၃၇။ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုအား ရှောင်ကြဉ်ခြင်းဆိုသည်မှာ
နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ
ဖန်ဆင်းခံသတ္တဝါအစစ်အမှန်သည် ဖန်ဆင်းရှင်က မည်သူဖြစ်သည်ကို သိရမည်။ လူသားအား မည်သည့်အတွက် ဖန်ဆင်းထားသည်ကို သိရမည်။ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ဝတ္တရားများအား မည်သို့လုပ်ဆောင်ရမည်ကို သိရမည်။ ဖန်ဆင်းရာအားလုံး၏ အရှင်သခင်အား မည်သို့ကိုးကွယ်ရမည်ကို သိရမည်။ ဖန်ဆင်းရှင်၏ ရည်ရွယ်ချက်များ၊ ဆန္ဒများနှင့် တောင်းဆိုချက်များကို နားလည်၍ သဘောပေါက်ကာ သိကျွမ်းပြီး အလေးထားရမည်။ ထို့အပြင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်းဖြစ်သည့် ဖန်ဆင်းရှင်၏ လမ်းခရီးကို လိုက်လျှောက်ရမည်။
ဘုရားသခင်ကို ကြောက်ရွံ့ခြင်းဆိုသည်မှာ အဘယ်နည်း။ မကောင်းသောအကျင့်ကို မည်သို့ရှောင်နိုင်သနည်း။
“ဘုရားသခင်ကို ကြောက်ရွံ့ခြင်း” ဆိုသည်မှာ ဖော်ပြမရနိုင်လောက်အောင် ဆိုးရွားသော ကြောက်လန့်ခြင်းနှင့် တုန်လှုပ်ခြင်းတို့ကို မဆိုလိုသကဲ့သို့၊ ရှောင်ဖယ်ခြင်းလည်း မဟုတ်သည့်အပြင်၊ ခပ်ဝေးဝေးနေခြင်းလည်းမဟုတ်ပေ၊ ထို့ပြင် ပုဂ္ဂိုလ်ရေးရာ ကိုးကွယ်ခြင်း၊ သို့မဟုတ် အယူသီးခြင်းလည်း မဟုတ်ပေ။ ယင်းထက် ၎င်းသည် ကြည်ညိုခြင်း၊ မြတ်နိုးလေးစားခြင်း၊ ယုံကြည်ကိုးစားခြင်း၊ နားလည်သဘောပေါက်ခြင်း၊ အရေးစိုက်ခြင်း၊ ကျိုးနွံနာခံခြင်း၊ အထွတ်အမြတ်ထားခြင်း၊ ချစ်ခြင်းတို့ဖြစ်သည်၊ ထို့အပြင် အကြွင်းမဲ့ပြီး ညည်းညူခြင်းကင်းသော ဝတ်ပြုကိုးကွယ်မှု၊ အတုံ့အလှယ်ပေးဆပ်ခြင်းနှင့် အရှုံးပေးအပ်နှံခြင်းတို့လည်း ဖြစ်သည်။ ဘုရားသခင်နှင့်ဆိုင်သည့် စစ်မှန်သော အသိပညာမရှိပါက လူသားမျိုးနွယ်၌ စစ်မှန်သော ကြည်ညိုခြင်း၊ စစ်မှန်သော ယုံကြည်ကိုးစားခြင်း၊ စစ်မှန်သော နားလည်သဘောပေါက်ခြင်း၊ စစ်မှန်သော အရေးစိုက်ခြင်း၊ သို့မဟုတ် စစ်မှန်သော ကျိုးနွံနာခံခြင်းတို့ ရှိလိမ့်မည် မဟုတ်ဘဲ၊ ထိတ်လန့်ခြင်းနှင့် စိုးရိမ်ပူပန်ခြင်း၊ မယုံသင်္ကာဖြစ်ခြင်း၊ အထင်မှားခြင်း၊ ရှောင်တိမ်းခြင်းနှင့် ရှောင်ရှားခြင်းတို့သာ ရှိနေလိမ့်မည်။ ဘုရားသခင်နှင့်ဆိုင်သည့် စစ်မှန်သော အသိပညာမရှိပါက လူသားမျိုးနွယ်၌ စစ်မှန်သော အထွတ်အမြတ်ထားခြင်းနှင့် အတုံ့အလှယ်ပေးဆပ်ခြင်းတို့ ရှိလိမ့်မည်မဟုတ်။ ဘုရားသခင်ကို စစ်မှန်သော သိကျွမ်းမှု မရှိပါက လူသားမျိုးနွယ်၌ စစ်မှန်သော ဝတ်ပြုကိုးကွယ်ခြင်းနှင့် အရှုံးပေးအပ်နှံခြင်းတို့ ရှိလိမ့်မည် မဟုတ်ဘဲ၊ မျက်စိစုံမှိတ် ပုဂ္ဂိုလ်ရေးရာ ကိုးကွယ်ခြင်းနှင့် အယူသီးခြင်းတို့သာ ရှိလိမ့်မည်။ ဘုရားသခင်ကို စစ်မှန်သော သိကျွမ်းမှု မရှိပါက လူသားမျိုးနွယ်သည် ဘုရားသခင်၏ လမ်းခရီးကို လိုက်မလျှောက်နိုင်သကဲ့သို့၊ ဘုရားသခင်ကို မကြောက်နိုင်၊ သို့မဟုတ် မကောင်းသောအကျင့်ကိုလည်း မရှောင်နိုင်ပေ။ အပြန်အလှန်အားဖြင့် လူတို့လုပ်ဆောင်သမျှ အမှုကိစ္စတိုင်းနှင့် အပြုအမူတိုင်းသည် ပုန်ကန်မှုနှင့် အာခံမှု၊ ဘုရားသခင်ကို သွားပုပ်လေလွင့် အပြစ်တင်ယိုးစွပ်မှုများအပြင် ဘုရားသခင်ကို အပုပ်ချသည့် ဝေဖန်အကဲဖြတ်မှုများနှင့် ပြည့်နေလိမ့်မည်ဖြစ်ပြီး သမ္မာတရားအပြင် ဘုရားနှုတ်ကပတ်တော်များ၏ စစ်မှန်သော အဓိပ္ပာယ်တို့နှင့် ဆန့်ကျင်သည့် ဆိုးယုတ်သော အပြုအမူနှင့် ပြည့်နေလိမ့်မည်။
လူသားမျိုးနွယ်၌ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ကိုးစားခြင်း ရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ဘုရားသခင်၏နောက်ကို လိုက်ခြင်းနှင့် သူ့အပေါ်မှီခိုရာတွင် စစ်မှန်လာလိမ့်မည်။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ကိုးစားပြီး မှီခိုခြင်းဖြင့်သာ လူသားမျိုးနွယ်၌ စစ်မှန်သော သိနားလည်ခြင်းနှင့် သဘောပေါက်ခြင်းတို့ ရှိနိုင်သည်။ ဘုရားသခင်ကို အစစ်အမှန် သဘောပေါက်ခြင်းနှင့်အတူ သူ့ကို အစစ်အမှန် အရေးစိုက်ခြင်း တွဲပါလာသည်။ ဘုရားသခင်ကို အစစ်အမှန် အရေးစိုက်ခြင်းဖြင့်သာ လူသားမျိုးနွယ်၌ စစ်မှန်သော ကျိုးနွံနာခံခြင်း ရှိနိုင်သည်။ ဘုရားသခင်ကို အစစ်အမှန် ကျိုးနွံနာခံခြင်းဖြင့်သာ လူသားမျိုးနွယ်၌ စစ်မှန်သော အထွတ်အမြတ်ထားခြင်း ရှိနိုင်သည်။ ဘုရားသခင်ကို အစစ်အမှန် အထွတ်အမြတ်ထားခြင်းဖြင့်သာ လူသားမျိုးနွယ်၌ အကြွင်းမဲ့ပြီး ညည်းညူခြင်းကင်းသော စစ်မှန်သည့် အတုံ့အလှယ်ပေးဆပ်ခြင်း ရှိနိုင်သည်။ စစ်မှန်သည့် ကိုးစားခြင်းနှင့် မှီခိုခြင်း၊ စစ်မှန်သည့် နားလည်မှုနှင့် အရေးစိုက်ခြင်း၊ စစ်မှန်သည့် ကျိုးနွံနာခံခြင်း၊ စစ်မှန်သည့် အထွတ်အမြတ်ထားခြင်းနှင့် အတုံ့အလှယ်ပေးဆပ်ခြင်းတို့ဖြင့်သာ လူသားမျိုးနွယ်သည် ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရကို အမှန်တကယ် သိကျွမ်းလာနိုင်ပြီး ဖန်ဆင်းရှင်၏ ကိုယ်ပိုင်လက္ခဏာကို အမှန်တကယ် သိကျွမ်းလာနိုင်သည်။ ဖန်ဆင်းရှင်အား ၎င်းတို့ အမှန်တကယ် သိကျွမ်းလာသည့်အခါမှသာ လူသားမျိုးနွယ်သည် ၎င်းတို့အထဲ၌ စစ်မှန်သည့် ကိုးကွယ်မှုနှင့် အရှုံးပေးအပ်နှံခြင်းတို့ နိုးကြားလာအောင် လုပ်နိုင်မည် ဖြစ်သည်။ ၎င်းတို့၌ ဖန်ဆင်းရှင်ကို စစ်မှန်သည့် ကိုးကွယ်ခြင်းနှင့် အရှုံးပေးအပ်နှံခြင်းတို့ ရှိသည့်အခါမှသာ လူသားမျိုးနွယ်သည် မိမိတို့၏ ဆိုးယုတ်သော လမ်းများကို အမှန်တကယ် ဘေးဖယ်ထားနိုင်ကြလိမ့်မည်၊ တစ်နည်းအားဖြင့်ဆိုလျှင် မကောင်းသောအကျင့်ကို ရှောင်နိုင်ကြလိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ကျမ်းဦးစကား
ယခုတွင် လူတိုင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်ကြဉ်သည့် လူတစ်ဦး ဖြစ်လာလိုကြသည်။ ထို့ကြောင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းလမ်းသည် မည်သည့်အရာကို ဆိုလိုသနည်း။ ယင်း၌ ဘုရားသခင်ကို ကျိုးနွံနာခံဖို့ ကြိုးစားခြင်းနှင့် သူ့ကို လုံးလုံးလျားလျားနှင့် အပြည့်အဝ ကျိုးနွံနာခံခြင်းတို့ ပါဝင်သည်ဟု ဆိုနိုင်သည်။ ယင်း၌ လှည့်ဖြားခြင်း၊ ခုခံခြင်း၊ သို့မဟုတ် ပုန်ကန်ခြင်း အရိပ်လက္ခဏာတစ်ခုတလေမျှ မရှိဘဲ၊ ဘုရားသခင်ကို စစ်မှန်စွာ စိုးရွံ့ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ ပါဝင်သည်။ ယင်းသည် နှလုံးသား လုံးဝဖြူစင်ခြင်းနှင့် ဘုရားသခင်အပေါ် လုံးဝသစ္စာစောင့်သိကာ ကျိုးနွံနာခံခြင်းဖြစ်သည်။ ဤသစ္စာစောင့်သိခြင်းနှင့် ကျိုးနွံနာခံခြင်းတို့သည် အကြွင်းမဲ့ဖြစ်ရမည်၊ အထိုက်အလျောက် မဖြစ်ရ။ ယင်းသည် အချိန်အပေါ်ဖြစ်စေ၊ နေရာအပေါ်ဖြစ်စေ၊ တစ်ဦးတစ်ယောက် မည်မျှအိုမင်းသည်ဆိုသည့်အပေါ်ဖြစ်စေ မမူတည်ပေ။ ဤသည်မှာ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းလမ်း ဖြစ်၏။ ထိုသို့သော လိုက်စားမှုဖြစ်စဉ်တွင်၊ သင်သည် ဘုရားသခင်ကို တဖြည်းဖြည်း သိလာလိမ့်မည်ဖြစ်ပြီး သူ၏လုပ်ဆောင်ချက်များကို တွေ့ကြုံရလိမ့်မည်။ သူ၏ဂရုစိုက်ခြင်းနှင့် ကွယ်ကာမှုတို့ကို သင်ခံစားရလိမ့်မည်၊ သူ၏တည်ရှိခြင်း အမှန်တရားကို သင်ခံစားရလိမ့်မည်ဖြစ်ပြီး သူ၏အချုပ်အခြာအာဏာကို ခံစားရလိမ့်မည်။ နောက်ဆုံးတွင် သင်သည် ဘုရားသခင်က အရာခပ်သိမ်းတွင် ရှိကြောင်းနှင့် သူသည် သင်၏နံဘေးတွင်ပင် ရှိကြောင်း သင်ခံစားရလိမ့်မည်။ သင်သည် ဤသဘောပေါက်ခြင်းမျိုး ရှိလိမ့်မည်။ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှု ရှောင်ကြဉ်ခြင်း လမ်းကို လိုက်လျှောက်ခြင်းမရှိပါက၊ ဤအရာများနှင့် သက်ဆိုင်သည့် အသိပညာကို မည်သည့်အခါတွင်မျှ သင်ရရှိလိမ့်မည်မဟုတ်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်၏ အကြီးမားဆုံးသော အကျိုးခံစားရသူဖြစ်သည်
ယောဘသည် စုံလင်ခဲ့သည်၊ သူသည် ဘုရားသခင်ကို ကြောက်ရွံ့ခဲ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ခဲ့ကာ သူသည် ကြီးမားသော ကြွယ်ဝချမ်းသာနှင့် အလေးထားအပ်သော အဆင့်အတန်းကို ပိုင်ဆိုင်ခဲ့သည်ဟူ၍ဖြစ်သည်။ သာမန် လူပုဂ္ဂိုလ်တစ်ဦးအတွက်၊ ထိုသို့သော ပတ်ဝန်းကျင်တစ်ခုထဲနှင့် ထိုသို့သော အခြေအနေများအောက်တွင် အသက်ရှင်ရခြင်း၊ ယောဘ၏ စားနေကျအစားအစာ၊ ဘဝအဆင့်အတန်းနှင့် သူ၏ ကိုယ်ပိုင် အသက်တာ၏ အမျိုးမျိုးသော ရှုထောင့်များသည် လူအများစု၏ အာရုံစူးစိုက်မှု ဖြစ်ခဲ့ပေမည်။ ထို့ကြောင့် သမ္မာကျမ်းကို ငါတို့ ဆက်လက်ဖတ်ရှုရမည်- “ယောဘ၏ သားတို့သည် နှစ်စဉ်အတိုင်း အသီးအသီးဖွားသောနေ့ရောက်လျှင်၊ မိမိတို့အိမ်၌ ပွဲခံသဖြင့်၊ နှမသုံးယောက်ကိုလည်းခေါ်၍ အတူစားသောက်လေ့ ရှိကြ၏။ ပွဲခံသောနေ့ရက်လွန်သောအခါ၊ ယောဘသည်သူတို့ကိုခေါ်၍ သန့်ရှင်းစေပြီးလျှင် နံနက်စောစောထ၍ သူတို့အရေအတွက်အတိုင်း မီးရှို့သောယဇ်ကိုပူဇော်လေ့ရှိ၏။ အကြောင်းမူကား၊ ငါ့သားတို့သည် မှားယွင်း၍ စိတ်နှလုံးထဲ၌ ဘုရားသခင်ကို စွန့်ပစ်ကြပြီလောဟု ယောဘအောက်မေ့၏။ ထိုသို့ယောဘသည် အစဉ်ပြုမြဲ ရှိ၏။” (ယောဘ ၁:၄-၅)...ယောဘ၏သားများနှင့် သမီးများ ပွဲခံခြင်းကို သမ္မာကျမ်းစာက ဖော်ပြသည့်နေရာတွင် ယောဘအကြောင်းကို ဖော်ပြခြင်း မရှိပေ။ သူ၏သားများနှင့် သမီးများ မကြာခဏ အတူတကွ စားသောက်ခဲ့ကြသည်ဟုသာ ဆိုထားသည်။ တစ်နည်းအားဖြင့် သူသည် ပွဲခံခြင်းများကို မပြုခဲ့သကဲ့သို့၊ သူသည် သူ၏သားများနှင့် သမီးများ အလွန်အကျူး စားသောက်ရာ၌ ပါဝင်ခြင်း မရှိခဲ့ပေ။ ကြွယ်ဝပြီး ဥစ္စာပစ္စည်းများစွာနှင့် အစေခံများစွာကို ပိုင်ဆိုင်ခဲ့သော်လည်း၊ ယောဘ၏ အသက်တာမှာ စည်းစိမ်ဖြင့် ယစ်မူးသော အသက်တာတစ်ခု မဟုတ်ခဲ့ပေ။ သူ၏ ချမ်းသာကြွယ်ဝမှုသည် သူ၏ သာလွန်သော ရှင်သန်မှုပတ်ဝန်းကျင်တွင် ပျော်မွေ့စေခဲ့ခြင်း မရှိပေ၊ သို့မဟုတ် ဇာတိပကတိ၏ ပျော်ရွှင်မှုများတွင် တဝတပြဲ စည်းစိမ်ယစ်မူးနေစေခြင်း မရှိပေ၊ သို့မဟုတ် ယဇ်ပူဇော်ခြင်းများ ပူဇော်ဆက်ကပ်ရန် မေ့လျော့စေခြင်း မရှိပေ၊ ပြီးလျှင် ဘုရားသခင်ကို မိမိ၏ စိတ်နှလုံးတွင် ဖြည်းဖြည်းချင်း ရှောင်ကြဉ်စေခြင်း ရှိဖို့ သာ၍ပင် နည်းပါးလေ၏။ ထိုအခါ ယောဘသည် သူ၏ နေပုံထိုင်ပုံ၌ သိသိသာသာပင် စည်းကမ်းရှိခဲ့သည်၊ သူ့ကို ပေးသည့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများ၏ အကျိုးဆက်အဖြစ် လောဘကြီးခြင်း သို့မဟုတ် အပျော်အပါးလိုက်စားခြင်းသည် ပဓာနကျသည်ဟူသော ခံယူချက် မရှိခဲ့သကဲ့သို့၊ သူ၏ ဘဝ အဆင့်အတန်းအပေါ် အစွဲအလန်းကြီးခဲ့ခြင်း မရှိပေ။ ယင်းအစား သူသည် နှိမ့်ချပြီး ရိုးရိုးကုပ်ကုပ်နေခဲ့သည်၊ ဝင့်ကြွားတတ်ခြင်းလည်း မရှိသကဲ့သို့၊ ဘုရားသခင်ရှေ့တွင် သတိရှိပြီး ဂရုတစိုက်ရှိခဲ့သည်။ ဘုရားသခင်၏ ကျေးဇူးတော်များနှင့် ကောင်းချီးမင်္ဂလာများကို မကြာခဏ သူဆင်ခြင်တွေးတောခဲ့ပြီး ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးကို စဉ်ဆက်မပြတ် ထားသိုခဲ့သည်။ သူ၏ နေ့စဉ်အသက်တာတွင်၊ ယောဘသည် မကြာခဏ စောစီးစွာ နိုးထကာ သူ၏ သားများနှင့် သမီးများအတွက် မီးရှို့ရာယဇ်များကို ပူဇော်ခဲ့သည်။ တစ်နည်းအားဖြင့် ယောဘသည် သူကိုယ်တိုင် ဘုရားသခင်ကို ကြောက်ရွံ့ခဲ့သည်သာမက သူ၏သားသမီးများသည်လည်း ထို့နည်းတူ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ဘုရားသခင်ကို ဆန့်ကျင်ပြစ်မှားမည်မဟုတ်ဟုလည်း သူမျှော်လင့်ခဲ့သည်။ ယောဘ၏ ရုပ်ဝတ္ထုဆိုင်ရာ ကြွယ်ဝ ချမ်းသာမှုသည် သူ၏ စိတ်နှလုံးအတွင်း၌ နေရာမရှိခဲ့သကဲ့သို့၊ ယင်းသည် ဘုရားသခင်ထိန်းသိမ်းထားသော နေရာကို အစားထိုးခဲ့ခြင်း မရှိပေ။ သူကိုယ်တိုင်အတွက် ဖြစ်စေ သူ၏သားသမီးများအတွက် ဖြစ်စေ ယောဘ၏နေ့စဉ် လုပ်ဆောင်ချက် အားလုံးသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းနှင့် ဆက်နွှယ်ခဲ့သည်။ ယေဟောဝါဘုရားသခင်အပေါ် သူ၏ကြောက်ရွံ့ခြင်းသည် သူ၏နှုတ်၌ ရပ်တန့်ခဲ့ခြင်းမရှိဘဲ၊ သူ အကောင်အထည်ဖော်လုပ်ဆောင်ခဲ့ပြီး သူ၏ နေ့စဉ်အသက်တာ၏ အစိတ်အပိုင်းတစ်ခုစီတွင် ထင်ဟပ်ခဲ့သည့်အရာ တစ်ခု ဖြစ်သည်။ ယောဘ၏ ဤတကယ့် အပြုအမူက ယောဘသည် ရိုးသားပြီး တရားမျှတမှုနှင့် အပြုသဘောဆောင်သော အရာများကို နှစ်သက်သည့် အနှစ်သာရတစ်ခုကို ပိုင်ဆိုင်ခဲ့သည်ကို ငါတို့အား ပြသပေသည်။ ယောဘသည် သူ၏သားများနှင့် သမီးများကို မကြာခဏ စေလွှတ်ကာ သန့်ရှင်းစေခဲ့သည် ဟူသည်မှာ သူသည် သူ၏ သားသမီးများ၏ အပြုအမူကို ခွင့်ပြုခြင်း သို့မဟုတ် လက်ခံခြင်း မရှိခဲ့သည်ကို ဆိုလိုသည်။ ယင်းအစား သူ၏စိတ်နှလုံးထဲ၌ ၎င်းတို့၏ အပြုအမူနှင့်ပတ်သက်၍ အလွန်အမင်းမနှစ်မြို့ခဲ့ပြီး၊ ၎င်းတို့အား ပြစ်တင်ဝေဖန်ခဲ့သည်။ သူ၏သားများနှင့် သမီးများ၏ အပြုအမူသည် ယေဟောဝါဘုရားသခင်ကို ကျေနပ်စေခဲ့ခြင်း မရှိဟု သူ ကောက်ချက်ချခဲ့ပြီး၊ ထို့ကြောင့် ယေဟောဝါဘုရားသခင်ရှေ့သို့ သွားကာ ၎င်းတို့၏အပြစ်များကို ဝန်ခံဖို့ ၎င်းတို့ကို သူမကြာခဏ ခေါ်ယူခဲ့သည်။ ယောဘ၏ လုပ်ဆောင်ချက်များက သူသည် မကြာခဏ အပြစ်ပြုပြီး ဘုရားသခင်ကို ပြစ်မှားသောသူများနှင့်အတူ မည်သည့်အခါတွင်မျှ ပေါင်းသင်းခြင်း မရှိခဲ့ဘဲ၊ ယင်းအစား ၎င်းတို့ကို ရှောင်ဖယ်ပြီး ရှောင်ရှားခဲ့သည့် သူ၏ လူ့သဘာဝ၏ အခြားတစ်ဖက်ကို ငါတို့အား ပြပေသည်။ ဤလူများသည် သူ၏ သားများနှင့် သမီးများ ဖြစ်သော်လည်း၊ ၎င်းတို့သည် သူ၏မိသားစုနှင့် ဆွေမျိုးသားချင်း ဖြစ်သောကြောင့် သူ၏ ကိုယ်ပိုင် ပြုမူနေထိုင်ခြင်း အခြေခံသဘောတရားများကို ပစ်ပယ်ခဲ့ခြင်း မရှိသကဲ့သို့၊ သူ၏ ကိုယ်ပိုင် ခံစားချက်များကြောင့် ၎င်းတို့၏ အပြစ်များ၌ လိုက်လျောခဲ့ခြင်း မရှိပေ။ ယင်းထက် ၎င်းတို့အား ဝန်ချကာ ယေဟောဝါဘုရားသခင်၏ သည်းခံခြင်းကို ရယူရန် တိုက်တွန်းခဲ့ပြီး ၎င်းတို့၏ အလိုကြီးသော ပျော်ရွှင်မှုအတွက် ဘုရားသခင်ကို မစွန့်ပယ်ရန် ၎င်းတို့အား သူသတိပေးခဲ့သည်။ အခြားသူများအား ယောဘ ဆက်ဆံခဲ့ပုံနှင့် သက်ဆိုင်သော အခြေခံသဘောတရားများကို ဘုရားသခင်အား သူ၏ ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း အခြေခံသဘောတရားများမှ ခွဲခြား၍ မရနိုင်ပေ။ ဘုရားသခင် လက်ခံခဲ့သော အရာကို သူနှစ်သက်ခဲ့ပြီး၊ ဘုရားသခင် ပစ်ပစ်ခါခါ ငြင်းပယ်ခဲ့သော အရာကို သူစက်ဆုပ်ရွံရှာခဲ့သည်။ ဘုရားသခင်ကို မိမိတို့၏ စိတ်နှလုံး၌ ကြောက်ရွံ့သောသူများကို သူနှစ်သက်ခဲ့ပြီး မကောင်းမှုကို ကျူးလွန်သူများ သို့မဟုတ် ဘုရားသခင်ကို ပြစ်မှားသောသူများကို သူစက်ဆုပ်ရွံရှာခဲ့သည်။ ထိုသို့သော ချစ်ခင်နှစ်သက်မှုနှင့် စက်ဆုပ်ရွံရှာမှုတို့ကို သူ၏ နေ့စဉ် အသက်တာထဲ၌ လက်တွေ့ပြသခဲ့ပြီး ယင်းမှာ ဘုရားသခင်၏ အမြင်ဖြင့် မြင်ခဲ့သော ယောဘ၏ ဖြောင့်မတ်ခြင်း ဖြစ်ခဲ့သည်။ သဘာဝအားဖြင့်၊ ဤသည်မှာ သူ၏ နေ့စဉ်အသက်တာထဲတွင် အခြားသူများနှင့် သူ၏ ဆက်ဆံရေးထဲက ယောဘ၏ စစ်မှန်သော လူ့သဘာဝကို ဖော်ပြခြင်းနှင့် အသက်ရှင်နေထိုင်ခြင်းလည်း ဖြစ်ပြီး၊ ငါတို့လေ့လာကြရမည့် အကြောင်းအရာ ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)
ဘုရားသခင်က စာတန်အား “သူ၌ ရှိသမျှတို့သည် သင်၏ အာဏာစက်ထဲ၌ ရှိ၏။ သူ့ကိုယ်ပေါ်သာ သင့် လက်မရောက်စေနှင့်။” ဟု ဆိုပြီးနောက်တွင် စာတန်သည် ထွက်သွားပြီး များမကြာမီတွင် ယောဘသည် ရုတ်တရက်နှင့် ပြင်းထန်သော တိုက်ခိုက်မှုများအောက် ရောက်လာခဲ့သည်။ ပထမဦးစွာ၊ သူ၏နွားများနှင့် မြည်းများ လုယက်ခြင်းကို ခံခဲ့ရပြီး သူ၏ အစေခံအချို့ အသတ်ခံခဲ့ရသည်။ ဆက်လက်၍၊ သူ၏သိုးများနှင့် နောက်ထပ်အစေခံအချို့သည် မီးဖြင့် လောင်ခြင်းခံခဲ့ရသည်။ ထို့နောက်တွင်၊ သူ၏ ကုလားအုတ်များ ယူဆောင်သွားခြင်း ခံခဲ့ရပြီး၊ သာ၍ပင်များသော သူ၏ အစေခံများ အသတ်ဖြတ်ခံခဲ့ရသည်။ နောက်ဆုံးတွင် သူ၏ သားများနှင့် သမီးများ၏ အသက်များ နုတ်ယူခြင်း ခံခဲ့ရသည်။ တသီတတန်းဖြစ်သော ဤတိုက်ခိုက်မှုများမှာ ပထမ စုံစမ်းနှောင့်ယှက်မှု အတောအတွင်း ယောဘ ခံစားခဲ့ရသော ညှဉ်းဆဲခြင်း ဖြစ်သည်။ ဘုရားသခင် အမိန့်ပေးခဲ့သည်နှင့်အညီ ဤတိုက်ခိုက်မှုများအတောအတွင်းတွင်၊ စာတန်သည် ယောဘ၏ ဥစ္စာပစ္စည်းနှင့် သူ၏ သားသမီးများကိုသာ ပစ်မှတ်ထားခဲ့ပြီး ယောဘ ကိုယ်တိုင်ကို အန္တရာယ်ပေးခဲ့ခြင်း မရှိပေ။ သို့သော်လည်း ယောဘသည် ကြီးစွာသော ကြွယ်ဝချမ်းသာခြင်းကို ပိုင်ဆိုင်ခဲ့သော သူဌေးတစ်ဦးအဖြစ်မှ မည်သည့်အရာမျှ မရှိသော သူတစ်ဦးအဖြစ် ချက်ချင်း ပြောင်းလဲသွားခဲ့ရသည်။ မျှော်လင့်မထားသော အလွန်အံ့အားသင့်ဖွယ် ဤထိုးနှက်မှုကို မည်သူမျှ ကြံ့ကြံ့ခံနိုင်မည် မဟုတ်၊ သို့မဟုတ် ယင်းကို မှန်မှန်ကန်ကန် တုံ့ပြန်နိုင်ခဲ့မည် မဟုတ်ပေ၊ သို့သော်လည်း ယောဘသည် သူ၏ အံ့မခန်းသော သဘောထားကို ထင်ရှားစေခဲ့သည်။ သမ္မာကျမ်းက အောက်ပါ အဖြစ်အပျက်ကို ဖော်ပြပေး၏- “ထိုအခါ ယောဘသည် ထကာ၊ မိမိဝတ်လုံကိုဆုတ်ပြီး ဦးခေါင်းကိုရိတ်၍ မြေပြင်ပေါ်တွင် ပျပ်ဝပ်လျက် ကိုးကွယ်ပြီး။” ဤသည်မှာ ယောဘသည် သူ၏သားသမီးများနှင့် သူ၏ဥစ္စာပစ္စည်း အားလုံးကို ဆုံးရှုံးခဲ့ပြီ ဖြစ်သည်ကို ကြားသိပြီးနောက် သူ၏ပထမဦးဆုံး တုံ့ပြန်မှု ဖြစ်ခဲ့သည်။ အရာအားလုံးအထက်တွင်၊ သူသည် ဒေါသ သို့မဟုတ် အမုန်းကို ဖော်ပြဖို့ မဆိုထားနှင့်၊ အံ့အားသင့်သည့်ပုံ သို့မဟုတ် အထိတ်တလန့် ဖြစ်သည့်ပုံပင် မပေါ်ခဲ့ပေ။ သူ၏စိတ်နှလုံးထဲတွင် ဤဘေးဒုက္ခများသည် ဝဋ်လည်ခြင်း သို့မဟုတ် ပြစ်ဒဏ်ခတ်ခြင်း ကျရောက်ခြင်း ဖြစ်ခဲ့ဖို့ မဆိုထားနှင့်၊ မတော်တဆဖြစ်မှုတစ်ခု မဟုတ်၊ သို့မဟုတ် လူ၏လက်မှ ဖြစ်ပွားခြင်း မဟုတ်ခဲ့သည်ကို သူက လက်ခံထားနှင့်ပြီး ဖြစ်သည်။ ယင်းအစား၊ ယေဟောဝါ၏ စမ်းသပ်မှုများသည် သူ့အပေါ် ရောက်လာခဲ့ပြီးဖြစ်သည်။ သူ၏ ဥစ္စာပစ္စည်းနှင့် သားသမီးများကို နုတ်ယူရန် အလိုရှိခဲ့သူမှာ ယေဟောဝါ ဖြစ်သည်။ ယောဘသည် ထိုအခါက အလွန်တည်ငြိမ်ပြီး ယုတ္တိရှိရှိ တွေးခေါ်ခဲ့သည်။ သူ၏ စုံလင်ပြီး ဖြောင့်မတ်သော လူ့သဘာဝသည် သူ့အပေါ် ကျရောက်ခဲ့ပြီးသော ဘေးဒုက္ခများနှင့်ပတ်သက်၍ မှန်ကန်သော အကဲဖြတ်မှုများနှင့် ဆုံးဖြတ်ချက်များကို အကျိုးသင့်အကြောင်းသင့်နှင့် သဘာဝကျကျ ချမှတ်နိုင်စေခဲ့ပြီး၊ အကျိုးဆက်အနေဖြင့် “ထိုအခါ ယောဘသည် ထကာ၊ မိမိဝတ်လုံကိုဆုတ်ပြီး ဦးခေါင်းကိုရိတ်၍ မြေပြင်ပေါ်တွင် ပျပ်ဝပ်လျက် ကိုးကွယ်ပြီး” ဟူ၍ သူသည် တစ်မူထူးခြားသော တည်ငြိမ်မှုဖြင့် ပြုမူခဲ့သည်။ “မိမိဝတ်လုံကိုဆုတ်ပြီး” ဆိုသည်မှာ သူသည် အဝတ်မဝတ်ထားသကဲ့သို့ မည်သည့်အရာကိုမျှ မပိုင်ဆိုင်ခဲ့သည်ကို ဆိုလိုသည်။ “ဦးခေါင်းကိုရိတ်၍” ဆိုသည်မှာ သူသည် ဘုရားသခင် ရှေ့သို့ မွေးကင်းစကလေးတစ်ဦးသဖွယ် ပြန်လာခဲ့ပြီးဖြစ်သည်ကို ဆိုလိုသည်။ “မြေပြင်ပေါ်တွင် ပျပ်ဝပ်လျက် ကိုးကွယ်ပြီး” ဆိုသည်မှာ သူသည် လောကထဲသို့ အဝတ်အချည်းစည်း လာခဲ့ပြီး ယနေ့တွင် မည်သည့်အရာမျှ မရှိသေးပေ၊ သူသည် ဘုရားသခင်ထံ မွေးကင်းစကလေးသူငယ်တစ်ဦးအလား ပြန်သွား ခဲ့ရသည်ကို ဆိုလိုသည်။ သူ့အပေါ်သို့ ကျရောက်သမျှအပေါ် ယောဘ၏ သဘောထားကို ဘုရားသခင်၏ မည်သည့် ဖန်ဆင်းခံမျှ စွမ်းဆောင်ရရှိနိုင်မည် မဟုတ်ပေ။ ယေဟောဝါ၌ သူ၏ ယုံကြည်ခြင်းသည် ယုံကြည်မှု နယ်ပယ်ကို ကျော်လွန်သွားခဲ့သည်။ ဤသည်မှာ ဘုရားသခင်အပေါ် သူ၏ကြောက်ရွံ့ခြင်းနှင့် ဘုရားသခင်အား သူ၏ကျိုးနွံနာခံခြင်းဖြစ်ခဲ့သည်။ သူ့အား ပေးခြင်းအတွက် ဘုရားသခင်ကို သူ ကျေးဇူးတင် ရှိနိုင်သည်သာမက သူထံမှ နုတ်ယူခြင်းအတွက်လည်း ကျေးဇူးတင်ရှိနိုင်ခဲ့သည်။ ထို့အပြင်၊ သူသည် သူ၏အသက် အပါအဝင် သူ ပိုင်ဆိုင်သမျှအားလုံးကို ဘုရားသခင်ထံ ပြန်ပေးဖို့ တာဝန်ယူဆုံးဖြတ်နိုင်ခဲ့သည်။
ဘုရားသခင်အပေါ် ယောဘ၏ ကြောက်ရွံ့ခြင်းနှင့် ကျိုးနွံနာခံခြင်းသည် လူသားမျိုးနွယ်အဖို့ ပုံသက်သေတစ်ခု ဖြစ်ပြီး သူ၏စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့သည် လူသား ပိုင်ဆိုင်သင့်သည့် လူ့သဘာဝ၏ အထွတ်အထိပ် ဖြစ်ခဲ့သည်။ သူသည် ဘုရားသခင်ကို မမြင်ခဲ့သော်လည်း၊ ဘုရားသခင် အမှန်တကယ် တည်ရှိသည်ကို သူ နားလည်ခဲ့ပြီး၊ ဤနားလည်ခြင်းကြောင့် သူသည် ဘုရားသခင်ကို ကြောက်ရွံ့ခဲ့သည်၊ ဘုရားသခင်ကို သူ၏ ကြောက်ရွံ့ခြင်းကြောင့် ဘုရားသခင်ကို သူကျိုးနွံနာခံနိုင်ခဲ့ပေသည်။ သူ၌ ရှိခဲ့သည့် မည်သည့်အရာကိုမဆို ယူဆောင်ရန် ဘုရားသခင်အား လွတ်လပ်စွာ လုပ်ပိုင်ခွင့် သူပေးခဲ့သော်လည်း၊ သူသည် ညည်းညူခြင်း မရှိခဲ့သကဲ့သို့၊ ဘုရားသခင် ရှေ့တွင် ပျပ်ဝပ်ကာ ဤအခိုက်အတန့်တွင်ပင် ဘုရားသခင်သည် သူ၏ ခန္ဓာကိုပင် နုတ်ယူခဲ့လျှင်ပင်၊ သူသည် ညည်းညူခြင်းမရှိဘဲ၊ ဝမ်းမြောက်ဝမ်းသာ ထိုသို့ သူ့ကို လုပ်ခွင့်ပေးမည်ဟု ဘုရားသခင်အား ပြောခဲ့လေသည်။ သူ၏ အပြုအမူတစ်ခုလုံးသည် သူ၏ စုံလင်ကာ ဖြောင့်မတ်သော လူ့သဘာဝကြောင့် ဖြစ်ခဲ့သည်။ ဆိုလိုသည်မှာ သူ၏ အပြစ်ကင်းစင်မှု၊ ရိုးသားမှုနှင့် ကြင်နာမှု အကျိုးဆက်တစ်ခုအနေဖြင့်၊ ယောဘသည် ဘုရားသခင်၏ တည်ရှိခြင်းနှင့် သက်ဆိုင်သည့် သူ၏ သဘောပေါက်ခြင်းနှင့် အတွေ့အကြုံတို့တွင် မဆုတ်မနှစ်ဖြစ်ခဲ့သည်။ ဤအခြေခံအုတ်မြစ်ပေါ်တွင် သူသည် သူ့ကိုယ်သူ လိုအပ်ချက်များကို သတ်မှတ်ခြင်းနှင့် သူ၏ အတွေးအခေါ်၊ အပြုအမူ၊ လုပ်ဆောင်မှုနှင့် ဘုရားသခင် ရှေ့တွင် ပြုမူလုပ်ဆောင်မှု အခြေခံသဘောတရားများကို သူနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ လမ်းပြမှုနှင့် အရာခပ်သိမ်းအလယ် သူမြင်ခဲ့ပြီးသော ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့်အညီ စံသတ်မှတ်ခဲ့သည်။ အချိန်လွန်လာသည်နှင့်အမျှ၊ သူ၏ အတွေ့အကြုံများသည် သူ့အထဲ၌ ဘုရားသခင်အပေါ် စစ်မှန်သည့် အမှန်တကယ် ကြောက်ရွံ့မှုတစ်ခုကို ဖြစ်စေခဲ့ပြီး သူ့အား မကောင်းမှုကို ရှောင်ရှားစေခဲ့သည်။ ဤသည်မှာ ယောဘက မြဲမြံစွာ ထိန်းသိမ်းခဲ့သည့် တည်ကြည်မှု၏ အရင်းအမြစ် ဖြစ်ခဲ့သည်။ ယောဘသည် ရိုးသားသော၊ အပြစ်ကင်းပြီး ကြင်နာတတ်သော လူ့သဘာဝကို ပိုင်ဆိုင်ခဲ့ပြီး သူသည် ဘုရားသခင်အား ကြောက်ရွံ့ခြင်း၊ ဘုရားသခင်အား ကျိုးနွံနာခံခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းအပြင်၊ “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင်ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊” ဟူသော အသိပညာနှင့် သက်ဆိုင်သည့် တကယ့်အတွေ့အကြုံ ရှိခဲ့သည်။ ဤအရာများကြောင့်သာ သူသည် စာတန်၏ ထိုသို့သော ရက်စက်သည့် တိုက်ခိုက်မှုများကြားတွင် သူ၏ သက်သေခံချက်၌ အခိုင်အမာ ရပ်တည်နိုင်ခဲ့ပြီး၊ ၎င်းတို့ကြောင့်သာလျှင် သူသည် ဘုရားသခင်၏ စမ်းသပ်မှုများ သူ့အပေါ် ရောက်လာသည့်အခါ၊ ဘုရားသခင်အား စိတ်မပျက်စေနိုင်ခဲ့သကဲ့သို့ အားရကျေနပ်ဖွယ် အဖြေတစ်ခုကို ဘုရားသခင်အား ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)
ယောဘသည် စာတန်၏ ရက်စက်ကြမ်းကြုတ်မှုများကို ခံစားခဲ့ရသော်လည်း၊ သူသည် ယေဟောဝါဘုရားသခင်၏ နာမကို မစွန့်ပစ်ခဲ့သေးပေ။ လူ၏ မျက်စိတွင် မြင်နိုင်သည့် ပုံစံဖြင့် စာတန်၏ အခန်းကဏ္ဍကို လုပ်ဆောင်ရင်း၊ ပထမဦးစွာ ထွက်လာပြီး တိုက်ခိုက်ခဲ့သူမှာ သူ၏ ဇနီး ဖြစ်ခဲ့သည်။ မူရင်းစာသားက ဤသို့ ဖော်ပြထားသည်- “ထိုအခါမယားက၊ သင်သည် ဖြောင့်မတ်သောတရားကို စွဲလမ်းသေးသလော။ ဘုရားသခင်ကို စွန့်ပယ်၍ သေလော့ဟုဆို၏။” (ယောဘ ၂:၉) ဤအရာများသည် စာတန်သည် လူသားယောင်ဆောင်၍ ပြောခဲ့သော စကားများ ဖြစ်သည်။ ၎င်းတို့မှာ တိုက်ခိုက်မှု၊ စွပ်စွဲမှုအပြင် သိမ်းသွင်းမှု၊ စုံစမ်းနှောင့်ယှက်ခြင်းနှင့် အသရေဖျက်မှုတို့ ဖြစ်သည်။ ယောဘ၏ ခန္ဓာကိုယ်အား တိုက်ခိုက်ရာ၌ ရှုံးနိမ့်ခဲ့ပြီးနောက်၊ စာတန်သည် ယောဘအား သူ၏ တည်ကြည်မှုကို လက်လွှတ်စေရန်၊ ဘုရားသခင်ကို စွန့်လွှတ်စေရန်နှင့် ဆက်လက် အသက်ရှင်မသွားတော့စေရန် ဤအရာကို အသုံးပြုဖို့ ဆန္ဒရှိလျက်၊ ယောဘ၏ တည်ကြည်မှုကို တိုက်ရိုက် တိုက်ခိုက်ခဲ့သည်။ ထိုနည်းတူ စာတန်သည် ယောဘကို သွေးဆောင်ဖြားယောင်းဖို့ ထိုသို့သော စကားများကို အသုံးပြုရန်လည်း ဆန္ဒရှိခဲ့သည်- အကယ်၍ ယောဘသည် ယေဟောဝါ၏ နာမကို စွန့်ပစ်ခဲ့ပါက၊ သူသည် ထိုသို့သော ညှဉ်းဆဲမှုကို တောင့်ခံရန် မလိုအပ်ပေ။ သူသည် ခန္ဓာကိုယ် ညှဉ်းဆဲမှုမှ မိမိကိုယ်ကိုယ် လွတ်မြောက်စေနိုင်ခဲ့မည် ဖြစ်သည်။ သူ့ဇနီး၏ အကြံဉာဏ်နှင့် ရင်ဆိုင်ခဲ့ရလျက်၊ ယောဘက၊ “မိန်းမမိုက် ပြောတတ်သကဲ့သို့ သင်သည် ပြော၏။ အဘယ်သို့နည်း။ ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည် ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော။” (ယောဘ ၂:၁၀) ဟုဆိုရင်း သူမအား အပြစ်ဖော်ပြ ဆုံးမခဲ့သည်။ ယောဘသည် ဤနှုတ်ကပတ်တော်များကို အချိန်ကြာမြင့်စွာကတည်းက သိခဲ့ပြီး ဖြစ်သော်လည်း၊ ဤအချိန်တွင် ထိုနှုတ်ကပတ်တော်များနှင့် သက်ဆိုင်သည့် ယောဘ၏ စစ်မှန်သော အသိသည် အတည်ပြုခြင်း ခံခဲ့ရလေသည်။
ဘုရားသခင်အား ကျိန်ဆဲပြီး သေရန် သူ၏ဇနီးက သူ့အား အကြံပေးခဲ့ချိန်တွင်၊ သူမ ဆိုလိုသည့် အဓိပ္ပာယ်မှာ- “သင်၏ ဘုရားသခင်သည် သင့်အား ထိုသို့ ဆက်ဆံသည်၊ ထို့ကြောင့် သူ့အား အဘယ်ကြောင့် မကျိန်ဆဲသနည်း။ သင် ဘာအတွက်ကြောင့် ဆက်၍ အသက်ရှင်နေသနည်း။ သင်၏ ဘုရားသခင်သည် သင့်အဖို့ မတရားလွန်းသော်လည်း၊ ‘ယေဟောဝါ၏နာမ မင်္ဂလာ ရှိစေသတည်း။’ ဟု သင် ဆိုသေးသည်။ သူ၏နာမကို သင်ကောင်းချီးပေးချိန်တွင် သူသည် သင့်အပေါ် ဘေးဒုက္ခကို အဘယ်ကြောင့် ဆောင်လာခဲ့ နိုင်သနည်း။ မြန်မြန်လုပ်ပြီး ဘုရားသခင်၏နာမကို စွန့်ပစ်ကာ သူ့နောက် ထပ်မလိုက်နှင့်။ သို့ဆိုလျှင် သင်၏ ဒုက္ခပြဿနာများ ပြီးဆုံးသွားလိမ့်မည်။” ဤအခိုက်အတန့်တွင် ယောဘ၌ ဘုရားသခင် မြင်လိုသော သက်သေခံချက် ထွက်ပေါ်ခဲ့သည်။ မည်သည့်သာမန်လူမျှ ထိုသို့သော သက်သေခံချက်ကို သက်သေခံနိုင်ခဲ့မည် မဟုတ်သကဲ့သို့ ယင်းနှင့်သက်ဆိုင်၍ သမ္မာကျမ်းစာ၏ မည်သည့်အဖြစ်အပျက်တွင်မျှ ငါတို့ မဖတ်ရှုရပေ- သို့သော် ဤစကားများကို ယောဘ မပြောဆိုမီ အချိန်ကြာမြင့်စွာကတည်းက ယင်းကို ဘုရားသခင် မြင်ခဲ့ပြီး ဖြစ်သည်။ ဘုရားသခင် မှန်ကန်ခဲ့သည်ကို အားလုံးထံ ယောဘကို သက်သေပြ ခွင့်ပေးဖို့ ဘုရားသခင်သည် ဤအခွင့်အရေးကို အသုံးပြုရန် ဆန္ဒရှိရုံမျှ ရှိခဲ့ပေသည်။ သူ့ဇနီး၏ အကြံဉာဏ်နှင့် ရင်ဆိုင်ရလျက်၊ ယောဘသည် သူ၏ တည်ကြည်မှုကို လက်မလွှတ်ခဲ့သကဲ့သို့ ဘုရားသခင်ကိုလည်း မစွန့်လွှတ်ခဲ့ရုံသာမက၊ သူ၏ ဇနီးအား၊ “ငါတို့သည် ဘုရားသခင်၏ လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော။” ဟူ၍လည်း ဆိုခဲ့သည်။ ဤစကားများသည် အလွန် ဩဇာသက်ရောက်မှု ရှိပါသလော။ ဤနေရာတွင် ဤစကားများ၏ ဩဇာသက်ရောက်မှုကို သက်သေပြနိုင်စွမ်းရှိသည့် အချက်တစ်ခုတည်းသာ ရှိသည်။ ဤစကားများ၏ ဩဇာသက်ရောက်မှုမှာ ဘုရားသခင်သည် ထိုစကားများကို သူ၏ စိတ်နှလုံးထဲတွင် လက်ခံသည်၊ ၎င်းတို့သည် ဘုရားသခင် တောင့်တခဲ့သော အရာ ဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင် ကြားလိုသော အရာဖြစ်ပြီး၊ ဘုရားသခင်မြင်ရန် တမ်းတခဲ့သော ရလဒ် ဖြစ်ပေသည်။ ဤစကားများသည် ယောဘသက်သေခံချက်၏ ခြင်ဆီအနှစ်လည်း ဖြစ်သည်။ ဤတွင် ယောဘ၏ စုံလင်ခြင်း၊ ဖြောင့်မတ်ခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းတို့ အတည်ပြုခံခဲ့ရသည်။ ယောဘ၏ အဖိုးတန်မှုသည် သူ စုံစမ်းနှောင့်ယှက်ခြင်း ခံခဲ့ရချိန်နှင့် သူ၏ တစ်ကိုယ်လုံးကို နာကျင်သောအနာစိမ်းများ ဖုံးလွှမ်းခဲ့သည့် အချိန်တွင်ပင်၊ ပြီးလျှင် အဆုံးစွန် ညှဉ်းဆဲမှုကို သူတောင့်ခံခဲ့သည့် အချိန်နှင့် သူ၏ဇနီးနှင့် ဆွေမျိုးရင်းချာတို့က သူ့ကို အကြံပေးခဲ့ချိန်တွင်၊ ထိုသို့သော စကားများကို သူ မြွက်ဆိုဆဲရှိခဲ့ပုံတွင် တည်ရှိပေသည်။ ၎င်းကို အခြားနည်းဖြင့်ဆိုပါက မည်သည့် စုံစမ်းနှောင့်ယှက်မှုများ ဖြစ်ပါစေ၊ သို့မဟုတ် ဆင်းရဲဒုက္ခများ သို့မဟုတ် ညှဉ်းဆဲမှု မည်သို့ပင် ဆိုးရွားပါစေ၊ အကယ်၍ သေခြင်းသည် သူ့အပေါ် ရောက်လာခဲ့လျှင်ပင် သူသည် ဘုရားသခင်ကို စွန့်လွှတ်မည် မဟုတ်၊ သို့မဟုတ် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း လမ်းခရီးကို ပစ်ပယ်မည် မဟုတ်မှန်း သူ၏ စိတ်နှလုံးထဲတွင် သူယုံကြည်ခဲ့သည်။ ထိုအခါ သူ၏ စိတ်နှလုံးထဲတွင် အရေးကြီးဆုံးသော နေရာကို ဘုရားသခင် ထိန်းထားခဲ့ပြီး၊ သူ၏ စိတ်နှလုံးထဲ၌ ဘုရားသခင်သာရှိသည်ကို သင်မြင်ရပေသည်။ ယောဘသည် ဤအမှုများနှင့် တွေ့ကြုံသော်လည်း၊ နှုတ်ဖြင့်မျှမမှားယွင်း ဟူ၍ ကျမ်းစာထဲတွင် သူနှင့် သက်ဆိုင်သည့် ထိုသို့သော ဖော်ပြချက်များကို ငါတို့ ဖတ်ရှုရသည်မှာ ဤအရာကြောင့် ဖြစ်သည်။ သူသည် သူ၏နှုတ်ဖြင့် မမှားယွင်းခဲ့သည်သာမက၊ သူ၏ စိတ်နှလုံးထဲ၌လည်း ဘုရားသခင်နှင့်ပတ်သက်၍ မကျေမနပ်ဖြစ်ခြင်း မရှိခဲ့ပေ။ ဘုရားသခင်နှင့် ပတ်သက်၍ ထိခိုက်စေသော စကားများကို သူမပြောခဲ့သကဲ့သို့၊ ဘုရားသခင်ကို ဆန့်ကျင်ပြစ်မှားခဲ့ခြင်းလည်း မရှိပေ။ သူ၏နှုတ်က ဘုရားသခင်၏ နာမကို ကောင်းချီး ပေးခဲ့သည်သာမက၊ သူ၏စိတ်နှလုံးတွင်လည်း သူသည် ဘုရားသခင်၏ နာမကို ကောင်းချီးပေးခဲ့သည်။ သူ၏နှုတ်နှင့် စိတ်နှလုံးတို့သည် တစ်ခုတည်းကဲ့သို့ ဖြစ်ခဲ့သည်။ ဤသည်မှာ ဘုရားသခင် မြင်ခဲ့သော စစ်မှန်သည့် ယောဘဖြစ်ပြီး၊ ဤသည်မှာ ယောဘကို ဘုရားသခင် တန်ဖိုးထားခဲ့သည့် တကယ့် အကြောင်းရင်း ဖြစ်ခဲ့သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)
ယောဘသည် အဘယ်ကြောင့် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်နိုင်ရသနည်း။ သူ့စိတ်နှလုံးထဲတွင် သူမည်သည့်အရာကို တွေးနေသနည်း။ ဤဒုစရိုက်ကိစ္စများကို မလုပ်မိရန် သူမည်သို့ တတ်နိုင်သနည်း။ သူ့တွင် ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှလုံးတစ်ခု ရှိခဲ့သည်။ ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှလုံးတစ်ခုရှိခြင်းဆိုသည်မှာ မည်သည်ကိုဆိုလိုသနည်း။ သူ့စိတ်နှလုံးသည် ဘုရားသခင်ကို ကြောက်ရွံ့ကြောင်း၊ ဘုရားသခင်ကို ကြီးမြတ်သူအဖြစ် ဂုဏ်ပြုနိုင်ကြောင်းနှင့် သူ့စိတ်နှလုံးထဲတွင် ဘုရားသခင်အတွက် နေရာတစ်နေရာရှိကြောင်းကို ဆိုလိုသည်။ ၎င်းကို ဘုရားသခင်မြင်မည်ကို သူမကြောက်ပါ၊ ဘုရားသခင် အမျက်ထွက်မည်ကိုလည်း သူမကြောက်ပါ။ ထိုအစား ဘုရားသခင်ကို ကြီးမြတ်သူအဖြစ် သူ့စိတ်နှလုံးထဲတွင် ဂုဏ်ပြုသည်၊ ဘုရားသခင် စိတ်ကျေနပ်စေဖို့ ဆန္ဒရှိပြီး ဘုရားသခင်၏နှုတ်ကပတ်တော်များကို မြဲမြံစွာ စွဲကိုင်ထားဖို့ ဆန္ဒရှိသည်။ ထိုအကြောင်းကြောင့် သူသည် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်နိုင်ခဲ့ခြင်းဖြစ်သည်။ ယခု လူတိုင်းက “ဘုရားသခင်ကို ကြောက်ရွံ့ရိုသေခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်း” ဆိုသည့် စာလုံးစုကို ပြောနိုင်ကြသော်လည်း ယင်းကို ယောဘ မည်သို့အထမြောက်ခဲ့သည်ကို သူတို့ မသိကြပေ။ အမှန်မှာ ယောဘသည် ဘုရားသခင်ကို ယုံကြည်ရာတွင် “ဘုရားသခင်ကို ကြောက်ရွံ့ရိုသေခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်း” ကို အခြေခံအကျဆုံးနှင့် အရေးအကြီးဆုံးအဖြစ် ထုတ်ဖော်၍ ပြောခဲ့သည်။ ထို့ကြောင့် သူသည် ပညတ်တော်တစ်ပါးကို မြဲမြံစွာ စွဲကိုင်ထားသကဲ့သို့ ဤစကားများကို မြဲမြံစွာ စွဲကိုင်ထားနိုင်ခဲ့သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို သူနားထောင်ခဲ့သည်မှာ ဘုရားသခင်ကို ကြီးမြတ်သူအဖြစ် သူ့စိတ်နှလုံးက ဂုဏ်ပြုခဲ့သောကြောင့်ဖြစ်သည်။ လူသား၏အမြင်တွင် ဘုရားသခင်၏နှုတ်ကပတ်တော်များသည် မည်မျှ မထူးခြားဘဲ သာမညဖြစ်နေပါစေ၊ ၎င်းတို့သည် သာမန်စကားလုံးများမျှသာ ဖြစ်နေလျှင်တောင်မှ ယောဘ၏စိတ်နှလုံးထဲတွင် ဤနှုတ်ကပတ်တော်များသည် အမြတ်ဆုံးဖြစ်သောဘုရားသခင်ထံမှ လာသည်။ ၎င်းတို့သည် အကြီးကျယ်ဆုံး၊ အရေးအကြီးဆုံးစကားလုံးများဖြစ်ကြသည်။ ၎င်းတို့သည် လူများ အထင်သေးသောစကားလုံးများဖြစ်နေလျှင်တောင်မှ ဘုရားသခင်၏နှုတ်ကပတ်တော်များဖြစ်နေသရွေ့၊ လူတို့သည် ယင်းကြောင့် လှောင်ပြောင်သရော်ခံရလျှင်တောင်မှ သို့မဟုတ် အသရေဖျက်ခံရလျှင်တောင်မှ ၎င်းတို့ကို စောင့်ကြည့်လေ့လာသင့်သည်။ သူတို့သည် ဆင်းရဲဒုက္ခနှင့်ကြုံရလျှင်တောင်မှ သို့မဟုတ် ဖိစီးနှိပ်စက်ခံရလျှင်တောင်မှ သူ့နှုတ်ကပတ်တော်များကို အဆုံးအထိ မြဲမြံစွာ စွဲကိုင်ထားရမည်။ ၎င်းတို့အပေါ် သူတို့လက်မလျှော့သင့်ပါ။ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေခြင်းဆိုသည်မှာ ဤသည်ကို ဆိုလိုသည်။ လူသားထံမှ ဘုရားသခင် တောင်းဆိုသောစကားလုံးတိုင်းကို သင်မြဲမြံစွာ စွဲကိုင်ထားရမည်။ ဘုရားသခင် တားမြစ်ထားသောထိုအရာများ သို့မဟုတ် ဘုရားသခင် စက်ဆုပ်သောထိုအရာများအတွက်မူ ၎င်းတို့အကြောင်းကို သင်မသိလျှင် ကိစ္စမရှိပါ၊ သို့သော် သင်သိလျှင် ထိုအခါ သင်သည် ထိုအရာများကို လုံးဝ မလုပ်ရန် တတ်နိုင်သင့်သည်။ သင့်မိသားစုက သင့်ကို စွန့်လွှတ်လိုက်လျှင်တောင်မှ၊ ဘာသာတရားမရှိသူများက သင့်ကို ပျက်ရယ်ပြုလျှင်တောင်မှ သို့မဟုတ် သင်နှင့်နီးစပ်သူများက လှောင်ပြောင်ပြီး သင့်အား သရော်ကြလျှင်တောင်မှ သင်သည် မြဲမြံစွာ စွဲကိုင်ထားနိုင်သင့်သည်။ သင်အဘယ်ကြောင့် မြဲမြံစွာ စွဲကိုင်ထားဖို့ လိုအပ်သနည်း။ သင်၏ စမှတ်က မည်သည့်အရာဖြစ်သနည်း။ သင်၏ စည်းမျဉ်းများက မည်သည်တို့နည်း။ ယင်းမှာ “ကျွန်ုပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မြဲမြံစွာ စွဲကိုင်ထားပြီး သူ့ဆန္ဒများအတိုင်းလုပ်ရမည်။ ဘုရားသခင် ကြိုက်နှစ်သက်သောအရာများကို လုပ်ရာတွင် ကျွန်ုပ်သည် မြဲမြံရလိမ့်မည်။ ဘုရားသခင် စက်ဆုပ်သောအရာများကို စွန့်လွှတ်ရာတွင် ဆုံးဖြတ်ချက်ပြတ်သားရလိမ့်မည်။ ဘုရားသခင်၏ရည်ရွယ်ချက်ကို ကျွန်ုပ် မသိလျှင် ရပါသည်၊ သို့သော် သူ့ရည်ရွယ်ချက်ကို ကျွန်ုပ် အမှန်တကယ်သိပြီး နားလည်လျှင် ထိုအခါ သူ့နှုတ်ကပတ်တော်များကို နားထောင်ပြီး ကျိုးနွံနာခံရာတွင် ကျွန်ုပ်သည် ဆုံးဖြတ်ချက်ပြတ်သားရလိမ့်မည်။ မည်သူမှ ကျွန်ုပ်ကို ဟန့်တားရန် တတ်နိုင်လိမ့်မည်မဟုတ်ပါ၊ ကမ္ဘာကြီး အဆုံးသတ်သွားလျှင်တောင် ကျွန်ုပ်သည် မယိမ်းယိုင်ပါ” ဟူ၍ ဖြစ်သည်။ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်ခြင်းဆိုသည်မှာ ဤသည်ကို ဆိုလိုသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး
သင်တို့၏ နေ့စဉ်အသက်တာများတွင် မည်သည့် ကိစ္စရပ်များ၌ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ရှိသနည်း။ မည်သည့် ကိစ္စရပ်များတွင် မရှိသနည်း။ တစ်စုံတစ်ဦးသည် သင့်ကို စိတ်အနှောင့်အယှက်ပေးသည့်အခါ၊ သို့မဟုတ် သင်၏ အကျိုးစီးပွားများကို ထိခိုက်သည့်အခါ သင်သည် ၎င်းကို မုန်းတီးနိုင်သလော။ တစ်စုံတစ်ဦးကို သင် မုန်းသည့်အခါ ၎င်းတို့ကို သင် အပြစ်ပေးပြီး လက်စားချေနိုင်စွမ်း ရှိသလော။ (ရှိပါသည်။) သို့ဆိုလျှင် သင်သည် အတော်လန့်စရာဖြစ်၏။ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးမရှိသကဲ့သို့ မကောင်းသည့်အရာများကို လုပ်ဆောင်နိုင်ပါက သင်၏ ဤရက်စက်သော စိတ်သဘောထားသည် အလွန် ပြင်းထန်လွန်းလှပေသည်။ ချစ်ခြင်းမေတ္တာနှင့် မုန်းတီးမှုတို့မှာ ပုံမှန် လူ့သဘာဝက ပိုင်ဆိုင်သင့်သည့် အရာများဖြစ်သော်လည်း သင် ချစ်သည့်အရာနှင့် မုန်းသည့်အရာများကြား ရှင်းရှင်းလင်းလင်း သင် ခွဲခြားရပေမည်။ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်ကို သင် ချစ်သင့်သည်၊ သမ္မာတရားကို ချစ်သင့်သည်၊ အပြုသဘောဆောင်သည့် အရာများကို ချစ်သင့်ပြီး သင်၏ ညီအစ်ကို မောင်နှမများကို ချစ်သင့်သည်၊ စာတန်နှင့် နတ်ဆိုးများကိုမူ သင် မုန်းသင့်သည်၊ အပျက်သဘောဆောင်သော အရာများကို သင် မုန်းသင့်သည်၊ အန္တိခရစ်များကို မုန်းသင့်ပြီး ဆိုးယုတ်သော လူတို့ကို မုန်းသင့်သည်။ သင်၏ ညီအစ်ကို မောင်နှမများအပေါ် အမုန်းတရားဖြင့် ဖိနှိပ်ကာ လက်စားချေနိုင်စွမ်းရှိပါက ဤသည်မှာ အလွန်ပင် ကြောက်မက်ဖွယ်ရာ ဖြစ်လိမ့်မည်။ ယင်းသည် ဆိုးယုတ်သောသူတစ်ယောက်၏ စိတ်သဘောထားဖြစ်သည်။ လူအချို့မှာ ရိုးရှင်းစွာပင် မုန်းတီးသော အတွေးများ၊ စိတ်ကူးများ၊ ဆိုးယုတ်သော စိတ်ကူးများရှိကြသည်။ သို့သော် မည်သည့်ဆိုးယုတ်သောအရာကိုမျှ လုံးဝ လုပ်ဆောင်ကြလိမ့်မည် မဟုတ်ပေ။ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေနိုင်ကြပြီး မိမိတို့ ပြုမူနေထိုင်ပုံနှင့် အမှုအရာများကို ကိုင်တွယ်ဖြေရှင်းပုံတွင် စည်းမျဉ်းများကို အာရုံစိုက်ကြသောကြောင့် ဤလူများသည် ဆိုးယုတ်သော လူများ မဟုတ်ကြပေ။ အခြားသူများနှင့် ဆက်ဆံကြသည့်အခါ ၎င်းတို့သည် မိမိတို့ တောင်းဆိုသင့်သည်ထက် ထိုသူများအပေါ် သာ၍ မတောင်းဆိုကြချေ။ ၎င်းတို့သည် လူတစ်ဦးနှင့် အဆင်ပြေလျှင် ထိုသူနှင့် ဆက်လက်ဆက်ဆံကြလိမ့်မည်ဖြစ်ပြီး အဆင်မပြေပါက ၎င်းတို့ ဆက်ဆံကြမည်မဟုတ်ပေ။ ယင်းသည် ၎င်းတို့၏ တာဝန်ထမ်းဆောင်မှု သို့မဟုတ် မိမိတို့၏ အသက်ဝင်ရောက်မှုအပေါ် သက်ရောက်မှု မရှိသလောက်ဖြစ်၏။ ၎င်းတို့စိတ်နှလုံးတွင် ဘုရားသခင်ရှိပြီး ၎င်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိကြလေသည်။ ၎င်းတို့သည် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားရန် လိုလားနေခြင်းမရှိကြသကဲ့သို့ ထိုသို့ လုပ်ဆောင်မိမည်ကို စိုးရွံ့ကြလေသည်။ ဤလူတို့သည် မမှန်ကန်သော အတွေးနှင့် အယူအဆအချို့ထားရှိနိုင်သော်လည်း ယင်းတို့ကို ပုန်ကန်နိုင်ပြီး စွန့်ပစ်နိုင်သည်။ ၎င်းတို့၏ လုပ်ရပ်များတွင် အကန့်အသတ်ရှိကြသကဲ့သို့ လွန်ကျူးသော သို့မဟုတ် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားသည့် စကားတစ်လုံးမျှ မမြွက်ဆိုကြချေ။ ဤသို့ ပြောဆိုပြုမူသောသူသည် စည်းမျဉ်းရှိပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူဖြစ်သည်။ သင်၏ ပင်ကိုစရိုက်သည် အခြားလူတစ်ဦး၏ ပင်ကိုစရိုက်နှင့် သဟဇာတဖြစ်ကောင်း ဖြစ်လိမ့်မည် မဟုတ်သကဲ့သို့ ၎င်းတို့ကို သင် မနှစ်သက်ကောင်း မနှစ်သက်နိုင်သော်လည်း ၎င်းတို့နှင့်အတူ သင် အလုပ်လုပ်သည့်အခါ သင်သည် သမာသမတ်ကျမြဲကျကာ သင်၏တာဝန်ကို လုပ်ဆောင်ရာတွင် သင်၏ စိတ်ပျက်မှုများအတွက် ဒေါသထွက်မည်မဟုတ်၊ သို့မဟုတ် သင်၏စိတ်ပျက်မှုများကြောင့် ဘုရားသခင်၏မိသားစု အကျိုးစီးပွားများအပေါ် ဆိုးရွားစွာ ပြုမူလိမ့်မည်မဟုတ်ပေ။ သင်သည် အရေးကိစ္စများကို စည်းမျဉ်းများအတိုင်း ကိုင်တွယ်နိုင်သည်။ ဤသည်မှာ မည်သည့်အရာကို ပြသခြင်းဖြစ်သနည်း။ ယင်းမှာ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး အခြေခံရှိခြင်း၏ သရုပ်သကန် ဖြစ်သည်။ သင်သည် ထိုထက်အနည်းငယ်ပို၍ ရှိလျှင် အခြားတစ်စုံတစ်ဦးသည် ချို့ယွင်းချက်များ သို့မဟုတ် အားနည်းချက်အချို့ရှိသည်ကို သင်မြင်သောအခါ ထိုသူသည် သင့်ကို မကျေမနပ်ဖြစ်စေလျှင်ပင်၊ သို့မဟုတ် သင့်အပေါ် အမြင်စောင်းလျှင်ပင် ထိုသူကို မှန်မှန်ကန်ကန် ဆက်ဆံပြီး ချစ်ခင်စွာ ကူညီရန် သင်တတ်နိုင်ဆဲဖြစ်သည်။ ဤသည်မှာ သင့်၌ ချစ်ခြင်းရှိသည်၊ သင်သည် လူ့သဘာဝကိုပိုင်ဆိုင်သော သူတစ်ယောက်ဖြစ်သည်၊ သင်သည် ကြင်နာပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သောသူဖြစ်သည်၊ သမ္မာတရား စစ်မှန်မှုများကို ပိုင်ဆိုင်သော ရိုးသားသူတစ်ယောက်ဖြစ်သည်၊ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ရှိသူဖြစ်သည်ဆိုသည့် အဓိပ္ပာယ်ဖြစ်သည်။ သင်သည် ဝိညာဉ်ရင့်ကျက်မှု နည်းပါးသေးသော်လည်း အလိုဆန္ဒရှိပြီး သမ္မာတရားအတွက် ကြိုးပမ်းဖို့နှင့် အမှုအရာများကို စည်းမျဉ်းနှင့်အညီ လုပ်ဆောင်ရန် ကြိုးပမ်းဖို့ လိုလားကာ သင်သည် စည်းမျဉ်းနှင့်အညီ ကျင့်ကြံပြုမူကာ အမှုအရာများကို ကိုင်တွယ်ဖြေရှင်းပြီး သူတစ်ပါးတို့အပေါ် ူဆက်ဆံနိုင်လျှင် ဤသည်မှာလည်း ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး အတော်အတန် ရှိခြင်းအဖြစ်အဖြစ် အကျုံးဝင်သည်။ ဤသည်မှာ အခြေခံအကျဆုံးဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် မှန်ကန်သော လမ်းကြောင်းပေါ် စတင်ရန် ပြည့်စုံရမည့် သတ်မှတ်ချက် ငါးချက်
သမ္မာတရားသည် သင့်တွင် အသက်ဖြစ်လာပြီးသည်နှင့် သင်သည် ဘုရားသခင်အပေါ် ပြစ်မှားစော်ကားသော၊ ဘုရားသခင်အား မကြောက်ရွံ့သော၊ မိမိ၏တာဝန်ထမ်းဆောင်ရာတွင် ဝတ်ကျေတမ်းကျေ ပြုသော၊ သို့မဟုတ် အသင်းတော်အလုပ်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်သောသူကို သတိပြုမိသောအခါ သင်သည် သမ္မာတရားစည်းမျဉ်းနှင့်အညီ တုံ့ပြန်လိမ့်မည်။ ထိုသူအား လိုအပ်သလို ခွဲခြားပြီး ဖော်ထုတ်နိုင်လိမ့်မည်။ သမ္မာတရားသည် သင်၏ အသက် ဖြစ်မလာသေးသကဲ့သို့ သင်သည် သင်၏ စာတန်ဆန်သော စိတ်သဘောထားအတွင်းတွင် အသက်ရှင်ဆဲဖြစ်ပါက အသင်းတော်အလုပ်ကို အနှောင့်အယှက်များနှင့် အလျဉ်ပြတ်မှုများ ဖြစ်စေသည့် ဆိုးယုတ်သော လူများနှင့် နတ်ဆိုးများကို သင် ရှာဖွေတွေ့ရှိသည့်အခါ သင်သည်မသိကျိုးကျွန်ပြုလိမ့်မည်ဖြစ်ပြီး ဂရုစိုက်လိမ့်မည် မဟုတ်။ လိပ်ပြာလုံစွာဖြင့် ယင်းတို့ကို သင် ဘေးဖယ်ထားလိုက်လိမ့်မည်ဖြစ်သည်။ အသင်းတော်အလုပ်ကို အနှောင့်အယှက်များ ဖြစ်စေနေသည့် သူတစ်ဦးမျှ သင်နှင့် မည်သည့်ပတ်သက်မှုမျှ မရှိဟုပင် သင် တွေးလိမ့်မည်။ အသင်းတော်၏အလုပ်နှင့် ဘုရားအိမ်တော်၏အကျိုးစီးပွားတို့ မည်မျှ ထိခိုက်ပါစေ သင် ဂရုမစိုက်၊ ကြားဝင်စွက်ဖက်ခြင်း မရှိပေ၊ သို့မဟုတ် အပြစ်ရှိသည်ဟု မခံစားရပေ။ ယင်းက သင့်အား အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရား မရှိသူတစ်ဦး၊ မယုံကြည်သူတစ်ဦး၊ အလုပ်လုပ်ပေးသူတစ်ဦး ဖြစ်စေသည်။ သင်သည် ဘုရားသခင်နှင့် သက်ဆိုင်သည့်အရာကို စားကာ၊ ဘုရားသခင်နှင့်သက်ဆိုင်သည့် အရာကို သောက်ပြီး ဘုရားသခင်ထံမှ လာသည့်အရာများအားလုံးကို မွေ့လျော်သော်လည်း ဘုရားအိမ်တော်၏ အကျိုးစီးပွားအပေါ် မည်သည့်ထိခိုက်ခြင်းကမျှ သင်နှင့်ဆက်နွှယ်ခြင်း မရှိဟု ခံစားရသည်။ ယင်းက သင့်အား ကျွေးသောလက်ကို ကိုက်သည့် သစ္စာဖောက်တစ်ဦး ဖြစ်စေသည်။ သင်သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မကာကွယ်ပါက၊ သင်သည် လူပင် ဟုတ်ပါ၏လော။ ယင်းက အသင်းတော်ထဲသို့ အယုံသွင်း၍ ချဉ်းကပ်လာသည့် နတ်ဆိုးတစ်ကောင်ဖြစ်သည်။ သင်သည် ဘုရားသခင်၌ ယုံကြည်မှုရှိဟန်ဆောင်သည်၊ ရွေးချယ်ခံထားရသူ တစ်ဦးအဖြစ် ဟန်ဆောင်ပြီး ဘုရားသခင်၏ အိမ်တော်၌ ကပ်ပါးရပ်ပါး လုပ်လိုသည်။ သင်သည် လူသားတစ်ဦး၏ ဘဝကို ရှင်သန်မနေဘဲ လူပုဂ္ဂိုလ်တစ်ဦးဖြစ်ခြင်းထက် မိစ္ဆာကောင်တစ်ဦး ပို၍ဖြစ်နေကာ ရှင်းလင်းစွာပင် မယုံကြည်သူများထဲမှ တစ်ဦးဖြစ်သည်။ သင်သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူတစ်ဦးဖြစ်လျှင်၊ သင် သမ္မာတရားနှင့် အသက် မရရှိသေးလျှင်ပင် အနည်းဆုံးအနေဖြင့် သင်သည် ဘုရားသခင်၏ဘက်မှ စကားပြောကာ ပြုမူလိမ့်မည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများ ထိခိုက်နေသည်ကို သင်မြင်သည့်အခါ အနည်းဆုံးအနေဖြင့် သင်သည် အကြောင်းမဲ့သက်သက် ရပ်နေမည် မဟုတ်ပေ။ သင် မသိကျိုးကျွန်ပြုလိုသည့်ဆန္ဒရှိသည့်အခါတွင် သင်သည် အပြစ်ရှိသည်ဟု ခံစားရမည် ဖြစ်ပြီး အနေရခက်လိမ့်မည်၊ ပြီးလျှင် “ဘုရားသခင့်အိမ်တော်၏ အကျိုးစီးပွားများ မထိခိုက်စေရန်နှင့် အသင်းတော်အသက်တာ အနှောင့်အယှက် မဖြစ်စေဖို့အလို့ငှာ၊ ငါ ဤနေရာတွင် ထိုင်ပြီး မည်သည့်အရာမျှ မလုပ်ဆောင်ဘဲ နေ၍မရချေ၊ ငါ ထရပ်ပြီး တစ်စုံတစ်ခု ပြောရမည်၊ ငါတာဝန်ယူရမည်။ ဤဆိုးယုတ်သော အပြုအမူကို ငါ ဖော်ထုတ်ရမည်၊ ငါ တားရမည်” ဟု သင့်ကိုယ်သင် ပြောလိမ့်မည်။ သမ္မာတရားက သင်၏ အသက်ဖြစ်လာလျှင်၊ သင်၌ ဤသတ္တိနှင့် သန္နိဋ္ဌာန် ရှိပြီး ကိစ္စရပ်ကို လုံးဝ သိနားလည်နိုင်စွမ်း ရှိလိမ့်မည်သာမက၊ ဘုရားသခင်၏အမှုနှင့် သူ၏အိမ်တော် အကျိုးစီးပွားများအတွက် ယူသင့်သည့် တာဝန်ကိုလည်း သင် ဖြည့်ဆည်းလိမ့်မည် ဖြစ်ပြီး ထိုသို့ဖြင့် သင်၏ တာဝန်သည် ကျေပွန်လိမ့်မည်။ သင်၏တာဝန်ကို သင်၏တာဝန်နှင့် ဝတ္တရားအဖြစ်လည်းကောင်း၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက် အဖြစ်မှတ်ယူပြီး ဤသည်မှာ ဘုရားသခင်နှင့် သင်၏အသိစိတ်တို့ကို ရင်ဆိုင်ဖို့အလို့ငှာ လိုအပ်သည်ဟု သင်ခံစားရပါက သင်သည် လူ့သဘာဝ၏ တည်ကြည်မှုနှင့် ဂုဏ်သိက္ခာတို့ဖြင့် အသက်ရှင်နေထိုင်နေခြင်း ဖြစ်မည် မဟုတ်လော။ သင်၏ လုပ်ဆောင်ချက်များနှင့် အပြုအမူတို့သည် သူ ပြောဆိုသည့် “ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ကြဉ်ခြင်း” ဖြစ်ပေမည်။ သင်သည် ဤနှုတ်ကပတ်တော်တို့၏ အနှစ်သာရကို ဆောင်ရွက်နေမည်ဖြစ်ပြီး၊ ယင်းတို့၏ လက်တွေ့အရှိတရားအတိုင်း အသက်ရှင်နေထိုင်နေပေမည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး
ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ
ဘုရားကို ကြောက်ရွံ့ရိုသေသူတို့သည် အရာရာ၌ ဘုရားကို ထောမနာပြုကြ၏ကျူး
ဘုရားကို ကြောက်ရွံ့ရန်နှင့် ဒုစရိုက်ကို ရှောင်ကြဉ်ရန် လိုက်လျှောက်ရမည့်နည်းလမ်း