၂၂။ ထင်ရာမြင်ရာလုပ်ဆောင်ပြီး အာဏာရှင်ဆန်ခြင်းအား ဖြေရှင်းနည်း
နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ
“ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်စွာ ပြုမူခြင်း” ဟူသည့် အသုံးအနှုန်း၏ တိုက်ရိုက်အဓိပ္ပာယ်မှ အကဲဖြတ်ရလျှင် “ထင်တိုင်းကြဲခြင်း” သည် ဆုံးဖြတ်ချက်များအား တစ်ကိုယ်တည်း ချမှတ်ခြင်း၊ ဆုံးဖြတ်ပိုင်ခွင့်ရှိခြင်းကို ရည်ညွှန်းသည်။ ပြီးလျှင် “အာဏာရှင်ဆန်ခြင်း” ဆိုသည်မှာ အကဲဖြတ်ခြင်း၊ သို့မဟုတ် ဆုံးဖြတ်ချက်တစ်ခုကို မိမိဘာသာ ချမှတ်ပြီးနောက်တွင် လူတိုင်းက ကွဲပြားသော ထင်မြင်ချက်များထားရှိခွင့်ဖြစ်စေ၊ ကွဲပြားသော စကားများပြောခွင့်ဖြစ်စေ၊ မေးခွန်းများမေးမြန်းခွင့်ပင်ဖြစ်စေ မရှိဘဲ ယင်းကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းကို ဆိုလိုသည်။ ထင်တိုင်းကြဲခြင်းနှင့် အာဏာရှင်ဆန်ခြင်းဆိုသည်မှာ အခြေအနေတစ်ခုနှင့် ရင်ဆိုင်ရသောအခါ မည်သည့်အရာလုပ်ဆောင်ရမည်ကို ဆုံးဖြတ်ချက်မချမီတွင် ၎င်းတို့ဘာသာ တွေးတောပြီး စဉ်းစားသုံးသပ်ခြင်းကို ဆိုလိုသည်။ ၎င်းတို့သည် အခြားမည်သူ၏ ပါဝင်ကူညီမှုမျှမပါဘဲ အမှုအရာများအား လုပ်ဆောင်ပုံနှင့်ပတ်သက်ပြီး နောက်ကွယ်တွင် ဆုံးဖြတ်ချက်များကို အမှီအခိုကင်းစွာ ချမှတ်သည်။ ၎င်းတို့ကိုယ်တိုင်၏ တွဲဖက်အမှုဆောင်များ၊ ပူးပေါင်းဆောင်ရွက်သူများ၊ သို့မဟုတ် ပိုမိုအဆင့်မြင့်သော ခေါင်းဆောင်များပင် ကြားဝင်စွက်ဖက်၍ မရပေ။ ဤသည်မှာ ထင်တိုင်းကြဲခြင်းနှင့် အာဏာရှင်ဆန်ခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ မည်သည့်အခြေအနေကို ၎င်းတို့ ရင်ဆိုင်ရသည်ဖြစ်စေ ဤပုံစံဖြင့် လုပ်ဆောင်သူတို့သည် ၎င်းတို့စိတ်တွင် အမှုအရာများကို အချိန်ယူ တွေးတောပြီး ဦးနှောက်ခြောက်အောင် စဉ်းစားဆင်ခြင်ခြင်းအားဖြင့် အပြောင်းအလဲမရှိ ရှေ့ဆက်လုပ်ဆောင်ပြီး အခြားလူများနှင့် မည်သည့်အခါမျှ တိုင်ပင်ဆွေးနွေးခြင်းမရှိကြချေ။ ၎င်းတို့သည် ခေါင်းထဲတွင် ဤသို့၊ ထိုသို့ စဉ်းစားသည်။ သို့သော် မည်သည့်အရာကို ၎င်းတို့ အမှန်တကယ် စဉ်းစားနေသည်ဆိုသည်ကို မည်သူမျှမသိ။ အဘယ်ကြောင့် မည်သူမျှ မသိသနည်း။ ၎င်းတို့က မပြောသောကြောင့် ဖြစ်သည်။ ဤသည်မှာ ၎င်းတို့သည် စကားများများ မပြောတတ်သောကြောင့်သာ ဖြစ်သည်ဟု လူအချို့က ထင်ကောင်းထင်နိုင်သည်။ သို့သော် ယင်းမှာ မှန်သလော။ ဤသည်မှာ ပင်ကိုစရိုက်နှင့် မသက်ဆိုင်ပေ။ အခြားလူများကို အမှောင်ထဲတွင်ထားရန်အတွက် တမင်လုပ်ဆောင်သော ရွေးချယ်မှုဖြစ်သည်။ ၎င်းတို့သည် အမှုအရာများကို ၎င်းတို့ဘာသာ လုပ်ဆောင်လိုသည်။ ၎င်းတို့၏ ကိုယ်ပိုင်တွက်ချက်မှုများရှိသည်။ မည်သည့်အရာကို ၎င်းတို့ တွက်ချက်နေသနည်း။ ၎င်းတို့၏ တွက်ချက်မှုများမှာ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများ၊ အဆင့်အတန်း၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်သိက္ခာကို ဗဟိုပြုသည်။ ၎င်းတို့သည် နောက်ဆုံးတွင် မည်သူ့ကိုမျှ မည်သည့်အပြစ်အနာအဆာကိုမျှ ထုတ်ဖော်ပြခြင်းမရှိဘဲ အကျိုးအမြတ်ကို ရရှိဖို့ မျှော်လင့်လျက်ဖြင့် ၎င်းတို့အသာစီးရရန် မည်သို့လုပ်ဆောင်ရမည်ကိုလည်းကောင်း၊ ၎င်းတို့၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းကို မထိခိုက်အောင် မည်သို့ ကာကွယ်ရမည်ကိုလည်းကောင်း၊ ၎င်းတို့အား အခြားလူများ ပိုင်းခြားသိမြင်စေခြင်း မရှိဘဲ မည်သို့လုပ်ဆောင်ရမည်ကိုလည်းကောင်း၊ အရေးကြီးသည်မှာ ၎င်းတို့၏ လုပ်ရပ်များကို အထက်မသိစေရန် မည်သို့ ဖုံးကွယ်ရမည်ကိုလည်းကောင်း တွေးတောကြသည်။ ၎င်းတို့က “ငါသည် ခဏတာ နမော်နမဲ့ဖြင့် အမှားတစ်စုံတစ်ခုကို ပြောမိလျှင် လူတိုင်းက ငါ့ကို ရိပ်စားမိမည်။ တစ်စုံတစ်ယောက်က ဘောင်ကျော်၍ ပြောဆိုပြီး ငါ့အား အထက်သို့ တိုင်ကြားလျှင် အထက်က ငါ့ကို လူစားလဲကောင်းလဲနိုင်ပြီး ငါ၏ အဆင့်အတန်းကို ဆုံးရှုံးရမည်။ ထို့အပြင် ငါသည် အခြားလူများနှင့် အစဉ်မိတ်သဟာယဖွဲ့လျှင် ငါ၏ အကန့်အသတ်ရှိသော အရည်အချင်းများသည် အားလုံးဆီသို့ ပေါ်လွင်မည်မဟုတ်လော။ အခြားလူများက ငါ့ကို အထင်သေးကောင်း သေးသွားနိုင်သလော” ဟု တွေးသည်။ ယခုတွင် ငါ့အားပြောလော့။ ၎င်းတို့သည် အမှန်ပင် ပိုင်းခြားသိမြင်ခြင်းခံရလျှင် ကောင်းမည်လော၊ သို့မဟုတ် ဆိုးမည်လော။ အမှန်တွင် သမ္မာတရားကို လိုက်စားသူတို့အတွက်၊ ရိုးသားသူတို့အတွက် ပိုင်းခြားသိမြင်ခံရခြင်း၊ သိက္ခာတစ်ခုခုဖြစ်စေ၊ ဂုဏ်သတင်းတစ်ခုခုဖြစ်စေ ဆုံးရှုံးခြင်းသည် ထိုမျှ အရေးမပါပေ။ ၎င်းတို့သည် ဤအရာများကို လွန်စွာ အရေးစိုက်ပုံမရေ။ ၎င်းတို့သည် ယင်းတို့ကို ပေါ်ပေါ်ထင်ထင် သတိထားမိခြင်း သိပ်ရှိပုံမရသကဲ့သို့ ယင်းတို့ကို ယုံကြည်ကိုးစားမှုလည်း မရှိချေ။ သို့သော် အန္တိခရစ်များသည် လုံးဝ ဆန့်ကျင်ဘက်ဖြစ်သည်။ သမ္မာတရားကို ၎င်းတို့ မလိုက်စားပေ။ ပြီးလျှင် ၎င်းတို့၏ အဆင့်အတန်းကိုလည်းကောင်း၊ ၎င်းတို့အပေါ် အခြားလူများ၏ သိမြင်နားလည်မှုနှင့် သဘောထားတို့ကိုလည်းကောင်း အသက်ကိုယ်၌ထက် ပို၍အရေးကြီးသည်ဟု မှတ်ယူသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၆
လူအချို့သည် အမှုကိစ္စများကို မည်သူနှင့်မျှ မဆွေးနွေးဘဲ၊ သို့မဟုတ် မည်သူ့ကိုမျှ မပြောဘဲ တစ်ဦးတည်း လုပ်ဆောင်လိုကြသည်။ အခြားလူများက မည်သို့မြင်နိုင်သည်ကို ပဓာနမထားဘဲ ၎င်းတို့၏ အလိုအတိုင်းပင် လုပ်ဆောင်လိုက်ကြသည်။ ၎င်းတို့က “ကျွန်တော်က ခေါင်းဆောင်ဖြစ်တယ်။ ခင်ဗျားတို့က ဘုရားသခင်ရွေးချယ်ထားသူတွေဖြစ်တယ်။ ဒါကြောင့် ကျွန်တော်လုပ်တာကို လိုက်လုပ်ဖို့ လိုတယ်။ ကျွန်တော်ပြောတဲ့အတိုင်း အတိအကျလုပ်ပါ။ ဒီလိုပဲ ဖြစ်သင့်တယ်” ဟူ၍ တွေးကြသည်။ ၎င်းတို့သည် ပြုမူဆောင်ရွက်သောအခါတွင် အခြားလူတို့ကို အသိမပေးဘဲ ၎င်းတို့၏ လုပ်ရပ်များသည် ပွင့်လင်းမြင်သာမှုမရှိပေ။ ၎င်းတို့သည် အစဉ်သဖြင့် တစ်ဦးတည်းကျိတ်၍ ကြိုးစားအားထုတ်နေကြပြီး တိတ်တဆိတ် လုပ်ဆောင်ကြသည်။ အာဏာကို ပါတီတစ်ခုတည်းမှ တစ်ဦးတည်းချုပ်ကိုင်ထားမှုကို ထိန်းသိမ်းထားသော အဆင်းနီသော နဂါးကြီးကဲ့သို့ပင်ဖြစ်သည်။ ၎င်းတို့သည် အရေးမပါ၊ တန်ဖိုးမရှိဟု ၎င်းတို့ မြင်သည့် အခြားသူတို့ကို အစဉ်သဖြင့် လိမ်လည်ပြီး ထိန်းချုပ်လိုကြသည်။ ၎င်းတို့သည် အမှုကိစ္စများတွင် သူတစ်ပါးတို့နှင့် ဆွေးနွေးခြင်း၊ ဆက်သွယ်ပြောဆိုခြင်းမရှိဘဲ အစဉ်သဖြင့် ဆုံးဖြတ်ချက်ချပိုင်ခွင့် ရှိလိုကြသည်။ အခြားလူတို့၏ ထင်မြင်ချက်များကို မည်သည့်အခါမျှ တောင်းခံခြင်း မရှိပေ။ ဤနည်းလမ်းကို သင် မည်သို့ ထင်မြင်သနည်း။ သာမန်လူ့သဘာဝကို ပိုင်ဆိုင်သလော။ (မပိုင်ဆိုင်ပါ။) အဆင်းနီသော နဂါးကြီး၏ သဘာဝမဟုတ်သလော။ အဆင်းနီသောနဂါးကြီးသည် အာဏာရှင်ဆန်ပြီး တစ်ဖက်သတ်ဆန်သော နည်းလမ်းဖြင့် ပြုမူရသည်ကို နှစ်သက်သည်။ ဤဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားမျိုးရှိသူများသည် အဆင်းနီသောနဂါးကြီး၏ သားသမီးများ ဖြစ်ကြသည် မဟုတ်သလော။ ဤသည်မှာ လူတို့ မိမိကိုယ်ကို သိသင့်သည့် ပုံစံဖြစ်သည်။ သင်တို့သည် ဤသို့ လုပ်ဆောင်နိုင်စွမ်းရှိသလော။ (ရှိပါသည်။) သင်တို့သည် ဤသို့ ပြုမူဆောင်ရွက်သောအခါ ဤအရာကို သတိထားမိသလော။ သတိထားမိလျှင် သင်တို့၌ မျှော်လင့်ချက်ရှိသေးသည်။ သတိမထားမိလျှင် သင်တို့သည် သေချာပေါက် ဒုက္ခရောက်ပြီဖြစ်သည်။ ဤသို့ဆိုလျှင် သင်တို့သည် ကံဆိုးမိုးမှောင်ကျပြီမဟုတ်လော။ သင်တို့က ဤသို့လုပ်ဆောင်ခြင်းကို သတိမမူမိသောအခါ မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ (ကျွန်ုပ်တို့၏ ညီအစ်ကိုမောင်နှမများက ကျွန်ုပ်တို့ကို ထောက်ပြခြင်းနှင့် ပြုပြင်ခြင်း၊ ကို ကျွန်ုပ်တို့ လိုအပ်သည်။) သင်တို့က ရှေးဦးစွာ အခြားလူတို့ကို “ငါသည် ပင်ကိုအားဖြင့် အခြားလူများကို ဦးဆောင်ရခြင်းကို နှစ်သက်သည်။ ငါသည် သင်တို့ကို ကြို၍ ပြောထားခြင်းဖြစ်သည်။ ထို့ကြောင့် ဤသို့ ဖြစ်ပျက်လျှင်၊ ဤသို့ ဖြစ်ပျက်သောအခါတွင် ယင်းကို ပြဿနာမရှာနှင့်။ ငါ့ကို သင်တို့ သည်းခံရမည်။ ဤသည်မှာ မကောင်းသည်ကို ငါသိသည်။ တဖြည်းဖြည်းချင်း ပြောင်းလဲဖို့ ငါကြိုးစားလုပ်ဆောင်နေသည်။ ထို့ကြောင့် ငါ့အား သင်တို့ သည်းခံဖို့ ငါမျှော်လင့်သည်။ ဤအရာများ ဖြစ်ပျက်သောအခါ ငါအားသည်းခံလော့။ ငါနှင့်အတူ ပူးပေါင်းဆောင်ရွက်လော့။ သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ဖို့အတွက် အတူတကွ ကြိုးပမ်းကြစို့” ဟု ဆိုလျှင် ဤသို့ လုပ်ဆောင်ခြင်းသည် လက်ခံဖွယ်ဖြစ်သလော။ (မဖြစ်ပါ။ ယင်းမှာ အသိစိတ်မပါရှိပါ။) အသိစိတ်မပါရှိဟု အဘယ်ကြောင့်ဆိုသနည်း။ ဤသို့ပြောသောသူတစ်ယောက်သည် သမ္မာတရားကို ရှာဖွေရန် ရည်ရွယ်ခြင်းမရှိပေ။ အမှုအရာများကို ဤသို့လုပ်ဆောင်ခြင်းသည် မှားသည်ကို ၎င်းတို့ ကောင်းစွာသိသော်လည်း ၎င်းတို့သည် အခြားလူများကို ချုပ်ချယ်လျက်၊ အခြားလူတို့ကို ပူးပေါင်းဆောင်ရွက်ဖို့၊ ပံ့ပိုးဖို့ တောင်းဆိုလျက်ဖြင့် ဤသို့ဆက်လက်၍ လုပ်ဆောင်သည်။ ၎င်းတို့၏ ရည်ရွယ်ချက်တွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဆန္ဒမရှိပေ။ ၎င်းတို့သည် တမင်သက်သက်ဖြင့် သမ္မာတရားကို ဆန့်ကျင်လျက်ရှိသည်။ သိလျက်ဖြင့် ချိုးဖောက်ခြင်းသည် ဘုရားသခင် အရွံမုန်းဆုံးသော အရာဖြစ်သည်။ ဤသို့သောအရာကို ဆိုးယုတ်သောသူများနှင့် အန္တိခရစ်များမှလွဲ၍ အခြားမည်သူကမျှ လုပ်ဆောင်နိုင်စွမ်းမရှိပေ။ ဤသို့လုပ်ဆောင်ခြင်းသည် အတိအကျပင် အန္တိခရစ်များ လုပ်ဆောင်သည့် ပုံစံဖြစ်သည်။ သမ္မာတရားကို တမင်သက်သက် ဆန့်ကျင်ပြီး ဘုရားသခင်ကို အာခံသောအခါ အန္တရာယ်ကျရောက်ပြီဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ လမ်းကြောင်းကို လျှောက်ခြင်းဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်ခြင်းနှင့်ပတ်သက်၍
အန္တိခရစ်များသည် မည်သူနှင့်မျှ ပူးပေါင်းမလုပ်ဆောင်နိုင်ပေ။ ၎င်းတို့သည် အစဉ်သဖြင့် တစ်ဦးတည်း စည်းကမ်းချမှတ်လိုကြသည်။ ဤသရုပ်သကန်၏ စရိုက်လက္ခဏာမှာ “တစ်ကိုယ်တော်” ဖြစ်သည်။ ယင်းကို ဖော်ပြရန်အတွက် အဘယ်ကြောင့် “တစ်ကိုယ်တော်”ဟူသည့် စကားကို အသုံးပြုသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် မလုပ်ဆောင်မီတွင် ဘုရားရှေ့သို့ လာရောက်ပြီး ဆုတောင်းခြင်း မရှိသကဲ့သို့ သမ္မာတရားစည်းမျဉ်းများကို မရှာဖွေပေ။ ၎င်းတို့ကို “ဤသည်မှာ သင့်လျော်သော လမ်းကြောင်းဖြစ်သလော။ အလုပ်အစီအစဉ်များက မည်သည့်အရာကို ပြဋ္ဌာန်းထားသနည်း။ ဤအရာမျိုးကို မည်သို့ ကိုင်တွယ်ရမည်နည်း”ဟူ၍ မိတ်သဟာယဖွဲ့ပြီး ပြောရန်အတွက် လူတစ်ယောက်ကို ရှာဖို့ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ပေ။ ၎င်းတို့သည် ၎င်းတို့၏ တွဲဖက်အမှုဆောင်များ၊ လက်တွဲဖက်များနှင့် မည်သည့်အရာမျှ မဆွေးနွေးပေ၊ သို့မဟုတ် အများသဘောတူညီချက် ရရှိအောင် မကြိုးစားပေ။ ၎င်းတို့သည် အမှုအရာများကို ကိုယ့်ဘာသာကိုယ်သာ စဉ်းစားပြီး ကျိတ်ကြံစည်ကာ မိမိတို့၏ ကိုယ်ပိုင်အစီအစဉ်များနှင့် ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်ကြသည်။ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို သာမန်ကာလျှံကာ တောက်လျှောက်ဖတ်ခြင်းမျှဖြင့် ယင်းတို့ကို နားလည်ပြီးဖြစ်သည်ဟု ထင်ကြသည်။ ထို့နောက်တွင် အလုပ်ကို ကျိုးကြောင်းမမြင်ဘဲ စီစဉ်သည်။ အခြားလူများက ဤအကြောင်းကို သိသည့်အချိန်တွင် အလုပ်က စီစဉ်ပြီးဖြစ်နေသည်။ ၎င်းတို့၏ အမြင်များကို၊ သို့မဟုတ် ၎င်းတို့ကိုယ်တိုင်၏ နှုတ်မှ ထင်မြင်ချက်များကို မည်သူမျှ ကြိုတင်၍ ကြားရရန် မဖြစ်နိုင်ပေ။ ၎င်းတို့စိတ်ထဲတွင်ထားသည့် အတွေးအခေါ်များနှင့် အမြင်များကို မည်သူ့ကိုမျှ လုံးဝ မသိစေသောကြောင့်ဖြစ်သည်။ တစ်စုံတစ်ယောက်က “ခေါင်းဆောင်များနှင့် အမှုဆောင်များအားလုံးတွင် တွဲဖက်များမရှိကြသလော” ဟု မေးနိုင်သည်။ အမည်ခံအားဖြင့် တစ်စုံတစ်ယောက်အား တွဲဖက်အဖြစ် ရှိနိုင်သော်လည်း အလုပ်လုပ်ဖို့ အချိန်ကျသောအခါ၌ မရှိတော့ပေ။ ၎င်းတို့သည် တစ်ကိုယ်တော် အလုပ်လုပ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များတွင် အလုပ်ဖော်များရှိပြီး မည်သည့်တာဝန်ကိုမဆို ထမ်းဆောင်သောသူတိုင်းတွင် အလုပ်ဖော်များ ရှိသော်လည်း အန္တိခရစ်များသည် ၎င်းတို့သည် အစွမ်းအစကောင်းရှိပြီး သာမန်လူများထက်ပို၍တော်သည်၊ ထို့ကြောင့် သာမန်လူများသည် ၎င်းတို့၏ အလုပ်ဖော်များဖြစ်ရန် မထိုက်တန်ဘဲ အားလုံးက ၎င်းတို့ထက် နိမ့်ကျသည်ဟု ယုံကြည်ကြသည်။ ဤအတွက်ကြောင့် အန္တိခရစ်များသည် အဆုံးအဖြတ်ပေးလိုပြီး အမှုကိစ္စများကို အခြားမည်သူနှင့်မျှ မဆွေးနွေးလိုခြင်းဖြစ်သည်။ ဤသို့လုပ်ဆောင်ခြင်းအားဖြင့် ၎င်းတို့သည် မိုက်မဲပြီး အရည်အချင်း မရှိသည့်ပုံပေါ်သည်ဟု ၎င်းတို့ ထင်မြင်ကြသည်။ ဤသည်မှာ အဘယ်သို့သော အမြင်မျိုးဖြစ်သနည်း။ အဘယ်သို့သော စိတ်သဘောထားမျိုး ဖြစ်သနည်း။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထားတစ်ခုဖြစ်သလော။ အမှုကိစ္စများကို သူတစ်ပါးတို့နှင့် ပူးပေါင်းဆောင်ရွက်ပြီး ဆွေးနွေးခြင်း၊ ၎င်းတို့ကို မေးခွန်းများမေးမြန်းပြီး ၎င်းတို့ထံမှ အဖြေကို ရှာဖွေခြင်းသည် သိက္ခာမရှိဖြစ်ပြီး အောက်ကျသည်၊ ကိုယ့်ကိုယ်ကိုယ် လေးစားမှုအား ထိခိုက်စေခြင်းဖြစ်သည်ဟု ၎င်းတို့က ထင်ကြသည်။ ထို့ကြောင့် ၎င်းတို့၏ မိမိကိုယ်ကို လေးစားမှုအား ကာကွယ်ရန်အတွက် ထိုသူတို့နှင့် ဆွေးနွေးဖို့ မဆိုထားနှင့်၊ ၎င်းတို့လုပ်သမျှတွင် ပွင့်လင်းမြင်သာမှုကို ခွင့်မပြုသကဲ့သို့ အခြားလူများကိုလည်း မပြောပြပေ။ အခြားလူများနှင့် ဆွေးနွေးခြင်းသည် သူတို့ကိုယ်သူတို့ အရည်အချင်းမရှိဟု ပြခြင်းဖြစ်သည်၊ အခြားလူများ၏ ထင်မြင်ချက်ကို အစဉ်တောင်းခံခြင်းသည် တုံးအခြင်းဖြစ်ပြီး မိမိအတွက် စဉ်းစားနိုင်စွမ်း မရှိခြင်းဖြစ်သည်၊ တာဝန်တစ်ခုကို ပြီးမြောက်အောင် လုပ်ဆောင်ရာတွင်၊ သို့မဟုတ် ပြဿနာအချို့ကို ဖြေရှင်းရာတွင် အခြားလူတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် ၎င်းတို့အား အသုံးမဝင်သည့် ပုံစံပေါ်စေသည်ဟု ၎င်းတို့က ထင်မြင်ကြသည်။ ဤသည်မှာ ၎င်းတို့၏ မာနထောင်လွှားပြီး အဓိပ္ပာယ်မရှိသော စိတ်ထားမဟုတ်သလော။ ဤသည်မှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မဟုတ်သလော။ ၎င်းတို့အတွင်းရှိ မာနထောင်လွှားပြီး မိမိကိုယ်ကို အမှန်ထင်ခြင်းသည် သိသာလွန်းသည်။ ၎င်းတို့သည် သာမန်လူသား အကြောင်းပြချက်အားလုံး ဆုံးရှုံးခဲ့ပြီး စိတ်မတည်ငြိမ်ပေ။ ၎င်းတို့သည် အရည်အချင်းများရှိသည်၊ အမှုကိစ္စများကို မိမိတို့ဘာသာ ပြီးမြောက်စေနိုင်သည်၊ သူတစ်ပါးတို့နှင့် ညှိုနှိုင်းဆောင်ရွက်ရန်မလိုအပ်ဟု အစဉ်ထင်မြင်ကြသည်။ ၎င်းတို့တွင် ဤသို့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများရှိသောကြောင့် ၎င်းတို့သည် သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်မှုကို မရရှိနိုင်ကြပေ။ ၎င်းတို့က အခြားလူများနှင့် အလုပ်လုပ်ခြင်းသည် ၎င်းတို့၏ အာဏာကို လျော့စေပြီး ပြိုကွဲစေသည်၊ အလုပ်ကို အခြားလူတို့နှင့် ဝိုင်းလုပ်သည့်အခါ ၎င်းတို့၏ ကိုယ်ပိုင်အာဏာသည် လျော့နည်းသွားသည်၊ ၎င်းတို့ကိုယ်တိုင်အတွက် မည်သည့်အရာကိုမျှ မဆုံးနိုင်ပေ၊ ဤသည်မှာ တကယ့်အာဏာမရှိခြင်းဖြစ်သည်ဟု အဓိပ္ပာယ်ရသည်၊ ၎င်းတို့အတွက် ကြီးမားသော ဆုံးရှုံးမှုဖြစ်သည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် ၎င်းတို့တွင် မည်သည့်အရာဖြစ်ပျက်ပါစေ ၎င်းတို့သည် ယင်းကိုနားလည်ပြီး မည်သို့ကိုင်တွယ်ရမည်ကို သိသည်ဟု ၎င်းတို့က ယုံကြည်လျှင် အခြားမည်သူနှင့်မျှ မဆွေးနွေးပေ။ ၎င်းတို့သည် ယင်းကို ဆက်လက် ထိန်းချုပ်လိုလိမ့်မည်။ ၎င်းတို့သည် အခြားလူတို့ကို ပေးသိရမည့်အစား အမှားများကိုသာ ပြုလုပ်လိုကြသည်။ အခြားလူတစ်ယောက်နှင့် အာဏာကို မျှဝေရမည့်အစား မှားယွင်းခြင်းသာဖြစ်လိုကြသည်။ အခြားလူတို့ကို ၎င်းတို့အလုပ်အား ဝင်ရောက်စွက်ဖက်ခွင့်ပြုမည့်အစား အထုတ်ခံရခြင်းကိုသာ ပို၍နှစ်သက်ကြသည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ အာဏာကို အခြားတစ်ယောက်ယောက်နှင့် မျှဝေမည့်အစား ဘုရားအိမ်တော်၏ အကျိုးစီးပွားကိုသာ ထိခိုက်စေမည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားကိုသာ အလောင်းအစားလုပ်မည်။ ၎င်းတို့သည် အလုပ်တစ်ခုကို လုပ်ဆောင်နေသောအခါ၊ သို့မဟုတ် ကိစ္စတစ်ခုခုကို ကိုင်တွယ်နေသောအခါတွင် ယင်းသည် တာဝန်ထမ်းဆောင်နေခြင်း မဟုတ်ဘဲ ကိုယ့်ဂုဏ်ကိုယ်ဖော်နေပြီး အခြားလူများကြားတွင် ထင်ပေါ်ရန် အခွင့်အရေးတစ်ခုဖြစ်သည်၊ ပြီးလျှင် ဩဇာအာဏာကို အသုံးချရန် အခွင့်အရေးတစ်ခုဖြစ်သည်ဟု ထင်ကြသည်။ ထို့ကြောင့် ၎င်းတို့က အခြားလူများနှင့် သဟဇာတဖြစ်စွာ ပူးပေါင်းလုပ်ဆောင်မည်ဟုလည်းကောင်း၊ အမှုကိစ္စများပေါ်ပေါက်သောအခါတွင် ထိုအမှုကိစ္စများကို အခြားလူများနှင့် အတူတကွ ဆွေးနွေးမည်ဟုလည်းကောင်း ဆိုသော်လည်း အမှန်မှာ ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် ၎င်းတို့၏ အာဏာ၊ သို့မဟုတ် အဆင့်အတန်းကို လက်လွှတ်ဖို့ မလိုလားကြပေ။ အယူဝါဒအချို့ကို ၎င်းတို့နားလည်ပြီး ၎င်းတို့ကိုယ်တိုင် လုပ်ကိုင်နိုင်စွမ်းရှိသရွေ့ အခြားမည်သူနှင့်မျှ ပူးပေါင်းဆောင်ရွက်ရန် မလိုအပ်ဟု ထင်မြင်ကြသည်။ တစ်ဦးတည်းဆောင်ရွက်ပြီး ပြီးမြောက်သင့်သည်၊ ဤသည်ကသာ ၎င်းတို့ကို အရည်အချင်း ရှိစေသည်ဟု ထင်ကြသည်။ ဤအမြင်မှာ မှန်ကန်သလော။ ၎င်းတို့သည် စည်းမျဉ်းများကို ချိုးဖောက်ခြင်းရှိမရှိကို ၎င်းတို့မသိကြပေ။ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို မဖြည့်ဆည်းပေ။ ထို့ကြောင့် ဘုရားသခင်၏ စေခိုင်းချက်ကို အပြီးမသတ်နိုင်ဘဲ အစေခံခြင်းသာ ပြုလုပ်ကြသည်။ တာဝန်ထမ်းဆောင်ရာတွင် သမ္မာတရားစည်းမျဉ်းများကို ရှာဖွေရမည့်အစား ၎င်းတို့၏ အတွေးများ၊ ရည်ရွယ်ချက်များနှင့်အညီ အာဏာကို အသုံးချသည်။ ကြွားဝါသည်။ မိမိတို့ကိုယ်ကို ထုတ်ဖော်ပြကြသည်။ ၎င်းတို့၏ အလုပ်ဖော်သည် မည်သူဖြစ်စေ၊ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ကိစ္စများကို မည်သည့်အခါမျှ မဆွေးနွေးလိုပေ။ ၎င်းတို့သည် မိမိတို့ဘာသာ ဆောင်ရွက်လိုကြသည်။ အစဉ်သဖြင့် အဆုံးအဖြတ်ပေးခွင့် ရရှိလိုကြသည်။ ၎င်းတို့သည် အမှုကိစ္စများလုပ်ဆောင်ရန်အတွက် သိသိသာသာပင် အာဏာကို ဆော့ကစားနေပြီး အာဏာကို အသုံးပြုနေခြင်းဖြစ်သည်။ အန္တိခရစ်အားလုံးသည် အာဏာကို ချစ်သည်။ ၎င်းတို့သည် ဂုဏ်အဆင့်အတန်းရှိသောအခါ အာဏာကိုပို၍ ရချင်သည်။ အန္တိခရစ်များသည် အာဏာကို ပိုင်ဆိုင်သောအခါ ကြွားဝါရန်အတွက်လည်းကောင်း၊ မိမိတို့ကိုယ်ကို ပြစားဝင့်ဝါရန်အတွက်လည်းကောင်း၊ အခြားသူများက ၎င်းတို့ကို အထင်ကြီး လေးစားစေရန် လုပ်ဆောင်ရန်အတွက်လည်းကောင်း၊ လူအများကြားတွင် ထင်ပေါ်ရန်ဖြစ်သည့် ၎င်းတို့၏ ပန်းတိုင်ကို စွမ်းဆောင်ရရှိရန်အတွက်လည်းကောင်း ၎င်းတို့၏ အဆင့်အတန်းကို အသုံးပြုတတ်ကြသည်။ ထို့ကြောင့် အန္တိခရစ်များသည် အာဏာနှင့် အဆင့်အတန်းကို စွဲလန်းပြီး ယင်းကို မည်သည့်အခါမျှ လုံးဝ စွန့်လွှတ်မည်မဟုတ်ပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရားသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၁)
အပြင်ပန်းတွင် အန္တိခရစ်အချို့တို့၌ လက်ထောက်များ၊ သို့မဟုတ် လက်တွဲဖော်များ ရှိပုံရသော်လည်း အမှန်မှာ တစ်စုံတစ်ခုဖြစ်ပျက်သောအခါ အခြားလူတို့က မည်မျှ မှန်ကန်နိုင်ပါစေ၊ အန္တိခရစ်များက ၎င်းတို့ပြောသည့်အရာကို မည်သည့်အခါမျှ နားမထောင်ကြပေ။ ဆွေးနွေးဖို့၊ သို့မဟုတ် မိတ်သဟာယဖွဲ့ဖို့ မဆိုထားနှင့်၊ ထည့်သွင်းစဉ်းစားခြင်းပင် မရှိပေ။ ၎င်းတို့က လုံးဝ အရေးမစိုက်ကြပေ။ အခြားလူများက မရှိသကဲ့သို့ပင် ဖြစ်သည်။ အန္တိခရစ်များက အခြားလူများ ပြောသည့်အရာကို နားထောင်သောအခါတွင် ၎င်းတို့သည် ဝတ်ကျေတမ်းကျေပြုခြင်း၊ သို့မဟုတ် အခြားလူများမြင်ရန်အတွက် သရုပ်ဆောင်နေခြင်းမျှသာ ဖြစ်သည်။ သို့သော် အဆုံး၌ နောက်ဆုံး ဆုံးဖြတ်ချက်ချဖို့ အချိန်ကျသောအခါတွင် အဆုံးအဖြတ်ပေးသည်မှာ အန္တိခရစ်များဖြစ်သည်။ အခြားမည်သူမဆို၏ စကားများသည် လေကုန်ခြင်းသာ ဖြစ်ပြီး လုံးဝ အလေးထားဖို့ မလိုအပ်ပေ။ ဥပမာအနေဖြင့် လူနှစ်ယောက်သည် တစ်စုံတစ်ခုအတွက် တာဝန်ရှိသည့်အခါ၊ တစ်ယောက်က အန္တိခရစ်အနှစ်သာရရှိသည့်အခါတွင် ဤလူ၌ မည်သည့်အရာကို ထုတ်ဖော်ပြသနည်း။ မည်သည့်အရာဖြစ်စေ ၎င်းတို့သာလျှင် စတင်လုပ်ဆောင်သူ၊ မေးခွန်းများမေးသူ၊ ကိစ္စများကို ဖြေရှင်းသူနှင့်၊ ဖြေရှင်းချက်ကို စိတ်ကူးရသူများဖြစ်သည်။ အချိန်အများစုတွင် ၎င်းတို့သည် ၎င်းတို့၏ အဖော်ကို လုံးလုံး ထိန်ချန်ထားသည်။ ၎င်းတို့အမြင်တွင် ၎င်းတို့၏ အဖော်သည် အဘယ်နည်း။ ၎င်းတို့၏ လက်ထောက်အဖြစ်မဟုတ်ဘဲ အယောင်ပြသက်သက်သာဖြစ်သည်။ အန္တိခရစ်၏ အမြင်တွင် ၎င်းတို့၏ အလုပ်ဖောဆိုသည်မှာ မရှိခြင်းသာဖြစ်သည်။ ပြဿနာတစ်ခုရှိသည့်အခါတိုင်းတွင် အန္တိခရစ်သည် သေချာတွေးကြည့်လိုက်သည်။ လုပ်ဆောင်မှု လမ်းကြောင်းတစ်ခုကို ၎င်းတို့ ဆုံးဖြတ်ပြီးသည်နှင့် ဤသည်မှာ ပြုလုပ်ရမည့်နည်းလမ်းဖြစ်သည်ဟု လူတိုင်းအား အသိပေးပြီး မည်သူ့ကိုမျှ မေးခွန်းထုတ်ခွင့်မပြုပေ။ ၎င်းတို့၏ သူတစ်ပါးတို့နှင့် ပူးပေါင်းလုပ်ဆောင်ခြင်းတွင် အနှစ်သာရသည် အဘယ်နည်း။ အခြေခံအားဖြင့် ယင်းမှာ အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိရန်၊ မည်သူနှင့်မျှ ပြဿနာများကို လုံးဝ မဆွေးနွေးရန်၊ အလုပ်အတွက် တစ်ဦးတည်း တာဝန်ယူရန်၊ ၎င်းတို့ တွဲဖက်များအား အယောင်ပြသက်သက်အဖြစ်သို့ ပြောင်းလဲပစ်ရန်ဖြစ်သည်။ ၎င်းတို့သည် အစဉ်သဖြင့် တစ်ဦးတည်း ဆောင်ရွက်ကြပြီး မည်သူနှင့်မျှ လုံးဝ ပူးပေါင်းဆောင်ရွက်ခြင်းမရှိပေ။ ၎င်းတို့၏အလုပ်အကြောင်းအား အခြားမည်သူနှင့်မျှ ဆွေးနွေးခြင်း၊ သို့မဟုတ် ဆက်သွယ်ပြောဆိုခြင်း လုံးဝ မရှိပေ။ ဆုံးဖြတ်ချက်များကို မကြာခဏပင် တစ်ဦးတည်းချမှတ်ပြီး ပြဿနာများကို တစ်ဦးတည်း ကိုင်တွယ်ဖြေရှင်းသည်။ အမှုကိစ္စများစွာတွင် ပြီးဆုံးပြီးနောက်မှသာ အမှုကိစ္စများက မည်သို့ပြီးဆုံးသွားသည်၊ သို့မဟုတ် မည်သို့ ကိုင်တွယ်ခဲ့သည်ကို အခြားလူများက သိရှိရသည်။ အခြားလူတို့က သူတို့ကို “ပြဿနာအားလုံးကို ကျွန်ုပ်တို့နှင့် ဆွေးနွေးရမည်။ မည်သည့်အချိန်တွင် ထိုသကို သင် ကိုင်တွယခဲ့သနည်း။ သူ့ကို မည်သို့ ကိုင်တွယ်ခဲ့သနည်း။ ထိုအကြောင်းကို ကျွန်ုပ်တို့ မည်သို့ဖြစ်၍ မသိရှိရသနည်း။” ဟု ပြောဆိုကြသည်။ ၎င်းတို့က ရှင်းပြချက် မပေးသကဲ့သို့ မည်သည့် အလေးထားမှုမျှ မရှိပေ။ ၎င်းတို့အတွက် ၎င်းတို့အလုပ်ဖော်သည် လုံးဝ အသုံးမဝင်ဘဲ အဆင်တန်ဆာ၊ သို့မဟုတ် အယောင်ပြသက်သက်သာ ဖြစ်သည်။ တစ်ခုခုဖြစ်သောအခါတွင် ၎င်းတို့က သေချာစဉ်းစားကာ စိတ်ပိုင်းဖြတ်၍ ၎င်းတို့ဆန္ဒရှိသည့် မည်သည့်နည်းဖြင့်မဆို ပြုမူကြသည်။ ၎င်းတို့အနီးတွင် လူမည်မျှရှိပါစေ ထိုလူများ မရှိနေသကဲ့သို့ဖြစ်သည်။ အန္တိခရစ်များအတွက် ထိုသူတို့သည် လေပင် ဖြစ်ကောင်းဖြစ်နေနိုင်သည်။ ဤအရာကိုထောက်လျှင် သူတစ်ပါးတို့နှင့် ၎င်းတို့ တွဲဖက်လုပ်ဆောင်ခြင်း၌ အမှန်တကယ် ကဏ္ဍတစ်ခုခုရှိသလော။ လုံးဝ မရှိပေ။ ၎င်းတို့သည် ဟန်ဆောင်လုပ်ပြနေပြီး အယောင်ဆောင်ပုံဖမ်းခြင်းဖြစ်သည်။ အခြားလူများက ၎င်းတို့အား “ပြဿနာတစ်ခုကြုံရသည့်အခါ အဘယ်ကြောင့် အခြားလူတိုင်းနှင့် မိတ်သဟာယမပြုသနည်း” ဟု ပြောကြကာ ၎င်းတို့က “သူတို့က ဘာကိုသိသနည်း။ ကျွန်ုပ်က အသင်းခေါင်းဆောင်ဖြစ်သည်။ ဆုံးဖြတ်ရန် ကျွန်ုပ်အပေါ် မူတည်သည်။” ဟု ပြန်ပြောကြသည်။ အခြားလူတို့က “သင့်အဖော်နှင့် အဘယ်ကြောင့် မိတ်သဟာယမပြုသနည်း” ဟုပြောသည်။ ၎င်းတို့က “သူ့ကို ကျွန်ုပ်ပြောခဲ့သည်။ သူ့တွင် ထင်မြင်ချက်မရှိ။” ဟု ပြန်ပြောဆိုကြသည်။ ၎င်းတို့ ထင်ရာစိုင်းနေသည်ဟူသည့်အချက်ကို မရှင်းမလင်း ဖြစ်သွားစေရန်အတွက် ဆင်ခြေများအနေဖြင့် အခြားသောလူများက ထင်မြင်ချက်မရှိခြင်း၊ သို့မဟုတ် သူတို့ဘာသာ မစဉ်းစားနိုင်ခြင်းတို့ကို အသုံးပြုသည်။ ပြီးလျှင် ဤအရာပြီးနောက်တွင် မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ခြင်း နည်းနည်းမျှ မရှိပေ။ ဤသို့သောသူမျိုးက သမ္မာတရားကို လက်ခံရန် ဖြစ်နိုင်မည်မဟုတ်ပေ။ ဤသည်မှာ အန္တိခရစ်၏သဘာဝနှင့် ပတ်သက်သည့် ပြဿနာတစ်ခုဖြစ်သည်။
“ပူးပေါင်းလုပ်ဆောင်ခြင်း” ဆိုသည့် ဝေါဟာရကို မည်သို့ရှင်းလင်းပြီး လက်တွေ့လုပ်ဆောင်သနည်း။ (အမှုကိစ္စများဖြစ်ပေါ်သောအခါ ယင်းတို့ကို ဆွေးနွေးခြင်းဖြစ်ပါသည်။) ဟုတ်သည်။ ယင်းသည် ထိုအရာကို လက်တွေ့လုပ်ဆောင်သည့် နည်းလမ်းတစ်ခု ဖြစ်သည်။ အခြား မည်သည့်အရာ ရှိသနည်း။ (တစ်ဦး၏ အားနည်းချက်များကို အခြားတစ်ဦး၏ အားသာချက်များဖြင့် ခုနှိမ်ခြင်း၊ တစ်ဦးအပေါ်တစ်ဦး ကြီးကြပ်ခြင်း ဖြစ်သည်။) ယင်းသည် လုံးဝ ကိုက်ညီသည်။ ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းသည် သဟဇာတဖြစ်စွာ ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်သည်။ နောက်ထပ်ရှိသလော။ အမှုအရာများ ဖြစ်ပျက်သောအခါ အခြားလူ၏ ထင်မြင်ချက်ကို တောင်းခံခြင်းဖြစ်သည်။ ယင်းသည် ပူးပေါင်းလုပ်ဆောင်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) လူတစ်ယောက်က သူ၏ မိတ်သဟာယကိုဖွဲ့ပြီး အခြားလူကလည်း သူ၏ မိတ်သဟာယကိုဖွဲ့ကာ အဆုံးတွင် ၎င်းတို့က ပထမလူ၏ မိတ်သဟာယအတိုင်းသာ လုပ်ဆောင်လျှင် အဘယ်ကြောင့် အပေါ်ယံလုပ်ဆောင်မည်နည်း။ ယင်းသည် ပူးပေါင်းလုပ်ဆောင်ခြင်း မဟုတ်။ ယင်းသည် စည်းမျဉ်းများနှင့် မညီပေ။ ပူးပေါင်းလုပ်ဆောင်ခြင်း၏ ရလဒ်များ မဖြစ်ထွန်းပေ။ သင်သည် စက်သေနတ်ကဲ့သို့ ဆက်တိုက်စကားပြော၍ စကားပြောလိုသည့် အခြားလူများကို အခွင့်အရေးမပေးလျှင်၊ သင်၏အယူအဆများအားလုံးကို ပြောဆိုပြီးသည့်နောက်တွင်ပင် အခြားလူများအား နားမထောင်လျှင် ဤသည်မှာ ဆွေးနွေးမှုဖြစ်သလော။ မိတ်သဟာယဖြစ်သလော။ ယင်းသည် အပေါ်ယံလုပ်ဆောင်ခြင်းသာဖြစ်သည်။ ပူးပေါင်းလုပ်ဆောင်ခြင်းမဟုတ်။ ဤသို့ဆိုလျှင် ပူးပေါင်းလုပ်ဆောင်ခြင်း ဆိုသည်မှာ အဘယ်နည်း။ ဤသည်မှာ သင်သည် သင်၏အယူအဆများ၊ ဆုံးဖြတ်ချက်များကို ပြောပြီးနောက် အခြားလူ၏ ထင်မြင်ချက်များ၊ အမြင်များကို တောင်းခံနိုင်သောအခါ သင်နှင့် ထိုသူ၏ စကားများနှင့် အမြင်များကို နှိုင်းယှဉ်ကြည့်ပြီး လူအနည်းငယ်နှင့်အတူ ထိုအရာများအပေါ် ပိုင်းခြားသိမြင်မှုကို ကျင့်သုံးကာ စည်းမျဉ်းများကို ရှာဖွေ၍ ဤသို့ဖြင့် တူညီသော နားလည်မှုရရှိပြီး မှန်ကန်သော လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းကို ဆုံးဖြတ်သောအခါတွင် ဖြစ်သည်။ ဤသည်မှာ ဆွေးနွေးခြင်း၊ မိတ်သဟာယဖွဲ့ခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ “ပူးပေါင်းလုပ်ဆောင်ခြင်း”ဆိုသည်မှာ ထိုအရာကို ဆိုလိုသည်။ လူအချို့သည် ခေါင်းဆောင်များအနေဖြင့် ကိစ္စတစ်ခုခုကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သော်လည်း ရွေးချယ်စရာမရှိတော့မချင်း အခြားလူများနှင့် မဆွေးနွေးပေ။ ထို့နောက် ၎င်းတို့က “ဤကိစ္စကို ငါတစ်ဦးတည်း ချုပ်ကိုင်လျက် ကိုင်တွယ်၍မရပါ။ လူတိုင်းနှင့် သဟဇာတဖြစ်စွာ ပူးပေါင်းလုပ်ဆောင်ဖို့လိုသည်။ ဤအရာအပေါ် သင်တို့အားလုံး၏ ထင်မြင်ချက်များကို ငါ ဖော်ပြခွင့်ပေးပြီး ဆွေးနွေးခွင့်ပေးမည်။ ငါတို့လုပ်ဆောင်ရန်အတွက် သင့်တော်သောအရာကို ဆုံးဖြတ်ခွင့်ပေးမည်” ဟု အဖွဲ့အား ပြောသည်။ လူတိုင်းက ပြောဆိုပြီး ၎င်းတို့ပြောစရာရှိသည်တို့ကို ပြောဆိုပြီးနောက်တွင် ၎င်းတို့က ခေါင်းဆောင်အား မည်သို့မြင်သည်ကို မေးသည်။ သူက “လူတိုင်းက အလိုရှိသောအရာသည် ငါအလိုရှိသည့်အရာနှင့် တူညီသည်။ ငါသည်လည်း ဤသို့စဉ်းစားနေခြင်း ဖြစ်သည်။ ဤသည်မှာ အစကတည်း လုပ်ဆောင်ရန် ငါစီစဉ်ခဲ့သည့်အရာ ဖြစ်သည်။ ဤဆွေးနွေးမှုဖြင့် တစ်စိတ်တစ်ဝမ်းတည်းဖြစ်ခြင်းက အာမခံချက်ရှိသည်” ဟု ဆိုသည်။ ဤသည်မှာ ပွင့်လင်းသော မှတ်ချက်ဖြစ်သလော။ ဤတွင် အစွန်းအထင်းတစ်ခုရှိသည်။ သူသည် အမှုကိစ္စကို လုံးဝ ရှင်းလင်းစွာ သိမြင်နိုင်ခြင်း မရှိချေ။ ပြီးလျှင် သူပြောသည့်အရာ၌ လူတို့ကို အထင်အမြင်မှားစေပြီး လှည့်စားရန် ရည်ရွယ်ချက်တစ်ခုရှိသည်။ ယင်းမှာ လူတို့အား သူ့ကို အထင်ကြီးစေဖို့ လုပ်ဆောင်ရန် ရည်ရွယ်သည်။ လူတိုင်း၏ ထင်မြင်ချက်များအား သူတောင်းခံခြင်းသည် ဝတ်ကျေတမ်းကျေ လုပ်ခြင်းသာ ဖြစ်သည်။ သူသည် အာဏာရှင်မဆန်ကြောင်းကိုဖြစ်စေ၊ တစ်ဦးတည်းချုပ်ကိုင်ထားခြင်း မဟုတ်ကြောင်းကိုဖြစ်စေ လူတိုင်းက ပြောစေဖို့ ရည်ရွယ်သည်။ ထိုသတ်မှတ်ချက်ကို ရှောင်ရန်အတွက် ဖုန်းကွယ်ရန် ဤနည်းလမ်းကို သူအသုံးချလေသည်။ အမှန်မှာ လူတိုင်းက စကားပြောနေစဉ်တွင် သူသည် လုံးဝ နားမထောင်နေပေ။ ပြီးလျှင် ၎င်းတို့ပြောသည့်အရာကို လုံးဝ အလေးအနက်မထားပေ။ ပြီးလျှင် သူသည် လူတိုင်းအား စကားပြောဆိုခွင့်ပေးခြင်းတွင်လည်း ရိုးသားစစ်မှန်မှုမရှိပေ။ အပေါ်ယံတွင် သူသည် လူတိုင်းအား မိတ်သဟာယပြုခွင့်ပေးပြီး ဆွေးနွေးခွင့်ပေးသော်လည်း အမှန်တကယ်တွင် သူသည် သူ၏ ကိုယ်ပိုင်ရည်ရွယ်ချက်များဖြင့် ကိုက်ညီသည့်နည်းလမ်းတစ်ခုကို ရှာရန်အတွက်သာ လူတိုင်းကို စကားပြောခွင့်ပေးနေခြင်းဖြစ်သည်။ အမှုကိစ္စကို လုပ်ဆောင်ရန် သင့်တော်သောနည်းလမ်းကို သူ ဆုံးဖြတ်ပြီးသည်နှင့် သူလုပ်ဆောင်ရန် ရည်ရွယ်သည့်အရာကို မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ လူတို့အား အတင်းလက်ခံခိုင်းမည်ဖြစ်သည်။ ပြီးလျှင် သူ့နည်းလမ်းက မှန်ကန်သည်ဟုလည်းကောင်း၊ ယင်းမှာ လူတိုင်းက ရည်ရွယ်သည့်အရာ ဖြစ်သည်ဟုလည်းကောင်း လူတိုင်းအား ထင်မြင်စေရန် လုပ်ဆောင်မည်ဖြစ်သည်။ အဆုံးသတ်တွင် သူသည် အတင်းအကျပ် စီမံဆောင်ရွက်၏။ ဤသည်မှာ ပူးပေါင်းလုပ်ဆောင်ခြင်းဟု ခေါ်ဆိုသည့်အရာလော။ မဟုတ်ပေ။ ဤသို့ဆိုလျှင် ဤအရာကို မည်သို့ခေါ်ဆိုမည်နည်း။ သူသည် အာဏာရှင်ဆန်နေခြင်းဖြစ်သည်။ သူ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ တစ်ဦးတည်းသော ဆုံးဖြတ်ချက်ချပိုင်ခွင့်ကို သူ ရရှိလိုသည်။ ထို့အပြင် တစ်စုံတစ်ခုဖြစ်ပျက်ပြီး ယင်းကို သူ ရှင်းလင်းစွာ မသိမြင်နိုင်သောအခါ လူတိုင်းအား ဦးစွာပြောစေသည်။ လူတိုင်းက ပြောဆိုပြီးသည်နှင့် ၎င်းတို့၏ အမြင်များကို ပြန်လည်ပေါင်းရုံးကာ ယင်းတို့အထဲတွင် သူနှစ်သက်ပြီး သင့်တော်သည်ဟုမြင်သည့် နည်းလမ်းကို ရှာသည်။ ပြီးလျှင် လူတိုင်းအား ယင်းကို လက်ခံစေသည်။ သူသည် သူဆိုလိုသည့်အတိုင်း လုပ်ဆောင်နေဆဲဖြစ်သည်ဆိုသည့် ရလဒ်ဖြင့် ပူးပေါင်းလုပ်ဆောင်ယောင် ဟန်ဆောင်ခြင်းကို ကျင့်သုံးနေခြင်း ဖြစ်သည်။ သို့သော် သူသည် တစ်ဦးတည်း ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိသူသာ ဖြစ်သည်။ သူသည် လူတိုင်းကပြောသည့်အရာအပေါ် အမှားများရှာပြီး အပြစ်ရှာသည်။ ရှင်းလင်းချက်ပေးသည်။ အခြေအနေကို ချုပ်ကိုင်သည်။ ထို့နောက်တွင် အားလုံးကို ပြည့်စုံသော၊ တိကျသော ပြောဆိုချက်တစ်ခုအဖြစ် ပေါင်းစပ်ကာ ယင်းဖြင့် သူ၏ ဆုံးဖြတ်ချက်ကို ချသည်။ သူသည် အခြားလူတို့ထက် ပိုအဆင့်မြင့်သည်ဟု လူတိုင်းကို ပြသည်။ အပြင်ပန်းတွင် သူသည် လူတိုင်း၏ ဆိုလိုရင်းကို ကြားသယောင်ရှိပြီး လူတိုင်းကို အမှန်ပင် စကားပြောခွင့်ပေးသည်။ သို့သော် အမှန်မှာ နောက်ဆုံး၌ သူတစ်ဦးတည်သာ ဆုံးဖြတ်ချက်ချသည်။ အမှန်မှာ ဆုံးဖြတ်ချက်သည် လူတိုင်း၏ အသိအမြင်များနှင့် ရှုမြင်မှုများဖြစ်သည်။ သူက အနှစ်ချုပ်ပြီး အနည်းငယ်ပို၍ ပြည့်စုံသော တိကျသောပုံစံဖြင့် ပြောခြင်းသာ ဖြစ်သည်။ လူအချို့က ဤအရာကို ရှင်းလင်းစွာ မသိမြင်နိုင်သောကြောင့် အဆင့်မြင့်သည်မှာ သူဖြစ်သည်ဟု ထင်ကြသည်။ သူ့ဘက်မှ ဤသို့သောလုပ်ဆောင်မှု၏ စရိုက်လက္ခဏာမှာ အဘယ်နည်း။ အလွန်အကျွံ လိမ္မာပါးနပ်ခြင်း မဟုတ်လော။ သူ့အား လူတို့က ကိုးကွယ်ပြီး နာခံရန်အတွက် လူတိုင်း၏ ထင်မြင်ချက်များကို ပေါင်းရုံးသုံးသပ်ပြီး သူ့ကိုယ်ပိုင်အဖြစ် ဖော်ပြသည်။ အဆုံးတွင် လူတိုင်းက သူဆန္ဒရှိသည်အတိုင်း လုပ်ဆောင်ကြသည်။ ယင်းသည် သဟဇာတဖြစ်သော ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်သလော။ ယင်းသည် မာနထောင်လွှားခြင်းနှင့် မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်ခြင်း၊ အာဏာရှင်ဆန်ခြင်း ဖြစ်သည်။ ချီးကျူးမှုမှန်သမျှကို သူတစ်ယောက်တည်း သိမ်းကျုံးယူသည်။ ဤသို့သောလူတို့သည် အခြားလူတို့နှင့် ပူးပေါင်းလုပ်ဆောင်ရာတွင် အလွန် မရိုးသားပေ။ အလွန်မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်သည်။ ပြီးလျှင် အချိန်အတော်အသင့်ပေးလိုက်လျှင် လူတို့က ယင်းကို မြင်လိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရားသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၁)
“ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်ခြင်း၊ အခြားလူများနှင့် မည်သည့်အခါမျှ မိတ်သဟာယမဖွဲ့ခြင်း၊ အခြားလူများအား သူတို့ကို အတင်းအကျပ်နာခံစေခြင်း” ဟူသည့် အန္တိခရစ်များ၏ ဤအပြုအမူနှင့်ဆိုင်သော အနှစ်သာရသည် အဓိကအားဖြင့် မည်သည့်အရာကို ညွှန်ပြသနည်း။ ၎င်းတို့ စိတ်သဘောထားသည် ကောက်ကျစ်ဆိုးယုတ်ပြီး ရက်စက်ကြမ်းကြုတ်သည်။ ပြီးလျှင် အခြားလူများကို ထိန်းချုပ်ရန် ထူးကဲစွာ ပြင်းထန်သောဆန္ဒကို ပိုင်ဆိုင်ပြီး ပုံမှန်လူသား ဆင်ခြင်တုံတရား၏ အတိုင်းအတာကို ကျော်လွန်သည်။ ထို့အပြင် ၎င်းတို့ထမ်းဆောင်သည့် တာဝန်အပေါ် ၎င်းတို့၏ နားလည်မှု၊ သို့မဟုတ် အမြင်နှင့် သဘောထားသည် အဘယ်နည်း။ ဤသည်မှာ မိမိတို့၏ တာဝန်ကို အမှန်တကယ် ထမ်းဆောင်သောသူတို့နှင့် မည်သို့ကွဲပြားသနည်း။ မိမိတို့၏တာဝန်ကို အမှန်တကယ် ထမ်းဆောင်သူတို့သည် ၎င်းတို့လုပ်ဆောင်သည့်အရာတွင် စည်းမျဉ်းများကို ရှာဖွေသည်။ ဤသည်မှာ အခြေခံလိုအပ်ချက်ဖြစ်သည်။ သို့သော် အန္တိခရစ်များက ၎င်းတို့ထမ်းဆောင်သည့်တာဝန်ကို မည်သို့သဘောပေါက်သနည်း။ ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုမှတစ်ဆင့် မည်သည့်စိတ်သဘောထားနှင့် အနှစ်သာရကို ထုတ်ဖော်သနည်း။ ၎င်းတို့သည် မြင့်သည့်ရာထူးတစ်ခုတွင် ရပ်ပြီး ၎င်းတို့အောက်တွင်ရှိသူတို့အား နှိမ်ချသည်။ ၎င်းတို့သည် ဦးဆောင်ရန် ရွေးချယ်ခံရသည်နှင့် အဆင့်အတန်းနှင့် ပင်ကိုလက္ခဏာ ရှိသူများအဖြစ် မိမိတို့ကိုယ်ကို စတင်၍ မြင်လာကြသည်။ ဘုရားသခင်ထံမှ ၎င်းတို့တာဝန်ကို လက်မခံကြ။ ရာထူးတစ်ခုခုကို ရယူပြီးနောက် ၎င်းတို့အဆင့်အတန်းက အရေးကြီးသည်၊ ၎င်းတို့ ဩဇာအာဏာက ကြီးမားသည်၊ ၎င်းတို့၏ ပင်ကိုလက္ခဏာက တစ်မူထူးခြားသည်၊ ၎င်းတို့၏ မြင့်မားသော ရာထူးမှနေ၍ အခြားလူများကို အထင်သေးခွင့် ရသည်ဟု ခံစားရသည်။ တစ်ချိန်တည်းတွင်ပင် ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အတွေးများနှင့်အညီ အမိန့်များကို ထုတ်ပြန်နိုင်ပြီး ပြုမူလုပ်ဆောင်နိုင်သည်ဟုလည်းကောင်း၊ ဤအရာကို လုပ်ဆောင်ခြင်းနှင့်ပတ်သက်ပြီး မည်သည့်သံသယမျှပင် ရှိဖို့ မလိုအပ်ဟုလည်းကောင်း ထင်ကြသည်။ ၎င်းတို့သည် မိမိတို့၏ ဩဇာအာဏာ တပ်မက်မှုကို ဖြည့်ဆည်းရန်အတွက်၊ အခြားလူများကို အာဏာဖြင့် အုပ်စိုးပြီး ဦးဆောင်ဖို့ ၎င်းတို့၏ လိုအင်ဆန္ဒနှင့် ရည်မှန်းချက်ကို ဖြည့်ဆည်းရန်အတွက် တာဝန်ထမ်းဆောင်ရန် အခွင့်အရေးကို အသုံးပြုနိုင်သည်ဟု ထင်ကြသည်။ ၎င်းတို့သည် နောက်ဆုံးတွင် ၎င်းတို့၏ ဩဇာအာဏာ၌ စိန်ခေါ်မှုမရှိရန် အခွင့်အရေးကို ရရှိသည်ဟု ခံစားရကြောင်း ဆိုနိုင်သည်။ လူအချို့က “အန္တိခရစ်များ၏ သရုပ်သကန်များသည် ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်ခြင်း၊ အခြားလူများနှင့် မည်သည့်အခါမျှ မိတ်သဟာယမဖွဲ့ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့၏ ခေါင်းဆောင်သည် အန္တိခရစ်များ၏ စိတ်သဘောထားနှင့် ထုတ်ဖော်ခြင်းများရှိသော်လည်း သူသည် ကျွန်ုပ်တို့နှင့် မကြာခဏ မိတ်သဟာယဖွဲ့သည်” ဟု ဆိုသည်။ ဤသည်မှာ သူသည် အန္တိခရစ်မဟုတ်ဟု ဆိုလိုသလော။ အန္တိခရစ်များသည် တစ်ခါတစ်ရံတွင် ဟန်ဆောင်နိုင်သည်။ လူတိုင်းနှင့် တစ်ချီမျှ မိတ်သဟာယဖွဲ့ကာ လူတိုင်း၏ အတွေးများကို နားလည်၍ သဘောပေါက်ပြီးသည့်နောက်တွင်၊ မည်သူက ၎င်းတို့နှင့်ကိုက်ပြီး မည်သူက မကိုက်သည်ကို ခွဲခြားဖော်ထုတ်သည့်နောက်တွင် ၎င်းတို့က ထိုသူတို့ကို အမျိုးအစားခွဲခြားသည်။ နောင်တွင်ဖြစ်သော ကိစ္စများတွင် ၎င်းတို့သည် ၎င်းတို့နှင့် ကောင်းသောဆက်ဆံရေးရှိပြီး သဟဇာတ ဖြစ်သောသူတို့နှင့်သာ ဆက်ဆံသည်။ ကိစ္စအများစုတွင် ၎င်းတို့နှင့် အမြင်သဘောထား မတူညီသူတို့ကို မကြာခဏပင် မည်သည့်အရာမျှ အသိမပေးဘဲ ထားလေသည်။ ပြီးလျှင် ၎င်းတို့သည် ထိုသူတို့ကို ဘုရားနှုတ်ကပတ်တော်စာအုပ်များပင် မပေးဘဲထားနိုင်သည်။ သင်တို့သည် ဤသို့ ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်ခြင်း၊ အခြားလူများနှင့် မည်သည့်အခါမျှ မိတ်သဟာယမဖွဲ့ခြင်းဖြစ်သည့် ဤနည်းလမ်းကို ပြုမူလုပ်ဆောင်ခဲ့ဖူးသလော။ ထင်တိုင်းကြဲခြင်းနှင့် အာဏာရှင်ဆန်ခြင်းသည် အသေအချာပင် ဖြစ်ပျက်သည်။ သို့သော် အခြားလူများနှင့် မည်သည့်အခါမျှ မိတ်သဟာယမဖွဲ့ခြင်းမှာမူ မလွဲမသွေ ဖြစ်ချင်မှဖြစ်ပေမည်။ သင်က ရံဖန်ရံခါ မိတ်သဟာယဖွဲ့ကောင်း ဖွဲ့နိုင်သည်။ သို့ရာတွင် မိတ်သဟာယဖွဲ့ပြီးနောက် အမှုအရာများက သင်ပြောသည့်တိုင်း ဆက်လက်ဖြစ်ပေါ်ဆဲဖြစ်သည်။ လူအချို့က “ငါတို့ မိတ်သဟာယပြုထားသော်ငြားလည်း စင်စစ်အားဖြင့် ငါသည် ကြာမြင့်သောအချိန်ကတည်းက အစီအစဉ်တစ်ခုကို သတ်မှတ်ရေးဆွဲထားပြီးသား ဖြစ်သည်။ လုပ်ရိုးလုပ်စဉ်တစ်ခုအနေဖြင့်သာ၊ ငါလုပ်သည့်အရာတွင် စည်းမျဉ်းများရှိသည်ကို သင့်အား သိစေရန်သာ ငါသည် သင်နှင့် မိတ်သဟာယဖွဲ့ခြင်းဖြစ်သည်။ သင်၏ အရည်အချင်းကို ငါမသိဟု သင်ထင်သလော။ အဆုံးတွင် သင်သည် ငါ့အားနားထောင်ပြီး ငါ၏နည်းလမ်းကို လိုက်နာရဦးမည်ဖြစ်သည်” ဟု တွေးသည်။ အမှန်တွင် ၎င်းတို့သည် ကြာမြင့်သောအချိန်ကတည်းက ၎င်းတို့၏ စိတ်နှလုံးတွင် ဆုံးဖြတ်ပြီးသားဖြစ်သည်။ ၎င်းတို့က “ငါသည် အပြောချိုသည်။ မည်သည့်ငြင်းခုံမှုကိုမဆို ငါ့ဘက်အသာစီးရစေရန် လှည့်ပတ်နိုင်သည်။ မည်သူကမျှ ငါ့ကို နိုင်အောင်မပြောနိုင်။ ထို့ကြောင့် ဦးတည်ရာသည် ငါ၏ ဦးဆောင်မှုနောက်သို့ အလိုအလျောက် လိုက်လာလိမ့်မည်” ဟု ယုံကြည်သည်။ ၎င်းတို့သည် ၎င်းတို့၏ တွက်ချက်မှုများကို စောစောစီးစီး ကြိုတင်၍ ပြုလုပ်ထားသည်။ ဤအခြေအနေမျိုးက တည်ရှိသလော။ ထင်တိုင်းကြဲခြင်းနှင့် အာဏာရှင်ဆန်ခြင်းသည် ရံဖန်ရံခါ မတော်တဆ ထုတ်ဖော်သော အပြုအမူတစ်ခုမဟုတ်။ ယင်းကို စိတ်သဘောထားတစ်ခုခုက ထိန်းချုပ်ထားသည်။ ၎င်းတို့၏ စကားပြောပုံ၊ သို့မဟုတ် ပြုမူလုပ်ဆောင်ပုံကို ကြည့်လျှင် ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်သည့် ပုံစံ မရှိကောင်း မရှိနိုင်သော်လည်း ၎င်းတို့၏ စိတ်သဘောထားနှင့် ၎င်းတို့လုပ်ရပ်များ၏ သဘာဝကို ကြည့်လျှင် ၎င်းတို့သည် အမှန်ပင် ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်သည်။ ၎င်းတို့သည် လုပ်ရိုးလုပ်စဉ်များကို ဆောင်ရွက်ပြီး အခြားလူများ၏ ထင်မြင်ချက်များကို “နားထောင်”သည်။ အခြားလူများကို စကားပြောခွင့်ပေးသည်။ အခြေအနေတစ်ခု၏ အသေးစိတ်အချက်များကို ထိုလူတို့ သတိပြုမိစေရန် လုပ်ဆောင်သည်။ ဘုရားနှုတ်ကပတ်တော်က တောင်းဆိုသည့်အရာကို ဆွေးနွေးသည်။ သို့သော် ၎င်းတို့နှင့် သဘောတူညီချက်တစ်ခုရရှိစေရန် အခြားလူများကို လမ်းညွှန်ဖို့အတွက် စည်းရုံးသိမ်းသွင်းမှုတစ်ခုခုကိုဖြစ်စေ၊ စကားအသုံးအနှုန်းတစ်ခုခုကိုဖြစ်စေ အသုံးပြုသည်။ နောက်ဆုံးရလဒ်မှာ အဘယ်နည်း။ အရာရာတိုင်းက ၎င်းတို့၏ အစီအစဉ်အတိုင်း ဖြစ်ပေါ်သည်။ ဤသည်မှာ ၎င်းတို့၏ မသိမသာ ဒုက္ခပေးသော သွင်ပြင်လက္ခဏာဖြစ်သည်။ ဤသည်မှာ အခြားလူများအား သူတို့ကို အတင်းအကျပ်နာခံစေခြင်းဟုလည်း ခေါ်သည်။ ယင်းသည် “နူးညံ့သော” အတင်းအကျပ်စေခိုင်းခြင်းတစ်မျိုး ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၆
အန္တိခရစ်များ၏ ထင်တိုင်းကြဲခြင်းနှင့် အာဏာရှင်ဆန်ခြင်း၏ နောက်ထပ်သရုပ်သကန်တစ်ခုမှာ အဘယ်နည်း။ ၎င်းတို့သည် သမ္မာတရားကို ညီအစ်ကိုမောင်နှမများနှင့် မည်သည့်အခါမျှ မိတ်သဟာယမဖွဲ့သကဲ့သို့ လူတို့၏ တကယ့်ပြဿနာများကိုလည်း မဖြေရှင်းပေ။ ဤအစား ၎င်းတို့သည် လူတို့ကို ဩဝါဒခြွေရန်အတွက် စကားလုံးများနှင့် အယူဝါဒများကိုသာ တရားဟောသည်။ ပြီးလျှင် အခြားလူများကိုပင် ၎င်းတို့အပေါ် အတင်းအကျပ်နာခံခိုင်းသည်။ အထက်နှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားနှင့် ချဉ်းကပ်ပုံမှာ အဘယ်နည်း။ လှည့်ဖြားခြင်း၊ တမင်လိမ်လည်လှည့်စားခြင်းမှလွဲ၍ အခြားမဟုတ်။ အသင်းတော်အတွင်းရှိ ပြဿနာများက မည်သို့ဖြစ်စေ ၎င်းတို့သည် မည်သည့်အရာကိုမျှ အထက်သို့ မတိုင်ကြားပေ။ မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်သည်ဖြစ်စေ အထက်ကို လုံးဝ စုံစမ်းမေးမြန်းခြင်းမရှိ။ ၎င်းတို့သည် မိတ်သဟာယ၊ သို့မဟုတ် အထက်မှ လမ်းပြမှုကို လိုအပ်သည့် ပြဿနာများမရှိသကဲ့သို့ ထင်ရသည်။ ၎င်းတို့လုပ်ဆောင်သမျှတိုင်းသည် ခိုးကြောင်ခိုးဝှက်ဖြစ်ပြီး သိုသိပ်ကာ နောက်ကွယ်တွင်သာ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့သည် အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိပြီး ဆုံးဖြတ်ချက်ချမှတ်သူဖြစ်လိုသည့် လက်သီးပုန်းထိုးသော ကြိုးကိုင်ညွှန်ကြားမှုဟု ခေါ်သည်။ သို့ရာတွင် ၎င်းတို့သည် ဟန်ဆောင်ခြင်းလည်း ပြုလုပ်ပြီး အထက်ကို စုံစမ်းမေးမြန်းရန် အသေးအဖွဲကိစ္စများကို တင်ပြကာ သမ္မာတရားကို လိုက်စားသူတစ်ဦးအဖြစ် ဟန်ဆောင်သည်။ ၎င်းတို့သည် အရာရာတိုင်းတွင် အဆုံးစွန်သော စေ့စပ်မှုဖြင့် သမ္မာတရားကို ရှာဖွေသည်ဟု အထက်က တလွဲ ယုံကြည်ရန် လုပ်ဆောင်သည်။ လက်တွေ့တွင် ၎င်းတို့သည် မည်သည့်အရေးပါသော ကိစ္စတွင်မဆို လမ်းပြမှုကို လုံးဝ မရှာဖွေဘဲ တစ်ဖက်သတ်ဆုံးဖြတ်ချက်များချမှတ်ကာ အထက်ကို အမှောင်ထဲတွင် ထားရှိသည်။ ပြဿနာတစ်ခုခု ဖြစ်ပေါ်လျှင် ၎င်းတို့သည် ၎င်းတို့၏ ဩဇာအာဏာ၊ အဆင့်အတန်း၊ သို့မဟုတ် ဂုဏ်သတင်းကို ထိခိုက်ကောင်း ထိခိုက်နိုင်သည်ကို စိုးရိမ်ပြီး ယင်းကို တင်ပြရန် ပို၍ပင် ဖြစ်နိုင်ချေနည်းသည်။ အန္တိခရစ်များသည် ထင်တိုင်းကြဲစွာ၊ အာဏာရှင်ဆန်စွာ လုပ်ဆောင်သည်။ အခြားလူများနှင့် မည်သည့်အခါမျှ မိတ်သဟာယမဖွဲ့သကဲ့သို့ အခြားလူများအား ၎င်းတို့အပေါ် အတင်းအကျပ်နာခံစေသည်။ ရိုးရိုးရှင်းရှင်း ပြောရလျှင် ဤအပြုအမူ၏ အဓိကသရုပ်သကန်များမှာ တစ်ကိုယ်ရေစီမံခန့်ခွဲမှုကို လုပ်ဆောင်ခြင်း၊ ၎င်းတို့၏ လွှမ်းမိုးမှု၊ ကိုယ်ပိုင်အုပ်စုနှင့် အချိတ်အဆက်များကို ပျိုးထောင်ခြင်း၊ ၎င်းတို့၏ ကိုယ်ပိုင်စွန့်စားရသော လုပ်ငန်းများကို လိုက်စားခြင်းတို့ဖြစ်သည်။ ထို့နောက်တွင် ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်ကို အကျိုးဖြစ်စေသည့်အရာများကို လုပ်ဆောင်လျက်၊ ပွင့်လင်းမြင်သာမှုမရှိဘဲ လုပ်ဆောင်လျက်ဖြင့် ၎င်းတို့ကျေနပ်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်သည်။ အခြားလူများအား ၎င်းတို့အပေါ် နာခံစေသည့် အန္တိခရစ်များ၏ အာသီသနှင့် လိုအင်ဆန္ဒမှာ အထူးပင်ပြင်းထန်သည်။ မုဆိုးက သူ၏ အမဲလိုက်ခွေးကို သူ့အမိန့်များအား နာခံစေသကဲ့သို့ လူတို့အား ၎င်းတို့အပေါ် နာခံရန် မျှော်လင့်သည်။ အမှန် သို့မဟုတ် အမှားအပေါ် ပိုင်းခြားသိမြင်မှုတစ်ခုခုကို ရခွင့်မပြုဘဲ အကြွင်းမဲ့ လိုက်လျောပြီး ကျိုးနွံနာခံစေရန် မရမကလုပ်ဆောင်လေသည်။
အန္တိခရစ်များ၏ ထင်တိုင်းကြဲခြင်းနှင့် အာဏာရှင်ဆန်ခြင်း၏ အခြားသရုပ်သကန်တစ်ခုကို အောက်ပါဖြစ်ရပ်တွင် စောင့်ကြည့်လေ့လာနိုင်သည်။ ဥပမာ အသင်းတော်တစ်ခုခု၏ ခေါင်းဆောင်သည် အန္တိခရစ်တစ်ဦးဖြစ်ပြီး ပို၍အဆင့်မြင့်သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ထိုအသင်းတော်ရှိအလုပ်ကို စုံစမ်းစစ်ဆေးပြန်း ကြားဝင်ရန် ရည်ရွယ်လျှင် ဤအန္တိခရစ်သည် သဘောတူမည်လော။ လုံးဝ သဘောတူမည်မဟုတ်။ သူသည် မည်သည့်အတိုင်းအတာအထိ အသင်းတော်ကို ထိန်းချုပ်သနည်း။ အပ် မထိုးဖောက်နိုင်သကဲ့သို့ ရေလည်း မယိုစိမ့်နိုင်သည့် ထိုးဖောက်၍မရနိုင်သော ခံတပ်ကြီးတစ်ခုကဲ့သို့ ဖြစ်သည်။ သူသည် အခြားမည်သူ့ကိုမျှ ပါဝင်ပတ်သက်ရန်၊ သို့မဟုတ် စုံစမ်းမေးမြန်းရန် ခွင့်မပြုပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်အကြောင်းကို စုံစမ်းစစ်ဆေးရန် လာရောက်သည်ကို သူသိသောအခါတွင် သူသည် ညီအစ်ကိုမောင်နှမများအား “ဤလူတို့လာရာတွင် သူတို့၏ ရည်ရွယ်ချက်မှာ မည်သည့်အရာဖြစ်သည်ကို ငါမသိ။ ငါတို့အသင်းတော်၏ တကယ့်အခြေအနေကို သူတို့ နားမလည်။ သူတို့ ဝင်ရောက်စွက်ဖက်လျှင် ငါတို့အသင်းတော်၏ အလုပ်ကို သူတို့ အဖျက်အမှောင့်လုပ်နိုင်သည်” ဟု ဆိုသည်။ ဤသည်မှာ ညီအစ်ကိုမောင်နှမများအား သူ အထင်အမြင်မှားအောင် ပြုလုပ်ပုံဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များ ရောက်ရှိသည်နှင့်တစ်ပြိုင်နက် သူသည် ညီအစ်ကိုမောင်နှမများအား ထိုသူတို့ကို ထိတွေ့ဆက်ဆံခြင်းမှ တားဆီရန် အမျိုးမျိုးသော အကြောင်းပြချက်များနှင့် ဆင်ခြေများကို ရှာသည်။ တစ်ချိန်တည်းတွင်ပင် ခေါင်းဆောင်များနှင့် အမှုဆောင်များကို ကြောင်သူတော်ဆန်စွာ ဧည့်ခံထားလေသည်။ ထိုသူတို့အား အသေအချာ ဘေးကင်းအောင် ထားရန်ဟူသည့် အယောင်ဆောင်မှုအောက်တွင် ထိုသူတို့ကို နေရာတစ်ခု၌ တစ်သီးတစ်ခြားထားထားသည်။ သို့သော် လက်တွေ့တွင် ထိုသူတို့သည် ညီအစ်ကိုမောင်နှမများနှင့်တွေ့ပြီး သူတို့ထံမှ အခြေအနေကို သိခြင်းအား တားဆီးဖို့ ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များက အလုပ်အခြေအနေအကြောင်းကို စုံစမ်းမေးမြန်းသောအခါ အန္တိခရစ်သည် အယောင်ဆောင်ပုံရိပ်တစ်ခုကို တင်ပြခြင်းအားဖြင့် လှည့်ဖြားခြင်းကို လုပ်ဆောင်သည်။ သူသည် သူ့အထက်မှ လူတို့အား လှည့်ဖြားပြီး သူ့အောက်ရှိလူတို့အပေါ် အမှန်တရားကို ဖုံးကွယ်သည်။ အပိုစကားများ ပြောသည်။ ၎င်းတို့အား လှည့်ဖြားရန် အလုပ်၏ ထိရောက်မှုကို ချဲ့ကားပြောသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များက အသင်းတော်၏ ညီအစ်ကိုမောင်နှမတို့နှင့် တွေ့ဆုံရန် အကြံပြုသောအခါတွင် သူက “မည်သည့်အစီအစဉ်ကိုမျှ ကျွန်ုပ် မလုပ်ရသေးပါ။ သင်သည် မလာမီတွင် ကျွန်ုပ်ကို အသိမပေးခဲ့။ အသိပေးခဲ့လျှင် သင်နှင့် တွေ့ဆုံရန် ညီအစ်ကိုမောင်နှမအချို့ကို စီစဉ်ပြီးဖြစ်လိမ့်မည်။ သို့သော် လက်ရှိတွင် အန္တရာယ်များသော ပတ်ဝန်းကျင်ကို ကြည့်လျှင် ဘေးကင်းရန်အတွက် ညီအစ်ကိုမောင်နှမတို့နှင့် သင်မတွေ့လျှင် ပိုကောင်းသည်” ဟု ပြန်ဖြေသည်။ သူ၏ စကားများက ကျိုးကြောင်းသင့်ပုံရသော်လည်း ပိုင်းခြားသိမြင်နိုင်စွမ်း ရှိသူက ပြဿနာကို သတိပြုမိနိုင်သည်။ “သူသည် ဖော်ထုတ်ခံရမည်ကို ကြောက်သောကြောင့်၊ သူ့အလုပ်ရှိ အပြစ်အနာအဆာများနှင့် လမ်းလွဲမှုများ ထုတ်ဖော်ခံရမည်ကို ကြောက်သောကြောင့် ထိုခေါင်းဆောင်များနှင့် အမှုဆောင်များကို ညီအစ်ကိုမောင်နှမများနှင့် မတွေ့ဆုံစေလိုခြင်းဖြစ်သည်” ဟူ၍ ဖြစ်သည်။ အန္တိခရစ်သည် အသင်းတော်၏ ညီအစ်ကိုမောင်နှမများကို တင်းကျပ်စွာ ထိန်းချုပ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များက တာဝန်မသိတတ်လျှင် အန္တိခရစ်က လှည့်ဖြားခြင်းနှင့် အရူးလုပ်ခြင်းကို အလွယ်တကူ ခံရနိုင်သည်။ အသင်းတော်၏ ညီအစ်ကိုမောင်နှမများ၏ တကယ့်အခြေအနေ၊ ၎င်းတို့၏ မဖြေရှင်းရသေးသည့် အခက်အခဲများ၊ အထက်၏ မိတ်သဟာယများ၊ တရားဒေသနာများနှင့် ဘုရားနှုတ်ကပတ်တော်စာအုပ်များသည် ညီအစ်ကိုမောင်နှမများထံသို့ အချိန်မီ ပေးပို့ခြင်းရှိမရှိ၊ အသင်းတော်၏ အလုပ်စီမံကိန်းအမျိုးမျိုးက မည်သို့တိုးတက်နေသည်၊ လမ်းလွဲမှုများ၊ သို့မဟုတ် ပြဿနာများရှိမရှိဟူသည့် ဤအရာအားလုံးကို ထိုခေါင်းဆောင်များနှင့် အမှုဆောင်များက သိမည်မဟုတ်။ ထိုညီအစ်ကိုမောင်နှမများသည်လည်း ဘုရားအိမ်တော်ရှိ မည်သည့်အလုပ်အစီအစဉ်အသစ်ကိုမျှ သတိမထားမိပေ။ ဤသို့ဖြင့် အန္တိခရစ်သည် အသင်းတော်ကို အပြည့်အဝထိန်းချုပ်သည်။ ဩဇာအာဏာကို လက်ဝါးကြီးအုပ်ပြီး အမှုကိစ္စများတွင် ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။ အသင်းတော်၏ ညီအစ်ကိုမောင်နှမများသည် အထက်ပိုင်းအဆင့် ခေါင်းဆောင်များ၊ အမှုဆောင်များနှင့် ထိတွေ့ဆက်သွယ်ရန် အခွင့်အရေးမရှိသကဲ့သို့ အဖြစ်မှန် အမှန်တရားကို မသိဘဲ အန္တိခရစ်၏ အထင်အမြင်မှားအောင် ပြုလုပ်ခံရခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံရသည်။ စစ်ဆေးနေသည့် ဤခေါင်းဆောင်များနှင့် အမှုဆောင်များသည် အန္တိခရစ်က မည်သို့စကားပြောသည်ဖြစ်စေ ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့ပြီး အန္တိခရစ်သည် ကောင်းစွာ လုပ်ဆောင်နေသည်ဟု ထင်ဆဲဖြစ်ကာ သူ့အပေါ် အပြည့်အဝ ယုံကြည်ကြသည်။ ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသောလူများကို အန္တိခရစ်၏ စောင့်ရှောက်မှုအောက်သို့ အပ်နှံသည့် သဘောသက်ရောက်သည်။ အန္တိခရစ်သည် လူတို့ကို အထင်အမြင်မှားအောင် လုပ်ဆောင်သောအခါ ခေါင်းဆောင်များနှင့် အမှုဆောင်များက ပိုင်းခြားသိမြင်နိုင်ခြင်း မရှိလျှင်၊ တာဝန်မသိတတ်လျှင်၊ မည်သို့ကိုင်တွယ်ရမည်ကို မသိလျှင် ဤသည်မှာ အသင်းတော်အလုပ်ကို နှောင့်နှေးစေခြင်းနှင့် ဘုရားသခင် ရွေးချယ်ထားသောလူများအား ဒုက္ခပေးခြင်း မဟုတ်လော။ ဤသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အယောင်ဆောင်ခေါင်းဆောင်များနှင့် အယောင်ဆောင်အမှုဆောင်များ ဖြစ်သည် မဟုတ်သလော။ အန္တိခရစ်က ထိန်းချုပ်သည့် အသင်းတော်နှင့်ပတ်သက်ပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ကြားဝင်ပြီး စုံစမ်းမေးမြန်းမှုများ ပြုလုပ်ရမည်။ ပြီးလျှင် အန္တိခရစ်ကို ချက်ချင်းကိုင်တွယ်ပြီး ဖယ်ရှားရန် လိုအပ်သည်။ ဤသည်မှာ သံသယမရှိပေ။ တကယ့်အလုပ်ကို မလုပ်ဘဲ ဘုရားသခင် ရွေးချယ်ထားသောလူတို့အား အန္တိခရစ်က အထင်အမြင်မှားအောင် ပြုလုပ်ခြင်းကို လျစ်လျူရှုနေသည့် အယောင်ဆောင်ခေါင်းဆောင်များ ရှိလျှင် ရွေးချယ်ခြင်းခံရသောလူတို့သည် ဤအယောင်ဆောင်ခေါင်းဆောင်များနှင့် အယောင်ဆောင်အမှုဆောင်များကို ဖော်ထုတ်သင့်သည်။ ၎င်းတို့ကို တိုင်ကြားသင့်သည်။ ၎င်းတို့၏ ရာထူးများမှ ဖယ်ရှားသင့်သည်။ ပြီးလျှင် ၎င်းတို့အား ခေါင်းဆောင်ကောင်းများနှင့် အစားထိုးသင့်သည်။ ဤသည်မှာ အန္တိခရစ်က လူတို့ကို အထင်အမြင်မှားအောင် ပြုလုပ်ခြင်း ပြဿနာကို လုံးလုံးလျားလျားဖြေရှင်းရန် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။ လူအချို့က “ဤသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အစွမ်းအစညံ့ဖျင်းပြီး ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့နိုင်သည်။ ဤအတွက်ကြောင့် အန္တိခရစ်၏ ပြဿနာကို ကိုင်တွယ်ပြီးဖြေရှင်းရန် ပျက်ကွက်ခြင်း ဖြစ်သည်။ ၎င်းတို့သည် တမင်တကာ လုပ်ဆောင်ခြင်း မဟုတ်။ ၎င်းတို့ကို နောက်ထပ် အခွင့်အရေး မပေးသင့်သလော” ဟု ပြောနိုင်သည်။ ဤသို့သော နားဝေတိမ်တောင် ဖြစ်သည့် ခေါင်းဆောင်များအတွက် နောက်ထပ် မည်သည့်အခွင့်အရေးမျှ မပေးသင့်ပေ။ နောက်ထပ်အခွင့်အရေးပေးလျှင် ၎င်းတို့သည် ဘုရားသခင်ရွေးချယ်ထားသောလူများကိုသာ ဆက်လက် ဒုက္ခပေးလိမ့်မည်။ ဤသည်မှာ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသူများ မဟုတ်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားကင်းမဲ့ပြီး ၎င်းတို့၏ လုပ်ရပ်များသည် စည်းမျဉ်းနှင့် မညီပေ။ ၎င်းတို့သည် ဖယ်ရှားရှင်းလင်းခြင်း ခံရသင့်သော စက်ဆုပ်ဖွယ်ကောင်းသောလူများ ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၆
ယနေ့ ငါတို့သည် တစ်ဖက်တွင် အန္တိခရစ်များ၏ ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်သော အပြုအမူ၏ သရုပ်သကန်များကို စိစစ်ခဲ့သည်။ အခြားတစ်ဖက်တွင် ဤသရုပ်သကန်များကို စိစစ်ခြင်းအားဖြင့် သင်က အန္တိခရစ် မဟုတ်လျှင်ပင် ဤသို့သော သရုပ်သကန်များရှိခြင်းသည် သင့်အား အန္တိခရစ်တို့၏ အရည်အသွေးနှင့် ချိတ်ဆက်စေသည်ကို လူတိုင်း သတိမူမိကြသည်။ ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်သော ပုံစံဖြင့် ပြုမူလုပ်ဆောင်ခြင်းသည် ပုံမှန်လူ့သဘာဝ၏ သရုပ်သကန်တစ်ခု ဖြစ်သလော။ လုံးဝ မဖြစ်ပေ။ ရှင်းလင်းစွာပင် ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ပြသမှုဖြစ်သည်။ သင့်အဆင့်အတန်းက မည်မျှမြင့်ပါစေ၊ တာဝန်မည်မျှကို သင်ထမ်းဆောင်နိုင်ပါစေ အခြားလူများနှင့် မိတ်သဟာယဖွဲ့ရန် သင်ယူနိုင်လျှင် သင်သည် သမ္မာတရားစည်းမျဉ်းများကို ထိန်းသိမ်းနေခြင်း ဖြစ်သည်။ ဤသည်မှာ အနည်းဆုံးသော လိုအပ်ချက်ဖြစ်သည်။ အခြားလူများနှင့် မိတ်သဟာယဖွဲ့ရန် သင်ယူခြင်းသည် စည်းမျဉ်းများကို စောင့်ထိန်းခြင်းနှင့် ညီမျှသည်ဟု အဘယ်ကြောင့်ဆိုသနည်း။ သင်က မိတ်သဟာယဖွဲ့ရန် သင်ယူနိုင်လျှင် သင်သည် သင့်အဆင့်အတန်းကို ထမင်းစားလက်မှတ်အဖြစ် မမှတ်ယူသည်ကို သို့မဟုတ် အလွန်အကျွံအလေးအနက်မထားသည်ကို သက်သေပြသည်။ သင့်အဆင့်အတန်းက မည်မျှမြင့်ပါစေ သင်သည် သင့်တာဝန်ကို ထမ်းဆောင်နေသည်။ သင်၏ လုပ်ရပ်များသည် တာဝန်ထမ်းဆောင်ခြင်းအတွက် လုပ်ဆောင်ခြင်းဖြစ်ပြီး အဆင့်အတန်းအတွက် မဟုတ်။ တစ်ချိန်တည်းတွင်ပင် ပြဿနာများကို ကြုံရသည့်အခါ သင်သည် မိတ်သဟာယဖွဲ့ရန် သင်ယူနိုင်လျှင် သာမန် ညီအစ်ကိုမောင်နှမများနှင့်ဖြစ်စေ၊ သင်နှင့် ပူးတွဲလုပ်ဆောင်သောသူများနှင့်ဖြစ်စေ သင်က ရှာဖွေနိုင်ပြီး ၎င်းတို့နှင့် မိတ်သဟာယဖွဲ့နိုင်လျှင် ဤသည်မှာ မည်သည့်အရာကို သက်သေပြသနည်း။ သင့်တွင် သမ္မာတရားကို ရှာဖွေပြီး ကျိုးနွံနာခံသည့် သဘောထားကို ပြသည်။ ဤသည်မှာ ပထမဦးစွာ ဘုရားသခင်နှင့် သမ္မာတရားအပေါ် သင်၏ သဘောထားကို ထင်ဟပ်သည်။ ထို့အပြင် သင့်တာဝန်ကို ထမ်းဆောင်ခြင်းသည် သင် တာဝန်ရှိသည့်အရာဖြစ်ပြီး သင့်အလုပ်၌ သမ္မာတရားကို ရှာဖွေခြင်းသည် သင်လိုက်လျှောက်သင့်သည့်လမ်းကြောင်း ဖြစ်သည်။ အခြားလူများက သင့်ဆုံးဖြတ်ချက်များအပေါ် မည်သို့တုံ့ပြန်သည် ဟူသည်အတွက်မှာမူ ၎င်းတို့က ကျိုးနွံနာခံနိုင်သည်ဖြစ်စေ၊ မည်သို့ကျိုးနွံနာခံသည်ဖြစ်စေ ယင်းက ၎င်းတို့ကိစ္စဖြစ်သည်။ သို့သော် သင်သည် သင့်တာဝန်ကို သင့်လျော်စွာ ထမ်းဆောင်ပြီး စံနှုန်းနှင့် ကိုက်ညီနိုင်ခြင်း ရှိမရှိမှာမူ သင့်ကိစ္စဖြစ်သည်။ တာဝန်ထမ်းဆောင်ခြင်း စည်းမျဉ်းများကို သင်နားလည်ရမည်။ ဤသည်မှာ ပုဂ္ဂိုလ်တစ်ဦးဦးအပေါ် ကျိုးနွံနာခံခြင်းနှင့်မသက်ဆိုင်ဘဲ သမ္မာတရားစည်းမျဉ်းများအပေါ် ကျိုးနွံနာခံခြင်းနှင့်သက်ဆိုင်သည်။ သင်က သမ္မာတရားစည်းမျဉ်းများကို နားလည်ပြီး လူတိုင်းနှင့် မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် လူတိုင်းက သင့်လျော်သည်ဟု လက်ခံသည့် အများသဘောတူညီချက်ကို ရရှိသော်လည်း ကလန်ကဆန်လုပ်ပြီး ပြဿနာ ရှာလိုသောသူအနည်းငယ်ရှိလျှင် ဤသို့သော အခြေအနေ၌ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ဤသို့ဆိုလျှင် လူနည်းစုက လူများစုနောက်သို့ လိုက်သင့်သည်။ လူအများစုက အများသဘောတူညီချက် ရရှိပြီးဖြစ်သည့်အတွက် ၎င်းတို့သည် ပြဿနာရှာရန် အဘယ်ကြောင့် ထွက်လာသနည်း။ ပျက်စီးစေရန် တမင်ကြိုးစားနေခြင်းလော။ လူတိုင်းအား ၎င်းတို့ကို ပိုင်းခြားသိမြင်ခွင့်ပေးရန်အတွက် ၎င်းတို့သည် ၎င်းတို့၏ ထင်မြင်ချက်များကို ဖော်ပြနိုင်ပြီး ၎င်းတို့၏ ထင်မြင်ချက်များက စည်းမျဉ်းများနှင့် မကိုက်ညီဘဲ ခိုင်လုံမှုမရှိဟု လူတိုင်းက ဆိုလျှင် ၎င်းတို့၏ အမြင်များကို စွန့်ပစ်ပြီး ယင်းတို့အား ကိုင်စွဲထားခြင်းကို ရပ်တန့်သင့်သည်။ ဤကိစ္စကို ကိုင်တွယ်ဖြေရှင်းရာတွင် စည်းမျဉ်းမှာ အဘယ်နည်း။ မှန်သည့်အရာကို စောင့်ထိန်းသင့်ပြီး အခြားလူများအား မှားသည့်အရာကို အတင်းအကျပ် မနာခံခိုင်းသင့်ပေ။ နားလည်ပြီလော။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၆
လူတစ်ဦးအနေဖြင့် သူ၏တာဝန်ကို ပြည့်မီစွာ ထမ်းဆောင်ခဲ့ပြီးခြင်း ရှိမရှိကို ဆုံးဖြတ်ရန်အတွက် စံနှုန်းမှာ အဘယ်နည်း။ အကယ်၍ လူတစ်ဦး၏ တာဝန်ထမ်းဆောင်ခြင်း လမ်းကြောင်း၊ ဦးတည်ချက်နှင့် ရည်ရွယ်ချက် မှန်ကန်လျှင်၊ မူလအကြောင်းရင်း နှင့် စည်းမျဉ်းများစသော ဤလက္ခဏာသွင်ပြင်များက မှန်ကန်သည်ဆိုလျှင် လူတစ်ဦး ထမ်းဆောင်ပြီးသည့် တာဝန်က ပြည့်မီသည်။ လူများစွာက ဤအရာကို သဘောတရားအားဖြင့် နားလည်သော်လည်း သူ့အပေါ် တစ်စုံတစ်ခု အမှန်တကယ် ဖြစ်ပျက်သောအခါ စိတ်ရှုပ်ထွေးသွားလေသည်။ ယင်းကို အကျဉ်းရုံးဖို့အတွက် သင်တို့ကို ငါ စည်းမျဉ်းတစ်ခု ပြောပြမည်။ အခြေအနေများကို ရင်ဆိုင်ရသောအခါ ထင်ရာမြင်ရာနှင့် တစ်ဖက်သတ် မလုပ်ဆောင်နှင့်။ အဘယ့်ကြောင့် ထင်ရာမြင်ရာနှင့် တစ်ဖက်သတ် ပြုမူလုပ်ဆောင်၍ မဖြစ်သနည်း။ တစ်ချက်အနေဖြင့် ထိုပုံစံမျိုးအတိုင်း ပြုမူလုပ်ဆောင်ခြင်းသည် တာဝန်ထမ်းဆောင်ခြင်း စည်းမျဉ်းများနှင့် မကိုက်ညီပေ။ နောက်တစ်ချက် အနေဖြင့် တာဝန်တစ်ရပ်ဟူသည် သင်၏ကိုယ်ပိုင် သီးသန့်အရေးကိစ္စ မဟုတ်ပေ။ သင်သည် မိမိကိုယ်တိုင်အတွက် လုပ်ဆောင်နေခြင်း၊ သင်၏ကိုယ်ပိုင် လုပ်ငန်းကို လုပ်ဆောင်နေခြင်း မဟုတ်ပေ။ ယင်းသည် သင်၏ ကိုယ်ပိုင်လုပ်ငန်းမဟုတ်ချေ။ သင်သည် ဘုရားသခင်၏ အိမ်တော်ထဲတွင် မည်သည့်အရာကို လုပ်ဆောင်စေကာမူ သင်၏ကိုယ်ပိုင်အလုပ်ကို ပါဝင်ဆောင်ရွက်နေခြင်း မဟုတ်ပါ။ ယင်းမှာ ဘုရားအိမ်တော်၏အလုပ်၊ ဘုရားသခင်၏အလုပ် ဖြစ်သည်။ သင်သည် ဤအသိနှင့် နားလည်သဘောပေါက်မှုကို စိတ်ထဲအမြဲတမ်း မွေးထားရမည်ဖြစ်ပြီး “ဤအရာသည် ကျွန်ုပ်၏ ကိုယ်ပိုင်အရေးကိစ္စ မဟုတ်ပါ။ ကျွန်ုပ်သည် ကျွန်ုပ်၏တာဝန်ကို လုပ်ဆောင်နေပြီး ကျွန်ုပ်၏ဝတ္တရားကို ဆောင်ရွက်နေခြင်း ဖြစ်သည်။ အသင်းတော်အလုပ်ကို လုပ်ဆောင်နေခြင်းဖြစ်သည်။ ဤသည်မှာ ကျွန်ုပ်အား ဘုရားသခင် အပ်နှံခဲ့သောတာဝန်ဖြစ်ပြီး ကျွန်ုပ်သည် ဘုရားသခင်အတွက် လုပ်ဆောင်နေခြင်းဖြစ်သည်။ ဤသည်မှာ ကျွန်ုပ်၏ တာဝန်ဖြစ်ပြီး ကျွန်ုပ်၏ ကိုယ်ပိုင်ကိုယ်ရေးကိုယ်တာ ကိစ္စမဟုတ်ပေ” ဟု ပြောရမည်ဖြစ်သည်။ ဤသည်မှာ လူတို့နားလည်သင့်သည့် ပထမဆုံးအရာဖြစ်သည်။ သင်သည် တာဝန်တစ်ခုကို သင်၏ ကိုယ်ပိုင် အရေးကိစ္စများအဖြစ် သဘောထားပြီး ပြုမူဆောင်ရွက်သည့်အခါတွင် သမ္မာတရားစည်းမျဉ်းများကို မရှာဖွေသကဲ့သို့ သင်၏ ကိုယ်ပိုင်ရည်ရွယ်ချက်များ၊ အမြင်များ၊ လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်လျှင် သင်သည် အမှားများပြုလုပ်နိုင်ခြေ အလွန်များသည်။ ထို့ကြောင့် သင်သည် သင်၏တာဝန်နှင့် သင်၏ကိုယ်ပိုင် တစ်ကိုယ်ရေကိစ္စများကြား အလွန်ရှင်းလင်းသော ကွာခြားမှုကို ပြုလုပ်ပြီး ဤသည်မှာ တာဝန်တစ်ခုဖြစ်သည်ကို သတိမူမိလျှင် မည်သို့ သင်ဆောင်ရွက်သင့်သနည်း။ (ဘုရားသခင်တောင်းဆိုသည့်အရာကို ရှာဖွေပြီး စည်းမျဉ်းများကို ရှာဖွေရမည်။) မှန်သည်။ သင့်ထံ တစ်စုံတစ်ခုဖြစ်ပျက်ပြီး သမ္မာတရားကို သင်နားမလည်ပါက၊ သင့်တွင် စိတ်ကူးအချို့ရှိသော်လည်း ကိစ္စများသည် သင့်အတွက် မရှင်းလင်းဆဲဖြစ်ပါက အတူမိတ်သဟာယဖွဲ့ရန် သမ္မာတရားကို နားလည်သော ညီအစ်ကို မောင်နှမများကို ရှာရမည်။ ဤသည်မှာ သမ္မာတရားကို ရှာဖွေခြင်းဖြစ်သည်။ အခြားအရာအားလုံးထက် ဤသည်မှာ သင့်တာဝန်အပေါ် ထားရှိသင့်သည့် သဘောထားဖြစ်သည်။ သင်က သင့်လျော်သည်ဟု ထင်သည့်အရာအပေါ် အခြေခံ၍ အမှုအရာများကို ဆုံးဖြတ်ပြီးနောက် တူကိုထုကာ အမှုပိတ်သိမ်းပြီဟု ပြောဆိုခြင်းကို မလုပ်ဆောင်သင့်ပေ။ ဤအရာက ပြဿနာများကို အလွယ်တကူ ဖြစ်စေသည်။ တာဝန်တစ်ခုသည် သင်၏ကိုယ်ပိုင် ကိုယ်ရေးကိုယ်တာကိစ္စမဟုတ်ပေ။ အကြီးစားဖြစ်စေ၊ အသေးစားဖြစ်စေ ဘုရားအိမ်တော်၏ အရေးကိစ္စများသည် မည်သူမျှ၏ ကိုယ်ရေးကိုယ်တာ အရေးကိစ္စမျှမဟုတ်ပေ။ တာဝန်တစ်ခုနှင့် ဆက်နွှယ်သရွေ့ သင်၏ သီးသန့်အရေးကိစ္စမဟုတ်ပေ။ ယင်းသည် သင်၏ ကိုယ်ရေးကိုယ်တာကိစ္စမဟုတ်ပေ။ ယင်းသည် သမ္မာတရားနှင့် သက်ဆိုင်ပြီး စည်းမျဉ်းနှင့် သက်ဆိုင်သည်။ ဤသို့ဆိုလျှင် သင်တို့လုပ်ဆောင်သင့်သည့် ပထမဆုံးအရာမှာ အဘယ်နည်း။ သမ္မာတရားကို ရှာဖွေသင့်ပြီး စည်းမျဉ်းများကို ရှာဖွေသင့်သည်။ သမ္မာတရားကို နားမလည်လျှင် စည်းမျဉ်းများကို အရင်ဦးဆုံး ရှာဖွေသင့်သည်။ သမ္မာတရားကို နားလည်နှင့်ပြီးသားဖြစ်လျှင် စည်းမျဉ်းများကို ခွဲခြားဖော်ထုတ်ခြင်းက လွယ်ကူလိမ့်မည်။ စည်းမျဉ်းများကို နားမလည်လျှင် သင် မည်သည့်အရာ လုပ်ဆောင်သင့်သနည်း။ နည်းလမ်းတစ်ခုရှိ၏။ အမှန်တကယ် နားလည်သောသူတို့နှင့် မိတ်သဟာယပြုနိုင်သည်။ သင်သည် အရာရာတိုင်းကို နားလည်ပြီး အမြဲတမ်း မှန်ကန်သည်ဟု အမြဲတစေ မယူဆနှင့်။ ဤသည်မှာ အမှားပြုလုပ်ဖို့ လွယ်ကူသောနည်းလမ်းတစ်ခု ဖြစ်သည်။ သင်သည် အမြဲတမ်း အပြီးသတ်ဆုံးဖြတ်ချက်ချခွင့် ရှိလိုသောအခါ ယင်းက မည်သို့သော စိတ်သဘောထားမျိုး ဖြစ်သနည်း။ ဤသည်မှာ မာနထောင်လွှားမှုနှင့် မိမိကိုယ်ကိုမှန်ကန်သည်ဟု ယူမှတ်မှု ဖြစ်၏။ ယင်းမှာ ထင်ရာမြင်ရာနှင့် တစ်ဖက်သတ် ပြုမူလုပ်ဆောင်ခြင်း ဖြစ်၏။ လူအချို့က “ငါသည် ကောလိပ်ပညာတတ် ဖြစ်သည်။ သင်တို့ထက် ပို၍ ပညာဗဟုသုတ ကြွယ်ဝသည်။ ငါ၌ နားလည်သဘောပေါက်မှုစွမ်းရည် ရှိသည်။ သင်တို့အားလုံး၌ သေးငယ်သော ဝိညာဉ်ရင့်သန်မှုရှိပြီး သမ္မာတရားကို နားမလည်သဖြင့် ငါပြောသမျှကို နားထောင်သင့်သည်။ ငါကသာ ဆုံးဖြတ်ချက်များ ချမှတ်နိုင်သည်” ဟု တွေးကြသည်။ ဤအမြင်သည် အဘယ်သို့နည်း။ သင်၌ ဤအမြင်မျိုးရှိပါက သင်သည် ဒုက္ခရောက်သွားမည်ဖြစ်သည်။ သင်သည် မိမိ၏တာဝန်များကို မည်သည့်အခါမျှ ကောင်းစွာ ထမ်းဆောင်မည် မဟုတ်ပေ။ သင်သည် သဟဇာတကျကျ ပူးပေါင်းဆောင်ရွက်ခြင်း မရှိဘဲ အပြီးသတ် ဆုံးဖြတ်ချက်ချခွင့်ရှိသည့်သူ အမြဲဖြစ်လိုသောအခါ တာဝန်များကို မည်သို့ကောင်းစွာထမ်းဆောင်နိုင်မည်နည်း။ ဤပုံစံအတိုင်း သင့်တာဝန်များကို ထမ်းဆောင်ခြင်းက ရည်မှန်းချက် လုံးဝ အောင်မြင်မည်မဟုတ်ပေ။ ဤအရာကို အဘယ့်ကြောင့် ငါဆိုသနည်း။ သင်သည် အခြားသူများကို အမြဲတမ်း ချုပ်ထိန်းလိုပြီး သင့်အား နားထောင်စေလိုသည်။ သင်သည် အခြား မည်သူတစ်ဦးဦး ပြောသည့်အရာကိုမျှ နားမဝင်ပေ။ ဤသည်မှာ အစွဲရှိပြီး ခေါင်းမာခြင်း ဖြစ်လေသည်။ ယင်းမှာ မာနထောင်လွှားမှုနှင့် မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်မှုလည်း ဖြစ်သည်။ ဤပုံစံအတိုင်းဆိုလျှင် သင်၏တာဝန်များကို ကောင်းစွာ ထမ်းဆောင်ရန် ပျက်ကွက်မည် ဖြစ်သည့်အပြင် အခြားသူများအားလည်း သူတို့၏တာဝန်များကို ကောင်းစွာ ထမ်းဆောင်ခြင်းမှ ဟန့်တားမည်ဖြစ်သည်။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထား၏ အကျိုးဆက်ဖြစ်သည်။...လူအချို့၌ မာနထောင်လွှားပြီး မိမိကိုယ်ကိုမှန်ကန်သည်ဟု ယူမှတ်သော စိတ်သဘောထားရှိသည်။ ၎င်းတို့သည် သမ္မာတရားကို မိတ်သဟာယပြုလိုစိတ် မရှိသည့်အပြင် အပြီးသတ်ဆုံးဖြတ်ခွင့်ကို အမြဲ ရလိုကြသည်။ မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်သော လူတစ်ဦးသည် အခြားသူများနှင့် သဟဇာတကျကျ ပူးပေါင်းဆောင်ရွက်နိုင်သလော။ ဘုရားသခင်သည် လူတို့ကို ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ဖြေရှင်းရန်၊ ပြည့်မီသော တာဝန်ထမ်းဆောင်မှုကို ရရှိရန်အတွက် မိမိတို့၏တာဝန်များကို ထမ်းဆောင်ခြင်းဖြစ်စဉ်တွင် ဘုရားသခင်၏ အလုပ်အား ကျိုးနွံနာခံမှုကို သင်ယူပြီး မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားရာတွင် ကူညီပေးရန် ၎င်းတို့၏တာဝန်များကို ထမ်းဆောင်ရာ၌ သဟဇာတကျကျ ပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုလေသည်။ အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်ခြင်းနှင့် ထင်ရာမြင်ရာ၊ တစ်ဖက်သတ် ပြုမူလုပ်ဆောင်လိုခြင်း၊ လူတိုင်းအား သင့်ကိုနားထောင်စေခြင်းတို့သည် သင်၏တာဝန်အပေါ် ရှိသင့်သည့်သဘောထား ဟုတ်သလော။ တာဝန်ထမ်းဆောင်ခြင်းအပေါ် သင်၏သဘောထားသည် သင်၏ အသက်ဝင်ရောက်မှုနှင့် ဆက်စပ်ပေ၏။ ဘုရားသခင်က တစ်ရက်ချင်းစီတွင် သင်၌ မည်သည့်အရာ ဖြစ်ပျက်နေသည်၊ သို့မဟုတ် သင်အလုပ်မည်မျှလုပ်သည်၊ သင်မည်မျှ အားစိုက်ထုတ်သည်တို့ကို အရေးမစိုက်ပေ။ သူကြည့်သောအရာမှာ ဤအရာများအပေါ် သင်၏ သဘောထားက မည်သို့ရှိသည်ဆိုသည်ကို ဖြစ်သည်။ ဤအရာများကို သင်လုပ်ဆောင်သည့် သဘောထားနှင့် သင်လုပ်ဆောင်သည့်ပုံစံသည် မည်သည့်အရာနှင့် ဆက်နွှယ်သနည်း။ ယင်းသည် သမ္မာတရားကို သင်လိုက်စားခြင်းရှိမရှိနှင့် ဆက်နွှယ်ပြီး သင်၏ အသက်ဝင်ရောက်မှုနှင့်လည်း ဆက်နွှယ်သည်။ ဘုရားသခင်က သင်၏ အသက်ဝင်ရောက်မှုကို ကြည့်သည်။ သင်လျှောက်လှမ်းသည့် လမ်းကြောင်းကို ကြည့်သည်။ သင်သည် သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းကို လျှောက်ကာ သင့်တွင် အသက်ဝင်ရောက်မှုရှိလျှင် တာဝန်များထမ်းဆောင်သောအခါ သင်သည် သူတစ်ပါးတို့နှင့် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်နိုင်လိမ့်မည်။ ထို့ပြင် ပြည့်မီသည့် နည်းလမ်းတစ်ခုဖြင့် သင်၏ တာဝန်များကို အလွယ်တကူ ထမ်းဆောင်လိမ့်မည်။ သို့သော် သင်၏ တာဝန်ကိုထမ်းဆောင်စဉ်တွင်သင်သည် အရင်းအနှီးရှိကြောင်း၊ သင်၏အလုပ်လမ်းကြောင်းကို နားလည်ကြောင်း၊ သင့်ထံတွင် အတွေ့အကြုံရှိကြောင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားကြောင်း၊ မည်သူမဆိုထက် သမ္မာတရားကိုပို၍ လိုက်စားကြောင်း အစဉ် အလေးထားပြောဆိုလျှင်၊ ထို့နောက်တွင် ဤအရာများကြောင့် သင်သည် အဆုံးသတ်ဆုံးဖြတ်ပိုင်ခွင့်ရရန် အရည်အချင်းပြည့်မီသည်ဟု ထင်မြင်ပြီး မည်သည့်အရာကိုမဆို အခြားမည်သူမဆိုနှင့် မဆွေးနွေးလျှင် အစဉ်သဖြင့် ထင်ရာစိုင်းပြီး သင်၏ ကိုယ်ပိုင် လုပ်ငန်းကို လုပ်ဆောင်ကာ အစဉ်သဖြင့် “တစ်ခုတည်းသော ဖူးပွင့်နေသည့်ပန်း” ဖြစ်ချင်လျှင် သင်သည် အသက်ဝင်ရောက်မှုလမ်းကြောင်းကို လျှောက်သလော။ မလျှောက်ပေ။ ဤသည်မှာ ဂုဏ်အဆင့်အတန်းကို လိုက်စားခြင်းဖြစ်သည်။ ပေါလု၏ လမ်းကြောင်းကို လျှောက်လှမ်းခြင်း ဖြစ်သည်။ အသက်ဝင်ရောက်မှုလမ်းကြောင်း မဟုတ်ပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ပြည့်မီသော တာဝန်ထမ်းဆောင်မှုဆိုသည်မှာ အဘယ်နည်း။
မိမိ၏တာဝန်ကို ထမ်းဆောင်နေစဉ် ကြုံတွေ့ရသော အခက်အခဲများကို မည်သို့ကိုင်တွယ်ဖြေရှင်းသင့်သနည်း။ အကောင်းဆုံးနည်းလမ်းမှာ ပြဿနာတစ်ခုကို ဖြေရှင်းဖို့နှင့် အများသဘောတူညီမှုရရှိဖို့အတွက် လူတိုင်း သမ္မာတရားကို အတူတကွ ရှာဖွေရန်ဖြစ်သည်။ သင်သည် စည်းမျဉ်းများကို နားလည်သရွေ့ မည်သည့်အရာလုပ်ရမည်ကို သိလိမ့်မည်။ ဤသည်မှာ ပြဿနာများကို ဖြေရှင်းရန် အသင့်တော်ဆုံးနည်းလမ်း ဖြစ်သည်။ ပြဿနာတစ်ခုကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာရမည့်အစား သင့်ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးစိတ်သန်းတို့ဖြင့်သာ လုပ်ဆောင်လျှင် သင်သည် မိမိတာဝန်ကို ထမ်းဆောင်နေခြင်း မဟုတ်ပေ။ ဤအရာနှင့် ဘာသာတရားမရှိသူများ၏ လူ့အဖွဲ့အစည်း သို့မဟုတ် စာတန်၏လောက၌ အလုပ်လုပ်ခြင်းတို့အကြား မည်သည့်ကွာခြားချက် ရှိသနည်း။ ဘုရားသခင်၏အိမ်တော်ကို သမ္မာတရားနှင့် ဘုရားသခင်က အုပ်ချုပ်ခြင်းဖြစ်၏။ မည်သည့်ပြဿနာမျိုး ပေါ်လာပါစေ ယင်းကိုဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေရမည်။ သဘောထားကွဲလွဲမှု မည်မျှပင် ရှိစေကာမူ သို့မဟုတ် မည်မျှကွဲပြားသည်ဖြစ်စေ ၎င်းတို့အားလုံးကို တင်ပြပြီး မိတ်သဟာယဖွဲ့သင့်သည်။ ထို့နောက် အများသဘောတူညီမှု ရရှိပြီးသည့်နောက်တွင် စည်းမျဉ်းများနှင့်အညီ အရေးယူဆောင်ရွက်သင့်သည်။ ဤနည်းအားဖြင့် သင်သည် ပြဿနာကို ဖြေရှင်းနိုင်ရုံသာမက သမ္မာတရားကို လက်တွေ့ကျင့်သုံးကာ သင်၏တာဝန်ကိုလည်း သင့်တင့်လျောက်ပတ်စွာ ဖြည့်ဆည်းနိုင်မည်ဖြစ်သည်။ ပြဿနာဖြေရှင်းခြင်း လုပ်ငန်းစဉ်အတွင်း ညီညွတ်သော ပူးပေါင်းလုပ်ဆောင်ခြင်းကိုလည်း သင်ရရှိနိုင်မည် ဖြစ်သည်။ မိမိတို့တာဝန်ကို လုပ်ဆောင်ကြသူများအားလုံး သမ္မာတရားကို ချစ်မြတ်နိုးကြပါက ၎င်းတို့အနေဖြင့် သမ္မာတရားကို လက်ခံရန်နှင့် ကျိုးနွံနာခံရန် လွယ်ကူသည်။ သို့သော် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်လျှင် လူများက ယင်းကို မိတ်သဟာယဖွဲ့သည့်အခါပင် သမ္မာတရားကို လက်ခံရန် မလွယ်ကူပေ။ သမ္မာတရားကို နားမလည်လင့်ကစား အခြားသူများအား မိမိတို့စကားကို အမြဲနားထောင်စေချင်ကြသည့်လူများလည်း ရှိသည်။ ဤသို့သော လူတို့သည် အခြားသူများ မိမိတို့၏တာဝန် ထမ်းဆောင်ခြင်းကို အဖျက်အမှောင့်လုပ်ခြင်းသာ ပြုတတ်သည်။ ဤသည်မှာ ပြဿနာ၏ မူလအရင်းအမြစ်ဖြစ်ပြီး မိမိတာဝန်ကို ကောင်းစွာမထမ်းဆောင်မီ ယင်းကို ဖြေရှင်းရမည် ဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် မိမိတာဝန်ကို ထမ်းဆောင်ရာတွင် အစဉ်သဖြင့် မာနထောင်လွှားပြီး တစ်ဇွတ်ထိုးလုပ်ကာ မိမိဘာသာ ဆုံးဖြတ်ချက်များ ချမှတ်လျက် အခြားသူများနှင့် ပူးပေါင်းလုပ်ဆောင်ခြင်း သို့မဟုတ် အမှုအရာများကို ဆွေးနွေးခြင်းမရှိဘဲ၊ သမ္မာတရားစည်းမျဉ်းကို မရှာဖွေဘဲ အရာရာကို မဆင်မခြင်နှင့် မိမိနှစ်သက်သည့်အတိုင်း လုပ်ဆောင်ပါက ဤသည်မှာ မိမိတာဝန်အပေါ် မည်သို့သော သဘောထားမျိုး ဖြစ်သနည်း။ ဤနည်းဖြင့် မိမိ၏ တာဝန်ကို ကောင်းစွာ ဖြည့်ဆည်းနိုင်သလော။ ဤကဲ့သို့သောလူမျိုးက ပြုပြင်ခြင်းကို မည်သည့်အခါမျှ လက်မခံ၊ သမ္မာတရားကို လုံးဝလက်မခံသည့်အပြင် နောင်တရခြင်း သို့မဟုတ် ပြောင်းလဲခြင်းမရှိဘဲ အမှုအရာများကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် မဆင်မခြင်နှင့် သူတို့နှစ်သက်သကဲ့သို့ ဆက်လက် လုပ်ဆောင်နေသေးပါက ယင်းမှာ စိတ်သဘောထား ပြဿနာသာမကဘဲ သူတို့၏ လူ့သဘာဝနှင့် အကျင့်စရိုက်ဆိုင်ရာ ပြဿနာဖြစ်သည်။ ဤသည်မှာ လူ့သဘာဝမရှိသောသူ ဖြစ်သည်။ လူ့သဘာဝမရှိသူတစ်ဦးသည် ၎င်း၏တာဝန်ကို ကောင်းစွာ ဖြည့်ဆည်းနိုင်မည်လော။ မဖြည့်ဆည်းနိုင်ချေ။ အကယ်၍ မိမိတာဝန်ကို ထမ်းဆောင်နေရင်း လူတစ်ဦးသည် တရားလွန်သော အပြုအမူမျိုးစုံကိုပင် ကျူးလွန်ပြီး အသင်းတော်၏အလုပ်ကို နှောင့်ယှက်လျှင် ထိုသူသည် ဆိုးယုတ်သောသူဖြစ်၏။ ထိုသို့သောလူတို့သည် မိမိတို့၏တာဝန်ကို မလုပ်ဆောင်နိုင်ကြချေ။ သူတို့၏တာဝန်ကို ထမ်းဆောင်ခြင်းသည် အနှောက်အယှက်နှင့် ပျက်စီးခြင်းကိုသာ အကျိုးရလဒ် ဖြစ်ပေါ်စေပြီး ၎င်းတို့သည် ကောင်းကျိုးထက် ဆိုးကျိုးသာ ဖြစ်စေသောကြောင့် ၎င်းတို့ကို တာဝန်ထမ်းဆောင်ခြင်းမှ ပိတ်ပင်ကာ အသင်းတော်မှ ဖယ်ရှားသင့်သည်။ ထိုအကြောင်းကြောင့် မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သော စွမ်းရည်သည် လူတစ်ဦး၏ အစွမ်းအစအပေါ်တွင် လုံးလုံးမူတည်ခြင်း မဟုတ်ဘဲ မိမိ၏တာဝန်၊ မိမိ၏စရိုက်တို့အပေါ် ၎င်း၏ သဘောထား၊ မိမိ၏ လူ့သဘာဝ ကောင်းမကောင်းနှင့် သမ္မာတရားကို လက်ခံနိုင်ခြင်း ရှိမရှိတို့အပေါ်တွင် အဓိကအားဖြင့် မူတည်သည်။ ဤအရာများသည် အရင်းခံပြဿနာများ ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လျော်ကန်သော တာဝန်ဖြည့်ဆည်းခြင်းသည် လိုက်ဖက်ညီသော ပူးပေါင်းလုပ်ဆောင်ခြင်း လိုအပ်သည်
လူတို့သည် မိမိတို့၏တာဝန်ထမ်းဆောင်စဉ် အခြားသူများနှင့် ပူးပေါင်းလုပ်ဆောင်ရင်း ပြဿနာများရှိလာသည့်အခါ မည်သို့ ကိုင်တွယ်ရမည်ကို လေ့လာဖို့လိုအပ်သည်။ ၎င်းတို့ကို ကိုင်တွယ်ဖို့ စည်းမျဉ်းမှာ အဘယ်နည်း။ မည်သည့် အကျိုးသက်ရောက်မှုကို ရရှိသင့်သနည်း။ လူတိုင်းနှင့် သဟဇာတဖြစ်စွာ အလုပ်လုပ်ရန် သင်ယူလော့။ သမ္မာတရား၊ ဘုရားနှုတ်ကပတ်တော်၊ စည်းမျဉ်းများဖြင့် သူတစ်ပါးတို့နှင့် ဆက်ဆံပြီး ခံစားချက်များဖြင့် သို့မဟုတ် စိတ်မြန်လက်မြန်ဖြင့် မဆက်ဆံနှင့်။ ဤသို့ဖြင့် အသင်းတော်တွင် သမ္မာတရား စိုးမိုးမည်မဟုတ်လော။ သမ္မာတရားက စိုးမိုးသရွေ့ အမှုအရာများကို မျှတပြီး ကျိုးကြောင်းသင့်လျော်သည့် နည်းလမ်းဖြင့် ကိုင်တွယ်မည်မဟုတ်လော။ သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းသည် လူတိုင်းအတွက် အကျိုးဖြစ်စေသည်ဟု သင်တို့ မထင်သလော။ (အကျိုးဖြစ်စေပါသည်။) အမှုအရာများကို ဤသို့ လုပ်ဆောင်ခြင်းသည် သင်တို့အတွက် အလွန်အကျိုးဖြစ်စေသည်။ ရှေးဦးစွာ သင့်တာဝန်များကို သင်ထမ်းဆောင်သည်နှင့်အမျှ သင့်အတွက် အပြုသဘောဆောင်စွာ စိတ်ဓာတ်မြှင့်တင်ပေးပြီး တန်ဖိုးရှိသည်။ ထို့အပြင် သင်တို့ကို အမှားများမပြုလုပ်မိစေရန်၊ အနှောင့်အယှက်အဖျက်အဆီးများ မဖြစ်ပေါ်စေရန်၊ အန္တိခရစ်လမ်းကြာင်းကို မလျှောက်စေရန် တားဆီးပေးသည်။ သင်တို့သည် အန္တိခရစ်တို့၏ လမ်းကြောင်းအား လျှောက်မိမည်ကို စိုးရွံ့သလော။ (စိုးရွံ့မိပါသည်။) အကြောက်တရားသည် သူ့ချည်းသက်သက် အသုံးတည့်သလော။ အသုံးမတည့်ပေ။ အကြောက်တရားချည်းသက်သက်က ပြဿနာကို မပြုပြင်ပေးနိုင်ပေ။ အန္တိခရစ်များ၏လမ်းကြောင်းကို လျှောက်လှမ်းဖို့ ကြောက်ရွံ့ခြင်းက ပုံမှန်ဖြစ်ပါသည်။ ယင်းက အကြင်သူသည် သမ္မာတရားချစ်သူတစ်ဦး ဖြစ်ကြောင်း၊ သမ္မာတရားအပေါ် အားထုတ်ကြိုးပမ်းလိုပြီး သမ္မာတရားကို လိုက်စားဖို့ လိုလားသူတစ်ဦးဖြစ်ကြောင်း ပြသည်။ သင်သည် စိတ်နှလုံးထဲ၌ ကြောက်ရွံ့လျှင်၊ သမ္မာတရားကို ရှာဖွေသင့်ပြီး လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းကို ရှာသင့်သည်။ အခြားသူများနှင့် လိုက်ဖက်ညီစွာ ပူးပေါင်းဆောင်ရွက်ဖို့ သင်ယူခြင်းအားဖြင့် သင် စတင်ရမည်။ ပြဿနာတစ်ခုရှိလျှင်၊ လူတိုင်းက စည်းမျဉ်းများအပြင်၊ ဖြေရှင်းချက်နှင့် စပ်လျဉ်းသည့် တိကျသော တွေးခေါ်မြော်မြင်မှုနှင့် အစီအစဉ်တို့ကို သိနိုင်ဖို့အလို့ငှာ၊ ပြဿနာကို မိတ်သဟာယနှင့်လည်းကောင်း၊ ဆွေးနွေးခြင်းဖြင့်လည်းကောင်း ဖြေရှင်းလော့။ ဤအရာက သင့်ကို တစ်ဦးတည်း ဆုံးဖြတ်ချက်ချခြင်းမှ တားဆီးသည် မဟုတ်လော။ ထို့အပြင် သင့်တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိလျှင် သင်သည် ဘုရားသခင်၏ စိစစ်ခြင်းကို အလိုအလျောက် လက်ခံရရှိနိုင်စွမ်းရှိလိမ့်မည်။ သို့သော် ဘုရားသခင် ရွေးချယ်သောလူတို့၏ ကြီးကြပ်မှုကိုလည်း လက်ခံရန် သင်ယူရမည်။ ယင်းမှာ သင့်ထံမှ စိတ်ရှည်ခြင်း၊ လက်ခံခြင်းလိုအပ်သည်။ တစ်စုံတစ်ဦးက သင့်ကို ကြီးကြပ်နေကြောင်း၊ သင်၏အလုပ်ကို ကြည့်ရှုစစ်ဆေးနေကြောင်း၊ သို့မဟုတ် သင်မသိဘဲ သင့်ကို စုံစမ်းစစ်ဆေးနေကြောင်း သင်မြင်ပါက၊ သင် သွေးဆူပြီး ဤလူကို ရန်သူတစ်ဦးကဲ့သို့ သဘောထားကာ ၎င်းကို စက်ဆုပ်ပါက၊ ပြီးလျှင် ၎င်းပျောက်ကွယ်သွားစေဖို့ တောင့်တရင်း၊ ၎င်းကို သစ္စာဖောက်အဖြစ်ပင် တိုက်ခိုက်ကာ ကိုင်တွယ်ပါက၊ ဤသည်မှာ ပြဿနာဖြစ်သည်။ ယင်းသည် အလွန်အမင်း မဆိုးယုတ်သလော။ ဤအရာနှင့် နတ်ဆိုးမင်းကြီးအကြား ကွာခြားချက်မှာ အဘယ်နည်း။ ဤသည်မှာ လူများကို မျှတစွာ ဆက်ဆံခြင်း ဖြစ်သလော။ သင်သည် လမ်းကြောင်းမှန်ကို လျှောက်ပြီး မှန်ကန်သော နည်းလမ်းဖြင့် ပြုမူဆောင်ရွက်လျှင် လူများက သင့်အား စုံစမ်းစစ်ဆေးခြင်းမှ သင်သည် မည်သည့်အရာကို ကြောက်ဖို့လိုသနည်း။ သင်ကြောက်ရွံ့နေလျှင် ယင်းက သင်၏စိတ်နှလုံးထဲတွင် ပုန်းလျှိုးကွယ်လျှိုး ဖြစ်နေသည့် အရာတစ်ခုရှိကြောင်း ပြသသည်။ သင်၏စိတ်နှလုံးထဲတွင် ပြဿနာရှိကြောင်း သင်သိလျှင်၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို သင်လက်ခံသင့်သည်။ ဤသည်မှာ ကျိုးကြောင်းဆီလျော်ပေသည်။ သင်၌ ပြဿနာရှိသည်ကို သင်သိသော်လည်း၊ သင့်ကို ကြီးကြပ်ဖို့၊ သင်၏ အလုပ်ကို ကြည့်ရှုစစ်ဆေးဖို့၊ သင်၏ ပြဿနာကို စုံစမ်းစစ်ဆေးဖို့ မည်သူ့ကိုမျှ ခွင့်မပြုပါက၊ သင်သည် အလွန်အမင်း ယုတ္တိမတန်ခြင်း ဖြစ်သည်၊ သင်သည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ပြီး ခုခံနေခြင်း ဖြစ်သည်။ ဤအခြေအနေတွင် သင်၏ ပြဿနာသည် ပို၍ပင် ဆိုးရွားလေသည်။ ဘုရားသခင် ရွေးချယ်ထားသောလူများက သင်သည် ဆိုးယုတ်သောသူတစ်ဦး သို့မဟုတ် မယုံကြည်သူတစ်ဦး ဖြစ်သည်ဟု သိမြင်ပါက၊ အကျိုးဆက်များသည် သာ၍ပင် ဒုက္ခပေးမည်ဖြစ်သည်။ ထို့ကြောင့် အခြားသူများ၏ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း၊ စောင့်ကြည့်စစ်ဆေးခြင်းတို့ကို လက်ခံနိုင်သည့် သူများသည် ဆင်ခြင်တုံတရား အရှိဆုံး ဖြစ်ကြသည်။ ၎င်းတို့၌ သည်းခံခြင်းနှင့် ပုံမှန်လူ့သဘာဝ ရှိလေသည်။ သင်သည် မှားသည့်အရာတစ်ခုခု ပြုလုပ်နေသည်၊ သို့မဟုတ် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ထုတ်ဖော်ချက် ရှိသည်ကို သင်သိရသည့်အခါ၊ လူများနှင့် သင် ဖွင့်ပြောနိုင်ပြီး ဆွေးနွေးပြောဆိုနိုင်ပါက၊ ဤအရာက သင့်အနီးအနားရှိလူများကို သင့်အား စောင့်ကြည့်ဖို့ ကူညီပေးလိမ့်မည် ဖြစ်သည်။ ကြီးကြပ်မှုကို လက်ခံဖို့ သေချာပေါက် လိုအပ်သော်လည်း အဓိကအချက်မှာ မိမိကိုယ်ကိုယ် အစဉ်မပြတ် ဆန်းစစ်လျက် ဘုရားသခင်ထံ ဆုတောင်းဖို့နှင့် သူ့အပေါ် မှီခိုကိုးစားဖို့ဖြစ်သည်။ အထူးသဖြင့် မှားယွင်းသောလမ်းကို သင်လျှောက်ပြီးဖြစ်သည့်အခါ၊ သို့မဟုတ် တစ်စုံတစ်ခုကို မမှန်မကန်ပြုပြီးသည့်အခါ၊ သို့မဟုတ် သင်သည် မိမိသဘောအတိုင်း လုပ်ဆောင်တော့မည် သို့မဟုတ် တစ်စုံတစ်ခုကို ဆုံးဖြတ်တော့မည်ဖြစ်ပြီး အနီးရှိ တစ်စုံတစ်ဦးက ယင်းကို ဖော်ပြပြောဆိုပြီး သင့်ကို သတိပေးသည့်အခါ၊ ယင်းကို သင် လက်ခံဖို့ လိုအပ်ပြီး သင့်ကိုယ်သင် အမြန်ဆင်ခြင်သုံးသပ်ကာ သင်၏အမှားကို ဝန်ခံဖို့နှင့် ယင်းကို ပြုပြင်ဖို့ လိုအပ်သည်။ ဤအရာက သင့်အား အန္တိခရစ်တို့၏ လမ်းကြောင်းပေါ် ခြေချခြင်းမှ တားဆီးနိုင်သည်။ သင့်ကို ဤနည်းအားဖြင့် ကူညီပြီး သတိပေးသူ တစ်စုံတစ်ဦးရှိပါက သင့်ကို ယင်းက မသိလိုက်ဘဲ ကာကွယ်နေခြင်း မဟုတ်လော။ ဟုတ်သည်။ ယင်းမှာ သင် ကာကွယ်ခံရခြင်းဖြစ်သည်။ ထို့ကြောင့် သင်သည် သင်၏ ညီအစ်ကိုမောင်နှမများ၊ သို့မဟုတ် သင့်ပတ်ဝန်းကျင်ရှိ လူများမှနေ၍ မိမိကိုယ်ကို အမြဲ သတိထားကာကွယ်ခြင်း မရှိသင့်ပေ။ သင့်ကို အခြားသူများက နားလည်အောင် သို့မဟုတ် သင်၏အရှိအတိုင်းကိုမြင်အောင် ခွင့်မပြုဘဲ သင့်ကိုယ်သင် အမြဲတမ်း ဖုံးကွယ်ထားပြီး မိမိကိုယ်ကို ကွယ်ဝှက်မထားနှင့်။ သင်၏စိတ်နှလုံးသည် အခြားသူများထံမှ မိမိကိုယ်ကို အမြဲ သတိထား စောင့်ကြပ်နေပါက ၎င်းသည် သင်၏ သမ္မာတရားရှာဖွေခြင်းကို ထိခိုက်စေမည်ဖြစ်ပြီး၊ သင့်အနေဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို ဆုံးရှုံးသွားရဖို့ လွယ်မည်ဖြစ်သည်သာမက၊ စုံလင်အောင်ပြုခြင်းခံရမည့် အခွင့်အရေးများစွာကိုလည်း ဆုံးရှုံးစေမည်ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လျော်ကန်သော တာဝန်ဖြည့်ဆည်းခြင်းသည် လိုက်ဖက်ညီသော ပူးပေါင်းလုပ်ဆောင်ခြင်း လိုအပ်သည်
မိမိတို့၏ တာဝန်ကို ကောင်းစွာထမ်းဆောင်ရန် မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ မိမိတို့၏ စိတ်နှလုံး၊ အားအင်ရှိသမျှဖြင့် ထမ်းဆောင်ရမည်။ စိတ်နှလုံး၊ အားအင်ရှိသမျှကို အသုံးပြုခြင်းဆိုသည်မှာ တာဝန်ထမ်းဆောင်သည့်အပေါ်တွင် မိမိ၏ အတွေးများအားလုံးကို ထားရှိခြင်း၊ အခြားသောအရာများကို လွှမ်းမိုးခွင့်မပေးခြင်း၊ ထို့နောက်တွင် မိမိတွင်ရှိသော အားအင်ကို အသုံးချခြင်း၊ မိမိ၏ အစွမ်းအလုံးစုံကို အသုံးပြုခြင်း၊ မိမိ၏ အစွမ်းအစ၊ ဆုကျေးဇူး၊ အားသာချက်များနှင့် တာဝန်ကို ခံယူရန် မိမိတို့နားလည်သည့်အရာများကို ယူဆောင်လာခြင်းအား ဆိုလိုသည်။ သင်သည် သဘောပေါက်နိုင်စွမ်းနှင့် နားလည်နိုင်စွမ်းရှိပြီး ကောင်းသောစိတ်ကူးတစ်ခုရှိလျှင် ယင်းကို အခြားလူတို့နှင့် ဆက်သွယ်ပြောဆိုရမည်။ ဤသည်မှာ သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်သည့် အဓိပ္ပာယ်ဖြစ်သည်။ ဤသည်မှာ သင်၏ တာဝန်ကို ကောင်းစွာထမ်းဆောင်ပုံ၊ သင့်တာဝန်တွင် ကျေနပ်ဖွယ်စွမ်းဆောင်မှုကို ရရှိမည့်ပုံ ဖြစ်သည်။ အရာရာတိုင်းကို သင့်ဘာသာ တာဝန်ယူလုပ်ဆောင်ဖို့ ဆန္ဒရှိလျှင်၊ ကြီးမားသောအရာများကို သင်တစ်ဦးတည်းသာ အစဉ်သဖြင့် လုပ်ဆောင်လိုလျှင်၊ သင့်ကိုသာ အစဉ် အာရုံစိုက်ပြီး အခြားသူများကို အာရုံမစိုက်စေလိုလျှင် သင့်တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သလော။ သင်လုပ်ဆောင်သည့်အရာသည် အာဏာရှင်စနစ်ဟုခေါ်သည်။ ကြွားဝါနေခြင်းဖြစ်သည်။ ယင်းသည် ဆိုးယုတ်သော အပြုအမူဖြစ်ပြီး တာဝန်ထမ်းဆောင်ခြင်းမဟုတ်ပေ။ မိမိတို့၏ အားသာချက်များ၊ ဆုကျေးဇူးများ၊ သို့မဟုတ် အထူးပါရမီများက မည်သို့ဖြစ်စေ မည်သူကမျှ အလုပ်အားလုံးကို မိမိတို့ဘာသာ တာဝန်မယူနိုင်ပေ။ အသင်းတော်အလုပ်ကို ကောင်းစွာလုပ်ဖို့ဆိုလျှင် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ရန် သင်ယူရမည်။ ထိုအတွက်ကြောင့် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းသည် မိမိတာဝန်ထမ်းဆောင်ခြင်း၏ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းတစ်ခုဖြစ်သည်။ သင်သည် သင်၏ စိတ်နှလုံး၊ အားအင်ရှိသမျှကို၊ သင်၏ သစ္စာစောင့်သိမှုရှိသမျှကို အသုံးချပြီး သင်လုပ်နိုင်သည့်အရာရာတိုင်းအား ပေးဆပ်လျှင် သင်သည် သင်၏တာဝန်ကို ကောင်းစွာထမ်းဆောင်နေခြင်းဖြစ်သည်။ သင့်တွင် အတွေး၊ သို့မဟုတ် စိတ်ကူးတစ်ခုရှိလျှင် အခြားသူများသို့ ပြောလော့။ ထိန်းမထားနှင့်၊ သို့မဟုတ် လျှိုမထားနှင့်။ သင်၌ အကြံပြုချက်မျာရှိလျှင် ယင်းတို့ကို ပေးလော့။ သမ္မာတရားနှင့်ကိုက်ညီသည့် မည်သူ၏ စိတ်ကူးကိုမဆို လက်ခံပြီး လိုက်နာရမည်။ ဤအရာကို လုပ်ဆောင်လော့။ သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းကို သင် စွမ်းဆောင်ရရှိလိမ့်မည်။ ဤသည်မှာ မိမိတာဝန်ကို သစ္စာစောင့်သိစွာ ထမ်းဆောင်သည့် အဓိပ္ပာယ်ဖြစ်သည်။ သင့်တာဝန်ကို ထမ်းဆောင်ရာတွင် အရာရာတိုင်းကို သင်ကိုယ်တိုင် တာဝန်ယူရန် မလိုအပ်သကဲ့သို့ အလွန်ပင်ပန်းစွာ အလုပ်လုပ်ရန် မလိုအပ်ချေ။ သို့မဟုတ် “တစ်ပွင့်တည်းသောပန်း” မဖြစ်ရပေ၊ သို့မဟုတ် ထူးခြားမနေရပေ။ ထို့ထက် သူတစ်ပါးတို့နှင့် မည်သို့ သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ရမည်ကို သင်ယူရန် လိုအပ်သည်။ သင်တတ်နိုင်သမျှ လုပ်ဆောင်ရမည်။ သင်၏ တာဝန်များကို ဖြည့်ဆည်းရမည်။ သင်၏ အားအင်အလုံးစုံကို အသုံးပြုရမည်။ ယင်းမှာ သင့်တာဝန်ကိုထမ်းဆောင်ခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းသည် ရလဒ်တစ်ခုကို ရရှိရန်အလို့ငှာ သင့်တွင်ရှိသော အစွမ်းနှင့် အလင်းအားလုံးကို ထုတ်ဖော်ပြရန် ဖြစ်သည်။ ယင်းမှာ လုံလောက်သည်။ အစဉ်သဖြင့် ကြွားဝါရန်၊ အစဉ်သဖြင့် အဆင့်မြင့်ပုံရသော အရာများကို ပြောဆိုရန် ကိစ္စများကို သင့်ဘာသာသင် လုပ်ဆောင်ရန် မကြိုးစားနှင့်။ အခြားသူများနှင့် အလုပ်လုပ်ဖို့ နည်းလမ်းကို သင်ယူသင့်ပြီး အခြားလူတို့၏ အကြံပြုချက်များကို နားထောင်ပြီး ၎င်းတို့၏ အားသာချက်များကို ရှာဖွေတွေ့ရှိဖို့ အာရုံစိုက်သင့်သည်။ ဤနည်းအားဖြင့် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းသည် လွယ်ကူလာသည်။ သင်သည် အစဉ် ကြွားဝါပြီး သင်ပြောသည့်အတိုင်း ဖြစ်စေလျှင် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်နေခြင်းမဟုတ်ပေ။ မည်သည့်အရာကို သင်လုပ်ဆောင်နေခြင်းဖြစ်သနည်း။ သင်သည် အခြားသူတို့ကို အနှောင့်အယှက်ဖြစ်စေပြီး နိမ့်ကျစေခြင်းဖြစ်သည်။ အခြားသူတို့အားအနှောင့်အယှက်ဖြစ်စေပြီး နိမ့်ကျစေခြင်းသည် စာတန်၏နေရာတွင် လုပ်ဆောင်နေခြင်းဖြစ်သည်။ ယင်းသည် တာဝန်ထမ်းဆောင်ခြင်းမဟုတ်ပေ။ အခြားသူတို့ကို အနှောင့်အယှက်ဖြစ်စေပြီး နိမ့်ကျစေသောအရာများကို အစဉ်လုပ်ဆောင်လျှင် သင်သည် မည်မျှ အားစိုက်ထုတ်ပါစေ၊ သို့မဟုတ် မည်မျှဂရုစိုက်ပါစေ ဘုရားသခင်က အမှတ်ရမည်မဟုတ်ပေ။ သင့်တွင် အားသာချက်အနည်းငယ်သာ ရှိကောင်းရှိနိုင်သည်။ သို့သော် သင်သည် သူတစ်ပါးတို့နှင့် အလုပ်လုပ်နိုင်စွမ်းရှိလျှင်၊ သင့်တော်သော အကြံပြုချက်များကို လက်ခံနိုင်လျှင်၊ မှန်ကန်သော အရင်းခံအကြောင်းများရှိပြီး၊ ဘုရားအိမ်တော်၏ အလုပ်ကို ကာကွယ်နိုင်လျှင် သင်သည် မှန်ကန်သောသူဖြစ်သည်။ တစ်ခါတစ်ရံတွင် ဝါကျတစ်ကြောင်းမျှဖြင့် ပြဿနာတစ်ခုကို သင် ဖြေရှင်းနိုင်ပြီး လူတိုင်းကို အကျိုးဖြစ်စေနိုင်သည်။ တစ်ခါတစ်ရံတွင် သင်သည် သမ္မာတရား၏ ဖော်ပြချက်တစ်ခုအပေါ် မိတ်သဟာယဖွဲ့ပြီးနောက်တွင် လူတိုင်းက လက်တွေ့လုပ်ဆောင်ရန်လမ်းကြောင်းတစ်ခုရှိပြီး အတူတကွ သဟဇာတဖြစ်စွာ လုပ်ဆောင်နိုင်ကြသည်။ အားလုံးက ဘုံပန်းတိုင်အတွက် ကြိုးပမ်းကြပြီး တူညီသော အမြင်နှင့် ထင်မြင်ချက်များရှိကြသည်။ ထို့ကြောင့် အလုပ်သည် အထူးသဖြင့် ထိရောက်မှုရှိသည်။ သင်သည် ဤအခန်းကဏ္ဍတွင် ပါဝင်ခဲ့သည်ကို မည်သူကမျှ မမှတ်မိခြင်း ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ သင်က များစွာအားစိုက်ထုတ်ခဲ့သည်ဟု မခံစားရနိုင်သော်လည်း သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့်သူ၊ စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်သောသူဖြစ်သည်ကို ဘုရားသခင်က မြင်လိမ့်မည်။ ဘုရားသခင်က သင်ထိုသို့လုပ်ဆောင်ခဲ့သည်ကို အမှတ်ရလိမ့်မည်။ ဤသည်မှာ သင့်တာဝန်ကို သစ္စာစောင့်သိစွာ ထမ်းဆောင်ခြင်းဟု ခေါ်သည်။ တာဝန်ကို ထမ်းဆောင်ရာတွင် သင်၌ အခက်အခဲများရှိပါစေ အမှန်အားဖြင့် ယင်းတို့အားလုံးကို လွယ်လွယ်ကူကူ ဖြေရှင်း၍ရသည်။ သင်သည် ဘုရားသခင်အား ဆက်ကပ်သော စိတ်နှလုံးရှိသည့် ရိုးသားသူတစ်ဦးဖြစ်ပြီး သမ္မာတရားကို ရှာဖွေနိုင်သရွေ့ ဖြေရှင်း၍မရနိုင်သော ပြဿနာမရှိပေ။ အကယ်၍ သင်သည် သမ္မာတရားကို နားမလည်ပါက သင်သည် နာခံတတ်ရန် သင်ယူရမည်ဖြစ်သည်။ သမ္မာတရားကို နားလည်သူ သို့မဟုတ် သမ္မာတရားနှင့်အညီ စကားပြောသူရှိပါက သင်သည် ယင်းကို လက်ခံပြီး နာခံရမည်။ သင်သည် အနှောက်အယှက်ဖြစ်စေသော သို့မဟုတ် ထိခိုက်စေသော အရာများကို မည်သည့်နည်းဖြင့်မျှ မလုပ်သင့်သည့်အပြင် မိမိဘာသာ လုပ်ဆောင်ခြင်း သို့မဟုတ် မိမိဘာသာ ဆုံးဖြတ်ချက်ချခြင်းတို့ မလုပ်သင့်ပေ။ ဤနည်းအားဖြင့် သင်သည် မကောင်းမှုကို ပြုမိလိမ့်မည်မဟုတ်ပေ။ သင်မှတ်မိရမည်။ သင့်တာဝန်ကို ထမ်းဆောင်ခြင်းသည် သင်၏ကိုယ်ပိုင်လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ခြင်း သို့မဟုတ် သင်ကိုယ်တိုင်စီမံခန့်ခွဲခြင်း ကိစ္စမဟုတ်။ ဤသည်မှာ သင်၏ကိုယ်ပိုင် အလုပ်မဟုတ်ဘဲ၊ အသင်းတော်၏ အလုပ်ဖြစ်ပြီး သင့်တွင်ရှိသော အစွမ်းအစများကို ပံ့ပိုးခြင်းသာဖြစ်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအလုပ်၌ သင်လုပ်ဆောင်သည့်အရာသည် လူသား ပူးပေါင်းဆောင်ရွက်ခြင်း၏ သေးငယ်သော အစိတ်အပိုင်းသာ ဖြစ်သည်။ သင်၏ ပူးပေါင်းဆောင်ရွက်ခြင်းသည် ချောင်တစ်ခုရှိ အသေးစား အခန်းကဏ္ဍတစ်ခုသာ ဖြစ်သည်။ ယင်းက သင်ယူထားသော တာဝန်ဝတ္တရားဖြစ်သည်။ သင်သည် စိတ်နှလုံးထဲတွင် ဤဆင်ခြင်တုံတရား ရှိသင့်သည်။ ထို့ကြောင့် အလုပ်တာဝန်များကို လူမည်မျှက အတူတကွ ထမ်းဆောင်နေကြပါစေ၊ သို့မဟုတ် မည်သည့်အခက်အခဲများကို သူတို့ရင်ဆိုင်ရပါစေ၊ လူတိုင်းလုပ်ဆောင်သင့်သည့် ပထမဆုံးသော အရာမှာ ဘုရားထံ အတူတကွ ဆုတောင်းပြီး မိတ်သဟာယပြုဖို့၊ သမ္မာတရားကို ရှာဖွေဖို့နှင့်၊ ထို့နောက်တွင် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများက မည်သည့်အရာများ ဖြစ်သည်ကို ဆုံးဖြတ်ဖို့ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့တာဝန်ကို ဤနည်းအတိုင်း ထမ်းဆောင်သည့်အခါ၊ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်း ရှိလိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လျော်ကန်သော တာဝန်ဖြည့်ဆည်းခြင်းသည် လိုက်ဖက်ညီသော ပူးပေါင်းလုပ်ဆောင်ခြင်း လိုအပ်သည်
ဆက်စပ်မှုရှိသော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ
ကျွန်မ၏ ခြယ်လှယ်သော နည်းလမ်းများကို စွန့်လွှတ်ခြင်း
ထင်ရာမြင်ရာ ပြုမူခြင်းက ကျွန်မကို ထိခိုက်ခဲ့တယ်