ငွေအတွက် ကျွန်ုပ် အသက်မရှင်တော့ပါ

05.06.2024

ကျွန်မ ငယ်ငယ်တုန်းက၊ မိသားစု အရမ်းဆင်းရဲခဲ့တယ်။ ဆွေမျိုးတွေနဲ့ အိမ်နီးချင်းတွေအားလုံးက ကျွန်မတို့ကို အထင်သေးပြီး အိမ်နီးချင်းကလေးတွေက ကျွန်မနဲ့ မဆော့ချင်ကြဘူး။ အိမ်နီးချင်းကလေးတွေ ဆော့ချင်မလားလို့ ကျွန်မ ရွှင်ရွှင်ပျပျနဲ့ သွားတွေ့ခဲ့တဲ့အချိန်ကို သတိရသေးတယ်။ ဒါပေမဲ့ အဲဒီတုန်းက သူ့အိမ်အဝင်ဝကို ရောက်တော့မဲ့အချိန်မှာ၊ တံခါးကို သူက ရုတ်တရက် ပိတ်လိုက်တယ်လေ။ ဒီမြင်ကွင်းက ကျွန်မရဲ့ ကလေးဘဝ မှတ်ဉာဏ်တွေထဲမှာ တံဆိပ်တစ်ခုလို စွဲထင်နေတယ်။ ကျွန်မရဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားစိတ်ကို အဲဒါက အရမ်းထိခိုက်စေတယ်။ ကျွန်မ ကျောင်းစတက်လိုက်တာနဲ့၊ အတန်းဖော်တွေနဲ့ ဆရာမတွေကလည်း ကျွန်မကို အထင်သေးခဲ့ကြတယ်။ တခြားမိသားစုရဲ့ ကလေးတွေက အကောင်းစား ကျောပိုးအိတ်တွေနဲ့ ခဲတံဗူးလေးတွေ၊ လှပတဲ့ အဝတ်အစားတွေ ရှိကြတာကို မြင်တဲ့အခါ၊ ကျွန်မမှာ အဲဒါတစ်ခုမှ မရှိတာကို သိပြီးတော့ ကျွန်မရဲ့ မိသားစုက တခြားမိသားစုတွေလို ငွေအများကြီးရှိနိုင်ရင် သိပ်ကောင်းမှာပဲလို့ နေ့တိုင်း တွေးမိခဲ့တယ်။ အဲဒါဆိုရင် လူတွေက ကျွန်မကို အထင်သေးကြမှာ မဟုတ်ဘူး။ ကျွန်မ ၁၀ နှစ်အရွယ်ရောက်တော့၊ ယာဉ်တိုက်မှုကြောင့် ကျွန်မမိသားစု အကြီးအကျယ် အကြွေးတင်နေခဲ့ပြီး၊ ကျွန်မအဖေက ဆွေမျိုးတွေဆီကနေ ငွေသွားချေးတယ်။ ကျွန်မတို့ ဆင်းရဲလို့၊ သူတို့က ကျွန်မတို့ကို မချေးငှားရဲကြဘူး။ အဲဒီနောက်မှာ ကျွန်မအဖေက အရမ်းစိတ်ဓာတ်ကျလို့ မကြာခဏ စိတ်ပျက်လက်ပျက်နဲ့ သက်ပြင်းချပြီး၊ ကျွန်မကို၊ “အဖေတို့မှာ ငွေမရှိလို့ အဖေတို့ ဆွေမျိုးတွေနဲ့ အိမ်နီးချင်းတွေက အထင်သေးကြတယ်။ သမီးကြီးလာတဲ့အခါ၊ မိသားစု နာမည်ကို ဂုဏ်ဆောင်ရမယ်နော်။ သမီး ငွေပိုရှာတဲ့အခါမှပဲ လူတွေက သမီးကို အထင်ကြီးကြမှာ”လို့ မကြာခဏ ပြောခဲ့တယ်။ ကျွန်မအဖေရဲ့ စကားတွေနဲ့ ကလေးအဖြစ် အနိုင်ကျင့်ခံရတဲ့ မှတ်ဉာဏ်နှစ်ခုလုံးက ကျွန်မစိတ်ထဲမှာ ရိုက်နှိပ်ထားသလိုဖြစ်ပြီး၊ ကျွန်မ ကြီးလာတဲ့အခါ ငွေအများကြီးရှာဖို့၊ ဩဇာရှိတဲ့ ဘဝတစ်ခုကို နေထိုင်ဖို့၊ ကျွန်မရဲ့ “ဆင်းရဲသား” တံဆိပ်ကို အပြီးအပိုင် ဖယ်ရှားပစ်ဖို့နဲ့ တစ်ခါက ကျွန်မကို အထင်သေးတဲ့သူအားလုံး သတိပြုတာခံရအောင်လုပ်မယ်လို့ ကျွန်မ ဆုံးဖြတ်ခဲ့တယ်။

၁၉၉၆ ခုနှစ်မှာ ကျွန်မအဖေက ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းမှာ ပွဲစားအနေနဲ့ စအလုပ်လုပ်တယ်။ နှစ်နည်းနည်းကြာတော့၊ ကျွန်မတို့ မိသားစု စီးပွားရေးလုပ်ငန်းက ပိုပိုပြီး ကြီးပွားတိုးတက်ခဲ့တယ်။ ကျွန်မတို့ အကြွေးတွေကို ရှင်းခဲ့ပြီးရုံမက၊ ကုန်တင်ကားတစ်စီးလည်း ဝယ်ပြီး၊ တယ်လီဖုန်းနဲ့ မိုဘိုင်းပစ္စည်းတွေကို ဝယ်ခဲ့ကြတယ်။ ကျွန်မတို့ မိသားစုမှာ ငွေရှိတာနဲ့၊ အရင်တုန်းက ကျွန်မတို့ကို အထင်သေးခဲ့ကြတဲ့ ဆွေမျိုးတွေနဲ့ အိမ်နီးချင်းတွေက ကျွန်မတို့ဆီ စပြီး အလည်လာကြတယ်။ ကျွန်မတို့ သွားတဲ့နေရာတိုင်းမှာ တခြားလူတွေရဲ့ အထင်ကြီးတာခံခဲ့ရတယ်။ ကျွန်မ နောက်ဆုံးတော့ ဂုဏ်ယူဝင့်ကြွားနိုင်ပြီ။ အဲဒါက ကျွန်မကို ဒီလောကမှာ အသက်ရှင်နေတုန်း၊ ငွေပိုရှာရမယ်ဆိုတာကို ပိုလို့တောင် ယုံကြည်သွားစေခဲ့တယ်။ လက်ထဲမှာ ငွေရှိမှ၊ လူတွေက လေးစားကြမယ်ပေါ့။ ကျွန်မ ပတ်ဝန်းကျင်မှာ မြင်ရ၊ ကြားရတဲ့အရာကတစ်ဆင့်၊ စီးပွားရေးလုပ်ငန်း ဦးစီးရမဲ့ပုံကို ကျွန်မ တဖြည်းဖြည်း သိလာခဲ့တယ်။ ၁၉၉၉ခုနှစ်မှာ၊ စီးပွားရေးလုပ်ငန်းမှာ ကိုယ့်အားအင်ရှိသမျှ ရင်းနှီးဖို့ ပြင်နေတုန်းမှာပဲ၊ ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ မမျှော်လင့်ဘဲ ကြုံကြိုက်ရတယ်။ အစမှာ၊ ဘုရားသခင်ကို ကျွန်မရဲ့ ယုံကြည်မှုမှာ ကျွန်မ အရမ်း စိတ်ထက်သန်ခဲ့တယ်။ လူအတော်များများက ဘုရားရှေ့ မလာကြသေးတာကို ကျွန်မ တွေ့ရလို့ ဧဝံဂေလိ ဖြန့်သူတွေရဲ့ အဖွဲ့တွေမှာ ကျွန်မ ပါဝင်ခဲ့တယ်။ အဲဒီနောက်မှာ ဧဝံဂေလိ ဖြန့်ဖို့ ကျွန်မ မကြာခဏ အပြင်ထွက်တယ်။ အဲဒါက ကျွန်မရဲ့ စီးပွားရေးလုပ်ငန်းမှာ အနှောင့်အယှက် ဖြစ်ရတယ်။ ကျွန်မရဲ့ မိသားစုက၊ “ဒီလောက်ငယ်တဲ့အရွယ်မှာ ဘာလို့ ဘုရားကို ယုံကြည်တာလဲ။ နင်ဆက်အလုပ်များနေရင် နင်သုံးဖို့ ဘာငွေမှ ငါတို့ ပေးမှာမဟုတ်ဘူး”လို့ ပြောပြီး စဆူကြတယ်။ ကျွန်မတွေးမိတယ်။ “ငါ့မှာ ငွေမရှိရင်၊ ငါ ငယ်ငယ်တုန်းကလိုပဲ လူတွေရဲ့ ခွဲခြားဆက်ဆံတာကို ခါးစည်းခံရမှာ မဟုတ်လား”ပေါ့။ နောက်ဆုံးမှာ ဒီစုံစမ်းသွေးဆောင်မှုကို ကျွန်မ မနိုင်ဘဲ ကိုယ့်တာဝန်တွေ လုပ်တာကို လက်လျှော့လိုက်တယ်။ ပြီးတော့ စုဝေးပွဲတွေကို တစ်ခါတလေမှ တက်ခဲ့တယ်။ အလုပ်က ပိုပိုပြီး များလာတာနဲ့အမျှ၊ ကျွန်မ စိတ်နှလုံးက ဘုရားနဲ့ ပိုဝေးသွားခဲ့တယ်။ နောက်ပိုင်းမှာ၊ ကျွန်မအဖေက စီးပွားရေလုပ်ငန်းတစ်ခုလုံးရဲ့ စီမံခန့်ခွဲမှုကို ကျွန်မဆီ လွှဲပေးခဲ့ပြီး၊ အသက်နှစ်ဆယ်စွန်းစွန်းလေးမှာပဲ ကိုယ့်လုပ်ငန်းနဲ့ကိုယ် ဖြစ်လာတယ်။ အဲဒီတုန်းက ကျွန်မ အရမ်းအရမ်းကို ဝမ်းသာခဲ့တယ်။ ငွေပိုရှာပြီး အောင်မြင်တဲ့ လုပ်ငန်းရှင် အမျိုးသမီးတစ်ယောက်ဖြစ်လာအောင်လို့၊ ကုန်ပစ္စည်းသွင်းသူအမျိုးမျိုးနဲ့ ထိတွေ့ဆက်ဆံဖို့ နေ့တိုင်း ဦးနှောက်ခြောက်ခံစဉ်းစားခဲ့တယ်။ ကျွန်မမှာ နေ့ရောညပါ ဖုန်းတွေဝင်တာ ပြောလို့တောင်မနိုင်ဘူး။ ရေဆာတော့လည်း ရေမသောက်နိုင်ဘဲ လည်ချောင်းကွဲနေတာတောင် မနားချင်ခဲ့ဘူး။ ဒီအလုပ်ကြိုးစားမှုကနေတစ်ဆင့်၊ နောက်ဆုံးမှာ ယွမ် ၁၀၀၀၀၀ နီးပါး ကျွန်မ စုမိဆောင်းမိရှိခဲ့တယ်။ အဲဒီနှစ်အနည်းငယ်အတွင်းမှာ သာမန်လူထက် ကျွန်မ ဆင်းရဲဒုက္ခပိုခံစားခဲ့ရပေမဲ့၊ ကျွန်မရဲ့ ငွေအိတ် တဖြည်းဖြည်း ဖောင်းလာတာကို မြင်ရတော့ တန်ခဲ့တယ်။

နောက်ပိုင်းမှာ၊ စီးပွားရေးကိစ္စ ဆွေးနွေးဖို့ ကျွန်မအိမ်ကို လာတဲ့လုပ်ငန်းရှင်တိုင်းက ကားစီးကြပြီး၊ အထပ်မြင့်တွေမှာ နေကြတာကို တွေ့ရချိန်မှာ ကျွန်မကတော့ လမ်းရဲ့ မျက်နှာချင်းဆိုင် အခန်းနှစ်ခန်းပါတဲ့ အိမ်အိုတစ်ခုကိုပဲ ငှားနေနေတယ်။ ကျွန်မက ဒီလူချမ်းသာတွေနဲ့ ယှဉ်လိုက်ရင် အရာမရောက်ဘူး။ ကိုယ့်ကိုယ်ကိုယ် ကျွန်မ ပြောမိတယ်။ “ဒါအဆင်ပြေမှာမဟုတ်ဘူး၊ ငါ အလုပ်ဆက်ကြိုးစားရမယ်၊ တစ်နေ့မှာ ကားစီးလို့ အထပ်မြင့်တိုက်ခန်းမှာနေပြီး ကိုယ်ပိုင်ကုမ္ပဏီတစ်ခု ရှိအောင် ကြိုးစားရမယ်” လို့ပေါ့။ ကျွန်မရဲ့ ဆန္ဒ အမြန်ဆုံးပြည့်အောင် လုပ်ဖို့ အရင်ထက် ကျွန်မ ပိုတောင်အလုပ်များလာခဲ့တယ်။ အဲဒီနှစ်တွေမှာ ကောင်းကောင်းအိပ်ရတဲ့ညဆိုတာ မရှိသလောက် ဖြစ်နေပြီး ခဏခဏ အရမ်းပင်ပန်းခဲ့ရတယ်။ ကျွန်မ ငယ်ရွယ်နေတုန်းမှာပဲ စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ ခေါင်းကိုက်ဝေဒနာကို စခံစားလာရတယ်။ အဲဒီလို ခေါင်းကိုက်တာတွေ ဖြစ်တဲ့အခါ၊ အပ်တစ်ပြုံကြီးနဲ့ ထိုးစိုက်ခံနေရသလို ခံစားရတယ်။ ဒါ့အပြင် ကျွန်မရဲ့ ကွန်ပြူတာနဲ့ ဖုန်းတွေကနေထွက်တဲ့ ရေဒီယိုသတ္တိကြွတွေကြောင့် ခဏခဏ မအီမသာဖြစ်ပြီး အော့အန်တယ်။ ဝေဒနာသက်သာအောင် ကိုယ့်ဦးရေပြားကို လက်သည်းတွေနဲ့ အတင်းဆိတ်ပစ်တယ်။ ဒါမှမဟုတ် နံရံနဲ့ ခေါင်းကို တိုက်တယ်။ ဒါပေမဲ့ ဒီနည်းလမ်းတွေက ကျွန်မရဲ့ ဝေဒနာကို နည်းနည်းမှ မသက်သာစေခဲ့ဘူး။ ကျွန်မအတွက် ဘယ်လိုမှ မခံနိုင်တော့အောင်ကို ခေါင်းအရမ်းကိုက်လာတဲ့အခါ၊ ဆေးရုံမှာ သွားအစစ်ဆေးခံဖို့ တွေးမိတယ်။ ဒါပေမဲ့ ကိုယ့်ပိုက်ဆံအိတ်ထဲကို ယွမ်တစ်ရာတန်တွေ လှိမ့်ဝင်နေတာကို မြင်ပြီး ဆေးစစ်ဖို့ကို မကြိုးစားနိုင်ခဲ့ဘူး။ ကျွန်မ တွေးလိုက်တယ်၊ “ထားလိုက်ပါ။ ခုချိန်မှာ ငွေရှာဖို့ အခွင့်အရေးတွေ ရှားပါးနေတာ။ ဒီအခွင့်အရေးကို အမိအရယူပြီး၊ ငါ ငယ်ရွယ်တုန်းမှာ ငွေနည်းနည်း ပိုရှာသင့်တယ်”လို့ပေါ့။ သုံးလေးနှစ်ကြာပြီးနောက်မှာ ကျွန်မမှာ ကားတစ်စီးနဲ့ အိမ်တစ်လုံး ရှိလာပြီး ကွန်တိန်နာသယ်ယူပို့ဆောင်ရေး ကုမ္ပဏီတစ်ခုလည်း မှတ်ပုံတင်ထားပြီးပြီ။ စီးပွားရေးကိစ္စ ပြောဖို့ တခြားကုမ္ပဏီတွေဆီ ကျွန်မ ကားမောင်းသွားတိုင်းမှာ သူဌေးတွေက ကျွန်မကို အသိအမှတ်ပြုတဲ့ မျက်လုံးတွေနဲ့ ငေးကြည့်ကြပြီး၊ အဲဒီလို ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်ပိုင် လုပ်ငန်းတစ်ခုရှိတဲ့အတွက် ချီးမွမ်းကြတယ်။ ကျွန်မမှာ ကြီးမားတဲ့အစွမ်းအစရှိတယ်လို့ ပြောကြတယ်။ ဖောက်သည်အတော်များများက ကျွန်မကို တွေ့တဲ့အခါ “မန်နေဂျာ”လို့ မကြာခဏ ခေါ်ကြပြီး အောင်မြင်တဲ့ အမျိုးသမီးဖြစ်တဲ့အတွက် မိတ်ဆွေတွေက ကျွန်မကို ချီးမွမ်းကြတယ်။ အားလပ်ရက်အတွင်းမှာ ကျေးလက်က ကျွန်မတို့ရဲ့အိမ်ကို မိသားစုလိုက်ကားမောင်းသွားတော့ ကျွန်မတို့ အိမ်နီးချင်းအတော်များများက လာကြည့်ကြပြီး၊ ကျွန်မယောက်ျားရဲ့ မိဘတွေက အင်မတန် အစွမ်းအစရှိတဲ့ ချွေးမရှိတာ ကံကောင်းကြတယ်လို့ ပြောကြတယ်။ ဒီချီးမွမ်းစကားတွေကို ကြားတော့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် အရမ်းကျေနပ်အားရမိတယ်။ အဲဒီသုံးလေးနှစ်ထဲမှာ ငွေကို ဘယ်လို ပိုရှာရမယ်ဆိုတာကို နေ့တိုင်း စဉ်းစားခဲ့ပြီး ဘုရားကို ယုံကြည်ခြင်းအပေါ်ပိုပိုပြီး စိတ်မပါဖြစ်လာခဲ့တယ်။ တစ်ခါတလေ စုဝေးပွဲ မတက်ခဲ့ချိန်မှာ ညီအစ်မတွေက ကျွန်မကို လာရှာကြတယ်။ ဒါပေမဲ့ ကျွန်မရဲ့စိတ်က သူတို့မိတ်သဟာယကို နားထောင်ဖို့ သင့်တော်တဲ့အခြေအနေ လုံးဝ မဟုတ်ဘူး။ တစ်ခါတလေ စုဝေးပွဲကို ကျွန်မ သွားပေမဲ့၊ တစ်ချိန်လုံး စီးပွားရေး ကိစ္စတွေကိုပဲ စဉ်းစားနေသေးတာ။ ကျွန်မ နေ့တိုင်း အရမ်းအလုပ်များပေမဲ့၊ စီးပွားရေးလုပ်ငန်းက ကျွန်မ စိတ်ကူးခဲ့သလောက် အဆင်ချောမနေခဲ့ဘူး။ ယာဉ်တိုက်မှုတွေက တစ်ခုပြီးတစ်ခုဖြစ်ပြီး၊ ဖောက်သည် အတော်များများက သူတို့ရဲ့ ကုန်စည်ပေးငွေတွေ နောက်ကျကုန်ကြတယ်။ အဲဒီသုံးလေးနှစ်အတွင်းမှာ ငွေတွေဆိုတာ ယွမ်ပေါင်း သိန်းဂဏန်း ကျော်ပြီးတော့ကို ဆုံးရှုံးခဲ့ရတယ်။ ကျွန်မတို့ ဆုံးရှုံးခဲ့တဲ့ ငွေတွေကို ပြန်ရဖို့၊ အရင်ထက် ပိုလို့တောင် အချိန်နဲ့အားအင် စိုက်ထုတ်ခဲ့တယ်။ နေ့တိုင်း အလုပ်ပမာဏက များလွန်းလို့ ကျွန်မ ခန္ဓာကိုယ်က ဇယ်ဆက်သလို အလုပ်လုပ်နေရပြီး ကျွန်မရဲ့ ခေါင်းကိုက်ဝေဒနာတွေက ပိုပိုပြီး ပြင်းထန်လာခဲ့တယ်။ နေ့တိုင်းမှာ ကျွန်မ သေလိုက်တာ ပိုကောင်းမယ်လို့ ခံစားရတယ်။ ငွေရှိလာကတည်းကစလို့၊ ကျွန်မယောက်ျားက အပျော်အပါး ထွက်ရှာပြီး တစ်ညလုံး အပြင်မှာနေတယ်။ အလောင်းကစားတောင်လုပ်ပြီး ငွေအများကြီးကို ဖြုန်းတီးပစ်တယ်။ ဒါနဲ့ပတ်သက်လို့ နေ့တိုင်း ကျွန်မတို့ စကားများပြီး၊ ကျွန်မမျက်နှာဆို မကြာခဏ မျက်ရည်တွေနဲ့ ရဲနေတယ်။ အသက်ရှင်ရတာ အရမ်း နာကျင်စရာကောင်းလွန်းတယ်လို့ ခံစားရတယ်။ အရမ်းအရမ်းကို ကူကယ်ရာမဲ့ပြီး အရမ်းလည်း တွေးရခက်နေမိတယ်။ အခု၊ ကျွန်မတို့ အိမ်မက်ကို ကျွန်မ အကောင်အထည်ဖော်ပြီးပြီလေ။ ကားရှိတယ်၊ အိမ်ရှိတယ်၊ ကုမ္ပဏီရှိတယ်။ ဒါပေမဲ့ ကျွန်မ ဘာလို့ ပျော်ရွှင်မှု နည်းနည်းမှ မခံစားခဲ့ရတာလဲ။ ဘာများဖြစ်နေတာလဲ။ ကျွန်မ နာကျင်မှုနဲ့ ကူကယ်ရာမဲ့နေချိန်မှာ၊ အရင်က ကျွန်မရုံးခန်းမှာ ထားထားတဲ့ ဘုရားနှုတ်ကပတ်တော် စာအုပ်ကို သတိရသွားတယ်။ “အနန္တတန်ခိုးရှင် သက်ပြင်းချတော်မူခြင်း”လို့ ခေါင်းစဉ်တပ်ထားတဲ့ အခန်းကို ကျွန်မ လှန်လိုက်ပြီး စဖတ်တယ်။ အဲဒီအချိန်မှာ ရုံးခန်းထဲမှာ အရမ်းတိတ်ဆိတ်ပြီး၊ အစကနေ ကျွန်မ ဆက်ဖတ်နေနလိုက်တယ်။ နောက်ဆုံး အပိုဒ်ကို ဖတ်မိတဲ့အခါ၊ ကျွန်မ စိတ်နှလုံးကို ဘုရားက တို့ထိခဲ့တယ်။ ဘုရားသခင်က ပြောသည်- “အနန္တတန်ခိုးရှင်၏ အသက်ထောက်မခြင်းထံမှ လမ်းလွဲပြီး သောအခါ လူသားတို့သည် ဘဝရည်ရွယ်ချက်ကို မသိနားမလည်ကြ သော်လည်း မည်သို့ပင်ဆိုစေကာမူ သေခြင်းတရားကို ကြောက်ရွံ့ ကြ၏။ ၎င်းတို့၌ အကူအညီ သို့မဟုတ် စောင့်မမှုကင်းမဲ့ကြသော်လည်း မိမိတို့၏မျက်လုံးများကို မှိတ်ရန်ဝန်လေးနေကြဆဲဖြစ်၍ ဤလောကကြီးထဲ၌ ယုတ်ညံ့သောဘဝကို အချိန်ဆွဲရန် မိမိတို့ ကိုယ်ကို စိတ်တင်းထားကြ၏၊ မိမိတို့ကိုယ်တိုင်၏ စိတ်ဝိညာဉ်များ အကြောင်း မသိသည့် လူစဉ်မမီသောသူများပေတည်း။ သင်သည် မျှော်လင့်ချက်၊ ရည်မှန်းချက်ကင်းမဲ့စွာဖြင့် အခြားသူများနည်းတူ ဤပုံစံဖြင့် အသက်ရှင်၏။ ဒဏ္ဍာရီလာ သန့်ရှင်းသူတစ်ပါးတည်းသာ မိမိတို့၏ဒုက္ခဆင်းရဲအလယ်၌ ညည်းတွားလျက်နေကာ သူ၏ ကြွရောက်လာခြင်းကို အသည်းအသန် စောင့်မျှော်နေသောလူများကို ကယ်တင်လိမ့်မည်။ ယခုအချိန်အထိ အသိဉာဏ်မရှိသောလူများ၌ ယင်းကဲ့သို့ယုံကြည်မှုမျိုး ဖြစ်မြောက်ဖူးခြင်းမရှိပေ။ မည်သို့ပင် ဆိုစေကာမူ လူတို့သည် ၎င်းကို အလွန်တမ်းတနေကြဆဲဖြစ်၏။ အနန္တတန်ခိုးရှင်သည် အလွန်အမင်း ဒုက္ခဆင်းရဲကိုခံဖူးသော ဤလူများအပေါ် သနားကရုဏာရှိ၏၊ တစ်ချိန်တည်းတွင် သူသည် လူသားတို့ထံမှ အဖြေတစ်ခုကို စောင့်ဆိုင်းနေခဲ့ရသည်မှာ အလွန်ကြာလှပြီဖြစ်သောကြောင့် အသိဉာဏ်ကင်းမဲ့သော ဤလူများ ကိုလည်း အလွန်အမင်း မနှစ်မြို့ခြင်းဖြစ်၏။ သင်သည် ရေငတ်ခြင်းနှင့် ဆာလောင်ခြင်းကို မခံရတော့မည့်အကြောင်း သူသည် ရှာဖွေရန်၊ သင်၏စိတ်နှလုံးနှင့် ဝိညာဉ်ကို ရှာဖွေရန်၊ သင့်ထံ ရေနှင့် အစာကို ယူဆောင်လာရန်နှင့် သင့်ကို နှိုးရန် ဆန္ဒရှိတော်မူ၏။ သင် ပင်ပန်းနွမ်းနယ်သောအခါနှင့် ဤလောကကြီး၏ စိတ်ဓာတ်ကျဖွယ် ပျက်စီးခြောက်ကပ်ခြင်း တစ်စုံတစ်ရာကို စတင်ခံစားရသောအခါ၊ လမ်းပျောက်ခြင်းမရှိစေနှင့်၊ မငိုကြွေးလေနှင့်။ စောင့်ကြည့်တော်မူသောသူ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သင်၏ရောက်လာခြင်းကို အချိန်မရွေး လက်ခံ ပွေ့ဖက်လေမည်။ သူသည် သင့်ထံပါး၌ အိပ်ဖန်စောင့်လျက် သင်နောက်ပြန်လှည့်လာရန် စောင့်ဆိုင်းနေ၏။ သင်၏မှတ်ဉာဏ် ရုတ်တရက် ပြန်ရသောနေ့ရက်ကို သူစောင့်ဆိုင်းလျက်နေ၏၊ ထိုနေ့ရက်မှာ သင်သည် ဘုရားသခင်ထံမှ လာခဲ့ကြောင်း၊ မသိခဲ့သောအချိန်တစ်ချိန်တွင် သင်ဦးတည်ချက်ပျောက်ခဲ့ကြောင်း၊ မသိခဲ့သောအချိန်တစ်ချိန်တွင် လမ်းပေါ်၌ အသိဉာဏ် ပျောက်ဆုံး ခဲ့ရကြောင်းနှင့် မသိခဲ့သောအချိန်တစ်ချိန်တွင် ‘အဖ’ တစ်ဦးရ ခဲ့ကြောင်း သဘောပေါက်သောနေ့ရက်၊ ထိုမျှမက အနန္တတန်ခိုးရှင်သည် အစဉ်သဖြင့် အိပ်ဖန်စောင့်နေကာ သင်ပြန်လာမည်ကို ထိုနေရာ၌ အလွန့်အလွန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းလျက်နေကြောင်း သင်သဘောပေါက်သောနေ့ရက် ဖြစ်ပေသည်။ သူသည် ပြင်းပြသောတောင့်တမှုဖြင့် စောင့်ကြည့် နေကာ အဖြေမပါသော တုံ့ပြန်မှုတစ်ခုကို စောင့်ဆိုင်းလျက်နေ၏။ သူ၏အမြဲတစေ စောင့်ကြည့်ခြင်းနှင့် စောင့်ဆိုင်းခြင်းတို့မှာ တန်ဖိုး မဖြတ်နိုင်ဘဲ၊ ယင်းတို့သည် လူသား၏စိတ်နှလုံးနှင့် လူသား၏ ဝိညာဉ်အဖို့အလို့ငှာ ဖြစ်၏။ ဤစောင့်ကြည့်ခြင်းနှင့် စောင့်ဆိုင်းခြင်းတို့သည် အချိန်အကန့်အသတ်မဲ့ ဖြစ်ကောင်း ဖြစ်နိုင်၍ ၎င်းမှာ ဆုံးခန်း၌လည်း ရှိကောင်းရှိနေနိုင်သည်။ သို့သော်လည်း ယခုအခါ သင်၏စိတ်နှလုံးနှင့် ဝိညာဉ်တို့မှာ မည်သည့်နေရာ၌ ရှိနေကြောင်းကို သင်အတိအကျ သိသင့်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အနန္တတန်ခိုးရှင် သက်ပြင်းချတော်မူခြင်း)အဖြေမပါသော တုံ့ပြန်မှုတစ်ခုကို စောင့်ဆိုင်းလျက်နေ”ဆိုတဲ့ စကားတွေကို ဖတ်မိတဲ့အချိန်မှာ အရမ်းကို အိပ်မောကျနေခဲ့တဲ့ ကျွန်မရဲ့ စိတ်နှလုံးက ရုတ်တရက် နိုးထသွားခဲ့တယ်။ ကျွန်မ စတွေးဆမိလာတယ်။ “ဘယ်သူက အဖြေမပါတဲ့ တုံ့ပြန်မှုတစ်ခုကို စောင့်နိုင်မှာလဲ။ ဘုရားပဲပေါ့။ ဘုရားကပဲ ဒီလို လူတွေရဲ့ ဘေးမှာ အမြဲ တိတ်တဆိတ်နဲ့ နေနေတာ”လို့ပေါ့။ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မရဲ့ ဒဏ်ရာရတဲ့ စိတ်ဝိညာဉ်ကို နှစ်သိမ့်ပေးတယ်။ မျက်ရည်တွေ မကျအောင် ကျွန်မ မတားနိုင်ခဲ့ဘူး။ အဲဒီအချိန်မှာ၊ ကျွန်မရဲ့ စိတ်နှလုံးက ဘုရားနဲ့ အရမ်းနီးတယ်လို့ ခံစားရတယ်။ ဘုရားကို ယုံကြည်တဲ့ ဒီနှစ်တွေတစ်လျှောက်လုံးမှာ ဘုရားနှုတ်ကပတ်တော်တွေကို လေးလေးနက်နက် ကျွန်မ မဖတ်ဖူးခဲ့သလို၊ ကျွန်မရဲ့ ဦးနှောက်က ငွေတွေကို ဘယ်လို ပိုရှာနိုင်မယ်ဆိုတာနဲ့ လူတွေ ကျွန်မကို ဘယ်လို အထင်ကြီးအောင် လုပ်ရမယ်ဆိုတာတွေနဲ့ပဲ အမြဲ ပြည့်နေခဲ့တယ်။ နေ့တိုင်း၊ စီးပွားရေးလုပ်ငန်းကို စီမံခန့်ခွဲရာမှာ ပင်ပန်းတဲ့ ကျွန်မရဲ့ခန္ဓာကိုယ်ကို တရွတ်တိုက်ဆွဲနေခဲ့ရတယ်။ အဆုံးမှာ၊ များပြားတဲ့ ဇိမ်ခံပစ္စည်းတွေနဲ့ တခြားလူတွေရဲ့ လေးစားမှုကို ရခဲ့ပေမဲ့၊ ဒီအရာက ယူဆောင်ခဲ့တာကတော့ ကျွန်မယောက်ျားရဲ့ ထပ်တလဲလဲ သစ္စာဖောက်ဖျက်မှုတွေအပြင်၊ နာမကျန်းဖြစ်ခြင်းတွေပါပဲ။ ကျွန်မမှာ ပျော်ရွှင်မှု နည်းနည်းမှ မခံစားခဲ့ရဘူး။ အဲဒီအစား၊ ကျွန်မ ခံစားခဲ့ရတာက အနှစ်မဲ့ခြင်း၊ နာကျင်မှုနဲ့ ကူကယ်ရာမဲ့ခြင်းတွေပါပဲ။ ဒီနာကျင်မှုတွေအားလုံးဟာ ကျွန်မက ဘုရားရဲ့ စောင့်ရှောက်မှုနဲ့ ကွယ်ကာမှုတို့ကနေ ဝေးဝေးနေပြီး ပုန်းကွယ်နေခဲ့လို့ ဖြစ်ရတာပါ။ လွန်ခဲ့တဲ့ ဆယ်နှစ်က၊ ဘုရားရဲ့ အသံကို ကျွန်မ ကြားခဲ့တယ်၊ ဒါပေမဲ့ သူ့ရဲ့ ကယ်တင်ခြင်း ကျေးဇူးတော်ကို ကျွန်မ တန်ဖိုးမထားခဲ့ဘူး။ သူ့နှုတ်ကပတ်တော်တွေကို ကောင်းကောင်းမွန်မွန် မစားသောက်ခဲ့သလို၊ ကိုယ့်တာဝန်တွေကိုလည်း မယူခဲ့ဘူး။ ကျွန်မ အရမ်း ပုန်ကန်ခဲ့ပေမဲ့၊ ဘုရားကတော့ ကျွန်မကို မစွန့်ပစ်ခဲ့သလို၊ ကျွန်မရဲ့ စိတ်နှလုံး ပြောင်းလဲဖို့ကို စောင့်ရင်းနဲ့ ကျွန်မဘေးမှာ အမြဲ နေပေးခဲ့တယ်။ ကျွန်မ မရေမရာဖြစ်ပြီး အကူအညီမဲ့ချိန်မှာ၊ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မရဲ့ ဒဏ်ရာရတဲ့ စိတ်ဝိညာဉ်ကို ချက်ချင်း နှစ်သိမ့်ပေးခဲ့တယ်။ စုဝေးပွဲတွေကို ကျွန်မ ပုံမှန် မတက်ခဲ့ဘဲ ဘုရားနဲ့ ဝေးဝေးမှာ ဆက်နေခဲ့ချိန်မှာ၊ သူက ညီအစ်မတွေကို ကျွန်မအပေါ် အကြိမ်ကြိမ် ကူညီခိုင်းခဲ့တယ်။ ဒါပေမဲ့ ကျွန်မက ကျေးဇူး မသိတတ်သလို အတိုက်အခံလုပ်ခဲ့တယ်။ ကျွန်မအပေါ် ဘုရားရဲ့ ကယ်တင်ခြင်းကို ကျွန်မ ထပ်တလဲလဲ ငြင်းခဲ့တယ်။ ကျွန်မမှာ တကယ်ကို အသိစိတ်၊ ဆင်ခြင်တုံတရား တစ်ခုမှ မရှိတာပါ။ ပိုတွေးလေ၊ နောင်တရလေဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတယ်။ ငိုရင်းနဲ့ ဘုရားဆီ ကျွန်မဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ ကျွန်မ မှားခဲ့ပါတယ်။ ဟိုတုန်းက ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်တွေကို သေချာ မဖတ်ခဲ့ဘဲ ငွေရှာရာမှာ စိတ်နှလုံးအကြွင်းမဲ့ နှစ်ထားခဲ့တာကို မုန်းမိပါတယ်။ ကျွန်မမှာ ငွေရှိရင် အရာရာရှိမယ်လို့ ထင်ခဲ့တယ်။ ဒါပေမဲ့ ငွေနဲ့ ဇိမ်ခံပစ္စည်းတွေ ရပြီးတဲ့နောက်မှာ၊ အရမ်း အနှစ်မဲ့ရတယ်၊ နာကျင်ပြီး အကူအညီမဲ့ခဲ့တယ်။ ဘုရားသခင်၊ အရင်က ကျွန်မရွေးခဲ့တဲ့ လမ်းကြောင်း မှားပါတယ်။ အခုကစပြီး၊ ကျွန်မ သမ္မာတရားကို လိုက်စားပြီး ဘုရားသခင်ကို ယုံကြည်တဲ့ လမ်းကြောင်း ထပ်လျှောက်ချင်ပါတယ်”လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာ၊ အရမ်း စိတ်အေးပြီး အေးချမ်းသွားတယ်။ ကျွန်မက ကိုယ့်ကျောက်ဆူးချဖို့ ဆိပ်ကမ်းတစ်ခုတွေ့တဲ့ ပင်လယ်ထဲက ထီးထီးတည်းရှိနေတဲ့ လှေတစ်စင်းလိုပါပဲ။ နှစ်ချီ ခြေဦးတည့်ရာသွားပြီးတဲ့နောက်မှာ သူမိခင်ရဲ့ လက်ထဲ ပြန်ရောက်လာခဲ့တဲ့ ပျောက်သောသားတစ်ယောက်လိုပါပဲ။ အရင်က လုံးဝ မခံစားခဲ့ဖူးတဲ့ လုံခြုံမှု အသိတစ်ခု ခံစားရတယ်။ အဲဒီနောက်မှာ၊ စုဝေးဖို့ အချိန်ရောက်တဲ့အခါတိုင်း၊ ကျွန်မရဲ့ စီးပွားရေးလုပ်ငန်းကို အမြဲ ကြိုပြီးအစီအစဉ်ဆွဲတယ်။ တဖြည်းဖြည်းနဲ့ စုဝေးပွဲတွေမှာ ပါဝင်တဲ့အခါ ကျွန်မ စိတ်အေးလက်အေး ဖြစ်နိုင်ခဲ့ပြီး၊ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီး အသင်းတော်မှာ ကိုယ့်တာဝန် လုပ်ဖို့ အချိန်တချို့ ပုံမှန်ပေးနိုင်ခဲ့တယ်။ ဒါပေမဲ့ တစ်ခါတစ်လေ၊ ကျွန်မရဲ့ စီးပွားရေး လုပ်ငန်းက ကျွန်မတာဝန်နဲ့ တိုက်နေတဲ့အခါ၊ အမှတ်တမဲ့ဆိုသလို စီးပွားရေးလုပ်ငန်းကိုပဲ ရွေးပြီး ကိုယ့်တာဝန်ကို ရွှေ့ဆိုင်းလိုက်မိတယ်။ ဒီလိုလုပ်မိလို့ စိတ်ထဲမှာ အရမ်းစိတ်ဆင်းရဲရတယ်။ တစ်ခါတလေကျတော့လည်း ကျွန်မ တွေးမိပါတယ်။ “ဘယ်အချိန်မှများ ကိုယ့်စီးပွားရေး မထိခိုက်ဘဲ ကိုယ့်တာဝန်ကို အေးအေးဆေးဆေး လုပ်နိုင်မလဲ” လို့ပေါ့။ ညီအစ်ကို မောင်နှမအတော်များများက ဧဝံဂေလိဖြန့်ဖို့ သူတို့ မိသားစုတွေကို စွန့်ပြီး သူတို့ရဲ့ အသက်မွေးအလုပ်တွေကို စွန့်လွှတ်နိုင်ကြတာကို မြင်တော့၊ ကျွန်မရဲ့ စိတ်နှလုံးက အရမ်း တို့ထိခံရတယ်။ ကျွန်မတို့ အားလုံးက လူသားတွေဖြစ်လို့ ညီအစ်ကို မောင်နှမတွေက သူတို့ရဲ့ ပူပန်မှုတွေကို ဘေးဖယ်ထားပြီး ဘုရားအတွက် ကိုယ့်ကိုယ်ကိုယ် အသုံးခံနိုင်တယ်ဆိုရင်၊ ဘာလို့ငါက မစွန့်လွှတ်နိုင်ရတာလဲလို့ တွေးမိတယ်။ တစ်နေ့ကျရင် ကျွန်မလည်း ကိုယ့်တာဝန်ကို လုပ်ဆောင်ရာမှာ စိတ်နှလုံးအကြွင်းမဲ့ ကိုယ့်ကိုယ်ကိုယ် မြှုပ်နှံနိုင်ဖို့ကို အရမ်းမျှော်လင့်မိတယ်။ အဲဒါက သိပ်ကောင်းမှာပဲ။ ဆုတောင်းရာမှာ ဘုရားဆီကို ဒီအတွေးကိုပဲ ထပ်တလဲလဲ ပြောနေမိတယ်။ ဘုရားက ကျွန်မကို ယုံကြည်ခြင်း ပိုပေးဖို့၊ ကျွန်မရဲ့ စီးပွားရေးလုပ်ငန်းကို ကျွန်မ စွန့်လွှတ်နိုင်ပြီး သူ့အတွက် ကိုယ့်ကိုယ်ကိုယ် စိတ်နှလုံးအကြွင်းမဲ့ အသုံးခံနိုင်တဲ့နေ့ ရောက်လာခွင့်ပေးဖို့ မျှော်လင့်ရင်းနဲ့ပေါ့။

၂၀၁၁ခုနှစ် နွေရာသီမှာ၊ ကျွန်မရဲ့ ခေါင်းကိုက်ဝေဒနာတွေက ပိုပြီး ပြင်းထန်လာခဲ့တယ်။ ကျွန်မ တကယ်ကို မခံနိုင်တော့လို့ မြို့ဆေးရုံကို သွားစစ်ခဲ့တယ်။ ဆရာဝန်က ကျွန်မကို ပြောတယ်။ “အစ်မရဲ့ ခေါင်းကိုက်ဝေဒနာက အစ်မ အခုလုပ်နေတဲ့ အလုပ်နဲ့ ဆက်စပ်နိုင်တယ်။ အစ်မရဲ့ ကျန်းမာရေး ကောင်းလာစေချင်ရင်၊ အကောင်းဆုံးနည်းလမ်းကတော့ ဒီလုပ်ငန်းကို ဆက်မလုပ်တော့တာပဲ။ မဟုတ်ရင်၊ အစ်မရဲ့ ကျန်းမာရေးက ပိုပိုပြီး ဆိုးလာလိမ့်မယ်”တဲ့။ ဆရာဝန်ရဲ့ စကားတွေကို ကြားတော့၊ ဒါက ဘုရားက ကျွန်မကို ထွက်ပေါက်ပေးနေတာဖြစ်မှန်း ရှင်းသွားတယ်။ စီးပွားရေးလုပ်ငန်းက ဆက်မလုပ်နိုင်တော့တာကို မိသားစုဆီ ပြောဖို့ ဒီအခွင့်အရေးကို ကျွန်မ အသုံးပြုချင်ခဲ့ပေမဲ့၊ စိတ်မပိုင်းဖြတ်နိုင်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ အခုအချိန်မှာ အကျိုးခံစားမှုတွေ ရဖို့ဆိုတာ ဆယ်နှစ်လုံးလုံး အပင်ပန်းခံ အားထုတ်စီမံခဲ့ရတာမို့လို့ပါ။ ဒါ့အပြင်၊ စီးပွားရေးလုပ်ငန်းက အဲဒီနှစ်မှာ ကြီးပွားတိုးတက်ပြီး၊ တစ်ခါတလေ တစ်နေ့မှာ ယွမ် ငါးထောင်၊ ခြောက်ထောင် ရနိုင်ခဲ့တယ်။ ကျွန်မ စွန့်လွှတ်လိုက်ရင်၊ ဒီနှစ်တွေတစ်လျှောက်လုံးမှာ ကျွန်မ ဆက်သွယ်ခဲ့တဲ့ ဖောက်သည်တွေကို လုပ်ငန်းထဲမှာရှိတဲ့ တခြားလူတွေက ခိုးသွားမှာလေ။ အဆုံးမှာ၊ ငွေရဲ့ ဖြားယောင်းမှုကို ကျွန်မ မအောင်မြင်နိုင်ခဲ့သလို၊ အလုပ်ကို မလျှော့တမ်းပေပြီးလုပ်ဖို့ ကျွန်မရောဂါရဲ့ ပြင်းထန်တဲ့နာကျင်မှုဝေဒနာကို လအတော်ကြာ ခါးစည်းခံခဲ့ပါတယ်။ ကျွန်မ ငွေအများကြီး ရခဲ့ပေမဲ့ လုံးဝ မပျော်ခဲ့သလို၊ အရင်က ဘုရားဆီကို ကျွန်မဆုတောင်းပြီး ကျွန်မရဲ့ စီးပွားရေးလုပ်ငန်းကို စွန့်လွှတ်ဖို့နဲ့ သူ့အတွက် ကိုယ့်ကိုယ်ကိုယ် အသုံးခံဖို့ လိုလားခဲ့ချိန်ကို တွေးမိတယ်။ ဒါပေမဲ့ အခုတော့၊ ကျွန်မက ငွေကို ဆက်ဆုပ်ကိုင်ထားတုန်းပဲ။ လက်မလွှတ်သေးဘူး။ စိတ်ထဲမှာ အရမ်း အပြစ်ရှိသလိုခံစားရတယ်။ ဒါကြောင့် ဘုရားဆီ ထပ်ဆုတောင်းတယ်။ ကျွန်မရဲ့ စီးပွားရေးလုပ်ငန်းကို စွန့်လွှတ်ပြီး သူ့အတွက် အသုံးခံအောင် ကူညီဖို့ တောင်းလျှောက်ခဲ့တယ်။ တစ်နေ့မှာ ဒီလိုပြောထားတဲ့ ဘုရားနှုတ်ကပတ်တော်တွေ တွေ့တယ်။ “အကယ်၍ ယခုတွင် ငါသည် သင်တို့ရှေ့၌ ငွေကြေးအချို့ကို ပုံပေးပြီး လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးပါက၊ ထို့ပြင် ငါသည် သင်တို့၏ ရွေးချယ်မှုအတွက် သင်တို့ကို ပြစ်တင်ရှုတ်ချမည် မဟုတ်ပါက အများစုသည် ငွေကြေးကိုသာ ရွေးပြီး သမ္မာတရားကို ပစ်ပယ်ကြပေလိမ့်မည်။ သင်တို့ထဲက ပိုကောင်းသောလူများသည် ငွေကြေးကို မယူဘဲ သမ္မာတရားကို အင်တင်တင်နှင့် ရွေးချယ်ကြလိမ့်မည်၊ ထိုနှစ်မျိုးကြားထဲမှ လူများမှာမူ လက်တစ်ဖက်နှင့် ငွေကြေးကို ဖမ်းကိုင်လျက် ကျန်လက်တစ်ဖက်နှင့် သမ္မာတရားကို ဖမ်းကိုင်ကြလိမ့်မည်။ ဤနည်းနှင့်ဆိုပါက သင်တို့၏ ဗီဇရုပ်များသည် ပကတိအတိုင်း ရှင်းသွားလိမ့်မည် မဟုတ်လော။ သမ္မာတရားနှင့် သင်တို့သစ္စာစောင့်သိသော အရာတစ်ခုခုကို ရွေးကြစတမ်း ဆိုပါက သင်တို့အားလုံးသည် ထိုကဲ့သို့သော ရွေးချယ်မှုမျိုးကိုသာ ပြုကြလိမ့်မည်ဖြစ်ပြီး သင်တို့၏ သဘောထားသည် တစ်ပုံစံတည်း ရှိနေရစ်မည်ဖြစ်သည်။ ထိုသို့ဖြစ်သည် မဟုတ်လော။ သင်တို့ထဲ၌ အမှားနှင့် အမှန်ကြား ဗျာများနေသောသူများ များစွာရှိသည် မဟုတ်လော။ အပြုသဘောနှင့် အနုတ်သဘော၊ အဖြူနှင့် အမည်းကြားရှိ ယှဉ်ပြိုင်ပွဲများ၌ သင်တို့သည် မိသားစုနှင့် ဘုရားသခင်ကြား၊ သားသမီးများနှင့် ဘုရားသခင်ကြား၊ ငြိမ်းချမ်းခြင်းနှင့် ပြိုကွဲပျက်စီးခြင်းကြား၊ ချမ်းသာခြင်းနှင့် ဆင်းရဲခြင်းကြား၊ ဂုဏ်ဒြပ်ရှိခြင်းနှင့် ဂုဏ်ဒြပ်မဲ့ခြင်းကြား၊ ထောက်ခံမှုခံရခြင်းနှင့် ဘေးဖယ်ထားမှုခံရခြင်း အစရှိသည်တို့အကြား၌ သင်တို့ပြုခဲ့သော ရွေးချယ်မှုများကို သင်တို့ အသေအချာသိသည်။ ငြိမ်းချမ်းသော မိသားစုနှင့် အိမ်ထောင်ကွဲ မိသားစုအကြားဆိုလျှင် သင်တို့သည် တုံ့ဆိုင်းမနေဘဲ ပထမတစ်ခုကို ရွေးကြသည်၊ စည်းစိမ်ဥစ္စာနှင့် တာဝန်ဝတ္တရား ဆိုလျှင်လည်း ကမ်းခြေသို့ ပြန်ဆိုက် လိုစိတ်ပင် မရှိဘဲ ပထမတစ်ခုကိုသာ ထပ်ရွေးကြသည်၊ စည်းစိမ်ရှိခြင်းနှင့် ဆင်းရဲမှုအကြားဆိုလျှင်လည်း ပထမတစ်ခုကိုသာ ရွေးကြသည်၊ သမီး၊ သား၊ ဇနီး၊ ယောက်ျားနှင့် ငါ၏အကြားဆိုလျှင်လည်း ပထမတစ်ခုကိုသာ ရွေးကြသည်၊ အယူအဆနှင့် သမ္မာတရား ဆိုလျှင်လည်း ပထမတစ်ခုကိုသာ ရွေးကြသည်။ သင်တို့၏ ဒုစရိုက်လုပ်ရပ်များ အားလုံးကို ရင်ဆိုင်ရပြီးသောနောက် သင်တို့အပေါ်ထားသော ငါ၏ယုံကြည်မှုမှာ လုံးဝပင် ပျောက်ဆုံးသွား၏။ သင်တို့၏စိတ်နှလုံးများသည် ပျော့ပျောင်းဖို့ တင်းခံနိုင်လွန်းကြသည်ကို ငါအလွန်အံ့သြမိသည်။ ကြည့်ရ သရွေ့ နှစ်ပေါင်းများစွာတိုင်အောင် ပေးအပ်မြှုပ်နှံမှုနှင့် လုံ့လထုတ်မှုသည် ကျောခိုင်းမှုနှင့် သင်တို့၏ စိတ်ပျက် အားလျော့ခြင်းတို့ကိုသာ ငါ့ထံယူဆောင်လာပေးခဲ့သည်။ သို့သော် တစ်ယောက်ချင်းစီ၏ရှေ့၌ ငါ၏နေ့ရက်ကို အလုံးစုံချခင်းထားပြီး ဖြစ်သည့်အတွက် သင်တို့အပေါ်ထားသော ငါ၏မျှော်လင့်ချက်များမှာ တစ်နေ့ပြီးတစ်နေ့ ပိုကြီးထွားလာ၏။ သို့သော်လည်း သင်တို့သည် အမှောင်ထုအပြင် မကောင်းမှုနှင့် သက်ဆိုင်သောအရာများကို မလျှော့တမ်း ရှာဖွေနေကြပြီး ၎င်းတို့ကို စွန့်လွှတ်ဖို့ ငြင်းဆန်ကြသည်။ ထိုသို့ဆိုလျှင် သင်တို့၏ ရလဒ်ကား အဘယ်အရာဖြစ်မည်နည်း။ ဤအကြောင်းကို သင်တို့ သေသေချာချာ တွေးကြည့်ဖူးသလော။ အကယ်၍ သင်တို့ကို ထပ်ရွေးခိုင်းပါက သင်တို့၏ရပ်တည်ချက်သည် မည်သို့ဖြစ်လိမ့်မည်နည်း။ ယခင်အတိုင်းပင် ဖြစ်ကြဦးမည်လော။ သင်တို့က ငါ့ကို စိတ်ပျက်မှုနှင့် စုတ်ချာချာ ဝမ်းနည်းမှုတို့ကို ထပ်ပေးဦးမည်လော။ သင်တို့၏ နှလုံးသားများသည် ငွေ့ငွေ့လေးသာ နွေးနေဦးမည်လော။ ငါ၏ နှလုံးသားကို နှစ်သိမ့်စေဖို့ရန်အတွက် အဘယ်အရာလုပ်ရမည်ကို သင်တို့ မသိဘဲနေဦးမည်လော။ ယခုအခိုက်အတန့်၌ သင်တို့သည် အဘယ်အရာကို ရွေးချယ်မည်နည်း။ သင်တို့အနေဖြင့် ငါ၏နှုတ်ကပတ်တော်များကို ကျိုးနွံနာခံမည်လော၊ သို့တည်းမဟုတ် အလွန်အမင်း မနှစ်မြို့ခြင်း ဖြစ်မည်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်မည်သူ့ကို သစ္စာစောင့်သိသနည်း) ဘုရားရဲ့ မေးခွန်းထုတ်ခြင်းနဲ့ ရင်ဆိုင်ရတော့၊ ကျွန်မ သုံးသပ်မိတယ်။ ကျွန်မရဲ့ စီးပွားရေးလုပ်ငန်းကို စွန့်လွှတ်ဖို့ လိုလားပြီး သူ့အတွက် ကိုယ့်ကိုယ်ကိုယ် အသုံးခံမယ်လို့ ဘုရားဆီ အကြိမ်အတော်များများ ကျွန်မဆုတောင်းခဲ့ပုံကို တွေးမိတယ်။ ဒါပေမဲ့ ယွမ်ထောင်နဲ့ချီတဲ့ ကိုယ့်ရဲ့နေ့စဉ်ဝင်ငွေကို ကြည့်တော့ အဲဒါကို မစွန့်လွှတ်ချင်တော့ဘူး။ ဘုရားကို ကျွန်မက လိမ်လည်နေခဲ့တာ မဟုတ်လား။ ဒီနှစ်တွေအတောအတွင်းမှာ ဘုရားကို ကျွန်မ ယုံကြည်ခဲ့ပေမဲ့၊ စီးပွားရေးလုပ်ငန်း လုပ်တဲ့အပေါ်မှာ ကျွန်မရဲ့ အချိန်နဲ့ အားအင် အကုန်လုံး ကုန်ဆုံးစေခဲ့တာကို တွေးမိတယ်။ ကျွန်မရဲ့ ဦးနှောက်က ငွေတွေကို ဘယ်လို ပိုရှာနိုင်မလဲဆိုတဲ့ အတွေးတွေနဲ့ပဲ ပြည့်နေခဲ့သလို၊ ကျွန်မလုပ်သင့်တဲ့ တာဝန်ကို လုံးဝ မချစ်ခင်မမြတ်နိုးခဲ့ဘူး။ ကျွန်မတာဝန်နဲ့ စီးပွားရေးလုပ်ငန်း ထိပ်တိုက်တွေ့တဲ့အခါတိုင်း၊ ကျွန်မရဲ့ တာဝန်ကို လျစ်လျူရှုပြီး အလေးအနက် မထားဘဲ စီးပွားရေလုပ်ငန်းဘက်ကို အရင်ဆုံး ဖြည့်ဆည်းဖို့ အမြဲ ရွေးခဲ့တယ်။ ဒီသုံးလေးနှစ်မှာ ကိုယ်နဲ့ အဆင့်အတန်းတူတဲ့သူတွေကြားမှာ ထင်ပေါ်နိုင်ဖို့ ငွေရဲ့ကျေးကျွန် လုံးလုံး ဖြစ်လာခဲ့ပြီး နေ့တိုင်း အနှစ်မဲ့ခြင်းနဲ့ နာကျင်မှုကြားမှာ ပိုပို နစ်မွန်းရင်းနဲ့ ရုန်းကန်နေခဲ့ရတယ်။ ဘုရားကို ကျွန်မ အကြိမ်ကြိမ် ပုန်ကန်ခဲ့ပေမဲ့၊ သူက ကျွန်မကို ကယ်တင်တာ လုံးဝ လက်မလျှော့ခဲ့ဘူး။ ကျွန်မရဲ့ စီးပွားရေးလုပ်ငန်းကြောင့် စုဝေးပွဲတွေမှာ မပါဝင်နိုင်ခဲ့တဲ့အခါ၊ ကျွန်မကို အားပေးပြီး ကူညီဖို့ ညီအစ်မတွေကို သူ စီစဉ်ပေးခဲ့တယ်။ ကျွန်မယောက်ျားရဲ့ သစ္စာဖောက်မှု၊ စီးပွားရေးလုပ်ငန်းရဲ့ စိန်ခေါ်မှုတွေနဲ့ ကျွန်မရဲ့ ဖျားနာမှုတွေကိုလည်း ရင်ဆိုင်နေရချိန်မှာ ပြီးတော့ နာကျင်မှုနဲ့ ကူကယ်ရာမဲ့မှုတွေထဲ အသက်ရှင်နေရချိန်မှာ၊ ကျွန်မကို ဦးဆောင်၊ လမ်းပြဖို့ သူ့နှုတ်ကပတ်တော်တွေကို ဘုရားက သုံးခဲ့ပြီး၊ ကျွန်မ အလင်းကို တောင့်တပြီး သမ္မာတရားကို မှန်မှန်ကန်ကန် လိုက်စားလိုစိတ်ရှိအောင် ထောက်ကူပေးခဲ့တယ်။ ကျွန်မရဲ့ စီးပွားရေးလုပ်ငန်းကို မစွန့်လွှတ်ခဲ့ချိန်မှာ၊ ကျွန်မကို အကြံပေးဖို့ ဘုရားက ဆရာဝန်ရဲ့စကားတွေကို အသုံးပြုခဲ့တယ်။ သူက ကျွန်မဘဝနဲ့ပတ်သက်ပြီး အမြဲ ကြောင့်ကြ၊ စိုးရိမ်ပေးနေခဲ့သလို၊ ကျွန်မအတွက် အင်မတန် အပင်ပန်းခံ အားထုတ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မကတော့ ငွေကို ဘယ်လိုပိုရှာရမယ်ဆိုတာကိုပဲ စဉ်ဆက်မပြတ် စဉ်းစားနေခဲ့ပြီး၊ ကျွန်မရဲ့ တာဝန်ကို လုံးဝ မစဉ်းစားခဲ့ဘူး။ တကယ်ကို တစ်ကိုယ်ကောင်းဆန်ခဲ့တာပါ။ အခု၊ ဘုရားက ကျွန်မတာဝန်ကို လုပ်ဖို့ အခွင့်အရေး ပေးနေတုန်းပဲ။ အဲဒါကို ကျွန်မ မြတ်နိုးတန်ဖိုးထားရမယ်။ နိုင်ငံတော် ဧဝံဂေလိတရားကို ဖြန့်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် အသုံးခံပြီး၊ အဖန်ဆင်းခံအနေနဲ့ ကိုယ့်တာဝန်ကို လုပ်ရမယ်။ ကျွန်မရဲ့ ရွေးချယ်မှုကို လုပ်ပြီးတဲ့နောက်မှာ၊ မမျှော်လင့်တဲ့ အဖြစ်အပျက်တချို့ ဖြစ်ခဲ့တယ်။ အဲဒါက ချမ်းသာကြွယ်ဝမှု လိုက်စားခြင်းရဲ့ အန္တရာယ်နဲ့ အကျိုးဆက်တွေကို အတိုင်းအတာတစ်ခုထိ ကျွန်မကို ရိပ်စားမိစေခဲ့တယ်။

၂၀၁၁ခုနှစ် ဆောင်းရာသီရဲ့ ရက်တစ်ရက်မှာ၊ လူတစ်ယောက်က ကျွန်မယောက်ျားဆီကို ဖုန်းဆက်ပြီး ခြိမ်းခြောက်တယ်။ လူတစ်ယောက်ကို ကျွန်မတို့က စိတ်အနှောင့်အယှက်ပေးမိတယ်ဆိုပဲ။ ပြီးတော့ ကျွန်မယောကျ်ားဘေးကင်းမှုအတွက် စိတ်ချရအောင်လို့ ယွမ် ၁၀၀၀၀၀ ပို့ခိုင်းတယ်။ မဟုတ်ရင်၊ ကျွန်မယောက်ျားရဲ့ လက်နဲ့ ခြေတွေကို ဖြတ်ပစ်မယ်တဲ့။ ဒီစကားတွေကိုကြားတော့၊ ကျွန်မက ကြောက်စိတ်နဲ့ ရင်တုန်ပန်းတုန်ဖြစ်လာတော့တာပဲ။ အရင်က အဲဒီလိုမြင်ကွင်းတွေကို တီဗီမှာပဲ မြင်ဖူးခဲ့တာလေ။ လက်တွေ့ဘဝမှာ ကိုယ်တွေ့ ကြုံရမယ်လို့ လုံးဝ မတွေးမိခဲ့ဘူး။ အခုကာလမှာ ဘာလို့ လောကကြီးက အဲဒီလို ပရမ်းပတာဖြစ်နေခဲ့ရတာလဲ။ ဘယ်လိုဖြစ်ပြီး လူတွေရဲ့ စိတ်နှလုံးက အရမ်း အန္တရာယ်ပေးနိုင်ရတာလဲ။ အဲဒီအချိန်မှာ ရုတ်တရက် တွေးမိတယ်။ ဒီလုပ်ငန်းကို ကျွန်မ ဆက်လုပ်ရင်၊ သေနိုင်လောက်တဲ့ ဘေးဒုက္ခတစ်ခုဆီကို တကယ် ဆိုက်ရောက်သွားစေမှာပဲလို့ပေါ့။ ကျွန်မမိသားစုက ငွေရှိကတည်းက၊ တစ်နေ့တစ်လေကိုမှ အေးအေးချမ်းချမ်း ကျွန်မ မကုန်ဆုံးခဲ့ရဘူး။ အခု ဒီမမျှော်လင့်တဲ့ ကံအကြောင်းမလှတဲ့ ဖြစ်ရပ်ကို ကြုံခဲ့ရပြီ။ ငွေက ပျော်ရွှင်မှုနဲ့ ဝမ်းမြောက်ခြင်း မပေးခဲ့ဘူး။ နောက်ပိုင်းမှာ၊ တစ်ခုပြီးတစ်ခု ကြားရတယ်။ ကျွန်မတို့အိမ်ကို ကုန်ပစ္စည်းတွေ ပို့တဲ့ ကုန်ကားဒရိုင်ဘာတချို့က ကားတိုက်မှုတွေမှာ ဆုံးသွားကြတယ်။ သူတို့ဆုံးတဲ့ သတင်းကိုကြားတော့၊ ကျွန်မ တကယ်ကို အမှန်လို့ မယုံနိုင်ခဲ့ဘူး။ သူတို့ထဲမှာ လူငယ်တွေဆိုရင် အသက် နှစ်ဆယ်ဝန်းကျင်ပဲ ရှိသေးတာလေ။ ပြီးတော့ သက်လတ်ပိုင်းတွေဆိုရင်လည်း လေးဆယ်အရွယ်တွေပဲရှိသေးတာ။ ကျွန်မကို စိတ်အထိခိုက်စေဆုံးကတော့ လင်မယားနှစ်ယောက်ပါပဲ။ ငွေပိုရအောင်လို့ သူတို့က ဒရိုင်ဘာ မငှားခဲ့ကြဘူး။ နေ့ရောညပါ အလုပ်လုပ်ခဲ့ကြတာလေ။ နောက်ဆုံးမှာ ပင်ပန်းမှုဒဏ်ကြောင့် ကားတိုက်မှုမှာ သူတို့ ပါသွားခဲ့ရပြီး လင်မယားနှစ်ယောက်လုံး သေသွားကြတယ်။ ငွေတချို့ကို သူတို့ ရှာလို့ရခဲ့ကြပေမဲ့၊ အဲဒါကို ရှာရင်းနဲ့ သူတို့အသက် ဆုံးရှုံးခဲ့ကြတယ်။ ငွေက သူတို့ကို ဘာကောင်းကျိုး ပေးခဲ့လို့လဲ။ သခင်ယေရှုရဲ့ စကားတွေကို ကျွန်မ တွေးမိတယ်။ “လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့်ရွေးနိုင်သနည်း။(ရှင်မဿဲခရစ်ဝင် ၁၆:၂၆) လူမှုအဆင့်အတန်း မြင့်အောင်လုပ်ရာမှာ ကျွန်မ စိတ်နှလုံးအကြွင်းမဲ့ ထားရှိခဲ့တဲ့နှစ်ကာလတွေကို ပြန်တွေးကြည့်တော့၊ နေ့တိုင်း ကျွန်မက နေ့ရာညပါ အလုပ်လုပ်တဲ့ စက်တစ်ခုလို ဖြစ်ခဲ့တယ်။ ငွေတချို့တဝက် ရှာနိုင်ခဲ့ပြီး လူတွေရဲ့ ချီးမွမ်းမှု၊ အထင်ကြီးမှုတွေလည်း ရခဲ့ပေမဲ့ အဲဒီကနေ ဘာဝမ်းမြောက်၊ ပျော်ရွှင်မှုမှ မရခဲ့ဘူး။ အဲဒီအစား၊ ကျွန်မ တိုးပြီး အနှစ်မဲ့သလို၊ နာကျင်ခံစားခဲ့ရတယ်။ ငွေရှာဖို့အတွက်နဲ့၊ ကျွန်မ နာမကျန်းဖြစ်လာခဲ့ပြီး၊ ကျွန်မခေါင်းက အရမ်းကိုက်ခဲလွန်းလို့ နံရံနဲ့ တိုက်ချင်ခဲ့တဲ့အချိန်မှာတောင် ငွေရှာတာကို မရပ်ချင်သေးဘူး။ ငွေက ကျွန်မကို ခိုင်ခိုင်မာမာ ချည်နှောင်ထားခဲ့တာကို တွေ့ရတယ်။ ငွေဆိုတာ လူတွေကို သွေးအေးအေးနဲ့ သတ်တဲ့ ဓားတစ်ချောင်းလိုပါပဲ။ အရင်လို ကျွန်မ အစွမ်းကုန် အားထုတ်ပြီး ငွေရှာဖို့ ကြိုးစားနေသေးရင်၊ တစ်နေ့ကျရင် ဒီလူတွေလိုပဲ သေတဲ့အထိ ငွေရဲ့ ညှဉ်းဆဲတာကို ကျွန်မ ခံရနိုင်တယ်။ နောက်နေ့ကစပြီး ငွေအတွက် ကျွန်မဘဝကို ကျွန်မ လုံးဝ မပေးတော့ဘူး။ ခုချိန်မှာ ဒီကိစ္စရပ်ကို မရိပ်စားမိနိုင်တဲ့ လူတွေ၊ ငွေရဲ့ ဝဲဂယက်ထဲမှာ ယက်ကန်ယက်ကန် ဖြစ်နေကြသေးတဲ့ လူတွေ အများကြီး ရှိသေးတယ်လို့ ကျွန်မ တွေးမိတယ်။ သူတို့ဘဝအတွက် ဦးတည်ချက်ကို မမြင်ကြဘဲ အဓိပ္ပာယ်ရှိတဲ့ ဘဝတစ်ခုကို ဘယ်လို အသက်ရှင်ရမယ်ဆိုတာ မသိကြဘူး။ ဘုရားရဲ့ နောက်ဆုံးသောကာလ ဧဝံဂေလိကို နောက်ထပ်လူတွေအများကြီးကို ဖြန့်ချင်တယ်။ ဘုရားအသံကို စောစောကြားပြီး သမ္မာတရား နားလည်ဖို့နဲ့ စာတန်ရဲ့ ဖောက်ပြန်ပျက်စီးခြင်းနဲ့ အန္တရာယ်ကနေ ဆင်းရဲဒုက္ခမခံစားရတော့ဖို့ ကျွန်မ ကူညီချင်တယ်။ မိသားစုကို ကျွန်မ ပြောလိုက်တယ်။ အခုဆိုရင် ကျွန်မရဲ့ ခေါင်းကိုက်ဝေဒနာက အရမ်းဆိုးနေပြီး၊ အနာဂတ်မှာ စီးပွားရေး ကိစ္စတွေမှာ ကျွန်မ ပါဝင်နိုင်တော့မှာ မဟုတ်ဘူးလို့ပေါ့။ ကျွန်မရဲ့ မိသားစုက သဘောတူပြီး ကျွန်မကို အားပြန်ဖြည့်ခွင့်ပေးကြတယ်။ ကျွန်မ အရမ်းဝမ်းသာခဲ့ရတယ်။ ထွက်ပေါက်တစ်ခု ပေးတဲ့အတွက် ကျွန်မစိတ်နှလုံးကနေ ဘုရားကို ကျေးဇူးတင်မိတယ်။

၂၀၁၂ခုနှစ်၊ နွေဦးရာသီ ပွဲတော်မှာ၊ စီးပွားရေးလုပ်ငန်းတစ်ခုလုံးကို စီမံဖို့ ကျွန်မယောက်ျားဆီကို ကျွန်မ လက်လွှဲလိုက်တယ်။ ပြီးတော့ အေးအေးချမ်းချမ်းနဲ့ ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြီး ကျွန်မတာဝန်ကို လုပ်နိုင်ခဲ့တယ်။ ကျွန်မ အရမ်းကို စိတ်အေးလက်အေးဖြစ်ပြီး စိတ်ဝိညာဉ်ထဲမှာ အေးချမ်းသွားတယ်။ ကျွန်မရဲ့ စိတ်အခြေအနေကလည်း တဖြည်းဖြည်း တိုးတက်ခဲ့တယ်။ ပိုလို့တောင် အံ့ဩစရာဖြစ်ခဲ့တာက ဘာကုသမှုမှမရှိဘဲနဲ့ ကျွန်မရဲ့ ခေါင်းကိုက်ဝေဒနာတွေက မျက်လှည့်ပြသလို ပျောက်သွားတာပါပဲ။ ကျွန်မစိတ်နှလုံးက အရမ်းတို့ထိခံရပြီး၊ ဒါဟာ ဘုရားက ကျွန်မရဲ့ နာမကျန်းမှုကို ကုသပေးပြီး၊ ကျွန်မရဲ့ နာဖျားမှုနဲ့ စိတ်ဓာတ် ပျက်စီးခြင်းကနေ ကျွန်မကို သက်သာစေတာပဲလို့ အထူးတလည် သိခဲ့တယ်။ ကျွန်မတာဝန်ကို ကောင်းကောင်း လုပ်ပြီး ဘုရားရဲ့ ကယ်တင်ခြင်း ကျေးဇူးတော်အတွက် သူ့ကို ပြန်ဆပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ကျွန်မရဲ့ ခေါင်းကိုက်ဝေဒနာတွေ သက်သာလာတာကို ကျွန်မယောက်ျားက မြင်တော့၊ စီးပွားရေးလုပ်ငန်း ဆက်လုပ်ဖို့ မရမနေ တိုက်တွန်းတယ်။ စီးပွားရေးထပ်မလုပ်ချင်တဲ့ ကျွန်မရဲ့ သဘောထားကို သူ့ကို ကျွန်မ ရှင်းရှင်းလင်းလင်း ပြောပြလိုက်တယ်။ သူ့ကို ကျွန်မ နားမထောင်မှန်းကို မြင်တော့ ကွာရှင်းမယ့်စကားကို သုံးပြီး ခြိမ်းခြောက်တယ်။ ဘုရားကို ကျွန်မ ဆက်ယုံကြည်ရင်၊ ကျွန်မ သုံးဖို့ ငွေကို သူမပေးဘူးလို့ ပြောတယ်။ ကျွန်မယောက်ျား အသနားအကြင်နာမဲ့ပုံကို မြင်တော့၊ ကျွန်မ အရမ်းဒေါသထွက်ပြီး တစ်ကိုယ်လုံး တုန်လာတယ်။ ကလေးတစ်ယောက်အနေနဲ့ လူတွေက ကျွန်မကို အထင်သေးခဲ့တဲ့ မြင်ကွင်းတွေက ကျွန်မစိတ်ထဲ ထပ်ပေါ်လာတယ်။ အဲဒီလိုဘဝမျိုးကို ကျွန်မ ထပ်ပြီး အသက်မရှင်ချင်ဘူး။ ကျွန်မ အရမ်းအားနည်းသလိုခံစားရတယ်။ ဘုရားကို ကျွန်မ မယုံကြည်ရင်၊ ကြွယ်ဝတဲ့ ရုပ်ဝတ္ထုဘဝနဲ့ တခြားလူတွေရဲ့ လေးစားမှုကို ကျွန်မ ဆက်မွေ့လျော်ခံစားသွားလို့ရတယ်။ တစ်ချိန်လုံး ကိုယ့်တာဝန်ကို လုပ်ဖို့ ရွေးချယ်မယ်ဆိုရင်၊ ကျွန်မမှာ ရှိခဲ့သမျှကို ဆုံးရှုံးသွားမှာ။ ကျွန်မရဲ့ စိတ်နှလုံးက အရမ်းနာကျင်ပြီး ပြင်းထန်တဲ့ စိတ်ဆင်းရဲမှု ခံစားရသလို၊ မျက်နှာမှာ မျက်ရည်တွေက မရပ်မနား စီးနေခဲ့တယ်။ တစ်ဖက်မှာက ကျွန်မရဲ့ တာဝန်ဖြစ်ပြီး တခြားတစ်ဖက်မှာက နှစ်အတော်ကြာ ကျွန်မ စီမံခဲ့တဲ့ အသက်မွေးလုပ်ငန်းဖြစ်နေတယ်။ ဘယ်လိုရွေးချယ်ရမှန်း ကျွန်မ မသိဘူး။ ငိုရင်းနဲ့ ဘုရားဆီ ကျွန်မဆုတောင်းခဲ့တယ်။ “ဘုရားသခင်။ ကျွန်မ အခု အရမ်းအားနည်းပြီး ဘာကို ရွေးချယ်ရမှန်း မသိပါဘူး။ ကျွန်မတာဝန်ကို မရမကလုပ်ရင်၊ ကျွန်မရဲ့ အသက်မွေးလုပ်ငန်းနဲ့ မိသားစုကို ဆုံးရှုံးမယ်။ ကျွန်မမိသားစုနဲ့ အသက်မွေးလုပ်ငန်းကို ရွေးချယ်ပြီး၊ ကျွန်မရဲ့ ဘုရားယုံကြည်မှုနဲ့ တာဝန်ထမ်းဆောင်မှုကို စွန့်လွှတ်ရင်၊ ကျွန်မက အသိစိတ်နဲ့ ဆင်ခြင်တုံတရားမရှိတဲ့ လူတစ်ယောက်ဖြစ်သွားမှာပါ။ ဘုရားသခင်၊ ကိုယ်တော်ကို ကျွန်မ မစွန့်ချင်ပါဘူး။ ဒီနေ့ထိ ကျွန်မကို တစ်ဆင့်ချင်းစီ ကိုယ်တော် လမ်းမပြခဲ့ရင်၊ ဘဝမှာ မှန်ကန်တဲ့ လမ်းကြောင်းကို ကျွန်မ လျှောက်ခဲ့မှာ မဟုတ်ပါဘူး။ အရင်တုန်းက၊ သမ္မာတရားကို ကျွန်မ မလိုက်စားခဲ့သလို၊ ကိုယ်တော့်အတွက် ကိုယ့်ကိုယ်ကိုယ် အသုံးမခံခဲ့ပါဘူး။ ဒီနေ့မှာ ကိုယ်တော်ရဲ့ ထောက်ထားခြင်းနဲ့ မထိုက်တန်လို့ မရတော့ပါဘူး။ သမ္မာတရားကို ကျွန်မ ကောင်းကောင်းမွန်မွန် လိုက်စားပြီး ရှေ့ဆက် ကိုယ်တော့်နောက်ကို လိုက်လျှောက်ချင်ပါတယ်။ ဘုရားသခင်။ မှန်ကန်တဲ့ ရွေးချယ်မှုပြုလုပ်ဖို့ ကျွန်မကို ယုံကြည်ခြင်းနဲ့ ခွန်အားပေးပါ”လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာ၊ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ရတယ်။ “သမ္မာတရားအတွက် ခက်ခဲမှုကို သင်ခံစားရမည်၊ သမ္မာတရားထံ သင့်ကိုယ်သင် ပေးအပ်ရမည်၊ သမ္မာတရားအတွက် အရှက်တကွဲ ဖြစ်ခြင်းကို သင်ခံရမည်၊ ထို့နောက် သမ္မာတရားကို သင်ပိုမိုရရှိရန်အတွက် ပို၍ပင် ဒုက္ခဆင်းရဲခံရပေမည်။ ဤသည်မှာ သင်လုပ်သင့်သည့်အရာဖြစ်သည်။ ငြိမ်းချမ်းသော မိသားစုဘဝ တစ်ခုအတွက် သမ္မာတရားကို သင်လက်မလွှတ်ရ၊ တဒင်္ဂပျော်ရွှင်မှု အတွက် သင့်ဘဝ၏ ဂုဏ်သိက္ခာနှင့် သမာဓိကို အဆုံးရှုံးမခံရ။ နှစ်သက်ဖွယ်ဖြစ်ကာ ကောင်းမွန်သောအရာအားလုံးကို သင် လေ့လာလိုက်စားသင့်ပြီး၊ အသက်တာတွင် ပိုမိုအဓိပ္ပာယ် ရှိသော လမ်းကြောင်းကို သင် လိုက်စားသင့်သည်။ ထိုသို့သော အောက်တန်းကျသည့်ဘဝကို သင်နေထိုင်ပြီး မည်သည့် ရည်မှန်းချက်ကိုမျှ သင် မလိုက်စားပါက၊ သင့်ဘဝကို သင် ဖြုန်းတီးသည် မဟုတ်လော။ ထိုသို့သောဘဝမှ မည်သည့်အရာကို သင် ရရှိနိုင်သနည်း။ သမ္မာတရားတစ်ခုအတွက် ဇာတိပကတိ၏ ပျော်မွေ့မှုများ အားလုံးကို သင်စွန့်လွှတ်သင့်ပြီး၊ ပျော်ရွှင်မှု အနည်းငယ်အတွက် သမ္မာတရားအားလုံးကို မလွှင့်ပစ်သင့်ပေ။ ဤကဲ့သို့သော လူများသည် သမာဓိ သို့မဟုတ် ဂုဏ်သိက္ခာ မရှိပေ။ ၎င်းတို့၏ တည်ရှိခြင်းတွင် အဓိပ္ပာယ် မရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရင်းနဲ့ သူက ကျွန်မကို မျက်နာချင်းဆိုင် ပြောနေသလိုမျိုး ကျွန်မ ခံစားခဲ့ရတယ်။ “အနာဂတ်မှာ၊ သမ္မာတရားကို သင် ကောင်းကောင်းမွန်မွန် လိုက်စားသင့်တယ်။ အရင်က သင် အသက်ရှင်ခဲ့တဲ့ အောက်တန်းကျတဲ့ ဘဝကို အသက်မရှင်နဲ့”လို့ပေါ့။ အရင်က၊ သမ္မာတရားကို ကျွန်မ မလိုက်စားခဲ့သလို၊ ဘုရားနှုတ်ကပတ်တော်တွေကို လုံလုံလောက်လောက် မဖတ်ခဲ့ဘူး။ ကျွန်မရဲ့ အချိန်အများကြီးကို ဖြုန်းရင်းနဲ့ စီးပွားရေးလုပ်ငန်း လုပ်တာကိုပဲ အချိန်ပေးပြီး အားထုတ်ခဲ့တယ်။ အခု ကျွန်မရှေ့မှာရှိတဲ့ အချိန်ကို ချစ်ခင်မြတ်နိုးရမယ်။ ပြီးတော့ ကျွန်မမိသားစုက ကျွန်မကို ဘယ်လိုပဲ ဆွဲထားပါစေ၊ သမ္မာတရား လိုက်စားဖို့ ဒီကြီးမားတဲ့ အခွင့်အရေးကို စွန့်လွှတ်လို့မရဘူး။ ကျွန်မယောက်ျားကို ပြောလိုက်တယ်။ “ဒီနှစ်အနည်းငယ်မှာ ငွေရှာဖို့ ကြိုးစားရင်းနဲ့ ကျွန်မ နာမကျန်းဖြစ်လာခဲ့တယ်။ ဘုရားကို ကျွန်မ မယုံကြည်ရင်၊ သေပြီးတာ ကြာပြီ။ ဘုရားကို ယုံကြည်သူအနေနဲ့ တောက်ပပြီး မှန်ကန်တဲ့ ဘဝလမ်းကြောင်းကို ကျွန်မ လျှောက်နေတာပါ။ အခု ဒီလမ်းကြောင်းကို ကျွန်မ ရွေးပြီးပြီဖြစ်လို့၊ အဆုံးထိ ကျွန်မ လျှောက်ရမယ်။ ရှင်က ဘုရားကို မယုံကြည်ပေမဲ့ ကျွန်မရဲ့ လွတ်လပ်ခွင့်ကို ဝင်စွက်ဖက်လို့ မရဘူး”လို့ပေါ့။ သူ ကျွန်မကို ဆွဲမထားနိုင်တာကို မြင်တော့၊ အဲဒီအချိန်ကစပြီး၊ ကျွန်မယောက်ျားက ကျွန်မကို အဲဒါနဲ့ပတ်သက်လို့ မနှောင့်ယှက်တော့ဘူး။ ဒီရွေးချယ်မှု ပြုလုပ်ပြီးတဲ့နောက်မှာ ကျွန်မစိတ်နှလုံးက အရမ်းလွတ်မြောက်သွားတယ်။ အဲဒီနောက်မှာ၊ ကျွန်မတာဝန်ကို တစ်ချိန်လုံး ကျွန်မ ထမ်းဆောင်ခဲ့တယ်။

နောက်တော့ အသိတွေ ကိုယ်ပိုင်ကားတွေ စီးနေကြတာမြင်တော့ ဆုံးရှုံးသလိုမျိုး ခံစားရဆဲပဲ။ အရင်က စီးပွားရေး လုပ်ပြီး ကားစီးခဲ့တုန်းက၊ ကျွန်မ သွားတဲ့နေရာတိုင်းမှာ လူတွေက ကျွန်မကို အထင်ကြီးခဲ့ကြတယ်။ အခု အဲဒီအစား လျှပ်စစ်စက်ဘီးကိုပဲ ကျွန်မ စီးတယ်။ အရင်တုန်းက အသိတွေနဲ့ ဖောက်သည်တွေက အခု ကျွန်မကို မြင်တော့ မနှုတ်ဆက်ကြဘူး။ ကျွန်မ သိသမျှလူတိုင်းနီးပါးက ကျွန်မကို အေးတိအေးစက်နဲ့ ဆက်ဆံကြတယ်။ ကျွန်မမှာ တစ်ခါက ရှိခဲ့တဲ့ဂုဏ်အရှိန်အဝါ မရှိတော့ရုံမက မိသားစုရဲ့ ဆူတာကိုလည်း ခံခဲ့ရတယ်။ “နင်က စီးပွားရေးကို ၁၀နှစ်ကျော် ခက်ခက်ခဲခဲ လုပ်ခဲ့ပြီးတော့ အဲဒါကို တခြားလူတွေဆီ ဆန္ဒအလျောက် လွှဲပေးလိုက်တယ်။ နင် စီးပွားရေးမလုပ်ရင်၊ အနာဂတ်မှာ နင်သုံးဖို့ ငွေကို ဘယ်သူပေးမလဲ ကြည့်ရအောင်လေ။ နင်ဘာများ စဉ်းစားနေလဲ ငါတော့ မသိတော့ဘူး။ တကယ် အရမ်းကို မိုက်မဲတာပဲ”လို့ပေါ့။ ဒီလို စော်ကားပြီး စူးစမ်းတဲ့ စကားတွေက ကျွန်မကို အရမ်း စိတ်အနှောင့်အယှက်ပေးခဲ့တယ်။ အဲဒီနေ့တွေမှာ၊ ကျွန်မ အနေခက်ပြီး နေ့တိုင်း စိတ်ဓာတ်ကျနေခဲ့တယ်။ “ငါ စီးပွားရေးလုပ်ငန်း ဆက်လုပ်ရင်၊ တခြားလူတွေ ငါ့ကို အထင်ကြီးအောင် လုပ်နိုင်ဦးမှာ။ ဒါပေမဲ့ အခုတော့၊ ငါ့ရဲ့ စီးပွားရေးလုပ်ငန်းမရှိဘဲနဲ့၊ အနာဂတ်မှာ ငွေမရှိရင်၊ ငါ ဘယ်လို အသက်ရှင်ရမှာလဲ”လို့ တွေးမိတယ်။ ကျွန်မ မသိလိုက်ခင်မှာ စာတန်ရဲ့ စုံစမ်းသွေးဆောင်ခြင်းတွေထဲ ကျွန်မ ထပ်ပိတ်မိလာခဲ့ပြီး မရည်ရွယ်ဘဲနဲ့၊ နောက်ထပ် အစီအစဉ်တစ်ခုကို စတွေးမိတယ်။ လုံးဝ တိတ်ဆိတ်နေတဲ့ ညမှာ ကျွန်မ မကြာခဏ လူးလွန့်ပြီး မအိပ်နိုင်ခဲ့ဘူး။ ကျွန်မ စသုံးသပ်မိတယ်။ “ငွေ၊ ကျော်ကြားမှုနဲ့ အဆင့်အတန်း စုံစမ်းသွေးဆောင်ခြင်းတွေနဲ့ ရင်ဆိုင်ရတဲ့အခါတိုင်းမှာ ငါ့နှလုံးသားက ဘယ်လိုလုပ်ပြီး အမြဲ ပူပန်လာရတာလဲ”လို့ပေါ့။ ဒီမေးခွန်းအတွက် အဖြေကို ကျွန်မ အရမ်းရှာတွေ့ချင်ခဲ့တယ်။ နောက်ပိုင်းမှာ၊ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို တွေ့ခဲ့တယ်။ “‘ငွေက ကမ္ဘာကို လည်ပတ်စေသည်’ ဆိုသည်မှာ စာတန်၏ အတွေးအခေါ်တစ်ခုဖြစ်သည်။ ယင်းသည် လူသားမျိုးနွယ် တစ်ခုလုံးအကြား၊ လူ့အသိုင်းအဝိုင်းတိုင်းတွင် ပျံ့နှံ့လေသည်။ ၎င်းကို ခေတ်ရေစီးကြောင်းတစ်ခု ဖြစ်သည်ဟု သင်ပြောနိုင်သည်။ ဤသည်မှာ ယင်းသည် ကနဦးက ဤဆိုရိုးစကားကို လက်မခံခဲ့ကြသော်လည်း ထို့နောက် လက်တွေ့ဘဝနှင့် ထိတွေ့လာရချိန်တွင် ထိုဆိုရိုးစကားကို သိသိသာသာ လက်ခံကြပြီး ဤစကားများက ဧကန်အမှန် မှန်ကန်သည်ဟု စတင်ခံစားကြရသည့် လူတစ်ဦးစီတိုင်း၏ စိတ်နှလုံးထဲ သွတ်သွင်းခံရသောကြောင့်ဖြစ်သည်။ ဤသည်မှာ စာတန်က လူသားကို ဖောက်ပြန်ပျက်စီးစေခြင်း ဖြစ်စဉ် မဟုတ်လော။...စာတန်သည် လူများကို စုံစမ်းသွေးဆောင်ဖို့ ငွေကို အသုံးပြုပြီး လူတို့အား ငွေကို ကိုးကွယ်အောင်နှင့် ရုပ်ဝတ္ထုပစ္စည်းများကို အမွန်အမြတ်ထားအောင် ဖောက်ပြန်ပျက်စီးစေသည်။ ဤငွေကို ကိုးကွယ်ခြင်းသည် လူတို့၌ မည်သို့ပေါ်လွင်သနည်း။ ဤလောကတွင် ငွေတစ်ခုတစ်လေမျှမရှိဘဲ အသက်ရှင်မနေနိုင်၊ ငွေမရှိဘဲ တစ်ရက်မျှပင် မဖြစ်နိုင်ဟု သင်တို့ခံစားသလော။ လူတို့၏ အဆင့်အတန်းသည် ၎င်းတို့ ခံယူသည့် လေးစားမှုကဲ့သို့ ငွေမည်မျှရှိသည်ဆိုသည့်အပေါ် အခြေခံနေသည်။ ဆင်းရဲသားတို့၏ နောက်ကျောသည် အရှက်တရားတို့ဖြင့် ကွေးညွှတ်နေစဉ်၊ လူချမ်းသာတို့သည် ၎င်းတို့၏ မြင့်မားသည့် အဆင့်အတန်းကို သာယာ နေကြသည်။ သူတို့သည် ရဲရင့်ပြီး မော်ကြွားကြသည်၊ ကျယ်လောင်စွာ စကားပြောကြပြီး၊ မာန်မာနထောင်လွှားစွာ နေထိုင်ကြသည်။ ဤဆိုရိုးစကားနှင့် ခေတ်ရေစီးကြောင်းသည် လူသားတို့အား အဘယ်အရာကို ယူဆောင်လာပေးသနည်း။ ငွေကို လိုက်စားရှာဖွေရာတွင် မည်သည့်စွန့်လွှတ်မှုကိုမဆို လူများစွာက ပြုကြသည်မှာ မှန်သည်မဟုတ်လော။ လူတို့သည် ငွေကို ပိုမိုလိုက်စား ရှာဖွေရာတွင်‌ ၎င်းတို့၏ ဂုဏ်သိက္ခာနှင့် သမာဓိတို့ကို မစွန့်လွှတ်သလော။ ငွေကြေးအတွက် များစွာသော လူတို့သည် မိမိတို့၏တာဝန်များကို ထမ်းဆောင်ရန်နှင့် ဘုရားသခင်နောက်လိုက်ရန် အခွင့်အရေးကို ဆုံးရှုံးကြသည် မဟုတ်လော။ သမ္မာတရားကို ရရှိကာ ကယ်တင်ခံရမည့် အခွင့်အရေးကို ဆုံးရှုံးခြင်းသည် ဆုံးရှုံးမှုများ အားလုံးထဲတွင် လူတို့အတွက် အကြီးမားဆုံးသော ဆုံးရှုံးမှုကြီးဖြစ်သည် မဟုတ်သလော။ စာတန်သည် ဤနည်းလမ်းနှင့် ဤဆိုရိုးစကားကို ထိုသို့သော အတိုင်းအတာတစ်ခုထိ အသုံးပြုသည်မှာ အန္တရာယ်ပြုမည့် လက္ခဏာ မဟုတ်သလော။ ဤသည်မှာ မလိုမုန်းထားသည့် လှည့်ကွက်တစ်ခု မဟုတ်လော။ ဤလူသိများသည့် ဆိုရိုးစကားကို ကန့်ကွက်ရာမှ သင်သည် နောက်ဆုံးတွင် ယင်းကို သမ္မာတရားအဖြစ် လက်ခံ လာသည်နှင့်အမျှ၊ သင်၏စိတ်နှလုံးသည် စာတန်၏ လက်ထဲသို့ လုံးဝကျရောက်သွားသောကြောင့် သင်သည် ထိုဆိုရိုးစကားဖြင့် အမှတ်တမဲ့ အသက်ရှင်လာသည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၅)) ဘုရားနှုတ်ကပတ်တော်တွေ ဖော်ထုတ်တဲ့အရာကတစ်ဆင့်၊ ငွေနဲ့ ကျော်ကြားမှုရဲ့ အချုပ်အနှောင်တွေကနေ ကျွန်မ လုံးဝ မချိုးဖျက်မလွတ်မြောက်နိုင်တဲ့ ဖြစ်ကြောင်းရင်းမြစ်ကို ရှာတွ့ခဲ့တယ်။ ကျွန်မ ငယ်ငယ်တုန်းက ကျွန်မအဖေ မကြာခဏ သွန်သင်ပေးခဲ့တဲ့အရာကို ပြန်တွေးမိတယ်။ “အဖေတို့ မိသားစုက ဆင်းရဲတယ်။ ဒီတော့ သမီးကြားလာတဲ့အခါ၊ ငွေပိုရှာပြီး အဖေတို့ နာမည်ကို ဂုဏ်ဆောင်ပေးရမယ်။ အဖေတို့မှာ ငွေရှိမှပဲ လူတွေက အဖေတို့အပေါ် လေးစားအထင်ကြီးကြမှာ”တဲ့။ ကျွန်မအဖေရဲ့ စကားတွေက ကျွန်မမှတ်ဉာဏ်မှာ စွဲထင်နေခဲ့တယ်။ ဒီနှစ်တွေအတောအတွင်းမှာ “ငွေကြေးသည် ကမ္ဘာကို လည်ပတ်စေသည်”ဆိုတာနဲ့ “ငွေသည် အဓိကမဟုတ်သော်လည်း၊ ငွေမရှိလျှင် ဘာမျှ လုပ်နိုင်မည်မဟုတ်”ဆိုတဲ့ စာတန်ဆန်တဲ့ အဆိပ်တွေက ကျွန်မဘဝ အသက်ရှင်ပုံကို သတ်မှတ်နေခဲ့တယ်။ ငွေရှိမှ ဂုဏ်ယူဝင့်ကြွားမှုနဲ့ စကားပြောနိုင်မှာဖြစ်သလို တခြားလူတွေရဲ့ အလေးထားတာ ခံရနိုင်မယ်လို့ ကျွန်မ ယုံကြည်ခဲ့တယ်။ တခြားလူတွေရဲ့ အထင်ကြီးတာခံရအောင်လို့ ငွေရှာတဲ့ စက်ရုပ်လိုမျိုး နေ့ရောညပါ မမောနိုင်မပန်းနိုင် အလုပ်လုပ်ခဲ့တယ်။ ကျွန်မ ပင်ပန်းတဲ့အခါ၊ နွမ်းနယ်တဲ့အခါ၊ အနားယူဖို့ မလိုလားခဲ့သလို၊ နေမကောင်းဖြစ်တဲ့အခါ၊ ဆရာဝန်ဆီ သွားဖို့ မလိုလားခဲ့ဘူး။ စီပွားရေးလုပ်ငန်း နည်းနည်း လွဲချော်မှာကြောက်လို့၊ ငွေရှာတဲ့နေရာမှာ ကျွန်မ စိတ်နှလုံးအကြွင်းမဲ့နှစ်ထားခဲ့တယ်။ ကျွန်မရဲ့ စီးပွားရေးလုပ်ငန်းနဲ့ စုဝေးပွဲတွေ လာတိုက်‌နေတဲ့အခါတိုင်းမှာ၊ စီးပွားရေး ကိစ္စတွေကို အရင်ဆုံး တာဝန်ယူပြီးတော့ စုဝေးပွဲကို သွားခဲ့တယ်။ သမ္မာတရား လိုက်စားတာနဲ့ ကိုယ့်တာဝန်လုပ်တာကို ဘယ်တော့မှ ဦးစားမပေးခဲ့သလို၊ ကျွန်မရဲ့ စီးပွားရေးနဲ့ အလုပ်များတဲ့အခါ၊ စုဝေးပွဲတွေကို ဒီအတိုင်း မတက်ဘဲနေခဲ့တယ်။ ကျွန်မက ငွေနွံနစ်နေခဲ့ပြီး ရုန်းထွက်ဖို့ အားမထုတ်ခဲ့ဘူး။ ပိုပိုပြီး လောဘတက်လာပြီး အကျင့်ပျက်လာခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေ ဖော်ထုတ်တဲ့အရာကနေ၊ လူတွေကို ထိခိုက်နစ်နာစေဖို့ ဒီအဆိပ်တွေကို သုံးတဲ့ စာတန်ရဲ့ မကောင်းတဲ့ ရည်ရွယ်ချက်ကို နောက်ဆုံးမှာ ရှင်းရှင်းလင်းလင်း မြင်ခဲ့တယ်။ လူတွေကို ထိခိုက်နစ်နာစေပြီး လုံးလုံး ဝါးမျိုဖို့ ငွေနဲ့ ကျော်ကြားမှုတွေကို လိုက်စားခြင်းအတွက် လူတွေရဲ့ ရည်မှန်းချက်နဲ့ ဆန္ဒတွေကို ကျွန်မ ကောင်းကောင်း အသုံးချချင်ခဲ့တယ်။ စာတန်ရဲ့ မကောင်းတဲ့ ရည်ရွယ်ချက်ကို ဘုရားက မဖော်ထုတ်ခဲ့ရင်၊ သူ့ရဲ့ ကောက်ကျစ်တဲ့ အကြံကို ရိပ်စားမိဖို့က တကယ် ခက်ခဲမှာပဲ။ ကျွန်မဘဝကို စာတန်ဆီ ပေးရင်းနဲ့ ငွေဝဲဂယက်ထဲကို ဆက်ပြီး တွန်းပို့ခံနေရဦးမှာပဲ။ ဒါကို ကိုယ်တွေ့ ကြုံပြီးတဲ့နောက်မှာ ကျွန်မ နားလည်သွားတယ်။ ငွေ၊ ဇိမ်ခံပစ္စည်းတွေနဲ့တခြားလူတွေဆီက လေးစားမှုကို ကျွန်မ ဘယ်လောက်ပဲ ပိုင်ဆိုင်ခဲ့ပါစေ ကျွန်မ စိတ်နှလုံးက အနှစ်မဲ့ပြီး နာကျင်နေတုန်းပဲ။ ကျွန်မဘဝကို တန်ဖိုး ဒါမှမဟုတ် အဓိပ္ပာယ် တစ်စက်မှ မရှိခဲ့ဘူး။ ကျွန်မရှေ့မှာရှိတဲ့ အကျိုးစီးပွားကို ကျွန်မ လက်မလွှတ်နိုင်ဘဲ ငွေကို တင်းတင်း ဖက်တွယ်နေဦးမယ်ဆိုရင်၊ အဆုံးမှာ ငွေက ကျွန်မကို သေတဲ့အထိ လုံးဝ စိတ်ဒုက္ခပေးနေမှာပဲ။ ဒီဘဝမှာ ကျွန်မ ဘုရားသခင်နောက် လိုက်လျှောက်လို့ ဖန်ဆင်းရှင်ရဲ့ စကားတွေကို နားနဲ့ဆတ်ဆတ် ကြားပြီး အဖန်ဆင်းခံအနေနဲ့ ကိုယ့်တာဝန်ကို ထမ်းဆောင်ရလောက်အောင် ကံကောင်းခဲ့တယ်။ ဒါက ကျွန်မဘဝမှာ တန်ဖိုးနဲ့ အဓိပ္ပာယ်အရှိဆုံး အရာဖြစ်ခဲ့တယ်။ ဇိမ်ခံပစ္စည်းတွေနဲ့ တခြားလူတွေရဲ့ လေးစားမှုကို လိုက်စားဖို့ သမ္မာတရားကို ကျွန်မ လွှင့်မပစ်ရက်ခဲ့ဘူး။ အဲဒီအစား၊ ဘုရားကို ယုံကြည်ပြီး ကိုးကွယ်ခြင်းက ကျွန်မ လိုက်စားနေခဲ့တဲ့ ရည်မှန်းချက်ဖြစ်ခဲ့တယ်။ နိုင်ငံတော် ဧဝံဂေလိတရား ကြီးကြီးမားမား တိုးချဲ့တဲ့ အချိန်ကာလဖြစ်ပြီး အဖန်ဆင်းခံအနေနဲ့ ကျွန်မရဲ့ ဝတ္တရားနဲ့ တာဝန်ကို ကျွန်မ ဖြည့်ဆည်းရမှာဖြစ်သလို၊ နောက်ထပ်လူတွေအများကြီးက ဘုရားရဲ့ ကယ်တင်ခြင်း ရအောင်လို့ ဧဝံဂေလိ ဖြန့်ပြီး သက်သေခံရမယ်။ ဒါက ကျွန်မဘဝရဲ့ တန်ဖိုးနဲ့ အဓိပ္ပာယ်ပဲ။ ဘုရားအလိုတော်ကို နားလည်ပြီးတဲ့နောက်မှာ၊ ငွေရဲ့လွှမ်းမိုးတာကို ကျွန်မ မခံရတော့ဘူး။ မိဘအိမ်ကို ကျွန်မ သွားတဲ့အခါ၊ စီးပွားရေး လုပ်ငန်းမလုပ်လို့ ကျွန်မကို သူတို့ မဆူကြတော့ဘူး။ တစ်ခါတလေ နေစရိတ်စားစရိတ်အတွက် ငွေတချို့ကိုတောင် ပေးကြတယ်။ ဒီအရာအားလုံးက ဘုရားရဲ့ ကျေးဇူးတော်နဲ့ ကရုဏာတော်ဖြစ်မှန်း ကျွန်မ ကောင်းကောင်းကြီးသိခဲ့ပြီး ကျွန်မ စိတ်နှလုံးထဲမှာ သူ့အတွက် ကျေးဇူးတင်စိတ်အပြည့် ရှိခဲ့တယ်။

ဒီခရီးစဉ်မှာ၊ ဘုရားနှုတ်ကပတ်တော်တွေရဲ့ လမ်းပြမှုကြောင့်သာ မဟုတ်ရင်၊ ကျွန်မရဲ့ စီးပွားရေးလုပ်ငန်းကို လက်လွှတ်ပြီး ကိုယ့်တာဝန်ထမ်းဆောင်တာကို ရွေးချယ်ဖို့ မပြောနဲ့၊ “ငွေကြေးသည် ကမ္ဘာကို လည်ပတ်စေသည်”လို့ သိရတဲ့ စာတန် အဆိပ်ရဲ့ ထိန်းချုပ်မှုကနေ ထွက်ပြေးလွတ်မြောက်ခဲ့မှာမဟုတ်ဘူး။ ငွေ၊ ကျော်ကြားမှု၊ အဆင့်အတန်း၊ ကားတွေ၊ အိမ်တွေ၊ စတဲ့ ဒီရုပ်ဝတ္ထု ပစ္စည်းတွေအားလုံးက လွင့်မျောနေတဲ့ တိမ်တစ်ခုလို ခဏတဖြုတ်ပဲဆိုတာကို နားလည်ခဲ့တယ်။ သမ္မာတရားကို လိုက်စားခြင်း၊ ဘုရားနှုတ်ကပတ်တော်တွေအတိုင်း အသက်ရှင်ခြင်းနဲ့ အဖန်ဆင်းခံအနေနဲ့ ကိုယ့်တာဝန်ကို လုပ်ဆောင်ခြင်းအားဖြင့်၊ အဓိပ္ပာယ်နဲ့ တန်ဖိုးအရှိဆုံး ဘဝတစ်ခုကို အသက်ရှင်နိုင်တယ်။ ဘုရားနှုတ်ကပတ်တော်တွေ ပြောတဲ့အတိုင်းပါပဲ။ “လူတို့သည် လောကတွင် အသက်မွေးအလုပ်များ၌ ပါဝင်လုပ်ဆောင်သောအခါတွင် ၎င်းတို့စဉ်းစားသမျှမှာ လောကီရေပန်းစားမှုများ၊ ဂုဏ်သိက္ခာနှင့် အကျိုးအမြတ်၊ ပြီးလျှင် ဇာတိပကတိ သာယာမှုတို့ကဲ့သို့သော အရာများကို လိုက်စားခြင်းဖြစ်သည်။ ဤအရာ၏ သွယ်ဝိုက်ညွှန်းဆိုမှုမှာ အဘယ်နည်း။ ယင်းမှာ သင်၏စွမ်းအင်၊ အချိန်နှင့် နုပျိုမှုတို့အားလုံးသည် ဤအရာများ၏ နေရာယူခြင်းနှင့် ဝါးမြိုခြင်းကို ခံရခြင်းဖြစ်သည်။ ယင်းတို့သည် အဓိပ္ပာယ်ရှိသလော။ အဆုံးတွင် ယင်းတို့ထံမှ မည်သည့်အရာကို သင်ရရှိမည်နည်း။ ဂုဏ်သိက္ခာနှင့် အကျိုးအမြတ်ကို သင်ရရှိလျှင်ပင် လစ်ဟာနေဦးမည်ဖြစ်သည်။ သင်၏ နေထိုင်သည့်ပုံစံကို ပြောင်းလဲလျှင် အဘယ်သို့နည်း။ သင်၏အချိန်၊ စွမ်းအင်နှင့် စိတ်တို့သည် သမ္မာတရားနှင့် စည်းမျဉ်းများ၏ နေရာယူခြင်းကိုသာ ခံရလျှင်၊ သင့်တာဝန်ကို မည်သို့ကောင်းစွာ ထမ်းဆောင်ရမည်၊ ဘုရားရှေ့သို့ မည်သို့လာရမည်ဆိုသကဲ့သို့သော အပြုသဘောဆောင်သောအရာများကိုသာ သင်တွေးတောလျှင်၊ ဤအပြုသဘောဆောင်သောအရာများအတွက် သင်၏ စွမ်းအင်နှင့် အချိန်ကို သုံးစွဲလျှင် သင်ရရှိသည့်အရာသည် ကွဲပြားလိမ့်မည်။ သင်ရရှိသည့်အရာသည် အထိရောက်ဆုံး အကျိုးအမြတ်များ ဖြစ်လိမ့်မည်။ သင်သည် မည်သို့နေထိုင်ရမည်၊ မည်သို့ ကျင့်ကြံပြုမူရမည်၊ လူ၊ ဖြစ်ရပ်နှင့် အမှုအရာအမျိုးအစားတိုင်းကို မည်သို့ ရင်ဆိုင်ရမည်ဆိုသည်တို့ကို သိလိမ့်မည်။ လူ၊ ဖြစ်ရပ်၊ အမှုအရာအမျိုးအစားတိုင်းအား မည်သို့ရင်ဆိုင်ရမည်ကို သင်သိသည်နှင့် ဤအရာက ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် ကြိုတင်စီစဉ်မှုများကို ကြီးမားသော အတိုင်းအတာအထိ အလိုအလျောက်နာခံနိုင်စေရန် သင့်ကို ထောက်ကူပေးလိမ့်မည်။ သင်သည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် ကြိုတင်စီစဉ်မှုများကို အလိုအလျောက်နာခံနိုင်သောအခါ သင်သည် သင်ကိုယ်တိုင်ပင် သတိမထားမိဘဲ ဘုရားသခင်က လက်ခံပြီး ချစ်သောသူမျိုး ဖြစ်လာလိမ့်မည်။ စဉ်းစားကြည့်လော့။ ဤသည်မှာ ကောင်းသောအရာတစ်ခု မဟုတ်လော။ သင်သည် ဤအရာကို မသိသေးခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် သင့်ဘဝကို သင်ရှင်သန်ခြင်းဖြစ်စဉ်တွင်၊ ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားစည်းမျဉ်းများအား သင်လက်ခံခြင်း ဖြစ်စဉ်တွင် သင်သည် မသိမသာဖြင့် ဘုရားနှုတ်ကပတ်တော်နှင့်အညီ နေထိုင်လာမည်၊ လူများနှင့် အမှုအရာများကို ရှုမြင်လာမည်၊ ကျင့်ကြံပြုမူပြီး လုပ်ဆောင်လာမည် ဖြစ်သည်။ ဤသည်မှာ သင်သည် မသိစိတ်မှနေ၍ ဘုရားနှုတ်ကပတ်တော်ကို ကျိုးနွံနာခံလိမ့်မည်ဟုလည်းကောင်း၊ ဘုရားသခင်၏ တောင်းဆိုချက်များကို ကျိုးနွံနာခံပြီး ဖြည့်ဆည်းလိမ့်မည်ဟုလည်းကောင်း အဓိပ္ပာယ်ရသည်။ ထို့နောက်တွင် သင်သည် သင်ကိုယ်တိုင်ပင်မသိဘဲ ဘုရားသခင်က လက်ခံသော၊ ယုံကြည်သော၊ ချစ်သောသူမျိုး ဖြစ်လာပြီးဖြစ်လိမ့်မည်။ ဤသည်မှာ အလွန်မကောင်းသလော။ (ကောင်းပါသည်။) ထို့ကြောင့် သင်သည် သမ္မာတရားကို လိုက်စားရန်နှင့် သင့်တာဝန်ကို ကောင်းစွာထမ်းဆောင်ရန်အတွက် သင်၏ အားအင်နှင့် အချိန်ကို သုံးစွဲလျှင် အဆုံး၌ သင်ရရှိသည့်အရာမှာ တန်ဖိုးအရှိဆုံးသောအရာများ ဖြစ်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၈)) ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြီးတဲ့နောက်မှာ၊ သမ္မာတရား လိုက်စားခြင်းရဲ့ တန်ဖိုးနဲ့ အရေးပါမှုကို ကျွန်မ ပိုနားလည်ခဲ့တယ်။ အခု ကျွန်မက အရင်လောက် မချမ်းသာသလို၊ ကျွန်မ အဝတ်အစားတွေက အရင်လို မတောက်ပ၊ မလှပပေမဲ့၊ ဘုရားရဲ့ အသက်ထောက်ပံ့မှုကို ကျွန်မ မွေ့လျော်ခံစားနေရတယ်။ ဒါက ဘယ်ငွေပမာဏနဲ့မှ လဲလှယ်လို့မရတဲ့ အရာတစ်ခုပဲ။ နှစ်ကာလတွေအတောအတွင်းမှာ၊ ဘုရားကို ကျွန်မ ထပ်တလဲလဲ ပုန်ကန်ပြီး သူ့နှလုံးသားကို နာကျင်စေခဲ့ပုံနဲ့ ငွေရှာဖို့ သူ့ရဲ့ ကယ်တင်ခြင်းကို အကြိမ်အတော်များများ ကျွန်မ ငြင်းခဲ့ပုံတွေကို တွေးမိတယ်။ ကျွန်မတာဝန်ကို လုပ်ဖို့ ကြီးမားတဲ့ အခွင့်အရေးကို ကျွန်မ မချစ်မြတ်နိုးခဲ့ပေမဲ့၊ ဘုရားက ကျွန်မဘေးမှာ အမြဲ ရှိနေခဲ့ပြီး၊ ကျွန်မကိုယ်ကျွန်မ ပြောင်းလဲမဲ့အချိန်ကို စောင့်နေခဲ့တယ်။ ကျွန်မကို ကယ်တင်တာ သူ လက်မလျှော့ခဲ့ဘူး။ စီးပွားရေးလုပ်ငန်းကို ကျွန်မ ရပ်လိုက်တဲ့နောက်မှာ၊ ဘုရားက ချမ်းအေးချိန်မှာဖြစ်စေ၊ ဆာလောင်ချိန်မှာဖြစ်စေ ကျွန်မကို မစွန့်ခဲ့သလို၊ ဖြစ်နိုင်သမျှနည်းလမ်းနဲ့ ကျွန်မကို ဆက်ထောက်ပံ့ပေးခဲ့တယ်။ ဘုရားရဲ့ ကယ်တင်ခြင်း ကျေးဇူးတော်ကို ပြန်ဆပ်ဖို့မပြောနဲ့ ရေတွက်လို့တောင် မရဘူး။ ဒီဘဝမှာ၊ ဘုရားနောက်လိုက်လျှောက်ဖို့ ရွေးချယ်တာကို ကျွန်မ လုံးဝ နောင်တရမှာ မဟုတ်ဘူး။ သူ့ရဲ့ ကယ်တင်ခြင်းအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ဘုရားသခင် ဘုန်းတော်ထင်ရှားပါစေ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်တော့်ရဲ့ ကျန်ရှိတဲ့ နှစ်တွေအတွက် ကျွန်တော့်ရွေးချယ်မှု

စိန်းယွိ တရုတ်နိုင်ငံ ကျွန်တော်ငယ်ငယ်တုန်းက မိသားစုက တော်တော်ဆင်းရဲတယ်။ တခြားရွာသားတွေက အနိုင်ကျင့်တာကို ခဏခဏခံရတယ်။...

စိတ်ချရသည့်အလုပ်ကို ကျွန်ုပ် စွန့်လွှတ်ပုံ

လီကျစ် ဂျပန်နိုင်ငံ ဆင်းရဲပြီး ခေတ်နောက်ကျတဲ့ ကျေးလက်မိသားစုမှာ ကျွန်တော် မွေးခဲ့တယ်။ ကလေးဘဝမှာတောင်၊ နောင်မှာ ကျောင်းကောင်းတက်နိုင်ပြီး...

ငွေ၏ကျေးကျွန်တစ်ယောက် အမြင်မှန်ရလာခြင်း

ရှင်ဝု တရုတ်နိုင်ငံ ကျွန်မ ငယ်ငယ်က မိသားစုကလည်း ဆင်းရဲပြီး မိဘများက ကျူရှင်ဖိုး မတတ်နိုင်ခဲ့သောကြောင့်၊ ကျောင်းလခအတွက် ခြံစည်းရိုးလေးများ...

မှန်ကန်သည့် ရွေးချယ်မှု

ရွှင်ယိ တရုတ်နိုင်ငံ ကျွန်တော်က ဝေးလံခေါင်သီတဲ့ တောင်ပေါ်ရွာမှာ မျိုးဆက်အတော်များများ လယ်သမားဖြစ်ကြတဲ့ မိသားစုတစ်စုကနေ မွေးလာခဲ့တယ်။...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။