရုံမျှနှင့်လည်း မလုံလောက်ပါ။ ဘုရားသခင်၏ စုံလင်အောင်ပြုပေးခြင်းကို ခံရသောသူတစ်ဦး ဖြစ်လာနိုင်ရန် သင်၌ အရာများစွာကို ပိုင်ဆိုင်ရမည်။ ဒုက္ခကို သင်ရင်ဆိုင်ရသည့်အခါ၊ သင်သည် သွေးသားဇာတိအတွက် ပူပန်မှုကို ဘေးဖယ်သည့်အပြင် ဘုရားသခင်အပေါ် ညည်းတွားချက်များ မပြုဘဲ နေနိုင်ရမည်။ ဘုရားသခင်သည် သင့်ထံမှ သူ့ကိုယ်သူ ပုန်းကွယ်နေသည့်အခါ၊ သူ့နောက်သို့လိုက်ရန်၊ သင်၏ရှိရင်းစွဲမေတ္တာကို တုံ့ဆိုင်းခွင့်မပြုဘဲ သို့မဟုတ် ပျောက်ကွယ်ခွင့်မပြုဘဲ ထိန်းသိမ်းထားရန်အတွက် သင်၌ ယုံကြည်ခြင်း ရှိနိုင်ရမည်။ ဘုရားသခင် မည်သည့်အရာကို ပြုသည်ဖြစ်စေ သင်သည် ဘုရားသခင်အား သူဆန္ဒရှိသလို စီစဉ်ညွှန်ကြားခွင့်ပြုပြီး သူ၏ စီစဉ်ပုံကို ကျိုးနွံနာခံကာ သူ့အပေါ် ညည်းတွားချက်များ ပြုမည့်အစား သင်ကိုယ်တိုင်၏ ဇာတိပကတိကို ကျိန်ဆဲလိုစိတ်ရှိရမည်ဖြစ်သည်။ စမ်းသပ်မှုများကို သင်ရင်ဆိုင်ရသည့်အခါ သင်သည် ဘုရားသခင်ကို ကျေနပ်စေရန် သင်ချစ်သည့်အရာကို စွန့်လွှတ်ရခြင်း၏ ဝေဒနာကို သည်းခံလိုစိတ်ရှိရမည်ဖြစ်ပြီး ခါးသီးစွာ ငိုကြွေးလိုစိတ်ရှိရမည်။ ဤသည်သာလျှင် စစ်မှန်သောချစ်ခြင်း နှင့် ယုံကြည်ခြင်းဖြစ်သည်။ သင်၏ တကယ့်ဝိညာဉ်ရင့်ကျက်မှုမှာ မည်သို့ဖြစ်ပါစေ၊ သင်၌ ဒုက္ခခံလိုစိတ်နှင့် စစ်မှန်သောယုံကြည်ခြင်း နှစ်ခုလုံးကို ဦးစွာပိုင်ဆိုင်ရမည်ဖြစ်ပြီး သင်၌ ဇာတိပကတိကို ပုန်ကန်လိုစိတ်လည်း ရှိရမည်။ သင်သည် ဘုရားသခင်၏ရည်ရွယ်ချက်များကို ဖြည့်ဆည်းရန်အတွက် ဆင်းရဲဒုက္ခများကို ကိုယ်တိုင်ကိုယ်ကျကြံ့ကြံ့ခံရန်နှင့် သင်၏ တစ်ကိုယ်ရေ အကျိုးအမြတ်များအား လက်လွှတ်ဆုံးရှုံးမှုခံရရန် လိုလိုလားလားဖြစ်သင့်သည်။ သင်သည် သင့်စိတ်နှလုံးထဲတွင် သင့်ကိုယ်သင်နှင့်ပတ်သက်၍ နောင်တရနိုင်စွမ်းလည်း ရှိရမည်။ အတိတ်တွင် သင်သည် ဘုရားသခင်ကို မကျေနပ်စေနိုင်ခဲ့သဖြင့် ယခုတွင် သင့်ကိုယ်သင် နောင်တရတတ်ခြင်းဖြစ်သည်။ သင်သည် ဤအရာများထဲမှ မည်သည့်အရာကိုမျှ ကင်းမဲ့ခြင်း မရှိရပေ၊ ဘုရားသခင် သင့်ကို စုံလင်စေမည်မှာ ဤအရာများအားဖြင့် ဖြစ်သည်။ သင်သည် ဤစံနှုန်းများနှင့် မပြည့်မီနိုင်ပါက စုံလင်အောင်ပြုခြင်း မခံရနိုင်ချေ။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်
လူတို့အပေါ် ဘုရားသခင်လုပ်ဆောင်သည့် အလုပ်အဆင့်တိုင်းတွင် အပြင်ပန်းအားဖြင့် ထိုအမှုသည် လူအချင်းချင်းကြားရှိ အပြန်အလှန် ဆက်ဆံမှုများ ဖြစ်သည့်ပုံ ပေါ်၏။ လူ့စီစဉ်မှုများမှ၊ သို့မဟုတ် လူတို့၏ နှောင့်ယှက်ခြင်းများမှ ဖြစ်ပေါ်လာသည့်အလား ထင်ရ၏။ သို့သော်လည်း နောက်ကွယ်တွင်မူ လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်းသည် ဘုရားသခင်ရှေ့မှာ စာတန်ပြုလုပ်သည့် အလောင်းအစားများဖြစ်ပြီး လူတို့အနေဖြင့် ဘုရားသခင်အတွက် သက်သေခံရပ်တည်ဖို့ လိုအပ်သည်။ ယောဘ စစ်ကြောခံရသည့်အချိန်ကို ဥပမာ ကြည့်လော့။ နောက်ကွယ်တွင် စာတန်က ဘုရားသခင်နှင့် လောင်းကြေးတင်နေခြင်း ဖြစ်၏။ ယောဘအပေါ်မှာ ဖြစ်ပျက်ခဲ့သည့်အရာက လူသားတို့၏ လုပ်ဆောင်မှုဖြစ်ပြီး လူသားတို့၏ နှောင့်ယှက်မှု ဖြစ်သည်။ သင်တို့အတွင်းမှာ ဘုရားသခင် ပြုလုပ်သည့် အလုပ်အဆင့်တိုင်း၏ နောက်ကွယ်တွင် ဘုရားသခင်နှင့် ပြုလုပ်သည့် စာတန်၏ အလောင်းအစားရှိသည်။ ဤအရာ၏နောက်ကွယ်မှာ အားလုံးက တိုက်ပွဲပင်။ ဥပမာ သင်က သင့်ညီအစ်ကို မောင်နှမတွေအပေါ်ကို မကောင်းမြင်နေသည်။ သင်ပြောချင်နေသည့် စကားလုံးများ ရှိနေသည်။ ဘုရားသခင်ကို မကျေနပ်စေနိုင်ဟု သင်ခံစားရနိုင်သည့် စကားလုံးများရှိနေသည်။ သို့သော်လည်း သူတို့ကို သင်မပြောလျှင် စိတ်မသက်မသာ ခံစားရလိမ့်မည်။ ဤအချိန်မှာ သင့်အတွင်း၌ တိုက်ပွဲတစ်ခု စတင်ဖြစ်ပေါ်လိမ့်မည်။ “ငါ ပြောမလား၊ မပြောဘူးလား။” ဤသည်မှာ တိုက်ပွဲပင်။ ထို့ကြောင့် သင်ကြုံရသမျှ အရာအားလုံးတွင် တိုက်ပွဲတစ်ခုရှိသည်။ သင့်အတွင်းတွင် တိုက်ပွဲတစ်ခုရှိသည့်အခါ၊ သင်၏ စစ်မှန်သော ပူးပေါင်းလုပ်ဆောင်မှုနှင့် စစ်မှန်သော ဆင်းရဲဒုက္ခခံစားရခြင်းတို့ကြောင့် သင့်အတွင်းတွင် ဘုရားသခင် အမှုပြုပေသည်။ အဆုံး၌ သင့်အတွင်းတွင် သင်သည် ပြဿနာကို ဘေးဖယ်ထားလိုက်နိုင်ပြီး ဒေါသသည် သဘာဝအလျောက် ပျက်ပြယ်သွားသည်။ ဤကဲ့သို့အရာမျိုးသည် ဘုရားသခင်နှင့်အတူ သင်၏ လက်တွဲလုပ်ဆောင်မှု၏ အကျိုးသက်ရောက်မှု ဖြစ်သည်။ လူတို့လုပ်သမျှ အားလုံးမှာ သူတို့၏ အားထုတ်မှုထဲ ပေးဆပ်မှု တစ်ခုလုပ်ဖို့ လိုအပ်သည်။ အမှန်တကယ် ဒုက္ခခံစားရခြင်း မပါဝင်ဘဲ၊ သူတို့သည် ဘုရားသခင်ကို စိတ်မကျေနပ်စေနိုင်ပေ။ သူတို့သည် ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းနှင့် နီးတောင် မနီးစပ်ပေ။ သူတို့က အနှစ်သာရမပါသည့် ဆောင်ပုဒ်များကို စကားကြောရှည်နေခြင်းပင် ဖြစ်သည်။ ဤအနှစ်သာရမရှိသည့် ဆောင်ပုဒ်များက ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်ပါသလား။ ဘုရားသခင်နှင့် စာတန်တို့သည် ဝိညာဉ်ရေးရာ နယ်ပယ်ထဲ တိုက်ပွဲ ဆင်နွှဲနေစဉ်မှာ သင်က ဘုရားသခင်ကို မည်ကဲ့သို့ စိတ်ကျေနပ်မှု ပေးသင့်သနည်း။ သူ့အတွက် သင်၏ သက်သေခံခြင်းမှာ မည်ကဲ့သို့ ခိုင်မာစွာ ရပ်တည်သင့်သနည်း။ သင့်ထံ ဖြစ်ပျက်သည့် အရာတိုင်းက ကြီးမားသော စမ်းသပ်မှုဖြစ်ပြီး သက်သေခံဖို့အတွက် ဘုရားသခင်က သင့်ကို လိုအပ်သည့်အချိန် ဖြစ်သည်ဆိုသည်ကို သင်သိသင့်သည်။ အပြင်ပန်းမှဆိုလျှင် ယင်းတို့သည် အရေးမပါဟု ထင်စရာရှိနိုင်သော်လည်း ဤအရာများ ဖြစ်ပျက်သည့်အခါ သင်သည် ဘုရားသခင်ကို ချစ်သလား၊ မချစ်သလားဆိုသည်ကို ဤအရာများက ပြနေသည်။ သင်က ချစ်သည်ဆိုလျှင် သူ့အတွက် သင်၏သက်သေခံမှုမှာ ခိုင်မြဲစွာ ရပ်တည်နိုင်မှာဖြစ်ပြီး၊ သင်က သူ့အပေါ်ချစ်ခြင်းကို လက်တွေ့ မကျင့်သုံးဘူးဆိုလျှင် သင်သည် သမ္မာတရားကို လက်တွေ့ မကျင့်သုံးသည့်သူ၊ သင်သည် သမ္မာတရား မပါဝင်သည့်သူ၊ အသက် မပါဝင်သည့်သူ၊ တန်ဖိုးမရှိသူ တစ်ယောက် ဆိုသည်ကို ပြသည်။ လူတို့ထံ၌ ဖြစ်ပျက်သည့် အရာတိုင်းတွင် သူ့အတွက် သူတို့၏ သက်သေခံမှုမှာ ခိုင်မြဲစွာရပ်တည်ဖို့ ဘုရားသခင် အလိုရှိသည်။ လက်ရှိအချိန်တွင် သင်၌ ကြီးကြီးမားမား မည်သည့်အရာမျှ မဖြစ်ပျက်နေသည့်အပြင် သင်သည် ကြီးမားသည့် သက်သေကို မခံသော်လည်း သင့်နေ့စဉ်အသက်တာ၏ အသေးစိတ်အချက်များအားလုံးသည် ဘုရားသခင်ကို သက်သေခံခြင်းနှင့်ဆက်စပ်နေသည်။ သင်က သင့်ညီအစ်ကို မောင်နှမများ၊ သင့်မိသားစုအဖွဲ့ဝင်များနှင့် သင့်ဘေးမှာရှိတဲ့ လူတိုင်း၏ လေးစားမှုကို ရယူနိုင်လျှင်၊ တစ်နေ့မှာ ဘာသာတရားမရှိသူများ ရောက်လာပြီး သင်လုပ်ဆောင်သမျှအားလုံးကို လေးစားပြီး ဘုရားသခင် လုပ်ဆောင်သည့် အရာအားလုံးက အံ့သြဖွယ် ဖြစ်သည်ဆိုသည်ကို မြင်လျှင် သင်သည် သက်သေခံပြီး ဖြစ်သည်။ သင်သည် ထိုးထွင်းဉာဏ်မရှိ၊ အရည်အချင်းက နိမ့်ကျသော်လည်း၊ အညံ့ဖျင်းဆုံးသော အရည်အချင်းရှိသည့် လူတို့အထဲ၌ မည်သည့် ကြီးမြတ်သော အမှုကို ဘုရားသခင် လုပ်ဆောင်ပြီး ဖြစ်သည်ကို အခြားသူများအား ပြသရင်း၊ ဘုရားသခင်၏ သင့်ကို ပြည့်စုံစေခြင်းမှတစ်ဆင့် သင်သည် သူ့ကို ကျေနပ်စေနိုင်ပြီး သူ့ရည်ရွယ်ချက်များကို အလေးထားနိုင်မည် ဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို သိလာပြီး၊ စာတန်၏ရှေ့တွင် အောင်မြင်သောသူများ ဖြစ်လာချိန်တွင်၊ ဘုရားသခင်ကို ကြီးမားသည့် အတိုင်းအတာတစ်ခုအထိ သစ္စာရှိလာကြသည်၊ ထိုအခါတွင် ဤလူအုပ်စုများထက် အဘယ်သူမျှ သာ၍ အားမာန်မရှိကြသကဲ့သို့၊ ဤသည်မှာ အကြီးမားဆုံးသော သက်သေခံချက် ဖြစ်ပါလိမ့်မည်။ သင်က ကြီးမားသည့် အလုပ်များကို မလုပ်နိုင်သော်လည်း၊ ဘုရားသခင်ကို ကျေနပ်စေနိုင်သည်။ တစ်ခြားလူများက သူတို့၏ အယူအဆများကို ဘေးဖယ်မထားနိုင်သော်လည်း သင်က ဘေးဖယ်ထားနိုင်သည်။ တစ်ခြားလူများက သူတို့၏ အမှန်တကယ် အတွေ့အကြုံများမှာ ဘုရားသခင်ကို သက်သေမခံနိုင်သော်လည်း သင်က ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ပြီး သူ့အပေါ်မှာ ခိုင်မာသည့် သက်သေခံမှုကို ပြုလုပ်ဖို့အတွက် သင်၏ အမှန်တကယ် အရေးပါမှုနှင့် အပြုအမူတို့ကို အသုံးပြုနိုင်သည်။ ဤအချက်ကသာ ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်းအနေနှင့် အသိအမှတ်ပြုနိုင်သည်။ သင်က ဤအချက်ကို မတတ်နိုင်ဘူးဆိုလျှင် သင့်မိသားစုဝင်များကြား၌၊ သင့်ညီအစ်ကို မောင်နှမများကြား၌၊ သို့မဟုတ် လောက၏ လူများကြား၌ သက်သေမခံပေ။ စာတန်ရှေ့မှာ သင်က သက်သေမခံနိုင်လျှင် စာတန်က သင့်ကို ရယ်မောပါလိမ့်မည်။ စာတန်သည် သင့်ကို ရယ်စရာတစ်ခု၊ ကစားစရာတစ်ခုအနေနှင့် ဆက်ဆံပါလိမ့်မည်။ သင့်ကို မကြာခဏ အရူးလုပ်ပြီး ရူးနှမ်းသွားအောင် လုပ်ပါလိမ့်မည်။ အနာဂတ်မှာ သင့်ဆီကို ကြီးမားသည့် စမ်းသပ်မှုများ ကျရောက်လာပါမည်။ သို့သော်လည်း ယနေ့ သင်သည် ဘုရားသခင်ကို စစ်မှန်သည့် နှလုံးသားနှင့် ချစ်လျှင် ရှေ့လျှောက် စမ်းသပ်မှုသည် မည်မျှပင် ကြီးမားပါစေ၊ သင့်ထံ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ၊ သင်သည် သင်၏ သက်သေခံမှုမှာ ခိုင်မြဲစွာ ရပ်တည်နိုင်ပြီး ဘုရားသခင်ကို ကျေနပ်စေပါလိမ့်မည်။ နောက်မှာတော့ သင့်နှလုံးသားသည် စိတ်သက်သာရာ ရပါလိမ့်မည်။ အနာဂတ်၌ သင်ကြုံတွေ့ရမည့် စမ်းသပ်မှုက မည်မျှပင် ကြီးမားပါစေ၊ သင်သည် ကြောက်ရွံ့မည် မဟုတ်ချေ။ အနာဂတ်မှာ အဘယ်အရာဖြစ်မည်ဆိုသည်ကို သင်တို့ မမြင်နိုင်ပေ။ ယနေ့အခြေအနေများတွင် သင်သည် ဘုရားသခင်ကို ဖြည့်ဆည်းပေးခြင်းသာ ပြုနိုင်သည်။ သင်တို့က ကြီးမားသည့် လုပ်ဆောင်မှုများကို မလုပ်ဆောင်နိုင်ပေ။ လက်တွေ့ဘဝတွင် သူ၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခံစားခြင်းဖြင့် ဘုရားသခင်အား ကျေနပ်စေခြင်းကို အာရုံစိုက်သင့်သည်။ ပြီးလျှင် စာတန်ကို အရှက်ရစေသည့် အားကြီးပြီး ကျယ်လောင်သော သက်သေခံခြင်းတို့ကို အာရုံစိုက် ပြုလုပ်သင့်သည်။ သင့်ဇာတိပကတိက ကျေနပ်မှုမရှိဘဲ ဒုက္ခခံစားရမည် ဖြစ်သော်လည်း သင်က ဘုရားသခင်ကို ကျေနပ်စေမည်ဖြစ်ပြီး စာတန်ကို အရှက်ရစေမည်ပင်။ သင်သည် ဤပုံစံအတိုင်း အစဉ်သဖြင့် လက်တွေ့လုပ်ဆောင်လျှင် ဘုရားသခင်သည် သင့်ရှေ့မှာ လမ်းဖွင့်ပေးပါလိမ့်မည်။ တစ်နေ့ ကြီးမားသည့် စမ်းသပ်မှု ရောက်ရှိလာသောအခါ တစ်ခြားလူများက ကျရှုံးသွားကြပါလိမ့်မည်။ သို့သော်လည်း သင်က ခိုင်မြဲစွာ ရပ်တည် နေနိုင်ဦးမည် ဖြစ်သည်။ သင်ပြုလုပ်ခဲ့သည့် ပေးဆပ်မှုကြောင့် ဘုရားသခင်သည် သင့်ကို ကာကွယ်မည် ဖြစ်သည်။ ထို့ကြောင့် သင်သည် ခိုင်မြဲစွာ ရပ်တည်နိုင်ပြီး ကျရှုံးမည်မဟုတ်။ ပုံမှန်အားဖြင့် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်ကို ချစ်သော စိတ်နှလုံး အစစ်အမှန်ဖြင့် သူ့ကို ကျေနပ်စေနိုင်လျှင် ဘုရားသခင်သည် ရှေ့မှာလာမည့် စမ်းသပ်မှုများမှာ သင့်ကို သေချာပေါက် ကာကွယ်ပေးမည်ဖြစ်သည်။ သင်က မိုက်မဲကာ ဝိညာဉ်ရင့်ကျက်မှုနည်းပြီး အစွမ်းအစညံ့ဖျင်းသော်လည်း ဘုရားသခင်က သင့်ကို ခွဲခြားဆက်ဆံမည်မဟုတ်။ သင်၏ ကြံရွယ်ချက်များက မှန်ကန်သလား ဆိုသည့်အပေါ်၌ မူတည်သည်။ ယနေ့သင်သည် ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်သည်၊ အသေးဆုံးသော အချက်ကို အာရုံစိုက်ပြီး အရာခပ်သိမ်းတွင် ဘုရားသခင်ကို သင်စိတ်ကျေနပ်စေသည်၊ သင့်ထံတွင် ဘုရားသခင်ကို စစ်မှန်စွာ ချစ်သော စိတ်နှလုံးရှိသည်၊ သင်၏ စစ်မှန်သော စိတ်နှလုံးကို သင် ဘုရားသခင်ကို ပေးကာ သင်ရှင်းလင်းစွာ မမြင်နိုင်သည့်အရာအချို့ ရှိသော်လည်း သင်၏ အကြံများကို ပြုပြင်ရန်နှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေရန် ဘုရားရှေ့သို့ သင်လာရောက်နိုင်ပြီး ဘုရားသခင် ကျေနပ်ရန် လိုအပ်သည့်အရာရာတိုင်းကို သင်လုပ်ဆောင်သည်ဟု ဆိုပါစို့။ သင်၏ ညီအစ်ကိုမောင်နှမများက သင့်ကို စွန့်ပစ်ကောင်းစွန့်ပစ်နိုင်သော်လည်း သင်၏ နှလုံးသားက ဘုရားသခင်ကို စိတ်ကျေနပ်အောင် လုပ်နေပြီး ဇာတိပကတိ၏သာယာမှုကို စွဲလမ်းတပ်မက်နေခြင်းမရှိပေ။ သင်သည် ဤနည်းလမ်းနှင့် အမြဲတမ်း လက်တွေ့လုပ်ဆောင်မည်ဆိုလျှင် သင့်အပေါ်၌ ကြီးမားသည့် စမ်းသပ်မှုများ ကျရောက်သည့်အချိန်မှာ သင်သည် ကာကွယ်ပေးခြင်း ခံရပါလိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်
လူတို့အတွက် ဘုရားသခင်၏အမှုတော်ကို ကြုံတွေ့ခံစားရန်၊ ဘုရားသခင်၏ လက်ရှိအမှုတော်နှင့် လူသားမျိုးနွယ် မည်သို့ ပူးပေါင်းလုပ်ဆောင်ရမည် ဆိုသည်ကို ဦးစွာပထမ ၎င်းတို့ နားလည်ရမည်။ အမှန်တွင်၊ ဤသည်မှာ အယောက်တိုင်း နားလည်သင့်သောအရာတစ်ခု ဖြစ်သည်။ ဘုရားသခင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ ယင်းက စစ်ဆေးခြင်းဖြစ်စေ သို့မဟုတ် သူသည် စကားမပြောဘဲနေလျှင်ပင်၊ ဘုရားသခင်၏ အမှုတော် အဆင့်တစ်ခုမျှ လူသားမျိုးနွယ်၏ အယူအဆများနှင့် မကိုက်ညီပေ။ သူ့အမှုတော်၏ အဆင့်အသီးသီးသည် လူတို့၏ အယူအဆများကို အစိတ်စိတ်အမြွှာမြွှာကွဲစေပြီး ထိုးဖောက်ထွက်လေသည်။ ဤသည်မှာ သူ၏အမှုတော်ဖြစ်သည်။ သို့ရာတွင် ဘုရားသခင်၏အမှုတော်သည် အဆင့်တစ်ဆင့်သို့ ရောက်ရှိပြီးဖြစ်သည့်အတွက်၊ မည်သို့ပင်ဖြစ်စေ သူသည် လူသားမျိုးနွယ်ကို သေခြင်းသို့ ပို့မည်မဟုတ်သည်ကို သင် ယုံကြည်ရမည်။ သူသည် လူသားမျိုးနွယ်ထံ ကတိတော်များနှင့် ကောင်းချီး မင်္ဂလာများ နှစ်ခုလုံး ပေးပြီး၊ သူ့ကို ရှာဖွေသော သူအားလုံးသည် သူ၏ကောင်းချီးမင်္ဂလာများကို ရနိုင်ကြမည်ဖြစ်သော်လည်း၊ သူ့ကို မရှာဖွေသောသူများသည် ဘုရားသခင်၏ ဖယ်ရှားရှင်းလင်းခြင်း ခံရကြလိမ့်မည်။ ဤအရာသည် သင်၏ရှာဖွေမှုအပေါ်တွင် မူတည်၏။ အခြား မည်သည့်အရာကိုမျှ ပဓာနမထားဘဲ၊ ဘုရားသခင်၏အမှုပြီးဆုံးချိန်တွင် လူသားတစ်ဦးစီတိုင်းသည် သင့်တော်သော ခရီးပန်းတိုင်တစ်ခု ရှိကြလိမ့်မည်ကို သင် ယုံကြည်ရမည်။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို နှစ်သက်ဖွယ်သော ရည်မှန်းချက်များ ပေးထားပြီးဖြစ်သော်လည်း၊ လိုက်စားရှာဖွေခြင်းမရှိဘဲ ထိုအရာတို့ကို မရရှိနိုင်ပေ။ ဤအရာကို သင်တို့ ယခု မြင်နိုင်သင့်သည်။ လူတို့နှင့်ဆိုင်သော ဘုရားသခင်၏စစ်ဆေးမှုနှင့် သူ၏ ပြစ်တင်ဆုံးမခြင်းတို့သည် သူ၏အမှုဖြစ်သော်လည်း၊ မိမိတို့၏ အပိုင်းအတွက် လူတို့အနေဖြင့် အချိန်တိုင်း စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို အားထုတ်ရမည်ဖြစ်သည်။ သင်၏ လက်တွေ့ကျသော အတွေ့အကြုံတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ စားသောက်ရမည်ကို သင် ပထမဦးစွာ သိရမည်။ သင် ဝင်ရောက်သင့်သည့်အရာနှင့် သင်၏ အားနည်းချက်များကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်းတွင် ရှာတွေ့ရမည်၊ သင်၏ လက်တွေ့ကျသော အတွေ့အကြုံထဲ ဝင်ရောက်ခြင်းကို သင် အားထုတ်သင့်ပြီး၊ လက်တွေ့လုပ်ဆောင်သင့်သည့် ဘုရား နှုတ်ကပတ်တော်များ၏ တစ်စိတ်တစ်ပိုင်းကို ယူကာ လက်တွေ့လုပ်ဆောင်ရန် ကြိုစားသင့်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းသည် ရှုထောင့်တစ်ခု ဖြစ်၏။ ထို့အပြင် အသင်းတော် အသက်တာကို ထိန်းသိမ်းထားရမည်၊ သင်သည် ပုံမှန်ဝိညာဉ်ရေးရာ အသက်တာတစ်ခုရှိရမည်ဖြစ်ပြီး၊ သင်၏ လက်ရှိအခြေအနေ အားလုံးကို ဘုရားသခင်ထံ လွှဲပြောင်းပေးအပ်နိုင်ရမည်။ သူ၏ အမှု မည်သို့ပြောင်းလဲသည်ဖြစ်စေ၊ သင်၏ဝိညာဉ်ရေးရာအသက်တာ ပုံမှန် ဖြစ်မြဲဖြစ်သင့်၏။ ဝိညာဉ်ရေးရာအသက်တာတစ်ခုသည် သင်၏ ပုံမှန် ဝင်ရောက်ခြင်းကို ထိန်းသိမ်းနိုင်၏။ ဘုရားသခင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ သင်၏ ဝိညာဉ်ရေးရာအသက်တာကို အနှောင့်အယှက် မဖြစ်စေဘဲ သင် ဆက်လက်လုပ်ဆောင်သင့်ပြီး သင်၏တာဝန်ကို ထမ်းဆောင်သင့်သည်။ ဤသည်မှာ လူတို့ လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ ယင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်သာ ဖြစ်သော်လည်း၊ ပုံမှန်အခြေအနေတစ်ခု ရှိသူများအတွက်မူ ဤသည်မှာ စုံလင်ခြင်း ဖြစ်သည်၊ ပုံမှန်မဟုတ်သည့် အခြေအနေတစ်ခု ရှိသူများအတွက် ယင်းသည် စမ်းသပ်မှုတစ်ခု ဖြစ်ပေသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ စစ်ဆေးခြင်းအမှု၏ လက်ရှိအဆင့်တွင်၊ ဘုရားသခင်၏အမှုတော်သည် အလွန်ကြီးမြတ်ပြီး၊ လူတို့သည် စစ်ဆေးခြင်းကို လုံးဝ လိုအပ်သည်၊ သို့မဟုတ်ပါက ၎င်းတို့၏ ဝိညာဉ်ရေးရာရင့်ကျက်မှုမှာ အလွန်သေးငယ်ပြီး ဘုရားသခင်၏ရည်ရွယ်ချက်များကို ရရှိမည့်နည်းလမ်း ရှိကြလိမ့်မည်မဟုတ်ဟု အချို့က ဆိုကြသည်။ သို့ရာတွင် အခြေအနေ မကောင်းသူများအတွက် ယင်းသည် ဘုရားသခင်ကို လိုက်စားရှာဖွေခြင်း မပြုရန် နှင့် တွေ့ဆုံပွဲများကို မတက်ရောက်ရန် သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းမပြုရန် အကြောင်းရင်းတစ်ခု ဖြစ်လာလေသည်။ ဘုရားသခင်၏အမှုတွင်၊ မည်သည့်အရာ သူလုပ်ဆောင်သည်ဖြစ်စေ သို့မဟုတ် မည်သည့် အပြောင်းအလဲများကို သူ သက်ရောက်စေသည်ဖြစ်စေ၊ လူတို့သည် ပုံမှန်ဝိညာဉ်ရေးရာအသက်တာကို အနည်းဆုံးအနေဖြင့် ထိန်းသိမ်းရမည်ဖြစ်သည်။ သင်သည် သင်၏ ဝိညာဉ်ရေးရာအသက်တာနှင့်ဆိုင်သည့် ဤလက်ရှိအဆင့်တွင် လျော့ရဲကောင်း လျော့ရဲခဲ့လိမ့်မည် မဟုတ်သော်လည်း၊ သင်သည် များစွာရယူနိုင်ခြင်း မရှိသေးသကဲ့သို့၊ ကြီးစွာသော အကျိုးကို မရိတ်သိမ်း ရသေးပေ။ ဤအခြေအနေမျိုးများအောက်တွင် သင်သည် စည်းမျဉ်းစည်းကမ်းများကို စောင့်ထိန်းလိုက်နာသည့်အလား သင်၏ ဝိညာဉ်ရေးရာ အသက်တာကို စောင့်ထိန်းလျှင်ပင် သင်သည် ယင်းကို စောင့်ထိန်းလိုက်နာရဦးမည်ဖြစ်သည်။ သင်သည် သင်၏ အသက်တွင် ဆုံးရှုံးမှုများ မခံစားဖို့အလို့ငှာနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်အောင် လုပ်ဆောင်ဖို့အလို့ငှာ ဤစည်းမျဉ်းစည်းကမ်းကို ထိန်းသိမ်းရမည်။ သင်၏ဝိညာဉ်ရေးရာ အသက်တာသည် ပုံမှန်မဟုတ်ပါက၊ ဘုရားသခင်၏ လက်ရှိအမှုတော်ကို သင်နားမလည်နိုင် သကဲ့သို့၊ ထိုအစား ယင်းသည် သင့်ကိုယ်ပိုင်အယူအဆများနှင့် သဟဇာတ လုံးဝမဖြစ်ဟု သင်အမြဲတမ်းခံစားရကာ၊ သင်သည် သူ၏နောက်သို့လိုက်ရန် ဆန္ဒရှိသော်လည်း အတွင်းပိုင်း တက်ကြွမှု ကင်းမဲ့လေသည်။ ထို့ကြောင့်၊ လက်ရှိတွင် ဘုရားသခင် မည်သည့်အရာကို လုပ်ဆောင်နေသည်ဖြစ်စေ၊ လူတို့သည် ပူပေါင်းဆောင်ရွက်သင့်သည်။ အကယ်၍ လူတို့ ပူးပေါင်းဆောင်ရွက်ခြင်း မရှိပါက၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ၏အမှုကို မပြုနိုင်ပေ၊ ပြီးလျှင် လူတို့သည် ပူးပေါင်းလုပ်ဆောင်လိုသော စိတ်နှလုံးမရှိပါက သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို ၎င်းတို့ အနည်းငယ်သာ ရနိုင်ပေသည်။ သင်၏အတွင်းတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် ရှိလိုပါက၊ ပြီးလျှင် ဘုရားသခင်၏ လက်ခံမှုကို ရယူလိုပါက၊ သင်သည် ဘုရားသခင်၏ ရှေ့မှောက်တွင် သင်၏ မူလ သစ္စာစောင့်သိခြင်းကို ထိန်းသိမ်းရမည်။ ယခုတွင် သင့်အတွက် သာ၍ နက်ရှိုင်းသော သိနားလည်မှု၊ သာ၍မြင့်မားသော သဘောတရားတစ်ခု သို့မဟုတ် အခြားထိုသို့သောအရာများ ရှိရန်မလိုအပ်ပေ။ လိုအပ်သည်မှာ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မူလ အခြေခံအုတ်မြစ်ပေါ်တွင် ထိန်းသိမ်းထားရန်သာ ဖြစ်သည်။ လူတို့သည် ဘုရားသခင်နှင့် ပူးပေါင်းလုပ်ဆောင်မှု မရှိသကဲ့သို့ သာ၍နက်ရှိုင်းသော ဝင်ရောက်မှုကို အားထုတ်ခြင်း မရှိပါက၊ ဘုရားသခင်သည် နဂိုမူလက သူတို့ ပိုင်ဆိုင်ခဲ့သည့် အရာများအားလုံးကို ယူဆောင်သွားမည်ဖြစ်သည်။ အတွင်းတွင်၊ လူတို့သည် သက်သောင့်သက်သာရှိမှုအတွက် အမြဲအလိုကြီးကြပြီး၊ ရနှင့်ပြီးသောအရာကို ပို၍ မွေ့လျော်လိုကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ကတိတော်များကို မည်သည့် အဖိုးအခမျှ လုံးဝမပေးဘဲ ရလိုကြသည်။ ဤသည်တို့မှာ လူသားမျိုးနွယ်က စဉ်းစားသည့် လွန်ကဲသော အတွေးများဖြစ်သည်။ အဖိုးအခမပေးဘဲ အသက်ကိုယ်တိုင်ကို ရယူခြင်းဖြစ်သည်။ သို့သော် ဤမျှ လွယ်ကူသည့်အရာ ရှိဖူးသလော။ လူတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်ကာ အသက်ဝင်ရောက်မှုကို ကြိုးစားပြီး ၎င်းတို့၏ စိတ်သဘောထား၌ ပြောင်းလဲမှုတစ်ခုကို ရှာဖွေချိန်တွင်၊ ဘုရားသခင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ ၎င်းတို့အနေဖြင့် အဖိုးအခတစ်ခု ပေးပြီး သူ့နောက်သို့ အမြဲလိုက်မည့် အခြေအနေတစ်ခုကို ရရှိရမည်ဖြစ်သည်။ ဤသည်ကား လူတို့ လုပ်ဆောင်ရမည့်အရာတစ်ခု ဖြစ်သည်။ သင်သည် ဤအရာအားလုံးကို စည်းမျဉ်းစည်းကမ်းတစ်ခုကဲ့သို့ လိုက်လျှောက်လျှင်ပင်၊ ထိုစည်းမျဉ်းကို သင် အမြဲ ထိန်းသိမ်းရမည်ဖြစ်ပြီး၊ စမ်းသပ်မှုများ မည်မျှကြီးမားသည်ဖြစ်စေ၊ ဘုရားသခင်နှင့်သင်၏ပုံမှန်ဆက်ဆံရေးကို လက်လွှတ်၍ မဖြစ်နိုင်ပေ။ သင် ဆုတောင်းနိုင်သင့်သည်၊ သင်၏ အသင်းတော် အသက်တာကို ထိန်းသိမ်းနိုင်သင့်ပြီး၊ ညီအစ်ကိုမောင်နှမများကို ဘယ်သောအခါမျှ မစွန့်ခွာဘဲ နေနိုင်သင့်ပေသည်။ ဘုရားသခင် သင့်ကို စမ်းသပ်သည့်အခါ၊ သမ္မာတရားကို သင် ရှာဖွေဆဲ ဖြစ်သင့်သည်။ ဤအရာသည် ဝိညာဉ်ရေးရာ အသက်တာအတွက် အနိမ့်ဆုံး သတ်မှတ်ချက်ဖြစ်သည်။ ရှာဖွေရန် စိတ်ဆန္ဒအမြဲရှိခြင်းနှင့် ပူးပေါင်းလုပ်ဆောင်ရန် အမြဲကြိုးပမ်းခြင်း၊ သင်၏ အားအင်အားလုံးကို အသုံးချခြင်းဟူသည့် ဤအရာကို လုပ်ဆောင်နိုင်သလော။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ဘုရားသခင်ထံ သင်၏ကိုးကွယ်ဆည်းကပ်ခြင်းကို ထိန်းသိမ်းသင့်သည်
သင့်အပေါ်သို့ မည်သည့် စမ်းသပ်မှု ကျရောက်ပါစေ သင်က ယင်းကို ဘုရားသခင်က သင့်အား ပေးသည့် ဝန်တစ်ခုအဖြစ် သဘောထားရမည်။ လူအချို့က ကြီးစွာသော နာမကျန်းဖြစ်ခြင်းနှင့် မခံနိုင်သော ဒုက္ခတို့ဖြင့် ဝိုင်းရံဖိစီးခြင်းခံရကာ အချို့က သေခြင်းတရားကိုပင် ရင်ဆိုင်ရသည်ဟု ဆိုကြပါစို့။ ဤအခြေအနေမျိုးကို သင်သည် မည်သို့ ချဉ်းကပ်သင့်သနည်း။ လူတို့အား ဘုရားသခင်ပေးသည့် စမ်းသပ်မှုများမှာ ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်တတ်သည့် အချိန်များစွာ ရှိသည်။ ဘုရားသခင် သင့်ကိုပေးသော ဝန်ထုပ်မှာ မည်မျှပင် လေးလံပါစေ ယင်းကို သင် ထမ်းပိုးသင့်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သင့်ကိုနားလည်ပြီး ယင်းကို သင်သယ်ဆောင်နိုင်ကြောင်း သိသောကြောင့် ဖြစ်သည်။ ဘုရားသခင် သင့်ကိုပေးသော ဝန်တာသည် သင့်ဝိညာဉ်ရင့်ကျက်မှု၊ သို့မဟုတ် သင့်ခံနိုင်ရည်၏ အကန့်အသတ်များကို ကျော်လွန်လိမ့်မည်မဟုတ်၊ သင် ဧကန်ပင် သယ်ဆောင်နိုင်လိမ့်မည်။ ဘုရားသခင် သင့်ကို မည်သို့သောဝန်ထုပ်မျိုး ပေးပါစေ သို့မဟုတ် သူသင့်ကို မည်သည့်စမ်းသပ်မှုမျိုး ပေးပါစေ၊ ဤအရာကို သတိရလော့။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင် နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ ဆုတောင်းပြီးနောက် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်ဖွင့်ပေးခြင်းနှင့် အလင်းပေးခြင်းကို သင် ရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ၊ ထို့ပြင် စမ်းသပ်မှုမှာ ဘုရားသခင် သင့်ကို ဆုံးမပဲ့ပြင်နေသည့်၊ သို့မဟုတ် ပေးနေသည့် သတိပေးချက်တစ်ခု ဖြစ်နေပါစေ ယင်းကို သင်နားမလည်လျှင်လည်း ကိစ္စမရှိပေ။ သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် နှောင့်နှေးခြင်း မရှိဘဲ သင်၏တာဝန်ကို သစ္စာစောင့်သိစွာ စွဲစွဲမြဲမြဲ ထိန်းနိုင်သရွေ့ ဤနည်းအားဖြင့် ဘုရားသခင်သည် ကျေနပ်မည်ဖြစ်ပြီး သင်သည်လည်း သက်သေရပ်တည်ပြီး ဖြစ်လိမ့်မည်။ ၎င်းတို့သည် ပြင်းထန်သော ရောဂါတစ်ခုကို ခံစားနေရပြီး သေဆုံးတော့မည်ကို မြင်လျက် လူအချို့က မိမိတို့ဘာသာ တွေးကြသည်။ “သေခြင်းတရားကို ရှောင်ရှားလိုသည့်အတွက် ဘုရားသခင်ကို ကျွန်ုပ် စတင် ယုံကြည်ခဲ့သည်။ သို့ရာတွင် အမှန်တော့ ကျွန်ုပ်၏ တာဝန်ကို ဤနှစ်များအားလုံးတွင် ထမ်းဆောင်ပြီးသည့်နောက်တွင်ပင် သူက ကျွန်ုပ်ကို သေခွင့်ပေးတော့မည်။ ကျွန်ုပ်သည် ကိုယ့်ကိစ္စကိုသာ လုပ်ဆောင်ပြီး ကျွန်ုပ် အစဉ်သဖြင့် လုပ်ဆောင်လိုသည့်အရာများကို လုပ်ဆောင်သင့်သည်။ ဤဘဝတွင် ကျွန်ုပ် မခံစားရသေးသည့်အရာများကို ပျော်မွေ့ခံစားသင့်သည်။ ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ခြင်းအား ရွှေ့ဆိုင်းထားသင့်သည်” ဤစိတ်သဘောထားက အဘယ်နည်း။ သင်သည် ဤနှစ်များတစ်လျှောက် သင်၏တာဝန်ကို ထမ်းဆောင်နေပြီးဖြစ်သည်၊ သင်သည် ဤဒေသနာများ အားလုံးကို နားထောင်ပြီးဖြစ်ကာ သမ္မာတရားကို သင်နားမလည်သေးပေ။ စမ်းသပ်မှု တစ်ခုက သင့်အား ပြိုလဲစေသည်၊ သင့်ကို ကျရှုံးစေသည်၊ ပြီးလျှင် သင့်ကို ဖော်ထုတ်ပြသည်။ ထိုသို့သော လူတစ်ယောက်သည် ဘုရားသခင်၏ စောင့်ရှောက်ခံရခြင်းနှင့် ထိုက်တန်သလော။ (၎င်းတို့သည် မထိုက်တန်ပါ။) ၎င်းတို့သည် သစ္စာစောင့်သိခြင်း လုံးလုံး မရှိသူများ ဖြစ်ကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့ ဤနှစ်များ အားလုံးကို အကုန်ခံပြီး ထမ်းဆောင်ခဲ့သည့် တာဝန်ကို မည်သို့ သိထားကြသနည်း။ ယင်းကို “အလုပ်လုပ်ပေးခြင်း” ဟု သိထားကြပြီး ၎င်းတို့သည် အားထုတ်ကြိုးပမ်း နေခဲ့ကြခြင်းသာ ဖြစ်သည်။ ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်း၌ သင်က “ဘုရားသခင်က ကျွန်ုပ်အပေါ် မည်သည့်ရောဂါ သို့မဟုတ် သဘောမတူဖွယ် ဖြစ်ရပ်များကို ကျရောက်ခွင့်ပြုပါစေ၊ ဘုရားသခင် မည်သည့်အရာကို လုပ်ဆောင်ပါစေ ကျွန်ုပ်သည် ကျိုးနွံနာခံပြီး ဖန်ဆင်းခံတစ်ယောက်အဖြစ် ကျွန်ုပ်၏ နေရာတွင် နေရမည်။ အခြားအရာအားလုံးထက်ပိုပြီး သမ္မာတရား၏ ဤရှုထောင့်ဖြစ်သည့် ကျိုးနွံနာခံခြင်းကို ကျွန်ုပ် လက်တွေ့လုပ်ဆောင်ရမည်၊ ယင်းကို ကျွန်ုပ် အကောင်အထည်ဖော်ရမည်။ ပြီးလျှင် ဘုရားသခင်ကို ကျိုးနွံနာခံခြင်း စစ်မှန်မှုတွင် အသက်ရှင်နေထိုင်သည်။ ထို့အပြင် ဘုရားသခင်က ကျွန်ုပ်ကို တာဝန်ပေးစေခိုင်းသည့် အရာနှင့် ကျွန်ုပ်ထမ်းဆောင်သင့်သည့် တာဝန်ကို ကျွန်ုပ် ဘေးမဖယ်၍မဖြစ်ပေ။ ကျွန်ုပ်၏ နောက်ဆုံးထွက်သက်တွင်ပင် ကျွန်ုပ်သည် မိမိ၏တာဝန်ကို စွဲစွဲမြဲမြဲ ထိန်းသိမ်းရမည်” ဟု ဆိုနိုင်လျှင် ဤသည်မှာ သက်သေခံချက်ပေးခြင်း မဟုတ်လော။ သင်၌ ဤသန္နိဋ္ဌာန်မျိုးနှင့် ဤအခြေအနေမျိုး ရှိသည့်အခါ သင်သည် ဘုရားသခင်နှင့်ပတ်သက်၍ ညည်းညူနိုင်သေးသလော။ မဟုတ်ပေ၊ သင် မညည်းညူနိုင်ပေ။ ထိုသို့သော အချိန်တစ်ခုတွင် သင်သည် သင့်ကိုယ်သင် “ဘုရားသခင်က ကျွန်ုပ်ကို ဤဇီဝအသက်ကို ပေးသည်၊ သူသည် ဤနှစ်များ တစ်လျှောက် ကျွန်ုပ်အတွက် ထောက်ပံ့ပေးကာ ကွယ်ကာပေးပြီးဖြစ်သည်၊ သူသည် ကျွန်ုပ်ထံမှ နာကျင်မှုများစွာ ယူပြီးဖြစ်သည်၊ ကျွန်ုပ်ကို ကျေးဇူးတော်များစွာနှင့် သမ္မာတရားများစွာတို့ကို ပေးပြီးဖြစ်သည်။ ကျွန်ုပ်သည် မျိုးဆက်များကြာအောင် လူများ နားမလည်သေးသည့် သမ္မာတရားများနှင့် နက်နဲမှုများကို နားလည်ပြီးဖြစ်သည်။ ကျွန်ုပ်သည် ဘုရားသခင်ထံမှ များစွာ ရရှိပြီးဖြစ်သောကြောင့် ဘုရားသခင်ကို ကျွန်ုပ် ပြန်လည်ပေးဆပ်ရမည်။ ယခင်က ကျွန်ုပ်၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန် နုနယ်သည်၊ ကျွန်ုပ်သည် မည်သည့်အရာကိုမျှ နားမလည်ဘဲ ကျွန်ုပ် ပြုသမျှအရာအားလုံးသည် ဘုရားသခင်ကို နာကျင်စေသည်။ ကျွန်ုပ်သည် အနာဂတ်တွင် ဘုရားသခင်ကို ပြန်လည်ပေးဆပ်ဖို့ နောက်ထပ် အခွင့်အရေး ရှိနိုင်မည် မဟုတ်ပေ။ ဤနှစ်များတစ်လျှောက် ကျွန်ုပ်အတွက် ထောက်ပံ့ပေးခြင်းသည် အချည်းနှီးမဖြစ်ဘဲ အကျိုးဖြစ်ထွန်းပြီးဖြစ်သည်ကို ဘုရားသခင် တွေ့မြင်နိုင်ဖို့အလို့ငှာ ကျွန်ုပ် အသက်ရှင်ဖို့ အချိန်မည်မျှ ကျန်ပါစေ ကျွန်ုပ်၌ရှိသည့် အနည်းငယ်သော ခွန်အားကို ပူဇော်ဆက်ကပ်ပြီး ဘုရားသခင်အတွက် ကျွန်ုပ် လုပ်ဆောင်နိုင်သည့်အရာကို လုပ်ဆောင်ရမည်။ ဘုရားသခင်ကို နှစ်သိမ့်မှု ဆောင်ကြဉ်းပေးပါရစေ၊ ပြီးလျှင် သူ့ကို မနာကျင်စေတော့သကဲ့သို့ စိတ်မပျက်စေတော့ပေ” ဟု တွေးလိမ့်မည်။ ဤနည်းလမ်းဖြင့် တွေးတောခြင်းကရော အဘယ်သို့ ရှိသနည်း။ “ဤရောဂါက မည်သည့်အချိန်တွင် ပျောက်မည်နည်း။ ပျောက်သည့်အချိန်တွင် ကျွန်ုပ်၏ တာဝန်ကို အစွမ်းကုန် ထမ်းဆောင်ပြီး သစ္စာစောင့်သိမည်။ ကျွန်ုပ်သည် မကျန်းမာသည့်အခါတွင် မည်သို့ သစ္စာစောင့်သိနိုင်သနည်း။ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ကျွန်ုပ် မည်သို့ ထမ်းဆောင်နိုင်သနည်း။” ဟု တွေးလျက် သင့်ကိုယ်သင် မည်သို့ကယ်တင်ဖို့၊ သို့မဟုတ် လွတ်မြောက်ဖို့ မတွေးလေနှင့်။ သင်၌ ထွက်သက် တစ်ခုရှိသမျှ ကာလပတ်လုံး သင်သည် သင်၏တာဝန်ကို ထမ်းဆောင်နိုင်စွမ်း မရှိသလော။ သင်သည် ထွက်သက်တစ်ခု ရှိသမျှကာလပတ်လုံး ဘုရားသခင်ကို အရှက်ရစေနိုင်စွမ်း မရှိသလော။ သင်၌ ထွက်သက်တစ်ခု ရှိသမျှကာလပတ်လုံး သင်၏စိတ်သည် ကြည်လင်သမျှကာလပတ်လုံး သင်သည် ဘုရားသခင်နှင့်ပတ်သက်၍ မညည်းညူနိုင်စွမ်း ရှိသလော။ (ရှိပါသည်။) ယခုအခါတွင် “ဟုတ်ပါသည်” ဟု ပြောရသည်မှာ လွယ်ကူသော်လည်း ဤသည်က သင့်ကို အမှန်တကယ် ဖြစ်ပျက်သည့်အခါတွင် ယင်းက အလွန်လွယ်ကူ လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သင်တို့သည် သမ္မာတရားကို လိုက်စားရမည်၊ သမ္မာတရားနှင့် ပတ်သက်၍ မကြာခဏ အလုပ်ကြိုးစားရမည် ဖြစ်ပြီး၊ “ဘုရားသခင်၏ ရည်ရွယ်ချက်များကို ကျွန်ုပ် မည်သို့ ကျေနပ်စေနိုင်သနည်း။ ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို ကျွန်ုပ် မည်သို့ ပေးနိုင်သနည်း။ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ကျွန်ုပ် မည်သို့ ထမ်းဆောင်နိုင်သနည်း။” ဟု တွေးခြင်း၌ သာ၍ အချိန် ကုန်ဆုံးရမည်။ ဖန်ဆင်းခံတစ်ဦး ဆိုသည်မှာ အဘယ်နည်း။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို နားထောင်ရုံမျှသည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ဖြစ်သလော။ မဟုတ်ပေ။ ယင်းက ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အသက်ရှင် နေထိုင်ဖို့ ဖြစ်သည်။ သင်သည် ဤအရာများကို အသက်ရှင်နေထိုင်နိုင်ပြီး သူ့အား သက်သေခံနိုင်ဖို့အလို့ငှာ ဘုရားသခင်သည် သင့်အား သမ္မာတရားများစွာ၊ လမ်းခရီးများစွာနှင့် အသက်များစွာကို ပေးပြီးဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းခံတစ်ဦး လုပ်ဆောင်သင့်သည့် အရာဖြစ်သည်။ ပြီးလျှင် ယင်းမှာ သင်၏ တာဝန်နှင့် ဝတ္တရားတို့ ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို မကြာခဏ ဖတ်ရှုပြီး သမ္မာတရားကို အာရုံပြုဆင်ခြင်ခြင်း၌သာလျှင် ရှေ့ဆက်ရာ လမ်းကြောင်းရှိသည်
ဘုရားသခင်အမှု၏အဆင့်တိုင်းအတွက်၊ လူတို့ ပူးပေါင်း လုပ်ဆောင်သင့်သည့် နည်းလမ်းတစ်ခု ရှိ၏။ လူတို့အနေဖြင့် စစ်ဆေးမှုများကို ကြုံရသည်နှင့်အမျှ မိမိကိုယ်ကိုယ် ယုံကြည်စိတ်ချမှုရှိကြဖို့အလို့ငှာ ဘုရားသခင်သည် လူတို့ကို စစ်ဆေး၏။ လူတို့အနေဖြင့် ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရဖို့ ယုံကြည်စိတ်ချမှု ရှိကြပြီး၊ သူ၏ စစ်ဆေးမှုများကို လက်ခံရန်နှင့် ဘုရားသခင်၏ ပြုပြင်ခြင်းတို့ကို ခံရန် လိုလားလျက်ရှိကြဖို့အလို့ငှာ ဘုရားသခင်သည် လူတို့ကို စုံလင်စေသည်။ ဘုရားသခင်၏ဝိညာဉ်တော်သည် ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့ကို ၎င်းတို့ထံ ယူဆောင်လာရန်နှင့် သူနှင့်အတူ ၎င်းတို့ကို ပူးပေါင်းဆောင်ရွက်စေကာ လက်တွေ့လုပ်ဆောင်စေဖို့အလို့ငှာ လူတို့အတွင်းတွင် အမှုပြုလေသည်။ ဘုရားသခင်သည် စစ်ဆေးခြင်း အတောအတွင်းတွင် စကားမပြောပေ။ သူသည် သူ၏အသံကို မိန့်မြွက်ခြင်း မပြုသော်လည်း၊ လူတို့လုပ်ဆောင်သင့်သည့် အလုပ်ရှိဆဲဖြစ်၏။ သင်၌ ရှိနှင့်ပြီးသောအရာကို သင် ထိန်းသိမ်းသင့်သည်၊ ဘုရားသခင်ထံ သင်ဆုတောင်းနိုင်ဆဲ ဖြစ်သင့်သည်၊ ဘုရားသခင်နှင့် ရင်းနှီးကာ ဘုရားသခင် ရှေ့မှောက်တွင် သက်သေရပ်တည်နိုင်ဆဲ ဖြစ်သင့်သည်။ ဤနည်းဖြင့် သင်သည် သင်ကိုယ်တိုင်၏တာဝန်ကို ဖြည့်ဆည်းလိမ့်မည် ဖြစ်သည်။ လူတို့၏ ယုံကြည်စိတ်ချမှုနှင့် ချစ်ခြင်းတို့နှင့်ဆိုင်သော ဘုရားသခင်၏ စမ်းသပ်မှုများမှာ ၎င်းတို့အနေဖြင့် ဘုရားသခင်ထံ သာ၍ ဆုတောင်းဖို့နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သူ၏ ရှေ့မှောက်တွင် သာ၍မကြာခဏ အရသာခံရန် လိုအပ်သည်ကို ဘုရားသခင်၏ အမှုတော်မှ သင်တို့အားလုံး ရှင်းလင်းစွာ မြင်တွေ့သင့်ကြပေသည်။ ဘုရားသခင်သည် သင့်ကို ဉာဏ်အလင်းပေးပြီး သူ၏ ရည်ရွယ်ချက်များကို နားလည်စေသော်လည်း၊ သင်သည် လုံးဝ လက်တွေ့လုပ်ဆောင်ခြင်း မရှိပါက၊ သင်သည် မည်သည့်အရာမျှ ရရှိမည်မဟုတ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် လက်တွေ့ လုပ်ဆောင်သည့်အခါ၊ သူ့ထံ သင် ဆုတောင်းနိုင်ဆဲဖြစ်သင့်ပြီး၊ သူ၏ နှုတ်ကပတ်တော်များကို သင် အရသာခံသည့်အခါ စိတ်ပျက်အားလျော့ခြင်း သို့မဟုတ် အေးစက်သွားသည့် ခံစားမှုအရိပ်အယောင် လုံးဝမရှိဘဲ၊ သူ့ရှေ့မှောက်သို့ သင်လာပြီး၊ ရှာဖွေသင့်ကာ သူ၌ ယုံကြည်စိတ်ချမှုအပြည့် ဖြစ်သင့်ပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်း မရှိသူများသည် ဝတ်ပြုစည်းဝေးပွဲများအတွင်းတွင် အားအင်အပြည့် ဖြစ်ကြသော်လည်း၊ အိမ်ပြန်သွားကြသည့်အခါ အမှောင်ထဲသို့ ကျရောက်ကြလေသည်။ အတူတကွ မစုဝေးချင်ကြသော သူအချို့ပင် ရှိလေသည်။ ထို့ကြောင့် လူတို့ ထမ်းဆောင်သင့်သည်မှာ မည်သည့်တာဝန်ဖြစ်သည်ကို သင် ရှင်းလင်းစွာ တွေ့မြင်ရမည်။ ဘုရားသခင်၏ရည်ရွယ်ချက်များသည် မည်သည့်အရာ အမှန်တကယ် ဖြစ်သည်ကို မသိကောင်းမသိနိုင်သော်လည်း၊ သင်၏ တာဝန်ကို သင် ထမ်းဆောင်နိုင်သည်၊ သင်ဆုတောင်းသင့်သည့်အချိန်တွင် ဆုတောင်းနိုင်ပြီး၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သင့်သည့် အချိန်တွင် လက်တွေ့လုပ်ဆောင်နိုင်ကာ၊ လူတို့ လုပ်သင့်သည့်အရာကို သင် လုပ်နိုင်ပေသည်။ သင်၏ မူလရူပါရုံကို သင်ထိန်းသိမ်းထားနိုင်သည်။ ဤနည်းဖြင့် သင်သည် ဘုရားသခင်၏အမှု နောက်တစ်ဆင့်ကို သာ၍ လက်ခံလာနိုင်လိမ့်မည်။ ဘုရားသခင်သည် ကွယ်ဝှက်သည့်နည်းလမ်းဖြင့် အမှုပြုသည့်အခါ၊ သင်သည် မရှာဖွေပါက ပြဿနာဖြစ်ပေသည်။ အစည်းအဝေးများအတွင်း ဘုရားသခင်စကားပြောကာ ဟောပြောသည့် အချိန်တွင်၊ သင်သည် စိတ်အားထက်သန်မှုဖြင့် နားထောင်သော်လည်း၊ သူစကားမပြောသည့်အခါ သင်သည် အားအင်မဲ့ကာ နောက်ဆုတ်လေသည်။ မည်သည့်လူစားမျိုးသည် ဤသို့ လုပ်ဆောင်သနည်း။ ဤသည်မှာ လူအုပ်သွားရာနောက် မည်သည့်နေရာမဆို လိုက်သည့်သူတစ်ဦးသာ ဖြစ်ပေသည်။ ၎င်းတို့သည် ရပ်တည်ချက်မရှိ၊ သက်သေခံချက် မရှိသကဲ့သို့၊ ရူပါရုံ မရှိကြချေ။ လူအများစုသည် ဤသို့ဖြစ်၏။ သင်သည် ဤနည်းအတိုင်း ဆက်သွားပါက၊ ကြီးမားသော စမ်းသပ်မှုကို သင် ကြုံရချိန်တစ်နေ့တွင် ပြစ်ဒဏ်ပေးခြင်းထဲသို့ သင်ကျရောက်လိမ့်မည်။ ရပ်တည်ချက်ရှိခြင်းသည် လူတို့ကို ဘုရားသခင်၏ စုံလင်စေခြင်း လုပ်ငန်းစဉ်တွင် အလွန်အရေးကြီး၏။ သင်သည် ဘုရားသခင်၏အမှု အဆင့်တစ်ဆင့်ကိုမျှ သံသယမရှိပါက၊ သင်သည် လူသား၏တာဝန်ကို ဖြည့်ဆည်းပါက၊ ဘုရားသခင် သင့်ကို လက်တွေ့လုပ်ဆောင်စေသော အရာကို သင် ရိုးသားစစ်မှန်စွာ ထိန်းသိမ်းပါက၊ ဆိုလိုသည်မှာ သင်သည် ဘုရားသခင်၏ တိုက်တွန်းအားပေးခြင်းများကို သတိရပြီး၊ ယနေ့တွင် မည်သည့်အရာကို ဘုရားသခင် လုပ်ဆောင်သည်ဖြစ်စေ သူ၏ တိုက်တွန်းအားပေးမှုများကို သင်မမေ့လျော့ခြင်း ဖြစ်သည်၊ သူ၏အမှုနှင့်ပတ်သက်၍ သင်သည် သံသယမရှိသကဲ့သို့၊ သင်၏ရပ်တည်မှုကို ထိန်းသိမ်းပြီး၊ သင်၏ သက်သေခံချက်ကို ထိန်းသိမ်းကာ၊ လမ်းခရီး၏ အဆင့်တိုင်းတွင် အောင်မြင်မှုရရှိပါက၊ နောက်ဆုံးတွင် သင်သည် ဘုရားသခင်၏ စုံလင်စေခြင်း ခံရမည်ဖြစ်ပြီး အောင်မြင်သောသူတစ်ဦးအဖြစ် ဖန်တီးခြင်းခံရမည် ဖြစ်သည်။ သင်သည် ဘုရားသခင်၏စမ်းသပ်ခြင်း အဆင့်တိုင်းတွင် ခိုင်မြဲစွာ ရပ်တည်နိုင်ပြီး၊ တကယ့်အဆုံးတွင် ခိုင်မြဲစွာ ရပ်တည်နိုင်ဆဲဖြစ်ပါက၊ သင်သည် အောင်မြင်သောသူ တစ်ဦးဖြစ်ကာ၊ ဘုရားသခင်၏ စုံလင်စေခြင်း ခံရသောသူတစ်ဦး ဖြစ်ပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ဘုရားသခင်ထံ သင်၏ကိုးကွယ်ဆည်းကပ်ခြင်းကို ထိန်းသိမ်းသင့်သည်
ပေတရုသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းကို ခံနေရချိန်၌ သူဆုတောင်းခဲ့သည်၊ “အို ဘုရားသခင်၊ ကျွန်ုပ်၏ ဇာတိပကတိသည် ပုန်ကန်ပါသည်။ ကိုယ်တော် ကျွန်ုပ်အား ပြစ်တင်ဆုံးမပြီး တရားစီရင် ပါသည်။ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း၌ ကျွန်ုပ်ဝမ်းမြောက်ပါသည်။ ကိုယ်တော် ကျွန်ုပ်ကိုအလိုမရှိလျှင်ပင်၊ ကိုယ်တော်၏ တရားစီရင်ခြင်း၌ ကိုယ်တော်၏ မြင့်မြတ်သန့်ရှင်းပြီး ဖြောင့်မတ်သည့် စိတ်သဘောထားကို ကျွန်ုပ်မြင်ပါသည်။ ကိုယ်တော် ကျွန်ုပ်ကို တရားစီရင်သည့်အခါ ဤသို့ဖြင့် အခြားလူများက ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ကိုယ်တော်၏ တရားစီရင်ခြင်းတွင် ရှုမြင်ကောင်းရှုမြင်နိုင်ရသဖြင့် ကျွန်ုပ်အား ရကျေနပ်မိပါသည်။ ထိုအရာက ကိုယ်တော်၏ စိတ်သဘောထားကို ဖော်ပြနိုင်ပြီး ကိုယ်တော်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို အဖန်ဆင်းခံများအားလုံးအား ရှုမြင်ခွင့်ပြုပါက၊ ပြီးလျှင် ယင်းက ကိုယ်တော့်ကို ကျွန်ုပ်၏ ချစ်ခြင်းအား ပိုမိုဖြူစင်စေနိုင်ပြီး၊ ဖြောင့်မတ်သောသူတစ်ဦး၏ ပုံသဏ္ဌာန်ကို ရနိုင်စေပါက၊ ယင်းမှာ ကိုယ်တော်၏ စေတနာဖြစ်သည့်အတွက် ကိုယ်တော်၏ တရားစီရင်ခြင်းသည် ကောင်းမြတ်ပါသည်။ ကျွန်ုပ်အထဲတွင် ပုန်ကန်လိုသောစိတ် များစွာရှိသေးကြောင်းနှင့် ကိုယ်တော်၏ ရှေ့မှောက်သို့ဝင်ရန် မသင့်လျော်သေးကြောင်းကို ကျွန်ုပ်သိပါသည်။ ရန်လိုသော ပတ်ဝန်းကျင် သို့မဟုတ် ကြီးစွာသော ဆင်းရဲဒုက္ခများအားဖြင့်ဖြစ်စေ ကိုယ်တော် ကျွန်ုပ်အား ပို၍ပင် တရားစီရင်ရန် ကျွန်ုပ်လိုလားပါသည်။ မည်သည့်အရာကို ကိုယ်တော်ပြုသည်ဖြစ်စေ ထိုအရာမှာ ကျွန်ုပ်အဖို့ အဖိုးထိုက်တန် လှပါ၏။ ကိုယ်တော်၏ချစ်ခြင်းသည် အလွန်နက်နဲသိမ်မွေ့ပြီး စိုးစဉ်းမျှပင် စောဒကမတက်ဘဲ ကိုယ်တော်၏ စီစဉ်ညွှန်ကြားမှုအောက်တွင် လုံးလုံးရှိနေရန် ကျွန်ုပ်လိုလားပါသည်။” ယင်းမှာ ဘုရားသခင်၏ အမှုကို တွေ့ကြုံပြီးနောက် ပေတရု၏ အသိအမြင် ဖြစ်ပြီး ဘုရားသခင်အပေါ်ထားရှိသော သူ၏ချစ်ခြင်းအတွက် သက်သေခံချက်တစ်ခုလည်းဖြစ်သည်။...သူ့အသက်ဆုံးခါနီး၊ စုံလင်စေခြင်းကို ခံရပြီးနောက် ပေတရုက- “အို ဘုရားသခင်၊ နှစ်အနည်းငယ် ကျွန်ုပ် အသက်ဆက်ရှင်ရမည်ဆိုလျှင် ကျွန်ုပ်သည် ကိုယ်တော်အား ပိုမိုဖြူစင်စွာနှင့် ပိုမိုလေးနက်စွာ ချစ်ခြင်းကို ရရှိလိုပါသည်” ဟု ဆိုခဲ့သည်။ ကားတိုင်ပေါ်၌ အတင်ခံရဆဲဆဲအချိန်တွင် စိတ်နှလုံးထဲမှ သူဆုတောင်းသည်မှာ- “အို ဘုရားသခင်၊ ကိုယ်တော်၏အချိန် ယခု ကျရောက်ပါပြီ၊ ကျွန်ုပ်အတွက် ကိုယ်တော်ပြင်ဆင်ထားသောအချိန် ကျရောက်ပါပြီ။ ကျွန်ုပ်သည် ကိုယ်တော်အတွက် အသေခံရမည်၊ ကိုယ်တော့်ထံ ဤသက်သေခံချက်ကို ကျွန်ုပ်ပြုရမည်၊ ပြီးလျှင် ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာသည် ကိုယ်တော်၏ တောင်းဆိုချက်များကို ဖြည့်ဆည်းနိုင်လိမ့်မည်၊ ချစ်ခြင်းသည်လည်း ပိုမိုဖြူစင်လာ နိုင်မည်ဟု ကျွန်ုပ်မျှော်လင့်ပါသည်။ ယနေ့၊ ကိုယ်တော်အတွက် အသေခံနိုင်ခြင်းနှင့် ကိုယ်တော်အတွက် ကားစင်တင်ခံရခြင်း တို့သည် ကျွန်ုပ်အား နှစ်သိမ့်စိတ်ချမှုကို ပေးပါသည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်အတွက် ကားတိုင်ပေါ်တွင် အသေခံခြင်းနှင့် ကိုယ်တော်၏အလိုတော်တို့ကို ဖြည့်ဆည်းနိုင်ခြင်း အပြင် ကျွန်ုပ်ကိုယ်ကို ကိုယ်တော့်လက်သို့ အပ်နိုင်ခြင်းနှင့် ကျွန်ုပ်၏အသက်ကို ကိုယ်တော့်ကို ဆက်ကပ်နိုင်ခြင်းတို့ထက် မည်သည့်အရာကမျှ ကျွန်ုပ်အား ပို၍ကျေနပ်အားရစေမည် မဟုတ်ပါ။ အို ဘုရားသခင်၊ ကိုယ်တော်သည် ချစ်ခင်ဖွယ် ကောင်းလှတကား။ ကိုယ်တော်သည် ကျွန်ုပ်ကို အသက်ရှင်ခွင့် ပေးခဲ့ပါက ကိုယ်တော့်ကို ပို၍ပင်ချစ်ရန် ကျွန်ုပ်လိုလားပါလိမ့်မည်။ ကျွန်ုပ် အသက်ရှင်နေသရွေ့ ကိုယ်တော့်ကို ချစ်ပါမည်။ ကိုယ်တော့်ကို ပိုမိုလေးနက်စွာ ချစ်လိုပါသည်။ ကိုယ်တော်သည် ကျွန်ုပ်ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမကာ စမ်းသပ်သည်၊ အကြောင်းမှာ ကျွန်ုပ်သည် မဖြောင့်မတ်ဘဲ အပြစ်ကျူးလွန် ခဲ့သောကြောင့် ဖြစ်သည်။ ထို့ပြင် ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ပိုမို၍ သိသာထင်ရှားစွာ ကျွန်ုပ်မြင်လာပါသည်။ ကိုယ်တော်ကို ကျွန်ုပ် ပိုမိုနက်ရှိုင်းစွာ ချစ်လာနိုင်စေသည့်အတွက် ဤသည်မှာ ကျွန်ုပ်အဖို့ ကောင်းချီးမင်္ဂလာတစ်ခုဖြစ်ပြီး ကိုယ်တော် ကျွန်ုပ်ကို မချစ်လျှင်ပင် ဤနည်းအတိုင်း ကိုယ်တော့်ကို ကျွန်ုပ်ချစ်လိုပါသည်။ ကျွန်ုပ်သည် ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ရှုမြင်လိုပါသည်။ ယင်းက ကျွန်ုပ်အား အဓိပ္ပာယ်ရှိသော အသက်တာကို သာ၍ အသက်ရှင်နိုင် စေသောကြောင့် ဖြစ်ပါသည်။ ကျွန်ုပ်သည် ကိုယ်တော့်အတွက် ကားတိုင်တင်ခံရပြီး ကိုယ်တော့်အတွက် အသေခံခြင်းသည် အဓိပ္ပာယ်ပြည့်ဝသောကြောင့် ကျွန်ုပ်၏ လက်ရှိအသက်တာသည် ပိုမိုလေးနက်လာသည်ဟု ကျွန်ုပ်ခံစားရပါသည်။ သို့သော် ကိုယ်တော့်အကြောင်းကို အနည်းငယ်သာ ကျွန်ုပ်သိသည့်အတွက်၊ ကျွန်ုပ်သည် ကိုယ်တော်၏ အလိုတော်တို့ကို ပြည့်စုံစွာ မဖြည့်ဆည်းနိုင်ကြောင်းနှင့် ကိုယ်တော့်ကို အနည်းငယ်သာ ပြန်လည်ပေးဆပ်ပြီးကြောင်းတို့ကို သိသည့်အတွက် ကျွန်ုပ် ကျေနပ်အားရခြင်း မရှိသေးပါ။ ကျွန်ုပ်၏အသက်တာတွင် ကိုယ်တော့်ကို မိမိအလုံးစုံကို ပြန်လည်ပေးဆပ်ရန် မတတ်စွမ်းနိုင်ခဲ့ပါ၊ ဝေးလှပါသေးသည်။ ဤအခိုက်အတန့်တွင် နောက်ကြောင်း ပြန်လှည့်ကြည့်သည့်အခါ ကျွန်ုပ်သည် ကိုယ်တော့်အပေါ် အလွန်ပင် ကျေးဇူးတင်ကြောင်း ခံစားရပါသည်။ ကျွန်ုပ်၏ အမှားများအားလုံးနှင့် ကိုယ်တော့်ကို ပြန်လည် မပေးဆပ်ခဲ့ရသည့် ချစ်ခြင်းမေတ္တာများအားလုံးကို ပြန်လည် ထေမိစေရန် ယခုတဒင်္ဂအချိန်သာ ရှိပါ၏” ဟူ၍ ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ
ယနေ့တွင် သင့်အနေဖြင့် မည်သို့ သိမ်းပိုက်ခံရမည်ဆိုသည်နှင့် သိမ်းပိုက် ခံရပြီးနောက် လူတို့အနေဖြင့် မည်သို့ ပြုမူနေထိုင်ကြသည်ကို သိသင့်သည်။ သင့်အနေဖြင့် သိမ်းပိုက်ခံရပြီး ဖြစ်သည်ဟု ပြောကောင်း ပြောနိုင်သော်လည်း၊ သေသည်အထိ သင် ကျိုးနွံနာခံနိုင်ပါသလော။ အလားအလာများ တစ်ခုတစ်လေ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ တကယ့်အဆုံးထိ သင် လိုက်နာနိုင်ရမည် ဖြစ်ပြီး ပတ်ဝန်းကျင်က မည်သို့ပင်ဖြစ်စေ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းကို မဆုံးရှုံးရ။ နောက်ဆုံးတွင်၊ သက်သေခံချက်နှင့်ဆိုင်သည့် ရှုထောင့်နှစ်ခုကို သင် စွမ်းဆောင်ရရှိရမည်။ ယောဘ၏ သက်သေခံချက်၊ သေသည်အထိ ကျိုးနွံနာခံခြင်းနှင့်၊ ပေတရု၏ သက်သေခံချက်၊ ဘုရားသခင်ကို အထွတ်အထိပ် ချစ်ခြင်းတို့ ဖြစ်သည်။ ရှုထောင့် တစ်ခုအနေဖြင့်၊ သင်သည် ယောဘကဲ့သို့ ဖြစ်ရမည်။ သူသည် ရုပ်ဝတ္ထုပိုင်ဆိုင်မှု အားလုံးကို ဆုံးရှုံးသွားခဲ့ပြီး၊ ဇာတိပကတိ၏ နာမကျန်းဖြစ်ခြင်းဖြင့် ဝန်းရံဖိစီးခြင်း ခံခဲ့ရသော်လည်း ယေဟောဝါ၏ အမည်နာမကို မစွန့်လွှတ်ခဲ့ပေ။ ဤသည်မှာ ယောဘ၏ သက်သေခံချက် ဖြစ်သည်။ ပေတရုသည် ဘုရားသခင်ကို သေသည့်တိုင်အောင် ချစ်နိုင်ခဲ့သည်။ သူသည် သူ၏ သေခြင်းကို ရင်ဆိုင်ခဲ့ရချိန်တွင် ဘုရားသခင်ကို သူ ချစ်ဆဲ ဖြစ်သည်။ သူသည် ကားစင်တင်ခံရသည့်အချိန်တွင် ဘုရားသခင်ကို ချစ်ဆဲဖြစ်သည်။ သူ၏ကိုယ်ပိုင်ရှေ့ရေးကို မစဉ်းစားခဲ့၊ သို့မဟုတ် နှစ်သက်ဖွယ် မျှော်လင့်ချက်များ သို့မဟုတ် လွန်ကဲသော အတွေးများနောက် မလိုက်ခဲ့ဘဲ၊ ဘုရားသခင်ကို ချစ်ဖို့နှင့် ဘုရားသခင်၏ စီစဉ်မှုများအားလုံးကို ကျိုးနွံနာခံဖို့သာ သူကြိုးစားခဲ့သည်။ ယင်းမှာ သင့်အနေဖြင့် သက်သေခံပြီးဖြစ်သည်ဟု မှတ်ယူခြင်း မခံရမီ၊ သိမ်းပိုက်ခြင်းခံရပြီးနောက် စုံလင်စေခြင်းခံရပြီး သူတစ်ဦး ဖြစ်မလာမီ၊ သင် စွမ်းဆောင်ရရှိရမည့် စံနှုန်း ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၂)
ဆက်စပ်မှုရှိသော ဇာတ်ကားကောက်နုတ်ချက်များ
သမီးဖြစ်သူတွင် ကင်ဆာရှိနေကြောင်း သိရပြီးနောက်တွင်
ဆက်စပ်မှုရှိသော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ
နာမကျန်းဖြစ်ခြင်းမှတစ်ဆင့် ရိတ်သိမ်းရရှိခဲ့သော အသီးအပွင့်
ကျွန်တော့်လက်တွဲဖော် ဆုံးပါးသွားသည့်နောက်
ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ
စုံစမ်းခြင်းများ၌ ယုံကြည်ခြင်း လိုအပ်
အရာရာ၌ ဘုရားကို သင်သက်သေခံရမည်ကျူး
ယောဘနှင့် ပေတရုကဲ့သို့ သက်သေခံများ ဖြစ်လော့
အောင်နိုင်သူများသည် ဘုရားသခင် အတွက် ထူးကဲလှစွာ သက်သေခံသူများဖြစ်ကြသည်