၂၉။ ရိုးသားသော လူတစ်ဦးဆိုသည်မှာ အဘယ်အရာဖြစ်ပြီး ဘုရားသခင်သည် လူများကို ရိုးသားဖို့ တောင်းဆိုရသည့် အကြောင်းအရင်း
ကျမ်းစာထဲမှ ဘုရားနှုတ်ကပတ်တော်များ
“သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့။ ဤထက် လွန်သော စကားသည် မကောင်းသောအရာနှင့် စပ်ဆိုင်ပေ၏။” (ရှင်မဿဲခရစ်ဝင် ၅:၃၇)
“သိုးသငယ် သွားလေ ရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူဖြစ်ကြ၏။ လူတို့ အထဲကရွေးနှုတ်၍ ဘုရားသခင်နှင့် သိုးသငယ်အဖို့ အဦးသီးသော အသီးဖြစ်ကြ၏။ အပြစ်နှင့် ကင်းလွတ်ကြသည်ဖြစ်၍ သူတို့နှုတ်၌ မုသားမရှိ။” (ဗျာဒိတ်ကျမ်း ၁၄:၄-၅)
“ညစ်ညူးသောအရာ၊ စက်ဆုပ်ဘွယ်သောအရာ၊ သစ္စာပျက်သောအရာ တစုံတခုမျှမဝင်ရဘဲ။” (ဗျာဒိတ်ကျမ်း ၂၁:၂၇)
“ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ပြောင်းလဲ၍ သူငယ်ကဲ့သို့မဖြစ်လျှင် ကောင်းကင်နိုင်ငံတော်သို့ မရောက်ရကြ။” (ရှင်မဿဲခရစ်ဝင် ၁၈:၃)
နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ
ဘုရားသခင်က ရိုးသားသူကို နှစ်သက်မှန်း သင်တို့သိထားသင့်သည်။ ဘုရားသခင်၌ သစ္စာရှိခြင်း၏ အနှစ်သာရ ရှိသဖြင့် သူ၏နှုတ်ကပတ်တော်များကို အမြဲ ယုံကြည်စိတ်ချနိုင်သည်။ ထို့အပြင် သူ၏ လုပ်ဆောင်ချက်များမှာ အမှားကင်းပြီး သံသယ ရှိရန်မလိုပေ၊ ထိုအကြောင်းကြောင့် သူ့အပေါ် ပကတိ ရိုးသားဖြောင့်မတ်သူများကို ဘုရားသခင်က နှစ်သက်ခြင်း ဖြစ်သည်။ ရိုးသားဖြောင့်မတ်ခြင်းဆိုသည်မှာ ဘုရားသခင်ထံ သင့်နှလုံးသားကို ပေးအပ်ခြင်း၊ အရာခပ်သိမ်းတွင် ဘုရားသခင်ကို သဘောရိုးအတိုင်း ဆက်ဆံခြင်း၊ အရာအားလုံးတွင် ဘုရားသခင်နှင့် ပွင့်လင်းမှုရှိခြင်း၊ အမှန်တရားကို မည်သည့်အခါမျှ ကွယ်ဝှက်မထားခြင်း၊ မိမိအထက်မှ လူများနှင့် အောက်မှလူများကို လှည့်စားခြင်းကို မည်သည့်အခါမျှ မပြုခြင်းနှင့်၊ ဘုရားသခင်အား မျက်နှာလိုမျက်နှာရပြုလုပ်ရန်အတွက်သာ အမှုအရာများကို လုပ်ဆောင်မှုမဟုတ်ခြင်းတို့ပင် ဖြစ်သည်။ အတိုချုံး၍ဆိုရလျှင် ရိုးသားခြင်း ဆိုသည်မှာ သင်၏ လုပ်ရပ်များနှင့် စကားများတွင် စင်ကြယ်ဖို့နှင့် ဘုရားသခင်ကို ဖြစ်စေ၊ လူသားကိုဖြစ်စေ မလှည့်စားခြင်းဖြစ်သည်။ ငါပြောသောအရာမှာ အလွန် ရိုးရှင်းသော်ငြားလည်း၊ သင်တို့အတွက် နှစ်ဆ ခက်ခဲနေပေလိမ့်မည်။ အများစုမှာ ရိုးသားစွာ ပြောဆိုပြုမူခြင်းထက် ငရဲသို့ စီရင်ခြင်းကိုသာ ခံလိုကြသည်။ မရိုးဖြောင့်သောသူများ အတွက် ငါ၌ ကုစားမှု အခြားတစ်ခု ရှိသေးသည်မှာ အံ့သြဖွယ်မကောင်းပေ။ သင်တို့သည် ရိုးသားဖို့ မည်မျှ ခက်ခဲသည်ကို ငါကောင်းစွာ သိသည်မှာ မှန်ပေ၏။ သင်တို့အားလုံးသည် အလွန် လိမ္မာပါးနပ်ကာ၊ သင်တို့၏သေးနုပ်သော စံပေတံလေးနှင့် လူများကို တိုင်းတာရာတွင် အလွန် ကျွမ်းကျင်လှသောကြောင့် ငါ့အမှုသည် သာ၍ ရိုးရှင်းသွားသည်။ ထို့အပြင် သင်တို့တစ်ဦးစီသည် သင်တို့၏ လျှို့ဝှက်ချက်များကို သင်တို့၏ရင်ခွင်၌ ပိုက်ထွေးထားသည့်အတွက်၊ သို့ဆိုလျှင် သင်တို့ တစ်ဦးပြီးတစ်ဦးကို မီးဖြင့် “သင်ယူဖို့ရန်” ဒုက္ခဆင်းရဲထဲသို့ စေလွှတ်မည်၊ သို့မှသာ ယင်းနောက်တွင် သင်တို့သည် ငါ၏ နှုတ်ကပတ်တော်များကို အကြွင်းမဲ့ ယုံကြည် လာနိုင်မည်ဖြစ်သည်။ နောက်ဆုံး၌ “ဘုရားသခင်သည် သစ္စာစောင့်သိသော ဘုရားသခင်တစ်ပါး” ဆိုသည့် စကားများကို သင်တို့၏ နှုတ်မှ ငါ ဆွဲနုတ်ယူမည် ဖြစ်ပြီး၊ သို့ဖြစ်၍ သင်တို့သည် ရင်ဘတ်စည်တီး၍ “လှည့်ဖျားတတ်သည်မှာ လူသား၏ နှလုံးသားဖြစ်သည်။” ဟု ငိုချင်းချလိမ့်မည်။ ဤအချိန်တွင် သင်တို့ စိတ်အခြေအနေမှာ အဘယ်သို့ ရှိမည်နည်း။ သင်သည် ယခုကဲ့သို့ အောင်မြင်၍ တက်ကြွပျော်မြူးအားရနေလိမ့်မည် မဟုတ်ဟု ငါထင်သည်။ ထို့အပြင် သင်သည် ယခုကဲ့သို့ “သိမ်မွေ့ပြီးနက်နဲ” ရန်မှာ သာ၍ နည်းပေမည်။ တချို့သူများသည် ဘုရားသခင် ရှေ့မှောက်တွင် အလွန် မှန်ကန်စွာပြုမူ၍ “အပြုအမူကောင်းများ” ရှိရန် အလွန် ကြိုးစားသော်လည်း၊ ဝိညာဉ်တော် ရှေ့မှောက်တွင်မူ ခြိမ်းခြောက်သည့် ဟန်ပန်များ လှပ်ပြလေသည်။ ရိုးသားခြင်း အဆင့်များထဲတွင် ထိုကဲ့သို့သော လူသားကို သင်တို့ ထည့်တွက်မည်လား။ အကယ်၍ သင်သည် ကြောင်သူတော် တစ်ဦးဖြစ်ပြီး “အပြန်အလှန် ဆက်ဆံရေးများ” အထူးကျွမ်းကျင်ပါက၊ သင်သည် ဘုရားသခင်အား မထီမဲ့မြင်ပြုသူ ဖြစ်သည်မှာ သေချာသည်ဟု ငါဆိုသည်။ အကယ်၍ သင့်စကားများက ဆင်ခြေများ၊ အဖိုးမတန်သော ကျိုးကြောင်းပြချက်များနှင့် ပြည့်နှက်နေမည် ဆိုပါက၊ သင်သည် သမ္မာတရား လက်တွေ့ကျင့်သုံး ရမည်ကို အလွန်တရာကို စက်ဆုပ်သောသူတစ်ဦး သာဖြစ်သည်ဟု ငါဆို၏။ အကယ်၍ သင့်ထံတွင် လျှို့ဝှက်ကိစ္စများစွာ ရှိသဖြင့် သင်သည် ဝေမျှရန် ဝန်လေးနေပါက၊ သင်သည် အလင်း၏ လမ်းကို ရှာဖွေဖို့ အခြားသူများရှေ့တွင် သင်၏ လျှို့ဝှက်ချက်များကို၊ သင်၏ အခက်အခဲများကို ချခင်းပြရန် အပြင်းအထန် ငြင်းဆန်နေပါက သင်သည် ကယ်တင်ခြင်းကို အလွယ်တကူ မရရှိနိုင်သောသူ၊ အမှောင်ထုထဲမှ လွယ်ကူစွာ မထွက်နိုင်သူ ဖြစ်သည်ဟုငါဆို၏။ သမ္မာတရား၏ လမ်းခရီးကိုရှာဖွေခြင်းသည် သင့်ကို ကောင်းစွာ သဘောကျ ကျေနပ်စေသည်ဆိုပါက၊ သင်သည် အလင်းထဲ၌ အစဉ်အမြဲ နေထိုင်သူတစ်ဦးဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ အိမ်တော်၌ မထင်မရှားနေပြီး ကြိုးကြိုးစားစားနှင့် တာဝန်သိသိ အသိဉာဏ်ရှိရှိ အလုပ်လုပ်လျက်၊ အမြဲတမ်းပေးကမ်း၍ မည်သည့်အခါမျှ ရယူခြင်းမရှိသော အစေခံသူတစ်ဦး ဖြစ်ရသည်ကို အလွန် ဝမ်းမြောက်ပါက၊ သင်သည် သစ္စာရှိသော သန့်ရှင်းသူ တစ်ယောက် ဖြစ်သည်ဟု ငါဆိုသည်၊ အဘယ်ကြောင့်ဆိုသော် သင်သည် ဆုလာဘ်ကို မမျှော်ကိုးဘဲ၊ ပကတိ ရိုးသားသူတစ်ယောက်သာ ဖြစ်သောကြောင့်တည်း။ သင်သည် ပွင့်လင်းရန် လိုလိုလားလား ရှိလျှင်၊ သင်သည် သင်၏အလုံးစုံကို အသုံးခံရန် လိုလိုလားလားရှိလျှင်၊ သင်သည် ဘုရားသခင်အတွက် သင့်ဘဝကိုစတေးနိုင်ကာ သက်သေရပ်တည် နိုင်လျှင်၊ သင်သည် မိမိအတွက် မစဉ်းစားဘဲ သို့မဟုတ် မိမိကိုယ်ကျိုးမပါဘဲ ဘုရားသခင် ကျေနပ်သဘောကျရန်ကိုသာ သိသောအဆင့်အထိ ရိုးသားသည်ဆိုပါက၊ ဤလူတို့သည် အလင်းထဲတွင် အားဖြည့်ပေးခြင်းခံရကာ နိုင်ငံတော်တွင် ထာဝရ အသက်ရှင်မည့်သူများ ဖြစ်သည်ဟု ငါဆိုသည်။ သင့်အထဲ၌ စစ်မှန်သော ယုံကြည်ခြင်းနှင့် စစ်မှန်သော သစ္စာစောင့်သိမှု ရှိ မရှိ၊ သင့်ထံ၌ ဘုရားသခင်အတွက် ဆင်းရဲဒုက္ခခံမှု မှတ်တမ်းတစ်ခု ရှိ မရှိနှင့် ဘုရားသခင်ထံ၌ သင် အပြည့်အဝ ကျိုးနွံနာခံပြီးခြင်း ရှိ မရှိ စသည်တို့ကို သင်သိသင့်သည်။ သင်သည် ဤအရာများ မရှိပါက၊ သင့်အတွင်း၌ ပုန်ကန်မှု၊ လှည့်ဖြားမှု၊ လောဘနှင့် မကျေနပ်မှုများသာ ကျန်ရစ်လိမ့်မည်။ သင်၏နှလုံးသားသည် ရိုးသားမှုနှင့်အလှမ်း ကွာဝေးသကဲ့သို့၊ သင်သည် ဘုရားသခင်ထံမှ အသိအမှတ်ပြုမှုကိုလည်း မည်သည့်အခါမျှ မရရှိဘဲ၊ အလင်းထဲတွင် မည်သည့်အခါမျှ မနေခဲ့ရဖူးပေ။ လူတစ်ယောက်၏ကံကြမ္မာသည် အဆုံး၌ မည်သို့ဖြစ်မည်ဆိုသည်မှာ သူ့ထံ၌ ရိုးသားမှုနှင့် သွေးသို့နီသော နှလုံးသားရှိ မရှိအပေါ်နှင့် သူ့ထံ၌ စင်ကြယ်သော စိတ်နှလုံး ရှိ မရှိတို့အပေါ်တွင် မူတည်သည်။ အကယ်၍ သင်သည် အလွန်မရိုးဖြောင့်သောသူတစ်ဦး၊ မလိုတမာစိတ်ရှိသူတစ်ဦး၊ မစင်ကြယ်သော စိတ်ဝိညာဉ်ရှိသူတစ်ဦး ဖြစ်နေပါက၊ သင်၏ ကံကြမ္မာမှတ်တမ်းတွင် ရေးသားသကဲ့သို့ လူတို့ အပြစ်ပေး ခံရသည့် နေရာတွင် သင် အဆုံးသတ်မည်မှာ သေချာ၏။ အကယ်၍ သင်သည် အလွန်တရာ ရိုးသားသည်ဟုဆိုသော်လည်း၊ သမ္မာတရားနှင့် ညီညွတ်စွာ ပြုမူခြင်း၊ အမှန်တရားနှင့်ဆိုင်သော စကားတစ်ခွန်းကိုမျှ ပြောဆိုခြင်းတို့ကို မည်သည့်အခါမျှ မပြုဖူးပါက၊ သင်သည် ဘုရားသခင်ကို သင့်အား ဆုချပေးစေရန် စောင့်မျှော်နေဆဲလော။ ဘုရားသခင်က သင့်ကို သူ၏ အချစ်မြတ်နိုးဆုံးသူအဖြစ် သတ်မှတ်ရန် စောင့်မျှော်နေသေးသလော။ ယင်းသည် ရယ်ဖွယ်ကောင်းသော တွေးနည်း မဟုတ်လော။ သင်သည် အရာရာ၌ ဘုရားသခင်ကို လှည့်စားသည်၊ ထို့ကြောင့် သင်ကဲ့သို့သော လက်မသန့်ရှင်းသူ တစ်ယောက်ကို ဘုရားသခင်၏အိမ်တော်၌ မည်ကဲ့သို့ နေရာ ပေးနိုင်မည်နည်း။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သတိပေးချက် သုံးချက်
အခြားသူများအပေါ် သံသယမထားသည့်သူများကို ငါသဘောကျသည်၊ ထို့အပြင် သမ္မာတရားကို မဆိုင်းမတွ လက်ခံသောသူများကိုလည်း ငါနှစ်သက်၏၊ ထိုသို့သောလူနှစ်မျိုးကို ငါအလွန်ဂရုစိုက်သည်၊ အဘယ်ကြောင့်ဆိုသော် ငါ၏အမြင်၌ သူတို့သည် ရိုးသားသောသူများ ဖြစ်ကြသောကြောင့်ဖြစ်သည်။ အကယ်၍ သင်တို့သည် လိမ်လည်လှည့်ဖျားတတ်လျှင် လူတိုင်းနှင့် ကိစ္စတိုင်းကို သတိထားပြီး သံသယဝင်နေမည်ဖြစ်၍ ငါ့အပေါ်၌ထားသော သင်တို့၏ ယုံကြည်ခြင်းသည် သံသယအုတ်မြစ်အပေါ်၌ တည်ထားသည့် ယုံကြည်ခြင်း ဖြစ်နေလိမ့်မည်။ ထိုသို့သော ယုံကြည်ခြင်းကို မည်သည့်အခါမျှ ငါအသိအမှတ်ပြုနိုင်မည် မဟုတ်ပေ။ စစ်မှန်သော ယုံကြည်ခြင်း မရှိသော သင့်တွင် စစ်မှန်သော ချစ်ခြင်းမေတ္တာ သာ၍ပင် ကင်းမဲ့နေသည်။ အကယ်၍ သင်သည် ဘုရားသခင်ကို သံသယဝင်တတ်သည့်အပြင် သင်ဆန္ဒရှိသည့်အတိုင်း သူ့အကြောင်းကို ထင်ကြေးပေးတတ်လျှင် သင်သည် လူတို့ထဲတွင် အလိမ်လည် အလှည့်ဖျားတတ်ဆုံးသူဖြစ်သည်မှာ သံသယဖြစ်စရာ မလိုပေ။ ခွင့်မလွှတ်နိုင်သော အပြစ်များဖြင့် ပြည့်နေသော၊ သေးသိမ်သည့် စရိုက်လက္ခဏာရှိသော၊ တရားမျှတမှုနှင့် ဆင်ခြင်တုံတရား ကင်းမဲ့သော၊ တရားမျှတသောသဘော ကင်းမဲ့သော၊ ရက်စက်သည့် နည်းပရိယာယ်များ ပြုတတ်သော၊ ဖောက်ပြန်ပြီး ကောက်ကျစ်သော၊ ဆိုးယုတ်မှုနှင့် အမှောင်ထုကို နှစ်သက်သော စသည့်စရိုက်လက္ခဏာများရှိသူ လူသားနှင့် ဘုရားသခင်တူနိုင်မတူနိုင်ကို သင်မှန်းဆသည်။ လူတို့၌ ဘုရားသခင်နှင့်ပတ်သက်သည့် အသိပညာ စိုးစဉ်းမျှပင် မရှိသောကြောင့် ၎င်းတို့တွင် ထိုသို့သောအတွေးများရှိခြင်းဖြစ်သည် မဟုတ်လော။ ထိုသို့သော ယုံကြည်ခြင်းသည် အပြစ်နှင့်ဘာမျှမထူး။ ထို့အပြင် ငါနှစ်သက်သောသူများသည် ခယဝယလုပ်ကာ ဖားတတ်သောသူများ အတိအကျပင်ဖြစ်ကြောင်း၊ ထိုသို့မလုပ်တတ်သူများသည် ဘုရားသခင်၏ အိမ်တော်တွင် ကြိုဆိုခြင်းခံရမည်မဟုတ်ဘဲ သူတို့သည် ထိုအိမ်တော်ရှိ မိမိတို့၏နေရာကို ဆုံးရှုံးလိမ့်မည်ဖြစ်ကြောင်း ယုံကြည်ကြသူအချို့ပင် ရှိသည်။ ဤနှစ်များတစ်လျှောက် သင်တို့ဆည်းပူးထားသည်မှာ ဤအသိပညာတစ်ခုသာလော။ ဤသည်မှာ သင်တို့ရရှိခဲ့သောအရာလော။ ထို့ပြင် ငါနှင့်ပတ်သက်သော သင်တို့၏အသိအမြင်သည် ထိုသို့သော အထင်အမြင်မှားများသာမကပေ၊ သာ၍ဆိုးသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်ကို သင်တို့၏ စော်ကားခြင်းနှင့် ကောင်းကင်ဘုံကို ရှုတ်ချပြောဆိုခြင်းတို့ဖြစ်သည်။ ထို့ကြောင့် သင်တို့၏ ထိုသို့သော ယုံကြည်ခြင်းသည် ငါနှင့်ဝေးရာသို့ သင်တို့ကို လမ်းလွဲသွားစေ မည်သာဖြစ်ပြီး သင်တို့အား ငါ့ကို ပိုပြီးဆန့်ကျင်သူများ ဖြစ်စေမည်သာ ဖြစ်သည်ဟု ငါပြောခြင်းဖြစ်၏။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မြေကြီးပေါ်ရှိ ဘုရားသခင်ကို သိရှိနိုင်ပုံ
ရိုးသားသူတစ်ယောက်ဖြစ်ခြင်းဆိုသည်မှာ အတိအကျ မည်သည့်အရာဖြစ်သည်ကို အလွန် နားမလည်သောသူများစွာရှိသည်။ လူအချို့က ရိုးသားသူများသည် မာယာကင်းပြီး ဖြောင့်မတ်သောသူများ၊ ၎င်းတို့သွားသည့်နေရာတိုင်းတွင် အနိုင်ကျင့်ခံရပြီး အပယ်ခံရသူများ၊ သို့မဟုတ် နှေးကွေးပြီး အစဉ်သဖြင့် အခြားလူများထက် ပြောဆိုပြုမူခြင်း နောက်ကျသူများဖြစ်သည်ဟု ဆိုကြသည်။ အခြားလူများက အထင်သေးသည့် ဤသို့သော မိုက်မဲမှုကို ပါဝင်လုပ်ဆောင်သော လူအချို့နှင့် မသိနားမလည်သောသူများကလည်း မိမိတို့ကိုယ်ကို ရိုးသားသူများအဖြစ် ဖော်ပြကြသည်။ မိမိတို့ကိုယ်ကို နိမ့်ကျသည်ဟု ခံစားရသော၊ လူ့အဖွဲ့အစည်း၏ နိမ့်ကျသောအဆင့်အတန်းတွင်ရှိသည့် ပညာမတတ်သောသူများအားလုံးသည် ထို့အတူပင် ၎င်းတို့က ရိုးသားသူများဖြစ်သည်ဟု ဆိုကြသည်။ ၎င်းတို့၏ အမှားသည် မည်သည့်နေရာတွင် တည်ရှိသနည်း။ ရိုးသားသူတစ်ယောက်ဆိုသည်မှာ မည်သို့သောသူဖြစ်သည်ကို ၎င်းတို့ မသိကြပေ။ ၎င်းတို့၏ အထင်အမြင်လွဲမှားမှု အရင်းအမြစ်မှာ အဘယ်နည်း။ အဓိကအကြောင်းရင်းမှာ သမ္မာတရားအား ၎င်းတို့ နားမလည်ခြင်းဖြစ်သည်။ ဘုရားသခင်ပြောသည့် “ရိုးသားသောသူများ” သည် လူနုံလူအများ၊ ငတုံးငအများဖြစ်သည်၊ ပညာမတတ်၊ နှုတ်စလျှာစ နှေးကွေးသည်၊ အနိုင်ကျင့်ခံရပြီး ဖိနှိပ်ခံရသည်။ အလွယ်တကူ လှည့်စားခံရပြီး လိမ်လည်ခံရသည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ သွယ်ဝိုက်ညွှန်းဆိုချက်မှာ ဘုရားသခင်၏ ကယ်တင်ခြင်းခံရသူများသည် အခြားလူများက မကြာခဏ ကြမ်းတမ်းစွာ ခိုင်းစေခံရသောသူများ၊ လူ့အဖွဲ့အစည်း၏ အောက်ခြေတွင်ရှိသော ထိုဦးနှောက်မရှိသည့် သူများဖြစ်သည်ဟူ၍ ဖြစ်သည်။ ဤနိမ့်ကျသော၊ ဆင်းရဲသောသူများကို မဟုတ်လျှင် ဘုရားသခင်က မည်သူကို ကယ်တင်မည်နည်း။ ဤသည်မှာ ၎င်းတို့ ယုံကြည်သည့်အရာမဟုတ်သလော။ ထိုသူများသည် အမှန်တကယ်ပင် ဘုရားသခင် ကယ်တင်သောသူများဖြစ်သလော။ ဤသည်မှာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို မှားယွင်းစွာ အနက်ဖွင့်ခြင်းဖြစ်သည်။ ဘုရားသခင် ကယ်တင်သည့်သူများသည် သမ္မာတရားကို ချစ်သောသူများ၊ အစွမ်းအစနှင့် နားလည်သဘောပေါက်နိုင်စွမ်းရှိသော သူများဖြစ်သည်။ ၎င်းတို့အားလုံးသည် အသိတရားနှင့် အသိစိတ်ရှိသောသူများဖြစ်သည်။ ဘုရားသခင်၏ စေခိုင်းချက်ကို ဖြည့်ဆည်းပြီး ၎င်းတို့၏ တာဝန်ကို ကောင်းစွာထမ်းဆောင်နိုင်သောသူများဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်ပြီး၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားနိုင်သောသူများဖြစ်သည်။ ဘုရားသခင်ကို အမှန်တကယ်ချစ်သောသူများ၊ ဘုရားသခင်ကို ကျိုးနွံနာခံကာ ဘုရားသခင်ကို ကိုးကွယ်သောသူများဖြစ်သည်။ ဤလူအများစုသည် လူ့အဖွဲ့အစည်း၏ အောက်ခြေမှ ဖြစ်သော်လည်း၊ အလုပ်သမားများ၊ လယ်သမားများ၏ မိသားစုများမှ ဖြစ်သော်လည်း ၎င်းတို့သည် နားဝေတိမ်တောင်ဖြစ်သောသူများ၊ ငနုံငအများ၊ သို့မဟုတ် အသုံးမကျသောလူများ သေချာပေါက် မဟုတ်ပေ။ ဆန့်ကျင်ဖက်အနေဖြင့်၊ ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်သော၊ လက်တွေ့လုပ်ဆောင်ပြီး ကျိုးနွံနာခံနိုင်သော လူတော်များဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်နောက်သို့လိုက်ပြီး သမ္မာတရားနှင့် အသက်ကို ရရှိရန်အတွက် လောကီ ဂုဏ်ကျက်သရေနှင့် ချမ်းသာကြွယ်ဝမှုများကို စွန့်လွှတ်မည်ဖြစ်သော တရားမျှတခြင်းရှိသည့်သူများဖြစ်သည်။ ၎င်းတို့သည် အားလုံးထဲတွင် အမြော်အမြင်အရှိဆုံးသူများဖြစ်သည်။ ဤလူတို့အားလုံးသည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ပြီး ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အမှန်တကယ် အသုံးခံသော ရိုးသားသည့်သူများဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းနှင့် ကောင်းချီးများကို ရရှိနိုင်သည်။ ၎င်းတို့သည် ဘုရားသခင်၏ လူများအဖြစ်၊ ဘုရားသခင့် ဗိမာန်တော်၏ တိုင်များအဖြစ် စုံလင်ခြင်းခံရနိုင်သည်။ ၎င်းတို့သည် ရွှေ၊ ငွေနှင့် တန်ဖိုးရှိသော ကျောက်သံပတ္တမြားတို့နှင့်သက်ဆိုင်သောသူများဖြစ်သည်။ ဖယ်ရှားခြင်းခံရမည်မှာ ထိုနားဝေတိမ်တောင်ဖြစ်သောသူများ၊ မိုက်မဲသောသူများ၊ အဓိပ္ပာယ်မရှိသောသူများနှင့်၊ အသုံးမကျသောသူများဖြစ်သည်။ မယုံကြည်သူများနှင့် အဓိပ္ပာယ်မရှိသောသူများသည် ဘုရားသခင်၏ အမှုတော်နှင့် စီမံခန့်ခွဲမှုအစီအစဉ်ကို မည်သည့်အရာအဖြစ် မြင်ကြသနည်း။ အမှိုက်စွန့်ပစ်သည့်နေရာအဖြစ် မြင်ကြသည် မဟုတ်လော။ ဤလူတို့သည် အစွမ်းအစညံ့ဖျင်းရုံမကဘဲ အဓိပ္ပာယ်လည်းမရှိပေ။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်ကို မည်မျှ ဖတ်ပါစေ သမ္မာတရားကို နားမလည်နိုင်ပေ။ တရားဒေသနာမည်မျှကို ၎င်းတို့ ကြားသည်ဖြစ်စေ စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်စွမ်းမရှိပေ။ ၎င်းတို့သည် ဤမျှ မိုက်မဲလျှင် ကယ်တင်ခြင်းခံရနိုင်သေးသလော။ ဘုရားသခင်သည် ဤလူစားမျိုးကို အလိုရှိနိုင်သလော။ ၎င်းတို့သည် ယုံကြည်သူဖြစ်သည်မှာ နှစ်မည်မျှကြာသည်ဖြစ်စေ မည်သည့်သမ္မာတရားကိုမျှ နားမလည်သေးပေ။ အဓိပ္ပာယ်မရှိသောအရာများကို ပြောနေဆဲဖြစ်သည်။ သို့တိုင်အောင် ၎င်းတို့သည် မိမိတို့ကိုယ်ကို ရိုးသားသည်ဟု သတ်မှတ်ဆဲဖြစ်သည်။ ၎င်းတို့တွင် အရှက်မရှိသလော။ ဤသို့သောလူတို့သည် သမ္မာတရားကို နားမလည်ပေ။ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အစဉ်သဖြင့် မှားယွင်းစွာ အနက်ဖွင့်ကြသည်။ သို့တိုင်အောင် ၎င်းတို့သွားသည့် နေရာတိုင်းတွင် ၎င်းတို့၏ မှားယွင်းသော အနက်ဖွင့်မှုများကို ရှည်လျားစွာပြောဆိုကြပြီး သမ္မာတရားအဖြစ် ဟောပြောကြသည်။ လူတို့အား “အနည်းငယ် အနိုင်ကျင့်ခံရခြင်းသည် ကောင်းသည်။ လူတို့ အနည်းငယ် ဆုံးရှုံးသင့်သည်။ အနည်းငယ် မိုက်မဲသင့်သည်။ ဤသူတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းခံရသူများဖြစ်ပြီး ဘုရားသခင် ကယ်တင်မည့်သူများဖြစ်သည်” ဟု ပြောကြသည်။ ထိုသို့သောအရာများကို ပြောသည့်သူများသည် စက်ဆုပ်ရွံရှာဖွယ်ဖြစ်သည်။ ဤအရာက ဘုရားသခင်ကို အလွန်ပင် အရှက်ရစေသည်။ အလွန်ပင် စက်ဆုပ်ရွံရှာဖွယ်ကောင်းလှသည်တကား။ ဘုရားသခင့် နိုင်ငံတော်၏ တိုင်များနှင့် ဘုရားသခင် ကယ်တင်သော အောင်မြင်သူများအားလုံးသည် သမ္မာတရားကို နားလည်သောသူများဖြစ်ပြီး အမြော်အမြင်ရှိသူများဖြစ်သည်။ ဤလူတို့သည် ကောင်းကင်နိုင်ငံတော်တွင် ဝေစုတစ်ခု ရရှိမည့်သူများဖြစ်သည်။ မိုက်မဲပြီး မသိနားမလည်သောသူများ၊ အရှက်ကင်းမဲ့ပြီး အသိစိတ်မရှိသောသူများ၊ သမ္မာတရားအား နားလည်ခြင်း တစ်စွန်းတစ်စမျှမရှိသောသူများ၊ ငနုံငအများ၊ လူနုံလူအများဖြစ်သော သူတို့အားလုံးသည် အသုံးမကျသောသူများဖြစ်သည်မဟုတ်လော။ ထိုသို့သော သူတို့သည် ကောင်းကင်နိုင်ငံတော်တွင် အဘယ်သို့ ဝေစုတစ်ခု ရရှိနိုင်မည်နည်း။ ဘုရားသခင် ပြောဆိုသည့် ရိုးသားသူများသည် သမ္မာတရားကို နားလည်သည်နှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သော၊ အမြော်အမြင်ရှိပြီး လိမ္မာပါးနပ်သော၊ ဘုရားသခင်ထံသို့ ရိုးရှင်းစွာ ဖွင့်ပြောသော၊ စည်းမျဉ်းနှင့်အညီ လုပ်ဆောင်ပြီး ဘုရားသခင်အား လုံးဝ ကျိုးနွံနာခံသောသူများဖြစ်သည်။ ဤလူတို့အားလုံးသည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးများရှိကြပြီး စည်းမျဉ်းနှင့်အညီ အမှုအရာများကို လုပ်ဆောင်ခြင်း၌ အာရုံစိုက်ကြသည်။ ၎င်းတို့အားလုံးသည် ဘုရားသခင်အပေါ် အကြွင်းမဲ့ ကျိုးနွံနာခံခြင်းကို လိုက်စားကြပြီး ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ချစ်ကြသည်။ ၎င်းတို့သည်သာ အမှန်တကယ် ရိုးသားသူများဖြစ်သည်။ လူတစ်ယောက်သည် ရိုးသားခြင်းက မည်သည့်အရာဆိုလိုသည်ကို မသိလျှင်၊ ရိုးသားသူများ၏ အနှစ်သာရသည် ဘုရားသခင်အပေါ် အကြွင်းမဲ့ ကျိုးနွံနာခံခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း၊ မကောင်းမှုကို ရှောင်ကြဉ်ခြင်းတို့ဖြစ်သည်ကို မမြင်နိုင်လျှင်၊ သို့မဟုတ် ရိုးသားသူများသည် သမ္မာတရားကို ချစ်သောကြောင့်၊ ဘုရားသခင်ကို ချစ်သောကြောင့်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောကြောင့် ရိုးသားကြခြင်းဖြစ်သည်ကို မမြင်နိုင်လျှင် ဤသို့သောသူမျိုးသည် အလွန်မိုက်မဲပြီး အမှန်ပင် ပိုင်းခြားသိမြင်မှု ကင်းမဲ့သည်။ ရိုးသားသူများသည် လူတို့ ထင်မြင်သကဲ့သို့ မာယာကင်းသော၊ နားဝေတိမ်တောင်ဖြစ်သော၊ မသိနားမလည်သော၊ မိုက်မဲသောပုဂ္ဂိုလ်များ လုံးဝမဟုတ်ပေ။ ၎င်းတို့သည် အသိတရားနှင့် အသိစိတ်ရှိသည့် သာမန်လူ့သဘာဝရှိသောသူများဖြစ်သည်။ ရိုးသားသူများနှင့်ပတ်သက်ပြီး လိမ္မာပါးနပ်သောအရာမှာ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်ကို နားထောင်ပြီး ရိုးသားနိုင်သည်။ ဤအတွက်ကြောင့် ၎င်းတို့သည် ဘုရားသခင်၏ ကောင်းချီးကို ခံစားရခြင်းဖြစ်သည်။
လူတို့အား ရိုးသားရန် တောင်းဆိုသည့် ဘုရားသခင်၏ တောင်းဆိုချက်ထက် မည်သည့်အရာမျှ ပို၍ အရေးမပါပေ။ ဘုရားသခင်သည် လူတို့အား သူ၏ ရှေ့တွင် အသက်ရှင်ရန်၊ သူ၏ စိစစ်မှုကို လက်ခံရန်၊ အလင်းထဲတွင် အသက်ရှင်ရန် တောင်းဆိုနေသည်။ ရိုးသားသူများသာ စစ်မှန်သော လူသားမျိုးနွယ်ဝင်များ ဖြစ်သည်။ မရိုးသားသောသူများသည် သားရဲတိရစ္ဆာန်များဖြစ်သည်။ လူသား၏ အဝတ်အစားဖြင့် သွားလာနေကြသော တိရစ္ဆာန်များဖြစ်သည်။ လူသားများမဟုတ်ပေ။ ရိုးသားသူတစ်ယောက်ဖြစ်ခြင်းကို လိုက်စားရန်အတွက် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ပြုမူရမည်။ သင်သည် တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ပြုပြင်ခြင်းတို့ကို ကြုံရမည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက သန့်စင်သွားပြီး သမ္မာတရားအား လက်တွေ့လုပ်ဆောင်နိုင်ကာ ဘုရားနှုတ်ကပတ်တော်အတိုင်း အသက်ရှင်နိုင်သောအခါ ထိုအခါမှသာ သင်သည် ရိုးသားသူတစ်ယောက်ဖြစ်လိမ့်မည်။ မသိနားမလည်သော၊ မိုက်မဲသော၊ မာယာကင်းသောသူများသည် လုံးဝ ရိုးသားသူများမဟုတ်ပေ။ ဘုရားသခင်သည် လူတို့အား ရိုးသားရန် တောင်းဆိုခြင်းအားဖြင့်၊ သူသည် လူတို့အား သာမန်လူ့သဘာဝကို ပိုင်ဆိုင်ရန်၊ ၎င်းတို့၏ လှည့်စားခြင်းနှင့် အယောင်ဆောင်ခြင်းကို ဖယ်ရှားရန်၊ အခြားလူများကို လိမ်ညာခြင်း၊ လှည့်စားခြင်းမပြုရန်၊ ၎င်းတို့၏ တာဝန်ကို သစ္စာရှိစွာဖြင့် ထမ်းဆောင်ရန်နှင့် သူ့အား အမှန်တကယ် ချစ်ပြီး ကျိုးနွံနာခံနိုင်ရန် တောင်းဆိုနေခြင်းဖြစ်သည်။ ဤပုဂ္ဂိုလ်များသည်သာ ဘုရားသခင်၏ နိုင်ငံတော်သားများ ဖြစ်သည်။ လူတို့အား ခရစ်တော်၏ စစ်သားကောင်းများဖြစ်ရန် ဘုရားသခင်က တောင်းဆိုသည်။ ခရစ်တော်၏ စစ်သားကောင်းများဆိုသည်မှာ အဘယ်နည်း။ ၎င်းတို့သည် သမ္မာတရား စစ်မှန်မှုဖြင့် ပြင်ဆင်ထားပြီး ခရစ်တော်နှင့် စိတ်နှလုံး တစ်လုံးတစ်ဝတည်းရှိရမည်။ အချိန်မရွေး၊ နေရာမရွေး ဘုရားသခင်ကို ချီးမြှောက်ပြီး သက်သေခံနိုင်ရမည်။ စာတန်နှင့် စစ်ပွဲဆင်နွှဲရန် သမ္မာတရားကို အသုံးပြုနိုင်ရမည်။ အရာခပ်သိမ်းတွင် ဘုရားသခင်ဘက်မှ ရပ်တည်ရမည်။ သက်သေခံရမည်။ သမ္မာတရား စစ်မှန်မှုအတိုင်း အသက်ရှင်နေထိုင်ရမည်။ ၎င်းတို့သည် စာတန်ကို အရှက်ရစေပြီး ဘုရားသခင်အတွက် အံ့ဖွယ်ကောင်းသော အောင်မြင်မှုများကို ရယူနိုင်ရမည်။ ဤသည်မှာ ခရစ်တော်၏ စစ်သားကောင်းများဖြစ်ခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။ ခရစ်တော်၏ စစ်သားကောင်းများမှာ အောင်မြင်သူများဖြစ်သည်။ စာတန်ကို အောင်မြင်သူများဖြစ်သည်။ ဘုရားသခင်က လူတို့အား ရိုးသားရန်၊ လှည့်စားခြင်းမပြုရန် တောင်းဆိုရာတွင် သူသည် လူတို့အား ငတုံးငအများဖြစ်ရန် တောင်းဆိုခြင်းမဟုတ်ဘဲ ၎င်းတို့၏ လှည့်စားသော စိတ်သဘောထားများကို ဖယ်ရှားရန်၊ ဘုရားသခင်အား ကျိုးနွံနာခံခြင်းကို ရရှိပြီး ဘုရားသခင်အပေါ် ဘုန်းအသရေကို ယူဆောင်ရန် တောင်းဆိုခြင်းဖြစ်သည်။ ဤသည်မှာ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် ရရှိနိုင်သည့်အရာဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ခြောက်မျိုးကို သိခြင်းကသာ စစ်မှန်သော မိမိကိုယ်ကိုယ် သိခြင်းဖြစ်သည်
ရိုးသားသူတစ်ယောက်သည် သမ္မာတရားကို လက်ခံနိုင်သူဖြစ်သည်။ သနားစရာကောင်းသော ဒုက္ခရောက်နေသူ၊ အချည်းနှီးလူ၊ ငတုံးငအ၊ သို့မဟုတ် ဟန်ဆောင်မှုကင်းသော လူတစ်ဦး မဟုတ်ပေ။ သင်တို့သည် ဤအရာများကို ပိုင်းခြားသိမြင်နိုင်သင့်သည်မဟုတ်လော။ လူအချို့က ဤသို့ပြောသည်ကို ငါ မကြာခဏကြားရသည်။ “ငါသည် မည်သည့်အခါမျှ မုသားမပြော။ အစဉ်သဖြင့် အလိမ်ခံရသောသူဖြစ်သည်။ ငါသည် ပြင်ပတွင်ရှိသော လူတို့၏ အကြမ်းပတမ်းခိုင်းစေခြင်းကို အစဉ်အမြဲ ခံရသည်။ ဘုရားသခင်က ငတ်မွတ်သောသူတို့ကို နောက်ချေးပုံထဲက ချီးမြှောက်သည်ဟု ဆိုသည်။ ငါသည် ထိုလူများထဲမှ တစ်ယောက်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်ဖြစ်သည်။ ဘုရားသခင်က ငါတို့ကဲ့သို့သောလူများ၊ လူ့အဖွဲ့အစည်းတွင် လက်မခံကြသော ဟန်ဆောင်မှုကင်းသော လူများကို သနားသည်။ ဤသည်မှာ အမှန်ပင် ဘုရားသခင်၏ ကရုဏာဖြစ်သည်” ဟူ၍ ဖြစ်သည်။ ဘုရားသခင်က ငတ်မွတ်သောသူတို့ကို နောက်ချေးပုံထဲက ချီးမြှောက်သည်ဟု ဆိုခြင်းသည် အမှန်ပင် လက်တွေ့ကျသည့်အပိုင်းရှိသည်။ သင်က ထိုအရာကို သတိပြုမိနိုင်သော်လည်း ရိုးသားသူတစ်ယောက် သင် ဖြစ်ကြောင်းကို ဤအရာက သက်သေမပြပေ။ အမှန်တကယ်တွင် လူအချို့သည် ငတုံး၊ ငအများသာဖြစ်သည်။ ၎င်းတို့သည် ကျွမ်းကျင်မှု လုံးဝ မရှိသည့် သူရူးများဖြစ်သည်။ အစွမ်းအစနည်းပြီး၊ သမ္မာတရားကို နားလည်ခြင်းမရှိပေ။ ထိုသို့သောသူမျိုးသည် ဘုရားသခင်ပြောသည့် ရိုးသားသောသူများနှင့် လုံးဝ အဆက်အစပ်မရှိပေ။ ဘုရားသခင်က ငတ်မွတ်သောသူတို့ကို နောက်ချေးပုံထဲက ချီးမြှောက်သည်မှာ မှန်သည်။ သို့သော် ငတုံးငအများ၊ သူရူးများသည် ချီးမြှောက်ခြင်းခံရသူများမဟုတ်ပေ။ သင်၏ အစွမ်းအစသည် မွေးရာပါ အလွန်နိမ့်ကျသည်။ သင်သည် ငတုံးငအဖြစ်သည်။ အချည်းနှီးလူဖြစ်သည်။ သင်သည် ဆင်းရဲသောမိသားစုတွင် မွေးဖွားပြီး လူ့အဖွဲ့အစည်း၏ နိမ့်ကျသော လူတန်းစားဝင်ဖြစ်သော်လည်း ဘုရားသခင်၏ ကယ်တင်ခြင်းအတွက် ရည်ရွယ်ထားသောသူ မဟုတ်သေးပေ။ သင်က လူ့အဖွဲ့အစည်းတွင် များစွာ ဒုက္ခခံပြီး ခွဲခြားဆက်ဆံမှုခံရသောကြောင့်အတွက်နှင့်၊ လူတိုင်းက အကြမ်းပတမ်း ခိုင်းစေခြင်းကိုခံရပြီး လိမ်ညာခြင်းကို ခံရသောကြောင့်အတွက်နှင့် သင်သည် ရိုးသားသူတစ်ယောက်ဖြစ်သွားသည်ဟု မထင်နှင့်။ ဤသို့ သင် ထင်မြင်လျှင် အလွန့်အလွန် မှားယွင်းသည်။ ရိုးသားသူတစ်ယောက်သည် အဘယ်သို့ဖြစ်သည်ဆိုသည်နှင့်ပတ်သက်ပြီး နားလည်မှုလွဲခြင်း၊ သို့မဟုတ် လွဲချော်သော သဘောပေါက်နားလည်မှု တစ်ခုခုကို သင် ကိုင်စွဲထားသလော။ ဤမိတ်သဟာယဖြင့် သင်သည် အနည်းငယ်ရှင်းလင်းမှုရှိသလော။ ရိုးသားသူတစ်ယောက်ဖြစ်ခြင်းသည် လူတို့ ထင်သကဲ့သို့မဟုတ်ပေ။ မရောမရာဖြစ်စေခြင်းကို ရှောင်ကြဉ်သည့် ပွင့်လင်းစွာ ပြောတတ်သူဖြစ်ခြင်းမဟုတ်ပေ။ လူတစ်ယောက်သည် သဘာဝအလျောက်ပင် အလွန်ပွင့်လင်းနိုင်သည်။ သို့သော် ဤသည်မှာ သူသည် လိမ်လည်ခြင်း၊ လှည့်စားခြင်းတို့ကို ဆောင်ရွက်ခြင်းမရှိဟု မဆိုလိုပေ။ ဖောက်ပြန်ပျက်စီးသော လူသားများအားလုံးတွင် လိမ်လည်ပြီးလှည့်စားသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများရှိသည်။ လူတို့သည် ဤကမ္ဘာလောကတွင်၊ စာတန်၏ စွမ်းအားအောက်တွင် အသက်ရှင်ပြီး စာတန် အင်အားစု၏ အုပ်စိုးခြင်း၊ ထိန်းချုပ်ခြင်းကို ခံရသောအခါ ၎င်းတို့အတွက် ရိုးသားရန် မဖြစ်နိုင်ပေ။ အစဉ်ပို၍ လှည့်စားတတ်ခြင်းသာ ဖြစ်လာနိုင်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်
ရိုးသားသောလူတစ်ယောက်၏ သရုပ်သကန်များက မည်သည်တို့နည်း။ ပထမအချက်မှာ ဘုရားသခင်၏နှုတ်ကပတ်တော်များအကြောင်း သံသယမရှိခြင်းဖြစ်သည်။ ၎င်းသည် ရိုးသားသော လူတစ်ယောက်၏ သရုပ်သကန်များအနက်မှ တစ်ခုဖြစ်သည်။ ဤသည်မှလွဲ၍ အရေးအကြီးဆုံး သရုပ်သကန်မှာ ကိစ္စအားလုံးတွင် သမ္မာတရားကို ရှာဖွေပြီး လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤသည်မှာ အရေးအပါဆုံးဖြစ်သည်။ သင်သည် ရိုးသားသည်ဟု ဆိုသော်လည်း အစဉ်သဖြင့် ဘုရားနှုတ်ကပတ်တော်ကို စိတ်ထဲတွင် မထားဘဲ သင် အလိုရှိသမျှကို လုပ်ဆောင်သည်။ ဤသည်မှာ ရိုးသားသူတစ်ယောက်ဖြစ်ကြောင်း သရုပ်သကန် ဖြစ်သလော။ သင်က “ငါ့အစွမ်းအစက ညံ့သော်လည်း ငါ့ထံတွင် ရိုးသားသည့် စိတ်နှလုံးရှိသည်” ဟု ဆိုသည်။ သို့တိုင်အောင် တာဝန်တစ်ခုသည် သင့်အပေါ်သို့ ကျရောက်သောအခါ ဒုက္ခခံရမည်ကိုလည်းကောင်း၊ သင်သည် ကောင်းစွာ မလုပ်ဆောင်လျှင် တာဝန်ခံရမည်ကိုလည်းကောင်း ကြောက်သည်။ ထို့ကြောင့် သင်၏တာဝန်ကို ရှောင်ရန်အတွက် ဆင်ခြေများပေးသည်။ သို့မဟုတ် အခြားလူတစ်ယောက်ကို လုပ်ဆောင်ဖို့ အကြံပြုသည်။ ဤသည်မှာ ရိုးသားသူတစ်ယောက် ဖြစ်ကြောင်း သရုပ်သကန်ဖြစ်သလော။ မဖြစ်သည်မှာ သိသာထင်ရှား၏။ ဤသို့ဆိုလျှင် ရိုးသားသူတစ်ယောက်က မည်သို့ ပြုမူသင့်သနည်း။ ဘုရားသခင်၏ အစီအစဉ်များကို နာခံသင့်သည်။ မိမိထမ်းဆောင်ရမည့် တာဝန်တွင် သစ္စာစောင့်သိခြင်းရှိရမည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းဖို့ ကြိုးပမ်းရမည်။ ဤအရာသည် နည်းလမ်းအချို့ဖြင့် သူ့ဘာသာသူ ပေါ်လွင်ထင်ရှားလေသည်။ တစ်ခုမှာ ရိုးသားသော နှလုံးသားတစ်ခုဖြင့် မိမိတာဝန်ကို လက်ခံခြင်း၊ သင်၏ ဇာတိပကတိ အကျိုးစီးပွားများကို မစဉ်းစားခြင်း၊ ဤအရာနှင့်ပတ်သက်ပြီး စိတ်မပါ့တပါ မဖြစ်ခြင်း၊ သို့မဟုတ် သင်၏ ကိုယ်ပိုင်အကျိုးအမြတ်အတွက် ကြံစည်မှုမရှိခြင်းဖြစ်သည်။ ယင်းတို့သည် ရိုးသားမှု၏ သရုပ်သကန်များဖြစ်သည်။ အခြားတစ်ခုမှာ သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်း၌ စိတ်နှလုံး အကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှ ထည့်ထားခြင်း၊ အမှုအရာများကို မှန်မှန်ကန်ကန် လုပ်ဆောင်ခြင်း၊ ဘုရားသခင်ကို ကျေနပ်စေရန်အတွက် သင်၏တာဝန်အပေါ် သင်၏ စိတ်နှလုံးနှင့် ချစ်ခြင်းကို မြုပ်နှံခြင်းတို့ဖြစ်သည်။ ဤအရာတို့သည် ရိုးသားသူတစ်ယောက်က မိမိတာဝန်ကို ထမ်းဆောင်စဉ်တွင် ရှိသင့်သည့် သရုပ်သကန်များဖြစ်သည်။ သင်သည် မည်သည့်အရာလုပ်ဆောင်ရမည်ကို နားလည်ပြီး သိသော်လည်း ယင်းကို သင်မလုပ်ဆောင်လျှင် သင်သည် သင်၏ တာဝန်တွင် စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှ ထည့်နေခြင်း မဟုတ်ပေ။ ထိုအစား သင်သည် မရိုးသားဘဲ အချောင်ခိုရန် နည်းလမ်းများ ရှာနေခြင်းဖြစ်သည်။ မိမိတို့၏တာဝန်များကို ဤနည်းလမ်းဖြင့် ထမ်းဆောင်ကြသောသူများသည် ရိုးသားကြသလော။ လုံးဝ မရိုးသားပေ။ ဘုရားသခင်က ဤသို့သောစိတ်မချရသလို လှည့်စားတတ်သည့်သူများကို အသုံးမပြုပေ။ ၎င်းတို့ကို ဖယ်ရှားရှင်းလင်းရမည်။ ဘုရားသခင်သည် တာဝန်များကို ထမ်းဆောင်ရန် ရိုးသားသောလူများကိုသာ အသုံးပြုသည်။ သစ္စာစောင့်သိသော အလုပ်လုပ်ပေးသူများသည်ပင် ရိုးသားရမည်။ အစဉ်သဖြင့် ဝတ်ကျေတမ်းကျေလုပ်ကာ ဉာဏ်များပြီး အချောင်ခိုရန် နည်းလမ်းများကို အမြဲရှာနေသော သူများအားလုံးသည် လှည့်စားတတ်ကြသည်။ ပြီးလျှင် ၎င်းတို့အားလုံးသည် မကောင်းဆိုးဝါးများဖြစ်သည်။ ၎င်းတို့ထဲမှ မည်သူကမျှ ဘုရားသခင်ကို အမှန်တကယ် မယုံကြည်ကြပေ။ ၎င်းတို့အားလုံးသည် ဖယ်ရှားရှင်းလင်းခြင်း ခံရလိမ့်မည်။ လူအချို့က “ရိုးသားသောလူတစ်ဦး ဖြစ်ခြင်းသည် အမှန်တရားကို ပြောပြီး မုသား မပြောခြင်းသာ ဖြစ်သည်။ ရိုးသားသူတစ်ဦး ဖြစ်ရန်မှာ လွယ်ကူပေသည်၊ တကယ်ပင်ဖြစ်သည်” ဟု ထင်ကြသည်။ ဤခံယူချက်ကို သင်မည်သို့ထင်မြင်သနည်း။ ရိုးသားသူတစ်ဦး ဖြစ်ခြင်းသည် အတိုင်းအတာ အလွန်ပင် ကျဉ်းမြောင်းသလော။ လုံးဝ မဟုတ်ပေ။ သင်သည် သင်၏ စိတ်နှလုံးကို ထုတ်ဖော်ပြီး ဘုရားသခင်ကို ပေးရမည် ဖြစ်သည်။ ဤသည်မှာ ရိုးသားသောလူတစ်ဦး ရှိသင့်သည့် သဘောထားဖြစ်သည်။ ထိုအကြောင်းကြောင့် ရိုးသားသည့်နှလုံးသားတစ်ခုသည် အလွန် အဖိုးတန်လေသည်။ ဤအရာက မည်သည်ကို သွယ်ဝိုက်ညွှန်းဆိုသနည်း။ ရိုးသားသောစိတ်နှလုံးသည် သင်၏ အပြုအမူကို ထိန်းချုပ်နိုင်ပြီး သင်၏အခြေအနေကို ပြောင်းလဲနိုင်သည်ဟုဖြစ်သည်။ ယင်းက သင့်အား မှန်ကန်သော ရွေးချယ်မှုများပြုစေပြီး ဘုရားသခင်ကို နာခံနိုင်စေကာ သူ၏ လက်ခံမှုရစေသည်။ ဤကဲ့သို့သော စိတ်နှလုံးတစ်ခုသည် အမှန်တကယ်ကို အဖိုးတန်လေသည်။ သင့်တွင် ဤကဲ့သို့ရိုးသားသော စိတ်နှလုံးတစ်ခုရှိပါက ဤသည်မှာ သင်နေထိုင်သင့်သည့် အခြေအနေ၊ သင်ပြုမူနေထိုင်သင့်သည့်ပုံနှင့် သင့်ကိုယ်သင် ထုတ်ဖော်ပြသင့်သည့်ပုံ ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး
ဘုရားသခင်သည် လူတို့ကို အဘယ်ကြောင့် ရိုးသားရန် တောင်းဆိုသနည်း။ ယင်းသည် လူတို့ကို နားလည်သဘောပေါက်ဖို့ ပိုမိုလွယ်ကူစေရန် ပြုလုပ်ခြင်းဖြစ်သလော။ သေချာပေါက် မဟုတ်ပေ။ ဘုရားသခင်သည် ရိုးသားသည့်သူများကို ချစ်ပြီး ကောင်းကြီးပေးသောကြောင့် လူများကို ရိုးသားဖို့ တောင်းဆိုသည်။ ရိုးသားသောသူတစ်ဦးဖြစ်ခြင်းသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသည့် လူတစ်ဦးဖြစ်ခြင်းကို ဆိုလိုသည်။ ယုံကြည်စိတ်ချရသည့်သူတစ်ဦး၊ ဘုရားသခင် ချစ်သည့်သူတစ်ဦးနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး ဘုရားသခင် ချစ်နိုင်သည့် သူတစ်ဦးဖြစ်ခြင်းကို ဆိုလိုသည်။ ရိုးသားသောသူတစ်ဦးဖြစ်ခြင်းသည် သာမန်လူ့သဘာဝကို ပိုင်ဆိုင်ခြင်းနှင့် စစ်မှန်သော လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ခြင်းတို့၏ အခြေခံအကျဆုံး သရုပ်သကန်ဖြစ်သည်။ တစ်စုံတစ်ဦးသည် မည်သည့်အခါမျှ မရိုးသားဖူးပါက၊ သို့မဟုတ် ရိုးသားရန် မစဉ်းစားခဲ့ဖူးပါက၊ သူသည် သမ္မာတရားကို ရရှိဖို့မဆိုထားနှင့်၊ သမ္မာတရားကို နားမလည်နိုင်သူဖြစ်သည်။ ကျွန်ုပ်ပြောသည်ကို မယုံကြည်လျှင် သင့်ဘာသာ သွား၍ ကြည့်လော့၊ သို့မဟုတ် သင့်ဘာသာ ဤအရာကို သွား၍ ကြုံတွေ့လော့။ ရိုးသားသူတစ်ယောက် ဖြစ်ခြင်းအားဖြင့်သာ သင်၏ စိတ်နှလုံးကို ဘုရားသခင်ထံ ဖွင့်ဟနိုင်သည်။ သမ္မာတရားကို လက်ခံနိုင်သည်။ သမ္မာတရားက သင်၏ စိတ်နှလုံးထဲတွင် သင်၏အသက်ဖြစ်လာနိုင်သည်။ သမ္မာတရားကို သင်နားလည်နိုင်ပြီး ရရှိနိုင်သည်။ သင်၏ စိတ်နှလုံးသည် အမြဲ ပိတ်လျက်ရှိနေပြီး သင်ဖွင့်ဟပြောဆိုခြင်းမရှိ သို့မဟုတ် သင့်စိတ်နှလုံးထဲရှိသောအရာကို မည်သူ့ကိုမျှ မပြောလျှင်၊ သင် ပွင့်ပွင့်လင်းလင်း မပြောဆိုသည်မှာ မည်သူကမျှ သင့်ကို နားမလည်နိုင်သည်အထိဖြစ်လျှင် သင်၏ အကာအဆီးမှာ ထူလွန်းပြီး သင်သည် လူတို့တွင် အလှည့်စားဆုံးဖြစ်သည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သည့်တိုင် ဘုရားသခင်ထံ မိမိကိုယ်ကို သက်သက် မဖွင့်ဟနိုင်လျှင်၊ သင်သည် ဘုရားသခင်ကို လှည့်စားရန် ဘုရားသခင်ကို လိမ်ညာနိုင်လျှင်၊ သို့မဟုတ် ချဲ့ကားပြောဆိုနိုင်လျှင်၊ သင်သည် ဘုရားသခင်ထံ သင်၏ စိတ်နှလုံးကို ဖွင့်ဟနိုင်စွမ်းမရှိလျှင်၊ လှည့်ပတ်ပြောဆိုပြီး သင်၏ ရည်ရွယ်ချက်များကို ဖုန်းကွယ်နိုင်သေးလျှင် သင့်ကိုယ်သင်သာ ထိခိုက်စေလိမ့်မည်။ ဘုရားသခင်က သင့်အား လျစ်လျူရှုပြီး သင်၌ အလုပ်လုပ်မည် မဟုတ်ချေ။ သင်က မည်သည့် သမ္မာတရားကိုမျှ နားလည်မည်မဟုတ်ပေ။ မည်သည့် သမ္မာတရားကိုမျှ ရရှိမည်မဟုတ်ပေ။ ယခုတွင် သမ္မာတရားကို လိုက်စားခြင်းနှင့် ရရှိခြင်း၏ အရေးပါမှုကို သင်တို့ မြင်နိုင်သလော။ သမ္မာတရားကို လိုက်စားရန် ပထမဆုံး သင် လုပ်ဆောင်သင့်သည့် အရာသည် မည်သည့်အရာဖြစ်သနည်း။ သင်သည် ရိုးသားသော လူတစ်ဦး ဖြစ်သင့်သည်။ လူတို့သည် ရိုးသားဖို့ကြိုးစားကြမှသာ ၎င်းတို့ မည်မျှ အလွန်အမင်း ဖောက်ပြန်ပျက်စီးသည်၊ ၎င်းတို့၌ လူသားသဏ္ဌာန် အကယ်ရှိသည်၊ မရှိသည်ကို သိနိုင်ပြီး ၎င်းတို့ကိုယ်၎င်းတို့ အကဲဖြတ်ဆန်းစစ်ကာ ၎င်းတို့၏ အားနည်းချက်များကို မြင်နိုင်ပေသည်။ ရိုးသားမှုကို ၎င်းတို့ လက်တွေ့လုပ်ဆောင်နေသည့် အခါမှသာ ၎င်းတို့ မုသားများ မည်မျှပြောဆိုပြီး ၎င်းတို့၏ လှည့်ဖြားခြင်းနှင့် မရိုးသားမှုတို့ မည်မျှ နက်ရှိုင်းစွာ ကွယ်ဝှက်ထားသည်ကို သိလာနိုင်ပေသည်။ ရိုးသားခြင်းကို လက်တွေ့လုပ်ဆောင်ခြင်း အတွေ့အကြုံ ရှိကြစဉ်တွင်သာ လူတို့သည် ၎င်းတို့ ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့်ဆိုင်သည့် သမ္မာတရားကို တဖြည်းဖြည်း သိလာနိုင်ပြီး ၎င်းတို့ ကိုယ်တိုင်၏ သဘာဝအနှစ်သာရကို သိရှိနိုင်ကာ ထိုအခါမှသာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် စဉ်ဆက်မပြတ် သန့်စင်ခံရလိမ့်မည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ စဉ်ဆက်မပြတ် သန့်စင်ခံရခြင်း ဖြစ်စဉ်တွင်သာ လူတို့သည် သမ္မာတရားကို ရရှိနိုင်ကြပေသည်။ ဤနှုတ်ကပတ်တော်များကို အချိန်ယူ၍ တွေ့ကြုံခံစားလော့။ ဘုရားသခင်သည် လှည့်ဖြားသောသူများကို မစုံလင်စေပေ။ အကယ်၍ သင်၏စိတ်နှလုံး မရိုးဖြောင့်ပါက၊ သင်သည် ရိုးသားသောသူတစ်ဦးမဟုတ်ပါက သင်သည် ဘုရားသခင်၏ ရယူခြင်းကို ခံရလိမ့်မည်မဟုတ်ပေ။ ထိုနည်းတူ သင်သည် သမ္မာတရားကို ရရှိလိမ့်မည်မဟုတ်သကဲ့သို့ ဘုရားသခင်ကို ရရှိနိုင်စွမ်းလည်း ရှိလိမ့်မည်မဟုတ်ပေ။ သင်သည် ဘုရားသခင်ကို မရလျှင် မည်သို့ အဓိပ္ပာယ်ရသနည်း။ သင်သည် ဘုရားသခင်ကို မရရှိလျှင် သင်သည် သမ္မာတရားကို နားမလည်ပေ။ ဤသို့ဆိုလျှင် ဘုရားသခင်ကို သင်သိမည်မဟုတ်ပေ။ ထို့ကြောင့် သင်သည် ဘုရားသခင်နှင့် သဟဇာတဖြစ်နိုင်ဖို့ လမ်းမရှိပေ။ ဤဖြစ်ရပ်တွင် သင်သည် ဘုရားသခင်၏ ရန်သူဖြစ်သည်။ သင်သည် ဘုရားသခင်နှင့် သဟဇာတမဖြစ်လျှင် ဘုရားသခင်သည် သင်၏ ဘုရားမဟုတ်ပေ။ ဘုရားသခင်သည် သင်၏ ဘုရားမဟုတ်လျှင် သင်သည် ကယ်တင်ခြင်း မခံရနိုင်ပေ။ သင်သည် ကယ်တင်ခြင်းကို ရယူရန် မရှာဖွေလျှင် အဘယ်ကြောင့် ဘုရားသခင်ကို ယုံကြည်သနည်း။ အကယ်၍ သင်သည် ကယ်တင်ခြင်း မရနိုင်ပါက၊ သင်သည် ဘုရားသခင်၏နာကြည်းသော ရန်သူတစ်ဦး ထာဝရဖြစ်ပြီး သင်၏ရလဒ် ချမှတ်ခံရလိမ့်မည်။ ထို့ကြောင့် လူတို့သည် ကယ်တင်ခံရရန် ဆန္ဒရှိကြပါက ရိုးသားခြင်းဖြင့် စတင်ရမည်။ အဆုံးတွင် ဘုရားသခင်၏ ရယူခြင်းခံရသောသူတို့သည် လက္ခဏာတစ်ခုဖြင့် အမှတ်အသားပြုခံရကြသည်။ ယင်းမှာ မည်သည့်အရာဖြစ်သည်ကို သင် သိသလော။ ယင်းကို သမ္မာကျမ်းစာထဲက ဗျာဒိတ်ကျမ်းတွင် ရေးသားထားသည်။ “အပြစ်နှင့် ကင်းလွတ်ကြသည်ဖြစ်၍ သူတို့နှုတ်၌ မုသားမရှိ။” (ဗျာဒိတ်ကျမ်း ၁၄:၅) သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့ “သူတို့” ဆိုသည်မှာ မည်သူများဖြစ်သနည်း။ ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်း၊ စုံလင်စေခြင်း ခံရပြီး ရယူခြင်းခံရသူများ ဖြစ်သည်။ ဤလူများကို ဘုရားသခင်က မည်သို့ ဖော်ပြသနည်း။ ၎င်းတို့ အပြုအမူ၏ ထူးခြားသော လက္ခဏာများနှင့် ဖော်ပြချက်များမှာ အဘယ်နည်း။ ၎င်းတို့သည် အပြစ်နှင့်ကင်းလွတ်ကြသည်။ မုသားများ မပြောကြပေ။ မုသားများ မပြောဆိုခြင်းက မည်သည့်အရာ ဆိုလိုသည်ကို သင်တို့အားလုံး နားလည်သဘောပေါက်ခြင်း ရှိကောင်းရှိနိုင်သည်။ ယင်းမှာ ရိုးသားခြင်းကို ဆိုလိုပေသည်။ “အပြစ်ကင်းလွတ်ခြင်း”သည် မည်သည့်အရာကို ရည်ညွှန်းသနည်း။ မကောင်းမှုကို မလုပ်ခြင်းကို ဆိုလိုသည်။ မကောင်းမှုကို မလုပ်ခြင်းသည် မည်သည့် အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ထားသနည်း။ ယင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း အုတ်မြစ်ပေါ်တွင် တည်ဆောက်ထားသည်မှာ သံသယ ရှိစရာမလိုပေ။ ထို့ကြောင့် အပြစ်ကင်းလွတ်ခြင်းသည် ဘုရားကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းကို ဆိုလိုသည်။ အပြစ်နှင့် ကင်းလွတ်သူတစ်ဦးအား ဘုရားသခင်က မည်သို့ သတ်မှတ်ထားသနည်း။ ဘုရားသခင်၏ အမြင်တွင် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သောသူတို့သာ စုံလင်သည်။ ထို့ကြောင့် အပြစ်ကင်းလွတ်သောသူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သောသူများဖြစ်သည်။ စုံလင်သောသူတို့သည်သာ အပြစ်ကင်းလွတ်သည်။ ဤသည်မှာ လုံးဝ မှန်ကန်သည်။ တစ်စုံတစ်ဦးသည် နေ့တိုင်း လိမ်ညာပါက ယင်းသည် အပြစ်အနာအဆာတစ်ခု မဟုတ်လော။ ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် အလိုဆန္ဒအတိုင်း စကားပြောကာ ပြုမူပါက ယင်းသည် အပြစ်အနာအဆာတစ်ခု မဟုတ်လော။ ၎င်းတို့ ပြုမူဆောင်ရွက်သည့်အခါ အသိအမှတ်ပြုခြင်းကို အမြဲ တောင်းဆိုပါက၊ ဘုရားသခင်ကို ဆုလာဘ်အမြဲ တောင်းဆိုပါက ယင်းသည် အပြစ်အနာအဆာတစ်ခု မဟုတ်လော။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အမြဲ သက်သေခံလျက် ဘုရားသခင်ကို မည်သည့်အခါတွင်မျှ မချီးမြှောက်ပါက ယင်းသည် အပြစ်အနာအဆာတစ်ခု မဟုတ်လော။ ၎င်းတို့သည် မိမိတို့တာဝန်ကို ဝတ်ကျေတမ်းကျေ လုပ်ဆောင်ပါက၊ အခွင့်ကောင်းယူ၍ ပြုမူဆောင်ရွက်ပါက၊ ဆိုးယုတ်သည့် ရည်ရွယ်ချက်များ သိုထားပြီး အချောင်ခိုပါက ယင်းသည် အပြစ်အနာအဆာတစ်ခု မဟုတ်လော။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ဤထုတ်ဖော်ခြင်းများအားလုံးသည် အပြစ်အနာအဆာများ ဖြစ်သည်။ သမ္မာတရားကို လူတို့ မသိနားမလည်မီ ထိုအရာကို ၎င်းတို့ မသိကြခြင်းသာ ဖြစ်သည်။ ယခုတွင် ဤဖောက်ပြန်ပျက်စီးမှု ထုတ်ဖော်ခြင်းများသည် အပြစ်အနာအဆာများနှင့် အညစ်အကြေးများ ဖြစ်သည်ကို သင်တို့အားလုံး သိကြပေပြီ။ သင်တို့သည် သမ္မာတရား အနည်းငယ် နားလည်သည်နှင့်တစ်ပြိုင်နက် ဤပိုင်းခြားသိမြင်နိုင်စွမ်း ရှိနိုင်ပေသည်။ ဖောက်ပြန်ပျက်စီးမှု ထုတ်ဖော်ခြင်းများနှင့် သက်ဆိုင်သည့် အရာအားလုံးသည် အလိမ်အညာများနှင့် ဆက်နွှယ်ပေသည်။ သမ္မာကျမ်းစာ၏ စကားလုံးများဖြစ်သည့် “မုသားမတွေ့” ဟူသည်တို့မှာ သင်သည် အပြစ်အနာအဆာများ ရှိမရှိဆိုသည်ကို သုံးသပ်ခြင်းအတွက် အဓိကလက္ခဏာရပ်များ ဖြစ်သည်။ ထို့ကြောင့် လူတစ်ဦးသည် ဘဝတွင် ကြီးထွားရင့်ကျက်မှုကို တွေ့ကြုံပြီးခြင်း ရှိမရှိဆိုသည်ကို အကဲဖြတ်ရာတွင် နောက်ထပ် အညွှန်းတစ်ခုရှိသည်။ ယင်းမှာ သင်သည် ရိုးသားသောလူတစ်ဦးဖြစ်ခြင်းထဲသို့ ဝင်ရောက်ပြီးခြင်း ရှိမရှိ၊ သင် ပြောသည့်အရာများတွင် မုသားမည်မျှကို တွေ့ရှိနိုင်သည်ဆိုသည်နှင့် သင်၏ မုသားများသည် တဖြည်းဖြည်း လျော့နည်းခြင်းရှိမရှိ သို့မဟုတ် ထိုမုသားများသည် ယခင်ကဲ့သို့ပင် အလားတူ ဖြစ်ကြသလောဆိုသည့်အရာ ဖြစ်သည်။ သင်၏ စက်ဆုပ်စရာဖြစ်ပြီး လှည့်ဖြားသော စကားများအပါအဝင် သင်၏ မုသားများသည် တဖြည်းဖြည်း လျော့နည်းလာပါက ယင်းမှာ သင်သည် စစ်မှန်မှုထဲသို့ စတင်ဝင်ရောက်ပြီးဖြစ်ကာ သင်၏ဘဝ ကြီးထွားနေသည်ကို သက်သေပြပေသည်။ ဤသည်မှာ အမှုအရာများကို ကြည့်ရှုရန် လက်တွေ့ကျသည့် နည်းလမ်းဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် ကြီးထွားရင့်ကျက်မှုကို တွေ့ကြုံနှင့်ပြီးသားဖြစ်သည်ဟု ခံစားရသော်လည်း သင်၏ မုသားများ လုံးဝ လျော့နည်းမသွားသေးသကဲ့သို့ သင်သည် အခြေခံအားဖြင့် ဘာသာတရားမရှိသူတစ်ဦးကဲ့သို့ ဖြစ်ပါက ဤသည်မှာ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်း၏ ပုံမှန် သရုပ်သကန်တစ်ခု ဟုတ်သလော။ (မဟုတ်ပါ။) တစ်စုံတစ်ဦးသည် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးသည့်အခါ ၎င်းတို့သည် အနည်းဆုံးအနေဖြင့် မုသားများကို များစွာ လျှော့ပြောကြလိမ့်မည်။ ၎င်းတို့သည် အခြေခံအားဖြင့် ရိုးသားသောလူတစ်ဦး ဖြစ်လိမ့်မည်။ သင်သည် အလွန် လိမ်ညာလွန်းပြီး သင်၏ စကားများသည် အလွန်မသန့်စင်လွန်းပါက ဤသည်မှာ သင်သည် လုံးဝ မပြောင်းလဲသေးသကဲ့သို့ ရိုးသားသော လူတစ်ဦး မဖြစ်သေးကြောင်း သက်သေပြပေသည်။ သင်သည် ရိုးသားသော လူတစ်ဦးမဟုတ်ပါက အသက်ဝင်ရောက်မှု မရှိပေ။ ထို့ကြောင့် မည်သည့် ကြီးထွားရင့်ကျက်မှုကို သင် တွေ့ကြုံနိုင်သနည်း။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ပကတိအတိုင်း ရှိနေဆဲဖြစ်ပြီး သင်သည် ဘာသာတရားမရှိသူတစ်ဦးနှင့် နတ်ဆိုးတစ်ဦး ဖြစ်သည်။ ရိုးသားသော လူတစ်ဦး ဖြစ်ခြင်းသည် လူတစ်ဦးက မိမိတို့ဘဝတွင် ကြီးထွားရင့်ကျက်မှု တွေ့ကြုံပြီးခြင်းရှိမရှိဆိုသည်ကို အကဲဖြတ်ရန်အသုံးပြုသည့် အညွှန်းတစ်ခု ဖြစ်သည်။ ဤအရာများကို မိမိတို့ကိုယ်တိုင်နှင့် မည်သို့ နှိုင်းယှဉ်ကြည့်ရမည်ဆိုသည်ကို လူတို့ သိရှိရမည်ဖြစ်ပြီး မိမိတို့ကိုယ်ကို မည်သို့အကဲဖြတ်ရမည်ဆိုသည်ကို သိရမည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘဝ ကြီးထွားတိုးတက်ခြင်း၏ အညွှန်းခြောက်ခု
ရိုးသားသောလူများသာလျှင် ယုံကြည်စိတ်ချရသည်၊ အသိတရားနှင့် အသိစိတ်ရှိပြီး လူသားဟု ခေါ်ဆိုခံရရန် ထိုက်တန်သည်။ လူတစ်ဦးသည် မိမိတာဝန်များကို ထမ်းဆောင်နေစဉ်အတွင်း သမ္မာတရားကို လက်ခံနိုင်ပြီး ၎င်းတို့၏ တာဝန်များကို ပြည့်ပြည့်ဝဝ ထမ်းဆောင်ရင်း စည်းမျဉ်းများနှင့်အညီ ပြုမူဆောင်ရွက်နိုင်ပါက ဤလူသည် အစစ်အမှန်ရိုးသားပြီး တကယ့်ကို ယုံကြည်စိတ်ချရသည်။ ထို့ပြင် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရနိုင်သူများသည် ရိုးသားသောလူများဖြစ်ကြသည်။ ယုံကြည်စိတ်ချရသော ရိုးသားသူ လူတစ်ယောက်ဖြစ်ခြင်းသည် သင်၏စွမ်းရည်များ သို့မဟုတ် ပုံပန်းသွင်ပြင်တို့နှင့် မဆိုင်ပေ။ ပြီးလျှင် သင်၏အစွမ်းအစ၊ လုပ်ရည်ကိုင်ရည် သို့မဟုတ် ဆုကျေးဇူးတို့နှင့် ပို၍ပင် မဆိုင်ပေ။ သမ္မာတရားကို သင်လက်ခံသရွေ့၊ တာဝန်သိသိ ပြုမူနိုင်သရွေ့နှင့် သင့်တွင် အသိတရားနှင့် အသိစိတ်ရှိပြီး ဘုရားသခင်ထံ ကျိုးနွံနာခံနိုင်သရွေ့ လုံလောက်ပြီဖြစ်သည်။ လူတစ်ဦးတွင် လုပ်နိုင်စွမ်းများ မည်မျှပိုင်ဆိုင်ပါစေ အမှန်တကယ် ပူပန်ရမည့်အကြောင်းမှာ ၎င်းတို့တွင် သူတော်ကောင်းတရား ရှိမရှိဟူသည်ပင် ဖြစ်သည်။ တစ်စုံတစ်ဦးသည် သူတော်ကောင်းတရား မရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကို လူသားဟု သဘောထား၍ မရနိုင်တော့ဘဲ အတိအကျဆိုရလျှင် လူ့တိရစ္ဆာန်တစ်ကောင်ဟုသာ သဘောထား၍ရတော့သည်။ ဘုရားအိမ်တော်မှ ဖယ်ရှားရှင်းလင်းခြင်း ခံရသောသူများသည် ၎င်းတို့တွင် လူ့သဘာဝနှင့် သူတော်ကောင်းတရားတို့ မရှိသောကြောင့် ဖယ်ရှားရှင်းလင်းခံရခြင်းဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်အပေါ် ယုံကြည်သောလူများသည် သမ္မာတရားကို လက်ခံနိုင်ရမည်၊ ရိုးသားသောလူတစ်ဦးဖြစ်ရမည်၊ အနည်းဆုံး အသိတရားနှင့် အသိစိတ်ကို ပိုင်ဆိုင်ရမည်၊ ၎င်းတို့၏တာဝန်များကို ကောင်းစွာ ထမ်းဆောင်နိုင်ရမည်၊ ထို့ပြင် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်ရမည်။ ဤလူများသာ ဘုရားသခင်၏ ကယ်တင်ခြင်းကို ရနိုင်သည်။ ၎င်းတို့သည် သူ့ကို ရိုးသားစစ်မှန်စွာ ယုံကြည်သူများဖြစ်ကြပြီး သူ့အတွက် မိမိတို့ကိုယ်ကို ရိုးသားစစ်မှန်စွာ အသုံးခံနိုင်သူများဖြစ်ကြသည်။ ဤလူများသည် ဘုရားသခင် ကယ်တင်သည့်လူများဖြစ်ကြသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး
ရိုးသားသောလူများသာလျှင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအား အပတ်တကုတ် လုံ့လထုတ်ပြီး စည်းမျဉ်းဖြင့် ပြုမူကျင့်ကြံရာတွင် အောင်မြင်နိုင်သည်၊ ပြီးလျှင် ၎င်းတို့၏ တာဝန်များကို စံချိန်မီ ထမ်းဆောင်နိုင်ပေသည်။ စည်းမျဉ်းဖြင့် ပြုမူသည့်လူများသည် ၎င်းတို့ ကောင်းသော စိတ်ခံစားမှု ရှိနေချိန်တွင် ၎င်းတို့၏ တာဝန်များကို စေ့စေ့စပ်စပ် ထမ်းဆောင်ကြသည်။ ၎င်းတို့သည် ဝတ်ကျေတမ်းကျေပုံစံဖြင့် အလုပ်မလုပ်ဘဲ အခြားသူများက ၎င်းတို့အား အထင်ကြီးစေဖို့ မိမိတို့ကိုယ်ကို မာနမထောင်လွှားကြသကဲ့သို့ ကိုယ်ရည်လည်း သွေးမပြကြပေ။ ၎င်းတို့သည် မကောင်းသော စိတ်ခံစားမှုတစ်ခု ရှိနေသည့် အချိန်၌ ၎င်းတို့၏ နေ့စဉ် လုပ်ဆောင်ချက် တာဝန်များကို ဤသို့ပင် စိတ်ပါလက်ပါနှင့် တာဝန်ရှိစွာ ပြီးမြောက်စေနိုင်ပြီး ၎င်းတို့၏တာဝန်များ ထမ်းဆောင်ခြင်းကို ထိခိုက်နစ်နာစေသည့်အရာ တစ်ခုခုကိုဖြစ်စေ ၎င်းတို့ကို ဖိအားအနည်းငယ် ပေးသည့်အရာတစ်ခုခု သို့မဟုတ် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်နေစဉ်တွင် အဖျက်အမှောင့် လုပ်ခြင်းကို ဖြစ်ပေါ်စေသည့်အရာ တစ်ခုခုကိုဖြစ်စေ ၎င်းတို့ ကြုံတွေ့ရလျှင်ပင် ၎င်းတို့သည် “မည်မျှကြီးမားသည့် ပြဿနာကို ကျွန်ုပ်ရင်ဆိုင်ရပါစေ မိုးကောင်းကင်ကြီးတစ်ခုလုံး ပြိုကျလာလျှင်ပင် ကျွန်ုပ်အသက်ရှင်နေသရွေ့ မိမိ၏ တာဝန်ကို ဖြည့်ဆည်းဖို့ အစွမ်းကုန်ကြိုးစားရန် သန္နိဋ္ဌာန်ချပါသည်။ ဘုရားသခင် ပေးအပ်သည့် ဤတာဝန်နှင့် ကျွန်ုပ်ထိုက်တန်ဖို့၊ ထို့အပြင် ကျွန်ုပ်၏ ခန္ဓာကိုယ်ထဲ ကိုယ်တော် ထည့်ထားပြီးဖြစ်သည့် ဤထွက်သက်ဝင်သက်နှင့် ကျွန်ုပ်ထိုက်တန်ဖို့အလို့ငှာ ကျွန်ုပ် အသက်ရှင်သည့် နေ့တိုင်းသည် ကျွန်ုပ်တို့၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရမည့် နေ့ရက်တစ်ရက် ဖြစ်ပါသည်။ ကျွန်ုပ်သည် မည်မျှ အခက်အခဲကြုံကောင်း ကြုံနေရသည်ဖြစ်ပါစေ ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ခြင်းသည် အရေးအကြီးဆုံးအရာ ဖြစ်သည့်အတွက် ယင်းကို ဘေးဖယ်ထားပါမည်” ဟု ပြောလျက် ဘုရားသခင်၏ ရှေ့မှောက်တွင် ၎င်းတို့၏ စိတ်နှလုံးကို ငြိမ်သက်စေနိုင်ပြီး ဆုတောင်းနိုင်ဆဲ ဖြစ်ပေသည်။ မည်သည့် လူ၊ အဖြစ်အပျက်၊ အမှုအရာ သို့မဟုတ် ပတ်ဝန်းကျင်တစ်စုံတစ်ရာအားဖြင့် ထိခိုက်ခြင်းကို မခံရသည့်သူများ၊ မည်သည့်စိတ်ခံစားမှု သို့မဟုတ် အပြင်ပန်းအခြေအနေ တစ်စုံတစ်ရာအားဖြင့် ဘောင်ခတ်ခြင်းကို မခံသူများနှင့် ၎င်းတို့ကို ဘုရားသခင် ယုံကြည်စွာ ပေးအပ်ထားသည့် ၎င်းတို့၏တာဝန်များနှင့် တာဝန်ပေးစေခိုင်းချက်များကို ရှေ့တန်းတင်ထားသူများဖြစ်သည့် ၎င်းတို့သည် ဘုရားသခင်ကို သစ္စာရှိသူများနှင့် သူ့ကို စစ်မှန်စွာ နာခံသူများဖြစ်သည်။ ဤကဲ့သို့သော လူများသည် အသက်ဝင်ရောက်ခြင်းကို ရရှိပြီးဖြစ်ကာ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးဖြစ်ပေသည်။ ဤသည်မှာ သမ္မာတရားကို အသက်ရှင်နေထိုင်ခြင်းနှင့် သက်ဆိုင်သည့် အစစ်မှန်ဆုံးနှင့် လက်တွေ့အကျဆုံးသော ဖော်ပြချက်များ ပင်တည်း။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အသက်အတွင်း ဝင်ရောက်ခြင်းသည် တာဝန် ထမ်းဆောင်ခြင်းဖြင့် စတင်သည်
ဘုရားသခင်သည် လူတို့ကို ကယ်တင်သောအခါ လူတို့အား စာတန်၏ စွမ်းအားမှ ရုန်းထွက်လွတ်မြောက်ကာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားခွင့်၊ ရိုးသားသောသူများဖြစ်လာပြီး သူ၏ နှုတ်ကပတ်တော်များဖြင့် အသက်ရှင်နေထိုင်ခွင့်ကို ပေးသည်။ ရိုးသားသူတစ်ယောက်အဖြစ် အသက်ရှင်ရခြင်းသည် လွတ်လပ်ပြီး ချုပ်ချယ်မှုကင်းသည်။ နာကျင်မှု များစွာပို၍ လျော့နည်းသည်။ အပျော်ရွှင်ဆုံးသော ဘဝများဖြစ်သည်။ ရိုးသားသူများသည် ပို၍ ရိုးရှင်းကြသည်။ ၎င်းတို့၏ စိတ်နှလုံးတွင်ရှိသောအရာကို ပြောဆိုပြီး ၎င်းတို့စဉ်းစားနေသည့်အရာကို ပြောဆိုကြသည်။ ၎င်းတို့၏ စကားများနှင့် လုပ်ရပ်များတွင် ၎င်းတို့၏ အသိတရားနှင့် ဆင်ခြင်တုံတရား နောက်သို့ လိုက်သည်။ ၎င်းတို့သည် သမ္မာတရားအတွက် ကြိုးပမ်းလိုစိတ်ရှိကြသည်။ ထိုသမ္မာတရားကို နားလည်သောအခါ လက်တွေ့လုပ်ဆောင်ကြသည်။ ကိစ္စရပ်တစ်ခုကို မရိပ်စားမိနိုင်သည့်အခါ၊ သမ္မာတရားကို ရှာဖွေလိုစိတ်ရှိကြသည်။ ပြီးလျှင် သမ္မာတရားနှင့်ညီသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ကြသည်။ ၎င်းတို့သည် နေရာတိုင်းနှင့် အရာရာတိုင်းတွင် ဘုရားအလိုဆန္ဒများကို ရှာဖွေကြပြီး ၎င်းတို့၏ လုပ်ဆောင်မှုများတွင် ဘုရားအလိုဆန္ဒများနောက်သို့ လိုက်ကြသည်။ ၎င်းတို့သည် မိုက်မဲသည့် နယ်ပယ်အချို့ရှိသဖြင့် ယင်းတို့ကို သမ္မာတရားစည်းမျဉ်းများနှင့် မိမိတို့ကိုယ်ကို ပြင်ဆင်ရန် လိုအပ်သည်။ ဤသည်မှာ ၎င်းတို့ကို စဉ်ဆက်မပြတ် ကြီးထွားတိုးတက်ဖို့ တောင်းဆိုသည်။ ဤသို့ တွေ့ကြုံခြင်းသည် ၎င်းတို့က ရိုးသားနိုင်သည်၊ အမြော်အမြင်ရှိပြီး၊ ဘုရားရည်ရွယ်ချက်များနှင့် လုံးဝ ကိုက်ညီနိုင်သည်ဆိုသည့် အဓိပ္ပာယ်ဖြစ်သည်။ သို့သော် လှည့်စားသောသူများသည် ဤသို့မဟုတ်ပေ။ ၎င်းတို့သည် စာတန်ဆန်သော စိတ်သဘောထားများဖြင့် အသက်ရှင်နေထိုင်ပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်ပြကြသည်။ သို့တိုင်အောင် ၎င်းတို့က ထိုသို့လုပ်ဆောင်ရာတွင် အခြားလူများအနေဖြင့် ၎င်းတို့အပေါ် အသုံးချဖို့ တစ်စုံတစ်ခုကို ရှာတွေ့သွားနိုင်သည်ကိုလည်း ကြောက်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် တုံ့ပြန်သည့်အနေဖြင့် ကလိမ်ကကျစ်ကျပြီး လှည့်စားသော လှည့်ကွက်များကို အသုံးပြုကြသည်။ ၎င်းတို့သည် အရာရာတိုင်း ပေါ်လွင်သွားမည့်အချိန်ကို ကြောက်ရွံ့ကြသည်။ ထို့ကြောင့် ၎င်းတို့သည် မုသားများကို လုပ်ကြံပြောဆိုပြီး ၎င်းတို့ကို ဖုံးဖိရန်အတွက် တတ်နိုင်သမျှ နည်းလမ်းတိုင်းကို အသုံးပြုကြသည်။ ဟာကွက်တစ်ခု ပေါ်လာသောအခါတွင် ထိုအရာကို ဖြည့်ရန်အတွက် မုသားများထပ်၍ ပြောကြသည်။ အစဉ်သဖြင့် လိမ်ညာပြီး ၎င်းတို့၏ မုသားများကို ဖုံးဖိနေရသည်။ ယင်းမှာ ပင်ပန်းဖွယ်ကောင်းသည့် အသက်ရှင်ခြင်းနည်းလမ်း မဟုတ်လော။ ၎င်းတို့သည် မုသားများကို အကြံထုတ်ကာထိုမုသားများကို ဖုံးဖိရန်အတွက် အစဉ် ဦးနှောက်ခြောက်ခံ စဉ်းစားကြရသည်။ ယင်းမှာ အလွန်ပင် ပင်ပန်းဖွယ်ရာဖြစ်သည်။ ယင်းမှာ မုသားများ ဖန်တီးပြီး ထိုမုသားများကို ဖုံးဖိဖို့အတွက် ၎င်းတို့၏ နေ့ရက်များကို ကုန်ဆုံးရသော လှည့်စားသောသူများသည် အလွန်ပင်ပန်းနွမ်းနယ်ပြီး နာကျင်သောဘဝများရှိသည့် အကြောင်းရင်းဖြစ်သည်။ သို့ရာတွင် ရိုးသားသောသူများမှာ ကွဲပြားခြားနား၏။ ရိုးသားသူတစ်ယောက်အနေဖြင့် ပြောဆို၊ ပြုမူသောအခါတွင် ထည့်သွင်းစဉ်းစားစရာများစွာမရှိပေ။ အခြေအနေအများစုတွင် ရိုးသားသူသည် အမှန်အတိုင်းသာ ပြောနိုင်သည်။ အထူးကိစ္စတစ်ခုခုက ၎င်းတို့၏ အကျိုးစီးပွားနှင့် သက်ဆိုင်သောအခါတွင်မှသာ ၎င်းတို့၏ စိတ်ကို အနည်းငယ်ပို၍ အလုပ်လုပ်ရသည်။ ၎င်းတို့သည် ၎င်းတို့၏ အကျိုးစီးပွားများကို ကာကွယ်ရန်၊ ၎င်းတို့၏ ဘဝင်မြင့်ခြင်းနှင့် မာနကို ထိန်းသိမ်းရန် လိမ်ညာကောင်းလိမ်ညာနိုင်သည်။ ဤလိမ်ညာမှု အမျိုးအစားများသည် နည်းပါးသည်။ ထို့ကြောင့် ရိုးသားသူများအတွက် ပြောဆိုပြုမူခြင်းသည် အလွန်ပင်ပန်းနွမ်းနယ်ခြင်းမရှိပေ။ လှည့်စားသူများ၏ ရည်ရွယ်ချက်များသည် ရိုးသားသူများထက်ပို၍ များစွာရှုပ်ထွေးသည်။ ၎င်းတို့၏ ထည့်သွင်းစဉ်းစားမှုများသည် ရှုထောင့်များစွာပါဝင်နေသည်။ ၎င်းတို့သည် ၎င်းတို့၏ သိက္ခာ၊ ၎င်းတို့၏ ဂုဏ်၊ အကျိုးအမြတ်၊ အဆင့်အတန်းတို့ကို ထည့်သွင်းစဉ်းစားရသည်။ ပြီးလျှင် ၎င်းတို့၏ အကျိုးစီးပွားကို ကာကွယ်ရမည်ဖြစ်သည်။ ဤအရာအားလုံးပါဝင်ပြီး အခြားလူများအား မည်သည့်အားနည်းချက်ကိုမျှ မြင်ခွင့်မပေးရပေ၊ သို့မဟုတ် လှည့်ကွက်က မပေါ်လွင်သွားရပေ။ ထို့ကြောင့် မုသားများ အကြံထုတ်ရန်အတွက် ဦးနှောက်ခြောက်ခံစဉ်းစားရသည်။ ထို့အပြင် လှည့်စားသောသူများသည် ကြီးမားသော၊ လွန်ကဲသော ဆန္ဒများနှင့် များစွာသော တောင်းဆိုမှုများရှိကြသည်။ ၎င်းတို့သည် ၎င်းတို့၏ ပန်းတိုင်များကို ရရှိရန်အတွက် နည်းလမ်းများကို ဖန်တီးရသည်။ ထို့ကြောင့် ၎င်းတို့သည် ဆက်လက်ပြီး လိမ်ညာကာ လှည့်စားရသည်။ ပြီးလျှင် ၎င်းတို့သည် မုသားများကို ပို၍ပြောသည်နှင့်အမျှ မုသားများကို ပို၍ ဖုံးဖိဖို့ လိုလာသည်။ ထို့အတွက်ကြောင့် လှည့်စားသူ၏ အသက်တာသည် ရိုးသားသူတစ်ယောက်၏ အသက်တာထက် အလွန်ပို၍ ပင်ပန်းဖွယ်၊ နာကျင်ဖွယ်ဖြစ်ခြင်းဖြစ်သည်။ လူအချို့သည် အတော်အတန် ရိုးသားသည်။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားနိုင်လျှင်၊ မည်သည့်မုသားများကို ၎င်းတို့ ပြောခဲ့သည်ဖြစ်စေ မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်လျှင်၊ ၎င်းတို့ လုပ်ဆောင်ခဲ့သည့် လှည့်စားမှုက မည်သည့်အရာဖြစ်စေ ထိုအရာကို အသိအမှတ်ပြုလျှင်၊ ထိုလှည့်စားမှုကို စိစစ်ပြီး နားလည်ဖို့ရန်အတွက် ဘုရားနှုတ်ကပတ်တော်အရ ကြည့်လျှင်၊ ဆက်လက်၍ ပြောင်းလဲဖို့ လုပ်ဆောင်လျှင် ၎င်းတို့သည် နှစ်အနည်းငယ်ထက်ပို၍ မကြာဘဲ ၎င်းတို့၏ လိမ်ညာမှု၊ လှည့်စားမှုများစွာကို ဖယ်ရှားနိုင်လိမ့်မည်။ ထို့နောက်တွင် ၎င်းတို့သည် အခြေခံအားဖြင့် ရိုးသားသောသူများဖြစ်လာလိမ့်မည်။ ဤသို့ အသက်ရှင်ခြင်းသည် ၎င်းတို့အား နာကျင်မှု၊ ပင်ပန်းမှုမှ လွတ်မြောက်စေရုံမကဘဲ ၎င်းတို့ကို ငြိမ်သက်ခြင်း၊ ပျော်ရွှင်ခြင်းကိုလည်း ယူဆောင်ပေးသည်။ ကိစ္စရပ်များစွာတွင် ၎င်းတို့သည် ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်း၊ ဘဝင်မြင့်ခြင်း၊ မာနတို့၏ ချုပ်ချယ်မှုမှ လွတ်မြောက်မည်ဖြစ်ပြီး လွတ်လပ်ကာ ချုပ်ချယ်မှုကင်းသော ဘဝကို အလိုအလျောက် အသက်ရှင်နေထိုင်ရလိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်
လူတို့အား ရိုးသားကြရန် ဘုရားသခင် တောင်းဆိုခြင်းမှာ သူသည် လှည့်ဖြားတတ်သောသူများကို တကယ်ကို စက်ဆုပ်ရွံရှာကြောင်းနှင့်၊ မနှစ်သက်ကြောင်း သက်သေပြခြင်းဖြစ်သည်။ လှည့်ဖြားတတ်သောလူတို့ကို ဘုရားသခင်၏ မနှစ်သက်ခြင်းသည် အမှုအရာများကို ၎င်းတို့ လုပ်ဆောင်သည့်နည်းလမ်း၊ ၎င်းတို့၏ စိတ်သဘောထား၊ ရည်ရွယ်ချက်များနှင့် ၎င်းတို့၏ လှည့်စားသည့်နည်းလမ်းတို့ကို မနှစ်သက်ခြင်း ဖြစ်သည်။ ဤအရာအားလုံးကို ဘုရားသခင်က မနှစ်သက်ပေ။ လှည့်စားတတ်သောသူတို့သည် သမ္မာတရားကို လက်ခံနိုင်လျှင်၊ ၎င်းတို့၏ လှည့်စားတတ်သော စိတ်သဘောထားများကို ဝန်ခံပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံဖို့ လိုလားလျှင် လူအားလုံးကို ဘုရားသခင်က ညီတူညီမျှ ဆက်ဆံပြီး သမ္မာတရားကလည်း ထိုသို့ဖြစ်သည့်အတွက် ၎င်းတို့သည်လည်း ကယ်တင်ခြင်းခံရဖို့ မျှော်လင့်ချက်ရှိသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်ကို ကျေနပ်စေသူများ ဖြစ်လိုလျှင် ကျွန်ုပ်တို့လုပ်ဆောင်ရမည့် ပထမဆုံးအရာမှာ ကျွန်ုပ်တို့၏ ပြုမူနေထိုင်မှုစည်းမျဉ်းများကို ပြောင်းလဲခြင်းဖြစ်သည်။ စာတန်ဆန်သော အတွေးအခေါ်များနှင့်အညီ အသက်ရှင်၍ မရတော့ပေ။ မုသားများ၊ လှည့်စားမှုများနှင့် နေ၍ မရတော့ပေ။ ကျွန်ုပ်တို့၏ မုသားအားလုံးကို စွန့်ပစ်ပြီး ရိုးသားသူများဖြစ်လာရမည်။ ထို့နောက်တွင် ကျွန်ုပ်တို့အပေါ် ဘုရားသခင်၏ အမြင်သည် ပြောင်းလဲလိမ့်မည်။ ယခင်က လူတို့သည် အခြားလူများကြား၌ နေထိုင်စဉ်တွင် မုသားများ၊ ဟန်ဆောင်မှု၊ လှည့်စားမှုတို့ကို အစဉ် အားကိုးပြီး စာတန်ဆန်သော အတွေးအခေါ်များကို ၎င်းတို့၏ ဖြစ်တည်မှု အခြေခံအဖြစ်၊ ၎င်းတို့၏ အသက်အဖြစ်၊ ၎င်းတို့၏ ကျင့်ကြံပြုမူခြင်းအတွက် အခြေခံအုတ်မြစ်အဖြစ် မှတ်ယူခဲ့ကြသည်။ ဤသည်မှာ ဘုရားသခင် စက်ဆုပ်သောအရာတစ်ခု ဖြစ်သည်။ ဘာသာမဲ့များကြားတွင် သင်က ပွင့်လင်းစွာပြောဆိုလျှင်၊ အမှန်တရားကို ပြောလျှင်၊ ရိုးသားသောသူတစ်ယောက်ဖြစ်လျှင်၊ သင်သည် အသရေဖျက်ခံရမည်။ ဝေဖန်အပြစ်တင်ခံရပြီး စွန့်ပစ်ခံရမည်။ ထို့ကြောင့် သင်က လောကီရေပန်းစားမှုများနောက်သို့ လိုက်သည်။ စာတန်ဆန်သော အတွေးအခေါ်များဖြင့် အသက်ရှင်သည်။ လိမ်ညာခြင်းတွင် ပိုပို၍ ကျွမ်းကျင်လာသည်။ ပိုပို၍ လှည့်စားလာသည်။ သင်၏ ပန်းတိုင်များကို ရရှိပြီး မိမိကိုယ်ကို ကာကွယ်ရန်အတွက် မသိမသာ ဒုက္ခပေးသောနည်းများကို အသုံးပြုဖို့လည်း သင်ယူသည်။ စာတန်၏ ကမ္ဘာတွင် သင်သည် ပိုပို၍ ကြီးပွားချမ်းသာလာသည်။ ရလဒ်အနေဖြင့် သင်သည် မိမိကိုယ်မိမိ ကယ်မထုတ်နိုင်တော့သည်အထိ အပြစ်ထဲသို့ ပိုပို၍ကျဆင်းသည်။ ဘုရားသခင်၏ အိမ်တော်တွင် အမှုအရာများသည် အတိအကျပင် ဆန့်ကျင်ဘက်ဖြစ်သည်။ သင် လိမ်ညာပြီး လှည့်စားတတ်သောအရာများ လုပ်ဆောင်လေလေ၊ ဘုရားသခင် ရွေးချယ်ထားသောသူများက သင့်ကို စိတ်ကုန်ပြီး စွန့်ပစ်လေဖြစ်သည်။ သင်က နောင်တရရန် ငြင်းဆန်ပြီး စာတန်ဆန်သော အတွေးအခေါ်များနှင့် ယုတ္တိများကို ဖက်တွယ်နေဆဲဖြစ်လျှင်၊ အယောင်ဆောင်ပြီး ဟန်လုပ်ရန်အတွက်ပရိယာယ်သုံးပြီး အကြံအစည်များကို အသေးစိတ်စီစဉ်လျှင် သင်သည် ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရဖို့ အလွန်ပင် ဖြစ်နိုင်ချေရှိသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်က လှည့်ဖြားတတ်သောသူများကို စက်ဆုပ်သောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ အိမ်တော်တွင် ရိုးသားသောသူတို့သာ ကြီးပွားနိုင်သည်။ လှည့်ဖြားသောသူတို့သည် နောက်ဆုံးတွင် ပစ်ပယ်ခံရပြီး ဖယ်ရှားရှင်းလင်းခံရလိမ့်မည်။ ဤအရာအားလုံးကို ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းထားပြီးဖြစ်သည်။ ရိုးသားသောသူတို့သည်သာ ကောင်းကင်နိုင်ငံတော်တွင် ဝေစုကို ရရှိနိုင်သည်။ သင်သည် ရိုးသားသောသူတစ်ယောက်ဖြစ်ဖို့ မကြိုးစားလျှင်၊ သမ္မာတရားကို လိုက်စားသည့် ဦးတည်ချက်ဖြင့် တွေ့ကြုံပြီး လက်တွေ့လုပ်ဆောင်ခြင်းမရှိလျှင်၊ သင်၏ ကိုယ်ပိုင် အကျည်းတန်မှုကို ဖော်ထုတ်ပြီး သင့်ကိုယ်သင် ချပြခြင်းမရှိလျှင် သင်သည် မည်သည့်အခါမျှ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို လက်ခံရရှိပြီး ဘုရားသခင်၏ လက်ခံမှုကို ရရှိနိုင်လိမ့်မည်မဟုတ်ပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်
ဘုရားသခင်က လူတို့ကို ရိုးသားသင့်သည်ဟု အဘယ်ကြောင့် အစဉ် အလေးပေးပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ရိုးသားခြင်းသည် အလွန်အရေးကြီးသောကြောင့်ဖြစ်သည်။ ယင်းသည် လူတစ်ယောက်က ဘုရားသခင်အား နာခံနိုင်ခြင်းရှိမရှိ၊ ကယ်တင်ခြင်းရရှိနိုင်ခြင်းရှိမရှိနှင့် တိုက်ရိုက်သက်ဆိုင်သည်။ လူအချို့က “ငါသည် မာနထောင်လွှားပြီး မိမိကိုယ်ကို အမှန်ထင်သည်။ မကြာခဏ စိတ်ဆိုးပြီး ဖောက်ပြန်ပျက်စီးမှုကို ပြသည်” ဟု ပြောသည်။ အခြားလူများက “ငါသည် အလွန် ပေါ့တန်ပြီး စိတ်ကြီးဝင်သည်။ လူတို့က ငါ့ကို မြှောက်ပင့်ပြောသောအခါ ငါ နှစ်သက်သည်” ဟု ဆိုသည်။ ဤအရာများအားလုံးသည် လူတို့အတွက် အပြင်ပန်းမှ မြင်နိုင်သောအရာများဖြစ်ပြီး အကြီးစားပြဿနာများမဟုတ်ပေ။ ဤအရာများအကြောင်းကို ဆက်၍ ပြောမနေသင့်ပေ။ သင်၏ စိတ်သဘောထား၊ သို့မဟုတ် စရိုက်လက္ခဏာက မည်သို့ရှိသည်ဖြစ်စေ သင်သည် ဘုရားသခင် သတ်မှတ်သည့်အတိုင်း ရိုးသားသူတစ်ယောက်ဖြစ်နိုင်သရွေ့ ကယ်တင်ခြင်းခံရနိုင်သည်။ ထို့ကြောင့် သင်တို့ အဘယ်သို့ထင်သနည်း။ ရိုးသားရန် အရေးကြီးသလော။ ဤသည်မှာ အရေးကြီးဆုံးသောအရာဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က သူ၏နှုတ်ကပတ်တော်အခန်းဖြစ်သော သတိပေးချက် သုံးချက်တွင် ရိုးသားခြင်းအကြောင်းကို ပြောခြင်းဖြစ်သည်။ အခြားအခန်းများတွင် ယုံကြည်သူများသည် ပုံမှန်ဝိညာဉ်ရေး အသက်တာနှင့် သင့်တင့်လျောက်ပတ်သော အသင်းတော်အသက်တာရှိသင့်သည်ဟု ဘုရားသခင်က ကြိမ်ဖန်များစွာ ပြောဆိုထားပြီး ယုံကြည်သူများသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်သည်ဆိုသည်ကို သူ ဖော်ပြသည်။ ဤကိစ္စများနှင့်ပတ်သက်သည့် သူ၏ နှုတ်ကပတ်တော်များမှာ အကြမ်းဖျင်းဖြစ်သည်။ အလွန်တိကျစွာ၊ သို့မဟုတ် အလွန်အသေးစိတ်ကျစွာ ဆွေးနွေးထားခြင်းမရှိပေ။ သို့ရာတွင် ဘုရားသခင်က ရိုးသားခြင်းအကြောင်းပြောသောအခါ လူတို့လိုက်လျှောက်ရမည့်လမ်းကြောင်းကို သူ ညွှန်ပြသည်။ လူတို့အား မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို ဘုရားသခင်က ပြောပြသည်။ ပြီးလျှင် လုံလုံလောက်လောက်ဖြင့် အသေးစိတ်ကျစွာ၊ ရှင်းလင်းစွာ ပြောဆိုသည်။ ဘုရားသခင်က ပြောသည်။ “အကယ်၍ သင့်ထံတွင် လျှို့ဝှက်ကိစ္စများစွာ ရှိသဖြင့် သင်သည် ဝေမျှရန် ဝန်လေးနေပါက၊ သင်သည် အလင်း၏ လမ်းကို ရှာဖွေဖို့ အခြားသူများရှေ့တွင် သင်၏ လျှို့ဝှက်ချက်များကို၊ သင်၏ အခက်အခဲများကို ချခင်းပြရန် အပြင်းအထန် ငြင်းဆန်နေပါက သင်သည် ကယ်တင်ခြင်းကို အလွယ်တကူ မရရှိနိုင်သောသူ။” ရိုးသားခြင်းသည် ကယ်တင်ခြင်းရရှိခြင်းနှင့် ဆက်စပ်နေသည်။ ဤသို့ဆိုလျှင် သင်တို့ အဘယ်သို့ ထင်သနည်း။ ဘုရားသခင်က အဘယ်ကြောင့် လူတို့အား ရိုးသားရန် တောင်းဆိုသနည်း။ ဤသည်မှာ လူသား၏ ကျင့်ကြုံပြုမူခြင်းနှင့်ဆိုင်သော သမ္မာတရားနှင့်ပတ်သက်သည်။ ဘုရားသခင်က ရိုးသားသောသူများကို ကယ်တင်သည်။ သူ၏ နိုင်ငံတော်အတွက် သူအလိုရှိသောသူများမှာ ရိုးသားသောသူများဖြစ်သည်။ သင်သည် လိမ်ညာ၊ လှည့်စားမှုများကို လုပ်ဆောင်နိုင်စွမ်းရှိလျှင် လှည့်ဖြား၊ ကောက်ကျစ်ပြီး မသိမသာ ဒုက္ခပေးသောသူတစ်ယောက်ဖြစ်သည်။ ရိုးသားသောသူတစ်ယောက်မဟုတ်ပေ။ ရိုးသားသူတစ်ယောက်မဟုတ်လျှင် ဘုရားသခင်က သင့်အား ကယ်တင်မည့် အခွင့်အရေးမရှိသကဲ့သို့ သင်သည်လည်း ကယ်တင်ခြင်းခံရရန် မဖြစ်နိုင်ပေ။ သင်က ယခုတွင် အလွန်ဘာသာတရားကိုင်းရှိုင်းကြောင်း၊ မာနထောင်လွှားခြင်း၊ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ခြင်းမရှိကြောင်း၊ တာဝန်ထမ်းဆောင်ရာတွင် အဖိုးအခပေးဆပ်နိုင်ကြောင်း သို့မဟုတ် ဧဝံဂေလိ ဖြန့်ဝေနိုင်ပြီး လူများစွာကို ပြောင်းလဲစေနိုင်ကြောင်း သင် ပြောသည်။ သို့သော် သင်သည် မရိုးသားပေ။ လှည့်ဖြားဆဲဖြစ်ပြီး လုံးဝ မပြောင်းလဲပေ။ ထို့ကြောင့် ကယ်တင်ခြင်းခံရနိုင်သလော။ လုံးဝ မခံရနိုင်ပေ။ ထို့ကြောင့် ကယ်တင်ခြင်းခံရရန်အတွက် ရှေးဦးစွာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သတ်မှတ်ချက်များနှင့်အညီ ရိုးသားရမည်ဆိုသည်ကို ဤဘုရားနှုတ်ကပတ်တော်များက လူတိုင်းအား သတိပေးသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဖွင့်ဟရမည်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၊ ရည်ရွယ်ချက်များ၊ လျှို့ဝှက်ချက်များကို ချပြရမည်ဖြစ်ပြီး အလင်း၏ လမ်းခရီးကို ရှာဖွေရမည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်
ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ
ရိုးသောသူတို့အား ဘုရားသခင်ကောင်းချီးပေးတော်မူ၏