လှည့်စားခြင်းနှင့် သံသယဝင်ခြင်းသည် ဒုက္ခကိုသာ သယ်ဆောင်လာသည်

30.09.2022

ကျန်ဟန် ဂရိနိုင်ငံ

ကျွန်မက အသင်းတော်က ဗီဒီယိုထုတ်လုပ်ရေးသင်တန်းမှာ ဆက်တိုက်ရှိနေခဲ့တာ။ နောက်တော့ ၂၀၂၀ခုနှစ်၊ ဇွန်လရဲ့ နေ့တစ်နေ့မှာ ခေါင်းဆောင်တစ်ယောက်က ကျွန်မကိုပြောတယ်။ အသင်းတော်က အထွေထွေကိစ္စတွေကို ကိုင်တွယ်ဖို့ လူတွေလိုတယ်၊ သူက ကျွန်မကို လွှဲပြောင်းပေးချင်တယ် တဲ့။ ဒီသတင်းကို ကျွန်မကြားတော့ အလုပ်က ပင်ပန်းတဲ့အလုပ်ပဲ၊ ကျွမ်းကျင်မှုလိုတဲ့ ကျွန်မရဲ့ လက်ရှိတာဝန်လောက် ကြည့်မကောင်းဘူးလို့ ကျွန်မ စဉ်းစားတယ်။ ဒါက လူအင်အားနည်းနေတာကြောင့်ဆိုတာကို သိရတော့ ကျွန်မ နည်းနည်းတော့ စိတ်သက်သာရာရတယ်။ ဒါပေမဲ့ နောက်ကျတော့ လူတော်တော်များများက အထုတ်ခံရတာကြောင့် ဒီတာဝန်ကို ပြောင်းရွှေ့ခံရပြီးတော့ တချို့တွေက တော်တော် အသက်ကြီးနေပြီဆိုတာ ကျွန်မ တွေ့လိုက်ရတယ်။ ဒီအချိန်မှာ ကျွန်မစိတ်နှလုံးထဲမှာ အထင်လွဲတာတွေ၊ အာခံတာတွေ အားလုံးက ထွက်ပေါ်လာတယ်။ ကျွမ်းကျင်မှုမပါတဲ့အလုပ်ပဲဆိုရင် ဘယ်သူမဆိုလုပ်နိုင်တယ်လေ။ အမြဲတမ်း ရာထူးတိုးနေတဲ့၊ တစ်ချိန်လုံး အရေးကြီးတဲ့အလုပ်တွေရနေတဲ့ ကျွန်မအနားက ညီအစ်ကိုမောင်နှမတွေအကြောင်းလည်း ကျွန်မ စဉ်းစားတယ်။ ဒါပေမဲ့ ဘုရားအမှုတော်က ပြီးခါနီးမှာပဲ ကျွန်မက ဒီလို ထူးခြားမှုမရှိတဲ့ရာထူးကို ရတယ်။ ကယ်တင်ခြင်းမှာ ကျွန်မ အခွင့်အရေးရှိခဲ့လား။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ကျွန်မက ဒါကို လက်မခံနိုင်ဘူး။ အပျက်သဘောဆောင်တဲ့အထဲပဲ နှစ်မြုပ်သွားတယ်။ ကျွန်မက သံသယတွေနဲ့ ပြည့်နေတာ။ ကျွန်မတာဝန်ကို ဘာလို့ သူတို့က တကယ် ပြောင်းလိုက်တာလဲ အလုပ်အတွက် လိုအပ်လို့လား။ အထွေထွေကိစ္စတွေကို ကျွန်မ တစ်ခါမှ မကိုင်တွယ်ဖူးဘူး။ အဲဒီကျွမ်းကျင်မှုတွေ မရှိဘူး။ ကျွန်မက အစွမ်းအစနည်းတယ်၊ ဗီဒီယိုထုတ်လုပ်ရေးအတွက် လေ့ကျင့်ပေးဖို့ မတန်ဘူးလို့ ခေါင်းဆောင်က ထင်တာဖြစ်မယ်။ ဒါကြောင့် ကျွန်မကို ပြောင်းရွှေ့ဖို့ ဆင်ခြေရှာတာပေါ့။ ကျွန်မ ဆက်ပြီးတော့ပဲ မှန်းဆကြည့်နေပြီး ကျွန်မအပေါ် ခေါင်းဆောင်ရဲ့ တကယ့်အကဲဖြတ်ချက်က ဘာလဲဆိုတာ တကယ်သိချင်နေတယ်။ ဒါက “ရာထူးတိုး”တာလား၊ “ရာထူးချ”တာလားဆိုတာ သိချင်တာ။ ကျွန်မက သုံးလေးရက်လောက် တော်တော်စိတ်ဓာတ်ကျနေတာ။ အထူးသဖြင့် ကျွန်မက အစွမ်းအစနည်းတာကြောင့် ခေါင်းဆောင်က ကျွန်မကို အဲဒီအလုပ်မှာထားတာဖြစ်ဖို့များတယ်လို့ တွေးမိတဲ့အခါမှာ ကျွန်မရဲ့ အနာဂတ်အလားအလာတွေက မှောင်မိုက်နေသလို ခံစားရပြီး တော်တော် စိတ်ဒုက္ခရောက်နေခဲ့တာ။ ကျွန်မ ဘုရားရှေ့ကိုလာပြီး အော်ဟစ်ဆုတောင်းခဲ့တယ်။ “ဘုရားသခင် သမီးရှိနေတဲ့ အခြေအနေကို လက်မခံနိုင်ဘဲ ကိုယ်တော့်အပေါ် အထင်လွဲမှုတွေပြည့်နေပါတယ်။ ဒါကို ဘယ်လိုဖြတ်သန်းရမယ်ဆိုတာ သမီးမသိပါဘူး။ သမီး ကိုယ့်ကိုယ်ကိုယ်သိပြီး ဒီအပျက်သဘောဆောင်တဲ့အခြေအနေက ထွက်လာဖို့ ဉာဏ်အလင်းပေးပြီး လမ်းပြတော်မူပါ” ပေါ့။

ဆုတောင်းပြီးတော့ ဒီ ဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ကျွန်မ ဖတ်တယ်။ “သင်သည် လူ့အယူအဆများနှင့် စိတ်ကူးများအတိုင်း ဘုရားသခင်ကို အစဉ်သဖြင့် ချဉ်းကပ်ကာ၊ ဘုရားသခင် လုပ်ဆောင်သမျှ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်တို့ကို အကဲဖြတ်ဖို့ ယင်းတို့ကို အသုံးပြုလျှင်၊ ဤသည်မှာ ဘုရားသခင်ကို ပုံသေသတ်မှတ်နေခြင်း မဟုတ်လော၊ ဘုရားသခင်ကို အာခံနေခြင်း မဟုတ်လော။ ဘုရားသခင်လုပ်ဆောင်သမျှအားလုံးသည် လူသား၏ အယူအဆများ၊ စိတ်ကူးများနှင့် ကိုက်ညီနိုင်သလော။ မကိုက်ညီလျှင် ထို့အတွက်ကြောင့် သင်သည် ယင်းကို လက်မခံသလော၊ သို့မဟုတ် မနာခံသလော။ ဤသို့သောအချိန်များတွင် သမ္မာတရားကို မည်သို့ရှာဖွေသင့်သနည်း။ ဘုရားသခင်နောက်ကို မည်သို့ လိုက်သင့်သနည်း။ ဤသည်မှာ သမ္မာတရားပါဝင်သည်။ ဘုရားနှုတ်ကပတ်တော်များမှ အဖြေတစ်ခုကို ရှာဖွေသင့်သည်။ လူတို့သည် ဘုရားသခင်ကို ယုံကြည်သောအခါတွင် ဖန်ဆင်းခံ၏နေရာတွင်သာ စွဲစွဲမြဲမြဲ နေသင့်သည်။ မည်သည့်အချိန်ဖြစ်စေ၊ ဘုရားသခင်သည် သင့်ထံမှ ပုန်းကွယ်နေသည်ဖြစ်စေ၊ သင့်ထံ ပေါ်ထွန်းပြီးသည်ဖြစ်စေ၊ သင်သည် ဘုရားသခင်၏ ချစ်ခြင်းခံစားနိုင်သည်ဖြစ်စေ၊ မခံစားနိုင်သည်ဖြစ်စေ သင်၏ တာဝန်ခံယူမှု၊ ဝတ္တရားနှင့် တာဝန်များက မည်သည့်အရာဖြစ်သည်ကို သိရမည်။ လက်တွေ့လုပ်ဆောင်မှုနှင့်ပတ်သက်ပြီး ဤသမ္မာတရားများကို သင်နားလည်ရမည်။ သင်သည် ‘ဒီကိစ္စက သမ္မာတရားနဲ့ကိုက်ညီသလို၊ ငါ့စိတ်ကူးတွေနဲ့လည်း ကိုက်ညီတယ်လို့ ငါ ရှင်းရှင်းလင်းလင်းမြင်ရရင် ငါ နာခံမယ်။ ငါ့အတွက် မရှင်းလင်းဘဲ၊ ဒါတွေက ဘုရားရဲ့ လုပ်ဆောင်မှုတွေဆိုတာ အတည်မပြုနိုင်ရင် အရင်ဆုံး ခဏစောင့်မယ်၊ ပြီးရင် ဒါကို ဘုရားက လုပ်တာသေချာတာနဲ့ နာခံမယ်။’ ဟူ၍ ပြောရင်း သင်၏အယူအဆများကို ဖက်တွယ်ထားဆဲဖြစ်လျှင် ဤသည်မှာ ဘုရားသခင်ကို နာခံသောသူတစ်ဦးဟုတ်သလော။ မဟုတ်ပေ။...ဖန်ဆင်းခံတစ်ယောက်၏တာဝန်သည် အဘယ်နည်း။ (ဖန်ဆင်းခံတစ်ယောက်၏ နေရာတွင် ရပ်တည်ရန်၊ ဘုရားသခင်၏ စေခိုင်းချက်ကို လက်ခံရန်နှင့်၊ ဘုရားသခင်၏ အစီအစဉ်များကို နာခံရန်ဖြစ်သည်။) မှန်သည်။ အရင်းအမြစ်ကို ယခု သင်တွေ့သောအခါ ဤပြဿနာသည် ဖြေရှင်းရန် မလွယ်ကူသလော။ ဖန်ဆင်းခံ၏နေရာတွင်ရပ်ပြီး သင်၏ ဘုရားသခင်ဖြစ်သော ဖန်ဆင်းရှင်ကို နာခံခြင်းသည် ဖန်ဆင်းခံတိုင်း လိုက်နာသင့်သည့် အရေးကြီးဆုံးသောအရာဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းသည် သမ္မာတရားကို ရရှိခြင်း၌ အခြေခံ သင်ခန်းစာတစ်ခုဖြစ်သည်) ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကျွန်မပိုင်ဆိုင်သင့်တဲ့ အခြေခံအကျဆုံး အသိစိတ်က အခြေအနေအားလုံးမှာ ဘုရားရဲ့ အစီအစဉ်တွေကို နာခံဖို့ပဲဆိုတာ ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ သိခဲ့ရတယ်။ ဒါကို ကျွန်မ ခဏလောက် နားမလည်ရင်တောင် လက်ခံခြင်း၊ နာခံခြင်းနှလုံးသားနဲ့ ဆုတောင်းရှာဖွေသင့်ပါတယ်။ ဒါကို ကျွန်မ အပြုအမူနဲ့ ယှဉ်ကြည့်တော့ ကျွန်မက နာခံခြင်းအတွက် သတ်မှတ်ချက်တွေအများကြီးရှိနေတာကို တွေ့လိုက်ရတယ်။ ကျွန်မအယူအဆတွေနဲ့ကိုက်ပြီး ကျွန်မ အကျိုးစီးပွားတွေကို မထိခိုက်တဲ့အခြေအနေမှာဆိုရင် ကျွန်မက နာခံပြီး လက်ခံနိုင်လေ့ရှိတယ်။ ဒါပေမဲ့ ဒီ ကျွန်မတာဝန်ပြောင်းလဲတာက ကျွန်မရဲ့ အနာဂတ်နဲ့ ကံကြမ္မာနဲ့ ဆိုင်တယ်ဆိုတော့ ကျွန်မက မနာခံနိုင်နေဘူး။ တကယ်တမ်း ဘယ်လိုဖြစ်သွားတယ်ဆိုတာသိဖို့ ကျွန်မက ဒါကို အရမ်းမေးချင်နေတယ်။ နှစ်တွေအများကြီး ယုံကြည်လာပြီးတဲ့နောက်မှာ ကျွန်မက ဘုရားအပေါ် နည်းနည်းလေးမှ နာခံခြင်းမရှိဘူး။ ကျွန်မတာဝန် နည်းနည်းလေးပြောင်းလဲတာနဲ့ ကျွန်မက ဗြောင်းဆန်သွားတာပဲ။ ကျွန်မက အရမ်းအတိုက်အခံလုပ်တယ်။ ဖြစ်လာတဲ့ အကြီးစားပြဿနာက ရှိသေးတယ်။ ကျွန်မမှာ ဝိညာဉ်ရင့်ကျက်မှုတစ်ခုခုရှိခဲ့လား။ ဒါကို သဘောပေါက်တော့ ကျွန်မ ရှက်ပြီး အနေရခက်မိတယ်။ နာခံပြီး ကိုယ့်တာဝန်ကို ကောင်းကောင်းလုပ်ဖို့ အသင့်ဖြစ်နေတယ်။

ကျွန်မက တကယ် စိတ်နှစ်ပြီးလုပ်တော့ အထွေထွေကိစ္စတွေကို ကိုင်တွယ်တာက ကျွန်မထင်သလိုမျိုး ပင်ပင်ပန်းပန်းလုပ်တာလောက် မရိုးရှင်းဘူးဆိုတာ တွေ့လိုက်ရတယ်။ လုပ်ငန်းစဉ်တိုင်းမှာ ဝင်ရောက်ဖို့ စည်းမျဉ်းတွေရှိတယ်။ အလုပ်က ဘာပဲဖြစ်ပါစေ သင်ယူဖို့ သင်ခန်းစာတွေရှိပြီး ဝင်ရောက်ဖို့ သမ္မာတရားတွေရှိတယ်ဆိုတာ ကျွန်မ တကယ်ခံစားမိခဲ့တယ်။ ဒါပေမဲ့ အချိန်နည်းနည်းကြာတော့ ကျွန်မက ကိစ္စတွေကို ကိုင်တွယ်တာမှာ တခြားညီအစ်ကိုမောင်နှမတွေလောက် မကျွမ်းကျင်တာကို တွေ့ရတယ်။ ပြီးတော့ သူတို့ထက်လည်း ပိုနှေးတယ်။ ကျွမ်းကျင်မှု၊ ထိရောက်မှုနဲ့ပတ်သက်ရင် ကျွန်မက သူတို့နောက်မှာ အဝေးကြီးကျန်နေတယ်။ တစ်ညနေမှာ ခေါင်းဆောင်တစ်ယောက်က ကျွန်မဆီလာပြီး စကားပြောတယ်။ ဒီအလုပ်မှာ လူတွေအများကြီးသိပ်မလိုဘူး၊ ကျွန်မ ကိုင်တွယ်ဖို့လိုတဲ့ ဗီဒီယိုပရောဂျက်တစ်ခုရှိတယ်လို့ ပြောတယ်။ ဒါကိုကြားတော့ ကျွန်မစိတ်က လုံးဝ ဗလာဖြစ်သွားတယ်။ ကျွန်မတာဝန်ကိုပြောင်းတဲ့ အကြောင်းပြချက် အသေးစိတ်ကို ခေါင်းဆောင်ကို ကျွန်မ မေးချင်တယ်။ ဒါပေမဲ့ ကျွန်မက တဲ့တိုးကြီးမေးလိုက်ရင် ကျိုးကြောင်းမသင့်ဘူးလို့ ခံစားမိတယ်။ ကျွန်မပြောမယ့်ဟာကို မျိုသိပ်လိုက်တယ်။ အဲဒီနောက်မှာ ကျွန်မတို့ စကားပြောခဲ့တာကို ပြန်စဉ်းစားမိနေတယ်။ သူပြောတာကနေ ကျွန်မပြောင်းရွှေ့တာရဲ့ နောက်ကွယ်က အကြောင်းပြချက်ကို အဖြေရှာချင်ပြီးတော့ပေါ့။ ကျွန်မက တာဝန်မှာ မထိရောက်ဘူးလား။ ဒါက ကျွန်မကို ဖယ်ထုတ်ဖို့ သူတို့ရဲ့ အကြောင်းပြချက်လား။ ဒါပေမဲ့ ကျွန်မကို ဗီဒီယိုအလုပ်အတွက် လိုတယ်လို့တော့ သူကပြောတယ်။ ဒီတော့ ပုံမှန်ပြောင်းရွှေ့တာပဲဖြစ်မှာပါပေါ့။ ဒါပေမဲ့ အလုပ်လိုအပ်ချက်တွေကြောင့်ပဲဆိုရင် ခဏလောက်နေရင် ကျွန်မ ပြန်လာနိုင်ပြီး ကျွန်မကို ဖယ်ထုတ်ဖို့ မလိုပါဘူး။ ကျွန်မက အစွမ်းအစနည်းပြီး ဒီတာဝန်ကို မလုပ်နိုင်ဘူးလို့ သူထင်တာဖြစ်ရမယ်။ “အထွေထွေကိစ္စတွေကို ကိုင်တွယ်ဖို့ လူတွေအများကြီးမလိုဘူး” ဆိုတာက ကျွန်မကို ထုတ်ဖို့ ဆင်ခြေဖြစ်ရမယ်။ ကျွန်မကို စိတ်မညစ်စေချင်တာကြောင့် ကျွန်မက အစွမ်းအစနည်းတယ်လို့ ဒီအစ်မက မပြောတာဖြစ်ဖို့များတယ်ပေါ့။ အဲဒီအချိန်မှာပဲ ကျွန်မ ဝမ်းနည်းသွားတယ်။ ကျွန်မ ဒီနှစ်တွေအားလုံး ယုံကြည်လာပြီးတဲ့နောက်မှာ အထွေထွေကိစ္စတွေကိုတောင် မကိုင်တွယ်နိုင်ဘူးလို့ လုံးဝ စိတ်မကူးမိဘူး။ ကျွန်မက ဘာကောင်းကျိုးရှိလဲ။ အမှိုက်သက်သက်ပဲလား။ ကျွန်မ ယုံကြည်ခြင်းမှာ ကယ်တင်ခြင်းရဖို့ မျှော်လင့်ချက်ရှိသေးလား။ ကျွန်မ ဖော်ထုတ်ခံရပြီး အထုတ်ခံရမှာလား။ ဒါပေမဲ့ ကျွန်မက ရှုပ်ထွေးတဲ့ အတွေးတွေ အများကြီးရှိနေပြီး ပိုပိုပြီး စိတ်ညစ်လာတယ်။ အဲဒီအစ်မက ကျွန်မကို ဗီဒီယိုအလုပ်အကြောင်းပြောတဲ့အခါမှာ အာရုံစိုက်ပြီး နားထောင်မနေခဲ့ဘူး။ ပြီးတော့ သူတို့အလုပ်ကို အနှစ်ချုပ်တဲ့ အစည်းအဝေးကို သူ ကျွန်မကို ခေါ်သွားတော့ ကျွန်မက အပြည့်အဝ အာရုံစိုက်မနေဘူး။ ကျွန်မက ပြီးတဲ့အထိ ငိုက်တောင်ငိုက်နေတယ်။ အဲဒီအချိန်အတွင်းမှာ ကျွန်မက ဘာတာဝန်ခံယူမှုမှမရှိဘဲ ကိုယ့်တာဝန်မှာ လျော့ရဲပြီး ပျင်းရိနေတယ်။ တစ်ယောက်ယောက်က ကျွန်မ ပြောင်းရွှေ့တဲ့အကြောင်းကို မေးတဲ့အခါမှာ ကျွန်မက မကြားဟန်ဆောင်ပြီး မဖြေချင်ဘူး။ ကျွန်မက ဘယ်တာဝန်ကိုမှ ကောင်းကောင်းမလုပ်တဲ့အချက်ကို တကယ်ကို ရင်မဆိုင်ချင်ခဲ့ဘူး။ ကိုယ့်ဘာသာ ပုန်းနေပြီး ဘယ်သူ့ကိုမှ မတွေ့ချင်နေဘူး။ အချိန်ခဏလောက်အထိ ကျွန်မက မှောင်မိုက်ထဲမှာ ပျောက်နေပြီး ဘုရားအလိုတော်ကို မမြင်နိုင်ဘူး။ ကျွန်မရဲ့ ယုံကြည်ခြင်းလမ်းကြောင်းက အဆုံးသတ်ရောက်လာသလို ခံစားရတယ်။ ကျွန်မက အရမ်းကို နာကျင်နေရတာ။

တစ်ခါတော့ အန္တိခရစ်တွေက သူတို့တာဝန်မှာ ပြောင်းလဲတာကို ဘယ်လိုမြင်တယ်ဆိုတဲ့အကြောင်း ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်မ ဖတ်တယ်။ နောက်တော့ ကျွန်မရဲ့ ကိုယ်ပိုင်အခြေအနေကို နည်းနည်းနားလည်လာတယ်။ ဘုရားသခင်က ပြောသည်- “သာမန်အခြေအနေများအောက်တွင် လူတစ်ယောက်သည် ၎င်း၏တာဝန်တွင် ပြောင်းလဲမှုများကို လက်ခံပြီး နာခံသင့်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ်လည်း ဆင်ခြင်သုံးသပ်သင့်သည်။ ပြဿနာ၏ အနှစ်သာရကို သတိပြုသင့်ပြီး ၎င်းတို့ကိုယ်တိုင်၏ အားနည်းချက်များကို သတိပြုသင့်သည်။ ဤသည်မှာ အလွန်အကျိုးဖြစ်သည့်အရာတစ်ခုဖြစ်သည်။ လူတို့အတွက် ရရှိရန် အလွန်လွယ်ကူသည်။ အလွန် မခက်ခဲပေ။ မိမိတာဝန်ရှိ အပြောင်းအလဲများသည် မကျော်လွှားနိုင်သော အတားအဆီးမဟုတ်ပေ။ ၎င်းတို့သည် အလွန်ရိုးရှင်းသည်မှာ မည်သူမဆို ၎င်းတို့ကို ရှင်းရှင်းလင်းလင်း စဉ်းစားနိုင်ပြီး မှန်မှန်ကန်ကန် ဆက်ဆံနိုင်သည်။ သာမန်လူတစ်ယောက်အပေါ်သို့ ဤသို့ ဖြစ်ပျက်သည့်အခါ အနည်းဆုံးအနေဖြင့် ၎င်းတို့သည် နာခံနိုင်သည့်အပြင် မိမိတို့ကိုယ်ကို ပြန်လည်ဆင်ခြင်ကြည့်ခြင်းမှ အကျိးဖြစ်ထွန်းကာ ၎င်းတို့တာဝန်ကို ထမ်းဆောင်မှုသည် အရည်အသွေး ပြည့်မီခြင်းရှိမရှိကို ပိုမိုတိကျစွာ အကဲဖြတ်နိုင်လာသည်။ သို့သော် အန္တိခရစ်တစ်ယောက်အတွက် ဤသို့မဟုတ်ပေ။ ၎င်းတို့တွင် မည်သည့်အရာဖြစ်ပျက်ပါစေ ၎င်းတို့သည် သာမန်လူနှင့် ကွာခြားသည်။ ဤကွာခြားချက်က မည်သည့်နေရာတွင် ရှိသနည်း။ ၎င်းတို့သည် မလိုက်နာပေ။ ၎င်းတို့သည် ကြိုတင်စီမံ၍ ပူးပေါင်းဆောင်ရွက်ခြင်းမရှိသကဲ့သို့ သမ္မာတရားကို အနည်းငယ်မျှပင် မရှာဖွေကြပေ။ ယင်းအစား ၎င်းတို့သည် ဤအရာအပေါ် ရွံရှာမှုကို ခံစားရသည်။ ဤအရာကို ခုခံသည်။ စိစစ်လေ့လာသည်။ ချင့်ချိန်စဉ်းစားသည်။ ဦးနှောက်ခြောက်ခံ၍ မှန်းဆသည်။ ‘ဤတာဝန်ကို အဘယ်ကြောင့် ငါလုပ်ဆောင်ခွင့်မရှိသနည်း။ အရေးမကြီးသောတာဝန်တစ်ခုသို့ အဘယ်ကြောင့် ငါပြောင်းရွှေ့ခံရသနည်း။ ဤသည်မှာ ငါ့အား ထုတ်ဖော်၍ ဖယ်ရှားရန် နည်းလမ်းဖြစ်သလော။’ ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် မည်သည့်အရာဖြစ်ပျက်ခဲ့သည်ကို ၎င်းတို့စိတ်ထဲတွင် ပြန်ပြောင်းတွေးတောကြပြီး အဆုံးမရှိစွာ လေ့လာစိစစ်ကာ တွေးဆကြသည်။ မည်သည့်အရာမျှ မဖြစ်သည့်အခါ ၎င်းတို့သည် လုံးဝ အဆင်ပြေသည်။ သို့သော် တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါ မုန်တိုင်းကျသောရေပြင်ကဲ့သို့ ၎င်းတို့၏စိတ်နှလုံးတွင် အပြင်းအထန် စတင်လှုပ်ရှားလာသည်။ ၎င်းတို့၏ ခေါင်းထဲတွင် မေးခွန်းများနှင့် ပြည့်နေသည်။ ပြဿနာများကို တွေးဆရာတွင် ၎င်းတို့သည် အခြားသူများထက်သာသည်ဟု အပြင်ပန်းတွင် ထင်ရနိုင်သော်လည်း အမှန်တကယ်တွင် အန္တိခရစ်များသည် သာမန်လူတို့ထက် ပို၍ဆိုးခြင်းသာဖြစ်သည်။ ဤဆိုးယုတ်မှုသည် မည်သို့ ထင်ရှားပြသသနည်း။ ၎င်းတို့၏ စဉ်းစားမှုများသည် အစွန်းရောက်သည်၊ ရှုပ်ထွေးပြီး လျှို့ဝှက်သည်။ သာမန်လူတစ်ယောက်၊ ဆင်ခြင်တုံတရားနှင့် အသိစိတ်ရှိသူတစ်ယောက်တွင် မဖြစ်ပေါ်သော အရာများသည် အန္တိခရစ်တစ်ယောက်အတွက် သာမန်သာဖြစ်သည်။ ၎င်းတို့၏တာဝန်အတွက် ရိုးရှင်းသော ပြင်ဆင်ချက်တစ်ခုကို ပြုပြီးသည့်အခါ၊ လူတို့သည် နာခံသည့် သဘောထားဖြင့် ဖြေကြားသင့်သည်။ ဘုရားသခင်၏ အိမ်တော်က ၎င်းတို့ကို ပြောသည့်အတိုင်း လုပ်ဆောင်သင့်သည်။ ၎င်းတို့တတ်နိုင်သည့်အရာကို လုပ်ဆောင်ကာ၊ မည်သည့်အရာကို လုပ်ပါစေ၊ ၎င်းတို့ တတ်စွမ်းသမျှ၊ စိတ်နှလုံးနှင့် ခွန်အားရှိသမျှဖြင့် လုပ်ဆောင်လော့။ ဘုရားသခင် ပြုပြီးသည့်အရာသည် အမှားမရှိပါ။ ဤသို့သော ရိုးရှင်းသည့် သမ္မာတရားကို လူများက အသိစိတ်နှင့် ဆင်ခြင်တုံတရားအနည်းငယ်ဖြင့် လက်တွေ့လုပ်ဆောင်နိုင်သည်။ သို့သော် ယင်းသည် အန္တိခရစ်များ၏ အရည်အချင်းများထက် ကျော်လွန်သည်။ တာဝန်များကို ချိန်ညှိခြင်းနှင့်ပတ်သက်လျှင် အန္တိခရစ်များသည် ချက်ချင်း ကျိုးကြောင်းပြပြောဆိုခြင်း၊ တစ်ပတ်ရိုက်ခြင်း၊ ခုံခြင်းများပြုမည်ဖြစ်ပြီး စိတ်အတွင်းတွင် ယင်းကို လက်ခံရန် ငြင်းဆန်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးတွင် မည်သည့်အရာရှိသနည်း။ မသင်္ကာမှုနှင့် သံသယရှိသည်။ ထို့နောက် ၎င်းတို့သည် နည်းလမ်းပေါင်းစုံသုံးလျက် သူတစ်ပါးတို့ကို စုံစမ်းစစ်ဆေးကြသည်။ ၎င်းတို့သည် ၎င်းတို့၏ စကားများ၊ လုပ်ဆောင်ချက်များနှင့် သွေးတိုးစမ်းကြသည်။ မသမာသောနည်းလမ်းများဖြင့် လူတို့ကို အမှန်အတိုင်းပြောပြီး ရိုးသားစွာပြောဆိုရန် အကျပ်ကိုင်ပြီး သွေးဆောင်မှုပင် ပြုလုပ်ကြသည်။ ၎င်းတို့ အဘယ်ကြောင့် ရွှေ့ပြောင်းခြင်းခံရသည်၊ မိမိတို့၏တာဝန်ကို ထမ်းဆောင်ဖို့ ၎င်းတို့အား အဘယ်ကြောင့် ခွင့်မပြုသည်၊ မည်သူက ကြိုးကိုင်နေသည်၊ မည်သူက ၎င်းတို့အတွက် အမှုကိစ္စများကို ရှုပ်ထွေးအောင်လုပ်ရန် ကြိုးစားနေသည်တို့ကို နားလည်ဖို့ ၎င်းတို့ ကြိုးစားကြသည်။ ၎င်းတို့ ငြင်းခုံရမည့်လူ၊ သို့မဟုတ် အပြစ်ဒဏ်ပေးရမည့်သူကို ရှာတွေ့နိုင်ဖို့အလို့ငှာ၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် အကြောင်းအရင်းကို မပြတ်မေးမြန်းကြလျက်၊ မည်သည့်အရာ အမှန်တကယ် ဖြစ်ပျက်နေသည်ကို နားလည်ဖို့ မပြတ်ကြိုးစားနေကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ဖို့၊ ၎င်းတို့အတွင်း၌ မည်သည့်ပြဿနာရှိကြောင်းကို ကြည့်ရှုဖို့ ဘုရားသခင်ရှေ့မှောက်သို့ လာရမှန်း မသိကြပေ၊ မိမိတို့ကိုယ်၌က အကြောင်းအရင်း မရှာကြချေ၊ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်ထံ ဆုမတောင်းကြ၊ မိမိတို့ကိုယ်ကိုယ် မဆန်းစစ်သကဲ့သို့၊ ‘ကျွန်ုပ်၏တာဝန်ကို ကျွန်ုပ်ထမ်းဆောင်သည့် နည်းလမ်း၌ အဘယ်ပြဿနာ ရှိသနည်း။ ကျွန်ုပ်သည် ပေါ့ဆပြီး ဝတ်ကျေတမ်းကျေ ဖြစ်နေခြင်းများ ဖြစ်သလော။ ကျွန်ုပ်သည် စည်းမျဉ်းမရှိသလော။ မည်သည့်အကျိုးတရားမျှ လုံးဝ မရှိသေးသလော’ ဟုလည်း မပြောကြချေ။ မိမိတို့ကိုယ်ကိုယ် ဤမေးခွန်းများ တစ်ကြိမ်တခါမျှ မေးမြန်းရမည့်အစား ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို စဉ်ဆက်မပြတ် သံသယဝင်ကြလေသည်။ ‘ကျွန်ုပ်၏တာဝန်သည် အဘယ်ကြောင့် အခြားသို့ ပြောင်းရွှေ့ခြင်းခံရသနည်း။ ကျွန်ုပ်သည် အဘယ်ကြောင့် ဤသို့ဆက်ဆံခြင်း ခံနေရသနည်း။ ၎င်းတို့သည် အဘယ်ကြောင့် အလွန် အကျိုးကြောင်း မဆီလျော်ရသနည်း။ ၎င်းတို့သည် ကျွန်ုပ်ကို အဘယ်ကြောင့် မမျှမတဆက်ဆံရသနည်း။ ၎င်းတို့သည် ကျွန်ုပ်၏ သိက္ခာကို အဘယ်ကြောင့် မစဉ်းစားကြသနည်း။ ၎င်းတို့သည် ကျွန်ုပ်ကို အဘယ်ကြောင့် ဤနည်းဖြင့် တိုက်ခိုက်ပြီး ဖယ်ကြဉ်ကြသနည်း။’ ဤ ‘အဘယ်ကြောင့်များ’ အားလုံးသည် အန္တိခရစ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် ဝိသေသလက္ခဏာတို့၏ ထင်ရှားသော ထုတ်ဖော်ပြချက် တစ်ခုဖြစ်လေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၂- ရာထူးဂုဏ်သိမ် မရှိသောအခါ၊ သို့မဟုတ် ကောင်းချီးရရန် မျှော်လင့်ချက်မရှိသောအခါ ၎င်းတို့က နောက်ဆုတ်ချင်ကြသည်) ဘုရားနှုတ်ကပတ်တော်ဖတ်ရင်းနဲ့ ကျွန်မအပြုအမူက အန္တိခရစ်တွေလိုပဲ ဆိုးယုတ်တယ်ဆိုတာ မြင်ခဲ့ရတယ်။ ကျွန်မတာဝန်ပြောင်းတဲ့အခါမှာ ကျွန်မက နည်းနည်းမှ တုန်လှုပ်တဲ့ပုံစံရှိဘူး။ ဒါပေမဲ့ တကယ်တမ်းတော့ ကျွန်မက ဗြောင်းဆန်နေတဲ့အခြေအနေမှာရှိနေတာ။ ကျွန်မက မှန်းဆတွက်ချက်နေပြီး ပြောင်းရတဲ့ အကြောင်းပြချက်နဲ့ ခေါင်းဆောင်တွေရဲ့ စကားတိုင်းရဲ့ နောက်ကွယ်က တကယ့်အဓိပ္ပာယ်ကို နှစ်ကြိမ်လုံးမှာ စူးစမ်းနေတာ။ ကျွန်မ အစွမ်းအစက အထွေထွေကိစ္စတွေကိုင်တွယ်ဖို့ မသင့်တော်တာကြောင့် ပြောင်းရွှေ့ခံရတာလို့တောင် သံသယဖြစ်မိတယ်။ ပြီးတော့ ဘုရားသခင်က ကျွန်မကို အလကားလူအဖြစ် ဖော်ထုတ်ဖို့ ပြောင်းရွှေ့တာတွေကို ခဏခဏကြုံစေပြီး ကျွန်မကို ထုတ်ဖို့ ဒါကို အသုံးပြုနေတာကို နားလည်မှုလွဲခဲ့တယ်။ ကျွန်မမှာ ဒီလို ဆိုးယုတ်ပြီး ကောက်ကျစ်တဲ့ သဘာဝရှိခဲ့ပါတယ်။ ကျွန်မက ကိုယ့်တာဝန်မှာ ပြောင်းလဲတဲ့ကိစ္စကို အတွေးလွန်နေတာ၊ သုတေသနလုပ်ပြီး စိစစ်နေတာပဲ။ ခေါင်းဆောင်တွေ ကျွန်မကို တကယ်တမ်း ဘယ်လိုထင်သလဲဆိုတာကို သူတို့စကားတွေကနေ သေချာသိဖို့ ကြိုးစားနေတာပဲ။ အသင်းတော်မှာ ကျွန်မရာထူးက ဘယ်လောက်မြင့်တယ်၊ နိမ့်တယ်ဆိုတာ ကျွန်မက ဘုရားရဲ့ စိတ်နှလုံးထဲမှာ နေရာတစ်နေရာ တကယ်ရှိသလားဆိုတာ၊ ကယ်တင်ခြင်းနဲ့ ကောင်းချီးတွေရဖို့ ကျွန်မက ဘယ်လောက်အခွင့်အရေးရှိတယ်ဆိုတာကို ဆုံးဖြတ်ဖို့ ဒါကို အသုံးပြုနေတာပဲ။ ကျွန်မက မင်္သကာဖြစ်တယ်။ သံသယတွေများတယ်။ စမ်းသပ်တယ်။ ဒါတွေက အန္တိခရစ်ရဲ့ စိတ်သဘောထားတွေပဲ။ ဘုရားသခင်ပြောတာတစ်ခုကို ကျွန်မ သတိရတယ်။ “အခြားသူများအပေါ် သံသယမထားသည့်သူများကို ငါသဘောကျသည်၊ ထို့အပြင် သမ္မာတရားကို မဆိုင်းမတွ လက်ခံသောသူများကိုလည်း ငါနှစ်သက်၏၊ ထိုသို့သောလူနှစ်မျိုးကို ငါအလွန်ဂရုစိုက်သည်၊ အဘယ်ကြောင့်ဆိုသော် ငါ၏အမြင်၌ သူတို့သည် ရိုးသားသောသူများ ဖြစ်ကြသောကြောင့်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မြေကြီးပေါ်ရှိ ဘုရားသခင်ကို သိရှိနိုင်ပုံ) ရိုးသားတဲ့သူတွေက ရိုးရိုးရှင်းရှင်းစဉ်းစားတယ်။ သူတို့က ဘုရားနဲ့ လူတွေအပေါ် ပွင့်လင်းပြီး ရိုးသားတယ်။ သံသယတွေ၊ သတိထားတာတွေမရှိဘူး။ သမ္မာတရားကို လက်ခံနိုင်တယ်။ ဘုရားသခင် ပြင်ဆင်တဲ့ အခြေအနေတွေမှာ ဘုရားအလိုတော်ကို ရှာဖွေပြီး ဆင်ခြင်တွေးတောတယ်။ ဘုရားသခင်က သူတို့ကို ပိုပိုပြီး သင်ယူစေပြီး သမ္မာတရားကို ရရှိစေတယ်။ အဲဒီအချိန်မှာ ကျွန်မရဲ့ ကောက်ကျစ်မှုနဲ့ သံသယတွေက ကျွန်မကို အရမ်းစိတ်ဓာတ်ကျပြီး စိတ်ဒုက္ခရောက်စေတယ်၊ ဘုရားရဲ့ အဝေးကို တွန်းပို့နေတယ်ဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ ကျွန်မ ဘုရားကို ဆုတောင်းတယ်။ “ဘုရားသခင် သမီးရဲ့ ကောက်ကျစ်တဲ့ စိတ်သဘောထားနဲ့ ဆက်ပြီး အသက်မရှင်ချင်တော့ပါဘူး။ သမီးတာဝန်က ဒီအပြောင်းအလဲတွေက သမီးအယူအဆတွေနဲ့ မကိုက်ညီပါဘူး။ ဒါပေမဲ့ ဒါတွေကို သမီးနာခံပြီး လက်ခံချင်ပါတယ်။ ကိုယ်တော့်အလိုတော်ကို သိဖို့ ရှာဖွေချင်ပါတယ်” ဆိုပြီးတော့။

နောက်ပိုင်းမှာ ကျွန်မက ဘာကြောင့် ကိုယ့်တာဝန်က ပြောင်းလဲမှုတိုင်းကို အရမ်းတုံ့ပြန်နေရတယ်ဆိုတာ တွေးမိတယ်။ နောက်တော့ ကျွန်မယုံကြည်ခြင်းမှာ ရောနှောနေတာတွေကို နားလည်အောင်ကူညီပေးတဲ့ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်မ ဖတ်တယ်။ “မိမိတို့၏တာဝန်၌ ပြောင်းလဲမှုနှင့်စပ်လျဉ်းသည့် အန္တိခရစ်တို့၏ သဘောထားနှင့် အမြင်ရှုထောင့်တို့ကို အကဲဖြတ်ရလျှင်၊ ၎င်းတို့၏ ပြဿနာမှာ အဘယ်နေရာတွင် တည်ရှိသနည်း။ ဤနေရာရှိ ပြဿနာသည် ကြီးမားသည့်ပြဿနာတစ်ခု ဖြစ်သလော။ (ဖြစ်ပါသည်။) ၎င်းတို့၏ အကြီးမားဆုံး အမှားမှာ ၎င်းတို့သည် တာဝန်၌ ပြောင်းလဲမှုတစ်ခုကို ကောင်းချီးများ လက်ခံရရှိခြင်းနှင့် မဆက်စပ်သင့်ခြင်း ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ တကယ်ကို မလုပ်ဆောင်သင့်သည့် အရာတစ်ခု ဖြစ်ပေသည်။ အမှန်မှာမူ ထိုနှစ်ခုအကြားတွင် ဆက်နွှယ်မှု မရှိပေ။ သို့ရာတွင် အန္တိခရစ်၏ စိတ်နှလုံးသည် ကောင်းချီးခံစားရဖို့ အလိုဆန္ဒများဖြင့် ပြည့်နေသောကြောင့် မည်သည့်တာဝန်ကို ၎င်းတို့ ထမ်းဆောင်ပါစေ၊ ထိုတာဝန်ကို ၎င်းတို့ ကောင်းချီးခံစားရမည် ဟုတ်မဟုတ်ဆိုသည်နှင့် ဆက်နွှယ်ပြီး ဆက်စပ်လိုက်ကြသည်။ သို့ဖြစ်၍ ၎င်းတို့သည် မိမိတို့၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်စွမ်း မရှိကြဘဲ၊ ဖော်ထုတ်ခြင်းနှင့် ဖယ်ရှားခြင်းတို့ကိုသာ ခံရနိုင်လေသည်။ ဤသည်မှာ ၎င်းတို့၏ ကိုယ်ပိုင် အမှားဖြစ်သည်။ ၎င်းတို့သည် ဤစိုးရိမ်ဖွယ်ကောင်းသော လမ်းကြောင်းပေါ် မိမိတို့ကိုယ်တိုင် စတင်ခြင်း ဖြစ်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၂- ရာထူးဂုဏ်သိမ် မရှိသောအခါ၊ သို့မဟုတ် ကောင်းချီးရရန် မျှော်လင့်ချက်မရှိသောအခါ ၎င်းတို့က နောက်ဆုတ်ချင်ကြသည်)ဤသည်မှာ တာဝန်တွင် လုံးဝ သင့်လျော်သောပြောင်းလဲမှုဖြစ်သည်။ သို့သော် အန္တိခရစ်များက ဤသည်မှာ ၎င်းတို့ကို ညှဉ်းပန်းရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ၎င်းတို့သည် လူသားကဲ့သို့ ဆက်ဆံခံရခြင်းမရှိကြောင်း၊ ဘုရားသခင်၏ မိသားစုသည် ချစ်ခြင်းကင်းမဲ့ကြောင်း၊ ၎င်းတို့သည် စက်ယန္တရားကဲ့သို့ ဆက်ဆံခံရကြောင်း၊ လိုအပ်သည့်အခါတွင် ခေါ်ပြီး မလိုအပ်သည့်အခါတွင် ဘေးသို့အကန်ခံရကြောင်း ဆိုကြသည်။ ဤသည်မှာ မလိမ့်တပတ်လုပ်ထားသော တွေးခေါ်ပုံမဟုတ်လော။ ဤသို့သောအရာမျိုးကိုပြောဆိုသူသည် အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရားရှိသလော။ ၎င်းတို့တွင် လူ့သဘာဝမရှိပေ။ ၎င်းတို့သည် လုံးဝ ကျိုးကြောင်းသင့်သောကိစ္စကို လိုရာဆွဲ၍ မမှန်မကန်ပြောသည်။ ၎င်းတို့သည် လုံးဝ သင့်လျော်သော လက်တွေ့လုပ်ဆောင်မှုကို အပျက်သဘောဆောင်သောအရာတစ်ခုအဖြစ် လှည့်ပြောင်းပစ်သည်။ ဤသည်မှာ အန္တိခရစ်တစ်ယောက်၏ မကောင်းမှုမဟုတ်သလော။ ဤမျှဆိုးယုတ်သောသူ တစ်ယောက်သည် သမ္မာတရားကို နားလည်နိုင်သလော။ လုံးဝ နားမလည်နိုင်ပေ။ ဤသည်မှာ အန္တိခရစ်တစ်ယောက်၏ ပြဿနာဖြစ်သည်။ ၎င်းတို့အပေါ် ဖြစ်ပျက်သည့် မည်သည့်အရာမဆိုနှင့်ပတ်သက်သည့် တွေးခေါ်ပုံကို မလိမ့်တပတ်လုပ်လိမ့်မည်။ ၎င်းတို့သည် အဘယ်ကြောင့် လှည့်ပတ်သည့်နည်းလမ်းဖြင့် စဉ်းစားသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သဘာဝအားဖြင့် အလွန့်အလွန် ဆိုးယုတ်သောကြောင့်၊ အနှစ်သာရတွင် ဆိုးယုတ်သောကြောင့်ဖြစ်သည်။ အန္တိခရစ်တစ်ဦး၏ သဘာဝနှင့် အနှစ်သာရသည် အဓိကအားဖြင့် ဆိုးယုတ်မှုဖြစ်သည့်အပြင်၊ ၎င်းတို့၏ ရက်စက်ကြမ်းတမ်းမှုက နောက်ကလိုက်သည်။ ဤအရာတို့သည် ၎င်းတို့၏ အဓိက စရိုက်လက္ခဏာများဖြစ်သည်။ အန္တိခရစ်တို့၏ မကောင်းသောသဘာဝသည် ၎င်းတို့ကို မည်သည့်အရာကိုမဆို မှန်ကန်စွာ နားလည်သဘောပေါက်ခြင်းကို ပိတ်ပင်တားဆီးသည်။ ထိုအစား ၎င်းတို့သည် အရာရာကို လိုရာဆွဲပြောပြီး အဓိပ္ပာယ်ကောက်လွဲသည်။ ၎င်းတို့သည် အလွန်အကျွံပြုလုပ်သည်။ စကားကပ်ပြောသည်။ အမှုအရာများကို မှန်ကန်စွာ မကိုင်တွယ်နိုင်ပေ၊ သို့မဟုတ် သမ္မာတရားကို မရှာဖွေနိုင်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၂- ရာထူးဂုဏ်သိမ် မရှိသောအခါ၊ သို့မဟုတ် ကောင်းချီးရရန် မျှော်လင့်ချက်မရှိသောအခါ ၎င်းတို့က နောက်ဆုတ်ချင်ကြသည်) ကျွန်မတာဝန်နဲ့ ကျွန်မ ကောင်းချီးခံရမခံရဆိုတာက ခွဲလို့မရအောင် ဆက်စပ်နေတယ်လို့ ထင်ပြီးတော့ ကျွန်မက အန္တိခရစ်တစ်ယောက်လို ပြုမူနေတယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ မြင်နိုင်ပါတယ်။ ရာထူးတိုးခံရပြီး ပိုအရေးကြီးတယ်လို့ ကျွန်မမြင်တဲ့တာဝန်တစ်ခုကို ထမ်းဆောင်ရတာက ကယ်တင်ခြင်းရဖို့ အခွင့်အရေးပိုရှိတဲ့သဘောပဲလို့ ကျွန်မ ထင်ခဲ့တယ်။ ဒါပေမဲ့ အထုတ်ခံရတာ၊ အသေးအဖွဲလို့ ကျွန်မမြင်တဲ့ တာဝန်ကိုထမ်းဆောင်ရတာက ကယ်တင်ခြင်းရဖို့ အခွင့်အရေးသိပ်မရှိဘူးလို့ ကျွန်မ ထင်ခဲ့တယ်။ ဒီမှားနေတဲ့ အမြင်ကြောင့် အသင်းတော်က ကျွန်မတာဝန်ကို ပြောင်းတဲ့အခါမှာ ကျွန်မက တကယ်ကို အထိမခံဖြစ်ပြီး အတွေးလွန်နေတယ်။ မှန်မှန်ကန်ကန် မချဉ်းကပ်နိုင်ခဲ့ဘူး။ ကျွန်မ ဂရုမစိုက်ရင် ကယ်တင်ခြင်းနဲ့ကောင်းချီးမျှော်လင့်ချက်အားလုံး ဆုံးရှုံးရမှာကို ကြောက်ခဲ့တယ်။ ကျွန်မယုံကြည်ခြင်းမှာ ကောင်းချီးတွေကို အရာအားလုံးအထက်မှာ ထားခဲ့တယ်။ ဒီပြောင်းရွှေ့မှုတွေကို ရင်ဆိုင်ရပြီး ကျွန်မရဲ့ ပထမဆုံးအတွေးက ဒါဟာရာထူးတိုးတာလား၊ ချတာလားဆိုတာပဲ။ ပိုနိမ့်တဲ့ရာထူးဖြစ်တဲ့ပုံစံရှိရင် ကျွန်မက ရာထူးချခံရတယ်၊ ဖော်ထုတ်ခံရပြီး အထုတ်ခံရတယ်လို့ ခံစားရတယ်။ စိတ်ဒုက္ခရောက်ပြီး အသေးအဖွဲကိစ္စတစ်ခုအတွက် ကိုယ့်ကိုယ်ကိုယ် ကျရှုံးသူအဖြစ် သတ်မှတ်တယ်။ ကျွန်မက ကောင်းချီးတွေကို အရမ်းတပ်မက်လွန်းတယ်။ လူတွေရဲ့တာဝန်တွေကို ပြောင်းလဲတာက အသင်းတော်အတွက် လုံးဝ သာမန်ပါပဲ။ တစ်ခါတလေမှာ ဒါက လူတစ်ယောက်ရဲ့ ဝိညာဉ်ရင့်ကျက်မှု၊ အစွမ်းအစ၊ ကျွမ်းကျင်မှုကို အခြေခံတယ်။ ဒါက အသင်းတော်အလုပ်နဲ့ သူ့ရဲ့ ကိုယ်ပိုင်အသက်ဝင်ရောက်မှုကို အကျိုးဖြစ်စေမယ်။ တစ်ခါတလေမှာ တာဝန်အပေါ် သူတို့ရဲ့သဘောထားမှာ ပြဿနာတစ်ခုရှိပြီး သူတို့က ဖောက်ပြန်ပျက်စီးခြင်းမှာ အသက်ရှင်တယ်။ ဒါကြောင့် သူတို့တာဝန်ကို ပြောင်းလဲခြင်းအားဖြင့် သူတို့က ကိုယ့်ကိုယ်ကိုယ်သုံးသပ်ပြီး သိမြင်ဖို့အတွက် ဘုရားရှေ့ကိုလာနိုင်ပြီး ဘုရားထံမှာ နောင်တရနိုင်တယ်။ လမ်းမှားကို မလျှောက်နိုင်တော့ဘူး။ ဒါက ဘုရားရဲ့ ကြီးမြတ်တဲ့ ကယ်တင်ခြင်းပဲ။ တစ်ခါတလေမှာ ဒါက အလုပ်က လိုအပ်တဲ့အရာပဲ။ သင့်တော်တဲ့ပြောင်းလဲမှုတွေကို မှန်ကန်တဲ့အချိန်မှာ လုပ်ဖို့ လိုပါတယ်။ ခေါင်းဆောင်က အလုပ်လိုအပ်ချက်တွေအရ သွားနေတာပါ။ အထွေထွေကိစ္စတွေကို ကိုင်တွယ်တာကို မြင်ရတာက ကျွန်မအတွက် တကယ်ကို ခက်ခဲပင်ပန်းတယ်။ သူက ကျွန်မ ကျွမ်းကျင်မှုတွေနဲ့ ကိုက်တဲ့တာဝန်တစ်ခုကို ကျွန်မကိုပေးခဲ့တာပါ။ ကျွန်မကို အသုံးပြုနိုင်အောင်ပေါ့။ ဒါက ကောင်းတဲ့အရာပဲ။ ဒါပေမဲ့ ကျွန်မက သဘာဝအရကို ဆိုးယုတ်ပြီး ကောက်ကျစ်နေခဲ့တာ။ ကျွန်မက ကောင်းချီးခံရဖို့ပဲ စဉ်းစားနေတယ်။ ကောင်းချီးခံရဖို့ဖြစ်ပျက်တဲ့အရာတွေကို ဆက်စပ်တယ်။ အကြောင်းအရာတွေကို လှည့်ပတ်ပြီးမြင်တယ်။ ကျွန်မကို ဖော်ထုတ်ပြီး ထုတ်ပယ်ဖို့အတွက် ကျွန်မတာဝန်ကို ပြောင်းလိုက်တာလို့ ထင်ခဲ့တာ။ ဘယ်လောက် အဓိပ္ပာယ်မရှိသလဲ။ ကျွန်မမှာ ဘုရားကိုဆန့်ကျင်တဲ့ အယူအဆမှားတွေ၊ ခုခံမှုတွေကို ရှိနေခဲ့တယ်။ ဒီလိုပုံစံနဲ့ ကျွန်မက သမ္မာတရားကို ဘယ်လိုသင်ယူပြီး ဝင်ရောက်နိုင်မှာလဲ။ ပြီးတော့ ကျွန်မတာဝန်ကို ဘယ်လို ကောင်းကောင်းလုပ်နိုင်မှာလဲ။ ဒီအတွေးကြောင့် ကျွန်မ နည်းနည်းနောင်တရသွားတယ်။ မမြင်နိုင်ဖြစ်ပြီး သမ္မာတရားကို မလိုက်စားတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် မုန်းမိတယ်။ ကျွန်မ ဒီလိုဆက်ပြီး မဖြစ်ချင်တော့ဘူး။ ကောင်းချီးတွေအတွက် ကျွန်မရဲ့ စိတ်တွန်းအားကို လက်လွတ်ဖို့၊ ဘုရားသခင်ပြင်ဆင်တဲ့ ဘယ်အခြေအနေမဆိုမှာ သမ္မာတရားကို ရှာဖွေပြီး ကိုယ့်တာဝန်ကိုထမ်းဆောင်ဖို့ အသင့်ဖြစ်နေခဲ့တယ်။

နောက်ပိုင်းမှာ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်တယ်။ “လူများ ကယ်တင်ခံရနိုင်ခြင်း ရှိမရှိ၌ အရေးကြီးသည့်အချက်မှာ ၎င်းတို့၌ အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိမရှိက အဓိကဖြစ်သည်။ လူများသည် ဤအချက်ကို ထိန်းသိမ်းနိုင်လျှင်၊ ၎င်းတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ပိုင်ဆိုင်လေသည်။ ထိုသို့သော လူများသည် ကယ်တင်ခြင်း မျှော်လင့်ချက် ရှိကြသည်။ ၎င်းတို့ ဤအချက်ကို ဆန့်ကျင်သည့်အခါ၊ ဖယ်ရှားခံရလိမ့်မည်။ သင်တို့၏ အရေးကြီးသော အချက်မှာ အဘယ်နည်း။ သင်က ‘ဘုရားသခင်က ကျွန်ုပ်ကို ရိုက်နှက်ပြီး ဆူပူလျှင်ပင်၊ ကျွန်ုပ်ကို ငြင်းပယ်ပြီး ကယ်တင်မည် မဟုတ်လျှင်ပင်၊ ကျွန်ုပ် မည်သည့် မကျေနပ်ချက်မျှ ရှိဦးမည် မဟုတ်ပေ။ ကျွန်ုပ်သည် နွား၊ သို့မဟုတ် မြင်းတစ်ကောင်ကဲ့သို့ ဖြစ်လိမ့်မည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ရင်း၊ အဆုံးထိတိုင် ကျွန်ုပ် ဆက်၍ အစေခံသွားမည် ဖြစ်သည်’ ဟု ပြောသည်။ ထိုအရာအားလုံးက ကြား၍ကောင်းပေသည်။ သို့ရာတွင် ဤအရာကို သင် အမှန်တကယ် စွမ်းဆောင်ရရှိနိုင်စွမ်း ရှိသလော။ သင်သည် ထိုသို့သော ဝိသေသလက္ခဏာနှင့် သန္နိဌာန်တို့ အမှန်တကယ် ပိုင်ဆိုင်လျှင်၊ သင့်ကို ငါ ပွင့်ပွင့်လင်းလင်း ပြောလိုက်မည်။ သင်၌ ကယ်တင်ခြင်း မျှော်လင့်ချက် ရှိပေသည်။ သင်၌ ဤဝိသေသလက္ခဏာ မရှိလျှင်၊ သင်သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ မရှိလျှင်၊ သင်၏အစေခံမှုသည် အဆုံးထိတိုင် တည်တံ့မည် မဟုတ်ချေ။ ဘုရားသခင်သည် သင့်အပေါ် မည်သို့ ပြုမူမည်ကို သင်သိပါသလော။ သင် မသိပေ။ ဘုရားသခင်သည် သင့်ကို မည်သို့ စမ်းသပ်မည်ကို သင်သိပါသလော။ ဤအရာကိုလည်း သင်မသိချေ။ သင်၌ အခြေခံအုတ်မြစ်တစ်ခု၊ အရေးကြီးသောအချက်တစ်ခု၊ မှန်ကန်သော လိုက်စားခြင်း နည်းလမ်းတစ်ခုတို့ မရှိဘဲ၊ သင်၏ကိုယ်ကျင့်တရားနှင့် စံနှုန်းတို့သည် သမ္မာတရားနှင့် မကိုက်ညီလျှင်၊ ဆုတ်ဆိုင်းမှု၊ ကျရှုံးမှု၊ သို့မဟုတ် စမ်းသပ်မှုနှင့် စစ်ဆေးခြင်းတို့ကို သင် ကြုံတွေ့ရသည့်အခါ၊ သင် ခိုင်မာစွာ ရပ်တည်နိုင်လိမ့်မည် မဟုတ်ချေ။ ထိုအခြေအနေတွင် သင်သည် အန္တရာယ်ရှိလိမ့်မည်။ သင်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့က မည်သည့်အခန်းကဏ္ဍတွင် ပါဝင်လုပ်ဆောင်သနည်း။ သင်က ‘ဤဒေသနာများအားလုံးကို ကျွန်ုပ်ကြားပြီးဖြစ်သည်။ သမ္မာတရားအချို့ကို ကျွန်ုပ် အမှန်တကယ် နားလည်သည်။ သို့ရာတွင် ယင်းကို ကျွန်ုပ် လက်တွေ့လုပ်ဆောင်ရခြင်း မရှိသေးပေ။ ဘုရားသခင်ကို ကျွန်ုပ် စိတ်မကျေနပ်စေရသေးပေ။ ဘုရားသခင်က ကျွန်ုပ်ကို မထောက်ခံဘဲ၊ အဆုံး၌ ကျွန်ုပ်ကို စွန့်ပစ်ကာ၊ အလိုမရှိတော့လျှင်၊ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရား ဖြစ်လိမ့်မည်။ ဘုရားသခင်က ကျွန်ုပ်ကို အပြစ်ပေးပြီး စီရင်လျှင်ပင်၊ ဘုရားသခင်ကို ကျွန်ုပ် စွန့်ခွာမည် မဟုတ်ချေ။ ကျွန်ုပ် မည်သည့်နေရာကို သွားပါစေ၊ ကျွန်ုပ်သည် ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦးဖြစ်သည်။ ကျွန်ုပ်သည် ဘုရားသခင်ကို ထာဝရ ယုံကြည်မည် ဖြစ်ပြီး နွားတစ်ကောင်၊ သို့မဟုတ် မြင်းတစ်ကောင်ကဲ့သို့ ကျွန်ုပ် အလုပ်လုပ်ရလျှင်ပင် နောက်လိုက်ခြင်းကို မည်သည့်အခါမျှ ရပ်မည် မဟုတ်။ ကျွန်ုပ်၏ အဆုံးသတ် မည်သည့်အရာဖြစ်သည်ကို ကျွန်ုပ် ဂရုမစိုက်’ ဟု ပြောလျှင်၊ ဤအရာက သင်၏ သန္နိဌာန် အမှန်တကယ် ဖြစ်လျှင်၊ ကောင်းပေသည်။ သင်သည် ခိုင်မာစွာ ရပ်တည်နိုင်လိမ့်မည်။ သင်တို့သည် ဤသန္နိဌာန် မရှိဘဲ၊ ဤအရာများနှင့်ပတ်သက်၍ မည်သည့်အခါမျှ မတွေးတောလျှင်၊ သင်တို့၏ ဝိသေသလက္ခဏာတွင်လည်းကောင်း၊ သင်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့တွင်လည်းကောင်း ပြဿနာ သေချာပေါက် ရှိနေလေသည်။ ယင်းမှာ သင်တို့၏စိတ်နှလုံးထဲတွင် သင်တို့သည် ဘုရားသခင်အတွက် မည်သည့်အရာကိုမျှ လုံးဝ လုပ်ဆောင်ပေးလိုခြင်း မရှိခဲ့သောကြောင့် ဖြစ်သည်။ သင်လုပ်သမျှမှာ ဘုရားသခင်ထံမှ ကောင်းချီးများကို တောင်းဆိုခြင်း ဖြစ်သည်။ သင်သည် ဘုရားအိမ်တော်၌ အားထုတ်မှု၊ သို့မဟုတ် ဆင်းရဲဒုက္ခခံစားခြင်းအတွက် မည်သည့်ကောင်းချီးကို ရရှိမည်ကို သင်၏စိတ်ထဲတွင် အစဉ်သဖြင့် တွက်ချက်နေသည်။ သင်လုပ်သမျှသည် ဤအရာများကို တွက်ချက်နေခြင်း ဖြစ်လျှင်၊ သင့်အတွက် ခိုင်မာစွာ ရပ်တည်ဖို့ အလွန် ခက်ခဲလိမ့်မည်။ သင် ကယ်တင်ခံရနိုင်ခြင်း ရှိမရှိသည် သင်၌ အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိမရှိပေါ်တွင်သာ မူတည်သည်။ သင်သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ကို မပိုင်ဆိုင်ပါက၊ ဘုရားသခင်သည် နတ်ဆိုးများနှင့် လူ့တိရစ္ဆာန်များကို မကယ်တင်သည့်အတွက်၊ သင်သည် ကယ်တင်ခြင်းခံရရန် မထိုက်တန်ပေ။ သင်သည် သမ္မာတရားကို လိုက်စားသည့် လမ်းကြောင်းကို လျှောက်ဖို့ ရွေးချယ်လျှင်၊ သင်သည် ပေတရု၏ လမ်းကြောင်းကို လျှောက်လျှင်၊ သမ္မာတရားကို နားလည်ခြင်း၌ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အား ဉာဏ်အလင်းပေးပြီး လမ်းပြလိမ့်မည်ဖြစ်ကာ စမ်းသပ်မှုနှင့် စစ်ဆေးခြင်းများစွာကို သင် တွေ့ကြုံဖို့နှင့် စုံလင်စေခြင်းခံရဖို့ ဖြစ်စေသည့် အခြေအနေများကို သင့်အတွက် ဖန်တီးပေးလိမ့်မည် ဖြစ်သည်။ သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းကို သင် မရွေးချယ်ဘဲ၊ အန္တိခရစ် ပေါလု၏ လမ်းကြောင်းကို လျှောက်လျှင်၊ ဝမ်းနည်းပါသည်။ ဘုရားသခင်သည် သင့်ကို စမ်းသပ်ပြီး စစ်ဆေးလိမ့်ဦးမည် ဖြစ်သည်။ သို့ရာတွင် သင်သည် ဘုရားသခင်၏ စစ်ဆေးခြင်းကို ကြံ့ကြံ့ခံရပ်တည်နိုင်လိမ့်မည် မဟုတ်ပေ။ သင့်ကို တစ်ခုခု ဖြစ်ပျက်သည့်အခါတွင်၊ သင်သည် ဘုရားသခင်နှင့် ပတ်သက်၍ ညည်းညူလိမ့်မည် ဖြစ်ပြီး၊ သင် စမ်းသပ်ခြင်းခံရသည့်အခါ၊ ဘုရားသခင်ကို စွန့်လွှတ်လိမ့်မည်။ ထိုအခိုက်အတန့်တွင် သင်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့သည် အသုံးတည့်မည် မဟုတ်သကဲ့သို့၊ သင် ဖယ်ရှားခံရလိမ့်မည်။ ဘုရားသခင်သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား မရှိသည့် လူများကို မကယ်တင်ပေ။ ဤသည်မှာ အနိမ့်ဆုံး စံနှုန်းဖြစ်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်ကို ဖတ်တာက ကျွန်မကို တကယ်စဉ်းစားမိစေတယ်။ ကျွန်မတာဝန်ပြောင်းပြီးတဲ့နောက်မှာ ကျွန်မမှာ ကယ်တင်ခြင်းမျှော်လင့်ချက် လုံးဝ မရှိလုနီးပါး ခံစားမိတယ်။ ဘုရားကို ကျွန်မ အာခံပြီး စောဒကတက်တယ်။ ကိုယ့်တာဝန်မှာ လျစ်လျူရှုပြီး အပျက်သဘောဆောင်တယ်။ ကျွန်မရဲ့ ကိုယ်ပိုင်မကျေနပ်ချက်ကို ရင်ဖွင့်ဖို့ ဒါကို အသုံးပြုတယ်။ ကျွန်မက တကယ်ကို လူ့သဘာဝနဲ့ အသိစိတ်ကင်းမဲ့ခဲ့တယ်။ အခြေခံအကျဆုံး အသိတရားကိုတောင် မပိုင်ဆိုင်ခဲ့ဘူး။ ကျွန်မက ကောင်းချီးခံရဖို့ သူတို့ မျှော်လင့်ချက်တွေ ပျက်စီးပြီးတဲ့နောက်မှာ တာဝန်ကို မထမ်းဆောင်တော့တဲ့သူတွေလိုပဲ။ ကောင်းချီးတွေအတွက် ကျွန်မရဲ့ ရည်ရွယ်ချက်တွေ၊ ဆန္ဒတွေကို နားလည်စေပြီး ကျွန်မရဲ့ အနာဂတ်အတွက် မျှော်လင့်ချက်ပျောက်ဆုံးပြီးတဲ့နောက်မှာ ကျွန်မရဲ့ အကျည်းတန်၊ ဆိုးယုတ်တဲ့မျက်နှာကို မြင်စေတဲ့ ဘုရားရဲ့ အချိန်မီ ဉာဏ်အလင်းပေးလမ်းပြမှုကြောင့်သာမဟုတ်ရင် ကျွန်မ ဘယ်လောက်ကျရှုံးသွားမလဲဆိုတာ မတွေးရဲစရာပဲ။ ကိုယ့်တာဝန်ကို လုံးဝ ထမ်းဆောင်နိုင်မှာ မဟုတ်ဘဲ အဆုံးမှာ ဘုရားသခင်က ထုတ်ပယ်တာကို ခံရမှာပဲ။ ဒီဖြစ်နိုင်ခြေကို စဉ်းစားရတာ ကြောက်စရာပဲ။ လူတွေရဲ့ ယုံကြည်မှုမှာ သူတို့ရဲ့ တစ်ဖက်သတ်အမြင်နဲ့အားထုတ်ခြင်းက ဘယ်လောက်အရေးပါတယ်ဆိုတာကိုလည်း ကျွန်မ သဘောပေါက်သွားတယ်။ ဘုရားကို တကယ်ရှာဖွေတဲ့သူတွေက သူတို့တာဝန်မှာ စစ်မှန်ရိုးသားတယ်။ သူတို့ရဲ့ ယုံကြည်မှုနဲ့ တာဝန်မှာ ကောင်းချီးတွေကို မတောင်းဆိုဘူး။ သူတို့က ကောင်းတဲ့ရလဒ်နဲ့ ပန်းတိုင်မရှိဘဲနဲ့တောင် အစေခံဖို့ ပျော်ရွှင်ကြတယ်။ ပတ်ဝန်းကျင်မျိုးစုံရဲ့ စမ်းသပ်မှုတွေကို တောင့်ခံဖို့အတွက် ဒီလိုစရိုက်လက္ခဏာမျိုးက လိုအပ်တယ်။ ဘုရားနှုတ်ကပတ်တော်ကနေ လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းတစ်ခုကိုလည်း ကျွန်မ တွေ့ခဲ့တယ်။ ဘယ်တာဝန်ကိုပဲ ကျွန်မ ထမ်းဆောင်ပါစေ နာခံဖို့၊ သမ္မာတရားကို လိုက်စားခြင်းမှာ၊ ကျွန်မရဲ့ ယုံကြည်ခြင်းမှာရှိတဲ့ မသန့်စင်မှုတွေကို သန့်စင်ပြောင်းလဲခြင်းမှာ အာရုံစိုက်ဖို့ လိုပါတယ်။

တစ်ခါတော့ ကျွန်မ ဝတ်ပြုကိုးကွယ်နေတုန်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်တယ်။ အဲဒီအပိုဒ်က ကယ်တင်ခြင်းအတွက် ဘုရားရဲ့ စံနှုန်းတွေအပေါ် လက်တွေ့ကျကျနားလည်မှုတချို့ ပေးခဲ့ပါတယ်။ “ကယ်တင်ခံရခြင်းသည် မည်သည့်အရာကို ဆိုလိုသည်ကို လူများစွာတို့က ရှင်းရှင်းလင်းလင်း မသိကြပေ။ ဘုရားသခင်ကို နှစ်များ ပို၍ ယုံကြည်လေ၊ ၎င်းတို့ကယ်တင်ခြင်းခံရဖို့ ပို၍ ဖြစ်နိုင်လေဟု လူအချို့က ယုံကြည်ကြသည်။ လူအချို့ကမူ ဝိညာဉ်ရေးရာ အယူဝါဒများ ၎င်းတို့ ပိုနားလည်လေ၊ ၎င်းတို့ကယ်တင်ခြင်းခံရဖို့ ပို၍ ဖြစ်နိုင်လေဟု ယုံကြည်ကြသည်၊ သို့မဟုတ် အချို့က ခေါင်းဆောင်များနှင့် အမှုဆောင်များသည် သေချာပေါက် ကယ်တင်ခြင်းခံရမည်ဟု တွေးထင်ကြသည်။ ဤအရာ အားလုံးသည် လူသား၏ အယူအဆများနှင့် စိတ်ကူးတို့ ဖြစ်ကြသည်။ ဤအရာ၏ အဓိကသော့ချက်မှာ ကယ်တင်ခြင်းသည် အဘယ်အရာကို ဆိုလိုကြောင်း လူများနားလည်ရမည် ဖြစ်သည်။ ကယ်တင်ခံရဖို့ဟူသည်မှာ အဓိကအားဖြင့် စာတန်၏စွမ်းအားမှ လွတ်မြောက်ဖို့၊ အပြစ်မှ လွတ်မြောက်ဖို့နှင့် ဘုရားသခင်ထံသို့ စစ်မှန်စွာ ပြန်လှည့်ပြီး ဘုရားသခင်ကို နာခံဖို့တို့ကို ဆိုလိုသည်။ အပြစ်နှင့် စာတန်၏ စွမ်းအားတို့မှ လွတ်မြောက်ဖို့ သင်သည် အဘယ်အရာကို ပိုင်ဆိုင်ရမည်နည်း။ သမ္မာတရား ဖြစ်သည်။ လူများသည် သမ္မာတရားကို ရရှိဖို့ မျှော်လင့်ပါက၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာဖြင့် ပြင်ဆင်ရမည်၊ ၎င်းတို့သည် သမ္မာတရားကို နားလည်နိုင်ပြီး သမ္မာတရား၏ လက်တွေ့အရှိတရားကို ဝင်ရောက်နိုင်ဖို့အလို့ငှာ ထိုနှုတ်ကပတ်တော်များကို တွေ့ကြုံပြီး လက်တွေ့လုပ်ဆောင်နိုင်ရမည်။ သို့မှသာလျှင် ၎င်းတို့ ကယ်တင်ခြင်း ခံရနိုင်သည်။ အကြင်သူက ကယ်တင်ခံရနိုင်ခြင်း ရှိမရှိသည် ဘုရားသခင်ကို မည်မျှ ကြာအောင်ယုံကြည်ခဲ့သည်၊ မည်မျှ အသိပညာရှိသည်၊ မည်မျှ ဆင်းရဲဒုက္ခခံသည်၊ သို့မဟုတ် မည်သည့် ဆုကျေးဇူးများ၊ သို့မဟုတ် ၎င်းတို့သည် ဆုကျေးဇူးများ၊ သို့မဟုတ် အားသာချက်များကို ပိုင်ဆိုင်ခြင်း ရှိမရှိတို့နှင့် မသက်ဆိုင်ပေ။ ကယ်တင်ခြင်းနှင့် တိုက်ရိုက် ဆက်နွှယ်မှုရှိသည့် တစ်ခုတည်းသော အရာမှာ လူတစ်ဦးအနေဖြင့် သမ္မာတရားကို ရနိုင်ခြင်း ရှိမရှိ ဖြစ်ပေသည်။ ထို့ကြောင့် ယနေ့ သင်သည် သမ္မာတရားမည်မျှကို စစ်မှန်စွာ နားလည်ပြီးဖြစ်သနည်း။ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော် မည်မျှက သင်၏ဘဝ ဖြစ်လာပြီး ဖြစ်သနည်း။ ဘုရားသခင်၏ သတ်မှတ်ချက်များ အားလုံးထဲမှ သင်သည် မည်သည့်အရာကို ဝင်ရောက်မှု ရရှိပြီးဖြစ်သနည်း။ သင်၏ ဘုရားသခင်ကို ယုံကြည်သည့် နှစ်များအတောအတွင်းတွင် ဘုရားနှုတ်ကပတ်တော်၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်း မည်မျှကို သင်စွမ်းဆောင် ရရှိပြီးဖြစ်သနည်း။ သင်မသိပါက၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်၏ စစ်မှန်မှု တစ်ခုတလေထဲ ဝင်ရောက်ခြင်းကို သင် စွမ်းဆောင် ရရှိပြီးခြင်း မရှိပါက၊ ရှင်းရှင်းပြောရလျှင် သင်သည် ကယ်တင်ခြင်း မျှော်လင့်ချက် မရှိပေ။ သင်သည် ကယ်တင်ခြင်းခံရဖို့ မဖြစ်နိုင်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားနှုတ်ကပတ်တော်ကို တန်ဖိုးထားခြင်းသည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းတွင် အခြေခံအုတ်မြစ်ဖြစ်သည်) လူတစ်ယောက် ကယ်တင်ခံရနိုင်သလားဆိုတာက သူ့တာဝန်နဲ့ ဘာမှမဆိုင်ဘူးဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ မြင်ခဲ့ပါတယ်။ ကယ်တင်ခြင်းဆိုတာ သမ္မာတရားကို သူတို့ရသလား၊ အပြစ်တရားနဲ့ သူတို့ရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားကို စွန့်ပစ်သလား၊ ဘုရားကို အမှန်တကယ် နာခံသလားဆိုတာနဲ့ ဆိုင်ပါတယ်။ သမ္မာတရားကို ရရှိခြင်းက လူတစ်ယောက်ရဲ့ လိုက်စားမှုနဲ့ သူလျှောက်တဲ့လမ်းအပေါ်မှာ မူတည်ပါတယ်။ ဘုရားက ဖြောင့်မတ်တယ်။ ဘယ်တော့မှ ဘက်မလိုက်ဘူး။ လူတစ်ယောက်ရဲ့ အစွမ်းအစ၊ တာဝန်က ဘာပဲဖြစ်ပါစေ သူက သမ္မာတရားကို လိုက်စားပြီး ကိုယ့်ရဲ့ စိတ်သဘောထားဆိုင်ရာပြောင်းလဲမှုကို အာရုံစိုက်သရွေ့ သူဟာ သမ္မာတရားကို တဖြည်းဖြည်းချင်း သင်ယူနိုင်တယ်။ ဖောက်ပြန်ပျက်စီးခြင်းကို စွန့်ပစ်ပြီး ကယ်တင်ခြင်းခံရနိုင်ပါတယ်။ ကျွန်မအရင်က သိခဲ့တဲ့ ခေါင်းဆောင်တချို့ကို တွေးမိတယ်။ သူတို့က လိုက်စားတဲ့နေရာမှာ အာရုံစိုက်ပုံရတယ်။ စုဝေးပွဲတွေမှာ သူတို့ မိတ်သဟာယက တော်တော်ရှင်းတယ်။ ဒီတော့ သူတို့က သေချာပေါက် ကယ်တင်ခြင်းခံရမှာပဲလို့ ကျွန်မ တွက်မိတယ်။ သူတို့ကို ကျွန်မက အရမ်းမြှောက်စားပြီး အထင်ကြီးတယ်။ ကျွန်မ အံ့သြသွားရတာက နောက်ပိုင်းမှာသူတို့က အန္တိခရစ်လမ်းကြောင်းကို လျှောက်တဲ့အတွက် ဖော်ထုတ်ခံရတယ်။ သူတို့က သူတို့ ယုံကြည်ခြင်းမှာ အရမ်းတက်ကြွတဲ့ပုံစံရှိပြီး သူတို့မိတ်သဟာယက အရမ်းကောင်းတယ်။ ဒါပေမဲ့ အားလုံးက အယူဝါဒတွေပဲ။ သူများတွေကို အထင်မှားစေဖို့ ပုံရိပ်အတုအယောင်ပဲ။ တကယ်တမ်းတော့ သူတို့က နာမည်နဲ့ အဆင့်အတန်းနောက်ကို လိုက်နေတာ၊ ဘာလက်တွေ့အလုပ်မှ မလုပ်ဘဲ ကိုယ်ပိုင်လုပ်ငန်းကို တည်ထောင်နေတာ။ ရလဒ်အနေနဲ့ အသင်းတော်အလုပ်က အရမ်းအနှောင့်အယှက်ဖြစ်ပြီး သူတို့တွေက အထုတ်ခံရတယ်။ အထင်ကြီးစရာမဟုတ်တဲ့ ပုံမှန်တာဝန်တွေကိုထမ်းဆောင်ပေမဲ့ သမ္မာတရားအပေါ် လိုက်စားခြင်းကို အာရုံစိုက်တဲ့ ညီအစ်ကိုမောင်နှမတွေအများကြီးကိုလည်း ကျွန်မ စဉ်းစားမိတယ်။ အကြောင်းအရာတွေ ပေါ်ပေါက်လာတဲ့အခါမှာ သူတို့က ဖောက်ပြန်ပျက်စီးမှုတချို့ပြတယ်။ ဒါပေမဲ့ သူတို့ကိုယ်သူတို့ သုံးသပ်ပြီး သိမြင်နိုင်ကြတယ်။ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးခြင်းကို ဖြေရှင်းဖို့ သမ္မာတရားကို လက်တွေ့လုပ်နိုင်ကြတယ်။ သူတို့က သူတို့ရဲ့ အသက်စိတ်သဘောထားကို ပြောင်းလဲနေကြတယ်။ ဒါပေမဲ့ ကျွန်မကတော့ သမ္မာတရားကို တကယ်မလိုက်စားဘဲနဲ့ နှစ်တွေအကြာကြီး ယုံကြည်သူဖြစ်ခဲ့တယ်။ ဒါကြောင့် ကျွန်မက သမ္မာတရားရဲ့ စစ်မှန်မှုထဲကို မဝင်ရောက်ရသေးဘူး။ ဘာမှမဟုတ်တဲ့ ကျွန်မတာဝန်ပြောင်းလဲမှုနည်းနည်းလေးရင်ဆိုင်ရပြီး ကျွန်မက ဘာနာခံမှုမှမရှိဘဲ အထင်လွဲတာ၊ နစ်နာတာတွေအများကြီးရှိခဲ့တယ်။ ကျွန်မရဲ့ အပျက်သဘောဆောင်ခြင်းကနေ မလွတ်မြောက်နိုင်ခဲ့ဘူး။ သမ္မာတရားကို လိုက်စားတာ၊ လက်တွေ့လုပ်တာကို အာရုံမစိုက်ဘဲနဲ့ ဘုရားရဲ့အမှုတော် အဆုံးသတ်တဲ့အခါမှာ ကျွန်မက သေချာပေါက် လက်ဗလာဖြစ်နေပြီး အထုတ်ခံရမှာပဲ။

ကျွန်မတာဝန်က ဒီပြောင်းလဲမှုတွေကို ဖြတ်သန်းရတာကြောင့် ကျွန်မရဲ့ ကောက်ကျစ်၊ ဆိုးယုတ်တဲ့ စိတ်သဘောထားကို နည်းနည်းနားလည်လာတယ်။ ယုံကြည်ခြင်းအပေါ် ကျွန်မရဲ့ အမြင်နဲ့ ကောင်းချီးတွေအတွက် ရည်ရွယ်ချက်တွေက မပြောင်းလဲတာကိုလည်း ကျွန်မ မြင်ခဲ့တယ်။ လူတစ်ယောက်ရဲ့ ကယ်တင်ခြင်းက သူ့တာဝန်နဲ့ မသက်ဆိုင်တာကို သဘောပေါက်ခဲ့ပါတယ်။ အဓိကကျတာက သမ္မာတရားကို လိုက်စားနိုင်သလား၊ အသက်စိတ်သဘောထားပြောင်းလဲသလား၊ ဘုရားသခင်ကို နာခံသလားဆိုတာပဲ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

သက်သာမှုကို တပ်မက်ခြင်းသည် မည်သည့်အရာကိုမျှ မရရှိစေပါ

ရှောင်ရွေ့ ဆွီဒင်နိုင်ငံ အရင်နှစ် ဇူလိုင်လတုန်းက ဗီဒီယိုအလုပ်ကို ကျွန်မ ဦးဆောင်ရတယ်။ အစပိုင်းမှာ ညီအစ်ကိုမောင်နှမတွေရဲ့အလုပ်ကို ကျွန်မ...

ကိုယ့်ထက်သာသွားမည်ကို အဘယ်ကြောင့် ကျွန်ုပ် အလွန်စိုးရွံ့ရသနည်း

ယန်ဖေချီ တရုတ်နိုင်ငံ ၂၀၁၇ မှာ ဘွဲ့ယူပြီးတဲ့နောက်၊ အသင်းတော်မှာ ကိုယ့်တာဝန်ကို စခဲ့တယ်။ ညီအစ်ကို မောင်နှမတွေကြားမှာ ကျွန်မက...

ကျွန်မ၏သား ဆုံးပါးသွားပြီးနောက်

ဝမ်လီ တရုတ်နိုင်ငံ ၂၀၁၄ ခုနှစ် ဇွန်လ ရက်တစ်ရက်မှာ၊ ကျွန်မသမီးက မမျှော်လင့်ဘဲ ဖုန်းဆက်ပြီး ကျွန်မသားက ငါးဖမ်းနေတုန်းမှာ ဓာတ်လိုက်ခံရတယ်လို့...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။