ကျွန်မ၏ သတိထားကာကွယ်မှုကို လျှော့ချခြင်း

28.08.2023

ကျွမ်ရီး ကိုးရီးယားနိုင်ငံ

တစ်လောလောက်တုန်းက အသင်းတော်ရဲ့ ရုပ်ရှင်အလုပ်အတွက် တချို့ပုံတွေကို ကျွန်မတို့ ဆွဲရတယ်။ ကျွန်မရဲ့ တွဲဖက် အစ်ကိုဆိုင်မွန်က ပုံတစ်ခုကို ဒီဇိုင်းဆွဲပြီး စစ်ဖို့အတွက် တင်ပြလိုက်တယ်။ ပုံက တော်တော်ကြမ်းပြီး ဖွဲ့စည်းပုံက အမှားပါနေတယ်၊ ဒါက ဆိုင်မွန်က ဝတ်ကျေတမ်းကျေလုပ်ပြီး ပေါ့ဆတာကြောင့်ဆိုတာ ရှင်းတယ်ဆိုပြီး ခေါင်းဆောင်ကပြောတယ်။ နောက်ကျတော့ ကျွန်မက ဒီအကြောင်းကို ဆိုင်မွန်ကို မေးတယ်။ အချိန်က ကျပ်နေတော့ အသေးစိတ်လုပ်ဖို့ အချိန်မရခဲ့ဘူးဆိုပြီး သူကပြောတယ်။ ဒါကို ကျွန်မ ပြန်မပြောခဲ့ဘူး။ နောက်ကျရင် ပိုပြီး ဂရုစိုက်ဖို့၊ ပြီးတော့ ရုပ်ရှင်အလုပ်က အရမ်းအရေးကြီးတယ်၊ ပေါ့ဆပြီးတော့ စစ်နေတာတွေနဲ့ အချိန်ကုန်လို့မဖြစ်ဘူးလို့ပဲ သူ့ကို သတိပေးခဲ့တယ်။ သိပ်မကြာဘူး။ ဆိုင်မွန်ရဲ့ နောက်ထပ် ပုံတွေမှာ စည်းမျဉ်းအမှားတွေ ရှင်းရှင်းလင်းလင်း ပေါ်လာတယ်။ ခေါင်းဆောင်က သူ့ကို အကြာကြီး လေ့ကျင့်ပြီးတာတောင် ဒီလိုအခြေခံအမှားတွေလုပ်လို့ တာဝန်မှာ ဖြစ်ကတတ်ဆန်းလုပ်လို့ ကိုင်တွယ်ဖြေရှင်းခဲ့ပြီး ဒီဟာကြောင့်မို့ သူ့တာဝန်ကနေ ထုတ်လိုက်တယ်။ ဒီရလဒ်ကြောင့် ကျွန်မ ကြောက်လန့်သွားတယ်။ ကျွန်မက အပြည့်အဝ နားမလည်ဘူး။ ခေါင်းဆောင်က ဆိုင်မွန်ကို အမှားနှစ်ခုလုပ်တာနဲ့ ထုတ်လိုက်တယ်။ ဒါ နည်းနည်း မကြမ်းဘူးလားပေါ့။ ကျွန်မ ကိုယ်တိုင် သတိမထားမိခင်မှာပဲ ကျွန်မစိတ်နှလုံးထဲမှာ နားလည်မှုလွဲတာ၊ သတိထားကာကွယ်တာတွေ ရှိလာတယ်။ ကျွန်မတာဝန်မှာ အမှားအကြီးစားတွေတစ်ခုမှ လုပ်လို့မဖြစ်ဘူး၊ အမှားအသေးစားတွေကြောင့် ကိုင်တွယ်ဖြေရှင်းခံရပြီး အရေးကြီးတဲ့အမှားတွေကြောင့် ထုတ်ခံရလောက်တယ်၊ တာဝန်ကို မထမ်းဆောင်နိုင်ရင် ကယ်တင်ခံရဖို့ မျှော်လင့်ချက်အားလုံး ဆုံးရှုံးရမယ်ဆိုပြီး ခံစားမိတယ်။ ပိုပြီး ဂရုစိုက်ဖို့ လိုတယ်ပေါ့။

ခဏလောက် ကြာတော့ ကျွန်မပုံတွေကို စစ်ဖို့အတွက် ခေါင်းဆောင်ဆီပို့ဖို့ကို အရမ်းစိတ်လှုပ်ရှားနေတယ်။ ဆိုင်မွန်က အမှားနှစ်ခုပဲလုပ်တာနဲ့ အထုတ်ခံရတာကို တွေးမိပြီး ကျွန်မပုံတွေမှာလည်း စည်းမျဉ်းအမှားတွေ ထွက်ပေါ်လာရင် ကျွန်မက ဒီအလုပ်ကို ကောင်းကောင်းမလုပ်နိုင်တော့ ကျွန်မက အဖွဲ့ခေါင်းဆောင်မဖြစ်သင့်ဘူးလို့ ခေါင်းဆောင်ကပြောနိုင်တယ်ဆိုပြီး တွေးမိတယ်။ ကျွန်မက ဆိုင်မွန်လိုမျိုး အထုတ်ခံရမှာလားပေါ့။ ကျွန်မ ဒီအကြောင်း တွေးလေလေ၊ စိတ်မချမ်းမသာဖြစ်လေလေပဲ။ ကျွန်မတာဝန်ကို လုပ်ရတာ စိတ်မအေးနိုင်ဘူး။ ကျွန်မဆီမှာရှိနေတဲ့အလုပ်ကို လုပ်ဖို့ စိတ်မပါနေဘူး။ ကျွန်မ အခြေအနေက မမှန်ဘူးဆိုတာ သတိထားမိတယ်။ ဘုရားကို အမြန်ဆုတောင်းပြီး ကျွန်မပြဿနာကို ဖြေရှင်းဖို့အတွက် ကျွန်မကို လမ်းပြဖို့ ဆုတောင်းလိုက်တယ်။ နောက်တော့ ဘုရားနှုတ်ကပတ်တော်ဖတ်တဲ့ ဗီဒီယိုတစ်ခုကို ကျွန်မ တွေ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “တစ်ခါတစ်ရံတွင် ဘုရားသခင်သည် သင့်ကို ချပြဖို့၊ သို့မဟုတ် ဆုံးမပဲ့ပြင်ဖို့ အရေးကိစ္စအချို့ကို အသုံးပြုသည်။ သို့ဆိုလျှင် ဤသည်မှာ သင်သည် သုတ်သင်ဖယ်ရှင်းခြင်းကို ခံရပြီးဖြစ်သည်ဟု ဆိုလိုသလော။ သင်၏အဆုံးသတ်သည် ရောက်လာပြီး ဖြစ်သည်ဟု ဆိုလိုသလော။ မဟုတ်ပေ။ ယင်းမှာ ကလေးတစ်ယောက်သည် မနာခံဘဲ အမှားပြုထားသည့်အခါကဲ့သို့ ဖြစ်သည်။ သူ၏မိဘများသည် သူ့ကို ပြစ်တင်ပြောဆိုပြီး အပြစ်ဒဏ်ပေးနိုင်သော်လည်း သို့သော် သူသည် သူ့မိဘများ၏ ရည်ရွယ်ချက်ကို သဘောမပေါက်နိုင်လျှင်၊ သို့မဟုတ် သူ၏မိဘများက အဘယ်ကြောင့် ဤအရာကို လုပ်ဆောင်နေသည်ကို နားမလည်နိုင်လျှင်၊ သူသည် ၎င်းတို့၏ ရည်ရွယ်ချက်ကို နားလည်မှုလွဲလိမ့်မည်။ ဥပမာ မိဘများက ၎င်းတို့၏ ကလေးကို ‘အိမ်ကနေ တစ်ယောက်ထဲ မထွက်နဲ့။ အပြင်ကို ကိုယ့်ဘာသာ မသွားနဲ့’ ဟု ပြောကောင်းပြောနိုင်သော်လည်း ကလေးသည် ဤအရာကို တစ်ဖက်နားမှ ဝင်၍ တစ်ဖက်နားတွင် ထွက်သွားပြီး မည်သို့ပင်ဖြစ်စေ တစ်ယောက်တည်း ခိုးထွက်သွားသည်။ မိဘများက သိသွားသည်နှင့် ၎င်းတို့၏ ကလေးကို ဆူပြီး အပြစ်ဒဏ်အနေဖြင့် သူ၏ အပြုအမူကို စဉ်းစားရန် အခန်းထောင့်တွင် ရပ်ခိုင်းသည်။ ကလေးက သူ့မိဘများ၏ ရည်ရွယ်ချက်များကို နားမလည်ဘဲ သံသယများရှိလာသည်။ ‘ငါ့မိဘတွေက ငါ့ကို မလိုချင်တော့ဘူးလား။ ငါက တကယ် သူတို့ရဲ့ ကလေးဟုတ်ရဲ့လား။ မွေးစားထားတာလား’ ဟူ၍ ဖြစ်သည်။ ဤအရာများက သူ တွေးတောသော အရာများဖြစ်သည်။ မိဘများ၏ တကယ့် ရည်ရွယ်ချက်များက အဘယ်နည်း။ မိဘများက ယင်းမှာ လုပ်ဆောင်ရန် အလွန်အန္တရာယ်များသည်ဟု ဆိုပြီး ၎င်းတို့ကလေးကို မလုပ်ဆောင်ရန် ပြောသည်။ သို့သော် ကလေးက နားမထောင်ဘဲ တစ်ဖက်နားမှဝင်၍ တစ်ဖက်နားမှ ထွက်သွားသည်။ ထို့ကြောင့် မိဘများက ၎င်းတို့၏ ကလေးကို သင့်လျော်စွာ ပညာပေးပြီး ဤအရာမှ သင်ယူစေရန်အတွက် အပြစ်ဒဏ်ပေးသည့် ပုံစံတစ်ခုခုကို အသုံးပြုဖို့ လိုသည်။ ဤသို့လုပ်ဆောင်ရာတွင် မိဘများက ရရှိလိုသည်မှာ မည်သည့်အရာဖြစ်သနည်း။ ကလေးကို သင်ယူစေရန်အတွက်သာ ဖြစ်သလော။ သင်ယူခြင်းက ၎င်းတို့အဆုံးစွန် ရရှိလိုသော အရာမဟုတ်ပေ။ ဤသို့လုပ်ဆောင်ရာတွင် မိဘများ၏ ရည်ရွယ်ချက်မှာ ကလေးကို ၎င်းတို့ပြောသည့်အတိုင်း လုပ်ဆောင်စေရန်၊ ၎င်းတို့၏အကြံအတိုင်း ပြုမူနိုင်ဖို့၊ ပြီးလျှင် ၎င်းတို့ကို မနာခံသည့်အရာ၊ သို့မဟုတ် ပူပန်စေသည့်အရာ တစ်စုံတစ်ခုမျှ မလုပ်ဖို့တို့ကို ၎င်းတို့က ရည်ရွယ်သည်၊ ယင်းမှာ ၎င်းတို့ရရှိလိုသည့် ဆန္ဒရှိသော အကျိုးတရားဖြစ်သည်။ ကလေးက သူ၏မိဘများကို နားထောင်လျှင် သူက အမှုအရာများ နားလည်သည်ကို ပြပြီး သူ့မိဘများက စိုးရိမ်မှုကင်းနိုင်သည်။ ဤသို့ဆိုလျှင် ၎င်းတို့က သူ့ကို ကျေနပ်လိမ့်မည်မဟုတ်လော။ ၎င်းတို့က သူ့ကို ဤသို့ အပြစ်ပေးရန် လိုအပ်ဦးမည်လော။ လိုအပ်မည်မဟုတ်ပေ။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဤသို့သာဖြစ်သည်။ လူတို့သည် ဘုရားနှုတ်ကပတ်တော်များကို အလေးထားပြီး သူ၏ စိတ်နှလုံးကို နားလည်ရန် သင်ယူရမည်။ ဘုရားသခင်အား နားလည်မှုမလွဲရပေ။ အမှန်မှာမူ အခြေအနေများစွာတွင် လူများ၏ စိုးရိမ်ပူပန်မှုသည် ၎င်းတို့၏ အကျိုးစီးပွားများမှ အရင်းခံလာသည်။ ယေဘုယျအားဖြင့် ပြောရလျှင် ၎င်းတို့တွင် မည်သည့်ရလဒ်မျှ မရရှိမည်ကို ကြောက်ရွံ့ခြင်း ဖြစ်သည်။ ၎င်းတို့က ‘ဘုရားသခင်က ငါ့ကို ချခင်းပြပြီး၊ ဖယ်ရှားကာ၊ ငြင်းပယ်လျှင် မည်သို့လုပ်မည်နည်း’ ဟု မိမိဘာသာတွေးကြသည်။ ဤသည်မှာ ဘုရားသခင်ကို သင်၏နားလည်မှုလွဲခြင်း ဖြစ်သည်။ ဤသည်တို့မှာ သင်၏အတွေးများသာ ဖြစ်သည်။ ဘုရားသခင်၏ရည်ရွယ်ချက်မှာ မည်သည့်အရာဖြစ်သည်ကို သင်သဘောပေါက်ရမည်။ လူများကို သူ၏ ဖွင့်ချခြင်းက ၎င်းတို့အား ဖယ်ရှားပစ်ဖို့ လုပ်ဆောင်ခြင်း မဟုတ်ပေ။ လူများအား ၎င်းတို့၏ အားနည်းချက်များ၊ အမှားများနှင့် ၎င်းတို့သဘာဝ၏ အနှစ်သာရတို့ကို ဖော်ထုတ်ဖို့၊ ၎င်းတို့အား မိမိတို့ကိုယ်ကိုယ် သိစေဖို့နှင့် စစ်မှန်သော နောင်တရနိုင်စွမ်း ရှိဖို့အလို့ငှာ ဖွင့်ချခြင်း ဖြစ်သည်။ သို့ဖြစ်၍ လူတို့ကို ချခင်းပြခြင်းသည် လူများ၏ အသက်တာများ ကြီးထွားဖို့ ကူညီရန်အလို့ငှာ ဖြစ်သည်။ နားလည်မှုစစ်စစ် မရှိဘဲနှင့်၊ လူများသည် ဘုရားသခင်ကို တလွဲအဓိပ္ပာယ်ကောက်နိုင်ပြီး၊ အပျက်သဘောဆောင်ကာ အားနည်းလာနိုင်သည်။ ၎င်းတို့သည် မျှော်လင့်ချက်ပင် ပျက်သုဉ်းသွားနိုင်သည်။ အမှန်မှာမူ ဘုရားသခင်၏ ဖွင့်ချခံရခြင်းက လူများသည် ဖယ်ရှားခြင်းခံရမည်ဟု သေချာပေါက် မဆိုလိုပေ။ ယင်းမှာ သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းကို သင်သိစေရန် ကူညီပြီးနောင်တရစေဖို့ ဖြစ်သည်။ မကြာခဏဆိုသကဲ့သို့ လူများသည် ပုန်ကန်လိုစိတ်ရှိပြီး ဖောက်ပြန်ပျက်စီးခြင်း ပေါ်ထွက်မှုများ ရှိသည့်အခါ ဖြေရှင်းချက်တစ်ခုရှာဖို့ သမ္မာတရားကို မရှာဖွေသောကြောင့် ဘုရားသခင်က ဆုံးမပဲ့ပြင်ခြင်းကို ကျင့်သုံးရမည်ဖြစ်သည်။ ပြီးလျှင် တစ်ခါတစ်ရံတွင် သူက လူများ၏ အကျည်းတန်မှုနှင့် သနားဖွယ်ကောင်းမှုတို့ကို ဖော်ထုတ်လျက်၊ ၎င်းတို့အား မိမိတို့ကိုယ်ကိုယ် သိခွင့်ပေးလျက်၊ လူများကို ဖွင့်ချသည်၊ ယင်းက ၎င်းတို့၏ အသက်တာကို ကြီးထွားဖို့ ထောက်ကူပေးသည်။ လူများကို ဖွင့်ချခြင်း၌ သွယ်ဝိုက်အဓိပ္ပာယ် နှစ်မျိုးရှိသည်။ ဆိုးညစ်သော လူများအတွက်မူ ဖွင့်ချခြင်းက ၎င်းတို့ ဖယ်ရှားခံရခြင်း ဖြစ်သည်ဟု အဓိပ္ပာယ်ရသည်။ သမ္မာတရားကို လက်ခံနိုင်သည့် လူများအတွက်မူ ယင်းက အသိပေးခြင်းနှင့် သတိပေးခြင်းဖြစ်သည်။ ဤကဲ့သို့ ဆက်လက် ပြုမူဆောင်ရွက်ခြင်းသည် အန္တရာယ်ရှိလိမ့်မည် ဖြစ်သောကြောင့်၊ ၎င်းတို့အား မိမိတို့ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်စေဖို့၊ ၎င်းတို့၏ စစ်မှန်သော အခြေအနေကို မြင်စေဖို့နှင့် ထိန်းရကျောင်းရမခက်တော့ဘဲ၊ မဆင်မခြင် မဖြစ်စေတော့ဖို့ ဖြစ်သည်။ ဤနည်းဖြင့် လူများကို ဖွင့်ချခြင်းက မိမိတို့၏တာဝန်ကို ထမ်းဆောင်သည့်အခါ၊ ၎င်းတို့သည် မိမိတို့၏တာဝန်ကို လက်ခံနိုင်ဖွယ် စံနှုန်းတစ်ခုဖြင့် ထမ်းဆောင်ပြီးဖြစ်သည်ဟု တွေးလျက်၊ နားဝေတိမ်တောင်နှင့် ပေါ့ဆမနေဘဲ၊ မတုန်မလှုပ်မဖြစ်ဘဲ၊ အနည်းငယ်မျှ ထိရောက်ခြင်းဖြင့်သာ ကျေနပ်မနေဖို့အလို့ငှာ ၎င်းတို့အား သတိပေးရန် ဖြစ်သည်။ အမှန်မှာမူ ဘုရားသခင် တောင်းဆိုသည့်အရာနှင့် တိုင်းတာကြည့်သည့်အခါ၊ အလွန် စံမမီကြသော်လည်း၊ ၎င်းတို့က မိမိဘာသာ အားရကျေနပ်ဆဲဖြစ်ကာ၊ ၎င်းတို့ အဆင်ပြေသည်ဟု တွေးနေကြသည်။ ထိုသို့သော အခြေအနေများတွင် ဘုရားသခင်သည် လူများကို ဆုံးမပဲ့ပြင်ကာ၊ သတိပေးပြီး သတိရစေလိမ့်မည်။ တစ်ခါတစ်ရံတွင်၊ ဘုရားသခင်က ၎င်းတို့၏ အကျည်းတန်မှုကို ဖွင့်ချပြသည်။ ယင်းက သတိပေးချက်အနေဖြင့် သိသိသာသာ အသုံးခံလေသည်။ ထိုသို့သော အချိန်ကာလများတွင် သင်သည် သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်သင့်သည်။ သင်၏တာဝန်ကို ဤကဲ့သို့ ထမ်းဆောင်ခြင်းက မလုံလောက်ပေ၊ ယင်း၌ ပုန်ကန်လိုစိတ် ပါဝင်ပတ်သက်နေသည်၊ ယင်းက အပျက်သဘောဆောင်သည့်အရာ အလွန်အမင်း ပါဝင်နေသည်။ လုံးလုံး ဝတ်ကျေတမ်းကျေပြုခြင်း ဖြစ်ပြီး၊ သင်နောင်တမရလျှင်၊ အပြစ်ဒဏ်ပေးခြင်း ခံရလိမ့်မည်။ ဘုရားသခင်က သင့်အား ဆုံးမပဲ့ပြင်ပြီး ဖွင့်ချသည့်အခါ၊ ဤအရာက သင်သည် ဖယ်ရှားခြင်းခံရလိမ့်မည်ဟု သေချာပေါက် မဆိုလိုပေ။ ဤကိစ္စကို မှန်ကန်စွာ ချဉ်းကပ်သင့်သည်။ သင်သည် စွန့်ပစ်ခြင်းခံရလျှင်ပင် လက်ခံပြီး နာခံသင့်သည်။ ဆင်ခြင်သုံးသပ်ပြီး နောင်တရရန် အလျင်အမြန် လုပ်ဆောင်သင့်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်ကို နာခံခြင်းအားဖြင့်သာ စိတ်သဘောထားတွင် ပြောင်းလဲမှု ရရှိနိုင်သည်) အဲဒီနောက်တော့ ကျွန်မ နားလည်သွားတယ်။ ဖော်ထုတ်ခံရတာက ထုတ်ပယ်ခံရတယ်လို့ မဆိုလိုဘူး။ ကလေးတစ်ယောက်က အမှားတစ်ခုလုပ်တဲ့အခါ သူ့မိဘတွေက သူတို့ပြောတာနားထောင်အောင်၊ သင်ခန်းစာယူအောင်၊ မနာခံတာတွေ မလုပ်တော့အောင်လို့ သူ့ကို ဆုံးမသလိုမျိုးပေါ့။ ကလေးက နာခံတယ်ဆိုရင် မိဘတွေက စိတ်ချမ်းသာတယ်။ ကလေးကို အပြစ်မပေးတော့ဘူးပေါ့။ ကျွန်မတို့က သမ္မာတရားကို နားမလည်ဘဲ စည်းမျဉ်းမရှိဘဲ လုပ်ကြတယ်။ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေလည်း ရှိတယ်။ ဒါကြောင့် ကျွန်မတို့ တာဝန်တွေမှာ အမှားတွေလုပ်မိဖို့က ရှောင်လို့မရဘူး။ တစ်ခါတလေမှာ ကျွန်မတို့ အစွမ်းအစမရှိဖြစ်ပြီး သမ္မာတရားကို နားမလည်တော့ အကြောင်းအရာတွေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘူး။ တစ်ခါတလေမှာ တစ်ဇွတ်ထိုးလုပ်ပြီး ထင်သလိုလုပ်တယ်။ မာနထောင်လွှားတဲ့ စိတ်သဘောထားတွေအတိုင်း လုပ်ပြီး စည်းမျဉ်းတွေကို ချိုးဖောက်တယ်။ အသင်းတော်အလုပ်ကို နှောင့်ယှက်တယ်။ တစ်ခါတလေမှာ ဝတ်ကျေတမ်းကျေလုပ်ပြီး ပေါ့ဆတော့ အလုပ်က ကောင်းကောင်းမပြီးဘူး စသဖြင့်ပေါ့။ ဖော်ထုတ်ခံရမှပဲ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးမှုနဲ့ အားနည်းချက်တွေကို မြင်နိုင်တယ်။ သမ္မာတရားကို ရှာဖွေပြီး ကိုယ့်ကိုယ်ကိုယ် ပြုပြင်ပြီး ကိစ္စတွေကို စည်းမျဉ်းနဲ့ ကိုင်တွယ်နိုင်တယ်။ ဒီနောက်ကွယ်မှာ ဘုရားရဲ့ ကောင်းတဲ့ ရည်ရွယ်ချက်တွေရှိပါတယ်။ ဘုရားအလိုတော်ကို ကျွန်မ နားမလည်ခဲ့ဘူး။ ဆိုင်မွန်အထုတ်ခံရတာကို ကျွန်မ မြင်တော့ စိတ်ပူပြီး ကြောက်လာတယ်။ ခဏတာအမှားတစ်ခုအတွက် ကျွန်မလည်း အထုတ်ခံရမှာ ကြောက်မိတယ်။ ကျွန်မအမှားက ကြီးတယ်ဆိုရင် ထုတ်ပယ်ခံရပြီး ကယ်တင်ခြင်းမခံရမှာကို ကြောက်မိတယ်။ ကျွန်မက ဘုရားကို သတိထားကာကွယ်နေပြီး နားလည်မှုလွဲနေတာပါ။ တော်တော် အပြစ်ရှိသလို ခံစားရတယ်။ ဆိုင်မွန်က ဘာလို့အထုတ်ခံရလဲဆိုတာ စပြီး စဉ်းစားမိတယ်။ ခေါင်းဆောင်က သူ့အမှားတွေကို နှစ်ကြိမ်ထောက်ပြခဲ့တာကို ကျွန်မ အမှတ်ရမိတယ်။ ပထမအကြိမ်မှာ သူ့စိတ်ကူးတွေက ခေတ်နောက်ကျနေပြီး ဒီဇိုင်းက ကြမ်းလွန်းနေတယ်၊ နည်းပညာပိုင်းပြဿနာတချို့ကို ကောင်းကောင်း မကိုင်တွယ်ထားဘူး၊ ဒါက ဆိုင်မွန်က ဝတ်ကျေတမ်းကျေလုပ်လို့ဆိုတာ ရှင်းတယ်ဆိုပြီး ခေါင်းဆောင်က ပြောခဲ့တယ်။ ဆိုင်မွန်ကို ပိုဂရုစိုက်ပြီး စေ့စပ်ဖို့၊ သူ့တာဝန်မှာ ရလဒ်ကောင်းတွေရဖို့ မျှော်လင့်ပြီး ခေါင်းဆောင်က ဒီလိုပြောခဲ့တာပါ။ ဒါပေမဲ့ ဆိုင်မွန်က ဒါကို အလေးအနက်မထားဘူး။ ဆင်ခြေတွေပေးတယ်။ အချိန်အကန့်အသတ်ကြောင့်လို့ ပြောတယ်။ အဲဒီနောက်မှာ ဒီကိစ္စကို ဆင်ခြင်သုံးသပ်တာ၊ စစ်ဆေးတာ မလုပ်ခဲ့ဘူး။ ဒုတိယတစ်ကြိမ်ကလည်း သူက တာဝန်မသိတတ်ဘဲ သူ့ဒီဇိုင်းတွေမှာ ပေါ့ဆလို့ဖြစ်ရတာပဲ။ သူ့အလုပ်ကို ကောင်းကောင်းမစစ်ဆေးဘူး။ ကျွန်မတို့ကိုလည်း စစ်မကြည့်ခိုင်းဘူး။ ခေါင်းဆောင်စစ်ဖို့အတွက်ပဲ တန်းပို့လိုက်တယ်။ အကျိုးဆက်အနေနဲ့ စည်းမျဉ်းကို ရှင်းရှင်းလင်းလင်း ချိုးဖောက်ထားတာတချို့က မပြင်ရသေးဘဲဖြစ်နေပြီး ပြန်စစ်ရတယ်။ ဒီလိုနဲ့ ဒီအရေးကြီးတဲ့အလုပ်တိုးတက်မှုက နှောင့်နှေးသွားတယ်။ ဒီ ကျရှုံးမှုတွေအားလုံးက ဆိုင်မွန်က သူ့တာဝန်ကို အလေးအနက်မထားဘဲ ဝတ်ကျေတမ်းကျေလုပ်လို့ ဖြစ်ရတာပဲ။ ခေါင်းဆောင်က သူ့ကို တော်တော် ပြင်းပြင်းထန်ထန် ကိုင်တွယ်ဖြေရှင်းပြီး ထုတ်လိုက်တာက သူ့တာဝန်အပေါ် သူ့ရဲ့ သဘောထားကို ပြန်သုံးသပ်နိုင်ဖို့၊ သူ့ပုံစံတွေကို အမြန် ပြင်နိုင်ဖို့၊ သူ့တာဝန်ကို ဂရုတစိုက်နဲ့ စေ့စေ့စပ်စပ်လုပ်နိုင်ဖို့၊ သမ္မာတရားစည်းမျဉ်းတွေနဲ့အညီ လုပ်ဆောင်နိုင်ဖို့အတွက်ပါ။ ကိုင်တွယ်ဖြေရှင်းခံရပြီး ထုတ်ခံရတာကြောင့် သူက ပြန်သုံးသပ်ပြီး သင်ခန်းစာယူတယ်ဆိုရင် သူ့တာဝန်နဲ့ သူ့ရဲ့ အသက်ဝင်ရောက်မှုအတွက် ကောင်းမှာပဲ။ ဒါကို ကျွန်မ နားလည်တော့ တော်တော်ပိုပြီး စိတ်တည်ငြိမ်သွားတယ်။

အဲဒီအချိန်တုန်းက ကျွန်မ စိတ်နှလုံးထဲမှာ နောက်ထပ် စိတ်ခုနေတာတစ်ခုရှိတယ်။ ဆိုင်မွန်ကို သူ့ဒီဇိုင်းတွေမှာ အမှားနှစ်ခုလုပ်တာနဲ့ ထုတ်တာက ခေါင်းဆောင်က တော်တော်ကြမ်းတာပဲလို့ ခံစားမိခဲ့တယ်။ ကျွန်မလည်း ဒီလိုအမှားမျိုးတွေလုပ်ရင် အထုတ်ခံရမှာလား တွေးမိခဲ့တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်မက နားလည်မှုလွဲပြီး သတိထားကာကွယ်နေတုန်းပဲဆိုတာ ကျွန်မ သိတယ်။ အဲဒါနဲ့ တချို့ ဆက်စပ်မှုရှိတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ဖို့ ရှာကြည့်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်က ပြောတယ်။ “အပေါ်ယံတွင် လူအချို့၌ ၎င်းတို့တာဝန်ကို ထမ်းဆောင်သည့် အချိန်တစ်လျှောက်တွင် မည်သည့်အရေးကြီးသည့် ပြဿနာမျှ ရှိသည့်ပုံမပေါ်ပေ။ ၎င်းတို့သည် လူသိရှင်ကြားဆိုးယုတ်သောအရာကို မလုပ်ပေ။ ၎င်းတို့သည် အနှောင့်အယှက်၊ အဖျက်အဆီးများမဖြစ်ပေါ်စေကြပေ၊ သို့မဟုတ် အန္တိခရစ်တို့၏ လမ်းကြောင်းကို မလျှောက်ပေ။ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ရာတွင် အခြေခံစည်းမျဉ်းများနှင့်သက်ဆိုင်သော ကြီးမားသော အမှားတစ်စုံတစ်ရာ၊ သို့မဟုတ် ပြဿနာတစ်စုံတစ်ရာပေါ်ပေါက်လာခြင်းမရှိပေ။ သို့တိုင်အောင် သတိမမူမိလိုက်ဘဲ တိုတောင်းသည့်နှစ်အနည်းငယ်မျှအတွင်းတွင် ၎င်းတို့သည် သမ္မာတရားကို လုံးဝလက်မခံခြင်းအဖြစ်၊ မယုံကြည်သူတစ်ယောက်ဖြစ်ခြင်းအဖြစ် ဖော်ထုတ်ခံရသည်။ အဘယ်ကြောင့် ဤသို့ဖြစ်သနည်း။ အခြားလူတို့သည် အကြောင်းကိစ္စတစ်ခုကို မမြင်နိုင်သော်လည်း ဘုရားသခင်က ဤလူတို့၏ အတွင်းအကျဆုံးသော စိတ်နှလုံးကို ဆန်းစစ်ပြီး ပြဿနာကို မြင်သည်။ ၎င်းတို့သည် အစဉ်သဖြင့် ဝတ်ကျေတမ်းကျေသာလုပ်ကြပြီး မိမိတို့၏ တာဝန် ထမ်းဆောင်ရာတွင် နောင်တရခြင်း မရှိပေ။ အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့သည် သဘာဝအလျောက် ဖော်ထုတ်ခံရသည်။ နောင်တမရဘဲရှိနေသည်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ ၎င်းတို့သည် ဤအချိန်တစ်လျှောက်တွင် ၎င်းတို့တာဝန်ကို ထမ်းဆောင်ခဲ့သော်လည်း တာဝန်အပေါ် လွဲမှားသော သဘောထား၊ ဂရုမစိုက်ခြင်းနှင့် ပေါ့ဆခြင်း သဘောထား၊ သာမန်ကာလျှံကာ သဘောထားတစ်ခုဖြင့် အစဉ်ရှိကြပြီး စိတ်နှစ်မြှုပ်လုပ်ကိုင်ဖို့ မဆိုထားနှင့်၊ မည်သည့်အခါမျှ တာဝန်သိတတ်ခြင်းမရှိဆိုသည်ကို ဆိုလိုခြင်းဖြစ်သည်။ ၎င်းတို့သည် အနည်းငယ် လုံ့လစိုက်ထုတ်ကောင်း စိုက်ထုတ်နိုင်သည်၊ သို့သော် ၎င်းတို့သည် ဟန်ပြလုပ်ဆောင်နေခြင်းသာဖြစ်သည်။ ၎င်းတို့သည် အစွမ်းကုန် အားထုတ်ဆောင်ရွက်ခြင်းမရှိသည့်အပြင် ၎င်းတို့၏ပြစ်မှားမှုတို့သည် အဆုံးမရှိပေ။ ဘုရားသခင်၏ ရှုထောင့်တွင် ၎င်းတို့သည် မည်သည့်အခါမျှ နောင်တမရခဲ့ပေ။ ၎င်းတို့သည် အစဉ်သဖြင့် ဝတ်ကျေတမ်းကျေပြုလုပ်ကြသည်။ ၎င်းတို့တွင် မည်သည့်အပြောင်းအလဲမျှ လုံးဝ မရှိခဲ့ဖူးပေ— တစ်နည်းဆိုရလျှင် ၎င်းတို့သည် ၎င်းတို့လက်ထဲရှိ မကောင်းမှုကို စွန့်လွှတ်ပြီး ဘုရားသခင်ထံ နောင်တရခြင်းမရှိပေ။ ဘုရားသခင်သည် ၎င်းတို့အတွင်း၌ နောင်တရခြင်းသဘောထားကို မမြင်ရ၊ ၎င်းတို့၏ သဘောထားတွင် ပြောင်းပြန်လှန်ပစ်မှုကို မမြင်ရပေ။ ၎င်းတို့သည် ၎င်းတို့၏တာဝန်နှင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်တို့အပေါ် ဤသို့သော သဘောထား၊ ဤသို့သော နည်းလမ်းမျိုး ထားရှိခြင်းကို ဆက်လက်ပြုလုပ်ကြသည်။ အချိန်တစ်လျှောက်လုံးတွင် ဤခေါင်းမာသော၊ မလျှော့သော စိတ်သဘောထားတွင် ပြောင်းလဲမှုမရှိပေ။ ထို့အပြင် ၎င်းတို့သည် ဘုရားသခင်အပေါ် အကြွေးတင်သည်ဟု လုံးဝ မခံစားရ၊ ၎င်းတို့၏ ဂရုမစိုက်ခြင်းနှင့် ပေါ့ဆခြင်းသည် ပြစ်မှားမှုဖြစ်သည်၊ မကောင်းသည့် လုပ်ရပ်ဖြစ်သည်ဟု လုံးဝ မခံစားရပေ။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် မိမိကိုယ်ကို စွပ်စွဲဖို့မဆိုထားနှင့်၊ အကြွေးတင်ခြင်း၊ အပြစ်ရှိသည်ဟုခံစားရခြင်း၊ မိမိကိုယ်ကို အပြစ်တင်ခြင်းတို့ မရှိပေ။ အချိန်များစွာ ကုန်ဆုံးလာသည်နှင့်အမျှ ဤလူသည် ကုစား၍မရနိုင်တော့ဆိုသည်ကို ဘုရားသခင်က မြင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) လူတစ်ယောက်က သူ့တာဝန်ကို ခပ်ပေါ့ပေါ့ မှတ်ယူရင်၊ သူလုပ်သမျှမှာ သမ္မာတရားစည်းမျဉ်းတွေကို တစ်ခါမှ မရှာဖွေရင်၊ ဘယ်တော့မှ အာရုံမစိုက်ရင်၊ မကြိုးစားရင် တာဝန်ထမ်းဆောင်နေတုန်းမှာ အပေါ်ယံပဲလုပ်ရင် သူက တော်တော်ကို ဝတ်ကျေတမ်းကျေဆန်နေတာပဲဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ မြင်သွားတယ်။ သူက အနှောင့်အယှက်၊ အဖျက်အဆီးတွေကို သိသိသာသာ လုပ်နေတဲ့ပုံစံ၊ အန္တိခရစ်လမ်းကြောင်းကို လျှောက်နေတဲ့ပုံစံမရှိရင်တောင် သူ့ရဲ့ ဝတ်ကျေတမ်းကျေဆန်တဲ့ သဘောထားကို နောင်တမရရင်၊ သူ့တာဝန်မှာ အမြဲတမ်း လမ်းလွဲတာတွေရှိနေရင် နောက်ဆုံးမှာ ဘုရားက ဖော်ထုတ်ပြီး ထုတ်ပယ်တာကို ခံရမှာပဲ။ ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်ပြီးတော့ ဆိုင်မွန်ရဲ့ သူ့တာဝန်မှာရှိတဲ့ အပြုအမူတချို့ကို ပြန်အမှတ်ရမိတယ်။ သူက အဖွဲ့မှာလုပ်တာ ကြာနေပြီ။ နည်းပညာပိုင်းတွေအကုန်လုံးကို ကျွမ်းကျင်တယ်။ ဒါပေမဲ့ သူက ခဏခဏ အခြေခံအမှားတွေလုပ်တယ်။ တစ်ခါတလေမှာ သူ့ရဲ့ ရိုးရှင်းတဲ့ ဒီဇိုင်းတွေတောင်မှ ခဏခဏပြန်စိစစ်ရတယ်။ သူက ဖိုင်တွေကို မိတ္တူပွားပြီး နံပါတ်တပ်တဲ့အခါမှာတောင် ခဏခဏ အမှားတွေလုပ်တယ်။ ဒါကို ကျွန်မက သူ့ကို ခဏခဏထောက်ပြခဲ့ပြီးတော့ သူများတွေကလည်း သူ့ကို ခဏခဏ သတိပေးတယ်။ ဒါပေမဲ့ သူက လုံးဝ အလေးအနက်မထားဘူး။ သူ့ပြဿနာတွေနဲ့ သူ့တာဝန်အပေါ် သဘောထားကို ဆင်ခြင်မကြည့်ခဲ့ဘူး။ ခေါင်းဆောင်က သူ့ကို ပထမတစ်ကြိမ် ကိုင်တွယ်ဖြေရှင်းတော့ သူက သူ့ပြဿနာတွေကို ဆင်ခြင်မကြည့်ဘဲ သူ့ကိုယ်သူပဲ ဆက်ခုခံနေပြီး အချိန်အကန့်အသတ်ကြောင့်လို့ပဲ ပြောနေတယ်။ ဒီတော့ သူက လုံးဝ မပြောင်းလဲဘဲ အမှားတွေဆက်လုပ်နေတာပေါ့။ ဆိုင်မွန်က ဘယ်လောက်ခေါင်းမာတယ်ဆိုတာ ကျွန်မ မြင်ခဲ့တယ်။ အရင်က ဆိုင်မွန်ရဲ့ အပြုအမူကို ကျွန်မ နည်းနည်းနားလည်ခဲ့ပေမဲ့ အလုပ်ကို အရမ်းမထိခိုက်တော့ ဒါကို မစိုးရိမ်ခဲ့ဘူး။ ဒါပေမဲ့ ဒီတစ်ခါတော့ သူက အရေးကြီးအလုပ်ကို ဝတ်ကျေတမ်းကျေလုပ်ပြီး နှောင့်နှေးနေတယ်။ ခေါင်းဆောင်က သူ့ကို ထုတ်တာက စည်းမျဉ်းနဲ့ညီပြီး လုံးဝ မလွန်ပါဘူး။ ဝတ်ကျေတမ်းကျေလုပ်တာက အသေးအဖွဲပြဿနာမဟုတ်ဘူးဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ မြင်သွားတယ်။ တာဝန်အပေါ်မှာ အမြဲတမ်း ဂရုမစိုက်တဲ့ သဘောထားရှိရင် အနှေးနဲ့အမြန် အသင်းတော်အလုပ်ကို နှောင့်ယှက်ပြီး ဖော်ထုတ်ခံရမှာပဲ။ ဆိုင်မွန်အကြောင်းကို တွေးကြည့်တော့ သူက အမှားနှစ်ခုပဲ လုပ်သလို ထင်ရတယ်။ ဒါပေမဲ့ အနီးကပ်စစ်ဆေးကြည့်ရင် အများစုက သူ့တာဝန်အပေါ် ဂရုမစိုက်တဲ့ သဘောထားကြောင့် အထုတ်ခံရတာပါ။ သူက ဒီလိုအရေးကြီးတဲ့တာဝန်မှာ ဝတ်ကျေတမ်းကျေလုပ်ပြီး အလုပ်နှောင့်နှေးသွားတယ်။ သူထုတ်ခံရတာက ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို ဖွင့်ပြတာပေါ့

အဲဒီနောက်ကျတော့ ကျွန်မ တွေးမိတယ်။ ကျွန်မက သမ္မာတရားကို မရှာဖွေတာ၊ သူများတွေ အထုတ်ခံရတဲ့အခါမှာ ဘုရားကို သတိထားကာကွယ်နေပြီး နားလည်မှုလွဲတာတွေက ဘာကြောင့်ဖြစ်နေတာလဲပေါ့။ ကျွန်မ ဘုရားဝတ်ပြုနေရင်းနဲ့ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ရတယ်။ “ငါ့ကို ပြောလော့။ အမှားတစ်ခု လုပ်ထားသည့် လူတစ်ယောက်သည် အမှန်တကယ် နားလည်နိုင်စွမ်းရှိပြီး နောင်တရလိုစိတ်ရှိလျှင် ဘုရားအိမ်တော်က ထိုသူကို ထိုအခွင့်အရေးမပေးဘဲ နေမည်လော။ ဘုရားသခင်၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်သည် အဆုံးသို့ ရောက်လာနေပြီ ဖြစ်သည်နှင့်အညီ ထမ်းဆောင်ရန်လိုသည့် တာဝန်များစွာရှိသည်။ သို့သော် လူတို့သည် အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရား မရှိသကဲ့သို့ မိမိတို့အလုပ်တွင် ပျက်ကွက်လျှင်၊ တာဝန်ထမ်းဆောင်ရန် အခွင့်အလမ်း ရသော်လည်း တန်ဖိုးထားရမှန်း မသိလျှင်၊ အကောင်းဆုံးအချိန်ကို လွန်သွားစေလျက် သမ္မာတရားကို အနည်းငယ်မျှပင် မလိုက်စားလျှင်၊ ၎င်းတို့ ထုတ်ဖော်ပြခံရလိမ့်မည်။ သင်သည် တာဝန်ထမ်းဆောင်ရာတွင် အဆက်မပြတ် ပေါ့ဆပြီး ဝတ်ကျေတမ်းကျေပြုလျှင်၊ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို ရင်ဆိုင်ရသောအခါ၌ လုံးဝ နာခံခြင်းမရှိလျှင် ဘုရားအိမ်တော်က သင့်ကို အသုံးပြုကာ တာဝန်ထမ်းဆောင်ခိုင်းဦးမည်လော။ ဘုရားအိမ်တော်တွင် အုပ်စိုးသည်မှာ သမ္မာတရားဖြစ်သည်။ စာတန်မဟုတ်ပေ။ ဘုရားသခင်သည် အရာရာအပေါ် အပြီးသတ် ဆုံးဖြတ်ပိုင်ခွင့် ရှိသည်။ လူသားကို ကယ်တင်ခြင်းအမှုကို ပြုနေသည်မှာ၊ အရာရာအပေါ် အုပ်စိုးသောသူ ဖြစ်သည်။ မည်သည့်အရာက မှန်သည်၊ မှားသည်ဟူသည့် သင်၏ စိစစ်ချက်ကို မလိုအပ်ပေ။ ကြားနာပြီး နာခံရန်သည်သာ သင့်အလုပ်ဖြစ်သည်။ ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ရင်ဆိုင်ရသောအခါတွင် သမ္မာတရားကို သင်လက်ခံရမည်၊ သင်၏ အမှားများကို ပြုပြင်နိုင်ရမည်။ ဤသို့ သင်လုပ်ဆောင်လျှင် ဘုရားအိမ်တော်သည် တာဝန်ထမ်းဆောင်ခွင့်ပေးသည့် သင်၏ အဆင့်အတန်းကို ဖယ်ရှားမည်မဟုတ်ပေ။ သင်သည် အထုတ်ခံရမည်ကို အစဉ် ကြောက်ရွံ့နေလျှင်၊ ဆင်ခြေများ အစဉ်ပေးလျှင်၊ သင့်ကိုယ်သင် အစဉ် ရှင်းချက်ထုတ်ပြလျှင် ဤသည်မှာ ပြဿနာဖြစ်သည်။ သမ္မာတရားကို အနည်းငယ်မျှပင် သင်လက်မခံကြောင်းနှင့် သင်သည် ကျိုးကြောင်းဆင်ခြင်မှု မရှိကြောင်းကို အခြားသူတို့အား တွေ့မြင်ခွင့်ပေးလျှင်၊ သင်ဒုက္ခရောက်ပြီဖြစ်သည်။ အသင်းတော်သည် သင့်ကို မဖြစ်မနေ ကိုင်တွယ်ရလိမ့်မည်။ သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် သမ္မာတရားကို လုံးဝ လက်မခံဘဲ ဖော်ထုတ်ခံရပြီး ထုတ်ပယ်ခံရမည်ကို အစဉ်ကြောက်ရွံ့နေလျှင် သင်၏ ဤအကြောက်တရားသည် လူ့ရည်ရွယ်ချက်နှင့် ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားဖြင့် စွန်းထင်းနေသည်။ သံသယ၊ သတိထားကာကွယ်မှုနှင့် မှားယွင်းသော အယူအဆတို့ဖြင့် စွန်းထင်းနေသည်။ ဤအရာများထဲမှ မည်သည့်အရာကမျှ လူတစ်ယောက်၌ ရှိသင့်သည့် သဘောထားမဟုတ်ပေ။ သင်၏ အကြောက်တရားနှင့် ဘုရားအပေါ် သင်၏ အထင်လွဲမှုများကိုပါ ဖြေရှင်းခြင်းအားဖြင့် စတင်ရမည်။ ဘုရားသခင်အပေါ် လူတစ်ယောက်၏ နားလည်မှုလွဲခြင်းက မည်သို့ ဖြစ်ပေါ်လာသနည်း။ လူတစ်ယောက်အတွက် အမှုကိစ္စများက အဆင်ပြေနေသည့်အချိန်တွင် သူသည် ဘုရားသခင်ကို သေချာပေါက် နားလည်မှုမလွဲပေ။ ဘုရားသခင်က ကောင်းမြတ်သည်၊ ဂုဏ်သရေရှိသည်၊ ဘုရားသခင်သည် ဖြောင့်မတ်သည်၊ ဘုရားသခင်သည် သနားကရုဏာနှင့်ပြည့်ကာ ချစ်ခင်တတ်သည်၊ ဘုရားသခင်သည် သူလုပ်ဆောင်သမျှ၌ မှန်ကန်သည်ဟု ယုံကြည်သည်။ သို့ရာတွင် ၎င်းတို့၏ အယူအဆများနှင့် မကိုက်ညီသော အရာတစ်ခုကို ရင်ဆိုင်ရသောအခါ ၎င်းတို့က ‘ဘုရားသခင် သိပ်ဖြောင့်မတ်ပုံမရဘူး။ အနည်းဆုံးတော့ ဒီကိစ္စမှာ သိပ်မဖြောင့်မတ်ဘူး’ ဟူ၍ စဉ်းစားကြသည်။ ဤသည်မှာ နားလည်မှုလွဲခြင်းဖြစ်သလော။ ဘုရားသခင်က မဖြောင့်မတ်တော့သည်မှာ အဘယ်သို့ဖြစ်သနည်း။ သင်၏ ဤနားလည်မှုလွဲခြင်းအား ဖြစ်ပေါ်စေသောအရာမှာ အဘယ်နည်း။ ဘုရားသခင်က မဖြောင့်မတ်ဟူသော သင်၏ ထင်မြင်ချက်နှင့် နားလည်မှုကို ဖြစ်ပေါ်စေသောအရာသည် မည်သည့်အရာနည်း။ မည်သည့်အရာဖြစ်သည်ကို သင် သေချာပေါက် ပြောနိုင်သလော။ မည်သည့်စာကြောင်းဖြစ်သနည်း။ မည်သည့်ကိစ္စဖြစ်သနည်း။ မည်သည့်အခြေအနေဖြစ်သနည်း။ လူတိုင်းက ဤအရာကို အဖြေရှာနိုင်ပြီး သင် မှန်ကန်ကြောင်း ပြနိုင်ခြင်းရှိမရှိ ကြည့်ရန် ထိုအရာကို ပြောလော့။ လူတစ်ယောက်သည် ဘုရားသခင်ကို နားလည်မှုလွဲသောအခါ၊ သို့မဟုတ် သူ၏ အယူအဆများနှင့် မကိုက်ညီသောအရာတစ်ခုကို ရင်ဆိုင်ရသောအခါ သူ့တွင် မည်သည့်သဘောထားရှိသင့်သနည်း။ (သမ္မာတရားနှင့်နာခံခြင်းကို ရှာဖွေခြင်းတစ်ခုရှိသင့်သည်။) အရင်ဦးဆုံး နာခံပြီး စဉ်းစားသင့်သည်။ ‘ငါနားမလည်ပေမဲ့ ဒါက ဘုရားသခင် လုပ်ပြီးတဲ့အရာဖြစ်ပြီး လူက စိစစ်သင့်တဲ့အရာမဟုတ်တာကြောင့် ငါ နာခံရမယ်။ ဒါ့အပြင် ဘုရားနှုတ်ကပတ်တော်က သမ္မာတရားဖြစ်လို့ ဘုရားနှုတ်ကပတ်တော်၊ ဒါမှမဟုတ် ဘုရားအမှုတော်ကို သံသယဝင်လို့မရဘူး’ဟူ၍ ဖြစ်သည်။ ဤသည်မှာ လူတစ်ယောက်ရှိသင့်သည့် သဘောထားမဟုတ်သလော။ ဤသဘောထားဖြင့် သင်၏ နားလည်မှုလွဲခြင်းသည် ပြဿနာတစ်ခု ဖြစ်စေဦးမည်လော။ (ဖြစ်စေမည်မဟုတ်ပါ။) သင်၏ တာဝန်ထမ်းဆောင်မှုကို ထိခိုက်မည်မဟုတ်၊ သို့မဟုတ် နှောင့်ယှက်မည်မဟုတ်ပေ။ တာဝန်ထမ်းဆောင်စဉ်တွင် နားလည်မှုလွဲခြင်းရှိနေသော သူတစ်ယောက်သည် သစ္စာရှိနိုင်သည်ဟု သင်တို့ ထင်သလော။ သို့မဟုတ် သစ္စာရှိနိုင်သောသူမှာ နားလည်မှုလွဲခြင်းမရှိသောသူဖြစ်သလော။ (တာဝန်ထမ်းဆောင်ရာတွင် နားလည်မှုလွဲခြင်းမရှိသောသူသည် သစ္စာရှိနိုင်သည်။) ဤသည်မှာ ရှေးဦးစွာ နာခံသည့်သဘောထား သင်ရှိရမည်ဟု ဆိုလိုသည်။ ထို့အပြင် ဘုရားသခင်က သမ္မာတရားဖြစ်သည်၊ ဘုရားသခင်က ဖြောင့်မတ်သည်၊ ဘုရားသခင် လုပ်ဆောင်သမျှက မှန်ကန်သည်ဟု အနည်းဆုံးအနေဖြင့် သင် ယုံကြည်ရမည်။ ဤသည်မှာ သင်သည် တာဝန်ထမ်းဆောင်ရာတွင် သစ္စာရှိနိုင်ခြင်းရှိမရှိကို ဆုံးဖြတ်သော ကြိုတင်သတ်မှတ်ချက်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်ကို ဖတ်တော့ ကျွန်မ ရှင်းသွားတယ်။ ကျွန်မက ဘုရားကို နားလည်မှုလွဲပြီး သတိထားကာကွယ်နေတဲ့အကြောင်းရင်းက ဘုရားအပေါ် စစ်မှန်တဲ့ ယုံကြည်ခြင်းနဲ့ ဘုရားရဲ့ ဖြောင့်မတ်ခြင်းကို နားလည်မှု ကင်းမဲ့နေလို့ပါ။ ဆိုင်မွန်က အမှားတွေလုပ်လို့ အထုတ်ခံရတာကို မြင်ပြီး ကျွန်မက ဘုရားကို သံသယဝင်ပြီး သတိထားကာကွယ်နေခဲ့တယ်။ အမှားတစ်ခုလုပ်ရင် ကျွန်မက လူစားထိုးခံရမယ်၊ ထုတ်တောင်ထုတ်ခံရမယ်လို့ တွေးမိတယ်။ ဘုရားအိမ်တော်က ပြင်ပလောကနဲ့အတူတူပဲ၊ အမှားတွေလုပ်တဲ့သူတွေက အထုတ်ခံရပြီး စွန့်ပစ်ခံရမှာပဲလို့ ထင်ခဲ့တယ်။ ဘုရားက လူတွေကို စွန့်ပစ်ဖို့အတွက်နဲ့ ဖော်ထုတ်နေသလိုမျိုးပေါ့။ အသင်းတော်က လူတွေကို ဘယ်လိုထုတ်ပြီး စွန့်ပစ်တယ်ဆိုတာ စည်းမျဉ်းတွေရှိတယ်။ လူတွေကို သူတို့တာဝန်အပေါ်ထားတဲ့ သဘောထား၊ သူတို့ရဲ့ လူ့သဘာဝ၊ အစွမ်းအစ၊ သမ္မာတရားကို လက်ခံနိုင်သလား စတာတွေကို အခြေခံပြီး ပြည့်ပြည့်စုံစုံ အကဲဖြတ်ပါတယ်။ တစ်ခါတလေ ပြစ်မှားတာတွေ၊ ဖောက်ပြန်ပျက်စီးမှုကို ခဏပြတာတွေကြောင့် ထုတ်တာ၊ စွန့်ပစ်တာ မလုပ်ပါဘူး။ ကျွန်မအနားက ခေါင်းဆောင်တွေ၊ အမှုဆောင်တွေကို ပြန်စဉ်းစားကြည့်တော့ တချို့တွေက အစွမ်းအစနည်းလို့၊ လက်တွေ့အလုပ်မလုပ်နိုင်လို့ အထုတ်ခံရတယ်။ တချို့က ကျွမ်းကျင်မှုမရှိလို့၊ သူတို့တာဝန်နဲ့ မကိုက်လို့ အထုတ်ခံရတယ်။ တချို့က တော်တော် ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားရှိပြီး အဲဒါတွေကို ဖြေရှင်းဖို့ သမ္မာတရားကို မရှာဖွေလို့ အထုတ်ခံရတယ်။ ဒါပေမဲ့ သူတို့တွေက မကောင်းမှုပြုသူတွေ မဖြစ်သရွေ့၊ အနှောင့်အယှက်တွေ မဖန်တီးသရွေ့ ဘုရားအိမ်တော်က သူတို့ကို စွန့်ပစ်မှာ၊ နှင်ထုတ်မှာမဟုတ်ဘူး။ ဒီအစား သူတို့ကို သူတို့အစွမ်းအစနဲ့ အားသာချက်တွေနဲ့ သင့်တော်တဲ့ တာဝန်တွေကို ချပေးတယ်။ ပြန်ဆင်ခြင်ပြီး နောင်တရဖို့ အခွင့်အရေးပေးတယ်။ သူတို့ကို ထုတ်ခံရလို့ သူတို့က သမ္မာတရားကို လက်ခံနိုင်တယ်၊ ဆင်ခြင်နိုင်တယ်၊ တကယ်နောင်တရပြီး ပြောင်းလဲနိုင်တယ်ဆိုရင် အသင်းတော်က သူတို့ကို ရာထူးတိုးပြီး ထပ်ပြီး အသုံးပြုမှာပဲ။ သမ္မာတရားကို လုံးဝ လက်မခံတဲ့ အထုတ်ခံရပြီး ဖော်ထုတ်ခံရတဲ့အခါ ပြန်မသုံးသပ်ဘဲ မကောင်းမှုဆက်လုပ်နေပြီး အနှောင့်အယှက်တွေ ဖန်တီးနေတဲ့ အန္တိခရစ်တွေ၊ မကောင်းမှုပြုသူတွေကပဲ အသင်းတော်ကနေ လုံးဝ နှင်ထုတ်ခံရမှာပါ။ ဘုရားအိမ်တော်က လူတိုင်းကို မျှမျှတတနဲ့ ဖြောင့်မတ်စွာ ဆက်ဆံတာ သမ္မာတရားက တကယ်ပဲ အဲဒီနေရာမှာ ကြီးစိုးတာကို ကျွန်မ မြင်ခဲ့တယ်။ ဥပမာ ဆိုင်မွန်က သူ့တာဝန်မှာ ပေါ့ဆလွန်းလို့၊ အမြဲတမ်း ဝတ်ကျေတမ်းကျေလုပ်ပြီး အလုပ်က နှောင့်နှေးနေလို့ အထုတ်ခံရတာပါ။ ဒါက သူ့အပေါ်ကို ဘုရားရဲ့ ဖြောင့်မတ်ခြင်း ကျရောက်တာပဲ။ သူက ဒါကို မှန်မှန်ကန်ကန် ချဉ်းကပ်နိုင်ရင်၊ သမ္မာတရားကို ရှာဖွေပြီး ဆင်ခြင်သုံးသပ်နိုင်ရင် သူ့ကိုယ်သူသိဖို့၊ နောင်တရပြီး ပြောင်းလဲဖို့ သူ့အတွက် အခွင့်အလမ်းကောင်းတစ်ခု ဖြစ်မှာပဲ။ ဆိုင်မွန်အထုတ်ခံရတာကလည်း ကျွန်မကို လှုပ်နှိုးလိုက်သလိုပါပဲ။ ကျွန်မလည်း သူ့လို ပြဿနာရှိခဲ့တယ်။ ကျွန်မက ကိုယ့်တာဝန်မှာ ခဏခဏ ဝတ်ကျေတမ်းကျေလုပ်ပြီး ပေါ့ဆတယ်။ ကျွန်မ ဒီဇိုင်းတွေက ပြဿနာရှိတယ်ဆိုတာ တစ်ခါတလေ ကောင်းကောင်းသတိထားမိပါတယ်။ ဒါပေမဲ့ အဲဒါတွေကို ပြင်ဖို့ အချိန်နဲ့ အားစိုက်ရမှာတွေကို တွေးပြီး ပြဿနာက ဒီလောက်မကြီးပါဘူး၊ ခေါင်းဆောင်က ပြဿနာနည်းနည်းတွေ့ရင် အဲဒါတွေအကုန်လုံးကို အတူပြင်လိုက်လို့ရတယ်ဆိုပြီး စဉ်းစားပြီးတော့ ခေါင်းဆောင် စစ်ဖို့အတွက်ပဲ ပို့လိုက်တယ်။ ရလဒ်အနေနဲ့ တစ်ခါတည်းနဲ့ ပြီးသင့်တဲ့အလုပ်ကို ပြန်ပြင်ဆင်ရပြီး အလုပ်တိုးတက်မှုက နှောင့်နှေးသွားတယ်။ တစ်ခါတလေမှာ ကျွန်မဒီဇိုင်းစိတ်ကူးတွေက ခေတ်နောက်ကျနေတာကို ကျွန်မ သိတယ်။ ဒါပေမဲ့ ဆန်းသစ်ပြောင်းလဲဖို့က အရင်းအမြစ်တွေ၊ စဉ်းစားဖို့၊ ရှာဖွေဖို့တွေ အများကြီးလိုတယ်။ ဒါ ဒုက္ခများလွန်းတယ်၊ ဒီလက်ခံလို့ရလောက်တဲ့ အလုပ်က ကောင်းနေပါပြီဆိုပြီး တွေးခဲ့တယ်။ အဲဒါနဲ့ ကျွန်မဒီဇိုင်းတွေမှာ သုံးလေးနှစ်လောက်အထိ ဘာတိုးတက်မှုမှမရှိဘူး။ ဆိုင်မွန်ရဲ့ ကျရှုံးမှုက ကျွန်မကို အရေးကြီးတဲ့ သင်ခန်းစာတစ်ခု ပေးခဲ့တယ်။ ကျွန်မက ဒီကိစ္စကနေ သမ္မာတရားကို မရှာဖွေဘူး၊ သင်ခန်းစာတွေ မယူဘူး။ ဘုရားအလိုတော်ကို နားမလည်ခဲ့ဘူး။ ပြီးတော့ ဘုရားကိုလည်း နားလည်မှုလွဲပြီး သတိထားကာကွယ်နေခဲ့တယ်။ ကျွန်မက အရမ်း လှည့်စားတတ်ခဲ့တာပဲ။ ဒီအတွေးကြောင့် ကျွန်မ နောင်တတွေရပြီး အပြစ်ရှိသလို ခံစားရတယ်။ သမ္မာတရားကို ကျွန်မ မှန်မှန်ကန်ကန် ရှာဖွေပြီး လက်တွေ့လုပ်ဖို့ မှန်ကန်တဲ့လမ်းကြောင်းကို ရှာရမယ်။ ဘုရားကို နားလည်မှုလွဲတာ၊ သတိထားကာကွယ်နေတာတွေကို ရပ်ရမယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ ဖတ်တယ်။ “တစ်စုံတစ်ဦးသည် ပွင့်လင်းမှုရှိလျှင် သူသည် ရိုးသားသူတစ်ယောက်ဖြစ်သည်။ ဤသည်မှာ သူသည် ဖုံးကွယ်စရာမရှိသကဲ့သို့၊ အသိမပေးစရာမရှိဘဲ သူ၏ စိတ်နှလုံးနှင့် ဝိညာဉ်ကို ဘုရားထံ လုံးဝ ဖွင့်ဟပြီးဖြစ်သည်ဟု ဆိုလိုသည်။ သူသည် ဘုရားထံသို့ သူ၏ စိတ်နှလုံးကို အပြည့်အဝပေးအပ်ကာ ပြသပြီးဖြစ်သည်။ ဤသည်မှာ သူသည် ဘုရားသခင်ထံသို့ သူ၏ အလုံးစုံအား ပေးအပ်ပြီးဖြစ်သည်ဟု ဆိုလိုသည်။ သူသည် ဘုရားသခင်နှင့် ဝေးကွာဦးမည်လော။ ဝေးကွာမည်မဟုတ်ပေ။ ဤနည်းအားဖြင့် ဘုရားသခင်အား ကျိုးနွံနာခံရန် သူ့အတွက် လွယ်ကူသည်။ ထိုသူသည် လှည့်စားတတ်သည်ဟု ဘုရားသခင်က ဆိုလျှင် သူ ဝန်ခံလိမ့်မည်။ ထိုသူသည် မာနထောင်လွှားပြီး မိမိကိုယ်ကို အမှန်ထင်သည်ဟု ဘုရားသခင်က ဆိုလျှင် သူသည် ဤအရာကိုလည်း ဝန်ခံလိမ့်မည်။ ထိုသူသည် ဤအရာများကို ဝန်ခံရုံနှင့် ပြီးသွားမည် မဟုတ်ပေ။ ထိုသူသည် နောင်တရနိုင်သည်။ သမ္မာတရားစည်းမျဉ်းများအတွက် ကြိုးပမ်းနိုင်သည်။ သူ၏ အမှားများကို သိမြင်ပြီး ပြုပြင်နိုင်သည်။ သတိမထားမိခင်တွင် သူ၏ မှားယွင်းသောနည်းများစွာကို သူပြုပြင်ပြီးဖြစ်လိမ့်မည်။ သူသည် လှည့်စားတတ်ခြင်း၊ လိမ်ညာခြင်း၊ ပေါ့ဆခြင်း၊ ဝတ်ကျေတမ်းကျေဆန်ခြင်းတို့ ပိုပို၍ လျော့နည်းလာလိမ့်မည်။ ဤသို့ အသက်ရှင်လေလေ၊ သူသည် ပို၍ ပွင့်လင်းပြီး ဂုဏ်သရေရှိလာလေလေ ဖြစ်ကာ ရိုးသားသူတစ်ယောက်ဖြစ်လာခြင်း ပန်းတိုင်သို့ နီးကပ်လေလေဖြစ်လိမ့်မည်။ ဤသည်မှာ အလင်းတွင် အသက်ရှင်ခြင်းဆိုသည့် အဓိပ္ပာယ်ဖြစ်သည်။ ဤဂုဏ်ကျက်သရေအားလုံးကို ဘုရားသခင်က ရရှိသည်။ လူတို့က အလင်းတွင် အသက်ရှင်သောအခါ ယင်းသည် ဘုရားသခင်၏ လုပ်ဆောင်မှုဖြစ်သည်။ လူတို့က ကြွားဝါရမည့် အရာတစ်ခုမဟုတ်ပေ။ လူတို့သည် အလင်းတွင် အသက်ရှင်သောအခါ အမျိုးမျိုးသော သမ္မာတရားများကို နားလည်ကြသည်။ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိကြသည်။ ၎င်းတို့ ကြုံရသော ပြဿနာတိုင်းတွင် သမ္မာတရားကို ရှာဖွေရန်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် သိရှိကြပြီး အသိစိတ်၊ ဆင်ခြင်တုံတရားနှင့် အသက်ရှင်ကြသည်။ ၎င်းတို့ကို ဖြောင့်မတ်သောလူများဟု မခေါ်နိုင်သော်လည်း ဘုရားသခင်၏ အမြင်တွင် ၎င်းတို့သည် လူသားပုံသဏ္ဌာန်အချို့ရှိပြီး အနည်းဆုံးအနေဖြင့် ၎င်းတို့သည် ပြောဆို၊ ပြုမူရာတွင် ဘုရားသခင်ကို ခုခံပြောဆိုခြင်း မရှိပေ။ ၎င်းတို့အပေါ်သို့ အမှုအရာများ ကျရောက်သောအခါ သမ္မာတရားကို ရှာဖွေနိုင်ပြီး ဘုရားသခင်အား နာခံနိုင်သည်။ ဤနည်းအားဖြင့် ၎င်းတို့သည် အတော်အတန် လုံခြုံစိတ်ချရကာ ဘုရားသခင်ကို သစ္စာဖောက်နိုင်ခြေမရှိပေ။ ၎င်းတို့သည် သမ္မာတရားကို အလွန် အလေးအနက် နားလည်ခြင်းမရှိနိုင်သော်လည်း လိုက်နာနိုင်ပြီး ကျိုးနွံနာခံနိုင်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင်ကို ကြောက်ရွံ့နိုင်ကြပြီး မကောင်းမှု ကင်းအောင်နေနိုင်ကြသည်။ ၎င်းတို့ကို အလုပ်၊ သို့မဟုတ် တာဝန်တစ်ခုပေးသောအခါ ၎င်းတို့၏ စိတ်နှလုံးရှိသမျှကို အသုံးပြုနိုင်ကြပြီး အစွမ်းကုန် လုပ်ဆောင်နိုင်ကြသည်။ ဤသို့သောသူမျိုးသည် ယုံကြည်ထိုက်ပြီး ဘုရားသခင်က ထိုသူကို ယုံကြည်မှုရှိသည်။ ဤသို့သောလူတို့သည် အလင်း၌ အသက်ရှင်သည်။ အလင်းတွင် အသက်ရှင်သူတို့သည် ဘုရားသခင်၏ စိစစ်ခြင်းကို လက်ခံနိုင်သလော။ ၎င်းတို့၏ စိတ်နှလုံးကို ဘုရားသခင်ထံမှ ဖုံးကွယ်ထားကောင်းထားနိုင်သေးသလော။ ဘုရားသခင်ကို မပြောပြနိုင်သည့် လျှို့ဝှက်ချက်များ ရှိသေးသလော။ ကလိမ်ကကျစ်ကျကာ လျှို့ဝှက်သောလှည့်ကွက်များ ရှိသေးသလော။ မရှိပေ။ ၎င်းတို့သည် ဘုရားသခင်ထံသို့ ၎င်းတို့၏ စိတ်နှလုံးကို အပြည့်အဝ ဖွင့်ဟပြီးဖြစ်ကာ မည်သည့်အရာမျှ ဖုံးကွယ်မထားပေ။ ၎င်းတို့သည် ဘုရားသခင်ကို ရင်ဖွင့်နိုင်သည်။ မည်သည့်အရာကိုမဆို ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့နိုင်သည်။ အရာရာတိုင်းကို ဘုရားသခင်အား အသိပေးနိုင်သည်။ ၎င်းတို့က ဘုရားသခင်ကို မပြောပြမည့်အရာ၊ ဘုရားသခင်ကို မပြသမည့်အရာ မရှိပေ။ လူတို့သည် ဤဖွင့်ဟခြင်းအဆင့်ကို ရရှိနိုင်သောအခါ ၎င်းတို့၏ အသက်တာများသည် လွယ်ကူ၊ လွတ်လပ်ပြီး လွတ်မြောက်လာကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတော့ ကျွန်မ စိတ်နှလုံးလည်း အရမ်းလင်းလက်သွားတယ်။ ကျွန်မတို့ကို ရိုးသားသူတွေဖြစ်ပြီး သူ့အပေါ် ပွင့်လင်းဖို့ ဘုရားက မျှော်လင့်ပါတယ်။ ကျွန်မတို့ကို ဘုရားက ဖော်ထုတ်တာ၊ ပြုပြင်တာ၊ ကိုင်တွယ်ဖြေရှင်းပြီး ထုတ်ပယ်တာ လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ ကျွန်မတို့က အရင်ဆုံး နာခံရမယ်။ ကျွန်မတို့ စိတ်နှလုံးမှာ ဘုရားအပေါ် အတိုက်အခံမဖြစ်ရဘူး။ ဘုရားလုပ်ဆောင်သမျှက ကောင်းတယ်ဆိုတာ ယုံရမယ်။ ပြီးရင် ဆင်ခြင်သုံးသပ်ပြီး သမ္မာတရားစည်းမျဉ်းတွေကို ရှာရမယ်။ ကျွန်မတို့ စိတ်နှလုံးတွေက ဘုရားကို ဖွင့်ဟတဲ့အခါမှာ၊ သမ္မာတရားကိုချစ်ပြီး ဘုရားကို နာခံချင်စိတ်ရှိတဲ့အခါမှာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းဖွင့်ပြမှုနဲ့ အလင်းပေးမှုကို ရဖို့၊ သမ္မာတရားကို တကယ်နားလည်ခြင်းကိုရပြီး ကျွန်မတို့ပြဿနာတွေကို သိဖို့၊ ကျွန်မတို့အမှားတွေကို ပြုပြင်၊ နောင်တရပြီး ပြောင်းလဲဖို့၊ ဘုရားရဲ့ နှုတ်ကပတ်တော်နဲ့ တောင်းဆိုချက်တွေနဲ့အညီ တာဝန်တွေကို ထမ်းဆောင်ဖို့က လွယ်ပါတယ်။ ပြီးတော့ ဘုရားရဲ့ ဖြောင့်မတ်ခြင်းကိုလည်း ယုံကြည်ရမယ်။ ဘုရားသခင်က လူတွေက ဘယ်လိုပုံစံပေါ်တယ်ဆိုတာကို ကြည့်ပြီး အကဲမဖြတ်ဘူး။ လူတွေရဲ့ ရည်ရွယ်ချက်က သူ့ကို ကျေနပ်စေဖို့၊ သမ္မာတရားစည်မျဉ်းတွေကို ရှာဖို့ဟုတ်သလားဆိုတာကို ကြည့်ပါတယ်။ ကျွန်မတို့ သဘောထားတွေကို ပြုပြင်ပြီး အတတ်နိုင်ဆုံး လုပ်နိုင်ရင် လုပ်နေတုန်းမှာ ကျွန်မတို့က စံမမီခဲ့ရင်တောင် ဒါကို မှန်မှန်ကန်ကန် ချဉ်းကပ်နိုင်တယ်။ ကျွန်မတို့ ကျရှုံးမှုတွေကနေ သင်ယူပြီး လမ်းလွဲတာတွေကို ပြန်စစ်နိုင်တယ်။ ကျွန်မသဘောထားကို ပြင်လိုက်တဲ့အခါမှာ ကျွန်မ စိတ်ပူတာတွေက သူ့ဘာသာ ပြေကျသွားတယ်။

အဲဒီနောက်တော့ ကျွန်မ ပုံတွေကို စစ်ဖို့ ခေါင်းဆောင်ဆီပို့တော့ အရမ်းကြောက်တာ၊ အတိုက်အခံဖြစ်တာတွေ မခံစားရတော့ဘူး။ ကျွန်မရည်ရွယ်ချက်ကို ပြင်ဖို့၊ စည်းမျဉ်းတွေကို ရှာဖို့ ကိုယ့်တာဝန်အပေါ် စိတ်နှစ်လုပ်ဖို့ ဆန္ဒရှိနေခဲ့တယ်။ နောက်ကျတော့ ကျွန်မက ကျွန်မပုံတွေကို စစ်နေတုန်းမှာ ခေါင်းဆောင်က ထုတ်ပြတဲ့ ပြဿနာတွေကို တုံ့ပြန်တဲ့အနေနဲ့ လေ့လာဖို့အတွက် နည်းပညာတွေကို ရှာပြီး ကောင်းတဲ့ ကိုးကားချက်တွေကို ရှာဖို့အတွက် အားစိုက်တယ်။ ဘုရားအိမ်တော်က သတ်မှတ်တဲ့ စည်းမျဉ်းတွေနဲ့အညီလည်း အလုပ်လုပ်ပြီး အမြဲတမ်း စမ်းသပ်လေ့လာတယ်။ အချိန်ခဏလောက်ကြာတော့ ကျွန်မရဲ့ နည်းပညာပိုင်းကျွမ်းကျင်မှုတွေက တိုးတက်လာပြီး ကျွန်မအလုပ် အရည်အသွေးက တော်တော်တိုးတက်လာတယ်။ ကျွန်မ တော်တော်စိတ်အေးသွားတယ်။ သုံးလေးရက်ကြာတော့ ခေါင်းဆောင်စစ်ဖို့အတွက် ပုံတစ်ပုံကိုကျွန်မ ပို့လိုက်တော့ သူက “ဒီဇိုင်းက တော်တော်ကောင်းတယ်။ ဒါကို သုံးလို့ရတယ်” ဆိုပြီးပြောတော့ ကျွန်မ အံ့ဩသွားတယ်။ ဒီလိုကြားရတော့ ကျွန်မ အရမ်းပျော်သွားပြီး ဖော်ပြလို့မရအောင် ခံစားမိတယ်။ နောက်ပိုင်းကျတော့ ဆိုင်မွန်က သူ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို နားလည်မှုရှိလာပြီး နောင်တရပြီး ပြောင်းလဲချင်တယ်။ အဲဒါနဲ့ အသင်းတော်က သူ့အတွက် ဆက်ပြီး တာဝန်တစ်ခုစီစဉ်ပေးတယ်။ ဆိုင်မွန်အထုတ်ခံရတာကြောင့် ကျွန်မတာဝန်အပေါ် ကျွန်မရဲ့ ဝတ်ကျေတမ်းကျေသဘောထားလည်း ပြောင်းလဲဖို့ ဖြစ်လာခဲ့တယ်။ ကျွန်မ အခုဆို ပိုပြီး စေ့စပ်လာပြီ။ အရင်ကလောက် ဝတ်ကျေတမ်းကျေမဆန်တော့ဘူး။ ဒီအတွေ့အကြုံကနေ ဘုရားက လူတွေကို စွန့်ပစ်ဖို့အတွက် ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်း၊ ထုတ်ပယ်ခြင်းကို ခံရဖို့ ခွင့်ပြုတာမဟုတ်ဘူးဆိုတာ ကျွန်မ သိလိုက်ရတယ်။ ကျွန်မတို့က နာခံနိုင်ပြီး သမ္မာတရားကို ရှာနိုင်ရင် ဒီလိုအတွေ့အကြုံမျိုးကနေ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို သိမြင်နိုင်တယ်။ ကျွန်မတို့တာဝန်တွေကို ထမ်းဆောင်တဲ့ပုံစံကနေ ပြဿနာတွေ၊ လမ်းလွဲတာတွေကို ရှာနိုင်တယ်။ ဒီလိုနဲ့ ကျွန်မတို့က ဒါတွေကို ချက်ချင်းပြောင်းလဲပြီး ဖြေရှင်းခွင့်ရတယ်။ ကျွန်မတို့ အသက်ဝင်ရောက်မှုနဲ့ တာဝန်တွေမှာ တိုးတက်ခွင့်ရတယ်။ ဒါ တော်တော်ကောင်းတဲ့အရာပါပဲ။ ကျွန်မရဲ့ ဘုရားသခင်အပေါ် နားလည်မှုလွဲတာ၊ သတိထားကာကွယ်တာတွေကို ဘေးဖယ်လိုက်တော့ ကျွန်မတာဝန်မှာ ဂရုစိုက်ပြီး စေ့စပ်တော့၊ အရာရာမှာ ကျွန်မတာဝန်တွေကို ဖြည့်ဆည်းတော့ စိတ်တည်ငြိမ်ပြီး ငြိမ်းအေးသွားတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကြွားဝါပြောဆိုခြင်းမှ သင်ယူရရှိခဲ့သည့် သင်ခန်းစာများ

၂၀၂၁ခုနှစ်၊ မေလမှာ ကျွန်မတာဝန်ယူရတဲ့ အသင်းတော်တွေအားလုံးက ရွေးကောက်ပွဲတွေလုပ်ကြတယ်။ စုဝေးပွဲတွေမှာ ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့...

ကောင်းချီးများကို လိုက်စားခြင်းသည် ဘုရားအလိုတော်နှင့် ညီပါသလား

ခဲ့လော့ဒ် အင်္ဂလန်နိုင်ငံ ၂၀၁၈ ခုနှစ်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလအမှုတော်ကို လက်ခံဖို့ ကျွန်တော် အခွင့်ကောင်းရခဲ့တယ်။...

ယုံကြည်ခြင်းမှာ ဘုရားသခင်အပေါ် မှီခိုအားကိုးခြင်းကို ဆိုလိုသည်

ချန်ချန် အီတလီနိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သင်၏ယုံကြည်ခြင်းအတွင်း၌သာ ဘုရားသခင်ကို သင်မြင်တွေ့နိုင်မည် ဖြစ်ပြီး သင်၌...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။