ကောင်းချီးများကို လိုက်စားခြင်းမှ နိုးထခြင်း
၁၉၉၄ ခုနှစ်မှာ ကျွန်မအမေက သခင်ယေရှုကို ယုံကြည်ခဲ့ပါတယ်။ သုံးလအတွင်းမှာပဲ သူ့ရဲ့ နှလုံးသွေးကြောပိတ်ရောဂါက ပျောက်သွားတယ်။ ဒါက ဘုရားရဲ့ အနန္တတန်ခိုးရှိခြင်းနဲ့ သူ့ရဲ့ ကောင်းချီးကို ကျွန်မကို ပြခဲ့ပါတယ်။ ဘုရားကို ကျွန်မ အလေးအနက် ယုံကြည်သရွေ့ ဘုရားက ကျွန်မတို့ မိသားစုကို ကာကွယ်ပြီး ရောဂါနဲ့ ကပ်ဘေးတွေကနေ ဘေးကင်းအောင် လုပ်ပေးမယ်လို့ ကျွန်မ ထင်ခဲ့တယ်။ ဒီလိုနဲ့ ကျွန်မအမေနောက်လိုက်ပြီး သခင့်ကို ကျွန်မ ယုံကြည်ခဲ့တယ်။ အဲဒီအချိန်ကစပြီး စုဝေးပွဲတွေမှာ ကျွန်မ တက်တက်ကြွကြွပါဝင်တယ်။ စီးပွားရေးလုပ်ငန်း လုပ်တဲ့အခါမှာလည်း သခင့်ရဲ့ကောင်းချီးတွေကို ကျွန်မ မြင်ရတယ်။ ကျွန်မ အရမ်းကို ကျေးဇူးတင်မိတယ်။
၂၀၀၂ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှာ သခင်ယေရှုရောက်လာတဲ့ ဧဝံဂေလိတရားကို ကျွန်မ ကြားခဲ့ရပြီး ဘုရားသခင်က နောက်ဆုံးတစ်ကြိမ် လူတွေကို ကယ်တင်ခြင်းအမှု ပြုဖို့အတွက် လူ့ဇာတိခံပြီး ပြန်ကြွလာတာကို သိခဲ့ရတယ်။ ကျွန်မက အရမ်းကောင်းချီးခံစားရတယ်၊ ဒီနောက်ဆုံး အခွင့်အရေးကို အမိအရဖမ်းဆုပ်ပြီး တာဝန်ကို လုံ့လရှိရှိနဲ့ ကျွန်မ ထမ်းဆောင်ရမယ်လို့ တွေးမိတယ်။ အဲဒီနှစ် နိုဝင်ဘာလမှာ ကျွန်မရဲ့ ကုန်ရောင်းဝယ်ရေး လုပ်ငန်းကို စွန့်လွှတ်ပြီး အချိန်အားလုံးကို တာဝန်ထမ်းဆောင်တဲ့နေရာမှာ မြုပ်နှံလိုက်တယ်။ ကျွန်မ တွေးမိတယ်။ “ငါ ဘုရားကို တကယ်ယုံကြည်သရွေ့၊ ဘုရားအတွက် အမြန်ပြေးလွှားပြီး ကိုယ့်ကိုယ့်ကိုယ် အသုံးခံသရွေ့ သူက ငါ့ကို ကောင်းချီးပေးပြီး အစစအရာရာ အဆင်ပြေအောင် သေချာလုပ်ပေးမှာပဲ” ပေါ့။ အဲဒါနဲ့ ကျွန်မက အသင်းတော်မှာ မိုးလင်းကနေ နေဝင်တဲ့အထိ အလုပ်ရှုပ်နေတယ်။ အမြဲတမ်း ပျော်နေပြီး လုံးဝ မပင်ပန်းခဲ့ဘူး။ ၂၀၁၂ခုနှစ်မှာ ကျွန်မသားကို ဘုရားအိမ်တော်ကို ခေါ်ခဲ့တယ်။ အဲဒီနောက်တော့ အသင်းတော်မှာ ကျွန်မသားက သူ့တာဝန်ကို ကျွန်မနဲ့အတူ လုပ်တယ်။ ကျွန်မ တွေးမိတယ်။ အဲဒီနှစ်တွေမှာ ငါ့သားနဲ့ ငါက အားလုံးကို စွန့်လွှတ်ပြီး ငါတို့အချိန်ရှိသမျှကို ဘုရားအတွက် အသုံးခံဖို့ ပေးထားခဲ့တယ်။ ဘုရားရဲ့ ကွယ်ကာမှုနဲ့ ကောင်းချီးတွေကို ငါတို့ သေချာပေါက်ရမှာပဲ ပေါ့။ ဒါပေမဲ့ ကျွန်မက ပိုကြီးတဲ့ ကောင်းချီးတွေကိုရဖို့ ကိုယ့်ကိုယ်ကိုယ် စိတ်ထက်ထက်သန်သန်နဲ့ အသုံးခံတဲ့အချိန်မှာပဲ ရုတ်တရက် ဖြစ်ရပ်တစ်ခုက ကောင်းချီးရဖို့ ကျွန်မအိပ်မက်ကို ပြိုကွဲသွားစေခဲ့တယ်။
၂၀၂၀ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက် ညနေ ၆ နာရီကျော်ပြီးလောက်မှာ ကျွန်မသားဆီက ဖုန်းလာတယ်။ သူက စိတ်ဓာတ်ကျနေတဲ့ အသံနဲ့ ပြောတယ်။ “အမေ၊ သား နေမကောင်းဖြစ်နေတယ်။ အမြန်လာခဲ့ပါ” တဲ့။ အဲဒီအချိန်မှာတုန်းက ကျွန်မ သိပ်မယုံခဲ့ဘူး။ ကျွန်မက “နေ့လည်တုန်းက အမေ သားကို တွေ့တော့ သားက ဘာမှဖြစ်တဲ့ပုံပါပဲ။ ဒါက ပြီးခဲ့တဲ့ သုံးလေးနာရီလောက်ကပဲလေ။ ဒီတော့ ဘယ်လိုဖြစ်ပြီး ရုတ်တရက် နေမကောင်းဖြစ်သွားရတာလဲ” ဆိုပြီး ပြောလိုက်တယ်။ ကျွန်မသားက စိတ်မရှည်တဲ့ပုံစံနဲ့ ပြောတယ်။ “အမေ၊ ဒီရောဂါက အရမ်းအရေးကြီးတယ်။ ချက်ချင်းလာခဲ့ပါ” တဲ့။ ကျွန်မ အမြန်လုပ်ပြီး ကျွန်မသားရှိတဲ့နေရာကို တက္ကစီနဲ့ သွားလိုက်တယ်။ အခန်းထဲကို ကျွန်မ ဝင်လိုက်တာနဲ့ ကျွန်မသားက ပြောတယ်။ “အမေ၊ သားမတ်တတ် မရပ်နိုင်ဘူး။ ကိုယ်အောက်ပိုင်းက ဘာမှခံစားလို့မရဘူး” တဲ့။ မလှုပ်ရှားနိုင်တဲ့ ကျွန်မသားကို မြင်ပြီး ကျွန်မစိတ်က မှင်တက်သွားတယ်။ သူ့ဘေးမှာရှိတဲ့ ကောင်လေးက “ကျွန်တော်တို့ သူ့ကို ဆေးရုံ ချက်ချင်းပို့ရမယ်” ဆိုပြီး အမြန်ပြောတယ်။ အဲဒီမှာ ကျွန်မ အသိဝင်လာပြီးတော့ ကျွန်မနဲ့ အဲဒီကလေးနဲ့ ကျွန်မသားကို ထူပြီး အောက်ထပ်ကို ဆင်းဖို့ လုပ်တယ်။ ဒါပေမဲ့ ကျွန်မသား ခြေထောက်တွေက ခေါက်ဆွဲတွေလို ပျော့နေပြီး တစ်လှမ်းမှ မလှမ်းနိုင်ဘူး။ ကျွန်မတို့ လုပ်နိုင်တာ ဘာမှမရှိတော့ဘူး။ အဲဒါနဲ့ ၉၁၁ ကို ဖုန်းခေါ်ပြီး သူ့ကို ဆေးရုံပို့ခိုင်းလိုက်ရတယ်။ ဆရာဝန်က ပြောတယ်။ “ဒီလက္ခဏာတွေအရ ဦးနှောက်လေဖြတ်တဲ့ ရောဂါလက္ခဏာကို ညွှန်ပြနေတယ်။ ဒါပေမဲ့ ဒါက ကုဖို့ လွယ်တဲ့ရောဂါမဟုတ်ဘူး။ သိပ်မကြာသေးခင်တုန်းက ကျွန်တော်တို့ ဆေးရုံက သူနာပြုဆရာမတစ်ယောက်က ဒီရောဂါဖြစ်တယ်ဆိုပြီး တွေ့ရတယ်။ သူက ယွမ် ၆ သောင်း၊ ၇ သောင်းလောက်သုံးလိုက်ရပြီး မပျောက်သေးဘူး။ ဆုံးသွားတာပဲ။” တဲ့။ လုံးဝ အံ့အားသင့်သွားရတာပေါ့။ ကျွန်မ ခြေထောက်တွေကလည်း တစ်ပြိုင်နက်ထဲ ပျော့ခွေသွားတယ်။ အရမ်းကို စိတ်လှုပ်ရှားနေပြီး ကျွန်မ စဉ်းစားမိတယ်။ “ငါ့သားက ဘယ်လိုဖြစ်ပြီး ရုတ်တရက်ကြီး ဒီလိုဆိုးရွားတဲ့ရောဂါရသွားရတာလဲ။ ငါ့သားနဲ့ ငါက တာဝန်ထမ်းဆောင်ဖို့ အိမ်ကနေ ထွက်ပြီး ဒီကိုလာခဲ့တာ။ ဘယ်လိုဖြစ်ပြီး ဒီလိုမျိုး ဖြစ်ရတာလဲ။ ဘုရားက ဘာလို့ ငါတို့ကို မကွယ်ကာတာလဲ” ပေါ့။ ဒီအမှန်တရားကို ကျွန်မ မယုံရဲခဲ့ဘူး။ ဆရာဝန်က ကျွန်မတို့ကို စီရင်စုဆေးရုံတစ်ခုဆီကို ချက်ချင်းသွားဖို့ ပြောတယ်။ အဲဒီမှာဆိုရင် ရောဂါပျောက်ဖို့ အခွင့်အလမ်းပိုများမယ် ပေါ့။ ကျွန်မ စိတ်နှလုံးထဲမှာ မျှော်လင့်ချက်အလင်းတန်းတစ်ခု လင်းလက်သွားတယ်။ ဒါပေမဲ့ ကျွန်မသားရဲ့ ဆေးရုံအခန်းကို ကျွန်မ ပြန်သွားပြီး သူက အဲဒီမှာလှဲနေတာကို မြင်ရပြီးတဲ့နောက်မှာ ကျွန်မ စိတ်နှလုံးက တင်းကျပ်သွားတယ်။ အခု ကျွန်မမှာရှိသမျှက ယွမ် နှစ်သောင်းပဲ။ သူ့ကို ကုဖို့က မလောက်ဘူး။ ကျွန်မ ဘုရားကို အပြစ်တစ်ခုခု မတင်ဘဲ မနေနိုင်ခဲ့ဘူး။ ကျွန်မက အိမ်ရဲ့အဝေးမှာ တာဝန်ကို နှစ်တွေအကြာကြပြီး လုပ်ခဲ့တာ။ အသင်းတော်က ကျွန်မအတွက် စီစဉ်ပေးတဲ့ ဘယ်တာဝန်ကိုမဆို “မလုပ်ဘူး” ဆိုပြီး လုံးဝ မပြောခဲ့ဘူး။ ကိုယ့်ကိုယ်ကိုယ် ဒီလိုမျိုး အသုံးခဲ့ခဲ့တာ။ ဘုရားသခင်က ကျွန်မသားကို ဘယ်လိုလုပ် ဒီလိုဖြစ်ခွင့်ပြုရတာလဲ ပေါ့။ ကျွန်မ အိပ်ရာမှာလူးလှိမ့်ပြီး အိပ်မပျော်နိုင်ခဲ့ဘူး။ ကျွန်မ စိတ်ထဲမှာ ဆက်တိုက် တွေးနေမိတယ်။ “ဘုရားက ငါ့သားကို သေခွင့်ပြုမှာ မဟုတ်ဘူး မို့လား။ ဒါက ဘုရားဆီက စမ်းသပ်မှု ဖြစ်ချင်ဖြစ်မယ်။ ငါတို့ ယုံကြည်ခြင်းကို သူက စမ်းသပ်နေတာလား။ ဒါမှမဟုတ် နေထွက်လာတဲ့အခါ ငါ့သားက ကောင်းချင်ကောင်းသွားနိုင်မလား” ပေါ့။ ကျွန်မ စိတ်ထဲမှာ ဒီလို အပြေးအလွှားတွေးရင်းနဲ့ တစ်ညလုံး မအိပ်ဘဲ နောက်တစ်နေ့ထိရောက်ခဲ့တယ်။ နောက်နေ့ကျတော့ ကျွန်မတာဝန်ကို အမြန်လွှဲပေးခဲ့ပြီး ကျွန်မသားကို စီရင်စုဆေးရုံဆီ ခေါ်သွားလိုက်တယ်။ တာဝန်ကျတဲ့ ဆရာဝန်က ကျွန်မသား အခြေအနေကို စစ်ဆေးပြီးတော့ ကျွန်မ ပြောတယ်။ “အပေါ်ယံမှာတော့ ရောဂါလက္ခဏာတွေက ဦးနှောက်လေဖြတ်တာနဲ့တူတယ်။ ဒါပေမဲ့ ရောဂါကို ဆေးနဲ့ကုဖို့ နောက်နေ့မှာ ကျွန်တော်တို့ ရောဂါရှာဖွေပြီးတဲ့အချိန်အထိ စောင့်ရမယ်။ ဒီည ခင်ဗျား သေချာဂရုစိုက်ရမယ်။ သူ အသက်ရှူကျပ်ရင် သေသွားဖို့ လွယ်တယ်” တဲ့။ ဒီလို ကြားရတော့ ကျွန်မ မှင်သက်သွားတယ်။ ကျွန်မသားက တကယ်ပဲ သေခြင်းကို မလွတ်မြောက်နိုင်မှာလား။ ကျွန်မသားက ဒီည မခံတော့မှာကို ကျွန်မ တော်တော်ကြောက်ခဲ့တယ်။ တွေးလေလေ၊ ကြောက်လေလေဖြစ်ပြီး ဘုရားကို တိတ်တိတ်လေး အမြန်ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ ကျွန်မသားကို ကယ်တော်မူပါ။ ကိုယ်တော်ဟာ အနန္တတန်ခိုးရှိပါတယ်။ ကိုယ်တော်က ကူညီဖေးမရင် သူ သေမှာမဟုတ်ပါဘူး။ ဘုရားသခင်၊ ကိုယ်တော့်ထံကနေ တခြားဘာကိုမှ မတောင်းဆိုပါဘူး။ သမီးတောင်းဆိုသမျှက သမီးရဲ့သားကို ကွယ်ကာပြီး အသက်ရှင်ခွင့်ပေးဖို့ပါ...” ဆိုပြီးတော့။ ဆုတောင်းပြီးတော့ ကျွန်မ စိတ်နှလုံးက နည်းနည်းပိုပြီး ငြိမ်သွားတယ်။ အဲဒီညမှာ ကျွန်မ ဘုရားကို ဆက်တိုက်ဆုတောင်းပြီး ကျွန်မသားဆီကနေ ကျွန်မမျက်လုံးကို မခွာဘူး။ သူက အသက်ပြင်းပြင်းနဲ့ ရှူနေတာကို ကျွန်မကြားတဲ့အချိန်တိုင်း ကျွန်မ သူ့ကို ချက်ချင်းနှိုးတယ်။ သူ အသက်ရှူကျပ်မှာကို ကျွန်မ ကြောက်မိတယ်။ တတိယနေ့မနက်မှာ ကျွန်မသားက ကျောရိုးအာရုံကြောရောင်ရမ်းတဲ့ ရောဂါရှိတယ်လို့ သိရတယ်။ ဆရာဝန်ကြီးက ပြောတယ်။ “သူမသေဘူးဆိုရင် အောက်ပိုင်းသေတဲ့သူ၊ ဒါမှမဟုတ် အသက်ရှင်ရက် လှုပ်ရှားမှုမရှိတော့တဲ့ အခြေအနေကို အလွယ်တကူနဲ့ ရောက်သွားနိုင်တယ်” တဲ့။ ဆရာဝန်ရဲ့ စကားတွေကို ကြားရတော့ ကျွန်မ လဲကျတော့မလိုလိုဖြစ်သွားတယ်။ ကျွန်မ တွေးမိတယ်။ “သူက အောက်ပိုင်းသေသွားရင်၊ အသက်ရှင်ရက်နဲ့ လှုပ်ရှားမှုမရှိတော့ရင် သူ့ရဲ့ ကျန်တဲ့ဘဝက ပြီးသွားသလိုပဲ မဟုတ်ဘူးလား” ပေါ့။ နောက်တော့ တာဝန်ကျဆရာဝန်က ကျွန်မကို ဟော်မုန်းဆေးတွေ အသုံးပြုတာက တော်တော်အန္တရာယ်များတယ်ဆိုပြီး ပြောတယ်။ ပြီးတော့ ကျွန်မကို အသိပေးတဲ့ သဘောတူညီချက်ဖောင်တစ်ခုကို လက်မှတ်ထိုးခိုင်းတယ်။ အဲဒီအချိန်မှာ ကျွန်မလက်က တုန်နေသလို ခံစားမိတယ်။ ကျွန်မက လက်မှတ်ထိုးလိုက်ရင် ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေရှိမှာကို ကြောက်မိတယ်။ ပြီးရင် ကျွန်မသားရဲ့ ကျန်တဲ့အသက်က ပြီးဆုံးသွားမှာပဲ။ ဒါပေမဲ့ လက်မှတ်မထိုးရင် ရောဂါကို ကုဖို့ လက်လျှော့ပြီး သူသေဖို့ စောင့်နေတဲ့ သဘောသက်ရောက်သွားမှာပဲ။ အဲဒီအချိန်တုန်းက ကျွန်မ နည်းနည်း တွ့န်ဆုတ်နေခဲ့တာပေါ့။ ပြီးတော့ စိတ်ထဲမှာ တွေးမိတယ်။ “ဘုရားသခင်က အနန္တတန်ခိုးရှိတယ်။ ငါ့သားရဲ့ ရောဂါအပါအဝင် အမှုကိစ္စတွေအားလုံးက သူ့လက်ထဲမှာပဲ။ ငါ စိတ်လျှော့ပြီး ဒါတွေအားလုံးကို ဘုရားဆီမှာ အပ်နှံသင့်တယ်” ပေါ့။ အဲဒါနဲ့ ဖောင်မှာ လက်မှတ်ထိုးလိုက်တယ်။ ကျွန်မသားကို ဟော်မုန်းဆေးတိုက်ပြီးသွားတော့ ဒုတိယနေ့မှာ သူ့ခြေထောက်နဲ့ ခြေဖဝါးမှာ အာရုံခံစားမှု နည်းနည်းပြန်ရလာတယ်။ တတိယနေ့မှာ နည်းနည်းလှုပ်နိုင်တယ်။ ကျွန်မ တော်တော်လေးကို စိတ်ထဲမှာ ခံစားရတယ်။ ဘုရားသခင်ကိုလည်း ကျွန်မ စိတ်နှလုံးထဲမှာ ထပ်ခါထပ်ခါ ကျေးဇူးတင်မိတယ်။ ဒါပေမဲ့ ကျွန်မ မျှော်လင့်မထားခဲ့တာက စတုတ္ထနေ့ မနက်မှာ ကျွန်မဖုန်းကို သားဆီကို ပေးလိုက်တဲ့အချိန်မှာ သူ့လက်က ရုတ်တရက် အားလုံးဝမရှိတော့ဘဲ ဖုန်းက အိပ်ရာပေါ်ကို “ဘုတ်”ဆိုပြီး ပြုတ်ကျသွားတယ်။ ဒီလို ဖြစ်တာကို မြင်တော့ ကျွန်မ ကြောင်သွားတယ်။ ဘာတွေ ဖြစ်နေတာလဲ။ ဘာလို့ ရုတ်တရက်ကြီး ပိုဆိုးသွားတာလဲ ပေါ့။ ဆရာဝန်ကို ကျွန်မ အမြန်ခေါ်လိုက်တယ်။ ဆရာဝန်က ပြောတယ်။ “ဒီဗိုင်းရပ်ပိုးက သူရောက်သွားတဲ့ ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းကိုမဆို လေဖြတ်သွားစေလိမ့်မယ်။ အခု သူက အပေါ်ပိုင်း ခြေလက်တွေကို ရောက်သွားပြီ။ အပေါ်နည်းနည်းထပ်တက်သွားရင် ဦးနှောက်ကို ရောက်လိမ့်မယ်။ ဒီလိုဆက်ဖြစ်နေရင် သူက အသက်ရှင်ရက် လှုပ်ရှားမှုမရှိတဲ့ အခြေအနေကို ရောက်သွားဖို့ တော်တော်များတယ်။ ခင်ဗျား ဒီအတွက် ပြင်ဆင်ထားရမယ်” တဲ့။ ဒီစကားတွေကို ကြားရတာက ကျွန်မခေါင်းထဲမှာ ဗုံးပေါက်သွားသလိုပဲ။ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်။ “သူက အသက်ရှင်ရက် လှုပ်ရှားမှုမရှိတော့ရင် သေသလိုပဲ မဟုတ်ဘူးလား” ပေါ့။ ကျွန်မ ကြောက်လန့်သွားပြီး ဘုရားကို တိတ်တိတ်လေး အမြန်ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ သမီးရဲ့သားက အရမ်းငယ်ပါသေးတယ်။ ဒီသုံးလေးနှစ်မှာ သူက အသင်းတော်မှာ သူ့တာဝန်ကို အချိန်ပြည့်ထမ်းဆောင်နေခဲ့ပါတယ်။ သူ့ကို ကွယ်ကာတော်မူပါ။ သမီးရဲ့သားကို ကိုယ်တော့်ထံ အပ်နှံပါတယ်။ သူ ရှင်မလား၊ သေမလားဆိုတာကို ကိုယ်တော်ဆုံးဖြတ်ပါ” ဆိုပြီးတော့။
နောက်ပိုင်းမှာ ကျွန်မသားက အသက်အန္တရာယ် မရှိတော့ဘူး။ ဗိုင်းရပ်ကိုလည်း သူ့ဦးနှောက်ကို မရောက်ဖို့ တားဆီးခဲ့တယ်။ ကျွန်မ မျှော်လင့်ချက်မြင်ရပြီး မျက်ရည်တွေနဲ့ ဘုရားကို ဆုတောင်းပြီး ကျေးဇူးတင်ခဲ့တာပေါ့။ လဝက်ကြာတဲ့အထိ ဒီလိုတွေ ဖြစ်ပြီးတဲ့နောက်မှာ သူ့ရဲ့ ခန္ဓာကိုယ်လုပ်ငန်းဆောင်တာတွေ ပြန်ကောင်းလာအောင် ပြန်လည်ထူထောင်ရေးစင်တာဆီကို ပြောင်းရွှေ့ဖို့ ဆရာဝန်က အကြံပေးတယ်။ ပြန်လည်ထူထောင်ရေးစင်တာကို ကျွန်မတို့ ရောက်တော့ ဆရာဝန်က ပြောတယ်။ “ဒီရောဂါကနေ ပြန်ကောင်းလာဖို့ အကောင်းဆုံးအချိန်က ပထမသုံးလ အတွင်းမှာပဲ။ ခင်ဗျားသားရောဂါ ပြင်းထန်မှုအရ သူ နောက်တစ်ခါ မတ်တတ်ရပ်နိုင်ခြေက နည်းတယ်။ နောက်သုံးလအတွင်းမှာ သူမရပ်နိုင်ရင် သူ ထပ်ပြီးဘယ်တော့မှ ရပ်မှာမဟုတ်တော့ဘူး” တဲ့။ တစ်ရက်မှာ ကျွန်မသားကို သူပြန်လည်ထူထောင်ရေးလေ့ကျင့်ခန်းမှာ ကျွန်မ အဖော်လုပ်ပေးတယ်။ သူ့မျက်နှာမှာ စိတ်သောကရောက်တဲ့ပုံစံနဲ့ အိပ်ရာထဲမှာ လေဖြတ်ပြီး လဲနေတဲ့သူ့ကို ကျွန်မ မြင်တော့ စိတ်ထဲမှာ ပိုပြီးတော့တောင် ညစ်သွားတယ်။ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်။ “ငါ အရမ်းကို ဝမ်းသာအားရနဲ့ ဘုရားကို ယုံကြည်ခဲ့တယ်။ ငါ့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်က ငါ့သားနဲ့ ငါ့ကို သူဘေးကင်းအောင် စောင့်ရှောက်ပေးဖို့ပဲ။ ငါ့သားက ရုတ်တရက်ကြီး လဲသွားပြီး မလှုပ်နိုင်ဖြစ်သွားမယ်လို့ ငါ လုံးဝ မတွေးမိဘူး။ အခုဆို သူ မတ်တပ်ပြန်ရပ်နိုင်မလားဆိုတာတောင် မသေချာဘူး။ ဒါတွေအားလုံးက ဘယ်အချိန်မှာ အဆုံးသတ်မှာလဲ” ပေါ့။ ညီအစ်မတစ်ယောက်က ကျွန်မကို သတိပေးတဲ့ဟာတစ်ခုကို ကျွန်မ တွေးမိတယ်။ “အစ်မသားက ရုတ်တရက်ကြီး ရောဂါဆိုး ခံစားရတာ မတော်တဆဖြစ်တာမဟုတ်ဘူး။ တစ်ခါတလေမှာ ဘုရားသခင်က ကျွန်မတို့ထဲမှာရှိတဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို သန့်စင်ဖို့ အခြေအနေတစ်ခုခုကို အသုံးပြုတယ်” တဲ့။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်က အတိအကျ ဘာဖြစ်နိုင်သလဲဆိုတာ ကျွန်မ တွေးကြည့်တယ်။ ပြီးတော့ ကျွန်မ ဖုန်းကို ကောက်ကိုင်ပြီး ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ဖတ်လိုက်တယ်။ “၎င်းတို့ကို ငါ အနာငြိမ်းစေနိုင်၍သာ ငါ့ကို များစွာသောသူတို့က ယုံကြည်ကြသည်။ ၎င်းတို့၏ခန္ဓာကိုယ်များမှ မသန့်ရှင်းသော ဝိညာဉ်များကို နှင်ထုတ်ရန် ငါ၏တန်ခိုးများကို အသုံးပြုနိုင်၍သာ ငါ့ကို များစွာသောသူတို့က ယုံကြည်ကြပြီး၊ ငါ့ထံမှ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို ၎င်းတို့ ရကောင်းရလိမ့်မည် ဖြစ်သောကြောင့်သာ ငါ့ကို များစွာသော သူတို့က ယုံကြည်ကြပေသည်။ သာ၍ကြီးမားသော ရုပ်ဝတ္ထုဆိုင်ရာ ကြွယ်ဝမှုကို ငါ့ထံမှ တောင်းခံရန်သာ များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ ဤဘဝကို အေးအေးချမ်းချမ်း ကုန်ဆုံးပြီး၊ နောင်ဘဝတွင် ဘေးကင်းလုံခြုံမှုရှိဖို့ရန်သာ များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ ငရဲ၏ဒုက္ခဆင်းရဲကို ရှောင်ရှားပြီး၊ ကောင်းကင်၏ကောင်းချီးမင်္ဂလာများ ရရှိရန် များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ များစွာသောသူတို့က ယာယီ ကိုယ်စိတ်ချမ်းသာခြင်းအတွက်သာ ငါ့ကို ယုံကြည်သော်လည်း၊ နောင်ဘဝ၌ မည်သည့်အရာမျှ ရရှိရန် မကြိုးစားကြပေ။ လူသားအပေါ် ငါ၏ အမျက်ဒေါသကို ဆောင်ကြဉ်းခဲ့ပြီး တစ်ချိန်က သူ ပိုင်ဆိုင်ခဲ့သည့် ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ကို ငါ သိမ်းပိုက်ခဲ့ချိန်တွင်၊ လူသားသည် သံသယရှိလာခဲ့၏။ ငါသည် လူသားကို ငရဲ၏ ဆင်းရဲဒုက္ခကို ပေးပြီး ကောင်းကင်၏ ကောင်းချီးမင်္ဂလာတို့ကို ပြန်လည် သိမ်းယူသည့်အခါ၊ လူသား၏အရှက်သည် ဒေါသအဖြစ်သို့ ပြောင်းသွား၏။ သူ့ကို ရောဂါငြိမ်းစေရန် ငါ့အား သူတောင်းဆိုသည့်အခါ၊ ငါသည် သူ့ကို အလေးဂရုမပြုသကဲ့သို့ သူ့အပေါ် စက်ဆုပ်ရွံရှာမှု ခံစားခဲ့ရသည်။ လူသားသည် အောက်လမ်းဆေးဝါးနှင့် မှော်အတတ်တို့၏ နည်းလမ်းကိုသာ ရှာရန် ငါ့ထံမှ ထွက်ခွာသွားခဲ့သည်။ ငါ့ထံမှ လူသားတောင်းဆိုခဲ့ပြီးသမျှအားလုံးကို ငါသိမ်းယူလိုက်ချိန်တွင်၊ အယောက်တိုင်းက အစအနရှာ၍မရအောင် ပျောက်သွားကြ၏။ ထို့ကြောင့် ငါသည် အလွန်များလှစွာသော ကျေးဇူးတော်ပေးပြီး ရရန် များလွန်းသောကြောင့်၊ လူသားသည် ငါ၌ ယုံကြည်ခြင်း ရှိသည်ဟု ငါဆို၏။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယုံကြည်ခြင်းအကြောင်း သင် မည်သည့်အရာ သိရှိသနည်း) ဘုရားနှုတ်ကပတ်တော်တိုင်းက ကျွန်မ စိတ်နှလုံးတစ်လျှောက် ပဲ့တင်ထပ်သွားတယ်။ ဘုရားအပေါ် လူတွေရဲ့ ယုံကြည်မှုမှာရှိတဲ့ သူတို့အမြင်တွေက မမှန်ကန်ဘူး၊ သူတို့အားလုံးမှာ ကိုယ်ပိုင်ရည်ရွယ်ချက်တွေ၊ ဦးတည်ချက်တွေ ရှိကြတယ်ဆိုပြီး ဘုရားသခင်က ဖော်ထုတ်တယ်။ သူတို့တွေက ဘုရားသခင်ဆီက ကျေးဇူးတော်နဲ့ အကျိုးအမြတ်တွေရဖို့ ဘုရားကို တောင်းဆိုတာတွေ၊ တောင်းခံတာတွေ လုပ်တယ်။ ကျွန်မက အတိအကျကို အဲဒီလိုလူပဲ။ အစပိုင်းမှာ ကျွန်မအမေက သခင့်ကို စယုံကြည်ပြီးတဲ့နောက်မှာ သူ့ရဲ့ အခြေအနေဆိုးတဲ့ နှလုံးသွေးကြောပိတ်ရောဂါ ပျောက်သွားတာကို ကျွန်မ တွေ့ခဲ့တယ်။ ကျွန်မ ကိုယ်ပိုင်မျက်စိနဲ့ ဘုရားရဲ့ ကောင်းချီးတွေကို မြင်ပြီးတော့မှ ဘုရားကို ကျွန်မ စယုံကြည်ပြီး ဘုရားအတွက် စွန့်လွှတ်ပြီး အသုံးခံတယ်။ ကျွန်မက ဘုရားသခင်ကို ကျွန်မကိုလည်း ကာကွယ်စေချင်တယ်။ ဘေးကင်းအောင်လုပ်ပေးစေချင်တယ်။ အစစအရာရာ အဆင်ပြေဖို့ သေချာအောင်လုပ်ပေးစေချင်တယ်။ ကျွန်မ ကြုံတွေ့ရတာက ရောဂါဖြစ်စေ၊ ဘေးဒုက္ခဖြစ်စေ၊ အခက်အခဲတစ်ခုခုဖြစ်စေ ကျွန်မက အမြဲတမ်း အော်ပြီး ဘုရားကို အကူအညီတောင်းတယ်။ ကျွန်မက ဘုရားကို ဂေဟာတစ်ခုလို ဆက်ဆံခဲ့တယ်။ ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံပြီးတော့ ကျွန်မက ဘုရားအတွက် ပိုပြီးတော့တောင် အပြေးအလွှားသွားလာပြီး အသုံးခံလိုစိတ်ရှိခဲ့တယ်။ ကျွန်မက ဒီလိုမျိုး လိုက်စားရင် ဘုရားဆီက ပိုကြီးမားတဲ့ ကောင်းချီးတွေကို သေချာပေါက် ရမှာပဲလို့ ထင်ပြီးတော့ပေါ့။ ဒါပေမဲ့ ကျွန်မသားက ရောဂါဆိုးတစ်ခုဖြစ်ပြီး လေဖြတ်တာ၊ ဒါမှမဟုတ် သေခြင်းကိုတောင် ရင်ဆိုင်ရတဲ့အခါ၊ ကျွန်မ လက်မခံနိုင်ခဲ့ဘူး။ ဘုရားကို စောဒကတက်တယ်။ အကျိုးအကြောင်းရှင်းပြတယ်။ မှတ်ထားတယ်။ အရင်က ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်အသုံးခံခဲ့တယ်ဆိုတာကို ကျွန်မ တွက်ချက်ပြီး ဘုရားသခင်ကို ကျွန်မသားရဲ့ ရောဂါကို ကုသပေးဖို့အတွက် တောင်းဆိုဖို့ ဒီဟာကို အရင်းအနှီးအဖြစ် အသုံးပြုတယ်။ သူက လုပ်ပေးလိမ့်မယ်လို့ ယုံထားလိုက်တယ်။ ကျွန်မက ဘုရားလက်ထဲမှာ သူတို့ကိုယ်သူတို့ မွေးကင်းစကလေးတွေလို့ မှတ်ယူထားတဲ့ အဲဒီဘာသာရေးသမားတွေလိုပဲ။ ကျွန်မက ဘုရားသခင်ကို လူတွေရဲ့ အသနားခံချက်တိုင်းကို တုံ့ပြန်ပြီး လူတွေအပေါ် ကျေးဇူးတော်နဲ့ ကောင်းချီးတွေကိုပဲ အပ်နှင်းတဲ့ ဘုရားအဖြစ် သဘောထားခဲ့တယ်။ ကျွန်မက သူ့ဆီက တစ်ခုခုကို တောင်းဆိုသရွေ့ သူက ကျွန်မကို ဖြည့်ဆည်းပေးရမယ် ပေါ့။ အနန္တတန်ခိုးရှင်ဘုရားသခင်နောက်ကို ကျွန်မ လိုက်ခဲ့ပေမဲ့ ကျွန်မ ယုံကြည်တဲ့ပုံစံက အဲဒီဘာသာရေးသမားတွေနဲ့ အတူတူပဲ မဟုတ်ဘူးလား။ ဒါက ကျေးဇူးတော်ခေတ်တုန်းက သခင်ယေရှုက လူငါးထောင်ကို မုန့်ငါးလုံး၊ ငါးနှစ်ကောင်နဲ့ ကျွေးခဲ့တဲ့ အချိန်တုန်းကလိုပဲ။ ဒီလူတွေက ဘုရားဆီက အကျိုးအမြတ်တွေကိုပဲ ရချင်ခဲ့တာ။ ဘုရားကို သိခဲ့ကြတာမဟုတ်ဘူး။ သူဖော်ပြတဲ့ သမ္မာတရားကို၊ ဒါမှမဟုတ် သူပြုတဲ့ အမှုကို လုံးဝ စိတ်မဝင်စားဘူး။ ဘုရားက ဒီလူတွေကို အရေးမစိုက်ဘူး။ သူတို့ရဲ့ ဇာတိပကတိ လိုအပ်ချက်တွေကို ဖြည့်ဆည်းပြီး သူတို့အပေါ်မှာ ဘယ်ကယ်တင်ခြင်းအမှုကိုမှ မပြုဘူး။ နောက်ဆုံးသောကာလမှာ ဘုရားလုပ်တဲ့အမှုက ဖျားနာသူကို ကုသပေးပြီး နတ်ဆိုးတွေ နှင်ထုတ်တာမဟုတ်ဘူး။ ဒီအစား လူတွေကို တရားစီရင်ပြီး သန့်စင်ဖို့အတွက် သမ္မာတရား ဖော်ပြတယ်၊ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးမှုကို ဖယ်ရှားပြီး ဘုရားရဲ့ ကယ်တင်ခြင်းကို ရယူစေတယ်။ ဒါပေမဲ့ ကျွန်မက ကောင်းချီးတွေ၊ အကျိုးအမြတ်တွေရဖို့ သက်သက်နဲ့ ဒီနှစ်တွေအားလုံးမှာ ဘုရားကို ယုံကြည်နေခဲ့တာ။ ဒီလို လိုက်စားမှုမျိုးက ဘုရားအမှုတော်ကို ဆန့်ကျင်တယ်။ ဒါဆိုရင် ကျွန်မက ဘယ်လိုလုပ် ကယ်တင်ခြင်းခံရနိုင်မလဲ။ ဒီအချိန်မှာ ကျွန်မသားရဲ့ ရောဂါကို ဘုရားက ခွင့်ပြုခဲ့တယ်၊ ဒါဟာ သမ္မာတရားကို ကျွန်မ ရှာဖွေပြီး ဝင်ရောက်အောင် ကူညီပေးဖို့ ရည်ရွယ်တယ်ဆိုတာ ကျွန်မ နားလည်သွားတယ်။ ဒါပေမဲ့ ဘုရားအမှုတော်ကို ကျွန်မ နားမလည်ခဲ့ဘူး။ သမ္မာတရားကို ရဖို့အတွက် ဘုရားရဲ့ ရည်ရွယ်ချက်ကို မရှာဖွေခဲ့ဘူး။ ကျွန်မသားရဲ့ ရောဂါ အမြန်ဆုံး ပျောက်အောင် သူ့ကို ဘုရားက ကွယ်ကာပြီး ကောင်းချီးတာကိုပဲ လိုချင်ခဲ့တယ်။ ဆာလောင်တာ ပြေသွားအောင် ပေါင်မုန့်ရှာတဲ့ အဲဒီဘာသာရေးသမားတွေနဲ့ ကျွန်မက အတူတူပဲ။ ကျွန်မရဲ့ အနှစ်သာရက မယုံကြည်သူရဲ့ အနှစ်သာရပဲ။ ကျွန်မ ဘုရားကို ဆက်ပြီး ယုတ္တိမတန်တဲ့ တောင်းဆိုမှုတွေ လုပ်လို့ မဖြစ်တော့ဘူး။ ကျွန်မသားရဲ့ ရောဂါအခြေအနေက ဘယ်အတိုင်းအတာထိ ကြီးလာပါစေ ဘုရားအမှုတော်ကို ကျွန်မ နာခံပြီး တွေ့ကြုံလိုစိတ်ရှိနေခဲ့တယ်။
နောက်ပိုင်းမှာ ကျွန်မသားက ပြန်လည်ထူထောင်ရေး လေ့ကျင့်ခန်း ခြောက်မျိုးကို နေ့တိုင်း လုပ်ရတယ်။ တစ်ခုပြီးသွားတဲ့အခါတိုင်းမှာ သူက ချွေးတွေ အရမ်းထွက်တယ်။ လဝက်လောက်ကြာတော့ အာရုံခံစားချက်တချို့က သူ့ရဲ့ လက်နဲ့ခြေနှစ်ခုလုံးဆီကို ပြန်ရောက်လာတယ်။ လှိုဏ်ခေါင်းအဆုံးမှာ အလင်းကို ကျွန်မ မြင်ရပြီး အံ့ဩစရာတစ်ခုဖြစ်ဖို့ နေ့တိုင်း မျှော်လင့်နေခဲ့တယ်။ တစ်နေ့ကျရင် ကျွန်မသားက ပြန်ရပ်နိုင်ဖို့ မျှော်လင့်ပြီးတော့ပေါ့။ ဒါပေမဲ့ အဖြစ်အပျက်တွေက ကျွန်မ စိတ်ကူးသလို ဖြစ်မလာခဲ့ဘူး။
တစ်နေ့ကျတော့ ကျွန်မသားက လေ့ကျင့်ခန်းလုပ်နေတုန်းမှာ ကျွန်မက သူ့ကို အဖော်လုပ်ပေးနေတယ်။ အဲဒီမှာ သူက သူ့ဘောင်းဘီထဲကို မစင်စွန့်ချလိုက်တယ်။ အရင်တုန်းက ဒီလိုမြင်ကွင်းမျိုးကို မြင်ရတာ တော်တော်လေးကို စိတ်မကောင်းစရာပဲ။ ကျွန်မသားက အသက်အန္တရာယ်မရှိတော့ပေမဲ့ သူက သေးအိတ်နဲ့ ကလေးခါးတောင်းကျိုက်ပိတ်စကို နေ့တိုင်း ဝတ်ထားတုန်းပဲ။ ဒီလိုနေရတာ တော်တော်လေး စိတ်ဆင်းရဲပါတယ်။ ကျွန်မသားက ၃၀ ကျော်ကျော်လေးပဲရှိသေးတယ်။ အရမ်းငယ်သေးတယ်။ နောင်မှာ ဘယ်လိုလုပ် ဒီလိုဆက်သွားနိုင်မှာလဲ။ ကျွန်မ စိတ်နှလုံးထဲမှာ စိတ်ပျက်လက်ပျက်ဖြစ်မိတယ်။ အဲဒါနဲ့ ဘုရားရှေ့ကိုသွားပြီး တိတ်တိတ်လေး ဆုတောင်းတယ်။ “ဘုရားသခင် သမီးရဲ့သားက သူ့ကိုယ်သူ ဂရုမစိုက်နိုင်ရင် နောင်မှာ သူ ဘယ်လိုဆက်သွားမှာလဲ။ ဘုရားသခင် ကိုယ်တော်ရဲ့ ဘုန်းတန်ခိုးကို သမီး ယုံကြည်ပါတယ်။ သမီးရဲ့သားက ပြန်ရပ်နိုင်လာရင် သမီးက အလုပ်ကို လုံးဝ ပိုလုပ်ပြီး တာဝန်ကို လုံ့လရှိစွာနဲ့ ထမ်းဆောင်ပါမယ်” ဆိုပြီးတော့။ ဒီလို ဆုတောင်းချက်က ဘုရားအလိုတော်နဲ့ မညီဘူးဆိုတာ ကျွန်မ သဘောပေါက်ခဲ့တယ်။ အဲဒါနဲ့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ခဲ့တယ်။ ကျွန်မက ဘုရားရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို နာခံလိုစိတ်ရှိတယ်လို့ ပြောခဲ့တယ်။ ဒါဆိုရင် ဘာလို့ ဘုရားကို နောက်ထပ် တောင်းဆိုမှုတစ်ခု လုပ်ခဲ့တာလဲ။ ဒီအချိန်မှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ သတိရတယ်။ “သင်တို့ကို ဘုရားသခင်အားရနှစ်သက်ရန် သင်တို့တောင့်တကြသည်၊ သို့သော် သင်တို့သည် ဘုရားသခင်နှင့် ဝေးကွာလျက်ရှိ၏။ ထိုသို့ဆိုလျှင် ပြဿနာမှာ အဘယ်အရာဖြစ်သနည်း။ သင်တို့သည် သူ၏ နှုတ်ကပတ်တော်များကိုသာ လက်ခံကြပြီး သူ၏အစီအစဉ်တိုင်းကို လက်ခံနိုင်ရန်၊ သူ့ကို အပြည့်အဝယုံကြည်နိုင်ရန်ဝေးစွ၊ သူ၏ ပြုပြင်ခြင်းကိုပင် လက်မခံကြပေ။ ထိုသို့ဆိုလျှင် ပြဿနာမှာ အဘယ်အရာဖြစ်သနည်း။ နောက်ဆုံးဆန်းစစ်ကြည့်လျှင် သင်တို့၏ ယုံကြည်ခြင်းသည် အကောင်လုံးဝမပေါက်နိုင်သော ဗလာဥခွံဖြစ်သည်။ အကြောင်းမှာ သင်တို့၏ ယုံကြည်ခြင်းသည် သင်တို့ထံသို့ သမ္မာတရား မယူဆောင်လာပေး၊ သို့မဟုတ် အသက်ကို မပေးဘဲ ထိုအစား ဆက်လက်အသက်ရှင်နိုင်သည်ဟူသည့် လွဲမှားသော ခံစားချက်နှင့် မျှော်လင့်ခြင်းကိုသာ ပေးခဲ့သည်။ ဘုရားသခင်ကို သင်တို့ယုံကြည်ခြင်း၏ ရည်ရွယ်ချက်မှာ ထိုသို့သော လွဲမှားသည့် ခံစားချက်နှင့် မျှော်လင့်ခြင်းဖြစ်သည်၊ သမ္မာတရားနှင့် အသက်တို့ မဟုတ်ပေ။ ထို့အတွက်ကြောင့် ဘုရားသခင်ကို သင်တို့ယုံကြည်ခြင်း၏ ဖြစ်စဉ်သည် ခယဝယလုပ်ခြင်းနှင့် အရှက်အကြောက်မဲ့ခြင်းမှတစ်ဆင့် ဘုရားသခင်ကို မျက်နှာလို မျက်နှာရလုပ်ရန် ကြိုးစားခြင်းသက်သက်ဖြစ်၍ စစ်မှန်သော ယုံကြည်ခြင်းအဖြစ် မည်သည့်နည်းနှင့်မျှ မသတ်မှတ်နိုင်ဟု ငါပြောခြင်းဖြစ်၏။ ဤသို့သော ယုံကြည်ခြင်းမျိုးမှ မည်သို့လျှင် အကောင်ပေါက်နိုင်မည်နည်း။ တစ်နည်းအားဖြင့် ဤသို့သော ယုံကြည်ခြင်းမျိုးသည် မည်သည့်အရာကို အထမြောက်စေနိုင်သနည်း။ ဘုရားသခင်ကို သင်တို့ယုံကြည်ကြခြင်း၏ ရည်ရွယ်ချက်မှာ သင်တို့၏ ကိုယ်ပိုင်ရည်မှန်းချက်များကို စွမ်းဆောင်ရရှိရန် သူ့ကို အသုံးချဖို့ဖြစ်၏။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားကို သင်တို့စော်ကားခြင်း အကြောင်း နောက်ထပ်အချက်အလက်တစ်ခုဖြစ်သည် မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မြေကြီးပေါ်ရှိ ဘုရားသခင်ကို သိရှိနိုင်ပုံ) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးသွားတော့ ကျွန်မပါးတွေ ထူပူနေတာကို ခံစားမိတယ်။ ဒီနှုတ်ကပတ်တော်တွေက ဘုရားက ကျွန်မကို မျက်နှာချင်းဆိုင် တရားစီရင်နေသလိုမျိုး ခံစားမိစေတယ်။ ကျွန်မသားရောဂါက ပျောက်ဖို့ ဖြစ်နိုင်ခြေမရှိဘူးလို့ ဆရာဝန်က ပြောတော့ ကျွန်မက မျှော်လင့်ချက်တွေအားလုံးကို ဘုရားအပေါ် ပုံချထားတယ်။ ဘုရားကို မျက်နှာလိုမျက်နှာရလုပ်ပြီး ဖားဖို့အတွက် ကြားကောင်းတဲ့စကားတွေကို ပြောတယ်။ ဘုရားက ကျွန်မသားကို ကွယ်ကာပြီး သေမင်းနှုတ်ခမ်းဝကနေ ပြန်ခေါ်လာတော့ ဘုရားကို ကျွန်မ ဝမ်းမြောက်စွာနဲ့ ကျေးဇူးတင်ခဲ့တယ်။ ကျွန်မသားက အသက်ကို ဆုပ်ကိုင်ထားနိုင်ခဲ့ပေမဲ့ နောက်တော့ လေဖြတ်တာနဲ့ ရင်ဆိုင်ရတယ်၊ ဒါမှမဟုတ် အသက်ရှင်ရက် လှုပ်ရှားမှုမရှိတဲ့ အခြေအနေ ရောက်သွားတယ်။ ကျွန်မသားကို အသက်ရှင်ရက် လှုပ်ရှားမှုမရှိသူ မဖြစ်အောင် ကာကွယ်ဖို့ ဘုရားကို နောက်တစ်ခါ တောင်းဆိုပြန်တယ်။ ကျွန်မသားကို သူ့ကိုယ်သူ ဂရုစိုက်နိုင်အောင် လုပ်ပေးရင် ကျွန်မတာဝန်ကို လုံ့လရှိစွာနဲ့ သေချာလုပ်ပြီး သူ့ချစ်ခြင်းကို ပြန်ပေးဆပ်မယ်လို့တောင် ဘုရားကို လောဘတကြီးနဲ့ တောင်းဆိုခဲ့တယ်။ ကျွန်မက ဘုရားကို အရှက်မရှိ မျက်နှာလိုမျက်နှာရလုပ်တာဟာ ကျွန်မ ကိုယ်ပိုင်ပန်းတိုင်တွေကို ရဖို့အတွက် သက်သက်ပဲဆိုတာ ကျွန်မ တွေ့ခဲ့ရတယ်။ ကျွန်မက တကယ်ကို အရမ်း စက်ဆုပ်စရာပါပဲ။ ကျွန်မက ဘုရားသခင်ကို ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်အပေါ် တွေးသလိုမျိုး တွေးပြီး သူက မြှောက်ပင့်တဲ့စကားတွေကို ကြိုက်တယ်လို့ ထင်ခဲ့တယ်။ ကောင်းတဲ့စကားတချို့ကို ပြောသရွေ့ ဘုရားက ပျော်ရွှင်ပြီး ကျွန်မကို အကျိုးအမြတ်တွေပေးမယ်၊ ကျွန်မသား ရောဂါက ပျောက်သွားမယ်လို့ ကျွန်မ ထင်ခဲ့တယ်။ ဘုရားက သန့်ရှင်းပြီး သစ္စာရှိတယ်။ သူအလိုရှိတာက လူတွေအနေနဲ့ သူ့ကို ကိုးကွယ်ဖို့အတွက် ကိုယ့်ရဲ့စိတ်နှလုံးနဲ့ ရိုးသားမှုကို အသုံးပြုဖို့၊ သူ့ကို ရိုးသားစစ်မှန်တဲ့ စိတ်နှလုံးနဲ့ အလေးထားဖို့ပဲ။ ဒါပေမဲ့ ကျွန်မက တစ်ကိုယ်ရေပန်းတိုင်တွေအတွက် ဘုရားကို မြှောက်ပင့်ပြီး မျက်နှာလိုမျက်နှာရလုပ်တယ်။ ဒါဟာ ဘုရားက အရမ်းမုန်းတဲ့အရာတစ်ခုပဲ။ ဒီတစ်ခါမှာ ဘုရားရဲ့ တွေးခေါ်တတ်မှုကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခဲ့ရတာပဲ။ သူသာ ဒီလိုအခြေအနေတွေကို မစီစဉ်ခဲ့ရင် ဒီနှစ်တွေအားလုံးမှာ ကျွန်မ ယုံကြည်မှုက ဘေးကင်းမှုနဲ့ ကောင်းချီးတွေကို ရဖို့သက်သက်ပဲဆိုတာ ကျွန်မ လုံးဝ မြင်မှာမဟုတ်ဘူး။ ကျွန်မက ဘုရားကို ဒီလိုမျိုး တစ်သက်လုံး ယုံကြည်ရင်တောင် သမ္မာတရားနဲ့ အသက်ကို လုံးဝ ရမှာမဟုတ်ဘူး။ ကျွန်မအတွက် ဒီအခြေအနေတွေက ကြီးမားတဲ့ ကယ်တင်ခြင်းနဲ့ သက်ညှာမှု ပြသခြင်းပဲ။ ဒါကို မြင်သွားပြီးတော့ ကျွန်မ အကြွေးတင်သလို ခံစားရပြီး ကိုယ့်ကိုယ့်ကိုယ် အပြစ်တင်ရင်းနဲ့ မျက်ရည်ကျမိတယ်။ ဘုရားကို ကျွန်မ အရမ်းကို ပုန်ကန်ခဲ့တာ၊ မျက်နှာလို မျက်နှာရလုပ်ခဲ့တာ အသုံးပြုခဲ့တာတွေကို နောင်တရမိတယ်။ ကျွန်မက သူ့ကို ဘုရားလိုမျိုး မဆက်ဆံခဲ့ဘူး။ ဒါပေမဲ့ ဘုရားက ကျွန်မလုပ်တဲ့အရာအတိုင်း ကျွန်မကို မဆက်ဆံခဲ့ပါဘူး။ ပြီးတော့ သူ့ရည်ရွယ်ချက်ကို နားလည်အောင် ကျွန်မကို လမ်းပြဖို့အတွက် သူ့နှုတ်ကပတ်တော်တွေကို အသုံးပြုခဲ့တယ်။ ဒီအချိန်မှာ ကျွန်မက ဘုရားရဲ့ ချစ်ခြင်းနဲ့ ကယ်တင်ခြင်းကို လက်ခံရရှိဖို့ ပိုပြီးတော့တောင် ရှက်နေမိတယ်။ ဘုရားကို တိတ်တဆိတ်ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ သမီးရဲ့သားက နောင်မှာ သူ့ကိုယ်သူ ဂရုစိုက်နိုင်သည်ဖြစ်စေ၊ မစိုက်နိုင်သည်ဖြစ်စေ သမီး နာခံလိုစိတ်ရှိပါတယ်။ သမ္မာတရားကို ရှာပြီး ကိုယ်တော့်နှုတ်ကပတ်တော်နဲ့ အမှုတော်ကို တွေ့ကြုံလိုစိတ်ရှိပါတယ်။ ဒီအခြေအနေတွေကနေ သင်ခန်းစာယူလိုစိတ်ရှိပါတယ်” ဆိုပြီးတော့။
တစ်နေ့မှာ ကျွန်မသားရဲ့ လေ့ကျင့်ခန်းမှာ ကျွန်မ အဖော်လုပ်ပေးနေတုန်း ဘုရားအပေါ် ကျွန်မ ယုံကြည်မှုရဲ့ အမှတ်တရတွေအကုန်လုံးကို မရည်ရွယ်ဘဲ စပြီး ပြန်ကြည့်မိတယ်။ ကျွန်မအမေရဲ့ ပြင်းထန်တဲ့ နှလုံးသွေးကြောပိတ်ရောဂါ ပျောက်သွားတော့ ကျွန်မက သခင့်ဆီက ကောင်းချီးတွေ တောင်းဆိုခဲ့တယ်။ ကျွန်မ အလုပ်လုပ်တော့ သခင်က အရာရာတိုင်းကို အဆင်ပြေချောမွေ့အောင်လုပ်ပေးဖို့လည်း ကျွန်မ မျှော်လင့်ခဲ့တယ်။ ဘုရားသခင်ရဲ့ ဒီအမှုတော်အဆင့်ကို ကျွန်မ လက်ခံပြီးတဲ့နောက်မှာ ကျွန်မ နည်းနည်း စွန့်လွှတ်ပြီး အသုံးခံခဲ့တယ်။ ဒါပေမဲ့ ဒါဟာ သူ့ဆီကနေ ကျေးဇူးတော်နဲ့ ကောင်းချီးတွေကို တောင်းဆိုဖို့အတွက် ဖြစ်နေတုန်းပဲ။ နောက်တော့ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မ သတိရတယ်။ “လူ့စိတ်သဘောထားသည် အလွန့်အလွန် ရက်စက်သွားပြီးဖြစ်ကာ၊ သူ့အသိစိတ်သည် အလွန့်အလွန် ထိုင်းမှိုင်းသွားပြီး၊ သူ၏အသိတရားသည်လည်း နတ်ဆိုး၏ လုံးဝနင်းခြေမှုကို ခံရပြီးဖြစ်ကာ ကြာမြင့်စွာကတည်းကပင် လူသား၏နဂိုအသိတရား မဟုတ်တော့ပေ။ လူသားသည် လူ့ဇာတိခံယူသော ဘုရားသခင်က လူသားမျိုးနွယ်အပေါ် အသက်နှင့် ကျေးဇူးတော်များစွာ ပေးအပ်နှင်းသည်ကို ကျေးဇူးမတင်သည်သာမက၊ သူ့ကို သမ္မာတရား ပေးခြင်းအတွက် ဘုရားသခင်အား မကျေမချမ်းပင် ဖြစ်သွားခဲ့ပေပြီ။ အကြောင်းမှာ လူသားသည် သမ္မာတရားကို စိုးစဉ်းမျှ စိတ်မဝင်စားသောကြောင့်၊ ဘုရားသခင်ကို တိုး၍ မကျေမချမ်း ဖြစ်ရခြင်း ဖြစ်သည်။ လူသားသည် လူ့ဇာတိခံယူသော ဘုရားသခင်အတွက် မိမိအသက်ကို စတေးနိုင်စွမ်း မရှိသည်သာမက၊ သူ့ထံမှ မျက်နှာသာပေးမှုများကို နှိုက်ယူဖို့ကိုလည်း ကြိုးစားအားထုတ်ကာ ဘုရားသခင်ကို လူသားကပေးသည့်အရာထက် ဆယ်ဆမကသော အကျိုးအမြတ်ကို တောင်းဆိုသည်။ ထိုကဲ့သို့သော အသိတရားနှင့် အသိစိတ်ရှိသည့် လူတို့သည် ဤအရာကို ကြီးကြီးမားမားကိစ္စ မဟုတ်ဟု ထင်မှတ်ပြီး၊ ၎င်းတို့သည် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို များစွာ အသုံးခံပြီး ဖြစ်ကြောင်းနှင့် ဘုရားသခင်မှ သူတို့ကို ပေးခဲ့သည်မှာ နည်းလွန်းကြောင်း ယုံကြည်ဆဲ ဖြစ်ကြသည်။ ငါ့ကို ရေတစ်ခွက်ပေးပြီးနောက် ၎င်းတို့၏ လက်များဖြန့်ပြီး နွားနို့နှစ်ခွက်အတွက် ၎င်းတို့အား ငါ အခပေးရန် တောင်းဆိုသောသူများ ရှိသည်၊ သို့မဟုတ် ငါ့အတွက် တစ်ညတာ တည်းခိုရန် အခန်းတစ်ခန်း ပြင်ဆင်ပေးကာ ညအချို့အတွက် တည်းခိုခ ပေးရန် တောင်းဆိုသော သူများရှိသည်။ သင်တို့သည် ထိုသို့သော လူ့သဘာဝနှင့် အသိစိတ်တစ်ခု ရှိလျက် အသက်ကို ရလိမ့်မည်ဟု မည်သို့ မျှော်လင့်နိုင်ကြသေးသနည်း။ သင်တို့သည် အလွန်စက်ဆုပ်ဖွယ်ကောင်းသော အကောင်ယုတ်များ ဖြစ်ကြသည်တကား။ လူသားရှိ ဤလူ့သဘာဝမျိုးနှင့် ဤအသိစိတ်မျိုးတို့က လူ့ဇာတိခံ ဘုရားသခင်ကို ကုန်းမြေအနှံ့ လှည့်ပတ်သွားလာစေသည့် အရာများဖြစ်သည်။ အသိစိတ်နှင့် လူ့သဘာဝကို အမှန်တကယ် ပိုင်ဆိုင်သူများသည် ဘုရားသခင် လုပ်ဆောင်ပြီးစီးခဲ့သော အမှုတော် မည်မျှများပြားသည့်အတွက်ကြောင့် မဟုတ်ဘဲ၊ ကိုယ်တော်သည် အမှုတော် လုံးဝ လုပ်ဆောင်ခဲ့ခြင်း မရှိသည့်တိုင်၊ လူ့ဇာတိခံယူသော ဘုရားသခင်ကို ကိုးကွယ်ကာ သူ့ကို အသည်းလှိုက်အူလှိုက် အစေခံသင့်သည်။ ဤသည်မှာ အကောင်းပကတိ အသိစိတ်ရှိသူတို့ ဆောင်ရွက်သင့်သည့်အရာဖြစ်ပြီး၊ ယင်းမှာ လူသား၏တာဝန် ဖြစ်သည်။ လူအများစုသည် ဘုရားသခင်ကို ၎င်းတို့အစေခံမှုတွင် သတ်မှတ်ချက်များနှင့် ပတ်သက်၍ပင် ပြောဆိုကြသည်- သူသည် လူသားဖြစ်သည်ဖြစ်စေ သို့မဟုတ် ဘုရားသခင် ဖြစ်သည်ဖြစ်စေ သူတို့ အလေးမထားကြပေ၊ ပြီးလျှင် သူတို့ကိုယ်တိုင်၏ အခြေအနေများ အကြောင်းကိုသာ ပြောကြပြီး၊ ၎င်းတို့ကိုယ်တိုင်၏ အလိုဆန္ဒများကို ဖြည့်ဆည်းဖို့ကိုသာ ကြိုးစားကြသည်။ သင်တို့သည် ငါ့အတွက် အစားအစာချက်သောအခါ၊ ဝန်ဆောင်ခ တောင်းကြသည်။ ငါ့အတွက် ပြေးလွှားရသောအခါ၊ ပြေးလွှားခ တောင်းကြသည်၊ ငါ့အတွက် အလုပ်လုပ်သောအခါ၊ လုပ်အားခ တောင်းကြသည်၊ ငါ့အဝတ်အစားများကို လျှော်ဖွပ်သောအခါ၊ လျှော်ဖွပ်ခ တောင်းကြသည်၊ အသင်းတော်ကို သင် ထောက်ပံ့သောအခါ ပြန်ထေမိရန် ကုန်ကျစရိတ်များ တောင်းခံကြသည်၊ စကားပြောရသောအခါ၊ ဟောပြောခ တောင်းကြသည်၊ စာအုပ်ဖြန့်ဝေသောအခါ၊ ဖြန့်ဖြူးခ တောင်းကြသည်၊ ပြီးလျှင် စာရေးသောအခါ၊ စာရေးခ တောင်းကြသည်။ ငါ ပြုပြင်ခဲ့သော သူများသည် ငါ့ထံမှ လျော်ကြေးငွေပင် တောင်းခံနေစဉ်တွင်၊ အိမ်ပြန်ခိုင်းခြင်း ခံရသောသူများသည် ၎င်းတို့၏ အမည် ထိခိုက်ခြင်းအတွက် လျော်ကြေးငွေ တောင်းကြသည်။ အိမ်ထောင်မကျသေးသော သူများသည် သတို့သား၊ သတို့သမီး တင်တောင်းခ သို့မဟုတ် ငယ်ရွယ်နုပျိုမှု ဆုံးရှုံးခ တောင်းကြသည်၊ ကြက်သတ်သူများသည် သားသတ်ခ တောင်းကြသည်၊ အစားအစာ ကြော်သူများသည် ကြော်ခ တောင်းကြသည်၊ ပြီးလျှင် ဟင်းချိုချက်သူများသည်လည်း ယင်းအတွက် အခကြေးငွေ တောင်းကြသည်...ဤသည်မှာ သင်တို့၏ မြင့်မြတ် ကြီးမားသော လူ့သဘာဝနှင့် သင်တို့၏ နွေးထွေးသောအသိစိတ်က သတ်မှတ်ပေးသည့် လုပ်ရပ်များပေတည်း။ သင်တို့၏ အသိစိတ် ဘယ်မှာနည်း။ သင်တို့၏ လူ့သဘာဝ ဘယ်မှာနည်း။ သင်တို့ကို ငါပြောမည်။ သင်တို့ ဤသို့ ဆက်လက် လုပ်ဆောင်ပါက၊ သင်တို့အကြားတွင် ဆောင်ရွက်နေခြင်းကို ငါရပ်ဆိုင်းမည်။ လူ့အဝတ်ဝတ်ဆင်ထားသော သားရဲအုပ်အကြား ငါ အမှုပြုမည်မဟုတ်၊ ထို့ကြောင့် ရိုင်းစိုင်းသောစိတ်နှလုံးများကို လှပသောမျက်နှာများဖြင့် ဖုံးထားသည့် ဤလိုလူစုအတွက် ငါ ဒုက္ခခံမည်မဟုတ်၊ ကယ်တင်ခြင်းအလားအလာ စိုးစဉ်းမျှမရှိသော ထိုကဲ့သို့သော တိရစ္ဆာန်တစ်အုပ် အတွက် ငါ သည်းခံမည်မဟုတ်။ သင်တို့ကို ငါကျောခိုင်းသည့်နေ့သည် သင်တို့သေရမည့်နေ့ ဖြစ်သည်၊ ယင်းမှာ သင်တို့အပေါ် အမှောင်ထု ကျရောက်သည့်နေ့၊ အလင်းသည် သင်တို့အား စွန့်ခွာသည့်နေ့ ဖြစ်သည်။ သင်တို့ကို ငါပြောမည်။ ငါသည် သင်တို့ကဲ့သို့သော တိရစ္ဆာန်ထက်ပင် နိမ့်ကျသည့် လူစုအပေါ် စေတနာ ထားရှိမည် မဟုတ်ပေ။ ငါ့နှုတ်ကပတ်တော်များနှင့် ငါ့လုပ်ဆောင်မှုများအတွက် အကန့်အသတ်ရှိသည်၊ ပြီးလျှင် သင်တို့၏ လူ့သဘာဝနှင့် အသိစိတ်၏ လက်ရှိအခြေအနေ ဤသို့ဖြစ်နေသောကြောင့်၊ သင်တို့သည် အသိစိတ် အလွန်ကင်းမဲ့ကာ၊ ငါ့ကို များစွာ နာကျင်စေပြီးဖြစ်သည့်အပြင်၊ သင်တို့၏ စက်ဆုပ်ဖွယ်အပြုအမူသည် ငါ့ကို များစွာ ရွံရှာစေသောကြောင့် ငါ ဆက်အမှုပြုတော့မည် မဟုတ်ပေ။ လူ့သဘာဝနှင့် အသိစိတ် လွန်စွာချို့ယွင်းနေသူတို့သည် ကယ်တင်ခြင်းရရှိနိုင်သည့် အခွင့်အရေး လုံးဝရှိလိမ့်မည် မဟုတ်ပေ။ ထိုကဲ့သို့ အသနားအကြင်နာကင်းမဲ့ပြီး ကျေးဇူးကန်းသူတို့ကို ငါ မည်သည့်အခါမျှ ကယ်တင်မည် မဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်) အရင်က ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ကျွန်မဖတ်တဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ်နဲ့ လုံးဝ ယှဉ်မကြည့်ခဲ့ဘူး။ ဒီလူတွေကိုတောင် အထင်သေးခဲ့တယ်။ ဘုရားကို တောင်းဆိုတာတွေ လုပ်ပြီး စာရင်းရှင်းတဲ့သူတွေက လူ့သဘာဝအရမ်းနည်းမှာပဲလို့ ကျွန်မတွေးခဲ့တယ်။ ဒီနှုတ်ကပတ်တော်တွေကို ဒီနေ့ ဖတ်တော့ ကျွန်မပါးတွေက ထူပူလာတယ်။ ပါးရိုက်ခံလိုက်ရသလိုပါပဲ။ တော်တော် ရှက်ဖို့ကောင်းတယ်။ ကျွန်မက အတိအကျကို ဒီလိုလူမျိုး မဟုတ်ခဲ့ဘူးလား။ ဘုရားသခင်ကို ကျွန်မ စယုံကြည်ပြီးတဲ့နောက်မှာ ဘုရားသခင်က ကျွန်မမိသားစုကို ဘေးကင်းအောင်ထားပြီး ကပ်ဘေးကနေ လွတ်မြာက်စေမယ်လို့ ကျွန်မ ယုံကြည်ခဲ့တယ်။ ပိုကြီးတဲ့ ကောင်းချီးတွေကို ရဖို့ အရာရာတိုင်းကို စွန့်လွှတ်ခဲ့တယ်။ ဘယ်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ လိုလိုလားလားနဲ့ လုပ်ခဲ့တယ်။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် အသုံးခံတာကြောင့် ဘုရားက ကျွန်မကို ကျေးဇူးတော်နဲ့ ကောင်းချီးတွေ ပေးမယ်လို့ ကျွန်မ ယုံကြည်ခဲ့တယ်။ လောကမှာ ကျွန်မက ကိုယ့်အတွက်ကိုယ် အာမခံဝယ်သလိုပဲပေါ့။ ကျွန်မ အရင်းအနှီးကို အာမခံထားဖို့ အသုံးပြုရင် ကျွန်မရဲံ့ တစ်ကိုယ်ရေ အကျိုးစီးပွားတွေက လုံခြုံသွားမယ်။ ကျွန်မနဲ့ တန်တဲ့ အပိုဆုတွေကို ကျွန်မရသင့်တယ်။ ဒီလိုမျိုးပဲ ဘုရားအတွက် ကိုယ့်ကိုယ်ကိုယ် အသုံးခံသရွေ့ သူက ကျွန်မ တောင်းဆိုချက်အားလုံးကို ဖြည့်ဆည်းပေးရမယ် ပေါ့။ ကျွန်မက ဖန်ဆင်းခံအနေနဲ့ တာဝန်ထမ်းဆောင်တာကို ဘုရားအတွက် တောင်းဆိုမှုတွေလုပ်ဖို့ အရင်းအနှီးအဖြစ် ပြောင်းလိုက်တယ်။ ပြီးတော့ ကောင်းချီးတွေက ကျွန်မ အသုံးခံခဲ့တာထက် ဆယ်ဆလောက်တောင် ပိုကြီးရမယ် ပေါ့။ ကျွန်မသား နေမကောင်းဖြစ်တော့ ဒီနှစ်တွေမှာ ကျွန်မ ဘယ်လောက်အသုံးခံခဲ့တယ်ဆိုတာကို တွက်ချက်ပြီး ဘုရားက ကျွန်မသားအတွက် ဒီရောဂါကို သေချာပေါက် ကုပေးမှာပဲလို့ ယုံကြည်ခဲ့တယ်။ ကျွန်မသားကို ပြန်မတ်တပ်ရပ်ပြီး သူ့ကိုယ်သူ ဂရုစိုက်ခွင့်ပေးဖို့အတွက် ဘုရားက အံ့ဩဖွယ်တစ်ခုကို လုပ်ဖို့ကိုလည်း ကျွန်မ လောဘတကြီးနဲ့ တောင်းဆိုခဲ့တယ်။ ဘုရားကို ကျွန်မ ယုံကြည်သရွေ့ သူက ကျွန်မကို ဂရုစိုက်ပြီး ကျွန်မ တောင်းဆိုချက်အားလုံးကို ဖြည့်ဆည်းရမယ်လို့ ကျွန်မ ထင်ခဲ့တယ်။ ဒီလိုမဟုတ်ရင် ဘုရားသခင်က ဖြောင့်မတ်မှာမဟုတ်ဘူးပေါ့။ ဒီနည်းနဲ့ ကျွန်မက ဘုရားကို အရှက်မရှိ အကျပ်ကိုင်ပြီး လုံးဝ သေချာတဲ့ပုံစံနဲ့ ဘုရားကို တောင်းဆိုတာတွေ လုပ်ခဲ့တယ်။ ကျွန်မက တကယ်ကို လူ့သဘာဝနဲ့ အသိစိတ်အားလုံး ကင်းမဲ့တာပါ။ ကျေးဇူးတော်ခေတ်မှာ ပေါလုက ဧဝံဂေလိဖြန့်ဝေရင်းနဲ့ တော်တော်ကြီးတဲ့ ဒုက္ခကို ခံပေမဲ့ သမ္မာတရားကို မလိုက်စားခဲ့တာ၊ ဒါမှမဟုတ် စိတ်သဘောထားပြောင်းလဲမှုကို မလိုက်စားခဲ့တာကို ကျွန်မတွေးမိတယ်။ သူက ဒုက္ခခံတာ၊ အဖိုးအခပေးဆပ်တာ၊ အလုပ်ကြိုးစားတာတွေကို ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ဖို့အတွက် သတ်မှတ်ချက်နဲ့ အရင်းအနှီးတစ်မျိုးအနေနဲ့ ပြောင်းလဲခဲ့ပြီး ဘုရားဆီကနေ ဖြောင့်မတ်ခြင်းသရဖူကို တောင်းဆိုခဲ့တယ်။ သူက ပြောတယ်။ “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။” (တိမောသေ ဩဝါဒစာ ဒုတိယစောင် ၄:၇-၈) ဘုရားသခင်က သူ့ကို ဒီသရဖူမပေးရင် ဘုရားသခင်က မဖြောင့်မတ်ဘူးလို့ ပေါလုက ယုံကြည်ခဲ့တယ်။ သူက ဘုရားကို လူသိရှင်ကြား တောင်းဆိုနေခဲ့တယ်။ ရလဒ်အနေနဲ့ ဘုရားရဲ့ စိတ်သဘောထားကို သူ ပုန်ကန်ပြစ်မှားခဲ့ပြီး အပြစ်ပေးခြင်း ခံရတယ်။ ကျွန်မ လိုက်လျှောက်နေတဲ့ လမ်းကြောင်းက အတိအကျကို ပေါလုအတိုင်းပဲ မဟုတ်ဘူးလား။ ဒါဟာ သမ္မာတရား၊ ဒါမှမဟုတ် စိတ်သဘောထားပြောင်းလဲခြင်းကို မလိုက်စားဘဲ ဘုရားဆီက ကျေးဇူးတော်နဲ့ ကောင်းချီးကိုပဲ ရဖို့ လိုက်စားတဲ့လမ်းကြောင်းပဲ။ ကျွန်မက ကျွန်မစွန့်လွှတ်တဲ့၊ အသုံးခံတဲ့၊ အလုပ်ကြိုးစားတဲ့ နှစ်တွေ၊ ပြီးတော့ ကျွန်မသားက ဘုရားကို ယုံပြီးတဲ့နောက်မှာ သူ့ရဲ့ ပျိုရွယ်မှုကို စွန့်ပစ်ပြီး အိမ်ထောင်ကို စွန့်လွှတ်ခဲ့တာတွေကို ဘုရားကို အကျပ်ကိုင်ဖို့အတွက် အရင်းအနှီးအဖြစ် အသုံးပြုခဲ့တယ်ဆိုတာ ကျွန်မ မြင်ခဲ့တယ်။ ဘုရားသခင်က ကျွန်မ ဆန္ဒတွေကို မဖြည့်ဆည်းတော့ ကျွန်မ သူ့ကို မေးခွန်းထုတ်တယ်။ သူ့အပေါ် ရန်လိုတယ်။ သူ့ကို ဆူဆူညံညံနဲ့ တောင်းဆိုတယ်။ ကျွန်မက တကယ်ကို အရှက်မဲ့လွန်းပါတယ်။ ဆင်ခြင်ကြည့်လေလေ၊ ကျွန်မ အပြုအမူက ဘုရားရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားပြီး သူ့ရဲ့ အမျက်ဒေါသကို အစပျိုးလေလေပဲဆိုတာ ကျွန်မ သဘောပေါက်ခဲ့တယ်။ ကျွန်မ ကြောက်သွားတယ်။ နောင်တမရသေးရင် ပေါလုလိုပဲ ဘုရားရဲ့ အပြစ်ဒဏ်ကို သေချာပေါက်ခံရမှာပဲ။ ဘုရားကို ကျွန်မ အမြန်ဆုတောင်းလိုက်ပြီး နောင်တရခဲ့တယ်။ “ဘုရားသခင် ဒီနှစ်တွေအတွင်းမှာ သမီး ကိုယ်တော့်ကို ရိုးသားစစ်မှန်စွာ မကိုးကွယ်ခဲ့ပါဘူး။ ကိုယ်တော်ကို အသုံးပြုဖို့ ပစ္စည်းတစ်ခုအနေနဲ့ အမြဲတမ်း သဘောထားခဲ့ပြီး ကောင်းချီးလိုချင်တဲ့ သမီးဆန္ဒကို ဖြည့်ဆည်းဖို့ ကိုယ်တော်ကို တောင်းဆိုခဲ့ပါတယ်။ သမီးက တကယ်ကို အရမ်း စက်ဆုပ်စရာကောင်းပါတယ်။ ဘုရားသခင် သမီး ကိုယ်တော့်ထံမှာ နောင်တရလိုစိတ်ရှိပါတယ်။ သမီးရဲ့သားက ရှင်သည်၊ သေသည်ဖြစ်စေ၊ လေဖြတ်သည်ဖြစ်စေ ကိုယ်တော်နဲ့ပတ်သက်ပြီး မညည်းညူတော့ပါဘူး။ ကိုယ်တော်ရဲ့ ချစ်ခြင်းကို ပြန်လည်ပေးဆပ်ပြီး ကိုယ်တော့်စိတ်နှလုံးကို နှစ်သိမ့်ဖို့အတွက် ကိုယ်တော် စီစဉ်ညွှန်ကြားတဲ့ အခြေအနေအားလုံးကို သမီး နာခံပြီး အသိစိတ်၊ လူ့သဘာဝရှိတဲ့ ဖန်ဆင်းခံတစ်ဦးအဖြစ် ပြုမူလုပ်ဆောင်လိုစိတ်ရှိပါတယ်” ဆိုပြီးတော့။
နောက်တော့ ကျွန်မသားကို ပြောလိုက်တယ်။ “အမေတို့ စိတ်ထားတွေကို ပြင်ပြီး အဖြစ်အပျက်တွေကို ဖြစ်လာတဲ့အတိုင်း ခံယူလိုက်ရအောင်။ သားရဲ့ရောဂါကို ကုပေးဖို့ ဘုရားကို တောင်းဆိုလို့မရဘူး။ ဒီတော့ ကျိုးနွံနာခံခြင်းသင်ခန်းစာကို သင်ယူရအောင်။ သားက လေဖြတ်ပြီး မတ်တပ်ပြန်မရပ်နိုင်ရင်တောင် အမေတို့ မညည်းညူရဘူး” ဆိုပြီးတော့။ သူက ပြောတယ်။ “အမေပြောတာ မှန်တယ်။ လူတွေမွေးတဲ့အချိန်နဲ့ သေတဲ့အချိန်အားလုံးက ဘုရားလက်ထဲမှာရှိတယ်။ သူက ဒါကို ဆုံးဖြတ်ပြီးသားပဲ။ သားက ဘုရားကို နာခံလိုစိတ်ရှိပါတယ်” တဲ့။ အဲဒီနောက်တော့ ကျွန်မသားနဲ့ ကျွန်မတို့က အရမ်းစိတ်မဆင်းရဲတော့ဘူး။ ကျွန်မသားကို အမြန်သက်သာဖို့ ဘုရားကို ကျွန်မ မတောင်းဆိုတော့ဘူး။ အဖြစ်အပျက်တွေကို ဖြစ်လာတဲ့အတိုင်းပဲ တွေ့ကြုံလိုက်တယ်။ မျှော်လင့်မထားဘဲ သိပ်မကြာခင်မှာပဲ ကျွန်မသား ရောဂါက တစ်ရက်ပြီးတစ်ရက် သက်သာလာတယ်။ တစ်နေ့မှာ ကျွန်မသားက သူအမြဲတမ်းလုပ်နေကျအတိုင်း လျှောက်လမ်းမှာ သူ့ဘီးတပ်ကုလားထိုင်နဲ့ ရှေ့နောက်သွားလာနေတယ်။ အဲဒီအချိန်မှာ ကျွန်မက နည်းနည်းအိပ်ချင်လာတာနဲ့ ခဏနားဖို့ အခန်းထဲကို သွားလိုက်တယ်။ ကျွန်မ လှဲလိုက်တဲ့အချိန်မှာပဲ လျှောက်လမ်းကနေ လူတစ်ယောက် အကျယ်ကြီးအော်ပြီး “ကြည့်စမ်း။ ဒီလူက ခုလေးတင် မတ်တပ်ရပ်လိုက်တယ်” လို့ ပြောတာကို ကျွန်မ ကြားလိုက်ရတယ်။ ဒီအော်သံကို ကျွန်မကြားတော့ တံခါးကို တွန်းဖွင့်ပြီး ကြည့်လိုက်တယ်။ မတ်တပ်ရပ်တာက ကျွန်မသား ဖြစ်နေတယ်လေ။ အိပ်မက်မက်နေသလိုပါပဲ။ ကျွန်မ မျက်စိရှေ့က မြင်ကွင်းကို ကျွန်မ မယုံနိုင်ဘူး။ ကျွန်မ စိတ်နှလုံးထဲမှာ ထပ်ခါ ထပ်ခါပြောနေမိတယ်။ “ဘုရားသခင်၊ ကျေးဇူးတင်ပါတယ် ဘုရားသခင်။ ကိုယ်တော့်ကို ချီးမွမ်းပါတယ်။ သမီးရဲ့သား မတ်တပ်ရပ်နိုင်တာဟာ ကိုယ်တော်ရဲ့ ဘုန်းတန်ခိုးကြောင့်ပါ။ ကိုယ်တော်ရဲ့ လုပ်ဆောင်မှုပါ” ဆိုပြီးတော့။ ကျွန်မသားက တဖြည်းဖြည်းချင်းနဲ့ ဆီးသွား၊ မစင်စွန့်တာကို ထိန်းနိုင်လာတယ်။ သန့်စင်ခန်းကိုတောင် ဘီးတပ်ကုလားထိုင်နဲ့ သူ့ဘာသာ သွားနိုင်တယ်။ တစ်ရက်ကျတော့ လူနာတစ်ယောက်ရဲ့ မိသားစုဝင်က ကျွန်မကို အားကျပြီးပြောတယ်။ “ကျွန်မကလေးနဲ့ အမရဲ့သားက ရောဂါအတူတူပဲ။ ကျွန်မတို့ ယွမ်တစ်သန်းကျော်သုံးပြီးပြီ။ သူက မတ်တတ်မရပ်သေးဘူး” တဲ့။ ကျွန်မ ကိုယ့်ဘာသာ စဉ်းစားတယ်။ “ဒီနေ့ ငါ့သားမတ်တတ်ရပ်နိုင်တာက ဘုရားရဲ့ လုပ်ဆောင်မှုပဲ။ ဘုရားမှာပဲ ဒီလို အစွမ်းတန်ခိုးမျိုးရှိတယ်” ပေါ့။ လူတစ်ယောက်ကလည်း “ဒီရောဂါကနေ ဒီလောက်ထိ သက်သာလာနိုင်တာ ခင်ဗျားကလေးက တကယ်ကို ရှာမှရှားပဲ။ ခင်ဗျား တော်တော်ကံကောင်းတယ်” ဆိုပြီး ပြောတယ်။ ကျွန်မ ပြုံးပြီး ခေါင်းညိတ်တယ်။ စိတ်နှလုံးထဲမှာ ဘုရားကိုလည်း ထပ်ခါထပ်ခါ ကျေးဇူးတင်မိတယ်။ သုံးလေးရက်ကြာတော့ ကျွန်မတို့ ဆေးရုံကနေဆင်းပြီး အိမ်ပြန်ခဲ့တယ်။
ကျွန်မ နှစ်ဆယ့်တစ်နှစ်ကြာအထိ အနန္တတန်ခိုးရှင်ဘုရားသခင်နောက်ကိုလိုက်နေခဲ့တယ်။ ပြန်စဉ်းစားကြည့်တော့ ဘုရားက ဒီဖြစ်စဉ်မှာ တစ်ဆင့်ချင်း ကျွန်မကို ခေါ်ဆောင်ဲခဲ့တာ။ ကျွန်မက အရမ်း ပုန်ကန်လွန်းပြီး ဘုရားအပေါ် ကျွန်မ ယုံကြည်ခြင်းမှာ ဖြည့်စွက် သတ်မှတ်ချက်တွေ ထားနေခဲ့တာပါ။ ကျေးဇူးတော်နဲ့ ကောင်းချီးတွေရဖို့ ဘုရားနဲ့ အပေးအယူလုပ်တယ်။ ဘုရားသခင်က ကျွန်မကို ဖော်ထုတ်ပြီး ကောင်းချီးရဖို့ ကျွန်မ အိပ်မက်ကို ကွဲကြေစေဖို့ ကျွန်မသားကို အသုံးမပြုခဲ့ရင် ဘုရားအပေါ် ကျွန်မ ယုံကြည်ခြင်းမှာ ဒီ မှားပြီး အဓိပ္ပာယ်မရှိတဲ့ အမြင်ကို သတိထားမိမှာမဟုတ်ဘူး။ ဘုရားကို ယုံကြည်တဲ့ ကျွန်မ ရည်ရွယ်ချက်က အရမ်းအကျည်းတန်ပြီး အရမ်းစက်ဆုပ်စရာကောင်းတယ်ဆိုတာ ကျွန်မ မြင်ခဲ့တယ်။ ဘုရားဆီက ဒီလုပ်ဆောင်မှုကို တွေ့ကြုံရတာကြောင့် ကျွန်မသားရဲ့ ရောဂါက ကျွန်မတို့အတွက် ကြီးမားတဲ့ ကယ်တင်ခြင်းပဲလို့ ကျွန်မ ခံစားမိတယ်။ ဘုရားရဲ့ ချစ်ခြင်းက ကျေးဇူးတော်နဲ့ ကောင်းချီးတွေမှာသာ ရှိတာမဟုတ်ပါဘူး။ တကယ်တမ်းက သူ့ရဲ့ စစ်မှန်တဲ့ချစ်ခြင်းက ရောဂါနဲ့ ဝေဒနာ၊ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်ခြင်းနဲ့ စစ်ဆေးခြင်းတွေမှာ တည်ရှိတာပါ။ ဒါတွေအားလုံးက ကျွန်မကို သန့်စင်ပြီး ပြောင်းလဲဖို့ပဲ။ ကျွန်မသားရဲ့ ရောဂါက ကျွန်မကို ဘုရားရဲ့ ဖြောင့်မတ်တဲ့၊ လှပတဲ့၊ ကောင်းမွန်တဲ့ အနှစ်သာရကိုလည်း တွေ့ကြုံခွင့်ပေးခဲ့တယ်။ အခု ကျွန်မသား ခန္ဓာကိုယ်က တော်တော်လေး သက်သာလာပြီ။ ကျွန်မသားကို ဆရာဝန်က သေမှာပဲလို့ပြောခဲ့တာကို ကျွန်မ တွေးမိတယ်။ အခုတော့ သူက သူ့ကိုယ်သူ ဂရုစိုက်နိုင်ရုံမကဘဲ ကျွန်မကိုလည်း အလုပ်တစ်ခုခု ကူလုပ်ပေးနိုင်တယ်။ ဒါဟာ ကျွန်မ မမျှော်လင့်ရဲတဲ့အရာတစ်ခုပဲ။ ဘုရားသခင်က အချုပ်အခြာအာဏာကိုင်စွဲပြီး အရာအားလုံးကို စီစဉ်တယ်၊ လူရဲ့ ရှင်ခြင်း၊ သေခြင်းအပေါ် ဩဇာအာဏာက သူ့လက်ထဲမှာရှိတယ်၊ သူက အရာရာတိုင်းကို ဦးဆောင်တယ်ဆိုတာ ကျွန်မ မြင်ရတယ်။ ဘုရားသခင် ဘုန်းကြီးပါစေ။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။