ဘုရားသခင်ရှေ့မှောက် နေထိုင်ခြင်း
အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “စစ်မှန်မှုထဲသို့ ဝင်ရောက်ရန်မှာ လူတစ်ဦးသည် အရာရာကို လက်တွေ့ အသက်တာသို့ ဦးတည်ရမည်။ ဘုရားသခင်ကို ယုံကြည်ရာတွင် လူတို့သည် လက်တွေ့ဘဝထဲ ဝင်ရောက်ခြင်းအားဖြင့် မိမိကိုယ်ကိုယ် သိနားလည်ခြင်း ရှိမလာနိုင်ပါက၊ ထို့ပြင် လက်တွေ့ဘဝတွင် ပုံမှန်လူ့သဘာဝကို အသက်မရှင်နိုင်ပါက၊ ထိုသူတို့သည် မဖြစ်ထွန်းသူများ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်အား မနာခံသော သူအားလုံးတို့သည် လက်တွေ့အသက်တာကို မဝင်ရောက်နိုင်သူများ ဖြစ်ကြသည်။ သူတို့အားလုံးသည် လူ့သဘာဝအကြောင်း ပြောဆိုသော်လည်း နတ်ဆိုးသဘာဝအတိုင်း အသက်ရှင်နေထိုင်ကြသူများ ဖြစ်သည်။ သူတို့အားလုံးသည် သမ္မာတရားအကြောင်း ပြောဆိုသော်လည်း ယင်းအစား အယူဝါဒများကိုသာ အသက်ရှင်နေထိုင်သူများ ဖြစ်ကြသည်။ လက်တွေ့ဘဝတွင် သမ္မာတရားအတိုင်း မနေထိုင်နိုင်သူတို့သည် ဘုရားသခင်ကို ယုံကြည်သော်လည်း ဘုရားသခင်၏ ရွံရှာမုန်းတီးမှုနှင့် ငြင်းပယ်မှုတို့ကို ခံရသူများ ဖြစ်သည်။ သင်သည် လက်တွေ့အသက်တာသို့ ဝင်ရောက်ခြင်းကို လေ့ကျင့်ရမည်၊ သင်ကိုယ်တိုင်၏ အားနည်းချက်များ၊ မနာခံမှုများနှင့် မသိနားမလည်မှုများကို သိရမည့်အပြင် သင်၏ ပုံမှန်မဟုတ်သော လူ့သဘာဝနှင့် အားနည်းချက်များကို သိရမည်။ ထိုနည်းဖြင့် သင်၏ အသိပညာသည် သင်၏ လက်တွေ့ အခြေအနေနှင့် အခက်အခဲများနှင့် ပေါင်းစပ်သွားလိမ့်မည်။ ယင်းသို့သော အသိပညာသည်သာ စစ်မှန်ပြီး သင်၏ ကိုယ်ပိုင်အခြေအနေကို အမှန်တကယ် နားလည် သဘောပေါက်စေမည်ဖြစ်ကာ သင်၏ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို ရရှိနိုင်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အသင်းတော် အသက်တာနှင့် လက်တွေ့အသက်တာ ဆွေးနွေးခြင်း) “လူတစ်ဦးသည် အသက်တာဝင်ရောက်မှုကို ရှာဖွေရာတွင် နေ့စဉ်အသက်တာ၌ သူကြုံတွေ့ရသော ကိစ္စတိုင်းတွင် မိမိကိုယ်တိုင်၏ စကားလုံးများ၊ လုပ်ရပ်များ၊ အတွေးများနှင့် စိတ်ကူးများကို ဆန်းစစ်ရမည်။ သူသည် မိမိကိုယ်တိုင်၏ အခြေအနေများကို နားလည်သဘောပေါက်ရမည်ဖြစ်ပြီး၊ ၎င်းတို့ကို သမ္မာတရားနှင့် နှိုင်းယှဉ်စစ်ဆေးရမည်၊ သမ္မာတရားကို ရှာဖွေရမည်ဖြစ်ပြီး မိမိနားလည်သည့် သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ရမည်ဖြစ်သည်။ သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်း ဖြစ်စဉ်အတွင်းတွင် သူသည် မိမိကိုယ်တိုင်၏ အခြေအနေများကို နားလည်သဘောပေါက်ရမည်ဖြစ်ပြီး ဘုရားသခင်ထံ ဆုတောင်းဖို့ရန်နှင့် သူ့အား အသနားခံဖို့ရန် ဘုရားသခင်ရှေ့မှောက်သို့ မကြာခဏ လာရမည်ဖြစ်သည်။ သူသည် ပွင့်လင်းသော စိတ်နှလုံးဖြင့် အခြားညီအစ်ကို မောင်နှမများနှင့်အတူ မကြာခဏ မိတ်သဟာယဖွဲ့ခြင်း၊ သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ရာလမ်းကြောင်းကို ရှာခြင်းနှင့် သမ္မာတရား၏ အခြေခံ သဘောတရားများအား ရှာဖွေခြင်းတို့ကို ပြုလုပ်ရမည်။ နောက်ဆုံးတွင် သူသည် နေ့စဉ်အသက်တာ၌ မည်သည့် စိတ်သဘောထားများကို ဖော်ထုတ်ပြကြောင်း၊ ယင်းတို့တွင် ဘုရားသခင် ကျေနပ်အားရခြင်း ရှိမရှိ၊ သူလက်တွေ့လုပ်ဆောင်သည့် လမ်းကြောင်းက မှန်မမှန်၊ မိမိအထဲ၌တွေ့ရသော အခြေအနေများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ယှဉ်၍ မိမိဘာသာဆန်းစစ်ခြင်းမှတဆင့် စစ်ဆေးခြင်း ရှိမရှိ၊ ဤအရာများကို အတိအကျ စစ်ကြောထားခြင်း ရှိမရှိ၊ ယင်းတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ကိုက်ညီခြင်း ရှိမရှိဆိုသည်နှင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ကိုက်ညီသည့် ထိုအခြေအနေများနှင့် စပ်လျဉ်း၍ သူသည် အောင်မြင်မှုတစ်ခု အမှန်တကယ် ရရှိထားပြီး ဝင်ရောက်မှုကို အမှန်တကယ် ရယူထားခြင်းရှိမရှိ ဟူသည်တို့ကို သိမြင်လာလိမ့်မည်။ သင်သည် ဤအခြေအနေများ၊ ဤအနေအထားများထဲ၌ မကြာခဏ အသက်ရှင်သည့်အခါ သမ္မာတရားအချို့နှင့် သင်၏ တကယ့်အခြေအနေများအပေါ် အခြေခံသိနားလည်မှုကို တဖြည်းဖြည်း သင်ရရှိလာလိမ့်မည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူတစ်ယောက်၏စိတ်သဘောထားကိုသိခြင်းသည် ၎င်းပြောင်းလဲခြင်း၏ အခြေခံအုတ်မြစ်ဖြစ်၏”) ဘုရားသခင်၏ နှုတ်ကပတ်တော်များက အသက်ဝင်ရောက်မှုအတွက် လမ်းကြောင်းကို ပြပေးခြင်းဖြစ်သည်။ အဲဒီလမ်းကြောင်းကိုက တကယ့်လက်တွေ့ဘဝ ဖြစ်ပျက်တာများအားလုံးထဲမှာ ကျွန်မတို့၏ အတွေးတိုင်း လုပ်ရပ်တိုင်းကို ဆန်းစစ်ဖို့၊ ပြီးလျှင် ယင်းတို့ကို ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ ထုတ်ဖော်မှုများနှင့် ချိန်ဆပြီး အထိန်းအကွပ်ရှိဖို့၊ ကျွန်မတို့၏ အကျင့်ပျက် စိတ်သဘောထားများကို ဆင်ခြင်ပြီး သိဖို့၊ ပြီးလျှင် ယင်းတို့ကို ဖြေရှင်းဖို့အတွက် သမ္မာတရားကို အသုံးပြုတတ်အောင် ကြိုးစားဖို့တို့ဖြစ်သည်။ မိမိကိုယ်ကိုယ် အမှန်တကယ် သိကြဖို့၊ ဘုရားသခင့်နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲကို ဝင်ရောက်ဖို့အတွက်၊ ဤသည်က တစ်ခုတည်းသောလမ်းဖြစ်သည်။
လွန်ခဲ့သည့် ခြောက်လက စည်းဝေးပွဲတစ်ခုမှာ အစ်ကိုချန်းက သူ့အတွေ့အကြုံတစ်ခုကို မျှဝေသည်။ သူ ပြောသည့်အရာ ပြီးသည့်အခါ၊ ကျွန်မ စဉ်းစားကြည့်သည်။ သူက သူ့တာဝန်မှာ ခေါင်းမာမာနှင့်၊ အခြေခံစည်းမျဉ်းများကို ဆန့်ကျင်ခဲ့သည်။ ထို့ကြောင့် ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရသည်။ သူက အကြောင်းပြချက်များ မပေးဘဲ၊ သူ့ကိုယ်သူ စိတ်ထိန်းနိုင်အောင်သာ အားထုတ်ခဲ့ခြင်းဖြစ်သည်။ နာခံသည်ဟု ထင်ရသော်လည်း၊ သူ့အလုပ်မှာ ဘာကြောင့် ခေါင်းမာခဲ့သည်၊ မည်သည့်ဖောက်ပြန်သည့် စိတ်သဘောထားများက သူ့ကို ထိန်းချုပ်ခဲ့သည်၊ သို့မဟုတ် အရင်းခံအကြောင်းရင်းက မည်သည့်အရာဖြစ်သည်တို့နှင့်ပတ်သက်ပါက၊ သူက ယင်းတို့ကို အမှန်တကယ် ဆင်ခြင်ကြည့်ခြင်း၊ နားလည်အောင် ကြိုးစားခြင်း မရှိခဲ့ပါ။ ယင်းတို့ကို ဖြေရှင်းဖို့ သမ္မာတရားကိုလည်း မရှာဖွေခဲ့ပါ။ သူ၏ လိုက်နာခြင်းက သူ့ဘာသာ စည်းကမ်းများအတိုင်း လိုက်လုပ်နေခြင်းဖြစ်သည်။ စစ်မှန်သည့် နာခံမှုလို့ မခေါ်နိုင်ပါ။ ကျွန်မလည်း “ဒီချို့ယွင်းချက်ကို သူ့ကို ပြောပြလိုက်သင့်လား” ဟု စဉ်းစားသည်။ သို့ရာတွင် နောက်တော့ “အစ်ကိုချန်းက ယုံကြည်သူတစ်ယောက် ဖြစ်ခဲ့တာ ငါ့ထက် ကြာနေပြီ။ သူ နားလည်ပုံနဲ့ အတွေ့အကြုံက ငါ့ထက် သာတယ်။ ငါက သူ့ကို အကြံပေးမယ်ဆိုရင်၊ ကလေးတစ်ယောက်က ကြီးကြီးကျယ်ကျယ် ပြောသလို ဖြစ်သွားမှာလား။ ငါကပဲ အထက်စီးဆန်သွားမလား။ ဘာမှမပြောတာဘဲ ကောင်းပါတယ်” ဟု တွေးမိပြန်သည်။ သူက သူ့မိတ်သဟာယ ပြီးသွားသည့်အခါ၊ သူ့ထံ၌ ကျွန်မတို့မြင်မိသည့် ချို့ယွင်းချက်များကို ပြောပြပေးခိုင်းသည်။ ကျွန်မက သူ့အကြောင်းကို ထောက်ပြချင်သော်လည်း၊ မလုပ်ခဲ့မိပါ။ ကျွန်မ “သူက ငါ့ထက် အများကြီး အသက်ကြီးတယ်။ ရှင်က အမှန်တကယ် နာခံနေတာမဟုတ်ဘူး၊ စည်းကမ်းတွေကို လိုက်နာနေတာ သက်သက်ပဲဆိုပြီး ငါက ပြောလိုက်ရင်၊ သူ အများကြီး မျက်နှာပျက်ရမယ်။ ငါက ဒုက္ခပေးမိသလိုလည်း ဖြစ်မယ်။ သူက အဲဒါကို လက်မခံဘဲ၊ ငါ့ကို အထက်စီး ဆန်လွန်းတယ် အတွေ့အကြုံမရှိဘူးလို့ ပြောရင်လည်း၊ ငါပဲ အများကြီး အရှက်ရမိလိမ့်မယ်။ ငါက သူ့ကိုလည်း သေချာ သိတာမဟုတ်ဘူး။ ငါ့ကို မကောင်းမြင်တာမျိုး ဖြစ်သွားရင် မတန်ဘူး” ဟု စဉ်းစားမိသည်။ ကျွန်မက အတော်ကြာ ချီတုံချတုံဖြစ်ပြီးမှ၊ “အစ်ကို့မှာ အတွေ့အကြုံများအများကြီး ရှိပါသည်။ လက်တွေ့ကျကျ နားလည်မှုလည်း ရှိသည်” ဟု ပြောလိုက်သည်။
ဤသည်ကို ပြောပြီး ကျွန်မ ဘဝင်မကျမိပါ။ ကျွန်မက သူ့ပြဿနာများကို ရှင်းရှင်းလင်းလင်း မြင်နိုင်သော်လည်း၊ ယင်းတို့အကြောင်းကို တစ်ခွန်းမျှ မဟခဲ့ပါ။ ထိုအစား ကျွန်မ၏အသိစိတ်နှင့် ဆန့်ကျင်နေသည့် အဆင်ပြေသည့် အရာကိုသာ ပြောခဲ့သည်။ ထိုကိစ္စနှင့်ပတ်သက်၍ စစ်မှန် ရိုးသားခြင်း မရှိခဲ့ပါ။ ထို့နောက် ထိုကာလတစ်လျှောက်လုံး ကျွန်မတို့ စည်းဝေးခဲ့သည့်အရာများကို စဉ်းစားကြည့်သည်။ ပွဲတိုင်းမှာလည်း အယောက်တိုင်းက မိတ်သဟာယပြုခဲ့ကြသည်။ မိမိကိုယ်ကိုယ် ဆင်ခြင်ဖို့ သိလာဖို့ကို နေ့တိုင်း လုပ်ခဲ့ကြရသည်။ မုသားများဖြစ်စေ၊ သမ္မာတရားကို လျှော့ပေါ့ပြောခဲ့ခြင်းဖြစ်စေ ကျွန်မတို့များ မည်မျှ ပြောခဲ့သည်ကို မြင်အောင်၊ ပြီးလျှင် ပုဂ္ဂိုလ်ရေးရည်ရွယ်ချက်များနှင့် ပြောခဲ့သည့်အရာများ မည်မျှ များနေသည်၊ ကျွန်မတို့ ပြောခဲ့လုပ်ခဲ့သည့်အရာများမှာ မည်သည့်အရာများက သမ္မာတရားနှင့် ဆန့်ကျင်သည်တို့ကို မြင်စေဖို့ဖြစ်သည်။ ကျွန်မက အစ်ကိုချန်းကို လိမ်ခဲ့သည်မှာ တစ်ခုသာရှိသည်ကို နားလည်မိသည်။ ဘုရားသခင်က ကျွန်မတို့ကို ရိုးသားဖို့၊ ပွင့်လင်းဖို့၊ အရှိကို အရှိအတိုင်းပြောဖို့ အကြိမ်ကြိမ် တိုက်တွန်းသည်ကိုလည်း သိပါသည်။ သို့ရာတွင် ဤကဲ့သို့ အခြေခံအကျဆုံး သတ်မှတ်ချက်ကို ကျွန်မက လက်တွေ့မလုပ်ဆောင်နိုင်ခဲ့ပါ။ ဤအချိန်မှာ ကျွန်မ စပြီး စိတ်ပျက်သွားမိသည်။ မိမိကိုယ်ကိုယ်သိအောင် ကျွန်မကို လမ်းပြပေးဖို့၊ ဘုရားသခင်ရှေ့မှောက်မှာ ချက်ချင်း ဆုတောင်းသည်။ ထိုအချိန်တွင် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ကျွန်မ ဖတ်မိသည်၊ “သင်တို့အားလုံး ကောင်းစွာ ပညာတတ်မြောက်ကြသည်။ သင်တို့အားလုံးသည် သင်တို့၏ပြောဆိုပုံ၌ စစ်ဆေးခံရသည့်အဖြစ်နှင့် လျှော့တွက်ခံရသည့် အဖြစ်ကိုလည်းကောင်း၊ သင်စကားပြောသော ဟန်ပန်ကိုလည်းကောင်း အာရုံစိုက်ကြသည်- သင်တို့သည် လိမ္မာပါးနပ်ပြီး ကိုယ့်သိက္ခာကိုယ်လေးစားခြင်းနှင့် အခြားသူများ၏ ဂုဏ်သိက္ခာအား ထိခိုက်မှုမပြုမိရန် သင်ယူထားကြသည်။ သင်တို့၏ စကားများနှင့် လုပ်ဆောင်ချက်များတွင်၊ သင်တို့သည် လူတို့ လှုပ်ရှားဆောင်ရွက်ရန်အတွက် နေရာချန်ပေးတတ်ကြသည်။ သင်တို့သည် လူတို့အား အေးငြိမ်းသက်သာစေဖို့ တတ်နိုင်သမျှ ပြုလုပ်ကြသည်။ သူတို့၏ အမာရွတ်များ သို့မဟုတ် အားနည်းချက်များကို သင်မဖော်ထုတ်သကဲ့သို့ သူတို့ကို မနာကျင်စေရန် သို့မဟုတ် အရှက်မရစေရန် သင်ကြိုးစားသည်။ ထိုသို့သောအရာမှာ ပြုမူရာတွင် လူအများစု အသုံးပြုသည့် နိယာမဖြစ်သည်။ ထိုသို့ဆိုသော် ဤသည်မှာ မည်သို့သော နိယာမမျိုးဖြစ်သနည်း။ ယင်းမှာ ဒုက္ခပေးသည်၊ ယုံကြည်၍မရ၊ စဉ်းလဲဖောက်ပြန်ပြီး မသိမသာ အန္တရာယ်ပေးတတ်သည်။ လူတို့၏ အပြုံးမျက်နှာများ နောက်ကွယ်တွင် ကွယ်ဝှက်ထားသည်မှာ မလိုမုန်းထားသော၊ အန္တရာယ်ပေးတတ်ပြီး စက်ဆုပ်ဖွယ်ကောင်းသော အရာများစွာ ဖြစ်သည်။ ဥပမာ၊ အခြားသူများနှင့် အပြန်အလှန်ဆက်ဆံရာတွင် လူအချို့တို့သည် အခြားလူက အဆင့်အတန်း အနည်းငယ်ရှိသည်ကို တွေ့ရှိသည်နှင့် တစ်ပြိုင်နက် တစ်ဖက်လူ စိတ်လက်ချမ်းသာစေဖို့ ညက်ညောသော၊ နားဝင်ချိုသော၊ မြှောက်ပင့်ခယသော နည်းလမ်းဖြင့် စကားစပြောကြလိမ့်မည်။ သို့သော် ယင်းမှာ ၎င်းတို့ အမှန်တကယ် စဉ်းစားနေသည့်အရာ ဖြစ်သလော။ ၎င်းတို့သည် အကြံများနှင့် ဖုံးကွယ်ထားသော ရည်ရွယ်ချက်များ သိုဝှက်ထားကြသည်မှာ အလွန်သေချာပေသည်။ ထိုကဲ့သို့သော လူတို့သည် မိမိတို့၏စိတ်နှလုံးထဲတွင် မှောင်မိုက်ခြင်းရှိပြီး အလွန်စက်ဆုပ်ဖွယ်ကောင်းကြသည်။ အသက်တာတွင် ထိုသို့သောလူများ ပြုမူနေထိုင်သည့်ပုံစံမှာ စက်ဆုပ်ရွံရှာဖွယ်ကောင်းပြီး အလွန်မနှစ်မြို့စရာ ဖြစ်သည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘဝတွင် တိုးတက်ခြင်း၏ အညွှန်းခြောက်ခု”) ကျွန်မ ဖြစ်နေသည့် အခြေအနေကို ဘုရားသခင်၏နှုတ်ကပတ်တော်များက အတိအကျ ထုတ်ဖော်ပြခြင်းဖြစ်သည်။ ကျွန်မ၏စကားများက စိုးစဉ်းမျှ မရိုးသားခဲ့ပါ။ လှည့်ဖြားလွန်းခဲ့သည်။ လူများကို မထိခိုက်စေဖို့ ကျွန်မက ဝေ့ဝိုက်ပြီး ပြောခဲ့သည်။ ကောင်းသည့်အရာများကိုသာ အမြဲပြောခဲ့သည်။ အပြင်ပန်းအရ၊ ကျွန်မက အခြားသူများအတွက် စဉ်းစားပေးသည်ဟု ထင်စရာဖြစ်သည်။ သို့ရာတွင် ကျွန်မ၏ တကယ့်ရည်ရွယ်ချက်များက အခြားသူများ မိမိကို အကောင်းပြောဖို့၊ မိမိ၏သိက္ခာနှင့် အဆင့်အတန်းကို ကာကွယ်ဖို့အတွက်သာ ဖြစ်သည်။ အစ်ကိုချန်း၏ အတွေ့အကြုံများကို နားထောင်ရင်းနှင့်၊ သူက စည်းကမ်းများကိုသာ လိုက်နာလွန်းသည်ကို ကျွန်မ ကောင်းစွာ သိခဲ့သည်။ ဤသည်မှာ သူ့အတွက် အသက်ဝင်ရောက်မှုကို အထောက်အကူ မဖြစ်မှန်းလည်း ကျွန်မ သိသည်။ သို့ရာတွင် ဤသည်ကို ထုတ်ပြောလိုက်ပါက၊ သူ့ကို အရှက်ရစေမည်။ ကျွန်မကိုလည်း မကောင်းမြင်လာမည်ဟု ကျွန်မက တွေးသည်။ ထို့ကြောင့် ပါးစပ်ပိတ်ခဲ့မိသည်။ သူက အကြံပေးကြဖို့ ပြောလာသည့်အချိန်တွင်ပင်၊ ကျွန်မက ပွင့်ပွင့်လင်းလင်း မရှိသေးပါ။ ထိုအစား သူ့ကို မြှောက်ပင့်ပြီး လှည့်စားလိုက်သည်။ ကျွန်မက မရိုးသားလွန်းခြင်းဖြစ်သည်။ အစ်ကိုချန်းက သူ့ချို့ယွင်းချက်များ၊ ဟာကွက်များကို ပြင်ချင်သောကြောင့်၊ ကျွန်မတို့ကို သူ့အမှားများကို ထောက်ပြခိုင်းခြင်းဖြစ်သည်။ သို့ရာတွင် ကျွန်မက သူ့ကို ကူညီဖို့ တာဝန်မကျေသည့်အပြင်၊ သူ့ကို လိမ်ညာလှည့်ဖြားဖို့အတွက် ချီးမွမ်းလိုက်သေးသည်။ ထိုအချိန်မှသာ ကျွန်မ နားလည်မိသည်၊ ကျွန်မ ပြောသည့်အရာများက ကောင်းမွန်သောကြောင့်၊ မည်သူမျှ မကျေမနပ် မဖြစ်သော်လည်း၊ အကြောင်းကိစ္စတစ်ခုနှင့် ကြုံသည့်အခါ၊ ကျွန်မက သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ပါ။ ယင်းက အမှန်တကယ်တွင် လူကောင်းတစ်ယောက် ဖြစ်နေခြင်း မဟုတ်ပါ။ လိမ်ညာလှည့်ဖြားနေခြင်း ဖြစ်သည်။ မိမိကိုယ်ကိုယ် ငယ်သေးသည်၊ အတွေ့အကြုံမရှိဘဲ၊ လောကကြီး၏သဘောများကို မသိဟု ထင်ခဲ့ဖူးသည်။ ကျွန်မက တကယ်တော့ ဉာဏ်များ လွန်းသည်ကို အဖြစ်မှန်များနှင့် ဖော်ထုတ်ခံရသည့်အခါမှသာ မြင်မိခြင်းဖြစ်သည်။ မိမိကိုယ်ကိုယ်လည်း စပြီး ရွံလာမိသည်။ မရိုးမသားနှင့် လိမ်ညာလွန်းခြင်းများ ထပ်ပြီး မဖြစ်ချင်တော့ပါ။ နောက်တော့ ကျွန်မ ဘုရားသခင်ထံ ဆုတောင်းသည်။ နောင်တရချင်သည်၊ အမှန်ကိုပဲ ပြောချင်သည်၊ သူ သတ်မှတ်သည့်အတိုင်း ရိုးသားသူတစ်ယောက် ဖြစ်ချင်သည်။
အစ်ကိုချန်းဆီမှာ ကျွန်မ တွေ့မိသည့် ပြဿနာများကို စာနှင့်ရေးပြီး၊ သူ့ဆီ ပို့ပေးဖို့ ရည်ရွယ်လိုက်သည်။ သို့ရာတွင် စာကိုရေးရင်း၊ ထပ်ပြီး ချီတုံချတုံဖြစ်ပြန်သည်။ ကျွန်မ ရေးသည့်အရာများက အသုံးအနှုန်း မသင့်တော်ပါ၊ သူက သဘောကျမှာ မဟုတ်ပါ၊ ဘာမျှမဟုတ်သည့်အရာများကို ရေးကြီးခွင့်ကျယ် လုပ်နေသည်ဟု ထင်သွားမည်ဟု စိုးရိမ်သည်။ ပြီးလျှင် ထိုအချိန်က ထုတ်မပြောဘဲ၊ ယခုမှ အရေးတကြီး လုပ်သည်ဆိုပါက၊ ကျွန်မက ဘာမျှမဟုတ်သည့်အရာကို ဇာချဲ့နေသည်ဟု သူက ထင်မလား။ “ဒီတစ်ခါတော့ ငါ ဘာမှ မပြောသင့်ပါထင်သည်။ နောက်တစ်ခါမှ ပြောမည်” ဟု တွေးပြန်သည်။ သို့ရာတွင် ထိုအတွေးနှင့် ကျွန်မ ထပ်ပြီး စိတ်ပျက်လာသည်။ ဘုရားသခင်က ဤအခြေအနေကို ကျွန်မကိုယ်တိုင် နားလည်ဖို့အတွက်သာ စီစဉ်ထားခြင်း မဟုတ်ပါ။ ကျွန်မအနေနှင့် သူ့နှုတ်ကပတ်တော်များကို လက်ခံပြီး၊ လက်တွေ့လုပ်ဆောင်ဖို့ကို၊ သူက မျှော်လင့်နေခြင်း ဖြစ်သည်။ ကျွန်မက ယင်းကို လက်လျှော့ပြီး ရှောင်ပြေးပါက၊ ဘုရားကို လှည့်စားနေတာ ဖြစ်မသွားပါလား။ ကျွန်မလည်း ဘုရားသခင်ဆီ ထပ်ပြီး ဆုတောင်းလိုက်သည်။ “အစ်ကိုချန်းရဲ့ ဂုဏ်မာနနဲ့ပတ်သက်ပြီး စိုးရိမ်တာမျိုး၊ သူများတွေ ကျွန်မကို ဘယ်လိုထင်မလဲဆိုပြီး စဉ်းစားတာမျိုးတွေ ကျွန်မ ထပ်မဖြစ်ချင်တော့ပါဘူး။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖြစ်အောင် ကျွန်မကို လမ်းပြတော်မူပါ၊ ဘုရားသခင်” ဟု ပြောမိသည်။ ပြီးလျှင် ကျွန်မလည်း အစ်ကိုချန်း၏အတွေ့အကြုံကို သေချာဆင်ခြင်ကြည့်ပြီး၊ ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် ပေါင်းစပ်ပေးသည်။ ကျွန်မ သတိပြုမိထားသည့်အချက်များနှင့် ကိုယ်တိုင်နားလည်မိသည့်အရာ အနည်းငယ်ကို ချရေးပြီး၊ အစ်ကိုချန်းဆီ ပို့လိုက်သည်။ ထိုနည်းနှင့် လက်တွေ့လုပ်ဆောင်လိုက်သည့်အခါ၊ ပိုပြီး ငြိမ်းအေးသွားသကဲ့သို့ ခံစားရသည်။ အစ်ကိုချန်းဆီက တုံ့ပြန်မှုကိုလည်း နောက်တစ်နေ့တွင်ပင် ရသည်။ ကျွန်မ၏စာကို ဖတ်ရသည်မှာ၊ သူ တော်တော် လှိုက်လှိုက်လှဲလှဲဖြစ်မိသည်ဟု ပြောသည်။ သူ့အကြောင်းများကို စာရေးပြီးပြောသည်ကို ဘုရားသခင်၏ ချစ်ခြင်းမှ ရရှိလာခြင်း ဖြစ်သည်ဟု ပြောသည်။ အကြောင်းကိစ္စများ ပေါ်သည့်အခါ၊ သူ့အနေနှင့် သမ္မာတရားကို ရှာဖွေဖို့ အာရုံမစိုက်ခဲ့သည်ကို သူ နားလည်သွားသည်။ ပြုပြင်ခံရချိန် ကိုင်တွယ်ဖြေရှင်းခံရချိန်မှာလည်း၊ သူက အိုးနင်းခွက်နင်းနှင့် ပြီးသွားခဲ့သည်။ အကြောင်းကိစ္စများနှင့် ကြုံသည့်အခါ သူ လုပ်မိနေသည့် အမှားများကို ပြုပြင်ဖို့ အသင့်ဖြစ်နေပါပြီဟု ရေးထားသည်။ သူ့ထံမှ ပြန်စာကို ဖတ်ပြီး၊ ကျွန်မလည်း တော်တော် လှိုက်လှိုက်လှဲလှဲ ခံစားရသည်။ ညီအစ်ကိုမောင်နှမများနှင့် အပြန်အလှန်ဆက်ဆံရေးမှာ အများကြီး စိုးရိမ်စရာမလိုဟုလည်း ခံစားမိသည်။ အကြောင်းအရာတစ်ခုကို ထောက်ပြပါက၊ နောက်ကွယ်မှာ မှန်ကန်သည့် ရည်ရွယ်ချက် ရှိရမည်။ သို့ဆိုလျှင် သူတို့က လက်ခံချင်စိတ် ရှိကြမည်။ ကျွန်မ စိုးရိမ်သည့်အရာများအားလုံးက မိမိ၏စိတ်အထင်သက်သက်သာ ဖြစ်သည်။ ပျက်စီးသည့် မိမိစိတ်သဘောထား၏ ထိန်းချုပ်မှုအောက်မှာ ရောက်နေခဲ့သောကြောင့် ဖြစ်သည်။ အသင်းတော်ထဲက ပေါင်းသင်းဆက်ဆံရေးကို ရှင်သန်ရေး အတွေးအခေါ်ကို မရိုးသားသည့်လှည့်ကွက်များပေါ်မှာ အမှီပြုခြင်းမဟုတ်ပါ၊ ဘုရားသခင်၏နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်မှုနှင့် အပြန်အလှန် ရိုးသားမှုပေါ်မှာ တည်ဆောက်သည်ကိုလည်း ကျွန်မ နားလည်လာသည်။
သို့ရာတွင် ကျွန်မက စာတန်ကြောင့် ဆိုးဆိုးဝါးဝါး ပျက်စီးခဲ့သည့်အပြင်၊ မိမိ၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကလည်း နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသောကြောင့်၊ ကျွန်မ၏သိက္ခာနှင့် အကျိုးအမြတ်များ ထိပါးခံရပါက၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ခက်ခဲသွားမည်ဖြစ်သည်။
နောက်ပိုင်း အချိန်အနည်းငယ်ကြာတော့၊ ညီမငယ် တစ်ယောက်က အွန်လိုင်းက ဝတ္ထုများကို မကြာမကြာ ဖတ်လေ့ရှိသည်ကို တွေ့မိသည်။ ကျွန်မရင်ထဲမှာ ပူပန်လာပြီး၊ “ဒီအွန်လိုင်းဝတ္ထုတွေ အများစုက လူက ဖန်တီးထားတဲ့ စိတ်ကူးယဉ်သက်သက်တွေပဲ။ သူ့ခေါင်းထဲမှာ အဲဒါတွေနဲ့ပြည့်နေရင်၊ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ချင်တော့မှာ မဟုတ်ဘူး၊ သူ့တာဝန်ကိုလည်း လုပ်ချင်တော့မှာ မဟုတ်ဘူး။ အဲဒါဆို သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်ချက်ကို သူ ဆုံးရှုံးရလိမ့်မယ်။ သူ့အသက်တာမှာလည်း ဆုံးရှုံးမှုကြီးလိမ့်မယ်။ ငါ ဒီကိစ္စကို သူနဲ့ ပြောမှဖြစ်မယ်” ဟု စဉ်းစားကြည့်သည်။ သို့ရာတွင် ကျွန်မ ထုတ်ပြောမည်ဆဲဆဲတွင်၊ “သူက မကျေမနပ်ဖြစ်ပြီး၊ ကျွန်မကို မဆိုင်တာ ဝင်ရှုပ်နေတယ်လို့ ထင်မှာလား။ သူက ကျွန်မ ပြောတာကို လက်မခံဘူးဆိုရင်၊ တစ်ယောက်နဲ့တစ်ယောက် နေ့တိုင်း တွေ့နေရတော့ တော်တော် ကသိကအောက်ဖြစ်မယ်။ အသင်းတော်ခေါင်းဆောင်ကိုပဲ အသိပေးပြီး၊ အဲဒီအကြောင်းကို သူနဲ့ပဲ မိတ်သဟာယ ပြုခိုင်းလိုက်တာ ကောင်းမယ်ထင်တယ်။” ဟု ချီတုံချတုံ ဖြစ်သည်။ သို့ရာတွင် ဤစဉ်းစားပုံက မှားသည်ကို ကျွန်မ သိသည်။ ကျွန်မက ထိုကိစ္စကို တွေ့မိသည့်သူ ဖြစ်နေသောကြောင့်၊ သူ့ကို ထိုအကြောင်း မိတ်သဟာယပြုပေးဖို့ ကျွန်မမှာ တာဝန်ရှိသည်။ ကျွန်မအနေနှင့် အခြားတစ်ယောက်ဆီ တာဝန်လွှဲမချသင့်ပါ။ ထိုနောက်ပိုင်းမှာ ကျွန်မလည်း သူ့ကိစ္စကို ထုတ်ပြောလိုက်ဖို့ အကြိမ်တော်တော်များများ စဉ်းစားသည်။ သို့ရာတွင် စဉ်းစားလိုက်တိုင်း မည်သည့်အရာမျှ ပြောမထွက်ပါ။ မည်သည့်နေရာက စပြောရမည်ကို မသိခဲ့ပါ။ ဤအတိုင်းသာ တစ်ရက်ပြီးတစ်ရက် ကုန်သွားရင်း၊ တစ်ရက်တွင် အသင်းတော်ခေါင်းဆောင်က ထိုညီမ၏ အခြေအနေနှင့်ပတ်သက်ပြီး ကျွန်မကို မေးလာသည်။ ထိုအခါမှသာ ကျွန်မလည်း ခေါင်းဆောင်ကို ဤအကြောင်း ပြောမိသည်။ အံ့အားလည်း သင့်မိသည်။ သူမက အခြားကိစ္စတစ်ခုနှင့် အလုပ်များနေသောကြောင့်၊ ထိုညီမကို ကျွန်မကသာ မိတ်သဟာယပြုပေးဖို့ ပြောလာသည်။ ကျွန်မက မိမိ၏ ဇာတိပကတိကို စွန့်လွှတ်ပြီး၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိကို သိရစေဖို့၊ ဘုရားသခင်က ဤအခြေအနေကို ကျွန်မအတွက် စီစဉ်နေသည်ကို နားလည်မိသည်။ ကျွန်မ တော်တော်ကြာ စိတ်မသက်မသာ ဖြစ်ခဲ့ရသည်ကိုလည်း စဉ်းစားမိသည်။ အထူးသဖြင့် ထိုညီမကို မြင်ပါက၊ သူမကို ထုတ်မပြောမိသေးသည့်အတွက် မိမိဘာသာ ချောက်ချားနေသည်။ ကျွန်မက သူမအပေါ် ချစ်ခြင်းမေတ္တာ မပြမိသေးပါ၊ တာဝန်မယူမိသေးပါ။ မိမိအသိစိတ်မှာ ဒုက္ခရောက်နေခြင်း ဖြစ်သည်။ အွန်လိုင်းဝတ္ထုများကို အများကြီး အာရုံစိုက်မိနေပါက ဖြစ်လာမည့် အန္တရာယ်များကို ကျွန်မ သိသည်။ လူများကို လှည့်ဖြားဖို့ အကျင့်ပျက်စေဖို့၊ လူများ၏အတွေးများကို ထိန်းချုပ်ပြီး ဘုရားသခင်ကို ရှောင်ဖယ်စေဖို့အတွက် စာတန်နတ်ဆိုးက ဤအန္တရာယ်ရှိသည့် ခေတ်ရေစီးများကို အသုံးပြုခြင်းဖြစ်သည်။ သို့မှသာ လူများက ပို၍ပို၍ ဆုတ်ယုတ်ပြီး အားငယ်လာမည်။ နောက်ဆုံးကျမှ စာတန်က သူတို့ကို ဝါးမျိုပစ်မည် ဖြစ်သည်။ ထိုညီမ၏အသက်တာက မည်မျှ ပျက်စီးသွားနိုင်သည်၊ သူမ၏တာဝန်မှာ အာရုံမရောက်ခြင်းသည် အသင်းတော်၏အလုပ်ကို အများကြီး ထိခိုက်စေနိုင်သည်တို့ကို ကျွန်မက တစ်စက်မျှ မစဉ်းစားကြည့်ခဲ့ပါ။ ထုတ်ပြောမိသောကြောင့် သူမ မကျေမနပ်ဖြစ်မည်ကိုသာ စိုးရိမ်နေခဲ့သည်။ ကျွန်မတို့ကြား ဆက်ဆံရေး မပျက်အောင် ကျွန်မက အလွန် သတိထားလွန်းခဲ့ခြင်းဖြစ်သည်။ ကျွန်မက တစ်ကိုယ်ကောင်းဆန်ပြီး ရွံစရာကောင်းလွန်းခဲသည်။
ထိုအချိန်တွင် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ကျွန်မ ဖတ်မိသည်၊ “ကောင်းမွန်သော လူတစ်ယောက်ဖြစ်ရန် အမှန်တကယ် လွယ်ကူပြီး နည်းနည်းပြော၍ များများလုပ်ခြင်းကိုသာ တောင်းဆိုကာ စိတ်ကောင်း ရှိခြင်းနှင့် မကောင်းသောအကြံ မရှိခြင်း ဖြစ်သည်ဟု များစွာသော လူတို့က ယုံကြည်ကြသည်။ ဤအရာက သူတို့ဘယ်သွားသွား သူတို့အား ကြွယ်ဝစေရန် သေချာစေလိမ့်မည်၊ လူတို့သည် သူတို့ကို နှစ်သက်မည်ဖြစ်ပြီး ထိုကဲ့သို့သော လူဖြစ်ရခြင်းမှာ ကျေနပ်ရလောက်အောင် ကောင်းမွန်ပေသည်ဟု သူတို့က ယုံကြည်ကြသည်။ ထိုသူတို့သည် သမ္မာတရားကို မလိုက်လျှောက်လိုသည်အထိပင် ဖြစ်ကြသည်။ လူကောင်းများ ဖြစ်ခြင်းဖြင့်သာ သူတို့ကျေနပ်နေကြသည်။ ထိုသူတို့သည် သမ္မာတရားအား လိုက်လျှောက်ခြင်းနှင့် ဘုရားသခင်အားအစေခံခြင်း ကိစ္စတို့မှာ အလွန်ပင်ရှုပ်ထွေးသည်ဟု ထင်ကြသည်။ ထိုအရာက များစွာသော သမ္မာတရားတို့ကို နားလည်ရန် တောင်းဆိုသည်ဟု သူတို့ထင်ပြီး အဘယ်သူသည် ထိုအရာကို ပြီးမြောက်နိုင်မည်နည်း။ ထိုသူတို့သည် လူကောင်းများဖြစ်ပြီး ၎င်းတို့၏တာဝန်များကို ဆောင်ရွက်ခြင်းဟူသည့် ပိုမိုလွယ်ကူသော လမ်းကိုသာ လျှောက်လိုကြပြီး ထိုအရာက လုံလောက်လိမ့်မည်ဟု ထင်ကြသည်။ ဤသဘောထားမှာ ယုတ္တိတန်သလော။ လူကောင်းဖြစ်ရန်မှာ အမှန်တကယ် လွယ်ကူလှသလော။ သင်တို့သည် လွန်စွာဘဝင်မြင့်သော ပုံစံဖြင့် စကားပြောတတ်သော လူကောင်းမြောက်မြားစွာကို ရှာတွေ့လိမ့်မည်ဖြစ်ပြီး ထိုသူတို့သည် အပြင်ပန်းတွင် ကြီးမားသော ဆိုးယုတ်မှု တစ်စုံတစ်ရာကိုမျှ မပြုဖူးဟန်တူသော်ငြားလည်း အတွင်းပိုင်း၌မူ ၎င်းတို့သည် ကောက်ကျစ်၍ စိတ်မချရပေ။ အထူးသဖြင့် ထိုသူတို့သည် အခြေအနေကို လေ့လာသိမြင်နိုင်စွမ်းရှိ၍ ထိုသူတို့၏ နှုတ်ရေးကောင်းခြင်း၌ သူတို့သည် ချောမွတ်၍ လောကီဆန်လေသည်။ ငါ၏အမြင်အရ ထိုကဲ့သို့သော ‘လူကောင်း’ တစ်ဦးမှာ အတုအယောင်သမား၊ သူတော်ကောင်းယောင်ဆောင်သူ ဖြစ်သည်။ ထိုကဲ့သို့သော လူမှာ ကောင်းချင်ယောင်ဆောင်နေခြင်းသာလျှင် ဖြစ်သည်။ အလယ်အလတ် လမ်းစဉ်လိုက်သူတို့ အားလုံးသည် အန္တရာယ် အပြုဆုံးသူတို့ဖြစ်သည်။ ထိုသူတို့သည် မည်သူ့ကိုမျှ မစော်ကားမိစေဖို့ ကြိုးစားကြသည်၊ ထိုသူတို့သည် လူမုန်းမခံချင်သူများဖြစ်သည်၊ ထိုသူတို့သည် အမှုအရာများကို လိုက်လျော၍ မည်သူမျှ ထိုသူတို့ကို မခန့်မှန်းနိုင်ပေ။ ထိုသို့သော သူသည် အသက်ရှင် နေသော စာတန်ဖြစ်သည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်းအားဖြင့်သာ သင်သည် ပျက်စီးသော စိတ်သဘောထား၏ ချည်နှောင်ခြင်းများကို ဖယ်ရှားပစ်နိုင်သည်”) ဘုရားသခင်၏နှုတ်ကပတ်တော်များက ကျွန်မရင်ထဲကို ထိုးဖောက်ဝင်သွားသည်။ ကျွန်မက အလယ်အလတ်လမ်းကိုသာ အမြဲရွေးသည့်သူ၊ မည်သူ့ကိုမျှ မစော်ကားသကဲ့သို့၊ မည်သူ့ပြဿနာများကိုမှ လုံးဝ မထောက်ပြသည့်သူ၊ “ယဉ်ကျေးလိမ္မာ” သူတစ်ယောက် ဖြစ်နေသည်ကို မြင်မိပြီဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ထုတ်ဖော်ပြသည့်အတိုင်း အတိအကျပင် ဖြစ်လေသည်။ တစ်ခုခု ပြောမိပါက၊ မိမိ ပြောနေသည့်သူနှင့် အခြေအနေကို ကျွန်မက သုံးသပ်ကြည့်တတ်သည်။ ဆက်ဆံရေးတစ်ခု ထိခိုက်ခြင်း၊ တစ်ယောက်ယောက်က ကျွန်မထံ၌ အပြစ်ရှာတွေ့ခြင်းတို့ကို လုံးဝ အဖြစ်မခံနိုင်ခဲ့ပါ။ ဤညီမမှာ ပြဿနာတစ်ခုရှိသည်ကို ကျွန်မ မြင်ခဲ့သကဲ့သို့၊ သူမကိုလည်း ထိုအကြောင်း ပြောပြချင်ခဲ့သည်။ သို့ရာတွင် သူမ မကျေမနပ်ဖြစ်သွားနိုင်သည်ကို တွေးမိလိုက်သည်နှင့်၊ ကျွန်မက မပြောမိအောင် အကြိမ်ကြိမ်ရှောင်သည်။ ထိုအစား အသင်းတော် ခေါင်းဆောင်ထံ တာဝန်လွှဲချလိုက်သည်။ ကျွန်မ နားလည်မိသည်မှာ၊ ကျွန်မက မိမိအတွက်သာ စဉ်းစားနေခဲ့ခြင်း ဖြစ်သည်။ အခြားသူများကို အငြင်းပွားစရာ တာဝန်များ ယူခိုင်းသည်။ မိမိအကျိုးကိုမူ မည်သည့်နည်းနှင့်မျှ ထိခိုက်မခံချင်ခဲ့ပါ။ အဲဒါက ညီအစ်ကိုမောင်နှမများအပေါ် ကျွန်မ ပြုမူနေခဲ့သည့်ပုံစံပဲ။ တစ်ခါတစ်ရံ တစ်ယောက်ယောက်က အခြေအနေဆိုးနေခြင်း၊ ယိုယွင်းမှု ပေါ်နေခြင်းကို မြင်မိပါက၊ ကျွန်မက ယင်းကို ထုတ်မပြောသကဲ့သို့၊ မိတ်သဟာယလည်း မပြုဘဲ၊ မမြင်သလိုနေတတ်သည်။ အပေါ်ယံမှာ ကျွန်မက အယောက်တိုင်းနှင့် အဆင်ပြေသည်ဟု ထင်ရသည်။ တကယ်ပဲ ညှာတာတတ်သည့်ပုံစံဖြစ်သည့်။ သို့ရာတွင် ယင်းတို့အားလုံးက အတုအယောင်များ၊ ဟန်ဆောင်တာများသာ ဖြစ်သည်။ ကျွန်မက အပြင်ပန်းတွင် ဟန်လုပ်ရင်း၊ ရင်ထဲက အစစ်အမှန် စကားများကို ဖုံးကွယ်ခဲ့ခြင်း ဖြစ်သည်။ ကျွန်မက တကယ်ကို ကြောင်သူတော်ဖြစ်သည်။ ညီအစ်ကိုမောင်နှမများကို အရှက်မရှိ လှည့်စားထားရင်းပင်၊ မိမိကိုမူ အကောင်းမြင်စေချင်သေးသည်။ အတော်အတန် မရှက်တတ်ခဲ့ခြင်းဖြစ်သည်။ ကျွန်မက လှည့်စားပြီး မသိမသာ အန္တရာယ်ပေးတတ်သည့် လူပါးတစ်ယောက်၊ ဟန်ပြသမားသက်သက် ဖြစ်သည်ကို မြင်ခဲ့မိသည်။
ထိုအချိန်တွင် နောက်ထပ် ဘုရားသခင်၏ နှုတ်ကပတ်တော်အချို့ကို ဖတ်မိပါသည်၊ “လူတို့သည် ဘုရားသခင်၏ အမှုကို တွေ့ကြုံရပြီး သမ္မာတရားကို ရရှိပြီးသည်အထိ အတွင်း၌ သူတို့ကို ထိန်းချုပ်၍ အုပ်စိုးသည်မှာ စာတန်၏ သဘာဝဗီဇဖြစ်၏။ အတိအကျဆိုရလျှင် ထိုသဘာဝဗီဇကို မည်သည့်အရာက ဖြစ်ပေါ်စေသနည်း။ ဥပမာ၊ သင်သည် အဘယ်ကြောင့် တစ်ကိုယ်ကောင်းဆန်ရသနည်း။ သင်၏ကိုယ်ပိုင် ရာထူးဂုဏ်ဒြပ်ကို အဘယ်ကြောင့် ကာကွယ် သနည်း။ သင်သည် အဘယ်ကြောင့် ထိုသို့သော အားကောင်းသည့် စိတ်ခံစားချက်များ ရှိသနည်း။ ထိုမဖြောင့်မတ်သော အရာများကို သင်သည် အဘယ်ကြောင့် မွေ့လျော်ခံစားသနည်း။ သင်သည် အဘယ်ကြောင့် ထိုမကောင်းမှုများကို နှစ်သက်သနည်း။ ထိုသို့သော အရာများကို သင်၏ ကြိုက်နှစ်သက်ခြင်း၏ အခြေခံအကြောင်းရင်းက အဘယ်နည်း။ ဤအရာတို့သည် အဘယ်အရပ်က လာကြသနည်း။ ၎င်းတို့အား လက်ခံသည်ကို သင် အဘယ်ကြောင့် အလွန်ပျော်ရွှင်နေသနည်း။ ဤအရာများအားလုံး၏ နောက်ကွယ်ရှိ အဓိက အကြောင်းရင်းမှာ သင်တို့အတွင်းတွင် စာတန်၏အဆိပ်ရှိခြင်းကြောင့် ဖြစ်ကြောင်း ယခုတွင် သင်တို့အားလုံး နားလည်လာကြပြီ။ စာတန်၏အဆိပ်မှာ မည်သည့်အရာဖြစ်ကြောင်းနှင့် ပတ်သက်၍၊ ယင်းကို စကားလုံးများဖြင့် အပြည့်အဝ ဖော်ပြနိုင်၏။ ဥပမာအားဖြင့်၊ ဒုစရိုက်ကိုပြုသူအချို့ကို ၎င်းတို့ အဘယ်ကြောင့် မကောင်းမှုပြုကြသည်ကို သင်မေးပါက၊ သူတို့က ‘လူတိုင်း ကိုယ့်အတွက်သာ ကိုယ်ကြည့်ပြီး၊ ဘယ်သူသေသေ ငတေမာပြီးရော ဖြစ်သောကြောင့်’ ဟု ဖြေကြလိမ့်မည်။ ဤတစ်ခုတည်းသောစကားစုက ပြဿနာ၏ တကယ့်အရင်းအမြစ်ကို ဖော်ပြလေသည်။ စာတန်၏ တွေးခေါ်မှုစနစ်သည် လူသားတို့၏ အသက်တာများ ဖြစ်လာပြီဖြစ်သည်။ သူတို့သည် အမှုအရာများကို ဤရည်ရွယ်ချက် သို့မဟုတ် ထိုရည်ရွယ်ချက်အတွက် ပြုလုပ်ကောင်းပြုလုပ်ကြသော်လည်း၊ ထိုသူတို့သည် ယင်းကို မိမိတို့အတွက်သာ ပြုကြခြင်းဖြစ်သည်။ ကိုယ့်အတွက်သာ ကိုယ်ကြည့်၊ ဘယ်သူသေသေ ငတေမာပြီးရော ဖြစ်သောကြောင့်၊ သူတို့သည် မိမိတို့၏ကိုယ်ပိုင် အကျိုးအတွက်သာ အသက်ရှင်သင့်ပြီး၊ အစားအစာနှင့် ကောင်းမွန်သော အဝတ်အစားအတွက် ရာထူးကောင်းတစ်နေရာ ရရှိရန် သူတို့ အရာရာကို အစွမ်းကုန် ကြိုးစားလုပ်ဆောင်သင့်သည်ဟု အယောက်တိုင်းက ထင်မှတ်ကြသည်။ ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်၊ ဘယ်သူသေသေ ငတေမာပြီးရော’ ဟူသော ဤအရာမှာ လူသား၏အသက်နှင့် ဒဿနအမြင်ဖြစ်ပြီး ၎င်းက လူသား၏ သဘာဝဗီဇကိုလည်း ကိုယ်စားပြုလေသည်။ စာတန်၏ ဤစကားများမှာ အတိအကျဆိုရလျှင် စာတန်၏ အဆိပ်ဖြစ်ပြီး၊ လူတို့က ယင်းကို နှလုံးသွင်းကြသည့်အခါတွင်၊ ယင်းသည် သူတို့၏ သဘာဝဗီဇ ဖြစ်လာသည်။ စာတန်၏ သဘာဝဗီဇမှာ ဤစကားလုံးများအားဖြင့် ထုတ်ဖော်ခြင်းခံရသည်။ ယင်းတို့က ၎င်းကို လုံးလုံး ကိုယ်စားပြု၏။ ဤအဆိပ်သည် လူတို့၏ အသက်များဖြစ်လာသည့်အပြင်၊ သူတို့တည်ရှိမှု၏ အခြေခံအုတ်မြစ်ဖြစ်လာပြီး ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က နှစ်ထောင်ချီ၍ ဤအဆိပ်၏ အုပ်စိုးခြင်းကို မပြောင်းမလဲ ခံလာရပြီဖြစ်သည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း”) လူပါးတစ်ယောက်ဖြစ်ခြင်း၏ အရင်းခံအကြောင်းရင်းကို ဤနှုတ်ကပတ်တော်များကြောင့် ကျွန်မ အနည်းငယ် နားလည်သွားသည်။ အဓိကက “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏၊” ကိုမျိုး၊ “မိတ်ဆွေကောင်းများ၏အပြစ်များအပေါ် နှုတ်ဆိတ်နေပေးခြင်းသည် ကြာရှည်၍ ကောင်းမွန်သော ခင်မင်မှုဖြစ်စေ၏၊” “ပွင့်လင်းခြင်းသည် အခြားသူများကို စိတ်အနှောင့်အယှက်ဖြစ်စေသဖြင့် အခြားသူများ၏ခံစားချက်များ၊ ဆင်ခြင်တုံတရားများနှင့် သဟဇာတဖြစ်ရန် ကောင်းသောစကားများကို ပြောပါ။” စသည်တို့ကဲ့သို့ စာတန်၏ အတွေးအခေါ်များနှင့် အဆိပ်များက ကျွန်မဆီမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသောကြောင့် ဖြစ်သည်။ ယင်းတို့အားဖြင့် ဖျက်ဆီးခံထားရသောကြောင့် မိမိ၏ဂုဏ်သိက္ခာနှင့် အဆင့်အတန်းအတွက်သာ စဉ်းစားမိခြင်း ဖြစ်သည်။ အခြားသူများကို ကျွန်မ လုပ်သမျှတိုင်းတွင် အကောင်းသာ ပြောစေချင်ခဲ့သည်။ ပြီးလျှင် တစ်ကိုယ်ကောင်းဆန်လွန်းလာပြီး၊ မရိုးမသားနှင့် လှည့်ဖြားတတ်လာသည်။ ငယ်ငယ်လေးကတည်းက၊ အဖေနှင့် အမေက မိမိက ပြောခြင်းထက် ပို၍နားထောင်တတ်စေဖို့ ကျွန်မကို အမြဲသင်ပေးခဲ့တာလေ။ စကားနည်းလေ၊ ပိုကောင်းလေဖြစ်သည်။ ပွင့်ပွင့်လင်းလင်း ဖြစ်လွန်းပါက၊ အခြားသူများက ကြိုက်မည် မဟုတ်ဟု ပြောခဲ့ကြသည်။ ကျွန်မက ဤကဲ့သို့ မကောင်းသည့် အတွေးအခေါ်များနှင့် ရှင်သန်လာခဲ့သောကြောင့်၊ အခြားသူများအပေါ် ပွင့်လင်းရိုးသားသည်ကို မရှိသလောက်ပင် ဖြစ်သည်။ အခင်ဆုံးသူငယ်ချင်းများနှင့်ဆိုလျှင်ပင်၊ မိမိကိုယ်ကိုယ် သဘောမကျဖြစ်ပြီး တစ်မျိုးမြင်မည်စိုးသောကြောင့်၊ ကျွန်မက သူတို့၏အပြစ်များကို ပွင့်ပွင့်လင်းလင်း ထောက်ပြခဲသည်။ ထိုအစား၊ သူတို့ခံစားသည့်အတိုင်း အဆင်ပြေအောင်လိုက်နေပြီး၊ မြှောက်ပင့်ရသည်ကိုသာ သဘောကျခဲ့သည်။ သို့ရာတွင် ယင်းတို့အားလုံးက အလိမ်အညာနှင့် ဟန်ပြသာ ဖြစ်သည်။ အသက်တာအတွက် ဤကဲ့သို့မကောင်းသည့် အတွေးအခေါ်များနှင့် ရှင်သန်နေပါက၊ ဟန်ဆောင် ကောက်ကျစ်လွန်းခြင်း၊ တစ်ကိုယ်ကောင်းဆန် ယုတ်မာခြင်းသာ ဖြစ်စေနိုင်သည်ကို ကျွန်မ နားလည်ခဲ့မိသည်။ ကျွန်မက မိမိအကျိုးအတွက်သာ စဉ်းစားပြီး၊ အခြားသူများအတွက် လုံးဝ မစဉ်းစားခဲ့ပါ။ လူများအပေါ် မစစ်မှန်ခဲ့ပါ၊ သူတို့အပေါ် ချစ်ခြင်းမေတ္တာ မထားခဲ့ပါ။ မည်သို့နည်းနှင့်ဖြစ်ပါစေ၊ ကျွန်မကဲ့သို့ လူတစ်ယောက်က မည်သူ့ကိုမျှ အကူအညီမဖြစ်စေခဲ့ပါ။ အကျိုးမပြုနိုင်ခဲ့ပါ။ ယင်းတို့နှင့်နီးစပ်သည့် အခြေအနေကိုပင် မရောက်ခဲ့ပါ။ ဤဆိုးယုတ်သည့် အတွေးအခေါ်များက တကယ်ကို အဓိပ္ပာယ်မရှိကြောင်းနှင့် ယင်းတို့သည် ပြုမူနေထိုင်ဖို့အတွက် အခြေခံစည်းမျဉ်းများ မဖြစ်သင့်ကြောင်း ကျွန်မ မြင်ခဲ့သည်။ အသက်တာအတွက် ဤကဲ့သို့မကောင်းသည့် အတွေးအခေါ်များနှင့် ရှင်သန်နေခြင်းက ကျွန်မတို့ကို ပျက်စီးခြင်း၊ လူ့သဘာဝ ကင်းမဲ့ခြင်းကိုသာ ပို၍ဖြစ်စေနိုင်သည်ကို သဘောပေါက်မိသည်။ ပြဿနာတစ်ခုကို မြင်မိတိုင်း မည်သည့်အရာမျှ မပြောမိခဲ့သည်ကို ကျွန်မ စဉ်းစားကြည့်သည်။ ကျွန်မက ပြီးသွာ့မှ အပြစ်ရှိသကဲ့သို့ ခံစားနေရသည်။ ထုတ်မရသည့် ကျောက်ခဲတစ်လုံး မိမိရင်ထဲ ဝင်နေသကဲ့သို့ ဖြစ်သည်။ ကျွန်မက သမ္မာတရားကို သိသော်လည်း၊ လက်တွေ့မလုပ်ဆောင်နိုင်သကဲ့သို့ ခံစားခဲ့ရသည်။ မည်သည့် သိက္ခာသမာဓိမှ မရှိသည့် လူကြောက်တစ်ယောက်ကဲ့သို့ ဖြစ်ခဲ့ခြင်း ဖြစ်သည်။ ကျွန်မအသက်အရွယ်မှာ ကျွန်မက ရည်ရည်မွန်မွန် ရှိသူတစ်ယောက် ဖြစ်မလာနိုင်သေးပါ။ လူများ၏ ပေါင်းသင်းဆက်ဆံရေး စည်းမျဉ်းများကိုလည်း မသိသေးပါ။ ထိုအစား ကျွန်မက စာတန် ဖြန့်ဝေသည့် သင်ပေးသည့် လောကီသဘောများကို လက်ကိုင်ပြုခဲ့မိခြင်းဖြစ်သည်။ ထိုအချိန်မှာ မိမိကိုယ်ကိုယ် တကယ် မုန်းခဲ့မိသည်။ ဤမကောင်းသည့် အတွေးအခေါ်များနှင့် ဆက်ပြီး မနေထိုင်ချင်တော့ပါ။ မိမိကိုယ်ကိုယ် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီသာ ပြုမူနေထိုင်ချင်တော့သည်။
ထိုအချိန်တွင် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ကျွန်မ ဖတ်မိသည်၊ “ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အရေးကြီးဆုံးသော လက်တွေ့လုပ်ဆောင်မှုမှာ အဘယ်နည်း။ ယင်းမှာ သင်၏စိတ်နှလုံးသည် ဘုရားသခင်ထံ ပွင့်လင်းရမည့်အကြောင်း ဖြစ်သည်။ ‘ပွင့်လင်းသည်’ ဟု ဆိုရာတွင် မည်သည့်အရာကို ငါဆိုလိုသနည်း။ ယင်းမှာ သင်စဉ်းစားသမျှအရာတိုင်း၊ သင်၏ ကြံရွယ်ချက်များက အဘယ်အရာဖြစ်ပြီး အဘယ်အရာက သင့်ကိုထိန်းချုပ်သည် ဆိုသည့်အရာနှင့်ဆိုင်သော ရှင်းလင်းပြတ်သားသောအမြင်ကို ဘုရားသခင်အား ပေးခြင်းဖြစ်သည်။ ကွာခြားချက် စိုးစဉ်းမျှမရှိသကဲ့သို့ မည်သည့်ဖုံးကွယ်မှုမျှ မရှိဘဲ၊ စိတ်ဓာတ်ကျစရာအပိုင်း မပါဘဲ၊ မေးခွန်းများ မေးခြင်းအားဖြင့် အခြားသူများကို မှန်းဆချက်များ ပြုလုပ်စေခြင်း သို့မဟုတ် ပို၍ နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေစေခြင်း မပြုဘဲ၊ ပြီးလျှင် သင်သည် ဝေ့လည်ကြောင်ပတ် ပြောနေစရာမလိုဘဲ၊ ထို့အစား သင် ထင်သည့်အရာကို ပြောခြင်း၊ အခြားသော မည်သည့်အကြံမျှ မပါဘဲနှင့် သင်ပြောသည့်အရာသည် သင့်စိတ်နှလုံးထဲတွင် ရှိသည့်အရာဖြစ်ပါက၊ ဤသည်မှာ သင့်စိတ်နှလုံးက ပွင့်လင်းသည်ဟု ဆိုလိုခြင်းဖြစ်သည်။ တစ်ခါတစ်ရံတွင် သင်၏ ရိုးဖြောင့်ခြင်းက အခြားသူများကို နာကျင်စေနိုင်ပြီး ဒေါသထွက်စေနိုင်သည်။ သို့သော်လည်း တစ်ဦးတစ်ယောက်က၊ ‘သင်သည် ဤမျှ ရိုးသားသောနည်းဖြင့် စကားပြောနေပြီး ကျွန်ုပ်ကို အမှန်တကယ် နာကျင်စေသည်။ သင်၏ ရိုးသားမှုကို ကျွန်ုပ် လက်မခံနိုင်ပါ။’ ဟု ဆိုမည်လော။ မည်သူမျှ ဆိုမည်မဟုတ်။ အကယ်၍ သင်သည် ရံဖန်ရံခါ လူတို့ကို နာကျင်စေလျှင်ပင်၊ သင်သည် သူတို့အား ဖွင့်ဟပြီး ဝန်ချတောင်းပန်နိုင်ကာ၊ သင်သည် အမြော်အမြင်မရှိဘဲ စကားပြောခဲ့ပြီး ၎င်းတို့၏ အားနည်းချက်များကို အမှုမထားခဲ့ကြောင်း ဝန်ခံနိုင်ပါက ၎င်းတို့က သင်၌ ခက်ထန်သော ခံစားချက်များ မရှိကြောင်း၊ သင်သည် ရိုးသားသောလူတစ်ဦး ဖြစ်ကြောင်းနှင့် သင်သည် တကယ်ပင် သင်စကားပြောသည့်ပုံစံကို သိပ်အာရုံမစိုက်တတ်ဘဲ၊ အလွန်ရိုးဖြောင့်ခြင်းသာ ဖြစ်ကြောင်းကို သူတို့မြင်တွေ့ကြလိမ့်မည်။ မည်သူကမျှ သင့်အပေါ် အာဃာတထားလိမ့်မည် မဟုတ်ပေ။...ရိုးသားသော လူတစ်ဦးဖြစ်ခြင်း၏ အရေးကြီးဆုံးသောအပိုင်းမှာ သင်၏စိတ်နှလုံးက ဘုရားသခင်ထံ ပွင့်လင်းရမည့်အကြောင်းပင် ဖြစ်သည်။ ထို့နောက်တွင် သင်သည် အခြားလူတို့ထံ ပွင့်လင်းတတ်ရန်၊ ရိုးသားစွာနှင့် မှန်ကန်စွာ ပြောဆိုရန်၊ သင်၏စိတ်နှလုံးထဲ ရှိသည့်အရာကို ပြောရန်၊ ဂုဏ်သိက္ခာ၊ သမာဓိနှင့် အကျင့်စာရိတ္တတို့ဖြင့် ပြည့်စုံသော လူတစ်ဦးဖြစ်ရန်နှင့် အရည်မရအဖတ်မရ၊ မဟုတ်မမှန် စကားပြောဆိုခြင်းမပြုရန် သို့မဟုတ် သင့်ကိုယ်သင် ဖုံးကွယ်ထားဖို့၊ အခြားသူများကို လှည့်ဖြားဖို့ စကားလုံးများကို အသုံးမပြုရန် သင်ယူနိုင်လာမည် ဖြစ်သည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ရိုသားခြင်းအားဖြင့်သာ စစ်မှန်သော လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်နိုင်သည်”) ဘုရားသခင်နှုတ်ကပတ်တော်များကို ဆင်ခြင်ကြည့်လိုက်သည့်အခါ၊ ကျွန်မ တော်တော် စိတ်လှုပ်ရှားသွားသည်။ မိမိကိုယ်ကိုယ် လူသားတစ်ယောက်အဖြစ် မည်သို့ပြုမူနေထိုင်မည်ကို သွန်သင်ပေးဖို့၊ ဘုရားသခင်က ကျွန်မကို လက်ဆွဲခေါ်လာသကဲ့သို့ ခံစားရသည်။ ရိုးသားသူတစ်ယောက် ဖြစ်ဖို့၊ ရိုးသားမှုနှင့် ပြောဆိုပြုမူဖို့၊ မိမိ၏စိတ်နှလုံးကို ဘုရားသခင်ထံ လုံးလုံး ဖွင့်ပြဖို့၊ ညီအစ်ကိုမောင်နှမများနှင့် ပွင့်ပွင့်လင်းလင်း ရှိဖို့၊ ပြီးလျှင် မရေမရာ ပြောခြင်း၊ လှည့်စားခြင်းတို့ကို မလုပ်ဖို့ဖြစ်သည်။ ဤနည်းလမ်းအတိုင်း နေထိုင်သည်ကို မပင်ပန်းပါ။ ထိုညီမ၏ကိစ္စကိုလည်း သူမကို နောက်ပိုင်းမှာ ထုတ်ပြောလိုက်သည်။ အွန်လိုင်းဝတ္ထုများမှာ အာရုံရောက်လွန်းနေပါက၊ ဖြစ်တတ်သည့် အန္တရာယ်များကို မိတ်သဟာယပြုပေးသည်။ ပထမတွင် သူမက အတော်အတန် မပျော်မရွှင်ဖြစ်ပုံရသည်။ အနည်းငယ် ကသိကအောက်ဖြစ်ရသည်။ သို့ရာတွင် ပွင့်ပွင့်လင်းလင်းနှင့် မိတ်သဟာယ ပြုပေးလိုက်သည့်အခါ၊ သူမကိုယ်သူမ အန္တရာယ်ရှိသည့် အခြေအနေထဲ ရောက်နေသည်ကို နားလည်လာသည်။ အွန်လိုင်းဝတ္ထုများ ထပ်ပြီး မဖတ်တော့ပါ၊ သူမ၏တာဝန်ကိုသာ အာရုံစိုက်တော့မည်ဟု ပြောသည်။ သူမ ဤကဲ့သို့ပြောသည်ကို ကြားရသည့်အခါ၊ ကျွန်မလည်း နောက်ဆုံး သက်ပြင်းချနိုင်သည်။ သို့ရာတွင် ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်တင်မိသည်။ ကျွန်မသာ အစောကြီး ထုတ်ပြောခဲ့ပါက၊ သူ့အခြေအနေက မြန်မြန်ဆန်ဆန်နှင့် ပြုပြင်ပြီးလောက်ပြီဖြစ်သည်။ ကျွန်မက အမြဲတမ်း ရည်ရည်မွန်မွန်ဖြစ်ချင်သည်၊ မိမိကိုယ်ကိုယ် အလျှော့ပေးပြီး သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခဲ့ခြင်းကြောင့်၊ အခြေအနေများက ကြန့်ကြာကုန်ခြင်း ဖြစ်သည်။ လူပါးတစ်ယောက် ဖြစ်နေပါက၊ တကယ် အန္တရာယ်ရှိပါသည်။ ထိုနောက်ပိုင်းတွင် ညီအစ်ကိုမောင်နှမများ၏ အလုပ်တာဝန်များမှာ အကြောင်းကိစ္စတစ်ခုကို မြင်ပါက၊ တစ်ခါတစ်ရံတွင် သူတို့ကို စော်ကားသကဲ့သို့ဖြစ်မည်ကို စိုးရိမ်နေသေးသည်။ သို့ရာတွင် ဘုရားသခင်ထံ ဆုတောင်းသည်၊ သမ္မာတရားကို သတိရှိရှိ လက်တွေ့လုပ်ဆောင်ပြီး၊ ရိုးသားသူတစ်ယောက်အဖြစ် နေလိုက်သည့်အခါ၊ ဖြစ်နေသည့် ပြဿနာကို နောက်ပိုင်းမှာ အရှိကိုအရှိအတိုင်း အမြဲတမ်း ထောက်ပြနိုင်ခဲ့သည်။ မိမိကိုယ်ကိုယ် မည်သို့ ပြုမူနေထိုင်မည်၊ ညီအစ်ကိုမောင်နှမများနှင့် မည်သို့ ဆက်ဆံမည်တို့ကို၊ ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ လမ်းညွှန်မှုကြောင့်သာ ကျွန်မ သင်ယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များက မည်မျှ အဖိုးတန်သည်ကို ကျွန်မ သဘောပေါက်ခဲ့ပါသည်။ ယင်းတို့က ကျွန်မတို့ ပြုမူနေထိုင်ပုံများအတွက် အခြေခံစည်းမျဉ်းများ ဖြစ်သည်။ မိမိ၏အလုပ်တာဝန်မှာဖြစ်စေ၊ ပြုမူနေထိုင်ပုံမှာဖြစ်စေ၊ ကျွန်မတို့ကို လမ်းပြဖို့အတွက် ဘုရားသခင်၏နှုတ်ကပတ်တော်များ လိုပါသည်။ အကြောင်းကိစ္စတစ်ခု ပေါ်လာပါက၊ ကျွန်မတို့က သမ္မာတရားကို ရှာဖွေနေသရွေ့၊ လိုက်နာဖို့လမ်းတစ်ခုကို ရလာမည် ဖြစ်သည်။
ပြန်စဉ်းစားကြည့်သည့်အခါ၊ ကျွန်မက မိမိကိုယ်ကိုယ် လူပါးတစ်ယောက် ဖြစ်သည်၊ လှည့်စားတတ်သည်ဟူသည့် သဘောကိုသာ လက်ခံခဲ့ခြင်းဖြစ်သည်။ မိမိ၏ ပျက်စီးသည့် စိတ်သဘောထားကို ဆန်းစစ်ဖို့ ချင့်ချိန်ဖို့အတွက်၊ မိမိကိုယ်ကိုယ် ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် လေးလေးနက်နက် နှိုင်းယှဉ်မကြည့်ခဲ့ပါ။ ဘုရားသခင်၏နှုတ်ကပတ်တော်များထံမှ အခြေခံစည်းမျဉ်းများဖြစ်စေ၊ လက်တွေ့လုပ်ဆောင်ဖို့လမ်းတစ်ခု ဖြစ်စေ၊ ရှာဖွေခြင်း မရှိခဲ့သလောက် ဖြစ်သည်။ ထို့ကြောင့် လှည့်စားတတ်သည့် ကျွန်မ၏စိတ်သဘောထားက လုံးဝ မပြောင်းလဲခဲ့ခြင်းဖြစ်သည်။ ကျွန်မက အသက်တာမှာ အချို့ အသေးအဖွဲကိစ္စလောက်သာ တွေ့ကြုံခဲ့ရသော်လည်း၊ မိမိကိုယ်ကိုယ် ဆန်းစစ်တာများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ သမ္မာတရား ရှာဖွေခြင်းကို အာရုံစိုက်လိုက်သည့်အခါ၊ စိုက်မိသမျှ ရိတ်သိမ်းမိသည့်အပြင်၊ နားလည်မှုအနည်းငယ်လည်း ရလာသည်။ စိတ်ထဲမှာ ငြိမ်းချမ်းမှု စစ်စစ်ကို ခံစားရသကဲ့သို့၊ အသက်ဝင်ရောက်မှုအတွက် လမ်းကြောင်းလေးကိုလည်း ရရှိပါသည်။ ဤကဲ့သို့ နားလည်လာခြင်း၊ ဤကဲ့သို့ ရိတ်သိမ်းမိခြင်းသည် တကယ်ကို ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ လမ်းညွှန်မှုကြောင့်သာ ဖြစ်သည်။ ဘုရားသခင်၏ကျေးဇူးတော် ဖြစ်ပါသည်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။