မကောင်းမှုပြုသူအား ထုတ်ပယ်ခြင်းမှ လေ့လာသင်ယူခြင်း

03.02.2022

စုန်းယိ နယ်သာလန်နိုင်ငံ

ဒီနှစ် မတ်လမှာ ခေါင်းဆောင်ပိုင်းတာဝန်တစ်ခုကို ကျွန်မ ယူခဲ့တယ်။ ကြီးကြပ်သူနဲ့ ကျွန်မ တွေ့တဲ့အခါမှာ တချို့ ရေလောင်းပေးတဲ့ အဖွဲ့ခေါင်းဆောင်တွေက လူတွေကို ဆရာလိုက်လုပ်နေပြီး သူတို့တာဝန်တွေကို လုပ်ဖို့ တိုက်တွန်းနေပေမဲ့၊ သူတို့ကတော့ ဘာမှမလုပ်ဘဲ နေနေတာကို ကျွန်မ သိလိုက်ရတယ်။ အဖွဲ့တွေက ရင်ဆိုင်နေရတဲ့ တကယ့်ပြဿနာတွေကို သူတို့က နားမလည်ဘူး။ ဒီတော့ သူတို့က လက်တွေ့လမ်းကြောင်းကို မမျှဝေဘဲ အနှစ်မရှိတဲ့စကားတချို့ပဲပြောပြီး စည်းကမ်းတွေထုတ်တယ်။ ကျွန်မတို့က သူတို့ကို ခေါင်းဆောင်တယ်ဆိုတာ လူတွေကို ဘာလုပ်ရမယ်လို့ ပြောတာ သက်သက်မဟုတ်ဘူး၊ လူသစ်တွေအတွက်လည်း လက်တွေ့ကျတဲ့ ရေလောင်းမှုပေးရမယ်၊ သူများတွေနဲ့ ပူးပေါင်းဆောင်ရွက်ရမယ်ဆိုပြီး မိတ်သဟာယဖွဲ့တယ်။ ဒါပေမဲ့ သုံးလေးရက်လောက်ကြာပြီးတော့ သူတို့က ဘာကိုမှ တကယ်မလုပ်ကြသေးဘူး။ ကျွန်မက လေ့လာစုံစမ်းလိုက်ပြီး ကောင်း ဆိုတဲ့ အဖွဲ့ခေါင်းဆောင်တစ်ယောက်က ဖျက်လိုဖျက်ဆီးလုပ်နေတာကို တွေ့လိုက်ရတယ်။ သူက လက်တွေ့ကျတဲ့ အလုပ်ကို မလုပ်ဘူး။ ပြီးတော့ ကျွန်မနဲ့ ကြီးကြပ်သူက သူတို့ကို လူသစ်တွေကို ရေလောင်းခိုင်းထားတယ်၊ ဒါကြောင့် သူတို့အဖွဲ့အလုပ်တွေကို သူတို့က နောက်ဆက်တွဲဆက်လုပ်ဖို့ အချိန်မရှိတော့ဘူး၊ ဒါက ကျွန်မတို့က သူတို့ကို အဲဒါထပ်လုပ်ခိုင်းစရာမလိုတော့ဘူးဆိုတဲ့ သဘောပဲလို့ပြောပြီး တခြားအဖွဲ့ခေါင်းဆောင်တွေကို လှုံ့ဆော်နေတယ်။ ဒါဆိုရင် သူတို့တာဝန်က ဘာလဲ။ သူက ပြောသေးတယ်။ ကြီးကြပ်သူက အတွေ့အကြုံမရှိသေးသူတစ်ယောက်ဖြစ်တော့ အလုပ်ကို ဘယ်လိုလုပ် မှန်အောင်လုပ်နိုင်မှာလဲ တဲ့။ အခြေခံအားဖြင့် သူပြောနေတာက ကြီးကြပ်သူဟာ ရေလောင်းတာနဲ့ပတ်သက်တဲ့ အတွေ့အကြုံမရှိလို့ သူတို့ကို လက်တွေ့ကျတဲ့ လမ်းပြမှုကို မပေးနိုင်ဘူး။ ဒါကြောင့် သူပြောတာကို နားမထောင်သင့်ဘူးပေါ့။ ကြီးကြပ်သူက သူတို့အလုပ်မှာ တချို့ပြဿနာတွေကို တွေ့တဲ့အခါမှာ တော်တော်ကို ကြမ်းကြမ်းတမ်းတမ်း ပြောတယ်။ ဒါကြောင့် ကောင်းက ဒီအပေါ်မှာ ဝေဖန်ချင်နေပြီး သူက လူတွေကို မောက်မောက်မာမာနဲ့ ဆူငေါက်နေတယ်လို့ ပြောတယ်။ ကောင်းက ကြိုးစားအားထုတ်ချင်တဲ့ ပုံစံဟန်ဆောင်ပြီးတော့ ကောလာဟလတွေလည်း ဖြန့်တယ်။ ကြီးကြပ်သူက အတွေ့အကြုံမရှိသူတစ်ယောက်ဖြစ်တာကြောင့် သူတို့အလုပ်က သေချာပေါက်ထိခိုက်မှာပဲ၊ အထက်ခေါင်းဆောင်က လူတွေကို ခန့်တဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ်လို့ သူက ပြောတယ်။ ဒါပေမဲ့ တကယ်တမ်းတော့ အထက်ပိုင်းခေါင်းဆောင် အစ်မလျူက ကြီးကြပ်သူကို စည်းမျဉ်းအတိုင်း ရာထူးတိုးပေးခဲ့တာပါ။ သူက လူသစ်တွေကို ရေလောင်းတာမှာ အတွေ့အကြုံအများကြီးမရှိပေမဲ့ အစွမ်းအစကောင်းရှိတယ်။ လုပ်နိုင်ကိုင်နိုင်ပြီး သူ့တာဝန်မှာ ဝန်တာထားတယ်။ သူ့ကို ပျိုးထောင်ပေးလို့ရနိုင်တယ်။ ပြဿနာတွေကိုလည်း သူ ရှာတွေ့နိုင်ပြီး အဖွဲ့ရဲ့အလုပ်ကို လမ်းပြပေးနိုင်တယ်။ ပြီးတော့ လူသစ်တွေကို ရေလောင်းတာမှာ နည်းနည်းတိုးတက်မှုရှိတယ်။ ဒါပေမဲ့ ကောင်းက သူ အရည်အချင်းမပြည့်မီဘူးလို့ ဆက်ပြောနေတယ်။ သူ့ကိုတိုက်ခိုက်နေပြီး ဒီရာထူးနဲ့ မသင့်တော်ဘူးလို့ အတင်းပြောနေတယ်။ အထက်ခေါင်းဆောင်က လူတွေကို စည်းမျဉ်းမပါဘဲ ခန့်နေတယ်လို့လည်း ကောလာဟလတွေ ဖြန့်တယ်။ ဒီဟာကြောင့် သူများတွေက ခေါင်းဆောင်နဲ့ ကြီးကြပ်သူအပေါ် တစ်ဖက်သတ်အမြင်တွေဖြစ်ပြီး အလုပ်လုပ်ဖို့ ငြင်းဆန်ကြတယ်။ ဒါကြောင့် အဲဒီခေါင်းဆောင်တွေရဲ့ တာဝန်တွေမှာနဲ့ ဘုရားအိမ်တော်ရဲ့အလုပ်မှာ အနှောင့်အယှက်ဖြစ်တာပေါ့။ ကောင်းက စုဝေးပွဲတွေမှာ မရိုးသားတဲ့ မိတ်သဟာယတချို့ကိုလည်း ပေးပြီ၊ အထက်ခေါင်းဆောင်နဲ့ ကြီးကြပ်သူကို မသိမသာနဲ့ စော်ကားတိုက်ခိုက်တယ်။ ဥပမာ သူတို့နှစ်ယောက်က သီးသန့်တာဝန်တစ်ခုကို ကောင်းကောင်း မစီစဉ်ခဲ့တာကို သူ သတိထားမိတယ်လို့ ပြောတယ်။ ကောင်းက ဒါကို ထုတ်ပြောတယ်။ ဒါပေမဲ့ အဲဒီနှစ်ယောက်က အလုပ်ကို နားမလည်ဘူး။ သူ့အကြံပြုချက်ကို မယူဘူး။ ကောင်းက ဆက်မပြောချင်တော့ဘူး။ နောက်တော့ တကယ် ပြဿနာရှိနေတာကို သူ သတိထားမိတယ်ပေါ့။ ဒါပေမဲ့ တကယ်တမ်း လုံးဝ အဲဒီလိုဖြစ်ခဲ့တာမဟုတ်ဘူး။ သူက သူ့ရဲ့မိတ်သဟာယမှာ တမင်တကာ မရေမရာပြောခဲ့တာလေ။ ခေါင်းဆောင်ပိုင်းက သူ့အလုပ်ကို နားမလည်သလို၊သူ့ကို နှောင့်နှေးစေတယ်၊ သူ့အကြံကို ယူဖို့ ငြင်းဆန်တယ်၊ သူက ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို ထိန်းသိမ်းတဲ့အတွက်နဲ့ အနှိမ်ခံရတယ်ဆိုတဲ့ ပုံစံဖြစ်အောင်လုပ်ဖို့အတွက်ပေါ့။ အဲဒီလိုနဲ့ လူတိုင်းက သူ့ကိုသနားပြီး သူ့ဘက်ကပါအောင်ပေါ့။ ကောင်းက ခေါင်းဆောင်တွေနဲ့ ကြီးကြပ်သူတွေကို အမြဲတမ်း အထင်သေးပြီး ဝေဖန်တယ်။ ဒါကို သူများတွေက သူ့ကို ခဏခဏ မိတ်သဟာယပြုပေးပြီးပြီ။ ဒါပေမဲ့ ဒီအတွက် သူက လုံးဝ နောင်တမရခဲ့ဘူး။ ဒါက ဖောက်ပြန်ပျက်စီးမှုလေး တစ်ခုကို ပြတဲ့ ကိစ္စမဟုတ်ဘူး။ သဘာဝနဲ့ဆိုင်တဲ့ ပြဿနာတစ်ခုပဲ။

ဒီလိုလူမျိုးကို ဖော်ထုတ်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ စဉ်းစားမိတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အသင်းတော်အသက်တာတွင် မည်သည့်လူ၊ အကြောင်းအရာ၊ ကိစ္စများသည် ဂုဏ်အဆင့်အတန်းအတွက် ်ပြိုင်ဆိုင်ခြင်းပြဿနာနှင့် ဆက်စပ်နေသနည်း။ ဂုဏ်အဆင့်အတန်းအတွက် ပြိုင်ဆိုင်ခြင်းနှင့် သက်ဆိုင်သော မည်သည့်သရုပ်သကန်တို့သည် သဘောသဘာဝအားဖြင့် ဘုရားအိမ်တော်၏ အလုပ်အပေါ် နှောင့်ယှက်ဟန့်တားခြင်းနှင့် ဆက်စပ်နေသနည်း။ အတွေ့ရအများဆုံးမှာ ရွေးချယ်ခြင်းခံထားရသော သူတို့ကို ထိန်းချုပ်ရန်အတွက် အသင်းတော်တွင်ရှိသော အသင်းတော်ခေါင်းဆောင်များအား ၎င်းတို့၏ ဂုဏ်အဆင့်အတန်းအတွက် ယှဉ်ပြိုင်ခြင်း၊ အသင်းတော် ခေါင်းဆောင်များအား မကြာခဏ မတရားသဖြင့် ရှုတ်ချဝေဖန်ခြင်း၊ ဂုဏ်သိက္ခာကို ထိခိုက်အောင်ပြောဆို်ခြင်း၊ ရှုတ်ချခြင်း၊ ၎င်းတို့၏ လူ့သဘာဝတွင်ရှိသော ကျရှုံးမှုများနှင့် အားနည်းချက်များ၊ သို့မဟုတ် ၎င်းတို့၏ အစွမ်းအစနှင့်ပတ်သက်သော ပြဿနာများကို တမင်သက်သက် ဖော်ထုတ်ခြင်းတို့ဖြစ်ပြီး အထူးသဖြင့် ၎င်းတို့၏ အလုပ်တွင် ၎င်းတို့ပြုလုပ်သော အမှားများနှင့်ပတ်သက်လာသည့်အခါ၊ သို့မဟုတ် လူတို့ကို ကိုင်တွယ်ဖြေရှင်းသည့်အခါတွင် ဖြစ်သည်။ ဤသည်မှာ အတွေ့ရအများဆုံး၊ ပေါ်တင်အဖြစ်ဆုံး ဂုဏ်အဆင့်အတန်းအတွက် ယှဉ်ပြိုင်ခြင်းဖြစ်သည်။ အခြား မည်သည့် သရုပ်သကန်များရှိသနည်း။ အသင်းတော်ခေါင်းဆောင်များနှင့် ဂုဏ်အဆင့်အတန်းအား ပြောင်ပြောင်တင်းတင်း ယှဉ်ပြိုင်ခြင်း၊ ၎င်းတို့၏ အလုပ်ကို မည်မျှ ကောင်းမွန်စွာ လုပ်ဆောင်ပါစေ၊ စည်းမျဉ်းအရပြုလုပ်သည်ဖြစ်စေ၊ မပြုလုပ်သည်ဖြစ်စေ၊ ၎င်းတို့၏ လူ့သဘာဝတွင် ပြဿနာများရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ၎င်းတို့ကို မနာခံခြင်းတို့ဖြစ်သည်။ အဘယ်ကြောင့် မနာခံကြသနည်း။ အဘယ်ကြောင့်ဆိုသော် ဂုဏ်အဆင့်အတန်းအတွက် ယှဉ်ပြိုင်နေသောသူသည်လည်း ခေါင်းဆောင်ဖြစ်လိုသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ရွေးချယ်တင်မြှောက်ခံရသော၊ သို့မဟုတ် ခန့်အပ်ခံရသော ခေါင်းဆောင်တစ်ယောက်က မည်သည့်အရာကို ပြုလုပ်သည်ဖြစ်စေ ၎င်းတို့က ထိုခေါင်းဆောင်ကို ဂုဏ်သရေထိပါးသော စကားပြောဆိုပြီး ရှုတ်ချကြသည်။ ဤခေါင်းဆောင်ပြုလုပ်သည့် အရာသည် စည်းမျှဉ်းအရဟုတ်မဟုတ်၊ ၎င်းတို့က မှန်ကန်သောသူဟုတ်မဟုတ်၊ သမ္မာတရားကို လိုက်စားသောသူ ဟုတ်မဟုတ်၊ ၎င်း၏လူ့သဘာဝတွင် အသိတရားနှင့် အသိစိတ်ရှိမရှိတို့ကို တိုင်းတာရန်၊ သို့မဟုတ် ရှုမြင်ရန်အတွက် ခေါင်းဆောင်များနှင့် အမှုဆောင်များအပေါ် ဘုရားအိမ်တော်မှ သတ်မှတ်သည့် စည်းမျဉ်းများကို ၎င်းတို့က အသုံးမပြုပေ။ ဤအရာများနှင့်အညီ ပြုလုပ်ခြင်းမဟုတ်ပေ။ ယင်းအစား ၎င်းတို့၏ ကိုယ်ပိုင်ရည်မှန်းချက်များ၊ အရင်းခံအကြောင်းများနှင့် ဦးတည်ချက်များနှင့် သင့်လျော်သည့်အတိုင်း ခေါင်းဆောင်နှင့် အမှုဆောင်အပေါ် ဖိအားပေးလျက်၊ သမ္မာတရားကို ၎င်းတို့ချိုးဖောက်သည့်အကြောင်းကို ၎င်းတို့နောက်ကွယ်တွင် ကောလာဟလဖြန့်လျက်၊ သို့မဟုတ် ၎င်းတို့၏ အားနည်းချက်များကို ထုတ်ဖော်ပြောဆိုလျက် ၎င်းတို့သည် အစဉ်သဖြင့် အထအနကောက်ပြီး ကပ်တွက်ကြသည်။ ဥပမာအားဖြင့် ၎င်းတို့က ‘ဤခေါင်းဆောင်ဘယ်သူသည် ဤအမှားကို ပြုလုပ်ခဲ့ပြီး အထက်၏ ကိုင်တွယ်ဖြေရှင်းခြင်းခံခဲ့ရသည်။ ယင်းကို သင်တို့တစ်ယောက်မျှ မသိကြ။ သူသည် ဟန်ဆောင်ရာတွင် ထိုမျှ တော်သည်’ ဟု ပြောဆိုကောင်း ပြောဆိုနိုင်သည်။ ၎င်းတို့သည် ဤခေါင်းဆောင်ကို ဘုရားအိမ်တော်က လေ့ကျင့်ပေးထားခြင်းဟုတ်မဟုတ်၊ အရည်အချင်းပြည့်မီသော ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင် ဟုတ်မဟုတ်ဆိုသည်ကို လျစ်လျူရှုပြီး သတိမပြုမိဘဲ ၎င်းတို့နှင့်ပတ်သက်ပြီး ဆက်လက်၍ ဂုဏ်သရေထိခိုက်သော စကားများပြောကြသည်၊ အတင်းအဖျင်းပြောသည်။ ၎င်းတို့နောက်ကွယ်တွင် ကြံစည်သည်။ မည်သည့်ရည်မှန်းချက်အတွက် ၎င်းတို့က ဤအရာတို့ကို လုပ်ဆောင်ကြသနည်း။ ၎င်းတို့သည် ဂုဏ်အဆင့်အတန်းအတွက် ယှဉ်ပြိုင်နေခြင်းကြောင့်ဖြစ်သည်မဟုတ်လော။ ၎င်းတို့ပြောသမျှ၊ လုပ်ဆောင်သမျှတိုင်းတွင် ရည်မှန်းချက်တစ်ခုရှိသည်။ ဤသည်မှာ အသင်းတော်အလုပ်အတွက်မဟုတ်ပေ။ လူသားအပေါ် ဘုရားသခင်တောင်းဆိုသည့် စည်းမျဉ်းများ၊ သို့မဟုတ် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များအပေါ် အခြေခံဖို့မဆိုထားနှင့်။ ဘုရားသခင်၏ နှုတ်ကပတ်တော်အပေါ်၊ သို့မဟုတ် သမ္မာတရားအပေါ်ပင် အခြေမခံဘဲ ၎င်းတို့၏ ကိုယ်ပိုင် ရည်မှန်းချက်များနှင့် ရည်ရွယ်ချက်များအပေါ် အခြေခံသည်။ ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်က ပြောသည့်အရာတိုင်းကို ၎င်းတို့၏ ကိုယ်ပိုင် ‘ထိုးထွင်းသိမြင်မှု’ဖြင့် ဆန့်ကျင်ကြသည်။ သင်ပြောသမျှကို ၎င်းတို့၏ ကိုယ်ပိုင် မတူညီသော အမြင်ဖြင့် ပြန်၍ ခုခံပြောဆိုကြသည်။ ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်သည် ဖွင့်ဟပြီး သူတို့အကြောင်းကို ဖွင့်ပြောသည့်အခါ၊ မိမိကိုယ်ကိုယ် သိမြင်မှုအကြောင်းကို ပြောဆိုသည့်အခါတွင် ၎င်းတို့က အထူးကျေနပ်အားရကြသည်။ ၎င်းတို့သည် ၎င်းတို့၏အခွင့်အရေးကို တွေ့ပြီဟု ထင်ကြသည်။ မည်သည့်အခွင့်အရေးနည်း။ ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်ကို မတရားသဖြင့် ဝေဖန်ရှုတ်ချရန်၊ ၎င်းတို့၏ အစွမ်းအစနှင့်ပတ်သက်၍ ပြဿနာရှိသည်၊ ၎င်းတို့သည် အားနည်းနိုင်သည်၊ ဖောက်ပြန်ပျက်စီးနိုင်သည်၊ ၎င်းတို့လုပ်သည့်အရာတို့တွင် အမှားများကို မကြာခဏလုပ်တတ်ကြသည်၊ ၎င်းတို့သည် အခြားမည်သူ့ထက်မျှ မသာပေဟု လူတိုင်းအား သိစေရန် အခွင့်အလမ်းဖြစ်သည်။ ဤသည်မှာ ၎င်းတို့အား ဖိအားပေးရန်အခွင့်အရေး၊ ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်အား ဖြိုဖျက်ရန်၊ နိမ့်ကျစေရန်၊ ဝေဖန်ရန်အတွက် လူတိုင်းအား တိုက်တွန်းအားပေးရန် ၎င်းတို့၏ အခွင့်အလမ်းဖြစ်သည်။ ဤအပြုအမူများနှင့် လုပ်ရပ်များအားလုံး၏ အရင်းခံအကြောင်းရင်းမှာ ဂုဏ်အဆင့်အတန်းအတွက် ယှဉ်ပြိုင်ခြင်းမှလွဲပြီး အခြားမဟုတ်ပေ။” “ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်ကို ဆန့်ကျင်ပြီး ပြောင်ပြောင်တင်းတင်း ကန့်ကွက်ခြင်း၊ ဂုဏ်အဆင့်အတန်းအတွက် ၎င်းတို့နှင့် ယှဉ်ပြိုင်ခြင်းကို ထိန်းချုပ်ခြင်း၊ ကန့်သတ်ခြင်းများသာ မပြုလုပ်ရပေ။ အခြေအနေ ဆိုးရွားပြီး၊ ဖယ်ရှားရန်၊ နှင်ထုတ်ရန် သတ်မှတ်ချက်များနှင့် ကိုက်ညီလျှင် စည်းမျဉ်းအတိုင်း ကိုင်တွယ်ဖြေရှင်းသင့်သည်။ ထို့အပြင် ၎င်းတို့သည် အသင်းတော်တွင် သမ္မာတရားကို ပိုမိုလိုက်စားတတ်သောသူတို့ကို ဖယ်ကြဉ်ပြီး တိုက်ခိုက်ရန် ကြိုးစားကြသည်။ အဘယ်ကြောင့်ဆိုသော် သမ္မာတရားကို လိုက်စားသောသူတို့သည် သန့်စင်သော နားလည်မှုရှိကြသည်။ ဘုရားနှုတ်ကပတ်တော်များနှင့်ဆိုင်သည့် အတွေ့အကြုံရှိကြသည်။ ယင်းတို့ကို ထိုးထွင်းသိမြင်မှု၊ လိုချင်တောင့်တမှုရှိကြသည်။ ညီအစ်ကိုမောင်နှမများကြားတွင် ဤလူတို့သည် သမ္မာတရားကို မိတ်သဟာယပြုခြင်းအားဖြင့် ပြဿနာများကို မကြာခဏ ဖြေရှင်းနိုင်ကြသည်။ ဤနည်းအားဖြင့် ဘုရားသခင် ရွေးချယ်ထားသောသူတို့ကို တည်ဆောက်ပေးကြသည်။ ဤနည်းအားဖြင့် ၎င်းတို့သည် အသင်းတော်တွင် တဖြည်းဖြည်းချင်း ဂုဏ်သိက္ခာရရှိလာကြသည်။ သမ္မာတရားကို လိုက်စားသောသူတို့အား တိုက်ခိုက်သောသူ၊ သို့မဟုတ် ဖယ်ကြဉ်ဖို့ ကြိုးစားသောသူ မည်သူမဆိုသည် အသင်းတော်အသက်တာကို တိုက်ရိုက် ကြားဖြတ်ဝင်ရောက်နှောင့်ယှက်ခြင်းဖြစ်သည်။ ၎င်းတို့သည် အသင်းတော်ခေါင်းဆောင်များကို တိုက်ရိုက်ရည်ရွယ်ချင်မှရည်ရွယ်မည်၊ သို့သော် ၎င်းတို့သည် အသင်းတော်တွင် တကယ့်အတွေ့အကြုံရှိသော၊ သမ္မာတရား၏ စစ်မှန်မှုကို ပိုင်ဆိုင်သော၊ သမ္မာတရားကို နားလည်ပြီးချစ်သောသူတို့အပေါ် သီးသန့် မလိုမုန်းထားမှုတစ်ခုရှိကြသည်။ ၎င်းတို့သည် ထိုသို့သော သူတို့အား မကြာခဏ လှောင်ပြောင်ပြီး သိက္ခာချလျက်၊ ၎င်းတို့အတွက် ထောင်ချောက်များပင်ဆင်ပြီး ဆန့်ကျင်ကြံစည်လျက် စသဖြင့် ဤကဲ့သို့သောလူတို့ကို ဖယ်ကြည်ပြီးနိမ့်ပါးစေကာ အထင်သေးကြသည်။ ဤကဲ့သို့သော ပြဿနာများသည် ဂုဏ်အဆင့်အတန်းအတွက် ခေါင်းဆောင်များ၊ အမှုဆောင်များနှင့် ယှဉ်ပြိုင်ခြင်းလောက် မဆိုးရွားသော်လည်း ယင်းတို့က အသင်းတော်အသက်တာကို ကြားဖြတ်ဝင်ရောက်နှောင့်ယှက်ဆဲဖြစ်သည်။ ဟန့်တားပြီး အနှောင့်အယှက်ဖြစ်စေလျက်ရှိသည့် ဤလူတို့ကို ကန့်သတ်ထားသင့်ပြီး ထိန်းသိမ်းထားသင့်သည်။ အသင်းတော်ရှိ ညီအစ်ကိုမောင်နှမ အရေအတွက်များစွာ ထိခိုက်မှုရှိလျှင်၊ ၎င်းတို့သည် မကြာခဏ အပျက်သဘောဆောင်ပြီး အားနည်းခြင်းသို့ အခြေဆိုက်လျှင် ဤလူတို့ကို ထိန်းသိမ်းထားရုံတင်မပြုလုပ်သင့်ဘဲ ၎င်းတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ရန်အတွက် နုတ်ပယ်သင့်သည်၊ သို့မဟုတ် လူတိုင်းနှင့် ခွဲထားသင့်သည်။ ၎င်းတို့သည် သဘာဝအလျောက် ဟန့်တားတတ်ပြီး အနှောင့်အယှက်ဖြစ်စေတတ်လျှင် ဤပြဿနာအမျိုးအစားအားလုံးသည် လုပ်လေ့လုပ်ထရှိသောအရာမျိုးဖြစ်သည်။ လူနှစ်ယောက်သည် အကြောင်းအရာတစ်ခုခုကြောင့် ရံဖန်ရံခါ ငြင်းခုံလျှင်၊ ပင်ကိုစရိုက်မတူသောကြောင့်၊ ကိစ္စများကို မြင်သည့်ပုံစံ၊ သို့မဟုတ် ပြောဆိုပုံမတူသောကြောင့် အချင်းချင်း စိတ်ဆိုးလွယ်ပြီး မကျေမနပ် ပြောဆိုကြလျှင် ဤသို့ ရံဖန်ရံခါ လုပ်ဆောင်ခြင်းသည် သဘာဝအလျောက် အဟန့်အတားဖြစ်ခြင်း၊ အနှောင့်အယှက်ဖြစ်ခြင်းနှင့် မဆက်စပ်ပေ။ ကျွန်ုပ်တို့ပြောဆိုနေကြသည့်အရာမှာ ဤအရာ၏ သဘာဝက အဟန့်အတားဖြစ်ခြင်းနှင့် အနှောင့်အယှက်ဖြစ်ခြင်းသို့ ရောက်ရှိနေပြီးဖြစ်သည့်နေရာ ဖြစ်သည်။ ဤပုံစံဖြင့် လုပ်လေ့လုပ်ထရှိသောသူ၊ တကယ့်အတွေ့အကြုံရှိပြီး ဤတကယ့်အတွေ့အကြုံများကို မျှဝေသောသူ မည်သူကိုမဆို နှိမ့်ချရန်၊ ဖယ်ကြဉ်ရန်၊ လှောင်ပြောင်ပြီး ကြံစည်ရန် ကြိုးစားသောသူတို့အကြောင်းဖြစ်သည်။ ၎င်းတို့သည် ဤပုံစံဖြင့် လုပ်လေ့လုပ်ထရှိသည်။ ကောင်းသောသူတို့ကို ၎င်းတို့က မခံနိုင်ပေ။ လူကောင်းတို့သည် ၎င်းတို့ကို စိတ်ဆိုးစေသည်။ ဒေါသထွက်စေသည်။ ကောင်းသောမည်သူကိုမဆို ၎င်းတို့က ပစ်မှတ်ထားကြသည်။ ၎င်းတို့ကို ထိခိုက်စေပ ဒုက္ခရောက်စေဖို့ ကြိုးစားကြသည်။ ဤသို့သောလူတို့သည် အသင်းတော်၏ သာမန်အသက်တာနှင့် အစီအစဉ်တို့အပေါ် ပြင်းထန်သော အဟန့်အတား၊ အနှောင့်အယှက်တို့ဖြစ်စေခဲ့ပြီးဖြစ်သည်။ ထိုသို့သောသူတစ်ဦးချင်းစီကို ထိန်းချုပ်ခြင်း၊ ကန့်သတ်ခြင်း၊ ဖော်ထုတ်ခြင်းတွင် ခေါင်းဆောင်များနှင့် အမှုဆောင်တို့သည် ညီအစ်ကိုမောင်နှမများနှင့် ပူးပေါင်းသင့်သည်။ ၎င်းတို့အား ထိန်းသိမ်းထားရန် မဖြစ်နိုင်လျှင်၊ ၎င်းတို့နှင့် မိတ်သဟာယဖွဲ့ခြင်းသည် ၎င်းတို့ကို နောင်တရစေခြင်း၊ သို့မဟုတ် ထိန်းချုပ်ခြင်းမရှိလျှင် ညီအစ်ကိုမောင်နှမတို့သည် အတူတကွ မိတ်သဟာယပြုပြီး သဘောတူညီချက်ရရှိပြီးသည်နှင့် ဤလူတို့ကို အသင်းတော်မှ နုတ်ပယ်ပစ်သင့်သည်။ ၎င်းတို့ကို နောက်ထပ်အလွတ်မပေးသင့်တော့ပေ။ အသင်းတော်အသက်တာကို ၎င်းတို့ နှောင့်ယှက်ခြင်းအားဆက်၍ သည်းမခံသင့်တော့ပေ။ ၎င်းတို့၏ မကောင်းမှုပြုခြင်းကို သင်သည်းခံလျှင် သင်သည် ညီအစ်ကိုမောင်နှမများအပေါ် သင်၏ တာဝန်ကို ဖြည့်ဆည်းနေခြင်းမဟုတ်ပေ။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၁၄)”) ခေါင်းဆောင်တွေက အလုပ်အတွက် သင့်တော်သလား၊ လူတွေကို ထိန်းသိမ်းစောင့်ရှောက်တာနဲ့ပတ်သက်ပြီး ဘုရားအိမ်တော်ရဲ့ စည်းမျဉ်းတွေနဲ့ သူတို့ ကိုက်ညီသလားဆိုတာကို မကြည့်ဘဲ ကျိုးကြောင်းမမြင်ဘဲ အမှားပဲလိုက်ရှာပြီး သူတို့အပေါ် ဖိအားပေးဖို့ ကြိုးစားတာ၊ သူတို့နောက်ကွယ်မှာ သူတို့ကို ဝေဖန်တာ သူတို့ကို ဆန့်ကျင်ပြီး ဖြုတ်ချဖို့အတွက် သူများတွေကို လှုံ့ဆော်ဖို့ကြိုးစားတာ ဒါဟာ ဘုရားအိမ်တော်ရဲ့ အလုပ်ကို နှောင့်ယှက်နေတာပဲဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ သိခဲ့ရပါတယ်။ ဒီလူတွေကို ဖော်ထုတ်သင့်ပြီး ထိန်းချုပ်သင့်တယ်။ အရေးကြီးတဲ့ ကိစ္စတွေမှာဆိုရင် အသင်းတော်ကနေ ရှင်းပစ်သင့်တယ်။ ကောင်းကို ဒီဟာနဲ့ ယှဉ်ကြည့်ရင် သူက ကြီးကြပ်သူက သူ့တာဝန်မှာ ရလဒ်တွေရနေသလား၊ သူ့အလုပ်က ဘုရားအိမ်တော်ကို အကျိုးဖြစ်စေနေသလား၊ သူ့ကို လေ့ကျင့်ပေးဖို့ ထိုက်တန်သလားဆိုတာတွေကို မကြည့်ခဲ့ဘူး။ သူက အတွေ့အကြုံမရှိဘူးလို့ပဲ ကောင်းကမြင်ပြီး အဆုံးအဖြတ်ပေးဖို့လုပ်နေတဲ့ အတွေ့အကြုံမရှိသူတစ်ယောက်လို့ ပြောခဲ့တယ်။ သူက အမှန်ကို မလိမ့်တပတ်လုပ်ပြီး သဘောထားကွဲလွဲမှုဖြစ်အောင်လုပ်တယ်။ သူများတွေက ကြီးကြပ်သူအပေါ် တစ်ဖက်သတ်အမြင်တွေဖြစ်လာပြီး ညွှန်ကြားချက်တွေကိုလိုက်နာဖို့ ငြင်းဆန်အောင် လုပ်တယ်။ ဒါက ဧဝံဂေလိအလုပ်မှာ ကျွန်မတို့ တိုးတက်မှုကို နှောင့်နှေးစေတယ်။ ကောင်းက ယာယီဖောက်ပြန်ပျက်စီးမှုကို ပြနေတာမဟုတ်ဘူး။ သူက အမြဲတမ်း အဲဒီလိုပဲ။ သူက အသင်းတော်အသက်တာကို တော်တော်ကို နှောင့်ယှက်ပြီးနေပြီ။ ဘယ်တာဝန်နဲ့မှ မသင့်တော်ပါဘူး။ စည်းမျဉ်းအတိုင်း ကျွန်မ သူ့ကို ချက်ချင်းထုတ်ပစ်သင့်တာ။ ပြီးရင် သူက နောင်တမရရင် အသင်းတော်ကနေ အထုတ်ခံရမှာပဲ။ ဒါပေမဲ့ ကျွန်မက သူက အတော်ကြာ အဖွဲ့ခေါင်းဆောင်ဖြစ်ခဲ့ပြီး သရုပ်ဆောင်ကောင်းတစ်ယောက်လည်းဖြစ်တယ်လို့ တွေးပြီး ကျွန်မ တွန့်ဆုတ်နေခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေက ချင့်ချိန်နိုင်စွမ်း သိပ်မရှိကြဘူး။ တချို့က သူ့ကို အထင်ကြီးကြတယ်။ သူက တရားမျှတတဲ့စိတ်ရှိတယ်။ တာဝန်ထမ်းရွက်ပြီး သူ့တာဝန်ကို ချစ်တယ်လို့ သူတို့က မြင်ကြတယ်။ ကျွန်မက အသင်းတော်မှာ ပါဝင်လာတာနဲ့ တစ်ပြိုင်နက် သူ့ကို ထုတ်လိုက်ရင် ကျွန်မက ကြင်နာမှုမရှိဘဲ ရက်စက်တယ်၊ တင်းကျပ်လွန်းတယ်လို့ ညီအစ်ကိုမောင်နှမတွေက ထင်ကြမလား။ အဲဒီနောက်မှာ ကျွန်မရဲ့ ခေါင်းဆောင်မှုကို သူတို့ လက်ခံပါ့မလားပေါ့။ ဒါပေမဲ့ ကောင်းက တကယ်ကို ဆိုးယုတ်တယ်။ မီးလောင်ရာလေပင့်ပြီး နောက်ကွယ်ကနေ သဘောထားကွဲလွဲမှုဖြစ်အောင် လုပ်တဲ့နေရာမှာတော်တယ်။ ကျွန်မက သူ့ကို စိတ်ဆိုးအောင်လုပ်မိလို့ သူက ကျွန်မကို လက်ညှိုးထိုးပြီး သူများတွေကြားမှာ ကျွန်မကို ဝေဖန်ပြီးတော့ သူတို့နဲ့ ကျွန်မရဲ့ ဆက်ဆံရေးကို ပြဿနာဖြစ်အောင်လုပ်လာရင် ကျွန်မအလုပ်ကိုလုပ်ဖို့ အများကြီးပိုခက်သွားမယ် ပေါ့။ သူ့ကို ထုတ်ပစ်ဖို့ အလျင်စလိုမလုပ်သင့်ဘဲ အရင်ဆုံး သူ့ကို ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းသင့်တယ်၊ သူ့လုပ်ရပ်တွေရဲ့ အနှစ်သာရနဲ့ အကျိုးဆက်တွေကို ဖော်ထုတ်ပြီး လေ့လာစိစစ်သင့်တယ်လို့ ကျွန်မ တွက်လိုက်တယ်။ ဒါကို သူလက်ခံပြီး ပြောင်းလဲရင် သူ့မှာ အခွင့်အရေးရှိသေးတယ်။ လက်မခံဘဲ ခေါင်းဆောင်နဲ့ အမှုဆောင်တွေကို ဆက်ပြီး ဝေဖန်နေရင် သူ့ကို ဖယ်ရှားလို့ရတယ်ပေါ့။

နောက်ပိုင်းမှာ ကျွန်မတို့ အထက်ပိုင်းခေါင်းဆောင် အစ်မလျူနဲ့ ကျွန်မက ကောင်းနဲ့ တခြားပါဝင်ပတ်သက်သူတွေကို စကားပြောတယ်။ ဘုရားအိမ်တော်မှာ ရွေးချယ်မှုတွေအတွက် စည်းမျဉ်းတွေအကြောင်းနဲ့ ကြီးကြပ်သူရဲ့ ရာထူးတိုးမြှင့်မှု နောက်ခံအကြောင်းရင်းနဲ့ပတ်သက်ပြီး မိတ်သဟာယပြုခဲ့တယ်။ ကောင်းနဲ့ တခြားအဖွဲ့ခေါင်းဆောင်တချို့ရဲ့ လတ်တလော အပြုအမူတွေက အခြေခံအားဖြင့် ဂိုဏ်းကွဲတာဖြစ်ပေါ်စေတယ်၊ ခေါင်းဆောင်နဲ့ အမှုဆောင်တွေကို တိုက်ခိုက်နေတယ်၊ သူတို့ကို သေးသိမ်စေပြီး ဘုရားအိမ်တော်ရဲ့ အလုပ်ကို နှောင့်ယှက်နေတယ်ဆိုတာကိုလည်း ကျွန်မ ရှင်းပြခဲ့တယ်။ သူတို့က မပြောင်းလဲဘဲ ဒါတွေအားလုံးကို ဆက်လုပ်နေရင် ထုတ်ပယ်ခံရမယ်ပေါ့။ အဖွဲ့ခေါင်းဆောင်တချို့က သူတို့အမှားကို ဝန်ခံကြပြီး ကြီးကြပ်သူနဲ့ သူတို့ ပူးပေါင်းလုပ်ဆောင်ချင်ပြီး အလုပ်ကို အတူတူပြီးအောင်လုပ်ချင်ပါတယ်လို့ ပြောတယ်။ ကောင်းကပဲ ရှင်းရှင်းလင်းလင်း မထွက်ဆိုခဲ့တာ။ သုံးလေးရက်လောက်ကြာတော့ ကောင်းက တခြားအစ်မတစ်ယောက်ဆီကို ကောလာဟလတွေ စဖြန့်တယ်။ ကြီးကြပ်သူက အရည်အချင်းမပြည့်မီဘူး၊ ခေါင်းဆောင်က မှားရွေးလိုက်တယ်လို့ပြောတယ်။ အဲဒီအစ်မက အလှည့်စားမခံရဘဲ အဲဒီအစား စည်းမျဉ်းတချို့နဲ့ပတ်သက်ပြီး သူ့ကို မိတ်သဟာယပြုပေးခဲ့တယ်။ အဲဒီအစ်မက လိုက်မလုပ်တော့ ကောင်းက အဲဒီမှာတင် ရပ်လိုက်တယ်။ သုံးလေးရက်လောက်ကြာတော့ ကောင်းက တခြားအဖွဲ့ခေါင်းဆောင်တချို့ကို လှည့်စားဖို့အတွက် သူတို့ဆီကို မက်ဆေ့ချ်ပို့ပြီး ပြောတယ်။ “ငါ အထုတ်ခံရမှာကြောက်ပြီး တစ်နေ့က မိတ်သဟာယပြီးတဲ့နောက်မှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နေမိတယ်။ မင်းတို့ရော ဒီလိုပဲ ခံစားရလား။ အခုဆို စကားတစ်လုံးတောင် ငါမပြောရဲတော့ဘူး။ ငါတို့က အကြံပြုချက်တွေတောင် ပေးလို့မရတော့သလိုမျိုး၊ မတူတဲ့ အမြင်တွေတောင် ထားလို့မရသလိုမျိုးဖြစ်နေတယ်။ ငါတို့က ထုတ်ပြောရင် အထုတ်ခံရပြီး အသင်းတော်ကနေနှင်ထုတ်ခံရမှာ။ ဘယ်သူက အကြုံပြုချက်တွေ ပေးရဲမှာလဲ” ပေါ့။ ပြီးတော့ သူကပြောတယ်။ အသင်းတော်က တိုးတက်မှုနှေးတာဟာ ခေါင်းဆောင်တွေကြောင့်ပဲ။ သူတို့က လူတွေကို စည်းမျဉ်းတွေနဲ့အညီ မခန့်ဘူးတဲ့။ အဲဒါတင်မကဘဲ သူက အဲဒီစည်းမျဉ်းတွေကို ရှာတဲ့ပုံစံ ဟန်ဆောင်ပြီး ဧဝံဂေလိအဖွဲ့က အစ်ကိုတစ်ယောက်ဆီကိုလည်း သွားပြီးတော့ ကြီးကြပ်သူကို ို မကောင်းပြောတယ်။ အဲဒီအစ်ကိုက ကြီးကြပ်သူ ရာထူးတိုးတဲ့အကြောင်းကို တော်တော်သိထားပြီး ဘုရားအိမ်တော်က လူတွေကို ရွေးချယ်ခြင်း စည်းမျဉ်းတွေနဲ့ပတ်သက်လို့ သူ့ကို မိတ်သဟာယပြုပေးလိုက်တယ်။ ပြီးသွားတော့ သူ နားလည်လားဆိုပြီးမေးတယ်။ သူက နားလည်တယ်၊ ကြီးကြပ်သူအပေါ် တစ်ဖက်သတ် မမြင်တော့ဘူးလို့ ပြောတယ်။ ကြီးကြပ်သူကို ပံ့ပိုးပေးပြီး လိုက်ဖက်ညီညီ အလုပ်လုပ်နိုင်မလားမေးတော့ လုပ်နိုင်ပါတယ်လို့ ကတိပေးခဲ့တယ်။ ဒါပေမဲ့ အဲဒါပြီးတဲ့နောက်မှာ သူက ရှာဖွေပြီး မိတ်သဟာယပြုသလို ဟန်ဆောင်ရင်းနဲ့ အစ်မတစ်ယောက်နဲ့ တိတ်တဆိတ် စကားပြောတယ်။ ညည်းညူပြီး အမှန်တရားကို မလိမ့်တပတ်လုပ်တယ်။ “ကျွန်မတို့ခေါင်းဆောင် အစ်မလျူက တခြားညီအစ်ကိုမောင်နှမတွေနဲ့ ကိစ္စတွေကို ကြိုပြီး စီစဉ်ခဲ့တယ်။ သူတို့က ပေါင်းကြံနေကြတာ။ လျူက တော်တော်ကို စွမ်းတာ၊ လူတိုင်းက သူ့ကို ကြောက်တယ်။ ကျွန်မက ကြီးကြပ်သူရဲ့ ပြဿနာတွေကို ဆက်တိုင်နေရင် ကျွန်မကို အန္တိခရစ်တစ်ယောက်လို သူက ဆက်ဆံလာမှာစိုးတယ်” ဆိုပြီးပြောတယ်။ အဲဒီအဓိပ္ပာယ်က အသင်းတော်တစ်ခုလုံး အစ်မလျူ ကြိုးဆွဲရာကရတယ်၊ ပြဿနာတိုင်ကြားမှုတွေကို သူက ဖိုးဖိထားတယ်ဆိုတဲ့ သဘောပဲ။ ကောင်းက ဘယ်လောက် ပါးနပ်ပြီး ဉာဏ်များတယ်၊ လိုက်နာဟန်ဆောင်တယ်ဆိုတာ ကျွန်မ မြင်ခဲ့တယ်။ လူတွေအများကြီးက စည်းမျဉ်းနဲ့ပတ်သက်ပြီး သူနဲ့ မိတ်သဟာယပြုခဲ့တယ်။ ဒါပေမဲ့ သူက လက်ခံဖို့ ငြင်းဆန်ခဲ့တယ်။ ခေါင်းဆောင်နဲ့ အမှုဆောင်တွေကို ဝေဖန်တဲ့အတွက် သူက နောင်တမရဘူး။ အဲဒီအစား ပိုပြီး လှည့်စားတတ်လာသလို၊ သူတို့ကို တမင်သက်သက် တိုက်ခိုက်နေတယ်။ တခြားလူတွေနဲ့ ခေါင်းဆောင်တွေကြားကို သဟဇာတမဖြစ်အောင် လှုံ့ဆော်ပြီး အသင်းတော်အလုပ်ကို အဆက်မပြတ် အနှောင့်အယှက်ဖြစ်စေတယ်။ သူက စာတန်ရဲ့ လက်ပါးစေဖြစ်တဲ့ မကောင်းဆိုးဝါးတစ်ကောင်ပဲ။ အဲဒီအချိန်မှာ ကျွန်မ သူ့ကို မထုတ်မိလို့ နောင်တရမိတယ်။ အဲဒီရက်တွေအားလုံးမှာ တွန့်ဆုတ်နေရင်းနဲ့ လူတွေကို အရူးလုပ်ဖို့ သူ့ကို ထပ်ပြီး အခွင့်အရေးပေးမိခဲ့တယ်။ ကောင်းက ခေါင်းဆောင်တွေကို အမြဲတမ်း အထင်သေးပြီး ဝေဖန်တာ၊ သူတို့အလုပ်ကို နှောင့်ယှက်တာကို ကျွန်မသိတယ်။ ဒါကြောင့် သူ့ကို ထုတ်ခဲ့သင့်တယ်။ ဒါပေမဲ့ သူများတွေက ကျွန်မကို ဘယ်လိုထမလဲဆိုတာကို ကြောက်ပြီး ဖြည်းဖြည်းချင်းပဲ လုပ်ချင်ခဲ့တယ်။ ပထမဆုံး သမ္မာတရားကို မိတ်သဟာယဖွဲ့ပြီး သူ့ကို အပြစ်ဖော်ဆုံးမချင်တယ်။ သူ နောင်တမရသေးဘူးဆိုမှ ထုတ်ပယ်ချင်တယ်။ ဒီလိုနဲ့ ညီအစ်ကိုမောင်နှမတွေအတွက် ကျွန်မက ယုံကြည်လက်ခံစရာဖြစ်ပြီး ကျွန်မအပေါ် မကောင်းမထင်ကြမှာလေ။ ကျွန်မရဲ့ နာမည်နဲ့ ဂုဏ်အဆင့်အတန်းကို ကာကွယ်ဖို့ ကောင်းကို ထိန်းသိမ်းမထားခဲ့ဘူး။ သူ့ကို ဘုရားအိမ်တော်ရဲ့အလုပ်ကို နှောင့်ယှက်ဖို့ လွတ်လပ်ခွင့်ပေးမိခဲ့တယ်။ သူ့ရဲ့မကောင်းမှုမှာ ကျွန်မက တစ်စိတ်တစ်ပိုင်း ပါမနေဘူးလား။ ကျွန်မလုပ်ခဲ့တာကို သေချာပြန်စဉ်းစားကြည့်ရတာ ကျွန်မအတွက် တော်တော်ခက်တယ်။ ခေါင်းဆောင်အဖြစ် ကျွန်မတာဝန်ကို မထမ်းဆောင်ခဲ့သလို၊ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို မကာကွယ်ခဲ့ဘူးလို့ ကျွန်မ ခံစားမိတယ်။ ဘုရားက အဲဒါကို မုန်းခဲ့ပါတယ်။ အဲဒါနဲ့ ကျွန်မ ဆုတောင်းတယ်။ ဆင်ခြင်ပြီး ကိုယ့်ကိုယ်ကိုယ်သိအောင် ကျွန်မကို လမ်းပြဖို့ ဘုရားကို တောင်းလျှောက်ခဲ့တယ်။

နောက်တစ်နေ့ ကျွန်မ ဝတ်ပြုနေတုန်းမှာ ကိုယ့်ကိုယ်ကိုယ် ပိုပြီးနားလည်အောင်ကူညီပေးတဲ့ အန္တိခရစ်တွေကို ဖော်ထုတ်တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ တွေ့တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည် “အန္တိခရစ်တို့သည် သမ္မာတရားစည်းမျဉ်းများ၊ ဘုရားသခင်၏ စေခိုင်းချက်များနှင့် ဘုရားအိမ်တော်၏ အလုပ်၊ သို့မဟုတ် ၎င်းတို့ရင်ဆိုင်ရသည့်အရာတစ်ခုကို မည်သို့ကိုင်တွယ်ရမည်ဆိုသည်ကို အလေးအနက် စဉ်းစားကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်ကို မည်သို့ဖြည့်ဆည်းရမည်၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိခိုက်ခြင်းမှ မည်သို့ထိန်းသိမ်းကာကွယ်ရမည်၊ ဘုရားသခင်ကို မည်သို့ ကျေနပ်စေရမည်၊ သို့မဟုတ် ညီအစ်ကိုမောင်နှမတို့အား မည်သို့ အကျိုးဖြစ်စေရမည်တို့ကို မစဉ်းစားပေ။ ဤအရာတို့သည် ၎င်းတို့ ထည့်စဉ်းစားသည့် အရာများမဟုတ်ပေ။ အန္တိခရစ်များ ထည့်စဉ်းစားကြသည့်အရာမှာ ၎င်းတို့၏ ကိုယ်ပိုင် အဆင့်အတန်းနှင့် ဂုဏ်သတင်းတို့ ထိခိုက်ခြင်းရှိမရှိနှင့် ၎င်းတို့၏ ဂုဏ်သိက္ခာ နိမ့်ကျနိုင်ခြင်းရှိမရှိတို့ဖြစ်သည်။ သမ္မာတရားစည်းမျဉ်းများအတိုင်း တစ်စုံတစ်ခုကို လုပ်ဆောင်ခြင်းသည် အသင်းတော်အလုပ်ကို အကျိုးဖြစ်စေပြီး ညီအစ်ကိုမောင်နှမများအတွက် အကျိုးရှိစေသော်လည်း ၎င်းတို့၏ ဂုဏ်သတင်းကို ထိခိုက်စေပြီး လူများစွာတို့အား ၎င်းတို့၏ တကယ့် ဝိညာဉ်ရင့်ကျက်မှုကို နားလည်သဘောပေါက်မိစေပြီး ၎င်းတို့တွင် မည်သည့်သဘာဝနှင့် အနှစ်သာရမျိုး ၎င်းတို့ ရှိသည်ကိုသိစေလျှင် ၎င်းတို့သည် သမ္မာတရားစည်းမျဉ်းများအရ သေချာပေါက် လုပ်ဆောင်မည်မဟုတ်ပေ။ တစ်စုံတစ်ခုကို တစ်နည်းနည်းဖြင့် လုပ်ဆောင်ခြင်းသည် ဘုရားအိမ်တော်အတွင်း၌ ၎င်းတို့ကို မြင့်မားသည့် ဂုဏ်သိက္ခာကိုရရှိစေကာ ပို၍များသောလူတို့အား၎င်းတို့အပေါ်အထင်ကြီးစေလျှင်၊ လေးစားစေလျှင်၊ အားကျစေလျှင်၊ ၎င်းတို့၏ စကားများအား ် သြဇာအာဏာကို သယ်ဆောင်စေပြီး ပိုများသော လူတို့အား ၎င်းတို့ကို နာခံကြစေလျှင် ထိုနည်းအတိုင်းလုပ်ဆောင်ရန် ရွေးချယ်ကြလိမ့်မည်။ ဤသို့မဟုတ်လျှင် ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများ သို့မဟုတ် ညီအစ်ကိုမောင်နှမများ၏ အကျိုးစီးပွားကို မည်သို့မျှ လုံးဝ ထည့်စဉ်းစားမည်မဟုတ်ဘဲ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို စွန့်ပစ်ဖို့ ရွေးချယ်မည်မဟုတ်ပေ။ ဤသည်မှာ အန္တိခရစ်များ၏ သဘာဝနှင့် အနှစ်သာရဖြစ်သည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည်မဟုတ်လော။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၃)”) အန္တိခရစ်တွေဟာ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို တကယ်ချစ်မြတ်နိုးတယ်၊ သူတို့လုပ်သမျှက အဲဒါတွေအတွက်ပဲဆိုတာ ဘုရားက ထုတ်ဖော်ပြတယ်။ သူတို့အဆင့်အတန်းအတွက် အကျိုးရှိတာတွေကိုပဲ သူတို့လုပ်တယ်။ ဒါပေမဲ့ သူတို့ အကျိုးစီးပွား ထိခိုက်လာနိုင်ခြေရှိရင် ပြဿနာတွေကို မျက်ကွယ်ပြုထားကြလိမ့်မယ်။ သူတို့က သူတို့ ကိုယ်ကျိုးစီးပွားတွေကို ထိန်းသိမ်းဖို့အတွက် ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွား ထိခိုက်တာကိုပဲ မြင်ချင်ကြတယ်။ ကျွန်မ အပြုအမူက အန္တိခရစ်တွေအကြောင်း ဘုရားပြောထားတဲ့အတိုင်း အတိအကျပါပဲ။ အသင်းတော်ကို ရှင်းလင်းရေးလုပ်တာက ဘုရားအိမ်တော်က လိုအပ်တဲ့အရာဆိုတာ ကျွန်မ ကောင်းကောင်းသိတယ်။ ပြီးတော့ မကောင်းတဲ့လူတစ်ယောက်က အသင်းတော်ကို နှောင့်ယှက်တဲ့အခါ ခေါင်းဆောင်နဲ့ အမှုဆောင်တွေက သူတို့ကို အမြန်ကိုင်တွယ်သင့်တယ်၊ ဖော်ထုတ်တာ၊ ကန့်သတ်တာ၊ ရှင်းထုတ်ပစ်တာပဲဖြစ်ဖြစ် လုပ်သင့်တယ်လို့ ဘုရားက ခဏခဏ ပြောခဲ့ပါတယ်။ ကောင်းရဲ့ အပြုအမူက အသင်းတော်အလုပ်အပေါ် အနှောင့်အယှက်ဖြစ်လာနေပြီ။ ဒါကြောင့် သူ့ကို ကျွန်မ ကိုင်တွယ်ဖြေရှင်းခဲ့သင့်တယ်။ ဒါပေမဲ့ သူများတွေက ကျွန်မကို မကောင်းထင်ပြီး ကျွန်မကို ခေါင်းဆောင်အဖြစ် မပံ့ပိုးမှာကို စိုးရိမ်မိခဲ့တယ်။ ကိုယ့်ရဲ့ နာမည်နဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက် သူနဲ့ နည်းနည်းပဲ မိတ်သဟာယပြုခဲ့တယ်။ သူ လက်မခံဘူးဆိုတာ ကျွန်မသိပေမဲ့ သူ့ကို မကန့်သတ်ခဲ့ဘူး။ မထုတ်ပယ်ခဲ့ဘူး။ ဒီတော့ သူက သဘောထားကွဲလွဲမှုတွေဆက်ဖြစ်စေဖို့၊ အသင်းတော်အလုပ်ကို ဆက်နှောင့်ယှက်ဖို့ အခွင့်အရေးရခဲ့တယ်။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို စွန့်လွှတ်ဖို့ လိုလားနေခဲ့တယ်။ ကျွန်မက အရမ်းဉာဏ်များတယ်။ တစ်ကိုယ်ကောင်းဆန်ပြီး၊ စက်ဆုပ်စရာပါ။ စည်မျဉ်းအတိုင်းကောင်းကို မထုတ်ခဲ့ဘူး။ သူများတွေကို သမ္မာတရားကို နားလည်ပြီး ချင့်ချိန်နိုင်စွမ်း ရှိလာအောင် လမ်းမပြခဲ့ဘူး။ ရလဒ်အနေနဲ့ လူတော်တော်များများက သူလှည့်စားတာခံရပြီး သူ့ဘက်ပါသွားတယ်။ အဲဒါက အသင်းတော်အလုပ်ကို နှောင့်နှေးစေခဲ့တယ်။ ကျွန်မ တော်တော်အပြစ်ရှိသလိုခံစားရပြီး နောင်တနဲ့ ပြည့်နေခဲ့ပါတယ်။ ကျွန်မက လုံးဝ ခေါင်းဆောင်ဖြစ်ဖို့ မထိုက်တန်ဘူးလို့ ခံစားမိခဲ့တယ်။ ကျွန်မ ဆုတောင်းတယ်။ “ဘုရားသခင် နှောင့်ယှက်တတ်တဲ့ မကောင်းမှုပြုသူက အသင်းတော်မှာ ပေါ်လာခဲ့ပါတယ်။ အသင်းတော်ရဲ့ အကျိုးစီးပွားတွေအစား ကျွန်မရဲ့ နာမည်နဲ့ အဆင့်အတန်းကို ကာကွယ်ခဲ့မိပါတယ်။ ကျွန်မက အရမ်းတစ်ကိုယ်ကောင်းဆန်ပါတယ်။ ဒီလို ယုတ်မာတဲ့နည်းလမ်းနဲ့ ဆက်ပြီး အသက်မရှင်ချင်ပါဘူး။ ကိုယ်တော့်ထံမှာ အမှန်တကယ် နောင်တရချင်ပါတယ်” ပေါ့။

ကောင်းရဲ့ အပြုအမူအကြောင်း ပိုသိရအောင်လို့ အခြေအနေကို သိတဲ့ တခြားလူတချို့ကို ကျွန်မ ရှာခဲ့တယ်။ အဲဒါကို စုံစမ်းလေ့လာရင်းနဲ့ လူတချို့က သူအကြောင်းကို သိမြင်မှုမရှိတာကို ကျွန်မ တွေ့ခဲ့ရတယ်။ သူက ဘုရားအိမ်တော်ကို နည်းလမ်းတကျ ကာကွယ်နေတာလို့ သူတို့က ထင်ကြတယ်။ တချို့က သူ့နည်းလမ်းတွေရဲ့ အမှားကို သိတယ်။ ဒါပေမဲ့ သူက သမ္မာတရား စည်းမျဉ်းတွေကို နားမလည်တာသက်သက်ပဲလို့ ထင်ကြတယ်။ ဖြောင့်မတ်ခြင်းနဲ့ မာနထောင်လွှားခြင်းက ဘာလဲဆိုတာနဲ့ ယာယီပြစ်မှားမှုနဲ့ လူတစ်ယောက်ရဲ့ သဘာဝကြားက ကွာခြားချက်နဲ့ပတ်သက်လို့ သူတို့ကို မိတ်သဟာယပြုပေးခဲ့တယ်။ အဲဒါနဲ့ သူတို့က သိမြင်မှုပိုရှိသွားပြီး သူ့ကို ထပြီး ဖော်ထုတ်ဖို့ အဆင်သင့်ဖြစ်သွားကြတယ်။ ဒါပေမဲ့ ကျွန်မ အံ့သြသွားတာက သူ့အကြောင်းကို အစ်ကိုဝမ်ကို ကျွန်မပြောပြတဲ့အခါမှာ သူက ပြန်ပြောတယ်။ “သူ့အကြောင်းကို ဘာကြောင့်သိချင်တာလဲ။ သူက အကြံပြုချက်လေးတစ်ခုပဲ ပေးတာပါ။ ဘာလို့ ခင်ဗျားတို့က သူ့ကို ပစ်မှတ်ထားနေတာလဲ။ စိတ်ကူးတစ်ခုရှိတဲ့ ဘယ်သူ့ကိုမဆို ခင်ဗျားတို့ ခေါင်းဆောင်တွေက ဖိနှိပ်ပြီး သူတို့ကို အခက်တွေ့အောင်လုပ်နေတာက ဘာသဘောလဲ။ ဘယ်သူက အကြံပြုချက်တွေ ပေးရဲတော့မလဲ။ ခင်ဗျား အခုလို စုံစမ်းစစ်ဆေးတာက ကျွန်တော့်ကိုယ်ပိုင်ထင်မြင်ချက်ရှိဖို့တောင် ကြောက်သွားတယ်။ ခင်ဗျားတို့က အန္တိခရစ်တွေနဲ့ တော်တော်တူတာပဲ။ သူတို့က မတူညီတဲ့ ထင်မြင်ချက်တွေကို ခွင့်မပြုဘူး” တဲ့။ ဒါတွေအားလုံးကို ကြားတော့ ကျွန်မ လန့်သွားတယ်။ သူက ဒီလို ပြင်းပြင်းထန်ထန် တုံ့ပြန်ပြီး ကျွန်မတို့က ကောင်းအပေါ် မမျှတဘူးလို့ပြောမှာကို ကျွန်မ လုံးဝ စိတ်မကူးမိဘူး။ ကျွန်မ သူ့ကို စိတ်ရှည်ရှည်နဲ့ စပြီး မိတ်သဟာယပြုတယ်။ သူက နားမထောင်ဘူး။ ပြဿနာက ကျွန်မတို့ဆီမှာရှိနေတာလို့ ထင်ပြီး ကောင်းကို ယုံနေတုန်းပဲ။ အဲဒီအချိန်မှာ ကျွန်မ တကယ်ကို လက်လျှော့လိုက်ချင်ခဲ့တယ်။ သမ္မာတရားအပေါ် ကျွန်မရဲ့ သိနားလည်မှုက နည်းပါးပြီး အတွေ့အကြုံမရှိဘူးလို့ ကျွန်မ ခံစားမိတယ်။ ဒါကို ဆက်ပြီး ကိုင်တွယ်နေရင် သူများတွေက ကျွန်မကို အထင်သေးကောင်းသေးနိုင်တယ် ပေါ့။ နောက်တော့ ကျွန်မက ကိုယ်ကျိုးစီးပွားကို စပြီး စဉ်းစားနေပြန်ပြီဆိုတာ သဘောပေါက်လိုက်တယ်။ အဲဒါနဲ့ ဘုရားဆီကို တိတ်တဆိတ်ဆုတောင်းလိုက်ပြီး ယုံကြည်ခြင်းနဲ့ခွန်အားကို တောင်းလျှောက်လိုက်တယ်။ ဒီကျမ်းပိုဒ်ကို ကျွန်မ သတိရတယ်။ “သင်၏အကျိုးအတွက်သာ အစဉ်မလုပ်ဆောင်နှင့်၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားကို စဉ်ဆက်မပြတ် ထည့်သွင်းမစဉ်းစားနှင့်။ သင်၏ ကိုယ်ပိုင်အဆင့်အတန်း၊ သိက္ခာ၊ သို့မဟုတ် ဂုဏ်သတင်းကို မစဉ်းစားနှင့်။ လူ၏ အကျိုးစီးပွားများကိုလည်း ထည့်သွင်းမစဉ်းစားနှင့်။ သင်သည် ပထမဦးစွာ ဘုရားသခင်၏အိမ်တော်၏အကျိုးများကို စဉ်းစားရမည်ဖြစ်ပြီး ယင်းတို့ကို သင်၏ဦးစားပေးချက် ဖြစ်စေရမည်၊ သင်သည် ဘုရားသခင်၏အလိုတော်ကို အရေးထားသင့်ပြီး၊ သင်၏ တာဝန်ကို ဖြည့်ဆည်းရာတွင် သင်သည် မစင်ကြယ်မှု ရှိခဲ့သည် မရှိခဲ့သည်၊ သစ္စာရှိဖို့ သင် အစွမ်းကုန် လုပ်ဆောင်ပြီးခြင်း ရှိမရှိ၊ သင်၏ တာဝန်များကို ဖြည့်ဆည်းရန် အကောင်းဆုံး သင် လုပ်ဆောင်ပြီး သင်၏အရာအားလုံး ပေးပြီးခြင်း ရှိမရှိဆိုသည်အပြင်၊ သင်၏ တာဝန်နှင့် ဘုရားအိမ်တော်၏ အမှုကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် ဆင်ခြင်ခဲ့ခြင်း ရှိမရှိ ဆိုသည်တို့ကို ချင့်ချိန်စဉ်းစားခြင်းဖြင့် အစပြုသင့်သည်။ ဤအရာများကို သင် ထည့်သွင်းစဉ်းစားရမည်။ ယင်းတို့ကို မကြာခဏ တွေးလော့၊ ပြီးလျှင် သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် သင့်အတွက် သာ၍ လွယ်ကူလိမ့်မည်။ သင်၏အရည်အချင်း ညံ့ဖျင်းပါက၊ သင်၏အတွေ့အကြုံ ပေါ့တန်ပါက သို့မဟုတ် သင်၏ အသက်မွေးမှု အလုပ်တွင် မကျွမ်းကျင်ပါက၊ သင်၏အလုပ်၌ အမှားအယွင်းများ သို့မဟုတ် အပြစ်အနာအဆာများ အချို့ ရှိကောင်းရှိနိုင်ပြီး၊ ရလဒ်များမှာလည်း အလွန်ကောင်းချင်မှ ကောင်းပေမည်- သို့သော် သင်သည် သင်၏ အကောင်းဆုံး အားထုတ်မှုကို ပေးပြီးဖြစ်ပေလိမ့်မည်။ သင် လုပ်ဆောင်သောအရာများ၌ သင်၏ ကိုယ်ပိုင် တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများကို စဉ်းစားခြင်းမရှိ သို့မဟုတ် သင်၏အကျိုးကို ထည့်သွင်းစဉ်းစားခြင်း မပြုသကဲ့သို့၊ ထိုသို့ပြုမည့်အစား ဘုရားသခင်၏အိမ်တော်၏ အလုပ်ကို စဉ်ဆက်မပြတ် ထည့်သွင်းစဉ်းစားပြီး၊ ယင်း၏ အကျိုးများကို စဉ်းစားနေကာ၊ သင်၏တာဝန်ကို ကောင်းစွာထမ်းဆောင်သောအခါ၊ သင်သည် ဘုရားသခင်ရှေ့၌ ကောင်းသောအကျင့်များကို စုဆောင်းနေခြင်း ဖြစ်လိမ့်မည်။ ဤကောင်းသော လုပ်ဆောင်ချက်များ ရှိကြသောလူများသည် သမ္မာတရား၏ လက်တွေ့အရှိတရားကို ပိုင်ဆိုင်သောသူများ ဖြစ်သည်၊ ထိုသို့ဖြင့် ၎င်းတို့သည် သက်သေခံကြပြီး ဖြစ်သည်။ အကယ်၍ သင်သည် သင်၏တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများကိုသာ စဉ်ဆက်မပြတ် ဖြည့်ဆည်းရင်း၊ ဇာတိပကတိအားဖြင့်အမြဲ အသက်ရှင်နေပါက၊ ထိုသို့သော လူများသည် သမ္မာတရား၏လက်တွေ့အရှိတရားကို ပိုင်ဆိုင်ခြင်းမရှိပေ။ ဤသည်မှာ ဘုရားသခင်ကို ဂုဏ်သရေညှိုးခြင်း ဆောင်ကြဉ်းမှု၏ အမှတ်အသားဖြစ်၏။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) ကျွန်မတို့တာဝန်မှာ ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်ကို ထည့်တွက်လို့မဖြစ်မှန်း ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ မြင်ခဲ့ပါတယ်။ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို ဦးစားပေးရမှာပါ။ ဘုရားရဲ့ စိစစ်မှုကို လက်ခံရမယ်။ ကျွန်မတို့ စိတ်နှလုံးတစ်ခုလုံးကို ဆက်ကပ်ရမယ်။ ကျွန်မတို့တာဝန်က ဘုရားရဲ့ လက်ခံမှုကိုရဖို့ ဒါက တစ်ခုတည်းသော နည်းလမ်းပဲ။ မဟုတ်ရင် ကျွန်မတို့က မကောင်းမှုလုပ်ပြီး ဘုရားကို ဆန့်ကျင်တာပဲ။ သူများတွေစိတ်ဆိုးမှာ၊ တစ်ဖက်သတ်မြင်မှာကို ကြောက်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်တာကို ရပ်လိုက်လို့မဖြစ်ဘူး။ အရင်က ဒီလိုကိစ္စမျိုးကို ကျွန်မ မကိုင်တွယ်ဖူးပေမဲ့ အနည်းဆုံးတော့ ကျွန်မ တာဝန်အပေါ် သစ္စာရှိပြီး သူများတွေနဲ့ မိတ်သဟာယဖွဲ့ဖို့ အကောင်းဆုံးလုပ်ရမှာပါ။ ကောင်းက အစ်ကိုဝမ်ကို လှည့်စားပြီး စိတ်ရှုပ်ထွေးစေခဲ့တယ်ဆိုတာ ကျွန်မ သိတယ်။ ဒါကြောင့် သူက ကောင်းကိုယ်စားပြောပေးနေတာ။ ကောင်းက အလိမ်အညာတွေကို အမှန်တရားအဖြစ်လုပ်နေခဲ့ပြီး သူ့ကို ခေါင်းဆောင်တွေက ဝေဖန်တာဟာ ခေါင်းဆောင်တွေက အကြံပြုချက်တွေ၊ မတူညီတဲ့ ထင်မြင်ချက်တွေကို ခွင့်မပြုတာလို့ပြောတယ်။ မှန်တယ်လို့ထင်ရတဲ့ ဒီအမှားတွေက တကယ်ကို အထင်မှားစရာပါ။ ခေါင်းဆောင်တွေက လူတွေကို စည်းမျဉ်းတွေမပါဘဲ ရွေးချယ်ခဲ့တယ်လို့ပြောတယ်။ ဒါပေမဲ့ သူက လွဲနေတယ်။ လူတွေကို ရွေးချယ်တာအတွက် စည်းမျဉ်းတွေကို သူ့ကို ပြောပြထားပြီးပြီ။ ဒါပေမဲ့ အဲဒါတွေကို လက်ခံဖို့၊ သူ့ကိုယ်သူ ဆင်ခြင်ဖို့ကို ငြင်းဆန်ခဲ့တယ်။ ခေါင်းဆောင်တွေက သူ့ကိုအပြင်၊ မတူညီတဲ့ ထင်မြင်ချက်အားလုံးကို ဖိနှိပ်နေတယ်လို့ပြောပြီး သူက အကြောင်းအရာတွေကို မလိမ့်တပတ်လုပ်မြဲလုပ်နေခဲ့တယ်။ ဒါက အမှန်တရားကို ပြောင်းပြန်လုပ်ပြီး သူများတွေကို အကွက်ဆင်နေတာ မဟုတ်ဘူးလား။ သူကပြောတယ်။ အဲဒါက အသင်းတော်က နှင်ထုတ်ခံရမယ့်သဘောပဲဆိုရင် ဘယ်သူက မတူတဲ့ ထင်မြင်ချက်တွေကို ထုတ်ပြောရဲတော့မှာလဲ ပေါ့။ အဲဒီစကားတွေက ရင်ထဲကလာပြီး ရိုးသားတဲ့ပုံစံရှိပေမဲ့၊ အဲဒီ ရိုးသားမှုဆိုတာက သူ့ရဲ့ အန္တရာယ်ရှိတဲ့ ရည်ရွယ်ချက်တွေနဲ့ စာတန်ရဲ့လှည့်ကွက်တွေကို ဖုန်းကွယ်ပေးထားတာပဲ။ သူက သူများတွေကို သူ့ဘက်ပါအောင်၊ သူ့အတွက် ပြောပေးပြီး ခေါင်းဆောင်တွေကို ဆန့်ကျင်အောင် သွေးဆောင်ချင်တာ။ ဒါက လှည့်စားမှုဖြစ်ပြီး ဘုရားအိမ်တော်ရဲ့အလုပ်ကို အနှောင့်အယှက်ဖြစ်စေတာပဲ။ အစ်ကိုဝမ်က သိမြင်မှုမရှိဖြစ်ပြီး ကောင်းရဲ့ မှတ်ချက်တွေနဲ့ လှည့်စားခံခဲ့ရတာပဲ။ သူက ချစ်ချစ်ခင်ခင်နဲ့ မိတ်သဟာယပြုပေးဖို့လိုတာ။ မိတ်သဟာယကတစ်ဆင့် နောက်ပိုင်းမှာ ကောင်းအကြောင်းကို သူ သိသွားတယ်။ သူက သမ္မာတရားကို မရှာခဲ့ဘဲ ချင့်ချိန်နိုင်စွမ်း ကင်းမဲ့ခဲ့တယ်၊ ဒါကြောင့် သူက ကောင်းကို ကာပေးခဲ့ပြီး မကောင်းမှုဘက်မှာ နေခဲ့မိမှန်း သူ သဘောပေါက်သွားတယ်။ သူဟာ သမ္မာတရားကို နားလည်မှုမရှိဘဲ ဘယ်လောက်သနားဖို့ကောင်းခဲ့လဲဆိုတာနဲ့ မကောင်းမှုလုပ်မိဖို့ ဘယ်လောက်ဖြစ်နိုင်ခြေရှိလဲဆိုတာကိုလည် သူ မြင်ခဲ့တယ်။ သူ ပြောင်းလဲသွားတာကို မြင်တော့ ကျွန်မ တော်တော်ပျော်သွားတယ်။ နောက်ပိုင်းမှာ တွဲဖက်အမှုဆောင်တချို့နဲ့ ကျွန်မက မကောင်းတဲ့လူတွေကို ပိုင်းခြားသိမြင်ခြင်းနဲ့ပတ်သက်ပြီး တခြားလူတွေကို မိတ်သဟာယဖွဲ့ပေးခဲ့သလို၊ ကောင်းရဲ့ အပြုအမူအားလုံးကို လေ့လာဆွေးနွေးခဲ့ကြတယ်။ လူတိုင်းက သူ့အကြောင်းကို သိလာကြပြီး သူ့ကို အသင်းတော်ကနေ ထုတ်ဖို့ တညီတညွှတ်တည်းဖြစ်လုနီးပါး မဲပေးခဲ့ကြတယ်။ မဲပေးတဲ့အချိန်အတောအတွင်းမှာ သူတို့သိခဲ့ရတာတချို့ကို မှတ်သားကြတယ်။ သူတို့က “ကောင်းဟာဘုရားအိမ်တော်ကို ကာကွယ်နေတယ်ဆိုတဲ့ ပုံစံကိုပြနေရင်းနဲ့ အလိမ်အညာတွေကို လုပ်ကြံဖန်တီးခဲ့ပြီး သူ့ရဲ့ တစ်ဖက်သတ်အမြင်တွေကို ဖြန့်ခဲ့တယ်။ ဒါကြောင့် အသင်းတော်အလုပ်က အရမ်း ရှုပ်ထွေးသွားခဲ့တယ်။ ခေါင်းဆောင်တွေက သူ့ကို ဘယ်လိုပဲ ဖော်ထုတ်ပြီး ကိုင်တွယ်ဖြေရှင်းပါစေ၊ သူက ဒါကို နည်းနည်းလေးမှ ဝမ်းနည်းတာ၊ နောင်တရတာ မရှိခဲ့ဘူး။ သူ့မှာ ဆိုးယုတ်တဲ့ အနှစ်သာရတစ်ခုရှိတယ်” ဆိုတာမျိုးတွေ ပြောကြတယ်။ တခြားလူတွေကပြောတယ်။ “ကောင်းက တော်တော်နူးညံ့တဲ့ပုံပေါ်ပေမဲ့၊ သူ့စကားတွေက အမြင်မှားစေတယ်။ အန္တရာယ်ရှိပြီး ဆိုးဝါးတယ်။ ဒီမိတ်သဟာယနဲ့ လေ့လာစိစစ်မှုကြောင့်သာမဟုတ်ရင် ကျွန်တော် သိမြင်မှု ကင်းမဲ့နေဦးမှာပဲ။ သမ္မာတရားကို နားလည်ပြီး ပိုင်းခြားသိမြင်မှုရှိခြင်းရဲ့ အရေးကြီးမှုကို ကျွန်တော် မြင်လိုက်ရပြီ” ဆိုပြီးတော့။ တချို့ကပြောတယ်။ အရင်က သူလှည့်စားတာကို သူတို့ ခံခဲ့ရပြီး သူက ဘုရားအိမ်တော်ရဲ့အလုပ်ကို ကာကွယ်ပေးနေတာလို့ ထင်ခဲ့တယ်။ သူက မကောင်းမှုတွေ အများကြီးကို တိတ်တဆိတ် လုပ်နေမှန်း သတိမထားမိဘူး။ ဒါကြောင့် သူတို့က သူ့ဘက်ကနေရပ်တည်ပြီး သမ္မာတရားနဲ့ မညီတဲ့ အရာတွေကို ပြောမိခဲ့ကြတယ် တဲ့။ သူတို့တွေ ဆင်ခြင်ပြီးတော့ နောင်တရဖို့ လိုတယ်။ ဘယ်ပုန်ကန်ပြစ်မှားမှုကိုမှ သည်းမခံတဲ့ ဘုရားရဲ့ ဖြောင့်မတ်တဲ့စိတ်သဘောထားကိုလည်း သူတို့ မြင်ခဲ့တယ်။ မကောင်းမှုပြုသူတွေက ဘုရားအိမ်တော်ရဲ့အလုပ်ကို နှောင့်ယှက်တဲ့အခါ၊ အနှေးနဲ့အမြန် ဖယ်ရှားခံရမှာပဲ။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ သတိရမိတယ်။ “ကောက်ကျစ်စဉ်းလဲသော လူများသည် အစဉ်အမြဲ ကောက်ကျစ်စဉ်းလဲကြပြီး၊ အပြစ်ဒဏ်ပေးခြင်းနေ့ရက်မှ မည်သည့်အခါမျှ လွတ်မြောက်လိမ့်မည် မဟုတ်ပေ။ ကောင်းမြတ်သောလူများသည် အစဉ်အမြဲ ကောင်းမြတ်ကြပြီး၊ ဘုရားသခင်၏အမှု အဆုံးသို့ရောက်သောအခါ၊ ထုတ်ဖော်ခြင်းကို ခံရကြလိမ့်မည်။ မတရားသောသူ တစ်ယောက်မျှ ဖြောင့်မတ်သည်ဟု သတ်မှတ်ခြင်း ခံရမည်မဟုတ်သကဲ့သို့၊ ဖြောင့်မတ်သောသူ တစ်ယောက်မျှ ဆိုးယုတ်သည်ဟု သတ်မှတ်ခြင်း ခံရမည်မဟုတ်ချေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကို ဧကန်အမှန် ခံကြရလိမ့်မည်) ခေါင်းဆောင်တစ်ယောက်အနေနဲ့ အသင်းတော်မှာရှိတဲ့ မကောင်းတဲ့သူတစ်ယောက်က ဘုရားအိမ်တော်ရဲ့အလုပ်ကို နှောင့်ယှက်တဲ့အခါ ကျွန်မက စည်းမျဉ်းတွေနဲ့ သမ္မာတရားပေါ်အခြေခံပြီး မကိုင်တွယ်ဘဲ ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားကို ကာကွယ်ရင် ဒါက အခြေခံအားဖြင့် စာတန်ကို ဘုရားအိမ်တော်ရဲ့ အလုပ်ကို တမင်ဖျက်ဆီးခွင့်ပေးနေတာ၊ စာတန်ရဲ့ လက်ပါးစေအဖြစ် ပြုမူနေတာ၊ မကောင်းမှုပြုပြီး ဘုရားကိုဆန့်ကျင်နေတာပဲဆိုတာ ဒီအတွေ့အကြုံက ကျွန်မကို သင်ပေးခဲ့တယ်။ မကောင်းမှုပြုသူတွေကို အသင်းတော်ကနေ ချက်ချင်း ရှင်းလင်းရမယ်။ ညီအစ်ကိုမောင်နှမတွေကို သမ္မာတရားကို သင်ယူပြီး ချင့်ချိန်နိုင်စွမ်းရှိလာအောင် ဦးဆောင်ရမယ်။ ဒါက ဘုရားအိမ်တော်ကို ကာကွယ်နေတာဖြစ်ပြီး ခေါင်းဆောင်တစ်ယောက်လုပ်သင့်တာကို လုပ်နေတာပဲ။ ကျေးဇူးတော်ပါပဲ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်ုပ်ကို ဖော်ထုတ်သည့် သုံးသပ်ချက်တစ်ခု

ရှိတမ်း အမေရိကန်နိုင်ငံ ၂၀၂၁ ခုနှစ်၊ မေလလယ်မှာ ခေါင်းဆောင်ဖြစ်တဲ့ အစ်မချန်က ကျွန်မကို စကားလာပြောပြီး အစ်မလုအကြောင်း အများကြီးသိထားလား၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။