မာနထောင်လွှားမှုမှ ကျွန်ုပ် လွတ်မြောက်ခဲ့ပုံ

16.02.2022

ချိချိန် မြန်မာနိုင်ငံ

၂၀၁၉ ဇွန်လမှာ၊ နောက်ဆုံးသော ကာလ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ တစ်နှစ်ကြာပြီးတော့၊ အသင်းတော် ခေါင်းဆောင်အနေနဲ့ ကိုယ့်တာဝန်ကို စလုပ်ခဲ့တယ်။ လက်တွေ့လုပ်ဆောင်ဖို့ ဒီအခွင့်အရေးပေးလို့ ဘုရားကို ကျေးဇူးတင်မိတယ်၊ ဒါကြောင့် ကျွန်မတာဝန်ကို ပျော်ပျော်နဲ့ ခေါင်းမဖော်တမ်း လုပ်ခဲ့တယ်။ လိုက်လုပ်ရင်းနဲ့ အလုပ်ကို နားလည်သွားသလို၊ ညီအစ်ကို မောင်နှမတွေမှာ ရှိတဲ့ ပြဿနာတွေကို ဖြေရှင်းခဲ့တယ်။ ခဏကြာပြီးတဲ့နောက်၊ အစည်းအဝေးကို လူသစ်အများစု တက်ခဲ့ကြတယ်၊ ဧဝံဂေလိကို ဖြန့်ပြီး တာဝန်တွေကို ဆောင်ရွက်ခဲ့ကြတယ်။ ကျွန်မရဲ့တခြားအလုပ်ကလည်း ရလဒ်တချို့ ရလာခဲ့ပြီး၊ နည်းနည်း ဂုဏ်မယူဘဲ မနေနိုင်ခဲ့ဘူး။ ကျွန်မ တွေးမိတယ်၊ “ငါ့ခေါင်းဆောင်မှုတာဝန်မှာ လက်တွေ့ကျတဲ့ ပြဿနာတချို့ကို ဖြေရှင်းလိုက်တာ ဘာမှ မကြာဘူး။ ပြီးတော့ ညီအစ်ကို မောင်နှမတွေကလည်း ငါ့ကို လေးစားကြတယ်။ ငါက အရင်ခေါင်းဆောင်ထက် အများကြီး ပိုတော်တာ ဖြစ်ရမယ်”လို့ပေါ။

အစည်းအဝေးတစ်ခု ပြီးသွားတဲ့အချိန်မှာ၊ အသင်းတော်ထဲကို လူတွေ လက်ခံတဲ့ စည်းမျဉ်းတွေကို နားမလည်သေးသလို၊ ကျွန်မရဲ့ မိတ်သဟာယကို လိုချင်တယ်လို့ ညီအစ်မ တစ်ယာက်က ပြောတယ်။ ကျွန်မရဲ့လုပ်ဖော်ဆောင်ဖက်၊ အစ်မကျန်းကလည်း နားထောင်ချင်တယ်တဲ့။ ဒီတော့ ဆီလျော်တဲ့ စည်းမျဉ်းတွေကို ကျွန်မ အသေးစိတ် မိတ်သဟာယပြုပြီး အဓိကအချက်တချို့ကို အလေးထားပြောလိုက်တယ်။ မိတ်သဟာယပြီးသွားတဲ့နောက်၊ ညီအစ်ကို မောင်နှမအများစုက နားလည်တယ်လို့ ပြောတာ ကြားရတယ်။ အဲဒါကြောင့် ကျွန်မ အရမ်းပျော်ပြီး ကျွန်မအတွက် ဒီပြဿနာတွေက ဖြေရှင်းရလွယ်တယ်လို့ ခံစားရတယ်။ တဖြည်းဖြည်းနဲ့ ကျွန်မ မာနထောင်လွှားလာခဲ့တယ်။ တခြားလူတွေရဲ့ အလုပ်ကို စစ်ဆေးတဲ့အခါ၊ ခေါင်းဆောင်တချို့က သူတို့အဖွဲ့ထဲက အခြေအနေကို နားမလည်သလို သူတို့တာဝန်တွေမှာ အချိန်ဆွဲနေတာ သတိထားမိပြီး ကျွန်မ အရမ်းကို စိတ်မရှည်ဖြစ်လာတယ်။ ဒါကြောင့် သူတို့ကို ကျွန်မ ကြိမ်းမောင်းပြီး သူတို့နဲ့ မိတ်သဟာယမဖွဲ့ချင်ခဲ့ဘူး။ သူတို့ထဲကတချို့က ကျွန်မကြောင့် စိတ်ကျဉ်းကျပ်တာ တွေ့ရတော့၊ ပထမမှာ ကျွန်မဒေါသထွက်နေမိတာကို သိလိုက်တော့ အပြစ်ရှိသလို ခံစားရပေမဲ့၊ နောက်တော့ တွေးမိတယ်၊ “ငါက အသင်းတော်အတွက် အလုပ်လုပ်နေတာဖြစ်ပြီး ငါမတင်းကျပ်ရင် ရလဒ်တွေ ရနိုင်မှာ မဟုတ်ဘူး”လို့ပေါ့။ နောက်တော့၊ ကိုယ့်ကိုယ်ကိုယ် မသုံးသပ်ခဲ့သလို၊ ကိစ္စတွေ လွန်သွားတယ်။

ဧဝံဂေလိ အစည်းအဝေး မတိုင်ခင်မှာ၊ အစည်းအဝေး အကြောင်းအရာကို ဆွေးနွေးဖို့ ရေလောင်းအဖွဲ့ခေါင်းဆောင်တွေနဲ့ ကျွန်မ တွေ့ခဲ့တယ်။ အရင်ဆုံး သူတို့ အမြင်တွေကို မျှဝေဖို့ ကျွန်မ တောင်းဆိုခဲ့ပေမဲ့၊ အချိန်အကြာကြီး ဘယ်သူမှ စကားတစ်ခွန်းမပြောကြဘူး၊ ညီအစ်မ တစ်ယောက်ကပဲ မိတ်သဟာယ နည်းနည်း ပြုခဲ့တယ်။ အဲဒီတုန်းက ကျွန်မ အရမ်းစိတ်တိုသွားတာ။ အသုံးမကျလိုက်တာများ အစည်းအဝေး အကြောင်းအရာတောင် မပြောနိုင်ကြဘူးပေါ့။ သူတို့ကို ဒေါသထွက်ချင်မိခဲ့တယ်။ ဒါပေမဲ့ အဲဒီညနေ အစည်းအဝေးကို ထိခိုက်မှာစိုးလို့၊ ကျွန်မရဲ့ ဒေါသကို ပြေသွားအောင်ဘုရားကို ဆုတောင်းလိုက်တယ်။ ကျွန်မတွေးမိတယ်၊ “ဘယ်သူမှ အကြံဉာဏ်တွေ မရှိတော့ ငါ အရင်ဆုံး မိတ်သဟာယပြုလိုက်မယ်။ အစည်းအဝေးမှာ လူတိုင်းက ငါ့စိတ်ကူးတွေကို အခြေခံပြီး မိတ်သဟာယပြုရင် ရလဒ်တချို့ရနိုင်မှာပါ”လို့ပေါ့။ စိတ်ထဲ ဒီလိုအတွေးနဲ့၊ ကျွန်မအတွေးတွေကို အသေးစိတ် သူတို့နဲ့ တည်တည်ငြိမ်ငြိမ် မိတ်သဟာယပြုလိုက်တယ်။ ဒီအစည်းအဝေးက သမ္မာတရား သွင်ပြင်တချို့ကို ဗဟိုပြုနေတာဖြစ်လို့ က ကို အရင်၊ ခကို နောက်မှ မိတ်သဟာယပြုသင့်တယ်လို့ ကျွန်မ ပြောလိုက်တယ်။ အဲဒါအပြင် ပြောလိုက်သေးတယ်။ “ကျွန်မပြောတာ သင့်တော်တယ်လို့ထင်ရင် ယူသုံးဖို့ အားမနာပါနဲ့၊ ကိုယ့်မှာ ပိုကောင်းတဲ့ အကြံတွေရှိရင်တော့၊ သင့်တော်သလို မိတ်သဟာပြုလို့ရတယ်”လို့ပေါ့။ ဒါပေမဲ့ အစည်းအဝေးမှာ၊ ညီအစ်မတချို့က ညွှန်ကြားခဲ့တဲ့အတိုင်း စကားမပြောသလို တခြားလူတွေက လုံးဝ တက်တက်ကြွကြွ မိတ်သဟာယမပြုတာ တွေ့ရတယ်။ ကျွန်မ ဒေါသထွက်သွားပြီး စိတ်လွတ်ချင်သလို ဖြစ်သွားတယ်။ ဒါပေမဲ့ အစည်းအဝေးမှာရှိတဲ့ လူသစ်တွေ စိတ်ကျဉ်းကျပ်မှာကြောက်လို့ ကျွန်မ ကိုယ့်ဒေါသကို ဆက်ပြီး ထိန်းချုပ်ခဲ့တယ်။ အစည်းအဝေးပြီးသွားတော့၊ မျှော်လင့်ထားတဲ့ ရလဒ်တွေ ကျွန်မတို့ မရခဲ့ကြဘူး။ ကျွန်မ အရမ်းဝမ်းနည်းသွားတယ်။ အစည်းအဝေးပြီးသွားတဲ့အချိန်မှာ၊ ကျွန်မ ပြောလိုက်တယ်၊ “ဒီညအစည်းအဝေး ရလဒ်တွေနဲ့ပတ်သက်လို့ ဘယ်လိုခံစားရလဲ။ ရှင်တို့ ဘာပြဿနာ၊ ချွတ်ယွင်းချက်တွေ သတိထားမိလဲ ပြောပါဦး”လိုပေါ့။ ညီအစ်မ တစ်ယောက်က မိတ်သဟာယပြုဖို့ ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် မလုပ်နိုင်ခဲ့ဘူးတဲ့။ တခြားညီအစ်မတွေက အစည်းအဝေး တိုလွန်းတယ် ပြောတယ်။ ပြီးတော့ တခြားလူတွေက အချိန်မလောက်ဘူးလို့ လိုက်ပြောကြတယ်။ အဲဒါကို ကြားပြီးတဲ့နောက်၊ ကျွန်မဒေါသ ထွက်လာပြန်တယ်။ ကျွန်မ တွေးမိတယ်၊ “အမှားတွေကို ရှင်တို့နဲ့ တည်တည်ငြိမ်ငြိမ် စစ်ဆေးချင်ခဲ့ပေမဲ့၊ ရှင်တို့က ကိုယ့်ပြဿနာကို မဆင်ခြင်နိုင်ခဲ့ရုံမကဘူး၊ ဆင်ခြေတွေပါ ရှာကြတယ်။ ရှင်တို့ကို သင်ခန်းစာပေးရတော့မယ်”လို့ပေါ့။ အဲဒီနောက် သူတို့ကို ကိုင်တွယ်ဖြေရှင်းရာမှာ သုံးဖို့ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ပိုလိုက်တယ်။ အစည်းအဝေး အကြောင်းအရာကို ဆွေးနွေးနေချိန်မှာ သူတို့က အရမ်းကို မထုံတက်သေးနဲ့၊ အစည်းအဝေး အဆင်မပြေတဲ့အခါ၊ ဆင်ခြေတွေပေးပြီး ကိုယ့်ကိုယ်ကိုယ် မသုံးသပ်ကြဘူးလို့ ကျွန်မပြောလိုက်တယ်။ ညီအစ်ကို မောင်နှမ တစ်ယောက်မှ စကားတစ်ခွန်း မပြောရဲကြဘူး။ နောက်တော့၊ ကျွန်မရဲ့ စကားတွေက တော်တော်များ ကြမ်းသွားလားလို့ ကျွန်မ သုံးသပ်မိတယ်။ ညီအစ်ကို မောင်နှမတွေကို အဲဒီလို ကိုင်တွယ်ဖြေရှင်းတာ မမှန်ဘူးလေ။ ဒါပေမဲ့လည်း တွေးမိတယ်၊ “သူတို့ ကိုယ့်ကိုယ်ကိုယ် သိအောင် ကူညီပေးဖို့ ငါလုပ်ရတာပဲ” ပေါ့။ မှန်တာကို လုပ်တာလို့ ကျွန်မ ခံစားရပြီး ကိုယ့်ပြဿနာတွေအပေါ် မဆင်ခြင်ခဲ့ဘူး။ အဲဒီနောက်၊ ရေလောင်းတဲ့သူတွေက အစွမ်းအစ ညံ့ပြီး တာဝန်တွေမှာ တာဝန်သိစိတ်မရှိဘူးလို့ ခေါင်းဆောင်ဆီ ကျွန်မ တိုင်ကြားခဲ့တယ်။ သူ့ကို တော်တဲ့ ရေလောင်းသူတွေကို ကျွန်မဆီ ပို့စေချင်ခဲ့သလို၊ ညီအစ်မတစ်ယောက်ကိုတောင် ကျွန်မ ဖယ်ရှားချင်ခဲ့တာ။ ဒါပေမဲ့ ခေါင်းဆောင်က၊ “သူတို့ ဘုရားကို ယုံကြည်တာ မကြာသေးဘူး၊ ဝိညာဉ်ရင့်ကျက်မှု နည်းသေးတယ်။ ကျွန်တော်တို့ သိပ်တောင်းဆိုလို့မရသလို၊ သူတို့ကို မိတ်သဟာယပြုပြီး ကူညီပေးဖို့ လိုတယ်”ဆိုပြီး ကျွန်မကို မိတ်သဟာယပြုပေးခဲ့တယ်။ လတ်တလောမှာ ဘုရားအမှုသစ်ကို လက်ခံထားတဲ့ လူသစ်တွေ များနေလို့ ကျွန်မအတွက် ရေလောင်းသူတွေ ဘယ်သူကိုမှ ချန်ပေးလို့ မရဘူးလို့လည်း ပြောတယ်။ ဒါကို ကြားလိုက်တာနဲ့၊ ကျွန်မ အင်တင်တင်နဲ့ လက်ခံခဲ့တယ်။

နောက်တော့၊ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက် အစ်ကျန်းက အလုပ်အကြောင်း ကျွန်မကို သိပ်အများကြီး မပြောတာ တွေ့ရတယ်။ အလုပ်မှာရှိတဲ့ ပြဿနာတစ်ခုခုအကြောင်း သူ ကျွန်မကို လုံးဝ မပြောချင်သလို၊ လုပ်ဖော်ကိုင်ဖက်အစည်းအဝေးမှာ အကြိမ်တော်တော်များများ သင်းထောက်တချို့က တက်တက်ကြွကြွ မိတ်သဟာယမပြုလို့ ကျွန်မ စိတ်ပျက်မိတယ်။ နှစ်ရက်သုံးရက်နေတော့၊ ခေါင်းဆောင်က၊ “အစည်းအဝေးမှာ ခင်ဗျားက ကြိမ်းမောင်းပြီး ကိုင်တွယ်ဖြေရှင်းတတ်တယ်လို့ အစ်မကျန်းက သတင်းပို့တယ်။ ဒီလေသံနဲ့ မိတ်သဟာယပြုတာက လူတွေကို စိတ်ကျဉ်းကျပ်စေလို့၊ ဒီကိစ္စကို ခင်ဗျား ကောင်းကောင်း ဆင်ခြင်ဖို့လိုတယ်”လို့ ပြောရင်းနဲ့ ကျွန်မရဲ့ ပြဿနာတွေကို ထောက်ပြခဲ့တယ်။ ကျွန်မ တွေးမိတာက၊ “ငါက သူတို့ပြဿနာတွေ ထောက်ပြခဲ့တာ။ သူတို့က ကိုယ့်ကိုယ်ကိုယ်လည်း မသိ၊ အခုကျတော့စိတ်ကျဉ်းကျပ်တယ်ဆိုပဲ။ ဒါပေမဲ့ ငါ သူတို့ကို တစ်ခါမှ စိတ်မကျဉ်းကျပ်ခိုင်းပါဘူး။ သူတို့ စိတ်ကျဉ်းကျပ်တယ်ဆိုရင် အဲဒါ သူတို့ ကိစ္စပဲ”လို့ပေါ့။ နောက်ပိုင်းမှာ အပြစ်ရှိသလိုလည်း ခံစားရပြီး၊ ညီအစ်ကို မောင်နှမတွေနဲ့ ပူးပေါင်း လုပ်ဆောင်နေတုန်းမှာ ဖောက်ပြန်ပျက်စီးခြင်းကို ပြခဲ့မိပြီလို့ သဘောပေါက်လိုက်တယ်၊ အဲဒါက သူတို့က စိတ်ကျဉ်းကျပ်စေခဲ့တာပဲ။ ဖွင့်ပြောပြီး မိတ်သဟာယပြုဖို့ အစ်မကျန်းဆီ ကျွန်မ သွားခဲ့ပြီး၊ ပြောလိုက်တယ်၊ “စကားကိုတဲ့တိုးပြောပြီး ခဏခဏ ဒေါသထွက်တာက ကျွန်မပါ။ ညီအစ်ကို မောင်နှမတွေရဲ့ ဖောက်ပြန်ပျက်စီးခြင်းနဲ့ ချို့ယွင်းချက်တွေကို မှန်မှန်ကန်ကန် မကိုင်တွယ်ခဲ့ဘူး၊ လူတွေနဲ့ပတ်သက်လို့ အရမ်းကို ကြမ်းကြမ်းတမ်းတမ်း ပြောမိတယ်၊ အဲဒါက သူတို့ကို စိတ်ကျဉ်းကျပ်စေတာပဲ”လို့ပေါ့။ အစ်ကျန်းက၊ “ညီမက မာနထောင်လွှားတယ်၊ ကိုယ့်ကိုယ်ကိုယ် မှန်တယ်ထင်တယ်၊ ဒေါသကြီးသလို၊ တခြားလူတွေကို နှိမ်ပြောပြီး ကြိမ်းမောင်းချင်တယ်”လို့ ပြောတာ ကြားရတော့ ကျွန်မ အံ့ဩပြီး ကျွန်မ မှင်သက်သွားတယ်။ ကျွန်မ တွေးမိတယ်၊ “ငါ မာနထောင်လွှားတာ ဝန်ခံတယ်၊ ဒါပေမဲ့ ရှင်တို့တစ်ယောက်ကိုမှ ကျွန်မ နှိမ်မပြောတာ သေချာတယ်။ ခုပဲ ရှင့်ကို ကျွန်မ ဖွင့်ပြောပြီး မိတ်သဟာယပြုခဲ့တာလေ၊ ဒါပေမဲ့ ရှင်က ကိုယ့်ကိုယ်ကိုယ် မသိသလို၊ ကျွန်မပြဿနာတွေကို အခု ဖော်ထုတ်နေတယ်” လို့ပေါ။ အဲဒါကို ကျွန်မ လက်မခံနိုင်ခဲ့လို့၊ တာဝန်တွေမှာ သူ့ပြဿနာတချို့ကိုလည်း ကျွန်မ ထောက်ပြခဲ့တယ်။ ကျွန်မပြောတာကို အစ်မကျန်းက ချက်ချင်းလက်ခံတော့ ကျွန်မ အံ့ဩသွားရတယ်။ ရှက်မိသလို နည်းနည်း စိတ်မသက်မသာလည်း ဖြစ်မိတယ်၊ ဒါကြောင့် ဘုရားဆီကို “ဘုရားသခင် ဒီကိစ္စက ကိုယ်တော်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်မှန်း သိပါတယ်။ အစ်မက ကျွန်မပြဿနာတွေကို ထောက်ပြခဲ့ပေမဲ့ အသိအမှတ်မပြု၊ လက်မခံနိုင်ခဲ့ဘူး။ ဘုရားသခင်၊ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ဖို့ ဉာဏ်အလင်းပေးပြီး ကူညီပါ”လို့ ပြောပြီး ဆုတောင်းလိုက်တယ်။

အဲဒီနောက်မှာ၊ ကျွန်မ မာနထောင်လွှားတယ်၊ ကိုယ့်ကိုယ်ကိုယ် မှန်တယ်ထင်ပြီး လူတွေကို နှိမ်ပြောတယ်လို့ အစ်မကျန်း ပြောတာကို အခြေခံပြီး၊ ကျွန်မ သုံးသပ်ခဲ့ပေမဲ့၊ သုံးရက်ကြာ စဉ်းစားပြီးတဲ့နောက်မှာ၊ အဲဒါကို ကျွန်မ နားမလည်နိုင်သေးဘူး။ အစ်မကျန်းဆီ ကျွန်မသွားပြီး ရှင်းပေးဖို့ သူ့ကို တောင်းဆိုခဲ့တယ်။ သူပြောတာက၊ “ပြီးခဲ့တဲ့အခေါက်၊ အစည်းအဝေး ခြုံငုံသုံးသပ်ချက်မှာ၊ ကျွန်မတို့ ဘာပြဿနာတွေ အတိအကျ ရှိနေတယ်ဆိုတာ မမေးခဲ့ဘူး၊ ရုတ်တရက်ကြီး ကိုင်တွယ်ဖြေရှင်းခဲ့တယ်”တဲ့။ ကျွန်မ တွေးမိတာက၊ “ဒီတစ်ခေါက်ကိုပဲ အစ်မက ကျွန်မ မာနထောင်လွှားပြီး တခြားလူတွေကို နှိမ်ပြောချင်တယ်လို့ပြောတာလား”ပေါ့။ ကျွန်မ ရှင်းပြလိုက်တယ်၊ “အစ်မကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ကျွန်မမှာ အကြောင်းပြချက်ရှိတယ်။ ပထမတော့၊ အမှားတွေကို ကျွန်မ စစ်ဆေးကြည့်ချင်ခဲ့တာ။ အစ်မတို့ တစ်ယောက်မှ ကိုယ့်ကိုယ်ကိုယ် မသိကြတာကို မြင်တော့မှ ကျွန်မ ဒေါသထွက်သွားတာပါ”လို့ပေါ့။ အစ်မကျန်းက နားလည်မယ်လို့ ကျွန်မ ထင်ခဲ့ပေမဲ့၊ သူက ချက်ချင်းပြောတယ်၊ “ညီမက အရမ်း မာနထောင်လွှားတယ်ထင်တယ်။ ကိုယ့်စိတ်ကူးတွေကို အမှန်တရားလို သဘောထားပြီး၊ လူတိုင်းကို ကိုယ်ပြောတာ နားထောင်စေချင်တယ်”တဲ့။ သူဒီလိုပြောတာကြားတော့၊ ကျွန်မ စိတ်ပဲရှုပ်ထွေးသွားတယ်။ သူ့ကို နားကြားလွဲမိတာလို့ ထင်မိလို့ သေချာအောင် ကျွန်မ ထပ်မေးခဲ့ပြီး၊ သူက ကျွန်မကို အရမ်း ရှင်းရှင်း ပြောခဲ့တာက၊ “အဲဒါ မှန်တယ်”တဲ့။ ကျွန်မ စစိုးရိမ်လာပြီး တွေးမိတာက၊ “သူပြောတာက အဓိပ္ပာယ်ကို မရှိတာ။ ကိုယ့်စိတ်ကူးတွေကို အမှန်တရားအနေနဲ့ ဘယ်လိုဖြစ်ပြီး ငါ သဘောထားရဲမှာလဲ။ အဲဒီလို တစ်ခါမှ မတွေးခဲ့ပါဘူး” လို့ပေါ့။ ဒါပေမဲ့ ဒီလို ကိုင်တွယ်ဖြေရှင်းခံရတာရဲ့ နောက်မှာ ဘုရားရဲ့ ရည်ရွယ်ချက်ကောင်းတွေရှိမှန်း သိခဲ့လို့၊ ဘုရားဆီ အမြန်ဆုတောင်းပြီး ကိုယ့်ကိုယ်ကိုယ် သုံးသပ်ပြီး သိနိုင်အောင် ဉာဏ်အလင်းပေးဖို့ တောင်းလျှောက်ခဲ့တယ်။

နောက်ပိုင်းမှာ၊ ကျွန်မရဲ့ ဝတ်ပြုခြင်း အတောအတွင်းမှာ ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ် ဖတ်ရတယ်။ “လူအချို့က သူတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မရှိကြောင်း၊ သူတို့သည် မာနမထောင်လွှားကြောင်း ဆိုကြသည်။ ဤသူတို့မှာ မည်သို့သောလူများ ဖြစ်သနည်း။ သူတို့သည် အသိစိတ်မရှိသည့် လူများဖြစ်ကြပြီး ၎င်းတို့သည် အားလုံးထဲတွင် အမိုက်မဲဆုံးနှင့် မာနအထောင်လွှားဆုံး ဖြစ်ကြသည်။ အမှန်ဆိုလျှင် သူတို့သည် လူတိုင်းထက် ပို၍မာနထောင်လွှားပြီး ပုန်ကန်တတ်ကြ၏။ တစ်စုံတစ်ယောက်က သူသည် ဖောက်ပြန်ပျက်စီးခြင်း မရှိပါဟု ပြောလေလေ၊ မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်လေလေပင် ဖြစ်သည်။ အခြားသူများက သူတို့ကိုယ်သူတို့ သိနိုင်ပြီး ဘုရားသခင်၏တရားစီရင်ခြင်းကို လက်ခံနိုင်ကြသော်လည်း သင်ကမူ အဘယ့်ကြောင့် မလုပ်နိုင်ရသနည်း။ သင်သည် ခြွင်းချက်ဖြစ်သလော။ သင်သည် သူတော်စင်တစ်ဦး ဖြစ်သလော။ သင်သည် လက်တွေ့ဘဝနှင့် ကင်းကွာလျက် အသက်ရှင်သလော။ လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ဖျက်ဆီးခြင်းကို ခံထားရကြောင်း၊ လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိကြောင်းကို သင်အသိအမှတ်မပြုပေ၊ သို့ဖြစ်၍ သင်သည် အားလုံးထဲတွင် အပုန်ကန်ဆုံးနှင့် မာနအထောင်လွှားဆုံးဖြစ်၏။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “လူသား၏ မာနထောင်လွှားသော သဘာဝသည် ဘုရားသခင်အပေါ် သူဆန့်ကျင်ခြင်း၏ အရင်းအမြစ် ဖြစ်သည်”)ခေါင်းဆောင်များစွာတို့သည် လူတို့အား သြဝါဒပေးခြင်းကိုသာ စွမ်းဆောင်နိုင်ကြသည်ကိုလည်းကောင်း၊ အမြင့်မှနေ၍ လူတို့ကို တရားဟောခြင်းသာ တတ်နိုင်ကြသည်ကိုလည်းကောင်း၊ လူတို့အား တန်းတူဆက်သွယ်ပြောဆိုခြင်းမပြုလုပ်နိုင်သည်ကိုလည်းကောင်း ကျွန်ုပ်တွေ့ရှိရသည်။ ၎င်းတို့သည် လူတို့နှင့် ပုံမှန် မဆက်ဆံနိုင်ပေ။ အချို့လူတို့သည် စကားပြောသောအခါ အစဉ်သဖြင့် မိန့်ခွန်းပြောနေသကဲ့သို့၊ သို့မဟုတ် အစီရင်ခံချက်တစ်ခု ပြုလုပ်နေသကဲ့သို့ ဖြစ်သည်။ ၎င်းတို့စကားများသည် အခြားလူတို့၏ အခြေအနေကိုသာ အစဉ် ဦးတည်ပြီး၊ ၎င်းတို့ကိုယ်တိုင်၏ အကြောင်းကို မည်သည့်အခါမျှ ဖွင့်ပြောခြင်းမရှိ၊ ၎င်းတို့ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မည်သည့်အခါမျှ စိစစ်လေ့လာခြင်းမရှိဘဲ သူတစ်ပါးသိစေရန် အခြားလူများ၏ ပြဿနာများကိုသာ စိစစ်လေ့လာသည်။ ၎င်းတို့သည် အဘယ်ကြောင့် ဤသို့ပြုလုပ်ကြသနည်း။ ၎င်းတို့သည် ဤသို့သော တရားဒေသနာများကို အဘယ်ကြောင့် ဟောကြားတတ်သနည်း။ ဤကဲ့သို့သောအရာများကို အဘယ်ကြောင့် ပြောဆိုတတ်သနည်း။ ဤသည်မှာ ၎င်းတို့သည် မိမိတို့ကိုယ်ကိုသိမြင်မှုမရှိကြောင်း၊ အသိစိတ် အလွန်ကင်းမဲ့ကြောင်း၊ အလွန်အမင်း မာနထောင်လွှားပြီး စိတ်ကြီးဝင်ကြောင်း သက်သေဖြစ်သည်။ အခြားလူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သတိပြုမိသည့် ၎င်းတို့ အရည်အချင်းက ၎င်းတို့သည် အခြားလူတို့အထက်တွင်ရှိကြောင်း၊ လူတို့နှင့် အမှုအရာတို့တွင် ပိုင်းခြားသိမြင်ရာတွင် အခြားလူတို့ထက် တော်ကြောင်း၊ ၎င်းတို့သည် အခြားလူတို့ထက် ပို၍ ဖောက်ပြန်ပျက်စီးခြင်းနည်းပါးကြောင်းကို သက်သေပြသည်ဟု ၎င်းတို့က ထင်ကြသည်။ သူတစ်ပါးတို့အား စိစစ်လေ့လာပြီး သြဝါဒပေးနိုင်သော်လည်း မိမိတို့ကိုယ်ကို ဖွင့်ချပြရန် မစွမ်းဆောင်နိုင်ခြင်း၊ ၎င်းတို့ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မထုတ်ဖော်ပြခြင်း၊ သို့မဟုတ် စိစစ်လေ့လာမှုမရှိခြင်း၊ ၎င်းတို့၏ သရုပ်မှန်ကို မပြသခြင်း၊ ၎င်းတို့၏ ကိုယ်ပိုင်အရင်းခံ အကြောင်းရင်းများနှင့်ပတ်သက်ပြီး လုံးဝ မပြောဆိုခြင်း၊ အခြားလူများကိုသာ မှားယွင်းသည့်အရာကိုလုပ်သည့်အတွက် သြဝါဒပေးခြင်း၊ ဤသည်မှာ မိမိကိုယ်ကို ကြီးကျယ်စေခြင်းနှင့် မိမိကိုယ်ကိုမြှောက်စားခြင်းဖြစ်သည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “နိုင်ငံတော်ခေတ်၌ ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များအကြောင်း စကားပြောခြင်း”) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မရဲ့ အခြေအနေမှန်ကို ထုတ်ဖော်ပြခဲ့တယ်။ လူသားမျိုးနွယ်အားလုံးက စာတန်ကြောင့် ဖောက်ပြန်ပျက်စီးခဲ့ပြီး ဆိုးယုတ်တဲ့ စိတ်သဘောထား ပြည့်နေတာ။ ကျွန်မလည်း ဘာမှမကွဲပြားတာ သေချာတယ်။ ကျွန်မလည်း စာတန်ကြောင့် ဖောက်ပြန်ပျက်စီးခဲ့တယ်။ မာနထောင်လွှားတဲ့ စိတ်သဘောထားကို ဘယ်လိုလုပ် မရှိဘဲနေမှာလဲ။ မာနထောင်လွှားပြီး နှိမ်ပြောလို့ အစ်မက ကျွန်မကို ကိုင်တွယ်ဖြေရှင်းတာဟာ ဘုရားဆီက လာတာ။ ဒါပေမဲ့ ကိုင်တွယ်ဖြေရှင်းတော့ သူ စကားပြော အရမ်းကြမ်းတယ်လို့ ထင်ခဲ့တယ်။ ကျွန်မ အရမ်းကို ဆတ်ဆတ်ထိမခံဖြစ်တော့ ကိုယ့်ကိုယ်ကိုယ် လုံးဝ မသိခဲ့ဘူး။ ဘုရားနှုတ်ကပတ်တော်တွေက ပြောတယ်။ ခေါင်းဆောင်တွေက သမ္မာတရားကို မိတ်သဟာယမပြု၊ သူများကို မပံ့ပိုး၊ ကိုယ့်ကိုယ်ကိုယ် မဆန်းစစ် မသိနိုင်ဘဲ၊ ဒေသနာတွေ ဟောနေတုန်း သူများကို ကြိမ်းနေ၊ နှိမ်နေပြီး သူများထက် တော်တယ်လို့ အမြဲထင်ရင်၊ သူတို့က မာနအထောင်လွှားဆုံး၊ အပုန်ကန်ဆုံးပဲတဲ့။ ဒါဟာ တာဝန်မှာ ကျွန်မ ပြုမူခဲ့တဲ့ပုံဖြစ်မှန်း ကျွန်မ သဘောပေါက်လိုက်တယ်။ ကျွန်မ တာဝန်ယူတဲ့ အလုပ်က ထိရောက်တဲ့အခါ၊ ညီအစ်ကို မောင်နှမတွေက ကျွန်မကို ထောက်ခံတဲ့အခါ၊ ကျွန်မ ကိုယ့်ကိုယ်ကိုယ် စသဘောကျလာပြီး ညီအစ်ကို မောင်နှမတွေထက် ပိုတော်တယ်လို့ ခံစားခဲ့တယ်။ ကိစ္စတွေကို သူတို့ နှေးနှေးကွေးကွေး လုပ်နေကြတာ မြင်တော့၊ ဝန်တာမထမ်းကြဘူးလို့ ထင်ခဲ့တယ်။ ဒီတော့ ဒေါသထွက်တယ်၊ သူတို့ကို ကြိမ်းမောင်း၊ ပြစ်တင်ခဲ့တယ်၊ သူတို့ အရမ်းဆိုးတယ်လို့ ခံစားရပြီး အစွမ်းအစ ညံ့ဖျင်းတယ်လို့ ထင်တဲ့ ညီအစ်မကို သူ့တာဝန်တွေမှာ ထိရောက်ရဲ့လားဆိုတာတောင် မကြည့်ဘဲ ဖယ်ရှားချင်ခဲ့တယ်။ အစည်းအဝေး အကြောင်းအရာကို ဆွေးနွေးကြတဲ့အခါ၊ ညီအစ်ကို မောင်နှမတွေက နှုတ်ဆိတ်နေကြပေမဲ့၊ သူတို့ အခက်အခဲတွေကို မေးမယ့်အစား၊ တစ်နည်းနည်းနဲ့ အတင်း မိတ်သဟာယပြုခိုင်းခဲ့တယ်၊ အဲဒါက သူတို့ကို စိတ်ကျဉ်းကျပ်စေခဲ့တာပဲ။ အစည်းအဝေး အတောအတွင်းမှာ၊ ကျွန်မ စိတ်ကူးတွေအတိုင်း သူတို့ မိတ်သဟာယမပြုတော့၊ ဒေါသထွက်ပြီး သူတို့ကို ကိုင်တွယ်ဖြေရှင်းချင်ခဲ့တယ်။ သူတို့ ပြဿနာတွေကို ကျွန်မ ထောက်ပြပေမဲ့၊ အဲဒါတွေကို သူတို့ သတိမထားမိတော့၊ စိတ်ထဲမှာ သူတို့ကို အထင်သေးပြီး နှိမ်ခဲ့သလို၊ သူတို့ကို ပြင်းပြင်းထန်ထန်တောင် ကိုင်တွယ်ဖြေရှင်းခဲ့တယ်။ သူတို့မှာ ဒီလောက် ဝိညာဉ်ရင့်ကျက်မှု ရှိမရှိ မစဉ်းစားခဲ့ဘူး။ နောက်ပိုင်းမှာ၊ ခေါင်းဆောင်က ကျွန်မကြောင့် အစ်မကျန်း စိတ်ကျဉ်းကျပ်တယ်လို့ ပြောပြီး ကျွန်မကို ဆင်ခြင်ခိုင်းခဲ့တယ်၊ ဒါပေမဲ့ ကျွန်မ အလေးအနက် မထားခဲ့သလို၊ အစ်မကျန်းကို သူ့ကိုယ်သူ ပိုသိအောင် ကူညီဖို့ ကိုင်တွယ်ဖြေရှင်းခဲ့တာလို့ တွေးခဲ့တယ်။ တစ်ခါ အစ်မကျန်းက ကျွန်မကို ကြိမ်းမောင်းခဲ့တာ သတိရတယ်။ အစည်းအဝေးတွေမှာ ကျွန်မရှိတဲ့အခါ မိတ်သဟာယ မပြုရဲတဲ့ လူသစ်တစ်ယောက် ရှိတယ်တဲ့။ အဲဒီတုန်းက အဲဒါကို ကျွန်မ ဘာမှမတွေးခဲ့ဘူး။ အခုမှပဲ ညီအစ်ကို မောင်နှမတွေအားလုံးက ကျွန်မကြောင့် စိတ်ကျဉ်းကျပ်တာကို မြင်ခဲ့ရတာ၊ ဒါပေမဲ့ ကျွန်မ ပြဿနာတွေကို မသိခဲ့သလို၊ ဝန်တာမထမ်းတဲ့အတွက် သူတို့ကို ကျွန်မ အထင်သေးခဲ့တယ်။ ကျွန်မ တကယ်ကို အရမ်း မာနထောင်လွှားခဲ့တာပဲ။ ညီအစ်ကို မောင်နှမတွေကို ညီတူညီမျှ ကျွန်မ မဆက်ဆံခဲ့သလို၊ သူတို့ အခက်အခဲတွေနဲ့ အားနည်းချက်တွေကို နားလည်ဖို့နဲ့ စဉ်းစားပေးဖို့ မကြိုးစားခဲ့ဘူး။ အဲဒီအစား၊ သူတို့ကို အထက်စီးက ကြိမ်းမောင်းခဲ့တယ်။ ကျွန်မကို ပြုပြင်၊ ကိုင်တွယ်ဖြေရှင်းပြီး အသိပေးဖို့ ညီအစ်ကို မောင်နှမတွေကို ဘုရား အသုံးပြုတဲ့အခါ၊ ကိုယ့်ကိုယ်ကိုယ် လုံးဝ မသိခဲ့သလို၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်၊ ရှင်းပြဖို့ ကြိုးစားခဲ့တယ်။ ကျွန်မက တဲ့တိုးပြောပြီး ဒေါသကြီးတာပဲ ရှိတာပါလို့ တွေးခဲ့တယ်။ လူတွေကို အထက်စီးကနေပြီး ကြိမ်းမောင်းနေတာကို ဝန်မခံနိုင်ခဲ့ဘူး။ တခြားလူတွေကို ကိုယ့်ကိုယ်ကိုယ် သိဖို့ အမြဲတောင်းဆိုခဲ့ပေမဲ့၊ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးခြင်းကို မဆင်ခြင်ခဲ့ဘူး။ ကျွန်မ အမြဲမှန်ပြီး တခြားလူတွေအားလုံးရဲ့ အပြစ်လို့ အမြဲ ထင်ခဲ့တယ်။ အရမ်း မာနထောင်လွှားပြီး ဆင်ခြင်တုံတရားမဲ့ခဲ့တာ။ အဲဒီအခါမှ ကျွန်မအတွက် ဘုရားရဲ့ ကရုဏာနဲ့ သည်းခံခြင်းကို မြင်ခဲ့တယ်။ ကျွန်မရဲ့ ပြဿနာတွေကို ထောက်ပြဖို့၊ ကိုယ့်ကိုယ်ကိုယ် သိပြီး ကိုယ့်အပြစ်တွေ ဝန်ခံ၊ နောင်တရဖို့ ဘုရားက အစ်မကျန်းကို အကြိမ်ကြိမ် သုံးခဲ့တာပဲ။

နောက်ပိုင်းမှာ၊ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ဖတ်ခဲ့တယ်။ “သင်၏စိတ်နှလုံးထဲတွင် သင်သည် သမ္မာတရားကို အမှန်တကယ် နားလည်ပါက၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကာ ဘုရားသခင်ကို နာခံဖို့နည်းလမ်းအား သင်သိလိမ့်မည် ဖြစ်ပြီး သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းပေါ်ကို သင် အလိုအလျောက် စတင်လိမ့်မည် ဖြစ်သည်။ သင်လျှောက်သည့် လမ်းကြောင်းသည် မှန်ကန်သည့် လမ်းကြောင်းဖြစ်ပြီး ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီပါက၊ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်သည် သင့်ကို စွန့်ခွာလိမ့်မည် မဟုတ်ချေ— ထိုအခြေအနေတွင် ဘုရားသခင်အား သင် သစ္စာဖောက်ဖို့အလားအလာ နည်းသည်ထက် နည်းလာပေလိမ့်မည်။ သမ္မာတရားမရှိပါက မကောင်းမှုပြုရန် လွယ်ကူပြီး မရည်ရွယ်ဘဲ ယင်းကို သင်လုပ်မိလိမ့်မည် ဖြစ်သည်။ ဥပမာ၊ သင့်တွင် မာနထောင်လွှားပြီး စိတ်ကြီးဝင်သော စိတ်သဘောထားတစ်ခုရှိလျှင် ဘုရားသခင်ကို မဆန့်ကျင်ရန် ပြောဆိုခံရခြင်းသည် ထူးခြားမှုမရှိပေ။ သင်သည် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ပေ။ သင်ထိန်းချုပ်နိုင်သည်ထက် ကျော်လွန်သည်။ သင်သည် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်မည်မဟုတ်ပေ။သင်၏ မောက်မာပြီး ထောင်လွှားသော သဘာဝဗီဇ၏ အုပ်စိုးမှုအောက်၌ သင် ထိုသို့ပြုလိမ့်မည်။ သင်၏ မောက်မာခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့သည် သင့်ကို ဘုရားသခင်အား အထင်အမြင်သေးစေမည်ဖြစ်ပြီး သူ့အား အရေးမပါသောသူအဖြစ် မြင်စေမည်ဖြစ်သည်။ ထိုအရာတို့သည် သင့်ကိုယ်သင် ချီးမြှောက်စေလိမ့်မည်ဖြစ်ပြီး အစဉ်တစိုက် မိမိကိုယ်ကို ပြစားဝင့်ဝါလိမ့်မည် ဖြစ်သည်။ ယင်းတို့က သင့်အား အခြားသူများကို အထင်အမြင်သေးစေမည်၊ သင့်စိတ်နှလုံးထဲတွင် သင်ကိုယ်တိုင်မှလွဲ၍ အခြားမည်သူကိုမျှ ထားမည် မဟုတ်ချေ။ ယင်းတို့က သင်သည် အခြားလူများထက်ရော၊ ဘုရားသခင်ထက်ပါ သာလွန်သည်ဟု သင့်ကိုယ်သင် တွေးစေပေမည်၊ ပြီးလျှင် နောက်ဆုံးတွင် သင့်အား ဘုရားသခင်၏နေရာတွင် ထိုင်ဖို့ဖြစ်စေပြီး လူများအား သင့်အတွေးများ၊ အကြံဉာဏ်များနှင့် အယူအဆများကို သမ္မာတရားအဖြစ် ကြည်ညိုလေးစားစေလျက်၊ သင့်ကို ကျိုးနွံနာခံဖို့ တောင်းဆိုစေမည် ဖြစ်သည်။ မိမိတို့၏ မောက်မာ၍ ထောင်လွှားသော သဘာဝ၏ အုပ်စိုးမှုအောက်၌ လူတို့သည် မည်မျှများပြားလှသော ဒုစရိုက်မှုကို ပြုကြသည်ကို ကြည့်လော့။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်”) ဘုရားနှုတ်ကပတ်တော်ကနေ နားလည်လိုက်တာက၊ မာနထောင်လွှားပြီး ကိုယ်မှန်တယ်ထင်တဲ့ သဘာဝတွေရှိတဲ့သူတွေက ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်တယ်၊ တခြားလူတွေကို နှိမ်ပြီး သူတို့ အမြဲမှန်တယ်လို့ ထင်ကြတယ်ဆိုတာပဲ။ သူတို့ရဲ့ စိတ်ကူးတွေကိုတောင် အမှန်လို့ မှတ်ယူကြပြီး မကောင်းမှု လုပ်နိုင်တယ်၊ ဘုရားကို အချိန်မရွေး ဆန့်ကျင်နိုင်တယ်။ တခြားလူတွေနဲ့ အရင်က ကျွန်မရဲ့ ဆက်ဆံရေးကို တွေးမိတယ်။ သူတို့တွေ ကိုယ့်ကိုယ်ကိုယ် သိအောင်ကူညီဖို့ ကိုယ့်အတွေ့အကြုံကို လုံးဝ မဆွေးနွေးခဲ့ဘူး၊ ကိုယ့်ဖောက်ပြန်ပျက်စီးခြင်းကို မစိစစ်ခဲ့ဘူး။ အဲဒီအစား၊ သူတို့ကို အထက်စီးကနေ စိစစ်ပြီး ဖော်ထုတ်ခဲ့တယ်။ သူတို့ နားမလည်တဲ့အခါ၊ ကျွန်မ ဒေါသထွက်တယ်၊ သူတို့ကို စိတ်ကျဉ်းကျပ်စေရင်းနဲ့ နှိမ်ပြီး ကိုင်တွယ်ဖြေရှင်းခဲ့တယ်။ သူတို့တာဝန်တွေကို ဟန့်တားပြီး အသင်းတော် အသက်တာ ထိရောက်မှုကို ထိခိုက်တဲ့ ပြဿနာတွေ သူတို့မှာ ရှိလားဆိုတာ ကျွန်မကို မပြောရဲကြဘူး။ ဒီအရာအားလုံးက ကျွန်မရဲ့ မာနထောင်လွှားတဲ့ သဘာဝကြောင့် ဖြစ်ခဲ့တာ။ လူတွေကို ထောက်ပံ့ပြီး ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးခြင်းကို ဖော်ထုတ်ဖို့ ဘုရားက သမ္မာတရားဖော်ပြပုံကို တွေးမိတယ်။ ဘုရားက ကျွန်မတို့ကို လက်ခံဖို့၊ လက်တွေ့လုပ်ဆောင်ဖို့ ဖိအားလုံးဝ မပေးဘူး။ အဲဒီအစား၊ လူတွေကို စိတ်ရှည်ရှည် လမ်းပြပြီး သူ့နှုတ်ကပတ်တော်နဲ့ အမှုတော်ကို တွေ့ကြုံဖို့ နည်းလမ်းတွေ စီစဉ်ပေးတယ်။ အတွေ့အကြုံကနေ၊ လူတွေက သူတို့ကိုယ်သူတို့ သိလာတယ်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘဝမှာ ကြီးထွားတယ်။ ဘုရားက လူတွေကို ဆက်ဆံရာမှာလည်း စည်းမျဉ်းတွေ ရှိတယ်။ သူတို့ရဲ့ ဝိညာဉ်ရင့်ကျက်မှုနဲ့ အစွမ်းအစအရ ဘုရားက လူတွေကို မျှမျှတတ ဆက်ဆံတယ်။ ကျွန်မတို့ လုပ်နိုင်တာထက် သူ မတောင်းဆိုဘူး။ ကျွန်မတို့ကို အထင်မကြီးသလို၊ အထင်လည်း မသေးဘူး။ ကျွန်မက သေးနုပ်တဲ့ အဖန်ဆင်းခံပါ။ ဒါပေမဲ့ မိတ်သဟာယမှာ သိနားလည်မှုတချို့ မျှဝေနိုင်တာလေးနဲ့လူတွေ ကျွန်မကို နားထောင်ဖို့ တောင်းဆိုမိခဲ့တယ်။ လူတွေရဲ့ မတူတဲ့ အခြေအနေတွေကို ထည့်မတွက်မိခဲ့သလို၊ လူတိုင်းအတွက် မြင့်မားတဲ့ သတ်မှတ်ချက်တွေ ရှိခဲ့တယ်။ ကျွန်မရဲ့ စံနှုန်းတွေကို လူတွေ မမီနိုင်တော့၊ သူတို့ကို အထင်သေးတယ်၊ နှိမ်တယ်၊ ပြီးတော့ ဖယ်ရှားဖို့တောင် မျှော်လင့်ခဲ့တယ်။ ကျွန်မလုပ်ခဲ့တဲ့အရာရဲ့ အနှစ်သာရကို ဆင်ခြင်ခဲ့တယ်။ ကျွန်မရဲ့စိတ်ကူးတွေကို အမှန်တရားလို သဘောထားမိခဲ့တယ်၊ ကျွန်မရဲ့ ရှုထောင့်အမြင်က ဘယ်အချိန်၊ ဘယ်နေရာမှာဖြစ်ဖြစ် မှန်တယ်လို့ အခိုင်အမာ ပြောခဲ့ပြီး၊ ကျွန်မစကားနားထောင်ဖို့ ညီအစ်ကို မောင်နှမတွေကို ပြောခဲ့တယ်။ ကျွန်မရဲ့ တာဝန်တွေကို လုံးဝ ဖြည့်ဆည်းမနေခဲ့ဘူးပဲ။ ဘုရားကို ကျွန်မ ဆန့်ကျင်နေတာပဲ မဟုတ်လား။ ကိုယ့်ရဲ့ မာနထောင်လွှားပြီး မှန်တယ် ထင်တဲ့ သဘာဝရဲ့ ထိန်းချုပ်တာ ခံခဲ့ရမှန်း မသိခဲ့သလို၊ ဘုရားကို ဆန့်ကျင်ပြီး ညီအစ်ကို မောင်နှမတွေကို ထိခိုက်စေတဲ့ ဆိုးယုတ်တဲ့ အရာတွေကို လုပ်ခဲ့မိတယ်။ ကျွန်မ ဆိုးရွားခဲ့ပြီး ဘုရားအပြစ်ပေးတာ ခံသင့်တယ်။ ဒါကို သဘောပေါက်လိုက်တာနဲ့ အစ်မရဲ့အကြံကတစ်ဆင့် ကိုယ့်ကိုယ်ကိုယ် အချိန်မီ ဆင်ခြင်ပြီး လမ်းမလွဲစေအောင် ကာကွယ်ပေးတဲ့အတွက် ဘုရားကို အရမ်းကို ကျေးဇူးတင်မိတယ်။ အခုမှပဲ သမ္မာတရားရဲ့ စစ်မှန်မှုတွေ ကျွန်မှာ မရှိခဲ့မှန်း မြင်လိုက်ရတယ်။ ကိုယ့်အမြင်နဲ့ နားလည်မှုကို အမှန်ထင်ပြီး ညီအစ်ကိုမောင်နှမတွေကို နားထောင်ရင် နားထောင်ခိုင်းနေခဲ့ဦးမှာ။ ကျွန်မ အရမ်းမာနထောင်လွှားပြီး ကိုယ့် အကြောင်း ဘာမှ မသိခဲ့ဘူး။

နောက်ပိုင်းမှာ ညီအစ်မတစ်ယောက်က ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ကျွန်မဆီ ပို့ပေးတယ်။ “သမ္မာတရား၏ လက်တွေ့အရှိတရား ရှိသူများသာလျှင် ဦးဆောင်လမ်းပြနိုင်သည်” ဆိုတာရဲ့ ပထမပိုဒ်မှာပါ။ “အသင်းတော်ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်အနေဖြင့် သင်သည် သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းနှင့် ဘုရားသခင်အတွက် သင့်လျော်သည့် သက်သေကိုခံခြင်းတွင် ဘုရားသခင် ရွေးချယ်ထားသောသူတို့ကို ဦးဆောင်ရမည်ဆိုလျှင်၊ အရေးကြီးဆုံးမှာ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ကာ သမ္မာတရားကို မိတ်သဟာယပြုရင်း အချိန်ကိုပို၍ကုန်ဆုံးစေရာတွင် လူတို့ကို လမ်းပြပေးရန်ဖြစ်သည်။ ဤသို့ဖြင့် ဘုရားသခင်ရွေးချယ်ထားသောသူတို့သည် လူသားကို ကယ်တင်ရာတွင် ဘုရားသခင်၏ ဦးတည်ချက်များနှင့် ဘုရားအမှုတော်၏ ရည်ရွယ်ချက်အပေါ် ပိုမိုလေးနက်သော သိမြင်မှုကို ရရှိနိုင်ပြီး ဘုရားသခင်၏ အလိုတော်နှင့် လူသားအတွက် သူ၏ အမျိုးမျိုးသော သတ်မှတ်ချက်များကို နားလည်နိုင်မည်ဖြစ်သည်။ ဤနည်းအားဖြင့် လူတို့သည် သမ္မာတရားကို နားလည်ခွင့်ရပေမည်။...သင်သည် လူတို့အား ကိုင်တွယ်ဖြေရှင်းပြီး သြဝါပေးမှသာ ၎င်းတို့ကို သမ္မာတရား နားလည်စေပြီး ယင်း၏ စစ်မှန်မှုထဲသို့ ဝင်ရောက်စေနိုင်သလော။ သင် မိတ်သဟာယပြုသည့် သမ္မာတရားသည် မစစ်မှန်လျှင်၊ အယူဝါဒစကားများသာဖြစ်လျှင်၊ ၎င်းတို့ကို သင်မည်မျှ ကိုင်တွယ်ဖြေရှင်းပြီး သြဝါဒပေးပါစေ အကျိုးရှိမည်မဟုတ်ပေ။ လူတို့က သင့်ကို ကြောက်ရွံ့ခြင်း၊ သင်ပြောသည့်အရာကို လုပ်ဆောင်ခြင်းနှင့် မကန့်ကွက်ရဲခြင်းတို့သည် သမ္မာတရားကို ၎င်းတို့ နားလည်ကာ နာခံခြင်းနှင့် အတူတူဖြစ်သည်ဟု သင် ထင်သလော။ ဤသည်မှာ ကြီးမားသော အမှားတစ်ခုဖြစ်သည်။ အသက်သို့ ဝင်ရောက်ခြင်းသည် အလွန်ရိုးရှင်းခြင်းမရှိပေ။ ခေါင်းဆောင်အချို့သည် အမြင်ကောင်းစေရန်အတွက် ကြိုးစားနေသော မန်နေဂျာအသစ်တစ်ယောက်နှင့်တူသည်။ လူတိုင်းက ၎င်းတို့ကို ကျိုးနွံနာခံရန်အတွက် ဘုရားသခင်ရွေးချယ်ထားသောသူတို့အပေါ် ၎င်းတို့၏ လတ်တလောရရှိထားသည့်အာဏာကို အသုံးချရန် ကြိုးစားပြီး ဤသို့ဖြင့် ၎င်းတို့အလုပ်က ပို၍လွယ်ကူလိမ့်မည်ဟု ထင်ကြသည်။ သင်သည် သမ္မာတရား၏ စစ်မှန်မှု ကင်းမဲ့လျှင် မကြာခင်တွင် သင်၏ သရုပ်မှန်က ပေါ်ထွက်လာလိမ့်မည်။ သင်၏ တကယ့်ဝိညာဉ်ရင့်ကျက်မှုသည် ဖော်ထုတ်ခြင်းခံရလိမ့်မည်။ သင်သည် ကောင်းစွာ ဖယ်ရှားခြင်းခံရနိုင်ပေမည်။ စီမံအုပ်ချုပ်ရေးဆိုင်ရာ အလုပ်အချို့တွင် အနည်းငယ် ကိုင်တွယ်ဖြေရှင်းခြင်း၊ ပြုပြင်ခြင်းနှင့် ပဲ့ပြင်ဆုံးမခြင်းသည် လက်ခံနိုင်ဖွယ်ဖြစ်သည်။ သို့သော် သင်သည် သမ္မာတရားကို မပေးနိုင်လျှင်၊ လူတို့ကို သြဝါဒပေးခြင်းကိုသာ စွမ်းဆောင်နိုင်ပြီး သင်လုပ်ဆောင်သမျှသည် ဒေါသထွက်ခြင်းသာဖြစ်လျှင်— ဤသည်မှာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက သူ့ဘာသာ ထုတ်ဖော်ပြနေခြင်းဖြစ်သည်။ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးခြင်း၏ အကျည်းတန်သော မျက်နှာကို ပြသပြီးဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ ဘုရားသခင်ရွေးချယ်ထားသော သူတို့သည် သင့်ထံမှ အသက်ပံ့ပိုးမှုကို လက်ခံရရှိနိုင်မည်မဟုတ်ပေ။ ၎င်းတို့သည် စစ်မှန်သည့် မည်သည့်အရာကိုမျှ ရလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် သင့်ကြောင့် ၎င်းတို့သည် ပစ်ပစ်ခါခါ အငြင်းခံရမည်ဖြစ်ကား ရွံရှာခံရလိမ့်မည်ဖြစ်ပြီး သင့်အား ဖယ်ကြဉ်ကြလိမ့်မည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ) ခေါင်းဆောင်တွေက သမ္မာတရားကို မိတ်သဟာယပြုတာကို သင်ယူပြီး လူတွေ ပြဿနာဖြေရှင်းဖို့နဲ့ သမ္မာတရားနားလည်အောင် လမ်းပြဖို့ အသေးအမွှားကအစ ဆူပြီး ကိုင်တွယ်မဖြေရှင်းဖို့၊ ကိုယ့်အားသာချက်တွေပြပြီး သူများတွေ ကြောက်အောင် မလုပ်ဖို့ ဘုရားက ညွှန်ကြားတယ်။ ဒါတွေက အယောင်ဆောင် ခေါင်းဆောင်တွေရဲ့ လုပ်ရပ်တွေပဲ။ ဘုရားက ခေါင်းဆောင်တာဝန်နဲ့ ကျွန်မကို ချီးမြှောက်ခဲ့တယ်၊ ဒါပေမဲ့ လက်တွေ့အလုပ်ကို ကျွန်မ မလုပ်ခဲ့ရုံမက၊ ညီအစ်ကို မောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုကို အရေးပါတဲ့ နည်းလမ်းတစ်ခုခုနဲ့ အကျိုးမပြုခဲ့ဘူး။ ပြီးတော့ ညီအစ်ကို မောင်နှမတွေကို ကျွန်မကြောင့် စိတ်ကျဉ်းကျပ်၊ ကြောက်ရွံ့စေပြီး ရှောင်ရှားစေရင်းနဲ့ မမြင်မကန်း အမြဲ ကြိမ်းမောင်းပြီး ကိုင်တွယ်ဖြေရှင်းခဲ့တယ်။ အရင်လက အထုတ်ခံရတဲ့ အယောင်ဆောင်ခေါင်းဆောင်ကို တွေးမိတယ်။ သူက လက်တွေ့အလုပ်မလုပ်ဘဲ၊ ညီအစ်ကိုမောင်နှတွေ တာဝန်မှာ ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို မဖြေရှင်းနိုင်သလို၊ လူတွေ စိတ်ကျဉ်းကျပ်တယ်လို့ပြောပြီး ငိုအောင်လုပ်ရင်း အမြဲ မမြင်မကန်း ကိုင်တွယ်ဖြေရှင်းပြီး အလုပ်ကောင်းကောင်းမလုပ်ဘူးလို့ စွပ်စွဲလို့လေ။ သူတို့က အားနည်းပြီး အပျက်သဘောဆောင်တဲ့ အခြေအနေမှာ အသက်ရှင်ခဲ့ကြပြီး တာဝန်တွေကို သူတို့ မလုပ်နိုင်ဘူးလို့ ထင်ခဲ့ကြတယ်။ ဒီအယောင်ဆောင် ခေါင်းဆောင်ရဲ့ လုပ်ရပ်တွေက ဘုရားအိမ်တော်ရဲ့ အလုပ်နဲ့ ညီအစ်ကို မောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုကို ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့တယ်။ ကျွန်မက ဒီအယောင်ဆောင် ခေါင်းဆောင်လိုပဲ မဟုတ်လား။ ကျွန်မမှာ သမ္မာတရား စစ်မှန်မှုတွေ မရှိသလို၊ သမ္မာတရားလိုက်စားတာ၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲတာကို အာရုံမစိုက်ခဲ့ဘူး။ လူတွေကို ကိုယ့်မာနထောင်လွှားတဲ့ စိတ်သဘောထားကနေ မမြင်မကန်း ကြိမ်းမောင်း၊ ကိုင်တွယ်ဖြေရှင်းရုံပဲ လုပ်နိုင်ခဲ့တယ်။ အယောင်ဆောင် ခေါင်းဆောင်နဲ့ အန္တိခရစ်တွေရဲ့ လမ်းကြောင်းကို လျှောက်နေခဲ့တာပဲ။ ဒီလိုဆက်လုပ်နေမိတာက အန္တရာယ်များတယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ် တွေ့ခဲ့တယ်။ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များသည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို မိတ်သဟာယ ပြုနိုင်ရမည်၊ ဘုရားနှုတ်ကပတ်တော်များမှ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု ရှာတွေ့နိုင်ရမည်ဖြစ်ပြီး ဘုရားနှုတ်ကပတ်တော်များ နားလည်ဖို့နှင့် လူတို့၏ နေ့စဉ်အသက်တာများ၌ ဘုရားနှုတ်ကပတ်တော်များကို တွေ့ကြုံဖို့နှင့် ဝင်ရောက်ဖို့ ဦးဆောင်ရမည်။ ၎င်းတို့၏နေ့စဉ် အသက်တာများထဲသို့ ဘုရားနှုတ်ကပတ်တော်များကို ဖြည့်တင်းနိုင်ရမည်ဖြစ်ပြီး၊ ၎င်းတို့ ပြဿနာတစ်ခု အမှတ်မထင်တွေ့ရသည့်အခါ၊ ဘုရားနှုတ်ကပတ်တော်များကို အသုံးပြု၍ ယင်းကို ဖြေရှင်းနိုင်ရမည် ဖြစ်သည်။ ထိုနည်းတူစွာ ၎င်းတို့သည် မိမိတို့၏တာဝန်ကို ထမ်းဆောင်စဉ်တွင် ၎င်းတို့ကြုံတွေ့ရသည့် အခက်အခဲမျိုးစုံကို ကိုင်တွယ်ဖို့ ဘုရားနှုတ်ကပတ်တော်များကို အသုံးပြုနိုင်ရမည် ဖြစ်သည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၁)”) ခေါင်းဆောင်နဲ့ အမှုတော်ဆောင်တွေက တခြားလူတွေကို သမ္မာတရား နားလည်မှုနဲ့ စစ်မှန်မှုထဲ ဝင်ရောက်ခြင်းမှာ လမ်းပြဖို့ သမ္မာတရားနဲ့ စည်းမျဉ်းတွေအပေါ် မကြာခဏ မိတ်သဟာယပြုရမှာပါ။ တခြားလူတွေက တာဝန်ထမ်းဆောင်ရာမှာ၊ တကယ့်အသက်တာမှာ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး အသက်တာမှာ တိုးတက်နိုင်အောင်လို့ သူတို့တာဝန်တွေမှာ ကြုံရတဲ့ ဒုက္ခနဲ့ အခက်အခဲတွေကို နားလည်ပြီး ဖြေရှင်းပေးရမယ်။ ဒါက ခေါင်းဆောင်နဲ့ အမှုတော်ဆောင်တွေရဲ့ အလုပ်ပဲ။ အဲဒါက ကျွန်မလုပ်ခဲ့သလို၊ လူတွေရဲ့ အခက်အခဲတွေကို နားမလည်တာ၊ သူတို့ပြဿနာတွေကို ဖြေရှင်းပေးဖို့ သမ္မာတရားကို မိတ်သဟာယမပြုသလို၊ အထင်သေးတဲ့ သဘောထားနဲ့ သူတို့ကို အမြဲစွပ်စွဲပြီး တောင်းဆိုတာတွေ လုပ်တာမျိုး မဟုတ်ဘူး။ ပြုပြင်တာနဲ့ ကိုင်တွယ်ဖြေရှင်းတာတောင် သူ့စည်းမျဉ်းနဲ့သူ ရှိတယ်။ လူတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အယူဝါဒ စကားတွေကို သုံးလို့မရဘူး၊ ပြီးတော့ ကိုယ့်စိတ်ကူးတွေအရ၊ ဒေါသအရ တခြားလူတွေကို မတူမတန်သလို ကြိမ်းမောင်းလို့ မရဘူး။ ပြုပြင်ခြင်းနဲ့ ကိုင်တွယ်ဖြေရှင်းခြင်းက မတူညီတဲ့ အခြေအနေနဲ့ နောက်ခံအကြောင်းအရာတွေကို သိမြင်ဖို့လိုအပ်တယ်။ ဘုရားအိမ်တော်ရဲ့ အလုပ်ကို ဟန့်တား၊ နှောင့်ယှက်တာ၊ ညီအစ်ကို မောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုကို ထိခိုက်တာတစ်ခုခုလုပ်ပြီး၊ အကြိမ်ကြိမ် မိတ်သဟာယပြုပြီးတဲ့နောက် မပြောင်းလဲရင်၊ အပြစ်ပေးခံရပြီး ကိုင်တွယ်ဖြေရှင်း ခံရသင့်တယ်။ တချို့လူတွေကတော့ သူတို့တာဝန်တွေမှာ အိုးနင်းခွက်နင်း ပြီးသွားပြီး မိတ်သဟာယလုပ်လည်း နောင်တမရသလို၊ သူတို့က ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းခံရသင့်တယ်။ လူတွေက သိလျက်နဲ့ အပြစ်လုပ်တဲ့အခါ၊ သမ္မာတရားကို သိပေမဲ့ လက်တွေ့မလုပ်ဆောင်တဲ့အခါ၊ သူတို့လည်း ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်း ခံရသင့်တယ်။ တခြားလူတွေကို ကျွန်မတို့ ကိုင်တွယ်ဖြေရှင်းတဲ့အခါ၊ သူတို့အမှား ဘာဖြစ်တယ်၊ သူတို့ကို ဘယ်ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက ထိန်းချုပ်တယ်ဆိုတာနဲ့ သူတို့လုပ်ရပ်တွေရဲ့ အနှစ်သာရကို သူတို့ သိအောင်လို့ ပြဿနာရဲ့ အနှစ်သာရကို မှန်မှန်ကန်ကန် မြင်ပြီး သမ္မာတရားအပေါ် မိတ်သဟာယပြုဖို့ လိုတယ်။ ဒါ့အပြင်၊ လူတွေရဲ့ ဖောက်ပြန်ပျက်စီးခြင်းကို ပြုပြင်၊ ကိုင်တွယ်ဖြေရှင်းပြီး ဖော်ထုတ်နေချိန်မှာ၊ ညီအစ်ကို မောင်နှမတွေနဲ့ တူညီတဲ့ ရပ်တည်ချက်နဲ့ ရပ်တည်ဖို့ လိုတယ်။ ကျွန်မတို့ ဖောက်ပြန်မပျက်စီးသလို ကိုယ့်ကိုယ်ကိုယ် ဖယ်ထားလို့မရဘူး။ ဒါပေမဲ့ လူတွေကို ပြုပြင်၊ ကိုင်တွယ်ဖြေရှင်းခြင်းရဲ့ စည်းမျဉ်းတွေကို ကျွန်မ နားမလည်ခဲ့ဘူး။ ညီအစ်ကို မောင်နှမတွေက သူတို့တာဝန်တွေမှာ အိုးနင်းခွက်နင်း ပြီးသွားပြီး ဖင့်နှေးနေကြတာကို မြင်ရတဲ့အခါ၊ သူတို့ကို ကူညီဖို့ သမ္မာတရားအပေါ်မိတ်သဟာယ ပြုပေးမယ့်အစား၊ ကြိမ်းမောင်းပြီး ကိုင်တွယ်ဖြေရှင်းခဲ့တယ်။ အကျိုးဆက်အနေနဲ့၊ သူ့ကိုယ်သူတို့ သိတဲ့အသိ ရမယ့်အစား၊ ကျွန်မကြောင့် စိတ်ကျဉ်းကျပ်သွားကြတယ်။ တကယ်တော့၊ တချို့ ညီအစ်ကို မောင်နှမတွေက သူတို့တာဝန်တွေကို စလုပ်ရုံရှိသေးတယ်၊ စည်းမျဉ်းတချို့ကို နားမလည်ဘူး၊ ဒီတော့ အမှားနဲ့ လမ်းလွဲမှုတချို့ မလွဲမသွေ ရှိမယ်လို့ ခေါင်းဆောင်တွေက ကျွန်မကို ပြောခဲ့ပြီးပြီဖြစ်သလို၊ အဲဒီအခြေအနေတွေမှာ သူတို့ကို ကျွန်မ ကိုင်တွယ်မဖြေရှင်းသင့်ဘူးလေ။ အဲဒီအစား သူတို့ရဲ့ ချို့ယွင်းချက်နဲ့ ဒုက္ခကို နားလည်ပေးသင့်တယ်၊ ချစ်ခင်စွာနဲ့ သူတို့ကို ပံ့ပိုး၊ ကူညီပြီး သမ္မာတရား စည်းမျဉ်းတွေကို နားလည်အောင် လမ်းပြသင့်တယ်။ သူတို့ကို ကျွန်မ ပိုကူညီပြီး လမ်းပြခဲ့မယ်ဆိုရင်၊ ပြီးတော့ ဘယ်လိုလက်တွေ့လုပ်ဆောင်ရမယ်ဆိုတာ သိပေမဲ့ နောင်တမရ၊ မပြောင်းလဲခဲ့ရင်၊ သူတို့ကို တန်းတူ ဆက်ဆံခဲ့သင့်တယ်၊ သူတို့ ပြဿနာတွေရဲ့ အနှစ်သာရကို ထောက်ပြခဲ့သင့်တယ်၊ ဘုရားနှုတ်ကပတ်တော်နဲ့ စည်းမျဉ်းတွေအတိုင်း ကိုယ့်ကိုယ်ကိုယ် သိအောင် သူတို့ကို ကူညီခဲ့သင့်တယ်။ ဒီလို ပြုပြင်၊ ကိုင်တွယ်ဖြေရှင်းတာကသာ ဘုရားအလိုတော်နဲ့ ကိုက်ညီတာဖြစ်ပြီး၊ ဘုရားအိမ်တော်ရဲ့ အလုပ်နဲ့ ညီအစ်ကို မောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုကို ကူညီတာပါ။ ဘာပဲဖြစ်ဖြစ်၊ သမ္မာတရားအတိုင်း လက်တွေ့လုပ်ဆောင်တာကပဲ လူတွေကို အကျိုးပြုတယ်။

တစ်နေ့ ကျွန်မရဲ့ ခေါင်းဆောင်က အလုပ်ကိစ္စတစ်ခုရဲ့ အခြေအနေကို စစ်ဆေးဖို့ အဖွဲ့ဆီ စာပို့တယ်၊ ဒါပေမဲ့ ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက်နဲ့ အဖွဲ့ခေါင်းဆောင်တွေက အချိန်မီ ပြန်မဖြေခဲ့ကြဘူး။ ကျွန်မတွေးမိတယ်၊ “ဘာလို့ ငါ့ညီအစ်ကို မောင်နှမတွေက စောစောစီးစီး ပြန်မဖြေခဲ့ကြတာလဲ။ သူတို့က သူတို့တာဝန်တွေနဲ့ပတ်သက်လို့ အရမ်း မထုံတက်သေးနိုင်လွန်းလိုက်တာ”လို့ပေါ့။ ကျွန်မတို့ရဲ့ အစည်းအဝေးအချိန်ရောက်လာတော့၊ ကျွန်မ မေးခွန်းထုတ်လိုက်ပြီး လူတိုင်း နှုတ်ဆိတ်သွားကြတဲ့အချိန်မှာ၊ သူတို့တာဝန်တွေမှာ အရမ်းနှေးပြီး မထုံတက်သေးနိုင်လွန်းတဲ့အပေါ် သူတို့ကို ကျွန်မ အမှတ်တမဲ့ စွပ်စွဲလိုက်မိတယ်။ ကျွန်မ ပြီးသွားတော့၊ သူတို့ နှုတ်ဆိတ်နေကြတုန်းပဲ၊ ကျွန်မ တွေးမိတယ်၊ “ငါ့ရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကို ငါ ထပ်ဖော်ထုတ်မိပြီး ညီအစ်ကို မောင်နှမတွေကို စိတ်ကျဉ်းကျပ်စေမိခဲ့တာများလား”ပေါ့။ အဲဒီအချိန်မှာ၊ ကျွန်မရဲ့ ကွန်ပြူတာကို ကြည့်ပြီး ကျွန်မ မိတ်သဟာပြုနေတုန်း မိုက်ခရိုဖုန်းကို အသံပိတ်ထားခဲ့မှန်း သဘောပေါက်လိုက်တယ်။ ဘုရားက ကျွန်မညီအစ်ကို မောင်နှမတွေကို ထိခိုက်စေခြင်းမရှိအောင် ကျွန်မကို ကွယ်ကာပြီး ဟန့်တားနေခဲ့မှန်း အဲဒီအချိန်မှာမှ ကျွန်မ သဘောပေါက်လိုက်တယ်။ ကျွန်မ တိတ်တဆိတ် ဘုရားကို ကျေးဇူးတင်မိတယ်၊ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ၊ မာနထောင်လွှားမှုကို ထပ်ပြမိတဲ့အတွက် နက်ရှိုင်းတဲ့ နောင်တနဲ့ ကိုယ့်ကိုယ်ကိုယ် မုန်းမိတဲ့စိတ် ခံစားမိခဲ့တယ်။ ကျွန်မရဲ့ မိုက်ခ်ကို ဖွင့်လိုက်ပြီး စာကို ဘာလို့ အချိန်မီ မပြန်ခဲ့ကြတာလဲလို့ တည်တည်ငြိမ်ငြိမ်နဲ့ သူတို့ကို မေးလိုက်တယ်။ အဲဒီအခါကျမှ ကျွန်မ လုပ်ဖော်ကိုင်ဖက်မှာ အင်တာနက် မရှိသလို၊ တခြားလူတွေက စည်းမျဉ်းကို သဘောမပေါက်၊ အခြေအနေကို နားမလည်ကြတာ၊ ဘယ်လို ပြန်ဖြေရမှန်း မသိခဲ့ကြတာကို ကျွန်မ သိလိုက်ရတယ်။ စည်းမျဉ်းအတိုင်း ဒီအလုပ်ကို ဘယ်လိုအကောင်အထည် ဖော်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သူတို့ကို ကျွန်မ စိတ်ရှည်ရှည် မိတ်သဟာယပြုပေးခဲ့ပြီး၊ အလုပ်ရဲ့ အခြေအနေကို ခေါင်းဆောင်ဆီ ကျွန်မ အစီရင်ခံခဲ့တယ်။ ဒီလို လက်တွေ့လုပ်ဆောင်လိုက်တော့၊ နည်းနည်း ပိုစိတ်သက်သာရာရခဲ့တယ်။

နောက်ပိုင်းမှာ၊ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ဖတ်ခဲ့ရတယ်။ “လူသားတို့သည် ဘုရားသခင်၏ သိမ်းပိုက်ခြင်း ခံရပြီးသည့်နောက်တွင်၊ ၎င်းတို့ အသင့်ရှိသည့် ဆင်ခြင်တုံတရား၏ အသိစိတ်နှင့်သက်ဆိုင်သည့် အခြေခံကျသော ပင်ကိုအရည်အချင်းမှာ မာနထောင်လွှားစွာ စကားမပြောကြောင်း သေချာစေဖို့ဖြစ်သည်။ ‘မြေပေါ်က မစင်ကဲ့သို့’ နိမ့်ကျသည့် အဆင့်အတန်းကို ၎င်းတို့ လက်ခံသင့်ပြီး စစ်မှန်သည့် အမှုအရာအချို့ ပြောဆိုသင့်ကြသည်။ ဤသည်မှာ အကောင်းဆုံး ဖြစ်လိမ့်မည်။ အထူးသဖြင့် ဘုရားသခင်ကို သက်သေခံနေသည့်အခါ၊ အနှစ်မဲ့ သို့မဟုတ် ယုံတမ်းစကား ပြောဆိုမှုမရှိဘဲနှင့် ဖန်တီးထားသော အလိမ်အညာများ မပါဘဲ၊ စိတ်နှလုံးမှ အနှစ်သာရရှိသော တစ်စုံတစ်ရာကို သင် ပြောနိုင်လျှင်၊ သင်၏ စိတ်သဘောထား ပြောင်းလဲပြီးဖြစ်လိမ့်မည်ဖြစ်ပြီး ဤသည်မှာ ဘုရားသခင်၏ သိမ်းပိုက်ခြင်းကို သင်ခံရပြီးသည်နှင့်တစ်ပြိုင်နက် ဖြစ်ပေါ်သင့်သည့် ပြောင်းလဲမှုဖြစ်သည်။ ဤဆင်ခြင်တုံတရား ပမာဏကိုပင် သင် မပိုင်ဆိုင်နိုင်လျှင်၊ သင်သည် အမှန်တကယ် လူသားတစ်ဦးနှင့် ဆင်တူမှုတစ်ခုတစ်လေမျှ မရှိပေ။ အနာဂတ်တွင် တိုင်းနိုင်ငံအားလုံးနှင့် ဒေသအားလုံးကို ဘုရားသခင်က သိမ်းပိုက်ပြီးသည့်အချိန်တွင်၊ ဘုရားသခင်ကို ချီးမွမ်းခြင်း၌ ကြီးစွာသော အစုအဝေးတစ်ခုတွင် သင်သည် တစ်ဖန် မာနထောင်လွှားစွာ စတင်ပြုမူပါက၊ သင်သည် ဖျက်ဆီးခံရမည်ဖြစ်ပြီး ဖယ်ရှားသုတ်သင်ခံရလိမ့်မည်ဖြစ်သည်။ ယခုအချိန်မှစ၍၊ လူသည် မှန်မှန်ကန်ကန် အမြဲ ပြုမူရမည်၊ မိမိ၏ အဆင့်အတန်းနှင့် ရာထူးတို့ကို သတိပြုရမည်ဖြစ်ပြီး လမ်းဟောင်းများထဲသို့ ပြန်မသွားရပေ။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်”) ဘုရားနှုတ်ကပတ်တော်ကနေ နားလည်လိုက်တာက၊ ကျွန်မဟာ သေးနုပ်တဲ့ အဖန်ဆင်းခံ၊ နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်စီးတဲ့ သူတစ်ယောက်ဖြစ်ပြီး၊ ညီအစ်ကို မောင်နှမတွေနဲ့ တန်းတူ ရပ်တည်ပြီး ကျွန်မရဲ့ တာဝန်ကို ဆောင်ရွက်သင့်တယ်ဆိုတာပဲ။ ဒါက အသိစိတ်ရှိတယ်ဆိုတဲ့ သဘောပဲ။ အခု အသင်းတော် အလုပ်ကို ကျွန်မနောက်ဆက်တွဲ လုပ်ကြည့်တဲ့အခါ၊ ကျွန်မ မဆင်မခြင် စိတ်မဆိုးတော့သလို၊ ညီအစ်ကို မောင်နှမတွေကို မကြိမ်းမောင်းတော့ဘူး။ သူတို့ အခက်အခဲတွေကို နားလည်အောင် သတိရှိရှိ အားထုတ်တယ်။ ပြီးတော့ လူတိုင်းနဲ့ သမ္မာတရား ရှာဖွေတယ်။ တဖြည်းဖြည်းနဲ့၊ ညီအစ်ကို မောင်နှမတွေနဲ့ လိုက်ဖက်ညီညီ ပူးပေါင်းလုပ်ဆောင်လာနိုင်တယ်။ ကျွန်မထဲက ဒီအပြောင်းအလဲတွေက ဘုရားရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမမှု ရလဒ်ဖြစ်ပြီး၊ ကျွန်မကို ကယ်တင်တဲ့အတွက် ဘုရားကို ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်မ၏ ခြယ်လှယ်သော နည်းလမ်းများကို စွန့်လွှတ်ခြင်း

ချန်နော့ ပြင်သစ်နိုင်ငံ တကယ်တမ်းတော့ ကျွန်မနဲ့အတူ လူသစ်တွေရှိတဲ့အသင်းတော်ကို ပျိုးထောင်ပေးဖို့ အစ်မလင်ကို ခေါင်းဆောင်က အရင်ဦးဆုံး...

ဆုတောင်းခြင်း၏ တန်ခိုး- မျှော်လင့်ချက်ပျက်သုဉ်းခြင်း အလယ်တွင် အံ့ဖွယ်နမိတ်လက္ခဏာတစ်ခုကို မျက်မြင်တွေ့ရခြင်း

ဂျော ဂျီဟန် တရုတ်ပြည် ကျွန်မတို့ ဘဝတစ်လျှောက် ခရီးသွားစဉ်၊ ကျွန်မတို့ တစ်ယောက်တိုင်းသည် ကျွန်မတို့၏ မှတ်ဉာဏ်တွင် ကမ္မည်းထိုးထားပြီး၊ လုံးဝ...

ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို ရှာဖွေခြင်း နေ့ရက်များ

လီမင် စပိန်နိုင်ငံ“သူ့အသက်တာတွင် လူသားသည် သန့်ရှင်းစေခြင်းခံရရန်နှင့် သူ၏ စိတ်သဘောထား၌ ပြောင်းလဲမှုများ စွမ်းဆောင်ရရှိရန် ဆန္ဒရှိပါက၊ သူသည်...

၉၆။ ယုံကြည်သူအသစ်များကို ရေလောင်းခြင်းမှ- ရသည့် သင်ခန်းစာတစ်ခု

ရေချန်း တရုတ်နိုင်ငံ ဤနှစ်ဇန်နဝါရီတွင် အသင်းတော်၌ ကျွန်မ လူသစ်နှစ်ဦးကို ရေလောင်းနေခဲ့သည်။ အစ်မရန်ဂျီးနှင့် သူ့အမျိုးသားတို့ဖြစ်ပါသည်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။