၂၈။ ကယ်တင်ခြင်းက ညွှန်းဆိုသည့်အရာ
နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ
လူတို့ ယုံကြည်ခြင်း၏ အဆုံးစွန် အဓိပ္ပာယ်မှာ အဘယ်နည်း။ ရိုးရှင်းစွာ ပြောရလျှင် ကယ်တင်ခံရရန်အလို့ငှာဖြစ်သည်။...ရိုးရှင်းသည့် ဝေါဟာရအနေဖြင့် ကယ်တင်ခံရခြင်းဟူသည်မှာ သင် ဆက်လက် အသက်ရှင်နိုင်လိမ့်မည် ဖြစ်ကြောင်း၊ အသက်ရှင်ခြင်းသို့ ပြန်လည်ပို့ဆောင်ခြင်းခံရပြီးဖြစ်ကြောင်း ဆိုလိုပေသည်။ သင်သည် တစ်ချိန်က အပြစ်တွင် အသက်ရှင်နေခဲ့ပြီး သေခြင်းကို ဦးတည်နေခဲ့သည်။ ဘုရားသခင် မြင်သည့်အတိုင်းဆိုလျှင် သင်သည် သေလူတစ်ဦး ဖြစ်ခဲ့သည်။ ဤအရာကို ပြောရခြင်း၏ အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ လူတို့သည် ကယ်တင်ခြင်းမခံရမီ မည်သူ၏အာဏာအောက်တွင် ရှိကြသနည်း။ (စာတန်၏ အာဏာအောက်တွင် ရှိကြသည်။) ပြီးလျှင် လူတို့သည် စာတန်၏ အာဏာအောက်တွင် အသက်ရှင်ရန်အတွက် မည်သည့်အရာအပေါ် အမှီပြုကြသနည်း။ သူတို့သည် အသက်ရှင်ရန်အတွက် သူတို့၏ စာတန်ဆန်သော သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအပေါ် အမှီပြုကြသည်။ သို့ဆိုလျှင် သူတို့၏ ဖြစ်ခြင်းတစ်ခုလုံးဖြစ်သည့် သူတို့၏ ဇာတိပကတိ၊ သူတို့၏ စိတ်ဝိညာဉ်နှင့် သူတို့၏ အတွေးစိတ်ကူးကဲ့သို့သော သူတို့၏ အခြားကဏ္ဍများအားလုံးများသည် အရှင်လော၊ သို့မဟုတ် အသေလော။ ဘုရားသခင်၏ ရှုထောင့်တွင် ၎င်းတို့မှာ အသေဖြစ်ကြသည်။ ၎င်းတို့သည် လမ်းလျှောက်နေသော အလောင်းကောင်များဖြစ်ကြသည်။ အပေါ်ယံတွင် သင်သည် အသက်ရှူနေပုံနှင့် စဉ်းစားနေပုံရသော်လည်း သင် အဆက်မပြတ် တွေးနေသောအရာတိုင်းမှာ မကောင်းမှုအကြောင်းပင် ဖြစ်၏၊ ဘုရားသခင်ကို အာခံသောအရာများနှင့် ဘုရားသခင်ကို ပုန်ကန်သောအရာများဖြစ်ကာ သင်၏အတွေးများအားလုံးသည် ဘုရားသခင် စက်ဆုပ်သော၊ မုန်းတီးပြီးရှုတ်ချသော အရာများအကြောင်း ဖြစ်၏။ ဘုရားသခင်၏အမြင်တွင် ဤအရာအားလုံးသည် ဇာတိပကတိနှင့်မသက်ဆိုင်သည်သာမက စာတန်နှင့် နတ်ဆိုးများနှင့်လည်း လုံးလုံးလျားလျား သက်ဆိုင်၏။ ထို့ကြောင့် ဘုရားသခင်၏ အမြင်တွင် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် လူသားပင် ဟုတ်သလော။ မဟုတ်ပါ၊ သားရဲတိရစ္ဆာန်များ၊ နတ်ဆိုးများနှင့် စာတန်များဖြစ်သည်။ ၎င်းတို့သည် သက်ရှိ စာတန်များဖြစ်သည်။ လူအားလုံးသည် စာတန်၏ သဘာဝနှင့် ၎င်း၏ စိတ်သဘောထားဖြင့် အသက်ရှင်ကြပြီး ဘုရားသခင် မြင်သည့်အတိုင်းဆိုလျှင် ၎င်းတို့သည် အသက်ရှင်ပြီး လူသား ဇာတိပကတိ ဝတ်ဆင်ထားသည့်စာတန်များ၊ လူသား အရေခွံဖြင့် နတ်ဆိုးများ ဖြစ်ကြသည်။ ဘုရားသခင်သည် ထိုသို့သော လူများကို လမ်းလျှောက်နေသည့် အလောင်းကောင်များ၊ လူသေများအဖြစ် သရုပ်ဖော်သည်။ ဘုရားသခင်သည် ယခုတွင် ကယ်တင်ခြင်းအမှုကို ပြုနေသည်၊ ဆိုလိုသည်မှာ သူသည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် ၎င်း၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရအားဖြင့် အသက်ရှင်သည့် လမ်းလျှောက်နေသော အလောင်းကောင်များ၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရဖြစ်သည့် လူသေများကို ယူကာ အသက်ရှင်သော လူများအဖြစ်သို့ ပြောင်းလဲစေလိမ့်မည်ဟု ဆိုလိုသည်။ ယင်းမှာ ကယ်တင်ခံရခြင်း၏ အဓိပ္ပာယ်ဖြစ်၏။ အကြင်သူသည် ကယ်တင်ခံရရန်အလို့ငှာ ဘုရားသခင်ကို ယုံကြည်သည်။ ကယ်တင်ခြင်းခံရရန်ဟူသည်မှာ အဘယ်နည်း။ အကြင်သူသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိသည့်အခါ အသက်ရှင်ခြင်းသို့ ရောက်လာသည့် လူသေ ဖြစ်သည်။ တစ်ချိန်က ၎င်းတို့သည် စာတန်နှင့် သက်ဆိုင်ခဲ့ကြကာ သေဆုံးရန် သတ်မှတ်ခြင်းခံခဲ့ရသော်လည်း ယခုတွင် ဘုရားသခင်နှင့် သက်ဆိုင်သည့် လူများအဖြစ် အသက်ရှင်လာကြပြီဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ပါက သူ့ကို သိရှိနိုင်ပြီး ဘုရားသခင်ကို ယုံကြည်ကာ ဘုရားနောက်သို့လိုက်ကြသည့်အခါ ကိုးကွယ်ခြင်းဖြင့် သူ့ကို ဦးညွှတ်နိုင်ကြလျှင်၊ မိမိတို့ စိတ်နှလုံးများတွင် ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းနှင့် ပုန်ကန်ခြင်းတို့ နောက်ထပ်မရှိသကဲ့သို့ သူ့ကို အတိုက်အခံလုပ်ခြင်း၊ သို့မဟုတ် တိုက်ခိုက်ခြင်း မရှိတော့ဘဲ အမှန်တကယ် ကျိုးနွံနာခံနိုင်လျှင် ဘုရားသခင်၏ အမြင်တွင် ၎င်းတို့သည် စစ်မှန်သော အသက်ရှင်သည့်လူများ ဖြစ်သည်။...တစ်စုံတစ်ဦးအနေဖြင့် နောက်ဆုံးတွင် ကယ်တင်ခံရပြီး အသက်ရှင်သော လူတစ်ဦးဖြစ်လာရန်အတွက် ၎င်းသည် အနည်းဆုံးအနေဖြင့် ဘုရားနှုတ်ကပတ်တော်များကို အလေးဂရုပြုနိုင်ရမည်ဖြစ်ပြီး အသိတရားနှင့် အသိစိတ်ရှိသည့် စကားများကို ပြောနိုင်ရမည်ဖြစ်ကာ ၎င်းအနေဖြင့် စဉ်းစားဉာဏ်ရှိပြီး မြော်မြင်တတ်ရမည်၊ သမ္မာတရားကို နားလည်နိုင်ကာ လက်တွေ့လုပ်ဆောင်နိုင်ရမည်၊ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ကာ ကိုးကွယ်နိုင်ရမည်ဖြစ်သည်။ ယင်းမှာ စစ်မှန်သည့် အသက်ရှင်သော လူတစ်ဦးဖြစ်သည့်အရာ ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ စစ်မှန်စွာနာခံခြင်းဖြင့်သာလျှင် စစ်မှန်သောယုံကြည်ခြင်း ရှိနိုင်သည်
အမှောင်၏လွှမ်းမိုးမှုအောက်တွင် အသက်ရှင်သောသူအားလုံးသည် သေခြင်းတရား အလယ်တွင် အသက်ရှင်သောသူများ၊ စာတန်၏ ပိုင်ဆိုင်ခြင်း ခံရသောသူများ ဖြစ်သည်။ ဘုရားသခင်၏ ကယ်တင်ခြင်း မခံရဘဲ၊ ပြီးလျှင် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမခံရဘဲ၊ လူများသည် သေခြင်းတရား၏စွမ်းအားကို မလွတ်မြောက်နိုင်ကြပေ။ ၎င်းတို့သည် အသက်ရှင်သူများ ဖြစ်မလာနိုင်ပေ။ ဤ “လူသေများ” သည် နိုင်ငံတော်ထဲသို့ ဝင်ရောက်ဖို့ မဆိုထားနှင့်၊ ဘုရားသခင်ကို သက်သေမခံနိုင်သကဲ့သို့၊ ဘုရားသခင်၏ အသုံးပြုခြင်းလည်း မခံနိုင်ပေ။ ဘုရားသခင်သည် လူသေတို့၏ သက်သေခံခြင်းမဟုတ်ဘဲ၊ အသက်ရှင်သူများ၏ သက်သေခံခြင်းကို အလိုရှိပြီး၊ သူ့အတွက် အလုပ်လုပ်ရန် လူသေတို့ကို မဟုတ်ဘဲ၊ အသက်ရှင်သူများကို စေခိုင်းပေသည်။ “လူသေတို့” သည် ဘုရားသခင်ကို ဆန့်ကျင်ကာ ပုန်ကန်သောသူများဖြစ်ကြသည်။ ၎င်းတို့သည် ဝိညာဉ်၌ ထုံထိုင်းသောသူများ ဖြစ်ကြပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားမလည်ကြပေ။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများ ဖြစ်ကြသကဲ့သို့၊ ဘုရားသခင်ကို သစ္စာစောင့်သိခြင်း စိုးစဉ်းမျှ မရှိသောသူများ ဖြစ်ကြကာ၊ ၎င်းတို့သည် စာတန်၏ တန်ခိုးအောက်တွင် အသက်ရှင်သော သူများ ဖြစ်ကြပြီး စာတန်၏အသုံးချခြင်းကို ခံကြရလေသည်။ လူသေများသည် သမ္မာတရားကို ဆန့်ကျင်ရာ၌ ရပ်တည်ခြင်းအားဖြင့်၊ ဘုရားသခင်ကို ဆန့်ကျင်ခြင်းအားဖြင့်၊ ပြီးလျှင် နိမ့်ကျခြင်း၊ စက်ဆုပ်ဖွယ်ဖြစ်ခြင်း၊ မလိုမုန်းထားခြင်း၊ ရိုင်းစိုင်းခြင်း၊ လှည့်ဖြားခြင်းနှင့် မသိမသာ အန္တရာယ်ပေးခြင်းအားဖြင့် မိမိတို့ကိုယ်ကိုယ် ထင်ရှားစေကြသည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ကြလျှင်ပင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသက်ရှင်နေထိုင်နိုင်ခြင်း မရှိကြပေ။ ၎င်းတို့သည် အသက်ရှင်ကြသော်လည်း၊ လမ်းလျှောက်နေသည့် အသက်ရှူနေကြသော အလောင်းကောင်များ ဖြစ်ကြသည်။ လူသေတို့သည် ဘုရားသခင်ကို လုံးဝ ကျိုးနွံနာခံခြင်းငှာ တတ်စွမ်းနိုင်ဖို့မပြောနှင့်၊ ဘုရားသခင်ကို ကျေနပ်စေခြင်းငှာ လုံးဝ မတတ်စွမ်းနိုင်ကြပေ။ ၎င်းတို့သည် သူ့ကို လှည့်ဖြားရုံသာ လှည့်ဖြားနိုင်သည်၊ သူ့ကို ပြစ်မှားစော်ကားနိုင်ပြီး သစ္စာဖောက်နိုင်ကာ၊ ၎င်းတို့အသက်ရှင်သည့်နည်းလမ်းဖြင့် ၎င်းတို့ ပေါက်ဖွား စေသည့်အရာအားလုံးသည် စာတန်၏သဘာဝကို ထုတ်ဖော်ပြလေသည်။ လူတို့သည် အသက်ရှင်သောသတ္တဝါများ ဖြစ်လာရန်နှင့် ဘုရားသခင်ကို သက်သေခံရန်၊ ပြီးလျှင် ဘုရားသခင်၏ လက်ခံခြင်းကို ရရှိရန် ဆန္ဒရှိပါက၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို ၎င်းတို့ လက်ခံရမည်။ သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ဝမ်းမြောက်ဝမ်းသာ ကျိုးနွံနာခံ ရမည်ဖြစ်ပြီး၊ ဘုရားသခင်၏ ပြုပြင်ခြင်းကို ဝမ်းမြောက်ဝမ်းသာ လက်ခံရမည်ဖြစ်သည်။ ထိုအခါမှသာ ၎င်းတို့သည် ဘုရားသခင်တောင်းဆိုသည့် သမ္မာတရားများအားလုံးကို လက်တွေ့လုပ်ဆောင်နိုင်ကြလိမ့်မည်ဖြစ်ပြီး၊ ထိုမှသာ ဘုရားသခင်၏ ကယ်တင်ခြင်းကို ၎င်းတို့ ရရှိမည်ဖြစ်ကာ အသက်ရှင်သောသတ္တဝါများ အမှန်တကယ် ဖြစ်လာကြလိမ့်မည်။ အသက်ရှင်သူများသည် ဘုရားသခင်၏ ကယ်တင်ခြင်း ခံရကြ၏။ ၎င်းတို့သည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို ခံကြရပြီးဖြစ်သည်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ဘုရားသခင်အတွက် ဆက်ကပ်ရန် လိုလားနေကြပြီး မိမိတို့၏ အသက်ကို စွန့်ရန် ပျော်ရွင်ကြကာ၊ ဘုရားသခင်အတွက် မိမိတို့၏အသက်တာတစ်ခုလုံးကို ဝမ်းမြောက်ဝမ်းသာ ဆက်ကပ်မြှုပ်နှံထားကြမည်ဖြစ်သည်။ အသက်ရှင် သူများသည် ဘုရားသခင်ကို သက်သေခံကြသောအခါမှသာလျှင် စာတန်သည် အရှက်ရနိုင်မည်။ အသက်ရှင်သူများကသာ ဘုရားသခင်၏ ဧဝံဂေလိအလုပ်ကို ဖြန့်ဝေနိုင်ကြသည်၊ အသက်ရှင်သူများသာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အညီဖြစ်ကြပြီး အသက်ရှင်သူများသာ စစ်မှန်သောလူများ ဖြစ်ကြပေသည်။ မူလက ဘုရားသခင် ဖန်ဆင်းခဲ့သောလူမှာ အသက်ရှင်ခဲ့သည်၊ သို့သော် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကြောင့် လူသည် သေခြင်းတရား၏ အလယ်တွင် အသက်ရှင်ရပြီး၊ စာတန်၏ စွမ်းအားအောက်တွင် အသက်ရှင်ရသည်၊ ထို့ကြောင့် ဤနည်းဖြင့်၊ လူတို့သည် ဝိညာဉ်ကင်းမဲ့သော လူသေများ ဖြစ်လာကြပြီးဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်သော ရန်သူများ ဖြစ်လာကြပြီးဖြစ်သည်၊ ၎င်းတို့သည် စာတန်၏ တန်ဆာပလာများ ဖြစ်လာကြပြီးဖြစ်ကာ၊ စာတန်၏အကျဉ်းသားများ ဖြစ်လာကြပြီးဖြစ်သည်။ ဘုရားသခင် ဖန်ဆင်းခဲ့သော အသက်ရှင်သည့် လူများအားလုံးသည် လူသေများဖြစ်လာကြပြီး၊ ထို့ကြောင့် ဘုရားသခင်သည် သူ၏ သက်သေခံချက်ကို ဆုံးရှုံးရပြီးဖြစ်ကာ၊ သူဖန်ဆင်းခဲ့ပြီး သူ၏ဇီဝအသက် ရှိထားသည့် တစ်ခုတည်းသော အရာဖြစ်သည့် လူသားမျိုးနွယ်ကို ဆုံးရှုံးရလေပြီဖြစ်သည်။ ဘုရားသခင်သည် သူ၏သက်သေခံချက်ကို ပြန်ရုပ်သိမ်းပြီး၊ သူကိုယ်တိုင်၏ လက်ဖြင့် ဖန်ဆင်းခဲ့သော်လည်း၊ စာတန်၏ ဖမ်းဆီးခြင်းခံရသောသူတို့ကို ပြန်ရုပ်သိမ်းပါက၊ ၎င်းတို့သည် အသက်ရှင်သော သတ္တဝါများဖြစ်လာရန်အလို့ငှာ ဘုရားသခင်သည် ၎င်းတို့ကို ပြန်လည် ထမြောက်စေရမည်ဖြစ်ပြီး၊ သူ၏အလင်းထဲ၌ ၎င်းတို့ အသက်ရှင်ကြဖို့အလို့ငှာ ၎င်းတို့ကို သူပြန်သိမ်းယူရမည် ဖြစ်သည်။ လူသေတို့သည် ဝိညာဉ်မရှိသော သူများဖြစ်ပြီး၊ အလွန့်အလွန် ထုံထိုင်းကြသူများနှင့် ဘုရားသခင်ကို ဆန့်ကျင်ကြသူများ ဖြစ်ကြသည်။ အဓိကအားဖြင့် ၎င်းတို့သည် ဘုရားသခင်ကို မသိသောသူများ ဖြစ်ကြသည်။ ဤလူတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံရန် ရည်ရွယ်ချက် စိုးစဉ်းမျှ မရှိကြချေ။ ၎င်းတို့သည် သူ့ကို ပုန်ကန်ကာ ဆန့်ကျင်ခြင်းသာ ပြုကြပြီး၊ သစ္စာစောင့်သိမှု စိုးစဉ်းမျှ မရှိကြချေ။ အသက်ရှင်သူများသည် ၎င်းတို့၏ဝိညာဉ်များ ပြန်လည်မွေးဖွားခြင်း ခံရသောသူများ၊ ဘုရားသခင်ကို ကျိုးနွံနာခံရန် သိရှိသူများနှင့် ဘုရားသခင်ကို သစ္စာစောင့်သိသူများ ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားနှင့် သက်သေခံချက်ကို ပိုင်ဆိုင်ကြပြီး၊ ဤလူတို့သာ ဘုရားသခင်ကို သူ၏ အိမ်တွင် ကျေနပ်စေလျက်ရှိကြပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် အသက်ရှင်ခြင်းသို့ ရောက်လာပြီးသူတစ်ဦးဖြစ်သလော
ကယ်တင်ခြင်းသည် အဓိကအားဖြင့် မည်သည့်အရာကို ရည်ညွှန်းသနည်း။ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို အဓိက ရည်ညွှန်း၏။ လူတစ်ဦး၏ စိတ်သဘောထား ပြောင်းလဲပြီးသည့်အခါမှသာ စာတန်၏ စွမ်းအားကို ၎င်းတို့ စွန့်ပယ်ကာ ကယ်တင်ခံရနိုင်သည်။ ထို့ကြောင့် ဘုရားသခင်ကို ယုံကြည်သူတို့အတွက် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုသည် အဓိက ကိစ္စတစ်ခုဖြစ်သည်။ လူတစ်ဦး၏ စိတ်သဘောထား ပြောင်းလဲသည့်အခါ လူသား ပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်လိမ့်မည်ဖြစ်ပြီး ကယ်တင်ခြင်းကို အပြည့်အဝ ရရှိလိမ့်မည်။ တစ်စုံတစ်ဦးအနေဖြင့် သိပ်ကြည့်ကောင်းခြင်း၊ ဆုကျေးဇူးရှိခြင်း၊ သို့မဟုတ် ပါရမီမရှိဘဲဖြစ်နေနိုင်သည်၊ ၎င်းတို့အနေဖြင့် နမော်နမဲ့ စကားပြောကာ သိပ်ရှင်းလင်းစွာ မပြောဆိုနိုင်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်၊ သို့မဟုတ် ဝတ်ကောင်းစားလှ ဝတ်ဆင်ရာတွင် တော်ပြီး အပြင်ပန်းအနေဖြင့် အလွန်သာမန်ဖြစ်ပုံ ရကောင်းရနိုင်သော်လည်း ၎င်းတို့ထံ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ မိမိတို့ အလိုဆန္ဒအတိုင်း ပြုမူခြင်းထက် သို့မဟုတ် မိမိတို့ ကိုယ်ကျိုးအတွက် ကြံစည်ခြင်းထက် သမ္မာတရားကို ရှာဖွေနိုင်စွမ်းရှိကာ ဘုရားသခင်က ၎င်းတို့အား တာဝန်တစ်ခု ထမ်းဆောင်ရန် အမိန့်ပေးသည့်အခါ သူ့ကို ကျိုးနွံနာခံနိုင်ကြပြီး ၎င်းတို့ကို သူ ပေးအပ်သည့်အရာကို ပြီးမြောက်နိုင်ကြလေသည်။ ဤလူစားမျိုးကို သင် အဘယ်သို့ တွေးသနည်း။ အပြင်ပန်းအားဖြင့် ၎င်းတို့သည် စွဲဆောင်မှုမရှိသော်လည်း သို့မဟုတ် အသွင်အပြင်တွင် အထင်ကြီးလောက်စရာ မရှိသော်လည်း ၎င်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့ပြီး ကျိုးနွံနာခံသည့် စိတ်နှလုံးရှိကာ ဤတွင် ၎င်းတို့၏ အားသာချက်များ ပေါ်လွင်လေသည်။ လူတို့က ဤအရာကို မြင်သည့်အခါ ၎င်းတို့က “ဤလူတွင် တည်ငြိမ်သည့် စိတ်သဘောထားတစ်ခုရှိပြီး အမှုအရာများ ဖြစ်ပျက်သည့်အခါ အရေးမထားခြင်း မရှိဘဲ သို့မဟုတ် မိုက်မဲသည့်၊ နုံအသည့် တစ်စုံတစ်ရာကို လုပ်ဆောင်ခြင်း မရှိဘဲ ဘုရားသခင် ရှေ့မှောက်တွင် တည်တည်ငြိမ်ငြိမ် ရှာဖွေနိုင်ကြသည်။ ၎င်းတို့၌ လေးနက်ပြီး တာဝန်ယူသော သဘောထားရှိသည်။ ၎င်းတို့သည် တာဝန်သိပြီး မိမိတို့တာဝန်ကို သစ္စာရှိစွာ ဖြည့်ဆည်းရန် မိမိတို့ကိုယ်ကို အပြည့်အဝ ဆက်ကပ်နိုင်ကြသည်။” ဤလူသည် မိမိပြောဆို၊ ပြုမူပုံတွင် ချုပ်ထိန်းသည်၊ ၎င်းတွင် ပုံမှန်ဆင်ခြင်တုံတရား ရှိပြီး ၎င်း အသက်ရှင်နေထိုင်သည့်အရာနှင့် ပြသသည့် စိတ်သဘောထားအရ ၎င်းတွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသည်။ ၎င်းတွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိပါက ၎င်း၏ လုပ်ရပ်များအတွက် စည်းမျဉ်းများ ရှိသလော။ ၎င်းသည် စည်းမျဉ်းများကို မုချရှာဖွေပြီး မှားယွင်းသည့် လုပ်ရပ်များတွင် မဆင်မခြင် ပါဝင်ပတ်သက်ခြင်း မရှိပေ။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် စိတ်သဘောထား ပြောင်းလဲခြင်းကို လိုက်စားခြင်းအားဖြင့် စွမ်းဆောင်ရရှိသည့် အဆုံးစွန် ရလဒ်ဖြစ်သည်။ ၎င်း၏ စကားသည် ချင့်ချင့်ချိန်ချိန်ဖြစ်ပြီး မှန်ကန်တိကျသည်၊ ပေါ့ပေါ့ဆဆ စကားမပြောပေ၊ စိတ်အေးစေရန်အားပေးပြီး ယုံကြည်စိတ်ချရသည့် နည်းလမ်းဖြင့် ပြုမူဆောင်ရွက်ကာ ဘုရားသခင်ကို ကျိုးနွံနာခံခြင်း၊ မကောင်းမှုကို ရှောင်ကြဉ်ခြင်းနှင့်ဆိုင်သည့် စစ်မှန်မှုများကို ပိုင်ဆိုင်လေသည်။ ဤသရုပ်သကန်အားလုံးကို ဤလူ၌ တွေ့ရသည်။ ဤသည်မှာ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးဖြစ်ကာ မိမိ၏ စိတ်သဘောထား ပြောင်းလဲပြီးဖြစ်သည့် လူတစ်ဦး ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး
လူ၏ဇာတိပကတိသည် စာတန်နှင့်သက်ဆိုင်ပြီး၊ ပုန်ကန်လိုသော စိတ်သဘောထားများနှင့် ပြည့်နှက်သည်၊ ယင်းသည် မနှစ်မြို့ဖွယ်ဖြစ်စွာ ညစ်ညမ်းပြီး၊ မသန့်ရှင်းသော အရာတစ်ခုဖြစ်သည်။ လူတို့သည် ဇာတိပကတိ၏ မွေ့လျော်မှုကို အလွန့်အလွန် တပ်မက်ကြပြီး ဇာတိပကတိ၏ သရုပ်သကန်များ အလွန့်အလွန် ရှိလေသည်။ ဤသည်မှာ ဘုရားသခင်သည် လူသား၏ ဇာတိပကတိကို အတိုင်းအတာတစ်ခုထိ စက်ဆုပ်ရွံရှာသည့် အကြောင်းရင်းဖြစ်သည်။ လူတို့သည် စာတန်၏ ညစ်ညမ်းသော၊ ဖောက်ပြန်ပျက်စီးသော အမှုအရာများကို စွန့်ပစ်သောအခါ ဘုရားသခင်၏ ကယ်တင်ခြင်းကို ၎င်းတို့ရရှိကြလေသည်။ သို့သော်လည်း ၎င်းတို့သည် ညစ်ညမ်းမှုနှင့် ဖောက်ပြန်ပျက်စီးခြင်းတို့ကို မထုတ်ပစ် သေးပါက၊ ၎င်းတို့သည် စာတန်၏ တန်ခိုးအောက်၌ အသက်ရှင် နေကြဆဲဖြစ်သည်။ လူတို့၏ သူတစ်ပါးကို ဒုက္ခပေးခြင်း၊ လှည့်ဖြားခြင်းနှင့် ကောက်ကျစ်ခြင်းအားလုံးသည် စာတန်နှင့်ဆိုင်သည့် အရာများဖြစ်သည်။ သင့်အား ဘုရားသခင်ကယ်တင်ခြင်းသည် သင့်ကို စာတန်၏ ဤအရာများမှ ကယ်ထုတ်ရန်ဖြစ်သည်။ ဘုရားသခင်၏ အမှုသည် မမှားနိုင်ပေ။ ယင်းသည် လူတို့ကို အမှောင်မှ ကယ်တင်ဖို့ရန်သာ လုပ်ဆောင်ပေသည်။ သင်သည် အတိုင်းအတာတစ်ခုအထိ ယုံကြည်ပြီး ဖြစ်ကာ၊ မိမိကိုယ်ကိုယ် ဇာတိပကတိ၏ ဖောက်ပြန်ပျက်စီးခြင်းမှ ထုတ်ပစ်နိုင်ပြီး၊ ဤဖောက်ပြန်ပျက်စီးခြင်း၏ ဘောင်ခတ်ခြင်း မခံရတော့သောအခါတွင်၊ သင်သည် ကယ်တင်ခံရပြီး ဖြစ်လိမ့်မည် မဟုတ်လော။ သင်သည် စာတန်၏ တန်ခိုးအောက်၌ အသက်ရှင်သောအခါ သင်သည် ဘုရားသခင်ကို ထင်ရှားစေခြင်းငှာ မတတ်စွမ်းနိုင်ပေ၊ သင်သည် ညစ်ညမ်းသော အရာတစ်ခုဖြစ်ပြီး ဘုရားသခင်၏ အမွေဥစ္စာကို မရရှိနိုင်ပေ။ သင်သည် သန့်စင်ခံရပြီး စုံလင်စေခြင်း ခံရသည်နှင့်တစ်ပြိုင်နက်၊ သင်သည် သန့်ရှင်းလိမ့်မည်၊ ပုံမှန်လူတစ်ဦး ဖြစ်လိမ့်မည် ဖြစ်ပြီး၊ သင်သည် ဘုရားသခင်၏ ကောင်းချီးပေးခြင်း ခံရမည်ဖြစ်ကာ ဘုရားသခင်အဖို့ နှစ်သက်ဖွယ်ဖြစ်လိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၂)
ကယ်တင်ခံရခြင်းသည် မည်သည့်အရာကို ဆိုလိုသည်ကို လူများစွာတို့က ရှင်းရှင်းလင်းလင်း မသိကြပေ။ ဘုရားသခင်ကို အချိန်ကြာမြင့်စွာ ယုံကြည်ပါက ၎င်းတို့ကယ်တင်ခြင်းခံရဖို့ အလားအလာရှိသည်ဟု လူအချို့က ယုံကြည်ကြသည်။ လူအချို့ကမူ ဝိညာဉ်ရေးရာ အယူဝါဒများစွာကို ၎င်းတို့ နားလည်ပါက ၎င်းတို့ကယ်တင်ခြင်းခံရဖို့ အလားအလာ ရှိသည်ဟု ယုံကြည်ကြသည်၊ သို့မဟုတ် အချို့က ခေါင်းဆောင်များနှင့် အမှုဆောင်များသည် သေချာပေါက် ကယ်တင်ခြင်းခံရမည်ဟု တွေးထင်ကြသည်။ ဤအရာ အားလုံးသည် လူသား၏ အယူအဆများနှင့် စိတ်ကူးတို့ ဖြစ်ကြသည်။ အဓိကဖြစ်သောအရာမှာ ကယ်တင်ခြင်းသည် အဘယ်အရာကို ဆိုလိုကြောင်း လူများနားလည်ရမည် ဖြစ်သည်။ ကယ်တင်ခံရခြင်းဟူသည်မှာ အဓိကအားဖြင့် အပြစ်မှ လွတ်မြောက်ဖို့နှင့် စာတန်၏စွမ်းအားမှ လွတ်မြောက်ခြင်း၊ ပြီးလျှင် ဘုရားသခင်ထံသို့ စစ်မှန်စွာ ပြန်လှည့်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံခြင်းတို့ကို ဆိုလိုသည်။ အပြစ်နှင့် စာတန်၏ စွမ်းအားတို့မှ လွတ်မြောက်ဖို့ သင်သည် အဘယ်အရာကို ပိုင်ဆိုင်ရမည်နည်း။ သမ္မာတရား ဖြစ်သည်။ လူများသည် သမ္မာတရားကို ရရှိဖို့ မျှော်လင့်ပါက ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များစွာဖြင့် ပြင်ဆင်ရမည်၊ ၎င်းတို့သည် သမ္မာတရားကို နားလည်နိုင်ပြီး လက်တွေ့ကျမှုကို ဝင်ရောက်နိုင်ဖို့အလို့ငှာ ထိုနှုတ်ကပတ်တော်များကို တွေ့ကြုံပြီး လက်တွေ့လုပ်ဆောင်နိုင်ရမည်။ သို့မှသာလျှင် ၎င်းတို့ ကယ်တင်ခြင်း ခံရနိုင်သည်။ လူတစ်ဦးက ကယ်တင်ခံရနိုင်ခြင်း ရှိမရှိသည် ဘုရားသခင်ကို ၎င်းမည်မျှ ကြာအောင်ယုံကြည်ခဲ့သည်၊ မည်မျှ အသိပညာရှိသည်၊ ၎င်းသည် ဆုကျေးဇူးများ၊ သို့မဟုတ် ကျွမ်းကျင်မှုများ ပိုင်ဆိုင်ခြင်း ရှိမရှိ၊ သို့မဟုတ် ၎င်းတို့ မည်မျှဒုက္ခခံသည်တို့နှင့် မသက်ဆိုင်ပေ။ ကယ်တင်ခြင်းနှင့် တိုက်ရိုက် ဆက်နွှယ်မှုရှိသည့် တစ်ခုတည်းသော အရာမှာ လူတစ်ဦးအနေဖြင့် သမ္မာတရားကို ရနိုင်ခြင်း ရှိမရှိ ဖြစ်ပေသည်။ ထို့ကြောင့် ယခုအခါတွင် သင်သည် သမ္မာတရားမည်မျှကို စစ်မှန်စွာ နားလည်ပြီးဖြစ်သနည်း။ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော် မည်မျှက သင်၏အသက် ဖြစ်လာပြီး ဖြစ်သနည်း။ ဘုရားသခင်၏ တောင်းဆိုချက်များ အားလုံးထဲမှ သင်သည် မည်သည့်အရာကို ဝင်ရောက်မှု ရရှိပြီးဖြစ်သနည်း။ သင်၏ ဘုရားသခင်ကို ယုံကြည်သည့် နှစ်များအတောအတွင်းတွင် ဘုရားနှုတ်ကပတ်တော်၏ လက်တွေ့ကျမှုထဲသို့ သင် မည်မျှ ဝင်ရောက်ပြီးပြီနည်း။ သင်မသိပါက၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့ကျမှု တစ်ခုတလေထဲ ဝင်ရောက်ခြင်းကို သင် စွမ်းဆောင် ရရှိပြီးခြင်း မရှိသေးပါက ရှင်းရှင်းပြောရလျှင် သင်သည် ကယ်တင်ခြင်း မျှော်လင့်ချက် မရှိပေ။ သင်သည် ကယ်တင်ခြင်းခံရဖို့ မဖြစ်နိုင်ပေ။ သင်သည် မြင့်မားသော အသိပညာအတိုင်းအတာကို ပိုင်ဆိုင်သည်ဖြစ်စေ၊ သို့မဟုတ် ဘုရားသခင်ကို အချိန်ကြာမြင့်စွာ ယုံကြည်ပြီးဖြစ်စေ၊ ကောင်းမွန်သော အသွင်အပြင် ရှိသည်ဖြစ်စေ၊ စကားပြောကောင်းပြီး နှစ်အတော်ကြာအောင် ခေါင်းဆောင်တစ်ဦး၊ သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်ပြီးသည်ဖြစ်စေ အရေးမကြီးပေ။ သမ္မာတရားကို မလိုက်စားသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များကို ကောင်းမွန်စွာ လက်တွေ့လုပ်ဆောင်ခြင်း၊ သို့မဟုတ် တွေ့ကြုံခြင်း မရှိသကဲ့သို့ စစ်မှန်သည့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် သင်၌ မရှိပါက သင့်အတွက် ကယ်တင်ခံရဖို့ မျှော်လင့်ချက် မရှိပေ။ သင် မည်သည့်ပုံစံရှိသည်၊ သိပ္ပံပညာဆိုင်ရာ အသိပညာ သင် မည်မျှရှိသည်၊ သင် မည်မျှ ဆင်းရဲဒုက္ခခံရပြီးဖြစ်သည်၊ သို့မဟုတ် သင် မည်မျှ ကြီးမားသည့် အဖိုးအခ ပေးပြီးဖြစ်သည်ဆိုသည်တို့ကို ငါ ဂရုမစိုက်ပေ။ ဤအရာကို သင့်အား ငါ ပြောမည်။ သမ္မာတရားကို သင် လက်မခံသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့ကျမှုထဲသို့ လုံးဝ မဝင်ရောက်ပါက သင် ကယ်တင်မခံရနိုင်ပေ။ ဤသည်မှာ သေချာ၏။ ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့ကျမှုထဲသို့ သင် မည်မျှ ဝင်ရောက်ပြီးဖြစ်သည်ကို ငါ့အား သင် ပြောပါက ကယ်တင်ခြင်းပတ်သက်၍ သင် မျှော်လင့်ချက် မည်မျှရှိသည်ကို သင့်အား ငါ ပြောမည်။ ဤအရာကို အကဲဖြတ်ခြင်းအတွက် စံသတ်မှတ်ချက်များကို ယခု သင့်အား ငါ ပြောပြီးသည်ဖြစ်၍ ထိုအရာကို သင့်ဘာသာ အကဲဖြတ်နိုင်အပ်သည်။ ဤစကားများက သင့်ကို မည်သည့်အဖြစ်မှန်များ ပြောပြသနည်း။ ဘုရားသခင်သည် ကမ္ဘာလောကကို ဖန်ဆင်းရန် နှုတ်ကပတ်တော်များ အသုံးပြုခဲ့သည်။ အဖြစ်မှန်မျိုးစုံကို ပြီးမြောက်စေရန်၊ ဘုရားသခင် လုပ်ဆောင်ပြီးစီးရန် ဆန္ဒရှိသည့် အဖြစ်မှန်များအားလုံးကို ပြီးမြောက်ရန် နှုတ်ကပတ်တော်များကို သူ အသုံးပြုပြီး သူ၏ အမှုတော် အဆင့်နှစ်ဆင့်ကို ဆောင်ရွက်ရန် နှုတ်ကပတ်တော်များကို သူ အသုံးပြုသည်။ ယနေ့တွင် ဘုရားသခင်သည် သူ့အမှုတော်၏ တတိယအဆင့်ကို လုပ်ဆောင်နေပြီး အမှု၏ဤအဆင့်တွင် အခြားအဆင့်တစ်ခုတလေထက် ပို၍များသော နှုတ်ကပတ်တော်များကို ဘုရားသခင် ပြောဆိုပြီးဖြစ်သည်။ ဤသည်မှာ လူသားမျိုးနွယ် သမိုင်းတစ်လျှောက်လုံး သူ၏ အမှုတော်တွင် နှုတ်ကပတ်တော်အများဆုံးပြောသည့်အချိန် ဖြစ်သည်။ ကမ္ဘာလောကကို ဖန်ဆင်းရန်၊ အဖြစ်မှန်များအားလုံးကို ပြီးမြောက်ရန်၊ ဘာမျှမရှိခြင်းမှသည် တည်ရှိခြင်းအဖြစ်သို့၊ ပြီးလျှင် တည်ရှိခြင်းမှသည် ဘာမျှမရှိခြင်းအဖြစ်သို့ အဖြစ်မှန်များကို ဆောင်ကြဉ်းရန် နှုတ်ကပတ်တော်များကို ဘုရားသခင် အသုံးပြုနိုင်ခြင်းမှာ ဘုရားနှုတ်ကပတ်တော်များ၏ ဩဇာအာဏာ ဖြစ်ပြီး နောက်ဆုံးတွင် လူသားမျိုးနွယ်၏ ကယ်တင်ခြင်း အဖြစ်မှန်ကို ပြီးမြောက်ရန်လည်း နှုတ်ကပတ်တော်များကို သူ အသုံးပြုမည် ဖြစ်သည်။ ယနေ့တွင် ဤအဖြစ်မှန်များကို သင်တို့အားလုံး မြင်နိုင်သည်။ နောက်ဆုံးသော ကာလတွင် ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်နှင့် မဆက်စပ်သည့် မည်သည့် အမှုကိုမျှ မလုပ်ဆောင်လေပြီ၊ သူသည် တစ်လျှောက်လုံး စကားပြောပြီးဖြစ်သည်၊ ယနေ့ထက်တိုင် လူကို လမ်းပြရန် နှုတ်ကပတ်တော်များကို တောက်လျှောက် အသုံးပြုပြီးဖြစ်သည်။ စကားပြောနေစဉ်တွင် ဘုရားသခင်သည် သူ့နောက်လိုက်သူများနှင့် သူ၏ ဆက်ဆံရေးကို ထိန်းသိမ်းရန်လည်း နှုတ်ကပတ်တော်များကို အသုံးပြုပြီး ဖြစ်သည်ကလည်းကောင်း၊ ၎င်းတို့ကို လမ်းပြရန် နှုတ်ကပတ်တော်များကို အသုံးပြုပြီးဖြစ်ကာ ဤနှုတ်ကပတ်တော်များသည် ကယ်တင်ခံရရန် ဆန္ဒရှိသူတို့အတွက်၊ သို့မဟုတ် ဘုရားသခင်က ကယ်တင်ရန် ဆန္ဒရှိသူတို့အတွက် အဆုံးစွန် အရေးကြီးသည်ကလည်းကောင်း အမှန်ဖြစ်၏။ ဘုရားသခင်သည် လူသားမျိုးနွယ်၏ ကယ်တင်ခြင်း အဖြစ်မှန်ကို ပြီးမြောက်ရန် ဤနှုတ်ကပတ်တော်များကို အသုံးပြုလိမ့်မည်။ သိသိသာသာပင် ထိုနှုတ်ကပတ်တော်များ၏ ပါဝင်သည့် အကြောင်းအရာ သို့မဟုတ် အရေအတွက်အရ ရှုမြင်သည်ဖြစ်စေ၊ ထိုနှုတ်ကပတ်တော်များက မည်သည့်စကားမျိုး ဖြစ်သည်ဖြစ်စေ၊ ယင်းတို့သည် ဘုရားနှုတ်ကပတ်တော်များ၏ မည်သည့် အစိတ်အပိုင်း ဖြစ်သည်ဖြစ်စေ ထိုစကားများသည် ကယ်တင်ခံရရန် ဆန္ဒရှိသူ တစ်ဦးစီအတွက် အဆုံးစွန် အရေးကြီးပေသည်။ ဘုရားသခင်သည် သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်၏ နောက်ဆုံး အကျိုးတရားကို စွမ်းဆောင်ရရှိရန် ဤစကားများကို အသုံးပြုနေသည်။ လူသားမျိုးနွယ်အဖို့၊ ယနေ့ခေတ် လူသားမျိုးနွယ်ဖြစ်စေ၊ အနာဂတ် လူသားမျိုးနွယ်ဖြစ်စေ ထိုစကားများသည် အဆုံးစွန် အရေးကြီးမှု ပါရှိ၏။ ယင်းမှာ ဘုရားသခင်၏ သဘောထားဖြစ်သည်။ သူ့နှုတ်ကပတ်တော်များ၏ ရည်မှန်းချက်နှင့် အရေးပါမှု ဖြစ်သည်။ ထို့ကြောင့် လူသားမျိုးနွယ်သည် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ လူသားမျိုးနွယ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်တွင် ပူးပေါင်းဆောင်ရွက်သင့်သည်။ ထိုအရာများကို လျစ်လျူမရှုသင့်ပေ။ သို့ရာတွင် ယင်းမှာ ဘုရားသခင်၌ လူအချို့တို့၏ ယုံကြည်ခြင်း နည်းလမ်းမဟုတ်ပေ။ ဘုရားသခင် မည်သည့်အရာ ပြောဆိုသည်ဖြစ်စေ၊ ဘုရားနှုတ်ကပတ်တော်များက ၎င်းတို့နှင့် မည်သည့် ပတ်သက်မှုမျှ မရှိသည့်အလား ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ အလိုရှိသည့်အရာကို လိုက်စားကြဆဲ၊ မိမိတို့ အလိုရှိသည့်အရာကို လုပ်ဆောင်ကြဆဲဖြစ်ပြီး ဘုရားနှုတ်ကပတ်တော်များပေါ် အခြေခံ၍ သမ္မာတရားကို မရှာဖွေကြချေ။ ဤသည်မှာ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခြင်း မဟုတ်ပေ။ ဘုရားသခင် မည်သည့်အရာ ပြောသည်ဖြစ်စေ အာရုံမစိုက်သူများ၊ မိမိတို့ စိတ်နှလုံးများတွင် ခံယူချက်တစ်ခုသာ ရှိသည့် အခြားသူများ ရှိ၏။ “ဘုရားသခင် မည်သည့်အရာ စေခိုင်းသည်ဖြစ်စေ ကျွန်ုပ် လုပ်ဆောင်မည်။ ဘုရားသခင်က အနောက်အရပ်သို့ သွားရန် ကျွန်ုပ်ကို ပြောလျှင် အနောက်အရပ်သို့ ကျွန်ုပ် သွားမည်။ အရှေ့အရပ်သို့ သွားရန် သူ ပြောလျှင်၊ အရှေ့အရပ်သို့ ကျွန်ုပ် သွားမည်။ ကျွန်ုပ်ကို သူ သေခိုင်းလျှင် ကျွန်ုပ် သေသည်ကို သူ့အား မြင်ခွင့်ပေးမည်”ဟူ၍ ဖြစ်သည်။ သို့ရာတွင် အချက်တစ်ချက်သာ ရှိ၏။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို မသိမှတ်ကြပေ။ ၎င်းတို့က “ဘုရားနှုတ်ကပတ်တော် အလွန်များသည်။ ထိုနှုတ်ကပတ်တော်များသည် အနည်းငယ် ပို၍ ရိုးစင်းသင့်ပြီး ငါ့ကို ဘာလုပ်ရမည်ဆိုသည်ကို အတိအကျ ပြောသင့်သည်။ ငါ့ စိတ်နှလုံးတွင် ဘုရားသခင်ကို ငါ ကျိုးနွံနာခံနိုင်ပါသည်”ဟု မိမိတို့ဘာသာ တွေးကြ၏။ နှုတ်ကပတ်တော် မည်မျှ ဘုရားသခင် ပြောဆိုသည်ဖြစ်စေ၊ ထိုသို့သော လူများသည် နောက်ဆုံးတွင် သမ္မာတရားကို နားလည်နိုင်စွမ်းမရှိဘဲ ရှိမြဲ ရှိနေသကဲ့သို့ မိမိတို့၏ အတွေ့အကြုံနှင့် သိမြင်မှုတို့ကို မပြောပြနိုင်မြဲ ရှိကြသည်။ ၎င်းတို့သည် ဝိညာဉ်ရေးရာ နားလည်ခြင်း မရှိသည့် သာမန်လူတစ်ဦးကဲ့သို့ ဖြစ်ကြသည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ ချစ်ခင်ရသူများဖြစ်သည်ဟု သင်တို့ ထင်ကြသလော။ ထိုသို့သော လူများအပေါ် သနားကရုဏာရှိဖို့ ဘုရားသခင် ဆန္ဒရှိသလော။ (မရှိပါ။) ဧကန်မုချ မရှိပေ။ ထိုသို့သော လူများကို ဘုရားသခင် မနှစ်သက်ပေ။ ဘုရားသခင်က “မရေမတွက်နိုင်အောင်များသော နှုတ်ကပတ်တော်များကို ထောင်နှင့်ချီ၍ ငါ ပြောဆိုပြီး ဖြစ်သည်။ မျက်ကန်းဖြစ်သည့် သို့မဟုတ် နားမကြားသည့် တစ်စုံတစ်ဦးကဲ့သို့ သင်သည် ထိုနှုတ်ကပတ်တော်များကို မမြင်ဖူး သို့မဟုတ် မကြားဖူးသည်မှာ အဘယ်သို့ဖြစ်သနည်း။ သင်၏ စိတ်နှလုံးတွင် မည်သည့်အရာအတိအကျကို သင် စဉ်းစားနေသနည်း။ သင်သည် ကောင်းချီးများနှင့် လှပကောင်းမွန်သည့် ခရီးပန်းတိုင်နောက်လိုက်ခြင်းကို စွဲလမ်းသည့် သူတစ်ဦးထက် ဘာမျှမပိုသည်ကို ငါ မြင်သည်။ သင်သည် ပေါလုကဲ့သို့ အလားတူ ရည်မှန်းချက်ပန်းတိုင်များနောက် လိုက်နေသည်။ ငါ၏ စကားများကို သင် နားမထောင်လိုပါက၊ ငါ၏ လမ်းခရီးကို သင် လိုက်လျှောက်ရန် ဆန္ဒမရှိပါက ဘုရားသခင်ကို အဘယ်ကြောင့် သင် ယုံကြည်သနည်း။ သင်သည် ကယ်တင်ခြင်းနောက် လိုက်နေခြင်း မရှိ၊ လှပကောင်းမွန်သည့် ခရီးပန်းတိုင်နှင့် ကောင်းချီးများအတွက် စိတ်ဆန္ဒနောက် သင် လိုက်နေသည်။ ဤသည်မှာ သင် ကြံစည်နေသည့်အရာ ဖြစ်သည့်အတွက် သင့်အတွက် အသင့်တော်ဆုံးသောအရာမှာ အလုပ်လုပ်ပေးသူတစ်ဦး ဖြစ်ခြင်းဖြစ်သည်”ဟု ပြောသည်။ အမှန်တွင် သစ္စာစောင့်သိသည့် အလုပ်လုပ်ပေးသူတစ်ဦး ဖြစ်ခြင်းသည်လည်း ဘုရားသခင်ကို နာခံခြင်း သရုပ်သကန်တစ်ခု ဖြစ်သော်လည်း ဤသည်မှာ အနိမ့်ဆုံး စံနှုန်းဖြစ်သည်။ သစ္စာစောင့်သိသည့် အလုပ်လုပ်ပေးသူတစ်ဦးအဖြစ် ရှိနေခြင်းသည် ဘာသာတရားမရှိသူတစ်ဦးကဲ့သို့ ထာဝရပြစ်ဒဏ်နှင့် ပျက်စီးခြင်းထဲသို့ ကျဆင်းခြင်းထက် များစွာ သာ၍ ကောင်းသည်။ အထူးသဖြင့် ဘုရားအိမ်တော်သည် အလုပ်လုပ်ပေးသူများကို လိုအပ်ပြီး ဘုရားသခင်အတွက် အလုပ်လုပ်ပေးနိုင်ခြင်းကိုလည်း ကောင်းချီးတစ်ခုအဖြစ် မှတ်ယူသည်။ ဤသည်မှာ နတ်ဆိုးမင်းများ၏ လက်ပါးစေများဖြစ်ခြင်းထက် များစွာ သာ၍ ကောင်းသည်၊ နှိုင်းမရအောင် သာ၍ ကောင်း၏။ သို့ရာတွင် ဘုရားသခင်ကို အလုပ်လုပ်ပေးခြင်းသည် ဘုရားသခင်အတွက် အပြည့်အဝ စိတ်ကျေနပ်ဖွယ်ရာ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော်သည် လူများကို ကယ်တင်၊ သန့်စင်စေပြီး စုံလင်စေရန်အလို့ငှာ ဖြစ်သောကြောင့် ဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို အလုပ်လုပ်ပေးခြင်းမျှဖြင့် ကျေနပ်ရောင့်ရဲကြပါက ဤသည်မှာ ဘုရားသခင်က လူတို့တွင် အမှုပြုခြင်းအားဖြင့် စွမ်းဆောင်ရရှိရန် ဆန္ဒရှိသည့် ရည်မှန်းချက် မဟုတ်သကဲ့သို့ ဘုရားသခင် မြင်ရန် ဆန္ဒရှိသည့် အကျိုးတရားလည်း မဟုတ်ပေ။ သို့ရာတွင် လူတို့သည် လိုအင်ဆန္ဒဖြင့် လောင်မြိုက်ကြသည်။ ၎င်းတို့သည် မိုက်မဲပြီး ကြောင်းကျိုးမမြင်ဖြစ်ကြသည်။ ၎င်းတို့သည် သေးနုပ်သည့် အကျိုးအမြတ်အချို့ဖြင့် ဖမ်းစားခံရ၊ ဝါးမျိုခံရပြီး ဘုရားသခင် မိန့်မြွက်သည့် အဖိုးတန်သော အသက်နှုတ်ကပတ်တော်များကို ပယ်ချကြသည်။ ထိုနှုတ်ကပတ်တော်ကို အလွန်မြတ်နိုးတန်ဖိုးထားဖို့ မပြောနှင့်၊ အလေးအနက်ပင် သဘောမထားနိုင်ပေ။ ဘုရားနှုတ်ကပတ်တော်များကို မဖတ်ရှုခြင်း သို့မဟုတ် သမ္မာတရားကို မြတ်နိုးတန်ဖိုးထားမှု မရှိခြင်းသည် တော်ခြင်းဖြစ်သလော၊ နုံအခြင်းဖြစ်သလော။ လူတို့သည် ဤနည်းဖြင့် ကယ်တင်ခြင်း ရရှိနိုင်ကြသလော။ ဤအရာအားလုံးကို လူတို့ နားလည်သင့်၏။ ၎င်းတို့အနေဖြင့် မိမိတို့၏ အယူအဆများနှင့် စိတ်ကူးများကို ဘေးဖယ်ကာ သမ္မာတရား လိုက်စားခြင်းကို အာရုံစိုက်လျှင်သာ ကယ်တင်ခြင်း မျှော်လင့်ချက် ရှိကြသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားနှုတ်ကပတ်တော်ကို တန်ဖိုးထားခြင်းသည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းတွင် အခြေခံအုတ်မြစ်ဖြစ်သည်
လူသားအထဲ၌ ဘုရားသခင် ပြုသမျှသည် သူ၏စီမံခန့်ခွဲမှုနှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းနှင့် သက်ဆိုင်သည့်အတွက်၊ ဘုရားသခင် ပြုသော အရာရာတိုင်းသည် လိုအပ်ပြီး ထူးခြားသော အရေးပါမှု ပိုင်ဆိုင်ပေသည်။ ပင်ကိုအားဖြင့် ဘုရားသခင်၏အမြင်တွင် ယောဘသည် စုံလင်ကာ ဖြောင့်မတ်သော်လည်း၊ ယောဘ၌ ဘုရားသခင်ပြုခဲ့သော အမှုသည် ကွဲပြားခြင်း မရှိပေ။ တစ်နည်းအားဖြင့် ဘုရားသခင် မည်သည့်အရာ ပြုသည် သို့မဟုတ် သူ ပြုသည့် နည်းလမ်းကို ပဓာနမထားဘဲ၊ အဖိုးအခကို ပဓာနမထားဘဲ၊ သို့မဟုတ် သူ၏ ရည်မှန်းချက်ကို ပဓာနမထားဘဲ၊ သူ၏ လုပ်ဆောင်ချက်များ၏ ရည်ရွယ်ချက်မှာ မပြောင်းလဲပေ။ သူ၏ ရည်ရွယ်ချက်မှာ လူသားထဲသို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များ အပြင်၊ လူသားအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ဘုရားသခင်၏ရည်ရွယ်ချက်တို့ကို လုပ်ဆောင်ရန် ဖြစ်သည်။ တစ်နည်းအားဖြင့် ယင်းမှာ ဘုရားသခင်၏ စိတ်နှလုံးကို လူသားအား နားလည်စေရင်းနှင့် ဘုရားသခင်၏ အနှစ်သာရကို သဘောပေါက်စေရင်း၊ ပြီးလျှင် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို လူသားအား ကျိုးနွံနာခံစေရင်း၊ ထိုသို့ဖြင့် လူသားအား ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုရှောင်ကြဉ်ခြင်းအား ရရှိခွင့်ပေးရင်း၊ ဘုရားသခင်သည် အပြုသဘောဆောင်သည်ဟု သူယုံကြည်သော အရာခပ်သိမ်းကို သူ၏ခြေလှမ်းများနှင့်အညီ လူသားထဲ၌ အမှုပြုရန် ဖြစ်သည်။ ထိုအရာအားလုံးမှာ ဘုရားသခင်ပြုသမျှအားလုံးထဲက သူ၏ရည်ရွယ်ချက်၏ ကဏ္ဍတစ်ခုဖြစ်သည်။ အခြားသောကဏ္ဍမှာ စာတန်သည် ဘုရားသခင်၏ အမှုတွင် အဖြည့်ခံနှင့် အသုံးတော်ခံ ဖြစ်သောကြောင့်၊ လူသားသည် စာတန်ထံ မကြာခဏပေးအပ်ခံရခြင်း ဖြစ်သည်။ ဤသည်မှာ လူတို့အား စာတန်၏ စုံစမ်းနှောင့်ယှက်မှုများကို မြင်ခွင့်ပေးရန်နှင့် စာတန်၏ ဆိုးယုတ်မှု၊ အကျည်းတန်မှုနှင့် စက်ဆုပ်ဖွယ်ကောင်းမှုတို့ကို တိုက်ခိုက်ခွင့်ပေးရန် ဘုရားသခင် အသုံးပြုသော နည်းလမ်းဖြစ်သည်၊ ထိုသို့ဖြင့် လူတို့အား စာတန်ကို မုန်းတီးစေပြီး အပျက်သဘောဆောင်သောအရာကို သိရှိကာ အသိအမှတ်ပြုစေလေသည်။ ဤနည်းစနစ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်အပေါ် ၎င်းတို့၏ အသိ၊ ဘုရားသခင်အပေါ် ၎င်းတို့၏ကျိုးနွံနာခံမှု၊ ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်ခြင်းနှင့် သူ့ကို ကြောက်ရွံ့ခြင်းတို့ကြောင့် စာတန်၏ တိုက်ခိုက်မှုများနှင့် စွပ်စွဲမှုများအပေါ် အောင်မြင်သည်အထိ၎င်းတို့အား စာတန်၏ ထိန်းချုပ်မှုနှင့် စွပ်စွဲမှုများ၊ နှောင့်ယှက်မှုနှင့် တိုက်ခိုက်မှုတို့မှ မိမိကိုယ်ကိုယ် တဖြည်းဖြည်း လွတ်မြောက်စေခွင့်ပေးလေသည်။ ထိုအခါမှသာ ၎င်းတို့သည် စာတန်၏ တန်ခိုးအောက်မှ လုံးလုံးလျားလျား ကယ်တင်ခြင်းကို ခံရလိမ့်မည် ဖြစ်သည်။ လူတို့၏ ကယ်တင်ခံရခြင်း ဆိုသည်မှာ စာတန်သည် ရှုံးနိမ့်ပြီးဖြစ်သည်ဟု ဆိုလိုသည်၊ ယင်းမှာ ၎င်းတို့သည် စာတန်၏ ပါးစပ်ထဲက အစာ မဟုတ်တော့။ စာတန်သည် ၎င်းတို့အား မျိုချရမည့်အစား ၎င်းတို့ကို စွန့်လွှတ်ပြီးဖြစ်သည်ဟု ဆိုလိုပေသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ထိုသို့သော လူများမှာ ဖြောင့်မတ်ကြသောကြောင့်၊ ၎င်းတို့သည် ယုံကြည်ခြင်း၊ ကျိုးနွံနာခံခြင်းနှင့် ဘုရားသခင်အပေါ် ကြောက်ရွံ့ခြင်းရှိကြသောကြောင့်ဖြစ်ပြီး ၎င်းတို့သည် စာတန်နှင့် လုံးလုံးလျားလျား အဆက်ပြတ်ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် စာတန်ကို အရှက်ရစေသည်၊ စာတန်အား သူရဲဘောကြောင်စေပြီး စာတန်ကို လုံးဝ အနိုင်ယူကြလေသည်။ ဘုရားသခင်နောက်သို့လိုက်ရာတွင် ၎င်းတို့၏ခံယူချက်၊ ပြီးလျှင် ဘုရားသခင်အား ကျိုးနွံနာခံခြင်းနှင့် ကြောက်ရွံ့ခြင်းတို့သည် စာတန်ကို ရှုံးနိမ့်စေပြီး စာတန်အား ၎င်းတို့ကို လုံးလုံးလျားလျား လက်လျှော့စေသည်။ ဤသို့သော လူများသာ ဘုရားသခင်၏ရယူခြင်းကို အမှန်တကယ်ခံရကြပြီးဖြစ်ကာ လူသားကို ကယ်တင်ရာ၌ ဘုရားသခင်၏ အဆုံးစွန်သော ရည်မှန်းချက်မှာ ဤအရာ ဖြစ်ပေသည်။ အကယ်၍ ၎င်းတို့သည် အကယ်တင်ခံရရန် ဆန္ဒရှိကြပြီး ဘုရားသခင်၏ လုံးဝ ရယူခြင်းကို ခံလိုပါက၊ ဘုရားသခင် နောက်လိုက်သောသူ အားလုံးသည် စာတန်ထံမှ စုံစမ်းနှောင့်ယှက်ခြင်းများနှင့် တိုက်ခိုက်မှုများကို အကြီး အသေးနှစ်ခုလုံး ရင်ဆိုင်ကြရမည်ဖြစ်သည်။ ဤစုံစမ်းနှောင့်ယှက်ခြင်းများနှင့် တိုက်ခိုက်မှုများမှ လွတ်မြောက်လာသော သူများနှင့် စာတန်ကို အပြည့်အဝ ရှုံးနိမ့်စေနိုင်သောသူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရသောသူများ ဖြစ်ကြသည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ ကယ်တင်ခံရသော သူများသည် ဘုရားသခင်၏ စမ်းသပ်မှုများကို ကြုံရပြီးသောသူများနှင့် စာတန်၏ စုံစမ်းနှောင့်ယှက်မှုနှင့် တိုက်ခိုက်ခြင်းကို အကြိမ်အရေအတွက် ပြောမပြနိုင်အောင် များစွာခံခဲ့ပြီးသောသူများ ဖြစ်သည်။ ဘုရားသခင်၏ ကယ်တင်ခံရသောသူများသည် ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် သတ်မှတ်ချက်များကို နားလည်ပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံနိုင်သကဲ့သို့၊ ၎င်းတို့သည် စာတန်၏ စုံစမ်းနှောင့်ယှက်မှုများအလယ်တွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း လမ်းခရီးကို မစွန့်ပစ်ကြချေ။ ဘုရားသခင်၏ ကယ်တင်ခံရသော သူများသည် ရိုးသားမှုကို ပိုင်ဆိုင်ကြသည်၊ ၎င်းတို့သည် ကြင်နာစိတ်ရှိကြသည်၊ အချစ်နှင့် အမုန်းကြား ပိုင်းခြားသိမြင်ကြသည်၊ ၎င်းတို့သည် တရားသော အသိစိတ်တစ်ခုရှိပြီး ဆင်ခြင်တုံတရား ရှိကြကာ ၎င်းတို့သည် ဘုရားသခင်ကို အလိုရှိကြပြီး ဘုရားသခင်နှင့် သက်ဆိုင်သည့် အရာခပ်သိမ်းကို တန်ဖိုးထားတတ်ကြသည်။ ထိုသို့သော လူများသည် စာတန်အားဖြင့် ချုပ်နှောင်မခံရပေ၊ စောင့်ကြည့်မခံရပေ၊ စွပ်စွဲမခံရ သို့မဟုတ် နှိပ်စက်မခံရပေ။ ၎င်းတို့သည် လုံးဝ လွတ်လပ်ကြသည်၊ လုံးဝ ချုပ်ချယ်မှုကင်းပြီး လွတ်မြောက်ကြသည်။ ယောဘသည် ထိုသို့သော လွတ်မြောက်ခြင်း ရှိသည့် လူသားတစ်ဦးသာဖြစ်ပြီး ဤသည်မှာ ဘုရားသည် အဘယ်ကြောင့် သူ့အား စာတန်လက်သို့ လွှဲအပ်ခဲ့ပြီးဖြစ်သည့် အကြောင်းရင်း၏ အဓိပ္ပာယ်အတိအကျဖြစ်ပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)
လူတို့သည် ကယ်တင်ခြင်းကို မခံရသေးချိန်တွင်၊ ၎င်းတို့၏ အသက်တာများသည် စာတန်၏ နှောင့်ယှက်ခြင်းနှင့် ထိန်းချုပ်ခြင်းကိုပင် မကြာခဏ ခံရလေသည်။ တစ်နည်းအားဖြင့်၊ ကယ်တင်ခြင်း မခံရသေးသော လူများသည် စာတန်အဖို့ အကျဉ်းသားများ ဖြစ်ကြသည်၊ ၎င်းတို့သည် လွတ်လပ်မှု မရှိပေ၊ ၎င်းတို့သည် စာတန်၏ စွန့်လွှတ်ခြင်းကို မခံရကြသေးပေ၊ ၎င်းတို့သည် ဘုရားသခင်အား ကိုးကွယ်ရန် အရည်အချင်း မပြည့်မီကြပေ သို့မဟုတ် အခွင့်မရှိကြပေ၊ ပြီးလျှင် ၎င်းတို့သည် စာတန်၏ နီးကပ်စွာ လိုက်ခြင်းကို ခံရပြီး ပြင်းထန်စွာ တိုက်ခိုက်ခြင်းကို ခံရသည်။ ထိုသို့သော လူများသည် ပြောစရာ ပျော်ရွှင်မှု မရှိကြချေ၊ ၎င်းတို့သည် ပုံမှန် တည်ရှိခြင်းအဖို့ ပြောစရာ လုပ်ပိုင်ခွင့်မရှိကြသည့်အပြင်၊ ၎င်းတို့သည် ပြောစရာ ဂုဏ်သိက္ခာ မရှိကြပေ။ သင်သည် ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်း၊ ကျိုးနွံနာခံခြင်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းအား စာတန်နှင့် သေရေး ရှင်ရေး တိုက်ပွဲကို တိုက်ရန် လက်နက်များအဖြစ် အသုံးပြုရင်း၊ ၎င်းသည် သင့်အပေါ် တိုက်ခိုက်မှုများနှင့် စွပ်စွဲချက်များကို လုံးလုံးလျားလျား စွန့်ပစ်ဖို့အလို့ငှာ၊ ထရပ်ကာ စာတန်နှင့် တိုက်မှသာ ထိုသို့ဖြင့် သင်သည် စာတန်ကို လုံးလုံးလျားလျား ရှုံးနိမ့်စေပြီး ၎င်းသည် သင့်ကို မြင်သည့်အချိန်တိုင်း လှည့်၍ ပြေးစေကာ သူရဲဘောကြောင်လာစေပေသည်- ထိုအခါမှသာ သင်သည် ကယ်တင်ခံရလိမ့်မည် ဖြစ်ပြီး လွတ်မြောက်လာလိမ့်မည်။ အကယ်၍ သင်သည် စာတန်နှင့် အပြည့်အဝ အဆက်ဖြတ်ရန် စိတ်ဆုံးဖြတ်ပြီးသော်လည်း၊ စာတန်ကို အနိုင်ယူရန် ထိရောက်သော လက်နက်များဖြင့် အသင့်မပြင်ထားပါက၊ သင်သည် အန္တရာယ်ထဲ၌ ရှိလိမ့်ဦးမည်ဖြစ်သည်။ အချိန်ကုန်လွန်သည် နှင့်အမျှ၊ သင်သည် စာတန်၏ နှိပ်စက်ခြင်းကို ခံခဲ့ရသဖြင့် သင့်အထဲ၌ ခွန်အား တစ်စက်မျှ မကျန်ရှိသော်လည်း၊ သင်သည် သက်သေမခံနိုင်သေးသည့်အချိန်တွင်၊ သင့်အား စာတန်၏ စွပ်စွဲမှုများနှင့် တိုက်ခိုက်မှုများမှ သင့်ကိုယ်သင် လုံးလုံးလျားလျား မလွတ်မြောက်နိုင်သေးချိန်တွင်၊ သင်သည် ကယ်တင်ခြင်း မျှော်လင့်ချက် အနည်းငယ်သာ ရှိလိမ့်မည် ဖြစ်သည်။ နောက်ဆုံးတွင် ဘုရားသခင်၏ အမှုပြီးဆုံးခြင်း ကြေညာသည့်အခါတွင်၊ သင်သည် မိမိကိုယ်ကိုယ် မလွတ်မြောက်နိုင်ဘဲ စာတန်၏ လက်တွင်း၌သာ ရှိနေဦးမည်ဖြစ်ပြီး၊ ထိုသို့ဖြင့် သင်သည် မည်သည့်အခါမျှ အခွင့်အရေး သို့မဟုတ် မျှော်လင့်ချက် ရှိလိမ့်မည် မဟုတ်ပေ။ ထိုအခါ ဆိုလိုချက်မှာ ထိုသို့သော လူများသည် စာတန်၏ အကျဉ်းချခံရခြင်းတွင် လုံးလုံးလျားလျား ရှိကြလိမ့်မည်ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)
ကယ်တင်ခြင်းပေးအပ်ခံရဖို့ လူများသည် မည်သည့်အရာကို ပိုင်ဆိုင်ရမည်နည်း။ ဦးစွာ ၎င်းတို့သည် သမ္မာတရားများစွာကို နားလည်ရမည်ဖြစ်ပြီး အန္တိခရစ်တစ်ဦး၏ အနှစ်သာရ၊ စိတ်သဘောထားနှင့် လမ်းကြောင်းတို့ကို ပိုင်းခြားသိမြင်နိုင်ရမည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်စဉ် လူများကို မကိုးကွယ်ဖို့၊ သို့မဟုတ် နောက်မလိုက်ဖို့ သေချာစေရန် တစ်ခုတည်းသော နည်းလမ်းဖြစ်ပြီး တကယ့်အဆုံးထိ ဘုရားနောက်လိုက်ဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ အန္တိခရစ်တစ်ဦးကို ပိုင်းခြားသိမြင်နိုင်သည့် လူများသာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်နိုင်ကာ ဘုရားသခင်နောက်ကို အမှန်တကယ် လိုက်ပြီး ဘုရားသခင်အတွက် သက်သေခံနိုင်ပေသည်။ ထိုအခါ အချို့က “ကျွန်ုပ်တွင် လောလောဆယ်တွင် ထိုအရာအတွက် သမ္မာတရား မရှိပါက မည်သို့ပြုရမည်နည်း” ဟု ဆိုကြမည်ဖြစ်သည်။ သင်သည် အလျင်အမြန်ပင် မိမိကိုယ်ကို သမ္မာတရားဖြင့် ပြင်ဆင်ထားရမည်။ လူတို့နှင့် အမှုအရာများထဲသို့ မြင်တွေ့တတ်အောင် သင်ယူရမည်။ အန္တိခရစ်တစ်ဦးကို ပိုင်းခြားသိမြင်ခြင်းသည် ရိုးရှင်းသောကိစ္စ မဟုတ်သကဲ့သို့ ၎င်းတို့၏ အနှစ်သာရကို ရှင်းလင်းစွာမြင်နိုင်ကာ ၎င်းတို့ လုပ်ဆောင်သမျှ နောက်ကွယ်ရှိ လျှို့ဝှက်ကြံစည်မှုများ၊ လှည့်ကွက်များ၊ ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်ပန်းတိုင်များကို ရိပ်စားမိနိုင်စွမ်းရှိဖို့ လိုအပ်သည်။ ထိုသို့ဖြင့် သင်သည် ၎င်းတို့၏ အထင်အမြင်မှားစေခြင်း၊ သို့မဟုတ် ထိန်းချုပ်ခြင်းကို ခံရမည်မဟုတ်သကဲ့သို့ ခိုင်မာစွာ ရပ်တည်နိုင်ကာ သမ္မာတရားကို ဘေးကင်းစွာနှင့် လုံခြုံစွာ လိုက်စားနိုင်ပြီး သမ္မာတရားကို လိုက်စားခြင်းနှင့် ကယ်တင်ခြင်း ရရှိခြင်း လမ်းကြောင်းပေါ်တွင် တည်မြဲနိုင်ပေမည်။ သင်သည် ထိုအန္တိခရစ်များနှင့် ပတ်သက်သော အခက်အခဲကို မကျော်လွန်နိုင်ပါက သင်သည် ကြီးမားသော အန္တရာယ်ရှိနေပြီး အန္တိခရစ်၏ အထင်အမြင်မှားစေခြင်းခံရကာ ဖမ်းဆီးခံရသည့်အပြင် စာတန်၏ စွမ်းအားအောက်တွင် အသက်ရှင်လာရနိုင်ဖွယ် ရှိသည်ဟု ဆိုနိုင်ပေသည်။ သင်တို့ကြားတွင် သမ္မာတရား လိုက်စားသည့် လူများကို တားဆီးပြီး ခြေထိုးကြသူအချို့ ရှိနိုင်ချေရှိပြီး ၎င်းတို့သည် လူတို့၏ရန်သူများ ဖြစ်၏။ ဤအရာကို သင်တို့လက်ခံသလော။ ဤအချက်ကို ရင်မဆိုင်ဝံ့သကဲ့သို့ ယင်းကို အမှန်တရားအဖြစ်လည်း လက်မခံဝံ့သူ အချို့ရှိ၏။ သို့သော် အန္တိခရစ်များ၏ လူတို့အား အထင်အမြင်မှားစေခြင်းသည် အသင်းတော်များ၌ အမှန်တကယ် ဖြစ်ပျက်ပြီး မကြာခဏ ဖြစ်ပျက်လေသည်။ လူတို့က ယင်းကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိခြင်းသာဖြစ်သည်။ အကယ်၍ သင်သည် အန္တိခရစ်များနှင့်ဆိုင်သော စစ်ဆေးမှုဖြစ်သည့် ဤစစ်ဆေးမှုကို မအောင်မြင်နိုင်ပါက သင်သည် အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်း ခံရပေသည်၊ သို့မဟုတ် ၎င်းတို့၏ ဆင်းရဲဒုက္ခခံစေခြင်း၊ ညှဉ်းဆဲခြင်း၊ တွန်းထုတ်ခြင်း၊ ဖိနှိပ်ခြင်းနှင့် စော်ကားခြင်းတို့ကို ခံရပေသည်။ နောက်ဆုံးတွင် သင်၏ အလွန်တန်ဖိုးနည်းသည့် သေးငယ်သောဘဝသည် ကြာကြာ တောင့်ခံနိုင်လိမ့်မည် မဟုတ်သကဲ့သို့ ညှိုးခြောက်သွားလိမ့်မည် ဖြစ်သည်။ သင်သည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိတော့မည် မဟုတ်သကဲ့သို့ “ဘုရားသည် ဖြောင့်ပင်မဖြောင့်မတ်ပါ။ အဘယ်မှာ ဘုရားရှိသနည်း။ ဤလောကတွင် တရားမျှတမှုလည်းမရှိ၊ သို့မဟုတ် အလင်းလည်း မရှိသကဲ့သို့ ဘုရား၏ လူသားမျိုးနွယ်အား ကယ်တင်ခြင်းကဲ့သို့သော အရာမျိုးမရှိပါ။ ကျွန်ုပ်တို့သည်လည်း ကျွန်ုပ်တို့၏ နေ့ရက်များကို အလုပ်သွားခြင်းနှင့် ငွေရှာခြင်းဖြင့် ဖြတ်သန်းပါက ပိုကောင်းဦးမည်” ဟု သင်ပြောလိမ့်မည်။ သင်သည် ဘုရားသခင်ကို ငြင်းပယ်ပြီး ဘုရားသခင်မှ လမ်းလွဲကာ သူတည်ရှိကြောင်း မယုံကြည်တော့ပေ။ သင်ကယ်တင်ခြင်း ရမည်ဆိုသည့် မျှော်လင့်ချက်တစ်ခုတလေ လုံးဝ ကုန်ဆုံးသွား၏။ ထို့ကြောင့် သင်သည် ကယ်တင်ခြင်း ရရှိနိုင်သည့် နေရာသို့ ရောက်ရှိလိုပါက သင်အောင်မြင်ရမည့် ပထမဆုံး စမ်းသပ်မှုမှာ စာတန်ကို သတိမူမိခြင်းနှင့် ရိပ်စားမိနိုင်ခြင်းဟူသော စမ်းသပ်မှုတစ်ခု ဖြစ်ပြီး သင်သည် ရင်ဆိုင်ပြီး စာတန်ကို ဖော်ထုတ်ကာ စွန့်ပစ်ဖို့ သတ္တိလည်း ရှိရမည်။ သို့ဆိုလျှင် စာတန် အဘယ်မှာရှိသနည်း။ စာတန်သည် သင့်နံဘေးနှင့် သင်၏ ဘက်ပေါင်းစုံတွင် ရှိသည်။ သူသည် သင့်စိတ်နှလုံးအတွင်းတွင်ပင် အသက်ရှင်နေနိုင်သည်။ သင်သည် စာတန်၏ စိတ်သဘောထားအတွင်းတွင် အသက်ရှင်နေပါက သင်သည် စာတန်နှင့် သက်ဆိုင်သည်ဟု ဆိုနိုင်၏။ သင်သည် ဝိညာဉ်လောကနှင့်ဆိုင်သည့် စာတန်နှင့် ဆိုးယုတ်သော ဝိညာဉ်များကို မမြင်နိုင်၊ သို့မဟုတ် မထိတွေ့နိုင်သော်လည်း လက်တွေ့ဘဝတွင် တည်ရှိသည့် စာတန်များနှင့် အသက်ရှင်သော နတ်ဆိုးများသည် နေရာတကာတွင် ရှိ၏။ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့်သူ မည်သူမဆိုသည် ဆိုးယုတ်ပြီး သမ္မာတရားကို လက်မခံသည့် မည်သည့်ခေါင်းဆောင်၊ သို့မဟုတ် မည်သည့်အမှုတော်ဆောင်မဆိုသည် အန္တိခရစ်တစ်ဦး၊ သို့မဟုတ် အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ ထိုသို့သော လူများသည် စာတန်များနှင့် ရှင်သန်နေသည့်နတ်ဆိုးများ ဖြစ်ကြသည် မဟုတ်လော။ ဤလူများမှာ သင်ကိုးကွယ်ပြီး ကြည်ညိုသည့်သူများစင်စစ် ဖြစ်နေနိုင်၏။ ၎င်းတို့မှာ သင့်ကို ဦးဆောင်သော လူများ၊ သို့မဟုတ် သင်၏စိတ်နှလုံးထဲတွင် သင်ကြာမြင့်စွာ လေးစားနေခဲ့ရသူများ၊ ယုံကြည်ကိုးစားပြီး အားကိုးနေခဲ့ရသူများနှင့် မျှော်လင့်နေခဲ့ရသူများ ဖြစ်နိုင်သည်။ သို့သော် စင်စစ်အားဖြင့် ၎င်းတို့သည် သင့်ကိုတားဆီးနေပြီး သမ္မာတရားကို လိုက်စားခြင်းနှင့် ကယ်တင်ခြင်းကို ရရှိခြင်းတို့မှ သင့်ကိုဟန့်တားနေသည့် လမ်းဆို့များဖြစ်သည်။ ၎င်းတို့သည် အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များဖြစ်ကြ၏။ ၎င်းတို့သည် သင်၏ဘဝနှင့် သင်လျှောက်လှမ်းသည့် လမ်းကြောင်းတို့ကို ထိန်းချုပ်နိုင်ပြီး ကယ်တင်ခြင်း ပေးအပ်ခံရမည့် သင်၏အခွင့်အရေးကို ဖျက်ဆီးနိုင်သည်။ ၎င်းတို့ကို သင်ပိုင်းခြားသိမြင်ခြင်း မရှိနိုင်သကဲ့သို့ မရိပ်စားမိနိုင်ပါက သင်သည် ၎င်းတို့၏ အထင်အမြင်မှားစေခြင်းနှင့် ၎င်းတို့၏ ဖမ်းဆီးခြင်းကို အချိန်မရွေး ခံရနိုင်ပေသည်။ ထို့ကြောင့် သင်သည် ကြီးမားသော အန္တရာယ် ရှိ၏။ ဤအန္တရာယ်မှ ရုန်းထွက်လွတ်မြောက်အောင် အားမထုတ်နိုင်ပါက သင်သည် စာတန်၏ ယဇ်ပူဇော်ရာ သားကောင်ဖြစ်ပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၃- သမ္မာတရားကို လိုက်စားသောသူတို့အား ၎င်းတို့ပထုတ်ပြီး တိုက်ခိုက်ကြသည်
လူတို့သည်ဘုရားသခင်ကို ယုံကြည်သောအခါ ကယ်တင်ခြင်းခံရလိုလျှင် အဓိကအချက်မှာ ၎င်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိမရှိ၊ ၎င်းတို့စိတ်နှလုံးတွင် ဘုရားသခင်သည် နေရာရှိမရှိ၊ ၎င်းတို့သည် ဘုရားသခင်ရှေ့တွင် အသက်ရှင်နေထိုင်ပြီး ဘုရားသခင်နှင့် သာမန်ဆက်ဆံရေးကို ထိန်းသိမ်းနိုင်ခြင်းရှိမရှိတို့ဖြစ်သည်။ အရေးပါသည့်အရာမှာ လူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး ဘုရားသခင်အပေါ် ကျိုးနွံနာခံမှုကို ရယူနိုင်ခြင်းရှိမရှိဖြစ်သည်။ ဤအရာများသည် ကယ်တင်ခံရခြင်းအတွက် လမ်းကြောင်းနှင့် သတ်မှတ်ချက်များဖြစ်သည်။ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ရှေ့မှောက်တွင် အသက်မရှင်နိုင်လျှင်၊ ဘုရားသခင်ထံ မကြာခဏဆုတောင်းပြီး ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်းမရှိဘဲ ဘုရားသခင်နှင့် သာမန်ဆက်ဆံရေးကို ဆုံးရှုံးလျှင် သင်သည် မည်သည့်အခါမှ ကယ်တင်ခံရမည်မဟုတ်ဘဲ၊ ကယ်တင်ခြင်းလမ်းကြောင်းကို သင် ပိတ်ဆို့ပြီးဖြစ်သောကြောင့်ဖြစ်သည်။ သင်သည် ဘုရားသခင်နှင့် မည်သည့်ဆက်ဆံရေးမျှမရှိလျှင် လမ်းဆုံးသို့ ရောက်ပြီးဖြစ်သည်။ ဘုရားသခင်သည် သင်၏ စိတ်နှလုံးတွင် မရှိလျှင် သင်သည် ယုံကြည်ခြင်းရှိသည်ဟု ပြောဆိုခြင်း၊ ဘုရားသခင်အား အမည်ခံသက်သက်သာ ယုံကြည်ခြင်းသည် အသုံးမဝင်ပေ။ စကားများနှင့် အယူဝါဒများ မည်မျှကို သင် ပြောနိုင်သည်၊ ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းအတွက် မည်မျှ ဒုက္ခခံပြီးသည်၊ သို့မဟုတ် သင်သည် မည်မျှဆုကျေးဇူးရှိသည်တို့က အရေးမပါပေ။ သင်၏ စိတ်နှလုံးတွင် ဘုရားသခင် မရှိလျှင်၊ သင်သည် ဘုရားသခင်ကို မကြောက်လျှင် ဘုရားသခင်ကို သင် မည်သို့ယုံကြည်သည်က အရေးမပါပေ။ ဘုရားသခင်က “အသင် မကောင်းမှုပြုသူ ငါ့ထံမှ ထွက်သွားလော့။” ဟု ဆိုလိမ့်မည်။ သင်သည် မကောင်းမှုပြုသူအဖြစ် အမျိုးအစားသတ်မှတ်ခံရမည်။ သင်သည် ဘုရားသခင်နှင့် အဆက်ပြတ်လိမ့်မည်။ သူသည် သင်၏ သခင်၊ သို့မဟုတ် သင်၏ ဘုရားသခင်ဖြစ်မည်မဟုတ်ပေ။ ဘုရားသခင်သည် အရာအားလုံးကို အချုပ်အခြာအာဏာ ကိုင်စွဲသည်၊ သူသည် ဖန်ဆင်းရှင်ဖြစ်သည်ဟု သင်က အသိအမှတ်ပြုသည့်တိုင် သင်သည် သူ့ကို မကိုးကွယ်သကဲ့သို့ သူ၏ အချုပ်အခြာအာဏာကို မနာခံပေ။ သင်သည် စာတန်နှင့် နတ်ဆိုးများနောက်သို့လိုက်သည်။ စာတန်နှင့် နတ်ဆိုးများသည်သာ သင်၏ သခင်များဖြစ်သည်။ အရာရာတွင် သင်သည် မိမိကိုယ်ကိုယုံကြည်ပြီး သင်၏ကိုယ်ပိုင်ဆန္ဒနောက်လိုက်လျှင်၊ သင်၏ ကံကြမ္မာသည် သင်၏ ကိုယ်ပိုင်လက်ထဲတွင်ရှိသည်ဟု ယုံကြည်လျှင် သင်ယုံကြည်သည်မှာ သင့်ကိုယ်သင်ဖြစ်သည်။ သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး အသိအမှတ်ပြုသည်ဟု အခိုင်အမာဆိုသော်လည်း ဘုရားသခင်က သင့်ကို အသိအမှတ်မပြုပေ။ သင်သည် ဘုရားသခင်နှင့် ဆက်ဆံရေးမရှိပေ။ ထို့ကြောင့် သင်သည် အဆုံးတွင် သူ၏ ပစ်ပစ်ခါခါငြင်းခြင်း၊ သူ၏အပြစ်ဒဏ်ပေးခြင်း၊ သူ၏ ဖယ်ရှားရှင်းလင်းခြင်းကို ခံရရန် သတ်မှတ်ပြီးဖြစ်သည်။ ဘုရားသခင်သည် သင်ကဲ့သို့သောလူများကို မကယ်တင်ပေ။ ဘုရားသခင်ကို အမှန်တကယ်ယုံကြည်သောသူတို့သည် သူ့ကို ကယ်တင်ရှင်အဖြစ် လက်ခံသောသူများ၊ သူသည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်ကို လက်ခံသူများဖြစ်သည်။ ၎င်းတို့သည် သူ့အတွက် မိမိတို့ကိုယ်ကို စစ်မှန်စွာ အသုံးခံနိုင်ပြီး ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ထမ်းဆောင်နိုင်သည်။ ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်ကို ကြုံတွေ့သည်။ သူ၏နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး၊ သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းကို လျှောက်သည်။ ၎င်းတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံသော၊ သူ၏အလိုတော်ကို လိုက်လျှောက်သောသူများ ဖြစ်ကြသည်။ လူတို့သည် ဘုရားသခင်အပေါ် ဤသို့သောယုံကြည်မှု ရှိသည့်အခါမှသာ ကယ်တင်ခြင်းခံရနိုင်သည်။ ဤသို့မဟုတ်လျှင် ရှုတ်ချခံရမည်။ ဘုရားသခင်ကို ယုံကြည်သောအခါတွင် လိုရာစွဲ၍ စဉ်းစားခြင်းသည် လူတို့အတွက် လက်ခံနိုင်ဖွယ်ဖြစ်သလော။ လူတို့သည် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းတွင် ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများ၊ မရေမရာဖြစ်သော၊ စိတ်ကူးသက်သက်ဖြစ်သော စိတ်ကူးထင်မြင်မှုများကို အစဉ် ဖက်တွယ်ထားသောအခါ သမ္မာတရားကို ရရှိနိုင်သလော။ လုံးဝ မရရှိနိုင်ပေ။ လူတို့သည် ဘုရားသခင်ကို ယုံကြည်သောအခါ သမ္မာတရားကို လက်ခံရမည်။ သူတောင်းဆိုသည့်အတိုင်း သူ့ကို ယုံကြည်ပြီး၊ သူ၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များကို ကျိုးနွံနာခံရမည်။ ထိုမှသာ ၎င်းတို့သည် ကယ်တင်ခြင်းကို ရရှိနိုင်သည်။ ဤအရာမှလွဲ၍ အခြားနည်းလမ်းမရှိပေ။ သင်သည် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ လိုရာဆွဲပြီး စဉ်းစားခြင်း တစ်ခုတလေမျှ မပြုလုပ်သင့်ပေ။ ဤအကြောင်းအရာကို မိတ်သဟာယဖွဲ့ခြင်းသည် လူတို့အတွက် အလွန်အရေးကြီးသည်မဟုတ်လော။ ဤသည်မှာ သင်တို့ကို အသိဝင်လာစေသောအရာဖြစ်ပေသည်။
ယခုတွင် ဤအမှာစကားများကို သင်တို့ကြားပြီးဖြစ်သောကြောင့် သင်တို့သည် သမ္မာတရားကို နားလည်ပြီး ကယ်တင်ခြင်းတွင် ပါဝင်သည့်အရာကို ရှင်းလင်းလောက်သည်။ လူတို့နှစ်သက်သည့်အရာ၊ ကြိုးပမ်းသည့်အရာ၊ စိတ်ပြင်းပြသည့်အရာ ဤအရာများတွင် မည်သည့်အရာကမျှ အရေးမကြီးပေ။ အရေးကြီးဆုံးမှာ သမ္မာတရားကို လက်ခံခြင်းဖြစ်သည်။ နောက်ဆုံးစိစစ်ချက်တွင် သမ္မာတရားကို ရရှိနိုင်ခြင်းသည် အရေးကြီးဆုံးဖြစ်သည်။ သင့်အား ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းကို ရရှိစေနိုင်သည့်အရာသည် မှန်ကန်သောလမ်းကြောင်းဖြစ်သည်။ သင်သည် ဘုရားသခင်အပေါ် နှစ်အနည်းငယ်ယုံကြည်ခဲ့ပြီး သမ္မာတရားနှင့် ဆက်စပ်မှုမရှိသည့်အရာများကို လိုက်စားခြင်းတွင် အစဉ် အာရုံစိုက်ခဲ့လျှင် သင်၏ ယုံကြည်ခြင်းသည် သမ္မာတရားနှင့် လုံးဝ မသက်ဆိုင်ပေ။ ဘုရားသခင်နှင့် လုံးဝ မသက်ဆိုင်ပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး အသိအမှတ်ပြုသည်ဟု အခိုင်အမာ ဆိုကောင်းဆိုနိုင်သည်။ သို့သော် ဘုရားသခင်သည် သင်၏ သခင်မဟုတ်။ သူသည် သင်၏ ဘုရားသခင်မဟုတ်ပေ။ ဘုရားသခင်က သင်၏ ကံကြမ္မာကို အချုပ်အခြာအာဏာကိုင်စွဲသည်ကို သင်လက်မခံပေ။ သင့်အတွက် ဘုရားသခင် စီစဉ်သောအရာအားလုံးကို သင်မနာခံပေ။ ဘုရားသခင်က သမ္မာတရားဖြစ်သည်ဆိုသည့်အချက်ကို သင် အသိအမှတ်မပြုပေ။ ဤဖြစ်ရပ်တွင် သင်၏ ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်များသည် ကွဲကြေပျက်စီးပြီးဖြစ်သည်။ သမ္မာတရားကို လိုက်စားခြင်းလမ်းကြောင်းကို သင်မလျှောက်နိုင်လျှင် ပျက်စီးခြင်းလမ်းကြောင်းကို သင်လျှောက်သည်။ သင် လိုက်စားသည့်၊ အာရုံစိုက်သည့်၊ ဆုတောင်းသည့်၊ အသနားခံသည့်အရာရာတိုင်းသည် ဘုရားနှုတ်ကပတ်တော်အပေါ်၊ ဘုရားသခင် တောင်းဆိုသည့်အရာအပေါ် အခြေခံလျှင်၊ သင်က ဖန်ဆင်းရှင်ကို ကျိုးနွံနာခံသည်၊ ဖန်ဆင်းရှင်ကို ကိုးကွယ်သည်ဆိုသည့် ခံစားချက်ကို တိုး၍ ခံစားရလျှင်၊ ဘုရားသခင်သည် သင်၏ သခင်၊ သင်၏ ဘုရားသခင်ဖြစ်သည်ဟု ခံစားရလျှင်၊ သင့်အတွက် ဘုရားသခင်က စီစဉ်ညွှန်ကြားပြီး စီစဉ်ပေးသောအရာအားလုံးကို ကျိုးနွံနာခံရန် သာ၍ ဝမ်းမြောက်လာပြီး ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးက အစဉ်ပို၍ ရင်းနှီးလာလျှင်၊ အစဉ်ပို၍ သာမန်ဖြစ်လာလျှင်၊ ဘုရားသခင်အပေါ် သင်၏ ချစ်ခြင်းက အစဉ်ပို၍ သန့်စင်ပြီး စစ်မှန်လျှင် ဘုရားသခင်နှင့်ပတ်သက်ပြီး သင်၏ စောဒကများနှင့် အထင်လွဲမှုများ၊ ဘုရားသခင်အပေါ် သင်၏ လွန်ကျူးသော ဆန္ဒများသည် အစဉ်ပို၍ လျော့နည်းလာမည်။ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ခြင်းကို သင် အလုံးစုံ ရရှိပြီးဖြစ်လိမ့်မည်။ ဤသည်မှာ သင်သည် ကယ်တင်ခြင်းလမ်းကြောင်းပေါ်တွင် အခြေချနှင့်ပြီး ဖြစ်လိမ့်မည်ဟု အဓိပ္ပာယ်ရသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းဖြင့်သာ ကယ်တင်ခြင်းလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်သည်
ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ
စာတန်ကို အနိုင်ရသူတို့သည် ကယ်တင်ခံရ၏ကျူး
စာတန်ကို လုံးလုံးအနိုင်ရသူတို့ကိုသာ ဘုရားရယူလိမ့်မည်ကျူး
လူသည် စာတန်၏ လွှမ်းမိုးမှုအား ဖယ်ရှားပစ် သည့်အခါ ကယ်တင်ခြင်းရရှိ၏