မိမိတာဝန်တွင် မည်သို့ ပူးပေါင်းလုပ်ဆောင်ရမှန်း ကျွန်မ အခု သိပါပြီ
၂၀၁၉ နိုဝင်ဘာလတုန်းကပါ။ ကျွန်မက အစ်မကျိုးနဲ့အတူ ခေါင်းဆောင်ပိုင်းတာဝန်တွေ လုပ်နေတာ။ အလုပ်ကို ပိုကောင်းအောင်၊ ပိုပြီး ထိထိရောက်ရောက် ဖြစ်အောင်ဆိုပြီး၊ အပေါ်ကခေါင်းဆောင်တွေက ကျွန်မတို့ကြားမှာ အလုပ်တာဝန်တွေ ခွဲပေးတယ်။ ကျွန်မက လူသစ်တွေကို ရေလောင်းပေးဖို့ အဓိက တာဝန်ယူပြီး၊ သူက ဗီဒီယိုထုတ်လုပ်ရေးကို ကြီးကြပ်ရတယ်။ အဲဒီတုန်းက လူသစ်တွေကို ရေလောင်းပေးရတာ သိပ်မအောင်မြင်မှန်း ကျွန်မ သဘောပေါက်တယ်။ ဖိအားတွေအများကြီး ဖြစ်တဲ့အပြင်၊ အလုပ်ကို တာဝန်မယူနိုင်မှာလည်း စိုးရိမ်တာပေါ့။ ဒါပေမဲ့ ဒါက အရေးပါတဲ့အလုပ်ပဲဆိုပြီး ခေါင်းထဲ ဝင်သွားတယ်။ ကျွန်မက ဒီခက်ခဲတဲ့အလုပ်မှာ အောင်မြင်မှုနည်းနည်း ရနိုင်တယ်ဆိုရင်၊ အပေါ်ကခေါင်းဆောင်တွေက ကိုယ့်လုပ်နိုင်စွမ်းကို အသိအမှတ်ပြုလိမ့်မယ်၊ ညီအစ်ကိုမောင်နှမတွေကလည်း ကျွန်မကို အသစ်ဖြစ်လာတဲ့လေးစားမှုနဲ့ တွဲမြင်ကြလိမ့်မယ်ပေါ့။ ဒါနဲ့ ကျွန်မလည်း အလုပ်ကို လက်ခံလိုက်တယ်။ နောက်တော့ ကျွန်မက လူသစ်တွေကို ရေလောင်းပေးရတဲ့ လူတွေနဲ့ မကြာမကြာ တွေ့ပြီး၊ သူတို့တာဝန်တွေ လုပ်ရင်းကြုံရတဲ့ ပြဿနာတွေကို ကူပြီးဖြေရှင်းပေးတယ်၊ အရည်အချင်းကောင်းတယ်လို့ ကျွန်မ မြင်မိတဲ့လူတွေကို အာရုံစိုက်ပြီး ရေလောင်းပေး၊ အာဟာရပေးတယ်။ အချိန်နည်းနည်းကြာတော့ ရေလောင်းပေးတဲ့အလုပ်က စပြီး တိုးတက်လာတာပေါ့။ တစ်ရက်ကျတော့ ညီမတစ်ယောက်က ကျွန်မကို အကြောင်းကြားတယ်၊ ဗီဒီယိုတွေ ထုတ်ဖို့ လူတွေမလုံလောက်လို့ သူတို့မှာ အခက်အခဲဖြစ်နေတယ်၊ အဲဒါကို ချက်ချင်း ဖြေရှင်းပေးဖို့လိုတယ်ပေါ့။ ကျွန်မလည်း ကိုယ့်ဘာသာ စဉ်းစားကြည့်တယ်၊ “ဒီပြဿနာက တတ်နိုင်သလောက် မြန်မြန် ဖြေရှင်းရမှာ။ ဒါပေမဲ့ လောလောဆယ် ရေလောင်းတဲ့အလုပ်ကလည်း ဆက်ပြီး ကြီးကြပ်ရဦးမယ်။ ငါက ဗီဒီယိုအလုပ်မှာပဲ အချိန်တွေကုန်ပြီးတော့၊ လူသစ်တွေရဲ့အခက်အခဲတွေကို အချိန်မီ မဖြေရှင်းပေးနိုင်ဘူးဆိုရင်၊ သူတို့တွေက ထွက်ကုန်မှာ။ အဲဒါဆို ရေလောင်းတဲ့အလုပ်က ထိခိုက်သွားလိမ့်မယ်။ အဲဒီလိုဖြစ်ကုန်ရင် အပေါ်ကခေါင်းဆောင်တွေက ငါ့ကို လုပ်နိုင်စွမ်း မရှိဘူးလို့ ပြောလာမှာလား။ ပြီးတော့လည်း ဗီဒီယိုအလုပ်က အစ်မကျိုး ဆက်ပြီးကြီးကြပ်ရမှာ၊ ဒီတော့ ငါက သူ့ပြဿနာကို ကူရှင်းပေးတယ်ဆိုရင်၊ သူပဲ ချီးကျူးခံရပြီး၊ ငါကျတော့ မျက်နှာပြလို့ ရမှာမဟုတ်ဘူး” ပေါ့။ ကျွန်မလည်း ဒါကိုထည့်တွက်ရင်းနဲ့၊ အလုပ်အကြောင်း အသေးစိတ်ကို ဖြေရှင်းမနေတော့ဘူး၊ ကပျာကယာ စကားနည်းနည်းပြောပြီး ပြန်ခဲ့လိုက်ရော။ ပြန်ရောက်တော့မှ အဲဒီကိစ္စကို အစ်မကျိုးနဲ့ ပြန်ပြောဖြစ်တယ်။ ဒါပေမဲ့ သူလည်း သင့်တော်တဲ့လူကို စဉ်းစားလို့မရဘူး။ သူ့အတွက် ရွေးချယ်ရခက်နေတယ်။ နောက်တော့ သင့်တော်တဲ့လူတွေ အဆင်သင့်မရှိတာနဲ့ အဲဒီအလုပ်က ကြန့်ကြာသွားရော။ အဲဒီအချိန်တုန်းက ကျွန်မလည်း ဒီကိစ္စကို စိတ်မဝင်စားသေးဘူး။ အဲဒါက အစ်မကျိုး တာဝန်ယူရမှာပဲ၊ ငါနဲ့ တိုက်ရိုက်မပတ်သက်ဘူးဆိုပြီး ထင်နေတုန်းပဲ။ တစ်ရက်ကျတော့ အစ်မကျိုးက ကျွန်မကို၊ “ညီမက ကိုယ် တာဝန်ယူရတာကိုပဲ အာရုံစိုက်တယ်၊ တခြားအလုပ်ကို စိတ်မဝင်စားဘူးလို့ အစ်မ သတိထားမိတယ်” ဆိုပြီး ပြောလာတယ်။ သူ ဒီလိုပြောတာကြားတော့ ကျွန်မဘာသာ စဉ်းစားကြည့်တယ်၊ “အစ်မ တာဝန်ယူရတဲ့အလုပ်ကို ကျွန်မက လုပ်ပေးရမယ်ဆိုရင်၊ အစ်မပဲ ချီးကျူးခံရမှာလေ။ အဲဒီကျရင် အများက သတိထားမိမှာလည်း အစ်မပဲ၊ ကျွန်မ မဟုတ်ဘူး။ ဒီတော့ ကျွန်မက ဘာဖြစ်လို့ ကြိုးစားပေးရမှာလဲ” ပေါ့။ သူ ဒီအကြောင်း ပြောလာတဲ့အချိန်မှာ ကျွန်မက လေးလေးနက်နက် မထားခဲ့ဘူး။
နောက်သိပ်မကြာခင် ကျွန်မတို့ခေါင်းဆောင်က ကျွန်မကို ပြောလာရော၊ “ဗီဒီယိုထုတ်တဲ့အလုပ်မှာ အခက်အခဲတွေ ရှိသွားတယ်။ အဲဒါတွေကို တစ်ခုမှ မဖြေရှင်းရသေးဘူး။ မင်းက ဟိုတုန်းက ဗီဒီယိုတွေ လုပ်ခဲ့ဖူးတာ ငါ သတိရသွားတယ်။ ဒီအပိုင်းမှာ မင်းက နည်းနည်း လုပ်နိုင်စွမ်းရှိတယ်။ ဗီဒီယိုထုတ်တဲ့အလုပ်ကို မင်းပဲ တာဝန်ယူစေချင်တယ်။ အစ်မကျိုးက ရေလောင်းတဲ့အလုပ်ကို တာဝန်ယူလိမ့်မယ်” တဲ့။ ဒါကို ကြားရတော့ ကျွန်မ နည်းနည်း စိတ်မချမ်းမသာဖြစ်တာပေါ့။ ကျွန်မက ရေလောင်းတဲ့အလုပ်မှာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အလေးထားပြီး လုပ်ခဲ့တာ။ တိုးတက်မှုတွေ ဖြစ်ဖို့ဆိုတာ လွယ်ခဲ့တာမဟုတ်ဘူး။ အခု ကျွန်မက ဗီဒီယိုထုတ်တဲ့အလုပ်ကို တာဝန်ယူရမယ်ဆိုတော့၊ သူက ကျွန်မ ကြိုးစားထားသမျှ အသီးအပွင့်တွေကို ခံစားတော့မှာ။ ပြီးတော့ ဗီဒီယိုကောင်းတွေ ထုတ်တယ်ဆိုတာ တော်တော် ခက်ခဲတယ်။ ကျွန်မက ကောင်းကောင်း မလုပ်မိဘူးဆိုရင်၊ ကျန်တဲ့လူတွေက ကျွန်မကို ဘယ်လိုထင်ကြမလဲ။ ကျွန်မကို စွမ်းဆောင်ရည် မရှိဘူးလို့ မြင်ကြမှာလား။ ဒါပေမဲ့ ကျွန်မ ထပ်ပြီး စဉ်းစားမိပြန်ရော၊ “ရေလောင်းပေးတဲ့အလုပ်ကလည်း စစချင်း ရလဒ်တွေ ကောင်းခဲ့တာမဟုတ်ဘူး။ ငါ မနားတမ်း ကြိုးစားရင်းနဲ့ ရလဒ်တွေ တိုးတက်ခဲ့တာ မဟုတ်လား။ ငါက ဗီဒီယိုထုတ်တဲ့အလုပ်ကိုလည်း တိုးတက်အောင် လုပ်မယ်ဆိုရင်၊ ငါ့အလုပ်လုပ်နိုင်စွမ်းကို လက်တွေ့ပြရာမရောက်ဘူးလား” ပေါ့။ ဒါနဲ့ပဲ ကျွန်မက အဲဒီအလုပ်ကို လက်ခံလိုက်တယ်။ နောက်တော့ ဗီဒီယိုအလုပ်မှာ စိတ်ရောကိုယ်ပါ နှစ်ပြီး၊ အလုပ်အတွက် လူသစ်တွေကို လိုက်ရှာတယ်။ ညီအစ်ကိုမောင်နှမတွေမှာ အခက်အခဲတွေ ရှိပြီဆိုရင်၊ သူတို့နဲ့အတူ ဖြေရှင်းနည်းတွေကို စိတ်ရှည်ရှည်နဲ့ ဆွေးနွေးရင်း အချိန်ပေးတယ်။ အချိန်နည်းနည်းကြာတော့ ဗီဒီယိုအလုပ်ကလည်း စပြီး တိုးတက်လာရော။ လူတိုင်းရဲ့ ကိုယ့်တာဝန်အပေါ် စိတ်အားထက်သန်မှုကလည်း တိုးတက်သွားတယ်။ ဒီကာလတစ်လျှောက်လုံး တချို့ညီအစ်ကိုမောင်နှမတွေက ကျွန်မကို လူသစ်တွေကို ရေလောင်းပေးဖို့ကိစ္စ ပြောကြတယ်။ ကျွန်မလည်း ဒီအလုပ်က ကိုယ်တာဝန်ယူရတဲ့အပိုင်းထဲ မပါဘူးလို့ပဲ ထင်မိတယ်။ ကိုယ်က ဒီကိစ္စတွေကို ဖြေရှင်းပေးတယ်ဆိုရင်တောင်၊ ချီးကျူးခံရမှာ မဟုတ်ဘူးလေ။ ဒါနဲ့ ကျွန်မလည်း ဝတ်ကျေတမ်းကျေပဲ တုံ့ပြန်လိုက်တယ်။ တစ်ရက်ကျတော့ အစ်မကျိုးက ကျွန်မကို ပြောလာရော၊ ရေလောင်းပေးတဲ့အလုပ်မှာ သူ ဘယ်လိုဖြေရှင်းရမှန်း မသိတဲ့ ပြဿနာတွေ ရှိတယ်တဲ့။ အဲဒီအချိန်မှာ ကျွန်မလည်း ငါက ဒီပြဿနာတွေကို ဟိုအရင်က ကြုံခဲ့ပြီးပြီပဲပေါ့။ ဘယ်လိုဖြေရှင်းရမယ်ဆိုတာ သူ့ကို ပြောပြဖို့ ရည်ရွယ်လိုက်သေးတယ်။ ဒါပေမဲ့ ဖြေရှင်းတတ်သွားရင် ချီးကျူးခံရမှာက ကျွန်မ မဟုတ်ဘူး၊ သူပဲဆိုပြီး စဉ်းစားမိတယ်။ ကျွန်မလည်း အချိန်ရတဲ့အခါ ဖြေရှင်းပေးပါ့မယ်လို့ သူ့ကို ပြောလိုက်တယ်။ ဒါပေမဲ့ နောက်တော့ အလုပ်များပြီး၊ အဲဒီကိစ္စကို မေ့သွားရော။ အဲဒါကို မဖြေရှင်းဘဲ ထားလိုက်တော့၊ အကျိုးဆက်က ရေလောင်းပေးတဲ့အလုပ်ကို ထိခိုက်သွားတာပေါ့။
တစ်ရက်ကျတော့ အပေါ်ကခေါင်းဆောင်တွေက ကျွန်မတို့အလုပ်အကြောင်း သိရအောင် လာကြတယ်။ ကျွန်မကိုလည်း ကိုယ့်အလုပ်ကလွဲရင် သူများတွေရဲ့အလုပ်ကို အာရုံမစိုက်ဘူးဆိုတာ တွေ့သွားရော။ သူတို့က ကျွန်မကို ပြင်းပြင်းထန်ထန် ကိုင်တွယ်ဖြေရှင်းကြတယ်၊ ကိုယ့်အဓိကတာဝန်တွေကိုပဲ အလေးထားပြီး၊ အသင်းတော်ရဲ့ တခြားအလုပ်ကို ဂရုမစိုက်တဲ့ အသင်းတော်ခေါင်းဆောင်တစ်ယောက်ဟာ သူ့အတွက်ချည်းပဲ လုပ်နေတာတဲ့။ အဲဒါက တစ်ကိုယ်ကောင်းဆန်တာ၊ ယုတ်ညံ့တာ။ မကောင်းတဲ့လူ့သဘာဝပဲဆိုပြီး ပြောကြတာပေါ့။ ဒါကို ကြားရတော့ ကျွန်မ တော်တော် စိတ်မချမ်းသာဘူး။ မတရားသဖြင့် ခံရသလိုပဲ။ ကိုယ့်ကိုယ်ကိုယ် စဉ်းစားကြည့်တယ်၊ “ငါက ကိုယ့်တာဝန်တွေအတွက် အချိန်တွေ၊ ကြိုးစားမှုတွေ အများကြီး ပေးလာခဲ့တယ်။ ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီး၊ ဘယ်တော့မှ မခိုမကတ်ခဲ့ဘူး။ သူတို့က ငါ့ကို မချီးကျူးဘူးဆိုလည်း ရတာပဲ။ ဒါပေမဲ့ ဘာဖြစ်လို့ ငါ့ကို တစ်ကိုယ်ကောင်းဆန်တယ်၊ ယုတ်ညံ့တယ်၊ မကောင်းတဲ့လူ့သဘာဝ ရှိတယ်ဆိုပြီး ပြောရတာလဲ” ပေါ့။ အိမ်ပြန်ရောက်တဲ့အချိန်မှာ ကျွန်မလည်း မျက်ရည်ကျမိတယ်။ ရင်ထဲမှာ ဝမ်းနည်းမိတော့ ဘုရားကို ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ အခုလို ကိုင်တွယ်ဖြေရှင်း၊ ပြုပြင်တာကို ကြုံရတော့ ကျွန်မ စိတ်မချမ်းသာပါဘူး။ မတရားခံရသလိုပါပဲ။ ကိုယ်တော့်ရည်ရွယ်ချက်တွေကို ကျွန်မ နားမလည်ပါဘူး။ ကျွန်မကိုယ်ကျွန်မ သိအောင် လမ်းပြပေးတော်မူပါ” ပေါ့။
တစ်ရက်ကျတော့ အခုလို ပြောထားတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ တွေ့လိုက်ရတယ်၊ “အသိစိတ်နှင့် ဆင်ခြင်တုံတရား နှစ်ခုလုံးတို့သည် လူတစ်ဦး၏ လူ့သဘာဝ၏ အစိတ်အပိုင်းများ ဖြစ်သင့်သည်။ ယင်းတို့နှစ်ခုလုံးသည် အခြေခံအကျဆုံးနှင့် အရေးအကြီးဆုံး ဖြစ်သည်။ အသိစိတ် ကင်းမဲ့ပြီး သာမန်လူ့သဘာဝ၏ ဆင်ခြင်တုံတရားမရှိသူသည် မည်သည့် လူစားမျိုး ဖြစ်သနည်း။ ယေဘုယျအားဖြင့် ပြောရလျှင်၊ သူသည် လူ့သဘာဝကင်းမဲ့သူ ဖြစ်သည်၊ ညံ့ဖျင်းသော လူ့သဘာဝကို ပိုင်ဆိုင်သည့်လူတစ်ဦး ဖြစ်သည်။ ဤအရာကို သေချာစွာ စိစစ်ကြစို့။ ဤလူသည် လူ့သဘာဝ မရှိဟု လူတို့ပြောဆိုသည်အထိ ဤလူသည် မည်သည့် ပျောက်ဆုံးသော လူ့သဘာဝကို ပြသနေသနည်း။ ထိုသို့သော လူများသည် မည်သည့် ထူးခြားသော လက္ခဏာရပ်များ ပိုင်ဆိုင်ကြသနည်း။ ၎င်းတို့သည် မည်သည့် သရုပ်သကန်များ အတိအကျကို ပြကြသနည်း။ ထိုသို့သော လူတို့သည် မိမိတို့၏ လုပ်ဆောင်ချက်များတွင် ဝတ်ကျေတမ်းကျေဖြစ်ကြပြီး ၎င်းတို့ကို ပုဂ္ဂိုလ်ရေးအရ မပတ်သက်သည့် မည်သည့်အရာကိုမဆို အဖက်မလုပ်ဘဲ နေတတ်ကြသည်။ ဘုရားသခင်၏အိမ်တော်၏ အကျိုးများကို ၎င်းတို့ အရေးမထားကြသကဲ့သို့၊ ဘုရားသခင်၏ အလိုတော်ကိုလည်း အရေးထားခြင်း မပြကြပေ။ ဘုရားသခင်အတွက် သက်သေခံခြင်း သို့မဟုတ် ၎င်းတို့၏ တာဝန်များကို ဆောင်ရွက်ခြင်း ဝန်ထုပ်ကို သူတို့ တာဝန်မယူကြသကဲ့သို့၊ တာဝန်သိစိတ် မရှိကြပေ။ တစ်စုံတစ်ရာကို ၎င်းတို့ လုပ်ဆောင်သည့်အချိန်တိုင်းတွင် ၎င်းတို့ စဉ်းစားကြသည်မှာ မည်သည့်အရာနည်း။ ၎င်းတို့၏ ပထမဦးဆုံးသော စဉ်းစားဆင်ခြင်မှုမှာ၊ ‘ဤအရာကို ကျွန်ုပ် လုပ်လျှင် ဘုရားသခင် သိလိမ့်မည်လော။ ယင်းသည် အခြားလူတို့အဖို့ မြင်သာပါသလော။ ဤအားထုတ်မှုအားလုံးကို ကျွန်ုပ် အသုံးပြုပြီး ဝီရိယရှိရှိ အလုပ်လုပ်သည်ကို အခြားလူတို့ မမြင်ပါက၊ ပြီးလျှင် ယင်းကို ဘုရားသခင်ကလည်း မမြင်ပါက၊ ဤအရာအတွက် ထိုသို့သော အားထုတ်မှုကို ကျွန်ုပ် အသုံးပြုခြင်း သို့မဟုတ် ဆင်းရဲဒုက္ခခံခြင်းသည် အသုံးမဝင်ပေ။’ ဟူ၍ ဖြစ်သည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်မှု ဖြစ်သည် မဟုတ်လော။ တစ်ချိန်တည်းတွင်၊ ယင်းသည် အလွန်ယုတ်ညံ့သည့် အကြံမျိုးလည်း ဖြစ်ပေသည်။ ၎င်းတို့သည် ဤနည်းဖြင့် တွေးတောပြီး လုပ်ဆောင်သည့်အခါ၊ အသိစိတ်သည် အခန်းကဏ္ဍတစ်ခုတစ်လေ၌ ပါဝင်သလော။ ဤအရာတွင် အသိစိတ်နှင့် သက်ဆိုင်သည့် အစိတ်အပိုင်းတစ်ခုတစ်လေ ရှိသလော။ ၎င်းတို့၏ တာဝန်များကို ဆောင်ရွက်ရာတွင် ပြဿနာကို သိမြင်သောအခါ ဆိတ်ဆိတ်နေသော သူတို့ပင် ရှိကြသည်။ ၎င်းတို့သည် အခြားသောသူတို့က နှောင့်ယှက်ခြင်းများနှင့် အတားအဆီးများ ဖြစ်စေလျက်ရှိကြသည်ကို တွေ့မြင်သော်လည်း၊ ထိုသူတို့ကို တားဆီးရန် မည်သည့်အရာမျှ မလုပ်ဆောင်ကြချေ။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးတို့ကို အနည်းဆုံး ထည့်သွင်းစဉ်းစားခြင်း မရှိသည်သာမက ၎င်းတို့ကိုယ်တိုင်၏ ဝတ္တရားများနှင့် တာဝန်များနှင့် ပတ်သက်၍လည်း မစဉ်းစားကြချေ။ ၎င်းတို့သည် ၎င်းတို့ ကိုယ်တိုင်၏ ဝင့်ဝါမှု၊ သိက္ခာ၊ ရာထူး၊ အကျိုးများနှင့် ဂုဏ်သရေတို့အတွက်သာ ပြောဆို၊ လုပ်ဆောင်၊ ထင်ပေါ်၊ အားထုတ်ကြိုးပမ်းကာ အားအင်ကို အသုံးပြုကြသည်။ ထိုသို့သော လူတစ်ဦး၏ လုပ်ရပ်များနှင့် အကြံများသည် အယောက်တိုင်းဖို့ သိသာ ထင်ရှားပေသည်- ၎င်းတို့သည် ဂုဏ်အတွက် သို့မဟုတ် ကောင်းချီးမင်္ဂလာအချို့ မွေ့လျော်ခံစားဖို့ အခွင့်အရေးတစ်ခု ရှိသည့်အခါတိုင်း ထွက်ပေါ်လာကြလေသည်။ သို့သော်၊ ဂုဏ်အတွက် အခွင့်အရေး မရှိသည့်အခါ သို့မဟုတ် ဆင်းရဲဒုက္ခ အချိန်ကာလတစ်ခု ရှိသည်နှင့်တစ်ပြိုင်နက်၊ လိပ်တစ်ကောင်က မိမိခေါင်းကို ပြန်သွင်းသကဲ့သို့၊ မြင်ကွင်းမှ ကွယ်ပျောက်သွားကြလေသည်။ ဤလူစားမျိုးသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိပါသလော။ အသိစိတ်နှင့် ဆင်ခြင်တုံတရားမရှိသော ဤသို့ ပြုမူသည့် လူတစ်ဦးသည် မိမိကိုယ်ကိုယ် အပြစ်တင်မှု ခံစားရသလော။ ဤလူစားမျိုး၏ အသိစိတ်သည် မည်သည့်ရည်ရွယ်ချက်ကိုမျှ မဖြည့်ဆည်းပေးသကဲ့သို့၊ မိမိကိုယ်ကိုယ် ပြစ်တင်မှုအား လုံးဝ မခံစားကြဖူးပေ။ သို့ဆိုလျှင်၊ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အပြစ်တင်မှု သို့မဟုတ် ဆုံးမပဲ့ပြင်မှုကို ၎င်းတို့ ခံစားနိုင်သလော။ မခံစားနိုင်ပေ။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) “အများပြည်သူ၊ သို့မဟုတ် အစိုးရ ရာထူးနေရာ များတွင် သေးငယ်သော ရုံးခန်း၌ဖြစ်စေ၊ ကြီးမားသော အဖွဲ့အစည်း၌ဖြစ်စေ စာတန်၏စခန်းထဲ၌ သူတို့ကျင့်ကြံပြုမူသည့် အခြေအနေမှာ အဘယ်နည်း။ သူတို့၏လုပ်ဆောင်ချက်များအတွက် အခြေခံသဘောတရားများနှင့် လမ်းညွှန်ချက်များမှာ အဘယ်နည်း။ အယောက်တိုင်းက ထင်ရာစိုင်းကြပြီး အယောက်တိုင်းက မိမိလုပ်ချင်ရာ လုပ်ကြသည်။ သူတို့သည် မိမိကိုယ်ကျိုးအတွက် ပြုမူကြပြီး ကိုယ့်အားကိုယ်ကိုးကြသည်။ သြဇာအာဏာရှိသူ မည်သူမဆို အပြီးသတ်ပြောပိုင်ခွင့် ရှိကြသည်။ သူတို့သည် အခြားသူများကို ထည့်မတွေးပေးကြဘဲ သူတို့စိတ်ကြိုက်လုပ်ကြကာ ကျော်ဇောမှု၊ အခွင့်အလမ်းနှင့် ရာထူးဂုဏ်ဒြပ်အတွက် ကြိုးပမ်းကြသည်။ အကယ်၍ သင်တို့သည် သမ္မာတရားကို နားလည်း မလည်သကဲ့သို့ လက်တွေ့လည်း မလုပ်ဆောင်ပါက သင်တို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ထောက်ပံ့ပေးမထားသော အခြေအနေတွင် ထိုသူတို့နှင့် ခြားနားရော ခြားနားပါဦးမည်လော။ လုံးဝမခြားနား၊ ထိုသူတို့နှင့် လုံးဝတူညီနေမည် ဖြစ်သည်။ သင်တို့သည် မယုံကြည်သူများ တိုက်ခိုက်သကဲ့သို့ပင် တိုက်ခိုက်ကြမည် ဖြစ်သည်။ သင်တို့သည် မယုံကြည်သူများ ရုန်းကန်သကဲ့သို့ပင် ရုန်းကန်ကြမည် ဖြစ်သည်။ နံနက်မှ ညတိုင်အောင် မနာလို၊ ငြင်းခုန်ကာ လျှို့ဝှက်ကြံစည် လုပ်ကြံကြမည် ဖြစ်သည်။ ဤပြဿနာ၏ အရင်းအမြစ်ကား အဘယ်နည်း။ ယင်းမှာ လူတို့ကို ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက စိုးမိုးထားသောကြောင့်သာလျှင် ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ကြီးစိုးမှုမှာ စာတန်၏ ကြီးစိုးမှုပင် ဖြစ်သည်။ ဖောက်ပြန်ဖျက်ဆီးခံရသော လူသားမျိုးနွယ်က ဆိုးယုတ်သော စိတ်သဘောထားအတွင်း၌ ခြွင်းချက်မရှိ နေထိုင်သည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိကိုယ်ကိုယ် ပြုမူနေထိုင်ခြင်းတွင် ရှိထားသင့်သည့် အခြေခံသဘောတရားများ”) ငါက တစ်ကိုယ်ကောင်းဆန်ပြီး၊ ကိုယ်ကျိုးကြည့်ခဲ့တာပဲဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ မြင်သွားတယ်။ အလုပ်ခွဲဝေပေးတယ်ဆိုတာ အကျိုးများ အောင်လို့ပဲ၊ ကျွန်မတို့ကို တသီးတခြားဖြစ်အောင် လုပ်တာမဟုတ်မှန်း သိသွားတယ်။ ကိုယ့်လုပ်ဖော်ကိုင်ဖက်မှာ အခက်အခဲတွေ ရှိတယ်ဆိုရင်၊ အဲဒါတွေကို ကူပြီးဖြေရှင်းပေးရမှာ ကျွန်မရဲ့အလုပ်ပဲ။ ဒါပေမဲ့ ကျွန်မက ကိုယ့်အတွက်ရှိနေတဲ့အလုပ်ကိုပဲ အလေးထားပြီး၊ ကိုယ့်နာမည်နဲ့ ဂုဏ်အတွက်ပဲ လုပ်နေခဲ့မိတယ်။ တခြားအလုပ်မှာ အခက်အခဲတွေ ရှိတာကို မြင်မိရင်တောင်၊ လုံးဝ ဂရုမစိုက်ခဲ့ဘူး။ ကျွန်မက တော်တော် တစ်ကိုယ်ကောင်းဆန်ပြီး၊ ရွံစရာကောင်းခဲ့တာပဲ။ ကိုယ်က ရေလောင်းတဲ့အလုပ်ကို တာဝန်ယူတဲ့အချိန်မှာ၊ ဗီဒီယိုအလုပ်အတွက် လူတွေ ရှာရခက်မှန်း ကျွန်မ သိတယ်။ ဒါပေမဲ့ ဒီအခက်အခဲတွေကို ဖြေရှင်းပေးလိုက်ရင်၊ ချီးကျူးခံရမှာ ကျွန်မ မဟုတ်ဘူးလို့ပဲ ထင်မိတယ်။ ဝတ်ကျေတမ်းကျေသဘော မေးမြန်းရုံပဲလုပ်ပြီး၊ အလေးအနက် မထားခဲ့ဘူးလေ။ ဒီတော့ ဗီဒီယိုအဖွဲ့အတွက် လူတွေ မလုံမလောက်ဖြစ်ပြီး၊ အလုပ်လည်း ဆုံးရှုံးတာတွေ ဖြစ်ကုန်တယ်။ ကျွန်မက ဗီဒီယိုအလုပ်ကို တာဝန်ယူရတဲ့အချိန်မှာ၊ အစ်မကျိုးက ရေလောင်းတဲ့အလုပ်မှာ အခက်အခဲတွေ ရှိတဲ့အကြောင်း ပြောသေးတယ်လေ။ ဘယ်လိုဖြေရှင်းရမယ်ဆိုတာ ကျွန်မက ရိုးရိုးသားသား ပြောပြလိုက်လို့ရတယ်၊ ဒါပေမဲ့ သူက ဒီအခက်အခဲတွေကို ဖြေရှင်းလိုက်ရင်၊ သူပဲ ချီးကျူးခံရမှာဆိုပြီး ကျွန်မက ပူပန်မိတာ။ ဒါနဲ့ သူ့ကို သေချာ မဆွေးနွေးပေးခဲ့ဘူး။ အကျိုးဆက်အနေနဲ့ ပြဿနာတွေက မပြေမလည်ဖြစ်ပြီး၊ အလုပ်လည်း နှောင့်နှေးသွားရော။ ကိုယ့်အလုပ်ကိုပဲ ကောင်းအောင် လုပ်တယ်ဆိုရင် လူတိုင်းက သဘောကျမယ်။ ဒါကြောင့် ကျွန်မက အစွမ်းကုန် ကြိုးစားခဲ့တာပဲ။ အစ်မကျိုးက သူ့အလုပ်မှာ အခက်အခဲတွေ ကြုံပြီး၊ အကူအညီ လိုခဲ့တယ်၊ ဒါပေမဲ့ ကျွန်မက ဒီအကြောင်းတွေကို အလေးမထားခဲ့တော့၊ ဘုရားအိမ်တော်ရဲ့အလုပ်လည်း ထိခိုက်သွားတာပေါ့။ ကျွန်မက တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး၊ လူ့သဘာဝ ကင်းမဲ့ခဲ့တာပါ။ အပေါ်ကခေါင်းဆောင်တွေက ကျွန်မကို ပြင်းပြင်းထန်ထန် ကိုင်တွယ်ဖြေရှင်းပြီး မပြုပြင်ခဲ့ဘူးဆိုရင်၊ ကိုယ် ဘယ်လိုပြုမူနေလဲဆိုတာကို သတိပြုမိဦးမှာ မဟုတ်ဘူး။ ပြီးတော့ ကိုယ့်အလုပ်ကိုပဲ ကောင်းအောင် လုပ်နေသရွေ့၊ ငါက ကိုယ့်ဝန်ထုပ်ကို ထမ်းနေတာ၊ ငါ့တာဝန်ကို သစ္စာရှိရှိ လုပ်နေတာလို့ပဲ ထင်နေမိဦးမှာ။ ကိုယ့်ကိုယ်ကိုယ် အမှန်တကယ် သိလာမှာမဟုတ်ဘူး။
နောက်တော့ ဘုရားရဲ့နှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ခုကို ဖတ်မိပြီး၊ ကိုယ့်ပြဿနာကို ပိုပြီး လေးလေးနက်နက် နားလည်သွားတယ်။ “၎င်းတို့မည်သည့်အလုပ်ကို တာဝန်ယူဆောင်ရွက်ပါစေ၊ အန္တိခရစ်တစ်ဦးဖြစ်သည့် လူစားမျိုးသည် ဘုရားအိမ်တော်၏အကျိုးစီးပွားကို မည်သည့်အခါမျှ ထည့်တွက်စဉ်းစားခြင်း မရှိပေ။ ၎င်းတို့၏ကိုယ်ပိုင် အကျိုးစီးပွားများ ထိခိုက်ခြင်း ရှိမည် မရှိမည်ကိုသာ ၎င်းတို့ ဆင်ခြင်တွေးတောသည်၊ ၎င်းတို့ရှေ့တည့်တည့်တွင် ရှိသည့် လုပ်ငန်းဆောင်တာများကိုသာ တွေးသည်။ ဘုရားအိမ်တော်၏အလုပ်နှင့် အသင်းတော်အလုပ်သည် ၎င်းတို့၏အချိန်ပိုတွင် ၎င်းတို့ လုပ်ဆောင်သည့် အရာတစ်ခုသာ ဖြစ်ပြီး လုပ်ဆောင်သမျှ အရာတိုင်းအတွက် ၎င်းတို့ကို နှိုးဆော်ပေးဖို့ လိုအပ်သည်။ ၎င်းတို့ကိုယ်ပိုင်အကျိုးစီးပွားများကို ကာကွယ်ခြင်းသည် ၎င်းတို့၏ တကယ့် မွေးရာပါတာဝန် ဖြစ်သည်၊ ၎င်းတို့လုပ်ဆောင်လိုသည့်အရာများသည် တကယ့်စီးပွားရေးလုပ်ငန်းဖြစ်၏။ ၎င်းတို့အမြင်တွင် ဘုရားအိမ်တော်က စီစဉ်ပေးသည့် မည်သည့်အရာမဆို၊ သို့မဟုတ် ဘုရားသခင် ရွေးချယ်ထားသူများ၏ အသက်ဝင်ရောက်မှုနှင့်ဆက်နွှယ်သည့် မည်သည့်အရာမဆိုသည် အရေးမပါပေ။ အခြားလူများသည် မိမိတို့၏အလုပ်၌ မည်သည့်အခက်အခဲများ ရှိပါစေ၊ ၎င်းတို့ မည်သည့်ပြဿနာများကို ဖော်ထုတ်ပါစေ၊ ၎င်းတို့၏စကားများ မည်မျှ ရိုးသားစစ်မှန်ပါစေ၊ အန္တိခရစ်တို့သည် အရေးမထားကြပေ၊ ၎င်းတို့ ပါဝင်ပတ်သက်ခြင်း မရှိပေ၊ ဤအရာက ၎င်းတို့နှင့် မည်သို့မျှ မသက်ဆိုင်သည့်အလားပင် ဖြစ်သည်။ ၎င်းတို့သည် အသင်းတော်၏ကိစ္စများကို လုံးလုံး စိတ်မဝင်စားပေ၊ ဤအရေးကိစ္စများ မည်မျှအဓိကကျပါစေ စိတ်မဝင်စားပေ။ ပြဿနာက ၎င်းတို့၏ရှေ့တည့်တည့်တွင် ရှိလျှင်ပင်၊ ၎င်းတို့က ယင်းကို အင်တင်တင်နှင့် ဝတ်ကျေတမ်းကျေသာ ကိုင်တွယ်လေသည်။ အထက်က တိုက်ရိုက်ကိုင်တွယ်ဖြေရှင်းခြင်းကို ခံရပြီး ပြဿနာကို ဖြေရှင်းဖို့ အမိန့်ပေးခံရသည့်အခါမှသာလျှင် ၎င်းတို့က တကယ့်အလုပ်အနည်းငယ်ကို ဆောင်ကြီးအောင့်ကြီး လုပ်မည် ဖြစ်ပြီး အထက်ကမြင်ဖို့အတွက် တစ်ခုခုကို ပေးလိမ့်မည်။ မကြာမီတွင် ၎င်းတို့က မိမိတို့၏ကိုယ်ပိုင် လုပ်ငန်းကို ဆက်လက် လုပ်ကိုင်ကြလိမ့်မည်။ အသင်းတော်၏အလုပ်အပေါ်၊ ပို၍ကျယ်ပြန့်သော အခြေအနေ၏ အရေးပါသော အရာများအပေါ် ၎င်းတို့ စိတ်မဝင်စားဘဲ သတိမမူမိကြပေ။ ၎င်းတို့ရှာတွေ့သည့် ပြဿနာများကိုပင် ၎င်းတို့ လျစ်လျူရှုကြသည်၊ မေးခံရသည့်အခါ ကွေ့လည်ကြောင်ပတ် လုပ်ကာ၊ အလွန် မလိုလားမှုဖြင့်သာ ကိုင်တွယ်လေသည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်းတို့၏ သရုပ်သကန် ဖြစ်သည် မဟုတ်လော။ ထို့အပြင် ၎င်းတို့သည် မည်သည့်တာဝန်ကို ထမ်းဆောင်နေပါစေ၊ ၎င်းတို့တွေးနိုင်သည့်အရာမှာ ထိုတာဝန်က ၎င်းတို့အပေါ် အများအမြင်ကို မြှင့်ပေးမည် ဟုတ်မဟုတ်ကိုသာ ဖြစ်သည်။ ယင်းက ၎င်းတို့၏နာမည်ဂုဏ်သတင်းကို မြှင့်တင်ပေးနိုင်သရွေ့၊ ၎င်းတို့က ယင်းကို လုပ်ဆောင်သည့်နည်းအား သင်ယူဖို့၊ ယင်းကို ဆောင်ရွက်ဖို့ နည်းလမ်းကို အကြံထုတ်ရာတွင် ဦးနှောက်ခြောက်ခံ စဉ်းစားကြသည်။ ယင်းက ၎င်းတို့အား ထင်ပေါ်စေမည် ဟုတ်မဟုတ်ကိုသာ ၎င်းတို့ ဂရုစိုက်သည်။ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ သို့မဟုတ် တွေးတောပါစေ၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုအတွက်ကိုသာ တွေးတောကြသည်။ အုပ်စုထဲတွင် ၎င်းတို့က မည်သည့်တာဝန်ကို လုပ်ဆောင်နေပါစေ၊ မည်သူက မြင့်မားသည်၊ သို့မဟုတ် နိမ့်ကျသည်၊ မည်သူကနိုင်ပြီး၊ မည်သူက ရှုံးသည်၊ မည်သူ၌ ပို၍ ကြီးမားသော နာမည်ဂုဏ်သတင်း ရှိသည်တို့နှင့်ပတ်သက်၍သာ ယှဉ်ပြိုင်ကြသည်။ လူမည်မျှက ၎င်းတို့ကို အထင်ကြီးသည်၊ လူမည်မျှက ၎င်းတို့ကို နာခံသည်၊ ပြီးလျှင် ၎င်းတို့၌ နောက်လိုက်မည်မျှရှိသည်တို့ကိုသာ ၎င်းတို့ ဂရုစိုက်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို မည်သည့်အခါမျှ မိတ်သဟာယမပြုပေ၊ သို့မဟုတ် တကယ့်ပြဿနာများကို မည်သည့်အခါမျှ မဖြေရှင်းပေ၊ မိမိ၏ တာဝန်ကို ထမ်းဆောင်သည့်အခါတွင် အခြေခံသဘောတရားအတိုင်း အမှုအရာများကို မည်သို့ လုပ်ဆောင်ရမည့်အကြောင်း၊ ၎င်းတို့ သစ္စာရှိခဲ့ခြင်း ရှိမရှိ၊ ၎င်းတို့၏တာဝန်များကို ဖြည့်ဆည်းပြီးခြင်း ရှိမရှိ၊ စံသွေခဲ့ခြင်းရှိမရှိတို့ကို မည်သည့်အခါမျှ မပြောပေ။ ဘုရားအိမ်တော်က တောင်းဆိုသည့်အရာနှင့် ဘုရားသခင်၏ အလိုတော်သည် မည်သည့်အရာဖြစ်သည်တို့ကို ၎င်းတို့ တစ်စက်မျှ အာရုံမစိုက်ပေ။ ၎င်းတို့၏ကိုယ်ပိုင် ဂုဏ်အဆင့်အတန်းနှင့် ဩဇာတိက္ကမတို့အတွက်သာ ၎င်းတို့ ပြုမူလုပ်ဆောင်သည်။” (အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “အသေးစိတ်ရှင်းလင်းချက် ၄- အန္တိခရစ်များ၏ ထူးခြားသော လက္ခဏာနှင့် ၎င်းတို့၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် အဖြစ်အနေတို့ကို အနှစ်ချုပ်ခြင်း (အပိုင်း ၁)”) အန္တိခရစ်တွေဆိုတာ အထူးသဖြင့် တစ်ကိုယ်ကောင်းဆန်ပြီး ရွံစရာကောင်းတယ်လို့ ဘုရားက ထုတ်ဖော်ပြတာပါ။ သူတို့က သူတို့တာဝန်တွေမှာ ကိုယ်ကျိုးကိုပဲ ထည့်တွက်တယ်၊ သူတို့နာမည်နဲ့ ဂုဏ်သတင်းအတွက်ပဲ ပြောဆိုလုပ်ကိုင်ကြတယ်။ အသင်းတော်ရဲ့အလုပ်ကို အဘက်ဘက်ကနေ လုံးဝ ထည့်မစဉ်းစားဘူး၊ အသိတရားဆိုတာလည်း နည်းနည်းမှ မရှိဘူး။ ကျွန်မ လုပ်ခဲ့မိတာတွေရဲ့ အခြေခံသဘောတွေနဲ့ ကျွန်မရဲ့အမြင်က အန္တိခရစ်တွေနဲ့ အတူတူပဲဆိုတာ ကျွန်မ မြင်သွားတယ်။ ကျွန်မ ထင်ခဲ့မိတာက ကိုယ် တာဝန်ယူရတဲ့အလုပ်ကို ကောင်းအောင် လုပ်ပြီး၊ ကိုယ့်အကျိုးကိုလည်း ကာကွယ်တယ်ဆိုတာ တရားမျှတတယ်။ ပြီးတော့ သူများတွေရဲ့အလုပ်မှာ ဝင်ပါတယ်ဆိုတာ သူတို့ကို အခွင့်အရေး ပေးရာရောက်တယ်ပေါ့။ တခြားတစ်ယောက်ကို ကူညီဖို့ ကိုယ့်အလုပ်ကို ဘေးဖယ်တာတွေ၊ ချီးကျူးမခံရဘဲ အလုပ်လုပ်တာတွေကို မိုက်မဲတယ်လို့ပဲ ထင်ခဲ့မိတယ်။ ဒါကြောင့် အစ်မကျိုးနဲ့ ကျွန်မက တာဝန်တွေ ခွဲယူရတဲ့အချိန်မှာ၊ အစ်မကျိုးဘက်က ပြောလာတဲ့ အခက်အခဲတွေကို သေချာစဉ်းစားပေးတာမျိုး၊ ဘယ်လိုဖြေရှင်းမလဲလို့ သုံးသပ်ပေးတာမျိုး လုံးဝ မလုပ်ခဲ့ဘူး။ ကိုယ့်အလုပ်ကိုပဲ ကောင်းအောင် လုပ်ဖို့၊ ပြီးတော့ အများရဲ့သဘောကျမှုနဲ့ အသိအမှတ်ပြုတာတွေကို ရဖို့ပဲ စဉ်းစားမိခဲ့တယ်။ ပြန်တွေးကြည့်ရင်၊ ကျွန်မက သမ္မာတရားကို တကယ် လက်တွေ့လုပ်ဆောင်နေတာ၊ ကိုယ့်တာဝန်တွေကို ထမ်းဆောင်နေတာ ဟုတ်လို့လား။ ကိုယ့်ဂုဏ်ဒြပ်အတွက်ပဲ စီမံနေတာ၊ ကိုယ့်အတွက်ပဲ လုပ်နေခဲ့တာလေ။ “ဘယ်သူသေသေ ငတေမာပြီးရော”၊ “ကိုယ့်ကို မထိခိုက်ရင် အကြောင်းကိစ္စတွေကို သူ့အရှိအတိုင်းထားလိုက်ပါ” ဆိုတာမျိုး၊ မကောင်းတဲ့ အတွေးအခေါ်တွေနဲ့ပဲ ကျွန်မက ရှင်သန်နေခဲ့တာ။ ကျွန်မက အရမ်း တစ်ကိုယ်ကောင်းဆန်ပြီး၊ ရွံစရာကောင်းခဲ့တာပါ။ အလုပ်ခွဲဝေပေးတာကို ကိုယ့်စွမ်းရည်တွေ ထုတ်ပြဖို့ အခွင့်အရေးတစ်ခု မှတ်ပြီး၊ ကိုယ် တာဝန်ယူရတဲ့အလုပ်ကို မမောနိုင်မပန်းနိုင်၊ အစွမ်းကုန်ကြိုးစားလုပ်တယ်။ ဘုရားအိမ်တော်ရဲ့ အဘက်ဘက်က အကျိုးတွေကို ထည့်မစဉ်းစားဘူး၊ ကိုယ့်ကိုယ်ကိုယ် ဘုရားအိမ်တော်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တယ်လို့လည်း မသုံးသပ်ဘူး၊ အဲဒီအစ်မနဲ့လည်း သင့်သင့်မြတ်မြတ်နဲ့ ပူးပေါင်းလုပ်ဆောင်တာ မရှိခဲ့ဘူး။ ဒါက ဘုရားအိမ်တော်ရဲ့အလုပ်ကို ပိတ်ဆို့မိတာ၊ နှောင့်ယှက်မိခဲ့တာပါ။ ကျွန်မက စာတန်ဆန်ဆန် ပြုမူခဲ့တယ်၊ ကျွန်မ လုပ်ခဲ့သမျှက လူ့သဘာဝ ကင်းမဲ့ခဲ့တယ်ဆိုတာ မြင်သွားတယ်။ တကယ်တော့ ဘုရားအိမ်တော်မှာ တာဝန်ယူကြတယ်ဆိုတာ ချီးကျူးမှုက အရေးမကြီးပါဘူး။ ကိုယ် တာဝန်ယူရတာကို ကောင်းအောင် လုပ်သင့်တယ်၊ ဒါက ကိုယ့်တာဝန်ပဲလေ။ ကိုယ် တာဝန်မယူရတဲ့ဟာတစ်ခု ဖြစ်နေရင်တောင်၊ ကိုယ်က မြင်တဲ့အခါ အဲဒါကို စူးစမ်းပြီး ဖြေရှင်းပေးသင့်တယ်။ ဘာလို့လဲဆိုတော့ ကိုယ်က ဘုရားအိမ်တော်သားတစ်ယောက် ဖြစ်နေတာကိုး။ ကျွန်မဆို အသင်းတော်ခေါင်းဆောင်တစ်ယောက်ပဲ၊ အသင်းတော်ရဲ့အလုပ်အားလုံးက ကိုယ့်အလုပ်ထဲမှာ အကျုံးဝင်တယ်။ ဒါက ကိုယ့်တာဝန်နဲ့ ဝတ္တရားပဲ။ ကျကျနန မလုပ်ထားတဲ့အလုပ်မှန်သမျှက ကျွန်မနဲ့ တိုက်ရိုက် ဆက်နွှယ်တာချည်းပါပဲ။ ဒါပေမဲ့ ကျွန်မက ကိုယ့်နာမည်နဲ့ အဆင့်အတန်းကိုပဲ ထည့်တွက်ပြီး၊ ကိုယ့်အတွက်ချည်းပဲ လုပ်ခဲ့မိတယ်။ ဘုရားကို ဆန့်ကျင်တဲ့ အန္တိခရစ်တွေရဲ့လမ်းကို ကျွန်မက လျှောက်နေခဲ့တာ။ အဲဒါက ဘုရားရဲ့ပစ်ပယ်ခြင်းနဲ့ သုတ်သင်ဖယ်ရှင်းခြင်းဆီကိုပဲ ဦးတည်တာပါ။ ဒါကို သိသွားတော့မှ၊ ဘုရားက ကျွန်မရဲ့ပြဿနာတွေကို ထောက်ပြဖို့အတွက် ခေါင်းဆောင်တွေကို အသုံးပြုခဲ့မှန်း ကိုယ့်စိတ်နှလုံးထဲမှာ အမှန်တကယ် ခံစားမိသွားတယ်။ ဒါက ဘုရားရဲ့မေတ္တာနဲ့ ကယ်တင်ခြင်းပဲလေ။
နောက်တော့ ဘုရားနှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ခုကို ဖတ်မိတယ်။ လက်တွေ့လုပ်ဆောင်ခြင်း လမ်းတစ်ခုကိုလည်း မြင်လိုက်ရတယ်။ “လူတို့အား ကိုယ်ကျိုးစွန့်စေခြင်းမှာ ပြုလုပ်ရန် အခက်ခဲဆုံးသော အရာဖြစ်သည်။ လူအများစုက အကျိုးအမြတ်မှလွဲ၍ မည်သည့်အရာကိုမျှ မရှာဖွေကြပေ။ လူတို့၏ အကျိုးအမြတ်များသည် သူတို့၏ဘဝဖြစ်ပြီး ထိုအရာများကို စွန့်လွှတ်စေခြင်းသည် သူတို့၏အသက်များကို စွန့်လွှတ်ရန် အတင်းအကျပ် စေခိုင်းခြင်း သဘောသက်ရောက်သည်။ ထို့ကြောင့် သင့် ဘာလုပ်သင့်သနည်း။ သင်သည် သင်ချစ်မြတ်နိုးသည့် အကျိုးအမြတ်များအား စွန့်လွှတ်ရန်၊ ကျောခိုင်းရန်၊ ၎င်းတို့ကို စွန့်လွှတ်ခြင်း၏ နာကျင်မှုကို ခံနိုင်ဖို့ရန် သင်ယူရမည်။ သင်သည် ဤနာကျင်မှုကို ကြံ့ကြံ့ခံပြီး သင်၏အကျိုးအမြတ်အနည်းငယ်ကို စွန့်လွှတ်ပြီးသောအခါ သင်သည် အနည်းငယ် စိတ်သက်သာရာရပြီး အနည်းငယ် လွတ်မြောက်လိမ့်မည် ဖြစ်ပြီး၊ ဤနည်းအားဖြင့် သင်၏ဇာတိပကတိကို သင် အောင်နိုင်လိမ့်မည်။ သို့သော်လည်း ‘ငါ လိမ်ညာလှည့်ဖြားခဲ့တယ်၊ အဲဒီတော့ ဘာဖြစ်လဲ။ ဘုရားသခင် ငါ့ကို အပြစ်ဒဏ်မပေးဘူး၊ အဲဒီတော့ လူတွေငါ့ကို ဘာလုပ်နိုင်မလဲ။ ငါဘာမှ မစွန့်လွှတ်ဘူးကွာ’ ဟုဆိုကာ သင်သည် သင့်အကျိုးအမြတ်များကို တွယ်ဖက်ထားပြီး ၎င်းတို့ကို လက်လွှတ်ရန် ပျက်ကွက်ပါက၊ သင်သည် မည်သည့်အရာကိုမျှ မစွန့်လွှတ်သောအခါ အခြားမည်သူကမျှ မည်သည့်ဆုံးရှုံးမှုမျှ မခံစားရပေ။ နောက်ဆုံးတွင် ဆုံးရှုံးသွားရသူမှာ သင်ကိုယ်တိုင်ပင် ဖြစ်သည်။ သင်သည် သင်၏ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သတိပြုမိသောအခါ၊ အမှန်အားဖြင့် ဤသည်မှာ သင့်အတွက် ဝင်ရောက်ရန်၊ တိုးတက်ရန်နှင့် ပြောင်းလဲရန် အခွင့်အလမ်းတစ်ခု ဖြစ်သည်။ ယင်းသည် သင့်အတွက် ဘုရားသခင်၏ ရှေ့မှောက်လာရောက်ပြီး သူ၏စိစစ်ခြင်း၊ သူ၏တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံရန် အခွင့်အရေးတစ်ခု ဖြစ်သည်။ ထို့ပြင် ဤသည်မှာ ကယ်တင်ခြင်းကိုရရှိရန် သင့်အတွက် အခွင့်အလမ်းတစ်ခု ဖြစ်သည်။ သမ္မာတရားကိုရှာဖွေခြင်းအား သင်လက်လျှော့လိုက်ပါက ယင်းသည် ကယ်တင်ခြင်းကို ရရှိရန်နှင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံရန် အခွင့်အလမ်းတစ်ခုကို လက်လျှော့လိုက်ခြင်း သဘောသက်ရောက်သည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူတစ်ယောက်၏စိတ်သဘောထားကိုသိခြင်းသည် ၎င်းပြောင်းလဲခြင်း၏ အခြေခံအုတ်မြစ်ဖြစ်၏”) “သင် လုပ်ဆောင်သောအရာများ၌ သင်၏ ကိုယ်ပိုင် တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများကို စဉ်းစားခြင်းမရှိ သို့မဟုတ် သင်၏အကျိုးကို ထည့်သွင်းစဉ်းစားခြင်း မပြုသကဲ့သို့၊ ထိုသို့ပြုမည့်အစား ဘုရားသခင်၏အိမ်တော်၏ အလုပ်ကို စဉ်ဆက်မပြတ် ထည့်သွင်းစဉ်းစားပြီး၊ ယင်း၏ အကျိုးများကို စဉ်းစားနေကာ၊ သင်၏တာဝန်ကို ကောင်းစွာထမ်းဆောင်သောအခါ၊ သင်သည် ဘုရားသခင်ရှေ့၌ ကောင်းသောအကျင့်များကို စုဆောင်းနေခြင်း ဖြစ်လိမ့်မည်။ ဤကောင်းသော လုပ်ဆောင်ချက်များ ရှိကြသောလူများသည် သမ္မာတရား၏ လက်တွေ့အရှိတရားကို ပိုင်ဆိုင်သောသူများ ဖြစ်သည်၊ ထိုသို့ဖြင့် ၎င်းတို့သည် သက်သေခံကြပြီး ဖြစ်သည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတော့မှ ကျွန်မ နားလည်သွားတယ်၊ လူတွေက ကိုယ်ကျိုးကိုပဲ ဖက်တွယ်ပြီး၊ သမ္မာတရားကို လုံးဝ လက်တွေ့မလုပ်ဆောင်ဘူးဆိုရင်၊ နောက်ဆုံးမှာ သမ္မာတရားကို ရဖို့၊ ဘုရားရဲ့ကယ်တင်ခြင်းကို ခံရဖို့ အခွင့်အရေးကို ဆုံးရှုံးကြလိမ့်မယ်။ တစ်ဖက်မှာကျတော့ ကိုယ်က ကိုယ်ကျိုးစွန့်နိုင်ပြီး တခြားသူတွေကို ကူညီနိုင်တယ်၊ ဘုရားအိမ်တော်ရဲ့ အလုပ်အလုံးစုံကိုလည်း ကိုယ့်ခွန်အားတချို့ ပေးနိုင်တယ်ဆိုရင်၊ ဒါက မိုက်မဲတာ မဟုတ်ပါဘူး။ ကောင်းတဲ့အလုပ်ပါ၊ အဲဒါကို ဘုရားက ချီးမွမ်းပါတယ်။ ကျွန်မအနေနဲ့ ရှေ့ဆက်ရင်းနဲ့ ကိုယ့်ရဲ့အဓိကအလုပ် ဟုတ်ဟုတ် မဟုတ်ဟုတ်၊ ကိုယ့်တာဝန်တွေမှာ အကောင်းဆုံး ကြိုးစားရမယ်။ ဒီနည်းလမ်းကသာ ဘုရားရဲ့အလိုတော်ကို အလေးထားကြောင်း ပြရာရောက်ပါတယ်။ နောက်ပိုင်းမှာ ကျွန်မက ကိုယ့်လုပ်ဖော်ကိုင်ဖက်ရဲ့အလုပ်မှာ အခက်အခဲတစ်ခု မြင်ပြီဆိုရင်၊ အဲဒါကို ဘယ်လိုဖြေရှင်းမလဲဆိုတာ သူနဲ့ လက်တွေ့ကျကျ ဆွေးနွေးတယ်။ ကောင်းတဲ့အကြံဉာဏ်တွေ၊ အစီအစဉ်တွေ မျှဝေပေးတယ်။ ပြီးတော့ ကိုယ်နဲ့အတူလုပ်နေတဲ့ အစ်မမှာ အခက်အခဲဖြစ်နေတာကို မြင်ပြီဆိုတာနဲ့၊ သူ့ကို ဖြေရှင်းနည်းတစ်ခုနဲ့ မိတ်သဟာယပြုပေးဖို့ အစွမ်းကုန် ကြိုးစားပေးတယ်။ ဘုရားအိမ်တော်ရဲ့အလုပ်အားလုံးကိုလည်း ကိုယ့်တာဝန်နဲ့ ဝတ္တရားအဖြစ် မြင်သွားတယ်။ ဒီနည်းလမ်းနဲ့ လက်တွေ့လုပ်ဆောင်တော့မှ၊ ကျွန်မလည်း ငြိမ်းချမ်းမှုနဲ့ ငြိမ်သက်မှုအရသာကို ခံစားမိသွားတယ်။ တစ်ခါတလေလည်း တစ်ကိုယ်ကောင်းဆန်မိသေးတယ်၊ ကိုယ့်အလုပ်ကိုပဲ အချိန်ပိုပေးချင်တယ်၊ ကိုယ့်လုပ်ဖော်ကိုင်ဖက်ရဲ့အလုပ်ကို သိပ်ပြီး ဂရုမစိုက်ချင်ဘူးပေါ့။ အဲဒီအခါကျရင် ကျွန်မက ဘုရားကို ဆုတောင်းပြီး၊ မှားယွင်းတဲ့ ကိုယ့်ရည်ရွယ်ချက်တွေကို ပစ်ပယ်လိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘုရားရဲ့အိမ်တော်ဆိုတာ တပေါင်းတစည်းတည်းပဲ။ ခွဲခြားလို့ မရဘူး။ ကျွန်မက အဲဒီအစ်မကို သူ့တာဝန်ရဲ့ အခက်အခဲတစ်ခုမှာ ကူပြီးဖြေရှင်းပေးတယ်ဆိုရင်၊ ဒါက အပိုဆောင်းအလုပ် မဟုတ်ဘူး။ ကိုယ့်လုပ်ပိုင်ခွင့်ကို ကျော်နေတယ်ဆိုတာလည်း ပိုတောင်မဟုတ်ဘူး။ ဒါက ကျွန်မရဲ့တာဝန်နဲ့ ဝတ္တရားပဲလေ။ ဒါတွေကို ခေါင်းထဲထည့်ပြီးတော့ ကိုယ်ကျိုးတွေကို ဘေးဖယ်လိုက်နိုင်တယ်။ အဲဒီအစ်မနဲ့လည်း အားတက်သရော အလုပ်လုပ်နိုင်သွားတယ်။ နောက်ပိုင်းမှာ ကျွန်မတို့နှစ်ယောက် တစ်စိတ်တစ်ဝမ်းတည်း တွဲလုပ်မိကြတယ်။ အသင်းတော်ရဲ့အလုပ်တွေအားလုံးလည်း ထိရောက်ကုန်တာပေါ့။ လူသစ်တွေလည်း ပိုပိုပြီး ရောက်လာတယ်။ အသင်းတော်သစ်နှစ်ခုလည်း တည်ထောင်လိုက်ကြတယ်။ ကျွန်မလည်း ဘုရားရဲ့ဦးဆောင်ပေးမှုကို စိတ်နှလုံးထဲကနေ ကျေးဇူးတင်ခဲ့မိတယ်။
ဒီအတွေ့အကြုံကနေ ကျွန်မ အမှန်တကယ် သဘောပေါက်သွားတာက၊ ပူးပေါင်းလုပ်ဆောင်မှုမှာ ကျွန်မတို့က တစ်ကိုယ်ကောင်းဆန်တဲ့ ဆန္ဒတွေကို ဘေးဖယ်နိုင်မယ်၊ ကိုယ်ကျိုးတွေကို လျစ်လျူရှုနိုင်မယ်၊ တစ်စိတ်တစ်ဝမ်းတည်း အတူတူလုပ်နိုင်မယ်၊ ဘုရားအိမ်တော်ရဲ့အလုပ်ကိုလည်း အတူတူ ကာကွယ်နိုင်ကြမယ်ဆိုရင်၊ ဘုရားရဲ့လမ်းပြမှုနဲ့ ကောင်းချီးတွေကို ရကြမှာပါ။ ကျွန်မအနေနဲ့ ဒါကို နားလည်ပြီး ပြောင်းလဲနိုင်တာ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး လူသားပုံသဏ္ဌာန်နဲ့ နည်းနည်းလေး ရှင်သန်နိုင်တယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်မှုနဲ့ ပြစ်တင်ဆုံးမမှု ကျေးဇူးကြောင့်ပါပဲ။ ဘုရားကျေးဇူးတော်ကို ချီးမွမ်းပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။