၂၆။ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းဆိုသည်မှာ
နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ
စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းသည် ဘုရားသခင်ကို ယုံကြည်သူများအတွက် အဓိကကျသော ရူပါရုံဖြစ်သည်။ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို စွမ်းဆောင်ရရှိခြင်းသည် ရိုးရှင်းသည့် ကိစ္စမဟုတ်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို မခံရသည့် မကြာခင်က ဖန်ဆင်းထားသော လူသားများကို ကယ်တင်နေခြင်းမဟုတ်ဘဲ၊ စာတန်၏ အလွန်အမင်း ဖောက်ပြန်ပျက်စီးစေခြင်းခံရပြီးဖြစ်သည့်၊ စာတန်ဆန်သော အဆိပ်များနှင့် စာတန်ဆန်သော စိတ်သဘောထားများဖြင့် ပြည့်သည့်လူသားတစ်စု၊ စာတန်နှင့်ပင်တူပြီး ဘုရားသခင်ကို အတိုက်အခံလုပ်ကာ ပုန်ကန်သည့်လူသားတစ်စုကို ကယ်တင်သောကြောင့်ဖြစ်သည်။ လူတစ်ဦး၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြောင်းလဲစေခြင်းသည် ကင်ဆာရောဂါရှိသည့် လူတစ်ဦးကို ကုသခြင်းနှင့်တူသည်။ ယင်းမှာ ရှုပ်ထွေးသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည် မဟုတ်လော။ ထိုအရာက ခွဲစိတ်ခြင်း၊ ရေရှည် ဓာတုကုထုံးနှင့် အချိန်ကာလတစ်ခုကြာပြီးနောက် ပြန်လည်ဆေးစစ်ခြင်းတို့ လိုအပ်သည်။ လုပ်ငန်းစဉ်မှာ အမှန်တကယ် ရှုပ်ထွေး၏။ ထို့ကြောင့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို ရိုးရှင်းသည့် ကိစ္စရပ်တစ်ခုအဖြစ် မမှတ်ယူနှင့်။ ထိုအရာသည် လူတို့ စိတ်ကူးသည့် အပြုအမူ သို့မဟုတ် အကျင့်စရိုက်တွင် ပြောင်းလဲခြင်း မဟုတ်ပေ။ လူတို့ စွမ်းဆောင်ရရှိလိုသောကြောင့်သက်သက်ဖြင့် စွမ်းဆောင်ရရှိသည့်အရာတစ်ခု မဟုတ်ပေ။ ဘုရားနှုတ်ကပတ်တော်များ၌ အလွန်ရှင်းလင်းစွာ ရှင်းပြထားသည့် လုပ်ငန်းစဉ်များဖြစ်သည့် စိတ်သဘောထားပြောင်းလဲမှုတွင် ပါဝင်သော လုပ်ငန်းစဉ်များစွာရှိသည်။ ထို့ကြောင့် ဘုရားသခင်ကို သင် ယုံကြည်လာသည့် ပထမဆုံးနေ့မှစ၍၊ ဘုရားသခင်က လူတို့ကို ကယ်တင်ပုံနှင့် ၎င်းတို့ကို ကယ်တင်ခြင်းအားဖြင့် သူ စွမ်းဆောင်ရရှိလိုသည့် အကျိုးတရားတို့ကို သင် နားလည်ရမည်။ သင်သည် သမ္မာတရားကို လိုက်စားပြီး စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို စွမ်းဆောင်ရရှိလိုလျှင်၊ ဘုရားသခင်ကို ယုံကြည်မှုအပေါ် သင်၏ မှားယွင်းသည့် အမြင်များကို သင် ပြောင်းလဲရမည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် သင့်အား ကောင်းမွန်စွာ ပြုမူရန်၊ လူကောင်းတစ်ဦး သို့မဟုတ် ဥပဒေလိုက်နာသောလူတစ်ဦးဖြစ်ရန် သို့မဟုတ် အခြားသူတို့၏ လက်ခံမှုကို ရရှိသည့် ကောင်းမွန်သော လုပ်ဆောင်ချက်များစွာကို လုပ်ဆောင်ရန် မတောင်းဆိုပေ။ အတိတ်ကာလတွင်၊ လူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို လိုက်စားခြင်းက လူ့အကြိုက်လိုက်သူတစ်ဦးဖြစ်ခြင်း၊ အပြင်ပန်းတွင် လူသားပုံသဏ္ဌာန်အချို့၊ ယဉ်ကျေးမှုအချို့၊ စိတ်ရှည်ခြင်းအချို့ရှိခြင်း၊ သို့မဟုတ်လျှင် အပေါ်ယံ ဘာသာတရားကိုင်းရှိုင်းမှုနှင့် အခြားလူတို့အတွက် ချစ်ခြင်းမေတ္တာရှိခြင်း၊ အခြားသူတို့ကို ကူညီပြီး၊ ပေးကမ်းစွန့်ကြဲခြင်းကို ဆိုလိုသည်ဟု တွေးထင်ခဲ့ကြသည်။ တစ်နည်းအားဖြင့်၊ လူသား အယူအဆများနှင့် စိတ်ကူးများအတွင်းတွင် လူကောင်းတစ်ဦးဟု ယူဆသည့်အရာဖြစ်ရန် ဖြစ်သည်။ လူတိုင်းတွင် ထိုသို့သော အယူအဆများနှင့် အမှုအရာများ ၎င်းတို့၏ စိတ်နှလုံးများ၌ ရှိကြသည်။ ဤသည်မှာစာတန်ဆန်သော အဆိပ်များနှင့်ဆိုင်သည့် သွင်ပြင်လက္ခဏာတစ်ခု ဖြစ်သည်။ ယခင်က၊ ဘုရားသခင်ကို ယုံကြည်ခဲ့သည့် မည်သူကမျှ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းပြဿနာကို မရှင်းပြနိုင်ခဲ့ကြပေ။ ၎င်းတို့သည် ယုံကြည်ခြင်းနှင့်ဆိုင်သည့် ကိစ္စရပ်များနှင့် အကျွမ်းမဝင်ခဲ့ကြ။ ထိုအရာသည် ၎င်းတို့ ပင်ကိုအားဖြင့် နားလည်သည့်အရာ သို့မဟုတ် ခရစ်ယာန်ဘာသာတွင် နှစ်အနည်းငယ် ယုံကြည်ပြီးနောက် နားလည်နိုင်သည့်အရာတစ်ခု မဟုတ်ခဲ့ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည် သူ့အမှုတော်၏ ဤကဏ္ဍကို မဆောင်ရွက်သေးသောကြောင့် ဖြစ်သကဲ့သို့ သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာကို မိတ်သဟာယဖွဲ့ခြင်းမရှိသေးသောကြောင့်လည်း ဖြစ်သည်။ ထို့ကြောင့် လူများစွာတို့သည် မိမိတို့၏ အယူအဆများနှင့် စိတ်ကူးများကို အခြေခံ၍၊ ယုံကြည်ခြင်းအား ၎င်းတို့၏ အပေါ်ယံ အပြုအမူများနှင့် ကျင့်ကြံမှုများကို အပြောင်းအလဲအချို့ ပြုလုပ်ခြင်းနှင့် ၎င်းတို့၏ သိသိသာသာ မှားယွင်းသည့် ရှုထောင့်အချို့ကို ပြောင်းလဲခြင်းနှင့်ဆိုင်သည့် ကိစ္စတစ်ခုဖြစ်သည်ဟု ယူဆခဲ့ကြခြင်းဖြစ်သည်။ ယုံကြည်ခြင်းရှိခြင်းသည် သာ၍ ကြီးမားသည့် အခက်အခဲများကို ခါးစည်းခံခြင်းအကြောင်းဖြစ်သည်၊ အစားအစာကောင်း စားခြင်း သို့မဟုတ် ဆန်းပြားသော အဝတ်အစားများကို ဝတ်ဆင်ခြင်း မဟုတ်ဟုပင် လူအချို့က ယုံကြည်ကြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းက မိမိတို့ဘဝတွင် အခက်အခဲကို ပိုမို သည်းညည်းခံခြင်းနှင့် ကောင်းမွန်သည့်အရာများကို ပို၍နည်းပါးစွာ မွေ့လျော်ခံစားခြင်း၊ ငွေရှိသည့်အခါ ဆင်းရဲသားကို ပေးရန်၊ သို့မဟုတ် ကောင်းမွန်သည့် လုပ်ဆောင်ချက်များကို ပိုမိုလုပ်ဆောင်ပြီး အခြားသူများကို ကူညီရန်သာဖြစ်သည်ဟု ယုံကြည်ခဲ့ကြသည့် အနောက်တိုင်းနိုင်ငံများရှိ ကက်သလစ် သီလရှင်များကဲ့သို့ပင်ဖြစ်သည်။ ၎င်းတို့ ဘဝများတစ်လျှောက်လုံးတွင်၊ ဆင်းရဲဒုက္ခခံခြင်းအပေါ် အလေးထားခဲ့ကြသည်။ ကောင်းမွန်သည့် မည်သည့်အစားအစာကိုမျှ ၎င်းတို့ မစားခဲ့ကြ။ မည်သည့် အဝတ်အစားကောင်းမျှ မဝတ်ဆင်ခဲ့ကြပေ။ ၎င်းတို့ သေဆုံးသည့်အခါ၊ ၎င်းတို့၏ အဝတ်အစားများသည် ဒေါ်လာအနည်းငယ်သာ တန်ဖိုးရှိခဲ့သည်။ ၎င်းတို့၏ လုပ်ဆောင်ချက်များကို ကမ္ဘာအနှံ့ သတင်းများတွင် အစီရင်ခံကောင်းအစီရင်ခံပြီး ဖြစ်နိုင်သည်။ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ လူတို့၏ စိတ်များတွင် ဤကဲ့သို့သော လူများသာ ကောင်းမြတ်ပြီး၊ အကျင့်သီလကောင်းကြောင်း၊ ဤလူများသာ ကောင်းမွန်သည့်အရာများနှင့် ကောင်းမွန်သည့် လုပ်ဆောင်ချက်များ လုပ်ဆောင်ပြီးဖြစ်သည်ဟု ဘာသာရေးလောကက ယူဆထားကြောင်း၊ ၎င်းတို့သည်သာ ပြောင်းလဲခြင်း ကြုံရပြီးဖြစ်ကာ ခံယူချက် အမှန်တကယ် ရှိကြကြောင်း ဆိုလိုပေသည်။ ထို့ကြောင့် သင်တို့အားလုံးလည်း ခြွင်းချက်မရှိနိုင်ပေ။ ဘုရားသခင်ကို ယုံကြည်ခြင်းက လူကောင်းတစ်ဦး၊ အခြားသူတို့ကို မရိုက်နှက် သို့မဟုတ် မစော်ကားသည့်သူတစ်ဦး၊ မကောင်းသည့် စကားမသုံးသောသူ သို့မဟုတ် မကောင်းသည့်အရာများကို မလုပ်ဆောင်သောသူတစ်ဦး၊ အပြင်ပန်းတွင် လူတို့က ဘုရားသခင်ကို ယုံကြည်သူတစ်ဦးနှင့် ဘုရားသခင်ကို ဘုန်းထင်ရှားစေသူတစ်ဦးအဖြစ် မြင်နိုင်သောသူတစ်ဦးဖြစ်ခြင်းကို ဆိုလိုရမည်ဟု သင်တို့လည်း ယုံကြည်ကောင်းယုံကြည်နေနိုင်သည်။ ဤသည်မှာ ဘုရားသခင်ကို စတင်ယုံကြည်ရုံသာရှိသေးသည့်သူများ ပိုင်ဆိုင်သော စိတ်အခြေအနေတစ်ခု ဖြစ်သည်။ ၎င်းတို့က ဤသည်မှာ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုတစ်ခုဖြစ်ကြောင်းနှင့် ဤသည်မှာ ဘုရားသခင်ကို ကျေနပ်စေသည့်လူစားမျိုးဖြစ်ကြောင်း ၎င်းတို့ ယုံကြည်ကြသည်။ ဤရှုထောင့်အမြင်သည် မှန်ကန်ပါသလော။ မိမိတို့၏ ယုံကြည်ခြင်းတွင် စတင်ရုံသာရှိသေးသည့် လူများတွင်သာ ထိုသို့သော နုံအသည့် အတွေးများရှိကြသည်။ အကြင်သူသည် သမ္မာတရားအချို့ကို နားလည်ပြီးဖြစ်သည်နှင့်၊ ဤအတွေးမျိုးများက မကြာခင် ပျောက်ကွယ်သွားလိမ့်မည်ဖြစ်သည်။ ဤရှုထောင့်အမြင်က သင်၏ စိတ်နှလုံးတွင် ယခင်က မည်မျှ နက်ရှိုင်းစွာ အမြစ်တွယ်ခဲ့သည်ဖြစ်စေ၊ ထိုအရာ၏ အမှားများနှင့် သွေဖည်မှုများကို သင်တို့ မဖော်ထုတ်ရသေးပေ။ ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ သင် ယုံကြည်ပြီးသည်ဖြစ်စေ၊ ဤမှားယွင်းသော ရှုထောင့်များကို လုံးလုံးလျားလျား မဖြေရှင်းရသေးပေ။ ဤအရာမှ၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းက မည်သည့်အရာဖြစ်သည်ကို လူအနည်းငယ်ကသာ အမှန်တကယ် နားလည်ကြသကဲ့သို့၊ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းက မည်သည့်အရာဆိုလိုသည်၊ စစ်မှန်သည့် လူတစ်ဦး မည်သို့ဖြစ်ရမည်၊ မည်သည့်လူစားမျိုးက ဘုရားသခင်ကို ကျေနပ်စေသည် သို့မဟုတ် မည်သည့်လူစားမျိုးကို ဘုရားသခင်က လက်ခံနိုင်ဖွယ်အဖြစ် မြင်ပြီး၊ မည်သည့် လူစားမျိုးကို သူ ရရှိလိုသည်တို့ကို ၎င်းတို့ နားမလည်ကြသည်မှာ သိသာထင်ရှားပေသည်။ ဤအရာများကို သင် နားမလည်လျှင်၊ သင်သည် မှန်ကန်သည့် လမ်းခရီးအပေါ် ခိုင်မာသည့် အခြေခံအုတ်မြစ်တစ်ခု မချခင်းရသေးကြောင်းကို ပြပေသည်။ ထိုလူသားအယူအဆများ၊ စိတ်ကူးများနှင့် ဘက်လိုက်သော အတွေးများသည် သင်၏ တွေးခေါ်မှုနှင့် သင်၏ ရှုထောင့်များကို စိုးမိုးထားဆဲဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏စိတ်သဘောထားပြောင်းလဲခြင်းအပေါ် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်း
စိတ်သဘောထား ပြောင်းလဲခြင်းဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းသည် သမ္မာတရားကို ချစ်မြတ်နိုးသူတစ်ဦးက ဘုရားသခင်၏အမှုကို ကြုံတွေ့နေစဉ် ဘုရားနှုတ်ကပတ်တော်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို လက်ခံပြီး အမျိုးမျိုးသော ဒုက္ခဆင်းရဲနှင့် စစ်ဆေးမှုများကို ကြုံရသောအခါ၌ ဖြစ်ပေါ်လာသည်။ ဘုရားသခင်ကို နောက်ထပ် မည်သည့်အခါမျှ ပုန်ကန်ခြင်း သို့မဟုတ် ခုခံခြင်း မပြုတော့ဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ စီစဉ်ညွှန်ကြားမှုများနှင့် စီမံမှုများအားလုံးကို နာခံနိုင်ဖို့အလို့ငှာ ထိုသို့သော လူတစ်ဦးသည် သူ့အတွင်းရှိ စာတန်ဆန်သော အဆိပ်အတောက်များ သန့်စင်ခံရပြီး သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို လုံးလုံးလျားလျား ဖယ်ရှားလေသည်။ ဤသည်မှာ စိတ်သဘောထား ပြောင်းလဲခြင်းပင် ဖြစ်သည်။...စိတ်သဘောထား ပြောင်းလဲခြင်းဆိုသည်မှာ လူတစ်ယောက်သည် သမ္မာတရားကို ချစ်မြတ်နိုး၍ လက်ခံနိုင်သဖြင့် ဘုရားသခင်ကို ပုန်ကန်ပြီး ဆန့်ကျင်သည့် သူ၏ သဘာဝဗီဇအား နောက်ဆုံးတွင် သိရှိလာခြင်းကို ဆိုလိုသည်။ လူသားများသည် အလွန်နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးနေသည်ကို သူနားလည်သည်။ လူသားမျိုးနွယ်၏ အဓိပ္ပာယ်မဲ့မှုနှင့် လိမ်လည်လှည့်ဖြားမှု၊ လူသားမျိုးနွယ်၏ စုတ်ချာပြီး သနားစရာကောင်းသည့် အခြေအနေကို သူနားလည်သည်။ ဤသို့ဖြင့် နောက်ဆုံးတွင် လူသားမျိုးနွယ်၏ သဘာဝနှင့် အနှစ်သာရကို သူနားလည်လာသည်။ ဤအရာအားလုံးကို သိခြင်းဖြင့် သူသည် မိမိကိုယ်ကို လုံးဝ ပုန်ကန်ပြီး ပစ်ပယ်လာနိုင်ကာ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်အညီ နေထိုင်ပြီး အရာခပ်သိမ်းတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လာနိုင်ပေသည်။ ဤသည်မှာ ဘုရားသခင်ကို သိကျွမ်းသောသူတစ်ဦး ဖြစ်ပြီး စိတ်သဘောထား ပြောင်းလဲပြီးသောသူတစ်ဦး ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း
စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းသည် လူတို့က သာ၍ တတ်သိနားလည်လာသည့် သို့မဟုတ် တတ်မြောက်လာသည့် အပြောင်းအလဲတစ်ခု ဖြစ်ဖို့ မဆိုထားနှင့်၊ အပြုအမူတွင် သို့မဟုတ် ပင်ကိုစရိုက်တွင် ပြောင်းလဲခြင်းတစ်ခုပင် မဟုတ်ပေ။ ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များဖြင့် လူတိုင်း၏ အတွေးများနှင့် အမြင်များကို ပြောင်းလဲချင်ပြီး၊ ၎င်းတို့အနေဖြင့် မိမိတို့ မြင်နိုင်သည့်အရာများတွင် ပြောင်းလဲမှုတစ်ခု စွမ်းဆောင်ရရှိနိုင်ရန်အလို့ငှာ၊ သမ္မာတရားကို နားလည်နိုင်စေချင်သည်။ ဤသည်မှာ ကဏ္ဍတစ်ခုသာ ဖြစ်ပြီး နောက်ထပ် ကဏ္ဍတစ်ခုမှာမူ လူတို့ ပြုမူနေထိုင်ပုံကို ကျောထောက်နောက်ခံပြုထားသည့် စည်းမျဉ်းများကို ပြောင်းလဲရန်ဖြစ်သည်။ ယင်းမှာ ဘဝအပေါ် ၎င်းတို့၏ သဘောထားအမြင်တွင် ပြောင်းလဲမှုတစ်ခု ဖြစ်သည်။ သို့တိုင် နောက်ထပ် ကဏ္ဍတစ်ခုမှာ လူတို့တွင် ပေါ်လွင်သည့် နက်နဲစွာ အမြစ်တွယ်နေသည့် စာတန်ဆန်သော သဘာဝနှင့် စိတ်သဘောထားတို့ကို ပြောင်းလဲရန်ဖြစ်သည်။ ယေဘုယျအနေဖြင့်၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းသည် ဤကဏ္ဍသုံးခုကို ခြုံငုံပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏စိတ်သဘောထားပြောင်းလဲခြင်းအပေါ် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်း
စိတ်သဘောထား ပြောင်းလဲခြင်းသည် အဓိကအားဖြင့် လူတစ်ယောက်၏ သဘာဝ ပြောင်းလဲခြင်းကို ညွှန်းဆိုသည်။ လူတစ်ယောက်၏ သဘာဝနှင့် သက်ဆိုင်သော အရာများကို ပြင်ပအပြုအမူများဖြင့် မသိမြင်နိုင်ပေ။ ထိုအရာများသည် သူ့ဖြစ်တည်မှု၏ တန်ဖိုးနှင့် အဓိပ္ပာယ်အပြင် ဘဝအပေါ် သူ၏ အမြင်နှင့်လည်းကောင်း၊ သူ၏ စံနှုန်းများနှင့်လည်းကောင်း တိုက်ရိုက်ဆက်နွှယ်နေသည်။ ထိုအရာများတွင် သူ၏ ဝိညာဉ်အတွင်းပိုင်း၌ ရှိသောအရာများနှင့် သူ၏ အနှစ်သာရတို့ ပါဝင်သည်။ လူတစ်ယောက်က သမ္မာတရားကို လက်မခံနိုင်လျှင် ဤကဏ္ဍများတွင် ပြောင်းလဲမှုကို ကြုံရမည် မဟုတ်ပေ။ ဘုရားအမှုတော်ကို တွေ့ကြုံခြင်း၊ သမ္မာတရားသို့ အပြည့်အဝ ဝင်ရောက်ခြင်း၊ မိမိ၏ စံနှုန်းများကို ပြောင်းလဲခြင်း၊ ဖြစ်တည်မှုနှင့် ဘဝအပေါ် မိမိ၏ အမြင်များကို ပြောင်းလဲခြင်း၊ အမှုအရာများအပေါ် မိမိ၏ အမြင်များကို ဘုရားနှုတ်ကပတ်တော်များနှင့် ကိုက်ညီစေခြင်း၊ ဘုရားသခင်အပေါ် အပြည့်အဝ နာခံနိုင်စွမ်းနှင့် သစ္စာစောင့်သိနိုင်စွမ်း ရှိလာခြင်းတို့အားဖြင့်သာ မိမိ၏ စိတ်သဘောထား ပြောင်းလဲပြီးဖြစ်သည်ဟု ဆိုနိုင်သည်။ လက်ရှိတွင် သင်သည် သင်၏တာဝန်ကို ထမ်းဆောင်စဉ်တွင် ဆင်းရဲဒုက္ခကို ရင်ဆိုင်ရသောအခါ အနည်းငယ် အားစိုက်ထုတ်ပြီး ကြံ့ကြံ့ခံနိုင်သည့်ပုံစံ ရှိနိုင်သည်။ အထက်မှလာသော အလုပ်အစီအစဉ်များကို ဆောင်ရွက်ကောင်း ဆောင်ရွက်နိုင်သည်။ သို့မဟုတ် သင့်ကို သွားခိုင်းသည့် မည်သည့်နေရာကိုမဆို သင် သွားကောင်းသွားနိုင်သည်။ အပေါ်ယံတွင် သင်သည် အတော်အတန် နာခံခြင်းရှိသည့် ပုံစံရှိနိုင်သည်။ သို့သော် သင်၏ အယူအဆများနှင့် မကိုက်သောအရာတစ်ခုခု ဖြစ်ပျက်သောအခါ သင်၏ ပုန်ကန်ခြင်းက ထွက်ပေါ်လာတော့သည်။ ဥပမာ သင်သည် ပြုပြင်ခြင်းကို ကျိုးနွံနာခံခြင်း မရှိပေ။ ကပ်ဘေးကျရောက်သောအခါ သင်သည် ပို၍ပင် နာခံခြင်းမရှိပေ။ ဘုရားသခင်ကိုပင် စောဒကတက်ရဲသည်။ ထို့ကြောင့် အပြင်ပန်းတွင်ရှိသော ထိုကျိုးနွံနာခံခြင်းနှင့် ပြောင်းလဲခြင်း အနည်းငယ်သည် အပြုအမူပြောင်းလဲခြင်း အနည်းငယ်သာဖြစ်သည်။ ပြောင်းလဲခြင်း အနည်းငယ် ရှိသော်လည်း ယင်းကို သင်၏ စိတ်သဘောထား ပြောင်းလဲခြင်းအဖြစ် မှတ်ယူဖို့ မလုံလောက်ပေ။ သင်သည် လမ်းကြောင်းများစွာကို လျှောက်သွားကောင်း လျှောက်သွားနိုင်မည်။ ဆင်းရဲဒုက္ခများစွာကို ခံစားကောင်း ခံစားနိုင်မည်။ ကြီးစွာသော အရှက်ရခြင်းကို တောင့်ခံကောင်း တောင့်ခံနိုင်မည်။ ဘုရားသခင်နှင့် အလွန်နီးကပ်သည်ဟု သင်ခံစားကောင်း ခံစားရနိုင်မည်။ သန့်ရှင်းသော ဝိညာဉ်တော်က သင့်အပေါ်တွင် အလုပ်အချို့ လုပ်ကောင်း လုပ်နိုင်မည်။ သို့ရာတွင် သင်၏ အယူအဆများနှင့် မညီသော အရာတစ်ခုကို လုပ်ဆောင်ရန် ဘုရားသခင်က သင့်အား တောင်းဆိုသောအခါ သင်သည် နာခံခြင်းမရှိဘဲ ဖြစ်နေနိုင်သည်။ ထိုအစား သင်သည် ဆင်ခြေများ ရှာနိုင်သည်။ ဘုရားသခင်ကို ပုန်ကန်ပြီး အာခံနိုင်သည်။ အခြေအနေဆိုးလျှင် ဘုရားသခင်ကို မေးခွန်းထုတ်ပြီး ပြန်လည်တိုက်ခိုက်ခြင်းပင် ပြုနိုင်သည်။ ဤသို့ဆိုလျှင် အလွန်ဆိုးသော ပြဿနာဖြစ်လိမ့်မည်။ သင့်တွင် ဘုရားသခင်ကို အာခံသော သဘာဝရှိသေးသည်ကိုလည်းကောင်း၊ သမ္မာတရားကို သင်အမှန်တကယ် နားမလည်သည်ကိုလည်းကောင်း၊ သင်၏အသက်စိတ်သဘောထား ပြောင်းလဲခြင်း လုံးဝမရှိသေးသည်ကိုလည်းကောင်း ပြလိမ့်မည်။ လူအချို့သည် အထုတ်ခံရပြီးနောက်၊ သို့မဟုတ် ရှင်းလင်းခံရပြီးနောက်တွင် ဘုရားသခင်ကို ဝေဖန်အပြစ်တင်ခြင်းပင် ပြုရဲသေးပြီး ဘုရားသခင်က ဖြောင့်မတ်ခြင်းမရှိဟုပင် ပြောရဲကြသေးသည်။ ၎င်းတို့သည် ဘုရားသခင်ကို ငြင်းခုံခြင်းနှင့် ပြန်လည်တိုက်ခိုက်ခြင်းပင် ပြုကြသည်။ ၎င်းတို့သွားသည့် နေရာတိုင်းတွင် ဘုရားသခင်အပေါ် ၎င်းတို့၏ အယူအဆများနှင့် ဘုရားသခင်အပေါ် မကျေနပ်မှုများကို ဖြန့်ဝေသည်။ ဤသို့သောသူများသည် ဘုရားသခင်ကို အာခံသည့် နတ်ဆိုးများဖြစ်သည်။ နတ်ဆိုးဆန်သော သဘာဝရှိသည့် သူများသည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်၍ စွန့်ပစ်ခြင်းခံရသင့်သည်။ အခြေအနေတိုင်းတွင် သမ္မာတရားကို ရှာဖွေနိုင်ပြီး လက်ခံနိုင်သောသူများ၊ ဘုရားသခင်၏ အမှုတော်ကို နာခံနိုင်သောသူများသာ သမ္မာတရားကို ရရှိပြီး စိတ်သဘောထားပြောင်းလဲမှုကို ရရှိရန် မျှော်လင့်ချက်ရှိသည်။ သင်၏ အတွေ့အကြုံများတွင် အပြင်ပန်း၌ သာမန်ပုံစံရှိသော အခြေအနေများကြား ပိုင်းခြားသိမြင်တတ်ရန် သင်ယူရမည်။ သင်သည် ဆုတောင်းစဉ်တွင် ရှိုက်ငိုခြင်း၊ ငိုယိုခြင်း ရှိနိုင်သည်။ သို့မဟုတ် သင်၏ စိတ်နှလုံးက ဘုရားသခင်ကို အလွန်ချစ်သည်၊ ဘုရားသခင်နှင့် အလွန်နီးစပ်သည်ဟု ခံစားရနိုင်သည်။ သို့တိုင်အောင် ဤအခြေအနေများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုသာဖြစ်ပြီး သင်က ဘုရားသခင်ကို ချစ်သောသူဖြစ်သည်ဟု မညွှန်ပြပေ။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်က အလုပ်လုပ်ခြင်း မရှိသည့် အချိန်တွင်ပင်၊ သင်၏ ကိုယ်ပိုင်အယူအဆများနှင့် မကိုက်ညီသော အရာများကို ဘုရားသခင် လုပ်ဆောင်သောအခါတွင်ပင် ဘုရားသခင်ကို ချစ်ပြီး ကျိုးနွံနာခံနိုင်ဆဲ ဖြစ်လျှင် ထိုအခါမှသာ သင်သည် ဘုရားသခင်ကို အမှန်တကယ် ချစ်သောသူ ဖြစ်သည်။ ထိုအခါမှသာ သင်သည် အသက်စိတ်သဘောထား ပြောင်းလဲပြီးသောသူဖြစ်သည်။ ဤသူကသာ သမ္မာတရား စစ်မှန်မှုရှိသောသူ ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏စိတ်သဘောထား ပြောင်းလဲခြင်းအကြောင်း သိထားသင့်သည့်အရာ
လူတစ်ဦး၏ အသက် စိတ်သဘောထားက ပြောင်းလဲသွားလျှင် အသက်တာအပေါ် သူ၏အမြင်သည်လည်း ဧကန်ပြောင်းလဲသွားသည်။ ကွဲပြားသည့် တန်ဖိုးများ ယခုရှိသွားသဖြင့် သူသည် နောက်တစ်ဖန် မည်သည့်အခါမျှ မိမိကိုယ်တိုင်အတွက် အသက်ရှင်တော့မည် မဟုတ်သည့်အပြင် ကောင်းချီးမင်္ဂလာများ ရရှိရန်ဟူသည့် ရည်ရွယ်ချက်အတွက်နှင့် ဘုရားသခင်ကို နောက်တစ်ဖန် မည်သည့်အခါမျှ ယုံကြည်တော့မည် မဟုတ်ပေ။ “ဘုရားသခင်ကို သိကျွမ်းခြင်းက အကျိုးရှိသည်။ ဘုရားသခင်ကို သိကျွမ်းပြီးသည့်နောက် ငါသေသွားလျှင် ယင်းမှာ ကောင်းမည်ဖြစ်သည်။ ဘုရားသခင်ကို ငါသိကျွမ်းနိုင်ပြီး ဘုရားသခင်ကို နာခံနိုင်လျှင် ငါသည် အဓိပ္ပာယ်ရှိသော အသက်တာကို အသက်ရှင်နိုင်လိမ့်မည်၊ ထိုသို့ဆိုလျှင် ငါသည် အချည်းနှီး အသက်ရှင်ခဲ့ခြင်း ဖြစ်လိမ့်မည် မဟုတ်သကဲ့သို့ နောင်တတစ်စုံတစ်ရာနှင့် သေဆုံးရမည်လည်း မဟုတ်။ ငါ၌ ညည်းညူစရာများ လုံးဝရှိလိမ့်မည်မဟုတ်” ဟု သူပြောနိုင်လိမ့်မည်။ ဤလူ၏ အသက်တာအပေါ် အမြင်သည် ပြောင်းလဲပြီးဖြစ်သည်။ ထို့ကြောင့် လူတစ်ဦး၏ အသက်စိတ်သဘောထား၌ အပြောင်းအလဲတစ်ရပ်အတွက် အဓိကအကြောင်းရင်းမှာ လူတစ်ဦးသည် သမ္မာတရားစစ်မှန်မှုကို ပိုင်ဆိုင်ကာ သမ္မာတရားကို ရရှိပြီးဖြစ်၍ ဘုရားသခင်အား သိကျွမ်းမှုရှိခြင်း ဖြစ်၏။ ထို့အတွက်ကြောင့် လူတစ်ဦး၏ ဘဝအပေါ် အမြင်သည် ပြောင်းလဲသွားပြီး ထိုသူ၏ စံတန်ဖိုးများသည်လည်း ယခင်နှင့် ကွာခြားသွား၏။ ပုံသဏ္ဌာန်ပြောင်းလဲမှုသည် လူတစ်ဦး၏ စိတ်နှလုံးနှင့် အသက်တာမှ စတင်၏။ ယင်းသည် အပြင်ပန်း ပြောင်းလဲမှုသက်သက် ဧကန်မုချမဟုတ်။ အချို့သော ယုံကြည်သူအသစ်များသည် ဘုရားသခင်ကို စတင်၍ ယုံကြည်လာသည့်နောက် လောကီကမ္ဘာကို ချန်ထားခဲ့ကြသည်။ နောက်ပိုင်းတွင် ဘာသာတရားမရှိသူများနှင့် ကြုံကြိုက်သောအခါ ဤယုံကြည်သူများတွင် ပြောစရာ အနည်းငယ်သာရှိပြီး ဘာသာတရားမရှိသူ ဆွေမျိုးများနှင့် မိတ်ဆွေများကို ဆက်သွယ်ခဲ၏။ မယုံကြည်သူများက “ဤလူ ပြောင်းလဲသွားပြီ” ဟုပြောကြ၏။ ထို့နောက် ဘာသာတရားမရှိသူများက “ငါ့အသက်စိတ်သဘောထားက ပုံသဏ္ဌာန်ပြောင်းလဲသွားလေပြီ၊ ငါပြောင်းလဲသွားပြီဟု ဤဘာသာတရားမရှိသူများက ပြောကြ၏” ဟု တွေးတတ်ကြသည်။ အမှန်အားဖြင့် ထိုသို့သောသူ၏ စိတ်သဘောထားသည် ပြောင်းလဲသွားခဲ့ပြီလော။ မပြောင်းလဲသေးပေ။ သူပေါ်လွင်ထင်ရှားပြသည့်အရာတို့မှာ အပြင်ပန်း အပြောင်းအလဲများမျှသာ ဖြစ်၏။ သူ့အသက်တာတွင် မည်သည့်အပြောင်းအလဲစစ်စစ်မျှ မရှိဘဲ သူ၏ ဆိုးယုတ်သော သဘာဝသည် သူ၏ စိတ်နှလုံးအတွင်း၌ လုံးဝမထိမခိုက် အမြစ်တွယ်နေဆဲ ရှိ၏။ တစ်ခါတစ်ရံတွင် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုကြောင့် လူတို့သည် စိတ်အားထက်သန်မှု၏ ဖမ်းစားထားခြင်းကို ခံကြရ၏၊ အပြင်ပန်းအပြောင်းအလဲအချို့ ပေါ်ပေါက်ကောင်း ပေါ်ပေါက်နိုင်ပြီး သူတို့သည် ကောင်းမှုအနည်းငယ်ကို လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်သည်။ သို့သော် ဤသည်မှာ စိတ်သဘောထား ပုံသဏ္ဌာန်ပြောင်းလဲခြင်းကို စွမ်းဆောင်ရရှိခြင်းနှင့် မတူပေ။ သင်သည် သမ္မာတရားကို မပိုင်ဆိုင်ဘဲ အမှုအရာများအပေါ် သင်၏အမြင်သည် ဘာသာတရားမရှိသူများ၏ အမြင်နှင့်ပင် မကွာခြားတော့သည့် အတိုင်းအတာအထိ မပြောင်းလဲပါက၊ ဘဝအပေါ်ထားသည့် သင်၏ အမြင်များနှင့် စံနှုန်းများသည်လည်း ပြောင်းလဲခြင်း မရှိပါက၊ ထို့ပြင် ယုတ်စွအဆုံး သင်ပိုင်ဆိုင်သင့်သော အရာဖြစ်သည့် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး သင်၌ မရှိပါက သင်သည် စိတ်သဘောထား ပြောင်းလဲမှုကို စွမ်းဆောင်ရရှိမည့်အဖြစ်မှ ဝေးလွန်းလှ၏။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး
ယခင်က သင်နားလည်ခဲ့သည့် သင်၏ စိတ်သဘောထား ပြောင်းလဲမှုဆိုသည်မှာ၊ အပေါ်ယံကြည့်ပြီး ဝေဖန်သုံးသပ်တတ်သည့် သင်သည် ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းအားဖြင့် ရမ်းသန်းစကားပြောခြင်းကို ရပ်တန့်လိုက်ခြင်းသာဖြစ်သည်။ သို့သော် ယင်းသည် ပြောင်းလဲမှု၏ ကဏ္ဍတစ်ခုသာ ဖြစ်၏။ ယခု၊ အရေးအကြီးဆုံးအချက်မှာ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို လိုက်နာခြင်းဖြစ်သည်။ ဘုရားသခင်ပြောသည့် အရာဟူသမျှကို လိုက်နာလော့၊ ပြီးလျှင် သူပြောသည့်အရာဟူသမျှကို ကျိုးနွံနာခံလော့။ လူတို့သည် မိမိတို့ကိုယ်တိုင်၏ စိတ်သဘောထားများကို မပြောင်းလဲနိုင်ကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ဆင်းရဲဒုက္ခနှင့် စစ်ဆေးခြင်း၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ ဆုံးမပဲ့ပြင်ခြင်းနှင့် ပြုပြင်ခြင်းများကို ကြုံရမည်ဖြစ်သည်။ ထို့နောက်မှသာ ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် သစ္စာရှိခြင်းတို့အား ရရှိနိုင်ပြီး၊ သူ့အပေါ် ဝတ်ကျေတမ်းကျေ မဖြစ်နိုင်တော့ပေ။ လူတို့၏ စိတ်သဘောထားများ ပြောင်းလဲသည်မှာ ဘုရား နှုတ်ကပတ်တော်များ၏ စစ်ဆေးခြင်းအောက်တွင် ဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များ၏ ဖော်ထုတ်ခြင်း၊ တရားစီရင်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် ပြုပြင်ခြင်းတို့မှ တစ်ဆင့်သာ ၎င်းတို့သည် မဆင်မခြင် မလုပ်ဆောင်ဝံ့တော့ဘဲ၊ ယင်းအစား တည်ငြိမ်ကာ ချုပ်တည်းလာကြမည်ဖြစ်သည်။ အရေးကြီးဆုံးအချက်မှာ ၎င်းတို့သည် ဘုရားသခင်၏ မျက်မှောက်နှုတ်ကပတ်တော်နှင့် သူ၏အမှုကို နာခံနိုင်ကြပြီး ယင်းသည် လူသား၏ အယူအဆများနှင့် မကိုက်ညီလျှင်ပင်၊ ၎င်းတို့သည် ဤအယူအဆများကို ဘေးဖယ်ထားနိုင်ကြကာ လိုလားစွာ နာခံနိုင်ကြခြင်း ဖြစ်သည်။ အတိတ်တွင်၊ စိတ်သဘောထားထဲက ပြောင်းလဲမှုများကို ပြောဆိုရာတွင်၊ အဓိကအားဖြင့် မိမိကိုယ်ကို ပုန်ကန်နိုင်ခြင်း၊ ဇာတိပကတိကို ဆင်းရဲဒုက္ခခံစားစေခြင်း၊ မိမိ၏ကိုယ်ခန္ဓာကို ပဲ့ပြင်ဆုံးမခြင်းနှင့် ဇာတိ၏လိုလားမှုများကို မိမိထံမှ ဖယ်ရှားနိုင်ခြင်းတို့ကို ရည်ညွှန်းခဲ့ပေသည်။ ယင်းမှာ စိတ်သဘောထား ပြောင်းလဲခြင်း တစ်မျိုးဖြစ်သည်။ ယနေ့တွင်၊ စိတ်သဘောထား ပြောင်းလဲခြင်း၏ စစ်မှန်သည့် ထုတ်ဖော်ခြင်းမှာ ဘုရားသခင်၏ မျက်မှောက် နှုတ်ကပတ်တော်များကို ကျိုးနွံနာခံခြင်းနှင့် သူ၏အသစ်သောအမှုကို အမှန်တကယ် သိရှိခြင်းဖြစ်သည်ကို အယောက်တိုင်း သိကြပေသည်။ ဤနည်းဖြင့်၊ မိမိတို့ကိုယ်တိုင်၏ အယူအဆများဖြင့် ခြယ်သခြင်းခံခဲ့ရသည့် လူတို့၏ ဘုရားသခင်နှင့်သက်ဆိုင်သော ယခင် သိနားလည်မှုသည် ဖျောက်ဖျက်ပစ်ခံရနိုင်ပြီး၊ ၎င်းတို့သည် ဘုရားသခင်နှင့် သက်ဆိုင်သည့် စစ်မှန်သော အသိပညာနှင့် ဘုရားသခင်အား ကျိုးနွံနာခံခြင်းတို့ကို ရရှိနိုင်ကြပေသည်။ ဤအရာသည်သာ စိတ်သဘောထား ပြောင်းလဲခြင်း၏ စစ်မှန်သော ဖော်ပြချက်တစ်ခုဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲပြီးဖြစ်သည့် လူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးသောသူများ ဖြစ်သည်
စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းက ဘာသာဓလေ့များ သို့မဟုတ် စည်းမျဉ်းစည်းကမ်းများ ပြောင်းလဲမှုများတွင် မတည်ရှိသကဲ့သို့ မိမိ၏ အပြင်ပန်း သွင်ပြင် သို့မဟုတ် အပြင်ပန်း အပြုအမူ၊ အကျင့်စရိုက် သို့မဟုတ် စိတ်တို့ ပြောင်းလဲမှုများတွင် သာ၍ မတည်ပေ။ ထိုအရာသည် ထိုင်းသော ပင်ကိုစရိုက်မှ ဉာဏ်သွက်သော ပင်ကိုစရိုက် သို့မဟုတ် အပြန်အလှန် ပြောင်းလဲစေခြင်းအကြောင်း မဟုတ်သကဲ့သို့၊ အနေအေးသူတစ်ဦးကို အနေသွက်သူတစ်ဦးအဖြစ်သို့ သို့မဟုတ် စကားများသူတစ်ဦးကို စကားနည်းသောသူတစ်ဦးအဖြစ်သို့ ပြောင်းလဲစေခြင်းအကြောင်း မဟုတ်ပေ။ ဤသည်မှာ နည်းလမ်းမဟုတ်။ ဤသည်မှာ ဘုရားသခင်၏ သတ်မှတ်ချက်များမှ အလွန် ခြားနားကာ အလွန် အလှမ်းဝေးနေပေသည်။ တစ်စုံတစ်ဦးက ဘုရားသခင်ကို စတင် ယုံကြည်သည့်အခါ၊ သမ္မာတရားကို နားမလည်သောကြောင့်၊ မိမိတို့၏ အယူအဆများနှင့် စိတ်ကူးများအတိုင်း အမှုအရာများကို အမြဲ လုပ်ဆောင်ကြသည်။ ဤအရာက ၎င်းတို့တွင် မှန်သည့်လမ်းကြောင်းမှ လမ်းလွဲခြင်းနှင့် စစ်မှန်သည့် မည်သည့်အရာမျှ မရရှိဘဲ မိမိတို့အချိန်၏ အချို့သော နှစ်ကာလများကို ဖြုန်းတီးမိသည့် အကျိုးဆက်ဖြစ်ပေါ်သည်။ ထိုအချိန်တွင်၊ ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်မှု၌ သမ္မာတရား လိုက်စားသည့် လမ်းကြောင်း လျှောက်သင့်ကြောင်း ၎င်းတို့ မသိကြပေ။ ဤအတွက်ကြောင့် ၎င်းတို့သည် ဘုရားသခင်အပေါ် ယုံကြည်ခြင်း၌ အရေးအကြီးဆုံးက ကယ်တင်ခြင်း ရရှိရန် သမ္မာတရား သိနားလည်ခြင်းနှင့် စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းဖြစ်ကြောင်းနှင့် ဤသည်မှာ အရေးအပါဆုံးသောအရာဖြစ်ကြောင်း ၎င်းတို့ သဘောမပေါက်မီတွင် နှစ်အချို့ကြာ မှားယွင်းသည့်လမ်းချိုးများကို လျှောက်ကြသည်။ ထို့နောက်တွင်မှ ၎င်းတို့သည် ဘုရားသခင် ပြောဆိုသည့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းသည် အပြင်ပန်း အပြုအမူ ပြောင်းလဲခြင်းများကို မရည်ညွှန်းကြောင်းနှင့် ထိုအစား ဘုရားသခင်က လူတို့အား မိမိတို့ကိုယ်ကိုနှင့် မိမိတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော အနှစ်သာရတို့ကို သိနားလည်ရန်၊ လူ၏ သဘာဝ အနှစ်သာရကို သိနားလည်ခြင်းနှင့် စပ်လျဉ်း၍ အားထုတ်ကာ ဖြစ်ကြောင်းရင်းမြစ်ကို ရှာရန်အပြင်၊ ထို့နောက်တွင် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို စွန့်ပယ်ရန်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး၊ ဘုရားသခင်ကို ကျိုးနွံနာခံကာ ကိုးကွယ်နိုင်ရန် တောင်းဆိုသည်။ ဤသည်မှာ မိမိ၏ အသက်စိတ်သဘောထား ပြောင်းလဲခြင်းကို ဆိုလိုသည့်အရာ ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏စိတ်သဘောထားပြောင်းလဲခြင်းအပေါ် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်း
တစ်ဦးတစ်ယောက်၏ စိတ်သဘောထား ပြောင်းလဲခြင်းသည် အပြုအမူ ပြောင်းလဲခြင်းမဟုတ်သကဲ့သို့ ဟန်ဆောင်ထားသည့် အပြင်ပန်း ပြောင်းလဲမှုတစ်ခု သို့မဟုတ် စိတ်အားထက်သန်မှုကြောင့် ဖြစ်လာသည့် တဒင်္ဂ အပြောင်းအလဲတစ်ခုလည်း မဟုတ်ပေ။ ဤအပြောင်းအလဲများ မည်မျှကောင်းသည်ဖြစ်စေ အသက်စိတ်သဘောထားထဲက ပြောင်းလဲမှုများကို အစားမထိုးနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဤအပြင်ပန်း ပြောင်းလဲမှုများကို လူသား အားထုတ်မှုများဖြင့် စွမ်းဆောင်ရရှိနိုင်သော်လည်း အသက်စိတ်သဘောထား ပြောင်းလဲမှုများကို မိမိ၏ အားထုတ်မှုတစ်ခုတည်းဖြင့် မစွမ်းဆောင်မရရှိနိုင်သောကြောင့် ဖြစ်သည်။ ဤအရာကို ရရှိရန် ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်မှုများနှင့် စစ်ဆေးမှုကို တွေ့ကြုံခြင်းအပြင် သန့်ရှင်းသော ဝိညာဉ်တော်၏ စုံလင်စေခြင်းကိုလည်း လိုအပ်သည်။ ဘုရားသခင်ကို ယုံကြည်သောလူတို့သည် အပြုအမူကောင်းအချို့ကို ပြသော်ငြားလည်း ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်ကမျှ ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံခြင်း မရှိကြ၊ ဘုရားသခင်ကို အမှန်တကယ် မချစ်ကြချေ။ သို့မဟုတ် ဘုရားအလိုတော်ကို လိုက်မလျှောက်နိုင်ကြချေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ဤအရာက အသက်စိတ်သဘောထား ပြောင်းလဲမှုကို လိုအပ်သောကြောင့်ဖြစ်ပြီး အပြုအမူ ပြောင်းလဲရုံမျှက လုံးဝ မလုံလောက်သောကြောင့်ဖြစ်သည်။ စိတ်သဘောထား ပြောင်းလဲမှုမှာ သမ္မာတရားကို သင် သိမှတ်ကာ တွေ့ကြုံပြီးဖြစ်ကြောင်းနှင့် သမ္မာတရားက သင်၏ အသက်ဖြစ်လာပြီးဖြစ်ကြောင်း၊ ယင်းက သင်၏ အသက်တာအပြင် သင်နှင့်ပတ်သက်သည့် အရာရာတိုင်းကို လမ်းညွှန်ကာ စိုးမိုးနိုင်ကြောင်း ဆိုလိုပေသည်။ ဤသည်မှာ သင်၏ အသက်စိတ်သဘောထား ပြောင်းလဲမှုတစ်ခု ဖြစ်သည်။ သမ္မာတရားကို အသက်အဖြစ် ပိုင်ဆိုင်သောသူတို့သည်သာလျှင် မိမိတို့ စိတ်သဘောထားများ ပြောင်းလဲပြီးဖြစ်သည့်သူများ ဖြစ်သည်။ အတိတ်တွင် သင်နားလည်လျက်နှင့် လက်တွေ့မလုပ်ဆောင်နိုင်သည့် သမ္မာတရားအချို့ ရှိကောင်းရှိမည်ဖြစ်သော်လည်း ယခုတွင် အတားအဆီးများ မရှိဘဲ၊ သို့မဟုတ် အခက်အခဲမရှိဘဲ သင်နားလည်သည့် သမ္မာတရား၏ မည်သည့်သွင်ပြင်လက္ခဏာကိုမဆို ယခု သင်လက်တွေ့လုပ်ဆောင်နိုင်ပေသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့်အခါ သင်သည် အေးချမ်းမှု၊ ပျော်ရွှင်မှုတို့နှင့် ပြည့်နှက်နေသော်လည်း သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်သည့်အခါတွင်မူ နာကျင်မှုခံစားရပြီး သင်၏ အသိစိတ် နှောင့်ယှက်ခံရသည်။ အရာရာတွင် သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်နိုင်သည်၊ ဘုရားနှုတ်ကပတ်တော်များဖြင့် အသက်ရှင်နိုင်ပြီး အသက်ရှင်ခြင်းအတွက် အခြေခံအုတ်မြစ်ရှိနိုင်သည်။ ဤသည်မှာ သင်၏ အသက်စိတ်သဘောထား ပြောင်းလဲပြီးဖြစ်သည်ဟု ဆိုလိုပေသည်။ ယခုတွင် သင်သည် သင်၏ အယူအဆများနှင့် စိတ်ကူးများ၊ သင်၏ ဇာတိပကတိဆိုင်ရာ နှစ်ခြိုက်မှုများနှင့် လိုက်စားမှုများ၊ ယခင်က သင် လက်မလွှတ်နိုင်သည့်အရာများကို အလွယ်တကူ လက်လွှတ်နိုင်သည်။ ဘုရားနှုတ်ကပတ်တော်များက အမှန်တကယ် ကောင်းမွန်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းက လုပ်ဆောင်ရန် အကောင်းဆုံးသော အရာဖြစ်သည်ဟု သင် ခံစားသည်။ ဤသည်မှာ သင်၏ စိတ်သဘောထား ပြောင်းလဲပြီးဖြစ်သည်ဟု ဆိုလိုသည်။ စိတ်သဘောထား ပြောင်းလဲမှုသည် အလွန်ရိုးရှင်းပုံရသော်လည်း အမှန်တကယ်တွင် အတွေ့အကြုံများစွာ ပါဝင်သည့် ဖြစ်စဉ်တစ်ခု ဖြစ်သည်။ ဤကာလအတောအတွင်းတွင် လူတို့သည် အခက်အခဲများစွာ ခံစားဖို့လိုအပ်သည်၊ မိမိတို့ကိုယ်တိုင်၏ ခန္ဓာများကို ချိုးနှိမ်ပြီး မိမိတို့ ဇာတိပကတိကို ပုန်ကန်ဖို့ လိုအပ်သည်။ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ပြုပြင်ခြင်း၊ စမ်းသပ်ခြင်းနှင့် စစ်ဆေးခြင်းတို့ကိုလည်း ၎င်းတို့ ကြုံဖို့လိုအပ်ပြီး များစွာသော ကျရှုံးမှုများ၊ ပြိုလဲမှုများ၊ အတွင်းပိုင်း ရုန်းကန်မှုများနှင့် မိမိတို့ စိတ်နှလုံးအတွင်းရှိ ညှဉ်းဆဲခြင်းများကိုလည်း တွေ့ကြုံဖို့ လိုအပ်သည်။ ဤအတွေ့အကြုံများနောက်တွင်သာ လူတို့သည် မိမိတို့ကိုယ်ပိုင် သဘာဝအပေါ် သိနားလည်မှုအချို့ ရှိနိုင်၏။ သို့သော်လည်း အချို့ သိနားလည်မှုများသည် ပြည့်စုံသော ပြောင်းလဲမှုကို ချက်ချင်း မဖြစ်စေပေ။ ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို နည်းနည်းချင်းစီဖြင့် နောက်ဆုံးတွင် မဖယ်ရှားနိုင်မီ ရှည်ကြာသော အတွေ့အကြုံကာလကို ဖြတ်သန်းရမည်ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏စိတ်သဘောထား ပြောင်းလဲခြင်းအကြောင်း သိထားသင့်သည့်အရာ
မိမိ၏ စိတ်သဘောထား ပြောင်းလဲအောင် စွမ်းဆောင်ခြင်းသည် ရိုးရှင်းသည့်ကိစ္စ မဟုတ်ပေ။ ယင်းမှာ အပြုအမူတွင် ပြောင်းလဲမှု အနည်းငယ် ရှိခြင်း၊ သမ္မာတရားနှင့် သက်ဆိုင်သည့် အသိပညာအချို့ ရရှိခြင်း၊ သမ္မာတရား၏ ရှုထောင့်တိုင်းနှင့်ပတ်သက်သည့် မိမိ၏ အတွေ့အကြုံအကြောင်းကို အနည်းငယ် ပြောပြနိုင်ခြင်း၊ သို့မဟုတ် ပြောင်းလဲမှုအချို့ကို ရရှိခြင်း၊ သို့မဟုတ် ဆုံးမပဲ့ပြင်ခြင်းခံရပြီးနောက် အနည်းငယ် ကျိုးနွံနာခံတတ်လာခြင်းတို့ကိုသာ မဆိုလိုပေ။ ဤအရာများသည် တစ်ဦးတစ်ယောက်၏ အသက်စိတ်သဘောထား အသွင်ပြောင်းလဲမှုကို မဖြစ်စေပေ။ ဤအရာကို အဘယ်ကြောင့် ငါ ပြောသနည်း။ သင့်အနေဖြင့် အတော်အတန် ပြောင်းလဲကောင်း ပြောင်းလဲနိုင်သော်လည်း သင်သည် သမ္မာတရားကို အမှန်တကယ် လက်တွေ့လုပ်ဆောင်ခြင်း မရှိသေးပေ။ သင်သည် ယာယီ သင့်တော်သည့် ပတ်ဝန်းကျင်တစ်ခုနှင့် အဆင်ပြေသည့် အခြေအနေတစ်ခုတွင် ရှိကောင်း ရှိနေသောကြောင့် သို့မဟုတ် သင်၏ လတ်တလော အခြေအနေများက သင့်ကို မဖြစ်မနေလုပ်စေသောကြောင့် ဤနည်းဖြင့် သင် ပြုမူခြင်း ဖြစ်ကောင်းဖြစ်မည်။ ထို့အပြင် သင်သည် ကောင်းသည့် စိတ်အခြေအနေတွင် ရှိသည့်အခါ၊ သင်၏ အခြေအနေက ပုံမှန်ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် သင်၌ ရှိသည့်အခါ သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်နိုင်ပေသည်။ သို့သော် သင်သည် စမ်းသပ်မှုအလယ်တွင် ရှိသည်ဆိုပါစို့၊ သင်၏ စမ်းသပ်မှုအလယ်တွင် ယောဘကဲ့သို့ ဆင်းရဲဒုက္ခကို သင် ခံစားနေရချိန်၊ သို့မဟုတ် သေခြင်းတရား၏ စမ်းသပ်မှုကို ရင်ဆိုင်ရသည်ဆိုပါစို့။ ဤအရာဖြစ်လာသည့်အခါ သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်နိုင်ဦးမည်လော၊ သက်သေခံချက်တွင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဦးမည်လော။ “ကိုယ်တော့်ကို သိကျွမ်းလာပြီးနောက်တွင် သေရမည်ဆိုလျှင်ပင်၊ ကျွန်ုပ်သည် အဘယ်သို့များ အလွန်ဝမ်းမြောက်စွာနှင့် ပျော်ရွှင်စွာ မသေဘဲ နေနိုင်မည်နည်း” ဟု ပေတရုပြောသည့်အရာကဲ့သို့သော အရာတစ်ခုကို သင် ပြောနိုင်သလော။ မည်သည့်အရာကို ပေတရုက တန်ဖိုးထားသနည်း။ ပေတရုတန်ဖိုးထားခဲ့သည်မှာ ကျိုးနွံနာခံမှုဖြစ်ပြီး ဘုရားသခင်ကို သိကျွမ်းခြင်းမှာ အရေးအကြီးဆုံးသော အရာဖြစ်သည်ဟု သူ မှတ်ယူသည်။ ထို့ကြောင့် သေသည်အထိ သူ ကျိုးနွံနာခံနိုင်ခဲ့လေသည်။ စိတ်သဘောထား ပြောင်းလဲမှုသည် ညတွင်းချင်း ဖြစ်သည် မဟုတ်။ စွမ်းဆောင်ရရှိရန် တစ်သက်တာလုံး အတွေ့အကြုံလိုသည်။ သမ္မာတရားကို သိနားလည်ခြင်းသည် အနည်းငယ်သာ၍ လွယ်ကူသော်လည်း အမျိုးမျိုးသော အခြေအနေများတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်းသည် ခက်ခဲ၏။ အဘယ်ကြောင့် လူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတွင် အမြဲ အခက်ကြုံကြရသနည်း။ အမှန်တွင် ဤအခက်အခဲများအားလုံးသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် တိုက်ရိုက်ဆက်နွှယ်ပြီး ထိုအရာအားလုံးသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှလာသည့် အဟန့်အတားများ ဖြစ်သည်။ ထို့ကြောင့် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း ရှိရန် ဆင်းရဲဒုက္ခများစွာ ခံစားပြီး အဖိုးအခပေးရမည်ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ သင်၌ မရှိပါက သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးဖို့ လိုမည်မဟုတ်ပေ။ ဤသည်မှာ သိသာသည့်အချက်တစ်ခုဖြစ်သည် မဟုတ်လော။ တစ်ခါတစ်ရံတွင် သင်သည် သမ္မာတရားကို လက်တွေ့ကျင့်ဆောင်နေသည့်အလား ထင်ကောင်းထင်ရမည် ဖြစ်သော်လည်း လက်တွေ့တွင် သင်သည် ထိုသို့ လုပ်ဆောင်နေကြောင်း သင့်လုပ်ဆောင်ချက်များ၏ သဘောသဘာဝက ညွှန်ပြခြင်း မရှိပေ။ ဘုရားသခင်နောက် လိုက်လျှောက်ကြရာတွင် များစွာသောလူတို့က မိမိတို့၏ မိသားစုများနှင့် အသက်မွေးအလုပ်ကို စွန့်ပစ်နိုင်ကာ မိမိတို့၏ တာဝန်များကို ထမ်းဆောင်နိုင်ကြသဖြင့် ၎င်းတို့က သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေကြသည်ဟု ယုံကြည်ကြလေသည်။ သို့ရာတွင် သူတို့သည် စစ်မှန်သော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို မည်သည့်အခါမျှ ပေးနိုင်ခြင်း မရှိကြချေ။ ဤနေရာတွင် မည်သည့်အရာ အတိအကျဖြစ်ပျက်နေသနည်း။ ၎င်းတို့ကို လူ့အယူအဆများဖြင့် အကဲဖြတ်ရာတွင် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည့်ပုံပေါက်သည့်တိုင် ၎င်းတို့ လုပ်ဆောင်နေသည့်အရာကို သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအဖြစ် ဘုရားသခင်က အသိအမှတ်မပြုပေ။ သင်လုပ်ဆောင်သည့်အရာများ၏ နောက်ကွယ်တွင် ကိုယ်ရေးကိုယ်တာ ရည်ရွယ်ချက်များရှိပြီး မသန့်မရှင်းဖြစ်ပါက သင်သည် စည်းမျဉ်းများမှ သွေဖည်နိုင်ဖွယ်ရှိပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည်ဟု ပြော၍ မရပေ။ ဤသည်မှာ အပြုအမူတစ်မျိုးသာ ဖြစ်သည်။ အတိအကျဆိုပါက သင်၏ ဤသို့သော အပြုအမူမျိုးသည် ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်းကို ခံရဖို့ သေချာသလောက် ရှိ၏။ ယင်းသည် ဘုရား၏ အသိအမှတ်ပြုခြင်း သို့မဟုတ် အောက်မေ့ခြင်းကို ခံရမည် မဟုတ်ပေ။ ဤအရာကို အနှစ်သာရနှင့် ဇာစ်မြစ်အထိ ဆက်လက်၍ ခွဲစိတ်လေ့လာကြည့်ပါက သင်သည် မကောင်းမှုပြုသည့်သူတစ်ဦးဖြစ်ပြီး သင်၏ ဤအပြင်ပန်း အပြုအမူများသည် ဘုရားသခင်ကို ဆန့်ကျင်ခြင်းနှင့် သဘောညီမျှ၏။ အပြင်ပန်းတွင် သင်သည် တစ်စုံတစ်ရာကို နှောင့်ယှက်ခြင်း သို့မဟုတ် အဖျက်အမှောင့်လုပ်ခြင်း မရှိသည့်အပြင် သမ္မာတရားတစ်ခုတလေကို အမှန်တကယ် ထိခိုက်စေခြင်း မရှိပေ။ ၎င်းသည် ကျိုးကြောင်းဆီလျော်ပြီး သင့်လျော်သည်ဟု ထင်ရသည့်တိုင် အတွင်း၌မူ လူသား၏ ညစ်ညမ်းစေသောအရာများနှင့် ရည်ရွယ်ချက်များရှိကာ ယင်း၏ အနှစ်သာရသည် မကောင်းမှုပြုခြင်းနှင့် ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းဖြစ်သည်။ ထို့ကြောင့် သင်သည် သင်၏ စိတ်သဘောထား ပြောင်းလဲမှု ရှိမရှိနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသုံးပြုခြင်းနှင့် သင့်လုပ်ဆောင်ချက်များ၏ နောက်ကွယ်မှ အကြောင်းရင်းများကို ကြည့်ခြင်းဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ရှိမရှိကို ဆုံးဖြတ်သင့်သည်။ ယင်းမှာ သင်၏ လုပ်ရပ်များက လူ့စိတ်ကူးများ၊ လူ့အတွေးအခေါ်များနှင့် ကိုက်ညီခြင်းရှိမရှိ သို့မဟုတ် ယင်းတို့သည် သင်၏ အကြိုက်နှင့် ကိုက်ခြင်း ရှိမရှိတို့အပေါ် မတည်မှီပေ။ ထိုကဲ့သို့သော အရာများသည် အရေးမကြီးချေ။ အမှန်မှာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သင်ကိုက်ညီမှု ရှိမရှိ၊ သင်၏ လုပ်ဆောင်ချက်များက သမ္မာတရားစစ်မှန်မှုကို ပိုင်ဆိုင်ခြင်း ရှိမရှိနှင့် ၎င်းတို့သည် သူ၏ သတ်မှတ်ချက်များ၊ စံနှုန်းများနှင့် ပြည့်မီခြင်း ရှိမရှိ ဘုရားသခင် ပြောသောအရာအပေါ် မူတည်သည်။ သင့်ကိုယ်သင် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် တိုင်းထွာခြင်းသည်သာ မှန်ကန်တိကျ၏။ စိတ်သဘောထား၌ ပြောင်းလဲခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတို့သည် လူတို့ စိတ်ကူးသကဲ့သို့ မရိုးရှင်းသည့်အပြင် လွယ်လည်း မလွယ်ကူပေ။ ယခု ဤအရာကို သင်တို့ နားလည်ပါသလော။ ဤအရာနှင့်ပတ်သက်၍ အတွေ့အကြုံတစ်ခုတလေ သင်တို့ ရှိပါသလော။ ပြဿနာတစ်ခု၏ အနှစ်သာရနှင့် ပတ်သက်လာသည့်အခါ ယင်းကို သင်တို့ နားလည်ကောင်း နားလည်မည်မဟုတ်။ သင်တို့၏ ဝင်ရောက်မှုသည် လွန်ကဲစွာ အပေါ်ယံဖြစ်လေပြီ။ သင်တို့သည် စောစောထပြီး နောက်ကျမှ အိပ်ရာဝင်လျက် အရုဏ်တက်မှ နေဝင်ဆည်းဆာထိတိုင် တစ်နေ့တာလုံး ပြေးလွှားလှုပ်ရှားကြသော်လည်း အသက်စိတ်သဘောထား အသွင်ပြောင်းလဲမှုကို မစွမ်းဆောင်မရရှိကြသေးသည့်အပြင် စိတ်သဘောထား အသွင်ပြောင်းလဲခြင်းက မည်သည့်အရာ ဖြစ်သည်ကိုလည်း သဘောမပေါက်နိုင်ကြပေ။ ဤအရာက သင်တို့၏ ဝင်ရောက်မှုမှာ ပေါ့တန်လွန်းသည်ဟု ဆိုလိုသည် မဟုတ်လော။ ဘုရားသခင်ကို သင်တို့ မည်မျှကြာ ယုံကြည်လာသည်ဖြစ်စေ စိတ်သဘောထား အသွင်ပြောင်းလဲခြင်း၏ အနှစ်သာရအပြင် ထိုအရာနှင့်ပတ်သက်၍ လုပ်ဆောင်ရမည့် နက်ရှိုင်းသော အရာများကို မသိဘဲ ရှိနေနိုင်သည်။ ယင်းက သင်၏စိတ်သဘောထား ပြောင်းလဲပြီးဖြစ်သည်ဟု ဆိုနိုင်သလော။ ဘုရားသခင်က သင့်ကို အသိအမှတ်ပြုခြင်း ရှိမရှိကို သင်တို့ မည်သို့ သိရှိသနည်း။ အနည်းဆုံးအနေဖြင့် သင် လုပ်ဆောင်သည့် အရာတိုင်းနှင့်စပ်လျဉ်း၍ ထူးထူးခြားခြား တည်ကြည်ခိုင်မာလာသည်ကို သင်ခံစားရလိမ့်မည်ဖြစ်ပြီး သင်၏ တာဝန်များကို ထမ်းဆောင်နေစဉ်တွင်၊ ဘုရားသခင်၏ အိမ်တော်၌ မည်သည့်အလုပ်ကိုမဆို လုပ်ဆောင်နေစဉ်တွင် သို့မဟုတ် သာမန်အချိန်များတွင် သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို လမ်းပြနေပြီး အသိဉာဏ် ပွင့်လင်းနေစေကာ သင့်အထဲတွင် အလုပ်လုပ်နေသည်ကို သင် ခံစားရလိမ့်မည်။ သင်၏ အပြုအမူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် ဒွန်တွဲလျက် အံကိုက်ဖြစ်လိမ့်မည်ဖြစ်ပြီး အတွေ့အကြုံ အတိုင်းအတာတစ်ခု သင် ရရှိပြီးသည်နှင့်တစ်ပြိုင်နက် အတိတ်က သင် ပြုမူခဲ့သည့်ပုံသည် အတော် သင့်တော်သည်ကို သင် ခံစားရလိမ့်မည်။ သို့သော် အချိန်ကာလတစ်ခုကြာ အတွေ့အကြုံ ရရှိပြီးနောက်တွင် အတိတ်က သင် လုပ်ဆောင်ခဲ့သည့် အရာများထဲမှ အချို့သည် မသင့်တော်သကဲ့သို့ ယင်းတို့နှင့် ပတ်သက်၍ သင် စိတ်ကျေနပ်မှုမရှိခဲ့သည်ကို သင် ခံစားရပြီး ထိုအရာများသည် သမ္မာတရားနှင့် ကိုက်ညီခြင်းမရှိဟု ခံစားရပါက ဤအရာက သင် လုပ်ဆောင်ခဲ့သည့် အရာတိုင်းသည် ဘုရားသခင်ကို ခုခံရာတွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ကို သက်သေပြပေသည်။ ယင်းမှာ သင်၏ အစေခံခြင်းသည် ပုန်ကန်မှု၊ ခုခံမှုနှင့် လူသား ပြုမူသည့် နည်းလမ်းများဖြင့် ပြည့်နေပြီး စိတ်သဘောထား ပြောင်းလဲမှုများကို လုံးဝ စွမ်းဆောင်မရရှိနိုင်သည့် အထောက်အထားဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏စိတ်သဘောထား ပြောင်းလဲခြင်းအကြောင်း သိထားသင့်သည့်အရာ
စိတ်သဘောထားများသည် မိမိ၏ သဘာဝမှ ထုတ်ဖော်ပြခြင်းခံရသည့် အရာများဖြစ်ပြီး စိတ်သဘောထားထဲရှိ အပြောင်းအလဲတစ်ခုမှာ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် သန့်စင်စေခြင်း ခံရကာ သမ္မာတရားနှင့် အစားထိုးခံရပြီးဖြစ်ကြောင်းကို ဆိုလိုပေသည်။ ထို့ကြောင့် ထုတ်ဖော်ပြခံရသည့်အရာမှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု မဟုတ်ဘဲ ပုံမှန်လူ့သဘာဝ၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ စာတန်သည် လူကို ဖောက်ပြန်ပျက်စီးစေသည့်နောက်တွင် လူသည် စာတန်၏ ပြယုဂ်တစ်ခုနှင့် ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး သူ့ကို လုံးဝ သစ္စာဖောက်နိုင်စွမ်းရှိသည့် ဆိုးယုတ်သော အရာတစ်မျိုး ဖြစ်လာခဲ့သည်။ ဘုရားသခင်သည် အဘယ်ကြောင့် လူတို့အား မိမိတို့၏ စိတ်သဘောထားများကို ပြောင်းလဲရန် တောင်းဆိုပါသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် လူတို့ကို စုံလင်စေပြီး ရရှိလိုသောကြောင့်၊ နောက်ဆုံးတွင် ပြီးမြောက်သွားသောလူတို့သည် ဘုရားသခင်အား သိခြင်းနှင့်ဆိုင်သော ထပ်မံဖြည့်စွက်သည့် စစ်မှန်မှုများစွာကိုလည်းကောင်း၊ သမ္မာတရား၏ သွင်ပြင်လက္ခဏာအားလုံး၏ စစ်မှန်မှုများကိုလည်းကောင်း ပိုင်ဆိုင်သောကြောင့်ဖြစ်သည်။ ဤကဲ့သို့သော လူများသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် လုံးဝ ကိုက်ညီကြသည်။ အတိတ်ကာလတွင် လူတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိခဲ့ကြပြီး တစ်စုံတစ်ရာကို ၎င်းတို့ လုပ်ဆောင်ခဲ့ချိန်တိုင်းတွင် အမှားတစ်ခု ပြုမိခဲ့ကြသော်လည်း၊ သို့မဟုတ် အတိုက်အခံလုပ်ခြင်းတစ်ခု ပြမိခဲ့ကြသော်လည်း ယခုတွင် လူတို့သည် သမ္မာတရားအချို့ကို သိနားလည်ကြကာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသည့်အရာများစွာကို လုပ်ဆောင်နိုင်ကြသည်။ သို့ရာတွင် ဤသည်မှာ လူတို့က ဘုရားသခင်ကို သစ္စာမဖောက်ကြဟု မဆိုလိုပေ။ လူတို့က ဤအရာကို လုပ်ဆောင်နိုင်ကြဆဲဖြစ်သည်။ ၎င်းတို့၏ သဘာဝမှ ထုတ်ဖော်ပြသည့်အရာ၏ တစ်စိတ်တစ်ပိုင်းကို ပြောင်းလဲ၍ရနိုင်ပြီး ပြောင်းလဲနိုင်သည့် အစိတ်အပိုင်းသည် လူတို့က သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်နိုင်သည့် အပိုင်းဖြစ်သည်။ သို့ရာတွင် သင်သည် ယခုတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ရုံဖြင့် သင်၏ သဘာဝ ပြောင်းလဲပြီးဖြစ်သည်ဟု မဆိုလိုပေ။ ထိုအရာမှာ လူတို့က ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများနှင့် တောင်းဆိုချက်များ အမြဲ ထားရှိတတ်လေ့ရှိကာ ယခုတွင် ကဏ္ဍများစွာ၌ ယင်းတို့ကို မထားရှိကြတော့သည့်ပုံကဲ့သို့ ဖြစ်သည်။ သို့ရာတွင် အချို့သော ကိစ္စရပ်များတွင် ၎င်းတို့သည် အယူအဆများ၊ သို့မဟုတ် တောင်းဆိုချက်များ ရှိနိုင်ကြဆဲဖြစ်ပြီး ဘုရားသခင်ကို သစ္စာဖောက်နိုင်ကြဆဲဖြစ်သည်။ သင်က “ဘုရားသခင် လုပ်ဆောင်သည့် မည်သည့်အရာကိုမဆို ကျွန်ုပ် ကျိုးနွံနာခံနိုင်ပြီး စောဒကတက်ခြင်းနှင့် တောင်းဆိုချက်များ မရှိဘဲ ကိစ္စရပ်များစွာတွင် ကျိုးနွံနာခံနိုင်ပါသည်”ဟု ဆိုကောင်းဆိုမည်။ သို့ရာတွင် သင်သည် အချို့သော ကိစ္စများတွင် ဘုရားသခင်ကို သစ္စာဖောက်နိုင်ဆဲ ဖြစ်သည်။ သင်သည် ဘုရားသခင်ကို တမင်တကာ သစ္စာမဖောက်သော်လည်း သူ၏ ရည်ရွယ်ချက်များကို နားမလည်သည့်အချိန်တွင် သူ၏လိုအင်ဆန္ဒကို သင် ဆန့်ကျင်နိုင်ဆဲ ဖြစ်သည်။ ထို့ကြောင့် ပြောင်းလဲနိုင်သည့် အပိုင်းသည် မည်သည့်အရာကို ဆိုလိုသနည်း။ ထိုအရာမှာ သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်သည့်အခါ ကျိုးနွံနာခံနိုင်ပြီး သမ္မာတရားကို နားလည်သည့်အခါ လက်တွေ့လုပ်ဆောင်နိုင်သည်ဟု ဆိုခြင်းသာ ဖြစ်သည်။ သင်သည် အချို့သော ကိစ္စများတွင် သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကိုဖြစ်စေ နားမလည်ပါက ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ပြနိုင်သည့် ဖြစ်နိုင်ခြေရှိနေဆဲ ဖြစ်သည်။ သင်သည် သမ္မာတရားကို နားလည်သော်လည်း အချို့သောအရာများ၏ ဘောင်ခတ်မှုခံရသောကြောင့် လက်တွေ့လုပ်ဆောင်ခြင်း မရှိပါက ဤသည်မှာ သစ္စာဖောက်ဖျက်ခြင်းဖြစ်ပြီး ဤသည်မှာ သင်၏ အနှစ်သာရရှိ တစ်စုံတစ်ရာဖြစ်သည်။ သင်၏ စိတ်သဘောထား မည်မျှပြောင်းလဲနိုင်သည်ဆိုသည့်အရာအတွက် အကန့်အသတ် မရှိသည်မှာ အမှန်ဖြစ်၏။ သမ္မာတရားများကို သင် ရရှိလေ ဘုရားသခင်အပေါ် သင်၏ သိကျွမ်းခြင်းသည် သာ၍ နက်ရှိုင်းလာလေ ဖြစ်သည်၊ သူ့ကို သင် အတိုက်အခံလုပ်ကာ သစ္စာဖောက်မှု လျော့လေဖြစ်လိမ့်မည်။ မိမိ၏ စိတ်သဘောထားကို ပြောင်းလဲရန် ကြိုးစားခြင်းသည် သမ္မာတရားကို လိုက်စားခြင်းအားဖြင့် အဓိက စွမ်းဆောင်ရရှိပြီး မိမိကိုယ်ပိုင် သဘာဝ အနှစ်သာရကို သိနားလည်ခြင်းကို သမ္မာတရားအား သိနားလည်ခြင်းမှတစ်ဆင့် စွမ်းဆောင်ရရှိပေသည်။ အကြင်သူသည် သမ္မာတရားကို အမှန်တကယ် ရရှိသည့်အခါ ၎င်း၏ ပြဿနာအားလုံး ပြေလည်သွားလိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူတို့သည် ဘုရားသခင်ကို အလွန်မြောက်မြားစွာ တောင်းဆိုကြသည်
မိမိတို့၏ စိတ်သဘောထားများ၌ ပြောင်းလဲခြင်းကို တွေ့ကြုံပြီးသော လူများသည် သမ္မာတရားကို နားလည်ကြပြီး ၎င်းတို့သည် ကိစ္စအားလုံးကို ပိုင်းခြားသိမြင်တတ်ကြသည်၊ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အညီ မည်ကဲ့သို့ လုပ်ဆောင်ရမည်၊ သမ္မာတရား စည်းမျဉ်းများနှင့်အညီ မည်ကဲ့သို့ လုပ်ဆောင်ရမည်ဆိုသည်နှင့် ဘုရားသခင် ကျေနပ်စေရန် မည်ကဲ့သို့ လုပ်ဆောင်ရမည်ဆိုသည်တို့ကို သိကြပြီး ၎င်းတို့ ထုတ်ဖော်ပြသော ဖောက်ပြန်ပျက်စီးခြင်း သဘာဝကို နားလည်ကြသည်။ ၎င်းတို့၏ အတွေးအခေါ်များနှင့် အယူအဆများ ထုတ်ဖော်ခြင်း ခံရသောအခါ ၎င်းတို့သည် သိမြင်နိုင်ပြီး လူ့ဇာတိကို ပုန်ကန်နိုင်စွမ်းရှိကြသည်။ ဤသည်မှာ စိတ်သဘောထား အပြောင်းအလဲတစ်ခု ပေါ်လွင်ထင်ရှားသည့်ပုံပင် ဖြစ်သည်။ စိတ်သဘောထား၌ အပြောင်းအလဲတစ်ခုကို ကြုံရပြီးဖြစ်သည့် လူများနှင့်ပတ်သက်သည့် အဓိကသရုပ်သကန်မှာ ၎င်းတို့သည် သမ္မာတရားကို ရှင်းရှင်းလင်းလင်း နားလည်လာကြပြီး အမှုအရာများကို လုပ်ဆောင်သည့်အခါ ၎င်းတို့သည် သမ္မာတရားကို အတော်အတန် တိကျမှန်ကန်မှုဖြင့် လက်တွေ့လုပ်ဆောင်ကြပြီး ဖောက်ပြန်ပျက်စီးခြင်းကို မကြာခဏ ထုတ်ဖော်မပြကြချေ။ ယေဘုယျအားဖြင့် မိမိတို့၏စိတ်သဘောထားများ ပြောင်းလဲပြီးသော သူများသည် အထူးသဖြင့် ယုတ္တိတန်ပြီး ထိုးထွင်းသိမြင်တတ်သည်ဟု ထင်ရကာ သမ္မာတရားကို ၎င်းတို့ သိနားလည်ခြင်းကြောင့် မိမိကိုယ်ကို မှန်ကန်သည်ဟု မှတ်ယူခြင်း သို့မဟုတ် မာနထောင်လွှားခြင်းတို့ကို များစွာ ထုတ်ဖော်မပြကြချေ။ ၎င်းတို့သည် ၎င်းတို့အထဲတွင် ထုတ်ဖော်ထားသော ဖောက်ပြန်ပျက်စီးမှုများစွာကို ရိပ်မိကာ သိမြင်နိုင်ကြသည်၊ ထို့ကြောင့် ၎င်းတို့သည် မာနထောင်လွှားလာခြင်း မဖြစ်ပေါ်စေကြပေ။ မည်သည့်နေရာကို ၎င်းတို့ ယူသင့်ပြီး ကျိုးကြောင်းဆီလျော်သည့် မည်သည့်အရာများကို ၎င်းတို့ လုပ်ဆောင်သင့်ကြောင်း၊ မည်ကဲ့သို့ တာဝန်သိတတ်ရမည် ဖြစ်ကြောင်း၊ မည်သည့် အရာကို ပြောရမည်နှင့် မပြောရမည်ဖြစ်ကြောင်းကိုသာမက မည်သူ့ကို မည်သည့် အရာကို ပြောရပြီး မည်သည့်အရာကို လုပ်ဆောင်ရမည်နှင့်ပတ်သက်၍ ၎င်းတို့၌ ချင့်ချိန်တတ်သော နားလည်သဘောပေါက်မှု ရှိနိုင်ကြသည်။ ထို့ကြောင့် မိမိတို့စိတ်သဘောထားများ ပြောင်းလဲပြီးဖြစ်သည့် လူများသည် အတော်အတန် ယုတ္တိတန်ကြပြီး ထိုသို့သောလူများသာ လူသားပုံသဏ္ဌာန်ကို အမှန်တကယ် အသက်ရှင်နေထိုင်ကြသည်။ သမ္မာတရားကို ၎င်းတို့ နားလည်ကြသောကြောင့် အမှုအရာများကို သမ္မာတရားနှင့်အညီ ပြောဆိုကာ မြင်နိုင်ကြသည်။ ပြီးလျှင် ၎င်းတို့ လုပ်သမျှအရာအားလုံးတွင် ၎င်းတို့သည် ကိုယ်ကျင့်တရားကောင်းကြသည်။ ၎င်းတို့သည် အခြားသူများ၊ ဖြစ်ရပ်များ၊ အမှုအရာများ၏ လွှမ်းမိုးမှုကို ခံရခြင်း မရှိကြပေ၊ ၎င်းတို့အားလုံးတွင် ၎င်းတို့၏ ကိုယ်ပိုင် အမြင်ရှုထောင့်များ ရှိကြပြီး သမ္မာတရားစည်းမျဉ်းများကို ထိန်းသိမ်းနိုင်ကြသည်။ ၎င်းတို့၏ စိတ်သဘောထားများမှာ အတော်အတန် တည်ငြိမ်ကြသည်၊ ၎င်းတို့သည် အခုတစ်မျိုး တော်ကြာတစ်မျိုး မလုပ်ကြဘဲ ၎င်းတို့၏ အခြေအနေများက မည်သည့်အရာ ဖြစ်ပါစေ ၎င်းတို့သည် ၎င်းတို့၏ တာဝန်များကို ကောင်းမွန်စွာ မည်ကဲ့သို့ လုပ်ဆောင်ရမည်၊ ဘုရားသခင်၏ စိတ်ကျေနပ်ခြင်းအဖို့ မည်ကဲ့သို့ ပြုမူရမည်ကို သိနားလည်ကြသည်။ မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲပြီးသော သူများသည် အခြားသူများက ၎င်းတို့အပေါ် အကောင်းမြင်စေရန် အပြင်ပန်းတွင် မည်သည့်အရာ လုပ်ဆောင်ဖို့ကို အာရုံမပြုပေ၊ ၎င်းတို့သည် ဘုရားသခင်ကို စိတ်ကျေနပ်စေရန် မည်သည့်အရာ လုပ်ဆောင်ရမည်နှင့်ပတ်သက်၍ အတွင်း ရှင်းလင်းမှု ရရှိကြပြီးဖြစ်သည်။ ထို့ကြောင့် အပြင်ပန်းတွင် ၎င်းတို့သည် အလွန် စိတ်အားထက်သန်ပုံ မရနိုင်သော်လည်း သို့မဟုတ် အလွန်အရေးကြီးသော အရာတစ်ခုတလေကို လုပ်ဆောင်ပြီးပုံ မရနိုင်သော်လည်း ၎င်းတို့ လုပ်သောအရာမှန်သမျှမှာ အဓိပ္ပာယ်ရှိသည်၊ တန်ဖိုးရှိပြီး လက်တွေ့ဆန်သောရလဒ်များ ဖြစ်ထွန်းလေသည်။ စိတ်သဘောထား ပြောင်းလဲပြီးသောသူများ၌ သမ္မာတရား စစ်မှန်မှု အမြောက်အမြား ရှိသည်မှာ သေချာပြီး အမှုအရာများအပေါ် ၎င်းတို့၏ ရှုထောင့်အမြင်များနှင့် ၎င်းတို့၏ လုပ်ရပ်များ၏ စည်းမျဉ်းများဖြင့် ဤအရာကို အတည်ပြုနိုင်ပါသည်။ သမ္မာတရားကို မရရှိသေးသူများသည် အသက်စိတ်သဘောထားတွင် မည်သည့် ပြောင်းလဲမှုမျှ လုံးဝ မရရှိကြသေးပေ။ စိတ်သဘောထားရှိ ပြောင်းလဲမှုကို မည်သို့ အတိအကျ စွမ်းဆောင်ရရှိသနည်း။ လူသားများသည် စာတန်၏ နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်သည်၊ ၎င်းတို့အားလုံးသည် ဘုရားသခင်ကို ခုခံကြပြီး၊ ဘုရားကို ခုခံသည့် သဘာဝရှိကြသည်။ ဘုရားကိုခုခံတတ်သည့် သဘာဝရှိပြီး ဘုရားကို ခုခံနိုင်ကြသူတို့အား ဘုရားကို ကျိုးနွံနာခံပြီး ကြောက်ရွံ့နိုင်ကြသူများအဖြစ်သို့ ပြောင်းလဲခြင်းအားဖြင့် လူတို့ကို ဘုရားသခင် ကယ်တင်သည်။ ဤသည်မှာ မိမိ၏ စိတ်သဘောထား ပြောင်းလဲပြီးသူတစ်ဦးဖြစ်ခြင်းက ဆိုလိုသည့်အရာ ဖြစ်သည်။ လူတစ်ဦးသည် မည်မျှ ဖောက်ပြန်ပျက်စီးပါစေ၊ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား မည်မျှရှိသည်ဖြစ်စေ သမ္မာတရားကို လက်ခံနိုင်သရွေ့ ဘုရား၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံနိုင်ပြီး စမ်းသပ်မှုများနှင့် စစ်ဆေးမှုအမျိုးမျိုး လက်ခံနိုင်သရွေ့ ဘုရားသခင်အပေါ် စစ်မှန်သည့် သိနားလည်မှုရှိလိမ့်မည်ဖြစ်ပြီး တစ်ချိန်တည်းတွင် မိမိတို့ကိုယ်ပိုင် သဘာဝ အနှစ်သာရကို ရှင်းရှင်းလင်းလင်း မြင်နိုင်ကြလိမ့်မည်ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အမှန်တကယ် သိကြသည့်အခါ မိမိတို့ကိုယ်တိုင်နှင့် စာတန်ကို မုန်းနိုင်ကြလိမ့်မည်၊ ပြီးလျှင် စာတန်ကို ပုန်ကန်ပြီး ဘုရားသခင်ကို လုံးဝ ကျိုးနွံနာခံရန် လိုလားနေကြလိမ့်မည်။ လူတစ်ဦးသည် ဤစိတ်ပိုင်းဖြတ်မှုရှိသည်နှင့် သမ္မာတရားကို လိုက်စားနိုင်သည်။ လူတို့သည် ဘုရားအပေါ် စစ်မှန်သည့် အသိရှိကြပါက ၎င်းတို့၏ ဆိုးယုတ်သော စိတ်သဘောထား သန့်စင်ခံရပြီး ဘုရားနှုတ်ကပတ်တော်များက ၎င်းတို့အတွင်းတွင် အမြစ်တွယ်ကာ ၎င်းတို့၏ အသက်နှင့် ၎င်းတို့တည်ရှိခြင်း အခြေခံဖြစ်လာပြီးဖြစ်ပါက ဘုရားနှုတ်ကပတ်တော်များဖြင့် အသက်ရှင်ပြီး လုံးဝ ပြောင်းလဲကာ လူသစ်များဖြစ်လာပြီးဖြစ်ပါက ဤအရာကို ၎င်းတို့ အသက်စိတ်သဘောထားထဲက ပြောင်းလဲမှုအဖြစ် ယူဆပေသည်။ စိတ်သဘောထားထဲက ပြောင်းလဲမှုတစ်ခုသည် ရင့်ကျက်ပြီး အတွေ့အကြုံရှိသော လူသားသဘာဝရှိခြင်းဟု မဆိုလိုသကဲ့သို့ လူတို့၏ အပြင်ဘက် စိတ်သဘောထားများက ယခင်ထက် ပိုမိုအောက်ကျို့တတ်သည်ဟု မဆိုလိုပေ။ ၎င်းတို့သည် မာနထောင်လွှား ခဲ့ဖူးကြသော်လည်း ယခုအခါ အကျိုးသင့်အကြောင်းသင့် ဆက်ဆံပြောဆိုနိုင်သည် သို့မဟုတ် ၎င်းတို့သည် မည်သူ့ကိုမျှ နားထောင်ခဲ့ခြင်း မရှိသော်လည်း ယခုအခါ အခြားသူများကို အနည်းငယ် နားထောင်နိုင်သည်ဟု မဆိုလိုပေ၊ ဤအပြင်ပန်း အပြောင်းအလဲများကို စိတ်သဘောထား အပြောင်းအလဲများဟု မဆိုနိုင်ပေ။ စိတ်သဘောထားထဲမှ အသွင်ပြောင်းလဲမှုများတွင် ထိုသို့သော သရုပ်သကန်များ ပါဝင်သည်မှာ အမှန်ပင်ဖြစ်သော်လည်း အရေးအပါဆုံးသော ပါဝင်သည့်အရာမှာ အတွင်းကျကျ ၎င်းတို့၏အသက်တာ ပြောင်းလဲပြီးခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားက ၎င်းတို့ထဲတွင် အမြစ်တွယ်ပြီးဖြစ်ကာ၊ ၎င်းတို့အတွင်းတွင် အုပ်စိုးပြီး ၎င်းတို့အသက် ဖြစ်လာပြီးဖြစ်သောကြောင့် လုံးလုံးလျားလျား ဖြစ်ပေသည်။ အမှုအရာများအပေါ် ၎င်းတို့၏ အမြင်များလည်း ပြောင်းလဲပြီး ဖြစ်သည်။ လောကထဲနှင့် လူသားမျိုးနွယ်နှင့်ပတ်သက်၍ မည်သည့်အရာဖြစ်နေသည်၊ လူသားမျိုးနွယ်ကို စာတန် ဖောက်ပြန်ပျက်စီးစေပုံ၊ ဘုရားသခင်ကို အဆင်းနီသော နဂါးကြီးက ခုခံပုံနှင့် အဆင်းနီသော နဂါးကြီး၏ အနှစ်သာရကို ၎င်းတို့ ရှင်းရှင်းလင်းလင်း ရိပ်စားမိနိုင်သည်။ ၎င်းတို့ စိတ်နှလုံးတွင် အဆင်းနီသော နဂါးကြီးနှင့် စာတန်ကို မုန်းတီးနိုင်ပြီး ဘုရားဘက်သို့ လုံးဝ လှည့်ကာ ဘုရားနောက် လိုက်နိုင်ကြသည်။ ဤသည်မှာ ၎င်းတို့၏ အသက်စိတ်သဘောထား ပြောင်းလဲပြီးဖြစ်ကာ ဘုရား၏ ရယူခြင်းခံရပြီးဖြစ်သည်ဆိုသည့် သဘောဖြစ်သည်။ အသက်စိတ်သဘောထားထဲက ပြောင်းလဲမှုများသည် အခြေခံကျသော ပြောင်းလဲမှုများဖြစ်သော်လည်း အပြုအမူရှိ အပြောင်းအလဲများမှာ အပေါ်ယံ ဖြစ်သည်။ အသက်စိတ်သဘောထားထဲတွင် ပြောင်းလဲမှုများ စွမ်းဆောင်ရရှိပြီးသည့်သူတို့သာ သမ္မာတရားကို ရရှိပြီးသူများဖြစ်ပြီး ၎င်းတို့သည်သာ ဘုရားသခင်၏ ရယူခြင်းခံရပြီး ဖြစ်လေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး
ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ
စိတ်သဘောထားပြောင်းလဲခြင်းဆိုသည်မှာအဓိကအားဖြင့်သဘာဝပြောင်းလဲခြင်းဖြစ်သည်