၃၈။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းနှင့် ကယ်တင်ခံရခြင်းတို့ကြား ဆက်နွှယ်မှုမှာ အဘယ်နည်း
နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ
လူတို့သည်ဘုရားသခင်ကို ယုံကြည်သောအခါ ကယ်တင်ခြင်းခံရလိုလျှင် အဓိကအချက်မှာ ၎င်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိမရှိ၊ ၎င်းတို့စိတ်နှလုံးတွင် ဘုရားသခင်သည် နေရာရှိမရှိ၊ ၎င်းတို့သည် ဘုရားသခင်ရှေ့တွင် အသက်ရှင်နေထိုင်ပြီး ဘုရားသခင်နှင့် သာမန်ဆက်ဆံရေးကို ထိန်းသိမ်းနိုင်ခြင်းရှိမရှိတို့ဖြစ်သည်။ အရေးပါသည့်အရာမှာ လူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး ဘုရားသခင်အပေါ် ကျိုးနွံနာခံမှုကို ရယူနိုင်ခြင်းရှိမရှိဖြစ်သည်။ ဤအရာများသည် ကယ်တင်ခံရခြင်းအတွက် လမ်းကြောင်းနှင့် သတ်မှတ်ချက်များဖြစ်သည်။ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ရှေ့မှောက်တွင် အသက်မရှင်နိုင်လျှင်၊ ဘုရားသခင်ထံ မကြာခဏဆုတောင်းပြီး ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်းမရှိဘဲ ဘုရားသခင်နှင့် သာမန်ဆက်ဆံရေးကို ဆုံးရှုံးလျှင် သင်သည် မည်သည့်အခါမှ ကယ်တင်ခံရမည်မဟုတ်ဘဲ၊ ကယ်တင်ခြင်းလမ်းကြောင်းကို သင် ပိတ်ဆို့ပြီးဖြစ်သောကြောင့်ဖြစ်သည်။ သင်သည် ဘုရားသခင်နှင့် မည်သည့်ဆက်ဆံရေးမျှမရှိလျှင် လမ်းဆုံးသို့ ရောက်ပြီးဖြစ်သည်။ ဘုရားသခင်သည် သင်၏ စိတ်နှလုံးတွင် မရှိလျှင် သင်သည် ယုံကြည်ခြင်းရှိသည်ဟု ပြောဆိုခြင်း၊ ဘုရားသခင်အား အမည်ခံသက်သက်သာ ယုံကြည်ခြင်းသည် အသုံးမဝင်ပေ။ စကားများနှင့် အယူဝါဒများ မည်မျှကို သင် ပြောနိုင်သည်၊ ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းအတွက် မည်မျှ ဒုက္ခခံပြီးသည်၊ သို့မဟုတ် သင်သည် မည်မျှဆုကျေးဇူးရှိသည်တို့က အရေးမပါပေ။ သင်၏ စိတ်နှလုံးတွင် ဘုရားသခင် မရှိလျှင်၊ သင်သည် ဘုရားသခင်ကို မကြောက်လျှင် ဘုရားသခင်ကို သင် မည်သို့ယုံကြည်သည်က အရေးမပါပေ။ ဘုရားသခင်က “အသင် မကောင်းမှုပြုသူ ငါ့ထံမှ ထွက်သွားလော့။” ဟု ဆိုလိမ့်မည်။ သင်သည် မကောင်းမှုပြုသူအဖြစ် အမျိုးအစားသတ်မှတ်ခံရမည်။ သင်သည် ဘုရားသခင်နှင့် အဆက်ပြတ်လိမ့်မည်။ သူသည် သင်၏ သခင်၊ သို့မဟုတ် သင်၏ ဘုရားသခင်ဖြစ်မည်မဟုတ်ပေ။ ဘုရားသခင်သည် အရာအားလုံးကို အချုပ်အခြာအာဏာ ကိုင်စွဲသည်၊ သူသည် ဖန်ဆင်းရှင်ဖြစ်သည်ဟု သင်က အသိအမှတ်ပြုသည့်တိုင် သင်သည် သူ့ကို မကိုးကွယ်သကဲ့သို့ သူ၏ အချုပ်အခြာအာဏာကို မနာခံပေ။ သင်သည် စာတန်နှင့် နတ်ဆိုးများနောက်သို့လိုက်သည်။ စာတန်နှင့် နတ်ဆိုးများသည်သာ သင်၏ သခင်များဖြစ်သည်။ အရာရာတွင် သင်သည် မိမိကိုယ်ကိုယုံကြည်ပြီး သင်၏ကိုယ်ပိုင်ဆန္ဒနောက်လိုက်လျှင်၊ သင်၏ ကံကြမ္မာသည် သင်၏ ကိုယ်ပိုင်လက်ထဲတွင်ရှိသည်ဟု ယုံကြည်လျှင် သင်ယုံကြည်သည်မှာ သင့်ကိုယ်သင်ဖြစ်သည်။ သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး အသိအမှတ်ပြုသည်ဟု အခိုင်အမာဆိုသော်လည်း ဘုရားသခင်က သင့်ကို အသိအမှတ်မပြုပေ။ သင်သည် ဘုရားသခင်နှင့် ဆက်ဆံရေးမရှိပေ။ ထို့ကြောင့် သင်သည် အဆုံးတွင် သူ၏ ပစ်ပစ်ခါခါငြင်းခြင်း၊ သူ၏အပြစ်ဒဏ်ပေးခြင်း၊ သူ၏ ဖယ်ရှားရှင်းလင်းခြင်းကို ခံရရန် သတ်မှတ်ပြီးဖြစ်သည်။ ဘုရားသခင်သည် သင်ကဲ့သို့သောလူများကို မကယ်တင်ပေ။ ဘုရားသခင်ကို အမှန်တကယ်ယုံကြည်သောသူတို့သည် သူ့ကို ကယ်တင်ရှင်အဖြစ် လက်ခံသောသူများ၊ သူသည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်ကို လက်ခံသူများဖြစ်သည်။ ၎င်းတို့သည် သူ့အတွက် မိမိတို့ကိုယ်ကို စစ်မှန်စွာ အသုံးခံနိုင်ပြီး ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ထမ်းဆောင်နိုင်သည်။ ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်ကို ကြုံတွေ့သည်။ သူ၏နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး၊ သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းကို လျှောက်သည်။ ၎င်းတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံသော၊ သူ၏အလိုတော်ကို လိုက်လျှောက်သောသူများ ဖြစ်ကြသည်။ လူတို့သည် ဘုရားသခင်အပေါ် ဤသို့သောယုံကြည်မှု ရှိသည့်အခါမှသာ ကယ်တင်ခြင်းခံရနိုင်သည်။ ဤသို့မဟုတ်လျှင် ရှုတ်ချခံရမည်။ ဘုရားသခင်ကို ယုံကြည်သောအခါတွင် လိုရာစွဲ၍ စဉ်းစားခြင်းသည် လူတို့အတွက် လက်ခံနိုင်ဖွယ်ဖြစ်သလော။ လူတို့သည် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းတွင် ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများ၊ မရေမရာဖြစ်သော၊ စိတ်ကူးသက်သက်ဖြစ်သော စိတ်ကူးထင်မြင်မှုများကို အစဉ် ဖက်တွယ်ထားသောအခါ သမ္မာတရားကို ရရှိနိုင်သလော။ လုံးဝ မရရှိနိုင်ပေ။ လူတို့သည် ဘုရားသခင်ကို ယုံကြည်သောအခါ သမ္မာတရားကို လက်ခံရမည်။ သူတောင်းဆိုသည့်အတိုင်း သူ့ကို ယုံကြည်ပြီး၊ သူ၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များကို ကျိုးနွံနာခံရမည်။ ထိုမှသာ ၎င်းတို့သည် ကယ်တင်ခြင်းကို ရရှိနိုင်သည်။ ဤအရာမှလွဲ၍ အခြားနည်းလမ်းမရှိပေ။ သင်သည် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ လိုရာဆွဲပြီး စဉ်းစားခြင်း တစ်ခုတလေမျှ မပြုလုပ်သင့်ပေ။ ဤအကြောင်းအရာကို မိတ်သဟာယဖွဲ့ခြင်းသည် လူတို့အတွက် အလွန်အရေးကြီးသည်မဟုတ်လော။ ဤသည်မှာ သင်တို့ကို အသိဝင်လာစေသောအရာဖြစ်ပေသည်။
ယခုတွင် ဤအမှာစကားများကို သင်တို့ကြားပြီးဖြစ်သောကြောင့် သင်တို့သည် သမ္မာတရားကို နားလည်ပြီး ကယ်တင်ခြင်းတွင် ပါဝင်သည့်အရာကို ရှင်းလင်းလောက်သည်။ လူတို့နှစ်သက်သည့်အရာ၊ ကြိုးပမ်းသည့်အရာ၊ စိတ်ပြင်းပြသည့်အရာ ဤအရာများတွင် မည်သည့်အရာကမျှ အရေးမကြီးပေ။ အရေးကြီးဆုံးမှာ သမ္မာတရားကို လက်ခံခြင်းဖြစ်သည်။ နောက်ဆုံးစိစစ်ချက်တွင် သမ္မာတရားကို ရရှိနိုင်ခြင်းသည် အရေးကြီးဆုံးဖြစ်သည်။ သင့်အား ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းကို ရရှိစေနိုင်သည့်အရာသည် မှန်ကန်သောလမ်းကြောင်းဖြစ်သည်။ သင်သည် ဘုရားသခင်အပေါ် နှစ်အနည်းငယ်ယုံကြည်ခဲ့ပြီး သမ္မာတရားနှင့် ဆက်စပ်မှုမရှိသည့်အရာများကို လိုက်စားခြင်းတွင် အစဉ် အာရုံစိုက်ခဲ့လျှင် သင်၏ ယုံကြည်ခြင်းသည် သမ္မာတရားနှင့် လုံးဝ မသက်ဆိုင်ပေ။ ဘုရားသခင်နှင့် လုံးဝ မသက်ဆိုင်ပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး အသိအမှတ်ပြုသည်ဟု အခိုင်အမာ ဆိုကောင်းဆိုနိုင်သည်။ သို့သော် ဘုရားသခင်သည် သင်၏ သခင်မဟုတ်။ သူသည် သင်၏ ဘုရားသခင်မဟုတ်ပေ။ ဘုရားသခင်က သင်၏ ကံကြမ္မာကို အချုပ်အခြာအာဏာကိုင်စွဲသည်ကို သင်လက်မခံပေ။ သင့်အတွက် ဘုရားသခင် စီစဉ်သောအရာအားလုံးကို သင်မနာခံပေ။ ဘုရားသခင်က သမ္မာတရားဖြစ်သည်ဆိုသည့်အချက်ကို သင် အသိအမှတ်မပြုပေ။ ဤဖြစ်ရပ်တွင် သင်၏ ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်များသည် ကွဲကြေပျက်စီးပြီးဖြစ်သည်။ သမ္မာတရားကို လိုက်စားခြင်းလမ်းကြောင်းကို သင်မလျှောက်နိုင်လျှင် ပျက်စီးခြင်းလမ်းကြောင်းကို သင်လျှောက်သည်။ သင် လိုက်စားသည့်၊ အာရုံစိုက်သည့်၊ ဆုတောင်းသည့်၊ အသနားခံသည့်အရာရာတိုင်းသည် ဘုရားနှုတ်ကပတ်တော်အပေါ်၊ ဘုရားသခင် တောင်းဆိုသည့်အရာအပေါ် အခြေခံလျှင်၊ သင်က ဖန်ဆင်းရှင်ကို ကျိုးနွံနာခံသည်၊ ဖန်ဆင်းရှင်ကို ကိုးကွယ်သည်ဆိုသည့် ခံစားချက်ကို တိုး၍ ခံစားရလျှင်၊ ဘုရားသခင်သည် သင်၏ သခင်၊ သင်၏ ဘုရားသခင်ဖြစ်သည်ဟု ခံစားရလျှင်၊ သင့်အတွက် ဘုရားသခင်က စီစဉ်ညွှန်ကြားပြီး စီစဉ်ပေးသောအရာအားလုံးကို ကျိုးနွံနာခံရန် သာ၍ ဝမ်းမြောက်လာပြီး ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးက အစဉ်ပို၍ ရင်းနှီးလာလျှင်၊ အစဉ်ပို၍ သာမန်ဖြစ်လာလျှင်၊ ဘုရားသခင်အပေါ် သင်၏ ချစ်ခြင်းက အစဉ်ပို၍ သန့်စင်ပြီး စစ်မှန်လျှင် ဘုရားသခင်နှင့်ပတ်သက်ပြီး သင်၏ စောဒကများနှင့် အထင်လွဲမှုများ၊ ဘုရားသခင်အပေါ် သင်၏ လွန်ကျူးသော ဆန္ဒများသည် အစဉ်ပို၍ လျော့နည်းလာမည်။ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ခြင်းကို သင် အလုံးစုံ ရရှိပြီးဖြစ်လိမ့်မည်။ ဤသည်မှာ သင်သည် ကယ်တင်ခြင်းလမ်းကြောင်းပေါ်တွင် အခြေချနှင့်ပြီး ဖြစ်လိမ့်မည်ဟု အဓိပ္ပာယ်ရသည်။ ကယ်တင်ခြင်းလမ်းကြောင်းကို လျှောက်လှမ်းခြင်းတွင် ဘုရားသခင်၏ ပဲ့ပြင်ဆုံးမခြင်း၊ ပြုပြင်ခြင်း၊ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းတို့ပါဝင်ပြီး ဤအရာတို့က သင့်ကို အလွန်ပင် နာကျင်စေသော်လည်း ဤသည်မှာ သင့်အပေါ် ကျရောက်လာသော ဘုရားသခင်၏ ချစ်ခြင်းဖြစ်သည်။ ဘုရားသခင်ကို သင်ယုံကြည်သောအခါ သင်သည် ကောင်းချီးခံရခြင်းကိုသာ လိုက်စားလျှင်၊ အဆင့်အတန်း၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်ကိုသာ လိုက်စားပြီး မည်သည့်အခါမျှ ပဲ့ပြင်ဆုံးမခြင်း၊ သို့မဟုတ် ပြုပြင်ခြင်း သို့မဟုတ် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို မခံလျှင် သင့်တွင် လွယ်ကူသောအသက်တာရှိနိုင်သော်လည်း သင်၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် အစဉ်ပို၍ ဝေးကွာလိမ့်မည်။ ဘုရားသခင်နှင့် သာမန်ဆက်ဆံရေးကို သင်ဆုံးရှုံးလိမ့်မည်။ ဘုရားသခင်၏ စိစစ်ခြင်းကို သင် လက်ခံလိုစိတ်ရှိမည်လည်းမဟုတ်ပေ။ သင်သည် သင်ကိုယ်တိုင်၏ သူဌေးဖြစ်ချင်လိမ့်မည်။ ဤအရာအားလုံးက သင်လျှောက်သော လမ်းကြောင်းသည် မှန်သောလမ်းကြောင်းမဟုတ်သည်ကို သက်သေပြသည်။ သင်သည် ဘုရားသခင်၏ အမှုတော်ကို ခဏတာကြုံတွေ့ပြီး လူသားမျိုးနွယ်က အလွန်အမင်း ဖောက်ပြန်ပျက်စီးနေပုံ၊ ဘုရားသခင်ကို အလွန်အာခံတတ်ပုံကို ခံစားရသည့်စိတ်က မြင့်တက်နေလျှင်၊ သင်က ဘုရားသခင်ကို အာခံသည့်အရာတစ်ခုကို လုပ်ဆောင်သည့်နေ့ရက် ရောက်လာနိုင်သည်ကို သင်စိတ်ပူလျှင်၊ သင်သည် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားပြီး ဘုရားသခင်၏ စွန့်ပစ်ခြင်းကိုခံရဖို့ ဖြစ်နိုင်ခြေရှိသည်ကို စိုးရွံ့လျှင်၊ ဤသို့ဖြင့် ဘုရားသခင်ကို ဆန့်ကျင်ခြင်းထက် မည်သည့်အရာကမျှပို၍ ကြောက်စရာမကောင်းဟု ခံစားရလျှင် သင့်တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိလိမ့်မည်။ လူတို့သည် ဘုရားသခင်ကို ယုံကြည်သောအခါ ဘုရားသခင်ထံမှ မသွေဖည်ရပေဟူ၍လည်းကောင်း၊ ဘုရားသခင်ထံမှ သွေဖည်လျှင်၊ ဘုရားသခင်၏ ပဲ့ပြင်ဆုံးမမှု၊ ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုမှ သွေဖည်လျှင် ဤသည်မှာ ဘုရားသခင်၏ ကွယ်ကာမှုနှင့် စောင့်ရှောက်မှုတို့ကို ဆုံးရှုံးခြင်း၊ ဘုရားသခင်၏ ကောင်းချီးများကို ဆုံးရှုံးခြင်းနှင့် ညီမျှပြီး လူတို့အတွက် အားလုံးပြီးဆုံးသွားပြီဖြစ်သည်ဟူ၍လည်းကောင်း၊ လူတို့သည် အစဉ်ပို၍သာ စာရိတ္တပျက်ပြားလာနိုင်သည်၊ ၎င်းတို့သည် ဘာသာတရား၏ လူများကဲ့သို့ဖြစ်မည်ဟူ၍လည်းကောင်း၊ ဘုရားသခင်ကို ယုံကြည်စဉ်တွင် ဘုရားသခင်ကို ဆန့်ကျင်နိုင်ခြေရှိဆဲ ဖြစ်လိမ့်မည်၊ ဤတွင် ၎င်းတို့သည် အန္တိခရစ်များဖြစ်လာလိမ့်မည် ဟူ၍လည်းကောင်း သင် ခံစားရမည်။ ဤအရာကို သင်နားလည်သဘောပေါက်နိုင်လျှင် သင်သည် ဘုရားသခင်ထံ ဆုတောင်းလိမ့်မည်။ “အို ဘုရားသခင်၊ ကျွန်ုပ်ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမတော်မူပါ။ ကျွန်ုပ်လုပ်ဆောင်သမျှတွင် ကျွန်ုပ်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးရန် ကိုယ်တော်ကို တောင်းလျှောက်ပါ၏။ သမ္မာတရားကို ချိုးဖောက်ပြီး ကိုယ်တော်၏ ရည်ရွယ်ချက်များကို ဆန့်ကျင်သောအရာတစ်ခုခုကို ကျွန်ုပ်လုပ်ဆောင်လျှင် ကျွန်ုပ်ကို ပြင်းထန်စွာ တရားစီရင်ပြီး ပြစ်တင်ဆုံးမနိုင်ပါသည်။ ကျွန်ုပ်သည် ကိုယ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမရှိဘဲ မဖြစ်နိုင်ပါ။” ဟူ၍ဖြစ်သည်။ ဤသည်မှာ လူတို့သည် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းတွင် လျှောက်လှမ်းသင့်သည့် မှန်ကန်သော လမ်းကြောင်းဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းဖြင့်သာ ကယ်တင်ခြင်းလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်သည်
သင်တို့ မှတ်သားသင့်သည့် ဆိုရိုးစကားတစ်ခုရှိ၏။ ဤဆိုရိုးစကားမှာ အလွန်အရေးကြီးသည်ဟု ငါယုံကြည်သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းသည် နေ့စဉ်နေ့တိုင်း အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ငါ၏အတွေးထဲ ရောက်လာသောကြောင့် ဖြစ်သည်။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ဦးနှင့် ငါမျက်နှာချင်းဆိုင်သည့် အချိန်တိုင်း၊ တစ်စုံတစ်ဦး၏ ဇာတ်ကြောင်းကို ငါကြားရသည့် အချိန်တိုင်း၊ လူတစ်ဦး၏ အတွေ့အကြုံ သို့မဟုတ် ဘုရားသခင်ကို ယုံကြည်ခြင်းအကြောင်း သက်သေခံချက်ကို ငါ ကြားရသည့် အချိန်တိုင်း၊ ဤလူပုဂ္ဂိုလ်သည် ဘုရားသခင် အလိုရှိသော လူအမျိုးအစားနှင့် ဘုရားသခင် သဘောကျသော လူအမျိုးအစား ဟုတ်မဟုတ် ငါ၏ စိတ်နှလုံးထဲ၌ အဆုံးအဖြတ်ပေးရန် ဤဆိုရိုးစကားကို ငါ အမြဲအသုံးပြုခြင်းကြောင့် ဖြစ်သည်။ ထိုသို့ဆိုလျှင် ဤဆိုရိုးစကားမှာ အဘယ်နည်း။ ယခု ငါသည် သင်တို့အားလုံး စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေစေသည်။ နှစ်ပေါင်းများစွာ အလုပ်မပါဘဲ အပြောသက်သက်ဖြင့်သာ အစေခံနေကြသောသူများ ရှိခြင်းကြောင့်၊ ဤဆိုရိုးစကားကို ငါဖော်ထုတ်သည့်အခါ၊ သင်တို့ စိတ်ပျက်ကောင်း စိတ်ပျက်ကြလိမ့်မည်။ သို့သော် ငါမူကား မည်သည့်အခါမျှ အပြောသက်သက်ဖြင့်သာ အစေခံခဲ့ဖူးခြင်း အလျင်းမရှိပေ။ ဤဆိုရိုးစကားသည် ငါ၏စိတ်နှလုံးထဲ၌ တည်ရှိသည်။ ထိုသို့ဆိုသော် ဤဆိုရိုးစကားမှာ အဘယ်နည်း။ ဤသည်မှာ- “ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်လော့- ဘုရားသခင်ကို ကြောက်ရွံ့၍ မကောင်းမှုကို ရှောင်လော့” ဟူ၍ ဖြစ်သည်။ ဤသည်မှာ အလွန့်အလွန် ရိုးရှင်းသော စကားရပ်တစ်ခု မဟုတ်လော။ သို့ပါလျက် ဤဆိုရိုးစကားမှာ ရိုးရှင်းစေကာမူ ဤစကားလုံးများအပေါ် နက်နဲသော နားလည်မှု အမှန်တကယ်ရှိသော သူတို့အနေဖြင့် ၎င်းတို့တွင် သြဇာသက်ရောက်မှု ပါရှိကြောင်း၊ ဤဆိုရိုးစကားမှာ လူတစ်ဦး၏ လက်တွေ့လုပ်ဆောင်မှုအတွက် လွန်စွာတန်ဖိုးရှိကြောင်း၊ ၎င်းသည် သမ္မာတရား စစ်မှန်မှု ပါဝင်သော ဘဝ၏ ဘာသာစကားမှလာသည့် စာကြောင်းပင်ဖြစ်ကြောင်း၊ ယင်းက ဘုရားသခင်ကို ကျေနပ်စေရန် ကြိုးစားလျက်ရှိသော သူများအတွက် ရာသက်ပန် ရည်မှန်းချက်ကို ပုံဖော်ကြောင်းနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အရေးထားသည့် မည်သူမဆို လိုက်နာသင့်သော ရာသက်ပန် လမ်းခရီးတစ်ခုဖြစ်ကြောင်း ခံစားရကြလိမ့်မည်။...ဤဆိုရိုးစကားအား သင်တို့၏ လက်ရှိ သိနားလည်ခြင်းမှာ အဘယ်သို့ပင်ဖြစ်စေ သို့မဟုတ် ယင်းကို သင်တို့ မည်ကဲ့သို့ပင် သဘောထားသည်ဖြစ်စေ၊ သင်တို့အား ဤအရာကို ငါ ပြောဦးမည်- အကယ်၍ လူတို့သည် ဤဆိုရိုး၏ စကားလုံးများကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံနိုင်ကာ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်ခြင်း၏ စံနှုန်းကို ရရှိနိုင်ပါက သူတို့သည် အောင်မြင်စွာကျော်လွှားသူများ သေချာပေါက် ဖြစ်လာပြီး အဆုံးသတ်ကောင်းများ ရရှိရန် သေချာသည်။ သို့သော် အကယ်၍ သင်သည် ဤဆိုရိုးစကားက ဖော်ပြထားသော စံနှုန်းကို မပြည့်မီနိုင်ပါက၊ သင်၏အဆုံးသတ်မှာ မသေမချာ ဖြစ်သည်ဟု ဆိုနိုင်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ
ဘုရားသခင်၏ အမှုတော်၏ ခေတ်ကာလတိုင်း၌ သူသည် လူတို့အပေါ် နှုတ်ကပတ်တော်အချို့ကို ပေးအပ်ကာ သမ္မာတရားအချို့ကို သူတို့အား ပြောပြသည်။ ဤသမ္မာတရားများသည် လူတို့ လိုက်နာ စောင့်ထိန်းသင့်သည့် လမ်းခရီး၊ သူတို့ လိုက်လျှောက်ရမည့် လမ်းခရီး၊ သူတို့အား ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်စေနိုင်သော လမ်းခရီး၊ ထို့ပြင် လူတို့ လက်တွေ့လုပ်ဆောင်သင့်ပြီး ၎င်းတို့၏ အသက်တာများထဲနှင့် ၎င်းတို့၏ အသက်တာခရီးများ တစ်လျှောက်လုံးတွင် လိုက်နာစောင့်ထိန်းသင့်သော လမ်းခရီးအဖြစ် အသုံးတော်ခံသည်။ ဤအကြောင်းရင်းများကြောင့် ဘုရားသခင်သည် လူသားတို့အပေါ် ဤမိန့်မြွက်ချက်များကို ဖော်ပြခြင်း ဖြစ်သည်။ ဘုရားသခင်ထံမှလာသော ဤနှုတ်ကပတ်တော်များကို လူတို့ လိုက်နာစောင့်ထိန်းသင့်ပြီး ၎င်းတို့အား လိုက်နာစောင့်ထိန်းခြင်းမှာ အသက်ကို လက်ခံရယူခြင်းပင် ဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် ၎င်းတို့အား လိုက်နာစောင့်ထိန်းခြင်းမရှိ၊ ၎င်းတို့အား လက်တွေ့လုပ်ဆောင်ခြင်း မရှိသည့်အပြင် မိမိတို့၏ အသက်တာထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း အသက်ရှင်နေထိုင်ခြင်း မရှိပါက၊ ဤသူသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း မရှိပေ။ ထို့ပြင် လူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း မရှိပါက၊ သူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကိုရှောင်ခြင်း မရှိသည့်အပြင် ဘုရားသခင်ကို ကျေနပ်စေနိုင်မည် မဟုတ်ပေ။ ဘုရားသခင်ကို ကျေနပ်စေနိုင်ခြင်း မရှိသော လူတို့က သူ၏ချီးကျူးခြင်းကို ရရှိနိုင်မည် မဟုတ်သည့်အပြင် ဤကဲ့သို့သောလူတို့၌ အဆုံးသတ် မရှိပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ
လူသားအထဲ၌ ဘုရားသခင် ပြုသမျှသည် သူ၏စီမံခန့်ခွဲမှုနှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းနှင့် သက်ဆိုင်သည့်အတွက်၊ ဘုရားသခင် ပြုသော အရာရာတိုင်းသည် လိုအပ်ပြီး ထူးခြားသော အရေးပါမှု ပိုင်ဆိုင်ပေသည်။ ပင်ကိုအားဖြင့် ဘုရားသခင်၏အမြင်တွင် ယောဘသည် စုံလင်ကာ ဖြောင့်မတ်သော်လည်း၊ ယောဘ၌ ဘုရားသခင်ပြုခဲ့သော အမှုသည် ကွဲပြားခြင်း မရှိပေ။ တစ်နည်းအားဖြင့် ဘုရားသခင် မည်သည့်အရာ ပြုသည် သို့မဟုတ် သူ ပြုသည့် နည်းလမ်းကို ပဓာနမထားဘဲ၊ အဖိုးအခကို ပဓာနမထားဘဲ၊ သို့မဟုတ် သူ၏ ရည်မှန်းချက်ကို ပဓာနမထားဘဲ၊ သူ၏ လုပ်ဆောင်ချက်များ၏ ရည်ရွယ်ချက်မှာ မပြောင်းလဲပေ။ သူ၏ ရည်ရွယ်ချက်မှာ လူသားထဲသို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များ အပြင်၊ လူသားအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ဘုရားသခင်၏ရည်ရွယ်ချက်တို့ကို လုပ်ဆောင်ရန် ဖြစ်သည်။ တစ်နည်းအားဖြင့် ယင်းမှာ ဘုရားသခင်၏ စိတ်နှလုံးကို လူသားအား နားလည်စေရင်းနှင့် ဘုရားသခင်၏ အနှစ်သာရကို သဘောပေါက်စေရင်း၊ ပြီးလျှင် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို လူသားအား ကျိုးနွံနာခံစေရင်း၊ ထိုသို့ဖြင့် လူသားအား ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုရှောင်ကြဉ်ခြင်းအား ရရှိခွင့်ပေးရင်း၊ ဘုရားသခင်သည် အပြုသဘောဆောင်သည်ဟု သူယုံကြည်သော အရာခပ်သိမ်းကို သူ၏ခြေလှမ်းများနှင့်အညီ လူသားထဲ၌ အမှုပြုရန် ဖြစ်သည်။ ထိုအရာအားလုံးမှာ ဘုရားသခင်ပြုသမျှအားလုံးထဲက သူ၏ရည်ရွယ်ချက်၏ ကဏ္ဍတစ်ခုဖြစ်သည်။ အခြားသောကဏ္ဍမှာ စာတန်သည် ဘုရားသခင်၏ အမှုတွင် အဖြည့်ခံနှင့် အသုံးတော်ခံ ဖြစ်သောကြောင့်၊ လူသားသည် စာတန်ထံ မကြာခဏပေးအပ်ခံရခြင်း ဖြစ်သည်။ ဤသည်မှာ လူတို့အား စာတန်၏ စုံစမ်းနှောင့်ယှက်မှုများကို မြင်ခွင့်ပေးရန်နှင့် စာတန်၏ ဆိုးယုတ်မှု၊ အကျည်းတန်မှုနှင့် စက်ဆုပ်ဖွယ်ကောင်းမှုတို့ကို တိုက်ခိုက်ခွင့်ပေးရန် ဘုရားသခင် အသုံးပြုသော နည်းလမ်းဖြစ်သည်၊ ထိုသို့ဖြင့် လူတို့အား စာတန်ကို မုန်းတီးစေပြီး အပျက်သဘောဆောင်သောအရာကို သိရှိကာ အသိအမှတ်ပြုစေလေသည်။ ဤနည်းစနစ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်အပေါ် ၎င်းတို့၏ အသိ၊ ဘုရားသခင်အပေါ် ၎င်းတို့၏ကျိုးနွံနာခံမှု၊ ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်ခြင်းနှင့် သူ့ကို ကြောက်ရွံ့ခြင်းတို့ကြောင့် စာတန်၏ တိုက်ခိုက်မှုများနှင့် စွပ်စွဲမှုများအပေါ် အောင်မြင်သည်အထိ၎င်းတို့အား စာတန်၏ ထိန်းချုပ်မှုနှင့် စွပ်စွဲမှုများ၊ နှောင့်ယှက်မှုနှင့် တိုက်ခိုက်မှုတို့မှ မိမိကိုယ်ကိုယ် တဖြည်းဖြည်း လွတ်မြောက်စေခွင့်ပေးလေသည်။ ထိုအခါမှသာ ၎င်းတို့သည် စာတန်၏ တန်ခိုးအောက်မှ လုံးလုံးလျားလျား ကယ်တင်ခြင်းကို ခံရလိမ့်မည် ဖြစ်သည်။ လူတို့၏ ကယ်တင်ခံရခြင်း ဆိုသည်မှာ စာတန်သည် ရှုံးနိမ့်ပြီးဖြစ်သည်ဟု ဆိုလိုသည်၊ ယင်းမှာ ၎င်းတို့သည် စာတန်၏ ပါးစပ်ထဲက အစာ မဟုတ်တော့။ စာတန်သည် ၎င်းတို့အား မျိုချရမည့်အစား ၎င်းတို့ကို စွန့်လွှတ်ပြီးဖြစ်သည်ဟု ဆိုလိုပေသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ထိုသို့သော လူများမှာ ဖြောင့်မတ်ကြသောကြောင့်၊ ၎င်းတို့သည် ယုံကြည်ခြင်း၊ ကျိုးနွံနာခံခြင်းနှင့် ဘုရားသခင်အပေါ် ကြောက်ရွံ့ခြင်းရှိကြသောကြောင့်ဖြစ်ပြီး ၎င်းတို့သည် စာတန်နှင့် လုံးလုံးလျားလျား အဆက်ပြတ်ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် စာတန်ကို အရှက်ရစေသည်၊ စာတန်အား သူရဲဘောကြောင်စေပြီး စာတန်ကို လုံးဝ အနိုင်ယူကြလေသည်။ ဘုရားသခင်နောက်သို့လိုက်ရာတွင် ၎င်းတို့၏ခံယူချက်၊ ပြီးလျှင် ဘုရားသခင်အား ကျိုးနွံနာခံခြင်းနှင့် ကြောက်ရွံ့ခြင်းတို့သည် စာတန်ကို ရှုံးနိမ့်စေပြီး စာတန်အား ၎င်းတို့ကို လုံးလုံးလျားလျား လက်လျှော့စေသည်။ ဤသို့သော လူများသာ ဘုရားသခင်၏ရယူခြင်းကို အမှန်တကယ်ခံရကြပြီးဖြစ်ကာ လူသားကို ကယ်တင်ရာ၌ ဘုရားသခင်၏ အဆုံးစွန်သော ရည်မှန်းချက်မှာ ဤအရာ ဖြစ်ပေသည်။ အကယ်၍ ၎င်းတို့သည် အကယ်တင်ခံရရန် ဆန္ဒရှိကြပြီး ဘုရားသခင်၏ လုံးဝ ရယူခြင်းကို ခံလိုပါက၊ ဘုရားသခင် နောက်လိုက်သောသူ အားလုံးသည် စာတန်ထံမှ စုံစမ်းနှောင့်ယှက်ခြင်းများနှင့် တိုက်ခိုက်မှုများကို အကြီး အသေးနှစ်ခုလုံး ရင်ဆိုင်ကြရမည်ဖြစ်သည်။ ဤစုံစမ်းနှောင့်ယှက်ခြင်းများနှင့် တိုက်ခိုက်မှုများမှ လွတ်မြောက်လာသော သူများနှင့် စာတန်ကို အပြည့်အဝ ရှုံးနိမ့်စေနိုင်သောသူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရသောသူများ ဖြစ်ကြသည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ ကယ်တင်ခံရသော သူများသည် ဘုရားသခင်၏ စမ်းသပ်မှုများကို ကြုံရပြီးသောသူများနှင့် စာတန်၏ စုံစမ်းနှောင့်ယှက်မှုနှင့် တိုက်ခိုက်ခြင်းကို အကြိမ်အရေအတွက် ပြောမပြနိုင်အောင် များစွာခံခဲ့ပြီးသောသူများ ဖြစ်သည်။ ဘုရားသခင်၏ ကယ်တင်ခံရသောသူများသည် ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် သတ်မှတ်ချက်များကို နားလည်ပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံနိုင်သကဲ့သို့၊ ၎င်းတို့သည် စာတန်၏ စုံစမ်းနှောင့်ယှက်မှုများအလယ်တွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း လမ်းခရီးကို မစွန့်ပစ်ကြချေ။ ဘုရားသခင်၏ ကယ်တင်ခံရသော သူများသည် ရိုးသားမှုကို ပိုင်ဆိုင်ကြသည်၊ ၎င်းတို့သည် ကြင်နာစိတ်ရှိကြသည်၊ အချစ်နှင့် အမုန်းကြား ပိုင်းခြားသိမြင်ကြသည်၊ ၎င်းတို့သည် တရားသော အသိစိတ်တစ်ခုရှိပြီး ဆင်ခြင်တုံတရား ရှိကြကာ ၎င်းတို့သည် ဘုရားသခင်ကို အလိုရှိကြပြီး ဘုရားသခင်နှင့် သက်ဆိုင်သည့် အရာခပ်သိမ်းကို တန်ဖိုးထားတတ်ကြသည်။ ထိုသို့သော လူများသည် စာတန်အားဖြင့် ချုပ်နှောင်မခံရပေ၊ စောင့်ကြည့်မခံရပေ၊ စွပ်စွဲမခံရ သို့မဟုတ် နှိပ်စက်မခံရပေ။ ၎င်းတို့သည် လုံးဝ လွတ်လပ်ကြသည်၊ လုံးဝ ချုပ်ချယ်မှုကင်းပြီး လွတ်မြောက်ကြသည်။ ယောဘသည် ထိုသို့သော လွတ်မြောက်ခြင်း ရှိသည့် လူသားတစ်ဦးသာဖြစ်ပြီး ဤသည်မှာ ဘုရားသည် အဘယ်ကြောင့် သူ့အား စာတန်လက်သို့ လွှဲအပ်ခဲ့ပြီးဖြစ်သည့် အကြောင်းရင်း၏ အဓိပ္ပာယ်အတိအကျဖြစ်ပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)
ဘုရားသခင်သည် တစ်စုံတစ်ဦး၏ စိတ်နှလုံးကို ရလိုသည့်အခါ၊ သူသည် ထိုသူအား စမ်းသပ်မှုအတော်များများကို ခံစားစေလိမ့်မည်။ ဤစမ်းသပ်မှုများ အတွင်း အကယ်၍ ဘုရားသခင်သည် ထိုသူ၏ စိတ်နှလုံးကိုမရ သို့မဟုတ် ထိုသူ၌ သဘောထား တစ်စုံတစ်ရာရှိကြောင်း မမြင်သည့်အခါ၊ တစ်နည်းအားဖြင့်ဆိုသော် ဤလူသည် ဘုရားသခင်ကို ကြောက်ရွံ့သောပုံစံဖြင့် လက်တွေ့ကျင့်သုံးကြောင်း သို့မဟုတ် ပြုမူကြောင်း သူ မမြင်ရသည့်အခါ၊ ပြီးလျှင် ဤလူထံ၌ မကောင်းမှုကို ရှောင်ရှားသည့် သဘောထားနှင့် စိတ်ဆုံးဖြတ်ချက်ကိုလည်း မမြင်ရသည့်အခါ၊ စမ်းသပ်မှု အတော်များများ အပြီးတွင် ထိုသူအပေါ် ဘုရားသခင်၏ စိတ်ရှည်ခြင်းကို ရုပ်သိမ်းမည်ဖြစ်ပြီး ဤလူကို သူ နောက်ထပ်သည်းခံတော့မည် မဟုတ်ပေ။ သူသည် ဤလူအား ဆက်၍စစ်ကြောတော့မည် မဟုတ်သည့်အပြင်၊ သူသည် သူ့အပေါ် အမှုပြုတော့မည် မဟုတ်ပေ။ ထိုသို့ဆိုလျှင် ဤလူ၏ အဆုံးသတ်အတွက် ယင်းက အဘယ်အရာကို ညွှန်ပြသနည်း။ ၎င်းတို့၌ အဆုံးသတ် မရှိဟု ဆိုလိုခြင်းဖြစ်သည်။ ဤလူသည် မကောင်းမှု ပြုဖူးကောင်းပြုဖူးမည် မဟုတ်ပါ။ ၎င်းတို့သည် မည်သည့်အရာမျှ ဖျက်လိုဖျက်ဆီး မလုပ်ဖူးသည့်အပြင် အနှောင့်အယှက်လည်း မဖြစ်ပေါ် စေခဲ့ဖူးလောက်ပေ။ ၎င်းတို့သည် ဘုရားသခင်အား ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ခြင်း မပြုဖူးလောက်ပါပေ။ သို့သော်လည်း ဤလူ၏စိတ်နှလုံးသည် ဘုရားသခင်ထံမှ ဆက်လက် ဖုံးကွယ်ထားလေသည်။ ၎င်းတို့ထံ၌ ဘုရားသခင်အပေါ် ရှင်းလင်းသော သဘောထားနှင့် အမြင် မည်သည့်အခါမျှ မရှိခဲ့ပေ၊ ထို့ပြင် ၎င်းတို့၏ စိတ်နှလုံးကို သူ့အား ပေးပြီးခဲ့ကြောင်း သို့မဟုတ် ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်ရန် ကြိုးပမ်းနေကြောင်းကို သူ ရှင်းလင်းစွာ မမြင်ရပေ။ ဘုရားသခင်သည် ဤကဲ့သို့သော လူများအပေါ် စိတ်ရှည်ခြင်း ကုန်ဆုံးပြီး၊ သူတို့အတွက် မည်သည့်အဖိုးအခပေးခြင်း၊ သူတို့အား မည်သည့် သနားခြင်းကရုဏာကိုမျှ တိုးပေးခြင်း သို့မဟုတ် ၎င်းတို့အပေါ် အမှုပြုခြင်း နောက်ထပ် ပြုတော့မည်မဟုတ်ပေ။ ဘုရားသခင်အပေါ် ဤကဲ့သို့သောလူ၏ ယုံကြည်ခြင်း အသက်တာမှာ အဆုံးသတ်နှင့်ပြီးဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သူတို့အား ဘုရားသခင်ပေးပြီးသည့် များစွာသော စမ်းသပ်မှုများ အားလုံး၌ ဘုရားသခင်သည် သူ အလိုရှိသော ရလဒ်ကို မရသေးခြင်းကြောင့် ဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့အထဲ၌ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပြခြင်းနှင့် အလင်းပေးခြင်းကို ငါ တစ်ခါမျှ မမြင်ခဲ့ဖူးသော လူတစ်စုရှိ၏။ ဤအရာကို အဘယ်သို့ မြင်ရနိုင်မည်နည်း။ ဤလူတို့သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီးသားဖြစ်ကောင်းဖြစ်နိုင်ပြီး အပေါ်ယံတွင် ၎င်းတို့သည် အားကြိုးမာန်တက် ပြုမူခဲ့ကြပြီးဖြစ်သည်။ ၎င်းတို့သည် စာအုပ်များစွာကို ဖတ်ရှုခဲ့ပြီးကာ၊ အရေးကိစ္စများစွာကို ကိုင်တွယ်ခဲ့ကြပြီး မှတ်စုစာအုပ် ၁၂ အုပ်ခန့်ကို ရေးမှတ်ခဲ့ကြပြီးသကဲ့သို့ ဝေါဟာရများနှင့် သြဝါဒများ မြောက်မြားစွာကို ကျွမ်းကျင်ပိုင်နိုင်ခဲ့ကြပြီဖြစ်သည်။ သို့သော်လည်း သူတို့၌ သိသာထင်ရှားသော မည်သည့်ကြီးထွားမှုမျှ လုံးဝမရှိ၊ ဘုရားသခင်အပေါ် သူတို့၏ရှုထောင့်များမှာ သိသာထင်ရှားမှု မရှိသေးသည့်အပြင် သူတို့၏ သဘောထားများမှာ ရှင်းလင်းမှု မရှိသေးပေ။ တစ်နည်းအားဖြင့် သူတို့၏ စိတ်နှလုံးကို မမြင်ရနိုင်ပေ။ ၎င်းတို့၏ စိတ်နှလုံးမှာ အမြဲလုံးထွေးနေပြီး ၎င်းတို့မှာ ဘုရားသခင်ထံမှ ပိတ်ဆို့ထားကြသည်- အကျိုးဆက်မှာ သူသည် သူတို့၌စစ်မှန်သော စိတ်နှလုံးကို မမြင်ဖူးခဲ့ရ၊ ဘုရားသခင်သည် ဤလူတို့အထဲ၌ သူ့အား စစ်မှန်သော ကြောက်ရွံ့ခြင်းကို မမြင်ဖူးခဲ့ရသည့်အပြင်၊ ထိုမျှမက ဤလူတို့သည် ဘုရားသခင်၏ လမ်းခရီးကို မည်ကဲ့သို့ လိုက်လျှောက်ကြောင်းကို သူ မမြင်ခဲ့ဖူးပါပေ။ အကယ်၍ ယခုတိုင်အောင် ဘုရားသခင်သည် ဤသို့သော လူတို့ကို မရယူရသေးပါက၊ အနာဂတ်တွင် ၎င်းတို့ကို သူ ရယူနိုင်မည်လော။ မရယူနိုင်ပါပေ။ ဘုရားသခင်သည် မရယူနိုင်သော အရာများအတွက် ဆက်၍ ကြိုးစားပမ်းစား တောင်းဆိုလိမ့်မည်လော။ တောင်းဆိုလိမ့်မည်မဟုတ်။ ထိုအခါ ဤသို့သော လူများအပေါ် ဘုရားသခင်၏ လက်ရှိသဘောထားမှာ အဘယ်နည်း။ (သူသည် ၎င်းတို့အား ပစ်ပယ်ပြီး၊ မသိကျိုးကျွန်ပြုသည်။) သူသည် ၎င်းတို့ကို မသိကျိုးကျွန်ပြုသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ
ဘုရားသခင်၏ ဖြစ်တည်ခြင်းနှင့် သူ၏ စိတ်သဘောထားတို့သည် အဖန်ဆင်းခံ တစ်ဦးနှင့် မတူသကဲ့သို့ အဖန်ဆင်းခံတစ်ဦး အထက်တွင် ရှိသောကြောင့်၊ ဘုရားသခင်ဆိုသည်မှာ ကြောက်ရွံ့ခံရရန်နှင့် ကျိုးနွံနာခံခြင်း ခံရရန် ဖြစ်သည်။ ဘုရားသခင်သည် မိမိဘာသာတည်ရှိကာ ထာဝရဖြစ်သည်၊ သူသည် ဖန်ဆင်းခံတစ်ဦးမဟုတ်သကဲ့သို့၊ ဘုရားသခင်တစ်ပါးတည်းသာ ကြောက်ရွံ့မှုနှင့် ကျိုးနွံနာခံမှုတို့ဖြင့် ထိုက်တန်ပေသည်။ လူသည် ဤအရာအတွက် အရည်အချင်းမပြည့်မီပေ။ ထို့ကြောင့်၊ ဘုရားသခင်၏ အမှုကို တွေ့ကြုံပြီးဖြစ်ကာ သူ့ကို အမှန်တကယ် သိသောသူ အားလုံးသည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ဖြစ်ပေါ်ကြရလေသည်။ သို့ရာတွင်၊ ဘုရားသခင်နှင့်ပတ်သက်သည့် ၎င်းတို့၏ အယူအဆများကို လက်မလွှတ်သော သူများသည်၊ သူ့ကို ဘုရားသခင်ဟု သက်သက် မယူမှတ်သောသူများသည် သူ့ကို ကြောက်ရွံ့သော စိတ်နှလုံး ကင်းမဲ့ကြသလို ၎င်းတို့သည် သူ့နောက်သို့ လိုက်ကြသော်လည်း၊ သိမ်းပိုက်ခြင်း မခံကြရပေ။ ၎င်းတို့သည် သဘာဝအားဖြင့် ပုန်ကန်သော လူများ ဖြစ်သည်။ ထိုသို့အမှုပြုခြင်းဖြင့် ဘုရားသခင် ရရှိဖို့ ရည်ရွယ်သည့်အရာမှာ ဖန်ဆင်းခံ သတ္တဝါများအားလုံးအနေဖြင့် ဖန်ဆင်းရှင်အတွက် ကြောက်ရွံ့သော စိတ်နှလုံးများ ရှိကြရန်၊ သူ့ကို ကိုးကွယ်ရန်နှင့် သူ၏အုပ်စိုးမှုကို ခြွင်းချက်မရှိ အရှုံးပေးအပ်နှံရန်အတွက် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အမှုအားလုံးက ရရှိဖို့ ရည်ရွယ်သော နောက်ဆုံးရလဒ်များ ဖြစ်သည်။ ထိုသို့သောအမှုကို တွေ့ကြုံပြီးဖြစ်သော လူတို့သည် အနည်းငယ်မျှပင် ဘုရားသခင်အတွက် ကြောက်ရွံ့သော စိတ်နှလုံး မရှိပါက၊ ပြီးလျှင် ၎င်းတို့၏အတိတ်က ပုန်ကန်မှုသည် ပြောင်းလဲခြင်း လုံးဝမရှိပါက၊ ၎င်းတို့ ဖယ်ရှားရှင်းလင်းခံကြရဖို့ သေချာပေသည်။ ဘုရားသခင်အပေါ် လူတစ်ဦး၏ သဘောထားသည် အဝေးမှ သူ့ကို လေးစားဖို့ သို့မဟုတ် ရိုသေမှုကို ပြသရန်သာဖြစ်ပြီး၊ နည်းနည်းကလေးမျှ သူ့ကို ချစ်ရန်မဟုတ်ပါက၊ ဤသည်မှာ ဘုရားသခင်ကိုချစ်သော စိတ်နှလုံး မရှိသောလူတစ်ဦး ဆိုက်ရောက်သည့် အကျိုးဆက်ဖြစ်ပြီး ထိုလူသည် စုံလင်စေခြင်းခံရဖို့ သတ်မှတ်ချက်များ ကင်းမဲ့ပေသည်။ အကယ်၍ များစွာသော အမှုတို့သည် လူတစ်ဦး၏ စစ်မှန်သော ချစ်ခြင်းမေတ္တာကို မရရှိနိုင်ပါက၊ ထိုလူသည် ဘုရားသခင်ကို မရရှိသေးသကဲ့သို့၊ သမ္မာတရားကို စစ်မှန်စွာ လိုက်လျှောက်ခြင်းမရှိပေ။ ဘုရားသခင်ကို မချစ်သော လူတစ်ဦးသည် သမ္မာတရားကို မချစ်ပေ၊ သို့ဖြစ်ရာ သူသည် ဘုရားသခင်၏ လက်ခံမှုကို ရရှိရန်မဆိုထားနှင့်၊ ဘုရားသခင်ကို မရရှိနိုင်ပေ။ ထိုသို့သောလူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏လုပ်ဆောင်ချက်ကို မည်သို့ တွေ့ကြုံသည်ဖြစ်စေ၊ တရားစီရင်မှုကို ၎င်းတို့ မည်သို့တွေ့ကြုံသည်ဖြစ်စေ၊ ၎င်းတို့ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး မထားရှိနိုင်ကြပေ။ ဤသည်တို့မှာ မိမိတို့၏ သဘာဝအရ မပြောင်းလဲနိုင်သည့် လူများနှင့် အလွန့်အလွန် မသတီစရာ စိတ်သဘောထားများ ရှိကြသူများ ဖြစ်သည်။ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး မရှိသူများအားလုံးသည် ဖယ်ရှားရှင်းလင်းခြင်း ခံကြရမည်ဖြစ်သည်။ အပြစ်ပေးခြင်း ခံရမည့်သူများဖြစ်မည်ဖြစ်ပြီး မတရားသောအရာများကို ပြုသောသူတို့ထက် ဆင်းရဲဒုက္ခခံစားဖို့၊ မကောင်းမှုပြုသူများကဲ့သို့ အပြစ်ပေးခံရမည် ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်
အကယ်၍ လူများသည် ဘုရားသခင်ကို ယုံကြည်ခြင်းတွင် ဘုရားသခင်ကို ကျိုးနွံနာခံသော စိတ်နှလုံး မရှိပါက၊ ဘုရားသခင်ကို နာခံသော စိတ်နှလုံး မရှိပါက၊ ၎င်းတို့သည် ဘုရားသခင်အတွက် မည်သည့် အလုပ်ကိုမျှ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ရုံသာမက၊ ဆန့်ကျင်ဘက်အနေနှင့် ဘုရားသခင်၏ အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး ဘုရားသခင်ကို အတိုက်အခံလုပ်သောသူ ဖြစ်သွားမည် ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သော်လည်း သူ့ကို ကျိုးနွံနာခံခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်း ရှိရမည့်အစား သူ့ကို ခုခံခြင်းသည် ယုံကြည်သူ တစ်ယောက်အတွက် အကြီးအကျယ်ဆုံး အရှက်ရဖွယ် ဖြစ်သည်။ အကယ်၍ ယုံကြည်သူများသည် မိမိတို့၏ အပြောအဆိုနှင့် အပြုအမူတို့၌ ဘာသာတရားမရှိသူများကဲ့သို့ပင် လေးနက်မှုမရှိဘဲ၊ ထိန်းမနိုင်သိမ်းမနိုင်ဖြစ်ပါက၊ ၎င်းတို့သည် ဘာသာတရားမရှိသူများထက်ပင် ပို၍ ကောက်ကျစ်ဆိုးယုတ်ကြ၏။ ၎င်းတို့သည် သမားရိုးကျ နတ်ဆိုးများ ဖြစ်ကြလေသည်။ မိမိတို့၏ အဆိပ်ရှိ၍ မလိုမုန်းထားရှိသော အပြောအဆိုများကို အသင်းတော်အတွင်း ဖွင့်ပြောတတ်သူများ၊ ညီအစ်ကိုမောင်နှမများကြား ကောလာဟလများ ဖြန့်ကာ၊ စိတ်သဘော မတိုက်ဆိုင်ခြင်းကို ဆွပေးသောသူများနှင့် အုပ်စုများဖွဲ့သော သူတို့သည် အသင်းတော်မှ နှင်ထုတ်ခြင်း ခံခဲ့ရသင့်သည်။ သို့သော် ယခုသည် ဘုရားသခင်အမှု၏ ခြားနားသော ခေတ်ကာလဖြစ်သောကြောင့်၊ ၎င်းတို့သည် သေချာပေါက် ဖယ်ရှားရှင်းလင်းခြင်းခံရမည့်သူများ ဖြစ်သည့်အတွက် ဤလူများသည် ထိန်းချုပ်ခြင်း ခံရပေသည်။ စာတန်၏ ဖျက်ဆီးခြင်း ခံထားရသော လူအားလုံး၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည်။ အချို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသာရှိသော်လည်း၊ အခြားသူများ၌မူ ထိုကဲ့သို့ မဟုတ်ကြပေ။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားများ ရှိကြသည်သာမက သူတို့၏ သဘာဝသည်လည်း အလွန်အမင်း မလိုမုန်းထားတတ်ကြသည်။ ၎င်းတို့၏ အပြောအဆိုနှင့် အပြုအမူများက ၎င်းတို့၏ ဖောက်ပြန်ပျက်စီးကာ ဆိုးယုတ်သော စိတ်သဘောထားများကို ဖော်ပြသည်သာမက ဤလူများသည် နတ်ဆိုးများနှင့် စာတန်များ စစ်စစ်လည်း ဖြစ်သည်။ သူတို့၏အပြုအမူသည် ဘုရားသခင်၏အလုပ်ကို ကြားဖြတ်ပြီး နှောင့်ယှက်သည်၊ ညီအစ်ကို မောင်နှမများ၏ အသက်ဝင်ရောက်မှုကို နှောင့်ယှက်ပြီး၊ အသင်းတော်၏ သာမန်အသက်တာကို ဖျက်ဆီးသည်။ သိုးရေခြုံထားသည့် ဤဝံပုလွေများသည် အနှေးနှင့်အမြန် ဖယ်ရှားခံရမည်ဖြစ်သည်။ စာတန်၏ ဤအစေခံများအပေါ် မညှာတာသည့် သဘောထား၊ ငြင်းပယ်သည့် သဘောထားကို ထားရှိရမည်။ ဤသည်သာ ဘုရားသခင်ဘက်၌ ရပ်တည်ခြင်းဖြစ်ပြီး ထိုသို့လုပ်ရန် ပျက်ကွက်သော သူများသည် စာတန်နှင့် ဒုစရိုက်နွံထဲတွင် မွေ့လျော်နေသူများ ဖြစ်သည်။ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်သော သူများ၏ စိတ်နှလုံးထဲတွင် ကိုယ်တော်အမြဲရှိနေပြီး ထိုသူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးနှင့် ဘုရားသခင်ကိုချစ်သော စိတ်နှလုံးကို ၎င်းတို့အတွင်း၌ အစဉ်အမြဲ သယ်ဆောင်ထားကြသည်။ ဘုရားသခင်ကို ယုံကြည်သော သူများသည် အမှုအရာများကို သတိနှင့် နှိုင်းနှိုင်းချိန်ချိန် လုပ်သင့်ပြီး၊ သူတို့လုပ်သမျှ အရာအားလုံးသည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ဖြစ်သင့်ကာ ဘုရားသခင်၏ နှလုံးသားကို ကျေနပ်စေနိုင်ရမည်။ ထိုသူတို့သည် မိမိတို့ သဘောရှိ လုပ်ဆောင်လျက် ခေါင်းမမာသင့်ပေ။ ထိုသို့ပြုခြင်းမှာ သန့်ရှင်းသူများ၏ ကျင့်ဝတ်နှင့် မအပ်စပ်ပေ။ လူများသည် အရပ်တကာတွင် ဘုရား၏ အောင်လံလွှင့်ထူလျက် ကြွားလုံးထုတ်ပြီး၊ လှည့်စားရင်းနေရာတကာ အထိန်းအကွပ်မဲ့၍မရပေ၊ ထိုသို့ပြုခြင်းသည် ပုန်ကန်မှုအပြုဆုံးသော အမူအကျင့်ဖြစ်သည်။ မိသားစုများ၌ ၎င်းတို့၏ စည်းကမ်းများရှိသလို နိုင်ငံများ၌လည်း ဥပဒေများရှိသည်- ဘုရားသခင်၏ အိမ်တော်တွင် သာ၍ပင် ရှိသည် မဟုတ်လော။ ပို၍ပင် တင်းကျပ်သော စံနှုန်းများရှိသည်မဟုတ်လော။ စီမံခန့်ခွဲမှုဆိုင်ရာ အမိန့်များပို၍ပင်ရှိသည်မဟုတ်လော။ လူများသည် မိမိတို့အလိုရှိသော အရာကို လွတ်လပ်စွာ လုပ်နိုင်သည်၊ သို့သော် ဘုရားသခင်၏ စီမံခန့်ခွဲမှုအမိန့်များကို သဘောရှိ ပြောင်းလဲ၍ မရနိုင်ပေ။ ဘုရားသခင်သည် လူများ၏ စော်ကားမှုကို သည်းမခံသော ဘုရားဖြစ်သည်။ သူသည် လူများကို သေစေသော ဘုရားဖြစ်သည်။ ဤအရာကို လူများက အကယ်ပင် မသိသေးဘူးလော။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်
သင် ကယ်တင်ခံရနိုင်ခြင်း ရှိမရှိဆိုသည်မှာ သင် မည်မျှဝါရင့်သည် သို့မဟုတ် နှစ်ပေါင်းမည်မျှ သင် အလုပ်လုပ်နေခဲ့ပြီး ဖြစ်သည်ဆိုသည့်အပေါ် မူတည်ခြင်းမရှိပေ၊ သင့်တော်သော အရည်အချင်းများကို တစ်ဆင့်ပြီးတစ်ဆင့် သင် မည်မျှတည်ဆောက်ပြီးပြီဆိုသည့်အပေါ် သာ၍ပင် မူတည်ခြင်းမရှိပေ။ ယင်းထက်၊ ထိုအရာသည် သင်၏လိုက်စားခြင်းက အသီးသီးခြင်း ရှိမရှိ ဆိုသည့်အပေါ် မူတည်လေသည်။ ကယ်တင်ခံရသူတို့သည် အသီးသီးသည့် “သစ်ပင်များ” ဖြစ်ပြီး၊ စိမ်းလန်းစိုပြေသော သစ်ရွက်များ၊ အလျှံပယ်သော ပန်းပွင့်များနှင့် ဖြစ်သော်လည်း မသီးပွင့်သည့် သစ်ပင်များ မဟုတ်သည်ကို သင် သိသင့်သည်။ လမ်းများတွင် နှစ်များစွာ လှည့်လည်သွားလာရင်း သင် အချိန်ကုန်ဆုံးပြီးဖြစ်လျှင်ပင်၊ ယင်းက မည်သည့်အရေးနည်း။ သင်၏ သက်သေခံချက်မှာ အဘယ်မှာနည်း။ သင်သည် သင့်ကိုယ်သင်နှင့် သင်၏ ရမ္မက်ကြီးသော လိုအင်ဆန္ဒများကို ချစ်သော စိတ်နှလုံး ရှိခြင်းနှင့်စာလျှင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ရှိခြင်းက များစွာ သာ၍နည်းပါလေသည်။ ဘုရားသခင်အပေါ် သင်၏ ကြည်ညိုခြင်းသည် သင့်ကိုယ်သင် ချစ်ခြင်းနှင့် သင်၏ ရမ္မက်ကြီးသော ဆန္ဒများထက် များစွာ လျော့လေသည်- ဤကဲ့သို့သော လူမျိုးသည် အကျင့်ပျက်သော သူတစ်ဦး ဖြစ်သည်မဟုတ်လော။ ၎င်းတို့သည် ကယ်တင်ခြင်းအတွက် အဘယ်သို့ နမူနာနှင့် စံပုံစံ ဖြစ်နိုင်မည်နည်း။ သင်၏ သဘာဝဗီဇသည် ပြုပြင်မရ၊ သင်သည် အလွန်ပုန်ကန်လွန်းလှပြီး၊ သင့်ကို ကယ်တင်၍ ရနိုင်မည် မဟုတ်ပေ။ ထိုသို့သော လူတို့သည် ဖယ်ရှားရှင်းလင်းခံရမည့်သူများ ဖြစ်ကြသည် မဟုတ်လော။ ငါ၏ အမှုပြီးစီးသည့် အချိန်သည် သင်၏ နောက်ဆုံးနေ့ရက် ရောက်ရှိသည့်အချိန် ဖြစ်သည် မဟုတ်လော။ ငါသည် သင်တို့ကြားတွင် အလွန်များလှစွာသော အမှုများကို ပြုပြီးဖြစ်ကာ အလွန်များလှစွာသော နှုတ်ကပတ်တော်များကို ပြောဆိုပြီးလေပြီ- ထိုအရာထဲမှ သင်တို့ အမှန်တကယ် မည်မျှနားဝင်ခဲ့သနည်း။ သင်တို့ မည်မျှ ကျိုးနွံနာခံဖူးပါသနည်း။ ငါ၏ အမှုအဆုံးသတ်သည့်အခါ၊ ယင်းသည် သင်ငါ့ကို ဆန့်ကျင်ခြင်း ရပ်သည့်အချိန်၊ ငါ့ကို ဆန့်ကျင်ရပ်တည်ခြင်းအား သင် ရပ်တန့်သည့်အချိန် ဖြစ်လိမ့်မည်။ ငါ အမှုပြုစဉ်၊ သင်တို့သည် စဉ်ဆက်မပြတ် ငါ့ကို ဆန့်ကျင်ပြုမူ၏။ ငါ၏ နှုတ်ကပတ်တော်များကို သင်တို့ ဘယ်သောအခါမျှ မလိုက်နာကြ။ ငါ၏ အမှုကို ငါလုပ်ဆောင်ပြီး သင်သည် သင်၏ ကိုယ်ပိုင်နိုင်ငံငယ်ကို ဖန်တီးရင်း သင်၏ ကိုယ်ပိုင် “အလုပ်” ကို လုပ်သည်။ သင်တို့သည် ငါ့ကို အရာရာတွင် ငါ့ကို ဆန့်ကျင်နေသည့် မြေခွေးများနှင့် ခွေးများ တစ်အုပ်သာဖြစ်သည်။ ၎င်းတို့၏ မဆုတ်မနစ်သော ချစ်ခြင်းမေတ္တာကို သင့်အား ပေးသောသူတို့ကို ထွေးပိုက်ရန် သင်တို့ စဉ်ဆက်မပြတ် ကြိုးစားနေကြ၏။ သင်တို့၏ ကြောက်ရွံ့မှုမှာ အဘယ်မှာနည်း။ သင်တို့ လုပ်သမျှတိုင်းသည် လှည့်ဖြားသော အရာဖြစ်သည်။ သင်တို့တွင် ကျိုးနွံနာခံခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်း မရှိသကဲ့သို့ သင်တို့ လုပ်သမျှတိုင်းသည် လှည့်ဖြားသောအရာနှင့် ပြစ်မှား စော်ကားသောအရာ ဖြစ်၏။ ထိုသို့သော လူတို့သည် ကယ်တင်ခံရ နိုင်သလော။ ကာမဂုဏ်အာရုံဆိုင်ရာ အကျင့်ပျက်ပြီး ကာမရာဂ စိတ်ပြင်းပြသော သူတို့သည် ၎င်းတို့၏ ကိုယ်ပိုင် ပျော်မွေ့ခြင်းအတွက် မြူဆွယ်တတ်သော မိန်းမပျက်တို့ကို မိမိတို့ထံ အစဉ်အမြဲ ဆွဲခေါ်လိုကြလေသည်။ ထိုသို့သော ကာမဂုဏ်အာရုံဆိုင်ရာ အကျင့်ပျက်သော မကောင်းဆိုးဝါးများကို ငါသည် လုံးဝ ကယ်တင် လိမ့်မည်မဟုတ်။ ညစ်ညူးသော မကောင်းဆိုးဝါးတို့၊ အသင်တို့ကို ငါ မုန်း၏၊ ပြီးလျှင် သင်၏ ကာမရာဂစိတ်ပြင်းပြမှုနှင့် မြူဆွယ်ခြင်းတို့သည် သင်တို့ကို ငရဲသို့ ထိုးဆင်းစေလတ္တံ့။ သင်တို့ကိုယ်သင်တို့ မည်သို့ ရှင်းပြမည်နည်း။ အသင် ညစ်ညူးသော မကောင်းဆိုးဝါးများနှင့် ဝိညာဉ်ဆိုးများတို့သည် ရွံ့ရှာဖွယ်ဖြစ်၏။ သင်တို့သည် စက်ဆုပ်ဖွယ် ဖြစ်၏။ ထိုသို့သော အမှိုက်သည် အဘယ်သို့ ကယ်တင်ခံရနိုင်မည်နည်း။ အပြစ်ထဲ၌ မိနေသည့် ၎င်းတို့သည် ကယ်တင်ခံရနိုင်သေးသလော။ ယနေ့၊ ဤသမ္မာတရား၊ ဤလမ်းခရီးနှင့် ဤအသက်တို့ကို သင်တို့ စိတ်မဝင်စားစေပေ။ ယင်းထက်၊ သင်တို့သည် အပြစ်နှင့်ပြည့်ဝခြင်း၊ ငွေ၊ ရပ်တည်ချက်၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်၊ ဇာတိပကတိ၏ ပျော်မွေ့ခြင်း၊ အမျိုးသားများ၏ ချောမောခန့်ညားခြင်းနှင့် အမျိုးသမီးတို့၏ ဆွဲဆောင်မှုတို့ကို စိတ်ဝင်စားကြ၏။ ငါ၏ နိုင်ငံတော်ထဲသို့ ဝင်ရောက်ဖို့ရန် သင်တို့ကို မည်သည့်အရာက အရည်အချင်းနှင့် ပြည့်မီစေသနည်း။ လူတို့ကြား သင်တို့၏ သိက္ခာကို မဆိုနှင့်ဦးတော့၊ သင်တို့၏ ပုံရိပ်သည် ဘုရားသခင်၏ ပုံရိပ်ထက်ပင် ကြီးမား၏၊ သင်တို့၏ အဆင့်အတန်းသည် ဘုရားသခင်၏ အဆင့်အတန်းထက်ပင် မြင့်မား၏- သင်တို့သည် လူတို့ကိုးကွယ်သည့် ရုပ်တုဆင်းတုများ ဖြစ်လာကြပေပြီ။ သင်သည် ကောင်းကင်တမန်မင်း ဖြစ်လာပြီ မဟုတ်လော။ ကယ်တင်ခြင်း အမှု အဆုံးသတ်ဖို့ နီးမည့်အချိန်လည်းဖြစ်သော လူတို့၏နိဂုံး ထုတ်ဖော်ပြခံရသည့် အချိန်တွင်၊ သင်တို့သည် ကယ်တင်မရသည့် အလောင်းကောင်များ ဖြစ်ကြလိမ့်မည်ဖြစ်ပြီး ဖယ်ရှားရှင်းလင်းခံရကြပေမည်။ ကယ်တင်ခြင်း အမှု ပြုသည့် အတောအတွင်းတွင်၊ ငါသည် လူအားလုံးအပေါ် ကြင်နာပြီး ကောင်းမြတ်၏။ အမှု အဆုံးသတ်သည့်အခါတွင်၊ လူအမျိုးအစား အမျိုးမျိုး၏ အကျိုးဆက်များ ထုတ်ဖော်ပြခံရလိမ့်မည် ဖြစ်ပြီး၊ ထိုအချိန်တွင် ငါသည် ကြင်နာကာ ကောင်းမြတ်တော့လိမ့်မည် မဟုတ်ပေ။ အကြောင်းမူကား ထိုအချိန်တွင် လူတို့၏ အကျိုးဆက်များသည် ထုတ်ဖော်ပြခံရပြီးဖြစ်သကဲ့သို့ တစ်ဦးစီသည် မိမိတို့၏အမျိုးအစားအလိုက် ခွဲခြားခံရပြီးဖြစ်ကာ နောက်ထပ် ကယ်တင်ခြင်းအမှု ပြုခြင်းက အသုံးဝင်လိမ့်မည် မဟုတ်သည့်အတွက် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကယ်တင်ခြင်းခေတ်သည် လွန်သွားပြီးဖြစ်ကာ၊ ထိုသို့လွန်သွားပြီးဖြစ်သဖြင့်၊ ၎င်းသည် ပြန်ရောက်လာလိမ့်မည် မဟုတ်သောကြောင့် ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၇)
ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ
ဘုရားသခင်ကို ကြောက်ရွံ့မှသာ မကောင်းသောအကျင့်ကို ရှောင်နိုင်၏
လူတို့သည် ဘုရားကိုကြောက်ရွံ့သော စိတ်နှလုံးဖြင့် ဘုရားကို ယုံကြည်သင့်၏ကျူး
အဘယ်သို့သောလူမျိုးသည် ကယ်တင်၍ မရနိုင်သနည်းကျူး