၁၂။ ဘုရားသခင်အား ဘောင်ခတ်ပြီး ဝေဖန်အကဲဖြတ်သည့် ပြဿနာကို ဖြေရှင်းနည်း
နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ
ဘုရားသခင်နှင့်လူသားကို တန်းတူပြောဆို၍မရပေ။ ဘုရားသခင်၏ အနှစ်သာရနှင့် ဘုရားသခင်၏အမှုသည် လူတို့အဖို့ ဉာဏ်မမီနိုင်ဆုံးသော အရာနှင့် သဘောပေါက်နားလည်နိုင်ခြင်း မရှိဆုံးသော အရာ ဖြစ်သည်။ အကယ်၍ ဘုရားသခင်သည် လူ့လောကတွင် သူ၏အမှုကို ကိုယ်တိုင်ကိုယ်ကျ မလုပ်ဆောင်သကဲ့သို့၊ သူ၏နှုတ်ကပတ်တော်တို့ကို မပြောဆိုပါက၊ လူသားသည် ဘုရားသခင်၏ရည်ရွယ်ချက်များကို မည်သည့်အခါတွင်မျှ နားလည်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်ကို ၎င်းတို့၏ ဘဝတစ်ခုလုံး ဆက်ကပ်အပ်နှံကြပြီးဖြစ်သည့် သူတို့ပင်လျှင် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိနိုင်မည် မဟုတ်ပေ။ ဘုရားသခင်၏ အကြံအစည်များသည် လူသား၏ စိတ်ကူးအကြံအစည်များထက် အမြဲမြင့်မားနေမည်ဖြစ်ကာ ဘုရားသခင်၏ ဉာဏ်ပညာသည် လူတို့၏ သဘောပေါက်နားလည်နိုင်စွမ်းကို ကျော်လွန်သောကြောင့်၊ လူသားသည် မည်မျှကောင်းစွာ လုပ်ဆောင်သည် ဖြစ်စေ၊ ဘုရားသခင်သည် အမှုမပြုပါက၊ အားလုံး အချည်းနှီး ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ဘုရားသခင်နှင့် ဘုရားသခင်၏အမှုကို “အပြည့်အဝ သိသည်” ဟု အခိုင်အမာဆိုသူများမှာ အသုံးမကျသည့် လူတစ်သိုက်ဖြစ်သည်ဟု ငါဆိုပေသည်။ ၎င်းတို့အားလုံးသည် ထောင်လွှားကာ မသိနားမလည်သူများဖြစ်သည်။ လူသားသည် ဘုရားသခင်၏ အမှုကို မသတ်မှတ်သင့်ပေ။ ထို့အပြင် လူသားတို့သည် ဘုရားသခင်၏ အမှုကို မသတ်မှတ်နိုင်ပေ။ ဘုရားသခင်၏ အမြင်တွင် လူသားသည် ပုရွက်ဆိတ် တစ်ကောင်ထက်ပင် တကယ်ကို ပို၍ သေးငယ်လေသည်။ သို့ဖြစ်လျှင် လူသားသည် ဘုရားသခင်၏ အမှုကို မည်သို့ နားလည် သဘောပေါက်နိုင်မည်နည်း။ “ဘုရားသခင်က ဤသို့မလုပ်ပါ၊ ဒါမှမဟုတ် ထိုသို့မလုပ်ပါ။” သို့မဟုတ် “ဘုရားသခင်သည် ဤကဲ့သို့ သို့မဟုတ် ထိုကဲ့သို့ ဖြစ်သည်။” ဟု လေကြောရှည်ရန် နှစ်သက်သူများ ၎င်းတို့သည် မာနထောင်လွှားစွာ စကားပြောနေကြသည် မဟုတ်လော။ ဇာတိပကတိနှင့် သက်ဆိုင်သော လူသားသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်သည်ကို ငါတို့အားလုံး သိသင့်သည်။ လူသားမျိုးနွယ်၏ တကယ့် သဘာဝမှာ ဘုရားသခင်ကို ဆန့်ကျင်ရန် ဖြစ်သည်။ လူသားမျိုးနွယ်သည် ဘုရားသခင်နှင့် တန်းတူ မဖြစ်နိုင်ပေ၊ လူသားမျိုးနွယ်သည် ဘုရားသခင်၏ အမှုကို အကြံပေးရန် မျှော်လင့်ဖို့ သာ၍ပင် မဖြစ်နိုင်ပေ။ လူသားကို ဘုရားသခင်က မည်သို့လမ်းပြသည် ဆိုသည့်အတွက်မူ၊ ဤသည်မှာ ဘုရားသခင်ကိုယ်တော်တိုင်၏ အလုပ် ဖြစ်ပေသည်။ လူသားသည် ဖုန်မှုန့်သာ ဖြစ်သည့်အတွက်၊ ဟိုဟိုသည်သည် အမြင် ဖွင့်ဟခြင်းမရှိဘဲ၊ ကျိုးနွံနာခံသင့်သည်မှာ သင့်တော်ပေသည်။ ဘုရားသခင်ကို ရှာဖွေရန်မှာ ငါတို့၏ ရည်ရွယ်ချက်ဖြစ်သည့်အတွက်၊ ဘုရားသခင်၏ အမှုအပေါ် ငါတို့၏ အယူအဆများကို ဘုရားသခင်၏ ဆင်ခြင်သုံးသပ်မှုအတွက် ထပ်မဆင့်သင့်ပေ၊ ဘုရားသခင်၏အမှုကို တမင်တကာ အားသွန်ခွန်စိုက် ဆန့်ကျင်ရန် ငါတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ငါတို့ အသုံးပြုဖို့ သာ၍ပင်မသင့်တော်ပေ။ ယင်းက ငါတို့ကို အန္တိခရစ်များ ဖြစ်စေမည် မဟုတ်လော။ ထိုသို့သောလူများသည် ဘုရားသခင်ကို မည်သို့ ယုံကြည်နိုင်မည်နည်း။ ဘုရားသခင်တစ်ပါးရှိသည်ဟု ငါတို့ယုံကြည်သည့် အတွက်၊ ပြီးလျှင် သူ့ကို စိတ်ကျေနပ်စေရန်နှင့် တွေ့မြင်ရန် ဆန္ဒရှိသည့်အတွက်၊ သမ္မာတရား၏ လမ်းခရီးကို ငါတို့ ရှာဖွေသင့်ပြီး ဘုရားသခင်နှင့် သဟဇာတဖြစ်ဖို့ နည်းလမ်း တစ်ခုကို ရှာဖွေသင့်ပေသည်။ ငါတို့သည် ဘုရားသခင်ကို ခေါင်းမာသည့် ဆန့်ကျင်မှုဖြင့် မရပ်တည်သင့်ပေ။ ထိုသို့သော လုပ်ရပ်များမှ မည်သည့်ကောင်းကျိုး ရလဒ်ဖြစ်ပေါ်နိုင်မည်နည်း။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား
များစွာသော လူတို့သည် ဘုရားသခင်၏ စုံလင်ကွဲပြားသော အမှုအမျိုးမျိုးကို မသိသောကြောင့်၊ ထို့အပြင် သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို တိုင်းတာရန် အသိပညာနှင့် အယူဝါဒ အနည်းငယ်သာ ပိုင်ဆိုင် သောကြောင့် ဘုရားသခင်ကို ဆန့်ကျင်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို ပိတ်ဆို့ဟန့်တားကြသည် မဟုတ်လော။ ထိုသို့သော လူများ၏ အတွေ့အကြုံများသည် အပေါ်ယံ ဖြစ်သော်လည်း၊ သဘာဝ၌ မာနထောင်လွှားကာ စိတ်အလိုလိုက်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို အထင်သေးခြင်းဖြင့် မှတ်ယူကြသည်၊ သန့်ရှင်းသောဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်ခြင်းများကို လျစ်လျူရှုကြသကဲ့သို့၊ ထို့အပြင် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို “အတည်ပြုရန်” ၎င်းတို့၏ အရေးမပါသည့် အိုဟောင်းသော အကြောင်းပြချက်များကို အသုံးပြုကြ၏။ ၎င်းတို့သည် ဟန်ဆောင်ခြင်းလည်း ပြုကာ ၎င်းတို့၏ ကိုယ်ပိုင် လေ့လာသင်ယူမှုနှင့် အသိပညာအပေါ် အပြည့်အဝ လက်ခံယုံကြည်ကြသကဲ့သို့၊ ၎င်းတို့ ကမ္ဘာ့အနှံ့ ခရီးသွားနိုင်သည်ဟု အခိုင်အမာ ယုံကြည်ကြလေသည်။ ထိုသို့သော လူများသည် သန့်ရှင်းသော ဝိညာဉ်တော်က ပစ်ပယ်သူများ မဟုတ်ပါလော၊ ၎င်းတို့ကို ခေတ်သစ်က ဖယ်ရှားရှင်းလင်းလိမ့်မည် မဟုတ်လော။ ဘုရားသခင်၏ ရှေ့မှောက်သို့ လာပြီး၊ သူ့ကို ပွင့်လင်းစွာ ဆန့်ကျင်သူများသည် ၎င်းတို့ မည်မျှ အလွန် ထက်မြက်သည်ကို ပြရန်မျှသာ ကြိုးစားနေသော မသိနားမလည်သကဲ့သို့ အသိအမြင်လိုသေးသော လူဆိုးများ မဟုတ်ပါလော။ နည်းပါးသော ကျမ်းစာ အသိပညာဖြင့်၊ ၎င်းတို့သည် ကမ္ဘာ့ “ပညာရေးလောက” ကို သောင်းကျန်းမွှေ့ယမ်းရန် ကြိုးစားကြ၏။ လူတို့ကို သင်ကြားရန် အပေါ်ယံ အယူဝါဒဖြင့် ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို ပြောင်းပြန်လှန်ရန် ကြိုးပမ်းကြသည့်အပြင်၊ ထိုအမှုကို ၎င်းတို့တွေးခေါ်မှု ဖြစ်စဉ်ကို ဗဟိုပြုစေရန် ကြိုးစားကြ၏။ ၎င်းတို့သည် ရေရှည် မကြည့်တတ်ကြသည့်အတွက်၊ ဘုရားသခင်၏အနှစ်ခြောက်ထောင် အမှုကို အကြည့်တစ်ချက်ဖြင့် ရှုမြင်ရန် ကြိုးစားကြ၏။ ဤလူတို့သည် ပြောလောက်စရာ အသိစိတ် တစ်ခုတစ်လေမျှ မရှိကြပါတကား။ အမှန်တွင် လူတို့၏ ဘုရားသခင် အကြောင်း အသိပညာ သာ၍ များလေ၊ သူ၏အမှုကို ဝေဖန်ရန် နှေးလေလေဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် ယနေ့ခေတ်တွင် ဘုရားသခင်၏ အမှုနှင့်သက်ဆိုင်သည့် ၎င်းတို့၏ အသိပညာ အနည်းငယ်ကိုသာ ပြောဆိုကြသော်လည်း၊ ၎င်းတို့၏ ဝေဖန်မှုများတွင် အလျင်လိုခြင်း မရှိကြပေ။ လူတို့သည် ဘုရားသခင်အပေါ် သိကျွမ်းမှု နည်းလေလေ၊ ၎င်းတို့သည် သာ၍ မာနထောင်လွှားကာ မိမိကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲလေလေ ဖြစ်ပြီး၊ ဘုရားသခင်၏ ဖြစ်ခြင်းကို အကြောင်းမဲ့သက်သက် ထုတ်ဖော်ပြောလေလေ ဖြစ်သည်။ သို့ရာတွင် ၎င်းတို့သည် သဘောတရားများကိုသာ ပြောဆိုပြီး စစ်မှန်သည့် အထောက်အထားများ လုံးဝမပေးပေ။ ထိုသို့သော လူတို့သည် တန်ဖိုး မည်သို့မျှ မရှိပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို ကစားပွဲတစ်ခု အဖြစ်သာ မြင်သူတို့သည် ပေါ့တန်သောသူများ ဖြစ်ကြ၏။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသစ်နှင့် ကြုံတွေ့သည့်အခါ သတိမထားသူတို့၊ ပါးစပ်စည်း မရှိသူတို့၊ ဝေဖန်ဖို့ မြန်ဆန်သောသူတို့၊ သန့်ရှင်းသော ဝိညာဉ်တော်အမှု၏ ဖြောင့်မတ်ခြင်းကို ငြင်းပယ်လိုသည့် ၎င်းတို့၏ နဂိုစိတ်ရင်းကို ဇက်ကုန်လွှတ်ထားသူတို့နှင့် စော်ကားပုတ်ခတ်ပြီး ပြစ်မှားပြောဆိုမှုများလည်း ပြုလုပ်သူတို့၊ ထိုသို့သော လေးစားမှု မရှိသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုနှင့် ပတ်သက်၍ မသိနားမလည် ဖြစ်ကြသည် မဟုတ်လော။ ထို့အပြင် ၎င်းတို့သည် အလွန် မာနထောင်လွှားမှု ရှိသူများ၊ ပင်ကိုအားဖြင့် မာနကြီး၍ ထိန်းမရသူများ မဟုတ်လော။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုအသစ်ကို ထိုသို့သောသူများ လက်ခံသည့်နေ့ရက် ရောက်လာလျှင်ပင် ဘုရားသခင်သည် ၎င်းတို့ကို သည်းခံလိမ့်ဦးမည် မဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်အတွက် အမှုဆောင်သူများအပေါ် အထင်သေးရုံမျှမက၊ ဘုရားသခင်ကိုယ်တော်တိုင်ကိုပင် ဆန့်ကျင် ပြစ်မှားစော်ကားကြလေသည်။ ထိုကဲ့သို့ ထင်ရာစိုင်းသောသူများသည် ဤခေတ်၌သော်လည်းကောင်း၊ နောက်လာမည့် ခေတ်၌ သော်လည်းကောင်း၊ ခွင့်လွှတ်ခြင်းခံရလိမ့်မည် မဟုတ်သကဲ့သို့၊ ငရဲတွင် ထာဝရပျက်စီးဆုံးရှုံးကြမည် ဖြစ်သည်။ ထိုသို့သော လေးစားမှု ကင်းမဲ့သူများ၊ စိတ်အလိုလိုက်သူများသည် ဘုရားသခင်ကို ယုံကြည်ဟန်ဆောင်နေကြပြီး ၎င်းတို့ ဤသို့ သာ၍ ဖြစ်လေလေ၊ ၎င်းတို့သည် ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ပုန်ကန်ပြစ်မှားရန် အလားအလာများ လေလေ ဖြစ်သည်။ ပင်ကိုအားဖြင့် ထိန်းမနိုင်သိမ်းမရအောင်စိတ်ပြင်းပြသောသူများနှင့် မည်သူကိုမျှ လုံးဝ မနာခံဖူးသည့် ထိုမာနထောင်လွှားသူ အားလုံးသည် ဤလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းကြသည် မဟုတ်လော။ ၎င်းတို့သည် တစ်နေ့ပြီးတစ်နေ့ အစဉ်အသစ်ဖြစ်ကာ မည်သည့်အခါမျှ အိုဟောင်းခြင်း မရှိသည့် ဘုရားသခင်ကို ဆန့်ကျင်ကြသည် မဟုတ်လော။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်
သင်တို့သည် ဘုရားသခင်၏အမှု၏ အခြေခံသဘောတရားများကို မသိသောကြောင့်၊ ပြီးလျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သင်တို့၏ မဆင်မခြင် သဘောထားမှုကြောင့်၊ ဘုရားသခင်၏ အမှုကို ဆန့်ကျင်ခြင်း၊ သို့မဟုတ် ယနေ့အမှုကို တိုင်းတာရန် သင်တို့၏ကိုယ်ပိုင် အယူအဆများကို အသုံးပြုခြင်း ဖြစ်သည်ကို သိကြလော့။ ဘုရားသခင်ကို သင်တို့၏ဆန့်ကျင်ခြင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သင်တို့၏ ဟန့်တားပိတ်ဆို့ခြင်းသည် သင်တို့၏ အယူအဆများနှင့် ပင်ကို မာနထောင်လွှားမှုအားဖြင့် ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ အမှုသည် မှားယွင်းသောကြောင့် မဟုတ်ဘဲ၊ သင်တို့သည် သဘာဝအားဖြင့် ပုန်ကန်လွန်းသောကြောင့် ဖြစ်သည်။ ဘုရားသခင်၌ ၎င်းတို့၏ယုံကြည်မှုကို ရှာတွေ့ပြီးနောက်တွင်၊ လူအချို့သည် လူသားက မည်သည့်နေရာမှ လာသည်ကိုပင် သေချာမှုဖြင့် ပြောဆိုနိုင်ခြင်း မရှိသော်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုနှင့်ဆိုင်သည့် အမှန်များနှင့် အမှားများကို သုံးသပ်သည့် လူသိရှင်ကြား ဟောပြောမှုများကို လုပ်ဝံ့ကြလေသည်။ ၎င်းတို့သည် မှတ်ချက်များ ပေးရင်းနှင့် အလှည့်မရောက်မီ ပြောဆိုရင်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသစ်ရှိသော တမန်တော်များကို ဆုံးမခြင်းပင်ပြုကြလေသည်။ ၎င်းတို့၏ လူ့သဘာဝသည် အလွန် နိမ့်ကျပြီး၊ ၎င်းတို့ထဲတွင် အသိစိတ် အနည်းငယ်မျှ မရှိပေ။ ထိုသို့သော လူများကို သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်က ပစ်ပယ်ပြီး ငရဲ၏မီးများဖြင့် လောင်ကျွမ်းစေခြင်း ခံရမည့်နေ့ ရောက်လာလိမ့်မည် မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်၏အမှုကို မသိကြဘဲ၊ ယင်းအစား သူ၏အမှုကို ဝေဖန်ကာ ဘုရားသခင်အား မည်သို့အမှုပြုရမည်ကို ညွှန်ကြားရန်လည်း ကြိုးစားကြ၏။ ထိုသို့သော မလျော်ကန်သည့် လူတို့သည် ဘုရားသခင်ကို မည်သို့ သိနိုင်မည်နည်း။ လူသားသည် ဘုရားသခင်ကို ရှာဖွေခြင်းနှင့် တွေ့ကြုံခြင်း ဖြစ်စဉ်အတွင်း သိလာကြပေသည်။ လူသားသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းမှတစ်ဆင့် ဘုရားသခင်ကို သိလာခြင်းမှာ စိတ်ကူးပေါက်သည်အတိုင်း ဝေဖန်ခြင်းမှတစ်ဆင့် မဟုတ်ပေ။ ဘုရားသခင်နှင့်ဆိုင်သည့် လူတို့၏ အသိပညာ သာ၍ တိကျမှန်ကန်လေလေ၊ သူ့ကို ၎င်းတို့ ဆန့်ကျင်မှု လျော့နည်းလေလေ ဖြစ်၏။ ဆန့်ကျင်ဘက်အနေဖြင့် ဘုရားသခင်ကို လူတို့ အသိနည်းလေလေ၊ သူ့ကိုဆန့်ကျင်ရန် အလားအလာများလေလေ ဖြစ်၏။ သင်၏ အယူအဆများ၊ သင်၏ သဘာဝဟောင်းနှင့် သင်၏လူ့သဘာဝ၊ စရိုက်လက္ခဏာနှင့် ကိုယ်ကျင့်တရား အမြင်သဘောထားတို့သည် သင့်အနေနှင့် ဘုရားသခင်ကို ခုခံရာတွင် အသုံးပြုသည့် “အရင်းအနှီး” ဖြစ်ပြီး၊ သင်၏ကိုယ်ကျင့်တရားသည် သာ၍ ဖောက်ပြန်ပျက်စီးကာ၊ သင်၏အရည်အသွေးများက စက်ဆုပ်ဖွယ်ဖြစ်ပြီး သင်၏လူ့သဘာဝက နိမ့်ကျလာလေလေ၊ ဘုရားသခင်၏ရန်သူ ဖြစ်လေလေ ဖြစ်၏။ အားကောင်းသော အယူအဆများ ပိုင်ဆိုင်ပြီး၊ မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု ယူမှတ်သော စိတ်သဘောထား ရှိသူများသည် လူ့ဇာတိခံ ဘုရားသခင်နှင့်ဆိုင်သည့် ရန်လိုမှုတွင် သာ၍ ရှိကြလေသည်။ ထိုသို့သောလူများသည် အန္တိခရစ်များ ဖြစ်ကြ၏။ သင်၏အယူအဆများကို ပြုပြင်ခြင်း မရှိပါက၊ ယင်းတို့သည် ဘုရားသခင်ကို အစဉ် ဆန့်ကျင်နေလိမ့်မည်။ သင်သည် ဘုရားသခင်နှင့် မည်သည့်အခါမျှ သဟဇာတရှိလိမ့်မည် မဟုတ်သကဲ့သို့၊ သူ့ထံမှ အမြဲ ဝေးကွာလိမ့်မည် ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်
အကယ်၍ ဘုရားသခင်သည် အပြောင်းအလဲမရှိသော ရွှံ့စေးရုပ်တုအလား၊ ဘုရားသခင်ကို အကဲဖြတ်ရန်နှင့် ဘောင်ခတ်ရန် မိမိတို့၏ အယူအဆများ အသုံးပြုသည့်အပြင်၊ သမ္မာကျမ်းစာ၏ ကန့်သတ်ချက်များအတွင်း၌ ဘုရားသခင်ကို လုံးလုံးလျားလျား ဘောင်ခတ်ပြီး အကန့်အသတ်ရှိသော အမှုအတိုင်းအတာအတွင်း၌ သူ့ကို ထိန်းချုပ်ထားပါက၊ ဤသည်မှာ သင်တို့က ဘုရားသခင်ကို ရှုတ်ချမိပြီဖြစ်ကြောင်း သက်သေပြလေသည်။ ဘုရားသခင်ကို မေရှိယဟုသာ ခေါ်ဆိုနိုင်ပြီး မေရှိယဟု ခေါ်ခြင်းခံရသောသူမှသာလျှင် ဘုရားသခင်ဖြစ်နိုင်သည့်အလား၊ ဓမ္မဟောင်းခေတ်ထဲက ယုဒလူမျိုးတို့သည် သူတို့၏စိတ်နှလုံးထဲ၌ တရားသေ စွဲကိုင်ထားသည့် ရုပ်တုဆင်းတုပုံစံအဖြစ် ဘုရားသခင်ကို သဘောထားခဲ့ကြသောကြောင့်၊ ထို့ပြင် လူသားမျိုးနွယ်က ဘုရားသခင်ကို (အသက်မဲ့သော) ရွှံ့စေးရုပ်တုပမာ အစေခံပြီး ကိုးကွယ်ခဲ့ကြသောကြောင့်၊ သူတို့သည် ထိုခေတ်၏ယေရှုကို သေမိန့်ပေးကာ လက်ဝါးကားတိုင်ထက်၌ သံမှိုစွဲရိုက်ခဲ့ကြကာ ထိုသို့ဖြင့် အပြစ်မဲ့သောယေရှုမှာ သေဒဏ်ချမှတ်ခြင်းကို ခံခဲ့ရသည်။ ဘုရားသခင်သည် ပုန်ကန်ပြစ်မှားခြင်း တစ်စုံတစ်ရာ ကင်းမဲ့ခဲ့စေကာမူ၊ လူသားက သူ့ကို သက်ညှာရန် ငြင်းဆန်ခဲ့ပြီး၊ သူ့ကို သေမိန့်ပေးရန် မရမကတောင်းဆိုခဲ့ကြသဖြင့် ယေရှုမှာ ကားစင်တင်သတ်ခံခဲ့ရ၏။ ဘုရားသခင်သည် ပြောင်းလဲခြင်းမရှိဟု လူက အမြဲယုံကြည်ပြီး၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုအပေါ် လူက ပြီးပြည့်စုံသော နားလည်ခြင်းရှိသည့်အလား၊ ဘုရားသခင်လုပ်ဆောင်သမျှ အရာခပ်သိမ်းကို လူက သူ၏လက်ခုပ်ထဲတွင် ထိန်းထားသည့်အလား သမ္မာကျမ်းစာဟူသော တစ်အုပ်တည်းသော စာအုပ်ပေါ်အခြေခံ၍ သူ့အား အနက်ဖွင့်ဆိုကြသည်။ လူတို့သည် လွန်လွန်ကဲကဲပင် ကိုးရိုးကားရား ဖြစ်နေကြပြီး၊ လွန်လွန်ကဲကဲပင် မာနထောင်လွှားနေကြကာ၊ သူတို့အားလုံးမှာ ချဲ့ကားပြောဆိုခြင်းတွင် အလွန်ကျွမ်းကျင်ကြသည်။ ဘုရားသခင်နှင့်ပတ်သက်ပြီး သင်၏ အသိပညာမှာ မည်မျှပင် ကြီးမားနေပါစေ၊ သင်သည် ဘုရားသခင်၏ အမှုကို လုံးလုံးလျားလျား ကျိုးနွံနာခံနိုင်စွမ်း မရှိသည့်အပြင်၊ ဘုရားသခင်က စုံလင်အောင် ပြုလုပ်ထားသည့် လမ်းကြောင်းကို လိုက်လျှောက်နိုင်စွမ်း မရှိသောကြောင့်၊ သင်သည် ဘုရားသခင်ကို မသိကျွမ်းကြောင်း၊ သင်သည် ဘုရားသခင်ကို အဆန့်ကျင်ဆုံးသောသူ တစ်ယောက်ပင် ဖြစ်ကြောင်းနှင့်၊ သင်သည် ဘုရားသခင်ကို ပြစ်မှားမိခဲ့ပြီဖြစ်ကြောင်း ငါပြောနေသေးသည်။ ဘုရားသခင်သည် လူ၏ လုပ်ဆောင်ချက်များအပေါ် အဘယ်ကြောင့် မည်သည့်အခါမျှ ကျေနပ်ခြင်းမရှိရသနည်း။ အဘယ်ကြောင့်ဆိုသော် လူသားသည် ဘုရားသခင်ကို မသိကျွမ်းသောကြောင့်၊ သူ၌ အယူအဆများ များစွာရှိပြီး၊ ဘုရားသခင်နှင့်ပတ်သက်၍ သူ၏အသိပညာမှာ လက်တွေ့အရှိတရားနှင့် မည်သို့မျှ မကိုက်ညီသောကြောင့်ဖြစ်ကာ၊ ထိုအစား သူသည် အပြောင်းအလဲမရှိဘဲ ဓာတ်ပြားဟောင်းကိုသာ ငြီးငွေ့ဖွယ် ပြန်ပြန်ဖွင့်နေပြီး အခြေအနေတိုင်းအတွက် တစ်ခုတည်းသော ကိုင်တွယ်ဖြေရှင်းနည်းကိုသာ အသုံးပြုသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် ယနေ့တွင် ကမ္ဘာမြေကြီးသို့ ဆင်းကြွလာကာ နောက်ထပ်တစ်ကြိမ် လက်ဝါးကပ်တိုင်ပေါ်တွင် လူသားများ၏ သံမှိုစွဲရိုက်ထားခြင်းကို ခံရခြင်းဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဆိုးယုတ်သောသူများသည် အပြစ်ဒဏ်ပေးခြင်းကို မုချခံကြရလိမ့်မည်
လက်ရှိတွင် လူအများစုက “ဘုရားသခင် နောက်ဆုံးသောကာလတွင် ပြောကြားခဲ့သည့် အရာများသည် ‘နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏’ စာအုပ်တွင် အလုံးစုံပါဝင်သည်၊ ဘုရားသခင်ထံမှ နောက်ထပ်နှုတ်ကပတ်တော်များ မရှိတော့။ ယင်းမှာ ဘုရားသခင်ပြောခဲ့သမျှ အရာအားလုံး ဖြစ်သည်” ဟု ထင်မြင်ကြသည်၊ မှန်သလော။ ဤသို့ စဉ်းစားခြင်းသည် ကြီးမားသည့် အမှားတစ်ရပ်ဖြစ်သည်။ “နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏” တွင် ပါရှိသည့် နှုတ်ကပတ်တော်များသည် နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ အမှု၏ အဖွင့်နှုတ်ကပတ်တော်များ၊ ဤအမှု၏ နှုတ်ကပတ်တော်များ၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်ကာ ဤနှုတ်ကပတ်တော်များသည် ရူပါရုံများ၏ သမ္မာတရားများနှင့် အဓိကသက်ဆိုင်သည်။ နောက်ပိုင်းတွင် လက်တွေ့လုပ်ဆောင်မှု၏ အသေးစိတ်အချက် များစွာနှင့် စပ်လျဉ်း၍ ပြောဆိုခဲ့သည့် စကားလုံးများလည်း ရှိမည်ဖြစ်သည်။ ထို့ကြောင့် “နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏” စာအုပ်ကို အများပြည်သူသို့ ဖြန့်ချိလိုက်ခြင်းသည် ဘုရားသခင်၏ လုပ်ဆောင်ချက်မှာ အဆုံးသတ်အဆင့်သို့ ရောက်ရှိလာသည်ဟု မဆိုလို။ နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ တရားစီရင်ခြင်း အမှုသည် ပြည့်စုံခိုင်လုံသော အဆုံးသတ်သို့ ရောက်ရှိလာသည်ဟု သာ၍ပင်မဆိုလို။ ဘုရားသခင်တွင် ဖော်ပြရန် နှုတ်ကပတ်တော်များစွာ ရှိနေသေးသည်။ ပြီးလျှင် ဤနှုတ်ကပတ်တော်များကို ပြောကြားပြီးသည့် အချိန်၌ပင် ဘုရားသခင်၏ စီမံခန့်ခွဲမှု အလုပ်အားလုံးသည် နိဂုံးချုပ်သွားပြီဟု မည်သူမျှမဆိုနိုင်။ စကြဝဠာတစ်ခုလုံးနှင့်ပတ်သက်သော အလုပ် ပြီးစီးသွားသည့်အခါ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ် ပြီးဆုံးသွားပြီဟုသာ ပြောနိုင်သည်။ သို့သော် ယင်းအချိန်တွင် ဤစကြဝဠာအတွင်း၌ လူများ တည်ရှိနေဦးမည်လော။ အသက်တည်ရှိနေသရွေ့၊ လူသားမျိုးနွယ် တည်ရှိနေသရွေ့ ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် ဆက်လက်လုပ်ဆောင်နေရမည်သာ ဖြစ်သည်။ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ် ပြီးစီးသွားသည့်အခါ လူသားမျိုးနွယ်၊ အသက်နှင့် ဤစကြာဝဠာတို့ တည်ရှိနေသရွေ့ ဘုရားသခင်သည် ယင်းတို့အားလုံးကို စီမံခန့်ခွဲနေဦးမည်သာဖြစ်သည်။ သို့သော် ယင်းကို အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ဟု ခေါ်ဆိုမည်မဟုတ်တော့။ ယခုအခါ ယင်းကို ဘုရားသခင်၏ စီမံခန့်ခွဲမှုဟု ရည်ညွှန်းသည်။ အနာဂတ်တွင် ယင်းကို ကွဲပြားခြားနားသည့် အခြားအမည်ဖြင့် ခေါ်ဆိုကောင်း ခေါ်ဆိုလိမ့်မည်။ ယင်းမှာ လူသားမျိုးနွယ်နှင့် ဘုရားသခင်အတွက် နောက်ထပ် ဘဝတစ်ခု ဖြစ်လိမ့်မည်။ ဘုရားသခင်သည် လူများကို ဦးဆောင်ရန် ယနေ့ခေတ် နှုတ်ကပတ်တော်များကို အသုံးပြုနေဆဲ ဖြစ်မည်ဟု မဆိုနိုင်။ အကြောင်းမှာ ဤနှုတ်ကပတ်တော်များသည် ဤအချိန်ကာလအတွက်သာ သင့်လျော်၍ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အလုပ်ကို မည်သည့်အချိန်တွင်မျှ ဘောင်ခတ်ခြင်း မပြုနှင့်။ အချို့က “ဘုရားသခင်သည် လူများအား ဤနှုတ်ကပတ်တော်များကိုသာ ပေးပြီး အခြားမည်သည့်အရာကိုမျှ မပေးပါ။ ဘုရားသခင်သည် ဤနှုတ်ကပတ်တော်များကိုသာ ပြောနိုင်သည်”ဟု ဆိုကြသည်။ ဤသည်မှာလည်း ဘုရားသခင်ကို တစ်စုံတစ်ခုသော နယ်ပယ်အတွင်းတွင် ဘောင်ခတ်ခြင်း ဖြစ်သည်။ ဤသည်မှာ ယေရှုခေတ်တွင် ပြောကြားခဲ့သည့် နှုတ်ကပတ်တော်များကို လက်ရှိ နိုင်ငံတော်ခေတ်တွင် ကျင့်သုံးခြင်းနှင့်တူသည်။ ယင်းမှာ သင့်လျော်မည်လော။ အချို့နှုတ်ကပတ်တော်များကို ကျင့်သုံးမည်ဖြစ်ပြီး အချို့ကို ပယ်ဖျက်ပစ်ရန်လိုသည်။ ထို့ကြောင့် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သည့်အခါမျှ မပယ်ဖျက်နိုင်ဟု ပြော၍မရပေ။ လူများသည် အမှုအရာများကို အလွယ်တကူ ဘောင်ခတ်ကြသလော။ အချို့နယ်ပယ်များတွင် ၎င်းတို့သည် ဘုရားသခင်ကို အမှန်ပင် ဘောင်ခတ်ကြသည်။ တစ်နေ့တွင် သင်သည် “နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏” စာအုပ်ကို လူများ ယနေ့အချိန်တွင် သမ္မာကျမ်းစာကို ဖတ်သကဲ့သို့ ဖတ်ကောင်းဖတ်မည်ဖြစ်ပြီး ဘုရားသခင်၏ ခြေလှမ်းများကို လိုက်မီကြမည်မဟုတ်။ ယခုအချိန်သည် “နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏” စာအုပ်ကို ဖတ်ရန် သင့်တော်သော အချိန်ဖြစ်သည်။ နှစ်ပေါင်းမည်မျှအကြာတွင် ယင်းကို ဖတ်ရှုခြင်းသည် ခေတ်ဟောင်းမှ ပြက္ခဒိန်တစ်ခုကို ကြည့်ရှုရသကဲ့သို့ ဖြစ်မည်ဟု မပြောနိုင်။ အဘယ်ကြောင့်ဆိုသော် ယင်းအချိန်တွင် အဟောင်းကို အစားထိုးရန် အသစ်တစ်စုံတစ်ရာ ရှိမည်ဖြစ်သောကြောင့်ပင်။ လူများ၏ လိုအပ်ချက်များသည် ဘုရားသခင်၏ အလုပ်နှင့်အညီ ပေါ်ပေါက်လာပြီး တိုးတက်ပြောင်းလဲလာခြင်း ဖြစ်သည်။ ယင်းအချိန်တွင် လူ့သဘာဝနှင့် လူတို့တွင်ရှိသင့်သည့် ပင်ကိုအသိစိတ်များနှင့် ပင်ကိုအရည်အချင်းများသည် အတော်အသင့် ပြောင်းလဲသွားပြီးဖြစ်လိမ့်မည်။ ဤကမ္ဘာပြောင်းလဲပြီးနောက် လူသားမျိုးနွယ်၏ လိုအပ်ချက်များသည်လည်း ကွဲပြားခြားနားသွားလိမ့်မည်။ အချို့က “ဘုရားသခင်သည် နောက်ပိုင်းတွင် ပြောဆိုမည်လော” ဟု မေးကြသည်။ အချို့က “နှုတ်ကပတ်တော်ခေတ် အလုပ် ပြီးစီးသွားသည့်အခါ အခြားမည်သည့်အရာကိုမျှ မပြောနိုင်တော့သဖြင့် ဘုရားသခင်သည် ပြောဆိုနိုင်တော့မည်မဟုတ်။ ပြီးလျှင် အခြား မည်သည့်စကားမဆိုသည် အတုအယောင် ဖြစ်လိမ့်မည်” ဟု ကောက်ချက်ချကြလိမ့်မည်။ ဤသည်မှာလည်း မှားယွင်းသည်မဟုတ်လော။ ဘုရားသခင်အကြောင်း အသေးစိတ်ချပြသည့်အမှားကို လူသားတို့ အလွယ်တကူ ကျူးလွန်တတ်ကြသည်၊ လူတို့သည် အတိတ်ကိုသာ စွဲကပ်လေ့ရှိပြီး ဘုရားသခင်အကြောင်း အသေးစိတ်ချပြလေ့ရှိသည်။ ၎င်းတို့သည် ကိုယ်တော့်ကို ရှင်းရှင်းလင်းလင်း မသိကြသော်လည်း ကိုယ်တော်၏အမှုကို လက်လွတ်စပယ် အသေးစိတ်ချပြနေမြဲဖြစ်၏။ လူတို့၌ ယင်းမျှလောက် မာနကြီးသောဗီဇ ရှိလေတကား။ ၎င်းတို့သည် အတိတ်က အယူအဆဟောင်းများကိုသာ အစဉ်စွဲကိုင်လိုကြပြီး ကုန်လွန်ခဲ့ပြီးသော နေ့ရက်များထဲမှ အမှုအရာများကို ၎င်းတို့၏စိတ်နှလုံးထဲတွင် သိုထားကြ၏။ ထိုအရာများကို ၎င်းတို့၏အရင်းအဖြစ် အသုံးပြုကြသည်၊ မာနထောင်လွှားပြီး စိတ်ကြီးဝင်ကြ၏။ ၎င်းတို့သည် အရာခပ်သိမ်းကို နားလည်သည်ဟု ထင်ကြ၏၊ ထို့အပြင် ဘုရားသခင်၏အမှုကို အသေးစိတ်ချပြသည့် အတင့်ရဲသောအပြုအမူရှိကြ၏။ ဤသို့ပြုရာ၌ ၎င်းတို့သည် ဘုရားသခင်အပေါ် တရားစီရင်ခြင်းမဟုတ်သလော။ ထိုမျှမက လူတို့သည် ဘုရားသခင်၏အမှုသစ်ကို ထည့်တွက်စဉ်းစားခြင်း မရှိကြပေ၊ ၎င်းတို့သည် အမှုအရာအသစ်များကို လက်ခံရန် ခက်ခဲကြောင်းကို ဤအရာက သက်သေပြသော်လည်း ၎င်းတို့သည် ဘုရားသခင်အကြောင်းကို မမြင်မစမ်း အသေးစိတ်ချပြနေဆဲ ဖြစ်၏။ လူတို့သည် အလွန်မာနကြီးကြသဖြင့် ၎င်းတို့၌ ဆင်ခြင်တုံတရား ကင်းမဲ့ကြသည်၊ မည်သူ့ကိုမျှ ၎င်းတို့နားမထောင်ကြပေ၊ ထို့အပြင် ဘုရားသခင်၏နှုတ်ကပတ်တော်များကိုပင် လက်မခံကြချေ။ ယင်းမှာ လူသား၏ဗီဇပင်ဖြစ်၏၊ လုံးဝမာနကြီးပြီး မိမိသာဖြောင့်မတ်သည်ဟု ထင်တတ်ကြပြီး ကျိုးနွံနာခံခြင်း အနည်းငယ်မျှ မရှိကြပေ။ ဤသည်မှာ ဖာရိရှဲများ ယေရှုကို ပြစ်တင်ရှုတ်ချသည့်အချိန်က နည်းအတိုင်းဖြစ်၏၊ ၎င်းတို့က “သင် မှန်စေကာမူ သင့်နောက် ငါလိုက်ဦးမည် မဟုတ်၊ ယေဟောဝါသာလျှင် စစ်မှန်သောဘုရားသခင် ဖြစ်၏” ဟု ဆိုကြ၏။ ယနေ့တွင် “သူက ခရစ်တော်ဟုတ်လား။ သူက ခရစ်တော် အမှန်တကယ် ဖြစ်လည်း သူ့နောက် ငါမလိုက်” ဟု ပြောသောသူအချို့လည်း ရှိ၏။ ဤကဲ့သို့သော လူများ ရှိသလော။ ထိုကဲ့သို့သော ဘာသာရေးသမားများစွာ ရှိသည်။ လူသား၏ စိတ်သဘောထားသည် အလွန်ပျက်စီးကြောင်း၊ လူတို့သည် ကယ်တင်၍ မရနိုင်ကြောင်းကို ဤအရာက ပြသလျက်နေ၏။
ခေတ်အဆက်ဆက်ရှိ သူတော်စင်များအနက် မောရှေနှင့် ပေတရုတို့သာလျှင် ဘုရားသခင်ကို အမှန်တကယ် သိခဲ့ကြသူများဖြစ်ပြီး ၎င်းတို့သည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ခံခဲ့ရသည်။ သို့စေကာမူ ၎င်းတို့သည် ဘုရားသခင်ကို သိနားလည်နိုင်ခဲ့သလော။ ၎င်းတို့ နားလည်သဘောပေါက်ခဲ့သည့် အရာမှာလည်း အကန့်အသတ်ရှိသည်။ ၎င်းတို့ကိုယ်တိုင်က ၎င်းတို့သည် ဘုရားသခင်ကို သိသည်ဟု မပြောရဲခဲ့ကြ။ ဘုရားသခင်ကို အမှန်တကယ် သိသူများက ဘုရားသခင်သည် ခန့်မှန်းရန်နှင့် အကဲဖြတ်ရန် မဖြစ်နိုင်ကြောင်း နားလည်သဘောပေါက်ကြသောကြောင့် ၎င်းတို့သည် သူ့ကို ဘောင်မခတ်ကြချေ။ ဘုရားသခင်ကို မသိရှိကြသူများသည်သာ သူ့ကိုလည်းကောင်း၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းကိုလည်းကောင်း ဘောင်ခတ်လေ့ရှိကြသည်။ ၎င်းတို့တွင် ဘုရားသခင်နှင့် ပတ်သက်သည့် စိတ်ကူးများဖြင့် ပြည့်နှက်နေပြီး ဘုရားသခင် ပြုလုပ်ခဲ့သည့် အရာအားလုံးနှင့် ပတ်သက်သည့် အယူအဆများကို အလွယ်တကူ ထားရှိကြသည်။ ထို့ကြောင့် ဘုရားသခင်ကို သိရှိသည်ဟု ယုံကြည်ကြသူများသည် ဘုရားသခင်ကို ခုခံဆန့်ကျင်မှု အပြုဆုံးသူများဖြစ်ကြပြီး အန္တရာယ်အရှိဆုံးသူများ ဖြစ်ကြသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး
ဘုရားသခင်က လူသားမျိုးနွယ်ကို ချစ်ကြောင်း သိသည့်အခါ၊ သူတို့က သူ့အား ချစ်ခြင်းမေတ္တာ၏ သင်္ကေတတစ်ခုအဖြစ် အဓိပ္ပာယ်ဖွင့်ကြသည်- လူတို့ မည်သည့်အရာကို လုပ်ပါစေ၊ ၎င်းတို့ မည်ကဲ့သို့ ပြုမူပါစေ၊ ဘုရားသခင်ကို ၎င်းတို့ မည်ကဲ့သို့ ပြုမူဆက်ဆံပြီး ၎င်းတို့သည် မည်မျှ ပုန်ကန်တတ်ကြပါစေ၊ ထိုအရာတစ်ခုမျှ အမှန်တကယ် အရေးမကြီးပေ၊ အကြောင်းမှာ ဘုရားသခင်၌ ချစ်ခြင်းမေတ္တာရှိပြီး သူ၏ ချစ်ခြင်းမေတ္တာသည် အကန့်အသတ်မဲ့ကာ တိုင်းတာ၍မရသောကြောင့် ဖြစ်သည်။ ဘုရားသခင်၌ ချစ်ခြင်းမေတ္တာ ရှိသောကြောင့်၊ သူသည် လူတို့ကို သည်းခံနိုင်ခြင်း ဖြစ်သည်၊ ထို့ပြင် ဘုရားသခင်၌ ချစ်ခြင်းမေတ္တာ ရှိသောကြောင့်၊ သူသည် လူတို့အပေါ် သနားကရုဏာ ရှိနိုင်ခြင်း၊ ၎င်းတို့၏ မရင့်ကျက်ခြင်းအပေါ် သနားကရုဏာရှိနိုင်ခြင်း၊ ၎င်းတို့၏ ပညာမဲ့ခြင်းအပေါ် သနားကရုဏာ ရှိနိုင်ခြင်းနှင့် ၎င်းတို့၏ ပုန်ကန်မှုအပေါ် သနားကရုဏာရှိနိုင်ခြင်းပင် ဖြစ်သည်။ ဤသည်မှာ အမှန်တကယ် ထိုကဲ့သို့ဖြစ်သလော။ အချို့လူ အတွက်မူကား ဘုရားသခင်၏ စိတ်ရှည်ခြင်းကို သူတို့ တစ်ကြိမ် သို့မဟုတ် အကြိမ်အနည်းငယ် ခံစားဖူးသောအခါ၊ သူသည် ၎င်းတို့အပေါ် ထာဝစဉ်သည်းခံပြီး သနားခြင်းကရုဏာ ထားလိမ့်မည်ဟု ယုံကြည်လျက်၊ သူတို့သည် ဘုရားသခင် အပေါ် ၎င်းတို့ကိုယ်တိုင်၏ သိနားလည်ခြင်းတွင် ဤအတွေ့အကြုံများကို အရင်းအဖြစ် သဘောထားကြမည်ဖြစ်ပြီး၊ ထို့နောက် ၎င်းတို့၏ ဘဝ တစ်လျှောက်လုံး သူတို့သည် ဘုရားသခင်၏ ဤစိတ်ရှည်ခြင်းကိုယူကာ ယင်းအား ဘုရားသခင် ၎င်းတို့ကိုဆက်ဆံသော စံနှုန်းအဖြစ် သတ်မှတ်ကြသည်။ ဘုရားသခင်၏ သည်းခံခြင်းကို တစ်ကြိမ်ခံစားပြီးနောက်တွင် ဘုရားသခင်ကို သည်းခံခြင်းအဖြစ် အစဉ်အမြဲအဓိပ္ပာယ်ဖွင့်ပြီး သူတို့၏စိတ်ထဲတွင် ဤသည်းခံခြင်းမှာ အကန့်အသတ်မဲ့၊ အကြွင်းမဲ့၊ လုံးလုံးလျားလျား မူမရှိခြင်းပင် ဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ကြသော လူများလည်းရှိသည်။ ဤကဲ့သို့သော ယုံကြည်ချက်များမှာ မှန်ကန်သလော။ ဘုရားသခင်၏ အနှစ်သာရ သို့မဟုတ် ဘုရားသခင်၏ စိတ်သဘောထားနှင့်ဆိုင်သော အကြောင်းအရာများကို ဆွေးနွေးသည့်အခါတိုင်း၊ သင်တို့မှာ စိတ်ရှုပ်ထွေးသွားဟန်တူသည်။ သင်တို့အား ဤကဲ့သို့ မြင်ရသည်မှာ ငါ့ကို အလွန် စိုးရိမ်ပူပန်စေသည်။ ဘုရားသခင်၏ အနှစ်သာရနှင့်သက်ဆိုင်သော သမ္မာတရား မြောက်မြားစွာကို သင်တို့ ကြားခဲ့ပြီးဖြစ်သည်။ ဘုရားသခင်၏ စိတ်သဘောထားနှင့် ပတ်သက်၍ဆို အလွန်တရာ များပြားသော ဆွေးနွေးချက်များကို သင်တို့ နားထောင်ခဲ့ကြပြီး ဖြစ်သည်။ သို့သော်လည်း သင်တို့၏ စိတ်ထဲတွင် ဤအရေးကိစ္စများနှင့် ဤကဏ္ဍများ၏ အမှန်တရားမှာ အယူအဆနှင့် ရေးထားသော စကားလုံးများအပေါ် အခြေခံသော မှတ်ဉာဏ်များသာ ဖြစ်ကြသည်။ သင်တို့၏ နေ့စဉ် အသက်တာများထဲတွင် ဘုရားသခင်၏ စိတ်သဘောထားကို အမှန်တကယ် သူဖြစ်သည့်အတိုင်းပင် သင်တို့ တစ်ဦးတစ်ယောက်မျှ ခံစားခြင်း သို့မဟုတ် တွေ့မြင်ခြင်း မရှိနိုင်ဖူးကြပေ။ ထို့ကြောင့် သင်တို့သည် သင်တို့၏ ယုံကြည်မှုများထဲ၌ အကုန်လုံး နားဝေတိမ်တောင်ဖြစ်ကာ သင်တို့၌ ဘုရားသခင်အပေါ် မရိုသေသော သဘောထားရှိပြီး သူ့ကို ဘေးဖယ်ထားသည်အထိပင် သင်တို့အားလုံး မျက်စိစုံလုံးကန်း ယုံကြည်ကြသည်။ ဘုရားသခင်အပေါ် သင်တို့၏ ဤကဲ့သို့ သဘောထားမျိုးက အဘယ်သို့ ဦးတည်သနည်း။ ၎င်းသည် သင်တို့အား ဘုရားသခင်အကြောင်း အမြဲတစေ ကောက်ချက်ချသည့် ဘက်သို့ ဦးတည်ပေးသည်။ သင်တို့သည် အနည်းငယ်သော သိနားလည်ခြင်းကို ရထားပြီးသည့်အခါ၊ ဘုရားသခင်၏ အလုံးစုံကို ရရှိထားကြသကဲ့သို့ အလွန်ကျေနပ်အားရ ဖြစ်ကြသည်။ ထို့နောက်တွင် သင်တို့က ဤသည်မှာ ဘုရားသခင် ဖြစ်သည့်ပုံစံဟု ကောက်ချက်ချပြီး သူ့အား လွတ်လပ်စွာလှုပ်ရှားခွင့် မပြုတော့ပေ။ ထို့ပြင် ဘုရားသခင်သည် အမှုသစ်တစ်ခုကို ပြုသောအခါတိုင်း၊ သင်တို့က သူသည် ဘုရားသခင်ဖြစ်ကြောင်းကို တကယ်ဝန်ခံကြခြင်း မရှိပေ။ တစ်နေ့သောအခါ ဘုရားသခင်က “ငါသည် လူသားမျိုးနွယ်ကို မချစ်တော့ပေ၊ လူသားတို့ကို သနားကရုဏာ နောက်ထပ်ပေးမည် မဟုတ်တော့ပေ၊ ငါသည် သူတို့အပေါ် ဆက်၍ မည်သည့်သည်းခံခြင်း သို့မဟုတ် စိတ်ရှည်ခြင်းမျှ မရှိတော့ပေ၊ ငါသည် သူတို့အပေါ် အလွန်အမင်း စက်ဆုပ်ရွံရှာခြင်းနှင့် ရွံမုန်းခြင်းတို့နှင့် ပြည့်လျက်ရှိသည်” ဟု ပြောသောအခါ ထိုကဲ့သို့သော ပြောဆိုချက်များက လူတို့၏ စိတ်နှလုံးအတွင်းထဲ၌ ပဋိပက္ခကို ဖြစ်ပေါ်စေလိမ့်မည်။ ၎င်းတို့ထဲမှ အချို့က “ကိုယ်တော်သည် ကျွန်ုပ်၏ ဘုရားသခင်မဟုတ်တော့၊ ကိုယ်တော်သည် ကျွန်ုပ် နောက်လိုက်လိုသော ဘုရားသခင် မဟုတ်တော့ပေ။ အကယ်၍ ဤအရာမှာ ကိုယ်တော်ပြောသည့်အရာ ဖြစ်ပါက၊ ကိုယ်တော်သည် ကျွန်ုပ်၏ ဘုရားသခင်ဖြစ်ဖို့ အရည်အချင်း မပြည့်မီတော့သဖြင့် ကျွန်ုပ်သည် ကိုယ်တော့်နောက်သို့ ဆက်လိုက်ဖို့ မလိုအပ်ပေ။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်အား သနားကရုဏာ၊ ချစ်ခြင်းမေတ္တာနှင့် သည်းခံခြင်းကို မပေးတော့ပါက၊ ကိုယ်တော့်နောက်သို့ ကျွန်ုပ် ဆက်၍လိုက်မည် မဟုတ်ပေ။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်အပေါ် အတိုင်းမသိ သည်းခံခြင်းရှိမည်၊ ကျွန်ုပ်အပေါ် အမြဲစိတ်ရှည်ပြီး၊ ကိုယ်တော်သည် ချစ်ခြင်းမေတ္တာဖြစ်ကြောင်း၊ ကိုယ်တော်သည် စိတ်ရှည်ခြင်းဖြစ်ကြောင်း၊ ကိုယ်တော်သည် သည်းခံခြင်းဖြစ်ကြောင်း ကျွန်ုပ်ကို မြင်တွေ့ခွင့်ပေးမှသာ ကျွန်ုပ်သည် ကိုယ်တော့်နောက်သို့ လိုက်နိုင်မည်ဖြစ်ပြီး၊ သို့မှသာ အဆုံးတိုင်အောင် ကိုယ်တော့်နောက်လိုက်ရန် ကျွန်ုပ်၌ ယုံကြည်စိတ်ချမှု ရှိလိမ့်မည် ဖြစ်သည်။ ကျွန်ုပ်၌ ကိုယ်တော်၏ စိတ်ရှည်ခြင်းနှင့် သနားခြင်းကရုဏာ ရှိခြင်းကြောင့်၊ ကျွန်ုပ်၏ပုန်ကန်ခြင်းနှင့် ကျွန်ုပ်၏ ပြစ်မှားမှုများက အကန့်အသတ်မရှိ ခွင့်လွတ်ခြင်းနှင့် လွတ်ငြိမ်းစေခြင်းကို ခံရနိုင်မည် ဖြစ်သည်၊ ထို့အပြင် ကျွန်ုပ်သည် အချိန်မရွေး နေရာမရွေး အပြစ်ပြုနိုင်မည်၊ အချိန်မရွေး နေရာမရွေး အပြစ်ဝန်ခံပြီး လွတ်ငြိမ်းရာရနိုင်မည် ဖြစ်၍ ကိုယ်တော့်အား အချိန်မရွေး နေရာမရွေး ဒေါသထွက်စေနိုင်မည် ဖြစ်သည်။ ကျွန်ုပ်နှင့်ပတ်သက်၍ ကိုယ်တော်၌ မည်သည့်ထင်မြင်ချက် သို့မဟုတ် သုံးသပ်ချက်မျှ မရှိသင့်ပေ” ဟူ၍ပင် ဆိုကြလိမ့်မည်။ သင်တို့ တစ်ဦးတစ်ယောက်သည် ဤအရေးကိစ္စမျိုးကို လွန်စွာ ပုဂ္ဂလဓိဌာန်ကျကျ သို့မဟုတ် သတိပြုမိသောပုံစံဖြင့် တွေးကောင်းတွေးမည် မဟုတ်သော်လည်း၊ သင်သည် ဘုရားသခင်အား သင်၏အပြစ်များကို ခွင့်လွှတ်ရန်အတွက် တန်ဆာပလာတစ်ခုအဖြစ် သို့မဟုတ် သာယာသော ခရီးဆုံးပန်းတိုင်တစ်ခုကို ရောက်ရှိရန်အတွက် အသုံးပြုသည့် အရာဝတ္ထု တစ်ခုအဖြစ် သဘောထားသည့်အခါတိုင်း၊ သင်သည် အသက်ရှင်သော ဘုရားသခင်ကို သင်၏ရန်သူအဖြစ် သင်၏ ဆန့်ကျင်ဘက်၌ မသိမသာ ထားရှိပြီးပြီဖြစ်သည်။ ဤသည်မှာ ငါမြင်သောအရာ ဖြစ်သည်။ “ကျွန်ုပ်သည် ဘုရားသခင်ကို ယုံကြည်သည်၊” “ကျွန်ုပ်သည် သမ္မာတရားကို အားထုတ်သည်၊” “ကျွန်ုပ်သည် ကျွန်ုပ်၏ စိတ်သဘောထားကို ပြောင်းလိုသည်၊” “ကျွန်ုပ်သည် အမှောင်စွမ်းအားမှ လွတ်မြောက်လိုသည်၊” “ကျွန်ုပ်သည် ဘုရားသခင်ကို ကျေနပ်စေလိုသည်၊” “ကျွန်ုပ်သည် ဘုရားသခင်ကို ကျိုးနွံနာခံလိုသည်၊” “ကျွန်ုပ်သည် ဘုရားသခင်အပေါ် သစ္စာရှိလိုပြီး ကျွန်ုပ်၏တာဝန်ကို ကောင်းစွာ ထမ်းရွက်လိုသည်၊” အစရှိသဖြင့် ထိုကဲ့သို့သော အရာတို့ကို သင် ဆက်၍ ပြောကောင်းပြောနိုင်သည်။ သို့သော်လည်း သင်၏စကားလုံးများသည် မည်မျှ ကြားကောင်းပါစေ၊ အယူအဆ မည်မျှကို သင်သိပါစေ၊ ထိုအယူအဆမှာ မည်သို့ပင် ထည်ဝါပါစေ သို့မဟုတ် သိက္ခာရှိပါစေ၊ အကြောင်းအရာ၏ အမှန်တရားမှာ ယခုတွင် ဘုရားသခင်အကြောင်း ကောက်ချက်များချရန်အတွက် သင်တို့ ကျွမ်းကျင် တတ်မြောက်ထားသော စည်းမျဉ်းများ၊ သြဝါဒများ၊ အယူအဆများအား မည်ကဲ့သို့အသုံးပြုပုံကို လေ့လာထားပြီးသည့် များစွာသောသင်တို့ ရှိသောကြောင့်၊ ဘုရားသခင်အား သင်တို့နှင့် ဆန့်ကျင်ဘက်၌ အလိုအလျောက် ထားကြခြင်း ဖြစ်သည်။ သင်သည် စကားများနှင့် အယူဝါဒများကို ကျွမ်းကျင်တတ်မြောက်ပြီး ဖြစ်နိုင်သော်လည်း၊ သမ္မာတရား၏ စစ်မှန်မှုထဲသို့ အမှန်တကယ် မဝင်ရောက်သေးသဖြင့် ဘုရားသခင်နှင့် နီးကပ်ရန်၊ ဘုရားသခင်ကို သိရန်နှင့်၊ ဘုရားသခင်ကို နားလည်ရန်မှာ သင့်အတွက် အလွန်ခက်ခဲပေသည်။ ဤသည်မှာ ကြေကွဲဝမ်းနည်းဖွယ်ပါတကား။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ
လူတို့က ဘုရားသခင်၏ စိတ်သဘောထားကို သိရန်ကြိုးစားရာ၌ ပုံသေနည်းများ အသုံးပြုရခြင်းကို နှစ်သက်သကဲ့သို့ စည်းမျဉ်းများကို တင်းတင်းကျပ်ကျပ် ကျင့်သုံးလိုကြပြီး ဘုရားသခင်ကို ဘောင်ခတ်၍ အဓိပ္ပာယ်သတ်မှတ်ရန် ထိုသို့သော စည်းမျဉ်းများကို အသုံးပြုလိုကြသည်။ ထို့ကြောင့် လူသား၏အတွေးနယ်ပယ်အရမူ ဘုရားသခင်သည် စဉ်းစားခြင်းမပြုသကဲ့သို့ သူ၌ ပဓာနကျသည့် စိတ်ကူးများလည်း မရှိဟူသတတ်။ အမှန်စင်စစ်မှာမူ ဘုရားသခင်၏ အတွေးများသည် အကြောင်းအရာများနှင့် ပတ်ဝန်းကျင်တို့ ပြောင်းလဲမှုများနှင့်အညီ အစဉ်တစိုက် ပြောင်းလဲနေသည်။ ဤအတွေးများက ပြောင်းလဲနေစဉ်တွင် ဘုရားသခင့်အနှစ်သာရ၏ မတူညီသည့် ရှုထောင့်များက ထုတ်ဖော်ခံရလေသည်။ ဤပြောင်းလဲမှုဖြစ်စဉ်ကာလအတွင်း ဘုရားသခင်က သူ၏စိတ်နှလုံးသားကို ပြောင်းလဲသည့်အချိန်အတိအကျတွင် သူသည် လူသားမျိုးနွယ်ကို သူ့အသက်၏ဖြစ်တည်မှုစစ်စစ်နှင့် သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားက အင်တိုက်အားတိုက် အသက်ပါခြင်းနှင့် ပြည့်ဝနေကြောင်း ပြသသည်။ တစ်ချိန်တည်းမှာပင် သူ၏အမျက်ဒေါသ၊ သူ၏သနားကရုဏာ၊ သူ၏ချစ်ခင်ကြင်နာခြင်းနှင့် သူ၏သည်းခံခြင်းတို့၏ ဖြစ်တည်မှုဆိုင်ရာ အမှန်တရားကို လူသားမျိုးနွယ်အား သက်သေပြဖို့ သူ၏ကိုယ်ပိုင် စစ်မှန်သည့်ထုတ်ဖော်ခြင်းများကို ဘုရားသခင်အသုံးပြုသည်။ အကြောင်းအရာများ တိုးတက်ပြောင်းလဲမှုအရ သူ၏အနှစ်သာရကို အချိန်မရွေး၊ နေရာမရွေးတွင် ထုတ်ဖော်ပြလိမ့်မည်။ ခြင်္သေ့တစ်ကောင်၏ အမျက်ဒေါသအပြင် မိခင်တစ်ဦး၏ သနားကရုဏာနှင့် သည်းခံခြင်းတို့ကို သူပိုင်ဆိုင်သည်။ သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားက မည်သူ့ကိုမျှ မေးခွန်းထုတ်ခြင်း၊ ချိုးဖောက်ခြင်း၊ ပြောင်းလဲခြင်း၊ သို့မဟုတ် ပုံစံပျက်အောင်ပြုလုပ်ခြင်းတို့ကို ခွင့်မပြုပေ။ အမှုအရာများ အားလုံးနှင့် အကြောင်းအရာများ အားလုံးထဲတွင် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို ဆိုလိုသည်မှာ ဘုရားသခင်၏ အမျက်ဒေါသနှင့် ဘုရားသခင်၏ သနားကရုဏာကို အချိန်မရွေး၊ နေရာမရွေးတွင် ထုတ်ဖော်ပြနိုင်သည်။ သူသည် ဤရှုထောင့်များကို ဖန်ဆင်းခြင်း၏ နေရာတိုင်းတွင် အသက်ပါစွာ ဖော်ပြပြီး ၎င်းတို့ကို အချိန်တိုင်းတွင် အသက်ပါတက်ကြွမှုဖြင့် အကောင်အထည်ဖော်၏။ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားသည် အချိန်၊ သို့မဟုတ် နေရာတို့၏ ကန့်သတ်ထားခြင်းကို မခံရပေ။ တစ်နည်းပြောရလျှင် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို အချိန်၊ သို့မဟုတ် နေရာတို့၏ ဘောင်ခတ်သတ်မှတ်ချက်များအရ စက်ယန္တရားဆန်ဆန် ဖော်ပြခြင်းလည်း မဟုတ်၊ ထုတ်ဖော်ခြင်းလည်း မဟုတ်ဘဲ ထိုအစား အချိန်တိုင်း နေရာတိုင်း၌ ပကတိလွတ်လပ်မှုဖြင့် ထုတ်ဖော်ဖွင့်ပြခြင်းဖြစ်သည်။ ဘုရားသခင်က သူ၏နှလုံးသားကို ပြောင်းလဲပြီး သူ၏အမျက်ဒေါသအား ဖော်ပြခြင်းကို ရပ်တန့်ကာ နိနေဝေမြို့အား မဖျက်ဆီးဘဲ စိတ်ချုပ်တည်းလိုက်ခြင်းကို သင်မြင်သည့်အခါ ဘုရားသခင်သည် သနားကရုဏာ၊ မေတ္တာနှင့်သာ ပြည့်စုံသည်ဟု သင်ဆိုနိုင်သလော။ ဘုရားသခင်၏ အမျက်ဒေါသတွင် အနှစ်မရှိသည့် စကားလုံးများသာလျှင် ပါဝင်သည်ဟု သင်ဆိုနိုင်သလော။ ဘုရားသခင်သည် ပြင်းထန်သည့် အမျက်ဒေါသဖြင့် ဒေါသူပုန်ထပြီး သူ၏သနားကရုဏာကို ရုပ်သိမ်းလိုက်သောအခါ လူသားမျိုးနွယ်အပေါ် သူသည် စစ်မှန်စွာမချစ်ဟု သင်ဆိုနိုင်သလော။ လူတို့၏ ဆိုးယုတ်သည့် လုပ်ရပ်များကို တုံ့ပြန်သည့်အနေနှင့် ပြင်းထန်သည့် ဤအမျက်ဒေါသကို ဘုရားသခင်ဖော်ပြ၏။ သူ၏အမျက်ဒေါသသည် ခြောက်ပြစ်ကင်း၏။ ဘုရားသခင်၏ နှလုံးသားသည် လူတို့၏ နောင်တကြောင့် တို့ထိခံရသည်။ သူ၏နှလုံးသားကို ပြောင်းလဲစေသည်မှာလည်း ဤနောင်တပင် ဖြစ်သည်။ သူတို့ထိခံရသည့်အခါ၊ သူ၏နှလုံးသားပြောင်းလဲသည့်အခါ၊ ထို့ပြင် လူသားအပေါ် သူ၏သနားကရုဏာနှင့် သည်းခံခြင်းတို့ကို ပြသသည့်အခါ ဤအရာအားလုံးသည် လုံးလုံးလျားလျား ခြောက်ပြစ်ကင်း၏။ ၎င်းတို့သည် သန့်ရှင်း၍ ဖြူစင်ကာ ပြစ်မျိုးမှဲ့မထင်ဖြစ်ပြီး အရောအနှောကင်း၏။ ဘုရားသခင်၏ သနားကရုဏာက သနားကရုဏာမှလွဲ၍ အခြားဘာမျှ မဟုတ်သကဲ့သို့ ဘုရားသခင်၏ သည်းခံခြင်းသည်လည်း သည်းခံခြင်းသက်သက်သာဖြစ်သည်။ လူသား၏နောင်တနှင့် လူသားအပြုအမူ၏ အပြောင်းအလဲများနှင့်အညီ သူ၏စိတ်သဘောထားသည် အမျက်ဒေါသ၊ သို့မဟုတ် သနားကရုဏာနှင့် သည်းခံမှုတို့ကို ထုတ်ဖော်ပြ၏။ သူ့အနေဖြင့် မည်သည့်အရာကိုပင် ထုတ်ဖော်ပြီး ဖွင့်ပြသည်ဖြစ်စေ အားလုံးက သန့်စင်ပြီး တိုက်ရိုက်ဖြစ်သည်။ သူ၏အနှစ်သာရသည် မည်သည့်ဖန်ဆင်းခံမဆို၏အနှစ်သာရနှင့် ကွဲပြား၏။ ဘုရားသခင်သည် သူ့လုပ်ဆောင်ချက်များ၏အောက်ခြေရှိ အခြေခံမူများကို ဖော်ပြသည့်အခါ ၎င်းတို့သည် ချို့ယွင်းချက်များ၊ သို့မဟုတ် အပြစ်အနာအဆာများ ကင်း၏၊ ထို့ပြင် သူ၏အတွေးများ၊ စိတ်ကူးများအပြင် သူချမှတ်သည့် ဆုံးဖြတ်ချက် တစ်ခုစီတိုင်းနှင့် သူပြုသည့် လုပ်ဆောင်ချက်တစ်ခုစီတိုင်းသည်လည်း ထိုကဲ့သို့ပင် ဖြစ်သည်။ ဘုရားသခင်က ထိုကဲ့သို့ ဆုံးဖြတ်ပြီး ထိုကဲ့သို့ လုပ်ဆောင်သောကြောင့် သူ၏လုပ်ငန်းများကိုလည်း ထိုကဲ့သို့ ပြည့်စုံစေသည်။ သူ့လုပ်ငန်းများ၏ရလဒ်များက မှန်ကန်ပြီး ပြောစရာမရှိသည်မှာ ၎င်းတို့၏ အရင်းအမြစ်က ချို့ယွင်းချက်ကင်းပြီး အပြစ်အနာအဆာကင်းသည့် အကြောင်းရင်းအတိအကျကြောင့်ဖြစ်သည်။ ဘုရားသခင်၏ အမျက်ဒေါသသည် ခြောက်ပြစ်ကင်း၏။ အလားတူပင် မည်သည့်ဖန်ဆင်းခံမျှ မပိုင်သည့် ဘုရားသခင်၏ သနားကရုဏာနှင့် သည်းခံခြင်းတို့သည်လည်း သန့်ရှင်းပြီး ခြောက်ပြစ်ကင်းကာ တွေးတောသုံးသပ်ခြင်းနှင့် တွေ့ကြုံခံစားခြင်းတို့ကို ကြံ့ကြံ့ခံနိုင်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)
ဘုရားသခင်ဖော်ပြသော နှုတ်ကပတ်တော်များသည် သမ္မာတရား အမှန်တကယ်ဖြစ်ကြောင်း မြင်လာသောအခါ လူအချို့သည် ဘုရားသခင်ကို ယုံကြည်လာကြသည်။ သို့သော် သူတို့သည် ဘုရားသခင်၏အိမ်တော်သို့ ရောက်ပြီး ဘုရားသခင်သည် သာမန်လူတစ်ဦးဖြစ်ကြောင်းကို မြင်သောအခါ သူတို့၏စိတ်နှလုံးများထဲတွင် အယူအဆများ ဖြစ်ပေါ်လာကြသည်။ သူတို့၏စကားလုံးများနှင့် လုပ်ဆောင်မှုများသည် အထိန်းအချုပ်မရှိ ဖြစ်လာကြသည်၊ သူတို့သည် အပျော်အပါး လိုက်စားလာကြပြီး တာဝန်မဲ့စွာ ပြောဆို၍ သူတို့ ဝေဖန်ပြီး အသရေဖျက်ကြသည်။ ဤသည်မှာ ထိုကဲ့သို့သော ဆိုးယုတ်သည့်လူတို့ကို ထုတ်ဖော်သည့်နည်းလမ်းဖြစ်သည်။ ထိုလူ့သဘာဝ မရှိသော သတ္တဝါများသည် မကောင်းမှုကို မကြာခဏ ပြုကြပြီး အသင်းတော်၏အလုပ်များကို နှောင့်ယှက်ကြသည်၊ သူတို့ထံ ကောင်းကျိုးတစ်စုံတစ်ရာ မရောက်နိုင်ပါ။ သူတို့သည် ဘုရားသခင်ကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်၍ အသရေဖျက်ကာ ဝေဖန်ကြပြီး စော်ကားကြသည်၊ ပြောင်ပြောင်တင်းတင်း ဘုရားကိုပြစ်မှားကြပြီး ဘုရားနှင့် ဆန့်ကျင်ဘက်ပြုကြသည်။ ထိုကဲ့သို့သောလူများသည် ပြင်းထန်သော အပြစ်ဒဏ်ကို ခံယူကြရမည့်သူများဖြစ်သည်။ အချို့လူများသည် အယောင်ဆောင် ခေါင်းဆောင်များနှင့် အဆင့်တူဖြစ်ပြီး နှင်ထုတ်ခံရပြီးနောက်တွင် သူတို့သည် ဘုရားသခင်အပေါ် အဆက်မပြတ် ဒေါသထွက်နာကြည်းကြသည်။ သူတို့သည် သူတို့၏အယူအဆများကို ဆက်ဖြန့်ရန်နှင့် သူတို့၏မကျေနပ်ချက်များကို ပြောဆိုထုတ်ဖော်ရန် စုဝေးရသည့် အခွင့်အရေးကို အမိအရ အသုံးချကြသည်။ မည်သည့် ကြမ်းတမ်းသောစကားလုံးများကိုမဆို၊ သို့မဟုတ် သူတို့၏အမုန်းတရားကို ထွက်ပေါက်ပေးသည့် စကားလုံးများကိုပင် မစဉ်းမစားပြောထွက်ကြသည်။ ထိုကဲ့သို့သောလူများသည် မကောင်းဆိုးဝါးများ မဟုတ်လော။ ဘုရားသခင်၏အိမ်တော်မှ ရှင်းလင်းခံရပြီးနောက် သူတို့သည် မိုက်မဲမိသည့် တစ်ခဏအတွင်းတွင် အမှားတစ်ခုခုကို ပြောမိလေပြီဟုဆိုကာ နောင်တရကြသည်။ လူအချို့က သူတို့ကို ပိုင်းခြားသိမြင်နိုင်ခြင်းမရှိဘဲ “သူတို့က တော်တော် သနားစရာကောင်းတယ်၊ စိတ်နှလုံးထဲကနေ နောင်တရနေကြပါပြီ။ ဘုရားသခင်ကို သူတို့ အကြွေးတင်နေပြီ၊ ဘုရားသခင်ကို သူတို့ မသိဘူးလို့ သူတို့ပြောတယ်၊ ဒါကြောင့် သူတို့ကို ခွင့်လွှတ်လိုက်ကြရအောင်ပါ” ဟု ပြောကြသည်။ ထိုသို့ လွယ်လွယ်နှင့် ခွင့်လွှတ်ပေး၍ ရပါသလား။ ဘုရားသခင်ကို မဆိုထားနှင့်၊ လူများတွင် သူတို့၏ဂုဏ်သိက္ခာ ရှိကြသည်။ ထိုလူများ ဘုရားကိုပြစ်မှား၊ အသရေဖျက်ပြီးနောက် သူတို့ကို ခွင့်လွှတ်ပေးပြီး မိုက်မဲမိသည့် တစ်ခဏအတွင်းမှာ သူတို့ အမှားလုပ်မိကြရှာသည်ဟုဆိုသည့် လူအချို့၏စိတ်ထဲတွင် သူတို့သည် နောင်တရသယောင်ရှိကြသည်။ သို့သော် ထိုအချိန်သည် မိုက်မဲမိသည့်တစ်ခဏ ဟုတ်ပါ၏လော။ သူတို့ပြောသည့်စကားတွင် ရည်ရွယ်ချက်တချို့ အမြဲရှိကြသည်၊ သူတို့သည် ဘုရားသခင်ကိုပင် ဝေဖန်အပြစ်တင် ရဲကြပေသည်။ ဘုရားသခင်၏အိမ်တော်က သူတို့ကို အစားထိုးခဲ့သည်၊ ထို့နောက် အဆင့်အတန်း၏အကျိုးကျေးဇူးများကို သူတို့ ဆုံးရှုံးသွားခဲ့သည်။ ဖယ်ရှားရှင်းလင်းခြင်းခံရမည်ကို ကြောက်ရွံ့သောကြောင့် မကျေနပ်ချက်များစွာကို ပြောဆိုရင်း ခါးသီးစွာ ငိုကြွေးလျက် နောက်ပိုင်းတွင် နောင်တရကြသည်။ ဤသည်က ကောင်းကျိုးတစ်စုံတစ်ရာကို ပေးပါသလား။ သင်၏စကားလုံးများကို ပြောပြီးသည်နှင့်တစ်ပြိုင်နက် ရေကို မြေကြီးပေါ် လောင်းချလိုက်သကဲ့သို့ ပြန်အဖတ်ဆယ်၍မရနိုင်တော့ပေ။ လိုသလို ဆန့်ကျင်တတ်သော၊ ဝေဖန်အပြစ်တင်သော၊ သူ့ကို ပြစ်မှားစော်ကားသော လူများကို ဘုရားသခင်က သည်းခံပါမည်လော။ လျစ်လျူရှုထားလိုက်မည်လော။ ထိုသို့ဆိုလျှင် ဘုရားသခင်တွင် ဂုဏ်သိက္ခာရှိတော့မည် မဟုတ်ပေ။ အချို့လူများက ဆန့်ကျင်ပြီးနောက်တွင် “ဘုရားသခင်၊ ကိုယ်တော်၏အဖိုးတန်သွေးတော်က ကျွန်ုပ်ကို ရွေးနုတ်တော်မူပါသည်။ ကိုယ်တော်က ကျွန်ုပ်တို့ကို လူများအား အကြိမ်ခုနှစ်ဆယ် ခုနှစ်လီမြောက်အောင် ခွင့်လွှတ်ရမည်ဆိုသည်။ ကိုယ်တော်သည်လည်း ကျွန်ုပ်အား ခွင့်လွှတ်တော်မူသင့်ပါသည်”ဟု ပြောကြသည်။ အရှက်မဲ့လိုက်လေခြင်း။ လူအချို့သည် ဘုရားသခင်နှင့်ပတ်သက်သည့် ကောလာဟလများကို ဖြန့်ကြသည်၊ သူ့အား အသရေဖျက်ပြီးနောက်တွင် ကြောက်လာကြသည်။ အပြစ်ပေးခံရမည်ကို ကြောက်သည့်အတွက် သူတို့သည် အလျင်အမြန် ဒူးထောက်လျက် “ဘုရားသခင်၊ ကျွန်ုပ်ကို မထားခဲ့ပါနှင့်။ ကျွန်ုပ်ကို အပြစ်မပေးပါနှင့်၊ ကျွန်ုပ် ဝန်ခံပါသည်၊ ကျွန်ုပ် နောင်တရပါပြီ။ ကိုယ်တော့်ထံ ကျွန်ုပ် အကြွေးတင်နေပါပြီ။ ကျွန်ုပ် မှားခဲ့ပါပြီ”ဟု ဆုတောင်းကြသည်။ ပြောလော့၊ ထိုကဲ့သို့သော လူများခွင့်လွှတ်ခံရနိုင်မည်လော။ ခွင့်လွှတ်မခံရနိုင်ပါ။ မည်သည့်အတွက်ကြောင့် မခွင့်လွှတ်နိုင်ရမည်နည်း။ သူတို့ပြုခဲ့ပြီးသော အရာသည် သန့်ရှင်းသောဝိညာဉ်တော်ကို ပုန်ကန်ပြစ်မှားခဲ့ပြီ။ သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားမိသော အပြစ်သည် ဤဘဝတွင်သာမဟုတ်၊ နောင်ဘဝအတွက်ပါ မည်သည့်အခါမှ ခွင့်လွှတ်ခံရမည်မဟုတ်ပါ။ ဘုရားသခင်သည် ကတိတည်သည်။ သူ့တွင် ဂုဏ်သိက္ခာ၊ အမျက်ဒေါသနှင့် ဖြောင့်မတ်သော စိတ်သဘောထားရှိသည်။ ဘုရားသခင်သည် လူသားနှင့်တူပြီး တစ်စုံတစ်ဦးက သူ့အပေါ် အနည်းငယ် ကောင်းပြရုံနှင့် သူက သူတို့ကျူးလွန်ခဲ့သော ပြစ်မှားမှုများကို ခွင့်လွှတ်ပေးလိမ့်မည်ဟု သင်ထင်သလော။ ထိုသို့ မဟုတ်ပါ။ ဘုရားသခင်ကို သင် ဆန့်ကျင်ပါက သင့်အတွက် ကိစ္စများ အဆင်ပြေချောမွေ့လာမည်လော။ တဒင်္ဂ မိုက်မဲမှုကြောင့် သင် အမှားတစ်ခုခုလုပ်မိပါက၊ သို့မဟုတ် တစ်ခါတစ်ရံ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို အနည်းငယ်မျှ သင်ထုတ်ဖေါ်ပြမိပါက နားလည်နိုင်ပါသည်။ သို့သော် သင် တိုက်ရိုက် ခုခံကာ ပုန်ကန်ပြီး ဘုရားသခင်အား ဖီဆန်ခြင်းပြုပါက သင် ဘုရားသခင်ကို အသရေဖျက်ကာ ပြစ်မှားစော်ကားပြီး သူ့အကြောင်း ကောလာဟလများ ဖြန့်ပါက သင်သည် လုံးဝဥဿုံ ပျက်စီးခြင်းသို့ ရောက်ပြီဖြစ်သည်။ အဆိုပါလူများ ဆက်လက် ဆုတောင်းရန် မလိုပါ၊ သူတို့သည် အပြစ်ပေးခံရဖို့သာ စောင့်နေသင့်သည်။ သူတို့ကို ခွင့်လွှတ်နိုင်စရာမရှိပါ။ ထိုအချိန်သို့ ရောက်လာသောအခါ “ဘုရားသခင်၊ ကျွန်တော်မျိုးကို ကျေးဇူးပြု၍ ခွင့်လွှတ်တော်မူပါ” ဟု အရှက်မဲ့စွာ မပြောနှင့်။ သင် မည်သို့ အသနားခံပါစေ ပြောရမည်ကို အားနာသော်လည်း အသုံးဝင်လိမ့်မည် မဟုတ်ပါ။ အချို့သော သမ္မာတရားတို့ကို နားလည်သဘောပေါက်ပြီးသည့်နောက်တွင် လူတို့သည် သိလျက်နှင့်ပင် ပြစ်မှားကြလျှင် သူတို့ကို ခွင့်လွှတ်မပေးနိုင်ပေ။ ယခင်က ဘုရားသခင်သည် လူတစ်ဦး၏ ပြစ်မှားမှုများကို သတိမရဟု ဆိုကြသည်။ ယင်းက ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ မပါဝင်သလို ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခြင်း မရှိသည့် အသေးစား ပြစ်မှားမှုများကို ဆိုလိုသည်။ ဤအရာများတွင် ဘုရားသခင်ကို ပြစ်မှားစော်ကားခြင်းနှင့် အသရေဖျက်ခြင်းတို့ မပါဝင်ပါ။ သို့သော် သင်သည် တစ်ကြိမ်တစ်ခါမျှပင် ဘုရားသခင်ကို ပြစ်မှားစော်ကားခြင်း၊ ဝေဖန်ခြင်း၊ သို့မဟုတ် အသရေဖျက်ခြင်းတို့ကို ပြုလုပ်မိပါက ဤသည်က ချေဖျက်မရနိုင်သည့် ထာဝရ အစွန်းအထင်းတစ်ခု ဖြစ်သွားပါလိမ့်မည်။ လူတို့သည် သူတို့အလိုကျ ဘုရားသခင်ကို ပြစ်မှားစော်ကား၍ စော်ကားလိုကြပြီး ကောင်းချီးများကို ရရန် သူ့ကို အပြည့်အဝ အသုံးချလိုကြသည်။ ကမ္ဘာပေါ်ရှိ မည်သည့်အရာကမှ ထိုမျှ ဈေးမပေါချေ။ ဘုရားသခင်သည် သနားကရုဏာနှင့် ပြည့်စုံ၍ ကြင်နာတတ်သည်၊ သူသည် စေတနာကောင်းသည်၊ သူ့တွင် ကြီးမားကျယ်ပြန့်ပြီး တိုင်းတာ၍ မရနိုင်သော နှလုံးသားတစ်ခုရှိသည်။ သူသည် လူတို့၏ ပြစ်မှားမှုများကို သတိမရဘဲ လူတို့၏ အတိတ်မှ ပြစ်မှားမှုများနှင့် ပြုခဲ့ပြီးသော အမှုများအတွက် သင်ပုန်းချေတတ်သည် ဟူ၍ လူတို့သည် အမြဲ ထင်မြင်ကြသည်။ သင်ပုန်းချေခြင်းသည် အသေးအဖွဲ ကိစ္စများအပေါ်တွင် ဖြစ်သည်။ သူ့ကို ပွင့်ပွင့်လင်းလင်း ခုခံပြီး ပြစ်မှားစော်ကားသောသူတို့ကို ဘုရားသခင်သည် ဘယ်တော့မျှ ခွင့်လွှတ်လိမ့်မည် မဟုတ်ပေ။
အသင်းတော်ရှိ လူအများစုသည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ကြသော်လည်း သူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးများ မရှိကြပေ။ ဤသည်က လူအများစုတွင် ဘုရားသခင်၏ စိတ်သဘောထားနှင့်ပတ်သက်သည့် စစ်မှန်သော သိမြင်မှု မရှိကြကြောင်းကို ပြသည်၊ ထို့ကြောင့် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ရန် သူတို့အတွက် ခက်ခဲလေသည်။ အကယ်၍ လူတို့သည် သူတို့၏ ယုံကြည်ခြင်းတွင် ဘုရားသခင်ကို မကြောက်ရွံ့သကဲ့သို့ သူ့ကို ထိတ်လန့်တုန်လှုပ်ခြင်း မရှိသည့်အပြင် ဘုရားသခင်၏ အမှုတော်က သူတို့၏ ကိုယ်ပိုင် အကျိုးများကို ထိပါးလာသည်နှင့်တစ်ပြိုင်နက် သူတို့ကြိုက်နှစ်သက်ရာ မည်သည့်အရာကိုမဆို ပြောပြီး သူတို့ ပြောဆိုပြီးသောအခါ ထိုအရာသည် အဆုံးသတ်ဖြစ်လိမ့်မည်လော။ ထို့နောက်တွင် သူတို့ပြောသည့်အရာအတွက် နောက်ဆက်တွဲအကျိုးကို သူတို့ခံစားကြရမည်။ ဤသည်က ရိုးရှင်းသော ကိစ္စတစ်ခု မဟုတ်ပါ။ လူအချို့က ဘုရားသခင်ကို ပြစ်မှားစော်ကားသောအခါ၊ ဝေဖန်သောအခါ သူတို့၏ စိတ်နှလုံးထဲတွင် သူတို့မည်သည့်အရာ ပြောနေသည်ကို သူတို့ သိသလော။ ဤအရာများကို ပြောသောသူ အားလုံးသည် သူတို့ မည်သည့်အရာပြောသည်ကို သူတို့၏ စိတ်နှလုံးထဲတွင် သိကြသည်။ နတ်ဆိုးစွဲခြင်း ခံထားရသောသူများနှင့် ပုံမှန် မဟုတ်သော အကြောင်းပြချက်ရှိသူများမှအပ ပုံမှန် လူများသည် သူတို့ ပြောနေသည့်အရာကို သူတို့၏ စိတ်နှလုံးထဲတွင် သိကြသည်။ သူတို့ မသိပါဟု သူတို့ ပြောပါက သူတို့သည် လိမ်နေခြင်းဖြစ်သည်။ သူတို့စကားပြောသောအခါ “ကိုယ်တော်က ဘုရားသခင်ဆိုတာ ကျွန်ုပ်သိပါတယ်။ ကိုယ်တော် လုပ်နေတာ မမှန်ဘူးလို့ ကျွန်ုပ်ပြောနေတယ်၊ ဒီတော့ ကိုယ်တော်က ကျွန်ုပ်ကို ဘာများ လုပ်နိုင်မှာလဲ။ ကျွန်ုပ်စကားပြောပြီးသောအခါ ကိုယ်တော်က ဘာလုပ်မည်နည်း” ဟု သူတို့က စဉ်းစားလေသည်။ သူတို့သည် ဤအရာကို အခြားသူများကို နှောင့်ယှက်ဖို့၊ အခြားသူများကို သူတို့ဘက်သို့ပါအောင် ဆွဲဖို့၊ အခြားသူများကို အလားတူစကားများ ပြောစေဖို့၊ အခြားသူများကို အလားတူလုပ်ရပ်များ လုပ်စေဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ကြသည်။ သူတို့ပြောသည့်အရာသည် ဘုရားသခင်နှင့် ဆန့်ကျင်နေပြီး ဘုရားသခင်ကို ပြစ်မှားစော်ကားနေသည့် ဘုရားသခင်ကို ပြောင်ပြောင်တင်းတင်း အာခံခြင်းဖြစ်ကြောင်းကို သူတို့ သိကြသည်။ သူတို့ အလေးအနက် စဉ်းစားဆင်ခြင်ပြီးနောက် သူတို့လုပ်ခဲ့သည့်အရာသည် မှားနေသည်ဟု ထင်မြင်မိသည်။ “ကျွန်ုပ် မည်သည့်အရာကို ပြောလိုက်သနည်း။ ထိုအချိန်သည် စိတ်မြန်လက်မြန် လုပ်လိုက်သော တစ်ခဏဖြစ်ပြီး ကျွန်ုပ် အလွန်နောင်တရသည်” ဟူ၍ ဖြစ်လေသည်။ သူတို့၏နောင်တသည် စင်စစ်အားဖြင့် ထိုအချိန်က သူတို့မည်သည့်အရာ လုပ်ခဲ့ကြသည်ကို သူတို့သိခဲ့ကြောင်းကို သက်သေပြသည်။ သူတို့ မသိခဲ့ခြင်း မဟုတ်ချေ။ အကယ်၍ သူတို့သည် စေ့စေ့စပ်စပ် နားမလည်ဘဲ ခဏတာ မသိနားမလည်ဖြစ်ပြီး စိတ်ရှုပ်ထွေးနေခဲ့ခြင်း ဖြစ်သည်ဟု သင်ထင်ပါက ဤသည်မှာ လုံးလုံးလျားလျား မမှန်ပေ။ လူတို့သည် စေ့စေ့စပ်စပ် နားမလည်ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ဘုရားသခင်ကို သင် ယုံကြည်ပါက သင့်တွင် အနည်းဆုံး သာမန် ဘဝပေးအသိစိတ် ရှိကို ရှိရမည်။ ဘုရားသခင်ကို ယုံကြည်ရန် သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သင့်ပြီး ထိတ်လန့်သင့်သည်။ သင်သည် ဘုရားသခင်ကို ပြစ်မှားစော်ကား၍မရ၊ သူ့ကို သင့်သဘောရှိ ဝေဖန်၍မရ၊ သို့မဟုတ် အသရေဖျက်၍ မရချေ။ “ဝေဖန်ခြင်း”၊ “ပြစ်မှားစော်ကားခြင်း”နှင့် “အသရေဖျက်ခြင်း” ဟူသည်မှာ မည်သည့်အရာကို ဆိုလိုကြောင်း သင်သိသလော။ သင်တစ်စုံတစ်ခုကို ပြောသောအခါ ဘုရားသခင်ကို ဝေဖန်လိုသည့်သဘောဖြင့် ပြောဆိုနေခြင်း ရှိမရှိကို သင်မသိလေသလော။ လူအချို့သည် သူတို့က ဘုရားသခင်ကို ဧည့်ဝတ်ပြုရာတွင် ပါဝင်ဆောင်ရွက်ဖူးကြောင်း၊ ပြီးနောက် ဘုရားသခင်ကို မကြာခဏ မြင်တွေ့ပြီး ဘုရားသခင်၏ တေ့တေ့ဆိုင်ဆိုင် မိတ်သဟာယပြုခြင်းကို နားထောင်ဖူးကြောင်းဆိုသည့် အချက်ကို အမြဲပြောကြသည်။ သူတို့သည် အမှတ်မထင် တွေ့ဆုံမိသည့် မည်သူနှင့်မဆို ဤအကြောင်းအရာများ အကြောင်းကို ပြောကြသည်။ အပေါ်ယံကိစ္စများကို ရှည်ရှည်ဝေးဝေး ပြောဆိုကြသည်။ သူတို့တွင် စစ်မှန်သော အသိပညာ လုံးဝ မရှိကြပေ။ သူတို့ ဤအကြောင်းအရာများကို ပြောသောအခါ သူတို့တွင် မကောင်းသောရည်ရွယ်ချက်များ မရှိသည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။ သူတို့သည် ညီအစ်ကိုမောင်နှမများအတွက် စေတနာကောင်းပြီး လူတိုင်းကို အားပေးလိုခြင်း ဖြစ်နိုင်သည်။ သို့သော် သူတို့သည် ဘာကြောင့် ဤအကြောင်းအရာများကို ပြောရန် ရွေးသနည်း။ အကယ်၍ သူတို့သည် ဤကိစ္စကို စိတ်ထက်သန်တက်ကြွစွာ ထည့်သွင်းဆွေးနွေးလာပါက ထိုအခါ အဓိကအားဖြင့် ကြွားရန်နှင့် လူများက သူတို့ကို အထင်ကြီးလာစေရန်စသည့် ရည်ရွယ်ချက်တစ်စုံတစ်ခု သူတို့တွင် ရှိသည်။ သူတို့သည် လူတို့ ယုံကြည်မှုရှိအောင် လုပ်နိုင်ပြီး ဘုရားသခင်ကို လူတို့၏ ယုံကြည်ခြင်းတွင် အားပေးနိုင်ပါက သူတို့သည် လူတို့အား သမ္မာတရားဖြစ်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပို၍ ဖတ်ရွတ်ပြနိုင်သည်။ သို့ဆိုလျှင် အဆိုပါ ပြင်ပ အကြောင်းအရာများ အကြောင်းကို သူတို့ အဘယ်ကြောင့် မလျှော့တမ်း ပြောနေရသနည်း။ သူတို့ ဤအကြောင်းအရာများကို ပြောခြင်း၏ အရင်းအမြစ်က သူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး တကယ်ကို မရှိခြင်းပင်ဖြစ်သည်။ သူတို့သည် ဘုရားသခင်ကို မကြောက်ရွံ့ပါ။ သူတို့သည် ဘုရားသခင် ရှေ့မှောက်တွင် ထိန်းမနိုင်သိမ်းမရပြုမူပြီး နှုတ်မစောင့်စည်းဘဲ မည်သို့ နေနိုင်သနည်း။ ဘုရားသခင်တွင် ဂုဏ်သိက္ခာရှိသည်။ လူတို့သည် ဤအရာကို သဘောပေါက်လျှင် အဆိုပါကိစ္စများကို သူတို့ ဆက်လက် လုပ်ဆောင်နေဦးမည်လော။ လူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး မရှိကြချေ။ သူတို့၏ ပုဂ္ဂိုလ်ရေး ရည်မှန်းချက်များကို ရရန်နှင့် အခြားသူများက သူတို့အား အထင်ကြီးစေရန်ဖြစ်သည့် သူတို့၏ ကိုယ်ပိုင် အကြောင်းပြချက်များအတွက် ဘုရားသခင်သည် မည်သို့ဖြစ်သည်နှင့် ဘုရားသခင်သည် မည်သည့်အရာနှင့် တူသည်ဆိုသည်ကို စိတ်ကူးပေါက်သလို သူတို့ ပြောကြသည်။ ဤသည်မှာ ဘုရားသခင်ကို ဝေဖန်ခြင်းနှင့် ပြစ်မှားစော်ကားခြင်းမျှသာ ဖြစ်သည်။ အဆိုပါလူတို့တွင် သူတို့၏ စိတ်နှလုံးသားထဲ၌ ဘုရားသခင်အတွက် ကြောက်ရွံ့ခြင်း မရှိချေ။ သူတို့သည် ဘုရားသခင်ကို ခုခံပြီး ပြစ်မှားစော်ကားကြသည့် လူအားလုံးဖြစ်သည်။ သူတို့သည် နတ်ဆိုးများနှင့် မကောင်းဆိုးဝါးများသာ ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး
ဘုရားသခင်၏ အမှုတော်နှင့် လူတို့အပေါ် ကျရောက်သော အမှုအရာများကို အမှန်နှင့် အမှား၊ မှန်ကန်ခြင်းနှင့် မမှန်ကန်ခြင်း ရှုထောင့်များမှ အကဲဖြတ်ရန် သင် ကြိုးစားလျှင် ယင်းတို့ကို သင် ငြင်းပယ်မိလိမ့်မည်ဖြစ်သည်။ ယင်းတို့သည် ဘုရားသခင်၏ အမှုတော်နှင့် တူပုံမရကြောင်းနှင့် သင်၏ အယူအဆများ၊ စိတ်ကူးများနှင့် မကိုက်ညီကြောင်း သင် တွေးထင်လိမ့်မည်ဖြစ်ပြီး ယင်းတို့ကို သင် ငြင်းပယ်မိလိမ့်မည်။ ယင်းတို့ကို သင် ငြင်းပယ်လျှင် ယင်းတို့ကို သမ္မာတရားအဖြစ် သင် မည်သို့ ကျိုးနွံနာခံနိုင်မည်နည်း။ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ လူတို့သည် အဘယ်ကြောင့် ထိုအရာများကို ငြင်းပယ်ကြသနည်း။ ဤသည်မှာ လူသား အယူအဆက ဖြစ်စေခြင်း ဖြစ်သည်။ ယင်းမှာ လူသား ဦးနှောက်က အသိအမှတ်ပြုနိုင်သည့်အရာနှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များအပေါ် လူတို့ မြင်နိုင်သည့်အရာတို့တွင် အကန့်အသတ်များရှိကာ လူတို့ နားလည်နိုင်သည့် သမ္မာတရားတွင် အကန့်အသတ်များ ရှိသည်ကို ဆိုလိုပေသည်။ ဘုရားသခင်ကို အမှန်တကယ် သိရှိရန် ဤအကန့်အသတ်များကို သင် မည်သို့ ထိုးဖောက်ကျော်လွှားနိုင်မည်နည်း။ သင်သည် ဘုရားသခင်ထံမှ အမှုအရာများကို ခံယူရမည်ဖြစ်ပြီး သင် ကြုံရသော သင် နားမလည်နိုင်သည့် အရာများကို ပေါ့ပေါ့တန်တန် မသတ်မှတ်ရသကဲ့သို့ အချို့သော ပြဿနာများကို မဖြေရှင်းနိုင်လျှင် ကြောင်းကျိုးမမြင်ဘဲ ဝေဖန်မှုများ မပြုရပေ။ ဤသည်မှာ လူတို့ အပိုင်ဆိုင်သင့်ဆုံးသော ဆင်ခြင်တုံတရားဖြစ်သည်။ သင်က “ယင်းမှာ ဘုရားသခင် လုပ်ဆောင်သည့်အရာ မဟုတ်၊ ဘုရားသခင်က ယင်းကို လုံးဝ လုပ်ဆောင်မည်မဟုတ်”ဟု ပြောလျှင် သင်ဆင်ခြင်တုံတရား မဲ့ပေသည်။ မည်သည့်အရာကို သင် အမှန်တကယ် နားလည်နိုင်သနည်း။ သင်သည် ဘုရားသခင်ကိုယ်စား ဝေဖန်မှုများ ပြုလုပ်ဝံ့လျှင် သင်သည် အမှန်တကယ် ဆင်ခြင်တုံတရား မဲ့ပေသည်။ ဘုရားသခင်သည် သင် တွေးထင်သည့်အတိုင်းဖြစ်စေ၊ သင့် စိတ်ကူးများ၏ နယ်ပယ်အတွင်းတွင်ဖြစ်စေ အတိအကျ ပြုမူဆောင်ရွက်ခြင်းမျိုး ဖြစ်ချင်မှဖြစ်ပေလိမ့်မည်။ ဘုရားသခင်သည် ကြီးမြတ်လွန်းသည်၊ ဉာဏ်မမီနိုင်ဖွယ် ဖြစ်လွန်းသည်၊ နက်နဲလွန်းသည်၊ အံ့ဩဖွယ်ကောင်းလွန်းပြီး ဉာဏ်ပညာ ရှိလွန်းပေသည်။ အဘယ်ကြောင့် “လွန်း”ဟူသည့် စကားလုံးကို ငါ ဖြည့်စွက်ရသနည်း။ အဘယ်ကြောင့်ဆိုသော် လူသားများက ဘုရားသခင်ကို ဉာဏ်မမီနိုင်ကြသောကြောင့် ဖြစ်သည်။ သင်သည် ဖန်ဆင်းခံတစ်ဦးဖြစ်သောကြောင့် ဘုရားသခင်ကို ဉာဏ်မီရန် မကြိုးစားနှင့်။ သင်ထံတွင် ဤအတွေး မရှိတော့သည်နှင့်တစ်ပြိုင်နက် ဆင်ခြင်တုံတရား အနည်းငယ် သင် ပိုင်ဆိုင်လိမ့်မည်။ ဘုရားသခင်အတွက် ဘောင်ခတ်ရန် မကြိုးစားနှင့်။ ထိုသို့လုပ်ဆောင်ခြင်းမှ သင် ရှောင်ကြဉ်နိုင်လျှင် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်လိမ့်မည်။ ဘုရားသခင်အတွက် စည်းမျဉ်းများ ချမှတ်ပြီး ဘုရားသခင်က သတ်သတ်မှတ်မှတ်ဖြစ်သော နည်းတစ်နည်းဖြင့် ပြုမူဆောင်ရွက်သင့်ကြောင်း၊ ထိုအရာကို ဘုရားသခင်က ဤနည်းဖြင့် လုံးဝ လုပ်ဆောင်မည်ဖြစ်ကြောင်း၊ သို့မဟုတ် ထိုအရာကို ဘုရားသခင်က ထိုသို့ လုံးဝ လုပ်ဆောင်မည် မဟုတ်ကြောင်း၊ ဤသည်မှာ ဘုရားသခင်၏ လုပ်ဆောင်ချက် လုံးဝ မဟုတ်ကြောင်းနှင့် အခြားတစ်စုံတစ်ရာသည် ဘုရားသခင်၏ လုပ်ဆောင်ချက်တစ်ခု လုံးဝ မဟုတ်ကြောင်းကို ပြောသည့် လူများစွာ ရှိသည်။ “လုံးဝ”ဟူသော ဤစကားလုံး ဖြည့်စွက်ချက်နှင့် ပတ်သက်၍ အဘယ်သို့နည်း။ (ဆင်ခြင်တုံတရား ကင်းမဲ့ပါသည်။) ဘုရားသခင်က အံ့ဩဖွယ်ကောင်းလွန်းပြီး ဉာဏ်ပညာ ရှိလွန်းသည်ဟု သင် ပြောသော်လည်း ထို့နောက် ဘုရားသခင်သည် သတ်သတ်မှတ်မှတ်ဖြစ်သော နည်းတစ်နည်းဖြင့် လုံးဝ ပြုမူဆောင်ရွက်မည် မဟုတ်ဟု သင်က ပြောပြန်သည်။ ယင်းမှာ ဆန့်ကျင်ကွဲလွဲမှုတစ်ခု ဖြစ်သည် မဟုတ်လော။ ဤသည်မှာ ဘုရားသခင်ကိုသိသော စစ်မှန်သည့် အသိ မဟုတ်ပေ။ မိမိကိုယ်ပိုင် အမြင်များကို မလျှော့တမ်း စွဲကိုင်ခြင်းနှင့် ဘုရားသခင်အပေါ် အမြဲ ဘောင်ခတ်ခြင်းတို့သည် လုံးဝ ဆင်ခြင်တုံတရား ကင်းမဲ့ခြင်း ဖြစ်သည်။
ဘုရားသခင်သည် အမှုတော်၏ ဤနောက်ဆုံးအဆင့်ကို လုပ်ဆောင်နေပြီး တရုတ်ပြည်တွင် သူ ပေါ်ထွန်းကာ အမှုပြုနိုင်မည်ဟု မည်သူကမျှ မတွေးခဲ့ကြပေ။ ထိုအရာကို သင် စိတ်မကူးနိုင်ခြင်းသည် သင်၏ စိတ်နှလုံးရှိ အယူအဆများနှင့် စိတ်ကူးများအပြင် သင်၏ အတွေးရှိ ကန့်သတ်ချက်များကြောင့် ဖြစ်သည် မဟုတ်လော။ အမေရိက၊ ယူကေ သို့မဟုတ် အစ္စရေးနိုင်ငံတို့ကို အားလုံး ဖြစ်နိုင်ဖွယ်ရှိသောနိုင်ငံများအဖြစ် သင် တွေးကောင်း တွေးနိုင်သော်လည်း ဘုရားသခင်က တရုတ်နိုင်ငံတွင် အမှုပြုမည်ကို လုံးဝ စိတ်မကူးနိုင်ပေ။ ထိုအရာသည် သင့်အတွက် မယုံကြည်နိုင်လောက်အောင်ဖြစ်သည်။ ထိုအရာသည် လူတို့၏ အယူအဆများနှင့် စိတ်ကူးများကို ကျော်လွန်သော်လည်း ဘုရားသခင်သည် သူ၏ နောက်ဆုံးနှင့် အရေးအကြီးဆုံး အမှုတော်ကို ဆောင်ရွက်လျက် တရုတ်နိုင်ငံတွင် သူ၏ အမှုကို စတင်လုပ်ဆောင်ရုံရှိသေးသည်။ ဤသည်မှာ လူသား အယူအဆများနှင့် အလွန် ဆန့်ကျင်ကွဲလွဲနေသည်။ ထို့ကြောင့် ဤအရာမှ မည်သည့်အရာကို သင် သင်ယူပြီးပြီနည်း။ (ဘုရားသခင်၏ အမှုတော်သည် လူသား အယူအဆများနှင့် မကိုက်သကဲ့သို့ အံ့ဩဖွယ်ဖြစ်ပြီး ဉာဏ်မမီနိုင်ဖွယ်ဖြစ်ကြောင်းကို ဖြစ်သည်။) ဘုရားသခင်၏ အမှုတော်သည် လူသား စိတ်ကူးများကို အလွန် ကျော်လွန်သည်။ အံ့ဖွယ်ရာနှင့် ဉာဏ်မမီနိုင်ဖွယ်ဖြစ်သည်၊ ဉာဏ်ပညာရှိသည်၊ နက်နဲသည်။ ဤသည်တို့မှာ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်း၊ သူ၏ စိတ်သဘောထားနှင့် အနှစ်သာရတို့ကို ဖော်ပြရန် အသုံးပြုသည့် လူသား စကားများဖြစ်ပြီး ဤအရာကို ကျိုးကြောင်းသင့်သည်ဟု စဉ်းစားကြသည်။ ဘုရားသခင် အမှုအရာများ လုပ်ဆောင်ခြင်းသည် လူသားတို့၏ အယူအဆများနှင့် မကိုက်ညီသဖြင့် ဘုရားသခင်၏ အမှုတော်သည် အံ့ဖွယ်ကောင်းပြီး ဉာဏ်မမီနိုင်ကြောင်း၊ လူသား၏ အယူအဆများနှင့် မကိုက်ညီကြောင်းဟူသည့် ဤစကားများဖြင့် လူတို့ ပေါင်းရုံးဖော်ပြကြခြင်း ဖြစ်လေသည်။ ဤအရာမှ အခြား မည်သည့်အရာကို လူတို့ သင်ယူနိုင်သနည်း။ လူသားမျိုးနွယ်၏ ယခင် အယူအဆများနှင့် စိတ်ကူးများအားလုံး ဖြိုဖျက်ခံရပြီး ဖြစ်ခြင်း ဖြစ်သည်။ သို့ဆိုလျှင် ဤအယူအဆများသည် မည်သည့်နေရာမှ လာခဲ့သနည်း။ သင် မြင်သည့်အရာမှ ကြည့်လျှင် တရုတ်နိုင်ငံသည် ဆင်းရဲပြီး ခေတ်နောက်ကျသည်။ ကွန်မြူနစ်ပါတီက အာဏာ စွဲကိုင်ထားသည်။ ခရစ်ယာန်များ နှိပ်စက်ညှဉ်းပန်းခြင်း ခံရကြသည်။ လွတ်လပ်မှု မရှိ၊ လူ့အခွင့်အရေးများ မရှိသကဲ့သို့ တရုတ်လူမျိုးများသည် ကမ္ဘာ့စင်မြင့်ထက်တွင် နိမ့်ပါးသည့် အဆင့်အတန်းတစ်ခုဖြင့် အရှေ့အာရှ၏ သနားစဖွယ် နာမကျန်းဖြစ်သော လူများပုံပေါက်လျက် ပညာအရည်အချင်းမှာလည်း အားရလောက်အောင် မရှိကြချေ။ ဘုရားသခင်သည် သူ၏ အမှုတော်ကို လုပ်ဆောင်ရန် တရုတ်နိုင်ငံတွင် အဘယ်သို့ လူ့ဇာတိခံယူနိုင်မည်နည်း။ ဤသည်မှာ အယူအဆတစ်ခု မဟုတ်သလော။ ယခုတွင် ဤအယူအဆ မှန်ကန်သလော၊ မှားယွင်းသလောဟူသည်ကို ကြည့်လော။ (လုံးဝ မှားယွင်းပါသည်။) ပထမဦးစွာ ဘုရားသခင်က ဤနည်းဖြင့် အဘယ်ကြောင့် အမှုပြုမည်၊ ထိုအရာသည် သူက နှိမ့်ချကာ ကွယ်ဝှက်ချင်သောကြောင့် ဟုတ်မဟုတ်၊ သို့မဟုတ် ဤနည်းဖြင့် အမှုပြုခြင်းသည် နက်နဲသော အဓိပ္ပာယ်နှင့် တန်ဖိုး ပါရှိသလော ဟူသည်တို့ကို မပြောဘဲနေကြစို့။ ဤအဆင့်ကို မဆွေးနွေးဘဲ ဘုရားသခင်က ဤနည်းဖြင့် အမှုပြုခြင်းသည် လူသား အယူအဆများနှင့် များစွာ ကွဲလွဲခြင်း ရှိမရှိဟူသည့်အကြောင်းကို ပြောဆိုကြစို့။ အလွန်များစွာ ကွဲလွဲပေသည်။ လူတို့က စိတ်ကူးမရနိုင်ပေ။ ထိုအရာသည် ကောင်းကင်ဘုံ၏ နက်နဲမှုတစ်ခု ဖြစ်ပြီး မည်သူမျှ မသိပေ။ နက္ခတ္တဗေဒပညာရှင်များ၊ ပထဝီဝင်ပညာရှင်များ၊ သမိုင်းပညာရှင်များနှင့် ပရောဖက်များကို ခေါ်လျှင်ပင် ထိုအရာကို တစ်ဦးတလေက အဖြေရှာနိုင်မည်လော။ အသက်ရှင်သူဖြစ်စေ၊ သေသူဖြစ်စေ၊ တတ်စွမ်းနိုင်သော လူအားလုံးကို စုရုံးဆင့်ခေါ်ပြီး စိစစ်ကာ စုံစမ်းစစ်ဆေးခိုင်းလျှင်ပင် သို့မဟုတ် နက္ခတ္တဗေဒနှင့်ဆိုင်သော အဝေးကြည့်မှန်ပြောင်းများဖြင့် စောင့်ကြည့်ကာ လေ့လာခိုင်းလျှင်ပင် အားလုံး အရာရောက်မည် မဟုတ်။ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ လူသားမျိုးနွယ်သည် အရေးမပါလွန်းခြင်း၊ မသိနားမလည်လွန်းခြင်း၊ ဘုရားသခင်၏ အရေးကိစ္စများကို နားလည်သဘောပေါက်ရန် ထိုးထွင်းအမြင် ကင်းမဲ့လွန်းခြင်းကို ဆိုလိုပေသည်။ သင် နားလည်သဘောပေါက်နိုင်ခြင်း မရှိလျှင် ဒုက္ခမခံနှင့်။ သင် ကြိုးစားခဲ့လျှင် နောက်ဆုံး ရလဒ်က မည်သည့်အရာ ဖြစ်မည်နည်း။ သင်၏ အယူအဆများသည် သမ္မာတရားနှင့် တန်းတူ မဟုတ်သည့်အပြင် စင်စစ်အားဖြင့် ဘုရားသခင် လုပ်ဆောင်လိုသည့်အရာနှင့် အလွန်ပင် ခြားနားလေသည်။ ယင်းတို့သည် တူညီသောအရာ လုံးဝ မဟုတ်။ လူသားများရှိသည့် နည်းပါးသော အသိပညာသည် အသုံးမတည့်ပေ။ မည်သည့်အရာကိုမျှ အဖြေမရှာနိုင် သို့မဟုတ် မည်သည့် ပြဿနာကိုမျှ မဖြေရှင်းနိုင်ပေ။ ယခု သင်တို့သည် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုကာ တရားဒေသနာများနှင့် မိတ်သဟာယများကို နားထောင်သဖြင့် သင်တို့၏ စိတ်နှလုံးတွင် အနည်းငယ်မျှ ပို၍ နားလည်ကြသလော။ ဘုရားသခင်အပေါ် သိသည့် အသိတစ်ခုခု သင်တို့တွင် ရှိကြသလော။ တစ်စုံတစ်ဦးက “ဘုရားသခင်သည် သူ လုပ်ဆောင်သည့်အရာကို ကျွန်ုပ်တို့နှင့် မဆွေးနွေးပါ။ သူ လုပ်ဆောင်ရန် ရည်ရွယ်သည့်အရာကို ကျွန်ုပ်တို့ နားလည်နိုင်ရန် ကောင်းကင်ဘုံနှင့်ဆိုင်သော သင်္ကေတတစ်ခုကို ပေးသည်ဖြစ်စေ၊ ဟောကိန်းတစ်ခုကို ပေးဖို့ ပရောဖက်တစ်ဦးကို စေ့ဆော်ပေးသည်ဖြစ်စေ ပြုပါက အလွန်ပင် ကောင်းပေမည်”ဟု ပြောကောင်း ပြောနိုင်သည်။ ကောင်းကင်ဘုံနှင့်ဆိုင်သော သင်္ကေတတစ်ခုဖြင့်ပင် သင် နားလည်နိုင်မည်မဟုတ်သကဲ့သို့ ပရောဖက်တစ်ပါးကလည်း နားလည်နိုင်မည် မဟုတ်ပေ။ ဝိညာဉ်ရေးရာ နယ်ပယ်တွင် ဘုရားသခင် လုပ်ဆောင်သည့်အရာသည် ရှေးခေတ်အချိန်ကာလများမှသည် ယခုထိတိုင် လျှို့ဝှက်ချက်အဖြစ် ရှိနေဆဲဖြစ်ပြီး အလွန် လျှို့ဝှက်သည်မှာ လူသားတစ်ဦးကမျှ မသိနိုင်ပေ။ ပရောဖက်တစ်ဦး သို့မဟုတ် နက္ခတ္တဗေဒပညာရှင် သို့မဟုတ် အတတ်ပညာရှင်၊ ပညာရပ်တစ်ခုခုတွင် ကျွမ်းကျင်သူ သို့မဟုတ် သိပ္ပံပညာရှင်တစ်ဦးက မည်မျှ ပါရမီရှိသည်ဖြစ်စေ ၎င်းတို့ လေ့လာလိုသမျှ လေ့လာနိုင်မည် ဖြစ်သော်လည်း ဘုရားသခင်၏ အရေးကိစ္စများကို မည်သည့်အခါတွင်မျှ နားလည်မည် မဟုတ်ပေ။ လူတို့သည် ဘုရားသခင်၏ အတိတ်က အမှုတော်ကို လေ့လာနိုင်ပြီး ထိုအရာကို ဘုရားသခင် လုပ်ရသည့် အကြောင်းရင်းနှင့်ပတ်သက်နေနိုင်သည့် လျှို့ဝှက်ချက် အနည်းငယ်ကိုဖြစ်စေ၊ အဓိပ္ပာယ်ကိုဖြစ်စေ ထုတ်နုတ်နိုင်ကောင်း ထုတ်နုတ်နိုင်မည် ဖြစ်သော်လည်း အနာဂတ်တွင် မည်သည့်အရာကို ဘုရားသခင် လုပ်ဆောင်မည်ကိုဖြစ်စေ၊ သူ၏ အစီအစဉ်များကိုဖြစ်စေ မည်သူမျှ မသိပေ။ ထို့ကြောင့် လူတို့သည် စောင့်ကြည့်ခြင်းနှင့် လေ့လာခြင်း၊ ရေရှည် စုံစမ်းမေးမြန်းခြင်းနှင့် အတွေ့အကြုံမှတစ်ဆင့်၊ ဘက်ပေါင်းစုံ စိစစ်ခြင်းမှတစ်ဆင့် သို့မဟုတ် များစွာသော လုံ့လနှင့် ကြိုးစားလုပ်ဆောင်မှုမှတစ်ဆင့်၊ ဘုရားသခင်ကို နားလည်သဘောပေါက်ရန် သို့မဟုတ် နောက်ဆုံးတွင် သူ အမှုပြုပုံကို နားလည်သဘောပေါက်ရန် မစဉ်းစားသင့်ပေ။ ဤသည်မှာ မဖြစ်နိုင်သကဲ့သို့ မည်သည့်အခါတွင်မျှ အလုပ်ဖြစ်လိမ့်မည် မဟုတ်။ ထို့ကြောင့် လူတို့သည် ဘုရားသခင်ကို နားလည်သဘောပေါက်နိုင်ခြင်း မရှိလျှင် မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်သင့်သနည်း။ (ကျိုးနွံနာခံသင့်ပါသည်။) လူတို့အတွက် ကျိုးနွံနာခံခြင်းသည် အကျိုးသင့် အကြောင်းသင့်အဖြစ်ဆုံးဖြစ်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အကိုက်ညီဆုံး ဖြစ်သည်။ ကျိုးနွံနာခံခြင်းသည် အခြေခံအုတ်မြစ်ဖြစ်သည်။ ထိုကျိုးနွံနာခံခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခြင်းပေါ် အခြေခံ၍ ဘုရားသခင်ကို သာ၍ သိရှိနိုင်ရန်၊ သမ္မာတရားကို ရရှိရန်နှင့် အသက်ကို ရရှိနိုင်ရန် ဖြစ်သည်။ ဤသည်မှာ သင် ရရှိသင့်သည့်အရာဖြစ်ပြီး သင် လိုချင်တပ်မက်သင့်သည့် ရတနာဖြစ်သည်။ နိုင်ငံတကာ အရေးကိစ္စများ၊ အမှုအရာများကို ဘုရားသခင် လုပ်ဆောင်ပုံနှင့် ဤလူသားမျိုးနွယ်ကို သူ ဦးဆောင်လမ်းပြပုံတို့ကဲ့သို့သော အဓိက အပြင်ပန်း အဖြစ်အပျက်များနှင့် စပ်လျဉ်း၍မူ ဤအရာများကို သင် နားလည်လာနိုင်လျှင် သာ၍ပင် ကောင်း၏။ သင်က “ထိုအရာများကို ကျွန်ုပ် တကယ် ဂရုမစိုက်ပါ။ ထိုအတွက် ကျွန်ုပ်တွင် အစွမ်းအစ သို့မဟုတ် ဉာဏ်မရှိပါ။ ဘုရားသခင်က သမ္မာတရားဖြင့် ကျွန်ုပ်ကို ထောက်ပံ့ကာ ကျွန်ုပ်၏ စိတ်သဘောထားအား ပြောင်းလဲစေပုံကိုသာ ကျွန်ုပ် ဂရုစိုက်သည်”ဟု ပြောလျှင်လည်း အဆင်ပြေသည်။ သင့်ထံတွင် ကျိုးနွံနာခံတတ်ပြီး ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသရွေ့ သင်သည် နောက်ဆုံးတွင် ဘုရားသခင်ထံမှ သမ္မာတရားအပြင် ဉာဏ်ပညာကိုလည်း ရရှိနိုင်လိမ့်မည်။ သမ္မာတရားက လူတို့၏ စိတ်သဘောထားများကို ပြောင်းလဲပေးသည်။ ထိုအရာသည် လူတို့ ရရှိရန် ကြိုးစားသင့်သည့် အသက်ဖြစ်ပြီး ၎င်းတို့ လျှောက်လှမ်းသင့်သည့် လမ်းကြောင်း ဖြစ်သည်။ သို့ဆိုလျှင် လူတို့ ရရှိသည့် ဉာဏ်ပညာမှာ အဘယ်နည်း။ သတိပင် မထားလိုက်မိဘဲ ဘုရားသခင်က အမှုအရာများစွာ လုပ်ဆောင်သည့် နည်းလမ်း၊ ယင်းတို့ကို သူ အဘယ်ကြောင့် လုပ်ဆောင်သည်၊ သူ၏ ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များက မည်သည့်အရာဖြစ်ပြီး အချို့သော အရာများကို လုပ်ဆောင်ရာတွင် သူ၏ စည်းမျဉ်းများက မည်သည့်အရာများဖြစ်သည်တို့ကို သင် မြင်နိုင်လိမ့်မည်။ သင်သည် ဘုရားနှုတ်ကပတ်တော်များ၏ သမ္မာတရားကို တွေ့ကြုံခြင်း ဖြစ်စဉ်မှတစ်ဆင့် ဤအရာကို အမှုမဲ့အမှတ်မဲ့ သဘောပေါက်နိုင်လိမ့်မည်။ ဤစကားများနှင့် ကိစ္စရပ်များက အလွန် နက်နဲလွန်းကောင်းနက်နဲလွန်းနိုင်ပြီး ထိုအရာကို စကားလုံးများဖြင့် သင် ဖော်ပြနိုင်မည် မဟုတ်သော်လည်း သင်၏ စိတ်နှလုံးတွင် ခံစားမိလိမ့်မည်ဖြစ်ပြီး ထိုအရာကို သတိပင်မပြုမိလိုက်ဘဲနှင့် စစ်မှန်သည့် သိနားလည်မှုတစ်ခု ရှိလိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို သိရန်နည်းလမ်း
ယင်းမှာ ဘုရားသခင်က မည်သည့်အရာကို ပြုသည်ဖြစ်စေ လူသားက ကျိုးနွံနာခံရမည်၊ လူသားသည် ရွှံ့ဖြင့် ပြုလုပ်ထားသည့် ဖန်ဆင်းခံ တစ်ဦးဖြစ်ပြီး ၎င်းသည် ဘုရားသခင်ကို ကျိုးနွံနာခံသင့်သည်။ ဤသည်မှာ လူသား၏ တာဝန်၊ ဝတ္တရားနှင့် တာဝန်ရှိမှုဖြစ်သည်။ ဤသည်မှာ လူများရှိသင့်သည့် သဘောထားဖြစ်သည်။ လူများတွင် ဤသဘောထား ရှိသည့်အခါ ၎င်းတို့သည် ဘုရားသခင်နှင့် ဘုရားသခင် ပြုလုပ်သည့် အရာများအပေါ် မည်သို့ ပြုမူသင့်သနည်း။ မည်သည့်အခါမျှ ပြစ်တင်ရှုတ်ချခြင်း မပြုနှင့်။ သို့မဟုတ်လျှင် သင်သည် ဘုရားသခင်၏ စိတ်သဘောထားကို စော်ကားမိလိမ့်မည်။ အကယ်၍ သင့်ထံတွင် အယူအဆများ ရှိလျှင် ယင်းတို့ကို ပြင်ဆင်လော့။ သို့သော် ဘုရားသခင်ကိုဖြစ်စေ၊ သူပြုထားသည့် အရာများကိုဖြစ်စေ ပြစ်တင်ရှုတ်ချခြင်း မပြုနှင့်။ သင် ယင်းတို့ကို ပြစ်တင်ရှုတ်ချသည့်အခါ သင်သည် ဇာတ်လမ်းဆုံးပြီဖြစ်သည်။ ယင်းမှာ ဘုရားသခင်နှင့် ဆန့်ကျင်ဘက်တွင် ရပ်တည်ခြင်းနှင့် တူညီပြီး ကယ်တင်ခြင်းကို လက်ခံရရှိရန် အခွင့်အရေးမရှိ။ သင်က “ကျွန်ုပ်သည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်တွင် ရပ်နေခြင်း မဟုတ်ပါ။ သို့သော်လည်း ဘုရားသခင်ကို အထင်လွဲမိသည်” သို့မဟုတ် “ကျွန်ုပ်၏ စိတ်နှလုံးထဲတွင် ဘုရားသခင်နှင့်ပတ်သက်၍ သံသယအနည်းငယ် ရှိသည်။ ကျွန်ုပ်၏ ယုံကြည်ခြင်းသည် သေးနုပ်ပြီး ကျွန်ုပ်တွင် အားနည်းချက်များနှင့် အပျက်သဘောဆောင်ခြင်းများ ရှိသည်” ဟု ပြောကောင်းပြောနိုင်သည်။ ဤအရာများအားလုံးကို စီမံခန့်ခွဲ၍ရနိုင်သည်၊ သမ္မာတရားကို ရှာဖွေခြင်းဖြင့် ၎င်းတို့ကို ပြင်ဆင်နိုင်သည်၊ သို့သော် ဘုရားသခင်ကို ပြစ်တင်ရှုတ်ချခြင်း မပြုနှင့်။ အကယ်၍ သင်က “ဘုရားသခင် ပြုလုပ်ပြီးသည့်အရာသည် မမှန်ကန်။ ယင်းသည် သမ္မာတရားနှင့် မကိုက်ညီသောကြောင့် ကျွန်ုပ်တွင် သံသယဖြစ်စရာ၊ မေးခွန်းထုတ်စရာနှင့် စွပ်စွဲစရာ အကြောင်းပြချက် ရှိသည်။ ဤသည်ကို နေရာအနှံ့ လျှောက်ဖြန့်မည် ဖြစ်ပြီး သူ့ကို မေးခွန်းထုတ်ခြင်းဖြင့် လူများကို စည်းရုံးမည်”ဟု ပြောလျှင် ဤအရာသည် ဒုက္ခဖြစ်စေလိမ့်မည်။ သင့်အပေါ် ဘုရားသခင်၏ သဘောထားသည် ပြောင်းလဲသွားမည်ဖြစ်ပြီး အကယ်၍ သင်သည် ဘုရားသခင်ကို ပြစ်တင်ရှုတ်ချပါက သင်သည် လုံးဝ ဇာတ်သိမ်းသွားလိမ့်မည်။ ဘုရားသခင်က သင့်အား လက်တုံ့ပြန်နိုင်သည့် နည်းလမ်းများစွာ ရှိသည်။ ထို့ကြောင့် လူများသည် ဘုရားသခင်ကို တမင်သက်သက် ဆန့်ကျင်မှု မပြုသင့်။ အကယ်၍ သင်သည် သူ့ကို ဆန့်ကျင်ရန် တစ်စုံတစ်ရာကို မရည်ရွယ်ဘဲ ပြုလုပ်မိလျှင် ယင်းမှာ ကြီးမားသည့် ပြဿနာမဟုတ်။ အဘယ်ကြောင့်ဆိုသော် ယင်းသည် တမင်သက်သက် သို့မဟုတ် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းမဟုတ်၍ ဘုရားသခင်က သင့်အား နောင်တရရန် အခွင့်အရေးတစ်ရပ်ကို ပေးသည်။ အကယ်၍ သင်သည် တစ်စုံတစ်ရာမှာ ဘုရားသခင်၏ လုပ်ဆောင်မှုမှန်း သိငြားလည်း ယင်းကို ရည်ရွယ်ချက်ဖြင့် ပြစ်တင်ရှုတ်ချပြီး လူတိုင်းကိုလည်း တစ်စုတစ်စည်းတည်း ပုန်ကန်ကြရန် လှုံ့ဆော်သည်ဆိုပါက ယင်းမှာ ဒုက္ခဖြစ်စေသည်။ အကျိုးရလဒ်မှာ မည်သည့်အရာ ဖြစ်မည်နည်း။ သင်သည် မောရှေကို ဆန့်ကျင်ခဲ့သည့် အကြီးအကဲ နှစ်ရာ့ငါးဆယ်ကဲ့သို့ အဆုံးသတ်လိမ့်မည်။ ယင်းမှာ ဘုရားသခင် ဖြစ်ကြောင်း သိရှိလျက် သင်သည် သူ့ကို ဆန့်ကျင်ကန့်ကွက်ဝံ့သေးသည်။ ဘုရားသခင်သည် သင်နှင့် အချေအတင် ပြောဆိုမှုမပြု။ သူသည် ဩဇာအာဏာဖြစ်သည်။ သူသည် ကမ္ဘာကို နှစ်ခြမ်းခွဲလိုက်ပြီး သင့်ကို တိုက်ရိုက်ဝါးမျိုသွားအောင် ပြုသည်။ ဤမျှသာဖြစ်သည်။ သူသည် သင့်ကို မည်သည့်အခါမျှ တွေ့မြင်တော့မည် မဟုတ်ပေ၊ သို့မဟုတ် သင့်အကြောင်းပြချက်ကို နားထောင်မည် မဟုတ်။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားဖြစ်သည်။ ဤအချိန်၌ အထင်အရှားပြနေသည့် ဘုရားသခင်၏ စိတ်သဘောထားမှာ အဘယ်နည်း။ ယင်းမှာ အမျက်ဒေါသဖြစ်သည်။ ထို့ကြောင့် လူများသည် ဘုရားသခင်ကို မည်သည့်နည်းနှင့်မျှ ဆန့်ကျင်ကန့်ကွက်ခြင်း သို့မဟုတ် သူ၏ အမျက်ဒေါသကို နှိုးဆွခြင်း မပြုသင့်။ တစ်စုံတစ်ရာက ဘုရားသခင်ကို ထိပါးနှောင့်ယှက်ပါက အကျိုးရလဒ်မှာ ထာဝရပျက်စီးခြင်း ရောက်ရလိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး
လူတိုင်းသည် ဘုရားသခင်၌ ယုံကြည်မှုဖြင့် အသက်ရှင်နေထိုင်သည့် ၎င်းတို့၏ အသက်တာ တစ်လျှောက်တွင်၊ ဘုရားသခင်အပေါ် ခုခံပြီး လှည့်စားသည့် အရာများ ပြုပြီးဖြစ်ကြသည်။ အချို့သော အရာများကို ပြစ်မှုအဖြစ် မှတ်သားရန် မလိုသော်လည်း၊ အချို့အရာများသည် ခွင့်လွှတ်နိုင်စရာမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ဖောက်ဖျက်သော ဘုရားသခင်၏ စိတ်သဘောထားကို စော်ကားရာရောက်သော လုပ်ရပ်များစွာ ရှိသောကြောင့်ဖြစ်သည်။ မိမိ၏ကံကြမ္မာအတွက် စိုးရိမ်သူ အများအပြားက ဤလုပ်ရပ်များမှာ အဘယ်နည်းဟု မေးမြန်းနိုင် ကြသည်။ သင်တို့သည် သဘာဝအားဖြင့် မာနကြီးပြီး မောက်မာကာ အမှန်တရားများကို နာခံရန် လိုလိုလားလား မရှိသည်ကို သိသင့်သည်။ ဤအကြောင်းရင်းကြောင့် သင့်ကိုယ်သင် ပြန်လည်သုံးသပ် ပြီးသည့်နောက် နည်းနည်းချင်း ငါပြောပြမည်။ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များထဲမှ ပါဝင်သည့် အကြောင်းအရာကို သင်တို့ ပိုမို နားလည်လာကြစေရန်နှင့် ဘုရားသခင်၏ စိတ်သဘောထားကို သင်တို့ သိရှိအောင် အားထုတ်ရန် ငါ တိုက်တွန်းသည်။ သို့မဟုတ်လျှင် သင်တို့အနေဖြင့်နှုတ်များကို ပိတ်ထားရန်နှင့် လျှာအရိုးမရှိတိုင်း ဟိတ်ဟန်ထွားသောစကားများ လွန်စွာပြောခြင်းကိုတားမြစ်ရန် ခက်ခဲပြီး၊ သန့်ရှင်းသောဝိညာဉ်တော်နှင့် အလင်း၏ မျက်မှောက်ကို ဆုံးရှုံးရလျက်၊ ဘုရားသခင်၏ စိတ်သဘောထားကို အမှုမဲ့အမှတ်မဲ့ ပြစ်မှားမိကာ အမှောင်ထဲသို့ ကျဆင်းရလိမ့်မည်။ သင်တို့သည် သင်တို့၏ အပြုအမူများ၌ ကိုယ်ကျင့်တရား မကောင်းသောကြောင့်၊ မပြောသင့် မလုပ်သင့်သည့် အရာများကို သင်ပြောမိလုပ်မိသောကြောင့်၊ ထိုက်သင့်သော ဒဏ်ခတ်မှုကို သင်ခံရလိမ့်မည်။ သင်သိသင့်သည့် အချက်မှာ သင်သည် အပြောနှင့်အလုပ်၌ သိက္ခာမဲ့သော်ငြားလည်း၊ ဘုရားသခင်က ထိုကိစ္စရပ်နှစ်ခုစလုံး၌ လွန်စွာသိက္ခာရှိသူဖြစ်သည်။ သင့်ကို ဒဏ်ခတ်ရခြင်း အကြောင်းရင်းမှာလည်း သင်သည် လူသားတစ်ဦးကို စော်ကားမိခဲ့ခြင်း မဟုတ်၊ ဘုရားသခင်ကို စော်ကားမိခဲ့ခြင်းကြောင့် ဖြစ်သည်။ အကယ်၍ သင့်ဘဝ၌ သင်သည် ဘုရားသခင်၏ စိတ်သဘောထားအား ပြစ်မှားစော်ကားခြင်းကို များစွာ ကျူးလွန်မိလျှင်၊ ငရဲသားဖြစ်ရန် သေချာသည်။ လူသားအတွက် သမ္မာတရားနှင့် မကိုက်ညီသည့် လုပ်ဆောင်ချက် အနည်းငယ်ကိုသာ ကျူးလွန်မိပြီး သည်ထက်မပိုပုံ ရနိုင်သည်။ သို့ရာတွင် ဘုရားသခင်၏ အမြင်၌ သင်သည် သင့်အတွက် အပြစ်ဖြေရာယဇ် မရှိတော့သောသူတစ်ဦး ဖြစ်နှင့်ပြီးသည်ကို သတိပြုမိသလော။ သင်သည် ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို တစ်ကြိမ်ထက်ပို ဖောက်ဖျက်ပြီးသည့်အပြင် နောင်တရသည့် အရိပ်လက္ခဏာ မပြခဲ့ခြင်းကြောင့် ဘုရားသခင်က လူသားအား အပြစ်ပေးသည့်ငရဲသို့ သင် ကျဆင်းသွားရမည်မှာ မလွဲဧကန် ဖြစ်သည်။ ဘုရားသခင်၏ နောက်သို့လိုက်စဉ် လူနည်းစုတစ်စုက ကိုယ်ကျင့်တရား ဖောက်ဖျက်သည့် လုပ်ရပ်အချို့ကို ကျူးလွန်မိကြသည်၊ သို့ရာတွင် ပြုပြင်ပြီး၊ လမ်းပြခြင်း ခံရပြီးသည့်နောက်တွင်၎င်းတို့သည် ၎င်းတို့၏ စာရိတ္တပျက်စီးမှုကို တဖြည်းဖြည်း သိမြင်လာကြပြီးနောက် စစ်မှန်မှု လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည် ရောက်ရှိလာကာ ယနေ့အထိ ကောင်းကောင်း အသိတရားရှိစွာ ဆက်လက် နေထိုင်သွားကြသည်။ ထိုကဲ့သို့သော လူသားများသည် အဆုံး၌ ကျန်ရှိနေမည့် သူများ ဖြစ်ကြသည်။ သို့သော် ငါရှာဖွေနေသည်မှာ ရိုးသားသူများဖြစ်သည်၊ အကယ်၍ သင်သည် ရိုးသားသူ တစ်ယောက်ဖြစ်ပြီး အခြေခံသဘောတရားအတိုင်း ပြုမူသူဖြစ်လျှင် သင်သည် ဘုရားသခင်၏ လူယုံတော် တစ်ယောက် ဖြစ်နိုင်သည်။ သင်၏ပြုမူချက်များတွင် သင်သည် ဘုရားသခင်၏ စိတ်နေသဘောထားကို မပြစ်မှားမိဘဲ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေကာ ဘုရားသခင်ကို ကြောက်ရွံ့သောနှလုံးသား ရှိသူဖြစ်လျှင် သင်၏သက်ဝင်ယုံကြည်မှုသည် စံချိန်မီသည်။ ဘုရားသခင်ကို မကြောက်ရွံ့ဘဲ ထိတ်လန့်တုန်လှုပ်သည့် စိတ်နှလုံးမရှိသူ မည်သူမဆိုသည် ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို အလွယ်တကူ ချိုးဖောက်ဖြစ်လိမ့်မည်။ လူအများအပြားက ၎င်းတို့၏စိတ်အားထက်သန်မှု အင်အားကြောင့် ဘုရားသခင်ထံတွင် အစေခံကြသော်လည်း၊ ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို နားမလည်ကြဘဲ၊ သူ၏ နှုတ်ကပတ်တော်များ၏ သွယ်ဝိုက်ပြောဆိုမှုကို အရိပ်အမြွက်မျှ သိနားလည်ဖို့ သာ၍ နည်းပါးနေသေးသည်။ ထို့ကြောင့် ၎င်းတို့၏ ရည်ရွယ်ချက်ကောင်းများဖြင့် အဆုံး၌ ဘုရားသခင်၏ စီမံခန့်ခွဲမှုကို မကြာခဏ နှောင့်ယှက်တတ်သည့် အရာများလုပ်ဆောင်ကြပေသည်။ ပြင်းထန်ဆိုးရွားသော ကိစ္စများ၌ ထိုသူတို့သည် ဘုရားအိမ်တော်မှ နှင်ထုတ်ခြင်းခံရပြီး ဘုရားသခင်၏နောက်သို့ထပ်မံ လိုက်ပါ ခွင့်မရတော့ဘဲ၊ အဆုံး၌ ဘုရားသခင်၏ အိမ်တော်နှင့် ဆက်နွှယ်မှု အားလုံးတို့ကို ဖြတ်တောက်ကာ ငရဲသို့ပစ်ချခံရသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သတိပေးချက် သုံးချက်
ငါပြောထားသော ဝါကျတိုင်းသည် အတွင်း၌ ဘုရားသခင်၏ စိတ်နေသဘောထား ပါဝင်၏။ သင်တို့သည် ငါ၏နှုတ်ကပတ်တော်များကို ဂရုတစိုက် ဆင်ခြင်တွေးဆသင့်သည်၊ ထိုသို့ပြုလျှင် ထိုအရာများထံမှ ဧကန်မုချပင် ကြီးစွာအကျိုးခံစားရလိမ့်မည်။ ဘုရားသခင်၏ အနှစ်သာရကို နားလည်သဘောပေါက်ရန်မှာ အလွန်ခက်လှသည်၊ သို့သော်လည်း ဘုရားသခင်၏ စိတ်နေသဘောထားနှင့်ပတ်သက်၍ သင်တို့အားလုံး၌ အနည်းဆုံးအနေဖြင့် နားလည်မှုတစ်ခုခု ရှိကြပြီဟု ငါယုံသည်။ ထိုသို့ဖြစ်လျှင် သင်တို့၌ ငါ့ကို ပြသရန် ဘုရားသခင်၏ စိတ်နေသဘောထားကို ပုန်ကန်ပြစ်မှားခြင်း မရှိသည့် သင်တို့လုပ်ဆောင်ထားသော အရာများ ပိုရှိနေလိမ့်မည်ဟု ငါမျှော်လင့်သည်။ ထိုသို့ဆိုလျှင် ငါသည် စိတ်ချလက်ချရှိပေလိမ့်မည်။ ဥပမာအားဖြင့် သင်၏နှလုံးသားထဲ၌ ဘုရားသခင်ကို အချိန်တိုင်း သိမ်းထားလော့။ သင်ပြုမူသည့်အခါ သူ၏နှုတ်ကပတ်တော်များအတိုင်း ပြုမူလော့။ အရာရာ၌ သူ၏ရည်ရွယ်ချက်များကို ဖွေရှာပြီး ဘုရားသခင်ကို အရိုအသေတန်စေကာ အရှက်ရစေသော အရာများအား လုပ်ဆောင်ခြင်းကို ရှောင်ကြဉ်လော့။ သင့်နှလုံးသားထဲရှိ အနာဂတ် လစ်ဟာနေခြင်းကို ဖြည့်ရန် ဘုရားသခင်ကို သင်၏အတွေးထဲ၌ နောက်သို့ပို့ထားခြင်းမျိုး သာ၍ပင် မပြုသင့်ပေ။ သင့်အနေဖြင့် ဤသို့ပြုမည်ဆိုလျှင် ဘုရားသခင်၏ စိတ်နေသဘောထားကို ပုန်ကန်ပြစ်မှားခဲ့ပြီး ဖြစ်ပေလိမ့်မည်။ ထို့အတူ အကယ်၍ သင်သည် သင့်ဘဝတစ်လျှောက်တွင် ဘုရားသခင်အပေါ် စော်ကားသော မှတ်ချက်များ၊ သို့မဟုတ် မကျေမနပ်ပြောဆိုချက်များ လုံးဝမပြုပါက၊ ထို့အတူ အကယ်၍ သင်သည် သင့်ဘဝတစ်လျှောက်တွင် သင့်အပေါ် သူတာဝန်ပေးစေခိုင်းထားသည့်အရာအားလုံးကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်ပြီး သူ၏နှုတ်ကပတ်တော်အားလုံးကို ကျိုးနွံနာခံနိုင်သည် ဆိုပါက သင်သည် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ဖောက်ဖျက်ခြင်းအား ရှောင်ရှားပြီး ဖြစ်လိမ့်မည်။ ဥပမာအားဖြင့် “ကိုယ်တော်သည် ဘုရားသခင်ဖြစ်၏ဟု ကျွန်ုပ်အဘယ်ကြောင့် မထင်ရသနည်း”၊ “ဤနှုတ်ကပတ်တော်များသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်ပွင့်လင်းစေမှုတစ်ခုခုထက် ဘာမျှမပိုဟု ကျွန်ုပ်ထင်သည်”၊ “ကျွန်ုပ်၏အမြင်ကိုပြောရလျှင် ဘုရားသခင်ပြုသမျှမှာ မှန်လှသည်လည်း မဟုတ်ပါ”၊ “ဘုရားသခင်၏ လူ့သဘာဝသည် ကျွန်ုပ်ထက် သာလွန်နေသည်ကား မဟုတ်ပါ”၊ “ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ယုံကြည်လက်ခံချင်စရာကို မကောင်းပါ”၊ သို့တည်းမဟုတ် ထိုသို့သော ဝေဖန်သည့် အခြားမှတ်ချက်များကို သင့်အနေဖြင့် ပြောခဲ့ဖူးပါလျှင် သင်၏အပြစ်များကို တိုး၍ဝန်ခံပြီး တိုး၍နောင်တရရန် ငါအလေးအနက်တိုက်တွန်း၏။ ထိုသို့မဟုတ်လျှင် သင်၌ ခွင့်လွှတ်ခြင်းခံရရန် အခွင့်အရေး မည်သည့်အခါမျှ ရှိမည်မဟုတ်ပေ၊ အကြောင်းမှာ သင်သည် လူသားတစ်ယောက်ကို မဟုတ်ဘဲ ဘုရားသခင်ကိုယ်တော်တိုင်ကို ပုန်ကန်ပြစ်မှားသောကြောင့် ဖြစ်သည်။ သင့်အနေဖြင့် လူသားတစ်ယောက်ကို ဝေဖန်နေသည်ဟု ထင်ကောင်း ထင်နေလိမ့်မည်၊ သို့သော်လည်း ဘုရားသခင်၏ ဝိညာဉ်တော်ကမူ ထိုသို့မမှတ်ယူပေ။ သူ၏ဇာတိခန္ဓာကို သင်၏မလေးမစားပြုမူခြင်းသည် သူ့ကို မလေးမစားပြုခြင်းနှင့် တန်းတူညီသည်။ ထိုသို့ဖြစ်လျှင် သင်သည် ဘုရားသခင်၏ စိတ်နေသဘောထားကို ပုန်ကန်ပြစ်မှားမိပြီ မဟုတ်လော။ ဘုရားသခင်၏ ဝိညာဉ်တော်ပြုခဲ့သမျှသော အရာအားလုံးသည် လူ့ဇာတိထဲရှိ သူ၏အမှုကို ကာကွယ်ရန်အလို့ငှာ ပြုခဲ့ခြင်းဖြစ်ပြီး ဤအမှုကို ကောင်းမွန်စွာ လုပ်ဆောင်ရန်အလို့ငှာ ပြုခဲ့ခြင်းဖြစ်သည်။ အကယ်၍ သင်သည် ဤအရာကို လျစ်လျူရှုပါလျှင် သင်သည် ဘုရားသခင်ကို ယုံကြည်ခြင်းအရာ၌ လုံးဝအောင်မြင်မည်မဟုတ်သောသူ တစ်ယောက် ဖြစ်သည်ဟု ငါဆို၏။ သင်သည် ဘုရားသခင်၏ အမျက်ဒေါသကို သွားဆွခဲ့သောကြောင့် သင့်ကို သင်ခန်းစာပေးရန်အတွက် ထိုက်တန်သော အပြစ်ဒဏ်ပေးခြင်းကို သူအသုံးပြုပေလိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန်မှာ အလွန်အရေးကြီးပေ၏
ဘုရားသခင်၏ အနှစ်သာရတွင် ချစ်ခြင်းမေတ္တာ၏ အခြေခံသဘောတရားပါဝင်ပြီး သူသည် တစ်ဦးတစ်ယောက်စီတိုင်းအား သနားကရုဏာစိတ် ရှိသော်လည်း၊ သူ၏ အနှစ်သာရမှာ ဂုဏ်သိက္ခာရှိသောသူလည်း ဖြစ်သည် ဟူသည့်အချက်ကို လူတို့ လျစ်လျူရှုပြီး မေ့လျော့ကြပြီးဖြစ်သည်။ သူ့၌ ချစ်ခြင်းမေတ္တာရှိ၏ ဟူသည်မှာ သူ့အထဲ၌ ခံစားချက်များ သို့မဟုတ် တုံ့ပြန်ချက်တစ်ခုကို နှိုးဆွခြင်းမရှိဘဲ၊ လူတို့က သူ့ကို လွတ်လပ်စွာ ပြစ်မှားနိုင်သည်ဟု ဆိုလိုခြင်း မဟုတ်သည့်အပြင် သူ၌ သနားခြင်းကရုဏာ ရှိ၏ ဟူသည်မှာ လူတို့ကို သူဆက်ဆံသည့်ပုံစံ၌ အခြေခံစည်းမျဉ်းများ မရှိပါဟု ဆိုလိုခြင်း မဟုတ်ပေ။ ဘုရားသခင်သည် အသက်ရှင်နေသည်၊ သူသည် အမှန်တကယ် တည်ရှိသည်။ သူသည် စိတ်ကူးဖြင့်ပုံဖော်ထားသော ရုပ်သေးရုပ်တစ်ရုပ် မဟုတ်သကဲ့သို့၊ အခြားအရာဝတ္ထု တစ်ခုခုလည်း မဟုတ်ပေ။ သူသည် တည်ရှိသည့်အတွက်၊ ငါတို့သည် သူ့စိတ်နှလုံး၏ဖွင့်ဟချက်ကို အချိန်တိုင်း ဂရုတစိုက် နားထောင်သင့်ကာ၊ သူ၏ စိတ်နေသဘောထားကို သေချာစွာ အာရုံစိုက်ပြီး သူ၏ ခံစားချက်များကို နားလည်လာသင့်သည်။ ငါတို့သည် ဘုရားသခင်ကို အဓိပ္ပာယ်ဖွင့်ရန်အတွက် လူသား၏ စိတ်ကူးများကို အသုံးမပြုသင့်သကဲ့သို့၊ ဘုရားသခင်အား လူသား၏ စိတ်ကူးများအပေါ် အခြေခံ၍ လူ့နည်းဟန်ဖြင့် လူတို့ကို ဆက်ဆံစေကာ၊ သူ့အပေါ် လူ့ထင်မြင်ချက်များ သို့မဟုတ် ဆန္ဒပြုချက်များကို မသွတ်သွင်းသင့်ပေ။ အကယ်၍ သင် ဤသို့ပြုပါက၊ သင်သည် ဘုရားသခင်ကို ဒေါသထွက်စေခြင်း၊ သူ၏ အမျက်ဒေါသကို ဆွဲဆောင်ခြင်းနှင့် သူ၏ ဂုဏ်သိက္ခာကို စိန်ခေါ်ခြင်းပင် ဖြစ်နေပေသည်။ ထို့ကြောင့် ဤကိစ္စ၏ ကြီးလေးမှုကို သင်တို့ နားလည် လာပြီးသည်နှင့်တစ်ပြိုင်နက်၊ သင်တို့ အယောက်စီတိုင်းကို သင်တို့၏ လုပ်ဆောင်ချက်များ၌ သတိထားရန်နှင့် ချင့်ချိန်တတ်ရန် ငါတိုက်တွန်းသည်။ သင်တို့၏ စကားပြောခြင်း၌လည်း သတိထားပြီး ချင့်ချိန်မှု ရှိကြလော့၊ ဘုရားသခင်ကို သင်တို့ မည်ကဲ့သို့ ဆက်ဆံသည်နှင့်စပ်လျဉ်း၍ သင်တို့သည် ပို၍သတိထားပြီး ပို၍ချင့်ချိန်လေ ပို၍ကောင်းလေ ဖြစ်လေသည်။ သင်သည် ဘုရားသခင်၏ သဘောထားမှာ မည်သည့်အရာ ဖြစ်သည်ကို နားမလည်သောအခါ၊ မဆင်မခြင်စကားပြောခြင်းမှ ရှောင်ကြဉ်လော့၊ သင်၏ လုပ်ဆောင်ချက်များ၌ မဆင်မခြင် မပြုနှင့်၊ ထို့ပြင် ပေါ့ပေါ့တန်တန် အမည်ပေးသမုတ်ခြင်း မပြုနှင့်။ ပို၍ပင် အရေးကြီးသည်မှာ ထင်ရာမြင်ရာ မည်သည့် ကောက်ချက်ချခြင်းများကိုမျှ မပြုလေနှင့်။ ထို့အစား သင်သည် စောင့်ဆိုင်းပြီး ရှာဖွေသင့်သည်။ ဤလုပ်ဆောင်ချက်များမှာလည်း ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်ခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ အကယ်၍ အရာခပ်သိမ်းထက် ဤအရာကို သင်ရရှိနိုင်ပြီး အရာခပ်သိမ်းထက် ဤသဘောထားကို သင်ပိုင်ဆိုင်နိုင်ပါက၊ ဘုရားသခင်သည် သင်၏ မိုက်မဲခြင်း၊ မသိနားမလည်ခြင်းနှင့် အမှုအရာများနောက်ကွယ်မှ အကြောင်းအရင်းများအား နားလည်မှု ကင်းမဲ့ခြင်းတို့အတွက် သင့်ကို အပြစ်တင်မည်မဟုတ်ပေ။ ထို့ထက် ဘုရားသခင်အား ပြစ်မှားမိမည်ကို ကြောက်ရွံ့ခြင်းနှင့်ယှဉ်သော သင်၏ သဘောထား၊ သူ၏ ရည်ရွယ်ချက်များအပေါ် ရိုသေလေးစားခြင်းနှင့် သူ့အားကျိုးနွံနာခံရန် ဆန္ဒရှိခြင်းတို့ကြောင့် ဘုရားသခင်က သင့်ကို အောက်မေ့မည်၊ သင့်ကို လမ်းပြပြီး ဉာဏ်အလင်းပွင့်စေမည်၊ သို့မဟုတ် သင်၏ မရင့်ကျက်ခြင်းနှင့် မသိနားမလည်ခြင်းကို သည်းခံမည်ဖြစ်သည်။ ဆန့်ကျင်ဘက်အနေဖြင့် အကယ်၍ သူ့အပေါ် သင်၏သဘောထားမှာ သူ့ကို မိမိသဘောကျ တရားစီရင်ခြင်း သို့မဟုတ် ဘုရားသခင်၏ အတွေးအခေါ်များကို ထင်ရာမြင်ရာ မှန်းဆခြင်းနှင့် အဓိပ္ပာယ်ဖွင့်ခြင်းဖြင့် မထီမဲ့မြင်ပြုမည်ဆိုပါက၊ ဘုရားသခင်သည် သင့်ကို စီရင်ချက်ချမည်၊ ဆုံးမပဲ့ပြင်မည်၊ ထို့ပြင် အပြစ်ဒဏ်ပင် ခတ်လိမ့်မည်။ သို့မဟုတ်ပါက သူသည် သင့်ကို သုံးသပ်ချက် ပေးကောင်းပေးမည် ဖြစ်သည်။ ဤသုံးသပ်ချက်တွင် သင်၏ အဆုံးသတ် ပါဝင်ကောင်းပါဝင်လိမ့်မည်။ ထို့ကြောင့် ငါသည် နောက်ထပ်တစ်ကြိမ် အသားပေး၍ ပြောလိုသည်- သင်တို့ အယောက်စီတိုင်းသည် ဘုရားသခင်ထံမှ လာသောအရာ မှန်သမျှအပေါ် သတိရှိပြီး ဆင်ခြင်မြော်တွေးသင့်သည်။ မဆင်မခြင် စကားမပြောနှင့်၊ ထို့ပြင် သင်၏ လုပ်ဆောင်ချက်များ၌ သတိလက်လွတ် မဖြစ်စေနှင့်။ တစ်စုံတစ်ခုကို သင်မပြောမီ ရပ်ဆိုင်းပြီး ဆင်ခြင်သင့်သည်- ကျွန်ုပ်၏ ဤလုပ်ဆောင်ချက်က ဘုရားသခင်ကို ဒေါသထွက်စေမည်လော။ ဤအရာကို လုပ်ရာတွင် ဘုရားသခင်ကို ကျွန်ုပ် ကြောက်ရွံ့ပါ၏လော။ သာမန်ကိစ္စရပ်များ၌ပင်လျှင် ဤမေးခွန်းများကို ဆက်၍ သင် နားလည်သဘောပေါက်ရန် ကြိုးစားပြီး ၎င်းတို့ကို ဆင်ခြင်သုံးသပ်ရန် အချိန်ပိုယူသင့်သည်။ အကယ်၍ သင်သည် ဤနိယာမများနှင့်အညီ ကဏ္ဍတိုင်း၊ အမှုအရာတိုင်း၊ အချိန်တိုင်းတွင် အမှန်တကယ် လက်တွေ့လုပ်ဆောင်နိုင်ပြီး အထူးသဖြင့် သင် တစ်စုံတစ်ခုကို နားမလည်သောအခါ၊ ထိုကဲ့သို့သော သဘောထားကို ခံယူနိုင်ပါက ဘုရားသခင်သည် သင့်ကို အမြဲလမ်းပြပြီး လိုက်လျှောက်ရန် လမ်းကြောင်း တစ်ခုကို သင့်အား ပေးမည်ဖြစ်သည်။ လူတို့သည် မည်သည့် အပြင်ပန်း သဏ္ဌာန်မျိုးကို ဟန်ဆောင်ပြသစေကာမူ ဘုရားသခင်သည် ယင်းတို့ကို အတော်ပင် ရှင်းလင်းပြတ်သားစွာ မြင်သည်ဖြစ်၍ သူသည် သင်၏ ဤထုတ်ဖော်ပြချက်များအပေါ် မှန်ကန်တိကျပြီး သင့်လျော်သော သုံးသပ်ချက်တစ်ခုကို ပေးလိမ့်မည်။ သင်သည် နောက်ဆုံးစမ်းသပ်မှုကို တွေ့ကြုံခံစားပြီးနောက်တွင်၊ ဘုရားသခင်သည် သင်၏ အပြုအမူအားလုံးကို ယူကာ သင်၏ အဆုံးသတ်ကို သတ်မှတ်ရန်အတွက် ၎င်းကို ပြည့်စုံစွာ ပေါင်းရုံးသုံးသပ်မည် ဖြစ်သည်။ ဤရလဒ်က တစ်ဦးတစ်ယောက်စီတိုင်းကို သံသယအရိပ်အငွေ့ မရှိဘဲ၊ လက်ခံယုံကြည်စေမည်။ ဤတွင် သင်တို့ကို ငါပြောလိုသောအရာမှာ ဤသို့ဖြစ်သည်- သင်တို့၏ လုပ်ဆောင်ချက်တိုင်း၊ သင်တို့၏ အပြုအမူတိုင်းနှင့် သင်တို့၏ စိတ်ကူးတိုင်းက သင်တို့၏ကံကြမ္မာကို အဆုံးအဖြတ်ပေးပါသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ
ဘုရားသခင်သည် အသက်ရှင်သော ဘုရားသခင်ဖြစ်ပြီး လူတို့က ခြားနားသော အခြေအနေများတွင် ခြားနားစွာ ပြုမူကြသကဲ့သို့၊ ဘုရားသခင်သည် ရုပ်သေးရုပ်တစ်ရုပ် မဟုတ်သကဲ့သို့ ဘာမျှမရှိသော လေတစ်ပွေ မဟုတ်သောကြောင့်၊ ဤပြုမူချက်များအပေါ် သူ၏သဘောထားမှာ ကွဲပြား ပေသည်။ ဘုရားသခင်၏ သဘောထားကိုသိရခြင်းမှာ လူသားမျိုးနွယ် အတွက် ထိုက်သင့်သော လေ့လာလိုက်စားမှု တစ်ခုပင် ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ သဘောထားကို သိခြင်းအားဖြင့် ဘုရားသခင်၏ စိတ်သဘောထားကို တဖြည်းဖြည်းချင်း မည်ကဲ့သို့သိနိုင်မည့်အကြောင်းနှင့် သူ၏စိတ်နှလုံးကို နားလည်လာရန် လေ့လာသင်ယူသင့်သည်။ သင်သည် ဘုရားသခင်၏ စိတ်နှလုံးကို တဖြည်းဖြည်းချင်း နားလည်လာသောအခါ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ခြင်းမှာ လုပ်ဆောင်ပြီးမြောက်ဖို့ အင်မတန်ခက်ခဲသောအရာတစ်ခု ဖြစ်သည်ဟု သင်ခံစားရလိမ့်မည် မဟုတ်ပေ။ ထိုမျှမက သင်သည် ဘုရားသခင်ကို နားလည်သည့်အခါ၊ သင်သည် သူနှင့်ပတ်သက်၍ ကောက်ချက်များချရန် အလားအလာ ရှိတော့မည် မဟုတ်ပေ။ ဘုရားသခင်အကြောင်း ကောက်ချက်များချခြင်းကို သင် ရပ်လိုက်သည့်အခါ၊ သင်သည် ဘုရားသခင်ကို ပြစ်မှားရန် အလားအလာ လျော့နည်းသွားမည် ဖြစ်ပြီး ဘုရားသခင်သည် သင့်အား သူ၏အကြောင်း သိကျွမ်းခြင်းရရှိစေရန် သင်သတိမထားလိုက်ဘဲ၊ ဦးဆောင်သွားမည် ဖြစ်သဖြင့် ဤအရာက သင်၏စိတ်နှလုံးကို ဘုရားသခင်အား ကြောကရွံ့မှုနှင့် ပြည့်ဝစေလိမ့်မည် ဖြစ်သည်။ ထိုအခါ သင်ကျွမ်းကျင်တတ်မြောက်သော စကားများနှင့် အယူဝါဒများ သို့မဟုတ် သဘောတရားများအားဖြင့် ဘုရားသခင်အား အဓိပ္ပာယ်ဖွင့်ခြင်းကို သင်ရပ်တန့်လိမ့်မည် ဖြစ်သည်။ ထိုအစား အရာခပ်သိမ်း၌ ဘုရားသခင်၏ လိုအင်ဆန္ဒများကို အစဉ်ရှာဖွေခြင်းဖြင့် သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ညီသော လူတစ်ဦး ဖြစ်မှန်းမသိ ဖြစ်လာလေမည်။
ဘုရားသခင်၏အမှုကို လူသားများက မြင်နိုင်ခြင်းနှင့် ကိုင်တွယ်နိုင်ခြင်း မရှိသော်လည်း၊ ဘုရားသခင်နှင့် ပတ်သက်သရွေ့ သူ့အပေါ် လူတစ်ဦး တစ်ယောက်ချင်းစီ၏ သဘောထားနှင့်အတူ လုပ်ဆောင်ချက်များမှာ ဘုရားသခင် အတွက် သိသာထင်ရှားသည်သာမက မြင်လည်းမြင်နိုင်ပေသည်။ ဤအရာမှာ လူတိုင်းလက်ခံထားပြီး ရှင်းရှင်းလင်းလင်း သိသင့်သောအရာ ဖြစ်သည်။ သင်သည် သင့်ကိုယ်သင် “ဤနေရာတွင် ကျွန်ုပ် လုပ်နေသောအရာကို ဘုရားသခင် သိသလော။ ယခုလက်ငင်း ကျွန်ုပ်တွေးနေသောအရာကို သူသိသလော။ သူ သိကောင်းသိနိုင်သည်၊ မသိကောင်းလည်း မသိနိုင်” ဟု အမြဲတစေ မေးနေနိုင်သည်။ အကယ်၍ သင်သည် ဤသို့ရှုထောင့်မျိုးကို ခံယူကာ ဘုရားသခင်ကို ယုံကြည်ပြီး နောက်သို့လိုက်နေလျက်နှင့် သူ၏အမှုနှင့် သူ၏တည်ရှိခြင်းကို သံသယထားပါက၊ သင်သည် အန္တရာယ်ရှိသော ချောက်ကမ်းပါးတစ်ခု၏ အစပ်တွင် ယိုင်တီးယိုင်တိုင် လျှောက်နေပြီ ဖြစ်သောကြောင့်၊ သင် သူ၏ဒေါသကို နိုးဆွပေးမည့် နေ့ရက်တစ်ခု အနှေးနှင့်အမြန် ရောက်လာမည် ဖြစ်သည်။ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီးသော်လည်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ဖို့ မဆိုနှင့်၊ သမ္မာတရား စစ်မှန်မှုကို မရသေးသော လူတို့ကို ငါတွေ့မြင်ခဲ့ပြီ။ ဤလူတို့သည် ၎င်းတို့၏ဘဝနှင့် ဝိညာဉ်ရင့်ကျက်မှု၌ တိုးတက်မှုမရှိဘဲ၊ အတိမ်ပါးဆုံးသော သြဝါဒများကိုသာ လိုက်နာစောင့်ထိန်းလျက် ရှိကြသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဤသို့သော လူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုယ်၌ကို အသက်အဖြစ် မည်သည့်အခါမျှ သဘောထားခြင်း မရှိဖူးခဲ့ကြသည့်အပြင်၊ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိခြင်းကို မည်သည့်အခါမျှ ရင်ဆိုင်ခြင်းနှင့် လက်ခံခြင်း မရှိဖူးခဲ့ကြသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် ယင်းကဲ့သို့သော လူများကိုမြင်သောအခါ၊ ပျော်ရွှင်မှုဖြင့် ပြည့်နေမည်ဟု သင် ထင်သလော။ ၎င်းတို့သည် သူ့ကို စိတ်ချမ်းသာစေကြသလော။ ထို့ကြောင့် ယင်းမှာ ၎င်းတို့၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးသည့် ဘုရားသခင်အပေါ် လူတို့ ယုံကြည်သည့်ပုံစံပင် ဖြစ်သည်။ လူတို့က ဘုရားသခင်ကို မည်သို့ရှာဖွေပြီး၊ မည်သို့ချဉ်းကပ်ကြောင်းနှင့် ပတ်သက်၍ လူတို့၏ သဘောထားများသည် အထူးသဖြင့် အရေးကြီးပါသည်။ ဘုရားသခင်သည် သင်၏ ဦးခေါင်းအနောက်ဘက်မှ ဘာမျှမရှိသော လေထုကဲ့သို့သမျှ သူ့အား လျစ်လျူမရှုနှင့်။ သင် ယုံကြည်သော ဘုရားသခင်သည် အသက်ရှင်သော ဘုရားသခင်၊ စစ်မှန်သောဘုရားသခင် ဖြစ်ကြောင်းကို အမြဲ ဆင်ခြင်လော့။ သူသည် ဘာမျှလုပ်စရာမရှိဘဲ တတိယကောင်းကင်ဘုံထက်၌ ငုတ်တုတ်ထိုင်နေခြင်း မဟုတ်ပါ။ ထို့ထက် သူသည် အယောက်တိုင်းစီ၏ စိတ်နှလုံးထဲကို အစဉ်မပြတ် ကြည့်ရှုစစ်ဆေးလျက်၊ သင် လုပ်ဆောင်မည့်အရာကို အကဲခတ်ခြင်း၊ သင်၏ သေးငယ်သော စကားလုံးတိုင်းနှင့် သေးငယ်သော လုပ်ဆောင်မှုတိုင်းကို စောင့်ကြည့်ခြင်း၊ သင် မည်ကဲ့သို့ပြုမူပုံကို စောင့်ကြည့်ခြင်းနှင့် ဘုရားသခင်အပေါ် သင်၏ သဘောထားမှာ အဘယ်သို့ရှိကြောင်းကို ကြည့်မြင်ခြင်းတို့ကို ပြုလုပ်နေသည်။ သင်သည် ဘုရားသခင်အတွက် သင့်ကိုယ်သင် ပေးလိုသည်ဖြစ်စေ မပေးလိုသည်ဖြစ်စေ၊ သင်၏အပြုအမူနှင့် သင်၏ အတွင်းကျကျ အတွေးများနှင့် စိတ်ကူးများအားလုံးသည် ဘုရားသခင်ရှေ့၌ ထီးတည်းပြသလျက် ရှိပြီး သူ၏စောင့်ကြည့်ခြင်းကို ခံနေကြရသည်။ သင်၏ အပြုအမူကြောင့်၊ သင်၏ လုပ်ဆောင်ချက်များကြောင့်အပြင် ဘုရားသခင်အပေါ် သင်၏သဘောထားကြောင့် သင့်အပေါ် သူ၏ခံယူချက်နှင့် သင့်အပေါ် သူ၏သဘောထားမှာ အဆက်မပြတ် ပြောင်းလဲနေခြင်း ဖြစ်သည်။ လူတချို့ကို ငါအကြံတချို့ ပေးလိုသည်။ ဘုရားသခင်သည် သင့်ကို အလွန်ချစ်သင့်သကဲ့သို့၊ သင့်ကို သူဘယ်သောအခါမျှ မစွန့်ခွာနိုင်သကဲ့သို့၊ သင့်အပေါ် သူ၏ သဘောထားမှာ လုံးဝပုံသေဖြစ်ပြီး ဘယ်သောအခါမျှ မပြောင်းလဲနိုင်သကဲ့သို့ ဘုရားသခင်၏ လက်ထဲတွင် မွေးကင်းစကလေးများကဲ့သို့ သင်တို့ကိုယ်သင်တို့ မထားကြနှင့်၊ ထို့ပြင် စိတ်ကူးယဉ်နေသည်ကို ရပ်တန့်လိုက်ဖို့ သင့်ကို ငါအကြံပေးသည်။ ဘုရားသခင်သည် လူအယောက်စီတိုင်းအပေါ် သူ၏ဆက်ဆံမှု၌ ဖြောင့်မတ်ပေသည်၊ ပြီးလျှင် လူတို့အား သိမ်းပိုက်ခြင်းနှင့် ကယ်တင်ခြင်း အမှုတို့အတွက် သူ၏လုပ်ကိုင်ပုံ၌ အလွန်စိတ်အားထက်သန်သည်။ ဤသည်မှာ သူ၏စီမံခန့်ခွဲမှု ဖြစ်သည်။ သူသည် လူတစ်ဦးချင်းစီကို နောက်ပြောင်ကျီစယ်စရာ အိမ်မွေးတိရစ္ဆာန် တစ်ကောင်ကဲ့သို့ မဟုတ်ဘဲ၊ အလေးအနက်ထား၍ ဆက်ဆံသည်။ လူသားများအတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာမှာ ပိုးမွေးသကဲ့သို့သော သို့မဟုတ် အလိုလိုက်ပြီး ပျက်စီးစေသော ချစ်ခြင်းမေတ္တာမျိုး မဟုတ်သကဲ့သို့ လူသားမျိုးနွယ်အပေါ် သူ၏ သနားခြင်းကရုဏာနှင့် သည်းခံခြင်းမှာ အလိုလိုက်ခြင်း သို့မဟုတ် အမှုမဲ့အမှတ်မဲ့ပြုခြင်း မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် လူသားများအပေါ် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာမှာ အမြတ်တနိုးထားခြင်း၊ သနားကြင်နာခြင်းနှင့် ဘဝကို အလေးထားခြင်းတို့ ပါဝင်သည်၊ သူ၏ သနားခြင်းကရုဏာနှင့် သည်းခံခြင်းသည် လူအပေါ် သူ၏မျှော်မှန်းချက်များကို သိရှိစေပြီး၊ ယင်းတို့မှာ လူသားတို့ အသက်ဆက်ရန်အတွက် လိုအပ်သောအရာပင် ဖြစ်သည်။ ဘုရားသခင်သည် အသက်ရှင်ပြီး အမှန်တကယ် တည်ရှိသည်၊ လူသားမျိုးနွယ်အပေါ် သူ၏သဘောထားမှာ စည်းစနစ်ကျပြီး တရားသေ စည်းမျဉ်းများ တစ်ပွေ့တစ်ပိုက် လုံးဝမဟုတ်ဘဲ၊ ၎င်းမှာ ပြောင်းလဲနိုင်သည်။ လူသားတို့အပေါ် သူ၏ ရည်ရွယ်ချက်များသည် အချိန်နှင့်အမျှ၊ အခြေအနေ ဖြစ်ပေါ်လာသည့်အပေါ် မူတည်ပြီး လူအယောက်စီတိုင်း၏ သဘောထားအလိုက် တဖြည်းဖြည်း ပြောင်းလဲလျက် အသွင်ပြောင်းနေ၏။ ထို့ကြောင့် သင်သည် ဘုရားသခင်၏ အနှစ်သာရမှာ ပြောင်းလဲခြင်းမရှိကြောင်း နှင့် သူ၏ စိတ်သဘောထားသည် မတူညီသော အချိန်များနှင့် မတူညီသော အခြေအနေများတွင် ထွက်ပေါ်လာလိမ့်မည် ဖြစ်ကြောင်းကို သင်၏ စိတ်နှလုံးထဲတွင် လုံးလုံးလျားလျား ရှင်းလင်းပြတ်သားမှုဖြင့် သိထားသင့်သည်။ ဤအရာမှာ လေးနက်သော ကိစ္စတစ်ခုဖြစ်သည်ဟု သင် ထင်ကောင်းထင်မည် မဟုတ်သည့်အပြင်၊ ဘုရားသခင်က အမှုအရာတို့ကို မည်ကဲ့သို့ ပြုသင့်ကြောင်း စိတ်ကူးရန် သင်၏ကိုယ်ပိုင် တစ်ကိုယ်ရေ အယူအဆများကို သင်အသုံးပြုကောင်း ပြုမည်။ သို့သော်လည်း သင့်ရှုထောင့်နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်သည့်အရာသည် မှန်ကန်သည့် အချိန်များရှိပြီး ဘုရားသခင်ကို ကြိုးစား၍ တွက်ချက်ရန် သင်၏ကိုယ်ပိုင် တစ်ကိုယ်ရေ အယူအဆများကို အသုံးပြုခြင်းဖြင့် သင်သည် သူ့ကို ဒေါသထွက်စေပြီးပြီ ဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သူပြုမည်ဟု သင်ထင်သည့်နည်းအတိုင်း စီမံခန့်ခွဲခြင်း မဟုတ်သည့်အပြင်၊ ဤအကြောင်းအရာကို ဤသို့သူမှတ်ယူမည်ဟု သင်ပြောသည့်အတိုင်း မမှတ်ယူခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် သင်၏ ပတ်လည်၌ရှိသော အရာမှန်သမျှအပေါ် သင် ကိုင်တွယ်ဖြေရှင်းရာတွင် သတိထားရန်နှင့် မြော်မြင်ချင့်ချိန်ရန်သာမက အရာခပ်သိမ်းတွင် “ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်ခြင်းတည်း”ဟူသော ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်သည့် စည်းမျဉ်းနှင့်အညီ မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သင်ယူရန် သင့်အား ငါသတိပေးခြင်း ဖြစ်သည်။ သင်သည် ဘုရားသခင်၏ရည်ရွယ်ချက်များနှင့် ဘုရားသခင်၏ သဘောထားဆိုင်ရာ အကြောင်းအရာများနှင့် စပ်လျဉ်း၍ တိကျမှန်ကန်သော နားလည်ခြင်းတစ်ခု တိုးပွားလာရမည်၊ ဤအကြောင်းအရာများကို ပြောဆိုဆွေးနွေးပေးရန် ဉာဏ်အလင်းဖွင့်ပြခံရသောလူများကို ရှာရမည်ဖြစ်ပြီး သင် အလွန်စိတ်ထက်သန်စွာ ရှာဖွေရမည်။ သင်ယုံကြည်လက်ခံသည့် ဘုရားသခင်ကို သဘောရှိ တရားစီရင်ခြင်း၊ သူ့အပေါ် စိတ်ထင်ရာ ကောက်ချက်ချခြင်းများနှင့်၊ မလေးစားသော သဘောထားတစ်ခုဖြင့် သူ့ကို တိုးဝင်ချဉ်းကပ်ခြင်းတို့အားဖြင့် ရုပ်သေးရုပ် တစ်ရုပ်အဖြစ် မရှုမြင်နှင့်။ ဘုရားသခင်သည် သင့်အား ကယ်တင်ခြင်း ယူဆောင်လာစဉ်နှင့် သင်၏ အဆုံးသတ်ကို သတ်မှတ်နေစဉ် သူသည် သင့်အား သနားခြင်းကရုဏာ၊ သို့မဟုတ် သည်းခံခြင်း၊ သို့မဟုတ် တရားစီရင်ခြင်း နှင့် ပြစ်တင်ဆုံးမခြင်းကို ပေးကောင်း ပေးနိုင်သော်လည်း၊ မည်သို့ပင်ဖြစ်စေ သင့်အပေါ် သူ၏ သဘောထားမှာ ပုံသေမဟုတ်ပေ။ ၎င်းမှာ ဘုရားသခင်အပေါ် သင်၏သဘောထားသာမက သူ့အပေါ် သင်၏ သိနားလည်ခြင်းအပေါ် မူတည်သည်။ ဘုရားသခင်အပေါ် တစ်ခဏမျှသာ ဖြစ်သော သင်၏သိခြင်း သို့မဟုတ် နားလည်မှု ရှုထောင့်တစ်ခုအား သူ့ကို ရာသက်ပန် အဓိပ္ပာယ်ဖွင့်ရန် အခွင့်မပေးနှင့်။ အသက်မရှိသော ဘုရားသခင်ကို မယုံကြနှင့်၊ အသက်ရှင်သော ဘုရားသခင်ကို ယုံကြည်ကြလော့။ ဤအရာကို အောက်မေ့ကြလော့။ ဤနေရာတွင် သင်တို့ကြားရန် လိုအပ်ခဲ့သော အမှန်တရားအချို့ကို ငါ ဆွေးနွေးပြီးသော်လည်း၊ သင်တို့၏ လက်ရှိ အခြေအနေနှင့် လက်ရှိ ဝိညာဉ်ရင့်ကျက်မှုအရ သင်တို့၏ စိတ်အားထက်သန်မှု မကုန်ခန်းစေရန်အတွက် ငါသည် ပို၍ကြီးမားသော မည်သည့် တောင်းဆိုချက်များကိုမျှ ပြုလုပ်မည်မဟုတ်ပေ။ ထိုသို့လုပ်ခြင်းသည် သင်တို့၏ စိတ်နှလုံးများကို စိတ်ဓာတ်ကျစရာ မြောက်များစွာနှင့် ပြည့်နှက်စေ၍ သင်တို့အား ဘုရားသခင်အပေါ် စိတ်ပျက်မှု မြောက်များစွာကို ခံစားရစေနိုင်ပါသည်။ ယင်းအစား သင်တို့သည် ဘုရားသခင်ကို ချစ်သောစိတ်နှလုံးကို အသုံးပြုနိုင်ပြီး ရှေ့တွင်ရှိသည့်လမ်းကြောင်း၌ လျှောက်လှမ်းသည့်အခါ၊ ဘုရားသခင်အပေါ် ရိုသေလေးစားသော သဘောထားတစ်ခုကို အသုံးပြုနိုင်မည်ဟု ငါမျှော်လင့်ပါသည်။ ဘုရားသခင် အပေါ် မည်သို့ယုံကြည်ရမည့် အကြောင်းအရာကို အိုးနင်းခွက်နင်း မပြုနှင့်။ ယင်းကို အကြီးမားဆုံးသော ရှိရင်းစွဲပြဿနာများထဲမှ တစ်ခုအဖြစ် သဘောထားလော့။ ၎င်းကို သင်၏ စိတ်နှလုံးထဲ၌ ထားလော့၊ ၎င်းကို စစ်မှန်မှုနှင့် ချိတ်ဆက်ပြီး၊ ၎င်းကို လက်တွေ့ဘဝနှင့် ဆက်စပ်လော့။ နှုတ်ပြောမျှဖြင့်သာ မပြုကြနှင့်၊ အဘယ်ကြောင့်ဆိုသော် ဤအရာမှာ သေရေးရှင်ရေး ကိစ္စတစ်ခုဖြစ်ပြီး သင်၏ ကံတရားကို ဆုံးဖြတ်မည့် ကိစ္စတစ်ခု ဖြစ်သည်။ ၎င်းကို ဟာသတစ်ခုအဖြစ် သို့မဟုတ် အလွန်လွယ်ကူသောအရာ တစ်ခုကဲ့သို့ သဘောမထားကြလေနှင့်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ
ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ
ဘုရားသခင်သည် သင်ဆိုသကဲ့သို့ ရိုးရှင်းသလော