သမ္မာကျမ်းစာပြင်ပတွင် ဘုရားသခင်သည် မိန့်မြွက်ချက်များ ပြုလုပ်ခဲ့ပါသလား

10.03.2022

ရွှင်ချို စင်္ကာပူနိုင်ငံ

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သင်က ပညတ်တော်ခေတ်၏ အလုပ်ကို ကြည့်လိုပြီး၊ ဣသရေလအမျိုးသားများ ယေဟောဝါ၏ လမ်းခရီးကို မည်သို့ လိုက်နာခဲ့ကြကြောင်းကို ကြည့်လိုလျှင်၊ သင်သည် ဓမ္မဟောင်းကျမ်းကို ဖတ်ရှုရမည်။ သင်သည် ကျေးဇူးတော်ခေတ်၏ အလုပ်ကို နားလည်လိုလျှင်၊ ဓမ္မသစ်ကျမ်းကို ဖတ်ရှုရမည်။ သို့သော်လည်း နောက်ဆုံးသောကာလ၏ အမှုကို သင် မည်သို့ မြင်သနည်း။ သင်သည် ယနေ့၏ဘုရားသခင်၏ ဦးဆောင်မှုကို လက်ခံလျက် ယနေ့၏အမှုတော်ထဲကို ဝင်ရောက်ကြရမည်။ အဘယ်ကြောင့်ဆိုသော် ယင်းသည် အမှုသစ်ဖြစ်ပြီး၊ မည်သူမျှ ယခင်က သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင် မထားခဲ့သောကြောင့် ဖြစ်သည်။ ယနေ့တွင် ဘုရားသခင်သည် လူ့ဇာတိခံယူပြီး တရုတ်နိုင်ငံ၌ အခြားရွေးကောက်ခံရသူများကို ရွေးထားပြီ ဖြစ်သည်။ ဘုရားသခင်သည် ထိုလူများ၌ အမှုပြုသည်၊ သူသည် ကမ္ဘာကြီးပေါ်က သူ၏အမှုတော်မှ ဆက်လက်ဆောင်ရွက်ပြီး၊ ကျေးဇူးတော်ခေတ်၏အမှုတော်မှ ဆက်ပြီး ဆောင်ရွက်သည်။ ယနေ့၏အမှုတော်သည် လူသားတို့ မည်သည့်အခါကမျှ မလျှောက်ဖူးသေးသည့် လမ်းကြောင်းဖြစ်ပြီး မည်သူကမှ မမြင်ဖူးသည့် လမ်းခရီးဖြစ်သည်။ ယင်းသည် ယခင် မည်သည့်အခါမျှ မလုပ်ခဲ့ဖူးသည့် အမှုတော်ဖြစ်သည်၊ ယင်းသည် ကမ္ဘာကြီးပေါ်က ဘုရားသခင်၏ နောက်ဆုံးအမှုတော် ဖြစ်သည်။ ထို့ကြောင့် ယခင် မည်သည့်အခါမျှ မလုပ်ခဲ့ဖူးသည့် အလုပ်သည် သမိုင်းမဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် ပစ္စုပ္ပန်သည် ပစ္စုပ္ပန်သာဖြစ်ပြီး၊ အတိတ်ဖြစ်သွားရန် လိုသေး၍ ဖြစ်သည်။ ဘုရားသခင်သည် ပိုကြီးမားသည့်၊ ပိုသစ်သည့်အမှုကို ဣသရေလ၏ ပြင်ပ၊ ကမ္ဘာကြီးပေါ်မှာ ပြုလုပ်ခဲ့ပြီးကြောင်း၊ ထိုအမှုသည် ဣသရေလ၏ နယ်ပယ်အပြင်ထိ ကျော်လွန်နှင့်ပြီး၊ ပရောဖက်များ၏ ကြိုတင်ဟောကြားချက်များကို ကျော်လွန်လျက် ရောက်ရှိနှင့်ပြီးဖြစ်ကြောင်း၊ ယင်းသည် ပရောဖက်ပြုချက်များ၌ မပါဝင်သည့် အသစ်သော အံ့သြဖွယ်အမှု၊ ဣသရေလအပြင်ရှိ ပိုမိုသစ်လွင်သည့် အမှု၊ လူသားများ မည်သည့်အခါတွင်မျှ သိနားလည်နိုင်မည် မဟုတ်သကဲ့သို့ စိတ်ကူးနိုင်ကြမည် မဟုတ်သည့် အမှုဖြစ်ကြောင်းကို လူများက မသိကြပေ။ သမ္မာကျမ်းစာထဲ၌ ယင်းကဲ့သို့သောအမှု၏ ပြည့်စုံစွာ ရှင်းလင်းဖော်ပြထားသော မှတ်တမ်းများ မည်သို့ ပါဝင်နိုင်မည်နည်း။ မည်သူသည် ယနေ့အမှု၏ တစ်ချက်ချင်းစီကို မည်သည့် အရာကိုမျှ ထိန်ချန်မထားဘဲ၊ ကြိုတင်ပြီး မှတ်တမ်းတင်ပေးနိုင်ခဲ့မည်နည်း။ မည်သူကများ ဟောင်းနွမ်းလှသည့် ထိုစာအုပ်ထဲ၌ ယခုကဲ့သို့ ပိုမို ကြီးမြတ်ပြီး ပို၍ ဉာဏ်ပညာရှိကာ၊ အစဉ်အလာကို အာခံသည့် အမှုကို မှတ်တမ်းတင်ပေးနိုင်ခဲ့မည်နည်း။ ယနေ့အမှုသည် သမိုင်းမဟုတ်ပေ၊ သို့ဖြစ်၍ သင်က ယနေ့၏လမ်းကြောင်း အသစ်အတိုင်း လျှောက်သွားချင်ပါက၊ သင်သည် သမ္မာကျမ်းစာမှ သွေဖည်ရမည်ဖြစ်သည်၊ သင်သည် သမ္မာကျမ်းစာထဲက အနာဂတ္တိကျမ်း စာအုပ်များ သို့မဟုတ် သမိုင်းကို ကျော်လွန်ပြီးသွားရမည်။ သို့ဖြစ်မှသာ သင်သည် လမ်းကြောင်းအသစ်ကို မှန်ကန်စွာ လျှောက်နိုင်မည် ဖြစ်သည်၊ ထို့အပြင် ထိုအခါကျမှသာ သင်သည် လောကသစ်နှင့် အမှုသစ်ထဲကို ဝင်ရောက်နိုင်မည် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁)) သမ္မာကျမ်းစာက ပညတ်တော်နဲ့ ကျေးဇူးတော်ခေတ်မှာရှိတဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နဲ့ အမှုတော်မှတ်တမ်းတစ်ခုပဲဖြစ်ပြီး နောက်ဆုံးသောကာလမှာရှိတဲ့ သူ့ရဲ့ နှုတ်ကပတ်တော်နဲ့ အမှုတော်မဟုတ်ဘူးဆိုတာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်တော့်ကို ပြခဲ့ပါတယ်။ ကျွန်တော်တို့က ကျမ်းစာကိုပဲ ဖက်တွယ်နေပြီး နောက်ဆုံးသောကာလမှာ သန့်ရှင်းသောဝိညာဉ်တော်က အသင်းတော်တွေဆီကို ပြောတဲ့အရာကို မရှာဖွေဘူးဆိုရင် သိုးသူငယ်နောက်ကို အမှီလိုက်ပြီး သခင်ပြန်ကြွလာခြင်းကို ကြိုဆိုနိုင်မှာမဟုတ်ဘူး။ ကျွန်တော်တို့တွေ သခင့်ကို ကြိုဆိုနိုင်ဖို့အတွက် ဒီသမ္မာတရားက အရေးပါပါတယ်။

၂၀၁၈ ဇန်နဝါရီလ နေ့တစ်နေ့မှာ အစ်မရှီနဲ့ အစ်မချန်ကို အွန်လိုင်းမှာ တွေ့ခဲ့တယ်။ သူတို့က ကျမ်းစာအပေါ်မှာ သူများနဲ့မတူတဲ့ အမြင်တွေရှိကြတယ်။ သူတို့ မိတ်သဟာယက အရမ်းလက်တွေ့ကျပြီး အလင်းနဲ့ ပြည့်နေတယ်။ သူတို့က ကျွန်တော့်ကို အသင်းတော်တွေ ခြောက်ကပ်နေရခြင်းအကြောင်းအရင်း၊ ဘယ်လို ပညာရှိသော သတို့သမီးဖြစ်အောင်လုပ်ပြီး သခင့်ကိုကြိုဆိုရမယ်၊ ဖာရိရှဲတွေက သခင်ယေရှုကို ဘာကြောင့်ဆန့်ကျင်ခဲ့တယ်၊ ဗျာဒိတ်ကျမ်းမှာ ပရောဖက်ပြုထားတဲ့အတိုင်း နောက်ဆုံးသောကာလမှာ ဘုရားသခင်လုပ်မယ့်အလုပ်တွေနဲ့ တခြားအကြောင်းအရာတွေကို ပြောပြတယ်။ သူတို့က ကျွန်တော်နဲ့ သုံးလေးရက်လောက် မိတ်သဟာယပြုခဲ့ပြီး ကျွန်တော့်ရဲ့ သင်းအုပ်ဆရာကို ၁၀နှစ်ကျော်ကြာနားထောင်ပြီးရခဲ့တာထက်ပိုပြီးတော့ကို ကျွန်တော် နားလည်ခဲ့ပါတယ်။ အားလုံးက အသစ်ဖြစ်ပြီး ဆန်းသစ်တယ်။ ကျမ်းစာထဲကနေ ဒီလောက်အလင်းတွေအများကြီးကို သူတို့ ဘယ်လိုရလဲဆိုပြီး အံ့သြရင်းနဲ့ ကျွန်တော် တွေးတောမိတယ်။ သမ္မာတရားတွေနဲ့ နက်နဲမှုတွေကို ပိုသိပြီး သခင့်ကို ပိုပြီးသိကျွမ်းအောင်လို့ သူတို့ရဲ့ တွေ့ဆုံပွဲတွေမှာ ကျွန်တော်စပြီးတော့ ပါဝင်ခဲ့တယ်။

အဲဒီစုဝေးပွဲတစ်ခုမှာ အစ်မရှီက ကျွန်တော့်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ပြောတယ်။ “ကျွန်မမှာ သတင်းကောင်းတချို့ရှိတယ်။ သခင်က ပြန်ကြွလာခဲ့ပြီး သမ္မာတရားကို ဖော်ပြနေပြီး နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို လုပ်ဆောင်နေပြီ” တဲ့။ ကျွန်တော် ဒါကို ကြားရတော့ ပျော်သွားပေမဲ့ ယုံဖို့ နည်းနည်းခက်သလို ခံစားခဲ့ရတယ်။ အဲဒါနဲ့ ကျွန်တော်က “အဲဒါတကယ်လား” လို့ မေးလိုက်တယ်။ အစ်မချန်က ပြောတယ်။ “ဟုတ်တယ်။ တကယ်ပါ။ သခင်က အနန္တတန်ခိုးရှင်ဘုရားသခင်အဖြစ် ပြန်ကြွလာခဲ့ပြီ။ သူက နှုတ်ကပတ်တော်တွေကို မိန့်မြွက်နေပြီး တရားစီရင်ခြင်းအမှုကို လုပ်ဆောင်နေတယ်။” တဲ့။ သခင်က စကားပြောပြီး တရားစီရင်ခြင်းအမှုကို လုပ်ဆောင်ဖို့ ပြန်ကြွလာပြီလို့ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းက သက်သေခံထားပြီး သူတို့ဟောတဲ့အရာက သမ္မာကျမ်းစာထက် ကျော်လွန်နေတဲ့ ကျွန်တော် ဖေ့ဘွတ်ပေါ်မှာ မြင်ခဲ့ရတဲ့ ပိုစ်တစ်ခုကို ရုတ်တရက် စဉ်းစားလိုက်မိတယ်။ ကျွန်တော်က ရုတ်တရက် သတိထားလိုက်ပြီး အစ်မချန်ကို အမြန်မေးလိုက်တယ်။ “အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို အစ်မယုံကြည်လား” ဆိုပြီးတော့။ သူက “ယုံကြည်တယ်” ဆိုပြီး ပွင့်ပွင့်လင်းလင်းပြောတယ်။ ကျွန်တော် နည်းနည်းခေါင်းရှုပ်သွားပြီး ဘုရားရဲ့ နှုတ်ကပတ်တော်တွေနဲ့ အမှုတော်အားလုံးက ကျမ်းစာထဲမှာပဲရှိတယ်၊ သခင့်အပေါ် ယုံကြည်ခြင်းက ကျမ်းစာကို အခြေခံရမယ်၊ ကျမ်းစာကနေ ခွဲထွက်ခြင်းက အယူလွဲခြင်းပဲလို့ သင်းအုပ်ဆရာနဲ့ အကြီးအကဲတွေက အမြဲတမ်းပြောတာကို တွေးမိတယ်။ ဒီအစ်မတွေ တရားဟောနေတာက ကျမ်းစာကို ကျော်လွန်နေတယ်။ သူတို့က သခင့်ရဲ့လမ်းကနေ သွေဖည်နေတာမဟုတ်ဘူးလား။ အဲဒါနဲ့ ကျွန်တော် ပြောလိုက်တယ်။ “အစ်မတို့ဟောတာက ကျွန်တော်တို့ သင်းအုပ်ဆရာနဲ့ အကြီးအကဲတွေဟောတာနဲ့ ကွဲနေတယ်။ အားနာပါတယ်။ ကျွန်တော် အစ်မတို့နဲ့ ဆက်တွေ့လို့မဖြစ်တော့ဘူး” ဆိုပြီးတော့။ ပြီးတော့ ကျွန်တော် ချက်ချင်း ထွက်လိုက်တယ်။ ဒါပေမဲ့ အဲဒီနောက်မှာ သခင်ပြန်ကြွလာတဲ့ သတင်းက ကျွန်တော့်စိတ်ထဲမှာ အကြာကြီးရှိနေတယ်။ အစ်မတွေရဲ့ မိတ်သဟာယတွေက ဘယ်လောက် ဉာဏ်အလင်းပွင့်လင်းစေပြီး လက်တွေ့ကျတယ်ဆိုတာကို တွေးမိတယ်။ ကျမ်းစာထဲက နက်နဲမှုတွေနဲ့ ဘုရားအလိုတော်အကြောင်းကို အများကြီး နားလည်သွားခဲ့တယ်။ ကျွန်တော် တွေးမိတယ်။ “အရှေ့အရပ်မှ လျှပ်ပြက်ခြင်းက ဘုရားဆီကလာတာများလား။ ငါက နားမထောင်ဘဲ သခင့်ကိုကြိုဆိုဖို့ အခွင့်အရေးနဲ့ လွဲချော်ရရင် နောင်တရဖို့ အရမ်းနောက်ကျသွားလိမ့်မယ်” ပေါ့။ ဒါပေမဲ့ ဘုန်းကြီးတွေပြောတာကို ကျွန်တော် စဉ်းစားမိတော့ ကျွန်တော် လမ်းလွဲသွားမှာကို စိုးရိမ်မိတယ်။ ကျွန်တော့် နှလုံးသားက မတူညီတဲ့ ဦးတည်ချက်နှစ်ခုဆီကို အဆွဲခံနေရသလို ခံစားရတယ်။ အဲဒါနဲ့ သခင့်ကို အလေးအနက် ဆုတောင်းလိုက်တယ်။ မှန်ကန်တဲ့ ရွေးချယ်မှုကို ပြုလုပ်အောင် လမ်းပြဖို့ ဆုတောင်းလိုက်တယ်။

ကျွန်တော်က နောက်နေ့မနက်မှာ အစ်မတွေနဲ့ အွန်လိုင်းမှာ နောက်ထပ်ဆွေးနွေးမှုတစ်ခု လုပ်ဖို့ရှိတယ်။ သူတို့တွေက အမြဲတမ်း ချစ်ခင်ဖွယ်ကောင်းပြီး စိတ်ရှည်တာကို တွေးရင်းနဲ့ ကျွန်တော် လာမတက်ဘူးဆိုတာကို သူတို့ကို အသိမပေးရင် ရိုင်းသလိုဖြစ်မယ်လို့ တွေးမိတယ်။ အဲဒါနဲ့ ခါတိုင်းလိုပဲ အွန်လိုင်းပေါ်တက်ခဲ့တယ်။ ကျွန်တော်တို့ ချိတ်ဆက်မိတော့ ကျွန်တော်က ပြောလိုက်တယ်။ “အစ်မတို့ မိတ်သဟာယက အရမ်း ဉာဏ်အလင်းပွင့်လင်းစေပြီး အစ်မတို့ ဖတ်ပြတာတွေက တကယ်ကို လက်တွေ့ကျပါတယ်။ ဒါပေမဲ့ သခင်ယေရှုက ပြန်ကြွလာခဲ့ပြီး အမှုတော်အသစ်ကို လုပ်ဆောင်နေပြီး နှုတ်ကပတ်တော်အသစ်တွေကို ဖော်ပြနေတယ်လို့ အစ်မတို့က ပြောတယ်။ ဒါက ကျမ်းစာထက် ကျော်လွန်နေပြီး သခင့်ရဲ့လမ်းခရီးကနေ သွေဖည်နေတယ်။ ဘုရားရဲ့ နှုတ်ကပတ်တော်တွေနဲ့ အမှုတော်အားလုံးက ကျမ်းစာထဲမှာရှိတယ်လို့ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက ပြောတယ်။ ဘယ်လိုလုပ်ပြီး ကျမ်းစာပြင်ပမှာ ဘုရားဆီက နှုတ်ကပတ်တော်အသစ်တွေရှိမှာလဲ” ပေါ့။

အဲဒီမှာ အစ်မရှီက စိတ်ရှည်ရှည်နဲ့ ပြောတယ်။ “ဘုရားရဲ့ နှုတ်ကပတ်တော်တွေနဲ့ အမှုတော်အားလုံးက ကျမ်းစာထဲမှာရှိပြီး တခြားဘယ်နေရာမှာမှ မတွေ့နိုင်ဘူးလို့ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက အမြဲတမ်းပြောကြပါတယ်။ ဒါပေမဲ့ ဒီအမြင်က အချက်အလက်တွေနဲ့၊ ဘုရားနှုတ်ကပတ်တော်နဲ့ ကိုက်ညီရဲ့လား။ သခင်ယေရှုက ဒါကို ပြောခဲ့ဖူးလား။ သန့်ရှင်းသောဝိညာဉ်တော်ကရော။ ဒါက ဘုရားနှုတ်ကပတ်တော်အပေါ်ရော သမ္မာတရားအပေါ်ပါ အခြေမခံဘူးဆိုရင် ဒီအမြင်က လူသားရဲ့ အယူအဆတစ်ခု သက်သက်ပဲဖြစ်ပြီး ခိုင်လုံမှုမရှိပါဘူး။ ဓမ္မဟောင်းကျမ်းကို စုစည်းခဲ့တဲ့သူတွေက တချို့အရာတွေကို ချန်ထားခဲ့တာကြောင့် ပရောဖက်တွေ သယ်ဆောင်ခဲ့တဲ့ ယေဟောဝါဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တချို့က ဓမ္မဟောင်းကျမ်းထဲမှာ မှတ်တမ်းတင်မထားဘူးဆိုတာ ကျမ်းကို ကျွမ်းကျင်တဲ့သူတွေ သိကြပါတယ်။ ဥပမာ ဧဇရရဲ့ ပရောဖက်ပြုချက်တွေဆိုရင် ကျမ်းစာထဲမှာ မပါဘူး။ ဒါက အားလုံးသိကြတဲ့ အချက်ပါ။ သခင်ယေရှုက အမှုတော်ဆောင်နေတုန်းမှာ ခရစ်ဝင်ကျမ်းလေးကျမ်းထဲမှာ မှတ်တမ်းတင်ထားတဲ့ ကန့်သတ်ထားတဲ့ နှုတ်ကပတ်တော်တွေကိုပဲ ပြောခဲ့တာမဟုတ်ဘူး။ ရှင်ယောဟန်ခရစ်ဝင်ကျမ်းမှာ ပြောထားသလိုပါပဲ။ ‘ယေရှုပြုတော်မူသော အခြားအမှုအရာအများ ရှိသေး၏။ ထိုအမှုအရာရှိသမျှတို့ကို အသီးအခြားရေးထားလျှင်၊ မြေကြီးမဆံ့နိုင်အောင် ကျမ်းစာများပြားလိမ့်မည်ဟု ထင်မှတ်ခြင်းရှိ၏။’ (ရှင်ယောဟန်ခရစ်ဝင် ၂၁:၂၅) သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေ ကိုင်စွဲထားတဲ့ အဲဒီအမြင်အတိုင်းသွားရင် ကျွန်မတို့က ကျမ်းစာထဲမှာ မှတ်တမ်းတင်မထားခဲ့တဲ့ အဲဒီ ဘုရားနှုတ်ကပတ်တော်တွေကို ငြင်းပယ်ရှုတ်ချနေမိမှာမဟုတ်ဘူးလား။ နောက်ပြီးတော့လည်း သခင်ယေရှုက ရှင်းရှင်းလင်းလင်း ကြိုတင်ပြောထားခဲ့တယ်။ ‘သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) ဒါက ဗျာဒိတ်ကျမ်းထဲမှာလည်း ခဏခဏ ပရောဖက်ပြုထားခဲ့တယ်။ ‘ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည် ကားကြားပါစေ။(ဗျာဒိတ်ကျမ်း အခန်းကြီး ၂-၃) ပြီးတော့ သိုးသူငယ်ဖွင့်ဖို့ စာစောင်ရှိနေပြီး မိုးကြိုးသံ ခုနှစ်ချက်ရှိတယ်။ နောက်ဆုံးသောကာလမှာ သခင်ကြွလာတဲ့အခါ မိန့်မြွက်ချက်တွေကို ထပ်ပြောမယ်ဆိုတာ ဒီနှုတ်ကပတ်တော်တွေက ပြနေပြီး ဒီမိန့်မြွက်ချက်တွေက ကျမ်းစာထဲမှာ ကြိုတင်ပြီး မှတ်တမ်းတင်ထားလို့မရနိုင်ဘူး။ ဘုရားနှုတ်ကပတ်တော်တွေက ကျမ်းစာထဲမှာပဲ တွေ့နိုင်မယ်ဆိုရင် ဒီ ပရောဖက်ပြုချက်တွေက ဘယ်လိုပြည့်စုံမှာလဲ။ ဘုရားသခင်ဟာ ဖန်ဆင်းရှင်ဖြစ်တယ်။ အစဉ်စီးဆင်းနေတဲ့ သက်စမ်းရေ ဖြစ်တယ်။ ကျမ်းစာထဲမှာပဲ မှတ်တမ်းတင်ထားတဲ့ ဒီအကန့်အသတ်ရှိတဲ့ စကားလုံးတွေကိုပဲ ဘယ်လိုလုပ် ပြောခဲ့နိုင်မှာလဲ။ ဘုရားရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်တွေအားလုံး က ကျမ်းစာထဲမှာရှိပြီး တခြားဘယ်နေရာမှာမှ မတွေ့နိုင်ဘူးလို့ ဘုန်းကြီးတွေက ပြောကြတယ်။ ဒါပေမဲ့ ဒါက ပြန်ကြွလာတဲ့ သခင်ယေရှုရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်တွေကို ငြင်းပယ်ရှုတ်ချမနေဘူးလား” တဲ့။

သူ မိတ်သဟာယဖွဲ့တာကို နားထောင်ပြီးနောက်မှာ ကျွန်တော် စဉ်းစားမိတယ်။ “ဟုတ်တယ်။ သခင်က ပြန်ကြွလာပြီး နောက်ထပ်နှုတ်ကပတ်တော်တွေကို ပြောကြားမယ်လို့ ပရောဖက်ပြုခဲ့တယ်။ ဒီနှုတ်ကပတ်တော်တွေက ကျမ်းစာထဲမှာရှိနေတာတွေထက် ကျော်လွန်နေလိမ့်မယ်” ပေါ့။ ဒါပေမဲ့ ကျမ်းစာကနေ ခွဲထွက်ဖို့ဆိုတဲ့ အတွေးက ကျွန်တော့်ကို ဒုက္ခပေးနေတယ်။ ကျွန်တော် စဉ်းစားတယ်။ “ကျမ်းစာကနေ ခွဲထွက်တာဟာ အယူလွဲမှားတာပဲလို့ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက အမြဲတမ်းပြောကြတယ်။ ငါ့ ယုံကြည်ခြင်းမှာ လမ်းလွဲသွားရင် ဘယ်လိုလုပ်မလဲ။ သခင့်ကို ငါအကြာကြီးယုံကြည်ခဲ့ပြီး ကျမ်းစာကို အမြဲတမ်း ဖတ်ခဲ့တယ်။ တစ်ကမ္ဘာလုံးမှာရှိတဲ့ ခရစ်ယာန်တွေက သူတို့ယုံကြည်ခြင်းကို ကျမ်းစာမှာ အခြေခံကြတယ်။ ကျမ်းစာက ငါတို့ယုံကြည်ခြင်းရဲ့ ထောက်တိုင်ပဲ။ ကျမ်းစာကနေခွဲထွက်ပြီး သခင့်ကို ဘယ်သူက ဘယ်လိုယုံကြည်နိုင်ဦးမှာလဲ” ပေါ့။ ဒီလိုစဉ်းစားမိပြီး ကျွန်တော် ငြိမ်သွားတယ်။

ကျွန်တော်က တစ်ခွန်းမှ မပြောတာကို တွေ့တော့ အစ်မချန်က ဒီမိတ်သဟာယကို ဆက်မပြောတော့ဘူး။ ကျွန်တော်တို့ လိုင်းအောက်လိုက်ပြီးနောက်မှာ ကျမ်းစာထဲကနေ ထွက်ခဲ့ပါဆိုတဲ့ ဧဝံဂေလိရုပ်ရှင်တစ်ခုထဲက ဘုရားသခင်သည် ကျမ်းစာနှင့်အညီ အလုပ်လုပ်သလား ဆိုတဲ့ ဗီဒီယိုအပိုင်းတစ်ခုကို သူက ကျွန်တော့်ဆီ ပို့လိုက်ပြီး ကျွန်တော့်ကို ကြည့်ခိုင်းတယ်။ ကျွန်တော် လင့်ကို ဖွင့်လိုက်ပြီး အဓိကဇာတ်ဆောင် ဝမ်ရွီက သင်းအုပ်ဆရာတစ်ယောက်နဲ့ မိတ်သဟာယပြုတာကို ကြည့်ခဲ့တယ်။ အဲဒါက ကျွန်တော့်ကို ချက်ချင်း ဆွဲဆောင်သွားတယ်။ သူက ပြောတယ်။ “ဘုရားသခင်က ကျမ်းစာပြင်ပမှာ သူ့ရဲ့ ကယ်တင်ခြင်းအလုပ်ကို လုပ်မှာမဟုတ်ဘူး၊ ကျမ်းစာကနေ ကျော်လွန်တဲ့အရာမှန်သမျှ အယူလွဲမှားတာပဲ လို့ ရှင်ကပြောတယ်နော်။ ဒါဆို ကျွန်မ ရှင့်ကို မေးစရာတစ်ခုရှိတယ်။ ဘယ်ဟာက အရင်လာတာလဲ။ ကျမ်းစာလား။ ဘုရားရဲ့ အမှုတော်လား။ ဘုရားသခင်က အစအဦးမှာ အရာအားလုံးကို ဖန်ဆင်းခဲ့တယ်။ ကမ္ဘာကို ရေလွှမ်းမိုးခဲ့ပြီး သောဒုံနဲ့ ဂေါမောရမြို့ကို မီးလောင်ကျွမ်းစေခဲ့တယ်။ ဘုရားသခင်က အဲဒီအရာတွေကို လုပ်ခဲ့တုန်းက ဓမ္မဟောင်းကျမ်းရှိခဲ့သလား။ သခင်ယေရှုက ကျေးဇူးတော်ခေတ်မှာ ကြွလာတဲ့အခါမှာ ဓမ္မသစ်ကျမ်းရှိခဲ့သလား” တဲ့။ သူက ဆက်ပြောတယ်။ “ဓမ္မဟောင်းကျမ်းနဲ့ ဓမ္မသစ်ကျမ်းနှစ်ခုလုံးက ဘုရားသခင် ပြီးမြောက်ခဲ့တဲ့အမှုအပေါ် လူတွေ မှတ်တမ်းတင်ထားတာကို အခြေခံပြီး စုစည်းခဲ့တာပါ။ ဘုရားသခင်က ကျမ်းစာနဲ့အညီ အလုပ်မလုပ်သလို ကျမ်းစာနဲ့ ကန့်သတ်ခံထားရတာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုရင် သူက သူကိုယ်တိုင်ရဲ့ စီမံခန့်ခွဲမှုအစီအစဉ်နဲ့ လူသားမျိုးနွယ်ရဲ့ လိုအပ်ချက်တွေနဲ့အညီ အလုပ်လုပ်တာကြောင့်ပဲ။ ဒါဆိုရင် ကျွန်မတို့ဟာ ဘုရားရဲ့အမှုတော်ကို ကျမ်းစာနဲ့ ကန့်သတ်လို့မရဘူး။ ဘုရားအမှုတော်ကို ဘောင်ခတ်ဖို့ ကျမ်းစာကို အသုံးပြုလို့မရဘူး။ ဘာကြောင့်လဲဆိုရင် ဘုရားသခင်ဟာ သူကိုယ်တိုင်ရဲ့အလုပ်ကို လုပ်ဆောင်ဖို့ ဘုန်းတန်ခိုးရှိပါတယ်” တဲ့။ အစ်မဝမ်နဲ့ မိတ်သဟာယကြောင့် ကျွန်တော့် စိတ်နှလုံးက လင်းလက်သွားခဲ့ပါတယ်။ ကျွန်တော် စဉ်းစားတယ်။ “သခင်ယေရှု အမှုတော်ဆောင်ဖို့ ကြွလာတုန်းက ဓမ္မသစ်ကျမ်းမရှိခဲ့ဘူး။ ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး ပညတ်တော်တွေကို ထုတ်ခဲ့တုန်းက ဓမ္မဟောင်းကျမ်း မရှိခဲ့ဘူး။ ဒါက ငြင်းလို့မရဘူး။ ဒါကို ကျွန်တော် အရင်က ဘယ်လိုလုပ် မစဉ်းစားမိတာလဲ” ပေါ့။

ဗီဒီယိုမှာ မိတ်သဟာယက ဆက်ပြောတယ်။ “ကျမ်းစာကနေ ကျော်လွန်တဲ့အရာမှန်သမျှက အယူလွဲတာလို့ပြောရင် သမိုင်းတစ်လျှောက်မှာရှိတဲ့ ဘုရားရဲ့နှုတ်ကပတ်တော်တွေနဲ့ အမှုတော်အားလုံးကို ရှုတ်ချနေတာမဟုတ်ဘူးလား။ သခင်ယေရှု အလုပ်လုပ်တုန်းက သူဟာ ဓမ္မဟောင်းကျမ်းနဲ့အညီ မလုပ်ခဲ့ဘူး။ သူက နောင်တလမ်းကို ဟောကြားခဲ့တယ်။ ဖျားနာသူတွေကို ကုသပေးတယ်။ နတ်ဆိုးတွေ နှင်ထုတ်ပေးတယ်။ ဥပုသ်နေ့ကို မစောင့်ထိန်းဘူး။ လူတွေကို ခုနှစ်ကြိမ်ခုနှစ်လီ ခွင့်လွှတ်ပြီး တခြားအရာတွေလည်း လုပ်ခဲ့တယ်။ ဒီထဲက ဘယ်အရာကမှ ဓမ္မဟောင်းကျမ်းထဲမှာ မပါဘူး။ ဖာရိရှဲတွေ၊ ဂိုဏ်းချုပ်ဆရာတော်တွေနဲ့ ကျမ်းပြုဆရာတွေက သခင့်ကို ဆန့်ကျင်ဖို့ ဒါတွေကို အသုံးပြုခဲ့ပြီး သူ့ရဲ့အလုပ်ကို လွဲမှားတဲ့အယူအဖြစ် ရှုတ်ချခဲ့တယ်။ သူတို့ဟာ ဘုရားသခင်ကို ယုံကြည်ပေမဲ့ သူ့ကို အာခံခဲ့တယ်” တဲ့။

နောက်တော့ အဲဒီအစ်မက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နှစ်ပိုဒ်ကို ဖတ်တယ်။ “သမ္မာကျမ်းစာသည် ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် သမိုင်းဆိုင်ရာမှတ်တမ်းတစ်ခု သက်သက်ဖြစ်ပြီး၊ ဘုရားသခင်၏ ယခင်အမှုအဆင့်နှစ်ဆင့်ဆိုင်ရာ သက်သေဖြစ်ကာ၊ ယင်းသည် ဘုရားသခင်၏အမှု၏ ရည်မှန်းချက်များနှင့်ဆိုင်သည့် သိနားလည်မှုကို သင့်ကို လုံး၀ မပေးကြောင်း သမ္မာကျမ်းစာ၏ အရှိတရားကို မည်သူမျှ မသိရှိချေ။ သမ္မာကျမ်းစာကို ဖတ်ရှုဖူးသူတိုင်းက ၎င်းသည် ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ် အတောအတွင်း ဘုရားသခင်၏အမှု အဆင့်နှစ်ဆင့်ကို မှတ်တမ်းတင်ထားခြင်း ဖြစ်ကြောင်း သိကြသည်။ ဓမ္မဟောင်းကျမ်းသည် ဣသရေလနိုင်ငံ၏ သမိုင်းနှင့် ဖန်ဆင်းခြင်းအချိန်မှစပြီး ပညတ်တော်ခေတ် ပြီးဆုံးသည်အထိ ယေဟောဝါ၏ လုပ်ဆောင်မှုကို မှတ်တမ်းတင်ထားသည်။ ဓမ္မသစ်ကျမ်းသည် ခရစ်ဝင်ကျမ်း လေးကျမ်းတွင်ပါရှိသည့် ကမ္ဘာမြေပေါ်တွင် ယေရှု၏ အလုပ်နှင့် ပေါလု၏ အလုပ်တို့ကို ဖော်ပြထားသည်- ဤအရာတို့သည် သမိုင်းဆိုင်ရာ မှတ်တမ်းများ မဟုတ်ပေလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၄))ယေရှု၏ လက်ထက်၌၊ ယေရှုသည် ထိုစဉ်က သန့်ရှင်းသော ဝိညာဉ်တော်က သူ့ထဲတွင် အလုပ်လုပ်ခဲ့သည်နှင့်အညီ ယုဒလူများနှင့် သူ၏ နောက်သို့လိုက်သူများ အားလုံးကို လမ်းပြခဲ့သည်။ ယေရှုသည် မိမိပြုခဲ့သည့် အမှုများအတွက် သမ္မာကျမ်းစာကို အခြေခံအဖြစ် မခံယူခဲ့ဘဲ၊ မိမိ၏အမှုနှင့်အညီ ပြောဆိုခဲ့သည်။ သမ္မာကျမ်းစာထဲ မိန့်ဆိုထားသည်များကို သူဂရုမစိုက်ခဲ့သလို၊ သူ၏ နောက်လိုက်များကို ဦးဆောင်ရမည့် လမ်းကြောင်းကိုလည်း သမ္မာကျမ်းစာထဲမှာ မရှာခဲ့ပေ။ သူသည် စတင် အမှုပြုသည့်အခါမှစ၍ ဓမ္မဟောင်းကျမ်း၏ ပရောဖက်ပြုခြင်းများ၌ လုံးဝ မဖော်ပြထားခဲ့သည့် စကားတစ်လုံးဖြစ်သည့်- နောင်တရခြင်း လမ်းခရီးကို သူ ဖြန့်ဝေခဲ့လေသည်။ ယေရှုသည် သမ္မာကျမ်းစာနှင့်အညီ မပြုမူခဲ့သည့်အပြင်၊ သူသည် လမ်းကြောင်းအသစ်ကိုလည်း ဦးဆောင်လမ်းပြခဲ့ပြီး အမှုသစ်ကို ဆောင်ရွက်ခဲ့သည်။ ယေရှုက တရားဟောရာတွင် သမ္မာကျမ်းစာကို မည်သည့်အခါမျှ မကိုးကားခဲ့ပေ။ ပညတ်တော်ခေတ်အတွင်း၌၊ နာမကျန်းသော သူများကို ကုသပေးရန်နှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်းတို့နှင့် သက်ဆိုင်သော သူ၏ အံ့ဖွယ်အရာများကို မည်သူမျှ တစ်ခါမျှ လုပ်ပြနိုင်စွမ်း မရှိခဲ့ကြပေ။ ယေရှု၏ အမှု၊ သူ၏ သွန်သင်ချက်များနှင့် ပညတ်တော်ခေတ်တုန်းက မည်သည့် လူသားကိုမဆို ကျော်လွန်သည့် သူ့နှုတ်ကပတ်တော်များ၏ ဩဇာအာဏာနှင့် တန်ခိုးတော်တို့မှာလည်း ထို့အတူပင်ဖြစ်ခဲ့ကြသည်။ ယေရှုက သူ၏ သာ၍သစ်သော အမှုကိုသာ လုပ်ခဲ့သည်၊ ထို့အပြင် လူအများအပြားတို့က သမ္မာကျမ်းစာကို အသုံးချပြီး သူ့ကို ပြစ်တင်ရှုတ်ချခဲ့ကြသည့်တိုင်အောင်၊ သူ့အား လက်ဝါးကပ်တိုင်ပေါ်ကို တင်၍ အဆုံးစီရင်ရန် ဓမ္မဟောင်းကျမ်းကိုပင် အသုံးပြုခဲ့ကြသည့်တိုင်အောင်၊ သူ၏ အမှုသည် ဓမ္မဟောင်းကျမ်းကို ကျော်လွန်သွားခဲ့သည်၊ ထိုသို့သာမဟုတ်ခဲ့လျှင်၊ လူများက သူ့ကို လက်ဝါးကပ်တိုင်ပေါ်၌ သံမှိုစွဲခဲ့ကြသည်မှာ အဘယ်ကြောင့်နည်း။ ထိုသို့ ဖြစ်ခဲ့ရသည်မှာ ဓမ္မဟောင်းကျမ်းထဲတွင် ယေရှု၏ သွန်သင်မှုများအပြင်၊ သူ၏ နာမကျန်းသော သူများကို ကုသပေးနိုင်စွမ်းနှင့် နတ်ဆိုးများကို နှင်ထုတ်ပေးနိုင်စွမ်းတို့အကြောင်း တစ်လုံးတစ်ပါဒမျှ မိန့်ကြားမထားခြင်းကြောင့် မဟုတ်သလော။ ယေရှု၏ အမှုသည် လမ်းကြောင်းအသစ်ဖြင့် ဦးဆောင်လမ်းပြရန်ဖြစ်သည်၊ သမ္မာကျမ်းစာနှင့် တိုက်ပွဲ တမင်ဆင်နွှဲရန် သို့မဟုတ် ဓမ္မဟောင်းကျမ်းကို တမင်မသုံးဘဲ ဖယ်ထားရန် မဟုတ်ပေ။ ယေရှုသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့နှင့်၊ ၎င်းကို တမ်းတ၍ ရှာဖွေခဲ့ကြသူတို့ထံသို့ အမှုသစ်ကို ယူဆောင်လာဖို့သက်သက် လာခဲ့ခြင်း ဖြစ်သည်။...လူတို့အတွက်၊ ယေရှု၏ အမှုမှာ အခြေခံအကြောင်းရင်း မရှိသကဲ့သို့ ထင်စရာဖြစ်ခဲ့ပြီး၊ ဓမ္မဟောင်းကျမ်းထဲက မှတ်တမ်းများနှင့် မကိုက်ညီသည့် အချက်များ အများအပြား ရှိခဲ့ပုံ ထင်ရသည်။ ဤအချက်မှာ လူသား၏ အမှားဖြစ်သည် မဟုတ်လော။ ဘုရားသခင်၏ အမှုတွင် အယူဝါဒများကို အသုံးချဖို့ရန် လိုအပ်သလော။ ထို့အပြင် ဘုရားသခင်သည် ပရောဖက်များ၏ ကြိုတင်ဟောကိန်းများနှင့် အညီ လုပ်ကိုင်ရမည်လော။ အမှန်စင်စစ် ပိုကြီးမြတ်သည်က မည်သည့်အရာနည်း- ဘုရားသခင်လော၊ သမ္မာကျမ်းစာလော။ ဘုရားသခင်သည် မည်သည့်အတွက်ကြောင့် သမ္မာကျမ်းစာနှင့်အညီ အမှုပြုရမည်နည်း။ ဘုရားသခင်သည် သမ္မာကျမ်းစာကို ကျော်လွန်ခွင့် မရှိခြင်းကြောင့်များ ဖြစ်နိုင်သလော။ ဘုရားသခင်သည် သမ္မာကျမ်းစာမှ သွေဖည်လျက် အခြားအမှုကို မပြုနိုင်ပေဘူးလော။ ယေရှုနှင့် သူ၏ တပည့်များက ဥပုသ်နေ့ကို မစောင့်ထိန်းခဲ့ကြသည်မှာ အဘယ့်ကြောင့်နည်း။ ယေရှုသည် ဥပုသ်နေ့အရနှင့် ဓမ္မဟောင်းကျမ်းလာ ပညတ်များအတိုင်း လက်တွေ့လုပ်ဆောင်ခဲ့မည် ဆိုပါက၊ သူလာပြီးနောက် ယေရှုသည် ဥပုသ်နေ့ကို မစောင့်ထိန်းခဲ့ဘဲနှင့် ယင်းအစား ခြေကိုဆေးကြောခြင်း၊ ခေါင်းကိုဖုံးအုပ်ခြင်း၊ မုန့်ကိုချိုးဖဲ့ခြင်းနှင့် စပျစ်ရည်ကို သောက်သုံးခြင်း ပြုလုပ်ခဲ့သည်မှာ အဘယ်ကြောင့်နည်း။ ထိုအချက်များ အားလုံးသည် ဓမ္မဟောင်းကျမ်းလာ ပညတ်များ၌ ကင်းမဲ့နေသည် မဟုတ်လော။ ယေရှုက ဓမ္မဟောင်းကျမ်းကို လေးစားခဲ့သည်ဆိုလျှင်၊ သူသည် ထိုအယူဝါဒများကို ချိုးဖောက်ခဲ့သည်မှာ အဘယ်ကြောင့်နည်း။ ဦးစွာလာသည်မှာ ဘုရားသခင်လော၊ သမ္မာကျမ်းစာလော ဆိုသည်ကို သင် သိသင့်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁))

ပြီးတော့ အစ်မဝမ်က ဆက်ပြောတယ်။ “သမ္မာကျမ်းစာက ပညတ်တော်နဲ့ ကျေးဇူးတော်ခေတ်မှာရှိတဲ့ ဘုရားအမှုတော်ရဲ့ အဆင့်နှစ်ဆင့်မှတ်တမ်းတစ်ခု သက်သက်ပါ။ အရာအားလုံးကို ဖန်ဆင်းပြီး လူသားမျိုးနွယ်ကိုပြုလုပ်ပြီးနောက်မှာ လူသားမျိုးနွယ်ကို ဘုရားက လမ်းပြပြီး ရွေးနှုတ်ခဲ့တဲ့ ဘုရားအမှုတော် အဆင့်နှစ်ဆင့်ရဲ့ သက်သေတစ်ခုပါ။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားရဲ့ အမှုတော်တစ်ခုလုံးကို ကိုယ်စားမပြုနိုင်ဘူး။ ဘုရားရဲ့ အမှုတော်က အမြဲတမ်းရှေ့ဆက်နေတယ်။ ဘုရားသခင်က ခေတ်သစ်တစ်ခုကို အစပြုပြီး နောက်ဆုံးသောကာလမှာ အမှုတော်အသစ်ကို လုပ်ဆောင်တယ်။ ကျွန်မတို့တွေ သန့်စင်ပြီး အပြည့်အဝကယ်တင်ခံရနိုင်အောင်၊ ဘုရားရဲ့နိုင်ငံတော်ကို ဝင်ရောက်နိုင်အောင် ကျွန်မတို့တွေ အစဉ်သဖြင့် အပြစ်ကနေ ကင်းလွတ်ခွင့်ကိုပေးတဲ့ သမ္မာတရားတွေကို လူတွေကို ပိုပြီးပေးတယ်။ ဒါကြောင့် ဘုရားသခင်ဟာ ကျမ်းစာမှာမှတ်တမ်းတင်ထားတဲ့ သူ့ရဲ့ အရင်အမှုတော်အပေါ် အခြေခံပြီး လူသားကို လမ်းပြတာမဟုတ်ဘူး။ အထူးသဖြင့် သူဟာ သူပြုလုပ်ပြီးဖြစ်တဲ့ အမှုကို ထပ်ပြီးလုပ်မှာမဟုတ်ဘူး။ ဘုရားသခင်ဟာ ဖန်ဆင်းခြင်းနဲ့ ကျမ်းစာနှစ်ခုလုံးရဲ့ သခင်ဖြစ်တယ်။ သူဟာ ကျမ်းစာကိုကျော်လွန်သွားနိုင်စွမ်းရှိပါတယ်။ ပြီးတော့ သူ့ရဲ့ စီမံခန့်ခွဲမှုအစီအစဉ်အရ အမှုသစ်ကို လုပ်နိုင်စွမ်းရှိတယ်။ ဒါကြောင့် ဘုရားရဲ့နှုတ်ကပတ်တော်နဲ့ အမှုတော်အားလုံးက ကျမ်းစာမှာရှိပြီး ကျမ်းစာကနေ ခွဲထွက်တာဟာ လွဲမှားတဲ့အယူဖြစ်တယ်ဆိုတာက ဘုရားကို ဘောင်ခတ်ပြီး ပြစ်မှားခြင်းသာဖြစ်တဲ့ မခိုင်မာတဲ့အဆိုတစ်ခုသာဖြစ်ပါတယ်။ ဒါကိုပြောတဲ့ ဘယ်သူမဆို ဘုရားရဲ့အမှုကို မသိဘဲ ဘုရားကိုဆန့်ကျင်ပါတယ်။ ဘုရားက သူ့ရဲ့အစီအစဉ်အရ အလုပ်လုပ်တာပါ။ ကျမ်းစာအရမဟုတ်ဘူး။ သခင်ယေရှုက နောင်တလမ်းကို ဟောကြားခဲ့တယ်။ နတ်ဆိုးတွေကို နှင်ထုတ်ပြီး နာမကျန်းသူကို ကုသပေးခဲ့တယ်။ ဥပုသ်နေ့ကို မစောင့်ထိန်းခဲ့ဘူး။ လူတွေကို အစဉ်သဖြင့် ခွင့်လွှတ်ဖို့ သင်ကြားခဲ့တယ်။ ဒါတွေအားလုံးက ဓမ္မဟောင်းကျမ်းကို ကျော်လွန်မနေဘူးလား။ သူဟာ ဓမ္မဟောင်းကျမ်းရဲ့ ပညတ်တော်တွေကိုတောင် ချိုးဖောက်ခဲ့တယ်။ ဒါပေမဲ့ ဒါဟာ ဘုရားရဲ့ အမှုတော်ပဲမဟုတ်ဘူးလား” တဲ့။ ကျွန်တော်က သခင့်ကို အကြာကြီး ယုံကြည်ခဲ့ပြီး “ဘုရားနှုတ်ကပတ်တော်တွေနဲ့ အမှုတော်ဟာ အားလုံးက ကျမ်းစာထဲမှာရှိပြီး ကျမ်းစာကနေ ခွဲထွက်တာဟာ လွဲမှားတဲ့အယူပဲ”လို့ ဘုန်းကြီးတွေပြောတာကို အမြဲ ယုံပြီး ဖက်တွယ်ထားခဲ့တယ်။ ကျွန်တော်က ဘုရားအမှုတော်ကို ရှုတ်ချနေခဲ့တာမဟုတ်ဘူးလား။ အခု ကျွန်တော်က ဘယ်လောက်မိုက်မဲပြီး ရှုပ်ထွေးနေတယ်ဆိုတာ ကျွန်တော် မြင်ရတယ်။

အဲဒီနောက်မှာ ကျွန်တော် အချိန်ရတဲ့အခါတိုင်း YouTube မှာ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က ထုတ်တဲ့ ဧဝံဂေလိရုပ်ရှင်တွေ၊ ဗီဒီယိုတွေကို ကြည့်ခဲ့တယ်။ တစ်နေ့မှာ ဘုရားသခင်နှင့် ကျမ်းစာကြား ဆက်သွယ်ချက်မှာ အဘယ်နည်း ဆိုတဲ့ ဗီဒီယိုအပိုင်းတစ်ခုကို နှိပ်ကြည့်လိုက်တယ်။ အဲဒီဗီဒီယိုထဲက ဘုရားနှုတ်ကပတ်တော်တွေက ကျွန်တော့်ကို တော်တော်ကို တို့ထိခဲ့ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သမ္မာကျမ်းစာ ရှိသည့် အချိန်မှ စ၍၊ သခင့်အပေါ် လူတို့၏ ယုံကြည်မှုသည် သမ္မာကျမ်းစာအား ယုံကြည်မှုပင် ဖြစ်ခဲ့သည်။ လူများသည် သခင်ကို ယုံကြည်ကြသည်ဟု ပြောမည့်အစား၊ သူတို့သည် သမ္မာကျမ်းစာကို ယုံကြည်ကြသည်ဟု ပြောလျှင် ပိုကောင်းသည်။ သူတို့သည် သမ္မာကျမ်းစာကို စတင် ဖတ်ရှုနေကြပြီဟု ပြောမည့်အစား၊ သူတို့သည် သမ္မာကျမ်းစာကို စတင်ယုံကြည်နေကြပြီဟု ပြောလျှင် ပိုကောင်း မည်ဖြစ်ပြီး၊ သူတို့သည် သခင့်ရှေ့မှောက် ပြန်လာခဲ့ကြပြီဟု ပြောမည့်အစား သူတို့သည် သမ္မာကျမ်းစာရှေ့မှောက် ပြန်လာခဲ့ကြပြီဟု ပြောလျှင် ပိုကောင်းလိမ့်မည်။ ဤနည်းဖြင့်၊ လူတို့သည် သမ္မာကျမ်းစာကို ဘုရားသခင်သဖွယ်၊ ၎င်းသည် သူတို့၏ အသက်သွေးကြောသဖွယ် ကိုးကွယ်ကြပြီး၊ သမ္မာကျမ်းစာကို ဆုံးရှုံးခြင်းသည် သူတို့၏ အသက်ကို ဆုံးရှုံးရခြင်းနှင့် တူညီလေသည်။ လူများသည် သမ္မာကျမ်းစာကို ဘုရားသခင်ကဲ့သို့ပင် မြင့်မြတ်သည်ဟု မြင်ပြီး၊ ဘုရားသခင်ထက်ကိုပင် ပိုမြင့်မြတ်သည် ဟု မြင်သူများပင် ရှိကြသည်။ လူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုမပါဘဲ၊ သူတို့သည် ဘုရားသခင်ကို မခံစားနိုင်ကြဘဲ၊ ဆက်ပြီး အသက်ရှင် နေထိုင်နိုင်ကြသည်— သို့သော် သူတို့သည် သမ္မာကျမ်းစာ ပျောက်သွားပါက၊ သို့မဟုတ် သမ္မာကျမ်းစာထဲမှ နာမည်ကြီး အခန်းကြီးများနှင့်၊ ပြောဆိုချက်များ ပျောက်သွားပါက၊ သူတို့၏ အသက်များကို ဆုံးရှုံးသွားသည့်အလား ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁))၎င်းတို့သည် သမ္မာကျမ်းစာ၏ အတိုင်းအတာအတွင်း၌သာ ငါ၏တည်ရှိမှုကို ယုံကြည်ကြပြီး ငါ့ကို သမ္မာကျမ်းစာနှင့် တန်းတူထား၏၊ သမ္မာကျမ်းစာမရှိဘဲ ငါသည်မရှိ၊ ငါမရှိဘဲ သမ္မာကျမ်းစာမရှိ။ ၎င်းတို့သည် ငါ၏တည်ရှိခြင်း သို့မဟုတ် ငါ၏လုပ်ဆောင်ချက်များကို လုံးဝဂရုမစိုက်ကြဘဲ၊ ၎င်းအစား သမ္မာကျမ်းစာ၏စကားလုံးတိုင်းကို အလွန်အကျွံ အထူးဂရုပြုကြ၏။ ထို့အပြင် သမ္မာကျမ်းစာမှ ကြိုတင်ဟောကြားခြင်း မရှိပါက ငါလုပ်ဆောင်လိုသည့် မည်သည့်အရာကိုမျှ မလုပ်သင့်ဟု သာ၍များပြားသောသူတို့က ယုံကြည်ကြသည်။ ၎င်းတို့သည် သမ္မာကျမ်းစာကို အလွန်အကျွံ အရေးပေးကြ၏။ ၎င်းတို့သည် ငါပြောသည့် နှုတ်ကပတ်တော်တိုင်းကို အကဲဖြတ်ရန်နှင့် ငါ့ကို ပြစ်တင်ရှုတ်ချရန် သမ္မာကျမ်းစာမှ ကျမ်းပိုဒ်များကို အသုံးပြုသည်အထိ ကျမ်းစာထဲရှိ စကားလုံးများနှင့် ဖော်ပြချက်များကို အရေးကြီးလွန်းသည်ဟု မြင်ကြသည်ဟု ဆိုနိုင်၏။ ၎င်းတို့ရှာဖွေသည်မှာ ငါနှင့်သဟဇာတဖြစ်ရန် လမ်းမဟုတ်၊ သမ္မာတရားနှင့် သဟဇာတဖြစ်ရန် လမ်းလည်း မဟုတ်ဘဲ သမ္မာကျမ်းစာရှိစကားလုံးများနှင့် သဟဇာတဖြစ်ရန် လမ်းသာဖြစ်၍၊ သမ္မာကျမ်းစာနှင့် ကိုက်ညီခြင်းမရှိသည့် မည်သည့်အရာမဆိုသည် ခြွင်းချက်မရှိ ငါ၏အမှုမဟုတ်ဟု ၎င်းတို့ ယုံကြည်သည်။ ထိုကဲ့သို့သောလူတို့သည် ဖာရိရှဲများ၏ တာဝန်ကျေသော သားစဉ်မြေးဆက်များ မဟုတ်ပေဘူးလော။ ယုဒ ဖာရိရှဲတို့သည် ယေရှုကို ပြစ်တင်ရှုတ်ချရန် မောရှေ၏ပညတ်ကို အသုံးပြုခဲ့ကြ၏။ ၎င်းတို့သည် ထိုကာလကယေရှုနှင့် သဟဇာတဖြစ်ရန် ကြိုးပမ်းခြင်း မပြုခဲ့ကြသော်လည်း၊ အပြစ်မဲ့သောယေရှုကို ဓမ္မဟောင်းကျမ်း၏ ပညတ်တော်ကို မလိုက်နာခြင်း၊ မေရှိယ မဟုတ်ခြင်းတို့ဖြင့် တရားစွဲဆိုပြီးနောက်၊ အဆုံးတွင် ကားစင်တင်သည့်အထိ ပညတ်တရားကို ဝီရိယရှိစွာ အတိအကျလိုက်နာခဲ့၏။ ၎င်းတို့၏ပင်ကိုသဘာဝကား အဘယ်နည်း။ ယင်းမှာ ၎င်းတို့သည် သမ္မာတရားနှင့် သဟဇာတဖြစ်သည့်လမ်းကို မရှာဖွေခဲ့ခြင်း မဟုတ်သလော။ ၎င်းတို့သည် သမ္မာကျမ်းစာ၏စကားလုံး တစ်လုံးချင်းစီအပေါ် စွဲလမ်းခဲ့ကြသော်လည်း ငါ၏အလိုဆန္ဒသော်လည်းကောင်း ငါ့အမှု၏အဆင့်များနှင့် နည်းလမ်းများကိုသော်လည်းကောင်း လုံးဝဂရုပြုခြင်း မရှိပေ။ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေခဲ့ကြသူများ မဟုတ်ဘဲ စကားလုံးများကို တင်းတင်းကျပ်ကျပ် ဖက်တွယ်ခဲ့ကြသူများဖြစ်ခဲ့၏။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခဲ့ကြသူများ မဟုတ်ဘဲ သမ္မာကျမ်းစာကို ယုံကြည်ခဲ့ကြသူများ ဖြစ်၏။ အဓိကအားဖြင့် ၎င်းတို့သည် ကျမ်းစာကို စောင့်ကြပ်သူများ ဖြစ်ခဲ့ကြ၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရာလမ်းကို ရှာဖွေသင့်သည်)

ဒီဗီဒီယိုကို ကြည့်ပြီးတော့ ကျမ်းစာကို ကောင်းကောင်းသိတာဟာ ဘုရားကို အမှန်တကယ်သိတာ၊ နာခံတာနဲ့ မတူဘူးဆိုတာ ကျွန်တော် သဘောပေါက်သွားတယ်။ ဂျူးဖာရိရှဲတွေက ကျမ်းစာကို အသေးစိတ်ရှင်းပြတာ အရမ်းကျွမ်းတယ်။ ဒါပေမဲ့ သခင်ယေရှုကို သူတို့ ကားစင်တင်ခဲ့ကြတယ်။ ဒါဟာ သမ္မာကျမ်းစာကို နားလည်တာက ဘုရားသခင်ကို နားလည်တယ်လို့ မဆိုလိုဘူးဆိုတာ ပြတယ်။ လူတစ်ယောက်က ကျမ်းစာကို လိုက်နာတယ်ဆိုတာနဲ့ သခင့်ရဲ့လမ်းကို လိုက်လျှောက်တယ်လို့ မဆိုလိုဘူး။ ကျွန်တော်က ကျမ်းစာကို နှစ်ချီပြီးဖတ်ခဲ့ပြီး ကျမ်းစာအကြောင်း နည်းနည်းသိခဲ့ပေမဲ့ တကယ်တမ်းမှာ သခင့်ကို လုံးဝမသိခဲ့ဘူးဆိုတာ ကျွန်တော် သဘောပေါက်ခဲ့ပါတယ်။ ကျမ်းစာဟာ သခင့်ကို ကိုယ်စားပြုတယ်၊ ကျမ်းကို ယုံကြည်တာဟာ သူ့ကို ယုံကြည်တာပဲ၊ ကျမ်းစာကို လိုက်နာတာက သခင့်ရဲ့လမ်းကို လိုက်နာတာပဲလို့ မှားယွင်းစွာ ယုံကြည်ခဲ့မိတယ်။ ဘုရားသခင်က ပေါ်ထွန်းခဲ့ပြီး နောက်ဆုံးသောကာလမှာ အလုပ်လုပ်နေပြီလို့ အစ်မရှီက သက်သေခံတော့ ကျွန်တော် မစူးစမ်းရဲခဲ့ဘူး။ နောက်ပိုင်းမှာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးနောက်မှာ ဒါတွေဟာ ကျမ်းစာမှာ မှတ်တမ်းတင်ထားတာ မဟုတ်တာကြောင့်အတွက်နဲ့ပဲ သူ့နှုတ်ကပတ်တော်တွေဟာ သမ္မာတရားဖြစ်တယ်၊ ဘုရားအသံတော်ဖြစ်တယ်လို့ စိတ်နှလုံးထဲမှာ သိနေပေမဲ့ လက်ခံဖို့ ခက်ခဲနေဆဲပဲ။ သမ္မာကျမ်းစာကို ကိုးကွယ်ဖက်တွယ်ထားပြီး ဘုရားသခင်ရဲ့ မိန့်မြွက်ချက်တွေနဲ့ အမှုတော်အသစ်ကို လက်ခံဖို့ ငြင်းဆန်ခဲ့တယ်။ ကျွန်တော်က သခင်ယေရှုကို ဆန့်ကျင်ခဲ့တဲ့ အဲဒီဖာရိရှဲတွေနဲ့ ဘယ်လိုများ ကွာခြားဦးမှာလဲ။ ဒီလိုတွေးမိပြီး ကျွန်တော် ကြောက်သွားတယ်။ ကျွန်တော် တွေးမိတယ်။ “ငါ့အယူအဆတွေကို ငါ လက်လွှတ်ရမယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ပိုပြီးဖတ်ရမယ်” ပေါ့။

နောက်တစ်ခါ စုဝေးပွဲမှာ အဲဒီ ဧဝံဂေလိရုပ်ရှင်တွေကို ကြည့်တာကနေ ကျွန်တော် ရရှိပြီး နားလည်ခဲ့တာတွေကို အဲဒီအစ်မတွေကို ပြောပြလိုက်တယ်။ သူတို့က အရမ်းပျော်သွားကြပြီး ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော့်ကို ဖတ်ပြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “နောက်ဆုံးသောကာလ၏ ခရစ်တော်သည် အသက် ယူဆောင်လာပြီး၊ အဓွန့်ရှည်စွာ တည်တံ့ကာ ထာဝရတည်ရှိသော သမ္မာတရား၏ လမ်းခရီးကို ယူဆောင်လာ၏။ ဤသမ္မာတရားသည် လူသားက အသက်ရရှိသည့် လမ်းကြောင်းဖြစ်ပြီး၊ လူသားက ဘုရားသခင်ကို သိမည့် တစ်ခုတည်းသော လမ်းကြောင်းနှင့် ဘုရားသခင်၏ လက်ခံခြင်းခံရမည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။ နောက်ဆုံးသောကာလ၏ ခရစ်တော်ပေးသည့် အသက်၏လမ်းခရီးကို သင်မရှာဖွေပါက၊ သင်သည် သမိုင်း၏ ရုပ်သေးရုပ်ရော အကျဉ်းသားပါ ဖြစ်သည့်အတွက်၊ ယေရှု၏ လက်ခံမှုကို မည်သည့်အခါမျှ သင် ရရှိမည်မဟုတ်သကဲ့သို့၊ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုဝင်ရန် မည်သည့်အခါမျှ အရည်အချင်းမီမည် မဟုတ်ပေ။ စည်းမျဉ်းစည်းကမ်းများ၊ ကျမ်းဟောင်းတရားများ၏ ထိန်းချုပ်မှုခံရပြီး၊ သမိုင်း၏ ချုပ်နှောင်မှုခံရသူများသည် မည်သည့်အခါတွင်မျှ အသက်ကို ရရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ အသက်၏ ထာဝရလမ်းခရီးကို ရရှိနိုင်မည် မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ထိုသူတို့အားလုံးသည် ပလ္လင်မှ စီးဆင်းသည့် အသက်ရေ ဖြစ်မည့်အစား နှစ်ပေါင်းထောင်ပေါင်းများစွာ တစ်နေရာတည်းတွင် ရှိနေသော နောက်ကျိသည့် ရေများ ဖြစ်ကြသောကြောင့် ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်)

ပြီးတဲ့အခါ အစ်မရှီက မိတ်သဟာယဝေမျှတယ်။ “နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင်က နိုင်ငံတော်ခေတ်ကို စတင်ပြီး ကျေးဇူးတော်ခေတ်ကို အဆုံးသတ်ခဲ့တယ်။ လူသားမျိုးနွယ်ကို ထာဝရသန့်စင်ပြီး ကယ်တင်ဖို့အတွက် သူဟာ သမ္မာတရားကို ဖော်ပြပြီး ဘုရားအိမ်တော်ကစတဲ့ တရားစီရင်ခြင်းအမှုကို လုပ်ဆောင်တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ နှုတ်ကပတ်တော်တွေ သန်းချီပြီး ပြောကြားခဲ့တယ်။ အများစုကို နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ထဲမှာ တွေ့နိုင်တယ်။ နိုင်ငံတော်ခေတ် သမ္မာကျမ်းစာပေါ့။ ကျမ်းစာထဲက အရေးကြီးတဲ့ နက်နဲမှုတွေကို ဖွင့်ပြပေးခဲ့တယ်။ ပညာရှိသော သတို့သမီးက သခင့်ကို ကြိုဆိုခြင်း၊ ချီဆောင်ခံရခြင်းဆိုတာ ဘာကိုဆိုလိုတယ်၊ ကပ်ဘေးတွေမတိုင်ခင်မှာ ပြုလုပ်ခံရတဲ့ အောင်မြင်သူတွေ၊ ဘုရားသခင်ရဲ့ နှစ် ၆၀ဝ၀ စီမံခန့်ခွဲမှုအလုပ်၊ သူ့ရဲ့ အမှုတော်အဆင့်သုံးဆင့်ရဲ့ အတွင်းပိုင်းအကြောင်းအရာ၊ အမှုတော်အဆင့်သုံးဆင့်ကြား ဆက်သွယ်မှုနဲ့ သူတို့ရဲ့ ရလဒ်တွေ၊ နောက်ဆုံးသောကာလ လူ့ဇာတိခံယူခြင်းနဲ့ တရားစီရင်ခြင်းနဲ့ နက်နဲမှုတွေ၊ သမ္မာကျမ်းစာရဲ့ အမှန်တရားဆိုတာမျိုးတွေနဲ့ တခြားဟာတွေ ရှိတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ ဘယ်ပုန်ကန်ပြစ်မှားမှုကိုမှ သည်းမခံတဲ့ သူ့ရဲ့ ဖြောင့်မတ်တဲ့၊ ကြီးကျယ်ခမ်းနားတဲ့ စိတ်သဘောထားကိုလည်း ဖွင့်ပြတယ်။ စာတန် ဖျက်ဆီးခြင်းခံရတဲ့ လူသားမျိုးနွယ်ရဲ့ ဖောက်ပြန်ပျက်စီးမှုရဲ့ သမ္မာတရားကို ထုတ်ဖော်ပြီး တရားစီရင်တယ်။ လူတွေက ဘုရားကို ဘာကြောင့် မနာခံပြီး ဆန့်ကျင်ရသလဲဆိုတဲ့ အကြောင်းအရင်းမြစ်ကို စိစစ်တယ်။ သူ့ရဲ့အလိုတော်နဲ့ လူသားအတွက် လိုအပ်ချက်တွေကို ပြောပြပါတယ်။ အဲဒီထဲမှာ ဘုရားသခင်ကို စစ်မှန်စွာယုံကြည်ခြင်းက ဘာလဲဆိုတာ၊ ဘုရားကို နာခံခြင်း၊ ဘုရားကို ကြောက်ရွံ့ခြင်းနဲ့ ဘုရားအတွက် သက်သေခံခြင်းဟာ ဘာကိုဆိုလိုတယ်ဆိုတာ၊ သမ္မာတရားကို ဘယ်လို လက်တွေ့လုပ်ဆောင်ပြီး ရိုးသားရမယ်၊ အဓိပ္ပာယ်ရှိတဲ့ဘဝကို ဘယ်လိုအသက်ရှင်နေထိုင်ရမယ်ဆိုတာတွေနဲ့ တခြားဟာတွေပါဝင်ပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေဟာ များပြားပြီး ကျွန်မတို့ လိုအပ်တဲ့အရာတိုင်းပါဝင်တယ်။ ဒီသမ္မာတရားတွေဟာ နောက်ဆုံးသောကာလမှာ လူကို ဘုရားပေးတဲ့ ထာဝရအသက်လမ်းပါပဲ။ အဲဒါတွေဟာ ကျွန်မတို့ကို သန့်စင်ပြီး ပြောင်းလဲပေးနိုင်တယ်။ အပြစ်ကနေ လွတ်မြောက်စေနိုင်တယ်။ ကျွန်မတို့ကို အပြည့်အဝကယ်တင်ပြီး ဘုရားနိုင်ငံတော်ဆီကို ပို့ဆောင်ပေးနိုင်ပါတယ်” တဲ့။

အဲဒီအစ်မရဲ့ မိတ်သဟာယကြောင့် အရာရာတိုင်းက လုံးဝ ရှင်းလင်းသွားတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သမ္မာတရားတွေ အများကြီးကို ဖော်ပြတယ်။ သူဟာ တကယ်ပဲ ထာဝရအသက်စမ်းရေတွင်းပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေဟာ ဘုရားအသံတော်ဖြစ်တယ်၊ သူဟာ ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်တယ်ဆိုတာ ကျွန်တော့် စိတ်နှလုံးထဲမှာ သိခဲ့ပါတယ်။ ဘုရားသခင်ကို ကျွန်တော် ဒီနှစ်တွေတစ်လျှောက်လုံးမှာ ယုံကြည်ခဲ့ပေမဲ့ သူ့ကို လုံးဝ အမှန်တကယ် မသိခဲ့ပါဘူး။ အဲဒီအစား သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေပြောတာကို ယုံကြည်ခဲ့တယ်။ ဘုရားသခင်ရဲ့ မိန့်မြွက်ချက်တွေနဲ့ အမှုတော်ကို ကျမ်းစာနဲ့ ကန့်သတ်ခဲ့ပြီး ဘုရားသခင်ရဲ့ နိုင်ငံတော်ဧဝံဂေလိတရားကို လက်ခံဖို့ ငြင်းဆန်ခဲ့တယ်။ ဘုရားသခင်ဟာ ကျွန်တော့်ကို မစွန့်ပစ်သေးဘဲ ကျွန်တော့်ကို ဧဝံဂေလိဟောကြားဖို့အတွက် အစ်မတွေကို ထပ်ခါထပ်ခါ အသုံးပြုခဲ့တယ်။ ဘုရားအသံကိုကြားပြီး သခင်ပြန်ကြွလာခြင်းကို ကြိုဆိုရတာ၊ ပုလ္လင်ပေါ်က စီးဆင်းတဲ့ အသက်ရေရဲ့ အာဟာရကို ခံစားရတာဟာ ကျွန်တော် အရမ်း ကံကောင်းပါတယ်။ ဒါဟာ ကျွန်တော့်အတွက် ဘုရားသခင်ရဲ့ ကျေးဇူးတော်ပါပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ကျွန်တော် အရမ်းကျေးဇူးတင်မိတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မိုးကောင်းကင်သို့ စူးစိုက်ကြည့်နေခြင်းအားဖြင့် သခင့်ကို သင် အမှန်တကယ် ကြိုဆိုနိုင်ပါသလား

ယုံကြည်သူတွေ တော်တော်များများက ကပ်ဘေးတွေမတိုင်ခင်မှာ သခင်ယေရှု မိုးတိမ်နဲ့အတူကြွလာပြီးတော့ ဘုရားသခင်ရဲ့ နိုင်ငံတော်ဆီကို ခေါ်ဆောင်ခံရဖို့...

ကျမ်းစာကို ယုံကြည်ခြင်းက ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် တူသလား

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “နှစ်ပေါင်းများစွာ ကြာအောင်၊ လူတို့၏ (ကမ္ဘာပေါ်က အဓိက ဘာသာကြီး သုံးခုအနက် တစ်ခုဖြစ်သည့်...

ဘုရားသခင်တွင် တိကျသောလိင် ရှိပါသလား၊ အနက်ပြန်ခြင်းအသစ်ကို ကျွန်တော် ရှာဖွေတွေ့ရှိသည် (အပိုင်း ၂)

ဘိုအဲန်း၊ ဘရာဇီးလ်နိုင်ငံ ထံမှ “ခမည်းတော်” နှင့် “သားတော်” ၏ နက်နဲမှုသည် နောက်ဆုံးတွင် ထုတ်ဖော်ပြခံရသည် ဤသမ္မာတရားကို ကျွန်တော်...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။