၂၅။ အဆင့်အတန်း၏ အကျိုးအမြတ်များ၌ မွေ့လျော်ခြင်း ပြဿနာကို ဖြေရှင်းနည်း
နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ
ငါ့နောက်ကွယ်တွင် လူအများအပြားသည် ရာထူးဂုဏ် အဆင့်အတန်းနှင့် သက်ဆိုင်သည့် အကျိုးကျေးဇူးများကို အငမ်းမရဖြစ်ကြသည်။ သူတို့သည် အစားအသောက်ကို တဝတပြဲ စားသောက်ကြပြီး အိပ်စက်ခြင်းကို နှစ်ခြိုက်ပြီ၊ ဇာတိပကတိကိုလုံးဝ ဂရုစိုက်ကာ ဇာတိပကတိကို ရှောင်လွှဲ၍မရဟု အစဉ် စိုးရိမ်နေ၏။ ထိုသူတို့သည် အသင်းတော်တွင် သူတို့၏ သင့်လျော်ရာတာဝန်ကို မဆောင်ရွက်ဘဲ၊ အသင်းတော်ကို ကပ်စားကြသည်။ သို့မဟုတ်ပါက ၎င်းတို့သည် အထက်စီးမှနေ၍ အခြားသူများအပေါ် ဘောင်ခတ်ကာ ၎င်းတို့၏ ညီအစ်ကို မောင်နှမများကို ငါ့နှုတ်ကပတ်တော်များဖြင့် ဆိုဆုံးမပေသည်။ ၎င်းတို့သည် ဘုရားသခင်၏အလိုတော်ကို လိုက်လျှောက်နေကြသည်ဟု ဆိုမြဲဆိုနေကြပြီး ၎င်းတို့သည် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူများဟု အစဉ်အမြဲ ဆိုကြသည်။ ဤသည်မှာ ရယ်ဖွယ်ပင် မဟုတ်လော။ အကယ်၍ သင့်ထံတွင် မှန်ကန်သော ကြံရွယ်ချက်များရှိငြား ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ အစေမခံနိုင်ပါက၊ သင်သည် မိုက်မဲနေခြင်းသာ ဖြစ်သည်။ သို့သော် အကယ်၍ သင်၏ ကြံရွယ်ချက်များသည် မမှန်ကန်ဘဲ၊ သင်သည် ဘုရားသခင်ကို အစေခံသည်ဟု ဆိုနေသေးပါက၊ သင်သည် ဘုရားသခင်ကို ဆန့်ကျင်သောသူတစ်ဦး ဖြစ်ပြီး ဘုရားသခင်၏ အပြစ်ပေးခြင်းကို ခံထိုက်ပေသည်တကား။ ငါ၌ ထိုကဲ့သို့သောလူများအပေါ် သနားကြင်နာမှု မရှိလိုက်လေခြင်း။ ထိုသူတို့သည် ဘုရားသခင်၏အိမ်တော်တွင် ကပ်စားကြကာ ဇာတိပကတိနှင့်ဆိုင်သော ဇိမ်ခံစရာတို့ကို အစဉ်တပ်မက်ကြပြီး ဘုရားသခင်၏အကျိုးများအတွက် ထည့်သွင်းစဉ်းစားခြင်း မရှိကြပေ။ ထိုသူတို့သည် အစဉ် မိမိကောင်းကျိုးရှာပြီး ဘုရားသခင်၏ရည်ရွယ်ချက်များကို အလေးမပေးကြပေ။ ၎င်းတို့ ပြုသမျှတို့ကို ဘုရားသခင်၏ ဝိညာဉ်တော်က စိစစ်ခြင်းကို ၎င်းတို့လက်မခံနိုင်ကြပေ။ ၎င်းတို့သည် ၎င်းတို့၏ ညီအစ်ကိုမောင်နှမများကို အစဉ်ပင် ကလိမ်ကကျစ်ကျပြီး လှည့်ဖြားကြကာ လိမ်လည်ကြသည့်အပြင် စပျစ်ခြံတစ်ခြံထဲရှိ မြေခွေးကဲ့သို့ မျက်နှာနှစ်ဘက်ရှိသောကြောင့် စပျစ်သီးများကို အစဉ်ခိုးကာ စပျစ်ခြံကို ဖြတ်နင်းသွားကြသည်။ ထိုသို့သောသူများသည် ဘုရားသခင်၏ ရင်းနှီးသူများ ဖြစ်နိုင်သလော။ သင်သည် ဘုရားသခင်၏ ကောင်းချီးများကို ရရှိရန် သင့်လျော်သလော။ သင်သည် သင်၏အသက်နှင့် အသင်းတော်အတွက် မည်သည့်ဝန်ထုပ်ဝန်ပိုးကိုမျှ မယူပေ။ သင်သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ရရှိရန် သင့်လျော်သလော။ သင်ကဲ့သို့သောသူကို မည်သူက ယုံကြည်စိတ်ချဝံ့မည်နည်း။ သင်သည် ထိုကဲ့သို့ အစေခံသောအခါ၊ ဘုရားသခင်သည် သင့်အား ပို၍ကြီးမားသော တာဝန်ကို အပ်နှံမည်လော။ ဤသည်မှာ အမှုတော်ကို နှောင့်နှေးကြန့်ကြာမှုများ ဖြစ်စေမည် မဟုတ်လော။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သဟဇာတရှိစွာ အစေခံနည်း
“အဆင့်အတန်း” ဟူသော စကားလုံးကိုယ်၌သည် စမ်းသပ်မှု မဟုတ်သကဲ့သို့ စုံစမ်းသွေးဆောင်ခြင်းလည်း မဟုတ်ပေ။ ယင်းမှာ အဆင့်အတန်းကို လူတို့ ကိုင်တွယ်ပုံအပေါ်၌ မူတည်သည်။ ခေါင်းဆောင်အလုပ်ကို သင့်တာဝန်အဖြစ်၊ သင်ဆောင်ရွက်ရမည့် တာဝန်ဝတ္တရားအဖြစ် ခံယူထားလျှင် သင်သည် အဆင့်အတန်း၏ ဘောင်ခတ်ခြင်းကို ခံရမည်မဟုတ်ပေ။ ယင်းကို တရားဝင်ဂုဏ်ပုဒ်၊ သို့မဟုတ် ရာထူးတစ်ခုအဖြစ် လက်ခံထားပါက သင်သည် ဒုက္ခရောက်ပြီး ကျရှုံးမည်မှာ အသေအချာဖြစ်သည်။ သို့ဆိုလျှင် အသင်းတော်၏ ခေါင်းဆောင်နှင့် အမှုဆောင်တစ်ဦး ဖြစ်လာရာတွင် လူတစ်ဦးခံယူသင့်သည့် စိတ်ဓာတ်ကား အဘယ်နည်း။ သင်၏လိုက်စားမှုကို မည်သည့်နေရာတွင် အာရုံစိုက်သင့်သနည်း။ သင့်တွင် လမ်းကြောင်းရှိရမည်။ အကယ်၍ သင်သည် သမ္မာတရားကို မရှာဖွေဘဲ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်း မရှိပါက သင်၏ ဤအဆင့်အတန်းသည် သင်၏ထောင်ချောက် ဖြစ်လာမည်ဖြစ်ပြီး သင်ကျရှုံးသွားလိမ့်မည်။ အချို့လူတို့သည် အဆင့်အတန်းတစ်ခု ရလာသည်နှင့် တစ်ပြိုင်နက် ကွာခြားလာပြီး သူတို့၏စိတ်ဓာတ်မှာ ပြောင်းလဲသွားတတ်သည်။ သူတို့ကိုယ်သူတို့ မည်သို့ဝတ်စားရမည်၊ အခြားသူများကို မည်သို့ပြောဆိုရမည်၊ မည်သည့်လေသံမျိုးကို ခံယူကျင့်သုံးရမည်၊ လူတို့နှင့် မည်သို့ဆက်ဆံရမည်၊ သို့မဟုတ် မည်သို့ ဟန်ပန်အမူအရာ ထားရမည်ဟူသည်ကို မသိကြတော့ချေ။ ရလဒ်အနေဖြင့် သူတို့ကိုယ်သူတို့ ပုံရိပ်တစ်ခုကို စတင်ဖန်တီးကြသည်။ ဤသည်မှာ ဖောက်ပြန်ခြင်းမဟုတ်လော။ အချို့သောလူတို့သည် ဘာသာတရားမရှိသူများ၏ ဆံပင်ပုံစံများ၊ သူတို့ဝတ်ဆင်သည့် အဝတ်အစားများ၊ ၎င်းတို့၏အပြောအဆိုနှင့် ဟန်ပန်အမူအရာ အရည်အသွေးများကို အလေးဂရုပြုကြသည်။ ထိုသူတို့သည် ၎င်းတို့အား အတုယူကာ ဤလမ်းစဉ်အတိုင်း ဘာသာတရားမရှိသူများ၏ လမ်းညွှန်မှုနောက် လိုက်ကြသည်။ ဤသည်မှာ အပြုသဘောဆောင်သော အရာလော။ (မဟုတ်ပါပေ။) ဤတွင် ဘာဖြစ်နေသနည်း။ ဤသည်တို့ကို အပေါ်ယံ အလေ့အကျင့်များအဖြစ် မြင်ရသော်လည်း ယင်းတို့သည် အမှန်တကယ် လိုက်စားမှုတစ်မျိုးဖြစ်သည်။ ယင်းတို့မှာ အတုခိုးခြင်း ဖြစ်၏။ ဤသည်မှာ မှန်ကန်သော နည်းလမ်းမဟုတ်ပေ။ ယခုတွင် သင်တို့သည် ဤထင်ရှားသော ဟန်ဆောင်မှုများနှင့် မျက်နှာဖုံးများတွင် အမှားနှင့်အမှန်ကို ခွဲခြားသိနိုင်သော်လည်း ငြင်းဆိုပြီး အမှားကို ပုန်ကန်နိုင်သလော။ (ယင်းကို သတိပြုမိသောအခါ ပုန်ကန်နိုင်၏။) ဤသည်မှာ သင်တို့၏ လက်ရှိ ဝိညာဉ်ရင့်ကျက်မှုပင် ဖြစ်သည်။ ဤအတွေးများက သင့်စိတ်နှလုံးထဲ၌ အသစ်ဖြစ်သောအခါ ယင်းတို့ကို ထိုးထွင်းသိမြင်ပြီး ခွဲခြားနိုင်သည်။ အကယ်၍ သင်သည် အဆင့်အတန်းကို လိုက်စားရန် လှုံ့ဆော်ခံရပါက ဤဆန္ဒကို သင်ကိုယ်တိုင် ထိန်းညှိနိုင်သည်၊ ထိုသို့ဖြင့် ဆင်ခြင်တုံတရား ပျောက်ကွယ်သွားသော သားရဲတိရစ္ဆာန်ကဲ့သို့ မိမိ၏ စံထားရသူနောက် လိုက်နေသည့် အစွဲအလမ်းကြီးသော ပရိသတ်နှင့် တူမည်မဟုတ်တော့ပေ။ ကိုယ်တိုင်ကိုယ်ကျအားဖြင့် သင်သည် ထိုအယူအဆများကို ခွဲခြားဖော်ထုတ်နိုင်လေသည်။ သင်သည် လူတို့၏ ဝိုင်းရံခြင်းမရှိသောအခါ မည်သည့်စုံစမ်းသွေးဆောင်မှုမျှ မရှိတော့ဘဲ သင်၏ ဇာတိပကတိကို ပုန်ကန်နိုင်သည်။ သို့သော် လူတို့က သင့်နောက်လိုက်ခဲ့ပါက၊ သင့်ကို အာရုံစိုက်ဗဟိုပြုခဲ့ပါက၊ သင်၏ နေ့စဉ်လိုအပ်ချက်များကို ဂရုစိုက်ခဲ့ပါက၊ သင့်ကို ကျွေးမွေးပြီး အဝတ်ဆင်ယင်ပေးကာ သင်၏လိုအပ်ချက်တိုင်းကို ဖြည့်ဆည်းပေးခဲ့ပါက အဘယ်သို့ဖြစ်မည်နည်း။ သင်၏စိတ်နှလုံးထဲ၌ မည်သည့်ခံစားချက်များ လှုပ်ရှားလာမည်နည်း။ အဆင့်အတန်း၏ အကျိုးကျေးဇူးများကို ပျော်မွေ့နေမည် မဟုတ်လော။ သို့ဖြစ်လျှင် သင်သည် ဇာတိပကတိကို ပုန်ကန်နိုင်ဦးမည်လော။ လူတို့က သင့်ပတ်လည်တွင် စုပြုံသောအခါ၊ သင်သည် ကြယ်တစ်ပွင့်ကဲ့သို့ သင့်ပတ်လည်တွင် ၎င်းတို့ ဝိုင်းရံနေသောအခါ သင်၏အဆင့်အတန်းကို သင်မည်သို့ ကိုင်တွယ်မည်နည်း။ သင်၏ အသိစိတ်ထဲက အရာများ၊ ဆိုလိုသည်မှာ သင်၏ အတွေးနှင့် စိတ်ကူးများထဲမှအရာများ ဖြစ်သည့်အဆင့်အတန်းအား တန်ဖိုးထားခြင်း၊ အဆင့်အတန်းအား မွေ့လျော်ခြင်း၊ အဆင့်အတန်းအတွက် အငမ်းမရဖြစ်ခြင်း၊ သို့မဟုတ် အရူးအမူးစွဲလမ်းခြင်းပင် ဖြစ်သည့် ဤအရာများအား တွေ့ရှိရန် သင်၏ စိတ်နှလုံးကို ဆန်းစစ်နိုင်သလော။ ယင်းတို့ကို သင်သတိပြုမိနိုင်သလော။ သင်သည် သင့်စိတ်နှလုံးထဲမှ ဤအရာများကို ဆန်းစစ်ပြီး သတိပြုနိုင်ပါက သင်သည် ထိုအခြေအနေ၌ ဇာတိပကတိကို ပုန်ကန်နိုင်မည်လော။ သင်၌ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဆန္ဒမရှိပါက သင်သည် ဤအရာများကို ပုန်ကန်မည်မဟုတ်ပါ။ ၎င်းတို့ကို မွေ့လျော်ပြီး အကြိုက်တွေ့လိမ့်မည်။ ကိုယ့်ကိုယ်ကိုယ် ကျေနပ်မှုအပြည့်ဖြင့် သင်သည် “ဘုရားသခင်ကို ယုံကြည်သူတစ်ဦးအနေဖြင့် အဆင့်အတန်းရှိခြင်းက အမှန်တကယ် ကောင်းမွန်ပေသည်။ ခေါင်းဆောင်တစ်ဦးအနေဖြင့် လူတိုင်းက ကျွန်ုပ်ပြောသည့်အတိုင်း လုပ်ကြသည်။ ထူးကဲသော ခံစားချက်ပါတကား။ ငါသည် ဤလူတို့ကို ဦးဆောင်ပြီး ရေလောင်းပေးသောသူဖြစ်၏။ ယခု သူတို့သည် ကျွန်ုပ်ကို နာခံနေကြပြီ။ အရှေ့သို့ သွားလော့ဟုဆိုသောအခါ မည်သူမျှ အနောက်သို့မသွားပေ။ ဆုတောင်းလော့ဟု ဆိုသောအခါ မည်သူမျှ သီချင်းမဆိုဝံ့ကြပေ။ ယင်းသည် အောင်မြင်မှုတစ်ခုဖြစ်သည်” ဟု ဆိုလိမ့်မည်။ ထို့နောက် သင်သည် အဆင့်အတန်း၏ အကျိုးကျေးဇူးများကို စတင်၍ မွေ့လျော်ပြီးဖြစ်လိမ့်မည်။ သို့ဆိုလျှင် အဆင့်အတန်းသည် သင့်အတွက် မည်သည့်အရာ ဖြစ်တော့မည်နည်း။ (အဆိပ်ဖြစ်တော့မည်။) အဆိပ်ဖြစ်သော်ငြားလည်း ၎င်းကို ကြောက်ရွံ့ရန် မလိုအပ်ပေ။ ဤအခြေအနေတွင် သင်သည် မှန်ကန်သောလိုက်စားမှုနှင့် မှန်ကန်သော လက်တွေ့လုပ်ဆောင်မှု နည်းလမ်းရှိရန် လိုအပ်သည်မှာ အတိအကျပင် ဖြစ်သည်။ များသောအားဖြင့် လူတို့တွင် အဆင့်အတန်း ရှိသော်လည်း ၎င်းတို့၏အလုပ်က ရလဒ်များ မရသေးသောအခါ “ကျွန်ုပ်သည် အဆင့်အတန်းကို ပျော်မွေ့ခြင်းမရှိ၊ ထို့ပြင် ထိုအဆင့်အတန်းက ကျွန်ုပ်အား ပေးသမျှအရာတိုင်းကို ပျော်မွေ့ခြင်းမရှိ” ဟု သူတို့ဆိုလိမ့်မည်။ သို့သော်လည်း ၎င်းတို့၏ အလုပ်သည် အောင်မြင်မှုအနည်းငယ်ကို ပြသပြီး ၎င်းတို့၏ အဆင့်အတန်းက လုံခြုံပြီဟု ခံစားသည်နှင့်တစ်ပြိုင်နက် ဆင်ခြင်တုံတရားဆုံးရှုံးပြီး အဆင့်အတန်း၏ အကျိုးကျေးဇူးများကို ခံစားကြတော့သည်။ သင်သည် စုံစမ်းသွေးဆောင်မှုကို သတိပြုမိနိုင်ရုံဖြင့် ဇာတိကပတိကို ပုန်ကန်နိုင်သည်ဟု သင်ယုံကြည်သလော။ သင်၌ ထိုဝိညာဉ်ရင့်သန်မှုမျိုး တကယ်ရှိသလော။ အမှန်မှာ သင်၌ မရှိပေ။ သင်၏ သတိပြုမိခြင်းနှင့် ပုန်ကန်ခြင်းတို့ကို လူ၏အသိတရားနှင့် လူသားတို့ပိုင်ဆိုင်ထားသော အခြေခံ ဆင်ခြင်တုံတရားအားဖြင့်သာလျှင် ရရှိခြင်းဖြစ်သည်။ ယင်းတို့မှာ သင့်အား ဤနည်းအတိုင်း မလုပ်ဆောင်ရန် သတိပေးသောအရာများ ဖြစ်သည်။ ယင်းသည် သင့်ကိုကူညီသော၊ သို့မဟုတ် သင့်ကို မှားယွင်းသောလမ်းကြောင်းမှ တားဆီးပေးသော အသိတရားစံနှုန်းနှင့် ဘုရားသခင်၌ ယုံကြည်မှုကို တွေ့ရှိခြင်းမှ သင်ရရှိသည့် ဆင်ခြင်တုံတရားအနည်းငယ် ဖြစ်သည်။ ဤအတွက် ဆက်စပ်သည့် အကြောင်းအရာကား အဘယ်နည်း။ သင်သည် အဆင့်အတန်းကို နှစ်သက်သော်လည်း မရရှိသေးသောအခါ သင်သည် သင်၏ အသိတရားနှင့် ဆင်ခြင်နိုင်စွမ်း အနည်းငယ်ကို ပိုင်ဆိုင်ထားနိုင်သေးခြင်း ဖြစ်သည်။ ဤနှုတ်ကပတ်တော်များသည် သင့်ကို ချုပ်တည်းနိုင်သေးကာ အဆင့်အတန်းအား ပျော်မွေ့ခြင်းသည် မကောင်းသည့်အပြင် သမ္မာတရားနှင့် မကိုက်ညီကြောင်း၊ ယင်းသည် မှန်ကန်သော နည်းလမ်း မဟုတ်သည့်အပြင် ဘုရားသခင်ကို ဆန့်ကျင်ပြီး သူ့ကို မကျေမနပ် ဖြစ်စေကြောင်း သဘောပေါက်စေနိုင်သည်။ ထိုအချိန်တွင် သင်သည် ဇာတိပကတိကို သတိရှိစွာ ပုန်ကန်ပြီး အဆင့်အတန်းအား ပျော်မွေ့ခြင်းကို စွန့်ပစ်နိုင်သည်။ သင်၌ ပြသစရာ အောင်မြင်မှုများနှင့် ကောင်းကျိုးများမရှိသောအခါ ဇာတိပကတိကို ပုန်ကန်နိုင်သော်လည်း သင်၌ ချီးမွမ်းထိုက်သော အလုပ်ကို လုပ်ဆောင်ပြီးမြောက်သည်နှင့်တစ်ပြိုင်နက် သင်၏ရှက်စိတ်၊ သင်၏အသိတရား၊ သင်၏ ဆင်ခြင်တုံတရားနှင့် သင်၏ ကိုယ်ကျင့်တရားဆိုင်ရာ အယူအဆများက သင့်ကို ချုပ်တည်းထားမည်လော။ သင်ပိုင်ဆိုင်သော အသိတရားစံနှုန်းလေးက ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိခြင်း၏ အနီးအနားသို့ မရောက်သည့်အပြင် သင်၏သေးငယ်သော ယုံကြည်ခြင်းက လုံးဝ အရာရောက်မည် မဟုတ်ပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဂုဏ်အဆင့်အတန်း၏ စုံစမ်းသွေးဆောင်ခြင်းနှင့် ချည်နှောင်မှုကို ဖြေရှင်းရန်နည်းလမ်း
သင်တို့အတွက် ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြစ်ခြင်းနှင့်ပတ်သက်၍ မည်သည့်အရာက ထူးခြားသနည်း။ (တာဝန်ပိုယူခြင်းဖြစ်သည်။) တာဝန်ယူမှုမှာ ယင်း၏ အစိတ်အပိုင်းဖြစ်သည်။ ဤသည်မှာ သင်တို့အားလုံး သတိရှိနေသည့်အရာ ဖြစ်သည်၊ သို့သော် သင်၏တာဝန်များကို သင်မည်ကဲ့သို့ ကောင်းစွာ ဖြည့်ဆည်းနိုင်မည်နည်း။ မည်သည့်နေရာမှ စတင်ရမည်နည်း။ ဤတာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်းသည် အမှန်အားဖြင့် မိမိတာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်းပင် ဖြစ်သည်။ “တာဝန်ယူမှု” ဟူသော စကားလုံးသည် ၎င်းနှင့်ပတ်သက်သည့် ထူးခြားမှုတစ်ခု ရှိနေသယောင် ထင်ရသော်လည်း နောက်ဆုံးစိစစ်တွေ့ရှိမှုအရ ယင်းသည် မိမိ၏တာဝန်ပင်ဖြစ်သည်။ သင်တို့အတွက် တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ခြင်းမှာ မလွယ်ကူပေ၊ အဘယ့်ကြောင့်ဆိုသော် သင်တို့အနေဖြင့် ဖြတ်ကျော်သွားရန် အခက်ခဲဆုံးဖြစ်သည့် အဆင့်အတန်းအတားအဆီးကဲ့သို့သော သင့်ကို အဟန့်အတား ဖြစ်စေသည့်အရာများ သင့်ရှေ့တွင် များစွာ ရှိနေသောကြောင့်ဖြစ်သည်။ သင်၌ မည်သည့်အဆင့်အတန်းမျှ မရှိဘဲ သာမန်ယုံကြည်သူသာ ဖြစ်ပါက ပို၍နည်းပါးသော စုံစမ်းသွေးဆောင်မှုများ ကြုံတွေ့ရနိုင်ပြီး သင်၏တာဝန်ကို ကောင်းစွာထမ်းဆောင်ရန် ပိုမိုလွယ်ကူမည် ဖြစ်သည်။ သာမန်လူများကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ သမ္မာတရားအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် သင်၏တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ရင်း နေ့တိုင်း ဝိညာဉ်ရေးအသက်တာဖြင့် အသက်ရှင်နိုင်သည်။ ဤသည်မှာ လုံလောက်ပေ၏။ သို့သော် အကယ်၍ သင်၌ အဆင့်အတန်းရှိပါက သင်သည် ထိုအဆင့်အတန်းက ပေးသည့် အတားအဆီးကို ဦးစွာ ဖြတ်ကျော်ရပါမည်။ ဤစမ်းသပ်မှုကို ဦးစွာ အောင်မြင်ရမည်။ ဤအတားအဆီးကို မည်သို့ဖြတ်ကျော်နိုင်မည်နည်း။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် လူ့အထဲ၌ နက်ရှိုင်းစွာ အမြစ်တွယ်နေသောကြောင့် သာမန်လူများအတွက် ဤအရာက မလွယ်ကူပေ။ လူတို့အားလုံးသည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် နေထိုင်ကြပြီး ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကို လိုက်စားခြင်းအား ပင်ကိုအားဖြင့် စွဲမက်ကြသည်။ ထိုသို့သော အခက်အခဲနှင့် အဆင့်အတန်းကို နောက်ဆုံး ရရှိပြီးနောက် ယင်း၏အကျိုးကျေးဇူးများကို မည်သူသည် အပြည့်အဝ မမွေ့လျော်ဘဲနေမည်နည်း။ သင့်စိတ်နှလုံးထဲတွင် သမ္မာတရားကို ချစ်မြတ်နိုးပြီး ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး အတော်အတန် ရှိပါက သင်သည် သင့်အဆင့်အတန်းကို ဂရုတစိုက်နှင့် သတိကြီးစွာ ကိုင်တွယ်မည်ဖြစ်ကာ သင်၏ တာဝန်ထမ်းဆောင်မှုတွင်လည်း သမ္မာတရားကို ရှာဖွေနိုင်မည်ဖြစ်သည်။ ဤနည်းအားဖြင့် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့သည် သင့်စိတ်နှလုံးထဲတွင် နေရာမရှိသကဲ့သို့ သင်၏ တာဝန်ထမ်းဆောင်မှုကိုလည်း အဟန့်အတားဖြစ်စေမည် မဟုတ်ပေ။ သင်သည် ဝိညာဉ်ရင့်သန်မှု အလွန်သေးငယ်ပါက မကြာခဏ ဆုတောင်းရမည်ဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် မိမိကိုယ်ကို ထိန်းထားရပေမည်။ အချို့သော အရာများကို လုပ်ဆောင်ရန် နည်းလမ်းများ၊ သို့မဟုတ် အချို့သော ပတ်ဝန်းကျင်နှင့် အချို့သော စုံစမ်းသွေးဆောင်မှုများကို သတိရှိရှိ ရှောင်ရှားရန် နည်းလမ်းများ ရှာဖွေရမည်ဖြစ်သည်။ ဥပမာအားဖြင့် သင်သည် ခေါင်းဆောင်တစ်ဦး ဖြစ်သည်ဆိုပါစို့။ သင်သည် သာမန်ညီအစ်ကို မောင်နှမအချို့နှင့် ပေါင်းသင်းဆက်ဆံသောအခါ သင်သည် ၎င်းတို့ထက် အတော်လေးသာလွန်သည်ဟု သူတို့ ထင်ကြသည် မဟုတ်လော။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် ယင်းကို ဤနည်းအတိုင်း မြင်ကြမည်ဖြစ်ပြီး ဤသည်မှာ သင့်အတွက် စုံစမ်းသွေးဆောင်မှုတစ်ခု ဖြစ်နေပြီဖြစ်သည်။ ဤသည်မှာ စမ်းသပ်မှုမဟုတ်၊ စုံစမ်းသွေးဆောင်မှုတစ်ခုပင် ဖြစ်ချေ၏။ သင်သည်လည်း ၎င်းတို့ထက်သာလွန်သည်ဟု သင်ယုံကြည်ပါက ဤသည်မှာ အလွန်အန္တရာယ်ရှိသည်၊ သို့သော် ၎င်းတို့သည် သင်နှင့် တန်းတူဖြစ်သည်ဟု သင်ထင်ပါက သင်၏စိတ်ဓာတ်သည် ပုံမှန်ဖြစ်ပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ နှောင့်ယှက်ခြင်းခံရမည်မဟုတ်ပေ။ ခေါင်းဆောင်တစ်ဦးအဖြစ် သင်၏အဆင့်အတန်းသည် ၎င်းတို့အဆင့်အတန်းထက် ပို၍ကြီးမြတ်သည်ဟု သင်ထင်ပါက သူတို့ သင့်ကို မည်သို့ဆက်ဆံကြမည်နည်း။ (သူတို့က ခေါင်းဆောင်ကို ကြည်ညိုကြလိမ့်မည်။) သူတို့က သင့်ကို ကြည်ညိုလေးစားရုံဖြစ်ပြီး ဘာမျှမပိုတော့သလော။ မဟုတ်ပေ။ သူတို့သည် ထိုအပေါ်မူတည်၍ ပြောဆိုလုပ်ဆောင်ရတော့မည်။ ဥပမာအားဖြင့် သင်အအေးမိပြီး သာမန် ညီအစ်ကို မောင်နှမတစ်ဦးလည်း အအေးမိပါက သူတို့က မည်သူ့ကို ဦးစွာဂရုစိုက်မည်နည်း။ (ခေါင်းဆောင်ကိုဖြစ်သည်။) ယင်းက ဦးစားပေးခြင်းမဟုတ်သလော။ ဤသည်မှာ အဆင့်အတန်း၏ အကျိုးကျေးဇူးများထဲမှ တစ်ခုမဟုတ်လော။ အကယ်၍ သင်သည် ညီအစ်ကို၊ သို့မဟုတ် ညီအစ်မတစ်ဦးနှင့် အငြင်းပွားမှုဖြစ်လျှင် သင့်အဆင့်အတန်းကြောင့် သင့်အား မျှတစွာ ဆက်ဆံကြမည်လော။ သမ္မာတရားဘက်မှ ရပ်တည်ကြမည်လော။ (မရပ်တည်တော့ပါ။) ဤအရာများသည် သင်ရင်ဆိုင်နေရသော စုံစမ်းသွေးဆောင်မှုများ ဖြစ်သည်။ ယင်းတို့ကို သင်ရှောင်နိုင်သလော။ ဤအရာကို သင်မည်သို့ ကိုင်တွယ်သင့်သနည်း။ အကယ်၍ တစ်စုံတစ်ယောက်က သင့်အား ညံ့ဖျင်းစွာ ဆက်ဆံလျှင် သင်သည် ၎င်းတို့အား နှစ်သက်မည် မဟုတ်ဘဲ ၎င်းတို့အား မည်သို့တိုက်ခိုက်ရမည်၊ မည်သို့ဖယ်ထုတ်ပြီး မည်သို့လက်စားချေရမည်ကို စဉ်းစားကောင်း စဉ်းစားမည်ဖြစ်သည်။ အမှန်တွင် ထိုလူနှင့်ပတ်သက်၍ အမှားအယွင်းမရှိပေ။ အခြားတစ်ဖက်တွင် အချို့သောလူတို့က သင့်ကို မြှောက်ပင့်တတ်ပြီး သင်သည် ယင်းကို မကန့်ကွက်သည်သာမက ထိုခံစားချက်ကို အမှန်ပင် ပျော်မွေ့ကောင်း ပျော်မွေ့မည်ဖြစ်သည်။ ယင်းက ဒုက္ခပေးနေသည် မဟုတ်လော။ ထိုသူတို့သည် သင်၏ လူယုံဖြစ်လာပြီး သင်၏အမိန့်ကို ပြုလုပ်ရန်အတွက် သင့်အား မြှောက်ပင့်သူများကို ချက်ချင်းပင် စတင်၍ ရာထူးတိုးကာ လေ့ကျင့်သင်ကြားမည် မဟုတ်လော။ ထိုသို့ပြုပါက သင်သည် မည်သည့်လမ်းကြောင်း၌ ရှိနေတော့မည်နည်း။ (အန္တိခရစ်များ၏ လမ်းကြောင်းဖြစ်သည်။) ဤစုံစမ်းသွေးဆောင်မှုများထဲသို့ သင်ကျရောက်ပါက အန္တရာယ်ရှိနေပြီ ဖြစ်သည်။ သင်၏ အနီးအနားတစ်ဝိုက်တွင် တစ်နေ့လုံး လူများရှိနေခြင်းသည် ကောင်းသောအရာတစ်ခုလော။ အချို့လူများက ခေါင်းဆောင်ဖြစ်လာပြီးနောက် ကိုယ့်အလုပ်ကိုယ် မလုပ်ကြောင်း၊ သို့မဟုတ် လက်တွေ့ရင်ဆိုင်ရသော ပြဿနာများကို မဖြေရှင်းကြကြောင်း ငါကြားပြီးပြီ။ ထိုအစား သူတို့စဉ်းစားသမျှမှာ ဇာတိပကတိ၏ သာယာမှုများဖြစ်သည်။ တစ်ခါတစ်ရံ သူတို့၏ ညစ်ပတ်သောအဝတ်အစားများကို အခြားသူများအား လျှော်ဖွပ်စေလျက် သူတို့အတွက် သီးသန့်လုပ်ထားသော အစားအစာများကိုပင် စားကြသည်။ အချိန်ကာလတစ်ခုအပြီး သူတို့သည် ထုတ်ဖော်ခံရခြင်းနှင့် ဖယ်ရှားရှင်းလင်းခံရခြင်းတို့ဖြင့် ဇာတ်သိမ်းကြလေသည်။ သင်တို့သည် ဤအရာမျိုးကို ကြုံတွေ့ရလျှင် ဘာလုပ်သင့်သနည်း။ သင်သည် အဆင့်အတန်းကို ပိုင်ဆိုင်ပါက လူတို့ သင့်ကို မြှောက်ပင့်ပေးကာ သင့်ကို အထူးအရေးစိုက်မှုနှင့် ဆက်ဆံကြလိမ့်မည်။ သင်သည် ဤစုံစမ်းသွေးဆောင်မှုများကို ကျော်လွှားနိုင်ပြီး ငြင်းဆန်နိုင်ကာ သင့်ကို မည်သို့ ဆက်ဆံသည်ဖြစ်စေ လူတို့ကို တရားမျှတစွာ ဆက်လက်၍ ဆက်ဆံနိုင်ပါက ဤအရာက သင်သည် မှန်ကန်သော လူအမျိုးအစားဖြစ်ကြောင်းကို သက်သေပြသည်။ သင်သည် အဆင့်အတန်းကို ပိုင်ဆိုင်ပါက လူအချို့က သင့်ကို ကြည်ညိုကြလိမ့်မည်။ သူတို့သည် သင့်အနီးတစ်ဝိုက်တွင် အမြဲနေကာ ဖော်လံဖားပြီး မြှောက်ပင့်ကြလိမ့်မည်။ ဤသည်ကို သင်အဆုံးသတ်နိုင်သလော။ ထိုသို့သော အခြေအနေများကို သင်တို့ မည်သို့ကိုင်တွယ်မည်နည်း။ သင်တို့သည် ဂရုစိုက်ဖို့ မလိုအပ်သော်လည်း တစ်စုံတစ်ယောက်က သင်တို့အား “ဖေးမသောလက်တစ်စုံ” ကို ကမ်းပေးပြီး သင်တို့အား အလိုဖြည့်ပေးပါက သင်တို့သည် အဆင့်အတန်းရှိခြင်းက သင်တို့ကို ထူးခြားစေသည်၊ ထို့ပြင် အရေးပေးဆက်ဆံမှုကို အပြည့်အဝ ခံစားဖို့ဖြစ်သည်ဟု စဉ်းစားကာ တိတ်တဆိတ် ဝမ်းမြောက်မိပေမည်။ ထိုကဲ့သို့သောအရာများ ဖြစ်တတ်သည် မဟုတ်လော။ ဤအရာက တကယ့်ပြဿနာ မဟုတ်သလော။ ထိုသို့သောအရာများကို သင်ကြုံရသောအခါ သင်၏စိတ်နှလုံးက သင့်ကို အပြစ်တင်သလော။ ရွံရှာစက်ဆုပ်ခြင်းနှင့် အလွန်မုန်းတီးခြင်းကို ခံစားရသလော။ တစ်စုံတစ်ယောက်သည် ရွံရှာစက်ဆုပ်ခြင်းနှင့် အလွန်မုန်းတီးခြင်းကို မခံစားရဘဲ ယင်းကို မငြင်းပယ်သည့်အပြင် စိတ်နှလုံး၌ စွပ်စွဲခြင်းနှင့် ပြစ်တင်ခြင်းမှ ကင်းလွတ်သော်လည်း ထိုအစား ဤအရာများကို ပျော်မွေ့လိုပြီး အဆင့်အတန်းရှိခြင်းက ကောင်းသည်ဟု ခံစားနေလျှင် ထိုကဲ့သို့သောသူ၌ အသိတရားရှိသလော။ ထိုသူ၌ ဆင်ခြင်တုံတရား ရှိသလော။ ဤသူသည် သမ္မာတရားကို လိုက်စားသောသူဖြစ်သလော။ (မဟုတ်ပါ။) ဤအရာက ဘာကိုပြသနည်း။ ဤသည်မှာ အဆင့်အတန်း၏ အကျိုးကျေးဇူးများကို တပ်မက်ခြင်းဖြစ်၏။ ဤအရာသည် သင့်ကို အန္တိခရစ်အဖြစ် မသတ်မှတ်သော်လည်း သင်သည် အန္တိခရစ်များ၏ လမ်းကြောင်း၌ စလျှောက်နေပြီဖြစ်သည်။ အရေးပေးဆက်ဆံမှုကို သင်မွေ့လျော်နေကျ ဖြစ်လာသောအခါ တစ်နေ့တွင် ထိုကဲ့သို့ အရေးပေးဆက်ဆံမှုကို မရရှိနိုင်တော့ပါက သင်စိတ်ဆိုးမည် မဟုတ်လော။ ညီအစ်ကို မောင်နှမအချို့က ဆင်းရဲပြီး သင့်ကိုဧည့်ခံဖို့ ပိုက်ဆံမရှိလျှင် သင်သည် ၎င်းတို့ကို မျှမျှတတ ဆက်ဆံမည်လော။ အကယ်၍ ၎င်းတို့က သင့်ကိုမကျေနပ်စေသည့် အမှန်တရားတစ်ခုကို သင့်အားပြောပါက သင်သည် ၎င်းတို့အပေါ် သြဇာအာဏာကို အသုံးပြုပြီး ၎င်းတို့အား မည်ကဲ့သို့ အပြစ်ပေးရမည်ကို တွေးတောနေမည်လော။ ၎င်းတို့ကို တွေ့သောအခါ မကျေနပ်မှုကို ခံစားရပြီး သင်ခန်းစာ ပေးလိုစိတ် ရှိမည်လော။ ဤအတွေးများ သင့်ထံ ရောက်လာသောအခါ သင်သည် မကောင်းမှုကျူးလွန်ဖို့ မဝေးတော့သည်မဟုတ်လော။ လူတို့အနေဖြင့် အန္တိခရစ်တို့၏လမ်းကြောင်းကို လျှောက်လှမ်းရန် လွယ်ကူသလော။ အန္တိခရစ်ဖြစ်လာဖို့ လွယ်ကူသလော။ (လွယ်ကူသည်။) ဤသည်မှာ ဒေါပွစရာအလွန်ကောင်း၏။ ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့် အရာခပ်သိမ်း၌ သမ္မာတရားကို မရှာဖွေပါက သင်တို့သည် အန္တိခရစ်တို့၏ လမ်းကြောင်းကို လျှောက်လှမ်းနေခြင်း ဖြစ်ပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဂုဏ်အဆင့်အတန်း၏ စုံစမ်းသွေးဆောင်ခြင်းနှင့် ချည်နှောင်မှုကို ဖြေရှင်းရန်နည်းလမ်း
ဘုရားသခင်ကို ယုံကြည်လာပြီးနောက်တွင် လူများစွာတို့သည် အမြဲပင် အဆင့်အတန်းကို လိုက်စားပြီး ၎င်းတို့အပေါ် လူတို့ အထင်ကြီးခြင်းရှိစေဖို့ အားထုတ်ကြသည်။ ဘုရားအိမ်တော်တွင် ၎င်းတို့သည် လူအုပ်ထဲမှ အမြဲ ထင်ပေါ်ချင်ကြပြီး လူအုပ်၏ ခေါင်းဆောင်နေရာတွင် ရှိချင်ကြသည်။ ဤအရာများအတွက် ၎င်းတို့သည် မိသားစုများကို ပစ်ပယ်ကာ အလုပ်အကိုင်များကို စွန့်လွှတ်ကြသည်၊ ဒုက္ခဆင်းရဲကို ခံစားပြီး အဖိုးအခပေးကြပြီးနောက် နောက်ဆုံးတွင် ၎င်းတို့၏ အလိုဆန္ဒ ပြည့်ကာ ခေါင်းဆောင်တစ်ဦး ဖြစ်လာကြသည်။ ခေါင်းဆောင်တစ်ဦး ဖြစ်လာပြီးနောက် ဤလူတို့၏ ဘဝများက အမှန်တကယ် ခြားနားသွားသည်။ ၎င်းတို့သည် ၎င်းတို့ ဝတ်စားဆင်ယင်ပုံနှင့် ဖီးလင်ပြင်ဆင်ပုံမှသည် စကားပြောဆို၊ ပြုမူဆောင်ရွက်ပုံများအထိ ရာထူးအာဏာရှိသော လူတို့ပုံစံနှင့်ဆိုင်သည့် မိမိတို့စိတ်ထဲတွင် ရှိနေကျ ပုံရိပ်နှင့် ဟန်ပန်များ၏ သွင်ပြင်လက္ခဏာတိုင်းကို ပေါ်လွင်စေကြသည်။ ၎င်းတို့သည် အရာရှိတစ်ဦးကဲ့သို့ မည်သို့ စကားပြောရမည်ကို သင်ယူကြသည်၊ လူများကို မည်သို့ ဩဇာပေးရမည်ကို သင်ယူကြပြီး မိမိတို့၏ ကိုယ်ရေးကိုယ်တာ အရေးကိစ္စများကို ၎င်းတို့အတွက် လူတို့အား မည်သို့ ကိုင်တွယ်ခိုင်းရမည်ဆိုသည်ကို သင်ယူကြလေသည်။ ရိုးရှင်းစွာပြောရလျှင် ၎င်းတို့သည် မည်သို့ အရာရှိဖြစ်ရမည်ကို သင်ယူကြလေသည်။ ၎င်းတို့သည် တစ်နေရာသို့ ခေါင်းဆောင်တစ်ဦးအဖြစ် သွားရောက်သည့်အခါ အရာရှိတစ်ဦးအဖြစ် သွားသည့် သဘောဖြစ်သည်။ အရာရှိဖြစ်ခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ၎င်းတို့က “အစားအစာနှင့် အဝတ်အထည်တို့အတွက် ရာထူးရရှိရန် ခက်ခဲပင်ပန်းစွာ ကြိုးစားအားထုတ်ခြင်း” ဖြစ်သည်။ ဤသည်မှာ ရုပ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုများနှင့် သက်ဆိုင်သော ကိစ္စတစ်ခုဖြစ်သည်။ ခေါင်းဆောင်တစ်ဦး ဖြစ်လာပြီးနောက် ၎င်းတို့၏ ဘဝနှင့်ပတ်သက်သည့် မည်သည့်အရာသည် ယခင်နှင့် ကွာခြားသွားသနည်း။ ၎င်းတို့စားသောက်၊ ဝတ်ဆင်သောအရာနှင့် အသုံးပြုသော အရာများ ကွာခြားသွားသည်။ ၎င်းတို့ အစာစားသည့်အခါ အာဟာရပြည့်ဝပြီး အရသာရှိရန် အထူးဂရုစိုက်လာသည်။ ၎င်းတို့ဝတ်ဆင်သော အဝတ်အစားများ၏ အမှတ်တံဆိပ်နှင့် ဟန်ပန်တို့ကို အထူးဂရုစိုက်လာသည်။ တစ်နေရာတွင် တစ်နှစ်ကြာ ခေါင်းဆောင်တစ်ဦးဖြစ်ပြီးနောက်တွင် ၎င်းတို့သည် ဝဖြိုးလာကြပြီဖြစ်သည်။ ခေါင်းမှခြေထိ နာမည်ကြီး ဒီဇိုင်နာများ၏ အဝတ်အစားများကို ၎င်းတို့ ဝတ်ဆင်ကြသည်။ ပြီးလျှင် ၎င်းတို့၏ ဖုန်း၊ ကွန်ပျူတာနှင့် ၎င်းတို့အိမ်ရှိ အသုံးအဆောင်ပစ္စည်းများသည် တန်ဖိုးကြီး အမှတ်တံဆိပ်များချည်းသာ ဖြစ်သည်။ ခေါင်းဆောင်မဖြစ်မီတွင် ၎င်းတို့၌ ဤအခြေအနေများ ရှိခဲ့သလော။ (မရှိခဲ့ပါ။) ခေါင်းဆောင် ဖြစ်လာပြီးနောက် ၎င်းတို့သည် ငွေရှာရန် အားမထုတ်ခဲ့ကြပေ၊ သို့ဆိုလျှင် ဤပစ္စည်းများအားလုံးကို ဝယ်ယူရန် ငွေများကို မည်သည့်နေရာမှ ၎င်းတို့ ရရှိခဲ့ကြသနည်း။ ညီအစ်ကိုမောင်နှမများက ဤပစ္စည်းများကို ၎င်းတို့ထံ လှူဒါန်းခဲ့သလော သို့မဟုတ် ဘုရားအိမ်တော်က ဤပစ္စည်းများကို ၎င်းတို့အတွက် ခွဲဝေသတ်မှတ်ပေးခဲ့သလော။ ဘုရားအိမ်တော်က ခေါင်းဆောင်နှင့် အမှုတော်ဆောင်တိုင်းထံ ဤပစ္စည်းများကို ခွဲဝေသတ်မှတ်ပေးသည်ကို သင်တို့ ကြားဖူးသလော။ (မကြားဖူးပါ။) သို့ဆိုလျှင် ယင်းတို့ကို ၎င်းတို့က မည်သို့ရရှိခဲ့ကြသနည်း။ မည်သို့ပင်ဖြစ်စေ ဤပစ္စည်းများသည် ၎င်းတို့၏ ကိုယ်ပိုင်အားထုတ်မှုဖြင့် ၎င်းတို့ ရရှိခဲ့ခြင်းမဟုတ်ပေ။ ထို့ထက် ထိုအရာများသည် ၎င်းတို့ အဆင့်အတန်းရရှိကာ အဆင့်အတန်း၏ အကျိုးကျေးဇူးကို မွေ့လျော်ခံစားရသည့်နေရာ ဖြစ်သည့် “အရာရှိ”တစ်ဦး ဖြစ်လာပြီးနောက်တွင် အခြားသူတို့ကို ခြိမ်းခြောက်ငွေညှစ်ခြင်းအားဖြင့်လည်းကောင်း၊ လိမ်လည်ခြင်းနှင့် သိမ်းယူခြင်းတို့မှတစ်ဆင့်လည်းကောင်း ရရှိခဲ့သည့်အရာများဖြစ်သည်။ နေရာတိုင်းရှိ အသင်းတော်များတွင် သင်တို့ ထိတွေ့ဆက်ဆံလာခဲ့သော ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များ၏ အဆင့်အမျိုးမျိုးထဲတွင် ဤကဲ့သို့သောလူများ တစ်ဦးတလေ ရှိသလော။ ၎င်းတို့ ကနဦး ခေါင်းဆောင်ဖြစ်လာချိန်တွင် မည်သည့်အရာမျှ မရှိကြသော်လည်း သုံးလမပြည့်မီတွင်ပင် ၎င်းတို့၌ တန်ဖိုးကြီး အမှတ်တံဆိပ်နာမည်ရှိသည့် ကွန်ပျူတာနှင့် လက်ကိုင်ဖုန်းများ ရှိလာကြသည်။ ခေါင်းဆောင် ဖြစ်လာပြီးနောက်တွင် အချို့လူများက ၎င်းတို့အနေဖြင့် အဆင့်မြင့် အကျိုးခံစားခွင့်ကို မွေ့လျော်ခံစားသင့်ကြောင်း၊ ၎င်းတို့ အပြင်ထွက်သည့်အခါ ကားစီးသင့်ကြောင်း၊ ၎င်းတို့အသုံးပြုသော ကွန်ပျူတာနှင့် လက်ကိုင်ဖုန်းများသည် သာမန်လူများ အသုံးပြုသည့်အရာများထက် ပိုကောင်းသင့်ကြောင်း၊ တန်ဖိုးကြီး အမှတ်တံဆိပ်ဖြစ်ရမည်ဖြစ်ပြီး မော်ဒယ်အဟောင်းဖြစ်လျှင် အသစ်နှင့် အစားထိုးရမည်ဖြစ်ကြောင်း တွေးထင်ကြလေသည်။ ဘုရားအိမ်တော်တွင် ဤစည်းမျဉ်းများ ရှိသလော။ ဘုရားအိမ်တော်တွင် ဤစည်းမျဉ်းများ မည်သည့်အခါမျှ မရှိခဲ့သကဲ့သို့ ထိုသို့ထင်မြင်သော ညီအစ်ကိုမောင်နှမ တစ်ဦးမျှ မရှိပေ။ သို့ဆိုလျှင် ဤခေါင်းဆောင်များ မွေ့လျော်ခံစားနေရသော ဤအရာများသည် မည်သည့်နေရာမှ လာသနည်း။ တစ်ချက်မှာ ၎င်းတို့သည် ဤအရာများကို ညီအစ်ကိုမောင်နှမများအား အတင်းအကျပ် တောင်းဆိုခြင်းဖြင့်လည်းကောင်း၊ ဘုရားအိမ်တော်၏ အလုပ်ကို လုပ်ဆောင်နေသည်ဟူသည့် အောင်လံကို လွှင့်ထူခြင်းအားဖြင့် ချမ်းသာသောသူတို့အား ဤပစ္စည်းများကို ၎င်းတို့အတွက် ဝယ်ယူခိုင်းစေခြင်းဖြင့်လည်းကောင်း ရရှိခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ၎င်းတို့သည် အလှူငွေများကို အလွဲသုံးစားလုပ်ကာ ခိုးယူခြင်းဖြင့် ဤအရာများကို ၎င်းတို့ကိုယ်တိုင် ဝယ်ယူခဲ့ကြခြင်းဖြစ်သည်။ ၎င်းတို့သည် အစားအစာနှင့် သောက်စရာကို ကလိမ်ကကျစ် ရယူသည့် လူဖျင်းလူညံ့များ ဖြစ်ကြသည် မဟုတ်လော။ ဤသည်မှာ ငါမျှဝေခဲ့သည့် ယခင်ကိစ္စအနည်းငယ်ထဲမှ လူများနှင့် ကွဲပြားမှုတစ်ခုတလေရှိသလော။ (မရှိပါ။) ၎င်းတို့တွင် တူညီသည့်အရာ မည်သည့်အရာရှိသနည်း။ ၎င်းတို့အားလုံးသည် အတင်းအကျပ် တောင်းဆိုခြင်းဖြင့် အလှူငွေများကို အလွဲသုံးစားလုပ်ကာ ရယူဖို့ မိမိတို့၏ရာထူးကို အသုံးပြုကြသည်။ လူအချို့က “ဘုရားအိမ်တော်တွင် အလုပ်လုပ်ခြင်းနှင့် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုတော်ဆောင်တစ်ဦး ဖြစ်ခြင်းဖြင့် ဤအရာများကို မွေ့လျော်ခံစားရန် ၎င်းတို့ အရည်အချင်းပြည့်မီကြသည် မဟုတ်လော။ ၎င်းတို့သည် အလှူငွေများကို ဘုရားသခင်နှင့်အတူ ဝေပုံကျယူရန် အရည်အချင်း ပြည့်မီကြသည်မဟုတ်လော”ဟု ပြောကြသည်။ ငါ့ကို ပြောလော့၊ ၎င်းတို့ အရည်အချင်းပြည့်မီကြသလော။ (မပြည့်မီပါ။) အကယ်၍ ဘုရားအိမ်တော်၏ အလုပ်ကို လုပ်ရန် ၎င်းတို့အနေဖြင့် ပစ္စည်းအချို့ ဝယ်ယူရန် လိုအပ်ပါက ဤကိစ္စတွင် ဘုရားအိမ်တော်၌ ထိုအရာများကို ဝယ်ယူနိုင်သည်ဟု ပြောသည့် စည်းကမ်းများရှိ၏။ သို့သော် ဤလူများသည် စည်းကမ်းများ၏ သတ်မှတ်ချက်များအတွင်းတွင် ပစ္စည်းများကို ဝယ်ယူကြခြင်းဖြစ်သလော။ (မဟုတ်ပါ။) ၎င်းတို့က ထိုသို့ ဝယ်ယူနေခြင်း မဟုတ်ကြောင်း ပြသသည့် မည်သည့်အရာကို သင်တို့မြင်သနည်း။ (အကယ်၍ ၎င်းတို့သည် အလုပ်အတွက် ထိုအရာကို အမှန်တကယ် လိုအပ်ပါက အသုံးပြု၍ရနိုင်သရွေ့ ပစ္စည်းတစ်ခုက ကောင်းမွန်သည်ဟု ၎င်းတို့ စဉ်းစားကြမည်ဖြစ်သော်လည်း အန္တိခရစ်များ လိုက်စားသည်မှာ တန်ဖိုးကြီး ဒီဇိုင်နာ ပစ္စည်းများဖြစ်ပြီး အရာအားလုံးထဲမှ အကောင်းဆုံးကို သုံးစွဲကြသည်။ ဤအချက်မှ အကဲဖြတ်ရလျှင် ၎င်းတို့သည် ဤအရာများကို မွေ့လျော်ခံစားရန် မိမိတို့၏ အဆင့်အတန်းကို အသုံးပြုနေကြကြောင်း မြင်နိုင်ပါသည်။) မှန်ပေသည်။ အကယ်၍ ထိုအရာကို အလုပ်အတွက် လိုအပ်ပါက တစ်စုံတစ်ရာမှာ အသုံးပြု၍ရနိုင်သရွေ့ ကောင်းမွန်ပေသည်။ ၎င်းတို့သည် ထိုသို့သော ဆန်းပြားပြီး ဈေးကြီးသည့် ပစ္စည်းများကို အသုံးပြုရန် အဘယ်ကြောင့် လိုအပ်သနည်း။ ထို့အပြင် ၎င်းတို့က ဤပစ္စည်းများကို ဝယ်ယူသည့်အခါ အခြားသူများသည် ဆုံးဖြတ်ချက်တွင် ပါဝင်ပြီး သဘောတူခဲ့ကြသလော။ ဤသည်မှာ ပြဿနာတစ်ခုဖြစ်သည် မဟုတ်လော။ အကယ်၍ အခြားသူများက ဆုံးဖြတ်ချက်တွင် ပါဝင်ခဲ့ပါက ၎င်းတို့အားလုံးသည် ထိုတန်ဖိုးကြီး ပစ္စည်းများကို ဝယ်ယူရန် သဘောတူနိုင်ခဲ့ကြမည်လော။ လုံးဝမဖြစ်နိုင်ပေ။ ၎င်းတို့က အလှူငွေများကို ခိုးယူခြင်းဖြင့် ဤအရာများကို ရရှိခဲ့သည်မှာ အလွန် သိသာထင်ရှားပေသည်။ ဤသည်မှာ ရှင်းရှင်းကြီးပင် ဖြစ်သည်။ ထို့အပြင် ဘုရားအိမ်တော်၌ စည်းကမ်းတစ်ခုရှိ၏။ အသင်းတော်အသီးသီးက အလှူငွေများကို စောင့်ရှောက်သည်ဖြစ်စေ၊ အလုပ်နှင့်ပတ်သက်၍ တွဲဖက်လုပ်ဆောင်သည်ဖြစ်စေ ထိုအရာက လူတစ်ဦးတည်း၏ အလုပ် လုံးဝ မဟုတ်ပေ။ သို့ဆိုလျှင် ဤလူများသည် တစ်ဦးချင်းအနေဖြင့် အလှူငွေများကို မိမိတို့ စိတ်ကြိုက် အသုံးပြုပြီး သုံးစွဲနိုင်ခဲ့ကြသည်မှာ အဘယ်ကြောင့်နည်း။ ဤသည်မှာ စည်းမျဉ်းများနှင့် မကိုက်ညီပေ။ ၎င်းတို့ လုပ်ဆောင်သည့် ဤအရာများ၏ သဘာဝမှာ အလှူငွေကို ခိုးယူခြင်းနှင့်ဆိုင်သည့် သဘာဝဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် အခြားလူတို့ကို အကြောင်းကြားရန် မဆိုထားနှင့်၊ အခြားခေါင်းဆောင်များနှင့် အမှုဆောင်များ၏ သဘောတူညီမှုနှင့် အသိအမှတ်ပြုခြင်းတို့ကို မယူဘဲ၊ ပြီးလျှင် ၎င်းတို့ လုပ်ဆောင်နေသည့်အရာကို အခြားမည်သူကမျှ မသိဘဲ ဤပစ္စည်းများကို ၎င်းတို့ ဝယ်ယူပြီး ရယူကြလေသည်။ ဤအရာ၏ သဘောသဘာဝသည် ခိုးယူခြင်းနှင့် အနည်းငယ် ဆင်တူသည်မဟုတ်လော။ ဤအရာကို အလှူငွေများအား ခိုးယူခြင်းဟု ခေါ်သည်။ ခိုးယူခြင်းသည် လိမ်လည်လှည့်ဖြားခြင်း ဖြစ်သည်။ အဘယ်ကြောင့် လိမ်လည်လှည့်ဖြားခြင်းဟု ခေါ်သနည်း။ အကြောင်းမှာ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်ကို လုပ်ဆောင်ခြင်း အလံအား လွှင့်ထူခြင်းဖြင့် ဤဆန်းပြားသော ပစ္စည်းများကို ဝယ်ယူပြီး ရရှိခဲ့ခြင်းကြောင့် ဖြစ်သည်။ ဤအပြုအမူမျိုးကို လိမ်လည်မှုဟု ခေါ်ပြီး လိမ်လည်လှည့်ဖြားခြင်းဟု ခေါ်သည်။ ဤသို့သတ်မှတ်ခြင်းဖြင့် ငါသည် လွန်လွန်းသွားပြီလော။ ငါသည် ဘာမျှမဟုတ်သည့်အရာကို ရေးကြီးခွင့်ကျယ်လုပ်နေခြင်း ဖြစ်သလော။ (မဟုတ်ပါ။) ဤအရာမျှသာမက ဤခေါင်းဆောင်ဟု ဆိုသူများသည် တစ်နေရာတွင် ခဏကြာနေပြီးနောက် ထိုနေရာရှိ ညီအစ်ကိုမောင်နှမများက ကမ္ဘာလောကတွင် မည်သည့်အလုပ်ကို လုပ်ဆောင်နေသည်၊ မည်သည့် လူမှုဆက်ဆံရေးများ ရှိကြသည်၊ ပြီးလျှင် ဤလူများထံမှ မည်သည့်အကျိုးကျေးဇူးများကို ၎င်းတို့ လိမ်လည်ယူငင်နိုင်သည်ဆိုသည်နှင့် မည်သည့် အဆက်အသွယ်များအား ၎င်းတို့ အသုံးပြုနိုင်သည်ကို အလွန်ရှင်းလင်းစွာ သိရှိရန် တစေ့တစောင်း အကဲခတ်ကြသည်။ ဥပမာအနေဖြင့် မည်သည့် ညီအစ်ကို မောင်နှမများက ဆေးရုံတွင် အလုပ်လုပ်သည်၊ အစိုးရဌာနအတွက် အလုပ်လုပ်သည်၊ သို့မဟုတ် ဘဏ်တွင် အလုပ်လုပ်သည်၊ သို့မဟုတ် မည်သူက စီးပွားရေးလုပ်ငန်းရှင်ဖြစ်သည်၊ မည်သူ၏ မိသားစုက စတိုးဆိုင်တစ်ဆိုင်ပိုင်သည်၊ ကားတစ်စီးပိုင်သည်၊ သို့မဟုတ် အိမ်ကြီးတစ်လုံးရှိသည်စသည်ဖြင့် ၎င်းတို့သည် ထိုအရာများကို အလွန်ရှင်းလင်းစွာ သိရှိဖို့ တစေ့တစောင်း အကဲခတ်နေကြသည်။ ဤအရာများသည် ဤခေါင်းဆောင်များ၏ အလုပ်နယ်ပယ်အတွင်းတွင် ရှိသလော။ ၎င်းတို့သည် ဤအရာများကို သိရှိရန် တစေ့တစောင်း အကဲခတ်နေခြင်းသည် မည်သည့်အရာကို လုပ်ဆောင်နေခြင်းဖြစ်သနည်း။ ၎င်းတို့သည် ၎င်းတို့အတွက် အစေခံမှုပေးစေဖို့၊ ၎င်းတို့ကို အစေခံစေဖို့နှင့် အဆင်ပြေမှုများ ပေးစေဖို့အတွက် ဤဆက်သွယ်မှုများကို အသုံးပြုလိုပြီး လောကတွင် အထူးရာထူးရှိသည့် ဤညီအစ်ကိုမောင်နှမများကို အသုံးပြုလိုကြလေသည်။ ၎င်းတို့အနေဖြင့် အသင်းတော်၏ အလုပ်ကို လုပ်ဆောင်ပြီး ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့၏ အခက်အခဲများကို ဖြေရှင်းရန် သမ္မာတရားကို မိတ်သဟာယပြုဖို့အတွက် ဤအရာကို လုပ်ဆောင်နေခြင်းဖြစ်သည်ဟု သင်တို့ ထင်သလော။ ယင်းမှာ ၎င်းတို့လုပ်ဆောင်နေသည့်အရာ ဖြစ်သလော။ ၎င်းတို့လုပ်ဆောင်နေသည့် ဤအရာများအားလုံး၏ နောက်ကွယ်တွင် ရည်ရွယ်ချက်နှင့် ရည်မှန်းချက်ရှိသည်။ စစ်မှန်သော ခေါင်းဆောင်များနှင့် အမှုဆောင်များက အလုပ်လုပ်သည့်အခါ ၎င်းတို့သည် ပြဿနာများကို ဖြေရှင်းခြင်းအား အာရုံစိုက်ကြပြီး အသင်းတော် အလုပ်ကို ကောင်းစွာလုပ်ဆောင်ခြင်းအား အာရုံစိုက်ကြသည်။ ၎င်းတို့သည် အသင်းတော်အလုပ်နှင့် ပတ်သက်မှု မရှိသည့်အရာများကို အာရုံမစိုက်ကြပေ။ အသင်းတော်တွင် မည်သူက မိမိ၏တာဝန်ကို ရိုးသားစွာ ထမ်းဆောင်နေသည်၊ မည်သူက မိမိ၏တာဝန်တွင် ထိရောက်မှုရှိသည်၊ မည်သူက သမ္မာတရားကို လက်ခံနိုင်ပြီး လက်တွေ့လုပ်ဆောင်နိုင်သည်ဆိုသည်နှင့် မည်သူသည် မိမိ၏တာဝန်ကို ထမ်းဆောင်ရာတွင် သစ္စာစောင့်သိသည်ဟူသည်တို့အား မေးမြန်းခြင်းကိုသာ ၎င်းတို့ အာရုံစိုက်ကြသည်။ ထို့နောက်တွင် ၎င်းတို့သည် ထိုသူတို့ကို ရာထူးတိုးပေးပြီး နှောင့်ယှက်မှုများနှင့် အဖျက်အမှောင့်ဖြစ်စေသောလူများကို စုံစမ်းစစ်ဆေးကာ ထိုသူတို့ကို စည်းမျဉ်းနှင့်အညီ ကိုင်တွယ်ဖြေရှင်းကြသည်။ ဤကဲ့သို့ လက်တွေ့လုပ်ဆောင်သူများသာလျှင် စစ်မှန်သော ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြစ်ကြသည်။ အန္တိခရစ်များသည် ဤအရာများကို လုပ်ဆောင်ကြသလော။ (မလုပ်ဆောင်ကြပါ။) ၎င်းတို့သည် မည်သည့်အရာကို လုပ်ဆောင်ကြသနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်အတွက် လိုချင်ဖွယ်ဖြစ်သောအရာများကို ရယူရန်နှင့် မိမိတို့၏ ကိုယ်ကျိုးစီးပွားအတွက် အမှုအရာများကို လုပ်ဆောင်ကြပြီး ပြင်ဆင်မှုများ ပြုလုပ်ကြသော်လည်း အသင်းတော်၏အလုပ်ကို အားစိုက် မလုပ်ဆောင်ကြသကဲ့သို့ အလေးမထားကြပေ။ ထို့ကြောင့် ၎င်းတို့သည် တစ်နေရာရာတွင် ၎င်းတို့၏ ခြေကုပ်ကို ရရှိပြီးနောက်တွင် မည်သည့်ညီအစ်ကိုမောင်နှမများက ၎င်းတို့အတွက် မည်သည့်အစေခံမှုကို ပေးနိုင်သည်ကို အတော်အတန် သိရှိသွားကြသည်။ ဥပမာအနေဖြင့် ဆေးဝါးစက်ရုံတွင် အလုပ်လုပ်သည့် မည်သူမဆိုသည် ၎င်းတို့ မကျန်းမာသည့်အခါ အခမဲ့ဆေးဝါးများကို ပေးနိုင်ပြီး ပြည်ပမှ တင်သွင်းသော အရည်အသွေးမြင့်သည့် ဆေးဝါးများကို ပေးနိုင်သည်။ ဘဏ်တွင် အလုပ်လုပ်သည့် မည်သူမဆိုက ၎င်းတို့အတွက် ငွေသွင်းငွေထုတ်များ လုပ်ဆောင်ရာတွင် အဆင်ပြေစေနိုင်သည် စသည်တို့ဖြစ်သည်။ ၎င်းတို့သည် ဤအရာများကို အလွန်ရှင်းလင်းစွာ စုံစမ်းသိရှိသွားကြသည်။ ၎င်းတို့သည် ဤလူများ၏ လူ့သဘာဝက ကောင်းသည်၊ မကောင်းသည်ကို အလေးမထားဘဲ မိမိတို့၏ရှေ့တွင် ဤလူများကို စုစည်းကြသည်။ ဤလူများက ၎င်းတို့နောက်လိုက်ကာ ၎င်းတို့၏အကူများနှင့် လက်ထောက်များ ဖြစ်ရန် လိုလားနေသရွေ့ အန္တိခရစ်များက ၎င်းတို့ကို လိုချင်ဖွယ်သောအရာများ ပေးလိမ့်မည်ဖြစ်ပြီး ၎င်းတို့ကို နီးကပ်စွာထားကာ ပြုစုပျိုးထောင်ကာ ကာကွယ်ပေးကြလိမ့်မည် ဖြစ်ပြီး တစ်ချိန်တည်းတွင် ဤလူများသည် အသင်းတော်၌ ဤအန္တိခရစ်များ၏ ရာထူးကို ခိုင်မာစေရန်နှင့် ဤအန္တိခရစ်များ၏ အင်အားစုများကို ထိန်းသိမ်းရန် အလုပ်လုပ်ကြလေသည်။ ထို့ကြောင့် အသင်းတော် ခေါင်းဆောင်တစ်ဦးက စစ်မှန်သည့် အလုပ် လုပ်နေခြင်းရှိမရှိကို သင် သိလိုသည့်အခါ ထိုအသင်းတော်ရှိ ညီအစ်ကို မောင်နှမများ၏ စစ်မှန်သော အခြေအနေအကြောင်းနှင့် အသင်းတော်အလုပ် မည်သို့ရှိသည်ကို ၎င်းတို့အား မေးမြန်းလော့။ ပြီးလျှင် ၎င်းတို့က စစ်မှန်သည့် အလုပ်ကို လုပ်ဆောင်သူတစ်ဦး အမှန်တကယ် ဟုတ်မဟုတ်ဟူသည်ကို ရှင်းလင်းစွာ သင် မြင်နိုင်လိမ့်မည်။ လူအချို့သည် အသင်းတော်ရှိ ညီအစ်ကို မောင်နှမများ၏ မိသားစု ကိစ္စများနှင့် အသက်ရှင်နေထိုင်မှု အခြေအနေများကို ရှင်းလင်းစွာ သိရန် တစေ့တစောင်း အကဲဖြတ်ကြသည်။ ၎င်းတို့အား မည်သူက ဆေးဝါးစက်ရုံတွင် အလုပ်လုပ်သည်၊ မည်သူ၏ မိသားစုက စတိုးဆိုင်တစ်ဆိုင် ပိုင်သည်၊ မည်သူ၏ မိသားစုက ကားတစ်စီးရှိသည်၊ မည်သူ၏ မိသားစုက စီးပွားရေးလုပ်ငန်းကြီးတစ်ခု လုပ်နေသည် သို့မဟုတ် မည်သူက မည်သည့်ဒေသဆိုင်ရာဌာနတွင်မဆို အလုပ်လုပ်ပြီး ညီအစ်ကိုမောင်နှမများအတွက် အမှုအရာများကို လုပ်ဆောင်ပေးနိုင်သည် ဟူသည်တို့ကို သင် မေးလျှင် ၎င်းတို့က တိကျစွာ ပြောပြနိုင်ကြသည်။ မည်သူက သမ္မာတရား လိုက်စားသည်၊ မည်သူက မိမိတာဝန်တွင် ဝတ်ကျေတမ်းကျေဖြစ်သည်၊ မည်သူက အန္တိခရစ်ဖြစ်သည်၊ မည်သူက လူတို့ကို စည်းရုံးသိမ်းသွင်းရန် ကြိုးစားသည်၊ မည်သူက ဧဝံဂေလိ ဝေမျှရာတွင် ထိရောက်သည် သို့မဟုတ် ဒေသတွင်းတွင် ဧဝံဂေလိ လက်ခံဖို့ အလားအလာရှိသည့်သူ မည်မျှရှိသည်ဟူသည်တို့ကိုမူ ၎င်းတို့က ဤအရာများကို မသိကြပေ။ ဤလူများသည် မည်သည့် လူစားမျိုး ဖြစ်ကြသနည်း။ ၎င်းတို့သည် မိမိတို့ရှိရာနေရာ၌ လူမှုဆက်နွှယ်မှုအားလုံးကို အသုံးပြုလိုကြပြီး လူမှုအသိုင်းအဝိုင်းငယ်တစ်ခု ဖြစ်လာစေရန် ယင်းတို့ကို ပေါင်းစည်းလိုကြသည်။ ထို့ကြောင့် ဤခေါင်းဆောင်များ ရှိရာနေရာကို အသင်းတော်တစ်ပါးဟု ခေါ်ဆို၍မရနိုင်ပေ။ ထိုအရာကို ၎င်းတို့ လုပ်ဆောင်ပြီးသည့်နောက်တွင် လှုမှုရေးအဖွဲ့တစ်ခု ဖြစ်လာပြီဖြစ်သည်။ ဤလူများ အတူတကွ စုဝေးသည့်အခါ ၎င်းတို့သည် မိမိတို့၏ နှလုံးများကို ဖွင့်ဟကာ အချင်းချင်း၏ အတွေ့အကြုံဆိုင်ရာ သိနားလည်မှုကို မိတ်သဟာယပြုခြင်း မရှိကြပေ။ ထိုအစား မည်သူတွင် ပိုမိုအားကောင်းသော အဆက်အသွယ်များရှိသည်၊ မည်သူက လူမှုအဖွဲ့အစည်းတွင် မြင့်မားသည့် အဆင့်အတန်းရှိပြီး အလွန်ဖြစ်မြောက်အောင်မြင်သည်၊ မည်သူသည် လူမှုအဖွဲ့အစည်းတွင် လူသိများသည်၊ မည်သူက လူ့အဖွဲ့အစည်းတွင် ဩဇာလွှမ်းမိုးမှုရှိပြီး မည်သူက ခေါင်းဆောင်အတွက် အထူးအဆင်ပြေသော ဝန်ဆောင်မှုများနှင့် လိုချင်ဖွယ်ဖြစ်သော အရာများအား ပေးနိုင်သည်ဟူသည်တို့ကို ကြည့်ကြသည်။ ဤလူများက မည်သူများ ဖြစ်သည်ဖြစ်စေ ၎င်းတို့သည် ခေါင်းဆောင်၏ စိတ်နှလုံးတွင် အဆင့်အတန်း ရှိကြသည်။ ဤသည်မှာ အန္တိခရစ်များက လုပ်ဆောင်သည့်အရာ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) အန္တိခရစ်များ လုပ်ဆောင်နေကြသည့်အရာမှာ မည်သည့်အရာဖြစ်သနည်း။ ၎င်းတို့သည် အသင်းတော်ကို တည်ဆောက်နေခြင်း ဖြစ်သလော။ ၎င်းတို့သည် အသင်းတော်ကို ဖြိုချကာ ဖျက်ဆီးနေကြခြင်းဖြစ်ပြီး ဘုရားအိမ်တော်၏ အလုပ်ကို အဖျက်အမှောင့်လုပ်ကာ နှောင့်ယှက်နေကြခြင်း ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် လွတ်လပ်သော နိုင်ငံတော်၊ မိမိတို့ကိုယ်ပိုင် သီးသန့်အဖွဲ့နှင့် အုပ်စုကို ဖန်တီးနေကြခြင်းဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ လုပ်ဆောင်သည့်အရာ ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၅)
လူအချို့တွင် အဆင့်အတန်း မရှိသကဲ့သို့ သာမန် တာဝန်များကို ထမ်းဆောင်ကြပြီး အရည်အချင်းအချို့ ရရှိကြသည့်အခါ ၎င်းတို့က အခြားသူတို့အားလည်း ၎င်းတို့ကို အစေခံစေလိုကြသည်။ လူအချို့သည် ဘေးအန္တရာယ်များသော တာဝန်အနည်းငယ်ကို ထမ်းဆောင်ကြပြီး အခြားသူတို့အား ၎င်းတို့ကို အစေခံရန်လည်း အမိန့်ပေးလိုကြသည်။ သီးသန့် တာဝန်များကို ထမ်းဆောင်ပြီး မိမိတို့တာဝန်များကို အခြေခံ သတ်မှတ်ချက်တစ်ခု၊ အပေးအယူလုပ်သည့် လုပ်ပိုင်ခွင့်တစ်ခုအဖြစ်လည်းကောင်း၊ ညီအစ်ကို မောင်နှမများအား ၎င်းတို့ကို အစေခံစေသည့် အရင်းအနှီးတစ်မျိုး အဖြစ်လည်းကောင်း သဘောထားသည့်သူအချို့လည်း ရှိသည်။ သာဓကအနေဖြင့် လူအချို့သည် အခြားသူများ သင်ယူလေ့လာခဲ့ခြင်း မရှိသည့် သို့မဟုတ် သဘောပေါက်နားလည်ခြင်း မရှိသည့် အထူးအတတ်ပညာ ကျွမ်းကျင်မှုများကို သိကြသည်။ ဘုရားအိမ်တော်တွင် ဤအတတ်ပညာ ကျွမ်းကျင်မှုများနှင့် ဆက်စပ်သည့် တာဝန်တစ်ခုကို ၎င်းတို့ စတင်လုပ်ဆောင်သည့်အခါ ၎င်းတို့က အခြားသူများနှင့် မတူကြောင်း၊ ဘုရားအိမ်တော်၌ ၎င်းတို့သည် အရေးကြီးသည့် နေရာတစ်ခုတွင် ထားရှိခြင်းခံရကြောင်း၊ ယခု ၎င်းတို့က အထက်တန်းလွှားများတွင် ရှိကြကြောင်း ၎င်းတို့က တွေးထင်ကြပြီး ၎င်းတို့ တန်ဖိုးက နှစ်ဆဖြစ်သွားကာ ၎င်းတို့က ရိုသေလေးစားထိုက်သည်ဟု အထူးသဖြင့် ခံစားကြလေသည်။ ထို့ကြောင့် ၎င်းတို့ကိုယ်တိုင် လုပ်ဆောင်ရန် မလိုအပ်သည့် အလုပ်တာဝန်အချို့ရှိကြောင်း၊ ၎င်းတို့ထံ အစားအစာ ယူလာပေးခြင်း သို့မဟုတ် ၎င်းတို့၏ အဝတ်လျှော်ပေးခြင်းကဲ့သို့သော နေ့စဉ်အလုပ်တာဝန်များနှင့် ပတ်သက်လာသည့်အခါ အခြားသူတို့အား လုပ်ခမပေးဘဲ ၎င်းတို့ကို အစေခံစေရန် အမိန့်ပေးခြင်းက ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်သည်ဟု ၎င်းတို့က တွေးထင်ကြလေသည်။ ၎င်းတို့အတွက် ညီအစ်ကို မောင်နှမများအား ဤအရာ၊ ထိုအရာ လုပ်ဆောင်စေရန်အတွက် ကိုယ့်တာဝန်နှင့်ကိုယ် အလုပ်များနေသည်ဟူသော ဆင်ခြေကို အသုံးပြုသည့်သူအချို့ပင် ရှိသည်။ မိမိတို့ကိုယ်တိုင် လုံးဝ လုပ်ဆောင်ရမည့် အရာများမှလွဲ၍ ၎င်းတို့က အခြားသူတို့အား အစေခံစေနိုင်သည့် သို့မဟုတ် ဆောင်ရွက်ရန် အမိန့်ပေးနိုင်သည့် အခြားအရာအားလုံးကိုမူ အခြားသူတို့ကို လုပ်ဆောင်ခိုင်းကြလေသည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ ၎င်းတို့က “ငါ့တွင် အရင်းအနှီးရှိသည်။ ငါသည် လေးစားရိုသေဖွယ်ဖြစ်သည်။ ဘုရားအိမ်တော်တွင် ရှားပါးသည့် ပါရမီရှင်တစ်ဦးဖြစ်သည်။ အထူးတာဝန်တစ်ခုကို ငါ ထမ်းဆောင်ပြီး ငါသည် ဘုရားအိမ်တော်၏ ပျိုးထောင်ပေးခြင်းကို အဓိက လက်ခံရရှိသည့်သူတစ်ဦးဖြစ်သည်။ သင်တို့ထဲမှ မည်သူမျှသည် ငါ့လောက် မတော်ကြပါ။ သင်တို့အားလုံးက ငါ့ထက် အဆင့်နိမ့်သည်။ ငါသည် ဘုရားအိမ်တော်အတွက် အထူးပံ့ပိုးမှုတစ်ခု ပြုလုပ်နိုင်ပြီး သင်တို့ မလုပ်နိုင်ကြ။ ထို့ကြောင့် သင်တို့ ငါ့ကို အစေခံသင့်သည်”ဟု တွေးထင်ကြသည်။ ဤသည်တို့မှာ လွန်ကဲပြီး အရှက်မဲ့သော တောင်းဆိုချက်များဖြစ်သည် မဟုတ်လော။ လူတိုင်းသည် ၎င်းတို့၏ စိတ်နှလုံးများတွင် ဤတောင်းဆိုချက်များထားရှိကြသည်။ သို့သော် အန္တိခရစ်များက ဤအရာများကို ရက်စက်စွာနှင့် အရှက်မဲ့စွာ သာ၍ပင် တောင်းဆိုကြပြီး သင်သည် သမ္မာတရားကို ၎င်းတို့အတူ မည်မျှ မိတ်သဟာယပြုသည်ဖြစ်စေ ၎င်းတို့က ယင်းတို့ကို လက်လျှော့မည် မဟုတ်ပေ။ သာမန်လူတို့သည်လည်း အန္တိခရစ်များ၏ ဤသရုပ်သကန်များကို ပိုင်ဆိုင်ကြပြီး ၎င်းတို့တွင် ပါရမီအနည်းငယ်ရှိလျှင် သို့မဟုတ် အနည်းငယ်သော ပံ့ပိုးမှုတစ်ခုခုကို ပြုလုပ်လျှင် ထိုသို့သော အထူးအကျိုးခံစားခွင့်ကို မွေ့လျော်ခံစားပိုင်ခွင့် ရှိသည်ဟု ယုံကြည်ကြလေသည်။ ၎င်းတို့သည် ကိုယ့်အင်္ကျီကိုယ်၊ ကိုယ့်ခြေအိတ်ကိုယ် လျှော်ဖွပ်ခြင်းမရှိကြဘဲ ၎င်းတို့အတွက် အခြားသူများကို လုပ်ဆောင်ခိုင်းကြပြီး လူ့သဘာဝနှင့် ဆန့်ကျင်သည့် အကျိုးသင့်အကြောင်းသင့်မဟုတ်သော တောင်းဆိုချက်အချို့ကို ပြုလုပ်ကြသည်။ ၎င်းတို့သည် ဆင်ခြင်တုံတရား အလွန် ကင်းမဲ့နေကြသည်။ လူတို့တွင် ရှိသည့် ဤစိတ်ကူးများနှင့် တောင်းဆိုချက်များသည် ဆင်ခြင်တုံရား နယ်ပယ်အတွင်းတွင် မရှိပေ။ ပထမဦးစွာ အနိမ့်ဆုံးအတိုင်းအတာကို ကြည့်သည့်အခါ ယင်းတို့သည် လူ့သဘာဝနှင့် အသိစိတ်ဆိုင်ရာ စံနှုန်းများနှင့် မကိုက်ညီပေ။ ပြီးလျှင် အမြင့်ဆုံး အတိုင်းအတာအနေဖြင့် ယင်းတို့သည် သမ္မာတရားနှင့် မကိုက်ညီပေ။ ဤသရုပ်သကန်များအားလုံးကို အန္တိခရစ်များက မိမိတို့ကိုယ်ပိုင် အကျိုးကျေးဇူးများအတွက် ကြိုးပမ်းအားထုတ်ကြသည့် အမျိုးအစားတွင် ထား၍ရပေသည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပိုင်ဆိုင်သူတိုင်းသည် ဤအရာများကို လုပ်ဆောင်နိုင်စွမ်းရှိကြပြီး ယင်းတို့ကို လုပ်လည်းလုပ်ဝံ့ကြလေသည်။ တစ်စုံတစ်ဦးတွင် ပါရမီနှင့် အရင်းအနှီး အနည်းငယ်ရှိကာ ပံ့ပိုးမှုတစ်ခုခု ပြုလုပ်လျှင် ၎င်းတို့သည် အခြားသူများကို အသုံးချလိုကြသည်။ ၎င်းတို့၏ ကိုယ်ပိုင် အကျိုးကျေးဇူးများအတွက် ကြိုးပမ်းအားထုတ်ရန် ၎င်းတို့၏ တာဝန်ထမ်းဆောင်ရသည့် အခွင့်အရေးကို အသုံးပြုချင်ကြသည်။ ၎င်းတို့အတွက် အမှုအရာများကို အသင့်ဖြစ်စေလိုကြပြီး ၎င်းတို့အား အစေခံရန် အခြားသူတို့ကို အမိန့်ပေးခြင်းမှလာသည့် ပျော်ရွှင်မှုနှင့် အကျိုးခံစားခွင့်ကို မွေ့လျော်ခံစားလိုကြသည်။ မိမိတို့တာဝန်ကို ထမ်းဆောင်ရန် မိမိတို့၏ မိသားစုများနှင့် အလုပ်များကို စွန့်လွှတ်သည့် သူအချို့ပင်ရှိပြီး ဤအချိန်အတောအတွင်းတွင် ၎င်းတို့သည် အသေးစား ရောဂါတစ်ခုခု ဖြစ်ကာ ထိုသို့ဖြင့် စိတ်လှုပ်ရှားထိခိုက်ပြီး မည်သူကမျှ ၎င်းတို့အကြောင်းကို ပူပန်ခြင်းမရှိ၊ သို့မဟုတ် ၎င်းတို့ကို စောင့်ရှောက်ခြင်းမရှိဟု ညည်းညူကြလေသည်။ သင်သည် သင်၏တာဝန်ကို သင်ကိုယ်တိုင်အတွက် ထမ်းဆောင်နေခြင်းဖြစ်သည်။ သင်သည် သင်၏ ကိုယ်ပိုင် တာဝန်ကို ထမ်းဆောင်နေပြီး သင်၏ ကိုယ်ပိုင် ဝတ္တရားကို ဖြည့်ဆည်းနေခြင်း ဖြစ်သည်။ ဤအရာသည် အခြားလူတို့နှင့် မည်သည့် ပတ်သက်မှုရှိသနည်း။ လူတစ်ဦးက မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ၊ အခြားတစ်စုံတစ်ဦးအတွက် လုံးဝ လုပ်ဆောင်ခြင်းမဟုတ် သို့မဟုတ် အခြားတစ်စုံတစ်ဦးအပေါ် အစေခံမှုအနေဖြင့် လုပ်ဆောင်ခြင်း မဟုတ်ပေ။ ထို့ကြောင့် မည်သူမျှသည် လုပ်ခမရှိဘဲ အခြားသူများကို အစေခံဖို့ မည်သည့် ဝတ္တရားမျှမရှိ သို့မဟုတ် အခြားသူတို့၏ ဩဇာပေးခြင်းခံရရန် ဝတ္တရားမရှိပေ။ ဤသည်မှာ အမှန်တရား ဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) လူတို့အနေဖြင့် ချစ်ခင်တတ်ရန်နှင့် အခြားသူများအပေါ် ၎င်းတို့ စိတ်ရှည်၊ သည်းခံတတ်ရန် ဘုရားသခင်က တောင်းဆိုသော်လည်း လူတစ်ဦးသည် အခြားသူတို့အား ဤသို့ဖြစ်ရန် ခံစားချက်အရ မတောင်းဆိုနိုင်သကဲ့သို့ ထိုသို့ဖြစ်ခြင်းက ကျိုးကြောင်းမသင့်ပေ။ သင်က ဤအရာကို တောင်းဆိုခြင်းမရှိဘဲ တစ်စုံတစ်ဦးသည် သင့်အပေါ် စိတ်ရှည်၊ သည်းခံနိုင်သကဲ့သို့ သင့်ကို ချစ်ခြင်းမေတ္တာပြနိုင်လျှင် ယင်းမှာ ၎င်းတို့၏ သဘောဖြစ်သည်။ သို့သော် သင်က ၎င်းတို့အပေါ် တောင်းဆိုသောကြောင့် ညီအစ်ကို မောင်နှမများက သင့်ကို အစေခံလျှင်၊ ၎င်းတို့သည် သင်၏ အတင်းအကျပ် စေခိုင်းခြင်းခံရကာ အသုံးချခြင်းခံရလျှင်၊ သို့မဟုတ် သင်က ၎င်းတို့ကို တစ်ပတ်ရိုက်သဖြင့် ၎င်းတို့က သင့်ကို အစေခံလျှင် သင်နှင့်ပတ်သက်၍ ပြဿနာရှိပေသည်။ အချို့သည် မိမိတို့ တာဝန်ကို ထမ်းဆောင်ရန် အခွင့်အရေးကိုပင် ကောင်းစွာ အသုံးပြုပြီး ထိုအရာကို ချမ်းသာကြွယ်ဝသော ညီအစ်ကို မောင်နှမအချို့အား ဤအရာ၊ ထိုအရာ ဝယ်စေကာ မိမိတို့အတွက် အစေခံမှုများပေးစေလျက် ၎င်းတို့ထံမှ ပစ္စည်းများကို အတင်းအဓမ္မယူရန် ဆင်ခြေတစ်ခုအဖြစ် မကြာခဏ အသုံးပြုကြသည်။ ဥပမာအနေဖြင့် ၎င်းတို့က အဝတ်အစားအချို့ ထပ်လိုအပ်လျှင် ညီအစ်ကိုတစ်ဦး သို့မဟုတ် ညီအစ်မတစ်ဦးထံ “သင်က အဝတ်အစားများ ချုပ်တတ်သည် မဟုတ်လော။ ဝတ်စရာ သွားချုပ်လော့”ဟု ပြောကြသည်။ ထိုညီအစ်ကို သို့မဟုတ် ညီအစ်မက “သို့ဆိုလျှင် သင့် ပိုက်ဆံအိတ်ကို ထုတ်လော့။ ပိတ်စအချို့ကို သင်ဝယ်လော့၊ ပြီးလျှင် တစ်စုံတစ်ရာကို ကျွန်ုပ် သင့်အတွက် ချုပ်ပေးမည်”ဟု ပြောသည်။ ၎င်းတို့က ၎င်းတို့၏ ငွေကို ထုတ်ရမည့်အစား ထိုညီအစ်ကို သို့မဟုတ် ထိုညီအစ်မကို ၎င်းတို့အတွက် ပိတ်စဝယ်ပေးဖို့ အကျပ်ကိုင်ကြသည်။ ဤလုပ်ရပ်၏ သဘာဝသည် လှည့်ဖြားတတ်သည် မဟုတ်လော။ ညီအစ်ကို မောင်နှမများကြားက ဆက်ဆံရေးကို အမြတ်ထုတ်ခြင်း၊ ၎င်းတို့၏ ကိုယ်ပိုင် အရင်းအနှီးကို အမြတ်ထုတ်ခြင်း၊ ညီအစ်ကို မောင်နှမများထံမှ အစေခံမှုနှင့် အကျိုးခံစားခွင့်မျိုးစုံကို တောင်းဆိုရန်၊ ၎င်းတို့အတွက် အလုပ်လုပ်ပေးရန် ညီအစ်ကို မောင်နှမများအား အမိန့်ပေးဖို့ မိမိတို့၏ တာဝန်ထမ်းဆောင်ရန် အခွင့်အရေးကို အမြတ်ထုတ်ခြင်းဟူသည့် ဤသည်တို့မှာ အန္တိခရစ်များ၏ နိမ့်ကျသော စရိုက်လက္ခဏာနှင့်ဆိုင်သည့် သရုပ်သကန်များသာ ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၄)
သာမန်လူများ၌ ထိုသို့သော အာဏာနှင့် ဂုဏ်အဆင့်အတန်း ရှိချင်မှရှိမည် ဖြစ်သော်လည်း ၎င်းတို့သည်လည်း အခြားသူများအား ၎င်းတို့ကို အလေးပေးသောအမြင် စွဲကိုင်စေဖို့အပြင် လူများက သူတို့၏စိတ်နှလုံးထဲ၌ ၎င်းတို့အား မြင့်မားသော ထင်မြင်ယူဆချက်ရှိဖို့နှင့် ၎င်းတို့အား မြင့်မားသော ဂုဏ်အဆင့်အတန်းဆီသို့ မြှင့်တင်ပေးဖို့ကို ဆန္ဒရှိကြသည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား ဖြစ်ပေသည်။ သမ္မာတရားကို လူတို့က နားမလည်လျှင် ဤအရာကို သတိပြုမိနိုင်စွမ်းမရှိပေ။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် သတိပြုမိရန် အခက်ခဲဆုံးဖြစ်သည်။ သင်ကိုယ်တိုင်၏ အမှားများနှင့် အားနည်းချက်များကို သတိပြုမိခြင်းသည် လွယ်ကူသော်လည်း သင်ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သတိပြုမိခြင်းက မလွယ်ကူချေ။ မိမိတို့ကိုယ်ကို မသိကြသောလူများသည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော အခြေအနေများအကြောင်း မည်သည့်အခါမျှ မပြောကြပေ။ ၎င်းတို့သည် အဆင်ပြေနေသည်ဟု အစဉ် တွေးထင်ကြသည်။ ပြီးလျှင် ၎င်းတို့သည် ကိုယ်တိုင်သတိမပြုမိဘဲ စတင် ကြွားလုံးထုတ်ကြသည်။ “ကျွန်ုပ်၏ယုံကြည်ခြင်း နှစ်များတစ်လျှောက်လုံး များပြားလှသော ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကို ကြုံတွေ့ခဲ့ရပြီး များပြားလှသော ဆင်းရဲဒုက္ခများစွာကို ခံစားခဲ့ရသည်။ ယင်းတို့အားလုံးကို ကျွန်ုပ် မည်သို့အောင်မြင်ကျော်လွှားခဲ့သည်ကို သင်တို့သိကြသလော” ဟူ၍ ဖြစ်သည်။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထားတစ်ခုလော။ မိမိတို့ကိုယ်ကို ပြသခြင်း၏ နောက်ကွယ်မှ အရင်းခံအကြောင်းသည် အဘယ်နည်း။ (လူများအား ၎င်းတို့ကို အထင်ကြီးစေဖို့ ဖြစ်သည်။) လူများအား ၎င်းတို့ကို အထင်ကြီးစေခြင်းနှင့်ပတ်သက်သည့် ၎င်းတို့၏ အကြောင်းရင်းမှာ အဘယ်နည်း။ (ထိုသို့သောလူများ၏ စိတ်များထဲတွင် ဂုဏ်အဆင့်အတန်း ပေးအပ်ခံရဖို့ဖြစ်သည်။) အခြားလူတစ်ဦး၏ စိတ်ထဲတွင် သင့်ကို ဂုဏ်အဆင့်အတန်း ပေးအပ်သည့်အခါ၊ ထို့နောက်တွင် ၎င်းတို့သည် သင်နှင့် အပေါင်းအဖော်ပြုသည့်အခါ၊ ၎င်းတို့သည် သင့်အပေါ် ရိုသေကြပြီး သင့်ကို ၎င်းတို့ စကားပြောသည့်အခါ အထူးသဖြင့် ယဉ်ကျေးကြသည်။ ၎င်းတို့သည် သင့်အပေါ် အစဉ် ကြည်ညိုလေးစားကြသည်၊ အရာအားလုံး၌ သင့်အား အစဉ် ဦးစားပေးကြသည်၊ ၎င်းတို့က သင့်အား အလျှော့ပေးကြပြီး သင့်အား မြှောက်ပင့်ကာ နာခံကြသည်။ အရာရာတွင် ၎င်းတို့က သင့်အား ရှာဖွေပြီး သင့်အား ဆုံးဖြတ်ချက်များ ချခွင့်ပြုကြသည်။ ပြီးလျှင် ဤအရာမှ သင်သည် သာယာကြည်နူးစိတ်ကို ရရှိသည်။ သင်သည် ပို၍ ဩဇာကြီးမားပြီး အခြားလူတိုင်းထက် ပိုသာသည်ဟု ခံစားရသည်။ လူတိုင်းက ဤခံစားချက်ကို နှစ်သက်ကြသည်။ ဤသည်မှာ လူတစ်ဦး၏စိတ်နှလုံးထဲတွင် အဆင့်အတန်းရှိခြင်း ခံစားချက်ဖြစ်သည်။ လူများက ဤအရာတွင် မွေ့လျော်ခံစားလိုကြသည်။ ဤသည်မှာ လူများက အဆင့်အတန်းအတွက် ယှဉ်ပြိုင်ကြသည့် အကြောင်းအရင်းဖြစ်ပြီး အားလုံးသည် အခြားလူများ၏ စိတ်နှလုံးထဲတွင် အဆင့်အတန်း ပေးအပ်ခံလိုကြသည်။ အခြားသူများ၏ အထင်ကြီးခြင်းနှင့် ကိုးကွယ်ခြင်းတို့ကို ခံလိုကြသည်။ ၎င်းတို့သည် ယင်းမှ ထိုမျှပျော်ရွှင်မှုကို မရရှိနိုင်လျှင် အဆင့်အတန်းကို လိုက်စားကြမည် မဟုတ်ချေ။ ဥပမာအားဖြင့် သင်သည် လူတစ်ဦး၏ စိတ်ထဲတွင် အဆင့်အတန်း မရှိလျှင် ၎င်းတို့သည် သင့်ကို အဆင့်အတန်းတစ်ပြေးညီ ထိတွေ့ရင်ဆိုင်ကာ သင့်ကို တန်းတူကဲ့သို့ ဆက်ဆံကြမည်။ သူတို့သည် လိုအပ်သည့်အခါတွင် သင့်ကို ဆန့်ကျင်ကြလိမ့်မည်။ ၎င်းတို့သည် သင့်အပေါ် ယဉ်ကျေးမှုရှိမည်မဟုတ်၊ သို့မဟုတ် လေးစားမည်မဟုတ်။ သင်သည် စကားပြော၍ မပြီးဆုံးသေးခင်၌ပင် ထွက်ခွာသွားကောင်း သွားနိုင်သည်။ သင် စိတ်အနှောင့်အယှက်ဖြစ်မည်လော။ လူတို့က သင့်ကို ဤသို့ဆက်ဆံသောအခါ သင်မကြိုက်ပေ။ သူတို့ သင့်ကို မြှောက်ပင့်သောအခါ၊ သင့်ကို လေးစားပြီး သင့်ကို အချိန်တိုင်း ကိုးကွယ်သောအခါ သင်သဘောကျသည်။ သင်သည် အရာအားလုံး၏ အချက်အချာဖြစ်သောအခါ၊ အရာအားလုံးက သင့်ကို ဝန်းရံပြုသောအခါ၊ ထို့ပြင် လူတိုင်းက သင့်ကို နားထောင်သောအခါ၊ သင့်ကို လေးစားပြီး သင်၏ လမ်းညွှန်မှုကို ကျိုးနွံနာခံသောအခါ ယင်းကို သင်နှစ်သက်သည်။ ဤသည်မှာ ရှင်ဘုရင်အဖြစ် စိုးစံ၍ အာဏာရလိုသော ဆန္ဒမဟုတ်လော။ သင်၏ စကားလုံးများနှင့် လုပ်ဆောင်ချက်များသည် အဆင့်အတန်းကို လိုက်စားခြင်းနှင့် ရယူခြင်းက တွန်းအားပေးခြင်းခံရပြီး ယင်းအတွက် အခြားသူများနှင့် ယှဉ်ပြီး လုယူကာ ပြိုင်ဆိုင်လေသည်။ သင်၏ပန်းတိုင်က ရာထူးနေရာတစ်ခုကို အရယူပြီး ဘုရားသခင် ရွေးချယ်ထားသော လူတို့အား သင်၏စကားကို နားထောင်စေရန်၊ သင့်ကို ထောက်ခံစေရန်နှင့် ကြည်ညိုကိုးကွယ်စေရန် ဖြစ်သည်။ ထိုရာထူးကို သင်အရယူပြီးသည်နှင့် သင်သည် သြဇာအာဏာရရှိပြီး အဆင့်အတန်း၏ အကျိုးအမြတ်များ၊ အခြားသူများထံမှ အထင်ကြီးလေးစားမှုသာမက ထိုရာထူးနှင့် အတူပါလာသည့် အခြားသော အကျိုးကျေးဇူးများကို ခံစားနိုင်မည်ဖြစ်သည်။ လူတို့သည် အခြားလူများက ၎င်းတို့ကို ပြည့်စုံသည်ဟု ထင်စေရန်အတွက် အစဉ်သဖြင့် မိမိတို့ကိုယ်ကို အယောင်ဆောင်နေကြသည်။ အခြားလူများရှေ့တွင် ကြွားဝါကြသည်။ ပုံပန်းသဏ္ဌာန်ဖမ်းပြီး ဟန်လုပ်ကြသည်။ မိမိတို့ကိုယ်ကို တန်ဆာဆင်ကြသည်။ ဤတွင် ၎င်းတို့၏ ရည်ရွယ်ချက်သည် ဂုဏ်အဆင့်အတန်းရရှိရန်ဖြစ်သည်။ ဤသို့ဖြင့် ဂုဏ်အဆင့်အတန်း၏ အဆောင်အယောင်များကို ခံစားရနိုင်ရန်ဖြစ်သည်။ သင်သည် ဤအရာကို မယုံကြည်ပါက ယင်းကို သေချာစွာ တွေးတောဆင်ခြင်လော့။ သင်သည် အဘယ့်ကြောင့် လူများအား သင့်ကို အစဉ် အထင်ကြီးစေချင်ရသနည်း။ သင်သည် လူတို့ကို သင့်အား ကိုးကွယ်ပြီး အထင်ကြီးလေးစားစေရန် ပြုလုပ်လိုသည်။ ထို့ကြောင့် သင်သည် နောက်ဆုံးတွင် အာဏာရယူပြီး ဂုဏ်အဆင့်အတန်း၏ အကျိုးကျေးဇူးများကို ခံစားနိုင်သည်။ သင်အရူးအမူးရှာဖွေသည့် ဂုဏ်အဆင့်အတန်းက သင့်အား အကျိုးအမြတ်များစွာကို ယူဆောင်လာပေးမည်ဖြစ်ပြီး ဤအကျိုးအမြတ်များမှာ အခြားလူများက အားကျပြီး စိတ်ဆန္ဒရှိသည့်အရာ အတိအကျပင်ဖြစ်သည်။ ဂုဏ်အဆင့်အတန်းက ပေးသည့် အကျိုးကျေးဇူးများစွာကို လူတို့က မြည်းစမ်းရသောအခါ ၎င်းတို့ကို အဆိပ်သင့်စေပြီး ထိုစည်းစိမ်ကြွယ်ဝသော ဘဝတွင် မွေ့လျော်ကြသည်။ ဤအရာသာလျှင် အချည်းနှီးမဟုတ်သော ဘဝဖြစ်သည်ဟု လူတို့က ထင်ကြသည်။ ဖောက်ပြန်ပျက်စီးနေသော လူသားများသည် ဤအရာများအား ခံစားမွေ့လျော်ခြင်း၌ ပျော်ရွှင်ကြသည်။ ထို့ကြောင့် လူတစ်ဦးသည် တစ်စုံတစ်ခုသော ရာထူးတစ်ခုကို ရရှိ၍ ယင်းက ယူဆောင်လာသည့် အမျိုးမျိုးသော အကျိုးကျေးဇူးများကို စတင်ခံစားသည်နှင့် တစ်ပြိုင်နက် သူသည် ဤအပြစ်ရှိသော သာယာမှုများကို မဆုတ်မနစ်ဖြင့် မစွန့်လွှတ်နိုင်သည်အထိပင် လိုချင်တပ်မက်ကြ၏။ အနှစ်သာရအားဖြင့် ကျော်ကြားမှုနှင့် အဆင့်အတန်းကို လိုက်စားခြင်းသည် ရှင်ဘုရင်အဖြစ် အုပ်စိုးရန်၊ ဘုရားသခင် ရွေးချယ်ထားသော လူများကို ချုပ်ကိုင်ရန်၊ အရာခပ်သိမ်းကို အုပ်စိုးရန်နှင့် မိမိတို့၏ ရာထူးအခွင့်ထူးများဖြင့် ဇိမ်ခံကာ အပြစ်ရှိသော သာယာမှုများ၌ သူတို့ပျော်မွေ့နိုင်သည့် လွတ်လပ်သောနိုင်ငံတော်ကို တည်ထောင်ရန်အတွက် အဆင့်အတန်းတစ်ခုခုနှင့်အတူ ပါလာသည့် အကျိုးကျေးဇူးများ၌ မွေ့လျော်ခံစားလိုသော စိတ်ဆန္ဒက တွန်းအားပေးခြင်း ဖြစ်သည်။ စာတန်သည် လူတို့ကို လှည့်စားရန်၊ လိမ်လည်လှည့်ဖြားရန်၊ အတုအယောင် ပုံဖမ်းသရုပ်ဆောင်ခြင်းများကို ပြလျက် ၎င်းတို့ကို အရူးလုပ်ရန် နည်းလမ်းမျိုးစုံကို အသုံးပြုသည်။ ၎င်းကို နာခံပြီး ကိုးကွယ်အောင်ပြုလုပ်ရန် အဆုံးစွန်ပန်းတိုင်ဖြင့် လူတို့ကို လေးစားပြီး ကြောက်ရွံ့စေရန် ခြောက်လှန့်ခြင်းနှင့် ခြိမ်းခြောက်ခြင်းတို့ကိုပင် စာတန် အသုံးပြုသည်။ ဤသည်မှာ စာတန်ကို ကျေနပ်စေသည့်အရာ ဖြစ်သည်။ ဤသည်မှာ လူတို့ကို စည်းရုံးသိမ်းသွင်းရန် ဘုရားသခင်နှင့် ယှဉ်ပြိုင်ရာတွင် စာတန်၏ ပန်းတိုင်လည်းဖြစ်သည်။ ထို့ကြောင့် သင်တို့သည် အခြားလူများကြားတွင် ဂုဏ်အဆင့်အတန်းနှင့် ဂုဏ်သတင်းအတွက် ယှဉ်ပြိုင်ကြသောအခါ သင်တို့သည် မည်သည့်အရာအတွက် ယှဉ်ပြိုင်နေကြသနည်း။ အမှန်တကယ်ပင် ကျော်ကြားမှုအတွက် ဖြစ်သလော။ မဟုတ်ပေ။ စင်စစ်အားဖြင့် သင်သည် သင့်အား ကျော်ကြားမှုက ဆောင်ကြဉ်းပေးသည့် အကျိုးကျေးဇူးများအတွက် ကြိုးပမ်းနေခြင်း ဖြစ်သည်။ အကယ်၍ သင်သည် ထိုအကျိုးကျေးဇူးများကို အမြဲခံစားချင်ပါက ၎င်းတို့အတွက် သင် ကြိုးပမ်းရမည် ဖြစ်သည်။ သို့သော် သင်သည် ထိုအကျိုးကျေးဇူးများကို တန်ဖိုးမထားဘဲ “လူတို့က ကျွန်ုပ်ကို မည်သို့ဆက်ဆံသည်မှာ အရေးမကြီးပေ။ ကျွန်ုပ်သည် သာမန်လူတစ်ယောက်ပင်။ ကျွန်ုပ်သည် ထိုသို့သော ကောင်းမွန်စွာ ဆက်ဆံခြင်းကို မခံထိုက်သကဲ့သို့ ကျွန်ုပ်သည် လူတစ်ဦးကို ကိုးကွယ်လိုစိတ်လည်း မရှိပေ။ ဘုရားသခင်သည် ကျွန်ုပ် အမှန်တကယ် ကိုးကွယ်ကြောက်ရွံ့သင့်သည့် တစ်ပါးတည်းသော ဘုရားဖြစ်သည်။ ကိုယ်တော်သာလျှင် ကျွန်ုပ်၏ဘုရားသခင်နှင့် ကျွန်ုပ်၏သခင် ဖြစ်တော်မူ၏။ တစ်စုံတစ်ယောက်သည် မည်မျှကောင်းသည်ဖြစ်စေ၊ သူ၏ အစွမ်းအစများ မည်မျှကြီးမားသည်ဖြစ်စေ၊ သူ၏ ပါရမီ မည်မျှကြီးမားသည်ဖြစ်စေ၊ သူ၏ပုံရိပ် မည်မျှ ကြီးကျယ်ခမ်းနားသည်ဖြစ်စေ၊ ပြီးပြည့်စုံသည်ဖြစ်စေ ယင်းတို့သည် သမ္မာတရား မဟုတ်သောကြောင့် ကျွန်ုပ်၏ ကြည်ညိုလေးစားရာ မဟုတ်ပါ။ သူသည် ဖန်ဆင်းရှင်မဟုတ်၊ ၎င်းသည် ကယ်တင်ရှင်မဟုတ်၊ ထို့ပြင် လူသား၏ကံကြမ္မာအပေါ် စီစဉ်ညွှန်ကြားခြင်း သို့မဟုတ် အချုပ်အခြာအာဏာဖြင့် အုပ်စိုးခြင်းမပြုနိုင်ပေ။ ၎င်းသည် ကျွန်ုပ်၏ ကိုးကွယ်ရာမဟုတ်ပေ။ မည်သည့်လူသားကမျှ ကျွန်ုပ်၏ ကိုးကွယ်ခြင်းနှင့် မထိုက်တန်” ဟုဆိုလျှင် ဤသည်မှာ သမ္မာတရားအတိုင်း မဟုတ်သလော။ ဆန့်ကျင်ဘက်အားဖြင့် သင်သည် အခြားသူများကို မကိုးကွယ်ပါက ၎င်းတို့သည် သင့်ကို စတင်ကိုးကွယ်လာလျှင် ၎င်းတို့ကို မည်ကဲ့သို့ ဆက်ဆံသင့်သနည်း။ သင်သည် ၎င်းတို့အား ထိုသို့ပြုလုပ်ခြင်းမှ တားဆီးရန် နည်းလမ်းရှာရမည်ဖြစ်ပြီး ထိုကဲ့သို့သော စိတ်နေစိတ်ထားမှ လွတ်မြောက်အောင် ကူညီပေးရမည်။ သင်သည် သင်၏သရုပ်အမှန်ကို ပြသရန် နည်းလမ်းရှာရမည် ဖြစ်ပြီး သင်၏အကျည်းတန်မှုနှင့် စစ်မှန်သော သဘာဝဗီဇကို ၎င်းတို့ကို မြင်ခွင့်ပေးရမည်။ သော့ချက်မှာ သင်၏အစွမ်းအစများ မည်မျှကောင်းသည်ဖြစ်စေ၊ မည်မျှပညာများစွာ တတ်မြောက်သည်ဖြစ်စေ၊ သင်မည်မျှနှံ့စပ်သည်ဖြစ်စေ၊ ဉာဏ်ရည်ထက်မြက်သည်ဖြစ်စေ သင်သည် သာမန်လူတစ်ဦးမျှသာ ဖြစ်နေသေးကြောင်း လူတို့ကို နားလည်စေရန်ဖြစ်သည်။ သင်သည် မည်သူ့အတွက်မျှ ကြည်ညိုစရာ သို့မဟုတ် ကိုးကွယ်စရာ မဟုတ်ပေ။ ပထမဆုံးအနေဖြင့် သင်သည် သင့်ရာထူးနေရာတွင် ခိုင်မာစွာရပ်တည်ရမည်၊ ထို့ပြင် အမှားလုပ်မိပြီးနောက် သို့မဟုတ် သင့်ကိုယ်သင် အရှက်ရစေပြီးနောက် နောက်ဆုတ်မသွားရပေ။ အမှားလုပ်မိပြီးနောက် သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် အရှက်ရစေပြီးနောက် သင်သည် ယင်းကို အသိအမှတ်ပြုဖို့ ပျက်ကွက်သည်သာမက ဖုံးကွယ်ရန် သို့မဟုတ် အပေါ်ယံရွှေမှုန်ကြဲရန်အတွက်လည်း လှည့်စားမှုကို အသုံးပြုပါက သင်သည် သင့်အမှားကို ပိုဆိုးစေပြီး ကိုယ့်ကိုယ်ကိုယ် ပို၍ အကျည်းတန်ပုံပေါက်စေခြင်း ဖြစ်သည်။ သင်၏ရည်မှန်းချက်က ပို၍ပင် ပေါ်လွင်လာပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ပြုမူနေထိုင်ခြင်းတွင် ရှိထားသင့်သည့် စည်းမျဉ်းများ
အန္တိခရစ်တစ်ဦးက အဆင့်အတန်းကို ရရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကို ထိန်းထား၍ရတော့ပေ။ ၎င်းတို့သည် အခြားသူတို့ကို ခြေအောက်တွင် နင်းချေရမည့် အရာများအဖြစ် မြင်ကြပြီး ၎င်းတို့ လုပ်ဆောင်သည့် အရာရာတိုင်းတွင် ထင်ပေါ်ကျော်ကြားမှုကို ခိုးယူချင်ကြသည်၊ အခွင့်အရေး အပြည့်အဝ ယူချင်ကြသည်။ ၎င်းတို့ လုပ်ဆောင်သည့် အရာရာအပြင် ၎င်းတို့ စကားပြောဆိုသည့်အခါတွင် အသာစီးရဖို့ ကြိုးပမ်းကြသည်။ မည်သည့်ထိုင်ခုံတွင် ၎င်းတို့ ထိုင်သည်ဖြစ်စေ အထူးထိုင်ခုံ ဖြစ်စေချင်ကြသည်။ ဘုရားအိမ်တော်၌ မည်သည့် ဆက်ဆံရေးကို မွေ့လျော်ရသည်ဖြစ်စေ အခြားမည်သူမဆို ရရှိသည့်အရာထက် ပိုကောင်းစေချင်ကြသည်။ ၎င်းတို့သည် လူတိုင်းအား ၎င်းတို့အပေါ် ပိုမိုအထင်ကြီးစေချင်ကြပြီး အခြားမည်သူမဆိုထက် ပို၍ အကောင်းမြင်စေချင်ကြသည်။ ၎င်းတို့တွင် အဆင့်အတန်း မရှိသည့်အခါ အဆင့်အတန်းကို လုယူချင်ကြပြီး ၎င်းတို့တွင် အဆင့်အတန်းရှိသည်နှင့်တစ်ပြိုင်နက် အလွန့်အလွန် မာနထောင်လွှားလာကြလေသည်။ ၎င်းတို့ကို စကားပြောသည့် မည်သူမဆို ၎င်းတို့ကို မော့ကြည့်ရမည်၊ မည်သူမျှ ၎င်းတို့နှင့် ဘေးချင်းယှဉ် လမ်းလျှောက်၍မရဘဲ ထိုအစား နောက်တွင် ခြေတစ်လှမ်း သို့မဟုတ် နှစ်လှမ်းအကွာတွင် ရှိနေရမည်ဖြစ်သည်။ မည်သူကမျှ ၎င်းတို့ကို အလွန် ကျယ်လောင်စွာ သို့မဟုတ် အလွန်ကြမ်းတမ်းစွာ စကားပြော၍မရ၊ မမှန်သည့် စကားများကို အသုံးပြု၍မရ သို့မဟုတ် ၎င်းတို့ကို မမှန်သည့် နည်းလမ်းဖြင့် ကြည့်၍မရပေ။ ၎င်းတို့သည် အားလုံးကို ချစ်တီးခေါင်းသန်းရှာကြလိမ့်မည်ဖြစ်ပြီး ယင်းတို့နှင့်ပတ်သက်၍ ပြောမည့်အရာ တစ်စုံတစ်ခု ရှိလိမ့်မည်။ မည်သူကမျှ ၎င်းတို့ကို စိတ်အနှောင့်အယှက်ပေး၍မရ သို့မဟုတ် ဝေဖန်၍မရ။ ထိုအစား လူတိုင်းက ၎င်းတို့ကို ရိုသေးလေးစားရမည်၊ ၎င်းတို့ကို ကပ်ဖားရမည်ဖြစ်ပြီး မြှောက်ပင့်ရမည်ဖြစ်သည်။ အန္တိခရစ်က အဆင့်အတန်းကို ရရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ သွားသည့်နေရာတိုင်းတွင် ထင်ရာမြင်ရာနှင့် တစ်ဇွတ်ထိုး ပြုမူဆောင်ရွက်ကြလိမ့်မည်ဖြစ်ပြီး အခြားသူတို့က ၎င်းတို့ကို ရိုသေလေးစားကြရန်အလို့ငှာ ကြွားဝါကြလိမ့်မည်။ ၎င်းတို့သည် အဆင့်အတန်းကို အကြိုက်တွေ့ကြပြီး အခြားသူတို့၏ လေးစားမှုကို အမှန်တကယ် တန်ဖိုးထားကြသည်သာမက ရုပ်ဝတ္ထု ပျော်ရွှင်မှုများသည်လည်း ၎င်းတို့အတွက် အထူးအရေးကြီးလေသည်။ ၎င်းတို့သည် အကောင်းဆုံး ဆက်ဆံမှုပေးသည့် အိမ်ရှင်များနှင့်အတူ နေချင်ကြသည်။ ၎င်းတို့၏ အိမ်ရှင်က မည်သူဖြစ်သည်ဖြစ်စေ ၎င်းတို့ စားသည့်အရာနှင့်စပ်လျဉ်း၍ ၎င်းတို့တွင် သီးသန့် တောင်းဆိုမှုများ ရှိကြပြီး အစားအစာက အတော်အတန် မကောင်းလျှင် မိမိတို့၏ အိမ်ရှင်ကို ပြုပြင်ဖို့ အခွင့်အရေး ရှာကြလိမ့်မည်။ ၎င်းတို့သည် အဆင့်မမီသော မည်သည့် ပျော်ရွှင်မှုကိုမဆို လက်ခံရန် ငြင်းပယ်ကြသည်။ ၎င်းတို့၏ အစားအစာ၊ အဝတ်အစား၊ နေရာထိုင်ခင်းနှင့် သယ်ယူပို့ဆောင်ရေး အားလုံးတို့သည် သိသိသာသာ ပိုကောင်းရမည်ဖြစ်သည်၊ သာမန်က တကယ်ကို အဆင်ပြေလိမ့်မည် မဟုတ်ပေ။ ၎င်းတို့သည် သာမန် ညီအစ်ကို မောင်နှမများရရှိသည့် အရာနှင့် အတူတူပင်ဖြစ်သော အရာများကို လက်မခံနိုင်ကြပေ။ အခြားသူတို့က မနက် ၅ နာရီ သို့မဟုတ် ၆ နာရီ ထမည်ဆိုလျှင် ၎င်းတို့က မနက် ၇ နာရီ သို့မဟုတ် ၈ နာရီ ထကြလိမ့်မည်။ ၎င်းတို့အတွက် အကောင်းဆုံး အစားအစာနှင့် ပစ္စည်းများကို သီးသန့်ထားပေးရမည်ဖြစ်သည်။ လူတို့ ပေးသည့် လှူဖွယ်ပစ္စည်းများပင်လျှင် ပထမဦးစွာ ၎င်းတို့၏ ဆန်းစစ်ခြင်း ခံရမည်ဖြစ်ပြီး ကောင်းသည့်အရာ သို့မဟုတ် တန်ဖိုးရှိသည့်အရာ မည်သည့်အရာကိုမဆို သို့မဟုတ် ပျော်မွေ့သည့် မည်သည့်အရာကိုမဆို ၎င်းတို့ သိမ်းထားကြလိမ့်မည်ဖြစ်ကာ အသင်းတော်အတွက် အကြွင်းအကျန်များကို ချန်ထားကြလိမ့်မည်။ ပြီးလျှင် အန္တိခရစ်များ လုပ်ဆောင်သည့် စက်ဆုပ်ဖွယ် အကောင်းဆုံးသောအရာ အခြားတစ်ခု ရှိ၏။ ထိုအရာမှာ မည်သည့်အရာနည်း။ ၎င်းတို့တွင် အဆင့်အတန်း ရှိသည်နှင့် တစ်ပြိုင်နက် ၎င်းတို့၏ အာသာဆန္ဒက ကြီးထွားလာသည်၊ ၎င်းတို့၏ ရည်မှန်းချက်များက ကြီးမားလာပြီး အပျော်အပါး လိုက်စားတတ်လာကြသည်။ ထို့နောက်တွင် ၎င်းတို့သည် ငွေသုံးလိုစိတ်၊ စားသောက်လိုစိတ် ဖြစ်ပေါ်ကြပြီး သို့ဖြစ်၍ အသင်းတော်၏ အလုပ်အတွက် အသင်းတော်က အသုံးပြုသည့် ငွေများအားလုံးကို မိမိတို့အတွက် ပိုင်ဆိုင်ချင်ကြသည်၊ မိမိတို့ နှစ်သက်သည့် မည်သည့်ပုံစံဖြင့်မဆို ခွဲဝေလိုကြသည်၊ မိမိတို့ အလိုဆန္ဒများအတိုင်း ထိန်းချုပ်ချင်ကြလေသည်။ အန္တိခရစ်များသည် ဤအာဏာမျိုးနှင့် ဤဆက်ဆံမှုမျိုးကို အကြိုက်တွေ့ကြပြီး ၎င်းတို့တွင် အာဏာရှိသည်နှင့်တစ်ပြိုင်နက် ကြည့်ရှုစစ်ဆေးခြင်းများအားလုံးနှင့် အမျိုးမျိုးသော သဘောတူညီချက်များကဲ့သို့ အရာရာတိုင်းပေါ် မိမိတို့၏ နာမည်ကို လက်မှတ်ထိုးချင်ကြသည်။ ၎င်းတို့သည် ဘောပင်တစ်ချောင်းဖြင့် မိမိတို့၏ လက်မှတ်ကို မရပ်မနား ရေးရသည့် ခံစားချက်၊ ငွေကို ရေလို ဖြုန်းတီးရသည့် ခံစားချက်ကို မွေ့လျော်ခံစားချင်ကြသည်။ အန္တိခရစ်တစ်ဦးတွင် အဆင့်အတန်းမရှိသည့်အခါ ၎င်းတို့ထဲ၌ ဤသရုပ်သကန်များကိုဖြစ်စေ၊ ၎င်းတို့က ဤလူစားမျိုး ဖြစ်သည်ကိုဖြစ်စေ၊ ၎င်းတို့တွင် ဤစိတ်သဘောထားမျိုး ရှိသည်ကိုဖြစ်စေ၊ ၎င်းတို့က ထိုသို့သောအရာများ လုပ်ဆောင်ကြမည်ကိုဖြစ်စေ မည်သူမျှ မမြင်နိုင်ကြပေ။ သို့သော် ၎င်းတို့က အဆင့်အတန်း ရရှိသည်နှင့်တစ်ပြိုင်နက် ဤအရာအားလုံး ပေါ်လွင်သွားသည်။ ၎င်းတို့က နံနက်တွင် ရွေးကောက်ခံရလျှင် ထိုနေ့ နေ့လည်အရောက်၌ ၎င်းတို့ အလွန့်အလွန် မာနထောင်လွှားလာကြသည်၊ ၎င်းတို့က ခေါင်းမော့ရင်ကော့နေကြသည်၊ စိတ်ကြီးဝင်ကြပြီး သာမန်လူတို့ကို အရေးမထားကြပေ။ အပြောင်းအလဲက အလွန်မြန်ဆန်စွာ ဖြစ်သွားသည်။ သို့သော် အမှန်တွင် ၎င်းတို့ မပြောင်းလဲကြပေ။ ၎င်းတို့ ထုတ်ဖော်ခံရခြင်းသာ ဖြစ်သည်။ ၎င်းတို့သည် ဤမာနထောင်လွှားသည့် ဟိတ်ဟန်များကို ပြုလုပ်ကြပြီး မည်သည့်အရာကို လုပ်ဆောင်ကြမည်နည်း။ ၎င်းတို့သည် အသင်းတော်တွင် ကပ်ပါးရပ်ပါး လုပ်လိုကြသည်၊ အဆင့်အတန်း၏ အကျိုးကျေးဇူးများကို မွေ့လျော်ချင်ကြသည်။ တစ်စုံတစ်ဦးက အရသာရှိသော အစားအစာကို တည်ခင်းသည့်အခါတိုင်းတွင် ၎င်းတို့သည် မိမိတို့၏ အနံ့ထွက်နေသည့် ခန္ဓာကို ထိန်းသိမ်းဖို့ အားဆေးများကို တောင်းဆိုရင်း ထိုအစားအစာကို စတင်၍ ခေါင်းမဖော်တမ်း စားကြလေသည်။ အထူးအခွင့်အရေးများကို အန္တိခရစ်များ ပျော်မွေ့ခြင်းက မကြာခဏ ဖြစ်ပွားသည်။ ဆိုးရွားမှု အဆင့်အရသာ ကွာခြားချက်များ ရှိသည်။ သွေးသား ပျော်ရွှင်မှုများကို ဖက်တွယ်သည့် လူတစ်ဦးတလေက ခေါင်းဆောင်တစ်ဦး ဖြစ်လာသည့်အခါ ၎င်းသည် အထူးအခွင့်အရေးများကို အကြိုက်တွေ့ချင်ကြသည်။ ဤသည်မှာ အန္တိခရစ်များ၏ စိတ်သဘောထား ဖြစ်သည်။ ၎င်းတို့အနေဖြင့် အဆင့်အတန်းကို ရရှိသည်နှင့်တစ်ပြိုင်နက် လုံးဝ ကွဲပြားခြားနားလာကြသည်။ အဆင့်အတန်းနှင့်အတူ လာသည့် ပျော်ရွှင်မှုများနှင့် အထူးဆက်ဆံမှုအားလုံးကို ခိုင်မာစွာနှင့် သေသေချာချာ မျှော်မှန်းကြသည် ဖက်တွယ်ထားကြသည်၊ လက်လွှတ်ကြလိမ့်မည်မဟုတ်၊ မိမိတို့၏ ချုပ်ကိုင်မှုကို တစ်စက်လေးမျှ အလျှော့ပေးလိမ့်မည်မဟုတ်၊ အနည်းငယ်မျှ လက်လွှတ်ဆုံးရှုံးခွင့်ပေးကြလိမ့်မည် မဟုတ်ပေ။ အန္တိခရစ်များ၏ ဤသရုပ်သကန်များနှင့် အလေ့အထများထဲမှ မည်သည့်အရာသည် သမ္မာတရား စည်းမျဉ်းများအတိုင်း ပြုမူဆောင်ရွက်ခြင်း ဖြစ်သနည်း။ တစ်ခုမျှ မဟုတ်ပေ။ ထိုအရာတစ်ခုစီတိုင်းသည် မြင်ရသည်မှာ အော်ဂလီဆန်စရာဖြစ်ပြီး စက်ဆုပ်စရာဖြစ်သည်။ ၎င်းတို့၏ အလေ့အထများနှင့် သရုပ်သကန်များသည် သမ္မာတရား စည်းမျဉ်းများနှင့် မကိုက်ညီသည်သာမက ၎င်းတို့သည် အသိစိတ်၊ ဆင်ခြင်တုံတရား၊ သို့မဟုတ် ရှက်စိတ် အနည်းငယ်မျှပင် မပိုင်ဆိုင်ကြပေ။ အန္တိခရစ်များတွင် အဆင့်အတန်းရှိသည့်အခါ မကောင်းမှုများကို မဆင်မခြင် ကျူးလွန်ကာ မိမိတို့ကိုယ်ပိုင် အာဏာနှင့် အဆင့်အတန်းအတွက် ကြိုးစားခြင်းအပြင် ၎င်းတို့သည် အသင်းတော်၏ အလုပ် သို့မဟုတ် ညီအစ်ကို မောင်နှမများ၏ အသက်ဝင်ရောက်မှုကို အကျိုးပြုမည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ရန် ပျက်ကွက်ကြသည်သာမက အဆင့်အတန်း၏ အကျိုးကျေးဇူးများ၊ သွေးသား ပျော်ရွှင်မှုများနှင့် လူတို့က ၎င်းတို့ကို အထင်ကြီးကာ အမွန်အမြတ်ထားခြင်းတို့ကိုလည်း ပျော်မွေ့ကြလေသည်။ အချို့သော အန္တိခရစ်များသည် ၎င်းတို့ကို အစေခံရန် လူများကိုပင် ရှာကြကာ ၎င်းတို့သောက်သည့် လက်ဖက်ရည်ကို အခြားသူတို့အား တည်ခင်းစေပြီး ၎င်းတို့ ဝတ်သည့် အဝတ်အစားများကို အခြားသူတို့အား လျော်ဖွတ်စေသည့်အပြင် ၎င်းတို့ ရေချိုးသည့်အခါတွင်ပင် မိမိတို့၏ ကျောကို ပွတ်တိုက်ပေးဖို့ သီးသန့် လူတစ်ဦး ထားကာ ၎င်းတို့ အစားစားသည့်အခါ လိုလေးသေးမရှိ ပြုစုပေးမည့်သူတစ်ဦး ထားကြသည်။ သာ၍ပင်ဆိုးသည်မှာ အချို့သည် တစ်နေ့သုံးနပ်စာ အသီးသီးအတွက် သတ်မှတ်ထားသည့် စားသောက်ဖွယ်စာရင်းတစ်ခုပင် ရှိကြပြီး ဤအရာတင်မက အားဆေးများ သုံးစွဲချင်ကြပြီး ၎င်းတို့အတွက် မတူညီသည့် ဟင်းချိုမျိုးစုံကို ပြုတ်စေချင်ကြလေသည်။ အန္တိခရစ်များတွင် အရှက်တရား ရှိကြသလော။ မရှိကြပေ။ ထိုလူစားမျိုးကို ရိုးရိုး ပြုပြင်ခြင်းက အတော်အတန် သက်ညှာခြင်းဖြစ်သည်ဟု သင်တို့ ပြောကြမည်လော။ ၎င်းတို့ကို ပြုပြင်ခြင်းသည် ၎င်းတို့အား ရှက်စေလိမ့်မည်လော။ (ရှက်စေမည်မဟုတ်ပါ။) သို့ဆိုလျှင် ဤပြဿနာကို မည်သို့ ဖြေရှင်းနိုင်သနည်း။ အတော်လေး ရိုးရှင်းပေသည်။ ပြုပြင်ပြီးနောက် ၎င်းတို့ကို ဖော်ထုတ်ပြီး ၎င်းတို့ အဘယ်အရာဖြစ်သည်ကို သိခွင့်ပေးလော့။ ဤအရာကို ၎င်းတို့ အလျှော့ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ ၎င်းတို့ ထုတ်ပယ်ခံရသင့်ပြီး လူတိုင်းက ၎င်းတို့ကို ငြင်းပယ်သင့်ပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၁
ဖောက်ပြန်ပျက်စီးသောလူသည် အဆင့်အတန်း လိုက်စားရသည်ကို နှစ်သက်ပြီး ယင်း၏အကျိုးကျေးဇူးများကို ပျော်မွေ့သည်။ သင်သည် လက်ရှိတွင် အဆင့်အတန်းရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဤအရာသည် မည်သူအတွက်မဆို မှန်ကန်လေသည်။ အဆင့်အတန်းကို စွန့်လွှတ်ရန်နှင့် ယင်း၏ စုံစမ်းသွေးဆောင်မှုများကို ဖယ်ရှားရန် အလွန်တရာ ခက်ခဲသည်။ ဤအရာသည် လူသား၏ဘက်မှ များစွာသော ပူးပေါင်းဆောင်ရွက်မှု လိုအပ်သည်။ ထိုသို့သော ပူးပေါင်းဆောင်ရွက်မှုတွင် မည်သည့်အရာ ပါဝင်သနည်း။ အဓိကအားဖြင့် သမ္မာတရားကို ရှာဖွေခြင်း၊ သမ္မာတရားကို လက်ခံခြင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ခြင်းနှင့် ပြဿနာများ၏ အနှစ်သာရကို ရှင်းရှင်းလင်းလင်း သဘောပေါက်ခြင်းတို့ ဖြစ်သည်။ ဤအရာများအားဖြင့် လူတစ်ဦးသည် အဆင့်အတန်း၏ စုံစမ်းသွေးဆောင်မှုကို ကျော်လွှားရန် ယုံကြည်ခြင်းရှိလိမ့်မည်။ ထို့အပြင် သင်သည် စုံစမ်းသွေးဆောင်မှုမှ လွတ်မြောက်ဖို့ အားထုတ်ရန်နှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်အောင် ဆောင်ရွက်ရန် ထိရောက်သော နည်းလမ်းများကို သင်စဉ်းစားရမည်။ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းများရှိရမည်။ ဤအရာသည် သင့်ကို မှန်ကန်သောလမ်းကြောင်းပေါ်တွင် ထိန်းသိမ်းထားမည်ဖြစ်သည်။ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းများမရှိလျှင် သင်သည် စုံစမ်းသွေးဆောင်မှုထဲသို့ မကြာခဏ ကျရောက်လိမ့်မည်။ သင်သည် မှန်ကန်သောလမ်းကြောင်းကို လျှောက်ချင်သော်လည်း မည်မျှကြိုးစားပါစေ၊ သင်၏ ကြိုးစားအားထုတ်မှုများသည် အဆုံးတွင် များစွာ အောင်မြင်မည် မဟုတ်ပေ။ သို့ဆိုလျှင် သင်တို့ မကြာခဏ ကြုံတွေ့ရသည့် စုံစမ်းသွေးဆောင်မှုများမှာ အဘယ်နည်း။ (ကျွန်ုပ်၏တာဝန်ကို ထမ်းဆောင်ရာ၌ အောင်မြင်မှုအနည်းငယ် ရရှိပြီး ညီအစ်ကိုမောင်နှမများ၏ အထင်ကြီးလေးစားမှုကို ခံရသောအခါ ကိုယ့်ကိုယ်ကိုယ် ကျေနပ်ပြီး ဤခံစားချက်ကို လွန်စွာ ပျော်မွေ့တတ်သည်။ တစ်ခါတလေ ယင်းကို သတိမထားမိပေ။ တစ်ခါတလေ ဤအခြေအနေကို မှားမှန်းသိသော်လည်း ယင်းကို မပုန်ကန်နိုင်သေးပေ။) ယင်းက စုံစမ်းသွေးဆောင်မှုပင် ဖြစ်၏။ အခြားမည်သူ ပြောဦးမည်နည်း။ (ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦး ဖြစ်သောကြောင့် ညီအစ်ကိုမောင်နှမများက တစ်ခါတလေ ကျွန်ုပ်ကို အထူးအရေးတယူ ဆက်ဆံကြသည်။) ယင်းသည်လည်း စုံစမ်းသွေးဆောင်မှုတစ်ခု ဖြစ်သည်။ သင်ကြုံတွေ့ရသော စုံစမ်းသွေးဆောင်မှုများကို သတိမပြုမိဘဲ ညံ့ဖျင်းစွာ ကိုင်တွယ်ဖြေရှင်းပြီး မှန်ကန်သောရွေးချယ်မှုများ မပြုလုပ်နိုင်ပါက ဤစုံစမ်းသွေးဆောင်မှုများသည် သင့်အား ပူဆွေးမှုနှင့် ဒုက္ခဆီသို့ ခေါ်ဆောင်သွားမည်ဖြစ်သည်။ ဥပမာအနေဖြင့် ညီအစ်ကိုမောင်နှမများ၏ အထူးအရေးတယူဆက်ဆံမှု၌ သင့်အားကျွေးမွေးခြင်း၊ ဝတ်စားဆင်ယင်ပေးခြင်း၊ နေရာထိုင်ခင်း ပြင်ဆင်ပေးခြင်းနှင့် သင်၏ နေ့စဉ်လိုအပ်ချက်များကို ထောက်ပံ့ပေးခြင်းစသည့် အရာဝတ္ထုဆိုင်ရာ အကျိုးခံစားခွင့်များ ပါဝင်သည်ဟု ဆိုပါစို့။ သင် ပျော်မွေ့ခံစားသောအရာသည် သင့်အား ၎င်းတို့ပေးသောအရာထက် ပိုကောင်းပါက သင်သည် ယင်းကို အထင်သေးလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏လက်ဆောင်များကို ငြင်းပယ်နိုင်သည်။ သို့သော် သင်သည် သူဌေးတစ်ဦးနှင့်တွေ့ပြီး သူမဝတ်ဆင်ဟုဆိုလျက် သင့်အား အကောင်းစားဝတ်စုံများ ပေးခဲ့ပါက ထိုသို့သော စုံစမ်းသွေးဆောင်မှုကို ရင်ဆိုင်ရာတွင် သင်သည် ခိုင်မြဲစွာ ရပ်တည်နိုင်မည်လော။ သင့်ကိုယ်သင် “သူသည် ချမ်းသာပြီး ဤအဝတ်အစားများက သူ့အတွက် ဘာမျှမဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ သူသည် ယင်းတို့ကို မဝတ်ပေ။ သူကျွန်ုပ်ကိုမပေးလျှင် တစ်နေရာရာတွင် သိမ်းထားလိုက်မည်။ ထို့ကြောင့် ကျွန်ုပ် ယင်းတို့ကို ယူထားလိုက်မည်” ဟုဆိုလျက် အခြေအနေအပေါ် သင် တွေးတောဆင်ခြင်မိလိမ့်မည်။ ထိုဆုံးဖြတ်ချက်ကို သင် မည်သို့ထင်မြင်သနည်း။ (၎င်းက အဆင့်အတန်း၏ အကျိုးကျေးဇူးများကို ခံစားနေပြီဖြစ်သည်။) ဤအရာသည် အဘယ်ကြောင့် အဆင့်အတန်း၏ အကျိုးကျေးဇူးများကို ပျော်မွေ့ခံစားခြင်း ဖြစ်ရသနည်း။ (အဘယ်ကြောင့်ဆိုသော် ၎င်းသည် ကောင်းမွန်သောအရာများကို လက်ခံခဲ့သောကြောင့်ဖြစ်သည်။) ယင်းမှာ သင့်အားပေးထားသည့် ကောင်းမွန်သောအရာများကို လက်ခံခြင်းသည် အဆင့်အတန်း၏ အကျိုးကျေးဇူးများကို ခံစားနေခြင်းသာ ဖြစ်သလော။ အကယ်၍ သင့်အား သာမန်အရာတစ်ခုကို ပေးထားသော်လည်း ယင်းသည် သင်လိုအပ်သည့် အရာသာဖြစ်သောကြောင့် ယင်းကို သင်လက်ခံပါက ဤအရာကိုလည်း အဆင့်အတန်း၏ အကျိုးကျေးဇူးများကို ခံစားခြင်းဟု မှတ်ယူ၍ရသလော။ (မှန်ပါသည်။ သူတို့၏ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများကို ဖြည့်ဆည်းပေးဖို့ အခြားသူတို့ထံမှ အရာများကို လက်ခံသည့်အခါတိုင်း ထိုသို့မှတ်ယူ၍ရပါသည်။) သင်တို့ ဤအရာနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း မသိပုံရသည်။ ဤအကြောင်းကို သင်စဉ်းစားဖူးသလော။ သင်သည် ခေါင်းဆောင်တစ်ဦး မဟုတ်သကဲ့သို့ အဆင့်အတန်းမရှိပါက သူသည် ဤလက်ဆောင်ကို ပေးဦးမည်လော။ (ပေးမည်မဟုတ်။) သူသေချာပေါက် ပေးမည်မဟုတ်ချေ။ သင်သည် ခေါင်းဆောင်တစ်ဦး ဖြစ်သောကြောင့်သာ သင့်အား ဤလက်ဆောင်ကို ပေးအပ်ခြင်းဖြစ်သည်။ ထိုအရာ၏ သဘာဝသည် ပြောင်းလဲသွားသည်။ ဤသည်မှာ ပုံမှန် ပေးကမ်းစွန့်ကြဲမှု မဟုတ်၊ ဤတွင် ပြဿနာရှိသည်။ အကယ်၍ သင်သည် သူ့ကို “ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦး မဟုတ်ခဲ့ဘဲ ရိုးရိုးသာမန် ညီအစ်ကိုမောင်နှမတစ်ဦး ဖြစ်ပါက သင်သည် ကျွန်ုပ်အား ထိုသို့ လက်ဆောင်ပေးမည်လော။ ဤပစ္စည်းကို ညီအစ်ကိုမောင်နှမတစ်ဦး လိုအပ်ခဲ့လျှင် သူတို့ကို သင် ပေးမည်လော” ဟုမေးလျှင် သူက “ကျွန်ုပ် မပေးနိုင်ပါ။ ကျွန်ုပ်သည် မည်သူ့ကိုမျှ လက်ဆောင်များ သာမန်ကာလျှံကာ မပေးနိုင်ပါ။ သင်သည် ကျွန်ုပ်၏ခေါင်းဆောင်ဖြစ်သောကြောင့် သင့်ကို ပေးခြင်းဖြစ်သည်။ အကယ်၍ သင့်ထံတွင် ဤအထူးတလည် အဆင့်အတန်း မရှိခဲ့လျှင် အဘယ်ကြောင့် ထိုသို့သော လက်ဆောင်မျိုးကို ကျွန်ုပ်ပေးရမည်နည်း” ဟု ပြောမည်ဖြစ်သည်။ အခြေအနေကို သင် မည်သို့ နားမလည်ခဲ့သည်ကို ယခုကြည့်လော့။ ထိုဝတ်စုံအကောင်းစားကို သူအသုံးမလိုဟု ပြောသည့်အခါ သင်က သူ့ကိုယုံခဲ့သော်လည်း သင့်ကို လှည့်စားနေခြင်းဖြစ်သည်။ သူ၏ ရည်ရွယ်ချက်မှာ လက်ဆောင်ကို သင့်အား လက်ခံစေရန်ဖြစ်ပြီး သို့ဖြစ်၍ နောင်တွင် သင်သည် သူ့အပေါ် ကောင်းပြီး အထူးအရေးတယူ ဆက်ဆံမှုကို ပေးစေရန် ဖြစ်သည်။ ဤသည်မှာ သူ့လက်ဆောင်၏ နောက်ကွယ်မှ ရည်ရွယ်ချက်ဖြစ်သည်။ အမှန်တွင် သင်သည် အဆင့်အတန်းမရှိလျှင် သူက ထိုသို့သောလက်ဆောင်မျိုးကို မည်သည့်အခါမျှ ပေးမည်မဟုတ်သည်ကို သင်၏စိတ်နှလုံးထဲ၌ သိသော်လည်း ယင်းကို သင် လက်ခံဆဲဖြစ်သည်။ သင့်နှုတ်ဖြင့် “ဘုရားသခင်ကို ကျေးဇူးတင်ပါ၏။ ဘုရားသခင်ထံမှ ဤလက်ဆောင်ကို ကျွန်ုပ် ခံယူခဲ့ပြီ၊ ၎င်းသည် ကျွန်ုပ်အတွက် ဘုရားသခင်၏ စေတနာ ဖြစ်သည်” ဟု သင်ပြောလေသည်။ သင်သည် အဆင့်အတန်း၏ အကျိုးကျေးဇူးများကို ခံစားရုံသာမက ယင်းတို့နှင့် သင် ထိုက်တန်သည့်အလား ဘုရားသခင် ရွေးချယ်ထားသော လူများ၏ ဥစ္စာပစ္စည်းများကိုလည်း မွေ့လျော်ပေသည်။ ဤသည်မှာ အရှက်မဲ့သည် မဟုတ်လော။ လူသည် အသိတရားမရှိ အရှက် လုံးလုံးကင်းမဲ့လျှင် ယင်းက ပြဿနာဖြစ်သည်။ ဤသည်မှာ အပြုအမူနှင့်ဆိုင်သော ကိစ္စသာ ဖြစ်သလော။ အခြားသူများထံမှ ပစ္စည်းများကို လက်ခံခြင်းသက်သက်က မှားပြီး ငြင်းဆိုခြင်းသက်သက်က မှန်ကန်သလော။ ထိုအခြေအနေမျိုး သင်တို့ကြုံသည့်အခါ ဘာလုပ်သင့်သနည်း။ ၎င်းတို့ပြုလုပ်သည့်အရာသည် စည်းမျဉ်းများနှင့် ကိုက်ညီခြင်း ရှိမရှိဆိုသည်ကို ဤလက်ဆောင်ပေးသူကို သင်မေးရပါမည်။ “ဘုရားနှုတ်ကပတ်တော် သို့မဟုတ် အသင်းတော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များမှ လမ်းညွှန်ချက်ကို ရှာဖွေပြီး သင်လုပ်ဆောင်နေသည့်အရာသည် စည်းမျဉ်းများနှင့် ကိုက်ညီခြင်းရှိမရှိ ကြည့်ရှုကြစို့။ မကိုက်ညီပါက ထိုလက်ဆောင်မျိုးကို ကျွန်ုပ်လက်မခံနိုင်” ဟု ၎င်းတို့အား ပြောလော့။ ထိုမှီငြမ်းစရာများက ၎င်းတို့၏ လုပ်ဆောင်ချက်မူများသည် စည်းမျဉ်းများကို ချိုးဖောက်ကြောင်း ပေးသောသူကို အသိပေးသော်လည်း သင့်အား လက်ဆောင်ကို ပေးလိုစိတ် ရှိသေးပါက သင်ဘာလုပ်သင့်သနည်း။ သင်သည် စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်ရမည်။ သာမန်လူတို့က ယင်းကို မကျော်လွှားနိုင်ကြပေ။ သူတို့သည် အခြားသူများက သူတို့ကို ပို၍ ပေးကမ်းစွန့်ကြဲရန် စိတ်အားထက်သန်စွာ တောင့်တကြပြီး အထူးအရေးတယူ ဆက်ဆံမှုကို ပို၍ခံစားလိုကြသည်။ သင်သည် မှန်ကန်သောလူစားမျိုးဖြစ်ပါက ထိုသို့သောအခြေအနေမျိုးနှင့် ကြုံတွေ့ရသောအခါတွင် ဘုရားသခင်ထံ ချက်ချင်း ဆုတောင်းသင့်ကာ “အို ဘုရားသခင်၊ ယနေ့ ကျွန်ုပ် ကြုံတွေ့နေရသောအရာသည် အမှန်ပင် ကိုယ်တော်၏ ကောင်းမွန်သော အလိုတော်၏ နိမိတ်လက္ခဏာတစ်ခုဖြစ်သည်။ ယင်းသည် ကိုယ်တော် ကျွန်ုပ်အတွက် ချမှတ်ထားသော သင်ခန်းစာတစ်ခုဖြစ်သည်။ သမ္မာတရားကို ရှာဖွေပြီး စည်းမျဉ်းများအတိုင်း လုပ်ဆောင်ရန် ဆန္ဒရှိပါ၏” ဟု ပြောလော့။ အဆင့်အတန်းရှိသူများ ရင်ဆိုင်ရသော စုံစမ်းသွေးဆောင်မှုများသည် ကြီးမားလွန်းပြီး စုံစမ်းသွေးဆောင်မှုတစ်ခု ရောက်လာသည်နှင့် ကျော်လွှားရန်မှာ အမှန်ပင် ခက်ခဲသည်။ သင်သည် ဘုရားသခင်၏ အကာအကွယ်နှင့် အကူအညီ လိုအပ်သည်။ သင်သည် ဘုရားသခင်ထံ ဆုတောင်းရမည်၊ ပြီးလျှင် သမ္မာတရားကိုလည်း ရှာဖွေပြီး သင့်ကိုယ်သင် မကြာခဏ ပြန်လည်သုံးသပ်ရမည်။ ဤနည်းအားဖြင့် သင်သည် တည်ငြိမ်ကာ ငြိမ်းချမ်းမှုကို ခံစားရလိမ့်မည်။ သို့သော် သင်သည် ဆုတောင်းဖို့အတွက်ကို ထိုကဲ့သို့သော လက်ဆောင်များ ရရှိသည့်တိုင်အောင် စောင့်မျှော်နေပါက ထိုကဲ့သို့ တည်ငြိမ်ကာ ငြိမ်းချမ်းခြင်းကို သင် ခံစားရဦးမည်လော။ (မခံစားရတော့ပေ။) သို့ဆိုလျှင် ဘုရားသခင်က သင့်ကို မည်သို့ထင်မည်နည်း။ သင်၏လုပ်ရပ်များအားဖြင့် ဘုရားသခင်က စိတ်ကျေနပ်စေမည်လော သို့မဟုတ် ယင်းတို့ကို အလွန်မုန်းတီးမည်လော။ သင်၏လုပ်ရပ်များကို သူ အလွန်မုန်းတီးလိမ့်မည်။ တစ်စုံတစ်ခုကို လက်ခံခြင်း ရှိမရှိဟူသည့်အရာက တကယ့်ပြဿနာလော။ (မဟုတ်ပါ။) သို့ဖြစ်လျှင် ပြဿနာက အဘယ်မှာနည်း။ ပြဿနာသည် ထိုသို့သောအခြေအနေမျိုးနှင့် ကြုံတွေ့ရသောအခါတွင် သင်လက်ခံကျင့်သုံးသော ခံယူချက်များနှင့် သဘောထားတွင် တည်ရှိသည်။ သင်ကိုယ်တိုင် ဆုံးဖြတ်သလော သို့မဟုတ် သမ္မာတရားကို ရှာဖွေသလော။ သင့်တွင် အသိတရားစံနှုန်းတစ်ခုခု ရှိသလော။ သင့်ထံတွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ရှိပါ၏လော။ ထိုအခြေအနေနှင့် ကြုံတွေ့ရတိုင်း ဘုရားသခင်ထံ သင်ဆုတောင်းသလော။ သင်သည် သင့်ကိုယ်ပိုင် လိုအင်ဆန္ဒများကို ဖြည့်ဆည်းရန် ဦးစွာရှာဖွေသလော သို့မဟုတ် သင်သည် ဦးစွာဆုတောင်းပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေသလော။ ဤကိစ္စ၌ သင်သည် ထုတ်ဖော်ခြင်းကို ခံရလေ၏။ ထိုအခြေအနေမျိုးကို မည်သို့ကိုင်တွယ်သင့်သနည်း။ သင်သည် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများ ရှိရမည်။ ပထမဦးစွာ အပြင်ပန်းတွင် သင်သည် ဤအထူးပစ္စည်းဥစ္စာ အဖိုးအခများကို၊ ဤသွေးဆောင်မှုများကို ငြင်းပယ်ရမည်။ သင် အထူးသဖြင့် လိုအင်ဆန္ဒရှိသောအရာ သို့မဟုတ် သင်လိုအပ်သောအရာကို အတိအကျ ကမ်းလှမ်းခံရသောအခါ၌ပင် သင်သည် ထိုသို့ပင် ငြင်းပယ်ရမည်။ ဥစ္စာပစ္စည်းများဟူသည်မှာ အဘယ်နည်း။ အစားအသောက်၊ အဝတ်အထည်၊ အမိုးအကာနှင့် နေ့စဉ်သုံးပစ္စည်းများ အားလုံးပါဝင်သည်။ ဤအထူးပစ္စည်းဥစ္စာ အဖိုးအခများကို ငြင်းဆိုရပါမည်။ အဘယ်ကြောင့် ယင်းတို့ကို သင် ငြင်းဆိုရမည်နည်း။ ထိုသို့ပြုခြင်းသည် သင့်ပြုမူပုံနှင့်ဆိုင်သော ကိစ္စသာလျှင် ဟုတ်သလော။ မဟုတ်ချေ၊ သင်၏ ပူးပေါင်းဆောင်ရွက်သော သဘောထားကိစ္စ ဖြစ်သည်။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဘုရားသခင်ကို ကျေနပ်စေကာ စုံစမ်းသွေးဆောင်မှုကို ရှောင်ကြဉ်လိုပါက ဤပူးပေါင်းဆောင်ရွက်သော သဘောထား ဦးစွာထားရပါမည်။ ဤသဘောထားဖြင့် သင်သည် စုံစမ်းသွေးဆောင်မှုကို ရှောင်ကြဉ်နိုင်မည်ဖြစ်ပြီး သင်၏ အသိစိတ်သည် ငြိမ်သက်နေမည်ဖြစ်သည်။ သင်အလိုရှိသောအရာကို ပေးကမ်းခြင်းခံရပြီး သင်လက်ခံပါက သင့်စိတ်နှလုံးသည် လိပ်ပြာမလုံခြင်းကို အတိုင်းအတာတစ်ခုအထိ ခံစားရလိမ့်မည်။ သို့ရာတွင် သင်၏ အကြောင်းပြချက်များနှင့် မိမိကိုယ်ကို မှန်ကန်ကြောင်းပြခြင်းတို့ကြောင့် သင့်ကို ဤအရာအား ပေးအပ်သင့်ကြောင်း၊ ၎င်းသည် သင်နှင့်ထိုက်တန်ကြောင်း သင်ပြောလိမ့်မည်။ ထို့နောက် သင်၏ အပြစ်ရှိသည်ဟုခံစားရမှုများသည် အလွန်တိကျခြင်း သို့မဟုတ် အလွန်ထင်ရှားခြင်း ရှိလိမ့်မည်မဟုတ်။ တစ်ခါတစ်ရံတွင် အကြောင်းပြချက်တစ်ခုခု သို့မဟုတ် အတွေးများနှင့်အမြင်များက သင်၏ အသိစိတ်ကို ယိမ်းယိုင်အောင် လုပ်ကောင်းလုပ်နိုင်သည်။ ဤသို့ဖြင့် အပြစ်ရှိသည်ဟုခံစားရမှုများသည် သိသာထင်ရှားခြင်း မရှိဖြစ်ပေသည်။ ထို့ကြောင့် သင်၏အသိစိတ်သည် ယုံကြည်စိတ်ချရသော စံနှုန်းတစ်ခုလော။ မဟုတ်ချေ။ ဤသည်မှာ လူတို့ကို သတိပေးတတ်သော အချက်ပေး ခေါင်းလောင်းဖြစ်သည်။ ယင်းက မည်သို့သော သတိပေးချက်မျိုး ပေးသနည်း။ အသိစိတ်တစ်ခုတည်း၏ ခံစားချက်များကိုသာ အားကိုးခြင်း၌ လုံခြုံမှုမရှိ၊ သမ္မာတရား စည်းမျဉ်းများကိုလည်း ရှာဖွေရမည်။ ယင်းက စိတ်ချရသောအရာဖြစ်သည်။ ယင်းတို့အား ချုပ်တည်းရန် သမ္မာတရား မရှိလျှင် လူတို့သည် အဆင့်အတန်း၏ အကျိုးကျေးဇူးများအတွက် သူတို့၏ လောဘကို ကျေနပ်စေမည့် အမျိုးစုံသော အကြောင်းပြချက်များနှင့် ဆင်ခြေများပေးလျက် စုံစမ်းသွေးဆောင်မှုသို့ ကျရောက်နိုင်သေးသည်။ ထို့ကြောင့် ခေါင်းဆောင်တစ်ဦးအနေဖြင့် သင်သည် ဤစည်းမျဉ်းတစ်ခုကို စိတ်နှလုံးထဲတွင် လိုက်နာသင့်သည်။ ကျွန်ုပ်သည် အမြဲတမ်းငြင်းဆို၊ အမြဲရှောင်ကြဉ်ပြီး မည်သည့်အထူးအရေးတယူ ဆက်ဆံမှုမျိုးကိုမဆို လုံးဝငြင်းပယ်မည် ဟူ၍ဖြစ်သည်။ အကြွင်းမဲ့ငြင်းဆိုခြင်းသည် မကောင်းမှုကို ရှောင်ကြဉ်ရန် မရှိမဖြစ် လိုအပ်ချက်ဖြစ်သည်။ အကယ်၍ သင်သည် မကောင်းမှုကို ရှောင်ကြဉ်ရန် မရှိမဖြစ် လိုအပ်ချက်ကို ပိုင်ဆိုင်ပါက သင်သည် ဘုရားသခင်၏ အကာအကွယ်အောက်တွင် အတိုင်းအတာတစ်ခုအထိ ရှိနေပြီဖြစ်သည်။ အကယ်၍ သင့်တွင် ထိုကဲ့သို့သော လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများရှိပြီး လိုက်နာပါက သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေပြီး ဘုရားသခင်ကို ကျေနပ်စေပြီးသားဖြစ်သည်။ သင်သည် မှန်ကန်သောလမ်းကြောင်းကို လျှောက်နေပြီဖြစ်သည်။ သင်သည် မှန်ကန်သောလမ်းကို လျှောက်လှမ်းနေပြီး ဘုရားသခင်ကို ကျေနပ်စေပြီးဖြစ်သောအခါ သင်၏အသိတရားအား စမ်းသပ်မှု လိုအပ်နေသေးသလော။ စည်းမျဉ်းများနှင့်အညီ ပြုမူနေထိုင်ခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် အသိတရားစံနှုန်းများထက် ပို၍မြင့်မားသည်။ အကယ်၍ တစ်စုံတစ်ယောက်သည် ပူးပေါင်းလုပ်ဆောင်ရန် စိတ်ပိုင်းဖြတ်ထားပြီး စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်နိုင်လျှင် ဘုရားသခင်အား ကျေနပ်စေပြီဖြစ်သည်။ ဤသည်မှာ လူသားများအား ဘုရားသခင် တောင်းဆိုသည့် စံနှုန်းဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဂုဏ်အဆင့်အတန်း၏ စုံစမ်းသွေးဆောင်ခြင်းနှင့် ချည်နှောင်မှုကို ဖြေရှင်းရန်နည်းလမ်း