၃၂။ ဘုရားသခင်၏ စိစစ်ခြင်းကို လက်ခံနည်း
နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ
ငါသည် ဖြောင့်မတ်သည်၊ ငါသည် ယုံကြည်စိတ်ချရပြီး၊ လူသား၏ အတွင်းကျကျ စိတ်နှလုံးကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသော ဘုရားသခင် ဖြစ်၏။ မည်သူ စစ်မှန်ပြီး မည်သူ မှားယွင်းသည်ကို ငါသည် မဆိုင်းမတွ ထုတ်ဖော်မည်။ အထိတ်တလန့် မဖြစ်လေနှင့်။ အရာအားလုံးသည် ငါ၏အချိန်အတိုင်း အလုပ်လုပ်၏။ မည်သူက ငါ့အား စစ်မှန်ရိုးသားစွာ လိုချင်ပြီး မည်သူက ငါ့အား စစ်မှန်ရိုးသားစွာ မလိုချင်သည်ကို ငါသည် သင်တို့အား တစ်ယောက်ပြီး တစ်ယောက် ပြောပြမည်။ သင်တို့အနေဖြင့် ငါ၏ မျက်မှောက်သို့ လာကြသည့်အခါ စားဖို့၊ သောက်ဖို့နှင့် ငါ့ထံ တိုးဝင်ချဉ်းကပ်ဖို့သာ ဂရုစိုက်လော့၊ ပြီးလျှင် ငါ၏အလုပ်ကို ငါကိုယ်တိုင်လုပ်မည်။ မြန်ဆန်သော ရလဒ်များအတွက် အလွန် စိုးရိမ်ကြောင့်ကြခြင်း မရှိလေနှင့်။ ငါ၏အလုပ်သည် အားလုံး ချက်ချင်း ပြီးမြောက်နိုင်သည့် အရာတစ်ခု မဟုတ်ပေ။ ထိုအထဲ၌ ငါ၏ခြေလှမ်းများနှင့် ငါ၏ဉာဏ်ပညာတို့ ရှိပြီး ယင်းမှာ ငါ၏ဉာဏ်ပညာကို ထုတ်ဖော်ပြနိုင်ရသည့် အကြောင်းရင်း ဖြစ်သည်။ ဆိုးသောသူကို အပြစ်ပေးခြင်းနှင့် ကောင်းသောသူကို ဆုလာဘ်ချီးမြှင့်ခြင်း ဖြစ်သည့် ငါ၏လက်များဖြင့် မည်သည့်အရာ လုပ်ဆောင်ထားသည်ကို သင်တို့အား ငါမြင်ခွင့်ပေးမည်။ ငါသည် မည်သူကိုမျှ ဘက်မလိုက်သည်မှာ အသေချာဆုံး ဖြစ်သည်။ ငါ့ကို ရိုးသားစစ်မှန်စွာ ချစ်သော အသင်၊ ငါသည် သင့်ကို ရိုးသားစစ်မှန်စွာ ချစ်မည်ဖြစ်ပြီး၊ ငါ့အား ရိုးသားစစ်မှန်စွာ မချစ်သော သူတို့အတွက်မူ ငါသည် စစ်မှန်သော ဘုရားသခင်၊ လူသား၏ အတွင်းကျကျ စိတ်နှလုံးကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသော ဘုရားသခင်ဖြစ်သည်ကို ၎င်းတို့ ထာဝရတစ်လျှောက် အမှတ်ရနိုင်ဖို့အလို့ငှာ ငါ၏ အမျက်ဒေါသသည် ၎င်းတို့နှင့်အတူ အမြဲရှိလိမ့်မည်။ အခြားသူများ၏ရှေ့တွင် တစ်မျိုး၊ ၎င်းတို့၏ နောက်ကွယ်၌ တစ်ဖုံ မပြုမူလေနှင့်။ ငါသည် သင်ပြုသမျှ အရာအားလုံးကို ရှင်းလင်းစွာမြင်ပြီး၊ သင်သည် အခြားသူများအား အရူးလုပ်ကောင်း လုပ်နိုင်လိမ့်မည် ဖြစ်သော်လည်း၊ ငါ့အား အရူး လုပ်၍မရနိုင်။ ငါသည် အားလုံးကို ရှင်းလင်းစွာ မြင်၏။ မည်သည့်အရာကိုမျှ ဖုံးကွယ်ရန် သင့်အတွက် မဖြစ်နိုင်။ အရာအားလုံး ငါ့ လက်တွင် ရှိ၏။ သင်၏ အရေးမပါသော သေးငယ်သည့် တွက်ချက်မှုများ ပြုလုပ်ခြင်းက သင့်အတွက် အကျိုးအမြတ် ဖြစ်ပေါ်စေခြင်းကြောင့် သင့်ကိုယ်သင် အလွန်တရာ လိမ္မာပါးနပ်သည်ဟု မထင်လေနှင့်။ ငါ သင့်ကို ပြောသည်။ လူသားသည် အစီအစဉ်များစွာ၊ ထောင်ချီ သို့မဟုတ် သောင်းချီဖြစ်စေ၊ လျှို့ဝှက်ကြံစည်ကောင်း ကြံစည်နိုင် သော်လည်း၊ နောက်ဆုံး၌ ၎င်းတို့သည် ငါ၏လက်ဖဝါးမှ မလွတ်မြောက်နိုင်ပေ။ လူတစ်ဦးတစ်ယောက် မဆိုထားနှင့်၊ အရာခပ်သိမ်းနှင့် အရာဝတ္ထု အားလုံးသည် ငါ့လက်များ၏ ထိန်းချုပ်ခြင်းခံရကြ၏။ ငါ့အား ရှောင်ပြေးရန် သို့မဟုတ် ပုန်းကွယ်ရန် မကြိုးစားနှင့်၊ မြှောက်ထိုးပင့်ကော်လုပ်ရန် သို့မဟုတ် ဖုံးကွယ်ရန် မကြိုးစားလေနှင့်။ ငါ၏ဘုန်းအသရေ ရှိသော မျက်နှာထား၊ ငါ၏အမျက်ဒေါသနှင့် ငါ၏ တရားစီရင်ခြင်းတို့သည် လူသိရှင်ကြား ထုတ်ဖော်ပြီးဖြစ်သည်ကို သင် မမြင်သေးသည်မှာ ဖြစ်နိုင်သလော။ ငါ့အား ရိုးသားစစ်မှန်စွာ အလိုမရှိသောသူ မည်သူမဆို၊ ငါသည် ၎င်းတို့ကို သနားညှာတာခြင်း မရှိဘဲ ချက်ချင်း တရားစီရင်မည်။ ငါ၏သနားခြင်းကရုဏာသည် အဆုံးသတ်ပြီဖြစ်၏။ ဘာမျှ မကျန်ကြွင်းတော့ပေ။ သူတော်ကောင်းယောင်ဆောင်သောသူ မဖြစ်တော့ဘဲ၊ သင်၏ အထိန်းအကွပ်မဲ့ပြီး အဆင်အခြင်မဲ့သော နည်းလမ်းများကို ရပ်တန့်လော့။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၄၄)
ဘုရားသခင်ကိုယုံကြည်သူတစ်ဦး ဖြစ်ရန် သင်ပြုသမျှသော အခြင်းအရာ အလုံးစုံကို ဘုရားသခင် ရှေ့တော်မှောက်သို့ ယူလာ၍ သူ၏စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို ခံရမည်ဖြစ်သည်ဟု ဆိုလိုသည်။ အကယ်၍ သင်ပြုသမျှကို ဘုရားသခင်၏ ဝိညာဉ်တော် ရှေ့သို့ ယူလာနိုင်သော်လည်း၊ ဘုရားသခင်၏ ဇာတိပကတိ ရှေ့သို့ မယူလာနိုင်လျှင် သင်သည် ဘုရားသခင် ဝိညာဉ်တော်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို မခံရသေးကြောင်း ပြပေသည်။ ဘုရားသခင်၏ ဝိညာဉ်တော်ကား မည်သူနည်း။ ဘုရားသခင်၏ သက်သေခံခြင်းကို ခံရသော ပုဂ္ဂိုလ်ကား အဘယ်သူနည်း။ သူတို့နှစ်ဦးသည် တစ်ခုတည်း အတူတူပင် ဖြစ်သည် မဟုတ်လော။ အများစု၏အမြင်တွင် ဘုရားသခင်၏ ဝိညာဉ်တော်သည် ဘုရားသခင်၏ ဝိညာဉ်တော်ဖြစ်ပြီး၊ ဘုရားသခင်က သက်သေခံသောသူမှာ လူသားတစ်ဦးမျှသာ ဖြစ်သည်ဟု ယုံကြည်ကြပြီး ၎င်းတို့ကို သီးခြားအရာနှစ်ခု အဖြစ် မြင်ကြသည်။ သို့သော် သင် ထိုသို့မြင်ခြင်းသည် မှားယွင်းနေသည် မဟုတ်လော။ ဤပုဂ္ဂိုလ်သည် မည်သူ့ကိုယ်စား လုပ်ဆောင်နေသနည်း။ လူ့ဇာတိခံ ဘုရားသခင်ကို မသိသောသူသည် ဝိညာဉ်ရေးရာကို နားမလည်သောသူပင် ဖြစ်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်နှင့် သူ၏လူ့ဇာတိခံ ဇာတိပကတိမှာ တစ်ခုတည်းဖြစ်သည်၊ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်၏ ဝိညာဉ်တော်သည် ဇာတိပကတိတွင် ပေါ်ပေါက်ခြင်း ဖြစ်၍ဖြစ်သည်။ အကယ်၍ ဤပုဂ္ဂိုလ်သည် သင်၏အပေါ် ကြင်နာမှုမရှိလျှင် ဘုရားသခင်၏ ဝိညာဉ်သည်လည်း ကြင်နာမည်လော။ သင့်စိတ် ရှုပ်ထွေးနေသည် မဟုတ်လော။ ယနေ့တွင် ဘုရားသခင်၏ စေ့စေ့စပ်စပ်စစ်ဆေးခြင်းကို လက်မခံနိုင်သောသူများသည် ဘုရားသခင်၏ ထောက်ခံမှုကို ရရှိနိုင်မည်မဟုတ်ပေ၊ ထို့အပြင် လူ့ဇာတိခံ ဘုရားသခင်ကို မသိသောသူတို့သည် စုံလင်စေခြင်း မခံရနိုင်ပေ။ သင်၏လုပ်ဆောင်ချက်များ အားလုံးကို ဘုရားသခင်၏ရှေ့တော်သို့ ယူဆောင် လာနိုင်မည်လော ဟူသည်ကို ကြည့်လော့။ သင်၏ လုပ်ဆောင်ချက်များ အားလုံးကို ဘုရားသခင်၏ ရှေ့တော်သို့ မယူဆောင် လာနိုင်ပါက၊ သင်သည် ဒုစရိုက်ကိုပြုသောသူတစ်ဦး ဖြစ်ကြောင်း ယင်းက ပြနေသည်။ ဒုစရိုက်ကိုပြုသောသူများသည် စုံလင်စေခြင်း ခံရနိုင်မည်လော။ သင်ပြုသမျှအားလုံး၊ လုပ်ရပ်များအားလုံး၊ ရည်ရွယ်ချက် အားလုံးနှင့် တုံ့ပြန်မှုများအားလုံးကို ဘုရားသခင်ရှေ့သို့ ယူဆောင် လာရမည်။ သင်၏ နေ့စဉ် ဝိညာဉ်ရေးရာအသက်တာတွင်ပင် သင်၏ ဆုတောင်းခြင်းများ၊ ဘုရားသခင်နှင့်နီးကပ်မှုများ၊ သင်၏ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ သင်၏ ညီအစ်ကိုမောင်နှမများနှင့် မိတ်သဟာယပြုခြင်း၊ ထို့ပြင် အသင်းတော်အတွင်းရှိ သင်၏အသက်တာနှင့် သင်၏ ပူးပေါင်းဆောင်ရွက်၍ အစေခံခြင်းတို့ကို ဘုရားသခင်၏ စေ့စေ့စပ်စပ်စစ်ဆေးခြင်းကို ခံရန်အတွက် သူ၏ ရှေ့တော်သို့ ယူဆောင်လာနိုင်သည်။ သင့်အား ဘဝတွင် ရင့်ကျက်သူတစ်ဦး ဖြစ်လာစေရန် ကူညီမည့် အရာသည် ထိုကဲ့သို့သော လက်တွေ့လုပ်ဆောင်မှု ဖြစ်သည်။ ဘုရားသခင်၏ စေ့စေ့စပ်စပ်စစ်ဆေးခြင်းကို လက်ခံခြင်းဖြစ်စဉ်သည် သန့်စင်ခြင်းဖြစ်စဉ် ဖြစ်သည်။ ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို လက်ခံနိုင်လေလေ၊ သင်စင်ကြယ်ခြင်း ခံရလေလေ ဖြစ်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီလေလေ ဖြစ်သဖြင့် ကာမဂုဏ်လွန်ကြူးခြင်းနှင့် အပျော်အပါးလိုက်စားခြင်း၏ ဆွဲဆောင်ခြင်းနောက် မလိုက်ဘဲ၊ သင်၏ စိတ်နှလုံးသည်လည်း ကိုယ်တော်၏မျက်မှောက်တွင် နေထိုင်ပေလိမ့်မည်။ ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို သင်လက်ခံလေလေ၊ စာတန် အရှက်ရလေလေဖြစ်ပြီး သင်သည် ဇာတိပကတိကို ပုန်ကန်နိုင်လေလေ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အကဲခတ်ခြင်းကို လက်ခံခြင်းသည် လူတို့ လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းတစ်ခု ဖြစ်သည်။ မည်ကဲ့သို့သော အမှုအရာများကို သင်ပြုလုပ်နေပါစေ၊ သင်၏ညီအစ်ကိုမောင်နှမများနှင့် မိတ်သဟာယပြုသည့် အခါ၌ပင်လျှင်၊ သင်သည် သင်၏လုပ်ရပ်များကို ဘုရားသခင်ရှေ့သို့ ယူဆောင်လာ၍၊ ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို တောင်းခံကာ၊ ဘုရားသခင် ကိုယ်တော်တိုင်ကို ကျိုးနွံနာခံရန် ရည်မှန်းနိုင်သည်၊ ယင်းသည် သင်လက်တွေ့လုပ်ဆောင်သည့် အရာကို ပိုမိုမှန်ကန်စေ ပေလိမ့်မည်။ သင်ဆောင်ရွက်သမျှကို ဘုရားသခင်ရှေ့သို့ ယူဆောင်လာ၍ ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို လက်ခံမှသာလျှင် သင်သည် ဘုရားသခင်၏ မျက်မှောက်တော်၌ အသက်ရှင်နေသူတစ်ဦး ဖြစ်နိုင်ပေလိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် သူ၏ရည်ရွယ်ချက်များနှင့် အညီဖြစ်သောသူများကို စုံလင်စေသည်
သင်သည် ဘုရားသခင်၏ အရာရာကို စစ်ဆေးခြင်းကို လက်ခံရန် နည်းလမ်းတစ်ရပ် အဖြစ် ဆုတောင်းခြင်းကို အသုံးပြုရမည်။ သင် ဆုတောင်းသောအခါ ငါသည် ကိုယ်တိုင်ကိုယ်ကျ သင်၏ရှေ့တွင် ရပ်မနေသော်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင်နှင့်အတူ ရှိနေပြီး၊ သင် ဆုတောင်းနေသည်ကား ငါကိုယ်တိုင်အပြင် ဘုရားသခင်၏ ဝိညာဉ်တော်ထံကိုပါ ဆုတောင်းနေခြင်း ဖြစ်သည်။ ဤဇာတိပကတိကို အဘယ့်ကြောင့် သင်ယုံကြည်သနည်း။ သူ့ထံတွင် ဘုရားသခင်၏ ဝိညာဉ်တော် ရှိသောကြောင့် သင်ယုံကြည်ခြင်းပင် ဖြစ်သည်။ သူ၌ ဘုရားသခင်၏ ဝိညာဉ်တော်မရှိလျှင် ဤပုဂ္ဂိုလ်ကို သင် ယုံကြည်မည်လော။ ဤပုဂ္ဂိုလ်ကို သင်ယုံကြည်ပါက၊ သင်သည် ဘုရားသခင်၏ ဝိညာဉ်တော်ကို ယုံကြည်ခြင်းပင် ဖြစ်သည်။ ဤပုဂ္ဂိုလ်ကို သင်ကြောက်ရွံ့သည့်အခါ၊ သင်သည် ဘုရားသခင်၏ဝိညာဉ်တော်ကို ကြောက်ရွံ့ခြင်းပင် ဖြစ်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်ကို ယုံကြည်ခြင်းသည် ဤပုဂ္ဂိုလ်ကို ယုံကြည်ခြင်းဖြစ်ပြီး ဤပုဂ္ဂိုလ်ကို ယုံကြည်ခြင်းသည်လည်း ဘုရားသခင်၏ဝိညာဉ်တော်ကို ယုံကြည်ခြင်းပင် ဖြစ်သည်။ သင်ဆုတောင်းသောအခါ၊ ဘုရားသခင်၏ဝိညာဉ်တော်သည် သင်နှင့်အတူရှိပြီး ဘုရားသခင်သည် သင်၏အရှေ့၌ ရှိသည်ကို သင်ခံစားရ၏၊ ထို့ကြောင့် ဘုရားသခင်၏ ဝိညာဉ်တော်ကို သင်ဆုတောင်း ပဌနာပြုခြင်း ဖြစ်သည်။ မျက်မှောက်ကာလတွင် လူအများစုသည် သူတို့၏ အပြုအမူများကို ဘုရားသခင်ရှေ့သို့ယူလာရန် အထူး ကြောက်ရွံ့နေကြသည်၊ သင့်အနေဖြင့် သူ၏ ဇာတိပကတိကို လှည့်ဖြားနိုင်သော်လည်း၊ သူ၏ ဝိညာဉ်တော်ကို လှည့်ဖြား၍ မရပေ။ ဘုရားသခင်၏ စေ့စေ့စပ်စပ်စစ်ဆေးခြင်းကို မခံနိုင်သည့် မည်သည့်အရာ မဆိုသည် သမ္မာတရားနှင့် မကိုက်ညီသည့်အတွက် ဘေးဖယ်ထားသင့်သည်၊ သို့မဟုတ်ပါက ယင်းသည် ဘုရားသခင်ကို ဆန့်ကျင်သည့် အပြစ်ဖြစ်သည်။ ထိုကြောင့် သင် ဆုတောင်းသည့်အခါ၊ သင်၏ညီအစ်ကို၊ ညီအစ်မများနှင့် မိတ်သဟာယ ပြုသည့်အခါ၊ သို့မဟုတ် သင်၏တာဝန်ကို လုပ်ဆောင်ပြီး သင်၏လုပ်ရိုးလုပ်စဉ် လုပ်ငန်းများကို ဆောင်ရွက်သည့်အခါ သင်၏စိတ်နှလုံးကို ဘုရားသခင် ရှေ့မှောက်တွင် တစ်ချိန်လုံး ဆက်ကပ်ရမည်။ သင်၏လုပ်ငန်းဆောင်တာများကို ဆောင်ရွက်သည့် အခါတွင် ဘုရားသခင်သည် သင်နှင့်အတူ ရှိမည်ဖြစ်ပြီး၊ သင်၏ရည်ရွယ်ချက်သည် မှန်ကန်ပြီး ဘုရားအိမ်တော်၏ အလုပ်အတွက် ဖြစ်နေသမျှ၊ သင်၏ လုပ်ဆောင်ချက် အားလုံးကို ဘုရားသခင်သည် လက်ခံပေမည်၊ သင်သည် သင်၏လုပ်ငန်းဆောင်တာကို ဖြည့်ဆည်းဖို့ရန် သင့်ကိုယ်သင် စိတ်ရင်းမှန်ဖြင့် လုံးလုံးလျားလျား ပေးအပ် မြှုပ်နှံထားသင့်သည်။ သင်ဆုတောင်းသည့်အခါ၊ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်ကို ချစ်သော စိတ်နှလုံးရှိပြီး ဘုရားသခင်၏ စောင့်ရှောက်ခြင်း၊ ကွယ်ကာခြင်းနှင့် စေ့စေ့စပ်စပ် စစ်ဆေးခြင်းတို့ကို ရှာဖွေလျှင်၊ အကယ်၍ ထိုအရာများသည် သင်၏ရည်ရွယ်ချက်ဖြစ်လျှင်၊ သင်၏ ဆုတောင်းချက်များသည် ထိရောက်ပေလိမ့်မည်။ ဥပမာအားဖြင့် အစည်းအဝေးများတွင် သင် ဆုတောင်းသည့်အခါ မုသားမပြောဘဲ သင်၏ စိတ်နှလုံးကိုဖွင့်၍ ဆုတောင်းကာ သင်၏စိတ်ထဲရှိသမျှကို ပြောလျှင် သင်၏ ဆုတောင်းချက်များသည် ဧကန်မုချ ထိရောက်ပေလိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် သူ၏ရည်ရွယ်ချက်များနှင့် အညီဖြစ်သောသူများကို စုံလင်စေသည်
ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးရှိခြင်းမှာ ဘုရားသခင်၏ မည်သည့်အမှုကိုမဆို သံသယမဝင်နိုင်ခြင်း၊ မငြင်းပယ်နိုင်ခြင်းနှင့် သူ၏ အမှုကို နာခံနိုင်ခြင်း ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ မျက်မှောက်တွင် မှန်ကန်သော ရည်ရွယ်ချက်များ ရှိခြင်း၊ မိမိကိုယ်တိုင်အတွက် အစီအစဉ်များ မလုပ်ခြင်းနှင့် အရာခပ်သိမ်းတွင် ဘုရားမိသားစု၏ အကျိုးစီးပွားများကို ပထမဦးစွာ စဉ်းစားဆင်ခြင်ခြင်းတို့ကို ဆိုလိုသည်။ ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို လက်ခံခြင်းနှင့် ဘုရားသခင်၏ စီမံမှုများအား ကျိုးနွံနာခံခြင်းတို့ကို ဆိုလိုသည်။ သင် လုပ်ဆောင်သမျှ၌ ဘုရားသခင်၏ မျက်မှောက်တွင် သင်၏ စိတ်နှလုံးကို ငြိမ်သက်စေနိုင်ရမည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင်နားမလည်လျှင်ပင်၊ သင်၏တာဝန်နှင့် ဝတ္တရားများကို သင်စွမ်းဆောင်နိုင်သမျှ အကောင်းဆုံး ဖြည့်ဆည်းနေဆဲ ဖြစ်ရမည်။ ဘုရားသခင်၏ရည်ရွယ်ချက်များသည် သင့်ထံ ထုတ်ဖော်ပြသည်နှင့်တစ်ပြိုင်နက် ဆောင်ရွက်လော့၊ ယင်းသည် နောက်ကျလွန်းလိမ့်မည်မဟုတ်။ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်လာသည့်အခါ သင်သည် လူများနှင့်လည်း ပုံမှန်ဆက်ဆံရေးများ ရှိလိမ့်မည်။ ဘုရားသခင်နှင့် ပုံမှန်ပေါင်းသင်းဆက်ဆံရေး တည်ဆောက်ဖို့အလို့ငှာ၊ အရာအားလုံးကို ဘုရားနှုတ်ကပတ်တော်များ၏ အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ရမည်၊ သင်၏တာဝန်ကို ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် ဘုရားသခင် တောင်းဆိုသည့်အရာတို့နှင့်အညီ ထမ်းဆောင်နိုင်ရမည် ဖြစ်သည်၊ သင်၏အမြင်များကို ပြင်ဆင်ရမည်ဖြစ်ပြီး အရာခပ်သိမ်းတွင် သမ္မာတရားကို ရှာဖွေရမည် ဖြစ်သည်။ သမ္မာတရားကို သင်နားလည်သောအခါတွင် ယင်းကို သင် လက်တွေ့လုပ်ဆောင်ရမည်ဖြစ်ပြီး သင့်ကို မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ၊ သင်သည် ဘုရားသခင်ထံ ဆုတောင်းရမည် ဖြစ်ကာ ဘုရားသခင်ကို ကျိုးနွံနာခံသော စိတ်နှလုံးဖြင့် ရှာဖွေရမည်။ ထိုသို့လက်တွေ့လုပ်ဆောင်ခြင်းဖြင့်၊ သင်သည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခုကို ထိန်းသိမ်းနိုင်လိမ့်မည်။ တစ်ချိန်တည်းမှာပင် သင်၏တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ရင်း ဘုရားသခင် ရွေးချယ်ထားသူများ၏ အသက်ဝင်ရောက်မှုကို အကျိုးမဖြစ်စေသည့်အရာ တစ်ခုမျှ မလုပ်မိစေရန်လည်း သေချာစေရမည်၊ ပြီးလျှင် ညီအစ်ကိုမောင်နှမများကို အထောက်အကူ မဖြစ်စေသည့်အရာကို ပြော၍မဖြစ်ပေ။ ယုတ်စွအဆုံး၊ သင်၏အသိစိတ်ကို ဆန့်ကျင်သည့် မည်သည့်အရာကိုမျှ လုပ်၍မဖြစ်သကဲ့သို့၊ ရှက်ဖွယ်ကောင်းသည့်အရာ တစ်ခုမျှ လုံးဝ လုပ်ဆောင်၍မဖြစ်ပေ။ အထူးသဖြင့် ဘုရားသခင်ကို ပုန်ကန်သောအရာ၊ သို့မဟုတ် ခုခံသောအရာကို သင် လုံးဝ လုပ်ဆောင်၍မဖြစ်ပေ၊ ပြီးလျှင် အသင်းတော်၏ အလုပ်၊ သို့မဟုတ် အသင်းတော်အသက်တာကို နှောင့်ယှက်သည့်အရာ တစ်ခုမျှ သင် လုပ်၍မဖြစ်ပေ။ သင် လုပ်သမျှတိုင်းတွင် တရားမျှတပြီး ဂုဏ်သိက္ခာရှိကာ သင်၏ လုပ်ရပ်တိုင်းက ဘုရားသခင်၏ ရှေ့မှောက်၌ တင့်တယ်သည်ကို သေချာစေလော့။ တစ်ခါတစ်ရံတွင် ဇာတိပကတိသည် အားနည်းကောင်း အားနည်းနိုင်သော်လည်း၊ တစ်ကိုယ်ရေ အကျိုးအမြတ်အတွက် လောဘမကြီးဘဲ၊ တစ်ကိုယ်ကောင်းဆန်သည့်အရာ၊ သို့မဟုတ် စက်ဆုပ်ဖွယ်ကောင်းသည့်အရာ တစ်ခုမျှ မလုပ်ဘဲ၊ သင့်ကိုယ်သင် မကြာခဏ သုံးသပ်လျက်၊ ဘုရားသခင်၏မိသားစု အကျိုးများကို သင် ဦးစားပေးနိုင်ရမည်ဖြစ်သည်။ ဤနည်းအားဖြင့် သင်သည် ဘုရားသခင်၏ရှေ့မှောက်တွင် မကြာခဏ အသက်ရှင်နိုင်လိမ့်မည် ဖြစ်ပြီး ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် လုံးလုံး ပုံမှန်ဖြစ်လာပေလိမ့်မည်။
သင် လုပ်သည့်အရာတိုင်းတွင်၊ သင်၏ ရည်ရွယ်ချက်များ မှန်သည်၊ မမှန်သည်ကို သင် ဆန်းစစ်ရမည်။ ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း သင်လုပ်ဆောင်နိုင်ပါက ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်ပေသည်။ ဤသည်မှာ အနိမ့်ဆုံး စံနှုန်းဖြစ်သည်။ သင်၏ ရည်ရွယ်ချက်များကို ဆန်းစစ်လော့၊ ပြီးလျှင် မမှန်ကန်သော ရည်ရွယ်ချက်များ ထွက်ပေါ်သည်ကို ရှာတွေ့ပါက၊ ထိုအရာများကို ပုန်ကန်နိုင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ လုပ်ဆောင်နိုင်စွမ်းရှိလော့။ ထိုသို့ဖြင့် သင်သည် ဘုရားသခင်၏ ရှေ့မှောက်တွင် မှန်ကန်သောသူတစ်ဦး ဖြစ်လာလိမ့်မည်၊ အပြန်အလှန်အားဖြင့် ယင်းသည် ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်သည်ကို ပြသပြီး၊ သင်လုပ်ဆောင်သမျှတို့သည် သင် ကိုယ်တိုင်အတွက် မဟုတ်၊ ဘုရားသခင်အတွက် ဖြစ်သည်ကို ပြပေသည်။ သင် လုပ်ဆောင်သမျှနှင့် ပြောဆိုသမျှတွင်၊ သင်၏စိတ်နှလုံးကို တည့်မှန်အောင်ထားနိုင်ပြီး၊ သင်၏ လုပ်ရပ်များတွင် တရားမျှတနိုင်စွမ်းရှိလော့၊ ပြီးလျှင် သင့်ခံစားချက်များ၏ ဦးဆောင်မှုကို မခံနှင့်၊ သို့မဟုတ် သင်ကိုယ်တိုင်၏ အလိုအတိုင်း မလုပ်ဆောင်နှင့်။ ဤသည်တို့မှာ ဘုရားသခင်ကို ယုံကြည်သူများ မိမိတို့ကိုယ်ကိုယ် ပြုမူနေထိုင်ရမည့် အခြေခံစည်းမျဉ်းများဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေး မည်သို့ရှိသနည်း
သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သော သူများသည် ၎င်းတို့ လုပ်ဆောင်သည့် အမှုအရာများတွင် ဘုရားသခင်၏ စိစစ်ခြင်းကို လက်ခံနိုင်ကြသည်။ သင်သည် ဘုရားသခင်၏စိစစ်ခြင်းကို လက်ခံသောအခါ သင်၏စိတ်နှလုံးသည် အမြင်မှန်ရလိမ့်မည် ဖြစ်သည်။ အကယ်၍ သင်သည် အခြားသူများ မြင်စေရန်အတွက်သာ လုပ်ဆောင်ပြီး သူတစ်ပါးတို့၏ ချီးမွမ်းမှုနှင့် လေးစားမှုကို အစဉ်ရလိုကာ သင်သည် ဘုရားသခင်၏စိစစ်ခြင်းကို လက်မခံပါက သင်၏စိတ်နှလုံးထဲ၌ ဘုရားသခင် ရှိသေးသလော။ ထိုသို့သောလူများတွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး မရှိကြချေ။ သင်၏အကျိုးအတွက်သာ အစဉ်မလုပ်ဆောင်နှင့်၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားကို စဉ်ဆက်မပြတ် ထည့်သွင်းမစဉ်းစားနှင့်။ လူ၏ အကျိုးစီးပွားများကို ထည့်သွင်းမစဉ်းစားနှင့်။ သင်၏ ကိုယ်ပိုင်သိက္ခာ၊ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို မစဉ်းစားနှင့်။ သင်သည် ပထမဦးစွာ ဘုရားအိမ်တော်၏ အကျိုးများကို ထည့်တွက်စဉ်းစားရမည်ဖြစ်ပြီး ယင်းတို့ကို သင်၏ဦးစားပေးချက် ဖြစ်စေရမည်၊ သင်သည် ဘုရားသခင်၏ရည်ရွယ်ချက်များကို အရေးထားသင့်ပြီး သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် သင်သည် မစင်ကြယ်မှု ရှိခဲ့သည် မရှိခဲ့သည်၊ သစ္စာစောင့်သိခြင်းရှိမရှိ၊ သင်၏ တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ခြင်းရှိမရှိ၊ အစွမ်းကုန် လုပ်ဆောင်ခြင်းရှိမရှိ၊ သင်၏ တာဝန်နှင့် အသင်းတော်၏ အလုပ်ကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် စဉ်းစားခဲ့ခြင်း ရှိမရှိ ဆိုသည်တို့ကို ချင့်ချိန်စဉ်းစားခြင်းဖြင့် အစပြုသင့်သည်။ ဤအရာများကို သင် စဉ်းစားရမည်။ ယင်းတို့ကို မကြာခဏ တွေးပြီး နားလည်အောင် ကြံဆလျှင် သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် သင့်အတွက် သာ၍ လွယ်ကူလိမ့်မည်။ သင်၏အစွမ်းအစ ညံ့ဖျင်းပါက၊ သင်၏အတွေ့အကြုံ ပေါ့တန်ပါက၊ သို့မဟုတ် သင်၏ အလုပ်တွင် မကျွမ်းကျင်ပါက၊ သင်၏အလုပ်၌ အမှားအယွင်းများ သို့မဟုတ် အပြစ်အနာအဆာများ အချို့ ရှိကောင်းရှိနိုင်ပြီး ရလဒ်ကောင်းများ သင်ရချင်မှ ရပေလိမ့်မည်။ သို့ရာတွင် သင်သည် အကောင်းဆုံးကို လုပ်ဆောင်ပြီး ဖြစ်လိမ့်မည်။ သင်သည် သင်ကိုယ်တိုင်၏ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများ၊ သို့မဟုတ် နှစ်သက်မှုများကို မဖြည့်ဆည်းပေ။ ထိုအစား သင်သည် အသင်းတော်၏အလုပ်နှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို စဉ်ဆက်မပြတ် ထည့်သွင်းစဉ်းစားသည်။ သင်၏တာဝန်တွင် သင်သည် ရလဒ်ကောင်းများ စွမ်းဆောင်ရရှိခြင်း မရှိကောင်း မရှိနိုင်သော်လည်း သင်၏ စိတ်နှလုံးသည် အသိတရားရပြီး ဖြစ်လိမ့်မည်။ ထို့ထက်ပိုပြီးလျှင် သင်၏တာဝန်ရှိ ပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေနိုင်ပါက သင်၏တာဝန် ထမ်းဆောင်ရာတွင် စံနှုန်းပြည့်မီပြီး တစ်ချိန်တည်းမှာပင် သင်သည် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်လိမ့်မည်။ ဤသည်မှာ သက်သေခံချက်ကို ပိုင်ဆိုင်သည်ဟု ဆိုလိုသည့်အရာ ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား စွန့်ပစ်ခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်
သင်တို့အားလုံးသည် တာဝန်များကို ထမ်းဆောင်ရသော သူတို့ဖြစ်ကြ၏။ အနည်းဆုံးအနေဖြင့် ရိုးသားသော စိတ်နှလုံးရှိရမည်ဖြစ်ပြီး သင်သည် ရိုးသားစစ်မှန်ကြောင်း ဘုရားသခင်အား မြင်တွေ့ခွင့်ပေးရမည် ဖြစ်သည်။ သို့မှသာ သင်သည် ဘုရားသခင်၏ ဉာဏ်ပွင့်စေခြင်း၊ အလင်းပေးခြင်းနှင့် လမ်းညွှန်မှုတို့ကို ရရှိနိုင်မည်ဖြစ်သည်။ အရေးပါသောအရာမှာ သင်သည် ဘုရားသခင်၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းကို လက်ခံခြင်းဖြစ်သည်။ သင်နှင့် အခြားသူများကြားတွင် မည်သည့်အတားအဆီးများ ရှိသည်ဖြစ်စေ၊ သင်သည် သင်၏ကိုယ်ပိုင် ဝင့်ဝါခြင်းနှင့် ဂုဏ်သတင်းကို မည်မျှ တန်ဖိုးထားသည်ဖြစ်စေ၊ ပြီးလျှင် ရိုးစင်းသောပုံစံဖြင့် သင် ရင်မဖွင့်နိုင်သည့် မည်သည့်ရည်ရွည်ချက်များကို သိုထားသည်ဖြစ်စေ ဤအရာများအားလုံးသည် တဖြည်းဖြည်းချင်း ပြောင်းလဲရမည်။ တစ်ဆင့်ပြီးတစ်ဆင့် အယောက်ချင်းစီတိုင်းသည် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် အခက်အခဲများမှ ရုန်းထွက်လွတ်မြောက်အောင် အားထုတ်ပြီး မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက ဖြစ်ပေါ်စေသည့် အဟန့်အတားများကို ကျော်လွှားရမည်ဖြစ်သည်။ ဤအဟန့်အတားများကို သင် မကျော်ဖြတ်မီ သင်၏စိတ်နှလုံးသည် ဘုရားသခင်အပေါ် အမှန်တကယ် ရိုးသားသလော။ သင်သည် အမှုအရာများကို သူ့ထံမှ ကွယ်ဝှက်ထားပြီး ဖုံးကွယ်သလော၊ သို့မဟုတ် ဟန်ဆောင်ထားသော အပြင်ပန်းကို ပြထားပြီး သူ့ကို လှည့်ဖြားသလော။ သင်၏စိတ်နှလုံးထဲတွင် ဤအရာနှင့်ပတ်သက်၍ ရှင်းလင်းနေသင့်သည်။ အကယ်၍ သင်၏ စိတ်နှလုံးထဲတွင် ဤအရာများ ရှိပါက ဘုရားသခင်၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းကို လက်ခံသင့်သည်။ အမှုအရာများကို ကံတရားအပေါ် ပုံချထားပြီး “ကျွန်ုပ်သည် ဘုရားသခင်အတွက် ကျွန်ုပ်၏တစ်ဘဝလုံးကို အသုံးမခံလို။ မိသားစုတစ်စုကို အစပြုပြီး ကျွန်ုပ်၏ကိုယ်ပိုင်ဘဝကို နေထိုင်ချင်သည်။ ဘုရားသခင်သည် ကျွန်ုပ်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်း ပြုမည်မဟုတ်ဟု မျှော်လင့်ပါသည်” ဟု မဆိုလေနှင့်။ အကယ်၍ သင်သည် သင့်စိတ်နှလုံးအတွင်း၌ နက်နက်ရှိုင်းရှိုင်း သိုထားသည့် ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များ၊ အကြံအစည်များနှင့် ဘဝပန်းတိုင်များဟူသည့် ဤအရာများအားလုံးကို ဘုရားသခင်ထံမှ ကွယ်ဝှက်ထားပါက၊ ထို့ပြင် အမှုအရာများစွာအပေါ် သင်၏အမြင်များနှင့် ဘုရားသခင်၌ ယုံကြည်ခြင်းနှင့်ပတ်သက်သည့် ယုံကြည်ချက်များကို ကွယ်ဝှက်ထားပါက သင်သည် ဒုက္ခရောက်မည် ဖြစ်သည်။ အကယ်၍ သင်သည် ဤအသုံးမကျသော အရာများကို ကွယ်ဝှက်ပြီး ယင်းတို့ကို ဖြေရှင်းဖို့အတွက် သမ္မာတရားကို မရှာဖွေပါက ယင်းက သင်သည် သမ္မာတရားကို ချစ်မြတ်နိုးခြင်းမရှိကြောင်း၊ သမ္မာတရားကို လက်ခံရရှိရန် သင့်အတွက် ခက်ခဲကြောင်း ပြသသည်။ သင်သည် အမှုအရာများကို အခြားလူတို့ထံမှ ကွယ်ဝှက်နိုင်သော်လည်း ဘုရားသခင်ထံမှ မကွယ်ဝှက်နိုင်ချေ။ အကယ်၍ သင်သည် ဘုရားသခင်ကို ယုံကြည်အားကိုးမှု မရှိလျှင် သူ့ကို အဘယ့်ကြောင့် သင် ယုံကြည်ရသနည်း။ သင်၌ လျှို့ဝှက်ချက်အချို့ရှိပြီး ယင်းတို့နှင့်ပတ်သက်၍ ရင်ဖွင့်လိုက်လျှင် သင့်ကို လူတို့အထင်သေးမည်ကို စိုးရိမ်သည့်အပြင် သင်၌ ထုတ်ဖော်ပြောဆိုဖို့ သတ္တိကင်းမဲ့ပါက သင်သည် ဘုရားသခင်အား အလွယ်တကူ ရင်ဖွင့်နိုင်လေသည်။ သင်သည် ဘုရားသခင်ကို ဆုတောင်းသင့်ကာ သူ့အပေါ် သင့်ယုံကြည်မှုထဲ၌ သိုထားသည့် မသတီစရာ ရည်ရွယ်ချက်များ၊ သင့်အနာဂတ်နှင့် ကံကြမ္မာအတွက်အလို့ငှာ လုပ်ဆောင်ထားခဲ့သည့် အရာများနှင့် ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် မည်သို့ ကြိုးပမ်းခဲ့ပုံတို့ကို ဝန်ခံသင့်သည်။ ဤအရာအားလုံးကို ဘုရားသခင်၏ရှေ့၌ ပစ်ချပြီး သူ့အရှေ့တွင် ယင်းတို့ကို ထုတ်ဖော်လော့။ ယင်းတို့ကို သူ့ထံမှ မဖုံးကွယ်နှင့်။ သင်၏စိတ်နှလုံးသည် လူမည်မျှအတွက် ပိတ်ဆို့ထားပါစေ ဘုရားသခင်အတွက် ပိတ်မထားနှင့်။ သင့်စိတ်နှလုံးကို သူ့ထံ ဖွင့်ထားရမည်။ ယင်းသည် သူ့ကိုယုံကြည်သူတို့၌ ရှိသင့်သည့် အနည်းဆုံးသော ရိုးသားစစ်မှန်မှုအတိုင်းအတာ ဖြစ်၏။ သင်သည် ဘုရားသခင်ထံ ဖွင့်ဟထားသော စိတ်နှလုံးရှိပြီး သူ့အတွက် ပိတ်ဆို့မထားဘဲ သူ၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းကို လက်ခံနိုင်လျှင် သင့်ကို သူ မည်ကဲ့သို့ ရှုမြင်မည်နည်း။ သင်သည် အခြားသူများထံ ပွင့်လင်းကောင်း မပွင့်လင်းနိုင်လျှင်ပင် ဘုရားသခင်အား သင် ပွင့်လင်းနိုင်ပါက သူက သင့်ကို ရိုးသားသော စိတ်နှလုံးရှိသည့် ရိုးသားသော လူတစ်ဦးအဖြစ် ရှုမြင်မည်ဖြစ်သည်။ သင်၏ ရိုးသားသောစိတ်နှလုံးသည် သူ၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းကို လက်ခံနိုင်ပါက ယင်းသည် သူ၏အမြင်၌ အဖိုးထိုက်သည့်အပြင် သူသည် သင့်အထဲ၌ အလုပ်လုပ်ရန် ရှိသည်မှာ သေချာ၏။ ဥပမာအနေဖြင့် သင်သည် ဘုရားသခင်အား လိမ်ညာလှည့်ဖြားသော အရာတစ်ခုကို ပြုလုပ်ထားပြီး ဖြစ်ပါက သင့်ကို သူ ဆုံးမပဲ့ပြင်မည်ဖြစ်သည်။ ထိုအခါ သင်သည် သူ၏ ဆုံးမပဲ့ပြင်ခြင်းကို လက်ခံရမည်၊ အလျင်အမြန် နောင်တရရမည်ဖြစ်ပြီး သူ၏ရှေ့၌ ဝန်ချတောင်းပန်သည့်အပြင် သင်၏ အမှားများကို အသိအမှတ်ပြုရမည်။ သင်၏ ပုန်ကန်ခြင်းနှင့် ဖောက်ပြန်ပျက်စီးခြင်းတို့ကို အသိအမှတ်ပြုရမည်၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို လက်ခံရမည်၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သိရမည်၊ သူ၏ နှုတ်ကပတ်တော်များအတိုင်း လက်တွေ့လုပ်ဆောင်ရမည်ဖြစ်ပြီး အမှန်တကယ် နောင်တရရမည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၌ သင်၏ ရိုးသားစစ်မှန်သော ယုံကြည်မှု၏သက်သေဖြစ်ပြီး သူ့အပေါ် သင်၏ စစ်မှန်သောယုံကြည်ခြင်းပင် ဖြစ်၏။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ရိုးသားသောသူလူတစ်ဦးကသာ စစ်မှန်သော လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်နိုင်သည်
လူတို့တွင် အတွေးများရှိသောအခါ ၎င်းတို့တွင် ရွေးချယ်မှုများရှိသည်။ ၎င်းတို့အပေါ်တွင် တစ်စုံတစ်ခုဖြစ်ပျက်ပြီး ၎င်းတို့က မှားယွင်းသောရွေးချယ်မှုကို ပြုလုပ်လျှင် မိမိတို့ကိုယ်ကို နောက်ပြန်လှည့်ပြီး မှန်ကန်သော ရွေးချယ်မှုကို ပြုလုပ်သင့်သည်။ ၎င်းတို့၏ အမှားကို လုံးဝ ဖက်တွယ်မထားသင့်ပေ။ ဤသို့သော လူများသည် လိမ္မာပါးနပ်ကြ၏။ သို့သော် မှားယွင်းသောရွေးချယ်မှုကို ပြုလုပ်ခဲ့သည်ကို သိပြီး မိမိကိုယ်ကို နောက်ပြန်မလှည့်လျှင် ထိုသူသည် သမ္မာတရားကို မချစ်သောသူဖြစ်သည်။ ဤကဲ့သို့သောသူသည် ဘုရားသခင်ကို အမှန်တကယ် အလိုမရှိပေ။ ဥပမာ သင်သည် သင်၏တာဝန်ကို သင်ထမ်းဆောင်သောအခါတွင် ဝတ်ကျေတမ်းကျေလုပ်ချင်သည်ဟု ဆိုကြပါစို့။ သင်သည် ခိုကတ်ရန် ကြိုးစားသည်။ ဘုရားသခင်၏ စိစစ်မှုကို ရှောင်ကြဉ်ရန် ကြိုးစားသည်။ ဤကဲ့သို့သောအချိန်မျိုးတွင် ဆုတောင်းရန်အတွက် ဘုရားသခင်ရှေ့သို့ အမြန်လာပါ။ ဤသည်မှာ လုပ်ဆောင်ရန် မှန်ကန်သည့်လမ်းဟုတ်မဟုတ်ကို ဆင်ခြင်သုံးသပ်ပါ။ ထို့နောက် ဤအရာကို စဉ်းစားကြည့်ပါ။ “ဘုရားသခင်ကို ငါ အဘယ်ကြောင့်ယုံကြည်သနည်း။ ဤသို့သော ဝတ်ကျေတမ်းကျေလုပ်ခြင်း လူတို့က သတိမထားမိခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ဘုရားသခင်က သတိမထားမိဘဲ နေလိမ့်မည်လော။ ထို့အပြင် ဘုရားသခင်အပေါ် ငါ၏ ယုံကြည်မှုသည် မခိုကတ်ရန်ဖြစ်သည်။ ကယ်တင်ခြင်းခံရဖို့အတွက်ဖြစ်သည်။ ဤကဲ့သို့ ငါလုပ်ဆောင်ခြင်းသည် သာမန်လူ့သဘာဝ၏ ပြုမူမှုမဟုတ်သကဲ့သို့ ဘုရားသခင်၏ ချစ်ခြင်းကိုလည်း မခံရပေ။- မဖြစ်ပေ။ ပြင်ပကမ္ဘာတွင် ငါသည် ခိုကတ်နိုင်ပြီး ငါကျေနပ်သလို လုပ်ဆောင်နိုင်ပေမည်။ သို့သော် ယခု ငါသည် ဘုရားသခင်၏ အိမ်တော်တွင်ရှိနေသည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာ၊ ဘုရားသခင်၏ မျက်လုံးများ၏ စိစစ်မှုအောက်တွင်ရှိနေသည်။ ငါသည် လူပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။ သင်သည် ငါ၏အသိစိတ်နှင့်အညီ ပြုမူရမည်။ ငါကျေနပ်သလို လုပ်ဆောင်၍မရပေ။ ဘုရားနှုတ်ကပတ်တော်နှင့်အညီ လုပ်ဆောင်ရမည်။ ဝတ်ကျေတမ်းကျေမပြုရပေ။ ခိုကတ်၍ မရပေ။ ဤသို့ဆိုလျှင် မခိုကတ်ရန်၊ ဝတ်ကျေတမ်းကျေမပြုလုပ်ရန် မည်သို့ဆောင်ရွက်သင့်သနည်း။ အနည်းငယ်အားစိုက်ထုတ်ရမည်။ ယခုပင် ဤကဲ့သို့ လုပ်ဆောင်ရန် အလွန်ဒုက္ခများလွန်းသည်ဟု ငါခံစားရသည်။ ဆင်းရဲဒုက္ခကို ရှောင်ကြဉ်လိုခဲ့သော်လည်း ယခု ငါနားလည်သည်။ ဤသို့လုပ်ဆောင်ရန်မှာ ဒုက္ခအလွန်များနိုင်သည်။ သို့သော် ထိရောက်မှုရှိသည်။ ထို့ကြောင့် ဤသည်မှာ လုပ်ဆောင်သင့်သည့် နည်းလမ်းဖြစ်သည်” ဟု ဖြစ်သည်။ သင်သည် အလုပ်လုပ်နေပြီး ဆင်းရဲဒုက္ခကို ကြောက်နေသေးသောအခါတွင်၊ ဤသို့သော အချိန်မျိုးတွင် ဘုရားသခင်ကို ဆုတောင်းရမည်။ “အို ဘုရားသခင်။ ကျွန်ုပ်သည် ပျင်းရိပြီး လှည့်ဖြားတတ်သောသူဖြစ်သည်။ ကျွန်ုပ်ကို ပဲ့ပြင်ဆုံးမပါရန်၊ အပြစ်တင်ပါရန် ကိုယ်တော်ကို အသနားခံပါ၏။ ဤသို့ဖြင့် ကျွန်ုပ်သည် လိပ်ပြာမသန့်ဘဲ ရှက်စိတ်တစ်ခု ရှိရန်ဖြစ်သည်။ ကျွန်ုပ်သည် ဝတ်ကျေတမ်းကျေ မဖြစ်လိုပါ။ ကျွန်ုပ်ကို လမ်းပြပြီး ဉာဏ်အလင်းဖွင့်ပြရန်၊ ကျွန်ုပ်၏ ပုန်ကန်မှုနှင့် အကျည်းတန်မှုကို ပြသရန် ကိုယ်တော်ကို အသနားခံပါ၏” ဟု ဖြစ်သည်။ ဤသို့ သင်ဆုတောင်းသောအခါ၊ ဆင်ခြင်သုံးသပ်ပြီး သင့်ကိုယ်သင်သိမြင်ရန် ကြိုးစားသောအခါ ဤအရာက နောင်တခံစားချက်ကို ဖြစ်ပေါ်စေလိမ့်မည်ဖြစ်ပြီး သင်၏ အကျည်းတန်မှုကို သင် မုန်းတီးနိုင်လိမ့်မည်။ သင်၏ မှားယွင်းသော အခြေအနေသည် စတင်ပြောင်းလဲလိမ့်မည်ဖြစ်ပြီး၊ သင်သည် ဤအရာကို ချင့်ချိန်စဉ်းစားနိုင်စွမ်းရှိလိမ့်မည်ဖြစ်ကာ “ကျွန်ုပ်သည် အဘယ်ကြောင့် ဝတ်ကျေတမ်းကျေပြုရသနည်း။ အဘယ်ကြောင့် အစဉ် ခိုကတ်ရန် ကြိုးစားနေသနည်း။ ဤသို့ ပြုမူဆောင်ရွက်ခြင်းသည် အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရားတစ်ခုမျှ မရှိပေ။ ငါသည် ဘုရားသခင်ကို ယုံကြည်သောသူဖြစ်သေးသလော။ ငါသည် အဘယ်ကြောင့် အမှုအရာများကို အလေးအနက်မထားသနည်း။ အချိန်နှင့် အားစိုက်မှုအနည်းငယ်ပို၍ ကျွန်ုပ် စိုက်ထုတ်ရန်သာ လိုအပ်သည်မဟုတ်လော။ ယင်းမှာ ကြီးမားသော ဝန်ထုတ်ဝန်ပိုးမဟုတ်ပေ။ ဤသည်မှာ ငါလုပ်ဆောင်သင့်သည့်အရာဖြစ်သည်။ ဤအရာကိုပင်မလုပ်ဆောင်နိုင်လျှင် ငါ့ကို လူသားဟုခေါ်ဆိုရန် သင့်တော်သလော”ဟု သင့်ကိုယ်သင် ပြောဆိုနိုင်စွမ်းရှိလိမ့်မည်။ ရလဒ်အနေဖြင့် သင်သည် သန္နိဋ္ဌာန်ချပြီး ကျမ်းသစ္စာကျိန်ဆိုလိမ့်မည်။ “အို ဘုရားသခင်၊ ကျွန်ုပ်သည် ကိုယ်တော်ကို စိတ်ပျက်စေခဲ့ပြီဖြစ်သည်။ ကျွန်ုပ်သည် အမှန်တကယ်ပင် အလွန် ပြင်းပြင်းထန်ထန် ဖောက်ပြန်ပျက်စီးနေပါသည်။ ကျွန်ုပ်၌ အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရားမရှိပါ။ လူ့သဘာဝမရှိပါ။ ကျွန်ုပ် နောင်တရလိုပါသည်။ ကျွန်ုပ်ကို ခွင့်လွှတ်ရန် ကိုယ်တော်ကို တောင်းလျှောက်ပါသည်။ ကျွန်ုပ်သည် သေချာပေါက် ပြောင်းလဲပါမည်။ ကျွန်ုပ်နောင်တမရလျှင် ကျွန်ုပ်အား အပြစ်ဒဏ်ပေးစေလိုပါသည်။” ထို့နောက်တွင် သင်၏ စိတ်နေစိတ်ထား ပြောင်းလဲသွားလိမ့်မည်ဖြစ်ပြီး၊ သင် စတင်ပြောင်းလဲလာလိမ့်မည်။ ဝတ်ကျေတမ်းကျေပြုမှု လျော့နည်းလျက် သင်သည် တာဝန်သိသိ အသိဉာဏ်ရှိရှိ လုပ်ဆောင်ခြင်းဖြင့် ပြုမူပြီး သင်၏တာဝန်များကို ထမ်းဆောင်လိမ့်မည်ဖြစ်ကာ သင်သည် ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးနိုင်လိမ့်မည်။ သင်၏ တာဝန်ကို ဤသို့ ထမ်းဆောင်ခြင်းသည် အလွန်ကောင်းသည်ဟု သင်ခံစားမိလိမ့်မည်ဖြစ်ပြီး သင်၏ စိတ်နှလုံးတွင် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း ရှိလိမ့်မည်။ လူတို့သည် ဘုရားသခင်၏ စိစစ်မှုကို လက်ခံနိုင်သည့်အခါ၊ သူ့ကို ဆုတောင်းပြီး သူ့အပေါ် မှီခိုနိုင်သည့်အခါ ၎င်းတို့၏ အခြေအနေများသည် မကြာမီ ပြောင်းလဲသွားလိမ့်မည်။ သင့်စိတ်နှလုံး၏ အပျက်သဘောဆောင်သော အခြေအနေသည် ပြောင်းပြန်ဖြစ်သွားပြီးဖြစ်ကာ သင်၏ ကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် ဇာတိပကတိ၏ တစ်ကိုယ်ကောင်းဆန်သည့် ဆန္ဒများကို ပုန်ကန်ပြီးဖြစ်သည့်အခါ၊ ဇာတိပကတိ၏ ကိုယ်စိတ်ချမ်းသာမှုနှင့် ပျော်မွေ့မှုတို့ကို သင် လက်လွှတ်နိုင်ပြီး ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း ပြုမူဆောင်ရွက်နိုင်ကာ သင်သည် ထင်ရာမြင်ရာ၊ သို့မဟုတ် မဆင်မခြင် မဖြစ်တော့သည့်အခါ သင်၏ စိတ်နှလုံးတွင် ငြိမ်သက်ခြင်းရှိလိမ့်မည်ဖြစ်ပြီး သင်၏ အသိစိတ်ထဲတွင် လိပ်ပြာလုံလိမ့်မည်။ ဤသို့ ဇာတိပကတိကို ပုန်ကန်ပြီး ဘုရားသခင်၏ တောင်းဆိုချက်များအတိုင်း ပြုမူဆောင်ရွက်ရန် လွယ်ကူသလော။ လူတို့သည် ဘုရားသခင်အတွက် ကြီးစွာသော ဆန္ဒတစ်ခုရှိသရွေ့ ဇာတိပကတိကို ၎င်းတို့ ပုန်ကန်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပေသည်။ သင်သည် ဤသို့ လက်တွေ့လုပ်ဆောင်နိုင်သရွေ့ သင် မသိလိုက်မီတွင် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ပြီး ဖြစ်လိမ့်မည်။ လုံးဝ ခက်ခဲလိမ့်မည်မဟုတ်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားနှုတ်ကပတ်တော်ကို တန်ဖိုးထားခြင်းသည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းတွင် အခြေခံအုတ်မြစ်ဖြစ်သည်
တစ်စုံတစ်ယောက်သည် အချိန်အနည်းငယ်သုံး၍ သင့်ကို စောင့်ကြည့်စစ်ဆေးသည့်အခါ၊ သို့မဟုတ် လေ့လာသည့်အခါ၊ သို့မဟုတ် အသေးစိတ်မေးခွန်းများ မေးသောအခါတွင်လည်းကောင်း၊ တစ်ခါတစ်ရံတွင် ၎င်းတို့၏ သဘောထားသည်ပင် အနည်းငယ် ကြမ်းတမ်းသောအခါ၊ သင့်ကို အနည်းငယ် ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်သောအခါ၊ ပဲ့ပြင်ဆုံးမပြီး အပြစ်တင်သောအခါတွင်လည်းကောင်း ဤအရာအားလုံးတို့သည် ဘုရားအိမ်တော်၏ အလုပ်အပေါ်တွင် ၎င်းတို့၌ သိတတ်မှုရှိသော၊ တာဝန်သိတတ်သော သဘောထားတစ်ခု ရှိသောကြောင့်ဖြစ်သည်။ ဤအပေါ်တွင် သင်သည် အပျက်သဘောဆောင်သော အတွေးများ၊ သို့မဟုတ် ခံစားချက်များ မရှိသင့်ပေ။ အခြားလူတို့၏ ကြီးကြပ်မှု၊ စောင့်ကြည့်လေ့လာမှုနှင့် မေးခွန်းထုတ်မှုတို့ကို သင်လက်ခံနိုင်လျှင် ယင်းမှာ အဘယ်အဓိပ္ပာယ်ရသနည်း။ ယင်းကသင့်စိတ်နှလုံးတွင် သင်သည် ဘုရားသခင်၏ စိစစ်ခြင်းကို လက်ခံသည်ဟု အဓိပ္ပာယ်ရသည်။ သင်သည် သင့်အပေါ် လူတို့၏ ကြီးကြပ်မှု၊ စောင့်ကြည့်လေ့လာမှုနှင့် မေးခွန်းထုတ်မှုတို့ကို လက်မခံလျှင်၊ ဤအရာအားလုံးတို့ကို သင်က ငြင်းဆန်လျှင် ဘုရားသခင်၏ စိစစ်မှုကို သင်လက်ခံနိုင်စွမ်းရှိသလော။ ဘုရားသခင်၏ စိစစ်ခြင်းသည် ပို၍ အသေးစိတ်ကာ နှံ့စပ်ပြီး လူတို့၏မေးခွန်းထုတ်ခြင်းထက် ပို၍ တိကျမှန်ကန်သည်။ ဘုရားသခင်တောင်းဆိုသောအရာသည် ဤထက် ပို၍ အသေးစိတ်ပြီး တိကျမှုရှိကာ နှံ့စပ်၏။ ထို့ကြောင့် ဘုရားသခင်ရွေးချယ်ထားသောသူများ၏ စောင့်ကြည့်စစ်ဆေးခြင်းကို သင် လက်မခံနိုင်လျှင်၊ ဘုရားသခင်၏ စိစစ်ခြင်းကို လက်ခံနိုင်ကြောင်း သင်၏ အခိုင်အမာပြောဆိုချက်သည် အနှစ်မဲ့သော စကားများ မဟုတ်သလော။ ဘုရားသခင်၏ စိစစ်ခြင်းနှင့် စစ်ဆေးခြင်းတို့ကို သင်လက်ခံနိုင်ဖို့အတွက်၊ သင်သည် ဘုရားအိမ်တော်၏ စောင့်ကြည့်စစ်ဆေးခြင်းကို ဦးစွာ လက်ခံနိုင်ရမည် ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၇)
သင့်အနီးတွင် မည်သည့်အရာဖြစ်ပျက်ပါစေ သင်သည် အရာအားလုံးနှင့်ပတ်သက်ပြီး ဘုရားသခင်ထံ ဆုတောင်းသင့်သည်။ သမ္မာတရားကို အစဉ် ရှာဖွေသင့်သည်။ သင့်ကိုယ်သင် ချုပ်တည်းသင့်သည်။ သင်သည် ဘုရားသခင်၏ မျက်မှောက်တော်တွင် အသက်ရှင်နေခြင်းဖြစ်ကြောင်း သေချာအောင်လုပ်ရမည်။ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးရှိသင့်သည်။ ဘုရားသခင်က လူတို့အား အချိန်ပြည့်စိစစ်နေသည်။ သန့်ရှင်းသောဝိညာဉ်တော်က ဤလူအမျိုးအစားများတွင် အလုပ်လုပ်သည်။ ဘုရားသခင်က လူတစ်ယောက်၏ စိတ်နှလုံးကို မည်သို့ စိစစ်သနည်း။ သူသည် သူ၏ မျက်လုံးဖြင့် ကြည့်ရုံသာမကဘဲ သင့်အတွက် ပတ်ဝန်းကျင်များကို ပြင်ဆင်ပြီး သင်၏ စိတ်နှလုံးအား သူ၏ လက်ဖြင့် တို့ထိသည်။ ဤအရာကို ငါ အဘယ်ကြောင့်ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်က သင့်အတွက် ပတ်ဝန်းကျင်တစ်ခုကို ပြင်ဆင်သောအခါ ထိုပတ်ဝန်းကျင်ကို သင် မကျေမနပ်ဖြစ်သလော၊ မုန်းတီးသလော၊ သို့မဟုတ် နှစ်သက်ပြီး နာခံသလော၊ သင်သည် မလှုပ်မယှက်ဖြင့် စောင့်ဆိုင်းသလော၊ သမ္မာတရားအား တက်ကြွစွာ ရှာဖွေသလောဆိုသည်တို့ကို ဘုရားသခင် မြင်သောကြောင့် ဖြစ်သည်။ သင်၏ စိတ်နှလုံးနှင့်အတွေးများက မည်သို့ပြောင်းလဲသည်၊ မည်သည့်ဘက်သို့ ဦးတည်ပြီး ကြီးထွားလာသည်ဆိုသည်ကို ဘုရားသခင်က စောင့်ကြည့်သည်။ သင်၏ စိတ်နှလုံးတွင်ရှိသော အခြေအနေသည် တစ်ခါတစ်ရံတွင် အပြုသဘောဆောင်ပြီး တစ်ခါတစ်ရံတွင် အပျက်သဘောဆောင်သည်။ သင်သည် သမ္မာတရားကို လက်ခံနိုင်လျှင် လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများနှင့် သင့်အတွက် ဘုရားသခင် ပြင်ဆင်ပေးသည့် အမျိုးမျိုးသော ပတ်ဝန်းကျင်များကို ဘုရားသခင်ထံမှနေ၍ လက်ခံနိုင်လိမ့်မည်။ ပြီးလျှင် သင်သည် ထိုအရာများကို မှန်ကန်စွာ ချဉ်းကပ်နိုင်လိမ့်မည်။ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ခြင်း၊ ချင့်ချိန်စဉ်းစားခြင်းမှတစ်ဆင့် သင်၏ အတွေးများ၊ အယူအဆများအားလုံး၊ သင်၏ ထင်မြင်ချက်များအားလုံး၊ သင်၏ စိတ်ခံစားချက်များအားလုံးသည် ဘုရားနှုတ်ကပတ်တော်ကို အခြေခံပြီး ပြောင်းလဲလိမ့်မည်။ သင်သည် ဤအရာနှင့်ပတ်သက်ပြီး ရှင်းလင်းစွာ သိလိမ့်မည်။ ဘုရားသခင်သည် ဤအရာအားလုံးကို စိစစ်ခြင်းလည်း ပြုလုပ်လိမ့်မည်။ သင်သည် မည်သူ့ကိုမျှ ပြောရသေးမည်မဟုတ်သော်လည်း၊ ဆုတောင်းပြီးမည်မဟုတ်သော်လည်း၊ သင်၏ စိတ်နှလုံးနှင့် သင်၏ ကိုယ်ပိုင် ကမ္ဘာအတွင်း၌သာ ဤအရာကို စဉ်းစားလိမ့်မည်ဖြစ်သော်လည်း ဘုရားသခင်၏ အမြင်တွင် ယင်းသည် အလွန်ပင် ရှင်းလင်းပြီးဖြစ်လိမ့်မည်။ သူ့အတွက် သိသာနေလိမ့်မည်။ လူတို့က သင့်အား ၎င်းတို့၏ မျက်လုံးဖြင့် ကြည့်သည်။ သို့သော် ဘုရားသခင်က သင်၏ စိတ်နှလုံးကို သူ၏ လက်ဖြင့် တို့ထိသည်။ ဤသည်မှာ သူသည် သင်နှင့် မည်မျှနီးစပ်သည်ဆိုသည့်အရာပင်ဖြစ်သည်။ သင်သည် ဘုရားသခင်၏ စိစစ်မှုကို ခံစားရနိုင်လျှင် ဘုရားသခင်၏ မျက်မှောက်တော်တွင် အသက်ရှင်နေခြင်းဖြစ်သည်။ သင်သည် သူ၏ စိစစ်မှုကို လုံးဝ မခံစားရနိုင်လျှင် သင်၏ကိုယ်ပိုင်ကမ္ဘာထဲတွင် သင် အသက်ရှင်နေခြင်းဖြစ်သည်။ သင်၏ကိုယ်ပိုင်ခံစားချက်များ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် သင် အသက်ရှင်နေခြင်းဖြစ်သည်။ ဤသို့ဆိုလျှင် သင်သည် ဒုက္ခရောက်ပြီဖြစ်သည်။ သင်သည် ဘုရားသခင်၏ မျက်မှောက်တော်တွင် အသက်မရှင်လျှင် သင်နှင့် ဘုရားသခင်ကြားတွင် ကြီးမားသော အကွာအဝေးတစ်ခုရှိပြီး ဘုရားသခင်နှင့် သင် အလှမ်းဝေးသည်။ သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်ကို မည်သို့မျှ ထည့်စဉ်းစားခြင်းမရှိလျှင်၊ ဘုရားသခင်၏ စိစစ်မှုကို လက်မခံလျှင် ဘုရားသခင်က ဤအရာအားလုံးကို သိမြင်လိမ့်မည်။ ဤအရာကို သိမြင်ရန် သူ့အတွက် အလွန်လွယ်ကူလိမ့်မည်။ ထို့ကြောင့် သင်သည် စိတ်ပိုင်းဖြတ်ချက်နှင့် ပန်းတိုင်တစ်ခုရှိသောအခါတွင်လည်းကောင်း၊ ဘုရားသခင်က စုံလင်ပေးခြင်းကို သင် ခံယူလိုစိတ်ရှိသောအခါတွင်လည်းကောင်း၊ ဘုရားအလိုတော်ကို လိုက်လျှောက်ပြီး ဘုရားသခင်ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်သောသူတစ်ယောက် ဖြစ်လိုစိတ်ရှိသောအခါတွင်လည်းကောင်း၊ သင့်တွင် ဤစိတ်ပိုင်းဖြတ်ချက်ရှိသောအခါတွင်၊ ဤအရာများအတွက် မကြာခဏဆုတောင်းပြီး အသနားခံနိုင်သောအခါတွင်လည်းကောင်း၊ ဘုရားသခင်၏ မျက်မှောက်တော်တွင် အသက်ရှင်ပြီး၊ ဘုရားသခင်ထံမှ သင့်ကိုယ်သင် လုံးဝ မဝေးကွာစေသောအခါတွင်လည်းကောင်း၊ သို့မဟုတ် ဘုရားသခင်ကို မစွန့်ခွာသောအခါတွင်လည်းကောင်း သင်သည် ဤအရာများကို ရှင်းလင်းစွာ သိသည်။ ဘုရားသခင်သည်လည်း သိသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်၏ ရှေ့မှောက်၌ မကြာခဏ အသက်ရှင်ခြင်းသည်သာလျှင် အကြင်သူသည် သူနှင့် ပုံမှန်ဆက်ဆံရေးကို ရရှိနိုင်သည်
လူတို့သည် သမ္မာတရားကို နားလည်သည်ဖြစ်စေ၊ မနားလည်သည်ဖြစ်စေ သူတို့သည် မကောင်းမှုများကို လုံးဝ မပြုလုပ်ရပေ၊ သူတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို အားကိုးအားထားပြုလျက် အမှုအရာများကို မပြုလုပ်ရပေ။ ပြီးလျှင် အရဲစွန့်သော စိတ်သဘောထားမျိုး မထားရှိရပေ၊ အကြောင်းမှာ ဘုရားသခင်သည် လူ၏ စိတ်နှလုံးများကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး မြေကြီးတစ်ခုလုံးကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသောကြောင့် ဖြစ်သည်။ “မြေကြီးတစ်ခုလုံး” တွင် အဘယ်အရာ ပါဝင်သနည်း။ ယင်းတွင် ရုပ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ မဟုတ်သော အရာများ နှစ်မျိုးလုံး ပါဝင်သည်။ သင်၏ ကိုယ်ပိုင် ဦးနှောက်ကို အသုံးပြုလျက် ဘုရားသခင်ကို၊ ဘုရားသခင်၏ ဩဇာအာဏာကို သို့မဟုတ် ဘုရားသခင်၏ အနန္တတန်ခိုးကို အကဲဖြတ်ရန် မကြိုးစားနှင့်။ လူတို့သည် ဖန်ဆင်းခံများ ဖြစ်ကြပြီး သူတို့၏ အသက်တာများသည် အလွန် အရေးမပါလှပေ။ သူတို့သည် ဖန်ဆင်းရှင်၏ ကြီးမြတ်မှုကို မည်သို့အကဲဖြတ်နိုင်မည်နည်း။ သူတို့သည် အရာခပ်သိမ်းကို သူ၏ ဖန်ဆင်းခြင်းနှင့် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာကိုင်စွဲခြင်းရှိ ဖန်ဆင်းရှင်၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာကို မည်သို့ တိုင်းတာနိုင်မည်နည်း။ သင်တို့သည် အသိဉာဏ်ကင်းမဲ့သော အမှုအရာများကို လုံးဝ မပြုလုပ်ရ၊ သို့မဟုတ် မကောင်းမှုကို မပြုလုပ်ရပေ။ မကောင်းမှုကို ပြုလုပ်ခြင်းသည် မလွဲမသွေ ဒဏ်ခတ်ခြင်းကို ခံရလိမ့်မည်၊ ပြီးလျှင် တစ်နေ့သောအခါ ဘုရားသခင်သည် သင့်ကို ထုတ်ဖော်သည့်အခါ သင်သည် သင် မျှော်မှန်းထားသည်ထက် ပို၍ ရရှိလိမ့်မည်၊ ထိုနေ့၌ သင်သည် ငိုကြွေးလျက် အံသွားခဲကြိတ်ရလိမ့်မည်။ သင်သည် မိမိကိုယ်ကို သိကျွမ်းခြင်းဖြင့် ကျင့်ကြံပြုမူရမည်။ အချို့သော ကိစ္စရပ်များ၌ ဘုရားသခင် သင့်ကို မဖော်ထုတ်မီတွင် သင်သည် မိမိကိုယ်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် နှိုင်းယှဉ်ခြင်း၊ မိမိကိုယ်ကို ပြန်လည်သုံးသပ်ပြီး ဖုံးကွယ်ထားသော အမှုအရာများကို အလင်းသို့ ဆောင်ကြဉ်းခြင်း၊ သင်၏ ကိုယ်ပိုင် ပြဿနာများကို ရှာဖွေတွေ့ရှိခြင်း၊ ထို့နောက် ယင်းတို့ကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေခြင်းတို့ကို ပြုလုပ်သည်မှာ သာ၍ ကောင်းပေမည်။ ဘုရားသခင်က သင့်ကို ထုတ်ဖော်သည်ကို မစောင့်ဆိုင်းနှင့်။ ဘုရားသခင် သင့်ကို ထုတ်ဖော်ပြီးသည်နှင့်တစ်ပြိုင်နက် သင်သည် မထုံတက်သေး ဖြစ်သွားသည် မဟုတ်လော။ ထိုအချိန်၌ သင်သည် ပြစ်မှားခြင်းတစ်ခုကို ကျူးလွန်ပြီး ဖြစ်နေလိမ့်မည်။ ဘုရားသခင် သင့်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းမှ သင် ထုတ်ဖော်ခံရသည်အထိ သင်၏ တန်ဖိုးနှင့် သင့်အပေါ် ဘုရားသခင်၏ ထင်မြင်ယူဆချက်သည် ကြီးမားသော ပြောင်းလဲမှုတစ်ခုကို ကြုံတွေ့ရဖွယ် ရှိသည်။ ဤသည်မှာ ဘုရားသခင်သည် သင့်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနေစဉ်အတွင်း သင် ထုတ်ဖော်ခြင်းခံရသည့် အခိုက်အတန့်အထိ သူသည် သင့်အား အခွင့်အရေးများကို ပေးနေပြီး သူ၏ မျှော်လင့်ချက်များကို သင့်အပေါ် အပ်နှံနေခြင်းကြောင့် ဖြစ်သည်။ ဘုရားသခင်သည် တစ်စုံတစ်ဦးအပေါ် သူ၏ မျှော်လင့်ချက်များကို အပ်နှံခြင်းမှနေ၍ အဆုံး၌ သူ၏ မျှော်လင့်ချက်များ အချည်းနှီး ဖြစ်သွားသည်အထိ ဘုရားသခင်၏ စိတ်နေစိတ်ထားသည် မည်သို့ ရှိမည်နည်း။ ယင်းသည် အလွန်ကြီးမားသော ကျဆင်းမှုတစ်ခုကို ကြုံတွေ့ရသည်။ ထို့ပြင် သင့်အတွက် အကျိုးဆက်မှာ အဘယ်အရာ ဖြစ်မည်နည်း။ ထိုမျှ မပြင်းထန်သော ကိစ္စများတွင် သင်သည် ဘုရားသခင် စက်ဆုပ်ရွံရှာခြင်းကို ခံရကောင်း ခံရနိုင်လာပြီး ဘေးဖယ်ထားခြင်း ခံရပေမည်။ “ဘေးဖယ်ထားသည်” ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ သင်သည် ဆက်လက်ထိန်းသိမ်းထားပြီး စောင့်ကြည့်လေ့လာခြင်းကို ခံရမည်ဟု ဆိုလိုသည်။ ထို့ပြင် ပို၍ ဆိုးရွားသော ကိစ္စများတွင် အကျိုးဆက်မှာ အဘယ်အရာ ဖြစ်မည်နည်း။ ဘုရားသခင်က “ဤပုဂ္ဂိုလ်သည် ဘေးဥပဒ်တစ်ခု ဖြစ်ပြီး အစေခံရန်ပင် မထိုက်တန်ပေ။ ငါသည် ဤပုဂ္ဂိုလ်ကို လုံးဝ ကယ်တင်မည် မဟုတ်” ဟု မိန့်ပေမည်။ ဘုရားသခင်သည် ဤစိတ်ကူးကို ဖြစ်ပေါ်စေပြီးသည်နှင့်တစ်ပြိုင်နက် သင့်၌ မည်သည့်အဆုံးသတ်မျှ လုံးဝ ရှိတော့မည် မဟုတ်ပေ၊ ပြီးလျှင် ထိုသို့ ဖြစ်ပျက်ပြီးသည်နှင့် သင်သည် ဦးတိုက်တောင်းပန်ပြီး သွေးထွက်နိုင်စေကာမူ ယင်းသည် သင့်အတွက် မည်သည့်ကောင်းကျိုးမျှ ပြုမည် မဟုတ်ပေ၊ အကြောင်းမှာ ဘုရားသခင်သည် သင့်အား လုံလောက်သော အခွင့်အရေးများကို ပေးပြီးဖြစ်သော်လည်း သင်သည် မည်သည့်အခါမျှ နောင်တမရခဲ့ဘဲ သင်သည် လွန်ကျူးခဲ့ပြီးသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သင့်၌ မည်သည့်ပြဿနာများ ရှိသည်ဖြစ်စေ၊ သင်သည် မည်သည့် ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်ပြသည်ဖြစ်စေ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအရ မိမိကိုယ်ကို အစဉ်သဖြင့် ဆင်ခြင်သုံးသပ်ပြီး သိကျွမ်းသင့်သည် သို့မဟုတ် ညီအစ်ကိုမောင်နှမများအား ဤအမှုအရာများကို သင့်အား ထောက်ပြပါရန် တောင်းဆိုသင့်သည်။ အရေးအကြီးဆုံးမှာ သင်သည် ဘုရားသခင်၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းကို လက်ခံသင့်သည်၊ ဘုရားသခင်၏ ရှေ့မှောက်သို့ လာသင့်သည်၊ ပြီးလျှင် သင့်ကို အသိဉာဏ်ပွင့်လင်းစေပြီး အလင်းပြပါရန် သူ့အား တောင်းလျှောက်သင့်သည် ဟူ၍ ဖြစ်သည်။ သင် မည်သို့သော နည်းလမ်းကို အသုံးပြုသည်ဖြစ်စေ ပြဿနာများကို စောစီးစွာ ရှာဖွေတွေ့ရှိပြီးနောက် ယင်းတို့ကို ဖြေရှင်းခြင်းသည် မိမိကိုယ်ကို ပြန်လည်သုံးသပ်ခြင်းမှ ရရှိသော အကျိုးသက်ရောက်မှု ဖြစ်ပြီး ဤသည်မှာ သင် လုပ်ဆောင်နိုင်သော အကောင်းဆုံးအရာ ဖြစ်သည်။ သင်သည် နောင်တမရမီ ဘုရားသခင်က သင့်ကို ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းသည့် အချိန်အထိ မစောင့်ဆိုင်းသင့်ပေ၊ ထိုသို့ဖြစ်သောအခါ နောင်တရရန် အလွန် နောက်ကျသွားလိမ့်မည်။ ဘုရားသခင် တစ်စုံတစ်ဦးကို ဖော်ထုတ်သောအခါ သူသည် အလွန် ပြင်းထန်စွာ အမျက်ထွက်သလော သို့မဟုတ် အတိုင်းအဆမဲ့ သနားကရုဏာ ထားရှိသလော။ ဤသည်မှာ ပြောဆိုရန် ခက်ခဲသည်၊ ယင်းမှာ မသိရှိရသောအရာ ဖြစ်ပြီး ငါသည် သင့်အား ဤအာမခံချက်ကို ပေးမည် မဟုတ်ပေ။ သင် လျှောက်လှမ်းသော လမ်းခရီးသည် သင်ကိုယ်တိုင်အပေါ်၌သာ မူတည်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၇- ၎င်းတို့သည် ဆိုးယုတ်ကာ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်စားတတ်သည် (အပိုင်း ၁)
ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ
ဘုရားသခင်နှင့်ပုံမှန်ဆက်ဆံရေးကို မည်ကဲ့သို့ တည်ဆောက်မည်နည်း
အရာရာ၌ ဘုရား၏စိစစ်ခြင်းကို သင်လက်ခံသင့်၏ကျူး
သင်ပြုသမျှသောအရာခပ်သိမ်း၌ ဘုရားသခင်၏စောင်ကြည့်မှတ်သားခြင်းကိုသင်လက်ခံသင့်ပေသည်