ဖွင့်ထားသော စာစောင်ကို ကျွန်ုပ် တွေ့ခဲ့ရပြီ

03.04.2021

သခင့်ကို ကျွန်တော် လက်ခံခဲ့တုန်းက အရာအားလုံးက ဘယ်ကနေလာတယ်ဆိုတာနဲ့ လူရဲ့ ဖောက်ပြန်ပျက်စီးခြင်း အရင်းအမြစ်ကို သမ္မာကျမ်းစာကတစ်ဆင့် ကျွန်တော် သိခဲ့ရတယ်။ ယေဟောဝါဘုရားသခင်က ပညတ်တော်ကို ထုတ်ပြန်တာ၊ သခင်ယေရှုက နတ်ဆိုးတွေကို မောင်းထုတ်တာ၊ နာမကျန်းသူတွေကို ကုသပေးတာ၊ လူကို ကြွယ်ဝတဲ့ ကျေးဇူးတော်တွေ အပ်နှင်းတာ၊ ပြီးတော့ လူသားမျိုးနွယ်ကို အပြစ်ကနေ ရွေးနုတ်ဖို့ အပြစ်ဖြေရာယဇ်အဖြစ် ကိုယ်တော်တိုင် ကားစင်တင်ခံခဲ့တာတွေကို ကျွန်တော် သိခဲ့ရတယ်။ ကျမ်းစာက သခင့် ကယ်တင်ခြင်းကို ကျွန်တော် နားလည်အောင် ကူညီပေးခဲ့တယ်။ နေ့တိုင်းလည်း နည်းနည်းပါးပါး ဖတ်ဖြစ်တယ်။ ကျွန်တော်တို့ သင်းအုပ်ဆရာက အမြဲတမ်းပြောတယ်။ ကျမ်းနှစ်ခုလုံးက ပြည့်စုံတယ်၊ ဘုရားရဲ့နှုတ်ကပတ်တော်တွေ အားလုံးပါဝင်တယ်၊ ဒါကြောင့် သမ္မာကျမ်းစာကနေ ကျွန်တော်တို့ လုံးဝ သွေဖည်မသွားသင့်ဘူးတဲ့။ ကျွန်တော် အားလုံး ယုံကြည်ခဲ့တယ်။

၂၀၁၆ခုနစ်၊ မတ်လမှာ ကျွန်တော့် ညီအစ်ကိုဝမ်းကွဲတစ်ယောက်နဲ့ အပြင်သွားတော့ အစ်ကိုတစ်ယောက်နဲ့ တွေ့တယ်။ စကားစမြည်ပြောကြရင်းနဲ့ သူက ပြောတယ်။ သခင်ယေရှုက ပြန်လာခဲ့ပြီ တဲ့။ သူဟာ အနန္တတန်ခိုးရှင်ဘုရားသခင်က လူ့ဇာတိခံယူလာတာ၊ ပြီးတော့ ဘုရားအိမ်တော်ကနေစတဲ့ တရားစီရင်ခြင်းအမှုကို လုပ်ဆောင်နေပြီတဲ့။ သူက စကားပြောရင်းနဲ့ သူ့အိတ်ထဲကနေ စာအုပ်တစ်အုပ်ထုတ်ပြီး ကျွန်တော်တို့ နှစ်ယောက်လုံးကို ရှင်းပြတယ်။ အဲဒီစာအုပ်မှာ နောက်ဆုံးသောကာလမှာ ဘုရားသခင် ဖော်ပြတဲ့ သမ္မာတရားတွေ ပါဝင်တယ်တဲ့။ ကျွန်တော် ကြည့်ကြည့်လိုက်တယ်။ အဖုံးမှာ ရေးထားတာက သိုးသငယ် ဖွင့်သည့် စာစောင် တဲ့။ ကျွန်တော် တော်တော်လှန့်သွားတယ်။ ဒီစာအုပ်ကို အရင်က တစ်ခါမှ မမြင်ဖူးဘူး။ ဒါပေမဲ့ ဒါတွေအားလုံးက ဘုရားနှုတ်ကပတ်တော်တွေတဲ့။ အဲဒါနဲ့ ကျွန်တော်က “ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သမ္မာကျမ်းစာမှာပဲ ဘုရားနှုတ်ကပတ်တော်တွေ ရှိတာ။ တခြားစာအုပ်တွေမှာ ဘယ်လိုလုပ် ရှိနိုင်မှာလဲ။ သင်းအုပ်ဆရာက ငါတို့ကို အမြဲတမ်းပြောတယ်။ ဘုရားနှုတ်ကပတ်တော်တွေက ကျမ်းစာမှာ ရှိတာ၊ ကျမ်းစာမဟုတ်တဲ့ ဘယ်အရာမဆို သခင့်ရဲ့လမ်းခရီးကနေ သွေဖည်တယ်၊ မိစ္ဆာဒိဌိ အယူပဲတဲ့” ဆိုပြီးတော့ တွေးမိတယ်။ အဲဒီမှာပဲ ကျွန်တော် သတိရလိုက်တယ်။ သင်းအုပ်ဆရာက ပြောခဲ့တယ်။ မိစ္ဆာဒိဌိက နောက်ဆုံးသောကာလမှာ ပေါ်လာလိမ့်မယ်၊ အကောင်းဆုံး ကာကွယ်နည်းက အဲဒီလူတွေကို ရှောင်ပြီး သူတို့စာအုပ်တွေကို မဖတ်ဖို့ပဲ တဲ့။ အဲဒီလို တွေးမိပြီး ကျွန်တော် သတိမထားဘဲ မနေနိုင်ဖြစ်ပြီးတော့ ချက်ချင်းပဲ ဆက် နားမထောင်တော့ဘူး။ ဒါပေမဲ့ ကျွန်တော့် ညီအစ်ကိုဝမ်းကွဲက သူ့ရဲ့ မိတ်သဟာယနဲ့ သက်သေခံချက်ကို ကြိုက်နေတယ်။ သိုးသငယ် ဖွင့်သည့် စာစောင်ကို သူ ဖတ်ချင်တယ်၊ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်သစ်ကို စူးစမ်းကြည့်ချင်တယ်ဆိုပြီး ပြောတယ်။ သူက ဒီလိုပြောတာကို ကြားရတော့ ကျွန်တော် တော်တော်အံ့သြသွားတယ်။ ကျွန်တော်က တွေးမိတယ်။ “မင်း ဘယ်လိုလုပ်ပြီး ဒီအတိုင်း လက်ခံလိုက်တာလဲ။ ဘုရားနှုတ်ကပတ်တော်အားလုံးက ကျမ်းစာထဲမှာပဲရှိတယ်လို့ သင်းအုပ်ဆရာက ပြောတာကို မေ့နေပြီလား” ပေါ့။ ကျွန်တော်ကတော့ တစ်ခုမှ လက်မခံဘူး။ သူ့ကို မလေ့လာဖို့ ကျွန်တော် တိုက်တွန်းတယ်။ ဒါပေမဲ့ သူက လက်မခံဘူး။ တကယ်တော့ သူက ကျွန်တော်လည်း စူးစမ်းကြည့်သင့်တယ်လို့တောင်ပြောတယ်။ သူက ယုံကြည်သူဖြစ်လာတာ ဆယ်စုနှစ်ကျော်ပြီ။ ကျမ်းစာကို ကောင်းကောင်းသိတယ်။ သူ့ယုံကြည်ခြင်းမှာလည်း ခိုင်မာတယ်။ သူက ပြတ်သားနေတော့ ကျွန်တော် အရမ်းမပြောချင်တော့ဘူး။ တကယ်တမ်းတော့လည်း လူတိုင်းက ကိုယ့်ကိုယ်ကိုယ်အတွက် ဆုံးဖြတ်နိုင်ပါတယ်။ အဲဒီအချိန်ကစပြီး သူက သိုးသငယ် ဖွင့်သည့် စာစောင်ကနေ သူရတဲ့ ဉာဏ်အလင်းကို ပုံမှန် ဝေမျှတယ်။ ကျွန်တော့်ကို ဖတ်ဖို့လည်း တိုက်တွန်းတယ်။ သင်းအုပ်ဆရာရဲ့ စကားတွေကို စဉ်းစားမိရင် ကျွန်တော် မဖတ်ရဲဘူး။ ကျွန်တော် ပြတ်ပြတ်သားသားနဲ့ ပြောလိုက်တယ်။ “ငါ့ကို ထပ်ပြီး မတိုက်တွန်းနဲ့တော့။ မင်းလည်း မင်းယုံကြည်မှုနဲ့။ ငါလည်း ငါ့ယုံကြည်မှုနဲ့ပဲ”။ အဲဒီလိုနဲ့ ကျွန်တော်က သခင့်ကို သစ္စာရှိနေတာလို့ ထင်ရင်းနဲ့ ကိုယ့်အယူအဆတွေကိုပဲ ခေါင်းမာမာနဲ့ ဖက်တွယ်နေခဲ့တယ်။

သိပ်မကြာခင်မှာပဲ ခရစ်ယာန်မိတ်ဆွေတစ်ယောက်က ပျော်ပျော်ရွှင်ရွှင်နဲ့ပြောတယ်။ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်တဲ့ အသင်းတော်တစ်ခုကို သူတွေ့ထားတယ်၊ သူတို့ တရားဒေသနာတွေက တော်တော် ဉာဏ်အလင်းရတယ် တဲ့။ သူ့ယုံကြည်ခြင်းမှာ တော်တော်ကြာရှိနေတဲ့ မရှင်းလင်းမှုတွေက ပြေလည်သွားပြီ ကျွန်တော်လည်း သွားသင့်တယ်လို့ သူ ထင်တယ် တဲ့။ အဲဒီအသင်းတော်အကြောင်းကို ကျွန်တော် တော်တော် သိချင်စိတ်ဖြစ်မိတယ်။ ဒါကြောင့် “အဲဒါ ဘယ်အသင်းတော်လဲ” ဆိုပြီး မေးလိုက်တယ်။ သူက “အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်” ဆိုပြီး ပြောတယ်။ ဒါကို ကြားရတော့ ကျွန်တော် တော်တော် အံ့သြသွားတယ်။ “အဲဒီအသင်းတော်က တကယ်ပဲ သမ္မာတရားရှိတယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ ဘာလို့ ငါ့ပတ်ဝန်းကျင်ကလူတွေက အနန္တတန်ခိုးရှင်ဘုရားသခင်ကို စပြီး ယုံနေကြတာလဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လေ့လာဖို့ ငါ့ကို ဘုရားက ပြောနေတာလား။ ငါ လက်ခံထားတဲ့ အမြင်က မှားနေနိုင်လား” ဆိုပြီး တွေးမိတယ်။ သခင့်ဆီကို ကျွန်တော် ဆုတောင်းပြီး သူ့ရဲ့ လမ်းပြမှုကို တောင်းလျှောက်ခဲ့ပါတယ်။

နောက်တော့ ကျွန်တော့်ညီအစ်ကိုဝမ်းကွဲက ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်တော့်ကို ထပ်ပြီး ပြောပြတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သမ္မာတရားတွေကို ဖော်ပြပြီးပြီ၊ ကျွန်တော်တို့ တစ်ခါမှ မသိခဲ့တဲ့ သမ္မာတရားတွေနဲ့ နက်နဲမှုပေါင်းစုံကို ဖွင့်ပြခဲ့ပြီ၊ စာတန်က လူတွေကို ဘယ်လို ဖျက်ဆီးသလဲဆိုတာ ထုတ်ဖော်ပြခဲ့ပြီ၊ လူသားမျိုးနွယ်ကို ကယ်တင်ဖို့အတွက် ဘုရားက အဆင့်ဆင့် ဘယ်လို လုပ်ဆောင်သလဲ၊ လူသားမျိုးနွယ်က ဘုရားကို အာခံနေရခြင်း အကြောင်းရင်း သူတို့ရဲ့ အပြစ်ပြုတဲ့ သဘာဝကို ဘယ်လိုဖြေရှင်းပြီး သန့်စင်ခံရမလဲ စတဲ့ အကြောင်းတွေကို ပြောပြတယ်။ သူ နှစ်နှစ်ဆယ် ယုံကြည်ခဲ့တာထက် ပိုပြီးတော့ အဲဒီ နှုတ်ကပတ်တော်တွေကနေ ရခဲ့တယ်ဆိုပြီးတော့ ပြောတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက သန့်ရှင်းသောဝိညာဉ်တော်က အသင်းတော်တွေကို ပြောကြားတာနဲ့ ပတ်သက်တဲ့ ပရောဖက်ပြုချက်ကို ပြည့်စုံစေတယ် သူဟာ စာစောင်ကို ဖွင့်တဲ့ သိုးသငယ်ပဲဆိုပြီးတော့ သူက ပြောပြတယ်။ ကျွန်တော့်ကို သွားဖို့ တိုက်တွန်းတယ်။ သူ့မိတ်သဟာယကို ဝေမျှနေတဲ့အချိန်မှာ သူ့ကြည့်ရတာ အရမ်းပျော်နေသလိုပဲ။ ရတနာတစ်ခု တွေ့ထားသလိုပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှာ သမ္မာတရား နည်းနည်းရှိကောင်းရှိနိုင်တယ်လို့ ကျွန်တော် ခံစားရတာနဲ့ သွားဖို့ ဆုံးဖြတ်လိုက်တယ်။

နောက်တစ်နေ့မှာ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်က အသင်းသားတွေနဲ့ ကျွန်တော် တွေ့ခဲ့တယ်။ စကတည်းက ကျွန်တော် မရှင်းတာကို တဲ့တိုးပဲ ပြောလိုက်တယ်။ ကျွန်တော့် သင်းအုပ်ဆရာက ပြောတယ်။ “သမ္မာကျမ်းစာ အပြင်ဘက်က ဘယ်အရာကမှ ဘုရားနှုတ်ကပတ်တော် မပါဝင်ဘူးတဲ့။ အားလုံးက ကျမ်းစာထဲမှာပဲရှိပြီးတော့ ကျမ်းစာအပြင်ကဟာ မှန်သမျှက မိစ္ဆာဒိဌိအယူပဲ တဲ့။ ဒီစာအုပ်ထဲက အားလုံးက ဘုရားနှုတ်ကပတ်တော်တွေပဲလို့ ဘယ်လိုလုပ် ပြောနိုင်တာလဲ။” ဆိုပြီး ပြောလိုက်တယ်။

အစ်ကိုကျန်းက ဒီ မိတ်သဟာယကို ကျွန်တော့်ကို ဝေမျှပါတယ်။ သူက ပြောတယ်။ “ဘာသာရေးလိုက်စားတဲ့လူတော်တော်များများက ထင်ကြတယ်။ ဘုရားနှုတ်ကပတ်တော်အားလုံးက သမ္မာကျမ်းစာထဲမှာရှိပြီး သမ္မာကျမ်းစာထဲမှာပဲ တွေ့နိုင်တယ် ပေါ့။ ဒါပေမဲ့ ဒါ အမှန်တရားနဲ့ ကိုက်ညီရဲ့လား။ ဘုရားသခင်က သူ့နှုတ်ကပတ်တော်တွေအားလုံးက ကျမ်းစာထဲမှာရှိတယ်လို့ ပြောခဲ့ဖူးလား။ ကျမ်းစာကနေ ဖယ်ခွာရင် မိစ္ဆာဒိဌိပဲလို့ ဘုရားက ပြောခဲ့သလား။ သခင်ကြွလာခဲ့ပြီးနောက် နှစ် ၃၀၀ နေမှ ကျမ်းတွေကို စုစည်းခဲ့တယ်ဆိုတာ သမ္မာကျမ်းစာကို နားလည်တဲ့သူတွေ သိကြပါတယ်။ ဘုရားသခင်ရဲ့ လုပ်ဆောင်မှုက အရင်လာတယ်။ ပြီးမှ ကျမ်းစာကလာတယ်။ တစ်နည်းပြောရရင် ခေတ်တစ်ခုစီက ဘုရားသခင်ရဲ့ လုပ်ဆောင်မှုက ရှိပြီးသား ကျမ်းတွေအပေါ်မှာ အခြေခံတာမဟုတ်ဘူး။ ယေဟောဝါဘုရားသခင်က ဣသရေလတွေကို အီဂျစ်ကနေ ခေါ်ဆောင်ခဲ့ချိန်တုန်းက သူက သူတို့ရဲ့ ကျမ်းတွေကို အခြေခံပြီးတော့ သူ့ရဲ့ ဥပဒေနဲ့ ပညတ်တော်တွေကို ထုတ်ပြန်ခဲ့တာလား။ ဘယ်ဟုတ်မလဲ။ အဲဒီတုန်းက ကျမ်းစာမရှိဘူးလေ။ ကျေးဇူးတော်ခေတ်မှာ သခင်ယေရှုရဲ့ အလုပ်က နောင်တလမ်းကို ဖြန့်ဝေဖို့၊ လူတွေကို ကိုယ့်ကိုယ်ကိုယ်ချစ်သလို သူများကို ချစ်ဖို့၊ ခွင့်လွှတ်ဖို့၊ ရန်သူတွေကို ချစ်ဖို့ သွန်သင်ပေးခြင်းပါ။ ဥပုသ်နေ့မှာ နာမကျန်းဖြစ်သူတွေကိုလည်း ကုသပေးခဲ့တယ်။ ဒါတွေအားလုံးက ဓမ္မဟောင်းကျမ်းမှာ အခြေခံခဲ့တာလား။ သခင်ယေရှုရဲ့ လုပ်ဆောင်မှုနဲ့ စကားတွေကို ဓမ္မဟောင်းကျမ်းမှာ မှတ်တမ်းမတင်ခဲ့ဘူး။ ပြီးတော့ အဲဒါတွေက လူသားမျိုးနွယ်အတွက် ဘုရားရဲ့ လိုအပ်ချက်တွေနဲ့ ဆန့်ကျင်နေခဲ့တယ်။ ဥပဒေတွေနဲ့ ပညတ်တော်တွေထဲက ‘မျက်စိအတွက် မျက်စိကိုလည်းကောင်း၊ သွားအတွက် သွားကိုလည်းကောင်း၊’ (ထွက်မြောက်ရာကျမ်း ၂၁:၂၄) အပြစ်ပြုပြီးတဲ့နောက် ယဇ်အပူဇော်ခံတာ၊ ဥပုသ်နေ့မှာ အနားယူတာ ဒါမျိုးတွေပေါ့။ ဘုရားနှုတ်ကပတ်တော်က ကျမ်းစာပြင်ပမှာ မရှိဘူး၊ ကျန်တာအကုန်လုံးက မိစ္ဆာဒိဌိပဲဆိုတဲ့ လူရဲ့ အမြင်ကို ကျွန်တော်တို့ ယူရင် ကျွန်တော်တို့က သခင်ယေရှုရဲ့ အမှုတော်ကို ရှုတ်ချနေမှာမဟုတ်ဘူးလား။ ဘုရားသခင်က အသစ်ဖြစ်ပြီး ဘယ်တော့မှ မဟောင်းနွမ်းဘူး။ သူ့ရဲ့ လုပ်ဆောင်မှုက အမြဲတမ်း ရှေ့ကိုသွားနေတယ်။ သူ့လုပ်ဆောင်မှုကို ကျမ်းစာကို အခြေခံပြီးလုပ်တာမဟုတ်ဘူး၊ ကျမ်းစာကနေ ယူတာလည်းမဟုတ်ဘူး။ သူ့ရဲ့နောက်လိုက်တွေကို လမ်းပြဖို့အတွက် လမ်းကြောင်းကို ကျမ်းစာထဲကနေ မရှာဘူး။ သူဟာ အမှုသစ်ကိုလုပ်ဆောင်ပြီး လူတွေကို လမ်းသစ်ကို ညွှန်ပြဖို့အတွက် ကျမ်းစာကို ကျော်လွန်ပြီး လုပ်ဆောင်ပါတယ်။ ဘုရားသခင်က ဥပုသ်နေ့ရဲ့ သခင်သက်သက်တင်မဟုတ်ဘူး။ ကျမ်းစာရဲ့ သခင်လည်းဖြစ်ပါတယ်။ ကျမ်းစာကို ကျော်လွန်သွားဖို့၊ လူသားမျိုးနွယ်ကို ဦးဆောင်ပြီး ကယ်တင်ဖို့၊ သူ့ရဲ့ စီမံခန့်ခွဲမှုအစီအစဉ်နဲ့ လူသားမျိုးနွယ်ရဲ့ လိုအပ်ချက်တွေနဲ့အညီ လုပ်ဆောင်ဖို့ သူ့မှာ လုပ်ပိုင်ခွင့် အပြည့်ရှိပါတယ်။ ဒါဆိုရင် ကျွန်တော်တို့ရဲ့ အယူအဆတွေ၊ စိတ်ကူးတွေကို အခြေခံပြီး ဘုရားသခင်ရဲ့ လုပ်ဆောင်မှုနဲ့ နှုတ်ကပတ်တော်တွေကို ကျမ်းစာနဲ့ ဘယ်လိုလုပ်ပြီး ကန့်သတ်နိုင်ပါ့မလဲ။ သမ္မာကျမ်းစာထဲမှာရှိတာတွေကို ကျော်လွန်ပြီး ဘုရားက မပြောဆိုနိုင်၊ အလုပ်မလုပ်နိုင်ဘူးဆိုပြီး ဘယ်လိုလုပ်ပြောနိုင်မှာလဲ။”

အစ်ကိုကျန်းရဲ့ မိတ်သဟာယကြောင့် ကျွန်တော် တကယ်ကို အံ့အားသင့်သွားတယ်။ ကျွန်တော် ယုံကြည်လာတဲ့ နှစ်တွေမှာ ဒီလို အသိအမြင်မျိုး တစ်ခါမှ မကြားဖူးဘူး။ ဘုရားသခင်က အသစ်ဖြစ်ပြီး ဘယ်တော့မှ မဟောင်းနွမ်းဘူး။ သူ့ရဲ့ လုပ်ဆောင်မှုက ကျမ်းစာကို အခြေခံတာမဟုတ်ဘူး။ သူ့ရဲ့ စီမံခန့်ခွဲမှုအလုပ်ရဲ့ လိုအပ်ချက်တွေကို အခြေခံတာပါ။ အဲဒီ မိတ်သဟာယက ကျမ်းစာနဲ့ ကိုက်ညီပြီး ဘုရားအမှုတော်ရဲ့ အမှန်တရားတွေနဲ့လည်း ကိုက်ညီတယ်။ ကျွန်တော် တော်တော် ခေါင်းရှုပ်သွားတယ်။ ဘယ်လိုလုပ် သူတို့ ဒီလောက် နားလည်ရတာလဲ။

အစ်ကိုကျန်းက ကျွန်တော် စဉ်းစားနေတဲ့ဟာကို သိပြီး ခဏရပ်လိုက်ပြီးတော့ ပြန်ပြောတယ်။ “ကျွန်တော်တို့ နားလည်မှုက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေဆီက လာတာပါ။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ နှုတ်ကပတ်တော်တွေက ဘုရားအမှုတော်ရဲ့ သမ္မာတရားနဲ့ နက်နဲမှုတွေကို ထုတ်ဖော်ပြပါတယ်။” တဲ့။ ပြီးတော့ သူက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ယေရှု၏ လက်ထက်၌၊ ယေရှုသည် ထိုစဉ်က သန့်ရှင်းသော ဝိညာဉ်တော်က သူ့ထဲတွင် အလုပ်လုပ်ခဲ့သည်နှင့်အညီ ယုဒလူများနှင့် သူ၏ နောက်သို့လိုက်သူများ အားလုံးကို လမ်းပြခဲ့သည်။ ယေရှုသည် မိမိပြုခဲ့သည့် အမှုများအတွက် သမ္မာကျမ်းစာကို အခြေခံအဖြစ် မခံယူခဲ့ဘဲ၊ မိမိ၏အမှုနှင့်အညီ ပြောဆိုခဲ့သည်။ သမ္မာကျမ်းစာထဲ မိန့်ဆိုထားသည်များကို သူဂရုမစိုက်ခဲ့သလို၊ သူ၏ နောက်လိုက်များကို ဦးဆောင်ရမည့် လမ်းကြောင်းကိုလည်း သမ္မာကျမ်းစာထဲမှာ မရှာခဲ့ပေ။ သူသည် စတင် အမှုပြုသည့်အခါမှစ၍ ဓမ္မဟောင်းကျမ်း၏ ပရောဖက်ပြုခြင်းများ၌ လုံးဝ မဖော်ပြထားခဲ့သည့် စကားတစ်လုံးဖြစ်သည့်- နောင်တရခြင်း လမ်းခရီးကို သူ ဖြန့်ဝေခဲ့လေသည်။ ယေရှုသည် သမ္မာကျမ်းစာနှင့်အညီ မပြုမူခဲ့သည့်အပြင်၊ သူသည် လမ်းကြောင်းအသစ်ကိုလည်း ဦးဆောင်လမ်းပြခဲ့ပြီး အမှုသစ်ကို ဆောင်ရွက်ခဲ့သည်။ ယေရှုက တရားဟောရာတွင် သမ္မာကျမ်းစာကို မည်သည့်အခါမျှ မကိုးကားခဲ့ပေ။ ပညတ်တော်ခေတ်အတွင်း၌၊ နာမကျန်းသော သူများကို ကုသပေးရန်နှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်းတို့နှင့် သက်ဆိုင်သော သူ၏ အံ့ဖွယ်အရာများကို မည်သူမျှ တစ်ခါမျှ လုပ်ပြနိုင်စွမ်း မရှိခဲ့ကြပေ။ ယေရှု၏ အမှု၊ သူ၏ သွန်သင်ချက်များနှင့် ပညတ်တော်ခေတ်တုန်းက မည်သည့် လူသားကိုမဆို ကျော်လွန်သည့် သူ့နှုတ်ကပတ်တော်များ၏ ဩဇာအာဏာနှင့် တန်ခိုးတော်တို့မှာလည်း ထို့အတူပင်ဖြစ်ခဲ့ကြသည်။ ယေရှုက သူ၏ သာ၍သစ်သော အမှုကိုသာ လုပ်ခဲ့သည်၊ ထို့အပြင် လူအများအပြားတို့က သမ္မာကျမ်းစာကို အသုံးချပြီး သူ့ကို ပြစ်တင်ရှုတ်ချခဲ့ကြသည့်တိုင်အောင်၊ သူ့အား လက်ဝါးကပ်တိုင်ပေါ်ကို တင်၍ အဆုံးစီရင်ရန် ဓမ္မဟောင်းကျမ်းကိုပင် အသုံးပြုခဲ့ကြသည့်တိုင်အောင်၊ သူ၏ အမှုသည် ဓမ္မဟောင်းကျမ်းကို ကျော်လွန်သွားခဲ့သည်၊ ထိုသို့သာမဟုတ်ခဲ့လျှင်၊ လူများက သူ့ကို လက်ဝါးကပ်တိုင်ပေါ်၌ သံမှိုစွဲခဲ့ကြသည်မှာ အဘယ်ကြောင့်နည်း။ ထိုသို့ ဖြစ်ခဲ့ရသည်မှာ ဓမ္မဟောင်းကျမ်းထဲတွင် ယေရှု၏ သွန်သင်မှုများအပြင်၊ သူ၏ နာမကျန်းသော သူများကို ကုသပေးနိုင်စွမ်းနှင့် နတ်ဆိုးများကို နှင်ထုတ်ပေးနိုင်စွမ်းတို့အကြောင်း တစ်လုံးတစ်ပါဒမျှ မိန့်ကြားမထားခြင်းကြောင့် မဟုတ်သလော။...လူတို့အတွက်၊ ယေရှု၏ အမှုမှာ အခြေခံအကြောင်းရင်း မရှိသကဲ့သို့ ထင်စရာဖြစ်ခဲ့ပြီး၊ ဓမ္မဟောင်းကျမ်းထဲက မှတ်တမ်းများနှင့် မကိုက်ညီသည့် အချက်များ အများအပြား ရှိခဲ့ပုံ ထင်ရသည်။ ဤအချက်မှာ လူသား၏ အမှားဖြစ်သည် မဟုတ်လော။ ဘုရားသခင်၏ အမှုတွင် အယူဝါဒများကို အသုံးချဖို့ရန် လိုအပ်သလော။ ထို့အပြင် ဘုရားသခင်သည် ပရောဖက်များ၏ ကြိုတင်ဟောကိန်းများနှင့် အညီ လုပ်ကိုင်ရမည်လော။ အမှန်စင်စစ် ပိုကြီးမြတ်သည်က မည်သည့်အရာနည်း- ဘုရားသခင်လော၊ သမ္မာကျမ်းစာလော။ ဘုရားသခင်သည် မည်သည့်အတွက်ကြောင့် သမ္မာကျမ်းစာနှင့်အညီ အမှုပြုရမည်နည်း။ ဘုရားသခင်သည် သမ္မာကျမ်းစာကို ကျော်လွန်ခွင့် မရှိခြင်းကြောင့်များ ဖြစ်နိုင်သလော။ ဘုရားသခင်သည် သမ္မာကျမ်းစာမှ သွေဖည်လျက် အခြားအမှုကို မပြုနိုင်ပေဘူးလော။ ယေရှုနှင့် သူ၏ တပည့်များက ဥပုသ်နေ့ကို မစောင့်ထိန်းခဲ့ကြသည်မှာ အဘယ့်ကြောင့်နည်း။ ယေရှုသည် ဥပုသ်နေ့ကို စောင့်ထိန်းလျက် ဓမ္မဟောင်းကျမ်းလာ ပညတ်များကို လက်တွေ့လုပ်ဆောင်ခဲ့မည် ဆိုပါက၊ သူလာပြီးနောက် ယေရှုသည် ဥပုသ်နေ့ကို မစောင့်ထိန်းခဲ့ဘဲနှင့် ယင်းအစား ခြေကိုဆေးကြောခြင်း၊ ခေါင်းကိုဖုံးအုပ်ခြင်း၊ မုန့်ကိုချိုးဖဲ့ခြင်းနှင့် စပျစ်ရည်ကို သောက်သုံးခြင်း ပြုလုပ်ခဲ့သည်မှာ အဘယ်ကြောင့်နည်း။ ထိုအချက်များ အားလုံးသည် ဓမ္မဟောင်းကျမ်းလာ ပညတ်များ၌ ကင်းမဲ့နေသည် မဟုတ်လော။ ယေရှုက ဓမ္မဟောင်းကျမ်းကို လေးစားခဲ့သည်ဆိုလျှင်၊ သူသည် ထိုအယူဝါဒများကို ချိုးဖောက်ခဲ့သည်မှာ အဘယ်ကြောင့်နည်း။ ဦးစွာလာသည်မှာ ဘုရားသခင်လော၊ သမ္မာကျမ်းစာလော ဆိုသည်ကို သင် သိသင့်သည်။ ဥပုသ်နေ့၏ သခင်ဖြစ်လျက်၊ သူသည် သမ္မာကျမ်းစာ၏ သခင်ပါ မဖြစ်နိုင်လော။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏)

ဘုရားနှုတ်ကပတ်တော်တွေကြောင့် ကျွန်တော် လုံးဝ လက်ခံယုံကြည်သွားတယ်။ အရာရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အုပ်စိုးပါတယ်။ သူက သူဆန္ဒရှိသလို လွတ်လပ်စွာနဲ့ အလုပ်လုပ်နိုင်ပါတယ်။ လူသားတွေအနေနဲ့ သူ့ရဲ့လုပ်ဆောင်မှုကို ကျမ်းစာနဲ့ ကန့်သတ်ဖို့၊ ဘောင်ခတ်ဖို့ လုပ်ပိုင်ခွင့်မရှိပါဘူး။ ကျွန်တော် ဒီလို ယုံကြည်ခဲ့ပေမဲ့ ကျွန်တော်က ကျမ်းစာကိုပဲ ဆက်ကိုးကွယ်နေပြီး ကိုယ့်အယူအဆတွေကို လက်မလွတ်နိုင်သေးသလိုပဲ။ စိတ်ရှည်ရှည်နဲ့ သူတို့တွေ သခင်ယေရှုဆီကလာတဲ့ ဒီ ပရောဖက်ပြုချက်တွေလိုမျိုး ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလအမှုတော်နဲ့ပတ်သက်တဲ့ ကျမ်းပိုဒ်တွေကို တွေ့ခဲ့ကြတယ်။ “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြ လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) ပြီးတော့ ရှင်ယောဟန် ခရစ်ဝင်ကျမ်း အခန်းကြီး ၁၂ အငယ် ၄၇ ကနေ ၄၈ မှာ “ငါ့စကားကို ကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသား တို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ ငါ့စကားကို နာမခံသောသူအား အပြစ်စီရင်သော သူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။” သခင်ယေရှုက သူဟာ နောက်ဆုံးသောကာလမှာ တရားစီရင်ခြင်းအမှုကိုပြုဖို့ သမ္မာတရားတွေကို ဖော်ပြမယ်လို့ ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်။ ကျမ်းစာထဲမှာ ဒီ ပရောဖက်ပြုချက်ရှိတယ်။ “ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်ရသော အချိန်ရှိပြီ။(ရှင်ပေတရုသြဝါဒစာပဌမစောင် ၄:၁၇) သူတို့ရဲ့ မိတ်သဟာယက ခိုင်လုံမှုရှိပါတယ်။ ဒါပေမဲ့ ကျွန်တော့် စိတ်နှလုံးထဲကနေ လက်ခံနေပေမဲ့ ကျွန်တော် မှားနေခဲ့တယ်ဆိုတာကို ဝန်ခံဖို့ အဆင့်သင့်မဖြစ်သေးတာပါ။ အိမ်ပြန်ရောက်တော့ ကျမ်းစာကို အမြန်ဖွင့်ပြီး သူတို့ကိုးကားခဲ့တာတွေအားလုံးကို သေချာ စစ်ကြည့်လိုက်တယ်။ သူတို့ ပြောပြတဲ့ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုက ကျမ်းစာထဲမှာ ပရောဖက်ပြုထားခဲ့တယ်ဆိုတာ ကျွန်တော် တွေ့ခဲ့ရတယ်။ ကျွန်တော် အံ့သြသွားပြီး ကိုယ့်ကိုယ်ကိုယ် မေးခဲ့တယ်။ “အနန္တတန်ခိုးရှင်ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ဖြစ်နေရင် ဘယ်လိုလုပ်မလဲ။” အဲဒီနောက်မှာ သခင့်ကို ကျွန်တော် ဒီလို ဆုတောင်းခဲ့တယ်။ “သခင် အဲဒီ ညီအစ်ကို မောင်နှမတွေ ဝေမျှတဲ့ မိတ်သဟာယက ဉာဏ်အလင်းပွင့်စေတယ်လို့ ကျွန်တော် ခံစားရပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက သြဇာအာဏာပါတယ်။ ဘယ်လူသားကမှ မပြောဆိုနိုင်ပါဘူး။ ပြီးတော့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျမ်းစာကို ကျွန်တော် နှစ်များစွာ ဖတ်ပြီး လုံးဝ နားမလည်ခဲ့တဲ့ သမ္မာတရားရဲ့ နက်နဲမှုတွေကို ဖွင့်ပြပါတယ်။ သခင် ကိုယ်တော်ဟာ အနန္တတန်ခိုးရှင်ဘုရားသခင်အဖြစ် ပြန်ကြွလာတာဟုတ်မဟုတ် ကျွန်တော် မသေချာပါဘူး။ ကျေးဇူးပြုပြီး ကျွန်တော့်ကို လမ်းပြတော်မူပါ”

နောက်တစ်နေ့မှာ သူတို့က ကျမ်းစာရဲ့ နက်နဲမှုကို ဖွင့်ပြခြင်းဆိုတဲ့ ဧဝံဂေလိ ဗီဒီယိုတစ်ခုကို ကျွန်တော့်ကို ပြတယ်။ အဲဒီဗီဒီယိုမှာ အစ်ကိုတစ်ယောက်က အဓိကဇာတ်ကောင်ရဲ့ အယူအဆနဲ့ပတ်သက်ပြီး မိတ်သဟာယဖွဲ့တယ်။ “ဘုရားနှုတ်ကပတ်တော်တွေက ကျမ်းစာရဲ့ အပြင်မှာ မရှိပါဘူး။ ကျန်တာတွေအားလုံးက မိစ္ဆာဒိဌိအယူတွေပါ။” တဲ့ သူပြောတဲ့စကားကြောင့် ကျွန်တော် စိတ်လှုပ်ရှားသွားတယ်။ အဲဒီအစ်ကိုက ပြောတယ်။ “ကျမ်းစာကို စုစည်းကြတဲ့ အခါမှာ ပရောဖက်တွေ သယ်ဆောင်ခဲ့ကြတဲ့ တချို့ ဘုရားနှုတ်ကပတ်တော်တွေက တည်းဖြတ်သူတွေက ဖြုတ်ပစ်တာတွေ၊ ကွဲလွဲတာတွေကြောင့် ဓမ္မဟောင်းကျမ်းထဲကို အကုန် မရောက်ခဲ့ဘူး။ ဒါက အားလုံး သိကြတဲ့အချက်ပါ။ ဒါဆိုရင် ဘုရားရဲ့ နှုတ်ကပတ်တော်နဲ့ အမှုတော်က ကျမ်းစာထဲမှာပဲ တွေ့တယ်လို့ ဘယ်လိုလုပ် ပြောနိုင်မလဲ။ ချန်ထားခဲ့တဲ့ ပရောဖက်တွေရဲ့ ပရောဖက်ပြုချက်တွေက ဘုရားနှုတ်ကပတ်တော်တွေမဟုတ်ဘူးလား။ သခင်ယေရှုဟာ ဓမ္မသစ်ကျမ်းမှာ ပါတဲ့အရာတွေထက် ပိုပြောခဲ့ပါတယ်။ တကယ်တမ်းကတော့ သခင်ယေရှု အမှုတော်ဆောင်ခဲ့တဲ့ သုံးနှစ်ကျော်မှာ သူ ဘယ်လောက် စကားပြောခဲ့တယ်၊ တရားဟောခဲ့တယ်၊ ခရစ်ဝင်ကျမ်း လေးကျမ်းထဲမှာပါတာထက် ဘယ်လောက်ပိုများတယ်ဆိုတာကို ကျွန်တော်တို့ လုံးဝ မသိပါဘူး။ ရှင်ယောဟန်ခရစ်ဝင်ကျမ်းမှာ ပြောထားသလိုပဲ။ ‘ယေရှုပြုတော်မူသော အခြားအမှုအရာအများ ရှိသေး၏။ ထိုအမှုအရာရှိသမျှတို့ကို အသီးအခြားရေးထားလျှင်၊ မြေကြီးမဆံ့နိုင်အောင် ကျမ်းစာများပြားလိမ့်မည်ဟု ထင်မှတ်ခြင်းရှိ၏။’ (ရှင်ယောဟန်ခရစ်ဝင် ၂၁:၂၅) ဒါ သခင်ယေရှုရဲ့ လုပ်ဆောင်မှုနဲ့ နှုတ်ကပတ်တော်တွေက ဓမ္မသစ်ကျမ်းထဲမှာ အားလုံး မှတ်တမ်းတင်ခဲ့တာမဟုတ်ဘူးဆိုတာကို သက်သေပြပါတယ်။ သမ္မာကျမ်းစာထဲမှာရှိတာက ဘုရားနှုတ်ကပတ်တော်ရဲ့ တော်တော်နည်းတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဘုရားပြောခဲ့တာတွေ အားလုံး ပါဝင်ခြင်း လုံးဝမရှိပါဘူး။ အဲဒါကြောင့် သမ္မာကျမ်းစာပြင်ပမှာ ဘုရားရဲ့လုပ်ဆောင်မှု၊ ဘုရားနှုတ်ကပတ်တော်မရှိဘဲ အားလုံးက မိစ္ဆာဒိဌိတွေပဲလို့ ပြောတာက အမှန်တရားနဲ့ မကိုက်ညီဘဲ အခြေမခိုင်လုံပါဘူး။”

ဗီဒီယိုကိုကြည့်ရင်းနဲ့ ကျွန်တော် တွေးမိတယ်။ “ဒါ မှန်တယ်။ ယေဟောဝါဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ဓမ္မဟောင်းကျမ်းထဲမှာ အားလုံးပါဝင်တာမဟုတ်ဘူး။ စဉ်းစားကြည့်လေ။ သူက လူတစ်ယောက်ချင်းစီရဲ့ အသက်တာတွေကို ထောင်စုနှစ်များစွာ လမ်းပြခဲ့တာ။ ပရောဖက်တွေကို သူပြောတဲ့စကားတွေက ကျမ်းစာထဲကဟာတွေပဲဆိုတာ မဖြစ်နိုင်ပါဘူး။ သခင်ယေရှုက သုံးနှစ်ကျော် တရားဟောခဲ့တယ်။ ခရစ်ဝင်ကျမ်း လေးကျမ်းက သူ့စကားတွေအားလုံးကို မှတ်တမ်းတင်ထားတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ငါ အမြန် ဆုံးဖြတ်လို့မဖြစ်ဘူး။ သတိထားရမယ်။” ပေါ့။ အဲဒါနဲ့ တော်တော် စိတ်အားထက်သန်ပြီး ဆက်ကြည့်တယ်။

ဗီဒီယိုထဲက အစ်ကိုက ဆက်ပြောတယ်။ “အရင်က ကျွန်တော်တို့ ယုံကြည်ခြင်းမှာ သမ္မာကျမ်းစာကို အားလုံး ဖတ်ခဲ့ကြတယ်။ ဒါပေမဲ့ သမ္မာကျမ်းစာရဲ့ လက်တွေ့အရှိတရားအပေါ် မရှင်းလင်းခဲ့ကြဘူး။ အခုတော့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ဒါကို ထုတ်ဖော်ပြလိုက်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- ‘သမ္မာကျမ်းစာသည် ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် သမိုင်းဆိုင်ရာမှတ်တမ်းတစ်ခု သက်သက်ဖြစ်ပြီး၊ ဘုရားသခင်၏ ယခင်အမှုအဆင့်နှစ်ဆင့်ဆိုင်ရာ သက်သေဖြစ်ကာ၊ ယင်းသည် ဘုရားသခင်၏အမှု၏ ရည်မှန်းချက်များနှင့်ဆိုင်သည့် သိနားလည်မှုကို သင့်ကို လုံး၀ မပေးကြောင်း သမ္မာကျမ်းစာ၏ အရှိတရားကို မည်သူမျှ မသိရှိချေ။ သမ္မာကျမ်းစာကို ဖတ်ရှုဖူးသူတိုင်းက ၎င်းသည် ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ် အတောအတွင်း ဘုရားသခင်၏အမှု အဆင့်နှစ်ဆင့်ကို မှတ်တမ်းတင်ထားခြင်း ဖြစ်ကြောင်း သိကြသည်။ ဓမ္မဟောင်းကျမ်းသည် ဣသရေလနိုင်ငံ၏ သမိုင်းနှင့် ဖန်ဆင်းခြင်းအချိန်မှစပြီး ပညတ်တော်ခေတ် ပြီးဆုံးသည်အထိ ယေဟောဝါ၏ လုပ်ဆောင်မှုကို မှတ်တမ်းတင်ထားသည်။ ဓမ္မသစ်ကျမ်းသည် ခရစ်ဝင်ကျမ်း လေးကျမ်းတွင်ပါရှိသည့် ကမ္ဘာမြေပေါ်တွင် ယေရှု၏ အလုပ်နှင့် ပေါလု၏ အလုပ်တို့ကို ဖော်ပြထားသည်- ဤအရာတို့သည် သမိုင်းဆိုင်ရာ မှတ်တမ်းများ မဟုတ်ပေလော။ အတိတ်ကာလက အရာများကို ယနေ့ဆီ တင်ပြခြင်းက ၎င်းတို့ကို သမိုင်းဖြစ်စေပြီး၊ ၎င်းတို့သည် မည်မျှပင် မှန်ကန်သည်ဖြစ်စေ စစ်မှန်သည်ဖြစ်စေ၊ သမိုင်းဖြစ်နေဆဲပင်ဖြစ်ပြီး၊ ဘုရားသခင်သည် သမိုင်းကို ပြန်လှည့်မကြည့်သည့်အတွက် သမိုင်းသည် ပစ္စုပ္ပန်ကို ကိုယ်စားမပြုနိုင်ချေ။ ထို့ကြောင့် သင်သည် သမ္မာကျမ်းစာကိုသာ နားလည်ပြီး၊ ဘုရားသခင်က ယနေ့ ဆောင်ရွက်လိုသည့် အမှုအကြောင်း ဘာမျှမသိပါက၊ ပြီးလျှင် သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို မရှာဖွေပါက၊ သင်သည် ဘုရားသခင်အား ရှာဖွေခြင်းဆိုသည်မှာ အဘယ်အရာကို ဆိုလိုသည်ကို နားမလည်ပေ။ အကယ်၍ သင်သည် ဣသရေလသမိုင်းကို လေ့လာရန်၊ ဘုရားသခင်၏ ကောင်းကင်နှင့် မြေကြီးအား ဖန်ဆင်းခဲ့သည့် သမိုင်းကို သုတေသနပြုရန်အတွက် သမ္မာကျမ်းစာကို ဖတ်ရှုပါက၊ သင်သည် ဘုရားသခင်ကို မယုံကြည်ပေ။ သို့သော် ယနေ့တွင် သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး အသက်ကို လိုက်စားသည့်အတွက်၊ ဘုရားသခင်နှင့်ဆိုင်သော အသိပညာကို လိုက်စားပြီး အသက်မဲ့သော စကားလုံးများနှင့် အယူဝါဒများ သို့မဟုတ် သမိုင်းကို နားလည်မှုအား မလိုက်စားသည့်အတွက်၊ သင်သည် ဘုရားသခင်၏ ယနေ့အလိုတော်ကို ရှာဖွေရမည် ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏အမှု၏ လမ်းညွှန်ချက်ကို ရှာဖွေရမည်ဖြစ်သည်။ အကယ်၍ သင်သည် ရှေးဟောင်းသုတေသန ပညာရှင်ဖြစ်လျှင် သမ္မာကျမ်းစာကို ဖတ်ရှုနိုင်သည်၊ သို့သော် သင်သည် ထိုကဲ့သို့သောသူ မဟုတ်၊ ဘုရားသခင်ကို ယုံကြည်သောသူများထဲမှ တစ်ဦးဖြစ်သည်၊ ထို့ကြောင့် သင်သည် ဘုရားသခင်၏ ယနေ့အလိုတော်ကို ရှာဖွေပါက အကောင်းဆုံး ဖြစ်မည်။’” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) အဲဒီနောက်မှာ သူက ဒီမိတ်သဟာယကို ဝေမျှတယ်။ “လူတွေက ဘုရားရဲ့ လုပ်ဆောင်မှုနဲ့ နှုတ်ကပတ်တော်တွေကို မှတ်တမ်းတင်ခဲ့တယ်၊ ဘုရားရဲ့ လုပ်ဆောင်မှု ပြီးဆုံးတဲ့အခါ အဲဒီမှတ်တမ်းတွေကနေ ကျမ်းစာကို စုစည်းခဲ့ကြတယ်ဆိုတာ ကျွန်တော်တို့ သိကြပါတယ်။ ဒါက ဘုရားသခင်ရဲ့ အရင်က လုပ်ဆောင်မှုတွေရဲ့ သမိုင်းမှတ်တမ်းသက်သက်ပါ။ ဒါ ဘုရားရဲ့လုပ်ဆောင်မှုအပေါ် သက်သေခံချက်တစ်ခု သက်သက်ပဲ။ ဘုရားသခင်ကို ကိုယ်စားမပြုဘူး။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ဖြစ်တဲ့ ဘုရားရဲ့နေရာကို မယူနိုင်ပါဘူး။ သမ္မာကျမ်းစာကို ဘုရားသခင်နဲ့ နှိုင်းယှဉ်လို့ မရပါဘူး။ ဘုရားသခင်က တကယ်ပဲ အသက်အရင်းအမြစ်ဖြစ်တယ်။ သူ့နှုတ်ကပတ်တော်တွေက အကန့်အသတ်မရှိတဲ့ သက်စမ်းရေတွင်းဖြစ်တယ်။ ကျမ်းစာကတော့ ဘုရားရဲ့လုပ်ဆောင်မှုနဲ့ပတ်သက်တဲ့ သမိုင်းစာအုပ်သက်သက်ပါ။ သတ်မှတ်ထားတဲ့ ဘုရားနှုတ်ကပတ်တော် ပမာဏကို မှတ်တမ်းတင်ပါတယ်။ သမ္မာကျမ်းစာက ဘယ်လိုလုပ်ပြီး ဘုရားသခင်နဲ့ ညီတူညီမျှ ဖြစ်မှာလဲ။ ဘုရားသခင်က အသစ်ဖြစ်ပြီး ဘယ်တော့မှ မဟောင်းနွမ်းဘူး။ သူဟာ ခေတ်တိုင်းမှာ အမှုတော်သစ်ကိုလုပ်ဆောင်ပြီး နှုတ်ကပတ်တော်အသစ်တွေကို မိန့်မြွက်တယ်။ သူ့ရဲ့ အရင်တုန်းက စကားတွေကိုပဲ ကျွန်တော်တို့ ဖက်တွယ်နေရင်၊ ခေတ်သစ်ရဲ့ ဘုရားအမှုတော်နဲ့ နှုတ်ကပတ်တော်တွေကို ရှုတ်ချနေရင် ဘုရားကို ကျွန်တော်တို့ အာခံမိနေမှာပေါ့။ သခင်ယေရှုက အမှုတော်သစ်ကိုလုပ်ဆောင်ပြီး နှုတ်ကပတ်တော်အသစ်တွေကို မိန့်မြွက်တဲ့အချိန်ဖြစ်တဲ့ ကျေးဇူးတော်ခေတ်ကို ကြည့်ကြည့်ပါ။ ဂျူးဘုန်းတော်ကြီးတွေနဲ့ ဖာရိရှဲတွေရော သူတို့ရဲ့ ကျမ်းဟောင်းတွေကို ခေါင်းမာမာနဲ့ ဖက်တွယ်နေခဲ့ကြတယ်။ အဲဒါတွေအားလုံးက ဘုရားအမှုတော်နဲ့ နှုတ်ကပတ်တော်ပါဝင်တယ်လို့ ထင်ပြီး သခင်ယေရှုကို အာခံ၊ ရှုတ်ချကြတယ်။ သခင်ယေရှုကို ကားစင်တင်ဖို့ ပူးပေါင်းကြံစည်ခဲ့ကြပြီး ဆိုးဝါးတဲ့ အပြစ်ကြီးကို ကျူးလွန်ခဲ့ကြတယ်။ အခု နောက်ဆုံးသောကာလ ခရစ်တော်ဖြစ်တဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သမ္မာတရားတွေကို ဖော်ပြပြီး တရားစီရင်ခြင်းအမှုကို ပြုတယ်။ ဒါတွေက သမ္မာကျမ်းစာမှာ မှတ်တမ်းမရှိဘူး။ ကျမ်းစာထဲမှာမရှိတော့ ကျမ်းစာက ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်နဲ့ နှုတ်ကပတ်တော်တွေကို အစားထိုးဖို့ မဖြစ်နိုင်တော့ဘူး။ လူတွေက ဘုရားသခင်ရဲ့ လက်ရှိ လုပ်ဆောင်မှုနဲ့ နှုတ်ကပတ်တော်တွေကို လက်မခံဘဲ ကျမ်းစာကိုပဲ ကိုင်စွဲထားရင် နောက်ဆုံးသောကာလ ကယ်တင်ခြင်းကို သူတို့ ရမှာမဟုတ်ဘူး။ ဘုရားရဲ့ ခေတ်သစ် အမှုတော်နဲ့ နှုတ်ကပတ်တော်တွေကတစ်ဆင့် ဖယ်ရှင်းခံရမှာပါ။” ဆိုပြီးတော့ မိတ်သဟာယဖွဲ့ပါတယ်။

ကျွန်တော် ဒါကို သေသေချာချာ စဉ်းစားဆင်ခြင်ကြည့်တယ်။ သမ္မာကျမ်းစာက ဘုရားသခင်ရဲ့ လုပ်ဆောင်မှု သက်သေခံချက်တစ်ခုသက်သက်ပဲ။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် မှတ်တမ်းက နည်းနေတယ်။ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေကို ကျွန်တော် အမြဲတမ်း နားထောင်ပြီး ဘုရားနှုတ်ကပတ်တော်တွေအားလုံးက ကျမ်းစာထဲမှာရှိပြီး တခြားဘယ်နေရာမှာမှ မရှိဘူးလို့ ထင်ခဲ့တယ်။ ဒါပေမဲ့ အဲဒီ အယူအဆက မဖြစ်နိုင်ဘူး၊ အဓိပ္ပာယ်မရှိဘူး။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားရဲ့ လုပ်ဆောင်ချက်က ရှေ့ကို အမြဲတမ်း သွားနေတယ်။ ဘုရားရဲ့ လုပ်ဆောင်ချက်နဲ့ နှုတ်ကပတ်တော်က ဓမ္မဟောင်းကျမ်းထဲမှာပဲ ကန့်သတ်ထားပြီး ကျေးဇူးတော်ခေတ်မှာ သူက ရွေးနုတ်ခြင်းအမှုကို လုံးဝ မပြုခဲ့ဘူးဆိုရင် လူတိုင်းက ပညတ်တော်အောက်မှာ ရှင်သန်နေရပြီး ပညတ်တော်ကို ချိုးဖောက်လို့ စီရင်ခံရပြီး သေခြင်းခံရကြမှာပါ။ ဒါဆိုရင် လူသားမျိုးနွယ်က အခုအချိန်ထိ အသက်ရှင်ကျန်နေမှာမဟုတ်ဘူး။ သခင်က လူကို တရားစီရင်ပြီး သန့်စင်ဖို့အတွက် နောက်ဆုံးသောကာလမှာ ပြန်ကြွလာခြင်းမရှိရင် ကျွန်တော်တို့က အပြစ်ထဲမှာ ထာဝရ ရှင်သန်နေကြမှာပဲ။ ဘုရားသခင်က သန့်ရှင်းတယ်။ ဒါကြောင့် ညစ်ညမ်းမှုတွေနဲ့ လွှမ်းနေတဲ့ ကျွန်တော်တို့က သခင့်ရဲ့ မျက်နှာတော်ကို ဘယ်လိုလုပ် မြင်နိုင်မှာလဲ။ ဒီ ဧဝံဂေလိ ဗီဒီယိုကို ကြည့်ပြီးတဲ့နောက်မှာ ကျွန်တော် ဒီဗီဒီယိုကို ပြန်စဉ်းစားကြည့်မိတယ်။ ကျွန်တော့်ရဲ့ အမြင်ဟောင်းတွေက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကြောင့် ကွဲကြေသွားခဲ့တယ်။ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို စူးစမ်းဖို့ ကျွန်တော် စိတ်ပိုင်းဖြတ်ခဲ့ပါတယ်။

နောက်ပိုင်းမှာ သိုးသငယ် ဖွင့်သည့် စာစောင် ကော်ပီတစ်ခုကိုလည်း ကျွန်တော့်ဆီကို သူတို့ ပို့ပေးခဲ့တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်တော့် အတွေးတွေ၊ စိတ်ကူးတွေ ကောင်းချီးခံရဖို့ဖြစ်တဲ့ ကျွန်တော့် ရည်မှန်းချက်တွေ၊ မာနထောင်လွှားမှု၊ လှည့်ဖြားမှု၊ ဆိုးယုတ်မှုနဲ့ သမ္မာတရားကို စက်ဆုပ်မှုတွေလို ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖွင့်ပြခဲ့တယ်။ ကျွန်တော် ဖတ်ကြည့်တဲ့အခါမှာ ဒီစကားတွေဟာ သန့်ရှင်းသော ဝိညာဉ်တော်ဆီကနေ လာတယ်ဆိုတာ ကျွန်တော် သေချာသွားတယ်။ ဘုရားသခင်ကသာ လူတွေရဲ့ စိတ်နှလုံးထဲကို မြင်ပြီး ကျွန်တော်တို့ရဲ့ မှားယွင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ စိတ်အတွင်းထဲက ဖောက်ပြန်ပျက်စီးမှုတွေကို ဖော်ထုတ်နိုင်တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ လူသားမျိုးနွယ်ကို စီမံရာမှာ သူ့ရဲ့ ရည်ရွယ်ချက်၊ သမ္မာကျမ်းစာရဲ့ အတွင်းပိုင်း ဇာတ်လမ်း၊ သူ့ရဲ့ ကယ်တင်ခြင်း အမှုတော်နဲ့ပတ်သက်တဲ့ သမ္မာတရား၊ စစ်မှန်တဲ့ ယုံကြည်ခြင်းနဲ့ ဘုရားကို နာခံခြင်းက ဘာလဲ၊ သူ့ရဲ့ ကောင်းကင်နိုင်ငံတော်ကို ဘယ်သူဝင်ရောက်နိုင်တယ်ဆိုတာတွေနဲ့ ကျွန်တော် ဘာသာဝင်ဖြစ်တဲ့ နှစ်တွေအားလုံးမှာ တစ်ခါမှ မကြားဖူးတဲ့ နောက်ထပ် သမ္မာတရားတွေ အများကြီးကိုလည်း ဖော်ပြပါတယ်။ ကျွန်တော် တကယ်ကို အမြင်ပွင့်သွားတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက သခင်ယေရှု ပြောခဲ့တာကို ပြည့်စုံစေတယ်ဆိုတာ ကျွန်တော် မြင်နိုင်တယ်။ “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) ပြီးတော့ ဗျာဒိတ်ကျမ်းထဲမှာ “ထိုစာစောင်ကိုဖွင့်၍ကြည့်ခြင်းငှါ ကောင်းကင်၊ မြေကြီး၊ မြေကြီးအောက်၌ အဘယ်သူမျှမတတ်နိုင်။” “ယုဒအမျိုးခြင်္သေ့တည်းဟူသော ဒါဝိဒ်၏အမြစ်သည် ထိုစာစောင်ကို၎င်း၊ တံဆိပ်ခုနစ်ချက် တို့ကို၎င်း၊ ဖွင့်ခြင်းငှါ အောင်မြင်လေပြီဟု ငါ့ကို ပြောဆို၏။(ဗျာဒိတ်ကျမ်း ၅:၄-၅) အခု အနန္တတန်ခိုးရှင်ဘုရားသခင်က ဘာတွေကို သန့်စင်ဖို့၊ ကယ်တင်ဖို့လိုတယ်ဆိုတာနဲ့ပတ်သက်ပြီး လူသားမျိုးနွယ်ကို သမ္မာတရားတွေ ဖွင့်ပြခဲ့တာကြောင့် ဒါဟာ နောက်ဆုံးသောကာလရဲ့ စာစောင်မှာ ရေးထားတာတွေပဲဆိုတာ၊ ဘုရားအိမ်တော်ကနေစတဲ့ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းအမှုပဲဆိုတာ ကျွန်တော် ရှင်းရှင်းလင်းလင်း သိသွားခဲ့တယ်။

အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို သုံးလေးလ ဖတ်ပြီးတဲ့နောက်မှာ အခု ကျွန်တော် ဘာသာတရားမှာ ယုံကြည်ခြင်း ၁၀ နှစ်ကျော်အတွင်း ရခဲ့တာတွေထက် ပိုပြီးတော့ နားလည်သဘောပေါက်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေက သက်စမ်းရေတွင်းပဲ၊ ကျွန်တော်တို့ကို ထောက်ပံ့ပေးနေတဲ့ အဆုံးမရှိတဲ့ အထောက်အကူပဲဆိုတာ ကျွန်တော် တကယ်ကို သိခဲ့ရတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ ပြန်ကြွလာတဲ့ သခင်ယေရှုပဲဆိုတာ ကျွန်တော် သေချာသွားခဲ့တယ်။ ကျွန်တော် စိတ်လည်းလှုပ်ရှားတယ်။ ဒါပေမဲ့ နောင်တလည်း အများကြီးရတယ်။ ကျွန်တော် သင်းအုပ်ဆရာကို နားထောင်ပြီး သမ္မာကျမ်းစာကို ကိုးကွယ်ခဲ့တာတွေ၊ ကိုယ့်စိတ်ကူးတွေကို အခြေခံပြီး ဘုရားနှုတ်ကပတ်တော်ကို ကျမ်းစာနဲ့ ဘောင်ခတ်ခဲ့တာတွေကို ပြန်စဉ်းစားကြည့်မိတယ်။ ကျွန်တော် တော်တော်ကို ခေါင်းမာခဲ့တာပဲ။ ဒါပေမဲ့ ဘုရားသခင်က ကျွန်တော့်ကို မဖယ်ရှားပစ်ခဲ့ပါဘူး။ သူဟာ ညီအစ်ကို မောင်နှမတွေကတစ်ဆင့် ကျွန်တော့်တံခါးကို အကြိမ်များစွာ ခေါက်ခဲ့တယ်။ သခင် ပြန်ကြွလာတာနဲ့ ကျွန်တော် မလွဲချော်သွားဖို့အတွက် သူ့ အသံကို ကြားရအောင် ကျွန်တော့်ကို လမ်းပြပေးခဲ့တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ ကယ်တင်ခြင်းအတွက် ကျွန်တော် ကျေးဇူးတော်ချီးမွမ်းပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

သန့်စင်ခြင်းကို ရရှိခြင်း လမ်းကြောင်းပေါ်သို့ အနန္တတန်ခိုးရှင် ဘုရားသခင်က ကျွန်တော့်ကို ဦးဆောင်ခဲ့သည်

ဂန်ချန်း၊ အမေရိကန်ပြည်ထောင်စုအသက်ရှင်ရပ်တည်ရန် ကြိုးစားလုပ်ဆောင်ဖို့ စင်္ကာပူကို ၂၀၀၇ ခုနှစ်တွင် ကျွန်တော့်ဘာသာ လာခဲ့ပါသည်။ စင်္ကာပူက...

ဘုရားသခင်၏အသံကို နားထောင်၍ သခင့်ကို ကြိုဆိုခြင်း

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ငါပြောသည့် အရာကို များစွာသော လူတို့သည် ဂရုမစိုက်ဘဲနေကောင်းနေနိုင်သည်၊ သို့သော် ယေရှုသည်...

အသက်စမ်းရေထဲမှာ ကျွန်မ ပျော်မွေ့ခဲ့ပါပြီ

ကျွန်မတို့မိသားစုက သခင့်ကို ယုံကြည်လာတာ မျိုးဆက်သုံးခုအထိ ရှိပါပြီ။ ကျွန်မလည်း ကိုယ့်မိသားစုနဲ့အတူ ကလေးဘဝကတည်းက ဘုရားကျောင်း စတက်တယ်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။