၂၀။ “နောက်ဆုံးသောကာလတွင် ပလ္လင်ဖြူကြီး၏ တရားစီရင်ခြင်းသည် ကောင်းမြတ်သူကို ဆုချီးမြှင့်ပြီး ဆိုးယုတ်သောသူကို အပြစ်ပေးခြင်းဖြစ်သည်၊ ကယ်တင်ခြင်း မဟုတ်” ဟူသည့် ဘာသာရေးလောက၏ အယူအဆ
ဘာသာရေးလောကရှိ လူများက “ကျမ်းစာတွင်ပြောထားသော ပလ္လင်ဖြူကြီး၏ တရားစီရင်ခြင်းသည် အဓိကအားဖြင့် ဘာသာတရားမရှိသူများနှင့် အယောင်ဆောင် ယုံကြည်သူများကို ပစ်မှတ်ထားလိမ့်မည်။ ကောင်းသူကို ဆုချီးမြှင့်ခြင်းနှင့် ဆိုးယုတ်သောသူကို အပြစ်ပေးခြင်းအကြောင်း ဖြစ်လိမ့်မည်။ ကယ်တင်ခြင်း မဟုတ်။ သို့သော် လူတို့ကို သန့်စင်ပြီး ကယ်တင်ရန်အတွက် ဘုရားသခင်၏ တရားစီရင်ခြင်းကို ဆောင်ရွက်သည်ဟု သင်ဆိုသည်။ ဤသည်မှာ ကျမ်းစာနှင့် မညီဟု ကျွန်ုပ်တို့ ထင်သည်။ ထို့ကြောင့် သင်၏ ဤပြောဆိုချက်ကို ကျွန်ုပ်တို့ လက်မခံနိုင်” ဟု ဆိုကြသည်။
ကျမ်းစာထဲမှ စကားများ
“ညဉ့်အခါ အကျွန်ုပ်သည် စိတ်နှလုံးနှင့် ကိုယ် တော်ကို တောင့်တပါ၏။ နံနက်အခါ အကျွန်ုပ်သည် အတွင်းဝိညာဉ်အားဖြင့် ကိုယ်တော်ကိုရှာပါ၏။ မြေပေါ် မှာ အမှုကို စစ်ကြော စီရင်တော်မူသောအခါ၊ လောကီ သားတို့သည် တရားကိုသင်ကြ၏။” (ဟေရှာယ အနာဂတ္တိကျမ်း ၂၆:၉)
“ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြော စီရင်ရသော အချိန်ရှိပြီ။” (ရှင်ပေတရုသြဝါဒစာပဌမစောင် ၄:၁၇)
“ငါ့စကားကို ကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသား တို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ ငါ့စကားကို နာမခံသောသူအား အပြစ်စီရင်သောသူ ရှိသေး၏။ ငါဟောပြောသော စကားပင် နောက်ဆုံးသောနေ့၌ ထိုသူအား အပြစ်စီရင်လိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၇-၄၈)
“ကိုယ်တော်၏သမ္မာတရားအားဖြင့် သူတို့ကိုသန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏နှုတ်ကပတ်သည် သမ္မာတရားဖြစ်ပါ၏။...သမ္မာတရားအားဖြင့် သူတို့ကို သန့်ရှင်းစေမည်အကြောင်း၊ အကျွန်ုပ်သည် သူတို့အဘို့အလိုငှါ ကိုယ် ကို သန့်ရှင်းစေပါ၏။” (ရှင်ယောဟန်ခရစ်ဝင် ၁၇:၁၇-၁၉)
“ဒံယေလ၊ သင်သွားလော့။ ထိုစကားသည် အမှုကုန်ရသည်ကာလတိုင်အောင် ပိတ်၍ တံဆိပ် ခတ်ထားလျက်ရှိ၏။ လူအများတို့သည် သန့်ရှင်းဖြူစင်ခြင်းသို့ ရောက်၍ စုံစမ်းခြင်းကို ခံရကြလိမ့်မည်။ မတရားသော သူတို့သည် မတရားသဖြင့် ပြု၍ တယောက်မျှ နား မလည်ရ။ ပညာရှိသော သူတို့မူကား၊ နားလည်ကြလိမ့် မည်။” (ဒံယေလ အနာဂတ္တိကျမ်း ၁၂:၉-၁၀)
“တတိယအပိုင်းကို မီးကိုဖြတ်၍ ငါယူဆောင်လာပြီး ငွေကို သန့်စင်သကဲ့သို့ သူတို့ကို သန့်စင်မည်။ ရွှေကို စစ်သကဲ့သို့ သူတို့ကို ငါစစ်မည်။ သူတို့သည် ငါ့နာမကို ပဌနာပြုကြလိမ့်မည်ဖြစ်ပြီး သူတို့ကို ငါ နားညောင်းမည်။ သူတို့ကို ငါ၏လူမျိုးဟူ၍ ငါပြောမည်။ သူတို့ကလည်း၊ ယေဟောဝါသည် ငါ၏ဘုရားသခင် ဖြစ်တော်မူ၏ဟု ဆိုကြလိမ့်မည်။” (ဇာခရိအနာဂတ္တိကျမ်း ၁၃:၉)
နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ
အချိန်သည် နီးကပ်လာပြီး ဘုရားသခင်၏နေ့ရက်သည် ရောက်လာပြီဖြစ်သည့်အတွက်၊ နောက်ဆုံးသောကာလ၏ အမှုသည် အားလုံးကို ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားရန်နှင့် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို အပြီးသတ်ရန်ဖြစ်သည်။ ဘုရားသခင်သည် သူ၏နိုင်ငံတော်ထဲသို့ ဝင်ရောက်သူအားလုံး တကယ့်အဆုံးတိုင် သူ့ကို သစ္စာစောင့်သိသူအားလုံးကို ဘုရားသခင် ကိုယ်တော်တိုင်၏ ခေတ်ထဲသို့ ဆောင်ကြဉ်း၏။ သို့သော် ဘုရားသခင် ကိုယ်တော်တိုင်၏ခေတ် မရောက်ရှိမီတွင်၊ ဘုရားသခင်၏ အမှုသည် လူသား၏လုပ်ဆောင်ချက်များကို စောင့်ကြည့်လေ့လာရန်၊ သို့မဟုတ် လူသား၏ဘဝကို စုံစမ်းရန် မဟုတ်ဘဲ၊ လူသား၏ပုန်ကန်မှုကို တရားစီရင်ရန်ဖြစ်၏၊ အကြောင်းမှာ ဘုရားသခင်သည် သူ၏ ပလ္လင်ရှေ့သို့ လာသူတိုင်းကို သန့်စင်ပေးမည် ဖြစ်သောကြောင့်တည်း။ ဤနေ့အထိ ဘုရားသခင်၏ ခြေလှမ်းများနောက် လိုက်လျှောက်ခဲ့သူ အားလုံးသည် ဘုရားသခင်၏ ပလ္လင်ရှေ့သို့ လာကြသူများ ဖြစ်ပြီး၊ ထိုသို့ဖြစ်သဖြင့်၊ ဘုရားသခင်၏ အမှုကို ယင်း၏နောက်ဆုံးအဆင့်တွင် လက်ခံသောလူ တစ်ဦးစီတိုင်းသည် ဘုရားသခင်၏ သန့်စင်စေခြင်းကို ခံရသည့်သူများ ဖြစ်ကြသည်။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်၏အမှုကို ယင်း၏နောက်ဆုံးအဆင့်တွင် လက်ခံသူ အယောက်တိုင်းသည် ဘုရားသခင်၏ တရားစီရင်ခြင်းကို ခံရသည့်သူများဖြစ်ကြ၏။
ယခင်အချိန်များကပြောခဲ့သည့် ဘုရားသခင်၏အိမ်တော်မှ အစပြုသည့် တရားစီရင်ခြင်းတွင်၊ ဤနှုတ်ကပတ်တော်များထဲမှ “တရားစီရင်ခြင်း” သည် နောက်ဆုံးသောကာလတွင် သူ၏ ပလ္လင်ရှေ့သို့ လာကြသော သူများအပေါ် ယနေ့ ဘုရားသခင်ချမှတ်သော တရားစီရင်ခြင်းကို ရည်ညွှန်းပေသည်။ နောက်ဆုံးသောကာလ ရောက်လာပြီးချိန်တွင်၊ ဘုရားသခင်သည် ကောင်းကင်ဘုံတွင် ကြီးမားသော စားပွဲတစ်လုံးကို တည်ပေလိမ့်မည်၊ ယင်းအပေါ်တွင် အဖြူရောင် စားပွဲခင်းကြီးကို ဖြန့်ခင်းထားလိမ့်မည်ဖြစ်ပြီး၊ ထို့နောက် လူအားလုံး မြေပေါ် ဒူးထောက်လျက်နှင့် ကြီးမြတ်သော ပလ္လင်ပေါ်တွင် ထိုင်ရင်း၊ သူသည် လူအသီးသီး၏ အပြစ်များကို ဖော်ထုတ်ကာ ထိုသို့ဖြင့် ၎င်းတို့သည် ကောင်းကင်ဘုံသို့ တက်ရမည်၊ သို့မဟုတ် ကန့်မီးအိုင်ထဲသို့ အပို့ခံရမည်ဆိုသည်ကို ဆုံးဖြတ်မည် ဟူသကဲ့သို့သော သဘာဝလွန် စိတ်ကူးများကို ယုံကြည်သော သူများ ရှိကောင်းရှိပေမည်။ လူသားက မည်သည့်အရာကို စိတ်ကူးသည်ဖြစ်စေ၊ ဘုရားသခင် အမှု၏ အနှစ်သာရကို မပြောင်းလဲနိုင်ပေ။ လူသား၏ စိတ်ကူးစိတ်သန်းများသည် လူသား၏ အတွေးများမှ ဖန်တီးမှုများသာ ဖြစ်သည်။ ယင်းတို့သည် လူသား၏ဦးနှောက်မှ လာသည်၊ လူသား မြင်ပြီးကြားပြီးသော အရာများမှ ပေါင်းရုံးကာ ဆက်စပ်ယူထားခြင်း ဖြစ်သည်။ ထို့ကြောင့် ငါပြောမည်၊ စိတ်ကူးပေါက်သည့် ပုံရိပ်များက မည်မျှတောက်ပသည်ဖြစ်စေ၊ ယင်းတို့သည် ကာတွန်းရုပ်ပုံများသာ ဖြစ်ပြီး၊ ဘုရားသခင်၏ အမှု၏ အစီအစဉ်ကို အစားထိုးနိုင်စွမ်း မရှိချေ။ အဆုံးတွင်၊ လူသားသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်သည်၊ ထို့ကြောင့် သူသည် ဘုရားသခင်၏ အတွေးများကို အဘယ်သို့ နားလည် သဘောပေါက်နိုင်မည်နည်း။ လူသားသည် ဘုရားသခင်၏ တရားစီရင်ခြင်းအမှုကို ဆန်းပြားသော အရာတစ်ခုအဖြစ် ယူဆ၏။ သူက တရားစီရင်ခြင်းအမှုကို လုပ်ဆောင်သည်မှာ ဘုရားသခင်ကိုယ်တိုင်ဖြစ်သည့်အတွက် ဤအမှုသည် အကြီးမားဆုံးသော အတိုင်းအတာ ဖြစ်ရမည်ဖြစ်ပြီး၊ သေမျိုးများအဖို့ နားမလည်နိုင်သောအရာ ဖြစ်ရမည်ဖြစ်ကာ၊ ကောင်းကင် တစ်လျှောက်လုံး ပဲ့တင်ထပ်ပြီး မြေကြီးကို လှုပ်ခါစေရမည်၊ သို့မဟုတ်ပါက၊ ယင်းသည် ဘုရားသခင်၏ တရားစီရင်ခြင်းအမှု အဘယ်သို့ ဖြစ်နိုင်မည်နည်းဟု ယုံကြည်လေသည်။ သူသည် ဤသည်မှာ တရားစီရင်ခြင်းအမှု ဖြစ်သည်နှင့်အမျှ၊ ဘုရားသခင်သည် သူအမှုပြုသည့် အချိန်တွင် အထူးသဖြင့် ခံ့ညားထည်ဝါပြီး ကြီးကျယ်ခမ်းနားရမည်ဖြစ်ကာ၊ တရားစီရင်ခံရလျက်ရှိသော သူတို့သည် မျက်ရည်များဖြင့် ငိုကြွေးမြည်တမ်းနေပြီး၊ သနားညှာတာမှုအတွက် ဒူးထောက်၍ တောင်းခံနေကြရမည်ဟု ယုံကြည်လေသည်။ ထိုသို့သော မြင်ကွင်းများသည် ဧကန်မုချ ကြီးကျယ်ခမ်းနားမည်ဖြစ်ကာ၊ နက်နက်ရှိုင်းရှိုင်း နိုးကြားတက်ကြွစေပေမည်။...ဘုရားသခင်၏ တရားစီရင်ခြင်း အမှုကို အံ့သြဖွယ်ဖြစ်ဖို့ အယောက်တိုင်း စိတ်ကူးကြ၏။ သို့သော်၊ ဘုရားသခင်သည် တရားစီရင်ခြင်းအမှုကို လူသားအလယ် အချိန်ကြာမြင့်စွာကတည်းက စတင်ပြီးသည့်အချိန်တွင်၊ သင်သည် ထိုင်းမှိုင်းလေးကန်သော အိပ်စက်ခြင်းဖြင့် ဝင်ကွေးနေသည်ကို သင်သိသလော။ ဘုရားသခင်၏ တရားစီရင်ခြင်းအမှုသည် တရားဝင် စတင်ပြီးဖြစ်သည်ဟု သင်ထင်သည့်အချိန်တွင်၊ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို အသစ်တဖန် ပြုလုပ်နှင့်ပြီးဖြစ်လိမ့်မည်။ ထိုအချိန်တွင်၊ သင်သည် ဘဝ၏အဓိပ္ပာယ်ကို နားလည်လာပြီးဖြစ်ရုံမျှသာ ဖြစ်ကောင်း ဖြစ်ပေမည်၊ သို့သော် ဘုရားသခင်၏ မငဲ့ညှာသော ပြစ်ဒဏ်ပေးခြင်းအမှုသည် သင့်အား နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေဆဲတွင် ငရဲထဲသို့ ခေါ်ဆောင်သွား လိမ့်မည်။ ထိုအခါမှသာ ဘုရားသခင်၏ စီရင်ခြင်းအမှုသည် အဆုံးသတ်နှင့်ပြီးဖြစ်သည်ကို သင် ရုတ်တရက် နားလည်လိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏
ဘုရားသခင်သည် မသိလိုက်သည့်အချိန်အချို့တွင် ကမ္ဘာမြေပေါ်သို့ ကြွကောင်းကြွလာနိုင်ပြီး လူသားထံ ပေါ်ထွန်းကာ၊ ပြီးနောက် မည်သူ့ကိုမျှ အလွတ်မပေးဘဲ တစ်ယောက်ပြီး တစ်ယောက်ကို စစ်ဆေးလျက်၊ လူသားမျိုးနွယ် တစ်ရပ်လုံးကို ကိုယ်တိုင်ကိုယ်ကျ တရားစီရင်မည်ဟု အချို့က ယုံကြည်ကြသည်။ ဤနည်းဖြင့် တွေးထင်သူတို့သည် လူ့ဇာတိခံယူခြင်း အမှု၏ ဤအဆင့်ကို မသိကြပေ။ ဘုရားသခင်သည် လူကို တစ်ယောက်ပြီး တစ်ယောက် တရားမစီရင်သကဲ့သို့၊ တစ်ယောက်ပြီး တစ်ယောက် မစစ်ဆေးပေ။ ထိုသို့ပြုခြင်းသည် တရားစီရင်ခြင်းအမှု ဖြစ်မည် မဟုတ်ပေ။ လူသားမျိုးနွယ် အားလုံး၏ ဖောက်ပြန်ပျက်စီးမှုသည် အတူတူ ဖြစ်သည် မဟုတ်လော။ လူသားမျိုးနွယ် တစ်ရပ်လုံး၏ အနှစ်သာရသည် အတူတူ ဖြစ်သည် မဟုတ်လော။ တရားစီရင်ခြင်း ခံရသည်မှာ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရ၊ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရသည့် လူသား၏အနှစ်သာရနှင့် လူသား၏ အပြစ်အားလုံးတို့ ဖြစ်သည်။ ဘုရားသခင်သည် လူသား၏ အသေးအဖွဲဖြစ်ပြီး အရေးမပါသော အမှားတို့ကို တရားမစီရင်ပေ။ တရားစီရင်ခြင်း အမှုသည် ကိုယ်စားပြုသောအရာဖြစ်ပြီး၊ အထူးသဖြင့် လူတစ်ဦးတစ်ယောက်အတွက် ဆောင်ရွက်ခြင်း မဟုတ်ပေ။ ထို့ထက် ယင်းသည် လူသားမျိုးနွယ် တစ်ရပ်လုံးနှင့်ဆိုင်သည့် တရားစီရင်ခြင်းကို ကိုယ်စားပြုရန်အလို့ငှာ လူတစ်စုက တရားစီရင်ခြင်း ခံရသည့် အမှုဖြစ်သည်။ လူတစ်စုအပေါ်၌ မိမိ၏အမှုကို ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ခြင်းအားဖြင့် လူ့ဇာတိဖြင့် ဘုရားသခင်သည် လူသားတစ်မျိုးနွယ်လုံး၏အမှုကို ကိုယ်စားပြုရန် သူ၏အမှုကို အသုံးပြုသည်၊ ထို့နောက်တွင် ယင်းသည် တဖြည်းဖြည်း ပျံ့နှံ့လေသည်။ ဤသည်မှာ တရားစီရင်ခြင်းအမှု ပြုသည့်ပုံလည်း ဖြစ်သည်။ ဘုရားသခင်သည် လူတစ်မျိုး၊ သို့မဟုတ် လူတစ်စုကို တရားစီရင်သည် မဟုတ်ဘဲ၊ လူသားမျိုးနွယ်တစ်ရပ်လုံး၏ မဖြောင့်မတ်ခြင်း- ဥပမာအားဖြင့် ဘုရားသခင်ကို လူသား၏ဆန့်ကျင်မှု၊ သို့မဟုတ် လူသား၏ ဘုရားသခင်အပေါ် ကြောက်ရွံ့မှု ကင်းမဲ့ခြင်း၊ သို့မဟုတ် ဘုရားသခင်၏အမှုကို လူသား၏ နှောင့်ယှက်ခြင်း အစရှိသည်တို့ကို တရားစီရင်သည်။ တရားစီရင်ခံရသည့်အရာမှာ ဘုရားသခင်ကို ဆန့်ကျင်သည့် လူသားမျိုးနွယ်၏ အနှစ်သာရဖြစ်ပြီး၊ ဤအမှုသည် နောက်ဆုံးသောကာလ၏ သိမ်းပိုက်ခြင်းအမှုဖြစ်သည်။ လူသားက မျက်မြင်တွေ့ကြုံရသည့် လူ့ဇာတိခံ ဘုရားသခင်၏အမှုနှင့် နှုတ်ကပတ်တော်သည် လူသားတို့ အတိတ်ကာလများအတောအတွင်း စိတ်ကူးပေါက်ခဲ့သော နောက်ဆုံးသောကာလ အတောအတွင်း ပလ္လင်ဖြူကြီးရှေ့က တရားစီရင်ခြင်း အမှုဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်က လတ်တလော လုပ်ဆောင်လျက်ရှိသော အမှုသည် ပလ္လင်ဖြူကြီးရှေ့ တရားစီရင်ခြင်း အတိအကျဖြစ်သည်။ မျက်မှောက်ခေတ် လူ့ဇာတိခံ ဘုရားသခင်သည် နောက်ဆုံးသောကာလအတွင်းတွင် လူသားမျိုးနွယ်တစ်ရပ်လုံးကို တရားစီရင်ဆုံးဖြတ်သည့် ဘုရားသခင် ဖြစ်သည်။ ဤဇာတိခန္ဓာနှင့် သူ၏အမှု၊ သူ၏ နှုတ်ကပတ်တော်နှင့် သူ၏ စိတ်သဘောထား တစ်ခုလုံးတို့သည် ဘုရားသခင်၏ အလုံးစုံ ဖြစ်သည်။ သူ့အမှု၏ နယ်ပယ်သည် ကန့်သတ်ချက် ရှိပြီး၊ စကြဝဠာတစ်ခုလုံး တိုက်ရိုက် ပါဝင်ခြင်း မရှိသော်လည်း၊ တရားစီရင်ခြင်းအမှု၏ အနှစ်သာရမှာ လူသားမျိုးနွယ်တစ်ရပ်လုံးကို တိုက်ရိုက် တရားစီရင်ခြင်း ဖြစ်သည်- တရုတ်နိုင်ငံမှ ရွေးချယ်ခံရသော လူတို့အတွက်သာ မဟုတ်သကဲ့သို့၊ လူအရေအတွက် အနည်းငယ်အတွက်လည်း မဟုတ်ပေ။ လူ့ဇာတိ၌ ဘုရားသခင်၏ အမှုအတောတွင်းတွင်၊ ဤအမှု၏နယ်ပယ်သည် စကြဝဠာ တစ်ခွင်လုံး မပါဝင်သော်လည်း၊ စကြဝဠာတစ်ခွင်လုံး၏အမှုကို ကိုယ်စားပြုပြီး၊ သူ၏ ဇာတိခန္ဓာနှင့်ဆိုင်သည့် အမှု နယ်ပယ်အတွင်းရှိ အမှုကို သူ အဆုံးသတ်ပြီးသည့်နောက်တွင် ယေရှု၏ ဧဝံဂေလိတရားသည် သူ၏ ရှင်ပြန်ထမြောက်ခြင်းနှင့် တက်ကြွခြင်းနောက်တွင် စကြဝဠာအနှံ့ ပျံ့နှံ့သွားသည့်နည်းတူ သူသည် ဤအမှုကို စကြဝဠာတစ်ခွင်လုံးသို့ ချက်ချင်း တိုးချဲ့လိမ့်မည်။ ဝိညာဉ်တော်၏ အမှုဖြစ်စေ၊ လူ့ဇာတိ၏အမှု ဖြစ်စေ၊ ယင်းသည် ကန့်သတ်ထားသော နယ်ပယ်တစ်ခုအတွင်း ဆောင်ရွက်သော အမှု ဖြစ်သည်၊ သို့သော် ယင်းအမှုသည် စကြဝဠာတစ်ခွင်လုံး၏အမှုကို ကိုယ်စားပြုပေသည်။ နောက်ဆုံးသောကာလအတွင်းတွင်၊ ဘုရားသခင်သည် သူ၏လူ့ဇာတိခံ ပင်ကိုလက္ခဏာဖြင့် ပေါ်ထွန်းခြင်းအားဖြင့် သူ၏အမှုကို ဆောင်ရွက်ပြီး၊ လူ့ဇာတိ၌ရှိသည့် ဘုရားသခင်သည် ဖြူသော ပလ္လင်ကြီးရှေ့တွင် လူသားကို တရားစီရင်သည့် ဘုရားသခင် ဖြစ်သည်။ သူသည် ဝိညာဉ်တော်ဖြစ်စေ၊ လူ့ဇာတိ ဖြစ်စေ၊ တရားစီရင်သည့်အမှုကို ပြုသူသည် နောက်ဆုံးသောကာလအတွင်း လူသားမျိုးနွယ်ကို တရားစီရင်သည့် ဘုရားသခင် ဖြစ်သည်။ ဤအရာကို သူ၏အမှုအပေါ် အခြေခံ၍ သတ်မှတ်ထားခြင်း ဖြစ်ပြီး၊ သူ၏ အပြင်ပန်းသဏ္ဌာန်၊ သို့မဟုတ် အခြားသော အကြောင်းခံအချို့နှင့်အညီ သတ်မှတ်ထားခြင်း မဟုတ်ပေ။ လူသားသည် ဤနှုတ်ကပတ်တော်များနှင့်ပတ်သက်သည့် အယူအဆများ သိုထားသော်လည်း၊ လူ့ဇာတိခံ ဘုရားသခင်၏ လူသားမျိုးနွယ်တစ်ရပ်လုံးကို တရားစီရင်ခြင်းနှင့် သိမ်းပိုက်ခြင်း အမှန်တရားကို မည်သူမျှ မငြင်းနိုင်ပေ။ ယင်းနှင့်သက်ဆိုင်၍ လူသားက မည်သို့ တွေးထင်သည်ဖြစ်စေ၊ အမှန်တရားများသည် နောက်ဆုံး၌ အမှန်တရားများသာ ဖြစ်သည်။ မည်သူကမျှ၊ “အမှုကို ဘုရားသခင်က လုပ်ဆောင်သော်လည်း လူ့ဇာတိသည် ဘုရားသခင်မဟုတ်။” ဟု မပြောနိုင်ပေ။ ဤအမှုကို လူ့ဇာတိ၌ ရှိသည့် ဘုရားသခင်မှလွဲ၍ မည်သူမျှ မလုပ်ဆောင်နိုင်သည့်အတွက်၊ ဤသည်မှာ မှားယွင်းပြီး အဓိပ္ပာယ်မရှိသော စကားဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်
နောက်ဆုံးသောကာလအတွင်းတွင် ယေရှု ဆင်းသက် လာမည်ကိုသာ သင်သိသည်၊ သို့သော် သူ မည်သို့ အတိအကျ ဆင်းသက်လာမည်နည်း။ ရွေးနုတ်ခြင်း ခံရပြီးစဖြစ်ပြီး မပြောင်းလဲသေးသော၊ သို့မဟုတ် ဘုရားသခင်အားဖြင့် စုံလင်အောင်ပြုခြင်း မခံရသေးသော သင်တို့ကဲ့သို့ အပြစ်သားတစ်ဦးအနေဖြင့် သင်သည် ဘုရားရည်ရွယ်ချက်များနှင့် အညီဖြစ်နိုင်သလော။ လူဟောင်းအတိုင်း ရှိနေဆဲဖြစ်သည့် သင့်အတွက်၊ သင်သည် ယေရှုအားဖြင့် ကယ်တင်ခံခဲ့ရသည်ဆိုသည်နှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့် သင်သည် အပြစ်သား မဟုတ်တော့သည်မှာ မှန်သော်လည်း ဤအရာက သင်သည် အပြစ်ဖြစ်စေ၊ မသန့်ရှင်းခြင်းဖြစ်စေ မရှိကြောင်း သက်သေမပြပေ။ သင်သည် မပြောင်းလဲသေးပါက မည်ကဲ့သို့ သန့်ရှင်းနိုင်မည်နည်း။ အတွင်း၌ သင်သည် မစင်ကြယ်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်ညံ့ခြင်းတို့ဖြင့် ပတ်ချာဝိုင်းနေသည့်တိုင်အောင် သင်သည် ယေရှုနှင့်အတူ ဆင်းသက်လိုနေဆဲဖြစ်သည်၊ သင်ထိုမျှ ကံကောင်းသလော။ သင်သည် ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းတွင် အဆင့်တစ်ခု ချန်လှပ်မိပြီဖြစ်သည်။ သင်သည် ရွေးနုတ်ခြင်း ခံရပြီးဖြစ်ရုံသာ ရှိသေးသော်လည်း မပြောင်းလဲသေးပေ။ သင့်အနေဖြင့် ဘုရားရည်ရွယ်ချက်များနှင့်အညီ ဖြစ်ရန်မှာ ဘုရားသခင်သည် သင့်ကို ပြောင်းလဲစေခြင်းနှင့် သန့်စင်စေခြင်းအမှုကို ကိုယ်တော်တိုင် လုပ်ဆောင်ရပေမည်။ သို့မဟုတ်ပါက သင်သည် ရွေးနုတ်ခြင်းသာ ခံရပြီးဖြစ်သဖြင့် သန့်ရှင်းစင်ကြယ်စေသည်ကို ခံရခြင်း ဖြစ်လာနိုင်မည် မဟုတ်ပေ။ ဤနည်းဖြင့် သင်သည် ပြောင်းလဲခြင်းနှင့် စုံလင်စေခြင်း၏ အဓိကအဆင့်ဖြစ်သော လူကို စီမံခန့်ခွဲသည့် ဘုရားသခင်၏အမှုတွင် အဆင့်တစ်ဆင့်ကို သင်လွတ်သွားခဲ့သည့်အတွက် သင်သည် ဘုရားသခင်နှင့်အတူ ကောင်းမြတ်သော ကောင်းချီးများကို ပျော်မွေ့ခံစားရန် အရည်အချင်းပြည့်မီလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ရွေးနုတ်ခံရပြီးစ အပြစ်သားတစ်ဦးဖြစ်သည့် သင်သည် ဘုရားသခင်၏ အမွေဥစ္စာကို တိုက်ရိုက် အမွေဆက်ခံနိုင်စွမ်း မရှိပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမည်နာမများနှင့် ကိုယ်ပိုင်လက္ခဏာတို့နှင့် ပတ်သက်၍
လူသည် ရွေးနုတ်ခြင်း မခံရမီတွင်၊ စာတန်၏ အဆိပ်အများအပြားသည် သူ့အတွင်းတွင် အခိုင်အမာ တည်ထားနှင့်ပြီးဖြစ်သကဲ့သို့ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို နှစ်ထောင်ချီ ခံရပြီးနောက်တွင်၊ လူသည် သူ့အတွင်းတွင် ဘုရားသခင်ကို ဆန့်ကျင်သည့် အခြေခိုင်သည့် သဘာဝ ရှိလေသည်။ သို့ဖြစ်ရာ လူသားသည် ရွေးနုတ်ခံရပြီးသည့်အချိန်တွင်၊ ယင်းသည် လူကို အဖိုးအခကြီးစွာ ပေးဝယ်ထားသည့် ရွေးနုတ်ခြင်း ကိစ္စတစ်ခုထက် ဘာမျှမပိုဘဲ၊ သူ့အတွင်းရှိ အဆိပ်သင့်သော သဘာဝမှာ သုတ်သင်ပယ်ရှင်းခြင်းကို မခံရသေးပေ။ အလွန် ညစ်ညမ်းလှသော လူသည် ဘုရားသခင်ကို အစေခံရန် မထိုက်တန်မီတွင် ပြောင်းလဲခြင်းကို ကြုံရမည် ဖြစ်သည်။ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့်ဆိုင်သည့် ဤအမှုအားဖြင့်၊ လူသည် သူကိုယ်တိုင်အတွင်းရှိ ညစ်ညူးပြီး ဖောက်ပြန်ပျက်စီးသည့် အနှစ်သာရကို အပြည့်အဝ သိလာလိမ့်မည် ဖြစ်ပြီး၊ သူသည် လုံးဝ ပြောင်းလဲနိုင်လိမ့်မည် ဖြစ်ပြီး သန့်စင်လာလိမ့်မည်။ ဤနည်းဖြင့်သာ လူသည် ဘုရားသခင်၏ ပလ္လင်တော် ရှေ့မှောက်သို့ ပြန်လာရန် ထိုက်တန်နိုင်ပေသည်။ ယနေ့ လုပ်ဆောင်သည့် အမှုအားလုံးသည် လူသားက သန့်စင်စေခြင်းခံရနိုင်ကာ ပြောင်းလဲစေခြင်း ခံရနိုင်ဖို့အလို့ငှာ ဖြစ်သည်။ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမှတစ်ဆင့်အပြင်၊ စစ်ဆေးခြင်းမှတစ်ဆင့်လည်း လူသားသည် သူ၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ရှားနိုင်ပြီး သန့်စင်စေခြင်း ခံရနိုင်ပေသည်။ အမှု၏ ဤအဆင့်ကို ကယ်တင်ခြင်း၏အမှုဟု ယူဆခြင်းထက်၊ ယင်းသည် သန့်ရှင်းစင်ကြယ်စေခြင်း၏ အမှုဟု ပြောရန်မှာ ပိုမို ဆီလျော်ပေမည်။ အမှန်တွင် ဤအဆင့်သည် သိမ်းပိုက်ခြင်းအဆင့် ဖြစ်သည့်အပြင် ကယ်တင်ခြင်းအမှုထဲက ဒုတိယ အဆင့်လည်း ဖြစ်သည်။ လူသည် ဘုရားသခင်၏ ရယခြင်းခံလာရသည်မှာ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့မှတစ်ဆင့် ဖြစ်ပြီး လူသား၏ စိတ်နှလုံးအတွင်းရှိ မသန့်စင်မှုများ၊ အယူအဆများ၊ ကြံရွယ်ချက်များနှင့် တစ်ကိုယ်ရေမျှော်လင့်ချက်များ အားလုံး လုံးဝ ထုတ်ဖော်ပြခံရသည်မှာ နှုတ်ကပတ်တော်အားဖြင့် စစ်ဆေးခြင်း၊ တရားစီရငခြင်းနှင့် ဖော်ထုတခြင်းမှတစ်ဆင့် ဖြစ်ပေသည်။ လူသားအားလုံးသည် သူ့အပြစ်များမှ ခွင့်လွှတ်ခြင်းနှင့် ရွေးနုတ်ခြင်းကို ခံရပြီးဖြစ်ကောင်း ဖြစ်နိုင်သည့်အတွက်၊ ဘုရားသခင်သည် လူ၏ ဒုစရိုက်ကျူးလွန်ခြင်းများကို မအောက်မေ့ခြင်းနှင့် လူသားကို သူ၏ ဒုစရိုက်ကျူးလွန်ခြင်းများနှင့်အညီ မဆက်ဆံခြင်းဟုသာ မှတ်ယူ၍ရနိုင်ပေသည်။ သို့ရာတွင် ဇာတိ၏ ခန္ဓာဖြင့် အသက်ရှင်သည့် လူသားသည် အပြစ်မှ လွှတ်မြောက်ခြင်း မခံရသေးသည့်အခါ၊ သူသည် ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားကို မပြီးနိုင် မဆုံးနိုင် ထုတ်ဖော်ပြလျက်၊ အပြစ်ကိုသာ ဆက်လုပ်နိုင်သည်။ ဤအရာက အပြစ်ပြုခြင်းနှင့် ခွင့်လွှတ်ခြင်းနှင့်ဆိုင်သည့် အဆုံးမရှိသော သံသရာတစ်ခု ဖြစ်သည့် လူများ အသက်ရှင် နေထိုင်သည့် အသက်တာ ဖြစ်သည်။...လူသားအတွက် သူ၏ အပြစ်များကို သတိပြုမိလာရန်မှာ မလွယ်ကူချေ။ သူသည် သူကိုယ်တိုင်၏ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ထားသော သဘာဝကို သတိမပြုမိနိုင်သကဲ့သို့၊ ဤရလဒ်ကို ရရှိဖို့အလို့ငှာ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းအပေါ် သူ မှီခိုရမည်ဖြစ်သည်။ ထိုသို့ဖြင့်သာ လူသည် ဤအချိန်မှစ၍ နောက်ပိုင်းတွင် တဖြည်းဖြည်း ပြောင်းလဲလာနိုင်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)
နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့ကျိုးနွံနာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထားပေသည်။ အထူးသဖြင့် ဘုရားသခင်ကို လူသားက မည်သို့ ငြင်းပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကို ဆန့်ကျင်သည့်ရန်သူအင်အားတစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်ပြီး ပြုပြင်လေသည်။ ဤကွဲပြားခြားနားသော ဖော်ထုတ်ခြင်းနှင့် ပြုပြင်ပေးခြင်း နည်းစနစ်အားလုံးကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ချိုးနှိမ်ခံရနိုင်ပြီး၊ ဘုရားသခင်နှင့်ပတ်သက်၍ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံး ခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းအမှု က ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏သဘောသဘာဝအမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏
ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း အမှု၏ ရည်ရွယ်ချက်မှာ အနှစ်သာရအားဖြင့် လူသားမျိုးနွယ်ကို သန့်ရှင်းစေရန်နှင့် ၎င်းတို့၏ နောက်ဆုံးသော ငြိမ်သက်ခြင်း ချမ်းသာအတွက် ဖြစ်သည်။ ထိုသို့မဟုတ်ပါက လူသားမျိုးနွယ်ထဲမှ တစ်ဦးမျှသည် မတူညီသော အမျိုးအစားအလိုက် ခွဲခြားခံရနိုင်မည် မဟုတ်ပေ၊ သို့မဟုတ် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်နိုင်ကြမည် မဟုတ်ပေ။ ဤအမှုသည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ရန် လူသားမျိုးနွယ်၏ တစ်ခုတည်းသော လမ်းကြောင်းဖြစ်သည်။ ဘုရားသခင်၏ သန့်စင်စေခြင်းအမှုသည်သာ လူသားများကို ၎င်းတို့၏ မဖြောင့်မတ်ခြင်းမှ သန့်စင်စေလိမ့်မည်ဖြစ်ပြီး သူ၏ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း အမှုသည်သာလျှင် လူသားမျိုးနွယ်ထဲမှ ပုန်ကန်သော ထိုလူစုများကို ဖော်ထုတ်လိမ့်မည်၊ ထိုသို့ဖြင့် ကယ်တင်ခံရနိုင်သူတို့ကို ကယ်တင်မခံရနိုင်သူတို့မှ ခွဲခြားပြီး ကျန်ရှိမည့်သူများကို မကျန်ရှိမည့်သူများမှ ခွဲခြားထားလိမ့်မည်ဖြစ်သည်။ ဤအမှု အဆုံးသတ်သောအခါတွင်၊ ကျန်ရှိခွင့် ပေးထားသောလူများ အားလုံး သန့်စင်စေခြင်း ခံရလိမ့်မည်ဖြစ်ပြီး၊ ကမ္ဘာမြေပေါ်တွင် သာ၍ နှစ်သက်ဖွယ်ဖြစ်သော ဒုတိယ လူ့ဘဝကို ၎င်းတို့ မွေ့လျော်မည့် သာ၍ မြင့်မားသော လူ့သဘာဝ၏ အခြေအနေထဲသို့ ဝင်ရောက်ကြလိမ့်မည်။ တစ်နည်းအားဖြင့် ၎င်းတို့သည် ၎င်းတို့၏ လူသား အနားယူရာနေ့ကို စတင်ကြလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်နှင့်အတူ ယှဉ်တွဲနေထိုင်ကြလိမ့်မည်။ ကျန်ရှိခွင့် မရကြသူတို့ ပြစ်တင်ဆုံးမခံရကာ တရားစီရင်ခံကြရ ပြီးနောက်တွင်၊ ၎င်းတို့၏ စရိုက်အမှန်သည် လုံးဝ ဖော်ထုတ်ခံရလိမ့်မည်၊ ယင်းနောက်တွင် ၎င်းတို့အားလုံးသည် စာတန်ကဲ့သို့ ဖျက်ဆီးခြင်းကိုခံကြရမည်ဖြစ်ပြီး ကမ္ဘာမြေကြီးပေါ်တွင် ရှင်သန်ခွင့်ရှိတော့မည် မဟုတ်ပေ။ အနာဂတ် လူသားမျိုးနွယ်တွင် ဤလူစားမျိုးထဲမှ မည်သူမျှ ပါဝင်တော့မည် မဟုတ်ပေ။ ထိုသို့သော လူများသည် အဆုံးစွန် ငြိမ်သက်ခြင်း ချမ်းသာခြင်းနှင့်ဆိုင်သည့် ပြည်ထဲသို့ ဝင်ရောက်ရန် မသင့်တော်ကြသကဲ့သို့၊ ၎င်းတို့သည် အပြစ်ပေးခြင်းနှင့်ဆိုင်သည့် ပစ်မှတ်များ ဖြစ်ကြပြီး ဆိုးယုတ်ကာ မဖြောင့်မတ်သောလူများ ဖြစ်ကြသည့်အတွက်၊ ဘုရားသခင်နှင့် လူသားမျိုးနွယ်တို့ မျှဝေခံစားကြမည့် အနားယူရာ နေ့ရက်၌ အတူပါဝင်ရန်လည်း မသင့်တော်ကြပေ။ ၎င်းတို့သည် တစ်ကြိမ် ရွေးနုတ်ခြင်း ခံခဲ့ရပြီး၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကိုလည်း ခံခဲ့ကြရသည်။ ၎င်းတို့သည် ဘုရားသခင်ထံလည်း တစ်ချိန်က အလုပ်လုပ်ပေးခဲ့ကြသည်။ သို့သော် နောက်ဆုံးနေ့ရက် ရောက်လာသောအခါ၊ ၎င်းတို့၏ ဒုစရိုက်အမှုကြောင့်လည်းကောင်း၊ ၎င်းတို့၏ ပုန်ကန်ခြင်းနှင့် ရွေးနုတ်ခံရရန် မတတ်စွမ်းနိုင်ခြင်း၏ အကျိုးဆက်အနေဖြင့်လည်းကောင်း ဖယ်ရှားရှင်းလင်းခံရကာ ဖျက်ဆီးခံရလိမ့်ဦးမည် ဖြစ်သည်။ ၎င်းတို့သည် အနာဂတ် ကမ္ဘာလောကတွင် မည်သည့်အခါတွင်မျှ တစ်ဖန် ဖြစ်တည်လာလိမ့်မည် မဟုတ်သကဲ့သို့၊ အနာဂတ် လူသားမျိုးနွယ်စု အလယ်တွင် အသက်ရှင်ကြတော့မည် မဟုတ်ပေ။ လူသားမျိုးနွယ်ထဲမှ သန့်ရှင်းသူတို့ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်သည်နှင့်တစ်ပြိုင်နက်၊ လူသေ၏ ဝိညာဉ်များဖြစ်စေ၊ အသွေးအသားဖြင့် အသက်ရှင်ဆဲ လူများဖြစ်စေ မကောင်းမှုပြုသောသူ အားလုံးနှင့်၊ ကယ်တင်ခြင်းမခံရသေးသောသူ အားလုံးသည် ဖျက်ဆီးခြင်းခံကြ ရလိမ့်မည်။ ဤမကောင်းမှုပြုသည့် ဝိညာဉ်များနှင့် လူသားများ၊ သို့မဟုတ် ဖြောင့်မတ်သည့်လူများနှင့် ဖြောင့်မတ်ခြင်းကိုပြုသော သူများ၏ ဝိညာဉ်များသည် ၎င်းတို့ မည်သည့်ခေတ်တွင် ရှိသည်ကို ပဓာနမထားဘဲ၊ ဆိုးယုတ်သောသူများ အားလုံးသည် နောက်ဆုံးတွင် ဖျက်ဆီးခံရလိမ့်မည် ဖြစ်ပြီး၊ ဖြောင့်မတ်သောသူ အားလုံးသည် ရှင်ကျန်ရစ်ကြလိမ့်မည်။ လူတစ်ဦး သို့မဟုတ် ဝိညာဉ်တစ်ခုအနေဖြင့် ကယ်တင်ခြင်းရမည်၊ မရမည်ကို နောက်ဆုံးသောခေတ်၏ အမှုအရ လုံးလုံး မဆုံးဖြတ်ပေ။ ယင်းထက် ၎င်းတို့သည် ဘုရားသခင်အပေါ် ဆန့်ကျင်ခဲ့ခြင်း ရှိမရှိ၊ သို့မဟုတ် ပုန်ကန်ခဲ့ခြင်း ရှိမရှိ ဆိုသည့်အရာအားဖြင့် ဆုံးဖြတ်ပေသည်။ အကယ်၍ ယခင်ခေတ်က မကောင်းမှု ကျူးလွန်ပြီး ကယ်တင်ခြင်း မရနိုင်ခဲ့သည့် လူများသည် အပြစ်ပေးခြင်းနှင့်ဆိုင်သည့် ပစ်မှတ်များ သေချာပေါက် ဖြစ်ကြလိမ့်မည် ဖြစ်ပြီး၊ မကောင်းမှုကို ကျူးလွန်ပြီး ကယ်တင်မခံရနိုင်သည့် လက်ရှိခေတ်ကာလထဲ ရှိသူများသည်လည်း သေချာပေါက် အပြစ်ဒဏ်ပေးခြင်းအတွက် ပစ်မှတ်များ ဖြစ်ကြလိမ့်မည်။ လူသားများကို ကောင်းမှုနှင့် မကောင်းမှုအပေါ်တွင် အခြေခံ၍ ခွဲခြားသည်၊ ၎င်းတို့ အသက်ရှင်သည့် ခေတ်ကိုအခြေခံ၍ ခွဲခြားခြင်း မဟုတ်ပေ။ ထိုသို့ အမျိုးအစား ခွဲခြားသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် ချက်ချင်း အပြစ်ပေးခြင်း သို့မဟုတ် ဆုလာဘ်ပေးခြင်း ခံရမည်မဟုတ်ပေ။ ယင်းထက် ဘုရားသခင်သည် နောက်ဆုံးကာလတွင် သူ၏သိမ်းပိုက်ခြင်းအမှုကို ဆောင်ရွက်ပြီးစီးသည့်နောက်တွင်သာ သူ၏ မကောင်းသောသူများကို အပြစ်ဒဏ်ပေးခြင်းနှင့် ကောင်းသောသူများကို ဆုလာဘ်ပေးခြင်းအမှုကို ဆောင်ရွက်လိမ့်မည်။ အမှန်တကယ်အားဖြင့်၊ သူသည် လူသားမျိုးနွယ်နှင့်သက်ဆိုင်သည့် သူ၏ကယ်တင်ခြင်း အမှုကို စတင်လုပ်ဆောင်နေခဲ့ကတည်းက၊ ကောင်းသောသူနှင့် ဆိုးယုတ်သောသူများအဖြစ်သို့ လူသားများကို ခွဲခြားနေခဲ့ပြီးဖြစ်သည်။ သူ၏အမှု အဆုံးသတ်သို့ ရောက်လာသည့်နောက်တွင်သာ သူသည် ဖြောင့်မတ်သူများကို ဆုလာဘ်ပေးလိမ့်မည် ဖြစ်ပြီး ဆိုးယုတ်သောသူတို့ကို အပြစ်ပေးလိမ့်မည်သာ ဖြစ်သည်။ သူသည် သူ၏ အမှု ပြီးပြည့်စုံသည်နှင့် ၎င်းတို့ကို အတန်းအစားထဲသို့ ခွဲခြားပြီးနောက် ချက်ချင်း ဆိုးယုတ်သူများကို အပြစ်ပေးခြင်းနှင့် ကောင်းသောသူများကို ဆုလာဘ်ချီးမြှင့်ခြင်း အလုပ်ကို စတင်မည် မဟုတ်ပေ။ ထိုအစား သူ့အမှုသည် တစ်လုံးတစ်ဝတည်း ပြီးဆုံးသည့်အခါတွင်၊ ဤအလုပ်ကို လုပ်ဆောင်ပြီး ဖြစ်လိမ့်မည်။ မကောင်းသောသူများကို အပြစ်ဒဏ်ပေးခြင်းနှင့် ကောင်းသောသူများကို ဆုလာဘ်ပေးခြင်းဟူသည့် ဘုရားသခင်၏ အဆုံးစွန် အမှုနောက်ကွယ်က ရည်ရွယ်ချက် တစ်ခုလုံးမှာ သူသည် သန့်ရှင်းသော လူသားမျိုးနွယ် သက်သက်ကို ထာဝရ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဆောင်ယူသွားနိုင်ဖို့အလို့ငှာ လူသားများ အားလုံးကို လုံးလုံးလျားလျား သန့်စင်စေရန် ဖြစ်သည်။ သူ့အမှု၏ ဤအဆင့်သည် အရေးကြီးဆုံး ဖြစ်သည်။ ယင်းသည် သူ၏ စီမံခန့်ခွဲခြင်း အမှုတစ်ခုလုံး၏ နောက်ဆုံးအဆင့် ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်
တရားစီရင်ခြင်းအမှုသည် ဘုရားသခင်ကိုယ်တိုင်၏အမှု ဖြစ်၏။ ထို့ကြောင့် ယင်းအား ဘုရားသခင်ကိုယ်တော်တိုင် ဆောင်ရွက် ရမည်မှာ ဟုတ်ပေသည်။ သူ့အစား၊ လူသားက အစားထိုး၍ ဆောင်ရွက် မပေးနိုင်ပေ။ တရားစီရင်ခြင်းသည် လူသားမျိုးနွယ်ကို သိမ်းပိုက်ဖို့ သမ္မာတရားကို အသုံးပြုခြင်း ဖြစ်သည့်အတွက်၊ လူသားအလယ် ဤအမှုကို ဆောင်ရွက်ရန် ဘုရားသခင်သည် လူ့ဇာတိခံ ပုံသဏ္ဌာန်ဖြင့် ပေါ်ထွန်းဦးမည်မှာ မေးစရာမလိုချေ။ ဆိုလိုသည်မှာ နောက်ဆုံးသောကာလ ခရစ်တော်သည် ကမ္ဘာလောကအနှံ့ရှိ လူတို့ကို သွန်သင်ရန် သမ္မာတရားကို အသုံးပြုမည်ဖြစ်ပြီး၊ သမ္မာတရားအားလုံးကို သူတို့အား သိစေမည်။ ဤသည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုဖြစ်၏။ လူတို့က ဘုရားသခင်သည် တရားစီရင်ခြင်းအမှုကို လုပ်ဆောင်ဖို့ လူ့ဇာတိခံယူသည်ကို ယုံကြည်ဖို့ အခက်တွေ့ကြသည့်အတွက်၊ များစွာသော သူတို့သည် ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းနှင့် ပတ်သက်၍ မကောင်းသော ခံစားချက်များရှိကြလေသည်။ သို့သော်လည်း ဘုရားသခင်၏ အမှုသည် လူသား၏ မျှော်လင့်ချက်များထက် မကြာခဏ ကျော်လွန်တတ်ပြီး လူသားစိတ်က လက်ခံရန် ခက်ခဲတတ်သည်ကို သင့်ကို ငါ ပြောရမည်။ လူတို့သည် ကမ္ဘာမြေကြီးပေါ်က လောက်ကောင်များသာ ဖြစ်သော်လည်း၊ ဘုရားသခင်မှာမူ စကြဝဠာကို ပြည့်စေသည့် အမြင့်ဆုံးသော သူဖြစ်သည့်အတွက် ဖြစ်သည်။ လူသား၏စိတ်သည် လောက်ကောင်များကိုသာ ပေါက်ပွားစေသည့် ညစ်ညမ်းသော ရေတွင်းတစ်ခုကဲ့သို့ ဖြစ်သည်၊ ဘုရားသခင်၏ အကြံအစည်များက ညွှန်ကြားသော အမှု၏ အဆင့်အသီးသီးမှာမူ ဘုရားသခင်၏ ဉာဏ်ပညာ၏ အကျိုးရလဒ် ဖြစ်ပေသည်။ လူတို့သည် ဘုရားသခင်ကို ဖက်ပြိုင်ရန် အမြဲ ကြိုးစားနေကြသည်၊ ယင်းတွင် နောက်ဆုံး၌ မည်သူ ဆုံးရှုံးမည်မှာ ပကတိအတိုင်း ရှင်းနေပြီဖြစ်သည်ဟု ငါပြောပေသည်။ သင်တို့အနေဖြင့် မိမိတို့ကိုယ်ကိုယ် ရွှေထက် သာ၍ တန်ဖိုးရှိသည်ဟု မထင်မှတ်ဖို့ သင်တို့ကို ငါ တိုက်တွန်း၏။ အခြားသူများသည် ဘုရားသခင်၏ တရားစီရင်ခြင်းကို လက်ခံနိုင်လျှင်၊ သင်သည် အဘယ်ကြောင့် လက်မခံနိုင်သနည်း။ သင်သည် အခြားသူများထက် မည်မျှ သာ၍ မြင့်မားစွာ ရပ်တည်သနည်း။ အခြားသူများသည် သမ္မာတရားရှေ့တွင် မိမိတို့၏ ဦးခေါင်းများကို ညွှတ်နိုင်ကြပါက၊ သင်သည်လည်း အဘယ်ကြောင့် မလုပ်နိုင်ရသနည်း။ ဘုရားသခင်၏ အမှုသည် ရပ်တန့်မရနိုင်သော အရှိန်အဟုန်တစ်ခု ရှိ၏။ သင် ပြုလုပ်ပြီးသော “ထောက်ပံ့မှု” ကြောင့်သာ သူသည် တရားစီရင်သည့် အမှုကို ထပ်လုပ်မည် မဟုတ်သကဲ့သို့၊ သင်သည် ထိုသို့သော အခွင့်ကောင်းတစ်ခုကို လွဲချော်စေခြင်းကြောင့် နောင်တစိတ်ဖြင့် မွှန်ထူသွားပေမည်။ သင်သည် ငါ၏နှုတ်ကပတ်တော်များကို မယုံကြည်ပါက၊ မိုးကောင်းကင်ရှိ ထိုဖြူသောပလ္လင်ကြီးက သင့်အပေါ် တရားစီရင်ချက်ချမည်ကိုသာ စောင့်လော့။ ဣသရေလလူ အားလုံးသည် ယေရှုကို ငြင်းဆန်ကာ ငြင်းပယ်ခဲ့ကြသော်လည်း၊ ယေရှု၏ လူသားမျိုးနွယ်ကို ရွေးနုတ်ခြင်း အမှန်တရားသည် စကြဝဠာတစ်လျှောက်လုံးနှင့် ကမ္ဘာမြေစွန်းများထိတိုင် တိုးချဲ့ဆဲ ဖြစ်ခဲ့သည်ကို သင်တို့ သိရမည်။ ဤသည်မှာ လွန်ခဲ့သော အချိန်များစွာက ဘုရားသခင်ဖြစ်မြောက်စေခဲ့သည့် အဖြစ်မှန် ဖြစ်သည် မဟုတ်လော။ အကယ်၍ သင်သည် ယေရှုက သင့်ကို ကောင်းကင်သို့ ဆောင်ယူမည်ကို စောင့်ဆိုင်းနေဆဲဖြစ်ပါက သင်သည် ခေါင်းမာသော သစ်ခြောက်တစ်ခုက ဖြစ်သည်ဟု ငါပြောသည်။ သမ္မာတရားကို သစ္စာစောင့်သိမှုမရှိသကဲ့သို့၊ ကောင်းချီးများကိုသာ ရှာဖွေသည့် သင်ကဲ့သို့သော အယောင်ဆောင် ယုံကြည်သူတစ်ဦးကို ယေရှုသည် အသိအမှတ်ပြုလိမ့်မည် မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့်၊ သူသည် နှစ်ထောင်သောင်းချီ လောင်ကျွမ်းဖို့ ကန့်နှင့်ရောနှောသော မီးအိုင်ထဲသို့ သင့်ကို ချပစ်ရာတွင် သနားကရုဏာ ပြမည်မဟုတ်ပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏
အောက်ခြေမှတ်စု(များ)-
က။ သစ်ခြောက်တစ်ခု- “ကူညီ၍မရနိုင်တော့သော” ဟု ဆိုလိုသည့် တရုတ်ဥပစာစကားတစ်ရပ်။
ဆက်စပ်မှုရှိသော ဇာတ်ကားကောက်နုတ်ချက်များ
နောက်ဆုံးသောကာလမှ ဘုရားသခင်၏ တရားစီရင်ခြင်းသည် လူသားအတွက် ကယ်တင်ခြင်းဖြစ်သည်
ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ
သူ့ပလ္လင်ရှေ့သို့ လာသူတိုင်းကို ဘုရားသခင် တရားစီရင်၍ သန့်စင်စေမည်
တရားစီရင်ခြင်းမှာ လူကိုစုံလင်စေရန် ဘုရား၏ အဓိကနည်းလမ်း
တရားစီရင်ခြင်းနှင့်ပြစ်တင်ဆုံးမခြင်းတို့က ဘုရားသခင်၏ ကယ်တင်ခြင်းကို ထုတ်ဖော်ပြ